ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁) အခန်း နှစ်
အချက် ၁- ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့၊ ယင်းတို့ကို နားလည်သဘောပေါက်ဖို့နှင့် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ဖို့အတွက် လူတို့ကို ဦးဆောင်လော့
အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်ရန် အစွမ်းအစနှင့် လုပ်နိုင်စွမ်း မရှိကြပေ
အယောင်ဆောင်ခေါင်းဆောင်တစ်ဦးဆိုသည်မှာ အဘယ်နည်း။ ၎င်းသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်သူ၊ ခေါင်းဆောင်တစ်ဦးအနေဖြင့် မိမိတို့၏ တာဝန်များကို ကျေပွန်အောင် မထမ်းဆောင်သူတစ်ဦး အမှန်ပင် ဖြစ်သည်။ ၎င်းတို့သည် စစ်မှန်သော သို့မဟုတ် အရေးပါသော အလုပ်တစ်ခုတလေကိုမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် အသက်ဝင်ရောက်မှု သို့မဟုတ် သမ္မာတရားနှင့် မည်သို့မျှမဆိုင်သော အရာများဖြစ်သည့် အထွေထွေကိစ္စအချို့နှင့် အပေါ်ယံအဆင့် တာဝန်အချို့ကိုသာ လုပ်ဆောင်ကြသည်။ ဤအလုပ်ကို ၎င်းတို့ မည်မျှပင် လုပ်ဆောင်ပါစေ၊ ယင်းကို ထမ်းဆောင်ခြင်း၌ အရေးပါမှု မရှိပေ။ ထိုအကြောင်းကြောင့် ထိုသို့သော ခေါင်းဆောင်များကို အယောင်ဆောင်ခေါင်းဆောင်များအဖြစ် စရိုက်လက္ခဏာကို သရုပ်ဖော်ခြင်း ဖြစ်သည်။ သို့ဆိုလျှင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို အတိအကျ မည်သို့ ပိုင်းခြားသိမြင်နိုင်မည်နည်း။ ယခု ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးမှုကို စတင်ကြပါစို့။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၏ ပထမဆုံးသော တာဝန်ဝတ္တရားမှာ အခြားသူများအနေဖြင့် သမ္မာတရားကို နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်သည့် နည်းလမ်းဖြင့် အခြားသူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန် ဦးဆောင်ခြင်းနှင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းတို့ ဖြစ်ကြောင်းကို ဦးစွာ ရှင်းရှင်းလင်းလင်း သိမြင်ရမည်ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်တစ်ဦးသည် စစ်မှန်သည်ဖြစ်စေ၊ အယောင်ဆောင်ဖြစ်သည်ဖြစ်စေ စစ်ဆေးရန် အရေးကြီးဆုံးသော စံသတ်မှတ်ချက် ဖြစ်သည်။ ၎င်းတို့သည် အခြားသူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်နှင့် သမ္မာတရားကို နားလည်ရန် ဦးဆောင်နိုင်ခြင်း ရှိမရှိကိုလည်းကောင်း၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်ခြင်း ရှိမရှိကိုလည်းကောင်း ကြည့်လော့။ ယင်းမှာ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးတွင် ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်ရန် မည်သို့သော အစွမ်းအစနှင့် လုပ်နိုင်စွမ်း ရှိသည်ကိုလည်းကောင်း၊ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ဦးဆောင်နိုင်ခြင်း ရှိမရှိကိုလည်းကောင်း စစ်ဆေးရန် တစ်ခုတည်းသော စံသတ်မှတ်ချက် ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကို စင်ကြယ်စွာ သဘောပေါက်နားလည်နိုင်ပြီး သမ္မာတရားကို နားလည်နိုင်စွမ်းရှိပါက ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ လူများ၌ရှိသော အယူအဆများနှင့် စိတ်ကူးများကို ဖြေရှင်းသင့်ပြီး လူတို့ကို ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သော လက်တွေ့ကျမှုကို နားလည်စေရန် ကူညီသင့်သည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ ကြုံတွေ့ရသည့် အမှန်တကယ်ဖြစ်သော အခက်အခဲများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီလည်း ဖြေရှင်းသင့်သည်၊ အထူးသဖြင့် ၎င်းတို့၏ ယုံကြည်ခြင်း၌ရှိသော မှားယွင်းသည့် အမြင်များနှင့်ပတ်သက်လာလျှင်ဖြစ်စေ၊ တာဝန်ထမ်းဆောင်ခြင်းအပေါ် နားလည်မှု လွဲမှားခြင်းများနှင့် ပတ်သက်လာလျှင်ဖြစ်စေ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ဖြေရှင်းသင့်သည်။ ၎င်းတို့သည် လူတို့က မတူညီသော စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများကို ရင်ဆိုင်ရသည့်အခါ ပေါ်လွင်ထင်ရှားလာသော ပြဿနာများကို ဖြေရှင်းရန် ဘုရားနှုတ်ကပတ်တော်များကိုလည်း အသုံးပြုရမည်ဖြစ်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်ရန်နှင့် သူ၏နှုတ်ကပတ်တော်၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ဦးဆောင်နိုင်ရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များထဲတွင် ထုတ်ဖော်ထားသည့် ဖောက်ပြန်ပျက်စီးသော အခြေအနေများကို အခြေခံ၍ လူတို့၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို စိတ်ဖြာလေ့လာဆွေးနွေးရမည်ဖြစ်သည်၊ သို့ဖြစ်၍ ဘုရားသခင် ရွေးချယ်ထားသောလူတို့သည် ဤအရာများထဲမှ မည်သည့်အရာက ၎င်းတို့နှင့် သက်ဆိုင်သည်ကို မြင်နိုင်မည်ဖြစ်ပြီး မိမိတို့ကိုယ်ကို သိကျွမ်းခြင်းကို ရရှိကာ စာတန်ကို မုန်းတီးပြီး ပုန်ကန်ကြမည်ဖြစ်သည်။ ထိုသို့ဖြင့် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို အမျိုးမျိုးသော စမ်းသပ်မှုများအလယ်တွင် မိမိတို့၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်ရန်၊ စာတန်ကို အနိုင်ယူရန်နှင့် ဘုရားသခင်ကို ဘုန်းထင်ရှားစေရန် ထောက်ကူပေးလေသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်သည်။ ယင်းသည် အသင်းတော်၏ အခြေခံအကျဆုံး၊ အရေးအပါဆုံးနှင့် အနှစ်သာရအရှိဆုံး အလုပ်ဖြစ်သည်။ ခေါင်းဆောင်များအဖြစ် အစေခံနေသည့် လူများသည် ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်းနှင့် သမ္မာတရားကို နားလည်နိုင်သည့် အစွမ်းအစ ရှိပါက ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို နားလည်ပြီး ၎င်းတို့၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်မည်ဖြစ်ရုံသာမက ၎င်းတို့ ဦးဆောင်သည့်သူတို့ကိုလည်း ဘုရားနှုတ်ကပတ်တော်များကို နားလည်ပြီး ၎င်းတို့၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်စေရန် လမ်းညွှန်နိုင်၊ ဦးဆောင်နိုင်ပြီး ကူညီနိုင်မည်လည်း ဖြစ်သည်။ သို့သော် ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်သည့် အစွမ်းအစနှင့် သမ္မာတရားကို နားလည်နိုင်စွမ်းသည် အယောင်ဆောင် ခေါင်းဆောင်များ၌ ကင်းမဲ့သည့်အရာ အတိအကျ ဖြစ်သည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို နားမလည်ကြပေ၊ သူ၏နှုတ်ကပတ်တော်များထဲတွင် ဖော်ထုတ်ထားသည့် မတူညီသော အခြေအနေများ၌ လူတို့ ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုဖြစ်စေ၊ မည်သည့်အခြေအနေများက ဘုရားသခင်အပေါ် အတိုက်အခံလုပ်ခြင်း၊ စောဒကတက်ခြင်းနှင့် သစ္စာဖောက်ခြင်းတို့ကို ဖြစ်ပေါ်စေသည်ကိုဖြစ်စေ ၎င်းတို့ မသိကြပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ခြင်း မရှိသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကိုလည်း မိမိတို့နှင့် နှိုင်းယှဉ်ချိတ်ဆက်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ စာသားအတိုင်း အဓိပ္ပာယ်မှ အယူဝါဒအနည်းငယ်နှင့် စည်းမျဉ်းစည်းကမ်း အနည်းငယ်ကိုသာ နားလည်ကြသည်။ ၎င်းတို့သည် အခြားသူများနှင့် မိတ်သဟာယဖွဲ့သည့်အခါ သူ၏နှုတ်ကပတ်တော်အချို့ကို ရွတ်ဆိုပြီး ၎င်းတို့၏ စာသားအတိုင်း အဓိပ္ပာယ်ကို ရှင်းပြခြင်းမျှသာ ပြုကြသည်။ ထိုသို့ဖြင့် ၎င်းတို့သည် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့နေပြီး လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နေသည်ဟု ၎င်းတို့ ထင်မှတ်ကြသည်။ အကယ်၍ တစ်စုံတစ်ဦးက ၎င်းတို့ကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြီး ရွတ်ဆိုနိုင်ပါက ၎င်းတို့သည် ထိုသူကို သမ္မာတရားကို ချစ်ပြီး နားလည်သူတစ်ဦးဖြစ်သည်ဟု ထင်မှတ်ကြလိမ့်မည်။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များ၏ စာသားအတိုင်း အဓိပ္ပာယ်ကိုသာ နားလည်သည်၊ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားကို အခြေခံကျကျ နားမလည်ကြပေ၊ သို့ဖြစ်၍ ဘုရားနှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ အသိပညာအကြောင်းကို ပြောဆိုနိုင်စွမ်းမရှိကြပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် နှုတ်ကပတ်တော်များ၏ အပေါ်ယံ အဓိပ္ပာယ်ကိုသာ နားလည်နိုင်ကြသည်၊ သို့သော် ယင်းမှာ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်ခြင်းနှင့် သမ္မာတရားကို နားလည်ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ နေ့စဉ်အသက်တာတွင် ၎င်းတို့သည် အခြားသူများကို အကြံပေးရန်နှင့် ကူညီရန် ဘုရားနှုတ်ကပတ်တော်များ၏ စာသားအတိုင်း အဓိပ္ပာယ်ကို အမြဲတမ်း အနက်ဖွင့်ကြပြီး ထိုသို့ပြုလုပ်ခြင်းသည် အလုပ်လုပ်ခြင်း ဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်နှင့် ထိုနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ဦးဆောင်နေခြင်း ဖြစ်သည်ဟုလည်းကောင်း ယုံကြည်ကြသည်။ အမှန်တကယ်တွင်မူ အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားနှုတ်ကပတ်တော်များ အကြောင်းကို အခြားသူများနှင့် ဤနည်းလမ်းဖြင့် မကြာခဏ မိတ်သဟာယဖွဲ့လေ့ရှိသော်လည်း ၎င်းတို့သည် အနည်းငယ်မျှသော စစ်မှန်သည့် ပြဿနာကိုမျှ မဖြေရှင်းနိုင်ကြဘဲ ဘုရားသခင် ရွေးချယ်ထားသောလူတို့သည် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် သို့မဟုတ် တွေ့ကြုံခံစားရန် မတတ်နိုင်ဘဲ ဖြစ်သွားကြသည်။ ၎င်းတို့သည် မည်မျှပင် စုဝေးပွဲများ တက်ရောက်ပါစေ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပါစေ ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြသေးသကဲ့သို့ အသက်ဝင်ရောက်မှုလည်း မရှိကြဘဲ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ မိမိတို့၏ အတွေ့အကြုံဆိုင်ရာ အသိပညာအကြောင်းကို ပြောဆိုနိုင်ခြင်း မရှိကြပေ။ အသင်းတော်၌ ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများ၏ အနှောင့်အယှက်များ ရှိလျှင်ပင် မည်သူမျှ ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးသည် မယုံကြည်သူတစ်ဦး သို့မဟုတ် ဆိုးယုတ်သော လူတစ်ဦးက အနှောင့်အယှက်ပေးနေသည်ကို မြင်သည့်အခါ ၎င်းတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်းကို မကျင့်သုံးဘဲ ထိုလူတို့အပေါ် မိမိတို့၏ မေတ္တာနှင့် အားပေးတိုက်တွန်းမှုများကို ပေးကြပြီး အခြားသူများကို ထိုလူတို့အား သည်းခံရန်နှင့် စိတ်ရှည်ရန် တောင်းဆိုကာ အသင်းတော်၌ ဆက်လက်၍ အနှောင့်အယှက်များ ပေးနေသည့် ဤလူတို့ကို လိုက်လျောကြသည်။ ဤသည်က အသင်းတော်အလုပ်၏ အချက်တစ်ခုချင်းစီကို လုံးဝ အကျိုးမရှိ ဖြစ်သွားစေသည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ရန် ပျက်ကွက်ခြင်း၏ အကျိုးဆက်ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးမပြုနိုင်ကြပေ၊ ယင်းက ၎င်းတို့တွင် သမ္မာတရား လက်တွေ့ကျမှု မရှိကြောင်းကို လုံလောက်စွာ သက်သေပြသည်။ ၎င်းတို့ စကားပြောသည့်အခါ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုကြပြီး အခြားသူများကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့ ပြောသမျှမှာ အယူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများသာ ဖြစ်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက ဘုရားသခင်အပေါ် အထင်လွဲခြင်း ဖြစ်ပေါ်လာသည့်အခါ အယောင်ဆောင် ခေါင်းဆောင်များက ၎င်းတို့ကို “ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဤအရာအားလုံးကို ဖော်ပြပြီးသား ဖြစ်သည်။ ဘုရားသခင် မည်သည့်အရာကိုပင် လုပ်ဆောင်ပါစေ ယင်းမှာ လူ၏ ကယ်တင်ခြင်းဖြစ်သည်၊ မေတ္တာဖြစ်သည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များ မည်မျှ ရှင်းလင်းပြတ်သားသည်ကို ကြည့်လော့။ သင်သည် ကိုယ်တော့်ကို မည်သို့ နားလည်မှု လွဲမှားနိုင်သေးသနည်း” ဟု ပြောဆိုကြလိမ့်မည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များက လူတို့ကို သွန်သင်သည့်ပုံစံ ဖြစ်သည်။ ၎င်းတို့သည် လူတို့ကို တိုက်တွန်းနှိုးဆော်ရန်၊ ဘောင်ခတ်ရန်နှင့် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းစေရန် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုကြသည်။ ဤသည်မှာ အနည်းငယ်မျှပင် အကျိုးသက်ရောက်မှု မရှိဘဲ မည်သည့်ပြဿနာကိုမျှ မဖြေရှင်းနိုင်ပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် လူတို့ကို လမ်းညွှန်ရန် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုနိုင်ကြရာ ယင်းက ထိုလူတို့ကို အယူဝါဒများ ပြောဆိုနိုင်ခြင်းသည် သမ္မာတရား လက်တွေ့ကျမှုများထဲသို့ ဝင်ရောက်ပြီးဖြစ်သည်ဟု ထင်မှတ်သွားစေသည်။ သို့သော် အခက်အခဲတစ်ခု ၎င်းတို့အပေါ် ကျရောက်သည့်အခါ ၎င်းတို့သည် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိကြတော့ပေ၊ ၎င်းတို့တွင် လမ်းကြောင်းမရှိတော့ဘဲ ၎င်းတို့ နားလည်ထားသည့် စကားလုံးများနှင့် အယူဝါဒများအားလုံးသည် ဘေးသို့ ရောက်သွားကြသည်။ ဤသည်က အဘယ်အရာကို ပြသသနည်း။ ယင်းက အယူဝါဒများကို နားလည်ခြင်းသည် လုံးဝ အသုံးမဝင်ကြောင်း သို့မဟုတ် တန်ဖိုးမရှိကြောင်းကို ပြသသည်။ အယောင်ဆောင်ခေါင်းဆောင်များ နားလည်သည့် တစ်ခုတည်းသောအရာမှာ အယူဝါဒဖြစ်သည်။ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအကြောင်း မိတ်သဟာယမဖွဲ့နိုင်ကြပေ။ ၎င်းတို့၏ လုပ်ဆောင်ချက်များအတွက် စည်းမျဉ်းများ မရှိဘဲ ၎င်းတို့၏ အသက်တာများတွင် ၎င်းတို့က ကောင်းသည်ဟု မှတ်ယူသည့် အချို့သော စည်းမျဉ်းစည်းကမ်းများကိုသာ ပုံသေစောင့်ထိန်းကြသည်။ ထိုသို့သောလူများသည် သမ္မာတရား လက်တွေ့ကျမှုများကို မပိုင်ဆိုင်ကြပေ။ ထိုအကြောင်းကြောင့် အယောင်ဆောင် ခေါင်းဆောင်များသည် လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန် ဦးဆောင်သည့်အခါ စစ်မှန်သော အကျိုးသက်ရောက်မှု မရှိပေ။ ၎င်းတို့သည် လူတို့ကို ဘုရားနှုတ်ကပတ်တော်များ၏ စာသားအတိုင်း အဓိပ္ပာယ်ကို နားလည်စေရန်သာ တတ်နိုင်ကြပြီး ၎င်းတို့ကို ဘုရားနှုတ်ကပတ်တော်များမှ ဉာဏ်အလင်းရခြင်းကို ရရှိစေရန် သို့မဟုတ် ၎င်းတို့တွင် မည်သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိသည်ကို နားလည်စေရန် မကူညီနိုင်ကြပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် မည်သည့်အခြေအနေမျိုးကိုမဆို ရင်ဆိုင်ရသည့်အခါ လူတို့၏ အခြေအနေများသည် မည်သည့်အရာဖြစ်သည်ကိုဖြစ်စေ၊ လူတို့ ထုတ်ဖော်သည့် စိတ်သဘောထား အနှစ်သာရသည် မည်သည့်အရာဖြစ်သည်ကိုဖြစ်စေ၊ ဤမှားယွင်းသော အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် မည်သည့် ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုသင့်သည်ကိုဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များတွင် ၎င်းတို့အကြောင်း