သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၆) အပိုင်း နှစ်
“ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်မှာ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်၍ ရိုးရာယဉ်ကျေးမှု၏ တောင်းဆိုချက်များထဲတွင် အပေါ်ယံအဆန်ဆုံး ဖြစ်သည်။ လူ့အဖွဲ့အစည်းများ အားလုံးသည် ဤအတွေးအခေါ်မျိုးကို အားပေးမြှင့်တင်ပြီး သွန်သင်ကြသော်ငြားလည်း လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိနေသောကြောင့်၊ လူသားမျိုးနွယ်၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများက နေရာအနှံ့ရှိနေသောကြောင့် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်ကို လူတို့က လက်တွေ့လုပ်နိုင်လျှင်ပင် သို့တည်းမဟုတ် ဤသို့သော ကိုယ်ကျင့်တရား အပြုအမူကောင်းမျိုးကို အချိန်အတိုင်းအတာတစ်ခုကြာ ပိုင်ဆိုင်ထားလျှင်ပင် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သူတို့၏ အတွေးများနှင့် အပြုအမူများကို အစဉ်တစိုက် စိုးမိုးထားပြီး တစ်ချိန်တည်း၌ သူတို့၏ ကျင့်ကြံပြုမူမှုနှင့် လိုက်စားမှုများကိုပါ စိုးမိုးကာ ထိန်းချုပ်ထားသည့် အဖြစ်မှန်က မပြောင်းလဲသွားချေ။ ခေတ္တခဏသာ ကြာသည့် ကိုယ်ကျင့်တရား အပြုအမူကောင်း ဖြစ်စဉ်များသည် လူတစ်ဦး၏ လိုက်စားမှုအပေါ် အကျိုးသက်ရောက်မှု မရှိသကဲ့သို့ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို လူတစ်ဦး၏ လွန်ကဲစွာ ချီးမွမ်းမှု၊ အားကျလေးစားမှု၊ လိုက်နာမှုတို့ကိုလည်း ဧကန်မုချ မပြောင်းလဲပေးနိုင်ချေ။ ဤသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် အတိတ်တွင် လူတို့ သီဆိုခဲ့ကြသည့် “လမ်းနံဘေး မြေကြီးပေါ်မှ ပြားစေ့တစ်စေ့ကို ကျွန်ုပ်ကောက်ရသည်” ဟူသည့် သီချင်းမှာ ယခုတွင် ကလေးကဗျာတေး တစ်ပုဒ်မျှသာ ဖြစ်နေတော့သည်။ ထိုသီချင်းက အမှတ်ရစရာတစ်ခု ဖြစ်သွားချေပြီ။ လူတို့သည် ကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲ မထည့်ခြင်း ဟူသည့် အခြေခံ အပြုအမူကောင်းကိုပင် မလိုက်နာနိုင်ကြတော့။ လူတို့သည် ကိုယ်ကျင့်တရား အပြုအမူကောင်းကို အားပေးမြှင့်တင်ခြင်းဖြင့် လူသားမျိုးနွယ်၏ လိုက်စားမှုများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲအောင် လုပ်လိုကြသည်။ လူသားမျိုးနွယ်၏ ယိုယွင်းကျဆင်းလာမှု၊ လူ့အဖွဲ့အစည်း၏ တစ်ရက်ပြီးတစ်ရက် ယိုယွင်းကျဆင်းလာမှုကို ရပ်တန့်ပစ်ဖို့ ကြိုးစားကြသည်။ သို့သော် အဆုံးတွင်မူ ဤရည်မှန်းချက်များကို အထမြောက်အောင် သူတို့မလုပ်နိုင်ကြပေ။ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့် ကိုယ်ကျင့်တရား အပြုအမူသည် လူ၏ အကောင်းဆုံး ကမ္ဘာထဲတွင်သာ တည်ရှိနိုင်သည်။ လူတို့သည် ဤကိုယ်ကျင့်တရားကို စံတစ်မျိုးအဖြစ်၊ ပိုမိုကောင်းမွန်သည့် လောကကြီးကို ရည်သန်မျှော်မှန်းချက်တစ်ခုအဖြစ် မှတ်ယူကြ၏။ ဤကိုယ်ကျင့်တရားသည် လူ၏ ဝိညာဉ်ရေးရာ လောကအတွင်း၌ တည်ရှိသည်။ နောင်အနာဂတ် လောကအပေါ် လူက ထားရှိသော မျှော်လင့်ချက်တစ်မျိုးလည်း ဖြစ်၏။ သို့သော် လူ့ဘဝ၏ လက်တွေ့အရှိတရားနှင့်ရော လူတို့၏ တကယ့်လူ့သဘာဝနှင့်ပါ သဟဇာတဖြစ်ခြင်း မရှိချေ။ အဆိုပါ ကိုယ်ကျင့်တရားက လူ၏ ကျင့်ကြံပြုမူမှုဆိုင်ရာ စည်းမျဉ်းများ၊ လူတို့လျှောက်လှမ်းသော လမ်းကြောင်းများနှင့်သာမက လူတို့လိုက်စားသော အရာများ၊ လူတို့ ပိုင်ဆိုင်ထားသင့်ပြီး စွမ်းဆောင်သင့်သည့် အရာများနှင့်ပါ ကွဲလွဲဆန့်ကျင်နေသည်။ ပုံမှန်လူ့သဘာဝ၏ သရုပ်သကန်များ၊ ပွင့်အံထုတ်ပြခြင်းများနှင့်သာမက လူလူချင်း ဆက်ဆံရေးတို့၏ စည်းမျဉ်းများ၊ အမှုကိစ္စများ ကိုင်တွယ်ပုံတို့၏ စည်းမျဉ်းများနှင့်ပါ သဟဇာတဖြစ်ခြင်း မရှိပေ။ ထို့ကြောင့် လူသားမျိုးနွယ်၏ ကိုယ်ကျင့်တရား အပြုအမူကို ချင့်ချိန်အကဲဖြတ်ဖို့ဖြစ်သည့် ဤစံနှုန်းသည် ရှေးယခင်ကာလများမှ မျက်မှောက်ကာလအထိ အစဉ်အမြဲ အခြေမခိုင်ဘဲ ဖြစ်နေခဲ့သည်။ လူက အားပေးမြှင့်တင်သော “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့် အတွေးအခေါ်နှင့် ရှုထောင့်အမြင်သည် အထူးသဖြင့် အဓိပ္ပာယ် မရှိသည့်အပြင် လူအများစုကလည်း ထိုအရာကို လျစ်လျူရှုကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုအရာက လူတို့ ကျင့်ကြံပြုမူမှု၏ ဦးတည်ချက်ကိုသော်လည်းကောင်း၊ လူတို့၏ လိုက်စားမှုများကို သော်လည်းကောင်း မပြောင်းလဲပေးနိုင်သည့်အပြင် လူတို့၏ စာရိတ္တပျက်ပြားမှု၊ တစ်ကိုယ်ကောင်းဆန်မှု၊ ကိုယ်ကျိုးကြည့်မှုကိုဖြစ်စေ၊ ဆိုးယုတ်မှုထံ ပိုပို၍သာ ဦးတိုက်ပြေးလိုသည့် ၎င်းတို့၏စိတ်ကိုဖြစ်စေ ဧကန်မုချ မပြောင်းလဲပေးနိုင်သောကြောင့် ဖြစ်သည်။ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့် အပေါ်ယံအဆန်ဆုံးဖြစ်သော ဤတောင်းဆိုချက်သည် ရယ်စရာကောင်းသော သရော်ပြက်လုံးတစ်ခု ဖြစ်လာလေပြီ။ ယခုအခါတွင် ကလေးများပင်လျှင် “လမ်းနံဘေး မြေကြီးပေါ်မှ ပြားစေ့တစ်စေ့ကို ကျွန်ုပ်ကောက်ရသည်” ဟု မသီဆိုချင်ကြတော့။ ဤသည်မှာ နည်းနည်းမျှပင် အဓိပ္ပာယ်မရှိပေ။ အကျင့်ပျက်သော နိုင်ငံရေးသမားများနှင့် ပြည့်နှက်နေသည့် လောကကြီးထဲတွင် ဤသီချင်းက အလွန်ပင် မှန်းချက်နှင့် နှမ်းထွက် မကိုက်လေပြီ။ လူတို့ကောင်းကောင်းကြီး သိရှိထားကြသော လက်တွေ့အရှိတရားမှာ လူတစ်ဦးသည် ကျပျောက်ထားသည့် ပြားစေ့တစ်စေ့ကို ရဲလက်ထဲ အပ်ကောင်း အပ်နိုင်မည် ဖြစ်သော်လည်း ယွမ်ငွေ ဆယ်သိန်း သို့မဟုတ် သိန်းတစ်ရာကို ကောက်ရသည်ဆိုပါက သူ့အိတ်ထဲ တန်းရောက်သွားမည်ဟူသည့် အချက်ပင် ဖြစ်သည်။ ဤဖြစ်စဉ်မှ ငါတို့မြင်နိုင်သည်မှာ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သည့် အဆိုပါ တောင်းဆိုချက်ကို လူသားမျိုးနွယ်အပေါ် အားပေးမြှင့်တင်ရန် လူတို့၏ ကြိုးပမ်းချက်များက မအောင်မြင်ကြောင်းပင် ဖြစ်သည်။ ဤအရာက လူတို့အနေနှင့် အခြေခံ အပြုအမူကောင်းများကိုပင် လက်တွေ့လုပ်နိုင်စွမ်း မရှိကြောင်း ဆိုလိုသည်။ အခြေခံ အပြုအမူကောင်းများကိုပင် လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ မိမိကောက်ရသည့် အရာမှာ အခြားလူတစ်ဦး ပိုင်သောအရာ ဖြစ်နေပါက အပိုင်မယူခြင်း ကဲ့သို့သော လုပ်သင့်သည့် အခြေခံကိစ္စများကိုပင် လူတို့အနေနှင့် လက်တွေ့မလုပ်ဆောင်နိုင်ကြောင်း ဆိုလိုသည်။ ထို့အပြင် လူတို့သည် အမှားတစ်ခုခု လုပ်မိသည့်အခါ ထိုအကြောင်းနှင့် ပတ်သက်၍ ရိုးသားသော စကားတစ်ခွန်းကိုမျှ ပြောကြလိမ့်မည် မဟုတ်။ သူတို့၏ အမှားကို ဝန်ခံမည့်အစား သေသာ အသေခံလိုက်ကြမည် ဖြစ်သည်။ မုသားများ မပြောဆိုခြင်းကဲ့သို့ အခြေခံကျလွန်းသည့် အရာတစ်ခုကိုပင် သူတို့သည် လိုက်နာနိုင်ခြင်း မရှိကြသည်ဖြစ်၍ ကိုယ်ကျင့်တရားအကြောင်း ပြောဆိုဖို့ ဧကန်မုချ မထိုက်တန်ကြ။ သူတို့သည် အသိတရားနှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်လိုသည့်စိတ်ပင် မရှိကြသောကြောင့် ကိုယ်ကျင့်တရားအကြောင်း မည်သို့လျှင် ပြောဆိုနိုင်ကြမည်နည်း။ အရာရှိအမှုထမ်းများနှင့် အာဏာ ရှိသူများသည် အခြားလူများထံမှ အကျိုးအမြတ်ကို ပိုရအောင် ညှစ်ထုတ် လုယူနိုင်မည့် နည်းလမ်းများ၊ သူတို့မပိုင်သော ဥစ္စာပစ္စည်းများကို သိမ်းယူနိုင်မည့် နည်းလမ်းများအား ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ တရားဥပဒေကပင် သူတို့ကို မထိန်းချုပ်နိုင်ချေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ လူသည် ဤအခြေအနေသို့ မည်သို့မည်ပုံ ရောက်သွားသနည်း။ ဤအရာအားလုံးမှာ လူတို့၏ ဖောက်ပြန်ပျက်စီး၍ စာတန်ဆန်သော စိတ်သဘောထားများကြောင့် ဖြစ်သည်။ သူတို့၏ စာတန်ဆန်သော သဘာဝက သူတို့အပေါ် ထိန်းချုပ်ထားပြီး ကြီးစိုးထားသောကြောင့် ဖြစ်သည်။ ဤအရာမှ လှည့်ဖြားတတ်သော၊ ထိခိုက်နစ်နာစေသော အပြုအမူမျိုးစုံ ပေါ်ထွက်လာ၏။ ဤကြောင်သူတော်များသည် “အများပြည်သူကို အလုပ်အကျွေးပြုခြင်း” ဟူ၍ ဟန်ပြကာ စက်ဆုပ်ဖွယ်ကောင်းပြီး အရှက်တရားကင်းမဲ့သော ကိစ္စများစွာကို လုပ်ဆောင်ကြသည်။ သူတို့၌ ရှက်စိတ် လုံးလုံး ပျောက်သွားကြပြီ မဟုတ်လော။ ယခုကာလတွင် ကြောင်သူတော်များ များပြားလွန်းလှ၏။ ဆိုးယုတ်သည့် လူများ သောင်းကျန်း ပျံ့နှံ့နေပြီး လူကောင်းများ ဖိနှိပ်ခံနေရသည့် လောကကြီးတွင် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ကဲ့သို့သော အယူဝါဒသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ချုပ်ထိန်းခြင်းငှာ လုံးဝ မစွမ်းသာချေ။ လူတို့၏ သဘာဝ အနှစ်သာရကို သို့မဟုတ် လူတို့လျှောက်သော လမ်းကြောင်းကို လုံးဝ မပြောင်းလဲပေးနိုင်ပေ။
“ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့် အကြောင်းအရာအပေါ် ယခု မိတ်သဟာယပြုချက်တွင် ငါပြောခဲ့သည့် အရာများကို သင်တို့နားလည်ကြသလော။ အဆိုပါ ဆိုရိုးက ဖောက်ပြန်ပျက်စီးသော လူသားများအတွက် မည်သည့် အဓိပ္ပာယ်ကို ဆောင်သနည်း။ ဤကိုယ်ကျင့်တရား အပြုအမူကို မည်ကဲ့သို့ နားလည်သင့်သနည်း။ (“ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်မှာ လူတို့၏ ကျင့်ကြံပြုမူမှုနှင့်ဖြစ်စေ၊ လူတို့ လျှောက်လှမ်းသော လမ်းကြောင်းနှင့်ဖြစ်စေ ဆက်စပ်နေမှု မရှိပါ။ လူတို့ လျှောက်လှမ်းသော လမ်းကြောင်းကို ပြောင်းလဲပေးနိုင်ခြင်း မရှိပါ။) မှန်ပေသည်။ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့် ဆိုရိုးစကားကို အခြေခံ၍ တစ်စုံတစ်ဦး၏ လူ့သဘာဝကို လူတို့သုံးသပ်ဖို့ရာ မသင့်တော်ချေ။ လူတစ်ဦး၏ လူ့သဘာဝကို တိုင်းတာဖို့ ဤဆိုရိုးစကားကို သုံး၍ မရသည့်အပြင် တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရား အပြုအမူကို အကဲဖြတ်ဖို့ ဤဆိုရိုးစကားကို အသုံးပြုခြင်းကလည်း မှားယွင်းပေသည်။ ဤဆိုရိုးစကားမှာ လူ၏ ယာယီ အပြုအမူတစ်ခုမျှသာ ဖြစ်၏။ လူတစ်ဦး၏ အနှစ်သာရကို အကဲဖြတ်ဖို့ လုံးဝ သုံး၍ မရ။ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သည့် ဆိုရိုးစကားဖြစ်သော “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်ကို အဆိုပြုခဲ့ကြသည့် လူများဖြစ်လေသော အမည်ခံ အတွေးအခေါ် ပညာရှင်များနှင့် နည်းပေးလမ်းပြ ဆရာများသည် စိတ်ကူးယဉ်သမားများသာ ဖြစ်သည်။ သူတို့သည် လူ၏ လူ့သဘာဝကိုဖြစ်စေ၊ အနှစ်သာရကိုဖြစ်စေ နားမလည်ကြ။ လူသည် မည်သည့်အတိုင်းအတာအထိ စာရိတ္တပျက်ပြားလာကာ ဖောက်ပြန်ပျက်စီးလာပြီး ဖြစ်သည်ကို သူတို့သဘောမပေါက်ကြ။ သို့ဖြစ်သောကြောင့် ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်၍ သူတို့ ထုတ်ပြန်ထားသည့် ဤဆိုရိုးသည် အလွန်အမင်း အနှစ်မဲ့နေကာ လုံးဝပင် လက်တွေ့မကျချေ။ လူ၏ တကယ့်အခြေအနေများနှင့် ကိုက်ညီခြင်းလည်း မရှိ။ ကိုယ်ကျင့်တရားနှင့် ပတ်သက်သည့် ဤဆိုရိုးသည် လူ၏ အနှစ်သာရနှင့်ဖြစ်စေ၊ လူတို့ ထုတ်ပြသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအမျိုးမျိုးနှင့်ဖြစ်စေ၊ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၏ ကြီးစိုးခြင်းကို ခံထားရစဉ် လူတို့ထံမှ ထွက်ပေါ်လာနိုင်သည့် အယူအဆများ၊ အတွေးအမြင်များ၊ အပြုအမူများနှင့်ဖြစ်စေ အနည်းငယ်မျှပင် ဆက်စပ်နေခြင်း မရှိ။ ဤသည်ကား တစ်ချက် ဖြစ်သည်။ နောက်တစ်ချက်မှာ ကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲ မထည့်ခြင်းသည် ပုံမှန်လူတစ်ဦး လုပ်သင့်လုပ်ထိုက်သည့် အရာတစ်ခုမျှသာ ဖြစ်သည်။ ဥပမာအားဖြင့် သင်၏ မိဘများက သင့်ကို မွေးဖွားကာ ပြုစုပျိုးထောင်ပေးခဲ့သော်လည်း သင်သည် အသိပညာမဲ့နေပြီး မရင့်ကျက်သေးသည့် အချိန်တွင် သင့်မိဘထံမှ အစားအစာနှင့် အဝတ်အစားများ တောင်းခဲ့ဖို့သာ သိပေလိမ့်မည်။ သို့သော် ရင့်ကျက်လာပြီး အမှုကိစ္စများကို ပိုနားလည်လာသည်နှင့် သင်သည် သင့်မိဘကို နှစ်နှစ်ကာကာ ချစ်ဖို့၊ သူတို့စိတ်ပူအောင် သို့မဟုတ် ဒေါသထွက်အောင် လုပ်ခြင်းကို ရှောင်ဖို့၊ သူတို့၏ အလုပ်ဝန်များ သို့မဟုတ် ဆင်းရဲဒုက္ခများအပေါ် ဗူးလေးရာ ဖရုံဆင့် မလုပ်မိရန် ကြိုးစားဖို့၊ မိမိတတ်နိုင်သည့် အရာအားလုံးကို မိမိဘာသာ လုပ်ဖို့ အလိုအလျောက် သိလာပေသည်။ သင်သည် ဤအရာများကို အလိုလို သိနားလည်လာ၏။ မည်သူမျှ သင့်ကို သင်ပေးဖို့ရန် မလိုအပ်ချေ။ သင်သည် လူတစ်ဦးဖြစ်နေပြီး အသိတရားနှင့် ဆင်ခြင်တုံတရားတို့ ရှိ၏။ ထို့ကြောင့် ဤအရာများကို သင်လုပ်နိုင်စွမ်း ရှိသည်။ လုပ်လည်း လုပ်သင့်၏။ ဤအရာတို့ကို ထုတ်ပြောနေဖို့ရန်ပင် မထိုက်တန်။ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်ကို မြင့်မြတ်သော ကိုယ်ကျင့်စရိုက်အဆင့်သို့ မြှင့်တင်ခြင်းအားဖြင့် လူတို့သည် ဘာမျှ မဟုတ်သည့်အရာလေးကို ရေးကြီးခွင့်ကျယ် လုပ်နေကြခြင်း၊ ဗာရာဏသီချဲ့နေကြခြင်း ဖြစ်သည်။ အဆိုပါ အပြုအမူကို ထိုနည်းဖြင့် အဓိပ္ပာယ်မဖွင့်ဆိုသင့်ပေ။ မှန်သည် မဟုတ်လော။ (မှန်ပါသည်။) ဤအရာမှ မည်သည့်အရာကို သင်ခန်းစာယူနိုင်သနည်း။ ပုံမှန်လူ့သဘာဝ နယ်ပယ်အတွင်းရှိ မိမိလုပ်သင့်သည့် အရာနှင့် လုပ်နိုင်သည့် အရာကို လုပ်ခြင်းသည် လူတစ်ဦး၌ ပုံမှန်လူ့သဘာဝ ရှိသည့် အမှတ်အသား ဖြစ်သည်။ ဆိုလိုသည်မှာ လူတစ်ဦးတွင် ပုံမှန် ဆင်ခြင်တုံတရား ရှိနေလျှင် ပုံမှန် လူ့သဘာဝ ရှိကြကုန်သော လူတို့က လုပ်ဖို့ တွေးတောကြပြီး လုပ်သင့်သည်ဟု သဘောပေါက်မိကြမည့် အဆိုပါ အရာများကို ထိုလူလည်း လုပ်နိုင်ကြောင်း ဖြစ်သည်။ ဤသည်မှာ အလွန်ပင် ပုံမှန်ဖြစ်သော ဖြစ်စဉ်တစ်ခု မဟုတ်လော။ ပုံမှန်လူ့သဘာဝ ရှိထားသည့် မည်သူမဆို လုပ်နိုင်စွမ်းရှိသော တစ်စုံတစ်ရာကို သင်လုပ်လျှင် ယင်းကို ကိုယ်ကျင့်တရား အပြုအမူကောင်းဟု အမှန်တကယ် ခေါ်ဆို၍ ရနိုင်သလော။ အားပေးအားမြှောက်ပြုဖို့ လိုသလော။ (မလိုပါ။) မြင့်မြတ်သော လူ့သဘာဝအဖြစ် အမှန်တကယ် သတ်မှတ်၍ ရသလော။ လူ့သဘာဝကို ပိုင်ဆိုင်ခြင်းအဖြစ် သတ်မှတ်၍ ရသလော။ (သတ်မှတ်၍ မရပါ။) ထိုကဲ့သို့သော အပြုအမူများကို ပြသခြင်းသည် လူတစ်ဦးကို လူ့သဘာဝအား ပိုင်ဆိုင်ခြင်းအဆင့်သို့ မမြှင့်တင်ပေးပေ။ လူတစ်ဦး၌ လူ့သဘာဝ ရှိသည်ဟု ပြောလျှင် ပြဿနာများကို သူရှုမြင်သည့် ရှုထောင့်နှင့် ရပ်တည်ချက်တို့အပြင် ပြဿနာများကို သူကိုင်တွယ်သည့် နည်းလမ်းနှင့် နည်းစနစ်များသည် အတော်အတန် အပြုသဘောဆောင်ပြီး တက်ကြွမှုရှိသည်ဟု ဆိုလိုသည်။ အပြုသဘော ဆောင်မှုနှင့် တက်ကြွမှုတို့၏ အမှတ်အသားက အဘယ်အရာ ဖြစ်သနည်း။ ထိုသူတွင် အသိတရားနှင့် ရှက်စိတ်တို့ ရှိလိမ့်မည်။ အပြုသဘောဆောင်မှုနှင့် တက်ကြွမှုတို့၏ နောက်အမှတ်အသား တစ်ခုမှာ တရားမျှတစိတ် ဖြစ်သည်။ ထိုသူတွင် ညဉ့်နက်မှ အိပ်ရာဝင်ပြီး နောက်ကျမှ ထခြင်း၊ အစားအစာ ဇီဇာကြောင်ခြင်း၊ သို့မဟုတ် အရသာကဲသည့် အစားအစာများကို ပိုကြိုက်တတ်ခြင်းကဲ့သို့ မကောင်းသည့် အလေ့အကျင့်များ ရှိနေနိုင်သော်လည်း ဤအလေ့အကျင့်ဆိုးများမှလွဲလျှင် ထိုသူ၌ ကောင်းသော အရည်အသွေးတချို့ ရှိနေပေလိမ့်မည်။ သူ၏ ကျင့်ကြံပြုမူမှုများ၊ လုပ်ရပ်များနှင့် ပတ်သက်လာလျှင် သူ့တွင် စည်းမျဉ်းများနှင့် ကန့်သတ်ချက်တို့ ရှိနေလိမ့်မည်။ သူ့တွင် ရှက်စိတ်နှင့် တရားမျှတစိတ်တို့ ရှိလိမ့်မည်။ အပြုသဘောဆောင်သော အထုံဝသီများက ပိုများပြီး အပျက်သဘောဆောင်သော အထုံဝသီများက ပိုနည်းနေလိမ့်မည်။ ထိုသူသည် သမ္မာတရားကို လက်ခံနိုင်ပြီး လက်တွေ့လုပ်နိုင်ပါက ပို၍ပင် ကောင်းမည်ဖြစ်ပြီး သမ္မာတရားအား လိုက်စားသည့် လမ်းကို စတင်လျှောက်လှမ်းရန် သူ့အတွက် လွယ်ကူနေလိမ့်မည်။ အပြန်အလှန်အားဖြင့် လူတစ်ယောက်သည် မကောင်းမှုကို ချစ်ပါက၊ ကျော်စောမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းတို့ကို လိုက်စားပါက၊ ငွေကို မြတ်နိုးပါက၊ စည်းစိမ်ရှိရှိ နေရသည့် ဘဝကို ကြိုက်ပါက၊ အပျော်အပါးများ လိုက်ရှာရင်း မိမိ၏ အချိန်အား ဖြုန်းရသည်ကို နှစ်သက်ပါက လူများနှင့် အမှုအရာများကို ထိုသူ ရှုမြင်သည့် ရှုထောင့်၊ ထိုသူ၏ ဘဝအပေါ် သဘောထားပုံနှင့် စံတန်ဖိုးစနစ်တို့ အားလုံးသည် အပျက်သဘောဆောင်ကာ မိုက်မှောင်နေလိမ့်မည်။ ထိုသူ၌ ရှက်စိတ်နှင့် တရားမျှတစိတ်တို့ ကင်းမဲ့နေလိမ့်မည်။ ဤသို့သော လူတစ်ဦးသည် လူ့သဘာဝကို ပိုင်ဆိုင်မည် မဟုတ်။ သမ္မာတရားကို လက်ခံဖို့ သို့မဟုတ် ဘုရား၏ ကယ်တင်ခြင်းကို ရရှိဖို့လည်း သူ့အတွက် ဧကန်မုချ လွယ်ကူလိမ့်မည် မဟုတ်။ ဤသည်မှာ လူတို့ကို သုံးသပ်ဖို့ ရိုးစင်းသော စည်းမျဉ်းပင် ဖြစ်၏။ လူတစ်ဦး၏ ကိုယ်ကျင့်တရား အပြုအမူကို သုံးသပ်ချက်သည် ထိုသူ့တွင် လူ့သဘာဝ ရှိမရှိကို တိုင်းတာဖို့ သုံးရမည့် စံနှုန်းတစ်ခု မဟုတ်ပေ။ လူတစ်ဦး ကောင်းသလော သို့မဟုတ် ဆိုးသလော ဆိုသည်ကို သုံးသပ်ဖို့ဆိုလျှင် ထိုသူ၏ ကိုယ်ကျင့်တရား အပြုအမူအပေါ် မဟုတ်ဘဲ သူ၏ လူ့သဘာဝအပေါ် အခြေခံ၍ သူ့ကို အကဲဖြတ်ရမည် ဖြစ်သည်။ ကိုယ်ကျင့်တရား အပြုအမူဟူသည်မှာ အပေါ်ယံဆန်တတ်သည့်အပြင် လူတစ်ဦး၏ လူမှုဝန်းကျင်အခြေအနေ၊ လူမှုရေးနောက်ခံနှင့် လူမှုပတ်ဝန်းကျင်တို့၏ သြဇာလွှမ်းမိုးခြင်းကိုလည်း ခံရသည်။ အချို့သော လုပ်နည်းကိုင်နည်းများနှင့် သရုပ်သကန်များမှာ အစဉ်အမြဲ ပြောင်းလဲလျက် ရှိသဖြင့် လူတစ်ဦး၏ ကိုယ်ကျင့်တရား အပြုအမူ တစ်ခုတည်းအပေါ် အခြေခံ၍ သူ၏ လူ့သဘာဝ အရည်အသွေးကို စိစစ်ကြည့်ဖို့က ခက်ခဲပေသည်။ ဥပမာ လူတစ်ဦးသည် လူမှုရေး ကိုယ်ကျင့်တရားများကို အလွန်အလေးထားကောင်း ထားနိုင်ပြီး သွားလေရာရာတွင်လည်း စည်းမျဉ်းများကို လိုက်နာကောင်း လိုက်နာနိုင်မည်။ လုပ်သမျှတွင် ချုပ်တည်းမှုကို ပြခြင်း၊ အစိုးရ ဥပဒေများကို လိုက်နာခြင်း၊ လူကြားထဲတွင် ရုတ်ရုတ်သဲသဲ မလုပ်မိအောင် သို့မဟုတ် အခြားလူတို့၏ အကျိုးစီးပွားများကို မထိပါးမိအောင် ချုပ်တည်းခြင်းတို့လည်း ရှိနေနိုင်သည်။ ထို့ပြင် ရိုသေလေးစားတတ်ပြီး ကူညီပေးတတ်ခြင်း၊ ငယ်ရွယ်သူများနှင့် လူကြီးသူမများကို ဂရုစိုက်တတ်ခြင်းတို့လည်း ရှိနေနိုင်သည်။ ဤလူတွင် အထုံဝသီကောင်း အမြောက်အမြား ရှိနေသည့် အချက်က ထိုသူသည် ပုံမှန်လူ့သဘာဝကို အသက်ရှင် နေထိုင်နေသည်၊ လူကောင်းတစ်ဦး ဖြစ်သည်ဟု ဆိုလိုသလော။ (မဆိုလိုပါ။) လူတစ်ဦးသည် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်ကို အလွန်ကောင်းမွန်စွာ လက်တွေ့ လုပ်ကောင်း လုပ်နိုင်မည်။ လူသားမျိုးနွယ်က အားပေးမြှင့်တင်ပြီး ဖြန့်ဖြူးသော အဆိုပါ ကိုယ်ကျင့်တရားအပြုအမူကို တစ်သမတ်တည်း လိုက်နာကောင်း လိုက်နာနိုင်လိမ့်မည်။ သို့သော်ငြားလည်း သူ၏ လူ့သဘာဝကား မည်သို့ရှိသနည်း။ ကောက်ရသည့် ပိုက်ဆံကို အိတ်ထဲ မထည့်ခြင်းအား သူလက်တွေ့လုပ်နိုင်သည့် အချက်သည် သူ၏ လူ့သဘာဝနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ မညွှန်ပြ။ ထိုသူ၏ လူ့သဘာဝက ကောင်းသလော သို့မဟုတ် ဆိုးသလော ဆိုသည်ကို သုံးသပ်ရန် ဤကိုယ်ကျင့်တရား အပြုအမူကို အသုံးပြု၍ မရပေ။ သို့ဖြစ်လျှင် သူ၏ လူ့သဘာဝကို မည်ကဲ့သို့ တိုင်းတာသင့်သနည်း။ သူပြရုပ်တင်ထားသည့် ဤကိုယ်ကျင့်တရား အပြုအမူကို ခွာချွတ်ပစ်ရမည်။ ကောင်းသည်ဟု လူက မြင်သည့် ကိုယ်ကျင့်တရား အပြုအမူနှင့် အပြုအမူများ၊ ပုံမှန်လူ့သဘာဝ ရှိထားသော မည်သူမဆို စွမ်းဆောင်နိုင်သည့် အနိမ့်ဆုံးအရာများ ဖြစ်သော ကိုယ်ကျင့်တရား အပြုအမူနှင့် အပြုအမူများကို ဖယ်ထုတ်ပစ်ရမည်။ ထို့နောက် သူ၏ ကျင့်ကြံပြုမူမှုနှင့် ဆိုင်သည့် စည်းမျဉ်းများ၊ သူကျင့်ကြံပြုမူရာ၌ မကျော်မည့် စည်းများအပြင် သမ္မာတရားနှင့် ဘုရားသခင်အပေါ် သူ၏ သဘောထားများ ကဲ့သို့သော အရေးအကြီးဆုံး ဖြစ်သည့် သူ၏ သရုပ်သကန်များကို ကြည့်လော့။ ဤသည်မှာ သူ့လူ့သဘာဝ အနှစ်သာရနှင့် သူ၏ အတွင်းသဘောသဘာဝတို့ကို မြင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ လူများကို ဤနည်းလမ်းဖြင့် ရှုမြင်ခြင်းသည် အတော်အတန် ဓမ္မဓိဋ္ဌာန်ကျပြီး မှန်ကန်တိကျမှု ရှိပေသည်။ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့် ကိုယ်ကျင့်တရားအပေါ် ငါတို့၏ ဆွေးနွေးချက်မှာ ဤမျှသာ ဖြစ်ပေသည်။ ယခု မိတ်သဟာယပြုချက်ကို သင်တို့အားလုံး နားလည်ကြသလော။ (နားလည်ပါသည်။) ငါပြောသည့် အရာကို သင်တို့ အမှန်တကယ် နားမလည်ကြသည့် အဖြစ်ကိုလည်းကောင်း၊ ငါပြောသည့် အရာနှင့် စပ်လျဉ်းသည့် အယူဝါဒ အနည်းငယ်ကိုသာ သင်တို့ သဘောပေါက်ပြီး ထိုအရာ၏ အနှစ်သာရနှင့် ဆက်စပ်နေသည့် အပိုင်းများကိုမူ နားမလည်ဘဲ ရှိနေကြသည့် အဖြစ်ကိုလည်းကောင်း ငါသည် မကြာခဏပင် စိတ်ပူမိ၏။ သို့ဖြစ်၍ ငါလုပ်နိုင်သည့်အရာမှာ ဤသဘောတရားအပေါ် အနည်းငယ် ဆက်လက် ရှင်းပြပေးဖို့သာ ဖြစ်သည်။ သင်တို့ နားလည်သွားပြီဟု ငါခံစားရသည့်အခါမှသာ ငါသည် စိတ်အေးလက်အေး ရှိလိမ့်မည်။ သင်တို့ နားလည်သွားပြီ ဖြစ်ကြောင်း ငါမည်သို့ပြောနိုင်သနည်း။ သင်တို့၏ မျက်နှာပေါ်၌ ရွှင်လန်းအားရသည့် အကြည့်ကို ငါမြင်ရသောအခါ သင်တို့သည် ငါပြောနေသည့်အရာကို နားလည်သွားလောက်ပြီ ဖြစ်သည်။ ထိုအရာကို ငါစွမ်းဆောင်နိုင်သည်ဆိုလျှင် ဤအကြောင်းအရာကို ငါအနည်းငယ် ထပ်မံ ပြောဆိုရကျိုး နပ်ပေသည်။
“ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်နှင့်ပတ်သက်၍ ငါ၏ မိတ်သဟာယပြုချက်က ပြီးသလောက် ရှိပေပြီ။ ဤကိုယ်ကျင့်တရားက သမ္မာတရားနှင့် မည်ကဲ့သို့ ဆန့်ကျင်နေကြောင်း၊ သို့မဟုတ် ယင်းကို သမ္မာတရား အဆင့်သို့ အဘယ်ကြောင့် မြှင့်တင်၍ မရကြောင်း၊ သို့မဟုတ် လူတို့၏ အပြုအမူနှင့် ကိုယ်ကျင့်တရား အပြုအမူအပေါ် မည်သည့်တောင်းဆိုချက်များ ဘုရားသခင် ချမှတ်ထားကြောင်းတို့ကို သင်တို့အား ငါတိုက်ရိုက် မပြောပြခဲ့သော်လည်း ဤအရာများ အားလုံးကို ငါထည့်သွင်းရှင်းပြခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ကဲ့သို့သော ကိုယ်ကျင့်တရားများကို ဘုရားအိမ်တော်က အားပေးမြှင့်တင်ခြင်း ရှိသလော။ (မရှိပါ။) သို့ဆိုလျှင် ဘုရားအိမ်တော်က ဤဆိုရိုးကို မည်သို့ရှုမြင်သနည်း။ သင်တို့၏ နားလည်ထားချက်ကို ဝေမျှနိုင်သည်။ (“ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်မှာ ပုံမှန်လူ့သဘာဝ ရှိထားသည့် မည်သူမဆို လိုက်နာသင့်ပြီး လုပ်သင့်သည့် အရာတစ်ခုသာ ဖြစ်သဖြင့် အားပေးမြှင့်တင်ဖို့ မလိုအပ်ပါ။ ထို့အပြင် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်မှာ လူ့ကိုယ်ကျင့်တရား၏ သရုပ်သကန် တစ်ခုမျှသာ ဖြစ်ပါသည်။ လူတို့ ကျင့်ကြံပြုမူမှု၏ စည်းမျဉ်းများ၊ သူတို့လိုက်စားမှုများအပေါ် သူတို့၏ ရှုမြင်ချက်များ၊ သူတို့ လျှောက်သော လမ်းကြောင်းများ၊ သို့မဟုတ် သူတို့ လူ့သဘာဝ၏ အရည်အသွေးနှင့် ဆက်စပ်နေခြင်း မရှိပါ။) ကိုယ်ကျင့်တရား အပြုအမူသည် လူ့သဘာဝ၏ လက္ခဏာတစ်ခု ဟုတ်သလော။ (လူ့သဘာဝ၏ လက္ခဏာတစ်ခု မဟုတ်ပါ။ ကိုယ်ကျင့်တရား အပြုအမူ၏ အင်္ဂါရပ်တချို့သည် ပုံမှန်လူ့သဘာဝ ရှိသည့် လူတို့ ပိုင်ဆိုင်သင့်သော အရာများသာ ဖြစ်ပါသည်။) ဘုရားအိမ်တော်က လူ့သဘာဝအကြောင်းနှင့် လူတို့ကို ပိုင်းခြားသိမြင်ခြင်းအကြောင်း ပြောသောအခါ သမ္မာတရားကို လိုက်စားခြင်းဟူသည့် အဓိကကျသော ဆက်စပ် အကြောင်းအရာအတွင်း ပြောဆိုခြင်း ဖြစ်၏။ ယေဘုယျအားဖြင့် ပြောရလျှင် ဘုရားအိမ်တော်သည် လူတစ်ဦး၏ ကိုယ်ကျင့်တရား အပြုအမူက မည်သို့ရှိကြောင်း သုံးသပ်လိမ့်မည် မဟုတ်။ အနည်းဆုံးအနေဖြင့် ဘုရားအိမ်တော်သည် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့် ဆိုရိုးအား လူတစ်ဦး လိုက်နာခြင်း ရှိမရှိကို သုံးသပ်လိမ့်မည် မဟုတ်ပေ။ ဘုရားအိမ်တော်သည် ဤအရာကို စစ်ဆေးလိမ့်မည် မဟုတ်။ ထိုအစား ဘုရားအိမ်တော်သည် ထိုလူ၏ လူ့သဘာဝ အရည်အသွေးကို စစ်ဆေးလိမ့်မည်ဖြစ်ပြီး အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရားကို ထိုသူ ချစ်မြတ်နိုးခြင်း ရှိမရှိအပြင် သမ္မာတရားနှင့် ဘုရားသခင်အပေါ် မည်သည့်သဘောထားမျိုး ထိုသူ၌ ရှိသည်တို့ကို စစ်ဆေးလိမ့်မည် ဖြစ်သည်။ လောကီလူ့ဘောင်ထဲတွင် ရှိနေစဉ် လူတစ်ဦးသည် ကောက်ယူရရှိသော ပိုက်ဆံကို အိတ်ထဲ မထည့်ဘဲ နေကောင်း နေနိုင်မည် ဖြစ်သော်လည်း ယုံကြည်သူတစ်ဦး ဖြစ်လာပြီးနောက် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို လုံးဝ မကာကွယ်ပါက၊ လှူဖွယ်ပစ္စည်းများကို စီမံခန့်ခွဲဖို့ အခွင့်အရေး ပေးခံရသောအခါ ထိုပစ္စည်းများကို ခိုးယူပစ်ခြင်း၊ ဖြုန်းတီးပစ်ခြင်း၊ သို့မဟုတ် ရောင်းထုတ်ပစ်ခြင်းပင် လုပ်နိုင်စွမ်း ရှိပါက၊ မကောင်းသည့်အရာ မျိုးစုံကို လုပ်နိုင်စွမ်း ရှိပါက သူသည် မည်သည့်အရာ ဖြစ်သနည်း။ (ဆိုးယုတ်သော လူတစ်ဦးဖြစ်ပါသည်။) ပြဿနာများ ပေါ်ပေါက်လာသည့်အခါ ထိုသူသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ဖို့ ရပ်တည်ခြင်း လုံးဝ မရှိပေ။ ဤသို့သော လူများ မရှိသလော။ (ရှိပါသည်။) သို့ဖြစ်၍ ၎င်းတို့၏ လူ့သဘာဝကို သုံးသပ်ဖို့ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့် ဆိုရိုးကို သုံးလျှင် သင့်လျော်ပါ့မည်လော။ သင့်လျော်မည် မဟုတ်ချေ။ အချို့သော လူများက “ထိုသူသည် လူကောင်းတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ သူ့တွင် မြင့်မြတ်သော ကိုယ်ကျင့်စရိုက် ရှိပြီး လူတိုင်းက သူ့ကို နှစ်သက်လက်ခံကြ၏။ သို့ဖြစ်၍ ဘုရားအိမ်တော်သို့ ရောက်လာပြီးသည့် နောက်ပိုင်းတွင် သူအဘယ်ကြောင့် ပြောင်းလဲသွားရသနည်း” ဟု ပြောကြသည်။ ထိုသူက အမှန်တကယ် ပြောင်းလဲသွားခြင်း ဟုတ်သလော။ အမှန်တရားမှာ ထိုသူသည် ပြောင်းလဲသွားခြင်း မဟုတ်ပေ။ ကိုယ်ကျင့်တရား အပြုအမူ အနည်းငယ်နှင့် အပြုအမူကောင်း အနည်းငယ်ကို သူပိုင်ဆိုင်ထားသည်မှလွဲ၍ ဤသည်က အမြဲပင် သူ့လူ့သဘာဝ အနှစ်သာရ ဖြစ်နေခဲ့၏။ ဤအနှစ်သာရက လုံးဝ မပြောင်းလဲချေ။ သူသည် သွားလေရာရာ၌ ဤကဲ့သို့ အစဉ်အမြဲ ကျင့်ကြံပြုမူသည်။ ယခင်က လူတို့သည် သူ၏ လူ့သဘာဝကို ချင့်ချိန်အကဲဖြတ်ရန် သမ္မာတရားကို သုံးရမည့်အစား ကိုယ်ကျင့်တရား အပြုအမူဟူသည့် စံနှုန်းကို သုံးလျက် သူ့ကို အကဲဖြတ်ခဲ့ကြခြင်းသာ ဖြစ်သည်။ ထိုသူသည် တစ်နည်းနည်းဖြင့် ပြောင်းလဲသွားပြီဟု လူတို့က ထင်ကြသော်လည်း တကယ်တမ်း၌ ထိုသူသည် ပြောင်းလဲသွားခြင်း မရှိချေ။ လူတချို့ကမူ “သူသည် ယခင်က ထိုကဲ့သို့ မဟုတ်ပါ” ဟူ၍ ပြောကြ၏။ သူယခင်က ထိုကဲ့သို့ မဟုတ်ရသည့် အကြောင်းရင်းမှာ ဤအခြေအနေများကို သူယခင်က မရင်ဆိုင်ခဲ့ရသောကြောင့်၊ ဤပတ်ဝန်းကျင်မျိုးထဲ သူယခင်က မရောက်ဖူးသောကြောင့် ဖြစ်သည်။ ထို့ပြင် လူတို့သည် သမ္မာတရားကို နားမလည်ကြသလို ထိုသူကို ပိုင်းခြားသိမြင်နိုင်စွမ်းလည်း မရှိကြ။ အခြားသူများကို သူတို့ လူ့သဘာဝ အနှစ်သာရအစား အပြုအမူကောင်းတစ်ခုအပေါ် အခြေခံ၍ လူတို့ ရှုမြင်ပြီး ချင့်ချိန်အကဲဖြတ်ခြင်း၏ နောက်ဆုံး ရလဒ်ကား အဘယ်အရာနည်း။ လူတို့သည် အခြားသူများကို ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်း မရှိမည်သာမက အခြားသူများ၏ အပြင်ပန်း ကိုယ်ကျင့်တရား အပြုအမူကောင်းကြောင့် ကျိုးကြောင်းမမြင်တော့ဘဲ လှည့်စားခြင်းကိုလည်း ခံကြရမည် ဖြစ်သည်။ လူတို့သည် အခြားလူများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြသည့်အခါ မလျော်ကန်သော လူများကို ယုံကြည်စိတ်ချကာ အားပေးမြှင့်တင်ပြီး တာဝန်ပေးကြလိမ့်မည်။ အခြားသော လူများ၏ လှည့်ဖြားခြင်းနှင့် လိမ်လည်ခြင်းကို ခံကြရလိမ့်မည်။ အချို့ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လူတို့ကို ရွေးချယ်ပြီး တာဝန်ပေးသောအခါ ဤအမှားကို မကြာခဏ လုပ်မိတတ်ကြ၏။ သူတို့သည် အပြုအမူကောင်းတချို့နှင့် ကိုယ်ကျင့်တရား အပြုအမူကောင်းတချို့ကို အပြင်ပန်းတွင် ပိုင်ဆိုင်ကြသော လူများ၏ လှည့်ဖြားခြင်းကို ခံရပြီး ထိုလူများကို အရေးကြီးသည့် အလုပ်များ လုပ်ခိုင်းဖို့ သို့မဟုတ် အရေးကြီးသည့် ပစ္စည်းတချို့ သိမ်းထားခိုင်းဖို့ စီစဉ်ပေးကြသည်။ ရလဒ်အနေနှင့် တစ်ခုခုက မှားသွားပြီး ဘုရားအိမ်တော်သည် ဆုံးရှုံးနစ်နာမှုတချို့ ခံစားရလေတော့သည်။ အဘယ်ကြောင့် တစ်ခုခုက မှားသွားရသနည်း။ ဤလူများ၏ သဘာဝ အနှစ်သာရကို ခေါင်းဆောင်များနှင့် အမှုဆောင်များက မရိပ်စားမိနိုင်ခဲ့သောကြောင့် မှားသွားရခြင်း ဖြစ်သည်။ ထိုသူများ၏ သဘာဝ အနှစ်သာရကို ၎င်းတို့က အဘယ်ကြောင့် မရိပ်စားမိနိုင်ခဲ့ခြင်း ဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် သမ္မာတရားကို နားမလည်သောကြောင့်၊ လူတို့ကို သုံးသပ်နိုင်စွမ်းနှင့် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသောကြောင့် ဖြစ်လေသည်။ သူတို့သည် လူများ၏ သဘာဝ အနှစ်သာရကို မရိပ်စားမိနိုင်ကြ။ ဘုရားသခင်အပေါ်၊ သမ္မာတရားအပေါ်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအပေါ် လူတို့က မည်သည့်သဘောထားမျိုး ထားသည်ကို သူတို့မသိကြ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် လူများနှင့် အမှုအရာများကို မှားယွင်းသော ရှုထောင့်မှ ရှုမြင်ကြသောကြောင့် ဖြစ်သည်။ သူတို့သည် လူများကို လူသား၏ အယူအဆနှင့် စိတ်ကူးအမြင်များအပေါ် အခြေခံ၍သာ ရှုမြင်ကြ၏။ လူတို့၏ အနှစ်သာရကို ဘုရားနှုတ်ကပတ်တော်များ၊ သမ္မာတရားစည်းမျဉ်းများနှင့်အညီ မရှုမြင်ကြပေ။ ထိုအစား သူတို့သည် လူများကို ၎င်းတို့၏ ကိုယ်ကျင့်တရား အပြုအမူအပေါ်၊ အပြင်ပန်း အပြုအမူများနှင့် သရုပ်သကန်များအပေါ် အခြေခံပြီး ရှုမြင်ကြသည်။ လူတို့အပေါ် သူတို့၏ ရှုမြင်ချက်များက စည်းမျဉ်းများ ကင်းမဲ့နေသောကြောင့် သူတို့သည် မလျော်ကန်သော လူများကို ယုံကြည်စိတ်ချကာ မလျော်ကန်သော လူများကို တာဝန်ပေးကြသည်။ ထို့ကြောင့် သူတို့သည် ထိုလူများ၏ လှည့်ဖြားခြင်း၊ လိမ်လည်ခြင်း၊ အသုံးချခြင်းကို ခံရပြီး အဆုံးတွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားက ထိခိုက်နစ်နာရလေသည်။ ဤသည်တို့မှာ လူတို့ကို မသိမြင်နိုင်ခြင်း သို့မဟုတ် မရိပ်စားမိနိုင်ခြင်း၏ အကျိုးဆက်များပင် ဖြစ်တော့၏။ ထို့ကြောင့် တစ်စုံတစ်ဦးသည် သမ္မာတရားကို လိုက်စားလိုသောအခါ သင်ယူရမည့် ပထမဆုံး သင်ခန်းစာသည် လူများကို ပိုင်းခြားသိမြင်နည်းနှင့် ရှုမြင်နည်းပင် ဖြစ်သည်။ ဤသင်ခန်းစာကို သင်ယူဖို့ အချိန်အကြာကြီး ယူရ၏။ ဤသည်မှာ လူတို့မဖြစ်မနေ သင်ယူရမည့် အခြေခံအကျဆုံးသော သင်ခန်းစာများထဲမှ တစ်ခုလည်း ဖြစ်သည်။ အကယ်၍ သင်သည် လူတစ်ဦးကို ရှင်းလင်းစွာ သိမြင်လိုပြီး ဖော်ထုတ်တတ်လိုပါက လူတို့ကို သုံးသပ်ဖို့ မည်သည့်စံနှုန်းများကို ဘုရားအသုံးပြုသည်၊ အခြားသူများကို လူတို့ ရှုမြင်ပြီး သုံးသပ်သည့် နည်းလမ်းအပေါ် မည်သို့သော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များက ထိန်းချုပ်၍ ကြီးစိုးထားသည်၊ လူတို့ကို သုံးသပ်ဖို့ ဘုရားသုံးသည့် စံနှုန်းများနှင့် ထိုအရာများက ဆန့်ကျင်နေခြင်း ရှိမရှိနှင့် မည်ကဲ့သို့ ဆန့်ကျင်နေသည်တို့ကို ပထမဦးစွာ နားလည်ရမည်။ လူတို့ကို သင်သုံးသပ်သည့် နည်းစနစ်များနှင့် စံနှုန်းများသည် ဘုရား၏ တောင်းဆိုချက်များအပေါ် အခြေပြုထားသလော။ ယင်းတို့က ဘုရား၏ နှုတ်ကပတ်တော်များအပေါ် အခြေပြုထားသလော။ သမ္မာတရားတွင် အခြေပြုထားချက် ရှိသလော။ မရှိသည့်အပြင် သင်သည် အခြားသူများကို သုံးသပ်ဖို့ သင်၏ အတွေ့အကြုံနှင့် စိတ်ကူးအမြင်များအပေါ်သာ လုံးလုံး အမှီပြုလျှင်ဖြစ်စေ၊ သင်၏ သုံးသပ်မှုများကို လူ့အဖွဲ့အစည်းအတွင်း အားပေးမြှင့်တင်သော လူမှုရေး ကိုယ်ကျင့်တရားများအပေါ် သို့မဟုတ် သင့်ကိုယ်ပိုင် မျက်စိနှစ်လုံးနှင့် စောင့်ကြည့်လေ့လာထားသော အရာများအပေါ် အခြေပြုသည်အထိပင် လုပ်ဆောင်လျှင်ဖြစ်စေ ပိုင်းခြားသိမြင်ဖို့ သင်ကြိုးစားနေသည့် လူသည် သင့်အတွက် မရှင်းမလင်းသာ ဆက်ရှိနေမည် ဖြစ်သည်။ သင်သည် ထိုသူကို ရိပ်စားမိနိုင်မည် မဟုတ်။ သင့်အနေဖြင့် ထိုသူကို ယုံကြည်စိတ်ချပြီး တာဝန်များ ချပေးလျှင် အတိုင်းအတာတစ်ခုထိ စွန့်စားရာကျနေမည် ဖြစ်၏။ ဤအရာက ဘုရား၏ လှူဖွယ်ပစ္စည်းများအပြင် အသင်းတော်၏ အလုပ်နှင့် ဘုရားရွေးချယ်ခံ လူများ၏ အသက်ဝင်ရောက်မှုတို့ကို မလွဲမသွေ ထိခိုက်ဖျက်ဆီးနိုင်ခြေလည်း ရှိသည်။ သင်သည် သမ္မာတရားကို လိုက်စားလိုပါက လူတို့ကို ပိုင်းခြားသိမြင်ရေးမှာ သင်ယူရမည့် ပထမဆုံးသော သင်ခန်းစာ ဖြစ်သည်။ ယင်းက လူတို့ပိုင်ဆိုင်သင့်သည့် သမ္မာတရား၏ အခြေခံအကျဆုံးသော လက္ခဏာသွင်ပြင်များထဲမှ တစ်ခုလည်း ဖြစ်သည်ကို ပြောရန်ပင် မလိုချေ။ လူတို့ကို ပိုင်းခြားသိမြင်ဖို့ သင်ယူခြင်းမှာ ယနေ့ မိတ်သဟာယပြုချက်၏ အကြောင်းအရာနှင့် ခွဲခြား၍ မရပေ။ လူ၏ ကိုယ်ကျင့်တရား အပြုအမူကောင်း၊ အရည်အသွေးကောင်းများနှင့် ပုံမှန်လူ့သဘာဝ ရှိသည့် လူတစ်ဦး ပိုင်ဆိုင်ထားသင့်သော အရာများအကြား သင်သည် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိရမည်။ ဤအရာနှစ်ခုကို ပိုင်းခြားသိမြင်နိုင်စွမ်း ရှိဖို့က အင်မတန်မှပင် အရေးကြီးလှ၏။ ထိုအခါမှသာ သင်သည် လူတစ်ဦး၏ အနှစ်သာရကို သိရှိနိုင်ကာ မှန်ကန်တိကျစွာ သိမြင်နိုင်လိမ့်မည်။ မည်သူ၌ လူ့သဘာဝရှိပြီး မည်သူ၌ လူ့သဘာဝ မရှိကြောင်းကို နောက်ဆုံးတွင် ဆုံးဖြတ်နိုင်လိမ့်မည်။ ဤအရာများကို ပိုင်းခြားသိမြင်ဖို့အလို့ငှာ လူတစ်ဦးသည် ရှေးဦးစွာ မည်သည့်အရာနှင့် ပြည့်စုံအောင် လုပ်ထားရမည်နည်း။ ဘုရား၏ နှုတ်ကပတ်တော်များကိုရော သမ္မာတရား၏ ဤရှုထောင့်ကိုပါ နားလည်ရပေမည်။ သမ္မာတရားကို မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိကာ ဘုရား၏ နှုတ်ကပတ်တော်များနှင့်အညီ လူတို့ကို ရှုမြင်သည့် အဆင့်သို့ ရောက်လာရပေမည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားနေစဉ် လူတစ်ဦး လက်တွေ့လုပ်ဆောင်သင့်ပြီး ပိုင်ဆိုင်ထားသင့်သည့် သမ္မာတရားစည်းမျဉ်းတစ်ခု ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဖြစ်၍ ဤအကြောင်းအရာများကို ငါတို့ မိတ်သဟာယပြုဖို့ အလွန်အမင်း အရေးပါလှ၏။
