ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၅၈
28.07.2020
ကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ဖွားမြင် ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် သင်၏တာဝန်များကို စတင် ထမ်းဆောင် ရပါတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့် ဘုရားသခင် ရည်စူးထားသည့်အတိုင်း သင်၏ ကဏ္ဍကို သင်တာဝန် ယူရပါတော့သည်။ သင်သည် ဘဝ၏ ခရီးစဉ်ကို စတင်ရတော့သည်။ သင့်နောက်ကြောင်း၊ သင့်ရှေ့ဆက်ခရီး မည်သို့ပင် ဖြစ်နေ၊ ရှိနေစေကာမူ မည်သူတစ်ဦး တစ်ယောက်ကမျှ ကောင်းကင်မှ ချမှတ်ထားသော အစီအစဉ်နှင့် ထိန်းချုပ်မှုကို မရှောင်နိုင်သကဲ့သို့၊ မိမိကံတရားကို ထိန်းချုပ်နိုင်သူလည်း မရှိပေ။ အကြောင်းမှာ အရာခပ်သိမ်းကို အုပ်စိုးတော်မူသော ဘုရားသခင် တစ်ပါးတည်းသာလျှင် ထိုသို့သော အရာများကို လုပ်နိုင်သောကြောင့် ဖြစ်ပါသည်။ လူသား စတင်ဖြစ်တည် လာချိန်မှစကာ ဘုရားသခင်သည် စကြဝဠာကို စီမံထိန်းချုပ်ခြင်းနှင့် အရာအားလုံး၏ ပြောင်းလဲမှုနှင့် လှုပ်ရှားမှုများကို လမ်းညွှန် ပြသပေးခြင်းဖြင့် သူ၏အလုပ်ကို ပုံမှန်လုပ်ဆောင်လျက် ရှိပါသည်။ အရာအားလုံးနည်းတူ လူသားတို့သည် ဘုရားသခင်ထံ မှ ချိုမြိန်သာယာမှု၊ မိုးရေနှင့် နှင်းစက် နှင်းပေါက်တို့၏ အားဖြည့်မှုကို မသိသော်လည်း တိတ်တဆိတ် လက်ခံရရှိနေပါသည်။ အရာအားလုံးနည်းတူ လူတို့သည် မသိသော်လည်း ဘုရားသခင် လက်တော်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် နေထိုင်လျက်ရှိပါသည်။ လူတို့၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ ကိုင်ဆောင်ထားပြီး၊ လူသားအားလုံး၏ ဘဝကို ဘုရားသခင်သည် သူ၏ မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိပါသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိ သက်မဲ့ အရာအားလုံးသည် ဘုရားသခင်၏ အတွေးနှင့်အညီ ရွေ့လျား၊ ပြောင်းလဲ၊ ပြန်လည်စတင်ပြီး ကွယ်ပျောက် သွားရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အရာအားလုံးကို ထိန်းချုပ် အုပ်စိုးပုံ ဖြစ်ပါသည်။
ညအချိန် တိုးဝင် ရောက်ရှိလာသော်လည်း လူတို့သည် သတိမပြုမိကြပေ။ အကြောင်းမှာ လူသား၏ နှလုံးသားကို အမှောင်ထုက မည်ကဲ့သို့ ချဉ်းကပ်လာသည် သို့မဟုတ် မည်သည့်နေရာမှ လာသည်ကို သတိမထားမိနိုင်သောကြောင့်ဖြစ်သည်။ ညသည် တိတ်တဆိတ် ထွက်ခွာသွားချိန်တွင် လူသားသည် နေ့၏ အလင်းရောင်ကို ကြိုဆိုကြသည်။ သို့သော်လည်း လူသား၏ နှလုံးသားသည် အလင်းရောင် မည်သည့်နေရာမှလာပြီး ည၏ အမှောင်ထုကို အဝေးသို့ မည်သို့ တွန်းထုတ်လိုက်ပုံကိုမူ ပို၍ ရှင်းလင်းစွာ မသိရှိ၊ သတိမထားမိကြပေ။ ထိုသို့ အမြဲဖြစ်ပေါ်နေသော နေ့နှင့်ည လည်ပတ်မှုသည် လူတို့အား အချိန်တို့ကို ဖြတ်ကျော်ကာ ကာလတစ်ခုပြီး တစ်ခုသို့ ပို့ဆောင်ပေးနေသကဲ့သို့၊ တစ်ဖက်တွင် ဘုရားသခင်၏ အမှုနှင့် သူ၏ အကြံအစည်အား ထိုကာလနှင့် အချိန်တိုင်းတို့တွင် အကောင်အထည် ဖော်ဆောင်ပေးလျက် ရှိပါသည်။ လူသားသည် ဘုရားသခင်နှင့် ခေတ်ကာလများတစ်လျှောက် လျှောက်လှမ်းခဲ့သော်လည်း ဘုရားသခင်သည် သက်ရှိနှင့် အရာအားလုံးတို့၏ ကံကြမ္မာကို ပိုင်စိုးသည် ဆိုသည့်အချက် သို့မဟုတ် ဘုရားသခင်သည် အရာအားလုံးကို စီစဉ်ညွန်ကြားနေသည် ဆိုသည့်အချက်ကို