ဘုရားသခင်အား ယုံကြည်ခြင်းတွင် သမ္မာတရားကို ရရှိခြင်းသည် အရေးပါဆုံးဖြစ်၏ (အပိုင်း တစ်)
လူအချို့သည် ဘုရားသခင်အား နှစ်ချီပြီး ယုံကြည်လာခဲ့သော်လည်း အစားအစာ၊ အဝတ်အစားတို့နှင့် သက်ဆိုင်သော သာယာမှုများ၊ ဇာတိပကတိနှင့် သက်ဆိုင်သော အခြားမွေ့လျော်မှုများကို ဖက်တွယ်ထားဆဲ ဖြစ်သည်။ ဤအရာများသည် လူ့စိတ်နှလုံး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သလော။ ဘုရားသခင်ကို နှစ်ပေါင်းများစွာကြာအောင် ယုံကြည်လာခဲ့သောသူအချို့သည်ပင် လူတို့အလိုအပ်ဆုံးသောအရာကို ရှင်းလင်းစွာ မသိကြပေ။ လူအချို့က တစ်စုံတစ်ယောက်အား တစ်ခုခု ငါပေးသည်ကို မြင်ပြီး “ဘုရားသခင်က ထိုသူအား ဂရုစိုက်ပြီး ငါ့အား ဂရုမစိုက်သည်မှာ အဘယ်သို့ ဖြစ်ရသနည်း။ ငါ့ထံ၌ ထိုအရာမရှိသေး” ဟု ပြောဆိုလျက် မကျေမနပ် စတင်ညည်းညူကြသည်။ လက်တွေ့တွင် သင်သည် အစာရေစာ မလုံလောက်ခြင်း မရှိ။ အဝတ်အစား ရှားပါးနေခြင်းလည်း မရှိ။ သင်သည် လောဘကြီးနေခြင်းသာဖြစ်သည်။ ရောင့်ရဲခြင်းကို သင်မသိ။ ယှဉ်ပြိုင်ရယူရသည်ကို သင်နှစ်သက်၏။ သင်တို့ကို ဂရုစိုက်ပေးဖို့က ငါ၏ ဝတ္တရားမဟုတ်ပေ။ သင်သည် စည်းမျဉ်းများနှင့်အညီ ကျင့်ကြံပြုမူရမည်။ မိမိ၏ အကျိုးစီးပွားများအတွက် သို့မဟုတ် အကျိုးအမြတ်များအတွက် လုံးဝ မယှဉ်ပြိုင်နှင့်။ ဤအရာများအားလုံးသည် အပြင်ပန်းသာ ဖြစ်သည်။ သမ္မာတရားနှင့် အသက်ကို သင်ရရှိခြင်းနှင့် အစားထိုး၍ရသည့် အရာများ မဟုတ်ပေ။ အပြင်ပန်းတွင် မည်မျှကောင်းမွန်စွာ ဝတ်စားဆင်ယင်ထားပါစေ သမ္မာတရားကို မရရှိသေးလျှင် စိတ်နှလုံးက အနှစ်မဲ့နေဆဲဖြစ်မည်။ အပြောသက်သက်ဖြစ်သောအခါ၌ လူတို့သည် ဤအရာများကို နားလည်ကြသော်လည်း ယင်းတို့ကို အမှန်တကယ် ထိပ်တိုက်ရင်ဆိုင်တွေ့သောအခါတွင်မူ မိမိတို့ကိုယ်ကို မထိန်းနိုင်ကြ။ ယင်းတို့ကို အရှိအတိုင်း မသိနိုင်ကြပေ။ ဤကမ္ဘာလောကတွင် စည်းစိမ်ဥစ္စာနှင့် ဩဇာအာဏာရှိသောသူ များစွာရှိသည်။ ဤလူများသည် မည်သို့သောဘဝမျိုးကို နေထိုင်ကြသနည်း။ အားလုံးက စားခြင်း၊ သောက်ခြင်း၊ မိမိတို့ကိုယ်ကို ပျော်ရွှင်စေခြင်းတို့သာ ဖြစ်သည်။ နေ့စဉ် စားသောက်ပျော်ပါးခြင်း၊ ဧည့်သည်များကို ဧည့်ခံခြင်းနှင့် လက်ဆောင်များ ပေးခြင်း၊ မဆင်မခြင် ပြုမူဆောင်ရွက်ခြင်းတို့သာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ အသက်ရှင်သည့်ပုံစံဖြစ်သည်။ ၎င်းတို့တွင် လူသားဘဝ ရှိသလော။ မရှိပေ။ ၎င်းတို့ တစ်နေကုန် အာရုံစိုက်သောအရာမှာ မူးမော်သည်အထိ တဝတပြဲ စားသောက်ခြင်း၊ ဒီဇိုင်နာ အမှတ်တံဆိပ်များကို ဝတ်ဆင်ခြင်း၊ ၎င်းတို့ သွားသည့်နေရာတိုင်းတွင် ကြွားဝါခြင်း၊ မိမိအရှိန်အဝါကို အသုံးချ၍ အနိုင်ကျင့်ခြင်းတို့ဖြစ်သည်။ ဤသို့သော လူတို့သည် မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့ကို နတ်ဆိုးများနှင့် စာတန်က ပိုင်ဆိုင်၏။ ၎င်းတို့သည် လူ့တိရစ္ဆာန်များ ဖြစ်ကြသည်။ ချမ်းသာသောသူအချို့က ၎င်းတို့၏ သာယာမှုများကို စိတ်ကုန်သွားသောအခါ အသက်ရှင်ခြင်းအပေါ် စိတ်ဝင်စားမှုမရှိတော့ဘဲ မိမိတို့ကိုယ်ကို သတ်သေကြသည်။ ၎င်းတို့က အစားအစာ၊ အဝတ်အစား၊ အပျော်အပါးတို့ကို စိတ်ကုန်သွားကြခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အဘယ်ကြောင့် မိမိတို့ကိုယ်ကို သတ်သေကြသနည်း။ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ စည်းစိမ်ဥစ္စာ၊ အစားအစာ၊ အဝတ်အစား၊ ပျော်ပါးမှုတို့သည် လူတို့အမှန်တကယ် လိုအပ်သည့်အရာများ လုံးဝ မဟုတ်သည်ကို ဤအရာမှတစ်ဆင့် မြင်နိုင်သည်။ ထိုအရာများကို သင်တို့ မလိုက်စားရ။ သင်တို့သည် ကယ်တင်၍ မရတော့အောင် ဆုတ်ယုတ်သွားသည့်အချိန်အထိ စောင့်ပြီးမှ နောက်ကြောင်းလှည့်လျှင် အလွန်နောက်ကျသွားမည်ဖြစ်သည်။ ဉာဏ်ရှိသောသူတစ်ဦးက အခြားသူတစ်ဦး ကျရှုံးသည်ကို မြင်သောအခါတွင် သူကိုယ်တိုင် တွေ့ကြုံဖို့ မလိုအပ်ဘဲ ထိုအဖြစ်မှ အတွေ့အကြုံကို တိုက်ရိုက်ရယူ၏။ အခြားတစ်ဖက်တွင်မူ ဉာဏ်မဲ့သောသူတစ်ဦးသည် ကျရှုံးမှုကို တစ်ခုပြီးတစ်ခု တွေ့ကြုံရသော်လည်း ယင်းတို့မှနေ၍ သင်ခန်းစာမယူနိုင်ဆဲ ဖြစ်နိုင်သည်။ ပြုပြင်ပေးသည့် နောက်တွင်သာ ၎င်းတို့သည် စတင်၍ အနည်းငယ် သတိမူမိလာကြသည်။ သို့သော် ထိုအချိန်တွင် အလွန်နောက်ကျသွားပြီ ဖြစ်သည်။ အလွန်အမင်း ဉာဏ်မဲ့သောသူတို့သည် သမ္မာတရားကို မရရှိနိုင်ကြပေ။ ဘုရားအမှုတော်ကို တွေ့ကြုံသည့် ဉာဏ်ရှိသောသူတို့သာ သမ္မာတရားကို ရရှိနိုင်သည်။ အမှန်မှာ လူသားအားလုံးက သမ္မာတရားကို လိုအပ်သည်။ သမ္မာတရားကို လိုက်စားခြင်းအားဖြင့်သာ ကယ်တင်ခြင်းခံရနိုင်သည်။ သင်သည် ဘုရားသခင်ရွေးချယ်ထားသော လူများထဲမှ တစ်ဦးဖြစ်နေသည်ဖြစ်စေ၊ တစ်ပါးအမျိုးသားတစ်ဦးဖြစ်နေသည်ဖြစ်စေ သမ္မာတရား၏ ပံ့ပိုးမှုကို သင်လိုအပ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို သင် လိုအပ်သည်။ လူအချို့သည် လူ့သဘာဝ လုံးဝ မရှိသည့်အပြင် သမ္မာတရားကိုလည်း အနည်းငယ်မျှပင် လက်မခံကြပေ။ ဤသို့သောသူတို့သည် လူ့တိရစ္ဆာန်များ ဖြစ်သည်။ ၎င်းတို့သည် စုဝေးပွဲများကို တက်ရောက်ကောင်း တက်ရောက်နိုင်သော်လည်း ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့ လိုက်စားသည့်အရာမှာ အပြစ်ရှိသော သာယာမှုများ၊ အစားအစာ၊ အဝတ်အစား၊ အပျော်အပါးတို့နှင့် သက်ဆိုင်သော သာယာမှုများဖြစ်ပြီး ၎င်းတို့၌ ဤအရာများဖြင့် ပြည့်နေသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ မရှာဖွေကြပေ။ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားမဲ့ဝါဒအမြင်များအပြင် ဆင့်ကဲဖြစ်စဉ် သီအိုရီနှင့်ပတ်သက်သော အယူဆများဖြင့် ပြည့်နေသည်။ သင်သည် သမ္မာတရားနှင့်ပတ်သက်ပြီး ၎င်းတို့ကို မည်သို့ မိတ်သဟာယပြုပေးပါစေ ၎င်းတို့က နားမဝင်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းသောအရာဖြစ်သည်ကို ၎င်းတို့သိပြီး ၎င်းတို့၏ ယုံကြည်မှုကို ထိန်းသိမ်းနိုင်သော်လည်း ၎င်းတို့သည် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ်တွင် စတင်မလျှောက်လှမ်းနိုင်ပေ။ ဤအတွက်ကြောင့် သမ္မာတရားအပေါ် ချစ်ခြင်းမရှိသူတို့သည် ဘုရားသခင်က သူ၏ ကယ်တင်ခြင်းအတွက် ကြိုတင်စီမံထားသောသူများ မဟုတ်ခြင်းဖြစ်သည်။
လူများစွာတို့သည် လက်ရှိတွင် ဘုရားသခင်အပေါ် အလွန်အမင်း ရှုပ်ထွေးနေသော ယုံကြည်မှုတစ်ခု ရှိကြသည်။ ဘုရားသခင်အား ယုံကြည်ရာတွင် မည်သည့်အရာကို ရရှိသင့်ကြောင်း ၎င်းတို့ မသိကြပေ။ ဘုရားသခင်အား ယုံကြည်ခြင်းသည် မည်သည့်အတွက်ဖြစ်ကြောင်း ၎င်းတို့ နားမလည်ကြ။ လုံးဝ မသိကြပေ။ လူသည် မည်သည့်အရာအတွက် အသက်ရှင်သင့်သည်၊ သို့မဟုတ် မည်သည့်အရာနှင့်အညီ အသက်ရှင်သင့်သည် သို့မဟုတ် တန်ဖိုးရှိပြီး အရေးပါသော နည်းလမ်းဖြင့် မည်သို့အသက်ရှင်ရမည်တို့ကို ၎င်းတို့ လုံးဝ မသိကြပေ။ သင်သည် ဘုရားသခင်အား အဘယ်ကြောင့်ယုံကြည်ရမည်ကို သင်၏ စိတ်နှလုံး၌ မသေချာလျှင် ဘုရားသခင်အား သင်၏ ယုံကြည်ခြင်းကြောင့် ခံစားရသည့် ဖိနှိပ်မှုနှင့် ဝေဒနာသည် တန်ဖိုး၊ သို့မဟုတ် အဓိပ္ပာယ် မရှိပေ။ လူတို့သည် ဘုရားသခင်အား ယုံကြည်ရာတွင် အတိအကျအားဖြင့် မည်သည့်အရာကို ရရှိရန် ရည်ရွယ်သနည်း။ သင်၏ ယုံကြည်ခြင်းသည် သမ္မာတရားနှင့် အသက်ကို ရရှိရန်မဟုတ်လျှင် ဘုရားသခင်၏ အမှုတော်ပြီးဆုံးပြီး လူတို့၏ အဆုံးသတ်ကို ဆုံးဖြတ်သောအခါ၌ သင်သည် နောင်တနှင့် ပြည့်နေမည် မဟုတ်လော။ သင်သည် ဘုရားသခင်နောက်သို့ လိုက်ရန် ရှေးဦးစွာ စိတ်ပိုင်းဖြတ်သောအခါ ယင်းသည် တဒင်္ဂခဏ ရုတ်တရက် ဖြစ်ပေါ်သော ဆန္ဒတစ်ခုသာဖြစ်သလော၊ သို့မဟုတ် သင်၏ ဆုံးဖြတ်ချက်ကို မချမီတွင် ဘုရားသခင်အား ယုံကြည်ခြင်း အမှုကိစ္စကို အသေအချာ စဉ်းစားပြီး အဖြေရှာခဲ့သလော။ သင်သည် အတိအကျ မည်သည့်အရာအတွက် အသက်ရှင်နေသနည်း။ ဘဝတွင် သင်၏ ဦးတည်ချက်မှာ အဘယ်နည်း။ သင်၏ ပန်းတိုင်များမှာ အဘယ်နည်း။ သင်သည် အဆုံးတိုင်အောင် ဘုရားသခင်နောက်သို့ လိုက်ပြီး နောက်ဆုံးတွင် သမ္မာတရားကို ရရှိရန် စိတ်ပိုင်းဖြတ်ချက် ရှိသလော။ လမ်းတစ်ဝက်တွင် လက်မလျှော့ပစ်ဖို့ သေချာအောင် လုပ်နိုင်သလော။ မည်သည့်အခြေအနေများ ဖြစ်ပေါ်ကောင်း ဖြစ်ပေါ်လာနိုင်ပါစေ၊ မည်သည့်ဆင်းရဲဒုက္ခများ၊ စမ်းသပ်မှုများ၊ အခက်အခဲများ၊ သို့မဟုတ် ပြဿနာများကို သင် ရင်ဆိုင်ရပါစေ သင်၏တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်နိုင်သလော။ လူအချို့သည် ဤယုံကြည်ခြင်းအနည်းငယ်မျှပင် မရှိ၊ သို့မဟုတ် သမ္မာတရားအား လိုက်စားရန် စိတ်ခိုင်မာမှုပင် မရှိပေ။ ဤသို့ဆိုလျှင် သမ္မာတရားကို ရရှိဖို့က လွယ်ကူမည်မဟုတ်။ လူတို့သည် သမ္မာတရားကို စိတ်မဝင်စားသောအခါ ၎င်းတို့၏ တာဝန်ကို လိုလားစွာ မထမ်းဆောင်နိုင်သကဲ့သို့ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ရိုးသားစစ်မှန်စွာလည်း အသုံးမခံပေ။ ဤသို့သောလူတို့သည် ဘုရားသခင်နောက်သို့ အဆုံးထိ အဘယ်သို့ လိုက်နိုင်မည်နည်း။ သင်က ၎င်းတို့အား “သင်သည် ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်သနည်း၊ ဘုရားသခင်အား ယုံကြည်ခြင်းမှ မည်သည့်အရာကို ရရှိလိုသနည်း။ မည်သည့်လမ်းကြောင်းကို သင်လျှောက်လှမ်းသင့်သနည်း” ဟု မေးလျှင် ၎င်းတို့သည် သိမည် မဟုတ်သကဲ့သို့ ဖြေနိုင်မည်လည်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားနှင့် အသက်ကို ရရှိရန် ဘုရားသခင်နောက်သို့ လိုက်နေခြင်းမဟုတ်ဘဲ ကောင်းချီးများရရှိရန် အခွင့်အလမ်းအား ရှာဖွေနေခြင်းဖြစ်သည်ကို သက်သေပြသည်။ ဤသို့သောသူတစ်ယောက်က သူ၏တာဝန်ကို အဘယ်သို့ ရိုးသားစစ်မှန်စွာနှင့် ကောင်းမွန်စွာ ထမ်းဆောင်နိုင်မည်နည်း။ သမ္မာတရားကို အမှန်တကယ် ချစ်သူတို့က သမ္မာတရားကို နားလည်လေလေ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် စိတ်အားထက်သန်လေလေဖြစ်သည်။ သမ္မာတရားကို နားမလည်သူတို့သည် ၎င်းတို့တာဝန်ကို ထမ်းဆောင်ရာတွင် မကြာခဏ အပျက်သဘောဆောင်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံနိုင်လျှင် နုတ်ထွက်ကြလိမ့်မည်ဖြစ်သည်။ သမ္မာတရားကို လိုက်စားသူတို့ကား ဤသို့မဟုတ်ပေ။ ၎င်းတို့တာဝန်ကို ထမ်းဆောင်လေလေ သမ္မာတရားကို နားလည်လေလေဖြစ်သည်။ သမ္မာတရားကို နားလည်သောအခါတွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုက သန့်စင်စေခြင်း ခံရသည်။ လူတစ်ယောက်သည် သမ္မာတရားကို နားလည်လေလေ ဘုရားသခင်နောက်သို့ လိုက်ခြင်းအားဖြင့် သူရရှိသည့်အရာသည် အလွန်ပင်ပို၍ ကြီးမားလေလေဖြစ်သည်ဟု ခံစားရသည်။ ပြီးလျှင် ဘုရားသခင်နောက်သို့ လိုက်သည့် လမ်းကြောင်းကို ၎င်းတို့ လိုက်လျှောက်သည်မှာ ကြာမြင့်လေလေ ထိုလမ်းကြောင်းက လင်းလက်တောက်ပလေလေ ဖြစ်သည်ကို ၎င်းတို့ ခံစားနိုင်ကြသည်။ ဤသည်တို့မှာ သမ္မာတရားကို ရရှိပြီးဖြစ်သောသူများ ဖြစ်ကြသည်။ လူတို့သည် သမ္မာတရားကို အမှန်တကယ် နားလည်လျှင် ဘုရားသခင်နောက်သို့ လိုက်ရာတွင် ယုံကြည်စိတ်ချမှု ရှိကြမည်ဖြစ်ပြီး အဆုံးတိုင်အောင် သစ္စာစောင့်သိမြဲ စောင့်သိမြဲလျက် ရှိနေကြမည်ဖြစ်သည်။
လူအချို့သည် ဖျားနာခြင်းကို ရင်ဆိုင်ရပြီး ၎င်းတို့၏ ဘဝက မရေမရာ ဖြစ်နေသောအခါတွင် ၎င်းတို့ကို ကယ်တင်ပေးပါရန် ဘုရားသခင်အား တောင်းဆိုကြကာ ထိုအဖြစ်ကို ကျော်ဖြတ်ပြီးသည်နှင့် သမ္မာတရားအနည်းငယ်ကို နားလည်လာကြသည်။ သို့သော် သေရေး၊ ရှင်ရေးအခြေအနေတစ်ခုတွင် ဘုရားသခင်အား ခေါ်ခြင်း အတွေ့အကြုံကို လူတိုင်းတွေ့ကြုံဖို့ မလိုအပ်ပေ။ လူအချို့တွင်ရှိသော အတွေ့အကြုံများကိုသာ ကြည့်ပြီး ၎င်းတို့၏ မိတ်သဟာယပြုချက်နှင့် ၎င်းတို့၏ ခံစားချက်များကို နားထောင်လော့။ ထိုအခါ ယင်းတို့ထံမှ သင်ရရှိနိုင်လိမ့်မည်။ သင်ကိုယ်တိုင် တွေ့ကြုံရခြင်း မရှိလျှင်ပင် သူတစ်ပါးတို့၏ အတွေ့အကြုံများမှတစ်ဆင့် အချို့ကို သင်နားလည်သဘောပေါက်နိုင်သည်။ လူအချို့သည် သေခြင်းနှင့် နီးကပ်လာသောအခါတွင် ၎င်းတို့သည် လွန်စွာ ပြောင်းလဲခဲ့ခြင်း မရှိဟုလည်းကောင်း၊ ဘုရားသခင်အား အနည်းငယ်သာ သိမြင်သည်ဟုလည်းကောင်း၊ ဘုရားသခင်အတွက် ၎င်းတို့ လုပ်ဆောင်ခဲ့ပြီး အသုံးခံခဲ့သောအရာသည် နည်းပါးသည်ဟုလည်းကောင်း ခံစားကြရသည်။ ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်သည့် နှစ်များအတွင်းတွင် သမ္မာတရားအား လိုက်စားခြင်းမရှိခဲ့ဟုလည်းကောင်း၊ ၎င်းတို့ ရရှိခဲ့သည်မှာ နည်းပါးလွန်းလှပြီး ဘုရားသခင်အပေါ် များစွာ အကြွေးတင်သည်ဟုလည်းကောင်း ခံစားကြရသည်။ ၎င်းတို့သည် အမှန်ပင် သေဖို့ဖြစ်လာလျှင် လိုလိုလားလား သေဆုံးကြမည်မဟုတ်ပေ။ ၎င်းတို့တွင် နောင်တရရန် အခွင့်အလမ်းရှိမည် မဟုတ်တော့သောကြောင့် ဖြစ်သည်။ ယောဘက စမ်းသပ်မှုများကို ရင်ဆိုင်ရသောအခါ သူ၏ ကိုယ်ခန္ဓာသည် အနာစိမ်းများဖြင့် ဖုံးလွှမ်းသွားသည်။ သူ၏ မိန်းမက သူ့ကို နားမလည်ခဲ့ဘဲ လှောင်ပြောင်ခဲ့သည်။ သူ၏ မိတ်ဆွေများက သူသည် မကောင်းသည့်အရာ တစ်စုံတစ်ခုကို ကျိန်းသေပေါက် လုပ်ထားပြီး ယေဟောဝါဘုရားသခင်ကို ပုန်ကန်ပြစ်မှားခဲ့ခြင်း ဖြစ်ရမည်ဟု ယုံကြည်လျက် သူ့ကို နားမလည်ခဲ့ဘဲ သူ့အား ဝေဖန်အပြစ်တင်ခြင်း၊ ရှုတ်ချခြင်းပင် ပြုခဲ့ကြသည်။ ၎င်းတို့က ယောဘအား စကားပြောခဲ့ပြီး “သင်သည် ယေဟောဝါဘုရားသခင်အား အဘယ်သို့ ပုန်ကန်ပြစ်မှားခဲ့သနည်း။ သင်၏ အပြစ်များကို ဝန်ချရန် လုပ်ဆောင်လော့။ ယေဟောဝါဘုရားသခင်သည် ဖြောင့်မတ်သည်” ဟု ဆိုသည်။ သို့သော် ယောဘသည် သူ၏ စိတ်နှလုံးတွင် နားလည်ပြီး မကောင်းသည့်အရာ မည်သည့်အရာကိုမျှ သူလုပ်ခဲ့သည်ဟု မခံစားရပေ။ သို့တိုင်အောင် ဤသို့သော စမ်းသပ်မှုကို ရင်ဆိုင်ရသည်မှာ သူ့အတွက် နာကျင်ဖွယ်ဖြစ်သည်။ သူသည် ဒုက္ခခံရစဉ်တွင် ရှင်ခြင်းထက် သေခြင်းကို ရှာဖွေခဲ့သည်။ သူသည် ဒုက္ခဝေဒနာကို အလွန်အမင်း ခံစားရ၍ သေခြင်းကသာ တစ်ခုတည်းသော လွတ်မြောက်ရာ ဖြစ်သည်ဟုလည်းကောင်း၊ သေသွားလျှင် အဆုံးသတ်သွားလိမ့်မည်ဟုလည်းကောင်း ထင်မြင်ခဲ့သည်။ သို့တိုင်အောင် သူသည် သူ၏ စိတ်နှလုံးတွင် ဘုရားသခင်ကို ချီးမွမ်းနိုင်ဆဲဖြစ်သည်။ ဤသည်မှာ သာမန်လူတစ်ယောက်က စွမ်းဆောင်ရရှိနိုင်သည့်အရာတစ်ခု မဟုတ်ပေ။ လူအများစုသည် ဝေဒနာခံစားရသောအချိန်တွင် ဘုရားသခင်ကို မချီးမွမ်းကြပေ။ ဘုရားသခင်အပေါ် တောင်းဆိုမှုများသာ ပြုကြသည်။ “ဘုရားသခင် ကျွန်ုပ်ကို နောက်ထပ်တစ်ကြိမ် အသက်ရှင်ခွင့်သာ ပေးတော်မူပါ။ ကျွန်ုပ်အား အလျင်အမြန် နောက်တစ်ဖန် ကျန်းမာစေပါ။ ကျွန်ုပ်နေကောင်းသောအခါ ကိုယ်တော် ကျွန်ုပ်အပေါ် အလိုရှိသမျှတိုင်းကို လုပ်ဆောင်ပါမည်” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် အပေးအယူ ပြုလုပ်ရန် စတင်ကြိုးစားလာသည်။ ဖျားနာခြင်း ရောက်ရှိလာသောအခါ ယင်းကို သင်မည်သို့ တွေ့ကြုံသင့်သနည်း။ ဘုရားသခင်ရှေ့သို့လာပြီး ဆုတောင်းသင့်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်ကို ရှာဖွေပြီး စူးစမ်းကြည့်သင့်သည်။ သမ္မာတရားကို ဆန့်ကျင်သည့် မည်သည့်အရာကို သင်ပြုလုပ်ခဲ့သည်၊ သင်၌ရှိသော မည်သည့်ဖောက်ပြန်ပျက်စီးမှုကို မဖြေရှင်းရသေးသည်ဆိုသည်တို့ကို ရှာတွေ့ရန် သင့်ကိုယ်သင် ဆန်းစစ်သင့်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဒုက္ခဝေဒနာကို မခံစားရဘဲနှင့် မပြေလည်သွားနိုင်ပေ။ ဒုက္ခဝေဒနာနှင့် ထိန်းညှိခြင်းခံရမှသာ လူတို့သည် အပျော်အပါး၌ မွေ့လျော်ခြင်းမရှိနိုင်ဘဲ ဘုရားသခင်ရှေ့တွင် အချိန်ပြည့် အသက်ရှင်နိုင်သည်။ တစ်စုံတစ်ယောက်သည် ဒုက္ခခံရသောအခါ အစဉ်သဖြင့် ဆုတောင်းသည်။ အစားအစာ၊ အဝတ်အစားနှင့် သက်ဆိုင်သော သာယာမှုများနှင့် အခြားသော အပျော်အပါးများကို တွေးတောခြင်းမရှိပေ။ ၎င်းတို့သည် စိတ်နှလုံးတွင် စဉ်ဆက်မပြတ် ဆုတောင်းသည်။ မှားသည့်အရာ တစ်စုံတစ်ခုကို ၎င်းတို့ ပြုလုပ်ခဲ့ခြင်းရှိမရှိ ကြည့်ရန်၊ သို့မဟုတ် မည်သည့်နေရာတွင် သမ္မာတရားအား ဆန့်ကျင်မိသည်ကို မြင်တွေ့ရန် မိမိတို့ကိုယ်ကို ဆန်းစစ်ကြသည်။ သာမန်အားဖြင့် သင့်အား အလွန်အမင်း မရှုမလှ ဒုက္ခဝေဒနာခံစားရစေသည့် ဆိုးရွားသော ဖျားနာမှု၊ သို့မဟုတ် ထူးဆန်းသော ရောဂါတစ်ခုကို သင်ရင်ဆိုင်ရသည့်အခါ ဤသည်မှာ ကြုံသလို ဖြစ်ပျက်ခြင်းမဟုတ်ပေ။ သင်က ဖျားနာသည်ဖြစ်စေ၊ ကျန်းမာရေးကောင်းသည်ဖြစ်စေ ယင်းတွင် ဘုရားသခင်၏ ရည်ရွယ်ချက် ရှိနေသည်။ သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်လုပ်ပြီး သင်က ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်သောအခါ ပုံမှန်အားဖြင့် ဘုရားသခင်ကို သင်ရှာဖွေနိုင်သည်။ သို့သော် သင်နာမကျန်းဖြစ်ပြီး ဒုက္ခဝေဒနာ ခံရသောအခါ ဘုရားသခင်အား မရှာဖွေတော့သကဲ့သို့ မည်သို့ရှာဖွေရမည်ကိုလည်း မသိပေ။ သင်သည် ဖျားနာလျက် နေထိုင်ပြီး မည်သည့်ကုသမှုက သင့်အား ပို၍မြန်ဆန်စွာ သက်သာစေလိမ့်မည်ဆိုသည်ကို အစဉ်တွေးတောလျက် ရှိသည်။ ဤသို့သော အချိန်များတွင် သင်သည် ဖျားနာခြင်းမရှိသောသူများကို အားကျသည်။ သင်၏ ဖျားနာခြင်းနှင့် ဝေဒနာကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားလိုသည်။ ဤသည်တို့မှာ အပျက်သဘောဆောင်သော၊ အတိုက်အခံပြုသော ခံစားချက်များဖြစ်သည်။ လူတို့သည် နာမကျန်း ဖြစ်သောအခါ တစ်ခါတစ်ရံတွင် “ဤဖျားနာမှုသည် ငါကိုယ်တိုင်၏ အသိပညာခေါင်းပါးမှုကြောင့် ဖြစ်ပေါ်လာသလော၊ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်ဖြစ်သလော” ဟူ၍ စဉ်းစားကြသည်။ ၎င်းတို့သည် အကယ်ပင် အဖြေမရှာနိုင်ကြချေ။ အမှန်တကယ်တွင် အချို့သော ဖျားနာမှုများမှာ သာမန်ဖြစ်သည်။ အအေးမိခြင်း သို့မဟုတ် ရောင်ရမ်းခြင်း သို့မဟုတ် တုပ်ကွေးကဲ့သို့သော အရာများဖြစ်သည်။ သင့်အား ရုတ်တရက် အိပ်ရာထဲ လဲစေသော၊ ဒုက္ခခံမည့်အစား သေသာသေလိုက်ချင်သော အကြီးစားဖျားနာမှုကို သင်ခံရသောအခါ၌ ဤသို့သော ဖျားနာမှုသည် ကြုံသလို မဖြစ်ပျက်ပေ။ နာမကျန်းဖြစ်ခြင်းနှင့် ဒုက္ခဝေဒနာသည် သင့်ထံသို့ ရောက်လာသောအခါ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်ထံမှ ရှာဖွေသလော။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုသည် သင့်အား အဘယ်သို့လမ်းပြပြီး ဦးဆောင်သနည်း။ သူသည် သင့်အား ဉာဏ်အလင်းဖွင့်ပြခြင်း၊ အလင်းပေးခြင်းကိုသာ လုပ်ဆောင်သလော။ ဤသည်မှာ သူ၏ တစ်ခုတည်းသော နည်းလမ်းမဟုတ်ပေ။ သူသည် သင့်အား စမ်းသပ်ခြင်း၊ စစ်ဆေးခြင်းကိုလည်း ပြုလုပ်လိမ့်မည်။ ဘုရားသခင်က လူတို့အား အဘယ်သို့ စမ်းသပ်သနည်း။ သူသည် လူတို့အား ဒုက္ခဝေဒနာကို ခံစေခြင်းအားဖြင့် မစမ်းသပ်သလော။ ဒုက္ခဝေဒနာကို ခံရခြင်းသည် စမ်းသပ်ခံရခြင်းနှင့် ဒွန်တွဲနေသည်။ စမ်းသပ်ခြင်းမဟုတ်လျှင် လူတို့သည် မည်သို့များ ဒုက္ခခံစားရမည်နည်း။ ပြီးလျှင် ဒုက္ခခံစားရခြင်း မရှိဘဲ လူများသည် မည်သို့ ပြောင်းလဲနိုင်သနည်း။ ဒုက္ခဝေဒနာကို ခံရခြင်းသည် စမ်းသပ်ခံရခြင်းနှင့် ဒွန်တွဲနေသည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုဖြစ်သည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်သည် လူတို့အား ဒုက္ခဝေဒနာအချို့ကို ပေး၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဤသို့မဟုတ်လျှင် စကြဝဠာအတွင်းရှိ ၎င်းတို့၏ နေရာကို သိမည်မဟုတ်ဘဲ မောက်မာရိုင်းပျလာမည်ဖြစ်သောကြောင့် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သမ္မာတရားအပေါ် မိတ်သဟာယဖွဲ့ခြင်း တစ်ခုတည်းမှတစ်ဆင့် အပြည့်အဝ မဖြေရှင်းနိုင်ပေ။ အခြားလူများသည် သင်၏ ပြဿနာများကို ထောက်ပြကောင်း ထောက်ပြနိုင်သည်။ သင်ကိုယ်တိုင်လည်း ထိုပြဿနာများကို သိကောင်း သိနေနိုင်သည်။ သို့သော် ယင်းတို့ကို သင် မပြောင်းလဲနိုင်ပေ။ သင်သည် သင့်ကိုယ်သင် ချုပ်တည်းရန် သင်၏ စိတ်စွမ်းအားအပေါ် မည်မျှ အမှီပြုပါစေ၊ မိမိမျက်နှာကို မိမိရိုက်ခြင်း၊ မိမိခေါင်းကို မိမိရိုက်ခြင်း၊ မိမိကိုယ်ကို နံရံဖြင့် တိုက်ခြင်း၊ မိမိ၏ သွေးသားခန္ဓာကို အနာတရဖြစ်အောင် လုပ်ခြင်းတို့သည်ပင် သင်၏ ပြဿနာများကို ပြေလည်စေမည် မဟုတ်ပေ။ သင့်အား စဉ်ဆက်မပြတ် ညှဉ်းပန်းသော၊ နှောင့်ယှက်သော၊ သင့်အား အတွေးနှင့် အယူအဆမျိုးစုံပေးသော ဆိုးယုတ်သည့် စိတ်သဘောထားသည် သင်၏ အတွင်း၌ ရှိနေသောကြောင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ထုတ်ဖော်ခံရလိမ့်မည်။ ဤသို့ဆိုလျှင် ယင်းကို မဖြေရှင်းနိုင်ပါက မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ သင့်အား ဖျားနာခြင်းမှတစ်ဆင့် စစ်ဆေးရမည်။ လူအချို့သည် ဤစစ်ဆေးခြင်းတွင် အလွန်အမင်း ဒုက္ခဝေဒနာ ခံစားရသဖြင့် မခံနိုင်ဘဲ စတင်၍ ဆုတောင်းရှာဖွေကြသည်။ သင်သည် နေမကောင်းမဖြစ်သောအခါ အပျော်အပါး၌ အလွန်မွေ့လျော်ပြီး အထိန်းအကွပ်မဲ့ မာနထောင်လွှားသည်။ သင်သည် နေမကောင်းသောအခါ နာခံရိုကျိုးလာသည်။ ထိုအချိန်တွင် သင်သည် အထိန်းအကွပ်မဲ့ မာနထောင်လွှားနိုင်သေးသလော။ သင်သည် စကားပြောဆိုရန် လုံလောက်သော အားအင် မရှိလုနီးပါး ဖြစ်နေသောအခါ သူတစ်ပါးတို့ကို ဩဝါဒပေးနိုင်သလော၊ သို့မဟုတ် မာနထောင်လွှားနိုင်သလော။ ဤသို့သောအချိန်များတွင် သင်သည် တောင်းဆိုမှုများ မပြုပေ။ သင်သည် မည်သည့်အစားအစာ၊ အဝတ်အစား၊ သို့မဟုတ် အပျော်အပါးကိုမျှ တွေးခြင်းမရှိဘဲ သင်၏ ဒုက္ခဝေဒနာကိုသာ ဖယ်ရှားပစ်လိုသည်။ သင်တို့အများစုသည် ထိုခံစားချက်ကို မတွေ့ကြုံရသေးပေ။ သို့သော် တွေ့ကြုံသောအခါ၌ သင်တို့ နားလည်လိမ့်မည်။ ယခုတွင် ရာထူးနေရာအတွက်၊ ဇာတိပကတိ၏ သာယာမှုများအတွက်၊ မိမိကိုယ်ပိုင် အကျိုးစီးပွားအတွက် ယှဉ်ပြိုင်ကြိုးစားသောသူအချို့ရှိသည်။ ဤသို့ဖြစ်ရခြင်းမှာ ၎င်းတို့၏ သက်သာခြင်းသည် အလွန်ကြီးမားသောကြောင့်၊ ၎င်းတို့၏ ဒုက္ခဝေဒနာသည် အလွန်နည်းပါးလွန်းသောကြောင့်၊ ၎င်းတို့သည် သိက္ခာမရှိသောကြောင့်သာ ဖြစ်သည်။ ဤလူတို့၏ ရှေ့တွင် ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်းရှိနေသည်။
