ဘုရားသခင်အား ယုံကြည်ခြင်းသည် လောက၏ မကောင်းသောခေတ်ရေစီးကြောင်းများကို ထိုးဖောက်မြင်ခြင်းမှ စတင်ရမည် (အပိုင်း နှစ်)

အကြီးမြတ်ဆုံးသော ဉာဏ်ပညာမှာ မည်သည့်အရာ ဖြစ်သည်ကို သင်တို့သိကြသလော။ သင်တို့၏ လက်ရှိ ဝိညာဉ်ရင့်သန်မှုကို အခြေခံ၍ ယုံကြည်ခြင်း၌ အာရုံစူးစိုက်သင့်သည့်အရာနှင့် သင်လိုက်စားပြီး လက်တွေ့လုပ်ဆောင်သည့်ပုံအရ အကြီးမြတ်ဆုံး ဉာဏ်ပညာမှာ မည်သည့်အရာဖြစ်သည်ကို သင်တို့သိသလော။ အချို့လူများသည် အပြင်ပန်းတွင် သိပ်ကျွမ်းကျင်ပုံမရဘဲ တစ်ချိန်လုံး တိတ်ဆိတ်ကာ ငြိမ်နေကြသည်။ သူတို့သည် စကားများများ မပြောတတ်သော်လည်း နှလုံးသားထဲတွင် အခြားသူများ၌ မရှိသည့် ကြီးမြတ်သော ဉာဏ်ပညာရှိသည်။ လူအများစုက ယင်းကို မမြင်နိုင်သကဲ့သို့ မြင်နိုင်လျှင်ပင် ယင်းကို ဉာဏ်ပညာဟု ထင်ကြမည်မဟုတ်ပေ။ ယင်းက မလိုအပ်၊ ယင်း၌ တန်ဖိုးမရှိဟု ထင်ကြလိမ့်မည်။ ထိုသူတို့၏ အကြီးမြတ်ဆုံးဉာဏ်ပညာက မည်သည့်အရာဖြစ်သည်ကို သင်တို့ စဉ်းစားနိုင်သလော။ (ဘုရားသခင့်ရှေ့တွင် အမြဲတိတ်ဆိတ်ငြိမ်သက်သော နှလုံးသားရှိခြင်း၊ ဘုရားသခင်ထံ အမြဲဆုတောင်းပြီး ကိုယ်တော်ထံ အမြဲချဉ်းကပ်ခြင်းပင် ဖြစ်သည်။) သင်သည် မှန်ကန်သောအဖြေကို အနည်းငယ် တို့ထိမိပြီဖြစ်သည်။ ဘုရားသခင်ထံ ချဉ်းကပ်ခြင်း၏ ရည်ရွယ်ချက်ကား အဘယ်နည်း။ (ဘုရားသခင်၏ရည်ရွယ်ချက်များကို ရှာဖွေရန်ဖြစ်သည်။) ဘုရားသခင်၏ရည်ရွယ်ချက်များကို ရှာဖွေခြင်း၏ ရည်ရွယ်ချက်ကား အဘယ်နည်း။ ကိုယ်တော်ကို အားကိုးရန် ဟုတ်သလော။ (ဟုတ်ပါသည်။) ရည်ရွယ်ချက်မှာ ဘုရားသခင်ကို အားကိုးရန်ဖြစ်သည်။ အရာရာ၌ ဘုရားသခင်ကို သင်အားကိုးပါက ဘုရားသခင်သည် သင့်အား ဉာဏ်အလင်းပေးမည်၊ သင့်အား လမ်းပြပေးမည်ဖြစ်ပြီး သင့်ကို လမ်းညွှန်ပေးမည်ဖြစ်သည်။ သင်သည် သင်၏ လမ်း၌ အမှောင်ထဲတွင် မျက်စိကန်းသူတစ်ဦးကဲ့သို့ မလိုဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အလွယ်တကူ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ယင်းက များစွာပို၍ လွယ်သည်မဟုတ်လော။ သင်ယောင်ချာချာဖြစ်နေစရာ မလိုတော့ပေ၊ ဘုရားသခင် ညွှန်ပြသည့်အတိုင်းသာ သင် လုပ်ဆောင်နိုင်သည်။ ဤသည်မှာ လွယ်ကူမြန်ဆန်ပြီး ဝေ့ဝိုက်သော လမ်းကြောင်းများကို လျှောက်ခြင်းဖြင့် အပင်ပန်းခံနေစရာ မလိုအပ်ပါ။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို အလွန်ရှင်းလင်းစွာ မိန့်ဆိုခဲ့ပြီးဖြစ်သောကြောင့် မည်ကဲ့သို့ ပြုမူသင့်သည်ကို ဆုံးဖြတ်ရန်အတွက် သင်စိုးရိမ်နေရန် မလိုအပ်ပါ။ ဤသည်မှာ ဉာဏ်ပညာမဟုတ်လော။ သင် ယခုနားလည်ပြီလော။ သင်တို့ကို ပြောပြဦးမည်။ အကြီးမြတ်ဆုံးသော ဉာဏ်ပညာမှာ အရာရာတွင် ဘုရားသခင်ကို အားကိုးပြီး ဘုရားသခင်အပေါ် အမှီပြုရန်ဖြစ်သည်။ ဤအရာကို သာမန်လူများက မသိမြင်ကြပေ။ စုဝေးပွဲများကို ပို၍ တက်ရောက်ခြင်း၊ တရားဒေသနာများကို ပို၍ နားထောင်ခြင်း၊ ညီအစ်ကို မောင်နှမများနှင့် ပို၍ မိတ်သဟာယဖွဲ့ခြင်း၊ ပို၍ စွန့်လွှတ်ခြင်း၊ ပို၍ ဒုက္ခခံခြင်းနှင့် ပို၍ အဖိုးအခပေးဆပ်ခြင်းတို့သည် ဘုရားသခင်၏ လက်ခံမှုနှင့် ကယ်တင်ခြင်းကို ရရှိစေလိမ့်မည်ဟု လူတို့အားလုံးက ထင်ကြသည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် အကြီးမြတ်ဆုံးသော ဉာဏ်ပညာဖြစ်သည်ဟု ထင်ကြသည်။ သို့သော် ဘုရားသခင်ကို အားကိုးခြင်းနှင့် ဘုရားသခင်အပေါ် အမှီပြုခြင်း ဟူသည့် အကြီးမားဆုံးသော ကိစ္စကို ၎င်းတို့လျစ်လျူရှုကြ၏။ ၎င်းတို့သည် သေးနုပ်သော လူ့ပါးနပ်လိမ္မာမှုကို ဉာဏ်ပညာအဖြစ် မှတ်ယူပြီး သူတို့၏အပြုအမူများက ရရှိရမည်ဖြစ်သည့် အဆုံးစွန်သော သက်ရောက်မှုကို လျစ်လျူရှုကြသည်။ ဤသည်မှာ အမှားတစ်ခုဖြစ်၏။ သမ္မာတရားကို လူတစ်ဦး မည်မျှနားလည်သည်ဖြစ်စေ၊ တာဝန်မည်မျှကို ထမ်းဆောင်ပြီးဖြစ်ပါစေ၊ ထိုတာဝန်များကို ထမ်းဆောင်စဉ်တွင် မည်မျှ တွေ့ကြုံရပြီးဖြစ်ပါစေ၊ လူတစ်ဦး၏ ဝိညာဥ်ရင့်ကျက်မှုသည် မည်မျှကြီးမားပါစေ သို့မဟုတ် မည်မျှ သေးငယ်ပါစေ၊ သို့မဟုတ် လူတစ်ဦးသည် မည်ကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် ရှိနေပါစေ၊ မရှိမဖြစ် အရာတစ်ခုမှာ မိမိလုပ်သမျှတိုင်းတွင်၊ ဘုရားသခင်ကို အားကိုးပြီး ဘုရားသခင်အပေါ် မှီခိုရမည်ဖြစ်သည်။ ဤသည်မှာ အကြီးမားဆုံးသော ဉာဏ်ပညာအမျိုးအစား ဖြစ်၏။ ဤသည်ကို အကြီးမားဆုံးသော ဉာဏ်ပညာဖြစ်သည်ဟု အဘယ့်ကြောင့် ငါဆိုရသနည်း။ လူတစ်ဦးက သမ္မာတရားအချို့ကို နားလည်လာပြီးသော်လည်း၊ ဘုရားသခင်အပေါ် သူမမှီခိုလျှင် ယင်းက အလုပ်ဖြစ်လိမ့်မည်လော။ လူအချို့သည် ဘုရားသခင်ကို ယုံကြည်လာသည်မှာ နှစ်များစွာကြာနေပြီဖြစ်၍ စမ်းသပ်မှုအချို့ကို တွေ့ကြုံထားပြီးဖြစ်ကာ လက်တွေ့အတွေ့အကြုံအချို့လည်း ရှိထားပြီး သမ္မာတရားအချို့ကိုလည်း နားလည်ထားကြသည့်အပြင် သမ္မာတရားနှင့်ဆိုင်သော လက်တွေ့အသိပညာအချို့လည်း ရှိကြသည်။ သို့သော် ဘုရားသခင်ကို မှီခိုရန် သူတို့မသိကြသကဲ့သို့၊ ဘုရားသခင်ကို မည်သို့အားကိုးပြီး သူ့အပေါ် မည်သို့မှီခိုရမည်ကို သူတို့ နားမလည်ကြချေ။ ထိုသို့သော လူတို့သည် ဉာဏ်ပညာကို ပိုင်ဆိုင်ကြပါသလော။ ၎င်းတို့သည် အမိုက်မဲဆုံးသော လူများဖြစ်ကြပြီး၊ မိမိတို့ကိုယ်ကိုယ် တော်သည်ဟု ထင်ကြသည့် အတန်းစား ဖြစ်သည်၊ ဘုရားသခင်ကို သူတို့ မကြောက်ရွံ့သကဲ့သို့ မကောင်းမှုကို မရှောင်ကြဉ်ကြချေ။ လူအချို့က၊ “များစွာသော သမ္မာတရားများကို ငါ နားလည်ပြီး သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်၏။ ကိုယ်ကျင့်တရားကောင်းသည့် ပုံစံဖြင့် အမှုအရာများကိုသာ လုပ်ဆောင်ခြင်းသည် အဆင်ပြေသည်။ ဘုရားသခင်ကို ငါ သစ္စာရှိပြီး သူ့ထံ မည်သို့ တိုးဝင်ချဉ်းကပ်ရမည်ကို ငါသိ၏။ ငါ့အပေါ်သို့ အမှုကိစ္စများကျရောက်သောအခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက မလုံလောက်သလော။ ဘုရားသခင်ကို ဆုတောင်းရန်၊ သို့မဟုတ် ဘုရားသခင်ကို အားကိုးရန် လုံးဝ မလိုအပ်” ဟု ပြောဆိုကြသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် မှန်ကန်၏။ သို့သော် မည်သည့်သမ္မာတရားနှင့်၊ မည်သည့်သမ္မာတရား စည်းမျဉ်းများနှင့် သက်ဆိုင်သည်ဆိုသည်ကို လူတို့မသိသော အချိန်နှင့် အခြေအနေများစွာ ရှိကြသည်။ လက်တွေ့ကျသည့် အတွေ့အကြုံများရှိသူအားလုံးက ဤအရာကိုသိကြ၏။ ဥပမာ ပြဿနာအချို့ကို သင် ကြုံရသည့်အခါ၊ ဤပြဿနာသည် မည်သည့်သမ္မာတရားနှင့်ဆိုင်သည်၊ သို့မဟုတ်၊ ဤကိစ္စရပ်နှင့် ဆီလျော်သော သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည် သို့မဟုတ် မည်သို့ အသုံးပြုသင့်သည်ကို သင် သိကောင်းသိမည်မဟုတ်ပေ။ ဤသို့သော အချိန်များတွင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်ပါသနည်း။ လက်တွေ့ကျသည့် အတွေ့အကြုံ မည်မျှ သင်၌ရှိပါစေ၊ အခြေအနေအားလုံးတွင် သမ္မာတရားစည်းမျဉ်းများကို သင်နားမလည်နိုင်ပေ။ ဘုရားသခင်ကို မည်မျှကြာသည်အထိ သင် ယုံကြည်ပြီးပါစေ၊ အမှုအရာများကို မည်မျှ သင် တွေ့ကြုံပြီးပါစေ၊ ပြီးလျှင် မည်မျှ ပြုပြင်ခြင်း သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းတို့ကို သင် တွေ့ကြုံပြီးပါစေ၊ သင်သည် သမ္မာတရားကို နားလည်လျှင်ပင် သင်သည် သမ္မာတရားဖြစ်သည်ဟု ပြောဆိုရဲသလော။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ဖြစ်သည်ဟု ပြောဆိုရဲသလော။ လူအချို့က၊ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက ထိုလူသိများသည့် မိန့်မြွက်ချက်များနှင့် စာပိုဒ်များအားလုံးကို ငါ အလွတ်ရ၏။ ဘုရားသခင်အပေါ် ငါ မှီခိုစရာ မလို၊ သို့မဟုတ် သူ့ကို အားကိုးစရာမလို။ အချိန်ရောက်လာသည့်အခါ၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များအပေါ် မှီခိုခြင်းအားဖြင့်သာ ငါ အဆင်ပြေလိမ့်မည်” ဟု ပြောကြသည်။ သင် အလွတ်ကျက်မှတ်ပြီးသည့် စကားများမှာ တည်ငြိမ်သော်လည်း၊ သင် ကြုံရသည့် ပတ်ဝန်းကျင်များအပြင် သင်၏ အခြေအနေများသည် ရွေ့လျား ပြောင်းလဲ၏။ သင်သည် စကားများနှင့် အယူဝါဒများကို ကရားရေလွှတ် တတွတ်တွတ် ပြောဆိုနိုင်သည်။ သို့သော် သင့်တွင် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ ထိုအရာများဖြင့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ ဤသည်မှာ သမ္မာတရားကို သင်နားမလည်ကြောင်း သက်သေပြ၏။ စကားများနှင့် အယူဝါဒများကို ဖတ်ရွတ်ရာတွင် မည်မျှကျွမ်းကျင်ပါစေ ယင်းက သမ္မာတရားကို သင်နားလည်သည်ဟု မဆိုလိုပေ။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နိုင်သည်ဟု ပို၍ပင် မဆိုလိုပေ။ ထို့ကြောင့်၊ ဤနေရာတွင် သင်ယူရမည့် အလွန်အရေးကြီးသော သင်ခန်းစာတစ်ခု ရှိ၏။ ဤသင်ခန်းစာသည် အဘယ်နည်း။ ယင်းမှာ လူတို့သည် အရာခပ်သိမ်းတွင် ဘုရားသခင်ကို အားကိုးဖို့လိုအပ်ပြီး ထိုသို့လုပ်ဆောင်ခြင်းအားဖြင့်၊ ၎င်းတို့သည် ဘုရားသခင်အပေါ် အားထားမှု ရရှိနိုင်သည်။ ဘုရားသခင်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုအပေါ် အားထားခြင်း အားဖြင့်သာလျှင် ၎င်းတို့သည် လိုက်လျှောက်ရမည့် လမ်းကြောင်းတစ်ခု ရှိလေသည်။ သို့မဟုတ်လျှင် တစ်စုံတစ်ရာကို မှန်မှန်ကန်ကန်နှင့် သမ္မာတရားကို မချိုးဖောက်ဘဲသင် လုပ်ဆောင်နိုင်သော်လည်း၊ ဘုရားသခင်အပေါ် သင် မမှီခိုလျှင် သင်၏ လုပ်ရပ်များသည် လူသား၏ ကောင်းသော လုပ်ဆောင်ချက်များမျှသာဖြစ်ပြီး၊ ဘုရားသခင်ကို