နောက်ဆက်တွဲ ၂- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခဲ့ပြီး သူ့ကို ကျိုးနွံနာခံခဲ့ပုံ (အပိုင်း ၁) အခန်း သုံး
၃။ ယနေ့ခေတ်လူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မည်သို့သဘောထားပြုမူသည်ကို ဖော်ထုတ်ခြင်း
ငါ ယခုပြောခဲ့သော ပုံဝတ္ထုများ၏ အကြောင်းအရာနယ်ပယ်မှာ အဘယ်နည်း။ (ဘုရားသခင်အပေါ် သဘောထားများနှင့် အမှုအရာများ ဖြစ်ပျက်သည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ မည်သို့ နာခံနိုင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပုံ အကြောင်း ဖြစ်ပါသည်။) ဤပုံဝတ္ထုနှစ်ခုက သင်တို့ကို အဓိက သင်ကြားပေးခဲ့သည့်အရာမှာ အဘယ်နည်း။ (နာခံပြီး ကျိုးနွံနာခံရန်၊ ဘုရားနှုတ်ကပတ်တော်၏ တောင်းဆိုချက်များအတိုင်း ပြုမူရန် ဖြစ်ပါသည်။) နာခံတတ်ရန် သင်ယူခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခြင်းအား လက်တွေ့လုပ်ဆောင်ခြင်းသည် အရေးကြီးသည်။ သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦးဖြစ်သည်ဟုလည်းကောင်း၊ သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်သည်ဟုလည်းကောင်း၊ သင်သည် ဘုရားသခင်၏ အမြင်တွင် လူသားတစ်ဦးဖြစ်သည်ဟုလည်းကောင်း သင် ဆိုသည်။ သို့ရာတွင် သင် အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်ပြသသည့်အရာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက် လာသည့် ကျိုးနွံနာခံခြင်း သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း၏ အရိပ်အယောင် တစ်စုံတစ်ရာ မရှိပေ။ သို့ဆိုလျှင် “ဖန်ဆင်းခံတစ်ဦး”၊ “ဘုရားသခင်နောက် လိုက်သောသူတစ်ဦး” နှင့် “ဘုရားသခင်၏ အမြင်တွင် လူသားတစ်ဦး” ဟူသော အသုံးအနှုန်းများကို သင့်အပေါ် အသုံးပြုသည့်အခါ ယင်းတို့နောက်၌ မေးခွန်းအမှတ်အသားများ ရှိသင့်သလော။ ဤမေးခွန်းအမှတ်အသားများကို ထောက်ရှုလျှင် သင်၌ ကယ်တင်ခြင်း၏ မျှော်လင့်ချက် မည်မျှ ကြီးမားစွာ ရှိပါသနည်း။ ဤသည်မှာ မသိနိုင်ပေ၊ အခွင့်အလမ်းများမှာ နည်းပါးပြီး သင်ကိုယ်တိုင်ပင် မပြောဝံ့ပေ။ အထက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ နာခံရမည်အကြောင်း ဂန္ထဝင် ပုံဝတ္ထုနှစ်ပုဒ်ကို ငါ ပြောခဲ့သည်။ သမ္မာကျမ်းစာကို ဖတ်ဖူးပြီး ဘုရားသခင်နောက် နှစ်ပေါင်းများစွာ လိုက်ခဲ့သော မည်သူမဆို ဤပုံဝတ္ထုနှစ်ပုဒ်နှင့် ရင်းနှီးပြီးသား ဖြစ်သည်။ သို့သော် ဤပုံဝတ္ထုများကို ဖတ်ရှုခြင်းမှနေ၍ အရေးကြီးဆုံးသော သမ္မာတရားများထဲမှ တစ်ခုဖြစ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခြင်းကို မည်သူမျှ သဘောပေါက်နားလည်ခြင်း မရှိခဲ့ပေ။ ယခု ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ နာခံရမည်အကြောင်း ပုံဝတ္ထုများကို ငါတို့ ကြားပြီးဖြစ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မနာခံသောလူများအကြောင်း ပုံဝတ္ထုများသို့ လှည့်ကြပါစို့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မနာခံခြင်းဟု ပြောလိုက်သည်နှင့် ဤသည်တို့မှာ ယနေ့ခေတ်လူများအကြောင်း ပုံဝတ္ထုများ ဖြစ်ရပေမည်။ ငါ ပြောသည့်အရာအချို့မှာ နားထောင်ရန် သက်သောင့်သက်သာ ရှိမည်မဟုတ်ဘဲ သင်တို့၏ မာနနှင့် မိမိကိုယ်ကိုလေးစားစိတ်ကို ထိခိုက်စေနိုင်ဖွယ်ရှိပြီး သင်တို့၌ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာ ကင်းမဲ့ကြောင်း ပြသခြင်းခံရလိမ့်မည်။
လူအချို့ကို ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် ငါ တောင်းဆိုခဲ့သော မြေကွက်တစ်ကွက် ရှိသည်။ ဤသည်မှာ တာဝန်ထမ်းဆောင်နေသောလူများ ဓာတုကင်းလွတ်သော အစားအစာအချို့ ရရှိနိုင်ရန်နှင့် ပိုးသတ်ဆေးများ သုံးထားသော ဓာတုပါဝင်သည့် ဟင်းသီးဟင်းရွက်များကို ဝယ်ယူရန် မလိုအပ်တော့စေရန် ဖြစ်သည်။ ဤသည်မှာ ကောင်းသောအရာ ဖြစ်သည် မဟုတ်လော။ ရှုထောင့်တစ်ခုမှကြည့်လျှင် လူတိုင်းသည် မိသားစုကြီးတစ်ခုကဲ့သို့ အတူတကွ နေထိုင်ကြပြီး လူတိုင်းသည် ဘုရားသခင်ကို အတူတကွ ယုံကြည်နိုင်ကြကာ လူ့အဖွဲ့အစည်း၏ ခေတ်ရေစီးကြောင်းများ၊ ပဋိပက္ခများနှင့် အလှမ်းဝေးစွာ နေထိုင်ကြသည်။ ထိုသို့သော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးခြင်းသည် လူတိုင်းကို မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာဖြည့်ဆည်းရန် အခြေကျစေသည်။ ယင်းမှာ အတိုင်းအတာငယ်သော ရှုထောင့်မှ ဖြစ်သည်။ ပိုမိုကြီးမားသော အတိုင်းအတာ ရှုထောင့်မှကြည့်လျှင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သောသူများ စားသုံးရန်အတွက် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းနှင့် ဘုရားသခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေရာ၌ အခန်းကဏ္ဍတစ်ခုမှ ပါဝင်ခြင်းသည်လည်း သင့်လျော်ပေသည်။ “အနီးအနားတွင် တာဝန်ထမ်းဆောင်နေသောလူများ စားသုံးရန်အတွက် ဟင်းသီးဟင်းရွက်အချို့ စိုက်ပျိုးပါ” ဟု ငါ ဆိုသည့်အခါ ဤစကားများသည် နားလည်ရန် အလွန်လွယ်ကူသည် မဟုတ်ပါလော။ ဤအရာကို လုပ်ဆောင်ရန် လူတစ်ဦးဦးကို ငါ တောင်းဆိုခဲ့သည့်အခါ သူ နားလည်ခဲ့ပြီး အများအားဖြင့် စားသုံးလေ့ရှိသော ဟင်းသီးဟင်းရွက်အချို့ကို စိုက်ပျိုးခဲ့သည်။ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းကဲ့သို့သော အရာတစ်ခုသည် ရိုးရှင်းသည်ဟု ငါ ထင်သည်။ သာမန်လူအားလုံး ယင်းကို လုပ်ဆောင်နိုင်သည်။ ယင်းသည် ဧဝံဂေလိတရားကို ဟောပြောခြင်း သို့မဟုတ် အသင်းတော်အလုပ်၏ အမျိုးမျိုးသော ကိစ္စများကဲ့သို့ မခက်ခဲပေ။ သို့ဖြစ်၍ ငါသည် ယင်းကို အလွန်အမင်း အာရုံမစိုက်ခဲ့ပေ။ အချိန်အနည်းငယ်ကြာပြီးနောက် ငါ ထိုနေရာသို့ သွားရောက်ခဲ့ပြီး သူတို့အားလုံး မိမိတို့ကိုယ်တိုင် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကို စားသုံးနေကြသည်ကို ငါ မြင်တွေ့ခဲ့ရသည့်အပြင် တစ်ခါတစ်ရံ အချို့ ပိုလျှံနေပြီး ယင်းတို့ကို ကြက်များအား ကျွေးမွေးသည်ဟု ကြားသိခဲ့ရသည်။ ငါက “သင်တို့ ထိုဟင်းသီးဟင်းရွက်အားလုံးကို စိုက်ပျိုးခဲ့ပြီး အထွက်နှုန်းလည်း ကောင်းမွန်ခဲ့သည်။ အသင်းတော်များထံ သင်တို့ တစ်စုံတစ်ရာ ပေးပို့ခဲ့ကြပါသလော။ အခြားအသင်းတော်များမှ လူများ ကျွန်ုပ်တို့ စိုက်ပျိုးသော ဟင်းသီးဟင်းရွက်များကို စားသုံးခဲ့ကြရပါသလော” ဟု ဆိုခဲ့သည်။ လူအချို့က သူတို့ မသိဟု ဆိုကြသည်။ လူအချို့က အခြားနေရာများမှ လူများသည် မိမိတို့၏ ကိုယ်ပိုင် ဟင်းသီးဟင်းရွက်များကို ဝယ်ယူကြပြီး ဤနေရာမှ ဟင်းသီးဟင်းရွက်များကို မစားသုံးဟု ဆိုကြသည်။ လူတိုင်း မတူညီသော အရာတစ်ခုခုကို ပြောဆိုခဲ့ကြသည်။ မည်သူမျှ ဤအရာကို ဂရုမစိုက်ခဲ့ပေ၊ သူတို့ကိုယ်တိုင် စားသုံးရန် ဟင်းသီးဟင်းရွက်အချို့ ရှိနေသရွေ့ ပြဿနာမရှိဟု သူတို့ ခံစားခဲ့ကြသည်။ ဤသည်မှာ စက်ဆုပ်ဖွယ် မကောင်းသလော။ ထို့နောက် တာဝန်ခံပုဂ္ဂိုလ်အား ငါ ဤသို့ ဆိုခဲ့သည်၊ “သင်တို့ စိုက်ပျိုးသည့်အရာကို သင်တို့ စားသုံးခြင်းသည် လုံးဝ ကျိုးကြောင်းဆီလျော်ပါသည်၊ သို့သော် အခြားလူများလည်း စားသုံးရန် လိုအပ်သည် မဟုတ်လော။ သင်တို့ များစွာ စိုက်ပျိုးခဲ့ပြီး အားလုံး မစားသုံးနိုင်ဘဲ အခြားနေရာများကမူ မိမိတို့၏ ဟင်းသီးဟင်းရွက်များကို ဝယ်ယူနေရဆဲ ဖြစ်သည်မှာ မှန်ကန်ပါသလော။ ဤဟင်းသီးဟင်းရွက်များသည် သင်တို့ စားသုံးရန်အတွက်သာ စိုက်ပျိုးနေခြင်း မဟုတ်ကြောင်း၊ သင်တို့သည် ၎င်းတို့ကို အနီးအနားရှိ အခြားအသင်းတော်များထံသို့လည်း ပေးပို့ရမည်ဖြစ်ကြောင်း သင်တို့ကို ငါ မပြောခဲ့သလော။” ဤသေးငယ်သော ကိစ္စရပ်နှင့် ပတ်သက်၍ သူတို့ကို မည်သို့လုပ်ဆောင်ရမည်ကို ငါ ဆက်လက်ပြောကြားနေသင့်ပြီး တိကျသော စည်းမျဉ်းများ ပြုလုပ်ပေးသင့်သည်ဟု သင်တို့ ထင်ပါသလော။ ဤအရာနှင့်ပတ်သက်၍ လူတိုင်းကို စုဝေးပွဲအတွက် အတူတကွ ခေါ်ယူပြီး တရားဒေသနာတစ်ခု ဟောကြားကာ ကြီးကျယ်သော အခမ်းအနားပြုလုပ်ရန် ငါ လိုအပ်ခဲ့ပါသလော။ (မလိုအပ်ပါ။) ငါလည်း ထိုသို့ မထင်ပါ။ လူတို့သည် ဤသေးငယ်သော ထည့်သွင်းစဉ်းစားမှုမျှပင် ကင်းမဲ့နိုင်ဖွယ် ရှိပါသလော။ အကယ်၍ သူတို့သည် ထိုသို့ ဖြစ်ခဲ့ပါက သူတို့သည် လူသားများ ဖြစ်ကြမည်မဟုတ်ပေ။ သို့ဖြစ်၍ ငါသည် ထိုသူအား “အခြားအသင်းတော်များထံ ယင်းတို့ကို အမြန်ဆုံး ပို့ဆောင်ပါ။ သွား၍ ပြီးအောင်လုပ်ဆောင်ပါ” ဟူ၍ တစ်ဖန် ပြောခဲ့သည်။ သူက “ဟုတ်ကဲ့ပါ၊ ကျွန်တော် ကြည့်လိုက်ပါမည်” ဟု ဆိုခဲ့သည်။ ဤသည်မှာ သူ၌ ရှိခဲ့သော သဘောထား ဖြစ်သည်။ အချိန်အနည်းငယ်ကြာပြီးနောက် ငါ ထိုနေရာသို့ တစ်ဖန် သွားရောက်ခဲ့ပြီး ယာခင်းထဲ၌ များပြားလှသော ဟင်းသီးဟင်းရွက်အမျိုးအစားပေါင်းစုံ ရှိနေသည်ကို မြင်တွေ့ခဲ့ရသည်။ ၎င်းတို့ကို စိုက်ပျိုးခဲ့သောလူများအား များစွာရိတ်သိမ်းခဲ့ရသလောဟု ငါ မေးမြန်းခဲ့သည်။ သူတို့က အလွန်များပြားသဖြင့် အားလုံးကို မစားသုံးနိုင်ဘဲ အချို့မှာ ပုပ်သိုးသွားပြီဟု ဆိုကြသည်။ အနီးအနားရှိ အသင်းတော်များထံ တစ်စုံတစ်ရာ ပေးပို့ခဲ့ခြင်း ရှိမရှိ ငါ တစ်ဖန် မေးမြန်းခဲ့သည်။ သူတို့က မသိကြောင်း၊ မသေချာကြောင်း ပြန်လည်ဖြေကြားခဲ့ကြသည်။ သူတို့သည် ဤသည်ကို အလွန် မရေမရာနှင့် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ပြောဆိုခဲ့ကြသည်။ မည်သူမျှ ဤကိစ္စရပ်ကို အလေးအနက်ထားခြင်း မရှိခဲ့သည်မှာ ရှင်းလင်းပါသည်။ သူတို့၌ စားစရာရှိနေသရွေ့ အခြားမည်သူ့ကိုမျှ သူတို့ ဂရုမစိုက်ခဲ့ကြပေ။ တစ်ဖန် ငါသည် တာဝန်ခံပုဂ္ဂိုလ်ကို ရှာဖွေရန် သွားရောက်ခဲ့သည်။ ဟင်းသီးဟင်းရွက် တစ်စုံတစ်ရာ ပေးပို့ခဲ့ခြင်း ရှိမရှိ သူ့ကို ငါ မေးမြန်းခဲ့သည်။ သူတို့ ပေးပို့ခဲ့သည်ဟု သူ ဆိုခဲ့သည်။ ပေးပို့မှု မည်သို့ ဖြစ်ပျက်ခဲ့သည်ကို ငါ မေးမြန်းခဲ့သည်။ ၎င်းတို့ကို ပေးပို့ပြီးဖြစ်သည်ဟု သူ ဆိုခဲ့သည်။ ဤအချိန်တွင် ပြဿနာတစ်ခု ရှိသကဲ့သို့ဖြစ်သည်ဟု သင်တို့ထင်သလော။ ဤလူတို့၏ သဘောထားသည် မမှန်ကန်ခဲ့ပေ။ သူတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ သစ္စာစောင့်သိမှုနှင့် တာဝန်ယူမှု သဘောထား မရှိခဲ့ကြပေ၊ ယင်းမှာ စက်ဆုပ်ဖွယ်ဖြစ်သည်၊ သို့သော် နောက်ထပ်ဖြစ်လာမည့်အရာမှာ သာ၍ပင် စက်ဆုပ်ဖွယ် ကောင်းသေးသည်။ နောက်ပိုင်းတွင် အနီးအနားရှိ အသင်းတော်များမှ ညီအစ်ကိုမောင်နှမများအား ဟင်းသီးဟင်းရွက် ပေးပို့မှု တစ်စုံတစ်ရာ လက်ခံရရှိခြင်း ရှိမရှိ ငါ မေးမြန်းခဲ့သည်။ သူတို့က “၎င်းတို့ကို ပေးပို့ခဲ့ပါသည်၊ သို့သော် ၎င်းတို့သည် ဈေးတစ်ခု၏ မြေပြင်ပေါ်၌ ပစ်ထားသည်ကို တွေ့ရှိရမည့် ဟင်းသီးဟင်းရွက်များထက်ပင် ပို၍ ဆိုးရွားသော အခြေအနေ၌ ရှိနေခဲ့ပါသည်။ သဲနှင့် ကျောက်စရစ်ခဲများ ရောနှောနေသော ပုပ်သိုးနေသည့် အရွက်များမှလွဲ၍ ဘာမျှမရှိခဲ့ပါ။ ၎င်းတို့သည် စားသုံး၍မရနိုင်ပါ” ဟု ပြန်လည်ဖြေကြားခဲ့ကြသည်။ ဤသည်ကို ကြားရခြင်းက သင်တို့ကို မည်သို့ ခံစားရစေသနည်း။ သင်တို့၏ စိတ်နှလုံးထဲ၌ အမျက်ဒေါသ ရှိပါသလော။ သင်တို့ အလွန်ဒေါသထွက်နေပါသလော။ (ထွက်ပါသည်။) အကယ်၍ သင်တို့အားလုံး အလွန်ဒေါသထွက်နေပါက ငါ ဒေါသထွက်ခဲ့မည်ဟု သင်တို့ ထင်ပါသလော။ သူတို့သည် ဟင်းသီးဟင်းရွက်အချို့ကို တွန့်တိုစွာ ပေးပို့ခဲ့ကြသော်လည်း ညံ့ဖျင်းစွာ လုပ်ဆောင်ခဲ့ကြသည်။ ဤညံ့ဖျင်းသော လုပ်ဆောင်မှု၏ အကြောင်းရင်းမှာ မည်သူနည်း။ ထိုနေရာ၌ ဆိုးယုတ်သောလူတစ်ဦး ရှိခဲ့ပြီး သူသည် ၎င်းတို့ကို ပေးပို့ခြင်းမှ တားဆီးခဲ့သည်။ ဟင်းသီးဟင်းရွက်များကို ပေးပို့ရန် ငါ အမိန့်ပေးပြီးနောက် သူ အဘယ်အရာ ပြောခဲ့သနည်း။ “သင်က ကျွန်ုပ်ကို ဤအရာကို လုပ်ဆောင်ရန် ပြောနေသည့်အတွက် သူတို့ထံ ပေးပို့ရန်အတွက် ကျွန်ုပ်တို့ မစားချင်သော ပုပ်သိုးနေသည့် အရွက်များနှင့် ဟင်းသီးဟင်းရွက်အချို့ကို စုစည်းလိုက်ပါမည်။ ယင်းက ပေးပို့မှုတစ်ခုအဖြစ် မှတ်ယူနိုင်သည် မဟုတ်လော” ဟူ၍ ဖြစ်သည်။ ဤအရာကို သိရှိပြီးနောက် ဤနတ်ဆိုးဆန်သော အမှိုက်သရိုက်ကို ထုတ်ပစ်ရန် ငါ အမိန့်ပေးခဲ့သည်။ သူသည် အာဏာရှင်တစ်ဦးကဲ့သို့ ပြုမူဝံ့သည့် ဤနေရာမှာ မည်သို့သော နေရာမျိုး ဖြစ်သနည်း။ ဤသည်မှာ ဘုရားအိမ်တော် ဖြစ်သည်။ လူ့အဖွဲ့အစည်း မဟုတ်သကဲ့သို့ လွတ်လပ်သောဈေးကွက်လည်း မဟုတ်ပေ။ အကယ်၍ သင်သည် ဤနေရာ၌ ဒေါသတကြီး ပြုမူပြီး အာဏာရှင်တစ်ဦးကဲ့သို့ ပြုမူပါက သင့်ကို ဤနေရာ၌ ကြိုဆိုမည်မဟုတ်သည့်အပြင် သင့်ကို ငါ၏မျက်စိရှေ့မှောက်၌ ရှိနေသည်ကို ငါ မခံရပ်နိုင်ပေ၊ အမြန်ဆုံး ထွက်သွားလော့။ ငါ့ထံမှ တတ်နိုင်သမျှ ဝေးဝေးသို့ ထွက်သွားလော့၊ သင် လာခဲ့သောနေရာသို့ ပြန်သွားလော့။ ဤသည်ကို ငါ ဤသို့ ကိုင်တွယ်ဖြေရှင်းခဲ့ခြင်းသည် မှန်ကန်သည်ဟု သင်တို့ ထင်ပါသလော။ (ထင်ပါသည်။) အဘယ်ကြောင့်နည်း။ (ဤသို့သော လူစားမျိုးသည် လူ့သဘာဝ အလွန် ကင်းမဲ့ပါသည်။) သို့ဆိုလျှင် လူ့သဘာဝ ကင်းမဲ့သော လူအချို့ကို အဘယ်ကြောင့် ထွက်သွားခိုင်းခြင်း မရှိခဲ့သနည်း။ လူအချို့၌ အသိတရား သို့မဟုတ် ဆင်ခြင်တုံတရား မရှိကြသည့်အပြင် သမ္မာတရားကို မလိုက်စားကြသော်လည်း သူတို့သည် မကောင်းမှုများ မပြုလုပ်ကြ၊ အသင်းတော်အလုပ်ကို မနှောင့်ယှက်ကြ၊ အခြားလူတို့၏ တာဝန်ထမ်းဆောင်မှုကို မလွှမ်းမိုးကြ၊ သို့မဟုတ် အသင်းတော်အသက်တာကို မလွှမ်းမိုးကြပေ။ ဤသို့သော လူစားမျိုးကို ယခုလောလောဆယ် အစေခံရန်အတွက် ဆက်လက်ထားရှိသင့်သည်။ သို့သော် သူတို့ မကောင်းမှု ကျူးလွန်ကာ နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေသောအခါ သူတို့ကို ထွက်သွားစေခြင်းသည် နောက်မကျသေးပေ။ သို့ဆိုလျှင် ဤအမှိုက်သရိုက်ကို ငါ အဘယ်ကြောင့် ထုတ်ပစ်ခဲ့ရသနည်း။ သူသည် ဘုရားအိမ်တော်၌ အာဏာရှင်တစ်ဦးကဲ့သို့ ပြုမူပြီး ဆုံးဖြတ်ချက်များချမှတ်လိုခဲ့သည်။ သူသည် ညီအစ်ကိုမောင်နှမများ၏ ပုံမှန်အသက်တာများကို ထိခိုက်စေခဲ့ပြီး ဘုရားအိမ်တော်၏ အလုပ်ကို သက်ရောက်မှု ရှိစေခဲ့သည်။ လူအချို့က သူသည် အလွန် တစ်ကိုယ်ကောင်းဆန်သည်၊ အလွန် ပျင်းရိသည်၊ သူသည် မိမိ၏တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခဲ့သည်ဟု ဆိုကြသည်။ ယင်းမှာ ထိုသို့ ဖြစ်ခဲ့ပါသလော။ သူသည် ညီအစ်ကိုမောင်နှမအားလုံးကိုလည်းကောင်း၊ တာဝန်တစ်ခု ထမ်းဆောင်သောသူအားလုံးကိုလည်းကောင်း၊ ဘုရားသခင်ကိုလည်းကောင်း ဆန့်ကျင်ရန် အလိုရှိခဲ့သည်။ သူသည် ဘုရားအိမ်တော်ကို သိမ်းပိုက်လိုခဲ့သည်။ သူသည် ဘုရားအိမ်တော်၌ ဆုံးဖြတ်ချက်များချမှတ်လိုခဲ့သည်။ အကယ်၍ သူသည် ဆုံးဖြတ်ချက်များချမှတ်လိုပါက ကောင်းသောအရာတစ်ခုခုကို လုပ်ဆောင်ခဲ့သင့်သည်။ သို့သော် သူသည် မည်သည့်ကောင်းသောအရာကိုမျှ မလုပ်ဆောင်ခဲ့ပေ။ သူ လုပ်ဆောင်ခဲ့သမျှအရာအားလုံးသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ထိခိုက်စေခဲ့ပြီး ဘုရားသခင်၏ ရွေးချယ်ထားသောလူများကို နာကျင်စေခဲ့သည်။ ဤသို့သော လူတစ်ဦးကို သင်တို့ သည်းခံနိုင်မည်လော။ (မခံနိုင်ပါ။) အကယ်၍ သင်တို့တစ်ဦးတစ်ယောက်မျှ မခံနိုင်ပါက ငါ ခံနိုင်မည်ဟု သင်တို့ ထင်ပါသလော။ ဆိုးယုတ်သောလူကို ရှင်းလင်းပစ်ခဲ့သည့်အချက်နှင့် ပတ်သက်၍ ယနေ့တွင် ယခုထိ မကျေမနပ် ဖြစ်နေကြဆဲဖြစ်သော လူအချို့ ရှိသည်။ သူတို့သည် သူ့ကို မရိပ်စားမိနိုင်ကြသည့်အပြင် သူတို့၏ စိတ်ထဲ၌ ငါနှင့် တိုက်ခိုက်နေကြဆဲ ဖြစ်သည်။ ထိုသူအကြောင်း ဖော်ပြသည့်အခါ ဤကိစ္စရပ်ကို ငါ သင့်လျော်စွာ မကိုင်တွယ်ခဲ့ဟု ထင်နေကြဆဲဖြစ်သော၊ ဘုရားအိမ်တော်သည် မဖြောင့်မတ်ဟု ထင်နေကြဆဲ ဖြစ်သော လူများ ယနေ့တွင် ရှိကြသည်။ ဤသည်မှာ မည်သို့သော အုပ်စုတစ်စု ဖြစ်သနည်း။ ဤသူသည် သူတို့စိုက်ပျိုးထားသော မုန်ညင်းဖြူကို မည်သို့ ဆွတ်ခူးခဲ့သည်ကို သင်တို့ သိပါသလော။ ပုံမှန်အားဖြင့် သင်သည် စားသုံးရန်အတွက် ညှာတံတစ်ခုလုံးကို ဆွဲနှုတ်သည် မဟုတ်လော။ အရွက်များကိုသာ ဆွဲဖြုတ်သောသူ တစ်ဦးတစ်ယောက် ရှိပါသလော။ (မရှိပါ။) ကောင်းပြီ၊ ဤထူးဆန်းသောလူသည် အခြားသူများကို အပင်တစ်ပင်လုံးကို ညှာတံမှ ဆွဲနှုတ်ခွင့် မပြုခဲ့ပေ၊ သူသည် သူတို့ကို အရွက်များကိုသာ ဆွဲဖြုတ်ရန် ပြောခဲ့သည်။ ဤသို့သောအရာကို ငါ ကြုံတွေ့ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူသည် ဤသို့ အဘယ်ကြောင့် ပြုလုပ်ခဲ့သည်ဟု သင်တို့ ထင်ပါသနည်း။ အခြားသူများကို အပင်တစ်ပင်လုံး ဆွဲနှုတ်ခွင့် အဘယ်ကြောင့် သူ မပြုခဲ့သနည်း။ အကြောင်းမှာ အကယ်၍ သူတို့ အပင်တစ်ပင်လုံးကို ဆွဲနှုတ်ခဲ့ပါက လယ်ကွင်းသည် ဗလာဖြစ်သွားမည်ဖြစ်ပြီး တစ်ဖန်ပြန်၍ ထွန်ယက်စိုက်ပျိုးရမည် ဖြစ်သောကြောင့် ဖြစ်သည်။ ဒုက္ခသက်သာစေရန် သူသည် အခြားသူများကို အရွက်များ ဆွဲဖြုတ်ရန် တောင်းဆိုခဲ့သည်။ သူက လူတို့အား ဤသို့ ပြုလုပ်ရန် ပြောသောအခါ မည်သူမျှ သူ့ကို ဆန့်ကျင်ဝံ့ခြင်း မရှိခဲ့ပေ။ သူတို့သည် သူ၏ ကျွန်များကဲ့သို့ ဖြစ်နေခဲ့သည်၊ သူ ပြောသမျှအရာအားလုံးကို သူတို့ လုပ်ဆောင်ခဲ့ကြသည်။ သူသည် ထိုနေရာ၌ ဆုံးဖြတ်ချက်များချမှတ်ခဲ့သည်။ သို့ဆိုလျှင် သူ့ကို မဖယ်ရှားဘဲထားခြင်းသည် လက်ခံနိုင်ဖွယ် ဖြစ်မည်ဟု သင်တို့ ထင်ပါသလော။ (မထင်ပါ။) ဤသို့သော လူတစ်ဦးကို ဆက်လက်ရှိနေခွင့်ပြုခြင်းသည် ဘေးဆိုးတစ်ခု ဖြစ်ပေလိမ့်မည်။ သူသည် တစ်ခါတစ်ရံ ကောင်းသောအရာတစ်ခုခုကို