ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၃) အခန်း နှစ်
အခွင့်အရေးသမားများ၏ လက္ခဏာများကို အောက်ပါအတိုင်း အကျဉ်းချုပ်ကြစို့။ ၎င်းတို့၏ ပထမလက္ခဏာမှာ ဘုရားသခင် တည်ရှိမရှိဟူသည့် ကိစ္စကို ၎င်းတို့က အလွန်အလေးအနက်မထားခြင်း ဖြစ်သည်။ သင်သည် ၎င်းတို့ကို ဘုရားသခင် တည်ရှိမရှိ မေးလျှင် ၎င်းတို့က “ဖြစ်နိုင်သည်၊ သို့သော် သူတည်ရှိမနေလျှင်လည်း အရေးမကြီးပါ၊ ဘုရားပြောခဲ့သည့် ပရောဖက်ပြုချက်များ အမှန်တကယ်ဖြစ်လာမည် ဟုတ်မဟုတ်နှင့် ကြီးမားသော ကပ်ဘေးများ ကျရောက်လာမည် ဟုတ်မဟုတ်ကို အတိအကျ သိမြင်ရန် ကျွန်ုပ် ဤနေရာတွင် ရှိနေခြင်းသာ ဖြစ်သည်” ဟု ပြောဆိုလိမ့်မည်။ ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များအတွင်း၌ ၎င်းတို့၏ သဘောထားမှာ ဘုရားသခင် တည်ရှိသည်ဖြစ်စေ၊ မတည်ရှိသည်ဖြစ်စေ အရေးမကြီးဟူ၍ ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့ ဘုရားသခင်ကို ယုံကြည်ပြီး အသင်းတော်သို့ ဝင်ရောက်ခြင်းသည် ပြက်လုံးတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ရိုးရှင်းသော ယုံကြည်မှုတစ်ခုဖြစ်သည်၊ ယင်းသည် ကစားပွဲတစ်ခုနှင့်တူပြီး သမ္မာတရား သို့မဟုတ် ၎င်းတို့၏ ဘဝလမ်းကြောင်းနှင့် ဆက်စပ်မှုမရှိပေ။ ၎င်းတို့သည် ဘုရားသခင် တည်ရှိမရှိကို အမှန်တကယ် ဂရုမစိုက်ပေ၊ သူတည်ရှိလျှင်လည်း ဖြစ်သည်၊ မတည်ရှိလျှင်လည်း ဖြစ်သည်။ အချို့လူများက ဘုရားသခင် မတည်ရှိဟု ပြောဆိုလျက် ၎င်းတို့ကို ချေပကြသော်လည်း ၎င်းတို့သည် စိတ်မဆိုးသကဲ့သို့ ထိုသို့သောလူများကိုလည်း မမုန်းတီးကြပေ။ လူတို့က ဘုရားသခင် တည်ရှိသည်ဟု ပြောလျှင် ၎င်းတို့က “သူတည်ရှိလျှင် တည်ရှိသည်ပေါ့၊ မည်သို့ပင်ဖြစ်စေ သင်ယုံကြည်လျှင် သူတည်ရှိသည်၊ သင်မယုံကြည်လျှင် သူ မတည်ရှိ” ဟု ပြောကြသည်။ ဤသည်မှာ ၎င်းတို့၏ အမြင်ရှုထောင့် ဖြစ်သည်။ ထိုသို့သောလူများသည် စစ်မှန်သော ယုံကြည်သူများလော။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင် တည်ရှိသည်ဖြစ်စေ၊ မတည်ရှိသည်ဖြစ်စေ ၎င်းတို့အတွက် အရေးမပါပေ၊ သို့ဆိုလျှင် ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ရိုးသားစစ်မှန်မှု ရှိပါသလား။ ၎င်းတို့သည် ရိုးသားစစ်မှန်ရန် လုံးဝမဖြစ်နိုင်ပေ။ အခွင့်ကောင်းယူတတ်သောလူများ၏ ပထမလက္ခဏာမှာ အဘယ်နည်း။ (၎င်းတို့သည် ဘုရားသခင် တည်ရှိမရှိဟူသည့် ကိစ္စကို အလွန်အလေးအနက်မထားကြပါ။) ဤသည်မှာ ပထမလက္ခဏာ ဖြစ်သည်။
အခွင့်ကောင်းယူတတ်သောလူများ၏ ဒုတိယလက္ခဏာမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများကို ခွဲခြားရာတွင် အလွန်အလေးအနက်မရှိခြင်း ဖြစ်သည်။ ၎င်းတို့သည် မည်သည့်စကားများ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများက အပြုသဘောဆောင်ပြီး မည်သည့်အရာများက အပျက်သဘောဆောင်သည်ကို မပိုင်းခြားတတ်ကြသည့်အပြင် ဤအရာကိုလည်း အလေးအနက်မထားကြပေ။ ၎င်းတို့အတွက် ကောင်းသောအရာများကို မကောင်းသောအရာများအဖြစ် ပြောနိုင်ပြီး မကောင်းသောအရာများကို ကောင်းသောအရာများအဖြစ် ပြောနိုင်သည်၊ ယင်းမှာ ဘာသာတရား မရှိသူများ၏ ဆိုရိုးစကားဖြစ်သည့် “မုသားတစ်ခွန်းကို အကြိမ်တစ်ထောင် ပြောလျှင် အမှန်တရားဖြစ်လာသည်” ကဲ့သို့ပင် ဖြစ်သည်၊ ဤဆိုရိုးစကားသည် ၎င်းတို့အတွက် ခိုင်လုံသည်။ အကယ်၍ သင်သည် ၎င်းတို့ကို သမ္မာတရားဆိုသည်မှာ အဘယ်အရာ ဖြစ်သည်ကို မေးလျှင် ၎င်းတို့သည် ဤအရာကို အသိအမှတ်မပြုသောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ဟု လုံးဝပြောဆိုမည် မဟုတ်ပေ။ ၎င်းတို့ မည်သည့်အရာကို ပြောဆိုမည်နည်း။ ၎င်းတို့၏ စစ်မှန်သော အမြင်ရှုထောင့်မှာ မုသားတစ်ခွန်းကို အကြိမ်တစ်ထောင် သို့မဟုတ် တစ်သောင်း ပြောလျှင် အမှန်တရားဖြစ်လာမည်ဟူ၍ ဖြစ်သည်၊ ဆိုလိုသည်မှာ အကယ်၍ လူများစွာက တစ်စုံတစ်ခုကို ပြောဆိုလျှင် ၎င်းတို့သည် ယင်းကို မှန်သည်ဟု ယုံကြည်ကြလိမ့်မည်။ ယင်းမှာ ဘာသာတရား မရှိသူများက “ကမ္ဘာပေါ်တွင် မူလက လမ်းမရှိခဲ့သော်လည်း လူများ ပို၍ လျှောက်လာသည်နှင့်အမျှ လမ်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်” ဟု ပြောဆိုပုံနှင့်တူသည်။ ၎င်းတို့သည် မှန်သည် သို့မဟုတ် မှားသည်၊ တရားမျှတသည် သို့မဟုတ် ကောက်ကျစ်ဆိုးယုတ်သည်ကို ဂရုမစိုက်ပေ၊ ကြီးမားသော စွမ်းရည်ရှိသည့် မည်သူမဆိုသည် မှန်ကန်ပြီး အသုံးမကျ၍ အရည်အချင်းမရှိသည့် မည်သူမဆိုသည် အပျက်သဘောဆောင်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားသခင် ပြောဆိုပြီး လုပ်ဆောင်သမျှသည် အပြုသဘောဆောင်သော အရာများဖြစ်သည်ကို လုံးဝအသိအမှတ်ပြုမည်မဟုတ်သကဲ့သို့ ဘုရားသခင်က လူတို့ကို အသက်ရှင်နေထိုင်ရန် တောင်းဆိုသည့်အရာများသည် အပြုသဘောဆောင်သော အရာများ၏ လက်တွေ့ကျမှုများဖြစ်သည်ကိုလည်း ၎င်းတို့ အသိအမှတ်ပြုမည် မဟုတ်ပေ။ ဤလူများက “ဘုရားသည် သမ္မာတရားဖြစ်သည်၊ ဘုရား၏နှုတ်ကပတ်တော်များသည် အပြုသဘောဆောင်သော အရာအားလုံး၏ လက်တွေ့ကျမှုဖြစ်သည်ဟု သင် ဆိုသည်။ ဤသည်မှာ လောကတွင် အပြုသဘောဆောင်သော အရာများ မရှိဟု ဆိုလိုသလော။ လောကတွင် အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရားများလည်း ရှိသည် မဟုတ်လော” ဟူသကဲ့သို့သော မှားယွင်းသည့် အယူအဆများကိုပင် ပြောဆိုကြလိမ့်မည်။ ဤသည်မှာ အဓိပ္ပာယ်မရှိသောစကား မဟုတ်လော။ ဤသည်မှာ မှားယွင်းသော အယူအဆတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူများသည် ၎င်းတို့၏ စကားများ သို့မဟုတ် လုပ်ဆောင်ချက်များအတွက် စံနှုန်းအဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မယူကြပေ။ ဥပမာအားဖြင့် ၎င်းတို့သည် မှားယွင်းသော အယူအဆတစ်ခုကို ဖော်ပြပြီး သင်က ၎င်းတို့ကို ချေပသည့်အခါ ၎င်းတို့က “သင်က သင်မှန်သည်ဟု ထင်သည်၊ ကျွန်ုပ်က ကျွန်ုပ်မှန်သည်ဟု ထင်သည်၊ သို့ဖြစ်၍ တစ်ယောက်နှင့်တစ်ယောက် သဘောမတူဟုသာ ထားလိုက်စို့၊ လူတစ်ဦးက ကောင်းသည်ဟု ထင်သည့် မည်သည့်အရာမဆိုသည် မှန်ကန်သည်” ဟု ပြောဆိုလိမ့်မည်။ ဤသည်မှာ မည်သို့သော အမြင်ရှုထောင့်မျိုးဖြစ်သနည်း။ ဤသည်မှာ အမှုအရာများကို ဖော့ပြောရန် ကြိုးစားနေခြင်းမျှသာ မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ မိုက်မဲပြီး နားဝေတိမ်တောင်ဖြစ်သော အမြင်ရှုထောင့်တစ်ခု ဖြစ်သည်၊ ဤလူများသည် အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများကို ခွဲခြားရာတွင် အလေးအနက်မရှိကြပေ။ ဤအရာနှင့်ပတ်သက်၍ အလေးအနက် မရှိခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ ဘုရားသခင် ပြောဆိုသည့် အပြုသဘောဆောင်သော အရာအားလုံးသည် သမ္မာတရားနှင့် သက်ဆိုင်ကြောင်း၊ သမ္မာတရားနှင့်အညီဖြစ်ကြောင်းနှင့် ဘုရားသခင်ထံမှ လာကြောင်းကိုလည်းကောင်း၊ ဘုရားသခင် ပြောဆိုသည့် အပျက်သဘောဆောင်သော အရာများသည် သမ္မာတရားနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး စာတန်ထံမှ လာကြောင်းကိုလည်းကောင်း ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲမှ အသိအမှတ်မပြုနိုင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဤအမှန်တရားကို လက်မခံဘဲ အယူအဆများကို အစဉ်သဖြင့် မှုန်ဝါးစေလိုကြသည်။ အခြားသူများ၏ ပိုင်းခြားသိမြင်ခြင်းကို ခံရခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းကို ခံရခြင်းတို့မှ ရှောင်ရှားရန် ၎င်းတို့သည် အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများကို ခွဲခြားရာတွင် မည်သည့်အခါမျှ အလေးအနက်မရှိကြပေ၊ ၎င်းတို့သည် မိမိတို့၏ စစ်မှန်သော အမြင်များကို မည်သည့်အခါမျှ မဖော်ထုတ်ကြဘဲ အမြဲတစေ နှစ်ခွဖြစ်သောစကားကို ပြောဆိုကြကာ လူတို့ကို မိမိတို့ အမှန်တကယ် ထင်မြင်သည့်အရာကို မည်သည့်အခါမျှ မပြောကြပေ။ ၎င်းတို့သည် မိမိတို့ စကားပြောဆိုနေသည့်သူအပေါ် မူတည်၍ မတူညီသော အရာများကို ပြောဆိုကြပြီး အခြေအနေအရ လေယူရာတိမ်းကြသည်။ ဤလူများသည် အဘက်ဘက်မှ ကြည့်လျှင် သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင် တည်ရှိခြင်းကိုဖြစ်စေ စိတ်မဝင်စားကြပေ။ ဤသည်မှာ အခွင့်ကောင်းယူတတ်သောလူများ၏ ဒုတိယ သရုပ်သကန်ဖြစ်သည်။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများကို ခွဲခြားရာတွင် ထိုမျှ အလေးအနက်မရှိကြပေ။
ဤအခွင့်အရေးသမားများတွင် အခြားမည်သည့် လက္ခဏာများ ရှိသေးသနည်း။ ဤလူတို့သည် အခြေအနေကိုလိုက်၍ အလိုက်သင့်နေတတ်ခြင်း၌ အထူးကျွမ်းကျင်ပြီး အမှုအရာများ မည်သို့ ဖြစ်ပေါ်လာသည်ကို အခြေခံ၍ ၎င်းတို့ နေရကောင်းနိုး၊ သို့မဟုတ် ထွက်သွားရကောင်းနိုး အစဉ်သဖြင့် ရွေးချယ်ကြလိမ့်မည်။ ၎င်းတို့သည် အသင်းတော်သို့ ဝင်ရောက်သည့်အခါတွင် ခြေလှမ်းတိုင်းကို ကြိုတင်စီစဉ်ထားလျက် မိမိတို့အတွက် ထွက်ပေါက်နှင့် အလားအလာအတွက် လုံလောက်သော ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားပြီးဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံလာပါက မည်သည့်အရာကို လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ နှစ်အတန်ကြာပြီးနောက် မပြည့်စုံပါက မည်သည့်အရာကို လုပ်ဆောင်ရမည်ကိုလည်းကောင်း ၎င်းတို့၏ စိတ်နှလုံးထဲ၌ တွက်ချက်ကာ အစီအစဉ်များ ရေးဆွဲကြသည်။ ဤလူစားမျိုးသည် အသင်းတော်သို့ ဝင်ရောက်ပြီးနောက် အသင်းတော်အလုပ်တွင် မည်သည့်အခါမျှ အပြည့်အဝ စိတ်နှစ်မြှုပ်ခြင်းမရှိပေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏ နောက်ခြေလှမ်းများကို ဆုံးဖြတ်ရန် အသင်းတော်၏ တိုးတက်မှုကိုလည်းကောင်း၊ ၎င်းတို့အပေါ် အသင်းတော်၏ သဘောထားနှင့် ဆက်ဆံပုံကိုလည်းကောင်း၊ အခြားသောအချက်များကိုလည်းကောင်း အစဉ်မပြတ် စောင့်ကြည့်လေ့လာကြသည်။ ဤလူတို့၏ အတွေးအခေါ်များသည် အတော်အတန် ရှုပ်ထွေးသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အသင်းတော်သို့ ဝင်ရောက်ပြီးဖြစ်သော်လည်း ပုတ်ပြတ်ငှားထားသော အလုပ်သမားတစ်ဦးကဲ့သို့ ယာယီအမြင်ရှုထောင့်တစ်ခုကို အစဉ်သဖြင့် စွဲကိုင်ထားကြပြီး “လူက တစ်နေရာ စိတ်ကတစ်နေရာ” ဖြစ်သည့် အခြေအနေတွင် အစဉ်ရှိနေကြကာ ၎င်းတို့၏ စိတ်များသည် ကောက်ကျစ်သော အကြံအစည်များနှင့် ပရိယာယ်များဖြင့် ပြည့်နေသည်။ ဘုရားသခင်ကို ယုံကြည်ပြီး အသင်းတော်သို့ ဝင်ရောက်ရန် ၎င်းတို့၏ ရွေးချယ်မှုသည် မလိုလားသော်လည်း အခြေအနေအရ ညှိနှိုင်းလိုက်လျောခြင်းတစ်ခုသာဖြစ်ပြီး ဝိညာဉ်ရေးရာ လိုအပ်ချက်တစ်ခုမဟုတ်ပေ၊ သို့မဟုတ် ဘုရားသခင်၏ တည်ရှိမှုကို အသိအမှတ်ပြုခြင်းအပေါ် အခြေခံ၍ ဘုရားသခင်နောက်လိုက်ကာ လူ့ဘဝ၏ မှန်ကန်သောလမ်းခရီးကို လျှောက်လှမ်းလိုသည့် လိုအင်ဆန္ဒတစ်ခု မဟုတ်ပေ။ ၎င်းတို့တွင် ဤအတွက် ယုံကြည်ခြင်း ကင်းမဲ့နေသည်။ ဤလူတို့သည် ဘုရားသခင်ကို စောင့်ကြည့်နေသည့် သဘောထားဖြင့် ယုံကြည်ကြပြီး စိတ်ထဲ၌ ဤသို့ တွက်ချက်နေကြသည်မှာ “ဘုရားသခင်ကို ယုံကြည်ခြင်းက ကျွန်ုပ်ကို ဤဘဝ၌ အဆတစ်ရာ၊ နောင်ဘဝ၌ ထာဝရအသက်ကို ဆောင်ကြဉ်းပေးပြီး ကယ်တင်ခြင်းခံရကာ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခွင့်ရမည်ဆိုလျှင် ကျွန်ုပ်သည် လိုက်လျှောက်ပြီး ယုံကြည်မည်။ ဤအရာများကို ကျွန်ုပ် မရရှိနိုင်ပါက မည်သည့်အချိန်၊ မည်သည့်အခြေအနေတွင်မဆို အသင်းတော်မှ ထွက်ခွာပြီး ယုံကြည်ခြင်းကို ရပ်တန့်လိုက်မည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန်ဟူသည့် အခွင့်အရေးယူသော မျှော်လင့်ချက်ဖြင့် ဘုရားသခင်ကို ယုံကြည်ရန် လုံးလုံးလျားလျား ရောက်လာကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများကို မရရှိနိုင်ပါက မည်သည့်အချိန်၊ မည်သည့်အခြေအနေတွင်မဆို မိမိတို့၏ တာဝန်များကို စွန့်လွှတ်နိုင်ပြီး မိမိတို့ကိုယ်တိုင်အတွက် အခြားလမ်းကြောင်းတစ်ခုကို ကြံစည်ဖန်တီးနိုင်သည်။ အကြောင်းမှာ ၎င်းတို့၏ စိတ်နှလုံးများသည် အသင်းတော်၌ မည်သည့်အခါမျှ အမြစ်စွဲခြင်း မရှိခဲ့သကဲ့သို့ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်လိုက်သည့် လမ်းခရီးကိုလည်း ၎င်းတို့ အမှန်တကယ် ရွေးချယ်ခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။
ဤအခွင့်အရေးသမားများ၏ အဓိက လက္ခဏာများမှာ ဤသုံးချက်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် တည်ရှိခြင်း ရှိမရှိကို အလေးအနက်မထားကြ၊ အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများကို အလေးအနက် ပိုင်းခြားခြင်းမရှိကြ၊ ပြီးလျှင် အသင်းတော်မှ မည်သည့်အချိန်၊ မည်သည့်အခြေအနေတွင်မဆို ထွက်ခွာနိုင်သည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို မည်မျှပင် ကောင်းစွာဆက်ဆံပါစေ အမှုအရာများက ၎င်းတို့၏ အကျိုးစီးပွားနှင့် မကိုက်ညီသရွေ့ သို့မဟုတ် ၎င်းတို့၏ လက်ရှိလိုအပ်ချက်များကို မဖြည့်ဆည်းပေးသရွေ့ ၎င်းတို့သည် အသင်းတော်မှ ထွက်ခွာနိုင်သည်။ သို့သော် ၎င်းတို့ သွားစရာနေရာမရှိသည့်အခါတွင်မူ ပြန်လာရန် ရွေးချယ်ကြသည်။ ပြန်ရောက်လာပြီးနောက်တွင်လည်း ၎င်းတို့သည် သမ္မာတရားကို မလိုက်စားကြသေးဘဲ အချိန်မရွေး အသင်းတော်မှ နောက်တစ်ကြိမ် ထွက်သွားကောင်း ထွက်သွားနိုင်သည်။ ၎င်းတို့သည် မည်သည့်အကောင်များနည်း။ ၎င်းတို့၏ ဝင်လာခြင်းနှင့် ထွက်သွားခြင်းတို့သည် အလွန် ပေါ့ပေါ့တန်တန်နိုင်လှသည်၊ ၎င်းတို့သည် ဘုရားသခင်ကို ရိုးသားစစ်မှန်ခြင်းဖြင့် မယုံကြည်ကြပေ။ ဤသည်တို့မှာ အခွင့်အရေးသမားများ၏ လက္ခဏာများဖြစ်သည်၊ ၎င်းတို့၏ အနှစ်သာရအားဖြင့်ဆိုသော် ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည်။ အချို့လူများသည် သုံးနှစ်မှ ငါးနှစ်အထိ ဇွဲရှိရှိ ယုံကြည်နိုင်ကြပြီး အချို့မှာ ရှစ်နှစ် သို့မဟုတ် ဆယ်နှစ်အထိ ဇွဲရှိရှိ ယုံကြည်နိုင်ကြသော်လည်း ၎င်းတို့၏ ရည်ရွယ်ချက်မှာ အခွင့်အရေးယူ၍ ကောင်းချီးမင်္ဂလာများ ရှာဖွေရန်သာ ဖြစ်သည်။ ထိုသို့သောလူများသည် ရိုးရိုးရှင်းရှင်း မဟုတ်ကြပေ။ ၎င်းတို့သည် တရုတ်ပြည်မကြီး၏ ကြမ်းတမ်းပြီး ညှဉ်းပန်းနှိပ်စက်သော ပတ်ဝန်းကျင်တွင် ယခုအချိန်အထိပင် ခံနိုင်ရည်ရှိခဲ့ကြသည်။ ဤသည်မှာ “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” ဆိုသကဲ့သို့ အနည်းငယ် ဖြစ်မနေသလော။ အချို့လူများသည် ဆယ်နှစ်ကြာ ယုံကြည်ပြီးနောက်တွင် ဆက်လက်၍ ဇွဲမရှိနိုင်တော့ဘဲ ဤသို့ ညည်းညူကြသည်မှာ “ဆယ်နှစ်ကြာခဲ့ပြီ။ ကျွန်ုပ်၏ နုပျိုမှုကို အသင်းတော်တွင် ဖြုန်းတီးခဲ့ပြီ။ ဤဆယ်နှစ်တာတွင် လောကီ၌သာ အလုပ်ကြိုးစားခဲ့ပါက ကျွန်ုပ် ငွေမည်မျှများများ ရှာနိုင်ခဲ့ပြီးဖြစ်မည်နည်း။ ကျွန်ုပ်သည် မန်နေဂျာ တစ်ဦး ဖြစ်လာခဲ့ပြီးလောက်ပြီ၊ ပြီးလျှင် ကျွန်ုပ်၌ ပိုင်ဆိုင်မှုပေါင်းများစွာ ရှိခဲ့ပြီးဖြစ်လောက်သည်” ဟူ၍ ဖြစ်သည်။ ထို့နောက် ၎င်းတို့သည် ဂနာမငြိမ် ဖြစ်လာကြသည်။ ၎င်းတို့သည် မိမိတို့၏ အနည်းငယ်သော စူးစမ်းလိုစိတ်နှင့် ကောင်းချီးမင်္ဂလာများအတွက် လိုအင်ဆန္ဒကို ဖြည့်ဆည်းရန်အတွက်သာ ဘုရားသခင်ကို ဆယ်နှစ်ကြာ ယုံကြည်ခဲ့ကြသော်လည်း သမ္မာတရားကိုမူ မည်သည့်အခါမျှ မလိုက်စားခဲ့ကြပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် မည်သည့်အရာမျှ မရရှိခဲ့ကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့သည့်အတွက် နောင်တရကြပြီး မိမိတို့ကိုယ်ကိုပင် ပြန်၍ ဆူပူကြိမ်းမောင်းကြကာ “သင်သည် လူမိုက်ဖြစ်သည်၊ သင်သည် ငတုံးပါတကား။ သင်သည် ကျယ်ပြန့်ကာ လွယ်ကူသော လမ်းကို မယူခဲ့ဘဲ ဤခက်ခဲကြမ်းတမ်းသည့် လမ်းကို မရမက လျှောက်ခဲ့သည်။ သင့်အား မည်သူကမျှ အတင်းအကျပ် မခိုင်းခဲ့ပါ။ ယင်းမှာ သင်၏ ရွေးချယ်မှုသာဖြစ်သည်” ဟု ဆိုကြသည်။ အချို့လူများသည် ဆယ်နှစ်ကြာ ယုံကြည်ပြီးနောက်တွင်ပင် အကြောင်းမည်မည်ရရ မရှိဘဲ ထွက်သွားကာ အသင်းတော်မှ ထွက်ခွာသွားနိုင်သည်။ လူ့အဖွဲ့အစည်းတွင် နှစ်နှစ် သို့မဟုတ် သုံးနှစ်ကြာမျှသာ ရှင်သန်နေထိုင်ပြီးနောက်တွင် လူ့အဖွဲ့အစည်းသည် ၎င်းတို့ ထင်သလို ချောမွေ့ခြင်း သို့မဟုတ် လွယ်ကူခြင်း မရှိသည်ကိုလည်းကောင်း၊ ဘာသာတရားမရှိသူတို့၏ လောကသည် ထင်ရသလောက် အရောင်အသွေးစုံလင်ပြီး စံပြဖြစ်မနေသည်ကိုလည်းကောင်း ၎င်းတို့ တွေ့ရှိကြသည်၊ လောကကြီးထဲတွင် မည်သည့်နေရာ၌မျှ ၎င်းတို့အတွက် ရှင်သန်နေထိုင်ရန် မလွယ်ကူပေ။ အချိန်ယူ စဉ်းစားပြီးနောက်တွင် အသင်းတော်က ပိုကောင်းသေးသည်ဟု ၎င်းတို့ မြင်ကြသဖြင့် မျက်နှာပြောင်တိုက်ပြီး ပြန်လာကြသည်။ ပြန်ရောက်လာသည့်အခါ ၎င်းတို့က “ဘုရားကို ယုံကြည်ခြင်းက ကောင်းသည်။ ဘာသာတရားမရှိသူများသည် ဆိုးယုတ်ကာ လူများကို အစဉ်သဖြင့် အနိုင်ကျင့်ကြသည်။ ကမ္ဘာလောကတွင် ဆင်းရဲဒုက္ခများလွန်းသည်။ ဘုရားနှုတ်ကပတ်တော်များကို မဖတ်ရှုသည့်၊ အသင်းတော်အသက်တာကို မရှင်သန်သည့် ဤနှစ်များတွင် ကျွန်ုပ် အမှောင်ထဲ ကျရောက်ကာ နေ့စဉ်နှင့်အမျှ ငိုကြွေးမြည်တမ်းပြီး အံသွားခဲကြိတ်ခဲ့သည်။ လူနှင့်မတူတော့လောက်အောင်ပင် နိမ့်ကျနေခဲ့ရသည်။ ဘုရားကို ယုံကြည်သည်က ပို၍ကောင်းသည်” ဟု ဆိုကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းက ပိုကောင်းသည်ဟု ၎င်းတို့ ကြွေးကြော်ကြသော်လည်း အမှန်တကယ်တွင်မူ ဤလောက၌ ဘေးအန္တရာယ်များ အလွန်များပြားပြီး လူသားမျိုးနွယ်သည် မကြာမီ ကြီးစွာသော ကပ်ဘေးတစ်ခုကို တွေ့ကြုံရတော့မည်ဟု ၎င်းတို့ ကြားသိခဲ့သောကြောင့် ဖြစ်သည်။ ငွေ၊ မြေ၊ ကားနှင့် အိမ်များရှိခြင်းသည် အသုံးမဝင်၊ ယုံကြည်ခြင်းရှိသူများသာ ကယ်တင်ခြင်းခံရမည် ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ဘုရားသခင်ကို နောက်တစ်ကြိမ် ယုံကြည်ရန် ပြန်လာကြခြင်း ဖြစ်သည်။ ဤသည်မှာ အခွင့်အရေးသမားတစ်ဦး မဟုတ်လော။ (ဟုတ်ပါသည်။) အခွင့်အရေးသမားများသည် အသင်းတော်မှ အချိန်မရွေး ထွက်ခွာနိုင်သည်။ အသင်းတော်သို့ ပြန်လာခြင်းဖြင့် ကောင်းချီးမင်္ဂလာများ ရရှိရန် မျှော်လင့်ချက်ရှိသည်ကို တွေ့မြင်ပါက ၎င်းတို့သည် အချိန်မရွေးလည်း ပြန်လာနိုင်သည်။ ပြန်ရောက်လာပြီးနောက်တွင် နောင်တရစကား အနည်းငယ် ပြောနိုင်ပြီး ဘုရားသခင်ကို နောက်တစ်ကြိမ် မည်သည့်အခါမျှ စွန့်ခွာတော့မည်မဟုတ်ကြောင်း ဖော်ပြနိုင်သော်လည်း လောကကြီးတွင် အခြေအနေများ တည်ငြိမ်ပြီး ငြိမ်းချမ်းနေသည်ကို မြင်ပြီးနောက်တွင် ကောင်းသောနေ့ရက်အနည်းငယ်ကို ဆက်လက်ခံစားနိုင်သေးသဖြင့် ၎င်းတို့သည် အသင်းတော်မှ အချိန်မရွေး နောက်တစ်ကြိမ် ထွက်ခွာနိုင်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်နှင့် အသင်းတော်ကို မည်သို့ သဘောထားကြသနည်း။ ၎င်းတို့သည် ထိုအရာကို မိမိတို့ သဘောအတိုင်း အဝင်အထွက်လုပ်သည့် လွတ်လပ်သော ဈေးကွက်တစ်ခုအဖြစ် သဘောထားကြသည်။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများကို ရှင်းလင်းပစ်လိုက်လျှင် သို့မဟုတ် ၎င်းတို့ဘာသာ ထွက်ခွာသွားလျှင် ၎င်းတို့ ပြန်လာလိုပါက အသင်းတော်က ပြန်လည်လက်ခံသင့်သလော။ (လက်မခံသင့်ပါ။) ၎င်းတို့ကို ပြန်လည်လက်ခံခြင်း မပြုသင့်ပေ။ ၎င်းတို့ကို ပြန်လည်လက်ခံခြင်းသည် အမှားတစ်ခုဖြစ်ပြီး စည်းမျဉ်းများကို ချိုးဖောက်ရာရောက်သည်။ ဤလူတို့သည် အသင်းတော်အဖွဲ့ဝင်များ၏ စံနှုန်းများနှင့် မကိုက်ညီပေ။ ၎င်းတို့သည် အသင်းတော်မှ အချိန်မရွေး ထွက်ခွာနိုင်ပြီး ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက် အချိန်မရွေး အသင်းတော်ထဲသို့ ပြန်လည်ခိုးဝင်နိုင်သော်လည်း ဤကာလတစ်လျှောက်လုံးတွင် သမ္မာတရားကို မည်သည့်အခါမျှ လက်မခံကြပေ။ ဤအရာက ၎င်းတို့သည် စစ်မှန်သော ယုံကြည်သူများ မဟုတ်ကြောင်း သက်သေပြသည်။ ထိုသို့သောလူများသည် ထာဝရကာလပတ်လုံး ဖယ်ထုတ်ခြင်းနှင့် နှင်ထုတ်ခြင်း၏ ပစ်မှတ်များ ဖြစ်ကြလိမ့်မည်။ အသင်းတော်သည် ၎င်းတို့ကို ရှင်းလင်းပစ်သင့်ပြီး ဤသို့ ပြောသင့်သည်မှာ “နောင်တမရနှင့်။ သင်ထွက်သွားသည်နှင့်တစ်ပြိုင်နက် သင် ပြန်လာ၍မရနိုင်တော့ပါ။ အသင်းတော်သည် သင့်အတွက် ဒုတိယအကြိမ် တံခါးဖွင့်ပေးမည် မဟုတ်။ ဤသည်မှာ စည်းမျဉ်းဖြစ်သည်” ဟူ၍ ဖြစ်သည်။ အချို့လူများက “၎င်းတို့သည် ထိုအချိန်က မိုက်မဲခဲ့ကြသော်လည်း ယခုအခါတွင် ကောင်းမွန်စွာ ပြုမူကြသည်။ ၎င်းတို့သည် သိုးငယ်လေးတစ်ကောင်တမျှ နာခံကြကာ အိမ်ခြေရာမဲ့ အလေအလွင့်တစ်ဦးတမျှ သနားဖွယ်ကောင်းလှသည်။ ညီအစ်ကိုမောင်နှမများကို ၎င်းတို့ မြင်တွေ့ရသည့်အခါတိုင်း ၎င်းတို့၏ နောင်တနှင့် အကြွေးတင်ရှိမှုတို့ကို ဖော်ပြကြကာ ၎င်းတို့၏ မျက်လုံးများသည် နောင်တဖြင့် ငိုကြွေးခြင်းကြောင့် နီရဲနေကြသည်။ ၎င်းတို့သည် အလွန်သနားဖွယ်ကောင်းပြီး ဝန်ချသည့် ၎င်းတို့၏ သဘောထားသည် အလွန်ကောင်းမွန်ပါသည်။ ၎င်းတို့အား ပြန်လာခွင့်ပြုကြစို့” ဟု ဆိုကြသည်။ ဤနေရာတွင် စည်းမျဉ်းနှင့် ကိုက်ညီသော ဝါကျတစ်ကြောင်းမျှ ရှိသလော။ (မရှိပါ။) သုံးနှစ် သို့မဟုတ် ဆယ်နှစ်ကြာ ယုံကြည်ပြီးသည့်တိုင် ၎င်းတို့သည် အသင်းတော်မှ ပြတ်ပြတ်သားသားနှင့် မဆိုင်းမတွ ထွက်ခွာနိုင်သေးသည်။ ၎င်းတို့သည် မည်သို့သော အယုတ်ကောင်များ ဖြစ်ကြသနည်း။ ၎င်းတို့သည် စစ်မှန်သော ယုံကြည်သူများလော။ (မဟုတ်ပါ။) ကနဦးက