စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက် - ပေတရု၏ အသက်တာနှင့်ပတ်သက်၍

ပေတရုသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ စံနမူနာ၊ အားလုံးကသိသည့် အထင်ကရတစ်ဦး ဖြစ်ခဲ့သည်။ အလွန် သာမညောင်ညဖြစ်သည့် လူတစ်ဦးသည် အဘယ်ကြောင့် ဘုရားသခင်အားဖြင့် ပုံသက်သေတစ်ဦးအဖြစ် ချီးမြှောက်ခံရပြီး မျိုးဆက်အဆက်ဆက်၏ အမွှမ်းတင်ခြင်း ခံခဲ့ရသနည်း။ ဤအရာသည် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ၊ ဘုရားသခင်ကိုချစ်ဖို့ သန္နိဋ္ဌာန်ဟူသော သူ၏ဖော်ပြချက်မှ ခွဲခြား၍မရနိုင်သည်မှာ ပြောစရာမလိုပေ။ ဘုရားသခင်အတွက် ပေတရု၏ ချစ်ခြင်းစိတ်နှလုံးကို မည်သို့ပြသသည်နှင့် သူ၏ ဘဝအတွေ့အကြုံများက အမှန်တကယ် မည်သို့ဖြစ်သည် ဆိုသည်နှင့်ပတ်သက်၍၊ ငါတို့အနေဖြင့် အချိန်ကာလ၏ အလေ့အထများကို တစ်ဖန်ကြည့်ဖို့ရန် ကျေးဇူးတော်ခေတ်ကို ပြန်သွားပြီး ထိုခေတ်၏ ပေတရုကို လေ့လာရမည်ဖြစ်သည်။

ပေတရုသည် သာမန် ယုဒလူမျိုး လယ်လုပ်သည့် အိမ်ထောင်စုတစ်စုထဲတွင် မွေးဖွားခဲ့၏။ သူ၏မိဘများက တစ်မိသားစုလုံးကို လယ်လုပ်ခြင်းဖြင့် ထောက်ပံ့ခဲ့ကြပြီး၊ သူသည် ညီအစ်ကိုမောင်နှမ လေးဦးရှိပြီး သားသမီးများထဲတွင် အကြီးဆုံးဖြစ်ခဲ့သည်။ ဤသည်မှာ ငါတို့ဇာတ်လမ်း၏ အဓိကအပိုင်း မဟုတ်သည်မှာ မှန်ပေ၏။ ပေတရုသည် ငါတို့၏ အဓိကဇာတ်ကောင်ဖြစ်သည်။ ပေတရုသည် အသက်ငါးနှစ်အရွယ် ရှိသည့်အချိန်တွင် သူ၏မိဘများက သူ့ကို စာဖတ်ခြင်းကို စတင်သင်ကြား ပေးခဲ့ကြသည်။ ထိုအချိန်က ယုဒလူမျိုးများသည် အတော်အတန် စာပေကျမ်းဂန် နှံ့စပ်ကြပြီး စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းနှင့် ကုန်သွယ်မှုကဲ့သို့သော နယ်ပယ်များတွင် အထူးတလည် ခေတ်ရှေ့ပြေးခဲ့ကြသည်။ ၎င်းတို့ လူမှုပတ်ဝန်းကျင်၏ အကျိုးဆက်အနေဖြင့် ပေတရု၏ မိဘနှစ်ပါးလုံးသည် အဆင့်မြင့်ပညာရေးကို ရရှိခဲ့ကြသည်။ ကျေးလက်ဒေသမှ ဖြစ်သော်ငြားလည်း ၎င်းတို့သည် ပညာကောင်းစွာတတ်မြောက်ခဲ့ကြပြီး ယနေ့ခေတ်၏ ပုံမှန်အဆင့်ရှိသော တက္ကသိုလ်ကျောင်းသားများနှင့် နှိုင်းယှဉ်၍ ရနိုင်ပေသည်။ ပေတရုသည် ထိုသို့သော အသာစီးရသည့် လူမှုရေး အခြေအနေများထဲတွင် မွေးဖွားခဲ့ရသဖြင့် ကောင်းချီးခံစားရသည်မှာ သိသိသာသာပင်ဖြစ်သည်။ သူသည် ကျွမ်းကျင်ပြီး အကင်းပါးကာ၊ စိတ်ကူးသစ်များကို မဆိုင်းမတွ လက်သင့်ခံတတ်သည်။ သူ၏ ပညာသင်ကြားမှုများကို စတင်ပြီးသည့်နောက် စသင်ချိန်များအတွင်း၌ သူသည် အကြောင်းအရာများကို အလွန်လွယ်ကူစွာ သဘောပေါက်နားလည်ခဲ့သည်။ ထိုသို့ ထက်မြက်သော သားတစ်ဦးရှိသည့်အတွက် သူ၏မိဘများက ဂုဏ်ယူခဲ့ကြပြီး သူသည် ထင်ရှားကျော်ကြားမှုရအောင် လုပ်ဆောင်နိုင်ပြီး လူမှုအဖွဲ့အစည်းတွင် တရားဝင် ရာထူးတစ်မျိုးမျိုးကို ရယူနိုင်လိမ့်မည်ဟု မျှော်လင့်ရင်း သူ့ကို ပညာသင်ကြားခွင့်ပေးဖို့ တတ်နိုင်သမျှ အားထုတ်ခဲ့ကြသည်။ ပေတရုသည် မသိလိုက်ဘဲနှင့် ဘုရားသခင်ကို စိတ်ဝင်စားလာခဲ့သည်၊ အကျိုးဆက်အနေဖြင့် သူ အထက်တန်းကျောင်း ရောက်သည့်အချိန် ဆယ့်လေးနှစ်အရွယ်တွင် အထူးသဖြင့် ရှေးခေတ်ဂရိသမိုင်းထဲက