ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၇) အခန်း သုံး

၄။ ကောင်းချီးမင်္ဂလာများ ရရှိလိုသောဆန္ဒ ပျက်စီးသွားသည့်အခါ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်း

အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းတွင် အခြားသော သရုပ်သကန်တစ်ခု ရှိသည်။ အချို့လူများက “ကျွန်ုပ်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်ကာ အဘယ်အရာ ရရှိပြီးပြီနည်း” ဟု ပြောဆိုကြသည်။ ထိုသို့သောလူတို့သည် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချသည့်အခါ ၎င်းတို့ပြောဆိုသည့် အဓိကအရာမှာ “ကျွန်ုပ်သည် အဘယ်အရာ ရရှိပြီးပြီနည်း” ဟူ၍ဖြစ်သည်။ ယင်းမှာ ၎င်းတို့သည် မည်သည့်အရာမျှ မရရှိသေးဟု ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်နေစဉ်တွင် ဘုရားအိမ်တော်ထံမှ သို့မဟုတ် ဘုရားသခင်ထံမှ အကျိုးကျေးဇူးအချို့ သို့မဟုတ် ကောင်းချီးမင်္ဂလာအချို့ကို ရရှိရန်မှာ အထူးသဖြင့် ခက်ခဲကြောင်းနှင့် လူတို့သည် ကြီးမားသော ချစ်ခြင်းမေတ္တာကို ပူဇော်ဆက်ကပ်ရမည်ဖြစ်ပြီး မယုံနိုင်လောက်သော သည်းခံခြင်း ရှိရမည်ဖြစ်ကာ လျင်မြန်သောရလဒ်များအတွက် စိတ်မထက်သန်သင့်ကြောင်း ယုံကြည်ကြသည်။ လူတို့ကို ဖော်ထုတ်သည့်၊ လူတို့ကို ပြုပြင်သည့်၊ လူတို့ကို စစ်ဆေးသည့်၊ လူတို့၏ ဖောက်ပြန်ပျက်စီးမှုကို သန့်စင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်၍မူ၊ ဤသည်မှာ အပြည့်အဝ ယုံကြည်၍မရနိုင်သော အပေါ်ယံဆန်သည့်၊ အဆင့်မြင့်ပုံရသော လေလုံးသာဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ပါက ကြီးမားသော ဆုံးရှုံးမှုကို အမှန်တကယ် ခံစားရလိမ့်မည်ဟု တွေးထင်ကြသည်။ အကျိုးကျေးဇူးများနှင့် အကျိုးအမြတ်များကို ရရှိခြင်းနှင့် မိမိတို့၏ ရည်သန်မျှော်မှန်းချက်များ၊ ဆန္ဒများကို အကောင်အထည်ဖော်ခြင်းသည် အချိန်တိုင်းတွင် အရေးကြီးဆုံးသောအရာဖြစ်သည်ဟုလည်းကောင်း၊ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိဟူသည်မှာ လုံးဝ အရေးမကြီးဟုလည်းကောင်း ၎င်းတို့က တွေးထင်ကြသည်။ ၎င်းတို့သည် မကောင်းမှုကို မပြုသရွေ့ ယင်းမှာ လုံလောက်ပြီး အသင်းတော်၏ ဖယ်ရှားရှင်းလင်းခြင်းကို ခံရမည်မဟုတ်ဟု ယုံကြည်ကြသည်။ ဤအပျက်သဘောဆောင်သော စကားများကို ကြားပြီးနောက် လူအများစုသည် မည်သို့ ခံစားရသနည်း။ ၎င်းတို့သည် ဤစကားများကို စိတ်ထဲတွင် သဘောတူပြီး လက်ခံကြသလော၊ သို့မဟုတ် ဤစကားများအပေါ် အထင်အမြင်သေးမှုတစ်ခုခုကို ခံစားရပြီး ဤလူတို့သည် တစ်ကိုယ်ကောင်းဆန်သည်၊ စက်ဆုပ်ဖွယ်ကောင်းသည်၊ ကောက်ကျစ်ဆိုးယုတ်သည်၊ ယုတ်ညံ့သည်ဟု တွေးထင်ကာ ၎င်းတို့အား အပျက်သဘောဆောင်ခြင်းနှင့် သေခြင်းတရားကို ဆက်လက်ဖြန့်ဝေခြင်းမှ တားဆီးလျက် ပိုင်းခြားသိမြင်နိုင်ပြီး ဖော်ထုတ်ကာ ကန့်သတ်နိုင်သလော။ လူအများစုသည် ထိုသို့သော အပျက်သဘောဆောင်သည့် စကားများကို ရွံရှာမုန်းတီးပြီး ပြစ်တင်ရှုတ်ချကြသလော၊ သို့မဟုတ် ယင်းတို့၏ အထင်အမြင်မှားစေခြင်းကို ခံရပြီး အပျက်သဘောဆောင်လာနိုင်ကြသလော။ လူအချို့သည် ဤစကားများကို ကြားပြီး မိမိတို့လက်ထဲတွင် မည်သည့်အရာမျှမရှိသည်ကို မြင်တွေ့ပြီးနောက်၊ “မှန်သည် မဟုတ်လော။ ကျွန်ုပ်လည်း မည်သည့်အရာမျှ မရရှိခဲ့ပါ။ ဘုရားအိမ်တော်တွင် ကျွန်ုပ်သည် တစ်နေ့သုံးနပ်သာ စားရပြီး အချိန်ပြည့် အလုပ်ရှုပ်နေကာ အခြားမည်သည့်အရာကိုမျှ အမှန်တကယ် မရရှိခဲ့ပါ” ဟု တွေးကြသည်။ သင်တို့တွင် ထိုသို့သော အတွေးများ ရှိသလော။ ထို့အတူပင် သင်တို့ ခံစားရသလော။ သမ္မာတရားကို နားလည်သောသူတို့က “သင် မည်သည့်အရာမျှ မရရှိခဲ့ဟု ဆိုရာတွင် မည်သည့်အရာကို ဆိုလိုသနည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ အလွန်များစွာ ရရှိပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် သမ္မာတရားများစွာကို နားလည်လာခဲ့ကြပြီးဖြစ်သည်”ဟု ပြောဆိုကြလိမ့်မည်။ သို့သော် အချို့လူများက “ကျွန်ုပ်တို့အနေဖြင့် ‘အလွန်များစွာ’ ရရှိခဲ့သည်ဟု ပြောဆိုခြင်းသည် သိပ်ပြီး လက်တွေ့မကျသည့်ပုံပေါက်ပါသည်။ ကျွန်ုပ်တို့သည် ကျေးဇူးတော်အနည်းငယ်ကိုသာ လက်ခံရရှိခဲ့သည်၊ ကျွန်ုပ်တို့၏ တာဝန်များကို ထမ်းဆောင်ရန် အခွင့်အရေးအချို့ ရရှိခဲ့သည်၊ မိမိတို့ကိုယ်ကို မည်သို့ ကျင့်ကြံပြုမူရမည်နှင့်ပတ်သက်၍ အယူဝါဒအချို့ကို နားလည်ခဲ့သည်၊ နေရာအမျိုးမျိုးမှ ညီအစ်ကိုမောင်နှမများစွာနှင့် တွေ့ဆုံပြီး သိကျွမ်းခဲ့ရကာ ကျွန်ုပ်တို့ များစွာ အမြင်ကျယ်လာပြီးဖြစ်သည်။ ဤသည်မှာ အနည်းငယ်မျှသာ ရရှိခဲ့သည်ဟု ဆိုနိုင်သည်”ဟု ပြောဆိုလျက် ထိုသူတို့ကို သဘောတူကောင်းတူမည် မဟုတ်ပေ။ သင်တို့သည် ဤအမျိုးအစားများထဲတွင် မည်သည့်အမျိုးအစား၌ ပါဝင်သနည်း။ ဤအမျိုးအစားအားလုံးတွင်ရှိသည့် လူများ ရှိကြသည် မဟုတ်လော။ (ရှိပါသည်။) ငါတို့သည် ဤအရာကို ရှုထောင့်နှစ်မျိုးမှ ဆွေးနွေးကြမည်။ ပထမဦးစွာ၊ ကျေးဇူးတော်ကို ရရှိခြင်းအတွက် အစဉ်သဖြင့် ဘုရားသခင်ကို ယုံကြည်သောသူတို့နှင့် ပတ်သက်၍ မည်သည့်အရာဖြစ်နေသည်ကို ပြောဆိုကြစို့။ ၎င်းတို့အနေဖြင့် ကယ်တင်ခြင်းကို ရရှိနိုင်ရန်အလို့ငှာ သမ္မာတရားကို ရရှိခြင်းအား လိုက်စားရန် ဘုရားသခင်ကို ယုံကြည်ကြသလော။ (မဟုတ်ပါ။ သူတို့သည် ကောင်းချီးမင်္ဂလာများ ရရှိခြင်းအလို့ငှာ ယုံကြည်ကြပါသည်။) သို့ဆိုလျှင် ဘုရားသခင်သည် ၎င်းတို့အား ကျေးဇူးတော်၊ ကွယ်ကာခြင်း၊ ကြင်နာမှု၊ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို အနည်းငယ်သာ ပေးလေပြီလော။ (ဘုရားသခင်သည် သူတို့အား ဤအရာများစွာကို ပေးပြီးဖြစ်ပါသည်။) ဘုရားသခင်ကို ယုံကြည်သော လူတိုင်းသည် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိပြီးဖြစ်သည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏ ကွယ်ကာခြင်းသည် တိကျသေချာသလော။ ဤအရာနှင့်ပတ်သက်၍ လက်တွေ့ဘဝ ဥပမာအချို့ ရှိသလော။ လူတို့သည် မည်သည့် ကွယ်ကာခြင်းအမျိုးအစားများကို ရရှိကြပြီနည်း။ (အတော်အတန် သိသာထင်ရှားသော အမျိုးအစားတစ်ခုမှာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ကျွန်ုပ်တို့သည် လောက၏ ကောက်ကျစ်ဆိုးယုတ်သော ရေပန်းစားမှုများ၏ လွှမ်းမိုးခြင်းကို မခံရတော့ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ယိုယွင်းကျဆင်းခြင်းထဲသို့ မကျရောက်တော့ပါ သို့မဟုတ် နိုက်ကလပ်များသို့ သွားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း စသည်တို့ကဲ့သို့သော ကောက်ကျစ်ဆိုးယုတ်သည့်အရာများကို မလိုက်စားကြတော့ပါ။ အနည်းဆုံးအားဖြင့် ကျွန်ုပ်တို့သည် ဤအရာများနှင့် မပတ်သက်ကြတော့သည့်အပြင်၊ ဤကိစ္စနှင့်စပ်လျဉ်း၍ အတော်အတန် ကွယ်ကာခြင်းခံရသည်ဟု ကျွန်ုပ် ယုံကြည်ပါသည်။) ဤသည်မှာ လူတို့ မြင်နိုင်ပြီး ကိုယ်တိုင် တွေ့ကြုံခံစားနိုင်သည့် အလွန် လက်ဆုပ်လက်ကိုင်ပြနိုင်သော ကဏ္ဍတစ်ခု ဖြစ်သည်။ လောက၏ ကောက်ကျစ်ဆိုးယုတ်သော ရေပန်းစားမှုများ၏ လွှမ်းမိုးခြင်းနှင့် အထင်အမြင်မှားစေခြင်းကို မခံရဘဲ၊ လူတစ်ဦးကဲ့သို့ အသက်ရှင်လျက်၊ လူသားတစ်ဦး၏ ပုံသဏ္ဌာန်ဖြင့် ပုံမှန်လူ့သဘာဝအတွင်း၌ အသက်ရှင်နေထိုင်ခြင်းသည် ဘုရားသခင်၏ ကွယ်ကာခြင်းနှင့်ဆိုင်သော လက်တွေ့ကျသည့် ဥပမာတစ်ခုနှင့် သက်သေအထောက်အထားတစ်ခု ဖြစ်သည်။ နောက်ထပ် ရှိသေးသလော။ (ဝိညာဉ်ဆိုးများ၏ နှောင့်ယှက်ခြင်းကို မခံရခြင်းနှင့် ဘုရားသခင်၏ ကွယ်ကာခြင်းအောက်တွင် အသက်ရှင်နေထိုင်နိုင်ခြင်း ဖြစ်ပါသည်။) ဤသည်မှာလည်း လက်တွေ့ကျသော ဥပမာတစ်ခု ဖြစ်သည်။ လူအများစုသည် ဤအတွေ့အကြုံ ရှိကြပြီလော။ သင်တို့သည် ဤအရာအတွင်းရှိ အဓိပ္ပာယ်ကို နားလည်သဘောပေါက်နိုင်သလော။ အချို့လူများက “ဘာသာတရားမရှိသူများသည်လည်း ဝိညာဉ်ဆိုးများ၏ နှောင့်ယှက်ခြင်းကို မခံရပါ။ ဘာသာတရားမရှိသူ မည်မျှသည် ဝိညာဉ်ဆိုးများ၏ နှောင့်ယှက်ခြင်းကို ခံရသနည်း”ဟု ပြောဆိုကြသည်။ ဤပြောဆိုချက်သည် မှန်ကန်သလော။ ဤပြောဆိုချက်သည် အဖြစ်မှန်များနှင့် ကိုက်ညီသည်ဟု သင်တို့ ခံစားရသလော။ (ကျွန်ုပ်၏ အတန်းဖော် အတော်များများမှာ ဝိညာဉ်ဆိုးများ၏ နှောင့်ယှက်ခြင်းကို ခံခဲ့ကြရပါသည်။ အချို့မှာ အိပ်စက်စဉ် မလှုပ်ရှားနိုင်ခြင်းကို တွေ့ကြုံရပြီး အခြားသူများက အသံများကို ကြားရပါသည်။ သူတို့သည် ဘုရားသခင်ကို မယုံကြည်ကြသည့်အပြင် မည်သည့်အရာ ဖြစ်ပျက်နေသည်ကိုလည်း မသိကြပါ။ သူတို့သည် နေရာတိုင်းတွင် ကုသမှုကို ရှာဖွေကြသော်လည်း ဤအရာကို မကုသနိုင်ကြပါ။ သူတို့သည် ကြောက်ရွံ့ခြင်းနှင့် ထိတ်လန့်မှုဖြင့် အသက်ရှင်နေကြရသည်။ ယင်းမှာ စိတ်ဒုက္ခရောက်ရပါသည်။ သို့သော်လည်း ကျွန်ုပ်သည် ငယ်စဉ်ကတည်းက ဘုရားသခင်ကို ယုံကြည်ခဲ့သောကြောင့် ဤပုံစံဖြင့် နှောင့်ယှက်ခြင်း သို့မဟုတ် ဒုက္ခခံစားရခြင်းကို မည်သည့်အခါမျှ မခံစားခဲ့ရပါ။ အချိန်အများစုတွင် ကျွန်ုပ်၏ စိတ်နှလုံးသည် အတော်အတန် တည်ငြိမ်ပြီး အေးချမ်းသည်ဟု ခံစားရပါသည်။) ဘုရားသခင်၌ စစ်မှန်သော ယုံကြည်သူတို့တွင် ဤပူပန်မှု မရှိပေ။ ငါတို့သည် စိတ်ဖောက်ပြန်မှုရောဂါဖြင့် ဖိစီးနှိပ်စက်ခံရမည်ကို သို့မဟုတ် ဝိညာဉ်ဆိုးများ၏ နှောင့်ယှက်ခြင်း သို့မဟုတ် ပူးကပ်ခြင်းကို ခံရမည်ကို မစိုးရိမ်ကြပေ။ ငါတို့တွင် ဘုရားသခင် ရှိသောကြောင့် ငါတို့ မကြောက်ရွံ့ကြပေ။ ထို့အပြင် လက်တွေ့ဘဝတွင် ဘာသာတရားမရှိသူများသည် မျက်နှာဖတ်ခြင်း၊ ဖုန်းရွှေနှင့် ဗေဒင်ဟောခြင်းတို့အကြောင်းကို အဆက်မပြတ် ပြောဆိုကြသည်။ အနောက်တိုင်းတွင် နက္ခတ်ဗေဒင်ပင် ရှိသေးသည်။ အချို့လူများသည် ကျော်ကြားသော ဗုဒ္ဓရုပ်ပွားတော်များ၊ ဝိညာဉ်ဆိုးများနှင့် ရုပ်တုများကို ကိုးကွယ်ကြပြီး အချို့မှာ မကိုးကွယ်ကြပေ။ သို့သော် ၎င်းတို့ ကိုးကွယ်သည်ဖြစ်စေ၊ မကိုးကွယ်သည်ဖြစ်စေ ၎င်းတို့အားလုံးသည် ဤအရာများ၏ လွှမ်းမိုးခြင်းနှင့် ကန့်သတ်ခြင်းကို အတိုင်းအတာတစ်ခုအထိ ခံကြရသည်။ ဥပမာအားဖြင့် အိမ်မှမထွက်ခွာမီ ၎င်းတို့သည် မည်သည့်အရပ်မျက်နှာက မင်္ဂလာရှိပြီး မည်သည့်အရပ်မျက်နှာက မင်္ဂလာမရှိသည်ကို သိရှိရန် ဂမ္ဘီရဉာဏ်ကို အနည်းငယ် မေးမြန်းရသည်။ ဆိုင်တစ်ဆိုင် ဖွင့်သည့်အခါ ၎င်းတို့သည် ကောင်တာအတွက် မည်သည့်နေရာက ငွေဝင်စေလိမ့်မည်ဖြစ်ပြီး မည်သည့်နေရာက ငွေဝင်စေလိမ့်မည် မဟုတ်သည်ကိုလည်းကောင်း၊ ဥစ္စာဓနကို ဆွဲဆောင်ရန် ဆိုင်ထဲတွင် မည်သည့်အရာများကို ထားရှိရမည်ဖြစ်ပြီး မည်သည့်ရုပ်တုများကို ကိုးကွယ်ရမည်ကိုလည်းကောင်း၊ ဖုန်းရွှေကို မထိခိုက်စေရန် အချို့သော အရာများကို မည်သည့်နေရာတွင် ထားရှိရမည်ကိုလည်းကောင်း ဆုံးဖြတ်ကြသည်။ အိမ်ပြောင်းသည့်အခါ ၎င်းတို့သည် မိသားစု၏ အနာဂတ် ကြီးပွားချမ်းသာခြင်းကို သေချာစေရန်နှင့် မတော်တဆမှုများကို ရှောင်ရှားရန်အတွက် ပြောင်းရွှေ့ရမည့် မင်္ဂလာရှိသော အချိန်ကို ဆုံးဖြတ်ရပြီး မည်သည့်အချိန်များက မင်္ဂလာမရှိသည်ကိုလည်း ဆုံးဖြတ်ရသည်။ ကျောင်းသားများပင်လျှင် ဝင်ခွင့်စာမေးပွဲများ ဖြေဆိုသည့်အခါ ဤယုံကြည်မှုများ၏ လွှမ်းမိုးခြင်းကို ခံကြရသည်။ စာမေးပွဲဖြေဆိုသည့်နေ့တွင် ၎င်းတို့သည် ကျရှုံးခြင်းကို သွယ်ဝိုက်ညွှန်းဆိုသည့် စကားလုံးများကို ရှောင်ကြဉ်ပြီး ထိုအစား “ထူးချွန်ခြင်း” နှင့် “အောင်မြင်ခြင်း” ကဲ့သို့သော စကားလုံးများကို ပြောဆိုရသည်။ ကလေးများ ကျောင်းတက်ခြင်းမှသည် မိဘများက နေ့စဉ်ဘဝများကို အသက်ရှင်နေထိုင်ခြင်း၊ ငွေရှာခြင်း၊ အိမ်ပြောင်းခြင်း၊ အလုပ်အကိုင်ရှာဖွေခြင်းအပြင် သားသမီးများ၏ အိမ်ထောင်ရေး စသည်တို့အထိ ဘဝ၏ ကဏ္ဍတစ်ခုစီတိုင်းသည် အခြားအယူအဆများထဲတွင်မှ ဖုန်းရွှေနှင့် ကံကြမ္မာကဲ့သို့သော အရာများ၏ လွှမ်းမိုးခြင်းကို ခံရသည်။ သို့ဖြစ်၍ လူတို့သည် ဤအရာများ၏ လွှမ်းမိုးခြင်းကို ခံရသည့်အခါ ၎င်းတို့သည် မည်သည့်အရာ၏ ကန့်သတ်ခြင်းကို ခံနေရသနည်း။ ၎င်းတို့သည် ဝိညာဉ်ဆိုးများ၏ ကန့်သတ်ခြင်းကို ခံနေရခြင်းဖြစ်သည်၊ ဤအရာအားလုံးကို ဝိညာဉ်ဆိုးများက ထိန်းချုပ်ထားသည်။ သို့ဆိုလျှင် အဘယ်ကြောင့် လူတို့သည် ထိုဝိညာဉ်ဆိုးများကို ကိုးကွယ်ကြသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် ဤအရာများ၏ လွှမ်းမိုးခြင်းကို ခံကြရသနည်း။ အိမ်ပြောင်းခြင်းကဲ့သို့သော ရိုးရှင်းသည့်ကိစ္စရပ်တစ်ခုအတွက်၊ အဘယ်ကြောင့် လူတို့သည် မည်သည့်အချိန်က ပြောင်းရွှေ့ရန် မင်္ဂလာရှိပြီး မည်သည့်အချိန်က မင်္ဂလာမရှိသည်ကိုလည်းကောင်း၊ မည်သည့်အရာက ဦးစွာပြောင်းရွှေ့ရန် မင်္ဂလာရှိပြီး မည်သည့်အရာက မပြောင်းရွှေ့ရန် မင်္ဂလာရှိသည်ကိုလည်းကောင်း အစဉ်သဖြင့် တွေးဆနေရမည်နည်း။ အဘယ်ကြောင့် ၎င်းတို့သည် ဤအရာများကို အစဉ်သဖြင့် ထည့်သွင်းစဉ်းစားနေရမည်နည်း။ ၎င်းတို့အနေဖြင့် ထိုသို့မစဉ်းစားပါက ဝိညာဉ်ဆိုးများက ၎င်းတို့ကို ညှဉ်းပန်းကာ နှိပ်စက်လျက် လုပ်လိမ့်မည်ဖြစ်သောကြောင့် ထိုအရာများကို ထည့်သွင်းစဉ်းစားရခြင်း ဖြစ်သည်။ ဤကိစ္စရပ်များမှ အဘယ်အရာကို သင်တို့ မြင်တွေ့ကြသနည်း။ လူသားမျိုးနွယ်အားလုံးသည် ဆိုးယုတ်သောသူတို့၏ ထိန်းချုပ်မှုအောက်တွင် အသက်ရှင်နေထိုင်ကြသည်။ ဆိုးယုတ်သောသူတို့ကား မည်သူတို့နည်း။ ပို၍ကြီးမားသော ဆိုးယုတ်သူတို့မှာ စာတန်နှင့် နတ်ဆိုးများဖြစ်ကြပြီး၊ ပို၍သေးငယ်သော ဆိုးယုတ်သူတို့မှာ လူမျိုးနွယ် အမျိုးမျိုးကို ထိန်းချုပ်သည့်သူများဖြစ်သော နေရာအမျိုးမျိုးတွင်ရှိသည့် ဝိညာဉ်ဆိုးများဖြစ်ကြသည်။ လူ့ဘဝ၏ ကဏ္ဍတိုင်းသည် ဤဝိညာဉ်ဆိုးများ၏ ကန့်သတ်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရသည်။ အိမ်တစ်လုံး ဆောက်လုပ်သည့်အခါတွင်ပင် အိမ်အမိုးတိုင်ကို တပ်ဆင်နေစဉ်အတွင်း လူတို့သည် ကံကောင်းခြင်းအနည်းငယ်အတွက် အဝတ်နီကို ချိတ်ဆွဲပြီး ဗြောက်အိုးများကို ဖောက်ကြကာ၊ ဆောက်လုပ်ရေး အလုပ်သမားများအားလုံးသည် ငွေကြေးဆိုင်ရာ ချမ်းသာကြွယ်ဝမှုကို ဆောင်ကြဉ်းရန်နှင့် မတော်တဆမှုများကို ရှောင်ရှားရန်အတွက် အနီရောင်အဝတ်အစားများကို ဝတ်ဆင်ကြသည်။ ဤအရာအားလုံးနှင့်ပတ်သက်၍ အချို့သော အထူး သတ်မှတ်ချက်များနှင့် ဆိုရိုးစကားများအပြင် ရှောင်ကြဉ်ရမည့်အရာများရှိပြီး၊ ၎င်းတို့သည် ရှောင်ကြဉ်ရမည့်အရာများကို ရှောင်ကြဉ်ကာ ဤဆိုရိုးစကားများကို လိုက်နာရမည်ဖြစ်သည်။ ဥပမာအားဖြင့် အချို့လူများသည် မကြာခဏ အခက်အခဲများနှင့် ရင်ဆိုင်ရပြီး အမှုအရာများက ၎င်းတို့အတွက် ချောမွေ့စွာ မဖြစ်ပေ။ ၎င်းတို့သည် မိမိတို့အလုပ်များ ဆုံးရှုံးသည်၊ ၎င်းတို့၏ ဇနီးများက ၎င်းတို့ကို စွန့်ခွာသွားကြပြီး အိမ်တွင် မည်သည့်အရာမျှ မကျန်တော့ပေ။ ၎င်းတို့သည် မိမိတို့၏ အိမ်အပေါင်ချေးငွေများကိုပင် ပြန်မဆပ်နိုင်တော့သည့်အပြင်၊ မည်သည့်အရာမျှ အဆင်ပြေပြေ ဖြစ်ပုံမရပေ။ ၎င်းတို့သည် မည်သည့်မကောင်းသည့်အရာကိုမျှ မလုပ်ဆောင်ခဲ့ပေ။ သို့ဖြစ်၍ ဤအရာများသည် ၎င်းတို့ထံ အဘယ်ကြောင့် ဖြစ်ပျက်ရသနည်း။ အခြားရွေးချယ်စရာများ မရှိသဖြင့် ၎င်းတို့သည် အတုအယောင် ဘုရားများနှင့် ဝိညာဉ်ဆိုးများကို ကိုးကွယ်ခြင်းကို အားကိုးအားထားပြုကြသည်၊ သို့မဟုတ် မိမိတို့၏ ကံကို ပြောင်းလဲရန် ၎င်းတို့၏ ဖုန်းရွှေကို စစ်ဆေးပေးဖို့ တစ်စုံတစ်ဦးကို အရေးတကြီး ရှာဖွေကြပြီး ထိုသို့ပြုလုပ်ပြီးနောက်တွင် ၎င်းတို့အတွက် အမှုအရာများ တဖြည်းဖြည်း ကောင်းမွန်လာကြသည်။ ယခင်က ဤအရာများကို ၎င်းတို့ မယုံကြည်ခဲ့ကြသော်လည်း ယခုတွင် ပြဿနာများ ပေါ်ပေါက်လာသည့်အခါ ၎င်းတို့သည် အတုအယောင်ဘုရားများနှင့် ဝိညာဉ်ဆိုးများကို စိတ်ရင်းမှန်ဖြင့် ကိုးကွယ်ကြပြီး မည်သည့်အရာကိုမျှ မလုပ်ဆောင်မီ ဂမ္ဘီရမေးခြင်း သို့မဟုတ် ဗေဒင်ဟောခြင်းတို့ကို အားကိုးရမည်ဖြစ်သည်။ ဤသို့ အသက်ရှင်နေထိုင်ခြင်းသည် ပင်ပန်းသလော သို့မဟုတ် အဘယ်သို့နည်း။ (ပင်ပန်းပါသည်။) တကယ့်ကို ပင်ပန်းနွမ်းနယ်စရာပင်တကား။ ၎င်းတို့ အလိုရှိသော်ငြားလည်း ၎င်းတို့သည် လွတ်လပ်စွာနှင့် အေးချမ်းစွာ အသက်မရှင်နိုင်ကြ၊ သို့မဟုတ် ဤဆိုရိုးစကားများနှင့် စည်းမျဉ်းများ၏ ချုပ်ချယ်မှုများမှ မလွတ်မြောက်နိုင်ကြပေ။ ၎င်းတို့သည် ဤစည်းမျဉ်းများကို ချိုးဖောက်ပါက ဝိညာဉ်ဆိုးများက အလုပ်လုပ်ပြီး ၎င်းတို့ကို နှောင့်ယှက်ကြကာ ၎င်းတို့သည် ထိုဝိညာဉ်ဆိုးများ၏ အတင်းအကျပ် ထိန်းချုပ်ခြင်းကို ခံကြရသည့်အပြင် မိမိတို့၏ ဘဝများ ချောမွေ့စွာ ဖြစ်ရန်အလို့ငှာ ၎င်းတို့ကို နေ့စဉ် ကိုးကွယ်ရမည်ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ဤကံကျွေးချစနစ် အယူသီးမှုများ သို့မဟုတ် ဝိညာဉ်ဆိုးများ၏ လုပ်ဆောင်ချက်များဖြင့် ပိတ်လှောင်ခြင်းကို မခံရကြပေ။ ၎င်းတို့သည် မည်သည့် ရှောင်ကြဉ်ရမည့်အရာများကိုမျှ ရှောင်ရှားရန်မလိုဘဲ မိမိတို့အလိုရှိသည့်အတိုင်း အိမ်ပြောင်းနိုင်သည် သို့မဟုတ် သွားလာနိုင်သည်။ တရုတ်ပြည်မကြီးတွင် ကွန်မြူနစ်ပါတီသည် ဘာသာရေးယုံကြည်မှုများကို အစဉ်သဖြင့် ဖိနှိပ်ပြီး ညှဉ်းပန်းနှိပ်စက်သည်။ အကယ်၍ ယုံကြည်သူတစ်ဦးသည် နေရာတစ်ခုတွင် နောက်ထပ် မနေထိုင်နိုင်တော့ပါက လျင်မြန်စွာ ပြောင်းရွှေ့ရမည်ဖြစ်သည်။ ဤအတွက် မင်္ဂလာရှိသော နေ့ရက် သို့မဟုတ် အချိန်နာရီကို ရွေးချယ်ရန် သို့မဟုတ် တစ်စုံတစ်ခုကို ကိုးကွယ်ရန် ၎င်းတို့ လိုအပ်သလော။ မလိုအပ်ပေ။ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်က ၎င်းတို့ကို ကွယ်ကာသည်။ အရာရာတိုင်းသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်၊ ၎င်းတို့သည် ဤအရာများ၏ ချည်နှောင်ခြင်းကို မခံရကြပေ။ ၎င်းတို့သည် တစ်စုံတစ်ခုကို စားလိုသည့်အခါတိုင်း သို့မဟုတ် အိမ်မှထွက်ခွာလိုသည့်အခါတိုင်း နက္ခတ်ဗေဒကျမ်းကို တိုင်ပင်ရန် သို့မဟုတ် ရှောင်ကြဉ်ရမည့်အရာတစ်ခုကို ချိုးဖောက်ခြင်း ရှိမရှိ ကြည့်ရှုရန် လိုအပ်သလော။ မလိုအပ်ပေ၊ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းပြီး အရာရာတိုင်းသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်။ လူတို့သည် ဘုရားသခင်၏ အုပ်စိုးမှုနှင့် အချုပ်အခြာအာဏာအောက်တွင် ဘုရားသခင်၏ ကွယ်ကာခြင်းနှင့် လမ်းပြမှုတို့ဖြင့် အသက်ရှင်နေထိုင်သည့်အခါ၊ ဝိညာဉ်ဆိုးများနှင့် ညစ်ညူးသော မကောင်းဆိုးဝါးများ အကြီး၊ အသေးနှစ်ခုလုံးက အနားမကပ်နိုင်အောင် တားဆီးခြင်းခံရသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သောသူတို့အပေါ် အလုပ်မလုပ်ဝံ့ကြပေ။ ဤလူတို့သည် ကွယ်ကာခြင်းခံရသည် မဟုတ်လော။ ၎င်းတို့သည် လွတ်လပ်စွာနှင့် လွယ်ကူစွာ အသက်ရှင်နေထိုင်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကျေးဇူးတော်သည် ကြီးမြတ်သလော။ (ကြီးမြတ်ပါသည်။) သင်သည် သမ္မာတရားကို ရရှိပြီးဖြစ်သည်ဖြစ်စေ၊ မရရှိသေးသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်သောသူတစ်ဦး ဖြစ်နေသရွေ့၊ သင်သည် ဘုရားသခင်က ကြိုတင်သတ်မှတ်ပြီး ရွေးချယ်ထားသော သူတစ်ဦးဖြစ်ကာ၊ ဘုရားသခင်ရှေ့မှောက်သို့ သင်လာသည့်အခါ၊ သူသည် သင့်ကို ထိုသို့သော ကျေးဇူးတော်အား မွေ့လျော်ခံစားခွင့်ပေးလျက် ဤသို့ ကွယ်ကာပေးသည်။ ဤသည်မှာ အလွန်ကြီးမားသော ကျေးဇူးတော်ပင်တကား။ သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုနှင့် သင်၏ လှုပ်ရှားမှုအားလုံးသည် ဘေးကင်းလုံခြုံလျက်ရှိသည်။ ဘုရားသခင်သည် ဤအရာများအတွက် တာဝန်ယူပြီး ယင်းတို့ကို ကွယ်ကာသည်။ သို့ဖြစ်၍ သင် စိုးရိမ်ပူပန်ရန် မလိုအပ်ပေ။ အချိန်အများစုတွင် လူတို့သည် ဆုပင်မတောင်းကြ၊ သို့မဟုတ် “ငါ ဘုရားသခင်ထံ ဆုတောင်းမည်၊ ဘုရားသခင်ကို ငါ့အား ကွယ်ကာပေးရန် တောင်းလျှောက်မည်။ အရာရာ အဆင်ပြေပြီး မကောင်းသည့်အရာ မည်သည့်အရာမျှ မဖြစ်ဖို့ ငါ မျှော်လင့်သည်”ဟု မိမိတို့ဘာသာ သတိရှိရှိဖြင့် မစဉ်းစားကြပေ။ သင် ဆုတောင်းရန်ပင် မလိုအပ်ပေ။ သင့်စိတ်နှလုံးထဲတွင် “ငါ ဘုရားသခင်ကို ယုံကြည်သည်၊ အရာရာတိုင်းသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်” ဟူသော ရိုးရှင်းသည့် ယုံကြည်စိတ်ချမှု ရှိနေသရွေ့ ဘုရားသခင်က ပြုမူဆောင်ရွက်လိမ့်မည်။ လူတို့သည် ဘုရားသခင်ထံမှ ထိုသို့သော ကြီးမားသည့် ကျေးဇူးတော်ကို မွေ့လျော်ခံစားကြရသည်။ ဤသည်မှာ အနည်းငယ်မျှ ရရှိခြင်းလော။ (အတော်အတန် များစွာ ရရှိခြင်း ဖြစ်ပါသည်။) ဘုရားသခင်သည် လောကတွင် တစ်ဆူတည်းသော အချုပ်အခြာအာဏာရှင် ဖြစ်သည်။ သင်၏ အသက်နှင့် သင်ပိုင်ဆိုင်သမျှအရာအားလုံးသည် ဘုရားသခင်၏ လက်ထဲတွင်၊ ဤအချုပ်အခြာအာဏာရှင်၏ လက်ထဲတွင် ရှိသည်။ သင်၏ စိတ်နှလုံးက အေးချမ်းသည်၊ တည်ငြိမ်သည်၊ ငြိမ်သက်သည်ဟု ခံစားရပြီး သင်သည် မည်သည့်အရာကိုမျှ စိုးရိမ်ပူပန်ရန် မလိုအပ်ပေ။ ဘုရားသခင်နှင့်ပတ်သက်၍ အသိပညာ မည်မျှ သင်ရှိသည်ဖြစ်စေ၊ သမ္မာတရားမည်မျှကို သင် နားလည်သည်ဖြစ်စေ၊ သင့်စိတ်နှလုံးထဲတွင် ဤအရာကို သင် လုံးဝ သေချာနိုင်ပေသည်။ အရာရာသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်။ ဘုရားသခင်ကို ယုံကြည်သူတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် သူ့အတွက် နေရာတစ်ခုရှိပြီး သမ္မာတရားကို နားလည်ပါက၊ ဝိညာဉ်ဆိုးများသည် နှောင့်ယှက်ရန်၊ ထိခိုက်နစ်နာစေရန် သို့မဟုတ် အနားမကပ်ဝံ့ကြပေ။ အကျိုးဆက်အနေဖြင့် ယုံကြည်သူတို့သည် ထိုမလိုအပ်သော လုပ်ငန်းစဉ်များတွင် ပါဝင်ရန် မလိုအပ်ပေ။ ဤသည်မှာ အလွန်ကြီးမားသော ကျေးဇူးတော်ပင်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှ မည်သည့်အရာမျှ မရရှိခဲ့ဟု အဘယ်သို့ ပြောဆိုနိုင်သေးသနည်း။ သင်သည် ဩတ္တပစိတ်ကင်းမဲ့နေသည် မဟုတ်လော။ အခြားမည်သည့်အရာကိုမျှ မကြည့်ဘဲ၊ မည်သည့်အရာမျှ မရရှိခဲ့ဟု ဆိုရုံမျှသည် လူတစ်ဦး၏ လုံးဝ ဩတ္တပစိတ်ကင်းမဲ့ခြင်းကို သက်သေပြပြီး၊ ထိုသူ၏ အသိစိတ်သည် လုံးလုံးလျားလျား ဆိုးရွားနေကြောင်းကို သက်သေပြသည်။ ကျန်သည့်အရာများနှင့်ပတ်သက်၍ နောက်ထပ် မည်သည့်အရာကိုမျှ ပြောဆိုရန် မလိုအပ်ပေ။

ဘုရားသခင်သည် အပြန်အလှန်အားဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ သူ၏နှုတ်ကပတ်တော်များကို လူတို့အား ထောက်ပံ့ပေးလျက် သမ္မာတရားနှင့် အသက်ကို ပေးသနားသည်။ လူတို့သည် မိမိတို့၏ ဝိညာဉ်ရင့်ကျက်မှုမှာ မကြီးသေးကြောင်း၊ သမ္မာတရားများစွာကို နားမလည်သေးကြောင်းနှင့် မိမိတို့နားလည်သည့်အနည်းငယ်ကို ရှင်းလင်းစွာ မဖော်ပြနိုင်ကြောင်း ခံစားရနိုင်သော်လည်း၊ ဘုရားသခင်က ၎င်းတို့အား ပေးပြီးဖြစ်သော ဤအရာများ၊ ဘုရားသခင်၏ ဤချစ်ခင်မှုနှင့် မေတ္တာသည် အလွန်ကြီးမားသော ကျေးဇူးတော်ပင်တကား။ ဘုရားသခင်သည် လူတို့အား အဖိုးတန်ဆုံးသောအရာများကို ပေးပြီးဖြစ်သည်။ လူတို့သည် လောကတွင် တန်ဖိုးအရှိဆုံးသောအရာများကို ဘုရားသခင်ထံမှ လက်ခံရရှိခဲ့ပြီးဖြစ်သည်။ ထိုအရာကို သင် ခံစားရသည်ဖြစ်စေ၊ မခံစားရသည်ဖြစ်စေ၊ ဘုရားသခင်သည် ဤအရာများကို လူသားအား ပေးထားပြီးသားဖြစ်သည်။ လူတို့သည် အဘယ်အရာကို စောဒကတက်ရန် ရှိသေးသနည်း။ ၎င်းတို့သည် ဤအရာများကို လက်ခံရရှိရန် ထိုက်တန်ကြသလော။ ဘုရားသခင်က ရွေးချယ်ထားသောသူတို့သည် လောကတွင် အပျော်ရွှင်ဆုံးသောလူများ ဖြစ်ကြသည်။ သင်သည် ဘုရားသခင်၏ ရွေးချယ်ခြင်းနှင့် ရွေးကောက်ခြင်းကို ခံရပြီးဖြစ်သည်။ သင်သည် လောကတွင် အပျော်ရွှင်ဆုံးနှင့် ကံအကောင်းဆုံးသောလူများထဲမှ တစ်ဦးဖြစ်သည်။ သင်သည် မည်သည့်အရာမျှ မရရှိခဲ့ဟု အဘယ်သို့ ပြောဆိုနိုင်သနည်း။ ဘုရားသခင်က သင့်ကို ရွေးချယ်ကာ ရွေးကောက်ပြီးဖြစ်သောကြောင့် သင်သည် အပျော်ရွှင်ဆုံးနှင့် ကံအကောင်းဆုံးသောလူများထဲမှ တစ်ဦး ဖြစ်လာခဲ့ပြီးဖြစ်ကာ၊ ထို့ကြောင့် ဝိညာဉ်ဆိုးများနှင့် ညစ်ညူးသော မကောင်းဆိုးဝါးများသည် သင့်အနားသို့ မကပ်ဝံ့ကြပေ။ အချို့လူများက “ယင်းမှာ ကျွန်ုပ်၏ အဆင့်အတန်းနှင့် ပင်ကိုလက္ခဏာသည် ဂုဏ်သရေရှိလာသည်ဟု ဆိုလိုပါသလော”ဟု မေးကြသည်။ ဤသို့ ပြော၍ရသလော။ ပြော၍မရပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဘုရားသခင်၏ မေတ္တာနှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကြောင့်သာ ဖြစ်သောကြောင့်ဖြစ်သည်။ လူတို့သည် အလွန်များစွာ ရရှိပြီးဖြစ်သည်။ ဤဘဝတစ်ခုတည်း၌ပင် လူတို့သည် အလွန်များစွာ ရရှိပြီးဖြစ်သည်။ လူတို့သည် ဤအရာအားလုံးကို လက်ခံရရှိရန် မည်သို့ဖြစ်ပြီး လုံးဝ အရည်အချင်းပြည့်မီကြသနည်း။ ဘုရားသခင်ကို ယုံကြည်သောသူအချို့သည် သမ္မာတရားကို လုံးဝမလိုက်စားသည့်အပြင်၊ “ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခြင်းမှ ကျွန်ုပ် အဘယ်အရာ ရရှိလေပြီနည်း”ဟု ဆက်လက်ပြောဆိုနေကြဆဲဖြစ်သည်။ ထိုအရာကို သင်ကိုယ်တိုင် တွက်ချက်၍မရနိုင်သလော။ သင့်အနေဖြင့် သမ္မာတရားကို နားလည်ခြင်း ရှိမရှိ၊ မကောင်းမှုကို မည်မျှလျော့နည်းစွာ သင် ကျူးလွန်ပြီးဖြစ်သည်ဟူသည်တို့ကို သင်၏စိတ်နှလုံးထဲတွင် သင်သိသည်။ ထို့ထက်ပင်ပို၍ ကျေးဇူးတော်မည်မျှအား သင် မွေ့လျော်ခံစားရပြီးဖြစ်သည်ကို သင်၏စိတ်နှလုံးထဲတွင် သင်သိသည်။ သင်၏စိတ်နှလုံးထဲတွင် သင်သည် ဤအချက်များအပေါ် ရှင်းလင်းနေပါက၊ သင်သည် အလွန် အသိစိတ် ကင်းမဲ့သော ထိုသို့သောအရာများကို ပြောဆိုမည်မဟုတ်ပေ။ အချို့ကလည်း “ဘုရားအိမ်တော်သည် ကျွန်ုပ်၏ အစားအစာ၊ အဝတ်အစားနှင့် အမိုးအကာကိုလည်း ထောက်ပံ့ပေးသည်”ဟု ပြောဆိုကြသည်။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်၊ ကွယ်ကာခြင်းတို့နှင့် နှိုင်းယှဉ်လျှင် အလွန်သေးငယ်သည် မဟုတ်လော။ ဤသည်မှာ ပြောပင်မပြောထိုက်သည် မဟုတ်လော။ သို့သော်လည်း ဩတ္တပစိတ်ရှိသောသူတို့သည် ယင်းမှာ မပြောထိုက်သော်လည်း၊ ဘုရားသခင့် ကျေးဇူးတော်နှင့်သက်ဆိုင်နေဆဲဖြစ်သည်ကို ခံစားကြရသည်။ ဘုရားသခင်၏ ကျေးဇူးတော်သည် အတိုင်းမသိဖြစ်သည်။ ဘုရားသခင်သည် လူတို့အား အလွန်များစွာ ပေးပြီးဖြစ်သည်။ ထိုရုပ်ဝတ္ထုဆိုင်ရာ အရာများနှင့် ပတ်သက်၍မူ၊ ဘုရားသခင်၏ ရှုထောင့်အမြင်မှကြည့်လျှင်၊ သူသည် ထိုအရာများကို ထည့်ပင်ထည့်မတွက်ပေ။

ဘုရားသခင်၏ လုပ်ဆောင်ချက်များထဲမှ ကဏ္ဍတစ်ခုမှာ လူတို့ကို ကွယ်ကာရန်ဖြစ်ပြီး၊ နောက်တစ်ခုမှာ ၎င်းတို့ ကယ်တင်ခြင်းခံနိုင်ရန်အလို့ငှာ ကယ်တင်ခြင်းလမ်းကြောင်းပေါ်သို့ ၎င်းတို့ကို ဦးဆောင်လမ်းပြရန် ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ ဤရည်ရွယ်ချက်နှင့် ၎င်းတို့အပေါ်ထားသည့် သူ၏ မေတ္တာကို မွေ့လျော်ခံစားကြရပြီးဖြစ်ကာ၊ ဘုရားသခင်သည် ၎င်းတို့အပေါ် ကြွယ်ဝသော ကျေးဇူးတော်ကို ပေးသနားခဲ့သည်တကား။ ထို့အပြင်၊ အရေးကြီးဆုံးသောအရာတစ်ခု ရှိသည်။ ယင်းမှာ ဘုရားသခင်က လူတို့အပေါ် ပေးသနားခဲ့သည့် သမ္မာတရား၊ တိတိကျကျဆိုရလျှင်၊ လူ့သမိုင်းတစ်လျှောက်၊ မည်သည့်ခေတ်အခါတွင်မျှ မည်သူမျှ မကြားဖူး၊ မရရှိဖူးသော နှုတ်ကပတ်တော်များ ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို အကြိမ်မည်မျှ ဖန်ဆင်းပြီးဖြစ်သည်ဖြစ်စေ၊ သူသည် ဤအမှုကို မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့သည့်အပြင် ဤနှုတ်ကပတ်တော်များကို မမိန့်မြွက်ခဲ့ပေ။ လူသားမျိုးနွယ်နှင့် ဆက်စပ်သော နက်နဲမှုအားလုံး၊ လူတို့ ခံနိုင်သော၊ သဘောပေါက်နိုင်သော၊ နားလည်နိုင်သောအရာအားလုံးကို ဘုရားသခင်သည် သင်တို့အား ပြောပြပြီးဖြစ်ပေသည်။ ဤနက်နဲမှုများ၊ ဤသမ္မာတရားများကို ပမာဏတစ်ခုတလေဖြင့် တိုင်းတာ၍ရနိုင်သလော။ ယင်းတို့ကို တိုင်းတာ၍မရနိုင်ပေ။ လူတို့သည် ဘဝပေါင်းများစွာတိုင် ယင်းတို့ကို ကုန်ခမ်းသွားအောင် မွေ့လျော်မခံစားနိုင်ကြပေ။ ငါ အဘယ်ကြောင့် ဤသို့ပြောဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များသည် လူတို့၏ ဖြစ်တည်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး ထာဝရကာလတိုင် တည်ရှိနိုင်သောကြောင့် ဖြစ်သည်။ သင်သည် တကယ်ပင် ရှင်သန်ကျန်ရစ်ပြီး ထာဝရအသက်ရှင်နိုင်လောက်အောင် ကံအကြောင်းလှမည်ဆိုလျှင်၊ ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများသည် သင့်ကို ထာဝရ ထောက်ပံ့ပေးနိုင်လိမ့်မည်။ ထာဝရ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ယင်းမှာ အချိန်၏ ကန့်သတ်ခြင်းမခံရဟု ဆိုလိုသည်၊ အကန့်အသတ်မဲ့ဟု ဆိုလိုသည်။ ယင်းကို ငါတို့ တိုက်ရိုက်အနက်ပြန်ဆိုလျှင် အဆုံးမရှိခြင်း၊ ဘုရားသခင်ကိုယ်တိုင်ကဲ့သို့ပင် ထာဝရ အသက်ရှင်ခြင်းကို ဆိုလိုသည်။ ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများသည် ထိုအချိန်အထိ တည်ရှိနိုင်၏။ “ထိုအချိန်” ဟူသည်မှာ လူ့ဘာသာစကားဖြင့် ဖော်ပြထားသော အချိန်နှင့်ဆိုင်သည့် အယူအဆနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုဖြစ်သော်လည်း ယင်းမှာ အမှန်တကယ်တွင် အကန့်အသတ်မရှိဟု ဆိုလိုသည်။ ငါ့ကို ပြောလော့၊ ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များ၏ တန်ဖိုးသည် ကြီးမြတ်သလော၊ မကြီးမြတ်သလော။ ယင်းမှာ အလွန့်အလွန်ကြီးမြတ်လှပေသည်။ သင်သည် ယင်းတို့ကို မလိုက်စားလျှင်၊ သင်၏ ဆုံးရှုံးမှုဖြစ်သည်။ သင် မိုက်မဲခြင်း ဖြစ်သည်။ သို့သော် သင်သည် ယင်းတို့ကို လိုက်စားလျှင်၊ ဤနှုတ်ကပတ်တော်များသည် သင့်အတွက် ဤဘဝသက်သက်ထက် များစွာကျော်လွန်သော တန်ဖိုးတစ်ခုကို ပိုင်ဆိုင်သည်။ ယင်းသည် ထာဝရကာလထဲထိ ကျယ်ပြန့်သည်။ ယင်းတို့သည် သင့်အတွက် အစဉ် ထိရောက်ပြီး အသုံးဝင်မည်ဖြစ်ကာ၊ သင့်ကို ထာဝရ ထောက်ပံ့ပေးလျက် ထာဝရ တန်ဖိုးနှင့် အဓိပ္ပာယ်ရှိနေလိမ့်မည်။ သင်သည် ဤနှုတ်ကပတ်တော်များကို နားလည်ပြီး၊ ရရှိကာ၊ ယင်းတို့အားဖြင့် အသက်ရှင်မည်ဆိုလျှင်၊ သင်သည် ထာဝရ အသက်ရှင်နိုင်ပေလိမ့်မည်။ ပို၍ရိုးရှင်းသော ဝေါဟာရများဖြင့် ပြောရလျှင်၊ သင်သည် သေခြင်းအရသာကို မမြည်းစမ်းရဘဲ ထာဝရ အသက်ရှင်လိမ့်မည်။ ဤသည်မှာ လူတို့ အိပ်မက်မက်သည့်အရာတစ်ခု မဟုတ်လော။ မရေမတွက်နိုင်သော ခေတ်ကာလများ ကုန်လွန်သွားလိမ့်မည်၊ မရေမတွက်နိုင်သော လူတို့ သေဆုံးသွားပြီးဖြစ်လိမ့်မည်ဖြစ်သော်လည်း သင်သည် အသက်ရှင်နေလိမ့်ဦးမည်။ မည်သည့်နည်းလမ်းအားဖြင့် သင် အသက်ရှင်နေလိမ့်ဦးမည်နည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့်၊ သမ္မာတရားအားဖြင့် ဤသို့ ဆက်လက်အသက်ရှင်ရန် အရည်အချင်းများ ရှိနေမည်ဖြစ်သည်။ ဤသို့ အဆက်မပြတ်သောအသက်ဖြင့် သင်သည် အဘယ်အရာကို လုပ်ဆောင်မည်နည်း။ သင့်တွင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်၊ ဘုရားသခင်၏ ဦးဆောင်မှု ရှိပြီး၊ သင့်တွင် အထူးတာဝန်တစ်ခုလည်း ရှိသည်။ သင်၏ အထူးတာဝန်မှာ အဘယ်နည်း။ သင်သည် သူ၏ နှုတ်ကပတ်တော်များကို အသက်ရှင်နေထိုင်ခြင်းအားဖြင့်၊ ဘုရားသခင်သည် သင့်အား သူ့ကို ဘုန်းထင်ရှားစေချင်ပြီး သူ၏ သက်သေခံချက် ဖြစ်စေလိုသည်။ ဤသည်မှာ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ တန်ဖိုး ဖြစ်သည်။ ဤခေတ်တွင် လူတို့ကြားရသော၊ ထိတွေ့ရသော၊ တွေ့ကြုံခံစားရသော သမ္မာတရားနှင့် နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် အရေးပါမှုသည် ထာဝရကာလတိုင် တည်ရှိလိမ့်မည်။ အဘယ်ကြောင့် ယင်းတို့သည် ထာဝရကာလတိုင် တည်ရှိလိမ့်မည်နည်း။ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များသည် ဓမ္မပညာတစ်ခု၊ သီအိုရီတစ်ခု၊ ဆောင်ပုဒ်တစ်ခု သို့မဟုတ် အသိပညာတစ်မျိုးမျိုး မဟုတ်ဘဲ၊ အသက်၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ သင်သည် ဤနှုတ်ကပတ်တော်များကို ရရှိသရွေ့၊ ယင်းတို့အားဖြင့် အသက်ရှင်ပြီး၊ ယင်းတို့အားဖြင့် ရှင်သန်နေသရွေ့၊ ဘုရားသခင်သည် သင့်ကို ဆက်လက်အသက်ရှင်ခွင့်ပြုလိမ့်မည်ဖြစ်ပြီး သေခွင့်ပြုလိမ့်မည်မဟုတ်ပေ။ ဆိုလိုသည်မှာ၊ သူသည် သင့်ကို