ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၆၆
07.10.2020
ငါသည် တစ်ရက်ပြီးတစ်ရက် စကြဝဠာအပေါ်တွင် ရပ်လျက်လေ့လာနေကာ လူ့ဘဝကို တွေ့ကြုံခံစားရန် ငါကျိန်းဝပ်ရာအရပ်၌ ငါ့ကိုယ်ငါ ကျိုးနွံစွာ ကွယ်ဝှက်ထား၍ လူသား၏ လုပ်ဆောင်ချက်တိုင်းကို အနီးကပ် လေ့လာနေ၏။ မည်သူမျှ ကိုယ့်ကိုယ်ကိုယ် စစ်မှန်စွာ ငါ့အား ဆက်ကပ်ခဲ့ဖူးခြင်း မရှိပေ။ မည်သူမျှ မည်သည့်အခါမျှ သမ္မာတရားနောက် လိုက်ခဲ့ဖူးခြင်း မရှိပေ။ မည်သူမျှ ငါ့အတွက် တာဝန်ကျေပွန်ခဲ့ဖူးခြင်း မရှိပေ။ မည်သူမျှ ငါ့အတွက် သံန္နိဋ္ဌာန်ချမှတ်၍ သူ၏တာဝန်ကို ထမ်းဆောင်ခဲ့ဖူးခြင်း မရှိပေ။ မည်သူမျှ ငါ့ကို ၎င်း၏အတွင်း ကျိန်းဝပ်ခွင့်မပြုခဲ့ဖူးချေ။ မည်သူမျှ သူကိုယ်တိုင်၏ အသက်ကို တန်ဖိုးထားသမျှ ငါ့ကို တန်ဖိုးထားခဲ့ခြင်း မရှိပေ။ လက်တွေ့ကျသောအမှန်တရားတွင် မည်သူမျှ ငါ၏ဘုရားသဘောသဘာဝ တစ်ရပ်လုံးကို တွေ့ခဲ့ဖူးခြင်း မရှိပေ။ မည်သူမျှ လက်တွေ့ကျသော ဘုရားသခင်ကိုယ်တိုင်နှင့် ထိတွေ့နေရန် လိုလိုလားလား မရှိခဲ့ဖူးချေ။ ရေတို့သည် လူသားတို့အား တစ်ကိုယ်လုံး မျိုချသည့်အခါ ငါသည် ၎င်းတို့အား ရေသေမှကယ်တင်၍ အသစ်သော အသက်တာရရှိရန် အခွင့်အရေးတစ်ရပ်ပေး၏။ လူသားတို့သည် အသက်ရှင်နေနိုင်ရန် ၎င်းတို့၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် ပျောက်ဆုံးသည့်အခါ၊ ၎င်းတို့သည် ငါ့အား ၎င်းတို့၏ ဖြစ်တည်မှု၏ အခြေခံအုတ်မြစ်အဖြစ် ခံယူရန် ငါသည် ၎င်းတို့အား မရဏချောက်ကမ်းပါးမှ ဆွဲတင်၍ ၎င်းတို့အား အသက်ရှင်နေထိုင်ရန် ရဲစွမ်းသတ္တိပေး၏။ လူသားတို့ ငါ့ကို မနာခံသောအခါ၊ ငါသည် ၎င်းတို့အား ၎င်းတို့၏ မနာခံမှု၌ ငါ့ကိုသိစေ၏။ လူသားမျိုးနွယ်၏ သဘာဝဟောင်းနှင့် ငါ၏ကရုဏာကို ထည့်သွင်းစဉ်းစားလျက် လူသားတို့အား ကွပ်မျက်မည့်အစား ငါသည် ၎င်းတို့ကို နောင်တရ၍ အသစ်စခွင့်ပြု၏။ လူသားတို့သည် ငတ်မွတ်ခြင်းဒုက္ခခံရသည့်အခါ ၎င်းတို့ အသက်တစ်ချက်ကျန်နေသမျှ ငါသည် ၎င်းတို့အား မရဏမှ ဆွဲနုတ်၍ ၎င်းတို့အား စာတန်၏လှည့်ဖြားမှု၏ သားကောင် မဖြစ်စေရန်ကာကွယ်၏။ လူတို့သည် ငါ၏လက်များကို အကြိမ်ရေမည်မျှ တွေ့ခဲ့ပြီးပြီနည်း။ ငါ၏ကြင်နာသောမျက်နှာ၊ ငါ၏ ပြုံးနေသောမျက်နှာကို ၎င်းတို့ အကြိမ်ရေမည်မျှ တွေ့ခဲ့ပြီးပြီနည်း။ ထို့အပြင် ၎င်းတို့သည် ငါ၏ဘုန်းအာနုဘော်၊ ငါ၏အမျက်ဒေါသတို့ကို အကြိမ်ရေမည်မျှ တွေ့ခဲ့ပြီးပြီနည်း။ လူသားမျိုးနွယ်သည် ငါ့ကို မည်သည့်အခါကမျှ မသိခဲ့ဖူးသော်လည်း မလိုအပ်သောဒုက္ခပေးရန် ငါသည် ၎င်းတို့၏အားနည်းချက်ကို အသုံးချခြင်း မပြုပေ။ လူသားမျိုးနွယ်၏ အခက်အခဲများကို တွေ့ကြုံခံစားသဖြင့် ငါသည် လူသား၏အားနည်းချက်ကို စာနာ၏။ လူသား၏ မနာခံမှု၊ ၎င်းတို့၏ ကျေးဇူးကန်းမှုကို တုံ့ပြန်သည့်အနေဖြင့်သာ ငါသည် အတိုင်းအတာ အမျိုးမျိုးဖြင့် ပြစ်တင်ဆုံးမမှုကို ချပေး၏။
လူသားတို့အလုပ်များနေသည့်အခါများတွင် ငါသည် ငါ့ကိုယ်ငါဖုံးကွယ်ထားလျက် ၎င်းတို့ အားလပ်သည့်အခါများတွင် ငါ့ကိုယ်ငါ ထုတ်ဖော်၏။ လူသားမျိုးနွယ်သည် ငါ့အား သဗ္ဗညုတဉာဏ် ရှိ၍ တောင်းခံချက်အားလုံးကိုပေးသည့် ဘုရားသခင်ကိုယ်တိုင်ဖြစ်သည်ဟု စိတ်ကူးကြ၏။ ထို့ကြောင့် ၎င်းတို့ အများစုသည် ဘုရားသခင်၏အကူအညီ တောင်းခံရန်သာ ငါ့ရှေ့မှောက်လာကြ၍ ငါ့ကို သိလိုသော ဆန္ဒကြောင့် လာကြခြင်း မဟုတ်ပေ။ ဖျားနာမှုဖြင့် မချိတင်ကဲခံစားနေရသည့်အခါ လူသားတို့သည် ငါ၏အကူအညီကို အရေးတကြီးတောင်းခံကြ၏။ ဒုက္ခရောက်သည့်အခါ ၎င်းတို့သည် ၎င်းတို့၏ဒုက္ခကို ပိုမိုကောင်းမွန်စွာဖယ်ရှားနိုင်ရန် ၎င်းတို့ကိုယ်စွမ်းရှိသမျှဖြင့် ၎င်းတို့၏အခက်အခဲများကို ငါ့အား အသိပေးကြ၏။ သို့ရာတွင် လူသားတစ်ဦးမျှ ၎င်းတို့သက်သောင့်သက်သာရှိစဉ်တွင်လည်း ငါ့ကို မချစ်နိုင်ခဲ့ပေ။ ၎င်းတို့ ငြိမ်းချမ်းလျက် ပျော်ရွှင်နေသည့်အချိန်တွင် ငါသည် ၎င်းတို့၏ဝမ်းမြောက်ခြင်း၌ ပါဝင်ခံစားနိုင်ရန် လူသား တစ်ဦးမျှ ငါ့အား ဆက်သွယ်ခဲ့ခြင်းမရှိပေ။ ၎င်းတို့၏မိသားစုအရင်းအချာသည် ပျော်ရွှင်၍ နေကောင်းနေသည့်အခါ လူသားသည် ငါ့အား ဘေးဖယ်ထားပြီးဖြစ်သည်။ သို့မဟုတ် ငါ့အား ဝင်ရောက်ခြင်းမှ တားမြစ်လျက် တံခါးပိတ်ထားကာ ကျေးဇူးတော်ကြောင့် ရရှိသည့် ထိုမိသားစု၏ ဝမ်းမြောက်ခြင်းကို ဤသို့ခံစားနေကြ၏။ လူ့စိတ်သည် ကျဉ်းမြောင်းလွန်း၏။ ငါကဲ့သို့ ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝလျက်၊ သနားကြင်နာကာ ချဉ်းကပ်၍ရနိုင်သည့် ဘုရားသခင်ကို စွဲကိုင်ရန်ပင် ကျဉ်းမြောင်းလွန်းလှ၏။ လူသားတို့၏ ဝမ်းမြောက်စရာရယ်မောချိန်တွင် ငါသည် အကြိမ်မည်မျှ ငြင်းပယ်ခံရခဲ့သနည်း။ ၎င်းတို့ ခလုတ်တိုက်သည့်အခါ ငါသည် အထောက်အကူအဖြစ် လူသားတို့၏ မှီခိုအားထားခြင်းကို အကြိမ်မည်မျှ ခံခဲ့သနည်း။ နာမကျန်းမှုခံစားနေရသော လူသားတို့မှ ငါ့အား ဆရာဝန်အခန်းကဏ္ဍသို့ အတင်းအကျပ် ပြုစေခြင်းကို အကြိမ်မည်မျှ ငါခံခဲ့သနည်း။ လူသားမျိုးနွယ်သည် ရက်စက်လှ၏။ လျော်ကန်မှုလုံးဝ မရှိဘဲ လုံးဝအကျင့်ပျက်၏။ လူသားတို့တွင် ပါရှိသည်ဟုဆိုသော ခံစားမှုများကိုပင် ၎င်းတို့၌ တွေ့နိုင်ခြင်းမရှိပေ။ ၎င်းတို့တွင် လူ့သဘာဝ အရိပ်အယောင်မျှ လုံးဝကင်းမဲ့လုနီးပါးဖြစ်၏။ အတိတ်ကို စဉ်းစား၍ ပစ္စုပ္ပန်နှင့် နှိုင်းယှဉ်လော့။ သင်တို့အထဲ၌ အပြောင်းအလဲများ ဖြစ်ပေါ်နေသလော။ ပစ္စုပ္ပန်တွင် ၎င်းအတိတ်သည် သာ၍လျော့နည်းစွာ ပါဝင်နေသလော။ သို့မဟုတ် ၎င်းအတိတ်ကို အစားမထိုးရသေးသလော။
ငါသည် တောင်ကုန်းပေါ်နှင့် ချိုင့်ဝှမ်းအောက်ကို ဖြတ်ကျော်ခဲ့ကာ လောက၏အတက်အကျကို တွေ့ကြုံခဲ့ပြီး ဖြစ်၏။ လူသားတို့အကြား ငါသည် သွားလာခဲ့၍ လူသားတို့အကြား ငါသည် နှစ်များစွာ နေထိုင်ခဲ့ပြီးဖြစ်သော်လည်း လူသားမျိုးနွယ်၏ စိတ်သဘောထားသည် အနည်းငယ်သာ ပြောင်းလဲခဲ့ပုံ ရသည်။ ထို့အပြင် လူသား၏သဘာဝဟောင်းသည် ၎င်းတို့၌အမြစ်တွယ်လျက် ပေါက်လာသကဲ့သို့ ဖြစ်နေ၏။ ၎င်းတို့သည် မည်သည့်အခါမျှ ထိုသဘာဝဟောင်းကို ပြောင်းလဲနိုင်ခြင်းမရှိဘဲ မူရင်းအခြေခံအုတ်မြစ်ကို အနည်းငယ် ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ရုံသာရှိ၏။ လူတို့ဆိုသည့်အတိုင်း အနှစ်သာရသည် ပြောင်းလဲခဲ့ခြင်း မရှိသော်လည်း ပုံသဏ္ဌာန်မူကား အလွန်ပြောင်းလဲခဲ့ပြီးဖြစ်၏။ လူတိုင်းသည် ငါ့အား လှည့်စားရန်၊ အံ့အားသင့်သွားစေရန်၊ သူသည် မသိမသာဖြတ်သွားလျက် ငါ၏ချီးမွမ်းခြင်းကို ရယူရန် ကြိုးစားနေပုံရ၏။ ငါသည် လူတို့၏လှည့်စားမှုများကို ချီးမွမ်းခြင်းလည်း မရှိ၊ သတိပြုခြင်းလည်း မရှိပေ။ ဒေါသူပုန်ထမည့်အစား ငါသည် ကြည့်နေသော်လည်း မြင်မနေသော သဘောထားကို ကျင့်သုံး၏။ ငါသည် လူသားမျိုးနွယ်အား အတိုင်းအတာတစ်ရပ်အထိ လျှော့ပေးရန်နှင့် ၎င်းနောက် လူသားအားလုံးကို တစ်ဦးတည်းအဖြစ် ကိုင်တွယ်ဖြေရှင်းရန် ကြံရွယ်ထားသည်။ လူသားအားလုံးသည် ၎င်းတို့ကိုယ်ကိုယ် လေးစားမှု