ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၅) အခန်း တစ်
အချက် ၁၄- အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို အချိန်မီ ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့ (အပိုင်း ၄)
ဆိုးယုတ်သောလူအမျိုးမျိုးတို့ကို ပိုင်းခြားသိမြင်ခြင်းအတွက် စံနှုန်းများနှင့် အခြေခံများ
ယနေ့တွင် ကျွန်ုပ်တို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သော အချက် ၁၄ ဖြစ်သည့် “အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို အချိန်မီ ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့” နှင့်ပတ်သက်၍ ဆက်လက်မိတ်သဟာယဖွဲ့ကြမည်။ ပြီးခဲ့သည့် အကြိမ်အနည်းငယ်တွင် ငါတို့သည် ဤအလုပ်ကို လုပ်ဆောင်သည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များ ပိုင်းခြားသိမြင်သင့်သည့် ကဏ္ဍအချို့အကြောင်းကိုလည်းကောင်း၊ ၎င်းတို့ နားလည်သင့်သည့် အဓိကကျသော သမ္မာတရားများအကြောင်းကိုလည်းကောင်း မိတ်သဟာယဖွဲ့ခဲ့ကြသည်၊ ဆိုလိုသည်မှာ အမျိုးမျိုးသော ဆိုးယုတ်သည့်လူများကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြခြင်း ဖြစ်သည်။ အမျိုးမျိုးသော ဆိုးယုတ်သည့်လူများကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသော အကြောင်းပြချက်ဖြင့် ဘုရားအိမ်တော်ထဲသို့ ခိုးဝင်လာကြပြီး သမ္မာတရားကို လက်မခံဘဲ အသင်းတော်၏အလုပ်ကိုလည်း နှောင့်ယှက်ကြသောသူများ ဖြစ်ကြသည်၊ ထိုသို့သောလူအားလုံးသည် ဆိုးယုတ်သောလူများဟူသည့် အမျိုးအစားထဲတွင် အကျုံးဝင်သည်။ ၎င်းတို့သည် အသင်းတော်က ရှင်းလင်းပစ်သင့်သော သို့မဟုတ် နှင်ထုတ်သင့်သောသူများ ဖြစ်ကြသည်၊ ဆိုလိုသည်မှာ အသင်းတော်အတွင်း၌ တည်ရှိခွင့်မပြုသောသူများ ဖြစ်ကြသည်။ ငါတို့သည် အမျိုးမျိုးသော ဆိုးယုတ်သည့်လူများကို အဓိက စံသတ်မှတ်ချက်သုံးခုမှတစ်ဆင့် ခွဲခြားပြီး စိတ်ဖြာလေ့လာဆွေးနွေးကြသည်။ ဤစံသတ်မှတ်ချက်သုံးခုမှာ အဘယ်နည်း။ ပထမတစ်ခုမှာ ဘုရားသခင်ကို လူတစ်ဦး၏ ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက် ဖြစ်သည်။ ဒုတိယတစ်ခုမှာ လူတစ်ဦး၏ လူ့သဘာဝဖြစ်သည်၊ ၎င်းတို့သည် အသင်းတော်က ရှင်းလင်းပစ်သင့်သောသူများထဲတွင် ပါဝင်ခြင်း ရှိမရှိကို ပိုင်းခြားသိမြင်ပြီး ရှင်းလင်းစွာ မြင်တွေ့ရန် လူတစ်ဦး၏ လူ့သဘာဝကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း ဖြစ်သည်။ တတိယမြောက် စံသတ်မှတ်ချက်မှာ အဘယ်နည်း။ (တာဝန်အပေါ်ထားသော သဘောထား ဖြစ်ပါသည်။) လူတစ်ဦး၏ တာဝန်များအပေါ်ထားရှိသော သဘောထားသည် တတိယမြောက် စံသတ်မှတ်ချက် ဖြစ်သည်။ ပထမ စံသတ်မှတ်ချက်ကို ယခင်က မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ ဒုတိယ စံသတ်မှတ်ချက်ဖြစ်သည့် လူတစ်ဦး၏ လူ့သဘာဝနှင့်ပတ်သက်၍မူ အချက်နှစ်ချက်ကို မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ ပထမအချက်မှာ အဘယ်နည်း။ (အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုရခြင်းကို နှစ်သက်ခြင်း ဖြစ်ပါသည်။) ဒုတိယအချက်မှာရော အဘယ်နည်း။ (အခွင့်ကောင်းယူရခြင်းကို နှစ်သက်ခြင်း ဖြစ်ပါသည်။) ဤအချက်နှစ်ချက်၏ အကြောင်းအရာများအရ ကြည့်လျှင် ဤသည်တို့မှာ ဆိုးယုတ်သောလူများ၏ သရုပ်သကန်များအဖြစ် မှတ်ယူရန် မလုံလောက်ဟု ထင်ရနိုင်သော်လည်း ငါ ယခင်က မိတ်သဟာယဖွဲ့ခဲ့သော အသေးစိတ်ကျသည့် သရုပ်သကန်များကို အခြေခံကြည့်လျှင် ဤလူစားနှစ်မျိုးသည် စစ်မှန်သော နောင်တမရှိဘဲ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြသည်၊ ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များသည် အသင်းတော်အသက်တာကိုလည်းကောင်း၊ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကိုလည်းကောင်း၊ ဘုရားသခင် ရွေးချယ်ထားသောလူများကြားရှိ ဆက်ဆံရေးများကိုလည်းကောင်း အနှောင့်အယှက်များနှင့် ဖျက်ဆီးခြင်းတို့ကို ဖြစ်ပေါ်စေခဲ့ပြီးဖြစ်သည်။ ၎င်းတို့၏ သရုပ်သကန်များအရလည်းကောင်း၊ ၎င်းတို့၏ သဘာဝအနှစ်သာရကို အခြေခံ၍လည်းကောင်း ဤလူစားနှစ်မျိုးသည် ဆိုးယုတ်သောလူများဟူသည့် အမျိုးအစားထဲတွင် အကျုံးဝင်သင့်သည်။ အသင်းတော်ခေါင်းဆောင်များနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများသည် ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး သတ်မှတ်သင့်သည့်အပြင် အချိန်မီ ရှင်းလင်းပစ်သင့်သည်။ ဤသို့ပြုလုပ်ခြင်းသည် သင့်လျော်သလော။ (သင့်လျော်ပါသည်။) လုံးဝ သင့်လျော်သည်။ အသင်းတော်၌ ဤလူစားနှစ်မျိုး၏ အပြုအမူသည် အလွန်ဆိုးရွားသော သက်ရောက်မှုရှိသည်၊ ၎င်းတို့သည် သမ္မာတရားကို လုံးဝ စိတ်မဝင်စားဘဲ ဘုရားသခင်၏ အမှုတော်ကိုလည်း လုံးဝ ကျိုးနွံနာခံခြင်းမရှိပေ။ ညီအစ်ကိုမောင်နှမများကြားတွင် ၎င်းတို့ အသက်ရှင်နေထိုင်ပုံသည် ဘာသာတရားမရှိသူများနှင့် ခြားနားခြင်းမရှိဟု ထင်ရသည်၊ ၎င်းတို့သည် မကြာခဏ လိမ်လည်ပြီး အခြားသူများကို လှည့်ဖြားကြသည်၊ မိမိတို့၏ တာဝန်များကို ဝတ်ကျေတမ်းကျေ ပုံစံဖြင့် တာဝန်ယူစိတ် စိုးစဉ်းမျှမရှိဘဲ ထမ်းဆောင်ကြပြီး ထပ်ခါတလဲလဲ သတိပေးဆုံးမခြင်းခံရသော်လည်း မပြောင်းလဲကြပေ။ ၎င်းတို့သည် အသင်းတော်အသက်တာကို ထိခိုက်စေရုံသာမက အသင်းတော်၏အလုပ်ကိုလည်း ဆိုးရွားစွာ နှောင့်ယှက်ကြသည်။ ၎င်းတို့သည် အသင်းတော်က ရှင်းလင်းပစ်သင့်သော သို့မဟုတ် နှင်ထုတ်သင့်သောသူများထဲတွင် ပါဝင်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ပြီးလျှင် ၎င်းတို့ကို ဆိုးယုတ်သောလူများအဖြစ် သတ်မှတ်ပြီး ထိုသို့သောလူများ၏ စာရင်းထဲတွင် ထည့်သွင်းခြင်းသည် လုံးဝ သင့်လျော်သည်၊ ထိုသို့ပြုလုပ်ခြင်းသည် လုံးဝ လွန်ကဲခြင်း မဟုတ်ပေ။ ပထမအမျိုးအစားဖြစ်သည့် အမှားနှင့် အမှန်ကို ပြောင်းပြန်လှန်ပြောဆိုခြင်းကို နှစ်သက်သောသူတို့နှင့်ပတ်သက်၍ ၎င်းတို့၏ ပြဿနာမှာ ထိုမျှ မသင့်လျော်သောအရာများကို ပြောဆိုခြင်း သို့မဟုတ် အခြားသူများနှင့် ဆက်သွယ်ပြောဆိုရာတွင် အခက်အခဲရှိခြင်း စသည်တို့ကဲ့သို့ မရိုးရှင်းဘဲ ၎င်းတို့၏ စိတ်သဘောထားတွင် ပြဿနာရှိခြင်း ဖြစ်သည်။ ပို၍နက်ရှိုင်းသောအဆင့်တွင် ၎င်းတို့၏ စိတ်သဘောထား ပြဿနာသည် ၎င်းတို့၏ သဘာဝအနှစ်သာရ ပြဿနာ ဖြစ်သည်။ ပို၍ ပေါ့တန်သောအဆင့်တွင်မူ ယင်းမှာ ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော ပြဿနာဖြစ်သည်၊ ဆိုလိုသည်မှာ ၎င်းတို့၏ လူ့သဘာဝသည် အလွန်ပင် ဆိုးယုတ်ပြီး စက်ဆုပ်ဖွယ်ကောင်းသဖြင့် အခြားသူများနှင့် ပုံမှန် အပြန်အလှန်ဆက်ဆံရန် မဖြစ်နိုင်ပေ။ ၎င်းတို့သည် အခြားသူများကို ထောက်ပံ့ခြင်း၊ ကူညီခြင်း သို့မဟုတ် ချစ်ခြင်းကဲ့သို့သော အပြုသဘောဆောင်သည့် သရုပ်သကန်များ ကင်းမဲ့ရုံသာမက ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများသည်လည်း အနှောင့်အယှက်ပေးခြင်း၊ ဖျက်ဆီးခြင်းနှင့် ဖြိုဖျက်ခြင်းတို့ကိုသာ ဆောင်ရွက်ပေးသည်။ အချို့လူများသည် အမှားနှင့် အမှန်ကို ပြောင်းပြန်လှန်ပြောဆိုခြင်းကို အကျင့်ပါနေပြီး ပေါ်တင်ဖြစ်စေ၊ တိတ်တဆိတ်ဖြစ်စေ ဤအရာများကို အစဉ်ပြုလုပ်လျက် အသင်းတော်၏အလုပ်နှင့် ညီအစ်ကိုမောင်နှမများအပေါ် အလွန်ဆိုးရွားသော သက်ရောက်မှုများကို ဖြစ်ပေါ်စေပါက ထိုသူတို့သည် အသင်းတော်က ရှင်းလင်းပစ်သင့်သောသူများထဲတွင် ပါဝင်သည်။ အခြားအမျိုးအစားမှာ အခွင့်ကောင်းယူရခြင်းကို နှစ်သက်သောသူများ ဖြစ်ကြသည်။ မည်သည့်အခြေအနေတွင်မဆို ၎င်းတို့သည် မိမိတို့၏ ကိုယ်ကျိုးစီးပွားများကိုသာ အစဉ်မျက်စိကျလျက် အခွင့်ကောင်းယူရန် အမြဲကြိုးစားကြသည်။ ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် အာရုံမစိုက်သကဲ့သို့ မိမိတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန် သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်ဝတ္တရားများကို ကောင်းစွာ ဖြည့်ဆည်းရန်လည်း အာရုံမစိုက်ကြပေ။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် ပုံမှန် အပြန်အလှန်ဆက်ဆံရန်၊ မိမိတို့၏ ချို့တဲ့မှုများကို ပြုပြင်ရန် အခြားသူများ၏ အားသာချက်များကို မှီငြမ်းပြီး ပုံမှန်ဆက်ဆံရေးများကို တည်ဆောက်ဖို့ သို့မဟုတ် ပုံမှန်အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ဖို့ သာ၍ပင် အာရုံမစိုက်ကြပေ။ ၎င်းတို့သည် ဤအရာများ တစ်ခုကိုမျှ အာရုံမစိုက်ကြပေ၊ ၎င်းတို့သည် အခွင့်ကောင်းယူရန်အတွက်သာ အသင်းတော်သို့၊ ညီအစ်ကိုမောင်နှမများကြားသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၌ ရှိနေသရွေ့၊ ညီအစ်ကိုမောင်နှမများသည် ၎င်းတို့နှင့် ထိတွေ့ဆက်ဆံနေသရွေ့ ညီအစ်ကိုမောင်နှမများသည် စိတ်ထဲ၌ မသက်မသာ ခံစားကြရလိမ့်မည်။ ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများအပေါ် ရွံရှာမှုကို ခံစားရရုံသာမက အဓိကအားဖြင့် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် သိသာထင်ရှားသော အတိုင်းအတာအထိ အနှောင့်အယှက်ပေးခံရပြီး ဘောင်ခတ်ခံရသည်ဟု မကြာခဏ ခံစားကြရသည်။ “သိသာထင်ရှားသော အတိုင်းအတာ” ဟူသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ ဆိုလိုသည်မှာ လက်တွေ့ဘဝ အခြေအနေများတွင် မယုံကြည်သူများ သို့မဟုတ် ဆိုးယုတ်သောလူများ၏ နှောင့်ယှက်မှုနှင့် ရင်ဆိုင်ရသည့်အခါ အချို့သော လူပုဂ္ဂိုလ်များသည် ၎င်းတို့၏ ခံစားချက်များကြောင့် ဘောင်ခတ်ခံရပြီး