နောက်ဆက်တွဲ ၅- အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၂) အခန်း တစ်
၂။ ကိုယ်ကျင့်စရိုက်နှင့် စိတ်သဘောထား အနှစ်သာရတို့အကြား ကွာခြားချက်
ပြီးခဲ့သည့်အခေါက်က အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်ကို ငါတို့ အကျဉ်းချုပ်ဖော်ပြခဲ့ကြသည်။ ယင်း၌ အဘယ်အရာများ ပါဝင်သည်ကို သင်တို့ မျှဝေနိုင်သလော။ (ပထမအချက်မှာ အကျင့်ဖြစ်နေသော လိမ်ညာခြင်း၊ ဒုတိယအချက်မှာ မသိမသာ ဒုက္ခပေးပြီး ရက်စက်ခြင်း၊ တတိယအချက်မှာ ဟီရိဩတ္တပ္ပ မရှိသည့်အပြင် အရှက်မဲ့ခြင်း၊ စတုတ္ထအချက်မှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခြင်း၊ ပဉ္စမအချက်မှာ အာဏာကြီးသူများကို တွယ်ကပ်ခြင်းနှင့် အားနည်းသူများကို ဖိနှိပ်ခြင်း၊ ဆဋ္ဌမအချက်မှာ သာမန်လူများထက် ရုပ်ဝတ္ထုပစ္စည်းများကို ပို၍တောင့်တခြင်းတို့ ဖြစ်ပါသည်။) စုစုပေါင်း အချက်ခြောက်ချက် ရှိသည်။ ဤအချက်ခြောက်ချက်ကို ကြည့်ခြင်းအားဖြင့် အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်သည် လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့နေသည်။ ၎င်းတို့၌ တည်ကြည်မှု နည်းပါးပြီး ၎င်းတို့၏ ကိုယ်ကျင့်စရိုက်က စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်။ သင်သည် လူတစ်ဦး၏ စိတ်သဘောထားကို မသိ သို့မဟုတ် နားမလည်နိုင်၊ သို့မဟုတ် ကောင်းသည်၊ ဆိုးသည်ကို မသိသော်လည်း၊ သူ၏ ကိုယ်ကျင့်စရိုက်အကြောင်း လေ့လာခြင်းမှတစ်ဆင့်၊ ဥပမာ၊ သူ့အနေဖြင့်အလေ့အကျင့်ဖြစ်နေအောင် လိမ်လည်ခြင်း၊ ဟီရိဩတ္တပ္ပ မရှိခြင်း သို့မဟုတ် တိတ်တဆိတ်အန္တရာယ်ပြုတတ်ပြီး ရက်စက်ခြင်းကဲ့သို့သော စက်ဆုပ်ရွံရှာဖွယ် ကိုယ်ကျင့်စရိုက်တစ်ခု ရှိသည်ကို သင် ရှာဖွေတွေ့ရှိသည်ဆိုပါစို့။ ထို့နောက် သင်သည် ထိုသူကို အသိစိတ်မရှိသူ၊ ကြင်နာသောစိတ်နှလုံးမရှိသူ သို့မဟုတ် မြင့်မြတ်သော ကိုယ်ကျင့်စရိုက်မရှိသူတစ်ဦးအဖြစ်၊ ယင်းအစား ဆိုးသော၊ အလွန့်အလွန် ညံ့ဖျင်းသော၊ ဆိုးယုတ်သော လူ့သဘာဝရှိသူတစ်ဦးအဖြစ် ကနဦး သတ်မှတ်နိုင်သည်။ အကယ်၍ ထိုသို့သောလူများ၌ အဆင့်အတန်းမရှိပါက ၎င်းတို့ကို ဆိုးယုတ်သောလူများအဖြစ် ယာယီသတ်မှတ်နိုင်သည်။ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်ကို အကဲဖြတ်ခြင်းအားဖြင့် ၎င်းတို့ကို အန္တိခရစ်များအဖြစ် လုံးလုံးလျားလျားနှင့် အပြည့်အဝ သတ်မှတ်၍ရနိုင်သလော။ အကယ်၍ ၎င်းတို့၏ လူ့သဘာဝဆိုင်ရာ ဤသရုပ်သကန်များကိုသာ ထည့်သွင်းစဉ်းစားပါက ထိုသို့သောလူများကို ရာခိုင်နှုန်း ၈၀ သေချာမှုဖြင့် အန္တိခရစ်များအဖြစ် သတ်မှတ်၍ရနိုင်ပေသည်။ ၎င်းတို့၌ အန္တိခရစ်၏စိတ်သဘောထား ရှိရုံမျှသာမဟုတ်သည့်အပြင်၊ ၎င်းတို့၏လူ့သဘာဝသည် ဆိုးယုတ်ခြင်း၊ မကောင်းခြင်းနှင့် ညံ့ဖျင်းခြင်းမျှသာ ဖြစ်သည် မဟုတ်ပေ။ ထို့ကြောင့် ငါတို့သည် ၎င်းတို့ကို အန္တိခရစ်များအဖြစ် ကနဦး သတ်မှတ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် အန္တိခရစ်အဖြစ် သတ်မှတ်ခြင်းခံရသော မည်သူတစ်ဦးတစ်ယောက်မျှ ကောင်းသောလူ့သဘာဝ၊ ရိုးသားခြင်း၊ ကြင်နာခြင်း၊ ရိုးရှင်းခြင်း၊ ဖြောင့်မတ်တည်ကြည်ခြင်း၊ အခြားသူများအပေါ် ရိုးသားဖြူစင်ခြင်း သို့မဟုတ် ဟီရိဩတ္တပ္ပတို့အား မပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ကိုယ်ကျင့်စရိုက်၏ ဤသွင်ပြင်လက္ခဏာများကို ပိုင်ဆိုင်သော မည်သူတစ်ဦးတစ်ယောက်မျှ အန္တိခရစ်မဟုတ်ပေ။ အန္တိခရစ်များ၏ လူ့သဘာဝသည် ပထမဦးစွာ အတော်ပင် ညံ့ဖျင်းသည်။ ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ပြီး လူ့သဘာဝနှင့် မြင့်မြတ်သော တည်ကြည်မှုရှိသည့်လူများ၌ ရှိသည့် ကိုယ်ကျင့်စရိုက်ကို သေချာပေါက် မပိုင်ဆိုင်ကြပေ။ ထို့ကြောင့် အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်ကို အကဲဖြတ်ခြင်းအားဖြင့် ၎င်းတို့အနေဖြင့် အဆင့်အတန်းမရှိသည့်အပြင် သာမန်နောက်လိုက်တစ်ဦး သို့မဟုတ် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေသော အဖွဲ့တစ်ဖွဲ့၏ သာမန်အဖွဲ့ဝင်တစ်ဦးမျှသာ ဖြစ်သော်လည်း ၎င်းတို့၏ ကိုယ်ကျင့်စရိုက်မှာ အတော်ပင် ညံ့ဖျင်းပြီး အန္တိခရစ်တစ်ဦး၏ ကိုယ်ကျင့်စရိုက်ဆိုင်ရာ လက္ခဏာများကို ပိုင်ဆိုင်ပါက ဤလူတို့ကို အန္တိခရစ်များအဖြစ် ကနဦး ငါတို့ သတ်မှတ်နိုင်သည်။ ရိပ်စားမိနိုင်ခြင်းမရှိသော သူတို့နှင့်ပတ်သက်၍ အဘယ်အရာ လုပ်ဆောင်သင့်သနည်း။ ၎င်းတို့ကို ရာထူးတိုးပေးခြင်း သို့မဟုတ် အဆင့်အတန်းပေးခြင်း မပြုသင့်ပေ။ အချို့က “အကယ်၍ ကျွန်ုပ်တို့က သူတို့ကို အဆင့်အတန်းပေးပါက သူတို့ အန္တိခရစ်များ ဟုတ်မဟုတ်ဟူသည်ကို ထိုအရာက ဆုံးဖြတ်ပေးမည် မဟုတ်လော”ဟု ဆိုကောင်းဆိုနိုင်သည်။ ထိုပြောဆိုချက်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။) အကယ်၍ ထိုသို့သောလူများကို ငါတို့ အဆင့်အတန်းပေးပါက ၎င်းတို့သည် အန္တိခရစ်များ ပြုလုပ်သည့်အရာများကို ပြုလုပ်ကြလိမ့်မည်ဖြစ်ပြီး အန္တိခရစ်တစ်ဦး လုပ်ဆောင်နိုင်စွမ်းရှိသမျှကို လုပ်ဆောင်ကြလိမ့်မည်။ ပထမဦးစွာ ၎င်းတို့သည် သီးခြား နယ်ပယ်များကိုတည်ထောင်ကြလိမ့်မည်ဖြစ်ပြီး ထို့အပြင် လူတို့ကို ထိန်းချုပ်ကြလိမ့်မည်။ ဤလူစားမျိုးသည် ဘုရားအိမ်တော်ကို အကျိုးပြုသည့်အရာများကို လုပ်ဆောင်လိမ့်မည်လော။ (လုပ်ဆောင်မည်မဟုတ်ပါ။) ထိုသို့သောလူများက အဆင့်အတန်းရရှိသည်နှင့်တစ်ပြိုင်နက် သီးခြားနယ်ပယ်များကို တည်ထောင်နိုင်သည်၊ လက်လွတ်စပယ် ပြုမူနိုင်သည်၊ အဖျက်အမှောင့်များနှင့် အနှောင့်အယှက်များကို ဖြစ်စေနိုင်သည်၊ အုပ်စုဖွဲ့နိုင်ပြီး ဆိုးယုတ်သောလူများ၏ လုပ်ဆောင်ချက်အားလုံးကို လုပ်ဆောင်နိုင်သည်။ ယင်းမှာ စပျစ်ခြံထဲသို့ မြေခွေးတစ်ကောင်ကို ဝင်ခွင့်ပြုခြင်း၊ ဘုရားသခင်၏ ရွေးချယ်ထားသောလူများကို ဆိုးယုတ်သောလူများ၏ လက်ထဲသို့ ထားရှိခြင်း၊ ၎င်းတို့ကို နတ်ဆိုးများနှင့် စာတန်များထံသို့ လွှဲအပ်ခြင်းတို့နှင့် တူညီသည်။ ဤလူတို့က အာဏာရသည်နှင့်တစ်ပြိုင်နက်၊ အန္တိခရစ်များဖြစ်သည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ အကယ်၍ လူတစ်ဦးက အန္တိခရစ်ဟုတ်မဟုတ်ဟူသည်ကို သူ၏ ကိုယ်ကျင့်စရိုက်အပေါ်၌သာ အခြေခံ၍ ဆုံးဖြတ်ပါက စစ်မှန်သော အချက်အလက်များကို မသိရှိသောသူများ၊ အန္တိခရစ်များ၏ စိတ်သဘောထား အနှစ်သာရကို နားမလည်သောသူများ သို့မဟုတ် မပိုင်းခြားနိုင်သော သူများစွာတို့အတွက် ထိုအရာက အနည်းငယ် လွန်ကဲသည်ဟု ထင်ရနိုင်သည်။ ၎င်းတို့က “အဘယ်ကြောင့် တစ်စုံတစ်ဦးကို ဤအရာတစ်ခုတည်းအပေါ် အခြေခံ၍ လုံးဝ ပယ်ချ သို့မဟုတ် ပြစ်တင်ရှုတ်ချရသနည်း။ မည်သည့်အရာမျှ သူတို့ မပြုလုပ်မီ အန္တိခရစ်အဖြစ် သူတို့ကို အမည်တပ်ခြင်းသည် မတရားဟု ထင်ရသည်”ဟု တွေးကောင်း တွေးနိုင်သည်။ သို့ရာတွင် အန္တိခရစ်များ၏ စိတ်သဘောထား အနှစ်သာရကို အကဲဖြတ်ခြင်းအားဖြင့် ၎င်းတို့က ကောင်းသော လူ့သဘာဝတစ်ခု ကင်းမဲ့သည်မှာ မေးခွန်းထုတ်စရာမရှိပေ။ ပထမဦးစွာ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူများ မုချ မဟုတ်ကြပေ။ ဒုတိယအနေဖြင့် ၎င်းတို့သည် သမ္မာတရားကို မချစ်မြတ်နိုးကြသည်မှာ မေးခွန်းထုတ်စရာမရှိပေ။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံပြီး ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်သော လူစားမျိုး လုံးဝမဟုတ်ကြပေ။ ထိုသို့သော အရည်အသွေးများကို မပိုင်ဆိုင်သောသူတို့အတွက် ၎င်းတို့၏ ကိုယ်ကျင့်စရိုက်က မြင့်မြတ်ခြင်း သို့မဟုတ် ယုတ်ညံ့ခြင်း ရှိမရှိ၊ ကောင်းခြင်း သို့မဟုတ် ဆိုးခြင်း ရှိမရှိဟူသည်မှာ အတော်ပင် သိသာထင်ရှားပေသည်။
ပြီးခဲ့သည့် စုဝေးပွဲ၌ ငါတို့သည် အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်မှတစ်ဆင့် ထင်ရှားသော အပြုအမူအမျိုးမျိုး၊ စကားပြောပုံနှင့် ကိစ္စရပ်များကို ကိုင်တွယ်ပုံနည်းလမ်းများ စသည်တို့ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အကယ်၍ လူတစ်ဦးက အန္တိခရစ် ဟုတ်မဟုတ်ဟူသည်ကို သူ၏ ကိုယ်ကျင့်စရိုက်အပေါ် အခြေခံ၍ လုံးဝ မဆုံးဖြတ်နိုင်ပါက အန္တိခရစ်များ၏ စိတ်သဘောထား အနှစ်သာရအပေါ် ထပ်မံ၍ မိတ်သဟာယဖွဲ့ရန် ငါတို့ လိုအပ်ပေသည်။ အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်ကို တစ်ဖက်မှ ဆန်းစစ်ပိုင်းခြားခြင်းနှင့် ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရကို အခြားတစ်ဖက်မှ ဆန်းစစ်ပိုင်းခြားခြင်းတို့အားဖြင့်၊ ဤနှစ်ခုကို ပေါင်းစပ်ခြင်းမှတစ်ဆင့် လူတစ်ဦး၌ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားမျှသာ ပိုင်ဆိုင်ခြင်း သို့မဟုတ် အမှန်တကယ်ပင် အန္တိခရစ်တစ်ဦး ဟုတ်မဟုတ်ဟူသည်ကို ငါတို့ ဆုံးဖြတ်နိုင်သည်။ ယနေ့တွင် အန္တိခရစ်များ၌ မည်သည့်စိတ်သဘောထား အနှစ်သာရများ ရှိသည်ကို အကျဉ်းချုပ်ဖော်ပြကြစို့။ ဤသည်မှာ လူတစ်ဦးက အန္တိခရစ် ဟုတ်မဟုတ်ဟူသည်ကို ငါတို့အားပိုမို ရှင်းလင်းစွာ သိမြင်ခွင့်၊ ပိုင်းခြားသိမြင်ခွင့်ပေးသည့် သို့မဟုတ် ဆုံးဖြတ်ခွင့်ပေးသည့် ပို၍အရေးပါသော လက္ခဏာတစ်ခု ဖြစ်သည်။
