ဆုတောင်းခြင်းနှင့် ယင်းကိုလက်တွေ့လုပ်ဆောင်မှုတို့၏ အရေးပါမှု (အပိုင်း တစ်)
သင်တို့သည် လတ်တလောတွင် ဘုရားသခင်ထံ မည်သို့ ဆုတောင်းကြသနည်း။ ဘာသာရေး ဆုတောင်းချက်များနှင့် ပတ်သက်၍ တိုးတက်မှုသည် အဘယ်သို့နည်း။ ဆုတောင်းခြင်း၏ အရေးပါမှုနှင့် ပတ်သက်၍ သင် အမှန်တကယ် မည်သို့ သိနားလည်သနည်း။ ဤမေးခွန်းများကို သင်တို့ သုံးသပ်ပြီးပြီလော။ ဆုမတောင်းသောသူတိုင်းသည် ဘုရားသခင်နှင့် ကင်းကွာပြီး ဆုမတောင်းသူတိုင်းသည် မိမိတို့ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း လိုက်လျှောက်ကြသည်။ ဆုတောင်းမှုမရှိခြင်းသည် ဘုရားသခင်ထံမှ အလှမ်းဝေးခြင်းနှင့် ဘုရားသခင်အပေါ် သစ္စာဖောက်ခြင်းကို သွယ်ဝိုက်ညွှန်းဆိုသည်။ ဆုတောင်းခြင်းနှင့် ပတ်သက်၍ သင်၏ တကယ့်အတွေ့အကြုံမှာ အဘယ်နည်း။ ဘုရားသခင်နှင့် လူသားများကြား ဆက်ဆံရေးကို လူတို့၏ ဆုတောင်းခြင်းများမှ မြင်နိုင်သည်။ သင်၏ အလုပ်တွင် သင် ဖြစ်ပေါ်စေသည့် ရလဒ်များအတွက် ညီအစ်ကို မောင်နှမများက သင့်ကို လေးစားကာ ချီးမွမ်းကြသည့်အခါ သင် မည်သို့ ပြုမူသနည်း။ လူတို့က သင့်ကို အကြံပြုချက်များ ပေးသည့်အခါ သင် မည်သို့ တုံ့ပြန်သနည်း။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင် ဆုတောင်းသလော။ ပြဿနာများ သို့မဟုတ် အခက်အခဲများကို သင် ရင်ဆိုင်ရသည့်အခါ သင်တို့အားလုံးသည် ဆုတောင်းရန် အချိန်ယူကြသော်လည်း သင်တို့သည် ကောင်းမွန်သည့် အခြေအနေတွင် မရှိသည့်အခါ ဘုရားသခင်ဆီသို့ ဆုတောင်းခြင်းဖြင့် လှည့်ကြသလော။ ဖောက်ပြန်ပျက်စီးခြင်းကို သင် ထုတ်ဖော်သည့်အခါ ဆုတောင်းသလော။ သင်တို့ အမှန်တကယ် ဆုတောင်းကြသလော။ သင်တို့ အမှန်တကယ် ဆုမတောင်းပါက တိုးတက်လိမ့်မည် မဟုတ်။ အထူးသဖြင့် စုဝေးပွဲများတွင် ဆုတောင်းခြင်းများနှင့် ချီးမွမ်းခြင်းတို့ကို သင်တို့ ပူဇော်သင့်သည်။ လူအချို့သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးဖြစ်သော်လည်း ကံအကြောင်းမလှစွာပင် ၎င်းတို့သည် သိပ်မကြာခဏ ဆုမတောင်းကြချေ။ ၎င်းတို့သည် သမ္မာတရားကို နားလည်လာပြီးဖြစ်ကြောင်း၊ ဝိညာဉ်ရင့်ကျက်မှုကို ရရှိပြီးဖြစ်ကြောင်း တွေးထင်လျက် အနည်းငယ်သော စကားများနှင့် အယူဝါဒများကိုသာ နားလည်ပြီး မာနထောင်လွှားလာကြကာ မိမိတို့ကိုယ်ကို အလွန် အားရကျေနပ်ကြလေသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ဤမူမမှန်သော အခြေအနေမျိုးတွင် နွံနစ်လာနေကြပြီး နောက်တစ်ကြိမ် ဆုတောင်းရန် လာကြသည့်အခါ မိမိတို့ကိုယ်၌က ပြောစရာ မည်သည့်အရာမျှ မရှိဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိသည်ကို တွေ့ရကြသည်။ လူတစ်ဦးသည် မိမိတို့အခြေအနေကို မထိန်းချုပ်နိုင်သည့်အခါ အလုပ်အနည်းငယ် လုပ်ပြီးနောက်တွင် အားထုတ်မှု အသီးအပွင့်များကို ၎င်းတို့ ခံစားကောင်းခံစားပေမည်၊ သို့မဟုတ် အခက်အခဲအနည်းငယ် ရင်ဆိုင်ရချိန်တွင် အပျက်သဘောဆောင်လာမည်၊ မိမိတို့အလုပ်၌ စတင်ခိုကပ်ကာ မိမိတို့တာဝန်ကို လုပ်ဆောင်ခြင်းအား ရပ်တန့်လိုက်ပေမည်။ ယင်းမှာ အလွန် အန္တရာယ်များ၏။ ဤသည်မှာ အသိတရား သို့မဟုတ် အသိစိတ် မရှိသောလူများ ဖြစ်သည့်ပုံစံ ဖြစ်သည်။ လူအများစုသည် အခက်အခဲများ ရှိသည့်အခါတွင်သာ သို့မဟုတ် ကိစ္စရပ်တစ်ခုကို ၎င်းတို့ အပြည့်အဝ နားမလည်နိုင်သည့်အခါတွင်သာ ဆုတောင်းရန် အချိန်ယူကြသည်။ သံသယများနှင့် မသေချာမှုတို့က ၎င်းတို့ကို ဖိစီးသည့်အခါတွင်သာ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ ထုတ်ဖော်သည့်အခါတွင်သာ ဆုတောင်းကြသည်။ ၎င်းတို့ လိုအပ်မှု ရှိသည့်အခါတွင်သာ ဆုတောင်းကြသည်။ ဤသည်မှာ ပုံမှန်ဖြစ်၏။ သို့ရာတွင် သင်၏ အလုပ်၌ ရလဒ်များ ရရှိသည့်အခါတွင်လည်း သင် ဆုတောင်းပြီး ဘုရားသခင်ထံ ကျေးဇူးတင်ရှိခြင်းကို ပူဇော်ရမည်။ သင်သည် ပျော်ရွှင်ခြင်းအကြောင်းသာ အရေးစိုက်ပြီး ဆုမတောင်းပါက ဤခံစားချက်များကို အမြဲ မွေ့လျော်ခံစားလျက် အမြဲ ကြည်နူးနေသော်လည်း ဘုရားသခင်၏ ကျေးဇူးတော်ကို မေ့လျော့ပါက ဤသည်မှာ အသိစိတ် လုံးဝ ဆုံးရှုံးခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်ထံမှ အလွန်ဝေးစွာ သွေဖည်သွားသည့်အခါ ဆုံးမပဲ့ပြင်မှုကို သင် ခံစားရသည်။ သို့မဟုတ် အမှုအရာများကို သင် လုပ်ဆောင်ရန် ကြိုးစားသည့်အခါ အတားအဆီး ကြုံရနိုင်သည်၊ သို့မဟုတ် အမှားတစ်ခုလုပ်မိပြီး ပြုပြင်ခြင်းခံရနိုင်သည်၊ စိတ်နှလုံးကို ထိရှသည့် စကားလုံးများကို ကြားရတတ်ပြီး ဖိစီးမှုဒဏ်နှင့် စိတ်ဆင်းရဲမှုကို သင် သည်းညည်းခံရသည်။ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသည့် မည်သည့်အရာကို သင်လုပ်ခဲ့မိမှန်း အတိအကျမသိဘဲ ထိုသို့သာ ဖြစ်ရသည်။ အမှန်တွင် ဘုရားသခင်သည် မကြာခဏဆိုသလို သင့်ကို ဆုံးမပဲ့ပြင်ရန်၊ နာကျင်စေရန်နှင့် စစ်ဆေးရန် ပြင်ပအခြေအနေများကို အသုံးပြုတတ်ပြီး နောက်ဆုံးတွင် သင်သည် ဆုတောင်းပြီး သုံးသပ်ရန် ဘုရားသခင် ရှေ့မှောက်သို့ လာသည့်အခါ သင်၏ အခြေအနေ မမှန်ကန်သည်ကို သင် သဘောပေါက်လေသည်။ ယင်းမှာ မိမိဘာသာ အားရကျေနပ်ခြင်း၊ ဘဝင်ခိုက်ပြီး မိမိကိုယ်ကို ကြည်ညိုလေးစားမှု ဖြစ်ကောင်းဖြစ်နိုင်သည်။ သင်သည် မိမိကိုယ်ကို စက်ဆုပ်လာပြီး လုံးဝ နောင်တရလေသည်။ ဘုရားသခင်ထံ သင် ဆုတောင်းပြီး ဝန်ချလိုက်သည်နှင့် သင်သည် မိမိကိုယ်ကို စတင်စက်ဆုပ်ရွံရှာကာ နောင်တရလိုစိတ်ရှိပြီး ဤအချိန်တွင် သင်၏ မမှန်ကန်သော အခြေအနေသည် ယင်းဘာသာ စတင်ပြုပြင်လေသည်။ လူတို့သည် အမှန်တကယ် ဆုတောင်းသည့်အခါ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အား မူမမှန်သည့် အခြေအနေမှ လွတ်မြောက်ခွင့်ပေးသည့် ခံစားချက်တစ်ခုခု သို့မဟုတ် ဉာဏ်အလင်းပေးမှုတစ်ခုခုကို ပေးလျက် သူ၏ အလုပ်ကို လုပ်ဆောင်လေသည်။ ဆုတောင်းခြင်းသည် အနည်းငယ် ရှာဖွေရုံ၊ လုပ်ရိုးလုပ်စဉ်အနည်းငယ်ကို လိုက်နာရုံမျှ လိုက်နာပြီးနောက် ထိုအရာနှင့်ပတ်သက်၍ ပြီးလိုက်ခြင်း မဟုတ်ပေ။ ဘုရားသခင်ကို သင် လိုအပ်သည့်အခါ ဆုတောင်းချက်စကား အနည်းငယ်ကို ပြောပြီးနောက် မလိုအပ်သည့်အခါ မည်သည့်အရာမျှ မပြောခြင်း မဟုတ်ပေ။ သင်သည် အချိန်ကြာမြင့်စွာ ဆုမတောင်းဘဲ နေပါက သင်၏ အခြေအနေသည် အပြင်ပန်းမှ ပုံမှန်ဖြစ်ပုံရလျှင်ပင် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင် လုပ်ချင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လျက် မိမိကိုယ်ပိုင် အလိုဆန္ဒအပေါ် မှီခိုနေလိမ့်မည်ဖြစ်ကာ ဤသို့ဖြင့် စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ထံ ဆုမတောင်းဘဲ အချိန်ကြာမြင့်စွာ ရှိနေပါက သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း သို့မဟုတ် အလင်းပြခြင်းကို သင် လုံးဝ ခံရလိမ့်မည် မဟုတ်။ သင်၏ တာဝန်ကို သင် လုပ်ဆောင်လျှင်ပင် စည်းမျဉ်းစည်းကမ်းများကို လိုက်လျှောက်နေခြင်းမျှသာ ဖြစ်ကာ သင်၏ တာဝန်ကို ဤသို့ ထမ်းဆောင်ခြင်းသည် ဘုရားသခင်ကို သက်သေခံချက်နှင့်ပတ်သက်သော အကျိုးတရားများ ဖြစ်ထွန်းစေလိမ့်မည် မဟုတ်ပေ။
လူများစွာတို့သည် မိမိတို့တာဝန်များကို လုပ်ဆောင်စဉ်တွင် မိမိတို့ကိုယ်ပိုင် လုပ်ငန်းကို ကိုင်တွယ်ကာ မိမိတို့ကိုယ်ပိုင် အရေးကိစ္စများတွင် ပါဝင်ကြပြီး ယနေ့တွင် ဤပုံစံဖြင့် လူတို့ ဆက်ရှိနေကြသည်ဟု ယခင်က ငါ ပြောပြီးဖြစ်သည်။ အချိန်အတန်ကြာ အလုပ်လုပ်ပြီးနောက်တွင် ၎င်းတို့ ဆုမတောင်းကြတော့သကဲ့သို့ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးများတွင် မရှိတော့ချေ။ ၎င်းတို့က “အလုပ်အစီအစဉ်များက ချမှတ်ပေးသည့်အတိုင်း ငါ လုပ်လိုက်မည်။ မည်သို့ပင်ဆိုစေ ငါသည် မည်သည့်အမှားမျှ မလုပ်ခဲ့သကဲ့သို့ မည်သည့် အနှောင့်အယှက်ကိုဖြစ်စေ၊ အဖျက်အမှောင့်လုပ်ခြင်းကိုဖြစ်စေ မဖြစ်စေခဲ့ပါ”ဟု တွေးကြသည်။ သင်သည် အမှုအရာများကို ဆုမတောင်းဘဲ လုပ်ဆောင်သည့်အခါ၊ အမှုအရာများကို ကောင်းစွာလုပ်ဆောင်ပြီးသည့်အခါ ဘုရားသခင်ကို ကျေးဇူးတင်ရှိခြင်း မရှိပါက သင်၏ အခြေအနေနှင့် ပတ်သက်၍ ပြဿနာတစ်ခု ရှိပေသည်။ သင်၏ အခြေအနေ မှားယွင်းသည်ကို သင် သိသော်လည်း သင့်ဘာသာ မညှိနိုင်ပါက သင်၏ လုပ်ရပ်များတွင် သင်သည် မိမိကိုယ်ပိုင် အလိုဆန္ဒကို စဉ်ဆက်မပြတ် မှီခိုမည်ဖြစ်ပြီး သမ္မာတရားကို သင် နားလည်သည့်အခါတွင်ပင် ထိုသမ္မာတရားကို သင် လက်တွေ့မလုပ်ဆောင်နိုင်ပေ။ သင်၏ တွေးခေါ်ပုံတွေးခေါ်နည်းက မှန်ကန်သည်ဟု သင် စဉ်ဆက်မပြတ် စဉ်းစားကာ ထိုတွေးခေါ်နည်းကို သင် အမြဲဖက်တွယ်သည်။ သင် လုပ်လိုသည့်အရာကို သင် လုပ်သည်၊ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုပုံကို သင် လျစ်လျူရှုသည်။ သင်သည် မိမိ၏ကြိုးပမ်းအားထုတ်မှုများတွင် စိတ်နှစ်မြှုပ်ထားပြီး အကျိုးဆက်အနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို စွန့်ပစ်လေသည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို စွန့်ပစ်သည်နှင့်တစ်ပြိုင်နက် သင်သည် စိတ်ဓာတ်ကျကာ ညှိုးငယ်လေသည်။ သင်သည် မည်သည့် အားဖြစ်စေခြင်းမျှ သို့မဟုတ် မည်သည့်ပျော်ရွှင်မှုမျှ လုံးဝ ခံစားနိုင်လိမ့်မည် မဟုတ်။ နှစ်ဝက်ကြာ၍ တစ်ကြိမ်မျှပင် အမှန်တကယ် ဆုမတောင်းကြသည့် လူများစွာ ရှိသည်။ ဤလူစားမျိုးသည် မိမိတို့ စိတ်နှလုံးတွင် ဘုရားသခင် မရှိကြတော့ချေ။ လူအချို့သည် ပုံမှန်အားဖြင့် ဆုမတောင်းကြသကဲ့သို့ အန္တရာယ်ရှိသည့်အခါ သို့မဟုတ် ရောဂါတစ်ခု ခံစားရသည့်အခါတွင်သာ ဆုတောင်းကြသည်။ ၎င်းတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်ကြဆဲဖြစ်သော်လည်း ဝိညာဉ်ရေးအရ ညိုးနွှမ်းမှုခံစားကြရသောကြောင့် အပျက်သဘောဆောင်သော အတွေးများ မလွဲမသွေ ရှိကြလေသည်။ တစ်ခါတစ်ရံ ၎င်းတို့က “ငါ၏ တာဝန်များကို နောက်ဆုံးတွင် မည်သည့်အချိန်၌ ငါ အပြီးသတ်နိုင်မည်နည်း”ဟု စဉ်းစားကြသည်။ ဤသို့သောအတွေးများပင် ပေါ်ကောင်းပေါ်နိုင်သည်။ ထိုအရာအားလုံးက ၎င်းတို့ ဆုမတောင်းသည်မှာ အချိန်ကြာပြီးဖြစ်ကာ ဘုရားသခင်ထံမှ ၎င်းတို့ ဝေးကွာလာကြပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ဤအရာက မယုံကြည်ခြင်း၊ ဆိုးယုတ်သော နှလုံးသားတစ်ခုတို့ကို ဖြစ်ပေါ်စေပါက အလွန်အန္တရာယ်များပေသည်။ ဆုတောင်းခြင်းသည် အရေးပါ၏။ ဆုတောင်းခြင်းမရှိသည့် ဘဝတစ်ခုသည် မြေမှုန့်ကဲ့သို့ ခြောက်ကပ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မရရှိနိုင်ချေ။ ထိုသို့သော လူများသည် ဘုရားသခင်ရှေ့မှောက်တွင် အသက်မရှင်ကြသကဲ့သို့ အမှောင်ထုထဲသို့ ကျဆင်းသွားနှင့်ပြီး ဖြစ်သည်။ ထို့ကြောင့် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မွေ့လျော်ခံစားပြီး သင်၏ စိတ်နှလုံးမှ ဘုရားသခင်ကို ချီးမွမ်းနိုင်ရန်အလို့ငှာ မကြာခဏ ဆုတောင်းပြီး ဘုရားနှုတ်ကပတ်တော်များအပေါ် မိတ်သဟာယပြုရန် လိုအပ်သည်။ ဤနည်းဖြင့်သာ သင်၏ဘဝသည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ဖြင့် ပြည့်နိုင်ပေသည်။ အရာရာတွင် ဆုတောင်းခြင်းနှင့် ချီးမွမ်းခြင်းတို့ကို ပူဇော်သောသူတို့တွင် သန့်ရှင်းသောဝိညာဉ်တော်သည် အထူးသဖြင့် အလုပ်လုပ်၏။ လူတို့ကို သန့်ရှင်းသောဝိညာဉ်တော်ပေးသည့် တန်ခိုးသည် အနန္တဖြစ်ပြီး လူတို့သည် မည်သည့်အခါတွင်မျှ ထိုတန်ခိုးကို သုံးမကုန်နိုင်၊ မကုန်ခမ်းစေနိုင်ပေ။ လူတို့သည် မပြီးနိုင်မဆုံးနိုင် စကားပြောပြီး တရားဟောကောင်း ဟောမည်ဖြစ်ကာ အယူဝါဒများစွာ နားလည်ကောင်း နားလည်မည်ဖြစ်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိဘဲနှင့် ထိုအရာသည် အလဟဿနှင့် အချည်းနှီးဖြစ်သည်။ လူတို့သည် ဆုတောင်းလျက် နေ့တစ်ဝက်ကုန်ဆုံးကောင်း ကုန်ဆုံးနိုင်သော်လည်း ထိုသို့လုပ်ဆောင်နေစဉ်တွင် “ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ် ကျေးဇူးတင်ပြီး ချီးမွမ်းပါ၏” ဟူသကဲ့သို့သော စကားနှစ်ခွန်းသာ နှုတ်မှထွက်သည့် အခြေအနေများစွာ ရှိလေသည်။ အတန်ငယ်ကြာပြီးနောက် ထိုစာကြောင်းကိုပင် တစ်ဖန် ထုတ်ပြောမိနိုင်သည်။ ဘုရားသခင်ကို ပြောရန် နောက်ထပ် မည်သည့်အရာကိုမျှ ၎င်းတို့ မတွေးနိုင်၊ သူ့ကို ပြောပြရန် စိတ်အတွင်း၌ဖြစ်သော မည်သည့်အတွေးမျှ မရှိကြချေ။ ဤသည်မှာ အလွန် အန္တရာယ်များ၏။ ဘုရားသခင်ကို ယုံကြည်သောလူတို့သည် သူ့ကို ချီးမွမ်းရန်၊ ကျေးဇူးတင်ရန်နှင့် ဘုန်းထင်ရှားစေရန် စကားများကိုပင် နှုတ်မမြွက်နိုင်ပါက ၎င်းတို့သည် မိမိတို့ စိတ်နှလုံးထဲတွင် သူ့အတွက် နေရာတစ်ခုရှိသည်ဟု အဘယ်သို့ ပြော၍ရနိုင်မည်နည်း။ သင်သည် ဘုရားသခင်ကို ယုံကြည်ကာ မိမိစိတ်နှလုံးတွင် သူ့ကို အသိအမှတ်ပြုမည်ဟု အခိုင်အမာ ဆိုနိုင်သော်လည်း သူ့ရှေ့မှောက်သို့ သင် မလာ၊ ဆုတောင်းသည့်အခါ သင်၏ စိတ်နှလုံးထဲရှိသည့် အရာကို သူ့အား မပြောပြနိုင်သကဲ့သို့ သင်၏ စိတ်နှလုံးသည် သူ့ထံမှ အလွန်ဝေးကွာလေသည်။ ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏ အလုပ်ကို လုပ်လိမ့်မည် မဟုတ်ပေ။ နံနက်တိုင်း သင်တို့ နိုးထသည့်အခါ ဆုတောင်းခြင်းဖြင့် သင်တို့၏ စိတ်နှလုံးကို ရိုးသားစစ်မှန်စွာ ဖွင့်ဟရမည်၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြီးနောက် အလင်းရှာတွေ့ကာ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှိသည်အထိ ထိုနှုတ်ကပတ်တော်များကို ချင့်ချိန်စဉ်းစားရမည်။ ဤအရာကို လုပ်ဆောင်လော့၊ ထိုနေ့ရက်သည် အထူးသဖြင့် ကောင်းမွန်ကာ စိတ်ချမ်းသာဖွယ် ဖြစ်လိမ့်မည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို ကွယ်ကာလျက် သင်နှင့်အတူ အမြဲရှိသည်ဟု ခံစားရလိမ့်မည်။
လူများစွာတို့သည် တူညီသော ပြဿနာတစ်ခု ရှိကြသည်ကို ငါ သတိထားမိသည်။ ၎င်းတို့သည် ပြဿနာများရှိသည့်အခါ ဆုတောင်းရန် ဘုရားသခင်ရှေ့မှောက်သို့ လာကြသော်လည်း မည်သည့်အရာကမျှ ၎င်းတို့ကို သောကမရောက်စေသည့်အခါ ဘုရားသခင်ကို လျစ်လျူရှုကြ၏။ ၎င်းတို့သည် မိမိတို့ဆန္ဒရှိသည့်အတိုင်း ဇာတိပကတိ၏ အပျော်အပါးများကို ဖယ်တွယ်ကြသော်လည်း လုံးဝ မနိုးထကြချေ။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းလော။ ဤသည်မှာ စစ်မှန်သော ယုံကြည်ချက် ရှိခြင်းဖြစ်သလော။ စစ်မှန်သော ယုံကြည်ချက် ကင်းမဲ့ခြင်းသည် လျှောက်လှမ်းရန် လမ်းကြောင်းကင်းမဲ့ခြင်း ဖြစ်သည်။ စစ်မှန်သော ယုံကြည်ခြင်းမရှိဘဲနှင့် အကြင်သူသည် ဘုရားသခင်၌ ယုံကြည်မှုနှင့်ဆိုင်သည့် မည်သည့် လုပ်ရပ်များသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည်၊ သို့မဟုတ် မည်သည့် လုပ်ရပ်များအားဖြင့် သမ္မာတရားအား ရရှိရမည်၊ သို့မဟုတ် အသက်တာတွင် ကြီးထွားရမည်ဆိုသည်ကို မသိနိုင်ပေ။ ယုံကြည်ခြင်းမရှိပါက လူတစ်ဦးသည် မျက်ကန်းဖြစ်၏၊ လိုက်စားရန် လိုအင်ဆန္ဒ ရှိသော်ငြားလည်း ဦးတည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်များ ကင်းမဲ့နေသည်။ သို့ဆိုလျှင် ယုံကြည်ခြင်းသည် မည်သို့ဖြစ်ပေါ်သနည်း။ ယုံကြည်ခြင်းသည် ဆုတောင်းခြင်းဖြင့်လည်းကောင်း၊ ဘုရားသခင်နှင့်အတူ မိတ်သဟာယပြုခြင်းအားဖြင့်လည်းကောင်း ဖြစ်ပေါ်ပြီး ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုကို ရရှိခြင်းအားဖြင့် သာ၍ပင် ဖြစ်ပေါ်ပေသည်။ သမ္မာတရားကို သင် နားလည်လေ၊ ယုံကြည်ခြင်း သာ၍ ရှိလေဖြစ်သည်။ သမ္မာတရားအပေါ် သိနားလည်ခြင်း ကင်းမဲ့သူတို့သည် ယုံကြည်ခြင်း လုံးဝ မရှိသကဲ့သို့ ၎င်းတို့သည် အသင်းတော်နှင့် ရောနှောလျှင်ပင် မယုံကြည်သူများ ဖြစ်ကြသည်။ ဘုရားသခင်ကို ယုံကြည်သောလူတို့သည် ဆုတောင်းခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များ ဖတ်ရှုခြင်းမရှိဘဲ ဘုရားသခင်ကို မယုံကြည်နိုင်ကြချေ။ ၎င်းတို့သည် အစည်းအဝေးများကို ဆက်တက်ရုံ တက်နေကြသော်လည်း စိတ်ရင်းအတိုင်း ရံဖန်ရံခါမျှသာ ဆုတောင်းပါက ၎င်းတို့သည် ဘုရားသခင်ထံမှ ဝေးသည်ထက် ဝေးကွာနေကြကြောင်း တွေ့ရှိရလိမ့်မည်။ သင်တို့အားလုံးသည် စိတ်ရင်းအတိုင်း ဆုတောင်းကြသည်မှာ ရှားပြီး လူအချို့မှာ မည်သို့ဆုတောင်းရမည်ကို မသိကြသေး။ အမှန်မှာ ဆုတောင်းခြင်းသည် အဓိကအားဖြင့် လှိုက်လှိုက်လှဲလှဲ စကားပြောခြင်းအကြောင်း ဖြစ်သည်။ ဤသည်မှာ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ဖွင့်ဟခြင်းနှင့် သူ၏ ရှေ့မှောက်တွင် တကယ်ကို ဖွင့်ပြောခြင်း ဖြစ်သည်။ လူတစ်ဦး၏ စိတ်နှလုံးသည် မှန်ကန်သည့် အမျိုးအစားဖြစ်ပါက လှိုက်လှိုက်လှဲလှဲ စကားပြောနိုင်ပြီး ဤသို့ဖြင့် ဘုရားသခင်သည် ၎င်းတို့၏ ဆုတောင်းခြင်းကို နားညောင်းကာ လက်ခံလေသည်။ လူအချို့သည် ဘုရားသခင်ထံ ဆုတောင်းသည့်အခါ တောင်းလျှောက်အသနားခံရန်သာ သိကြသည်။ ၎င်းတို့သည် အခြားမည်သည့်အရာမျှ မပြောဘဲ ကျေးဇူးတော်အတွက် အဆက်မပြတ် တောင်းလျှောက်အသနားခံကြပြီး ထို့သို့ဖြင့် ၎င်းတို့ ဆုတောင်းလေ ခန်းခြောက်မှု ခံစားရလေ ဖြစ်သည်။ သင်ဆုတောင်းသည့်အခါ တစ်စုံတစ်ရာကို သင် တမ်းတသည်ဖြစ်စေ၊ ဘုရားသခင်ထံမှ တစ်စုံတစ်ရာကို ရှာဖွေသည်ဖြစ်စေ၊ သင် ရှင်းလင်းစွာ မမြင်နိုင်သည့် သင် ကိုင်တွယ်နေသော ကိစ္စရပ်တစ်ခုတွင် ဉာဏ်ပညာနှင့် ခွန်အားကို ပေးရန် ဘုရားသခင်အား တောင်းလျှောက်သည်ဖြစ်စေ၊ ဘုရားသခင်ထံ ဉာဏ်အလင်းပေးခြင်းကို တောင်းလျှောက်သည်ဖြစ်စေ ပုံမှန်လူ့သဘာဝ အသိစိတ်တစ်ခု သင် ပိုင်ဆိုင်ရမည်။ အသိစိတ်မရှိဘဲနှင့် သင်သည် ဒူးထောက်ကာ “ဘုရားသခင်၊ ကျွန်ုပ်ကို ယုံကြည်ခြင်းနှင့် ခွန်အားပေးကာ ကျွန်ုပ်၏သဘောသဘာဝကို မြင်ခွင့်ပေးဖို့ ကိုယ်တော့်ကို ကျွန်ုပ် တောင်းလျှောက်အသနားခံပါ၏။ ကိုယ်တော် အမှုပြုပြီး ကျေးဇူးတော်နှင့် ကောင်းချီးများ ကျွန်ုပ်ကို ပေးဖို့ တောင်းလျှောက်အသနားခံပါ၏”ဟု သင် ပြောလိမ့်မည်။ ဤ “တောင်းလျှောက်အသနားခံခြင်း”တွင် မလုပ်မနေလုပ်ရမည့် မှတ်ချက်တစ်ခု ရှိသည်။ ဤသည်မှာ ဘုရားသခင်အပေါ် ဖိအားပေးသည့်နည်းလမ်းတစ်ခု၊ ကြိုတင်ပြဋ္ဌာန်းထားပြီး ဖြစ်သည့်အလား ဤကိစ္စရပ်ကို လုပ်ဆောင်ရမည်ဟု သူ့ကို ပြောသည့်နည်းလမ်းတစ်ခု ဖြစ်သည်။ ဤသည်မှာ စစ်မှန်ရိုးသားသော ဆုတောင်းခြင်း မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်အဖို့၊ သင်သည် သတ်မှတ်ချက်များ ချမှတ်နှင့်ပြီးဖြစ်ကာ သင် လုပ်ဆောင်မည့်အရာကို ဆုံးဖြတ်ပြီးဖြစ်သည့်အခါ သင်သည် ဟန်ဆောင်လုပ်ပြနေခြင်းသက်သက် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို လိမ်လည်လှည့်စားနေခြင်း မဟုတ်လော။ အကြင်သူသည် ရှာဖွေတတ်သော၊ ကျိုးနွံနာခံတတ်သော စိတ်နှလုံးဖြင့် ဆုတောင်းသင့်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ရာ သင့်အပေါ် ကျရောက်ပြီးဖြစ်ကာ မည်သို့ ကိုင်တွယ်ရမည်ကို သင် မသေချာသည့်အခါ သင်က “ဘုရားသခင်၊ ဤအရာနှင့် ပတ်သက်၍ မည်သို့လုပ်ဆောင်ရမည်ကို ကျွန်ုပ် မသိပါ။ ဤကိစ္စရပ်တွင် ကိုယ်တော်ကို ကျွန်ုပ် ကျေနပ်စေပြီး ကိုယ်တော်၏ ရည်ရွယ်ချက်များကို ရှာဖွေချင်ပါ၏။ ကျွန်ုပ် လိုအင်ဆန္ဒ ရှိသည့်အတိုင်းမဟုတ်ဘဲ ကိုယ်တော် လိုအင်ဆန္ဒ ရှိသည့်အတိုင်း ကျွန်ုပ် လုပ်ဆောင်ရန် ဆန္ဒရှိပါသည်။ လူသား၏ လိုအင်ဆန္ဒများသည် ကိုယ်တော်၏ ရည်ရွယ်ချက်များနှင့် လုံးဝ ဆန့်ကျင်ကြောင်း၊ ကိုယ်တော်ကို လုံးဝ အတိုက်အခံလုပ်သကဲ့သို့ သမ္မာတရားနှင့် မကိုက်ညီကြောင်း ကိုယ်တော် သိပါ၏။ ကိုယ်တော် ကျွန်ုပ်ကို ဉာဏ်အလင်းပေးပါစေ၊ ဤကိစ္စရပ်တွင် လမ်းပြမှုပေးပြီး ကိုယ်တော့်ကို မပုန်ကန်မပြစ်မှားမိစေဖို့ အခွင့်ပေးတော်မူပါ...”ဟု ဆိုကောင်းဆိုနိုင်သည်။ ယင်းမှာ ဆုတောင်းခြင်းတစ်ခုအတွက် သင့်လျော်သည့် သဘောသွား ဖြစ်သည်။ သင်က “ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်ကို ကူညီမစဖို့၊ လမ်းပြဖို့၊ သင့်တော်သည့် အခြေအနေနှင့် သင့်တော်သည့် လူတို့ကို ပြင်ဆင်ပေးကာ ကျွန်ုပ်၏ အလုပ်ကို ကောင်းစွာ လုပ်ခွင့်ပေးဖို့ တောင်းလျှောက်ပါ၏”ဟု ဆိုပါက ဆုတောင်းပြီးနောက်တွင် ဘုရားသခင်ကို သင်၏ လိုအင်ဆန္ဒများအတိုင်း ဆောင်ရွက်ရန် တောင်းလျှောက်နေသောကြောင့် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောပေါက်ရန် ပျက်ကွက်ဦးမည်သာ ဖြစ်၏။ ယခုတွင် ဆုတောင်းခြင်း၌ သင် သုံးသည့် စကားများသည် အသိစိတ် ရှိမရှိဆိုသည်နှင့် ယင်းတို့သည် စိတ်နှလုံးထဲမှ လာခြင်း ဟုတ်မဟုတ်ဆိုသည်တို့ကို သင် သေချာအောင် လေ့လာစိစစ်ရမည်။ သင်၏ ဆုတောင်းချက်များသည် အသိစိတ် မရှိပါက သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အပေါ်တွင် အလုပ်လုပ်လိမ့်မည် မဟုတ်။ ထို့ကြောင့် သင် ဆုတောင်းသည့်အခါ အသိစိတ်ဖြင့်၊ သင့်လျော်သည့် သဘောသွားဖြင့် စကားပြောရမည်။ “ဘုရားသခင်၊ ကျွန်ုပ်၏ အားနည်းချက်နှင့် ပုန်ကန်မှုကို ကိုယ်တော် သိပါ၏။ ကျွန်ုပ်ကို ခွန်အားပေးပြီး ကျွန်ုပ်၏ အခြေအနေများကို သည်းခံနိုင်ရန် မစဖို့သာ ကိုယ်တော်ကို ကျွန်ုပ် တောင်းလျှောက်ပါ၏။ သို့သော် ကိုယ်တော်၏ လိုအင်ဆန္ဒများအတိုင်းသာ ဖြစ်စေပါ။ ကိုယ်တော်၏ လိုအင်ဆန္ဒများ အဘယ်အရာဖြစ်သည်ကို ကျွန်ုပ် မသိဘဲ ဤတောင်းဆိုချက်ကို ပြုလိုက်ခြင်းဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ ကိုယ်တော်၏ လိုအင်ဆန္ဒများ ပြည့်စုံပါစေ။ ကျွန်ုပ်သည် အစေခံမှု ပေးရန် စေခိုင်းခြင်းခံရလျှင်ပင် သို့မဟုတ် အဖြည့်ခံတစ်ဦးအဖြစ် အစေခံရလျှင်ပင် ကျွန်ုပ် လိုလိုလားလား လုပ်ဆောင်ပါမည်။ ကျွန်ုပ်ကို ခွန်အားနှင့် ဉာဏ်ပညာပေးကာ ဤကိစ္စတွင် ကိုယ်တော်ကို စိတ်ကျေနပ်အောင် လုပ်ခွင့်ပေးပါရန် ကျွန်ုပ် တောင်းလျှောက်ပါ၏။ ကိုယ်တော်၏ အစီအစဉ်များကို ကျိုးနွံနာခံရန်သာ ကျွန်ုပ် ဆန္ဒရှိပါ၏...”ဟု ပြောလော့။ ထိုသို့သော ဆုတောင်းချက်တစ်ခုပြီးသည့်နောက်တွင် သင်၏ စိတ်နှလုံးသည် အထူးသဖြင့် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားလိမ့်မည်။ သင် လုပ်ဆောင်သမျှသည် တောင်းလျှောက်အသနားခံခြင်းဖြစ်ပါက သင် မည်မျှပြောဆိုသည်ဖြစ်စေ အနှစ်သာရမရှိသည့် စကားများသာ ဖြစ်လိမ့်မည်။ သင် အလိုရှိသည့်အရာကို ကြိုတင်၍ သင် ဆုံးဖြတ်ပြီးဖြစ်လိမ့်မည်ဖြစ်သောကြောင့် သင်၏ တောင်းလျှောက် အသနားခံမှုကို တုံ့ပြန်သည့်အနေဖြင့် ဘုရားသခင် အမှုပြုလိမ့်မည်မဟုတ်။ ဆုတောင်းခြင်းဖြင့် သင် ဒူးထောက်သည့်အခါ “ဘုရားသခင်၊ လူ၏ အားနည်းချက်ကို ကိုယ်တော် သိပြီး၊ လူ၏ အခြေအနေများကို ကိုယ်တော် သိပါ၏။ ဤကိစ္စရပ်တွင် ကျွန်ုပ်ကို ဉာဏ်အလင်းပေးရန် တောင်းလျှောက်ပါ၏။ ကိုယ်တော်၏ လိုအင်ဆန္ဒများကို ကျွန်ုပ်အား နားလည်ခွင့်ပေးတော်မူပါ။ ကိုယ်တော် စီစဉ်သမျှကိုသာ ကျိုးနွံနာခံရန် ကျွန်ုပ် ဆန္ဒရှိပြီး ကျွန်ုပ်၏ စိတ်နှလုံးသည် ကိုယ်တော်ကို ကျိုးနွံနာခံရန် လိုလားလျက်ရှိပါ၏...”ဟု ပြောလော့။ ထိုသို့ ဆုတောင်းလော့၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို တို့ထိလိမ့်မည်။ သင် ဆုတောင်းသည့်အခါ သင်၏ ရည်ရွယ်ချက်မှားယွင်းပြီး သင်၏ ကိုယ်ပိုင် အလိုဆန္ဒအရ ဘုရားသခင်အပေါ် တောင်းဆိုချက်များ အမြဲပြုလုပ်ပါက သင်၏ ဆုတောင်းချက်များသည် အသက်မပါသကဲ့သို့ အကျိုးရှိလိမ့်မည်မဟုတ်၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို တို့ထိလိမ့်မည်မဟုတ်ပေ။ သင်၏ မျက်လုံးများကို မှိတ်ရုံမှိတ်ပြီး ဘုရားသခင်နှင့်ပတ်သက်၍ ဖြစ်သလိုလုပ်ရန် ရိုးအီနေသည့် အသုံးအနှုန်းများကို ကရားရေလွှတ် တတွတ်တွတ်ပြောဆိုပါက သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို ထိုသို့ တို့ထိလိမ့်မည်လော။ လူတို့သည် ဘုရားသခင်ရှေ့မှောက်သို့ လာသည့်အခါ နာခံမှုရှိသည့် ဟန်ပန်ဖြင့် ပြုမူကာ ဘုရားတရားကိုင်းရှိုင်းသော သဘောထား ရှိရမည်။ သင်သည် တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်ရှေ့မှောက်သို့ လာခြင်း၊ ဖန်ဆင်းရှင်နှင့် စကားပြောနေခြင်း ဖြစ်သည်။ သင်သည် ဘုရားတရားကိုင်းရှိုင်းသင့်သည် မဟုတ်လော။ ဆုတောင်းရန်မှာ ရိုးရှင်းသောအရာတစ်ခု မဟုတ်ပေ။ လူတို့သည် ဘုရားသခင် ရှေ့မှောက်သို့ လာကြသည့်အခါ ဘာသာတရားကိုင်းရှိုင်းမှု လုံးဝ ကင်းမဲ့လျက် မိမိတို့၏ အစွယ်နှင့် လက်သည်းများကို ပြစားဝင့်ဝါကြသည်။ ပြီးလျှင် ၎င်းတို့ ဆုတောင်းကြသည့်အခါ ရိုးရှင်းသည့် အပေါ်ယံဆန်သော စကားအနည်းငယ်ကို ဆိုလျက် မိမိတို့အိမ်များတွင် ပျင်းရိပျင်းတွဲနေကြပြီး ၎င်းတို့ ဆုတောင်းနေကြကာ ဘုရားသခင်က ၎င်းတို့ကို ကြားနိုင်သည်ဟု တွေးထင်ကြသည်။ ဤသည်မှာ မိမိကိုယ်ကို လှည့်ဖြားခြင်း မဟုတ်လော။ ဤအရာကို ပြောရာတွင် ငါ၏ ရည်ရွယ်ချက်မှာ အချို့သော သတ်သတ်မှတ်မှတ်ဖြစ်သည့် စည်းမျဉ်းစည်းကမ်းများအား လူတို့ စောင့်ထိန်းဖို့ တောင်းဆိုရန် မဟုတ်။ သို့ရာတွင် အကြင်သူ အနည်းဆုံး လုပ်နိုင်သည့်အရာမှာ ဘုရားသခင်ကို ကျိုးနွံနာခံသည့် စိတ်နှလုံးရှိပြီး ဘုရားသခင်ရှေ့မှောက်သို့ ဘုရားတရားကြည်ညိုသော သဘောထားဖြင့် လာရန် ဖြစ်သည်။ သင်တို့၏ ဆုတောင်းချက်များသည် မကြာခဏ အသိစိတ် အလွန်ကင်းမဲ့လှ၏။ သင်က အောက်ပါ သဘောသွားဖြင့် အမြဲ ဆုတောင်းသည်။ “အို ဘုရားသခင်။ ဤတာဝန်ကို ထမ်းဆောင်ရန် ကျွန်ုပ်ကို ပေးပြီးဖြစ်သည့်အတွက် ကိုယ်တော်၏ အမှုတော် နှောင့်ယှက်ခံရခြင်းမရှိရန်နှင့် ဘုရားမိသားစု၏ အကျိုးစီးပွားများ ထိခိုက်နစ်နာခြင်းမရှိရန်အလို့ငှာ ကျွန်ုပ် လုပ်ဆောင်သည့် အရာရာကို သင့်လျော်စေတော်မူပါ။ ကိုယ်တော် ကျွန်ုပ်ကို ကွယ်ကာရပါမည်...”ဟူ၍ ဖြစ်သည်။ ထိုသို့သော ဆုတောင်းချက်သည် အလွန် အသိစိတ်မဲ့သည် မဟုတ်လော။ သင်သည် ဘုရားသခင်ရှေ့မှောက်သို့လာပြီး ထိုသို့ ဆုတောင်းပါက ဘုရားသခင်က သင့်အပေါ် အမှုပြုလိမ့်မည်လော။ သင်သည် ငါ၏ ရှေ့မှောက်သို့လာကာ အသိစိတ်မဲ့စွာ စကားပြောဆိုပါက ငါ နားထောင်မည်လော။ သင်သည် ငါ့ကို ရွံမုန်းအောင် လုပ်ပါက သင့်ကို ငါ ချက်ချင်း မောင်းထုတ်မည်ဖြစ်သည်။ သင်သည် ခရစ်တော်ရှေ့တွင် ရှိသည့်အတိုင်း ဝိညာဉ်တော်ရှေ့တွင်လည်း အလားတူ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ ရှေ့မှောက်သို့ ဆုတောင်းရန် သင် လာသည့်အခါ မည်သို့ အသိစိတ်ဖြင့် စကားပြောဆိုရသည်ဆိုသည်နှင့် ဘုရားတရား ကိုင်းရှိုင်းမှုကို စွမ်းဆောင်ရရှိပြီး ကျိုးနွံနာခံနိုင်စွမ်းရှိရန် သင်၏ အတွင်းစိတ်အခြေအနေကို မည်သို့ညှိရမည်ဆိုသည်တို့ကို သင် ထည့်သွင်းစဉ်းစားရမည်။ ထိုသို့ သင် လုပ်ဆောင်သည်နှင့် တစ်ဖန် ဆုတောင်းခြင်းသည် ကောင်းလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ မျက်မှောက်တော်ကို သင် ခံစားရလိမ့်မည်။ ကြိမ်ဖန်များစွာ လူတို့သည် ဆုတောင်းရာတွင် ဒူးထောက်ကြသည်။ မိမိတို့ မျက်လုံးများကို ပိတ်ကာ ၎င်းတို့ လုပ်နိုင်သမျှမှာ “အို ဘုရားသခင်၊ အို ဘုရားသခင်”ဟု ဟစ်ကြွေးရန် ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့သည် အချိန်ကြာမြင့်စွာ ဤသို့ စကားလုံးမဲ့စွာ အော်ဟစ်ကြသနည်း။ ဤသည်မှာ လူတို့၏ မမှန်ကန်သော စိတ်နေစိတ်ထားနှင့် မူမမှန်သော အခြေအနေကြောင်း ဖြစ်သည်။ လူတစ်ဦးသည် မိမိတို့ စိတ်နှလုံးတွင် ဘုရားသခင်ကို လက်လှမ်းမမီနိုင်သည့်အခါ ၎င်းတို့၏ ဆုတောင်းချက်များက စကားလုံးမဲ့တတ်သည်။ ဤအရာကို သင်တို့ တစ်ကြိမ်တစ်ခါမျှ လုပ်မိသလော။ ယခုတွင် သင်တို့သည် သင်၏ ကိုယ်ပိုင် အတိုင်းအတာကို သိရှိသော်လည်း သင်၏ အခြေအနေ မူမမှန်သည့်အခါ မိမိကိုယ်ကို ပြန်၍မသုံးသပ် သို့မဟုတ် သမ္မာတရားကို မရှာဖွေသကဲ့သို့ ဘုရားသခင်၏ရှေ့မှောက်သို့ ဆုတောင်းခြင်းဖြင့် လာရန် သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို စားသောက်ရန် လိုလားနေခြင်း မရှိပေ။ ဤသည်မှာ အန္တရာယ်များပေသည်။ လူတစ်ဦး၏ အခြေအနေ ပုံမှန်သည်ဖြစ်စေ၊ ပုံမမှန်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် ပြဿနာများ ထွက်ပေါ်လင့်ကစား ဆုတောင်းခြင်းမှ ၎င်းတို့ မသွေဖည်ရပေ။ သင် ဆုမတောင်းပါက ယခုတွင် သင်၏ အခြေအနေက ပုံမှန်ဖြစ်လျှင်ပင် အတန်ကြာ ကာလတစ်ခုအတွင်းတွင် မူမမှန်ဖြစ်လာလိမ့်မည်။ ဆုတောင်းခြင်းနှင့် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းသည် ပုံမှန်ဖြစ်ရမည်။ သမ္မာတရားကို ရှာဖွေရန် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းသည် စစ်မှန်သော ဆုတောင်းခြင်းဆီသို့ ရောက်စေနိုင်သည်၊ ဆုတောင်းခြင်းသည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ရရှိနိုင်ပြီး ဤအရာက လူတစ်ဦးအား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်စေရန် ထောက်ကူပေးနိုင်သည်။ ဘုရားသခင်ထံ ဆုတောင်းရာတွင် အရေးအကြီးဆုံးသောအရာမှာ ပထမဦးစွာ သင်၏ စိတ်နေစိတ်ထားကို မှန်ကန်စေရန် ဖြစ်သည်။ ဤသည်မှာ ဆုတောင်းခြင်း၏ စည်းမျဉ်း ဖြစ်သည်။ သင်၏ စိတ်နေစိတ်ထား မမှန်ကန်ပါက သင်သည် ဘုရားတရား ကိုင်းရှိုင်းလိမ့်မည် မဟုတ်၊ ဟန်ဆောင်လုပ်ပြရုံဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို သင် လိမ်လည်လှည့်စားနေခြင်း ဖြစ်လိမ့်မည်။ သင်၏ စိတ်နှလုံးအတွင်းတွင် သင်သည် ဘုရားသခင်အတွက် ကြောက်ရွံ့မှုရှိပြီး ဘုရားသခင်ကို ကျိုးနွံနာခံမှုရှိကာ ဘုရားသခင်ထံ သင် ဆုတောင်းပါက ထိုအခါမှသာ သင်၏ စိတ်နှလုံးသည် အေးချမ်းသွားလိမ့်မည်။ ထို့ကြောင့် သင် ဆုတောင်းသည့်အခါ မှန်ကန်သည့် စိတ်နေစိတ်ထားရှိမည်ဖြစ်ပြီး သင်၏ ဆုတောင်းချက်များက အကျိုးများဖြစ်ထွန်းလိမ့်မည်။ ဆုတောင်းသည့်အခါ သင်၏ စိတ်နှလုံးတွင် အမှန်တကယ် ရှိသည့်အရာကို ဘုရားသခင်အား ပြောပြရင်းနှင့် ဘုရားသခင်ကို သင်၏ စိတ်နှလုံးက အပြောချင်ဆုံးသောအရာကို ပြောလျက် သင်သည် ဤသို့ မကြာခဏ လက်တွေ့လုပ်ဆောင်ပါက သတိပင်မထားလိုက်မိဘဲ သင်သည် ဘုရားသခင်ထံ ဆုတောင်းနိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်နှင့်အတူ ပုံမှန် မိတ်သဟာယပြုနိုင်လိမ့်မည်။
