မိမိကိုယ်ကို သိခြင်းသာလျှင် သမ္မာတရားကို လိုက်စားခြင်း၌ အထောက်အကူဖြစ်သည် (အပိုင်း သုံး)

လူတစ်ယောက်သည် မိမိ၏ ဖောက်ပြန်ပျက်စီးမှုက မည်မျှ ဆိုးဝါးသော ပြဿနာတစ်ခု ဖြစ်ကြောင်း ဖော်ထုတ်နိုင်သည် ဆိုလျှင်၊ ယင်းမှာ ကောင်းသော အရာတစ်ခုလော သို့မဟုတ် ဆိုးသော အရာတစ်ခုလော။ ကောင်းသောအရာတစ်ခု ဖြစ်သည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးမှုကို ပို၍ ဖော်ထုတ်နိုင်ပြီး၊ ယင်းကို ပို၍ မှန်ကန်တိကျစွာ နားလည်နိုင်ကာ သင်၏ ကိုယ်ပိုင် အနှစ်သာရကို ပို၍ အသိအမှတ်ပြုနိုင်လေ၊ သင်သည် ပို၍ ကယ်တင်ခံရနိုင်လေဖြစ်လိမ့်မည်ဖြစ်ပြီး၊ ကယ်တင်ခြင်းကို ရရှိခြင်းနှင့်လည်း ပို၍ နီးကပ်လာလေ ဖြစ်လိမ့်မည်။ သင်သည် မိမိမှာ ကောင်းမွန်ပြီး အဆင်ပြေသည်ဟု အမြဲ ယုံကြည်လျက်၊ မိမိ၏ ပြဿနာများကို ဖော်ထုတ်ရန် ပို၍ မစွမ်းဆောင်နိုင်လေ၊ သင်သည် ကယ်တင်ခြင်းလမ်းကြောင်းမှ ပို၍ ဝေးကွာလေ ဖြစ်သည်။ သင်သည် ဘေးအန္တရာယ် များစွာ ရှိနေဆဲဖြစ်၏။ မိမိ၏တာဝန်ကို မည်သို့ ကောင်းမွန်စွာ ထမ်းဆောင်ပုံ၊ သမ္မာတရားကို ၎င်းတို့ မိတ်သဟာယဖွဲ့နိုင်စွမ်းနှင့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်စွမ်းတို့ကို အစဉ်အမြဲ ကြွားဝါနေသည့် လူတစ်ယောက်အား သင်သည် မြင်လျှင်၊ ဤသည်မှာ ထိုလူ၏ ဝိညာဉ်ရင့်သန်မှု အလွန်နည်းပါးကြောင်း သက်သေပြခြင်း ဖြစ်သည်။ ထိုလူသည် ကလေးဆန်ပြီး သူ၏ အသက်တာသည် ရင့်ကျက်မှု မရှိချေ။ မည်သည့် လူစားမျိုးသည် ကယ်တင်ခြင်းကို ရရှိခြင်းအတွက် ပို၍ မျှော်လင့်ချက် ရှိကာ၊ ကယ်တင်ခံရခြင်း လမ်းကြောင်းကို စတင်နိုင်သနည်း။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အမှန်တကယ် အသိအမှတ်ပြုသည့် လူစားမျိုးပင် ဖြစ်သည်။ ထိုသူသည် ယင်းစိတ်သဘောထားကို ပို၍ နက်နက်နဲနဲ နားလည်လေ၊ ကယ်တင်ခံရခြင်းနှင့် ပို၍ နီးကပ်လေ ဖြစ်သည်။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အားလုံးက စာတန်ဆန်သော သဘာဝမှ ပေါ်ပေါက်သည်ကို နားလည်ခြင်း၊ မိမိတို့တွင် အသိတရား သို့မဟုတ် အသိစိတ် လုံးဝ မရှိကြောင်း၊ မည်သည့် သမ္မာတရားကိုမျှ လက်တွေ့ မလုပ်ဆောင်နိုင်ကြောင်း၊ မိမိတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တစ်ခုတည်းဖြင့်သာ ရှင်သန်နေထိုင်ကြပြီး၊ လူ့သဘာဝဟူ၍ လုံးဝ မရှိကြောင်း၊ မိမိတို့သည် အသက်ရှင်နေသော နတ်ဆိုးတစ်ကောင်နှင့် အသက်ရှင်နေသော စာတန်တစ်ယောက် ဖြစ်ကြောင်းတို့ကို မြင်ခြင်းပင်ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးမှု အနှစ်သာရကို အမှန်တကယ် သိကျွမ်းခြင်း ဖြစ်သည်။ ဤပုံစံအတိုင်း နားလည်သဘောပေါက်ခြင်းသည် ထိုပြဿနာအား အတော်ပင် ဆိုးရွားသည်ဟု ထင်ရစေ၏၊ သို့သော် ဤသည်မှာ ကောင်းသော အရာတစ်ခုလော၊ သို့မဟုတ် ဆိုးသော အရာတစ်ခုလော။ (ကောင်းသော အရာတစ်ခု ဖြစ်ပါသည်။) ကောင်းသော အရာတစ်ခု ဖြစ်သော်လည်း၊ လူအချို့မှာ ၎င်းတို့၏ နတ်ဆိုးဆန်သော၊ စာတန်ဆန်သော ဘက်ခြမ်းကို မြင်ကြသည့်အခါ အပျက်သဘောဆောင်လာကြသည်။ “ယခုတော့ ငါဇာတ်သိမ်းလေပြီ။ ဘုရားသခင်သည် ငါ့ကိုအလိုမရှိပေ။ ငါ့ကို ငရဲသို့ ဧကန်မုချ ပို့ပေလိမ့်မည်။ ငါသည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရဖို့ရန် လုံးဝ မဖြစ်နိုင်ပေ”ဟု စဉ်းစားနေကြလေသည်။ ဤသည်မှာ ဖြစ်ပျက်တတ်သော အရာတစ်ခုလော။ ငါ့ကို ပြောလော့၊ မိမိကိုယ်မိမိ ပို၍ နားလည်လေ ပို၍ အပျက်သဘော ဆောင်လာလေ ဖြစ်ကြသည့် လူများ ရှိကြသလော။ “ငါသည် လုံးလုံး ပျက်ကိန်းဆိုက်လေပြီ။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းတို့မှာ ငါ့အပေါ် ကျရောက်လေပြီ။ ဤသည်မှာ အပြစ်ဒဏ်ပေးခြင်း၊ ဒဏ်ခတ်ခံရခြင်း ဖြစ်သည်။ ဘုရားသခင်သည် ငါ့ကိုအလိုမရှိပေ။ ငါသည် ကယ်တင်ခံရမည့် မျှော်လင့်ချက် မရှိပေ” ဟူ၍ ၎င်းတို့က စဉ်းစားကြ၏။ လူများတွင် ဤသို့ လွဲမှားသည့် အတွေးအမြင်များ ရှိကြသလော။ (ရှိကြပါသည်။) အမှန်အားဖြင့် လူတစ်ယောက်သည် မိမိ၏ မျှော်လင့်ချက်မဲ့ခြင်းကို ပို၍ အသိအမှတ် ပြုလေ၊ ထိုသူအတွက် ပို၍ မျှော်လင့်ချက် ရှိလေ ဖြစ်သည်။ အပျက်သဘော မဆောင်နှင့်၊ လက်မလျှော့လေနှင့်။ မိမိကိုယ်ကို သိခြင်းသည် ကောင်းသော အရာတစ်ခု ဖြစ်၏။ ယင်းမှာ ကယ်တင်ခြင်းကို ရရှိခြင်းဆီသို့ ဦးတည်သော ပဓာနကျသည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ အကယ်၍ လူတစ်ယောက်သည် ကဏ္ဍအမျိုးမျိုးတွင် မိမိကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုလည်းကောင်း၊ ဘုရားသခင်အား ၎င်းတို့၏ အာခံခြင်း အနှစ်သာရကိုလည်းကောင်း လုံးလုံး သတိမမူမိလျှင်၊ ပြောင်းလဲခြင်းအတွက်လည်း စီစဉ်ခြင်းပင် မရှိလျှင်၊ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်ပေသည်။ ဤလူစားမျိုးသည် ထုံအ၏၊ ၎င်းတို့သည် လူသေဖြစ်သည်။ လူသေတစ်ဦးအား အသက်ပြန်ရှင်စေရန် လွယ်ကူသလော။ ၎င်းတို့သည် သေဆုံးပြီးသားဖြစ်သောကြောင့်၊ ၎င်းတို့အား အသက်ပြန်ရှင်စေခြင်းမှာ မလွယ်ကူချေ။