စိတ်မကျေနပ်စေနိုင်ပေ။ လူတို့သည် သမ္မာတရားအပေါ် ထိုသို့သော ပေါ့တန်သည့် သဘောပေါက်နားလည်မှု ရှိကြသောကြောင့်၊ ၎င်းတို့သည် အမျိုးမျိုးသော အခြေအနေများကို ရင်ဆိုင်ရသည့်အခါ၊ ထိုအလားတူသမ္မာတရားကို အသုံးပြုခြင်းအားဖြင့် စည်းမျဉ်းစည်းကမ်းများကို လိုက်လျှောက်ဖို့နှင့် စကားများနှင့် အယူဝါဒများကို ခေါင်းမာစွာဖြင့် ဖက်တွယ်ဖို့ အလားအလာရှိပေသည်။ ကိစ္စရပ်များစွာကို သမ္မာတရားစည်းမျဉ်းများနှင့် ယေဘုယျ ကိုက်ညီမှုဖြင့် ၎င်းတို့ ပြည့်စုံစေနိုင်သည်မှာ ဖြစ်နိုင်သော်လည်း၊ ဘုရားသခင်၏ လမ်းပြမှုကို ဤအရာတွင် မြင်၍မရနိုင်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကိုလည်း မြင်၍မရနိုင်ပေ။ ဤနေရာတွင် ဆိုးရွားသည့် ပြဿနာတစ်ခုရှိ၏၊ ယင်းမှာ လူတို့သည် မိမိတို့၏ အတွေ့အကြုံနှင့် ၎င်းတို့ နားလည်ခဲ့ကြသည့် စည်းမျဉ်းစည်းကမ်းများအပေါ်နှင့် အချို့သော လူ့စိတ်ကူးစိတ်သန်းများအပေါ် မှီခိုကာ အမှုအရာများစွာကို လုပ်ဆောင်ကြသည်။ မိမိတို့လုပ်ဆောင်သမျှတွင် ဘုရားသခင်ကို စစ်မှန်စွာ ဆုတောင်းခြင်း၊ ဘုရားသခင်ကို စစ်မှန်စွာ မျှော်လင့်စောင့်စားခြင်းနှင့် အားကိုးခြင်းကို ရရှိရန် ခက်ခဲသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်လျှင်ပင် ဘုရားသခင်လမ်းပြသည့်အတိုင်း၊ သမ္မာတရားစည်းမျဉ်းများအတိုင်း ပြုမူခြင်း၏ ရလဒ်ကို ရရှိရန် ခက်ခဲသည်။ ဤအကြောင်းရင်းကြောင့် အကြီးမြတ်ဆုံးသော ဉာဏ်ပညာမှာ အရာခပ်သိမ်းတွင် ဘုရားသခင်ကို အားကိုးပြီး သူ့ကို မှီခိုရန် ဖြစ်သည်ဟု ငါ ဆိုခြင်း ဖြစ်သည်။

လူတို့သည် အရာရာတွင် ဘုရားသခင်ကို အားကိုးပြီး ဘုရားသခင်အပေါ် အမှီပြုခြင်းအား မည်သို့လက်တွေ့လုပ်ဆောင်နိုင်သနည်း။ လူအချို့က “ငါက ငယ်သေးတယ်။ ငါ့ဝိညာဉ်ရင့်ကျက်မှုကလည်း သေးသေးလေး။ ဘုရားသခင်ကို ငါယုံကြည်တာလည်း မကြာသေးဘူး။ တစ်ခုခုဖြစ်တဲ့အခါ ဘုရားကို အားကိုးပြီး ဘုရားအပေါ် အမှီပြုတာကို ဘယ်လိုလက်တွေ့လုပ်ရမယ်ဆိုတာ မသိဘူး” ဟူ၍ ပြောကြသည်။ ဤသည်မှာ ပြဿနာတစ်ခုလော။ ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အခက်အခဲများစွာရှိ၏။ ဘေးဒုက္ခများစွာ၊ စမ်းသပ်မှုများစွာ၊ နာကျင်မှုများစွာကို ဖြတ်သန်းဖို့လိုသည်။ ဤအရာများအားလုံး၌ ခက်ခဲသော အချိန်ကာလများကို ဖြတ်သန်းရန်အတွက် ဘုရားသခင်ကို အားကိုးခြင်းနှင့် ဘုရားသခင်အပေါ် အမှီပြုခြင်း လိုအပ်သည်။ ဘုရားသခင်ကို အားကိုးခြင်းနှင့် ဘုရားသခင်အပေါ် အမှီပြုခြင်းကို လက်တွေ့မလုပ်ဆောင်နိုင်လျှင် အခက်အခဲများကို ကျော်ဖြတ်နိုင်မည် မဟုတ်ပေ၊ ဘုရားသခင်နောက်သို့ လိုက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်ကို အားကိုးပြီး ဘုရားသခင်အပေါ် အမှီပြုခြင်းသည် အနှစ်မရှိသော အယူဝါဒမဟုတ်သကဲ့သို့ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ဂါထာဆောင်ပုဒ်လည်း မဟုတ်ပေ။ ထိုထက် ယင်းသည် အဓိကကျသော သမ္မာတရားဖြစ်၏။ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်သို့ လိုက်ရန် သင်ပိုင်ဆိုင်ရမည့် သမ္မာတရားဖြစ်၏။ လူအချို့က ပြောကြသည်မှာ “ဘုရားကို အားကိုးပြီး ဘုရားအပေါ် အမှီပြုဖို့ဆိုသည်မှာ အကြီးစားဖြစ်ရပ်ဖြစ်မှသာ အကျုံးဝင်သည်။ ဥပမာပြောရလျှင် ဘေးဒုက္ခများ၊ စမ်းသပ်မှုများ၊ ဖမ်းဆီးဖိနှိပ်ခြင်းကို ရင်ဆိုင်ရသည့်အခါ၊ သို့မဟုတ် ကိုယ့်တာဝန်များတွင် အခက်အခဲများ ကြုံရသည့်အခါ၊ သို့မဟုတ် ပြုပြင်ခြင်းကို ခံရသည့်အခါမှသာ ဘုရားကို အားကိုးပြီး ဘုရားအပေါ် အမှီပြုဖို့လိုအပ်သည်။ ကိုယ်ရေးကိုယ်တာဘဝနှင့်ပတ်သက်သည့် အသေးအဖွဲကိစ္စများတွင် ဘုရားကို အားကိုးပြီး ဘုရားအပေါ် အမှီပြုဖို့ မလိုအပ်ပါ။ အဘယ့်ကြောင့်ဆိုသော် ဘုရားက ဤအရာများကို ဂရုမစိုက်၍ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤပြောဆိုချက်သည် မှန်ကန်သလော။ သေချာပေါက် မမှန်ကန်ပေ။ ဤတွင် လမ်းလွဲမှုတစ်ခုရှိနေ၏။ အကြီးစားကိစ္စရပ်များတွင် ဘုရားသခင်ကို အားကိုးရန်မှာ လိုအပ်သည်။ သို့သော် ဘဝတွင် အသေးအဖွဲ ကိစ္စများနှင့် သေးငယ်သော အရာများကို စည်းမျဉ်းများမပါဘဲ ကိုင်တွယ်နိုင်သလော။ ဝတ်ဆင်ခြင်း၊ စားသောက်ခြင်းကဲ့သို့သော ကိစ္စများတွင် စည်းမျဉ်းများမပါဘဲ လုပ်ဆောင်နိုင်သလော။ သေချာပေါက် မလုပ်ဆောင်နိုင်ပေ။ လူများ၊ ကိစ္စရပ်များကို သင်ဆက်ဆံသည့်နေရာတွင်ရော အဘယ်သို့နည်း။ သေချာပေါက် မလုပ်ဆောင်နိုင်ပေ။ နေ့စဉ်အသက်တာနှင့် အသေးအဖွဲ ကိစ္စများတွင်ပင် သင်သည် လူ့ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်ရန် အနည်းဆုံးအနေဖြင့် စည်းမျဉ်းများရှိရမည်။ စည်းမျဉ်းများပါဝင်သော