ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၆) အခန်း တစ်
အချက် ၁၄- အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို အချိန်မီ ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့ (အပိုင်း ၅)
အသင်းတော်၌ ဖယ်ရှားခြင်းအလုပ်အပေါ် ခေါင်းဆောင်များနှင့် အမှုဆောင်များ ထားရှိသင့်သည့် သဘောထား
ဤနှစ်တွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များနှင့် ပါဝင်ပတ်သက်သော လူအမျိုးမျိုး၏ သရုပ်သကန်များအပေါ် အဆက်မပြတ် မိတ်သဟာယဖွဲ့နေခဲ့ကြသည်။ မိတ်သဟာယ၏ အကြောင်းအရာများသည် လူအမျိုးမျိုး၏ အမျိုးမျိုးသော ပြဿနာများ ပါဝင်လျက် ပို၍ပို၍ အသေးစိတ်ကျပြီး တိကျလာခဲ့သည်၊ ပြီးလျှင် ဤလူတို့၏ တိကျသော သရုပ်သကန်များနှင့် ၎င်းတို့ကို ခွဲခြားသတ်မှတ်သင့်သည့် အမျိုးအစားများအပေါ် မိတ်သဟာယဖွဲ့ခြင်းသည်လည်း အလွန် တိကျပြီး ရှင်းလင်းခဲ့ပြီးဖြစ်သည်။ ဤအသေးစိတ်ကျသော ပြဿနာများကို ပို၍ တိတိကျကျနှင့် ရှင်းရှင်းလင်းလင်း မိတ်သဟာယဖွဲ့လေလေ၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုအတွက် ပို၍ အပြုသဘောဆောင်သော အကူအညီနှင့် လမ်းပြမှုကို ပေးသင့်လေလေဖြစ်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များ အလုပ်လုပ်ရန်နှင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန်အတွက် ပို၍ လမ်းညွှန်မှုနှင့် အထောက်အကူကို ပေးသင့်လေလေ ဖြစ်သည်။ သို့ရာတွင် မည်သို့ပင်မိတ်သဟာယပြုပါစေ၊ မိတ်သဟာယသည် မည်မျှပင် တိကျပါစေ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်ရှိ လူအမျိုးမျိုးနှင့် ပြဿနာအမျိုးမျိုးကို မည်သို့ကိုင်တွယ်ဖြေရှင်းပြီး စီမံရမည်ကို ရှင်းလင်းခြင်း မရှိကြသေးပေ။ လူအမျိုးမျိုး၏ ပြဿနာများကို အလွန် ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်သည့်တိုင် အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လူစားအမျိုးမျိုးကို မည်သို့ ပိုင်းခြားသိမြင်ပြီး ဆက်ဆံရမည်ကို မသိမြင်နိုင်ကြသေးပေ။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများအတိုင်း မလုပ်ဆောင်နိုင်ကြသေးသကဲ့သို့ အသင်းတော်ရှိ လူအမျိုးမျိုးနှင့် ပြဿနာအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းရန် သမ္မာတရားကိုလည်း အသုံးမပြုနိုင်ကြသေးပေ။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ ထိုသို့သော လူတို့သည် သမ္မာတရား လက်တွေ့ကျမှု ကင်းမဲ့ကြသည်။ လူအမျိုးမျိုး၏ သရုပ်သကန်များအပေါ် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် လူတစ်ဦးသည် အသင်းတော်၌ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သူများနှင့် မထမ်းဆောင်သူများ၊ သမ္မာတရားကို လိုက်စားသူများနှင့် မလိုက်စားသူများ၊ နာခံပြီး ကျိုးနွံနာခံတတ်သူများနှင့် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသူများအပေါ် အခြေခံကျသော ပိုင်းခြားသိမြင်မှုတစ်ခု ရှိသင့်ပြီး ၎င်းတို့အတွက် ကျိုးကြောင်းဆီလျော်သော စီစဉ်မှုများ ပြုလုပ်သင့်သည်။ သို့ရာတွင် အသင်းတော်ရှိ လူအမျိုးမျိုး၏ အခြေအနေကို ကြည့်လျှင် သိသာထင်ရှားစွာ ဆိုးယုတ်သော လူများကိုသာ ရှင်းလင်းပစ်ပြီးဖြစ်သည်၊ များစွာသော မယုံကြည်သူများကိုမူ စေ့စေ့စပ်စပ် ရှင်းလင်းပစ်ခြင်း မရှိသေးပေ။ အသင်းတော်၌ ဖယ်ရှားခြင်းအလုပ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းကို မတက်ကြွစွာ ကိုင်တွယ်မည့်အစား၊ လူ့အကြိုက်လိုက်သူများအဖြစ် ပြုမူဆောင်ရွက်မည့်အစား သို့မဟုတ် သိသာထင်ရှားသော ဆိုးယုတ်သည့်လူများကို ဖယ်ရှားရုံမျှဖြင့် အရာရာသည် တည်ငြိမ်ပြီး အဆင်ပြေသွားပြီဟု တွေးထင်မည့်အစား ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများကို အမြန်ဆုံး ဖယ်ရှားရန် ဘုရားသခင်၏ အလုပ်နှင့် ပူးပေါင်းဆောင်ရွက်သင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အဖွဲ့တစ်ခုချင်းစီ၏ အလုပ်ကို တက်ကြွစွာ စစ်ဆေးသင့်သည်၊ အဖွဲ့ဝင်တစ်ဦးချင်းစီ၏ အခြေအနေများကို မှန်မမှန် စစ်ဆေးသင့်သည်၊ အရေအတွက် ဖြည့်ပေးရုံမျှသာ ရှိနေသော မယုံကြည်သူတစ်ဦးတလေ ရှိမရှိကိုဖြစ်စေ၊ အသင်းတော်အလုပ်ကို နှောင့်ယှက်ရန် အပျက်သဘောဆောင်ခြင်းနှင့် အယူအဆများကို ဖြန့်ဝေနေသော မယုံကြည်သူများ ရှိမရှိကိုဖြစ်စေ စစ်ဆေးသင့်ပြီး တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ဤလူတို့ကို စေ့စေ့စပ်စပ် ဖော်ထုတ်ပြီး ရှင်းလင်းပစ်သင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်သည်၊ ၎င်းတို့သည် ဘာသိဘာသာ မနေသင့်ပေ၊ အလုပ်လုပ်ရန် အထက်မှ အမိန့်များနှင့် တိုက်တွန်းချက်များကို စောင့်မနေသင့်ပေ၊ ညီအစ်ကိုမောင်နှမများအားလုံးက တောင်းဆိုသည့်အခါမှသာ အနည်းငယ် လုပ်ဆောင်ခြင်းမျိုးလည်း မဖြစ်သင့်ပေ။ ၎င်းတို့၏ အလုပ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားသင့်ပြီး ကိုယ်တော်အပေါ် သစ္စာစောင့်သိသင့်သည်။ ၎င်းတို့ ပြုမူရန် အကောင်းဆုံးနည်းလမ်းမှာ ပြဿနာများကို တက်ကြွစွာ သိရှိပြီး ဖြေရှင်းခြင်း ဖြစ်သည်။ ၎င်းတို့သည် အထူးသဖြင့် ဤမျက်မှောက်ခေတ် နှုတ်ကပတ်တော်များနှင့် မိတ်သဟာယဖွဲ့ခြင်းကို အခြေခံအဖြစ် လုပ်ဆောင်ရန် ရှိသည့်အခါတွင် ဘာသိဘာသာ မနေရပေ။ ထိုအစား ၎င်းတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းဖြင့် လက်တွေ့ကျသော ပြဿနာများနှင့် အခက်အခဲများကို စေ့စေ့စပ်စပ် ဖြေရှင်းရန်နှင့် ၎င်းတို့၏ အလုပ်ကို လုပ်ဆောင်သင့်သည့်အတိုင်း အတိအကျ လုပ်ဆောင်ရန် အလျင်ဦးအောင် လုပ်ဆောင်သင့်သည်။ ၎င်းတို့သည် အလုပ်၏ တိုးတက်မှုကို မဆိုင်းမတွ လက်ဦးမှုယူကာ နောက်ဆက်တွဲလုပ်ဆောင်သင့်သည်၊ အထက်မှ အမိန့်များနှင့် တိုက်တွန်းချက်များကို အမြဲ စောင့်နေကာ ထိုအခါမှ အင်တင်တင်ဖြင့် ဆောင်ရွက်ခြင်းကို အစဉ်သဖြင့် ပြု၍မရပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အစဉ်သဖြင့် အပျက်သဘောဆောင်ပြီး တက်ကြွမှုမရှိဘဲ စစ်မှန်သောအလုပ်ကို မလုပ်ဆောင်ပါက ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံရန် မထိုက်တန်ပေ၊ ပြီးလျှင် ဖြုတ်ချခြင်း ခံရသင့်ပြီး ၎င်းတို့၏ တာဝန်ခန့်အပ်မှုများကို ပြုပြင်ခြင်း ခံရသင့်သည်။ ယခုအခါ များစွာသော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ အလုပ်တွင် အလွန်ပင် ဘာသိဘာသာနိုင်ကြသည်။ ၎င်းတို့သည် အထက်မှ အမိန့်များပို့ပြီး ၎င်းတို့ကို တွန်းအားပေးပြီးနောက်တွင်သာ အလုပ်အနည်းငယ်ကို အစဉ်သဖြင့် လုပ်ဆောင်ကြသည်၊ သို့မဟုတ်ပါက ၎င်းတို့သည် ခိုကပ်ပြီး အချိန်ဆွဲကြသည်။ အချို့သော အသင်းတော်များရှိ အလုပ်သည် အတော် ကမောက်ကမဖြစ်နေသည်၊ ထိုနေရာများတွင် တာဝန်များ ထမ်းဆောင်ကြသည့် လူအချို့သည် မယုံနိုင်လောက်အောင် ခိုကပ်ပြီး ဝတ်ကျေတမ်းကျေဖြစ်ကြကာ မည်သည့် စစ်မှန်သော ရလဒ်များကိုမျှ မရရှိကြပေ။ ဤပြဿနာများသည် အလွန်ပင် ပြင်းထန်နေပြီးဖြစ်ကာ သဘာဝအားဖြင့် ဆိုးရွားလှသော်လည်း ထိုအသင်းတော်များ၏ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အရာရှိများနှင့် အရှင်သခင်များကဲ့သို့ ပြုမူနေကြဆဲ ဖြစ်သည်။ ၎င်းတို့သည် မည်သည့် စစ်မှန်သော အလုပ်ကိုမျှ မလုပ်ဆောင်နိုင်သည်သာမက ပြဿနာများကို မသိရှိနိုင် သို့မဟုတ် မဖြေရှင်းနိုင်ကြပေ။ ဤသည်မှာ အသင်းတော်အလုပ်ကို မလှုပ်မယှက်ဖြစ်စေပြီး ရပ်တန့်သွားစေသည်။ အသင်းတော်တစ်ခု၏ အလုပ်သည် ကြီးမားသော ရှုပ်ထွေးမှုထဲတွင် ရှိနေပြီး စနစ်တကျဖြစ်ခြင်း လက္ခဏာ မရှိသည့်နေရာတိုင်းတွင် အာဏာကိုင်စွဲထားသော အယောင်ဆောင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အန္တိခရစ်တစ်ဦး သေချာပေါက် ရှိနေသည်။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး အာဏာကိုင်စွဲသည့် အသင်းတော်တိုင်းတွင် အသင်းတော်အလုပ်သည် ပျက်စီးယိုယွင်းပြီး လုံးဝ ရှုပ်ထွေးနေသည်၊ ဤအရာနှင့်ပတ်သက်၍ သံသယဖြစ်စရာ မရှိပေ။ ဥပမာအားဖြင့် အမေရိကန် အသင်းတော်များရှိ ပြဿနာများစွာသည် ငါကိုယ်တိုင် မျက်စိဖြင့်တပ်အပ်၊ နားနှင့်ဆတ်ဆတ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ငါ မြင်တွေ့ခဲ့ပြီးဖြစ်သော ပြဿနာအများစုကို ထိုနေရာ၌ပင် ဖြေရှင်းခဲ့သည်၊ အခြားအချို့အတွက်မူ အမေရိကန် အသင်းတော်များ၏ ခေါင်းဆောင်များကို ဖြေရှင်းရန် ငါ တောင်းဆိုခဲ့သည်။ သို့ရာတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ်အများစုမှာ အလွန် တက်ကြွမှုမရှိဘဲ လုပ်ဆောင်ကြသည်၊ နောက်ဆက်တွဲလုပ်ဆောင်မှုများမှာ အလွန်နှေးကွေးပြီး စွမ်းဆောင်ရည်မှာ အလွန်နိမ့်ကျလျက် ၎င်းတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာအများစုမှာ အထက်မှ အမိန့်များနှင့် တိုက်တွန်းမှုများပြီးနောက်တွင်မှသာ လုပ်ဆောင်ခြင်း ဖြစ်သည်။ အထက်က အလုပ်ကို စီစဉ်ပြီးနောက် ၎င်းတို့သည် ခဏတာ အလုပ်များကြလိမ့်မည်၊ သို့သော် ထိုအလုပ်အနည်းငယ် ပြီးသွားသည်နှင့် ၎င်းတို့သည် မည်သည့်တာဝန်များကို လုပ်ဆောင်သင့်သည်ကို နားမလည်သောကြောင့် နောက်ဆက်တွဲ ဘာလုပ်ရမည်ကို မသိကြတော့ပေ။ ၎င်းတို့သည် မိမိတို့ ထမ်းဆောင်သင့်သည့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ နယ်ပယ်အတွင်း ကျရောက်သော အလုပ်နှင့်ပတ်သက်၍ မည်သည့်အခါမျှ ရှင်းလင်းခြင်း မရှိကြပေ၊ ၎င်းတို့၏ အမြင်တွင် လုပ်ဆောင်ရန် လိုအပ်သော အလုပ် မရှိပေ။ လူတို့က လုပ်ဆောင်ရန် လိုအပ်သော အလုပ် တစ်ခုမျှ မရှိဟု တွေးထင်သည့်အခါတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ (၎င်းတို့သည် ဝန်ထုပ်ဝန်ပိုးကို မထမ်းကြပါ။) တိတိကျကျ ပြောရလျှင် ၎င်းတို့သည် ဝန်ထုပ်ဝန်ပိုးကို မထမ်းကြပေ၊ ၎င်းတို့သည် အလွန် ပျင်းရိပြီး သက်သောင့်သက်သာရှိမှုကို တပ်မက်ကြသည်၊ တတ်နိုင်သည့်အခါတိုင်း တတ်နိုင်သမျှ အနားယူကြပြီး အပိုအလုပ်များကို ရှောင်ရန် ကြိုးစားကြသည်။ ဤပျင်းရိသော လူတို့သည် မကြာခဏ ဤသို့ တွေးကြသည်၊ “ငါ အဘယ့်ကြောင့် ထိုမျှ စိတ်ပူသင့်သနည်း။ များစွာ စိုးရိမ်ပူပန်ခြင်းက ငါ့ကို အမြန်အိုမင်းခြင်းသာ ဖြစ်စေမည်။ ယင်းကိုလုပ်ဆောင်ခြင်းမှလည်းကောင်း၊ အလွန်ပင် ပြေးလွှားသွားလာ အလုပ်များခြင်းမှလည်းကောင်း၊ ကိုယ့်ကိုယ်ကိုယ် အလွန်ပင် ခြေကုန်လက်ပန်းကျအောင် လုပ်ဆောင်ခြင်းမှ ငါသည် မည်သို့ အကျိုးအမြတ် ရမည်နည်း။ ငါ အလွန်နွမ်းနယ်သွားကာ နေထိုင်မကောင်းဖြစ်လျှင် မည်သည့်အရာ ဖြစ်မည်နည်း။ ကုသမှုအတွက် ပေးချေရန် ငါ့တွင် ပိုက်ဆံမရှိ။ ပြီးလျှင် ငါအသက်ကြီးသည့်အခါတွင် မည်သူက ငါ့ကို ပြုစုစောင့်ရှောက်မည်နည်း” ဟူ၍ ဖြစ်သည်။ ဤပျင်းရိသော လူတို့သည် ဤမျှ ဘာသိဘာသာနေပြီး နောက်ကောက်ကျနေကြသည်။ ၎င်းတို့တွင် သမ္မာတရား တစ်စက်မျှ မရှိဘဲ မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။ ၎င်းတို့သည် နားဝေတိမ်တောင်ဖြစ်သော လူတစ်စုသာ ဖြစ်သည် မဟုတ်လော။ ၎င်းတို့အားလုံးသည် နားဝေတိမ်တောင်ဖြစ်ကြသည်၊ ၎င်းတို့သည် သမ္မာတရားကို သတိမမူကြဘဲ ယင်း၌ စိတ်ဝင်စားမှု မရှိကြပေ၊ သို့ဖြစ်လျှင် ၎င်းတို့သည် မည်သို့ ကယ်တင်ခြင်း ခံရနိုင်မည်နည်း။ အဘယ်ကြောင့် လူတို့သည် သက်ရှိလူသေများကဲ့သို့ အမြဲတမ်း စည်းကမ်းမရှိဘဲ ပျင်းရိနေကြသနည်း။ ဤသည်မှာ ၎င်းတို့၏ သဘာဝပြဿနာနှင့် သက်ဆိုင်သည်။ လူ့သဘာဝတွင် ပျင်းရိခြင်းတစ်မျိုး ရှိသည်။ လူတို့သည် မည်သည့်အလုပ်ကို လုပ်ဆောင်နေပါစေ ၎င်းတို့ကို ကြီးကြပ်ပြီး တိုက်တွန်းရန် တစ်စုံတစ်ဦးကို အမြဲ လိုအပ်ကြသည်။ တစ်ခါတစ်ရံ လူတို့သည် ဇာတိပကတိကို အလေးထားကြသည်၊ ရုပ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာရှိမှုကို တပ်မက်ကြပြီး မိမိတို့ကိုယ်တိုင်အတွက် တစ်စုံတစ်ခုကို အမြဲ ထိမ်ချန်ထားကြသည်၊ ဤလူတို့သည် နတ်ဆိုးဆန်သော ရည်ရွယ်ချက်များ၊ စဉ်းလဲသော အကြံအစည်များဖြင့် ပြည့်နေကြသည်၊ ၎င်းတို့သည် အမှန်တကယ် လုံးဝ မကောင်းကြပေ။ ၎င်းတို့သည် မည်သည့် အရေးကြီးသော တာဝန်ကို လုပ်ဆောင်နေပါစေ ၎င်းတို့၏ အကောင်းဆုံး လုပ်ဆောင်နိုင်သည်ထက် လျှော့လုပ်ဆောင်ကြသည်။ ၎င်းတို့သည် တာဝန်မဲ့ပြီး သစ္စာစောင့်သိမှု မရှိကြပေ။ ယနေ့ ငါ ဤအရာများကို ပြောဆိုခဲ့ခြင်းမှာ သင်တို့ အလုပ်တွင် ဘာသိဘာသာမနေရန် သတိပေးဖို့ရန် ဖြစ်သည်။ ငါပြောသမျှ မည်သည့်အရာကိုမဆို သင်တို့ လိုက်လျှောက်နိုင်ရမည်။ ငါသည် အသင်းတော်အသီးသီးသို့ သွားပြီး သင်တို့သည် အလုပ်များစွာ လုပ်ဆောင်ခဲ့ကြောင်း၊ အလွန်အကျိုးရှိစွာ အလုပ်လုပ်ခဲ့ကြောင်း၊ အလုပ်မှာ အလွန် လျင်မြန်စွာ တိုးတက်နေကြောင်း၊ ကျေနပ်ဖွယ်အဆင့်သို့ ရောက်ရှိခဲ့ကြောင်းနှင့် လူတိုင်းက မိမိတို့၏ အကောင်းဆုံးကို ကြိုးစားလုပ်ဆောင်ခဲ့ကြကြောင်းတို့ကို သိရှိခဲ့ရလျှင် သို့မဟုတ် မြင်တွေ့ခဲ့ရလျှင် ငါသည် အတော်အတန် ကျေနပ်မိမည် ဖြစ်သည်။ ငါသည် အသင်းတော်အသီးသီးသို့ သွားပြီး ကဏ္ဍအားလုံးရှိ အလုပ်တိုးတက်မှုမှာ နှေးကွေးနေသည်ကို မြင်တွေ့ခဲ့ရလျှင် ယင်းက သင်တို့သည် မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ မထမ်းဆောင်ခဲ့ကြောင်းနှင့် ဧဝံဂေလိတရား ဖြန့်ဝေခြင်း၏ ပုံမှန်အရှိန်အဟုန်နှင့်အညီ လိုက်မလုပ်ဆောင်နိုင်ခဲ့ကြောင်း