ဘုရားသခင်သည် နောင်တရခြင်းအတွက် အခွင့်အရေးများကို မည်သည့် လူစားမျိုးအား ပေးနေဆဲဖြစ်သနည်း။ မည်သည့် လူစားမျိုးသည် ကယ်တင်ခံရမည့် မျှော်လင့်ချက် ရှိနေသေးသနည်း။ ဤလူများသည် မည်သည့် သရုပ်သကန်များ ပြသသင့်သနည်း။ ပထမဦးစွာ ၎င်းတို့တွင် အသိတရားရှိသော စိတ်တစ်ခု ရှိရမည်။ ၎င်းတို့အပေါ် မည်သည့်အရာ ကျရောက်သည်ဖြစ်စေ၊ ၎င်းတို့အား ကယ်တင်ရန် လုပ်ဆောင်နေသူမှာ ဘုရားသခင် ဖြစ်သည်ဟု မိမိတို့ စိတ်နှလုံးများတွင် နားလည်ကာ၊ ထိုအရာကို ဘုရားသခင်ထံမှ ခံယူနိုင်ကြသည်။ ၎င်းတို့က “ကျွန်ုပ်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သကဲ့သို့ အဘယ်ကြောင့် ကျွန်ုပ်ထံ ဤအမှုအရာမျိုး ဖြစ်ပျက်သည်ကိုလည်း နားမလည်ပါ။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်ကို ကယ်တင်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ကျွန်ုပ် ယုံကြည်သည်။ ကျွန်ုပ်သည် သူ့ကို ပုန်ကန်၍ မဖြစ်ပါ၊ သူ၏စိတ်နှလုံးကို ထိခိုက်စေ၍ မဖြစ်ပါ။ ကျွန်ုပ်သည် မိမိကိုယ်မိမိ ဆန့်ကျင်တွန်းလှန်ပြီး ကျိုးနွံနာခံရပေမည်” ဟု ဆိုကြလိမ့်မည်။ ၎င်းတို့တွင် ဤအသိတရားရှိကြ၏။ ထို့အပြင် အသိစိတ်အရ၊ ၎င်းတို့က၊ “ဘုရားသခင်မှာ ဖန်ဆင်းရှင် ဖြစ်သည်။ ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်သည်။ ဘုရားသခင် ပြုလုပ်သည့် မည်သည့်အရာမဆို မှန်ကန်၏။ ဘုရားသခင်သည် ကျွန်ုပ်၏ အကျင့်ပျက် စိတ်သဘောထားကို သန့်စင်ရန်အတွက် ကျွန်ုပ်အား တရားစီရင်ကာ ပြစ်တင်ဆုံးမသည်။ ဖန်ဆင်းရှင်က သူ၏ ဖန်ဆင်းခံများအား မည်သို့ ဆက်ဆံသည်ဖြစ်စေ၊ ယင်းမှာ လုံးဝ ကျိုးကြောင်းသင့်ပြီး သင့်လျော်သည်”ဟု စဉ်းစားကြသည်။ ဤသည်မှာ လူများတွင် ရှိသင့်သော အသိစိတ် ဖြစ်သည် မဟုတ်လော။ လူတို့က၊ “ကျွန်ုပ်သည် လူသားတစ်ယောက် ဖြစ်သည်။ ကျွန်ုပ်တွင် ပင်ကို အရည်အသွေးနှင့် ဂုဏ်သိက္ခာ ရှိသည်။ ကျွန်ုပ်အား ဤကဲ့သို့ ဆက်ဆံရန် သင့်ကို ကျွန်ုပ် ခွင့်ပြုမည်မဟုတ်” ဟုဆိုကာ၊ ဘုရားသခင်အပေါ် တောင်းဆိုချက်များ မပြုလုပ်သင့်ပေ။ ဤသည်မှာ လျော်ကန် သင့်မြတ်သလော။ ဤသည်မှာ စာတန်ဆန်သော စိတ်သဘောထားတစ်ခု ဖြစ်၏။ ယင်းသည် ပုံမှန် လူသားတစ်ဦး၏အသိစိတ် ကင်းမဲ့ကာ၊ ဘုရားသခင်ကလည်း ဤသို့သော လူများကို ကယ်တင်မည် မဟုတ်ချေ။ ၎င်းတို့ကို ဖန်ဆင်းခံများအဖြစ် အသိအမှတ်မပြုပေ။ သင်က၊ “ကျွန်ုပ်ကို ဘုရားသခင် ဖန်ဆင်းခဲ့သည်။ သူသည် ကျွန်ုပ်အား မည်သို့ ဆက်ဆံချင်သည်ဖြစ်စေ အဆင်ပြေပါသည်။ သူက ကျွန်ုပ်အား မြည်းတစ်ကောင်ကဲ့သို့ဖြစ်စေ၊ မြင်းတစ်ကောင်ကဲ့သို့ဖြစ်စေ၊ အခြားအရာတစ်ခုကဲ့သို့ဖြစ်စေ သဘောထားနိုင်သည်။ ကျွန်ုပ်တွင် ကျွန်ုပ်၏ကိုယ်ပိုင် ရွေးချယ်စရာများ သို့မဟုတ် သတ်မှတ်ချက်များ မရှိပါ” ဟု ပြောခဲ့သည်ဆိုပါစို့။ သင်က ထိုသို့ ပြောခဲ့သည် ဆိုလျှင်၊ မိမိ၏တာဝန် ထမ်းဆောင်ခြင်းသည် အနည်းငယ် ခက်ခဲပင်ပန်းသလောဟူ၍ သင်သည် ကြေးများချင်နေဦးမည်လော။ (ကြေးများချင်မည် မဟုတ်ပါ။) မှန်ပေသည်။ သင်သည် ကျိုးနွံနာခံရမည်။ မည်သို့ ကျိုးနွံနာခံမည်နည်း။ အစပထမ၌ ကျိုးနွံနာခံခြင်းသည် လုပ်ဆောင်ရန် ပင်ပန်း ခက်ခဲ၏။ သင်သည် အမြဲပင် ငြင်းဆိုကာ ရှောင်ရှားချင်လေသည်။ သို့ဖြစ်ရာ မည်သည့်အရာကို သင်ပြုလုပ်သင့်သနည်း။ သင်သည် ဘုရားသခင်ရှေ့မှောက်သို့ လာကာ ဆုတောင်းရမည်။ သမ္မာတရားကို ရှာဖွေရမည်။ ပြဿနာ၏ အနှစ်သာရကို ရှင်းလင်းစွာ မြင်ရမည်။ ထို့နောက် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ရှာဖွေရမည်။ သင်သည် တဖြည်းဖြည်း ကျိုးနွံနာခံရင်းဖြင့် သင်၏စိတ်နှလုံးနှင့် အားထုတ်မှုကို သမ္မာတရားလက်တွေ့ လုပ်ဆောင်ခြင်းတွင် ထားရှိသင့်သည်။ ဤသည်မှာ အသိစိတ် ရှိခြင်း ဖြစ်၏။ သင်သည် ဤအသိစိတ်မျိုးကို ပထမဦးစွာ ပိုင်ဆိုင်ရမည်။ လူတစ်ယောက်တွင် အသိစိတ်နှင့် အသိတရား ရှိသည်နှင့်တစ်ပြိုင်နက်၊ မည်သည့်အရာကို နောက်ထပ် လိုအပ်သနည်း။ ရှက်တတ်သော စိတ်တစ်ခု ဖြစ်သည်။ လူတစ်ယောက်သည် မည်သည့် အခြေအနေများအတွက် ရှက်တတ်သော စိတ်တစ်ခု ရှိရန် လိုအပ်သနည်း။ မှားယွင်းသောအရာတစ်ခုအား ပြုလုပ်သည့်အချိန်၊ မိမိတို့၏ ပုန်ကန်မှု၊ ကလိမ်ကကျစ်ကျခြင်းနှင့် လှည့်ဖြားခြင်းတို့အား ထုတ်ဖော်ပြသည့်အချိန်၊ လိမ်ညာပြီး အယောင်ဆောင်မှု ကျူးလွန်ကြသည့် အချိန်များတွင် ဖြစ်သည်။ ယင်းမှာ လူများအနေဖြင့် ရှက်တတ်သော စိတ်တစ်ခုနှင့် အသိရှိခြင်းကို လိုအပ်သောအချိန်ပင် ဖြစ်သည်။ အမှုကိစ္စများအား ဤပုံစံအတိုင်း လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် မကိုက်ညီကြောင်း၊ သိက္ခာမဲ့ကြောင်းကို ၎င်းတို့အနေဖြင့် သိရမည်။ ၎င်းတို့သည် နောင်တရရန် သိကြရမည်။ ရှက်တတ်သော စိတ်ဟူ၍ မရှိသည့် လူတစ်ယောက်မှာ လူသားဟု ခေါ်ဆိုခံရရန် မထိုက်တန်သည့် အရှက်မရှိ မျက်နှာပြောင်တိုက်သူတစ်ဦး ဖြစ်သည်။ သမ္မာတရားကို လက်မခံသောသူ တစ်ယောက်အတွက် လုံးလုံး အဆုံးသတ်ခြင်း ဖြစ်သည်။ ၎င်းတို့ထံသို့ သမ္မာတရားအား မည်သို့ မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ၎င်းတို့က မခံယူကြပေ။ မည်သည့်အရာကို ပြောဆိုသည် ဖြစ်စေ၊ ၎င်းတို့က အသိ မရကြသေးချေ။ ဤသည်ကို ရှက်တတ်သော စိတ်တစ်ခု