အမှုတော်နှင့် ဝင်ရောက်ခြင်း (၃)

ဘုရားသခင်သည် လူသားများကို များစွာ တာဝန် ပေးစေခိုင်းခဲ့ပြီးဖြစ်သည့်အပြင် မရေမတွက်နိုင်သော နည်းလမ်း များဖြင့် လူသားများ၏ ဝင်ရောက်မှုအတွက်လည်း လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ သို့သော် လူတို့၏ အစွမ်းအစမှာ အလွန်နည်းသဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အများအပြားသည် သူတို့၌ အမြစ်တွယ်ခြင်း မရှိပေ။ ထိုကဲ့သို့ အစွမ်းအစအလွန်နည်းရသည့် အကြောင်းရင်း အမျိုးမျိုးရှိသည်။ ဥပမာအချို့မှာ လူသားတို့၏ အတွေးနှင့် အကျင့်စာရိတ္တ ယိုယွင်းပျက်စီးခြင်း၊ ကောင်းမွန်စွာ ပြုစုပျိုးထောင်မှု မခံခဲ့ရခြင်း၊ လူ၏နှလုံးသားထဲ၌ အလွန်စွဲမြဲစွာ အမြစ်တွယ်နေသော ရှေးရိုးစွဲ အယူစွဲမှုများ၊ လူတို့၏ အတွင်းနှလုံးသား နက်ရှိုင်းရာ၌ များစွာသော ဒုက္ခပြဿနာများ သိုထားစေခဲ့သည့် စာရိတ္တပျက်စီးယိုယွင်းနေသော အသက်ရှင် နေထိုင်ပုံများ၊ ယဉ်ကျေးမှုတစ်ခုကို အပေါ်ယံသာ နားလည်ခြင်း၊ ကိုးဆယ့်ရှစ်ရာခိုင်နှုန်းနီးပါးခန့်ရှိသော လူများက ယဉ်ကျေးမှုကို နားလည်ခြင်းနှင့်ဆိုင်သော ပညာရေး မရရှိသည့်အပြင် အရေအတွက်အားဖြင့် အလွန်နည်းသော လူတချို့သာ ယဉ်ကျေးမှု နှင့်ဆိုင်သော အဆင့်မြင့်ပညာရေးကို ရရှိနေခြင်းစသည့် အကြောင်းအရင်းများကြောင့် ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ဘုရားသခင် သို့မဟုတ် ဝိညာဉ်တော်က အဘယ်အရာကို ဆိုလိုသည်ကို လုံးဝ မသိကြဘဲ ရှေးရိုးစွဲ အယူစွဲမှုများမှတစ်ဆင့် သိလာသည့် မရေရာ၊ မရှင်းလင်းသော ဘုရားသခင်၏ ပုံသဏ္ဌာန်ကိုသာ သိကြသည်။ နှစ်ထောင်ပေါင်းများစွာ ရှိခဲ့သည့် “မြင့်မြတ်သော အမျိုးသားရေးစိတ်ဓာတ်” ကြောင့် နှလုံးသားထဲရှိ ပျက်စီးစေတတ်သော လွှမ်းမိုးမှုများကြောင့် လူတို့၏ အစွမ်းအစအလွန်နည်းခြင်းဖြစ်သည်။ ထို့အပြင် လွတ်လပ်ခွင့် နည်းနည်းမျှမရှိ၊ ပြင်းပြသည့် ဆန္ဒ၊ ဇွဲလုံ့လနှင့် တိုးတက်အောင် လုပ်လိုသည့် ဆန္ဒလည်းမရှိဘဲ ကျွန်တစ်ဦးကဲ့သို့သော စိတ်ထား မျိုးစွဲကာ တက်ကြွစွာ စတင်လုပ်ဆောင်လိုခြင်းမရှိဘဲ၊ နောက်သို့ ပြန်သွားလိုသည့် သူများအဖြစ်ဆက်နေပြီး ရှေးရိုးစွဲ အတွေးအခေါ်များ၏ ချည်နှောင်မှုကို ခံရခြင်း စသည်တို့ ကြောင့်လည်း လူတို့၏ အစွမ်းအစအလွန်နည်းခြင်း ဖြစ်သည်။ ဤမှန်သော အချက်အလက်များကြောင့် လူသားများ၏ အတွေးအမြင်၊ စံများ၊ ကျင့်ဝတ်နှင့် စိတ်သဘောထားတို့သည် ဖျောက်ဖျက်၍ မရသည့် ညစ်ညမ်းသော အသွင်သဏ္ဌာန်၊ အကျည်းတန်သော အသွင်သဏ္ဌာန်ဖြင့် ကျန်ရစ်ခဲ့သည်။ လူသားများသည် အကြမ်းဖက်သမားများ၏ အမှောင်ကမ္ဘာ၌ နေထိုင်နေသည်ဟု ထင်ရပြီး မည်သူကမျှ ထူးကဲသာလွန်ဖို့ မကြိုးစားကြသည့်အပြင် စံထားရလောက်သည့် ကမ္ဘာသို့ ပြောင်းရွှေ့နေထိုင်ဖို့ မစဉ်းစားကြ။ ထိုသို့မစဉ်းစားဘဲ အသက်တာ၌ မိမိတို့ရှိသည့် အခြေအနေနှင့် ကျေနပ်နေကြသည်။ အသက်တာ၌ သားသမီးများမွေး၍ ပြုစုပျိုးထောင်ဖို့၊ ကြိုးစားအားထုတ်ဖို့၊ ချွေးထွက်သည်အထိ အလုပ်လုပ်ဖို့၊ ဟိုဟိုဒီဒီ သွားလာအလုပ်လုပ်ဖို့၊ သက်သောင့်သက်သာရှိ၍ ပျော်ရွှင်ဖွယ်ကောင်းသည့် မိသားစုကို ပိုင်ဆိုင်ဖို့၊ မိမိတို့၏ အိမ်ထောင်ဖက်ကို ချစ်ခင်နှစ်သက်ဖို့၊ နောင်လာနောင်သား သားသမီးများ ရရှိဖို့၊ အသက်တာ၏ နေဝင်ချိန် နှစ်များတွင် ပျော်ရွှင်မှုကို ရရှိဖို့ အိပ်မက်မက်ပြီး ငြိမ်းချမ်းစွာ အသက်ရှင်နေထိုင်ဖို့တို့ကို လုပ်ဆောင်ကာ သူတို့၏ နေ့ရက်များကို ကုန်လွန်စေဖို့ ကျေနပ်ကြသည်။ နှစ်ပေါင်းထောင်သောင်းချီသည့် အချိန်မှစပြီး ယနေ့ထိတိုင် လူတို့သည် ထိုအရာများကို လုပ်ဆောင်ပြီး ၎င်းတို့၏ အချိန်ကို ဖြုန်းတီးနေကြသည်။ မည်သူကမျှ စုံလင်သည့် အသက်တာကို မဖန်တီးကြ။ အောင်မြင်မှု၊ ချမ်းသာကြွယ်ဝမှုတို့ကို အပြိုင်အဆိုင်ရယူဖို့ကြိုးစားရင်း တစ်ဦးနှင့် တစ်ဦး ဒုက္ခပေးဖို့ ကြံစည်ကာ ဤအမှောင်ကမ္ဘာ၌ အချင်းချင်း အပြန်အလှန် သတ်ဖြတ်ဖို့သာ အားလုံးက စိတ်ပိုင်းဖြတ်ထား ကြသည်။ ဘုရားသခင်၏ ဆန္ဒသည် မည်သည့်အရာဖြစ်သည်ကို မည်သူ ရှာဖွေဖူးပါသနည်း။ ဘုရားသခင်၏ အလုပ်ကို ဂရုစိုက်ဖူးသူ ရှိသလော။ အမှောင်စွမ်းအား၏ နေရာယူခြင်းခံထားရသော လူသားများ၌ ရှိသည့် အရာများအားလုံးသည် လူ့သဘာဝ ဖြစ်လာသည်မှာ ကြာခဲ့ပြီဖြစ်သောကြောင့် ဘုရားသခင်၏ အလုပ်ကို လုပ်ရန် အလွန်ခက်ခဲလှသည်။ ယနေ့ ဘုရားသခင်က လူတို့ကို တာဝန်ပေးစေခိုင်းထားသည့်အရာများကို အရေးစိုက်ဖို့ လူတို့သည် အာရုံစိုက်လိုစိတ် သာ၍ပင် မရှိကြပေ။ မည်သို့ပင်ဖြစ်စေ ငါပြောနေသည့် အကြောင်းအရာသည် နှစ်ပေါင်းထောင်ချီကြာသည့် သမိုင်းဖြစ်သောကြောင့် ဤနှုတ်ကပတ်တော်များကို ငါမြွက်ဆိုခြင်းနှင့်ပတ်သက်၍ လူတို့ ငါ့အပေါ် စိတ်ရှိကြမည်မဟုတ်ဟု ငါယုံကြည်သည်။ သမိုင်းဟု ငါပြောသောအခါ၌ အချက်အလက်များနှင့် လူအားလုံးသိကြသည့် ကျော်မကောင်း၊ ကြားမကောင်း အကြောင်းအရာများကို ငါဆိုလိုသည်။ သို့ဖြစ်၍ အချက်အလက်များနှင့် မကိုက်ညီသော အကြောင်းအရာများကို ပြောခြင်းသည် အကျိုးမရှိသည့် လုပ်ရပ်ဖြစ်သည် မဟုတ်လော။ သို့သော် ဆင်ခြင်တုံတရားရှိသောသူများသည် ဤနှုတ်ကပတ်တော်များကို မြင်တွေ့သောအခါ နိုးထလာကြပြီး တိုးတက်အောင် ကြိုးစားကြလိမ့်မည်ဟုလည်း ငါယုံကြည်သည်။ လူသားများသည် ရောင့်ရဲမှုရှိပြီး ငြိမ်းချမ်းစွာ နေထိုင်၊ လုပ်ကိုင်ကာ ဘုရားသခင်ကိုလည်း တစ်ချိန်တည်းမှာ ချစ်နိုင်ကြလိမ့်မည်ဟု ဘုရားသခင်က မျှော်လင့်သည်။ လူသားများအားလုံး အနားယူနိုင်ဖို့သည် ဘုရားသခင်၏ ဆန္ဒဖြစ်သည်။ ထို့အပြင် မြေတစ်ပြင်လုံးကို ဘုရားသခင်၏ ဘုန်းနှင့် ပြည့်စေဖို့သည် ဘုရားသခင်၏ ကြီးမားသည့် ဆန္ဒဖြစ်သည်။ လူတို့သည် သတိလက်လျော့ရှိနေကြပြီး မနိုးထဘဲနေကြသည်မှာ ရှက်ဖွယ်ကောင်းသည့် အရာတစ်ခုဖြစ်သည်။ သူတို့သည် စာတန်၏ ဖျက်ဆီးမှုကို ဆိုးဆိုးရွားရွားခံရသောကြောင့် လူသားများ၏ အသွင်သဏ္ဌာန်ပင် မရှိကြတော့။ ထို့ကြောင့် လူ၏ အတွေး၊ အကျင့်စာရိတ္တနှင့် ပညာရေးတို့သည် အရေးကြီးသည့် အချိတ်အဆက်တစ်ခုအဖြစ် ဖြစ်ပေါ်လာပြီး လူသားများ၏ ယဉ်ကျေးမှုနှင့်သက်ဆိုင်သည့် အစွမ်းအစကို ပိုမိုမြှင့်တင်ရန်နှင့် သူတို့၏ ဝိညာဉ်ရေးရာအမြင်ကို ပြောင်းလဲပေးရန် ယဉ်ကျေးမှုကို နားလည်ခြင်းနှင့်ဆိုင်သော လေ့ကျင့်မှုသည် ဒုတိယအချိတ်အဆက်အဖြစ် ဖြစ်ပေါ်လာသည်။