ဆုတောင်းခြင်းဟူသည် သင့်အနေဖြင့် ပညာတတ်ဖြစ်ရန်၊ သို့မဟုတ် ယဉ်ကျေးဖွယ်ရာရှိရန် မလိုအပ်သကဲ့သို့ ယင်းသည် စာတမ်းတိုတစ်ခု ဖန်တီးခြင်းလည်း မဟုတ်ပေ။ ပုံမှန်လူတစ်ဦး၏ အသိစိတ်ဖြင့် စစ်မှန်ရိုးသားစွာသာ ကြည့်လော့။ ယေရှု၏ ဆုတောင်းချက်များကို စဉ်းစားလော့။ ဂေသရှေမန်ဥယျာဉ်ထဲ၌ သူသည် “လွန်သွားနိုင်လျှင်...” ဟု ဆုတောင်းခဲ့သည်။ တစ်နည်းအားဖြင့် “ဤသို့လုပ်ဆောင်နိုင်လျှင်” ဟူ၍ ဖြစ်သည်။ ဤအရာကို ဆွေးနွေးချက်တစ်ခု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပြောခဲ့ခြင်းဖြစ်သည်၊ သူက “ကိုယ်တော့်ကို ကျွန်ုပ် အနူးအညွတ် ပန်ကြားပါသည်” ဟု မဆိုခဲ့ပါ။ ကျိုးနွံနာခံသော နှလုံးသားနှင့် ကျိုးနွံနာခံသော အခြေအနေ၌ သူသည် “အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော” ဟု ဆုတောင်းခဲ့ပါသည်။ သူသည် ဒုတိယကြိမ်တွင် ဤသို့ပင် ဆက်လက် ဆုတောင်းခဲ့ပြီး၊ တတိယကြိမ်တွင် “ကိုယ်တော်၏ အလိုတော် ပြည့်စုံပါစေသော” ဟု သူဆုတောင်းခဲ့သေးသည်။ ခမည်းတော်ဘုရားသခင်၏ လိုအင်ဆန္ဒများကို နားလည်သဘောပေါက်ထားသဖြင့် သူက “ကိုယ်တော်၏ အလိုတော် ပြည့်စုံပါစေသော” ဟု ဆုတောင်းခြင်းဖြစ်သည်။ သူသည် မိမိ၏ ကိုယ်ပိုင်ရွေးချယ်မှုမျှမရှိဘဲ အပြည့်အဝ ကျိုးနွံနာခံနိုင်ခဲ့သည်။ ဆုတောင်းရာတွင် ယေရှုက “ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော” ဟု ဆိုခဲ့သည်။ ယင်းက ဘာကိုဆိုလိုသနည်း။ သူ ဤသို့ ဆုတောင်းခဲ့သည်မှာ အဘယ့်ကြောင့်ဆိုသော် မိမိ၏ နောက်ဆုံးထွက်သက်အထိတိုင် ကားတိုင်ပေါ်တွင် အသွေးသွန်းခြင်းဟူသည့် ကြီးစွာသောဝေဒနာ ခံစားရခြင်းကို တွေးမိခဲ့သောကြောင့်ဖြစ်သည်၊ ဤအရာက သေခြင်းနှင့်ဆိုင်သော ကိစ္စဖြစ်ပြီး သူသည် ခမည်းတော်ဘုရားသခင်၏ လိုအင်ဆန္ဒကို အပြည့်အဝ နားမလည်ခဲ့သေးသောကြောင့် ဖြစ်သည်။ သူသည် ထိုသို့သော ဝေဒနာကို တွေးမိလင့်ကစား ဤသို့ ဆုတောင်းခြင်းက သူ၏ ကျိုးနွံနာခံမှု အလွန်နက်ရှိုင်းသည်ကို ပြလေသည်။ သူ၏ ဆုတောင်းခြင်းပုံစံမှာ ပုံမှန်ဖြစ်ခဲ့သည်၊ သူသည် သူ၏ ဆုတောင်းချက်ထဲ၌ မည်သည့်သတ်မှတ်ချက်ကိုမျှ အဆိုမပြုခဲ့သည့်အပြင် ခွက်ကို ယူဆောင်သွားရန်လည်း မဆိုခဲ့ပါချေ။ ထို့ထက် သူ၏ ရည်ရွယ်ချက်မှာ သူနားမလည်သည့် အနေအထားတစ်ခု၌ ဘုရားသခင်၏ လိုအင်ဆန္ဒကို ရှာဖွေရန်ပင် ဖြစ်ခဲ့သည်။ ပထမကြိမ် သူဆုတောင်းခဲ့ရာ၌ သူနားမလည်ခဲ့သောကြောင့် “လွန်သွားနိုင်လျှင်...သို့သော်လည်း ကိုယ်တော်အလိုရှိသည်အတိုင်း” ဟု ဆိုခဲ့သည်။ သူသည် ကျိုးနွံနာခံခြင်း အခြေအနေတစ်ခု၌ ဘုရားသခင်ကို ဆုတောင်းခဲ့သည်။ ဒုတိယကြိမ်တွင် ထိုနည်းအတိုင်းပင် သူဆုတောင်းခဲ့သည်။ အားလုံးပေါင်း သုံးကြိမ် သူဆုတောင်းခဲ့ပြီး သူ၏ နောက်ဆုံးဆုတောင်းချက်တွင် ဘုရားသခင်၏ လိုအင်ဆန္ဒကို သူ အပြည့်အဝ နားလည်လာခဲ့ပြီး ယင်းနောက်တွင် ယေရှုသည် နောက်ထပ်မတောင်းဆိုတော့ပေ။ သူ၏ ပထမဆုတောင်းချက်နှစ်ခုတွင် သူသည် ရှာဖွေနေခဲ့ခြင်းသာဖြစ်ပြီး ကျိုးနွံနာခံခြင်း အခြေအနေ၌ သူရှာဖွေခဲ့သည်။ သို့သော်ငြားလည်း လူတို့မှာမူ ထိုကဲ့သို့ လုံးဝ ဆုမတောင်းကြပေ။ လူတို့သည် သူတို့၏ ဆုတောင်းချက်များတွင် “ဘုရားသခင်၊ ဤသို့ထိုသို့ ပြုပါရန် ကိုယ်တော့်ကို ကျွန်ုပ်တောင်းဆိုပါ၏၊ ကျွန်ုပ်ကို ဤအရာ၌ ထိုအရာ၌ လမ်းပြပေးပါရန် ကိုယ်တော့်ကို တောင်းဆိုပါ၏၊ ထို့ပြင် ကျွန်ုပ်အတွက် အခြေအနေများအဆင်သင့် ပြုလုပ်ပေးရန် ကိုယ်တော့်ကို တောင်းဆိုပါ၏...” ဟု အမြဲ ပြောတတ်ကြသည်။ သူသည် သင့်အတွက် သင့်လျော်သော အခြေအနေများကို ပြင်ဆင်မပေးဘဲ ဤဆင်းရဲဒုက္ခကို သင့်အား ခံစေပြီး သင်ခန်းစာ ပေးလိမ့်မည်။ လူတို့က “ဘုရားသခင်၊ ကျွန်ုပ်အတွက် ပြင်ဆင်မှုများ ပြုလုပ်ပေးဖို့နဲ့ ကျွန်ုပ်ကို ခွန်အားပေးဖို့ တောင်းဆိုပါတယ်” ဟု အမြဲဆုတောင်းနေမည်ဆိုလျှင်မူ ထိုသို့ ဆုတောင်းခြင်းမှာ အလွန့်အလွန် ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့ပေသည်။ ဘုရားသခင်ထံ သင်ဆုတောင်းသည့်အခါ ကျိုးကြောင်းဆီလျော်မှု ရှိရမည်ဖြစ်ပြီး ကျိုးနွံနာခံမှုရှိသည့် စိတ်နှလုံးဖြင့် သူ့ထံ သင် ဆုတောင်းသင့်သည်။ သင် မည်သည့်အရာ လုပ်မည်ဆိုသည်ကို သတ်မှတ်ရန် မကြိုးစားနှင့်။ မည်သည့်အရာ လုပ်ဆောင်ရမည်ဆိုသည်ကို သင် ဆုမတောင်းမီတွင် သတ်မှတ်ရန် ကြိုးစားပါက ဤသည်မှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း မဟုတ်ပေ။ ဆုတောင်းခြင်းတွင် သင်၏ စိတ်နှလုံးသည် ကျိုးနွံနာခံမှုရှိရမည်ဖြစ်ပြီး ပထမဦးစွာ ဘုရားသခင်နှင့်အတူ သင် ရှာဖွေရမည်။ ဤသို့ဖြင့် သင်၏ စိတ်နှလုံးသည် ဆုတောင်းခြင်းအတောအတွင်းတွင် အလိုအလျောက် အားတက်သွားလိမ့်မည်ဖြစ်ပြီး လုပ်ဆောင်ရန် သင့်လျော်သည့်အရာကို သင် သိလိမ့်မည်။ ဆုမတောင်းမီ သင်၏ အစီအစဉ်မှ ဆုတောင်းပြီးနောက် သင်၏ စိတ်နှလုံးတွင် ဖြစ်ပေါ်သည့် ပြောင်းလဲမှုဆီသို့ ရောက်ရှိခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ ရလဒ်ဖြစ်သည်။ သင်သည် မိမိကိုယ်ပိုင် ဆုံးဖြတ်ချက်ကို ပြုလုပ်နှင့်ပြီး မည်သည့်အရာ လုပ်ဆောင်ရမည်ကို သတ်မှတ်ပြီးဖြစ်ကာ ထို့နောက်တွင် ဘုရားသခင်ထံ ခွင့်ပြုချက် တောင်းခံရန် သို့မဟုတ် သင် ဆန္ဒရှိသည့်အရာကို လုပ်ဆောင်ရန် ဘုရားသခင်ကို စေခိုင်းဖို့ ဆုတောင်းပါက ဤဆုတောင်းချက်မျိုးသည် ယုတ္တိမတန်ပေ။ ကြိမ်ဖန်များစွာ လူတို့သည် အတိအကျအားဖြင့် မည်သည့်အရာ လုပ်ဆောင်မည်ကို ဆုံးဖြတ်နှင့်ပြီးဖြစ်ကာ ဘုရားသခင်ကို ခွင့်ပြုချက် တောင်းခံရုံမျှသာဖြစ်သောကြောင့် လူတို့၏ ဆုတောင်းချက်များကို ဘုရားသခင်က မဖြည့်ဆည်းပေးပေ။ ဘုရားသခင်က “မည်သည့်အရာကို လုပ်ဆောင်ရန် သင်တို့ ဆုံးဖြတ်ပြီးဖြစ်သည့်အတွက် အဘယ်ကြောင့် ငါ့ကို မေးသနည်းဟု ပြော၏” ဤဆုတောင်းချက်မျိုးသည် ဘုရားသခင်ကို လိမ်လည်လှည့်စားသကဲ့သို့ အနည်းခံစားရပြီး ထို့ကြောင့် ၎င်းတို့၏ ဆုတောင်းချက်များ ခြောက်ကပ်သွားရပေသည်။