ရုန်းမထွက်နိုင်ကြသကဲ့သို့ အခြားသူများမှာမူ ယင်းကို မကြိုက်နှစ်သက်သော်လည်း ထုတ်မပြောဝံ့ဘဲ စိတ်ထဲ၌ အစဉ် ဘောင်ခတ်ခံရပြီး ငြိမ်သက်ခြင်း ကင်းမဲ့နေကြသည်။ ဤသည်မှာ ညီအစ်ကိုမောင်နှမများအတွက် ဆိုးရွားသော နှောင့်ယှက်မှုတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဖြစ်၍ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ဤလူပုဂ္ဂိုလ်နှစ်မျိုးကို ပိုင်းခြားသိမြင်သင့်သည်၊ ဆိုးယုတ်သောလူများအဖြစ် အမျိုးအစားခွဲခြားခံရသူအားလုံးသည် အသင်းတော်က ရှင်းလင်းပစ်သင့်သောသူများထဲတွင် ပါဝင်သည်။ ထိုသို့သော လူပုဂ္ဂိုလ်များကို ကိုင်တွယ်ခြင်းအတွက် တိကျသော စည်းမျဉ်းများကို နောက်ဆုံးစုဝေးပွဲ၌ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သောကြောင့် ယခုအခါ အသေးစိတ် ထပ်မံ၍ မိတ်သဟာယဖွဲ့တော့မည်မဟုတ်ပေ။ အတိုချုပ်အားဖြင့် အထက်တွင် မိတ်သဟာယဖွဲ့ခဲ့သော လူစားနှစ်မျိုးသည် ညီအစ်ကိုမောင်နှမများ၏ အသင်းတော်အသက်တာကိုသာမက ၎င်းတို့၏ တာဝန်များကို စနစ်တကျ ထမ်းဆောင်ခြင်းကိုပါ နှောင့်ယှက်မှုများကို ဖြစ်ပေါ်စေခဲ့သည်၊ ၎င်းတို့ထဲမှ အချို့၏ အပြုအမူများသည် အခြေခံအုတ်မြစ်မရှိသော ယုံကြည်သူအသစ်အချို့ကိုပင် ခလုတ်တိုက်လဲစေနိုင်ဖွယ်ရှိသည်။ သို့ဖြစ်၍ ၎င်းတို့ ပြုမူဆောင်ရွက်သည့် နည်းလမ်းများနှင့် နည်းစနစ်များကို အခြေခံ၍လည်းကောင်း၊ ၎င်းတို့၏ လူ့သဘာဝ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် ဤသရုပ်သကန်များက ဖြစ်ပေါ်စေသော ဆိုးကျိုးများကို အခြေခံ၍လည်းကောင်း ဤလူစားနှစ်မျိုးသည် ရှင်းလင်းပစ်သင့်သောသူများထဲတွင် ပါဝင်ပြီး ၎င်းတို့ကို ဆိုးယုတ်သောလူများ၏ စာရင်းထဲတွင် ထည့်သွင်းခြင်းသည် လုံးဝ လွန်ကဲခြင်း မဟုတ်ပေ။ အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုခြင်းကို နှစ်သက်သောသူများနှင့် အခွင့်ကောင်းယူခြင်းကို နှစ်သက်သောသူတို့၏ အပြုအမူများသည် လူတို့၏ အယူအဆများတွင် အဓိပ္ပာယ်ဖွင့်ဆိုထားသော ဆိုးယုတ်သည့်လူများကဲ့သို့ ယုတ္တိမတန်ဘဲ ကြမ်းတမ်းခြင်း သို့မဟုတ် ရက်စက်ကြမ်းကြုတ်ခြင်း မထင်ရသော်လည်း၊ ၎င်းတို့တွင် ထိုသို့သော သိသာထင်ရှားသည့် သရုပ်သကန်များ ကင်းမဲ့နေသော်လည်း ၎င်းတို့၏ အပြုအမူများနှင့် လူ့သဘာဝကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများက ၎င်းတို့ကို အသင်းတော်မှ ရှင်းလင်းပစ်ရန် လိုအပ်စေသည်။ ဤသည်တို့မှာ ပြီးခဲ့သည့်အကြိမ်က မိတ်သဟာယဖွဲ့ခဲ့သော လူစားနှစ်မျိုး၏ သရုပ်သကန်များနှင့် ၎င်းတို့ကို ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းများ ဖြစ်ကြသည်။
၂။ လူ့သဘာဝအရ
ဂ။ အကျင့်ပျက်ခြင်းနှင့် ချုပ်တည်းမှုမရှိခြင်း
ယနေ့ ကျွန်ုပ်တို့သည် လူ့သဘာဝနှင့် စပ်လျဉ်း၍ အခြားသော လူအမျိုးအစား အချို့၏ သရုပ်သကန်များအကြောင်းတွင် တတိယလူအမျိုးအစားတို့မှစ၍ ဆက်လက်၍ မိတ်သဟာယပြုကြမည်။ ဤလူတို့၏ လူ့သဘာဝ၏ အဓိကကျသော လက္ခဏာတစ်ရပ်မှာ အဘယ်နည်း။ ယင်းမှာ ကိုယ်ကျင့်တရားပျက်ခြင်းနှင့် ချုပ်တည်းမှုမဲ့ခြင်း ဖြစ်သည်။ ကိုယ်ကျင့်တရားပျက်ခြင်းနှင့် ချုပ်တည်းမှုမဲ့ခြင်းကို စာသားအတိုင်း အမြင်ရှုထောင့်မှ နားလည်ခြင်းသည် အတော်ပင် လွယ်ကူပါသည်။ ဆိုလိုသည်မှာ ဤပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အပြုအမူ၊ ကိုယ်နှုတ်အမူအရာနှင့် စကားတို့သည် မလျောက်ပတ်ဟု ထင်ရသည်။ ၎င်းတို့သည် ဂုဏ်သိက္ခာမရှိသကဲ့သို့ ရည်မွန်သောသူများ မဟုတ်ကြပေ။ ဤသည်မှာ ဤလူစားမျိုး၏ သရုပ်သကန်များနှင့်ပတ်သက်သည့် အခြေခံကျသော နားလည်မှုတစ်ခု ဖြစ်သည်။ အသင်းတော်၌ ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် အချို့သောလူတို့၏ အမြင်များနှင့် ၎င်းတို့ လိုက်စားကြသည့် နည်းလမ်းများတွင် လမ်းလွဲမှုများ သို့မဟုတ် အမှားအယွင်းများ ပါဝင်မည်မှာ ရှောင်လွှဲ၍မရပေ။ ၎င်းတို့၏ စကားပြောဆိုမှုနှင့် ကိုယ်နှုတ်အမူအရာတို့တွင် မည်သည့် ဘုရားတရား ကိုင်းရှိုင်းခြင်းမျှ မရှိချေ၊ ၎င်းတို့၏ ဘဝမှ သရုပ်သကန်များနှင့် ၎င်းတို့၏ လူ့သဘာဝ အရည်အသွေးတို့သည် သူတော်စင်တို့၏ တင့်တယ်လျောက်ပတ်သော အမူအကျင့်နှင့် လုံးဝမကိုက်ညီဘဲ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝ ကင်းမဲ့ကြသည်။ ယေဘုယျအားဖြင့် ၎င်းတို့၏ စကား၊ အပြုအမူနှင့် ကိုယ်နှုတ်အမူအရာတို့ကို ကိုယ်ကျင့်တရားပျက်ပြီး ချုပ်တည်းမှုမဲ့သည်ဟုသာ ဖော်ပြနိုင်ပေသည်။ တိကျသော သရုပ်သကန်များမှာ များပြားပြီး လူတိုင်းမြင်နိုင်ကာ ပိုင်းခြားသိမြင်ရန် လွယ်ကူသည်မှာ ပြောစရာမလိုပေ။ ဤပုဂ္ဂိုလ်တစ်ဦးချင်းစီသည် မယုံကြည်သူများ၊ ဘာသာတရား မရှိသူများနှင့် တူကြသည်။ အတိအကျအားဖြင့်ဆိုသော် ၎င်းတို့သည် အထူးပင် ကိုယ်ကျင့်တရားပျက်သော အပြုအမူကို ပြသကြသည်။ စုဝေးပွဲများနှင့်ပတ်သက်သည့်အခါ ၎င်းတို့၏ ဝတ်စားဆင်ယင်မှုနှင့် ပြင်ဆင်မှုတို့သည် အလွန် ပေါ့ပေါ့ပါးပါး ဖြစ်နေတတ်သည်။ အချို့သည် မိမိတို့၏ အိမ်များမှ မထွက်ခွာမီ မိမိတို့ကိုယ်ကို သပ်ရပ်အောင် ပြုပြင်ရန် အလုပ်ရှုပ်မခံဘဲ၊ ခေါင်းမဖြီး၊ မျက်နှာမသစ်ဘဲ စုဝေးပွဲများသို့ ဖိုသီဖတ်သီဖြင့် လာကြသည်။ အချို့သည် ဖြစ်ကတတ်ဆန်း ဝတ်စားကြပြီး စုဝေးပွဲများသို့ စုတ်ပြတ်နေသော ဖိနပ်များ သို့မဟုတ် အိပ်ရာဝင်ဝတ်စုံများကိုပင် ဝတ်ဆင်လာကြသည်။ အခြားသူများမှာမူ တစ်ကိုယ်ရေ သန့်ရှင်းရေးကို အာရုံမစိုက်ဘဲ ဖြစ်ကတတ်ဆန်း နေထိုင်ကြပြီး စုဝေးပွဲများသို့ ညစ်ပေသော အဝတ်အစားများ ဝတ်ဆင်လာရသည်ကို ဂရုမစိုက်ကြချေ။ ဤလူအားလုံးသည် စုဝေးပွဲများကို အိမ်နီးချင်းတစ်ဦး၏ အိမ်သို့ အလည်သက်သက် သွားသကဲ့သို့ အလွန်အမင်း သာမန်ကာလျှံကာသဘောထားကြပြီး အလေးအနက်မထားကြချေ။ စုဝေးပွဲများအတွင်း ၎င်းတို့၏ စကားနှင့် ကိုယ်နှုတ်အမူအရာတို့သည်လည်း အထိန်းအကွပ်မဲ့နေပြီး ၎င်းတို့သည် မည်သည့် သိက္ခာစောင့်စည်းမှုမျှ မရှိဘဲ အသံကျယ်လောင်စွာ ပြောဆိုကြကာ ပျော်ရွှင်သည့်အခါ စိတ်လှုပ်ရှားပြီး လက်ဟန်ခြေဟန်များဖြင့် ပြုမူကြလျက် အလွန်အမင်း စိတ်လွတ်လက်လွတ်နေခြင်းကို ပြသကြသည်။ လူမည်မျှပင် ရှိနေပါစေ ၎င်းတို့သည် ရယ်မောကြ၊ နောက်ပြောင်ကြပြီး လက်ဟန်ခြေဟန်များဖြင့် ပြုမူလျက် ခြေထောက်ချိတ်ထိုင်ကာ လူတိုင်းအထက်၌ မိမိတို့ရှိသည်အလား ပြုမူကြသည်။ ၎င်းတို့သည် အထူးသဖြင့် ဟိတ်ဟန်များပြီး မောက်ပင် မောက်မာကြကာ တစ်စုံတစ်ဦးနှင့် စကားပြောသည့်အခါ မည်သူ့ကိုမျှ မျက်လုံးတည့်တည့် ကြည့်ခြင်းမရှိဘဲ ၎င်းတို့သည် မျက်စိကစားတတ်လေသည်။ ဤသည်မှာ ကိုယ်ကျင့်တရားပျက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် အထူးသဖြင့် စိတ်လွတ်ကိုယ်လွတ်နေပြီး ချုပ်တည်းမှု တစ်စက်မျှ မရှိခြင်း ဖြစ်သည်။ ဘာသာတရား မရှိသူများသည် ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ စကားနှင့် ကိုယ်နှုတ်အမူအရာတို့ကို ကောင်းမွန်သော ပြုစုပျိုးထောင်မှု ကင်းမဲ့ခြင်းကြောင့်ဟု မှတ်ယူကောင်း မှတ်ယူနိုင်သော်လည်း ကျွန်ုပ်တို့ကမူ ယင်းကို ထိုသို့မဟုတ်ဘဲ ကွဲပြားစွာ နားလည်ကြသည်။ ယင်းမှာ ကောင်းမွန်သော ပြုစုပျိုးထောင်မှု ကင်းမဲ့ခြင်း ကိစ္စမျှသာ မဟုတ်ပေ။ အရွယ်ရောက်ပြီးသူများအနေဖြင့် အခြားသူများနှင့် စကားပြောဆိုရန်၊ ပြုမူရန်နှင့် ပေါင်းသင်းဆက်ဆံရန် မှန်ကန်ပြီး လျောက်ပတ်သော နည်းလမ်းများကို ရှင်းလင်းစွာ သိသင့်သည်။ အထူးသဖြင့် သူတော်စင်တို့၏ သင့်တင့်လျောက်ပတ်သော အပြုအမူနှင့် ကိုက်ညီသော၊ ညီအစ်ကိုမောင်နှမများကို တည်ဆောက်မှုဖြစ်စေသော၊ ပုံမှန် လူ့သဘာဝကို ဖော်ဆောင်သော နည်းလမ်းဖြင့် မည်သို့ပြုမူရမည်ကို တစ်စုံတစ်ဦးက ပြောပြရန်မလိုဘဲ သိသင့်ပေသည်။ အထူးသဖြင့် အသင်းတော်အသက်တာ၌ အသက်ရှင်နေထိုင်သည့်အခါ ညီအစ်ကိုမောင်နှမများ၏ ရှေ့မှောက်တွင် ဟန်ဆောင်ရန် မလိုအပ်သော်လည်း လူတစ်ဦးသည် ချုပ်တည်းရမည် ဖြစ်သည်။ သို့ဆိုလျှင် ဤချုပ်တည်းမှု၏ အတိုင်းအတာနှင့် လိုအပ်သော စံနှုန်းမှာ အဘယ်နည်း။ ယင်းမှာ သူတော်စင်တို့၏ သင့်တင့်လျောက်ပတ်သော အပြုအမူနှင့် ကိုက်ညီရန် ဖြစ်သည်။ လူတစ်ဦး၏ အဝတ်အစားနှင့် ဝတ်စားဆင်ယင်မှုသည် ဂုဏ်သိက္ခာရှိပြီး လျောက်ပတ်သင့်ကာ ပုံမမှန်သော ဝတ်စုံများကို ရှောင်ကြဉ်သင့်သည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် လူတစ်ဦးသည် ကိုင်းရှိုင်းရမည်ဖြစ်ပြီး လက်ဟန်ခြေဟန်များဖြင့် မပြုမူရ။ အခြားလူများ၏ ရှေ့မှောက်တွင်လည်း ၎င်းတို့သည် ကိုင်းရှိုင်းမှုနှင့် လူသားပုံသဏ္ဌာန်ကို ထိန်းသိမ်းသင့်သည်မှာ ပြောစရာမလိုပေ၊ ဤသို့ဖြင့် ၎င်းတို့သည် အခြားသူများအတွက် သင့်လျော်သော၊ အကျိုးရှိသော၊ တည်ဆောက်မှုဖြစ်စေသော နည်းလမ်းဖြင့် မိမိတို့ကိုယ်ကို မျက်နှာပန်းပြနိုင်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို စိတ်ကျေနပ်စေသည့်အရာ ဖြစ်သည်။ ကိုယ်ကျင့်တရားပျက်ပြီး ချုပ်တည်းမှုမဲ့သောသူတို့သည် လူ့သဘာဝ၏ အခြေခံအကျဆုံးသော လက္ခဏာအသွင်အပြင်များကို အသက်ရှင်နေထိုင်ရန် လုံးဝ အလေးမမူကြချေ။ ပြီးလျှင် ၎င်းတို့၏ ဤသို့ ဂရုမပြုခြင်းအတွက် တိကျသောအကြောင်းရင်းတစ်ခုမှာ ကိုင်းရှိုင်းသော ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် လေးစားမှုကို ရရှိစေသော တည်ကြည်မှုနှင့် ဂုဏ်သိက္ခာရှိသူတစ်ဦး မည်သို့ဖြစ်ရမည်ကို ၎င်းတို့ လုံးလုံးလျားလျား မသိနားမလည်ခြင်းသက်သက် ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို အမှန်တကယ် နားမလည်ကြပေ။ ထို့ကြောင့် စုဝေးပွဲများတွင် ထူးခြားဆန်းကြယ်သော အဝတ်အစားများ မဝတ်ဆင်ဘဲ သပ်ရပ်သော၊ ဂုဏ်သိက္ခာရှိပြီး လျောက်ပတ်သော ဝတ်စုံကို ဝတ်ဆင်ရန် အသင်းတော်၏ ထပ်တလဲလဲ ပြဋ္ဌာန်းချက်များနှင့် တောင်းဆိုချက်များ ရှိနေသော်လည်း ၎င်းတို့သည် ဤစည်းမျဉ်းများကို အလေးအနက်မထားဘဲ ဖိနပ်များစီးလျက်၊ ဖိုသီဖတ်သီဖြစ်လျက် သို့မဟုတ် ညအိပ်ဝတ်စုံများဖြင့်ပင် မကြာခဏ ရောက်ရှိလာတတ်ကြသည်။ ဤသည်မှာ ကိုယ်ကျင့်တရားပျက်ပြီး ချုပ်တည်းမှုမဲ့သောသူတို့၏ သရုပ်သကန်တစ်ရပ် ဖြစ်သည်။
