အချက် ၁၅- ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြ၊ ထို့ပြင် ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်ကြ၏ (အပိုင်း ၁) အခန်း နှစ်

ဘုရားသခင်ကို ယုံကြည်ပြီး လိုက်လျှောက်သည့် လုပ်ငန်းစဉ်တွင် အန္တိခရစ်များ၌ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရနှင့်ပတ်သက်၍ အယူအဆများ အမြဲတမ်း ပေါ်ပေါက်လာပြီး ဘုရားသခင်သည် အဘယ်ကြောင့် စကားပြောရုံသာပြောပြီး မည်သည့် နိမိတ်လက္ခဏာနှင့် အံ့ဖွယ်အမှုများကိုမျှ မပြသသည်ကို သူတို့ အမြဲတမ်း မေးခွန်းထုတ်ကြသည်။ အန္တိခရစ်များသည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကြသော်ငြား သူတို့၏ရည်ရွယ်ချက်မှာ သမ္မာတရားကို ရှာဖွေရန် သို့မဟုတ် လက်ခံရန် မဟုတ်ဘဲ ထိုအစား သူတို့သည် လေ့လာပြီး စေ့စေ့စပ်စပ် စဉ်းစားဆင်ခြင်သည့် စိတ်ဓာတ်ဖြင့် ဖတ်ရှုကြသည်။ ရလဒ်အနေဖြင့် သူတို့သည် စစ်မှန်သော ယုံကြည်ခြင်းကို မွေးမြူနိုင်ခြင်း မရှိရုံသာမက ထိုအစား ပို၍ သံသယဖြစ်လာကြပြီး သူတို့ ပိုမိုစေ့စေ့စပ်စပ် စစ်ဆေးလေလေ လူ့ဇာတိခံယူသော ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ပိုမိုထားရှိကြလေ ဖြစ်သည်။ သူတို့၏ အဓိကအယူအဆမှာ ခရစ်တော်သည် သဘာဝလွန် လူ့သဘာဝကို ပိုင်ဆိုင်သင့်သည်ဟု သူတို့ ယုံကြည်ကြသည်။ သူတို့က “အကယ်၍ ခရစ်တော်၌ ပုံမှန်လူ့သဘာဝရှိပြီး နိမိတ်လက္ခဏာ သို့မဟုတ် အံ့ဖွယ်အမှုများကို မပြသပါက သူသည် ဘုရားဖြစ်ကြောင်း မည်သို့ သက်သေပြနိုင်မည်နည်း” ဟု ထင်ကြသည်။ အန္တိခရစ်များ၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ ဝိညာဉ်တော်သာ ဘုရားဖြစ်ပြီး နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြသနိုင်သော ဇာတိပကတိသာ ဘုရားဖြစ်သည်။ အကယ်၍ ဇာတိပကတိတစ်ခုသည် ပုံမှန်လူ့သဘာဝကိုသာ ပိုင်ဆိုင်ပြီး နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို မပြသပါက သူသည် သမ္မာတရားကို ဖော်ပြနိုင်လျှင်ပင် ဘုရားအဖြစ် သတ်မှတ်ခြင်းမခံရပေ။ ထို့ကြောင့် အန္တိခရစ်များသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ အနှစ်သာရကို အမြဲတမ်း သံသယဖြစ်ကြသည်မှာ အံ့ဩစရာမရှိချေ။ သူတို့အပေါ် မည်မျှပင် အမှုအရာများ ဖြစ်ပျက်သည်ဖြစ်စေ အန္တိခရစ်ဖြစ်သော လူစားမျိုးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ သမ္မာတရားကို ရှာဖွေခြင်းဖြင့် ယင်းတို့ကို ဖြေရှင်းရန် မည်သည့်အခါမျှ မကြိုးစားကြသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် အမှုအရာများကို မြင်တွေ့ရန်မှာ သာ၍ပင် မကြိုးစားကြပေ၊ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းသည် သမ္မာတရားဖြစ်သည်ကို သူတို့ မယုံကြည်သောကြောင့် လုံးလုံးဖြစ်ပေသည်။ ဘုရားအိမ်တော်က သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ အန္တိခရစ်များသည် လက်မခံဘဲ နေကြပြီး အကျိုးဆက်အနေဖြင့် သူတို့ ရင်ဆိုင်ရသည့် မည်သည့်အခြေအနေ၌မဆို မှန်ကန်သော သဘောထား ကင်းမဲ့ကြသည်၊ အထူးသဖြင့် ဘုရားသခင်နှင့် သမ္မာတရားကို သူတို့ ချဉ်းကပ်ပုံနှင့် ပတ်သက်လာလျှင် အန္တိခရစ်များသည် သူတို့၏အယူအဆများကို ဘေးဖယ်ထားရန် ခေါင်းမာစွာ ငြင်းဆန်ကြသည်။ သူတို့ ယုံကြည်သော ဘုရားသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြုလုပ်သော ဘုရား၊ သဘာဝလွန် ဘုရားတစ်ဆူ ဖြစ်သည်။ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြုလုပ်နိုင်သော မည်သူမဆို၊ ကွမ်ရင်ဗောဓိသတ္တဖြစ်စေ၊ ဗုဒ္ဓဘုရားရှင်ဖြစ်စေ၊ မာဇူဖြစ်စေ၊ သူတို့က ဘုရားများဟု ခေါ်ကြသည်။ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြုလုပ်နိုင်သောသူတို့သာ ဘုရားများ၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်သော ဘုရားများဖြစ်ပြီး မပြုလုပ်နိုင်သောသူတို့မှာမူ သူတို့ မည်မျှပင် သမ္မာတရားများစွာကို ဖော်ပြသည်ဖြစ်စေ မဖြစ်မနေ ဘုရားများ မဟုတ်ကြဟု သူတို့ ယုံကြည်ကြသည်။ သမ္မာတရားကို ဖော်ပြခြင်းသည် ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် အနန္တတန်ခိုးဖြစ်သည်ကို သူတို့ နားမလည်ကြဘဲ ထိုအစား နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြုလုပ်ခြင်းသာ ဘုရားများ၏ ကြီးမြတ်သော တန်ခိုးနှင့် အနန္တတန်ခိုးဖြစ်သည်ဟု သူတို့ ထင်ကြသည်။ ထို့ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်က လူတို့ကို သိမ်းပိုက်ပြီး ကယ်တင်ရန် သမ္မာတရားကို ဖော်ပြခြင်း၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို ရေလောင်းပေးခြင်း၊ ထိန်းကျောင်းခြင်းနှင့် ဦးဆောင်ခြင်း၊ သူတို့ကို ဘုရားသခင်၏ တရားစီရင်မှု၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို လက်တွေ့ကျကျ ကြုံတွေ့စေပြီး သမ္မာတရားကို နားလည်လာစေရန်၊ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားစေရန်နှင့် ဘုရားသခင်ကို ကျိုးနွံနာခံပြီး ဝတ်ပြုကိုးကွယ်သောသူများ ဖြစ်လာစေရန် အစရှိသည့် ဤလက်တွေ့ကျသောအလုပ်အားလုံးကို အန္တိခရစ်များသည် လူ၏အလုပ်ဖြစ်ပြီး ဘုရားသခင်၏အလုပ် မဟုတ်ဟု သတ်မှတ်ကြသည်။ အန္တိခရစ်များ၏ စိတ်ထဲ၌ ဘုရားများဆိုသည်မှာ ယဇ်ပလ္လင်တစ်ခု၏ နောက်ကွယ်၌ ပုန်းအောင်းပြီး သူတို့ထံ ပူဇော်သက္ကာများ ပြုစေသင့်သည်၊ လူတို့ ပူဇော်သော အစားအစာများကို စားသုံးလျက်၊ သူတို့ ထွန်းညှိသော အမွှေးတိုင်များ၏ မီးခိုးကို ရှူရှိုက်လျက်၊ သူတို့ အခက်အခဲကြုံတွေ့သောအခါ ကူညီလက်တစ်ဖက် ဆန့်တန်းပေးလျက်၊ လူတို့ အကူအညီတောင်းပြီး သူတို့၏တောင်းပန်မှုများ၌ ရိုးသားသောအခါ မိမိတို့ကိုယ်ကို အလွန်တန်ခိုးကြီးကြောင်း ပြသပြီး သူတို့ နားလည်နိုင်သော ဘောင်အတွင်း၌ ချက်ချင်းအကူအညီ ပေးကာ သူတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးသင့်သည်။ အန္တိခရစ်များအတွက်မူ ဤသို့သော ဘုရားတစ်ဆူသာ စစ်မှန်သော ဘုရားဖြစ်သည်။ ယနေ့ ဘုရားသခင် ပြုတော်မူသမျှမှာမူ အန္တိခရစ်များ၏ မထီမဲ့မြင်ပြုခြင်းကို ခံရသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အန္တိခရစ်များ၏ သဘာဝအနှစ်သာရကို ကြည့်ခြင်းအားဖြင့် သူတို့ လိုအပ်သောအရာမှာ ဖန်ဆင်းရှင်က ဖန်ဆင်းခံများအပေါ် ပြုလုပ်သော ရေလောင်းပေးခြင်း၊ ထိန်းကျောင်းခြင်းနှင့် ကယ်တင်ခြင်းအလုပ် မဟုတ်ဘဲ အရာခပ်သိမ်း၌ ကြီးပွားတိုးတက်ခြင်းနှင့် သူတို့၏ဆန္ဒများ ပြည့်စုံခြင်း၊ ဤဘဝ၌ အပြစ်ပေးမခံရရန်နှင့် နောင်လာမည့်လောက၌ ကောင်းကင်ဘုံသို့ သွားရန် ဖြစ်သည်။ သူတို့၏အမြင်နှင့် လိုအပ်ချက်များသည် သမ္မာတရားကို မုန်းတီးသော သူတို့၏အနှစ်သာရကို အတည်ပြုသည်။ အန္တိခရစ်များသည် ကောက်ကျစ်ဆိုးယုတ်မှု၊ သဘာဝလွန်နှင့် အံ့ဖွယ်အမှုများကို နှစ်သက်ကြပြီး စာတန်နှင့် ဆိုးယုတ်သောဝိညာဉ်များ၏ လုပ်ဆောင်ချက်များနှင့် နတ်ဆိုးဆန်သော စကားများတည်းဟူသော အပျက်သဘောဆောင်ပြီး ကောက်ကျစ်ဆိုးယုတ်သည့်အရာများကိုပင် ဘုရားသဘောသဘာဝအဖြစ်လည်းကောင်း၊ သမ္မာတရားအဖြစ်လည်းကောင်း ကိုးကွယ်ကြသည်။ သူတို့သည် ဤအရာများကို သူတို့၏ တစ်သက်တာ ကိုးကွယ်မှုနှင့် လိုက်စားမှုဆိုင်ရာ အရာဝတ္ထုများအဖြစ်လည်းကောင်း၊ လောက၌ လေးစားတန်ဖိုးထားပြီး ဖြန့်ချိသင့်သော အရာများအဖြစ်လည်းကောင်း မှတ်ယူကြသည်။ အကျိုးဆက်အနေဖြင့် သူတို့ ဘုရားသခင်ကို လိုက်လျှောက်နေစဉ်အတွင်း ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်ပတ်သက်သော သူတို့၏အယူအဆများနှင့် အမြင်များသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ အကယ်၍ ထိုသို့သောလူများသည် ဘုရားအိမ်တော်၌ သူတို့၏ရည်မှန်းချက်များကို အထမြောက်အောင်မြင်နိုင်ခြင်း မရှိပါက၊ သူတို့ ရာထူးတိုးမြှင့်ခြင်း သို့မဟုတ် အသုံးပြုခြင်း မခံရဘဲ လျင်မြန်ပြီး ကြီးမားသော အောင်မြင်မှုကို ရရှိရန် ပျက်ကွက်ပါက သူတို့သည် မည်သည့်အချိန်၊ မည်သည့်အခိုက်အတန့်၊ မည်သည့်နေရာ၌မဆို ဘုရားသခင်ကို သစ္စာဖောက်ရန် အသင့်ဖြစ်နေကြလိမ့်မည်။ ဤလူအချို့သည် ၁၀ နှစ်ကြာ ယုံကြည်ခဲ့ကြပြီး အချို့မှာ ၂၀ ကြာ ယုံကြည်ခဲ့ကြကာ သူတို့၌ အခြေခံအုတ်မြစ်ရှိပြီး ဘုရားသခင်ကို စွန့်ခွာမည်မဟုတ်ဟု သင် ထင်ကောင်းထင်လိမ့်မည်၊ သို့သော် အမှန်တကယ်တွင် သူတို့သည် ဘုရားသခင်ကို အချိန်မရွေး သစ္စာဖောက်ပြီး လောကီလောကသို့ ပြန်သွားရန် အသင့်ဖြစ်နေကြသည်။ သူတို့ အသင်းတော်ကို မစွန့်ခွာလျှင်ပင် သူတို့၏ စိတ်နှလုံးများသည် ဘုရားသခင်ထံမှ သွေဖည်ပြီး သစ္စာဖောက်ခဲ့ကြပြီး ဖြစ်သည်။ အခြေအနေပေးသည့်အခါ သို့မဟုတ် အခွင့်အလမ်းများ ပေါ်ပေါက်လာသည့်အခါတိုင်း သူတို့သည် ဘုရားအယောင်ဆောင်များနှင့် နတ်ဆိုးများကို သွားယုံကြည်ကြလိမ့်မည်။ အကယ်၍ သူတို့၌ တစ်ရှိန်ထိုး အောင်မြင်မှုရရှိရန်၊ အရာရှိကြီးတစ်ဦး ဖြစ်လာရန်၊ ကျော်ကြားလာရန်နှင့် ဘုန်းအသရေနှင့် ကြွယ်ဝချမ်းသာမှုကို ခံစားရန် အခွင့်အရေးရှိပါက သူတို့သည် အသင်းတော်ကို စွန့်ခွာပြီး လောကီ၏ ရေစီးကြောင်းများကို လိုက်လျှောက်ရန် တွန့်ဆုတ်မည်မဟုတ်ပေ။ အန္တိခရစ်အချို့က “အကယ်၍ သူသည် ဘုရားဖြစ်ပါက အဘယ်ကြောင့် သူသည် အဆင်းနီသော နဂါးကြီး၏ ညှဉ်းပန်းနှိပ်စက်မှုနှင့် လိုက်လံဖမ်းဆီးမှုကို ခံရသနည်း။ အကယ်၍ သူသည် ဘုရားဖြစ်ပါက အဘယ်ကြောင့် သူသည် အဆင်းနီသော နဂါးကြီးကို ချေမှုန်းသုတ်သင်ရန် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို မပြသသနည်း။ ဘုရား ရွေးချယ်ထားသောလူများစွာတို့သည် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသည်။ အဘယ်ကြောင့် ဘုရားက စာတန်၏ ညှဉ်းပန်းနှိပ်စက်မှုမှ သူတို့ကို ကာကွယ်စောင့်ရှောက်ပြီး ကယ်တင်ခြင်း မရှိသနည်း” ဟု မေးခွန်းထုတ်ကြသည်။ ယင်းမှာ ဂျူးဘာသာမှ ဖာရိရှဲများက “အကယ်၍ ယေရှုသည် ဘုရားဖြစ်ပါက အဘယ်ကြောင့် သူ ကားစင်တင်၍သတ်သည်ကို ခံရနိုင်သနည်း။ အဘယ်ကြောင့် သူသည် မိမိကိုယ်ကို မကယ်တင်နိုင်ခဲ့သနည်း” ဟု တွေးခဲ့ကြသကဲ့သို့ပင် ဖြစ်သည်။ အန္တိခရစ်များသည် ဤသည်ကို မည်သည့်အခါမျှ နားမလည်ကြပေ၊ အကြောင်းမှာ သူတို့သည် သမ္မာတရားကို လက်မခံသည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အရာခပ်သိမ်းကို ဖြစ်မြောက်စေလိမ့်မည်ဟုလည်း မယုံကြည်ကြသောကြောင့် ဖြစ်သည်။ သူတို့သည် သူတို့မြင်တွေ့သောအရာကိုသာ ယုံကြည်ကြပြီး ဘုရားသခင် ပြုတော်မူခဲ့သော အလုပ်အားလုံးမှ ပြသသည့် တန်ဖိုး သို့မဟုတ် အရေးပါမှုအပေါ် ယုံကြည်ခြင်း မရှိကြပေ။ ဘုရားသခင် ဖော်ပြတော်မူသော နှုတ်ကပတ်တော်တိုင်းသည် သမ္မာတရားဖြစ်ပြီး ကိုယ်တော်၏ နှုတ်ကပတ်တော်များ တစ်ခုချင်းစီသည် ပြည့်စုံပြီး ဖြစ်မြောက်လိမ့်မည်ဟု သူတို့ မယုံကြည်ကြပေ။ ဘုရားသခင်၏ ဉာဏ်ပညာသည် စာတန်၏ လျှို့ဝှက်သော အကြံအစည်များအပေါ် အခြေခံ၍ ကျင့်သုံးခြင်းဖြစ်သည်ကို သို့မဟုတ် ဘုရားသခင်သည် ကိုယ်တော်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို ထုတ်ဖော်ပြသသော အဖြည့်ခံတစ်ခုအဖြစ် အစေခံရန် အဆင်းနီသော နဂါးကြီးကို အသုံးပြုတော်မူသည်ကို သူတို့ မယုံကြည်ကြပေ။ ဘုရားသခင်သည် အရာခပ်သိမ်းကို အချုပ်အခြာအာဏာ ကိုင်စွဲပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အရာခပ်သိမ်းကို ဖြစ်မြောက်စေသည်ကို သူတို့ မယုံကြည်ကြချေ၊ သို့ဖြစ်၍ အန္တိခရစ်များသည် ဘုရားသခင်ကို ယုံကြည်သူများ ဖြစ်နေသေးသလော။ သူတို့ ယုံကြည်သူများ မဟုတ်ကြချေ။ အန္တိခရစ်များသည် ဘုရားသခင်ကို ငြင်းပယ်ပြီး အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်၊ သူတို့သည် မယုံကြည်သူစစ်စစ်တို့ ဖြစ်ကြသည်။

အန္တိခရစ်များ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို အသိအမှတ်ပြုရန် ငြင်းဆန်ခြင်း၏ နောက်ကွယ်ရှိ အဓိကအကြောင်းရင်းများမှာ အဘယ်နည်း။ တစ်ခုမှာ အန္တိခရစ်များ သူတို့၏ အယူအဆများထဲ၌ ဘုရားသခင် ပြုသင့်သည်ဟု ထင်မြင်ယူဆသည့်အတိုင်း လောကရှိ မတရားမှုအားလုံးကို ပြုပြင်တော်မူခြင်းဖြစ်စေ၊ လူသားမျိုးနွယ်အတွက် တရားမျှတမှုကို စီရင်တော်မူခြင်းဖြစ်စေ၊ မကောင်းမှု ပြုသောသူတို့ကို ချက်ချင်း အပြစ်ပေးတော်မူခြင်းဖြစ်စေ ဘုရားသခင်က မလုပ်ဆောင်ခြင်း ဖြစ်သည်။ ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲသော အရာခပ်သိမ်းတို့တွင် မတရားသော ဖြစ်ရပ်များစွာ နေ့စဉ် ဖြစ်ပျက်နေသည့်တိုင် ဘုရားသခင်သည် ဤအရာကို စိတ်ပါဝင်စားပုံမရဘဲ တုံ့ပြန်သည့်အနေဖြင့် စကားတစ်ခွန်းမျှ မပြောချေ၊ သို့မဟုတ် မည်သည့်အရာတစ်ခုမျှ မလုပ်ဆောင်ချေ။ အန္တိခရစ်များ၏ အမြင်တွင် သူတို့ ကြုံတွေ့ရသော အရာများ၏ ဘောင်အတွင်း၌ လောကတွင် ဖြစ်ပျက်နေသည်ကို သူတို့ မြင်တွေ့ရသမျှသည် သူတို့၏အယူအဆများနှင့် မကိုက်ညီသည့်အပြင် ယင်းတို့သည် မဖြစ်ပျက်သင့်ပေ။ အဘယ်ကြောင့် ဤအရာများ မဖြစ်ပျက်သင့်ဟု သူတို့ ထင်ကြသနည်း။ သူတို့က “အကယ်၍ ဘုရား တည်ရှိပါက အဘယ်ကြောင့် သူ ဤအရာများကို ဂရုမစိုက်သနည်း။ အကယ်၍ ဘုရား တည်ရှိပါက အဘယ်ကြောင့် ဆိုးယုတ်သောလူများစွာ ကောင်းမွန်စွာ အသက်ရှင်နေဆဲ ဖြစ်သနည်း။ အဘယ်ကြောင့် ချမ်းသာသူများ ပို၍ချမ်းသာလာပြီး ဆင်းရဲသားများ ပို၍ဆင်းရဲလာရသနည်း။ အဘယ်ကြောင့် ချမ်းသာသူများ နေ့စဉ် စားကောင်းသောက်ဖွယ်များကို စားသုံးကြပြီး အလွန်ပျော်ရွှင်စွာ နေထိုင်ကြသော်လည်း လူများစွာမှာမူ အစားအစာ တောင်းရမ်းနေရဆဲ ဖြစ်သနည်း။ အဘယ်ကြောင့် ဟန်ဆောင်မှုကင်းသော လူများသည် အနိုင်ကျင့်ခံရခြင်း၊ ဖိနှိပ်ခံရခြင်းနှင့် ခေါင်းပုံဖြတ်ခံရခြင်းတို့ကို ခံရသနည်း။ အချို့လူများသည် အလွန်နည်းပါးသော လုပ်ခအတွက် ပင်ပန်းကြီးစွာ ချွေးသံတရွှဲရွှဲဖြင့် တစ်နေ့လျှင် ရှစ်နာရီကျော် အလုပ်လုပ်ကြရသော်လည်း အခြားသူများမှာမူ တစ်နာရီအတွင်း၌ လူတစ်ဦး တစ်သက်တာလုံး ရှာဖွေနိုင်သည်ထက် ပိုမိုရရှိကြသည်မှာ အဘယ်ကြောင့်နည်း။ ဘုရားက ဤလူမှုရေးဆိုင်ရာနှင့် လောကီဆိုင်ရာ မတရားမှုများကို အဘယ်ကြောင့် မဖြေရှင်းပေးသနည်း။ အချို့မှာ မွေးကတည်းက ချမ်းသာကြွယ်ဝသော မိသားစုမှ ပေါက်ဖွားလာကြသော်လည်း အခြားသူများမှာမူ ဆင်းရဲမွဲတေမှုနှင့် ပင်ပန်းနွမ်းနယ်မှုထဲသို့ မွေးဖွားလာရသည်မှာ အဘယ်ကြောင့်နည်း။ လူမှုပတ်ဝန်းကျင်တစ်ခုတည်း၌ မွေးဖွားလာကြလျက်နှင့် အချို့လူများသည် သူတို့၏ဘဝတစ်လျှောက်လုံး ဘုန်းအသရေနှင့် ကြွယ်ဝချမ်းသာမှု၊ သူတို့၏မိသားစုများ၏ အလွန်အမင်း ချစ်ခင်ကြင်နာမှုကို ခံစားနိုင်ကြပြီး အခြားသူများမှာမူ မခံစားနိုင်ကြသည်မှာ အဘယ်ကြောင့်နည်း” ဟု တွေးတောကြသည်။ ဤသည်တို့မှာ အန္တိခရစ်များ၏ စိတ်နှလုံးထဲမှ ထာဝရ ဖြေရှင်း၍မရနိုင်သော ပဟေဠိများ ဖြစ်ကြသည်။ သူတို့ ဘုရားသခင်ကို ယုံကြည်သောကြောင့် သူတို့ ထိုးထွင်းမမြင်နိုင်ဘဲ နားမလည်နိုင်သော အရာအားလုံးနှင့် သူတို့ မဖြေရှင်းနိုင်သော ဤပဟေဠိအားလုံးကို ဘုရားသခင်ထံ အပ်နှံပြီး ကိုယ်တော်က ဖြေရှင်းချက်များ ပေးလာအောင် လုပ်သင့်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ယင်းတို့အတွက် အဖြေများကို ရှာဖွေသင့်ကြောင်း သူတို့ ထင်ကြသည်။ သို့သော် ဘုရားသခင်ကို သုံးနှစ်မှ ငါးနှစ်အထိ ယုံကြည်ပြီးနောက် သူတို့သည် ဤအဖြေများကို ရှာမတွေ့နိုင်ကြဘဲ ရှစ်နှစ်မှ ၁၀ နှစ်အထိ ယုံကြည်ပြီးနောက်တွင်လည်း သူတို့ ရှာမတွေ့နိုင်ကြသေးပေ။ အနှစ် ၂၀ ကြာ ယုံကြည်ပြီးနောက် သူတို့က “အဘယ်ကြောင့် ကျွန်ုပ် မည်သည့်အဖြေမျှ မရရှိသေးသနည်း။ အဘယ်ကြောင့် ဘုရားက ဤပြဿနာများကို မဖြေရှင်းသေးသနည်း။ အဘယ်ကြောင့် ဘုရားက ကွမ်ရင်ဗောဓိသတ္တ သို့မဟုတ် ကျောက်စိမ်းဧကရာဇ်ကဲ့သို့ မပြုမူသနည်း။ ဘုရား၌ ဩဇာအာဏာနှင့် တန်ခိုးရှိသည်၊ ဘုရား၏ ပင်ကိုလက္ခဏာ ရှိသည်၊ သို့ဖြစ်၍ သူ ဤအရာများကို လုပ်ဆောင်သင့်သည်တကား။ အထူးသဖြင့် အသင်းတော်၌ အဘယ်ကြောင့် ဆိုးယုတ်သောလူများ မကြာခဏ ပေါ်ပေါက်လာပြီး နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေကြသနည်း၊ အချို့မှာ လှူဖွယ်ပစ္စည်းများကိုပင် ခိုးယူကြကာ မည်သည့်အကျိုးဆက်မျှ မခံစားရပါတကား။ အချို့လူများ မကြာခဏ လိမ်ညာကြပြီး အချို့မှာ ဘုရား၏ ဆုံးမပဲ့ပြင်ခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်းကို မခံစားရဘဲ အယူအဆများနှင့် အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်ဝေကြသည်။ အခြားသူများမှာမူ ဘုရားကို ရုတ်တရက် မယုံကြည်တော့ဘဲ လူ့အဖွဲ့အစည်း၌ အလုပ်သွားလုပ်ကြပြီး နှစ်အနည်းငယ် ကြာပြီးနောက် သူတို့သည် မည်သည့်အခါမျှ အခက်အခဲမကြုံတွေ့ရဘဲ ချမ်းသာကြွယ်ဝလာကြသည်။ အချို့သော ယုံကြည်သူများသည် ဘုရားကို မယုံကြည်သောသူများထက် ပိုဆိုးသောဘဝများဖြင့် နေထိုင်ကြသည်။ အမှန်တကယ်တွင် ဘုရားကို ယုံကြည်သူများသည် ဒုက္ခဆင်းရဲခံစားနေရပြီး သူတို့ထဲမှ များစွာတို့သည် ညှဉ်းပန်းနှိပ်စက်ခံနေရကာ သူတို့၏နေအိမ်များသို့ မပြန်နိုင်ဘဲ ဆင်းရဲမွဲတေမှုနှင့် ဒုက္ခဆင်းရဲထဲ၌ နေထိုင်နေကြရသည်။ ဤသည်မှာ ဘုရားကို ယုံကြည်ခြင်း၏ အဓိပ္ပာယ် မဟုတ်လောက်ဘူး မဟုတ်လော။ ဤသည်မှာ ဘုရားကို လိုက်လျှောက်ခြင်း၏ တန်ဖိုး မဟုတ်လောက်ဘူး မဟုတ်လော။ ဤသည်မှာ ဘုရားက လူတို့ကို ပေးလိုသော နေ့စဉ်ဘဝ မဟုတ်လောက်ဘူး မဟုတ်လော။ လူတို့ သူတို့ မပြီးမြောက်နိုင်သော အရာများနှင့် ကြုံတွေ့ရသောအခါ အဘယ်ကြောင့် ဘုရားက သူတို့ကို ချက်ချင်းနားလည်ပြီး သဘောပေါက်စေရန် ထူးခြားဆန်းကြယ်သော အရာတစ်ခုခုကို မလုပ်ဆောင်သနည်း။ လူတို့ နားမလည်သော အရာများစွာ ရှိပြီး ဘုရားက သူပြုမူသည့်အတိုင်း အဘယ်ကြောင့် ပြုမူသည်ကို မသိကြပေ။ အဘယ်ကြောင့် ဘုရားက လူတို့၏စိတ်နှလုံးများကို လင်းထိန်စေရန် မီးအိမ်တစ်လုံးကို မထွန်းညှိသနည်း။ အဘယ်ကြောင့် သူ လူတို့ကို ဉာဏ်အလင်း မပေးသနည်း။ လူတို့ မကောင်းမှုပြုပြီး နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေသောအခါ ဘုရားသည် ထိုဆိုးယုတ်သောလူများကို ရင်ဆိုင်ပြီး တိုက်ရိုက်ကျိန်ဆဲခြင်းနှင့် သူတို့ကို တုံ့ပြန်ဒဏ်ခတ်ခြင်းကို ရင်ဆိုင်စေခြင်းတို့ မပြုပေ။ ဘုရားက ထိုသို့သောအရာများကို လုပ်ဆောင်သည့် ဖြစ်ရပ်များစွာကို ငါ မမြင်တွေ့ခဲ့ရချေ။ တစ်ခါတစ်ရံ လူတို့သည် ဘုရား၏ ဉာဏ်ပွင့်စေခြင်း၊ အလင်းပေးခြင်းနှင့် ထောက်ပံ့ပေးခြင်းတို့ကို လိုအပ်သည်၊ သို့ဖြစ်၍ အဘယ်ကြောင့် သူတို့ ဘုရားကို မခံစားနိုင် သို့မဟုတ် မမြင်နိုင်ကြသနည်း။ ဘုရားသည် အဘယ်မှာ ရှိသနည်း” ဟူ၍ တွေးတောကြလေသည်။ ဤသို့သော “အဘယ်ကြောင့်” ဟူသမျှသည် အန္တိခရစ်များ၏ စိတ်နှလုံးထဲ၌ အဖြေမရဘဲ ကျန်ရှိနေသည်။ ဤအရာများနှင့် ဖြစ်စဉ်များသည် တိုးတက်ဖို့ မဆိုထားနှင့်၊ မည်သည့်အခါမျှ မပြောင်းလဲဘဲ၊ ပြန်မလှည့်ဘဲ ရှိနေသည်မှာ အဘယ်ကြောင့်ဖြစ်သည်ကို သူတို့ နားမလည်ကြပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် လူတို့ကို လုံးလုံးလျားလျား ပြောင်းလဲစေသင့်ပြီး သူတို့၏ဘဝတစ်ခုလုံး၊ ဟန်ပန်အမူအရာ၊ အတွေးအခေါ်များ၊ အထူးသဖြင့် သူတို့၏ ဘဝအရည်အသွေးနှင့် သူတို့၏အရည်အချင်းများနှင့် ကျွမ်းကျင်မှုများအားလုံးသည် အပြုသဘောဆောင်သော ဦးတည်ချက်သို့ ဖွံ့ဖြိုးတိုးတက်သင့်သည်ဟု သူတို့ ထင်ကြသည်။ အနှစ် ၁၀ နှစ် သို့မဟုတ် ၂၀ ကြာ စောင့်ကြည့်လေ့လာပြီးနောက် သူတို့သည် ဤပြောင်းလဲမှုများကို အဘယ်ကြောင့် မမြင်နိုင်ကြသနည်း။ လူတို့ သူတို့၏အယူအဆများထဲ၌ စိတ်ကူးယဉ်ကြသော သို့မဟုတ် အိပ်မက်မက်ကြသော အရာများသည် သူတို့ ဘုရားသခင်ကို ယုံကြည်လာပြီးနောက် မည်သည့်အခါမျှ ဖြေရှင်းခြင်း သို့မဟုတ် အကောင်အထည်ဖော်ခြင်း မခံရပေ။ သို့ဖြစ်၍ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ဘုရားသခင်ကို ယုံကြည်ပြီး လိုက်လျှောက်ခြင်း၏ တန်ဖိုးမှာ အဘယ်နည်း။ ဤမေးခွန်းများသည် အန္တိခရစ်များ၏ စိတ်နှလုံးထဲ၌ ဖြေရှင်းမရဘဲ အဖြေမရဘဲ ကျန်ရှိနေပြီး အန္တိခရစ်များ သူတို့ ဖြစ်လာမည်ဟု ထင်မြင်ယူဆသကဲ့သို့ အကောင်အထည်ပေါ်ခြင်း သို့မဟုတ် ပြည့်စုံခြင်း မရှိသောကြောင့် အန္တိခရစ်များ စိတ်ထဲ၌ရှိသော ဘုရားသည် မည်သည့်အခါမျှ တည်ရှိသည်မဟုတ်။ ပြီးလျှင် သဘာဝအလျောက်ပင် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်တော်မူသောသူသည် အန္တိခရစ်များ၏ စိတ်ထဲ၌ ထာဝရ ငြင်းပယ်ခြင်းခံရသည်။

အန္တိခရစ်တို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အလွန်အမင်း ရောနှောခြင်းများ ရှိသည်။ အမှန်တကယ်တွင် အန္တိခရစ်တို့သည် ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ကြပေ၊ ယင်းမှာ ဟန်ဆောင်မှုချည်းသာ ဖြစ်သည်။ သူတို့သည် ဘာသာတရားမရှိသူများက နတ်ဆိုးများနှင့် ကိုးကွယ်သည့်အရာများကို ကိုးကွယ်ကြသကဲ့သို့ပင် ဘုရားသခင်ကို ယုံကြည်ကြသည်။ ဘုရားသခင် ပြုတော်မူသမျှကို လက်ခံရန် ခက်ခဲသည်ဟု သူတို့ မြင်ကြပြီး သူတို့သည် သံသယများနှင့် မေးခွန်းများကို အစဉ်သဖြင့် စိတ်ထဲ၌ ထားရှိကြသည်။ သူတို့သည် ဤသံသယများနှင့် မေးခွန်းများကို မိမိတို့၏ စိတ်နှလုံးထဲ၌ ဖုံးကွယ်ထားပြီး ယင်းတို့ကို ထုတ်ဖော်ပြောဆိုဝံ့ခြင်း မရှိကြသည့်အပြင် ဟန်ဆောင်ခြင်း၌လည်း ကျွမ်းကျင်ကြသည်၊ သို့ဖြစ်၍ သူတို့ ဘုရားသခင်ကို မည်မျှပင် နှစ်ပေါင်းများစွာ ယုံကြည်ကြသည်ဖြစ်စေ လုံးလုံးလျားလျား မယုံကြည်သူများအဖြစ် ကျန်ရှိနေဆဲ ဖြစ်သည်။ သူတို့သည် ဘုရားသခင်နှင့် သူ၏ လုပ်ဆောင်ချက်အားလုံးကို မိမိတို့၏ စိတ်ကူးယဉ်မှုများ၊ ဘုရားသခင်နှင့်ပတ်သက်သည့် မိမိတို့၏ အမျိုးမျိုးသော စိတ်ကူးစိတ်သန်းများနှင့် အယူအဆများအပြင် အချို့သော ရိုးရာလူ့အသိပညာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ အယူအဆများဖြင့် အကဲဖြတ်ကြသည်။ သူတို့သည် ဤအရာများကို အသုံးပြု၍ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် ကိုယ်တော် တည်ရှိသည်၊ မရှိသည်ကို အကဲဖြတ်ကြသည်။ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ သူတို့သည် ဘုရားသခင်၏ တည်ရှိမှုကို ငြင်းပယ်ကြပြီး လူ့ဇာတိခံယူသော ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို အသိအမှတ်မပြုကြပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ပိုင်ဆိုင်ခြင်း ရှိမရှိကို အန္တိခရစ်တို့ တိုင်းတာသည့် စံနှုန်းသည် မှားယွင်းနေသည် မဟုတ်လော။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် အန္တိခရစ်တို့သည် အသိပညာနှင့် ကျော်ကြားသော၊ ကြီးမြတ်သော ပုဂ္ဂိုလ်များကို ကြည်ညိုလေးစားကြသည်၊ သို့ဖြစ်၍ ဤကျော်ကြားသော၊ ကြီးမြတ်သော ပုဂ္ဂိုလ်များထံမှ လာသည့်အရာများအပေါ် သူတို့၌ ကန့်ကွက်ချက်များ သို့မဟုတ် မည်သည့်အလွန်အမင်း မနှစ်မြို့ခြင်းမျှ ဘယ်သောအခါမျှ မရှိကြပေ။ သို့ဆိုလျှင် ကိုယ်တော်သည် ပုံမှန်နှင့် ရိုးရိုးလူတစ်ဦးဖြစ်သည်ကို သူတို့ မြင်တွေ့ရသောအခါ ခရစ်တော်ကို အဘယ်ကြောင့် မထီမဲ့မြင်ပြုကြသနည်း၊ ပြီးလျှင် ခရစ်တော် သမ္မာတရားများစွာကို ဖော်ပြသည်ကို သူတို့ မြင်တွေ့ရသောအခါ အလွန်အမင်း မနှစ်မြို့ခြင်းနှင့် အမုန်းတရားတို့ကို အဘယ်ကြောင့် စတင်၍ ခံစားလာကြသနည်း။ အကြောင်းမှာ သူတို့ ကြည်ညိုလေးစားပြီး နှစ်သက်မြတ်နိုးသည့်အရာသည် လုံးဝ အပြုသဘောဆောင်ခြင်း မရှိသောကြောင့် ဖြစ်သည်၊ ယင်း၏ တစ်စက်တလေမျှပင် အပြုသဘောဆောင်ခြင်း မရှိပေ။ အန္တိခရစ်တို့သည် အဘယ်အရာကို နှစ်သက်ကြသနည်း။ သူတို့သည် ထူးဆန်းထွေလာမှု၊ ကောက်ကျစ်ဆိုးယုတ်မှု၊ ထူးဆန်းသောတန်ခိုးများနှင့် သဘာဝလွန်အရာများကို နှစ်သက်ကြသော်ငြားလည်း ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှု၊ လူသားအပေါ် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာ၊ ဘုရားသခင်၏ ဉာဏ်ပညာ၊ သစ္စာစောင့်သိခြင်း၊ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့မှာမူ အန္တိခရစ်တို့၏ အမြင်တွင် အားလုံး ပြစ်တင်ရှုတ်ချခြင်း ခံရလေသည်။ ဥပမာအနေဖြင့် ညီအစ်ကိုမောင်နှများ ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိပြီး လက်တွေ့ကျကျ သင်ခန်းစာရရန်အတွက် ဘုရားသခင်သည် အခြေအနေတစ်ခုကို စီစဉ်ဖွဲ့စည်းလေသည်။ ယင်းမှာ မည်သည့်အခြေအနေဖြစ်သနည်း။ နတ်ဆိုးစွဲခြင်းခံနေခဲ့ရသော လူတစ်ဦးကို ၎င်းတို့ကြား၌ နေစေရန် သူ စီစဉ်ပေးခဲ့သည်။ အစတွင် ဤလူ၏ပြောဆိုပုံနှင့် လုပ်ကိုင်ပုံတို့သည် ပုံမှန်ဖြစ်ပြီး သူ၏ ဆင်ခြင်တုံတရားမှာလည်း ထို့အတူပင်ဖြစ်သည်။ ပြဿနာရှိပုံမပေါ်ခဲ့ပေ။ သို့သော် ထိတွေ့ဆက်ဆံသော အချိန်ကာလတစ်ခုအထိ ကြာပြီးနောက်တွင် သူပြောသမျှက အမြီးအမောက်မတည့်ဘဲ ကောင်းမွန်သော တည်ဆောက်မှုနှင့် စနစ်ကျမှု မရှိသည်ကို ညီအစ်ကိုမောင်နှမများက ရှာဖွေတွေ့ရှိလိုက်ရသည်။ သူပြောသမျှက တောင်မကျ မြောက်မကျ ဖြစ်နေခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် သဘာဝလွန် အကြောင်းအရာအချို့ ဖြစ်ပေါ်လာသည်။ သူသည် ဤရူပါရုံ၊ ထိုရူပါရုံကို မြင်ခဲ့ရပြီး မည်သို့သောဗျာဒိတ်တော်မျိုး ရရှိခဲ့သည် ဟု ညီအစ်ကိုမောင်နှမများအား အစဉ်သဖြင့် ပြောပြသည်။ ဥပမာ တစ်ရက်တွင် ပေါက်စီလုပ်ရမည်ဟု သူ ဗျာဒိတ်တော်ရသည်၊ သူလုပ်ကို လုပ်ခဲ့ရသည်၊ ဤသို့ဖြင့် နောက်တစ်နေ့တွင် တိုက်တိုက်ဆိုင်ဆိုင်ပင် သူအပြင်သွားဖို့ လိုလာသည်၊ ထို့ကြောင့် ပေါက်စီများကို သူယူသွားခဲ့သည်။ နောက်ပိုင်းတွင် တောင်ဘက်သို့ သွားရမည်၊ ခြောက်မိုင်အကွာတွင် လူတစ်ယောက်က သူ့ကို စောင့်နေသည်ဟု သူ အိပ်မက်ထဲတွင် ဗျာဒိတ်တော်ရသည်။ သူ ထွက်ရှာခဲ့သည်။ ထိုနေရာတွင် လမ်းပျောက်နေခဲ့သောသူတစ်ယောက် ရှိနေလေသည်။ ထိုသူအား ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်နှင့်ပတ်သက်၍ သူသက်သေခံပြီး ထိုသူကလည်း လက်ခံ၏။ သူသည် ဗျာဒိတ်တော် အစဉ်သဖြင့် ရရှိနေသည်။ အသံတစ်သံကို အမြဲကြားနေရသည်။ သဘာဝလွန်အရာများက သူ့ထံတွင် အစဉ်ဖြစ်ပျက်နေသည်။ နေ့စဉ် မည်သည့်အရာကို စားမည်၊ မည်သည့်နေရာကိုသွားမည်၊ မည်သည့်အရာကို လုပ်မည်၊ မည်သူနှင့် ဆက်ဆံမည်တို့နှင့် ပတ်သက်လျှင် ပုံမှန်လူ့သဘာဝ အသက်တာ၏ နိယာမများကို သူလိုက်မလျှောက်သကဲ့သို့ အခြေခံအဖြစ် သို့မဟုတ် စည်းမျဉ်းအဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မရှာဖွေပေ၊ သို့မဟုတ် မိတ်သဟာယပြုရန်အတွက် လူတို့ကိုလည်း မရှာဖွေပေ။ သူ၏ ခံစားချက်များအပေါ်သာ အစဉ်သဖြင့် အားကိုးနေပြီး အသံတစ်ခု သို့မဟုတ် ဗျာဒိတ်တော် သို့မဟုတ် အိပ်မက်တစ်ခုကိုသာ အစဉ်စောင့်နေခဲ့သည်။ ဤလူပုဂ္ဂိုလ်မှာ ပုံမှန်ဟုတ်သလော။ (မဟုတ်ပါ။) သူ တစ်နေ့လျှင် စားသုံးသော အစားအစာသုံးနပ်နှင့် သူ၏နေ့စဉ်ပုံမှန်အလုပ်များတွင် ပုံမှန်ပုံစံများ ရှိပုံရသော်လည်း သူသည် အသံများကို အမြဲတမ်း ကြားနေခဲ့ရသည်။ လူအချို့က သူ့ကို ပိုင်းခြားသိမြင်ခဲ့ကြပြီး ဤသည်တို့မှာ နတ်ဆိုးစွဲခြင်း၏ သရုပ်သကန်များ ဖြစ်သည်ဟု ဆိုခဲ့ကြသည်။ ညီအစ်ကိုမောင်နှမများသည် သူ့ကို တဖြည်းဖြည်း ပိုင်းခြားသိမြင်လာခဲ့ကြရာ တစ်နေ့တွင် သူသည် စိတ်ရောဂါ ရုတ်တရက် ပြန်ထလာပြီး ရူးသွပ်သောစကားများ စတင်ပြောဆိုကာ ဝတ်လစ်စလစ်၊ ဆံပင်ဖရိုဖရဲဖြင့် စိတ်ဖောက်ပြန်၍ ထွက်ပြေးသွားခဲ့သည်။ ထိုသို့ဖြင့် ထိုကိစ္စမှာ နောက်ဆုံးတွင် အဆုံးသတ်ခဲ့လေသည်။ ညီအစ်ကိုမောင်နှမများသည် ယခုအခါ နတ်ဆိုးတစ်ကောင် အလုပ်လုပ်ခြင်းနှင့် နတ်ဆိုးစွဲခြင်း၏ တိကျသော သရုပ်သကန်များကို ထိုးထွင်းသိမြင်မှုနှင့် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိကြသည် မဟုတ်လော။ အမှန်ပင် သူတို့ထဲမှ အချို့သည် ထိုသို့သောအမှုများကို ယခင်က ကြုံတွေ့ခဲ့ဖူးပြီး ၎င်းတို့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိနှင့်ပြီးဖြစ်သော်လည်း အခြားသူများမှာမူ ဘုရားသခင်ကို ယုံကြည်သည်မှာ အချိန်မကြာသေးသဖြင့် ထိုသို့သောအမှုကိစ္စများကို မကြုံတွေ့ဖူးခဲ့ကြဘဲ အထင်အမြင်မှားစေခြင်း ခံရဖွယ်ရှိခဲ့သည်။ သို့သော် သူတို့ အထင်အမြင်မှားစေခြင်း ခံရသည်ဖြစ်စေ၊ ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသည်ဖြစ်စေ အကယ်၍ ဘုရားသခင်က ဤပတ်ဝန်းကျင်ကို စီစဉ်ဖွဲ့စည်းခဲ့ခြင်း မရှိပါက သူတို့သည် နတ်ဆိုးတစ်ကောင်၏ အလုပ် သို့မဟုတ် ပူးကပ်ခြင်းကို အမှန်တကယ် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိနိုင်ကြမည်လော။ (မရှိနိုင်ပါ။) သို့ဆိုလျှင် ဘုရားသခင် ဤပတ်ဝန်းကျင်ကို စီစဉ်ဖွဲ့စည်းပြီး ဤအမှုများကို ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်နှင့် အရေးပါမှုမှာ အတိအကျ အဘယ်အရာ ဖြစ်ခဲ့သနည်း။ ယင်းမှာ သူတို့ကို လက်တွေ့ကျကျ ပိုင်းခြားသိမြင်မှု ရရှိစေရန်နှင့် သင်ခန်းစာတစ်ခု သင်ယူစေရန်၊ နတ်ဆိုးများ၏ အလုပ်ရှိသူများ သို့မဟုတ် နတ်ဆိုးစွဲခြင်းခံရသူများကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သိရှိစေရန် ဖြစ်ခဲ့သည်။ အကယ်၍ လူတို့အား နတ်ဆိုးတစ်ကောင်၏ အလုပ်မှာ အဘယ်အရာ ဖြစ်သည်ကိုသာ ပြောပြခဲ့လျှင် ဥပမာအားဖြင့် ဆရာတစ်ဦးက သူ၏ကျောင်းသားများကို စာအုပ်တစ်အုပ်မှ သင်ကြားပြီး မည်သည့် လက်တွေ့လေ့ကျင့်ခန်း သို့မဟုတ် လေ့ကျင့်မှုမျှ မလုပ်ဆောင်ခိုင်းဘဲ ကျောင်းသုံးစာအုပ် သီအိုရီများအကြောင်းကိုသာ ပြောဆိုသကဲ့သို့ ဖြစ်နေမည်ဖြစ်ပြီး လူတို့သည် အယူဝါဒအချို့နှင့် စကားအချို့ကိုသာ နားလည်ကြပေလိမ့်မည်။ သင် ကိုယ်တိုင် မျက်မြင် ကြုံတွေ့ရကာ မျက်စိဖြင့် တပ်အပ်မြင်ခဲ့ပြီး နားနှင့် ဆတ်ဆတ်ကြားခဲ့ရသောအခါမှသာ ဝိညာဉ်ဆိုး၏ လုပ်ဆောင်မှုသည် အဘယ်သို့ဖြစ်သည်၊ အသေးစိတ်လက္ခဏာများက အဘယ်သို့ဖြစ်သည်ဆိုသည်ကို သင် ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်သည်။ ထို့နောက်တွင် ထိုသို့သော လူတို့ကို ထပ်မံ ကြုံတွေ့သောအခါ ၎င်းတို့ကို သင် ပိုင်းခြားသိမြင်ပြီး ငြင်းပယ်နိုင်လိမ့်မည်။ ထိုကဲ့သို့သော ကိစ္စရပ်များကို သင် သင့်လျော်စွာ ကိုင်တွယ်နိုင်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ထိုသို့သော ပတ်ဝန်းကျင်၌ ရရှိသည့်အရာသည် တစ်နေ့လုံး စုဝေးပွဲများ တက်ရောက်ခြင်းနှင့် တရားဒေသနာများ နားထောင်ခြင်းမှ သင် ရရှိသည့်အရာထက် များစွာ ပို၍ လက်တွေ့ကျသည် မဟုတ်လော။ ပုံမှန်တွေးခေါ်မှုနှင့် ဆင်ခြင်တုံတရား ရှိကြပြီး သမ္မာတရားကို လိုက်စားကြသောလူတို့သည် ဘုရားသခင် ဤအမှုအရာများကို ပြုလုပ်သည့် နည်းလမ်းများအပေါ် မှန်ကန်သော နားလည်မှု ရှိကြလိမ့်မည်။ သူတို့က “အဘယ်ကြောင့် ဘုရားသခင်သည် အသင်းတော်၌ နတ်ဆိုးများ ပေါ်ပေါက်လာရန် ခွင့်ပြုသနည်း။ အဘယ်ကြောင့် ဘုရားသခင်သည် ကျွန်ုပ်ကို ကြိုတင်၍ သတိမပေးခဲ့သနည်း။ အဘယ်ကြောင့် ကိုယ်တော်သည် နတ်ဆိုးများကို ဖယ်ရှားခြင်း မပြုသနည်း” ဟု ဆိုလျက် ညည်းညူကြမည် မဟုတ်ပေ။ သူတို့သည် ဤအမှုအရာများနှင့်ပတ်သက်၍ ညည်းညူကြမည် မဟုတ်ဘဲ ထိုအစား သူတို့သည် ကိုယ်တော်၏ ပြောင်မြောက်ပြီး ဉာဏ်ပညာရှိသော အလုပ်အတွက် ဘုရားသခင်ကို ချီးမွမ်းလျက်၊ ဘုရားသခင်သည် လူသားကို အလွန် ချစ်တော်မူသည်ဟု ဆိုလျက် ကျေးဇူးတင်ကြလိမ့်မည်။ သို့ရာတွင် အန္တိခရစ်တို့သည် သမ္မာတရားကို လက်မခံကြသည့်အပြင် တစ်ချိန်တည်းမှာပင် သူတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများ၊ စိတ်ကူးစိတ်သန်းများဖြင့် ပြည့်နှက်နေသည်၊ ထို့အပြင် သူတို့သည် မိမိတို့ စိတ်နှလုံးထဲ၌ နတ်ဆိုးများနှင့် ရုပ်တုများကို အမှန်တကယ် ကိုးကွယ်ကြပြီး သူတို့သည် စစ်မှန်သော ဘုရားသခင် ပြုတော်မူသမျှကို မိမိတို့ ကိုးကွယ်သည့်အရာများနှင့် နှိုင်းယှဉ်အကဲဖြတ်ကြသည်။ သို့ဖြစ်၍ ထိုသို့သော အခြေအနေများကို ကြုံတွေ့ရသည့်အခါ သူတို့သည် ဦးစွာ ဤသို့ တွေးတောကြသည်၊ “ဤသည်မှာ ဘုရား၏ အလုပ်လော။ သင်တို့သည် အဘယ်ကြောင့် ထိုမျှ မိုက်မဲရသနည်း။ ဘုရားသည် အသင်းတော်၌ နတ်ဆိုးများ ပေါ်ပေါက်လာရန် မည်သို့ ခွင့်ပြုနိုင်မည်နည်း” ဟူ၍ဖြစ်သည်။ ဤသည်မှာ မှားယွင်းသော နားလည်မှုတစ်ခု