မည်သည့်အရာပြောဆိုထားသည်ကိုဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များ၏ သတ်မှတ်ချက်များနှင့် စည်းမျဉ်းများသည် မည်သည့်အရာဖြစ်သည်ကိုဖြစ်စေ၊ အတွင်း၌ရှိသော သမ္မာတရားများသည် မည်သည့်အရာ ဖြစ်သည်ကိုဖြစ်စေ နားမလည်ကြပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤသမ္မာတရား လက်တွေ့ကျမှုများအနက်မှ တစ်ခုကိုမျှ နားမလည်ကြပေ။ ၎င်းတို့သည် လူတို့ကို “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ စားသောက်ပါ။ ယင်းတို့ထဲတွင် သမ္မာတရား ရှိသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို သင် ပို၍ ဖတ်ရှုပြီးသည့်အခါ နားလည်လာလိမ့်မည်။ အကယ်၍ သင်သည် ယင်းတို့ထဲမှ အချို့ကို နားမလည်ပါက သင်သည် ဆုတောင်းခြင်း၊ ရှာဖွေခြင်းနှင့် ၎င်းတို့အပေါ် တွေးတောဆင်ခြင်ခြင်းတို့ကို ပို၍ ပြုသင့်သည်” ဟု ပြောဆိုလျက် အကြံပေးရုံသာ ပေးကြသည်။ ဤသည်မှာ ၎င်းတို့ လူတို့ကို အကြံပေးပုံဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် ပြဿနာများကို ဖြေရှင်းနိုင်စွမ်း မရှိကြပေ။ မည်သူမဆို ပြဿနာတစ်ခု ကြုံတွေ့ပြီး ၎င်းတို့ထံမှ လာရောက်ရှာဖွေပါစေ ၎င်းတို့သည် ထိုစကားမျိုးကိုသာ ပြောဆိုကြသည်။ ထို့နောက်တွင် ထိုလူသည် မိမိကိုယ်ကို မသိသေးသကဲ့သို့ သမ္မာတရားကိုလည်း နားမလည်သေးပေ။ ၎င်းတို့သည် မိမိတို့၏ စစ်မှန်သော ပြဿနာကို မဖြေရှင်းနိုင်ကြဘဲ၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို မည်သို့လက်တွေ့လုပ်ဆောင်သင့်သည်ကို နားလည်နိုင်ကြမည် မဟုတ်ဘဲ ဘုရားနှုတ်ကပတ်တော်များ၏ စာသားအတိုင်း အဓိပ္ပာယ်နှင့် စည်းမျဉ်းစည်းကမ်းများကိုသာ ပုံသေစောင့်ထိန်းကြလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း၏ သမ္မာတရား စည်းမျဉ်းများနှင့်ပတ်သက်လာလျှင် သို့မဟုတ် ၎င်းတို့ ဝင်ရောက်သင့်သည့် မည်သည့်လက်တွေ့ကျမှုများနှင့် ပတ်သက်လာလျှင် ၎င်းတို့သည် နားမလည်ကြသေးပေ။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ အလုပ်၏ အကျိုးဆက်ဖြစ်၍ စစ်မှန်သော ရလဒ် တစ်ခုမျှ မရှိခြင်းပင်တည်း။
ဘုရားသခင်သည် လူတို့ကို ဣန္ဒြေရပြီး တင့်တယ်လျောက်ပတ်စွာ သူတော်စင်တစ်ဦး၏ ပုံသဏ္ဌာန်နှင့်အညီ ဝတ်စားဆင်ယင်ရန် လိုအပ်သည်။ “ဣန္ဒြေရပြီး တင့်တယ်လျောက်ပတ်စွာ၊ သူတော်စင်တစ်ဦး၏ ပုံသဏ္ဌာန်နှင့်အညီ” ဟူသည်မှာ စုစုပေါင်း စကားလုံး အနည်းငယ်ဖြစ်သော်လည်း ၎င်းတို့ မည်သည့်အရာကို ဆိုလိုသည်ကို သင်တို့ နားလည်သလော။ (ကျွန်ုပ်တို့အားလုံးသည် အယူဝါဒအရ၊ ဘုရားသခင်က လူတို့ကို ဣန္ဒြေရပြီး တင့်တယ်လျောက်ပတ်စွာ၊ သူတော်စင်တစ်ဦး၏ ပုံသဏ္ဌာန်နှင့်အညီ ဝတ်စားဆင်ယင်ရန် တောင်းဆိုကြောင်း သိကြသော်လည်း ကျွန်ုပ်တို့ကိုယ်တိုင် ဝတ်စားဆင်ယင်သည့်အခါ မည်သည့်အရာက ဣန္ဒြေရခြင်း သို့မဟုတ် တင့်တယ်လျောက်ပတ်ခြင်း ဖြစ်သည်ကို မည်သို့အကဲဖြတ်ရကောင်းမှန်း မသိကြပါ။) ဤသည်မှာ သမ္မာတရားကို နားလည်ခြင်း ရှိမရှိဟူသော ပြဿနာနှင့် သက်ဆိုင်လေသည်။ အကယ်၍ သင်သည် ဤအရာကို အကဲမဖြတ်နိုင်ပါက ယင်းက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်ကြောင်း သက်သေပြသည်။ သို့ဆိုလျှင် ဘုရားနှုတ်ကပတ်တော်များကို နားလည်ခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင် ပြောဆိုသည့် ဣန္ဒြေရခြင်းနှင့် တင့်တယ်လျောက်ပတ်ခြင်းအတွက် စံသတ်မှတ်ချက်များကို နားလည်ခြင်း၊ သို့မဟုတ် ပို၍ တိတိကျကျဆိုသော် အဝတ်အစား၏ အရောင်နှင့် ပုံစံကို နားလည်ခြင်းကို ဆိုလိုသည်။ မည်သည့်အရောင်များနှင့် ပုံစံများက ဣန္ဒြေရပြီး တင့်တယ်လျောက်ပတ်သနည်း။ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ရှိသူတို့သည် မည်သည့်အရာက ဣန္ဒြေရပြီး တင့်တယ်လျောက်ပတ်သည်ကိုလည်းကောင်း၊ မည်သည့်အရာက ထူးခြားဆန်းကြယ်သည်ကိုလည်းကောင်း သိကြသည်။ အချို့သောအဝတ်အစားများသည် ဣန္ဒြေရပြီး တင့်တယ်လျောက်ပတ်သော်လည်း ၎င်းတို့သည် ခေတ်နောက်ကျသော ပုံစံရှိကြသည်။ ဘုရားသခင်သည် ခေတ်နောက်ကျသော အရာများကို မနှစ်သက်ဘဲ လူတို့ကို အတိတ်က ပုံစံများကို အတုယူရန် သို့မဟုတ် ကြောင်သူတော်ဆန်သော ဖာရိရှဲများ ဖြစ်လာရန် တောင်းဆိုနေခြင်း မဟုတ်ပေ။ ဘုရားသခင်က “ဣန္ဒြေရပြီး တင့်တယ်လျောက်ပတ်စွာ” ဟု ဆိုလိုသည့်အရာမှာ ပုံမှန် လူသားပုံသဏ္ဌာန်ရှိခြင်း၊ မွန်မြတ်ပြီး ကျက်သရေရှိကာ အဆင့်အတန်းရှိသော ပုံပန်းသဏ္ဌာန်ရှိခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူတို့ကို ထူးခြားဆန်းကြယ်သော အဝတ်အစားများ ဝတ်ဆင်ရန် မတောင်းဆိုသကဲ့သို့ လူမွဲတစ်ဦးကဲ့သို့ စုတ်ပြတ်နေသော အဝတ်အစားများ ဝတ်ဆင်ရန်လည်း မတောင်းဆိုဘဲ လူတို့ကို ဣန္ဒြေရပြီး တင့်တယ်လျောက်ပတ်စွာ သူတော်စင်တစ်ဦး၏ ပုံသဏ္ဌာန်နှင့်အညီ ဝတ်စားဆင်ယင်ရန် တောင်းဆိုသည်။ ဤသည်မှာ ပုံမှန်လူများ၏ နားလည်သဘောပေါက်မှု ဖြစ်သည်။ သို့သော် ဤအရာကို ကြားပြီးနောက် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးသည် အလွန်စိတ်အားထက်သန်လာပြီး ဤသို့ပြောဆိုလေသည်။ “ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို မည်သို့ ဝတ်စားဆင်ယင်ရမည်ဟူသော ဘောင်ကို ပေးထားသည်။ ‘ဣန္ဒြေရပြီး တင့်တယ်လျောက်ပတ်စွာ သူတော်စင်တစ်ဦး၏ ပုံသဏ္ဌာန်နှင့်အညီ’ ဟူသည့် ဤစကားလုံး အနည်းငယ်ကို ကျွန်ုပ်တို့ စောင့်ထိန်းပါက ကျွန်ုပ်တို့သည် ဘုရားသခင်ကို ဘုန်းထင်ရှားစေပြီး ကိုယ်တော်အပေါ် အရှက်ရစေခြင်း မရှိဘဲ ဘာသာတရားမရှိသူများကြားတွင် အလွန်လေးစားခံရသော လူများ ဖြစ်လာလိမ့်မည်။ သို့ဆိုလျှင် ဣန္ဒြေရပြီး တင့်တယ်လျောက်ပတ်ခြင်း ဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ သင်သည် လူသားပုံသဏ္ဌာန်နှင့်အညီ ပြောဆိုပြုမူရမည်ဖြစ်ပြီး သူတော်စင်၏ ပုံသဏ္ဌာန် ရှိရမည်ဖြစ်သည်။ သူတော်စင်များအကြောင်း ပြောရလျှင် ယေဘုယျအားဖြင့် ကျွန်ုပ်တို့သည် ရှေးခေတ်သူတော်စင်များကို ရည်ညွှန်းသည်။ အကယ်၍ ကျွန်ုပ်တို့သည် သူတော်စင်၏ ပုံသဏ္ဌာန် ရှိလိုပါက ရှေးခေတ်သူတော်စင်များ၏ ပုံစံကို အတုယူရမည်ဖြစ်သော်လည်း အကယ်၍ သင်သည် ရှေးခေတ်အဝတ်အစားများ ဝတ်ဆင်ပြီး လမ်းပေါ် လျှောက်သွားပါက လူတို့က သင့်ကို ရူးနေသည်ဟု ထင်မှတ်ကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်ကို ဂုဏ်ပြုခြင်း၏ စည်းမျဉ်းနှင့် မကိုက်ညီပေ၊ သို့သော် ကျွန်ုပ်တို့ ခြေရာခံနိုင်သည့် အရာများ ဖြစ်သည့် မကြာသေးမီကာလများက သူတော်စင်များ ဝတ်ဆင်ခဲ့သည့် အဝတ်အစားများ၏ သက်သေအထောက်အထားအချို့ ရှိသင့်သည်။ လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က လူမှုပတ်ဝန်းကျင်သည် ပို၍ ကောင်းမွန်ခဲ့သည်။ လူတို့သည် ပို၍ ရိုးစင်းကြပြီး ပို၍ ရှေးရိုးဆန်ကာ သင့်တင့်စွာ ဝတ်စားဆင်ယင်ခဲ့ကြသည်။ အကယ်၍ သင်သည် ဤစံနှုန်းအတိုင်း ဝတ်စားဆင်ယင်ပါက သင်သည် ဣန္ဒြေရပြီး တင့်တယ်လျောက်ပတ်ကာ သူတော်စင်တစ်ဦး၏ ပုံသဏ္ဌာန် ရှိလိမ့်မည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းဖြစ်သည်” ဟူ၍ ဖြစ်သည်။ ၁၉၇၀ နှင့် ၁၉၈၀ ပြည့်နှစ်များက လူတို့သည် အဖြူရောင်ရှပ်အင်္ကျီနှင့် အပြာရောင်ဘောင်းဘီများ ဝတ်ဆင်ခဲ့ကြသည်ကို သိရှိပြီးနောက် သူသည် ညီအစ်ကိုမောင်နှမများကို “ကျွန်ုပ်သည် ဘုရားနှုတ်ကပတ်တော်များထဲတွင် အလင်းကို တွေ့မြင်ခဲ့ပြီ။ ၇၀ နှင့် ၈၀ ပြည့်နှစ်များက လူတို့သည် အတော်အတန် သင့်တင့်ပြီး ရိုးရှင်းသည့် ဝတ်စုံများကို ဝတ်ဆင်ခဲ့ကြသည်။ ၎င်းတို့ကို