မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၃) အပိုင်း တစ်
ယနေ့တွင် အယူအဆများနှင့်ဆိုင်သည့်ကိစ္စအကြောင်း ဆက်၍ မိတ်သဟာယပြုကြမည်။ ဤအကြောင်းကို ငါတို့ ယခင်က နှစ်ကြိမ်မျှ မိတ်သဟာယပြုခဲ့ကြပြီဖြစ်ပြီး ယနေ့တွင် အဆုံးသတ်ဖို့ နောက်တစ်ကြိမ် မိတ်သဟာယပြုကြမည် ဖြစ်သည်။ ယခင်က မိတ်သဟာယပြုခဲ့သည့်အရာနှင့် စပ်လျဉ်း၍ ယင်းနောက်တွင် သင်တို့သည် သင်တို့ကြားထဲ၌ ပြောဆိုဆွေးနွေးသင့်သည်။ ထို့နောက် ဤအရာများကို ဆင်ခြင်နှလုံးသွင်းပြီး နည်းနည်းချင်း တွေ့ကြုံသင့်သည်။ ဤအကြောင်းအရာများကို တစ်ရက်နှစ်ရက်တည်းဖြင့် အပြည့်အဝ သဘောမပေါက်နိုင်ချေ။ လူတစ်ဦးသည် ယင်းတို့ကို ဘဝတွင် တွေ့ကြုံခြင်းနှင့် လေ့လာစိစစ်ခြင်းဖြင့်သာ တဖြည်းဖြည်း နားလည်လာနိုင်သည်။ မှတ်ဉာဏ်တစ်ခုတည်းကို အခြေခံ၍ ယခု သင်တို့မိတ်သဟာယပြုနိုင်သည်မှာ အလွတ်ကျက်မှတ်၍ သင်ယူခြင်းသာလျှင် ဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ခြင်းသည် တွေ့ကြုံမှု လိုအပ်သည်။ တကယ့်ဘဝ အတွေ့အကြုံကို အချိန်အတန်ကြာ ဖြတ်သန်းပြီးနောက်မှသာ စစ်မှန်သော နားလည်မှုနှင့် တန်ဖိုးထားမှုကို ရရှိနိုင်သည်။ လူတို့၏ အယူအဆများတွင် အဓိကအားဖြင့် ဘုရားသခင်နှင့် ဘုရားသခင်၏ အလုပ်အပေါ် ၎င်းတို့၏ အယူအဆများ ပါဝင်သည်။ ဤအယူအဆ နှစ်မျိုးသည် လူတို့၏လိုက်စားမှု၊ အကြောင်းကိစ္စများအား ၎င်းတို့ရှုမြင်သည့် နည်းလမ်း၊ ဘုရားသခင်အား ၎င်းတို့၏ နားလည်မှုနှင့် သဘောထားတို့အပေါ် အကျိုးသက်ရောက်မှု အရှိဆုံးဖြစ်ပြီး ဘုရားသခင်အား ယုံကြည်ခြင်း၌ ၎င်းတို့လျှောက်လှမ်းသည့် လမ်းကြောင်းသာမက ၎င်းတို့၏ အသက်တာအတွက် ၎င်းတို့ရွေးချယ်သည့် ဦးတည်ချက်နှင့် ရည်ရွယ်ချက်များအပေါ် ပို၍ပင် အကျိုးသက်ရောက်သည်။ ငါတို့၏ ယခင်မိတ်သဟာယပြုချက် နှစ်ခုမှနေ၍ အယူအဆများမှာ မည်သည့်အရာဖြစ်ကြောင်း သင်တို့ ယခု အတိအကျ အဓိပ္ပာယ်ဖွင့်ဆိုနိုင်သလော။ ဘုရားသခင်အား ယုံကြည်ခြင်းနှင့် ဆိုင်သည့် စိတ်ကူးများသည် အယူအဆတစ်မျိုးပင် ဖြစ်၏။ ဤစိတ်ကူးများသည် လူတို့၏ အပြောအဆိုနှင့် အပြုအမူတွင်သာမက စားသောက်ခြင်း၊ ဝတ်ဆင်ခြင်း၊ နေထိုင်ခြင်းနှင့် သွားလာခြင်းကဲ့သို့သော ၎င်းတို့၏ နေ့စဉ်အသက်ရှင်မှု၏ အသေးအဖွဲလေးများ၏ အပေါ်ယံအပြုအမူအချို့၌ အဓိကအားဖြင့် ပေါ်လွင်ထင်ရှားသည်။ ဤသည်မှာ အခြေခံအကျဆုံး အဆင့်ဖြစ်၏။ နောက်တစ်ဆင့်သွားရလျှင် ဘုရားသခင်အား ယုံကြည်ခြင်း၌ လူတစ်ဦး၏ လိုက်စားမှုနှင့် ထိုသို့လိုက်စားရာ၌ သူလျှောက်လှမ်းသည့် လမ်းကြောင်းသာမက ဘုရားသခင်၏အလုပ်နှင့် ပတ်သက်၍ လူတို့၏ တောင်းဆိုမှုများ၊ စိတ်ကူးများ၊ အထင်လွဲမှားမှုများတို့နှင့် ဆိုင်သည့် စိတ်ကူးအချို့ ရှိသည်။ ဤအထင်လွဲမှားမှုများတွင် မည်သည့်အရာ ပါဝင်သနည်း။ ယင်းတို့ကို အဘယ့်ကြောင့် အထင်လွဲမှားမှုများဟု ခေါ်သနည်း။ အထင်လွဲမှားမှုများဟု ငါတို့ဆိုသောအခါ ယင်းသည် မှန်ကန်သင့်လျော်သော ထင်မြင်ချက် မဟုတ်သည်မှာ သေချာ၏။ ထိုအစား ယင်းမှာ အဖြစ်မှန်များနှင့် တစ်ထပ်တည်းမကျသည့်၊ သမ္မာတရားနှင့် မညီညွတ်သည့်၊ ဘုရားသခင်၏ အလုပ်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် လိုက်လျောညီထွေမှု မရှိဘဲ ဆန့်ကျင်သည့် အရာတစ်ခု၊ သို့မဟုတ် လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် အသိပညာတို့မှ ခံယူရရှိသည့် လူ့ဆန္ဒနှင့်ဆိုင်သော အရာတစ်ခုဖြစ်ကာ ဘုရားသခင်ကိုယ်တော်တိုင် သို့မဟုတ် ဘုရားသခင်၏ အလုပ်နှင့် မည်သို့မျှမသက်ဆိုင်ပေ။ ဤကဲ့သို့သော အယူအဆ၊ စိတ်ကူး၊ အထင်လွဲမှားမှုများနှင့် တောင်းဆိုမှုမျိုးတို့ ပေါ်ပေါက်သောအခါ ယင်းမှာ ဘုရားသခင်နှင့်လည်းကောင်း၊ သူ၏အလုပ်နှင့်လည်းကောင်း ပတ်သက်၍ လူတို့၏ အယူအဆများက အထွတ်အထိပ်ရောက်ပြီဟု ဆိုလိုသည်။ ထိုအဆင့်တွင် လူတို့နှင့် ဘုရားသခင်ကြားမှ ဆက်ဆံရေးမှာ မည့်သည့်အရာ ဖြစ်သွားသနည်း။ (၎င်းတို့အကြားတွင် အတားအဆီးတစ်ခု ဖြစ်ပေါ်လာသည်။) လူတို့နှင့် ဘုရားကြားတွင် အတားအဆီးတစ်ခု ရှိ၏။ ဤသည်မှာ စိုးရိမ်ရသော အရေးကိစ္စ ဟုတ်သလော။ (ဟုတ်ပါသည်။) ထိုသို့သော အတားအဆီးတစ်ခု ဖြစ်ပေါ်လာသောအခါ ယင်းမှာ လူတို့၏ အယူအဆများနှင့် စိတ်ကူးများက အလွန်ပြင်းထန်သည်ဟု ဆိုလိုသည်။ လူတို့နှင့် ဘုရားကြားတွင် အတားအဆီးတစ်ခု ဖြစ်ပေါ်လာသောအခါ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်လုပ်ဆောင်ခဲ့ပြီးသည့် အရာအချို့အပေါ် မကျေနပ်သည်ကို ဆိုလိုကာ ၎င်းတို့သည် ဘုရားသခင်အပေါ် နောက်ထပ် ရင်ဖွင့်လိုစိတ် မရှိတော့ခြင်း၊ ဘုရားသခင်အား ဘုရားအဖြစ် သဘောမထားလိုခြင်း၊ သို့မဟုတ် ဘုရားသခင်အား ကျိုးနွံနာခံမှု မရှိလိုခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် စိတ်သဘောထားကို စတင် ယုံမှားသံသယရှိလာသည်။ ဤအရာနောက်သို့ မည်သည့်သရုပ်သကန်များက ချက်ချင်း လိုက်သနည်း။ (အတိုက်အခံလုပ်ခြင်း ဖြစ်သည်။) အကယ်၍ လူတို့သည် သမ္မာတရားကို မရှာဖွေလျှင် ဤအထင်လွဲမှားမှုက ၎င်းတို့၏ စိတ်နှလုံးထဲတွင် အတားအဆီးတစ်ခုကို ဖန်တီးရုံမျှမက သမ္မာတရား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို အတိုက်အခံလုပ်ခြင်းဟူသည့် အတိုက်အခံလုပ်ခြင်းဆီသို့ ချက်ချင်း ဦးတည်စေသည်။ ၎င်းတို့က “ကိုယ်တော်ပြုလုပ်နေသည့် အရာသည် မသင့်လျော်ပါ။ ယင်းကို ကျွန်ုပ် သဘောမကျသကဲ့သို့ သဘောလည်း မတူပါ” ဟု ဆိုလျက် ဘုရားသခင် လုပ်ဆောင်ခဲ့ပြီးသည့် အရာအပေါ် မကျေမနပ် ဖြစ်လာသည်။ သွယ်ဝိုက်ညွှန်းဆိုသောအမှာစကားမှာ “ကျွန်ုပ်သည် ကျိုးနွံနာခံနိုင်ခြင်း မရှိ။ ဤသည်မှာ ကျွန်ုပ်၏ ရွေးချယ်မှုဖြစ်သည်။ ကွဲလွဲသောအမြင်တစ်ခုကို ကျွန်ုပ် ဖွင့်ဟလိုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်၊ သမ္မာတရားနှင့်၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ခြားနားသည့် ထင်မြင်ချက်တစ်ခုကို ကျွန်ုပ် ဖွင့်ဟလိုသည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သို့သော အပြုအမူမျိုးဖြစ်သနည်း။ (၎င်းတို့သည် ပွက်ပွက်ညံအောင် ကန့်ကွက်နေခြင်း ဖြစ်သည်။) အတိုက်အခံလုပ်ခြင်း နောက်တွင် ပွက်ပွက်ညံအောင် ကန့်ကွက်ခြင်းနှင့် ဆန့်ကျင်ခြင်း ထွက်ပေါ်သည်။ ဤသည်မှာ အရှိန်မြင့်တက်ခြင်း ဖြစ်၏။ လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက နေရာယူသောအခါ အယူအဆတစ်ခုတည်းကပင် သူနှင့် ဘုရားကြား၌ အတားအဆီးနှင့် အထင်လွဲမှားမှုများကို ဖန်တီးနိုင်သည်။ အကယ်၍ ဤသည်ကို သမ္မာတရား ရှာဖွေခြင်းအားဖြင့် ချက်ချင်း မဖြေရှင်းပါက အတားအဆီးသည် ပို၍ကြီးမားလာပြီး ထူထဲသော တံတိုင်းတစ်ခု ဖြစ်လာသည်။ သင်သည် ဘုရားသခင်၏ ဘုရားသဘောသဘာဝ အနှစ်သာရကို မဆိုနှင့်၊ ဘုရားသခင် သို့မဟုတ် သူ၏ စစ်မှန်သော ဖြစ်တည်မှုကို နောက်ထပ် မတွေ့မြင်ရတော့ပေ။ လူဇာတိခံယူထားသော ဘုရားသခင်သည် အမှန်တကယ် ဘုရားဟုတ်မဟုတ်ဆိုသည်ကို သင် စတင်၍ သံသယဖြစ်လာသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အား စားသောက်ရာ၌ စိတ်ဝင်စားမှု ပျောက်ဆုံးသွားပြီး ဘုရားသခင်ထံ ဆုမတောင်းလိုတော့ချေ။ ဤသို့ဖြင့် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပို၍ပို၍ ဝေးကွာလာသည်။ လူတို့သည် အဘယ့်ကြောင့် ထိုကဲ့သို့သော အပြုအမူများကို ပြသနိုင်သနည်း။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်ပြုလုပ်ခဲ့ပြီးသည့် အရာက ၎င်းတို့၏ စိတ်နှလုံးများကို နာကျင်စေပြီးပြီ၊ ၎င်းတို့၏ ဂုဏ်သိက္ခာကို နစ်နာစေပြီးပြီ၊ ထို့ပြင် ၎င်းတို့၏ လူ့အရည်အသွေးကို အရှက်ရစေပြီးပြီဟု ခံစားကြသောကြောင့် ဖြစ်၏။ ဤသည်မှာ အမှန်တကယ် ဤသို့ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် အမှန်တွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ (ယင်းမှာ လူတို့၏ လိုအင်ဆန္ဒများ မပြည့်ဝသည့်အပြင် ၎င်းတို့ကြုံတွေ့ခဲ့ပြီးသည့် အခြေအနေသည် ၎င်းတို့၏ကိုယ်ပိုင် အကျိုးအမြတ်များနှင့် ပါဝင်ပတ်သက်ခဲ့ပြီး ဖြစ်သောကြောင့်ပင်။) ယင်းမှာ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသောကြောင့်ဖြစ်သည်။ ၎င်းတို့၏ လွန်ကဲသော လိုအင်ဆန္ဒများ ချက်ချင်း မပြည့်ဝသောအခါ ၎င်းတို့သည် ဘုရားသခင်အား အတိုက်အခံလုပ်လာပြီး သူ့အနေဖြင့် လူ့အယူအဆများနှင့် မကိုက်ညီသည့် နည်းလမ်းဖြင့် အလုပ်လုပ်ခဲ့ပြီးဖြစ်သည်ကို အလွန်အမင်း မကျေမနပ် ဖြစ်လာကြသည်။ ဘုရားသခင် ပြုလုပ်နေသည့်အရာသည် သမ္မာတရား ဖြစ်ကြောင်း၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်ကြောင်းနှင့် လူတို့အား ကယ်တင်ခြင်းဟူသည့် ရည်ရွယ်ချက်အတွက် ဖြစ်ကြောင်း ၎င်းတို့ ဝန်လည်းမဝန်ခံ၊ လက်လည်းမခံကြပေ။ ၎င်းတို့တွင် ဘုရားသခင် ပြုလုပ်ခဲ့ပြီးသည့် အရာနှင့်ပတ်သက်၍ အယူအဆများနှင့် အထင်လွဲမှားမှုများ ဖြစ်ပေါ်လာကာ ယင်းမှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ထိန်းချုပ်နေသည်ဟု ဆိုလိုသည်။ ဤအတားအဆီးများ ပေါ်လာပြီးနောက် လူတို့သည် အယူအဆများဖြင့် အသက်ရှင်သောအခါ ၎င်းတို့ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးစုံ၏ သရုပ်သကန်များမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ဖို့ သို့မဟုတ် နောင်တရဖို့ မဆိုထားဘိ၊ ရှာလည်းမရှာဖွေ၊ စောင့်လည်း မစောင့်ဆိုင်း၊ သို့မဟုတ် ကျိုးနွံနာခံခြင်းလည်း မရှိပေ။ ၎င်းတို့သည် ပထမဦးစွာ စေ့စေ့စပ်စပ် စစ်ဆေးကာ အကဲဖြတ်ပြီးနောက် ပြစ်တင်ရှုတ်ချသည့်အပြင် နောက်ဆုံးတွင် အတိုက်အခံလုပ်ခြင်း လာလေသည်။ ဤအပြုအမူများသည် ရှာဖွေခြင်း၊ စောင့်ဆိုင်းခြင်း၊ ကျိုးနွံနာခံခြင်း၊ လက်ခံခြင်းနှင့် နောင်တရခြင်းကဲ့သို့သော အပြုသဘောဆောင်သည့် သရုပ်သကန်များ၏ တကယ့်ဆန့်ကျင်ဘက် ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤအပြုအမူများအားလုံးသည် ဆန့်ကျင်ဘက်အရာများ ဖြစ်ကြသည်။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ခြင်း ဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် ထင်မြင်ချက်များကိုသာမက ၎င်းတို့၏ သဘောထား၊ ရည်ရွယ်ချက်များနှင့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအား အကဲဖြတ်ခြင်းအပေါ် ရှုထောင့်အမြင်များကို ထိန်းချုပ်နေသည့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားပင် ဖြစ်၏။ လူတို့သည် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ အကဲဖြတ်ခြင်း၊ ရှုတ်ချခြင်းနှင့် အတိုက်အခံလုပ်ခြင်းကို ပြုလုပ်သောအခါ ၎င်းတို့လျှောက်သည့် နောက်ထပ်ခြေလှမ်းမှာ အဘယ်နည်း။ (ဆန့်ကျင်ခြင်း ဖြစ်၏။) ဤတွင် ဆန့်ကျင်ခြင်း လာလေသည်။ ဆန့်ကျင်ခြင်း၏ သရုပ်သကန်အချို့မှာ အဘယ်နည်း။ (အပျက်သဘောဆောင်ခြင်း၊ မိမိ၏ တာဝန်များကို စွန့်လွှတ်ခြင်းတို့ ဖြစ်ပါသည်။) အပျက်သဘောဆောင်ခြင်းသည် အချက်တစ်ခုဖြစ်သည်။ ၎င်းတို့သည် အလုပ်တွင် အပျက်သဘောဆောင်သည့် ပုံစံဖြင့် ခိုကပ်ကာ ၎င်းတို့၏ တာဝန်များကို စွန့်လွှတ်ကြသည်။ အခြားရှိသေးသလော။ (အယူအဆများကို ဖြန့်ဝေခြင်း ဖြစ်သည်။) (အကဲဖြတ်ချက်များပေးခြင်း ဖြစ်ပါသည်။) အကဲဖြတ်ချက်များ ပေးခြင်း၊ အယူအဆများကို ဖြန့်ဝေခြင်း၊ ဤအရာများအားလုံးသည် ဘုရားသခင်အား ပွက်ပွက်ညံအောင် ကန့်ကွက်ခြင်းနှင့် ဆန့်ကျင်ခြင်းတို့၏ သရုပ်သကန်အချို့ ဖြစ်ကြသည်။ အခြားမည်သည့်အရာရှိသေးသနည်း။ (၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ပြီး မှန်သောလမ်းခရီးကို သစ္စာဖောက်ကောင်း ဖောက်ကြမည်။) ယင်းမှာ အားလုံးအနက် အဆိုးဝါးဆုံးဖြစ်၏။ လူတစ်ဦးသည် ဤအဆင့်သို့ ရောက်သောအခါ ၎င်းတို့၏ နတ်ဆိုးဆန်သော သဘာဝက လုံးလုံး ပေါ်လာကာ ဘုရားသခင်ကို လုံးလုံးလျားလျား ငြင်းပယ်ပြီး သစ္စာဖောက်သည့်အပြင် မည်သည့်အခါ၌မဆို ဘုရားသခင်ထံမှ ရှောင်လွှဲနိုင်သည်။
ယခုလေးတင်၌ ဘုရားသခင်အား ပွက်ပွက်ညံအောင် ကန့်ကွက်ပြီး ဆန့်ကျင်သည့် အပြုအမူများ၏ သရုပ်သကန်အမျိုးမျိုးမှာ မည်သည့်အရာများ ဖြစ်ခဲ့သနည်း။ (အလုပ်တွင် အပျက်သဘောဆောင်သော ပုံစံဖြင့် ခိုကပ်ခြင်း၊ မိမိ၏ တာဝန်များကို စွန့်လွှတ်ခြင်း ဖြစ်၏။) (ဘုရားသခင်ကို ဝေဖန်ကောက်ချက်ချခြင်း ဖြစ်၏။) ဘုရားသခင်နှင့် သူ၏အလုပ်ကို ဝေဖန်ကောက်ချက်ချခြင်းဖြစ်၏။ (ထို့နောက် အယူအဆများကို ဖြန့်ဝေခြင်းနှင့် နောက်ဆုံးတွင် ဘုရားသခင်ကို သစ္စာဖောက်ခြင်း ဖြစ်၏။) ပို၍အသေးစိတ် ပြောကြစို့။ အယူအဆများအား ဖြန့်ဝေရာ၌ မကျေမနပ်ပြောခြင်း တစ်စုံတစ်ရာ ပါဝင်သလော။ (ပါဝင်ပါသည်။) တစ်ခါတစ်ရံတွင် အယူအဆများအား ဖြန့်ဝေခြင်းသည် “ဘုရားသခင် ပြုလုပ်သည့်အရာသည် မဖြောင့်မတ်” “ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်ပြီး လူတို့ကို ယုံကြည်သည်မဟုတ်” ဟူသည်နှင့် “ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ကျွန်ုပ်ယုံကြည်သည်” ဟူသည့်အရာကဲ့သို့သော မကျေမနပ်ပြောခြင်းနှင့် ရောနှောတတ်သည်။ ဤစကားများတွင် မကျေနပ်သည့် အရိပ်အငွေ့များ ပါရှိသည်။ အပျက်သဘောဆောင်သော ပုံစံဖြင့် ခိုကပ်ခြင်း၊ အယူအဆများကို ဖြန့်ဝေခြင်းနှင့် ဘုရားသခင်ကို ဝေဖန်ကောက်ချက်ချခြင်းတို့အားလုံးသည် တော်တော်ဆိုးဝါးသော အပြုအမူများ ဖြစ်သော်လည်း အဆိုးဝါးဆုံးမှာ သစ္စာဖောက်ခြင်းဖြစ်သည်။ ဤလေးခုသည် အတော်ပင် သိသာထင်ရှားသည်၊ အတော်ပင် ဆိုးဝါးသည်၊ ထို့ပြင် ဘုရားသခင်ကို တိုက်ရိုက် ခုခံသည့် သဘာဝနှင့် စပ်ဆိုင်သည်။ သင်တို့ စဉ်းစားမိနိုင်သည့်၊ တွေ့မြင်ခဲ့ဖူးသည့်၊ သို့မဟုတ် သင်တို့ကိုယ်တိုင်ပင် ပြုလုပ်ခဲ့ဖူးသည့် ဤအပြုအမူများထဲရှိ သတ်သတ်မှတ်မှတ်ရှိသော သရုပ်သကန်အချို့မှာ အဘယ်နည်း။ (ဤတွင် လှုံ့ဆော်မှုလည်း ရှိ၏။ ဘုရားသခင်အပေါ် မကျေနပ်ချက်ကို ရင်ဖွင့်ဖို့အတွက် အချို့က ပို၍ပင်များသော လူတို့ကို ဘုရားသခင်အား ဆန့်ကျင်ရန် လှုံ့ဆော်ကြသည်။) ဤသည်မှာ အယူအဆများအား ဖြန့်ဝေခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်ပေသည်။ အပြင်ပန်းတွင် ကျိုးနွံနာခံပုံ ပေါက်သော်လည်း ဆုတောင်းစဉ်တွင် “ဤအရာကို ဘုရားသခင် ထုတ်ဖော်ပါစေ။ ကျွန်ုပ်ပြုလုပ်နေသည့် အရာမှာ မှန်ကန်၏။ အရာအားလုံးသည် အချိန်တန်လျှင် ထုတ်ဖော်ခံရမည်။ ဘုရားသခင် ဖြောင့်မတ်သည်ကို ကျွန်ုပ်သိသည်” ဟု ဆိုသောသူတို့ ရှိသလော။ ဤစကားများမှာ တိကျမှန်ကန်သည်ဟု ထင်ရသည်၊ စိတ်ချယုံကြည်နိုင်လောက်အောင်ပင် ခိုင်လုံသည်ဟု ထင်ရမည်ဖြစ်သော်လည်း ၎င်းတို့သည် ဘုရားသခင်အပေါ် အာခံဖီဆန်ခြင်းနှင့် မကျေမနပ်ဖြစ်ခြင်းတို့ကို ဖုံးကွယ်ထားကြသည်။ ဤသည်မှာ စိတ်ပိုင်းဆိုင်ရာ ဆန့်ကျင်ခြင်းဖြစ်သည်။ ယင်းမှာ အပျက်သဘောဆောင်သော ခိုကပ်ခြင်းနှင့် အပျက်သဘောဆောင်သော ဆန့်ကျင်ခြင်း ဖြစ်သည်။ အခြား လက္ခဏာသွင်ပြင်များ ရှိသလော။ (အပျက်သဘောဆောင်သော ခိုကပ်ခြင်းကိစ္စ၌ မျှော်လင့်ချက်ပျက်သုဉ်းသော ခံစားချက်၏ လွှမ်းမိုးမှုအောက် ရောက်ခြင်းနှင့် စိတ်ပျက်လက်ပျက်ဖြင့် လက်မြှောက်အရှုံးပေးခြင်းတို့လည်း ရှိကာ ဤသည်မှာ ၎င်းတို့အဖြစ်သနစ်ပင် ဖြစ်သည်၊ ဤသည်မှာ ၎င်းတို့၏ သဘာဝပင် ဖြစ်သည်ဟု ထင်မှတ်လေသည်။ ၎င်းတို့ကို မည်သူမျှ ကယ်တင်၍မရသည့်အတွက် ၎င်းတို့ကို ဘုရားသခင် ဖျက်ဆီးလိုက ဖျက်ဆီးစေတော့ဟု တွေးတောလေသည်။) ဤသည်မှာ တိတ်တဆိတ် အတိုက်အခံလုပ်ခြင်း ပုံစံတစ်ခုဖြစ်၏။ ၎င်းတို့၏ တကယ့်အခြေအနေမှာ အပျက်သဘောဖြစ်ကာ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် နားလည်၍မရသည့်အပြင်၊ လူတို့သည် ယင်းတို့ကို အမှန်တကယ် သဘောမပေါက်နိုင်သဖြင့် ဘုရားသခင်သည် ပြုလုပ်လိုသမျှကို ပြုလုပ်စေတော့ဟု စဉ်းစားလေသည်။ အပြင်ပန်းတွင် ၎င်းတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားချက်များနှင့် အစီအမံများကို ကျိုးနွံနာခံခဲ့ပြီးဟန် တူသော်လည်း အမှန်တကယ်တွင်မူ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲ၌ ဘုရားသခင်၏ အစီအစဉ်များကို အကြီးအကျယ် ခုခံကြကာ အထူးသဖြင့် မကျေမနပ်ဖြစ်ပြီး အာခံဖီဆန်ကြသည်။ ၎င်းတို့က ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်ဖြစ်ကြောင်း အသိအမှတ် ပြုနှင့်ပြီးဖြစ်ကာ နောက်ထပ် မည်သည့်တောင်းဆိုချက်မျှ မပြုလုပ်ကြတော့ပေ။ သို့ဆိုလျှင် ဤသည်မှာ အတိုက်အခံလုပ်သော သဘောထားဖြစ်သည်ဟု အဘယ့်ကြောင့် ဆိုသနည်း။ ယင်းကို အဘယ့်ကြောင့် ဤနည်းဖြင့် သရုပ်ဖော်သနည်း။ အမှန်တွင် ၎င်းတို့၏ အသိစိတ်ထဲ၌ ဤအကြောင်းကိစ္စကိုလည်း မရှုတ်ချလိုပေ။ ၎င်းတို့က “ဘုရားသခင် ပြုလုပ်ခဲ့ပြီးသောအရာသည် မှားယွင်း၏။ ထိုအရာကို ကျွန်ုပ် လက်မခံပေ။ ဘုရားသခင် ပြုလုပ်ခဲ့ပြီးသော အခြားအရာများကို ကျွန်ုပ် ကျိုးနွံနာခံနိုင်သော်လည်း ဤအရာကို မနာခံနိုင်ပေ။ မည်သို့ဆိုစေ ဤအတွက်ကြောင့် ကျွန်ုပ်သည် အလုပ်၌ အပျက်သဘောဆောင်သော ပုံစံဖြင့် ခိုကပ်လိုက်မည်” ဟူသည့် သန္နိဋ္ဌာန်တစ်ခု မချလိုပေ။ ၎င်းတို့၏ မသိစိတ်ထဲတွင် ၎င်းတို့၏အခြေအနေမှာ ဤကဲ့သို့မဟုတ်၊ ၎င်းတို့၌ ဤနားလည်သဘောပေါက်ခြင်း မရှိပေ။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ၎င်းတို့သည် အတော်ပင် ဖီဆန်တတ်သည်၊ မကျေမနပ်ဖြစ်သည်၊ သို့မဟုတ် မခံမရပ်နိုင်အောင် ဖြစ်သည်။ လူအချို့သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို မှားယွင်းသည်ဟုပင် ပြစ်တင်ရှုတ်ချနိုင်သော်လည်း၊ အမှန်တွင်မူ ၎င်းတို့ယုံကြည်သည်မှာ ဘုရားသခင်ဖြစ်သည့်အတွက် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲ၌ ၎င်းတို့၏ မိမိခံစားချက်မှဖြစ်သော လိုအင်ဆန္ဒများအရ ၎င်းတို့သည် မိမိ၏အသိစိတ်ထဲ၌ ဘုရားသခင်ကို ပြစ်တင်ရှုတ်ချမှု မပြုလိုပေ။ သို့ဆိုလျှင် ဤအပြုအမူသည် ဆန့်ကျင်သော အပြုအမူ ဖြစ်သည်၊ ယင်းသည် အပျက်သဘောဆောင်သော ခိုကပ်ခြင်းဖြစ်သည်၊ ထို့ပြင် ယင်း၌ အပျက်သဘောဆောင်ခြင်း အရိပ်အယောင်များ ပါရှိသည်ဟု အဘယ့်ကြောင့် ဆိုသနည်း။ အပျက်သဘောဆောင်ခြင်း ကိုယ်၌သည် ခုခံခြင်းနှင့် အတိုက်အခံလုပ်ခြင်း ပုံစံတစ်မျိုးဖြစ်ပြီး ယင်း၌ အချို့သော သရုပ်သကန်များရှိ၏။ ပထမအနေဖြင့် လူတို့သည် စိတ်ပျက်လက်ပျက်ဖြင့် အရှုံးပေးခြင်းနှင့် အပျက်သဘောဆောင်သော ပုံစံဖြင့် ခိုကပ်ခြင်းကဲ့သို့သော အခြေအနေများ ဖြစ်ပေါ်လာသောအခါ ဤအခြေအနေများသည် မှားယွင်းကြောင်း ၎င်းတို့၏ စိတ်နှလုံးထဲ၌ သတိပြုမိနိုင်သလော။ (သတိပြုမိနိုင်ပါသည်။) နှစ်နှစ်၊ သုံးနှစ်မျှသာ ယုံကြည်လာခဲ့သောသူတို့နှင့် တရားဒေသနာများကို ရံဖန်ရံခါမျှသာ ကြားသောသူတို့မှလွဲ၍ ဤအရာကို လူတိုင်း သတိပြုမိနိုင်သည်။ ထိုသူတို့သည် ဤအကြောင်းကိစ္စများကို နားမလည်ကြချေ။ သို့သော် လူတစ်ဦးသည် ဘုရားသခင်ကို အနည်းဆုံး သုံးနှစ်မျှ ယုံကြည်လာခဲ့ပြီး တရားဒေသနာများကို မကြာခဏကြား၍ သမ္မာတရားကို နားလည်သရွေ့ ၎င်းတို့၌ ဤသတိပြုမိမှု ရှိနိုင်လေသည်။ ထိုကဲ့သို့သော အခြေအနေများမှာ မှားယွင်းကြောင်း လူတို့ သဘောပေါက်သောအခါ ဆန့်ကျင်ခြင်းကို ရှောင်ကြဉ်ဖို့ ၎င်းတို့ ဘာလုပ်သင့်သနည်း။ ပထမအနေဖြင့် ၎င်းတို့သည် ရှာဖွေရမည်။ ဘာကို ရှာဖွေရမည်နည်း။ ဘုရားသခင်သည် အဘယ့်ကြောင့် အမှုအရာများကို ဤပုံစံအတိုင်း စီစဉ်ညွှန်ကြားထားသည်၊ ၎င်းတို့အပေါ် ထိုကဲ့သို့သော အခြေအနေများ အဘယ့်ကြောင့် ကျရောက်သွားရသည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ မည်သည့်အရာများဖြစ်သည်နှင့် ၎င်းတို့ မည်သည့်အရာ ပြုလုပ်သင့်သည်တို့ကို ရှာဖွေရမည်။ ဤသည်တို့မှာ အပြုသဘောဆောင်သည်၊ ဤသည်တို့မှာ လူတို့ရှိသင့်သည့် သရုပ်သကန်များ ဖြစ်ကြသည်။ အခြားနောက်ထပ်ရော။ (လက်ခံရန်၊ ကျိုးနွံနာခံရန်နှင့် မိမိ၏ကိုယ်ပိုင် ထင်မြင်ချက်များကို လက်လွှတ်ရန် ဖြစ်သည်။) သင်၏ကိုယ်ပိုင် ထင်မြင်ချက်များကို လက်လွှတ်ရန် လွယ်ကူသလော။ (မလွယ်ကူပါ။) သင်မှန်သည်ဟု ထင်လျှင် ယင်းတို့ကို လက်လွှတ်နိုင်မည် မဟုတ်ပေ။ လက်လွှတ်လိုက်ခြင်း အဆင့်သို့ရောက်ရန် ခြေလှမ်းများ ပါဝင်၏။ သို့ဆိုလျှင် ဤအရာအတွက် အဆီလျော်ဆုံးနှင့် အသင့်တော်ဆုံးမှာ မည်သည့်လက်တွေ့လုပ်ဆောင်မှုများ ဖြစ်သနည်း။ (ဆုတောင်းခြင်း ဖြစ်ပါသည်။) အကယ်၍ သင်၏ဆုတောင်းချက်သည် အနှစ်မဲ့သော ဝါကျအနည်းငယ်သာ ပါဝင်ပြီး သင်သည် ဝတ်ကျေတမ်းကျေသာ ဆုတောင်းနေပါက ပြဿနာပြေလည်မည် မဟုတ်ပေ။ သင်သည် “အို ဘုရားသခင်၊ ကျိုးနွံနာခံရန် ကျွန်ုပ်အလိုရှိပါ၏။ ကျွန်ုပ် ကျိုးနွံနာခံနိုင်ရန်အတွက် ကျေးဇူးပြု၍ ကျွန်ုပ်၏ အခြေအနေများကို စီမံပေးပြီး စီစဉ်ညွှန်ကြားပေးပါ။ ကျွန်ုပ် ကျိုးနွံနာခံနိုင်ခြင်း မရှိသေးပါက ရိုက်နှက်ပေးပါ” ဟု ဆုတောင်းလေသည်။ ဤကဲ့သို့ အနှစ်မဲ့သော ဝါကျအနည်းငယ်ကို ပြောဆိုခြင်းက သင်၏မှားယွင်းနေသော အခြေအနေကို ပြောင်းလဲပေးသလော။ လုံးဝ ပြောင်းလဲမပေးချေ။ သင်သည် အပြောင်းအလဲတစ်ခုကို ဖြစ်ပေါ်စေဖို့အတွက် လက်တွေ့လုပ်ဆောင်မှု နည်းလမ်းတစ်ခု လိုအပ်သည်။ သို့ဆိုလျှင် အရာရာကို ပြောင်းလဲပစ်ဖို့ရန် သင် မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်နိုင်သနည်း။ (လူတစ်ဦးသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို တက်ကြွစွာ ရှာဖွေပြီး အတွင်းစိတ်ထဲ၌ ဘုရားသခင်သည် မှန်ကန်ပြီး မိမိမှားယွင်းကြောင်း ဝန်ခံသည့်အပြင် မိမိကိုယ်ကို ငြင်းပယ်နိုင်ရမည် ဖြစ်သည်။) ဤသည်တို့မှာ လက်တွေ့လုပ်ဆောင်မှု နည်းလမ်းနှစ်ခုဖြစ်၏။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို တက်ကြွစွာ ရှာဖွေခြင်းနှင့် အတွင်းစိတ်ထဲ၌ ဘုရားသခင် မှန်ကန်ပြီး မိမိကိုယ်တိုင်မှားယွင်းသည်ဟု ဝန်ခံခြင်းတို့ ဖြစ်သည်။ ဤနည်းလမ်းနှစ်ခုလုံးမှာ အတော်လေး ကောင်းသည်၊ နှစ်ခုလုံးက မှန်ကန်သောအရာများကို ပြောသည်။ သို့သော် တစ်ခုသည် လက်တွေ့အကျဆုံး ဖြစ်၏။ မည်သည့်အရာသည် လက်တွေ့ကျသနည်း။ မည်သည့်အရာသည် အနှစ်မဲ့သော အပြောဖြစ်သနည်း။ (ဘုရားသခင်၏ ရည်ရွယ်ချက်များကို တက်ကြွစွာ ရှာဖွေခြင်းသည် လက်တွေ့ကျပါသည်။) ယေဘုယျအားဖြင့် ဘုရားသခင်သည် သူ၏ ရည်ရွယ်ချက်များကို သင့်အား တိုက်ရိုက်ပြောမည် မဟုတ်ပေ။ ထိုမျှမက သူသည် သင့်အပေါ် သိနားလည်ခြင်းအလင်းကို ဗြုန်းခနဲပေးမည် မဟုတ်ပေ။ သို့တည်းမဟုတ် သူသည် သင် နားလည်သင့်သည့် ဆီလျော်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတိအကျ စားသောက်ဖို့အတွက် ဦးဆောင်လမ်းပြမည်လည်း မဟုတ်ပေ။ ဤနည်းလမ်းများအားလုံးသည် လူတို့အတွက် လက်တွေ့မကျလွန်းပေ။ သို့ဆိုလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်များအား တက်ကြွစွာ ရှာဖွေခြင်းဟူသည့် ဤနည်းသည် သင်တို့အတွက် ထိရောက်နိုင်သလော။ ထိရောက်သောနည်းလမ်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်၏။ ယင်းသည် သဘာဝအကျဆုံးနှင့် လက်တွေ့အကျဆုံး နည်းလမ်းဖြစ်၏။ မထိရောက်သော နည်းလမ်းသည် အဘယ်မျှကောင်းသည်ဟု ထင်ရစေကာမူ အယူအဆသဘောဆန်ကာ စကားလုံးအဆင့်၌သာ ရှိနေပြီး ရလဒ်မထွက်ပေါ်ပေ။ သို့ဆိုလျှင် မည်သည့်အရာသည် လက်တွေ့ကျသနည်း။ (ဘုရားသခင်သည် သမ္မာတရားဖြစ်ပြီး မိမိကိုယ်တိုင်သည် မှားယွင်းကြောင်း ဝန်ခံသည့် ဒုတိယတစ်ခု ဖြစ်ပါသည်။) မှန်သည်၊ သင်၏အမှားများကို ဝန်ခံခြင်းဖြစ်၏။ ဤသည်မှာ ဆင်ခြင်တုံတရားရှိခြင်း ဖြစ်သည်။ လူအချို့က ၎င်းတို့မှားကြောင်း သတိမပြုမိဟု ဆိုကြသည်။ ဤကိစ္စတွင် သင်သည် ဆင်ခြင်တုံတရားရှိပြီး လက်လွှတ်နိုင်ကာ မိမိကိုယ်ကို ငြင်းပယ်သင့်သည်။ လူအချို့က “ကျွန်ုပ်မှန်သည်ဟု ထင်လေ့ရှိသည့်အပြင် ယခုပင် မှန်သည်ဟု ထင်နေဆဲဖြစ်သည်။ ထိုမျှမက လူအများက ကျွန်ုပ်ကို အသိအမှတ်ပြုပြီး သဘောတူကြသည်။ ပြီးလျှင် ကျွန်ုပ်၏စိတ်နှလုံးထဲတွင် အပြစ်တင်ခြင်းကိုမျှ မခံစားရပေ။ ထို့အပြင် ကျွန်ုပ်၏ ရည်ရွယ်ချက်က မှန်ကန်၏။ သို့ဆိုလျှင် ကျွန်ုပ် အဘယ်သို့ မှားနိုင်မည်နည်း” ဟု ဆိုကြသည်။ လက်လွှတ်ခြင်းနှင့် မိမိကိုယ်ကို ငြင်းပယ်ခြင်းမှ သင့်အား ဟန့်တားနေသည့် အကြောင်းရင်းအချို့ ရှိ၏။ ဤကိစ္စတွင် သင် ဘာလုပ်သင့်သနည်း။ သင်မှန်ကန်သည်ဟု ထင်ဖို့အတွက် သင်၌ မည်သည့်အကြောင်းပြချက်များ ရှိသည်ဖြစ်စေ ဤ “မှန်ကန်သည်” ဟူသည့်အရာက ဘုရားသခင်နှင့် ကွဲလွဲပြီး သမ္မာတရားနှင့် ဆန့်ကျင်ပါက သင်သည် တကယ့်ကို မှားယွင်း၏။ သင်၏စိတ်ထားက အဘယ်မျှပင် ကျိုးနွံနာခံပါစေ၊ သင့်စိတ်နှလုံးထဲတွင် ဘုရားသခင်ထံ သင် မည်သို့ဆုတောင်းသည်ဖြစ်စေ၊ သင်သည် သင်မှားယွင်းကြောင်း နှုတ်အားဖြင့် ဝန်ခံလျှင်ပင်ဖြစ်စေ အတွင်းစိတ်ထဲ၌ ဘုရားသခင်ကို အတိုက်အခံလုပ်နေသေးကာ အပျက်သဘောဆောင်ခြင်း အခြေအနေထဲ၌ နေထိုင်လျှင်ပင် ဤအရာ၏ အနှစ်သာရက ဘုရားသခင်အား ဆန့်ကျင်နေဆဲ ဖြစ်သည်။ ဤအရာက သင် မှားယွင်းနေကြောင်း သတိမပြုမိသေးသည်ကို သက်သေပြနေသည်။ သင်မှားယွင်းသည် ဟူသည့်အချက်ကို သင် လက်မခံချေ။ လူတို့သည် ဘုရားသခင်နှင့် ပတ်သက်သည့် နားလည်မှုလွဲခြင်းများနှင့် အယူအဆများ ဖြစ်ပေါ်စေသည့်အခါ ၎င်းတို့သည် ဘုရားသခင်မှာ သမ္မာတရားဖြစ်ပြီး လူတို့၌ သမ္မာတရားမရှိကြသကဲ့သို့ တလွဲထင်ကြသည်မှာ ၎င်းတို့သာလျှင် ဖြစ်သည်မှာ သေချာသည်ဟု ပထမဆုံး အသိအမှတ်ပြုရမည်ဖြစ်သည်။ ဤသည်မှာ လုပ်ရိုးလုပ်စဉ်တစ်မျိုးလော။ (မဟုတ်ပါ။) သင်သည် အပေါ်ယံအားဖြင့် ဤလက်တွေ့လုပ်ဆောင်မှုကို လုပ်ရိုးလုပ်စဉ်တစ်ခု အဖြစ်သာ ခံယူပါက သင်ကိုယ်တိုင်၏ အမှားများကို သင် သိလာနိုင်သလော။ မည်သည့်အခါတွင်မျှ မသိနိုင်ပေ။ မိမိကိုယ်ကို သိလာခြင်းတွင် အဆင့်အချို့ လိုအပ်သည်။ ပထမဦးဆုံး သင်၏ လုပ်ရပ်များသည် သမ္မာတရားနှင့် အခြေခံသဘောတရားများတို့နှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်ကို သင် ကြည့်ရမည်။ ပထမဦးစွာ သင်၏ ရည်ရွယ်ချက်များကို မကြည့်နှင့်။ သင်၏ ရည်ရွယ်ချက်များ မှန်ကန်သည့် အချိန်များရှိသော်လည်း သင် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများက မှားယွင်းပေသည်။ ဤသို့သော အခြေအနေမျိုး မကြာခဏ ဖြစ်ပျက်သလော။ (ဖြစ်ပျက်ပါသည်။) သင်၏ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများက မှားယွင်းသည်ဟု အဘယ်ကြောင့် ငါ ဆိုသနည်း။ သင့်အနေဖြင့် ရှာဖွေပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း မည်သည့် အခြေခံသဘောတရားများမှာ အဘယ်အရာ ဖြစ်သည်ကို သင် လုံးဝ သိနားလည်မှု ရှိကောင်းရှိမည်မဟုတ်။ သင်သည် လုံးဝ မရှာဖွေသေးသကဲ့သို့ သင်၏ လုပ်ရပ်များကို သင်၏ ကောင်းမွန်သော ရည်ရွယ်ချက်များနှင့် စိတ်အားထက်သန်မှုတို့အပေါ်နှင့် သင်၏ စိတ်ကူးများနှင့် အတွေ့အကြုံတို့အပေါ် လုံးဝဥဿုံ အခြေခံပြီး ရလဒ်အနေဖြင့် သင်သည် အမှားတစ်ခု ပြုလုပ်မိခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ယင်းကို သင် စိတ်ကူးကြည့်နိုင်ပါသလော။ သင်သည် ယင်းကို ကြိုတင်မမျှော်လင့်နိုင်သည့်အပြင် အမှားတစ်ခုကို ပြုမိပြီးဖြစ်၏၊ ထိုအခါ သင်သည် ဖော်ထုတ်ခံခဲ့ရပြီ မဟုတ်လော။ ဖော်ထုတ်ခံရပြီးနောက် သင်သည် ဘုရားသခင်နှင့် ယှဉ်ပြိုင်မြဲယှဉ်ပြိုင်နေပါက ဤအရာတွင် အမှားသည် မည်သည့်နေရာ၌ ရှိသနည်း။ (ဘုရားသခင်သည် မှန်ကန်သည်ဟု အသိအမှတ်မပြုခြင်းနှင့် ကျွန်ုပ်မှန်ကန်သည်ဟု မလျှော့တမ်း ပြောနေခြင်း၌ ရှိပါသည်။) ယင်းမှာ သင်မှားသည့်ပုံဖြစ်၏။ သင်၏ အကြီးမားဆုံးသော အမှားမှာ တစ်စုံတစ်ရာကို သင် အမှားလုပ်ခဲ့ပြီး အခြေခံသဘောတရားများကို ချိုးဖောက်မိခဲ့ကာ ထိုသို့ဖြင့် ဆုံးရှုံးမှုတစ်ခု သို့မဟုတ် အခြား အကျိုးဆက်များကို ဖြစ်စေခြင်း မဟုတ်ဘဲ တစ်စုံတစ်ရာကို အမှားပြုမိပြီးသည့်နောက် သင်သည် သင်၏ကိုယ်ပိုင် အကြောင်းပြချက်၌ နေမြဲနေကာ သင်၏ အမှားကို မဝန်ခံနိုင်ပေ။ သင်သည် ဘုရားသခင်၏အလုပ်နှင့် သူဖော်ပြခဲ့သည့် သမ္မာတရားများကို ငြင်းပယ်လျက် ဘုရားသခင်ကို သင်၏ အယူအဆများနှင့် စိတ်ကူးများအပေါ် အခြေခံ၍ ဆန့်ကျင်ဆဲ ဖြစ်သည်။ ဤသည်မှာ သင်၏ အကြီးမားဆုံးနှင့် အကြီးလေးဆုံး အမှား ဖြစ်ခဲ့သည်။ လူတစ်ဦး၌ရှိသည့် ထိုသို့သော အခြေအနေတစ်ခုသည် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း အခြေအနေတစ်ခု ဖြစ်သည်ဟု အဘယ်ကြောင့် ဆိုရနည်း။ (အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့ပြုလုပ်နေသည်မှာ မှားယွင်းကြောင်း အသိအမှတ်မပြုသောကြောင့် ဖြစ်သည်။) လူတို့သည် ဘုရားသခင် လုပ်ဆောင်သမျှတိုင်းနှင့် သူ၏ အချုပ်အခြာအာဏာတို့ မှန်ကန်ပြီး ယင်းတို့၏ အရေးပါမှုက မည်သည့်အရာဖြစ်သည်ကို သတိပြုမိသည်ဖြစ်စေ၊ မပြုမိသည်ဖြစ်စေ ၎င်းတို့အနေဖြင့် ၎င်းတို့ကိုယ်တိုင် မှားယွင်းသည်ကို အရင်ဦးဆုံး သတိမပြုမိနိုင်ပါက ၎င်းတို့၏ အခြေအနေသည် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း အခြေအနေတစ်ခု ဖြစ်သည်။ ဤအခြေအနေကို ပြုပြင်ဖို့ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ပထမဦးစွာ လူတစ်ဦးသည် မိမိကိုယ်ကို ငြင်းပယ်ရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရန်လိုအပ်ခြင်းနှင့် ပတ်သက်၍ ယခုတင် ငါတို့ပြောဆိုသည့် အရာသည် လူတို့အတွက် လက်တွေ့ကျလှသည် မဟုတ်ပေ။ အချို့က “အကယ်၍ ထိုအရာသည် လက်တွေ့ကျလှသည် မဟုတ်ပါက ယင်းမှာ ရှာဖွေခြင်းသည် မလိုအပ်ဟု ဆိုလိုသလော။ ရှာဖွေကာ နားလည်၍ရနိုင်သည့် အချို့သောအရာများကို ရှာဖွေဖို့ မလိုအပ်ပါပေ။ ထိုအဆင့်ကို ကျွန်ုပ် ကျော်သွားလိုက်၍ရသည်” ဟု ပြောကြ၏။ ဤသည်မှာ သင့်တော်မည်လော။ (မသင့်တော်ပါ။) ဤပုံစံဖြင့် ပြုမူသူတစ်ဦးသည် မကယ်တင်နိုင်လောက်အောင် ဖြစ်သည် မဟုတ်လော။ ထိုသို့သော လူများ၌ ၎င်းတို့၏ သဘောပေါက်နားလည်မှုတွင် လွဲချော်ခြင်းများ ရှိကြ၏။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေခြင်းသည် အနည်းငယ် ဝေးကွာပြီး ချက်ချင်း စွမ်းဆောင်ရရှိ၍ မရပေ။ ဖြတ်လမ်းနည်းအနေဖြင့် မိမိ၏ လုပ်ရပ်များ မှားယွင်းပြီး သမ္မာတရားနှင့် ကိုက်ညီခြင်းမရှိသည်ကို သိရှိလျက် အရင်ဦးဆုံး မိမိကိုယ်ကို လက်လွှတ်ပြီးနောက် သမ္မာတရား အခြေခံသဘောတရားများကို ရှာဖွေခြင်းသည် သာ၍လက်တွေ့ကျ၏။ ဤသည်တို့မှာ စတင်ရမည့် အဆင့်များဖြစ်၏။ ယင်းတို့သည် ရိုးရှင်းပုံရကောင်းရနိုင်သော်လည်း လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည့်အပြင် စိတ်ကူးစိတ်သန်းမျိုးစုံ၊ တောင်းဆိုမှုမျိုးစုံ ရှိကြပြီး ၎င်းတို့သည် လိုအင်ဆန္ဒများအပြင် လူတို့အား မိမိတို့ကိုယ်ကို ငြင်းပယ်ခြင်းနှင့် မိမိတို့ကိုယ်ကို လက်လွှတ်ခြင်းတို့ကို နှောင့်ယှက်သည့် အရာအားလုံး ရှိကြသည့်အတွက် ထိုအဆင့်တို့ကို လက်တွေ့လုပ်ဆောင်ခြင်းသည် အခက်အခဲများစွာ ပါရှိနေသည်။ ဤသည်တို့မှာ လုပ်ဆောင်ဖို့ လွယ်ကူသော အရာများ မဟုတ်ပေ။ ဤအကြောင်းအရာကို ငါတို့ ပို၍ နှိုက်နှိုက်ချွတ်ချွတ် ပြောမည်မဟုတ်ပေ။ ငါတို့၏ နောက်ဆုံး မိတ်သဟာယပြုချက် နှစ်ခု၌ ဆွေးနွေးခဲ့သည့် အယူအဆများကိစ္စကို ဆက်လက် ဆွေးနွေးကြပါစို့။