ဘုရားသခင်နောက်လိုက်ရန် ရွေးချယ်ခဲ့စဉ်တွင် ၎င်းတို့၌ ရိုးသားစစ်မှန်မှု တစ်စုံတစ်ရာ ရှိခဲ့သလော။ မရှိခဲ့ပေ။ အကယ်၍ ၎င်းတို့တွင် ရိုးသားစစ်မှန်မှု အနည်းငယ်မျှသာ ရှိခဲ့လျှင် အသင်းတော်မှ ထွက်ခွာရန် ထိုသို့ စိတ်ပိုင်းဖြတ်နိုင်မည် မဟုတ်ပေ။ ယေဘုယျအားဖြင့် လူတစ်ဦးသည် အားနည်းသောအခါ၊ စိတ်မချမ်းမသာဖြစ်သောအခါ၊ သို့မဟုတ် အဆင်မပြေသောအခါတွင် ထိုသို့သော အတွေးများ အများဆုံး ရှိနိုင်သော်လည်း ဘုရားသခင်ကို သုံးနှစ်၊ ငါးနှစ် သို့မဟုတ် ဆယ်နှစ်ကြာ ယုံကြည်ပြီးနောက်တွင် အခြားလမ်းတစ်ခုရှာရန် အသင်းတော်မှ ထွက်ခွာဖို့ မည်သည့်အခါမျှ ပြတ်ပြတ်သားသား ဆုံးဖြတ်မည် မဟုတ်ပေ။ ၎င်းတို့သည် အသင်းတော်မှ မိမိသဘောအတိုင်း ထွက်ခွာနိုင်လျှင် ကနဦးက မှန်သောလမ်းခရီးကို လက်ခံပြီး အသင်းတော်သို့ ဝင်ရောက်ခဲ့စဉ်က ရိုးသားစစ်မှန်ခြင်း မရှိခဲ့ကြောင်း ပြသသည်၊ ၎င်းတို့တွင် ကွယ်ဝှက်ထားသော ကြံရွယ်ချက်များနှင့် ရည်မှန်းချက်များ ရှိခဲ့သည်။ ဤသို့သာ ဆိုနိုင်ပေသည်။ ထိုသို့သောလူများကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ရမည်။ ၎င်းတို့သည် စစ်မှန်သော ယုံကြည်သူများ မဟုတ်ကြပေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဘုရားသခင်နောက်လိုက်ခြင်းသည် အခွင့်ကောင်းယူကာ ကောင်းချီးမင်္ဂလာများ ရရှိရန် မျှော်လင့်ချက်ဖြင့် ဖြစ်သည်။ ထိုသို့သောလူများကို အခွင့်အရေးသမားများအဖြစ် သတ်မှတ်ပြီး ပိုင်းခြားသိမြင်သည်နှင့်တစ်ပြိုင်နက် အသင်းတော်မှ ရှင်းလင်းပစ်သင့်သည်။ ၎င်းတို့သည် အသင်းတော်မှ မထွက်ခွာဘဲ အသင်းတော်အတွင်း၌ အခြေအနေကို အခွင့်ကောင်းယူ၍ ကိုယ်ကျိုးရှာခြင်းကို ဆက်လက်လုပ်ဆောင်နေပါက ယင်းမှာ ၎င်းတို့ မည်သို့သောသူများဖြစ်သည်ကို မည်သူမျှ ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။ သို့သော် ယနေ့ ဤအခွင့်အရေးသမားများ၏ အမျိုးမျိုးသော သရုပ်သကန်များအပေါ် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ခေါင်းဆောင်များနှင့် အမှုဆောင်များအပြင် ဘုရားသခင် ရွေးချယ်ထားသောလူများသည် ထိုသို့သောလူများအပေါ် ရှင်းလင်းသော သိနားလည်မှုနှင့် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသင့်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မဖတ်ရှုကြောင်း သို့မဟုတ် ဘုရားသခင်ထံ ဆုမတောင်းကြောင်း၊ ဘုရားသခင်၏ အမှုတော် သို့မဟုတ် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများကို စိတ်မဝင်စားကြောင်း၊ အပြုသဘောဆောင်သော အရာများကို စိတ်မဝင်စားဘဲ ယင်းတို့ကို အလေးအနက် မထားကြောင်း တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို အနီးကပ် သတိထားစောင့်ကြည့်သင့်သည်။ ဘုရားသခင်ကို ယုံကြည်ရာတွင် ၎င်းတို့၏ ကြံရွယ်ချက်များနှင့် ရည်ရွယ်ချက်ကို စောင့်ကြည့်လေ့လာရန်၊ အသင်းတော်အပေါ် ၎င်းတို့၏ သဘောထား၊ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားကို သေချာစွာ သိရှိရန် လိုအပ်သည်။ ၎င်းတို့တွင် မှန်ကန်သော သဘောထားမရှိကြောင်း၊ သမ္မာတရားကို လိုက်စားခြင်းနှင့် တာဝန်ထမ်းဆောင်ခြင်းအပေါ် အထူးသဖြင့် ဂရုမစိုက်ကြကြောင်း၊ မည်သို့သော စိတ်ဝင်စားမှုကိုမျှ မပြသကြောင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အစဉ်သဖြင့် သံသယဖြစ်သော သဘောထားရှိကြောင်း ထင်ရှားပါက ဤလူများသည် အခွင့်အရေးသမားများနှင့် မယုံကြည်သူများဖြစ်ကြောင်း အတည်ပြုနိုင်သည်။ ထိုသို့သောအခြေအနေတွင် ၎င်းတို့ကို ညီအစ်ကိုမောင်နှမများအဖြစ် မမှတ်ယူသင့်ပေ။ ၎င်းတို့သည် အသင်းတော်၏ အစိတ်အပိုင်းမဟုတ်ပေ။ ထိုအစား ၎င်းတို့ကို အသင်းတော်မှ ရှင်းလင်းပစ်သင့်သည်။ ၎င်းတို့သည် နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး သမ္မာတရားကို ယခုတိုင် လက်မခံသေးပေ။ ၎င်းတို့နှင့် သမ္မာတရားကို ဆက်လက် မိတ်သဟာယဖွဲ့ခြင်းသည် အသုံးဝင်နိုင်မည်လော။ ၎င်းတို့ နောင်တရခြင်းကို ဆက်လက် စောင့်မျှော်နေခြင်းသည် လက်တွေ့ကျပါမည်လော။ ထိုသို့သောလူများအပေါ် နောက်ထပ် အလုပ်မလုပ်တော့နှင့်။ ပြီးလျှင် ၎င်းတို့ နောင်တရရန် မစောင့်တော့နှင့်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်လိုစိတ်မရှိဘဲ အသင်းတော်မှ မထွက်ခွာဘဲ ဆက်လက်နေထိုင်လိုသေးပါက အသင်းတော် ခေါင်းဆောင်များသည် ၎င်းတို့ကို အမြော်အမြင်ရှိစွာ သီးခြားခွဲထုတ်ထားရန် နည်းလမ်းရှာသင့်သည်။ ဤသို့ပြုလုပ်ခြင်းသည် သင့်လျော်သလော။ (သင့်လျော်ပါသည်။) ဤလူများကို အခွင့်အရေးသမားများအဖြစ် ပိုင်းခြားသိမြင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို အမျိုးမျိုးသော ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများ၏ စာရင်းတွင် ခွဲခြားသတ်မှတ်ပြီးဖြစ်သည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများ ဖြစ်သောကြောင့် အသင်းတော်မှ ဖယ်ထုတ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းအတွက် စည်းမျဉ်းများနှင့် အခြေအနေများနှင့် ကိုက်ညီသည်။ ၎င်းတို့ကို စောစီးစွာ ဖယ်ထုတ်ခြင်းသည် နောက်ကျမှ ဖယ်ထုတ်ခြင်းထက် သေချာပေါက် ပိုကောင်းသည်။ ၎င်းတို့ကို စောစီးစွာ ဖယ်ထုတ်ခြင်းက