အမှန်မှာ လူသားများအပေါ် ဘုရားသခင်၏ တောင်းဆိုမှုများမှာ မြင့်မားလှသည် မဟုတ်ပေ။ သို့သော် လူတို့၏ အစွမ်းအစသည် ဘုရားသခင် တောင်းဆိုသောစံနှင့် အလွန်ကွာဟလှသောကြောင့် လူအများစုသည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ကြည့်ရုံသာကြည့်ကြပြီး ထိုအရာများအတိုင်း ပြည့်မီအောင်လုပ်ဆောင်ဖို့ အစွမ်းအစ မရှိကြ။ လူတို့၏ မွေးရာပါ အရည်အချင်းများနှင့် ပင်ကိုအစွမ်းအစများသည် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ပြည့်မီဖို့ အလွန့်အလွန် လိုအပ်နေသေးသည်။ ဤအချက်ကို သတိပြုမိရုံ ပြုမိခြင်းသည် အောင်မြင်မှုကို သေချာပေါက်ရရှိမည့် ပြဿနာဖြေရှင်းသည့် နည်းလမ်းတစ်ခု မဟုတ်ပါ။ အဝေး၌ ရှိနေသည့် ရေသည် လတ်တလော ဆာငတ်မှုကို မဖြေသိမ့်နိုင်ပေ။ လူတို့သည် မိမိတို့ကိုယ်ကို မြေမှုန့်ထက် နိမ့်ကျသူများအဖြစ် သိလျှင်ပင် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ပြည့်မီအောင်လုပ်ခြင်းငှာ ရှေ့သို့ တက်လှမ်းဖို့မဆိုနှင့်၊ ဘုရားသခင် စိတ်ကျေနပ်အောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားခြင်း မရှိလျှင် မိမိတို့ကိုယ်ကို မြေမှုန့်ထက် နိမ့်ကျသူများအဖြစ် သိသော အသိသည် မည်သည့် တန်ဖိုးရှိသနည်း။ ယင်းသည် ရေစစ်ဖြင့် ရေခပ်သကဲ့သို့ ဖြစ်သည် မဟုတ်လော၊ အချည်းအနှီး ကြိုးစားအားထုတ်ခြင်း မဟုတ်လော။ ငါပြောနေသည့် အကြောင်းအရာများထဲမှ အရေးအကြီးဆုံးအချက်မှာ ဝင်ရောက်မှုနှင့် ဆိုင်သည်။ ထိုအချက်သည် အဓိကကျသည့် အကြောင်းအရာဖြစ်သည်။

လူ့ဘဝသည် ဝင်ရောက်နေသည့် ကာလ၌ အမြဲပင် ပျင်းစရာကောင်းတတ်သည်၊ ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်း သို့မဟုတ် စုဝေးခြင်း စသည်တို့ဖြင့် ဝိညာဉ်အသက်တာသည် ငြီးငွေ့ဖွယ်ရာများနှင့် အမြဲပြည့်နေတတ်သည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်း သည် ကြီးကြီးမားမား ဝမ်းမြောက်ဖွယ်မရှိဟု လူတို့ အမြဲ ခံစားရကြသည်။ ဝိညာဉ်ရေးရာနှင့်ဆိုင်သည့် ထိုသို့သော လုပ်ဆောင်မှုများသည် စာတန်ဖျက်ဆီးထားသည့် လူ့မူလ စိတ်သဘောထားဖြင့် လူတို့ အမြဲလုပ်ဆောင်လေ့ရှိသော အရာများ ဖြစ်သည်။ လူတို့သည် တစ်ခါတစ်ရံ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို လက်ခံရရှိနိုင်သော်လည်း သူတို့၏ ပင်ကို အတွေးအခေါ်၊ စိတ်သဘောထား၊ အသက်ရှင်မှုပုံစံများနှင့် အမူအကျင့်တို့သည် အထဲ၌ အမြစ်တွယ်လျက် ရှိနေသေးသည်။ ထို့ကြောင့် သူတို့၏ စရိုက်သည် မပြောင်းလဲပေ။ လူတို့ လုပ်ဆောင်ကြသည့် အယူသီးသည့် လုပ်ဆောင်မှုများသည် ဘုရားသခင် အမုန်းဆုံး အရာများဖြစ်သည်။ သို့သော် လူတော်တော် များများသည် ထိုအရာများကို စွန့်လွှတ်နိုင်စွမ်း မရှိသေးပေ။ အယူသီးသည့် အဆိုပါ လုပ်ဆောင်မှုများသည် ဘုရားသခင် စေခိုင်းသည့် အရာများဖြစ်သည်ဟု တွေးထင်ကြပြီး ယနေ့တိုင် ထိုအရာများကို လုံးလုံးလျားလျား မစွန့်လွှတ်နိုင်သေးပေ။ လူငယ်များ စီစဉ်ကြသည့် မင်္ဂလာဆောင်အတွက် စားသောက်ပွဲများ၊ သတို့သမီး အဆင်တန်ဆာများ စသည့်အရာများ၊ ငွေ လက်ဆောင်များ၊ ညစာစားပွဲများ၊ ပျော်ရွှင်ဖွယ် အချိန်သမယများကို ကျင်းပသည့် အလားတူ လုပ်ဆောင်မှုများ၊ ဘိုးဘွားများက လက်ဆင့်ကမ်းပေးသည့် ပုံသေနည်းများ၊ သေသူကိုယ်စား လုပ်ဆောင်သည့် အဓိပ္ပာယ်မဲ့သည့် အယူသီးသော လုပ်ဆောင်မှုများ နှင့် အသုဘအခမ်းအနားများ စသည့်အရာများသည် ဘုရားသခင် အတွက် သာ၍ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အရာများဖြစ်သည်။ ဝတ်ပြုရာနေ့သည်ပင်လျှင် (ဘာသာရေးလောကမှ စောင့်ထိန်းသည့် ဥပုသ်နေ့အပါအဝင်) ဘုရားသခင်အတွက် စက်ဆုပ်ရွံရှာဖွယ် ဖြစ်သည်။ လူတစ်ဦးနှင့် တစ်ဦးအကြားရှိ ဆက်ဆံရေးနှင့် လောကီဆန်သော အပြန်အလှန် ပေါင်းသင်းဆက်ဆံမှုများ အားလုံးသည် ဘုရားသခင် လုံးဝ မနှစ်သက်သောအရာများ၊ ဘုရားသခင်က လက်မခံသော အရာများ ဖြစ်သည်။ လူတိုင်းသိကြသည့် နွေဦးပွဲတော်နှင့် ခရစ်စမတ်နေ့တို့နှင့်ဆိုင်သော ကစားစရာအရုပ်များ၊ တန်ဆာဆင်မှုများ (ဆင်တူပစ္စည်းများ၊ နှစ်သစ်ကူးကိတ်မုန့်၊ မီးရှူးမီးပန်းများ၊ မီးပုံးများ၊ ခရစ်စမတ် လက်ဆောင်များ၊ ခရစ်စမတ်ပွဲများနှင့် သန့်ရှင်းသော ပွဲတော်စားပွဲ) အကြောင်းကို မဆိုထားနှင့် ထိုပွဲတော်များကို ကျင်းပဖို့သည်ပင်လျှင် ဘုရားသခင်က မစေခိုင်းခဲ့ပါ။ ဤအရာများသည် လူတို့၏ စိတ်ထဲ၌ရှိသော ရုပ်တုဆင်းတုများ မဟုတ်လော။ ဥပုသ်နေ့၌ ချိုးဖဲ့သော ပေါင်မုန့်၊ စပျစ်ရည်နှင့် အထည်အကောင်းစားတို့ သည်လည်း လူတို့အတွက် ရုပ်တုဆင်းတုများကဲ့သို့ ဖြစ်သည်မှာ သာ၍ပင် ရှင်းလင်းပေါ်လွင်လှသည်။ တရုတ်နိုင်ငံ၌ လူသိများသော ရိုးရာပွဲတော်များဖြစ်သည့် နဂါးခေါင်းမြှင့်တင်သည့်နေ့၊ နဂါးလှေ ပွဲတော်၊ ဆောင်းဦးအလယ်ပွဲတော်၊ လားဘာပွဲတော်၊ နှစ်သစ်ကူးနေ့ စသည့် ပွဲတော်များအားလုံးနှင့် ဘာသာရေးလောကမှ အခြား ပွဲတော်များဖြစ်သည့် အီစတာပွဲတော်၊ ဗတ္တိဇံခံသည့်နေ့၊ ခရစ်စမတ်နေ့ စသည့် မလျော်ကန်သော ပွဲတော်များအားလုံးသည် ရှေးကတည်းက ယနေ့ထိတိုင် လူတော်တော်များများက လက်ဆင့်ကမ်း ကျင်းပခဲ့ကြသည့် ပွဲတော်များဖြစ်သည်။ ထိုပွဲများ အားလုံးသည် ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်နှင့် လားလားမျှ သဟဇာတ မဖြစ်သော ပွဲများဖြစ်သည်။ လူသားများ၏ စိတ်ကူးစိတ်သန်း ကြွယ်ဝမှုနှင့် တီထွင်တတ်သော စိတ်ကူးများ ကြောင့် လူတို့သည် ထိုပွဲတော်များကို ယနေ့တိုင် လက်ဆင့်ကမ်း ကျင်းပနေကြခြင်းဖြစ်သည်။ ထိုအရာများအားလုံးသည် အပြစ်ကင်း သည့်အရာများဟု ထင်ရသော်လည်း အမှန်မှာ လူသားများအပေါ်၌ စာတန်လုပ်ဆောင်သော လှည့်စားမှုများဖြစ်သည်။ နေရာ တစ်နေရာ၌ စာတန်များ ပြည့်နှက်နေလေလေ၊ ထိုနေရာသည် သာ၍ ခေတ်နောက်ကျရုံသာမက ခေတ်နောက်ပြန်ဆွဲသောနေရာ ဖြစ်လေလေ၊ ထိုနေရာ၌ ခေတ်နောက်ကျသော ဓလေ့ထုံးစံများ သာ၍ နက်ရှိုင်းစွာ အမြစ်တွယ်လေလေဖြစ်သည်။ ထိုအရာများသည် လူတို့ လုံးဝမလှုပ်ရှားနိုင်အောင် တင်းကျပ်စွာ ချည်နှောင်ထားသည်။ ဘာသာရေးလောကမှ ပွဲတော်အများအပြားသည် မူလအစပြုခဲ့သည့် အချိန်ကအတိုင်း ဖြစ်သည်ဟု ထင်ရသည်၊ ဘုရားသခင်၏ အလုပ်နှင့် ဆက်စပ်ပေးသည့် ပေါင်းကူးတံတားကို ဖန်တီးပေး သည်ဟု ထင်ရသည်။ သို့သော် အမှန်မှာ အဆိုပါပွဲတော်များသည် ဘုရားသခင်ကို လူများမသိအောင် စာတန်က ချည်နှောင်ထားသော မမြင်နိုင်သည့်ကြိုးများဖြစ်သည်။ ထိုပွဲတော်များအားလုံးသည် စာတန်၏ ကောက်ကျစ်သော မဟာဗျူဟာများ ဖြစ်သည်။ အမှန်မှာ ဘုရားသခင်၏ လုပ်ငန်းအဆင့်တစ်ခု ပြီးသောအချိန်၌ ဘုရားသခင်သည် ထိုကာလ၌ အလုပ်လုပ်ပုံနှင့် ထိုကာလ၌ အသုံးပြုခဲ့သည့် အရာများကို ခြေရာ၊ လက်ရာတစ်ခုမျှ မချန်ဘဲ ဖျက်ဆီးလိုက်ပြီးဖြစ်သည်။ သို့သော်လည်း “ဘာသာတရား အလွန် ရိုသေကိုင်းရှိုင်းသော ယုံကြည်သူများ” သည် ထိုရုပ်ဝတ္ထု ပစ္စည်းများကို ဆက်လက် ကိုးကွယ်နေကြသည်။ ထိုအချိန် အတောအတွင်း၌ သူတို့သည် ဘုရားသခင်၌ ရှိသော အရာများ အကြောင်း သိသော်လည်း အလေးထား ဆင်ခြင်ခြင်း မရှိ၊ ဆက်လက်၍လည်း မလေ့လာကြ။ သူတို့သည် ဘုရားသခင်၏ မေတ္တာတရားနှင့် ပြည့်ဝနေကြသည်ဟု ထင်ရသော်လည်း အမှန်မှာ သူတို့သည် ဘုရားသခင်ကို သူတို့၏အိမ်မှ နှင်ထုတ်ခဲ့ကြပြီး စာတန်ကို စားပွဲပေါ်တင် ကိုးကွယ်နေခဲ့ကြသည်မှာ အချိန်အတန် ကြာပြီ ဖြစ်သည်။ ယေရှု၏ ရုပ်ပုံ၊ လက်ဝါးကပ်တိုင်၊ မာရိ၊ ယေရှု၏ ဗတ္တိဇံနှင့် နောက်ဆုံးသော ညစာစားပွဲစသည့်အရာများကို လူတို့သည် ကောင်းကင်နိုင်ငံ၏သခင်အဖြစ် သဘောထားကာ အလေးအမြတ်ထားကြသည်။ ထိုသို့လုပ်နေစဉ်တလျှောက်လုံးတွင် “အဖဘုရား” ဟု အကြိမ်ကြိမ်အော်ခေါ်ကြသည်။ ဤအရာများ အားလုံးသည် ရယ်ဖွယ်ရာကောင်းလှသည် မဟုတ်လော။ ယနေ့ထိတိုင် လူသားများအကြား မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ လက်ဆင့်ကမ်းလာခဲ့ကြသည့် ခပ်ဆင်ဆင် ဆိုရိုး စကားများနှင့် ဓလေ့ထုံးစံများသည် ဘုရားသခင်အတွက် မုန်းတီးဖွယ်ကောင်းသည့် အရာများဖြစ်သည်။ ထိုအရာများသည် ဘုရားသခင် ရှေ့ဆက်သွားမည့်လမ်း၌ ဆိုးဆိုးဝါးဝါး အဟန့်အတားဖြစ်စေသည့် အရာများ၊ လူတို့၏ ဝင်ရောက်မှုကို အကြီးအကျယ် အဟန့်အတားဖြစ်စေသည့် အရာများဖြစ်သည်။ စာတန်က လူသားများကို မည်မျှ ဖျက်ဆီးထားသည်ကို ထည့်မစဉ်းစားလျှင်ပင် လူတို့၏ အတွင်း၌ သက်သေခံလီ၏ ပညတ်ကဲ့သို့သော အရာများ၊ လောရင့်စ်၏ အတွေ့အကြုံ၊ စောင့်ကြည့်သူနီ၏ ကွင်းဆင်းသုတေသနပြုမှုများ၊ ပေါလု၏ လုပ်ဆောင်မှုများတို့နှင့် လုံးဝပြည့်နှက်နေသည်။ လူသားများ အပေါ်၌ ဘုရားသခင် အလုပ်လုပ်နိုင်ရန်အတွက် နည်းလမ်း လုံးဝမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အတွင်း၌ မိမိကိုယ်ကိုယ် အလွန်အားကိုးကြသောကြောင့်၊ ပညတ်တရားများ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ ဥပဒေများ၊ စနစ်များကဲ့သို့သော အရာများနှင့် ပြည့်နေသောကြောင့် ဖြစ်သည်။ လူတို့၏ ရှေးရိုးစွဲ အယူသီးမှုများအတိုင်း လုပ်ဆောင်လိုမှုအပြင် ထိုအရာများသည် လူသားများကို ဖမ်းဆီးချုပ်နှောင်ကာ ဝါးမျိုထားသောကြောင့် ဖြစ်သည်။ လူတို့၏ အတွေးများသည် အရောင်အသွေး စုံလင်စွာ မြင်ရပြီး တိမ်စီးသည့် ထူးထူးဆန်းဆန်း သက်ရှိသတ္တဝါများပါသည့် ဒဏ္ဍာရီနတ်သမီးပုံပြင် တစ်ပုဒ်ကို ပြနေသော စိတ်ဝင်စားစရာ ရုပ်ရှပ်ဇာတ်လမ်းတစ်ခုလို ဖြစ်သည်။ စိတ်ကူးစိတ်သန်း အလွန်ကောင်းသောကြောင့် လူများကို တအံ့တသြ ဆွံ့အ သွားစေသည့် ဇာတ်လမ်းတစ်ခုလို ဖြစ်သည်။ အမှန်ကို ပြောရမည်ဆိုလျှင် ဘုရားသခင် ယနေ့ လာလုပ်သည့် အလုပ်သည် အဓိကအားဖြင့် လူသားများ၏ အယူသီးသည့် ပင်ကိုစရိုက် လက္ခဏာများကို ကိုယ်တွယ်ဖြေရှင်း ပပျောက်စေပြီး ၎င်းတို့၏ စိတ်သဘောထားအမြင်ကို လုံးလုံးလျားလျား ပြောင်းလဲစေဖို့ ဖြစ်သည်။ ဘုရားသခင်၏ အလုပ်သည် မျိုးဆက်များမှတစ်ဆင့် လူသားတို့ လက်ဆင့်ကမ်းထားသော အမွေအနှစ်ကြောင့် ယနေ့ထိတိုင် မတည်တံ့ခဲ့ပါ။ ဝိညာဉ်ရေးရာ၌ အလွန်အားကြီး သူတစ်ဦး၏ အမွေကိုရဖို့မလိုဘဲ သို့မဟုတ် ဘုရားသခင်က အခြားခေတ်ကာလတစ်ခု၌ လုပ်ဆောင်ခဲ့သည့် မည်သည့် ကိုယ်စားပြုအလုပ် တစ်ခုကိုမျှ ဆက်ခံရန်မလိုဘဲ ဘုရားသခင် ကိုယ်တိုင် အစပြုကာ ပြီးစီးအောင်လုပ်ခဲ့သည့် အလုပ်ဖြစ်သည်။ လူသားများသည် ထိုအရာများအကြောင်း လုံးဝ စိတ်ပူဖို့ မလိုပေ။ ယနေ့ ဘုရားသခင် စကားပြောသည့်ပုံနှင့် အလုပ်လုပ်သည့် ပုံသည် အရင်လိုမဟုတ်ဘဲ ကွဲပြားသော အသွင်တစ်မျိုး ဖြစ်သည်။ ထို့ကြောင့် လူသားများသည် အဘယ်ကြောင့် ကိုယ့်ဒုက္ခကိုယ် ရှာသင့်သနည်း။ လူသားများသည် ၎င်းတို့၏ ဘိုးဘေးများ၏ အမွေကို ဆက်လက် ထိန်းသိမ်းရင်း လက်တလော ရေစီးကြောင်းအတွင်း၌ ယနေ့ အသက်ရှင်လျှောက်လှမ်းကြလျှင် သူတို့သည် သူတို့၏ ပန်းတိုင်ကို ရောက်ကြမည် မဟုတ်ပေ။ ဘုရားသခင်သည် ထိုသို့သော အပြုအမူကို အလွန်ပင် ရွံရှာသည်၊ လူ့လောက၏ နေ့၊ လ၊ နှစ်များကို စက်ဆုပ်ရွံရှာသလိုပင် ဖြစ်သည်။

လူ့စိတ်သဘောထားကို ပြောင်းလဲဖို့အတွက် အကောင်းဆုံးနည်းမှာ သူတို့၏ အတွင်းနှလုံးသားထဲ၌ အကြီးအကျယ် အဆိပ်ခတ်ထားခြင်းခံရသည့် အစိတ်အပိုင်းများကို ပြန်ကောင်းအောင်လုပ်ပြီး လူတို့၏ အတွေးနှင့် အကျင့်သိက္ခာကို သူတို့ကိုယ်တိုင် စတင်ပြောင်းလဲနိုင်အောင် အခွင့်ပေးရန်ဖြစ်သည်။ ပထမဦးဆုံးအနေနှင့် ဘာသာရေးဓလေ့ထုံးစံများ၊ ဘာသာရေး လှုပ်ရှားမှုများ၊ နှစ်များ၊ လများနှင့် ပွဲများသည် ဘုရားသခင်အတွက် မုန်းတီးဖွယ်ကောင်းသည့် အရာများဖြစ်ကြောင်းကို လူတို့မြင်ဖို့ လိုအပ်သည်။ သူတို့သည် ထိုသို့ရှေးဆန်သော အတွေးအခေါ်များ၏ ချုပ်နှောင်မှုများမှ ရုန်းထွက်ပြီး အရိုးစွဲနေသည့် အယူသီးမှုများ အတိုင်း လုပ်ဆောင်လိုစိတ်တိုင်းကို လုံးလုံးလျားလျား ဖယ်ဖျောက် သင့်သည်။ ထိုအရာများအားလုံးသည် ဝင်ရောက်ရန်အတွက် လူသားများ လုပ်ဆောင်ရမည့် အရာများဖြစ်သည်။ ဘုရားသခင်သည် လူသားများအား အဘယ်ကြောင့် လောကီကမ္ဘာမှ ဦးဆောင်ခေါ်ထုတ်သွားကြောင်း၊ အဘယ်ကြောင့် စည်းမျဉ်း၊ စည်းကမ်းများနှင့် ဝေးရာသို့ ဦးဆောင်ခေါ်ထုတ်သွားကြောင်းကို သင်တို့နားလည်ရမည်။ ထိုသို့နားလည်ခြင်းသည် ဂိတ်တံခါးတစ်ခု ကဲ့သို့ဖြစ်ပြီး ထိုတံခါးအားဖြင့် သင်တို့ဝင်လိမ့်မည်ဖြစ်သည်။ ဤအရာများသည် သင်တို့၏ ဝိညာဉ်ရေးနှင့်ဆိုင်သော အတွေ့အကြုံ နှင့် မည်သို့မျှ မပတ်သက်သော်လည်း အထက်ဖော်ပြပါ အရာများသည် သင်တို့၏ ဝင်ရောက်မှုကို ပိတ်ပင်တားဆီးနေသည့် အကြီးမားဆုံးသော အတားအဆီးများဖြစ်ကာ ထိုအတားအဆီးများ က သင်တို့ ဘုရားသခင်ကို မသိအောင် ဟန့်တားထားသည်။ ထိုအတားအဆီးများသည် လူတို့ကို ပိုက်ကွန်သဖွယ် ဖမ်းဆီး ချုပ်နှောင်ထားသည့် အရာများဖြစ်သည်။ လူတော်တော် များများသည် ကျမ်းစာကို အလွန်အကျွံဖတ်ကြပြီး ကျမ်းစာထဲမှ ကျမ်းပိုဒ်အမြောက်အမြားကို အလွတ်ရွတ်ဆိုနိုင်ကြသည်။ ယနေ့ သူတို့၏ ဝင်ရောက်မှုထဲ၌ လူတို့သည် ဘုရားသခင်၏အလုပ်ကို တိုင်းတာဖို့အတွက် ၎င်းတို့ကိုယ်တိုင်သတိမထားမိဘဲ ကျမ်းစာကို အသုံးပြုကာ ဘုရားသခင်၏ အလုပ်၌ လက်ရှိအဆင့်၏ အခြေခံသည် ကျမ်းစာ ဖြစ်သည့်အလား၊ လက်ရှိအဆင့်၏ ဇာစ်မြစ်သည် ကျမ်းစာဖြစ်သည့်အလား ပြုမူကြသည်။ ဘုရားသခင်၏ အလုပ်သည် ကျမ်းစာနှင့် ကိုက်ညီသောအခါ လူတို့သည် ဘုရားသခင်၏ အလုပ်ကို အားရပါးရ ထောက်ခံကြပြီး လေးစားသဘောကျကြသည်။ ဘုရားသခင်၏ အလုပ်သည် ကျမ်းစာနှင့် မကိုက်ညီသောအခါ၌မူ လူတို့သည် ချွေးစေးပြန်သည်အထိ အလွန်စိုးရိမ်ပူပန်တတ်ကြသည်။ ဘုရားသခင် အဘယ်ကြောင့် ထိုသို့အလုပ်လုပ်ကြောင်းကို ကျမ်းစာထဲ၌ ရှာဖွေကြသည်။ ဘုရားသခင်လုပ်သည့် အလုပ်ကို ကျမ်းစာ၌ မဖော်ပြထားလျှင် လူတို့သည် ဘုရားသခင်ကို လျစ်လျူရှုကြလေ့ရှိသည်။ ယနေ့ခေတ်အချိန်၌ လုပ်ဆောင်နေသော ဘုရားသခင်၏ အလုပ်နှင့် ပတ်သက်၍ ပြောရလျှင် လူအများစုသည် ဘုရားသခင်၏ အလုပ်ကို သတိထားပြီး လက်ခံကြသည်၊ မိမိတို့ နာခံလိုသည့် အချက်ကိုသာ ရွေးပြီးနာခံကြသည်၊ ဘုရားသခင်၏ အလုပ်အကြောင်းကို သိဖို့ဆိုလျှင် စိတ်မဝင်စားကြ၊ အတိတ်က အကြောင်းအရာများနှင့် ပတ်သက်လျှင်မူ လူအများစုသည် တစ်ဝက်ကို ဖက်တွယ်ထားပြီး တစ်ဝက်ကိုတော့ စွန့်လွှတ်တတ် ကြသည်ဟု ပြောနိုင်သည်။ ဤသို့ဖြစ်နေကြခြင်းကို ဝင်ရောက်မှုဟု ခေါ်နိုင်ပါသလော။ အခြားသူများ၏ စာအုပ်များကို ရတနာသဖွယ် ဖက်တွယ်ထားကာ နိုင်ငံတော်တံခါးကို ဖွင့်နိုင်သည့် ရွှေသော့သဖွယ် သဘောထားကြသည်။ ယနေ့ခေတ်၌ လူတို့သည် သူတို့အား ဘုရားသခင် မည်သည့်အရာကို လုပ်စေလိုကြောင်းကို သိလိုစိတ် လုံးဝမပြကြ။ ထို့အပြင် “ထက်မြက်သောပညာရှင်” တော်တော် များများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘယ်ဖက်လက် ၌ ကိုင်ထားပြီး အခြားသူများ၏ “အပြောင်မြောက်ဆုံးလက်ရာများ” ကို ညာဖက်လက်၌ ကိုင်ထားကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှန်ကန်ကြောင်းကို အပြည့်အဝ သက်သေပြရန်အတွက် ထိုလက်ရာများအထဲ၌ ဘုရားသခင်၏ မျက်မှောက် နှုတ်ကပတ်တော်များ၏ ဇာစ်မြစ်ကို ရှာဖွေတွေ့ရှိလို သည့်အလား ပြုမူကြသည်။ ထို့အပြင် အဆိုပါ အပြောင်မြောက်ဆုံး လက်ရာများက အလုပ်လုပ်နေသည့်အလား သူတို့သည် နှုတ်ကပတ်တော်များကို ထိုလက်ရာများနှင့်ပင် ပေါင်းစပ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြားသူများအား ရှင်းပြကြသည်။ အမှန်ကို ပြောရလျှင် လူသားများအကြား၌ ယနေ့ခေတ် သိပ္ပံနယ်ပယ်မှ နောက်ဆုံးပေါ် အောင်မြင်မှုများ၊ တစ်နည်းအားဖြင့်ဆိုသော် ယခင်က မည်သူကမျှ မလုပ်နိုင်ခဲ့ဖူးသည့် သိပ္ပံနယ်ပယ်မှ အောင်မြင်မှုများကို (ဆိုလိုသည်မှာ ဘုရားသခင်၏ အလုပ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အသက်ကို ဝင်စားဖို့အတွက်လမ်း) တစ်ကြိမ်တစ်ခါမျှ အထင်မကြီးဖူးသည့် “သိပ္ပံနယ်ပယ်မှ သုတေသနပညာရှင်များ” အများအပြားရှိသည်။ သို့ဖြစ်၍ လူအားလုံးသည် “ကိုယ့်ကိုယ်ကိုယ် အားကိုးနေကြသော” သူများဖြစ်ပြီး မိမိတို့၏ ပြောဆိုနိုင်စွမ်းကို အသုံးပြု၍ အကြီးအကျယ် “တရားဟော” ကာ “ဘုရားသခင်၏ နာမည်ကောင်း” ကို ဝါကြွားနေကြသည်။ ထိုသို့ဖြစ်နေစဉ်တွင် သူတို့၏ ကိုယ်ပိုင်ဝင်ရောက်မှုသည် အန္တရာယ်နှင့် ကြုံနိုင်သည့် အခြေအနေ၌ ရှိနေပြီး လက်ရှိအချိန်၌ ဖန်ဆင်းခံအရာများသည် ဘုရားသခင်နှင့် ဝေးကွာနေသလို သူတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဝေးကွာနေသည်ဟု