ယခုတင် ငါတို့မိတ်သဟာယပြုချက်၏ အဓိကအချက်မှာ အယူအဆများက ဘုရားသခင်အကြောင်း အထင်လွဲမှားမှုများဆီသို့ ဦးတည်စေနိုင်ကာ ယင်းက တစ်ပြန်တစ်လှည့်အားဖြင့် လူတို့နှင့် ဘုရားသခင်ကြား၌ အဟန့်အတားကို ဖြစ်ပေါ်စေပြီး ဤအဟန့်အတားက လူတို့ကို ဘုရားသခင်အား ခုခံမှုဖြစ်ပေါ်လာအောင် ဦးတည်စေသည်။ ဤခုခံမှု၏ သဘာဝမှာ အဘယ်နည်း။ (အတိုက်အခံလုပ်ခြင်း ဖြစ်ပါသည်။) ယင်းမှာ အတိုက်အခံလုပ်ခြင်း၊ ဆန့်ကျင်ပုန်ကန်ခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် လူတို့သည် ဘုရားသခင်အား အတိုက်အခံလုပ်ခြင်းနှင့် သူ့အား ပွက်ပွက်ညံအောင် ကန့်ကွက်မှု ပြုလုပ်သောအခါ ဤသည်မှာ နေ့ချင်းညချင်း ဖြစ်ပျက်သော အရာတစ်ခုမဟုတ်ပေ။ ယင်း၌ အကြောင်းရင်းများ ရှိသည်။ ယင်းသည် လူတစ်ဦးက သူဖျားနာနေပြီ ဖြစ်ကြောင်း၊ ထိုနာမကျန်းမှုက အလွန်ပြင်းထန်ကြောင်း ရုတ်တရက် တွေ့ရှိသောအခါကဲ့သို့ ဖြစ်သည်။ သူသည် အခြေအနေက မည်ကဲ့သို့ အလွန်လျင်မြန်စွာ အခြေအနေပြောင်းသွားသည်ကို အံ့သြမိသည်။ အမှန်တွင်မူ ထိုနာမကျန်းမှုက ခန္ဓာကိုယ်ထဲတွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့ပြီး အမြစ်တွယ်နှင့်ပြီး ဖြစ်သည်။ ယင်းသည် သိသာထင်ရှားလာသောနေ့တွင် ကူးစက်ရရှိခဲ့ခြင်း မဟုတ်ပေ။ ထိုအစား ယင်းမှာ ထိုရောဂါကို သူရှာဖွေတွေ့ရှိခဲ့သော နေ့သာဖြစ်သည်။ ငါသည် ဤအရာပြောခြင်းဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်အား ပုန်ကန်နိုင်စွမ်း၊ သူ့အား ဆန့်ကျင်နိုင်စွမ်း၊ သူ့အား ပွက်ပွက်ညံအောင် ကန့်ကွက်နိုင်စွမ်းမှာ ဘုရားသခင်ကို စတင်ယုံကြည်သည့်အချိန်တွင် လူတိုင်း ကြိုတင်ခန့်မှန်းနိုင်သည့် အရာတစ်ခု ဟုတ်သလော။ လုံးဝ မဟုတ်ပေ။ ဤသည်မှာ နောက်ဆုံးတွင် ဘုရားသခင်အား ပွက်ပွက်ညံအောင် ကန့်ကွက်ပြီး ဆန့်ကျင်သည့် လူတိုင်းက ဘုရားသခင်ကို ယုံကြည်ရာ၌ ကနဦးရည်ရွယ်ချက် ဟုတ်သလော။ တစ်ယောက်ယောက်က “ကျွန်ုပ်သည် ဘုရားသခင်ကို ကောင်းချီးများရရှိဖို့ ယုံကြည်ခြင်းမဟုတ်။ ဘုရားသခင်ကို တွေ့မြင်ပြီးနောက် သူ့အား ပွက်ပွက်ညံအောင် ကန့်ကွက်ပြီး အတိုက်အခံလုပ်လိုခြင်းသာ ဖြစ်သည်။ ဤသို့ဖြင့် ကျွန်ုပ်သည် ကျော်ကြားပြီး နာမည်ကြီးလာမည်ဖြစ်ကာ ကျွန်ုပ်သည် အသက်ရှင်ရကျိုးနပ်လာပြီး ဖြစ်မည်” ဟု ဆိုဖူးသလော။ တစ်ယောက်ယောက်၌ ထိုသို့သော အကြံအစည်မျိုး ရှိဖူးသလော။ (မရှိဖူးပါ။) မည်သူကမျှ ဤအတိုင်း မကြံစည်ဖူးချေ။ အမိုက်မဲဆုံး၊ အထုံထိုင်းဆုံးနှင့် အဆိုးယုတ်ဆုံးသောလူပင် မကြံစည်ဖူးပေ။ လူတို့အားလုံးသည် ဘုရားသခင်ကို စစ်မှန်ရိုးသားစွာ ယုံကြည်လိုသည်၊ လိမ္မာလိုသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်လိုသည့်အပြင် ၎င်းတို့အား ဘုရားသခင် တောင်းဆိုသမျှကို ပြုလုပ်လိုကြသည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် အကြွင်းမဲ့ ကျိုးနွံနာခံမှုကို မရှိနိုင်သော်လည်း အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ အနိမ့်ဆုံး တောင်းဆိုချက်များကို ပြည့်မီပြီး ၎င်းတို့ အစွမ်းရှိသမျှဖြင့် ဘုရားသခင်ကို ကျေနပ်အောင်လုပ်နိုင်သည်။ ယင်းမှာ အဘယ်မျှကောင်းမွန်သော ဆန္ဒဖြစ်လိုက်လေတကား။ ၎င်းတို့သည် အဆုံးတွင် အဘယ်သို့များ ဘုရားသခင်အား ပွက်ပွက်ညံအောင် ကန့်ကွက်ပြီး ဆန့်ကျင်ရသနည်း။ လူတို့ကိုယ်တိုင်က စိတ်မပါသည့်အပြင် ဤအရာ မည်သို့ဖြစ်လာခဲ့သည်ကို မသိကြပေ။ ဘုရားသခင်အား ပွက်ပွက်ညံအောင် ကန့်ကွက်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပတ်သက်လာလျှင် စိတ်မကောင်းဖြစ်ပြီး စိတ်ထဲတွင် “လူတို့သည် ဤအရာကို အဘယ်သို့ ပြုလုပ်နိုင်ရသနည်း။ အခြားသူများ ဤပုံစံဖြင့် ပြုမူလျှင်ပင် ကျွန်ုပ်သည် ဤပုံစံအတိုင်း မပြုမူခဲ့သင့်” ဟု စဉ်းစားလျက် ဝမ်းနည်းနေသည်။ ယင်းသည် ပေတရုက “ဤသူရှိသမျှတို့သည် ကိုယ်တော်ကြောင့် စိတ်ပျက်ကြသော်လည်း၊ အကျွန်ုပ်သည် စိတ်အလျှင်းမပျက်ပါ” (ရှင်မဿဲခရစ်ဝင် ၂၆:၃၃) ဟု ဆိုခဲ့သကဲ့သို့ ဖြစ်သည်။ ပေတရုပြောသည့် စကားလုံးများမှာ သူ၏စိတ်နှလုံးထဲမှ လာခဲ့ခြင်းဖြစ်သော်လည်း သူ၏ အပြုအမူက သူ၏ ဆန္ဒများနှင့် ပြင်းပြသော ရည်မှန်းချက်များနှင့် လျော်ညီအောင် မနေနိုင်ခဲ့ပေ။ လူ၏အားနည်းချက်သည် လူတို့ကိုယ်တိုင် ကြိုတင်မမျှော်မှန်းနိုင်သည့် အရာတစ်ခုဖြစ်၏။ ၎င်းတို့အပေါ် အခြေအနေတစ်ခုခု အမှန်တကယ် ကျရောက်သောအခါ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းသည် ပေါ်လာ၏။ လူတစ်ဦး၏ သဘာဝ အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သူ၏ အကြံအစည်များနှင့် အပြုအမူကို ထိန်းချုပ်ပြီး ဆုံးဖြတ်ပေးနိုင်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိလျှင် အမျိုးမျိုးသော အယူအဆများသည် ကွဲပြားသော ဆန္ဒများ၊ တောင်းဆိုမှုများနှင့်အတူ ပေါ်ပေါက်လာနိုင်ပြီး ပုန်ကန်ဆန့်ကျင်လိုသော အပြုအမူမျိုးစုံရှိအောင် ဦးတည်ပေးသည်။ ဤအရာက လူတစ်ဦး၏ ဘုရားသခင်နှင့် ဆက်ဆံရေးကို တိုက်ရိုက် အကျိုးသက်ရောက်ပြီး သူ၏ အသက်ဝင်ရောက်မှုနှင့် စိတ်သဘောထား ပြောင်းလဲမှုကို တိုက်ရိုက် သြဇာသက်ရောက်သည်။ ဤသည်တို့မှာ လူတို့အနေဖြင့် ဘုရားသခင်ကို ပထမဦးစွာ စတင်ယုံကြည်သည့်အချိန်က ၎င်းတို့၏ ရည်ရွယ်ချက်များ မဟုတ်သကဲ့သို့ ၎င်းတို့၏ စိတ်နှလုံးထဲ၌ လုပ်ဆောင်ဖို့ စိတ်ဆန္ဒရှိပြီး မျှော်လင့်နေကြသည့်အရာလည်း မဟုတ်ပေ။ ထိုသို့သော အကျိုးဆက်များသည် ဘုရားသခင်နှင့်ပတ်သက်၍ လူတို့၏ အယူအဆများကြောင့် ဖြစ်သည်။ အကယ်၍ ဤအယူအဆများကို မဖြေရှင်းပါက လူတစ်ဦး၏ ရှေ့ရေး၊ ကံကြမ္မာနှင့် ပန်းတိုင်တို့ အားလုံးမှာ ခက်ခဲလာကောင်း ခက်ခဲလာနိုင်မည်။
ဘုရားသခင်နှင့်ပတ်သက်၍ လူတစ်ဦး၏ အထင်လွဲမှားမှုများကို ဖြေရှင်းဖို့ရန်အတွက် လူတစ်ဦးသည် ဘုရားသခင်နှင့်ဆိုင်သည့်၊ ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သည့်၊ ဘုရားသခင်၏ အနှစ်သာရနှင့် ဆိုင်သည့်၊ ပြီးလျှင် ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဆိုင်သည့် သူ၏ အယူအဆများကို ဖြေရှင်းရမည်ဖြစ်သည်။ ဤအယူအဆများကို ဖြေရှင်းရန်အတွက် သူသည် ပထမဦးစွာ ယင်းတို့ကို နားလည်ရမည်၊ သိရမည်၊ ပြီးလျှင် သတိပြုမိရမည်။ သို့ဆိုလျှင် ဤအယူအဆများမှာ မည်သည့်အရာ အတိအကျဖြစ်သနည်း။ ဤအရာက ငါတို့ကို အဓိကခေါင်းစဉ်သို့ ပြန်ရောက်စေသည်။ လူတို့၏ ဤအယူအဆများနှင့် သရုပ်သကန်များကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် ငါတို့သည် လက်တွေ့ကျသော ဥပမာအချို့ဖြင့် အစပြုရမည်ဖြစ်ကာ ဤသာဓကများမှနေ၍ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သိသာထင်ရှားစေပြီးလျှင် လူတို့အား ဘုရားသခင်၏ စိတ်နှလုံးအတွင်း၌လည်းကောင်း၊ သူ၏ စိတ်နေသဘောထားနှင့် အနှစ်သာရတို့သည် မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း၊ လူတို့ကို သူမည်သို့ ဆက်ဆံသည်တို့ကိုသာမက လူတို့သည် ၎င်းတို့အား သူမည်သို့ ဆက်ဆံသင့်သည်ဟု စိတ်ကူးသည့်ပုံကိုလည်းကောင်း တွေ့မြင်ခွင့်ပေးရမည်။ ထို့ပြင် ၎င်းတို့ကို ဤနောက်ပိုင်းရှုထောင့်နှစ်ခုကို ခွဲခြားသိမြင်ရန်၊ ရှင်းလင်းရန်နှင့် နှိုင်းယှဉ်ရန် အခွင့်ပေးရမည်ဖြစ်ကာ ယင်းက ဘုရားသခင်အနေဖြင့် လူတို့ကို ဆက်ဆံပြီး အုပ်စိုးသည့်နည်းလမ်းအား နားလည်ခြင်းနှင့် လက်ခံခြင်းအပြင် ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်နေသဘောထားအား နားလည်ခြင်းနှင့် လက်ခံခြင်းသို့ ရောက်ရှိစေနိုင်သည်။ လူတို့သည် သူတို့အား ဘုရားသခင် အုပ်စိုးသည့်နည်းလမ်းနှင့် သူ၏အလုပ်အား ရှင်းလင်းသော နားလည်မှု ရှိသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နှင့်ဆိုင်သည့် အယူအဆများ နောက်ထပ်ရှိမည် မဟုတ်တော့ချေ။ ဘုရားသခင်နှင့် ၎င်းတို့ကြားမှ အဟန့်အတားသည်လည်း ပျောက်ကွယ်သွားမည်ဖြစ်ပြီး ဘုရားသခင်အား ရှေးရှုသည့် အတိုက်အခံလုပ်သည့် သို့မဟုတ် ပွက်ပွက်ညံအောင် ကန့်ကွက်သည့် အခြေအနေများလည်း ၎င်းတို့၏ စိတ်နှလုံးထဲ၌ နောက်ထပ်ပေါ်လာမည် မဟုတ်တော့ချေ။ ဘုရားသခင်အား ပုန်ကန်ခြင်းနှင့် ခုခံခြင်းဟူသည့် ဤအရေးကိစ္စများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ဖတ်ရှုခြင်းနှင့် သမ္မာတရားအား မိတ်သဟာယပြုခြင်းအားဖြင့် တိုက်ရိုက် ဖြေရှင်းနိုင်သည်။ အယူအဆများ၏ မည်သည့်လက္ခဏာသွင်ပြင်ကို ရင်ဆိုင်ဖြေရှင်းနေသည်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ဖတ်ရှုခြင်းနှင့် သမ္မာတရားအား မိတ်သဟာယပြုခြင်းဖြင့် အစပြုရမည်။ အရာအားလုံးသည် သမ္မာတရားနှင့် ဆက်စပ်မှုရှိရမည်၊ အရာအားလုံးသည် သမ္မာတရားနှင့် ပတ်သက်သည်။ သို့ဆိုလျှင် လူတို့၌ရှိသော ဤအယူအဆများမှာ အဘယ်နည်း။ ဘုရားအလုပ်၏ နောက်ကွယ်ရှိ စည်းမျဉ်းများကို ရှင်းလင်းစေဖို့ တိကျသော ဥပမာများအပြင် လူတို့အား ဘုရားသခင် ဆက်ဆံပြီး အုပ်စိုးသည့် စည်းမျဉ်းများနှင့် နည်းစနစ်များကို အသုံးပြုလျက် ဘုရားသခင်၏ အလုပ်အကြောင်း ဆွေးနွေးခြင်းဖြင့် အစပြုကြစို့။ ဥပမာတစ်ခု၌ ဘုရားအလုပ်၏ နည်းစနစ် ပါကောင်းပါမည်ဖြစ်သည်။ ယင်း၌ ဘုရားသခင်က လူတစ်ဦးစီအား အမျိုးအစားသတ်မှတ်သည့် နည်းစနစ်နှင့် ၎င်းတို့၏ အဆုံးသတ်အပေါ် သူ၏ စိစစ်သတ်မှတ်ခြင်းလည်း ပါကောင်းပါမည်ဖြစ်သည်။ သို့မဟုတ် ယင်း၌ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် အနှစ်သာရ ပါကောင်းပါမည် ဖြစ်သည်။ ဤအချက်များကို ရှင်းလင်းဖို့ဆိုပါက ဘုရားသခင်သည် မည်သည့်အရာနှင့်တူသည်၊ မည်သည့်အရာကို လုပ်ဆောင်ပြီးဖြစ်သည်နှင့် သူ၏ အနှစ်ခြောက်ထောင်မျှသော အလုပ်တွင် လူတို့ကို မည်သို့ဆက်ဆံခဲ့ပြီ ဟူသည့်အကြောင်းတို့ကို အဓိပ္ပာယ်မဲ့သော ပုံစံဖြင့် ပြောမည်ဆိုလျှင် ယင်းသည် သင့်တော်မည်ဟု သင်တို့ထင်သလော။ ယင်းကို သင် အလွယ်တကူ လက်ခံရရှိနိုင်မည်လော။ သို့မဟုတ် ဥပမာအားဖြင့် ဘုရားသခင်သည် အနှစ်ခြောက်ထောင်အတွင်းနှင့် သူ့အလုပ်၏ ဒုတိယအဆင့်၌ မည်ကဲ့သို့ အလုပ်လုပ်နေခဲ့ကြောင်းကို ငါတို့ပြောရပါက သူသည် ယုဒပြည်၌ လှုပ်ရှားခဲ့သည်။ ထို့နောက် ဘုရားသခင်သည် ဂျူးလူမျိုးများကို မည်သို့ဆက်ဆံခဲ့ကြောင်းနှင့် ဤအရာမှနေ၍ ဘုရားသခင်၏ စိတ်နေသဘောထားအား ငါတို့ မည်သို့အကဲခတ်နိုင်ပုံကို ငါတို့ ဆွေးနွေးလျှင် ယင်းက နားလည်ရလွယ်ကူစေမည်လော။ (လွယ်ကူစေမည် မဟုတ်ပါ။) သာဓကအားဖြင့် ဘုရားသခင်က ဤကမ္ဘာကို မည်သို့ အုပ်စိုးကြောင်း ငါတို့ ပြောလျှင် ဘုရားသခင်က လူမျိုးနွယ်စုအမျိုးမျိုးမှ လူတို့ကို မည်သို့ဆက်ဆံကြောင်း၊ ဘုရားသခင် မည်သည့်အရာ စဉ်းစားကြောင်း၊ ၎င်းတို့၏ နယ်နမိတ်များကို မည်သို့သတ်မှတ်ကြောင်းနှင့် သူသည် ၎င်းတို့ကို အဘယ့်ကြောင့် မတူညီသော နေရာများ၌ ခွဲခြားထားကြောင်း၊ အထူးသဖြင့် မကောင်းသော လူအချို့က များစွာပိုကောင်းသော နေရာများ၌ ရှိနေကြသော်လည်း ကောင်းသောလူအချို့ကို အဘယ့်ကြောင့် အသင့်တော်ဆုံးထက် ပိုညံ့သော နေရာများ၌ နေရာချထားကြောင်း၊ အရာရာကို ဤပုံစံဖြင့် ခွဲခန့်သတ်မှတ်ပေးရာ၌ ဘုရားသခင်သည် မည်သည့်စည်းမျဉ်းများကို အသုံးပြုကြောင်းကို ပြောဆိုကာ ဤအကြောင်းအရာမှနေ၍ လူသားမျိုးနွယ်အား အုပ်စိုးဖို့ ဘုရားသခင်၏ နည်းစနစ်များကို ငါတို့တွေ့ရှိလျှင် ယင်းက နားလည်ရလွယ်ကူစေမည်လော။ (လွယ်ကူစေမည် မဟုတ်ပါ။) ဤအကြောင်းအရာများသည် လူတို့၏ စိတ်သဘောထား ပြောင်းလဲမှုများနှင့် နေ့စဉ်အသက်တာ၌ အသက်ဝင်ရောက်မှုတို့မှ အတော်ပင် ဝေးကွာသည် မဟုတ်လော။ ယင်းတို့သည် အတော်ပင် စိတ်ကူးသက်သက်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းတို့သည် ဝေးကွာပြီး စိတ်ကူးသက်သက်ဖြစ်သည်ဟု ငါတို့ အဘယ့်ကြောင့်ဆိုသနည်း။ အဘယ့်ကြောင့်ဆိုသော် တကယ့်ဘဝတွင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို မည်သို့အုပ်စိုးပြီး မည်သို့လမ်းပြသည် အစရှိသည့် ရူပါရုံများနှင့်စပ်ဆိုင်သည့် သမ္မာတရားများအား နားလည်ခြင်းသက်သက်သည် နေ့စဉ်အသက်တာ၌ ငါတို့ရင်ဆိုင်ရသည့် ပြဿနာများမှ အနည်းငယ် ခြားနားဟန်တူကာ အထူးသဖြင့် ဆီလျော်ခြင်း မရှိသောကြောင့် ဖြစ်သည်။ တကယ့်လက်တွေ့ ပြဿနာများကို ရင်ဆိုင်ဖို့ရန် သင်တို့၏ အသက်တာတွင် ကြားရ၊ မြင်ရပြီး ခံစားရသည့် ဥပမာများမှနေ၍ ငါတို့ အစပြုပြီးနောက် ထိုမှနေ၍ သင်တို့၏ ထိုးထွင်းအမြင်ကို ဖြန့်ကျက်ရမည် ဖြစ်သည်။ ငါသည် မည်သည့်ဇာတ်လမ်းများကို ပြောသည်ဖြစ်စေ၊ သို့မဟုတ် ဤဇာတ်လမ်းများ၌ မည်သည့်လူနှင့် အဖြစ်အပျက်များ ပါဝင်သည်ဖြစ်စေ ယင်းတို့သည် အတိတ်က သင်ပြုခဲ့ပြီးသည့် အရာများနှင့် ဆက်စပ်ကောင်း ဆက်စပ်နေလျှင်ပင် ဤဇာတ်လမ်းများ၌ရှိသည့် အဆုံးစွန်သော အကျိုးတရားမှာ ယနေ့ ဆွေးနွေးနေသော ခေါင်းစဉ်နှင့်ဆက်စပ်သည့် သမ္မာတရားများကို သင်တို့အား နားလည်စေဖို့ဖြစ်သည်။ ပြောပြလိုက်သည့် ဇာတ်လမ်းတိုင်းသည် ရည်ရွယ်ချက်တစ်ခုအဖြစ် အသုံးဝင်ကာ ယင်းကသိရှိစေရန် ရည်ရွယ်သည့် တန်ဖိုးနှင့်လည်းကောင်း၊ ယင်းကဖော်ပြသည့် သမ္မာတရားနှင့်လည်းကောင်း ဆက်စပ်နေသည်။
ငါတို့၏ဇာတ်လမ်းကို အစပြုကြစို့။ ဤသည်မှာ ဖြစ်စဉ်နံပါတ်တစ် ဖြစ်သည်။ ကြာမြင့်သောအချိန်က အသင်းတော်တစ်ပါးသည် ချောင်းဆိုးပျောက်ဆေးရည် တစ်ပုလင်းကို ပို့လိုက်ကာ “ဘုရားသခင်သည် ကျွန်ုပ်တို့အား အမြဲတမ်း စကားပြောပြီး တရားဟောကာ တစ်ခါတစ်ရံ စကားများစွာ ပြောသောအခါ ချောင်းဆိုးသည်။ ဘုရားသခင်၏ ဟောပြောခြင်းကို ပို၍အဆင်ပြေစေရန်နှင့် ချောင်းဆိုးခြင်းကို လျှော့ချရန် ကျွန်ုပ်တို့သည် ချောင်းဆိုးပျောက်ဆေးရည် အနည်းငယ်ကို ပို့ပေးလိုက်သည်” ဟု ရှင်းပြထားသည်။ ပုလင်းရောက်သောအခါ လူတစ်ဦးက တွေ့ပြီး “ဤသည်မှာ ချောင်းဆိုးပျောက်ဆေးရည်ဟု ဆိုထားသော်လည်း ယင်းက အမှန်တကယ် မည်သည့်အရာ ကုသပေးသည်ကို မည်သူသိမည်နည်း။ ကျွန်ုပ်တို့ ယင်းကို ဘုရားသခင်သောက်ဖို့ ဤအတိုင်း ပေး၍မဖြစ်ပေ။ အန္တရာယ်ရှိနိုင်သည်။ ဤသည်မှာ ဆေးဝါးဖြစ်၏။ ဆေးတိုင်းတွင် အဆိပ်တချို့ ပါသည်။ ယင်းကို သောက်လျှင် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သည်” ဟု ဆိုသည်။ သူပြောသည်ကို ကြားသောသူတို့က “သူသည် အတော်ပင် စဉ်းစားတတ်သည်။ ကောင်းပြီ၊ သို့ဆိုလျှင် ကျွန်ုပ်တို့သည် ယင်းကို ဘုရားသခင်အား ပေး၍မဖြစ်” ဟု တွေးကြသည်။ ထိုအချိန်တွင် ငါသည် ယင်းကို အလိုမရှိသောကြောင့် နောက်နောင်အတွက် သိမ်းထားရန် စဉ်းစားကာ ထိုကိစ္စမှာ ထိုနေရာတွင် ပြီးသွားသည်။ သို့သော် ဇာတ်လမ်းက ဤတွင် အဆုံးသတ်ပြီလော။ အဆုံးမသတ်သေး၊ ဤဆေးဇာတ်လမ်းက ထိုနေ့တွင် အစပြုခဲ့သည်။ တစ်နေ့တွင် အဆိုပါလူကိုယ်တိုင်က ထိုချောင်းဆိုးပျောက်ဆေးရည်ကို သောက်သုံးနေခဲ့မှန်း လူတစ်ဦးက တွေ့ရှိသွားကာ ထိုသူကို တွေ့ရှိသွားသောအချိန်၌ ဆေးရည်တစ်ဝက်သာ ကျန်တော့သည်။ နောက်ထပ် မည်သည့်အရာဖြစ်ပျက်သည်ကို အလွယ်တကူ ခန့်မှန်းနိုင်သည်။ ယင်းကို ထိုသူက အကုန်သောက်ခဲ့သည်။ ယင်းမှာ ဇာတ်လမ်းကိုယ်၌ပင် ဖြစ်၏။ ဤအရာသည် ယနေ့ ငါတို့ ဆွေးနွေးနေသည့် အယူအဆများနှင့် မည်သည့်အရာ သက်ဆိုင်သည်ကို တွေးကြည့်လော့။ ပထမဆုံးအနေဖြင့် ငါ့ကိုပြောလော့၊ ထိုဇာတ်လမ်းက သင်တို့ကို တုန်လှုပ်စေကာ စိတ်ဆွပေးသလော။ (ဆွပေးပါသည်။) ယင်းကို ကြားပြီးနောက် သင်တို့၏ အတွေးအမြင်များမှာ အဘယ်နည်း။ သင်တို့ကို မည်သည့်အရာက စိတ်ဆွပေးသနည်း။ ယေဘုယျအားဖြင့် စိတ်ဆွခံရသော သူတို့က “အလိုလေး၊ ဤသည်မှာ ဘုရားသခင်အတွက် ပူဇော်ထားသော အရာတစ်ခုဖြစ်သည်။ လူတစ်ဦးဦးက ယင်းကို အဘယ်သို့ သောက်ပစ်နိုင်ရသနည်း” တွေးကြမည်ဖြစ်သည်။ ယင်းမှာ ထိုသူတို့ကို စိတ်ဆွပေးသော ပထမဆုံးအရာဖြစ်၏။ ဒုတိယမှာ “ထိုသူသည် ယင်းကို သောက်မြဲသောက်ခဲ့သည်။ အကုန်သောက်ပစ်လိုက်သည်မှာ ကျွန်ုပ်အတွက် မယုံနိုင်စရာဖြစ်သည်” ဟူ၍ ဖြစ်၏။ သင်တို့သည် စိတ်ဆွခံရသည့်အပြင် အခြားမည်သည့်အရာကို စဉ်းစားမိနိုင်သနည်း။ ဤသူပြုခဲ့သည့်အရာနှင့် ပတ်သက်၍ သူ၏ ဤအပြုအမူများအားလုံး၊ ဆိုလိုသည်မှာ ဤဇာတ်လမ်းတစ်ခုလုံးရှိ အဖြစ်အပျက်တစ်ခုစီတိုင်းနှင့် ပတ်သက်၍ ဘုရားသခင်၏ တုံ့ပြန်မှုက မည်သည့်အရာ ဖြစ်နိုင်သည်ဟု သင်တို့ စဉ်းစားမိသလော။ ဘုရားသခင်သည် မည်သည့်အရာ ပြုလုပ်မည်နည်း။ ဘုရားသခင်သည် မည်သည့်အရာ ပြုလုပ်သင့်သနည်း။ ဘုရားသခင်သည် ထိုကဲ့သို့သော လူတစ်ဦးကို မည်သို့ဆက်ဆံသင့်သနည်း။ ထို့ပြင် ဤသည်မှာ လူ့အယူအဆ စတင်ပေါ်ထွက်လာသည့် နေရာမဟုတ်လော။ သင့်အား စိတ်ဆွပေးခဲ့သည့် အရာတွင် ပါဝင်သောအကြောင်းအရာကို ဘေးဖယ်ထားပြီး စိတ်ဆွပေးခြင်းခံရသည့် ဤအတွေ့အကြုံကိုယ်၌က အကျိုးကျေးဇူးတစ်စုံတစ်ရာ ဖြစ်စေနိုင်ခြင်း ရှိမရှိကို ပြောကြစို့။ စိတ်ဆွပေးခြင်းခံရရာတွင် လူတို့သည် ၎င်းတို့၏ အသိစိတ်ထဲ၌ စိတ်မသက်မသာဖြစ်ခြင်း တစ်ခုခုကို ခံစားရရုံသက်သက် ဖြစ်သော်လည်း ယင်းနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မပြောနိုင်ကြပေ။ ထို့နောက် ဇာတ်လမ်းထဲရှိ လူတစ်ဦးချင်းစီအား ဦးတည်သည့် ဝေဖန်ရှုတ်ချခြင်းနှင့် အပြစ်တင်ခြင်းတို့ ပေါ်ကောင်းပေါ်လာမည်ဖြစ်ကာ၊ ယင်းတို့သည် ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တ၊ ဓမ္မဗေဒဆိုင်ရာ သဘောတရားများ၊ သို့မဟုတ် စကားများနှင့် အယူဝါဒများ၌ အမြစ်တွယ်ထားသော်လည်း ဤအရာများမှာ သမ္မာတရား မဟုတ်ပေ။ ငါတို့သည် သမ္မာတရားနှင့် သက်ဆိုင်သောအရာကို ဆွေးနွေးလိုပါက ယင်းသည် အဖြစ်အပျက်ကိုယ်၌နှင့် ပတ်သက်၍ ဖန်တီးထားသည့် လူ့အယူအဆများ၊ သို့မဟုတ် ဘုရားသခင် မည်သည့်အရာ ပြုလုပ်သင့်သည်နှင့် ပတ်သက်၍ တောင်းဆိုချက်များ ဖြစ်၏။ ဤသည်တို့မှာ ဖြေရှင်းချက်လိုအပ်သည့် အရေးကိစ္စများ ဖြစ်ကြ၏။ ဤဇာတ်လမ်းထဲတွင် ထိုကဲ့သို့သော အခြေအနေ၌ ဘုရားသခင် မည်သည့်အရာ ပြုလုပ်သင့်သည်နှင့် ပတ်သက်၍ လူတို့၌ရှိသည့် အယူအဆများနှင့် စိတ်ကူးများသည် အရေးပါ၏။ သင်၏ စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှုကိုသာ အာရုံမစိုက်လေနှင့်။ တစ်စုံတစ်ရာအားဖြင့် စိတ်ဆွခံရခြင်းသည် သင်၏ ပုန်ကန်မှုကို မဖြေရှင်းနိုင်ပေ။ အကယ်၍ တစ်နေ့တွင် ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများ၌ သင် အထူးနှစ်သက်သည့် သို့မဟုတ် လိုအပ်သည့်အရာတစ်ခုခုကို သင်တွေ့ရှိပြီး သင်သည် လွန်စွာ မက်မောမိပါက သင်ကိုယ်တိုင်လည်း ယင်းကို ယူငင်မိနိုင်သည်။ ထိုကိစ္စတွင် သင်သည် လုံးဝ စိတ်ဆွခံရမည်မဟုတ်ပေ။ ယခု သင် စိတ်ဆွခံရခြင်းမှာ အသိစိတ်၏အလုပ်၊ လူ့သဘာဝ၏ ကိုယ်ကျင့်တရား စံနှုန်းများ၏ ရလဒ်သက်သက် ဖြစ်သည်။ ယင်းမှာ သမ္မာတရား၏အလုပ် မဟုတ်ပေ။ သင်သည် ဤအခြေအနေမှ ပေါ်ထွက်လာသည့် အယူအဆများကို ဖြေရှင်းနိုင်သောအခါ ဤအခြေအနေရှိ သမ္မာတရားကို သင် နားလည်မည် ဖြစ်သည်။ သင်သည် ထိုသို့သော ကိစ္စမျိုးများတွင် ဘုရားသခင်အပေါ် ထားရှိသည့် အယူအဆနှင့် အထင်လွဲမှားမှုတစ်ခုခုကို ဖြေရှင်းပြီးသား ဖြစ်မည့်အပြင် ဤအခြေအနေမျိုးများတွင် သင်သည် သမ္မာတရားကို နားလည်ကာ တစ်စုံတစ်ခုကို ရရှိမည်ဖြစ်သည်။ သို့ဆိုလျှင် ယခုတွင် လူတို့သည် ဤအခြေအနေတွင် မည်သည့်အယူအဆမျိုးများ ရှိကောင်းရှိလာနိုင်သည်ကို စဉ်းစားကြည့်လော့။ ဤအယူအဆများမှ မည်သည့် အယူအဆသည် သင့်အား ဘုရားသခင်ကို အထင်လွဲမှားရန်၊ သင်နှင့် သူ၏ကြားတွင် အတားအဆီးတစ်ခုကို ဖန်တီးရန်၊ သို့မဟုတ် သူ့အား ဆန့်ကျင်ရန်ပင် သွေးဆောင်ကောင်း သွေးဆောင်နိုင်မည်နည်း။ ဤသည်မှာ ငါတို့ မိတ်သဟာယပြုနေရမည့် အရာပင်ဖြစ်သည်။ ငါ့ကိုပြောလော့၊ ဤအရာ ဖြစ်ပျက်ခဲ့သောအခါ ဤသူသည် သူ၏အသိစိတ်ထဲ၌ အပြစ်တင်ခြင်း တစ်ခုခုကို