သိသာထင်ရှားစွာပင် လူ့ကိုယ်ကျင့်တရား အပြုအမူတစ်မျိုး ဖြစ်သော “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့် ပထမ ဆိုရိုးကို ယခုလေးတင် ငါမိတ်သဟာယပြုပြီးခဲ့ပြီ။ ဤဆိုရိုးမှာ လူတို့ထဲ၌ ထင်မြင်ချက်ကောင်း စွဲကျန်ရစ်စေသည့် ကိုယ်ကျင့်စရိုက်တစ်မျိုးနှင့် ယာယီအပြုအမူတစ်မျိုး ဖြစ်သည်။ သို့သော်လည်း အကြောင်းမသင့်သဖြင့် လူ့သဘာဝကို လူတစ်ဦး ပိုင်ဆိုင်ခြင်းရှိမရှိ အကဲဖြတ်ဖို့ စံနှုန်းတစ်ခုအဖြစ် သုံး၍ကား မရ။ “သူတစ်ပါးတို့အား ကူညီခြင်းဖြင့်ရရှိသည့် ပီတိကို ခံစားပါ” ဟူသည့် ဒုတိယ ဆိုရိုးစကားကလည်း အတူတူပင် ဖြစ်သည်။ ဤပြောဆိုချက်၏ စကားသုံးနှုန်းထားပုံအရ ဤဆိုရိုးသည်လည်း လူတို့က နှစ်သက်ပြီး အပြုအမူကောင်းဟု မှတ်ယူထားသည့် အရာတစ်ခု ဖြစ်ကြောင်း သိသာထင်ရှားနေ၏။ ဤကောင်းသော အပြုအမူအား ပြသကြသည့် လူတို့ကို ကိုယ်ကျင့်တရား အပြုအမူကောင်းနှင့် မြင့်မြတ်သော စရိုက်လက္ခဏာတို့ ပိုင်ဆိုင်သည့် လူများအဖြစ် အလွန်အမင်း ကြည်ညိုလေးစားကြသည်။ အတိုချုပ်ပြောရလျှင် ထိုသူတို့သည် သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားကြသော လူများဖြစ်ပြီး အကောင်းဆုံး ကိုယ်ကျင့်စရိုက် ရှိကြသူများ ဖြစ်သည်ဟု မှတ်ယူခြင်းကို ခံကြရလေသည်။ “သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားပါ” ဟူသည်မှာ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်နှင့် ဆင်တူချက်တချို့ ရှိသည်။ ဤဆိုရိုးသည်လည်း အချို့သော လူမှုဝန်းကျင်အခြေအနေများအတွင်းရှိ လူတို့အထဲ၌ ပေါ်ပေါက်လာသော အပြုအမူကောင်းတစ်ခု ဖြစ်သည်။ “သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားပါ” ၏ တိုက်ရိုက် အဓိပ္ပာယ်မှာ အခြားလူများကို ကူညီပေးခြင်းဖြင့် ပီတိဖြာတတ်ဖို့ ဖြစ်သည်။ လူများကို ကူညီပေးဖို့မှာ လူတစ်ဦး၏ တာဝန်ဖြစ်သည်ဟု အဓိပ္ပာယ်မရ။ ဤဆိုရိုးက “သူတစ်ပါးတို့အား ကူညီပေးဖို့သည် သင်၏ တာဝန်ဖြစ်သည်” ဟူ၍ မဟုတ်ပေ။ “သူတစ်ပါးတို့အား ကူညီခြင်းဖြင့်ရရှိသည့် ပီတိကို ခံစားပါ” ဟု ဖြစ်သည်။ အခြားသူများကို ကူညီဖို့ လူတို့အား မည်သည့်အရာက တွန်းအားပေးကြောင်း ဤအရာမှ ငါတို့ မြင်နိုင်သည်။ ၎င်းတို့ ကူညီပေးသည်မှာ အခြားသော လူများအကျိုးအတွက် မဟုတ်ဘဲ ၎င်းတို့ကိုယ်တိုင်၏ အကျိုးအတွက်သာ ဖြစ်သည်။ လူတို့သည် သောကဗျာပါဒနှင့် ဒုက္ခဝေဒနာတို့ ပြည့်နှက်နေသောကြောင့် အကူအညီ လိုအပ်နေသော အခြားလူများကို လိုက်ရှာကြပြီး ထိုသူတို့အား အလှူဒါနပြုကာ ကူညီထောက်ပံ့ပေးကြ၏။ မိမိတို့ကိုယ်ကို ပျော်ရွှင်အောင်၊ ကျေနပ်အောင်၊ ငြိမ်းချမ်းအောင်၊ ဝမ်းမြောက်အောင် လုပ်ရန်၊ မိမိတို့၏ နေ့ရက်များ အဓိပ္ပာယ်နှင့် ပြည့်ဝနေအောင် လုပ်ရန် လက်ကမ်းကာ ကူညီပေးကြပြီး မိမိတို့ လုပ်ဆောင်နိုင်စွမ်းရှိသည့် ကောင်းမှုမှန်သမျှကို လုပ်ဆောင်ကြ၏။ ထိုသို့အားဖြင့် အလွန်အမင်း ဟာတာတာ ဖြစ်ခြင်းနှင့် မချိတင်ကဲ ဖြစ်ခြင်းတို့ကို မခံစားရရန် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးသား နယ်ပယ်ကို စင်ကြယ်အောင် လုပ်ရန်နှင့် မြှင့်တင်ရန် ဖြစ်သည့် ၎င်းတို့၏ ရည်မှန်းချက် အထမြောက်ဖို့ ၎င်းတို့၏ ကိုယ်ကျင့်တရား အပြုအမူကို တိုးတက်အောင် လုပ်ကြသည်။ ဤသည်မှာ မည်သို့သော အပြုအမူမျိုး ဖြစ်သနည်း။ သူတစ်ပါးတို့အား ကူညီခြင်းဖြင့်ရရှိသည့် ပီတိကို ခံစားကြသော လူများကို ဤရှင်းပြချက်၏ ရှုထောင့်မှ ကြည့်မည်ဆိုပါက ၎င်းတို့သည် လူကောင်းများ မဟုတ်ကြပေ။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် မိမိတို့၏ ကိုယ်ကျင့်တရား သို့မဟုတ် အသိတရား သို့မဟုတ် လူ့သဘာဝတို့၏ တွန်းအားပေးမှုကို ခံရ၍ မိမိတို့ လုပ်သင့်သည့် အရာကို လုပ်ကြခြင်း မဟုတ်။ မိမိတို့၏ လူမှုရေးရာ တာဝန်များနှင့် မိသားစုရေးရာ တာဝန်များကို ဖြည့်ဆည်းကြခြင်း မဟုတ်။ ယင်းအစား ပီတိခံစားရန်၊ ဝိညာဉ်ရေးရာ နှစ်သိမ့်မှု၊ စိတ်ပိုင်းဆိုင်ရာ သက်သာမှုတို့ ရရှိရန်နှင့် ပျော်ရွှင်စွာ နေထိုင်သွားနိုင်ရန်အလို့ငှာ လူများကို ၎င်းတို့ကူညီပေးကြခြင်း ဖြစ်သည်။ ဤကဲ့သို့သော ကိုယ်ကျင့်တရား အပြုအမူမျိုးကို မည်ကဲ့သို့ ရှုမြင်သုံးသပ်သင့်သနည်း။ ဤဆိုရိုး၏ သဘောသဘာဝကို ကြည့်လျှင် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသော ဆိုရိုးထက်ပင် သာ၍ ဆိုးဝါးနေသေးသည်။ အနည်းဆုံးအနေဖြင့် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသော ဆိုရိုးတွင် တစ်ကိုယ်ကောင်းဆန်သည့် သွင်ပြင်လက္ခဏာ မရှိချေ။ သို့ဖြစ်လျှင် “သူတစ်ပါးတို့အား ကူညီခြင်းဖြင့်ရရှိသည့် ပီတိကို ခံစားပါ” ဟူသည်ကရော မည်သို့ရှိသနည်း။ ဤအပြုအမူတွင် တစ်ကိုယ်ကောင်းဆန်သော အရိပ်လက္ခဏာများနှင့် အောက်တန်းကျသော ရည်ရွယ်ချက်များ ပါဝင်နေကြောင်း “ပီတိ” ဟူသည့် စကားလုံးက ညွှန်ပြနေသည်။ လူတို့၏ အကျိုးအတွက်ဖြစ်စေ၊ ကိုယ်ကျိုးမဖက်သော ကမ်းလှမ်းမှုအနေနှင့်ဖြစ်စေ ၎င်းတို့ကို ကူညီပေးခြင်း မဟုတ်ပေ။ မိမိကိုယ်တိုင် ပီတိခံစားဖို့အတွက် ကူညီပေးခြင်း ဖြစ်သည်။ ဤသည်ကို လုံးဝ အားပေးအားမြှောက်မပြုထိုက်။ ဥပမာအားဖြင့် လမ်းမကြီးတစ်ခုပေါ်တွင် သက်ကြီးရွယ်အိုတစ်ဦး လဲကျသွားသည်ကို သင်မြင်ပြီး “ယခုတလော ငါစိတ်ဓာတ်ကျနေသည်။ ဤသက်ကြီးရွယ်အို လဲကျသွားသည်မှာ အလွန်ကောင်းသော အခွင့်အရေးတစ်ခုပင် ဖြစ်၏။ ‘သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ငါခံစားပစ်လိုက်မည်’ ဟု တွေးသည် ဆိုပါစို့။” သင်သည် သွား၍ ထိုသက်ကြီးရွယ်အိုကို ကူညီကာ ဆွဲထူပေး၏။ ထိုသူက မတ်တပ်ရပ်နိုင်သွားသောအခါ “အချင်းသူငယ်၊ သင်ကား အမှန်ပင် လူကောင်းတစ်ဦး ဖြစ်ပေ၏။ ဘေးကင်း၍ ပျော်ရွှင်ပြီး အိုမင်းသည်အထိ သင်နေသွားရပါစေသား” ဟု ပြောကာ သင့်ကို ချီးမွမ်းသည်။ ဤနှစ်လိုဖွယ် စကားများကို ရွှန်းရွှန်းဝေနေအောင် ပြောသည်။ ထိုစကားများကို ကြားပြီးနောက်တွင် သင်၏ သောကဗျာပါဒများက ပျောက်ကွယ်သွားပြီး သင်သည်လည်း ကျေနပ်အားရသွားတော့သည်။ လူတို့အား ကူညီပေးရခြင်းက ကောင်းသည်ဟု သင်တွေးပြီး အားလပ်ချိန်တွင် လမ်းမများထက် လျှောက်သွားကာ လဲကျသည့် မည်သူ့ကိုမဆို ကူညီဆွဲထူပေးဖို့ စိတ်ပိုင်းဖြတ်လိုက်သည်။ လူတို့သည် ဤသို့သော အတွေးအခေါ်၏ လွှမ်းမိုးမှုအောက်၌ အပြုအမူကောင်းတချို့ကို ပြသကြသည်။ လူ့အဖွဲ့အစည်းကလည်း ဤအရာကို သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားသော အစဉ်အလာကောင်းအဖြစ်၊ အလွန်ကောင်းသော ဤအစဉ်အလာကို လက်ဆင့်ကမ်းပေးသည့် မြင့်မြတ်သော ကိုယ်ကျင့်စရိုက်တစ်မျိုးအဖြစ် အမျိုးအစားသတ်မှတ်ထား၏။ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားခြင်း၏ နောက်ခံအကြောင်းရင်းမှာ ကူညီပေးသည့် လူများက သူတို့ကိုယ်သူတို့ ကိုယ်ကျင့်တရား အကောင်းဆုံးသောသူအဖြစ် မှတ်ယူလေ့ရှိကြခြင်း ဖြစ်သည်။ သူတို့ကိုယ်သူတို့ ကြီးမြတ်သော ပရဟိတဒါနရှင်များအဖြစ် ပုံဖော်တွေးထင်ကြ၏။ လူများက သူတို့ကို ပိုချီးမွမ်းလေလေ သူတို့သည် ကူညီပေးဖို့၊ အလှူဒါန ပေးဖို့၊ အခြားသူများအတွက် ဤထက်မက လုပ်ပေးဖို့ ပို၍ လိုလားလေလေ ဖြစ်သည်။ ဤအရာက သူရဲကောင်းဖြစ်လိုပြီး လူသားမျိုးနွယ်၏ ကယ်တင်ရှင်ဖြစ်လိုသည့် ၎င်းတို့၏ ဆန္ဒကို ဖြည့်ဆည်းပေးသည့်အပြင် အခြားသူများ၏ လိုအပ်ခြင်းကို ခံရသည့် အဖြစ်မှ အားရကျေနပ်မှုတစ်မျိုးကို ရရှိခံစားလိုသည့် ၎င်းတို့၏ ဆန္ဒကိုလည်း ဖြည့်ဆည်းပေးသည်။ မိမိကို လိုအပ်ကြသည်ဟူ၍ လူသားအားလုံးက ခံစားလိုကြသည် မဟုတ်လော။ လူတို့သည် မိမိကို အခြားသူများ လိုအပ်ကြသည်ဟု ခံစားရသောအခါ သူတို့ကိုယ်သူတို့ အထူးသဖြင့် အသုံးဝင်သည်၊ သူတို့၏ ဘဝက အဓိပ္ပာယ်ရှိသည်ဟု တွေးထင်ကြသည်။ ဤသည်မှာ အများ၏ အာရုံစိုက်မှုကို ရအောင် ကြိုးစားခြင်းတစ်မျိုးပင် ဖြစ်သည် မဟုတ်လော။ အများ၏ အာရုံစိုက်မှုကို ရအောင် ကြိုးစားခြင်းမှာ လူတို့ကို ပီတိခံစားရစေသည့် တစ်ခုတည်းသော အရာပင် ဖြစ်သည်။ ယင်းမှာ သူတို့၏ ဘဝနေထိုင်မှုပုံစံပင် ဖြစ်သည်။ စင်စစ်အားဖြင့် သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားခြင်းကိစ္စအား မည်သည့်ရှုထောင့်မှ ငါတို့ကြည့်သည်ဖြစ်စေ ယင်းသည် လူ၏ ကိုယ်ကျင့်တရားများကို အကဲဖြတ်ဖို့ စံနှုန်းတစ်ခု မဟုတ်။ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားသော လုပ်ရပ်သည် များသောအားဖြင့် မဖြစ်စလောက် အားထုတ်မှုသာ လိုအပ်သည်။ သင်သည် ထိုအရာကို လုပ်ဆောင်ဖို့ လိုလားပါက သင်၏ လူမှုရေး တာဝန်ကို ဖြည့်ဆည်းပြီး ဖြစ်လိမ့်မည်။ ထိုအရာကို သင်လုပ်ဆောင်ဖို့ မလိုလားလျှင်လည်း မည်သူကမျှ သင့်ကို တာဝန်ခံခိုင်းမည် မဟုတ်။ အများ၏ ရှုတ်ချခြင်းကိုလည်း သင်ခံရမည် မဟုတ်။ လူက ချီးကျူးသည့် ကောင်းသော အပြုအမူများနှင့် ပတ်သက်လာလျှင် လူတစ်ဦးအနေနှင့် ထိုအပြုအမူများကို လက်တွေ့လုပ်ဖို့ ရွေးချယ်လည်း ရသည်၊ လက်တွေ့မလုပ်ဘဲ ရှောင်ကြဉ်၍လည်း ရသည်။ နှစ်ခုစလုံး အဆင်ပြေ၏။ ဤဆိုရိုးနှင့် လူတို့ကို ချုပ်ချယ်ထားဖို့ မလိုအပ်။ သို့မဟုတ် သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို မည်သို့ခံစားရမည်ကို သင်ယူခိုင်းဖို့ မလိုအပ်။ အကြောင်းမှာ ထိုအရာကိုယ်၌က ယာယီ အပြုအမူကောင်းတစ်ခုမျှသာ ဖြစ်၍ ဖြစ်သည်။ တစ်စုံတစ်ယောက်သည် မိမိ၏ လူမှုရေး တာဝန်ကို ဖြည့်ဆည်းလိုသည့် ဆန္ဒ၏ တွန်းအားပေးမှုကြောင့် ဖြစ်စေ၊ ပြည်သူ့ကျင့်ဝတ် သဘောအရဖြစ်စေ ဤကောင်းသော အပြုအမူကို လက်တွေ့လုပ်ဆောင်လျှင် နောက်ဆုံးရလဒ်မှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ လူကောင်းတစ်ဦး ဖြစ်လိုသည့် မိမိ၏ ဆန္ဒ၊ လေးဖုန်းစိတ်ဓာတ်ကို ရုပ်လုံးဖော်လိုသည့် မိမိ၏ ဆန္ဒအား ဤတစ်ကြိမ်တစ်ခါတွင် သူဖြည့်ဆည်းခြင်းမျှသာ ဖြစ်လိမ့်မည်။ ထိုသို့ပြုခြင်းဖြင့် ပီတိနှင့် ကိုယ်စိတ်ချမ်းသာမှု တချို့ကို သူရရှိခံစားရလိမ့်မည်ဖြစ်ပြီး ဤနည်းအားဖြင့် သူ၏ အတွေးအခေါ် နယ်ပယ်က ပိုမိုမြင့်မားသော အဆင့်သို့ တိုးမြင့်သွားလိမ့်မည်။ ထိုမျှသာ ဖြစ်၏။ ဤသည်မှာ သူလုပ်နေသည့် အရာ၏ အနှစ်သာရပင် ဖြစ်သည်။ ဤသို့ဖြစ်၍ “သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားပါ” ဟူသော ဆိုရိုးအပေါ် ဤမိတ်သဟာယ မတိုင်မီတွင် သင်တို့၏ နားလည်မှုက မည်သို့ဖြစ်နေခဲ့သနည်း။ (ထိုဆိုရိုးနောက်ကွယ်ရှိ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ရည်ရွယ်ချက်များကို ယခင်က ကျွန်ုပ် သတိမထားမိခဲ့ပါ။) သင့်တွင် တစ်စုံတစ်ခုကို လုပ်ရမည့် တာဝန်တစ်ခု၊ သင့်အနေနှင့် ခေါင်းရှောင်၍ မရသည့် ဝတ္တရားတစ်ခု၊ အတော်အတန် ခက်ခဲသည့် အရာတစ်ခု ရှိနေပြီး ထိုအရာကို အထမြောက်အောင် ဆောင်ရွက်ရန်အတွက် ဆင်းရဲဒုက္ခအနည်းငယ်ကို ခါးစည်းခံရမည်ဖြစ်ကာ အချို့သော အရာများကို စွန့်လွှတ်ပြီး အဖိုးအခ ပေးရမည် ဖြစ်သော်လည်း သင်သည် ဤတာဝန်ကို မည်သည့်နည်းနှင့်မဆို ဖြည့်ဆည်းနိုင်သည့် အခြေအနေတစ်ခုကို ဥပမာယူကြည့်လော့။ ထိုအရာကို လုပ်ဆောင်နေစဉ် သင်သည် ကျေနပ်အားရမှုကို သိပ်ခံစားရမည် မဟုတ်။ အဖိုးအခ ပေးဆပ်ပြီးကာ ဤတာဝန်ကို ဖြည့်ဆည်းပြီးသည့်နောက် သင့်အားထုတ်မှု၏ ရလဒ်များက သင့်အား မည်သည့်ပီတိ သို့မဟုတ် မည်သည့်ကိုယ်စိတ်ချမ်းသာမှုမျှ ပေးမည် မဟုတ်ပေ။ သို့သော် ထိုအရာက သင်၏ တာဝန်နှင့် ဝတ္တရား ဖြစ်သောကြောင့် မည်သို့ပင်ဖြစ်စေ သင်လုပ်ဆောင်၏။ ဤအရာကို သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားခြင်းနှင့် ငါတို့နှိုင်းယှဉ်ကြည့်လျှင် အဘယ်တစ်ခုက လူ့သဘာဝကို ပိုမို ပြသသနည်း။ (မိမိတို့၏ တာဝန်နှင့် ဝတ္တရားများကို ဖြည့်ဆည်းသော လူတို့က လူ့သဘာဝ ပိုရှိကြပါသည်။) သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားမှုသည် တာဝန်တစ်ခုကို ဖြည့်ဆည်းခြင်းနှင့် မသက်ဆိုင်ပေ။ အချို့သော လူမှုရေးအခြေအနေများအတွင်း ရှိသည့် လူတို့၏ ကိုယ်ကျင့်တရား အပြုအမူအပြင် လူတို့၏ လူမှုရေး တာဝန်များနှင့် ပတ်သက်သော သတ်မှတ်ချက်တစ်ခုသာ ဖြစ်၏။ ယင်းက ရေပန်းစားသော အမြင်မှ၊ လူမှုရေး ကိုယ်ကျင့်တရားများမှ၊ သို့မဟုတ် နိုင်ငံတစ်နိုင်ငံ၏ ဥပဒေများမှပင် ဆင်းသက်လာပြီး ယင်းကို လူတစ်ဦး၌ ကိုယ်ကျင့်တရားများ ရှိမရှိကိုလည်းကောင်း၊ ထိုသူ၏ လူ့သဘာဝ အရည်အသွေးကိုလည်းကောင်း အကဲဖြတ်ဖို့ အသုံးပြု၏။ တစ်နည်းအားဖြင့် ဆိုရလျှင် “သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားပါ” ဟူသည်မှာ လူ၏ အတွေးအခေါ် နယ်ပယ်ကို မြှင့်တင်ရန် လူ့အဖွဲ့အစည်းက ထုတ်ပြန်ထားပြီး