စိတ်ကူးယဉ်လူများနှင့် ဖန်တီးထားသည့် ဖြစ်ရပ်များနှင့် စပ်လျဉ်း၍ သူလေ့လာသင်ယူနေသည့် ရှေးဟောင်းဂရိယဉ်ကျေးမှုနှင့်ဆိုင်သော သင်ရိုးညွှန်းတမ်းကို စိတ်ကုန်လာခဲ့တော့သည်။ ထိုအချိန်မှစ၍ သူ၏ လူငယ်ဘဝ၏ အထွတ်အထိပ်ချိန်ဝင်ရောက်ရုံရှိသည့် ပေတရုသည် လူ့ဘဝနှင့် ပိုမိုကျယ်ပြန့်သော ကမ္ဘာလောက အကြောင်းကို ပို၍ရှာတွေ့ဖို့ စတင်ကြိုးစားခဲ့သည်။ လူအားလုံးသည် မိမိကိုယ်ကိုယ် လှည့်စားသည့် အခြေအနေတစ်ရပ်၌ အသက်ရှင်နေခဲ့ကြကြောင်း၊ သူတို့သည် ချမ်းသာကြွယ်ဝမှုနှင့် အသိအမှတ် ပြုခံရခြင်းတို့အတွက် ၎င်းတို့၏ ရုန်းကန်မှုတွင် မိမိတို့၏ ကိုယ်ပိုင်ဘဝများကို ပျက်စီးစေရင်း အဓိပ္ပါယ်မဲ့သော အသက်တာများ၌ အသက်ရှင်နေခဲ့ကြကြောင်းကို သူ ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့သောကြောင့် သူ၏မိဘများ၏ ကြိုးပမ်းမှုများကို ပြန်ကျေးဇူးဆပ်ဖို့ရန် သူ၏ အသိစိတ်က မလှုံ့ဆော်ခဲ့ပေ။ သူ၏ ထိုးထွင်းသိမြင်မှုမှာ သူနေထိုင်သည့် လူမှုပတ်ဝန်းကျင်နှင့် အဓိကအားဖြင့် ပတ်သက်ခဲ့သည်။ လူတို့သည် အသိပညာ ပိုရှိလေ၊ ၎င်းတို့၏ လူလူချင်း ဆက်ဆံရေးများနှင့် အတွင်းပိုင်းလောကများက ပို၍ရှုပ်ထွေးလေဖြစ်သောကြောင့် ၎င်းတို့သည် ဟာတာတာဖြစ်ခြင်း၌ အသက်ရှင်လေဖြစ်ကြသည်။ ဤအခြေအနေများတွင်၊ ပေတရုသည် ဘာသာရေး ပုဂ္ဂိုလ်များထံ အများဆုံးအနေဖြင့် အလည်အပတ်များကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ရင်း သူ၏ အားလပ်ချိန်ကို အသုံးပြုခဲ့သည်။ သူ၏ စိတ်နှလုံးထဲတွင်၊ ဘာသာတရားသည် လူ့လောကထဲရှိ ပြောပြ၍မရနိုင်သော အရာအားလုံးအတွက် အကြောင်းရင်း ဖြစ်ကောင်းဖြစ်နိုင်သည်ဟူသော မရေရာသည့် ခံစားချက် ရှိခဲ့ပုံရလေသည်၊ ထို့ကြောင့် သူသည် ဝတ်ပြုအစည်းအဝေးများတက်ရောက်ဖို့ အနီးအနားက တရားဇရပ်တစ်ခုသို့ မကြာခဏသွားခဲ့၏။ သူ၏မိဘများက ဤအရာကို မသိခဲ့ကြချေ၊ ပြီးလျှင် မကြာမီတွင် ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ပညာအရည်အသွေး အမြဲကောင်းမွန်ခဲ့သူ ပေတရုသည် ကျောင်းသွားရသည်ကို စတင်မုန်းတီးလာခဲ့သည်။ သူ့ မိဘများ၏ ကြီးကြပ်မှုအောက်တွင် အထက်တန်းကျောင်းကို ပြီးရုံမျှပြီးခဲ့သည်။ သူသည် အသိပညာပင်လယ်မှ ကမ်းစပ်သို့ ကူးခပ်ရင်း အသက်ပြင်းပြင်း ရှူရှိုက်ခဲ့သည်။ ထိုအချိန်မှစ၍ သူ့ကို မည်သူမျှ ပညာမပေးတော့ချေ သို့မဟုတ် သူ့ကို မချုပ်ချယ်တော့ချေ။

ကျောင်းပြီးဆုံးပြီးနောက်၊ သူသည် စာအုပ်မျိုးစုံ စတင်ဖတ်ရှုခဲ့သော်လည်း အသက် တစ်ဆယ့်ခုနှစ်နှစ်အရွယ်တွင် သူ၌ ပိုမိုကျယ်ပြန့်သည့် လောကကြီးနှင့် သက်ဆိုင်သော အတွေ့အကြုံများစွာ မရှိခဲ့သေးပေ။ သူသည် ကျောင်းမှဘွဲ့ရပြီးနောက်တွင် စာအုပ်များ ဖတ်ရှုဖို့နှင့် ဘာသာရေး ဝတ်ပြုအစီအစဉ်များကို တက်ရောက်ဖို့ တတ်နိုင်သရွေ့ အချိန်များများပေးရင်း လယ်ယာလုပ်ကိုင်ခြင်းဖြင့် မိမိကိုယ်ကိုယ် ထောက်ပံ့ခဲ့သည်။ သူ့အတွက် မြင့်မားသည့် မျှော်လင့်ချက်များ ထားရှိခဲ့ကြသည့် သူ၏မိဘများသည် ၎င်းတို့၏ “နွံနာမှုမရှိသောသား” အတွက် ကောင်းကင်ဘုံကို မကြာခဏ ကျိန်ဆဲခဲ့ကြသော်လည်း ဤအရာပင်လျှင် ဖြောင့်မတ်ခြင်းအတွက် သူ၏ဆာငတ်မှုနှင့် ဆာလောင်မှုကို မတားဆီးနိုင်ခဲ့ချေ။ ပေတရုသည် သူ၏အတွေ့အကြုံများတွင် အနှောင့်အယှက်များကို နည်းနည်းနောနော ခံစားခဲ့ရသည်မဟုတ်ဘဲ၊ သူ၌ ပြင်းပြသော နှလုံးသားတစ်ခုရှိပြီး မိုးရွာပြီးစ မြက်ပင်အလား သူကြီးထွားခဲ့သည်။ မကြာမီတွင် သူသည် ဘာသာရေးလောကထဲက ဝါရင့်ပုဂ္ဂိုလ်အချို့ကို ကြုံရသည်အထိ “ကံကောင်းထောက်မ” ခဲ့ပြီး၊ သူ၏တောင့်တမှုက အလွန်အားကောင်းသောကြောင့် သူသည် ၎င်းတို့ကြားတွင် သူ၏ အချိန်အားလုံးနီးပါး ကုန်ဆုံးနေခဲ့သည့်တိုင်အောင် ၎င်းတို့နှင့် ပို၍ပင်မကြာခဏ စတင်၍ ပေါင်းသင်းလာခဲ့သည်။ သူသည် ကျေနပ်အားရစရာ ပျော်ရွှင်မှု၌ နစ်မြှုပ်နေခိုက်တွင်၊ ဤလူအများစုက နှုတ်ဖြင့်သာယုံကြည်ကြပြီး မိမိတို့၏ စိတ်နှလုံးများအား မိမိတို့ ယုံကြည်မှုအတွက် မပေးထားခဲ့ကြသည်ကို ရုတ်တရက်နားလည်လိုက်သည်။ စိတ်ဝိညာဉ်ဖြောင့်မတ်ပြီး ဖြူစင်သူ ပေတရုသည် ထိုသို့သော ထိုးနှက်မှုကို အဘယ်သို့ သည်းခံနိုင်မည်နည်း။ သူပေါင်းသင်းသည့် လူအားလုံးနီးပါးမှာ လူသားအဝတ်အစားဖြင့် သားရဲများ၊ ၎င်းတို့သည် လူသားမျက်နှာထားဖြင့် တိရစ္ဆာန်များ ဖြစ်ခဲ့ကြသည်ကို သူနားလည်ခဲ့သည်။ ထိုအချိန်တွင် ပေတရုသည် အလွန်ရိုးစင်းခဲ့သောကြောင့် ဖြစ်ရပ်အချို့တွင် သူသည် ၎င်းတို့ကို စိတ်ရင်းအတိုင်း အသနားခံခဲ့သည်။ သို့သော် ဤဉာဏ်များပြီး ကောက်ကျစ်သော ဘာသာရေးပုဂ္ဂိုလ်များသည် ဤဇောကြီးသော လူငယ်၏ တိုးလျှိုးတောင်းပန်ခြင်းကို အဘယ်သို့ နားထောင်နိုင်မည်နည်း။ လူ့ဘဝ၏ အမှန်တကယ်အနှစ်သာရမဲ့ခြင်းကို ပေတရုခံစားခဲ့ရသည်မှာ ဤအချိန်တွင် ဖြစ်ခဲ့သည်- ဘဝဇာတ်ခုံပေါ် ပထမဆုံးသော ခြေလှမ်းတွင် သူ ကျရှုံးခဲ့လေပြီ။...တစ်နှစ်ကြာပြီးနောက် သူသည် တရားဇရပ်မှ ရွှေ့ပြောင်းခဲ့ပြီး အမှီအခိုကင်းစွာ စတင်အသက်ရှင်ခဲ့သည်။

ဤအနှောင့်အယှက်က အသက် ၁၈ နှစ်အရွယ် ပေတရုကို များစွာသာ၍ ရင့်ကျက်စေပြီး အတွေ့အကြုံများစေခဲ့သည်။ သူ၏ ငယ်ရွယ်သော နုံအမှုနှင့်ဆိုင်သည့် မည်သည့်အရိပ်အယောင်မျှ မရှိတော့ချေ။ ထိုလူငယ်၏ အပြစ်ကင်းစင်ခြင်းနှင့် ဟန်ဆောင်မှုကင်းခြင်းတို့ကို သူခံစားခဲ့ရသည့် အနှောင့်အယှက်က စာနာစိတ်ကင်းစွာ ငြှိမ်းသတ်ခဲ့လေပြီဖြစ်ကာ သူသည် တံငါသည်တစ်ဦးအဖြစ် ဘဝတစ်ခုကို စတင်ခဲ့သည်။ ထို့နောက်တွင် လူတို့သည် သူ၏လှေပေါ်တွင် တရားဟောပြောသည့်သူ့အား နားထောင်နေခဲ့ကြသည်ကို တွေ့ရလေသည်။ သူသည် ငါးဖမ်းခြင်းဖြင့် အသက်မွေးမှုပြုသည်နှင့်အမျှ သူသွားသည့်နေရာတိုင်းတွင် သတင်းစကား ဖြန့်ဝေခဲ့ပြီး၊ သူဟောသည့်အရာက သာမန်လူတို့၏ စိတ်နှလုံးကို ထိမိခဲ့ပြီး ၎င်းတို့အားလုံးသည် သူ၏ရိုးသားမှုအားဖြင့် လွန်စွာ တို့ထိခြင်းခံခဲ့ကြရသောကြောင့် သူ ဟောပြောခဲ့သောသူအားလုံးကို သူ၏တရားဒေသနာများက အာရုံဖမ်းစားခဲ့လေသည်။ အခြားသူတို့ကို စိတ်ရင်းအတိုင်း ဆက်ဆံဖို့၊ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အချုပ်အခြာအာဏာပိုင်သူကို ပန်ကြားဖို့နှင့် ကိစ္စရပ်များအားလုံး၌ မိမိတို့၏ စိတ်နှလုံးထဲတွင် မိမိတို့ချစ်သော ဘုရားသခင်ကို ကျေနပ်စေရင်း၊ မိမိတို့၏ အသိစိတ်များကို လျစ်လျူမရှုသည့်အပြင် ရှက်ဖွယ်အမှုအရာများကို မလုပ်ဆောင်ဖို့ လူတို့ကို သူ မကြာခဏ သွန်သင်ခဲ့သည်။… သူ၏ တရားဒေသနာများကို နားထောင်ပြီးနောက် လူတို့သည် မကြာခဏ လွန်စွာ တို့ထိခြင်းခံခဲ့ကြရသည်။ သူ့အားဖြင့် ၎င်းတို့အားလုံး လှုံ့ဆော်ခံခဲ့ကြရပြီး မျက်ရည်များကျသည်အထိ မကြာခဏ စိတ်ထိခိုက်ခဲ့ကြရသည်။ ထိုအချိန်၌ အားလုံးခိုကိုးရာမဲ့ဖြစ်ပြီး ထိုအချိန်က လူမှုအဖွဲ့အစည်း မည်သို့ဖြစ်သည်ကို ထောက်ဆလျှင် သဘာဝအလျောက် အရေအတွက် အလွန်နည်းပါးသည့် သူ၏နောက်လိုက်အားလုံးက အလွန်လေးစားသည်ကို ခံခဲ့ရသည်။ ပေတရုသည် ထိုအချိန်က လူမှုအဖွဲ့အစည်း၏ ဘာသာရေးလူစုများ၏ နှိပ်စက်ညှဉ်းပန်းခြင်းကိုလည်း ခံခဲ့ရသည်။ ဤအရာအားလုံးက သူ့အနေဖြင့် နှစ်နှစ်ကြာ တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းပြီး တစ်ကိုယ်ရေ တစ်ကာယဘဝကို အသက်ရှင်နေခဲ့ရသည်အထိ အကျိုးသက်ရောက်စေခဲ့သည်။ အံ့မခန်း အတွေ့အကြုံများရှိသည့် ဤနှစ်နှစ်အတောအတွင်း၌ သူသည် ထိုးထွင်းသိမြင်မှုများစွာ ရရှိခဲ့ပြီး ယခင်က သူမသိခဲ့သည့် အမှုအရာများအကြောင်းကို များစွာ သင်ယူခဲ့ရသည်မှာ သူသည် သူ၏ ၁၄ နှစ်အရွယ် နဂိုပုံစံနှင့်ယှဉ်ပါက မမှတ်မိနိုင်လောက်အောင် ဖြစ်လာခဲ့ပြီး၊ ယခုလက်ရှိ သူ၏ပုံစံနှင့် တူညီသည့်အရာ ဘာမျှမရှိသည့်ပုံပေါက်လေသည်။ ဤနှစ်နှစ်တာကာလတစ်လျှောက်တွင် သူသည် လူပေါင်းစုံကို ကြုံတွေ့ခဲ့ရပြီး လူမှုအဖွဲ့အစည်းအကြောင်း အမှန်တရားမျိုးစုံကို သိမြင်ခဲ့ရသည်၊ ယင်း၏ရလဒ်အနေဖြင့် သူသည် ဘာသာရေးလောကမှ ဓလေ့ထုံးတမ်းမျိုးစုံကို သူ့ထံမှ တဖြည်းဖြည်း စတင်ဖယ်ရှားခဲ့သည်။ သူသည် ထိုအချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၌ တိုးတက်မှုများအားဖြင့်လည်း လေးလေးနက်နက် အကျိုးသက်ရောက်မှုရှိခဲ့လေ၏။ ထိုအချိန်တွင် ယေရှုသည် နှစ်ပေါင်းများစွာ အလုပ်လုပ်လာနေခဲ့ပြီး ဖြစ်သောကြောင့် ပေတရုသည် ယေရှုကို မတွေ့ဆုံရသေးသော်လည်း သူ၏အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အားဖြင့်လည်း လွှမ်းမိုးခြင်းခံခဲ့ရလေသည်။ ဤအကြောင်းကြောင့် ပေတရုသည် သူ တရားဟောနေသည့်အချိန်တွင် ယခင်သန့်ရှင်းသူမျိုးဆက်တို့ လုံးဝမရရှိခဲ့ကြသည့် အရာများစွာကို ရရှိခဲ့သည်။ ထိုအချိန်တွင် သူသည် ယေရှုကို မဆိုစလောက် သိခဲ့သော်လည်း သူ့ကို မျက်နှာချင်းဆိုင်တွေ့ဆုံဖို့ အခွင့်အရေး လုံးဝမရရှိခဲ့သေးသည်မှာ အမှန်ပင်ဖြစ်သည်။ သူ့အနေဖြင့် သန့်ရှင်းသောဝိညာဉ်တော်မှ မွေးဖွားခဲ့သည့် ကောင်းကင်ဘုံမှလာသော ထိုပုဂ္ဂိုလ်ကို မြင်ရဖို့ မျှော်လင့်တောင့်တရုံသာ ရှိခဲ့လေသည်။