ပြုလုပ်သည့်အခါ ယင်းမှာ သူ၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် မသက်ဆိုင်သောကြောင့် ဖြစ်သည်။ သူ လုပ်ဆောင်သမျှအရာအားလုံးကို အသေအချာ ကြည့်ရှုလော့၊ အခြားသူတို့၏ အကျိုးစီးပွားကို မနှောင့်ယှက်မဖျက်ဆီးသည့် အရာတစ်ခုမျှ မရှိပေ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို မထိခိုက်စေသည့် အရာတစ်ခုမျှ မရှိပေ။ ဤသူသည် နတ်ဆိုးတစ်ကောင်အဖြစ် မွေးဖွားလာခဲ့သည်၊ သူသည် ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်ပြီး သူသည် အန္တိခရစ်တစ်ဦး ဖြစ်သည်။ ထိုသို့သော လူတစ်ဦးကို ဘုရားအိမ်တော်၌ ဆက်လက်ရှိနေခွင့် ပြုနိုင်ပါမည်လော။ သူသည် တာဝန်တစ်ခု ထမ်းဆောင်ရန် ထိုက်တန်ပါသလော။ (မထိုက်တန်ပါ။) သို့တိုင် လူအချို့သည် ဤသို့သော လူတစ်ဦးကို ကာကွယ်ရန် ကြိုးစားနေကြဆဲ ဖြစ်သည်။ သူတို့သည် အဘယ်မျှ နားဝေတိမ်တောင် ဖြစ်နေကြပါသနည်း။ ဤသည်မှာ စက်ဆုပ်ဖွယ် မကောင်းသလော။ သင်၌ ချစ်ခြင်းမေတ္တာ ရှိကြောင်း ပြသရန် သင် ကြိုးစားနေခြင်းလော။ အကယ်၍ သင်၌ ချစ်ခြင်းမေတ္တာ ရှိပါက သင် သူ့ကို ထောက်ပံ့လော့၊ အကယ်၍ သင်၌ ချစ်ခြင်းမေတ္တာ ရှိပါက သူ့အား သင့်ကို ထိခိုက်စေခွင့် ပြုလော့၊ သို့သော် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို သူ ထိခိုက်စေခွင့် မပြုနှင့်။ အကယ်၍ သင်၌ ချစ်ခြင်းမေတ္တာ ရှိပါက သူ ဖယ်ရှားခံရသောအခါ သူနှင့်အတူ လိုက်သွားလော့၊ သင် ဤနေရာ၌ အဘယ်အရာ ဆက်လက်၍ လုပ်ဆောင်နေသေးသနည်း။ ဤလူတို့သည် နာခံပြီး ကျိုးနွံနာခံတတ်ကြပါသလော။ (မတတ်ကြပါ။) သူတို့သည် မကောင်းဆိုးဝါးအုပ်စုတစ်စုအဖြစ် မွေးဖွားလာခဲ့ကြသည်။ ထိုသူသည် ငါ ပြောသမျှအရာအားလုံးကို မနာခံခဲ့ပေ။ ငါက အနောက်ဘက်ဟု ဆိုခဲ့ပါက သူက အရှေ့ဘက်သို့ ဦးတည်သွားမည်ဖြစ်ပြီး ငါက အရှေ့ဘက်ဟု ဆိုခဲ့ပါက သူက အနောက်ဘက်သို့ ဦးတည်သွားမည် ဖြစ်သည်။ သူသည် အရာရာတိုင်း၌ ငါ့ကို ဆန့်ကျင်ရန် မရမက လုပ်ဆောင်ခဲ့သည်။ ငါ့ကို အနည်းငယ်မျှ နာခံရန် သူ့အတွက် အဘယ်ကြောင့် အလွန်ခက်ခဲနေခဲ့ရသနည်း။ အခြားညီအစ်ကိုမောင်နှမများထံ ဟင်းသီးဟင်းရွက်များ ပေးပို့ရန် သူ့ကို ငါ တောင်းဆိုခဲ့ခြင်းက သူ၏ ဝေစုကို ဆုံးရှုံးစေမည်ဟု ဆိုလိုပါသလော။ ဤဟင်းသီးဟင်းရွက်များကို စားသုံးပိုင်ခွင့်မှ သူ့ကို ငါ ပိတ်ပင်နေခဲ့ခြင်းလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သူ အဘယ်ကြောင့် ၎င်းတို့ကို မပေးပို့ခဲ့သနည်း။ သူ ကိုယ်တိုင် ၎င်းတို့ကို သယ်ဆောင်ရန် မလိုအပ်ခဲ့ပေ၊ သူ၏ ဘက်မှ မည်သည့်ကြိုးစားအားထုတ်မှုမျှ မလိုအပ်ခဲ့ပေ။ သို့သော် သူသည် အခြားသူများကို ကောင်းသော အရာများထဲမှ တစ်ခုတလေမျှ မပေးခဲ့ရုံသာမက သူတို့အား ပုပ်သိုးနေသည့်အရာများကို ပေးခဲ့သည်။ ဤသို့ပြုလုပ်ရန် သူ အဘယ်မျှ ဆိုးရွားလိုက်မည်နည်း။ သူ့ကို လူတစ်ဦးအဖြစ် မှတ်ယူနိုင်ပါသလော။ ဟင်းသီးဟင်းရွက်များ ပေးပို့ရန် သူ့ကို ငါ ပြောခဲ့သည်၊ အမှိုက်များ ပေးပို့ရန် မဟုတ်ပေ။ အလွန် ရိုးရှင်းပြီး အလွန် လွယ်ကူသော၊ သူ၏ လက်များကို လှုပ်ရှားရုံမျှဖြင့် ပြီးမြောက်နိုင်သောအရာတစ်ခုကိုပင် သူ မလုပ်ဆောင်နိုင်ခဲ့ပေ။ ဤသည်မှာ လူတစ်ဦး ဟုတ်ပါသလော။ အကယ်၍ ဤသို့သောအရာတစ်ခုကိုပင် သင် လုပ်ဆောင်နိုင်စွမ်းမရှိပါက ဘုရားသခင်ကို ကျိုးနွံနာခံသည်ဟု သင် မည်သို့ အခိုင်အမာ ဆိုနိုင်သနည်း။ သင်သည် အတိုက်အခံပြု၍ ဆန့်ကျင်ဘက်လုပ်လျက်နှင့် ဘုရားသခင်၏ အိမ်တော်၌ ကပ်ရပ်စားသောက်ရန် ကြံစည်နေဆဲဖြစ်၏။ ယင်းမှာ တစ်ကြိမ်တစ်ခါမျှ ဖြစ်နိုင်သလော။ ယနေ့တိုင် မမေ့သေးသောသူများ ရှိနေဆဲ ဖြစ်သည်၊ “သင်သည် တစ်ချိန်က ကျွန်ုပ်တို့၏ စိတ်ခံစားချက်များကို ထိခိုက်စေခဲ့သည်။ သင်သည် တစ်ချိန်က ကျွန်ုပ်တို့ထဲမှ လူအနည်းငယ်ကို နှင်ထုတ်ခဲ့သော်လည်း ကျွန်ုပ်တို့ သဘောမတူခဲ့ပေ၊ ကျွန်ုပ်တို့သည် သူတို့ကို ဆက်လက်ရှိနေစေလိုခဲ့သော်လည်း သင်က သူတို့ကို အခွင့်အရေး မပေးခဲ့ပေ။ သင်သည် ဖြောင့်မတ်သော ဘုရားတစ်ဆူ ဟုတ်ပါသလော” ဟူ၍ ဖြစ်သည်။ မကောင်းဆိုးဝါးများသည် ဘုရားသခင် ဖြောင့်မတ်သည်ဟု တစ်ကြိမ်တစ်ခါမျှ ဆိုကြလိမ့်မည်ဟု သင်တို့ ထင်ပါသလော။ (မည်သည့်အခါမျှ မဆိုကြပါ။) သူတို့သည် မိမိတို့၏နှုတ်ဖြင့် ဘုရားသခင် ဖြောင့်မတ်ကြောင်း ဆိုနိုင်သော်လည်း ဘုရားသခင် ပြုမူသောအခါ သူတို့သည် မကျေမနပ်ဖြစ်ကာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ချီးမွမ်းရန် အားမထုတ်နိုင်တော့ပေ။ ဤသည်တို့မှာ မကောင်းဆိုးဝါးများနှင့် အရေခြုံများ ဖြစ်ကြသည်။
ဟင်းသီးဟင်းရွက်များ ပေးပို့ခြင်းကဲ့သို့သော အသေးစား ကိစ္စတစ်ခုမျှကပင် အဘယ်အရာကို ပြသနေသနည်း။ လူတို့အတွက် ဘုရားသခင်ကို ကျိုးနွံနာခံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံရန် လွယ်ကူသလော။ (မလွယ်ကူပါ။) လူတို့သည် ဘုရားသခင် ပံ့ပိုးပေးသော အစာအာဟာရကို စားသုံးကြသည်၊ သူတို့သည် ဘုရားသခင် ပံ့ပိုးပေးသော အိမ်များ၌ နေထိုင်ကြသည်၊ သူတို့သည် ဘုရားသခင် ပံ့ပိုးပေးသော အရာများကို အသုံးပြုကြသည်၊ သို့သော် ဘုရားသခင်က သူတို့၏ ပိုလျှံသော ဟင်းသီးဟင်းရွက်များကို အခြားသူများအား မျှဝေရန် သူတို့ကို တောင်းဆိုသောအခါ သူတို့ ကျိုးနွံနာခံကြသလော။ ဤနှုတ်ကပတ်တော်များသည် သူတို့၌ အသီးအပွင့် ဖြစ်ထွန်းနိုင်မည်လော။ လူတို့၌မူကား ဖြစ်ထွန်းနိုင်သည်။ ယင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။ သို့သော် မကောင်းဆိုးဝါးများ၊ စာတန်များနှင့် အန္တိခရစ်များ၌မူကား ယင်းတို့သည် ဘယ်သောအခါမျှ အသီးအပွင့် ဖြစ်ထွန်းလိမ့်မည် မဟုတ်ပေ။ ထိုသူသည် “အကယ်၍ ငါသည် ဤဟင်းသီးဟင်းရွက်များကို ပေးပို့လိုက်ပါက ငါ၏ ဤကောင်းမှုကို တစ်စုံတစ်ယောက်က အမှတ်ရမည်လော။ အကယ်၍ အခြားသူများက ဤဟင်းသီးဟင်းရွက်များကို စားသုံးပြီး ယင်းမှာ ဘုရား၏ ကျေးဇူးတော်ဖြစ်သည်၊ ဘုရားက ငါ့ကို ဤသို့ပြုလုပ်ရန် တောင်းဆိုခဲ့သည်ဟု ဆိုကြပါက၊ အကယ်၍ သူတို့အားလုံး ဘုရားကို ကျေးဇူးတင်ကြပါက ငါ့ကို မည်သူ ကျေးဇူးတင်မည်နည်း။ ငါသည် နောက်ကွယ်မှ သူရဲကောင်းဖြစ်သည်၊ အားသွန်ခွန်စိုက် လုပ်ခဲ့သူမှာ ငါဖြစ်သည်။ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးခဲ့သူမှာ ငါ ဖြစ်သည်။ သင်သည် ငါ့ကို ကျေးဇူးတင်သင့်သည်။ အကယ်၍ သင် ကျေးဇူးမတင်ပါက၊ ဤအရာကို လုပ်ဆောင်ခဲ့သည်မှာ ငါဖြစ်သည်ကို သင် မသိပါက သင်သည် ငါ စိုက်ပျိုးခဲ့သော ဟင်းသီးဟင်းရွက်များကို စားသုံးနိုင်သည်ဟု ထင်လျှင် သင် အိပ်မက်မက်နေလေသည်” ဟု မိမိဘာသာ စဉ်းစားခဲ့သည်။ ဤသည်မှာ သူ တွေးထင်ခဲ့သည့်အရာ မဟုတ်လော။ ဤသည်မှာ ဆိုးယုတ်ခြင်း မဟုတ်လော။ ယင်းမှာ အလွန် ဆိုးယုတ်လှပေစွ။ ဆိုးယုတ်သောလူတစ်ဦးသည် သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ နာခံနိုင်မည်နည်း။ ဤသူသည် မကောင်းဆိုးဝါးတစ်ကောင်နှင့် စာတန်တစ်ကောင်အဖြစ် မွေးဖွားလာခဲ့သည်။ သူသည် ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်သည်၊ သူသည် သမ္မာတရားကို အတိုက်အခံလုပ်ပြီး သမ္မာတရားကို မထီမဲ့မြင်ပြုသည်။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံနိုင်စွမ်းမရှိပေ၊ သို့ဖြစ်၍ သူသည် ယင်းတို့ကို နာခံရန် တစ်စုံတစ်ရာ လိုအပ်သလော။ မလိုအပ်ပေ။ သို့ဆိုလျှင် ထိုသို့သော ကိစ္စရပ်ကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ သူ့ကို နှင်ထုတ်လော့၊ သူ၏နေရာကို အစားထိုးရန် နာခံနိုင်သောသူတစ်ဦးကို ရှာဖွေလော့။ ယင်းမျှသာ ဖြစ်သည်၊ ထိုမျှ ရိုးရှင်းလှသည်။ အမှုအရာများကို ဤနည်းအတိုင်း ကိုင်တွယ်ဖြေရှင်းခြင်းသည် သင့်လျော်သလော၊ သို့မဟုတ် မသင့်လျော်သလော။ (သင့်လျော်ပါသည်။) ငါလည်း ထိုသို့ ထင်၏။ အကယ်၍ သူ မထွက်သွားပါက သူ ပြဿနာရှာလိမ့်မည်ဖြစ်ပြီး အခြားလူတိုင်းကို ဒုက္ခပေးလိမ့်မည်။ လူအချို့က “ကိုယ်တော်၏ နှုတ်ကပတ်တော်များကို သူက မနာခံခဲ့သောကြောင့် ကိုယ်တော်သည် မကျေမနပ် ဖြစ်နေခြင်းလော။ သူ လုပ်ဆောင်ခဲ့သမျှမှာ ကိုယ်တော့်ကို မနာခံခဲ့ခြင်းမျှသာ ဖြစ်သည်၊ ယင်းမှာ ထိုမျှ ဆိုးရွားသလော။ ကိုယ်တော်သည် ထိုမျှ အသေးအဖွဲ ကိစ္စတစ်ခုအတွက် သူ့ကို ထွက်သွားခိုင်းခဲ့သည်၊ သို့သော် သူသည် အမှန်တကယ် မည်သည့်မကောင်းမှုကိုမျှ မလုပ်ဆောင်ခဲ့ပေ။ သူသည် ပုပ်သိုးနေသော ဟင်းသီးဟင်းရွက်အချို့ကိုသာ ပေးပို့ခဲ့ပြီး သူ မည်သည့်အရာမျှ မပေးပို့ခဲ့ဘဲ ကိုယ်တော့်ကို မနာခံခဲ့သည့် အကြိမ်အနည်းငယ် ရှိခဲ့သည်။ ယင်းမှာ အသေးစား အရေးကိစ္စတစ်ခုမျှသာ ဖြစ်သည်မဟုတ်လော” ဟု ဆိုကြသည်။ ယင်းမှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) သို့ဆိုလျှင် ဤအရာကို ငါ မည်သို့ ရှုမြင်သည်ဟု သင်တို့ ထင်သနည်း။ သူသည် ထိုမျှ အသေးစား ကိစ္စတစ်ခုနှင့် ပတ်သက်လာလျှင်ပင် မနာခံနိုင်ခဲ့ပေ၊ သို့တိုင် သူသည် ဤနေရာ၌ အမှုအရာများကို ကျိုးကြောင်းမဲ့သော နည်းလမ်းဖြင့် နှောင့်ယှက်ရန် ကြိုးစားခဲ့သည်။ ဤသည်မှာ ဘုရားအိမ်တော် ဖြစ်သည်၊ ဤနေရာ၌ မည်သည့်အရာမျှ သူ့နှင့်မသက်ဆိုင်ခဲ့ပေ။ ဤနေရာရှိ မြက်ပင်တစ်ပင်တိုင်း၊ သစ်ပင်တိုင်း၊ တောင်ကုန်းငယ်တိုင်း၊ ရေကန်တစ်ခုစီတိုင်းတို့ ဖြစ်သည့် ဤအရာများထဲမှ တစ်ခုတလေကိုမျှ ထိန်းချုပ်ရန် သို့မဟုတ် ဦးစီးရန် သူ၌ ဩဇာအာဏာ မရှိခဲ့ပေ။ သူသည် အမှုအရာများကို ဦးစီးရန်၊ ကျိုးကြောင်းမဲ့သော နည်းလမ်းဖြင့် နှောင့်ယှက်ရန် ကြိုးစားခဲ့သည်။ သူ အဘယ်အရာ ဖြစ်ခဲ့သနည်း။ သူ၏ မည်သည့်အရာကိုမျှ ယူငင်ခြင်း သို့မဟုတ် အသုံးပြုခြင်း ခံခဲ့ရမည်မဟုတ်သကဲ့သို့ သူ့နှင့်သက်ဆိုင်သော မည်သည့်အရာကိုမျှ ပေးပို့ခြင်း ခံခဲ့ရမည်မဟုတ်ပေ၊ သူ့ကို တောင်းဆိုခဲ့သမျှမှာ သူ၏ လက်များကို လှုပ်ရှားပြီး သူ ဖြည့်ဆည်းသင့်သည့် တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်မျှသာ ဖြစ်သည်၊ သို့တိုင် သူသည် ထိုအရာကိုပင် မလုပ်ဆောင်နိုင်ခဲ့ပေ။ သူ ထိုအရာကို မလုပ်ဆောင်နိုင်ခဲ့သည့်အတွက် သူ့ကို ယုံကြည်သူတစ်ဦးအဖြစ် ငါ အသိအမှတ်မပြုခဲ့ပေ၊ ပြီးလျှင် သူသည် ဘုရားအိမ်တော်မှ ထွက်သွားခဲ့ရသည်၊ သူသည် ရှင်းလင်းပစ်ခြင်း ခံခဲ့ရသည်။ ဤသို့ ငါ ပြုလုပ်ခဲ့ခြင်းသည် ကျိုးကြောင်းဆီလျော်သလော။ (ဆီလျော်ပါသည်။) ဤသည်တို့မှာ ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ ဖြစ်ကြသည်။ အကယ်၍ ငါသည် ထိုသို့သော ဆိုးယုတ်သောလူတစ်ဦး မကောင်းမှုပြုလုပ်နေသည်ကို ကြုံတွေ့ရပြီး သူ့ကို မဖယ်ရှားခဲ့ပါက၊ အကယ်၍ ငါသည် သူ့အပေါ် မည်သည့်သဘောထားကိုမျှ မထုတ်ဖော်ပြခဲ့ပါက လူမည်မျှ ထိခိုက်နစ်နာမည်ဟု သင်တို့ ထင်သနည်း။ ဤသည်မှာ ဘုရားအိမ်တော်ကို ဖရိုဖရဲဖြစ်သွားစေမည် မဟုတ်လော။ ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များသည် အနှစ်မဲ့သော စကားများ ဖြစ်သွားမည် မဟုတ်လော။ သို့ဖြစ်၍ နာခံမှုမရှိဘဲ အနှောင့်အယှက်များပေးကာ အမှုအရာများကို အကြောင်းမဲ့ တားဆီးပိတ်ပင်ပြီး အရှက်မဲ့စွာ ပြုမူတတ်သည့် ဤအန္တိခရစ်များနှင့် ဆိုးယုတ်သော မကောင်းဆိုးဝါးများနှင့်စပ်လျဉ်း၍ ဘုရားသခင်၏ အိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များတွင် မည်သည့်အရာကို ပြဋ္ဌာန်းထားသနည်း။ သူတို့ကို ဘုရားအိမ်တော်မှ ရှင်းလင်းပစ်ပြီး နှင်ထုတ်လော့။ သူတို့ကို ညီအစ်ကိုမောင်နှမများ လူစုမှ ဖယ်ရှားလော့။ သူတို့ကို ဘုရားအိမ်တော်၏ အသင်းသားများအဖြစ် ထည့်မတွက်ပေ။ သူတို့ကို