ပြဿနာများသည် သမ္မာတရားပါဝင်သော ပြဿနာများဖြစ်သည်။ လူတို့သည် ဤအရာများကို မိမိတို့ဘာသာ ဖြေရှင်းနိုင်သလော။ မဖြေရှင်းနိုင်သည်မှာ မှန်သည်။ ထို့ကြောင့် ဘုရားသခင်ကို အားကိုးပြီး ဘုရားသခင်အပေါ် အမှီပြုရမည်။ ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြခြင်းကို ရရှိပြီး သမ္မာတရားကို နားလည်သည့်အခါမှသာ ဤအသေးအဖွဲပြဿနာများကို ဖြေရှင်း၍ ရနိုင်သည်။ ဘုရားသခင်ကို အားကိုးပြီး ဘုရားသခင်အပေါ် အမှီပြုခြင်းမရှိလျှင် စည်းမျဉ်းများပါဝင်သော ဤပြဿနာများကို ဖြေရှင်း၍ ရနိုင်သည်ဟု သင်တို့ထင်သလော။ အလွယ်တကူ မဖြေရှင်းနိုင်သည်မှာ သေချာသည်။ လူတို့အနေဖြင့် မိမိတို့ရှင်းရှင်းလင်းလင်း မမြင်နိုင်သည့် အရာရာတိုင်းတွင်၊ သမ္မာတရားကို ရှာဖွေရန်လိုအပ်သည့် အရာရာတိုင်းတွင် ဘုရားသခင်ကို အားကိုးပြီး ဘုရားသခင်အပေါ် အမှီပြုရမည်ဟု ဆိုနိုင်သည်။ မည်မျှကြီးသည်ဖြစ်စေ၊ မည်မျှငယ်သည်ဖြစ်စေ သမ္မာတရားနှင့် ဖြေရှင်းရန်လိုအပ်သည့် မည်သည့်ပြဿနာမဆို ဘုရားသခင်ကို အားကိုးခြင်းနှင့် ဘုရားသခင်အပေါ် အမှီပြုခြင်းလိုအပ်သည်။ ဤသည်မှာ မရှိမဖြစ်လိုအပ်ချက် ဖြစ်၏။ လူတို့သည် သမ္မာတရားကို နားလည်ပြီး ပြဿနာများကို မိမိတို့ဘာသာ ဖြေရှင်းနိုင်လျှင်ပင် ဤနားလည်မှုနှင့် ဖြေရှင်းချက်များသည် အကန့်အသတ်ရှိပြီး အပေါ်ယံဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို အားကိုးပြီး ဘုရားသခင်အပေါ် အမှီပြုခြင်းမရှိလျှင် ၎င်းတို့၏ ဝင်ရောက်မှုသည် မည်သည့်အခါမျှ အလွန်နက်နဲခြင်း မရှိနိုင်ပေ။ ဥပမာအားဖြင့် သင်သည် ယနေ့ နာမကျန်းဖြစ်၍ သင်၏တာဝန်ထမ်းဆောင်မှုက ထိခိုက်လျှင် ဤကိစ္စအပေါ်တွင် ဆုတောင်းပြီး “ဘုရားသခင်၊ ကျွန်တော် ယနေ့ နေမကောင်းပါ။ မစားနိုင်ပါ။ ဤသည်မှာ ကျွန်တော်၏တာဝန်ထမ်းဆောင်မှုကို ထိခိုက်နေပါသည်။ ကျွန်တော့်ကိုယ်ကျွန်တော် စစ်ဆေးရပါမည်။ ကျွန်တော်ဖျားနာခြင်း၏ တကယ့်အကြောင်းရင်းက မည်သည့်အရာဖြစ်သနည်း။ ကျွန်တော်၏တာဝန်တွင် သစ္စာစောင့်သိခြင်းမရှိ၍ ဘုရားသခင်၏ ပဲ့ပြင်ဆုံးမခြင်းကို ခံရခြင်းများလား။ ဘုရားသခင်၊ ကျွန်တော့်ကို ဉာဏ်အလင်းဖွင့်ပြပြီး လမ်းပြပေးဖို့ တောင်းလျှောက်ပါသည်” ဟု ပြောရန် လိုအပ်သည်။ သင်သည် ဤသို့ ဟစ်ကြော်ရမည်။ ဤသည်မှာ ဘုရားသခင်ကို အားကိုးခြင်းဖြစ်၏။ သို့ရာတွင် ဘုရားသခင်ကို သင်အားကိုးသောအခါ လုပ်ရိုးလုပ်စဉ်များနောက်သို့ လိုက်ခြင်း၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းတို့သာ ပြုလုပ်၍ မရပေ။ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို သင်မရှာဖွေလျှင် သင်သည် အမှုကိစ္စများကို နှောင့်နှေးစေလိမ့်မည်။ ဘုရားသခင်ကို သင်ဆုတောင်းပြီး ဘုရားသခင်အပေါ် အားကိုးပြီးနောက်တွင် သင်ထမ်းဆောင်ရမည့် တာဝန်ကို မနှောင့်နှေးစေဘဲ သင် အသက်ရှင်နေထိုင်ထိုက်သည့်အတိုင်း သင့်ဘဝကို အသက်ရှင်နေထိုင်သင့်သေး၏။ သင်သည် နာမကျန်းဖြစ်လျှင် ဆရာဝန်ထံ သွားပြသင့်သည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်၏။ တစ်ချိန်တည်းတွင် သင်သည် ဆုတောင်းရမည်။ သင့်ကိုယ်သင် သုံးသပ်ပြီး ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရမည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းကသာ အပြည့်အဝ သင့်လျော်မှုရှိသည်။ အချို့သောအရာများအတွက် လူတို့သည် ၎င်းတို့ကို မည်သို့မှန်မှန်ကန်ကန် လုပ်ဆောင်ရမည်ကို သိလျှင် ထိုအရာများကို လုပ်ဆောင်သင့်သည်။ ဤသည်မှာ လူတို့ပူးပေါင်းဆောင်ရွက်သင့်သည့် နည်းလမ်းဖြစ်သည်။ သို့ရာတွင် ဤကိစ္စရပ်များ၌ လိုချင်သော သက်ရောက်မှုနှင့် ပန်းတိုင်ကို အပြည့်အဝ ရရှိနိုင်ခြင်း ရှိမရှိသည် ဘုရားသခင်ကို အားကိုးခြင်းနှင့် ဘုရားသခင်အပေါ် အမှီပြုခြင်းအပေါ် မူတည်၏။ မိမိတို့ရှင်းလင်းစွာ မမြင်နိုင်သော၊ မိမိတို့ဘာသာ ကောင်းမွန်စွာ မကိုင်တွယ်နိုင်သော ပြဿနာများတွင် လူတို့သည် ထိုပြဿနာများကို ဖြေရှင်းရန် ဘုရားသခင်ကို ပို၍ အားကိုးပြီး သမ္မာတရားကို ပို၍ ရှာဖွေရမည်။ ဤသို့လုပ်ဆောင်ရန် အရည်အချင်းသည် သာမန်လူ့သဘာဝ ရှိသောသူတို့ ပိုင်ဆိုင်သင့်သည့်အရာဖြစ်၏။ ဘုရားသခင်ကို အားကိုးခြင်းတွင် သင်ယူရန် သင်ခန်းစာများစွာရှိသည်။ ဘုရားသခင်ကို အားကိုးခြင်းဖြစ်စဉ်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းကို သင်လက်ခံရရှိနိုင်သည်။ သင့်တွင် နည်းလမ်းတစ်ခုရှိလိမ့်မည်။ သို့မဟုတ် သင့်အပေါ်သို့ ဘုရားနှုတ်ကပတ်တော် ကျရောက်လာလျှင် မည်သို့ပူးပေါင်းဆောင်ရွက်ရမည်ကို သင်သိလိမ့်မည်၊ သို့မဟုတ် ဘုရားသခင်သည် သင့်အတွက် သင်ခန်းစာများသင်ယူရန် အခြေအနေအချို့ကို