တစ်ညနေခင်း နေဝင်ရီတရောတွင် ပေတရုသည် (ထိုအချိန်က ဂါလိလဲပင်လယ်ဟု သိခဲ့ကြသည့် ကမ်းစပ်အနီးတွင်) သူ၏ လှေပေါ်မှနေ၍ ငါးဖမ်းနေခဲ့၏။ သူ၏ လက်ထဲတွင် ငါးမျှားတံတစ်ခု ရှိခဲ့ပြီး သူ၏စိတ်တွင် အခြားအရာများ ရှိခဲ့သည်။ ဝင်နေသည့်နေက ကျယ်ပြန့်သော သွေးသမုဒ္ဒရာတစ်ခုနှင့်တူသည့် ရေမျက်နှာပြင်ကို အလင်းရောင်ပေးခဲ့သည်။ အလင်းရောင်က ပေတရု၏ ငယ်ရွယ်သော်လည်း အေးဆေးတည်ငြိမ်သည့် မျက်နှာအပေါ် ရောင်ပြန်ဟပ်ခဲ့သည်။ သူသည် အတွေးနက်နေပုံရ၏။ ထိုအခိုက်အတန့်တွင် လေပြေလေညှင်းက လှုပ်ခတ်သွားပြီး သူသည် ရုတ်တရက် သူ့ဘဝ၏ အထီးကျန်မှုကို ခံစားမိလိုက်ပြီး ယင်းက ချက်ချင်းပင် သူ့ကို စိတ်ဓာတ်ကျဖွယ် ခံစားချက်တစ်ခု ပေးလေသည်။ သမုဒ္ဒရာ လှိုင်းများက အလင်းရောင်တွင် တလက်လက်တောက်ပနေသည်နှင့်အမျှ၊ သူ၌ ငါးဖမ်းလိုစိတ်မရှိသည်မှာ ရှင်းနေသည်။ သူအတွေးထဲ နစ်မျောနေစဉ်တွင်၊ သူ့နောက်မှ တစ်စုံတစ်ဦးက “ယုဒအမျိုး ရှိမုန်ဗာယောန၊ သင်၏ နေ့ရက်များက အထီးကျန်ပေ၏။ ငါ့နောက်သို့ သင် လိုက်မည်လော” ဟု မေးသည်ကို သူ ရုတ်တရက် ကြားလိုက်ရသည်။ ပေတရုသည် လန့်ဖျပ်သွားလျက်၊ သူကိုင်နေခဲ့သည့် ငါးမျှားတံကို မဆိုင်းမတွ ပစ်ချလိုက်ရာ ယင်းက ပင်လယ်ကြမ်းပြင်သို့ ချက်ချင်း နစ်မြုပ်သွားလေသည်။ ပေတရုသည် ကမန်းကတန်း လှည့်ကြည့်လိုက်ရာ သူ၏လှေပေါ် မတ်တပ်ရပ်နေသည့် လူတစ်ဦးကို မြင်ရသည်။ ပေတရုသည် သူ့ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်- ထိုလူ၏ ဆံပင်များက သူ၏ပခုံးပေါ် ဖားလျားကျလျက် နေရောင်တွင် အနည်းငယ် ရွှေဝါရောင်သန်းနေသည်၊ သူက မီခိုးရောင်အဝတ်အစား ဝတ်ဆင်ထားကာ အရပ်အမောင်းက အနေတော်ဖြစ်ပြီး ယုဒလူမျိုးတစ်ဦးကဲ့သို့ ခေါင်းဆုံးခြေဆုံး ဝတ်ဆင်ထားလေသည်။ မှေးမှိန်နေသည့် အလင်းရောင်တွင် ထိုလူ၏ မီးခိုးရောင်အဝတ်အစားက အနည်းငယ် အနက်ရောင်သဖွယ်မြင်ရကာ သူ၏မျက်နှာက အနည်းငယ် တောက်ပနေသယောင် ထင်ရသည်။ ပေတရုသည် ကြိမ်ဖန်များစွာ ယေရှုကိုဆုံတွေ့ရဖို့ ကြိုးစားခဲ့သော်လည်း လုံးဝ မအောင်မြင်ခဲ့ပေ။ ထိုအခိုက်အတန့်တွင် ပေတရုက ဤလူသည် သူ့နှလုံးသားထဲ၌ရှိသော သန့်ရှင်းသူပင်ဖြစ်ရမည်ဟု သူ့စိတ်ဝိညာဉ်ထဲတွင် နက်ရှိုင်းစွာ ယုံကြည်ခဲ့ပြီး၊ ထို့ကြောင့် ငါးဖမ်းလှေထဲတွင် သူသည် ကိုယ်ကိုပျပ်ဝပ်ပြီးလျှင် “ကိုယ်တော်သည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဟောပြောဖို့ ကြွလာသည့်သခင် ဖြစ်နိုင်မည်လော။ ကိုယ်တော်၏ အတွေ့အကြုံများကို ကျွန်ုပ်ကြားရပြီးဖြစ်သော်လည်း ကိုယ်တော့်ကို ကျွန်ုပ် လုံးဝမမြင်ဖူးပါ။ ကိုယ်တော့်နောက်သို့ ကျွန်ုပ်လိုက်ချင်ခဲ့သော်လည်း ကိုယ်တော့်ကို ကျွန်ုပ် ရှာမတွေ့နိုင်ခဲ့ပါ” ဟု ပြောခဲ့သည်။ ထိုအချိန်တွင် ယေရှုသည် လှေဝမ်းထဲသို့ ပြောင်းရွေ့ကာ ငြိမ်သက်စွာထိုင်နေခဲ့ပြီးဖြစ်သည်။ သူက “ထ၍ ငါ့အနားတွင် ထိုင်လော့” ဟု ပြောလေသည်။ “ငါ့အား အမှန်တကယ်ချစ်သောသူတို့ကို ရှာဖွေဖို့ ငါလာ၏။ ငါသည် အထူးသဖြင့် ကောင်းကင်နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ရန် ကြွလာပြီ၊ ထို့ပြင် ငါနှင့် စိတ်တညီတညွတ်တည်းဖြစ်သည့် လူတို့ကို ရှာဖွေဖို့ တိုင်းနိုင်ငံများတစ်လျှောက် ငါခရီးသွားမည် ဖြစ်သည်။ သင် ဆန္ဒရှိသလော။” ပေတရုက- “ကောင်းကင်ဘုံအဖ စေလွှတ်သောသူနောက် ကျွန်ုပ် လိုက်ရမည်။ သန့်ရှင်းသောဝိညာဉ်တော် ရွေးချယ်သောသူကို ကျွန်ုပ်အသိအမှတ်ပြုရပါမည်။ ကောင်းကင်ဘုံ အဖကို ကျွန်ုပ်ချစ်သည်နှင့်အညီ ကိုယ်တော့်နောက်လိုက်ဖို့ ကျွန်ုပ် အဘယ်သို့ မလိုလားဘဲ နေနိုင်မည်နည်း” ဟု ပြန်ဖြေခဲ့သည်။ ပေတရု၏ စကားများက ဘာသာရေးအယူအဆများဖြင့် ထူပြောသော်လည်း၊ ယေရှုသည် ပြုံးလိုက်ပြီး ကျေနပ်မှုဖြင့် ခေါင်းညိတ်လိုက်သည်။ ထိုအခိုက်တွင် ပေတရုအတွက် ဖခင်ကဲ့သို့သော ချစ်ခြင်းမေတ္တာခံစားချက်က သူ့အထဲတွင် ကြီးထွားခဲ့လေသည်။