တစ်ခါတစ်ရံတွင် ဘုရားသခင်သည် သင့်အတွက် အခြေအနေအချို့ကို စီစဉ်ပေးလိမ့်မည်ဖြစ်ပြီး သင့်အနီးတွင်ရှိသော လူတို့မှတစ်ဆင့် သင့်အား ပြုပြင်လိမ့်မည်။ သင့်အား ဒုက္ခဝေဒနာ ခံစေလိမ့်မည်။ သင့်အား သင်ခန်းစာများ ရရှိစေပြီး သမ္မာတရားကို နားလည်စေကာ အမှုအရာများကို အရှိအတိုင်း မြင်စေလိမ့်မည်။ သင်၏ အသွေးအသားကို ဒုက္ခဝေဒနာ ခံစေခြင်းအားဖြင့် ဘုရားသခင်က ဤအမှုကို ယခုပင် လုပ်ဆောင်နေသည်။ ဤသို့ဖြင့် သင်သည် သင်ခန်းစာရနိုင်ရန်အတွက်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းပြီး သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ရန်အတွက် ဖြစ်သည်။ ပေါလုက သူ၏ ကိုယ်တွင် ဆူးတစ်ချောင်းရှိသည်ဟု မကြာခဏပြောဆိုခဲ့သည်။ ဤဆူးမှာ အဘယ်နည်း။ ယင်းသည် ဖျားနာခြင်းဖြစ်ပြီး ထိုအရာမှ သူ မလွတ်မြောက်နိုင်ပေ။ ထိုဖျားနာခြင်းက မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း၊ ထိုဖျားနာခြင်းသည် သူ၏ စိတ်သဘောထားနှင့် သူ၏ သဘောသဘာဝအပေါ် ဦးတည်ထားခြင်း ဖြစ်သည်ကိုလည်းကောင်း သူကောင်းစွာသိသည်။ သူသည် ဤဆူးဖြင့် စူးခြင်းကို မခံခဲ့ရလျှင်၊ ဤဖျားနာမှု၏ နောက်က ကပ်လိုက်နေခြင်းကို မခံရလျှင် သူသည် အချိန်မရွေး၊ နေရာမရွေး သူ၏ ကိုယ်ပိုင်နိုင်ငံတော်ကို တည်ဆောက်ကောင်း တည်ဆောက်နိုင်သည်။ သို့သော် သူ၏ မကျန်းမာမှုကြောင့် သူ့တွင် အားအင်မရှိပေ။ ထို့ကြောင့် အချိန်တော်တော်များများတွင် မကျန်းမာခြင်းသည် လူတို့အတွက် “အကာအကွယ်ပေးသော ထီး” တစ်ချောင်းကဲ့သို့ ဖြစ်သည်။ သင်သည် နေမကောင်းမဖြစ်ဘဲ အားအင်အပြည့်ဖြစ်နေလျှင် မကောင်းမှုတစ်မျိုးမျိုးကို ပြုလုပ်ပြီး ပြဿနာတစ်မျိုးမျိုးကို ဖြစ်စေနိုင်ခြေများသည်။ လူတို့သည် အထိန်းအကွပ်မဲ့စွာ မာနထောင်လွှားပြီး အပျော်အပါး၌ မွေ့လျော်သောအခါတွင် ၎င်းတို့၏ အသိစိတ်ကို အလွယ်တကူ ဆုံးရှုံးနိုင်သည်။ ၎င်းတို့သည် မကောင်းမှုကို ပြုလုပ်ထားပြီးသောအခါ၌ နောင်တရလိမ့်မည်ဖြစ်သော်လည်း ထိုအချိန်ရောက်လျှင် မိမိတို့ကိုယ်ကို ထိန်းနိုင်မည် မဟုတ်ပေ။ ဤအတွက်ကြောင့် အနည်းငယ် ဖျားနာမှုရှိခြင်းသည် ကောင်းသောအရာတစ်ခုဖြစ်သည်။ လူတို့အတွက် အကာအကွယ်တစ်ခုဖြစ်သည်။ သင်သည် အခြားလူတို့၏ ပြဿနာအားလုံးကို ဖြေရှင်းကောင်း ဖြေရှင်းပေးနိုင်မည်။ သင့်ဘာသာ စဉ်းစားလျက် ပြဿနာအားလုံးကို သင် ဖြေရှင်းနိုင်မည်။ သို့သော် သင်သည် ဖျားနာခြင်း မပျောက်ကင်းသောအခါတွင် သင်လုပ်ဆောင်နိုင်သည့်အရာ တစ်ခုမျှမရှိပေ။ ဖျားနာခြင်းသည် အမှန်ပင် သင်ထိန်းချုပ်၍ မရသောအရာ ဖြစ်သည်။ သင်သည် နေမကောင်းဖြစ်ပြီး ကုသရန် နည်းလမ်းမရှိလျှင် ယင်းသည် သင်ခါးစည်းခံသင့်သည့် ဒုက္ခဝေဒနာဖြစ်သည်။ ယင်းကို ဖယ်ရှားဖို့ မကြိုးစားနှင့်။ သင်သည် ရှေးဦးစွာ ကျိုးနွံနာခံရမည်။ ဘုရားသခင်ထံ ဆုတောင်းရမည်။ ဘုရားသခင်၏ လိုအင်ဆန္ဒများကို ရှာဖွေရမည်။ “အို ဘုရားသခင်၊ ကျွန်ုပ်သည် ဖောက်ပြန်ပျက်စီးပြီး ကျွန်ုပ်၏ သဘောသဘာဝက ဆိုးသည်ကို ကျွန်ုပ်သိပါသည်၊ ကျွန်ုပ်သည် ပုန်ကန်ပြီး ကိုယ်တော်ကို ဆန့်ကျင်အာခံသည့် အမှုအရာများ၊ ကိုယ်တော်ကို ထိခိုက်ပြီး နာကျင်စေသောအရာများကို လုပ်ဆောင်နိုင်စွမ်းရှိပါသည်၊ ကိုယ်တော်သည် ဤဖျားနာခြင်းကို ကျွန်ုပ်အား ပေးသည်မှာ အလွန်ပင် ကောင်းလှပါသည်၊ ဤအရာကို ကျွန်ုပ် နာခံသင့်ပါ၏၊ ကျွန်ုပ်ကို ဉာဏ်အလင်းဖွင့်ပြတော်မူပါ၊ ကိုယ်တော်၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ ကျွန်ုပ်၌ မည်သည့်အရာကို ကိုယ်တော်က ပြောင်းလဲပြီး စုံလင်စေလိုသည်ဆိုသည်ကို နားလည်စေပါ၊ သမ္မာတရားကို ကျွန်ုပ်နားလည်နိုင်ပြီး ဘဝ၏ မှန်ကန်သော လမ်းကြောင်းပေါ်တွင် စတင် လျှောက်လှမ်းနိုင်ရန်အလို့ငှာ ကျွန်ုပ်ကို ကိုယ်တော်လမ်းပြပေးဖို့အတွက်သာ တောင်းလျှောက်ပါသည်” ဟု ပြောလော့။ သင်သည် ရှာဖွေပြီး ဆုတောင်းရမည်။ နေမကောင်းဖြစ်နေခြင်းက အထွေအထူး မဟုတ်ကြောင်း၊ ဤသည်မှာ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်းအတွက် ရင်ဆိုင်ရသည့် ပဲ့ပြင်ဆုံးမမှု မဖြစ်နိုင်ကြောင်း ယုံကြည်လျက် ဇဝေဇဝါဖြစ်နေ၍ မရပေ။ အလျင်စလို အကဲဖြတ်မှုများကို မပြုလုပ်နှင့်။ သင်သည် အမှန်ပင် စိတ်နှလုံး၌ ဘုရားသခင်ရှိသောသူတစ်ယောက်ဖြစ်လျှင် မည်သည့်အရာကို သင်ကြုံရသည်ဖြစ်စေ သင့်ကို ကျော်မသွားစေနှင့်။ သင်သည် ဆုတောင်းပြီး ရှာဖွေသင့်သည်။ အမှုကိစ္စတိုင်းတွင် ဘုရားသခင်၏ လိုအင်ဆန္ဒကို ခံစားကြည့်သင့်သည်။ ပြီးလျှင် ဘုရားသခင်ကို ကျိုးနွံနာခံတတ်ရန် သင်ယူသင့်သည်။ သင်သည် နာခံနိုင်သည်၊ ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်း စိတ်နှလုံးရှိသည်ဆိုသည်ကို ဘုရားသခင် မြင်သောအခါ သူသည် သင်၏ ဒုက္ခဝေဒနာကို သက်သာစေလိမ့်မည်။ ဘုရားသခင်သည် ဒုက္ခဝေဒနာနှင့် စစ်ဆေးခြင်းနည်းများအားဖြင့် ဤသို့သော အကျိုးသက်ရောက်မှုများကို ရယူသည်။
သမိုင်းတစ်လျှောက်တွင် ဘာသာရေးကိုင်းရှိုင်းသော ခရစ်ယာန်များ၊ တပည့်တော်များ၊ တမန်တော်များ၊ ပရောဖက်များသည် ကျောက်ခဲဖြင့် ပေါက်သတ်ခြင်းကို ခံရသည်။ မြင်းများဖြင့် တရွတ်တိုက်ဆွဲ၍ အသတ်ခံရသည်။ အပိုင်းပိုင်းအဖြတ်ခံသည်။ ဆီထဲ ထည့်ပြုတ်ခံရသည်။ ကားစင်အတင်ခံရသည်။ ၎င်းတို့သည် နည်းလမ်းမျိုးစုံဖြင့် သေဆုံးခဲ့ကြသည်။ ဤအရာကို ပြောခြင်းအားဖြင့် ငါဆိုလိုသည်မှာ သင်သည် ဘုရားသခင်နောက်သို့ လိုက်သောအခါတွင် သက်သာခြင်းဖြင့် အဖော်ပြုရန် မစီစဉ်နှင့်။ ဤအရာကို မတောင်းဆိုနှင့်။ ဤအရာကို လွန်ကဲစွာ ဆန္ဒရှိခြင်း မရှိနှင့်။ လူတို့အနေဖြင့် ဘုရားသခင်အပေါ် တောင်းဆိုမှုများပြုသည်မှာ မှားယွင်းသည်ဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် မည်သည့်တောင်းဆိုမှုအနည်းငယ်မဆိုသည် လွန်ကဲသော ဆန္ဒတစ်ခုနှင့် ညီမျှသောကြောင့်ဖြစ်ပြီး သင့်တွင် ဤအရာများ မရှိသင့်သောကြောင့်ဖြစ်သည်။ “အို ဘုရားသခင်၊ ဝတ်ကောင်းစားလှများ ဝတ်ဆင်ရန် ကျွန်ုပ်၌ အကြောင်းရင်း ရှိနေသောကြောင့် ကိုယ်တော်သည် ကျွန်ုပ်ကို ကောင်းစွာ ဝတ်စားဆင်ယင်ပေးတော်မူသည်။ အို ဘုရားသခင်၊ ယခုတွင် ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် ထမ်းဆောင်နေပါသည်။ ထို့ကြောင့် ကိုယ်တော်သည် ကျွန်ုပ်ကို ကောင်းချီးပေးပြီး ကောင်းသော ကျန်းမာရေးပေးဖို့ ကျွန်ုပ် တောင်းဆိုရန် အကြောင်းရင်းကောင်း ရှိပါသည်” ဟု ပြောလျက် အမှုအရာများကို ဆန္ဒမပြုနှင့်။ သင်သည် တစ်နေ့တွင် နေမကောင်းဖြစ်လျှင် အပျက်သဘောဆောင်သွားမည်လော။ ဘုရားသခင်အား ယုံကြည်ခြင်းကို ရပ်တန့်လိုက်မည်လော။ သင်သည် မကျန်းမာလျှင် သင့်တာဝန်ကို ထမ်းဆောင်ဆဲဖြစ်မည်လော။ သင့်တာဝန်ကို ထမ်းဆောင်ခြင်းသည် မည်သို့ပင်ဖြစ်စေ သင်လုပ်ဆောင်နေသင့်သည့်အရာ မဟုတ်လော။ ယင်းသည် ကောင်းကင်ဘုံမှ စေလွှတ်ထားသော အလုပ်တာဝန်တစ်ခုဖြစ်သည်။ လွှင့်ပစ်၍မရသည့် တာဝန်တစ်ခုဖြစ်သည်။ မည်သူကမျှ မလုပ်ဆောင်လျှင်ပင် သင့်တာဝန်ကို