အကျင့်ပျက်၍ ချုပ်တည်းမှုမရှိသောသူတို့သည် အခြားအပြုအမူတစ်ခုကိုလည်း ဖော်ပြကြသည်၊ ယင်းမှာ စုဝေးပွဲများတွင် ခေတ်မီစွာ ဝတ်စားဆင်ယင်ပြီး ထူထဲ၍ သွေးဆောင်ဖြားယောင်းသော မိတ်ကပ်လိမ်းခြယ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် စုဝေးပွဲတစ်ခုစီ မတိုင်မီ နှစ်ရက်အလိုကတည်းက မည်သည့်မိတ်ကပ်လိမ်းရမည်၊ မည်သည့်လက်ဝတ်ရတနာ ဝတ်ဆင်ရမည်၊ မည်သည့်ဆံပင်ပုံစံ ပြုလုပ်ရမည်၊ မည်သည့်အဝတ်အစားကို ဝတ်ရမည်၊ မည်သည့်အိတ်ကို လွယ်ရမည်၊ မည်သည့်ဖိနပ်ကို စီးရမည်တို့ကို စဉ်းစားတွေးတောလျက် အလှဆင်ခြယ်သ ပြင်ဆင်ကြတော့သည်။ အချို့အမျိုးသမီးများဆိုလျှင် သွေးဆောင်ဖြားယောင်းသော နှုတ်ခမ်းနီ၊ မျက်လုံးခြယ်ဆေးနှင့် နှာတံဖော်ဆေးတို့ကိုပင် လိမ်းခြယ်ကြပြီး ပို၍ ဆိုးရွားသော အခြေအနေများတွင်မူ အချို့က ပခုံးနှင့်ကျောကို ဖော်ကာ ထူးဆန်းသော အဝတ်အစားများ ဝတ်ဆင်လျက် အလွန်အမင်း သွေးဆောင်ဖြားယောင်းသောပုံစံဖြင့် မိမိတို့ကိုယ်ကို ဝတ်စားဆင်ယင် ပြင်ဆင်ကြသည်။ စုဝေးပွဲများတွင် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ မိတ်သဟာယဖွဲ့ခြင်းကို အလေးဂရုပြု၍ နားမထောင်ကြသကဲ့သို့ ဆုလည်းမတောင်းကြပေ။ မိတ်သဟာယဖွဲ့ခြင်းတွင် ပါဝင်ရန် သို့မဟုတ် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ နားလည်မှုနှင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မျှဝေရန်မှာမူ ပို၍ပင် မလုပ်ဆောင်ကြပေ။ ထိုအစား ၎င်းတို့သည် မည်သူ၏ ဝတ်စားဆင်ယင်မှုက ၎င်းတို့ထက် ပိုကောင်းသည် သို့မဟုတ် ပိုညံ့သည်၊ မည်သူက အထူးခေတ်စားသော နာမည်ကြီး အမှတ်တံဆိပ်ပါ အဝတ်အစားများကို ဝတ်ဆင်ထားသည်၊ မည်သူက ဈေးပေါသော လမ်းဘေးဈေးမှ အဝတ်အစားများကို ဝတ်ဆင်ထားသည်၊ တစ်စုံတစ်ဦး၏ လက်ကောက်က မည်မျှတန်သည် စသည်ဖြင့် လူတိုင်းနှင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ကာ ဤကိစ္စများကိုသာ အာရုံစိုက်ကြပြီး ထိုသို့သော မှတ်ချက်များကို လူအများရှေ့တွင်ပင် မကြာခဏ ထုတ်ဖော်ပြောဆိုကြသေးသည်။ ဤပုဂ္ဂိုလ်များ၏ ဝတ်စားဆင်ယင်မှုအပြင် ၎င်းတို့၏ အပြောအဆို၊ အပြုအမူနှင့် အမူအရာတို့မှကြည့်လျှင် အသင်းတော်အသက်တာတွင် ၎င်းတို့၏ ပါဝင်ခြင်းနှင့် ညီအစ်ကိုမောင်နှမများနှင့် ၎င်းတို့၏ ပေါင်းသင်းဆက်ဆံခြင်းသည် သမ္မာတရားကို နားလည်ရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ စိတ်သဘောထား ပြောင်းလဲခြင်းကို ရရှိရန် အသက်ဝင်ရောက်မှုကို လိုက်စားခြင်းအတွက် ဖြစ်ဖို့မှာ သာ၍ပင် မဖြစ်နိုင်ကြောင်း သိသာထင်ရှားပေသည်။ ထိုအစား ၎င်းတို့သည် စုဝေးပွဲများအတွင်းရှိ အချိန်ကို ငွေကြေးနှင့် ရုပ်ဝတ္ထုဆိုင်ရာ အသက်တာအပေါ် ၎င်းတို့၏ မွေ့လျော်ခံစားမှုကို ကြွားဝါရန် အသုံးပြုကြသည်။ အချို့လူများသည် ဂုဏ်ဖော်ကြွားဝါရန် နာမည်ကြီး အမှတ်တံဆိပ်ပါ အဝတ်အစားများ ဝတ်ဆင်လျက် စုဝေးပွဲနေရာများသို့ လာကြပြီး ညီအစ်ကိုမောင်နှမများကြားတွင် ဖက်ရှင်နှင့် လူမှုခေတ်ရေစီးကြောင်းများအတွက် ၎င်းတို့၏ လိုအင်ဆန္ဒများကို အပြည့်အဝ လိုက်လျောကာ အခြားသူများကို ဤခေတ်ရေစီးကြောင်းများနောက် လိုက်ရန် သွေးဆောင်ပြီး အခြားသူများက ၎င်းတို့ကို အားကျ၍ အထင်ကြီးလေးစားစေရန် ပြုလုပ်ကြသည်။ ညီအစ်ကိုမောင်နှမအချို့၏ ၎င်းတို့အပေါ် အော်ဂလီဆန်သော အကြည့်များနှင့် သဘောထားများကို သတိပြုမိသော်လည်း ၎င်းတို့သည် အရေးမထားလောက်ဟု သဘောထားမြဲထားလျက် ဒေါက်မြင့်ဖိနပ်များစီးကာ ဒီဇိုင်နာအိတ်များကို လွယ်ကာ မိမိတို့သဘောအတိုင်းသာ ပြုမူကြသည်။ အချို့ဆိုလျှင် ငွေကြေးချမ်းသာကြွယ်ဝသော ပုဂ္ဂိုလ်များအဖြစ် ဟန်ဆောင်ရန်ပင် ကြိုးပမ်းလျက် စုဝေးပွဲများသို့ အရည်အသွေးနိမ့်သော ရေမွှေးများဆွတ်၍ လာကြရာ ထိုသို့ဖြင့် ၎င်းတို့ အခန်းထဲသို့ ဝင်ရောက်ပြီးနောက်တွင် ရေမွှေး၊ ပါးနီနှင့် ခေါင်းလိမ်းဆီတို့၏ ရောနှောနေသော ရနံ့များသည် စူးရှ၍ မနှစ်မြို့ဖွယ်ကောင်းသော အနံ့တစ်ခုကို ဖြစ်ပေါ်စေသည်။ စုဝေးပွဲတက်ရောက်သူ အခြားများစွာတို့သည် ဒေါသထွက်ကြသည့်တိုင် ထုတ်မပြောဝံ့ကြဘဲ ဤလူများကို မြင်ရသည်ကို စက်ဆုပ်ရွံရှာကြပြီး ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်သောသူတို့သည် ၎င်းတို့နှင့် ခပ်ကင်းကင်းနေကြသည်။ ၎င်းတို့၏ ဝတ်စားဆင်ယင်မှုနှင့် ပြင်ဆင်မှုသည် အတော်အတန် အဆင့်မြင့်သည်ဖြစ်စေ၊ အတော်အတန် ပေါ့ပါးသည်ဖြစ်စေ ထိုသို့သော ပုဂ္ဂိုလ်များ၏ အမှတ်အသားမှာ စုဝေးပွဲများအတွင်း၌သာမက ညီအစ်ကိုမောင်နှမများနှင့် ၎င်းတို့၏ နေ့စဉ် ပေါင်းသင်းဆက်ဆံမှုများတွင်ဖြစ်စေ၊ ၎င်းတို့၏ နေ့စဉ်အသက်တာများတွင်ဖြစ်စေ ၎င်းတို့၏ အပြောအဆို၊ အပြုအမူ၊ အမူအရာနှင့် နေထိုင်မှုပုံစံသည် ထူးကဲစွာ လွတ်လပ်ပြီး စည်းကမ်းမဲ့ခြင်းပင် ဖြစ်လေသည်။ တိတိကျကျဆိုရလျှင် ၎င်းတို့သည် ချုပ်တည်းမှု စိုးစဉ်းမျှပင် မရှိသလောက်ဖြစ်ကာ အထူးသဖြင့် စိတ်အလိုလိုက်ကြသည်။ ၎င်းတို့၏ နေ့စဉ်အသက်တာများတွင် ပုံမှန်အစီအစဉ်များ မရှိပေ။ ၎င်းတို့သည် မိမိတို့အလိုရှိရာကို ပြောဆိုကြသည်၊ မဆင်မခြင် တစ်ဇွတ်ထိုး ပြုမူကြသည်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေ့အကြုံများကို မည်သည့်အခါမျှ မဆွေးနွေးကြ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ နားလည်မှုကို မျှဝေခြင်းမှာ ရှားပါးပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ကြုံတွေ့ရသော အခက်အခဲများ အကြောင်းကိုလည်း ပြောဆိုလေ့မရှိသလောက်ပင် ဖြစ်သည်။ ၎င်းတို့ ဆွေးနွေးသည့် တစ်ခုတည်းသော အကြောင်းအရာများမှာ အဘယ်နည်း။ လူမှုခေတ်ရေစီးကြောင်းများ၊ ဖက်ရှင်၊ အစားကောင်းအသောက်ကောင်းများ၊ လူ့အဖွဲ့အစည်းရှိ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များနှင့် ကြယ်ပွင့်များ၏ ကိုယ်ရေးကိုယ်တာဘဝများနှင့် လူ့အဖွဲ့အစည်းမှ ထူးဆန်းသော ဇာတ်လမ်းများနှင့် ဖြစ်ရပ်မှန်ဇာတ်လမ်းတိုများ ဖြစ်ကြသည်။ ၎င်းတို့၏ သဘာဝအလျောက် ထုတ်ဖော်မှုများမှကြည့်လျှင် ထိုသို့သောလူများ၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘဝတွင် ဖြစ်သလို နေထိုင်ဖြတ်သန်းရန်သက်သက်သာ ဖြစ်ကြောင်း တွေ့မြင်ရန် မခက်ခဲပေ။ ၎င်းတို့၏ ဘဝသည် အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ခြင်း၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်း သို့မဟုတ် သမ္မာတရားကို လိုက်စားခြင်းကဲ့သို့သော ကိစ္စရပ်များအပေါ်တွင် မဟုတ်ဘဲ စားခြင်း၊ သောက်ခြင်းနှင့် ပျော်ပါးခြင်းတို့အပေါ်တွင် လုံးလုံး အာရုံစိုက်ထားသည်။ “အကျင့်ပျက်၍ ချုပ်တည်းမှုမရှိခြင်း” ဟု ဆိုလိုသည့်အရာမှာ ဤပုဂ္ဂိုလ်များ၏ နေထိုင်မှုပုံစံများ၊ ၎င်းတို့ လူ့သဘာဝ၌ အသက်ရှင်နေထိုင်သည့်အရာအပြင် အမှုအရာများကို ကိုင်တွယ်ခြင်း၊ အခြားသူများကို ဆက်ဆံခြင်းနှင့် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံခြင်းဆိုင်ရာ ၎င်းတို့၏ နည်းလမ်းများအားလုံးသည် အကျင့်ပျက်၍ ချုပ်တည်းမှုမရှိခြင်းပင် ဖြစ်လေသည်။ ၎င်းတို့သည် လူ့အဖွဲ့အစည်းရှိ ခေတ်စားသော အသုံးအနှုန်းများကို မကြာခဏ အတုခိုးကြသည်၊ ညီအစ်ကိုမောင်နှမများက ထိုအရာများကို ကြားလိုသည်ဖြစ်စေ၊ မကြားလိုသည်ဖြစ်စေ၊ နားလည်နိုင်သည်ဖြစ်စေ၊ နားမလည်နိုင်သည်ဖြစ်စေ ဤပုဂ္ဂိုလ်များသည် ဆက်၍သာ ပြောဆိုနေကြသည်။ ၎င်းတို့သည် လူ့အဖွဲ့အစည်းရှိ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်အချို့၊ ဂီတနှင့် ရုပ်ရှင်ကြယ်ပွင့်များ၏ ပြောစကားများကိုပင် မကြာခဏ အတုခိုးကြသည်။ ဘုရားအိမ်တော်နှင့် ညီအစ်ကိုမောင်နှမများကြားတွင် မကြာခဏ အသုံးပြုလေ့ရှိသော အပြုသဘောဆောင်သည့် ဝေါဟာရများနှင့်ပတ်သက်၍မူ ၎င်းတို့သည် မည်သည့်အခါမျှ စိတ်ဝင်စားမှုမပြကြပေ၊ ၎င်းတို့သည် မိမိတို့၏ နေ့စဉ်အသက်တာများတွင် သမ္မာတရားအကြောင်းကို မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြပေ။ ၎င်းတို့ ကိုးကွယ်သည့်အရာမှာ လောကီရေးရာ ခေတ်ရေစီးကြောင်းများ ဖြစ်သည်၊ အမျိုးမျိုးသော ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များနှင့် ကြယ်ပွင့်များသည် ၎င်းတို့၏ ကိုးကွယ်ခြင်းနှင့် အတုခိုးခြင်းတို့၏ ပစ်မှတ်များ ဖြစ်ကြသည်။ ဥပမာအားဖြင့် ၎င်းတို့သည် အွန်လိုင်းပေါ်ရှိ ခေတ်စားသော အသုံးအနှုန်းများနှင့် စကားစုများကို အတတ်မြန်ပြီး ၎င်းတို့၏ ဘဝနှင့် ညီအစ်ကိုမောင်နှမများနှင့် စကားပြောဆိုရာတွင် အသုံးပြုကြသည်။ ဤအသုံးအနှုန်းများသည် အပြုသဘောဆောင်သောအရာ သို့မဟုတ် တည်ဆောက်မှုဖြစ်စေသောအရာ တစ်ခုမျှ မဟုတ်သည်မှာ ပြောစရာမလိုပေ။ ယင်းတို့အားလုံးသည် အပျက်သဘောဆောင်ပြီး ဘုရားသခင်ကို