မဟုတ်လော။ ပထမဦးစွာ ဤသည်မှာ ဘုရားသခင်၏ အလုပ်ဖြစ်သည်ကို သူတို့ ငြင်းပယ်ကြပြီး ဤသို့လည်း တွေးထင်ကြသည်၊ “ဘုရားသည် ဤသို့ သေချာပေါက် ပြုလုပ်လိမ့်မည် မဟုတ်ပေ။ ဘုရားများသည် လူတို့ ဆင်းရဲဒုက္ခခံစားရရန် အလိုမရှိကြပေ။ ကွမ်ရင်မယ်တော် ဗောဓိသတ္တသည် လူတို့ ဆင်းရဲဒုက္ခ ခံစားနေရသည်ကို မြင်တွေ့ရသောအခါ သူ၏ ရုပ်ပွားတော်များ မျက်ရည်ကျကြသည်၊ သူသည် သတ္တဝါအားလုံးကို ဆင်းရဲဒုက္ခမှ ကယ်တင်လိုသည်၊ လူတိုင်းကို ဗုဒ္ဓ၏ နာမတော်အောက်သို့ ပို့ဆောင်လိုပြီး လူ့လောက၏ ဆင်းရဲဒုက္ခအားလုံးမှ သူတို့ကို သက်သာရာရစေလိုသည်။ ဘုရားများသည် သနားကရုဏာ ကြီးသင့်သည်၊ မိမိတို့ ရွေးချယ်ထားသောလူများကို ဂရုစိုက်သင့်ပြီး အသင်းတော်၌ နတ်ဆိုးများ ပေါ်ပေါက်လာရန် ခွင့်မပြုသင့်ပေ။ ဤသည်မှာ ဘုရား၏ လုပ်ဆောင်ချက် အသေအချာ မဖြစ်နိုင်ပေ” ဟူ၍ ဖြစ်သည်။ ထိုသို့သောအမှုများ ဖြစ်ပွားသည်နှင့်တစ်ပြိုင်နက် အန္တိခရစ်တို့၏ စိတ်နှလုံးထဲ၌ သူတို့သည် ပထမဦးစွာ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ပို၍ပင် သံသယဝင်လာကြပြီး တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို အကြိမ်တစ်ရာ၊ တစ်ထောင်မက လက်ခံလိုစိတ်မရှိကြသည့်အပြင် ယင်းတို့ကို ဝေဖန်သုံးသပ်ပြီး ပြစ်တင်ရှုတ်ချကြသည်ပင်။ သူတို့သည် ဤအမှုကို ဘုရားသခင်ထံမှ ခံယူသော ညီအစ်ကိုမောင်နှမများကိုလည်း ဤသို့ ဆိုလျက် လှောင်ပြောင်ကြသည်၊ “စဉ်းစားဉာဏ်မရှိသော သင်တို့သည် အရာရာတိုင်း ဘုရား၏ လုပ်ဆောင်ချက်ဖြစ်သည်ဟု ယုံကြည်နေကြဆဲပင်။ ဘုရားတစ်ဆူသည် ဤသို့ ပြုမူလိမ့်မည် မဟုတ်ပေ။ ဘုရားတစ်ဆူသည် သူ၏ သိုးငယ်များကို ကာကွယ်စောင့်ရှောက်ပြီး ဂရုစိုက်သင့်သည်၊ သူ၏ လက်များဖြင့် သူတို့ကို ကွယ်ကာပေးသင့်သည်။ ဘုရားများသည် လူတို့အတွက် ခိုလှုံရာများ ဖြစ်ကြသည်၊ လူတို့သည် ဤဆင်းရဲဒုက္ခအားလုံးကို မခံစားသင့်ပေ။ အပျက်သဘောဆောင်သောအရာများနှင့် မကောင်းသောအရာများအားလုံး လူတို့အပေါ် မဖြစ်ပျက်သင့်ပေ၊ ဘုရားများသည် ထိုသို့ အလုပ်လုပ်ကြသည်” ဟူ၍ ဖြစ်လေသည်။ အန္တိခရစ်တို့၏ စိတ်နှလုံးများသည် ဘုရားသခင်အပေါ် သံသယများ၊ ငြင်းပယ်မှုများ၊ အယူအဆများနှင့် ပြစ်တင်ရှုတ်ချမှုများဖြင့် ပြည့်နှက်နေသည်။ အကျိုးဆက်အနေဖြင့် ဘုရားသခင် မည်သည့်အရာကိုပင် ပြုလုပ်သည်ဖြစ်စေ၊ သူတို့၏ အမြင်တွင် ယင်းက မှားယွင်းပြီး ဘုရားသခင် ပြုလုပ်သင့်သည့်အရာ မဟုတ်သည့်အပြင် ယင်းမှာ သူတို့ ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီး ငြင်းပယ်ရန်အတွက် သက်သေအထောက်အထားနှင့် နိုင်ကွက်ဖြစ်နေသည်။ ဤအရာ၌ ဘုရားသခင်ကို အတိုက်အခံလုပ်သည့် အန္တိခရစ်တို့၏ သဘာဝအနှစ်သာရမှာ လုံးဝ ဖော်ထုတ်ခြင်း ခံရသည်။ ဥပမာအနေဖြင့် ညီအစ်ကိုမောင်နှမများ စီစီပီ၏ ညှဉ်းပန်းနှိပ်စက်မှုနှင့် ဖိနှိပ်မှုကို ခါးစည်းခံနေရသည့်အခါ ရဲများသည် တံဆိပ်ခတ်သော လျှပ်စစ် သံချောင်းများကို နီရဲလာသည်အထိ အပူပေးပြီး သူတို့၏ ခန္ဓာကိုယ်များပေါ်သို့ ဖိကပ်ကြရာ ယင်းက အလွန်နာကျင်စေသဖြင့် သူတို့ သတိလစ်သွားကြပြီး ရှိနေသူအားလုံး၏ သွေးများ အေးစက်သွားစေသည်။ ဤမြင်ကွင်းကို မြင်တွေ့ရသည့်အခါ အန္တိခရစ်တို့ မည်သို့ တွေးထင်ကြသနည်း။ “ဤစာတန်များနှင့် နတ်ဆိုးများသည် အလွန် ရက်စက်ကြသည်တကား။ သူတို့၌ လူ့သဘာဝမရှိ၊ သနားခြင်း သို့မဟုတ် ကရုဏာသက်ခြင်း မရှိပေ။ သူတို့၏ နည်းလမ်းများသည် အလွန် ရက်စက်ကြမ်းကြုတ်သည်၊ ငါ ကြည့်ပင် မကြည့်ရက်နိုင်ပါတကား။ အကယ်၍ ငါသာ ထိုနေရာ၌ ရှိနေလျှင် ငါသည် တံဆိပ်ခတ်သော လျှပ်စစ် သံချောင်းများကို အေးစေမည်၊ ယင်းတို့ကို ဝါဂွမ်းအဖြစ် ပြောင်းလဲစေပြီး လူတို့၏ ခန္ဓာကိုယ်များပေါ်သို့ ဘုရားတစ်ဆူ၏ လက်က သူ၏ သိုးငယ်များကို ပွတ်သပ်ပေးသကဲ့သို့ ညင်သာစွာ၊ နွေးထွေးစွာ၊ နူးညံ့စွာ ထိတွေ့စေမည်ဖြစ်ပြီး လူတို့ကို သူ၏ ကရုဏာသက်သော စိတ်နှလုံး၊ သူ၏ ချစ်ခြင်းမေတ္တာနှင့် နွေးထွေးမှုကို ခံစားစေသည့်အပြင် သူ့နောက်ကို လိုက်ရန် သူတို့၌ ယုံကြည်ခြင်းနှင့် သန္နိဋ္ဌာန်တို့ကို ပို၍ ဖြစ်ပေါ်စေမည်။ သို့သော် လူသားများသည် လူသားများသာ ဖြစ်ကြသည်၊ ကျွန်ုပ်တို့၏ ညီအစ်ကိုမောင်နှမများနှင့် လူသားများ ထိုမျှ ဆင်းရဲဒုက္ခကြီးစွာ ခံစားနေရသည်ကို ကြည့်နေရစဉ် ကျွန်ုပ်တို့ ဘာမျှမတတ်နိုင်ပေ။ ဘုရားသည် အဘယ်မှာ ရှိနေသနည်း။ ဤစာတန်များနှင့် နတ်ဆိုးများ၏ လက်များကို ဤအချိန်တွင် ဘုရားသည် အဘယ်ကြောင့် မတားဆီးသနည်း။ သူသည် နီရဲနေသည့် တံဆိပ်ခတ်သော လျှပ်စစ် သံချောင်းများကို အဘယ်ကြောင့် အေးမသွားစေသနည်း။ တံဆိပ်ခတ်သော လျှပ်စစ် သံချောင်းများ ညီအစ်ကိုမောင်နှမများအပေါ်သို့ ဖိကပ်သည့်အခါ ဘုရားသည် သူတို့ကို နာကျင်မှု မခံစားရအောင် အဘယ်ကြောင့် မပြုလုပ်သနည်း။ အကယ်၍ ကွမ်ရင်မယ်တော်ဗောဓိသတ္တသာ ဖြစ်ပါက သူသည် ဤသို့ အသေအချာ ပြုလုပ်လိမ့်မည်၊ သူသည် သက်ရှိသတ္တဝါများ အချင်းချင်း ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းကို မြင်တွေ့လိုမည်မဟုတ်၊ သူသည် ယင်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ အနိုင်ကျင့်မှု သို့မဟုတ် နာကျင်မှု အနည်းငယ်မျှပင် ခံစားရသည်ကို မြင်တွေ့လိုမည်မဟုတ်ပေ။ သူသည် သတ္တဝါအားလုံးကို စိတ်ထဲ၌ ထားရှိသည်၊ သူ၏ စိတ်နှလုံးသည် ကောင်းကင်ဘုံထက် ကျယ်ပြန့်ပြီး သူ၏ ချစ်ခြင်းမေတ္တာမှာ အဆုံးမရှိပေ။ ယင်းမှာ အမှန်တကယ် ဘုရားတစ်ဆူ ဖြစ်သည်။ ဘုရားသည် အဘယ်ကြောင့် ဤသို့ မပြုမူသနည်း။ ငါသည် ဘုရားတစ်ဆူ မဟုတ်၊ ငါ၌ ဤစွမ်းရည် မရှိပေ။ အကယ်၍ ငါသာ ဘုရားတစ်ဆူ ဖြစ်ခဲ့လျှင် ငါသည် ငါ၏ လူများကို ဤသို့ ဆင်းရဲဒုက္ခ မခံစားစေရ” ဟူ၍ဖြစ်သည်။ သူတို့အပေါ် မည်သည့်အရာပင် ကျရောက်သည်ဖြစ်စေ အန္တိခရစ်တို့၌ မိမိတို့၏ ကိုယ်ပိုင်အမြင်များ၊ အခိုင်အမာပြောဆိုချက်များ၊ ထင်မြင်ယူဆချက်များနှင့် “ထူးချွန်သော စိတ်ကူးများ” ပင် ရှိကြသည်။ သူတို့အပေါ် မည်သည့်အရာပင် ဖြစ်ပျက်သည်ဖြစ်စေ သူတို့သည် ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘယ်သောအခါမျှ မဆက်စပ်ကြပေ၊ သူတို့သည် ဘုရားသခင်ကို နားလည်ရန်၊ ဘုရားသခင်ကို သက်သေခံရန်၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို အတည်ပြုရန်၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်သော ဘုရားသခင်၏ အနှစ်သာရသည် မည်သည့်နေရာ၌၊ မည်သို့ ဖော်ပြသည်ကို အတည်ပြုရန် သမ္မာတရားကို ဘယ်သောအခါမျှ မလိုက်စားကြပေ၊ အန္တိခရစ်တို့သည် ဤနည်းအတိုင်း လက်တွေ့မကျင့်သုံးကြပေ။ ထိုအစား သူတို့သည် အလှည့်တိုင်း၌ စာတန်၊ အမျိုးမျိုးသော နတ်ဆိုးများ၊ သို့မဟုတ် ကွမ်ရင်မယ်တော်ဗောဓိသတ္တနှင့် ဗုဒ္ဓတို့၏ ရှုထောင့်အမြင်များကို အသုံးပြု၍ ဘုရားသခင်ကို အကဲဖြတ်ပြီး ယှဉ်ပြိုင်ကြသည်။ ဤအရာ၏ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ အန္တိခရစ်တို့သည် အချိန်တိုင်း၌ ဘုရားသခင်ကို ငြင်းပယ်ကြသည်၊ ကိုယ်တော်၏ လုပ်ဆောင်ချက်များနှင့် အနှစ်သာရ၊ ကိုယ်တော် ပြုတော်မူသမျှ၏ အဓိပ္ပာယ်နှင့် တန်ဖိုး၊ ယင်းက လူတို့ကို မည်သို့ တည်ဆောက်သည်တို့ကို ငြင်းပယ်ကြသည်။ သူတို့သည် ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင် လူတို့အပေါ် ရရှိစေရန် ရည်ရွယ်သည့် အကျိုးသက်ရောက်မှုနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များ တည်ရှိခြင်းကို ငြင်းပယ်ကြသည်။ ဘုရားသခင် ပြုတော်မူသမျှ၏ အရေးပါမှုနှင့် တန်ဖိုးကို ငြင်းပယ်ခြင်းအားဖြင့် အန္တိခရစ်တို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ငြင်းပယ်နေကြသည် မဟုတ်လော။ (ငြင်းပယ်နေကြပါသည်။) အန္တိခရစ်တို့၏ ဤသရုပ်သကန်များနှင့် အနှစ်သာရ၊ သူတို့ ထုတ်ဖော်သည့် အတွေးအခေါ်များ၊ အမှုအရာများ သူတို့အပေါ် ကျရောက်သည့်အခါ ဘုရားသခင်အပေါ် သူတို့၌ ရှိသော အမျက်ဒေါသ၊ တောင်းဆိုချက်များ၊ မကျေနပ်မှုနှင့် မေးခွန်းများ အစရှိသည်တို့အားလုံးသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို အန္တိခရစ်တို့ အသိအမှတ်မပြုခြင်း၏ တိကျသော သရုပ်သကန်များ ဖြစ်ကြသည်။ ဤသည်တို့မှာ အမှန်တရား ဖြစ်လေသည်။

