နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁) အခန်း တစ်

ပြီးခဲ့သည့် စုဝေးပွဲတွင် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့်စပ်လျဉ်း၍ ဆယ့်ငါးခုမြောက်အချက်နှင့်ဆိုင်သည့် ငါတို့၏ မိတ်သဟာယကို ငါတို့ အဆုံးသတ်ခဲ့ကြသည်။ ဤဆယ့်ငါးချက်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ပြီးနောက်၊ အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် အနှစ်သာရများအကြောင်းကို သင်တို့ အကျဉ်းချုပ် သုံးသပ်ပြီးပြီလော။ ယင်းတို့နှင့်ပတ်သက်၍ သင်တို့သည် အခြေခံကျသော အယူအဆနှင့် နားလည်သဘောပေါက်မှု ရှိကြသလော။ အန္တိခရစ်များ၏ အနှစ်သာရကို ပိုင်ဆိုင်သော တစ်ဦးချင်းစီကို သင်တို့ ပိုင်းခြားသိမြင်နိုင်သလော။ (သိသာ ထင်ရှားသော ကိစ္စရပ်များကို ကျွန်ုပ် ပိုင်းခြားသိမြင်နိုင်ပါသည်၊ သို့သော် အတော်အတန် လိမ္မာပါးနပ်ပြီး တိတ်တဆိတ် အန္တရာယ်ပြုတတ်သော ကိစ္စရပ်များကိုမူ ပိုင်းခြားသိမြင်ရန် ကျွန်ုပ် ရုန်းကန်နေရဆဲ ဖြစ်ပါသည်။) ယနေ့တွင် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို ရှုထောင့်နှစ်ခုမှ အကျဉ်းချုပ် သုံးသပ်ကြပါစို့။ ပထမရှုထောင့်မှာ အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်ဖြစ်ပြီး၊ ဒုတိယရှုထောင့်မှာ ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရ ဖြစ်သည်။ အန္တိခရစ်များကို ဤရှုထောင့်နှစ်ခုမှ ပိုင်းခြားသိမြင်ရန် ပို၍ လွယ်ကူသလော။ (လွယ်ကူပါသည်။) အကယ်၍ ငါတို့သည် အနည်းငယ်သာ မိတ်သဟာယဖွဲ့ပြီး ဥပမာများစွာ မပေးပါက၊ ၎င်းတို့ကို သင်တို့ ပိုင်းခြားသိမြင်နိုင်မည် မဟုတ်ပေ။ အကယ်၍ ငါတို့ ပိုမို မိတ်သဟာယဖွဲ့ပါက၊ သင်တို့ နားလည်ကောင်း နားလည်နိုင်သော်လည်း၊ အန္တိခရစ်များက မကောင်းမှုပြုလုပ်သည်ကို သင်တို့ မြင်သောအခါ ဤအရာများကို ထိုအန္တိခရစ်များနှင့် တိုက်ဆိုင်စစ်ဆေးဖို့ သင်တို့ ရုန်းကန်ကောင်းရုန်းကန်ရနိုင်သေးသည်။ အန္တိခရစ်များ၏ သဘာဝအနှစ်သာရကို အကျဉ်းချုပ် သုံးသပ်ပြီး ဤရှုထောင့်နှစ်ခုမှ ၎င်းတို့ကို ပိုင်းခြားသိမြင်ခြင်းက ဤအရာကို သင်တို့အတွက် ပို၍ ရှင်းလင်းစေနိုင်သည်။

၁။ အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်

ပထမရှုထောင့်မှာ အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက် ဖြစ်သည်။ တိတိကျကျဆိုရလျှင် ဤရှုထောင့်သည် အန္တိခရစ်များက မည်သည့် လူ့သဘာဝမျိုး ပိုင်ဆိုင်သည်ဆိုသည့်အရာနှင့် သက်ဆိုင်သည်။ လူ့သဘာဝတွင် အဘယ်အရာ ပါဝင်သနည်း။ အသိစိတ်၊ ဆင်ခြင်တုံတရား၊ တည်ကြည်မှု၊ ဂုဏ်သိက္ခာအပြင် လူ့သဘာဝ၏ ကောင်းမြတ်ခြင်းနှင့် ဆိုးယုတ်ခြင်းတို့ ပါဝင်သည်။ အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်ကို ပိုင်းခြားသိမြင်ခြင်းတွင် ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သည့် သွင်ပြင်လက္ခဏာအမျိုးမျိုး ပါဝင်သည်။ ပုံမှန်လူ့သဘာဝတွင် ရှိနေသော ပုံမှန်သရုပ်သကန်များ သို့မဟုတ် ပုံမှန်လူ့သဘာဝက ပိုင်ဆိုင်သင့်သော လက္ခဏာရပ်များကို ပထမဆုံး ဆွေးနွေးကြစို့။ ငါ့ကို ပြောကြလော့၊ ဤအမျိုးအစားတွင် မည်သည့် တိကျသောအကြောင်းအရာများ အကျုံးဝင်သနည်း။ (ရိုးသားခြင်းနှင့် ကြင်နာခြင်းတို့ဖြစ်သည်။) အခြား အဘယ်အရာ ရှိသေးသနည်း။ (ဟိရိဩတ္တပ ဖြစ်သည်။) တည်ကြည်ဖြောင့်မတ်ခြင်းနှင့် ဂုဏ်ယူထိုက်သော အသိစိတ် နှစ်ခုလုံးသည် မရှိမဖြစ် လိုအပ်သည်။ (အခြားသူများကို ချစ်ခြင်း၊ သည်းခံခြင်း၊ စာနာထောက်ထားမှုနှင့် ခွင့်လွှတ်ခြင်းတို့ကို ပြသခြင်းလည်း ပါဝင်ပါသည်။) ယင်းလည်း ဟုတ်ပေသည်။ အားလုံးကို အကျဉ်းချုပ်ကြစို့။ ဦးစွာပထမ၊ ပုံမှန်လူ့သဘာဝသည် ရိုးသားခြင်းလက္ခဏာရပ်ကို ပိုင်ဆိုင်သည်၊ ဤသည်မှာ အပြုသဘောဆောင်သလော။ (ဆောင်ပါသည်။) ထို့အပြင်၊ ယင်းသည် ကြင်နာခြင်းနှင့် စိတ်ရင်းမှန်ခြင်းကို ပိုင်ဆိုင်ပြီး၊ စိတ်ရင်းမှန်ခြင်းနှင့် ရိုးသားခြင်းအကြားတွင် အတိုင်းအတာအရ ကွာခြားချက်တစ်ခု ရှိသည်။ ကရုဏာတရားသည် လူတစ်ဦး၏ ကိုယ်ကျင့်စရိုက်တွင် ပါဝင်သင့်သော အရာတစ်ခုဖြစ်သည်ဟု သင်တို့ ထင်သလော။ (ထင်ပါသည်။) ကရုဏာတရားကို ကြင်နာခြင်းအောက်တွင် အမျိုးအစားခွဲခြား၍ရနိုင်သလော။ (ရပါသည်။) ကြင်နာသောစိတ်နှလုံးရှိသည့် လူတစ်ဦးသည် သေချာပေါက် ကရုဏာတရား ရှိပေလိမ့်မည်။ ထို့နောက် ရိုးစင်းခြင်းနှင့် ဟိရိဩတ္တပတို့ ရှိသည်။ ဟိရိဩတ္တပတွင် ဂုဏ်သိက္ခာ၊ မိမိကိုယ်ကိုသိခြင်းနှင့် ဆင်ခြင်တုံတရားတို့ ပါဝင်သည်။ နောက်တစ်ခုမှာ တည်ကြည်ဖြောင့်မတ်ခြင်း ဖြစ်သည်။ တည်ကြည်ဖြောင့်မတ်ခြင်း၏ သရုပ်သကန်များမှာ အဘယ်နည်း။ ဤအရာများတွင် တရားမျှတစိတ်၊ မကောင်းမှုကို ရွံရှာစက်ဆုပ်ခြင်း၊ ကောက်ကျစ်ဆိုးယုတ်မှုကို မုန်းတီးခြင်းနှင့် အပြုသဘောဆောင်သော အရာများကို နှစ်သက်ခြင်းတို့ ပါဝင်သည်။ အကယ်၍ လူတစ်ဦးသည် တည်ကြည်ဖြောင့်မတ်ခြင်းသာ ရှိပါက ယင်းမှာ မလုံလောက်ပေ။ အကယ်၍ ၎င်းတို့သည် လူတို့၏ အခြေအနေများ သို့မဟုတ် အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ တဲ့တိုး ပြောဆိုလျက် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်း ကင်းမဲ့ပါက၊ ယင်းမှာ အဆင်မပြေသည့်အပြင် အမှုအရာအနည်းငယ်တွင် ၎င်းတို့၏ ကိုယ်ကျင့်စရိုက်က ချို့တဲ့နေပေသည်။ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းလည်း ရှိသေးပြီး၊ နှစ်ခုလုံးက ကြင်နာခြင်း၏ တိကျသော သရုပ်သကန်များဖြစ်ကာ တစ်ခုတည်းသော လက္ခဏာရပ်အဖြစ် ယူဆ၍ရနိုင်သည်မှာ အမှန်ဖြစ်သည်။ ဤအရာများသည် ပုံမှန်လူ့သဘာဝက ပိုင်ဆိုင်သင့်သော လက္ခဏာရပ်များ ဖြစ်သည်။ ရိုးသားခြင်း၊ ကြင်နာခြင်း၊ စိတ်ရင်းမှန်ခြင်း၊ ရိုးစင်းခြင်း၊ ဟိရိဩတ္တပ၊ တည်ကြည်ဖြောင့်မတ်ခြင်း၊ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ စုစုပေါင်း ခုနစ်ခု ဖြစ်သည်။ ပုံမှန်လူ့သဘာဝက ပိုင်ဆိုင်သော ဤလက္ခဏာရပ်များကို လူတစ်ဦး၌ ပုံမှန်လူ့သဘာဝ ရှိမရှိ တိုင်းတာရန် အသုံးပြုနိုင်သည်။ သို့ရာတွင် ယနေ့ မိတ်သဟာယ၏ အကြောင်းအရာမှာ ပုံမှန်လူ့သဘာဝက ရှိသင့်သော လက္ခဏာရပ်များ၏ တိကျသော သရုပ်သကန်များအကြောင်း သို့မဟုတ် မည်သည့်ပုဂ္ဂိုလ်များက ဤလက္ခဏာရပ်များအား ပိုင်ဆိုင်သည်ဟူသည့်အကြောင်း မဟုတ်ပေ။ ထိုအစား၊ ငါတို့သည် “အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်က မည်သည့်အရာ အတိအကျဖြစ်သနည်း”ဟူသော အကြောင်းအရာကို ငါတို့ မိတ်သဟာယဖွဲ့ကြမည် ဖြစ်သည်။ ယခုတင် ဖော်ပြခဲ့သော ပုံမှန်ကိုယ်ကျင့်စရိုက်၏ သွင်ပြင်လက္ခဏာအမျိုးမျိုးနှင့် နှိုင်းယှဉ်လျှင်၊ အန္တိခရစ်များသည် ဤလက္ခဏာရပ်များထဲမှ တစ်ခုခုကို ပိုင်ဆိုင်ကြသလော၊ သို့မဟုတ် မည်သည့်အရာများကို ၎င်းတို့ ပိုင်ဆိုင်ကြသနည်း။ (မည်သည့်အရာကိုမျှ မပိုင်ဆိုင်ကြပါ။) သင်သည် အန္တိခရစ်များနှင့်ပတ်သက်၍ ထိုသို့သော ထင်မြင်ချက်ရှိသောကြောင့်၊ အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်ထဲရှိ အဘယ်အချက်များက လူတို့ကို ၎င်းတို့အား အန္တိခရစ်များအဖြစ် သတ်မှတ်စေသည်ကိုလည်းကောင်း၊ ဤပုဂ္ဂိုလ်များတွင် မကောင်းသော လူ့သဘာဝရှိကြောင်း၊ ၎င်းတို့၌ ပုံမှန်လူ့သဘာဝ ကင်းမဲ့ကြောင်းနှင့် အန္တိခရစ်များ၏ လူ့သဘာဝကို ပိုင်ဆိုင်ကြောင်း ပြသသည်ကိုလည်းကောင်း အကျဉ်းချုပ် သုံးသပ်ကြစို့။ အကယ်၍ တစ်စုံတစ်ဦးသည် အစောပိုင်းက အကျဉ်းချုပ် သုံးသပ်ခဲ့သော ပုံမှန်လူ့သဘာဝ၏ သရုပ်သကန်အချို့မှ တစ်ခု သို့မဟုတ် နှစ်ခုကို ပိုင်ဆိုင်ပါက၊ ၎င်းတို့၌ ပုံမှန်လူ့သဘာဝ အချို့ ရှိကောင်းရှိနိုင်သည်။ အကယ်၍ အားလုံးကို ၎င်းတို့ ပိုင်ဆိုင်ပါက၊ ၎င်းတို့သည် ပုံမှန်အဖြစ်ဆုံးသော လူ့သဘာဝ ရှိကြပေသည်။ သို့သော် အန္တိခရစ်များသည် ဤလက္ခဏာရပ်များထဲမှ မည်သည့်အရာကိုမျှ မပိုင်ဆိုင်ကြပေ။ သို့ဆိုလျှင် ၎င်းတို့၏ လူ့သဘာဝတွင် အတိအကျ အဘယ်အရာ ပါဝင်သနည်း။ ဤရှုထောင့်ကို ပထမဆုံး မိတ်သဟာယဖွဲ့ကြစို့။

က။ အကျင့်ဖြစ်နေသော လိမ်ညာခြင်း

ပုံမှန်ကိုယ်ကျင့်စရိုက်တွင် ပါဝင်သော ပထမဆုံးလက္ခဏာရပ်မှာ ရိုးသားခြင်း ဖြစ်သည်။ အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်တွင် ရိုးသားခြင်း ပါဝင်သလော။ သိသာထင်ရှားစွာပင်၊ အန္တိခရစ်များ၌ ရိုးသားသော လူ့သဘာဝ ကင်းမဲ့ပေသည်။ ၎င်းတို့၏ လူ့သဘာဝသည် သေချာပေါက် ရိုးသားခြင်းနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ သို့ဆိုလျှင်၊ ရိုးသားခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော ပုံမှန်မဟုတ်သည့် လူ့သဘာဝ၏ အဘယ်လက္ခဏာများကို အန္တိခရစ်များက ၎င်းတို့၏ လူ့သဘာဝ၌ ပိုင်ဆိုင်ကြသနည်း။ (၎င်းတို့သည် မကြာခဏ လိမ်ညာပြီး လူတို့ကို လှည့်ဖြားကြသည်။) အလိမ်အညာများကို မကြာခဏ ပြောခြင်းသည် အကျင့်ဖြစ်နေသော လိမ်ညာခြင်းနှင့် တူညီသည်ဟု ငါတို့ ဆိုနိုင်သလော။ ဤအကျဉ်းချုပ်သုံးသပ်ချက်သည် ပို၍ တိကျသည် မဟုတ်လော။ အကယ်၍ ဤလူသည် အမြဲ လိမ်ညာသည် သို့မဟုတ် သိပ်ရိုးသားဖြောင့်မတ်ခြင်းမရှိဟု ငါတို့ ဆိုပါက၊ ယင်းမှာ အတိုင်းအတာအရ ချို့တဲ့နေသည်။ အကယ်၍ ငါတို့သည် ၎င်းတို့၏ ကိုယ်ကျင့်စရိုက်ကို ဖော်ပြရန် “လိမ်ညာမှုများနှင့် ပြည့်နှက်နေသည်” ဟူသကဲ့သို့သော အသုံးအနှုန်းများကို အသုံးပြုပါက၊ ယင်းမှာ လုံလောက်အောင် နည်းလမ်းတကျမရှိပေ။ သို့ဖြစ်၍၊ ၎င်းတို့ကို ဖော်ပြရန်နှင့် အန္တိခရစ်များ၏ လူ့သဘာဝက ရိုးသားခြင်းမရှိကြောင်းကို ဖော်ပြရန် “အကျင့်ဖြစ်နေသော လိမ်ညာခြင်း”ကို အသုံးပြုခြင်းက ပို၍ သင့်လျော်သည်။ “အကျင့်ဖြစ်နေသော လိမ်ညာခြင်း”သည် ပထမဆုံး လက္ခဏာရပ်ဖြစ်ပြီး အန္တိခရစ်များ၏ လူ့သဘာဝမှ မကြာခဏ ထင်ရှားပေါ်လွင်ကာ ထုတ်ဖော်ခံရသော အရာတစ်ခု ဖြစ်သည်။ ယင်းမှာ လူတို့ ကြုံတွေ့ရနိုင်သည့် အတွေ့ရအများဆုံး၊ အလွယ်တကူ သတိပြုမိနိုင်သည့်အရာဖြစ်ပြီး အလွယ်တကူ ပိုင်းခြားသိမြင်နိုင်ဆုံးသော လက္ခဏာရပ် ဖြစ်သင့်ပေသည်။ ယခုတွင်၊ အကျင့်ဖြစ်နေသော လိမ်ညာခြင်း၏ တိကျသော သရုပ်သကန်များအကြောင်းကို မိတ်သဟာယပြုထိုက်သလော။ (မိတ်သဟာယပြုထိုက်ပါသည်။)

