သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၄) အပိုင်း တစ်
ငါတို့၏ ပြီးခဲ့သော စုဝေးပွဲတွင် ငါတို့မိတ်သဟာယပြုခဲ့ကြသည့် အရာကို ပြန်လည်သုံးသပ်ကြည့်ခြင်းဖြင့် စတင်ကြစို့။ (ပြီးခဲ့သော စုဝေးပွဲတွင် ကျွန်ုပ်တို့သည် “သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ” ဟူသည့် အကြောင်းအရာကို မိတ်သဟာယပြုခဲ့ကြပါသည်။ ကျွန်ုပ်တို့ ပထမဆုံး အာရုံစိုက်ခဲ့သည့် မေးခွန်းမှာ “ကောင်းမွန်ပြီး မှန်ကန်သည်ဟု လူတို့မှတ်ယူထားသော အရာများက သမ္မာတရားမဟုတ်သည်ကို ထောက်ဆလျှင် လူတို့သည် အဘယ်ကြောင့် ထိုအရာများကို သမ္မာတရားအလား ဖက်တွယ်ထားဆဲ ဖြစ်ပြီး ထိုသို့လုပ်ခြင်းအားဖြင့် သမ္မာတရားကို လိုက်စားနေခြင်းဖြစ်သည်ဟု ထင်နေကြသနည်း” ပင် ဖြစ်ပါသည်။ ဤအတွက် အကြောင်းရင်းသုံးချက်ကို ကိုယ်တော် ချပြခဲ့ပါသည်။ ပထမအကြောင်းရင်းကို ကိုယ်တော် အဓိကထား၍ ပြောခဲ့ကာ လူတို့က မှန်ကန်ပြီး သင့်တော်သည်ဟု မှတ်ယူထားသည့် ၎င်းတို့၏ အယူအဆများ၌ ရှိသည့်အရာများကိုသာ ဆွေးနွေးခဲ့သည်။) ငါတို့၏ ပြီးခဲ့သော စုဝေးပွဲတွင် ပထမအကြောင်းရင်းကို အဓိကထားပြီး ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ လူတို့၏ အယူအဆများထဲတွင် ကောင်းမွန်ပြီး မှန်ကန်သည်ဟု ၎င်းတို့မှတ်ယူထားသည့် အရာများအကြောင်းကို ငါတို့ပြောဆိုခဲ့ကြသည်။ ထိုအရာများကို ကျယ်ပြန့်သည့် အမျိုးအစားနှစ်ခုအဖြစ် ငါတို့ခွဲခဲ့ကြ၏။ ပထမတစ်ခုက “ကောင်းသော အပြုအမူများ” ဖြစ်ပြီး ဒုတိယတစ်ခုမှာ “ကောင်းသော အကျင့်စာရိတ္တများ” ဖြစ်သည်။ “ကောင်းသော အပြုအမူများ” ဟူသည့် ပထမအမျိုးအစားအတွက် ငါသင်တို့ကို စုစုပေါင်း ဥပမာခြောက်ခု ပေးခဲ့သည်။ ယင်းတို့မှာ အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးဖွယ်ရာဖြစ်ခြင်း ရည်မွန်ခြင်း၊ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်တတ်ခြင်း၊ ဖော်ရွေတတ်ခြင်း၊ ပေါင်းသင်းရ လွယ်ကူခြင်းတို့ ဖြစ်သည်။ “ကောင်းသော အကျင့်စာရိတ္တများ” ဟူသည့် ဒုတိယအမျိုးအစားကိုမူ ငါတို့မိတ်သဟာယမပြုရသေး။ ကိစ္စရပ်အချို့သည် ၎င်းတို့ကို ငါတို့မိတ်သဟာယပြုပြီးသည့်နောက် အချိန်အနည်းငယ်အကြာတွင် ပြန်လည်ဆန်းစစ်ရန် လိုအပ်သည်။ အဆိုပါ မိတ်သဟာယနှင့်ဆိုင်သည့် သမ္မာတရားများ၊ စည်းမျဉ်းများကို အချောသတ်ပြောပြီး ရှင်းလင်းအောင် လုပ်ရမည်။ အရာရာတိုင်းကို ပြတ်သားထင်ရှားပြီး ရှင်းလင်းအောင် လုပ်ရမည်။ ဤသို့လုပ်ခြင်းဖြင့် သမ္မာတရားကို နားလည်ဖို့ ပိုလွယ်ကူသွားလိမ့်မည်။ ပြီးခဲ့သော အခေါက်က ငါတို့၏ မိတ်သဟာယတွင် ကျယ်ပြန့်သော အပိုင်းအချို့ ပါဝင်သကဲ့သို့ အသေးစိတ်ကျသည့် ဥပမာအချို့လည်း ပါဝင်သည်။ များသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ထိုကျယ်ပြန့်သော အပိုင်းများအတွင်း အသေးစိတ် အကြောင်းအရာအချို့ကိုသာ ငါတို့ မိတ်သဟာယပြုခဲ့ခြင်းဖြစ်ပြီး ထိုအသေးစိတ်အချက်များကို ဆက်လက် ခွဲခြမ်းစိတ်ဖြာခဲ့ခြင်း ဖြစ်သည်။ ထိုသို့အားဖြင့် မိတ်သဟာယပြုချက်က အနည်းငယ် ပို၍ ရှင်းလင်းပြီး ပြတ်သားနေစေရန် ဖြစ်သည်။ ကောင်းသော အပြုအမူများ၏ ဥပမာခြောက်ခုကို ငါတို့ပေးခဲ့သည်။ သို့သော် ထိုဥပမာအသီးသီးအကြောင်းကို တစ်ခုချင်းစီ အသေးစိတ် မိတ်သဟာယမပြုခဲ့ချေ။ ထိုဥပမာများထဲတွင် အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းမှာ လူတို့၏ အယူအဆများထဲတွင် ကောင်းမွန်ပြီး မှန်ကန်သည်ဟု ၎င်းတို့မှတ်ယူထားကြသော အရာများ၏ စံပြ ကိုယ်စားပြုချက်ပင် ဖြစ်သည်။ ဤဥပမာကို ငါတို့အနည်းငယ် ပို၍ မိတ်သဟာယပြုခဲ့သည်။ ကျန်ဥပမာများကလည်း ယင်းနှင့် ဆင်တူ၏။ အလားတူ နည်းလမ်းကို အသုံးပြု၍ ထိုဥပမာများကို သင်တို့ စိစစ်ကာ ပိုင်းခြားသိမြင်နိုင်သည်။
ယနေ့ ငါတို့မိတ်သဟာယပြုကြမည့် တကယ့်အကြောင်းအရာကို မသွားခင် ဇာတ်လမ်းတိုနှစ်ပုဒ်ကို ငါပြောပြမည်။ ဇာတ်လမ်းများ နားထောင်ရသည်ကို သင်တို့နှစ်ခြိုက်ကြသလော။ (နှစ်ခြိုက်ပါသည်။) ဇာတ်လမ်းတစ်ပုဒ် နားထောင်ရသည်က သိပ်မပင်ပန်းလှ။ အင်မတန် အာရုံစူးစိုက်ဖို့လည်း မလိုအပ်။ အားလည်း သိပ်မစိုက်ရပေ။ နှိုင်းယှဉ်၍ ပြောရလျှင် အတော်အတန်ပင် စိတ်ဝင်စားစရာ ကောင်းနိုင်သည်။ ထို့ကြောင့် အာရုံစိုက်၍ နားထောင်လော့။ ဤဇာတ်လမ်းများ၏ အကြောင်းအရာကို နားထောင်နေစဉ် ယင်းတို့အား ငါအဘယ်ကြောင့် ပြောနေသည်ကိုလည်း ဆင်ခြင်ကြလော့။ ထိုဇာတ်လမ်းများတွင် မည်သည့်အသေးစိတ်ကျသော ပင်မသဘောတရားများ ပါဝင်နေသည်၊ သို့မဟုတ် တစ်နည်းဆိုရလျှင် ထိုဇာတ်လမ်းများကို နားထောင်ခြင်းဖြင့် မည်သည့်လက်တွေ့ကျသော အရာများအား လူတို့ရရှိနိုင်သည်တို့ကို ဆင်ခြင်ကြလော့။ ကောင်းပြီ။ ဇာတ်လမ်းများကို စပြောကြစို့။ ဤသည်မှာ ရှောင်ရှောင်းနှင့် ရှောင်ဂျီတို့၏ ဇာတ်လမ်းများ ဖြစ်သည်။
ရှောင်ရှောင်းနှင့် ရှောင်ဂျီတို့၏ ဇာတ်လမ်းများ
အချိန်အတန်ကြာအောင် ရှောင်ရှောင်း၏ မျက်လုံးများက နာကျင်နေသည်။ နာကျင်မှုနှင့်အတူ အမြင်အာရုံက မှုန်ဝါးနေကာ အလင်းရောင်ကို သူမခံနိုင်ဘဲ လေတိုက်ခံရလျှင် မျက်ရည်များထွက်လာ၏။ မျက်လုံးထဲ တစ်ခုခု ဝင်နေသည်ဟူသည့် ခံစားချက်နှင့် အခြားသော အလားတူ ရောဂါလက္ခဏာများလည်း ရှိနေသည်။ မျက်လုံးများကို သူပွတ်ပါသော်လည်း သက်သာသွားသည်ဟူ၍ မရှိပေ။ သူ့ထံ မည်သည့်အရာ လာဖြစ်နေကြောင်းကို ရှောင်ရှောင်း မသိခဲ့ချေ။ “ငါ့မျက်လုံးများသည် ယခင်က တစ်ခါမျှ ပြဿနာမဖြစ်စဖူး။ ငါ၏ အမြင်အာရုံကလည်း ကောင်းနေခဲ့သည်ပင်။ မည်သည့်အရာများ ဖြစ်ပျက်နေပါသနည်း” ဟူ၍ သူတွေးမိသည်။ မှန်ထဲသို့ သူကြည့်သောအခါ သူ့မျက်လုံးများက ယခင်ကနှင့် အတူတူပင် ဖြစ်နေသည့်ပုံ ရသည်။ အနည်းငယ် ပိုနီရဲနေပြီး တစ်ခါတစ်ရံတွင် အနည်းငယ် သွေးရောင် စွန်းနေရုံသာ ရှိ၏။ ဤကိစ္စက ရှောင်ရှောင်းအတွက် ပဟေဠိဆန်နေပြီး သူ့ကို အနည်းငယ် နေမထိထိုင်မထိ ဖြစ်စေသည်။ ဤပြဿနာ စဖြစ်တုန်းက သူသိပ်ဂရုမစိုက်ခဲ့ချေ။ သို့သော် သူ့ရောဂါလက္ခဏာများ ထလာသည့် ကြိမ်နှုန်းက တိုး၍ တိုး၍ ခပ်စိပ်စိပ် ဖြစ်လာသည့်အခါ နောက်ဆုံးတွင် သူမခံနိုင်တော့။ “ဆရာဝန်ကို ငါသွားပြသင့်သလော။ သို့မဟုတ် ငါကိုယ်တိုင် လိုက်စုံစမ်းကြည့်သင့်သလော။ ဤကိစ္စနှင့်ပတ်သက်သည့် အချက်အလက်များကို လိုက်ရှာရလျှင် ကရိကထများမည်ပင်။ တကယ့် ပြဿနာကို ငါမှားယွင်းပြီး ကောက်ချက်ချမိနိုင်သည်။ ဆရာဝန်ဆီ တန်းသွားလိုက်လျှင် ပိုကောင်းမည်။ ဆရာဝန်က မှန်ကန်တိကျသည့် ရောဂါစစ်တမ်းကို သေချာပြောပြနိုင်လိမ့်မည်” ဟူ၍ သူတစ်ချက် တွေးလိုက်သည်။ ထို့ကြောင့် ရှောင်ရှောင်းသည် ဆရာဝန်ဆီ သွား၏။ ဆရာဝန်က သူ့ကို စစ်ဆေးကြည့်သည့်အခါ မည်သည့်ပြဿနာ ကြီးကြီးမားမားမျှ မတွေ့ချေ။ ရိုးရိုး မျက်စဉ်းဆေးတချို့ကိုသာ ဆေးညွှန်းပေးပြီး မျက်လုံးကို ဂရုစိုက်ပေးရန်နှင့် အလွန်အကျွံ မသုံးရန် အကြံပေးလိုက်သည်။ သူ့မျက်လုံးများတွင် ပြဿနာကြီးကြီးမားမား မရှိကြောင်း သိရသောအခါ ရှောင်ရှောင်း အင်မတန် စိတ်အေးသွား၏။ အိမ်ပြန်ရောက်သောအခါ ရှောင်ရှောင်းသည် မျက်စဉ်းဆေးကို ဆရာဝန် မှာထားသည့် အချိန်တွင် ညွှန်ကြားထားသည့် ဆေးပမာဏအတိုင်း နေ့တိုင်း ခပ်သည်။ ဤသို့ဖြင့် သုံးလေးရက်အတွင်း သူ၏ ရောဂါ လက္ခဏာများက သက်သာလာသည်။ ရှောင်ရှောင်း၏ စိတ်ထဲမှ အလေးအပင်ကြီးကလည်း ကျသွားသည်။ ဆေးဝါးဖြင့် ကုသ၍ ရသည်ဆိုလျှင် ပြဿနာက မဆိုးဝါးနိုင်ဟု သူထင်မိသည်။ သို့သော် ထိုခံစားချက်က ကြာရှည်မခံ။ အတန်ကြာသောအခါ သူ၏ ရောဂါလက္ခဏာများက ပြန်ထလာသည်။ ရှောင်ရှောင်းသည် မျက်စဉ်းဆေးပမာဏကို တိုးပြီး သုံးကြည့်သည့်အခါ သူ့မျက်လုံးများက အနည်းငယ် ပိုကောင်းလာသကဲ့သို့ ခံစားရကာ သူ၏ ရောဂါ လက္ခဏာများကလည်း အတော်အတန် သက်သာလာ၏။ သို့သော် သုံးလေးရက် အကြာတွင် သူ့မျက်လုံးများက ယခင်ကအတိုင်း ပြန်ဖြစ်သွားပြန်သည်။ ရောဂါလက္ခဏာများကလည်း ပိုဆိုးရွားလာကာ ပိုအဖြစ်များလာသည်။ ရှောင်ရှောင်းဖြင့် နားကို မလည်နိုင်ဘဲ မသက်မသာ ဖြစ်သည့်စိတ်က နောက်တစ်ဖန် သူ့အပေါ် တစ်ရှိန်ထိုး စိုးမိုးလာ၏။ “မည်သည့်အရာကို ငါလုပ်သင့်သနည်း။ ငါ့ကို ဆရာဝန်ပေးထားသည့် ဆေးဝါးကလည်း အလုပ်မဖြစ်။ ငါ့မျက်လုံးများက တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်နေသည့် သဘောများလော။ ဤကိစ္စကို ငါလျစ်လျူရှုထား၍ မဖြစ်” ဟု သူတွေးလေသည်။ ဆရာဝန်ကို နောက်ထပ် သွားမတွေ့ဖို့၊ ဤတစ်ခေါက် သူ့မျက်လုံး ပြဿနာများနှင့် ပတ်သက်၍ ထိုဆရာဝန်နှင့် မတိုင်ပင်ဖို့ သူဆုံးဖြတ်လိုက်၏။ ထိုအစား ဤပြဿနာကို သူ့ဘာသာ ဖြေရှင်းဖို့ ရွေးချယ်လိုက်လေသည်။ အွန်လိုင်းတွင် ရှာကြည့်သည့်အခါ သူ့ရောဂါလက္ခဏာများနှင့် ပတ်သက်သည့် ဗီဒီယိုမျိုးစုံနှင့် သတင်းအချက်အလက်မျိုးစုံကို သူတွေ့ရသည်။ ထိုအရာအများစုက ပြောသည်မှာ ဤပြဿနာများက မျက်လုံးကို မလျော်မကန် အသုံးပြုခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ သူ့မျက်လုံးများကို ဂရုစိုက်ပေးဖို့ လိုအပ်ကြောင်း၊ မျက်လုံးများကို လျော်လျော်ကန်ကန် အသုံးပြုဖို့က ပို၍ပင် အရေးကြီးသေးကြောင်းတို့ ဖြစ်သည်။ ဤအကြံဉာဏ်က အကူအညီမဖြစ်၊ သူ့ပြဿနာကို မဖြေရှင်းပေးနိုင်ဟု ရှောင်ရှောင်းက ခံစားရသည်။ ထို့ကြောင့် သတင်းအချက်အလက်များကို သူဆက်ရှာ၏။ တစ်နေ့တွင် သူ့ရောဂါလက္ခဏာများက မျက်ကြောလွှာ သွေးယိုခြင်းကြောင့် ဖြစ်ပွားလာခြင်း ဖြစ်နိုင်ပြီး ရေတိမ်ရောဂါ၏ ရှေ့ပြေးလက္ခဏာ ဖြစ်နိုင်ကြောင်း ပြောထားသည့် စာတစ်ပုဒ်ကို သူအမှတ်မထင် တွေ့လိုက်ရသည်။ သူ့ရောဂါလက္ခဏာများက ဆိုးလာသည်နှင့်အမျှ အတွင်းတိမ်ရောဂါသို့ ပြောင်းသွားနိုင်ခြေလည်း ရှိသည်ဟူ၏။ “ရေတိမ်ရောဂါ” နှင့် “အတွင်းတိမ်ရောဂါ” ဟူသည့် စကားလုံးတို့ကို ရှောင်ရှောင်း ဖတ်မိသည့်အခါ ခေါင်းနားပန်းများ ကြီးသွားတော့သည်။ အရာရာက မှောင်ကျသွားပြီး လူကလည်း သတိမေ့မတတ် ဖြစ်သွား၏။ ရင်ဘတ်ထဲမှ နှလုံးကလည်း တဒုတ်ဒုတ် ခုန်နေသည်။ “အို ဘုရားသခင်၊ အဘယ်အရာများ ဖြစ်နေပါသနည်း။ ငါ အမှန်တကယ်ပင် ရေတိမ်ရောဂါနှင့် အတွင်းတိမ်ရောဂါ ဖြစ်တော့မည်လော။ အတွင်းတိမ်ရောဂါက ခွဲစိတ်ဖို့ လိုအပ်ကြောင်း၊ ရေတိမ်ရောဂါဖြစ်လျှင် မျက်စိကန်းသွားနိုင်ခြေ များကြောင်းကို ငါ ကြားဖူးသည်။ ဤသို့ဆိုလျှင် ငါဘဝတုံးရလိမ့်မည် မဟုတ်ပါလော။ ငါသည် အသက်ငယ်သေးသည်။ မျက်စိတကယ်ကန်းသွားပါက မျက်ကန်းတစ်ဦးအနေနှင့် ကျန်သည့် ငါ့ဘဝတစ်လျှောက်လုံးကို မည်သို့ဖြတ်ကျော်သွားရမည်နည်း။ ထို့နောက်ပိုင်းတွင် ငါ့ထံ၌ အဘယ်မျှော်ကိုးစရာ ရှိပါမည်နည်း။ ငါ့ဘဝကို အမှောင်ထုထဲတွင် ကုန်ဆုံးသွားရမည် မဟုတ်ပါလော” ဟူ၍ သူရေရွတ်မိလေသည်။ စာမျက်နှာပေါ်က “ရေတိမ်ရောဂါ” နှင့် “အတွင်းတိမ်ရောဂါ” ဟူသည့် စကားလုံးများကို ရှောင်ရှောင်းကြည့်ရင်း ငြိမ်ငြိမ် မထိုင်နိုင်တော့ချေ။ စိတ်ကယောက်ကယက် ဖြစ်နေပြီး ပို၍ ပို၍လည်း စိတ်ဓာတ်ကျကာ စိတ်ပျက်အားလျော့လာသည်။ မည်သည့်အရာ လုပ်ရမည်၊ လာမည့် နေ့ရက်များအား မည်သို့ရင်ဆိုင်ရမည်တို့ကို သူမသိ။ ဝမ်းနည်းစိတ်တို့ ပြည့်နှက်နေပြီး သူ့ရှေ့တွင် ရှိနေသည့် အရာရာက မှုန်ဝါးဝါးဖြစ်ကုန်၏။ ဤပြဿနာကို ရင်ဆိုင်ရသည့်အခါ ရှောင်ရှောင်းသည် လုံးဝဥဿုံပင် မျှော်လင့်ချက်ကင်းမဲ့သွားသည်။ ရှင်သန်ဖို့ စိတ်ဆန္ဒတို့ မရှိတော့ချေ။ သူ၏ တာဝန်ကို ထမ်းဆောင်ဖို့အရေး အားမခဲနိုင်ဘဲ ဖြစ်နေသည်။ ဆရာဝန်ထံလည်း ပြန်မသွားချင်၊ သူ့မျက်လုံးပြဿနာများအကြောင်း အခြားလူများကိုလည်း မပြောပြချင်ဘဲ ဖြစ်နေသည်။ ရေတိမ်ရောဂါ သို့မဟုတ် အတွင်းတိမ်ရောဂါတို့ သူ၌ ဖြစ်လာတော့မည်ကို လူအများ သိသွားကြမည့် အဖြစ်အား သူကြောက်နေသည်ကိုမူ ပြောစရာပင် မလိုချေ။ ဤနည်းအတိုင်း ရှောင်ရှောင်းသည် စိတ်ဓာတ်များကျကာ အပျက်သဘောဆောင်ပြီး စိတ်ရှုပ်ထွေးနေလျက် တစ်ရက်ပြီးတစ်ရက် ဖြတ်သန်းလာသည်။ သူ့အနာဂတ်အတွက် ခန့်မှန်းချက်များ မထုတ်ရဲ၊ သို့မဟုတ် အစီအစဉ်များကို မချမှတ်ရဲချေ။ အဘယ်ကြောင့်ဆိုသော် သူ့အတွက် အနာဂတ်ဆိုသည်မှာ ဆိုးရွားပြီး ကြေကွဲဖွယ်ကောင်းသော အရာတစ်ခု ဖြစ်နေသောကြောင့်ပင်။ စိတ်ဓာတ်ကျပြီး မျှော်လင့်ချက် ကင်းမဲ့ကာ စိုးထိတ်နေသည့် စိတ်အခြေအနေနှင့် သူ၏ နေ့ရက်များကို ရှင်သန်နေခဲ့သည်။ သူ့မှာ ဆုမတောင်းချင်၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ချင်ဘဲ ဖြစ်နေပြီး အခြားလူများနှင့် လုံးဝကို စကားမပြောချင်ဘဲ ဖြစ်နေသည်။ သူသည် လားလားမျှ မတူသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သွားသည့်အတိုင်းပင်။ ဤသို့ သုံးလေးရက် ဖြစ်နေပြီးနောက် ရှောင်ရှောင်း ရုတ်တရက်တွေးမိသည်မှာ “ငါ့အဖြစ်က ဝမ်းနည်းစရာကောင်းသည့် အခြေအနေဖြစ်သည်။ ငါ၏ အနာဂတ်က မျှော်လင့်အားရဖွယ် မရှိသည့်အပြင် ဘုရားသခင်ကလည်း ငါ့ကို ကွယ်ကာပေးရမည့်အစား ငါ့ထံ၌ ဤရောဂါဖြစ်လာခွင့် ပေးခဲ့သည်။ ငါအဘယ်ကြောင့် ငါ့တာဝန်ကို အစွမ်းကုန် ထမ်းဆောင်ရန် ဆက်လက် ကြိုးစားနေရမည်နည်း။ ဘဝက တိုတောင်း၏။ ငါ့အမြင်အာရုံ ကောင်းနေသေးချိန်တွင် ငါသဘောကျသည့် အရာအချို့ကို လုပ်ကာ ငါ့ကိုယ်ငါ အလိုလိုက်ဖို့ အခွင့်ကောင်းယူလိုက်လျှင် မကောင်းပေလော။ အဘယ်ကြောင့် ငါ့ဘဝက ခြေကုန်လက်ပန်းကျစရာ ဖြစ်နေရမည်နည်း။ အဘယ်ကြောင့် ငါ့ကိုယ်ငါ စိတ်ဆင်းရဲအောင် လုပ်ပြီး ဆိုးဝါးလှစွာ ဆက်ဆံနေရမည်နည်း” ဟူ၍ပင်။ ဤသို့ဖြင့် ရှောင်ရှောင်းသည် အိပ်ချိန်၊ စားချိန်၊ သို့မဟုတ် အလုပ်လုပ်ချိန်တို့မှ လွဲ၍ ကျန်သည့်အချိန် အများစုကို အင်တာနက်ပေါ်တွင် ဂိမ်းကစားရင်း၊ ဗီဒီယိုကြည့်ရင်း၊ တီဗီရှိုးများ မနားတမ်း ဆက်တိုက်ကြည့်ရင်း ကုန်ဆုံးလေတော့သည်။ အပြင်ထွက်သည့်အခါတွင်လည်း သူ့ဖုန်းကိုပင် ယူသွားကာ ထိုဖုန်းနှင့် ဂိမ်းများကို မနားတမ်း ဆော့လေသည်။ အင်တာနက်ကမ္ဘာတွင် စိတ်ကို နှစ်မြှုပ်ထားပြီး သူ့နေ့ရက်များကို ဖြတ်သန်းနေတော့၏။ ပြောစရာ မလိုသည်မှာ ဤသို့ သူလုပ်ရင်း သူ့မျက်လုံး နာကျင်မှုက ဆိုးသည်ထက် ပိုဆိုးလာခြင်းပင်။ သူ့ရောဂါလက္ခဏာများလည်း ပို၍ ပြင်းထန်လာ၏။ သူမခံနိုင်တော့သည့်အခါ သူ့ရောဂါလက္ခဏာများ သက်သာအောင် မျက်စဉ်းဆေးတချို့ ခပ်သည်။ ရောဂါလက္ခဏာများ အနည်းငယ် သက်သာလာလျှင် အင်တာနက်တွင် သူ့ကိုယ်သူ နောက်တစ်ဖန် စိတ်နှစ်မြှုပ်ထားကာ သူကြိုက်သော အရာများကို ကြည့်ရှုပြန်သည်။ ဤသည်မှာ သူ့စိတ်နှလုံးထဲက ကြောက်ရွံ့စိတ်နှင့် ထိတ်လန့်စိတ်ကို သူဖြေလျှော့သော နည်းလမ်းပင်။ အချိန်ကုန်သွားဖို့၊ သူ့နေရက်များကို ဖြတ်သန်းဖို့ သူလုပ်သော နည်းလမ်းပင်။ သူ့မျက်လုံးများ နာလာပြီး သူ့ရောဂါလက္ခဏာများ ဆိုးဝါးလာတိုင်း ရှောင်ရှောင်းသည် ကိုယ်တိုင် သတိမထားမိဘဲ သူ့အနားရှိ လူတို့ကို ကြည့်ကာ “အခြားလူများလည်း သူတို့၏ မျက်လုံးများကို ငါ့နည်းတူ အသုံးပြုကြသည်ပင်။ သူတို့၏ မျက်လုံးများက အဘယ်ကြောင့် မနီရဲနေရသနည်း။ တစ်ချိန်လုံး မျက်ရည်ဝဲနေခြင်း မရှိရသနည်း။ မျက်လုံးထဲ တစ်ခုခု ဝင်နေသည့် ခံစားချက်မျိုး မရှိရသနည်း။ အဘယ်ကြောင့်များ ငါ့ကျမှ ဤရောဂါ လာဖြစ်နေရသနည်း။ ဤသည်မှာ ဘုရားက ဘက်လိုက်နေခြင်းပင် ဖြစ်သည် မဟုတ်ပါလော။ ဘုရားသခင်အတွက် ငါ့ကိုယ်ငါ များစွာ အသုံးခံခဲ့သည်။ ငါ့ကို သူအဘယ်ကြောင့် မကွယ်ကာပေးသနည်း။ ဘုရားသခင်သည် အင်မတန်မှပင် မတရားလှ။ အခြားလူတိုင်းက ဘုရား၏ ကွယ်ကာပေးမှုကို ရနိုင်သည်အထိ ကံကောင်းကြသော်လည်း ငါမူကား အဘယ်ကြောင့် ကံမကောင်းရသနည်း။ အဘယ်ကြောင့် ကံဆိုးမှုအပေါင်းက ငါ့အပေါ် အမြဲတမ်း ကျရောက်လာရသနည်း” ဟူ၍ တွေးတတ်သည်။ ရှောင်ရှောင်းသည် ဤသို့တွေးလေလေ ပို၍ စိတ်တိုကာ စိတ်ရှုပ်လာလေလေ ဖြစ်သည်။ သူပို၍ စိတ်တိုလာလေလေ သူ၏ နာကြည်းချက်နှင့် ဒေါသစိတ်တို့ လွင့်ပြယ်သွားအောင် အွန်လိုင်း ဖျော်ဖြေရေးနှင့် အပျင်းပြေစရာတို့ကို ပိုလုပ်ချင်လေလေ ဖြစ်သည်။ သူ့မျက်လုံးရောဂါကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပျောက်ကင်းသွားအောင် သူလုပ်ချင်၏။ သို့သော်လည်း အင်တာနက်တွင် သူမည်ကဲ့သို့ပင် စိတ်နှစ်မြှုပ်ထားသည် ဖြစ်စေ သူ့နာကြည်းချက်နှင့် ဒေါသစိတ်တို့ ပပျောက်သွားအောင် သူလုပ်ချင်လေလေ သူ့တွင် ဝမ်းမြောက်မှုနှင့် ငြိမ်းချမ်းမှုတို့ ပိုနည်းလာလေလေ ဖြစ်ပြီး သူ့ခမျာ ကံမကောင်းရှာဟု ပို၍ ခံစားရလေလေ ဖြစ်သည်။ ထို့ပြင် သူ့စိတ်နှလုံးထဲတွင်လည်း ဘုရားသခင်ကို မတရားဟု ညည်းညူသည်။ နေ့ရက်များက ဤကဲ့သို့ တစ်ရက်ပြီးတစ်ရက်သာ ကုန်လွန်သွားသည်။ ရှောင်ရှောင်း၏ မျက်လုံး ပြဿနာကမူ မည်သို့မျှ သက်သာလာခြင်း မရှိဘဲ သူ့စိတ်အခြေအနေက ဆိုးသည်ထက် ဆိုးလာသည်။ ဤနောက်ခံအခြေအနေတွင် ရှောင်ရှောင်းသည် သူအင်အားမဲ့ပြီး ကံမကောင်းဟု သာ၍ပင် ခံစားလာရသည်။ ရှောင်ရှောင်း၏ ဘဝက ဤအတိုင်း ရှေ့ဆက်နေခဲ့၏။ သူ့ကို မည်သူမျှ မကူညီပေးနိုင်။ သူကလည်း အကူအညီ လိုက်မရှာ။ မှုန်ရီဝိုးတဝါးနှင့် စိတ်ဓာတ်ကျပြီး အားအင်မဲ့၍သာ နေ့ရက်တိုင်းကို သူဖြတ်သန်းနေခဲ့သည်။
ယင်းက ရှောင်ရှောင်း၏ ဇာတ်လမ်းဖြစ်သည်။ ဤဇာတ်လမ်းကို ဤနေရာတွင် ရပ်လိုက်မည်။ နောက်တစ်ပုဒ်မှာ ရှောင်ဂျီ၏ ဇာတ်လမ်းဖြစ်သည်။
ရှောင်ဂျီသည် သူ့တာဝန်ကို ထမ်းဆောင်နေစဉ် ရှောင်ရှောင်းကဲ့သို့ အလားတူ ပြဿနာကို ကြုံရသည်။ သူ့အမြင်အာရုံက မှုန်ဝါးနေပြီး သူ့မျက်လုံးများကလည်း မကြာခဏ ရောင်ကိုင်းကာ ကိုက်ခဲနေသည်။ ဤအရာနှင့်အတူ မကြာမကြာ တွဲပါလာတတ်သည်မှာ သူ့မျက်လုံးထဲ တစ်ခုခု ဝင်နေသည်ဟူသည့် ခံစားချက်ပင်။ သူ့မျက်လုံးများကို သူပွတ်ကြည့်ပြီးသည့် နောက်တွင်လည်း မည်သို့မျှ မသက်သာလာချေ။ သူတွေးမိသည်မှာ “မည်သည့်အရာများ ဖြစ်ပျက်နေသနည်း။ ငါ့မျက်လုံးများက ကောင်းနေခဲ့သည်ပင်။ မျက်စိဆရာဝန်ထံသို့လည်း ငါတစ်ခါမျှ သွားပြဖူးခြင်း မရှိ။ ယခုတလော ငါ့မျက်လုံးများက အဘယ်အရာများ ဖြစ်နေသနည်း။ ငါ့မျက်လုံးများတွင် ပြဿနာတစ်ခုခု ရှိနေနိုင်သလော” ဟူ၍ပင် ဖြစ်သည်။ မှန်ထဲတွင် သူကြည့်သည့်အခါ သူ့မျက်လုံးများက ယခင်ကနှင့် ဘာမျှ ကွာခြားခြင်း မရှိ။ မျက်လုံးထဲ၌ ပူစပ်နေသည့် ခံစားချက်ကိုသာ သူခံစားရသည်။ ခပ်ပြင်းပြင်း မျက်တောင်ခတ်လိုက်ပါက မျက်လုံးများသည် ပို၍ပင် ကိုက်ခဲပြီး ရောင်ကိုင်းလာကာ မျက်ရည်များ စဝဲလာသည်။ သူ့မျက်လုံးများ တစ်ခုခုဖြစ်နေကြောင်း ရှောင်ဂျီခံစားရပြီး “မျက်လုံးပြဿနာများက အရေးကြီးလှသည်။ ဤအရာကို ငါလျစ်လျူရှုထားဖို့ မကောင်း။ သို့သော်ငြားလည်း အင်မတန် ဆိုးဆိုးဝါးဝါး ခံစားနေရသည်ကား မဟုတ်။ ငါ့ဘဝ၊ သို့မဟုတ် ငါ့တာဝန်ကို လာထိခိုက်နေခြင်းလည်း မရှိ။ ယခုတလော အသင်းတော်အလုပ်နှင့် အင်မတန် မအားမလပ်နိုင်အောင် ဖြစ်နေသည်။ ဆရာဝန်ထံ သွားပြပါက ငါ့တာဝန်တွင် ဂယက်ရိုက်မှုများ ရှိလာမည်ပင်။ ငါအားလပ်သည့် အချိန်ကျမှသာ ဤကိစ္စအကြောင်း သတင်းအချက်အလက်များကို ရှာကြည့်လိုက်မည်” ဟူ၍ တွေးသည်။ ဤဆုံးဖြတ်ချက်ကို ချပြီးသည့်နောက်တွင် ရှောင်ဂျီသည် သူ့တာဝန်မှ အားလပ်ချိန်အနည်းငယ် ရသည့်အခါ ဆက်စပ်သည့် သတင်းအချက်အလက်များကို လိုက်ရှာဖွေသည်။ ထိုအခါ သူ့မျက်လုံးများတွင် မည်သည့်ပြဿနာ ကြီးကြီးမားမားမျှ မရှိကြောင်း သူသိသွားလေသည်။ သူမသက်မသာ ဖြစ်နေရခြင်းမှာ သူ့မျက်လုံးများကို အချိန်အကြာကြီး အလွန်အကျွံ အသုံးပြုနေ၍ ဖြစ်သည်။ မျက်လုံးကို လျော်ကန်စွာ အသုံးပြုကာ သင့်လျော်စွာ ဂရုစိုက်ပေးပြီး သင့်တင့်သည့် လေ့ကျင့်ခန်း အချို့ကို လုပ်ပေးလိုက်လျှင် သူ့မျက်လုံးများက ပုံမှန်အတိုင်း ပြန်ဖြစ်သွားမည်ဖြစ်သည်။ ဤအရာကို ဖတ်လိုက်ရသည့်အခါ ရှောင်ဂျီမှာ “ဤကိစ္စက ကြီးကြီးမားမား ပြဿနာမဟုတ်သဖြင့် အလွန်အမင်း စိုးရိမ်နေစရာ မလိုအပ်။ ငါ့မျက်လုံးများကို လျော်ကန်စွာ အသုံးပြုပြီး မှန်မှန်ကန်ကန် လေ့ကျင့်ခန်း လုပ်ပေးရမည်ဟု ဤသတင်းရင်းမြစ်က ပြောသည်။ သို့ဖြစ်၍ ငါ့မျက်လုံးများကို မည်သို့လျော်ကန်စွာ အသုံးပြုသင့်သည်၊ မျက်လုံးများ ပုံမှန်ပြန်ဖြစ်အောင် မည်သည့် လေ့ကျင့်ခန်းများ လုပ်သင့်သည်တို့ကို စုံစမ်းကြည့်လိုက်မည်” ဟူ၍ အင်မတန်မှ ဝမ်းသာသွားသည်။ ထို့နောက် ဆက်စပ်သည့် နောက်ထပ် သတင်းအချက်အလက်များကို သူလိုက်ရှာ၏။ ထိုသို့ လိုက်ရှာရာမှ သူ့အခြေအနေနှင့် ကိုက်ညီသော နည်းလမ်းနှင့် ချဉ်းကပ်ဖြေရှင်းနည်း အနည်းငယ်ကို သိလိုက်ရလေသည်။ ထိုအချိန်မှစ၍ ရှောင်ဂျီတွင် သူ၏ ပုံမှန်ဘဝနှင့် သူ့တာဝန်ကို ထမ်းဆောင်ခြင်းအပြင် အလုပ်အသစ်တစ်ခု ပိုလာတော့သည်။ သူ့မျက်လုံးများကို ဂရုစိုက်ပေးရသည့် အလုပ်ပင်။ သူသင်ယူထားသည့် မျက်စိစောင့်ရှောက်မှု နည်းစနစ်များကို နေ့တိုင်း သူလက်တွေ့လုပ်သည်။ ထိုနည်းစနစ်များကို စမ်းလုပ်ကြည့်နေရင်းနှင့် သူ့မျက်လုံးများ၌ ပြနေသည့် ရောဂါလက္ခဏာများက ယင်းတို့ကြောင့် သက်သာလာခြင်း ရှိမရှိ စူးစမ်းကြည့်သည်။ ထိုနည်းစနစ်များကို အချိန်တစ်ခုကြာ စမ်းသပ်၍ လုပ်ကြည့်ပြီးသည့်နောက် ယင်းတို့ထဲမှ အချို့မှာ အလုပ်ဖြစ်ကြောင်း၊ အချို့ကမူ သဘောတရားပိုင်းတွင်သာ ကောင်းမွန်ပြီး လက်တွေ့တွင် မကောင်းဘဲ အနည်းဆုံး သူ့ပြဿနာကို မဖြေရှင်းပေးနိုင်ကြောင်း ရှောင်ဂျီခံစားမိ၏။ ထို့ကြောင့် ရှောင်ဂျီသည် ထိုကနဦး ကာလမှ သူ့တွေ့ရှိချက်များကို အခြေခံ၍ သူ့အတွက် အလုပ်ဖြစ်ခဲ့သော မျက်စိကျန်းမာရေး ထိန်းသိမ်းမှု နည်းလမ်းများနှင့် နည်းစနစ်အချို့ကို ရွေးလိုက်သည်။ မျက်လုံးကို သင့်လျော်စွာ အသုံးပြုရေးနှင့် မျက်စိစောင့်ရှောက်ရေးကို သူ့တာဝန်အတွက် နှောင့်နှေးမှု မဖြစ်စေမည့် အချိန်တိုင်းတွင် နေ့တိုင်း လက်တွေ့လုပ်၏။ အတန်ကြာပြီးနောက် ရှောင်ဂျီ၏ မျက်လုံးများက တကယ်ပင် ပို၍ ပို၍ သက်သာလာသည်။ နီရဲခြင်း၊ ကိုက်ခဲခြင်း၊ ပူစပ် ပူစပ် ခံစားရခြင်း အစရှိသည့် ယခင်က သူ့ရောဂါလက္ခဏာများလည်း တဖြည်းဖြည်းနှင့် စတင်လျော့ပါးလာသည်။ ရောဂါလက္ခဏာဖြစ်သည့် ကြိမ်နှုန်းလည်း ပို၍ ပို၍ ကျဲလာ၏။ သူအလွန်ကံကောင်းလှသည်ဟု ရှောင်ဂျီ ခံစားရလေသည်။ “ဘုရားသခင်၏ ဦးဆောင်ပေးမှုအတွက် ဘုရားကို ကျေးဇူးတင်ပါ၏။ ဤသည်မှာ ကိုယ်တော့် ကျေးဇူးတော်နှင့် လမ်းပြပေးမှုပင် ဖြစ်ပါသည်” ဟူ၍ သူဆိုသည်။ သူ့မျက်လုံးများက ပြဿနာများ သိပ်မပြတော့ဘဲ သူ့ရောဂါလက္ခဏာများ၏ ပြင်းထန်မှုက လျော့ပါးလာသော်လည်း ရှောင်ဂျီသည် အဆိုပါ မျက်စိစောင့်ရှောက်မှု နည်းလမ်းများကို အရှိန်လျှော့ခြင်း မရှိဘဲ ဆက်၍ လက်တွေ့လုပ်ပြီး သူ့မျက်လုံးများကို မှန်မှန်ကန်ကန် အသုံးပြုသည်။ ဤသို့ဖြင့် အတန်ကြာလာသောအခါ သူ့မျက်လုံးများက ပုံမှန်အတိုင်း လုံးလုံး ပြန်ဖြစ်သွားလေတော့သည်။ ဤအတွေ့အကြုံမှ ရှောင်ဂျီသည် သူ၏ မျက်လုံးများ ကျန်းမာနေအောင် ထိန်းသိမ်းပုံ ထိန်းသိမ်းနည်း အချို့ကို သင်ယူလိုက်ရသည်။ သူ့မျက်လုံးများကို မှန်မှန်ကန်ကန် အသုံးပြုပုံနှင့် မှန်မှန်ကန်ကန် အသက်ရှင်နည်းကိုလည်း သူသင်ယူခဲ့ရ၏။ ဘဝထဲက သူ၏ အတတ်ပညာအစုစုတွင် အပြုသဘောဆောင်သော ဘဝပေးအသိ ဖြစ်သည့် အသိပညာတို့ ထပ်တိုးသွားသည်။ ရှောင်ဂျီသည် အလွန်ပျော်ရွှင်ခဲ့သည်။ အတက်အကျအချို့ကို သူကြုံတွေ့ခဲ့ရပြီး ထူးထူးခြားခြား အတွေ့အကြုံအချို့ ရှိခဲ့သော်လည်း ထိုအရာမှ အဖိုးတန်သည့် ဘဝအတွေ့အကြုံအချို့ကို နောက်ဆုံး၌ ရရှိလိုက်သည်ဟု သူခံစားရလေသည်။ သူ့အနားရှိ လူတစ်ဦးဦးက မျက်လုံးများ နာနေသည်၊ ဖူးရောင်နေပြီး ကိုက်ခဲနေသည်ဟု ပြောလာသည့်အခါတိုင်း ရှောင်ဂျီသည် သူ့အတွေ့အကြုံအကြောင်းနှင့် သူအသုံးပြုခဲ့သည့် ချဉ်းကပ်ဖြေရှင်းနည်းများ၊ နည်းစနစ်များအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြသည်။ မျက်စိပြဿနာများ၏ ရောဂါလက္ခဏာများကို ခံစားနေရသည့် အဆိုပါ လူများသည်လည်း ရှောင်ဂျီ၏ ကူညီပေးမှုကြောင့် သူတို့၏ မျက်လုံးများကို မှန်မှန်ကန်ကန် အသုံးပြုပုံ အသုံးပြုနည်းများနှင့် မျက်လုံးများ ကျန်းမာနေအောင် ထိန်းသိမ်းပုံ ထိန်းသိမ်းနည်းများကို တတ်သွားကြသည်။ ရှောင်ဂျီလည်း ပျော်ရွှင်နေပြီး သူ့အနားရှိ လူများအတွက် သူသည် ကြီးမားသော အကူအညီ ဖြစ်ခဲ့လေသည်။ ဤသို့ဖြင့် ထိုကာလတစ်လျှောက်တွင် ရှောင်ဂျီနှင့် အခြားလူများသည် လူသားများအဖြစ် မိမိတို့၏ ဘဝတွင် လူတို့ရှိထားထိုက်သော ဘဝပေးအသိဖြစ်သည့် အသိပညာအချို့ကို ရရှိခဲ့ကြသည်။ လူတိုင်းက ပျော်ပျော်ရွှင်ရွှင် ဝမ်းမြောက်စွာ အတူတကွ အလုပ်လုပ်ကာ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ကြသည်။ ရှောင်ဂျီသည် သူ၏ မျက်လုံးပြဿနာကြောင့် အပျက်သဘောထဲ၊ သို့မဟုတ် အားအင်မဲ့သည့် အဖြစ်ထဲ မကျဆုံးသွားသကဲ့သို့ သူ၏ ကံဆိုးမှုအတွက်လည်း ဘယ်တော့မျှ မညည်းညူခဲ့ချေ။ ရှောင်ရှောင်း တွေ့ခဲ့သည့် စိုးရိမ်ဖွယ်ရာ ပြောဆိုချက်များကို အချက်အလက်များ ရှာနေစဉ် သူတွေ့ခဲ့ရသော်လည်း အလွန်အကျွံ အာရုံမစိုက်ခဲ့ချေ။ ထိုအစား သူ့ပြဿနာကို တက်ကြွစွာနှင့် သင့်လျော်စွာ ဖြေရှင်းခဲ့သည်။ ဤတူညီသော အခြင်းအရာက ရှောင်ရှောင်းတွင် ဖြစ်ပျက်ခဲ့သောအခါ၌ သူသည် စိတ်ဓာတ်ကျမှု၊ အားအင်မဲ့မှု၊ စိတ်ရှုပ်ထွေးမှုတို့ထဲ ထပ်တလဲလဲ ထိုးဆင်းသွား၏။ တစ်ဖက်တွင် ရှောင်ဂျီကမူ စိတ်ဓာတ်ကျမှုနှင့် စိတ်ရှုပ်ထွေးမှုထဲ ထိုးမဆင်းသွားအောင် ရှောင်နိုင်ရုံသာမက ဘုရားသခင်ကို မကျေမချမ်း ဖြစ်သည့်စိတ်က သူ့အာရုံတွင် လာစွဲကပ်နေခြင်းလည်း မရှိပေ။ ဘဝအပေါ် သာ၍ အကျိုးပြုသော၊ တက်ကြွသော၊ အပြုသဘောဆောင်သော သဘောထားကိုပင် ဤဖြစ်ရပ်များမှ သူရရှိခဲ့သည်။ သူသည် သူ့ကိုယ်သူ ကူညီခဲ့ပြီး အခြားသူများကိုလည်း ကူညီပေးခဲ့လေ၏။
ဤသည်တို့မှာ ရှောင်ရှောင်းနှင့် ရှောင်ဂျီတို့၏ ဇာတ်လမ်းများ ဖြစ်သည်။ သူတို့၏ ဇာတ်လမ်းနှစ်ပုဒ်လုံးကို သင်တို့သည် ယခု နားထောင်ပြီးကြပြီ။ ယင်းတို့ကို သင်တို့နားလည်ကြသလော။ မည်သည့်ဇာတ်လမ်းကို သင်တို့နှစ်သက်သနည်း။ ရှောင်ရှောင်းလော၊ ရှောင်ဂျီလော။ (ရှောင်ဂျီဖြစ်ပါသည်။) ဤသို့ဆိုလျှင် ရှောင်ရှောင်းနှင့် ပတ်သက်၍ မည်သည့်အရာက မကောင်းသနည်း။ (သူ့အပေါ် အမှုအရာများ ဖြစ်ပျက်လာသည့်အခါ သူသည် ယင်းတို့ကို မှန်ကန်စွာ ရင်ဆိုင်နိုင်စွမ်း မရှိပါ။ အပျက်သဘောဆောင်ပြီး ခုခံတတ်ပါ၏။) အပျက်သဘောဆောင်ပြီး ခုခံတတ်ခြင်းက လူတစ်ဦး၏ ပျက်စီးရာ ပျက်စီးကြောင်းကို ဖြစ်စေသည်။ အခြားလူများအပေါ် အမှုအရာများ ဖြစ်ပျက်လာသည့်အခါ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေပြီး ထိုအရာများကို ဖြေရှင်းနိုင်ကြ၏။ သို့သော် ရှောင်ရှောင်းကမူ သူ့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်လာသည့်အခါတွင် သမ္မာတရားကို ရှာဖွေနိုင်စွမ်း မရှိဘဲ အပျက်သဘောဆောင်ဖို့နှင့် ခုခံဖို့ ရွေးချယ်သည်။ သူကိုယ်တိုင်၏ ပျက်စီးရာ ပျက်စီးကြောင်းကို သူဖိတ်ခေါ်နေခြင်းပင်။ ယနေ့ခေတ်တွင် သတင်းအချက်အလက်များက ခေတ်ရှေ့ပြေးကောင်း ပြေးနေနိုင်၏။ သို့သော် ဆိုးယုတ်သော ဤလောကထဲ၌ လှည့်စားမှုနှင့် မုသားများက လှိုင်လှိုင်ပေါများလှသည်။ လောကကြီးသည် လှည့်စားမှုနှင့် မုသားများဖြင့် အတိပြည့်နေ၏။ ဗြောင်းဆန်နေသော ဤလောကတွင် မည်သည့်ကိစ္စ၊ သို့မဟုတ် မည်သည့်သတင်းအချက်အလက်မျိုးကိုမဆို ရင်ဆိုင်ရသည့်အခါ လူတို့သည် ဉာဏ်ပညာရှိရမည်။ ဉာဏ်ထက်ပြီး အကင်းပါးရမည်။ ပိုင်းခြားသိမြင်နိုင်ရမည်။ မတူညီသော သတင်းအချက်အလက်အမျိုးမျိုးကို လျော်ကန်သည့် ရှုထောင့်မှ တင်းကျပ်စွာ စစ်ထုတ်ယူရမည်။ လူတို့အနေနှင့် မည်သည့်ပြောဆိုချက်ကိုမျှ အလွယ်တကူ မယုံကြည်ရ။ မည်သို့သော သတင်းအချက်အလက် အမျိုးအစားကိုမျှ အလွယ်တကူ ကျိန်းသေပေါက် လက်မခံရ။ စာတန်၏ လောကတွင် လူအားလုံး လိမ်ကြသည်။ အားလုံးက လူလိမ်များဖြစ်ကာ လုံးဝ တာဝန်မခံကြပေ။ သူတို့၏ မုသားများကို ပြောပြီးသည်နှင့် ကိစ္စဆုံးပြီ ဖြစ်သည်။ ဤလောကထဲမှ မည်သူကမျှ မုသားများကို မရှုတ်ချကြ။ မည်သူကမျှ လှည့်စားမှုကို မရှုတ်ချကြ။ လူ့စိတ်နှလုံးသည် နားလည်ဖို့ ခက်ခဲ၏။ လူလိမ်လူညာတိုင်း၏ နောက်ကွယ်တွင် ရည်ရွယ်ချက်နှင့် ပန်းတိုင်တစ်ခု ရှိနေသည်။ ဥပမာအားဖြင့် ဆရာဝန်ထံ သင်သွားပြလျှင် သူက “သင့်ရောဂါကို အမြန် ကုသဖို့ လိုအပ်သည်။ အမြန် မကုသလျှင် ကင်ဆာရောဂါ ဖြစ်သွားနိုင်ခြေ ရှိသည်” ဟု ပြောသည်။ သင်က ကြောက်တတ်သူ ဖြစ်လျှင် စိုးရိမ်သွားမည် ဖြစ်ပြီး “မဖြစ်သေး။ ကင်ဆာအထိ ဖြစ်သွားနိုင်ခြေ ရှိသည်။ ယခုချက်ချင်း ကုသကြစို့” ဟူ၍ ဆိုလိမ့်မည်။ ရလဒ်အနေဖြင့် ကုသဖို့ ကြိုးစားလေလေ ထိုရောဂါက ပိုကြီးလာလေလေ ဖြစ်ပြီး နောက်ဆုံးတွင် သင်သည် ဆေးရုံသို့ ရောက်သွားလေတော့သည်။ ဆရာဝန် တကယ်တမ်း ပြောခဲ့သည့် စကားမှာ သင့်ရောဂါက ကင်ဆာဖြစ်သွားနိုင်ခြေ ရှိသည် ဟူ၍ပင်။ ယင်းက ကင်ဆာရောဂါ မဖြစ်သေးဟု ဆိုလို၏။ သို့သော် ထိုရောဂါကို ကင်ဆာသဖွယ် အဆောတလျင် ကုသမှ ရမည်ဟု ဆရာဝန်၏ စကားက ဆိုလိုကြောင်း သင်နားလည်မှုလွဲသွားသည်။ ဤသို့ လုပ်ခြင်းအားဖြင့် သေမင်းကို ဖိတ်ခေါ်နေခြင်း ဖြစ်သည် မဟုတ်လော။ ထိုရောဂါကို ကင်ဆာသဖွယ် ကုသနေလျှင် ပျောက်အောင် ကြိုးစားကုသလေလေ အသေစောလေလေ ဖြစ်မည်။ ထိုသို့ဆိုလျှင် သင်သည် ပို၍ ကြာကြာ ရှင်သန်နိုင်လိမ့်မည်လော။ (မရှင်သန်နိုင်ပါ။) သင်ဖျားနာနေသည်မှာ အမှန်တကယ်တွင် ကင်ဆာရောဂါကြောင့် မဟုတ်ပေ။ ဤသို့ဖြစ်လျှင် ထိုရောဂါကို မကုသပါက ကင်ဆာဖြစ်သွားလိမ့်မည်ဟု ဆရာဝန်က အဘယ်ကြောင့် ပြောသနည်း။ သင့်ထံမှ ငွေကို လိမ်လည်ရယူဖို့၊ သင်၏ ရောဂါကို ပြင်းထန်သည့် ရောဂါတစ်ခုအလား သင်ကုသအောင် လုပ်ဖို့ သူထိုသို့ ပြောခြင်း ဖြစ်သည်။ အသေးစား ဖျားနာမှုသာ ဖြစ်သည်ကို သင်သိလျှင် အပျောက်ကုဖို့ ကြိုးစားမည် မဟုတ်၍ သူသည်လည်း သင့်ငွေကို ရနိုင်မည် မဟုတ်ချေ။ ဆရာဝန်များစွာသည် သူတို့၏ လူနာများကို ကြည့်သည့်အခါ မကောင်းဆိုးဝါးက လူတစ်ဦးကို အမိအရ ချုပ်ကိုင်ထားသကဲ့သို့ ထိုလူနာများကို အမိအရ ချုပ်ကိုင်ထားကြ၏။ ၎င်းတို့သည် တင်းကျပ်စွာ ချုပ်ကိုင်ထားကြကာ မလွှတ်ပေးကြချေ။ ဤသည်မှာ ဆရာဝန်အများစုက ၎င်းတို့၏ လူနာများအပေါ် သုံးသည့် အတွေ့ရများသော ချဉ်းကပ်နည်းပင်။ ၎င်းတို့သည် သင့်ကို ၎င်းတို့ မည်မျှကျော်ကြားကြောင်း၊ ဆေးပညာပိုင်းတွင် မည်မျှတော်ကြောင်း၊ လူဘယ်နှစ်ဦးကို ရောဂါပျောက်အောင် ကုသပေးပြီး ဖြစ်ကြောင်း၊ မည်သည့်ရောဂါများကို ပျောက်အောင် ကုသပေးပြီး ဖြစ်ကြောင်း၊ ဆေးပညာကို ၎င်းတို့လက်တွေ့လုပ်လာသည်မှာ မည်မျှကြာပြီ ဖြစ်ကြောင်းတို့ ပြောလျက် အစချီကြသည်။ သင့်အနေနှင့် ၎င်းတို့ကို ယုံကြည်လာအောင်၊ ချက်ချင်းထိုင်ချပြီး ၎င်းတို့၏ ကုသမှုကို ခံယူအောင် ၎င်းတို့လုပ်၏။ ထို့နောက် သင်သည် အကြီးစားရောဂါ ရတော့မည်၊ ကုသမှု မခံယူပါက သေသွားနိုင်သည်ဟု သင့်ကို ပြောကြတော့သည်။ လူတိုင်း သေရမည်ပင်။ သို့သော် သင့်အသက်ကို နုတ်ယူမည့်အရာက အမှန်တကယ်ပင် ဤရောဂါဖြစ်နေပါ့မည်လော။ ထိုသို့လည်း ဧကန်မုချ မဟုတ်ပေ။ လူတိုင်း၏ သေခြင်းနှင့် ရှင်ခြင်းသည် ဘုရားသခင်၏ လက်တော်ထဲ၌ ရှိသည်။ ထိုအရာများကို ဆုံးဖြတ်သည်မှာ ဘုရားသာ ဖြစ်သည်။ ဆရာဝန်များ မဟုတ်။ ဆရာဝန်များက လူတို့ကို လှည့်စားဖို့ ဤပရိယာယ်ကို မကြာခဏ သုံးကြ၏။ ကြောက်တတ်ပြီး သေရမည်ကို စိုးထိတ်ကြသော လူတို့သည် ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ကို နေရာအနှံ့ လိုက်ရှာကာ သူတို့ကျန်းမာရေးနှင့်ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ချက်များကို ဆရာဝန်များအား ထုတ်ခိုင်းကြလေသည်။ သူတို့တွင် ကင်ဆာဖြစ်လာနိုင်ခြေ ရှိသည်ဟု သူတို့၏ ဆရာဝန်က ပြောလျှင် သူတို့သည် ယုံလိုက်ကြပြီး ထိုဆရာဝန်ကို ရောဂါကုသခိုင်းဖို့၊ ကင်ဆာရောဂါကြောင့် သူတို့သေနိုင်သည့် အန္တရာယ် ပပျောက်သွားဖို့ ကမန်းကတန်း လုပ်ကြသည်။ သူတို့သည် ကိုယ့်ကိုယ်ကိုယ် လန့်အောင် ခြောက်နေကြခြင်းသာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဆရာဝန်များအကြောင်း ပြောခြင်းကို ယခု ရပ်ပြီး ရှောင်ရှောင်းနှင့် ရှောင်ဂျီတို့အကြောင်း ဆက်ပြောကြမည်။ သူတို့ပတ်ပတ်လည်တွင် ဖြစ်ပျက်သော အရာခပ်သိမ်းနှင့် စပ်လျဉ်း၍ သူတို့၏ ရှုထောင့်များ၊ အမြင်များ၊ ရပ်တည်ချက်များမှာ အင်မတန်မှ ကွာခြားလွန်းလှသည်။ ရှောင်ရှောင်းသည် အပျက်သဘောဆောင်သည့် လူတစ်ဦးသာ လုံးလုံး ဖြစ်နေသော်လည်း ရှောင်ဂျီကမူ သူ့ထံ ဖြစ်ပျက်လာသည့် အရာများကို လျော်လျော်ကန်ကန် ချဉ်းကပ်နိုင်စွမ်း ရှိသည်။ သူ့တွင် ပုံမှန် လူ့သဘာဝ၏ ဆင်ခြင်တုံတရားနှင့်ဝေဖန်ပိုင်းခြားနိုင်ခြင်းတို့ ရှိပြီး အမှုအရာများကို တက်ကြွသည့် နည်းလမ်းဖြင့် သူရင်ဆိုင်၏။ သူ့တာဝန်ကိုလည်း ဆက်လက် ထမ်းဆောင်သည်။ သူတို့နှစ်ဦးမှာ ကွာခြားသည်ထက် ကွာခြားလွန်းလှသည်။ ရှောင်ရှောင်းသည် သူ့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်လာသည့်အခါ အခြေအနေက မျှော်လင့်ချက် မရှိဟု သဘောထားပစ်ပြီး အဆင်အခြင်မဲ့စွာ ပြုမူလေသည်။ ထိုကိစ္စကို ဖြေရှင်းဖို့ လျော်ကန်သည့် နည်းလမ်း၊ နည်းစနစ်များကို သူမရှာ။ ထို့ပြင် သူသည် မပိုင်းခြားမသိမြင်တတ်ဘဲ မရေမရာနှင့် မိုက်မဲ၊ ခေါင်းမာသည့်အပြင် မလိုက်လျောတတ်ဘဲ အတော်အတန်လည်း မလိုမုန်းထားတတ်သေး၏။ သူဖျားသည့်အခါ၊ သို့မဟုတ် အခက်အခဲတစ်ခုခု ကြုံရသောအခါ၊ သို့မဟုတ် ဆိုးဝါးသော အရာတစ်ခုခု သူ့အပေါ် ဖြစ်လာသောအခါ အခြားသူများ အားလုံးလည်း ထိုသို့ဖြစ်သွားရန် သူမျှော်လင့်သည်။ သူ့ကို မကွယ်ကာပေး၍ ဘုရားအား မုန်းတီးကာ သူ့ဒေါသကို ပေါက်ကွဲပစ်လိုက်ချင်နေသည်။ သို့သော် အခြားသူများအပေါ်လည်း သူ့ဒေါသကို မပေါက်ကွဲရဲ၊ မပုံချရဲချေ။ ထို့ကြောင့် သူသည် သူ့ဒေါသကို သူ့ကိုယ်သူအပေါ်သာ ပေါက်ကွဲပစ်ပြီး ပုံချလေတော့သည်။ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားပင် ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ကိစ္စသေးသေးကလေး တစ်ခုခုက မိမိသဘောအတိုင်း မဖြစ်သည့်အခါ မကျေမချမ်းဖြစ်ခြင်း၊ မုန်းတီးခြင်း၊ မနာလိုခြင်းတို့သည် ရက်စက်ကြမ်းကြုတ်ခြင်းပင်။ ရှောင်ဂျီမူကား သူ့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်လာသည့်အခါ ပုံမှန် လူ့သဘာဝ၏ ဆင်ခြင်တုံတရားနှင့်ဝေဖန်ပိုင်းခြားနိုင်ခြင်းတို့ ရှိလေသည်။ သူ့တွင် ဉာဏ်ပညာရှိပြီး သာမန် လူ့သဘာဝ ရှိသည့်လူတစ်ဦး လုပ်ထိုက်သည့် ရွေးချယ်မှုများကို သူလုပ်သည်။ ရှောင်ဂျီတွင် ရှောင်ရှောင်းနှင့် တူညီသော အနာရောဂါ ရှိနေခဲ့သော်လည်း နောက်ဆုံးတွင် သူ့ပြဿနာက ပြေလည်သွားသည်။ သို့သော် ရှောင်ရှောင်းကမူ သူ့ပြဿနာကို လုံးဝ မဖြေရှင်းနိုင်ခဲ့ချေ။ သူ့ပြဿနာက မရပ်မနား ဆိုးရွားလာကာ ပြင်းထန်သည်ထက် ပို၍ ပြင်းထန်လာသည်။ ရှောင်ရှောင်း၏ ပြဿနာသည် စိုးရိမ်ရသော ပြဿနာတစ်ခု ဖြစ်သည်။ ဇာတိအသွေးအသား နာမကျန်းဖြစ်သည့် ပြဿနာတစ်ခုမျှသာ မဟုတ်ချေ။ သူသည် သူ့အတွင်းစိတ်နှလုံးထဲတွင် အောင်းနေသည့် စိတ်သဘောထားကို ဖွင့်ပြခဲ့ခြင်းပင်။ သူကိုယ်တိုင်၏ ခေါင်းမာမှု၊ စိတ်နှလုံးမာကျောမှု၊ မိုက်မဲမှု၊ မလိုမုန်းထားမှုတို့ကို သူဖွင့်ပြခဲ့ခြင်းပင်။ ယင်းက သူတို့နှစ်ဦးကြားမှ ခြားနားချက် ဖြစ်၏။ ဤလူနှစ်ဦး ရှင်သန်ပုံအပြင် အမှုအရာများကို ကိုင်တွယ်ရေးအတွက် သူတို့၏ သဘောထားများ၊ နည်းလမ်းများနှင့် ပတ်သက်ပြီး ပို၍ အသေးစိတ်ကျသော အသိပညာနှင့် နားလည်မှုတို့ သင်တို့တွင် ရှိလျှင် ထိုအကြောင်းကို နောက်ပိုင်း၌ သင်တို့ဆက်လက် မိတ်သဟာယပြုနိုင်သည်။ သင်တို့ကိုယ်သင်တို့ ထိုအရာနှင့် ဆက်လက် နှိုင်းယှဉ်ကြည့်နိုင်သည်။ ထိုအရာမှ သင်ခန်းစာ ယူနိုင်သည်။ အမှုအရာများကို ရှောင်ဂျီကဲ့သို့ တက်ကြွသည့် နည်းလမ်းဖြင့် ဝင်ရောက်သင့်သည်ကိုကား ပြောရန်ပင် မလိုချေ။ သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဖြစ်လာသည်အထိ ဘဝကို လျော်ကန်စွာ ချဉ်းကပ်သင့်ကာ သမ္မာတရားကို စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ အပြည့်အဝ လူများ၊ အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရန် ကြိုးပမ်းသင့်သည်။ ရှောင်ရှောင်းကဲ့သို့ ဖြစ်၍ မရပေ။ ဟုတ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ လိုက်စားပြီး လက်တွေ့လုပ်ဆောင်သင့်ပုံပင် ဖြစ်တော့၏။
ငါတို့၏ ပြီးခဲ့သော စုဝေးပွဲတွင် ငါတို့မိတ်သဟာယပြုခဲ့ကြသည့် အရာကို ယခု ပြန်လည်ဆန်းစစ်ကြည့်ကြမည်။ လူတို့၏ အယူအဆများထဲတွင် မှန်ကန်ပြီး ကောင်းမွန်သည်ဟု ၎င်းတို့မှတ်ယူထားကြသည့် အရာများ၏ ပထမကဏ္ဍဖြစ်သည့် ကောင်းသော အပြုအမူများအကြောင်း ငါတို့ပြောဆိုခဲ့ကြသည့်အပြင် ကောင်းသော အပြုအမူများ၏ ဥပမာခြောက်ခုကိုလည်း ဖော်ပြခဲ့ကြသည်။ ထိုဥပမာအားလုံးသည် ရိုးရာယဉ်ကျေးမှုက မြှင့်တင်အားပေးသော အရာများဖြစ်ပြီး လူတို့အနေနှင့် ၎င်းတို့၏ လက်တွေ့ဘဝတွင် ကြိုက်နှစ်သက်ကြသော အပြုအမူကောင်းများလည်း ဖြစ်သည်။ ထိုဥပမာများက မည်သည့်အရာများ ဖြစ်ကြောင်း သင်တို့ ငါ့ကို ပြောပြနိုင်သလော။ (အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်း၊ ရည်မွန်ခြင်း၊ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်တတ်ခြင်း၊ ဖော်ရွေတတ်ခြင်း၊ ပေါင်းသင်းရ လွယ်ကူခြင်းတို့ ဖြစ်ပါသည်။) နောက်ထပ် မည်သည့် ဥပမာများကိုမျှ ငါတို့မပေးခဲ့။ တရုတ်ရိုးရာ ယဉ်ကျေးမှုက အဆိုပြုထားသည့် အပြုအမူကောင်းများကို ကိုယ်စားပြုသောအရာ ခြောက်ခုနှင့် ကွဲပြားခြားနားသည့် အရာအချို့ အခြားသော တိုင်းနိုင်ငံများ၏ ရိုးရာယဉ်ကျေးမှုတွင် ရှိနေနိုင်သည်။ သို့သော် ထိုအရာများကို ငါတို့ဖော်ပြသွားမည် မဟုတ်။ ပြီးခဲ့သည့် အခေါက်က ငါတို့သည် ဤအပြုအမူကောင်း ခြောက်ခုတွင် ပါဝင်နေသည့် တိကျသော အကြောင်းအရာများထဲမှ အချို့ကို မိတ်သဟာယပြုပြီး စိစစ်ခဲ့ကြသည်။ ခြုံငုံကြည့်လျှင် ဤအပြင်ပန်း အပြုအမူကောင်းများက လူ့သဘာဝအတွင်းရှိ အပြုသဘောဆောင်သော အရာများကို ကိုယ်စားမပြုချေ။ လူတစ်ဦး၏ စိတ်သဘောထား ပြောင်းလဲသွားသည့် အဖြစ်ကို ကိုယ်စားပြုရန်မှာမူ သာ၍ပင် ဝေးသေး၏။ လူတစ်ဦးသည် သမ္မာတရားကို နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုကို အသက်ရှင်နေထိုင်ကြောင်း ထိုအရာများက ဧကန်မုချ ကိုယ်စားမပြု။ ထိုအရာများသည် လူက မြင်နိုင်သည့် အပြင်ပန်း အပြုအမူများသာ ဖြစ်သည်။ ရိုးရှင်းစွာ ပြောရလျှင် ထိုအရာများက လူ၏ အပြင်ပန်း သရုပ်သကန်များ ဖြစ်သည်။ ဤအပြင်ပန်း သရုပ်သကန်များနှင့် ပွင့်အံထုတ်ပြခြင်းများသည် လူတို့ ဆက်ဆံကြသည့်အခါ၊ အချင်းချင်း ပေါင်းသင်းကြသည့်အခါ၊ အချင်းချင်း အတူယှဉ်တွဲ၍ နေထိုင်ကြသည့်အခါ ဖြစ်ပေါ်လာသော လုပ်ရိုးလုပ်စဉ်များသာ ဖြစ်၏။ “လုပ်ရိုးလုပ်စဉ်များ” ဆိုသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ လူတို့ မြင်သည့်အခါ စိတ်အေးသွားအောင် လုပ်ပေးသည့် အပေါ်ယံအဆန်ဆုံးသော အရာများကို ရည်ညွှန်းသည်။ ထိုအရာများသည် လူတို့၏ အနှစ်သာရကို လည်းကောင်း၊ လူတို့၏ အတွေးများနှင့် အမြင်များကိုလည်းကောင်း၊ အပြုသဘောဆောင်သော အရာများအပေါ် လူတို့ထားသည့် သဘောထားကို လည်းကောင်း လုံးဝ ကိုယ်စားမပြုသည့်အပြင် သမ္မာတရားအပေါ် လူတို့ထားသည့် သဘောထားကို သာ၍ပင် ကိုယ်စားမပြု။ အပြင်ပန်း အပြုအမူများနှင့် စပ်လျဉ်း၍ လူသားမျိုးနွယ်၌ ရှိသည့် သတ်မှတ်ချက်များနှင့် အကဲဖြတ်မှုစံနှုန်းများသည် လူတို့ နားလည်နိုင်ပြီး စွမ်းဆောင်ရရှိနိုင်သော လုပ်ရိုးလုပ်စဉ်များသာ ဖြစ်သည်။ လူ့အနှစ်သာရနှင့် ဘာဆိုဘာမျှ ပတ်သက်မှု မရှိချေ။ လူတစ်ဦးသည် အပေါ်ယံ၌ မည်မျှပင်ဖော်ရွေပုံ သို့မဟုတ် ပေါင်းသင်းရ လွယ်ကူပုံ ပေါ်နေပါစေ၊ အခြားလူများက ထိုသူတို့ အသက်ရှင်နေထိုင်သည့် အပြင်ပန်း အပြုအမူများကို မည်မျှပင် နှစ်သက်၊ လေးစား၊ ရိုကျိုးပြီး ကိုးကွယ်ပါစေ ထိုသူတို့တွင် လူ့သဘာဝ ရှိသည်ဟု မဆိုလိုသကဲ့သို့ ၎င်းတို့၏ သဘာဝအနှစ်သာရက ကြင်နာသည်ဟု မဆိုလိုပေ။ ယင်းက ၎င်းတို့သည် အပြုသဘောဆောင်သည့်အရာများကို ချစ်သောသူများဖြစ်သည်၊ တရားမျှတစိတ်ရှိပြီး သမ္မာတရားကို လိုက်စားနိုင်သည်ဟု သာ၍ပင် မဆိုလိုပေ။ ထိုသူတို့က သမ္မာတရားကို လိုက်စားနိုင်သော လူများ ဖြစ်သည်ဟု သာ၍ မဆိုလိုသည်ကိုကား ပြောနေရန်ပင် မလို။ လူသားမျိုးနွယ်က အကျဉ်းချုပ်ထားသည့် အပြုအမူကောင်း အားလုံးသည် မိမိတို့ကိုယ်ကို အခြား သက်ရှိပုံစံများနှင့် ကွဲပြားခြားနားနေအောင် လူသားမျိုးနွယ်က မြှင့်တင်အားပေးသည့် အပြင်ပန်း သရုပ်သကန်အချို့နှင့် အသက်ရှင်နေထိုင်သည့် အရာအချို့ထက် မပိုချေ။ ဥပမာအားဖြင့် အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်း၊ ရည်မွန်ခြင်း ဟူသည့် ကောင်းသော အပြုအမူများသည် လူတစ်ဦးက စည်းမျဉ်းစည်းကမ်းများကို မလိုက်နာသော တိရစ္ဆာန်များနှင့် မတူဘဲ အပြင်ပန်းတွင် အတော်အတန် ဣန္ဒြေရ၊ ယဉ်ကျေးကာ အသိပညာ ကြွယ်ဝပြီး ယဉ်ကျေးမှု ရှိကြောင်းသာ ပြသည်။ လူတို့သည် စားသောက်ပြီးသည့်အခါ သူတို့၏ ပါးစပ်ကို လက်နှင့်သော်လည်းကောင်း၊ လက်ကိုင်ပဝါနှင့်သော်လည်းကောင်း သုတ်ကြပြီး သူတို့ကိုယ်သူတို့ အနည်းငယ် သန့်ရှင်းအောင် လုပ်ကြသည်။ ခွေးတစ်ကောင် စားသောက်ပြီးချိန်၌ သူ့ပါးစပ်ကို သုတ်ပေးဖို့ သင်ကြိုးစားပါက သူပျော်မည် မဟုတ်ပေ။ တိရစ္ဆာန်များက ဤသို့သော အရာများကို နားမလည်ကြ။ ဤသို့ဖြစ်လျှင် လူတို့က အဘယ်ကြောင့် နားလည်ကြသနည်း။ လူတို့သည် “ပိုအဆင့်မြင့်သော တိရစ္ဆာန်များ” ဖြစ်နေ၍ပင်။ ၎င်းတို့သည် ဤအရာများကို နားလည်ထိုက်၏။ သို့ဖြစ်၍ ကောင်းသော ဤအပြုအမူများသည် လူသားမျိုးနွယ်ဟူသော သက်ရှိဇီဝအုပ်စု၏ အပြုအမူကို ထိန်းညှိရန် လူက အသုံးပြုသည့်အရာ ဖြစ်သည်။ ယင်းတို့က လူသားမျိုးနွယ်ကို သာ၍ နိမ့်ကျသော သက်ရှိပုံစံများမှ ခွဲခြားပေးခြင်းမျှသာ လုပ်ပေးသည်။ ကျင့်ကြံပြုမူမှု၊ သို့မဟုတ် သမ္မာတရားကို လိုက်စားမှု၊ သို့မဟုတ် ဘုရားသခင်အား ကိုးကွယ်မှုတို့နှင့် လားလားမျှ မသက်ဆိုင်။ အဓိပ္ပာယ်မှာ သင်သည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်း စသည်တို့၏ စံနှုန်းများ၊ သတ်မှတ်ချက်များနှင့် အပြင်ပန်းအားဖြင့် လျော်ညီအောင် နေကောင်း နေနိုင်မည် ဖြစ်သော်လည်း၊ သင့်တွင် ဤအပြုအမူကောင်းများ ရှိကောင်း ရှိနေနိုင်မည် ဖြစ်သော်လည်း ယင်းတို့က သင်သည် လူ့သဘာဝရှိသော လူတစ်ဦး ဖြစ်သည်၊ သို့မဟုတ် သမ္မာတရားကို ပိုင်ဆိုင်သည့် လူတစ်ဦးဖြစ်သည်၊ သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်သည့် လူတစ်ဦးဖြစ်သည်ဟု မဆိုလိုချေ။ ထိုအရာများ တစ်ခုကိုမျှ လုံးဝ မဆိုလိုချေ။ ထိုသို့ဖြစ်မည့်အစား အပြုအမူပိုင်း သင်ကြားလေ့ကျင့်ပေးသည့် စနစ်နှင့် ကျင့်ဝတ် စံနှုန်းများ၏ စနစ်ကို ဖြတ်သန်းပြီးသွားသည့်နောက် သင်၏ အပြောအဆိုများ၊ မျက်နှာထားများ၊ အပြုအမူများ စသည်တို့က အနည်းငယ် ပို၍ စည်းကမ်းကျနမှု ရှိလာသည်ဟုသာ ဆိုလိုသည်။ သင်သည် တိရစ္ဆာန်များထက် ပိုသာပြီး လူသား ပုံသဏ္ဌာန် အနည်းငယ်ရှိသည်ဟု ထိုအရာက ပြသသည်။ သို့သော် သင်သည် သမ္မာတရားအား လိုက်စားသူတစ်ဦး ဖြစ်ကြောင်းကိုကား မပြသပေ။ ထိုအရာက သမ္မာတရားကို လိုက်စားခြင်းနှင့် ဘာဆိုဘာမျှ မသက်ဆိုင် ဟူ၍ပင် ဆိုနိုင်သည်။ ဤအပြုအမူကောင်းများကို သင်ပိုင်ဆိုင်ထားသည့် အဖြစ်က သမ္မာတရားအား လိုက်စားခြင်းအတွက် မှန်ကန်သော အခြေအနေများကို သင်ပိုင်ဆိုင်သည်ဟု မဆိုလိုသည့်အပြင် သမ္မာတရား လက်တွေ့ကျမှုကို သင်ဝင်ရောက်ထားပြီး ဖြစ်သည်၊ သမ္မာတရားကို သင်ရရှိပြီးဖြစ်သည်ဟု သာ၍ပင် မဆိုလိုချေ။ ထိုအရာများကို ထင်ဟပ်ဖော်ပြခြင်း အလျှင်းမရှိပေ။
ကြောင်တစ်ကောင်၊ သို့မဟုတ် ခွေးတစ်ကောင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားသောသူ မည်သူမဆိုသည် ထိုတိရစ္ဆာန်များနှင့် ပတ်သက်၍ ချစ်ခင်စဖွယ် ကောင်းသည့်အရာ တစ်ခုခု ရှိနေကြောင်း ခံစားကြရလိမ့်မည်ပင်။ အချို့သော ကြောင်များ၊ ခွေးများ၌ စင်စစ်အားဖြင့် အမူအကျင့်ကောင်းများ ရှိနေကြသည်။ အချို့သော ကြောင်များက သူတို့သခင်၏ အခန်းထဲသို့ ဝင်ချင်သည့်အခါ မဝင်မီ တံခါးဝ၌ သုံးလေးကြိမ်ခန့် တညောင်ညောင် အသံပေးတတ်ကြ၏။ သူတို့သခင်က ဘာမျှမပြောလျှင် အခန်းထဲ မဝင်ကြ။ “ဝင်လာခဲ့” ဟု သူတို့သခင်က ပြောသည်နှင့် အခန်းထဲ ဝင်ကြသည်။ ဤကျင့်ဝတ်မျိုးကို ကြောင်များပင် လက်တွေ့လုပ်နိုင်၏။ သူတို့သခင်၏ အခန်းထဲ မဝင်မီ ခွင့်တောင်းရမည်ကို သူတို့သိသည်။ ယင်းက အပြုအမူကောင်းတစ်မျိုး ဖြစ်သည် မဟုတ်လော။ ဤအပြုအမူကောင်းမျိုးကို တိရစ္ဆာန်များကပင် ပိုင်ဆိုင်နိုင်သည်ဆိုလျှင် လူတို့ပိုင်ဆိုင်သည့် ကောင်းသော အပြုအမူများက ၎င်းတို့ကို တိရစ္ဆာန်များထက် မည်မျှလောက် ပိုအဆင့်မြင့်အောင် လုပ်ပေးနိုင်မည်နည်း။ ဤသည်မှာ လူတို့ပိုင်ဆိုင်အပ်သည့် ပုံမှန်အသိတရား၏ အနိမ့်ဆုံးအဆင့် ဖြစ်သည်။ ဤအရာကို သင်ကြားပေးဖို့ မလို။ ယင်းက အင်မတန် ပုံမှန်ကျသော အရာတစ်ခု ဖြစ်သည်။ ဤသို့သော အပြုအမူကောင်းမျိုးက အတော်အတန် သင့်လျော်ကြောင်း လူတို့ခံစားရနိုင်ပြီး ထိုအချက်က ၎င်းတို့ကို အနည်းငယ် ပို၍ စိတ်လက်ချမ်းသာအောင် လုပ်ပေးကောင်း လုပ်ပေးနိုင်သည်။ သို့သော် ဤကောင်းသော အပြုအမူများကို အသက်ရှင်နေထိုင်ခြင်းသည် ၎င်းတို့ လူ့သဘာဝ၏ အရည်အသွေး သို့မဟုတ် အနှစ်သာရကို ကိုယ်စားပြုသလော။ (ကိုယ်စားမပြုပါ။) ကိုယ်စားမပြုချေ။ ထိုအရာများက လူတစ်ဦး၏ လုပ်ရပ်များတွင် ရှိနေသင့်သည့် စည်းကမ်းများနှင့် နည်းစနစ်များမျှသာ ဖြစ်သည်။ လူတစ်ဦး၏ လူ့သဘာဝဆိုင်ရာ အရည်အသွေး၊ အနှစ်သာရတို့နှင့် လားလားမျှ မပတ်သက်။ ကြောင်များ၊ ခွေးများကို ဥပမာအဖြစ် ယူကြည့်လော့။ ၎င်းတို့တွင် တူညီနေသည့် အရာက အဘယ်နည်း။ လူတို့က ၎င်းတို့ကို စားစရာတစ်ခုခု ပေးသောအခါတွင် ၎င်းတို့သည် ရင်းနှီးကျွမ်းဝင်စိတ်နှင့် ကျေးဇူးတင်စိတ်ကို ပြသကြသည်။ ၎င်းတို့က ဤအမူအကျင့်မျိုး ပိုင်ဆိုင်ကြသည်။ ဤအပြုအမူမျိုးကို ပြသနိုင်ကြသည်။ ၎င်းတို့နှင့် ပတ်သက်၍ မတူညီသည့်အရာမှာ တစ်ကောင်က ကြွက်များ ဖမ်းခြင်းကို အထူးပြု လုပ်ဆောင်ပြီး နောက်တစ်ကောင်က နေအိမ် စောင့်ကြပ်ခြင်းကို အထူးပြု လုပ်ဆောင်ခြင်း ဖြစ်သည်။ ကြောင်သည် သူ့သခင်ကို အချိန်မရွေး၊ နေရာမရွေး စွန့်ခွာသွားနိုင်သည်။ ပျော်စရာ တစ်ခုခုရှိသည့်အခါ ကြောင်တစ်ကောင်သည် သူ့သခင်ကို မေ့သွားလိမ့်မည် ဖြစ်ပြီး ဂရုစိုက်တော့မည် မဟုတ်ချေ။ ခွေးကမူ သူ့သခင်ကို ဘယ်သောအခါမျှ စွန့်ခွာသွားလိမ့်မည် မဟုတ်။ ခွေးတစ်ကောင်က