တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၃၁)
လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည့်အတွက် သူတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ မကြာခဏ ဝတ်ကျေတမ်းကျေပြုကြသည်။ ဤသည်မှာ ပြဿနာအားလုံးတွင် အဆိုးဆုံးတစ်ခုဖြစ်သည်။ လူတို့သည် မိမိတို့၏ တာဝန်များကို မှန်မှန်ကန်ကန် ထမ်းဆောင်ရမည်ဆိုလျှင် ဤဝတ်ကျေတမ်းကျေပြုခြင်းပြဿနာကို အရင်ဦးဆုံး ကိုင်တွယ်ရမည်။ ၎င်းတို့တွင် ဝတ်ကျေတမ်းကျေဖြစ်သည့် သဘောထားရှိသရွေ့ ၎င်းတို့၏ တာဝန်များကို မှန်မှန်ကန်ကန် ထမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ယင်းမှာ ဝတ်ကျေတမ်းကျေဖြစ်ခြင်းပြဿနာကို ဖြေရှင်းခြင်းသည် အလွန့်အလွန် အရေးကြီးသည်ဟူသည့် သဘောဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ရှေးဦးစွာ ၎င်းတို့၏ စိတ်အခြေအနေပြဿနာကို အရင်ဆုံး ဖြေရှင်းရမည်။ လှည့်စားဖို့၊ သို့မဟုတ် ဝတ်ကျေတမ်းကျေဖြစ်ဖို့ မရည်ရွယ်သင့်ဘဲ ၎င်းတို့၏ တာဝန်များကို မှန်ကန်စွာ ချဉ်းကပ်ပြီး အမှုအရာများကို လေးနက်မှုနှင့် တာဝန်သိစိတ်တစ်ခုဖြင့် လုပ်ဆောင်ရမည်။ မိမိ၏ တာဝန်သည် ဘုရားသခင်အတွက် ထမ်းဆောင်ခြင်းဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်အတွက်မျှ မဟုတ်ပေ။ လူတို့သည် ဘုရားသခင်၏ စိစစ်မှုကို လက်ခံနိုင်လျှင် မှန်ကန်သည့် စိတ်အခြေအနေ ရှိလိမ့်မည်။ ထို့အပြင် တစ်စုံတစ်ခုကို လုပ်ဆောင်ပြီးနောက်တွင် လူတို့သည် ယင်းကို ဆန်းစစ်ရမည်။ ဆင်ခြင်သုံးသပ်ရမည်။ မိမိတို့၏ စိတ်နှလုံးတွင် အနည်းငယ် စိတ်မသက်မသာ ခံစားရပြီး အသေးစိတ် စစ်ဆေးပြီးနောက်တွင် အမှန်တကယ် ပြဿနာတစ်ခုရှိသည်ကို တွေ့ရှိလျှင် အပြောင်းအလဲများ ပြုလုပ်ရမည်။ ဤအပြောင်းအလဲများ ပြုလုပ်ပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံး၌ စိတ်အေးလက်အေး ခံစားရမည်။ လူတို့သည် စိတ်မသက်မသာ ခံစားရသည့်အခါ ပြဿနာတစ်ခုရှိသည်ကို သက်သေပြသည်။ ၎င်းတို့လုပ်ဆောင်ပြီးခဲ့သည့်အရာကို လုံ့လရှိစွာ စစ်ဆေးရမည်။ အထူးသဖြင့် အရေးပါသည့် အဆင့်များတွင်ဖြစ်သည်။ ဤသည်မှာ တာဝန်ထမ်းဆောင်ရာတွင် တာဝန်သိတတ်သော သဘောထားတစ်ခုဖြစ်သည်။ လူတစ်ဦးသည် အလေးအနက်ထားနိုင်သောအခါ၊ တာဝန်ယူနိုင်ပြီး သူ၏ စိတ်နှလုံးအကြွင်းမဲ့ ပေးနိုင်သောအခါတွင် အလုပ်သည် သင့်လျော်စွာ ပြီးမြောက်မည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်သည် မှားယွင်းသည့် စိတ်အခြေအနေတွင် ရှိနေသည်။ အလွန်ရှင်းလင်းသော အမှားတစ်ခုကို သင် ရှာဖွေ တွေ့ရှိနိုင်ခြင်း မရှိပေ။ သင်သည် မှန်ကန်သည့် စိတ်အခြေအနေတွင် ရှိလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် လမ်းပြမှုအားဖြင့် ဤပြဿနာကို ဖော်ထုတ်နိုင်လိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်က သိမြင်မှုကို သင့်အား လမ်းပြပြီး ပေးအပ်ခဲ့ကာ စိတ်နှလုံးထဲတွင် ကြည်လင်မှုကို ခံစားစေပြီး အမှားတည်ရှိသည့်နေရာကို သိစေလျှင် သင်သည် လမ်းလွဲခြင်းကို ပြုပြင်နိုင်ပြီး သမ္မာတရားစည်းမျဉ်းများအတွက် ကြိုးစားနိုင်လိမ့်မည်။ သင်က မှားယွင်းသည့် စိတ်အခြေအနေတွင်ရှိနေခဲ့ပြီး အာရုံမစိုက်ဘဲ ပေါ့ဆလျှင် အမှားကို သင် သတိပြုနိုင်မည်လော။ သတိပြုနိုင်မည် မဟုတ်ပေ။ ဤအခြင်းအရာမှ ဘယ်အရာကို မြင်ရသနည်း။ လူတို့သည် မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန်မှာ ပူးပေါင်းဆောင်ရွက်ရန် အလွန်အရေးကြီးကြောင်းကို ပြသည်။ ၎င်းတို့၏ စိတ်နေစိတ်ထားသည် အလွန်အရေးကြီးသည်။ ပြီးလျှင် ၎င်းတို့၏ အတွေးများနှင့် စိတ်ကူးများကို အဘယ်နေရာသို့ ဦးတည်သည်မှာ အလွန်အရေးကြီးသည်။ လူတို့သည် မည်သည့် စိတ်အခြေအနေတွင် ရှိနေသည်၊ မိမိတာဝန်ကို ထမ်းဆောင်ရာတွင် စွမ်းအင်မည်မျှကို ၎င်းတို့ အသုံးချသည်တို့ကို ဘုရားသခင်မှ စိစစ်ပြီး မြင်နိုင်သည်။ လူတို့သည် ၎င်းတို့လုပ်သည့်အရာ၌ စိတ်နှလုံးနှင့်ခွန်အား အလုံးစုံကို အသုံးပြုရန်မှာ အလွန်အရေးပါသည်။ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်ခြင်းသည် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ လူတို့သည် ၎င်းတို့ ပြီးမြောက်ခဲ့သော တာဝန်များနှင့် ၎င်းတို့ လုပ်ဆောင်ခဲ့သော အရာများအပေါ်တွင် နောင်တမရရှိရန် ကြိုးပမ်းမှသာလျှင်၊ ဘုရားသခင်အား အကြွေးတင်ခြင်း မရှိမှသာလျှင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးနှင့်ခွန်အား အလုံးစုံဖြင့် ပြုမူဆောင်ရွက်မည် ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် သင်၏ အားအင်နှင့် စိတ်နှလုံးအပြည့်အဝကို ထည့်ရန် အစဉ်သဖြင့် ပျက်ကွက်လျှင်၊ သင်သည် အဆက်မပြတ် ဝတ်ကျေတမ်းကျေဖြစ်လျှင်၊ အလုပ်အပေါ် ကြီးမားသော ထိခိုက်နစ်နာစေလျှင်၊ ဘုရားသခင်တောင်းဆိုသော အကျိုးတရားများကို မှီအောင်မလုပ်နိုင်လျှင် တစ်ခုသာ သင့်ထံတွင် ဖြစ်ပျက်နိုင်သည်။ သင်သည် ဖယ်ရှားရှင်းလင်းခံရမည်။ ထို့အချိန်တွင် နောင်တများရရန် အချိန်ရှိသေးသလော။ ရှိမည်မဟုတ်ပေ။ ဤလုပ်ရပ်များသည် ထာဝရ နောင်တ၊ အစွန်းအထင်းတစ်ခု ဖြစ်လိမ့်မည်။ အဆက်မပြတ် ဝတ်ကျေတမ်းကျေဖြစ်ခြင်းသည် အစွန်းအထင်းတစ်ခုဖြစ်သည်။ ကြီးလေးသော ပြစ်မှားမှုတစ်ခုဖြစ်သည်။ ဟုတ်သလော။ မဟုတ်သလော။ (ဟုတ်သည်။) သင်၏ အားအင်နှင့် စိတ်နှလုံး အပြည့်အဝဖြင့် သင်၏ ဝတ္တရားများကို၊ သင်လုပ်ဆောင်သင့်သည့် အရာတိုင်းကို ဆောင်ရွက်ရန် ကြိုးပမ်းရမည်။ ဝတ်ကျေတမ်းကျေဖြစ်ခြင်း၊ နောင်တတစ်ခုခုဖြစ်ခြင်း မရှိရပေ။ ထိုသို့လုပ်နိုင်လျှင် သင်ထမ်းဆောင်သည့်တာဝန်ကို ဘုရားသခင်က အောက်မေ့ဂုဏ်ပြုလိမ့်မည်။ ဘုရားသခင် အောက်မေ့ဂုဏ်ပြုသောအရာများသည် ကောင်းမှုများဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင် အောက်မေ့ဂုဏ်ပြုခြင်းမရှိသော အရာများမှာ အဘယ်နည်း။ (၎င်းတို့သည် ပြစ်မှားမှုများနှင့် မကောင်းမှုများဖြစ်သည်။) ဤသို့အားဖြင့် လက်ရှိအချိန်တွင် မကောင်းမှုများကို ဖော်ပြပါက ယင်းတို့သည် မကောင်းမှုများ ဖြစ်သည်ကို သင်သည် လက်ခံချင်မှ လက်ခံပေလိမ့်မည်။ သို့သော် ထိုအရာများအပေါ်တွင် အရေးကြီးသော အကျိုးဆက်များ ဖြစ်ပေါ်လာသည့် နေ့တစ်နေ့ ရောက်လာလျှင်၊ ပြီးလျှင် ယင်းတို့သည် အပျက်သဘောဆောင်သော လွှမ်းမိုးမှုတစ်ခု ဖြစ်ပေါ်စေလျှင် ဤအရာတို့သည် အပြုအမူဆိုင်ရာ ပြစ်မှားမှုသက်သက်သာ မဟုတ်ဘဲ မကောင်းမှုများဖြစ်သည်ကို သင် ခံစားမိလိမ့်မည်။ ဤအရာကို သင် နားလည်သဘောပေါက်သည့်အခါ သင်သည် နောင်တရမည်ဖြစ်ပြီး “ငါ ကာကွယ်မှု အနည်းငယ် ပြုလုပ်သင့်ခဲ့သည်။ အစကတည်းက အနည်းငယ်ပို၍ တွေးတောပြီး အားထုတ်လျှင် ဤအကျိုးဆက်ကို ရှောင်နိုင်လိမ့်မည်”ဟု မိမိ ဘာသာ စဉ်းစားမိလိမ့်မည်။ သင့်စိတ်နှလုံးရှိ ဤထာဝရ အစွန်းအထင်းကို မည်သည့်အရာကမျှ ဖယ်ရှားပေးလိမ့်မည် မဟုတ်။ ထို့အပြင် ယင်းသည် သင့်အား ထာဝရ အကြွေးတင်စေလျှင် သင်သည် ဒုက္ခရောက်လိမ့်မည်။ ထို့ကြောင့် ယနေ့တွင် သင်သည် မည်သည့်နောင်တမျှမရှိဘဲ ဘုရားသခင် အောက်မေ့ဂုဏ်ပြုသည့် ပုံစံဖြင့် ရှင်းလင်းသည့် အသိစိတ်ဖြင့် တာဝန်ထမ်းကို ထမ်းဆောင်ရန်အတွက် ဘုရားသခင်က သင့်အား ပေးအပ်သော စေခိုင်းချက်တွင် သင်၏ အားအင်နှင့် စိတ်နှလုံးအပြည့်အဝထည့်ရန် ကြိုးပမ်းရမည်။ မည်သည့်အရာကို သင်လုပ်ဆောင်သည်ဖြစ်စေ ဝတ်ကျေတမ်းကျေပြုခြင်း မရှိနှင့်။ သင်သည် စိတ်လိုက်မာန်ပါ အမှားတစ်ခု ပြုလုပ်မိပြီး ယင်းက ကြီးလေးသော ပြစ်မှားမှုတစ်ခုဖြစ်လျှင် ဤသည်မှာ ထာဝရအစွန်းအထင်းတစ်ခု ဖြစ်လာလိမ့်မည်။ သင်သည် နောင်တရသည်နှင့်တစ်ပြိုင်နက် ယင်းတို့အတွက် ပြန်လည်ပေးဆပ်နိုင်လိမ့်မည် မဟုတ်ဘဲ ယင်းတို့သည် ထာဝရ နောင်တများ ဖြစ်လိမ့်မည်။ ဤလမ်းကြောင်းနှစ်ခုလုံးကို ရှင်းလင်းစွာ မြင်သင့်သည်။ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရရန် မည်သည့်လမ်းကြောင်းကို သင် ရွေးချယ်သင့်သနည်း။ မည်သည့်နောင်တမျှ မရှိဘဲ သင်၏ စိတ်နှလုံး၊ ခွန်အားအလုံးစုံဖြင့် သင့်တာဝန်ကို ထမ်းဆောင်ခြင်း၊ ကောင်းမှုများကို ပြင်ဆင်ပြီး စုဆောင်းခြင်းဖြစ်သည်။ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ အခြားလူများ၏ တာဝန်များကို ထမ်းဆောင်ခြင်းအား နှောင့်ယှက်မည့် မကောင်းမှုကို မလုပ်နှင့်။ သမ္မာတရားကို ဆန့်ကျင်ပြီး ဘုရားသခင်ကို အာခံဆန့်ကျင်သော မည်သည့်အရာကိုမျှ မလုပ်ဆောင်နှင့်။ တစ်သက်လုံး ရရှိမည့်နောင်တများကို မဖြစ်ပေါ်စေနှင့်။ လူတစ်ဦးက ပြစ်မှားမှုများကို အလွန်အမင်း ကျူးလွန်မိပါက မည်သို့ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့အပေါ် ဘုရားသခင်၏ ဒေါသကို ဆက်လက် တိုးပွားလာနေစေခြင်းဖြစ်သည်။ သင်သည် အစဉ်သဖြင့် ဆက်လက်ပြစ်မှားနေပြီး သင့်အပေါ် ဘုရားသခင်၏ အမျက်ဒေါသသည် အစဉ် ကြီးမားလာလျှင် အဆုံး၌ သင်သည် အပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်။
အပေါ်ယံတွင် လူအချို့၌ ၎င်းတို့တာဝန်များကို ထမ်းဆောင်သည့် အချိန်တစ်လျှောက်တွင် မည်သည့်အရေးကြီးသည့် ပြဿနာမျှ ရှိသည့်ပုံမပေါ်ပေ။ ၎င်းတို့သည် လူသိရှင်ကြား ဆိုးယုတ်သောအရာကို မလုပ်ပေ။ ၎င်းတို့သည် အနှောင့်အယှက်၊ အဖျက်အဆီးများ မဖြစ်ပေါ်စေကြပေ၊ သို့မဟုတ် အန္တိခရစ်တို့၏ လမ်းကြောင်းကို မလျှောက်ပေ။ ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် အခြေခံစည်းမျဉ်းများနှင့်သက်ဆိုင်သော ကြီးမားသော အမှားတစ်စုံတစ်ရာ၊ သို့မဟုတ် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာခြင်းမရှိပေ။ သို့တိုင်အောင် သတိမမူမိလိုက်ဘဲ တိုတောင်းသည့်နှစ်အနည်းငယ်မျှအတွင်းတွင် ၎င်းတို့သည် သမ္မာတရားကို လုံးဝလက်မခံခြင်းအဖြစ်၊ မယုံကြည်သူတစ်ယောက်ဖြစ်ခြင်းအဖြစ် ထုတ်ဖော်ခံရသည်။ အဘယ်ကြောင့် ဤသို့ဖြစ်သနည်း။ အခြားလူတို့သည် အကြောင်းကိစ္စတစ်ခုကို မမြင်နိုင်သော်လည်း ဘုရားသခင်က ဤလူတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးကို ဆန်းစစ်ပြီး ပြဿနာကို မြင်သည်။ ၎င်းတို့သည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေသာလုပ်ကြပြီး မိမိတို့၏ တာဝန်များ ထမ်းဆောင်ရာတွင် နောင်တရခြင်း မရှိပေ။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် သဘာဝအလျောက် ထုတ်ဖော်ခံရသည်။ နောင်တမရဘဲရှိနေသည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ၎င်းတို့သည် ဤအချိန်တစ်လျှောက်တွင် ၎င်းတို့တာဝန်များကို ထမ်းဆောင်ခဲ့သော်လည်း ယင်းတို့အပေါ် လွဲမှားသော သဘောထား၊ ဝတ်ကျေတမ်းကျေဆန်ခြင်း သဘောထား၊ သာမန်ကာလျှံကာ သဘောထားတစ်ခုဖြင့် အစဉ်ရှိကြပြီး မိမိတို့၏ တာဝန်များတွင် မိမိတို့၏ စိတ်နှလုံးအကြွင်းမဲ့ ပေးထားဖို့ မဆိုထားနှင့်၊ မည်သည့်အခါမျှ တာဝန်သိတတ်ခြင်းမရှိဆိုသည်ကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့သည် အနည်းငယ် လုံ့လစိုက်ထုတ်ကောင်း စိုက်ထုတ်နိုင်သည်၊ သို့သော် ၎င်းတို့သည် ဟန်ပြလုပ်ဆောင်နေခြင်းသာဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များအတွက် အစွမ်းကုန် အားထုတ်ဆောင်ရွက်ခြင်း မရှိသည့်အပြင် ၎င်းတို့၏ပြစ်မှားမှုတို့သည် အဆုံးမရှိပေ။ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် မည်သည့်အခါမျှ နောင်တမရခဲ့ပေ။ ၎င်းတို့သည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေဖြစ်ကြသည်။ ၎င်းတို့တွင် မည်သည့်အပြောင်းအလဲမျှ လုံးဝ မရှိခဲ့ဖူးပေ။ တစ်နည်းဆိုရလျှင် ၎င်းတို့သည် ၎င်းတို့လက်ထဲရှိ မကောင်းမှုကို စွန့်လွှတ်ပြီး ဘုရားသခင်ထံ နောင်တရခြင်းမရှိပေ။ ဘုရားသခင်သည် ၎င်းတို့အတွင်း၌ နောင်တရခြင်းသဘောထားကို မမြင်ရ၊ ၎င်းတို့၏ သဘောထားတွင် ပြောင်းပြန်လှန်ပစ်မှုကို မမြင်ရပေ။ ၎င်းတို့သည် ၎င်းတို့၏တာဝန်များနှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များအပေါ် ဤသို့သော သဘောထား၊ ဤသို့သော နည်းလမ်းမျိုး ထားရှိခြင်းကို ဆက်လက် ပြုလုပ်ကြသည်။ အချိန်တစ်လျှောက်လုံးတွင် ဤခေါင်းမာသော၊ မလျှော့သော စိတ်သဘောထားတွင် ပြောင်းလဲမှုမရှိပေ။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်အပေါ် အကြွေးတင်သည်ဟု လုံးဝ မခံစားရ၊ ၎င်းတို့၏ ဝတ်ကျေတမ်းကျေဆန်ခြင်းသည် ပြစ်မှားမှုဖြစ်သည်၊ မကောင်းသည့် လုပ်ရပ်ဖြစ်သည်ဟု လုံးဝ မခံစားရပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် မိမိကိုယ်ကို စွပ်စွဲဖို့မဆိုထားနှင့်၊ အကြွေးတင်ခြင်း၊ အပြစ်ရှိသည်ဟု ခံစားရခြင်း၊ မိမိကိုယ်ကို အပြစ်တင်ခြင်းတို့ မရှိပေ။ အချိန်များစွာ ကုန်ဆုံးလာသည်နှင့်အမျှ ဤလူစားမျိုးသည် ကုစား၍ မရနိုင်တော့ဆိုသည်ကို ဘုရားသခင်က မြင်သည်။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ တရားဒေသနာမည်မျှကို ၎င်းတို့ကြားသည်ဖြစ်စေ၊ သို့မဟုတ် သမ္မာတရားကို မည်မျှနားလည်သည်ဖြစ်စေ ၎င်းတို့စိတ်နှလုံးသည် တို့ထိခံရခြင်း မရှိဘဲ ၎င်းတို့သဘောထားသည်လည်း ပြောင်းလဲခြင်း၊ သို့မဟုတ် နောက်ပြန်လှည့်ခြင်းမရှိပေ။ ဘုရားသခင်က ဤအရာကိုမြင်ပြီး “ဤလူအတွက် မျှော်လင့်ချက်မရှိတော့။ ငါပြောသည့် မည်သည့်အရာကမျှ ၎င်းတို့စိတ်နှလုံးကို မတို့ထိ။ ငါပြောသည့် မည်သည့်အရာကမျှ ၎င်းတို့ကို နောက်ပြန်မလှည့်စေပေ။ ၎င်းတို့ကို ပြောင်းလဲရန် နည်းလမ်းမရှိ။ ဤသူသည် တာဝန်ကို ထမ်းဆောင်ရန် မသင့်တော်။ ငါ၏အိမ်တွင် အလုပ်လုပ်ပေးရန် မသင့်တော်” ဟု ဆိုသည်။ အဘယ်ကြောင့် ဘုရားသခင်က ဤသို့ဆိုသနည်း။ ယင်းမှာ ၎င်းတို့သည် ၎င်းတို့တာဝန်ကို ထမ်းဆောင်ပြီး အလုပ်လုပ်သောအခါ တစ်သမတ်တည်း ဝတ်ကျေတမ်းကျေပြုသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ပြုပြင်ခြင်းကို မည်မျှခံရပြီး သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို မည်မျှလက်ကမ်းခံရပါစေ သက်ရောက်မှုမရှိဘဲ ၎င်းတို့ကို အမှန်တကယ် နောင်တရအောင်၊ သို့မဟုတ် ပြောင်းလဲအောင် မပြုလုပ်နိုင်သောကြောင့်ဖြစ်သည်။ ယင်းက ၎င်းတို့ကို ၎င်းတို့တာဝန်ကိုကောင်းမွန်စွာ ဆောင်ရွက်အောင် မပြုလုပ်နိုင်ပေ၊ သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းရန် အခွင့်ကို မပေးနိုင်ပေ။ ထို့ကြောင့် ဤသူသည် ကုစား၍မရနိုင်တော့ပေ။ လူတစ်ယောက်သည် ကုစား၍ မရနိုင်တော့ဟု