ယုံကြည်သောသူတို့အတွက် တန်ဖိုးမရှိသည့်အပြင် အဓိပ္ပာယ် သာ၍ပင် မရှိချေ။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးပြီး ဆိုးယုတ်သော လူသားမျိုးနွယ်မှ ပေါ်ပေါက်လာသော ခေတ်စားသည့် အသုံးအနှုန်းများဖြစ်ပြီး ဆိုးယုတ်သော အင်အားစုများ၏ အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များကို လုံးလုံးလျားလျား ကိုယ်စားပြုသည်။ ထိုသို့သော စကားလုံးများကို အသင်းတော်ရှိ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို နှစ်သက်သော မယုံကြည်သူတို့က မကြာခဏ သတိပြုမိကြသည်၊ လက်ခံကြသည်၊ အသုံးပြုကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ ဝိညာဉ်ရေးရာဆိုင်ရာ အသုံးအနှုန်းများနှင့် ဝေါဟာရများကို လုံးဝ လက်မခံကြဘဲ စိတ်ရင်းမှန်ဖြင့် နားထောင်ခြင်း သို့မဟုတ် လေ့လာခြင်း မရှိကြပေ။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့သည် ဘာသာတရားမရှိသူများလောက၏ အပျက်သဘောဆောင်သော အရာများနှင့် သိမ်ဖျင်းသောလူများ အာရုံစိုက်သည့်အရာများကို လျင်မြန်စွာ မှတ်သားပြီး အသုံးပြုကြသည်။ သို့ဖြစ်၍ ဤပုဂ္ဂိုလ်များသည် ၎င်းတို့၏ အပြင်ပန်း ဝတ်စားဆင်ယင်မှု၊ အပြောအဆိုနှင့် အမူအရာတို့ဖြင့်ဖြစ်စေ၊ ၎င်းတို့ ထုတ်ဖော်ပြသည့် အမျိုးမျိုးသော အတွေးအခေါ်များ၊ ရှုထောင့်အမြင်များနှင့် အမှုအရာများအပေါ်ထားရှိသော သဘောထားများဖြင့်ဖြစ်စေ အကဲဖြတ်ခံရသော် ညီအစ်ကိုမောင်နှမများကြားတွင် ထူးထူးခြားခြား ကွဲပြားနေကြသည်။ ကွဲပြားနေသည်ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ ၎င်းတို့၏ အပြောအဆို၊ အပြုအမူနှင့် အမူအရာတို့သည် မည်သည့်ပြောင်းလဲမှုမျှ မပြဘဲ ဘာသာတရား မရှိသူများကဲ့သို့ ဖြစ်နေသည်၊ ၎င်းတို့သည် မယုံကြည်သူများသာ ဖြစ်ကြသည်။ ဥပမာအားဖြင့် အချို့လူများသည် ဘုရားအိမ်တော်၏ စင်မြင့်ပေါ်တွင် ဓမ္မသီချင်းနှစ်ပုဒ် သီဆိုပြီး လူတိုင်း၏ သဘောကျမှုကို ရရှိသောကြောင့် မိမိတို့ကိုယ်ကို ကြယ်ပွင့်များ သို့မဟုတ် အကျော်အမော်များအဖြစ် စတင်တွေးထင်လာကြပြီး ဖျော်ဖြေပွဲများအတွက် အမြဲတမ်း မိတ်ကပ်ထူထူလိမ်းရန် တောင်းဆိုကာ နာမည်ကြီးတစ်ဦး၏ ဆံပင်ပုံစံအတိုင်း ပြုလုပ်ရန်နှင့် ထူးဆန်းသောအရောင်များ ဆိုးရန် တောင်းဆိုကြသည်။ အခြားသူများက “ယုံကြည်သူများသည် ဂုဏ်သိက္ခာရှိပြီး လျောက်ပတ်စွာ ဝတ်စားဆင်ယင်သင့်သည်၊ သင်၏ ပုံစံသည် ဘုရားအိမ်တော်၏ တောင်းဆိုချက်များနှင့် မကိုက်ညီပါ” ဟု ပြောဆိုသည့်အခါ ၎င်းတို့က “ဘုရားအိမ်တော်၏ စည်းမျဉ်းများသည် တင်းကျပ်လွန်းသည်၊ တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပင်။ ကြယ်တစ်ပွင့်ဖြစ်ဖို့ အဘယ်ကြောင့် ဤမျှ ခက်ခဲရသနည်း” ဟု ညည်းညူကြသည်။ ဓမ္မသီချင်းနှစ်ပုဒ် သီဆိုပြီးနောက် ၎င်းတို့သည် မိမိတို့ကိုယ်ကို ကြယ်ပွင့်များအဖြစ် စိတ်ကူးယဉ်ကြပြီး မိမိတို့ကိုယ်ကို အလွန်တော်သည်ဟု ထင်မှတ်ကြကာ အားလပ်သည့်အခါတိုင်း အစဉ်မပြတ် စဉ်းစားတွေးတောကြသည်မှာ “ဘာသာတရားမရှိသူလောကမှ ကြယ်ပွင့်များသည် မိုက်ခရိုဖုန်းကို ကိုင်ရန် လက်ချောင်းမည်မျှ အသုံးပြုကြသနည်း။ စင်ပေါ်သို့ တက်ရန် ခြေလှမ်းမည်မျှ လှမ်းကြသနည်း။ ကျွန်ုပ် ဤမျှ ကောင်းစွာ သီဆိုသည့်အခါ အဘယ်ကြောင့် ပန်းများ မရရှိသနည်း။ လောကရှိ ကြယ်ပွင့်များတွင် ကိုယ်စားလှယ်များနှင့် လက်ထောက်များ ရှိကြသည်၊ ၎င်းတို့သည် ကိစ္စအများစုကို မိမိတို့ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရန် မလိုအပ်ဘဲ ၎င်းတို့၏ လက်ထောက်များက အားလုံး လုပ်ဆောင်ပေးသည်။ သို့သော် ဘုရားအိမ်တော်၌ အဆိုတော်တစ်ဦးအနေဖြင့် အစားအသောက်ရယူခြင်း၊ အဝတ်အစားဝတ်ဆင်ခြင်းနှင့် ဈေးဝယ်ခြင်းကဲ့သို့သော သာမန်ကိစ္စများကို ကျွန်ုပ်ကိုယ်တိုင် ဂရုစိုက်လုပ်ဆောင်ရသည်။ ဘုရားအိမ်တော်သည် ရှေးရိုးစွဲလွန်းသည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားအိမ်တော်၌ နေထိုင်ရသည်ကို အစဉ်မပျော်ရွှင်ဟု ခံစားကြရသည်၊ ၎င်းတို့သည် အထူးပင် စိတ်ထိခိုက်ပြီး အစဉ် မကျေမနပ်ဖြစ်ကာ စောဒကတက်ခြင်းများဖြင့် ပြည့်နှက်နေသည်။ ထိုသို့သောလူတစ်ဦးသည် သမ္မာတရားကို ချစ်နိုင်မည်လော။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည်လော။ ၎င်းတို့သည် အဘယ်ကြောင့် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း မပြုကြသနည်း။ အမှုအရာများအပေါ် ၎င်းတို့၏ ရှုမြင်ပုံမှာ ဘာသာတရားမရှိသူများကဲ့သို့ပင် အလွန်လွဲချော်နေသည်၊ ၎င်းတို့သည် ဤအရာကို အဘယ်သို့လျှင် သတိမပြုမိဘဲ နေနိုင်မည်နည်း။ ဘုရားအိမ်တော်သည် ၎င်းတို့ကို ကြယ်တစ်ပွင့်ဖြစ်လာခြင်းမှ မတားဆီးပေ၊ သို့သော် မယုံကြည်သူများ၏ ရှုထောင့်အမြင်များနှင့် ချဉ်းကပ်နည်းများဖြစ်သည့် ၎င်းတို့၏ ဤရှုထောင့်အမြင်များနှင့် ချဉ်းကပ်နည်းများသည် ဘုရားအိမ်တော်၌ အလုပ်ဖြစ်နိုင်ချေ ရှိသလော။ ၎င်းတို့သည် အခြေခံအားဖြင့် လုံးဝအခြေအမြစ်မရှိပေ။ ၎င်းတို့၏ ပုံမှန် အပြောအဆိုနှင့် အမူအရာတို့သည် လူအများစုအတွက် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်။ ၎င်းတို့၏ “အမြင်ကျယ်ခြင်း” နှင့် အလွန်အမင်း စိတ်အလိုလိုက်ခြင်းတို့ကြောင့် ထိုသို့သောလူများ ပြောဆိုသည့် သို့မဟုတ် လုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် အကျင့်ပျက်ခြင်းနှင့် ချုပ်တည်းမှုမဲ့ခြင်း ဖြစ်ပြီး စာတန်၏ စိတ်သဘောထားကိုသာ ထုတ်ဖော်ပြနေခြင်း ဖြစ်သည်။
ဘုရားအိမ်တော်သည် ညီအစ်ကိုမောင်နှမများက အမျိုးသားများနှင့် အမျိုးသမီးများအကြား စည်းများ စောင့်ထိန်းသင့်ကြောင်းနှင့် လိင်မတူသူများနှင့် မရောယှက်သင့်ကြောင်းကို ထပ်ခါတလဲလဲ အလေးပေးပြောဆိုသည်။ သို့သော် အချို့လူများသည် အကျင့်ပျက်ပြီး ချုပ်တည်းမှုမဲ့ကာ ဤအကြံဉာဏ်ကို လုံးဝဂရုမစိုက်ဘဲ အခြားသူများကို တိတ်တဆိတ် သွေးဆောင်ဖြားယောင်းရန် သို့မဟုတ် ချိန်းတွေ့ရန်ပင် ကြိုးပမ်းလျက် အသင်းတော်အသက်တာကို နှောင့်ယှက်ကြသည်။ ၎င်းတို့သည် လိင်မတူသူများနှင့် ပေါင်းသင်းဆက်ဆံရသည်ကို နှစ်သက်ကြပြီး ပေါင်းသင်းဆက်ဆံရန်နှင့် ပျော်စေပြက်စေ ပေါင်းသင်းရန် အကြောင်းပြချက်များနှင့် ဆင်ခြေများကိုပင် ရှာဖွေကြသည်။ ဆွဲဆောင်မှုရှိသော သို့မဟုတ် ၎င်းတို့နှင့် အဆင်ပြေသော လိင်မတူသူတစ်ဦးကို မြင်တွေ့သည့်အခါ ၎င်းတို့သည် ထိုသူတို့ကို ဆွဲခြင်း၊ ဆောင့်ဆွဲခြင်း၊ ပရောပရည်လုပ်ခြင်းနှင့် စနောက်ခြင်း၊ ၎င်းတို့၏ အဝတ်အစားများကို ရှုပ်ပွစေခြင်းနှင့် ဆံပင်ကို ဆွဲဖွခြင်းတို့ကို စတင်ပြုလုပ်ကြပြီး ဆောင်းရာသီတွင် ၎င်းတို့၏ အဝတ်အစားများထဲသို့ နှင်းဘောလုံးများကိုပင် ပစ်ထည့်ကြသည်၊ ၎င်းတို့သည် တိရစ္ဆာန်များကဲ့သို့ စည်းမရှိဘဲ သို့မဟုတ် ဂုဏ်သိက္ခာမရှိဘဲ၊ မည်သည့်အရှက်တရားမျှ မခံစားရဘဲ အချင်းချင်း ကျီစယ်ကလူကြသည်။ အချို့လူများက “ထိုအရာကို ကျီစယ်ကလူခြင်းဟု မည်သို့ သတ်မှတ်နိုင်မည်နည်း။ ၎င်းတို့သည် ချစ်ခင်တွယ်တာမှုကို ပြသနေခြင်းဖြစ်သည်၊ ယင်းကို ချစ်ခင်ကြင်နာနေခြင်း၊ ချစ်ကြည်နူးဖွယ်ဖြစ်ခြင်းဟု ခေါ်သည်” ဟု ပြောဆိုကြသည်။ သင်သည် ချစ်ကြည်နူးဖွယ်ဖြစ်ခြင်းကို ရှာဖွေနေပါက ရွေးခဲ့သည့် နေရာမှားလေပြီ။ အသင်းတော်သည် ညီအစ်ကိုမောင်နှမများ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်နေရာ ဖြစ်သည်၊ ယင်းသည် ပရောပရည်လုပ်ရန်နေရာမဟုတ်ဘဲ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သည့်နေရာ ဖြစ်သည်။ လူတိုင်း၏ရှေ့တွင် ထိုသို့သော အပြုအမူကို လူမြင်သူမြင် ပြုလုပ်ခြင်းသည် လူအများစုကို အော်ဂလီဆန်ပြီး ရွံရှာစေသည်။ အဓိကပြဿနာမှာ ယင်းသည် အခြားသူများကို တည်ဆောက်မှုမဖြစ်စေသည့်အပြင် သင်သည် သင်၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကိုလည်း ဆုံးရှုံးလေသည်။ သင် အသက်မည်မျှရှိပြီနည်း။ သင်၏ ညာလက်နှင့် ဘယ်လက်ကို မခွဲခြားနိုင်သလော။ အမျိုးသားများနှင့် အမျိုးသမီးများအကြားရှိ ခြားနားချက်ကို သင်နားမလည်သလော။ သို့ဖြစ်လျက်နှင့်ပင် သင်သည် ပရောပရည်လုပ်နေသေးသည်။ ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ် ကလေးများအတွက် ဆော့ကစားခြင်းသည် ပုံမှန်ဖြစ်သည်၊ ထိုသို့သော အပြုအမူနှင့် စိတ်ဝင်စားမှုများသည် ၎င်းတို့၏ အသက်အရွယ်အတွက် ပုံမှန်ဖြစ်သည်။ သို့သော် အရွယ်ရောက်ပြီးသူများက ဤအပြုအမူများကို ပြသပါက ယင်းမှာ ကလေးဆန်ခြင်း မဟုတ်လော။ ရိုးရှင်းစွာဆိုရလျှင် ယင်းမှာ ထိုအတိုင်းပင် ဖြစ်သည်။ အနှစ်သာရအားဖြင့် ဤသည်မှာ အဘယ်အရာနည်း။ (စိတ်အလိုလိုက်ခြင်း၊ အကျင့်ပျက်ခြင်းတို့ ဖြစ်ပါသည်။) ယင်းမှာ အလွန်ပင် အကျင့်ပျက်လှသည်။ ဘုရားသခင်ကို ယုံကြည်လျှင် လူတစ်ဦးသည် ဂုဏ်သိက္ခာရှိရန် သိရမည်။ ဘာသာတရား မရှိသူများကြားတွင်ပင် ဤမျှ ကိုယ်ကျင့်တရားပျက်စွာ ပြုမူသူ အနည်းငယ်သာ ရှိသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သည့် ပုဂ္ဂိုလ်များသည် မည်မျှ ပေါ့ပြက်ပြက်နိုင်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းလိုက်ပါသနည်း။ စိတ်လှုပ်ရှားမှုအတွက် လိင်မတူသူတစ်ဦး၏ အဝတ်အစားများထဲသို့ နှင်းဘောလုံးများ ပစ်ထည့်ခြင်း၊ ၎င်းတို့ကို ပျော်စေပြက်စေ လိုက်ဖမ်းရုံသာမက ၎င်းတို့၏ တင်ပါးကိုပင် ကန်ခြင်း၊ ထိုသို့သော အပြုအမူသည် အလွန် အကျင့်ပျက်ပြီး အမျိုးသားများနှင့် အမျိုးသမီးများ ကြားရှိ စည်းကို ဝေဝါးစေသည်ဟူသောအချက်ကို တစ်စုံတစ်ဦးက