သက်သေပြနေမည်ဖြစ်သဖြင့် ထိုအခါ ငါ၏ စိတ်အခြေအနေ မည်သို့ဖြစ်မည်ဟု သင်တို့ ထင်သနည်း။ ငါသည် သင်တို့ကိုတွေ့ရ၍ ဝမ်းမြောက်နေဦးမည်လော။ (မဟုတ်ပါ။) ငါ ဝမ်းမြောက်မည် မဟုတ်ပေ။ ဤအလုပ်ကို သင်တို့ထံ အပ်နှံထားပြီးဖြစ်ကာ ပြောရန်လိုအပ်သည့်အရာအားလုံးကို ငါ ပြောဆိုပြီးဖြစ်သည်။ လက်တွေ့လုပ်ဆောင်ခြင်း၏ တိကျသော စည်းမျဉ်းများနှင့် လမ်းကြောင်းတို့ကိုလည်း သင်တို့အား ပြောပြပြီးဖြစ်သည်။ သို့တိုင် သင်တို့သည် မပြုမူ၊ အလုပ်မလုပ်ဘဲ သင်တို့ကို ငါ ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ပြီး တိုက်တွန်းရန်၊ သင်တို့ကို ပြုပြင်ရန် သို့မဟုတ် ပြုမူဆောင်ရွက်ဖို့ အမိန့်ပေးရန်ကိုပင် စောင့်ဆိုင်းနေကြသည်။ ဤနေရာတွင် မည်သည့်ပြဿနာ ရှိနေသနည်း။ ဤအရာကို စိတ်ဖြာလေ့လာဆွေးနွေးသင့်သည် မဟုတ်လော။ သိသိသာသာ လုပ်ဆောင်သင့်သည့်အလုပ်ကို သင်တို့ မလုပ်ဆောင်ဘဲ ယင်းကို မထမ်းရွက်နိုင်သည့်အခါ သင်တို့အပေါ် ငါ သဘောထားကောင်း ထားနိုင်မည်လော။ (မထားနိုင်ပါ။) အဘယ်ကြောင့် သင်တို့အပေါ် ငါ သဘောထားကောင်း မထားနိုင်ရသနည်း။ (ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အလွန် တာဝန်မဲ့ကြပါသည်။) အကြောင်းမှာ သင်တို့သည် မိမိတို့၏ တာဝန်များကို စိတ်နှလုံးအကြွင်းမဲ့နှင့် အစွမ်းသတ္တိရှိသမျှဖြင့် ထမ်းဆောင်ရမည့်အစား ဝတ်ကျေတမ်းကျေသာ ထမ်းဆောင်နေကြသောကြောင့် ဖြစ်သည်။ မိမိတို့၏ တာဝန်များတွင် သစ္စာစောင့်သိသောသူတစ်ဦးသည် အနည်းဆုံးအနေဖြင့် သူ၏စွမ်းအားကို အကုန်အစင် ထုတ်သုံးသင့်သော်လည်း သင်တို့သည် ဤအရာကိုပင် မစွမ်းဆောင်နိုင်ကြပေ။ သင်တို့သည် အလွန်အမင်း စံမမီပါတကား။ သင်တို့၏ အစွမ်းအစ မလုံလောက်ခြင်းကြောင့် မဟုတ်ဘဲ သင်တို့၏ စိတ်သဘောထား မမှန်ကန်ခြင်းနှင့် သင်တို့ တာဝန်မဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ သင်တို့၏ စိတ်နှလုံးထဲတွင် သင်တို့၏ တာဝန်များကို မထမ်းဆောင်နိုင်ရန် တားဆီးနေသည့် အဓိပ္ပာယ်မဲ့သော အရာအချို့ ရှိနေသည်။ ထို့အပြင် လူ့အကြိုက်လိုက်သူများဖြစ်ခြင်းဟူသည့် စိတ်နေစိတ်ထားက အသင်းတော်၌ ဖယ်ရှားခြင်းအလုပ်အား လုပ်ဆောင်ခြင်းမှ သင်တို့ကို ဟန့်တားလေသည်။ အသင်းတော်၌ ဖယ်ရှားခြင်း၏ အရေးပါမှုကို သင်တို့ သိကြသလော။ အဘယ်ကြောင့် ဘုရားသခင်က အသင်းတော်၌ ဖယ်ရှားလိုသနည်း။ အသင်းတော်ကို မသန့်စင်ခြင်း၏ အကျိုးဆက်များမှာ အဘယ်အရာများ ဖြစ်သနည်း။ သင်တို့အားလုံးသည် ဤကိစ္စများနှင့်ပတ်သက်၍ မရှင်းလင်းကြသကဲ့သို့ သမ္မာတရားကိုလည်း မရှာဖွေကြပေ။ ယင်းက သင်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးမထားကြောင်း သက်သေပြသည်။ သင်တို့သည် မိမိတို့ရာထူး၏ သာမန်ဖြစ်သော၊ ပုံမှန်အလုပ်အနည်းငယ်ကိုသာ လုပ်ဆောင်လိုစိတ်ရှိပြီး အထူးသဖြင့် အခြားသူများကို စိတ်ခုစေနိုင်သည့် အထူးတာဝန်များကို ရှောင်ဖယ်ကြသည်။ သင်တို့အားလုံးသည် ဤတာဝန်များကို အခြားတစ်စုံတစ်ဦးထံ လွှဲအပ်ရန် ပို၍နှစ်သက်ကြသည်။ ဤသည်မှာ သင်တို့ တွေးခေါ်ပုံ မဟုတ်လော။ ဤသည်မှာ ဖြေရှင်းသင့်သည့် ပြဿနာတစ်ရပ် မဟုတ်လော။ သင်တို့က “ကျွန်ုပ်၏ အစွမ်းအစမှာ ညံ့ဖျင်းသည်၊ သမ္မာတရားကို ကျွန်ုပ်၏ နားလည်မှုမှာ နည်းပါးပြီး ကျွန်ုပ်တွင် အလုပ်အတွေ့အကြုံ လုံလောက်စွာ မရှိပါ။ ကျွန်ုပ်သည် အသင်းတော် ခေါင်းဆောင်တစ်ဦး မဖြစ်ခဲ့ဖူးသကဲ့သို့ အသင်းတော် သန့်စင်ခြင်းအလုပ်ကိုလည်း မလုပ်ဆောင်ခဲ့ဖူးပါ” ဟု အမြဲ ပြောဆိုကြသည်။ ဤသည်မှာ ဆင်ခြေများပေးနေခြင်း မဟုတ်လော။ အသင်းတော်၌ ဖယ်ရှားခြင်းအလုပ်ကို အလွန်ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ အန္တိခရစ်များ၊ ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများကို ဖယ်ရှားခြင်းသည် အလွန်ရိုးရှင်းသော ကိစ္စတစ်ရပ် ဖြစ်သည်။ ထိုစည်းမျဉ်းအနည်းငယ်သည် အမှန်တကယ် နားလည်ရန် ထိုမျှ ခက်ခဲပါသလော။ ထိုသို့သော ရိုးရှင်းသည့် ပြဿနာများကို အလွန်ရှင်းလင်းစွာ ရှင်းပြထားသည့်တိုင် လူတို့ နားမလည်သေးပါက ယင်းက အဘယ်အရာကို ညွှန်ပြသနည်း။ ယင်းက ၎င်းတို့၏ အစွမ်းအစသည် လူ၏ဘာသာစကားကို နားမလည်နိုင်လောက်အောင် အလွန် ညံ့ဖျင်းခြင်းကိုဖြစ်စေ၊ သို့မဟုတ် ၎င်းတို့သည် လုပ်သင့်လုပ်ထိုက်သော အလုပ်များကို အာရုံမစိုက်ဘဲ လူယုတ်မာများသာ ဖြစ်ခြင်းကိုဖြစ်စေ ညွှန်ပြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များထဲတွင် ညံ့ဖျင်းသော