စီစဉ်ကောင်းစီစဉ်ပေးလိမ့်မည်။ ဤတွင် ဘုရားသခင်၏ စေတနာကောင်းပါဝင်သည်။ ဘုရားသခင်ကို အားကိုးခြင်းဖြစ်စဉ်တွင် ဘုရားသခင်၏ လမ်းပြမှုနှင့် ခေါင်းဆောင်မှုကို သင်မြင်ရလိမ့်မည်။ ဤအရာတို့သည် သင့်ကို သင်ခန်းစာများစွာ ရရှိပြီး ဘုရားသခင်အပေါ် ပို၍ နားလည်ရန် ကူညီပေးလိမ့်မည်။ ဤသည်မှာ ဘုရားသခင်ကို အားကိုးခြင်းအားဖြင့် ရရှိသော အကျိုးသက်ရောက်မှုဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို အားကိုးခြင်းသည် ဘုရားသခင်နောက်လိုက်သောသူများ မကြာခဏ သင်ယူရမည့် သင်ခန်းစာတစ်ခုဖြစ်သည်။ ဤသည်မှာ ဘဝတစ်လျှောက်လုံးတွင် မည်သည့်အခါမျှ တွေ့ကြုံ၍ ပြီးလိမ့်မည် မဟုတ်သည့် အရာဖြစ်သည်။ အတွေ့အကြုံအလွန်‌ပေါ့တန်ပြီး ဘုရားသခင်၏ လုပ်ဆောင်မှုများကို မမြင်နိုင်သော လူများစွာရှိသည်။ ထို့ကြောင့် ၎င်းတို့က “ငါ့ဘာသာလုပ်နိုင်တဲ့ အသေးအဖွဲကိစ္စလေးတွေ အများကြီးရှိတယ်။ ဒီနေရာမှာ ဘုရားကို အားကိုးဖို့မလိုဘူး” ဟူ၍ ထင်ကြသည်။ ဤသည်မှာ မှားယွင်းသည်။ သေးငယ်သောအရာအချို့က ကြီးမားသောအရာများထံ ဦးတည်သွားတတ်၏။ ဘုရားသခင်၏ ရည်ရွယ်ချက်များသည် သေးငယ်သောအရာအချို့တွင် ဖုံးကွယ်နေ၏။ လူများစွာတို့သည် သေးငယ်သောအရာများကို လျစ်လျူရှုကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် အသေးအဖွဲကိစ္စများကြောင့် ကြီးမားသော အနှောင့်အယှက်များကို တွေ့ကြရသည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အမှန်တကယ် ရှိသောသူတို့သည် ကြီးမားသောအမှုကိစ္စနှင့် သေးငယ်သောအမှုကိစ္စ နှစ်ခုလုံးတွင် ဘုရားသခင်ကို အားကိုးကြလိမ့်မည်။ ဘုရားသခင်ထံ ဆုတောင်းလိမ့်မည်။ အရာရာကို ဘုရားသခင်ထံ အပ်နှံလိမ့်မည်။ ထို့နောက် ဘုရားသခင်က ၎င်းတို့အား မည်သို့ဦးဆောင်၊ လမ်းပြသည်ကို ကြည့်လိမ့်မည်။ သင့်တွင် ဤသို့သော အတွေ့အကြုံရှိသွားသည်နှင့် သင်သည် အရာရာတွင် ဘုရားသခင်ကို အားကိုးနိုင်လိမ့်မည်။ ဤအရာကို သင်တွေ့ကြုံရလေလေ၊ အရာရာတွင် ဘုရားသခင်ကို အားကိုးခြင်းသည် အလွန်လက်တွေ့ကျသည်ကို ခံစားရလေလေဖြစ်မည်။ အမှုကိစ္စတစ်ခုတွင် သင်သည် ဘုရားသခင်ကို အားကိုးသောအခါ ဘုရားသခင်က သင့်ကို ရှင်းလင်းသော ညွှန်ကြားချက်များကို ပေးဖို့ မဆိုထားနှင့်၊ ခံစားချက်တစ်ခု၊ ရှင်းလင်းသောအဓိပ္ပာယ်တစ်ခုကိုပင် မပေးဖို့ ဖြစ်နိုင်ခြေရှိသည်။ သို့သော် ဘုရားသခင်သည် သင့်အား ထိုအမှုကိစ္စနှင့် အတိအကျ သက်ဆိုင်မှုရှိသော စိတ်ကူးတစ်ခုကို နားလည်စေလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က မတူညီသော နည်းလမ်းတစ်ခုကို အသုံးပြုလျက် သင့်ကို လမ်းပြနေခြင်းဖြစ်ပြီး သင့်အား လမ်းတစ်လမ်း ပေးနေခြင်းဖြစ်သည်။ သင်သည် ဤအရာကို ခံစားမိပြီး နားလည်နိုင်လျှင် အကျိုးဖြစ်လိမ့်မည်။ လတ်တလောတွင် သင်သည် မည်သည့်အရာကိုမျှ နားမလည်ဘဲ ရှိနေနိုင်သည်။ သို့သော် သင်သည် ဆက်လက်၍ ဘုရားသခင်ကို ဆုတောင်းပြီး အားကိုးရမည်။ ဤသည်မှာ မှားယွင်းခြင်း လုံးဝမရှိပေ။ ပြီးလျှင် သင်သည် အနှေးနှင့်အမြန် ဉာဏ်အလင်းဖွင့်ပြခြင်းခံရလိမ့်မည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ဆောင်ခြင်းဟု အဓိပ္ပာယ်မရပေ။ ထိုအစား ဝိညာဉ်၏ လိုအပ်ချက်များနှင့် ကိုက်ညီခြင်းဖြစ်သည်။ ဤသည်မှာ လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့် ပုံစံဖြစ်သည်။ ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်ကို အားကိုးသည့်အခါတိုင်းတွင် ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် လမ်းပြမှုကို မရရှိခြင်း ဖြစ်နိုင်သည်။ သို့သော် လူတို့သည် ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ရမည်။ သမ္မာတရားကို နားလည်ချင်လျှင် ဤသို့ လက်တွေ့လုပ်ဆောင်ရန် လိုသည်။ ဤသည်မှာ အသက်နှင့် ဝိညာဉ်၏ သာမန်အခြေအနေဖြစ်သည်။ ဤနည်းအားဖြင့်သာ လူတို့သည် ဘုရားသခင်နှင့် ၎င်းတို့၏ စိတ်နှလုံး နီးကပ်ရန်အတွက် ဘုရားသခင်နှင့် သာမန်ဆက်ဆံရေးကို ထိန်းသိမ်းနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို အားကိုးခြင်းသည် လူတို့၏ စိတ်နှလုံးတွင် ဘုရားသခင်နှင့် သာမန်ဆက်ဆံခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် လမ်းပြခြင်းကို လက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ သင်သည် အရာရာတွင် ဘုရားသခင်ကို ဆုတောင်းပြီး အားကိုးသင့်၏။ ဤသည်မှာ ဘုရားသခင်ရှေ့တွင် အသက်ရှင်နေထိုင်ရန် ရှောင်လွှဲ၍မရသော နည်းလမ်းလည်းဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်သို့ လိုက်သောအခါတွင် ၎င်းတို့၌ ဘုရားသခင်ကို အစဉ်အားကိုးသော စိတ်အခြေအနေရှိသင့်သည်။ ဤသည်မှာ သာမန်လူ့သဘာဝရှိသော လူတို့ ပိုင်ဆိုင်သင့်သည့် စိတ်အခြေအနေဖြစ်သည်။ တစ်ခါတစ်ရံ ဘုရားသခင်ကို အားကိုးခြင်းမှာ တိကျသောစကားလုံးများကို အသုံးပြု၍ ဘုရားသခင်အား တစ်စုံတစ်ရာကို လုပ်စေခြင်း၊ သို့မဟုတ် သူ့အား တိကျသောလမ်းပြခြင်းအတွက် သို့မဟုတ် အကာအကွယ်အတွက် တောင်းဆိုခြင်းကို မဆိုလိုပေ။ ထိုသို့မဟုတ်ဘဲ ၎င်းမှာ လူတို့သည် ပြဿနာ တစ်ခုနှင့် တွေ့ကြုံသောအခါ၌ ၎င်းတို့သည် ကိုယ့်တော်ကို ရိုးသားစွာ တောင်းလျှောက်နိုင်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ကိုယ်တော့်ကို တောင်းလျှောက်သောအခါ ဘုရားသခင်သည် ထိုနေရာတွင် မည်သည့်အရာကို လုပ်ဆောင်နေသနည်း။ လူတစ်ဦး၏စိတ်နှလုံး နိုးကြား၍ ၎င်းတို့၌ “အိုဘုရားသခင်၊ ဤအရာကို ကျွန်ုပ်ကိုယ်တိုင် မလုပ်နိုင်ပါ၊ ၎င်းကို အဘယ်သို့လုပ်ရမည်ကို ကျွန်ုပ်မသိပါ၊ ထို့အပြင် ကျွန်ုပ်သည် ခွန်အားနည်းပြီး အပျက်သဘောဆောင်သကဲ့သို့ ခံစားရပါ၏၊...” ဟူသော အတွေးရှိသောအခါ၊ ဤအတွေးက ၎င်းတို့အထဲတွင် ဖြစ်ပေါ်လာသောအခါ၊ ဘုရားသခင်က ထိုအကြောင်းကို မသိသလော။ ဤအတွေး လူတို့ထဲ၌ ဝင်သောအခါ ၎င်းတို့၏စိတ်နှလုံးများမှာ စစ်မှန်သလော။ ၎င်းတို့သည် ဤနည်းဖြင့် ဘုရားသခင်ကို ရိုးသားစွာ တောင်းလျှောက်သောအခါ ဘုရားသခင်သည် ၎င်းတို့ကို ကူညီရန်သဘောတူသလော။ ၎င်းတို့သည် စကားတစ်လုံးကိုမျှ မပြောခဲ့သော်လည်း ၎င်းတို့သည် စစ်မှန်ခြင်းကို ပြသသဖြင့် ဘုရားသခင်သည် ၎င်းတို့ကိုကူညီရန် သဘောတူလေ၏။ တစ်စုံတစ်ဦးသည် အထူးသဖြင့် ဆူးညှောင့်ပေါသော အခက်အခဲတစ်ခုကို တွေ့ကြုံရသောအခါ၊ ၎င်းတို့၌ အားထားရန်တစ်စုံတစ်ဦးမျှ မရှိသောအခါနှင့် ၎င်းတို့သည် အထူးသဖြင့် ခိုကိုးရာမဲ့သည်ဟု ခံစားရသောအခါ၊ ၎င်းတို့၏ တစ်ခုတည်းသော မျှော်လင့်ခြင်းကို ဘုရားသခင်အပေါ်၌ ထားကြ၏။ ၎င်းတို့၏ ဆုတောင်းသံများမှာ မည်သို့နည်း။ ၎င်းတို့၏ စိတ်အခြေအနေမှာ အဘယ်နည်း။ ၎င်းတို့ ရိုးသားကြသလော။ ထိုအချိန်က ရောနှောခြင်းတစ်စုံတစ်ရာ ရှိသလော။ ဘုရားက သင့်ကို ကူညီမည်ဟု မျှော်လင့်ရင်း သူ့ကို နောက်ဆုံး ကောက်ရိုးတစ်မျှင်အလား သင် ယုံကြည်သည့်အခါတွင်သာ သင့်နှလုံးသား စစ်မှန်ပေသည်။ သင်သည် များစွာပြောခဲ့ပြီးခြင်း ရှိချင်မှရှိမည် ဖြစ်သော်လည်း သင်၏စိတ်နှလုံးမှာ နိုးကြားနှင့်ပြီဖြစ်၏။ တစ်နည်းဆိုသော် သင်သည် သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်အား ပေးပြီး၊ ဘုရားသခင်သည် နားထောင်တော်မူ၏။ ဘုရားသခင်သည် နားထောင်သည့်အခါ သင်၏ အခက်အခဲများကို သူမြင်သည်ဖြစ်၍ သူသည် သင့်ကို ဉာဏ်အလင်းပေးမည်၊ လမ်းပြပြီး၊ ကူညီမည်။ လူသား၏စိတ်နှလုံးသည် မည်သည့်အချိန်တွင် အစစ်မှန်ဆုံးဖြစ်သနည်း။ လူသည် ထွက်ပေါက်မရှိသောအခါ ဘုရားသခင်ကို အားကိုးသည့်အခိုက်တွင် အစစ်မှန်ဆုံးဖြစ်သည်။ ဘုရားသခင်ကို အားကိုးရာတွင် ပိုင်ဆိုင်ရန် အရေးကြီးဆုံးအရာမှာ စစ်မှန်သော နှလုံးသားဖြစ်သည်။ သင်သည် ဘုရားသခင်ကို အမှန်တကယ် လိုအပ်သော အခြေအနေတွင် ရှိရမည်။ ဆိုလိုသည်မှာ လူတို့၏ စိတ်နှလုံးသည် အနည်းဆုံးအနေဖြင့် ရိုးသားစစ်မှန်ရမည်၊ ဝတ်ကျေတမ်းကျေ မဖြစ်ရ။ ၎င်းတို့၏ ပါးစပ်များကိုသာ လှုပ်ရှားပြီး စိတ်နှလုံးကို မလှုပ်ရှားခြင်း မပြုလုပ်သင့်။ သင်သည် ဘုရားသခင်ကို စကားပြောသည့် လုပ်ဆောင်မှုတွင် ဖြစ်သလိုပြုလုပ်ပြီး သင်၏ စိတ်နှလုံးက မလှုပ်ရှားလျှင် သင်ဆိုလိုသည်မှာ “ကျွန်ုပ်၏ကိုယ်ပိုင် အစီအစဉ်များကို ပြုလုပ်ထားပြီးဖြစ်သည်။ ကိုယ်တော်ကို အသိပေးနေခြင်းသာ ဖြစ်၏။ ကိုယ်တော်သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ထိုအရာများအတိုင်း ကျွန်ုပ်လုပ်ဆောင်မည်။ ဝတ်ကျေတမ်းကျေသာ ကျွန်ုပ်လုပ်နေခြင်းဖြစ်၏” ဟူ၍ဖြစ်သည်။ ဤသို့ဆိုလျှင် ဤသည်မှာ ပြဿနာပင်။ သင်သည် ဘုရားသခင်ကို လှည့်စားပြီး ဆော့ကစားနေခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အား မကြောက်ရွံ့သည့် ဖော်ပြချက်လည်း ဖြစ်သည်။ ဤအရာပြီးနောက်တွင် ဘုရားသခင်က သင့်ကို မည်သို့ဆက်ဆံမည်နည်း။ ဘုရားသခင်သည် သင့်ကို လျစ်လျူရှုပြီး ဘေးဖယ်ထားလိမ့်မည်။ သင်သည် လုံးဝ အရှက်ခွဲခြင်း ခံရလိမ့်မည်။ သင်သည် ဘုရားသခင်ကို တက်ကြွစွာ ရှာဖွေပြီး သမ္မာတရားတွင် အားစိုက်ထုတ်မှု မပြုလုပ်လျှင် ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။