ခံစားခဲ့ရသလော။ (မခံစားခဲ့ရပါ။) သူသည် အပြစ်တင်ခြင်း မခံစားရဟု သင် အဘယ်သို့ဆိုနိုင်သနည်း။ (သူသည် ချောင်းဆိုးပျောက် ဆေးရည်ကို အကုန်သောက်ပစ်ခဲ့သည်။) ဤသည်ကို ပိုင်းခြားစိတ်ဖြာရန် အတော်ပင် လွယ်ကူသည်မဟုတ်လော။ ပထမဆုံးတစ်ငုံမှ နောက်ဆုံးတစ်ငုံအထိ သူသည် ချုပ်တည်းမှု မရှိသည့်အပြင် ရပ်နားခြင်းလည်း မရှိခဲ့ပေ။ အကယ်၍ သူသည် တစ်ကြိမ်မြည်းစမ်းခဲ့ပြီးနောက် ရပ်နားခဲ့ပါက ယင်းကို မိမိကိုယ်မိမိ အပြစ်တင်မှု ခံစားရခြင်းဟု သတ်မှတ်ခဲ့ပြီးဖြစ်မည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ရပ်နားပြီးဖြစ်မည်၊ မိမိကိုယ်ကို ချုပ်တည်းပြီးဖြစ်မည်၊ ထို့ပြင် ဆက်၍သောက်မည် မဟုတ်ခဲ့ပေ။ သို့သော် ဤသူက ထိုသို့မလုပ်ခဲ့ပေ။ အစမှအဆုံးထိ တစ်ပုလင်းလုံးကို သောက်ခဲ့သည်။ ထပ်၍ရှိသေးလျှင် သူသည် ဆက်၍သောက်ခဲ့ဦးမည် ဖြစ်သည်။ ဤအရာက သူသည် သူ၏ အသိစိတ်ထဲ၌ မည်သည့်အပြစ်တင်မှုမျှ မခံစားခဲ့ကြောင်း ပြသသည်။ ဤသည်မှာ လူ၏ ရှုထောင့်အမြင်မှနေ၍ ကြည့်ခြင်းဖြစ်၏။ သို့ဆိုလျှင် ဤကိစ္စကို ဘုရားသခင် မည်သို့ရှုမြင်သနည်း။ ဤသည်မှာ သင်တို့ နားလည်သင့်သောအရာ ဖြစ်သည်။ ဤအခြေအနေကို ဘုရားသခင် သဘောထားပုံ၊ ယင်းကို သူတန်ဖိုးဖြတ်ပြီး အဓိပ္ပာယ်ဖွင့်ဆိုပုံမှနေ၍ သင်သည် ဘုရားသခင်၏ စိတ်နေသဘောထား၊ ဘုရားသခင်၏ အနှစ်သာရကို မြင်တွေ့နိုင်ပြီး ဘုရားသခင် အလုပ်လုပ်သည့် စည်းမျဉ်းများနှင့် နည်းစနစ်များကိုလည်း ပိုင်းခြားသိမြင်နိုင်သည်။ တစ်ချိန်တည်းတွင် ယင်းက လူ့အယူအဆအချို့ကို ထုတ်ဖော်ကောင်း ထုတ်ဖော်မည်ဖြစ်ကာ လူတို့အား “တကယ်ပင် ဤသည်မှာ လူတို့အပေါ် ဘုရားသခင်၏စိတ်ထား ဖြစ်သည်။ ဤသည်မှာ လူတို့အား ဘုရားသခင် ကိုင်တွယ်သည့်ပုံ ဖြစ်သည်။ ကျွန်ုပ်သည် ယခင်က ဤအတိုင်း မစဉ်းစားခဲ့ပါ” ဟု ပြောစေမည်ဖြစ်သည်။ သင် ဤအတိုင်း မစဉ်းစားခဲ့သည့်အချက်က သင်နှင့် ဘုရားသခင်ကြားမှ အတားအဆီး၊ ဘုရားသခင်နှင့် ပတ်သက်၍ အထင်လွဲမှားမှုများ သင်၌ ရှိလာနိုင်ကြောင်းနှင့် ဤကိစ္စနှင့်စပ်လျဉ်း၍ ဘုရားသခင် အလုပ်လုပ်သည့်နည်းလမ်းနှင့် လှုပ်ရှားသည့်နည်းလမ်းအပေါ် သင်၌ အယူအဆများရှိကြောင်းကို ထုတ်ဖော်သည်။ သို့ဆိုလျှင် ဘုရားသခင်သည် ဤအခြေအနေကို ရင်ဆိုင်သောအခါ မည်ကဲ့သို့ ကိုင်တွယ်ခဲ့သနည်း။ ထိုလူက “ဤသည်မှာ ဆေးဝါးဖြစ်၏။ ဆေးတိုင်းတွင် အဆိပ်တချို့ ပါရှိသည်။ ယင်းအား ဘုရားသခင်ကို သောက်ခွင့်ပေး၍မဖြစ်။ ဘေးထွက်ဆိုးကျိုး ရှိကောင်းရှိနိုင်သည်” ဟု ဆိုခဲ့သည်။ သူ့စကားများ၏ နောက်ကွယ်မှ ရည်ရွယ်ချက်နှင့် အကြောင်းရင်းမှာ အဘယ်နည်း။ ဤသည်တို့မှာ ရိုးသားဖြောင့်မှန်သော စကားများလော၊ ဟန်ဆောင်ထားသော စကားများလော။ ယင်းတို့သည် ရိုးသားဖြောင့်မှန်ခြင်း မရှိပေ။ ယင်းတို့မှာ လှည့်စားသည်၊ ဟန်ဆောင်ထားပြီး မရိုးသားပေ။ သူ၏ နောက်ဆက်တွဲ လုပ်ဆောင်ချက်များနှင့် သူ ထုတ်ဖော်ခဲ့သည့်အရာက သူ၏ စိတ်နှလုံးထဲ၌ မည်သည့်အရာဖြစ်နေခဲ့သည်ကို သိသာထင်ရှားစေသည်။ ဘုရားသခင်သည် ထိုသူ၏ ဟန်ဆောင်ထားသော စကားများ၊ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ဘုရားသခင် တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့သလော။ (မလုပ်ဆောင်ခဲ့ပါ။) ဘုရားသခင်က မည်သည့်အရာမျှ မပြုလုပ်ခဲ့မှန်း ငါတို့ မည်သို့သိရသနည်း။ ထိုသူသည် ထိုစကားများကို ပြောသောအခါ၌ ရိုးသားစစ်မှန်မှု မရှိပေ။ သူသည် ဟန်ဆောင်နေခဲ့သည်။ ဘုရားသခင်သည် ဘေးမှနေ၍သာ ကြည့်နေလျက် လမ်းပြခြင်းဟူသည့် အပြုသဘောဆောင်သော အလုပ်ကို မလုပ်ဆောင်သကဲ့သို့ အပြစ်တင်ခြင်းဟူသည့် အပျက်သဘောဆောင်သော အလုပ်ကိုလည်း မလုပ်ဆောင်ခဲ့ပေ။ တစ်ခါတစ်ရံ လူတို့သည် ၎င်းတို့၏ အသိစိတ်ထဲတွင် အပြစ်တင်ခြင်းကို ခံစားရသည်မှာ ဘုရားသခင် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဤလူသည် ထိုအချိန်တွင် အပြစ်တင်ခြင်းကို ခံစားခဲ့သလော။ (မခံစားခဲ့ပါ။) သူသည် အပြစ်တင်ခြင်းကို မခံစားခဲ့ရုံသာမက ကြီးကျယ်သော ပုံစံဖြင့်လည်း စကားပြောခဲ့သည်။ ဘုရားသခင်က သူ့ကို အပြစ်မတင်ခဲ့ချေ။ သူသည် စောင့်ကြည့်၍သာ နေခဲ့သည်။ အဘယ့်ကြောင့် ဘုရားသခင် စောင့်ကြည့်ရသနည်း။ သူသည် အဖြစ်မှန် မည်သို့ထွက်ပေါ်မည်ကို တွေ့ဖို့ စောင့်ကြည့်နေခဲ့ခြင်းလော။ (မဟုတ်ပါ။) ဖြစ်ချင်မှ ဖြစ်ပေမည်။ လူတစ်ဦးသည် အခြေအနေတစ်ခု ရင်ဆိုင်ရသောအချိန်၌ပင် ဘာလုပ်ရမည်ကို ရွေးချယ်မှုမပြုမီ သို့မဟုတ် အဖြစ်မှန် တစ်ခုခု မဖြစ်ပေါ်မီ ဘုရားသခင်သည် ထိုသူကို နားလည်သလော။ (နားလည်ပါသည်။) ဘုရားသခင်က သူ၏စိတ်နှလုံးသည် ကောင်းသည်ဖြစ်စေ၊ ဆိုးယုတ်သည်ဖြစ်စေ၊ စစ်မှန်သည်ဖြစ်စေ၊ ဟန်ဆောင်သည်ဖြစ်စေ ဘုရားသခင်အပေါ် သူ၏ တကယ့်သဘောထားက မည်သည့်အရာဖြစ်သည်၊ သူ၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ရှိမရှိ၊ သူ၌ စစ်မှန်သော ယုံကြည်မှုရှိမရှိဟူ၍ သူ၏အပေါ်ယံကိုသာမက အတွင်းစိတ်ကိုပါ နားလည်သည်။ ဘုရားသခင်က ဤအရာများကို သိနှင့်ပြီးဖြစ်သည်။ သူ၌ ခိုင်လုံသော သက်သေရှိပြီး အစဉ်စောင့်ကြည့်လေ့လာနေသည်။ ဤလူက ဤသို့ပြောပြီးနောက်တွင် ဘုရားသခင် မည်သည့်အရာ ပြုလုပ်သနည်း။ ပထမဦးစွာ ဘုရားသခင်သည် သူ့ကို အပြစ်မတင်ခဲ့ချေ။ ဒုတိယအနေဖြင့် ဘုရားသခင်က သူ့ကို အသိဉာဏ်မပွင့်စေသကဲ့သို့ ဤအရာသည် လှူဖွယ်ပစ္စည်းဖြစ်ကြောင်း၊ လူသားတို့က ယင်းကို လက်လွတ်စပယ် မကိုင်တွယ်သင့်ကြောင်း သတိမပေးခဲ့ချေ။ ဘုရားသခင်အနေဖြင့် လူတို့အား ဤသတိတရားရှိရန် အတိအလင်း ပြောဖို့လိုသလော။ (မလိုပါ။) ဤသတိတရားမှာ ပုံမှန်လူ့သဘာဝထဲတွင် ရှိသင့်သည်။ အချို့က “လူတချို့က သိကို မသိကြပေ။ သူတို့ကို ကိုယ်တော်မပြောဘဲ နေမည်လော။ သူတို့ကို ကိုယ်တော် ပြောလိုက်လျှင် သူတို့သိမည်မဟုတ်လော။ မသိခြင်းက လူတစ်ဦးကို အပြစ်မှ လွတ်ငြိမ်းစေသည်။ ယခုအခါတွင် သူတို့မသိချေ။ သူတို့သိခဲ့လျှင် ဤအမှားကို ပြုလုပ်ခဲ့မိမည် မဟုတ်သည်မှာ မှန်သလော။ ဤအရာက သူတို့ကို ကာကွယ်ပေးမည် မဟုတ်လော” ဟု ပြောကောင်းပြောနိုင်သည်။ ဘုရားသခင်သည် ဤအတိုင်း လုပ်ဆောင်ခဲ့သလော။ (မလုပ်ဆောင်ခဲ့ပါ။) အဘယ့်ကြောင့် ဘုရားသခင် ဤအတိုင်း မလုပ်ခဲ့သနည်း။ တစ်ဖက်တွင် ထိုလူက “ဤသည်မှာ ဘုရားသခင်အဖို့ လှူဖွယ်ပစ္စည်းဖြစ်၍ လူသားတို့ ကိုင်တွယ်ထိတွေ့၍မရ” ဟူသည့် သဘောတရားကို သိထားပြီးသင့်သည်။ နောက်တစ်ဖက်တွင် သူမသိခဲ့ပါက ဘုရားသခင် သူ့ကို အဘယ့်ကြောင့် မပြောခဲ့သနည်း။ ထိုသို့သောအရာမျိုး ပြုလုပ်ခြင်းနှင့် ထိုကဲ့သို့သော အကျိုးဆက်များ ရင်ဆိုင်ခြင်းမှ သူ့အား ကာကွယ်ဖို့အတွက် ဘုရားသခင်သည် အဘယ့်ကြောင့် သတိမပေးခဲ့သနည်း။ သူ့အားပြောပြခြင်းသည် လူတို့ကို ကယ်တင်ရာ၌ ဘုရားသခင်၏ ရိုးသားစစ်မှန်မှုကို ပို၍ထုတ်ဖော်မည် မဟုတ်လော။ ယင်းက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပို၍ထုတ်ဖော်မည် မဟုတ်လော။ သို့ဆိုလျှင် အဘယ့်ကြောင့် ဘုရားသခင် ဤသို့မပြုခဲ့သနည်း။ (ဘုရားသခင်သည် သူ့ကို ထုတ်ဖော်လိုခဲ့ခြင်း ဖြစ်သည်။) မှန်၏၊ ဘုရားသခင် သူ့ကို ထုတ်ဖော်လိုခဲ့သည်။ အခြေအနေများကို သင်ရင်ဆိုင်ရသောအခါ ယင်းတို့ကို သင်ရင်ဆိုင်ရသည်မှာ တိုက်ဆိုင်မှုကြောင့် မဟုတ်ပေ။ အခြေအနေတစ်ခုခုသည် သင်၏ ကယ်တင်ခြင်းသဘော သက်ရောက်နိုင်သည်၊ သို့မဟုတ် ယင်းက သင်၏ ပျက်စီးခြင်းသဘော သက်ရောက်နိုင်သည်။ ဤအချိန်များအတွင်း ဘုရားသခင်သည် စောင့်ကြည့်နေသည်၊ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေသည်၊ သင့်ကို လှုံ့ဆော်ဖို့ အခြေအနေတစ်ခုခုကို စီစဉ်ညွှန်ကြားခြင်း မရှိသကဲ့သို့ “သင်သည် ဤအရာကို မပြုလုပ်ရ။ အကျိုးဆက်များက မတွေးတတ်လောက်အောင် ဖြစ်မည်” သို့မဟုတ် “ဤအတိုင်း ပြုလုပ်ခြင်းသည် ဆင်ခြင်တုံတရားနှင့် လူ့သဘာဝ ကင်းမဲ့သည်” စသည့် စကားများဖြင့် သင့်အား ဉာဏ်ပွင့်စေခြင်းလည်း မရှိပေ။ လူတို့တွင် ထိုသို့သော သိရှိမှုမျိုး မရှိပေ။ သဘောတစ်ခုတွင် ထိုသို့သော သိရှိမှုမျိုး မရှိသည်မှာ ဘုရားသခင်သည် ထိုအခိုက်အတန့်တွင် မည်သည့်လှုံ့ဆော်မှုကိုမျှ မပေးခဲ့သောကြောင့် ဖြစ်သည်။ ဘုရားသခင်က မလုပ်ဆောင်ခဲ့ပေ။ အခြားသဘောတစ်ခုတွင် လူတစ်ဦး၌ အသိတရားရှိပြီး လူ့သဘာဝပမာဏ အနည်းငယ် ပိုင်ဆိုင်လျှင် ဘုရားသခင်သည် ထိုကဲ့သို့သော အခြေခံအုတ်မြစ်အပေါ် လုပ်ဆောင်မည်လော။ (လုပ်ဆောင်မည် ဖြစ်ပါသည်။) မှန်ပေ၏။ ဘုရားသခင်သည် ထိုသူတို့အပေါ် ထိုကဲ့သို့သော ကျေးဇူးတော်ကို နှင်းအပ်မည်ဖြစ်သည်။ သို့သော် ဘုရားသခင်သည် ဤသီးသန့်အခြေအနေကို အဘယ့်ကြောင့် လျစ်လျူရှုခဲ့သနည်း။ အကြောင်းရင်းတစ်ခုမှာ ဤလူ၌ အသိတရားနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သည်၊ ဂုဏ်သိက္ခာမရှိ၊ သမာဓိမရှိသည့်အပြင် ပုံမှန်လူ့သဘာဝ မရှိပေ။ သူသည် ဤအရာများကို မလိုက်စားခဲ့။ သူ၏ စိတ်နှလုံးထဲ၌ ဘုရားသခင်မရှိသည့်အပြင် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်သူ မဟုတ်ခဲ့ပေ။ ထို့ကြောင့် ဘုရားသခင်သည် သူ့အား ဤအခြေအနေအားဖြင့် ထုတ်ဖော်လိုခဲ့ခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ ဘုရားသခင် လူတစ်ဦးအား ထုတ်ဖော်ခြင်းသည် ကယ်တင်ခြင်းပုံစံတစ်မျိုး ဖြစ်ပြီး တစ်ခါတစ်ရံတွင် မဟုတ်၊ ဘုရားသခင်သည် တမင်တကာ ဤအတိုင်း လုပ်ဆောင်ခြင်း ဖြစ်သည်။ အကယ်၍ သင်သည် အသိတရားနှင့် အသိစိတ် ရှိသောသူ ဖြစ်ပါက ဘုရားသခင်၏ သင့်အား ထုတ်ဖော်ခြင်းသည် စမ်းသပ်မှုတစ်ခုနှင့် ကယ်တင်ခြင်းပုံစံတစ်မျိုးအဖြစ် အသုံးတည့်မည်။ သို့သော် သင်၌ အသိတရားနှင့် အသိစိတ် ကင်းမဲ့ပါက ဘုရားသခင်၏ သင့်အား ထုတ်ဖော်ခြင်းသည် ဖယ်ရှားရှင်းလင်းခံရခြင်းနှင့် ဖျက်ဆီးခံရခြင်းသဘော သက်ရောက်မည်ဖြစ်သည်။ သို့ဆိုလျှင် ယင်းကို ယခုကြည့်လျှင် ဘုရားသခင်အနေဖြင့် ဤလူအား ထုတ်ဖော်ခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဖယ်ရှားရှင်းလင်းခံရခြင်းကို ဆိုလိုသည်။ ယင်းမှာ ကောင်းချီးမင်္ဂလာမဟုတ်ဘဲ ကျိန်ခြင်းအမင်္ဂလာဖြစ်သည်။ လူအချို့က “သူသည် ထိုမျှကြီးမားသော အမှားကို ပြုလုပ်ခဲ့ပြီး ယင်းမှာ အတော်ပင် ရှက်ဖွယ်ကောင်းသည်။ သူသည် ချောင်းဆိုးပျောက်ဆေးရည်ကို တိတ်တဆိတ် စသောက်ခဲ့သည့်အချိန်မှစ၍ သူ့အနေဖြင့် ဤအမှားကို မပြုလုပ်မိအောင်၊ ထိုသို့ဖြင့် ဖယ်ရှားရှင်းလင်း ခံရစရာမလိုအောင် ဘုရားသခင်သည် သူ့အား ရပ်တန့်စေဖို့အတွက် အခြေအနေအချို့ကို မစီမံနိုင်ခဲ့သလော” ဟု ဆိုကြသည်။ ဤသည်မှာ ဘုရားသခင် ပြုလုပ်ခဲ့သည့် အရာဟုတ်သလော။ (မဟုတ်ပါ။) ဘုရားသခင် အဘယ်သို့ လုပ်ဆောင်ခဲ့သနည်း။ (သူသည် အခြေအနေကို ဤအတိုင်း ဖြစ်ခွင့်ပြုခဲ့သည်။) ဘုရားသခင်သည် အမှုအရာများကို သူ့ဘာသာ ဖြစ်ပျက်ခွင့်ပေးခဲ့ကာ ဤသည်မှာ သူ၏ စည်းမျဉ်းတစ်ခု ဖြစ်၏။ ထိုသူသည် ချောင်းဆိုးပျောက်ဆေးရည်၏ ပုလင်းဖုံးကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် သူ ပထမဆုံးတစ်ငုံနှင့် နောက်ဆုံးတစ်ငုံ သောက်သည့် ကြားထဲတွင် သဘာဝအားဖြင့် ခြားနားမှုရှိသလော။ (မရှိပါ။) အဘယ့်ကြောင့် ခြားနားမှုမရှိသနည်း။ (သူသည် အနှစ်သာရအားဖြင့် ထိုသို့သောလူစားမျိုးပင် ဖြစ်ပါသည်။) ဤအခြေအနေက သူ၏ လူ့သဘာဝ၊ သူ၏ လိုက်စားမှုနှင့် သူ၏ ယုံကြည်မှုကို လုံးစေ့ပတ်စေ့ ထုတ်ဖော်ခဲ့ပေသည်။