အန္တိခရစ်၏ လူ့သဘာဝသည် မရိုးသားပေ။ ယင်းမှာ ၎င်းတို့သည် အနည်းငယ်မျှပင် ရိုးသားဖြောင့်မတ်ခြင်းမရှိဟု ဆိုလိုသည်။ ၎င်းတို့ပြောဆိုသမျှ၊ လုပ်ဆောင်သမျှတိုင်းသည် မသန့်စင်ဘဲ ၎င်းတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များ၊ ပန်းတိုင်များ ပါဝင်ပြီး ယင်း၌ ဖုံးကွယ်ထားသမျှမှာ ပြောမကောင်းသော၊ ပြောမထွက်နိုင်အောင် ဆိုးရွားသော လှည့်ကွက်များနှင့် အကြံအစည်များတို့ ဖြစ်လေသည်။ ထို့ကြောင့် အန္တိခရစ်တို့၏ စကားများနှင့် လုပ်ရပ်များသည် ညစ်ညမ်းနေပြီး လိမ်ညာမှုများဖြင့် ပြည့်လွန်းနေသည်။ ၎င်းတို့ မည်မျှစကားပြောပါစေ ၎င်းတို့၏ မည်သည့်စကားက မှန်ပြီး မည်သည့်စကားကမှားသည်၊ မည်သည့်အရာက ဟုတ်သည်၊ မဟုတ်သည်ကိုသိရန် မဖြစ်နိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မရိုးသားသည့်အပြင် ၎င်းတို့စိတ်များက အလွန်အမင်း ရှုပ်ထွေးသောကြောင့်ဖြစ်သည်။ သစ္စာဖောက်သော အကြံအစည်များ၊ လှည့်ကွက်များဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့ပြောသည့် မည်သည့်အရာကမျှ တည်ကြည်ခြင်း မရှိပေ။ ၎င်းတို့က တစ်သည် တစ်ဖြစ်သည်၊ နှစ်သည် နှစ်ဖြစ်သည်၊ ဟုတ်လျှင်ဟုတ်သည်။ မဟုတ်လျှင်မဟုတ်ဟု မပြောပေ။ ယင်းအစား အမှုကိစ္စအားလုံးတွင် အကျိုးဆက်တို့ကို တွက်ချက်လျက်၊ ရှုထောင့်တိုင်းမှနေ၍ ကောင်းသည့်အချက်များနှင့် ချွတ်ယွင်းချက်များကို ချိန်ဆလျက် ၎င်းတို့သည် ဝေ့ဝိုက်နေပြီး ၎င်းတို့စိတ်ထဲတွင် အမှုကိစ္စများကို အကြိမ်ရေအနည်းငယ် စဥ်းစားသည်။ ထို့နောက်တွင် ၎င်းတို့သည် အသုံးအနှုန်းများကို ပြုပြင်ပြောဆိုသဖြင့် ပြောသည့်အရာတိုင်းက အတော်လေး ကိုးရိုးကားယားဖြစ်ပုံပေါ်စေသည်။ ရိုးသားသောသူတို့သည် ၎င်းတို့ပြောသည့်အရာကို မည်သည့်အခါမျှ နားမလည်သကဲ့သို့၊ ၎င်းတို့ လိမ်လည်လှည့်စားသည်ကို အလွယ်တကူခံရသည်။ ပြီးလျှင် ဤသို့သောလူများနှင့်စကားပြောဆက်ဆံသော မည်သူမဆိုသည် အလွန်ပင် ပင်ပန်းမောပန်းသည့် အတွေ့အကြုံကိုရကြသည်။ ၎င်းတို့က တစ်သည် တစ်ဖြစ်သည်။ နှစ်သည် နှစ်ဖြစ်သည်ဟု မည်သည့်အခါမျှ မပြောဆိုကြပေ။ ၎င်းတို့စဉ်းစားနေသည့်အရာကို မည်သည့်အခါမျှမပြောပေ။ အမှုအရာများကို မည်သည့်အခါမျှ အရှိအတိုင်း မဖော်ပြပေ။ ၎င်းတို့ပြောသမျှတိုင်းသည် နားလည်၍မရနိုင်သကဲ့သို့၊ ၎င်းတို့လုပ်ရပ်များ၏ ပန်းတိုင်နှင့် ရည်ရွယ်ချက်များသည် အလွန်ပင် ရှုပ်ထွေးသည်။ အမှန်တရားက ပေါက်ကြားသွားလျှင်၊ အခြားလူတို့က ၎င်းတို့ကို ရိပ်စားမိပြီး နားလည်လျှင် ဖြေရှင်းဖို့ရန်အတွက် အခြားမုသားတစ်ခုကို အမြန် လုပ်ကြံဖန်တီးကြသည်။ ဤသို့သောသူမျိုးသည် မကြာခဏ လိမ်ညာကြသည်။ လိမ်ညာပြီးနောက်တွင် ထိုလိမ်ညာမှုကို တည်တံ့စေရန်အတွက် ထပ်၍ လိမ်ညာပြောဆိုရသည်။ ၎င်းတို့၏ ရည်ရွယ်ချက်များကို ဖုံးကွယ်ရန်အတွက် သူတစ်ပါးတို့ကို လှည့်စားပြီး ၎င်းတို့၏ မုသားများကို ပံ့ပိုးရန် မူမမှန်သောအကြောင်းပြချက်နှင့် ဆင်ခြေမျိုးစုံကို လုပ်ကြံပြောဆိုကြသည်။ ဤသို့ဖြင့် မည်သည့်အရာက မှန်သည်၊ မှားသည်ကို ပြောရန် လူတို့အတွက် အလွန်ခက်ခဲသွားသည်။ ၎င်းတို့က မည်သည့်အချိန်တွင် မုသားပြောနေသည်ကို သိဖို့မဆိုထားနှင့်။ မည်သည့်အချိန်တွင် မှန်ကန်နေသည်ကိုပင် လူတို့ မသိကြပေ။ ၎င်းတို့ လိမ်ညာသောအခါ ၎င်းတို့သည် မျက်နှာနီသွားခြင်း၊ သို့မဟုတ် တွန့်ဆုတ်ခြင်းမရှိပေ။ အမှန်ကိုပြောနေသကဲ့သို့ပင်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ လိမ်ညာနေကျဖြစ်သည်ဟု ဆိုလိုသည် မဟုတ်လော။ ဥပမာ တစ်ခါတစ်ရံတွင် အန္တိခရစ်တို့သည် အပြင်ပန်းတွင် သူတစ်ပါးတို့အပေါ် ကောင်းသည်၊ ထောက်ထားသည်၊ ကြင်နာမှုရှိပြီး စိတ်တို့ထိဖွယ်ရာဖြစ်ပုံရသော စာနာတတ်သော နည်းလမ်းဖြင့် စကားပြောသည်ဟု ထင်ရသည်။ သို့သော် ဤကဲ့သို့ ၎င်းတို့ ပြောဆိုသည့်အခါတွင်ပင် ၎င်းတို့သည် ရိုးသားစစ်မှန်ခြင်းရှိမရှိကို မည်သူကမျှ မပြောနိုင်ပေ။ ပြီးလျှင် ၎င်းတို့သည် စစ်မှန်ခြင်းရှိမရှိကို ထုတ်ဖော်ဖို့ နောက်သုံးလေးရက်ကြာပြီးနောက် အမှုကိစ္စများ ဖြစ်ပျက်သည်အထိ စောင့်ဆိုင်းရန် အစဉ်လိုအပ်လေသည်။ အန္တိခရစ်တို့သည် အချို့သော ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များဖြင့် အစဉ်စကားပြောပြီး ၎င်းတို့ မည်သည့်အရာနောက် အတိအကျ လိုက်နေသည်ကို မည်သူကမျှ မတွက်ချက်နိုင်ပေ။ ဤသို့သောလူတို့သည် လိမ်ညာနေကျဖြစ်ပြီး ၎င်းတို့ မုသားများ၏ မည်သည့်အကျိုးဆက်ကိုမျှ မစဉ်းစားပေ။ ၎င်းတို့၏ မုသားသည် ၎င်းတို့ကို အကျိုးဖြစ်စေပြီး သူတစ်ပါးတို့ကို တစ်ပတ်ရိုက်နိုင်နေသရွေ့၊ ၎င်းတို့ပန်းတိုင်ကို ရရှိနိုင်သရွေ့၊ အကျိုးဆက်များက မည်သို့ဖြစ်သည်ကို ဂရုမစိုက်ကြပေ။ ၎င်းတို့သည် ဖော်ထုတ်ခံရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် ဆက်လက်၍ ဖုံးကွယ်ကြလိမ့်မည်။ လိမ်ညာပြီး လှည့်စားလိမ့်မည်။ ကျင့်ကြံပြုမူပြီး လောကနှင့် ဆက်ဆံရာတွင် ဤလူများ အသုံးပြုသည့် စည်းမျဉ်းနှင့် နည်းလမ်းမှာ လူတို့အား မုသားများဖြင့် လှည့်စားခြင်းဖြစ်သည်။ ၎င်းတို့သည် မျက်နှာများပြီး မိမိတို့၏ ပရိသတ်နှင့် သင့်တော်သည့်အတိုင်း ပြောဆိုသည်။ အခြေအနေက တောင်းဆိုလာသည့် မည်သည့်ကဏ္ဍကိုမဆို ဆောင်ရွက်ကြသည်။ ၎င်းတို့သည် ချောမွေ့ပြီး လှည့်စားသောအရာ ဖြစ်သည်။ ၎င်းတို့နှုတ်သည် လိမ်ညာမှုများနှင့် ပြည့်နေပြီး ယုံကြည်စိတ်ချ၍မရပေ။ ၎င်းတို့နှင့် အချိန်ခဏကြာ အဆက်အသွယ်ရှိသည့် မည်သူမဆိုသည် အထင်အမြင်မှားစေခြင်းခံရပြီး သို့မဟုတ် နှောင့်ယှက်ခံရပြီး ပံ့ပိုးမှု၊ ကူညီမှု၊ သို့မဟုတ် တည်ဆောက်ပေးမှုကို လက်မခံနိုင်ပေ။ ဤကဲ့သို့သောလူများ၏ နှုတ်မှ စကားများသည် မနှစ်မြို့ဖွယ်ဖြစ်သည်ဖြစ်စေ၊ ကောင်းမွန်သည်ဖြစ်စေ၊ သို့မဟုတ် အကျိုးအကြောင်းသင့်သည်ဖြစ်စေ၊ အဓိပ္ပာယ်မရှိသည်ဖြစ်စေ၊ သို့မဟုတ် လူ့သဘာဝနှင့် ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ၊ သို့မဟုတ် ကြမ်းတမ်းသည်ဖြစ်စေ၊ ယဉ်ကျေးသည်ဖြစ်စေ အခြေခံအားဖြင့် အားလုံးမှာ မုသားများ၊ ရောနှောနေသော စကားများနှင့် အလိမ်အညာများဖြစ်သည်။

အန္တိခရစ်များဖြစ်ကြသော ထိုလူအတန်းအစားများထဲတွင်၊ အကျင့်ဖြစ်နေသော လိမ်ညာခြင်းသည် ၎င်းတို့၏ အဓိက လက္ခဏာရပ်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းတို့၏ အသုံးအနှုန်းမှတစ်ဆင့်၊ ၎င်းတို့ စကားပြောဆိုပုံ၊ ၎င်းတို့၏ ဖော်ပြပုံနည်းလမ်း၊ ၎င်းတို့၏ စကားများထဲရှိ အဓိပ္ပာယ်နှင့် ထိုစကားများ နောက်ကွယ်ရှိ ရည်ရွယ်ချက်တို့မှတစ်ဆင့်၊ ဤလူတို့၌ ပုံမှန်လူ့သဘာဝ ကင်းမဲ့ကြောင်း၊ ၎င်းတို့သည် ရိုးသားသောလူများ၏ လူ့သဘာဝအတွက် စံနှုန်းများကို မပိုင်ဆိုင်ကြောင်း မြင်တွေ့ရသည်။ အန္တိခရစ်များသည် အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာကြသည်။ ၎င်းတို့၏ လိမ်ညာမှုများနှင့် လှည့်ဖြားမှုသည် လူအများစုထက် များစွာ ပို၍ ဆိုးရွားသည်။ ဤသည်မှာ ရိုးရိုးသာမန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု မဟုတ်ဘဲ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ဆုံးရှုံးခြင်းနှင့် လူ့သဘာဝ လုံးဝမရှိခြင်း ဖြစ်လာနှင့်ပြီးဖြစ်သည်။ အနှစ်သာရအားဖြင့်၊ ဤလူတို့သည် နတ်ဆိုးများ ဖြစ်ကြသည်၊ နတ်ဆိုးများသည် ဤနည်းအတိုင်း လူတို့ကို မကြာခဏ လိမ်ညာပြီး လှည့်ဖြားကြသည်။ ၎င်းတို့ပြောသည့် မည်သည့်အရာမျှ မမှန်ပေ။ လူအများစုက လိမ်ညာသောအခါ၊ မုသားကို လုပ်ကြံဖန်တီးရသည်။ ၎င်းတို့သည် ယင်းကို သေချာစဉ်းစားရသည်။ သို့သော် အန္တိခရစ်တစ်ဦးမှာမူ မည်သည့်အရာကိုမျှ လုပ်ကြံဖန်တီးရန် မလိုအပ်သကဲ့သို့၊ မည်သည့်အရာကိုမျှ စဉ်းစားရန်လည်း မလိုအပ်ပေ။ ၎င်းတို့ ပါးစပ်ဟလိုက်သည်နှင့် ထိုမုသားက ထွက်လာသည်။ ပြီးလျှင် သင် မသိလိုက်ခင်မှာပင် အယုံသွင်းခံလိုက်ရပြီဖြစ်သည်။ ၎င်းတို့၏ လိမ်ညာမှုများနှင့် လှည့်ဖြားမှုက ထိုသို့ဖြစ်သဖြင့် တုံ့ပြန်ရန် နှေးကွေးသောလူများသည် အမှုအရာများကို သဘောပေါက်ရန် နှစ်ရက် သို့မဟုတ် သုံးရက် အချိန်ယူရနိုင်သည်။ ထိုအခါမှသာ ဤသူ ဆိုလိုခဲ့သည့်အရာကို ၎င်းတို့ နားလည်သဘောပေါက်ကြသည်။ သမ္မာတရားကို နားမလည်သောလူများသည် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိကြပေ။ အန္တိခရစ်များသည် အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာကြသည်။ ၎င်းတို့၏ ဤကိုယ်ကျင့်စရိုက်ကို သင်တို့ မည်သို့ ထင်ကြသနည်း။ သိသာရှင်းလင်းစွာပင်၊ ယင်းသည် ပုံမှန်လူ့သဘာဝနှင့် သက်ဆိုင်သော အရာတစ်ခု မဟုတ်ပေ။ ဤအရာ၌ မကောင်းဆိုးဝါးဆန်သောအရာအချို့ ပါဝင်သည်မဟုတ်လော။ တိတိကျကျ ပြောရလျှင်၊ ယင်းသည် မကောင်းဆိုးဝါးဆန်သော သဘာဝ ဖြစ်သည်။ အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာခြင်း၊ မုသားများ ပြောဆိုခြင်းနှင့် လူတို့ကို လှည့်ဖြားခြင်း၊ အမှုအရာများကို ဤသို့ပြုလုပ်ပုံနည်းလမ်းများသည် ကျောင်းတွင် သင်ယူခဲ့ခြင်းလော၊ သို့မဟုတ် ၎င်းတို့ မိသားစု၏ လွှမ်းမိုးမှု ရလဒ်ဖြစ်သလော။ မည်သည့်အရာမျှ မဟုတ်ပေ။ ဤအရာများသည် ၎င်းတို့၏ ပင်ကိုသဘာဝ ဖြစ်သည်၊ ၎င်းတို့သည် ဤအရာများနှင့်အတူ မွေးဖွားလာခဲ့ကြခြင်း ဖြစ်သည်။ မိဘများက မိမိတို့၏ ကလေးများကို လေ့ကျင့်သင်ကြားပေးသောအခါ၊ မည်သူကမျှ မိမိတို့၏ ကလေးကို ငယ်စဉ်ကတည်းက လိမ်ညာရန်နှင့် လှည့်ဖြားရန် မသင်ပေးသကဲ့သို့၊ ၎င်းတို့ကို လိမ်ညာရန် သို့မဟုတ် လှည့်ဖြားရန် မည်သူကမျှ အတင်းအကျပ်မပြုပေ။ သို့တိုင် ကြီးပြင်းလာသောအခါ လိမ်ညာမှုများကိုသာ ပြောသော ကလေးများ ရှိနေဆဲဖြစ်ပြီး၊ မည်သည့် လိမ်ညာမှုများကို ၎င်းတို့ ပြောသည်ဖြစ်စေ မျက်နှာထား မပျက်ကြသည့်အပြင်၊ ၎င်းတို့ပြောခဲ့သော လိမ်ညာမှုများအတွက် နောင်တရခြင်း၊ စိတ်ဆင်းရဲခြင်း သို့မဟုတ် ၎င်းတို့၏ အသိစိတ်၌ မလုံမလဲဖြစ်ခြင်းကို မည်သည့်အခါမျှ မခံစားရသော ကလေးများရှိသည်။ ထိုအစား၊ ဤကလေးများသည် မိမိတို့ကိုယ်ကို အလွန် လိမ္မာပါးနပ်သည်၊ အလွန် ဉာဏ်ရည်ထက်မြက်သည်ဟု တွေးထင်ကြသည်။ ၎င်းတို့အနေဖြင့် အခြားသူများကို လိမ်ညာမှုများနှင့် အခြားနည်းဗျူဟာများအား အသုံးပြု၍ အရူးလုပ်ပြီး လှည့်ဖြားနိုင်ခြင်းကို ဝမ်းသာကြသည်၊ ဂုဏ်ယူပြီး တိတ်တဆိတ် ပျော်ရွှင်ကြလေသည်။ ဤသည်မှာ ၎င်းတို့၏ ပင်ကိုသဘာဝ ဖြစ်သည်။ ဤသည်မှာ ပင်ကိုအားဖြင့် အန္တိခရစ်များ ဖြစ်သည့်ပုံစံ ဖြစ်သည်။ အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာခြင်းသည် ၎င်းတို့၏ သဘာဝအနှစ်သာရ ဖြစ်သည်။ စုဝေးပွဲများ၌ မကြာခဏ ပါဝင်ကြပြီး၊ တရားဒေသနာများနှင့် မိတ်သဟာယဖွဲ့ခြင်းများကို နားထောင်ကြသော်လည်း၊ အန္တိခရစ်များသည် ဖြေရှင်းချက်တစ်ခုအတွက် သမ္မာတရားကို တက်ကြွစွာ ရှာဖွေရန် ကြိုးစားခြင်းမှာ မဆိုထားနှင့်၊ မိမိတို့ကိုယ်ကို မည်သည့်အခါမျှ ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် သိရှိရန် ကြိုးစားခြင်း မရှိကြသည့်အပြင်၊ အခြားသူများကို လှည့်စားရန် ၎င်းတို့ မည်မျှသော လိမ်ညာမှုများကို ပြောခဲ့သည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့၏ အသိစိတ်မှ အပြစ်တင်ခြင်းကို မခံစားရပေ။ ယင်းက အနှစ်သာရအားဖြင့် အန္တိခရစ်များသည် မယုံကြည်သူများဖြစ်ကြောင်း သက်သေပြသည်။ ၎င်းတို့သည် လူတို့ကို အယူဝါဒမည်မျှဖြင့် ဩဝါဒပေးနိုင်သည်ဖြစ်စေ၊ မိမိတို့ကိုယ်၌က ဤအယူဝါဒများကို မည်သည့်အခါမျှ မကျင့်သုံးကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သည့်အခါမျှ စိတ်ဖြာလေ့လာဆွေးနွေးခြင်း မရှိသည့်အပြင်၊ ၎င်းတို့ လိမ်ညာမှုများ မည်မျှ ပြောသည်ဖြစ်စေ သို့မဟုတ် လူမည်မျှကို လှည့်စားသည်ဖြစ်စေ၊ ထိုအကြောင်းကို ၎င်းတို့က မည်သည့်အခါမျှ မဖွင့်ဟကြဘဲ၊ ယင်းအစား ဟန်ဆောင်ကြပြီး၊ မျက်နှာဖုံးစွပ်ကြကာ၊ ၎င်းတို့သည် စဉ်းလဲသောသူများဖြစ်ကြောင်း အခြားသူများရှေ့တွင် ဝန်ခံရန်သတ္တိ မည်သည့်အခါမျှ မရှိကြပေ။ ဤအရာအပြင်၊ ၎င်းတို့သည် လိုအပ်သည်ဟု ခံစားရသည့်အခါ လူတို့ကို လိမ်မြဲလိမ်ပြီး လှည့်ဖြားမြဲလှည့်ဖြားနေသည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝ မဟုတ်လော။ ဟုတ်ပေသည်။ ပြီးလျှင် ယင်းကို ပြောင်းလဲရန် နည်းလမ်းမရှိပေ။ ဤသဘာဝသည် ပုံမှန်လူ့သဘာဝနှင့်ဆိုင်သည့် ဖော်ပြချက်မဟုတ်ပေ။ သင့်တင့်လျောက်ပတ်စွာ ပြောရလျှင်၊ ယင်းမှာ မကောင်းဆိုးဝါးဆန်သော သဘာဝ ဖြစ်သည်။ စာတန်၏ စိတ်သဘောထား ဖြစ်သည်။ ထိုသို့သောလူများသည် နတ်ဆိုးများ ဖြစ်ကြသည်၊ ၎င်းတို့သည် လူ့ဇာတိခံသော နတ်ဆိုးများ ဖြစ်ကြသည်။

အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့်ဆိုင်သည့် ပထမဆုံးသရုပ်သကန်မှာ အကျင့်ဖြစ်နေသော လိမ်ညာခြင်းဖြစ်ပြီး၊ ယင်းကို ငါတို့က မကောင်းဆိုးဝါးဆန်သော သဘာဝတစ်ခုအဖြစ် သတ်မှတ်မည်။ ဤမကောင်းဆိုးဝါးဆန်သော သဘာဝ၏ သရုပ်သကန်မှာ မည်သည့်အချိန်၊ မည်သည့်နေရာ၊ မည်သည့်အခြေအနေတွင်ဖြစ်စေ သို့မဟုတ် မည်သူနှင့် ဆက်ဆံသည်ဖြစ်စေ၊ ထိုသို့သောလူများ ပြောဆိုသောစကားများသည် မြွေနှင့် နတ်ဆိုးများ ပြောဆိုသည့်အရာနှင့် တူညီသည်။ မယုံကြည်ထိုက်ပေ။ လူတစ်ဦးသည် ထိုသို့သောလူများနှင့်ပတ်သက်၍ အထူးသတိထားပြီး ပိုင်းခြားသိမြင်ရမည်ဖြစ်ပြီး၊ နတ်ဆိုးများ၏ စကားများကို အလျင်စလို မယုံကြည်ရပေ။ ၎င်းတို့၏ အကျင့်ဖြစ်နေသော လိမ်ညာခြင်းနှင့်ဆိုင်သည့် တိကျသောသရုပ်သကန်မှာ လိမ်ညာမှုများသည် ၎င်းတို့၏ လျှာဖျားမှ လွယ်လင့်တကူ ထွက်လာခြင်း ဖြစ်သည်။ ၎င်းတို့ပြောဆိုသော စကားများသည် စဉ်းစားဆင်ခြင်မှု၊ ဆန်းစစ်လေ့လာမှု သို့မဟုတ် ပိုင်းခြားသိမြင်မှုကို မခံနိုင်ပေ။ ၎င်းတို့သည် အချိန်မရွေး လိမ်ညာနိုင်ပြီး၊ အမှုကိစ္စအားလုံး၌ ၎င်းတို့သည် မှန်ကန်သောအရာ မည်သည့်အရာကိုမျှ မပြောနိုင်ကြောင်း၊ ၎င်းတို့ပြောသမျှက လိမ်ညာမှုတစ်ခု ဖြစ်ရမည်ဖြစ်ကြောင်း ၎င်းတို့က ယုံကြည်ကြသည်။ သင်သည် ၎င်းတို့အား ၎င်းတို့၏ အသက်အရွယ်နှင့်ပတ်သက်၍ မေးလျှင်ပင်၊ ၎င်းတို့က၊ “ငါ့အသက်အရွယ်အကြောင်း မေးခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ငါ အသက်ကြီးသည်ဟု ပြောလျှင်၊ ငါ့ကို သူတို့ အထင်သေးပြီး မပျိုးထောင်ဘဲ နေကြမည်လော။ ငါ အသက်ငယ်သည်ဟု ပြောလျှင်၊ ငါ့မှာ အတွေ့အကြုံကင်းမဲ့သည်ဟု ပြောပြီး သူတို့ ငါ့ကို အထင်သေးကြမည်လော။ ငါ မည်သို့ တုံ့ပြန်သင့်သနည်း”ဟု တွေးလျက် ဤအရာကို စဉ်းစားကြလေသည်။ ထိုသို့သော ရိုးရှင်းသည့်ကိစ္စနှင့်ပတ်သက်၍ပင်၊ ၎င်းတို့သည် လိမ်ညာနိုင်သေးပြီး သင့်အား အမှန်တရားကို ပြောရန် ငြင်းဆန်နိုင်သေးသည်။ မေးခွန်းကို သင့်ထံသို့ပင် ပြန်လှည့်ပြီး၊ “သင် မည်သို့ထင်သနည်း”ဟု မေးနိုင်သေးသည်။ သင်က “အသက် ငါးဆယ်လော” ဟု ဆိုသည်။ “နီးစပ်သည်။” “လေးဆယ့်ငါးနှစ်လော။” “နီးစပ်နေပြီ။” ၎င်းတို့သည် သင့်အား တိကျသောအဖြေတစ်ခု ပေးကြသလော။ ၎င်းတို့၏ တုံ့ပြန်မှုများမှတစ်ဆင့်၊ ၎င်းတို့ အသက်မည်မျှရှိသည်ကို သင်သိသလော။ (မသိပါ။) ယင်းမှာ အကျင့်ဖြစ်နေသော လိမ်ညာခြင်း ဖြစ်သည်။

အန္တိခရစ်များ အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာခြင်း၏ နောက်ထပ်သရုပ်သကန်တစ်ခု ရှိသေးသည်။ ယင်းမှာ ၎င်းတို့သည် သက်သေခံနေစဉ်တွင်ပင် လိမ်ညာခြင်း ဖြစ်သည်။ မမှန်သော သက်သေကိုခံခြင်းသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသော ကျိန်ခြင်းခံရသည့် လုပ်ရပ်တစ်ခု ဖြစ်သည်။ သက်သေခံခြင်းကိစ္စ၌ပင်၊ ၎င်းတို့သည် လုပ်ကြံဖန်တီးမှု၊ လိမ်ညာမှုများနှင့် လှည့်ဖြားမှုများကို လုပ်ဆောင်ဝံ့ကြသည်။ ယင်းက အကျိုးဆက်များအတွက် ၎င်းတို့၏ မဆင်မခြင် ဂရုမစိုက်မှုနှင့် ၎င်းတို့၏ မပြောင်းလဲသောသဘာဝကို အမှန်တကယ် ပြသနေသည်တကား။ ၎င်းတို့က မလုပ်ဆောင်နိုင်စဉ်တွင် အခြားသူများက အတွေ့အကြုံနှင့် နားလည်မှုအပေါ် အခြေခံ၍ သက်သေခံသည်ကို ၎င်းတို့ မြင်သောအခါ၊ ၎င်းတို့သည် အခြားလူများ ပြောဆိုသမျှကို ပြောဆိုပြီး အခြားသူများ ရရှိခဲ့သော တူညီသည့်အတွေ့အကြုံများကို လုပ်ကြံဖန်တီးလျက် ၎င်းတို့ကို အတုခိုးကြသည်။ အကယ်၍ ၎င်းတို့သည် တစ်စုံတစ်ခုကို အခြားသူများ နားလည်သကဲ့သို့ နားမလည်ပါက၊ ၎င်းတို့ နားလည်သည်ဟု အခိုင်အမာ ဆိုကြသည်။ ထိုသို့သော အတွေ့အကြုံဆိုင်ရာ နားလည်မှုနှင့် ဉာဏ်အလင်းရခြင်းများ ၎င်းတို့ ကင်းမဲ့ပါက၊ ထိုအရာများကို ၎င်းတို့ ပိုင်ဆိုင်သည်ဟု အခိုင်အမာ ဆိုကြသည်။ ဘုရားသခင်က ၎င်းတို့ကို ဆုံးမပဲ့ပြင်ခြင်းမရှိခဲ့လျှင်ပင်၊ ဆုံးမပဲ့ပြင်ခဲ့သည်ဟု အခိုင်အမာ ဆိုကြသည်။ ဤကိစ္စ၌ပင် ၎င်းတို့သည် လိမ်ညာပြီး ဟန်ဆောင်နိုင်ကြသည်။ အကျိုးဆက်များ မည်မျှပင် ဆိုးရွားနိုင်စေကာမူ စိုးရိမ်ပူပန်မှု သို့မဟုတ် စိတ်ဝင်စားမှု မပြကြပေ။ ဤသည်မှာ အကျင့်ဖြစ်နေသော လိမ်ညာခြင်း မဟုတ်လော။ ထို့အပြင်၊ ဤကဲ့သို့သောလူများသည် မည်သူ့ကိုမဆို လှည့်စားကြလိမ့်မည်။ အချို့က “မည်သို့ပင်ဖြစ်စေ၊ အန္တိခရစ်များသည် လူများဖြစ်နေဆဲပင်၊ ၎င်းတို့သည် ၎င်းတို့နှင့် အနီးစပ်ဆုံးသောသူများ၊ ၎င်းတို့ကို ကူညီခဲ့သောသူများ သို့မဟုတ် ၎င်းတို့နှင့်အတူ ဆင်းရဲဒုက္ခများကို မျှဝေခံစားခဲ့သောသူများကို လှည့်စားခြင်းအား ရှောင်ကြဉ်မည် မဟုတ်လော။ ၎င်းတို့သည် မိသားစုဝင်များကို လှည့်စားခြင်းအား ရှောင်ကြဉ်မည် မဟုတ်လော”ဟု တွေးကောင်းတွေးနိုင်သည်။ ၎င်းတို့က အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာသည်ဟု ဆိုခြင်းက ၎င်းတို့အနေဖြင့် မည်သူကိုမဆို၊ မိဘများ၊ သားသမီးများနှင့် ညီအစ်ကိုမောင်နှမများကိုပင် လှည့်စားနိုင်သည်ဟု သွယ်ဝိုက်ညွှန်းဆိုပေသည်။ ကိစ္စကြီးငယ် နှစ်မျိုးလုံး၌ ၎င်းတို့သည် လူတို့ကို လှည့်စားနိုင်သည်။ ၎င်းတို့ မှန်ကန်စွာ ပြောဆိုသင့်သည့်ကိစ္စများ၊ ထိုသို့ပြုလုပ်ခြင်းက မည်သည့်အကျိုးဆက်မျှ သို့မဟုတ် ၎င်းတို့ကို မည်သည့်နည်းနှင့်မျှ သက်ရောက်မှု မရှိစေမည့်ကိစ္စများနှင့် ဉာဏ်ပညာကို အသုံးချရန် မလိုအပ်သည့်ကိစ္စများ၌ပင် လှည့်စားနိုင်သည်။ အပြင်လူများအတွက် လိမ်ညာရန် အကြောင်းခိုင်လုံမှုမရှိဟု မြင်သည့်၊ ရိုးရှင်းစွာ ပြောလိုက်လျှင် လွယ်ကူပြီး ပြဿနာမရှိသည့် သေးငယ်သော ကိစ္စရပ်များကိုပင် ဖြေရှင်းရန်အတွက် ၎င်းတို့သည် လူတို့ကို လှည့်စားပြီး လိမ်ညာမှုများကို အသုံးပြုကြသည်။ ဤသည်မှာ အကျင့်ဖြစ်နေသော လိမ်ညာခြင်း မဟုတ်လော။ အကျင့်ဖြစ်နေသော လိမ်ညာခြင်းကို နတ်ဆိုးများနှင့် စာတန်၏ အဓိကသရုပ်သကန်များထဲမှ တစ်ခုဟု ဆိုနိုင်သည်။ ဤရှုထောင့်အမြင်မှကြည့်လျှင်၊ အန္တိခရစ်များ၏ လူ့သဘာဝသည် မရိုးသားရုံသာမက၊ စိတ်ချမရဖြစ်စေလျက် အကျင့်ဖြစ်နေသော လိမ်ညာခြင်းဖြင့်လည်း အမှတ်အသားပြုခံရသည်ဟု ငါတို့ ဆိုနိုင်သည် မဟုတ်လော။ (ဆိုနိုင်ပါသည်။) အကယ်၍ ထိုသို့သော ပုဂ္ဂိုလ်များသည် မကောင်းမှုတစ်ခုကို ကျူးလွန်ပြီး၊ ထို့နောက်တွင် ညီအစ်ကိုမောင်နှမများ၏ ပြုပြင်ခြင်းနှင့် ပြစ်တင်ပြောဆိုခြင်းကို ခံရပြီးနောက် မျက်ရည်များကျကာ၊ အပေါ်ယံအားဖြင့် ဘုရားသခင်ကို အကြွေးတင်ကြောင်း အခိုင်အမာဆိုပြီး၊ အနာဂတ်တွင် နောင်တရမည်ဟု ကတိပေးပါက၊ ၎င်းတို့ကို သင် ယုံကြည်ဝံ့သလော။ (မယုံကြည်ဝံ့ပါ။) အဘယ်ကြောင့် မယုံကြည်ဝံ့သနည်း။ အခိုင်လုံဆုံးသော သက်သေအထောက်အထားမှာ ၎င်းတို့သည် အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာခြင်း ဖြစ်သည်။ ၎င်းတို့သည် အပြင်ပန်းအားဖြင့် နောင်တရလျှင်ပင်၊ အသည်းအသန် ငိုကြွေးလျှင်ပင်၊ ရင်ဘတ်ကိုထုပြီး ကျိန်ဆိုလျှင်ပင်၊ ၎င်းတို့ကို မယုံကြည်နှင့်။ အကြောင်းမှာ ၎င်းတို့သည် ဟန်ဆောင်မျက်ရည်များ၊ လူတို့ကို လှည့်စားရန် မျက်ရည်များကို ကျနေခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့ မြွက်ဆိုသော ဝမ်းနည်းမှုနှင့် နောင်တရသည့် စကားများသည် စိတ်ရင်းမှန်မှလာခြင်း မဟုတ်ပေ။ ယင်းတို့သည် အခြေအနေအရ အသုံးချသော ပရိယာယ်များ ဖြစ်ပြီး၊ လိမ်လည်သောနည်းလမ်းများဖြင့် လူတို့၏ ယုံကြည်မှုကို ရရှိရန် ပြင်ဆင်ထားခြင်းဖြစ်သည်။ လူများရှေ့တွင်၊ ၎င်းတို့သည် အသည်းအသန် ငိုကြွေးသည်၊ အပြစ်ကို ဝန်ခံသည်၊ ကျိန်ဆိုသည်၊ ၎င်းတို့၏ ရပ်တည်ချက်ကို လူသိရှင်ကြား ဖြစ်စေသည်။ သို့ရာတွင်၊ သီးသန့်အားဖြင့် ၎င်းတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသူများ၊ ၎င်းတို့ အတော်အတန် ယုံကြည်စိတ်ချသူများထံမှ ပြန်ကြားရသည့်အခြေအနေမှာမူ ထိုသို့မဟုတ်ပေ။ လူသိရှင်ကြား အပြစ်ကို ဝန်ခံပြီး မိမိတို့၏ နည်းလမ်းများအား ပြောင်းလဲမည်ဟု ကျိန်ဆိုခြင်းသည် အပေါ်ယံအားဖြင့် စစ်မှန်ပုံရကောင်းရနိုင်သော်လည်း၊ ထိုအရာများ၏ နောက်ကွယ်တွင် ပြောဆိုသည့်အရာက ၎င်းတို့ အရင်က ပြောခဲ့သည့်အရာသည် မှန်ကန်ခြင်းမရှိဘဲ မှားယွင်းကြောင်း၊ လူအများ၏ မျက်စိကို လှည့်စားရန် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သက်သေပြသည်။ ၎င်းတို့ နောက်ကွယ်တွင် အဘယ်အရာကို ပြောဆိုကြမည်နည်း။ ၎င်းတို့ အရင်က ပြောခဲ့သည့်အရာသည် မှားယွင်းကြောင်း ၎င်းတို့ ဝန်ခံကြမည်လော။ ဝန်ခံမည်မဟုတ်။ အပျက်သဘောဆောင်မှုကို ၎င်းတို့ ဖြန့်ဝေလိမ့်မည်၊ အကြောင်းပြချက်ပေးပြီး ဆင်ခြေပေးကာကွယ်ကြလိမ့်မည်။ ၎င်းတို့၏ ဝန်ခံမှုများ၊ နောင်တရမှုများနှင့် သစ္စာဆိုမှုများအားလုံးက လူတို့ကို လှည့်စားရန် ရည်ရွယ်သည့် အလိမ်အညာများသာဖြစ်ကြောင်း ဤသို့ အကြောင်းပြချက်ပေးပြီး ဆင်ခြေပေးကာကွယ်ခြင်းက အတည်ပြုသည်။ ထိုသို့သော ပုဂ္ဂိုလ်များကို ယုံကြည်စိတ်ချနိုင်သလော။ ဤသည်မှာ အကျင့်ဖြစ်နေသော လိမ်ညာခြင်း မဟုတ်လော။ ၎င်းတို့သည် ဝန်ခံခြင်းများကိုပင် လုပ်ကြံဖန်တီးနိုင်သည်။ မျက်ရည်တုများကို ကျနိုင်ပြီး မိမိတို့၏ နည်းလမ်းများကို ပြောင်းလဲမည်ဟု ကတိပြုနိုင်သည်၊ ၎င်းတို့၏ ကျိန်ဆိုခြင်းပင်လျှင် လိမ်ညာမှုတစ်ခု ဖြစ်သည်။ ဤသည်မှာ မကောင်းဆိုးဝါးဆန်သော သဘာဝတစ်ခု မဟုတ်လော။ “ကျွန်ုပ် ဤမျှသာ နားလည်ပါသည်၊ ကျန်တာကို ကျွန်ုပ် မသိပါ။ ကျွန်ုပ်သည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ရှာဖွေပြီး တဖြည်းဖြည်း နားလည်မှု ရရှိရန်အတွက် ညီအစ်ကိုမောင်နှမများ၏ အကူအညီကို မျှော်လင့်ပါသည်”ဟု ၎င်းတို့ ဆိုလျှင်ပင်၊ ဤသည်မှာ ရိုးသားသော သဘောထားနှင့် ဖော်ပြချက် ဖြစ်ပေလိမ့်မည်။ သို့ရာတွင်၊ အန္တိခရစ်များသည် ထိုသို့သော မှန်ကန်သည့်စကားများကို လုံးဝ မပြောဆိုနိုင်ပေ။ ၎င်းတို့က “ရိုးသားစွာ ပြောဆိုခြင်းက လူများအား ကျွန်ုပ်ကို အထင်သေးစေလိမ့်မည်။ ကျွန်ုပ် မျက်နှာပျက်ပြီး နိမ့်ကျသည်ဟု ခံစားရလိမ့်မည်။ ကျွန်ုပ်၏ဂုဏ်သိက္ခာ လုံးဝ ပျက်စီးသွားမည် မဟုတ်လော။ ကျွန်ုပ် အဘယ်သူနည်း။ ကျွန်ုပ် ရှုံးနိမ့်ကြောင်း ဝန်ခံနိုင်မည်လော။ ကျွန်ုပ် နားမလည်လျှင်ပင်၊ ကျွန်ုပ် အလွန်ကောင်းစွာ နားလည်သကဲ့သို့ ဟန်ဆောင်ရမည်။ လူများကို ကျွန်ုပ်လှည့်စားပြီး သူတို့၏ စိတ်နှလုံးထဲတွင် ကျွန်ုပ်၏ ရပ်တည်ချက်ကို အရင်ဆုံး ခိုင်မာအောင် လုပ်ရမည်”ဟု ခံစားကြရသည်။ ဤသည်မှာ အန္တိခရစ်များ၏ သရုပ်သကန်တစ်ခု မဟုတ်လော။ အန္တိခရစ်များ စကားပြောဆိုသည့် ရင်းမြစ်နှင့် နည်းလမ်းအပြင်၊ ၎င်းတို့ မြွက်ဆိုသော စကားများမှကြည့်သည့်အခါ၊ ထိုသို့သောလူများသည် မည်သည့်အခါမျှ ရိုးသားမည်မဟုတ်ကြောင်း သိသာထင်ရှားသည်။ ယင်းမှာ ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အကျင့်ဖြစ်နေသော လိမ်ညာခြင်းသည် ၎င်းတို့၏ ကိုယ်ကျင့်စရိုက်၌ ပင်ကိုဖြစ်နေသောကြောင့်၊ ၎င်းတို့သည် အရာရာတိုင်း၌ လူတို့ကို လှည့်စားပြီး ကိစ္စရပ်များကို ဖုံးကွယ်လိုသည်။ မည်သူ့ကိုမျှ စစ်မှန်သော အချက်အလက်များ သို့မဟုတ် တကယ့် အခြေအနေကို သိရှိရန် သို့မဟုတ် မြင်တွေ့ရန် မလိုလားသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ အတွင်းကျကျ ဖြစ်တည်မှုက အလွန်အမင်း မှောင်မိုက်နေသည်။ အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့်ဆိုင်သည့် ဤသွင်ပြင်လက္ခဏာကို လူ့သဘာဝ ကင်းမဲ့ပြီး မကောင်းဆိုးဝါးဆန်သော သဘာဝတစ်ခု ပိုင်ဆိုင်သည်ဟု ယုံကြည်စိတ်ချစွာ သတ်မှတ်နိုင်သည်။ လိမ်ညာမှုများသည် စဉ်းစားခြင်းမရှိဘဲ ၎င်းတို့၏ လျှာဖျားမှ အလွယ်တကူ ထွက်လာသည်။ ၎င်းတို့ အိပ်မက်ထဲတွင် စကားပြောသည့်အခါ၌ပင် မှန်ကန်သည့်အရာ တစ်စုံတစ်ရာကိုမျှ မပြောဆိုသည့်အထိ ဖြစ်သည်။ ထိုအရာသည် လှည့်ဖြားခြင်း၊ လိမ်ညာမှုများချည်းသာ ဖြစ်သည်။ ဤသည်မှာ အကျင့်ဖြစ်နေသော လိမ်ညာခြင်း ဖြစ်သည်။

အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်သည် ရိုးသားခြင်း ကင်းမဲ့သည်။ ၎င်းတို့ စကားပြောဆိုမနေသည့်အခါ၌ပင်၊ ၎င်းတို့၏ စိတ်နှလုံးထဲ၌ လူတို့ကို မည်သို့ လှည့်စားရမည်၊ မည်သို့လိမ်လည်လုပ်ရမည်၊ အထင်အမြင်မှားစေရမည်ဟူသည်တို့ကို စဉ်းစားဆင်ခြင်နေကြသည်။ မည်သူ့ကို အထင်အမြင်မှားစေရမည်၊ ၎င်းတို့ကို အထင်အမြင်မှားစေလိုသည့်အခါ အဘယ်အရာကို ပြောဆိုရမည်၊ စကားစမြည်ပြောဆိုခြင်းကို စတင်ရန် အဘယ်နည်းလမ်းများ အသုံးပြုရမည်ဆိုသည်နှင့် လူတို့အား ယုံကြည်လာစေရန် အဘယ်ဥပမာများကို အသုံးပြုရမည် ဟူသည်တို့ ဖြစ်သည်။ ၎င်းတို့ အဘယ်အရာကို ပြောဆိုသည်ဖြစ်စေ သို့မဟုတ် စဉ်းစားသည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးများထဲ၌ ရိုးသားသောသဘောထား၊ ရိုးသားသော အယူအဆများ၊ သို့မဟုတ် ရိုးသားသော အတွေးအခေါ်များကို ထားရှိခြင်းမရှိပေ။ လူတို့အား လှည့်စားပြီး လှည့်စားကစားလိုသည့် အခြေအနေတစ်ခု၌ ၎င်းတို့ ဘဝ၏ အခိုက်အတန့်တိုင်း၊ စက္ကန့်တိုင်းကို ကုန်ဆုံးစေသည်။ စက္ကန့်တိုင်းနှင့် အခိုက်အတန့်တိုင်းတွင် ၎င်းတို့သည် အခြားသူများကို မည်သို့ လှည့်စားရမည်၊ မည်သို့ အထင်အမြင်မှားစေရမည်၊ မည်သို့ လိမ်လည်လှည့်ဖြားရမည်ကို စဉ်းစားနေကြပြီး၊ ဤအတွေးအခေါ်များက ၎င်းတို့၏ စိတ်နှင့် အတွင်းကျကျ စိတ်နှလုံးအားလုံးကို နေရာယူထားသည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝ မဟုတ်လော။ ဤကဲ့သို့သောလူများသည် တရားဒေသနာများကို ကြားသည့်အခါ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်သည့်အခါ သမ္မာတရားကို နားလည်နိုင်သလော။ ၎င်းတို့ နားလည်လျှင်ပင်၊ ယင်းကို လက်တွေ့ကျင့်သုံးနိုင်သလော။ (မကျင့်သုံးနိုင်ပါ။) ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများနှင့် ကိုယ်ကျင့်စရိုက်မှ အကဲဖြတ်ရလျှင်၊ ထိုသို့သော ပုဂ္ဂိုလ်များသည် ကယ်တင်ခြင်းကို လက်ခံရရှိသူများ သေချာပေါက် မဟုတ်ကြပေ။ အကြောင်းမှာ ၎င်းတို့၏ စိတ်နှင့် အတွင်းနယ်ပယ်ထဲတွင် ၎င်းတို့ ချစ်မြတ်နိုးပြီး တွေးထင်သမျှသည် မကောင်းဆိုးဝါးဆန်သော သဘာဝတစ်ခုဖြင့် စိမ့်ဝင်နေပြီး၊ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို ဆန့်ကျင်ကာ၊ ချီးကျူးထိုက်သော အစိတ်အပိုင်း တစ်ခုမျှ မရှိသောကြောင့် ဖြစ်သည်။ သို့ဆိုလျှင်၊ အန္တိခရစ်များ၏ လူ့သဘာဝ၌ အကျင့်ဖြစ်နေသော လိမ်ညာခြင်း၏ လက္ခဏာရပ်သည် ကျိန်းသေသွားပြီလော။ (ကျိန်းသေဖြစ်သွားပြီဖြစ်သည်။) အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာသောလူများသည် မည်သည့်သမ္မာတရားကိုမျှ လက်တွေ့မကျင့်သုံးကြပေ။ ဤအရာ၏ အကျိုးဆက်များမှာ အဘယ်နည်း။ မည်သည့်သမ္မာတရားကိုမျှ လက်တွေ့မကျင့်သုံးသော တစ်စုံတစ်ဦး၏ တိကျသော သရုပ်သကန်များမှာ အဘယ်နည်း။ ၎င်းတို့သည် မဆင်မခြင် ပြုမူနိုင်သလော။ ၎င်းတို့သည် ထင်တိုင်းကြဲပြီး ထင်ရာစိုင်းနိုင်ကြသလော။ ၎င်းတို့သည် သီးခြား နယ်ပယ်များကို တည်ထောင်နိုင်သလော။ ၎င်းတို့သည် လှူဖွယ်ပစ္စည်းများကို ဖြုန်းတီးနိုင်သလော။ လူတို့ကို အထင်အမြင်မှားစေနိုင်ပါသလော။ လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းနိုင်သလော။ ဤအရာအားလုံးကို ၎င်းတို့ လုပ်ဆောင်နိုင်သည်။ ဤသည်မှာ စံပြုလောက်သော အန္တိခရစ်တစ်ဦး ဖြစ်သည်။ ၎င်းတို့သည် အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာကြသည်။ အချက်အလက်များ ဖော်ထုတ်ခံရသောအခါ၊ မျက်လုံးမည်မျှက ၎င်းတို့ကို စောင့်ကြည့်နေသည်ဖြစ်စေ၊ လူမည်မျှက စုပေါင်း၍ သက်သေခံပြီး ၎င်းတို့ကို ဖော်ထုတ်သည်ဖြစ်စေ၊ ဝန်ခံရန် ၎င်းတို့ ငြင်းဆန်ကြသည်။ အဆုံးတွင်၊ ၎င်းတို့ မေ့သွားပြီဟု အခိုင်အမာဆိုကာ မသိချင်ယောင်ဆောင်လျက် သင့်ကို ကိုင်တွယ်ဖြေရှင်းရန် နည်းဗျူဟာတစ်ခုကို အသုံးပြုလေသည်။ ဤအချိန်၊ ဤအခြေအနေ၌၊ ၎င်းတို့သည် မှန်ကန်သောစကားတစ်ခွန်းကိုမျှ မပြောနိုင်သည့်အပြင်၊ “ယင်းမှာ ကျွန်ုပ်ဖြစ်သည်။ ကျွန်ုပ် မှားခဲ့ပါသည်။ နောက်တစ်ခါ ကျွန်ုပ် ပြောင်းလဲပါမည်။ တူညီသည့်အမှားကိုပင် ကျွန်ုပ် မုချ ထပ်မံကျူးလွန်တော့မည်မဟုတ်ပါ”ဟု ဆိုလျက် ခေါင်းညိတ်ပြီး ဝန်ခံနိုင်ခြင်းလည်း မရှိပေ။ ဤသည်မှာ မည်သည့်အခါမျှ အပြစ်ကို ဝန်မခံ၊ မည်သည့်အခါမျှ မှန်ကန်သောစကားတစ်ခွန်းကိုမျှ မပြောဆိုသည့် အန္တိခရစ်တစ်ဦးဖြစ်သည်။ ထိုသို့သော လူ့သဘာဝဖြင့် ၎င်းတို့ ကယ်တင်ခံရနိုင်သလော။ ၎င်းတို့သည် သမ္မာတရားကို ရရှိနိုင်သလော။ လုံးဝ မရရှိနိုင်ပေ။ သမ္မာတရားကို ၎င်းတို့ နားလည်လျှင်ပင်၊ ယင်းကို မရရှိနိုင်ပေ။ အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို ငြင်းပယ်၊ ခုခံပြီး ဆန့်ကျင်သောကြောင့် ဖြစ်သည်။ ရိုးသားစွာ စကားပြောခြင်းနှင့် မိမိ၏ အမှားများကို ဝန်ခံခြင်း၏ အခြေခံအကျဆုံး အဆင့်တွင်၊ ၎င်းတို့သည် ဤအရိုးရှင်းဆုံး သမ္မာတရားကိုပင် လက်တွေ့မလုပ်နိုင် သို့မဟုတ် မဆောင်ရွက်နိုင်ကြပေ။ ၎င်းတို့အနေဖြင့် မိမိတို့၏ အဆင့်အတန်းကို လက်လွတ်ရန်၊ မိမိတို့၏ အလားအလာများနှင့် ကံကြမ္မာတို့ကို လက်လွတ်ရန်နှင့် မိမိတို့ကိုယ်ပိုင် ရည်ရွယ်ချက်များကို လက်လွတ်ရန် အဘယ်သို့ မျှော်လင့်၍ရနိုင်မည်နည်း။ ယင်းတို့ကို ၎င်းတို့ လက်လွတ်ပြီး ဆန့်ကျင်ပုန်ကန်နိုင်ကြသလော။ ၎င်းတို့အနေဖြင့် ထိုသို့ သာ၍ပင် မလုပ်ဆောင်နိုင်ကြပေ။ မှန်ကန်သောအရာတစ်ခုကိုပင် ၎င်းတို့ မပြောနိုင်လျှင်၊ ဤအရာထက် ပို၍ခက်ခဲသောအရာတစ်ခုကို ၎င်းတို့ ပြုလုပ်ရန် မျှော်လင့်ခြင်းသည် သာ၍ပင် လက်တွေ့မကျပေ။

သင်တို့၏ အနီးဝန်းကျင်၌ အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာသောလူများ ရှိသလော။ အချို့က “အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာသောလူတစ်ယောက်ကို ကျွန်ုပ် မကြုံရသေးပါ။ သို့သော် ကျွန်ုပ်ကိုယ်တိုင် တစ်ယောက်ဖြစ်နိုင်သည်ဟု ခံစားရပါသည်”ဟု ဆိုကောင်းဆိုနိုင်သည်။ သင်တို့ကို ငါ အမှန်တရား ပြောမည်။ သင်တို့သည် အန္တရာယ်ရှိသော အခြေအနေတစ်ခု၌ ရှိနေကြပေသည်။ အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာသောလူများသည် လူ့သဘာဝ၏ အရိပ်အယောင်တစ်ခုတလေကိုမျှ ထိန်းသိမ်းထားသလော။ ၎င်းတို့သည် နတ်ဆိုးများနှင့် တစ်ခုတလေ ကွာခြားသလော။ သင်တို့ထဲမှ မည်သူမဆို အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာသလော။ ပတ်ဝန်းကျင် သို့မဟုတ် နောက်ခံအကြောင်းအရာ မည်သို့ပင်ဖြစ်စေ၊ မည်သည့်အရာပင် ဖြစ်ပျက်ပါစေ၊ ၎င်းတို့၏ မျက်နှာ မနီရဲဘဲ သို့မဟုတ် ၎င်းတို့၏ နှလုံးခုန်မြန်ခြင်း မရှိဘဲ လိမ်ညာမှုများသည် လူတစ်ဦးထံသို့ အလွန်သဘာဝကျကျ ထွက်ပေါ်လာပြီး၊ ၎င်းတို့သည် အမှုအရာအားလုံးကို လိမ်ညာမှုများဖြင့် ကိုင်တွယ်ဖြေရှင်းကြသည်ဟု ဆိုကြပါစို့။ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကို ကျင့်ကြံပြုမူပြီး လောကနှင့် ဆက်ဆံရာတွင်၊ ဘဝ၏ ကဏ္ဍတိုင်း၌၊ စကားပြောရန် အခွင့်အရေးရှိသရွေ့၊ ၎င်းတို့ပြောသမျှသည် လိမ်ညာမှုတစ်ခုဖြစ်ပြီး၊ မှန်ကန်သောဝါကျ တစ်ကြောင်းမျှ မရှိပေ။ ယင်းအားလုံးသည် ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များကို ဆောင်ကြဉ်းပြီး စာတန်၏ အကြံအစည်များက အတူပါရှိနေသည်။ ဤသည်မှာ ရိုးသားသောသူတစ်ဦး မဟုတ်ပေ။ မည်သည့်အခြေအနေ၌မဆို လိမ်ညာနိုင်ခြင်း၊ လည်စင်းပေးရသည့်တိုင်၊ ဤသည်မှာ မျှော်လင့်ချက်မရှိသော တစ်စုံတစ်ဦး မဟုတ်လော။ အန္တိခရစ်များ၌ရှိသော အကျင့်ဖြစ်နေသော လိမ်ညာခြင်း၏ အမျိုးမျိုးသော သရုပ်သကန်များမှ အကဲဖြတ်ရလျှင်၊ ၎င်းတို့၏ လိမ်ညာမှုများသည် အလွန်များပြားလွန်းသည်။ ၎င်းတို့ ပြောဆိုခြင်း၏ ရည်ရွယ်ချက်မှာ လူတို့ကို လှည့်စားရန်၊ အထင်အမြင်မှားစေရန်၊ လိမ်လည်လှည့်ဖြားရန် ဖြစ်သည်။ ၎င်းတို့၏ စကားလုံးရှိသမျှသည် စာတန်၏ အကြံအစည်များနှင့် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေပြီး၊ ပုံမှန်လူ့သဘာဝနှင့် သက်ဆိုင်သော ရိုးသားခြင်း၏ သရုပ်သကန်တစ်ခုတလေမျှ မရှိပေ။ အန္တိခရစ်များသည် ပုံမှန်လူ့သဘာဝ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ရိုးသားခြင်း လက္ခဏာ လုံးဝကင်းမဲ့သည်ဟု ဆိုနိုင်သည်။ ရိုးသားခြင်း ကင်းမဲ့ပြီး အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာနိုင်စွမ်းရှိသောလူများကို မကောင်းဆိုးဝါးဆန်သော သဘာဝရှိသည်ဟု သတ်မှတ်သည်။ ၎င်းတို့သည် နတ်ဆိုးများ ဖြစ်ကြသည်။ ထိုသို့သောလူများသည် အလွယ်တကူ ကယ်တင်ခြင်း မခံရကြပေ။ အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို လက်မခံသည့်အပြင် ယင်းကို လက်ခံရန် အလွန်ခက်ခဲသည်ဟု မြင်ကြသောကြောင့် ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။