သင်ထမ်းဆောင်သင့်သည်။ ဤသည်မှာ သင့်တွင်ရှိရမည့် စိတ်ခိုင်မာမှု ဖြစ်သည်။ လူများစွာက “ငါသည် ဘုရားသခင်ကို ယုံကြည်သောအချိန်တွင် ဒုက္ခဝေဒနာခံရဆဲဖြစ်လျှင် အဘယ်အတွက်ကြောင့် ဘုရားသခင်နောက်သို့ လိုက်ရသနည်း။ ငါသည် ဘုရားသခင်၏ ကောင်းချီးများကို ခံစားရန်အတွက် ဘုရား၏နောက်သို့ လိုက်ခြင်းဖြစ်သည်။ ခံစားစရာ ကောင်းချီးများမရှိလျှင် ဘုရားနောက်သို့ ငါလိုက်မည်မဟုတ်” ဟု စဉ်းစားကြသည်။ ဤသည်မှာ ဤအရာအပေါ် မှားယွင်းသည့် ရှုမြင်နည်း မဟုတ်သလော။ သမ္မာတရားကို အမှန်တကယ် လိုက်စားသောသူတို့အတွက် လူတို့ထင်မြင်သကဲ့သို့ ၎င်းတို့အပေါ်တွင် ရှင်းလင်းစွာ မြင်နိုင်သော ကောင်းချီးများမရှိကြောင်းကို သင်တို့အားလုံးသည် ဤနှစ်များတစ်လျှောက် သင်တို့၏ အတွေ့အကြုံ၌ တွေ့မြင်ပြီးဖြစ်သည်။ နေ့စဉ် ပျော်ရွှင်ချမ်းမြေ့ပြီး ပူပင်ကြောင့်ကြမဲ့ခြင်း၊ ကောင်းစွာ ဝတ်စားဆင်ယင်ခြင်း၊ အရာရာတိုင်း ချောမွေ့အဆင်ပြေခြင်း၊ ကမ္ဘာလောကတွင် အောင်မြင်ကြီးပွားခြင်းတို့သည် မည်သူ့အတွက်မျှ မှန်နေသည် မဟုတ်ပေ။ ၎င်းတို့အားလုံးသည် ဘဝကို တစ်ရက်ပြီး တစ်ရက် ဖြတ်သန်းရသည်။ အတားအဆီးတစ်ခုပြီးတစ်ခု ကြုံရသည်။ လူအချို့သည် အခြားတစ်နေရာတွင်ရှိသော ၎င်းတို့၏အလုပ်၌ ခွဲခြားဆက်ဆံခံရပြီး အနိုင်ကျင့်ခံရသည်။ လူအချို့သည် ရောဂါက အစဉ်သဖြင့် နောက်မှ ကပ်လိုက်ခြင်းကို ခံရသည်။ အခြားလူများသည်လည်း စီးပွားရေးတွင် မအောင်မြင်ပေ။ ပြီးလျှင် ၎င်းတို့၏ ယုံကြည်သူမဟုတ်သော မိသားစုဝင်များက ၎င်းတို့ကို စွန့်ပစ်ကြသည်။ ဘဝသည် အတက်အကျ ရှိသည်။ မည်သည့်အခါမျှ အဆင်ပြေချောမွေ့နေခြင်းသာ မဟုတ်ပေ။ လူတစ်ယောက်သည် သမ္မာတရားကို လိုက်စားလေလေ ဒုက္ခခံရလေလေဖြစ်ပြီး သမ္မာတရားကို လုံးဝ မလိုက်စားသူတို့မှာမူ သက်သောင့်သက်သာရှိသော ဘဝများကို နေထိုင်ကြသည်။ ၎င်းတို့တွင် ဖျားနာမှု၊ သို့မဟုတ် ပြဿနာများမရှိပေ။ ၎င်းတို့အတွက် အရာရာက အဆင်ပြေချောမွေ့နေသည်။ သူတစ်ပါးတို့က ၎င်းတို့ကို အားကျသည်။ သို့တိုင်အောင် ၎င်းတို့တွင် အသက် ဝင်ရောက်မှု အနည်းငယ်မျှပင် မရှိပေ။ ပြီးလျှင် ၎င်းတို့သည် ဘာသာတရားမရှိသူများကဲ့သို့ အသက်ရှင်သည်။ ဘုရားသခင်နောက်သို့ ရိုးသားစစ်မှန်စွာ လိုက်သူတို့သည် ဖိနှိပ်မှုနှင့် ဆင်းရဲဒုက္ခကို မလွှဲမရှောင်သာ ခံစားရမည်။ ဖိနှိပ်မှုနှင့် ဆင်းရဲဒုက္ခကို သင်ခံစားရသောအခါ ထိုအဖြစ်က မည်သည့်အရာကို သက်သေပြသနည်း။ ဘုရားသခင်က သင့်အား ပစ်မထားခဲ့သည်ကိုလည်းကောင်း၊ ဘုရားသခင်က သင့်အား မစွန့်ပစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ လက်တော်သည် အစဉ်သဖြင့် သင့်အပေါ်တွင်ရှိပြီး လွှတ်မချသည်ကိုလည်းကောင်း သက်သေပြသည်။ သူသည် အမှန်ပင် လွှတ်ချလိုက်ပြီး သင်က စာတန်၏ ကျော့ကွင်းထဲသို့ ကျရောက်သွားလျှင် သင်သည် အန္တရာယ်တွေ့မည် မဟုတ်လော။ သင်သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ရှာဖွေလျက်၊ သာယာမှုကို တပ်မက်လျက်၊ သောက်စားခြင်း၊ လောင်းကစားပြုလုပ်ခြင်း၊ လိင်ကိစ္စရှုပ်ပွေခြင်းတို့ကို ပြုလုပ်ပြီး အကျင့်ယိုယွင်းပျက်စီးလျက် နေ့စဉ် အပြစ်ထဲ၌ အသက်ရှင်လျှင် ဘုရားသခင်က သင့်ကို စွန့်ပစ်လိမ့်မည်။ သူသည် သင့်ကို ဆက်လက်၍ အာရုံစိုက်တော့မည် မဟုတ်ပေ။ ပြီးလျှင် သင်သည် အသေအချာပင် ဖယ်ရှားရှင်းလင်းခြင်းခံရမည်။ သင်သည် လောကီချမ်းသာနှင့် အဆင့်အတန်းကို ရကောင်းရနိုင်သည်။ သို့သော် အမှန်တွင် သင်သည် အားလုံးထဲ၌ တန်ဖိုးအရှိဆုံးအရာဖြစ်သည့်၊ ထာဝရအသက်ဖြစ်သည့် သမ္မာတရားကို ဆုံးရှုံးသွားပြီးဖြစ်လိမ့်မည်။ ယင်းကို သင်သည် သိပင် မသိလိုက်ပေ။
လူအချို့က ပြောကြသည်မှာ “ဘုရားသခင်သည် အဘယ်ကြောင့် ငါ့အား အစဉ် ပဲ့ပြင်ဆုံးမနေသနည်း။ ငါသည် အစဉ်သဖြင့် မကျန်းမာနေစဉ်တွင် အဘယ်ကြောင့် အခြားလူများက အလွန်ကျန်းမာရေး ကောင်းနေသနည်း။ ငါသည် အဘယ်ကြောင့် အစဉ်သဖြင့် ဒုက္ခခံနေရသနည်း။ ငါ၏ မိသားစုသည် အဘယ်ကြောင့် အလွန်ဆင်းရဲသနည်း။ ငါတို့သည် အဘယ်ကြောင့် မချမ်းသာနိုင်သနည်း။ ငါသည် အဘယ်ကြောင့် ဝတ်ကောင်းစားလှများကို အစဉ် မဝတ်နိုင်ရသနည်း။ အခြားလူများက ဝတ်ကောင်းစားလှများကို ဝတ်နိုင်သည်မှာ အဘယ်သို့ ဖြစ်ရသနည်း” ဟူ၍ ဖြစ်သည်။ အခြားသော လူများက ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများအား မည်မျှခံစားရသည်ကို မနာလိုမဖြစ်နှင့်။ ယင်းမှာ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် သေးငယ်ပြီး ဘုရားသခင်က ၎င်းတို့၏ အားနည်းချက်ကို နားလည်သောကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့် သူသည် ၎င်းတို့ ခံစားရန်အတွက် ကျေးဇူးတော်အချို့ကို ပေးအပ်ပြီး အနည်းငယ်ချင်းစီ တွေ့ကြုံစေခြင်း ဖြစ်သည်။ ဤသို့အားဖြင့် သူ၏ လုပ်ဆောင်မှုများကို ၎င်းတို့ တဖြည်းဖြည်းချင်း နားလည်လာရန် ဖြစ်သည်။ သင့်အတွက်ကား ဘုရားသခင်တွင် အလွန့်အလွန် တင်းကျပ်သော သတ်မှတ်ချက်များရှိသည်။ လူ၏ အမြင်အရမူ သင်၏ ဘဝသည် ပျော်ရွှင်ခြင်း လုံးဝ မရှိဘဲ သင်သည်လည်း စဉ်ဆက်မပြတ် ဒုက္ခခံရသည်။ သို့တိုင်အောင် သင်သည် သမ္မာတရားများစွာကို နားလည်ခဲ့ပြီး ဖြစ်၍ ဘုရားသခင်ကို လွန်စွာ ကျေးဇူးတင်ပြီး ချီးမွမ်းသင့်၏။ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်မှုများကို သိသောသူတစ်ယောက် ဖြစ်သည်။ တစ်စုံတစ်ယောက်သည် သမ္မာတရားကို နားလည်နိုင်သရွေ့ မည်သည့်အရာကို ဒုက္ခခံရကောင်း ခံရနိုင်ပါစေ ယင်းသည် ဘုရားသခင်၏ အကြီးဆုံးသော ကောင်းချီးဖြစ်သည်။ သင့်အနေဖြင့် သင်ခန်းစာများကို သင်ယူရရှိနိုင်ပြီး သမ္မာတရားများကို နားလည်နိုင်သည်အထိ ဘုရားသခင်၏ ပဲ့ပြင်ဆုံးမခြင်းကို မကြာခဏ ခံရခြင်း၊ စမ်းသပ်မှုများကို မကြာခဏ ရင်ဆိုင်ရခြင်းတို့သည် ဘုရားသခင်၏ ချစ်ခြင်းက သင့်နောက်သို့ လိုက်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ သင်သည် အစဉ်သဖြင့် ကာမဂုဏ်လွန်ကျူးပြီး ပဲ့ပြင်ဆုံးမခြင်း မခံရသေးလျှင်၊ ကာမဂုဏ်လွန်ကျူးခြင်းက မည်မျှကြာရှည်နေသည်ဖြစ်စေ သင့်ကို ပြုပြင်သူ သို့မဟုတ် သင့်အား သတိပြုမိသူ တစ်ဦးမျှ မရှိဘဲ ပဲ့ပြင်ဆုံးမခြင်းကို သင်မခံရလျှင် သင်သည် ဇာတ်သိမ်းပြီဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က သင့်ကို စွန့်ပစ်သွားခဲ့ပြီဟု အဓိပ္ပာယ်ရသည်။ မည်သည့်တာဝန်ကိုမျှ မထမ်းဆောင်သော၊ မည်သည့်တာဝန်ခံယူမှုမျှ မရှိသောသူအချို့ ရှိသည်။ ၎င်းတို့သည် စိမ်ပြေနပြေရှိပြီး ပူပင်ကြောင့်ကြမဲ့သော ဘဝကို အလွန်ပင် သက်သာစွာ နေထိုင်ကြသည်။ ၎င်းတို့သည် မည်သည့်သင်ခန်းစာကိုမျှ မသင်ယူနိုင်ဘဲ မည်သည့်အရာကိုမျှလည်း မရရှိကြပေ။ ဤသည်မှာ ပျော်ရွှင်မှုဖြစ်သလော။ ကာမဂုဏ်လွန်ကျူးရန် ၎င်းတို့ကိုယ်တိုင် လိုလားနေသည့် အဖြစ်မှ၊ လွတ်လပ်မှုနှင့် ၎င်းတို့၏ ဇာတိပကတိ သာယာမှုများကို ၎င်းတို့လိုက်စားနေသည့် အဖြစ်မှ မည်သည့်အရာကို ၎င်းတို့ ရရှိနိုင်သနည်း။ သင်သည် ဒုက္ခခံပြီး အပန်းတကြီးဖြင့် သင့်တာဝန်ကို ထမ်းဆောင်သည်။ လူတိုင်းကလည်း သင့်ကို ဂရုစိုက်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့က သင့်အား ပြုပြင်သည်။ ဤသည်မှာ ဘုရားသခင်က