ဖော်ထုတ်သည့်အခါ ၎င်းတို့က “ကျွန်ုပ်တို့သည် အလွန်ရင်းနှီးသောကြောင့်သာ ဤကဲ့သို့ ကျီစယ်ကလူခြင်းဖြစ်သည်၊ လူများ နားလည်သင့်သည်” ဟု ပြန်လည်ချေပကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို စိတ်အလိုလိုက်ခွင့်ပြုရုံသာမက အခြားသူများကိုပါ ၎င်းတို့၏ စိတ်အလိုလိုက်မှုတွင် ပါဝင်ရန် သွေးဆောင်သည်အထိပင် စိတ်အလိုလိုက်ကြသည်။ ဤသည်မှာ အဘယ်သို့သော အယုတ်ကောင်နည်း။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများ အသင်းတော်၌ ဆက်လက်ရှိနေသင့်သလော။ (မရှိသင့်ပါ။) ဤလူစားမျိုးနှင့် အတူရှိနေရခြင်းသည် အစဉ်မသက်မသာဖြစ်ပြီး အနေရခက်သည်ဟု ခံစားရသည်။ ၎င်းတို့သည် တစ်စုံတစ်ဦးကို မြင်သည့်အခါ ပုံမှန်အတိုင်း နှုတ်မဆက်ကြပေ၊ ထိုအစား ၎င်းတို့သည် ထိုသူတို့ကို လက်သီးဖြင့်ထိုးလျက် “ဤနှစ်များတစ်လျှောက် သင်သည် မည်သည့်နေရာတွင် သွားသေနေခဲ့သနည်း။ ဤကမ္ဘာမြေပေါ်မှ သင် ကွယ်ပျောက်သွားခဲ့ပြီဟု ကျွန်ုပ် ထင်ခဲ့သည်။ သင် မည်သို့အခြေအနေရှိခဲ့သနည်း” ဟု ပြောဆိုကြသည်။ ၎င်းတို့၏ နှုတ်ဆက်ပုံသည်ပင် အလွန်ရိုင်းစိုင်းပြီး မောက်မာလှသည်၊ ၎င်းတို့သည် ရိုင်းစိုင်းစွာ ပြောဆိုရုံသာမက အခြားသူများကို ကိုယ်ထိလက်ရောက်ပင် ပြုမူကြသည်။ ဤသည်မှာ လူမိုက်များနှင့် ဓားပြများ၏ အပြုအမူနှင့် မတူပေလော။ သင်တို့သည် ထိုသို့သောလူများကို နှစ်သက်သလော။ (မနှစ်သက်ပါ။) လှောင်ပြောင်ခံရပြီး ကစားစရာကဲ့သို့ ကပြက်ကချော် အလုပ်ခံရသည့် ခံစားချက်သည် သက်သောင့်သက်သာရှိသလော။ (မရှိပါ။) ယင်းမှာ မသက်မသာဖြစ်ပြီး သင်သည် ယင်းကို ထုတ်ပင်မပြောနိုင်ပေ၊ သင်သည် သည်းခံရုံသာ တတ်နိုင်ပြီး နောက်တစ်ကြိမ် ၎င်းတို့ကို မြင်သည့်အခါ အဝေးမှ ရှောင်ရှားလိုက်သည်။ အတိုချုပ်အားဖြင့် ဤအရာက ထိုသို့သောလူများ၏ လူ့သဘာဝ အရည်အသွေးနှင့်ပတ်သက်၍ အဘယ်အရာကို ဖော်ပြသနည်း။ (ညံ့ဖျင်းသည်ဟု ဖော်ပြပါသည်။) ၎င်းတို့၏ အပြောအဆိုနှင့် အမူအရာ၊ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျင့်၊ လောကကို ကိုင်တွယ်ပုံနှင့် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံပုံ၊ ဘာသာတရားမရှိသူလောက၏ ခေတ်ရေစီးကြောင်းများအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်၊ သို့မဟုတ် ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ပုံနှင့် ဘုရားသခင်အပေါ်တွင်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များအပေါ်တွင် ၎င်းတို့၏ သဘောထား စသည့် မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ဤပုဂ္ဂိုလ်များသည် မည်သည့် ကိုင်းရှိုင်းမှု သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ ကင်းမဲ့ကြောင်း တွေ့မြင်ရန် မခက်ခဲပေ။ သမ္မာတရားကို ရှာဖွေခြင်း သို့မဟုတ် လက်ခံခြင်းနှင့်ပတ်သက်လာသည့်အခါတွင် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်း၌ ရိုးသားစစ်မှန်မှု ရှိသည်ကိုလည်း မမြင်တွေ့နိုင်ပေ။ မြင်တွေ့ရသည့်အရာမှာ ၎င်းတို့၏ အကျင့်ပျက်ခြင်းနှင့် ချုပ်တည်းမှုမဲ့ခြင်း၊ ၎င်းတို့၏ ကြယ်ပွင့်များနှင့် ရုပ်တုများကို အစဉ်အတုခိုးခြင်း၊ သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ လမ်းကြောင်းပြောင်းရန် မည်သည့်ရည်ရွယ်ချက်မျှ မရှိခြင်းတို့ ဖြစ်သည်။ ၎င်းတို့၏ လူ့သဘာဝ၏ လက္ခဏာများကို မည်သို့ အကျဉ်းချုပ်နိုင်သနည်း။ အကျင့်ပျက်ခြင်းနှင့် ချုပ်တည်းမှုမဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ဘုရားအိမ်တော်ထဲသို့ ခိုးဝင်လာသော ဘာသာတရား မရှိသူများ ဖြစ်ကြသည်၊ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည်ဟု အတိအကျ ပြောဆိုနိုင်သည်။
အကျင့်ပျက်၍ ချုပ်တည်းမှုမရှိသော လူတို့သည် ဘာသာတရားမရှိသူတို့၏ လောကမှ ဓားပြလူမိုက်များကဲ့သို့ စကားလုံးရွေးချယ်မှုမျိုးကို အသုံးပြုကြသည်၊ ၎င်းတို့သည် အထူးသဖြင့် လူ့အဖွဲ့အစည်းမှ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များနှင့် အပျက်သဘောဆောင်သော ပုဂ္ဂိုလ်များ၏ အပြောအဆိုနှင့် ပုံစံကို အတုခိုးခြင်း၌ နှစ်သက်ကြပြီး ၎င်းတို့၏ ဘာသာစကားအများစုမှာ လူမိုက်တစ်ဦး သို့မဟုတ် လူရမ်းကားတစ်ဦး ပြောဆိုသည့်အရာကဲ့သို့ ခံစားရသော သိမ်ဖျင်းသော လေသံ ပါဝင်လေသည်။ ဥပမာအားဖြင့် ဘာသာတရားမရှိသူတစ်ဦး ရောက်ရှိလာပြီး တံခါးခေါက်ပြီးနောက် ထူးဆန်းသော စကားအနည်းငယ်ကို ပြောဆိုသည့်အခါ ညီအစ်ကိုမောင်နှမများက “တစ်ခုခုတော့ လွဲနေပြီ၊ အဘယ်ကြောင့် ဤလူသည် ကင်းထောက် သို့မဟုတ် စပိုင်တစ်ဦးကဲ့သို့ ထင်ရသနည်း” ဟု ပြောဆိုကြသည်။ ထိုအချိန်တွင် ၎င်းတို့ မသေချာနိုင်သော်လည်း ယင်းက လူအများစုကို မသက်မသာ ခံစားရစေသည်။ သို့တိုင်အောင် အကျင့်ပျက်၍ ချုပ်တည်းမှုမရှိသောသူသည် မောက်မောက်မာမာ ပြောဆိုပြီး သီးခြားဟန်ပန်တစ်ခုဖြင့်ပင် “သူလျှိုလော။ မကြောက်ပါ။ သူတို့ကို အဘယ်ကြောင့် ကြောက်ရမည်နည်း။ သင်တို့ ကြောက်လျှင် အပြင်ထွက်ရန် မလိုအပ်ပါ။ သူတို့ မည်သည့်လူစားမျိုးဖြစ်သည်ကို ငါ သွားကြည့်လိုက်မည်” ဟု ပြောဆိုလေသည်။ ၎င်းတို့သည် မည်မျှ သတ္တိရှိပြီး ရဲရင့်သည်ကို ကြည့်လော့။ သင်တို့သည် ဤသို့ ပြောဆိုကြမည်လော။ (မပြောပါ၊ ဤသည်မှာ ပုံမှန်လူများ ပြောဆိုပုံမဟုတ်ပါ၊ ဓားပြတစ်ဦး ပြောဆိုသည့်အရာကဲ့သို့ ဖြစ်ပါသည်။) ဓားပြများသည် ပုံမှန်လူများနှင့် မတူဘဲ ကွဲပြားစွာ ပြောဆိုကြသည်၊ ၎င်းတို့သည် အထူးသဖြင့် ဗိုလ်ကျခြယ်လှယ်တတ်ကြသည်။ လူတို့သည် မိမိတို့အမျိုးအစား၏ ဘာသာစကားကို သင်ယူကြသည်၊ လောကအကြောင်း နောကျေသောလူများသည် လူ့အဖွဲ့အစည်း၏ ရေပန်းစားသော ဗန်းစကားများကို အထူးသဖြင့် သုံးစွဲကြသည်၊ ဓားပြများနှင့် လူမိုက်များသည် ဗန်းစကားများ ပြောဆိုရသည်ကို ကြိုက်နှစ်သက်ကြပြီး မယုံကြည်သူတို့သည် ဘာသာတရား မရှိသူတို့ကဲ့သို့ပင် ဖြစ်ကြကာ ဘာသာတရား မရှိသူတို့ ပြောဆိုသမျှ အရာအားလုံးကို ပြောဆိုကြသည်။ ကောင်းမြတ်သော၊ ဂုဏ်သိက္ခာရှိသော၊ တည်ကြည်သော လူတို့သည် ဘာသာတရား မရှိသူတို့၏ အပြောအဆိုကို ကြားရသည့်အခါ စက်ဆုပ်ရွံရှာခြင်းနှင့် မုန်းတီးခြင်းကို ခံစားကြရသည်၊ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ထိုသို့သော အပြောအဆိုမျိုးကို အတုခိုးရန် မကြိုးစားကြပေ။ အချို့သော မယုံကြည်သူတို့သည် ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ် ယုံကြည်ပြီးသည့်တိုင် ဘာသာတရား မရှိသူတို့၏ ဘာသာစကားကို အသုံးပြုနေကြဆဲဖြစ်ပြီး ထိုသို့သော အပြောအဆိုကို တမင်တကာ ရွေးချယ်ကြကာ စကားပြောဆိုနေစဉ်တွင် ၎င်းတို့သည် ဘာသာတရား မရှိသူတို့၏ အမူအရာ၊ မျက်နှာအမူအရာများနှင့် လက်ဟန်ခြေဟန်များအပြင် ၎င်းတို့၏ မျက်လုံးအကြည့်များကိုပင် အတုခိုးကြသည်။ ထိုသို့သော လူပုဂ္ဂိုလ်များသည် အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများ၏ အမြင်တွင် နှစ်သက်ဖွယ် ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ညီအစ်ကိုမောင်နှမအများစုသည် ၎င်းတို့ကို မနှစ်မြို့ဖွယ်ဖြစ်ပြီး ကြည့်ရသည်မှာ ကသိကအောက်ဖြစ်သည်ကို တွေ့ရှိကြသည်။ ဘုရားသခင်သည် ၎င်းတို့အပေါ် မည်သို့ ခံစားရမည်ဟု သင်တို့ ထင်သနည်း။ (စက်ဆုပ်ရွံရှာခြင်း ဖြစ်ပါသည်။) အဖြေမှာ ရှင်းလင်းပါသည်၊ စက်ဆုပ်ရွံရှာခြင်းပင် ဖြစ်သည်။ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာမှ၊ ၎င်းတို့၏ လိုက်စားမှုများမှ၊ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ရိုသေလေးမြတ်သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ ကြည့်လျှင် ၎င်းတို့၏ လူ့သဘာဝသည် ဂုဏ်သိက္ခာ သို့မဟုတ် တည်ကြည်ခြင်းကို မဖော်ဆောင်ကြောင်းနှင့် ကိုင်းရှိုင်းခြင်း၊ သန့်ရှင်းသူတို့၏ အမူအကျင့်နှင့် ကိုက်ညီခြင်းတို့ဖြင့် အလှမ်းဝေးလှသည်မှာ ထင်ရှားပေသည်။ ယုံကြည်သူများ သို့မဟုတ် သန့်ရှင်းသူတို့ ပြောဆိုသင့်သော စကားများကိုလည်းကောင်း၊ အခြားသူများကို တည်ဆောက်မှုဖြစ်စေပြီး တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို ဖော်ပြသော စကားများကိုလည်းကောင်း ၎င်းတို့၏ နှုတ်မှ ကြားရခဲသည်၊ ၎င်းတို့သည် ဤအရာများကို ပြောဆိုရန် အလားအလာမရှိပေ။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ရိုသေလေးမြတ်သော၊ ရည်သန်မျှော်မှန်းသော၊ လိုက်စားသော အရာသည် သန့်ရှင်းသူတို့ လိုက်စားသင့်ပြီး တောင့်တသင့်သည့်အရာနှင့် အခြေခံကျကျ သဟဇာတမဖြစ်သောကြောင့် ၎င်းတို့ အပြင်ပန်း အသက်ရှင်နေထိုင်သည့်အရာ၊ ၎င်းတို့၏ အပြောအဆိုနှင့် အမူအရာတို့သည် ချုပ်တည်းရန် ခက်ခဲစေသည်။ ၎င်းတို့ကို ချုပ်တည်းရန်၊ အကျင့်မပျက်ရန် သို့မဟုတ် စိတ်အလိုလိုက်မှုမရှိရန်၊ ဂုဏ်သိက္ခာနှင့် တည်ကြည်ခြင်းကို ထိန်းသိမ်းရန် တောင်းဆိုခြင်းသည် အလွန်ခက်ခဲသော တောင်းဆိုမှုတစ်ခု ဖြစ်သည်။ သမ္မာတရားကို နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်သည့် လူ့သဘာဝနှင့် ဆင်ခြင်တုံတရား ရှိသောသူတစ်ဦးကဲ့သို့ အသက်ရှင်နေထိုင်ရန် မဆိုထားနှင့်၊ ၎င်းတို့သည် သန့်ရှင်းသူတို့၏ အမူအကျင့်နှင့် ကိုက်ညီသော၊ စည်းမျဉ်းများကို လိုက်နာသော၊ အပြင်ပန်းတွင် ဆင်ခြင်တုံတရား ရှိပုံပေါက်သော တည်ကြည်မှုနှင့် ဂုဏ်သိက္ခာရှိသည့် ပုံမှန်လူတစ်ဦး ဖြစ်လာရန်ပင် မစွမ်းဆောင်နိုင်ကြပေ။ ယခင်က လူတစ်ဦးသည် ကျေးလက်ဒေသသို့ ဧဝံဂေလိတရား