ပေတရုသည် ယေရှုနောက် နှစ်အတန်ကြာ လိုက်ခဲ့ပြီး အခြားလူများ၌ မရှိသည့်အရာ များစွာကို ယေရှုအထဲတွင် တွေ့မြင်ခဲ့သည်။ တစ်နှစ်ကြာ သူ့နောက်လိုက်ပြီးနောက်တွင် ပေတရုသည် တပည့်တော်ဆယ့်နှစ်ပါးအနက်မှ ယေရှု၏ ရွေးချယ်ခြင်းခံခဲ့ရသည်။ (ဤအရာကို ယေရှု အသံထွက်၍ မပြောခဲ့သကဲ့သို့ အခြားသူတို့ကလည်း ယင်းကို လုံးဝ သတိမမူမိခဲ့ကြသည်မှာ အမှန်ပင်။) ပေတရုသည် အသက်တာတွင် မိမိကိုယ်ကိုယ် ယေရှုလုပ်ဆောင်ခဲ့သမျှ အရာတိုင်းနှင့် တိုင်းတာခဲ့သည်။ တကယ်ကို အထူးသဖြင့် ယေရှု ဟောကြားခဲ့သည့် သတင်းစကားများက သူ၏ စိတ်နှလုံးထဲ၌ စွဲထင်ခဲ့သည်။ သူသည် ယေရှုထံ လုံးလုံးလျားလျား ဆက်ကပ်ပြီး သစ္စာရှိခဲ့ကာ၊ ယေရှုအပေါ် မကျေနပ်ချက် တစ်ခုတစ်လေကိုမျှ လုံးဝ သူမပြောခဲ့ပါပေ။ အကျိုးဆက်အနေဖြင့် သူသည် ယေရှု သွားခဲ့သည့်နေရာတိုင်းတွင် ယေရှု၏ သစ္စာရှိသောအဖော် ဖြစ်လာခဲ့သည်။ ပေတရုသည် ယေရှု၏ သွန်သင်ချက်များ၊ သူ၏ နူးညံ့သောစကားများ၊ သူစားခဲ့သည့်အစာ၊ သူ၏အဝတ်၊ သူ၏အကွယ်အကာနှင့် သူ မည်သို့ခရီးသွားခဲ့သည်ဟူသည်တို့ကို လေ့လာခဲ့သည်။ မည်သည့်အပိုင်းတွင်မဆို ယေရှုကို သူအတုယူခဲ့သည်။ သူသည် ယေရှု၏ ပုံစံကို အပြောနှင့် အလုပ်နှစ်ခုလုံးတွင် လိုက်လျှောက်ရင်း ဘယ်သောအခါမျှ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု မထင်မှတ်ဘဲ၊ ခေတ်နောက်ကျသော အရာအားလုံးကို စွန့်ပစ်ခဲ့သည်။ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့သည် အနန္တတန်ခိုးရှင်၏ လက်ထဲတွင်ရှိသည်ဆိုသည်နှင့် ဤအကြောင်းကြောင့် သူ၌ တစ်ကိုယ်ရေ ရွေးချယ်မှုမရှိသည်ကို ပေတရု ခံစားခဲ့ရသည်မှာ ထိုအချိန်၌ပင်ဖြစ်သည်။ ပေတရုသည် ယေရှု၏ ဖြစ်ခြင်းအရာအားလုံးကို စိတ်တွင်စွဲမှတ်ခဲ့ပြီး ယင်းကို စံနမူနာတစ်ခုအနေဖြင့် အသုံးပြုခဲ့သည်။ ယေရှုသည် သူလုပ်ဆောင်ခဲ့သည့်အရာ၌ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု သဘောမထားကြောင်း သူ၏အသက်တာက ပြသလေသည်။ မိမိကိုယ်ကိုယ် လေလုံးထွားမည့်အစား၊ သူသည် လူတို့ကို ချစ်ခြင်းမေတ္တာဖြင့် တို့ထိခဲ့လေသည်။ အမှုအရာအမျိုးမျိုးတို့က ယေရှု၏ ဖြစ်ခြင်းကို ပြသပြီး ဤအကြောင်းကြောင့် ပေတရုသည် ယေရှုနှင့်ပတ်သက်၍ အရာရာကို အတုယူခဲ့လေသည်။ ပေတရု၏ အတွေ့အကြုံများက ယေရှု၏ ချစ်ဖွယ်ကောင်းခြင်းအပေါ် တိုးပွားနေသောအသိကို သူ့အား ပေးခဲ့ပြီး၊ သူက “ကျွန်ုပ်သည် အနန္တတန်ခိုးရှင်ကို စကြဝဠာတစ်ခွင် ရှာဖွေပြီးဖြစ်၍ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အံ့သြဖွယ်ရာများကို ကျွန်ုပ် မြင်ပြီးဖြစ်သောကြောင့် အနန္တတန်ခိုးရှင်၏ ချစ်ဖွယ်ကောင်းခြင်းအပေါ် နက်နဲသော အသိတစ်ခုကို ရရှိခဲ့လေပြီ။ သို့သော် ကျွန်ုပ်သည် မိမိ၏ကိုယ်ပိုင်စိတ်နှလုံးထဲတွင် စစ်မှန်သော ချစ်ခြင်းမေတ္တာ ဘယ်သောအခါမျှ မရှိခဲ့သကဲ့သို့၊ အနန္တတန်ခိုးရှင်၏ ချစ်ဖွယ်ကောင်းခြင်းကို ကျွန်ုပ်၏ ကိုယ်ပိုင်မျက်စိဖြင့် ဘယ်သောအခါမျှ မမြင်ဖူးခဲ့ပေ။ ယနေ့ အနန္တတန်ခိုးရှင်၏ အမြင်တွင် ကျွန်ုပ်သည် သူ၏ မျက်နှာသာပေးခြင်းဖြင့် အကြည့်ခံရလေပြီဖြစ်ကာ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို နောက်ဆုံးတွင် ငါခံစားရလေပြီ။ လူသားများကို သူ့အား ချစ်စေသည်မှာ ဘုရားသခင်၏ အရာခပ်သိမ်းကို ဖန်ဆင်းခြင်းသာ မဟုတ်သည်ကို နောက်ဆုံးတွင် ကျွန်ုပ်တွေ့ရှိလေပြီ။ ကျွန်ုပ်၏ နေ့စဉ်အသက်တာတွင် သူ၏ အကန့်အသတ်မဲ့ ချစ်ဖွယ်ကောင်းခြင်းကို ကျွန်ုပ်တွေ့ရှိပြီ။ ယခုချိန် မြင်နိုင်သည့်အရာ၌သာ ကန့်သတ်ဖို့ရာ အဘယ်သို့ ဖြစ်နိုင်မည်နည်း” ဟူ၍ စသည်ကဲ့သို့သော အရာများကို ပြောလေသည်။ အချိန်ကုန်လွန်သည်နှင့်အမျှ နှစ်သက်ဖွယ်ကောင်းသည့် အရာများစွာက ပေတရုအထဲ၌လည်း ပေါ်ထွက်လာခဲ့သည်။ သူသည် ယေရှုကို အလွန်နာခံတတ်လာခဲ့ပြီး အနှောင့်အယှက် အနည်းငယ်ကိုလည်း သူ အတော်အတန် ခံခဲ့ရသည်မှာ အမှန်ပင်ဖြစ်၏။ ယေရှုက သူ့ကို နေရာအမျိုးမျိုးတွင် တရားဟောဖို့ ခေါ်သွားသည့်အခါ ပေတရုသည် မိမိကိုယ်ကိုယ် အမြဲနှိမ့်ချခဲ့ပြီး ယေရှု၏ တရားဒေသနာများကို နားထောင်ခဲ့သည်။ သူသည် ယေရှုနောက်လိုက်သည့် သူ၏ နှစ်ကာလများကြောင့် ဘယ်သောအခါမျှ မာနထောင်လွှားမလာခဲ့ပေ။ ယေရှုက သူကြွလာခဲ့သည့်အကြောင်းရင်းမှာ သူ၏အမှုကို ပြီးစီးနိုင်ဖို့အလို့ငှာ ကားစင်တင်အသတ်ခံရဖို့ရန် ဖြစ်သည်ကို ပြောပြီးနောက်တွင် ပေတရုသည် သူ၏ စိတ်နှလုံးထဲတွင် မချိတင်ကဲဝေဒနာကို မကြာခဏ ခံစားခဲ့ရပြီး တစ်ကိုယ်တည်း တိတ်ဆိတ်စွာ ငိုကြွေးတတ်ခဲ့သည်။ သို့ပါလျက် နောက်ဆုံးတွင် ထို “ကံအကြောင်းမလှသော” နေ့ရက် ရောက်ရှိခဲ့သည်။ ယေရှု အဖမ်းခံရပြီးနောက်တွင် ပေတရုသည် သူ၏ ငါးဖမ်းလှေထဲတွင် တစ်ကိုယ်တည်း ငိုကြွေးခဲ့ပြီး ဤအရာအတွက် ဆုတောင်းချက်များစွာ တောင်းခဲ့သည်။ သို့သော် သူ၏စိတ်နှလုံးထဲတွင် ဤသည်မှာ ခမည်းတော်ဘုရား၏ အလိုဖြစ်ပြီး ယင်းကို မည်သူမျှ ပြောင်းလဲမရနိုင်သည်ကို သူသိခဲ့သည်။ သူသည် သူ၏ ချစ်ခြင်းမေတ္တာကြောင့်သာ ဆက်လက်၍ မချိတင်ကဲ ဝေဒနာခံစားရပြီး မျက်လုံးများက မျက်ရည်များနှင့် ပြည့်ဝခဲ့သည်။ ဤသည်မှာ လူသား၏ အားနည်းချက်တစ်ခု ဖြစ်သည်မှာ မှန်ပေ၏။ ထို့ကြောင့် ယေရှုသည် ကားတိုင်ထက် သံမှိုရိုက်နှက်ခံရမည်ကို သိရသည့်အခါ ယေရှုကို သူက “ကိုယ်တော် စွန့်ခွာပြီးနောက် ကျွန်ုပ်တို့အလယ်တွင်ရှိဖို့နှင့် ကျွန်ုပ်တို့ကို ဂရုစိုက်ဖို့ ကိုယ်တော်ပြန်ကြွလာမည်လော။ ကိုယ်တော့်ကို ကျွန်ုပ်တို့ မြင်တွေ့နိုင်ဦးမည်လော” ဟု မေးခဲ့သည်။ ဤစကားများက အလွန်ရိုးစင်းပြီး လူသား၏ အယူအဆများနှင့် ပြည့်နေခဲ့သော်လည်း ပေတရု၏ ဆင်းရဲဒုက္ခ ခါးသီးမှုကို ယေရှုသိခဲ့သည်၊ ထို့ကြောင့် သူ၏ချစ်ခြင်းမေတ္တာအားဖြင့် ပေတရု၏ အားနည်းချက်ကို