သင့်ကို ချစ်ပြီး သင့်အတွက် တာဝန်ခံယူကြောင်းကို ပြပေ၏။ အမှုအရာများစွာတွင် သင်သည် ရှာဖွေရမည်။ ဘုရားသခင်ထံ ပို၍ ဆုတောင်းရမည်။ ဤသို့ဆိုလျှင် သင်သည် သူ၏ ရည်ရွယ်ချက်များကို နားလည်နိုင်လိမ့်မည်။ မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ သင်သည် မည်သည့်အခြေအနေ၌မဆို ထိန်းကျောင်းရခက်ခြင်းဖြစ်စေ၊ ကာမဂုဏ်လွန်ကျူးခြင်းဖြစ်စေ၊ ဝတ်ကျေတမ်းကျေ ဆန်ခြင်းဖြစ်စေ၊ သင်၏ လမ်းလွဲသော နည်းလမ်းများကို မလျှော့တမ်း ပေလုပ်နေခြင်းဖြစ်စေ မရှိရ။ သင့်တွင် ပြဿနာတစ်ခုရှိသောအခါ သမ္မာတရားကို အလျင်အမြန် ရှာဖွေလော့။ အရေးအကြီးဆုံးမှာ သင့်တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင် စိတ်ကျေနပ်အောင် လုပ်နိုင်ရန်ဖြစ်သည်။ ပြီးလျှင် သင်၏ စိတ်နှလုံးသည် ငြိမ်သက်ခြင်းနှင့် ရွှင်လန်းခြင်းကို အလိုအလျောက် ခံစားနိုင်လိမ့်မည်။ သင်သည် အလွန်အမင်း တစ်ဇွတ်ထိုး လုပ်ဆောင်လွန်းလျှင် သို့မဟုတ် ကာမဂုဏ်လွန်ကျူးလွန်းလျှင်၊ ပဲ့ပြင်ဆုံးမခြင်းကို လက်မခံလျှင်၊ အတော်လေးလည်း ခေါင်းမာလျှင် အန္တရာယ်ရှိလိမ့်မည် ဖြစ်သည်။ သင်သည် ဖယ်ရှားရှင်းလင်းခံရလိုက်သည်နှင့် နောက်ထပ်အခွင့်အရေးများ ရှိတော့မည် မဟုတ်ပေ။ နောင်တရရန် အလွန်နောက်ကျသွားမည် ဖြစ်သည်။ လူအချို့သည် ၎င်းတို့ နာမကျန်းဖြစ်ချိန် အစပိုင်းတွင် အချိန်ပြည့် ဆုတောင်းကြသည်။ သို့သော် နောက်ပိုင်းတွင်မူ ၎င်းတို့၏ ဆုတောင်းချက်များကြောင့် ၎င်းတို့သက်သာပျောက်ကင်းခြင်းလည်း မရှိသည်ကို မြင်သောအခါ ၎င်းတို့သည် ဖျားနာခြင်းတွင် နစ်မွန်းနေပြီး အချိန်ပြည့် ညည်းညူကြတော့သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် “ဘုရားသခင်အား ယုံကြည်ခြင်းသည် ငါ့အတွက် မည်သည့်ကောင်းကျိုးမျှလည်း မပေး။ ငါဖျားနာနေသော်လည်း ဘုရားသခင်က ငါ့ကို ကုသမပေး” ဟု ဆိုကြသည်။ ဤသည်မှာ စစ်မှန်သော ယုံကြည်ခြင်း မဟုတ်ပေ။ ဤတွင် ကျိုးနွံနာခံခြင်း လုံးဝမရှိ။ ၎င်းတို့သည် ညည်းညူ၍ ပြီးသွားသည်နှင့် ထွက်လာသည့် ရလဒ်မှာ သေခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ဇာတိခန္ဓာကို ဘုရားသခင်က ပြန်လည်ရုပ်သိမ်းခြင်းနှင့် ၎င်းတို့ကို ငရဲသို့ ပို့ခြင်းဖြစ်သည်။ ယင်းသည် ၎င်းတို့အတွက် အရာရာ နိဂုံးချုပ်ခြင်းဖြစ်၏။ ၎င်းတို့သည် ဤဘဝတွင် ကယ်တင်ခြင်းကို ရရှိရန် အခွင့်အရေးမရှိဘဲ ၎င်းတို့၏ ဝိညာဉ်သည် ငရဲသို့ သွားရမည်။ ဤသည်မှာ လူသားမျိုးနွယ်ကို ကယ်တင်သည့် ဘုရားအမှုတော်၏ နောက်ဆုံးအဆင့်ဖြစ်သည်။ သို့ဖြစ်ရာ တစ်စုံတစ်ယောက်က ဖယ်ရှားရှင်းလင်းခြင်းခံရလျှင် သူသည် မည်သည့်အခါမျှ နောက်ထပ် အခွင့်အရေးရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်က သူ၏ ကယ်တင်ခြင်းအမှုကို လုပ်ဆောင်နေစဉ်၌ သင်သေဆုံးလျှင် ဤသေခြင်းသည် အပြစ်ဒဏ်ဖြစ်ပြီး သာမန်သေခြင်းမဟုတ်။ အပြစ်ဒဏ်အနေဖြင့် သေသူတို့သည် ကယ်တင်ခြင်းခံရရန် အခွင့်အရေးမရှိပေ။ ပေါလုသည် မရဏနိုင်ငံတွင် စဉ်ဆက်မပြတ် အပြစ်ဒဏ်ခံနေရသည် မဟုတ်လော။ နှစ်နှစ်ထောင်ကြာရှိပြီဖြစ်ပြီး သူသည် အပြစ်ဒဏ်ခံရလျက် ထိုနေရာတွင် ရှိနေဆဲဖြစ်သည်။ သင်သည် သိလျက်ဖြင့် မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်သောအခါ၌ ပို၍ပင် ဆိုးသည်ဖြစ်ရာ အပြစ်ဒဏ်က ပို၍ပင် ပြင်းထန်လိမ့်မည်။
လူအချို့က “ငါသည် အစဉ်သဖြင့် ဖျားနာသည်၊ အစဉ် ဒုက္ခခံရပြီး ဝေဒနာ ခံစားနေရသည်၊ ငါ့အနီးတွင် အခြေအနေတစ်ခုမဟုတ်တစ်ခု အမြဲရှိနေ၏၊ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကိုကား မည်သည့်အခါမျှ ငါမခံစားရ” ဟု ဆိုကြသည်။ ဤသည်မှာ မှန်သည်။ ဤသည်မှာ အချိန်အများစုတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည့်ပုံစံ ဖြစ်သည်။ ယင်းကို သင်မခံစားနိုင်ပေ။ ယင်းသည် စစ်ဆေးခြင်းဖြစ်၏။ တစ်ခါတစ်ရံတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အား ဉာဏ်အလင်းဖွင့်ပြပြီး မိတ်သဟာယပြုချက်မှတစ်ဆင့် သင့်အား သမ္မာတရားအချို့ကို နားလည်စေလိမ့်မည်။ တစ်ခါတစ်ရံတွင် သူသည် သင့်အား သင်၏ပတ်ဝန်းကျင်မှတစ်ဆင့် တစ်စုံတစ်ခုကို သဘောပေါက်စေလိမ့်မည်။ ထိုပတ်ဝန်းကျင်တွင် သင့်အား စမ်းသပ်လိမ့်မည်။ စစ်ဆေးလိမ့်မည်။ လေ့ကျင့်ပေးလိမ့်မည်။ ထိုသို့ဖြင့် သင့်အား ကြီးထွားတိုးတက်စေလိမ့်မည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည့် ပုံစံဖြစ်သည်။ သင်တို့သည် သင်တို့၏ စိတ်နှလုံးတွင် သမ္မာတရားအား ရှာဖွေခြင်းကို အာရုံမစိုက်သောကြောင့် ယခင်က အမှုအရာများကို ကြုံတွေ့ဖြတ်သန်းရသောအခါ သင်တို့၌ အသိအမြင်မရှိပေ။ လူတစ်ယောက်သည် သမ္မာတရားကို နားမလည်သောအခါ မည်သည့်အရာကိုမဆို အရှိအတိုင်း မမြင်နိုင်ဘဲ သူ၏ သဘောပေါက်နားလည်မှုက အစဉ် လိုရာဆွဲတွေးနေသည်။ ဤသည်မှာ လူတစ်ယောက်က နာမကျန်းဖြစ်သည့်အခါ ယင်းသည် ဘုရားသခင်က သူ့ကို ပဲ့ပြင်ဆုံးမနေခြင်း ဖြစ်သည်ဟု ယုံကြည်သည့်အချိန်ကဲ့သို့ ဖြစ်သည်။ အမှန်တကယ်တွင်မူ အချို့သော ဖျားနာမှုများသည် လူကြောင့်ဖြစ်ပြီး ရှင်သန်နေထိုင်ရေး စည်းမျဉ်းများကို နားလည်မှုမရှိသောကြောင့် ဖြစ်လာရခြင်း ဖြစ်သည်။ သင်သည် စိတ်လွတ်လက်လွတ် စားသောက်ပြီး ကျန်းကျန်းမာမာ နေထိုင်ခြင်းကို နားမလည်သောအခါ ပုံစံမျိုးစုံဖြင့် ဖျားနာတော့သည်။ သို့တိုင်အောင် ဤသည်မှာ ဘုရားသခင်၏ ပဲ့ပြင်ဆုံးမမှုဖြစ်သည်ဟု သင်ဆိုသည်။ အမှန်တကယ်တွင်မူ ယင်းသည် သင်ကိုယ်တိုင်၏ မသိနားမလည်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သို့သော်လည်း ပြောရလျှင် ဖျားနာမှုတစ်ခုသည် လူသားကြောင့် ဖြစ်လာခြင်းဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော်က ပေးအပ်ထားခြင်းဖြစ်စေ ယင်းသည် ဘုရားသခင်ထံမှ လာသည့် အထူးကြင်နာမှုပင် ဖြစ်သည်။ သင့်အား သင်ခန်းစာယူစေရန် ရည်ရွယ်သည်။ သင်သည် ဘုရားသခင်ကို ကျေးဇူးတင်ရမည်ဖြစ်ပြီး မညည်းညူရ။ သင်၏ညည်းညူချက် တစ်ခုစီတိုင်းသည် အစွန်းအထင်းတစ်ခု ထင်ကျန်ရစ်စေသည်။ ယင်းသည် ဆေးကြော၍ မရနိုင်သည့် အပြစ်တစ်ခုဖြစ်၏။ သင်သည် ညည်းညူသောအခါ သင်၏ အခြေအနေကို ပြောင်းလဲရန် အချိန်မည်မျှ ကြာမည်နည်း။ သင်သည် အနည်းငယ် အပျက်သဘောဆောင်သောအခါ တစ်လကြာပြီးနောက်တွင် ပုံမှန်ပြန်ဖြစ်လာနိုင်သည်။ သင်သည် ညည်းညူပြီး အပျက်သဘောဆောင်သော ခံစားချက်တချို့ကို ထုတ်ပြောသောအခါ၌မူကား တစ်နှစ်ကြာပြီးနောက်တွင်ပင် ပုံမှန် ပြန်မဖြစ်လာဘဲ ရှိနေနိုင်သည်။ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်ကလည်း သင့်အပေါ်တွင် အလုပ်လုပ်မည် မဟုတ်ပေ။ သင်သည် အစဉ် ညည်းညူနေလျှင် သင့်အတွက် ဆိုးဝါးလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ရရှိရန် သင့်အတွက် ပို၍ပင် ခက်ခဲလိမ့်မည်။ မိမိ၏ စိတ်ဓာတ်ကို မှန်ကန်အောင် ပြုပြင်ရန်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုတချို့ကို ရရှိရန်အတွက် အကြင်သူသည် ဆုတောင်းရာ၌ များစွာ အားစိုက်ထုတ်ရသည်။ စိတ်ဓာတ်တစ်ခုကို အပြည့်အဝ ပြောင်းလဲဖို့ရန်မှာ လွယ်ကူသောအရာ မဟုတ်ပေ။ သမ္မာတရားကို ရှာဖွေခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးခြင်းကို