ဟောပြောရန် သွားခဲ့ပြီး အချို့သော ညီအစ်ကိုမောင်နှမများသည် ဆင်းရဲသော မိသားစုများရှိကာ ယိုယွင်းပျက်စီးနေသော အိမ်များတွင် နေထိုင်ကြသည်ကို တွေ့ရှိခဲ့သည်။ သူက ခနဲ့တဲ့တဲ့နှင့် လှောင်ပြောင်သရော်၍ “ဤအိမ်သည် အလွန် ယိုယွင်းပျက်စီးနေသည်၊ လူနေရန် မသင့်တော်ပါ၊ ဝက်များအတွက်ပင်လျှင် သင့်တော်ဖို့ အနိုင်နိုင်သာဖြစ်သည်။ သင်တို့ အမြန်ဆုံး ပြောင်းရွှေ့သင့်သည်” ဟု ပြောဆိုခဲ့သည်။ ညီအစ်ကိုမောင်နှမများက “ပြောင်းရွှေ့ဖို့ဟူသည်မှာ လွယ်သည်၊ သို့ရာတွင် ကျွန်ုပ်တို့ နေထိုင်ရန် နောက်ထပ်အိမ်တစ်လုံးကို မည်သူက ပေးမည်နည်း” ဟု ပြန်ဖြေခဲ့ကြသည်။ သူသည် အခြားသူများအပေါ် မည်သို့သော သက်ရောက်မှုမျိုး ရှိနိုင်သည်ကို ထည့်မစဉ်းစားဘဲ စိတ်ထဲပေါ်လာသမျှကို ပြောဆိုလျက် မဆင်မခြင်နှင့် တစ်ဇွတ်ထိုး ပြောဆိုခဲ့သည်။ ဤသည်မှာ သိမ်ဖျင်းသောအကျင့်ရှိခြင်း ဖြစ်သည်။ ညီအစ်ကိုမောင်နှမများက “ကျွန်ုပ်တို့ ပြောင်းရွှေ့လျှင် ကျွန်ုပ်တို့ကို နေဖို့ အိမ်တစ်လုံး မည်သူက ပေးမည်နည်း။ သင့်တွင် အိမ်ရှိသလော” ဟု မေးခဲ့ကြသည်။ သူ့မှာ ပြန်စရာစကားမရှိခဲ့ပေ။ လူတို့သည် အခက်အခဲ ရင်ဆိုင်နေရသည်ကို မြင်ရာတွင် သူသည် စကားမပြောမီ ၎င်းတို့၏ အခက်အခဲကို ဖြေရှင်းပေးနိုင်စွမ်း ရှိထားရမည်ဖြစ်သည်။ ၎င်းတို့၏ အခက်အခဲကို ဖြေရှင်းပေးနိုင်စွမ်းမရှိဘဲ မဆင်မခြင် ပြောဆိုခဲ့ခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ဤသည်မှာ အလွန်ပွင့်လင်းပြီး ဟောဟောဒိုင်းဒိုင်း ပြောလွန်းခြင်း၏ ပြဿနာတစ်ရပ် ဖြစ်ခဲ့သလော။ လုံးဝ မဟုတ်ပေ။ ပြဿနာမှာ သူ၏ သိမ်ဖျင်းမှုသည် အလွန်ဆိုးရွားနေခြင်း ဖြစ်သည်၊ သူသည် အကျင့်ပျက်၍ ချုပ်တည်းမှုမရှိသောသူတစ်ဦး ဖြစ်ခဲ့သည်။ ထိုသို့သောလူတို့သည် တည်ကြည်မှု၊ ဂုဏ်သိက္ခာ၊ ထောက်ထားစာနာမှု၊ သည်းခံမှု၊ ဂရုစိုက်မှု၊ လေးစားမှု၊ နားလည်မှု၊ စာနာမှု၊ သနားကရုဏာ၊ အလေးထားမှု၊ ကူညီမှု စသည်တို့နှင့်ပတ်သက်၍ မည်သည့်အယူအဆမျှ လုံးဝ ကင်းမဲ့ကြသည်။ ပုံမှန်လူ့သဘာဝအတွက် မရှိမဖြစ်လိုအပ်သော ဤအရည်အသွေးများသည် လူတို့ ပိုင်ဆိုင်သင့်သည့်အရာများ ဖြစ်ကြသည်။ ၎င်းတို့သည် ဤအရည်အသွေးများကို ကင်းမဲ့ရုံသာမက အခြားသူများနှင့် ဆက်ဆံရာတွင် တစ်စုံတစ်ဦးသည် အခက်အခဲများ ရင်ဆိုင်နေရသည်ကို မြင်တွေ့သည့်အခါ ၎င်းတို့သည် ထိုသူတို့ကို လှောင်ပြောင်ခြင်း၊ ကဲ့ရဲ့ခြင်း၊ သရော်ခြင်းနှင့် ရှုတ်ချခြင်းတို့ကိုပင် ပြုလုပ်နိုင်ကြသည်၊ ၎င်းတို့သည် ထိုသူတို့ကို နားလည်ပေးရန် သို့မဟုတ် ကူညီရန် မစွမ်းဆောင်နိုင်ရုံသာမက ထိုသူတို့ထံသို့ ဝမ်းနည်းမှု၊ အကူအညီမဲ့မှု၊ နာကျင်မှုနှင့် ဒုက္ခကိုပင် ဆောင်ကြဉ်းပေးကြသည်။ ထိုသို့သော ဆိုးရွားသည့် သိမ်ဖျင်းမှု ရှိသောသူတို့အတွက်မူ လူအများစုသည် ၎င်းတို့ကို ရှင်းလင်းစွာ မြင်တွေ့ပြီး အကြိမ်ကြိမ် သည်းခံကြရသည်။ ထိုသို့သောလူတို့သည် စစ်မှန်သော နောင်တ ရနိုင်မည်ဟု သင်တို့ ထင်သလော။ ဖြစ်နိုင်ချေမရှိဟု ငါထင်သည်။ ၎င်းတို့၏ သဘာဝအနှစ်သာရကို ကြည့်လျှင် ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးသောသူများ မဟုတ်ကြပေ၊ သို့ဖြစ်၍ ၎င်းတို့သည် ပြုပြင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို မည်သို့ လက်ခံနိုင်မည်နည်း။ ထိုသို့သောလူများကို သရုပ်ဖော်ရာတွင် ဘာသာတရား မရှိသူတို့၌ “မိမိထင်ရာစိုင်းခြင်း” သို့မဟုတ် “အခြားသူများ မည်သို့ပင်ပြောစေကာမူ မိမိ၏လမ်းကိုသာ လျှောက်လှမ်းခြင်း” ကဲ့သို့သော အသုံးအနှုန်းများ ရှိကြသည်၊ ဤသည်မှာ မည်သို့သော အဓိပ္ပာယ်မရှိသည့် ဆင်ခြင်တွေးခေါ်မှုစနစ် ဖြစ်သနည်း။ ဤနာမည်ကြီးသော အဆိုအမိန့်များနှင့် စကားပုံများဟု ခေါ်ဆိုကြသည့်အရာများကို ဤလူ့အဖွဲ့အစည်း၌ အပြုသဘောဆောင်သော အရာများအဖြစ် မကြာခဏ ရှုမြင်ကြသည်၊ ယင်းက အဖြစ်မှန်များကို လွဲမှားစေပြီး အမှားနှင့်အမှန်ကို ရှုပ်ထွေးစေသည်။ အကျင့်ပျက်၍ ချုပ်တည်းမှုမရှိသောသူတို့၏ လူ့သဘာဝနှင့်ဆိုင်သော သရုပ်သကန်များအတွက်မူ ဤမျှဆိုလျှင် အခြေခံအားဖြင့် ပြည့်စုံပြီဖြစ်သည်။
အကျင့်ပျက်၍ ချုပ်တည်းမှုမရှိသော လူပုဂ္ဂိုလ်များသည် အသင်းတော်အသက်တာကို၊ ညီအစ်ကိုမောင်နှမများကြားရှိ ပုံမှန်ဆက်ဆံရေးများကို၊ သို့မဟုတ် ဘုရားသခင်ရွေးချယ်ထားသောလူများ၏ ပုံမှန်တာဝန်ထမ်းဆောင်ခြင်းကို ထိခိုက်သည်ဖြစ်စေ ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော သရုပ်သကန်များနှင့် ထုတ်ဖော်ချက်များသည် ညီအစ်ကိုမောင်နှမများကို နှောင့်ယှက်လျက် ဆိုးရွားသော သက်ရောက်မှုများနှင့် အကျိုးဆက်များကို ဖြစ်ပေါ်စေနေသမျှကာလပတ်လုံး ဤပြဿနာများကို ဖြေရှင်းသင့်ပြီး ထိုသို့သော လူပုဂ္ဂိုလ်များအား အတားအဆီးမဲ့ ပြုမူဆောင်ရွက်ခွင့်ပြုမည့်အစား သင့်လျော်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်သင့်သည်။ အသေးအဖွဲ ကိစ္စရပ်များအတွက် အကူအညီနှင့် ထောက်ပံ့မှုကို ပေးနိုင်သည်၊ သို့မဟုတ် ၎င်းတို့ကို ပြုပြင်ပြီး သတိပေးနိုင်သည်။ ပြင်းထန်သော ကိစ္စရပ်များအတွက်မူ ၎င်းတို့၏ အပြုအမူနှင့် အမူအရာသည် ဘာသာတရားမရှိသူများ သို့မဟုတ် မယုံကြည်သူများကဲ့သို့ အထူးသဖြင့် အကျင့်ပျက်ပြီး သန့်ရှင်းသူတို့၏ အမူအကျင့် တစ်စက်တလေမျှ ကင်းမဲ့နေသည့်အခါ အသင်းတော်ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤလူပုဂ္ဂိုလ်များကို ကိုင်တွယ်ရန် သင့်လျော်သော ဖြေရှင်းနည်းများကို ရှာဖွေသင့်သည်။ ညီအစ်ကိုမောင်နှမအများစုက သဘောတူပြီး အခြေအနေပေးပါက ဤလူပုဂ္ဂိုလ်များကို ရှင်းလင်းပစ်သင့်သည်၊ အနည်းဆုံးအနေဖြင့် ၎င်းတို့ကို အချိန်ပြည့်တာဝန်ထမ်းဆောင်သော အသင်းတော်၌ ၎င်းတို့၏ တာဝန်များထမ်းဆောင်ခွင့် မပြုသင့်ပေ။ “အသေးအဖွဲ ကိစ္စရပ်များအတွက်” ဟူသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ အချို့လူများသည် မူလက ဘာသာတရားမရှိသူများဖြစ်ကြပြီး ခရစ်ယာန်ဘာသာကို မည်သည့်အခါကမျှ မယုံကြည်ခဲ့ဖူးသည့်အပြင် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် မည်သည့်အရာများ ပါဝင်သည်ကို နားမလည်ကြသော ယုံကြည်သူအသစ်များ ဖြစ်သည်ကို ဆိုလိုသည်။ ၎င်းတို့၏ အပြောအဆိုနှင့် အမူအရာသည် ဘာသာတရားမရှိသူတို့၏ အလေ့အထများကို ထုတ်ဖော်ပြသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းနှင့် အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ခြင်းတို့မှတစ်ဆင့် ၎င်းတို့သည် တဖြည်းဖြည်း ပြန်လှည့်လာ၍ ပြောင်းလဲလာပြီး ယုံကြည်သူများကဲ့သို့ ဖြစ်လာကာ လူသားပုံသဏ္ဌာန်အချို့ကို ပြသကြသည်။ ဤလူပုဂ္ဂိုလ်များကို ဆိုးယုတ်သောလူများ၏ အဆင့်အတန်းတွင် အမျိုးအစားခွဲခြားခြင်း မပြုသင့်ဘဲ ကူညီနိုင်သောသူများအဖြစ် သတ်မှတ်သင့်သည်။ နောက်အမျိုးအစားတစ်ခုမှာ အသက်အနှစ်နှစ်ဆယ်ဝန်းကျင်ရှိ လူငယ်များဖြစ်ပြီး ဘုရားသခင်ကို သုံးနှစ်မှ ငါးနှစ်အထိ ယုံကြည်ခဲ့ကြသော်လည်း ၎င်းတို့၏ ငယ်ရွယ်သော အသက်အရွယ်ကြောင့် ပျော်စေပြက်စေ နေလိုစိတ်ကို အလိုလိုက်နေဆဲဖြစ်ပြီး အတော်အတန် မတည်ငြိမ်သေးဘဲ ၎င်းတို့၏ အပြင်ပန်း အပြောအဆိုနှင့် အမူအရာတွင် ကလေးဆန်မှုအချို့ကို ပြသကြသည်၊ ကလေးများကဲ့သို့ ပြောဆိုခြင်း၊ ပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း စသည်တို့ ဖြစ်သည်။ ဤလူတို့အတွက် မေတ္တာဖြင့် အကူအညီနှင့် ထောက်ပံ့မှုကို ပေးသင့်သည်၊ အလွန်အမင်း တင်းကျပ်သော တောင်းဆိုချက်များကို မပြုလုပ်ဘဲ တဖြည်းဖြည်း ပြောင်းလဲရန် လုံလောက်သောအချိန်ကို ၎င်းတို့အား ပေးသင့်သည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း ဘာသာတရားမရှိသူများကဲ့သို့ အကျင့်ပျက်၍ ချုပ်တည်းမှုမရှိသော အပြောအဆို၊ အမူအရာ၊ အပြုအမူနှင့် လုပ်ရပ်များကို ပြသနေဆဲဖြစ်ပြီး ထပ်ခါတလဲလဲ သတိပေးဆုံးမခြင်းများရှိလင့်ကစား ပြောင်းလဲရန် ငြင်းဆန်သော အရွယ်ရောက်ပြီးသူများအတွက်မူ ကွဲပြားသော ချဉ်းကပ်နည်းတစ်ခုကို အသုံးပြုသင့်သည်မှာ ပြောစရာမလိုပေ၊ ၎င်းတို့ကို ဘုရားအိမ်တော်၏ စည်းမျဉ်းများအတိုင်း ကိုင်တွယ်သင့်သည်။ ထိုသို့သော လူပုဂ္ဂိုလ်များ၏ အပြောအဆို၊ အမူအရာနှင့် ၎င်းတို့၏ လူ့သဘာဝဆိုင်ရာ ထုတ်ဖော်ချက်များသည် အများစုကို နှောင့်ယှက်ပြီး အသင်းတော်၌ ဆိုးရွားသော သက်ရောက်မှုတစ်ခုကို ဖန်တီးကာ လူများစွာတို့အား ၎င်းတို့ကို မြင်ရုံနှင့် အော့ကြောလန်စေပြီး ၎င်းတို့စကားပြောသည်ကို နားမထောင်လိုစေဘဲ ၎င်းတို့စကားပြောသည့်အခါ ၎င်းတို့၏ မျက်နှာအမူအရာကို မမြင်လိုစေသည့်အပြင် ၎င်းတို့၏ ဝတ်စားဆင်ယင်ပုံကိုလည်း မကြည့်လိုစေဘဲ ထိုသို့သော လူပုဂ္ဂိုလ်များ စုဝေးပွဲများသို့ မတက်ရောက်သည့်အခါ လူအများစုက ပို၍ ပျော်ရွှင်ပြီး ပို၍ ကောင်းမွန်သော အခြေအနေတွင် ရှိနေပါက၊ ၎င်းတို့၏ အသင်းတော်အသက်တာတွင် ပါဝင်ရုံမျှဖြင့်လည်းကောင်း၊ ညီအစ်ကိုမောင်နှမများကြားတွင် ရှိနေရုံမျှဖြင့်လည်းကောင်း အနှောင့်အယှက်ပေးနေသော ပိုးဟပ်တစ်ကောင် ရှိနေသကဲ့သို့ ကသိကအောက်ဖြစ်ကာ အော့ကြောလန်ခြင်းကို ခံစားရပါက ထိုသို့သော လူပုဂ္ဂိုလ်များသည် ဆိုးယုတ်သောလူများဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ဆိုလိုသည်မှာ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့်အတူ အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ပြီး မိမိတို့၏တာဝန် ထမ်းဆောင်သည့်အခါတိုင်း