လူတို့၏ အပြုအမူကို ကန့်သတ်ပေးသော ဆိုရိုးတစ်ခုမျှသာ ဖြစ်၏။ ဤသို့သော ဆိုရိုးကို အပြုအမူကောင်းတချို့အား လူတို့ လက်တွေ့လုပ်အောင် စေခိုင်းရာ၌သာ သုံးသည်။ ထိုကောင်းသော အပြုအမူများကို ချင့်ချိန်အကဲဖြတ်ဖို့ စံနှုန်းများမှာ လူမှုရေး ကိုယ်ကျင့်တရားများ၊ လူအများ၏ အမြင် သို့မဟုတ် တရားဥပဒေပင် ဖြစ်သည်။ ဥပမာအားဖြင့် သင်သည် အကူအညီ လိုအပ်နေသော လူတစ်ဦးကို အများပြည်သူ သွားလာရာ နေရာတွင် တွေ့ပြီး ထိုသူကို သွားကူညီပေးသင့်သည့် ပထမဆုံး ပုဂ္ဂိုလ်မှာ သင်ဖြစ်နေသော်လည်း သွား၍ မကူညီပေးလျှင် အခြားသူများက သင့်ကို မည်သို့ထင်ကြမည်နည်း။ သင်၌ အမူအကျင့်ကောင်းများ မရှိ၍ သူတို့က သင့်ကို ကြိမ်းမောင်းကြပေလိမ့်မည်။ လူအများ၏ အမြင်ဟု ငါတို့ပြောရာ၌ ဤအရာကို ဆိုလိုသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် လူမှုရေး ကိုယ်ကျင့်တရားများ ဆိုသည်ကရော အဘယ်အရာများနည်း။ လူ့အဖွဲ့အစည်းက ထောက်ခံပြီး အားပေးအားမြှောက်ပြုထားသော အပြုသဘောဆောင်ကာ တိုးတက်ရာ တိုးတက်ကြောင်းကို ရည်သန်သည့် အရာများနှင့် အလေ့အကျင့်များ ဖြစ်၏။ သဘာဝအလျောက်ပင် ထိုအရာများ၌ အသေးစိတ် သတ်မှတ်ချက်များစွာ ပါဝင်သည်။ ဥပမာ အကာအကွယ်မဲ့သော လူများကို အားပေးထောက်ပံ့ခြင်း၊ အခြားသူတို့ အခက်အခဲများ ကြုံရစဉ် လက်ကမ်းကူညီပေးခြင်း၊ ဤအတိုင်း လက်ပိုက်ကာ မရပ်ကြည့်နေခြင်းတို့ ဖြစ်သည်။ ဤသို့သော ကိုယ်ကျင့်တရား အပြုအမူမျိုးကို လူတို့ လက်တွေ့လုပ်သင့်၏။ လူမှုရေး ကိုယ်ကျင့်တရားများ ပိုင်ဆိုင်ခြင်းဟူသည်မှာ ယင်းကို ဆိုလိုသည်။ သင်သည် တစ်စုံတစ်ဦး ဒုက္ခရောက်နေသည်ကို တွေ့သော်လည်း မျက်ကွယ်ပြုကာ လျစ်လျူရှုပြီး ဘာတစ်ခုမျှ မလုပ်ပါက သင့်တွင် လူမှုရေး ကိုယ်ကျင့်တရား ကင်းမဲ့ပေသည်။ သို့ဖြစ်၍ တရားဥပဒေက လူ့ကိုယ်ကျင့်တရား အပြုအမူအပေါ် မည်သို့သော တောင်းဆိုချက်များ ချမှတ်ထားသနည်း။ ဤကိစ္စနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံသည် တစ်မူထူးခြား၏။ လူမှုရေး တာဝန်များ၊ လူမှုရေး ကိုယ်ကျင့်တရားများနှင့် ပတ်သက်၍ တရုတ်ဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းထားချက်များ တစ်ခုမျှ မရှိပေ။ လူတို့သည် ဤအရာများကို မိသားစုတွင်း ပျိုးထောင်ပေးမှုမှတစ်ဆင့်၊ ကျောင်းတွင်း ပညာရေးမှတစ်ဆင့်၊ လူ့အဖွဲ့အစည်းတွင် ၎င်းတို့ ကြားနာကာ စောင့်ကြည့်လေ့လာမိသည့် အရာများမှတစ်ဆင့် အနည်းငယ် တတ်မြောက်လာကြခြင်းသာ ဖြစ်သည်။ ယင်းနှင့် ခြားနားလျက် အနောက်တိုင်း နိုင်ငံများတွင်မူ ဤအရာများကို ဥပဒေထဲ၌ တရားဝင် ထည့်သွင်းပြဋ္ဌာန်းထားလေသည်။ ဥပမာ လမ်းပေါ်တွင် လူတစ်ဦး လဲကျသွားသည်ကို သင်တွေ့ပါက အနည်းဆုံးအနေဖြင့် ထိုသူထံ သွား၍ “သင်အဆင်ပြေသလော။ အကူအညီ လိုပါသလော” ဟု မေးရမည် ဖြစ်သည်။ ထိုသူက “အဆင်ပြေပါသည်။ ကျေးဇူးတင်ပါ၏” ဟု ပြန်ဖြေပါက သင့်အနေနှင့် သူ့ကို ကူညီပေးဖို့ မလို။ ထိုတာဝန်ကို ဖြည့်ဆည်းဖို့ မလိုအပ်။ အကယ်၍ ထိုသူက “ကျွန်ုပ် အကူအညီလိုပါသည်။ ကျေးဇူးပြု၍ ကူညီလှည့်ပါ” ဟု ပြောလာလျှင် သင်သည် ကူညီပေးရမည် ဖြစ်သည်။ သူ့ကို မကူညီပေးပါက သင်သည် ဥပဒေကြောင်းအရ တာဝန်ခံရပေလိမ့်မည်။ ဤသည်မှာ လူတို့၏ ကိုယ်ကျင့်တရား အပြုအမူနှင့် စပ်လျဉ်း၍ နိုင်ငံတချို့က ထုတ်ပြန်ထားသော အထူးသတ်မှတ်ချက် ဖြစ်သည်။ ၎င်းတို့၏ ဥပဒေများထဲတွင် အတိအလင်း သတ်မှတ်ပြဋ္ဌာန်းချက်မှတစ်ဆင့် ပြည်သူတို့အပေါ် ဤတောင်းဆိုချက်ကို ချမှတ်ထားကြသည်။ လူအများ၏ အမြင်၊ လူမှုရေး ကိုယ်ကျင့်တရားများဖြင့်သာမက တရားဥပဒေဖြင့်ပင် လူတို့၏ ကိုယ်ကျင့်တရား အပြုအမူအပေါ် ချမှတ်ထားသော ဤတောင်းဆိုချက်များသည် လူတို့၏ အပြုအမူတွင်သာ ကန့်သတ်ထား၏။ ဤအပြုအမူဆိုင်ရာ အခြေခံ စံသတ်မှတ်ချက်များသည် လူတစ်ဦး၏ ကိုယ်ကျင့်တရား အပြုအမူကို အကဲဖြတ်ဖို့ စံနှုန်းများ ဖြစ်သည်။ အပေါ်ယံတွင် ဤကိုယ်ကျင့်တရား စံနှုန်းများသည် လူတို့၏ အပြုအမူကို အကဲဖြတ်သည့်ပုံ ပေါက်နေသော်လည်း တစ်နည်းဆိုရလျှင် မိမိတို့၏ လူမှုရေး တာဝန်များကို လူတို့ဖြည့်ဆည်းခြင်း ရှိရှိမရှိရှိ ထိုစံနှုန်းများသည် အနှစ်သာရတွင်မူ လူတို့၏ အတွင်းသဘော အရည်အသွေးကို အကဲဖြတ်နေခြင်း ဖြစ်သည်။ လူအများ၏ အမြင်ပင်ဖြစ်စေ၊ လူမှုရေး ကိုယ်ကျင့်တရားများပင် ဖြစ်စေ၊ တရားဥပဒေပင် ဖြစ်စေ ဤအရာများသည် လူတို့လုပ်သည့် အရာများကိုသာ အကဲဖြတ်ပြီး လူတို့လုပ်သည့် အရာများနှင့် ပတ်သက်သည့် တောင်းဆိုချက်များကိုသာ ချမှတ်သည်။ ဤတိုင်းတာချက်များနှင့် တောင်းဆိုချက်များသည် လူတို့၏ အပြုအမူတွင်သာ ကန့်သတ်ထား၏။ ၎င်းတို့သည် လူတစ်ဦး၏ အရည်အသွေးနှင့် ကိုယ်ကျင့်တရား အပြုအမူကို ထိုသူ၏ အပြုအမူအပေါ် အခြေခံ၍ ချင့်ချိန်သုံးသပ်သည်။ ဤသည်မှာ ၎င်းတို့ ချင့်ချိန်အကဲဖြတ်ချက်၏ အတိုင်းအတာပင် ဖြစ်သည်။ “သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားပါ” ဟူသော ပြောဆိုချက်၏ သဘောသဘာဝလည်း ဖြစ်သည်။ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားခြင်းနှင့် ပတ်သက်လာလျှင် အနောက်တိုင်း နိုင်ငံများသည် တရားဥပဒေ ပြဋ္ဌာန်းချက်များမှတစ်ဆင့် လူတို့အပေါ် တောင်းဆိုချက်များ ချမှတ်ထား၏။ တရုတ်နိုင်ငံတွင်မူ ဤအတွေးအခေါ်များနှင့် လူတို့ကို သွန်သင်ပေးကာ ပုံသွင်းယူရန် ရိုးရာယဉ်ကျေးမှုကို အသုံးပြုသည်။ အရှေ့တိုင်းနှင့် အနောက်တိုင်းကြားတွင် ဤခြားနားချက် ရှိနေသော်လည်း သဘောသဘာဝအရကား အတူတူပင် ဖြစ်သည်။ နှစ်ခုစလုံးက လူတို့၏ အပြုအမူနှင့် ကိုယ်ကျင့်တရားကို ကန့်သတ်ပြီး ထိန်းညှိရန် ဆိုရိုးစကားများကို အသုံးပြုကြ၏။ သို့သော် အနောက်တိုင်း နိုင်ငံများ၏ တရားဥပဒေများပင် ဖြစ်စေ၊ အရှေ့တိုင်း၏ ရိုးရာယဉ်ကျေးမှုပင် ဖြစ်စေ အားလုံးသည် လူ့အပြုအမူနှင့် ကိုယ်ကျင့်တရား အပြုအမူအပေါ် ချမှတ်ထားသော တောင်းဆိုချက်များနှင့် စည်းမျဉ်းများသာ ဖြစ်သည်။ ဤစံသတ်မှတ်ချက်များက လူတို့၏ အပြုအမူနှင့် ကိုယ်ကျင့်တရား အပြုအမူကိုသာ ထိန်းညှိပေး၏။ သို့သော် ထိုစံသတ်မှတ်ချက် တစ်ခုတလေက လူတို့၏ လူ့သဘာဝကို ဦးတည်ရည်ရွယ်ထားသလော။ မည်သည့်အပြုအမူများကို လူတစ်ဦး လက်တွေ့လုပ်သင့်ကြောင်းသာ ပြဋ္ဌာန်းထားသည့် စည်းမျဉ်းများကို ထိုလူ၏ လူ့သဘာဝအား အကဲဖြတ်ဖို့ စံနှုန်းများအဖြစ် အသုံးပြု၍ ရသလော။ (မရပါ။) “သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားပါ” ဟူသော ဆိုရိုးကို ငါတို့ကြည့်လျှင် ဆိုးယုတ်သော လူတချို့သည် သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားနိုင်စွမ်း ရှိသော်လည်း ၎င်းတို့ကို ၎င်းတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များ၊ ရည်မှန်းချက် ပန်းတိုင်များက တွန်းအားပေးခြင်း ဖြစ်သည်။ နတ်ဆိုးများက ကောင်းမှုအသေးစား တစ်ခုခုကို လုပ်သောအခါ ထိုသို့လုပ်ဆောင်ခြင်းအတွက် ၎င်းတို့တွင် ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ရည်မှန်းချက် ပန်းတိုင်များ ရှိနေဖို့ ပို၍ပင် ဖြစ်နိုင်ခြေ ရှိသည်။ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားကြသော လူတိုင်းသည် တရားမျှတစိတ်ကို ပိုင်ဆိုင်သည့် သမ္မာတရားကို ချစ်သောသူ ဖြစ်သည်ဟု သင်တို့ ထင်သလော။ တရုတ်နိုင်ငံ၌ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားကြသည့် သူများဟု ဆိုလေသော ကူညီဖေးမတတ်သည့် ပုဂ္ဂိုလ်များ သို့မဟုတ် လူချမ်းသာများထံမှ လုယက်ပြီး ဆင်းရဲသားများအား ပေးကမ်းကြသော လူများ သို့မဟုတ် အကာအကွယ်မဲ့သော လူစုများနှင့် ဒုက္ခိတများအား မကြာခဏ ကူညီပေးကြသော သူများ အစရှိသူတို့ကို ဥပမာယူကြည့်လော့။ ၎င်းတို့အားလုံး၌ လူ့သဘာဝ ရှိသလော။ ၎င်းတို့အားလုံးတွင် အပြုသဘောဆောင်သော အရာများကို ချစ်စိတ်နှင့် တရားမျှတစိတ် ရှိသလော။ (မရှိပါ။) အလွန်ဆုံးအားဖြင့် ၎င်းတို့သည် အတော်အတန် ပိုကောင်းသည့် စရိုက်လက္ခဏာ ရှိကြသော လူများသာ ဖြစ်၏။ ၎င်းတို့သည် သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားခြင်း ဟူသော ဤစိတ်ဓာတ်၏ အုပ်စိုးမှုကို ခံထားရသောကြောင့် မိမိတို့ထံ ပီတိ၊ ကိုယ်စိတ်ချမ်းသာမှုတို့ ယူဆောင်လာပေးပြီး မိမိတို့အား ပျော်ရွှင်သည့် စိတ်ခံစားချက်ကို အပြည့်အဝ မွေ့လျော်ခွင့် ပေးသော ကောင်းမှုအများအပြားကို လုပ်ဆောင်ကြသည်။ သို့သော် ထိုသို့သော အပြုအမူများကို လက်တွေ့လုပ်ခြင်းက ၎င်းတို့တွင် လူ့သဘာဝ ရှိသည်ဟု မဆိုလိုပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် ဝိညာဉ်ရေး အဆင့်တွင် ၎င်းတို့ လိုက်စားသောအရာ နှစ်ခုလုံးက မရှင်းလင်းသောကြောင့် ဖြစ်သည်။ အမျိုးအမည် မသိရဘဲ ပြောင်းလဲနိုင်သော အရာများ ဖြစ်နေသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ဤကောင်းသော ကိုယ်ကျင့်တရား အပြုအမူအပေါ် အခြေခံပြီး ၎င်းတို့ကို လူ့သဘာဝနှင့် အသိတရား ရှိသော လူများအဖြစ် မှတ်ယူ၍ ရသလော။ (မရပါ။) အကာအကွယ်မဲ့သည့် လူစုများနှင့် ဒုက္ခိတများကို ကူညီပေးပြီး သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားသည်ဟု ဆိုလေသော ဖောင်ဒေးရှင်းများနှင့် လူမှုဖူလုံရေး အေဂျင်စီများကဲ့သို့ အဖွဲ့အစည်းတချို့သည် အလွန်ဆုံးအားဖြင့် ၎င်းတို့၏ လူမှုရေး တာဝန်အနည်းငယ်ကို ဖြည့်ဆည်းနေခြင်းမျှသာ ဖြစ်သည်။ အများအမြင်တွင် ၎င်းတို့၏ပုံရိပ် တိုးတက်ကောင်းမွန်လာစေရန်၊ ၎င်းတို့ ပို၍ ထင်ပေါ်အောင် လုပ်ရန်၊ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားခြင်းဟူသော စိတ်ထားကို လိုရာဖြည့်ရန် ထိုအရာများကို ၎င်းတို့ လုပ်ကြခြင်း ဖြစ်သည်။ ဤအရာက “လူ့သဘာဝကို ၎င်းတို့ ပိုင်ဆိုင်သည်” ဟူ၍ ရည်ညွှန်းသော အဆင့်ကို လုံးဝဥဿုံ မမီပေ။ ထို့အပြင် ၎င်းတို့ ပီတိခံစားလိုသဖြင့် ကူညီပေးသော ထိုလူများသည်လည်း အမှန်တကယ် အကူအညီ လိုအပ်ကြသလော။ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားသည့် လုပ်ရပ်ကိုယ်၌က တရားမျှတသလော။ ထိုသို့ မလွဲမသွေဖြစ်ခြင်းမျိုး ဟုတ်ချင်မှဟုတ်ပေမည်။ လူ့အဖွဲ့အစည်းအနှံ့ ဖြစ်ပွားနေသော အမျိုးစုံသည့် အဖြစ်အပျက် ကြီးငယ်မှန်သမျှကို သင်သည် အချိန်အတန်ကြာ စစ်ကြောကြည့်လျှင် ယင်းတို့ထဲမှ အဖြစ်အပျက်တချို့မှာ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို လူတို့ခံစားကြသော ကိစ္စသက်သက်သာ ဖြစ်ကြောင်း တွေ့ရလိမ့်မည်။ အခြားဖြစ်ရပ်များစွာတွင်မူ လူ့အဖွဲ့အစည်း၏ နောက်ထပ် မရေမတွက်နိုင်သော လျှို့ဝှက်ချက်များနှင့် မကောင်းသည့် သွင်ပြင်လက္ခဏာများသည် သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို လူတို့ခံစားသော ဖြစ်စဉ်များနှင့် နှီးနွှယ်ဆက်စပ်နေကြောင်း သင်တွေ့ရလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားခြင်းနောက်ကွယ်တွင် ထင်ပေါ်ကျော်ကြားဖို့နှင့် ကျန်သော လူများထက် ပိုသာဖို့ဖြစ်စေ၊ လူမှုရေးကိုယ်ကျင့်တရားများကို လိုက်နာပြီး ဥပဒေ မချိုးဖောက်ဖို့ဖြစ်စေ၊ လူ့အဖွဲ့အစည်း တစ်ခုလုံးမှ ပို၍ အပြုသဘောဆောင်သော အကဲဖြတ်ချက်ကို ရရှိဖို့ဖြစ်စေ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက် ပန်းတိုင်များ ရှိနေသည်။ မည်သို့ကြည့်ကြည့် သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားခြင်းသည် လူ၏ အပြင်ပန်း အပြုအမူများထဲမှ တစ်ခုသာ ဖြစ်ပြီး အလွန်ဆုံးအားဖြင့် ကောင်းသော ကိုယ်ကျင့်တရား အပြုအမူတစ်မျိုးနှင့်သာ ညီမျှသည်။ ဘုရားသခင် တောင်းဆိုသော ပုံမှန်လူ့သဘာဝနှင့် လုံးဝ ပတ်သက်မှု မရှိပေ။ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားနိုင်စွမ်း ရှိသူများသည် ရည်မှန်းချက် မည်မည်ရရ တစ်ခုမျှ မရှိသော သာမန်လူများ ဖြစ်နေနိုင်သည်။ သို့မဟုတ် လူ့အဖွဲ့အစည်းတွင် အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်ကောင်း ဖြစ်နိုင်သည်။ အတော်အတန် ကြင်နာစိတ်ရှိသော လူများလည်း ဖြစ်နေနိုင်သည်။ သို့သော် မလိုမုန်းထားတတ်သည့် စိတ်နှလုံး ရှိသူများလည်း ဖြစ်ကောင်းဖြစ်နေနိုင်၏။ မည်သို့သော လူစားမျိုးမဆို ဖြစ်နေနိုင်သည်။ လူတိုင်းက ဤအပြုအမူကို တဒင်္ဂအခိုက်အတန့်တွင် လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိကြသည်ချည်းပင် ဖြစ်သည်။ ထို့ကြောင့် “သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားပါ” ဟူသည့် ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သော အဆိုသည် လူတို့၏ လူ့သဘာဝကို အကဲဖြတ်ရေး စံနှုန်းတစ်ခုအဖြစ် အရည်အသွေး ပြည့်မီခြင်း ဧကန်မုချ မရှိပေ။
“သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားပါ” ဟူသည့် ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သော ဤဆိုရိုးသည် စင်စစ်အားဖြင့် လူတို့၏ လူ့သဘာဝဆိုင်ရာ အနှစ်သာရကို ကိုယ်စားမပြုပေ။ လူတို့၏ သဘာဝ အနှစ်သာရတို့နှင့် မည်မည်ရရ ဆက်နွှယ်မှု မရှိပေ။ ထို့ကြောင့် တစ်စုံတစ်ဦး၏ လူ့သဘာဝ အရည်အသွေးကို အကဲဖြတ်ဖို့ ထိုဆိုရိုးကို အသုံးပြုခြင်းက သင့်လျော်မှု မရှိ။ သို့ဖြစ်လျှင် လူတစ်ဦး၏ လူ့သဘာဝကို အကဲဖြတ်ဖို့ မည်သည့်နည်းလမ်းက သင့်လျော်သည့် နည်းလမ်း ဖြစ်သနည်း။ အနည်းဆုံးအနေဖြင့် လူ့သဘာဝ ရှိသော လူတစ်ဦးသည် တစ်စုံတစ်ယောက်ကို ကူညီဖို့ မကူညီဖို့ သို့မဟုတ် မိမိ၏ တာဝန်များကို ဖြည့်ဆည်းဖို့ မဖြည့်ဆည်းဖို့ ဆုံးဖြတ်ရာတွင် ထိုသို့ပြုခြင်းက မိမိအား ပျော်အောင် လုပ်ပေးမည်၊ မလုပ်ပေးမည်အပေါ် အခြေမခံသင့်ပေ။ ထိုအစား သူ၏ ဆုံးဖြတ်ချက်ကို သူ၏ အသိတရားနှင့် ဆင်ခြင်တုံတရားအပေါ် အခြေခံထားသင့်သည်။ ထို့ပြင် သူသည် မည်သည့်အကျိုးကို မိမိရဖို့ ရှိသည် သို့မဟုတ် ထိုပုဂ္ဂိုလ်ကို ကူညီပေးခြင်းက မိမိအပေါ် မည်သည့် အကျိုးဆက်များ ရှိလာမည် သို့မဟုတ် အနာဂတ်တွင် မိမိအပေါ် မည်သည့်အကျိုးသက်ရောက်မှု ရှိလာနိုင်သည်တို့ကို ထည့်မတွက်သင့်ပေ။ သူ့အနေနှင့် ဤအရာတစ်ခုတလေကိုမျှ ထည့်မတွက်သင့်ဘဲ မိမိ၏ တာဝန်များကို ဖြည့်ဆည်းသင့်သည်။ သူတစ်ပါးကို ကူညီပေးသင့်သည်။ ဆင်းရဲဒုက္ခကို သူတစ်ပါးတို့ မတွေ့ကြုံမခံစားရလေအောင် ကာကွယ်တားဆီးပေးသင့်သည်။ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်တစ်ခုမျှ မရှိဘဲ ဖြူစင်သော နည်းလမ်းဖြင့် လူတို့ကို ကူညီပေးသင့်သည်။ ဤသည်မှာ လူ့သဘာဝကို အမှန်တကယ် ပိုင်ဆိုင်သော လူတစ်ဦးက လုပ်မည့်အရာ ဖြစ်သည်။ သူတစ်ပါးကို ကူညီရာ၌ လူတစ်ဦး၏ ရည်မှန်းချက် ပန်းတိုင်သည် မိမိကျေနပ်အားရဖို့ သို့မဟုတ် မိမိအတွက် ဂုဏ်သတင်းကောင်းကို ဖန်တီးယူဖို့ ဖြစ်နေလျှင် ဤတွင် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သော အရည်အသွေး ရှိနေ၏။ အသိတရားနှင့် ဆင်ခြင်တုံတရားကို အမှန်တကယ် ပိုင်ဆိုင်ထားသော လူများကမူ ဤနည်းဖြင့် ပြုမူကြမည် မဟုတ်ပေ။ သူတစ်ပါးတို့အပေါ် အစစ်အမှန် ချစ်ခင်စိတ် ရှိကြကုန်သော လူတို့သည် တစ်နည်းနည်း ခံစားလိုသည့် ၎င်းတို့ဆန္ဒကို ဖြည့်ဆည်းရန် တစ်ခုတည်းအတွက် မပြုမူကြ။ ထိုအစား ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းရန်၊ သူတစ်ပါးတို့အား ကူညီပေးဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ရန်သာ ထိုသို့ ပြုမူကြသည်။ ၎င်းတို့သည် ဆုလာဘ်ရဖို့အတွက် လူတို့ကို ကူညီပေးကြခြင်း မဟုတ်။ ၎င်းတို့တွင် အခြား ရည်ရွယ်ချက်များ သို့မဟုတ် စေ့ဆော်ချက်များ တစ်ခုမျှ မရှိချေ။ ဤနည်းဖြင့် ပြုမူခြင်းက ခက်ခဲနိုင်သော်လည်း၊ ၎င်းတို့သည် အခြားသူများ၏ ဝေဖန်အကဲဖြတ်ခြင်းကို ခံရနိုင်သော်လည်း သို့မဟုတ် အန္တရာယ် အနည်းငယ်ကိုပင် ရင်ဆိုင်ရနိုင်သော်လည်း ဤသည်မှာ လူတို့ ထမ်းဆောင်သင့်သော တာဝန်ဖြစ်ကြောင်း၊ လူတို့၏ ဝတ္တရား ဖြစ်ကြောင်း၊ ဤနည်းဖြင့် ၎င်းတို့ မပြုမူပါက အခြားသူများနှင့် ဘုရားသခင်အပေါ် ၎င်းတို့ တင်နေသည့် အကြွေးကို မဆပ်နိုင်ဘဲ ရာသက်ပန် နောင်တနှင့် နေရစ်သွားရမည် ဖြစ်ကြောင်းတို့ကို အသိအမှတ်ပြုကြသည်။ ထိုသို့ဖြစ်၍ ၎င်းတို့သည် တုံ့ဆိုင်းခြင်း မရှိဘဲ ရှေ့ဆက်လုပ်ဆောင်ကြသည်။ အစွမ်းကုန် လုပ်ကြသည်။ ကောင်းကင်ဘုံ၏ အလိုကို နာခံကြသည်။ ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းကြလေသည်။ အခြားလူများက ၎င်းတို့ကို မည်သို့ပင် ဝေဖန်အကဲဖြတ်သည်ဖြစ်စေ၊ အခြားလူများက ၎င်းတို့အား ကျေးဇူးတင်စိတ် ပြသပြီး ရိုသေလေးစားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လုပ်ဖို့ လိုအပ်သည့် မည်သည့်အရာမဆိုကို ထိုအခြားလူ လုပ်နိုင်အောင် ၎င်းတို့ကူညီပေးနိုင်စွမ်း ရှိနေသရွေ့၊ ၎င်းတို့၏ စိတ်နှလုံး အကြွင်းမဲ့ဖြင့် ထိုသို့ ကူညီပေးနေနိုင်သရွေ့ ၎င်းတို့သည် အားရကျေနပ်ကြပေလိမ့်မည်။ ဤနည်းလမ်းဖြင့် ပြုမူနိုင်စွမ်း ရှိကြကုန်သော သူတို့သည် အသိတရားနှင့် ဆင်ခြင်တုံတရားရှိကြသည်။ ကိုယ်ကျင့်စရိုက်နှင့် ကိုယ်ကျင့်တရား အပြုအမူ နယ်ပယ်၌သာ တွေ့ရသော အပြုအမူတစ်မျိုးမျှကိုသာ မဟုတ်ဘဲ လူ့သဘာဝ၏ သရုပ်သကန်များကို ၎င်းတို့ပိုင်ဆိုင်ကြသည်။ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားခြင်းသည် အပြုအမူ တစ်မျိုးသာ ဖြစ်သည်။ တစ်ခါတစ်ရံဆိုလျှင် သီးသန့် နောက်ခံ အခြေအနေတချို့တွင် ထွက်ပေါ်လာသော အပြုအမူတစ်ခုသာ ဖြစ်သည်။ လူတစ်ဦးသည် ဤသို့သော တဒင်္ဂ အပြုအမူမျိုး လုပ်ဆောင်ဖို့ သူ၏ ဆုံးဖြတ်ချက်ကို သူ၏ စိတ်နေစိတ်ထား၊ စိတ်ခံစားမှု၊ လူမှုပတ်ဝန်းကျင်တို့အပေါ်တွင်သာမက တိုက်ရိုက် ဆက်စပ်နေသည့် အခြေအနေအပြင် ထိုနည်းနှင့် ပြုမူခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးများ သို့မဟုတ် ဆိုးကျိုးများ ထွက်ပေါ်လာနိုင်သည်တို့အပေါ်တွင်ပါ အခြေခံ၍ ချမှတ်၏။ လူ့သဘာဝ ရှိကြသော သူတို့ကမူ လူတို့ကို ကူညီသည့်အခါ ဤအရာများကို ထည့်မတွက်ကြ။ ပို၍ အပြုသဘောဆောင်သော၊ ပုံမှန် လူ့သဘာဝ၏ အသိတရား၊ ဆင်ခြင်တုံတရားတို့နှင့် ပို၍ ကိုက်ညီသော အကဲဖြတ်ချိန်ဆသည့် စံနှုန်းတစ်ခုအပေါ် အခြေခံပြီး ဆုံးဖြတ်ချက် ချကြသည်။ တစ်ခါတစ်ရံ၌ လူတို့ကို ကူညီပေးခြင်းက ကိုယ်ကျင့်တရား၏ စံနှုန်းများနှင့် ကွဲလွဲဆန့်ကျင်နေသည့်အခါတွင် ၎င်းတို့သည် စွဲစွဲမြဲမြဲ ကူညီပေးနိုင်စွမ်းပင် ရှိကြသည်။ ကိုယ်ကျင့်တရား၏ စံသတ်မှတ်ချက်၊ အတွေးအခေါ်များနှင့် အမြင်များသည် လူတို့၏ တဒင်္ဂ အပြုအမူများကိုသာ ချုပ်ထိန်းနိုင်၏။ ဤအပြုအမူများက ကောင်းသလော သို့မဟုတ် ဆိုးသလော ဆိုသည့်အချက်သည် ထိုသူ၏ စိတ်နေစိတ်ထား၊ စိတ်ခံစားမှုများအပြင် သူ့အတွင်းရှိ အကောင်းနှင့် အဆိုး၊ သူ၏ ကောင်းသော သို့မဟုတ် ဆိုးသော တဒင်္ဂ ရည်ရွယ်ချက်များအပေါ် မူတည်၍ ပြောင်းလဲလိမ့်မည်။ သဘာဝအလျောက်ပင် လူမှုဝန်းကျင်အခြေအနေနှင့် လူမှုပတ်ဝန်းကျင်တို့သည်လည်း ထိုအချက်အပေါ် သက်ရောက်မှု ရှိလိမ့်မည်။ ဤအပြုအမူများထဲ၌ မစင်ကြယ်မှု အများအပြား ရှိနေသည်။ အားလုံးသည် အပေါ်ယံ အပြုအမူများ ဖြစ်၏။ တစ်စုံတစ်ဦးတွင် လူ့သဘာဝ ရှိမရှိကို လူတို့သည် ထိုအပြုအမူများ အသုံးပြုပြီး ချင့်ချိန်ကြည့်၍ မရပေ။ ယင်းနှင့် ဆန့်ကျင်လျက် တစ်စုံတစ်ဦးတွင် လူ့သဘာဝ ရှိမရှိကို ထိုသူ၏ လူ့သဘာဝ အနှစ်သာရ၊ သူလိုက်စားသောအရာ၊ သူ၏ ဘဝအပေါ် သဘောထားပုံနှင့် စံတန်ဖိုးစနစ်၊ သူလျှောက်သော လမ်းကြောင်း၊ သူ့ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုတို့၏ အရင်းခံအချက်အပေါ် အခြေခံပြီး ချင့်ချိန်ကြည့်ခြင်းက များစွာပို၍ မှန်ကန်တိကျပြီး လက်တွေ့ကျသည်။ ငါ့ကို ပြောလော့။ မည်သည့်အရာက သမ္မာတရားနှင့် ညီညွတ်သနည်း။ လူ့သဘာဝကို အကဲဖြတ်ခြင်း၏ အရင်းခံအချက်များလော၊ သို့တည်းမဟုတ် ကိုယ်ကျင့်တရား အပြုအမူကို အကဲဖြတ်ခြင်း၏ အရင်းခံအချက်များလော။ သမ္မာတရားနှင့် ညီညွတ်သည်မှာ ကိုယ်ကျင့်တရား အပြုအမူကို အကဲဖြတ်ရေး စံနှုန်းများလော သို့မဟုတ် တစ်စုံတစ်ဦး၌ လူ့သဘာဝရှိမရှိ အကဲဖြတ်ရေး စံနှုန်းများလော။ ဤစံနှုန်းများထဲမှ အဘယ်တစ်ခုက သမ္မာတရားနှင့် ညီညွတ်သနည်း။ အမှန်တကယ်တမ်းအားဖြင့် သမ္မာတရားနှင့် ညီညွတ်သည်မှာ တစ်စုံတစ်ဦး၌ လူ့သဘာဝရှိမရှိ အကဲဖြတ်ရေး စံနှုန်းများ ဖြစ်သည်။ ဤသည်မှာ သံသယရှိရန် မလိုသည်အထိ သေချာ၏။ လူတို့၏ ကိုယ်ကျင့်တရား အပြုအမူကို အကဲဖြတ်ရာ၌ သုံးသည့် အရာများကို စံသတ်မှတ်ချက်များအဖြစ် အသုံးပြု၍ မရသည့် အကြောင်းရင်းမှာ ထိုအရာများက ဖောက်လှဲဖောက်ပြန် ဖြစ်တတ်ကြသောကြောင့် ဖြစ်သည်။ ထိုအရာများသည် လူတို့၏ အပေးအယူများ၊ အကျိုးစီးပွားများ၊ ကြိုက်နှစ်သက်မှုများ၊ လိုက်စားမှုများ၊ စိတ်ခံစားမှုများ၊ ဆိုးယုတ်သော အတွေးများ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အစရှိသည့် မစင်ကြယ်မှု အများအပြားနှင့် ပြည့်နှက်နေသည်။ ထိုအရာများထဲ၌ အမှားများနှင့် မစင်ကြယ်မှုများ များလွန်းလှ၏။ ယင်းတို့သည် ရိုးစင်းဖြောင့်မှန်ခြင်း မရှိပေ။ ထို့ကြောင့် လူတို့ကို ချိန်ဆအကဲဖြတ်ရေး စံသတ်မှတ်ချက်များအဖြစ် အသုံးပြု၍ မရ။ ထိုအရာများသည် လူအထဲ စာတန်က သွတ်သွင်းထားသော အရာမျိုးစုံနှင့်ရော လူ၏ ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သော စိတ်သဘောထားကြောင့် ဖြစ်ပေါ်လာသည့် နောက်ထပ် အခြေအနေများနှင့်ပါ ပြည့်နှက်နေ၏။ ထို့ကြောင့် ယင်းတို့သည် သမ္မာတရား မဟုတ်ပေ။ အတိုချုပ် ပြောရလျှင် လူတို့သည် ကိုယ်ကျင့်တရား အပြုအမူ၏ ဤစံသတ်မှတ်ချက်များကို ပြည့်မီနိုင်ဖို့ လွယ်သည်ဟု ယူဆသည်ဖြစ်စေ၊ ခက်သည်ဟု ယူဆသည်ဖြစ်စေ၊ ထိုစံသတ်မှတ်ချက်များ၏ တန်ဖိုးက မြင့်မားသည် သို့မဟုတ် နိမ့်ကျသည် သို့မဟုတ် ပျမ်းမျှဖြစ်သည်ဟု မှန်းဆသည်ဖြစ်စေ မည်သို့ပင်ဖြစ်ဖြစ် ယင်းတို့အားလုံးက လူတို့၏ အပြုအမူကို ကန့်သတ်ပြီး ထိန်းညှိပေးသော ဆိုရိုးများသာ ဖြစ်သည်။ ယင်းတို့သည် လူ့ကိုယ်ကျင့်တရား အရည်အသွေး၏ အဆင့်ကိုသာ မီနိုင်သည်။ လူတစ်ဦး၏ လူ့သဘာဝကို ချင့်ချိန်အကဲဖြတ်ဖို့ သမ္မာတရားကို အသုံးပြုရမည်ဟူသည့် ဘုရားသခင်၏ တောင်းဆိုချက်နှင့် ဆက်နွှယ်မှု စိုးစဉ်းမျှ မရှိ။ လူ့သဘာဝရှိသူတို့ ပိုင်ဆိုင်သင့်ပြီး ဖြည့်ဆည်းသင့်သည့် အခြေခံအကျဆုံးသော စံနှုန်းများပင်လျှင် ယင်းတို့အထဲ၌ မပါချေ။ ယင်းတို့သည် ထိုအရာအားလုံးကို ပြည့်မီခြင်း မရှိ။ လူများကို ရှုမြင်သည့်အခါ လူသည် ထိုသူတို့၏ ၎င်းတို့၏ ကိုယ်ကျင့်တရား အပြုအမူ ပြသခြင်းများအား အကဲဖြတ်ရေးသာ အာရုံစိုက်ကြသည်။ ရိုးရာယဉ်ကျေးမှု၏ တောင်းဆိုချက်များနှင့် လုံးဝအညီသာ လူများကို ၎င်းတို့ရှုမြင်ပြီး အကဲဖြတ်သည်။ ဘုရားသခင်ကမူ လူတို့ကို ၎င်းတို့၏ ကိုယ်ကျင့်တရား အပြုအမူ ပြသချက်များအပေါ် အခြေခံ၍သာ မရှုမြင်ပေ။ ဘုရားသည် ၎င်းတို့လူ့သဘာဝ အနှစ်သာရအပေါ် အာရုံစိုက်သည်။ လူတစ်ဦး၏ လူ့သဘာဝ အနှစ်သာရ၌ အဘယ်အရာများ ပါဝင်သနည်း။ ထိုသူ၏ ကြိုက်နှစ်သက်မှုများ၊ အမှုအရာများကို သူ၏ ရှုမြင်ချက်များ၊ သူ၏ ဘဝအပေါ် သဘောထားပုံနှင့် စံတန်ဖိုးစနစ်၊ သူလိုက်စားသည့်အရာ၊ သူ့တွင် တရားမျှတစိတ် ရှိမရှိ၊ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို သူချစ်မြတ်နိုးခြင်း ရှိမရှိ၊ သမ္မာတရားကို သူ၏ လက်ခံနိုင်စွမ်းနှင့် နာခံနိုင်စွမ်း၊ သူရွေးချယ်သော လမ်းကြောင်း အစရှိသည်တို့ ပါဝင်သည်။ ဤအရာများနှင့်အညီ လူတစ်ဦး၏ လူ့သဘာဝ အနှစ်သာရကို အကဲဖြတ်ခြင်းသည် မှန်ကန်တိကျမှု ရှိ၏။ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားခြင်းအပေါ် ငါ၏ မိတ်သဟာယပြုချက်မှာ ပြီးသလောက် ရှိပေပြီ။ ကိုယ်ကျင့်တရား အပြုအမူကို အကဲဖြတ်ရန် နည်းလမ်းအပေါ်၊ ထို့အပြင် လူတို့ကို အကဲဖြတ်ခြင်းအတွက် ဘုရားသခင်၏ စံနှုန်းများနှင့် လူတို့ပြောသော ကိုယ်ကျင့်တရား အပြုအမူတို့ အကြားရှိ ခြားနားချက်အပေါ် ထိုးထွင်းသိမြင်ခြင်းအတွက် အခြေခံ စည်းမျဉ်းများကို ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သော အဆိုပါ တောင်းဆိုချက်နှစ်ခုအပေါ် ဤမိတ်သဟာယပြုချက်မှ တစ်ဆင့် သင်တို့ ယခု နားလည်ကြပြီလော။ (နားလည်ပါပြီ။)