ဘုရားသခင်ကို ယုံကြည်သောလူအများစုသည် ဤအခြေအနေတွင် ရှိကြသည်။ အချိန်အများစုတွင် ၎င်းတို့သည် တွေးခေါ်မှုမရှိသော၊ အမှုမဲ့အမှတ်မဲ့နေသော အခြေအနေတွင် အသက်ရှင်ကြပြီး၊ သာမန်မဟုတ်သောအရာ ဘာမျှမဖြစ်ပျက်သောအခါ၊ ကြီးမားသော အခက်အခဲတစ်ခုခုထဲ မကျရောက်သောအခါ ထိုသူတို့သည် ဘုရားသခင်ထံ ဆုတောင်းရန် သို့မဟုတ် သူ့အပေါ်မှီခိုရန် မသိကြပေ။ ပုံမှန်ပြဿနာများကို ရင်ဆိုင်ရသောအခါ သမ္မာတရားကို မရှာဖွေကြဘဲ မိမိတို့ကိုယ်ပိုင် အသိပညာ၊ အယူဝါဒများနှင့် အလေ့အထများအတိုင်း အသက်ရှင်ကြသည်။ အမှန်တကယ်ပြုလုပ်ရမည့်အရာမှာ ဘုရားသခင်အပေါ် မှီခိုခြင်းဖြစ်ကြောင်း ကောင်းစွာ သတိပြုမိသော်လည်း များသောအားဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်နှင့် မိမိတို့၏ အနီးအနားက အကျိုးရှိသည့် အခြေအနေများနှင့် ပတ်ဝန်းကျင်များအပြင် မည်သည့်လူများမဆို၊ အဖြစ်အပျက်များနှင့် ၎င်းတို့၏ အကျိုးအဖို့ဖြစ်သည့် အမှုအရာများအပေါ် မှီခိုကြသည်။ ဤသည်မှာ လူတို့ အကျွမ်းကျင်ဆုံးသောအရာ ဖြစ်သည်။ ၎င်းတို့ အညံ့ဆုံးသောအရာမှာ ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို မျှော်ကြည့်ခြင်း ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို မျှော်ကြည့်ခြင်းသည် အလွန် စိတ်အနှောင့်အယှက် ဖြစ်လွန်းမည်၊ ဘုရားသခင်ကို သူတို့ မည်သို့ဆုတောင်းပါစေ ဉာဏ်ပွင့်ခြင်း၊ အလင်းရခြင်း သို့မဟုတ် လက်ငင်းအဖြေ ရဦးမည်မဟုတ်ဟု ခံစားကြရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်ကို ပြဿနာမှ ကယ်တင်ပြီး ပြဿနာကိုဖြေရှင်းပေးဖို့ လူတစ်ဦးကို သွားရှာမည်ဟု တွက်ဆကြသည်။ ထို့ကြောင့် ၎င်းတို့ သင်ခန်းစာများ၏ ဤကဏ္ဍတွင်၊ လူတို့ စွမ်းဆောင်သည်မှာ အညံ့ဆုံးဖြစ်ပြီး၊ ယင်းထဲသို့ ၎င်းတို့၏ ဝင်ရောက်မှုသည် အပေါ့တန်ဆုံး ဖြစ်သည်။ သင်သည် ဘုရားသခင်ကို မည်သို့ မျှော်ကြည့်ပြီး မှီခိုဖို့ကို မသင်ယူပါက၊ ဘုရားသခင်က သင့်အထဲ၌ အမှုပြုသည်၊ သင့်ကို လမ်းပြသည် သို့မဟုတ် သင့်ကို အသိဉာဏ်ပွင့်လင်းစေသည်ကို သင် လုံးဝ မြင်ရလိမ့်မည် မဟုတ်။ ဤအရာများကို သင် မမြင်နိုင်ပါက၊ “ဘုရားသခင် တည်ရှိခြင်း ရှိ မရှိဆိုသည်နှင့် လူသားမျိုးနွယ်၏ အသက်တာတွင် သူသည် အရာရာကို လမ်းပြခြင်း ရှိမရှိ” ဆိုသကဲ့သို့သော မေးခွန်းများသည် သင်၏ စိတ်နှလုံး အတွင်းနက်နက် နေရာများ၌ ဝါကျအဆုံးပြသင်္ကေတတစ်ခု သို့မဟုတ် အာမေဍိတ်သင်္ကေတတစ်ခုထက် မေးခွန်းသင်္ကေတတစ်ခုဖြင့် အဆုံးသတ်လိမ့်မည် ဖြစ်သည်။ “ဘုရားသခင်သည် လူသားမျိုးနွယ်၏ အသက်တာ၌ အရာရာကို လမ်းပြပါသလော။” “လူ့စိတ်နှလုံး၏ အတွင်းနက်နက် နေရာများကို ဘုရားသခင် စိစစ်သလော” အကယ်၍ ယင်းက သင်စဉ်းစားသည့်အရာဖြစ်လျှင် သင် ဒုက္ခရောက်ပြီ။ မည်သည့် အကြောင်းရင်းအတွက် ဤအရာများကို မေးခွန်းများအဖြစ်သို့ သင် ဖန်တီးသနည်း။ သင်သည် ဘုရားသခင်အပေါ် အမှန်တကယ် မမှီခိုပါက သို့မဟုတ် မမျှော်ကြည့်ပါက၊ သင်သည် သူ၌ စစ်မှန်သော ယုံကြည်ခြင်းကို ဖြစ်ပေါ်စေနိုင်လိမ့်မည် မဟုတ်ပေ။ သူ့၌ စစ်မှန်သော ယုံကြည်ခြင်းကို သင် မဖြစ်ပေါ်စေနိုင်ပါက၊ ဘုရားသခင် လုပ်ဆောင်သည့် အရာရာတိုင်းနှင့်အတူ ပါရှိလျက်၊ ထိုမေးခွန်း သင်္ကေတများသည် သင့်အတွက် အစဉ်ထာဝရ ရှိလိမ့်မည် ဖြစ်ပြီး၊ ဝါကျအဆုံးပြ သင်္ကေတတစ်ခု ရှိလိမ့်မည် မဟုတ်ပေ။ သင်တို့ အလုပ်မရှုပ်သောအခါ မိမိကိုယ်ကိုမေးလော့။ “’ဘုရားသခင်သည် အရာခပ်သိမ်း၏ အချုပ်အခြာအာဏာဖြစ်သည်ဟု ကျွန်ုပ်ယုံကြည်သည်’ ယင်းကို မေးခွန်းသင်္ကေတ၊ ပုဒ်မ၊ သို့မဟုတ် အာမေဋိတ်သင်္ကေတတစ်ခုက နောက်မှလိုက်နေသလော” ဤသည်ကို စဉ်းစားကြည့်သောအခါ အချိန်အတော်ကြာ သင်မည်သည့်အခြေအနေရောက်နေကြောင်း အတိအကျ ပြောနိုင်မည်မဟုတ်ချေ။ သင်သည် အတွေ့အကြုံအချို့ကို ရရှိပြီးနောက် အရာများကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပြီး “ဘုရားသခင်သည် အမှန်ပင် အရာခပ်သိမ်း၏ အချုပ်အခြာအာဏာ ဖြစ်တော်မူ၏” ဟု အသေအချာ ပြောနိုင်မည်ဖြစ်သည်။ ၎င်းကို အာမေဋိတ်သုံးချက်က နောက်လိုက်မည်ဖြစ်ပြီး သင်သည် သံသယမရှိဘဲ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် သိရှိသောကြောင့် ဖြစ်လိမ့်မည်။ ဤအခြေအနေများထဲမှ မည်သည့်အခြေအနေတွင် သင်တို့ရှိသနည်း။ သင်တို့၏ လက်ရှိအခြေအနေများနှင့် ဝိညာဉ်ရင့်သန်မှုများကို ကြည့်လျှင် အများအားဖြင့် မေးခွန်းသင်္ကေတများရှိပြီး ထိုမေးခွန်းသင်္ကေတများမှာလည်း များပြားသည်မှာ သေချာသည်။ ဤအရာမှာ သမ္မာတရားတစ်ခုကိုမျှ သင်တို့ နားမလည်ကြောင်း၊ သင်တို့၏စိတ်နှလုံးထဲတွင် သံသယများရှိနေသေးကြောင်း ညွှန်ပြသည်။ လူတို့သည် ဘုရားသခင်နှင့် ပတ်သက်၍ သံသယများစွာရှိသောအခါ သူတို့သည် အန္တရာယ် ကျရောက်တော့မည်ဆဲဆဲ ရှိနေပြီဖြစ်သည်။ သူတို့သည် အချိန်မရွေး လဲကျရန်နှင့် ဘုရားသခင်ကို သစ္စာဖောက်ရန် အလားအလာရှိသည်။ ထို့အပြင် လူတို့သည် ဝိညာဉ်ရင့်သန်မှု