လူအများစုသည် နှောင့်ယှက်ခြင်းခံရပြီး အထူးသဖြင့် အော့ကြောလန်ခြင်းကို ခံစားကြရသည်။ ထိုသို့သော ကိစ္စများတွင် ဤလူပုဂ္ဂိုလ်များကို ၎င်းတို့၏ သဘောအတိုင်း ပြုမူစေရန် လွှတ်ထားခြင်း သို့မဟုတ် နောက်ထပ် စောင့်ကြည့်လေ့လာခြင်း မပြုဘဲ တတ်နိုင်သမျှ စောစီးစွာ ကိုင်တွယ်သင့်သည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့ကို အချိန်ပြည့်တာဝန်ထမ်းဆောင်သော အသင်းတော်မှ ဖယ်ရှားပြီး နောင်တရရန် သာမန်အသင်းတော်တစ်ခုသို့ ပို့သင့်သည်။ အဘယ်ကြောင့် ဤနည်းဖြင့် ကိုင်တွယ်ရသနည်း။ (၎င်းတို့သည် လူအများစုထံသို့ နှောင့်ယှက်မှုများနှင့် ဆိုးရွားသော အကျိုးဆက်များကို ဖြစ်ပေါ်စေခဲ့ပြီး အသင်းတော်အသက်တာကို နှောင့်ယှက်ခဲ့သောကြောင့် ဖြစ်ပါသည်။) အကြောင်းမှာ ၎င်းတို့၏ သရုပ်သကန်များ၏ အကျိုးဆက်များနှင့် သက်ရောက်မှုများသည် အလွန်ဆိုးရွားသောကြောင့် ဖြစ်သည်။ ဤအချက်အရ ခေါင်းဆောင်များနှင့် အမှုဆောင်များအပြင် ဘုရားသခင်ရွေးချယ်ထားသောလူများသည်လည်း ၎င်းတို့ကို မျက်ကွယ်ပြုခြင်းနှင့် ၎င်းတို့၏ အပြုအမူကို မျက်စိစုံမှိတ် လိုက်လျောခြင်း မပြုသင့်ပေ။ ထိုသို့သော လူပုဂ္ဂိုလ်များသည် အများစုထံသို့ နှောင့်ယှက်မှုများကို ဖြစ်ပေါ်စေသည့်အခါတွင်ပင် ခေါင်းဆောင်များနှင့် အမှုဆောင်များက မည်သည့်အရာမျှ မလုပ်ဆောင်ခြင်းသည် မသင့်လျော်ပေ၊ ထိုသို့သော လူပုဂ္ဂိုလ်များကို ဘုရားအိမ်တော်၏ စည်းမျဉ်းများအတိုင်း အသင်းတော်မှ ဖယ်ရှားသင့်သည်၊ ဤသည်မှာ အမြော်အမြင်အရှိဆုံးသော ရွေးချယ်မှု ဖြစ်သည်။
အသင်းတော်သည် ယခင်က အကျင့်ပျက်၍ ချုပ်တည်းမှုမရှိသော လူတို့ကို ကိုင်တွယ်ဖြေရှင်းခဲ့ဖူးသလော။ (ဖြေရှင်းဖူးပါသည်။) ထိုသို့သောလူတို့ကို ကိုင်တွယ်ဖြေရှင်းသည့်အခါ အချို့က ငိုကြွေးလျက် “ကျွန်ုပ် တမင်တကာ လုပ်ခဲ့ခြင်းမဟုတ်ပါ။ ယင်းမှာ ကျွန်ုပ်၏ ရံဖန်ရံခါ အပြုအမူတစ်ခုသာ ဖြစ်ပါသည်၊ ကျွန်ုပ်သည် ထိုသို့သောလူစားမျိုး မဟုတ်ပါ။ ကျေးဇူးပြု၍ နောက်တစ်ကြိမ် အခွင့်အရေးပေးပါဦး။ ကျွန်ုပ်ကို တာဝန်ထမ်းဆောင်ခွင့် မပြုလျှင် အိမ်ပြန်ရောက်သည့်အခါ ဘုရားကို ယုံကြည်နိုင်တော့မည် မဟုတ်ပါ၊ အိမ်တွင် လူတိုင်းက ဘာသာတရားမရှိသူများ ဖြစ်ကြပါသည်” ဟု ပြောဆိုခဲ့ကြသည်။ ၎င်းတို့သည် ကရုဏာသက်စဖွယ် ပြောဆိုပြီး အမှန်တကယ် စိတ်သောကရောက်နေပုံရကာ ဘုရားသခင်ကို စွန့်ခွာရန် မလိုလားကြောင်း ဖော်ပြပြီး နောင်တရရန် နောက်တစ်ကြိမ် အခွင့်အရေးအတွက် ဘုရားအိမ်တော်ကို တောင်းဆိုကြသည်။ ၎င်းတို့အား နောက်တစ်ကြိမ် အခွင့်အရေးပေးခြင်းသည် ဖြစ်နိုင်သော်လည်း အခရာကျသည်မှာ ၎င်းတို့ ပြောင်းလဲနိုင်ခြင်း ရှိမရှိပင် ဖြစ်သည်။ ဤလူသည် လူ့သဘာဝ တစ်စက်တလေမျှ မရှိကြောင်း၊ အသိတရား သို့မဟုတ် ဆင်ခြင်တုံတရား မရှိကြောင်း၊ အခြေခံအားဖြင့် နှလုံးသားမရှိ၊ ဝိညာဉ်မရှိသော အရာတစ်ခုဖြစ်ကြောင်းကို အသေအချာ သိမြင်ပါက ၎င်းတို့အား နောက်တစ်ကြိမ် အခွင့်အရေး မပေးသင့်တော့ပေ၊ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ သို့သော် ထိုလူ၏ ပင်ကိုအနှစ်သာရမှာ ကောင်းမွန်ပြီး ၎င်း၏ ငယ်ရွယ်သော အသက်အရွယ်ကြောင့် ၎င်း၏ လူ့သဘာဝသည် မရင့်ကျက်သေးခြင်းသာဖြစ်ကာ နှစ်အနည်းငယ်အတွင်း ပြောင်းလဲရန် သေချာပါက ၎င်းတို့အား နောင်တရရန် အခွင့်အရေး ပေးရမည်ဖြစ်သည်။ မည်သည့်လူကောင်းတစ်ဦးအား မည်သည့်အခါမျှ ပျက်စီးစေခွင့်မပြုရသဖြင့် ၎င်းတို့ကို အသင်းတော်မှ လုံးဝ ရှင်းလင်းပစ်ခြင်း မပြုသင့်ပေ။ အချို့လူများသည် ပင်ကိုသဘာဝအားဖြင့် မယုံကြည်သူများ ဖြစ်ကြသည်၊ ၎င်းတို့သည် ပင်ကိုသဘာဝအားဖြင့် အကျင့်ပျက်သော၊ အသိဉာဏ်မဲ့သော၊ မိုက်မဲသော သူများဖြစ်ကြပြီး ၎င်းတို့၏ လူ့သဘာဝတွင် ဂုဏ်သိက္ခာဟူသော အယူအဆမှာ ပင်ကိုအားဖြင့် ကင်းမဲ့နေကာ ဟီရိဩတ္တပ္ပဟူသည်မှာ အဘယ်အရာဖြစ်သည်ကို မသိကြပေ။ လူမြင်သူမြင်အောင် မယဉ်ကျေးသောပုံစံဖြင့် ပြုမူပြီးနောက် လူအများစုသည် နောင်တရပြီး အခြားသူများကို ရင်ဆိုင်ရန် ရှက်ရွံ့ကြလိမ့်မည်။ ထို့အပြင် ၎င်းတို့သည် ထိုသို့သော အရာများကို လုပ်ဆောင်လိုသည့်အခါ ညီအစ်ကိုမောင်နှမများ၏ ခံစားချက်များနှင့် အမြင်များကို ထောက်ထားစာနာနိုင်ပြီး မိမိတို့၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို သတိပြုနိုင်ကြကာ ထိုသို့သောပုံစံဖြင့် ပြုမူကြမည်မဟုတ်ပေ၊ ၎င်းတို့သည် အများဆုံးအနေဖြင့် အိမ်တွင် မိမိတို့၏ ကလေးများ သို့မဟုတ် မောင်နှမများနှင့်သာ ရန်ဖြစ်ကောင်းဖြစ်ကြလိမ့်မည်။ အပြင်ထွက်၍ သူစိမ်းများနှင့် ဆက်ဆံသည့်အခါ လူတို့သည် ဂုဏ်၊ ယဉ်ကျေးသိမ်မွေ့ခြင်း၊ စည်းကမ်းများနှင့် သိက္ခာဟူသည်မှာ မည်သည့်အရာကို ဆိုလိုသည်ကို နားလည်သင့်သည်။ ဤအယူအဆများကို နားလည်မှုကင်းမဲ့သောသူတစ်ဦးသည် သင်၏ အကူအညီဖြင့်ပင် ပြောင်းလဲနိုင်မည်လော။ ယခု ၎င်းတို့ ချုပ်တည်းထားလျှင်ပင် မည်မျှကြာအောင် ခံနိုင်မည်နည်း။ မကြာမီပင် ၎င်းတို့သည် မိမိတို့၏ အကျင့်ဟောင်းများသို့ ပြန်ရောက်သွားကြလိမ့်မည်။ အကြောင်းမှာ ထိုသို့သောလူတို့သည် မိမိတို့၏ လူ့သဘာဝတွင် သိက္ခာနှင့် ဟီရိဩတ္တပ္ပ ကင်းမဲ့ကြပြီး စည်းကမ်းများ၊ ယဉ်ကျေးသိမ်မွေ့ခြင်း သို့မဟုတ် သန့်ရှင်းသူတို့၏ အမူအကျင့်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသည်ကို မသိကြသည့်အပြင် ၎င်းတို့၏ လူ့သဘာဝတွင် ဤအရည်အသွေးများကို ပင်ကိုအားဖြင့် မပိုင်ဆိုင်သောကြောင့် သင်သည် ၎င်းတို့ကို ကူညီနိုင်စွမ်းမရှိပေ။ ကူညီ၍မရနိုင်သော လူတို့သည် မပြောင်းလဲနိုင်သော လူများ၊ ညွှန်ကြား၍ သို့မဟုတ် ဩဇာလွှမ်းမိုး၍ မရနိုင်သော လူများ ဖြစ်ကြသည်။ ထိုသို့သော လူပုဂ္ဂိုလ်များကို ညီအစ်ကိုမောင်နှမများကြားတွင် နှောင့်ယှက်မှုများ ဖြစ်ပေါ်စေခြင်းမှ ကာကွယ်ရန်၊ ဤနေရာတွင် အရှက်ရစေခြင်းမှ ကာကွယ်ရန် အမြန်ဆုံးနှင့် အစောဆုံး သန့်စင်ဖယ်ရှားရမည်။ ဘုရားအိမ်တော်သည် အရေအတွက်ဖြည့်တင်းရန် မည်သူ့ကိုမျှ မလိုအပ်ပေ။ ဘုရားသခင်သည် တစ်စုံတစ်ဦးကို ကယ်တင်မည်မဟုတ်ပါက ထိုလူအတွက် အရေအတွက်ဖြည့်တင်းရုံမျှဖြင့် မည်သည့်အကျိုးမျှ ရှိမည်မဟုတ်ပေ။ ဘုရားသခင် အသိအမှတ် မပြုသောသူတို့ကို ရှင်းလင်းပစ်သင့်သည်၊ ဘုရားအိမ်တော်၌ မနေသင့်သောသူတို့ကို ဖယ်ရှားလော့၊ ဤလူတစ်ဦး၏ နေခြင်းက အခြားများစွာသောသူတို့ကို ဆိုးရွားစွာ သက်ရောက်မှုဖြစ်မည်စိုး၍ ဖြစ်သည်၊ ယင်းမှာ အများစုအတွက် တရားမျှတမှုမရှိပေ။ သင်တို့သည် အကျင့်ပျက်၍ ချုပ်တည်းမှုမရှိသောသူတို့၏ အနှစ်သာရကို ထွင်းဖောက်မြင်ပါက ၎င်းတို့ကို အကန့်အသတ်မရှိ သည်းခံနေမည့်အစား အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းပြီး ရှင်းလင်းပစ်သင့်သည်။ အချို့က “၎င်းတို့သည် တာဝန်ထမ်းဆောင်သည့်အခါ ရံဖန်ရံခါ ရလဒ်အချို့ကို ဖြစ်ထွန်းစေပါသည်။ ထိုအလုပ်ကဏ္ဍအတွက် ၎င်းတို့ကို လိုအပ်နေဆဲ ဖြစ်သည်။ ၎င်းတို့တွင် အတော်အတန် မေတ္တာပါသော စိတ်နှလုံးလည်းရှိပြီး အဖိုးအခအနည်းငယ်ကိုလည်း ပေးဆပ်နိုင်ပါသည်” ဟု ပြောဆိုကြသည်။ သို့သော် ဘုရားအိမ်တော်၌ ကျန်ရှိနေသောသူတို့တွင် မည်သူက အဖိုးအခအနည်းငယ်ကို မပေးဆပ်နိုင်သနည်း။ မည်သူက တာဝန်ထမ်းဆောင်သည့်အခါ ရလဒ်အချို့ကို မရရှိနိုင်သနည်း။ လူတိုင်းက ရလဒ်အချို့ကို ဖြစ်ထွန်းစေနိုင်ပါက တာဝန်များထမ်းဆောင်ရန် ဂုဏ်သိက္ခာရှိပြီး တည်ကြည်သော လူကောင်းများကို အဘယ်ကြောင့် မရွေးချယ်ရမည်နည်း။ အချိန်ပြည့်တာဝန်ထမ်းဆောင်သော အသင်းတော်၌ နှောင့်ယှက်မှုများ ဖြစ်ပေါ်စေရန် လူမိုက်များ၊ လူရမ်းကားများနှင့် စိတ်လိုက်မာန်ပါ ပြုတတ်သောလူများကဲ့သို့သော လူစားမျိုးတို့ကို အဘယ်ကြောင့် အခိုင်အမာ ထားရှိရမည်နည်း။ ဘုရားအိမ်တော်၌ အလုပ်လုပ်ပေးရန် ဘာသာတရားမရှိသူများကဲ့သို့ အသက်ရှင်နေထိုင်သော ထိုမယုံကြည်သူတို့ကို အဘယ်ကြောင့် အခိုင်အမာ ထားရှိရမည်နည်း။ ဘုရားအိမ်တော်သည် အလုပ်လုပ်ပေးသူများ မရှားပါးပေ၊ ဘုရားအိမ်တော်သည် သမ္မာတရားကို ချစ်မြတ်နိုးသော ရိုးသားသောလူများ၊ ဖြောင့်မတ်သောလူများနှင့် သမ္မာတရားကို လိုက်စားနိုင်သောသူတို့ကိုသာ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံစေလိုသည်။