ဂုဏ်သိက္ခာရှိသည်ဟု မဆိုနိုင်သော်လည်း ဘုရားနှုတ်ကပတ်တော်၏ တောင်းဆိုချက်များနှင့် ပို၍ ကိုက်ညီပုံရသည်၊ ထို့ကြောင့် ကျွန်ုပ်တို့သည် ဤစံနှုန်းအတိုင်း ဝတ်စားဆင်ယင်ကြမည်” ဟု ပြောဆိုခဲ့သည်။ ခေါင်းဆောင်က ဤအရာကို ဝတ်ဆင်ရာတွင် ဦးဆောင်ခဲ့ပြီး လူတိုင်းက ယင်းကို ကြည့်ကောင်းသည်၊ အတော်အတန် တင့်တယ်လျောက်ပတ်ပြီး ရိုးရှင်းသည်ဟု ထင်မှတ်ခဲ့ကြသည်။ ခေါင်းဆောင်က ဤသို့ပြောဆိုသည်။ “ဘုရားသခင်က ထူးခြားဆန်းကြယ်သော အဝတ်အစားများ မဝတ်ဆင်ရန် ပြောဆိုခဲ့သည်။ ပထမဦးစွာ ရှပ်အင်္ကျီပေါ်ရှိ ကြယ်သီးများကို လည်ပင်းရင်းအထိ တပ်ရမည်ဖြစ်ပြီး လက်ကောက်ဝတ်ပေါ်ရှိ ကြယ်သီးများအားလုံးကိုလည်း တပ်ထားရမည်။ လက်ကောက်ဝတ်များကို မမြင်စေရ၊ ရှပ်အင်္ကျီကို ဘောင်းဘီထဲသို့ ထည့်ထားရမည်ဖြစ်ပြီး အရာအားလုံးကို တင်းကျပ်စွာ ဖုံးအုပ်ထားရမည်၊ ရင်ဘတ်ဗလာ သို့မဟုတ် ကျောဗလာ မဖြစ်စေရ။ မည်မျှ ဣန္ဒြေရပြီး တင့်တယ်လျောက်ပတ်သည်ကို ကြည့်ပါလေ။ ဤသည်မှာ ဘုရားသခင် တောင်းဆိုသည့်အတိုင်း ဣန္ဒြေရပြီး တင့်တယ်လျောက်ပတ်သည် မဟုတ်လော၊ ယင်းသည် သူတော်စင်၏ ပုံသဏ္ဌာန်နှင့် ကိုက်ညီသည် မဟုတ်လော” ဟူ၍ ဖြစ်သည်။ ခေါင်းဆောင်သည် ထိုအခိုက်အတန့်တွင် သူဝတ်ဆင်နေသည့် ဝတ်စုံကို အထူးပင် နှစ်သက်သဘောကျခဲ့ပြီး တစ်ချိန်တည်းမှာပင် သူသည် အခြားသူများကို “သင်တို့၏ အဝတ်အစားများသည် အလွန် ခေတ်မီလွန်းသည်၊ အလွန် ဖက်ရှင်ကျလွန်းသည်။ ယင်းတို့သည် ဘုရားသခင်အပေါ် အရှက်ရစေပြီး ကိုယ်တော်သည် ယင်းတို့ကို မနှစ်သက်ပေ။ အားလုံး၊ ကျွန်ုပ်ဝတ်ဆင်နေသည့်အရာကို အမြန် လိုက်ဝတ်ဆင်ကြလော့၊ ကျွန်ုပ်နှင့် တစ်ပုံစံတည်း ဖြစ်စေကြလော့” ဟု တောင်းဆိုချက်များ ချမှတ်ခဲ့သည်။ ပိုင်းခြားသိမြင်နိုင်စွမ်းမရှိသော လူတို့သည် နောက်မှလိုက်၍ အတုယူကြပြီး သူတော်စင်၏ ပုံသဏ္ဌာန်နှင့် ကိုက်ညီသည့် ဣန္ဒြေရပြီး တင့်တယ်လျောက်ပတ်သည်ဟု ခေါ်သော ဝတ်စုံတစ်စုံကို ရှာဖွေဝတ်ဆင်ခဲ့ကြကာ လူအများစုကပင် ယင်းကို ကောင်းသည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် အချို့သောလူတို့သည် ဤခေတ်နောက်ကျသော အရာများကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် ပစ်ပစ်ခါခါငြင်းကြပြီး ဤသို့ပြုလုပ်ခြင်းသည် မသင့်လျော်ကြောင်းနှင့် ဘုရားနှုတ်ကပတ်တော်များကို ဤသို့နားလည်ခြင်းသည် လွဲချော်နေကြောင်း ခံစားခဲ့ကြသည်။ ဤလူတို့သည် ခေါင်းဆောင်၏စကားကို နားထောင်ခြင်းက မှန်သည် သို့မဟုတ် မှားသည်ဟု ရှင်းလင်းစွာ မပြောနိုင်သကဲ့သို့ ကောက်ချက်များ မချဝံ့ကြသော်လည်း လူအုပ်နောက်သို့ မျက်စိမှိတ် မလိုက်ရန်အတွက် ရပ်တည်ခဲ့ကြသည်။ ခေါင်းဆောင်ပြောဆိုသည့်အရာသည် အပြည့်အဝ မှန်ကန်ခြင်းမရှိဟု ၎င်းတို့ ယုံကြည်ခဲ့ကြပြီး ၎င်းတို့ လိုက်နာလုပ်ဆောင်ခြင်း မရှိခဲ့ကြပေ။ ထိုဉာဏ်ထိုင်းသူများ၊ ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်းမရှိသော ထိုလူတို့သာလျှင် မိမိတို့ကိုယ်တိုင် ဘုရားနှုတ်ကပတ်တော်များကို မဖတ်ရှုဘဲ အယောင်ဆောင်ခေါင်းဆောင် ပြောသမျှကို လက်ခံကာ သူတို့ကို ခိုင်းသည့် မည်သည့်အရာကိုမဆို ခိုင်းသည့်နည်းလမ်းအတိုင်း လုပ်ဆောင်ခဲ့ကြသည်။ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်နောက်သို့ လိုက်၍ သူ့ကို အတုယူကြပြီး အပြင်ထွက်သည့်အခါ တစ်ပုံစံတည်း ဝတ်စားဆင်ယင်ခဲ့ကြသည်။ လူအုပ်ကြားသို့ သွားသည့်အခါတိုင်း ၎င်းတို့သည် အလွန်ပင် ပီတိဖြစ်ကြပြီး ဤသို့တွေးထင်ကြသည်။ “ကျွန်ုပ်တို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ကြပြီး ကျွန်ုပ်၏ ဝတ်စုံတွင် သူတော်စင်၏ ပုံသဏ္ဌာန်များစွာ ရှိသည်။ သင်တို့ မည်သည့်အရာများကို ဝတ်ထားကြသနည်း။ တောက်ပြောင်လိုက်လေခြင်း၊ ခေတ်မီလိုက်လေခြင်း၊ ကောက်ကျစ်ဆိုးယုတ်လိုက်လေခြင်း။ ကျွန်ုပ်တို့ကို ကြည့်ပါ၊ ကျွန်ုပ်တို့ ဘာကိုမျှ မဖော်ပြထားပါ” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အံ့ဩဖွယ်ကောင်းသည်ဟု ထင်မှတ်ခဲ့ကြသည်။ အယောင်ဆောင်ခေါင်းဆောင်သည် ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များကို အနက်မှားပြန်ဆိုခြင်းဖြစ်ကြောင်း သိရှိရန် ပျက်ကွက်ရုံသာမက သူသည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်လျက် ယင်းတို့၏ အရှိတရားထဲသို့ ဝင်ရောက်နေသည်ဟု အမှန်တကယ် ထင်မှတ်ခဲ့သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ လုပ်ဆောင်သည့်အရာ ဖြစ်သည်။ လူတို့အတွက် ဘုရားသခင်၏ အရိုးရှင်းဆုံးနှင့် အလွယ်ကူဆုံးသော တောင်းဆိုချက်များအတွက်ပင် အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားနှုတ်ကပတ်တော်များ မည်သည့်အရာကို ရည်ညွှန်းသည်ကိုလည်းကောင်း၊ ၎င်းတို့၏ လိုအပ်သော စံနှုန်းများ သို့မဟုတ် စည်းမျဉ်းများကိုလည်းကောင်း အမှန်တကယ် နားမလည်နိုင်ကြပေ။ သို့ဆိုလျှင် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ပတ်သက်၍ သို့မဟုတ် လူသားတို့၏ အခြေအနေအမျိုးမျိုးနှင့်ပတ်သက်၍ ဘုရားသခင် ပြောဆိုသည့်အရာကို ၎င်းတို့ နားလည်နိုင်မည်လော။ ဤနေရာတွင် သမ္မာတရားသည် အတိအကျ မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ သိနိုင်မည်လော။ မသိနိုင်သည်မှာ ပြောစရာမလိုချေ။
အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စာသားအတိုင်း အဓိပ္ပာယ်မှ ဘုရားသခင် မိန့်ကြားခဲ့သည်ကို သိရုံသာသိသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်သမ္မာတရားကို ဖော်ပြသည်ကိုဖြစ်စေ၊ လူတို့ထံမှ ဘုရားသခင် တောင်းဆိုသည့်အရာကိုဖြစ်စေ၊ လူတို့ နားလည်သင့်သည့် သမ္မာတရား စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကိုဖြစ်စေ နားမလည်ကြပေ။ သို့ဖြစ်၍ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်း မိတ်သဟာယဖွဲ့သည့်အခါတွင် ယင်းတို့ကို စာသားအတိုင်း အနက်ပြန်ဆိုမှုအချို့ ပြုလုပ်ကာ လူတို့အား လိုက်နာရန် စည်းမျဉ်းစည်းကမ်းအချို့၊ စည်းဘောင်အချို့ကို ပေးလျက်၊ ၎င်းတို့လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ကြောင်းနှင့် အလုပ်လုပ်ပြီးဖြစ်ကြောင်း သက်သေပြရန် ဤအရာများကို အသုံးပြုကြသည်။ အချို့သော အယောင်ဆောင်ခေါင်းဆောင်များက ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ရှင်းလင်းပြီးသားဖြစ်သည်၊ လူတို့ကသာ ယင်းတို့ကို စားသောက်ရန်ဖြစ်စေ၊ ကြိုးစားအားထုတ်ရန် ဖြစ်စေ အစဉ်သဖြင့် ပျက်ကွက်ခြင်းဖြစ်သည်ဟုပင် တွေးထင်ကြသည်။ လူတိုင်း၏လက်ထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များ ရှိနေသည်ကို မြင်သောအခါ လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန် ဦးဆောင်ခြင်းသည် အပိုအလုပ်တစ်ခု ဖြစ်သည်ဟု ၎င်းတို့က မှတ်ယူကြသည်။ ထို့ကြောင့် ၎င်းတို့သည် စုဝေးပွဲများအတွင်း သို့မဟုတ် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ် ပြဿနာများတွေ့ရှိသည့်အခါ လူတို့ထံသို့ ရွေးချယ်ထားသော ဘုရားသခင်၏ နှုတ်ကပတ်တော် အပိုဒ်အချို့ကိုသာ ပေးပို့ကြကာ “ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲက ဤအပိုဒ်ကို ဖတ်ပါ”၊ “ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲက ထိုအပိုဒ်ကို ဖတ်ပါ”၊ သို့မဟုတ် “ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဤကဏ္ဍနှင့်ပတ်သက်၍ ဤသို့ဆိုပြီး ထိုကဏ္ဍနှင့်ပတ်သက်၍ ထိုသို့ဆိုသည်” ဟူသည့်အရာများ ပြောဆိုကြသည်။ ၎င်းတို့သည် လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရန် အားပေးဖို့ ဖျောင်းဖျသည့်ပုံစံကို အသုံးပြုလျက် ရွေးချယ်ထားသော ဘုရားသခင်၏ နှုတ်ကပတ်တော် အပိုဒ်များကိုသာ လူတို့ထံ ပေးပို့ကြပြီး ဤသည်မှာ လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန် ဦးဆောင်သည့်နည်းလမ်းဖြစ်ကြောင်းနှင့် ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး၏ တာဝန်ဝတ္တရားကို ဖြည့်ဆည်းနေခြင်းဖြစ်ကြောင်း ယုံကြည်ကြသည်။ ဤနှုတ်ကပတ်တော်များကို မြင်ပြီးနောက် လူတို့က “ဤဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်လည်း ဖတ်ဖူးပါသည်၊ သင်က ကျွန်ုပ်အတွက် ဤနှုတ်ကပတ်တော်များကို စုစည်းပေးခြင်းသည် မလိုအပ်သောအရာတစ်ခု မဟုတ်လော” ဟု ပြောကြသည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များကမူ “ငါက သင့်ထံ မပို့ပေးလျှင် ဤနှုတ်ကပတ်တော်များမှာ မည်သည့်အခန်း၊ မည်သည့်စာမျက်နှာတွင် ရှိသည်ကို သင်ရှာတွေ့နိုင်မည် မဟုတ်။ ဤနှုတ်ကပတ်တော်များကို ဘုရားသခင်က မည်သည့်နောက်ခံအခြေအနေအောက်တွင် မိန့်ကြားခဲ့သည်ကိုပင် သင်မသိ။ ခေါင်းဆောင်တစ်ဦးအနေဖြင့် သင့်ထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အချိန်မရွေး နေရာမရွေး ပေးပို့ရန် ဤတာဝန်ကို ငါထမ်းဆောင်သင့်သည်” ဟု တွေးထင်ကြသည်။ အချို့သော အယောင်ဆောင် ခေါင်းဆောင်များသည် မေတ္တာစေတနာ ဗရပွကို ပြရန် ကြိုးစားရာတွင် မိမိတို့၏အလုပ်အပေါ် သစ္စာစောင့်သိမှုကိုလည်းကောင်း၊ လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဦးဆောင်ရန် မိမိတို့၏ စိတ်ပိုင်းဖြတ်မှုကိုလည်းကောင်း ပြသရန်အလို့ငှာ တစ်စုံတစ်ဦးထံ တစ်ရက်အတွင်း ဘုရားသခင်၏ နှုတ်ကပတ်တော် ဆယ်ပိုဒ်မှ အပိုဒ်နှစ်ဆယ်အထိပင် ပေးပို့ကြသည်။ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို လူတို့ထံ ပေးပို့သော်လည်း ၎င်းတို့၏ ပြဿနာများ ဖြေရှင်းပြီးသွားပြီလော။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး ပါဝင်ထမ်းဆောင်သင့်သည့် အခန်းကဏ္ဍကို ဖြည့်ဆည်းကြသလော။ ၎င်းတို့သည် ဤအခန်းကဏ္ဍကို မကြာခဏဆိုသလို မဖြည့်ဆည်းနိုင်ကြပေ၊ အကြောင်းမှာ အကယ်၍ လူတို့သည် ဤနှုတ်ကပတ်တော်များကို မိမိတို့ဘာသာ နားလည်နိုင်ခဲ့ပါက ၎င်းတို့အနေဖြင့် ခေါင်းဆောင်တစ်ဦးကို လိုအပ်မည် မဟုတ်သောကြောင့် ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များ ပေးပို့သည့် ဘုရားသခင်၏ နှုတ်ကပတ်တော် အပိုဒ်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုသူများက အမှန်တကယ်ပင် ကောင်းစွာသိကြသော်လည်း လူတို့တွင် မည်သည့်အရာ လိုအပ်နေသနည်း။ ၎င်းတို့၏ အခက်အခဲများနှင့် ပြဿနာများမှာ အဘယ်နည်း။ ယင်းမှာ ဤသမ္မာတရားများ ပါဝင်သည့် ကိစ္စရပ်များနှင့် ကြုံလာသည့်အခါ၊ အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ လူတို့သည် ဤပြဿနာများ၏ အနှစ်သာရကို ထွင်းဖောက်၍ မမြင်နိုင်ကြခြင်း၊ ယင်းတို့ကို ဖြေရှင်းရန် မည်သည့်နေရာမှ စတင်ရမည်ကို မသိခြင်း၊ ဤသမ္မာတရားများထဲသို့ မည်သို့ဝင်ရောက်ရမည်ကို မသိခြင်းတို့ဖြစ်ပြီး အယောင်ဆောင်ခေါင်းဆောင်များကလည်း မသိကြခြင်းပင်ဖြစ်သည်။ သို့ဆိုလျှင် ဤကိစ္စတွင် ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားကို ဖြည့်ဆည်းပြီးပြီလော။ ၎င်းတို့သည် ခေါင်းဆောင်ပိုင်းအလုပ်အတွက် အရည်အချင်း ပြည့်မီသလော။ ၎င်းတို့သည် ဤတာဝန်ဝတ္တရားကို မဖြည့်ဆည်းခဲ့ကြသည်မှာ ရှင်းလင်းပေသည်။ ဥပမာအနေဖြင့် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ရိုးသားသောသူတစ်ဦး ဖြစ်ခြင်းအကြောင်း ဖတ်ရှုသည့်အခါ၊ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့စားသောက်ရမည်ကို မသိသောကြောင့်လည်းကောင်း၊ သမ္မာတရားကို သဘောပေါက်နားလည်ရန်နှင့် သိနားလည်ရန် အစွမ်းအစ ကင်းမဲ့သောကြောင့်လည်းကောင်း ဤသို့ပြောဆိုပေမည်၊ “ဘုရားသခင်၏ တောင်းဆိုချက်များမှာ မမြင့်မားပါ။ ဘုရားသခင်က ကျွန်ုပ်တို့ကို ရိုးသားသောသူများဖြစ်ရန် တောင်းဆိုပြီး ရိုးသားခြင်းဆိုသည်မှာ အမှန်အတိုင်းပြောဆိုခြင်းကို ဆိုလိုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောပြီးသားမဟုတ်လော။ ‘သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။’ (ရှင်မဿဲခရစ်ဝင် ၅:၃၇) ဟူ၍ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ မည်မျှ ရှင်းလင်းလိုက်သနည်း။ သင်၏စိတ်နှလုံးထဲတွင် မည်သို့ပင်တွေးထင်သည်ဖြစ်စေ ပြောဆိုလိုက်ပါ၊ ယင်းမှာ ရိုးရှင်းလိုက်ပါတကား။ သင် အဘယ်ကြောင့် မလုပ်ဆောင်နိုင်ရမည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်၊ ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်ရမည်။ လက်တွေ့မလုပ်ဆောင်ခြင်းသည် ပုန်ကန်ခြင်းဖြစ်သည်၊ ပြီးလျှင် ဘုရားသခင်ကို ပုန်ကန်သူများကို ဘုရားသခင်က ကယ်တင်တော်မူသလော။ ကိုယ်တော်သည် မကယ်တင်ပါ” ဟူ၍ ဖြစ်သည်။ ဤသည်ကို ကြားသည့်အခါ လူတို့က “သင်ပြောသည့် စကားတိုင်းမှာ မှန်ကန်ပါသည်၊ သို့သော် ကျွန်ုပ်တို့သည် ရိုးသားသောသူများ မည်သို့ဖြစ်ရမည်ကိုမူ မသိသေးပါ။ အကြောင်းမှာ အကြိမ်များစွာတွင် လိမ်လည်ခြင်းသည် မိမိသဘောအတိုင်းမဟုတ်ဘဲ ဖြစ်ပေါ်လာခြင်း၊ သို့မဟုတ် အခြားရွေးချယ်စရာမရှိသည့်အခါ လူတစ်ဦးလုပ်ဆောင်သည့်အရာဖြစ်ပြီး ယင်း၏နောက်ကွယ်တွင် အကြောင်းပြချက်တစ်ခု ရှိသောကြောင့်ဖြစ်သည်။ ဤသည်ကို မည်သို့ ဖြေရှင်းသင့်သနည်း” ဟု တုံ့ပြန်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်က မည်သည့်အရာကို ပြောမည်နည်း။ “ဤသည်ကို ကိုင်တွယ်ရန် မလွယ်ကူဘူးလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ရှင်းလင်းအောင် မပြုလုပ်ခဲ့ဘူးလော။ ရိုးသားသောသူတစ်ဦး ဖြစ်ခြင်းသည် ကလေးတစ်ဦးကဲ့သို့ ဖြစ်ခြင်းမျှသာဖြစ်သည်၊ ယင်းမှာ ရိုးရှင်းလိုက်လေခြင်း။ သင် မည်မျှပင် အသက်ကြီးနေပါစေ သင်သည် ကလေးတစ်ဦးကဲ့သို့ မဖြစ်နိုင်ဘူးလော။ ကလေးများ မည်သို့ပြုမူသည်ကို ကြည့်လိုက်စမ်းပါ” ဟူ၍ ဖြစ်သည်။ နားထောင်သူက ဤသို့ စဉ်းစားဆင်ခြင်လေသည်၊ “ကလေးတစ်ဦး၏ အဓိကအပြုအမူများမှာ အပြစ်ကင်းစင်ပြီး သက်ဝင်လှုပ်ရှားခြင်း၊ ခုန်ပေါက်နေခြင်း၊ မရင့်ကျက်ခြင်းနှင့် အမှုအရာများစွာကို နားမလည်ခြင်းတို့ ဖြစ်သည်။ ခေါင်းဆောင်က ဤသို့ပြောပြီးဖြစ်သည့်အတွက် ငါသည် ဤနည်းအတိုင်း လုပ်ဆောင်မည်” ဟူ၍ဖြစ်သည်။ နောက်တစ်နေ့တွင် အသက်သုံးဆယ် သို့မဟုတ် လေးဆယ်အရွယ်ရှိ ဤသူသည် သူ၏ဆံပင်ကို နှစ်ဖက်ခွဲ၍ ကျစ်ဆံမြီးလေးများ ကျစ်ထားပြီး ပန်းရောင်ခေါင်းစည်းနှင့် ဆံညှပ်များ တပ်ဆင်ကာ ပန်းရောင်ရှပ်အင်္ကျီ၊ ဖိနပ်နှင့် ခြေအိတ်တို့ကို ဝတ်လျက် တစ်ကိုယ်လုံး ပန်းရောင်ဖြင့် ဆင်ယင်ထားလေသည်။ ဤသည်ကို မြင်သည့်အခါ ခေါင်းဆောင်က “မှန်ပေသည်။ ကလေးတစ်ဦးကဲ့သို့ ပို၍ လမ်းလျှောက်လော့၊ ခုန်ပေါက်နေလော့။ ကလေးတစ်ဦးကဲ့သို့ ပို၍ အပြစ်ကင်းစင်စွာ ပြောဆိုလော့၊ မျက်လုံးများတွင် ကောက်ကျစ်ဆိုးယုတ်ခြင်း ကင်းလျက် မျက်နှာတွင် ပြုံးနေလော့၊ ဤသည်မှာ ကလေးတစ်ဦး၏ အမူအရာသို့ ပြန်ရောက်သွားခြင်း မဟုတ်လော။ ဤသည်မှာ ရိုးသားသောသူတစ်ဦး၏ ပုံသဏ္ဌာန်ဖြစ်သည်” ဟု ပြောဆိုသည်။ ခေါင်းဆောင်သည် အတော်ပင် နှစ်ထောင်းအားရဖြစ်နေသော်လည်း အခြားသူများကမူ ဤသည်ကို မိုက်မဲသော၊ ပုံမှန်မဟုတ်သော အပြုအမူအဖြစ် မြင်ကြသည်။ ဤအယောင်ဆောင်ခေါင်းဆောင်သည် ပြဿနာကို ဖြေရှင်းရန် ပျက်ကွက်သည်သာမက သမ္မာတရားစည်းမျဉ်းများကို မည်သို့ရှာဖွေရမည်ကိုလည်း လုံးဝမသိဘဲ လူတို့အား ယုတ္တိမရှိသော လွဲမှားသည့်လမ်းသို့ ပို့ဆောင်လေသည်။ ရိုးသားသောသူတစ်ဦး ဖြစ်ခြင်းဟူသည့် အရိုးရှင်းဆုံးသော သမ္မာတရားအတွက်ပင်လျှင် အယောင်ဆောင်ခေါင်းဆောင်သည် ယင်းကို မှန်ကန်စွာနှင့် သန့်စင်စွာ မည်သို့သဘောပေါက်နားလည်ရမည်ကို မသိဘဲ၊ စည်းမျဉ်းစည်းကမ်းများကို ကြောင်းကျိုးမမြင်ဘဲ ပုံသေစောင့်ထိန်းခြင်းကိုသာ အားကိုးအားထားပြု၍ ယင်းကို သဘောပေါက်နားလည်ခြင်းက အလွန်လွဲချော်နေသည်မှာ ကြားရသူများပင် စက်ဆုပ်ရွံရှာကြလေသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တို့ လုပ်ဆောင်သည့်အရာ ဖြစ်သည်။
အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားနှုတ်ကပတ်တော်များကို နည်းလမ်းအမျိုးမျိုးဖြင့် သဘောပေါက်နားလည်ကြပြီး ထူးဆန်း၍ ဆန်းပြားသော ရှုထောင့်အမြင်အမျိုးမျိုးကို အကြံထုတ်ကြသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် လိုက်နာခြင်းဟူသည့် အလံကိုလည်း ဝှေ့ယမ်းကြကာ အခြားသူများကို ၎င်းတို့၏ သဘောပေါက်နားလည်မှုကို လက်ခံပြီး လိုက်နာစောင့်ထိန်းရန် တောင်းဆိုကြသည်။ အတိုချုပ်အားဖြင့် ဤအယောင်ဆောင်ခေါင်းဆောင်များကဲ့သို့သော လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အပေါ်ယံဖြစ်သော၊ လွဲချော်သော သဘောပေါက်နားလည်မှုတစ်ခု မကြာခဏ ရှိတတ်ကြသည်။ ယင်းကို သတ်မှတ်ရန် ဝိညာဉ်ရေးရာ ဝေါဟာရတစ်ခုကို အသုံးပြုရလျှင် ၎င်းတို့သည် “ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည်” ဟု ငါတို့ပြောဆိုပေမည်။ ၎င်းတို့၏ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သဘောပေါက်နားလည်မှုသည် လွဲချော်သည်သာမက ၎င်းတို့ကဲ့သို့ပင် ဤလွဲချော်သော အယူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် အခြားသူများကိုလည်း မကြာခဏ တောင်းဆိုကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် သမ္မာတရားအပေါ် သန့်စင်သော သဘောပေါက်နားလည်မှုတစ်ခု ရှိသူတို့ကို ပြစ်တင်ရှုတ်ချရန် မိမိတို့၏ လွဲချော်သော သဘောပေါက်နားလည်မှုကို အသုံးပြုကြသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည့် ဤအယောင်ဆောင်ခေါင်းဆောင်များသည် အန္တိခရစ်များကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းတို့ မရှိကြချေ။ အပြင်ပန်းမှကြည့်လျှင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် လက်ခံခြင်းဟူသည့် ကျိုးကျိုးနွံနွံရှိသည့် သဘောထားတစ်ခုဖြင့် ချဉ်းကပ်ကြသည့်အလား ထင်ရသည်။ သို့သော် ၎င်းတို့၏ ညံ့ဖျင်းသော အစွမ်းအစနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်း မရှိခြင်းတို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျောင်းသုံးစာအုပ်တစ်အုပ်ကဲ့သို့ သဘောထားပြုမူကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် “တစ်အပေါင်းတစ်သည် နှစ်၊ နှစ်အပေါင်းနှစ်သည် လေး” ဟူသည့် ဆင်ခြင်တွေးခေါ်မှုစနစ်ကို လိုက်နာသည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ သမ္မာတရား ဖြစ်ကြောင်းကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ပြောဆိုထားသည့် သမ္မာတရားများက မည်သည့်အရာကို ရည်ညွှန်းသည်ကို၊ ဤသမ္မာတရားများတွင် ပါဝင်သည့် အမျိုးမျိုးသော အခြေအနေများနှင့် အကြောင်းအရာများမှာ အဘယ်အရာ ဖြစ်သည်ကို နားလည်ရမည် ဖြစ်ကြောင်းကိုလည်းကောင်း မသိကြပေ။ အခြားသူများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလွန်ခိုင်မာပြီး လက်တွေ့ကျသော နည်းလမ်းဖြင့် နားလည်သဘောပေါက်သည့်အခါ ၎င်းတို့က ထိုအရာကို အပေါ်ယံဆန်ပြီး နားထောင်ရန်မထိုက်တန်ဟု မှတ်ယူကာ “ကျွန်ုပ်အားလုံး နားလည်ပါသည်၊ ကျွန်ုပ်အရာရာကို သိပါသည်။ သင်ပြောနေသည့်အရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ရှင်းလင်းစွာ ရှင်းပြထားပြီးဖြစ်သည်၊ သင်ပြောရန် လိုသေးသလော” ဟု ပြောဆိုကြသည်။ အမှန်တကယ်တွင် အခြားသူများ ဆွေးနွေးနေသည့်အရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲရှိ သမ္မာတရားများနှင့် သက်ဆိုင်သည့် တိကျသော အကြောင်းအရာများ ပါဝင်နေသည်ကို ၎င်းတို့ သတိမမူမိကြပေ။ ဤအယောင်ဆောင်ခေါင်းဆောင်များသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်း မရှိသောကြောင့် သမ္မာတရားအားလုံးမှာ အနည်းနှင့်အများ တူညီကြသည်ဟုလည်းကောင်း၊ သမ္မာတရားများနှင့် သက်ဆိုင်သော ကိစ္စရပ်များအကြားတွင် တိကျသော ကွဲပြားမှုများမရှိဟုလည်းကောင်း တွေးထင်ကြသည်၊ ဤအရာများအကြောင်း မဆုံးနိုင်အောင် ပြောဆိုနေသော်လည်း ယင်းတို့အားလုံးမှာ အနှစ်သာရအားဖြင့် တူညီသောကိစ္စတစ်ခုတည်း ဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤယုံကြည်ချက်သည် ပြင်းထန်သော ပြဿနာတစ်ခုကို ညွှန်ပြပြီး ယင်းက ထိုသို့သော လူတစ်ဦးချင်းစီကို သမ္မာတရားကို မည်သည့်အခါမျှ နားလည်မည်မဟုတ်ရန် ကံကြမ္မာပါစေသည်။
အယောင်ဆောင်ခေါင်းဆောင်များသည် လူတို့အား သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးမဆောင်နိုင်ကြ
ယခုအခါတွင် အစွမ်းအစကောင်းပြီး သဘောပေါက်နားလည်နိုင်စွမ်းရှိသော လူတစ်ဦးချင်းစီ ရှိကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏ အခြေခံကျသော နှုတ်ကပတ်တော်များအပေါ် အတွေ့အကြုံနှင့် ဝင်ရောက်မှုအချို့ ရရှိပြီးဖြစ်ကာ သမ္မာတရား လက်တွေ့ကျမှုအချို့ကို ပိုင်ဆိုင်ကြသော်လည်း ၎င်းတို့၏ ဝင်ရောက်မှုသည် ပို၍ သိမ်မွေ့ပြီး ပို၍ အသေးစိတ်ကျနိုင်ရန်အလို့ငှာ ၎င်းတို့သည် ပို၍ တိကျသော လမ်းညွှန်မှုနှင့် ခေါင်းဆောင်မှုကို လိုအပ်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသာလျှင် သမ္မာတရား၏ တိကျသော အသေးစိတ်အချက်များက မည်သည့်အရာကို ရည်ညွှန်းသည်ကိုဖြစ်စေ၊ ၎င်းတို့ကို အဘယ်ကြောင့် ထိုသို့သောနည်းလမ်းဖြင့် ပြောဆိုရသည်ကိုဖြစ်စေ နားမလည်နိုင်ကြဘဲ ယင်းမှာ အမှုအရာများကို မလိုအပ်ဘဲ ရှုပ်ထွေးအောင်လုပ်ခြင်း သို့မဟုတ် စကားလုံးများ ကလီကမာလုပ်ခြင်းဖြစ်သည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် သမ္မာတရားတွင် ပါဝင်သည့် အမျိုးမျိုးသော ကဏ္ဍများကို မည်သို့သဘောပေါက်နားလည်ရမည်ကိုဖြစ်စေ၊ မည်သို့တွေ့ကြုံခံစားရမည်ကိုဖြစ်စေ နားမလည်ကြ သို့မဟုတ် မသိကြပေ။ သို့ဖြစ်၍ ၎င်းတို့သည် ခေါင်းဆောင်များ ဖြစ်လာပြီးနောက် လုပ်ဆောင်နိုင်သည့်အရာမှာ လူတို့အား အများအားဖြင့် မိတ်သဟာယဖွဲ့လေ့ရှိသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန် ဦးဆောင်ခြင်း၊ ထို့နောက် အယူဝါဒအချို့ကို ပြောဆိုခြင်းနှင့် စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်းခြင်း၏ လက်တွေ့လုပ်ဆောင်နည်းအချို့ကို ဖော်ထုတ်ခြင်းမျှသာဖြစ်ပြီး လူတို့က ၎င်းတို့ထံမှ ရရှိသည့်အရာမှာလည်း အပေါ်ယံနိုင်သော ဝိညာဉ်ရေးရာ ဝေါဟာရအချို့နှင့် လူအများပြောလေ့ရှိသော စကားလုံးများနှင့် အယူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ဆောင်ပုဒ်များမျှသာ ဖြစ်သည်။ ယုံကြည်သူအသစ် ဖြစ်သူတို့အတွက် အယောင်ဆောင်ခေါင်းဆောင်များ၏ တရားဟောချက်များသည် တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွက် လုံလောက်ရုံမျှသာ ရှိကောင်း ရှိနိုင်သော်လည်း တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာပြီးနောက် သမ္မာတရားအချို့ကို