ရိုးရာယဉ်ကျေးမှုက လူ့ကိုယ်ကျင့်တရား အပြုအမူအပေါ် ချမှတ်ထားသည့် တောင်းဆိုချက်နှစ်ချက်ဖြစ်သော “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” နှင့် “သူတစ်ပါးတို့အား ကူညီခြင်းဖြင့်ရရှိသည့် ပီတိကို ခံစားပါ” ဟူသည်တို့ကို ယခုလေးတင် ငါမိတ်သဟာယပြုခဲ့ပြီ။ ဤဆိုရိုးနှစ်ခုအပေါ် ငါ၏ မိတ်သဟာယပြုချက်မှ မည်သည့်အရာကို သင်တို့ သိနားလည်သွားသနည်း။ (လူတို့၏ ကိုယ်ကျင့်တရား အပြုအမူသည် သူတို့ လူ့သဘာဝ အနှစ်သာရနှင့် ဆက်စပ်မှု မရှိကြောင်း သိနားလည်ရပါသည်။ အလွန်ဆုံးအားဖြင့် ဤသို့သော ကိုယ်ကျင့်တရား အပြုအမူမျိုး ပြသကြသည့် လူတို့သည် သူတို့၏ ကိုယ်ကျင့်တရား အရည်အသွေးပိုင်းအရ ကောင်းသော အပြုအမူနှင့် သရုပ်သကန်တချို့ကို ပိုင်ဆိုင်ခြင်းသာ ဖြစ်ပါသည်။ သို့သော် ဤအရာက သူတို့တွင် လူ့သဘာဝ ရှိသည် သို့မဟုတ် လူသားပုံသဏ္ဌာန်ကို သူတို့ အသက်ရှင်နေထိုင်သည်ဟု မဆိုလိုပါ။ ဤကိစ္စကို အနည်းငယ် ပိုရှင်းရှင်းလင်းလင်း ကျွန်ုပ် နားလည်သွားပါသည်။) ကိုယ်ကျင့်တရား အပြုအမူကောင်းကို ပြသကြသော လူတို့၌ လူ့သဘာဝ သေချာပေါက် ရှိသည်ဟူ၍လည်း မဟုတ်ချေ။ ဤအရာကို လူတိုင်း အသိအမှတ်ပြုနိုင်၏။ တကယ့်အခြေအနေက အမှန်ပင် ထိုအတိုင်း ဖြစ်သည်။ လူအားလုံးသည် လူ့အဖွဲ့အစည်း၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနောက်ကို လိုက်ကြပြီး အသိတရားနှင့် ဆင်ခြင်တုံတရားတို့ တဖြည်းဖြည်း ပျောက်သွားကြလေပြီ။ လူအနည်းငယ်သာ လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်။ တစ်ခါက လူသွားစင်္ကြန်ပေါ် ကောက်တွေ့ရသည့် ပြားစေ့တစ်စေ့ကို ရဲလက်ထဲ အပ်ခဲ့ဖူးသော လူတိုင်းသည် လူကောင်းဖြစ်လာသလော။ ထိုသို့လည်း သေချာပေါက် မဟုတ်ပေ။ သူရဲကောင်းများအဖြစ် တစ်ကြိမ်တစ်ခါက ချီးကျူးခံရဖူးသူများသည်လည်း နောက်ပိုင်းတွင် မည်သို့သော အဆုံးသတ်ရလဒ်ကို ကြုံတွေ့ရသနည်း။ လူအားလုံးက ဤမေးခွန်းများ၏ အဖြေကို သူတို့စိတ်နှလုံးထဲတွင် သိကြသည်။ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို မကြာမကြာ ခံစားတတ်ကြသောသူများ၊ ဂုဏ်ပြုပန်းနီနီများ ဆင်မြန်းထားပြီး လူတို့၏ ထောမနာပြုခြင်းကို ခံရသောသူများဖြစ်သည့် လူမှုရေး ကိုယ်ကျင့်တရားပိုင်းတွင် စံတင်လောက်သူများနှင့် ကြီးကျယ်သော ပရဟိတဒါနရှင်များသည်လည်း မည်သို့ဖြစ်လာကြသနည်း။ သူတို့ အများစုသည် လူကောင်းများ မဖြစ်လာကြချေ။ သူတို့သည် ထင်ရှားကျော်ကြားလာဖို့ ကောင်းမှုအနည်းငယ်ကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြခြင်းသာ ဖြစ်သည်။ အမှန်အားဖြင့် သူတို့၏ တကယ့်အပြုအမူ၊ တကယ့်ဘဝ၊ တကယ့်အကျင့်စရိုက် အများစုက ထိုမျှလောက်လည်း လုံးဝ ကောင်းနေသည် မဟုတ်။ သူတို့ တကယ် ကျွမ်းကျင်သည့် တစ်ခုတည်းသော အရာမှာ မြှောက်ပင့်ပြောခြင်းနှင့် မျက်နှာလိုမျက်နှာရလုပ်ခြင်းသာ ဖြစ်သည်။ သူတို့သည် မိမိတို့၏ ဂုဏ်ပြုပန်းနီနီများကို ဖယ်လိုက်ပြီး လူမှုရေး ကိုယ်ကျင့်တရားပိုင်း၌ စံတင်လောက်သူ ဖြစ်ခြင်းဟူသော အပေါ်ယံ ရွှေမှုန်ကြဲအလွှာကို ခွာချလိုက်သောအခါ မည်ကဲ့သို့ ကျင့်ကြံပြုမူရမည် သို့မဟုတ် မိမိတို့ဘဝအား မည်ကဲ့သို့ ရှင်သန်သွားရမည်ကို သိပင် မသိကြချေ။ ဤတွင် အဘယ်အရာက ပြဿနာဖြစ်နေသနည်း။ သူတို့သည် လူ့အဖွဲ့အစည်းက သူတို့အပေါ် နှင်းအပ်ထားသော “ကိုယ်ကျင့်တရား စံတင်လောက်သူ” ဟူသည့် သရဖူ၏ ထောင်ချောက်ထဲ ကျော့ကွင်းမိသွားကြသည် မဟုတ်လော။ သူတို့ကိုယ်သူတို့ အဘယ်အရာဖြစ်သည်ကို တကယ်မသိကြချေ။ သူတို့သည် အလွန်အမင်း မြှောက်ပင့်ခံရသဖြင့် သူတို့ကိုယ်သူတို့ ကြီးမြတ်လွန်းလှသည်၊ သူတို့သည် သာမန်လူများ မဖြစ်နိုင်တော့ဟု စတင် တွေးထင်လာကြလေသည်။ ဤသို့ဖြင့် အဆုံး၌ သူတို့သည် မည်ကဲ့သို့ အသက်ရှင်ရမည်ကိုပင် မသိကြဘဲ သူတို့၏ နေ့စဉ် အသက်တာသည်လည်း လုံးဝ ဗြောင်းဆန်လာ၏။ တချို့ဆိုလျှင် နောက်ဆုံး၌ အရက်သေစာ အလွန်အကျွံ သောက်သုံးပြီး စိတ်ကျဝေဒနာ ခံစားလာရကာ မိမိတို့ကိုယ်ကို အဆုံးပင် စီရင်ကြလေသည်။ ဤအမျိုးအစားထဲ ကျရောက်နေသော လူများ ဧကန်အမှန် ရှိသည်။ သူတို့သည် ခံစားမှုတစ်ခုကို အမြဲတမ်း လိုက်ရှာနေကြသည်။ သူရဲကောင်းများနှင့် စံပြပုဂ္ဂိုလ်များ ဖြစ်ဖို့ သို့မဟုတ် ထင်ပေါ်ကျော်ကြားဖို့ သို့မဟုတ် ကိုယ်ကျင့်တရား အထူး ကောင်းမွန်သည့် အပိုင်း၌ အထွတ်အထိပ် ရောက်နေသောသူဖြစ်ဖို့ အမြဲတမ်း လိုလားနေကြသည်။ သူတို့သည် လက်တွေ့ဘဝကို ဘယ်သောအခါမျှ ပြန်မလာနိုင်ကြ။ လက်တွေ့ဘဝ၏ နေ့စဉ် လိုအပ်သောအရာများက သူတို့အတွက်မူ အမြဲတစေ စိတ်အနှောင့်အယှက် ဖြစ်ရပြီး စိတ်ဒုက္ခရောက်ရသည့် အကြောင်းတစ်ခု ဖြစ်နေသည်။ ဤဝေဒနာအား မည်သို့ဖယ်ရှားရမည် သို့မဟုတ် အသက်တာတွင် လမ်းမှန်အား မည်သို့ရွေးချယ်ရမည်ကို သူတို့မသိကြ။ ပီတိဖြာဖို့ ရှာပုံတော်ဖွင့်ရာ၌ တချို့က မူးယစ်ဆေးဝါးကို အားကိုးကုန်သည်။ အခြားလူများကမူ ဟာတာတာ ဖြစ်နေသည့် ခံစားချက်များမှ လွတ်မြောက်ဖို့ သူတို့ဘဝကို အဆုံးသတ်ပစ်ရန် ရွေးချယ်ကြသည်။ မိမိကိုယ်ကို အဆုံးမစီရင်ကြသည့် လူတချို့သည်လည်း နောက်ဆုံးတွင် များသောအားဖြင့် စိတ်ကျရောဂါကြောင့် သေဆုံးကုန်လေ့ရှိသည်။ ဤဖြစ်ရပ်၏ သာဓကများ အများအပြား မရှိသလော။ (ရှိပါသည်။) ဤသည်မှာ ရိုးရာယဉ်ကျေးမှုက လူတို့အပေါ် သက်ရောက်စေသည့် ထိခိုက်ပျက်စီးမှုမျိုး ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုသည် လူတို့အား လူ့သဘာဝအကြောင်း မှန်ကန်တိကျသည့် နားလည်မှုကို ရရှိခွင့် မပေးရုံ သို့မဟုတ် သူတို့လိုက်လျှောက်သင့်သည့် လမ်းမှန်ပေါ်သို့ လမ်းမပြပေးရုံသာ မဟုတ်ပေ။ ထိုမျှသာ မဟုတ်ဘဲ တကယ်တမ်း၌ လူတို့ကို လမ်းလွဲစေပြီး စိတ်လှည့်စားမှုနှင့် စိတ်ကူးယဉ် နယ်ပယ်သို့ ဦးတည်ပေး၏။ ဤအရာက လူတို့ကို ထိခိုက်ဖျက်ဆီးလေသည်။ အတော်အတန် နက်ရှိုင်းသည့် နည်းလမ်းဖြင့် ထိခိုက်ဖျက်ဆီးခြင်း ဖြစ်သည်။ တချို့ကမူ “အခြေအနေ အားလုံးတွင် ထိုသို့ ဖြစ်နေခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့ အဆင်ပြေနေသည်ပင် မဟုတ်ပါလော” ဟု ပြောကောင်း ပြောနိုင်သည်။ သင်တို့ ယခု အဆင်ပြေနေကြသည့် အချက်က ဘုရားကွယ်ကာပေးမှု၏ ရလဒ်ပင်ဖြစ်သည် မဟုတ်လော။ ဘုရားသခင်က သင်တို့ကို ရွေးချယ်ခဲ့ပြီး သင်တို့တွင် ဘုရား၏ ကွယ်ကာပေးမှု ရှိနေသောကြောင့်သာလျှင် သင်တို့သည် ဘုရား၏ အမှုကို လက်ခံနိုင်လောက်အောင် ကံကောင်းကြခြင်း ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ ဖတ်ရှုကာ စုဝေးပွဲများ တက်ရောက်ပြီး အပြန်အလှန် မိတ်သဟာယပြု၍ ဤအရပ်၌ မိမိတို့၏ တာဝန်ကို ထမ်းဆောင်နိုင်လောက်အောင် ကံကောင်းကြခြင်း ဖြစ်သည်။ ဘုရား၏ ကွယ်ကာပေးမှုကြောင့်သာလျှင် သင်တို့သည် ပုံမှန်လူတစ်ဦး၏ ဘဝကို ရှင်သန်နိုင်ပြီး နေ့စဉ် ဘဝ၏ ကဏ္ဍပေါင်းစုံကို ကိုင်တွယ် ဖြေရှင်းဖို့ ပုံမှန်ဆင်ခြင်တုံတရားကို ပိုင်ဆိုင်နိုင်ခြင်း ဖြစ်သည်။ သို့သော် သင်တို့၏ စိတ်အတွင်းပိုင်း နက်ရှိုင်းရာများ၌ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်နှင့် “သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားပါ” ဟူသော အတွေးအခေါ်နှင့် အမြင်များ ရှိနေသေးကြောင်းကိုမူ ငြင်း၍ မရ။ တစ်ချိန်တည်းတွင် သင်တို့သည် လူသားမျိုးနွယ်ထံမှ လာသော ဤအတွေးအခေါ်နှင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ စံသတ်မှတ်ချက်များ၏ အကျဉ်းချမှုကို ခံနေရဆဲပင် ဖြစ်သည်။ ဤအရာများ၏ အကျဉ်းချမှုကို သင်တို့ခံနေရသည်ဟု ငါအဘယ်ကြောင့် ပြောသနည်း။ အကြောင်းမှာ အသက်တာ၌ လျှောက်လှမ်းဖို့ သင်တို့ရွေးချယ်သော လမ်းကြောင်း၊ သင်တို့၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုများ၏ ဦးတည်ချက်နှင့် စည်းမျဉ်းများ၊ လူများနှင့် အမှုအရာများကို သင်တို့ရှုမြင်သည့် စည်းမျဉ်းများ၊ နည်းစနစ်များ၊ စံသတ်မှတ်ချက်များ အစရှိသည်တို့ အားလုံးသည် အဆိုပါအတွေးအခေါ်နှင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ စံသတ်မှတ်ချက်များ၏ လွှမ်းမိုးမှု သို့မဟုတ် ကန့်သတ်ချုပ်ချယ်မှုနှင့် ထိန်းချုပ်မှုတို့ကိုပင် မတူညီသော အတိုင်းအတာ အမျိုးမျိုးအထိ ခံနေရဆဲ ဖြစ်သောကြောင့် ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကမူ လူများနှင့် အမှုအရာများကို သင်တို့၏ ရှုမြင်ချက်အတွက်၊ သင်တို့၏ ပြုမူကျင့်ကြံမှုနှင့် လုပ်ဆောင်မှုတို့အတွက် အရင်းခံအချက်နှင့် စံသတ်မှတ်ချက်များ မဖြစ်လာသေးချေ။ လက်ရှိတွင် သင်တို့သည် အသက်တာ၌ မှန်သော ဦးတည်ချက်ကိုသာ ရွေးချယ်ရသေးသည်။ ထို့ပြင် သမ္မာတရား လိုက်စားသည့် လမ်းကို စတင်လျှောက်လှမ်းဖို့ စိတ်ဆန္ဒ၊ ရည်မှန်းချက်၊ မျှော်လင့်ချက်တို့ သင်တို့၌ ရှိသည်။ သို့သော် လက်တွေ့၌မူ သင်တို့အများစုသည် ဤလမ်းကြောင်းပေါ် လုံးဝ မလျှောက်လှမ်းကြသေး။ တစ်နည်းဆိုရလျှင် လူအတွက် ဘုရားသခင် ပြင်ဆင်ပေးထားသော လမ်းမှန်ပေါ်သို့ သင်တို့သည် ခြေပင် မချကြသေးပေ။ တချို့က “ကျွန်ုပ်တို့သည် လမ်းမှန်ပေါ်သို့ ခြေမချရသေးဆိုလျှင် ကျွန်ုပ်တို့၏ တာဝန်များကို ထမ်းဆောင်နိုင်စွမ်း ရှိနေဆဲ ဖြစ်နေသည်မှာ အဘယ်ကြောင့်နည်း” ဟု ပြောလိမ့်မည်။ ဤသည်မှာ လူ၏ ရွေးချယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အသိတရားနှင့် စိတ်ပိုင်းဖြတ်ချက်တို့၏ ရလဒ်ဖြစ်သည်။ ယခုတွင် သင်သည် ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း ပူးပေါင်းလုပ်ဆောင်ပြီး တိုးတက်အောင် အကောင်းဆုံး ကြိုးစားနေသည်။ သို့သော်လည်း တိုးတက်အောင် ကြိုးစားနေရုံနှင့် သမ္မာတရားကို လိုက်စားသည့် လမ်းပေါ် သင်ခြေချပြီး ဖြစ်သည်ဟု အဓိပ္ပာယ်မရပေ။ ဤသို့ဖြစ်ရသည့် အကြောင်းရင်းတစ်ခုမှာ သင်တို့သည် ရိုးရာယဉ်ကျေးမှုက သင်တို့ကို စွဲမှတ်အောင် သွန်သင်ပေးထားသော အတွေးအခေါ်များ၏ လွှမ်းမိုးမှုကို ခံနေရဆဲ ဖြစ်သောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်နှင့် “သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားပါ” ဟူသော အဆိုများအား ငါမိတ်သဟာယပြုပြီး ဖော်ထုတ်ပြသည်ကို ကြားနာပြီးသည့်နောက် သင်တို့သည် ထိုအဆိုများ၏ အနှစ်သာရကို ကောင်းကောင်း နားလည်သွားနိုင်သည်။ သို့သော် သုံးလေးရက် အကြာတွင်မူ သင်တို့စိတ်က ပြောင်းသွားနိုင်၏။ သင်တို့သည် ဤသို့ တွေးလာနိုင်သည်။ “‘ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်’ ဟူသည့် အဆိုနှင့် ပတ်သက်၍ အဘယ်အရာကများ အလွန်ဆိုးဝါးနေသနည်း။ ကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲ မထည့်သော လူများကို ငါနှစ်သက်မိခြင်းသာ ဖြစ်သည်။ အနည်းဆုံး