တစ်ပါးအမျိုးသားတိုင်းနိုင်ငံများအကြား ဘုရားနာမတော်သည် ထင်ရှားလိမ့်မည်ကျူး
၁ ငါ၏တရားစီရင်ခြင်းအလုပ်သည် လူသားအား ငါ့အပေါ်၌ ပိုမိုနာခံလာအောင် ထောက်ကူပေးဖို့အတွက်ဖြစ်ပြီး ငါ၏ပြစ်တင်ဆုံးမမှုအလုပ်သည် လူသားအနေနှင့် ပို၍ထိထိရောက်ရောက်ပြောင်းလဲခြင်းကို ခံနိုင်စေဖို့ဖြစ်သည်။ ငါလုပ်ဆောင်သည့်အရာမှာ ငါ၏စီမံခန့်ခွဲမှုအတွက်ဖြစ်သော်လည်း လူသားအတွက် အကျိုးမရှိသည့်အရာတစ်ခုကိုမျှ ငါမလုပ်ဖူးပါ။ အကြောင်းမှာ ငါသည် ဣသရေလနိုင်ငံပြင်ပမှ လူမျိုးအားလုံးကို ဣသရေလလူမျိုးများကဲ့သို့ပင် နာခံတတ်သူများ ဖြစ်စေလိုသောကြောင့်၊ လူသားစစ်စစ်များ ဖြစ်စေလိုသောကြောင့် ဖြစ်သည်၊ ထိုသို့အားဖြင့် ဣသရေလနိုင်ငံပြင်ပရှိ နယ်မြေများ၌ ငါခြေကုပ်ယူနိုင်ရန်ဖြစ်သည်။ ယင်းသည် ငါ၏စီမံခန့်ခွဲမှုဖြစ်သည်၊ ယင်းသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ အောင်မြင်အောင် ငါလုပ်ဆောင်နေသော အမှုဖြစ်သည်။
၂ ယခုထက်ထိတိုင် လူများစွာက ငါ၏စီမံခန့်ခွဲမှုကို နားမလည်ကြသေးပေ။ ငါလုပ်ဆောင်နေသော ဤအရာများကို သူတို့စိတ်မဝင်စားကြဘဲ၊ သူတို့၏အနာဂတ်နှင့် သူတို့၏ပန်းတိုင်များကိုသာ အရေးစိုက်ကြသောကြောင့် ဖြစ်သည်။ ငါအဘယ်အရာပြောပြော လူတို့သည် ငါလုပ်သည့်အမှုကို စိတ်ဝင်စားခြင်း မရှိကြဆဲပင်ဖြစ်သည်။ ထိုအစား သူတို့၏ ပန်းတိုင်များကိုသာ အထူးသီးသန့်အာရုံစိုက်နေကြသည်။ ဤသို့ဆက်ဖြစ်နေမည်ဆိုပါက ငါ၏အမှုကို မည်သို့ချဲ့ထွင်နိုင်မည်နည်း။ ငါ၏သတင်းကောင်းသည် ကမ္ဘာအနှံ့ မည်သို့ပျံ့နှံ့နိုင်မည်နည်း။ ငါ၏အမှုကို ချဲ့သောအခါ၌ ငါသည် သင်တို့ကို ကွဲပြားစေမည်ဖြစ်ပြီး၊ ဣသရေလလူမျိုးထဲမှ မျိုးနွယ်စုတိုင်းကို ယေဟောဝါက ရိုက်သကဲ့သို့ ငါသည် သင်တို့ကို ရိုက်မည်ဖြစ်ကြောင်းကို သင်တို့သိသင့်သည်။ ကမ္ဘာတစ်လျှောက်လုံး၌ ငါ၏သတင်းကောင်း ပျံ့နှံ့စေဖို့အတွက်၊ ငါ၏အလုပ်ကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ ချဲ့ထွင်ဖို့အတွက် ဤအရာများအားလုံးကို ငါလုပ်ဆောင်မည်။ ထိုသို့အားဖြင့် ကလေး၊ လူကြီးများ အားလုံးအကြား၌ ငါ၏အမည် ထင်ရှားစေဖို့၊ ရှိရှိသမျှ လူမျိုးနွယ်စုများနှင့် တိုင်းနိုင်ငံများအားလုံးမှ လူများ၏နှုတ်က မြင့်မြတ်သန့်ရှင်းသော ငါ၏အမည်ကို ချီးမြှောက်ကြစေဖို့ဖြစ်သည်။
၃ ထိုသို့အားဖြင့် နောက်ဆုံးသောခေတ်ဖြစ်သည့် ဤကာလတွင် ငါ၏အမည်သည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ ထင်ရှားခြင်းရှိစေရန်၊ ငါ၏လုပ်ဆောင်ချက်များကိုလည်း တစ်ပါးအမျိုးသားများ မြင်ကြစေရန်၊ ထို့ပြင် ငါ၏လုပ်ဆောင်ချက်များကြောင့် သူတို့က ငါ့ကို အနန္တတန်ခိုးရှင်ဟု ခေါ်ကြစေရန်ဖြစ်ပြီး၊ ငါ၏နှုတ်ကပတ်တော်များသည် မကြာမီ အမှန်တကယ် ဖြစ်လာစေရန်ဖြစ်သည်။ ငါသည် ဣသရေလလူမျိုးများ၏ ဘုရားသခင်သာ မဟုတ်ကြောင်း၊ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအားလုံး၏ ဘုရားသခင်လည်းဖြစ်ပြီး၊ တစ်ချိန်က ငါကျိန်ဆဲခဲ့သည့် လူမျိုးများ၏ ဘုရားသခင်ပင် ဖြစ်ကြောင်းကို လူများအားလုံး သိစေမည်။ ငါသည် အရာအားလုံးကို ဖန်ဆင်းသည့် ဘုရားသခင်ဖြစ်ကြောင်းကို လူများအားလုံး မြင်စေမည်။ ဤသည်မှာ ငါ၏အကြီးမြတ်ဆုံးသော အမှုဖြစ်သည်။ နောက်ဆုံးသောကာလအတွက် ငါ့အမှုအစီအစဉ်၏ ရည်ရွယ်ချက်လည်းဖြစ်သည်။ နောက်ဆုံးသောကာလ၌ ပြီးမြောက်အောင် လုပ်ဆောင်မည့် တစ်ခုတည်းသော အမှုလည်းဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။