နားလည်လာကြသူတို့သည် အယောင်ဆောင် ခေါင်းဆောင်များ၏ စကားများနှင့် လုပ်နည်းကိုင်နည်း တစ်စုံကို စတင်၍ ပိုင်းခြားသိမြင်လာကြလိမ့်မည်။ အခြေခံအားဖြင့် သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့သူတို့အတွက်မူ အယောင်ဆောင် ခေါင်းဆောင်များ မည်သို့ပင် တရားဟောစေကာမူ ၎င်းတို့သည် မည်သည့်အရာကိုမျှ မခံစားရ၊ မည်သည့်သတိပြုမိမှုမျှ မရှိဘဲ ဤခေါင်းဆောင်များ တရားဟောနေသည့်အရာမှာ စကားလုံးများနှင့် အယူဝါဒများမျှသာ ဖြစ်ကြောင်းနှင့် ၎င်းတို့နားလည်သည့်အရာမှာ အနှစ်မဲ့သော သီအိုရီများ၊ ဆောင်ပုဒ်များနှင့် စည်းမျဉ်းစည်းကမ်းအချို့သာဖြစ်ပြီး၊ သမ္မာတရား လုံးဝ မဟုတ်ကြောင်းကို သဘောမပေါက်ကြပေ။ ဤသရုပ်သကန်များကို အခြေခံ၍ “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်၊ ယင်းတို့ကို နားလည်သဘောပေါက်ရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် လူတို့ကို ဦးဆောင်ခြင်း” တာဝန်ဝတ္တရားကို အယောင်ဆောင်ခေါင်းဆောင်များ ဖြည့်ဆည်းနိုင်သလော။ ၎င်းတို့သည် ဤအခန်းကဏ္ဍကို ဖြည့်ဆည်းနိုင်သလော။ ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်သလော။ (မဖြည့်ဆည်းနိုင်ပါ။) အဘယ်ကြောင့် မဖြည့်ဆည်းနိုင်သနည်း။ အဓိကကျသော ပြဿနာမှာ အဘယ်နည်း။ (ထိုသို့သောလူများသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ပြီး သမ္မာတရားကို နားမလည်နိုင်ကြပါ။) ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ပြီး သမ္မာတရားကို သဘောပေါက်နားလည်နိုင်ခြင်း မရှိသည့်တိုင် အခြားသူများကို ဦးဆောင်လိုကြသေးသည်။ ဤသည်မှာ လုံးဝမဖြစ်နိုင်ပေ။ လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များ နားလည်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ဦးဆောင်စေဖို့ အယောင်ဆောင်ခေါင်းဆောင်များကို မျှော်လင့်ခြင်းသည် လေထဲတွင် တိုက်အိမ်ဆောက်ခြင်း ဖြစ်သည်။ ယင်းမှာ ဖြစ်မည်မဟုတ်ပေ။ ဥပမာအနေဖြင့် ရိုးသားသောသူတစ်ဦးဖြစ်ခြင်းကို ကြည့်လော့။ ဤအချက်နှင့်ပတ်သက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အတော်ပင် ရိုးရှင်းသည်၊ ယင်းတို့သည် စာကြောင်းအနည်းငယ်မျှသာဖြစ်ပြီး မရှုပ်ထွေးပေ။ ပညာအရည်အချင်း အနည်းငယ်ရှိသည့် မည်သူမဆို ဤစကားလုံးများက မည်သည့်အဓိပ္ပာယ် ဖြစ်သည်ကို သိသည်။ သို့သော် အယောင်ဆောင် ခေါင်းဆောင်များက ၎င်းတို့သည် အလုပ်လုပ်နိုင်စွမ်းရှိကြောင်းနှင့် လူတို့ကို ဦးဆောင်နိုင်ကြောင်း သက်သေပြရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ အကျယ်တဝင့် ရှင်းပြကြသည်။ “လူတို့ကို ရိုးသားရန် ဘုရားသခင်၏ တောင်းဆိုချက်၏ အရေးပါမှုမှာ အဘယ်နည်း။ ယင်းမှာ ရိုးသားသောသူတစ်ဦးဖြစ်ခြင်းသည် ဘုရားသခင် နှစ်သက်မြတ်နိုးသည့်အရာ ဖြစ်သည်။ ဘာသာတရားမရှိသူများသည် မရိုးသားကြ၊ ၎င်းတို့သည် အမှန်တရားကို မပြောကြ၊ ပြီးလျှင် ၎င်းတို့ပြောဆိုသည့်အရာမှာ လိမ်ညာမှုများနှင့် လှည့်ဖြားသောစကားများသာဖြစ်သည်၊ လောကတစ်ခုလုံးသည် မုသားနိုင်ငံကြီးတစ်နိုင်ငံ ဖြစ်သည်။ သို့ဖြစ်၍ ယနေ့ ဘုရားသခင် ကြွလာသည့်အခါ ကိုယ်တော်တောင်းဆိုသည့် ပထမဆုံးအရာမှာ လူတို့ ရိုးသားရန်ဖြစ်သည်။ သင်သည် ရိုးသားသောသူတစ်ဦး မဟုတ်လျှင် ဘုရားသခင်သည် သင့်ကို ချစ်မည်မဟုတ်၊ သင်သည် ရိုးသားသောသူတစ်ဦး မဟုတ်လျှင် သင်သည် ကယ်တင်ခြင်းမခံရနိုင်သကဲ့သို့ နိုင်ငံတော်ထဲသို့လည်း မဝင်ရောက်နိုင်၊ သင်သည် ရိုးသားသောသူတစ်ဦး မဟုတ်လျှင် သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ဘဲ သေချာပေါက် လှည့်ဖြားတတ်သောသူတစ်ဦးဖြစ်သည်၊ သင်သည် ရိုးသားသောသူတစ်ဦး မဟုတ်လျှင် သင်သည် ဖန်ဆင်းခံတစ်ဦးအဖြစ် အရည်အချင်းမပြည့်မီပေ” ဟူ၍ ဖြစ်လေသည်။ ယခု ရိုးသားသောသူတစ်ဦး မည်သို့ဖြစ်ရမည်ကို သင်တို့ နားလည်ပြီလော။ (နားမလည်ပါ။) ဤအရာများ အားလုံးနောက်တွင်ပင် ရှင်းလင်းခြင်းမရှိသေးပေ။ ယုံကြည်သူအသစ်များသည် ဤသည်ကို ကြားသည့်အခါ ဤစကားများသည် အလွန်ကောင်းမွန်သည်ဟုလည်းကောင်း၊ ၎င်းတို့၏ ဘာသာတရားထဲတွင် နှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်အတွင်း မကြားဖူးသည့်အရာတစ်ခု ဖြစ်သည်ဟုလည်းကောင်း ခံစားကြရသည်။ အချို့ကပင် “ဤစကားများသည် တန်ခိုးအာဏာပြည့်ဝသည်၊ စာကြောင်းတိုင်းသည် ‘အာမင်’ ဟု ဆိုထိုက်သည်။ ဤတရားဒေသနာသည် အလွန်ကောင်းမွန်သည်၊ ယင်းမှာ နိုင်ငံတော်ခေတ်၏ တရားဒေသနာ အစစ်အမှန်ပင်တည်း” ဟု ပြောဆိုကြသည်။ ထို့နောက် အယောင်ဆောင်ခေါင်းဆောင်များက ဆက်ပြောသည်။ “ဘုရားသခင်က ကျွန်ုပ်တို့ကို ရိုးသားသောသူများဖြစ်ရန် တောင်းဆိုသည်၊ သို့ဆိုလျှင် ကျွန်ုပ်တို့သည် ရိုးသားသောသူများလော” ဟူ၍ ဖြစ်သည်။ အချို့က ဤအရာအပေါ် “ဘုရားသခင်က ကျွန်ုပ်တို့ကို ရိုးသားသောသူများဖြစ်ရန် တောင်းဆိုနေသောကြောင့် ယင်းမှာ ကျွန်ုပ်တို့သည် ရိုးသားသောသူများ မဟုတ်သေးဟု ဆိုလိုသည်” ဟု ဆင်ခြင်တွေးဆကြသည်။ အချို့က တိတ်ဆိတ်စွာနေပြီး ဤသို့တွေးထင်ကြသည်။ “ငါသည် ကိုယ့်ကိုယ်ကိုယ် အတော်ပင် ဟန်ဆောင်မှုကင်းသည်ဟု မှတ်ယူသည်။ ငါသည် အခြားသူများနှင့် မည်သည့်အခါမျှ မတိုက်ခိုက်၊ စီးပွားရေးလုပ်သည့်အခါတွင်လည်း မည်သူ့ကိုမျှ လှည့်ဖြားရန် မဝံ့ရဲ။ တစ်ခါတစ်ရံ ငါသည် အနည်းငယ် အခွင့်အရေးယူမိလျှင် ညဘက်တွင် အိပ်ပင်မပျော်နိုင်။ ငါသည် ရိုးသားသောသူတစ်ဦးလော။ ငါသည် ဟန်ဆောင်မှုကင်းသည့် လူတစ်ဦးဖြစ်သည်ဟု ငါထင်သည်၊ ယင်းမှာ ရိုးသားသောသူတစ်ဦးဖြစ်ခြင်းနှင့် အဓိပ္ပာယ်အတူတူပင် မဟုတ်လော” ဟူ၍ ဖြစ်သည်။ အခြားသူများက “ကျွန်ုပ်သည် ပင်ကိုအားဖြင့် လိမ်ညာ၍မရပါ။ အမှန်မဟုတ်သည့်အရာတစ်ခုခုကို ပြောသည့်အခါတိုင်း ကျွန်ုပ်၏မျက်နှာ နီရဲလာသည်၊ သို့ဖြစ်၍ ကျွန်ုပ်သည် ရိုးသားသောသူတစ်ဦး ဖြစ်ရမည်၊ ဟုတ်သည် မဟုတ်လော” ဟု ပြောဆိုကြသည်။ ထို့နောက် အယောင်ဆောင်ခေါင်းဆောင်များက ထပ်ပြောသည်။ “သင်သည် ရိုးသားသောသူတစ်ဦး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်ုပ်တို့ကို ရိုးသားရန် တောင်းဆိုသောကြောင့် သင်သည် ရိုးသားသောသူတစ်ဦး ဖြစ်ရန်မှာ မဖြစ်မနေလိုအပ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ပြုမူလျှင် သင်သည် ရိုးသားသောသူတစ်ဦး ဖြစ်သည်။ ထိုအခါ သင်သည် လှည့်ဖြားတတ်ခြင်းမှ၊ စာတန်၏ အမှောင် စွမ်းအား၏ ချည်နှောင်ခြင်းများမှ ရုန်းထွက်လွတ်မြောက်သည်။ သင်သည် ရိုးသားသောသူတစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် သင်သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ပြီး သင်၏တာဝန်များကို ဖြည့်ဆည်းနိုင်ကာ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်မည်ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ယခု ရိုးသားသောသူတစ်ဦး မည်သို့ဖြစ်ရမည်ကို သင်တို့ နားလည်ပြီလော။ (နားမလည်ပါ။) သို့တိုင် အချို့က ကြည်နူးပီတိဖြစ်ကြသည်။ “ဤစကားများသည် တန်ခိုးအာဏာ ပြည့်ဝသည်။ အာမင်။ စာကြောင်းတိုင်း မှန်ကန်သည်။ ယင်းတို့ထဲမှ တစ်ခုမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ တိုက်ရိုက်လာခြင်းမဟုတ်၊ သို့သော် အားလုံးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သဘောပေါက်နားလည်ထားခြင်း ဖြစ်သည်။ ဤသဘောပေါက်နားလည်မှုမှာ အလွန်ကောင်းမွန်လှသည်။ ကျွန်ုပ် အဘယ်ကြောင့် ဤကဲ့သို့ သဘောပေါက်နားလည်နိုင်ခြင်း မရှိရသနည်း။ ဤခေါင်းဆောင်သည် ဤဘွဲ့ထူးနှင့် အမှန်ပင် ထိုက်တန်ပုံရသည်၊ ၎င်းတို့သည် ခေါင်းဆောင်လုပ်ရန် တကယ့်ကို အရည်အချင်းရှိသူပါတကား” ဟူ၍ ဖြစ်လေသည်။ အစွမ်းအစနှင့် ဉာဏ်အမြော်အမြင်ရှိသော လူများသည် ဤသည်ကိုကြားပြီးနောက် စဉ်းစားဆင်ခြင်ကြသည်။ “သင်သည် ရိုးသားသောသူတစ်ဦး ဆိုသည်မှာ အဘယ်အရာ ဖြစ်သည်ကို သင် မရှင်းပြရသေးပါ။ လူတစ်ဦးသည် ရိုးသားသောသူတစ်ဦး မည်သို့ အတိအကျ ဖြစ်နိုင်မည်နည်း” ဟူ၍ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များက “ရိုးသားသောသူတစ်ဦး ဖြစ်ခြင်းဆိုသည်မှာ မလိမ်ညာခြင်းကို ဆိုလိုသည်။ ဥပမာအနေဖြင့် သင်သည် ယခင်က မတရားသောမေထုန်ကို ကျူးလွန်ခဲ့ဖူးလျှင် သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး ယင်းကို အကြိမ်မည်မျှ သင် ကျူးလွန်ခဲ့ကြောင်းနှင့် မည်သူနှင့် ကျူးလွန်ခဲ့ကြောင်း ဝန်ခံလော့။ သင်သည် ဘုရားသခင်ကို မမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်ဟု ခံစားရလျှင် သင်သည် ခေါင်းဆောင်ထံ ဝန်ခံရမည်ဖြစ်ပြီး အရာရာတိုင်းကို ရှင်းလင်းအောင် လုပ်ရမည်။ ပွင့်လင်းစွာ ဝန်ခံခြင်းသည် ရိုးသားသောသူတစ်ဦး ဖြစ်ခြင်း၏ အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သည်။ ထို့အပြင် ယင်းမှာ သင်၏စိတ်နှလုံးထဲမှ စကားကို ပြောဆိုခြင်း၊ မည်သည့်အရာတွင်မျှ မုသားများကို မရောနှောခြင်းအကြောင်း ဖြစ်သည်။ သင်သည် မည်သည့်အရာကိုမဆို မည်သို့တွေးထင်သည်၊ သင့်တွင် မည်သည့်ရည်ရွယ်ချက်များ ရှိသည်၊ သင်သည် မည်သည့်ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်သည်၊ သင်၏စိတ်နှလုံးထဲတွင် မည်သူ့ကို မုန်းတီးသည် သို့မဟုတ် ကျိန်ဆဲခဲ့သည်၊ သင်သည် မည်သူ့ကို ထိခိုက်စေလိုသည် သို့မဟုတ် ကျိတ်ကြံစည်လိုသည် ဟူသည်တို့ အားလုံးကို ထိုလူတစ်ဦးချင်းစီထံ ဝန်ခံသင့်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင်သည် ပွင့်လင်းပြီး ရှင်းရှင်းဘွင်းဘွင်း ပြောတတ်ကာ အလင်းထဲတွင် အသက်ရှင်နေထိုင်ခြင်း ဖြစ်သည်။ ဤသည်မှာ ရိုးသားသောသူတစ်ဦးဖြစ်ခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ ရိုးသားသောသူတစ်ဦးသည် မိမိ၏ အတ္တကို လက်လွှတ်ရမည်၊ ၎င်းသည် မိမိစိတ်နှလုံး၏ အဆိုးယုတ်ဆုံးနှင့် အမှောင်မိုက်ဆုံးသော အစိတ်အပိုင်းများကို ထုတ်ဖော်ပြသပြီး စိတ်ဖြာလေ့လာဆွေးနွေးနိုင်ရမည်” ဟူ၍ ဆက်ပြောလေသည်။ ဤသည်ကို ကြားပြီးလျှင် ယခု ရိုးသားသောသူတစ်ဦး မည်သို့ဖြစ်ရမည်ကို သင်တို့ နားလည်ပြီလော။ (နားမလည်သေးပါ။) နားထောင်ပြီးသည့်တိုင် လူတစ်ဦး နားလည်သည့်အရာမှာ အယူဝါဒများသာဖြစ်ပြီး တိကျသော လက်တွေ့လုပ်ဆောင်မှုများ မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ထိုသို့သော သဘောပေါက်နားလည်မှုဖြင့် အယောင်ဆောင် ခေါင်းဆောင်များသည် လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဤနည်းလမ်းဖြင့် စားသောက်ရန် ဦးဆောင်ကြပြီး ၎င်းတို့သည် ဤနည်းလမ်းဖြင့်လည်း မိတ်သဟာယဖွဲ့ကြကာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အများဆုံးနားလည်သည်ဟုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်း ရှိသည်ဟုလည်းကောင်း၊ လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဦးဆောင်နိုင်သည်ဟုလည်းကောင်း တွေးထင်ကြသည်။ အမှန်တကယ်တွင် ၎င်းတို့ နားလည်သဘောပေါက်ပြီး မိတ်သဟာယဖွဲ့သည့် အရာအားလုံးမှာ အယူဝါဒများနှင့် ဆောင်ပုဒ်များမျှသာဖြစ်ပြီး သမ္မာတရား လက်တွေ့ကျမှုကို ရှာဖွေလိုပြီး သမ္မာတရား စည်းမျဉ်းများကို နားလည်လိုသူတို့အတွက် အကူအညီ တစ်စက်မျှ လုံးဝမပေးပေ။ သို့တိုင် အယောင်ဆောင် ခေါင်းဆောင်များက ၎င်းတို့သည် ကြီးမားသော သဘောပေါက်နားလည်နိုင်စွမ်းကို ပိုင်ဆိုင်သည်ဟုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် တစ်မူထူးခြားသော ထိုးထွင်းသိမြင်မှုများ ရှိသည်ဟုလည်းကောင်း၊ သာမန်လူများထက် သာလွန်သည်ဟုလည်းကောင်း ယုံကြည်နေကြဆဲဖြစ်သည်။ ၎င်းတို့သည် ဤအယူဝါဒများနှင့် ဆောင်ပုဒ်များကို လျှောက်တရားဟောလျက် နေရာအနှံ့သွားကြပြီး အခြားသူများနှင့် အပြန်အလှန် နှိုင်းယှဉ်မှုများကိုပင် လုပ်ဆောင်ကြကာ ဤအယူဝါဒများနှင့် ဆောင်ပုဒ်များကို စကားစစ်ထိုးရန် မကြာခဏ အသုံးပြုကြပြီး လူတို့ကို ဩဝါဒခြွေရန်၊ ပြုပြင်ရန်၊ တရားစီရင်ရန်နှင့် ပြစ်တင်ရှုတ်ချရန်ပင် မကြာခဏ အသုံးပြုကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ၎င်းတို့သည် အလုပ်လုပ်နေခြင်း ဖြစ်သည်ဟုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့ဘဝထဲသို့ ယူဆောင်လာခြင်း ဖြစ်သည်ဟုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးချနေခြင်း ဖြစ်သည်ဟုလည်းကောင်း ၎င်းတို့ တွေးထင်ကြသည်။ ဤသည်မှာ အလွန်ဒုက္ခပေးသော ကိစ္စတစ်ခု မဟုတ်လော။ အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်နိုင်၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ မဦးဆောင်နိုင်ကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒအချို့ကိုသာ မိတ်သဟာယဖွဲ့နိုင်သည့်တိုင် ယင်းတို့ကို လျှောက်၍ တရားဟောပြီး ကြွားလုံးထုတ်ကြသည်။ သို့သော် အမှန်တကယ်တွင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲရှိ မည်သည့်သမ္မာတရားကိုမျှ နားမလည်ကြပေ။ ဥပမာအနေဖြင့် ၎င်းတို့သည် အချို့သော အလားတူ ဝိညာဉ်ရေးရာ ဝေါဟာရများ သို့မဟုတ် အလားတူ ဖော်ပြချက်များကို နားမလည်ကြသကဲ့သို့ ယင်းတို့အကြားရှိ ကွဲပြားမှုများမှာ အဘယ်အရာဖြစ်သည်ကိုဖြစ်စေ၊ ၎င်းတို့ကို လက်တွေ့အခြေအနေများတွင် မည်သို့ လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ရမည်ကိုဖြစ်စေ မသိကြပေ။ စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်း၊ စကားလုံးများနှင့် အယူဝါဒများကို တတွတ်တွတ် ပြောဆိုခြင်းမှလွဲ၍ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စစ်မှန်သော နားလည်သဘောပေါက်မှု ကင်းမဲ့ပြီး ယင်းတို့ကို အမှန်တကယ် လက်တွေ့မလုပ်ဆောင်ကြပေ။ သို့ဖြစ်၍ အယောင်ဆောင် ခေါင်းဆောင်များ ကိုယ်တိုင်ပင်လျှင် သမ္မာတရားကို နားမလည်ကြသကဲ့သို့ လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ဦးဆောင်နိုင်စွမ်းလည်း မရှိကြသည်မှာ သိသာထင်ရှားပေသည်။ ကျွန်ုပ်တို့သည် ဤသည်ကို ရိုးသားသောသူတစ်ဦးဖြစ်ခြင်းနှင့်ပတ်သက်သည့် ဥပမာဖြင့် သရုပ်ဖော်ခဲ့ပြီးဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ရိုးသားသောသူတစ်ဦးဖြစ်ခြင်း၏ သမ္မာတရားကို မည်သို့သိမြင်ရမည်ကို မသိဘဲ စကားလုံးများနှင့် အယူဝါဒများကို တတွတ်တွတ်ပြောဆိုခြင်းနှင့် ဆောင်ပုဒ်များကို တရားဟောခြင်းသို့သာ အားကိုးအားထားပြုကာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည့် ထိုမိုက်မဲသူများနှင့် နားဝေတိမ်တောင်ဖြစ်သူများကို မည်သည့်အရာလုပ်ရမှန်းမသိ ဖြစ်သွားစေလျက် လမ်းပျောက်သွားစေသည်။ ဤစကားလုံးများနှင့် အယူဝါဒများကို နားထောင်ပြီးနောက် ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များကို အထူးပင် ကိုးကွယ်ကြပြီး ၎င်းတို့နောက် နှစ်အတန်ကြာ လိုက်ပြီးသည့်နောက်တွင် အခြေခံအကျဆုံးသော သမ္မာတရားများကိုပင် နားမလည်ဘဲ၊ ၎င်းတို့ထဲသို့ မည်သို့မျှ ဝင်ရောက်မှုမရှိဘဲ အဆုံးသတ်သွားကြသည်။ ဤအချက်နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်မည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။