ဓမ္မဟောင်းကျမ်းခေတ်တွင် ဧသောသည် သူ၏ မွေးရာပါ အခွင့်အရေးကို အမဲစွပ်ပြုတ်တစ်ခွက်ဖြင့် လှဲလှယ်ခဲ့သည်။ သူက “မွေးရာပါ အခွင့်အရေးနှင့်ပတ်သက်၍ ဘာအရေးကြီးသနည်း။ ယင်းကို အလှဲအလှယ် လုပ်လျှင်လည်း ထူးခြားမှုရှိမည်မဟုတ်။ ကျွန်ုပ်သည် အသက်ရှင်နေဦးမည် မဟုတ်လော” ဟူ၍ မည်သည့်အရာက အရေးကြီးပြီး တန်ဖိုးရှိသည်ကို သတိမပြုမိခဲ့ချေ။ ဤသည်မှာ စိတ်နှလုံးထဲ၌ သူစဉ်းစားခဲ့သည့်အရာ ဖြစ်သည်။ ပြဿနာအား သူ၏ ကိုင်တွယ်ဖြေရှင်းနည်းက အတော်ပင် လက်တွေ့ကျခဲ့ဟန် တူမည်ဖြစ်သော်လည်း သူဆုံးရှုံးခဲ့သည့်အရာမှာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာဖြစ်ပြီး ယင်း၏ အကျိုးဆက်များမှာ မတွေးတတ်လောက်အောင် ဖြစ်သည်။ ယခုတွင် အသင်းတော်ထဲ၌ သမ္မာတရားကို မလိုက်စားသော လူများစွာရှိသည်။ ၎င်းတို့သည် ဘုရားသခင်၏ ကတိတော်များနှင့် ဘုရားသခင်၏ ကောင်းချီးများကို အလေးအနက် မထားကြပေ။ ဤသည်မှာ လူတစ်ဦး၏ မွေးရာပါ အခွင့်အရေးအား အဆုံးခံရခြင်းနှင့် သဘာဝအားဖြင့် အတူတူပင် မဟုတ်လော။ ယင်းမှာ ပို၍ပင် ဆိုးဝါးသည် မဟုတ်လော။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ လူတို့အား ကယ်တင်ခြင်းသည် တစ်ကြိမ်တစ်ခါသာရှိသော အခွင့်အရေးဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ဤအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလျှင် ယင်းက လုံးဝ ပြီးသွားပြီဖြစ်သည်။ ဖျက်ဆီးခံရခြင်းဟူသည့် အဆုံးသတ်အတွက် သူလှဲလှယ်ခဲ့သည့် အရာတစ်ခုဖြစ်သည့် ချောင်းဆိုးပျောက်ဆေးရည် အတွက်မျှသာဖြင့် နောက်ဆုံးတွင် ဖယ်ရှားရှင်းလင်းခံခဲ့ရသည့် လူတစ်ဦးပင် ရှိခဲ့သည်။ ဤသည်မှာ တကယ့်ကို ဉာဏ်မမီလောက်အောင်ပင်။ သို့တစေ အမှန်တွင် ယင်းနှင့်ပတ်သက်၍ ဉာဏ်မမီလောက်စရာ ဘာမျှမရှိပေ။ ငါသည် အဘယ့်ကြောင့် ထိုသို့ဆိုသနည်း။ ဤအဖြစ်အပျက်မှာ အရေးမပါသောအရာတစ်ခု ဖြစ်ဟန်တူချင်တူမည်။ အကယ်၍ လူတို့ကြားထဲတွင် ထိုသို့သော အဖြစ်အပျက်မျိုး ဖြစ်ပျက်ခဲ့လျှင် ယင်းကို များစွာ ဆင်ခြင်သုံးသပ်ကြမည် မဟုတ်ပေ။ ခိုးယူခြင်း သို့မဟုတ် အခြားသူများအား အနာတရဖြစ်စေခြင်း အစရှိသည့် ရာဇဝတ်မှု ကျူးလွန်ခြင်းကဲ့သို့ သင်သည် အများဆုံးအနေဖြင့် သေဆုံးပြီးနောက်တွင် အပြစ်ဒဏ်ပေးခံရပြီးနောက် လူဝင်စားခြင်းဟူသည့် သံသရာအချို့အားဖြင့် လူသားတစ်ဦးအဖြစ် ပြန်လည်မွေးဖွားမည် ဖြစ်သည်။ ယင်းက များစွာ အရေးပါမည် မဟုတ်ချေ။ သို့သော် ယခု ငါပြောပြနေသည့် အခြေအနေမှာ ဤအရာကဲ့သို့ ရိုးရှင်းသလော။ (မရိုးရှင်းပါ။) ယင်းသည် မရိုးရှင်းဟု ငါတို့ အဘယ့်ကြောင့် ဆိုသနည်း။ ဤအခြေအနေသည် အဘယ်ကြောင့် ဆွေးနွေးရန် ထိုက်တန်သနည်း။ ဤချောင်းဆိုးပျောက်ဆေးရည်ဖြင့် အစပြုကြစို့။ အမှန်အားဖြင့် ဤချောင်းဆိုးပျောက်ဆေးရည်သည် တန်ဖိုးကြီးမားသော အရာမဟုတ်သော်လည်း ယင်းကို ဘုရားသခင်အတွက် ပူဇော်ဆက်ကပ်လိုက်သည်နှင့် တစ်ပြိုင်နက် ယင်း၏အနှစ်သာရမှာ ပြောင်းလဲသွားသည်။ ယင်းမှာ လှူဖွယ်ပစ္စည်း ဖြစ်သွားသည်။ လူအချို့က “လှူဖွယ်ပစ္စည်းများကို ဆက်ကပ်ထားပြီးဖြစ်သည်။ လှူဖွယ်ပစ္စည်းများမှာ လူတို့နှင့် မသက်ဆိုင်ပေ။ ယင်းတို့ကို လူတို့ မထိမကိုင်သင့်” ဟု ဆိုကြ၏။ ဤသို့ပြောခြင်းသည်လည်း မှန်ကန်၏။ လှူဖွယ်ပစ္စည်းဆိုသည်မှာ အဘယ်နည်း။ လှူဖွယ်ပစ္စည်းဆိုသည်မှာ ဘုရားသခင်ကို လူပုဂ္ဂိုလ်တစ်ယောက်က ဆက်ကပ်သည့် တစ်စုံတစ်ခု ဖြစ်သည်။ မည်သည့်အရာဖြစ်စေ ထိုကဲ့သို့သော အရာများအားလုံးကို လှူဖွယ်ပစ္စည်များအဖြစ် ရည်ညွှန်းလေသည်။ ယင်းတို့ကို ဘုရားသခင် ပိုင်သောကြောင့် လူသားနှင့် မသက်ဆိုင်တော့ပေ။ ဘုရားသခင်ကို ဆက်ကပ်သည့် မည်သည့်အရာမဆို ငွေကြေးဖြစ်စေ သို့မဟုတ် အရာဝတ္ထုများဖြစ်စေ၊ ပြီးလျှင် ယင်း၏တန်ဖိုးမည်မျှ ရှိသည်ဖြစ်စေ ဘုရားသခင်နှင့် လုံးလုံး သက်ဆိုင်ပြီး လူအလိုရှိသလို အသုံးပြု၍ရသောအရာ မဟုတ်သကဲ့သို့ အသုံးပြုရန် သူ၏အရာလည်း မဟုတ်ပေ။ ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများကို မည်သို့ စိတ်ကူးထဲ ရုပ်လုံးပေါ်အောင် တွေးနိုင်သနည်း။ ယင်းတို့သည် ဘုရားသခင်နှင့်သာ သက်ဆိုင်သည်၊ သူကသာ ယင်းတို့ကို စွန့်ပစ်နိုင်သည်၊ ပြီးလျှင် သူ၏ အသိအမှတ်ပြုခြင်းကို မရရှိမီ ထိုအရာများကို မည်သူမျှ မထိနိုင်သကဲ့သို့ ယင်းတို့အပေါ် လိုချင်မျက်စိ ရှိ၍မရနိုင်ပေ။ “ဘုရားသခင်သည် တစ်စုံတစ်ခုကို အသုံးမပြုနေပါက ကျွန်ုပ်တို့အား ယင်းကို အသုံးပြုဖို့ အဘယ့်ကြောင့် အခွင့်မပေးသနည်း။ ယင်းက အချိန်အတော်ကြာ၍ ပျက်စီးခဲ့ပါက ဝမ်းနည်းစရာဖြစ်မည် မဟုတ်လော။” ဟု ပြောသည့်သူများ ရှိပေသည်။ မဟုတ်ပေ၊ ထိုအချိန်တွင်ပင် မဖြစ်ပေ။ ဤသည်မှာ စည်းမျဉ်းတစ်ခုဖြစ်သည်။ လှူဖွယ်ပစ္စည်းများသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် အရာများဖြစ်သည်၊ လူနှင့်မသက်ဆိုင်ပေ။ ကြီးကြီးငယ်ငယ်၊ ပြီးလျှင် ယင်းတို့သည် တန်ဖိုးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ လူသားက ယင်းတို့ကို ဘုရားသခင်ထံ ဆက်ကပ်ပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်က ယင်းတို့ကို လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ယင်းတို့၏အနှစ်သာရသည် ပြောင်းလဲပြီးဖြစ်ပေသည်။ အရာဝတ္ထုတစ်ခုသည် လှူဖွယ်ပစ္စည်းတစ်ခု ဖြစ်လာပြီးသည်နှင့် တစ်ပြိုင်နက် ယင်းက ဖန်ဆင်းရှင်၏ ပိုင်ဆိုင်မှုများထဲတွင် ပါဝင်ပြီး သူအလိုရှိသလို အသုံးပြုသည့်အရာ ဖြစ်ပေသည်။ တစ်စုံတစ်ဦး၏ လှူဖွယ်ပစ္စည်းများအား သဘောထားသည့် နည်းလမ်းတွင် မည်သည့်အရာ ပါဝင်သနည်း။ ယင်းက ဘုရားသခင်အပေါ် တစ်စုံတစ်ဦး၏ သဘောထား ပါဝင်ပေသည်။ ဘုရားသခင်အပေါ် လူပုဂ္ဂိုလ်တစ်ဦး၏ သဘောထားသည် ရိုင်းစိုင်းမှုနှင့် မထီမဲ့မြင်ပြုခြင်းတို့နှင့် အပူအပင်မရှိခြင်းတို့ထဲမှ တစ်ခုဖြစ်ပါက ဘုရားသခင်ပိုင်ဆိုင်သည့် အရာများ အားလုံးအပေါ် ထိုလူပုဂ္ဂိုလ်၏ သဘောထားသည်လည်း သေချာပေါက် ထိုနည်းတူဖြစ်လိမ့်မည်။ “မည်သူမျှ စုံစမ်းမေးမြန်းခြင်း မရှိသည့် အချို့သော လှူဖွယ်ပစ္စည်းများ ရှိသည်။ ယင်းမှာ ထိုပစ္စည်းများကို တွေ့ရှိသည့်မည်သူမဆိုနှင့် သက်ဆိုင်သည်ဟု မဆိုလိုသလော။ ယင်းကို တစ်စုံတစ်ဦးက သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ယင်းမှာ ‘ကိုယ့်လက်ထဲရောက် ကိုယ့်ဥစ္စာသာ’ ဖြစ်သည်။ ထိုအရာများကို ရှာတွေ့သူ မည်သူမဆိုသည် ယင်းတို့ကို ပိုင်ဆိုင်သူဖြစ်သည်” ဟု ပြောသည့်လူအချို့ ရှိကြသည်။ ထိုအမြင်ရှုထောင့်နှင့် ပတ်သက်၍ သင်မည်သို့ တွေးထင်သနည်း။ အတော်အတန် သိသာထင်ရှားစွာပင် ယင်းက မမှန်ကန်ပေ။ လှူဖွယ်ပစ္စည်းများအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်အား မည်သည့်အရာကို ပူဇော်ဆက်ကပ်သည်ဖြစ်စေ၊ ပြီးလျှင် ယင်းကို သူလက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ တစ်စုံတစ်ခုကို လှူဖွယ်ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ပြီးသည်နှင့်တစ်ပြိုင်နက် ယင်းကို ရယူဖို့ ကြိုးစားသူ မည်သူမဆိုသည် “မြေမြှုပ်မိုင်းနင်းမိခြင်း” ဖြင့် အဆုံးသတ်နိုင်သည်။ ယင်းက မည်သည့်အရာကို ဆိုလိုသနည်း။ (ယင်းက ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်းကို ဆိုလိုသည်။) မှန်ပေ၏။ သင်တို့အားလုံးသည် ဤသဘောတရားကို သိကြသော်လည်း ဤအရေးကိစ္စ၏ အနှစ်သာရကို သင်တို့ အဘယ့်ကြောင့် သတိမပြုမိကြသနည်း။ သို့ဆိုလျှင် ဤအရေးကိစ္စသည် လူတို့အား မည်သည့်အရာကို ပြောသနည်း။ ယင်းက ဘုရားသခင်၏ စိတ်သဘောထားသည် လူသားများ၏ မည်သည့်ပုန်ကန်ပြစ်မှားခြင်းကို သည်းခံခြင်း မရှိကြောင်းနှင့် ၎င်းတို့သည် သူ၏အရာဝတ္ထုများကို ဆော့မကစားရကြောင်းတို့ကို ၎င်းတို့အား ပြောသည်။ ဥပမာအားဖြင့် ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများပင်။ လူပုဂ္ဂိုလ်တစ်ဦးသည် ယင်းတို့ကို မိမိ၏ကိုယ်ပိုင်အဖြစ် ယူဆောင်ခြင်း သို့မဟုတ် ယင်းတို့ကို အလဟဿဖြစ်စေခြင်းနှင့် ဖြုန်းတီးခြင်းတို့ပြုပါက ၎င်းသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိမည် ဖြစ်ပြီး အပြစ်ဒဏ်ပေးခြင်းခံရနိုင်ဖွယ်ရှိမည် ဖြစ်ပေသည်။ ဘုရားသခင်၏ ဒေါသပုန်ထခြင်း၌ ယင်း၏စည်းမျဉ်းများ ရှိသည်။ ယင်းက ဘုရားသခင်သည် အမှားတစ်ခုပြုသည့် မည်သူ့ကိုမဆို ဒေါသတကြီး ရမ်းသည်ဟု လူများစိတ်ကူးထားသကဲ့သို့ မဟုတ်ပေ။ ထိုအစား လူတစ်ဦးက အရေးပါသော၊ အရေးကြီးသော ကိစ္စများတွင် ဘုရားသခင်အား ပုန်ကန်ပြစ်မှားသောအခါ ဘုရားသခင်၏ အမျက်ဒေါသကို ဆွပေးခြင်းဖြစ်သည်။ အထူးသဖြင့် ဘုရားသခင် ခံယူထားသည့် ဇာတိခန္ဓာကိုယ်နှင့် ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများအား သဘောထားခြင်းနှင့် ပတ်သက်လျှင် လူတို့သည် သတိထားခြင်းကို ပြသရမည်ဖြစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိရမည်ဖြစ်သည်။ ဤနည်းဖြင့်သာ ၎င်းတို့သည် ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားခြင်း မရှိသည်မှာ သေချာနိုင်လေသည်။