ဖျက်ဆီးလိမ့်မည်မဟုတ် သို့မဟုတ် သင်၏အသက်ကို သိမ်းဆည်းလိမ့်မည်မဟုတ်ပေ။ သူသည် သင့်ကို ဆက်လက်အသက်ရှင်ခွင့်ပြုလိမ့်မည်။ ဤသည်မှာ ကြီးမားသော ကောင်းချီးမင်္ဂလာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်၊ ကြီးမြတ်ပါသည်။) ဤနှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်သည် သင့်အား ဤဘဝတွင် ဤကောင်းချီးမင်္ဂလာကို ကြိုတင်မြည်းစမ်းစေချင်ပြီး နောင်ဘဝတွင် ယင်းကို ရရှိစေလိုသည်။ ဤသည်မှာ ဘုရားသခင်၏ ကတိတော် ဖြစ်သည်။ ဘုရားသခင်က လူသားမျိုးနွယ်အား ပေးထားပြီးဖြစ်သည့် အလွန်ကြီးမားသော ကတိတော်ကို စဉ်းစားဆင်ခြင်ကြည့်သည့်အခါ၊ လူတို့သည် များစွာ ရရှိပြီးပြီလော။ (ရရှိပြီးဖြစ်ပါသည်။) ဘုရားသခင်သည် အားလုံးထံ အသိပေးလျက် လူသားမျိုးနွယ်အား ထိုသို့သော ကြီးမားသည့် ကတိတော်တစ်ခုကို ပြုပြီးဖြစ်သည်။ သူသည် သင့်အား ထိုအရာကို အခမဲ့ လာယူခွင့်ပေးလျက် ထိုအကြောင်းကို ပြောပြပြီးဖြစ်သည်။ သင်သည် သင်၏အသက်ကို စတေးရန် သို့မဟုတ် သင်၏ ပိုင်ဆိုင်မှုအားလုံးကို လွှဲအပ်ရန် မလိုအပ်ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ရန်သာ လိုအပ်ပြီး၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် သူ၏ လိုအင်ဆန္ဒများအတိုင်း ပြုမူဆောင်ရွက်ရန်သာ လိုအပ်သည်။ ပြီးလျှင် သင်သည် ဘုရားသခင်ထံမှ ဤကတိတော်ကို ရရှိနိုင်ပေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်အား များစွာ ပေးထားပြီးဖြစ်သည် မဟုတ်လော။ သင်သည် လက်ရှိတွင် ဤကတိတော်ကို ရရှိမည့် လမ်းကြောင်းပေါ်၌ ရှိနေသည်။ သင်သည် ယင်းကို အပြည့်အဝ မရရှိသေးသော်လည်း၊ အနည်းငယ်သာ ရရှိပြီးခြင်းဖြစ်သလော။ ဘုရားသခင်က လူသားမျိုးနွယ်အပေါ် ပေးသနားပြီးဖြစ်သည့် ကတိတော်ကို ကြည့်သည့်အခါ၊ လူတို့သည် အတော်အတန် များစွာ ရရှိပြီးဖြစ်သည်။ ၎င်းတို့သည် သိသာထင်ရှားသော အကျိုးကျေးဇူးတစ်ခုကို ရရှိပြီးဖြစ်သည်။ ၎င်းတို့သည် ဆုံးရှုံးခြင်းမရှိသေး သို့မဟုတ် မည်သည့်ဆုံးရှုံးမှုများကိုမျှလည်း လုံးဝ မခံစားခဲ့ရပေ။ ၎င်းတို့သည် အချိန်အနည်းငယ်ကိုသာ ရင်းနှီးမြှုပ်နှံခဲ့ပြီး၊ ၎င်းတို့၏ ခန္ဓာသည် ပင်ပန်းဆင်းရဲမှုအချို့ကို ကြံ့ကြံ့ခံရပြီးဖြစ်ကောင်းဖြစ်မည်။ ၎င်းတို့သည် အချို့သော ကိုယ်ရေးကိုယ်တာ အိမ်တွင်းသာယာမှုတစ်ခုခု၊ ကိုယ်ရေးကိုယ်တာ ဇာတိပကတိဆိုင်ရာ နှစ်သက်မှုများနှင့် လိုအင်ဆန္ဒများကို စတေးပြီးဖြစ်ကောင်းဖြစ်နိုင်သည်။ မိမိတို့၏ ကိုယ်ပိုင် ရည်သန်မျှော်မှန်းချက်များ၊ စိတ်ဝင်စားမှုများနှင့် ဆန္ဒများအချို့၊ စသည်တို့ကို စွန့်လွှတ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်း၊ သမ္မာတရားကို နားလည်ခြင်း၊ ကယ်တင်ခြင်းကို ရရှိခြင်းနှင့် ဘုရားသခင်၏ ကတိတော်ကို လက်ခံရရှိခြင်းတို့နှင့် နှိုင်းယှဉ်လျှင်၊ ထိုကိုယ်ရေးကိုယ်တာ အလားအလာများ၊ ပန်းတိုင်များနှင့် ရည်သန်မျှော်မှန်းချက်များအားလုံးသည် မဖော်ပြထိုက်ပေ။ အကြောင်းမှာ ထိုအရာများသည် သင့်ကို ငရဲသို့သာ ပို့ဆောင်နိုင်ပြီး၊ ဘုရားသခင်သည် ထိုအရာများအတွက် သူ၏ ကတိတော်ကို သင့်အား ပေးအပ်မည်မဟုတ်သောကြောင့် ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့်၊ လူတို့သည် အကန့်အသတ်ရှိသော အချိန်ပမာဏတစ်ခု၊ ၎င်းတို့ ပေးဆပ်ရန် လိုလားပြီး ပေးဆပ်နိုင်စွမ်းရှိသော အဖိုးအခတစ်ခုကို ရင်းနှီးမြှုပ်နှံသည့်အခါ၊ နောက်ဆုံးတွင် ၎င်းတို့သည် သမ္မာတရားကို နားလည်လာကြပြီး၊ ဘုရားသခင်၏ ဖန်ဆင်းခြင်းအချိန်ကတည်းက လူသားမျိုးနွယ်အနေဖြင့် နားမလည်ခဲ့သည့်အချို့သော နက်နဲမှုများ၊ မိမိကိုယ်ကို ကျင့်ကြံပြုမူခြင်းအတွက် စည်းမျဉ်းများ၊ အဖြစ်အပျက်များနှင့် အမှုအရာအားလုံး၏ အချို့သော အနှစ်သာရများနှင့် အရင်းခံအကြောင်းရင်းများ စသည်တို့ကို သဘောပေါက်လာကြသည်။ သာ၍ပင် အရေးကြီးသည်မှာ၊ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ သိကျွမ်းမှုအချို့ကို ရရှိပြီး သူ့ကို ကြောက်ရွံ့နိုင်ကြခြင်း ဖြစ်သည်။ ဤအရာအားလုံးကို ရရှိပြီးဖြစ်ရာ၊ ထိုသို့သော အဖိုးအခကို ပေးဆပ်ရကျိုးနပ်သည် မဟုတ်လော။ လူတို့တွင် မည်သည့် နာကြည်းချက်များ ရှိသနည်း။ ဘုရားသခင်ကို ယုံကြည်ခြင်းမှ မည်သည့်အရာမျှ မရရှိဟု ၎င်းတို့ အဘယ်ကြောင့် ပြောဆိုကြသနည်း။ ၎င်းတို့၏ အသိစိတ်သည် လုံးဝ ပုပ်ပျက်သွားပြီ မဟုတ်လော။ သင်သည် အလွန်များစွာ ရရှိပြီးဖြစ်ကာ၊ သင် ကျေနပ်ရောင့်ရဲခြင်း မရှိသေးပေ။ နောက်ထပ် မည်သည့်အရာကို သင် လိုချင်သနည်း။ သင့်ကို သမ္မတတစ်ဦး သို့မဟုတ် ဘီလျံနာတစ်ဦး ဖြစ်စေလျှင် သင် စိတ်ကျေနပ်မည်လော။ ဘုရားသခင်က သင့်အား ထိုအရာများကို ပေးမည်ဆိုလျှင်၊ သင်သည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံရပြီးဖြစ်မည်မဟုတ်ပေ။ ဘုရားသခင်သည် ဤသို့သောလူများကို ရယူရန် အလိုမရှိပေ။

လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှ မည်သည့်အရာမျှ မရရှိခဲ့ဟု အစဉ်အမြဲ ပြောဆိုကြသည်။ ယင်းက ၎င်းတို့အနေဖြင့် အသိစိတ်ကင်းမဲ့ကြောင်း၊ သမ္မာတရားကို နားလည်သဘောပေါက်နိုင်စွမ်း လုံးဝ ကင်းမဲ့ကြောင်း၊ သမ္မာတရားကို မလိုက်စားကြောင်းနှင့် ကိုယ်ကျင့်စရိုက်အထူးပင် နိမ့်ကျကြောင်းကို ပြသသည်။ ထိုသို့သောလူတို့သည် ဘုရားသခင် လုပ်ဆောင်သည့်အရာ၊ ဘုရားသခင်က လူတို့အပေါ် သတ်မှတ်သည့်အရာနှင့် ဘုရားသခင်က လူတို့အပေါ် ပေးသနားပြီးဖြစ်သည့်အရာ စသည်တို့နှင့်ပတ်သက်၍ ဖြူစင်သော နားလည်သဘောပေါက်မှု မရှိကြပေ။ နောက်ဆုံးတွင်၊ အမှုအရာများက ၎င်းတို့ကို အနည်းငယ် မကျေမနပ်ဖြစ်စေရန် ဖြစ်ပျက်လာသည့်အခါ၊ ၎င်းတို့ မျိုသိပ်ထားရသော အလွန်များသည့် ဒေါသက ချက်ချင်း ပေါက်ကွဲထွက်လေသည်။ “ဘုရားသခင်ကို ယုံကြည်ခြင်းမှ ကျွန်ုပ် ဘာရခဲ့သနည်း။ ကျွန်ုပ်၏ ခန္ဓာသည်အလွန်များစွာ ဆင်းရဲဒုက္ခခံရပြီးဖြစ်သည်။ အသင်းတော်က ကျွန်ုပ်ကို ပေးအပ်သည့် မည်သည့်တာဝန်ကိုမဆို ကျွန်ုပ် ထမ်းဆောင်ခဲ့သည်။ မည်မျှပင်ပန်းသည်ဖြစ်စေ၊ မည်မျှမောပန်းသည်ဖြစ်စေ၊ ကျွန်ုပ် မည်သည့်အခါမျှ မညည်းညူခဲ့ပါ။ အခက်အခဲများ မည်မျှကြီးမားသည်ဖြစ်စေ၊ မည်သည့်အရာမျှ ကျွန်ုပ် မပြောခဲ့ပါ။ ဘုရားအိမ်တော်အပေါ် မည်သည့်တောင်းဆိုမှုကိုမျှ ကျွန်ုပ် မည်သည့်အခါမျှ မပြုလုပ်ခဲ့ပါ။ ကျွန်ုပ်၏ ကြီးမားသော ချစ်ခြင်းနှင့် ကြီးမားသော သစ္စာစောင့်သိမှုတို့ဖြင့်၊ ကျွန်ုပ် မည်သည့်အရာကို ရရှိလေပြီနည်း။ ကျွန်ုပ်ပင်လျှင် မည်သည့်အရာမျှ မရရှိပါက၊ အခြားသူများမှာ တစ်ခုတလေကို ရရှိရန် မျှော်လင့်ချက် သာ၍ပင် နည်းပါးသည်တကား”ဟူ၍ ဖြစ်သည်။ သွယ်ဝိုက်ညွှန်းဆိုချက်မှာ “သင်တို့သည် ကျွန်ုပ်လောက် ပူဇော်ဆက်ကပ်ခြင်း မရှိလေပြီ။ ကျွန်ုပ် ပေးပြီးသော အဖိုးအခကို သင်တို့ မပေးရလေပြီ။ ကျွန်ုပ်ပင်လျှင် မည်သည့်အရာမျှ မရရှိခဲ့ပါက၊ သင်တို့ အဘယ်အရာကို ရနိုင်မည်နည်း။ သင်တို့အားလုံး သတိထားရန် လိုအပ်သည်၊ မမိုက်မဲကြနှင့်”ဟူ၍ ဖြစ်သည်။ ထိုသို့သောလူတို့သည် အသိစိတ်ကင်းမဲ့ကြသည် မဟုတ်လော။ အသိစိတ်ကင်းမဲ့သောသူတစ်ဦးသည် မိုက်မဲပြီး ခေါင်းမာသော စကားများကို အစဉ်အမြဲ ပြောဆိုသည်။ ၎င်းတို့သည် ဘုရားသခင် ပြောဆိုခဲ့သော များပြားလှသည့် သမ္မာတရားများထဲမှ တစ်ခုကိုမျှ၊ သို့မဟုတ် ဖြူစင်ပြီး အပြုသဘောဆောင်သည့် အရာများစွာနှင့် ဖော်ပြချက်များအားလုံးထဲမှ တစ်ခုကိုမျှ နားမလည်နိုင်ဘဲ၊ ထိုအစား ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်သဘောထားအမြင်များကို ခေါင်းမာစွာ ဖက်တွယ်ထားကြသည်။ “ကျွန်ုပ်သည် ဘုရားသခင်အတွက် ဆင်းရဲဒုက္ခများကို ခါးစည်းခံပြီး အဖိုးအခကို ပေးသည်။ ထို့ကြောင့် ဘုရားသခင်သည် ကျွန်ုပ်ကို ကောင်းချီးပေးရမည်ဖြစ်ပြီး၊ အခြားသူများထက် ပို၍ ရရှိခွင့်ပြုရမည်။ ထိုသို့မဟုတ်လျှင်၊ ကျွန်ုပ်သည် ပွင့်အံချမည်၊ ပေါက်ကွဲမည်၊ ကျွန်ုပ် ဆဲဆိုကြိမ်းမောင်းမည်။ ကျွန်ုပ် အလိုရှိသည့် မည်သည့်အရာကိုမဆို ဘုရားသခင်က ကျွန်ုပ်ကို ပေးအပ်ရမည်ဖြစ်ပြီး၊ ကျွန်ုပ် မရရှိပါက၊ ဘုရားသခင်သည် မဖြောင့်မတ်သည့်အပြင်၊ မည်သည့်အရာမျှ မရရှိခဲ့ဟု ကျွန်ုပ် ပြောဆိုမည်။ ဤသည်မှာ အမှန်တရားကို တဲ့တိုးပြောဆိုခြင်း ဖြစ်သည်။” ၎င်းတို့သည် လူ့သဘာဝကင်းမဲ့ကြသည် မဟုတ်လော။ လူ့သဘာဝကင်းမဲ့သောသူတစ်ဦး၏ စကားများသည် သမ္မာတရားနှင့် ကိုက်ညီရန် မဆိုထားနှင့်၊ သေချာပေါက် ခိုင်မာစွာ မရပ်တည်နိုင်ပေ။ ဒုတိယအချက်မှာ ၎င်းတို့ထံမှ တောင်းဆိုရန် အနည်းငယ် များလွန်းပေသည်။ လူတစ်ဦး ပြောဆိုသည့် စကားများသည် မူမမှန်သော အကြောင်းပြချက်များမဟုတ်ဘဲ၊ တရားနည်းလမ်းကျသော တောင်းဆိုချက်များ၊ တရားနည်းလမ်းကျသော ဖော်ပြချက်များ ဖြစ်ရမည်။ မည်သူက နားထောင်သည်ဖြစ်စေ၊ မည်သူက အကဲဖြတ်သည်ဖြစ်စေ၊ ၎င်းတို့ ခိုင်မာစွာ ရပ်တည်ရမည်။ သို့သော်လည်း၊ ညံ့ဖျင်းသော လူ့သဘာဝရှိသည့် လူတို့၏ စကားများနှင့် လုပ်ဆောင်ချက်များသည် ခိုင်မာစွာ မရပ်တည်နိုင်ပေ။ ၎င်းတို့သည် ဝုန်းဒိုင်းကြဲသောင်းကျမ်းပြီး မိမိတို့၏ နာကြည်းချက်များကို ဖွင့်ချသည့်အခါ၊ အချို့လူများက “အဘယ်ကြောင့် ၎င်းတို့က မည်သည့်အရာမျှ မရရှိခဲ့ဟု ပြောဆိုကြသနည်း။ ဘုရားအိမ်တော်က ၎င်းတို့ကို တစ်နည်းနည်းဖြင့် မတရားဆက်ဆံခဲ့ခြင်း ဖြစ်နိုင်သလော။ ဘုရားအိမ်တော်၏ လုပ်ဆောင်ချက်အချို့သည် စည်းမျဉ်းများနှင့် မကိုက်ညီသည့်အပြင် ဖော်ထုတ်မရနိုင်ခြင်းကြောင့်လော။ ထိုသူသည် ပုံမှန်အားဖြင့် ဆင်းရဲဒုက္ခများကို ခါးစည်းခံနိုင်ပြီး အဖိုးအခကို ပေးဆပ်နိုင်စွမ်း အတော်ရှိပုံရသော်လည်း၊ ယနေ့တွင် သူသည် မည်သည့်အရာမျှ မရရှိခဲ့ဟု ဆိုလျက် အလွန်ပြင်းထန်စွာ ပေါက်ကွဲထွက်လေသည်။ သူသည် အမှန်တကယ်ပင် မည်သည့်အရာမျှ မရရှိခဲ့ပုံရသည်။ ဤသည်မှာ ဟန်ဆောင်မှုကင်းသောလူတစ်ဦးကို ဒေါသထွက်အောင် လှုံ့ဆော်ခြင်း မဟုတ်လော။ ကျွန်ုပ် သတိထားခြင်းက ပိုကောင်းပေမည်။ ကျွန်ုပ်၏ တာဝန်များကို ထမ်းဆောင်သည့်အခါ ယခင်ကကဲ့သို့ ထိုသို့သော ဆင်းရဲဒုက္ခကို ကြံ့ကြံ့မခံသင့်ပါ သို့မဟုတ် ထိုသို့သော အဖိုးအခကို မပေးဆပ်သင့်ပါ”ဟု တွေးကြသည်။ ဤသည်မှာ ပိုင်းခြားသိမြင်မှုကင်းမဲ့သော နားဝေတိမ်တောင်ဖြစ်သည့် လူအချို့ လွှမ်းမိုးခြင်းခံရပုံ ဖြစ်သည်။

အပျက်သဘောဆောင်ခြင်းကို မကြာခဏ ပွင့်အံချတတ်သော လူတို့အတွက်၊ ၎င်းတို့တွင် အမှန်တကယ် ဖော်ပြရန် သဘောထားအမြင်များ သို့မဟုတ် စိတ်ကူးများ ရှိပါက၊ ၎င်းတို့ကို ဦးစွာ စကားပြောခွင့်ပေးပြီး ၎င်းတို့၏ အမြင်များကို ဖော်ထုတ်ခွင့်ပေးလော့။ ၎င်းတို့ ဖော်ထုတ်ပြီးသည့်နောက်တွင်၊ လူတိုင်းက ဤသို့ နားလည်သွားလိမ့်မည်။ “၎င်းတို့ ပေးဆပ်ခဲ့သော အဖိုးအခသည် ၎င်းတို့ရရှိခဲ့သည့်အရာနှင့် မမျှဟု ၎င်းတို့ ခံစားရသည်။ ၎င်းတို့သည် မည်သည့်အကျိုးကျေးဇူးမျှ မရရှိခဲ့ဟူ၍လည်းကောင်း၊ ဆုံးရှုံးမှုများကို ခံစားခဲ့ရသည်ဟူ၍လည်းကောင်း ခံစားရသောကြောင့် မလိုမလားဖြစ်လာကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် မျှော်လင့်လျက်၊ ကျေးဇူးတော်နှင့် အကျိုးကျေးဇူးများကို တောင်းဆိုလျက် ဘုရားသခင်အပေါ် စောဒကတက်နေကြခြင်း ဖြစ်သည်။” သာမန်လူတစ်ဦးသည် ထိုသို့သောသူတစ်ဦးအား ၎င်းတို့ စကားပြောသည်ကို ကြားပြီးသည်နှင့်တစ်ပြိုင်နက် ပိုင်းခြားသိမြင်နိုင်သလော။ လူတိုင်းက ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်သည်နှင့်တစ်ပြိုင်နက်၊ ထိုသူကို “သင် စကားပြောခြင်း ပြီးပြီလော။ သင့်တွင် နောက်ထပ်ပြောစရာမရှိတော့လျှင် နှုတ်ဆိတ်လိုက်ပါ။ သို့မဟုတ် သင့်ကိုယ်သင် အရှက်ရစေလိမ့်မည်။ သင်၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝသည် လူတိုင်း၏ရှေ့မှောက်တွင် ဖော်ထုတ်ခြင်းခံရပြီး ချက်ချင်း မချုပ်တည်းပါက၊ ယင်းသည် လူအများ၏ ဒေါသကို ဆွပေးလိမ့်မည်။ လူတိုင်းက သင့်ကို ဖော်ထုတ်ပြီး ငြင်းပယ်သည့်အခါ၊ နောင်တရဖို့အတွက် အလွန်နောက်ကျသွားလိမ့်မည်”ဟု ပြောလော့။ ၎င်းတို့ကို ဤနည်းလမ်းဖြင့် သတိပေးလော့၊ ပြီးလျှင် ထိုသို့ပြုလုပ်ခြင်းအားဖြင့် သင်သည် ၎င်းတို့ကို ကန့်သတ်ပြီး ဖြစ်လိမ့်မည်။ သို့မဟုတ် သင်က၊ “သင် ဆုံးရှုံးသည်ဟု ခံစားရလျှင်၊ ဘုရားသခင်ကို သင် ယုံကြည်ရန် မလိုအပ်ပေ။ သင်သည် မည်သည့်အရာမျှ မရရှိခဲ့ဟု ခံစားရသည်၊ သို့ဆိုလျှင် သင် အတိအကျ မည်သည့်အရာကို ရရှိချင်သနည်း။ ယင်းမှာ ငွေအမြောက်အမြားရှာပြီး သူဌေးဖြစ်ရန်၊ သို့မဟုတ် ရာထူးမြင့်မြင့် ရရန်ဖြစ်ပါက ကျွန်ုပ် စိတ်မကောင်းပါ။ သို့သော် ဤအရာများသည် လူတစ်ဦးက လိုချင်ရုံမျှဖြင့် ရရှိနိုင်သောအရာများ မဟုတ်ပါ။ ဤအရာများသည် ဘုရားသခင်က အမိန့်ဖြင့် ပြဋ္ဌာန်းထားသော ကိစ္စရပ်များ ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် သူ၏ လူသားကယ်တင်ခြင်းအမှုတော်သည် လူတို့အား ဤအရာများကို ပေးရန်အတွက် မဟုတ်ပါ။ သင် ထိုအရာများကို ရနိုင်သည့် မည်သည့်နေရာကိုမဆို သွားလော့။ ဘုရားအိမ်တော်သည် လောကမဟုတ်၊ ယင်းသည် နတ်ဆိုးများနှင့် စာတန်များကို ဖြည့်ဆည်းမပေးနိုင်ပါ။ သင်သည် ထိုသို့သောအရာများကို ဘုရားအိမ်တော်ထံမှလည်းကောင်း၊ ညီအစ်ကိုမောင်နှမများထံမှလည်းကောင်း မတောင်းဆိုလျှင် ပိုကောင်းမည်။ အကယ်၍ သင်သည် ဘုရားသခင်ကို ဤအရာများ တောင်းဆိုဝံ့ပါက၊ သူ၏ စိတ်သဘောထားကို သင် ပုန်ကန်ပြစ်မှားလိမ့်မည်ဖြစ်ပြီး သူ၏ အမျက်ဒေါသကို ဆွမိလိမ့်မည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် လူတို့အား ကျေးဇူးတော်များစွာကို ပေးသနားခဲ့ပြီးဖြစ်သည့်အပြင်၊ လူတို့အား ၎င်းတို့၏အသက်ဖြစ်စေရန် သာ၍ပင် များပြားသော သမ္မာတရားများကို ပေးသနားခဲ့ပြီးဖြစ်သောကြောင့် ဖြစ်သည်။ သင်သည် သမ္မာတရားကို ရရှိခြင်းအား အဖိုးတန်သည်ဟု မရှုမြင်ခြင်းမှာ သင်၏ မိုက်မဲခြင်းနှင့် အသိဉာဏ်မဲ့ခြင်းကြောင့် ဖြစ်သည်”ဟုလည်း ပြောနိုင်သည်။ လူတိုင်းက ၎င်းတို့ကို ဤသို့ အပြစ်တင်ကြပြီး ပြုပြင်ကြသည်။ ဤလက်တွေ့လုပ်ဆောင်မှုကို သင်တို့ မည်သို့ထင်သနည်း။ သို့မဟုတ် သင်က၊ “ဘုရားအိမ်တော်သည် သင့်အပေါ် မည်သည့်အကြွေးမျှ မတင်ပါ။ သင်၏ ဘုရားသခင်အတွက် အသုံးခံခြင်းနှင့် သင်၏ တာဝန်များကို ထမ်းဆောင်ခြင်းတို့သည် အားလုံး မိမိသဘောဆန္ဒအလျောက် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်များကို ထမ်းဆောင်စပြုသည့်အချိန်မှစ၍ ဘုရားသခင်ထံမှ ကျေးဇူးတော်မည်မျှကို မွေ့လျော်ခံစားခဲ့ရသည်ကို သင် သိပါသလော။ သင့်တွင် အသိစိတ် တစ်ခုတလေမျှ ရှိပါက၊ မည်သည့်အရာမျှ မရရှိခဲ့ဟု ဘုရားသခင်ကို မပြောသင့်ပါ။ သင်သည် ဘုရားသခင်ရှေ့မှောက်သို့ လာရောက်ပြီး သင်၏ ကိုယ်ပိုင်ပြဿနာများကို အသိအမှတ်ပြုသင့်သည်။ ဘုရားသခင်က သမ္မာတရားဖြစ်ကြောင်း၊ ဘုရားသခင် လုပ်ဆောင်သမျှသည် သမ္မာတရားဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းကို သင် အမှန်တကယ် ယုံကြည်ပါက၊ သင်သည် ထိုသို့ မပြောဆိုသင့်ပါ။ သင် မညည်းညူသင့်ပါ။ သင်၏ လက်ရှိသဘောထားသည် ဘုရားသခင်ကို ယုံကြည်သောသူတစ်ဦး၌ ရှိသင့်သော သဘောထားမဟုတ်သည့်အပြင်၊ သမ္မာတရားကို ရှာဖွေသောသူတစ်ဦး၌ ရှိသင့်သော သဘောထားလည်း မဟုတ်ပေ။ သင်သည် ဖီဆန်ရန် ကြိုးစားနေခြင်း၊ ဘုရားသခင်နှင့် ပြဿနာဟောင်းများကို ပြန်နွေးရန် ကြိုးစားနေခြင်း ဖြစ်သည်တကား။ သင်သည် ဘုရားသခင်နှင့် လမ်းခွဲရန်၊ နောက်ဆုံးစာရင်းကို ရှင်းရန် ကြိုးစားနေခြင်း ဖြစ်သည်တကား။ သို့သော် ဘုရားသခင်သည် သင့်အပေါ် မည်သည့်အကြွေးမျှ မတင်သည့်အပြင်၊ ဘုရားအိမ်တော်သည်လည်း သင့်အပေါ် မည်သည့်အကြွေးမျှ မတင်ပေ။ အကယ်၍ သင်သည် ဘုရားအိမ်တော်နှင့် စာရင်းရှင်းမည်ဆိုလျှင်၊ သူ၏ အိမ်တော်မှ အမြန် ထွက်သွားလော့။ ဘုရားအိမ်တော်ကို မနှောင့်ယှက်နှင့်၊ သို့မဟုတ်ပါက သင်သည် သူ၏ အမျက်ကို ဆွပေးပြီး