ရရှိခြင်းဖြင့်သာ ထိုသို့ လုပ်ဆောင်၍ ရနိုင်သည်။ အမှန်တွင် သင်တို့၏ ကိုယ်ပိုင်အတွေ့အကြုံ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို သင်တို့ရရှိသည့် အချိန်များရှိသည်။ ဤအချိန်အများစုမှာ ဖိနှိပ်မှုနှင့် ဆင်းရဲဒုက္ခ သို့မဟုတ် ဖျားနာမှုနှင့် ဝေဒနာတို့ကို သင်ရင်ဆိုင်နေရသည့် အချိန်ဖြစ်သည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်ကို အလေးအနက် ဆုတောင်းသည်။ သင့်အား ကုသပေးရန်၊ သင့်အား ယုံကြည်ခြင်းနှင့် ခွန်အား ပေးသနားရန် ဘုရားသခင်ကို တောင်းလျှောက်သည်။ ဤအရာတစ်ခုကိုသာ သင်ဆုတောင်း၏။ သင့်အနေဖြင့် ပို၍ ဆုတောင်းပြီး ဘုရားသခင်၏ ရည်ရွယ်ချက်ကို ရှာဖွေလိုခြင်း ရှိကောင်း ရှိနိုင်သည်။ သို့သော် မည်သည့်အရာ ပြောရမည်ကို သင်မသိပေ။ သင်သည် သင်၏ စိတ်နှလုံးမှ စကားတချို့ကို ဘုရားသခင်အား မိတ်သဟာယပြုလိုသော်လည်း သင့်တွင် ကမ်းလှမ်းစရာ မည်သည့်အရာမျှ မရှိပေ။ သင်၏ ဝိညာဉ်ရင့်ကျက်မှုမှာ သေးငယ်လွန်းသည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်သည် သင့်အနီးတွင်ရှိသော လူများမှတစ်ဆင့် သင့်ကို အခက်တွေ့အောင် လုပ်လိမ့်မည်။ ထိုအချိန်များတွင် သင်သည် ဘုရားသခင်ထံသို့ ပြန်လာပြီး ဤကဲ့သို့ စတင်၍ ဆင်ခြင်သုံးသပ်ခြင်းမှလွဲ၍ မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ “အတိအကျ မည်သည့်အရာကို ကျွန်ုပ်မှားယွင်းစွာ လုပ်ဆောင်ခဲ့သနည်း။ ဘုရားသခင်၊ ကျွန်ုပ်ကို ဉာဏ်အလင်းဖွင့်ပြပြီး နားလည်စေတော်မူပါ။ ဘုရားသခင်က ကျွန်ုပ်ကို ဉာဏ်အလင်းဖွင့်မပြလျှင် ကျွန်ုပ်သည် ဆက်၍သာ ဆုတောင်းမည်။ ဆုတောင်းပြီးနားမလည်သေးလျှင် ဤအမှုကိစ္စ၌ ကျွန်ုပ် ဆက်၍ ရှာဖွေမည် သမ္မာတရားကို နားလည်သူတစ်ယောက်နှင့် ကျွန်ုပ်ရှာဖွေမည်” ဟူ၍ ဖြစ်သည်။ သင့်ကိုယ်သင်အတွက် တာဝန်ယူခြင်း ဟူသည်မှာ ဤအရာပင် ဖြစ်သည်။ လူတချို့သည် ၎င်းတို့ထံ၌ အမှုအရာများ ဖြစ်ပျက်လာသောအခါ သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေပေ။ ၎င်းတို့သည် အချို့သော စကားများနှင့် အယူဝါဒများကို နားလည်၍ မိမိတို့ကိုယ်မိမိ သမ္မာတရားကို နားလည်သည်ဟု ထင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အရူးလုပ်ကြပြီး ဤသည်မှာ မိုက်မဲမှုပင် ဖြစ်ပေတော့၏။ ၎င်းတို့သည် လူတို့ထဲတွင် အမိုက်မဲဆုံး၊ မသိနားမလည်ဆုံးဖြစ်၍ တစ်ခုတည်းသော ဖြစ်နိုင်ခြေရှိသည့် ရလဒ်မှာ မည်သည့်သမ္မာတရားကိုမျှ ၎င်းတို့ လုံးဝ မရရှိဘဲ မိမိတို့ကိုယ်ကို ထိခိုက်အောင် လုပ်ပြီး ဖျက်ဆီးကြမည့်အဖြစ်သာ ဖြစ်သည်။
သင်တို့သည် သာမန်အားဖြင့် များစွာ ဆုတောင်းခြင်း မရှိသည်မဟုတ်လော။ လူတို့သည် ဆုတောင်းခြင်း သိပ်မရှိသောအခါ ရှာဖွေခြင်း သိပ်မရှိပေ။ ရှာဖွေခြင်း သိပ်မရှိလျှင် ၎င်းတို့အတွက် သမ္မာတရားကို နားလည်ရန် ခက်ခဲပြီး ၎င်းတို့၌ ကျိုးနွံနာခံခြင်းလည်း မရှိ။ သင့်တွင် ရှာဖွေသော သဘောထားမရှိလျှင် အဘယ်သို့ ကျိုးနွံနာခံခြင်းရှိနိုင်မည်နည်း။ ဘုရားသခင်၏ လုပ်ဆောင်မှုများကို အဘယ်သို့ နားလည်နိုင်မည်နည်း။ သင့်အပေါ်၌ ဘုရားသခင်က အဘယ်သို့ အလုပ်လုပ်သည်ကိုပင် သင်မသိသကဲ့သို့ မည်သူ့ကို သင်ကျိုးနွံနာခံသင့်သည် သို့မဟုတ် မည်သူ့စကားများကို အရေးစိုက်သင့်သည်ကိုလည်း သင်မသိပေ။ ကျိုးနွံနာခံခြင်းသည် သင့်အတွက် ဖြစ်နိုင်ခြေမရှိပေ။ နာခံခြင်းဟူသည်မှာ မရေရာသော အရာတစ်ခု မဟုတ်။ နာခံဖို့အတွက် ရည်ရွယ်ချက်နှင့် ရည်မှန်းချက်တစ်ခု လိုအပ်သည်။ ဘုရားသခင်က သမ္မာတရားအား အဘယ်ကြောင့် ဖော်ပြသည် သို့မဟုတ် မည်သည့်အရာကို သူလုပ်ဆောင်သည်ကိုပင် သင်မသိပါက သင်မည်သို့ ကျိုးနွံနာခံနိုင်မည်နည်း။ ကျိုးနွံနာခံခြင်းဆိုသည့် စကားကို သင်ပြောသောအခါတွင် ယင်းသည် အနှစ်မရှိသော စကားဖြစ်သွား၏။ သင့်တွင် တစ်စုံတစ်ခု ဖြစ်ပျက်လာသောအခါ၌ သင်သည် မည်သို့ဆုတောင်းသင့်သနည်း။ သင်၏ စိတ်နှလုံး၌ ရှိသည့်အရာကို ပြောဆိုခြင်းအားဖြင့် မည်သို့ရှာဖွေသင့်သနည်း။ မည်သည့်အရာကို ရှာဖွေသင့်သနည်း။ သင်သည် အမှန်တကယ် ဆုတောင်းခြင်း မရှိနိုင်မီတွင် ဤအရာများကို ရှင်းလင်းစွာ သိထားရမည်။ သင်ဆုတောင်းသောအခါ အခြားလူများ ပြောသည့်အရာကို အတုမခိုးနှင့်။ “ကိုယ်တော်၏ အလိုတော် ပြည့်စုံပါစေသော” ဆိုသည့် ယေရှု၏ စကားများကို ပို၍ပင် အတုမခိုးနှင့်။ ဤစကားများကို မျက်စိစုံမှိတ်၍ လိုက်တုပြီး မပြောနှင့်။ သင့်တွင်ရှိသော အရာသည် ဉာဏ်အလင်းပွင့်ခြင်းနှင့် အလင်းပေးခံရခြင်းတို့သာ ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ အလိုတော် ဖြည့်ဆည်းခြင်းနှင့် မညီမျှနိုင်ပေ။ တစ်ခါတစ်ရံတွင် သင်သည် ပြုပြင်ခြင်းခံရသောအခါ သို့မဟုတ် ဒုက္ခအချို့ကို ခံရသောအခါ ဤသည်မှာ ဘုရားသခင်က သင့်ကို စုံလင်အောင် ပြုနေခြင်း ဖြစ်သည်ဟုသော်လည်းကောင်း၊ သူ၏ အလိုတော် ဖြစ်သည်ဟုသော်လည်းကောင်း မဆိုနှင့်။ ဤသို့ဆိုခြင်းမှာ မှားယွင်း၍ သင်သည် ဤသို့ ဆုမတောင်းရ။ သင်သည် မှားယွင်းသော အနေအထားကို နေရာယူနေခြင်းဖြစ်၍ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အပေါ်၌ အလုပ်လုပ်မည် မဟုတ်ပေ။ လူအချို့က ယေရှု၏ ဆုတောင်းချက်ကို အတုခိုးပြီး “သို့သော်လည်း အကျွန်ုပ်အလိုရှိသည့်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည့်အတိုင်း ဖြစ်ပါစေသော်။” ဟု ဆိုကြသည်။ သင့်ကိုယ်သင် ဘုရားသခင်နှင့်တန်းတူ အနေအထားတွင် ထားရှိခြင်းသည် အလုပ်ဖြစ်မည်လော။ ခရစ်တော်သည် ကောင်းကင်ဘုံ၌ရှိသော ဝိညာဉ်တော်ထံသို့ ထိုဆုတောင်းချက်ကို ဇာတိပကတိ၏ အမြင်ရှုထောင့်မှနေ၍ တောင်းလျှောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် တန်းတူ အနေအထားတွင် ရှိပြီး တူညီသော အဆင့်အတန်းရှိသည်။ ၎င်းတို့သည် ဘုရားတစ်ပါးတည်းဖြစ်ပြီး ရှုထောင့်တွင်သာ ခြားနား၏။ ခရစ်တော်သည် ဤသို့ ဆုတောင်းသည်။ လူတို့သည်လည်း ဤသို့ ဆုတောင်းလျှင် ၎င်းတို့၌ အသိစိတ် မရှိကြောင်း ပြသည်ဖြစ်ရာ သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့ကို လုံးဝ ဉာဏ်အလင်းမဖွင့်ပြသည်မှာ မဆန်းပေ။ သင်ပြောသော ဤစကားများသည် အတုခိုးပြီး ပြောသည့် စကားများဖြစ်ပြီး စိတ်နှလုံးမှပြောသော စကားများမဟုတ်။ ယင်းတို့သည် လုံးဝ အနှစ်မဲ့ပြီး လက်တွေ့လည်း မကျပေ။ ဤသည်မှာ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သတ်မှတ်ချက်များကို နားလည်နိုင်စွမ်းရှိရန်အတွက် သေးငယ်လွန်းနေကြောင်း ပြသည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား အဘယ်သို့ ဉာဏ်အလင်းဖွင့်ပြမည်နည်း။ လူတို့သည် အလွန် စိတ်ရှုပ်ထွေးနေကြသည်။ ၎င်းတို့သည် ဤအရာကိုပင် အဖြေမရှာနိုင်လျှင် သမ္မာတရားကို မည်သည့်အခါမျှ နားလည်မည်မဟုတ်ပေ။ သင်ဆုတောင်းသောအခါ သူတစ်ပါးတို့ကို ကြုံသလို အတုမခိုးနှင့်။ သင့်တွင် ကိုယ်ပိုင်အတွေးအမြင်များ ရှိရမည်။ သင်သည် တစ်စုံတစ်ခုကို နားမလည်လျှင် သမ္မာတရားကို ရှာဖွေရမည်။ သင့်အပေါ်သို့ မတူညီသော အမှုအရာများ ဖြစ်ပျက်လာသောအခါ မည်သို့ဆုတောင်းရမည်ကို မကြာခဏ ချင့်ချိန်စဉ်းစားရမည်။ ရှေ့ဆက်ရန်လမ်းကို ရှာတွေ့လျှင် သင်၏ ညီအစ်ကိုမောင်နှမများကိုလည်း