အစွမ်းအစရှိသူ အချို့ အသေအချာရှိပြီး စစ်မှန်သောအလုပ်တွင် မပါဝင်သည့် လူ့အကြိုက်လိုက်သူများ အချို့လည်း သေချာပေါက် ရှိပေမည်။ သင့်တော်သော အလုပ်များကို ပစ်ပယ်ထားပြီး မကောင်းမှုများကို မဆင်မခြင် ကျူးလွန်သော လူယုတ်မာအချို့လည်း အသေအချာ ရှိပေမည်၊ ဤအခြေအနေအားလုံး တည်ရှိသည်။ ပထမဦးစွာ လုပ်သင့်လုပ်ထိုက်သော အလုပ်များကို ပစ်ပယ်ထားသော ဤလူယုတ်မာများကို ဖယ်ရှားပစ်ရန် လိုအပ်သည်။ စစ်မှန်သောအလုပ်ကို လုပ်ဆောင်နိုင်သူ မည်သူ့ကိုမဆို အသုံးပြုသင့်သည်၊ ခေါင်းဆောင်များအဖြစ် ပြုမူနေသော လူ့အကြိုက်လိုက်သူများကို အသေအချာ ဖြုတ်ချသင့်ပြီး လူ၏ဘာသာစကားကို နားလည်နိုင်ကာ စစ်မှန်သောအလုပ်အချို့ကို လုပ်ဆောင်နိုင်သည့် ညံ့ဖျင်းသော အစွမ်းအစရှိသူများကိုမူ ဆက်လက်ထားရှိသင့်သည်။ ဤပြဿနာများကို ဤပုံစံဖြင့် ဖြေရှင်းသင့်သည်။ ဘုရားသခင် မိတ်သဟာယဖွဲ့ပြီးနောက် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြေရှင်းသင့်သည့် အသင်းတော်အလုပ်ရှိ ပြဿနာများကို သင် ရှင်းလင်းစွာ မြင်နိုင်ပါက ဆက်လက်၍ မနှောင့်နှေးနေဘဲ ယင်းတို့ကို အချိန်မီ ဖြေရှင်းသင့်သည်။ အထက်မှ ကိုယ်တိုင်ကိုယ်ကျ တာဝန်များ ခန့်အပ်ရန် သို့မဟုတ် အမိန့်များ ထုတ်ပြန်ရန် စောင့်ဆိုင်းရန်မလိုဘဲ သင်က အလျင်ဦးအောင် လုပ်ဆောင်နိုင်သင့်သည်။ မည်သည့်ပြဿနာများ ပေါ်ပေါက်သည်ဖြစ်စေ အလုပ်ကို မထိခိုက်မီ ယင်းတို့ကို ဖြေရှင်းသင့်သည်။ အထက်က ပြဿနာများကို စတင်စုံစမ်းစစ်ဆေးခြင်း မပြုမီတွင်ပင် ပြဿနာများနှင့်ပတ်သက်၍ သင်၏ နားလည်မှုနှင့် ဖြေရှင်းနည်းများ၊ ယင်းတို့ကို ကိုင်တွယ်ရန် စည်းမျဉ်းများနှင့် ကိုင်တွယ်ခြင်း၏ ရလဒ်များကို သင် တင်ပြပြီးဖြစ်သင့်သည်။ ယင်းသို့ဆိုလျှင် ကောင်းလိုက်မည်ဖြစ်ခြင်းပါတကား။ ထိုအခါ အထက်က သင့်အပေါ် မကျေမနပ် ဖြစ်နိုင်ဦးမည်လော။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် သင်သည် မိမိ၏ တာဝန်ဝတ္တရားများ နယ်ပယ်အတွင်းရှိ အလုပ်ကို အစဉ်တစိုက် မမြင်တွေ့နိုင်လျှင်၊ သို့မဟုတ် သင့်တွင် အသိအမြင် သို့မဟုတ် စိတ်ကူးအချို့ ရှိသည့်တိုင် ဆက်လက်၍ အချိန်ဆွဲနေပြီး ပြုမူဆောင်ရွက်ခြင်း မရှိဘဲ အထက်က သင့်အတွက် တာဝန်များ စီစဉ်ပေးရန် အမြဲ စောင့်ဆိုင်းနေလျှင် ဤသည်မှာ တာဝန်ပျက်ကွက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ကြီးလေးသော တာဝန်ပျက်ကွက်ခြင်းပင် ဖြစ်သည်။ တာဝန်ကို မည်သို့ သဘောထားပြုမူသင့်သည်နှင့်ပတ်သက်၍ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၏ အခန်းကဏ္ဍနှင့်အတူ ပါလာသော သဘောထားနှင့် တာဝန်ဝတ္တရားကို သင် ဆုံးရှုံးခဲ့ပြီးဖြစ်သည်။ မိမိတို့၏ အလုပ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အထက်၏ လိုအပ်ချက်များကို အနီးကပ် လိုက်နာသင့်သည်။ အထက်က မိတ်သဟာယဖွဲ့ခဲ့သည့် မည်သည့်အရာမဆိုကို သင် အကောင်အထည်ဖော်သင့်ပြီး နားလည်သည်နှင့်တစ်ပြိုင်နက် လျင်မြန်စွာ ပြုမူကာ အကောင်အထည်ဖော်သင့်သည်။ သမ္မာတရားဖြင့် ပြဿနာများကို ဖြေရှင်းခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အရေးကြီးဆုံးသော တာဝန်ဝတ္တရားဖြစ်ပြီး သင်သည် တစ်စုံတစ်ရာ မလုပ်ဆောင်မီ အထက်က အလုပ်တာဝန်များ စီစဉ်ပေးသည်ကို ဘာသိဘာသာဖြင့် စောင့်ဆိုင်းမနေသင့်ပေ။ သင်သည် အမြဲတစေ မည်သည့်အရာမျှမလုပ်ဘဲ စောင့်ဆိုင်းနေပါက သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရန် မသင့်တော်ပေ၊ သင်သည် ဤအလုပ်ကို မထမ်းရွက်နိုင်ဘဲ တာဝန်ကို ဝန်ခံကာ နုတ်ထွက်ခြင်းသည်သာ တစ်ခုတည်းသော ကျိုးကြောင်းဆီလျော်မှုတစ်ခု ဖြစ်ပေမည်။
ဘုရားသခင်ကို ယုံကြည်သော လူအမျိုးအစားသုံးမျိုး၏ သရုပ်သကန်များနှင့် အဆုံးသတ်များ
၁။ အလုပ်လုပ်ပေးသူများ