ယခု တာဝန်ထမ်းဆောင်နေသူအများစုသည် ဘုရားသခင်ကို ငါးနှစ် သို့မဟုတ် ခြောက်နှစ်ထက်မနည်း ယုံကြည်ခဲ့ပြီးသူများဖြစ်ကြပြီး တာဝန်ထမ်းဆောင်ခြင်းဖြစ်စဉ်တွင် လူအမျိုးမျိုးတို့သည် အပြည့်အဝ ထုတ်ဖော်ခြင်းခံခဲ့ရပြီးဖြစ်သည်၊ မယုံကြည်သူများ၊ နားဝေတိမ်တောင်ဖြစ်သောသူများ၊ အယောင်ဆောင်ခေါင်းဆောင်များ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များအားလုံးသည် ထုတ်ဖော်ခြင်းခံခဲ့ရပြီးဖြစ်သည်။ ဤလူအများစုသည် ထပ်ခါတလဲလဲ သတိပေးဆုံးမခြင်းများရှိလင့်ကစား ပြောင်းလဲရန် ငြင်းဆန်ကြပြီး ဘုရားအိမ်တော်၏ အလုပ်ကို ကြီးမားသော နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်ပေါ်စေခဲ့ပြီးဖြစ်ကြောင်း ဘုရားသခင် ရွေးချယ်ထားသောလူများစွာတို့က ရှင်းလင်းစွာ မြင်တွေ့ခဲ့ပြီးဖြစ်သည်။ ဤမယုံကြည်သူများ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို ဖယ်ရှားပစ်ရမည့်အချိန် ကျရောက်လာပြီဖြစ်သည်။ ၎င်းတို့ကို ဖယ်ရှားမပစ်ခြင်းသည် အသင်းတော်အလုပ်၏ လည်ပတ်မှုကိုလည်းကောင်း၊ ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရား ပျံ့နှံ့ခြင်းကိုလည်းကောင်း ထိခိုက်လိမ့်မည်။ ၎င်းတို့ကို ဖယ်ရှားမပစ်ခြင်းသည် ဘုရားသခင်ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကို သက်ရောက်မှုရှိစေလိမ့်မည်၊ အသင်းတော်အသက်တာသည် ဆက်လက်၍ နှောင့်ယှက်ခြင်းခံရမည်ဖြစ်ပြီး ငြိမ်သက်ခြင်းကို မည်သည့်အခါမျှ ရှာတွေ့မည်မဟုတ်ပေ။ သို့ဖြစ်၍ အဆင့်ဆင့်ရှိ အသင်းတော်ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင်၏ ရည်ရွယ်ချက်များအတိုင်းလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍လည်းကောင်း အသင်းတော်ကို စတင်သန့်စင်သင့်သည်။ လူအတော်များများသည် လူ့သဘာဝ ကင်းမဲ့ကြသည်ကို ငါမြင်သည်။ စုဝေးပွဲများအတွင်း အချို့သည် မသင့်လျော်သော အပြုအမူအမျိုးမျိုးကို ပြသကြပြီး ထိုင်သည်ဖြစ်စေ၊ ရပ်သည်ဖြစ်စေ သင့်လျော်သော အမူအရာကို မပြုလုပ်ကြဘဲ ၎င်းတို့ဘေးတွင် လက်ဖက်ရည်၊ လက်ကိုင်ဖုန်းများ၊ မျက်နှာလိမ်းခရင်မ်နှင့် ရေမွှေးတို့ကို အဆင်သင့် ပြင်ဆင်ထားကြသည်။ လှပချင်သော အချို့သူတို့သည် မှန်ထဲတွင် မိမိတို့၏အသွင်အပြင်ကို အဆက်မပြတ် စစ်ဆေးပြီး မိတ်ကပ်ပြန်ပြင်လူးကြသည်၊ အခြားသူများမှာမူ အစဉ်သဖြင့် ရေသောက်ခြင်း၊ သတင်းများဖတ်ရန် သို့မဟုတ် ဘာသာတရားမရှိသူတို့၏ လောကမှ ဗီဒီယိုများကြည့်ရန် မိမိတို့၏ဖုန်းကို ပွတ်နေခြင်း၊ ခြေထောက်ချိတ်ထိုင်လျက် စကားပြောဆိုခြင်း၊ မြွေပုံသဏ္ဌာန်နှင့်တူစွာ မိမိတို့၏ ခန္ဓာကိုယ်များကို ကွေးညွတ်လျက် သင့်လျော်သောပုံစံဖြင့် ထိန်းထိန်းသိမ်းသိမ်း နေထိုင်ခြင်းပင် မရှိကြချေ။ အချို့လူများသည် ညအခါ မိမိတို့၏အိပ်ခန်းသို့ ပြန်သွားပြီး ဖိနပ်ပင်မချွတ်ဘဲ ကုတင်ပေါ်တွင် လှဲလျောင်းကာ အရုဏ်တက်သည်အထိ အိပ်စက်ကြသည်ကိုလည်း ငါကြားဖူးသည်။ နံနက်ခင်း မျက်လုံးပွင့်လာသည့်အခါ ၎င်းတို့သည် ဆုတောင်းရန် သို့မဟုတ် ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းများတွင် ပါဝင်ရန်မဟုတ်ဘဲ မိမိတို့၏လက်ကိုင်ဖုန်းပေါ်ရှိ သတင်းများကို ဦးစွာ စစ်ဆေးကြလေသည်။ အစာစားချိန်များတွင် အရသာရှိသော အစားအစာကို မြင်သည့်အခါ သို့မဟုတ် အသားကို မြင်သည့်အခါ ၎င်းတို့သည် အခြားသူများ စားရမရကို ဂရုမစိုက်ဘဲ မိမိတို့ ဗိုက်ပြည့်သမျှကာလပတ်လုံး အငမ်းမရ စားသုံးကြပြီးနောက် ချက်ချင်းပြန်အိပ်ကြသည်။ ၎င်းတို့သည် မိမိတို့လုပ်ဆောင်သမျှတွင် လူသားပုံသဏ္ဌာန် ကင်းမဲ့ကြပြီး ဘာသာတရားမရှိသူများကဲ့သို့ အကျင့်ပျက်၍ ချုပ်တည်းမှုမရှိဘဲ ပြုမူကြကာ မည်သည့်စည်းကမ်းကိုမျှ လုံးဝမလိုက်နာသည့်အပြင် နာခံခြင်း သို့မဟုတ် ကျိုးနွံနာခံခြင်း တစ်စက်တလေမျှမရှိဘဲ တိရစ္ဆာန်များကဲ့သို့ပင် ဖြစ်ကြသည်။ ငါ့ကိုပြောလော့၊ ထိုသို့သော အလွန်ဆိုးရွားသည့် သိမ်ဖျင်းသော လူစားမျိုးတို့သည် ကယ်တင်ခြင်းခံရနိုင်သလော။ (မခံရနိုင်ပါ။) သို့ဆိုလျှင် ၎င်းတို့ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အဓိပ္ပာယ်တစ်စုံတစ်ရာ ရှိသေးသလော။ သမ္မာတရားနှင့် လုံးဝမမီသော အလွန်ညံ့ဖျင်းသည့် အစွမ်းအစဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ နားလည်နိုင်မည်လော။ မိမိတို့ကိုယ်ကို ကျင့်ကြံပြုမူခြင်းနှင့်ပတ်သက်၍ မည်သည့်စည်းကမ်းမျှ မပိုင်ဆိုင်ဘဲ ၎င်းတို့၏ အလုပ်လုပ်ပေးခြင်းသည် စံနှုန်းပြည့်မီနိုင်မည်လော။ အသိတရား သို့မဟုတ် ဆင်ခြင်တုံတရားမရှိဘဲ ၎င်းတို့သည် တရားဒေသနာများကို နားထောင်သည့်အခါနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့သည်ကို နားထောင်သည့်အခါ လက်ခံနိုင်မည်လော။ (လက်မခံနိုင်ပါ။) ဤအပြုအမူများကို ပြသသောသူတို့သည် အခြေခံအားဖြင့် လူ့သဘာဝ လုံးလုံး ကင်းမဲ့ကြသည်၊ သို့ဖြစ်၍ ၎င်းတို့သည် သမ္မာတရားကို မည်သို့ ရရှိနိုင်မည်နည်း။ လူ့သဘာဝမရှိသောသူတို့သည် တိရစ္ဆာန်များ၊ နတ်ဆိုးများ၊ ဝိညာဉ်မရှိသော လူသေများဖြစ်ကြပြီး ၎င်းတို့သည် သမ္မာတရားကို ကြားသည့်အခါ နားမလည်နိုင်ဘဲ သမ္မာတရားကို ကြားရန် မထိုက်တန်ကြပေ။ ၎င်းတို့အား သမ္မာတရားကို နားလည်ပြီး ရရှိစေခြင်းသည် ငါးများကို ကုန်းပေါ်တွင် အသက်ရှင်နေထိုင်ခိုင်းခြင်း သို့မဟုတ် ဝက်များကို ပျံသန်းခိုင်းခြင်းကဲ့သို့ပင် ဖြစ်သည်၊ လုံးဝမဖြစ်နိုင်ပေ။ ယခင်က မည်သည့်လူစားမျိုးတို့သည် တိရစ္ဆာန်များ ဖြစ်သည်ကို ပြောဆိုသည့်အခါ “တိရစ္ဆာန်များ” ဟူသော စကားလုံးရှေ့တွင် “ခွေး” ဟူသော စကားလုံးကို မကြာခဏ ထည့်သွင်းလေ့ရှိရာ ၎င်းတို့ကို “ခွေးတိရစ္ဆာန်များ” ဟု ခေါ်ဆိုခဲ့ကြသည်။ သို့သော် ခွေးများကို မွေးမြူပြီး ၎င်းတို့နှင့် ရင်းရင်းနှီးနှီး ဆက်ဆံပြီးနောက် ခွေးများသည် လူတို့၌ ကင်းမဲ့သော အကောင်းဆုံးအရာများကို ပိုင်ဆိုင်ကြောင်း ငါတွေ့ရှိခဲ့သည်၊ ၎င်းတို့သည် စည်းကမ်းအတိုင်း ပြုမူကြသည်၊ နာခံတတ်ကြပြီး မိမိကိုယ်ကိုလေးစားစိတ် ရှိကြသည်။ သင်သည် ၎င်းတို့ လှုပ်ရှားမှုပြုရန် နယ်နိမိတ်တစ်ခု သတ်မှတ်ပေးပြီး ၎င်းတို့သည် ထိုအတွင်း၌သာ လှုပ်ရှားမှုပြုကြမည်ဖြစ်ကာ သင်တားမြစ်ထားသော နေရာများသို့ ခြွင်းချက်မရှိ လုံးဝ သွားကြမည်မဟုတ်ပေ။ ၎င်းတို့ မတော်တဆ မျဉ်းကို ကျော်သွားပါက လျင်မြန်စွာ နောက်ဆုတ်ကြပြီး မိမိတို့၏အမှားကို ဝန်ခံကာ ခွင့်လွှတ်မှုအတွက် တောင်းပန်လျက် အမြီးကို အဆက်မပြတ် နန့်ကြသည်။ လူသားများသည် ဤသို့ စွမ်းဆောင်နိုင်သလော။ (မစွမ်းဆောင်နိုင်ပါ။) လူသားများသည် မမီကြပေ။ ခွေးများသည် လူသားများလောက် နားမလည်နိုင်သော်လည်း ၎င်းတို့သည် အချက်တစ်ချက်ကို သဘောပေါက်ကြသည်၊ “ဤသည်မှာ ပိုင်ရှင်၏ ပိုင်နက်၊ ပိုင်ရှင်၏ အိမ်ဖြစ်သည်။ ပိုင်ရှင်က ခွင့်ပြုသည့်နေရာတိုင်းသို့ ငါသွားပြီး ငါ့ကို တားမြစ်ထားသော နေရာများကို ရှောင်ကြဉ်သည်” ဟူ၍ ဖြစ်သည်။ ရိုက်နှက်ခြင်းမရှိဘဲနှင့်ပင် ယင်းတို့သည် ထိုနေရာသို့ သွားခြင်းမှ ရှောင်ကြဉ်ကြသည်၊ ယင်းတို့တွင် မိမိကိုယ်ကိုလေးစားစိတ် ရှိသည်။ ခွေးများပင်လျှင် ရှက်ကြောက်စိတ်ဟူသည်မှာ အဘယ်အရာဖြစ်သည်ကို သိကြသည်၊ သို့ဖြစ်၍ လူသားများသည် အဘယ်ကြောင့် မသိကြသနည်း။ ရှက်ကြောက်စိတ်ကို မသိသောသူတို့ကို တိရစ္ဆာန်များအဖြစ် အမျိုးအစားခွဲခြားခြင်းသည် လွန်ကဲသလော။ (မလွန်ကဲပါ။) လုံးဝ မလွန်ကဲပေ၊ လူအများစုသည် ခွေးတစ်ကောင်၏ အကျင့်ကောင်းများကိုပင် မပိုင်ဆိုင်ကြပေ။ နောင်တွင် အချို့လူများသည် တိရစ္ဆာန်များဖြစ်သည်ဟု ငါတို့ပြောဆိုသည့်အခါ ၎င်းတို့ကို “ခွေးတိရစ္ဆာန်များ” ဟု ငါတို့ မခေါ်ဆိုနိုင်တော့ပေ၊ ယင်းမှာ ခွေးများကို စော်ကားခြင်း ဖြစ်ပေလိမ့်မည်၊ အကြောင်းမှာ ဤလူများ၊ ဤတိရစ္ဆာန်များသည် ခွေးများထက်ပင် ပို၍ ဆိုးရွားသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ထိုသို့သောလူများသည် အသင်းတော်အသက်တာကို သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ တာဝန်ထမ်းဆောင်ခြင်းကို နှောင့်ယှက်မှုများ ဖြစ်ပေါ်စေသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို အချိန်မီ ရှင်းလင်းပစ်ရမည်၊ ဤသည်မှာ ကျိုးကြောင်းဆီလျော်ပြီး မျှတသည့်အပြင် လုံးဝ မလွန်ကဲပေ။ ဤသည်မှာ မေတ္တာကင်းမဲ့ခြင်းမဟုတ်၊ ဤသည်မှာ စည်းမျဉ်းအတိုင်း ဆောင်ရွက်ခြင်း ဖြစ်သည်။ အကျင့်ပျက်၍ ချုပ်တည်းမှုမရှိသောသူတို့သည် မိမိတို့၏ တာဝန်များတွင် ရလဒ်အချို့ကို ပြလျှင်ပင် ၎င်းတို့သည် ကယ်တင်ခြင်းခံရနိုင်မည်လော။ ၎င်းတို့သည် သမ္မာတရားကို လက်ခံသောလူများ ဖြစ်ကြသလော။ ၎င်းတို့သည် မိမိတို့၏ လုပ်ရပ်များကိုပင် မချုပ်တည်းနိုင်ကြပေ၊ သို့ဖြစ်၍ ၎င်းတို့သည် သမ္မာတရားကို မည်သို့ လက်ခံနိုင်မည်နည်း။ ၎င်းတို့သည် မိမိတို့၏ တည်ကြည်မှုနှင့် သိက္ခာကို မထိန်းသိမ်းနိုင်ကြပေ၊ သို့ဖြစ်၍ ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်မည်လော။ ယင်းမှာ မဖြစ်နိုင်ပေ။ သို့ဖြစ်၍ ဤလူပုဂ္ဂိုလ်များကို ထိုသို့သောပုံစံဖြင့် ကိုင်တွယ်ခြင်းသည် လုံးဝ မလွန်ကဲပေ၊ ယင်းမှာ လုံးဝ စည်းမျဉ်းကို အခြေခံပြီး ဘုရားသခင်ရွေးချယ်ထားသောလူများကို စာတန်၏ နှောင့်ယှက်မှုများမှ ကာကွယ်ရန် ရည်ရွယ်ချက်အတွက်သာ ဖြစ်သည်။ အတိုချုပ်အားဖြင့် ထိုသို့သော လူပုဂ္ဂိုလ်များကို တွေ့ရှိသည့်အခါ ငါ ခုနက ဖော်ပြခဲ့သော စည်းမျဉ်းအချို့ကို အခြေခံ၍ ၎င်းတို့ကို လျော်ညီစွာ ကိုင်တွယ်သင့်သည်။ အမှန်တကယ် အကျင့်ပျက်၍ ချုပ်တည်းမှုမရှိသော၊ အမှန်တကယ် ဇာတိပကတိကို လိုက်လျောပြီး မည်သည့် သန့်ရှင်းသူတို့၏ အမူအကျင့်မျှမရှိသော လူစားမျိုးတို့ကို ဘာသာတရားမရှိသူများနှင့် မယုံကြည်သူများအဖြစ် အမျိုးအစားခွဲခြားခြင်းသည် လွန်ကဲသလော။ (မလွန်ကဲပါ။) ၎င်းတို့ကို ဘာသာတရားမရှိသူများနှင့် မယုံကြည်သူများအဖြစ် အမျိုးအစား ခွဲခြားပြီးဖြစ်သောကြောင့် ၎င်းတို့ကို အသင်းတော်က ရှင်းလင်းပစ်သင့်သော အမျိုးမျိုးသော ဆိုးယုတ်သည့်လူများ၏ အဆင့်အတန်းတွင် ထည့်သွင်းခြင်းသည်လည်း မလွန်ကဲပေ။ မိမိတို့၏ အပြုအမူနှင့် အမူအရာကိုပင် မချုပ်တည်းနိုင်သောလူတို့သည် သမ္မာတရားကို သေချာပေါက် လက်မခံနိုင်ကြပေ။ သမ္မာတရားကို လက်မခံနိုင်သောသူတို့သည် သမ္မာတရား၏ ရန်သူများ မဟုတ်လော။ (၎င်းတို့သည် ဖြစ်ကြပါသည်။) သမ္မာတရား၏ ရန်သူများဖြစ်သောသူတို့ကို ဆိုးယုတ်သောလူများအဖြစ် သတ်မှတ်ခြင်းသည် လွန်ကဲသလော။ (မလွန်ကဲပါ။) လုံးဝ မလွန်ကဲပေ။ သို့ဖြစ်၍ ၎င်းတို့ကို ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းများသည် လုံးဝ သင့်လျော်ပေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။