ကင်းမဲ့ခြင်းဟု ခေါ်သည်။ ရှက်တတ်သော စိတ်တစ်ခုမရှိသည့် လူများသည် နောင်တရနိုင်သလော။ ရှက်တတ်သော စိတ်တစ်ခု မရှိလျှင်၊ လူတစ်ယောက်သည် ဂုဏ်သိက္ခာဟူ၍ မရှိပေ။ ဤသို့သော လူတစ်ဦးသည် နောင်တကိုလည်း မသိချေ။ နောင်တကို မသိသော လူများသည် ပြောင်းလဲနိုင်ကြသလော။ (မပြောင်းလဲနိုင်ကြပါ။) မပြောင်းလဲနိုင်သော သူများသည် မိမိတို့၏ လက်ထဲတွင်ရှိသည့် မကောင်းမှုကို စွန့်လွှတ်လိမ့်မည် မဟုတ်ပေ။ “အယောက်တိုင်း မိမိတို့၏ ဆိုးယုတ်သောလမ်းမှလည်းကောင်း၊ မိမိတို့ လက်များထဲက အဓမ္မအမှုများမှလည်းကောင်း လှည့်ပြန်ကြစေ။” (ယောနဝတ္ထု ၃:၈) လူတစ်ယောက်သည် ဤအရာကို လုပ်ဆောင်နိုင်ရန် မည်သည့်အရာကို ပိုင်ဆိုင်ရမည်နည်း။ ရှက်တတ်သော စိတ်တစ်ခု၊ အသိတရားရှိသော စိတ်တစ်ခု ပိုင်ဆိုင်ကြရမည်။ အမှားတစ်ခုကို ပြုလုပ်သည့်အခါ၊ ၎င်းတို့သည် မိမိကိုယ်မိမိ အပြစ်တင်မိကြလိမ့်မည်ဖြစ်ပြီး နောင်တရကြလိမ့်မည်ဖြစ်ကာ၎င်းတို့၏ မှားယွင်းသော နည်းလမ်းများကိုလည်း စွန့်ပစ်ကြလိမ့်မည်။ ဤလူစားမျိုးက ပြောင်းလဲနိုင်သည်။ ဤသည်မှာ လူတစ်ယောက်၏ လူ့သဘာဝတွင် အနိမ့်ဆုံးအားဖြင့် ပိုင်ဆိုင်သင့်သောအရာ ဖြစ်သည်။ အသိတရား၊ အသိစိတ်နှင့် ရှက်တတ်သော စိတ်တစ်ခုတို့အပြင် မည်သည့်အရာကို နောက်ထပ် လိုအပ်သနည်း။ (အပြုသဘောဆောင်သော အရာများကို ခုံမင်ခြင်း ဖြစ်ပါသည်။) မှန်ပေသည်။ အပြုသဘောဆောင်သော အရာများကို ချစ်ခြင်းမှာ သမ္မာတရားကို ချစ်ခြင်းဟု အဓိပ္ပာယ်ရသည်။ သမ္မာတရားကို ချစ်သော သူများသာလျှင် ကြင်နာသနားတတ်သော လူများ ဖြစ်သည်။ ဆိုးယုတ်သော လူများသည် အပြုသဘောဆောင်သော အရာများကို ချစ်ကြသလော။ ဆိုးယုတ်သော လူများသည် ကောက်ကျစ်ဆိုးယုတ်သော၊ ရက်စက်ယုတ်မာပြီး အဆိပ်ရှိသော အရာများကို ချစ်ကြ၏။ ၎င်းတို့သည် အပျက်သဘောဆောင်သော အရာများနှင့် ဆက်နွှယ်သည့် အရာများ အားလုံးကို နှစ်သက်ကြသည်။ သင်က ၎င်းတို့အား အပြုသဘောဆောင်သောအရာများအကြောင်းကို ဖြစ်စေ၊ တစ်စုံတစ်ရာသည် လူများအား အကျိုးရရှိစေပြီး ဘုရားသခင်ထံမှ လာပုံအကြောင်းကို ဖြစ်စေ ပြောပြသည့်အခါ၊ ၎င်းတို့သည် ဝမ်းသာခြင်း မရှိ၊ ယင်းတို့ကို နားထောင်ရန် စိတ်မဝင်စားကြပေ။ ၎င်းတို့တွင် ကယ်တင်ခံရမည့် မျှော်လင့်ချက် မရှိကြချေ။ လူတစ်ယောက်သည် ၎င်းတို့အား သမ္မာတရားကို မည်သို့ ကောင်းမွန်စွာ မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ၎င်းတို့အား မည်သို့ လက်တွေ့ကျစွာ ပြောဆိုသည်ဖြစ်စေ၊ ၎င်းတို့က စိတ်မဝင်စားခြင်းသာ ဖြစ်သည်။ ရန်လိုမှုနှင့် မုန်းတီးမှုကိုပင် ဖော်ပြကောင်း ဖော်ပြနိုင်ပေသည်။ သို့သော် တစ်စုံတစ်ယောက်က ဇာတိသွေးသား အပျော်အပါးများအကြောင်း ပြောဆိုနေသည်ကို ၎င်းတို့ ကြားရသည့်အခါ၊ ၎င်းတို့၏ မျက်လုံးများသည် ဝင်းလက်ကြကုန်၏။ ၎င်းတို့သည် ခွန်အားအပြည့် ဖြစ်လာကြ၏။ ဤသည်မှာ ကြောက်စရာကောင်းပြီး ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် ကြင်နာသနားတတ်ခြင်း မရှိချေ။ ထို့ကြောင့် ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို အမှန်တကယ် မနှစ်သက်နိုင်ကြပေ။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို ၎င်းတို့၏ စိတ်နှလုံးတွင် မည်သို့ သဘောထားကြသနည်း။ ၎င်းတို့သည် ယင်းတို့ကို စက်ဆုပ်ရွံရှာပြီး၊ အထင်အမြင်သေးကြ၏။ ၎င်းတို့သည် ဤအရာများကို ပြက်ရယ်ပြုကြ၏။ ရိုးသားသော လူတစ်ယောက် ဖြစ်ခြင်းနှင် ပတ်သက်လာသည့်အခါ ၎င်းတို့က “ရိုးသားခြင်းသည် သင့်အား ဆိုးကျိုးသာ ဖြစ်စေသည်။ ကျွန်ုပ်သည် ယင်းကို ငြင်းဆိုရလိမ့်မည်။ သင်က ရိုးသားသည်ဆိုလျှင်၊ သင်သည် လူနုံလူအတစ်ယောက်သာ ဖြစ်သည်။ သင့်ကိုယ် ကြည့်လော့၊ မိမိကိုယ်တိုင်၏ အနာဂတ်၊ မိမိ၏ ကျန်းမာရေးကို တစ်ကြိမ်မျှ ထည့်မစဉ်းစားဘဲ၊ မိမိတာဝန်ကို ထမ်းဆောင်ရန် ပင်ပန်းဆင်းရဲခံကာ ကြိုးစားအားထုတ်နေသည်။ သင်သည် ခြေကုန်လက်ပန်းကျသောကြောင့် ပြိုလဲလျှင်၊ မည်သူက ဂရုစိုက်ပေးမည်နည်း။ ကျွန်ုပ်သည် မိမိကိုယ်ကို ခြေကုန်လက်ပန်းကျစေ၍ မဖြစ်ပါ” ဟု စဉ်းစားကြသည်။ အခြားသူ တစ်ဦးတစ်ယောက်ကလည်း၊ “ကျွန်ုပ်တို့ ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု ချန်ကြပါစို့။ ကျွန်ုပ်တို့သည် ငတုံးငအများကဲ့သို့ ခါးကျိုးအောင် လုပ်ဆောင်နေ၍ မဖြစ်ပေ။ ကျွန်ုပ်တို့၏ အရန် အစီအစဉ်ကို ကြိုတင်ပြင်ဆင်ရမည်၊ ထို့နောက်အနည်းငယ်မျှသာ အားထုတ်ကြရမည်” ဟု ပြောကောင်း ပြောပေမည်။ ထိုဆိုးယုတ်သော လူများသည် ဤစကားကို ကြားကြသည့်အခါ ဝမ်းသာကြလိမ့်မည်။ ယင်းမှာ ၎င်းတို့ လိုချင်သောအရာအတိအကျ ဖြစ်သည်။ သို့သော် ဘုရားသခင်ကို အကြွင်းမဲ့ နာခံခြင်းနှင့် မိမိ၏ တာဝန်အတွက် သစ္စာစောင့်သိစွာ မိမိကိုယ်ကို အသုံးခံခြင်းတို့နှင့် ပတ်သက်လာလျှင်၊ ၎င်းတို့သည် ပစ်ပစ်ခါခါ ငြင်းဆိုကာ အလွန်မုန်းတီးကြပြီး ထိုအရာများကို လက်ခံကြလိမ့်မည် မဟုတ်ပေ။ ဤသို့သော လူတစ်ယောက်သည် ဆိုးသည် မဟုတ်လော။ ဤကဲ့သို့သော လူများအားလုံးတွင် ဆိုးသော စိတ်သဘောထားတစ်ခု ရှိကြသည်။ သင် ပြုလုပ်ရမည်မှာ သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး လက်တွေ့ လုပ်ဆောင်ခြင်း စည်းမျဉ်းများအကြောင်းကို ၎င်းတို့နှင့် ဆွေးနွေးခြင်းဖြစ်ပြီး၊ ၎င်းတို့သည် ခါးခါးသီးသီး ငြင်းပယ်ကာ၊ နားထောင်ရန် ဆန္ဒမရှိ ဖြစ်လာကြတော့သည်။ ဤအရာသည် ၎င်းတို့၏ မာနကို ထိခိုက်စေသည်၊ ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ၎င်းတို့အနေဖြင့် ယင်းမှတစ်ဆင့် အကျိုး မရရှိနိုင်ကြဟု ၎င်းတို့က တွေးထင်ကြလိမ့်မည်။ စိတ်အတွင်း၌ ၎င်းတို့က “သမ္မာတရားအကြောင်း၊ လက်တွေ့ လုပ်ဆောင်ခြင်း စည်းမျဉ်းများအကြောင်းကို မနားတမ်း ပြောဆိုနေသည်။ ရိုးသားသော လူတစ်ယောက် ဖြစ်ခြင်းအကြောင်းကို အမြဲ ဆွေးနွေးနေသည်။ ရိုးသားခြင်းသည် သင့်ကို ကျွေးမွေးနိုင်သလော။ ရိုးသားစွာ ပြောဆိုခြင်းသည် သင့်ကို ငွေကြေး ရစေနိုင်သလော။ လိမ်ညာခြင်းသည်သာ ကျွန်ုပ် အကျိုးအမြတ်ရရှိမည့် နည်းလမ်းဖြစ်သည်” ဟူ၍ ပြောကြလိမ့်မည်။ ဤသည်မှာ မည်သည့် ဆင်ခြင်တွေးခေါ်မှု ဖြစ်သနည်း။ သူခိုးဓားပြတစ်ယောက်၏ ဆင်ခြင်တွေးခေါ်မှု ဖြစ်ပေသည်။ ဤသည်မှာ ဆိုးသောစိတ်သဘောထားတစ်ခု မဟုတ်လော။ ဤလူပုဂ္ဂိုလ်သည် ကြင်နာသနားတတ်သလော။ (မကြင်နာမသနားတတ်ပါ။) ဤလူပုဂ္ဂိုလ်မျိုးသည် သမ္မာတရားကို မရရှိနိုင်ပေ။ ၎င်းတို့ အမှန်တကယ် ဆက်ကပ်သော၊ အသုံးခံသော၊ စွန့်လွှတ်သော အရာအနည်းငယ်သည် ရည်မှန်းချက်တစ်ခုဆီသို့ ဦးတည်ခြင်းသာ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ကြိုတင်၍ ကောင်းစွာ အပိုင်ကြံထားသော အရာတစ်ခု ဖြစ်၏။ အပြန်အလှန်အားဖြင့် ပို၍ ရရှိမှသာ တစ်စုံတစ်ခုအား အပေးအယူ လုပ်ရန် ကောင်းသည်ဟု ၎င်းတို့က ထင်ကြသည်သာ ဖြစ်သည်။ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ကောက်ကျစ်ဆိုးယုတ်သော၊ ဆိုးသော စိတ်သဘောထား တစ်ခု ဖြစ်ပေသည်။

ဘုရားသခင်ကို ယုံကြည်သောသူအများစုမှာ သမ္မာတရားကို မရှာဖွေကြပေ။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အကြံအစည်များနှင့် အစီအစဉ်များကို အမြဲတမ်း ပြုလုပ်လိုကြ၏။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ဤပုံစံအတိုင်း နှစ်အတော်ကြာပြီးသည့်နောက်တွင် များစွာ ရရှိပြီးကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် မည်သည့် သမ္မာတရားကိုမျှ နားလည်မည် မဟုတ်သည့်အပြင်၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် တစ်ခုတလေကိုမျှ မဝေမျှနိုင်ကြချေ။ ဤအချိန်၌ ၎င်းတို့သည် နောင်တ ရကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန်နှင့်၊ ဘုရားသခင်အား သူ၏သတ်မှတ်ချက်များနှင့်အညီ ယုံကြည်ရန်သာ အကောင်းဆုံး ဖြစ်မည်ဟုလည်း တွေးမိကြလိမ့်မည်။ ထိုအချိန်၌ ၎င်းတို့သည် ၎င်းတို့ကိုယ်ပိုင် အလိုဆန္ဒအတိုင်း အစီအစဉ်များ ပြုလုပ်လျက်၊ မိမိကိုယ်ကို တကယ်ပင် တော်သည်ဟု ထင်ခဲ့ကြပြီးဖြစ်သော်လည်း သမ္မာတရားကိုမူ မရရှိခဲ့ကြသေးချေ။ ၎င်းတို့သည် အဆုံးသတ်တွင် အခွင့်အရေး ဆုံးရှုံးခဲ့ကြသော သူများ ဖြစ်ခဲ့ကြသည်။ လူများသည် ဤ ကျရှုံးခြင်းများမှတစ်ဆင့်သာ သမ္မာတရားကို နားလည်လာကြပြီး၊ နိုးကြားလာကြသည်။ ၎င်းတို့၏ အသက်တာတွင် ဆုံးရှုံးမှု ပမာဏ အနည်းငယ်ကို ကြုံရပြီးသည့် နောက်တွင်သာ မှန်ကန်သော လမ်းကြောင်းပေါ်ရောက်ရှိကြပြီး၊ ဖြတ်လမ်းများကို စတင် လျှောက်လှမ်းကြလေသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို သူ၏ သတ်မှတ်ချက်များအတိုင်း ယုံကြည်ခဲ့ကြလျှင်၊ လမ်းကြောင်းတစ်လျှောက်ရှိ လမ်းလွှဲ အများအပြားကို ရှောင်ရှားမိကြပေမည်။ လူအချို့မှာ အမှုကိစ္စ အများအပြားကို တွေ့ကြုံရကာ အချို့သော ကျရှုံးခြင်းများနှင့် အနှောင့်အယှက်များကို ရင်ဆိုင်ရပြီးနောက် သမ္မာတရားများအချို့ကို နားလည်လာကြသည်။ ၎င်းတို့သည် ဤကိစ္စရပ်များကို ရိပ်စားမိကြပြီး၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် အစီအစဉ်များကို လိုလိုလားလား ကျိုးနွံနာခံလျက်၊ အရာအားလုံးကို ဘုရားသခင်ထံ အပ်နှံနိုင်ကြသည်။ ထိုအချိန်၌ ၎င်းတို့သည် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိကြ၏။ သို့ရာတွင် ကောက်ကျစ်ဆိုးယုတ်သည့်၊ ဆိုးသော စိတ်သဘောထားများ ရှိကြသည့် လူများမှာ မိမိကိုယ်မိမိ ဘုရားသခင်ထံ မပေးအပ်ကြချေ။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အားထုတ်မှုများကို အမြဲ အားကိုးချင်ကြပြီး၊ “ကံကြမ္မာကို ဘုရားသခင်က အမှန်တကယ်ပင် ထိန်းချုပ်သလော။ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် တကယ်ပင် အချုပ်အခြာအာဏာ ရှိသလော” ဟု အမြဲတမ်း မေးခွန်းထုတ်နေကြသည်။ ဘုရားသခင်၏ အိမ်တော်တွင် တစ်ခုတည်းသော တရားဒေသနာများနှင့် မိတ်သဟာယဖွဲ့ခြင်းများကို ကြားနာနေကြသည့် လူအချို့မှာ နားထောင်လေ၊ ပို ခွန်အားဖြစ်လေဖြစ်သည်။ ၎င်းတို့၏ အခြေအနေမှာ တိုးတက်ကောင်းမွန်လာပြီး၊ ၎င်းတို့သည် ပို၍ ကြားနာလေ ပြောင်းလဲခြင်းကို ကြုံကြရသည်။ သို့သော် အခြားသော လူအချို့ကမူ ထိုအရာသည် ပိုခက်ခဲရှုပ်ထွေးသည်ထက် ရှုပ်ထွေးပြီး၊ ပို၍ မရရှိနိုင်သောအရာ ထင်ရသည်ဟုသာ တွေးမိကြသည်။ ဤလူများမှာ ဝိညာဉ်ရေးရာ သိနားလည်မှု ကင်းမဲ့သော လူများ ဖြစ်ကြသည်။ ထို့အပြင် အခြားသူများမှာ တရားဒေသနာများနှင့် မိတ်သဟာယဖွဲ့ခြင်းများကို နားထောင်ကြသော်လည်း၊ မနှစ်မြို့ခြင်းဖြစ်ကာ လုံးလုံး စိတ်မဝင်စားကြချေ။ ဤအရာက လူများ၏ သဘာဝတွင်ရှိသည့် မတူကွဲပြားမှုများကို ထုတ်ဖော်ပြ၏။ သိုးနှင့် ဆိတ်ကိုလည်းကောင်း၊ သမ္မာတရားအား ချစ်သောသူများနှင့် သမ္မာတရားအား မချစ်သော သူများကိုလည်းကောင်း သီးခြားခွဲထုတ်ခြင်း ဖြစ်သည်။ တစ်ခုသောအုပ်စုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံသည်၊ သမ္မာတရားကို လက်ခံပြီး၊ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံကြသည်။ အခြားအုပ်စုကမူ တရားဒေသနာများအား မည်မျှ ကြားနာသည်ဖြစ်စေ၊ သမ္မာတရားကို လက်မခံကြချေ။ ယင်းတို့အားလုံးမှာ ဗန်းစကားများသာ ဖြစ်သည်ဟု ၎င်းတို့က ထင်ကြသည်။ ၎င်းတို့အနေဖြင့် ယင်းကို နားလည်ကြလျှင်ပင်၊ လက်တွေ့လုပ်ဆောင်ရန် လိုလားခြင်းမရှိကြချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့၏ကိုယ်ပိုင် အစီအစဉ်များ၊ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများနှင့် အကျိုးအမြတ်များကို မစွန့်လွှတ်နိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် နှစ်ချီ ယုံကြည်ခဲ့ပြီးသည့်နောက်တွင်ပင် မပြောင်းလဲကြချေ။ အသင်းတော်အတွင်းရှိ ဤအုပ်စုနှစ်ခုကြား ကွဲပြားချက်များမှာ အတော်ပင် ပေါ်လွင်ထင်ရှားသည် မဟုတ်လော။ ဘုရားသခင်ကို အမှန်တကယ် အလိုရှိသောသူများမှာ အခြားသူများက မည်သည့်အရာ ပြောဆိုသည်ဖြစ်စေ လွှမ်းမိုးခြင်း မခံကြရပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံခြင်းတွင် မဆုတ်မနစ် ရှိကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ မှန်ကန်ကြောင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်းလက်တွေ့ လုပ်ဆောင်ခြင်းမှာလည်း အမြင့်ဆုံးသော စည်းမျဉ်း ဖြစ်ကြောင်းကို ယုံကြည်ကြသည်။ ကောက်ကျစ်ဆိုးယုတ်ပြီး သမ္မာတရားကို မချစ်သော သူများမှာမူ ကြံစည်လှုပ်ရှားနေသော အတွေးများ အမြဲတမ်း ရှိကြ၏။ ၎င်းတို့သည် ယနေ့တွင် ကောင်းချီးများ ရရှိခြင်းအတွက် မျှော်လင့်ချက် ခပ်ရေးရေးတစ်ခုကို မြင်ရလျှင်၊ ယင်းအတွက် ၎င်းတို့ အစွမ်းကုန်လုပ်ဆောင်မည်ဖြစ်ပြီး၊ လူတို့ကို သိမ်းသွင်းနိုင်ရန် မျှော်လင့်လျက် ကောင်းမှုများကိုလည်း လူတိုင်းလူတိုင်း မြင်ရန် ပြုလုပ်ကြပေမည်။ သို့သော် အတန်ငယ်ကြာပြီးနောက် ဘုရားသခင်က ၎င်းတို့အား ကောင်းချီး မပေးသေးသည့်အခါ၊ ၎င်းတို့သည် စိတ်မချမ်းမြေ့ ဖြစ်လာကြပြီး ညည်းညူကြကာ ၎င်းတို့ ရရှိသည့် ကောက်ချက်မှာ ဤသို့ဖြစ်သည်။ “ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ရှိသည်။ သူသည် မည်သည့် ဘက်လိုက်မှုကိုမျှ မပြပေ။ ဤစကားများ မှန်ကန်ကြောင်း ကျွန်ုပ်အနေဖြင့် များစွာ မသေချာပါ”ဟူ၍။ ၎င်းတို့သည် ၎င်းတို့၏ လက်ငင်း အကျိုးအမြတ်များကို ကျော်လွန်၍ မမြင်နိုင်ကြချေ။ ၎င်းတို့အား အကျိုးမပြုလျှင်၊ ၎င်းတို့သည် အနည်းငယ်မျှ အားထုတ်ကြမည် မဟုတ်ပေ။ ဤသည်မှာ ဆိုးသည် မဟုတ်လော။ ၎င်းတို့သည် မည်သူနှင့် ပြောဆို လုပ်ကိုင်သည်ဖြစ်စေ၊ ထိုသူနှင့် အပေးအယူများ ပြုလုပ်ရန် ကြိုးစားကြပြီး ဘုရားသခင်နှင့်ပင် အပေးအယူများ ပြုလုပ်ရန် ကြိုးစားဝံ့ကြသည်။ ၎င်းတို့က၊ “ကျွန်ုပ်သည် အကျိုးအမြတ်အချို့ကို ယခုပင် မြင်လိုပါသည်။ ယခုချက်ချင်း ကျွန်ုပ် အကျိုးအမြတ် ရကိုရရှိရမည်” ဟု ၎င်းတို့က စဉ်းစားကြသည်။ အတင်းအဓမ္မ ဖြစ်လွန်းလှ၏။ ၎င်းတို့၌ ဆိုးသော စိတ်သဘောထားတစ်ခု ရှိသည်ဟု ပြောလျှင် လွန်လွန်းမည်လော။ (မလွန်လွန်းပါ။) သို့ဖြစ်လျှင် ၎င်းတို့၏ ဆိုးခြင်းကို မည်သို့ သက်သေပြနိုင်သနည်း။ ၎င်းတို့သည် သေးငယ်သော စမ်းသပ်မှုတစ်ခု သို့မဟုတ် ဘေးဒုက္ခတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ၊ ယင်းကို လက်ခံနိုင်မည် မဟုတ်သလို၊ ၎င်းတို့၏ တာဝန်ကိုလည်း ထမ်းဆောင်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့အနေဖြင့် ဆုံးရှုံးမှုတစ်ခုကို ခံစားရပြီးဖြစ်သည်ဟု ခံစားကြလိမ့်မည်။ “ကျွန်ုပ်သည် အများကြီး ရင်းနှီးမြှုပ်နှံထားခဲ့ပြီး၊ ဘုရားသခင်က ကျွန်ုပ်အား ကောင်းချီး မပေးသေးချေ။ ဘုရားသခင်ဆိုသည်မှာ ရှိပင် ရှိပါ၏လော။ ဤသည်မှာ မှန်ကန်သော လမ်းခရီး ဟုတ်သလော၊ မဟုတ်သလော။” ၎င်းတို့၏ စိတ်နှလုံးသည် သံသယဖြင့် နိုးကြွလာ၏။ ၎င်းတို့က အကျိုးအမြတ်ကို မြင်ချင်ကြပြီး၊ ဤအရာက ၎င်းတို့အနေဖြင့် စွန့်လွှတ်မှုများကို လိုလိုလားလား စိတ်ထက်သန်စွာ မပြုလုပ်ကြောင်း သက်သေပြလေသည်။ ဤနည်းဖြင့် ၎င်းတို့ ထုတ်ဖော်ခံကြရ၏။ ယောဘသည် စမ်းသပ်မှုများကို တွေ့ကြုံနေသည့်အချိန်တွင်၊ ယောဘ၏ဇနီးသည်က မည်သည့်အရာကို ပြောဆိုခဲ့သနည်း။ (“သင်သည် ဖြောင့်မတ်သော တရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့။” (ယောဘဝတ္ထု ၂:၉)) သူမသည် ဘေးဒုက္ခ ဆိုက်ရောက်သည့်အခါ ဘုရားသခင်ကို ငြင်းဆိုကာ ပစ်ပယ်နေသည့် မယုံကြည်သူတစ်ယောက် ဖြစ်ခဲ့သည်။ ဘုရားသခင်က