ဤနည်းဖြင့် ဆုတောင်းရန် သင်ဦးဆောင်ရမည်။ ဤသည်မှာ ဘုရားသခင်က အားရဝမ်းမြောက်သောအရာ ဖြစ်သည်။ လူတိုင်းသည် ဘုရားသခင်ရှေ့သို့ အဘယ်သို့လာရမည်ကို သင်ယူရမည်။ အရာရာတိုင်းကို သင့်ဘာသာ မစဉ်းမစားဖြင့် ကိုင်တွယ်ရန် မကြိုးစားနှင့်။ သင်လုပ်ဆောင်သည့် အရာကို သင်၏ စိတ်ကူးထင်မြင်မှုအပေါ်တွင် အခြေမခံနှင့်။ ဤသို့ လုပ်ဆောင်ရာတွင် သင်သည် အနှောင့်အယှက်၊ အဖျက်အဆီးများ ဖြစ်စေပြီး ဘုရားရည်ရွယ်ချက်များကို ဆန့်ကျင်သည့် အရာများကို လုပ်ဆောင်လျှင် ဤသည်မှာ ပြဿနာ ဖြစ်စေလိမ့်မည်။ သင့်အနေဖြင့် အသင်းတော်တစ်ပါးကို ဦးဆောင်ရန် ခိုင်းစေခံရချိန်၌ စကားများနှင့် အယူဝါဒများကို အစဉ်ဟောပြောနေကာ ဘုရားနှုတ်ကပတ်တော်များကို မည်သို့စားသောက်ရမည် သို့မဟုတ် ဘုရားသခင်ထံ မည်သို့ဆုတောင်းရမည်ကို မိတ်သဟာယမဖွဲ့ပြလျှင် သင်သည် လမ်းလွဲပြီဖြစ်သည်။ သင်သည် စကားများနှင့် အယူဝါဒများကို အစဉ်ဟောကြားနေပြီး လူတို့အား အနှစ်မရှိသော ဆုတောင်းချက်များကို သွန်သင်နေကာ ထိုဆုတောင်းချက်များတွင် လူတို့သည် ကျမ်းစာမှ နှုတ်ကပတ်တော်အချို့နှင့် အယူဝါဒစကားများကိုသာ ရွတ်ဆိုနေလျှင် ၎င်းတို့သည် မည်သို့ဆုတောင်းပါစေ ရလဒ်ရှိမည် မဟုတ်ပေ။ ၎င်းတို့၏ ဘဝသည် တိုးတက်မည်မဟုတ်။ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်သော ဆက်ဆံရေးဖြစ်မည် မဟုတ်ပေ။ ဤသည်မှာ သင်သည် ၎င်းတို့ကိုလည်း လမ်းလွဲစေမည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ ရလဒ်များကို ရရှိစေသည်မှာ မည်သို့သောဆုတောင်းချက်မျိုး ဖြစ်သနည်း။ စိတ်နှလုံးဖွင့်ဟလျက် ဘုရားသခင်နှင့် မိတ်သဟာယပြုခြင်းပင် ဖြစ်သည်။ အရေးကြီးဆုံးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရမည်။ ဤသည်မှာ စိတ်ပါလက်ပါ လုပ်ဆောင်ရန် လိုအပ်သည်။ စိတ်ပါလက်ပါ မလုပ်ဆောင်သောသူများသည် ဤအရာကို ရရှိရန် ခက်ခဲသည်ကို တွေ့ရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က မည်သို့သောသူမျိုးကို ဉာဏ်အလင်းဖွင့်ပြသနည်း။ စူးရှထက်မြက်ပြီး အတွေးအခေါ် ပါးနပ်သိမ်မွေ့သောသူများဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့ကို ခံစားချက်တစ်ခု ပေးသောအခါ သို့မဟုတ် ဉာဏ်အလင်းဖွင့်ပြသောအခါ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုဖြစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်က လုပ်ဆောင်နေခြင်း ဖြစ်သည်ကိုလည်းကောင်း ၎င်းတို့ ခံစားသိရှိနိုင်သည်။ သို့မဟုတ် တစ်ခါတစ်ရံတွင် ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်း သို့မဟုတ် အပြစ်တင်ခြင်းကို ခံရသောအခါ ချက်ချင်းသိနိုင်ပြီး မိမိတို့ကိုယ်ကို ချုပ်တည်းနိုင်သည်။ ဤသူတို့မှာ သန့်ရှင်းသော ဝိညာဉ်တော်က ဉာဏ်အလင်းဖွင့်ပြသည့်သူမျိုး ဖြစ်သည်။ လူတစ်ယောက်သည် ပေါ့ဆပြီး ဝိညာဉ်ရေးရာ နားလည်မှု မရှိလျှင် သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့ကို ခံစားချက်တစ်ခု ပေးသောအခါ၌ သတိပြုမိမည် မဟုတ်ပေ။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို အရေးမစိုက်ကြ။ သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့ကို သုံးလေးကြိမ် ဉာဏ်အလင်းဖွင့်ပြကောင်း ဖွင့်ပြနိုင်သော်လည်း ၎င်းတို့ကမူ လက်မခံဆဲဖြစ်သည်။ ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့အပေါ်၌ အလုပ်လုပ်တော့မည် မဟုတ်ပေ။ လူအချို့မှာ ဆက်လက်၍ ယုံကြည်လျက်ရှိသည့်တိုင်အောင် ဘုရားသခင်ကို မဆက်သွယ်နိုင်ဘဲ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည်ကို မခံစားနိုင်ဘဲ စိတ်အတွင်းတွင် မှောင်မိုက်ပြီး စိတ်ဓာတ်ကျကာ အားအင်မရှိသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှု လုံးဝ မရှိပေ။ ၎င်းတို့သည် ထိုအသက်မပါသော အရာများ၊ အယူဝါဒများဖြင့် အဘယ်သို့ အားအင်တစ်စုံတစ်ရာ ရှိနိုင်မည်နည်း။ စိတ်အားထက်သန်ခြင်းသက်သက်ဖြင့် ကြာရှည်မခံနိုင်ပေ။ ခွန်အားရှိရန်အတွက် သမ္မာတရားကို နားလည်ရမည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ရန်အတွက် အတွေးအခေါ် ပါးနပ်သိမ်မွေ့ရမည်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ မိမိကိုယ်ကို သိမြင်ခြင်း၊ သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်ခြင်းတို့အပေါ် အာရုံစိုက်ရမည်။ ထိုအခါမှသာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုနှင့် ဦးဆောင်မှုကို ရရှိနိုင်သည်။ လူအချို့သည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းတစ်ခုသာ ရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကိုမူ မည်သည့်အခါမျှ ကြည့်ရှုလေ့လာခြင်း၊ သို့မဟုတ် တွေ့ကြုံဖူးခြင်း မရှိပေ။ ဆက်လက်၍ သင်တို့သည် အသိမ်မွေ့ဆုံးသော ခံစားချက်နှင့် အသိမ်မွေ့ဆုံးသော အလင်းအပေါ် အာရုံစိုက်ရမည်။ သင့်ထံ၌ တစ်စုံတစ်ခု ဖြစ်ပျက်လာသည့် အချိန်တစ်ခုစီတိုင်းတွင် သင်သည် ယင်းကို သမ္မာတရားနှင့်အညီ ရှုမြင်ပြီး ကိုင်တွယ်ဆက်ဆံသင့်၏။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်း၏ မှန်ကန်သော လမ်းကြောင်းပေါ်သို့ တဖြည်းဖြည်းချင်း သင်ရောက်ရှိလာမည့် နည်းလမ်းဖြစ်သည်။ သင်သည် အရာရာတိုင်းကို သင်၏ ဇာတိပကတိအကြည့်ဖြင့် ရှုမြင်လျှင်၊ အယူဝါဒ၊ ယုတ္တိဗေဒ၊ စည်းမျဉ်းစည်းကမ်းများကို အသုံးပြုပြီး အရာရာတိုင်းကို စိစစ်လျှင်၊ လူသားအတွေးအပေါ် အခြေခံပြီး အရာရာတိုင်းကို စိစစ်ကာ ကိုင်တွယ်လျှင် ဤသည်မှာ သမ္မာတရားကို ရှာဖွေခြင်းမဟုတ်၍ သင်သည် ဘုရားသခင်အား ကျိုးနွံနာခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။ သင်သည် ဘုရားသခင်အား ယုံကြည်လာသည်မှာ မည်မျှကြာနေပြီဖြစ်စေ ဘုရားနှုတ်ကပတ်တော်များ၏ ပြင်ပတွင် ရှိနေလိမ့်မည်။ အပြင်လူတစ်ယောက် ဖြစ်နေလိမ့်မည်။ သမ္မာတရားကို သင်နားလည်နိုင်မည် မဟုတ်ပေ။ သင်တို့သည် ယခုတွင် မိမိတို့၏ အာရုံစိုက်မှုကို ဤဦးတည်ချက်သို့ တဖြည်းဖြည်းချင်း ရွှေ့ပြီး သမ္မာတရားကို ရဖို့ ကြိုးပမ်းရမည်။ နှစ်အနည်းငယ် တွေ့ကြုံပြီးနောက်တွင် သင်သည် ဝိညာဉ်ရင့်ကျက်မှု အနည်းငယ် ကြီးထွားလာပြီး သမ္မာတရားအချို့ကို နားလည်နိုင်လိမ့်မည်။ ဘုရားသခင်အား နောက်ကျမှ ယုံကြည်လာခြင်းသည် ပြဿနာ မဟုတ်ဟုသော်လည်းကောင်း၊ အခြားလူများက သမ္မာတရားစစ်မှန်မှုအတွင်းသို့ ဝင်ရောက်ထားပြီဖြစ်ရကား သင်သည်လည်း ဝင်ရောက်နိုင်မည်ဟုသော်လည်းကောင်း၊ သင်သည် မည်သည့်အခါမျှ နောက်ကျကျန်ရစ်မည် မဟုတ်ဟုသော်လည်းကောင်း မထင်မြင်လေနှင့်။ သင်သည် ဤသို့ မထင်မြင်ရ။ ဤသို့ ထင်မြင်လျှင် သင်သည် နောက်ကျကျန်ရစ်ရန် သေချာသည်။ သင်သည် ဘုရားသခင်အား နောက်ကျမှ ယုံကြည်လာခြင်း ဖြစ်လျှင် ပို၍ပင် အလောတကြီး လုပ်ဆောင်သင့်သည်။ သင်သည် လိုက်မီရန်အတွက် သင်တတ်နိုင်သမျှအားလုံးကို လုပ်ဆောင်ရမည်။ ထိုအခါမှသာ ဘုရားအမှုတော်၏ ခြေလှမ်းများကို သင်အမီလိုက်နိုင်မည် ဖြစ်ပြီး နောက်ကျကျန်ရစ်၍ ဖယ်ရှားရှင်းလင်းခြင်းမခံရအောင် တားဆီးနိုင်မည် ဖြစ်သောကြောင့်ပင်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။