နောက်ဆက်တွဲ ၂- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခဲ့ပြီး သူ့ကို ကျိုးနွံနာခံခဲ့ပုံ (အပိုင်း ၁) အခန်း တစ်
၁။ နောဧသည် သင်္ဘောကို တည်ဆောက်၏
ယနေ့ ငါသည် သင်တို့ကို ပုံဝတ္ထုတချို့ပြောခြင်းဖြင့် အစပြုမည်။ ငါပြောနေသည့် အကြောင်းအရာကို နားထောင်ပြီး ယင်း၌ ယခင် ငါတို့ ခြုံငုံခဲ့သည့် အကြောင်းအရာများနှင့် ဆက်စပ်မှုတစ်စုံတစ်ရာရှိမရှိ ကြည့်လော့။ ဤပုံဝတ္ထုများသည် နက်နဲခြင်းမရှိပေ၊ သင်တို့အားလုံးသည် ယင်းတို့ကို နားလည်လောက်သည်မှာ သေချာသလောက် ရှိသည်။ ဤပုံဝတ္ထုများကို ငါတို့ ယခင်က ပြောဖူးလေသည်၊ ယင်းတို့မှာ ပုံဝတ္ထုဟောင်းများ ဖြစ်၏။ ပထမဦးဆုံးက နောဧ၏ပုံဝတ္ထုဖြစ်သည်။ နောဧ၏ အချိန်ကာလအတွင်း၌ လူသားမျိုးနွယ်သည် အလွန်အမင်း ဖောက်ပြန်ပျက်စီးခဲ့၏။ လူတို့သည် ရုပ်တုများကို ကိုးကွယ်ခဲ့ကြကာ ဘုရားသခင်ကို ခုခံခဲ့ကြပြီး ဆိုးယုတ်သော လုပ်ရပ်မျိုးစုံကို ကျူးလွန်ခဲ့ကြသည်။ သူတို့၏ ဒုစရိုက်အမှုများကို ဘုရားသခင်၏မျက်လုံးများက တွေ့မြင်ခဲ့ကာ သူတို့ပြောဆိုသော စကားများက ဘုရားသခင်၏နားသို့ ရောက်ရှိခဲ့ပြီး သူသည် ဤလူသားမျိုးနွယ်ကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးမည်၊ ဤကမ္ဘာလောကကို ပျက်သုဥ်းစေမည်ဟု ဘုရားသခင်ဆုံးဖြတ်ခဲ့သည်။ သို့ဆိုလျှင် လူအားလုံးက တစ်ဦးတစ်ယောက်မျှ မကျန်ရစ်ဘဲ ဖျက်ဆီးခြင်း ခံခဲ့ရမည်လော။ မဟုတ်ပါ။ လူသားတစ်ဦးမှာ ကံကောင်းခဲ့သည်၊ သူသည် ဘုရားသခင်၏ မျက်နှာသာပေးခြင်း ခံခဲ့ရပြီး ဘုရားသခင်၏ ဖျက်ဆီးခြင်းပစ်မှတ် ဖြစ်မည်မဟုတ်ခဲ့။ ဤလူသားမှာ နောဧဖြစ်သည်။ နောဧသည် ဘုရားသခင်က ကမ္ဘာမြေကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးခဲ့ပြီးနောက်တွင် ကျန်ရစ်ခဲ့မည်ဖြစ်သည်။ ထိုခေတ်ကို အဆုံးသတ်ပြီး ဤလူသားမျိုးနွယ်ကို ဖျက်ဆီးမည်ဟု ဆုံးဖြတ်ခဲ့ပြီးနောက် ဘုရားသခင်သည် တစ်စုံတစ်ခုကို ပြုလုပ်ခဲ့သည်။ ယင်းက အဘယ်နည်း။ တစ်နေ့သော် ဘုရားသခင်သည် နောဧကို ကောင်းကင်ထက်မှ ခေါ်ခဲ့သည်။ သူက “နောဧ၊ ဤလူသားမျိုးနွယ်၏ မကောင်းမှုက ငါ၏နားသို့ ရောက်ရှိပြီဖြစ်ပြီး ငါသည် ဤကမ္ဘာလောကကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ သင်သည် ဂေါဖရသစ်သားဖြင့် သင်္ဘောတစ်စင်း ဆောက်လုပ်ရမည်။ သင်္ဘော၏ အရွယ်အစားကို သင့်အား ငါပြောပြမည်ဖြစ်ပြီး သင်သည် သင်္ဘောအတွင်း၌ နေရာချထားရန်အတွက် သက်ရှိသတ္တဝါမျိုးစုံကို စုစည်းစေရမည်။ သင်္ဘောကို ပြီးစီးကာ ဘုရားသခင်ဖန်ဆင်းထားသော သက်ရှိသတ္တဝါတိုင်း၏ အထီးတစ်ကောင်နှင့် အမတစ်ကောင်ကို အထဲ၌ စုသိမ်းထားပြီးသောအခါ ဘုရားသခင်၏နေ့ရက် လာလိမ့်မည်။ ထိုအချိန်၌ ငါသည် သင့်ကို အချက်ပြမည်”ဟု မိန့်မှာခဲ့သည်။ ဤစကားများကို မိန့်မြွက်ပြီးနောက် ဘုရားသခင် ထွက်ခွာသွားသည်။ ဘုရားသခင်၏စကားများကို ကြားသိပြီးနောက် နောဧသည် ဘုရားသခင်မိန့်မှာထားခဲ့သည့်အရာ တစ်ခုချင်းစီတိုင်းကို မခြွင်းမချန်ဘဲ စတင်၍ ဆောင်ရွက်ခဲ့သည်။ သူ မည်သည့်အရာကို ပြုလုပ်ခဲ့သနည်း။ ဘုရားသခင်ပြောခဲ့သော ဂေါဖရသစ်သားနှင့် သင်္ဘောဆောက်လုပ်ခြင်းအတွက် လိုအပ်သော ပစ္စည်းအမျိုးမျိုးကို ရှာဖွေခဲ့သည်။ သူသည် သက်ရှိသတ္တဝါမျိုးစုံကို စုစည်းရန်နှင့် ပြုစုစောင့်ရှောက်ရန်အတွက်လည်း ပြင်ဆင်ခဲ့သည်။ ကြီးမားသော ဤလုပ်ငန်းတာဝန်နှစ်ရပ်လုံးကို သူ၏နှလုံးသားထက်၌ ရိုက်နှိပ်မှတ်သားထားခဲ့သည်။ ဘုရားသခင်က နောဧအား သင်္ဘောတည်ဆောက်ခြင်းကို အပ်နှံခဲ့သည့် အချိန်မှစ၍ နောဧသည် မည်သည့်အချိန်၌မျှ “ဘုရားသခင်က ကမ္ဘာကြီးကို မည်သည့်အချိန်တွင် ဖျက်ဆီးမည်နည်း။ သူသည် ထိုသို့လုပ်ဆောင်မည်ဟု မည်သည့်အချိန်တွင် အချက်ပြမည်နည်း” ဟု သူ့ဘာသာသူ မစဉ်းစားခဲ့ချေ။ ထိုသို့သော အကြောင်းအရာများကို တွေးဆနေမည့်အစား နောဧသည် ဘုရားသခင်က သူ့ကို ပြောသည့်အရာရာတစ်ခုချင်းစီကို အလေးအနက်ထား၍ နှလုံးသွင်းခဲ့ပြီး ထို့နောက် တစ်ခုချင်းစီကို ဆောင်ရွက်ခဲ့သည်။ ဘုရားသခင်က သူ့အား တာဝန်ပေးစေခိုင်းခဲ့သောအရာကို လက်ခံပြီးနောက် နောဧသည် ဘုရားသခင် ပြောသည့် သင်္ဘောတည်ဆောက်ခြင်းကို သူ၏ နောက်ပိုင်းဘဝတစ်လျှောက်လုံးတွင် အရေးအကြီးဆုံးသောအရာအဖြစ် သတ်မှတ်၍ လုပ်ဆောင်ကာ အကောင်အထည်ဖော်ခဲ့ပြီး ပေါ့ဆလိုသည့်သဘော စိုးစဉ်းမျှပင် မရှိချေ။ နေ့ရက်များ ကျော်ဖြတ်ကာ နှစ်များကုန်လွန်လျက် တစ်ရက်ပြီးတစ်ရက် တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်ခဲ့သည်။ ဘုရားသခင်သည် နောဧကို မကြီးကြပ်ခဲ့သော်လည်း၊ သို့မဟုတ် မလှုံ့ဆော်ခဲ့သော်လည်း နောဧသည် သူ့အား ဘုရားသခင်တာဝန်ပေးစေခိုင်းထားသော အရေးကြီးဆုံးအလုပ်၌ ဤအချိန်ကာလတစ်လျှောက်လုံး မဆုတ်မနစ်ကြိုးပမ်းခဲ့သည်။ ဘုရားသခင် မိန့်မြွက်ပြီးသော စကားလုံးတိုင်းနှင့် စကားစုတိုင်းကို ကျောက်ပြားပေါ်တွင် ထွင်းထုထားသော စာလုံးများကဲ့သို့ နောဧ၏ နှလုံးသားထက်တွင် ရေးထိုးထားခဲ့လေသည်။ သူသည် ပြင်ပလောကရှိ အပြောင်းအလဲများ၊ သူ၏ပတ်ဝန်းကျင်၌ ရှိသောသူတို့၏ လှောင်ပြောင်သရော်မှု၊ ပါဝင်သည့် ခက်ခဲမှု၊ သို့မဟုတ် သူကြုံတွေ့ရသော အခက်အခဲများကို မမှုဘဲ သူ့အား ဘုရားသခင်တာဝန်ပေးစေခိုင်းထားခဲ့သော အရာ၌ မည်သည့်အခါမျှ စိတ်ဓာတ်ကျခြင်းမရှိ သို့မဟုတ် လက်လျှော့ဖို့ စိတ်ကူးမရှိဘဲ တစ်ချိန်လုံး အပတ်တကုတ်ကြိုးစားခဲ့သည်။ ဘုရားသခင်၏ စကားများကို နောဧ၏နှလုံးသားပေါ်၌ ရေးထိုးထားခဲ့ပြီး နောဧသည် ယင်းတို့ကို သူ၏ နေ့စဉ်အသက်တာ၌ ဆောင်ရွက်ခဲ့သည်။ နောဧသည် သင်္ဘောဆောက်လုပ်ဖို့ လိုအပ်သည့်ပစ္စည်းများ တစ်ခုချင်းစီကို ပြင်ဆင်ခဲ့သည်၊ ဘုရားသခင်အမိန့်ပေးထားသည့် သင်္ဘော၏ပုံစံနှင့် အသေးစိတ်သတ်မှတ်ချက်များက နောဧ၏ တူနှင့်ဆောက်တို့၏ ဂရုတစိုက် ထုရိုက်ချက်အသီးသီးတို့နှင့်အတူ တဖြည်းဖြည်း ပုံပေါ်လာခဲ့၏။ လူတို့က သူ့ကို ရယ်သွမ်းသွေးပြီး အသရေပျက်အောင် မည်သို့ ပြောဆိုကြသည်ဖြစ်စေ တစ်နှစ်ပြီးတစ်နှစ် လေနှင့်မိုးတစ်လျှောက်လုံး နောဧ၏အသက်တာမှာ ဤပုံစံအတိုင်း ရှေ့ဆက်ခဲ့သည်။ ဘုရားသခင်သည် သူ့ကို နောက်ထပ် စကားမိန့်မြွက်ခြင်း မရှိဘဲ နောဧ၏ လုပ်ဆောင်ချက်တိုင်းကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပြီး သူ၏စိတ်နှလုံးကို နောဧက တို့ထိခဲ့လေသည်။ သို့သော်လည်း နောဧသည် ဤအရာကို သိလည်းမသိ၊ ခံလည်းမခံစားခဲ့ပေ။ သူသည် အစမှအဆုံးတိုင် သင်္ဘောကိုသာ ဆောက်လုပ်ခဲ့ပြီး ဘုရားသခင်၏စကားကို မမှိတ်မသုန် သစ္စာစောင့်သိခြင်းဖြင့် သက်ရှိသတ္တဝါမျိုးစုံကို စုစည်းစေခဲ့သည်။ နောဧ၏ စိတ်နှလုံးထဲတွင် ဘုရားနှုတ်ကပတ်တော်များသည် သူလိုက်နာသင့်ပြီး လုပ်ဆောင်သင့်သော အမြင့်ဆုံးသော ညွှန်ကြားချက်ဖြစ်ပြီး ယင်းတို့သည် သူ၏ တစ်ဘဝလုံး လိုက်စားခဲ့သော ပန်းတိုင်နှင့် ဦးတည်ချက် ဖြစ်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်က သူ့အား မည်သည့်အရာကို ပြောခဲ့သည်ဖြစ်စေ၊ ဘုရားသခင်က သူ လုပ်ဆောင်ရန် မည်သည့်အရာကို ခိုင်းစေခဲ့သည်ဖြစ်စေ၊ အမိန့်ပေးခဲ့သည်ဖြစ်စေ နောဧက အပြည့်အဝလက်ခံခဲ့သည်။ ပြီးလျှင် စိတ်ထဲ မှတ်သားထားကာ သူ့ဘဝ၏ အရေးအကြီးဆုံးအရာအဖြစ် သဘောထား၍ ထိုအတိုင်း ကိုင်တွယ်လေသည်။ သူသည် မမေ့လျော့ရုံသာမက၊ ယင်းကို သူ၏စိတ်ထဲတွင် အလေးအနက်ထားရုံမျှမက ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သူ၏ အသက်ဖြင့် လက်ခံပြီး ဆောင်ရွက်လျက် ယင်းကို သူ၏ နေ့စဉ်အသက်တာ၌လည်း အကောင်အထည် ဖော်ခဲ့လေသည်။ ဤသို့ဖြင့် ပျဉ်ပြားတစ်ချပ်ပြီးတစ်ချပ်ဖြင့် သင်္ဘောကို ဆောက်လုပ်ခဲ့သည်။ နောဧ၏ လှုပ်ရှားမှုတိုင်း၊ သူ၏ နေ့ရက်စဉ်တိုင်းကို ဘုရားသခင်၏ ပညတ်ချက်များနှင့် စကားများအတွက် ရည်စူးထားခဲ့သည်။ အပြင်ပန်းကြည့်လျှင် နောဧသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေအောင် ကြီးကျယ်သော တာဝန်တစ်ရပ်ကို ထမ်းဆောင်နေသည့်ပုံ ပေါက်ကောင်းပေါက်မည် မဟုတ်သော်လည်း ဘုရားသခင်၏ အမြင်တွင်ကား နောဧ၏ လှုပ်ရှားမှုတိုင်း၊ သူလျှောက်ခဲ့သော ခြေလှမ်းတိုင်းဖြင့် ပြီးမြောက်အောင် ကြိုးစားခဲ့သော အရာရာတိုင်း၊ သူ့လက်အားဖြင့် လုပ်ဆောင်သည့် အားထုတ်မှုတိုင်းသည်ပင်၊ ၎င်းတို့အားလုံးမှာ အဖိုးတန်ပြီး အမှတ်ရထိုက်ကာ ဤလူသားမျိုးနွယ်က အတုယူထိုက်လေသည်။ နောဧသည် သူ့အား ဘုရားသခင် တာဝန်ပေး စေခိုင်းထားခဲ့သည့်အရာကို လိုက်နာစောင့်ထိန်းခဲ့သည်၊ သူသည် ဘုရားသခင်မိန့်မြွက်ခဲ့သည့် စကားတိုင်း မှန်ကန်သည်ဟူသည့် မဆုတ်မနစ်သော