ကောင်းချီးများကို ပေးအပ်သည့်အခါ၊ သူမက “ယေဟောဝါ ဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်သော ကယ်တင်ရှင် ဖြစ်ပေသည်။ ကိုယ်တော်သည် အကျွန်ုပ်အား များစွာသော ပစ္စည်းဥစ္စာကို ပေးအပ်ပြီး ကောင်းချီးပေးခဲ့လေပြီ။ အကျွန်ုပ်သည် ကိုယ်တော့်နောက် လိုက်လျှောက်ပါမည်။ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင် ဖြစ်ပေသည်” ဟု ပြောဆိုခဲ့သည်။ ပြီးလျှင် ဘုရားသခင်က သူမ၏ ပစ္စည်းဥစ္စာများကို သိမ်းယူသွားသည့်အခါ၊ သူက “ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင် မဟုတ်ပါ” ဟု ဆိုခဲ့သည်။ သူမသည် ယောဘအား၊ “မယုံကြည်နှင့်။ ဘုရားသခင် မရှိပါ။ ရှိသည်ဆိုလျှင်၊ သူသည် အကျွန်ုပ်တို့၏ ပစ္စည်းဥစ္စာအား ဓားပြတို့ လုယူခြင်းကို မည်သို့ ခွင့်ပြုရက်နိုင်သနည်း။ သူသည် အကျွန်ုပ်တို့ကို အဘယ်ကြောင့် မကာကွယ်ခဲ့သနည်း” ဟူ၍ပင် ပြောခဲ့လေသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ဆိုးသော စိတ်သဘောထားတစ်ခု ဖြစ်ပေသည်။ ၎င်းတို့၏ အကျိုးအမြတ်များ ထိခိုက်ခံရကာ၊ ၎င်းတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ မပြည့်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် အကြီးအကျယ် ဒေါသဖြစ်ကြ၏။ ဘုရားသခင်ကို သစ္စာဖောက်ရင်း၊ ပစ်ပယ်ရင်းဖြင့် ပုန်ကန်ကြကာယုဒတစ်ယောက် ဖြစ်လာကြ၏။ ဤသို့သော လူများ အများအပြား ရှိသလော။ ထိုသို့ အတော် သိသာထင်ရှားသည့် ဆိုးယုတ်သော လူများနှင့် မယုံကြည်သူများသည် အသင်းတော်အတွင်း၌ အတိုင်းအတာတစ်ခုထိ ရှိနေနိုင်သေးသည်။ သို့သော် အချို့သော လူများမှာ ဤအခြေအနေမျိုးသာ ရှိကြသည်။ ဆိုလိုသည်မှာ၊ ၎င်းတို့တွင် ဤစိတ်သဘောထား ရှိကြသော်လည်း၊ ၎င်းတို့သည် သေချာပေါက် ဤလူအမျိုးအစား မဟုတ်ကြပေ။ သို့ရာတွင် သင့်ထံ၌ ဤစိတ်သဘောထားမျိုး ရှိလျှင်၊ ယင်းသည် ပြောင်းလဲရန် လိုအပ်သလော။ (လိုအပ်ပါသည်။) သင့်ထံ၌ ဤစိတ်သဘောထားမျိုးရှိလျှင်၊ သင်၏ သဘာဝသည်လည်း ဆိုးသည့် သဘောပင် ဖြစ်သည်။ ဤဆိုးသောစိတ်သဘောထားမျိုးနှင့်အတူ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်း၊ သစ္စာဖောက်ခြင်းနှင့် ဘုရားသခင်အပေါ် အချိန်အခါမရွေး ရန်လိုစွာ ပြုမူဆောင်ရွက်နိုင်စွမ်းရှိသည်။ သင့်အနေဖြင့် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မပြောင်းလဲသည့် နေ့ရက်တိုင်းသည် ဘုရားသခင်နှင့် သဟဇာတမဖြစ်သော နေ့ရက်ပင် ဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်သည့်အခါ၊ သူ့ရှေ့မှောက်သို့ မလာနိုင်သကဲ့သို့ သူ၏အမှုတော်ကိုလည်း မတွေ့ကြုံနိုင်သည့်အပြင် သင်သည် ကယ်တင်ခြင်း ရရှိရန်လည်း မဖြစ်နိုင်ချေ။

ယောဘသည် စစ်မှန်သော ယုံကြည်ခြင်းရှိသူတစ်ယောက် ဖြစ်ခဲ့၏။ ဘုရားသခင်က သူ့အား ကောင်းချီးပေးသောအခါ၊ သူသည် ဘုရားသခင်ကို ကျေးဇူးတင်ခဲ့၏။ ဘုရားသခင်က သူ့အား ဆုံးမပဲ့ပြင်ပြီး ခံစားခွင့်ပိတ်ပင်ထားသောအခါတွင်လည်း၊ သူက ဘုရားသခင်ကို ကျေးဇူးတင်ခဲ့သည်။ သူ၏အတွေ့အကြုံ အဆုံးသတ်ချိန်၌ သူသည် အိုမင်းမစွမ်းဖြစ်ပြီး ဘုရားသခင်က သူ့တွင် ရှိသမျှအရာအားလုံးကို သိမ်းယူသောအခါ၊ ယောဘသည် မည်သို့ တုံ့ပြန်ခဲ့သနည်း။ သူသည် မကျေမနပ်ပြောဆိုခြင်း မရှိခဲ့ရုံသာမက၊ ဘုရားသခင်ကို ချီးမွမ်းကာ၊ ကိုယ်တော့်အတွက် သက်သေခံခဲ့လေသည်။ ဤနေရာတွင် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ရှိသလော။ ဆိုးသည့် စိတ်သဘောထား တစ်ခုလော။ (မဟုတ်ပါ။) ပစ္စည်းဥစ္စာ အများအပြားကို ဆုံးရှုံးပြီးသည့်နောက် ယောဘသည် ပုန်ကန်ခဲ့သလော။ သူသည် မကျေမနပ် ပြောဆိုခဲ့သလော။ (မပြောဆိုခဲ့ပါ။) သူသည် မကျေမနပ် မပြောဆိုခဲ့ပေ၊ ဘုရားသခင်ကို ချီးမွမ်းခဲ့၏။ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ယင်းစိတ်သဘောထားတွင် ပုံမှန်လူ့သဘာဝတစ်ခုက ပိုင်ဆိုင်သင့်သော အရာအချို့ ပါဝင်လေသည်။ အသိတရား၊ အသိစိတ်နှင့် အပြုသဘောဆောင်သော အရာများကို ချစ်ခြင်းတို့ ဖြစ်သည်။ ဦးစွာပထမ၊ ယောဘသည် အသိတရား ရှိခဲ့၏။ သူ့ထံတွင် ရှိသော အရာအားလုံးကို ဘုရားသခင်က ပေးထားခြင်းဖြစ်ကြောင်းကို သူ၏စိတ်နှလုံးတွင် သိခဲ့ပြီး၊ သူသည် ဤအတွက် ဘုရားသခင်ကို ကျေးဇူးတင်ခဲ့သည်။ ထို့ပြင် သူသည် အသိစိတ် ရှိခဲ့၏။ သူ့ထံ၌ အသိစိတ်ရှိခဲ့သည်ကို သူ၏ ပြောဆိုချက်များထဲမှ မည်သည့်အချက်က သက်သေပြသနည်း။ (“ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘဝတ္ထု ၁:၂၁)ဟု သူက ဆိုခဲ့ပါသည်။) ဤ ပြောဆိုချက်က ဘုရားသခင်၏ စမ်းသပ်မှုများအပေါ် ယောဘ၏ စစ်မှန်သော အတွေ့အကြုံနှင့် သိနားလည်မှုကို သက်သေခံပေသည်။ ယင်းသည် သူ၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုနှင့် လူ့သဘာဝကို ဖော်ပြ၏။ ယောဘသည် အခြားမည်သည့်အရာကို ပိုင်ဆိုင်ခဲ့သနည်း။ (သမ္မာတရားကို ချစ်ခြင်း ဖြစ်ပါသည်။) ဤအရာကို မည်သို့ တိုင်းတာသနည်း။ ဘုရားသခင်က သူ့အားခံစားခွင့်ပိတ်ပင်ထားသည့် အရေးကိစ္စတွင် သမ္မာတရားအတွက် သူ၏ချစ်ခြင်းကို ငါတို့သည် မည်သို့ မြင်တွေ့နိုင်သနည်း။ (သူ့အပေါ် တစ်စုံတစ်ရာ ကျရောက်သည့်အခါ၊ သူသည် သမ္မာတရားကို ရှာဖွေနိုင်ခဲ့ပါသည်။) သမ္မာတရား ရှာဖွေခြင်းသည် သမ္မာတရားကို ချစ်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်ပေသည်။ သူ၏ အနီးဝန်းကျင်တွင် ဤအမှုကိစ္စများ ဖြစ်ပျက်နေသည့် အချိန်၌ သူ့အနေဖြင့် မည်မျှ ခံရခက်သည်ဖြစ်စေ၊ မည်မျှ ဝမ်းနည်း နာကျင်သည်ဖြစ်စေ၊ ယောဘက မညည်းညူခဲ့ပေ။ ဤသည်မှာ သမ္မာတရားကို ချစ်ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ ပြီးလျှင်သမ္မာတရားကို ချစ်ခြင်း၏ နောက်ထပ် အရေးကြီးသော သရုပ်သကန်မှာ အဘယ်နည်း။ (ကျိုးနွံနာခံနိုင်စွမ်း ဖြစ်ပါသည်။) ဤအရာသည် သမ္မာတရားကို ချစ်ခြင်းနှင့်ဆိုင်သည့် လက်တွေ့ကျသော၊ မှန်ကန်တိကျသော သရုပ်သကန်တစ်ခု ဖြစ်ကြောင်းကို ငါတို့သည် မည်သို့ သိရှိကြသနည်း။ “လူများအတွက် ဘုရားသခင် ပြုလုပ်သော အရာအားလုံးသည် အကျိုးရှိပြီး၊ သူ၏ စေတနာသည်လည်း အတူပါရှိသည်” ဟု လူအများက မကြာခဏ ပြောဆိုကြသည်။ ဤသည်မှာ အမှန်ပင်လော။ (အမှန်ပင်ဖြစ်ပါသည်။) သို့သော် သင်သည် ယင်းကို လက်ခံနိုင်သလော။ ဘုရားသခင်က သင့်အား ကောင်းချီးပေးသည့်အခါ၊ သင်သည် ယင်းကို လက်ခံနိုင်သည်။ သို့သော် ဘုရားသခင်က သိမ်းယူသည့်အခါတွင်၊ သင်သည် ယင်းကို လက်ခံနိုင်သလော။ သင် လက်မခံနိုင်သော်လည်း ယောဘက လက်ခံနိုင်ခဲ့၏။ သူသည် ဤပြောဆိုချက်ကို သမ္မာတရားအဖြစ် မှတ်ယူခဲ့လေသည်။ သူသည် သမ္မာတရားကို မချစ်ခဲ့သလော။ ဘုရားသခင်သည် သူ့အား အလွန်ကြီးမားသော ဆုံးရှုံးမှုကို ဖြစ်စေလျက်၊ သူ့ထံတွင် ရှိသမျှ အရာအားလုံးကို သိမ်းယူသောအချိန်နှင့် ယောဘသည် အလွန်ပြင်းထန်သော အနာရောဂါကို ခံစားရသည့် အချိန်တွင်၊ “ဘုရားသခင် ပြုလုပ်သော အရာအားလုံးမှာ မှန်ကန်ပြီး၊ ဘုရားသခင်၏ စေတနာက အတူပါရှိသည်” ဟူသော ဤပြောဆိုချက်တစ်ခုကြောင့်လည်းကောင်း။ ဤအရာသည် သမ္မာတရား ဖြစ်သည်ဟု သူ၏ စိတ်နှလုံးတွင် နားလည်ခဲ့ခြင်းတို့ကြောင့်လည်းကောင်း၊ မည်မျှ ကြီးမားစွာ ဆင်းရဲဒုက္ခ ကြုံရသည်ဖြစ်စေ၊ ဤ ပြောဆိုချက်မှာ မှန်ကန်သည်ဟူ၍ သူက အခိုင်အမာ ပြောနိုင်ဆဲဖြစ်သည်။ ယင်းကြောင့် ယောဘသည် သမ္မာတရားကို ချစ်ခဲ့သည်ဟု ငါတို့ ဆိုခြင်း ဖြစ်၏။ ထို့အပြင် ဘုရားသခင်က သူ့အား စမ်းသပ်ရန် မည်သည့် နည်းလမ်းများကို အသုံးပြုသည်ဖြစ်စေ၊ ယောဘက လက်ခံခဲ့သည်။ ပစ္စည်းဥစ္စာများကို သိမ်းယူခြင်းဖြစ်စေ၊ သူခိုးဓားပြတို့အား လုယူစေခြင်းဖြစ်စေ၊ ယောဘကို အနာများဖြင့် နှိပ်စက်ခြင်းပင်ဖြစ်စေ၊ ဤအမှုအရာများအားလုံးသည် လူသား အယူအဆများနှင့် ဆန့်ကျင်နေပေသည်။ သို့သော် ယောဘသည် ဤအရာများကို မည်သို့ သဘောထားခဲ့သနည်း။ သူသည် ဘုရားသခင်ကို မကျေမနပ် ပြောဆိုခဲ့သလော။ သူသည် ဘုရားသခင်အပေါ် အပြစ်တင်ခြင်းစကား တစ်ခွန်းကိုမျှ မပြောခဲ့ချေ။ ဤသည်မှာ သမ္မာတရားကို ချစ်ခြင်း၊ တရားမျှတမှုကို ချစ်ခြင်းနှင့် ဖြောင့်မတ်မှုကို ချစ်ခြင်း ဖြစ်သည်။ သူ၏စိတ်နှလုံးတွင် သူက “ဘုရားသခင်သည် ကျွန်ုပ်တို့လူများအပေါ် အလွန်တရားမျှတပြီး အလွန် ဖြောင့်မတ်ပေစွတကား။ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ မှန်ကန်ပေ၏” ဟု ဆိုခဲ့သည်။ ထိုသို့ဖြင့် “ဘုရားသခင်က မည်သည့်အရာကို ပြုလုပ်သည်ဖြစ်စေ၊ ကျွန်ုပ်သည် မကျေမနပ် ပြောဆိုမည်မဟုတ်။ ဘုရားသခင်၏ အမြင်၌ ဖန်ဆင်းခံများသည် လောက်ကောင်များသာ ဖြစ်ကြသည်။ ဘုရားသခင်က ၎င်းတို့အပေါ် မည်သို့ ပြုမူသည်ဖြစ်စေ၊ ကိစ္စမရှိ၊ လျော်ကန်ပေသည်”ဟု ဆိုကာ၊ သူသည် ဘုရားသခင်ကို ချီးမွမ်းနိုင်ခဲ့၏။ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာအားလုံးမှာ မှန်ကန်သည်၊ အပြုသဘောဆောင်သောအရာတစ်ခု ဖြစ်သည်ဟု သူ ယုံကြည်ခဲ့သည်။ ပြင်းထန်သော နာကျင်မှုနှင့် မသက်မသာဖြစ်ရသော်လည်း သူ မညည်းညူခဲ့ပေ။ ဤသည်မှာ အားလုံး လေးစားကြရမည့်၊ သမ္မာတရားကို အစစ်အမှန် ချစ်ခြင်းပင် ဖြစ်သည်။ ယင်းကို လက်တွေ့ကျစွာ ထင်ထင်ရှားရှား ပြခဲ့ပေသည်။ သူ့အနေဖြင့် မည်မျှ ဆုံးရှုံးခဲ့သည်ဖြစ်စေ၊ သူ၏ အခြေအနေများမှာ မည်မျှ ခက်ခဲသည်ဖြစ်စေ၊ ယောဘသည် ဘုရားသခင်ကို မကျေမနပ် မပြောဆိုခဲ့ချေ။ သူသည် ကျိုးနွံနာခံခဲ့၏။ ဤသည်မှာ သမ္မာတရားကို ချစ်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ သူသည် သူ၏ကိုယ်ပိုင် အခက်အခဲများကို ကျော်လွှားနိုင်ခဲ့သည်။ ယင်းတို့အတွက် ဘုရားသခင်ကို သူမကျေမနပ် မပြောဆိုခဲ့သလို၊ ဘုရားသခင်အပေါ် မည်သည့် တောင်းဆိုချက်မျှ မပြုလုပ်ခဲ့ပေ။ ဤသည်မှာ သမ္မာတရားကို ချစ်ခြင်း ဖြစ်သည်၊ စစ်မှန်သော ကျိုးနွံနာခံခြင်း ဖြစ်သည်။ စစ်မှန်သော ကျိုးနွံနာခံခြင်း ရှိသူများသာလျှင် သမ္မာတရားကို ချစ်သော လူများဖြစ်ကြ၏။ အချို့သောလူများမှာ သာမန် အချိန်များတွင် အယူဝါဒအကြောင်း စကားကြောရှည်ခြင်း၊ ကြွေးကြော်သံများကို ဟစ်ကြွေးခြင်းတို့၌ ထူးချွန်ကြသည်။ သို့ရာတွင် ၎င်းတို့အပေါ် ဆိုးရွားသော တစ်စုံတစ်ရာ ကျရောက်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်အပေါ် တောင်းဆိုချက်များ အမြဲတမ်း ရှိကြပြီး၊ “အို..