လူတို့သည် ဆုတောင်းရန် ဒူးထောက်ကြသည့်အခါ ဘုရားသခင်ကို စကားပြောနေကြသော်လည်း ဆုတောင်းခြင်းသည် လူတို့တွင် သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုရန်အတွက် နည်းလမ်းတစ်ခု ဖြစ်သည်ကို သင် ရှင်းရှင်းလင်းလင်း မြင်ရမည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့ ဆုတောင်းနေစဉ်တွင် အမြဲ ဉာဏ်အလင်းပေးသည်၊ အလင်းပြပြီး ဦးဆောင်လမ်းပြ၏။ လူတို့သည် မှန်ကန်သည့် အခြေအနေတွင် ရှိစဉ် ဆုတောင်းကာ ရှာဖွေကြပါက တစ်ချိန်တည်းတွင်ပင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်နှင့် လူသားများကြား စကားဖြင့် ဖော်ပြမရသည့် ကတိကဝတ် အမျိုးအစားတစ်ခု ဖြစ်သည်။ လူတို့အား ကိစ္စရပ်များကို တာဝန်ယူရန် ဘုရားသခင် ကူညီပေးနေခြင်းဖြစ်သည်ဟုလည်း သင် ဆိုနိုင်သည်။ ဆုတောင်းခြင်းသည် လူတို့အတွက် ဘုရားသခင်ရှေ့မှောက်သို့ လာပြီး သူနှင့် ပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းတစ်ခုဖြစ်သည်။ ယင်းသည် လူတို့ကို ကယ်တင်ပြီး သန့်စင်စေရန် ဘုရားသခင်အတွက် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ထို့အပြင် အသက်ဝင်ရောက်မှုဆီသို့သွားသည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ ဘာသာဓလေ့တစ်ခု မဟုတ်ပေ။ ဆုတောင်းခြင်းသည် လူတို့ကို လှုံ့ဆော်ရန် နည်းလမ်းတစ်ခုသာ မဟုတ်သကဲ့သို့ ဘုရားသခင်ကို စိတ်ကျေနပ်စေသည့် ပုံသေကားကျ နည်းလမ်းတစ်ခုလည်း မဟုတ်ပေ။ ထိုသို့သော အတွေးများသည် မှားယွင်း၏။ ဆုတောင်းခြင်းသည် နက်နက်ရှိုင်းရှိုင်း အဓိပ္ပာယ်ရှိသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက ဘုရားနှုတ်ကပတ်တော်များ ဖတ်ရှုခြင်းကို ခေါင်းရှောင်၍ရရန် မဆိုထားနှင့်၊ ဆုတောင်းခြင်းကိုလည်း ခေါင်းရှောင်၍မရပေ။ ဆုတောင်းခြင်းမှတစ်ဆင့် သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့တွင် အမှုပြု၏၊ ၎င်းတို့ကို ဉာဏ်အလင်းပေးပြီး ဦးဆောင်လေသည်။ လူတို့သည် ဘုရားသခင်ထံ ဆုမတောင်းကြပါက သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိရန် ခက်ခဲလိမ့်မည်။ သင်သည် မကြာခဏ ဆုတောင်းပါက ဆုတောင်းခြင်းကို မကြာခဏ လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်း စိတ်နှလုံးဖြင့် မကြာခဏ ဆုတောင်းပါက သင်၏ အတွင်းပိုင်း အခြေအနေသည် ပုံမှန်ဖြစ်၏။ သင် ဆုတောင်းသည့်အခါ ပုံမှန်အားဖြင့် အယူဝါဒနှင့် သက်ဆိုင်သည့် စာကြောင်းအနည်းငယ်သာဖြစ်ပြီး ဘုရားသခင်ထံ သင်၏ စိတ်နှလုံးကို မဖွင့်ဟ သို့မဟုတ် သမ္မာတရားကို မရှာဖွေသကဲ့သို့ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် တောင်းဆိုချက်များကို ချင့်ချိန်စဉ်းစားခြင်း မရှိပါက သင်သည် အမှန်တကယ် ဆုတောင်းနေခြင်း မဟုတ်။ သမ္မာတရားကို မကြာခဏ ချင့်ချိန်စဉ်းစားသောလူများ၊ မိမိတို့၏ စိတ်နှလုံးများက ဘုရားသခင်နှင့် မကြာခဏ နီးကပ်သောသူများနှင့် ဘုရားနှုတ်ကပတ်တော်များဖြင့် မကြာခဏ အသက်ရှင်သော သူတို့သာ စစ်မှန်သည့် ဆုတောင်းချက်ရှိသည်။ ဘုရားသခင်ထံ စကားပြောရန် မိမိတို့ စိတ်နှလုံးများတွင် စကားများရှိကြပြီး ဘုရားသခင်ထံမှ သမ္မာတရားကို ရှာဖွေနိုင်ကြပေသည်။ မည်သို့ဆုတောင်းရမည်ကို သင်ယူရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ သင် ချင့်ချိန်စဉ်းစားရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် နားလည်နိုင်ပါက သင်၏စိတ်နှလုံးတွင် သူ့ကို ပြောစရာ များစွာ ရှိလိမ့်မည်ဖြစ်ပြီး မည်သည့် စကားများက ယုတ္တိတန်သော ဆုတောင်းချက်များ ဖြစ်ပြီး မည်သည်တို့က မဟုတ်သည်၊ မည်သည့် ဆုတောင်းချက်များက စစ်မှန်သော ကိုးကွယ်မှုဖြစ်ပြီး မည်သည့်အရာများက မဟုတ်သည်၊ မည်သည့် ဆုတောင်းချက်များက ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောပေါက်ရန် ကြိုးစားခြင်းဖြစ်ပြီး မည်သည့် ဆုတောင်းချက်များက သင် ဆုံးဖြတ်နှင့်ပြီးသားဖြစ်ကာ ဘုရားသခင်၏ ခွင့်ပြုချက်ကိုသာ တောင်းဆိုခြင်း ဖြစ်သည်ဆိုသည်တို့ကို သင် သိနားလည်နိုင်လိမ့်မည်။ ဤကိစ္စရပ်များကို လေးနက်စွာ သင် သဘောမထားပါက သင်၏ ဆုတောင်းချက်များက မည်သည့်အခါတွင်မျှ အောင်မြင်လိမ့်မည် မဟုတ်သကဲ့သို့ သင်၏ အတွင်းပိုင်း အခြေအနေသည် အမြဲ မူမမှန် ဖြစ်လိမ့်မည်။ ဆုတောင်းနေချိန်တွင် မည်သည့်အရာက ပုံမှန်အကြောင်းပြချက်ဖြစ်သည်၊ မည်သည့်အရာက စစ်မှန်သော ကျိုးနွံနာခံခြင်းဖြစ်သည်၊ မည်သည့်အရာက စစ်မှန်သော ကိုးကွယ်ခြင်း ဖြစ်သည်ဆိုသည်နှင့် မည်သည့် အနေအထားကို သင် နေရာယူသင့်သည်ဆိုသည့်အရာအတွက်မူ ဤသင်ခန်းစာအားလုံးတွင် ဆုတောင်းခြင်းနှင့်ဆိုင်သည့် သမ္မာတရားများ ပါဝင်၏။ ယင်းတို့အားလုံးသည် အသေးစိတ်ကျသည့် ကိစ္စရပ်များ ဖြစ်သည်။ လူအများစုသည် ငါ့ကို အမှန်တကယ် မမြင်နိုင်ကြသောကြောင့် ၎င်းတို့သည် ဝိညာဉ်တော်ရှေ့မှောက်တွင် ဆုတောင်းခြင်းအားဖြင့် ကန့်သတ်ခြင်းခံထားရသည်။ သင် စတင်ဆုတောင်းသည်နှင့် သင် ပြောဆိုသည့် သင်၏ စကားများက ကျိုးကြောင်းဆီလျော်မှုရှိမရှိ၊ သင်၏ စကားလုံးများက အမှန်တကယ် ကြည်ညိုလေးစားသော စကားများ ဟုတ်မဟုတ်၊ သင် တောင်းလျှောက်သည့်အရာသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းနှင့် ပြည့်မီခြင်းရှိမရှိ၊ သင်၏ ဆုတောင်းချက်သည် အပေးအယူဆန်သော လက္ခဏာရပ်တစ်ခု ရှိမရှိ၊ သို့မဟုတ် လူသားမသန့်စင်မှုများနှင့် ရောနှောခြင်း ရှိမရှိ၊ သင်၏ ဆုတောင်းချက်များနှင့် စကားသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်ကိုက်ညီခြင်း ရှိမရှိ၊ သင်သည် ဘုရားသခင်ကို အထူးကြောက်ရွံ့ခြင်း၊ လေးစားခြင်းနှင့် ကျိုးနွံနာခံခြင်းရှိမရှိဆိုသည်နှင့် သင်သည် ဘုရားသခင်ကို ဘုရားအဖြစ် အမှန်တကယ် သဘောထားခြင်း ရှိမရှိဆိုသည်မှာ မေးခွန်းထုတ်စရာတစ်ခု ဖြစ်လာသည်။ သင်သည် ဆုတောင်းချက်တွင် မည်သည့်အရာကို ပြောသည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များအတွက်သင် ခံစားသည့်အရာနှင့် ပတ်သက်၍ အလေးအနက်ထားရမည်ဖြစ်ပြီး ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ကိုက်ညီရမည်။ ဤသို့ဆုတောင်းခြင်းအားဖြင့်သာ သင်၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို သိမြင်လိမ့်မည်။ ထိုသို့ဖြင့်သာ ခရစ်တော်၏ ရှေ့မှောက်သို့ သင် လာသည့်အခါ ပုံမှန်အသိစိတ် ရှိနိုင်ပေသည်။ သင်သည် ဝိညာဉ်တော်၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးထဲရှိသောအရာကို ဆုမတောင်း၊ ပြောဆိုခြင်းမရှိပါက