အန္တိခရစ်တို့ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ငြင်းပယ်ခြင်း၏ သရုပ်သကန်များနှင့် ရင်းမြစ်များအကြောင်း ငါတို့ ယခုတင် ပြုလုပ်ခဲ့သော မိတ်သဟာယဖွဲ့ခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းမှတစ်ဆင့် အန္တိခရစ်တို့၏ မည်သည့်အနှစ်သာရကို သင်တို့ သတိပြုမိခဲ့ကြသနည်း။ အန္တိခရစ်တို့သည် ဤလောကအပေါ် အဆိုးမြင်စိတ်ရှိပြီး မျှတမှုနှင့် ဖြောင့်မတ်ခြင်းကို ချစ်မြတ်နိုးကြသည်ကို သင်တို့ သတိပြုမိနိုင်သလော။ အန္တိခရစ်တို့သည် ကြင်နာသော လူ့သဘာဝ၊ သနားကရုဏာ၊ စာနာမှု၊ ကြီးမြတ်သော ချစ်ခြင်းမေတ္တာနှင့် ကောက်ကျစ်ဆိုးယုတ်မှုကို မုန်းတီးခြင်းတို့ကို ပိုင်ဆိုင်သောလူများ ဖြစ်ကြသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် အန္တိခရစ်တို့သည် မည်သို့သော လူစားမျိုး ဖြစ်ကြသနည်း။ (သူတို့သည် သမ္မာတရားကို မုန်းတီးပြီး အလွန်အမင်း မနှစ်မြို့သော၊ အချိန်တိုင်း ဘုရားသခင်ကို ရန်လုပ်သော ဆိုးယုတ်သည့်လူများ ဖြစ်ကြသည်။) ယင်းမှာ ရှုထောင့်တစ်ရပ် ဖြစ်သည်။ အခြား အဘယ်အရာ ရှိသေးသနည်း။ အန္တိခရစ်တို့သည် “တံတားဆောက်ပြီး လမ်းများကို ပြုပြင်သည့်သူများသည် အဆုံးသတ်၌ ကန်းသွားကြပြီး လူသတ်သမားများနှင့် မီးရှို့သူတို့၏ သားသမီးများကမူ တိုးပွားကြလေသည်”ဟူသော လူ့အဖွဲ့အစည်း၏ ဆိုရိုးစကားကို အတော်ပင် အသိအမှတ်ပြုကြသည် မဟုတ်လော။ ဤသည်မှာ သူတို့သည် လောက၏ အခြေအနေကို ဝမ်းနည်းကြေကွဲပြီး လူသားမျိုးနွယ်ကို သနားကြင်နာနေကြသည်ဟု ဆိုလိုခြင်း မဟုတ်လော။ ဤဆိုရိုးစကားကို သူတို့ သဘောတူခြင်း၏ သဘာဝမှာ အဘယ်နည်း။ ဤဆိုရိုးစကား၌ ကောင်းကင်ဘုံ၏ မတရားမှုအပေါ် ညည်းညူခြင်း တစ်စုံတစ်ရာ မပါဝင်ပေဘူးလော။ သူတို့ ဤအရာနှင့်ပတ်သက်၍ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်ကြသော်လည်း အန္တိခရစ်တို့သည် ထိုသို့သော နာကြည်းမှုနှင့် စိတ်ခံစားမှုများကို စွဲကိုင်ထားပြီး ကောင်းကင်ဘုံသည် မတရားကြောင်း ညည်းညူကြသည်၊ “ကောင်းကင်ဘုံသည် မျှတပြီး ကောင်းကင်ဘုံ၌ မျက်စိများ ရှိသည်ဟု ဆိုကြသည် မဟုတ်လော။ သို့ဆိုလျှင် ဤလောက၌ ကောင်းမှုပြုသောသူတို့ အဘယ်ကြောင့် ဆုလာဘ်များ မရိတ်သိမ်းရဘဲ ဆိုးယုတ်သောလူများမူကား ကြီးပွားတိုးတက်နေကြသနည်း။ ဤလောက၌ မျှတမှုသည် အဘယ်မှာ ရှိသနည်း။ ဤလောကရှိ မတရားမှုဆိုင်ရာ ကိစ္စရပ်များသည် မည်သို့ ဖြစ်ပေါ်လာခဲ့သနည်း။ ယင်းမှာ ကောင်းကင်ဘုံသည် မျက်စိကန်းပြီး မတရားသောကြောင့် ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤအရာ၌ သွယ်ဝိုက်သော ဆိုလိုရင်းမှာ ဘုရားသခင်နှင့် ပတ်သက်၍ မျှတမှု မရှိသည့်အပြင် ဗုဒ္ဓနှင့် ကွမ်ရင်မယ်တော်တို့သာ မျှတသည် ဟူ၍ ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်တို့၏ စိတ်နှလုံးများသည် စစ်မှန်သော ဘုရားသခင် ပြုတော်မူသည့်အရာများနှင့်ပတ်သက်၍ နာကြည်းမှု၊ ညည်းညူမှု၊ ငြင်းပယ်မှုနှင့် ပြစ်တင်ရှုတ်ချမှုတို့ဖြင့် ပြည့်နှက်နေသည်။ ဤအရာအားလုံးကို အဘယ်အရာက ဖြစ်ပေါ်စေသနည်း။ ယင်းအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ အန္တိခရစ်တို့၏ အနှစ်သာရကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဤအနှစ်သာရမှာ အဘယ်နည်း။ တိတိကျကျ ပြောရလျှင် အန္တိခရစ်တို့၏ စိတ်နှလုံးများသည် ဘုရားတစ်ဆူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပတ်သက်သော အယူအဆများနှင့် စိတ်ကူးစိတ်သန်းများဖြင့် ပြည့်နှက်နေသည်၊ စစ်မှန်သော ဘုရားသခင်သည် မည်သို့ အတိအကျ အလုပ်လုပ်ပြီး လူတို့ကို ကယ်တင်သည်ကို သူတို့ မသိကြချေ၊ သို့မဟုတ် နားလည်ခြင်း မရှိကြပေ။ ဘုရားသခင် ပြုတော်မူသမျှအပေါ် သူတို့၏ အကဲဖြတ်မှုသည် မိမိတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို အခြေခံသည်။ ဤအရာများမှာ အဘယ်အရာကို အခြေခံသနည်း။ ယင်းတို့သည် စာတန်နှင့် နတ်ဆိုးဘုရင်များက လူသားမျိုးနွယ်ထဲသို့ ထည့်သွင်းပေးခဲ့သော အမျိုးမျိုးသော မိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများကို လုံးလုံး အခြေခံသည်။ ဤမိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် မှားယွင်းပြီး အဓိပ္ပါယ်မဲ့သောအယူအဆများ မည်မျှပင် ကောက်ကျစ်ဆိုးယုတ်သည်ဖြစ်စေ၊ တစ်ဖက်စောင်းနင်းနိုင်သည်ဖြစ်စေ ယင်းတို့သည် လူတို့၏ အယူအဆများ၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီကြပြီး ဤအရာများပင်လျှင် အန္တိခရစ်တို့ ကျင့်ကြံပြုမူရန်နှင့် အမှုအရာအားလုံးကို အကဲဖြတ်ရန် စံနှုန်းများ ဖြစ်လာသည့်အပြင် ဘုရားသခင်ကို အကဲဖြတ်ရန် သူတို့၏ စံနှုန်းလည်း ဖြစ်လာသည်၊ အန္တိခရစ်တို့သည် သူတို့၏ ဇာစ်မြစ်၌ပင် မှားယွင်းနေကြသည်။ အခြား ပို၍ အရေးကြီးသော အကြောင်းရင်းတစ်ခုမှာ အန္တိခရစ်တို့သည် တန်ခိုးအာဏာနှင့် ကြီးကျယ်ခမ်းနားသော အရာများကို နှစ်သက်ကြခြင်း ဖြစ်သည်။ ဥပမာအနေဖြင့် လူတစ်ဦးသည် နန်းတော်တစ်ခု၌ မွေးဖွားပြီး နေ့စဉ် ထိပ်တန်း အထူးခံစားခွင့်ကို မွေ့လျော်ခံစားရကာ အကောင်းဆုံး အစားအစာကို စားသုံးပြီး အကောင်းဆုံး အဝတ်အထည်များကို ဝတ်ဆင်လျက် မည်သည့်အရာမျှ လုပ်ဆောင်ရန် မလိုအပ်ဘဲ မိမိအလိုရှိသမျှကို ရရှိသည်ဟု ဆိုကြပါစို့။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ဤသို့သော ဘဝမျိုးကို လိုက်စားကြသလော။ သာမန်လူတစ်ဦးသည် အားကျခြင်း သို့မဟုတ် မနာလိုခြင်း အနည်းငယ်မျှ ခံစားရလိမ့်မည်ဖြစ်သော်လည်း ထို့နောက် သူတို့ ဤသို့ တွေးကြလိမ့်မည်၊ “ဤသည်မှာ ဘုရားသခင် စီရင်ခန့်ခွဲတော်မူခြင်းသာ ဖြစ်သည်။ ဘုရားသခင် ကျွန်ုပ်တို့ကို မည်သည့်နေရာ၌ ထားရှိသည်ဖြစ်စေ၊ ထိုနေရာ၌ ကျွန်ုပ်တို့ နေထိုင်ကြသည်။ ထိုသို့သော ဘဝမျိုးသည် ကျွန်ုပ်တို့နှင့် မဖြစ်မနေ ကိုက်ညီလိမ့်မည် မဟုတ်ပေ။ ထိုသို့သော ပတ်ဝန်းကျင်၌ ဘုရားသခင်ကို ယုံကြည်နိုင်မည်လော။ သမ္မာတရားကို နားလည်ပြီး ကယ်တင်ခြင်း ခံရနိုင်မည်လော။ ယင်းမှာ ခက်ခဲပေလိမ့်မည်။ ဘုရားသခင် ကျွန်ုပ်တို့အား ပေးသနားသည့်အရာသည် လုံလောက်ပါသည်၊ ကျွန်ုပ်တို့ ဘုရားသခင်ကို ယုံကြည်နိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန်၊ ကျွန်ုပ်တို့၏ တာဝန်ကို ထမ်းဆောင်ရန်နှင့် နောက်ဆုံးတွင် ကယ်တင်ခြင်းကို ရရှိရန် သင့်လျော်သော အခြေအနေများ၌ ရှိနေသရွေ့ ယင်းမှာ အပျော်ရွှင်ဆုံးအရာ ဖြစ်သည်” ဟူ၍ ဖြစ်သည်။ သို့သော် အန္တိခရစ်တို့သည် ဤသို့ တွေးကြမည်လော။ (မတွေးကြပါ။) သူတို့ ဤသို့ တွေးကြလိမ့်မည်၊ “အဘယ်ကြောင့် ငါ၏ ဖခင်သည် ဧကရာဇ်တစ်ပါး မဟုတ်ခဲ့ရသနည်း။ အကယ်၍ ငါ၏ ဖခင်သည် သူဌေးကြီးတစ်ဦး သို့မဟုတ် ဧကရာဇ်တစ်ပါး ဖြစ်ခဲ့လျှင် ငါ၏ ဘဝသည် အမှန်တကယ် အသက်ရှင်ရကျိုးနပ်ပေလိမ့်မည်။ အဘယ်ကြောင့် သူ၏ ဖခင်သည် ဧကရာဇ်တစ်ပါး ဖြစ်နေရသနည်း။ အဘယ်ကြောင့် သူသည် အစားအသောက် သို့မဟုတ် အဝတ်အစားအတွက် စိုးရိမ်ပူပန်စရာမလိုဘဲ မိမိအလိုရှိသမျှကို ရရှိကာ ငွေကြေးနှင့် တန်ခိုးအာဏာတို့သည် သူအလိုရှိတိုင်း အစဉ်သဖြင့် အဆင်သင့်ရှိနေလျက် အပူအပင်ကင်းမဲ့သော ဘဝဖြင့် နေထိုင်နေရသနည်း။ ကောင်းကင်ဘုံသည် မတရားပါတကား။ သူသည် ထိုမျှ စွမ်းဆောင်ရည်မရှိသည့်အပြင် သူ၌ မည်သည့် အရည်အချင်း၊ ပညာရေး၊ သို့မဟုတ် ဉာဏ်ရည်ဉာဏ်သွေးမျှ မရှိပေ။ သူသည် ဤအရာအားလုံးကို မည်သည့်အကြောင်းရင်းဖြင့် ရရှိခဲ့သနည်း။ အဘယ်ကြောင့် ငါ မရရှိနိုင်ရသနည်း။ အကယ်၍ ငါသည် ထိုအရာများကို မရရှိနိုင်ဘဲ အခြားသူများ ရရှိနိုင်လျှင် ငါ သူတို့ကို မုန်းတီးမည်။ အကယ်၍ ငါ သူတို့ကို မမုန်းတီးနိုင်လျှင် မတရားသည့်အတွက်နှင့် ငါ့အတွက် ကံကြမ္မာဆိုးကို စီစဉ်ပေးသည့်အတွက် ကောင်းကင်ဘုံကို ငါ မုန်းတီးမည်၊ ပြီးလျှင် ငါ၏ ကံဆိုးမှုကို မုန်းတီးမည်၊ ငါ့ကိုတားဆီးနေသော ယုတ်မာသည့်လူကို မုန်းတီးမည်၊ ငါ၏ အိမ်၏ ဖုန်းရွှေမကောင်းခြင်းကို မုန်းတီးမည်” ဟူ၍ ဖြစ်လေသည်။ သူတို့၏ စိတ်ထဲ၌ အဘယ်အရာများ ဖြစ်ပေါ်နေသနည်း။ အန္တိခရစ်တို့၏ စိတ်နှလုံးထဲ၌ မုန်းတီးမှု ပေါ်ပေါက်သည်နှင့်တစ်ပြိုင်နက် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အကြောင်းပြချက်အမျိုးမျိုး သူတို့၏ ပါးစပ်မှ ထွက်ပေါ်လာနိုင်သည်။