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများမှာ စုစုပေါင်း တစ်ဆယ့်ငါးခုရှိပြီး ငါတို့သည် တစ်ဆယ့်လေးခုမြောက်အထိ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြေရှင်းရန်လိုအပ်သည့် အသင်းတော်အတွင်းရှိ ပြဿနာများအပြင် ဤပြဿနာများတွင် ပါဝင်သော လူအမျိုးမျိုး၏ ကိစ္စရပ်များကို ရှစ်ဆယ်မှ ကိုးဆယ်ရာခိုင်နှုန်းခန့်အထိ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ဤအရာအားလုံးသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ တာဝန်ယူထမ်းဆောင်ရန် လိုအပ်သည့် တာဝန်များနှင့် ၎င်းတို့ ဖြေရှင်းရန် လိုအပ်သည့် ပြဿနာများ ဖြစ်ကြသည်။ ဤအရာတွင် ကိစ္စရပ်များစွာ ပါဝင်သည်။ တစ်ဖက်တွင် ယင်းက ခေါင်းဆောင်များနှင့် အမှုဆောင်များ ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများ ပါဝင်ပြီး အခြားတစ်ဖက်တွင် အသင်းတော်ရှိ လူအမျိုးမျိုး၏ ကိစ္စရပ်အမျိုးမျိုးလည်း ပါဝင်သည်။ ဤကာလအတောအတွင်း ငါတို့၏ မိတ်သဟာယ၏ အဓိကအကြောင်းအရာမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့် အယောင်ဆောင်ခေါင်းဆောင်များကို ဖော်ထုတ်ခြင်း ဖြစ်သော်လည်း ဤအဓိကအကြောင်းအရာနှင့် သက်ဆိုင်သော လူအမျိုးမျိုး၏ ကိစ္စရပ်များနှင့် လူအမျိုးမျိုး၏ အခြေအနေများနှင့် အနှစ်သာရများ အကြောင်းတို့ကိုလည်း ငါတို့ များစွာ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ ဟုတ်ပေ၏၊ ဤတိကျသော အကြောင်းအရာသည် အသင်းတော်၌ ဘုရားသခင်နောက်လိုက်သော လူအမျိုးမျိုးအပေါ် မတူညီသော အကျိုးသက်ရောက်မှုများ ရှိသည်။ ၎င်းတို့ထဲတွင် ဤမိတ်သဟာယအားလုံးကို ကြားပြီးသည့်တိုင် “ကျွန်ုပ်သည် လူ့သဘာဝကောင်းရှိသည်၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည်၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အမှုအရာများကို စွန့်လွှတ်လိုစိတ်ရှိပြီး ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ရန် အဖိုးအခပေးကာ ဆင်းရဲဒုက္ခခံလိုစိတ်ရှိသည်” ဟူသော သဘောထားကို ဆုပ်ကိုင်ထားဆဲဖြစ်သည့် လူအမျိုးအစားတစ်မျိုး ရှိသည်။ ၎င်းတို့သည် လူအမျိုးမျိုး၏ အခြေအနေ အမျိုးမျိုးကိုလည်းကောင်း၊ အခြေအနေအမျိုးမျိုးတွင် ပါဝင်သော သမ္မာတရားကိုလည်းကောင်း၊ ဤကာလအတောအတွင်း မိတ်သဟာယဖွဲ့ခဲ့သည့် လူတို့ နားလည်သင့်သော သမ္မာတရား စည်းမျဉ်းများကိုလည်းကောင်း ဂရုမစိုက်ကြပေ။ ဤသည်မှာ လူအမျိုးအစားတစ်မျိုး မဟုတ်လော။ ဤလူအမျိုးအစားသည် အလွန် ကိုယ်စားပြုမှုရှိသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူအမျိုးအစားသည် အချို့သော အမြင်ရှုထောင့်တစ်ခုကို အမြဲ ဆုပ်ကိုင်ထားသည်။ ဤအမြင်ရှုထောင့်သည် အဓိကအားဖြင့် အဘယ်အရာဖြင့် ဖွဲ့စည်းထားသနည်း။ ငါ ယခုလေးတင် ဖော်ပြခဲ့သော အချက်သုံးချက် ဖြစ်သည်။ ပထမအနေဖြင့် ၎င်းတို့သည် မိမိတို့၏ လူ့သဘာဝ မဆိုးဟု ယုံကြည်ကြပြီး ကောင်းသည်ဟုပင် ယုံကြည်ကြသည်။ ဒုတိယအနေဖြင့် ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည်ဟု ထင်ကြသည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကိုလည်းကောင်း၊ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကိုလည်းကောင်း စစ်မှန်စွာ ယုံကြည်ကြပြီး လူ့ကံကြမ္မာသည် ဘုရားသခင်၏ လက်ထဲတွင် ရှိကြောင်း၊ ယင်းမှာ ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ကျရောက်ကြောင်း ယုံကြည်ကြသည်၊ ယင်းမှာ “ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း” ၏ ကျယ်ပြန့်သော အနက်ဖွင့်ဆိုချက် ဖြစ်သည်။ တတိယအနေဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ အမှုအရာများကို စွန့်လွှတ်နိုင်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် ဆင်းရဲဒုက္ခခံကာ အဖိုးအခပေးနိုင်သည်ဟု ယုံကြည်ကြသည်။ ဤအချက်သုံးချက်သည် ဤလူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ ဆုပ်ကိုင်ထားသော အခြေခံအကျဆုံး၊ အဓိကအကျဆုံးနှင့် အခရာအကျဆုံးသော အချက်များဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ဟုတ်ပေ၏၊ ဤအရာများကို ဘုရားသခင်ကို ယုံကြည်ခြင်း၌ ၎င်းတို့၏ အရင်းအနှီးအဖြစ်လည်းကောင်း၊ ၎င်းတို့ လိုက်စားသော ပန်းတိုင်များအဖြစ်လည်းကောင်း၊ ပြုမူဆောင်ရွက်ရာတွင် ၎င်းတို့၏ လှုံ့ဆော်မှုနှင့် ဦးတည်ချက်အဖြစ်လည်းကောင်း မှတ်ယူနိုင်သည်။ ဤအချက်သုံးချက်ကို ပိုင်ဆိုင်ခြင်းသည် ကယ်တင်ခြင်းခံရရန် အခြေခံအခြေအနေသုံးရပ်အတွက် ၎င်းတို့ကို အရည်အချင်းပြည့်မီစေပြီး ဘုရားသခင် ချစ်ခင်ကာ လက်ခံသောလူများ ဖြစ်စေသည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤသည်မှာ ကြီးလေးသော အမှားတစ်ခု ဖြစ်သည်။ ဤအချက်သုံးချက်ရှိခြင်းသည် လူ့သဘာဝအနည်းငယ်ကိုသာ ညွှန်ပြသည်။ လူ့သဘာဝအနည်းငယ်ရှိရုံမျှဖြင့် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရနိုင်သလော။ လုံးဝ မရနိုင်ပေ။ ဘုရားသခင်သည် ကိုယ်တော်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူများကို အသိအမှတ်ပြုသည်။ ဤအချက်သုံးချက်သည် သမ္မာတရား လက်တွေ့ကျမှု၏ စံနှုန်းနှင့် မကိုက်ညီပေ။ ၎င်းတို့သည် အလုပ်လုပ်ပေးသူများ ဖြစ်ရန်အတွက် စံနှုန်းသုံးရပ်မျှသာ ဖြစ်သည်။ ဆက်လက်၍ သင်တို့ ရှင်းလင်းစွာ နားလည်စေရန် ဤအချက်သုံးချက်၏ အသေးစိတ်အချက်များကို ငါ မိတ်သဟာယဖွဲ့မည်။ ပထမအချက်မှာ ကောင်းမွန်သော လူ့သဘာဝရှိခြင်း ဖြစ်သည်။ မကောင်းမှုမပြုခြင်း၊ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို မဖြစ်စေခြင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မထိခိုက်စေခြင်းတို့သည် လုံလောက်သည်ဟု ၎င်းတို့ ယုံကြည်ကြပြီး ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် ဆောင်ရွက်နိုင်ပြီး စည်းမျဉ်းများနှင့်အညီ ပြုမူနိုင်သည်ဟု ဆိုလိုကြောင်း ယုံကြည်ကြသည်။ ဒုတိယအချက်မှာ “ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း” ဖြစ်သည်။ ၎င်းတို့အတွက်မှာမူ ၎င်းတို့ “ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း” ဟူသည်မှာ ဘုရားသခင်၏ တည်ရှိမှုကိုဖြစ်စေ၊ အရာခပ်သိမ်းအပေါ် သူ၏ အချုပ်အခြာအာဏာ ကိုင်စွဲသည့်အချက်ကိုဖြစ်စေ မည်သည့်အခါမျှ သံသယမဝင်ခြင်း၊ လူ့ကံကြမ္မာသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်ဟု ယုံကြည်ခြင်းဖြစ်ပြီး ယင်းက ၎င်းတို့ကို ဘုရားသခင်နောက်ကို အဆုံးတိုင် လိုက်လျှောက်နိုင်စေမည်ဟု ၎င်းတို့ ထင်ကြသည်။ ၎င်းတို့ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်နေသမျှကာလပတ်လုံး သူ၏ အသိအမှတ်ပြုခြင်းကို ရရှိမည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ဘုရားသခင် မည်သို့ပင် ဦးဆောင်သည်ဖြစ်စေ၊ ပြုမူသည်ဖြစ်စေ၊ မည်သို့သော ပြဿနာများကို ၎င်းတို့ ကြုံတွေ့ရသည်ဖြစ်စေ ၎င်းတို့က “ဘုရားသခင်ကိုသာ ချစ်ပါ၊ ဘုရားသခင်နောက် လိုက်ပါ၊ ဘုရားသခင်ကို ကျိုးနွံနာခံပါ” ဟု ပြောဆိုကြသည်။ ပြဿနာများကို ဖြေရှင်းသည့် ၎င်းတို့၏ နည်းလမ်းမှာ အလွန်အမင်း ရိုးရှင်းလွန်းသည်။ ထိုသို့သော ယေဘုယျဆန်သော စကားများက မည်သည့်ပြဿနာများကိုမဆို ဖြေရှင်းနိုင်သလော။ တတိယအချက်မှာ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်း၌ အမှုအရာများကို စွန့်လွှတ်နိုင်ခြင်းနှင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံနိုင်ပြီး အဖိုးအခပေးနိုင်ခြင်းတို့ ဖြစ်သည်။ ဤအရာကို ၎င်းတို့ မည်သို့ လက်တွေ့လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောကြောင့် အသင်းတော်၏ အလုပ်တွင် လိုအပ်ချက်တစ်ခု ရှိသည့်အခါ သို့မဟုတ် ဘုရားသခင်၏ အရေးတကြီး ရည်ရွယ်ချက်များကို ၎င်းတို့ ခံစားရသည့်အခါတွင် မိမိတို့၏ မိသားစုများ၊ အိမ်ထောင်များနှင့် အသက်မွေးဝမ်းကျောင်းများကို တက်တက်ကြွကြွ စွန့်လွှတ်နိုင်ကြပြီး မိမိတို့၏ လောကီရေးရာ အလားအလာများကို ဘေးဖယ်ထားကာ မည်သည့်အခါမျှ နောင်တရခြင်းမရှိဘဲ မယိမ်းယိုင်သော စိတ်ပိုင်းဖြတ်မှုဖြင့် ဘုရားသခင်နောက်လိုက်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်နိုင်ကြသည်။ ဘုရားအိမ်တော်က ၎င်းတို့အတွက် စီစဉ်ပေးသည့် မည်သည့်တာဝန်အတွက်မဆို အစားလျှော့ အအိပ်လျှော့ရသည်ဟု ဆိုလျှင်ပင် ၎င်းတို့သည် ဒုက္ခဆင်းရဲကို ခံနိုင်ရည်ရှိပြီး အဖိုးအခပေးနိုင်ကြသည်။ မည်မျှပင် နေထိုင်မှုအခြေအနေများ ခက်ခဲသည်ဖြစ်စေ၊ သို့မဟုတ် အချို့သော ဆိုးရွားသည့် ပတ်ဝန်းကျင်များတွင်ပင်ဖြစ်စေ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာ၌ ဆက်လက်ဇွဲရှိနိုင်ကြသည်။ ဤအချက်သုံးချက်အပြင်၊ သမ္မာတရားနှင့် သက်ဆိုင်သော အခြားကဏ္ဍအားလုံးကို လက်တွေ့လုပ်ဆောင်ခြင်းသည် ၎င်းတို့နှင့် မသက်ဆိုင်ဟု ထင်ရသည်။ ၎င်းတို့သည် မိမိတို့အတွက် ကောင်းသည် သို့မဟုတ် မှန်သည်ဟု ထင်ရသည့်အရာကို လုပ်ဆောင်ကြသည်။ ဘုရားသခင်က လူကို ပြောပြထားသည့် လက်တွေ့လုပ်ဆောင်ခြင်းဆိုင်ရာ အမျိုးမျိုးသော စည်းမျဉ်းများနှင့် ပတ်သက်၍လည်းကောင်း၊ ဘုရားသခင် ဖော်ထုတ်ထားသည့် လူတို့၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၏ အခြေအနေများ၊ သရုပ်သကန်များနှင့် အနှစ်သာရတို့နှင့် ပတ်သက်၍လည်းကောင်း၊ ၎င်းတို့သည် အနည်းငယ်သိသည်ဖြစ်စေ လုံးဝမသိသည်ဖြစ်စေ အဆင်ပြေသည်ဟု