ဘုရားသခင်၊ ကျွန်ုပ်၏ အနာရောဂါကို ယူဆောင်သွားတော်မူပါ။ ကျွန်ုပ်၏ ကြွယ်ဝချမ်းသာမှုကို နဂိုအတိုင်း ဖြစ်စေတော်မူပါ” ဟူ၍ ဘုရားသခင်ထံ မလျှော့တမ်း တောင်းခံကြသည်။ ဤသည်မှာ ကျိုးနွံနာခံခြင်းလော။ ၎င်းတို့သည် သမ္မာတရားကို ချစ်သောလူများ မဟုတ်ကြပေ။ ၎င်းတို့သည် လိမ်ညာချင်ကြပြီး၊ အခြားသူများကို အထင်အမြင်မှားစေသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင်လည်း ချမ်းသာကြွယ်ဝမှုနှင့် အကျိုးအမြတ်ကို ချစ်ကြသည်။ ယောဘမှာမူ ပစ္စည်းဥစ္စာ အကျိုးခံစားမှုများနှင့် သူ၏ ပိုင်ဆိုင်မှုများအားလုံးကို ပေါ့ပေါ့တန်တန် သဘောထားခဲ့ပြီး၊ ယင်းတို့အားလုံးအပေါ် စစ်မှန်သော သိနားလည်မှုတစ်ခု ရှိလေသည်။ ထို့ကြောင့် သူသည် ကျိုးနွံနာခံနိုင်ခဲ့၏။ သူ၏စိတ်နှလုံးတွင် ယောဘသည် ဤအမှုအရာများကို ရိပ်စားနိုင်ခဲ့သည်။ သူက၊ “လူတစ်ယောက်သည် ဤအသက်တာတွင် မည်မျှ ငွေကြေးရရှိသည် ဖြစ်စေ၊ ယင်းတို့အားလုံးမှာ ဘုရားသခင်ထံမှ လာခြင်းဖြစ်၏။ ဘုရားသခင်က သင့်အား ငွေကြေးရရှိရန် ခွင့်မပြုလျှင်၊ သင်သည် တစ်ပြားတစ်ချပ်မျှ ရရှိလိမ့်မည်မဟုတ်။ ဘုရားသခင်က ခွင့်ပြုလျှင်မူ၊ သင်သည် ဘုရားသခင် သင့်အား ပေးအပ်သမျှကို ရရှိပေလိမ့်မည်”ဟု ဆိုခဲ့သည်။ သူသည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သည့် အမှန်တရားကို ရှင်းလင်းစွာ မြင်ခဲ့သည်။ ဤသမ္မာတရားက သူ၏စိတ်နှလုံးတွင် အမြစ်တွယ်ခဲ့၏။ “ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ရှိပေသည်”၊ ဤဝါကျမှာ ယောဘအတွက် မေးခွန်းတစ်ခုအဖြစ် ဖြစ်လာခဲ့သည်မဟုတ်ဘဲ၊ အံ့ဩစိတ်လှုပ်ရှားခြင်းနှင့်အတူ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ဤဝါကျသည် သူ၏အသက် ဖြစ်လာခဲ့ပြီး၊ သူ၏စိတ်နှလုံးတွင် နေသားကျခဲ့လေသည်။ ယောဘ၏ လူ့သဘာဝတွင် ပင်ကိုအားဖြင့် နောက်ထပ်ရှိခဲ့သည်မှာ မည်သည့်အရာနည်း။ သူသည် သူကိုယ်တိုင်၏မွေးနေ့ကို အဘယ်ကြောင့် ကျိန်ဆဲခဲ့သနည်း။ ဘုရားသခင်က သူ့အား ဝေဒနာခံစားရသည်ကို မြင်ကာ၊ သူ့အတွက် ဝမ်းနည်းကြေကွဲသည်ထက်၊ သေဆုံးခြင်းကိုသာ သူလိုလားပေသည်။ ဤသည်မှာ မည်သည့် ကြင်အင်လက္ခဏာ ဖြစ်သနည်း၊ မည်သည့် အနှစ်သာရ ဖြစ်သနည်း။ (ကြင်နာတတ်ခြင်း ဖြစ်ပါသည်။) ယောဘ၏ ကြင်နာတတ်ခြင်းတွင် အဓိက သရုပ်သကန်များမှာ မည်သည့်အရာများဖြစ်သနည်း။ သူသည် ဘုရားသခင်ကို အလေးထားကာ၊ ဘုရားသခင်အပေါ် သိနားလည်မှု ရှိခဲ့သည်။ သူသည် ဘုရားသခင်ကို ချစ်နိုင်ပြီး စိတ်ကျေနပ်စေနိုင်ခဲ့သည်။ လူတစ်ယောက်သည် ဤအရည်အသွေးများကို ပိုင်ဆိုင်လျှင်၊ ထိုသူသည် ထူးခြားသော လက္ခဏာ ရှိလေသည်။ ထူးခြားသော လက္ခဏာသည် မည်သို့ ဖြစ်ပေါ်သနည်း။ သမ္မာတရားကို နားလည်သောသူ၊ ဘုရားသခင်၏ စမ်းသပ်မှုများနှင့် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းများအတောအတွင်း မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်သောသူ၊ လူသားဖြစ်ခြင်း၏ အဆင့်အတန်းကို အလှမ်းမီလျက် လူသားတစ်ယောက်ကဲ့သို့ ရှင်သန်နေထိုင်နိုင်သောသူနှင့် သမ္မာတရား အတိုင်းအတာတစ်ခုခုပိုင်ဆိုင်သောသူသာလျှင် ထူးခြားသော လက္ခဏာ ရှိပေသည်။ ယောဘသည် သူကိုယ်တိုင်၏မွေးနေ့ကို ကျိန်ဆဲနိုင်ခဲ့ခြင်း၊ သူ ဝေဒနာခံစားရသည်ကို ဘုရားသခင် မြင်ရ၍ ဘုရားသခင်အား စိတ်သောကရောက်စေခြင်း၊ ပူပန်စေခြင်းထက် သေခြင်းကိုသာ လိုလားခဲ့ခြင်းများမှာ သူ့ထံတွင် လူ့သဘာဝ အနှစ်သာရအရ၊ ကြင်နာသောစိတ်နှလုံးတစ်ခု ရှိခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ ဤသည်မှာ ယောဘ၏လူ့သဘာဝ ဖြစ်၏။ လူတစ်ဦးတွင် ကြင်နာသော လူ့သဘာဝတစ်ခုနှင့် အနှစ်သာရ ရှိမှသာလျှင်၊ ၎င်းသည် ဘုရားသခင်ကို ချစ်ခင်ကာ အရေးထားလိမ့်မည်ဖြစ်သည်။ ၎င်းတို့ထံ၌ ထိုအရာတစ်ခုမျှ မရှိလျှင်၊ ၎င်းတို့သည် ထုံထိုင်းကာ အကြင်နာတရားမဲ့ကြလိမ့်မည်။ ယောဘနှင့် ဆန့်ကျင်ဘက် လုံးလုံး ဖြစ်ခဲ့သော ပေါလုနှင့် ဤအကြောင်းအရာကို ယှဉ်ကြည့်လော့။ ပေါလုသည် သူ့အတွက်ကိုသာ အမြဲ အလေးထား စဉ်းစားနေခဲ့ပြီး၊ ဘုရားသခင်နှင့်ပင် အပေးအယူများ ပြုလုပ်ချင်ခဲ့သည်။ သူသည် သရဖူတစ်ခုကို ရရှိချင်ခဲ့သည်။ သူသည် ခရစ်တော် ဖြစ်ချင်ခဲ့ပြီး၊ ခရစ်တော်၏နေရာကို ယူချင်ခဲ့သည်။ ထို့နောက် သူ၏သရဖူကို မရနိုင်သည့်အခါ၊ သူသည် ဘုရားသခင်နှင့် စကားများကာ ဘုရားသခင်ကို စွဲချက်တင်ရန် ကြိုးစားခဲ့ပေသည်။ အလွန်ပင် အသိစိတ် ကင်းမဲ့လိုက်လေစွတကား။ ပေါလုတွင် ရှက်တတ်သော စိတ်တစ်ခု မရှိခဲ့ကြောင်းကို ဤအရာက ပြလေသည်။ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့် လူများသည် ပြောင်းလဲကြရမည်။ အကြင်သူသည် သမ္မာတရားကို နားလည်ပြီး ထိုသမ္မာတရားကို လက်ခံကာ လက်တွေ့လုပ်ဆောင်နိုင်လျှင်၊ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ကြလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်တော့မည် မဟုတ်ဘဲ၊ ဘုရားသခင်နှင့် သဟဇာတ ဖြစ်လာကြလိမ့်မည်။ ထိုသို့သော လူတစ်ယောက်သည် သမ္မာတရားနှင့် အသက်ကို ရရှိသောသူ ဖြစ်ပေသည်။ ဤသည်မှာ ဘုရားသခင် လိုလားသော ဖန်ဆင်းခံအမျိုးအစား ဖြစ်ပေသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။