ဘုရားသခင်က သတ်မှတ်သောအခါ သူသည် ဤသူအပေါ်တွင် တင်းကျပ်စွာ ထိန်းချုပ်ထားဦးမည်လော။ ဤသို့ ပြုလုပ်မည်မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့ကို စွန့်လွှတ်လိမ့်မည်ဖြစ်သည်။ အချို့လူတို့က “ဘုရားသခင်၊ ကျွန်ုပ်ကို သက်ညှာတော်မူပါ။ ဒုက္ခခံစားရစေရန် မပြုလုပ်ပါနှင့်။ ကျွန်ုပ်ကို ပဲ့ပြင်ဆုံးမခြင်း မပြုလုပ်ပါနှင့်။ ကျွန်ုပ်ကို လွတ်လပ်ခွင့်အချို့ပေးပါလော့။ အမှုအရာများကို အနည်းငယ် ဝတ်ကျေတမ်းကျေဖြစ်စွာ လုပ်ဆောင်ခွင့်ပြုပါ။ အနည်းငယ် အပျော်အပါး လိုက်စားခွင့်ပေးပါ။ ကိုယ့်ကိုယ်ကိုယ်၏ အရှင်သခင် ဖြစ်ခွင့်ပေးပါ” ဟူ၍ အစဉ်သဖြင့် တောင်းပန်ကြသည်။ ၎င်းတို့သည် ချုပ်ထိန်းခြင်းကို မခံလိုကြပေ။ ဘုရားသခင်က “သင်သည် မှန်သောလမ်းကို မလျှောက်လိုသောကြောင့် ငါသင့်ကို စွန့်လွှတ်မည်။ ငါသည် သင့်ကို လွတ်လပ်ခွင့်ပေးမည်။ သွား၍ သင်အလိုရှိသောအရာကို လုပ်ဆောင်လော့။ သင်သည် ကုစား၍မရနိုင်တော့သောကြောင့် ငါသင့်ကို ကယ်တင်မည် မဟုတ်” ဟု ဆိုသည်။ ကုစား၍မရနိုင်တော့သောသူတို့၌ အသိတရားတစ်စုံတစ်ရာရှိသလော။ အကြွေးတင်သည်ဟူသော ခံစားချက်တစ်စုံတစ်ရာရှိသလော။ အပြစ်တင်သည့် ခံစားချက် တစ်စုံတစ်ရာရှိသလော။ ၎င်းတို့သည် ဘုရားသခင်၏ အပြစ်တင်မှု၊ ပဲ့ပြင်ဆုံးမမှု၊ ရိုက်နှက်မှုနှင့် တရားစီရင်မှုကို ခံစားသိရှိနိုင်သလော။ ယင်းကို ၎င်းတို့မခံစားနိုင်ပေ။ ဤအရာတို့တွင် မည်သည့်အရာကိုမျှ ၎င်းတို့သတိမပြုမိပေ။ ဤအရာတို့သည် ၎င်းတို့စိတ်နှလုံးများထဲတွင် မှေးမှိန်နေသည်၊ သို့မဟုတ် ရှိပင် မရှိပေ။ လူတစ်ယောက်သည် ဤအဆင့်သို့ ရောက်ရှိသောအခါ စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိတော့၍ ကယ်တင်ခြင်းကို ရရှိနိုင်သေးသလော။ ပြောရန် ခက်သည်။ လူတစ်ယောက်၏ ယုံကြည်ခြင်းသည် ဤသို့သောနေရာသို့ ရောက်သောအခါတွင် သူသည် အန္တရာယ်ရှိပြီဖြစ်သည်။ သင်တို့သည် ဤအကျိုးဆက်ကို ရှောင်ကြဉ်ပြီး ဤသို့သောအခြေအနေ မပေါ်ပေါက်စေဖို့ သေချာစေရန်အတွက် မည်သို့အားထုတ်သင့်သည်၊ မည်သို့လက်တွေ့လုပ်ဆောင်သင့်သည်နှင့် မည်သည့်လမ်းကြောင်းကို ရွေးချယ်သင့်သည်တို့ကို သိကြသလော။ အရေးကြီးဆုံးအရာမှာ ပထမဦးစွာ မှန်ကန်သောလမ်းကြောင်းကို ရွေးချယ်ဖို့ဖြစ်သည်။ ထို့နောက် လက်ရှိအချိန်တွင် သင်ထမ်းဆောင်သင့်သည့် တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းတွင် အာရုံစူးစိုက်ရန်ဖြစ်သည်။ ဤသည်မှာ အနိမ့်ဆုံးစံနှုန်း၊ အခြေခံအကျဆုံး စံနှုန်းဖြစ်သည်။ ဤအခြေပြုချက်ဖြင့် သင်သည် မိမိ၏ တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်ရန် သမ္မာတရားကို ရှာဖွေသင့်ပြီး စံနှုန်းများအတိုင်း အားထုတ်သင့်သည်။ အကြောင်းမှာ သင့်အား ဘုရားသခင်နှင့် ဆက်သွယ်ပေးသည့် ရင်းနှီးမှုကို သိသိသာသာ အထင်ဟပ်ဆုံးသော အရာသည် သင့်အပေါ် ဘုရားသခင်မှ အပ်နှံသည့် အကြောင်းအရာများနှင့် သင့်ကို ဘုရားသခင် ချပေးသည့် တာဝန်အပေါ် သင် ခံယူသည့် ပုံစံနှင့် သင့်တွင်ရှိသော သဘောထားဖြစ်သည်။ တိုက်ရိုက်အကျဆုံးနှင့် ကြည့်ရှုလေ့လာနိုင်ဆုံးသောအရာမှာ ဤပြဿနာ ဖြစ်သည်။ ဘုရားသခင်သည် စောင့်ဆိုင်းနေသည်။ သင်၏သဘောထားကို သူမြင်လိုသည်။ ဤအရေးကြီးသည့်အဆင့်တွင် သင်သည် မိမိ၏ အနေအထားကို ဘုရားသခင်သိစေရန်၊ သူ၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန်နှင့် မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် အဆောတလျင်ဖြင့် လုပ်ဆောင်သင့်သည်။ ဤအရေးပါသော အချက်ကို သင် နားလည်သဘောပေါက်ပြီး ဘုရားသခင်မှ သင့်ကို ပေးအပ်သော စေခိုင်းချက်ကို ဖြည့်ဆည်းသည့်အခါတွင် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်လိမ့်မည်။ ဘုရားသခင်က သင့်အား အလုပ်တာဝန်တစ်ခုကို အပ်နှံသောအခါ၊ သို့မဟုတ် တာဝန်တစ်ခုကို ထမ်းဆောင်ရန် ပြောသောအခါ သင်၏ သဘောထားသည် ပြီးစလွယ်ဖြင့် စိတ်မပါဖြစ်နေလျှင်၊ ယင်းကို လေးလေးနက်နက် မခံယူလျှင် ဤသည်မှာ သင်၏ စိတ်နှလုံးနှင့် ခွန်အားအလုံးစုံကို ပေးခြင်းနှင့် ဆန့်ကျင်ဘက် အတိအကျပင် မဟုတ်သလော။ သင်၏တာဝန်ကို ဤနည်းအားဖြင့် သင်ထမ်းဆောင်နိုင်သလော။ သေချာပေါက် မထမ်းဆောင်နိုင်ပေ။ သင်သည် မိမိ၏တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်မည်မဟုတ်။ သို့ဖြစ်၍ သင်၏တာဝန်ကို ထမ်းဆောင်သည့်အချိန်တွင် သင်၏ သဘောထားအပြင် သင်ရွေးချယ်သည့် နည်းစနစ်နှင့် လမ်းကြောင်းတို့က အတိမ်းအစောင်းမခံနိုင်အောင် အရေးကြီးလှသည်။ မိမိတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန် ပျက်ကွက်သူများသည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ခဲ့သည်ဖြစ်စေ ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။