သူက သင့်ကို ဒဏ်ခတ်လိမ့်မည်။ ယင်းမှာ ကောင်းသော အကျိုးဆက်တစ်ခု ဖြစ်မည်မဟုတ်ပေ။ သင့်တွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား တစ်ခုတလေ ရှိပါက၊ သင်၏ ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် သင်၏ လိုက်စားမှုနောက်ကွယ်ရှိ အမြင်ရှုထောင့်နှင့် ပတ်သက်သည့်အရာ တစ်ခုတလေ မှားယွင်းခြင်း ရှိ၊ မရှိဟူသည်နှင့် သင် ရှိနေသော လမ်းကြောင်းသည် ဘုရားသခင်က သင့်အား လျှောက်လှမ်းရန် သတ်မှတ်သော လမ်းကြောင်း ဟုတ်၊ မဟုတ်ဟူသည်တို့ကို သိမြင်ရန် သင်သည် ဆုတောင်းပြီး ရှာဖွေရန် စိတ်ငြိမ်ငြိမ်ထားသင့်သည်။ သင်သည် ဘုရားသခင်အပေါ် အကျိုးအကြောင်းမညီညွတ်သော တောင်းဆိုမှုများစွာ၊ ကြီးမားသော နာကြည်းမှုများ ရှိနေသည်၊ ဤအရာက သင်၏ လိုက်စားမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းသွားပြီဖြစ်ကြောင်းကို ညွှန်ပြသည်။ သင်သည် ထိုသို့သော နက်ရှိုင်းသည့် နာကြည်းမှုကို တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း ကြီးထွားလာခဲ့ခြင်း မဟုတ်ပေ။ ယင်းသည် အချိန်ကြာမြင့်စွာ တည်ဆောက်လာခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ် သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းစတင်ခဲ့သည့်အချိန်မှစ၍ မှားယွင်းသော သဘောထားအမြင်တစ်ခုကို စိတ်ထဲတွင်ထားလျက် ဘုရားသခင်ရှေ့မှောက်သို့ လာရောက်နေခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပြီး၊ သူ မည်သည့်အရာကို ပြောဆိုခဲ့သည်ဖြစ်စေ သင်သည် ထုံထိုင်းနေခဲ့ကာ ရလဒ်အနေဖြင့် သင်သည် မည်သည့်နောင်တ သို့မဟုတ် မည်သည့် အကြွေးတင်ရှိခြင်းကိုမျှ လုံးဝ မခံစားရပေ။ ယနေ့ အမှုအရာများ ဤသို့ဖြစ်နေသည့်အခြေအနေသို့ ဆိုက်ရောက်စေခဲ့သည်မှာ ထိုအရာဖြစ်ကောင်းဖြစ်နိုင်သည်။ သင့်အနေဖြင့် အမြန်ဆုံး ဝန်ခံပြီး နောင်တရလျှင် ပိုကောင်းမည်။ နောင်တရရန် အချိန်ရှိသေးသည်။ သင်သည် နောင်တမရသည့်အပြင်၊ မကောင်းမှုကို ဆက်လက်လုပ်ဆောင်ပြီး အပျက်သဘောဆောင်ခြင်းကို ပွင့်အံချနေမည်ဆိုလျှင်၊ သင်သည် နတ်ဆိုးတစ်ကောင်၊ အန္တိခရစ်တစ်ကောင် ဖြစ်လာလိမ့်မည်။ ဘုရားအိမ်တော်က သင့်ကို ရှင်းလင်းပစ်သည့်အခါ၊ သင်သည် ကယ်တင်ခြင်းခံရရန် မည်သည့်အခွင့်အရေးမျှ ရှိတော့မည်မဟုတ်ပေ။ ဘုရားအိမ်တော်က ပြစ်တင်ရှုတ်ချသည့်အရာကို ဘုရားသခင်ကလည်း ပြစ်တင်ရှုတ်ချသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ခဲ့သော နှစ်ပေါင်းများစွာတစ်လျှောက် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်ပြီး အဖိုးအခကို ပေးဆပ်နိုင်စွမ်းရှိသည်ကို ထောက်ထား၍ ငါတို့သည် သင့်အား ဤသတိပေးချက်ကို ပေးနေခြင်း ဖြစ်သည်။ ငါတို့သည် သင့်အား အခွင့်အရေးတစ်ခု ပေးနေခြင်း ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ ကိုယ်ပိုင်နည်းလမ်းကိုသာ မလျှော့တမ်းလုပ်ဆောင်ပြီး အကြံဉာဏ်ကို နားထောင်ရန် ငြင်းဆန်ပါက၊ ဘုရားအိမ်တော်က သင့်ကို ရှင်းလင်းပစ်ရန် ဆုံးဖြတ်လိုက်သည့်အခါ၊ သင်သည် ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦး မဟုတ်တော့ပေ။ သင် ကယ်တင်ခြင်းခံရမည့် မျှော်လင့်ချက်မှာ သုညဖြစ်သွားလိမ့်မည်။ ထိုအချိန်ကျရောက်သည့်အခါ၊ သင်သည် အမှန်တကယ်ပင် မည်သည့်အရာမျှ ရရှိပြီးဖြစ်လိမ့်မည်မဟုတ်ပေ။ ထိုအခါ နောင်တမရနှင့်။ ယခု သင့်အတွက် အရေးအကြီးဆုံးမှာ သင်၏ အတွေးများ၊ သဘောထားအမြင်များနှင့် သင်၏ လိုက်စားမှု ဦးတည်ချက်တို့ကို ပြောင်းလဲပစ်ရန် ဖြစ်သည်။ အမှုအရာတစ်ခုခုကို ရရှိရန် အစဉ်အမြဲ မရှာဖွေနှင့်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်လော့။ ဘုရားသခင်က လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအကြောင်း ဖော်ထုတ်သည့်အရာထဲမှ မည်မျှကို သင် ဆင်ခြင်သုံးသပ်ပြီး မိမိကိုယ်တိုင်၌ သိရှိနိုင်သည်ကို ကြည့်ရှုလော့။ သင်ကိုယ်တိုင်၌ သင် ဖော်ထုတ်နိုင်သော ပြဿနာများ၊ သင် ရှင်းလင်းစွာ မြင်နိုင်သော ပြဿနာများကို သင် ဖြေရှင်းပြီးပြီလော။ ဘုရားသခင်အပေါ် သင်၏ ပုန်ကန်မှုကို သင် သတိပြုမိပြီလော။ သင် ယင်းကို ဖြေရှင်းပြီးပြီလော။ သင် ယခု ရင်ဆိုင်နေရသော အကြီးမားဆုံးပြဿနာမှာ ဘုရားသခင်နှင့် အစဉ်အမြဲ စာရင်းရှင်းလိုခြင်း ဖြစ်သည်။ ဤသည်မှာ အဘယ်ပြဿနာဖြစ်သနည်း။ ဤသည်မှာ ဖြေရှင်းရန်လိုအပ်သော ပြဿနာတစ်ခု မဟုတ်လော။ သင်သည် ဘုရားသခင်ကို အချို့သော ရည်ရွယ်ချက်ဖြင့်၊ စိတ်ထဲတွင် အပေးအယူတစ်ခုဖြင့် အစဉ်အမြဲ ယုံကြည်သည်။ သင်သည် ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးမင်္ဂလာများအတွက် ကြိုးစားအားထုတ်မှု၊ အသုံးခံခြင်းနှင့် ဇာတိပကတိဆိုင်ရာ ဆင်းရဲဒုက္ခတို့ကို လဲလှယ်ရန် မျှော်လင့်လျက် ကောင်းချီးများရရှိရန် အစဉ်အမြဲ စိတ်အားထက်သန်နေသည်။ ဤသည်မှာ ဓားပြတစ်ဦး၏ ဆင်ခြင်တွေးခေါ်မှုစနစ် မဟုတ်လော။ ဘုရားသခင်သည် မည်သို့သောလူစားမျိုးအပေါ် ကောင်းချီးများ ပေးသနားသည်၊ လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အဘယ်အရာဖြစ်သည်၊ ဘုရားသခင်သည် လူတို့အား မည်သည့်အရာကို ပြောဆိုခဲ့သည်၊ ဘုရားသခင်၏ ကတိတော်များကို လက်ခံရရှိရန် လူတို့ မည်သည့်အရာကို စွမ်းဆောင်ရရှိရန် လိုအပ်သည်ဟူသည်တို့ကို သင် အဘယ်ကြောင့် မကြည့်ရှုသနည်း။ အကယ်၍ သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး အမှန်တကယ် ကယ်တင်ခြင်းခံရလိုလျှင်၊ ဘုရားသခင်ထံမှ တစ်စုံတစ်ခုကို ရရှိရန် အမြဲ မကြိုးစားနှင့်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ မည်မျှကို လက်တွေ့လုပ်ဆောင်ပြီးဖြစ်သည်၊ သင့်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာသောသူတစ်ဦး ဟုတ်၊ မဟုတ်ဟူသည်တို့ကို ကြည့်ရှုရန် လိုအပ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာခြင်းသည် ရုပ်ပိုင်းအရ အနည်းငယ် ဆင်းရဲဒုက္ခခံကာ အဖိုးအခအနည်းငယ် ပေးဆပ်ရုံမျှသာမဟုတ်ဘဲ၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်ပြီး အသက်ရှင်နေထိုင်ခြင်း ဖြစ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် မဖြေရှင်းရသေးသည့်အပြင်၊ သင် ပေးဆပ်သော အဖိုးအခအားလုံးနှင့် သင် ကြုံတွေ့ရသော ဆင်းရဲဒုက္ခအားလုံးတွင် ရည်ရွယ်ချက်များ ရှိနေသည်။ ဘုရားသခင်သည် ဤအရာကို အသိအမှတ်မပြုပေ။ သူသည် ထိုသို့သော အဖိုးအခကို အလိုမရှိပေ။ အကယ်၍ သင်သည် ဘုရားသခင်နှင့် စာရင်းရှင်းရန် မလျှော့တမ်းလုပ်ဆောင်ပါက၊ အကယ်၍ သင်သည် ဘုရားသခင်နှင့် ငြင်းခုံပြီး ယှဉ်ပြိုင်ရန် မလျှော့တမ်းလုပ်ဆောင်ပါက၊ သင်သည် သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနေခြင်းဖြစ်ပြီး၊ သူသည် သင့်ကို သင့်သဘောအတိုင်း နေခွင့်ပြုလိမ့်မည်၊ ငရဲသို့ အပြစ်ဒဏ်ခံရန် စေလွှတ်လိမ့်မည်။ ဤသည်မှာ မကောင်းမှုပြုခြင်းအတွက် အပြစ်ဒဏ်ဖြစ်သည်။ သင်သည် ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်များစွာကို မွေ့လျော်ခံစားခဲ့ရပြီး၊ သူသည် သင့်အား အချို့သော အထူးရုပ်ဝတ္ထုဆိုင်ရာ ဆက်ဆံမှုကို ပေးသနားခဲ့ပြီးဖြစ်သည်။ သင် ရသင့်သည့်အရာကို သင် ရရှိပြီးဖြစ်သည်၊ သင်သည် ဘုရားသခင်ထံမှ နောက်ထပ် ဘာလိုချင်သေးသနည်း”ဟု ပြောနိုင်သည်။ သင်သည် ဤစကားများကို မိတ်သဟာယဖွဲ့ခဲ့လျှင်၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိသောသူတစ်ဦး၏ ညည်းညူသော စိတ်အခြေအနေသည် ယင်းတို့ကို ကြားရသည့်အခါ အနည်းငယ် လျော့ပါးသွားမည် မဟုတ်လော။ ဖြူစင်သော နားလည်သဘောပေါက်ခြင်းနှင့်ဆိုင်သည့် ဤစကားများသည် သမ္မာတရားနှင့် ကိုက်ညီသလော။ (ကိုက်ညီပါသည်။) အကယ်၍ လူတစ်ဦးတွင် လူ့သဘာဝနှင့် ဆင်ခြင်တုံတရား ရှိပါက၊ ယင်းတို့ကို နားလည်ပြီး လက်ခံနိုင်သည်။ လူ့သဘာဝမရှိသောသူများ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားကင်းမဲ့သောသူများသာလျှင် ဤစကားများသည် ၎င်းတို့ကို