သင့်ကို သူ၏ သခင်အဖြစ် သတ်မှတ်လိုက်ပြီဆိုပါက ပိုင်ရှင်ပြောင်းသွားလျှင်ပင် သင့်ကို မှတ်မိနေဦးမည် ဖြစ်ပြီး သူ့သခင်အဖြစ် သင့်ကို ဆက်ဆံဦးမည် ဖြစ်သည်။ ဤသည်မှာ ကြောင်များ၊ ခွေးများ၏ အပြုအမူဆိုင်ရာ စာရိတ္တအရည်အသွေးအပြင် ၎င်းတို့၏ အနှစ်သာရနှင့် စပ်လျဉ်း၍ ၎င်းတို့အကြားရှိ ကွဲပြားခြားနားမှုပင် ဖြစ်သည်။ ယခု လူတို့အကြောင်း ပြောကြစို့။ ကောင်းမွန်သည်ဟု လူက ယူဆသော အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ ရည်မွန်ခြင်း၊ ပေါင်းသင်းရ လွယ်ကူခြင်း အစရှိသည့် အပြုအမူများထဲတွင် အခြားသော မျိုးစိတ်များ၏ အပြုအမူထက် သာလွန်သည့်အရာ တချို့တလေ ရှိသော်လည်း၊ ဆိုလိုသည်မှာ လူက လုပ်ဆောင်နိုင်သည့် အရာသည် အခြားသော မျိုးစိတ်များ၏ လုပ်ဆောင်နိုင်စွမ်းများထက် ပိုလွန်သော်လည်း ဤအရာများက အပြင်ပန်း အပြုအမူများ၊ စည်းကမ်းများထက် မပိုချေ။ လူတို့၏ အပြုအမူကို ထိန်းညှိပေးရန်နှင့် လူတို့ကို အခြားသက်ရှိပုံစံများမှ ခွဲခြားပေးရန် ရည်ရွယ်သည့် လုပ်နည်းကိုင်နည်းများသက်သက်သာ ဖြစ်သည်။ ဤအပြုအမူကောင်းများကို ပိုင်ဆိုင်ခြင်းသည် လူတို့ကို အခြားသော သက်ရှိပုံစံများနှင့် ၎င်းတို့မတူညီ၊ သို့မဟုတ် အခြားသော သက်ရှိပုံစံများထက် ၎င်းတို့ပိုသာသည်ဟု ခံစားရစေနိုင်၏။ သို့သော် အဖြစ်မှန်မှာ အချို့ကဏ္ဍများတွင် လူတို့သည် တိရစ္ဆာန်များထက် ပို၍ ဆိုးဝါးစွာ ပြုမူကြသည်။ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်တတ်ခြင်း ဟူသည့်အရာကို ဥပမာ ယူကြည့်လော့။ တိရစ္ဆာန်လောကတွင် ဝံပုလွေများက ထိုအရာကို လူတို့ထက် ပိုကောင်းအောင် လုပ်ဆောင်ကြသည်။ ဝံပုလွေတစ်အုပ်တွင် အရွယ်ရောက်ပြီးသား ဝံပုလွေများသည် ဝံပုလွေပေါက် တစ်ကောင်ကို မည်သူ၏ သားပေါက်ဖြစ်နေပါစေ ဂရုစိုက်ပေးကြမည် ဖြစ်သည်။ ထိုသားပေါက်ကို အနိုင်ကျင့်မည် မဟုတ်၊ သို့မဟုတ် အန္တရာယ်ပေးမည် မဟုတ်။ လူကမူ ဤအရာကို မလုပ်နိုင်။ ဤအပိုင်းတွင် လူသားမျိုးနွယ်သည် ဝံပုလွေတစ်အုပ်ထက် ပို၍ ညံ့နေ၏။ လူသားမျိုးနွယ်က လူကြီးသူမများကို အဘယ်ရိုသေလေးစားခြင်းမျိုး၊ ငယ်ရွယ်သူများကို အဘယ်ဂရုစိုက်တတ်ခြင်းမျိုး ပိုင်ဆိုင်သနည်း။ လူတို့သည် ဤအရာကို အမှန်တကယ် စွမ်းဆောင်နိုင်သလော။ လူအများစုသည် “ငယ်ရွယ်သူများကို ဂရုစိုက်တတ်ခြင်း” ဟူသည့် အရာအား စွမ်းဆောင်နိုင်ခြင်း မရှိပေ။ ထိုအပြုအမူကောင်းမျိုးကို လူတို့က ပိုင်ဆိုင်ခြင်း မရှိ။ ဆိုလိုသည်မှာ ထိုလူ့သဘာဝမျိုးကို ၎င်းတို့ ပိုင်ဆိုင်ခြင်း မရှိ။ ဥပမာအားဖြင့် ကလေးတစ်ယောက်က သူ့မိဘများနှင့် ရှိနေချိန်တွင် လူတို့သည် ထိုကလေးအား စကားပြောသည့်အခါ အတော်အတန် ဖော်ရွေပြီး ပေါင်းသင်းရ လွယ်ကူကြမည် ဖြစ်သည်။ သို့သော် သူ့မိဘများမရှိနေသည့်အချိန်၌မူ လူတို့၏ နတ်ဆိုးဆန်သော အပိုင်းက ပွင့်အံထွက်လာတော့သည်။ ထိုကလေးက သူတို့ကို စကားပြောလျှင် သူတို့က လျစ်လျူရှုကြမည်။ သို့မဟုတ် ထိုကလေးကို နှစ်မြို့စရာမကောင်းဟုပင် မြင်ပြီး နှိပ်ပင် နှိပ်စက်ကြမည် ဖြစ်သည်။ ဆိုးယုတ်လိုက်ကြသည့် လူများပင်။ လောကထဲရှိ တိုင်းနိုင်ငံ အမြောက်အမြားတွင် ကလေးကို လူကုန်ကူးမှုသည် အဆန်းမဟုတ်ချေ။ ယင်းက ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်နေသည်။ လူတို့သည် လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်တတ်ခြင်းဟူသည့် အပြုအမူကောင်းကိုမျှ မပိုင်ဆိုင်လျှင်၊ ကလေးများကို ၎င်းတို့အနိုင်ကျင့်သည့်အခါ ဩတ္တပ္ပစိတ် နာကျင်မှု လုံးဝ မခံစားရလျှင် ယင်းက မည်သည့်လူ့သဘာဝမျိုးနည်း၊ ငါ့ကို ပြောလော့။ ၎င်းတို့သည် လူကြီးသူမများကို ရိုသေလေးစားသယောင်၊ ငယ်ရွယ်သူများကို ဂရုစိုက်တတ်သယောင် ဟန်ဆောင်နေကြဆဲ ဖြစ်သော်လည်း ဟန်ပြသက်သက်သာ ဖြစ်သည်။ ဤဥပမာကို ငါအဘယ်ကြောင့် ပေးသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်သည် ဤကောင်းသော အပြုအမူများကို အဆိုပြုထားပြီး လူတို့၏ အပြုအမူအတွက် ဤသတ်မှတ်ချက်များနှင့် စံနှုန်းများကို တင်ပြထားသော်လည်း ထိုအရာများကို လူတို့က စွမ်းဆောင်နိုင်စွမ်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သို့မဟုတ် အပြုအမူကောင်းမည်မျှကို ၎င်းတို့ပိုင်ဆိုင်သည်ဖြစ်စေ ဖောက်ပြန်ပျက်စီးသော လူ့အနှစ်သာရက ဘယ်သောအခါမျှ ပြောင်းလဲနိုင်မည် မဟုတ်သောကြောင့်ပင်။ လူများ၊ အမှုအရာများအပေါ် လူ၏ ရှုမြင်ပုံများအပြင် လူ၏ ကျင့်ကြုံပြုမူပုံနှင့် လုပ်ဆောင်ချက်များအတွက် စံသတ်မှတ်ချက်များသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အတွေးအခေါ်နှင့် ရှုမြင်ချက်များမှ လုံးလုံးလျားလျား ပေါ်ပေါက်လာသည်။ ပြီးလျှင် ထိုစံသတ်မှတ်ချက်များကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သတ်မှတ်ဆုံးဖြတ်ထားသည်။ လူသားမျိုးနွယ်က အဆိုပြုထားသော သတ်မှတ်ချက်များနှင့် စံနှုန်းများသည် အသိအမှတ်ပြုခြင်းခံရပြီး ကောင်းမွန်ကာ အဆင့်အတန်းမြင့်မားလျှင်ပင် လူတို့က ထိုအရာများကို စွမ်းဆောင်နိုင်စွမ်း ရှိသလော။ (မရှိပါ။) ယင်းက ပြဿနာပင် ဖြစ်သည်။ လူတစ်ဦးက အပြင်ပန်းတွင် အနည်းငယ် ပိုကောင်းအောင် ပြုမူလျှင်ပင်၊ ထိုသို့ ပြုမူခြင်းအတွက် ဆုချခံရပြီး အသိအမှတ်ပြုခံရလျှင်ပင် ထိုအရာသည်လည်း ဟန်ဆောင်ခြင်း၊ လှည့်ဖြားခြင်းနှင့် ညစ်စွန်းရောနှောနေ၏။ အဘယ်ကြောင့်ဆိုသော် လူတိုင်းက လက်ခံထားကြသည့်အတိုင်းပင် ကောင်းမှု အနည်းငယ်ကို လုပ်ဆောင်ဖို့က လွယ်ကူသောကြောင့် ဖြစ်၏။ ကောင်းမှုကို တစ်သက်လုံး လုပ်ဆောင်သွားဖို့ကသာ ခက်ခဲနေခြင်း ဖြစ်သည်။ အကယ်၍ ထိုသူက လူကောင်းတစ်ယောက် အမှန်တကယ်ဖြစ်သည်ဆိုလျှင် ကောင်းသော အရာများကို လုပ်ဆောင်ရန် သူ့အတွက် အဘယ်ကြောင့် အလွန် ခက်ခဲနေရသနည်း။ ထို့ကြောင့် မည်သည့်လူပုဂ္ဂိုလ်ကမျှ လူသားမျိုးနွယ်၏ “ကောင်းမွန်သည်” ဟုဆိုသော အသိအမှတ်ပြုထားသည့် စံနှုန်းများနှင့် လျော်ညီအောင် အသက်မရှင်နိုင်ကြ။ အားလုံးက ကြွားဝါခြင်း၊ လိမ်လည်ခြင်း၊ ထိုးဇာတ်ခင်းခြင်းသာလျှင် ဖြစ်သည်။ လူတို့အနေနှင့် ဤစံနှုန်းအချို့ကို အပြင်ပန်းတွင် ဖြည့်ဆည်းနိုင်ကာ အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်း၊ ရည်မွန်ခြင်း၊ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်တတ်ခြင်း၊ ဖော်ရွေခြင်း၊ ပေါင်းသင်းရ လွယ်ကူခြင်းကဲ့သို့သော အပြုအမူကောင်း အနည်းငယ်ကို ပိုင်ဆိုင်ထားသည် ဆိုလျှင်ပင်၊ ထိုအရာများထဲမှ အချို့ကို လူတို့က လုပ်နိုင်ပြီး ပိုင်ဆိုင်ထားကြသော်လည်း ခဏတစ်ဖြုတ်၊ ယာယီမျှသာ ဖြစ်သည်။ သို့မဟုတ် တဒင်္ဂ အခြေအနေတစ်ခုခုတွင်သာ ဖြစ်သည်။ ၎င်းတို့သည် ဤသရုပ်သကန်များကို လိုအပ်သည့် အချိန်မှ ပိုင်ဆိုင်ကြသည်။ တစ်စုံတစ်ခုက ၎င်းတို့၏ အဆင့်အတန်း၊ မာန်မာန၊ ဓနဥစ္စာ၊ အကျိုးစီးပွားတို့ကို လာထိလျှင်ထိချင်း၊ သို့မဟုတ် ၎င်းတို့၏ ကံကြမ္မာနှင့် တက်လမ်းများကိုပင် လာထိလျှင်ထိချင်း ၎င်းတို့၏ သဘာဝနှင့် ကြမ်းကြုတ်ရက်စက်သော အတွင်းသဘောတို့က ပွင့်အံထွက်လာတော့သည်။ ၎င်းတို့သည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသည့်ပုံ၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိသည့်ပုံ၊ ရည်မွန်သည့်ပုံ၊ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်တတ်ပုံ၊ ဖော်ရွေပုံ၊ သို့မဟုတ် ပေါင်းသင်းရ လွယ်ကူပုံ ပေါ်နေတော့မည် မဟုတ်။ ထိုအစား အချင်းချင်း တစ်ယောက်ကိုတစ်ယောက် တစ်ပတ်ရိုက်ဖို့ ကြိုးစားလျက်၊ အချင်းချင်း အမှုဆင်ပြီး သတ်ဖြတ်ဖို့ ကြိုးစားလျက် တစ်ဦးကိုတစ်ဦး တိုက်ခိုက်ပြီး မကောင်းကြံစည်ကြလိမ့်မည်။ ထိုသို့သော