သူထောက်ထားခဲ့သည်- “ပေတရု၊ ငါ သင့်ကိုချစ်လေပြီ။ ယင်းကို သင်သိသလော။ သင်ပြောသည့်အရာ၏ နောက်ကွယ်တွင် အသိဉာဏ်မရှိသော်လည်း ငါ၏ ရှင်ပြန်ထမြောက်ခြင်းနောက်တွင် ငါသည် ရက်ပေါင်း ၄၀ ကြာ လူတို့ထံပေါ်ထွန်းမည်ကို ခမည်းတော်က ကတိပေးပြီးဖြစ်၏။ ငါ၏ ဝိညာဉ်တော်က သင်တို့ အားလုံးအပေါ် ကျေးဇူးတော် မကြာခဏ ပေးသနားမည်ကို သင်မယုံကြည်သလော။” ပေတရုသည် ဤအရာအားဖြင့် အတော်အတန် နှစ်သိမ့်မှုခံစားခဲ့ရသော်လည်း တစ်စုံတစ်ခုလိုနေသည်ဟု သူ ခံစားရဆဲဖြစ်သည်၊ ထို့ကြောင့် ယေရှုသည် ရှင်ပြန်ထမြောက်ပြီးနောက်တွင် သူ့ထံ ပထမဆုံးအကြိမ် မြင်သာအောင် ပေါ်လာခဲ့သည်။ သို့သော်လည်း ပေတရုကို သူ၏အယူအဆများအား ဆက်လက် ဖက်တွယ်ခြင်းမှ တားဆီးဖို့အလို့ငှာ ယေရှုသည် သူ့အတွက် ပေတရုပြင်ဆင်ထားခဲ့သည့် အလျှံပယ်ဖြစ်သော အစာကို ငြင်းဆိုပြီး မျက်စိတစ်မှိတ်တွင် ပျောက်ကွယ်သွားခဲ့သည်။ ထိုအခိုက်အတန့်မှစ၍၊ ပေတရုသည် နောက်ဆုံးတွင် သခင်ယေရှုအပေါ် သာ၍နက်ရှိုင်းသော သိနားလည်မှုတစ်ခု ရရှိခဲ့ပြီး သူ့ကို သာ၍ပင် ချစ်ခဲ့သည်။ ယေရှုသည် သူ၏ ရှင်ပြန်ထမြောက်ခြင်းနောက်တွင် ပေတရုထံ မကြာခဏ ပေါ်လာခဲ့သည်။ ရက်ပေါင်းလေးဆယ်ပြည့်ပြီး ကောင်းကင်သို့ တက်ကြွသွားပြီးနောက် သူသည် နောက်ထပ်သုံးကြိမ် ပေတရုထံ ပေါ်လာခဲ့သည်။ ပေါ်ထွန်းခြင်းတိုင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ပြည့်စုံတော့မည့်အချိန်နှင့် အသစ်သောအမှု အစပြုတော့မည့်အချိန် အတိအကျတွင် ဖြစ်ခဲ့ပေသည်။

ပေတရုသည် သူ၏ ဘဝတစ်လျှောက်တွင် အသက်မွေးမှုအတွက် ငါးဖမ်းခဲ့သော်လည်း ယင်းထက်ပို၍ပင် ဟောပြောဖို့ အသက်ရှင်ခဲ့၏။ သူ၏ နောက်ပိုင်းနှစ်ကာလများတွင် သူသည် ရှင်ပေတရုသြဝါဒစာပထမနှင့် ဒုတိယစာစောင်များကိုသာမက ထိုအချိန်က ဖိလဒေလဖိအသင်းတော်ဆီသို့ ပေးစာအချို့ ရေးသားခဲ့သည်။ ဤခေတ်ကာလ လူတို့သည် သူ့အားဖြင့် အကြီးအကျယ် တို့ထိခြင်းခံခဲ့ကြရသည်။ မိမိ၏ကိုယ်ပိုင် အထောက်အထားစာများကို အသုံးပြုလျက် လူတို့ကို သြဝါဒပေးမည့်အစား သူသည် ၎င်းတို့အား သင့်တော်သော အသက်တာထောက်ပံ့မှုကို ပေးခဲ့သည်။ သူသည် ယေရှုမထွက်ခွာမီက သူ၏ သွန်သင်ချက်များကို လုံးဝမမေ့လျော့ခဲ့သည့်အပြင် ၎င်းတို့အားဖြင့် သူ၏ ဘဝတစ်လျှောက်လုံး စိတ်ဓာတ်တက်ကြွခဲ့ပေသည်။ ယေရှုနောက်လိုက်နေစဉ်တွင် သခင့်၏ ချစ်ခြင်းမေတ္တာကို သူ၏သေခြင်းဖြင့် ပြန်ပေးဆပ်ဖို့ရန်နှင့် အရာခပ်သိမ်း၌ ယေရှု၏စံနမူနာကို လိုက်လျှောက်ရန် သူသန္နိဋ္ဌာန်ပြုခဲ့သည်။ ဤအရာကို ယေရှုက သဘောတူခဲ့သောကြောင့် ပေတရု အသက် ၅၃ နှစ်အရွယ်တွင် (ယေရှုထွက်ခွာပြီးနောက် နှစ် ၂၀ ကျော်၌) သူ၏ ပြင်းပြသောဆန္ဒကို ကူညီဖြည့်ဆည်းပေးဖို့ သူ့ထံ ယေရှုပေါ်လာခဲ့သည်။ ယင်းနောက် ခုနှစ်နှစ်အကြာတွင် ပေတရုသည် မိမိကိုယ်ကိုယ်သိရှိရန်အတွက် မိမိ၏အသက်တာကို ကုန်ဆုံးစေခဲ့သည်။ တစ်နေ့တွင် ဤ ခုနှစ်နှစ်အဆုံး၌ သူသည် ဇောက်ထိုးမိုးမျှော် ကားစင်တင်ခံခဲ့ရကာ၊ ထိုသို့ဖြင့် သူ၏ အံ့မခန်းသော ဘဝကို အဆုံးသတ်ခဲ့သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။