လှည့်စားရန် ကြိုးစားနေခြင်းဖြစ်သည်ဟုလည်းကောင်း၊ မယုံကြည်ထိုက်သည့် နားထောင်ကောင်းသော လေလုံးသာဖြစ်သည်ဟုလည်းကောင်း၊ မြင်နိုင်သော ကျေးဇူးတော် သို့မဟုတ် ရုပ်ဝတ္ထုဆိုင်ရာ ကောင်းချီးမင်္ဂလာများကဲ့သို့ လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးကျေးဇူးမရှိဟုလည်းကောင်း တွေးထင်ကြလိမ့်မည်။ သို့ဖြစ်၍၊ ၎င်းတို့က ထိုလက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးကျေးဇူးများကို မမြင်မီတွင်၊ သင် ပြောဆိုသည့် မည်သည့်အရာမဆိုက အချည်းနှီးဖြစ်သည်။ ၎င်းတို့ လက်ခံလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် သင့်ကို တိုက်ရိုက် ဆန့်ကျင်မည်မဟုတ်သော်လည်း၊ သင့်ကွယ်ရာတွင် မိမိတို့၏ စိတ်နှလုံးထဲ၌ ဆက်လက်၍ အတိုက်အခံလုပ်နေမည်ဖြစ်ပြီး၊ အခါအားလျော်စွာ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချကာ၊ မိမိတို့၏ ကိုယ်ပိုင် ပံ့ပိုးမှုများကို ထုတ်ဖော်ပြသပြီး၊ မိမိတို့ ခံခဲ့ရသော ဆင်းရဲဒုက္ခများကို ရေတွက်လျက်၊ ဘုရားအိမ်တော်က ၎င်းတို့ကို မည်သို့ဆက်ဆံသည်၊ ၎င်းတို့သည် ဘုရားအိမ်တော်ကို မည်သို့ ခါးစည်းခံခဲ့သည်ဟူသည်တို့ကို ရေတွက်နေမည်ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို မိမိတို့၏ စိတ်နှလုံးထဲတွင် အစဉ်အမြဲ ထားရှိကြသည်။ ၎င်းတို့အပေါ် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ ၎င်းတို့ လိုချင်သည့်အရာကို မရရှိသရွေ့၊ မိမိတို့၏ ရှက်ဖွယ်ကောင်းသော အပြုအမူကို ဖော်ထုတ်လျက်၊ ၎င်းတို့၏ လူမဆန်မှုက ပေါက်ကွဲထွက်လာပြီး၊ ဒေါသတကြီး ပေါက်ကွဲကာ၊ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချကြသည်။ ထိုသို့သောလူတစ်ဦးကို သင် ဆက်လက်၍ ဖျောင်းဖျသင့်သေးသလော။ ရိုးရှင်းသော တိုက်တွန်းမှုတစ်ခုနောက်တွင်၊ ၎င်းတို့သည် မပြောင်းလဲသော အကျင့်စရိုက်ကိုသာ ဆက်လက်ပြသနေမည်ဆိုလျှင်၊ ၎င်းတို့၏ ပြဿနာဟောင်းများ ပြန်ပေါ်လာပြီး၊ ၎င်းတို့၏ နတ်ဆိုးသဘာဝက တစ်ဖန် ပြန်လည်ထကြွလာပါက၊ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုအခါ ကန့်သတ်ချက်များ ချမှတ်ရန် အချိန်ကျရောက်ပြီဖြစ်သည်။ ၎င်းတို့အား နောင်တရရန် အခွင့်အရေး မပေးနှင့်။ ၎င်းတို့သည် ကူညီ၍မရနိုင်တော့သည့်သူကဲ့သို့ ဖြစ်ကြသည်။ ၎င်းတို့သည် မိုက်မဲသည့်၊ ခေါင်းမာသော အကောင်ယုတ်များ ဖြစ်ကြသည်။ မည်သည့်သဘောဖြင့် ၎င်းတို့သည် “မိုက်မဲသည့်၊ ခေါင်းမာသော အကောင်ယုတ်များ” ဖြစ်ကြသနည်း။ ၎င်းတို့သည် ဖြူစင်သော လမ်းခရီးကို လက်မခံသည့်အပြင် အပြုသဘောဆောင်သည့်အရာများကို လက်မခံသည့်သဘောဖြင့် ဖြစ်သည်။ ထိုအစား၊ ၎င်းတို့သည် လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးကျေးဇူးများရရှိခြင်း၊ အခွင့်အရေးယူခြင်းနှင့် ဆုံးရှုံးမှုများ မခံစားရခြင်းတို့နှင့်ဆိုင်သည့် မိမိတို့၏ ကိုယ်ပိုင်သဘောထားအမြင်များကို ဖက်တွယ်လျက်၊ မူမမှန်သော အကြောင်းပြချက်များ၊ မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများကို လက်ခံကြသည်။ ဘုရားအိမ်တော်က သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ၊ ၎င်းတို့က “ထိုအရာများသည် နားထောင်ကောင်းသော စကားများချည်းသာ ဖြစ်သည်။ ကောင်းမွန်သော စကားအနည်းငယ်ကို မည်သူ မပြောနိုင်သနည်း။ သင်သာ ဆုံးရှုံးမှုခံရလျှင်၊ ထိုသို့ သင် ပြောဆိုမည်မဟုတ်”ဟု အစဉ်အမြဲ ပြောဆိုကြသည်။ ၎င်းတို့သည် ထိုသို့သော အမြင်များကို ခေါင်းမာစွာ ဖက်တွယ်ထားကြပြီး၊ မနှစ်သက်ဖွယ်ရာတစ်ခုခု ဖြစ်ပျက်သည့်အခါ သို့မဟုတ် ဆုံးရှုံးမှုတစ်ခုခု ကြုံတွေ့ရသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှ မည်သည့်အရာမျှ မရရှိခဲ့ဟု ခံစားရပြီး၊ အပျက်သဘောဆောင်ခြင်းကို တစ်ဖန် ပွင့်အံချကြလိမ့်မည်။ ၎င်းတို့ကို အခွင့်အရေး ဆက်ပေးသင့်သေးသလော။ နောက်ထပ် အခွင့်အရေး မရှိတော့ပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ကောင်းစွာမထမ်းဆောင်ဘဲ၊ ထိုအစား အခြားသူများကို နှောင့်ယှက်ပါက၊ ၎င်းတို့ကို ချက်ချင်း တားဆီးပြီး ကန့်သတ်လော့။ ၎င်းတို့ကို လွတ်လပ်စွာ စကားပြောခွင့် မပြုနှင့်။ အကယ်၍ ၎င်းတို့သည် အပျက်သဘောဆောင်ခြင်းကို ဆက်လက်ဖြန့်ဝေပြီး အခြားသူများကို နှောင့်ယှက်နေမည်ဆိုလျှင်၊ ၎င်းတို့ကို နောက်ထပ် မည်သည့်လောကဝတ်မျှ မပြနှင့်။ ၎င်းတို့ကို အလျင်အမြန် ရှင်းလင်းပစ်လော့။ ဤသည်မှာ မချစ်ခင်ခြင်း မဟုတ်ပေ၊ ဟုတ်ပါသလော။ (မဟုတ်ပါ။) သမ္မာတရားကို ၎င်းတို့အား အရန်သင့် ခူးခပ်၍ သင်ကြားပေးပြီးဖြစ်သော်လည်း မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ ၎င်းတို့ မခံယူနိုင်ကြပေ။ ဤသည်မှာ အဘယ်အရာကို ညွှန်ပြသနည်း။ အပေါ်ယံအားဖြင့်၊ ဤသူသည် မယုံကြည်သူတစ်ဦးဟု ထင်ရသော်လည်း၊ အနှစ်သာရအားဖြင့် ၎င်းတို့သည် နတ်ဆိုးတစ်ကောင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ထံမှ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများကို တောင်းဆိုရန်၊ အကျိုးကျေးဇူးများ ရရှိရန် ဘုရားအိမ်တော်သို့ ရောက်လာခဲ့ခြင်းဖြစ်ပြီး၊ ယင်းတို့ကို မရမချင်း ၎င်းတို့ အနားယူမည်မဟုတ်ပေ။ အကယ်၍ ၎င်းတို့သည် အချိန်အတန်ကြာ ယုံကြည်ပြီးနောက် မည်သည့်အကျိုးကျေးဇူးမျှ မရရှိခဲ့ပါက၊ ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားများ ပွင့်ထွက်လာလိမ့်မည်၊ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်သည့် မိမိတို့၏ မကျေနပ်မှုကို သွန်ချကြလိမ့်မည်ဖြစ်ပြီး၊ မကောင်းမှုကို ကျူးလွန်ကာ၊ နှောင့်ယှက်မှုများကို ဖြစ်စေလိမ့်မည်။ ဤသည်မှာ နတ်ဆိုးတစ်ကောင် ဖြစ်သည်။ ၎င်းတို့ ခံခဲ့ရသော ဆင်းရဲဒုက္ခနှင့် အသုံးခံခြင်းအနည်းငယ်သည် အခြေခံအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်ပေ။ ယင်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် အကျိုးကျေးဇူးများနှင့် ကောင်းချီးမင်္ဂလာများ ရရှိခြင်းအကြောင်း၊ အပေးအယူလုပ်ခြင်းအကြောင်း သက်သက်သာ ဖြစ်သည်။ မိမိတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းမှ တစ်စုံတစ်ခုကို အစဉ်အမြဲ ရယူလိုသောသူတို့အပေါ် အမှုအရာများ ဖြစ်ပျက်သောအခါ ၎င်းတို့သည် အပျက်သဘောဆောင်ပြီး အားနည်းကြကာ၊ “ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှ မည်သည့်အရာမျှ မရရှိခဲ့ပါ”ဟု အမြဲ ပြောဆိုကြသည်။ ထို့နောက်၊ ၎င်းတို့သည် လက်လျှော့ပြီး မဆင်မခြင် ပြုမူရန် စတင်ကြသည်။ လက်စားချေရန် ကြိုးစားပြီး၊ မိမိတို့၏ မကျေနပ်မှု စိတ်ခံစားချက်များကို ထုတ်ဖော်ရန် အပျက်သဘောဆောင်ခြင်းကို မကြာခဏ ပွင့်အံချကြသည်။ ထိုသို့သောလူတို့အား မည်သို့ဆက်ဆံရမည်ဟူသည်နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ၎င်းတို့ကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်သင့်သည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ပြီး အနာဂတ်တွင် နောက်ထပ် နှောင့်ယှက်မှုများ ဖြစ်စေမည်မဟုတ်ကြောင်း အာမခံနိုင်ပါက၊ ၎င်းတို့အား အသင်းတော်တွင် ဆက်လက်ရှိနေရန် နောက်တစ်ကြိမ် အခွင့်အရေးပေး၍ရသည်။ အကယ်၍ ၎င်းတို့သည် အသင်းတော်၏ အလုပ်နှင့် အသက်တာကို အစဉ်အမြဲ နှောင့်ယှက်ပြီး ထိခိုက်နစ်နာစေရန် ကြိုးစားနေပါက၊ ၎င်းတို့ကို ဖယ်ရှားလော့။ ဤသည်မှာ အသင်းတော်၏ အလုပ်ကို ကာကွယ်ရန်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများက အသင်းတော်အသက်တာကို အနှောင့်အယှက်မရှိဘဲ အသက်ရှင်နေထိုင်နိုင်ရန် သေချာစေဖို့အတွက် ဖြစ်သည်။ ဤစည်းမျဉ်းကို အခြေခံ၍ ဤဆုံးဖြတ်ချက်ကို ချမှတ်ပြီး ဤနည်းလမ်းကို အသုံးပြုခြင်း ဖြစ်သည်။ ယင်းမှာ သင့်တင့်လျောက်ပတ်ပေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။