အပေါ်ယံအားဖြင့် အန္တိခရစ်တို့သည် အလွန် စေတနာရှိပုံရသော်လည်း အမှန်တကယ်မှာ သူတို့ ကိုးကွယ်ပြီး လိုက်စားသည့်အရာများထဲမှ တစ်ခုမျှ အပြုသဘောဆောင်ခြင်း မရှိပေ။ သူတို့ တရားဟောသည့် စကားပုံများနှင့် ဆိုရိုးစကားများသည် သူတို့ လောက၏ အခြေအနေကို ဝမ်းနည်းကြေကွဲပြီး လူသားမျိုးနွယ်ကို သနားနေကြသကဲ့သို့ သူတို့၏ စိတ်နှလုံးထဲ၌ စေတနာထားရှိကြသကဲ့သို့ ထင်ရစေနိုင်သော်လည်း အမှန်တကယ်တွင် သူတို့သည် လုံးလုံးလျားလျား နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြသည်။ အကယ်၍ သူတို့သည် ဤလောက၌ တန်ခိုးအာဏာရရှိပြီး ထကြွလာမည်ဆိုလျှင် သူတို့သည် မကောင်းမှုပြုလုပ်နိုင်စွမ်း ရှိကြသလော။ သူတို့သည် လူကောင်းများ ဖြစ်နိုင်စွမ်း ရှိကြသလော။ သူတို့သည် ဆိုးရွားလှသော အပြစ်များဖြင့် ပြည့်နှက်နေသည့် လူယုတ်မာများ ဖြစ်ကြသည်။ သူတို့သည် လောက၌ တန်ခိုးအာဏာ မရရှိနိုင်သည့်အပြင် များစွာ ကြီးပွားတိုးတက်ခြင်း မရှိသောကြောင့် သူတို့သည် အနည်းငယ် မတရားသဖြင့်ခံရသည်ဟု ခံစားရပြီးနောက် ဘုရားသခင်ကို ယုံကြည်ကာ နောက်တော်သို့ လိုက်ကြသည်။ သို့ရာတွင် အနှစ်သာရအားဖြင့် သူတို့သည် သမ္မာတရားကို လုံးဝ လိုက်စားလိုစိတ်မရှိသည့်အပြင် အပြုသဘောဆောင်သော အရာများကို အထူးသဖြင့် မချစ်မြတ်နိုးကြပေ၊ ထိုအစား သူတို့သည် အပြုသဘောဆောင်သော အရာများကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ ဆိုးယုတ်သော အင်အားစုများ၊ တန်ခိုးအာဏာ၊ ဇိမ်ခံရသော အသက်ရှင်သန်မှုနှင့် လောက၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းတို့ကို ခုံမင်ကြသည်။ ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ပိုင်ဆိုင်သော ဘုရားသခင် ဖော်ပြတော်မူပြီး ပြုတော်မူသမျှကို မထီမဲ့မြင်ပြုကြသည့်အပြင် ဤအရာများကို ပြစ်တင်ရှုတ်ချခြင်း၊ ဝေဖန်သုံးသပ်ခြင်းနှင့် အသရေဖျက်ခြင်းတို့ ပြုကြသည်။ ဘုရားသခင်၏ အလုပ်သည် လူတို့အတွက် မည်မျှပင် တန်ဖိုးရှိသည်ဖြစ်စေ၊ အဓိပ္ပာယ်ရှိသည်ဖြစ်စေ သူတို့သည် ယင်းကို အသိအမှတ်ပြုခြင်း သို့မဟုတ် လက်ခံခြင်း မရှိကြပေ။ သူတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို လက်မခံကြသည်သာမက သူတို့သည် သတ္တဝါအားလုံးကို ဆင်းရဲဒုက္ခမှ ကယ်တင်နိုင်သော ကယ်တင်ရှင်တစ်ဦးအဖြစ် ဟန်ဆောင်လျက် တံတားဆောက်ပြီး လမ်းများပြုပြင်သူတို့ မကန်းရန် သေချာစေနိုင်သော၊ လူသတ်သမားများနှင့် မီးရှို့သူများ အပြစ်ပေးခံရပြီး သားစဉ်မြေးဆက်များ တိုးပွားခြင်း မရှိနိုင်ရန် သေချာစေနိုင်သော၊ လူ့အဖွဲ့အစည်း၏ အောက်ခြေအဆင့်မှ လူများနှင့် ဆင်းရဲဒုက္ခခံစားနေရသူများ နောက်ထပ် ဆင်းရဲဒုက္ခ မခံစားရတော့ဘဲ သူတို့၏ နစ်နာမှုများကို ဖြေရှင်းရန် နေရာတစ်ခု ရှိစေနိုင်သော ဘုရားတစ်ဆူအဖြစ်လည်း မိမိတို့ကိုယ်ကို အယောင်ဆောင်လိုကြသည်။ သူတို့သည် လောကရှိ နာကျင်မှုအားလုံးကို ဖယ်ရှားပြီး လူတို့ကို ဆင်းရဲဒုက္ခမှ ကယ်တင်လိုကြသည်။ အန္တိခရစ်တို့သည် သူတို့၏ စိတ်နှလုံးအနက်ရှိုင်းဆုံး၌ “တစ်လောကလုံးဆိုင်ရာ ချစ်ခြင်းမေတ္တာ” နှင့် အဆုံးမရှိသော “ကြီးမြတ်သည့် ချစ်ခြင်းမေတ္တာ” ကို အမှန်တကယ် ထားရှိကြသည်တကား။ အားလုံးကိုအနှစ်ချုပ်လိုက်သော် အန္တိခရစ်တို့ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို အသိအမှတ်မပြုခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းမှာ အတိအကျ အဘယ်အရာ ဖြစ်သနည်း။ သူတို့က ဤသို့ ဆိုကြသည်၊ “ဘုရား မည်သည့်အရာကိုပင် ပြုလုပ်သည်ဖြစ်စေ၊ သူသည် ဘုရားတစ်ဆူနှင့် မတူပေ။ ငါသည် ဘုရားတစ်ဆူနှင့် အတူဆုံး ဖြစ်သည်၊ ငါသည် ဘုရားတစ်ဆူ ဖြစ်ရန် အရည်အချင်းအရှိဆုံး ဖြစ်သည်။ အကြောင်းမှာ ဘုရား ပြုလုပ်သည့်အရာသည် ငါ၏ နှစ်သက်မှုများနှင့် မကိုက်ညီသကဲ့သို့ လူထု၏ နှစ်သက်မှုများနှင့် လိုအပ်ချက်များနှင့်လည်း မကိုက်ညီသောကြောင့် ဖြစ်သည်၊ ငါသာလျှင် လူထု၏ လိုအပ်ချက်များနှင့် စိတ်သဘောထားများကို နားလည်နိုင်သည်၊ ငါသာလျှင် သတ္တဝါအားလုံးကို ဆင်းရဲဒုက္ခမှ ကယ်တင်နိုင်သည်၊ ငါသာလျှင် လူသားမျိုးနွယ်၏ ကယ်တင်ရှင် ဖြစ်နိုင်သည်” ဟူ၍ ဖြစ်သည်။ သူတို့၏ ရည်မှန်းချက်များနှင့် အနှစ်သာရမှာ ဖော်ထုတ်ခြင်း ခံရပြီ မဟုတ်လော။ ထိုသို့သော ရည်မှန်းချက်များနှင့် အနှစ်သာရကို ပိုင်ဆိုင်သော အန္တိခရစ်တို့၏ စစ်မှန်သော ပုံသဏ္ဌာန်မှာ အတိအကျ အဘယ်အရာ ဖြစ်သနည်း။ ယင်းမှာ ကောင်းကင်တမန်မင်း၊ နတ်ဆိုးစာတန် ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ငြင်းပယ်ပြီး ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြပေ၊ အကြောင်းမှာ သူတို့ကိုယ်တိုင် ဘုရားတစ်ဆူ ဖြစ်လိုသောကြောင့် ဖြစ်သည်။ သူတို့၏ အတွေးအခေါ်များသည် ဘုရားတစ်ဆူ တွေးသင့်သည့်အရာ ဖြစ်သည်ဟု သူတို့ ယုံကြည်ကြသည့်အပြင် သူတို့၏ သရုပ်သကန်များ၊ စိတ်သဘောထားနှင့် ကြီးမြတ်သော ချစ်ခြင်းမေတ္တာ၏ အနှစ်သာရသည် ဘုရားတစ်ဆူ ပိုင်ဆိုင်သင့်သည့်အရာဖြစ်သည်ဟု သူတို့ ယုံကြည်ကြသည်။ လောကရှိ မတရားမှုအားလုံးကို မြင်တွေ့ရသည့်အခါ လောက၏ အခြေအနေကို ဝမ်းနည်းကြေကွဲပြီး လူသားမျိုးနွယ်ကို သနားကြင်နာသော စိတ်သဘောထားကို ပိုင်ဆိုင်သူတစ်ဦးသာ ဘုရားတစ်ဆူဖြစ်သည်ဟု သူတို့ ထင်ကြသည်။ သူတို့ ယုံကြည်သော ဘုရားသခင်၌ ဤအရည်အသွေးများ မရှိဟု သူတို့ ထင်ကြသည်၊ သူတို့သာလျှင် ထိုသို့သော စိတ်သဘောထားနှင့် ထိုသို့သော ကြီးမားသည့် စိတ်နှလုံး ရှိကြပြီး ဤသို့သော သူတော်ကောင်းတရားနှင့် ကြီးမြတ်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ကြသည်ဟု သူတို့ ထင်ကြသည်။ ဤသည်မှာ အန္တိခရစ်တို့၏ အနှစ်သာရ ဖြစ်သည်၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို သူတို့ ငြင်းပယ်ခြင်း၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် အနှစ်သာရ ဖြစ်သည်။ ထို့ကြောင့် အကယ်၍ သင်သည် အန္တိခရစ်တို့ကို ဘုရားများအဖြစ် ကြည်ညိုလေးစားပြီး ကိုးကွယ်လျှင် သူတို့သည် သင့်အပေါ် နာကြည်းမှု ရှိတော့မည်မဟုတ်ပေ။ အကယ်၍ သင်သည် သူတို့ကို နောက်လိုက်ပြီး သူတို့၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရသည် ဘုရားများ၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရဖြစ်သည်ဟုလည်းကောင်း၊ သူတို့၌ ဗုဒ္ဓကဲ့သို့ တူညီသော စိတ်သဘောထားနှင့် ကြီးမြတ်သော ချစ်ခြင်းမေတ္တာ ရှိသည်ဟုလည်းကောင်း၊ သူတို့သည် ဘုရားများ ဖြစ်သည်ဟုလည်းကောင်း ဆိုလျှင် သူတို့သည် ပျော်ရွှင်ပြီး သင့်အပေါ် လုံးဝ ကျေနပ်ကြလိမ့်မည်။ ဤသည်မှာ အန္တိခရစ်တို့၏ အနှစ်သာရ ဖြစ်သည်။ အန္တိခရစ်တို့ ထုတ်ဖော်ပြသည့် ဤအနှစ်သာရသည် ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ နာမတော်နှင့် ကိုယ်တော်၏ အံ့ဖွယ်သော လုပ်ဆောင်ချက်များကို မည်သို့ပင် ချီးမွမ်းထောမနာပြုသည်ဖြစ်စေ၊ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် ဘုရားသခင် ပြုတော်မူခဲ့သမျှနှင့် ကိုယ်တော် ပေးဆပ်ခဲ့သည့် အဖိုးအခများအတွက် မည်မျှသက်သေခံသည်ဖြစ်စေ သူတို့သည် စိတ်နှလုံးထဲ၌ ဆန့်ကျင်ဖီဆန်ကြမည်ဖြစ်ပြီး ဤသို့ ဆိုကြလိမ့်မည်၊ “ငါ ဤအရာကို မချီးကျူးနိုင်ပေ။ ငါ ထိုသို့ မမြင်ပါ၊ ယင်းမှာ လူသား၏ အတွေးဆန္ဒနှင့် စိတ်ကူးစိတ်သန်းမျှသာ ဖြစ်သည်” ဟူ၍ဖြစ်သည်။ သင်သည် ဘုရားသခင်၊ ကိုယ်တော်၏ ဉာဏ်ပညာ၊ ကိုယ်တော်၏ အနန္တတန်ခိုး၊ လူသားမျိုးနွယ်ကို ကယ်တင်ရန် ကိုယ်တော်၏ အပင်ပန်းခံသော ရည်ရွယ်ချက်၊ ကိုယ်တော် ပေးဆပ်ခဲ့သည့် အဖိုးအခများအတွက် သက်သေခံသည့်အခါ၊ ပြီးလျှင် ကိုယ်တော်၏ အနှစ်သာရ၊ ကိုယ်တော်၏ ပင်ကိုလက္ခဏာ၊ ဖန်ဆင်းရှင် လူသားမျိုးနွယ်အပေါ် ပြုတော်မူခဲ့သမျှအတွက် သက်သေခံသည့်အခါ လူတစ်မျိုးတစ်စားတည်းသာ စိတ်မသက်မသာ ခံစားရပြီး ယင်းမှာ အန္တိခရစ်တို့ ဖြစ်ကြသည်။ သူတို့ အဘယ်သို့ တွေးထင်ကြသနည်း။ “အဘယ်ကြောင့် သင်သည် ဘုရားအကြောင်းကို အမြဲတမ်း ပြောဆိုနေသနည်း။ ငါသည်လည်း သင့်ကို များစွာ ရေလောင်းပေးပြီး ထောက်ပံ့ပေးခဲ့သည် မဟုတ်လော။ ငါသည် သင့်ကို ချစ်ခင်ခဲ့သည်၊ ကူညီခဲ့သည်၊ သင် ဖျားနာသည့်အခါ သင့်အတွက် ဆေးဝါးများ ဝယ်ပေးခဲ့သည်၊ အခြားသူများ သင့်ကို စွန့်ပစ်သည့်အခါ သင့်ကို ထောက်ပံ့ပေးခဲ့သည်၊ သင်နှင့်အတူ မိတ်သဟာယဖွဲ့ခဲ့သည်၊ သင်နှင့်အတူ အဖော်ပြုပေးခဲ့သည်။ အဘယ်ကြောင့် သင်သည် ငါ့ကို မချီးမွမ်းသနည်း” ဟူ၍ ဖြစ်သည်။ တစ်စုံတစ်ဦးက ဘုရားသခင်အတွက် သက်သေခံသည် သို့မဟုတ် ချီးမွမ်းသည်နှင့်တစ်ပြိုင်နက် အန္တိခရစ်တို့သည် စိတ်မချမ်းမသာ ဖြစ်ကြပြီး မနာလိုဝန်တိုမှုကြောင့် သူတို့ကို မုန်းတီးကြသည်။ ဘုရားသခင်ကို တစ်စုံတစ်ဦးက ချီးမွမ်းသည်ကို ကြားရသည့်အခါ ဘုရားသခင်ကို ပုံမှန်ယုံကြည်သူများ မည်သို့ ခံစားကြရသနည်း။ ပထမဦးစွာ သူတို့သည် ထိုသူ ပြောဆိုခဲ့သည့်အရာနှင့် သူတို့ မိတ်သဟာယဖွဲ့ခဲ့သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို “အာမင်” ဟု ဆိုကြလိမ့်မည်။ ထို့အပြင် သူတို့သည် ဤသို့ တွေးထင်လျက် ဂရုတစိုက် နားထောင်ကြလိမ့်မည်၊ “ဘုရားသခင်သည် သူတို့အပေါ်၌ ထိုသို့ ပြုမူတော်မူခဲ့သည်၊ ဘုရားသခင်သည် အလွန် ကြီးမြတ်တော်မူသည်၊ ကိုယ်တော်သည် လူသားကို အမှန်တကယ် ချစ်တော်မူသည်တကား။ အနာဂတ်တွင် အလားတူ အခြေအနေများကို ကြုံတွေ့ရပါက ငါသည်လည်း သမ္မာတရားကို ရှာဖွေမည်။ သူတို့သည် ထိုသို့ ပြုမူခြင်းဖြင့် ဘုရားသခင်ကို နာကျင်စေခဲ့သည်၊ ငါသည်လည်း အတိတ်က ထိုသို့ ပြုမူခဲ့ဖူးသည်၊ ငါ သတိမထားမိခဲ့ခြင်းသာ ဖြစ်သည်။ ငါသည် ဘုရားသခင်အပေါ် အကြွေးတင်နေသည်တကား။ ဘုရားသခင် ဤသို့ ပြုမူခြင်းသည် လူတို့အတွက် အကျိုးရှိပြီး ငါ နားမလည်ခဲ့ပေ။ ငါ၏ ဝိညာဉ်ရင့်ကျက်မှုသည် ဤသူ၏ ဝိညာဉ်ရင့်ကျက်မှုထက် သေးငယ်ပုံရသည်၊ ငါ၏ နားလည်မှုသည် စင်ကြယ်ခြင်းမရှိ၊ ငါ၏ အရည်အချင်းမှာ ညံ့ဖျင်းလှသည်။ ငါကဲ့သို့သော ဝိညာဉ်ရင့်ကျက်မှု သေးငယ်သောသူကို အသိဉာဏ်ပွင့်စေပြီး လမ်းညွှန်ပေးတော်မူပါရန် ဘုရားသခင်ထံ ငါ ဆုတောင်း၏။ စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ သူတို့သည် အဘယ်ကြောင့် အားမနည်းခဲ့ကြသနည်း။ သူတို့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လမ်းညွှန်မှု ရှိခဲ့သည်။ အကယ်၍ ငါသာ ထိုသို့သော အခြေအနေများကို ရင်ဆိုင်နေရလျှင် ငါသည် အားနည်းသွားမည်ဖြစ်ပြီး လဲပြိုသွားနိုင်ဖွယ်ပင် ရှိသည်။ ဘုရားသခင်သည် ငါ၏ ဝိညာဉ်ရင့်ကျက်မှု သေးငယ်သည်ကို သတိပြုမိပြီး ထိုသို့သော အခြေအနေမျိုးကို ငါ ယခုတိုင် ရင်ဆိုင်ရခြင်း မရှိစေခြင်းဖြင့် ငါ့အပေါ် ကြင်နာမှု ပြတော်မူခဲ့သည်။ ဘုရားသခင် ပြုတော်မူသမျှ ကောင်းမြတ်တော်မူသည်တကား” ဟူ၍ ဖြစ်သည်။ သို့သော် အန္တိခရစ်တို့သည် ဤသည်ကို ကြားရသည့်အခါ မပျော်ရွှင်ကြပေ၊ “အဘယ်နည်း။ ဘုရား ပြုသမျှက ကောင်းသည်ဟု ဆိုသလော။ ဤကောင်းမြတ်ခြင်းက အဘယ်မှာနည်း။ အကယ်၍ ဘုရား ပြုလုပ်သမျှ အလွန်ကောင်းနေလျှင် လူများသည် အဘယ်ကြောင့် အပျက်သဘောဆောင်ပြီး အားနည်းနေကြသနည်း။ အကယ်၍ ဘုရား ပြုလုပ်သမျှ ကောင်းနေလျှင် လူအချို့ အဘယ်ကြောင့် နှင်ထုတ်ခံရသနည်း။ အကယ်၍ ဘုရား ပြုလုပ်သမျှ ကောင်းနေလျှင် ဧဝံဂေလိတရားဟောခြင်းနှင့် တာဝန်များကို ထမ်းဆောင်ခြင်းတွင် အဘယ်ကြောင့် အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများ အစဉ်သဖြင့် ရှိနေရသနည်း။ ငါသည် ကောင်းမှုများစွာ ပြုခဲ့သည်၊ ငါသည် ကိုယ်တိုင် အားထုတ်ခဲ့သည်၊ လှူဖွယ်ပစ္စည်းများ ပူဇော်ဆက်ကပ်ခဲ့ပြီး ဧဝံဂေလိတရားဟောသည့်အချိန်တွင် လူများကို ရရှိခဲ့သည်။ အဘယ်ကြောင့် တစ်ဦးတစ်ယောက်မျှ ငါ့ကို မချီးမွမ်းကြသနည်း။ ဘုရားသည် အဘယ်ကြောင့် ငါ့အား အပြန်အလှန်အနေဖြင့် တစ်စုံတစ်ခုကို မပေးခဲ့သနည်း၊ ဆုလာဘ်တစ်ခုခုကို မပေးခဲ့သနည်း။ လူများသည် ငါ့ရှေ့တည့်တည့်တွင် ငါ့ကို ချီးကျူးရခြင်းအား ရှက်နေပါက ငါ၏ကွယ်ရာတွင် ၎င်းတို့ ချီးကျူးလျှင်လည်း အဆင်ပြေပါသည်။ အဘယ့်ကြောင့် မည်သူမျှ ငါ့ကို ချီးမွမ်းခြင်း သို့မဟုတ် ချီးကျူးခြင်းများ မပြုကြသနည်း။ ငါ့ထံတွင် ချီးမွမ်းဂုဏ်ပြုဖွယ်တစ်ခုမျှ မရှိသလော” ဟူ၍ ဖြစ်သည်။ သူတို့ စိတ်မချမ်းမသာ ဖြစ်လာကြသည်။ အကယ်၍ တစ်စုံတစ်ဦးက သာမန်လူတစ်ဦးကို ချီးမွမ်းပါက အန္တိခရစ်တို့သည် များစွာ မခံစားရပေ။ သို့သော် တစ်စုံတစ်ဦးက ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုး၊ ကြီးမြတ်သော ချစ်ခြင်းမေတ္တာနှင့် ဉာဏ်ပညာ၊ သို့မဟုတ် ဘုရားသခင်၏ ပင်ကိုလက္ခဏာအတွက် သက်သေခံသည်နှင့်တစ်ပြိုင်နက် အန္တိခရစ်တို့သည် အမုန်းတရားနှင့် မနာလိုဝန်တိုခြင်းကို ခံစားကြရသည်။ တစ်စုံတစ်ဦးက ဘုရားသခင်ကို ကျိုးနွံနာခံလိုစိတ်ရှိပြီး သင့်တော်လျောက်ပတ်သော ဖန်ဆင်းခံတစ်ဦး ဖြစ်ရန်နှင့် မိမိတို့၏ စည်းများကို မကျော်လွန်ဘဲ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်၌ ကျိုးနွံနာခံသောသူတစ်ဦး ဖြစ်ရန် လိုလားသည့်အခါတိုင်း အန္တိခရစ်တို့သည် ဤသည်ကို မနှစ်သက်ကြဘဲ “အဘယ်ကြောင့် သင်သည် ဘုရားကို ထိုမျှ လိုလိုလားလားနှင့် တက်ကြွစွာ ကျိုးနွံနာခံသနည်း။ အဘယ်ကြောင့် သင်သည် ငါ ပြောသည့် မည်သည့်အရာကိုမဆို နားထောင်ရန် ထိုမျှ ခက်ခဲနေရသနည်း။ ငါ ပြောသည့်အရာ မှားယွင်းနေခြင်း မဟုတ်ပေ” ဟု ဆိုကြသည်။ သူတို့သည် လူတို့ သူတို့၏ နောက်လိုက်များ ဖြစ်ကြရန်၊ အချိန်တိုင်း သူတို့ကို ချီးမွမ်းကြရန်၊ သူတို့၏ နာမည်များကို သူတို့၏ နှုတ်ဖျား၌ ထားရှိကြရန်၊ သူတို့ကို သူတို့၏ စိတ်နှလုံးထဲ၌ ထားရှိကြရန်၊ သူတို့၏ ကောင်းမြတ်ခြင်းနှင့် အားသာချက်များအကြောင်း အိပ်မက်ပင် မက်ကြရန်၊ ထိုသူတို့ တွေ့ဆုံသည့် လူတိုင်းကို သူတို့အကြောင်း ချီးမွမ်းကြရန် နှစ်သက်ကြသည်။ အကယ်၍ သူတို့ ဖျားနာပြီး လူတို့၏ ရှေ့မှောက်သို့ မထွက်ပေါ်လာပါက လူတို့က “သင်မရှိဘဲ ကျွန်ုပ်တို့ ဘာလုပ်ရမည်နည်း။ သင်မရှိဘဲ ကျွန်ုပ်တို့သည် တစ်ယောက်တစ်ပေါက် ဖြစ်နေကြသည်။ ကျွန်ုပ်တို့သည် ဆက်လက်၍ ယုံကြည်နိုင်ခြင်း သို့မဟုတ် အသက်ရှင်နေထိုင်နိုင်ခြင်း မရှိတော့ပေ” ဟု ပြောကြလိမ့်မည်။ အကယ်၍ အန္တိခရစ်တို့ ဤသည်ကို ကြားခဲ့လျှင် သူတို့သည် အလွန်အမင်း ဝမ်းမြောက်ကြမည်ဖြစ်ပြီး ယင်းကို ကြားရန် သူတို့သည် မည်သည့် ဆင်းရဲဒုက္ခကိုမဆို ခါးစည်းခံလိုစိတ် ရှိမည်ဖြစ်သည့်အပြင် ရက်ပေါင်းများစွာ အစာမစားဘဲ သို့မဟုတ် အိပ်စက်ခြင်းမရှိဘဲ နေရန် လိုလားလိမ့်မည်။ သို့သော် အကယ်၍ မည်သူမျှ သူတို့ကို မချီးမွမ်းပါက၊ သူတို့ကို စံပြပုဂ္ဂိုလ်အဖြစ် မမှတ်ယူပါက၊ သူတို့ကို မကိုးကွယ်ပါက၊ သို့မဟုတ် သူတို့ကို အလေးအနက် မထားပါက သူတို့သည် စိတ်မချမ်းမသာ ဖြစ်ကြပြီး သူတို့၏ စိတ်နှလုံးထဲ၌ အမုန်းတရားကို ထားရှိကြသည်၊ ဤသည်မှာ အန္တိခရစ်စစ်စစ်တစ်ဦး ဖြစ်သည်။ အတိုချုပ်အားဖြင့် အန္တိခရစ်တို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ဘယ်သောအခါမျှ အသိအမှတ်ပြုကြမည်မဟုတ်ပေ။ သူတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို လက်မခံကြ၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ပိုင်ဆိုင်သော ထိုတစ်ပါးတည်းသောသူက သူတို့အပေါ် ပြုလုပ်ခဲ့သော အလုပ်ကို သာ၍ပင် လက်မခံကြသကဲ့သို့ ဘုရားသခင် လူသားမျိုးနွယ်အကြား ပြုလုပ်ခဲ့သော အလုပ်အားလုံးကိုလည်း အသိအမှတ်ပြုခြင်း သို့မဟုတ် လက်ခံခြင်း မရှိကြပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။