အနေဖြင့် သူတို့သည် လောဘမကြီးကြ။ ‘သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားပါ’ ဟူသည်ကရော အဘယ်အရာများ မှားနေသနည်း။ ယုတ်စွအဆုံး သင်အကူအညီ လိုအပ်သည့်အခါ လက်ကမ်းကာ ကူညီပေးမည့် တစ်စုံတစ်ဦးကို အားထား၍ ရသည်ပင်။ ဤသည်မှာ ကောင်းသောအရာ ဖြစ်၏။ လူတိုင်း လိုအပ်သော အရာလည်း ဖြစ်သည်။ ထို့အပြင် မည်သို့ပင် ကြည့်ကြည့် သူတစ်ပါးတို့အား ကူညီပေးခြင်းဖြင့် လူတို့ ပီတိဖြာတတ်ခြင်းက ကောင်းသောအရာ၊ အပြုသဘောဆောင်သော အရာသာလျှင် ဖြစ်သည်။ ငါတို့ ဆောင်ရွက်ရမည့် တာဝန်ဖြစ်သည်။ ထိုအရာကို သွားမဝေဖန်သင့်” ဟူ၍ ဖြစ်သည်။ သင်တွေ့သလော။ လှုပ်နိုးခံရပြီးသည့်နောက် သုံးလေးရက် အကြာတွင်ပင် တစ်ညတာ အိပ်စက်လိုက်ရုံနှင့် သင်ပြောင်းလဲသွားဖို့ လုံလောက်၏။ တစ်ညတာ အိပ်စက်လိုက်ရုံနှင့် သင်သည် ယခင်က ရှိနေခဲ့သည့် နေရာဆီသို့ ပြန်ရောက်သွားလိမ့်မည်။ ရိုးရာယဉ်ကျေးမှု၏ အကျဉ်းချမှုအောက် နောက်တစ်ဖန် ပြန်ရောက်သွားလိမ့်မည်။ တစ်နည်းတစ်ဖုံ ဆိုရလျှင် သင်၏ စိတ်အတွင်းပိုင်း နက်ရှိုင်းရာထဲတွင် ခိုအောင်းနေသော ဤအရာများသည် သင်၏ အတွေးအခေါ်များနှင့် အမြင်များအပြင် သင်ရွေးချယ်သော လမ်းကိုပါ မကြာမကြာ လာလွှမ်းမိုးတတ်သည်။ ထိုအရာများက သင့်အပေါ် လွှမ်းမိုးနေသည့် တစ်ချိန်တည်းတွင်ပင် အသက်တာ၌ လမ်းမှန်ပေါ် ခြေချလိုသည့် သင့်ဆန္ဒ၊ သမ္မာတရားကို လိုက်စားသည့် လမ်းပေါ် စတင်လျှောက်လှမ်းလိုသည့် သင့်ဆန္ဒ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်၏ အရင်းခံအချက် ဖြစ်နေပြီး သမ္မာတရားက သင်၏ စံသတ်မှတ်ချက် ဖြစ်နေသည့် လမ်းကြောင်းကို အသက်တာတွင် လျှောက်လိုသည့် သင့်ဆန္ဒတို့ကို သင်မဖြည့်ဆည်းနိုင်အောင်လည်း သင့်အား အမြဲတစေ ချုပ်ချယ်ပြီး တားဆီးနေမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ ဤလမ်းကြောင်းကို လျှောက်လှမ်းဖို့ သင်အလွန်အမင်း လိုလားနေလျှင်ပင်၊ ထိုသို့ လျှောက်လှမ်းဖို့ သင်တောင့်တပြီး စိတ်လှုပ်ရှားနေလျှင်ပင်၊ ထိုအတွက် ရက်နှင့်ချီ တွေးတောကာ ကြိုတင်စီစဉ်ပြီး သန္နိဋ္ဌာန်များ ချမှတ်၍ ဆုတောင်းနေလျှင်ပင် ကိစ္စရပ်များက သင်ဖြစ်စေချင်သလို ဖြစ်လာဦးမည် မဟုတ်။ ဤသို့ဖြစ်ရသည့် အကြောင်းရင်းမှာ ရိုးရာယဉ်ကျေးမှု၏ ဤသွင်ပြင်လက္ခဏာများက သင်၏ စိတ်နှလုံး နက်ရှိုင်းရာထဲတွင် အလွန်အမင်း ခိုင်မာစွာ အမြစ်တွယ်လွန်းနေပြီး ဖြစ်သောကြောင့် ဖြစ်သည်။ တချို့ကမူ “ဤသည်မှာ မမှန်ပါ။ ရိုးရာယဉ်ကျေးမှုက လူတို့၏ စိတ်နှလုံးထဲတွင် အလွန်အမင်း နက်ရှိုင်းစွာ အမြစ်တွယ်နေသည်ဟု ကိုယ်တော်ပြောသည်။ သို့သော် ထိုအရာက မှန်သည်ဟု ကျွန်ုပ်မထင်ပါ။ ကျွန်ုပ်မှာ နှစ်ဆယ်ကျော်ကျော်လေးသာ ရှိပါသေးသည်။ ခုနစ်ဆယ်၊ ရှစ်ဆယ်ကျော် အရွယ်လည်း မဟုတ်ပါ။ သို့ဖြစ်၍ ဤအရာများက ကျွန်ုပ်၏ စိတ်နှလုံးထဲ၌ အဘယ်သို့လျှင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး ဖြစ်မည်နည်း” ဟု ပြောနိုင်သည်။ ဤအတွေးအခေါ်များက သင့်စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး ဖြစ်သည်ဟု ငါအဘယ်ကြောင့် ပြောသနည်း။ တွေးကြည့်လော့။ သင်မှတ်မိသည့် အစောဆုံး အချိန်မှစ၍ သင်သည် မိဘများက ထိုသို့သော အတွေးအခေါ်များကို သင့်အထဲသို့ မသွတ်သွင်းပေးခဲ့လျှင်ပင် မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ဖို့ အစဉ်အမြဲ ဆန္ဒပြင်းပြနေခဲ့သည် မဟုတ်လော။ ဥပမာအားဖြင့် လူအများစုသည် သူရဲကောင်းများအကြောင်း ပါသည့် ရုပ်ရှင်များ ကြည့်ပြီး ဝတ္ထုများ ဖတ်ရသည်ကို နှစ်သက်ကြသည်။ သူတို့သည် ဤဇာတ်လမ်းများထဲက နစ်နာသူများကို အလွန်အမင်း စာနာကြပြီး အခြားလူများကို ထိခိုက်အနာတရ ဖြစ်စေသော လူကြမ်းများနှင့် ရက်စက်သည့် ဇာတ်ကောင်များကိုမူ စက်ဆုပ်ကြသည်။ ဤသို့သော နောက်ခံအနေအထားမျိုးနှင့် ကြီးပြင်းလာရသည့်အခါ သင်သည် ယေဘုယျ လူ့ဘောင်အဖွဲ့အစည်းက စုပေါင်း သဘောတူထားသည့် အရာများကို မသိစိတ်မှ လက်ခံလေသည်။ သို့ဖြစ်လျှင် သင်သည် ထိုအရာများကို အဘယ်ကြောင့် လက်ခံခဲ့ရသနည်း။ အကြောင်းမှာ လူတို့သည် သမ္မာတရားကို ပိုင်ဆိုင်လျက်သားနှင့် မွေးဖွားလာခဲ့ခြင်း မဟုတ်သည့်အပြင် သူတို့၌ အမှုကိစ္စများကို ပိုင်းခြားသိမြင်နိုင်သည့် မွေးရာပါ အစွမ်းအစ မရှိကြသောကြောင့် ဖြစ်သည်။ သင်သည် ဤပင်ကို အသိစိတ်ကို မပိုင်ဆိုင်ပေ။ လူသားတို့ ပိုင်ဆိုင်သော ပင်ကို အသိစိတ်မှာ ကောင်းသောအရာ၊ အပြုသဘောဆောင်သော အရာ၊ တက်ကြွသော အရာများကို မွေးရာပါ ကြိုက်နှစ်သက်လိုစိတ်သာ ဖြစ်သည်။ ဤတက်ကြွပြီး အပြုသဘောဆောင်သော အရာများက သင့်ကို ပိုကောင်းအောင် လုပ်ဆောင်ဖို့နှင့် ကောင်းမွန်ပြီး သူရသတ္တိ ရှိကာ ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာဖို့ ဆန္ဒပြင်းပြစေသည်။ အများအမြင်နှင့် လူမှုရေး ကိုယ်ကျင့်တရားများမှ အရင်းခံလာသည့် ဆိုရိုးများနှင့် သင်ထိတွေ့ရသောအခါ ဤအရာများက သင်၏ စိတ်နှလုံးထဲတွင် တဖြည်းဖြည်းနှင့် စတင်၍ ရုပ်လုံးပေါ်လာသည်။ ရိုးရာယဉ်ကျေးမှု၏ ကိုယ်ကျင့်တရားမှ လာသည့် အဆိုများက သင့်ထံ စိမ့်ဝင်လာပြီး သင့်အတွင်းကမ္ဘာထဲ ဝင်ရောက်လာသည်နှင့် သင်၏ စိတ်နှလုံးတွင် အမြစ်တွယ်ကာ သင်၏ ဘဝကို စတင် စိုးမိုးခြယ်လှယ်တော့သည်။ ဤသို့ ဖြစ်ပျက်သောအခါ သင်သည် ဤအရာများကို ပိုင်းခြားသိမြင်ခြင်း သို့မဟုတ် အတိုက်အခံလုပ်ခြင်း သို့မဟုတ် ငြင်းပယ်ခြင်းတို့ မရှိဘဲ ထိုအစား ထိုအရာများကို လိုအပ်သည်ဟု နက်နက်နဲနဲ ခံစားရလေသည်။ သင်၏ ပထမဆုံး လုပ်ဆောင်ချက်က ဤဆိုရိုးများ၏ အလိုအတိုင်း လိုက်လုပ်ဖို့ပင် ဖြစ်နေသည်။ ယင်းမှာ အဘယ်ကြောင့်များနည်း။ အဘယ်ကြောင့်ဆိုသော် ဤဆိုရိုးများက လူတို့၏ အကြိုက်များ၊ အယူအဆများနှင့် စပ်ဟပ်လှသောကြောင့်၊ လူတို့၏ ဝိညာဉ်ရေးရာ လောကဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီနေသောကြောင့် ဖြစ်သည်။ ရလဒ်အနေဖြင့် သင်သည် ဤအဆိုများကို သတိဖြင့် တားဆီးကာကွယ်ခြင်း လုံးဝဥဿုံ မရှိဘဲ အလိုအလျောက် လက်ခံ၏။ တဖြည်းဖြည်းနှင့် သင်သည် မိသားစု၏ ပျိုးထောင်ပေးမှုမှတစ်ဆင့်၊ ကျောင်းတွင်း ပညာရေးမှတစ်ဆင့်၊ သင်ကိုယ်တိုင်၏ စိတ်ကူးအမြင်များနှင့်တကွ လူ့အဖွဲ့အစည်း၏ ပုံစံသွင်းမှုနှင့် အယူဝါဒ သွတ်သွင်းမှုတို့မှတစ်ဆင့် ဤဆိုရိုးများက အပြုသဘောဆောင်သော အရာများဖြစ်သည်ဟု အဆုံးတွင် နက်နက်ရှိုင်းရှိုင်း လက်ခံယုံကြည်သွားတော့သည်။ အချိန်ကာလ၏ ပြုပြင်မွမ်းမံပေးမှုမှတစ်ဆင့်သာမက တဖြည်းဖြည်းနှင့် သင်သည် အသက်အရွယ် ရလာသည်နှင့်အမျှ ဆက်စပ်သည့် အခြေအနေနှင့် အနေအထားမျိုးစုံတွင် ဤဆိုရိုးများကို လိုက်နာဖို့၊ လူသားများက မွေးရာပါ ပိုနှစ်သက်ပြီး ကောင်းမွန်သည်ဟု ယုံကြည်ထားကြသည့် ဤအရာများကို လိုက်နာဖို့ သင်ကြိုးပမ်းလေသည်။ ထိုအရာများက သင့်အတွင်း၌ တိုး၍ တိုး၍ ရုပ်လုံးပေါ်လာပြီး သင့်အတွင်းတွင် ပို၍ ပို၍ အမြစ်စွဲလာသည်။ တစ်ချိန်တည်းတွင် ဤအရာများက သင်၏ ဘဝအပေါ် သဘောထားပုံနှင့် သင်ရရှိအောင် အားထုတ်နေသည့် ပန်းတိုင်များကို စိုးမိုးခြယ်လှယ်လာ၏။ လူများနှင့် အမှုအရာများကို သင်အကဲဖြတ်သည့် စံနှုန်းများ ဖြစ်လာ၏။ ရိုးရာယဉ်ကျေးမှုမှ လာသည့် ဤဆိုရိုးများက လူတို့အတွင်း၌ ရုပ်လုံးပေါ်လာသည်နှင့် ဘုရားသခင်နှင့် သမ္မာတရားအား ခုခံဖို့ ၎င်းတို့ကို ဦးတည်ပေးသည့် အခြေခံ သတ်မှတ်ချက်များ အားလုံးသည် ခြေကုပ်နေရာယူသွားပြီ ဖြစ်သည်။ လူတို့သည် ထိုသို့ လုပ်ဆောင်ဖို့ ကိုယ်ပိုင် အကြောင်းပြချက်များနှင့် ကိုယ်ပိုင် အရင်းခံအချက်များကို ရှာတွေ့ကြသည့်အလား ဖြစ်နေ၏။ သို့ဖြစ်၍ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အနှစ်သာရကို ဘုရားသခင်က ဖော်ထုတ်ပြပြီး လူတို့ကို အလျှံပယ် ပြစ်တင်ဆုံးမ၍ တရားစီရင်သည့်အခါ လူတို့တွင် ဘုရားသခင်နှင့် ပတ်သက်၍ အမျိုးစုံသော အယူအဆများ ဖြစ်ပေါ်လာလေသည်။ သူတို့ တွေးကြသည်မှာ “လူတို့က ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဟူသည်နှင့် ‘ကွပ်မျက်ပြီးသား လူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့် နေရာတိုင်းတွင် သက်ညှာပါ’ ဟူသည်ကို မကြာခဏ ပြောတတ်ကြ၏။ သို့ဖြစ်၍ ဘုရားသခင်သည် အဘယ်ကြောင့် ထိုကဲ့သို့ ပြောနိုင်ရသနည်း။ ဤသည်မှာ ဧကန်အမှန် ဘုရားသခင် ဖြစ်သလော။ ဘုရားသခင်ကမူ ထိုကဲ့သို့ ပြောဆိုမည် မဟုတ်။ ဘုရားသခင်သည် အမြင့်ဆုံးသော ရပ်တည်ချက်မှ ညင်သာသော လေသံဖြင့်၊ လူသားအားလုံးကို ဆင်းရဲဒုက္ခမှ လွတ်ကင်းစေသည့် ဗုဒ္ဓလေသံဖြင့်၊ ဗောဓိသတ်လေသံဖြင့် လူတို့ကို ပြောဆိုသင့်သည်။ ဘုရားသခင်သည် ထိုကဲ့သို့ ဖြစ်၏။ အလွန်တရာ ညင်သာပြီး ကြီးကျယ်ခမ်းနားလှသော ပုဂ္ဂိုလ်တော် ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤအတွေးအခေါ်၊ အမြင်နှင့် အယူအဆ တသီတသန်းကြီးသည် တရိပ်ရိပ် တိုးပွားနေသော ပမာဏနှင့် သင့်စိတ်နှလုံးထဲမှ ဒလဟော ဆက်တိုက် ထွက်လာသည်။ ဤသို့ဖြင့် အဆုံးတွင် သင်သည် နောက်ထပ် မခံရပ်နိုင်တော့ဘဲ ဘုရားသခင်ကို ပုန်ကန်ပြီး ခုခံဖို့ တစ်စုံတစ်ရာကို မရည်ရွယ်ဘဲ လုပ်မိလေတော့သည်။ ဤနည်းဖြင့် သင်သည် သင်၏ အယူအဆများနှင့် စိတ်ကူးအမြင်များကြောင့် ပျက်စီးခြင်းသို့ ရောက်ရသည်။ ဤအချက်မှ ငါတို့မြင်နိုင်သည်မှာ သင့်အနေနှင့် အသက်အရွယ်မည်မျှ ရှိနေသည်ဖြစ်စေ ရိုးရာယဉ်ကျေးမှု၏ သွန်သင်ချက်ကို လက်ခံရရှိထားကာ အရွယ်ရောက်ပြီးသူ တစ်ဦး၏ စိတ်စွမ်းရည်ကို ပိုင်ဆိုင်ထားသရွေ့ သင်၏ စိတ်နှလုံးသည် ရိုးရာယဉ်ကျေးမှု၏ ကိုယ်ကျင့်တရားနှင့် ဆိုင်သော ဤသွင်ပြင် လက္ခဏာများနှင့် ပြည့်နှက်နေမည် ဖြစ်ပြီး ထိုလက္ခဏာများက သင့်အတွင်းတွင် တဖြည်းဖြည်းနှင့် အမြစ်စွဲလာမည့် အချက်ပင် ဖြစ်သည်။ ထိုအရာများက သင့်ကို စိုးမိုးခြယ်လှယ်နှင့်ပြီး ဖြစ်သည်။ သင်သည်လည်း ဤအရာများအတိုင်း နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်လာခဲ့ပြီးပြီ ဖြစ်သည်။ သင်၏ အသက်တာနှင့် သင်၏ တကယ့် သဘာဝတို့သည် ရိုးရာယဉ်ကျေးမှု၏ ကိုယ်ကျင့်တရားနှင့် ဆိုင်သော ဤသွင်ပြင်လက္ခဏာများ၏ နေရာယူသိမ်းပိုက်ခြင်းကို ကြာမြင့်စွာကတည်းက ခံထားရပြီး ဖြစ်သည်။ ဥပမာ အသက် ငါးနှစ်၊ ခြောက်နှစ်အရွယ်မှ စ၍ သင်သည် သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားတတ်ဖို့ သင်ယူခဲ့ရသည်။ ကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲ မထည့်ဖို့ သင်ယူခဲ့ရသည်။ ဤအရာများက သင့်ကို လွှမ်းမိုးပြီး သင်၏ ပြုမူပုံပြုမူနည်းကို လုံးလုံးလျားလျား လမ်းညွှန်စေစားခဲ့သည်။ ယခု သက်လတ်ပိုင်းအရွယ် ရောက်နေသည့် လူတစ်ဦးအနေဖြင့် သင်သည် ဤအရာများအတိုင်း နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ပြီ ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် လူအပေါ် ဘုရားသခင် တောင်းဆိုထားသော စံနှုန်းများနှင့် ဝေးကွာလွန်းနေ၏။ ရိုးရာယဉ်ကျေးမှုက အားပေးမြှင့်တင်သော ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သည့် ဤဆိုရိုးစကားများကို လက်ခံခဲ့ချိန်မှစ၍ သင်သည် ဘုရားသခင်၏ တောင်းဆိုချက်များမှ ပို၍ ပို၍ သွေဖည်သွားခဲ့သည်။ သင်ကိုယ်တိုင်၏ လူ့သဘာဝ စံနှုန်းများနှင့် ဘုရားတောင်းဆိုသည့် လူ့သဘာဝ စံနှုန်းများအကြား ကွာဟချက်ကလည်း ကြီးသည်ထက် ကြီးထွားလာခဲ့သည်။ ရလဒ်အနေဖြင့် သင်သည် ဘုရားသခင်ထံမှ ပို၍ ပို၍ လမ်းလွဲသွား၏။ ဤအတိုင်းပင် ဖြစ်သည် မဟုတ်လော။ ဤစကားများကို သင်တို့အချိန်ယူကာ တွေးဆကြည့်ကြလော့။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။