မသိရှိကြသေးပေ။ ထိုအချက်သည် လူသားတို့အတွက် နားလည်ရန် ခက်ခဲသည့်အရာ ဖြစ်ခဲ့သည်မှာ ယခင့်ယခင် မသိနိုင်လောက်သည့် ကာလများမှ ယနေ့ထိတိုင်အောင်ပင် ဖြစ်သည်။ အကြောင်းရင်းမှာ ဘုရားသခင်၏ နည်းလမ်းတို့သည် နားလည်ရန် ခက်ခဲလွန်းခြင်း သို့မဟုတ် ဘုရားသခင်၏ အကြံအစည်ကို မသိရှိခဲ့ကြခြင်းကြောင့် မဟုတ်ပဲ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်သည် ဘုရားသခင်နှင့် ဝေးကွာလွန်းခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် လူသားသည် ဘုရားသခင်နောက် လိုက်နေစေကာမူ မိမိကိုယ်ကို မသိလိုက်ဘဲ စာတန်၏ အသုံးခံ ဖြစ်နေတတ်ပါသည်။ မည်သူတစ်ဦး တစ်ယောက်မှ ဘုရားသခင်၏ ခြေရာအတိုင်း စိတ်ဝင်တစား လိုက်လျှောက်ခြင်း သို့မဟုတ် ဘုရားသခင်၏ အဆင်းသဏ္ဌာန်ကို ကြိုးစား ရှာဖွေခြင်းမရှိသလို၊ မည်သူ တစ်ဦးတစ်ယောက်မှ ဘုရားသခင်၏ ဂရုပြုမှုနှင့် အထံတော်တွင် နေထိုင်လိုသောဆန္ဒ မရှိကြပေ။ ထိုသို့ပြုမည့်အစား သူတို့သည် ကမ္ဘာကြီးနှင့် လိုက်လျောညီထွေဖြစ်ရန်နှင့် ဆိုးသွမ်းသော လူသားမျိုးနွယ်တို့ လိုက်နာကျင့်သုံးသည့် စည်းမျဉ်းများအတိုင်း လိုက်လျှောက်ရန်အတွက် စာတန်နှင့် မကောင်းဆိုးဝါးတို့၏ သွေးဆောင်ခြစားခြင်းအပေါ်တွင်သာ မှီခိုရန် ဆန္ဒရှိကြပါသည်။ ဤနည်းအားဖြင့် လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်တို့ကို စာတန်အား ဆက်ကပ်ပေးလှူကာ သူ့အတွက် ခဲဖွယ်၊ စားဖွယ် ဖြစ်လာကြပါသည်။ ထို့အပြင် လူသားတို့၏ နှလုံးသားနှင့် စိတ်ဝိညာဉ်သည် စာတန်နေထိုင်ရန် နေရာတစ်ခုနှင့် စိတ်တိုင်းကျ ဆော့ကစားရာ နေရာတစ်ခုဖြစ်လာပါသည်။ ဤနည်းအားဖြင့် လူသားသည် လူသားဖြစ်ရခြင်း၏ နိယာမများ၊ လူသားတို့ ဖြစ်တည်လာမှု၏ တန်ဖိုးနှင့် ရည်ရွယ်ချက်တို့ကို နားလည်နိုင်သည့်အခွင့်ကို မသိလိုက်ပဲ လက်လွှတ် ဆုံးရှုံးသွားရပါတော့သည်။ ဘုရားသခင်ထံမှ ပညတ်များနှင့် ဘုရားသခင်နှင့် လူတို့ကြားမှ ပဋိညာဉ်သည် လူသားတို့၏ နှလုံးသားထဲမှ တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်နေပြီး လူတို့သည် ဘုရားသခင်အား ရှာဖွေခြင်း သို့မဟုတ် ဂရုပြုခြင်း မရှိကြတော့ပေ။ အချိန်ကာလ ကြာညောင်းလာသည်နှင့်အမျှ လူတို့သည် ဘုရားသခင်က သူတို့အား ဖန်ဆင်းခဲ့သည့် အကြောင်းရင်းကို နားမလည်တော့သလို၊ ဘုရားသခင်၏ နှုတ်မှလာသော နှုတ်ကပတ်တော်များကို နားလည်ခြင်း၊ အရာအားလုံးသည် ဘုရားသခင်ထံမှ ဖြစ်သည်ကို နားလည်နိုင်ခြင်း မရှိတော့ပေ။ လူတို့သည် ဘုရားသခင်ထံမှလာသော ပညတ်တော်များနှင့် အမိန့်များကို အာခံလာကြသည် လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်တို့သည် စတင်ထုံထိုင်းလာသည်။ ဘုရားသခင်သည် သူ၏ မူလရည်ရွယ်ချက်ဖြင့် ဖန်ဆင်းထားသော လူသားကို ဆုံးရှုံးခဲ့ရပြီး လူသားသည် ၎င်း၏ မူလ အရင်းအမြစ်ကို ဆုံးရှုံးသွားသည်။ ၎င်းသည် ဤလူသားမျိုးနွယ်အတွက် ဝမ်းနည်းစရာဖြစ်သည်။ အမှန်တကယ်တွင်မူ အစဦးမှစပြီး ယခုအချိန်အထိ၊ ဘုရားသခင်သည် ဇာတ်ဆောင်နှင့် သားကောင်နှစ်ခုစလုံးဖြစ်သည့် လူသားအတွက် ပူဆွေးမှု ပြဇာတ်တစ်ခုကို ကြိုတင် ပြင်ဆင်ထားပြီးဖြစ်ကာ၊ ထိုပြဇာတ်၏ ဒါရိုက်တာ မည်သူမည်ဝါ ဖြစ်သည်ကို မည်သူမျှ မဖြေဆိုနိုင်ပါ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