ဒုက္ခများစွာကို ရှောင်ရှားနိုင်ပြီး ၎င်းတို့ကိုယ်တိုင်လည်း နစ်နာသည်ဟု နောက်ထပ် ခံစားရရန် မလိုအပ်တော့ပေ။ ထိုသို့သောလူများကို ရှင်းလင်းစွာ ပြောသင့်သည်မှာ “သင်သည် မည်သည့်အချိန် ထွက်ခွာရမည် သို့မဟုတ် မည်သို့ထွက်ခွာရမည်ကို သင်၏စိတ်နှလုံးထဲ၌ ဆက်လက်တွက်ချက်နေရန် မလိုအပ်သကဲ့သို့ သင်နေရနိုး သို့မဟုတ် ထွက်သွားရနိုး ဟူသော ပြဿနာကိုလည်း ဆက်လက်တွက်ချက်နေရန် မလိုအပ်ပေ။ ဘုရားအိမ်တော်နှင့် ဘုရားသခင်သည် လူတို့ကို အတင်းအကျပ်မပြု။ သင်ထွက်ခွာလိုပါက အသင်းတော်က သင့်ကိုနေရန် တိုက်တွန်းမည်မဟုတ်။ သို့သော် သင့်ကို ရှင်းလင်းစွာ ပြောရမည့် အချက်တစ်ချက်ရှိသည်။ သင်သည် ဘုရားအိမ်တော်၏ လူတစ်ဦးမဟုတ်ကြောင်း သေချာပြီး အသင်းတော်၏ အဖွဲ့ဝင်တစ်ဦးဖြစ်ရန် ဆန္ဒမရှိပါက အမြန်ဆုံးထွက်ခွာလော့။ အချိန်မဆွဲနှင့်။ ဤသည်မှာ လူတိုင်း၏ ကောင်းကျိုးအတွက် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်ခံနိုင်ကာ အသင်းတော်သို့ စစ်မှန်စွာ ဝင်ရောက်လိုစိတ်ရှိပါက သင်သည် တရားဝင် အသင်းတော်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ သို့သော် ယခု သင်သည် မဟုတ်ပေ။ သင်သည် အခွင့်အရေးယူရန် လာခဲ့ခြင်းဖြစ်ပြီး သင်ကိုယ်တိုင်ပင် ဤအရာကို မသိနိုင်သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် လူအမျိုးမျိုးကို ကိုင်တွယ်ရာတွင် အသင်းတော်၏ စည်းမျဉ်းများအရ သင်သည် အခွင့်အရေးသမားတစ်ဦးဖြစ်ကြောင်း ကျွန်ုပ်တို့ ပိုင်းခြားသိမြင်ပြီးဖြစ်သည်။ သင်သည် အသင်းတော်မှ ထွက်ခွာရန် သင့်တော်သောအချိန်ကို ဆက်လက်တွက်ချက်နေသည်။ ဤသည်မှာ အလွန် စိတ်အနှောင့်အယှက်ဖြစ်စရာပင်။ သင်သည် သင့်တော်သောအချိန်ကို ရှာရန်မလိုအပ်။ သင်သည် ယခုပင် ထွက်ခွာနိုင်သည်။ သင်သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်အပေါ် အစဉ်သဖြင့် မသေမချာဖြစ်နေပါက ယခု သင့်ကို ကျွန်ုပ် ရှင်းလင်းစွာ ပြောမည်။ သင်သည် အမှုအရာများကို နောက်ထပ် စဉ်းစားဆင်ခြင်ရန် သို့မဟုတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် မလိုအပ်တော့။ သင်သည် သင့်အတွက် အမှုအရာများကို ခက်ခဲအောင် ဆက်လုပ်နေရန် မလိုအပ်။ သင်သည် အသင်းတော်မှ ယခုပင် ထွက်ခွာနိုင်သည်။ ဘုရားအိမ်တော်၏ တံခါးသည် ဖွင့်ထားပြီး ဘုရားအိမ်တော်က သင့်ကို ခေါ်ထားမည်မဟုတ်။ ယင်းသည် လူတို့ကို အတင်းအကျပ်မပြု” ဟူ၍ ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းသည် သင့်လျော်သလော။ (ဟုတ်ပါသည်။) ၎င်းတို့ကို “ထွက်ပေါက်တစ်ခု” ပေးလော့။ ၎င်းတို့ကို ဤနေရာတွင် ဒယ်အိုးပူပေါ်မှ ပုရွက်ဆိတ်များကဲ့သို့ နေ့စဉ် ညှဉ်းပန်းခြင်းကို မခံစားစေနှင့်။ ၎င်းတို့၏ ခံစားချက်များ၊ ဇာတိပကတိ၊ အလားအလာနှင့် နေခြင်း သို့မဟုတ် ထွက်သွားခြင်း ပြဿနာတို့ဖြင့် အစဉ်မပြတ် ညှဉ်းပန်းခြင်းကို မခံစားစေနှင့်။ ဤအရာများဖြင့် ၎င်းတို့ မည်မျှပင် ညှဉ်းပန်းခြင်းခံရပါစေ ယင်းက မည်သည့်အရာကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ မည်သည့်အချိန် ထွက်ခွာရမည်၊ မည်သို့ထွက်ခွာရမည်၊ စောစီးစွာ ထွက်ခွာပါက ဆုံးရှုံးမှုများနှင့် ကံဆိုးမိုးမှောင်ကျမှုများကို ခံစားရမည်လော၊ ကြာရှည်စွာနေပါက ကောင်းချီးမင်္ဂလာများ ရရှိနိုင်မည်လောတို့ကို ဆက်လက်စဉ်းစားနေကြဆဲ ဖြစ်သည်။ ၎င်းတို့ ထွက်ခွာသွားပြီးနောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံလာလျှင် မည်သို့လုပ်မည်နည်း။ ၎င်းတို့ မထွက်ခွာဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မပြည့်စုံဘဲ ရှိနေလျှင် မည်သို့လုပ်မည်နည်း။ ဤအရာများအတွက် ၎င်းတို့ အစဉ်မပြတ် စိုးရိမ်ပူပန်နေရန် မလိုအပ်ပေ။ ၎င်းတို့သည် စစ်မှန်သော လိုလားမှုဖြင့် ဘုရားသခင်ကို ယုံကြည်နေခြင်း မဟုတ်သောကြောင့် အမြန်ဆုံး ထွက်ခွာသင့်သည်။ ၎င်းတို့သည် ဤနေရာတွင် ကိုယ်ကျိုးအတွက်၊ အခြေအနေကို အခွင့်ကောင်းယူရန်၊ ၎င်းတို့၏ ပကတိအခြေအနေအတိုင်း မဟုတ်ဘဲ ဟန်ဆောင်နေရန် မနေသင့်ပေ။ ငါ့ကို ပြောလော့၊ ၎င်းတို့ကို ဤသို့ အကြံပေးပြီး ဤသို့ ကိုင်တွယ်ခြင်းသည် ကောင်းသလော။ (ကောင်းပါသည်။) ဖယ်ထုတ်ခြင်းခံရမည့် သို့မဟုတ် နှင်ထုတ်ခြင်းခံရမည့် အမျိုးမျိုးသော ဆိုးယုတ်သောလူများထဲတွင် အခွင့်အရေးသမားများကို ခွဲခြားသတ်မှတ်ခြင်းသည် လွန်ကဲသလော။ (မလွန်ကဲပါ။) အချို့လူများက “ဤသို့သောလူများကို ဆိုးယုတ်သောလူများအဖြစ် မည်သို့ သတ်မှတ်နိုင်မည်နည်း” ဟု ဆိုကြသည်။ မယုံကြည်သူများထဲတွင် ကောင်းသည့်သူ မည်မျှရှိသနည်း။ ဘုရားသခင်၏ အမြင်တွင် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်၏ တည်ရှိမှုကို အသိအမှတ်ပြုသောသူများ၏ စိတ်သဘောထား အနှစ်သာရသည် ဆိုးယုတ်သည်ဟု မှတ်ယူခံရသည်၊ ဘုရားသခင်ကို လုံးဝမယုံကြည်ဘဲ ဘုရားသခင်၏ တည်ရှိမှုကို အသိအမှတ်မပြုသောသူများမှာ ဆိုဖွယ်ရာမရှိပေ။ သို့ဖြစ်၍ ၎င်းတို့ကို ဆိုးယုတ်သောလူများအဖြစ် ခွဲခြားသတ်မှတ်ခြင်းသည် လွန်ကဲသလော။ (မလွန်ကဲပါ။) မည်သို့ပင်ဆိုစေကာမူ ၎င်းတို့ကို အနည်းဆုံးအနေဖြင့် လူများ၊ ဆိုးယုတ်သောလူများအဖြစ် ခေါ်ဝေါ်နေဆဲဖြစ်သည်။ ၎င်းတို့ကို ဆိုးယုတ်သော မကောင်းဆိုးဝါးများအဖြစ် ခွဲခြားသတ်မှတ်ခြင်း မခံရသည်မှာပင် ကောင်းလှပြီဖြစ်သည်။ ၎င်းတို့ကို ဆိုးယုတ်သောလူများထဲတွင် ခွဲခြားသတ်မှတ်ခြင်းသည် လုံးဝသင့်လျော်ပြီး ကိုက်ညီသည်၊ လုံးဝမလွန်ကဲပေ။ ထိုသို့သော ဆိုးယုတ်သောလူများသည်လည်း ဘုရားအိမ်တော်မှ ဖယ်ထုတ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းခံရမည့် လူအမျိုးမျိုးထဲမှ တစ်မျိုးဖြစ်သည်။ ဤသည်မှာ စတုတ္ထအမျိုးအစားဖြစ်သော မယုံကြည်သူဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ အခွင့်အရေးယူရန် ဖြစ်သည်။