မရှိဘဲ အသုံးမကျသည့် ကံဆိုးသူများ၊ ၎င်းတို့ကိုယ်ကိုယ် မြတ်နိုးမှုမရှိသူများဖြစ်သဖြင့် ငါမှ အားသစ်မာန်သစ်ဖြင့် ကရုဏာနှင့် ချစ်ခြင်းမေတ္တာပြရန်ပင် ၎င်းတို့ အဘယ်ကြောင့် လိုအပ်မည်နည်း။ ခြွင်းချက်မရှိ လူသားတို့သည် ၎င်းတို့ကိုယ်ကိုယ် ၎င်းတို့ မသိကြဘဲ ၎င်းတို့၏ဝန်ကိုလည်း မသိကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အလေးချိန်တိုင်းတာရန် ချိန်ခွင်ပေါ် တင်သင့်ကြသည်။ လူသားမျိုးနွယ်သည် ငါ့အား လုံးဝနာခံခြင်းမရှိ။ ထို့ကြောင့် ငါသည်လည်း ၎င်းတို့ကို အလေးအနက် သဘောမထားပေ။ လူသားတို့သည် ငါ့ကို လုံးဝဂရုမစိုက်သဖြင့် ငါသည်လည်း ၎င်းတို့အပေါ် အားထုတ်ရန် မလိုပေ။ ဤသည်မှာ လောကနှစ်ရပ်လုံးအတွက် အကောင်းဆုံးပင် မဟုတ်သလော။ ငါ့လူတို့ ဤသည်မှာ သင်တို့အပေါ် ဖော်ပြချက် မဟုတ်သလော။ ငါ့ရှေ့မှောက် သံန္နိဋ္ဌာန်များ ချမှတ်ပြီးနောက် ၎င်းတို့ကို လွှင့်ပစ်ခြင်း မပြုသူ မည်သူရှိသနည်း။ ထိုထိုသည်သည်တို့ကို မကြာခဏ ဖြေရှင်းမည့်အစား ငါ့ရှေ့မှောက် ရေရှည် သံန္နိဋ္ဌာန်ချမှတ်ခဲ့သူ မည်သူရှိသနည်း။ လူသားသည် အစဉ်ပင် သက်သောင့်သက်သာ ရှိနေချိန်များတွင် ငါ့ရှေ့မှောက် သံန္နိဋ္ဌာန်များ ချမှတ်လျက် ဒုက္ခရောက်ချိန်များတွင် ၎င်းတို့အားလုံးကို တန်ဖိုးမရှိဟု သဘောထားကြ၏။ နောက်ပိုင်းတွင် ၎င်းတို့သည် ၎င်းတို့၏ သံန္နိဋ္ဌာန်ကို ပြန်ကောက်ယူကာ ငါ့ရှေ့မှောက်ထား၏။ ငါသည် ဤမျှပင် မလေးစားထိုက်သောကြောင့် အမှိုက်ပုံမှ လူသားကောက်ယူခဲ့သည့် အမှိုက်သရိုက်ကို သာမန်ကာလျှံကာ လက်ခံမည်လော။ လူသားအနည်းငယ်သာလျှင် ၎င်းတို့၏ သံန္နိဋ္ဌာန်တို့ကို မြဲမြံစွာ စွဲကိုင်ကြ၏။ အနည်းငယ်သာ ဖြူစင်ကြကာ အနည်းငယ်သာ ၎င်းတို့၏ တန်ဖိုးအရှိဆုံးအရာကို ၎င်းတို့၏ယဇ်အဖြစ် ငါ့အား ပူဇော်ကြ၏။ သင်တို့အားလုံးသည် ဤသို့ပင် မဟုတ်သလော။ နိုင်ငံတော်ရှိ ငါ၏လူတို့မှ တစ်ဦးအနေဖြင့် သင်တို့သည် သင်တို့၏တာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိပါက သင်တို့သည် ငါ၏ စက်ဆုပ်ရွံရှာခြင်းနှင့် ငြင်းပယ်ခြင်းကို ခံကြရလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၄)
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