လူအချို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ယုံကြည်မှု၌ ယုံကြည်ခြင်းရှိကြကာ မိမိတို့ကိုယ်ကို အသုံးခံပြီး အဖိုးအခပေးနိုင်လျက်၊ အရာတစ်ခုမှလွဲ၍ လက္ခဏာသွင်ပြင်အားလုံး၌ ကောင်းစွာ ထမ်းဆောင်နိုင်ကြသည်။ ဘုရားသခင်၏ အိမ်တော်ရှိ ကြွယ်ဝသော အရင်းအမြစ်များကို မြင်တွေ့ပြီး ဘုရားသခင် ရွေးကောက်ထားသော လူတို့သည် ငွေကြေးသာမက အစားအစာ၊ အဝတ်အစားနှင့် အမျိုးမျိုးသော ဆေးဝါးများ စသည်တို့ကိုလည်း ဆက်ကပ်လှူဒါန်းကြသည်ကို သိရှိရသောအခါ ထိုကဲ့သို့သော လူတစ်ဦးက “ဘုရားသခင် ရွေးကောက်ထားသော လူတို့သည် ဘုရားသခင်အား အလွန်များပြားလှသော အရာများကို ဆက်ကပ်ကြသည်ဖြစ်၍ ဘုရားသခင် တစ်ဦးတည်း ဤအရာအားလုံးကို အသုံးပြုနိုင်မည်မဟုတ်။ အချို့ကို ဧဝံဂေလိဖြန့်ဝေခြင်းအတွက် လိုအပ်သော်လည်း ယင်းတို့အားလုံးကို အသုံးပြုမည် မဟုတ်သေးချေ။ ဤပစ္စည်းများကို မည်ကဲ့သို့ ကိုင်တွယ်သင့်သနည်း။ ဖြစ်နိုင်လျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းတို့အချို့ကို ဝေမျှသင့်သလော” ဟု တွေးထင်သည်။ သူသည် ဤကိစ္စနှင့်ပတ်သက်၍ ကြောင့်ကြပြီး ထိတ်ထိတ်ပျာပျာဖြစ်လာကာ အတွင်းစိတ်ထဲ၌ “ဝန်ထုပ်ဝန်ပိုး” ကို ခံစားသည့်အပြင် “ယခုဆိုလျှင် ငါသည် ဤပစ္စည်းများအား တာဝန်ခံရပြီ။ အချို့ကို ငါအသုံးပြုသင့်သည်။ သို့မဟုတ်လျှင် ကမ္ဘာကြီး ပျက်သုဉ်းသွားသောအခါ ဤလှူဖွယ်ပစ္စည်းများ အားလုံးသည် အလကားပစ်လိုက်ရမည် မဟုတ်လော။ ယင်းတို့ကို ခေါင်းဆောင်များနှင့် အမှုဆောင်များအား ဝေငှခြင်းက တရားမျှတသည်။ ဘုရားသခင်၏အိမ်တော်၌ လူတိုင်းက တန်းတူဖြစ်သည်။ ငါတို့သည် မိမိတို့ကိုယ်ကို ဘုရားသခင်အတွက် ဆက်ကပ်ထားပြီးဖြစ်သည့်အတွက် ဘုရားသခင်၏ ဥစ္စာများမှာ ငါတို့၏ဥစ္စာလည်း ဖြစ်ပြီး ငါတို့၏ ဥစ္စာသည်လည်း ဘုရားသခင်၏ဥစ္စာ ဖြစ်၏။ ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများကို ငါခံစားလိုက်လျှင် ကြီးမားသောကိစ္စ မဟုတ်ပေ။ မည်သို့ဆိုစေ ယင်းသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာတွင် ပါဝင်ဖြစ်၏။ ငါသည် အချို့ကို ဆက်လက်၍ အသုံးပြုလိုက်လျှင် ကောင်းပေမည်” ဟု စတင်၍ တွေးတောလာသည်။ သူသည် ထိုသို့သော အတွေးမျိုးဖြင့် စုံစမ်းသွေးဆောင်ခံရသည်။ သူ၏လိုအင်ဆန္ဒများသည် တစ်စတစ်စဖြင့် ကြီးထွားလာပြီး သူသည် လှူဖွယ်ပစ္စည်းများကို စတင်၍ တပ်မက်လာကာ သူ၏စိတ်နှလုံးထဲ၌ မည်သည့်အပြစ်တင်ခြင်းကိုမျှ မခံစားရဘဲ ပစ္စည်းများကို စတင်၍ ယူငင်တော့သည်။ သူသည် မည်သူမျှ သိမည်မဟုတ်ဟု တွေးထင်ပြီး “ကျွန်ုပ်သည် ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံခဲ့ပြီ။ လှူဖွယ်ပစ္စည်းအချို့ကို ခံစားခြင်းမှာ ကြီးမားသော ကိစ္စမဟုတ်ပေ။ ဘုရားသခင်သိသွားလျှင်ပင် သူသည် ကျွန်ုပ်ကို ခွင့်လွှတ်မည်ဖြစ်သည်။ ယခုတွင် အချို့ကို ငါခံစားလိုက်တော့မည်” ဟု ဆိုလျက် မိမိကိုယ်ကို နှစ်သိမ့်အားပေးသည်။ ရလဒ်အနေဖြင့် သူသည် လှူဖွယ်ပစ္စည်းများကို စတင်ခိုးယူလျက် ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားသည်။ သူသည် အပေါ်ယံတွင် “ဤပစ္စည်းများကို အသုံးမပြုပါက အတန်ကြာပြီးနောက် ပျက်စီးမည်ဖြစ်သည်။ ဘုရားသခင် တစ်ဦးတည်း ဤအရာများအားလုံးကို အသုံးမပြုနိုင်သည့်အပြင် ယင်းတို့ကို အညီအမျှ ခွဲဝေသည်ဆိုလျှင် လူအမြောက်အမြား ဖြစ်နေပြီး စေ့ငရန် လုံလောက်မည် မဟုတ်ပေ။ ယင်းကို ငါ အဘယ့်ကြောင့် မစီမံရမည်နည်း။ ထိုမျှမက ငွေအားလုံးကို ကမ္ဘာကြီးအဆုံးသတ်၌ သုံး၍မကုန်နိုင်လျှင်ကော။ ငါတို့ တစ်ဦးစီသည် ဝေစုလက်ခံသင့်ကာ ယင်းသည်လည်း ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကျေးဇူးတော်ကို ထင်ဟပ်ပေသည်။ ဘုရားသခင်က ဤအရာကို သတ်မှတ်မထားသေးသော်လည်း၊ ထိုသို့သော စည်းမျဉ်းမျိုး မရှိသော်လည်း အဘယ့်ကြောင့် ကိုယ်က အလျင်ဦးအောင် ဖန်တီးမယူသနည်း။ ဤသည်မှာ စည်းမျဉ်းများအတိုင်း ပြုမူလုပ်ဆောင်ခြင်းပင် ဖြစ်၏” အစရှိသည်ဖြင့် မိမိအတွက် အကြောင်းပြချက်များစွာ ရှာလေသည်။ သူသည် ကြီးကျယ်သော အကြောင်းရင်းများစွာကို လုပ်ဇာတ်ခင်းပြီးနောက် စတင်၍ လုပ်ဆောင်မှုပြုတော့သည်။ သို့သော် သူအစပြုလိုက်သည်နှင့် အရာရာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပြီး သူ၏စိတ်နှလုံးထဲ၌ အပြစ်တင်ခြင်း တဖြည်းဖြည်း လျော့နည်းသွားသည်။ သူက ယင်းသည် တရားသည်ဟုပင် ထင်ကာ “အကယ်၍ ဘုရားသခင်က အလိုမရှိလျှင် ယင်းကို ငါ အသုံးပြုသင့်သည်။ ဤသည်မှာ ပြဿနာကြီးကြီးမားမား မဟုတ်” ဟု တွေးကောင်း တွေးမည်ဖြစ်သည်။ ဤသည်မှာ အရာရာ မှားသွားသည့်နေရာပင် ဖြစ်၏။ ဤသည်မှာ ကြီးမားသောကိစ္စ ဟုတ်သလော၊ မဟုတ်လော။ သင်တို့ မည်သို့ထင်သနည်း။ ယင်းမှာ ဆိုးရွားသလော။ (ဆိုးရွားပါသည်။) ယင်းက ဆိုးရွားသည်ဟု အဘယ့်ကြောင့် ငါတို့ဆိုရသနည်း။ ဤအရေးကိစ္စကို မိတ်သဟာယပြုထိုက်သလော။ (ပြုထိုက်ပါသည်။) မည်သည့်အရာက ယင်းကို မိတ်သဟာယပြုထိုက်စေသနည်း။ (ယင်း၌ ဘုရားသခင်၏ စိတ်နေသဘောထား ပါဝင်ပြီး လူ၏ အဆုံးသတ်နှင့် ပန်းတိုင်တို့နှင့်လည်း သက်ဆိုင်သည်။) ဤအရေးကိစ္စသည် အရေးပါ၏၊ ယင်း၏သဘာဝသည် ကြီးလေး၏။ ယခုတွင် သင်တို့အား ငါသတိပေးသင့်သည်မှာ မည်သည့်အရာ ဖြစ်သနည်း။ လှူဖွယ်ပစ္စည်းများ ယူငင်ခြင်းဟူသည့် စိတ်ကူးကို မည်သည့်အခါမျှ လက်သင့်မခံနှင့်။ လူအချို့က “ယင်းသည် မမှန်ပေ။ ညီအစ်ကို မောင်နှမများ ဆက်ကပ်သည့် လှူဖွယ်ပစ္စည်းများကို ဘုရားသခင်၏ အိမ်တော်အတွက်၊ အသင်းတော်အတွက် ရည်ရွယ်ထားသည်။ ဤအရာက ယင်းတို့ကို လူတိုင်း၏ ဘုံပိုင်ပစ္စည်း ဖြစ်စေသည်” ဟု ဆိုကြသည်။ ဤပြောဆိုချက်က မှန်သလော။ ထိုကဲ့သို့သော ပြောဆိုချက်သည် မည်သို့ထွက်ပေါ်လာသနည်း။ လူ၏ လောဘကြောင့် ဤကဲ့သို့သော အယူအဆသဘောတရားကို ဖော်စပ်ထားခြင်း ဖြစ်သည်။ ဤအရေးကိစ္စတွင် အခြားမည်သည့်အရာ ပါဝင်သနည်း။ ငါတို့ မထည့်သွင်းသေးသည့် အရာတစ်ခုရှိ၏၊ မည်သည့်အရာ ဖြစ်သနည်း။ အချို့က “ဘုရားသခင်၏ အိမ်တော်သည် မိသားစုကြီးဖြစ်၏။ ကောင်းသောမိသားစုကို ထင်ဟပ်စေဖို့ရန် ချစ်ခြင်းမေတ္တာနှင့် သည်းခံမှု ရှိသင့်သည်။ လူတိုင်းသည် အစားအစာ၊ သောက်သုံးစရာနှင့် အရင်းအမြစ်များကို ဝေယူသင့်ကာ ဤအရာများအားလုံးကို အညီအမျှ ဝေငှသင့်သည်။ သာဓကအနေဖြင့် လူတိုင်း၌ အဝတ်အစားရှိသင့်ပြီး ယင်းကို အညီအမျှ ဝေငှခံစားသင့်သည်။ ဘုရားသခင်သည် ဘက်လိုက်ခြင်းကို မပြသပေ။ အကယ်၍ လူတစ်ဦးသည် ခြေအိတ်ပင် မဝယ်နိုင်ဘဲဖြစ်ကာ ဘုရားသခင်၌ အရန်အချို့ အပိုရှိပါက သူသည် ၎င်းတို့ကို အကူအညီပေးအပ်သင့်သည်။ ထိုမျှမက ဘုရားသခင်၏ ထိုလှူဖွယ်ပစ္စည်းများမှာ ညီအစ်ကိုမောင်နှမများထံမှ လာခြင်းဖြစ်သည်။ ဘုရားသခင်၌ မြောက်မြားစွာ ရှိထားပြီးဖြစ်၍ အချို့ကို ဆင်းရဲသားများထံ မဝေငှသင့်သလော။ ဤအရာက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ထင်ဟပ်စေမည် မဟုတ်လော” ဟု စဉ်းစားကြသည်။ လူတို့သည် ဤကဲ့သို့ စဉ်းစားကြသလော။ ဤသည်တို့မှာ လူ့အယူအဆများ မဟုတ်သလော။ လူတို့သည် ယင်းကို ဘုရားသခင်၏ ကျေးဇူးတော်၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ဘုရားသခင်၏ ကြီးမားသောမေတ္တာအဖြစ် စကားအလှဖြင့် အမည်တပ်နေစဉ် ဘုရားသခင်၏ ဥစ္စာကို အတင်းအကျပ် အပိုင်ယူကြသည်။ ၎င်းတို့သည် အရာဝတ္ထုများကို ဘုရားသခင်နှင့်အတူ အမြဲတမ်း အညီအမျှ ခွဲဝေလိုကြကာ၊ အရာရာတိုင်းကို တန်းတူညီမျှ ခွဲယူလိုသည်၊ သာတူညီမျှရေးဝါဒကို အမြဲတမ်း ထပ်တလဲလဲ တောင်းဆိုကြသည်။ ဤသည်မှာ ကမ္ဘာလုံးဆိုင်ရာ တစ်လုံးတစ်ဝတည်း ဖြစ်ခြင်း၊ လူသား၏ သဟဇာတဖြစ်မှုနှင့် စိတ်ကျေနပ်ဖွယ် အသက်ရှင်မှုတို့၏ အမှတ်သင်္ကေတဖြစ်သည်ဟု ထင်ကြပြီး ဤသည်ကို လက်တွေ့ပြသသင့်သည့် အခြင်းအရာတစ်ခုအဖြစ် သဘောထားကြသည်။ ဤသည်တို့မှာ လူသား၏ အယူအဆများ မဟုတ်လော။ အထူးသဖြင့် ဘုရားသခင်၏ အိမ်တော်ထဲတွင် မည်သူမျှ ဆာလောင်ခြင်းမရှိသင့်ဟု ၎င်းတို့တွေးကြသည်။ အကယ်၍ လူတစ်ဦးက ဆာလောင်လျှင် ဘုရားသခင်သည် သူ၏ လှူဖွယ်ပစ္စည်းများကို အကူအညီအဖြစ် အသုံးပြုသင့်သည်။ ဘုရားသခင်သည် ထိုကိစ္စကို လျစ်လျူမရှုသင့်။ လူတို့ယုံကြည်သည့် ဤ “ပြုလုပ်သင့်သည်” ဟူသည်မှာ အယူအဆတစ်မျိုး မဟုတ်လော။ ယင်းသည် ဘုရားသခင်အပေါ် လူသား၏တောင်းဆိုမှု မဟုတ်လော။ လူအချို့သည် ဘုရားသခင်ကို ယုံကြည်ပြီးနောက် “ကျွန်ုပ်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာခဲ့ပြီး ဘာမျှ မရရှိသေး။ ကျွန်ုပ်၏မိသားစုသည် ဆင်းရဲမြဲဆင်းရဲနေသေးသည်။ ဤသို့ မဖြစ်သင့်ပေ။ ကျွန်ုပ်သည် ဘုရားသခင် ပို၍ ဘုန်းတော်ထင်ရှားအောင် လုပ်နိုင်ဖို့အတွက် ဘုရားသခင်သည် ကျွန်ုပ်အပေါ် ကြင်နာသင့်သည်၊ ကျွန်ုပ်ကို ကောင်းချီးပေးသင့်သည်” ဟု ဆိုကြသည်။ သင်၏မိသားစုက ဆင်းရဲသောကြောင့် သင်သည် သမ္မာတရားကို မလိုက်စားပေ။ သင်သည် ဘုရားသခင်အား ယုံကြည်ခြင်းအားဖြင့် သင်၏ ဆင်းရဲသော အခြေအနေကို ပြောင်းလဲပစ်ရန်နှင့် ဘုရားသခင် ဘုန်းတော်ထင်ရှားအောင် လုပ်ခြင်းကို သူနှင့် အပေးအယူလုပ်ဖို့ အကြောင်းပြချက်အဖြစ် အသုံးပြုရန် မျှော်လင့်နေသည်။ ဤသည်တို့မှာ လူသား၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ ဖြစ်သည်။ ယင်းတို့မှာ လူသား၏ လွန်ကဲသော တပ်မက်မှုများပင် ဖြစ်သည်။ ထိုကဲ့သို့သော စေ့ဆော်မှုများနှင့် ဘုရားသခင်အား ယုံကြည်ခြင်းသည် ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်း ပုံစံတစ်မျိုးမဟုတ်လော။ ဘုရားသခင်နှင့် အပေးအယူလုပ်သောသူတို့၌ အသိတရားနှင့် ဆင်ခြင်တုံတရား ရှိသလော။ ၎င်းတို့သည် ဘုရားသခင်အား ကျိုးနွံနာခံသောလူများ ဟုတ်ကြသလော။ လုံးဝ မဟုတ်ကြပေ။ ဤလူတို့၌ အသိတရားနှင့် အသိစိတ် ကင်းမဲ့သည်၊ သမ္မာတရားကို လက်မခံကြ၊ ဘုရားသခင်၏ ပစ်ပယ်ခြင်းကို ခံရသည့်အပြင် ဘုရားသခင်၏ ကယ်တင်ခြင်းကို မရရှိနိုင်သည့် ဆင်ခြင်တုံတရားမဲ့သောလူတို့ ဖြစ်ကြလေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။