ဤသို့ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပတ်သက်၍ သင်တို့ အဘယ်သို့ ထင်သနည်း။ ဤသို့သော လူစားမျိုးများကို ဖယ်ရှားပြီးသည်နှင့်တစ်ပြိုင်နက် အလုပ်အားလုံး ချောမွေ့စွာ ရှေ့ဆက်လိမ့်မည် ဖြစ်သည်။ မကောင်းဆိုးဝါးများနှင့် စာတန်များသည် ဟင်းသီးဟင်းရွက်များ စားသုံးခြင်းကဲ့သို့သော အသေးစား ကိစ္စတစ်ခုမျှကိုပင် အမြတ်ထုတ်ရန် ကြိုးစားကြသည်။ ဤအရာနှင့်ပင် သူတို့သည် ဦးစီးရန်နှင့် သူတို့ အလိုရှိသည့်အတိုင်း လုပ်ဆောင်ရန် ကြိုးစားကြသည်။ ငါတို့ ပြောဆိုခဲ့သမျှအရာအားလုံးသည် အသေးစား ကိစ္စတစ်ခု ဖြစ်သည်၊ သို့သော် မည်သို့ပင်ဖြစ်စေ ယင်းမှာ သမ္မာတရားအားလုံးထဲမှ အခြေခံအကျဆုံးသော သမ္မာတရားများကို ထိတွေ့နေသည်။ အခြေခံအကျဆုံးသော သမ္မာတရားမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခြင်း ဖြစ်သည်။ ထိုအရာကိုပင် မလုပ်ဆောင်နိုင်သောသူတို့၏ စိတ်သဘောထားမှာ အဘယ်နည်း။ သူတို့၌ ပုံမှန်လူတို့၏ အသိတရားနှင့် ဆင်ခြင်တုံတရား ရှိကြသလော။ လုံးဝမရှိပေ။ ဤသည်တို့မှာ လူ့သဘာဝ ကင်းမဲ့သောလူများ ဖြစ်ကြသည်။
ဟင်းသီးဟင်းရွက်များအပြင် လူတို့သည် မိမိတို့၏ နေ့စဉ်အသက်တာ၌ အသားနှင့် ဥများကိုလည်း စားသုံးရမည် ဖြစ်သည်။ သို့ဖြစ်၍ ကြက်အနည်းငယ် မွေးမြူရန်နှင့် ဤကြက်များကို အစေ့အဆန်၊ ဟင်းသီးဟင်းရွက်နှင့် အလားတူအရာများ ကျွေးမွေးရန် လူအချို့ကို ငါ ပြောခဲ့သည်။ ယင်းတို့ကို လွတ်လပ်စွာ လွှတ်ကျောင်းသင့်သည်။ ထိုသို့ပြုလုပ်ပါက ယင်းတို့သည် ဈေးများ၌ ရောင်းချသော ကြက်ဥများထက် ပို၍ကောင်းမွန်သော ကြက်ဥများ ဥကြလိမ့်မည်။ ကြက်သားကိုယ်တိုင်ကလည်း ဓာတုကင်းလွတ်မည် ဖြစ်သည်၊ အနည်းဆုံးအားဖြင့် ယင်း၌ မည်သည့်ဟော်မုန်းဓာတ်မျှ ပါဝင်မည် မဟုတ်ဘဲ လူတို့ စားသုံးသည့်အခါ သူတို့ကို အန္တရာယ် ဖြစ်စေမည် မဟုတ်ပေ။ ကြက်များသည် ကြက်ဥ သို့မဟုတ် အသား များစွာ မထုတ်လုပ်ကောင်း မထုတ်လုပ်နိုင်သော်လည်း အရည်အသွေးကိုမူ အာမခံနိုင်မည် ဖြစ်သည်။ ဤတွင် ငါ အဘယ်အရာ ဆိုလိုသည်ကို သင် နားလည်သလော။ (နားလည်ပါသည်။) သို့ဆိုလျှင် ငါ ယခု ပြောခဲ့သည့်အရာ၌ သတင်းအချက်အလက် အချက်မည်မျှ ပါဝင်သည်ကို ငါ့ကို ပြောလော့။ ပထမဦးစွာ ဤနည်းအတိုင်း ကြက်များ မွေးမြူခြင်းသည် ငါတို့အား စားသုံးရန် ဓာတုကင်းလွတ်သော ကြက်ဥအချို့ကို ပေးလိမ့်မည်။ ငါတို့ မည်မျှ စားသုံးနိုင်သည်ဖြစ်စေ အနည်းဆုံးအားဖြင့် ပဋိဇီဝဆေးများ ပါဝင်သော ကြက်ဥများကို ငါတို့ စားသုံးရန် မလိုအပ်တော့ပေ။ ယင်းမှာ ကြက်ဥများနှင့် ပတ်သက်၍ လိုအပ်ခဲ့သည့်အရာ ဖြစ်သည်။ ဒုတိယအနေဖြင့် အသားနှင့် ပတ်သက်၍ လိုအပ်ခဲ့သည့်အရာမှာ ယင်း၌ ဟော်မုန်းဓာတ်များ မပါဝင်ရန်ဖြစ်ပြီး သို့မှသာ လူတို့သည် ယင်းကို စားသုံးရာ၌ စိတ်ထင့်စရာ တစ်စက်မျှ ရှိမည်မဟုတ်ပေ။ ဤအရာများထဲမှ တစ်ခုခုကို တောင်းဆိုခြင်းသည် လွန်သလော။ (မလွန်ပါ။) ငါ တင်ပြခဲ့သော တောင်းဆိုချက်များသည် အလွန်အကျွံ မဟုတ်ရုံသာမက လက်တွေ့လည်းကျသည် မဟုတ်လော။ (ကျပါသည်။) နောက်ပိုင်းတွင် ကြက်ငယ်များကို ဝယ်ယူပြီး ကျွေးမွေးခဲ့သည်။ သူတို့ ဥများ စတင်ဥသောအခါ ငါတို့ ကြက်ဥများကို စားသုံးခဲ့သည်၊ သို့ရာတွင် စူပါမားကတ်များ၌ ဝယ်ယူသော ကြက်ဥများမှာကဲ့သို့ပင် ပဋိဇီဝဆေးများ၏ အရသာ အနည်းငယ် ရှိနေခဲ့သည်။ ငါ အနည်းငယ် တွေးကြည့်သည်၊ သူတို့သည် ပဋိဇီဝဆေးများ ပါဝင်သော အစာများကို ကျွေးမွေးနေခဲ့ခြင်းလော။ နောက်ပိုင်းတွင် ကြက်များကို ကြည့်ရှုစောင့်ရှောက်သောလူများအား ကြက်များ မည်သည့်အစာကို စားသုံးနေခဲ့သည်ကို ငါ မေးမြန်းခဲ့ရာ သူတို့က အရိုးမှုန့်ဟု ဆိုကြသည်။ ငါက “ငါတို့ ဤကြက်များကို စောစီးစွာ ဥများ ဥစေရန် မလိုအပ်ပေ။ သူတို့ကို ပုံမှန် ဓာတုကင်းလွတ်သော၊ လွတ်လပ်စွာ လွှတ်ကျောင်းသည့် နည်းလမ်းများဖြင့် ကျွေးမွေးလော့။ သူတို့ကို ပုံမှန်အတိုင်း ဥများ ဥစေလော့။ ငါတို့သည် ကြက်ဥများစွာ ရရှိရန်အတွက် ဤကြက်များကို မွေးမြူနေခြင်း မဟုတ်ဘဲ ဓာတုကင်းလွတ်သော ကြက်ဥများကို စားသုံးနိုင်ရန်အတွက်သာ ဖြစ်သည်။ လိုအပ်သမျှမှာ ဤအရာမျှသာ ဖြစ်သည်” ဟု ဆိုခဲ့သည်။ ဤသို့ ငါ ဆိုသည့်အခါ ငါ အဘယ်အရာ ဆိုလိုခဲ့သနည်း။ ကြက်များကို ပဋိဇီဝဆေးများ၊ ဟော်မုန်းများနှင့် အလားတူအရာများ ပါဝင်သော မည်သည့်အရာကိုမျှ မကျွေးမွေးရန် သူတို့ကို ငါ ပြောနေခဲ့ခြင်း ဖြစ်သည်။ ကြက်များကို အခြားနေရာများ၌ ကြက်များ စားသုံးသည့်အရာနှင့် မတူညီသော အစာကို ကျွေးမွေးရန် ဖြစ်သည်။ အခြားနေရာများ၌ ကြက်များသည် သုံးလမျှဖြင့် အပြည့်အဝ ကြီးထွားလာကြပြီး နေ့စဉ် ဥများ ဥကြကာ သူတို့ သတ်ဖြတ်ခြင်းမခံရမီနေ့အထိ ဥများဥသည့် စက်များအဖြစ် အသုံးပြုခြင်း ခံကြရသည်။ ဤသည်မှာ ကောင်းမွန်သော ကြက်ဥများ ထွက်သလော။ အသားမှာကော အရသာရှိသလော။ (မရှိပါ။) ကြက်များကို လွတ်လပ်စွာ လွှတ်ကျောင်းရန်၊ အပြင်ဘက်၌ အစာရှာဖွေစားသောက်ခွင့်ပြုရန်၊ ပိုးမွှားများနှင့် ပေါင်းပင်များကို စားသုံးခွင့်ပြုရန်၊ ထို့နောက် ကောက်ပဲသီးနှံ၊ အစေ့အဆန်အချို့နှင့် အလားတူအရာများကို ကျွေးမွေးရန် ငါ တောင်းဆိုခဲ့သည်။ ဤသည်မှာ ကြက်ဥ အထွက်နည်းမည်ဖြစ်သော်လည်း အရည်အသွေးမှာ ပို၍ကောင်းမွန်မည် ဖြစ်သည်၊ ယင်းမှာ ကြက်များအတွက်နှင့် လူသားများအတွက် ကောင်းမွန်မည် ဖြစ်သည်။ ငါ တောင်းဆိုခဲ့သည့်အရာမှာ စွမ်းဆောင်ရရှိရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) နားလည်ရန်ကော လွယ်ကူသလော။ ငါ ပြောခဲ့သည့်အရာကို နာခံရာ၌ တစ်စုံတစ်ရာ အခက်အခဲ ရှိခဲ့သလော။ (နားလည်ရန် လွယ်ကူပါသည်။ ဤသည်မှာ ခက်ခဲခြင်း မရှိခဲ့ပါ။) ငါသည် တစ်စုံတစ်ရာ အခက်အခဲ ပါဝင်သည်ဟု မခံစားခဲ့ရပေ။ ယင်းမှာ လွယ်ကူခဲ့သည်။ ငါသည် ထုတ်လုပ်သော ကြက်ဥအရေအတွက်နှင့် ပတ်သက်၍ မည်သည့်တောင်းဆိုချက်မျှ မပြုလုပ်ခဲ့ဘဲ အရည်အသွေးကိုသာ တောင်းဆိုခဲ့သည်။ ပုံမှန် ဆင်ခြင်တုံတရားနှင့် ပုံမှန် တွေးခေါ်ပုံရှိသောလူများသည် ဤသည်ကို ကြားသည်နှင့်တစ်ပြိုင်နက် နားလည်သဘောပေါက်ကြပြီးဖြစ်လိမ့်မည်။ သူတို့သည် ဤသည်မှာ ရိုးရှင်းကြောင်း၊ လုပ်ဆောင်နိုင်ကြောင်း ခံစားကြလိမ့်မည်ဖြစ်ပြီး မကြာမီ သူတို့သည် ယင်းကို လုပ်ဆောင်ပြီး ဖြစ်လိမ့်မည်။ ဤသည်ကို နာခံခြင်းဟု ခေါ်သည်။ သို့ဆိုလျှင် ဤသည်မှာ ကြက်များ မွေးမြူသောလူများ လုပ်ဆောင်ခဲ့သည့်အရာ ဟုတ်သလော။ သူတို့ ဤသည်ကို လုပ်နိုင်စွမ်း ရှိခဲ့သလော။ ဤသည်ကို လုပ်ဆောင်နိုင်ခြင်းသည် ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ခြင်းဟု ဆိုလိုပေမည်။ ဤသည်ကို မလုပ်ဆောင်နိုင်ခြင်းသည် ပြဿနာတစ်ခု ရှိနေသည်ဟု ဆိုလိုပေမည်။ ငါ ဤသို့ ပြောပြီး မကြာမီပင် ရာသီဥတု အေးလာခဲ့သည်။ သဘာဝ၏ ပုံမှန်နိယာမများအရ ဤသည်မှာ ကြက်များ ဥဥခြင်းကို ရပ်တန့်စေမည် ဖြစ်သည်။ သို့သော် အလွန် သိသာထင်ရှားသော အရာတစ်ခု ရှိခဲ့သည်၊ ရာသီဥတု ပို၍ အေးလာသောအခါ ကြက်များသည် ဥဥမနည်းဘဲ ပို၍ပင် များပြားစွာ ဥခဲ့ကြသည်။ နေ့စဉ် စားသုံးရန် ကြက်ဥများ ရှိနေခဲ့သော်လည်း အနှစ်များသည် ယခင်ကဲ့သို့ ဝါခြင်း မရှိတော့ဘဲ အဖြူရောင်အကာများသည် ပို၍ပို၍ မာကျောလာခဲ့သည်။ ကြက်ဥများသည် ပို၍ပို၍ အရသာပေါ့လာခဲ့သည်။ အဘယ်အရာ ဖြစ်ပျက်နေခဲ့သနည်း။ ငါက “မည်သို့သောအရာများ ဖြစ်ပျက်နေသနည်း။ ဤကြက်များအနေဖြင့် ဆောင်းရာသီကို ဖြတ်သန်းရသည်မှာ အတော်ပင် ခက်ခဲနေပြီးသားဖြစ်သည်၊ ယခုအခါတွင် ယင်းတို့အား လူတို့အတွက် ဥများဥစေရန် သင် အဘယ်ကြောင့်များ ကြိုးစားနေသနည်း။ ယင်းသည် အနည်းငယ် ရက်စက်သည်” ဟု ဆိုခဲ့သည်။ နောက်ပိုင်းတွင် ငါ သွားရောက်၍ မေးမြန်းသောအခါ ကြက်များသည် အခြားနေရာမှ ဝယ်ယူထားသော အစာကို ဆက်လက်၍ ကျွေးမွေးခြင်း ခံနေရဆဲဖြစ်ကြောင်း ငါ ရှာဖွေတွေ့ရှိခဲ့သည်၊ ထိုအစာမှာ နွေဦး၊ နွေရာသီ၊ ဆောင်းဦး သို့မဟုတ် ဆောင်းရာသီ ဖြစ်စေကာမူ သူတို့ ဥများ ဆက်လက်ဥနေစေရန် အာမခံသည့်အစာ ဖြစ်သည်။ ငါက “ပုံမှန်အားဖြင့် ကြက်များသည် ဤရာသီအတွင်း ဥများ မဥကြပေ။ ငါတို့သည် ကြက်ဥများ မစားဘဲ နေနိုင်သည်။ သူတို့ကို ဆက်လက်၍သာ ကြည့်ရှုစောင့်ရှောက်ထားပါ။ နွေဦးရာသီ ရောက်လာသောအခါ သူတို့ တစ်ဖန်ပြန်၍ ဥများ ဥလာကြလိမ့်မည်ဖြစ်ပြီး အရည်အသွေး ကောင်းသော ဥများ ဖြစ်လိမ့်မည်။ အစားမကြီးနှင့်။ သူတို့ကို အဆက်မပြတ် ဥများ ဥစေရန် သင့်ကို ငါ မတောင်းဆိုခဲ့သကဲ့သို့ ဆောင်းရာသီ၌ ကြက်ဥများ ဆက်လက်ပံ့ပိုးပေးရန်လည်း သင့်ကို ငါ မတောင်းဆိုခဲ့ပေ။ ဤအရာကို သင့်ထံမှ ငါ မတောင်းဆိုခဲ့သည့်အတွက် သင် အဘယ်ကြောင့် သူတို့ကို သင် ဝယ်ယူခဲ့သော ထိုအစာကို ဆက်လက်၍ ကျွေးမွေးနေခဲ့သနည်း။ သင် သူတို့ကို ထိုအစာကို ထပ်ကျွေးမွေးခြင်းမှ တားမြစ်သည်” ဟု ဆိုခဲ့သည်။ ငါ ပြောခဲ့သောစကားသည် ရှင်းရှင်းလင်းလင်း ရှိသလော။ ပထမဦးစွာ ရာသီဥတု မည်သို့ပင်ဖြစ်စေ စားသုံးရန် ကြက်ဥများ မဖြစ်မနေ ရှိရမည်ဟု ငါ မတောင်းဆိုခဲ့ပေ။ ဒုတိယအနေဖြင့် ကြက်များကို ထိုအစာ မကျွေးမွေးရန်၊ ဥများဥသည့် လုပ်ငန်းစဉ်ကို အရှိန်မြှင့်ခြင်း မပြုရန် သူတို့ကို ငါ ပြောခဲ့သည်။ ဤသေးငယ်သော တောင်းဆိုချက်မှာ စွမ်းဆောင်ရန် ခက်ခဲသလော။ (မခက်ခဲပါ။) သို့သော် အကျိုးဆက်မှာ အချိန်အနည်းငယ်ကြာပြီးနောက် ငါတို့၏ ကြက်များ ဥထားသော ကြက်ဥအချို့ကို ငါ တစ်ဖန်ပြန်၍ စားသုံးခဲ့ရသည်။ ငါ ကိုယ့်ကိုယ်ကိုယ် ဤသို့ ဆိုခဲ့သည်၊ ဤလူအုပ်စုသည် အဘယ်မျှ နားဝေတိမ်တောင် ဖြစ်လိုက်ပါသနည်း၊ ငါ ပြောခဲ့သည့်အရာကို သူတို့ မနာခံခဲ့ကြသည်မှာ အဘယ်သို့နည်း။ ကြက်များသည် ဥများ ဥနေဆဲဖြစ်သောကြောင့် သူတို့သည် အစာကို လုံးဝ မပြောင်းလဲခဲ့ကြပေ၊ ဤသည်မှာ ဖြစ်ပျက်နေခဲ့သည့်အရာ ဖြစ်သည်။
ကြက်များမွေးမြူခြင်းနှင့် ပတ်သက်၍ ဖြစ်ပျက်ခဲ့သည့်အရာမှ သင်တို့ အဘယ်အရာကို ပိုင်းခြားသိမြင်နိုင်ကြသနည်း။ (လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံခြင်း သို့မဟုတ် နာခံခြင်း မရှိကြကြောင်း ဖြစ်ပါသည်။) လူအချို့က “ဘုရား၏ နှုတ်ကပတ်တော်များကို နာခံခြင်းဆိုသည်မှာ ဘုရား၏ အလိုတော်ကို လိုက်လျှောက်ခြင်းဟု ဆိုလိုသည်။ ကြီးမြတ်ပြီး မြင့်မြတ်သော ကိစ္စရပ်များနှင့် ပတ်သက်လာလျှင် ကျွန်ုပ်တို့ နာခံရမည်၊ ယင်းတို့မှာ ဘုရား၏ အလိုတော်၊ ဘုရား၏ အမှုတော်ကို ဆောင်ရွက်ခြင်း၊ သူ၏ အဓိကအမှုတော်တို့နှင့် သက်ဆိုင်သော အရာများ ဖြစ်သည်။ သင် ပြောဆိုနေခဲ့သမျှအရာအားလုံးသည် နေ့စဉ်အသက်တာမှ သာမည ကိစ္စရပ်များနှင့် သက်ဆိုင်ပြီး ဘုရား၏ အလိုတော်ကို လိုက်လျှောက်ခြင်းနှင့် လုံးဝမသက်ဆိုင်ပေ၊ သို့ဖြစ်၍ သင် ပြောသည့်အတိုင်း ကျွန်ုပ်တို့ လုပ်ဆောင်ရန် မလိုအပ်ပေ။ သင် ပြောဆိုနေသည့်အရာသည် ကျွန်ုပ်တို့၏ တာဝန်နှင့် မသက်ဆိုင်သကဲ့သို့ ဘုရား၏ နှုတ်ကပတ်တော်များအပေါ် ကျွန်ုပ်တို့၏ ကျိုးနွံနာခံမှုနှင့် နာခံခြင်းတို့နှင့်လည်း မသက်ဆိုင်ပေ၊ သို့ဖြစ်၍ သင့်ကို ဆန့်ကျင်ရာတွင်၊ ကျွန်ုပ်တို့ နာခံရန်၊ မနာခံရန် ရွေးချယ်ရာတွင် ကျွန်ုပ်တို့၌ ကျိုးကြောင်းဆီလျော်မှု ရှိသည်။ ထို့အပြင် ပုံမှန်လူ့အသက်တာ၊ မိသားစုရေးရာကိစ္စများနှင့် ပတ်သက်၍ သင် အဘယ်အရာ သိရှိပါသနည်း။ သင် နားမလည်သည့်အတွက် သင်၌ ပြောဆိုပိုင်ခွင့် မရှိပေ။ ကျွန်ုပ်တို့ကို လျှောက်မပြောနှင့်၊ ဤအရာ၌ သင့်ကို ကျွန်ုပ်တို့ နာခံရန် မလိုအပ်ပေ” ဟု ဆိုခဲ့ကြသည်။ ဤသည်မှာ သူတို့ တွေးထင်နေခဲ့သည့်အရာ မဟုတ်လော။ ဤသို့ တွေးထင်ခြင်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) အမှားမှာ အဘယ်နေရာ၌ ရှိခဲ့သနည်း။ (ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ခြင်းသည် ကိစ္စရပ်များ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ခွဲခြားခြင်း မရှိပါ။ ယင်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်နေသရွေ့ လူတို့သည် နာခံသင့်ပြီး သူတို့သည် ကျိုးနွံနာခံကာ ယင်းတို့ကို လက်တွေ့လုပ်ဆောင်သင့်ပါသည်။) လူအချို့က “သမ္မာတရားဖြစ်သော ဘုရား၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် နာခံသည်။ သမ္မာတရားမဟုတ်သော နှုတ်ကပတ်တော်များကို ကျွန်ုပ် နာခံရန် မလိုအပ်ပေ။ ကျွန်ုပ်သည် သမ္မာတရားကိုသာ ကျိုးနွံနာခံသည်။ ‘ဘုရား၏ လမ်းခရီးကို လိုက်လျှောက်ခြင်း’ ဆိုသည်မှာ သမ္မာတရားဖြစ်သော ဘုရား၏ နှုတ်တော်မှ နှုတ်ကပတ်တော်များ၏ ထိုအပိုင်းကို လိုက်လျှောက်ခြင်း၊ နာခံခြင်းနှင့် ကျိုးနွံနာခံခြင်းဟု ဆိုလိုသည်။ လူတို့၏ အသက်တာများနှင့် သက်ဆိုင်ပြီး သမ္မာတရားနှင့် မသက်ဆိုင်သော နှုတ်ကပတ်တော်များကိုမူ လျစ်လျူရှုနိုင်သည်” ဟု ဆိုခဲ့ကြသည်။ ထိုသို့သော နားလည်သဘောပေါက်မှုသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) သို့ဆိုလျှင် သင်တို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ မှတ်ယူကြသနည်း။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအကြား ခွဲခြားမှုတစ်ခု ပြုလုပ်ခဲ့ကြသည် မဟုတ်လော။ ဤသည်မှာ သမ္မာတရားကို အမည်ခံမျှသာ ဖြစ်သွားစေခဲ့သည် မဟုတ်လော။ သူတို့သည် သမ္မာတရားကို အလွန် အနှစ်မဲ့သည်ဟု မှတ်ယူခဲ့ကြသည် မဟုတ်လော။ ဘုရားသခင်၏ အရာခပ်သိမ်းကို ဖန်ဆင်းခြင်း၊ သစ်ပင်များပေါ်ရှိ အရွက်များ၏ ပုံသဏ္ဌာန်များနှင့် အရောင်များ၊ ပန်းပွင့်များ၏ ပုံသဏ္ဌာန်များနှင့် အရောင်များ၊ အရာခပ်သိမ်း၏ တည်ရှိမှုနှင့် မျိုးပွားခြင်းတို့ဖြစ်သည့် ဤအရာအားလုံးသည် သမ္မာတရားနှင့် တစ်စုံတစ်ရာ သက်ဆိုင်သလော။ ယင်းမှာ လူသား၏ ကယ်တင်ခြင်းနှင့် တစ်စုံတစ်ရာ သက်ဆိုင်သလော။ လူ့ခန္ဓာကိုယ်၏ ဖွဲ့စည်းပုံသည် သမ္မာတရားနှင့် ဆက်စပ်နေသလော။ ဤအရာများထဲမှ တစ်ခုမျှ သမ္မာတရားနှင့် မဆက်စပ်သော်လည်း ယင်းတို့အားလုံး ဘုရားသခင်ထံမှ လာပါသည်။ ဤအရာများထဲမှ တစ်ခုမျှ သမ္မာတရားနှင့် မသက်ဆိုင်ပါက သင်သည် ယင်းတို့၏ မှန်ကန်မှုကို ဝန်မခံနိုင်သလော။ သင်သည် ယင်းတို့၏ မှန်ကန်မှုကို ငြင်းပယ်နိုင်သလော။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းဆိုင်ရာ နိယာမများကို သင်အလိုရှိသည့်အတိုင်း ဖျက်ဆီးနိုင်သလော။ (မဖျက်ဆီးနိုင်ပါ။) သို့ဆိုလျှင် သင်၏ သဘောထားမှာ အဘယ်အရာ ဖြစ်သင့်သနည်း။ သင်သည် ယင်း၏ နိယာမများကို လိုက်နာစောင့်ထိန်းရမည်။ သင် နားမလည်သော အရာများ ရှိသည့်အခါ ဘုရားသခင်၏ နှုတ်တော်မှ မိန့်မြွက်သည့်အရာကို ယုံကြည်ခြင်းသည် မှန်ကန်သည်။ သင်သည် ယင်းတို့ကို လေ့လာရန် မလိုအပ်သကဲ့သို့ အလွန် နက်ရှိုင်းစွာ နားလည်ရန်လည်း ကြိုးစားရန် မလိုအပ်ပေ၊ သင်သည် ယင်းတို့၏ နိယာမများကို မဆန့်ကျင်ရန်သာ လိုအပ်သည်။ ဤသည်မှာ ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ လူတို့၏ နေ့စဉ်အသက်တာ၌ ဘုရားသခင် တောင်းဆိုသော၊ လူ၏ ကယ်တင်ခြင်းအမှုနှင့် မသက်ဆိုင်သည့် အလေ့အကျင့်များ၊ အခြေခံအသိတရားနှင့် နေ့စဉ်ဘဝ၏ စည်းစနစ်များ စသည်တို့သည် သမ္မာတရားနှင့် တန်းတူ သို့မဟုတ် အဆင့်တူ မဟုတ်ကြသော်လည်း၊ ၎င်းတို့အားလုံးသည် အပြုသဘောဆောင်သော အမှုအရာများ ဖြစ်ကြ၏။ အပြုသဘောဆောင်သော အရာအားလုံး ဘုရားသခင်ထံမှ လာသည်၊ သို့ဖြစ်၍ လူတို့သည် ယင်းတို့ကို လက်ခံသင့်သည်၊ ဤစကားများသည် မှန်ကန်သည်။ ထို့အပြင် လူသားများ ဖြစ်သည့်အလျောက် သူတို့၌ မည်သို့သော ဆင်ခြင်တုံတရားနှင့် အသိတရားတို့ ရှိသင့်သနည်း။ နံပါတ်တစ်မှာ သူတို့သည် မည်သို့ နာခံရမည်ကို သင်ယူသင့်သည်။ မည်သူ၏စကားများကို နာခံရန်နည်း။ နတ်ဆိုးများနှင့် စာတန်၏ စကားများကို နာခံရန်လော။ လူတို့၏ စကားများကို နာခံရန်လော။ ကြီးမြတ်သောလူများ၊ ထူးချွန်သောလူများ၏ စကားများကို နာခံရန်လော။ အန္တိခရစ်တို့၏ စကားများကို နာခံရန်လော။ ဤအရာများထဲမှ တစ်ခုမျှ မဟုတ်ပေ။ သူတို့သည် ဘုရားသခင်၏ စကားများကို နာခံသင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခြင်း၏ စည်းမျဉ်းများနှင့် တိကျသော လက်တွေ့လုပ်ဆောင်ချက်များကား အဘယ်နည်း။ သင်သည် ယင်းတို့ မှန်သည် သို့မဟုတ် မှားသည်ကို ဆန်းစစ်ရန် မလိုအပ်သကဲ့သို့ အဘယ်ကြောင့်ဟုလည်း မေးရန် မလိုအပ်ပေ။ သင်သည် ယင်းတို့ကို လက်တွေ့မလုပ်ဆောင်မီ နားလည်သည်အထိ စောင့်ဆိုင်းရန် မလိုအပ်ပေ။ ထိုအစား သင်သည် ရှေးဦးစွာ နားထောင်ခြင်း၊ အကောင်အထည်ဖော်ခြင်း၊ လုပ်ဆောင်ခြင်းနှင့် စောင့်ထိန်းလိုက်နာခြင်းတို့ ပြုလုပ်သင့်ပြီး ယင်းမှာ သင်၏ ပထမဆုံးသော သဘောထားလည်း ဖြစ်သင့်သည်။ ထိုသို့ပြုလုပ်မှသာ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်လာမည်ဖြစ်ပြီး သင့်တော်လျောက်ပတ်သော လူသားတစ်ဦး ဖြစ်လာမည် ဖြစ်သည်။ အကယ်၍ လူသားတစ်ဦးဖြစ်ခြင်း၏ ဤအခြေခံအကျဆုံးသော စံနှုန်းများကိုပင် သင်လုပ်ဆောင်နိုင်စွမ်းမရှိပါက၊ ဘုရားသခင်က သင့်ကို လူသားတစ်ဦးအဖြစ် အသိအမှတ်မပြုပါက သင်သည် ကိုယ်တော်၏ ရှေ့မှောက်သို့ လာရောက်နိုင်မည်လော။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားနာရန် ထိုက်တန်သလော။ သင်သည် သမ္မာတရားကို ကြားနာရန် ထိုက်တန်သလော။ သင်သည် ကယ်တင်ခြင်းနှင့် ထိုက်တန်သလော။ သင်သည် ဤအရာများထဲမှ တစ်ခုအတွက်မျှ အရည်အချင်းမပြည့်မီပေ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။