စိတ်သဘောထားနှင့်စပ်လျဉ်း၍ ထိုအရာအပေါ် ခိုင်လုံသည့် အကျဉ်းချုပ်တစ်ခုကို ယခင်က ငါတို့ ပြုလုပ်ခဲ့သည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ အဘယ်နည်း။ (စိတ်နှလုံးမာကျောခြင်း၊ မာနထောင်လွှားခြင်း၊ လှည့်ဖြားတတ်ခြင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းတို့ ဖြစ်ပါသည်။) ထိုအရာများသည် ဤခြောက်မျိုး အနည်းနှင့်အများ ဖြစ်ကြပြီး တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းကဲ့သို့သော စိတ်သဘောထားများနှင့်ဆိုင်သည့် အခြား ဖော်ပြချက်များသည် ဤခြောက်မျိုးထဲမှ တစ်မျိုးနှင့် အတော်အတန် ဆက်စပ်နေသည် သို့မဟုတ် ဆင်တူပေသည်။ ငါ့ကို ပြောကြလော့၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်စရိုက်နှင့် သူ၏ စိတ်သဘောထား အနှစ်သာရအကြား ကွာခြားချက် ရှိသလော။ ကွာခြားချက်မှာ အဘယ်နည်း။ ကိုယ်ကျင့်စရိုက်ကို အဓိကအားဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရားဖြင့် တိုင်းတာသည်။ ယင်း၌ လူတစ်ဦးက တည်ကြည်မှုရှိမရှိ၊ သူ၏ တည်ကြည်မှုက မြင့်မြတ်ခြင်းရှိမရှိ၊ သူ၌ ဂုဏ်သိက္ခာရှိမရှိ၊ သူ၌ လူ့ကိုယ်ကျင့်တရား ပိုင်ဆိုင်ခြင်းရှိမရှိ၊ သူ၏ ကိုယ်ကျင့်တရားအဆင့် မည်သို့ရှိသည်၊ သူ၌ ကျင့်ကြံပြုမူပုံတွင် အနိမ့်ဆုံးစံနှုန်းနှင့် စည်းမျဉ်းများ ရှိမရှိ၊ သူ၏ လူ့သဘာဝက ကောင်းခြင်းဖြစ်စေ၊ ဆိုးယုတ်ခြင်းဖြစ်စေ ရှိမရှိ၊ သူသည် ရိုးရှင်းကာ ရိုးသားသူ ဟုတ်မဟုတ် ဟူသည်တို့မှာ လူတစ်ဦး၏ ကိုယ်ကျင့်စရိုက် အရည်အသွေးနှင့် သက်ဆိုင်သော အချက်များပင် ဖြစ်ပေသည်။ အခြေခံအားဖြင့် ကိုယ်ကျင့်စရိုက်သည် လူတို့က မိမိတို့၏ နေ့စဉ်ဘဝများတွင် ထင်ရှားပေါ်လွင်စေသော အကောင်းနှင့်အဆိုး၊ အပြုသဘောဆောင်သောအရာများနှင့် အပျက်သဘောဆောင်သောအရာများ၊ အမှားနှင့်အမှန်တို့အပေါ် ရွေးချယ်မှုများနှင့် စိတ်ညွှတ်မှုများဖြင့် ဖွဲ့စည်းထားသည်။ ဤအရာများမှာ ယင်းနှင့်သက်ဆိုင်သည့်အရာများ ဖြစ်သည်။ ဤသည်မှာ အခြေခံအားဖြင့် သမ္မာတရား မပါဝင်ပေ။ ယင်းကို ကောင်းသောလူ့သဘာဝ၊ ဆိုးယုတ်သော လူ့သဘာဝတို့နှင့်အတူ အသိစိတ်၏ စံနှုန်းဖြင့်သာ တိုင်းတာပြီး သမ္မာတရားအဆင့်သို့ အမှန်တကယ် မရောက်ရှိပေ။ အကယ်၍ စိတ်သဘောထား ပါဝင်ပတ်သက်ပါက ယင်းကို လူတစ်ဦး၏ အနှစ်သာရအား အသုံးပြု၍ တိုင်းတာရမည်ဖြစ်သည်။ သူက ကောင်းမြတ်မှုကို နှစ်သက်သည်ဖြစ်စေ၊ ဆိုးယုတ်မှုကို နှစ်သက်သည်ဖြစ်စေ၊ တရားမျှတမှုနှင့် ကောက်ကျစ်ဆိုးယုတ်မှုအပြင်၊ အပြုသဘောဆောင်သော အရာများ၊ အပျက်သဘောဆောင်သော အရာများနှင့် ပတ်သက်လာသောအခါ သူ ထင်ရှားပေါ်လွင်စေသည့်အရာ၊ သူ၏ ရွေးချယ်မှုများနှင့် သူ အမှန်တကယ် ထုတ်ဖော်သည့် စိတ်သဘောထား၊ သူ၏ တုံ့ပြန်မှုများ ဖြစ်နိုင်သည့်အရာ၊ ဤအရာများကို သမ္မာတရားအား အသုံးပြု၍ တိုင်းတာရမည်ဖြစ်သည်။ အကယ်၍ လူတစ်ဦး၏ ကိုယ်ကျင့်စရိုက်သည် အတော်အသင့် ကြင်နာတတ်လျှင်၊ သူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိလျှင်၊ ထိုသူသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိဟု ဆို၍ရနိုင်သလော။ (မရနိုင်ပါ။) အကယ်၍ လူတစ်ဦးသည် အလွန်ကြင်နာတတ်ပါက ထိုသူသည် မာနထောင်လွှားခြင်း ရှိသလော။ (ရှိပါသည်။) အကယ်၍ လူတစ်ဦးသည် အလွန်ရိုးသားပါက သူသည် စိတ်နှလုံးမာကျောသော စိတ်သဘောထား ရှိသလော။ (ရှိပါသည်။) လူတစ်ဦး၏ ကိုယ်ကျင့်စရိုက်က မည်မျှပင် ကောင်းမွန်စေကာမူ၊ သူ၏ တည်ကြည်မှုက မည်မျှပင် မြင့်မြတ်စေကာမူ၊ ဤအရာတစ်ခုကမျှ သူ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ကင်းမဲ့သည်ဟု မဆိုလိုပေ။ အကယ်၍ လူတစ်ဦးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိပါက ဤသည်မှာ ဘုရားသခင်ကို သူ မည်သည့်အခါမျှ ဆန့်ကျင်ခြင်းမရှိ သို့မဟုတ် ပုန်ကန်ခြင်းမရှိဟု ဆိုလိုသလော။ (မဆိုလိုပါ။) သို့ဆိုလျှင် ဤပုန်ကန်မှုသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသောကြောင့်ဖြစ်ပြီး သူတို့၏ စိတ်သဘောထား အနှစ်သာရထဲ၌ စိတ်နှလုံးမာကျောခြင်း၊ မာနထောင်လွှားခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်းစသည်တို့ ရှိနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူတစ်ဦး၏ ကိုယ်ကျင့်စရိုက်က မည်မျှပင် ကောင်းမွန်စေကာမူ ယင်းမှာ သူ၌ သမ္မာတရားရှိသည်၊ သူ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ကင်းမဲ့သည်၊ သို့မဟုတ် သမ္မာတရားကို လိုက်စားခြင်းမရှိဘဲ ဘုရားသခင်ကို ဆန့်ကျင်ခြင်း၊ သစ္စာဖောက်ခြင်းနှင့် ပုန်ကန်ခြင်းတို့အား ရှောင်ရှားနိုင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သည်ဟု မဆိုလိုပေ။ အကယ်၍ သူသည် ကောင်းသော ကိုယ်ကျင့်စရိုက်ရှိပြီး အတော်အသင့် ရိုးရှင်းပါက၊ ရိုးသားပါက၊ ဖြောင့်မှန်ပါက၊ ကြင်နာသောစိတ်နှလုံးရှိပြီး ဟီရိဩတ္တပ္ပ ရှိပါက ဤသည်မှာ သူသည် သမ္မာတရားကို လက်ခံနိုင်သည်၊ သမ္မာတရားကို ချစ်မြတ်နိုးနိုင်သည်၊ ဘုရားသခင် လုပ်ဆောင်သည့်အရာကို ကျိုးနွံနာခံနိုင်သည်ဟုသာ ဆိုလိုပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် သမ္မာတရားကို လက်ခံနိုင်သော ကိုယ်ကျင့်စရိုက်တစ်ခုကို ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။
ကောင်းသောကိုယ်ကျင့်စရိုက်ကိုဖြစ်စေ၊ ဆိုးသော ကိုယ်ကျင့်စရိုက်ကိုဖြစ်စေ အသိစိတ်၊ ကိုယ်ကျင့်တရားနှင့် တည်ကြည်မှုကဲ့သို့သော အခြေခံစံသတ်မှတ်ချက်များကို အသုံးပြု၍ တိုင်းတာသည်။ သို့ရာတွင် တစ်စုံတစ်ဦး၏ စိတ်သဘောထား အနှစ်သာရကိုမူ အစောပိုင်းက ဖော်ပြခဲ့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားခြောက်မျိုးကို အသုံးပြု၍ တိုင်းတာရမည်ဖြစ်သည်။ အကယ်၍ လူတစ်ဦး၌ မြင့်မားသော ကိုယ်ကျင့်တရားစံနှုန်း၊ တည်ကြည်မှု၊ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ကြင်နာသောစိတ်နှလုံးတို့ရှိပါက သူ၏ ကိုယ်ကျင့်စရိုက်သည် အတော်အသင့် ကောင်းမွန်သည်ဟုသာ ဆိုနိုင်သည်။ သို့ရာတွင် ယင်းက ဤသူသည် သမ္မာတရားကို နားလည်သည်၊ သမ္မာတရားကို ပိုင်ဆိုင်သည် သို့မဟုတ် သမ္မာတရားစည်းမျဉ်းများအတိုင်း ကိစ္စရပ်များကို ကိုင်တွယ်နိုင်သည်ဟု မဆိုလိုပေ။ ဤအရာက အဘယ်အရာကို အတည်ပြုသနည်း။ သူ၌ ကောင်းသော ကိုယ်ကျင့်စရိုက်၊ အတော်အသင့် မြင့်မြတ်သော တည်ကြည်မှုနှင့် မိမိကိုယ်ကို ကျင့်ကြံပြုမူပုံနှင့် ပြုမူဆောင်ရွက်ပုံအတွက် ပိုမိုမြင့်မားသော ကိုယ်ကျင့်တရားစံနှုန်း ရှိသော်လည်း၊ ယင်းမှာ သူသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ကင်းမဲ့ကြောင်း၊ သမ္မာတရားကို ပိုင်ဆိုင်ကြောင်း သို့မဟုတ် သူ၏ စိတ်သဘောထားက ဘုရားသခင်၏ တောင်းဆိုချက်များနှင့် အပြည့်အဝ ကိုက်ညီကြောင်းကို မဆိုလိုပေ။ အကယ်၍ လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၌ ပြောင်းလဲမှုမရှိဘဲ သမ္မာတရားကို သူ နားမလည်ပါက၊ သူ၏ ကိုယ်ကျင့်စရိုက် မည်မျှပင် ကောင်းမွန်စေကာမူ၊ သူသည် အမှန်တကယ် လူကောင်းတစ်ဦး မဟုတ်ပေ။ လူတစ်ဦးသည် စိတ်သဘောထား၌ အတော်အသင့် ပြောင်းလဲမှုကို တွေ့ကြုံခံစားရသည် ဆိုကြပါစို့၊ ဆိုလိုသည်မှာ သူသည် မိမိ၏ လုပ်ဆောင်ချက်များ၌ သမ္မာတရားကို ရှာဖွေသည်၊ ကိစ္စရပ်များကို ကိုင်တွယ်ပုံ၌ သမ္မာတရားစည်းမျဉ်းများကို တက်ကြွစွာ လိုက်နာပြီးသမ္မာတရားနှင့် ဘုရားသခင်ကို ကျိုးနွံနာခံကာ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် တစ်ခါတစ်ရံ ပေါ်ထွက်နေဆဲဖြစ်ပြီး မာနထောင်လွှားခြင်းနှင့် လှည့်ဖြားတတ်ခြင်းကို ထုတ်ဖော်ကာ ပြင်းထန်သော အခြေအနေများ၌ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားကို ထုတ်ဖော်သော်လည်း အလုံးစုံကြည့်လျှင် သူ၏ လုပ်ဆောင်ချက်များ၏ ရင်းမြစ်၊ လားရာနှင့် ရည်မှန်းချက်တို့က သမ္မာတရားစည်းမျဉ်းများနှင့် အညီ ဖြစ်ပြီး သူ ပြုမူသောအခါ ရှာဖွေခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ဖြင့် ပြုမူသည် ဆိုကြပါစို့။ သို့ဆိုလျှင် သူ၏ ကိုယ်ကျင့်စရိုက်သည် စိတ်သဘောထား၌ ပြောင်းလဲမှု မရှိသောသူတို့ထက် ပို၍မြင့်မြတ်သည်ဟု ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) အကယ်၍ လူတစ်ဦး၏ ကိုယ်ကျင့်စရိုက်သည် ပင်ကိုအားဖြင့်သာ ကောင်းမွန်ပြီး အခြားသူများ၏ အမြင်တွင် သူ၏ လူ့သဘာဝက ကောင်းမွန်သော်လည်း သမ္မာတရားကို လုံးဝ နားမလည်လျှင်၊ ဘုရားသခင်အပေါ် အယူအဆများနှင့် စိတ်ကူးစိတ်သန်းများဖြင့် ပြည့်နေကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ တွေ့ကြုံခံစားရမည်ကို မသိသည့်အပြင်၊ ဘုရားသခင် ပြုလေသမျှကို မည်သို့ကျိုးနွံနာခံရမည်ဟူသည်ကို မဆိုထားနှင့်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များအား မည်သို့ လက်ခံရမည်ကို မသိလျှင်၊ ဤသည်မှာ အမှန်တကယ် ကောင်းမြတ်သောလူတစ်ဦး ဟုတ်သလော။ တိကျစွာဆိုရလျှင် သူသည် စစ်မှန်စွာကောင်းမြတ်သော လူတစ်ဦး မဟုတ်သော်လည်း သူ၏ ကိုယ်ကျင့်စရိုက်က အတော်ပင် ကောင်းမွန်သည်ဟု တိကျစွာ ဆိုနိုင်သည်။ အတော်ပင် ကောင်းမွန်သော ကိုယ်ကျင့်စရိုက်ရှိခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ အတော်အသင့် တည်ကြည်မှုရှိခြင်း၊ မိမိ၏ လုပ်ဆောင်ချက်များတွင်လည်းကောင်း၊ အခြားသူများနှင့် အပြန်အလှန်ဆက်ဆံရာတွင် အတော်အသင့် မျှတပြီး တရားခြင်း၊ အခြားသူများကို အခွင့်အရေးမယူခြင်း၊ အတော်အသင့် ရိုးသားခြင်း၊ အခြားသူများကို မထိခိုက်စေခြင်း သို့မဟုတ် အန္တရာယ်မပြုခြင်း၊ အသိစိတ်ဖြင့်ပြုမူခြင်းနှင့် ကိုယ်ကျင့်တရားစံနှုန်းတစ်ခုခုကို ပိုင်ဆိုင်ခြင်းဖြစ်ပြီး၊ ယင်းသည် ဥပဒေကို ချိုးဖောက်ခြင်းနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ဆက်ဆံရေးများကို ချိုးဖောက်ခြင်းတို့အား ရှောင်ကြဉ်ခြင်းမျှထက် ကျော်လွန်ပေသည်။ ထိုအရာသည် ဤစံနှုန်းနှစ်ခုထက် အနည်းငယ် ပိုမြင့်သော အရာတစ်ခု ဖြစ်သည်။ လူတို့သည် ထိုသို့သောလူတစ်ဦးနှင့် အပြန်အလှန်ဆက်ဆံသောအခါ ထိုသူသည် အတော်အသင့် သမာဓိရှိသည်ဟု ခံစားရပြီး သူတို့ အတူရှိနေစဉ် ထိုသူ့ကို သတိထားရန် မလိုအပ်ပေ။ အကြောင်းမှာ ထိုသူသည် အခြားသူများကို အန္တရာယ်မပြု သို့မဟုတ် မထိခိုက်စေသည့်အပြင် လူတို့က သူနှင့် အပြန်အလှန် ဆက်ဆံသည့်အခါတိုင်း စိတ်အေးချမ်းကြသောကြောင့် ဖြစ်သည်။ ဤအရည်အသွေးများကို ပိုင်ဆိုင်ခြင်းသည် အတော်ပင် ကောင်းသောလူတစ်ဦးဖြစ်ကြောင်း ညွှန်ပြသည်။ သို့ရာတွင် သမ္မာတရားကို နားလည်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကာ ကျိုးနွံနာခံနိုင်သောသူတို့နှင့် နှိုင်းယှဉ်လျှင်၊ ထိုသို့သော လူ့သဘာဝသည် မည်သည့်မြင့်မြတ်မှုမျှ မရှိပေ။ တစ်နည်းအားဖြင့်ဆိုသော် လူတစ်ဦး၏ လူ့သဘာဝက မည်မျှပင် ကောင်းမွန်စေကာမူ ယင်းသည် သမ္မာတရားကို နားလည်ခြင်း သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအား အစားမထိုးနိုင်သည့်အပြင် စိတ်သဘောထားပြောင်းလဲခြင်းကိုလည်း သေချာပေါက် အစားမထိုးနိုင်ပေ။
ကိုယ်ကျင့်စရိုက်သည် လူတို့၏ အသိစိတ်၊ ကိုယ်ကျင့်တရားနှင့် တည်ကြည်မှုတို့ကို ရည်ညွှန်းသည်။ လူတစ်ဦး၏ ကိုယ်ကျင့်စရိုက်ကို တိုင်းတာရန်အတွက် သူ၏ အသိစိတ်၊ ကိုယ်ကျင့်တရားနှင့် တည်ကြည်မှုတို့ကို အကဲဖြတ်ရန် လိုအပ်သည်။ သို့သော် စိတ်သဘောထားသည် အဘယ်အရာကို ရည်ညွှန်းသနည်း၊ ယင်းကို မည်သို့ တိုင်းတာသနည်း။ ယင်းကို သမ္မာတရားဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် တိုင်းတာသည်။ လူတစ်ဦး၏ ကိုယ်ကျင့်စရိုက်က အဘက်ဘက်မှ အလွန်ကောင်းမွန်သည်၊ သူသည် လူကောင်းတစ်ဦးဖြစ်သည်ဟု လူတိုင်းက ယုံကြည်ပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အမြင်တွင် သူသည် အပြစ်အနာအဆာ သို့မဟုတ် ချို့ယွင်းချက်မရှိဟု ထင်ရလျက် စုံလင်ပြီး ပြည့်စုံသည်ဟု ဆိုနိုင်သည် ဆိုကြပါစို့။ သို့သော် သမ္မာတရားဖြင့် တိုင်းတာသောအခါ သူ၏ ကောင်းမြတ်ခြင်းဟုခေါ်သော အရာအနည်းငယ်မှာ ဖော်ပြရန်ပင် မထိုက်တန်သလောက် ဖြစ်သည်။ သူ၏ စိတ်သဘောထားကို ဆန်းစစ်သောအခါ မာနထောင်လွှားခြင်း၊ စိတ်နှလုံးမာကျောခြင်း၊ လှည့်ဖြားတတ်ခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်း၊ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ခြင်းအပြင်၊ ထို့ထက်ပင်ပို၍ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား၏ သရုပ်သကန်ကို တွေ့ရှိရနိုင်သည်။ ဤသည်မှာ အဖြစ်မှန်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) လူတစ်ဦး၏ စိတ်သဘောထား အနှစ်သာရကို မည်သို့ တိုင်းတာသနည်း။ ယင်းကို သမ္မာတရားဖြင့်၊ သမ္မာတရားနှင့် ဘုရားသခင်အပေါ် လူတစ်ဦး၏ သဘောထားကို အကဲဖြတ်ခြင်းဖြင့် တိုင်းတာပေသည်။ ဤနည်းအားဖြင့် ထိုသူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် လုံးလုံးလျားလျားနှင့် အပြည့်အဝ ဖော်ထုတ်ခြင်း ခံရသည်။ လူတို့က သူ့ကို အသိစိတ်၊ တည်ကြည်မှုနှင့် မြင့်မားသော ကိုယ်ကျင့်တရားစံနှုန်းရှိသူအဖြစ် ရှုမြင်နိုင်ပြီး သူသည် သူတော်စင်တစ်ဦး သို့မဟုတ် အခြားသူများအကြား စုံလင်သောလူတစ်ဦးအဖြစ် ချီးမြှောက်ခြင်းခံရသော်လည်း၊ သမ္မာတရားနှင့် ဘုရားသခင်ရှေ့မှောက်သို့ ရောက်လာသောအခါ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အကုန်အစင် ဖော်ထုတ်ခြင်းခံရပြီး၊ သူ၌ မည်သည့်ကောင်းမြတ်ခြင်းမျှ မရှိသည့်အပြင်ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံး၌ ရှိသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သူသည် တစ်ခုမကျန် ပိုင်ဆိုင်ထားကြောင်း ပေါ်လွင်လေသည်။ ဘုရားသခင်က သမ္မာတရားကို ဖော်ပြသောအခါ၊ လူတို့ထံ ပေါ်ထွန်းသောအခါ၊ အမှုပြုသောအခါ သူသည် အခြားလူများကဲ့သို့ပင် စိတ်နှလုံးမာကျောခြင်း၊ မာနထောင်လွှားခြင်း၊ လှည့်ဖြားတတ်ခြင်း၊ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့နှင့်ဆိုင်သည့် တူညီသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများထဲမှ တစ်ခုစီတိုင်းကို ထင်ရှားပေါ်လွင်စေသည်။ ထိုသို့သောလူများသည် စုံလင်သည် မဟုတ်လော။ ၎င်းတို့သည် သူတော်စင်များဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် လူကောင်းများဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် အခြားလူများ၏ အမြင်၌သာ ကောင်းမြတ်ကြခြင်း ဖြစ်သည်။ အကြောင်းမှာ လူတို့၌ သမ္မာတရားကင်းမဲ့ပြီး တူညီသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ပိုင်ဆိုင်သောကြောင့် ၎င်းတို့ အချင်းချင်း တိုင်းတာသည့် စံနှုန်းသည် သမ္မာတရားအပေါ်၌ မဟုတ်ဘဲ အသိစိတ်၊ တည်ကြည်မှုနှင့် ကိုယ်ကျင့်တရားအပေါ်၌သာ အခြေခံသောကြောင့် ဖြစ်သည်။ လူတစ်ဦး၏ ကိုယ်ကျင့်စရိုက်သည် သမ္မာတရားဖြင့် တိုင်းတာခြင်းမခံရသောအခါ မည်သို့ ပေါ်ထွက်လာသနည်း။ သူသည် စစ်မှန်သည့် ကောင်းမြတ်သောလူတစ်ဦး ဟုတ်သလော။ သိသာထင်ရှားစွာပင် မဟုတ်ပေ၊ အကြောင်းမှာ အခြားလူများက ကောင်းမြတ်သည်ဟု သတ်မှတ်ပြီး အကဲဖြတ်ခြင်းခံရသည့် လူတစ်ဦး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများတစ်ခုမျှ ကင်းမဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။ သို့ဆိုလျှင် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် မည်သို့ ဖြစ်ပေါ်ပြီး ဖော်ထုတ်ခြင်းခံရသနည်း။ ဘုရားသခင်သည် သမ္မာတရားကို မဖော်ပြသောအခါ သို့မဟုတ် လူသားမျိုးနွယ်ထံ မပေါ်ထွန်းသောအခါ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် တည်ရှိခြင်းမရှိဟု ထင်ရသည်။ သို့ရာတွင် ဘုရားသခင်က သမ္မာတရားကို ဖော်ပြပြီး လူသားများထံ ပေါ်ထွန်းသောအခါ အခြားသူများ၏ အမြင်တွင် သူတော်စင်များ သို့မဟုတ် စုံလင်သောလူများဟုခေါ်သော သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အပြည့်အဝ ဖော်ထုတ်ခြင်းခံရလေသည်။ ဤရှုထောင့်အမြင်မှကြည့်လျှင် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ၎င်းတို့၏ ကိုယ်ကျင့်စရိုက်နှင့်အတူ တည်ရှိပေသည်။ ဘုရားသခင် ပေါ်ထွန်းသောအခါမှသာ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသည်မဟုတ်။ ထို့ထက် ဘုရားသခင်က သမ္မာတရားကို ဖော်ပြပြီး လူသားမျိုးနွယ်အကြား ပေါ်ထွန်းကာ အမှုပြုသောအခါ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် အကျည်းတန်မှုတို့က ဖော်ထုတ်ခံရခြင်းဖြစ်သည်။ ဤအချိန်တွင် ကောင်းသော ကိုယ်ကျင့်စရိုက်တစ်ခု၏ နောက်ကွယ်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုလည်း ရှိသည်ကို လူတို့ သဘောပေါက်နားလည်ကာ သိရှိလာကြသည်။ အခြားသူများ၏ အမြင်တွင် လူကောင်းများ၊ စုံလင်သောလူများ သို့မဟုတ် သူတော်စင်များသည် အခြားလူတိုင်းကဲ့သို့ပင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ပိုင်ဆိုင်ကြပြီး အခြားမည်သူထက်မျှ မလျော့နည်းပေ။ ဤလူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အခြားလူများထက်ပင် ပို၍ ကွယ်ဝှက်ထားပြီး အထင်အမြင်မှားစေနိုင်သည့်အစွမ်း ပိုရှိသည်။ သို့ဆိုလျှင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဆိုသည်မှာ အတိအကျ အဘယ်အရာဖြစ်သနည်း၊ ပြီးလျှင် စိတ်သဘောထား အနှစ်သာရဆိုသည်မှာ အဘယ်နည်း။ လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ထိုသူ၏ အနှစ်သာရ ဖြစ်သည်။ လူတစ်ဦး၏ ကိုယ်ကျင့်စရိုက်သည် မိမိကိုယ်ကို ကျင့်ကြံပြုမူခြင်း၏ အပေါ်ယံ စည်းကမ်းအချို့ကိုသာ ကိုယ်စားပြုပြီး လူတစ်ဦး၏ လူ့သဘာဝအနှစ်သာရကို ထင်ဟပ်ခြင်း မရှိပေ။ လူတစ်ဦး၏ လူ့သဘာဝ အနှစ်သာရအကြောင်းကို ငါတို့ ပြောသောအခါ၊ သူ၏ စိတ်သဘောထားကို ငါတို့ ရည်ညွှန်းနေခြင်း ဖြစ်သည်။ လူတစ်ဦး၏ ကိုယ်ကျင့်စရိုက်ကို ငါတို့ ဆွေးနွေးသောအခါ ၎င်းတို့၌ ကောင်းသော ရည်ရွယ်ချက်များ ရှိမရှိ၊ ကြင်နာစိတ်ရှိမရှိ၊ ၎င်းတို့၏ တည်ကြည်မှုက မည်သို့ရှိသည်၊ ၎င်းတို့၌ ကိုယ်ကျင့်တရားစံနှုန်းများ ရှိမရှိဟူသကဲ့သို့သော ထင်ရှားသည့် သွင်ပြင်လက္ခဏာများကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ ယခုတွင် သင်တို့သည် ကိုယ်ကျင့်စရိုက်ဟု ဆိုလိုသည့်အရာနှင့် စိတ်သဘောထား အနှစ်သာရဟု ဆိုလိုသည့်အရာတို့ကို နားလည်ကြပြီလော။ ဤကိစ္စကို လူတစ်ဦး၏ စိတ်နှလုံးထဲ၌သာ အကြွင်းမဲ့ ခံစားနားလည်နိုင်သည်။ ယင်းကို စကားလုံးတစ်လုံး သို့မဟုတ် စကားစုတစ်ခုဖြင့် အဓိပ္ပာယ်ဖွင့်ဆို၍ မရနိုင်ပေ။ ယင်းမှာ အလွန် ရှုပ်ထွေးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ အကယ်၍ ယင်းကို အလွန်ကျဉ်းမြောင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုပြီး ရှင်းပြပါက ယင်းမှာ စံသတ်မှတ်ထားသည်ဟု ထင်ရနိုင်သော်လည်း အမှန်တွင် ရှင်းလင်းမှုမရှိပေ။ ငါသည် ယင်းကို အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ပေးမည်မဟုတ်။ ထိုအရာကို ဤနည်းလမ်းဖြင့် ငါ ရှင်းပြခဲ့ပြီးဖြစ်ကာ၊ အကယ်၍ သင်တို့သည် ထိုအရာကို သင်တို့၏ စိတ်နှလုံးထဲ၌ အကြွင်းမဲ့ သဘောပေါက်ပါက သင်တို့ နားလည်သဘောပေါက်ကြလိမ့်မည်။
လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား စုစုပေါင်း ခြောက်ခု ရှိသည်။ ယင်းတို့မှာ စိတ်နှလုံးမာကျောခြင်း၊ မာနထောင်လွှားခြင်း၊ လှည့်ဖြားတတ်ခြင်း၊ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းတို့ ဖြစ်သည်။ ဤခြောက်မျိုးအနက် မည်သည့်အရာများက အတော်အသင့် ပြင်းထန်ပြီး မည်သည့်အရာများက ပို၍သာမန် သို့မဟုတ် မြင်နေကျဖြစ်ကာ အတိုင်းအတာအရ ပို၍ပျော့ပျောင်းပြီး အခြေအနေများအရ ပြင်းထန်မှု နည်းပါးသနည်း။ (စိတ်နှလုံးမာကျောခြင်း၊ မာနထောင်လွှားခြင်းနှင့် လှည့်ဖြားတတ်ခြင်းတို့မှာ အနည်းငယ် ပို၍ပျော့ပျောင်းပါသည်။) မှန်ပေသည်။ သင်တို့သည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အမျိုးမျိုးသော သရုပ်သကန်များကို အနည်းငယ် သိမြင်နားလည်မှု ရှိကြပုံရသည်။ ဤအချက်သုံးချက်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရသော လူသားမျိုးနွယ်၌ရှိသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများတွင် အကျုံးဝင်ပြီး အနှစ်သာရအားဖြင့် ဘုရားသခင် စက်ဆုပ်ရွံရှာသောအရာ၊ သမ္မာတရားနှင့် မကိုက်ညီသောအရာ၊ ဘုရားသခင်ကို အတိုက်အခံလုပ်သောအရာ ဖြစ်သော်လည်း ဤအချက်အနည်းငယ်သည် ဆိုးရွားမှု အတော်အတန် လျော့နည်းပြီး ပို၍ပေါ့တန်ကာ အနည်းငယ် ပို၍ တွေ့နေကျဖြစ်သည်၊ ထို့ပြင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်တိုင်းသည် ဤအချက်သုံးချက်ကို အတိုင်းအတာအမျိုးမျိုးဖြင့် ပိုင်ဆိုင်ကြပေသည်။ ဤသုံးချက်အပြင် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းတို့မှာ အတိုင်းအတာအရ နှိုင်းယှဉ်လျှင် များစွာ ပို၍ပြင်းထန်သည်။ အကယ်၍ ပထမသုံးခုကို သာမန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဟု ဆိုပါက နောက်သုံးခုမှာ သာမန်ထက်လွန်ကဲသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများဖြစ်ပြီး အတိုင်းအတာအရ ပို၍ပြင်းထန်ပေသည်။ ပို၍ပြင်းထန်သည်ဟု ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အခြေအနေများ၊ အနှစ်သာရနှင့် လူတစ်ဦးချင်းစီက ဘုရားသခင်ကို အတိုက်အခံပြုခြင်း၊ ပုန်ကန်ခြင်းနှင့် ဆန့်ကျင်ခြင်းတို့အရ၊ ဤသုံးခုက ပို၍ပြင်းထန်သည်ဟု ဆိုလိုပေသည်။ ဤသုံးခုသည် လူတို့က သမ္မာတရားကို တိုက်ရိုက်ငြင်းပယ်ခြင်း၊ ဘုရားသခင်ကို ငြင်းပယ်ခြင်း၊ ဘုရားသခင်ကို ကန့်ကွက်ပြောဆိုခြင်း၊ ဘုရားသခင်ကို တိုက်ခိုက်ခြင်း၊ ဘုရားသခင်ကို စမ်းသပ်ခြင်း၊ ဘုရားသခင်အပေါ် ဝေဖန်မှုပြုခြင်း စသည်တို့ကို လူတို့က ထင်ရှားပေါ်လွင်စေသော ပို၍ပြင်းထန်သည့် စိတ်သဘောထားများ ဖြစ်သည်။ လူ၏ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသုံးခုသည် ပထမသုံးခုနှင့် မည်သို့ ကွာခြားသနည်း။ ပထမသုံးခုမှာ ပို၍မြင်နေကျဖြစ်သောအရာဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော လူသားအားလုံးတွင် ရှိကြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ လက္ခဏာများ ဖြစ်သည်။ ဆိုလိုသည်မှာ အသက်အရွယ်၊ ကျား၊ မ၊ မွေးရပ်မြေ၊ လူမျိုး သို့မဟုတ် လူမျိုးနွယ် မခွဲခြားဘဲ တစ်ဦးချင်းစီတိုင်းက ဤစိတ်သဘောထားသုံးခုကို ပိုင်ဆိုင်ကြသည်။ နောက်သုံးမျိုးက လူတစ်ဦးစီတိုင်းတွင် သူ၏ အနှစ်သာရအပေါ် မူတည်၍ အတိုင်းအတာအမျိုးမျိုးဖြင့် ပါရှိနေသော်လည်း ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အတွင်း၌ အန္တိခရစ်များသာလျှင် ဤစိတ်သဘောထားသုံးမျိုးဖြစ်သည့် ကောက်ကျစ်ဆိုးယုတ်ခြင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့ကို အပြင်းထန်ဆုံး အတိုင်းအတာအထိ ပိုင်ဆိုင်ကြသည်။ အန္တိခရစ်များမှလွဲ၍၊ သာမန် ဖောက်ပြန်ပျက်စီးသော လူသားများသည် ကောက်ကျစ်ဆိုးယုတ်ခြင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းတို့နှင့်ဆိုင်သည့် စိတ်သဘောထားများကို အတိုင်းအတာတစ်ခုခုအထိသာ ထုတ်ဖော်ကြသည်၊ သို့မဟုတ် အချို့သော ပတ်ဝန်းကျင်များ၊ အထူးအခြေအနေများ၌သာ ထုတ်ဖော်ကြသည်။ ၎င်းတို့၌ ဤစိတ်သဘောထားများ ရှိသော်လည်း ၎င်းတို့သည် အန္တိခရစ်များ မဟုတ်ကြပေ။ ၎င်းတို့၏ အနှစ်သာရသည် ကောက်ကျစ်ဆိုးယုတ်ခြင်းမရှိ သို့မဟုတ် ရက်စက်ကြမ်းကြုတ်ခြင်း မရှိသည့်အပြင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းလည်း သေချာပေါက် မရှိပေ။ ဤသည်မှာ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်နှင့် သက်ဆိုင်သည်။ ဤလူတို့သည် အတော်အသင့် ကြင်နာသောစိတ်ရှိကြသည်။ ၎င်းတို့၌ တည်ကြည်မှုရှိသည်၊ ဖြောင့်မှန်သည်၊ ဟီရိဩတ္တပ္ပ စသည်တို့ရှိသည်။ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်သည် အတော်အသင့် ကောင်းမွန်သည်။ ထို့ကြောင့် ၎င်းတို့သည် နောက်ပိုင်း ပြင်းထန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားသုံးမျိုးကို ရံဖန်ရံခါသာ သို့မဟုတ် အချို့သော ပတ်ဝန်းကျင်များနှင့် အခြေအနေများ၌သာ ထုတ်ဖော်ကြသည်။ သို့ရာတွင် ဤစိတ်သဘောထားများသည် ၎င်းတို့၏ အနှစ်သာရကို လွှမ်းမိုးထားခြင်း မရှိပေ။ ဥပမာအားဖြင့် သာမန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည့် ပုဂ္ဂိုလ်များက မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာ၌ ဝတ်ကျေတမ်းကျေ ပြုမူပြီး ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ရင်ဆိုင်ရသောအခါ၊ ၎င်းတို့က၊ “အခြားသူများလည်း ဝတ်ကျေတမ်းကျေ လုပ်ကြသည်၊ အဘယ်ကြောင့် သူတို့ ဆုံးမပဲ့ပြင်ခြင်း မခံရသနည်း။ အဘယ်ကြောင့် ကျွန်ုပ်သည် ဤသို့သော ဆုံးမပဲ့ပြင်ခြင်းနှင့် ရိုက်နှက်ဆုံးမခြင်းကို ခံရသည့်သူ ဖြစ်ရသနည်း” ဟု တွေးလျက် ယင်းကို လက်ခံရန် ငြင်းကောင်းငြင်းဆန်နိုင်သည်။ ဤလက်ခံရန် ငြင်းဆန်ခြင်းသည် မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ယင်းမှာ သိသာထင်ရှားစွာပင် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ မမျှတခြင်းနှင့် ဘက်လိုက်သော ဆက်ဆံမှုအကြောင်းကို စောဒကတက်ကြသည်။ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုခြင်းနှင့် ပွက်ပွက်ညံအောင် ကန့်ကွက်ပြောဆိုခြင်းဆိုင်ရာ ကြန်အင်လက္ခဏာ အနည်းငယ် ရှိသည်။ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ထိုသို့သောလူများ၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားသည် ဤအခြေအနေများ၌ သူ့ဘာသာသူ ထုတ်ဖော်သော်လည်း ကွာခြားချက်မှာ ဤလူတို့၌ ကြင်နာသောစိတ်နှလုံး၊ အသိစိတ်၏ ခံစားသိရှိမှု၊ တည်ကြည်မှုနှင့် အတော်အသင့် ဖြောင့်မှန်ခြင်းတို့ ရှိခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို စောဒကတက်ပြီး ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားကို ထုတ်ဖော်သောအခါ ၎င်းတို့၏ အသိစိတ်က အကျိုးသက်ရောက်မှုရှိသည်။ ၎င်းတို့၏ အသိစိတ်က အကျိုးသက်ရောက်မှုရှိသောအခါ ယင်းသည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားနှင့် ပဋိပက္ခဖြစ်ပြီး ၎င်းတို့၏ စိတ်ထဲ၌ အတွေးအခေါ်အချို့ စတင်ဖြစ်ပေါ်လာသည်။ “ငါ ဤသို့ မတွေးသင့်ပေ။ ဘုရားသခင်သည် ငါ့ကို များစွာ ကောင်းချီးပေးခဲ့ပြီး ငါ့ကို ကျေးဇူးပြုခဲ့သည်။ ဤသို့ တွေးခြင်းသည် ငါ့အတွက် အသိစိတ်ကင်းမဲ့ခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ၎င်းတို့၏ စိတ်နှလုံးကို ကြေကွဲစေခြင်း မဟုတ်လော”ဟူ၍ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အသိစိတ် အလုပ်လုပ်နေခြင်း မဟုတ်လော။ ဤအချိန်တွင် ၎င်းတို့၏ ကောင်းသော ကိုယ်ကျင့်စရိုက်က အကျိုးသက်ရောက်မှုရှိလေသည်။ ၎င်းတို့၏ အသိစိတ်က အလုပ်စလုပ်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အမျက်ဒေါသ၊ စောဒကတက်မှုများနှင့် လက်ခံရန် ငြင်းဆန်ခြင်းတို့သည် တဖြည်းဖြည်း မှေးမှိန်သွားပြီး ဘေးဖယ်ခြင်းခံရကာ ဖယ်ရှားရှင်းလင်းခြင်း ခံရလေသည်။ ဤသည်မှာ ၎င်းတို့ အသိစိတ်၏ အကျိုးသက်ရောက်မှု မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ၎င်းတို့သည် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားကို ထုတ်ဖော်နေခြင်းလော။ (ဟုတ်ပါသည်။) ၎င်းတို့က ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားကို ထုတ်ဖော်နေခြင်း ဖြစ်သော်လည်း ထိုသို့သော ပုဂ္ဂိုလ်များတွင် အသိစိတ်နှင့် လူ့သဘာဝရှိသောကြောင့် ၎င်းတို့၏ အသိစိတ်သည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားကို ထိန်းချုပ်နိုင်ပြီး ၎င်းတို့ကို ဆင်ခြင်တုံတရားရှိလာစေသည်။ ၎င်းတို့ ဆင်ခြင်တုံတရားရှိလာပြီး စိတ်တည်ငြိမ်သွားသောအခါ ၎င်းတို့သည်လည်း ဘုရားသခင်ကို အတိုက်အခံလုပ်နိုင်စွမ်းရှိကြောင်း ဆင်ခြင်သုံးသပ်ပြီး သိရှိလာကြလိမ့်မည်။ ဤအချိန်တွင် ၎င်းတို့ မသိလိုက်ဘဲ ၎င်းတို့ထဲတွင် အကြွေးတင်ရှိခြင်းနှင့် နောင်တရခြင်းဆိုင်ရာ ခံစားချက်တစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ “ယခုတင် ငါသည် ဘုရားသခင်ကို အတိုက်အခံလုပ်ကာ ပုန်ကန်ရင်း အလွန် စိတ်လိုက်မာန်ပါ ဖြစ်သွားခဲ့သည်။ ဘုရားသခင်က ငါ့ကို ဆုံးမပဲ့ပြင်ခြင်းသည် သူ၏ ချစ်ခြင်းမေတ္တာ မဟုတ်လော။ ဤသည်မှာ သူ၏ မျက်နှာသာပေးခြင်း မဟုတ်လော။ အဘယ်ကြောင့် အလွန် အကျိုးအကြောင်းမဆီလျော်စွာ ငါ ပြုမူခဲ့သနည်း။ ဘုရားသခင်ကို ငါ အမျက်ထွက်စေခဲ့သည် မဟုတ်လော။ ငါ ဤသို့ ဆက်မလုပ်နိုင်တော့ပါ။ ဘုရားသခင်ထံ ငါ ဆုတောင်းရန်၊ နောင်တရရန်၊ ငါလုပ်ဆောင်နေသော မကောင်းမှုကို လက်လွှတ်ရန်နှင့် ငါ၏ ပုန်ကန်မှုကို အဆုံးသတ်ရန် လိုအပ်သည်။ ဝတ်ကျေတမ်းကျေ ငါ ပြုမူခဲ့ကြောင်း ဝန်ခံသည့်အတွက် ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းကို ငါ ရပ်တန့်ရမည်၊ အမှုအရာများကို လေးနက်သောပုံစံဖြင့် လုပ်ဆောင်ရမည်ဖြစ်ပြီး ငါ၏ လုပ်ဆောင်ချက်များမှတစ်ဆင့် ငါ၏ သစ္စာစောင့်သိမှုအား မည်သို့ ပေးအပ်ပူဇော်ရမည်ကိုလည်းကောင်း၊ ငါ၏ တာဝန်ကို ထမ်းဆောင်ခြင်းအတွက် စည်းမျဉ်းများက အဘယ်အရာဖြစ်သည်ကိုလည်းကောင်း ရှာဖွေရမည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ကောင်းသော ကိုယ်ကျင့်စရိုက်၏ အကျိုးသက်ရောက်မှု မဟုတ်လော။ ဤလူတို့၌လည်း ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား ရှိသည်မှာ သံသယဖြစ်ဖွယ်မရှိသော်လည်း ၎င်းတို့၏ အသိစိတ် အကျိုးသက်ရောက်မှုနှင့် ၎င်းတို့၏ ဆင်ခြင်တုံတရားကို အသုံးပြု၍ အမှုအရာများကို ချိန်ဆခြင်းမှတစ်ဆင့် ၎င်းတို့၏ ကောင်းမြတ်သော၊ သမ္မာတရားကိုချစ်မြတ်နိုးသော ကိုယ်ကျင့်စရိုက်က နောက်ဆုံးတွင် အောင်နိုင်လေသည်။ ဤပုဂ္ဂိုလ်များသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲတွင် ရက်စက်ကြမ်းကြုတ်ခြင်း ရှိသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ရက်စက်ကြမ်းကြုတ်သော အနှစ်သာရကို ပိုင်ဆိုင်သည်ဟု ဆို၍ရနိုင်သလော။ ၎င်းတို့၏ အနှစ်သာရက ရက်စက်ကြမ်းကြုတ်သည်ဟု ဆိုနိုင်သလော။ ဆို၍မရနိုင်ပေ။ ဓမ္မဓိဋ္ဌာန်ကျကျဆိုရလျှင် ၎င်းတို့ ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၌ ရက်စက်ကြမ်းကြုတ်ခြင်း ပါဝင်သော်လည်း ၎င်းတို့၌ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် သမ္မာတရားကို အတော်အသင့်ဖြစ်သော ချစ်ခြင်းရှိသောကြောင့် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်မျိုးမျှသာဖြစ်ပြီး ၎င်းတို့၏ အနှစ်သာရ မဟုတ်ပေ။ အဘယ်ကြောင့် ၎င်းတို့၏ အနှစ်သာရ မဟုတ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပြောင်းလဲနိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဤဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုးကို ထုတ်ဖော်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်ကာ ဆန့်ကျင်ပုန်ကန်နိုင်သော်လည်း၊ ယင်းမှာ အချိန်ကာလ တိုသည်ဖြစ်စေ၊ ရှည်သည်ဖြစ်စေ၊ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်ထဲတွင်ရှိသည့် ၎င်းတို့၏ အသိစိတ်၊ တည်ကြည်မှု၊ ဆင်ခြင်တုံတရား အစရှိသည်တို့၏ အကျိုးသက်ရောက်မှုက ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားအား ၎င်းတို့၏ အပြုအမူ သို့မဟုတ် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားကို မလွှမ်းမိုးအောင် တားဆီးပေးလေသည်။ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ ၎င်းတို့က မိမိတို့၏ အပြစ်များကို ဝန်ခံနိုင်သည်၊ နောင်တရနိုင်သည်၊ သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူနိုင်သည်၊ သမ္မာတရားကို ကျိုးနွံနာခံနိုင်သည်၊ စောဒကတက်ခြင်းမရှိဘဲ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုကို လက်ခံနိုင်သည်။ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားကို ထုတ်ဖော်လင့်ကစား၊ နောက်ဆုံးရလဒ်မှာ ၎င်းတို့က ဘုရားသခင်ကို ပုန်ကန်ခြင်းမရှိ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို မဆန့်ကျင်ဘဲ ကျိုးနွံနာခံခြင်းပင် ဖြစ်သည်။ ဤသည်မှာ သာမန် ဖောက်ပြန်ပျက်စီးသော လူတစ်ဦး၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ထိုသို့သောလူများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ရှိရုံမျှသာ ရှိကြပေသည်။ ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားအနှစ်သာရ မရှိပေ။ ဤသည်မှာ တိကျမှန်ကန်ပေသည်။
ဥပမာအနေနှင့် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားများကို ကြည့်လော့။ လူတို့သည် ဘုရားသခင်ရှေ့မှောက်၌ ထုတ်ဖော်သည့် အကောက်ကျစ်အဆိုးယုတ်ဆုံးသော စိတ်သဘောထားမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်ကို စမ်းသပ်ခြင်း ဖြစ်သည်။ အချို့သောလူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီးနောက် လမ်းလွဲခဲ့ခြင်း၊ မကောင်းမှုအချို့ ပြုလုပ်ခဲ့ခြင်းနှင့် ပြစ်မှားမှုများစွာ ကျူးလွန်ခဲ့ခြင်းတို့ကြောင့် မိမိတို့၌ ကောင်းသောပန်းတိုင်တစ်ခု ရှိကောင်းရှိမည်မဟုတ်သည်ကိုလည်းကောင်း၊ မိမိတို့၏အဆုံးသတ်က အာမခံချက်ရှိကောင်းမရှိနိုင်သည်ကိုလည်းကောင်း စိုးရိမ်ကြသည်။ ၎င်းတို့ ငရဲသွားရလိမ့်မည်ကို စိုးရိမ်ကြပြီး မိမိတို့၏အဆုံးသတ်၊ ပန်းတိုင်နှင့်ပတ်သက်၍ အစဉ်မပြတ် ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် စဉ်ဆက်မပြတ် စိုးရိမ်ပူပန်နေကြပြီး “ငါ၏အနာဂတ်အဆုံးသတ်နှင့် ပန်းတိုင်သည် ကောင်းလိမ့်မည်လော သို့မဟုတ် ဆိုးလိမ့်မည်လော။ ငါသည် ငရဲသို့ ဆင်းသွားရလိမ့်မည်လော သို့မဟုတ် ကောင်းကင်ဘုံသို့ တက်သွားရလိမ့်မည်လော။ ငါသည် ဘုရား၏လူတို့ထဲမှ တစ်ဦးလော သို့မဟုတ် အစေခံသူတစ်ဦးလော။ ငါသည် ပျက်စီးဆုံးရှုံးခြင်းသို့ရောက်မည်လော သို့မဟုတ် ကယ်တင်ခြင်းခံရလိမ့်မည်လော။ ဘုရားနှုတ်ကပတ်တော်များထဲမှ မည်သည့်အရာများက ဤအကြောင်းကို ပြောဆိုသည်ဟူသည်တို့ကို ငါ ရှာဖွေရန် လိုအပ်သည်”ဟု အစဉ်မပြတ် စဉ်းစားကြသည်။ ဘုရားနှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရားဖြစ်ပြီး လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖော်ထုတ်သည်ကို မြင်တွေ့ရသော်လည်း၊ မိမိတို့ရှာဖွေနေသော အဖြေများကိုမူ မတွေ့ရှိကြပေ။ သို့ဖြစ်၍ အခြားမည်သည့်နေရာ၌ စုံစမ်းမေးမြန်းရမည်ကို ၎င်းတို့ အဆက်မပြတ် စဉ်းစားကြသည်။ နောက်ပိုင်းတွင် ၎င်းတို့ ရာထူးတိုးပြီး အရေးပါသောအခန်းကဏ္ဍတစ်ခု၌ ထားရှိခံရမည့် အခွင့်အရေးတစ်ခုကို တွေ့ရှိသောအခါ “ငါနှင့်စပ်လျဉ်း၍ အထက်၏သဘောထားမှာ အဘယ်နည်း။ အကယ်၍ ၎င်းတို့၏သဘောထားသည် နှစ်လိုဖွယ်ဖြစ်ပါက၊ ယင်းမှာ အတိတ်က ငါပြုခဲ့သောမကောင်းမှုနှင့် ငါကျူးလွန်ခဲ့သော ပြစ်မှားခြင်းများကို ဘုရားက အောက်မေ့တော်မမူကြောင်း သက်သေပြသည်။ ယင်းမှာ ငါ့ကို ဘုရားက ကယ်တင်ဦးမည်ဖြစ်ကြောင်း၊ ငါ၌ မျှော်လင့်ချက် ရှိနေသေးကြောင်း သက်သေပြသည်”ဟု