အခွင့်အရေးသမားများ၏ အဓိက စရိုက်လက္ခဏာများမှာ အဘယ်နည်း။ ဤလူများနှင့် သင်တို့၏ အပြန်အလှန်ဆက်ဆံမှုများမှတစ်ဆင့်နှင့် ၎င်းတို့ ထုတ်ဖော်သည့် စိတ်သဘောထားများ၊ အမြင်ရှုထောင့်များ၊ သဘောထားများ သို့မဟုတ် လူ့သဘာဝကို စောင့်ကြည့်လေ့လာခြင်းမှတစ်ဆင့် သင်တို့ မည်သည့် အဓိက လက္ခဏာများကို တွေ့ရှိခဲ့သနည်း။ ယင်းတို့ကို အကျဉ်းချုပ်ဖော်ပြလော့။ (အခွင့်အရေးသမားများသည် ကနဦး၌ ဘုရားသခင်ကို ယုံကြည်ရန် သမ္မာတရားကို လိုက်စားဖို့ ရောက်လာကြခြင်း မဟုတ်ပါ။ ၎င်းတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် ရှင်သန်ကြီးပွားနေသည်ဟု ကြားသိကြသဖြင့် အမြတ်အစွန်းရှာလျက် ဘုရားအိမ်တော်မှ အကျိုးကျေးဇူးအချို့နှင့် ကောင်းချီးမင်္ဂလာများ ရရှိရန် မျှော်လင့်ချက်ဖြင့်သာ ဘုရားသခင်ကို ယုံကြည်ရန် ရောက်လာကြခြင်း ဖြစ်သည်။ ပြီးလျှင် အချိန်အတန်ကြာပြီးနောက် ဤအရာများကို ၎င်းတို့ မရရှိပါက ထွက်ခွာလိုကြသည်။ ဤလူတို့သည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ မယုံကြည်ကြသည့်အပြင် ဘုရားသခင်ကို ယုံကြည်ရာ၌ လုံးဝ စိတ်ဝင်စားခြင်းမရှိကြပါ။) အခွင့်အရေးသမားများနှင့်ပတ်သက်၍ အကြီးမားဆုံးသော ပြဿနာမှာ အဘယ်နည်း။ အဓိက ပြဿနာမှာ ၎င်းတို့သည် သမ္မာတရားကို စိတ်မဝင်စားဘဲ ကောင်းချီးမင်္ဂလာများ ရရှိရန်ကိုသာ အလွန်စိတ်ဝင်စားကြသဖြင့် ၎င်းတို့အတွက် သမ္မာတရားကို လက်ခံရန် အခက်ခဲဆုံးဖြစ်နေခြင်း ဖြစ်သည်။ အချို့လူများက “သင်သည် ၎င်းတို့ကို သမ္မာတရားကို စိတ်မဝင်စားရုံမျှဖြင့် ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း မပြုနိုင်ပါ၊ ဟုတ်သည် မဟုတ်လော” ဟု ဆိုကြသည်။ ဤလူတို့၏ သမ္မာတရားအပေါ် စိတ်ဝင်စားမှု ကင်းမဲ့ခြင်းသည် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မဖတ်ရှုခြင်း သို့မဟုတ် သမ္မာတရားကို မိတ်သဟာယမဖွဲ့ခြင်းတို့တွင် အဓိကအားဖြင့် ပြသနေသည်။ တစ်စုံတစ်ဦးက သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး မိမိကိုယ်ကို သိရှိခြင်းအကြောင်း ပြောဆိုသည်ကို သို့မဟုတ် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေသည်ကို ကြားပါက ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ အလွန်အမင်း မနှစ်မြို့ခြင်းကို အထူးသဖြင့် ခံစားရပြီး လုံးဝ စိတ်မဝင်စားဘဲ ငိုက်မျဉ်းလာကြသည်။ ၎င်းတို့သည် ဤအရာများကို အလွန်အမင်း မနှစ်မြို့ကြသည့်အပြင် အခြားသူများကို သမ္မာတရား မိတ်သဟာယဖွဲ့ခြင်းမှ နှောင့်ယှက်ရန် အကျိုးမရှိသော စကားများ ပြောဆိုခြင်း၊ ဘေးအန္တရာယ်များအကြောင်း ပြောဆိုခြင်းနှင့် ဘုရားသခင် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများ ပြသခြင်းကို ဆွေးနွေးခြင်းတို့ကိုပင် အသုံးချကြသည်။ ရလဒ်အနေဖြင့် သမ္မာတရားကို မလိုက်စားသော အချို့သူများသည် ဤအကြောင်းအရာများကို ကြားသည့်အခါ စိတ်လှုပ်ရှားလာပြီး ဆွေးနွေးမှုတွင် ၎င်းတို့နှင့်အတူ ပူးပေါင်းကြသည်။ ဤသည်မှာ အသင်းတော်အသက်တာကို ပေါ်ပေါ်ထင်ထင် နှောင့်ယှက်ခြင်း မဟုတ်လော။ ၎င်းတို့သည် မိမိတို့၏ နေ့စဉ်အသက်တာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကြသည်မှာ ရှားပါးပြီး ရံဖန်ရံခါ ဖတ်ရှုသည့်အခါတွင်လည်း စိတ်ထဲ၌ အခက်အခဲတစ်ခုခုနှင့် ကြုံတွေ့နေရသောကြောင့် ဖြစ်နိုင်ဖွယ်ရှိသည်။ ၎င်းတို့သည် စုဝေးပွဲများတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းတွင် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့ခြင်းတွင် စိတ်မဝင်စားကြပေ။ ၎င်းတို့သည် “ဘုရားသခင်၏ နေ့ရက်သည် မည်သည့်အချိန်တွင်ရောက်မည်နည်း။ ကြီးမားသော ကပ်ဘေးများသည် မည်သည့်အချိန်တွင် ပြီးဆုံးမည်နည်း။ ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးမင်္ဂလာများကို ကျွန်ုပ်တို့ မည်သည့်အချိန်တွင် ခံစားနိုင်မည်နည်း” ဟူသည်တို့ကိုသာ စိတ်ဝင်စားကြသည်။ ၎င်းတို့သည် ဤအရာများအကြောင်းကို အစဉ်သဖြင့် တွေးတောနေကြသည်။ မည်သူမျှ ဤအကြောင်းအရာများကို မဆွေးနွေးပါက ၎င်းတို့သည် အွန်လိုင်းတွင် ရှာဖွေကြပြီး ရှာဖွေပြီးနောက်တွင် စုဝေးပွဲများအတွင်း ဤအရာများကို စတင်ဖြန့်ဝေကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ဤအရာများဖြင့် ပြည့်လျှံနေသည်။ ၎င်းတို့ စိတ်ဝင်စားသော အကြောင်းအရာများနှင့်ပတ်သက်၍ အခြားသူများ မိတ်သဟာယဖွဲ့သည်ကို ကြားသရွေ့ ၎င်းတို့သည် ဝင်ရောက်ပြောဆိုပြီး မိတ်သဟာယတွင် ပူးပေါင်းနိုင်သည်။ သို့သော် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် အကြောင်းအရာကို ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် နားမထောင်လိုတော့ပေ။ ၎င်းတို့သည် ငိုက်မျဉ်းလာကြပြီး အချို့မှာ ထွက်ပင်ထွက်သွားကြကာ အခြားသူများမှာမူ ဂနာမငြိမ်ဖြစ်လာကြသည်၊ ၎င်းတို့သည် အကျည်းတန်သော အမူအရာမျိုးစုံကို ပြသကြသည်။ သင်က “ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မိတ်သဟာယဖွဲ့ကြစို့” ဟု ဆိုသည်။ ၎င်းတို့က “ကျွန်ုပ် ရေဆာသည်။ ရေသောက်ဖို့ လိုသည်” ဟု ဆိုသည်။ သင်က “မိမိကိုယ်ကို သိရှိခြင်းအကြောင်း မိတ်သဟာယဖွဲ့ကြစို့” သို့မဟုတ် “တာဝန်များကို ထမ်းဆောင်ခြင်း၏ အသေးစိတ်အချက်များအကြောင်း မိတ်သဟာယဖွဲ့ကြစို့၊ ဤအကြောင်းနှင့်ပတ်သက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်အရာကို ပြောထားသည်၊ ပြီးလျှင် သမ္မာတရား စည်းမျဉ်းများက မည်သည့်အရာများဖြစ်သည်ကို ကြည့်ကြစို့” ဟု ဆိုသည်။ ၎င်းတို့က “ကျွန်ုပ်တွင် လုပ်စရာ တစ်စုံတစ်ခု ရှိသည်။ ကျွန်ုပ် သွားလိုက်ဦးမည်။ သင်တို့ အေးအေးဆေးဆေး စကားပြောကြပါ” ဟု ဆိုသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအား ငြင်းပယ်ရန်နှင့် ရှောင်ရှားရန် ဆင်ခြေအမျိုးမျိုးကို ရှာကြသည်။ ဤအရာက ၎င်းတို့သည် သမ္မာတရားကို မချစ်ရုံသာမက မိမိတို့၏ စိတ်နှလုံး နက်ရှိုင်းရာမှ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် အတိုက်အခံ လုပ်သည်ဟူသည့်အချက်ကို ရှင်းလင်းစွာ ဖော်ထုတ်နေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားကို စကားထဲ ထည့်ပြောသည့်အခါတိုင်းတွင် ၎င်းတို့သည် ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခြင်း သို့မဟုတ် ငြင်းခုံခြင်းမပြုဘဲ ယင်းတို့ကို ငြင်းပယ်ရန်နှင့် ရှောင်ရှားရန် ဆင်ခြေအမျိုးမျိုးကို ရှာကြသည်။ ဤအပြုအမူများက ၎င်းတို့သည် အခွင့်အရေးသမားများ ဖြစ်ကြောင်း ရှင်းလင်းစွာ မပြသနိုင်သလော။ ၎င်းတို့သည် မယုံကြည်သူများဖြစ်ပြီး အခွင့်အရေးယူရန်ဟူသည့် တိကျသော ရည်ရွယ်ချက်တစ်ခုအတွက် ဘုရားသခင်ကို ယုံကြည်နေကြောင်း ရှင်းလင်းစွာ မညွှန်ပြသလော။ (ညွှန်ပြပါသည်။) အချို့လူများက “သင်က သူတို့ကို မယုံကြည်သူများ၊ ဘုရားသခင်အပေါ် ရိုးသားစစ်မှန်စွာ လိုက်လျှောက်သောသူများ မဟုတ်ဟု ပြောလေသည်၊ သို့ဆိုလျှင် ၎င်းတို့သည် ယခုအချိန်အထိ ယုံကြည်နိုင်သေးသည့်အပြင် အသင်းတော်၏ အလုပ်အတွက် မိမိကိုယ်ကို အသုံးခံကာ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနေသေးသည်မှာ အဘယ်ကြောင့်နည်း” ဟု ဆိုကြသည်။ ငါတို့ ယခုလေးတင် ပြောသွားခဲ့သော အပြုအမူများသည် ဤမေးခွန်းကို ဖြေဆိုရန် မလုံလောက်ဘူးလော။ ဤအပြုအမူများသည် ၎င်းတို့အပေါ် ကျွန်ုပ်တို့၏ ပိုင်းခြားသိမြင်မှုနှင့် အမျိုးအစားသတ်မှတ်ခြင်းသည် တိကျမှန်ကန်ကြောင်း သက်သေပြရန် လုံလောက်သည်။ ထို့ကြောင့် လူတစ်ဦး၏ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုင်ရာ ရည်ရွယ်ချက်သည် အခွင့်အရေးယူဖို့ ဟုတ်မဟုတ်ကို တိုင်းတာရန်၊ သင်သည် ယင်းကို ဘုရားသခင်အပေါ်၊ ဘုရားသခင်၏ အမှုတော်အပေါ်၊ သမ္မာတရားအပေါ်နှင့် အပြုသဘောဆောင်သောအရာများနှင့် အပျက်သဘောဆောင်သော အရာများအပေါ် ၎င်းတို့၏ သဘောထားကို အခြေခံ၍ တိုင်းတာပြီး ပိုင်းခြားသိမြင်သင့်သည်။ ဤသည်မှာ အတိကျဆုံး ဖြစ်သည်။ ယင်းကို ၎င်းတို့၏ အပြင်ပန်း အပြုအမူနှင့် လုပ်ဆောင်ချက်များဖြင့် တိုင်းတာခြင်းသည် တိကျမှန်ကန်ခြင်းမရှိ၊ ဓမ္မဓိဋ္ဌာန်ကျခြင်းမရှိပေ။ ၎င်းတို့၏ စစ်မှန်သော အတွင်းစိတ် အတွေးအခေါ်များနှင့် ဘုရားသခင်အပေါ်၊ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားကသာ ပြဿနာများကို ဖော်ပြသည်၊ ဤအရာများကသာ ၎င်းတို့သည် မည်သို့သောလူစားမျိုးဖြစ်သည်ကို သတ်မှတ်ရန် အတိကျဆုံးသော စံနှုန်းများ ဖြစ်ကြသည်။ ယခု သင်တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ အခွင့်အရေးယူရန် ဖြစ်သောသူတို့၏ အနှစ်သာရကို အခြေခံအားဖြင့် ရှင်းလင်းသွားပြီလော။ သင်တို့အားလုံး ဤသို့သောလူအချို့နှင့် ကြုံတွေ့ဖူးကြသလော။ (တွေ့ဖူးပါသည်။) ထိုသို့သောလူများအတွက် အမြန်ဆုံးထွက်ခွာသွားခြင်းက ပိုကောင်းသည်။ ၎င်းတို့သည် စစ်မှန်စွာ အစေခံမှု ပေးလိုစိတ်ရှိပါက ၎င်းတို့ကို အောင့်အည်းပြီး ခေါ်ထားနိုင်သည်။ သို့သော် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို မထမ်းဆောင်ဘဲ မည်သည့်အစေခံမှုကိုမျှ မပေးနိုင်သည့်အပြင် အသင်းတော်၏ အလုပ်နှင့် အသင်းတော်အသက်တာကို နှောင့်ယှက်မှုများနှင့် မကောင်းသော သက်ရောက်မှုများကို ဖြစ်စေပါက ၎င်းတို့ကို အမြန်ဆုံး ထွက်ခွာစေသင့်သည်။ ဤသည်မှာ မယုံကြည်သူများကို ရှင်းလင်းပစ်ခြင်းအတွက် စည်းမျဉ်းဖြစ်သည်။ ဘုရားအိမ်တော်သည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားကို ချစ်သောလူများကို လိုအပ်သည်၊ သစ္စာစောင့်သိသော အစေခံသူများကို လိုအပ်သည်။ မယုံကြည်သူများ သို့မဟုတ် အရေအတွက်ပြည့်မီအောင် ဖြည့်တင်းရန် ချီတုံချတုံဖြင့် စောင့်ကြည့်နေသူများကို လုံးဝမလိုအပ်ပေ။ အသင်းတော်သည် အရေအတွက်ပြည့်မီအောင် ဖြည့်တင်းရန် မည်သူ့ကိုမျှလည်း မလိုအပ်ပေ။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်မည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။