အရာများက မကြာခဏပင် ဖြစ်ပွားသည်။ မိမိတို့၏ အကျိုးစီးပွားများအတွက်၊ မိမိတို့၏ အဆင့်အတန်းအတွက်၊ သို့မဟုတ် မိမိတို့၏ ဩဇာအာဏာအတွက်၊ မိတ်ဆွေများ၊ ဆွေမျိုးများအတွက်ဆိုလျှင် အဖေများနှင့် သားများပင် နောက်ဆုံး တစ်ယောက်သာ ကျန်သည်အထိ တစ်ဦးကိုတစ်ဦး သိမ်းကျုံးသတ်ဖြတ်ဖို့ ကြိုးစားကြလိမ့်မည်။ လူတို့အကြားတွင် တည်ရှိသော စိတ်မချမ်းမြေ့စရာ အခြေအနေကို အထင်းသား မြင်နိုင်၏။ ထိုအကြောင်းကြောင့်ပင် အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်း၊ ရည်မွန်ခြင်း၊ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်တတ်ခြင်း၊ ဖော်ရွေခြင်း၊ ပေါင်းသင်းရ လွယ်ကူခြင်းတို့ကို တဒင်္ဂအခြေအနေများမှ ထွက်လာသော အရာများဟုသာ ခေါ်ဆိုနိုင်သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုအရာများကို အမှန်တကယ် အသက်ရှင်နေထိုင်နိုင်ခြင်း မရှိ။ တရုတ်လူမျိုးတို့ ကိုးကွယ်ကြသည့် ပညာရှိများနှင့် မဟာလူသားများပင်လျှင် ထိုအရာများကို စွမ်းဆောင်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် ဤသွန်သင်ချက်များနှင့် သဘောတရားများ အားလုံးမှာ အဓိပ္ပာယ်မရှိ။ အားလုံးက ပေါက်ကရသက်သက်သာ ဖြစ်သည်။ သမ္မာတရားကို လိုက်စားသော လူတို့သည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများနှင့် ပတ်သက်နေသည့် အမှုအရာများကို သမ္မာတရားအား ၎င်းတို့၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ဖြေရှင်းနိုင်ကြသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်ကို နာခံနိုင်ကြသည်။ ဤနည်းအားဖြင့် ၎င်းတို့ပိုင်ဆိုင်သော သမ္မာတရား လက်တွေ့ကျမှုသည် လူသားမျိုးနွယ်က အသိအမှတ်ပြုထားသည့် ကောင်းသော အပြုအမူများ၏ စံနှုန်းများကို သာလွန်သွားလေသည်။ သမ္မာတရားကို မလိုက်စားသော လူတို့ကမူ ၎င်းတို့ ကိုယ်ကျိုးစီးပွားများဟူသည့် အတားအဆီးကို ထိုးဖောက်ထွက်နိုင်ခြင်း မရှိကြချေ။ သို့ဖြစ်၍ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြခြင်း မရှိ။ ကောင်းသော အပြုအမူများကဲ့သို့သော စည်းကမ်းများကိုပင် စောင့်ထိန်းနိုင်ကြခြင်း မရှိပေ။ ထိုသို့ဆိုလျှင် လူများနှင့် အမှုအရာများအပေါ် ၎င်းတို့၏ ရှုမြင်ပုံအတွက်၊ ၎င်းတို့၏ ကျင့်ကြံပြုမူပုံနှင့် လုပ်ဆောင်ချက်များအတွက် အခြေပြုချက်နှင့် စံသတ်မှတ်ချက်က အဘယ်အရာများ ဖြစ်သနည်း။ သေချာသည်မှာ ယင်းတို့က စည်းကမ်းများနှင့် အယူဝါဒများသာ ဖြစ်သည်။ စာတန်၏ အတွေးအခေါ်များနှင့် ဥပဒေသများ ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်ရှိ သမ္မာတရားများ မဟုတ်ချေ။ အကြောင်းမှာ ထိုလူများက သမ္မာတရားကို လက်မခံကြသောကြောင့်၊ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများကိုသာ သတိပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အလိုလိုပင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြ။ ကောင်းသော အပြုအမူများကိုပင် စောင့်ထိန်းနိုင်ကြခြင်း မရှိ။ ဟန်ဆောင်ဖို့ ကြိုးစားကြသော်လည်း ၎င်းတို့၏ ဟန်ဆောင်ဖုံးကွယ်မှုများကို ထိန်းထားနိုင်ခြင်း မရှိပေ။ ဤသို့ဖြင့် ၎င်းတို့၏ သရုပ်မှန်များကို ဖွင့်ပြကြလေတော့သည်။ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများအတွက် ၎င်းတို့သည် ရုန်းကန်ကြလိမ့်မည်။ လုယူကြလိမ့်မည်။ လုယက်ကြလိမ့်မည်။ အကွက်ချကာ မကောင်းကြံပြီး လိမ်လည်လှည့်ဖြားကြလိမ့်မည်။ အခြားသူများကို ဒဏ်ခတ်ပြီး တစ်ဦးဦးအား သတ်ပင် သတ်ဖြတ်ကြလိမ့်မည်။ ဤရက်စက်သော အရာများအားလုံးကို ၎င်းတို့ လုပ်နိုင်ကြ၏။ ထိုအချက်တွင် ၎င်းတို့၏ သဘာဝက ဖော်ထုတ်ခြင်း မခံရသလော။ ၎င်းတို့၏ သဘာဝက ဖော်ထုတ်ခြင်း ခံရသောအခါ အခြားလူများသည် ထိုသူတို့၏ စကားများ၊ လုပ်ရပ်များ၏ ရည်ရွယ်ချက်များနှင့် အခြေခံအချက်များကို အလွယ်တကူ မြင်နိုင်ကြသည်။ ထိုသူတို့သည် စာတန်၏ အတွေးအမြင်များသက်သက်ဖြင့်သာ အသက်ရှင်နေကြကြောင်း၊ လူများနှင့် အမှုအရာများအပေါ် ၎င်းတို့၏ ရှုမြင်ပုံအတွက်၊ ၎င်းတို့၏ ကျင့်ကြံပြုမူပုံနှင့် လုပ်ဆောင်ချက်များအတွက် အခြေပြုချက်သည် စာတန်၏ အတွေးအမြင်ပင် ဖြစ်ကြောင်းကို အခြားလူများက ပြောနိုင်ကြလိမ့်မည်။ ဥပမာအားဖြင့် “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”၊ “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်”၊ “အသက်ရှင်သရွေ့ မျှော်လင့်ချက်ရှိသည်”၊ “သေးသိမ်သည့် စိတ်ဓာတ်ကြောင့် လူကြီးလူကောင်းတစ်ဦး မဖြစ်သကဲ့သို့ ယောကျာ်းအစစ်အမှန်ဟူသည် ရက်စက်ရမည်”၊ “သင်သည် မကြင်နာလျှင် ကျွန်ုပ်လည်း မျှတနေမည် မဟုတ်”၊ “အခြားသူများကို ကိုယ့်မကောင်းမှုကိုယ် ပေးမြည်းစမ်းလိုက်ပါ” အစရှိသည့် ဆိုးယုတ်သော တွေးခေါ်ဆင်ခြင်ပုံ လမ်းစဉ်များနှင့် ဥပဒေသများက လူတို့အတွင်းတွင် ပဲ့ကိုင်ထား၏။ လူတို့က ထိုအရာများအတိုင်း အသက်ရှင်သည့်အခါ အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်း၊ ရည်မွန်ခြင်း၊ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်တတ်ခြင်း အစရှိသည့် အပြုအမူကောင်းများသည် မိမိတို့ကိုယ်ကို ရုပ်ဖျက်ရန် လူတို့အသုံးပြုကြသော မျက်နှာဖုံးများ ဖြစ်လာသည်။ ဟန်ပြများ ဖြစ်လာသည်။ အဘယ်ကြောင့် ထိုအပြုအမူကောင်းများက ဟန်ပြများ ဖြစ်လာသနည်း။ အဘယ်ကြောင့်ဆိုသော် လူတို့ အမှန်တကယ် လိုက်နာ အသက်ရှင်သည့် အခြေခံအုတ်မြစ်နှင့် ဥပဒေသများသည် စာတန်က လူကို စွဲမှတ်နေအောင် သွန်သင်ထားသည့် အရာများ ဖြစ်နေပြီး သမ္မာတရား မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် အခြေခံအကျဆုံး လူ့အသိစိတ်နှင့် လူ့အကျင့်စာရိတ္တသည် သမ္မာတရားကို မချစ်သော လူတစ်ဦးအပေါ် မည်သည့်သက်ရောက်မှုမျှ မရှိပေ။ ထိုသူ၏ အကျိုးစီးပွားနှင့် ဆက်စပ်နေသည့် တစ်စုံတစ်ရာ ဖြစ်ပျက်လာပါက သူ၏ သရုပ်မှန်သည် ပွင့်ထွက်လာလိမ့်မည် ဖြစ်သည်။ ထိုအချိန်၌ လူတို့က ထိုသူ၏ သဘောသဘာဝ အစစ်အမှန်ကို မြင်ကြရလိမ့်မည်။ လူတို့က စိတ်တုန်လှုပ်ပြီး ပြောကြမည်မှာ “ထိုသူက အများအားဖြင့် အင်မတန် နူးညံ့သိမ်မွေ့ပြီး ရည်မွန်ကာ လူကြီးလူကောင်း ပီသသည် မဟုတ်ပါလော။ သူ့အပေါ် တစ်စုံတစ်ခု ဖြစ်လာချိန်၌ အဘယ်ကြောင့် လားလားမျှ မတူညီသည့် လူတစ်ဦးအဖြစ် ပြောင်းလဲသွားသည့် လက္ခဏာရှိနေရသနည်း” ဟူ၍ပင် ဖြစ်သည်။ အမှန်တကယ်တွင် ထိုလူက ပြောင်းလဲသွားခြင်း မဟုတ်။ သူ၏ သရုပ်မှန်က ထိုအချိန်မှသာ ဖော်ထုတ်ခံရခြင်း၊ ဖွင့်ပြခံရခြင်းသာ ဖြစ်သည်။ အခြင်းအရာများက သူ၏ အကျိုးစီးပွားကို မထိသည့် အခါတွင်၊ ထို့ပြင် ရေကုန်ရေခန်း တိုက်ခိုက်ဖို့ ရန်မစောင်မီတွင် သူလုပ်သမျှက လိမ်လည်လှည့်စားမှုနှင့် ဟန်ဆောင်ဖုံးကွယ်မှုသာ ဖြစ်သည်။ သူ၏ အကျိုးစီးပွား ထိခိုက်သည့်အခါ၊ သို့မဟုတ် ခြိမ်းခြောက်ခံရသည့်အခါ၊ ထို့ပြင် သူ့ကိုယ်သူ ဟန်ဆောင်ဖုံးကွယ်ခြင်း မရှိတော့သည့်အခါ သူဖော်ထုတ်ပြသော သူ့ဖြစ်တည်မှု၏ အခြေပြုချက်နှင့် ဥပဒေသများသည် သူ၏ သဘာဝ၊ သူ၏ အနှစ်သာရနှင့် သူ၏ သရုပ်မှန်ပင် ဖြစ်တော့သည်။ ထို့ကြောင့် လူတစ်ဦးတွင် မည်သည့် ကောင်းသော အပြုအမူများ ရှိနေပါစေ၊ သူ၏ အပြင်ပန်း အပြုအမူက အခြားလူတို့အမြင်တွင် မည်မျှပင် အပြစ်ဆိုဖွယ် မရှိသည့်ပုံစံ ပေါက်နေပါစေ ထိုသူက သမ္မာတရားကို လိုက်စားပြီး အပြုသဘောဆောင်သော အရာများကို ချစ်သည့် လူတစ်ဦး ဖြစ်သည်ဟု မဆိုလို။ ယုတ်စွအဆုံး ထိုသူ၌ ပုံမှန်လူ့သဘာဝ ရှိသည်ဟုပင် မဆိုလို။ ထိုသူက ယုံကြည်စိတ်ချရသည်၊ သို့မဟုတ် ဆက်ဆံထိုက်သည်ဟု သာ၍ပင် မဆိုလိုပေ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။