ခရစ်တော်ရှေ့မှောက်သို့ သင်လာရောက်သည့်အခါတွင် သင်သည် အယူအဆများ တွေးမိလာဖွယ်ရှိသည်၊ သူ့ကို ပုန်ကန်ကာ အတိုက်အခံလုပ်ဖွယ်ရှိသည် သို့မဟုတ် မတော်တရော် ပြောဆိုမိလိမ့်မည်၊ မရိုးမသား စကားပြောမိလိမ့်မည် သို့မဟုတ် သင်၏ စကားနှင့် လုပ်ရပ်များဖြင့် စဉ်ဆက်မပြတ် နှောင့်ယှက်မှု ဖြစ်စေပြီးနောက် အပြစ်တင်ခြင်းကို သင် အမြဲ ခံစားရလိမ့်မည်။ အဘယ်ကြောင့် အပြစ်တင်ခြင်းကို သင် အမြဲ ခံစားရလိမ့်မည်နည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ယေဘုယျအားဖြင့် ဘုရားသခင်အား မည်သို့ ကိုးကွယ်ရမည်ဆိုသည့်အပေါ်၊ သို့မဟုတ် ဆက်ဆံရမည်ဆိုသည့်အပေါ် သမ္မာတရားများနှင့်ဆိုင်သည့် အသိပညာ စိုးစဉ်းမျှပင် မရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ပြဿနာတစ်ခု သင် ကြုံရသည့်အခါ စိတ်ရှုပ်ထွေးလာသည်၊ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိဖြစ်ကာ စဉ်ဆက်မပြတ် အမှားများလုပ်မိလေသည်။ ဘုရားသခင်ကို ယုံကြည်သောလူများသည် သူ၏ မျက်မှောက်တော်ထဲသို့ မည်သို့ လာသင့်ကြသနည်း။ ဆုတောင်းခြင်းမှတစ်ဆင့် ဖြစ်သင့်သည်မှာ အမှန်ဖြစ်၏။ သင် ဆုတောင်းချိန်တွင် သင်၏ သဘောထားကို မှန်ကန်စေပြီးဖြစ်ကာ သင်၏ စိတ်နှလုံး အေးချမ်းပါက ဘုရားသခင်၏ ရှေ့မှောက်သို့ သင် ရောက်လာပြီး ဖြစ်သည်။ ဆုတောင်းပြီးနောက်တွင်၊ ဆုတောင်းခြင်း၌ မြွက်ဆိုထားသည့် စကားများက ကျိုးကြောင်းဆီလျော်ခြင်း ရှိမရှိ၊ သင်သည် သင့်လျော်သည့် အနေအထားတွင် နေရာယူခဲ့ခြင်း ရှိမရှိ၊ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံး ပိုင်ဆိုင်ခြင်း ရှိမရှိဆိုသည်နှင့် လူသား မသန့်စင်မှု သို့မဟုတ် မရိုးသားမှုကို သင် ပိုင်ဆိုင်ခဲ့ခြင်း ရှိမရှိဆိုသည့်အပေါ် ဆန်းစစ်ရမည်။ ပြဿနာအချို့ ရှာတွေ့ပါက ဘုရားသခင်ထံ ဆက်လက်၍ ဆုတောင်းရမည်ဖြစ်ပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ မသန့်စင်မှုများနှင့် အပြစ်အနာအဆာများကို ဝန်ခံရမည်။ သင်၏ စိတ်နှလုံးထဲ ရှိသောအရာကို ဘုရားသခင်ထံ ဤသို့ ပြောဆိုခြင်းအားဖြင့် သင်၏ အခြေအနေသည် တိုး၍ ပုံမှန် ဖြစ်လာလိမ့်မည်၊ သင်သည် အသိတရားနှင့် အသိစိတ် ပို၍ ပို၍ ရှိလာမည်ဖြစ်ကာ သင်၏ မမှန်ကန်သော အခြေအနေများက နည်းသည်ထက် နည်းသွားလိမ့်မည်။ အတန်ကြာ ဤသို့ လက်တွေ့လုပ်ဆောင်ပြီးနောက်တွင် သင်၏ ဆုတောင်းချက်များသည် ဆက်လက်၍ တိုးတက်နေလိမ့်မည်ဖြစ်ပြီး အချိန်အများစုတွင် ဘုရားသခင်က နားညောင်းကာ လက်ခံလိမ့်မည်။ ဘုရားသခင်ထံ ဤသို့ မကြာခဏ ဆုတောင်းနိုင်သောသူတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်ရန် ရောက်လာကြပြီးသောသူများ ဖြစ်သည်။ သင်သည် ဆုတောင်းချက်ကို အလေးအနက်မထား၊ သို့မဟုတ် သင်၏ မမှန်ကန်သော ဆုတောင်းနည်းများကို မပြုပြင်ပါက မည်သို့ ဆုတောင်းရမည်ကို သိလိမ်မ့ည် မဟုတ်။ မည်သို့ဆုတောင်းရမည်ကို မသိခြင်း၏ အကျိုးဆက်အဖြစ်၊ ဘုရားသခင်၏ ရှေ့မှောက် အသက်ရှင်ရန် ခက်ခဲသည်ကို သင် တွေ့ရလိမ့်မည်။ ဤလူစားမျိုးသည် မည်သည့် အသက်ဝင်ရောက်မှုမျှ ရှိလိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော် ပြင်ပတွင် ရှိလိမ့်မည်။ မည်သို့ ဆုတောင်းရမည်၊ ဘုရားသခင်၏ ရှေ့မှောက်တွင် မည်သို့ စကားပြောရမည်ကို သင် မသိပါက၊ စကားပြောသည့်အခါ သင် ပြောလိုသည့် အရာမှန်သမျှကို ပြောဆိုလျက် သင် အလေးအနက်မထားသကဲ့သို့ မမှန်သည့် အရာများကို ပြောသည့်အခါ မည်သည့် ပြဿနာတစ်ခုတလေရှိသည်ဟု သင် မခံစားပါက၊ ပြီးလျှင် သင်သည် တစ်သမတ်တည်း အမှုမဲ့အမှတ်မဲ့ဖြစ်ကာ နားဝေတိမ်တောင်ဖြစ်ပါက အကျိုးဆက်တစ်ခုအနေဖြင့် ခရစ်တော်၏ မျက်မှောက်တော်ထဲသို့ သင် လာသည့်အခါ တစ်စုံတစ်ရာ အမှားပြောမိမည်၊ သို့မဟုတ် လုပ်မိမည်ကို သင် စိုးရွံ့လိမ့်မည်။ အမှုအရာများ မှားသွားစေမည်ကို သင် ကြောက်ရွံ့လေ၊ အမှားများ သာ၍ ပြုလုပ်မိလေ ဖြစ်လိမ့်မည်ဖြစ်ပြီး ယင်းတို့အတွက် မည်သည့်အခါတွင်မျှ သင် ထေမိနိုင်လိမ့်မည် မဟုတ်။ လူတို့သည် ခရစ်တော်နှင့် အမြဲ အဆက်အသွယ် မရှိနိုင်သောကြောင့် သို့မဟုတ် ခရစ်တော်က ၎င်းတို့အား မျက်နှာချင်းဆိုင် စကားပြောသည်ကို မကြာခဏ မကြားရသောကြောင့်၊ ငါသည် သင်တို့ရှေ့တွင် မကြာခဏ မရှိနိုင်သောကြောင့် သင်တို့အားလုံး လုပ်နိုင်သမျှမှာ ဝိညာဉ်တော်၏ ရှေ့မှောက်၌ မကြာခဏ ဆုတောင်းချက်တွင် ရှာဖွေပြီး မိမိစိတ်ထဲရှိသည့်အရာကို ပြောဆိုရန်ဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး သင် ရရှိပါက လုံလောက်ပေသည်။ ငါသည် သင်တို့ကို မျက်နှာချင်းဆိုင် စကားပြောလျှင်ပင် သမ္မာတရားကို လက်ခံပြီး လိုက်စားရန်နှင့် ဘုရားသခင်နောက် လိုက်လျှောက်သည့် လမ်းကြောင်းကို လျှောက်ရန်မှာ သင်တို့သဘောအတိုင်း ဖြစ်နေဆဲ ဖြစ်သည်။ ယခုမှစ၍ သင်တို့ ဆုတောင်းသည့်အခါတွင် သင်တို့ ပြောသည့်အရာကို သာ၍ သင်တို့ အာရုံစိုက်ရမည်။ ဆုတောင်းရန်၊ တွေးဆပြီး ခံစားရန် အချိန်ယူလော့။ ထို့နောက် သန့်ရှင်းသော ဝိညာဉ်တော်က သင်တို့ကို ဉာဏ်အလင်းပေးသည်နှင့်တစ်ပြိုင်နက် သင် တိုးတက်မှု ဖြစ်လာလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင်တို့ကို ဉာဏ်အလင်းပေးသည့်အခါ သင်တို့ ရရှိသည့် ခံစားချက်မှာ အထူးသဖြင့် သိမ်မွေ့၏။ ဤသိမ်မွေ့သည့် ခံစားချက်များနှင့် သိမ်မွေ့သည့် အသိအချို့ ရှိပြီးနောက်တွင် အချို့သောအရာများကို သင် လုပ်ဆောင်ပါက သို့မဟုတ် အချို့သော ကိစ္စရပ်များကို ကိုင်တွယ်ရန် ခရစ်တော်နှင့် အဆက်အသွယ်ရှိပါက မည်သည့် စကားများအား ကျိုးကြောင်းဆီလျော်စွာ ပြောဆိုထားပြီး မည်သည့်စကားများအား ပြောဆိုထားခြင်းမရှိ၊ မည်သည့်အရာများကို ကျိုးကြောင်းဆီလျော်စွာ လုပ်ဆောင်ထားပြီး မည်သည့်အရာများကို လုပ်ဆောင်ထားခြင်း မရှိဆိုသည်တို့ကို သင် သတိပြုမိနိုင်လိမ့်မည်။ ထိုသို့ဖြင့် ဆုတောင်းခြင်း၏ ရည်ရွယ်ချက်များကို သင် စွမ်းဆောင်ရရှိပြီး ဖြစ်လိမ့်မည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။