သေးငယ်သည်ဟု အဘယ့်ကြောင့် ငါဆိုရသနည်း။ လူတစ်ဦး၏ ဝိညာဉ်ရင့်သန်မှု အရွယ်အစားကို မည်သည့်အခြေခံအရ ဆုံးဖြတ်သနည်း။ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်း အဘယ်မျှရှိသည်နှင့် သင်၌ စစ်မှန်သောသိမြင်မှု မည်မျှရှိသည်ဟူသည့်အပေါ် ဆုံးဖြတ်သည်။ ထို့အပြင် သင်တို့တွင် အဘယ်မျှရှိသနည်း။ ဤအရာများကို ယခင်က ဆန်းစစ်ဖူးပါသလော။ မိဘများမှတစ်ဆင့် ဘုရားသခင်ကို ယုံကြည်လာခဲ့ကြသော လူငယ်များစွာရှိသည်။ ထိုသူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းဆိုင်ရာ အယူဝါဒအချို့ကို မိဘများထံမှ သင်ယူခဲ့ကြပြီး ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းသောအရာ ဖြစ်သည်၊ ယင်းသည် အပြုသဘောဆောင်သောအရာ ဖြစ်သည်ဟု ထင်မြင်ကြသော်လည်း ဘုရားသခင်ကို ယုံကြည်သူများ နားလည်သင့်သော သမ္မာတရားများကို အမှန်တကယ် နားလည်ခြင်း၊ သို့မဟုတ် တွေ့ကြုံခံစားခြင်းနှင့် စိစစ်ခြင်း မရှိသေးပေ။ ထို့ကြောင့် သူတို့၌ မေးခွန်းသင်္ကေတများနှင့် အယူအဆများစွာရှိသည်။ သူတို့၏နှုတ်မှထွက်သော စကားလုံးအများစုသည် အတည်ပြုချက်များ၊ သို့မဟုတ် အာမေဋိတ်များမဟုတ်၊ မေးခွန်းများသာဖြစ်၏။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့တွင် ချို့ယွင်းချက်များစွာရှိ၍ အမှုအရာများကို ကောင်းစွာ မမြင်နိုင်သောကြောင့်ဖြစ်ပြီး သူတို့သည် ခိုင်မာစွာ ရပ်တည်နိုင်ခြင်း ရှိမည်မရှိမည်ဆိုသည်ကို ပြောရခက်သည်။ သင်တို့၏ အသက် ၂၀ နှင့် ၃၀ ဝန်းကျင်တွင် မေးခွန်းသင်္ကေတများစွာ ရှိခြင်းက ပုံမှန်ဖြစ်သည်။ သို့သော် သင်တို့သည် မိမိတာဝန်ကို အချိန်အတော်ကြာအောင် ထမ်းဆောင်ပြီးနောက် ဤမေးခွန်းသင်္ကေတများကို သင်မည်မျှ ဖယ်ရှားနိုင်မည်နည်း။ ဤမေးခွန်းသင်္ကေတများကို အာမေဋိတ်သင်္ကေတများအဖြစ် ပြောင်းလဲနိုင်မည်လော။ ဤအရာသည် သင်တို့၏ အတွေ့အကြုံပေါ်၌ မူတည်မည်ဖြစ်သည်။ ဤသည်မှာ အရေးကြီးသလော၊ မကြီးဘူးလော။ (အရေးကြီးသည်။) ဤအရာသည် အလွန်အရေးကြီးပေ၏။ ငါ ယခုတင်ပြောပြသည့် မည်သည့်အရာက အကြီးမြတ်ဆုံးဉာဏ်ပညာ ဖြစ်သနည်း။ (ဘုရားသခင်ကို မျှော်ကိုးပြီး အရာခပ်သိမ်း၌ ကိုယ်တော်ကို အားကိုးခြင်းဖြစ်သည်။) ဤသည်ကို ကြားသောအခါ လူအချို့က “ထိုအဖြေသည် ရိုးရှင်းလွန်းပြီး သာမန်ဖြစ်လွန်းသည်။ ယင်းသည် ရိုးအီနေသည့် ဆိုရိုးစကားဖြစ်ပြီး ယခုခေတ်၌ မည်သူမှ မပြောကြတော့” ဟု ဆိုကြသည်။ ဘုရားသခင်ကို မျှော်ကိုးခြင်းသည် သိသာထင်ရှားသော လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းတစ်ခုကဲ့သို့ ထင်ရသော်လည်း ယင်းသည် ဘုရားသခင်၏ နောက်လိုက်တိုင်းက ဘဝတစ်လျှောက်လုံး လေ့လာပြီး ဝင်ရောက်သင့်သည့် သင်ခန်းစာတစ်ခု ဖြစ်သည်။ ယောဘသည် အသက် ၇၀ ဝန်းကျင် ရှိသောအခါ ဘုရားသခင်ကို မျှော်ကိုးခဲ့သလော။ (မျှော်ကိုးခဲ့သည်။) သူသည် ဘုရားသခင်ကို မည်ကဲ့သို့ မျှော်ကိုးခဲ့သနည်း။ ဘုရားသခင်ကို မျှော်ကိုးသော သူ၏ တိကျသော သရုပ်သကန်များမှာ အဘယ်နည်း။ သူ၏ ဥစ္စာပစ္စည်းများနှင့် သားသမီးများကို သူ့ထံမှ သိမ်းယူခြင်းခံရသောအခါ သူသည် ဘုရားသခင်ကို မည်ကဲ့သို့ မျှော်ကိုးခဲ့သနည်း။ သူသည် စိတ်နှလုံးထဲတွင် ဆုတောင်းပြီး အပြင်ပန်း၌ အမှုအရာတချို့ကို လုပ်ဆောင်ခဲ့သည်။ ယင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာ၌ မည်သို့ရေးထားသနည်း။ (“ထိုအခါ ယောဘသည် မိမိဝတ်လုံကိုဆုတ်ပြီး ဦးခေါင်းကိုရိတ်၍ မြေပြင်ပေါ်တွင် ပျပ်ဝပ်လျက် ကိုးကွယ်ပြီး။” (ယောဘဝတ္ထု ၁:၂၀-၂၁)) သူသည် မြေပေါ်သို့လဲကျကာ ပျပ်ဝပ်ကိုးကွယ်သည်။ ယင်းမှာ ဘုရားသခင်ကို မျှော်ကိုးခြင်းနှင့်ဆိုင်သော သရုပ်သကန်တစ်ခုဖြစ်သည်။ ဤသည်မှာ မယုံနိုင်လောက်အောင် ရိုသေကိုင်းရှိုင်းရာ ရောက်သည်။ ဤအရာမှာ သင်တို့လုပ်နိုင်သည့်အရာတစ်ခု ဟုတ်သလော။ (ယင်းကို ကျွန်ုပ်တို့ မလုပ်နိုင်သေးပါ။) သို့ဖြစ်လျှင် ယင်းကို သင်တို့ လုပ်လိုစိတ်ရှိသလော။ (ရှိပါသည်။) အကယ်၍ လူတစ်ယောက်သည် ယောဘအဆင့်သို့ တက်လာနိုင်၍ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ကာ အပြစ်ကင်းစင်သူတစ်ဦး ဖြစ်လာမည်ဆိုလျှင် သူသည် စုံလင်လေပြီ။ သို့သော် မိမိ၏တာဝန်ကို ထမ်းဆောင်နေကြစဉ် သင်တို့သည် အခက်အခဲကို ကြံ့ကြံ့ခံလိုစိတ် ရှိရမည်ဖြစ်သည်။ သမ္မာတရားကို ရှေ့ရှုပြီး ဆက်လက် အားထုတ်ရမည်။ သမ္မာတရားကို သင်နားလည်ပြီး စည်းမျဉ်းများနှင့်အညီ ကိစ္စရပ်များကို ဖြေရှင်းနိုင်သည်နှင့် တစ်ပြိုင်နက် ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ သင်တို့သည် ဤအရာကို မှတ်သားထားဖို့သာ လိုအပ်၏။

၂o၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။