ယုံကြည်မှုရှိခဲ့ကာ၊ ယင်းနှင့်ပတ်သက်၍ ၎င်း၌ သံသယလုံးဝ မရှိခဲ့ပေ။ ရလဒ်အနေဖြင့် သင်္ဘောသည် ပြီးစီးခြင်းသို့ရောက်ခဲ့ပြီး သက်ရှိသတ္တဝါမျိုးစုံက ယင်းအပေါ်၌ အသက်ရှင်နိုင်ခဲ့သည်။ ဘုရားသခင်သည် ကမ္ဘာလောကကို မဖျက်ဆီးမီ၊ နောဧကို အချက်ပြခဲ့၏၊ ယင်းက ရေလွှမ်းမိုးခြင်းမှာ ဖြစ်အံ့ဆဲဆဲဖြစ်ကြောင်းနှင့် သင်္ဘောပေါ်သို့ အချိန်မဆိုင်းဘဲ တက်သင့်ကြောင်း နောဧကို ပြောပြခဲ့သည်။ နောဧသည် ဘုရားသခင်ပြောခဲ့သည့်အတိုင်း အတိအကျလုပ်ခဲ့သည်။ နောဧသည် သင်္ဘောပေါ် တက်လိုက်သောအခါ၊ ကောင်းကင်ထက်မှ သည်းထန်သော မိုးရေကြီးများ ဒလဟောရွာချသောအခါ ဘုရားသခင်၏ စကားများက အမှန်ဖြစ်လာခဲ့ပြီဖြစ်ကြောင်း၊ သူ၏စကားများက ပြည့်စုံခဲ့ပြီဖြစ်ကြောင်း နောဧ မြင်လိုက်လေသည်။ ဘုရားသခင်၏ အမျက်တော်သည် ကမ္ဘာမြေပေါ် ကျရောက်ခဲ့ပြီဖြစ်ပြီး ဤအရာအားလုံးကို မည်သူမျှ ပြောင်းလဲ၍မရခဲ့ပေ။
နောဧက သင်္ဘောကိုဆောက်လုပ်ရန် နှစ်ပေါင်းမည်မျှ ကြာခဲ့သနည်း။ (နှစ်ပေါင်း ၁၂၀ ကြာခဲ့သည်။) အနှစ် ၁၂၀ က ယနေ့ခေတ်လူတို့အတွက် မည်သည့်အရာကို ကိုယ်စားပြုသနည်း။ ယင်းမှာ ပုံမှန်လူတစ်ဦး၏ သက်တမ်းထက် ပို၍ကြာသည်။ လူနှစ်ဦး၏ သက်တမ်းထက်ပင် ပို၍ကြာကောင်းကြာနိုင်သည်။ သို့တစေ နောဧသည် ဤနှစ်ပေါင်း ၁၂၀ ကြာကြာ တစ်ခုတည်းသောအရာကို ပြုလုပ်ခဲ့ပြီး နေ့စဉ်ရက်ဆက် တူညီသောအရာတစ်ခုကိုသာ ပြုလုပ်ခဲ့သည်။ စက်မှုလုပ်ငန်းများ မဖွံ့ဖြိုးသေးသော ထိုခေတ်ကာလ၌၊ သတင်းအချက်အလက်များ လည်ပတ်စီးဆင်းခြင်း မရှိသေးသော ထိုခေတ်ကာလ၌၊ အရာရာတိုင်းကို လူတို့၏ လက်နှစ်ဖက်နှင့် ကာယလုပ်အားဖြင့်သာ ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ရသော ထိုခေတ်ကာလ၌ နောဧသည် နေ့စဉ်နေ့တိုင်း တူညီသောအရာတစ်ခုကို လုပ်ဆောင်ခဲ့သည်။ သူသည် နှစ်ပေါင်း ၁၂၀ ကြာ လက်လျှော့ခြင်း သို့မဟုတ် ရပ်နားခြင်း မရှိခဲ့ပေ။ နှစ်ပေါင်းတစ်ရာ့နှစ်ဆယ် ဟူသည်ကို ငါတို့သည် မည်သို့ စိတ်ကူးကြည့်နိုင်သနည်း။ လူသားမျိုးနွယ်ထဲက အခြားတစ်ယောက်ယောက်သည် နှစ်ပေါင်း ၁၂၀ ကြာအောင် တစ်ခုတည်းသောအရာကို ပြုလုပ်ရန် ဇွဲမလျှော့ဘဲ လုပ်ဆောင်နိုင်ခဲ့သနည်း။ (မလုပ်ဆောင်နိုင်ပါ။) မည်သူကမျှ နှစ်ပေါင်း ၁၂၀ ကြာအောင် တစ်ခုတည်းသောအရာကို ပြုလုပ်ရန် ဇွဲမလျှော့ဘဲ လုပ်ဆောင်နိုင်မည် မဟုတ်သည်မှာ အံ့သြစရာမရှိပေ။ သို့တစေ မိမိအား ဘုရားသခင် တာဝန်ပေးစေခိုင်းထားခဲ့သော အရာကို အပြောင်းအလဲမရှိ၊ နှစ်ပေါင်း ၁၂၀ ကြာအောင် မဆုတ်မနစ်ကြိုးပမ်းခဲ့ကာ မည်သည့်အခါမျှ ညည်းညူခြင်း သို့မဟုတ် လက်လျှော့ခြင်းမရှိ၊ မည်သည့်ပြင်ပပတ်ဝန်းကျင် အခြေအနေက ထိခိုက်နိုင်ခြင်းမရှိဘဲ နောက်ဆုံးတွင် ဘုရားသခင်ပြောခဲ့သည့်အတိုင်း အတိအကျပြီးစီးခဲ့သော လူတစ်ဦးရှိခဲ့လေသည်။ ဤအရာမှာ မည်သည့်ကိစ္စမျိုး ဖြစ်လေသနည်း။ လူသားမျိုးနွယ်ထဲတွင် ဤသည်မှာ ကြုံတောင့်ကြုံခဲဖြစ်ပြီး ရှားပါးကာ တစ်မူပင်ထူးတော့သည်။ လူ့သမိုင်း၏ ရှည်လျားသော ခေတ်ရေစီးကြောင်းထဲက ဘုရားသခင်နောက် လိုက်ခဲ့ပြီးသည့် လူသားမျိုးနွယ်များ အားလုံးထဲတွင် ဤအရာနှင့် ဆင်တူသည့်အရာ လုံးလုံးလျားလျား မရှိခဲ့ပေ။ လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်မှုနှင့် ခက်ခဲမှု၊ ယင်းက တောင်းဆိုသော ကိုယ်ခန္ဓာစွမ်းအင်နှင့် အားစိုက်မှုအဆင့်နှင့်အတူ ယင်းကလိုအပ်သော ကြာမြင့်ချိန်တို့အရ၊ ဤအရာမှာ လွယ်ကူသောလုပ်ငန်း မဟုတ်ပေ၊ ထို့ကြောင့် နောဧက ဤအရာကို ပြုလုပ်ခဲ့သောအခါ ယင်းသည် လူသားများကြားတွင် တစ်မူထူးခဲ့ပြီး သူသည် ဘုရားသခင်နောက်လိုက်သောသူ အားလုံးအတွက် နမူနာနှင့် စံပြတစ်ဦးဖြစ်လေသည်။ နောဧသည် သတင်းစကား အနည်းငယ်သာ ကြားဖူးခဲ့ပြီး ထိုအချိန်က ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို မဖော်ပြခဲ့သောကြောင့် နောဧသည် သမ္မာတရားများစွာကို နားလည်ဖို့ မဖြစ်နိုင်ပေ။ သူသည် မျက်မှောက်ခေတ်သိပ္ပံပညာ သို့မဟုတ် မျက်မှောက်ခေတ်အသိပညာကို နားမလည်ခဲ့။ သူသည် အလွန့်အလွန် သာမန်လူသားတစ်ဦး၊ လူသားမျိုးနွယ်၏ သာမညောင်ည လူသားတစ်ဦးသာ ဖြစ်သည်။ သို့ရာတွင် အင်္ဂါရပ်တစ်ခုတွင်မူ သူသည် အခြားမည်သူနှင့်မျှ မတူခဲ့။ ဘုရားသခင်၏စကားကို နာခံရမည်ကို သူသိခဲ့သည်၊ ဘုရားသခင်၏စကားကို မည်သို့လိုက်လျှောက်ပြီး လိုက်နာရမည်ကို သိခဲ့သည်၊ လူ၏ သင့်လျော်သောနေရာက မည်သည့်အရာဖြစ်သည်ကို သိခဲ့ပြီး ဘုရားသခင်၏စကားကို အမှန်တကယ် ယုံကြည်ပြီး ကျိုးနွံနာခံနိုင်ခဲ့သည်မှလွဲ၍ နောက်ထပ် ဘာမှမရှိတော့ပေ။ နောဧအား ဘုရားသခင်တာဝန်ပေးစေခိုင်းခဲ့ပြီးသော အရာများအားလုံးကို ပြီးမြောက်ခွင့်ပေးရန်အတွက် အနည်းငယ်သော ဤရိုးရှင်းသည့် ယုံကြည်ချက်များက လုံလောက်ခဲ့ပြီး သူသည် လအနည်းငယ်သာမဟုတ်၊ နှစ်အချို့သာမဟုတ်၊ ဆယ်စုနှစ်အချို့မျှသာလည်းမဟုတ်ဘဲ ရာစုနှစ်တစ်ခုကျော်ကြာ ဤအရာ၌ မဆုတ်မနစ် ကြိုးပမ်းခဲ့ပေသည်။ ဤနှစ်အရေအတွက်က အံ့အားသင့်ဖွယ် ကောင်းသည်မဟုတ်လော။ နောဧမှလွဲ၍ ဤအရာကို မည်သူလုပ်ဆောင်နိုင်ခဲ့ဖူးသနည်း။ (မည်သူမျှ မလုပ်ဆောင်နိုင်ခဲ့ဖူးပါ။) သို့ဆိုလျှင် အဘယ်ကြောင့် မလုပ်နိုင်သနည်း။ လူတချို့က ယင်းသည် သမ္မာတရားကို နားမလည်ခြင်းကြောင့် ဖြစ်သည်ဟုဆိုကြသည်။ သို့သော် ယင်းသည် အဖြစ်မှန်နှင့် မကိုက်ညီပါတကား။ သမ္မာတရားမည်မျှကို နောဧ နားလည်ခဲ့သနည်း။ နောဧသည် ဤအရာအားလုံးကို အဘယ်ကြောင့် စွမ်းဆောင်နိုင်ခဲ့သနည်း။ ယနေ့ခေတ် ယုံကြည်သူများသည် ဘုရားနှုတ်ကပတ်တော်များစွာကို ဖတ်ပြီးကြပြီဖြစ်သည်။ သမ္မာတရားအချို့ကို နားလည်ကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ဤအရာကို မစွမ်းဆောင်နိုင်သည်မှာ အဘယ်ကြောင့်နည်း။ အခြားသူတို့က ယင်းသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြောင့် ဖြစ်သည်ဟု ပြောကြသည်၊ သို့သော် နောဧ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မရှိခဲ့သလော။ နောဧက ဤအရာကို အောင်မြင်သော်လည်း ယနေ့ခေတ်လူတို့က အဘယ်ကြောင့် မအောင်မြင်ကြသနည်း။ (ယနေ့ခေတ်လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မယုံကြည်သောကြောင့် ထိုနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် သဘောမထားသကဲ့သို့ လိုက်လည်းမလိုက်နာကြပေ။) သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် အဘယ်ကြောင့် သဘောမထားနိုင်ကြသနည်း။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဘယ်ကြောင့် လိုက်နာနိုင်စွမ်းမရှိကြသနည်း။ (သူတို့၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိပေ။) ထို့ကြောင့် လူတို့၌ သမ္မာတရားကို သိနားလည်ခြင်းမရှိသည့်အပြင် သမ္မာတရားများစွာကို ကြားဖူးခဲ့ခြင်း မရှိသောအခါ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးက ၎င်းတို့၌ အဘယ်သို့ ပေါ်ပေါက်သနည်း။ (၎င်းတို့တွင် လူ့သဘာဝနှင့် အသိတရားရှိရမည်။) မှန်သည်။ လူတို့၏ လူ့သဘာဝထဲတွင် အားလုံးအနက် အဖိုးထိုက်ဆုံးသော အရာနှစ်ခု ရှိရမည်။ ပထမမှာ အသိတရားဖြစ်ပြီး ဒုတိယမှာ ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားဖြစ်သည်။ အသိတရားနှင့် ပုံမှန် လူ့သဘာဝ၏ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ခြင်းသည် လူတစ်ဦးဖြစ်ခြင်းအတွက် အနိမ့်ဆုံးစံနှုန်းဖြစ်၏။ ယင်းသည် လူတစ်ဦးကို တိုင်းတာရန်အတွက် အနိမ့်ဆုံး၊ အခြေခံအကျဆုံး စံနှုန်းဖြစ်၏။ သို့သော် ယနေ့ခေတ်လူတို့၌ ဤအရာမရှိပေ၊ ထို့ကြောင့် သမ္မာတရား မည်မျှများများကို သူတို့ကြားသိနားလည်သည်ဖြစ်စေဘုရားသခင်အား ကြောက်ရွံ့သော စိတ်နှလုံးကို ပိုင်ဆိုင်ဖို့ဆိုသည်မှာ ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ သို့ဆိုလျှင် နောဧနှင့်နှိုင်းယှဉ်လျှင် ယနေ့ခေတ်လူတို့နှင့် နောဧတို့ကြားတွင် အနှစ်သာရပိုင်းဆိုင်ရာ ခြားနားမှုက အဘယ်နည်း။ (သူတို့၌ လူ့သဘာဝမရှိချေ။) ထို့အပြင် ဤလူ့သဘာဝကင်းမဲ့ခြင်း၏ အနှစ်သာရက အဘယ်နည်း။ (၎င်းတို့သည် သားရဲများနှင့် နတ်ဆိုးများဖြစ်သည်။) “သားရဲနှင့် နတ်ဆိုးများ” ဆိုသည်မှာ နားထောင်၍ သိပ်မကောင်းပေ။ သို့သော် ဤသည်မှာ အချက်အလက်များနှင့် ကိုက်ညီသည်။ ပို၍ ယဉ်ကျေးစွာပြောဆိုရလျှင် ယင်းမှာ ၎င်းတို့သည် လူ့သဘာဝမရှိဟူ၍ ဖြစ်ပေမည်။ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားမရှိသော လူတို့သည် လူသားများမဟုတ်ပေ။ ၎င်းတို့သည် သားရဲများထက်ပင် နိမ့်ကျပေသည်။ ဘုရားသခင်၏ စေခိုင်းချက်ကို နောဧက ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်မှာ ဘုရားသခင်၏ စကားများကို နောဧကြားသောအခါ သူသည် ထိုစကားများကို သူ၏ စိတ်နှလုံး၌ မြဲမြံစွာ သိမ်းဆည်းထားနိုင်သောကြောင့်ဖြစ်သည်။ သူ့အတွက် ဘုရားသခင်၏ စေခိုင်းချက်သည် တစ်သက်တာ တာဝန်ဖြစ်သည်။ သူ၏ ယုံကြည်မှုသည် မယိမ်းယိုင်ခဲ့ပေ။ သူ၏စိတ်ဓာတ်သည် နှစ်တစ်ရာကြာသည်အထိ မပြောင်းလဲခဲ့ပေ။ ယင်းမှာ သူသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသောကြောင့်၊ စစ်မှန်သည့် လူတစ်ယောက်ဖြစ်သောကြောင့်၊ အဆုံးစွန် ဆင်ခြင်တုံတရားရှိသောကြောင့် ဘုရားသခင်က သူ့အပေါ် သင်္ဘောကြီးတည်ဆောက်ရန် အပ်နှံခဲ့ခြင်းဖြစ်သည်။ နောဧကဲ့သို့ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားရှိသောလူများသည် အလွန် ရှားပါးသည်။ အခြားတစ်ယောက်ကို ရှာတွေ့ရန် အလွန်ပင် ခက်ခဲလိမ့်မည်။
နောဧသည် အမှန်တကယ်တွင် အမှုအရာတစ်ခုတည်းကိုသာ လုပ်ဆောင်နိုင်ခဲ့သည်။ ယင်းမှာ အလွန်ရိုးရှင်းသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက် သူသည် ထိုအရာများကိုဆောင်ရွက်ခဲ့ပြီး မိန့်မှာသည့်အတိုင်း တစ်သဝေမတိမ်း ထိုသို့ လုပ်ဆောင်ခဲ့သည်။ သူ၌ မည်သည့်သံသယမျှ လုံးဝ မရှိခဲ့သကဲ့သို့ လုံးဝ လက်မလျှော့ခဲ့ပေ။ ဘုရားသခင်က သူ့ကို လုပ်ဆောင်ရန် ခိုင်းစေသည့် မည်သည့်အရာကိုမဆို သူသည် တစ်သဝေမတိမ်း ဆက်လက်လုပ်ဆောင်ခဲ့သည်။ သူသည် မည်သည့်အကြောင်းပြချက်ကိုမျှ သို့မဟုတ် သူ၏ကိုယ်ပိုင်အကျိုးအမြတ် သို့မဟုတ် ဆုံးရှုံးမှုကိုမျှ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ၊ မလျှော့ဘဲ ဘုရားသခင်က သူ့ကို လုပ်ဆောင်ရန် ပြောကြားခဲ့သည့်အတိုင်း ယင်းကို အကောင်အထည်ဖော်ပြီး လက်တွေ့လုပ်ဆောင်ခဲ့သည်။ သူက၊ “ဘုရားသခင်သည် လောကကြီးကို ဖျက်ဆီးတော့မည်။ သင်သည် သင်္ဘောတစ်စင်းကို နှောင့်နှေးခြင်းမရှိဘဲ တည်ဆောက်ရမည်၊ ထိုသင်္ဘောပြီးစီးပြီး ရေလွှမ်းမိုးမှုများ ကျရောက်လာသောအခါ သင်တို့အားလုံး သင်္ဘောပေါ်သို့ တက်ကြရမည်။ သင်္ဘောပေါ်သို့ မတက်ခဲ့သောသူများအားလုံး ပျက်စီးကြရလိမ့်မည်” ဟူသည့် ဘုရားနှုတ်ကပတ်တော်များကို အမှတ်ရနေခဲ့သည်။ ဘုရားသခင် ပြောဆိုထားခဲ့သည့်အရာက မည်သည့်အချိန်တွင် အကျိုးဖြစ်ထွန်းမည်ကို သူ မသိခဲ့ပေ။ ဘုရားသခင် မိန့်မြွက်သည့်အရာသည် ပြည့်စုံရမည်ဖြစ်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးသည် မှန်ကန်ပြီး ၎င်းတို့အထဲတွင် မှားယွင်းသောစကားတစ်ခွန်းမျှ မရှိကြောင်း၊ ၎င်းတို့ မည်သည့်အချိန်တွင် အကျိုးဖြစ်ထွန်းမည်၊ မည်သည့်အချိန်တွင် အကောင်အထည်ပေါ်လာမည် ဆိုသည့်အချက်မှာမူ ဘုရားသခင်အပေါ်၌သာ တည်မီကြောင်းတို့ကို သူ သိခဲ့သည်။ ထိုအချိန်၌ သူ၏ တစ်ခုတည်းသော တာဝန်မှာ ဘုရားသခင် မိန့်မြွက်ခဲ့သမျှအရာအားလုံးကို သူ၏ စိတ်နှလုံးထဲ၌ ခိုင်မြဲစွာ မှတ်သားထားရန်၊ ထို့နောက် ယင်းကို အချိန်မဖြုန်းဘဲ လုပ်ဆောင်ရန်ဖြစ်ကြောင်း သူ သိခဲ့သည်။ ယင်းမှာ နောဧ၏ အတွေးများ ဖြစ်ခဲ့သည်။ ဤသည်မှာ သူ စဉ်းစားခဲ့သည့်အရာဖြစ်သည်။ ဤသည်မှာ သူ လုပ်ဆောင်ခဲ့သည့်အရာဖြစ်ပြီး ဤသည်တို့မှာ အဖြစ်မှန်များ ဖြစ်ကြသည်။ သို့ဆိုလျှင် သင်တို့နှင့် နောဧအကြား အနှစ်သာရပိုင်းဆိုင်ရာ ကွာခြားချက်မှာ အဘယ်နည်း။ (ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားသောအခါ၊ ယင်းကို ဆက်လက်၍ လက်တွေ့မလုပ်ဆောင်ကြပါ။) ဤသည်မှာ အပြုအမူဖြစ်သည်။ အနှစ်သာရပိုင်းဆိုင်ရာ ကွာခြားချက်မှာ အဘယ်နည်း။ (ကျွန်ုပ်တို့၌ လူ့သဘာဝ ကင်းမဲ့ပါသည်။) နောဧသည် လူသား၌ အနည်းဆုံးပိုင်ဆိုင်သင့်သည့် အရာနှစ်ခုဖြစ်သော ပုံမှန်လူ့သဘာဝ၏ အသိတရားနှင့် ဆင်ခြင်တုံတရားတို့ကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ ဤအရာများကို သင်တို့ မပိုင်ဆိုင်ကြပေ။ နောဧကို လူသားတစ်ဦးဟု ခေါ်ဆိုနိုင်ပြီး သင်တို့ကိုမူ ထိုသို့ခေါ်ဆိုရန် မထိုက်တန်ဟု ဆိုခြင်းသည် တရားမျှတပါသလော။ (တရားမျှတပါသည်။) အဘယ်ကြောင့် ငါ ဤသို့ ဆိုရသနည်း။ အဖြစ်မှန်များမှာ ထိုနေရာ၌ပင် ရှိနေပါသည်။ နောဧ လုပ်ဆောင်ခဲ့သည့်အရာနှင့် ပတ်သက်၍ တစ်ဝက်ကိုပင်မဆိုထားနှင့်။ သင်တို့သည် ယင်း၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုကိုပင် မလုပ်ဆောင်နိုင်ခဲ့ကြပေ။ နောဧသည် နှစ်ပေါင်း ၁၂၀ ကြာအောင် ဇွဲမလျှော့ဘဲ ဆက်လက်လုပ်ဆောင်နိုင်ခဲ့သည်။ သင်တို့အနေဖြင့် နှစ်ပေါင်းမည်မျှ ဇွဲမလျှော့ဘဲ ဆက်လက်လုပ်ဆောင်နိုင်မည်နည်း။ နှစ် ၁၀၀ လော။ နှစ် ၅၀ လော။ ၁၀ နှစ်လော။ ငါးနှစ်လော။ နှစ်နှစ်လော။ နှစ်ဝက်လော။ သင်တို့ထဲမှ မည်သူသည် နှစ်ဝက်ကြာအောင် ဇွဲမလျှော့ဘဲ ဆက်လက်လုပ်ဆောင်နိုင်သနည်း။ ဘုရားသခင် မိန့်မြွက်ခဲ့သော သစ်သားကို ထွက်၍ ရှာဖွေခြင်း၊ ယင်းကို ခုတ်လှဲခြင်း၊ အခေါက်ကို ခွာခြင်း၊ သစ်သားကို အခြောက်လှန်းခြင်း၊ ထို့နောက် ယင်းကို ပုံသဏ္ဌာန်အမျိုးမျိုးနှင့် အရွယ်အစားအမျိုးမျိုးအဖြစ် ခုတ်ထစ်ခြင်းတို့ကို နှစ်ဝက်ကြာအောင် သင်တို့ ဇွဲလုံ့လဖြင့် ဆက်လက်လုပ်ဆောင်နိုင်မည်လော။ သင်တို့အများစုက ခေါင်းခါနေကြသည်၊ သင်တို့သည် နှစ်ဝက်ပင် ဇွဲမလျှော့ဘဲ လုပ်ဆောင်နိုင်မည်မဟုတ်။ သို့ဆိုလျှင် သုံးလကော အဘယ်သို့နည်း။ လူအချို့က “သုံးလသည်လည်း ခက်ခဲမည်ဟု ကျွန်ုပ်ထင်သည်။ ကျွန်ုပ်သည် အကြမ်းမခံဘဲ အလွန်ပင် နုလေသည်။ တောထဲတွင် ခြင်များနှင့် အခြားပိုးကောင်များရှိပြီး ပုရွက်ဆိတ်နှင့် သန်းများလည်းရှိသည်။ ယင်းတို့အားလုံးက ကျွန်ုပ်ကို ကိုက်လျှင် မခံနိုင်ပါ။ ထို့အပြင် နေကျစ်ကျစ်တောက်ပူပြီး လေတရကြမ်းတိုက်ခတ်နေသော ပြင်ပတွင် နေ့စဉ် သစ်ခုတ်လျက်၊ ထိုညစ်ပေသော၊ ပင်ပန်းသောအလုပ်ကို လုပ်လျက်ဖြင့် ကျွန်ုပ်သည် နှစ်ရက်မကြာမီတွင် နေလောင်ခံရလိမ့်မည်။ ယင်းသည် ကျွန်ုပ် လုပ်လိုသည့် အလုပ်မျိုးမဟုတ်။ ကျွန်ုပ်ကို လုပ်ဆောင်ရန် အမိန့်ပေး၍ ရနိုင်သည့် ပို၍လွယ်သောအရာတစ်ခု ရှိသလော” ဟု ဆိုကြသည်။ ဘုရားသခင်က သင့်ကို မည်သည့်အရာ လုပ်ဆောင်ရန် ခိုင်းစေသည်ကို သင် ရွေးချယ်နိုင်ပါသလော။ (မရွေးချယ်နိုင်ပါ။) အကယ်၍ သင်သည် သုံးလကြာအောင် ဇွဲလုံ့လဖြင့် ဆက်လက်မလုပ်ဆောင်နိုင်ပါက သင်၌ စစ်မှန်သော ကျိုးနွံနာခံမှု ရှိပါသလော။ သင်၌ ကျိုးနွံနာခံခြင်း၏ လက်တွေ့ကျမှု ရှိပါသလော။ (မရှိပါ။) သင်တို့ သုံးလကြာအောင် မခံနိုင်ကြပေ။ သို့ဆိုလျှင် လဝက်ကြာအောင် ဇွဲလုံ့လထားနိုင်သောသူ တစ်ဦးတစ်ယောက်မျှ ရှိပါသလော။ လူအချို့က “ကျွန်ုပ်သည် ဂေါဖရသစ်သားကိုလည်း မမှတ်မိ၊ သို့မဟုတ် သစ်ပင်များကိုလည်း မခုတ်လှဲနိုင်။ သစ်ပင်ကို ခုတ်လှဲသောအခါတွင် သစ်ပင်က မည်သည့်ဘက်သို့ လဲကျမည်ကိုပင် ကျွန်ုပ်မသိ။ ကျွန်ုပ်အပေါ်သို့ ကျလျှင် အဘယ်သို့နည်း။ ထို့အပြင် သစ်ပင်များကို ခုတ်လှဲပြီးနောက်တွင် အများဆုံးအနေဖြင့် သစ်ပင် ပင်စည်တစ်ခု၊ နှစ်ခုကိုသာ ကျွန်ုပ် သယ်နိုင်သည်။ ဤထက်ပို၍ သယ်လျှင် ကျွန်ုပ်၏ ခါးနှင့် ပခုံးတို့ ခံနိုင်မည်မဟုတ်။ မှန်ပါသလော” ဟု ဆိုကြသည်။ သင်တို့သည် လဝက်ပင် မလုပ်ဆောင်နိုင်ကြပေ။ သို့ဆိုလျှင် သင်တို့ အဘယ်အရာ လုပ်ဆောင်နိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံရန်၊ သူ၏ နှုတ်ကပတ်တော်များကို အကောင်အထည်ဖော်ရန် သင်တို့ကို တောင်းဆိုသောအခါ သင်တို့ အဘယ်အရာကို စွမ်းဆောင်နိုင်သနည်း။ ကွန်ပျူတာများ အသုံးပြုခြင်းနှင့် အမိန့်များပေးခြင်းမှလွဲ၍ သင်တို့ အဘယ်အရာ လုပ်ဆောင်နိုင်စွမ်း ရှိကြသနည်း။ အကယ်၍ ဤအချိန်သည် နောဧ၏ အချိန်အခါ ဖြစ်ခဲ့ပါက၊ ဘုရားသခင် ဆင့်ခေါ်ခံရမည့်သူမှာ သင်တို့ ဖြစ်ကြမည်လော။ လုံးဝ ဖြစ်မည်မဟုတ်။ ဘုရားသခင် ဆင့်ခေါ်မည့်သူမှာ သင်တို့ ဖြစ်ကြမည်မဟုတ်ပေ၊ ဘုရားသခင် မျက်နှာသာပေးကြည့်ရှုမည့်သူမှာ သင်တို့ ဖြစ်ကြမည်မဟုတ်ပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက် ကျိုးနွံနာခံနိုင်စွမ်းရှိသောသူတစ်ဦး မဟုတ်သောကြောင့် ဖြစ်သည်။ အကယ်၍ သင်သည် ထိုသို့သော လူစားမျိုး မဟုတ်ပါက၊ အသက်ရှင်ရန် ထိုက်တန်သလော။ ရေလွှမ်းမိုးမှု ကျရောက်လာသောအခါ သင် အသက်ရှင်ကျန်ရစ်ရန် ထိုက်တန်သလော။ (မထိုက်တန်ပါ။) သင် မထိုက်တန်ပါက၊ သင်သည် ဖျက်ဆီးခြင်းခံရလိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လဝက်ကြာအောင်ပင် အကောင်အထည်ဖော်ရန် ဇွဲလုံ့လဖြင့် ဆက်လက်မလုပ်ဆောင်နိုင်ပါက သင်သည် မည်သည့် လူစားမျိုးဖြစ်သနည်း။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူတစ်ဦး