တွေးထင်လျက် အထက်၏သဘောထားကို အကဲခတ်လိုကြသည်။ ထို့နောက် မိမိတို့၏စိတ်ကူးများအတိုင်း ဆက်လက်ဆောင်ရွက်လျက် ၎င်းတို့က “ကျွန်ုပ်တို့ရှိသောနေရာ၌ ညီအစ်ကိုမောင်နှမအများစုသည် မိမိတို့၏ အလုပ်အကိုင်များတွင် အလွန်ကျွမ်းကျင်ခြင်းမရှိကြဘဲ တိုတောင်းသော အချိန်တစ်ခုမျှသာ ဘုရားကို ယုံကြည်ခဲ့ကြသည်။ ကျွန်ုပ်သည် ဘုရားကို အချိန်အကြာဆုံး ယုံကြည်ခဲ့သည်။ ကျွန်ုပ် လဲကျပြီး ရှုံးနိမ့်ခဲ့ဖူးသည်၊ ကျွန်ုပ်၌ အတွေ့အကြုံအချို့ရှိခဲ့ပြီး သင်ခန်းစာအချို့ကို သင်ယူခဲ့ပြီးဖြစ်သည်။ အခွင့်အရေးရလျှင်၊ ကျွန်ုပ်သည် ဝန်ထုပ်ကြီးတစ်ခုကို ထမ်းလိုပြီး ဘုရား၏ရည်ရွယ်ချက်များကို အလေးထားလိုပါသည်”ဟု တိုက်ရိုက်ပြောဆိုကြသည်။ အထက်က ၎င်းတို့အား ရာထူးတိုးပေးရန် ရည်ရွယ်ချက်တစ်ခုခု ရှိမရှိ သို့မဟုတ် အထက်က ၎င်းတို့ကို စွန့်ပစ်ပြီးခြင်း ရှိမရှိဟူသည်တို့ကို သိရှိရန် စမ်းသပ်မှုတစ်ခုအဖြစ် ဤစကားများကို ၎င်းတို့က အသုံးပြုကြသည်။ လက်တွေ့တွင် ၎င်းတို့သည် ဤတာဝန် သို့မဟုတ် ဝန်ထုပ်ကို အမှန်တကယ် ထမ်းဆောင်လိုခြင်း မရှိကြပေ။ ဤစကားများကို ပြောဆိုရာ၌ ၎င်းတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ကယ်တင်ခြင်းခံရရန် ၎င်းတို့ မျှော်လင့်ချက် ရှိနေသေးခြင်း ရှိမရှိဟူသည်ကို သွေးတိုးစမ်းပြီး ကြည့်ရှုရန် ဖြစ်သည်။ ဤသည်မှာ စမ်းသပ်ခြင်း ဖြစ်သည်။ ဤစမ်းသပ်ခြင်းနည်းလမ်း၏ နောက်ကွယ်ရှိ စိတ်သဘောထားမှာ အဘယ်နည်း။ ယင်းမှာ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤပြုမူလုပ်ဆောင်ပုံကို အချိန်မည်မျှကြာအောင် ထုတ်ဖော်သည်ဖြစ်စေ၊ ၎င်းတို့ မည်သို့ပြုလုပ်သည်ဖြစ်စေ သို့မဟုတ် ထိုအရာကို မည်မျှ အကောင်အထည်ဖော်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့ထုတ်ဖော်သော စိတ်သဘောထားသည် မုချ ကောက်ကျစ်ဆိုးယုတ်ပေသည်။ အကြောင်းမှာ ၎င်းတို့သည် ထိုအရာကို ပြုလုပ်နေစဉ်အတွင်း အတွေးများ၊ စိုးရိမ်ကြောင့်ကြမှုများနှင့် စိုးရိမ်ပူပန်မှုများစွာရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဤကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကို ထုတ်ဖော်သောအခါ၊ မိမိတို့က လူ့သဘာဝရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သူများဖြစ်ကြောင်းကို ပြသပြီး ၎င်းတို့၌ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရမရှိဘဲ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုသာ ပိုင်ဆိုင်ကြောင်းကို အတည်ပြုပေးသည့် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ကြသနည်း။ ထိုသို့သောအရာများကို လုပ်ဆောင်ကာ ပြောဆိုပြီးနောက် အသိစိတ်၊ ဆင်ခြင်တုံတရား၊ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာရှိသောသူတို့သည် မိမိတို့၏စိတ်နှလုံးထဲ၌ မသက်မသာဖြစ်ပြီး နာကျင်ခံစားကြရသည်။ ၎င်းတို့က၊ “ငါသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သည်။ ဘုရားသခင်ကို ငါ အဘယ်သို့ဖြစ်ပြီး စမ်းသပ်နိုင်မည်နည်း။ ငါသည် မိမိ၏ကိုယ်ပိုင်ပန်းတိုင်ကို အဘယ်သို့ဖြစ်ပြီး အာရုံစိုက်နေနိုင်သေးသနည်း။ ပြီးလျှင် ဘုရားသခင်ထံမှ တစ်စုံတစ်ခုကို ရယူရန်နှင့် ဘုရားသခင်အား ခိုင်မာသော အဖြေတစ်ခု ပေးစေရန် ထိုသို့သော နည်းလမ်းတစ်ခုကို အဘယ်သို့ဖြစ်ပြီး အသုံးပြုနိုင်သေးသနည်း။ ဤသည်မှာ အလွန်ယုတ်မာလှသည်တကား” ဟု စဉ်းစားရင်း စိတ်ဒုက္ခရောက်ကြရသည်။ ၎င်းတို့သည် မိမိတို့၏စိတ်နှလုံးထဲ၌ မသက်မသာ ခံစားကြရသော်လည်း လုပ်ဆောင်ချက်ကို လုပ်ဆောင်ထားပြီးဖြစ်ကာ စကားများမှာလည်း ပြောပြီးဖြစ်သည်။ ၎င်းတို့ကို ပြန်လည်ရုပ်သိမ်း၍ မရနိုင်ပေ။ ထို့နောက် ၎င်းတို့က “ငါ၌ ကောင်းမွန်သော အလိုဆန္ဒ အနည်းငယ်နှင့် တရားမျှတစိတ် ရှိနိုင်သော်လည်း ဤသို့သော ယုတ်မာသည့်အရာများကို ငါ ပြုလုပ်နိုင်စွမ်း ရှိနေဆဲဖြစ်သည်၊ ဤအရာများသည် ယုတ်မာသောလူတစ်ဦး၏ အပြုအမူများ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို စမ်းသပ်ရန် ကြိုးပမ်းမှုတစ်ခု မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို ခြိမ်းခြောက်တောင်းဆိုနေခြင်း မဟုတ်လော။ ဤသည်မှာ အမှန်တကယ် ယုတ်မာပြီး အရှက်မရှိခြင်းဖြစ်သည်တကား”ဟု နားလည်သွားကြသည်။ ထိုသို့သောအခြေအနေတွင် ကျိုးကြောင်းဆီလျော်သော ဆောင်ရွက်ပုံနည်းလမ်းမှာ အဘယ်နည်း။ မိမိတို့၏အပြစ်များကို ဝန်ခံလျက် ဆုတောင်းခြင်းဖြင့် ဘုရားသခင်ရှေ့မှောက်သို့ လာရောက်ခြင်းလော သို့မဟုတ် မိမိတို့၏ကိုယ်ပိုင် လုပ်နည်းကိုင်နည်းများကို ခေါင်းမာစွာ ဖက်တွယ်ထားခြင်းလော။ (ဆုတောင်းခြင်းနှင့် ဝန်ခံခြင်းဖြစ်ပါသည်။) သို့ဆိုလျှင် စိတ်ကူးရခြင်းမှ လုပ်ဆောင်သည့်အဆင့် ဆက်လက်၍ ၎င်းတို့၏ဆုတောင်းခြင်းနှင့် ဝန်ခံခြင်းအထိ လုပ်ငန်းစဉ်တစ်ခုလုံးတွင် မည်သည့်အဆင့်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပုံမှန်ထုတ်ဖော်ခြင်းဖြစ်သနည်း၊ မည်သည့်အဆင့်သည် အသိစိတ် အကျိုးသက်ရောက်ခြင်းဖြစ်သနည်း၊ မည်သည့်အဆင့်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သနည်း။ စိတ်ကူးရလာခြင်းမှ လုပ်ဆောင်ခြင်းအထိ အဆင့်သည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား၏ စိုးမိုးခြင်းကို ခံရသည်။ သို့ဆိုလျှင် မိမိကိုယ်ကို ဆန်းစစ်ခြင်းအဆင့်သည် ၎င်းတို့၏အသိစိတ် အကျိုးသက်ရောက်မှု၏ စိုးမိုးခြင်းကို ခံရသည် မဟုတ်လော။ ၎င်းတို့သည် မိမိတို့ပြုလုပ်ခဲ့သည့်အရာမှာ မှားယွင်းသည်ဟု ခံစားလျက် မိမိတို့ကိုယ်ကို စတင်ဆန်းစစ်ကြသည်။ ဤအရာကို ၎င်းတို့အသိစိတ်၏ အကျိုးသက်ရောက်မှုက စိုးမိုးထားပေသည်။ ဤအရာနောက်တွင် ဆုတောင်းခြင်းနှင့် ဝန်ခံခြင်းတို့က လိုက်လာသည်။ ယင်းတို့ကိုလည်း ၎င်းတို့၏တည်ကြည်မှု၊ အသိစိတ်နှင့် ကိုယ်ကျင့်စရိုက်တို့၏ အကျိုးသက်ရောက်မှုက စိုးမိုးခြင်းထားပေသည်။ ၎င်းတို့သည် ဝမ်းနည်းနိုင်သည်၊ နောင်တရနိုင်သည်၊ ဘုရားသခင်အပေါ် အကြွေးတင်သောစိတ် ခံစားနိုင်ပြီး မိမိတို့၏ကိုယ်ပိုင်လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဆင်ခြင်သုံးသပ်ပြီး နားလည်နိုင်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည့်အဆင့်သို့ ရောက်ရှိနိုင်သည်။ ဤအရာအတွက် အဆင့်သုံးဆင့် ရှိသည် မဟုတ်လော။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ခြင်းမှ ၎င်းတို့အသိစိတ်၏ အကျိုးသက်ရောက်မှုအထိ၊ ထို့နောက် ၎င်းတို့ပြုလုပ်နေသော မကောင်းမှုကို လက်လွှတ်နိုင်စွမ်း၊ နောင်တရနိုင်စွမ်း၊ မိမိတို့၏ကိုယ်ပိုင်ဇာတိပကတိဆိုင်ရာ လိုအင်ဆန္ဒများနှင့် အတွေးအခေါ်များကို လက်လွှတ်နိုင်စွမ်း၊ မိမိတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပုန်ကန်နိုင်စွမ်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းအထိ၊ ဤအဆင့်သုံးဆင့်သည် လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများလည်းရှိသည့် သာမန်လူတို့ လုပ်ဆောင်နိုင်သင့်သည့်အရာ ဖြစ်သည်။ ၎င်းတို့ အသိစိတ်၏ ခံစားသိရှိမှုနှင့် ၎င်းတို့၏ အတော်အသင့် ကောင်းမွန်သော လူ့သဘာဝကြောင့် ဤလူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းက ဤကဲ့သို့သောလူများ၌ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ရှိကြောင်း သွယ်ဝိုက်ညွှန်းဆိုသည်။ တစ်နည်းအားဖြင့်ဆိုသော် ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဖြစ်နိုင်ခြေသည် ကောင်းမွန်သော လူ့သဘာဝရှိသောသူတို့အတွက် အတော်အသင့် မြင့်မားလေသည်။
အန္တိခရစ်များကို အန္တိခရစ် စိတ်သဘောထားရှိသူများနှင့် မည်သည့်အရာက ခြားနားစေသနည်း။ ပထမအဆင့်တွင် အန္တိခရစ်များ ထုတ်ဖော်သည့်အရာသည် အပြင်ပန်းအားဖြင့် မည်သည့်ဖောက်ပြန်ပျက်စီးသော လူသားမဆို၏ ထုတ်ဖော်ချက်များနှင့် အခြေခံအားဖြင့် တူညီသော်လည်း နောက်ဆက်တွဲ အဆင့်နှစ်ဆင့်မှာမူ ကွဲပြားသည်။ ဥပမာအားဖြင့် လူတစ်ဦးသည် ပြုပြင်ခြင်းခံရစဉ် ရက်စက်ကြမ်းကြုတ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ထုတ်ဖော်သောအခါ နောက်တစ်ဆင့်တွင် သူ၏အသိစိတ်က သက်ရောက်မှုရှိရန် လိုအပ်သည်။ သို့ရာတွင် အန္တိခရစ်များ၌ အသိစိတ်မရှိသဖြင့် ၎င်းတို့ မည်သည့်အရာကို တွေးထင်ကြလိမ့်မည်နည်း။ ၎င်းတို့၌ မည်သည့်သရုပ်သကန်များ ရှိလိမ့်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့ကို အပြစ်ရှာရန် ကြိုးစားနေကြောင်းနှင့် အကြိမ်တိုင်းတွင် ၎င်းတို့အတွက် အခက်အခဲများနှင့် ပြဿနာများကို ဖန်တီးနေကြောင်း စွပ်စွဲရင်း ဘုရားသခင်ကို မမျှတကြောင်း စောဒကတက်ကြလိမ့်မည်။ ဤအရာ၏နောက်တွင် ၎င်းတို့သည် မိမိတို့၏ အသိသာအထင်ရှားဆုံးသော အမှားများ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုပင် လက်ခံရန် ငြင်းပယ်လျက်၊ မိမိတို့၏ကိုယ်ပိုင်အမှားများကို မည်သည့်အခါမျှ အသိအမှတ်မပြုဘဲ၊ ပို၍ပင် ဆိုးရွားအောင်လုပ်ကာ မိမိတို့၏လုပ်ဆောင်ချက်များကို လျှို့ဝှက်စွာ ဆက်လက်လုပ်ဆောင်ရန် နည်းလမ်းရှိသမျှဖြင့် ကြိုးစားလျက် ခေါင်းမာစွာ နောင်တမရဘဲ ရှိနေကြလိမ့်မည်။ အန္တိခရစ်များ ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အကဲဖြတ်ခြင်းအားဖြင့် ၎င်းတို့၏ကိုယ်ကျင့်စရိုက်သည် မည်သည့်အရာနှင့်တူသနည်း။ ၎င်းတို့၌ အသိစိတ်မရှိ၊ မိမိတို့ကိုယ်ကို ဆန်းစစ်ရန် မသိကြသည့်အပြင် ရက်စက်ကြမ်းကြုတ်ခြင်း၊ မလိုမုန်းထားခြင်း၊ တိုက်ခိုက်ခြင်းများနှင့် လက်စားချေခြင်းတို့ကို ထုတ်ဖော်ကြသည်။ ၎င်းတို့သည် တာဝန်ကို အခြားသူများအပေါ်သို့ လွှဲချကြလျက် အဖြစ်မှန်များကို ဖုံးကွယ်ရန် မုသားများကို လုပ်ကြံဖန်တီးကြသည်။ ညီအစ်ကိုမောင်နှမများထံမှ စစ်မှန်သော အဖြစ်မှန်များကို ဖုံးကွယ်ထားလျက် အခြားသူများကို ထောင်ချောက်ဆင်ရန် အကြံအစည်များကို ထွင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အားသွန်ခွန်စိုက် ကာကွယ်ပြီး မိမိတို့၏ အကြောင်းပြချက်များကို နေရာတကာ ဖြန့်ဝေလျက် ကျိုးကြောင်းပြချက်များကို ပေးကြသည်။ ဤသည်မှာ ၎င်းတို့၏ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား ဆက်လက်ဖြစ်ပေါ်ခြင်း ဖြစ်သည်။ ၎င်းတို့၌ အသိစိတ် ခံစားသိရှိမှု ကင်းမဲ့ပြီး မိမိတို့ကိုယ်ကို ဆန်းစစ်ရန်၊ ဆင်ခြင်သုံးသပ်ရန်နှင့် သိမြင်ရန် ပျက်ကွက်ရုံသာမက ၎င်းတို့သည် အခြေအနေများကို ပိုမိုဆိုးရွားစေပြီး ဘုရားအိမ်တော်ကို ပွက်လောရိုက်ကန့်ကွက်ရင်း၊ ညီအစ်ကိုမောင်နှမများကို ပွက်လောရိုက်ကန့်ကွက်ကာ ဆန့်ကျင်ပြီး ထို့ထက်ပင် ပို၍ပြင်းထန်စွာ ဘုရားသခင်ကို ဆန့်ကျင်ရင်း မိမိတို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားကို ဆက်လက်ထုတ်ဖော်ကြလေသည်။ အခြေအနေ တည်ငြိမ်သွားသည့် အချိန်အနည်းငယ်ကြာပြီးနောက်တွင် ၎င်းတို့သည် မိမိတို့၏ အပြစ်များကို နောင်တရကာ ဝန်ခံကြလိမ့်မည်လော။ အဖြစ်အပျက်မှာ ပြီးဆုံးနှင့်ပြီးဖြစ်သော်လည်း၊ စစ်မှန်သော အချက်အလက်များလည်း ဖော်ထုတ်ခြင်းခံခဲ့ရပြီးဖြစ်သော်လည်း၊ ၎င်းတို့၌ တာဝန်ရှိကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိကြပြီးဖြစ်ကာ ဤတာဝန်ကို ၎င်းတို့ ထမ်းဆောင်သင့်သော်လည်း ထိုအရာကို ၎င်းတို့က အသိအမှတ်ပြုနိုင်ကြသလော။ ၎င်းတို့သည် နောင်တရခြင်း သို့မဟုတ် အကြွေးတင်သောစိတ် ခံစားနိုင်ကြသလော။ (မခံစားနိုင်ကြပါ။) ၎င်းတို့က၊ “မည်သို့ပင်ဖြစ်စေ ကျွန်ုပ် လုံးဝ မမှားခဲ့သော်လည်း အမှားလုပ်ခဲ့လျှင်ပင် ကျွန်ုပ်၏ရည်ရွယ်ချက်များ ကောင်းမွန်ခဲ့သည်။ ကျွန်ုပ် အမှားလုပ်ခဲ့လျှင်ပင်၊ ထိုအတွက် ကျွန်ုပ်တစ်ယောက်တည်းကို အပြစ်တင်၍မရပါ။ အခြားသူများကို သင် အဘယ်ကြောင့် အပြစ်မတင်သနည်း။ အဘယ်ကြောင့် ကျွန်ုပ်ကို ပစ်မှတ်ထားသနည်း။ မည်သည့်နေရာတွင် ကျွန်ုပ် မှားသွားသနည်း။ ကျွန်ုပ်သည် မည်သည့်အရာကိုမျှ တမင်တကာ အမှားမလုပ်ခဲ့ပါ။ သင်တို့အားလုံး အမှားများ ပြုလုပ်ခဲ့ကြသဖြင့် အဘယ်ကြောင့် မိမိကိုယ်ကို တာဝန်မခံကြသနည်း။ ထို့အပြင် မည်သူသည်အမှားအချို့ မပြုလုပ်မိဘဲ ဘဝကို ဖြတ်သန်းနိုင်သနည်း”ဟု တွေးလျက်၊ မိမိတို့၏ ဆန့်ကျင်ခြင်းတွင် မလျှော့တမ်း လုပ်ဆောင်ကြသည်။ ၎င်းတို့ နောင်တရကြသလော။ ၎င်းတို့ အကြွေးတင်သောစိတ် ခံစားကြရသလော။ ၎င်းတို့သည် အကြွေးတင်သောစိတ် မခံစားရသကဲ့သို့ နောင်တလည်းမရကြပေ။ အချို့က “ထိုသို့သော မြင့်မားသည့် အဖိုးအခကို ကျွန်ုပ် ပေးဆပ်ခဲ့သည်။ သင်တို့ထဲမှ ဘယ်သူကမျှ အဘယ်ကြောင့် သတိမထားမိကြသနည်း။ အဘယ်ကြောင့် တစ်ဦးတလေက ကျွန်ုပ်ကို မချီးကျူးကြသနည်း။ အဘယ်ကြောင့် ဆုလာဘ်တစ်ခုကို ကျွန်ုပ် အပေးမခံရသနည်း။ တစ်စုံတစ်ရာဖြစ်ပျက်သည့်အခါ၊ သင်တို့က ကျွန်ုပ်ကို အမြဲအပြစ်တင်ပြီး အပြစ်ရှာကြသည်။ ကျွန်ုပ်၏အားနည်းချက်ကို သင်တို့ ရှာဖွေပြီး တိုက်ခိုက်ရန် ကြံနေကြသည် မဟုတ်လော” ဟုပင် ဆိုကြသည်။ ဤသည်မှာ ၎င်းတို့၏စိတ်နေစိတ်ထားနှင့် အခြေအနေဖြစ်သည်။ သိသာထင်ရှားစွာပင်၊ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခုဖြစ်သည်။ ၎င်းတို့သည် စွဲမြဲခိုင်မာစွာ နောင်တမရကြ၊ အချက်အလက်များက ၎င်းတို့ရှေ့မှောက်၌ ဖွင့်ချခြင်းခံရသောအခါ ၎င်းတို့က အသိအမှတ်ပြုရန် ငြင်းပယ်ကြပြီး တစ်စိုက်မတ်မတ် ဆန့်ကျင်ကြသည်။ ၎င်းတို့သည် မည်သူ့ကိုမျှ အသံကျယ်ကျယ်ဖြင့် ကျိန်ဆဲခြင်း မပြုသော်လည်း၊ စိတ်ထဲ၌မူ အကြိမ်ရေ မရေမတွက်နိုင်အောင် ထိုသို့ပြုလုပ်ပြီး ဖြစ်နိုင်သည်။ ၎င်းတို့သည် ခေါင်းဆောင်များကို ကြောင်းကျိုးမမြင်ခြင်းအတွက် ကျိန်ဆဲကြပြီး၊ ညီအစ်ကိုမောင်နှမများကိုလည်း လူကောင်းများ မဟုတ်ခြင်းအတွက်လည်းကောင်း၊ ၎င်းတို့ အဆင့်အတန်းရှိစဉ်တွင် ၎င်းတို့ကို ဖော်လံဖားခဲ့ကြသော်လည်း၊ ယခု အဆင့်အတန်းမရှိတော့သည့်အခါတွင်မူ ၎င်းတို့ကို အာရုံစိုက်ခြင်းမရှိ၊ ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ခြင်းမရှိ၊ ပြုံးပင်မပြုံးပြတော့ခြင်းအတွက်လည်းကောင်း ကျိန်ဆဲကြလေသည်။ ၎င်းတို့သည် ဘုရားသခင်ကိုပင် မိမိတို့၏စိတ်နှလုံးထဲ၌ ကျိန်ဆဲကြပြီး သူသည် ဖြောင့်မတ်ခြင်းမရှိဟု ဆိုလျက် ဘုရားသခင်ကို ဝေဖန်ကြသည်။ အစမှအဆုံးတိုင် ၎င်းတို့ထုတ်ဖော်သည့် စိတ်သဘောထားသည် အသိစိတ်၏အကျိုးသက်ရောက်မှု အနည်းငယ်မျှမရှိသည့်အပြင် ဝမ်းနည်းခြင်း သို့မဟုတ် နောင်တရခြင်း အရိပ်အယောင်တစ်ခုမျှ မရှိဘဲ ရက်စက်ကြမ်းကြုတ်လေသည်။ ၎င်းတို့၌ နောက်ကြောင်းပြန်လှည့်ရန်၊ သမ္မာတရားစည်းမျဉ်းများကို ရှာဖွေရန်၊ အပြစ်များကို ဝန်ခံပြီး နောင်တရရန် ဘုရားသခင်ရှေ့မှောက်သို့ လာရောက်ရန် သို့မဟုတ် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန် ရည်ရွယ်ချက် သေချာပေါက် မရှိပေ။ ထိုအစား ၎င်းတို့သည် တစ်ချိန်လုံး အကြောင်းပြချက်များပေးသည်၊ ဆန့်ကျင်သည်၊ ညည်းညူကြသည်။ အန္တိခရစ်များနှင့် နောင်တရနိုင်စွမ်းရှိသောသူများ နှစ်ဦးလုံးသည် တူညီသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ထုတ်ဖော်ကြသော်လည်း ဤထုတ်ဖော်ချက်များ၏ သဘောသဘာဝ၌ ကွာခြားချက်တစ်ခု ရှိသည်မဟုတ်လော။ ဤအုပ်စုများထဲမှ မည်သည့်အုပ်စုက အန္တိခရစ်စိတ်သဘောထားကို ပိုင်ဆိုင်ပြီး မည်သည့်အုပ်စုက အန္တိခရစ်တစ်ဦး၏ အနှစ်သာရကို ပိုင်ဆိုင်သနည်း။ (နောင်တမရသောသူတို့သည် အန္တိခရစ်တစ်ဦး၏ အနှစ်သာရကို ပိုင်ဆိုင်ပါသည်။) နောင်တရနိုင်စွမ်းရှိသောသူများမှာ မည်သူတို့နည်း။ ၎င်းတို့သည် အန္တိခရစ်စိတ်သဘောထားရှိသော ဖောက်ပြန်ပျက်စီးသည့် လူသားများဖြစ်သော်လည်း အန္တိခရစ်များ မဟုတ်ကြပေ။ အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိသောသူတို့သည် အန္တိခရစ်များဖြစ်ကြစဉ်တွင် အန္တိခရစ် စိတ်သဘောထားရှိသော သူတို့မှာမူ သာမန် ဖောက်ပြန်ပျက်စီးသည့် လူသားများ ဖြစ်ကြသည်။ ဤနှစ်မျိုးအကြားတွင် မည်သည့်အုပ်စုက ဆိုးယုတ်သောလူများဖြင့် ဖွဲ့စည်းထားသနည်း။ (အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိသောသူများ ဖြစ်ပါသည်။) သင်သည် ဤအရာကို ပိုင်းခြားသိမြင်နိုင်စွမ်း ရှိပေသည်၊ မှန်ပါ၏လော။ ထိုအရာသည် မည်သည့်အုပ်စုက မိမိတို့၏အသိစိတ်က မိမိတို့ကို စွပ်စွဲသည့် အရိပ်အယောင်တစ်စုံတစ်ရာမျှ မပြသခြင်း၊ နောက်ပြန်မလှည့်ဘဲ သို့မဟုတ် ဆင်ခြင်သုံးသပ်ခြင်းမရှိဘဲ ဆက်လက် ငြင်းခုံနေခြင်း၊ ၎င်းတို့က အမှားတစ်ခုခုပြုလုပ်မိပြီး ပြုပြင်ခြင်းခံရခြင်း၊ ထုတ်ပယ်ခြင်းခံရခြင်း သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းခံရခြင်းစသည်တို့ကဲ့သို့သော အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ မဆင်မခြင် ဝေဖန်ပြီး မိမိတို့၏ အကြောင်းပြချက်များကို ဖြန့်ဝေခြင်းတို့အပေါ် မူတည်သည်။ အကယ်၍ ၎င်းတို့ကို ချုပ်တည်းရန် မည်သူမျှမရှိပါက ၎င်းတို့သည် မိမိတို့၏လုပ်ဆောင်ချက်များကို ရပ်တန့်ကြမည်လော။ ရပ်တန့်ကြမည်မဟုတ်ပေ။ ၎င်းတို့၏ စိတ်နှလုံးများသည် အပျက်သဘောဆောင်မှုနှင့် ဆန့်ကျင်ဘက်ပြုခြင်းတို့ဖြင့် ပြည့်နေမည်ဖြစ်ပြီး ၎င်းတို့က “လူတို့က ကျွန်ုပ်ကို မမျှမတ ဆက်ဆံသည့်အပြင်၊ ဘုရားကလည်း ကျွန်ုပ်ကို ကျေးဇူးမပြဘဲ ကျွန်ုပ်ကိုယ်စား မဆောင်ရွက်သည့်အတွက်၊ အနာဂတ်တွင် ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်သည့်အခါ၊ ဝတ်ကျေတမ်းကျေပင် ထမ်းဆောင်တော့မည်။ ကျွန်ုပ်၏တာဝန်ကို ကျွန်ုပ် ကောင်းစွာ ထမ်းဆောင်လျှင်ပင်၊ မည်သည့်ဆုလာဘ်ကိုမျှ ကျွန်ုပ် ရမည်မဟုတ်ပါ။ မည်သူကမျှ ကျွန်ုပ်ကို ချီးကျူးမည် မဟုတ်သည့်အပြင် ကျွန်ုပ် ပြုပြင်ခံရလိမ့်ဦးမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ် ထိုတာဝန်ကို ဝတ်ကျေတမ်းကျေသာ လုပ်တော့မည်။ ကိစ္စရပ်များကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်ဖို့၊ သို့မဟုတ် ကျွန်ုပ်၏အလုပ်တွင် တခြားသူများနှင့် ဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်ဖို့၊ သို့မဟုတ် သမ္မာတရားကို ရှာဖွေဖို့ ကျွန်ုပ်ကို တောင်းဆိုရန် စဉ်းပင်မစဉ်းစားနှင့်။ ကျွန်ုပ်သည် မာနလည်းမရှိသည့်အပြင် နှိမ့်ချလည်းမနှိမ့်ချဘဲ အေးတိအေးစက်နေမြဲနေမည်။ ကျွန်ုပ်ကို သင်တို့ တစ်စုံတစ်ရာလုပ်ဆောင်ရန် စေခိုင်းလျှင်၊ ကျွန်ုပ်လုပ်မည်။ သင်တို့က ကျွန်ုပ်ကို တစ်စုံတစ်ရာ လုပ်ဆောင်ဖို့ မစေခိုင်းလျှင် ကျွန်ုပ် ထွက်သာသွားလိုက်မည်။ သင်တို့ နှစ်သက်သည့်ပုံစံအတိုင်း ပြုမူဆောင်ရွက်ကြလော့။ ကျွန်ုပ် အရှိကိုအရှိအတိုင်း နေမည်။ ကျွန်ုပ်ကို အလွန်များစွာ မတောင်းဆိုနှင့်၊ သင်တို့၏ တောင်းဆိုချက်များ မြင့်မားလျှင် ကျွန်ုပ် လျစ်လျူမည်ဖြစ်သည်”ဟု ဆိုကြလိမ့်မည်။ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား ဆက်လက်ဖြစ်ပေါ်ခြင်း မဟုတ်လော။ ထိုသို့သောလူများသည် နောင်တရနိုင်ကြသလော။ (မရနိုင်ပါ။) ဤသည်မှာ အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိသော သူတို့၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကို ထုတ်ဖော်သောအခါ၌လည်း ထိုအတိုင်းပင်ဖြစ်သည်။ ၎င်းတို့၌ အသိစိတ် ကင်းမဲ့သောကြောင့် မည်သည့်အခါမျှ ဆင်ခြင်သုံးသပ်ခြင်း မရှိကြပေ။ တစ်ခုတလေက ၎င်းတို့အပေါ် ကျရောက်သည့်အခါ မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ ထုတ်ဖော်သည်ဖြစ်စေ သို့မဟုတ် မည်သည့်ကြံရွယ်ချက်များ၊ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များ ရှိသည်ဖြစ်စေ ၎င်းတို့သည် မိမိတို့ အသိစိတ်၏ ချုပ်ထိန်းခြင်းကို မည်သည့်အခါမျှ မခံကြရပေ။ ထို့ကြောင့် အချိန်အခါ သင့်တော်ပြီး ၎င်းတို့အတွက် အခွင့်သာသောအခါ ၎င်းတို့ အလိုရှိသည့်အတိုင်း လုပ်ဆောင်ကြသည်။ ၎င်းတို့ လုပ်ရပ်များ၏ ရလဒ်က မည်သို့ပင်ဖြစ်စေ ၎င်းတို့ နောက်ပြန်မလှည့်ကြသည့်အပြင် မိမိတို့၏ သဘောထားအမြင်များကို ဖက်တွယ်ထားကြဆဲဖြစ်ပြီး မိမိတို့၏ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် ကြံရွယ်ချက်များအပြင် အမှုအရာများကို အမြဲ လုပ်ဆောင်သည့် နည်းလမ်းများနှင့် နည်းစနစ်များကို မိမိကိုယ်ကို အပြစ်တင်ခြင်း တစ်ခုတလေမျှမရှိဘဲ ထိန်းသိမ်းထားကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် မိမိကိုယ်ကို အပြစ်တင်ခြင်း မခံစားရသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုသို့သောလူများ၌ အသိစိတ် ကင်းမဲ့သည်၊ ၎င်းတို့၌ ဟီရိဩတ္တပ္ပ မရှိသည့်အပြင်၊ အရှက်လုံးဝ ကင်းမဲ့ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ လူ့သဘာဝတစ်ခုလုံးအတွင်း၌ ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ချုပ်တည်းနိုင်သည့်အရာ တစ်စုံတစ်ရာမရှိသည့်အပြင် ၎င်းတို့ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် မှန်သည်လော သို့မဟုတ် မှားသည်လောဟူသည်ကို အကဲဖြတ်ရန် အသုံးပြုနိုင်သည့်အရာ တစ်စုံတစ်ရာမရှိပေ။ ထို့ကြောင့် ဤလူတို့သည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကို ထုတ်ဖော်သောအခါ အခြားသူများ မည်သို့ရှုမြင်သည်ဖြစ်စေ သို့မဟုတ် ဖြစ်စဉ်နှင့် ရလဒ်က မည်သည့်အရာ ဖြစ်ကောင်းဖြစ်နိုင်သည်ဖြစ်စေ၊ အစမှအဆုံးတိုင် ၎င်းတို့သည် မိမိကိုယ်ကို အပြစ်တင်ခြင်း၊ ဝမ်းနည်းခြင်း၊ နောင်တရခြင်း၊ အကြွေးတင်သောစိတ်တစ်ခုမျှ မခံစားရသည့်အပြင် မိမိတို့၏စိတ်နှလုံးထဲ၌ သေချာပေါက် နောက်ပြန်မလှည့်ကြပေ။ ဤသူတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။ ဤဥပမာနှစ်ခုမှ အကဲဖြတ်ရလျှင် အန္တိခရစ်များ၏ အသိသာအထင်ရှားဆုံးသော အင်္ဂါရပ်မှာ အဘယ်နည်း။ (၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း ဖြစ်ပါသည်။) ဤအသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းသည် မည်သို့သော သရုပ်သကန်မျိုးကို ဖြစ်စေသနည်း။ ၎င်းတို့ ထုတ်ဖော်သည့် စိတ်သဘောထားများ၏ ရလဒ်မှာ အဘယ်နည်း။ (၎င်းတို့သည် ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် နောင်တရခြင်း မရှိနိုင်ကြပါ။) ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် နောင်တရခြင်း မရှိနိုင်သောသူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသလော။ လုံးဝမလုပ်ဆောင်နိုင်ကြပေ။
အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားမျှသာ ရှိသောသူကို အနှစ်သာရအားဖြင့် အန္တိခရစ်တစ်ဦးအဖြစ် သတ်မှတ်၍မရနိုင်ပေ။ အန္တိခရစ်များ၏ သဘာဝ အနှစ်သာရ ရှိသောသူများသာ အန္တိခရစ်အစစ်များဖြစ်သည်။ ဤလူနှစ်မျိုး၏ လူ့သဘာဝသည် ဧကန်အမှန် ကွဲပြားမှုများရှိပြီး မတူညီသော လူ့သဘာဝ အမျိုးအစားများ၏ အုပ်စိုးမှုအောက်တွင် သမ္မာတရားအပေါ် ထိုလူများထားရှိသော သဘောထားများသည်လည်း မတူညီပေ။ သမ္မာတရားအပေါ် လူတို့ထားရှိသော သဘောထားများ မတူညီသောအခါ ၎င်းတို့ရွေးချယ်သောလမ်းများက မတူညီကြပေ။ လူတို့ရွေးချယ်သောလမ်းများက မတူညီသောအခါ ၎င်းတို့၏ လုပ်ရပ်များမှ ထွက်လာသော စည်းမျဉ်းများနှင့် အကျိုးဆက်များကလည်း မတူညီကြပေ။ အန္တိခရစ် စိတ်သဘောထားသာ ရှိသောသူတစ်ဦးသည် အသိစိတ်၏ အလုပ်လုပ်ခြင်း၊ ဆင်ခြင်တုံတရားနှင့် ဟီရိဩတ္တပ္ပ ရှိသောကြောင့် သမ္မာတရားကိုလည်း အတော်အသင့် နှစ်သက်ပေရာ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပေါ်ထွက်လာသည့်အခါ သူ၏စိတ်နှလုံးအတွင်း၌ အပြစ်တင်ခြင်းကို ခံစားရနိုင်ပေသည်။ ထိုသို့သော အချိန်များတွင် သူသည် သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်နိုင်ပြီး သူ့ကိုယ်သူ သိမြင်နိုင်သည်။ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှုအား ထုတ်ဖော်ပြခြင်းကို ဝန်ခံနိုင်သည်။ ဤနည်းအားဖြင့် သူသည် ဇာတိပကတိနှင့် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပုန်ကန်နိုင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို နာခံနိုင်လာသည်။ သို့ရာတွင် အန္တိခရစ်တစ်ယောက်အတွက်မူ ဤသို့ မဟုတ်ပေ။ သူ၌ ဟီရိဩတ္တပ္ပ ရှိရန် မဆိုထားနှင့်၊ အသိစိတ်၏ အလုပ်လုပ်ခြင်းသော်လည်းကောင်း၊ အသိစိတ်၏ သိရှိခံစားမှုသော်လည်းကောင်း မရှိသောကြောင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ထုတ်ဖော်ပြသောအခါ ၎င်းတို့၏ ထုတ်ဖော်ပြချက်သည် မှန်ကန်သလော၊ မှားယွင်းသလော၊ သို့မဟုတ် ၎င်းတို့တွင် ရှိသည့်အရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သလော၊ သာမန်လူ့သဘာဝ ဖြစ်သလော၊ သို့မဟုတ် သမ္မာတရားနှင့် ကိုက်ညီသလောဆိုသည်တို့ကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ မတိုင်းတာပေ။ ဤအရာများကို ၎င်းတို့ မည်သည့်အခါမျှ ဆင်ခြင်သုံးသပ်ခြင်း မရှိပေ။ ဤသို့ဆိုလျှင် ၎င်းတို့သည် မည်သို့ပြုမူကြသနည်း။ ၎င်းတို့ဖွင့်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ၎င်းတို့ရွေးချယ်သည့် လမ်းသည် မှန်ကန်သော အရာများဖြစ်သည်ဟု အမြဲ ခံယူထားကြသည်။ ၎င်းတို့လုပ်သမျှသည် မှန်ကန်ကြောင်း၊ ၎င်းတို့ပြောသမျှသည် မှန်ကန်ကြောင်း ထင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အမြင်များကို ထိန်းသိမ်းရန် စိတ်ပိုင်းဖြတ်ထားကြ၏။ ထို့ကြောင့် ၎င်းတို့လုပ်မိနိုင်သည့် အမှားတစ်ခုသည် မည်မျှကြီးပါစေ၊ ၎င်းတို့ဖွင့်ပြနိုင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်မျှပြင်းထန်ပါစေ ၎င်းတို့သည် အကြောင်းအရာ၏ လေးနက်မှုကို သိမြင်လိမ့်မည် မဟုတ်ပေ။ ပြီးလျှင် ၎င်းတို့ ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သေချာပေါက် နားလည်ကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်နှင့် သမ္မာတရားအား ကျိုးနွံနာခံခြင်း လမ်းကြောင်းကို ရွေးချယ်ရန်အတွက် ၎င်းတို့၏ ဆန္ဒများကို ဘေးဖယ်ထားခြင်း၊ ၎င်းတို့၏ ရည်မှန်းချက် သို့မဟုတ် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပုန်ကန်ခြင်း ပြုလိမ့်မည် မဟုတ်သည်မှာ အမှန်ပင် ဖြစ်သည်။ အန္တိခရစ်တစ်ယောက်၏ စိတ်သဘောထား ရှိသောသူသည် သမ္မာတရားကို မိမိတို့ စိတ်နှလုံးတွင်ချစ်လျှင် ထိုသမ္မာတရားကို နားလည်မှုအား ရရှိပြီး လက်တွေ့လုပ်ဆောင်ရန်၊ ကယ်တင်ခြင်းရရန် အခွင့်အလမ်းရှိသော်လည်း အန္တိခရစ်တစ်ယောက်၏ အနှစ်သာရရှိသော လူစားမျိုးကမူ သမ္မာတရားကို နားမလည်နိုင်၊ သို့မဟုတ် လက်တွေ့မလုပ်ဆောင်နိုင်သကဲ့သို့ ကယ်တင်ခြင်းလည်း မရရှိနိုင်ကြောင်းကို ဤမတူညီသော ရလဒ်နှစ်မျိုးမှတစ်ဆင့် မြင်နိုင်သည်။ ဤသည်မှာ ဤနှစ်ခုကြားရှိ ကွာခြားချက်ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။