ထင်ရသည်။ ဘုရားသခင်၏ အလုပ်ကို လုပ်ရန် မည်မျှလွယ်ကူပါသနည်း။ လူတို့သည် မိမိတို့အသက်တာ၏ တစ်ဝက်ကို လွန်ခဲ့သည့်နေ့တွင် ထားခဲ့ပြီး ကျန်တစ်ဝက်ကို ယနေ့သို့ ယူဆောင်လာရန်၊ တစ်ဝက်ကို စာတန်ထံသို့ ပေးပြီး ကျန်တစ်ဝက်ကို ဘုရားသခင်ထံ ဆက်သရန် စိတ်ပိုင်းဖြတ်ထားကြပြီးသားဖြစ်သည်ဟု ထင်ရသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် သူတို့၏ ဩတ္တပ္ပစိတ်ကို ဖြေသိမ့်ပြီး စိတ်သက်သာမှုတစ်မျိုးမျိုးကို ခံစားရရန်အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်သကဲ့သို့ ပြုမူကြသည်။ လူတို့၏ အတွင်းစိတ်ထဲ၌ ရှိသော ကမ္ဘာသည် တဖြည်းဖြည်း မသိမသာနှင့် အန္တရာယ် အလွန်ကြီးလာပြီး သူတို့သည် မနက်ဖြန်နေ့ကိုသာမက လွန်ခဲ့သည့် နေ့ကိုလည်း ဆုံးရှုံးမှာ ကြောက်ကြသည်၊ စာတန်နှင့် ယနေ့ကာလ၏ ဘုရားသခင်ကို စော်ကားမိမှာလည်း အလွန်အမင်း ကြောက်ကြသည်။ ယနေ့ခေတ် ဘုရားသခင်သည် သူတို့၏ မျက်စိထဲ၌ ဘုရားသခင်လည်း ဖြစ်သည်၊ ဘုရားသခင်လည်း မဖြစ်သေးဟု ထင်ရသည်။ လူတို့သည် ၎င်းတို့၏ အတွေးအခေါ်နှင့် အကျင့်စာရိတ္တကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ခြင်း မရှိကြသောကြောင့် သူတို့၌ ထိုးထွင်းနားလည်နိုင်စွမ်း အထူးတလည် ကင်းမဲ့နေကြပြီး ယနေ့ခေတ်၌ တွေ့ရသော အလုပ်သည် ဘုရားသခင်၏ အလုပ် ဟုတ်၏၊ မဟုတ်၏ကို လုံးဝမပြောနိုင်ကြ။ ထိုသို့ဖြစ်သည်မှာ လူတို့၏ ရှေးကျပြီး အယူသီးသည့် အတွေးအခေါ်သည် အလွန်အရိုးစွဲနေသောကြောင့် သူတို့သည် အယူသီးမှုများနှင့် သမ္မာတရားကိုသာမက ဘုရားသခင်နှင့် ရုပ်တု၊ ဆင်းတုများကို အမျိုးအစားတစ်မျိုးတည်း အဖြစ် သတ်မှတ်လာခဲ့ကြပြီး ထိုအရာများကို ခွဲခွဲခြားခြား သတ်မှတ်ဖို့လည်း စိတ်မဝင်စားကြသောကြောင့် ဖြစ်နိုင်သည်။ ထို့အပြင် သူတို့သည့် သူတို့၏ ဦးနှောက်များ ပျက်သည်အထိ စဉ်းစားပြီးသည့်တိုင် ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်စွမ်းမရှိသေးဟု ထင်ရသည်။ ထို့ကြောင့် လူသားများသည် သူတို့သွားနေသည့် လမ်းပေါ်၌ ရပ်ကာ ရှေ့ဆက်မသွားကြတော့ခြင်းဖြစ်သည်။ ဤပြဿနာများအားလုံး ဖြစ်ပေါ်လာခြင်းမှာ လူတို့သည် အတွေးအခေါ် အယူဝါဒနှင့် ပတ်သက်လျှင် မှန်သော ပညာရေးအမျိုးအစားကို မရရှိခဲ့ကြသောကြောင့် ဖြစ်ပြီး ထိုသို့ဖြစ်ခြင်းကြောင့် သူတို့၏ ဝင်ရောက်မှု၌ ကြီးမားသော အခက်အခဲများနှင့် ကြုံရသည်။ အကျိုးဆက်အနေနှင့် လူတို့သည် စစ်မှန်သော ဘုရားသခင်၏ အလုပ်ကို မည်သည့်အခါ၌မျှ စိတ်မဝင်စားကြပေ၊ လူ့လုပ်ရပ်၏ (ထူးချွန်သော ပုဂ္ဂိုလ်များဟု သူတို့မြင်သည့်သူများ) တံဆိပ်ခတ်ခံထားရသလို ထိုအရာကိုသာ ဇွဲရှိရှိ ဖက်တွယ်ထားကြသည်။ ဤအကြောင်းအရာများသည် လူသားများ ဝင်ရောက်သင့်သည့် နောက်ဆုံးပေါ် အကြောင်းအရာများဖြစ်သည် မဟုတ်လော။

အောက်ခြေမှတ်စု(များ)-

၁။ “ဇွဲရှိရှိ ဖက်တွယ်ထားကြသည်” ဟူသည့်စကားကို သရော်သည့် ပုံစံဖြင့် အသုံးပြုထားခြင်းဖြစ်သည်။ ဤစကားစုက “လူတို့သည် ခေါင်းမာပြီး ထိန်းဖို့ခက်သည်၊ ခေတ်နောက်ကျနေသည့် အရာများကို စွဲကိုင်ထားကြပြီး လက်မလွှတ်လိုကြ” ဟူသည့် အဓိပ္ပာယ်ကို ရည်ညွှန်းသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။