ဟုတ်သလော။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက်၊ သင်သည် ထိုနှုတ်ကပတ်တော်တို့ကို လုပ်ဆောင်ရန် စွမ်းဆောင်နိုင်ခြင်းမရှိပါက၊ အကယ်၍ သင်သည် လဝက်ကြာအောင် ဇွဲရှိရှိ မလုပ်နိုင်ပါက၊ ဆင်းရဲဒုက္ခကို နှစ်ပတ်တာမျှပင် မခံရပ်နိုင်ပါက၊ သင် နားလည်သော ထိုသမ္မာတရားအနည်းငယ်သည် သင့်အပေါ် အဘယ်အကျိုးသက်ရောက်မှု ရှိနေသနည်း။ အကယ်၍ ယင်းသည် သင့်ကို ချုပ်တည်းထားသည့် အကျိုးသက်ရောက်မှု အနည်းငယ်မျှပင် မရှိပါက၊ သင့်အတွက် သမ္မာတရားသည် စကားလုံးအချို့မျှသာဖြစ်ပြီး လုံးဝ အသုံးမဝင်ပေ။ ထိုမျှများပြားသော သမ္မာတရားကို သင် နားလည်ပါလျက်နှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အကောင်အထည်ဖော်ရန်နှင့် ၁၅ ရက်တာမျှ ဆင်းရဲဒုက္ခခံစားရန် သင့်ကို စေခိုင်းသောအခါ၊ သင် မခံရပ်နိုင်ပါက၊ သင်သည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ဘုရားသခင်၏ အမြင်တွင်၊ သင်သည် စံချိန်မီသော ဖန်ဆင်းခံတစ်ဦး ဟုတ်သလော။ (မဟုတ်ပါ။) နောဧ၏ ဆင်းရဲဒုက္ခနှင့် နှစ်ပေါင်း ၁၂၀ ကြာ ဇွဲလုံ့လတို့ကို ထည့်သွင်းစဉ်းစားပါက၊ သင်တို့နှင့် နောဧအကြား ကွာဟချက်မှာ မိုးနဲ့မြေကဲ့သို့ ကွာခြားလေသည်။ နှိုင်းယှဉ်စရာပင် မရှိပေ။ ဘုရားသခင်က နောဧကို ခေါ်ယူပြီး သူအလိုရှိသမျှ လုပ်ဆောင်ရန် နောဧကို အပ်နှံခဲ့သည့် အကြောင်းရင်းမှာ၊ ဘုရားသခင်၏ အမြင်တွင်၊ နောဧသည် သူ၏ နှုတ်ကပတ်တော်များကို နာခံနိုင်စွမ်းရှိသောကြောင့်၊ သူသည် ကြီးမြတ်သော တာဝန်ကို အပ်နှံနိုင်သည့်လူတစ်ဦး ဖြစ်သောကြောင့်၊ သူသည် ယုံကြည်စိတ်ချရသူတစ်ဦး ဖြစ်သောကြောင့်၊ ဘုရားသခင် အလိုရှိသည့်အရာကို လက်တွေ့အရှိတရား ဖြစ်လာစေနိုင်သောသူတစ်ဦး ဖြစ်သောကြောင့် ဖြစ်သည်၊ ဘုရားသခင်၏ အမြင်တွင်၊ ဤသည်မှာ စစ်မှန်သောလူတစ်ဦး ဖြစ်သည်။ သင်တို့မူကား အဘယ်သို့နည်း။ သင်တို့သည် ဤအရာများထဲမှ တစ်ခုကိုမျှ မစွမ်းဆောင်နိုင်ကြပေ။ သင်တို့အားလုံး ဘုရားသခင်၏ အမြင်တွင် အဘယ်အရာဖြစ်သည်ကို စိတ်ကူးကြည့်ရန် မခက်ခဲပေ။ သင်တို့သည် လူသားများ ဟုတ်ကြသလော။ သင်တို့သည် လူသားများဟု ခေါ်ဆိုခြင်းခံရရန် ထိုက်တန်သလော။ အဖြေမှာ ရှင်းလင်းပါသည်။ မထိုက်တန်ကြပေ။ ငါသည် အချိန်ကို ၁၅ ရက်၊ နှစ်ပတ်မျှထိ တတ်နိုင်သမျှ တိုတောင်းစေခဲ့ပြီး၊ သင်တို့ထဲမှ တစ်ဦးတစ်ယောက်ကမျှ ယင်းကို လုပ်ဆောင်နိုင်သည်ဟု မဆိုခဲ့ကြပေ။ ဤအရာက အဘယ်အရာကို ပြသနေသနည်း။ သင်တို့၏ ယုံကြည်ခြင်း၊ သစ္စာစောင့်သိခြင်းနှင့် ကျိုးနွံနာခံခြင်းအားလုံးသည် အချည်းနှီးသဘောဖြစ်သည်ကို ပြသနေသည်။ ယုံကြည်ခြင်း၊ သစ္စာစောင့်သိခြင်းနှင့် ကျိုးနွံနာခံခြင်းဟု သင်တို့ယုံကြည်သည့်အရာကို ငါသည် ဘာမျှမဟုတ်ဟု ရှုမြင်သည်။ သင်တို့သည် မိမိတို့ကိုယ်ကို အတော်အတန် ကောင်းသည်ဟု ကြွားဝါကြသော်လည်း၊ ငါ၏အမြင်တွင်မူ သင်တို့သည် လုံးလုံး ချို့တဲ့နေကြသည်။
နောဧ၏ ဇာတ်ကြောင်းတွင် မယုံနိုင်ဖွယ်အကောင်းဆုံး၊ လေးစားဖွယ်အကောင်းဆုံးနှင့် အတုယူထိုက်ဆုံးသော အရာမှာ သူ၏ နှစ်ပေါင်း ၁၂၀ ကြာ ဇွဲလုံ့လ၊ သူ၏ နှစ်ပေါင်း ၁၂၀ ကြာ ကျိုးနွံနာခံမှုနှင့် သစ္စာစောင့်သိမှုတို့ ဖြစ်သည်။ ကြည့်ပါလော့၊ ဘုရားသခင်သည် လူကို ရွေးချယ်ရာ၌ မှားယွင်းခဲ့သလော။ (မမှားယွင်းခဲ့ပါ။) ဘုရားသခင်သည် လူ၏ အတွင်းသဘောကိုပင် ကြည့်ရှုလေ့လာသော ဘုရားသခင် ဖြစ်သည်။ ထိုကျယ်ပြန့်သော လူပင်လယ်ကြီးအလယ်၌ သူသည် နောဧကို ရွေးချယ်ခဲ့သည်၊ နောဧကို ခေါ်ယူခဲ့ပြီး ဘုရားသခင်သည် သူ၏ ရွေးချယ်မှု၌ မှားယွင်းခြင်း မရှိခဲ့ပေ။ နောဧသည် ဘုရားသခင်၏ မျှော်လင့်ချက်များအတိုင်း အသက်ရှင်ခဲ့ပြီး သူ့ကို ဘုရားသခင် အပ်နှံခဲ့သည့်အရာအား အောင်မြင်စွာ သူပြီးမြောက်ခဲ့သည်။ ဤသည်မှာ သက်သေခံချက် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် အလိုရှိခဲ့သည့်အရာ ဖြစ်သည်၊ ဤသည်မှာ သက်သေခံချက် ဖြစ်သည်။ သို့သော် သင်တို့၌မူကား ဤအရာ၏ အရိပ်အယောင် သို့မဟုတ် အစအန တစ်စုံတစ်ရာ ရှိပါသလော။ မရှိပေ။ ထိုသို့သော သက်သေခံချက်သည် သင်တို့၌ ကင်းမဲ့နေသည်မှာ သိသာထင်ရှားသည်။ သင်တို့၌ ထုတ်ဖော်ပြသည့်အရာ၊ ဘုရားသခင် မြင်တွေ့သည့်အရာမှာ အရှက်တရား၏ အမှတ်အသား ဖြစ်သည်။ ပြောဆိုသည့်အခါ လူတို့ကို မျက်ရည်ကျအောင် လှုံ့ဆော်နိုင်သည့်အရာ တစ်ခုမျှမရှိပေ။ နောဧ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် ပတ်သက်၍၊ အထူးသဖြင့် ရာစုနှစ်တစ်ခုကြာအောင် သံသယ သို့မဟုတ် စိတ်ပြောင်းလဲခြင်းမရှိဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သူ၏ ခိုင်မြဲသော ယုံကြည်ခြင်းနှင့် ရာစုနှစ်တစ်ခုကြာအောင် မယိမ်းမယိုင်ဘဲ သင်္ဘောတည်ဆောက်ရန် သူ၏ ဇွဲလုံ့လနှင့်ပတ်သက်၍၊ သူ၏ ဤယုံကြည်ခြင်းနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုတို့နှင့် ပတ်သက်၍၊ မျက်မှောက်ခေတ်တွင် မည်သူမျှ မနှိုင်းယှဉ်နိုင်ပေ။ မည်သူမျှ သူ့ကို မယှဉ်နိုင်ပေ။ သို့တိုင် နောဧ၏ သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှုကို မည်သူမျှ ဂရုမစိုက်ကြပေ၊ ဤအရာ၌ လူတို့၏ တန်ဖိုးထားခြင်းနှင့် အတုယူခြင်းကို ထိုက်တန်သည့် တစ်စုံတစ်ရာ ရှိသည်ဟု မည်သူမျှ မယုံကြည်ကြပေ။ ထိုအစား ယခုအချိန် လူတို့အတွက် ပို၍ အရေးကြီးသည်မှာ အဘယ်အရာနည်း။ ကြွေးကြော်သံများကို ထပ်ခါတလဲလဲ ပြောဆိုခြင်းနှင့် အယူဝါဒများကို ပြောဆိုခြင်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားများစွာကို နားလည်သဘောပေါက်ပုံရပြီး သမ္မာတရားကို ရရှိပြီးဖြစ်ပုံရသည်၊ သို့သော် နောဧနှင့် နှိုင်းယှဉ်ပါက သူ လုပ်ဆောင်ခဲ့သည့်အရာ၏ တစ်ရာပုံတစ်ပုံ၊ တစ်ထောင်ပုံတစ်ပုံမျှ ၎င်းတို့ မစွမ်းဆောင်နိုင်ခဲ့ကြပေ။ ၎င်းတို့ ချို့တဲ့လိုက်လေခြင်းပါတကား။ ကောင်းကင်နှင့် မြေကြီးတမျှ ကွာခြားချက် ရှိနေသည်။ နောဧ၏ သင်္ဘောတည်ဆောက်ခြင်းမှနေ၍ မည်သို့သော လူစားမျိုးတို့ကို ဘုရားသခင် ချစ်မြတ်နိုးသည်ဟူသည်ကို သင်တို့ ရှာဖွေတွေ့ရှိခဲ့ကြပါသလော။ ဘုရားသခင် ချစ်မြတ်နိုးသောသူတို့၌ မည်သည့် အရည်အသွေး၊ စိတ်နှလုံးနှင့် တည်ကြည်မှုမျိုး အတိအကျ တွေ့ရှိရသနည်း။ နောဧ ပိုင်ဆိုင်ခဲ့သည့်အရာအားလုံးကို သင်တို့ ပိုင်ဆိုင်ကြသလော။ အကယ်၍ သင်သည် နောဧ၏ ယုံကြည်ခြင်းနှင့် ကိုယ်ကျင့်စရိုက်ကို ပိုင်ဆိုင်သည်ဟု ခံစားရပါက၊ ဘုရားသခင်နှင့်ပတ်သက်၍ သတ်မှတ်ချက်များ ချမှတ်ရန်၊ သူနှင့် ညှိနှိုင်းရန် ကြိုးစားခြင်းသည် အနည်းငယ် ခွင့်လွှတ်နိုင်ဖွယ် ဖြစ်ပေလိမ့်မည်။ အကယ်၍ သင်၌ ထိုအရာများလုံးဝ ကင်းမဲ့နေသည်ဟု သင် ခံစားရပါက၊ သင့်ကို ငါ အမှန်တရားကို ပြောမည်။ မိမိကိုယ်ကို မြှောက်ပင့်ခြင်း မပြုနှင့်၊ သင်သည် ဘာမျှမဟုတ်ပေ။ ဘုရားသခင်၏ အမြင်တွင် သင်သည် ပိုးလောက်ကောင်တစ်ကောင်ထက်ပင် နိမ့်ကျသည်။ သို့တိုင် သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ သတ်မှတ်ချက်များ ချမှတ်ရန်နှင့် ညှိနှိုင်းရန် ကြိုးစားဝံ့သေးသလော။ လူအချို့က “အကယ်၍ ကျွန်ုပ်သည် ပိုးလောက်ကောင်တစ်ကောင်ထက် နိမ့်ကျပါက၊ ဘုရားအိမ်တော်၌ ခွေးတစ်ကောင်အဖြစ် ကျွန်ုပ် အမှုထမ်းရလျှင်ကော အဘယ်သို့နည်း” ဟု ဆိုကြသည်။ သင်သည် ဤအရာအတွက် မထိုက်တန်ပေ။ အဘယ်ကြောင့်နည်း။ သင်သည် ဘုရားအိမ်တော်၏ တံခါးကိုပင် ကောင်းစွာ မစောင့်ကြပ်နိုင်ခဲ့ပေ၊ သို့ဖြစ်၍ ငါ၏အမြင်တွင် သင်သည် အစောင့်ခွေးတစ်ကောင်နှင့်ပင် ညီမျှခြင်းမရှိပေ။ ဤစကားများသည် သင်တို့ကို ထိခိုက်နစ်နာစေသလော။ ဤသည်ကို ကြားရခြင်းသည် သင်တို့အတွက် မနှစ်မြို့ဖွယ် ဖြစ်သလော။ ဤသည်မှာ သင်တို့၏ မိမိကိုယ်ကိုလေးစားစိတ်ကို ထိခိုက်စေရန် ရည်ရွယ်ခြင်း မဟုတ်၊ ယင်းမှာ အချက်အလက်ကို အခြေခံသော ပြောဆိုချက်ဖြစ်သည်၊ သက်သေအထောက်အထားကို အခြေခံသော အခိုင်အမာပြောဆိုချက်ဖြစ်ပြီး အနည်းငယ်မျှပင် မှားယွင်းခြင်း မရှိပေ။ ဤသည်မှာ သင်တို့ အတိအကျ ပြုမူပုံဖြစ်သည်၊ သင်တို့၌ အတိအကျ ထုတ်ဖော်ပြသသည့်အရာ ဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်ကို အတိအကျ သင်တို့ ဆက်ဆံပုံဖြစ်ပြီး၊ ဘုရားသခင်က သင်တို့ကို အပ်နှံသမျှအရာအားလုံးအပေါ် သင်တို့ ဆက်ဆံပုံလည်း ဖြစ်သည်။ ငါ ပြောခဲ့သမျှအရာအားလုံးသည် မှန်ကန်ပြီး စိတ်နှလုံးထဲမှ လာသည်။ နောဧ၏အဖြစ်အပျက်ကို ဆွေးနွေးခြင်းအား ဤနေရာ၌ အဆုံးသတ်မည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။