ထင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးမှုကို ဆန်းစစ်ရန်နှင့် မိမိတို့၏ ချို့တဲ့မှုများကို ဖြည့်ဆည်းရန် အမျိုးမျိုးသော စည်းမျဉ်းများကို အတိအကျ စေ့စေ့စပ်စပ် ရှာဖွေရန် မလိုအပ်ဟုလည်းကောင်း၊ အခြားသူများက ၎င်းတို့၏ အမျိုးမျိုးသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မိတ်သဟာယဖွဲ့သည်ကို ကြားနာဖို့ စုဝေးပွဲများကို မကြာခဏ တက်ရောက်ရန်၊ ထို့နောက် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိရန် စသည်တို့ မလိုအပ်ဟုလည်းကောင်း ခံစားကြရသည်။ ဤနည်းလမ်းဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် အလွန်ဒုက္ခများလွန်းပြီး မလိုအပ်ဟု ၎င်းတို့ ခံစားကြရသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် စိတ်သဘောထား ပြောင်းလဲခြင်းတို့အပေါ် အပေါ်ယံနားလည်မှုတစ်ခုအပြင် ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်သည့် အမျိုးမျိုးသော အယူအဆများနှင့် စိတ်ကူးများဖြင့် ဘုရားသခင်နောက်လိုက်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ကြသည်။ ဤလူအမျိုးအစားသည် အတော်အတန် ကိုယ်စားပြုမှုရှိသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် မိမိတို့ကိုယ်ကို အခြေခံအကျဆုံးသော သတ်မှတ်ချက်တစ်ခု သတ်မှတ်ထားပြီး ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် အခြေခံအကျဆုံးသော သဘောထားတစ်ခု ထားရှိကြသည်။ ဤအရာအပြင် ၎င်းတို့သည် သမ္မာတရား၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်း၊ ပြုပြင်ခြင်းခံရခြင်းအပြင် လူတို့၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများနှင့် အမျိုးမျိုးသော အခြေအနေများ၊ သရုပ်သကန်များ စသည်တို့ကို လျစ်လျူရှုကြသည်။ ၎င်းတို့သည် ဤပြဿနာများကို မည်သည့်အခါမျှ စဉ်းစားဆင်ခြင်ခြင်း သို့မဟုတ် တွေးတောခြင်း မပြုကြပေ။ ဆိုလိုသည်မှာ ဤလူတို့သည် မိမိတို့ကိုယ်ကို လူ့သဘာဝကောင်းရှိသူများ၊ လူကောင်းများဖြစ်ပြီး ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူများဟု မှတ်ယူကြသည်။ ပြီးလျှင် လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ကို အသိအမှတ်ပြုသည့်တိုင် ဘုရားသခင် ဖော်ထုတ်သည့် လူတို့၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၏ တိကျသော အခြေအနေများနှင့် သရုပ်သကန်များကို အလေးမထားကြဘဲ ဤအရာများကို စုံစမ်းစစ်ဆေးရာတွင် မည်သည့်ကြိုးစားအားထုတ်မှုကိုမျှ မထည့်သွင်းကြပေ။ ဤသည်မှာ လူစားတစ်မျိုး မဟုတ်လော။ ဤလူစားမျိုး၏ ဘုရားသခင်ကို ယုံကြည်ခြင်း၌ရှိသော အမြင်များနှင့် တိကျသော သရုပ်သကန်များသည် အတော်အတန် ကိုယ်စားပြုမှုရှိသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် ဤလူတို့၏ ရှုထောင့်အမြင်များ၊ ကယ်တင်ခြင်းခံရခြင်းအပေါ် ၎င်းတို့၏ နားလည်မှုနှင့် လူတို့၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားတို့ကို ထည့်သွင်းစဉ်းစားလျက် ဤလူတို့ကို မည်သည့်အမျိုးအစားထဲတွင် ထားရှိသင့်သနည်း။ (နားဝေတိမ်တောင်ဖြစ်သော ယုံကြည်ခြင်းရှိပြီး သမ္မာတရားကို မလိုက်စားသောသူများ ဖြစ်ပါသည်။) ဤသည်မှာ အပေါ်ယံ သွင်ပြင်မျှသာ ဖြစ်သည်။ ဤလူတို့ကို အမှန်တကယ် မည်သို့ အမျိုးအစားခွဲခြားသင့်သနည်း။ အသင်းတော်တွင် ထိုသို့သော လူများစွာ ရှိသလော။ (ဟုတ်ပါသည်။) တိကျသော ပြဿနာများကို ဆွေးနွေးပြီး သက်ဆိုင်ရာ သမ္မာတရားများကို မိတ်သဟာယဖွဲ့သည့်အခါတိုင်း ၎င်းတို့သည် အိပ်ချင်လာသည်၊ ငိုက်မျဉ်းသည်၊ သို့မဟုတ် စိတ်ဝင်စားမှု မပြဘဲ စိတ်ရှုပ်ထွေးလာသည်။ ၎င်းတို့အား မည်သည့်အလုပ်ကိုဖြစ်စေ၊ မည်သည့်တာဝန်ကိုဖြစ်စေ ခန့်အပ်ပါက အခက်အခဲ သို့မဟုတ် ပင်ပန်းနွမ်းနယ်မှုကို မရှောင်လွှဲဘဲ တက်ကြွစွာ လုပ်ဆောင်ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဤအလုပ်မျိုး လုပ်ဆောင်ခြင်းကဲ့သို့ ဖြစ်လျှင် အလွန်ကောင်းမည်ဖြစ်ပြီး ထိုအခါ ၎င်းတို့ စိတ်အားထက်သန်လာမည်ဟု ၎င်းတို့ ထင်ကြသည်။ ဒုက္ခဆင်းရဲကို ခံနိုင်ရည်ရှိရန်၊ အဖိုးအခပေးရန်နှင့် အလုပ်တွင် အားထုတ်ရန် အချိန်ကျရောက်သောအခါ ၎င်းတို့သည် စစ်မှန်သော လေးနက်မှုကို ပြသကြသည်။ သို့သော် ဤစစ်မှန်သော လေးနက်မှုနှင့် စိတ်အားထက်သန်မှုသည် သစ္စာစောင့်သိခြင်းနှင့် တူညီပါသလော။ ၎င်းသည် သမ္မာတရား စည်းမျဉ်းများကို နားလည်ပြီးနောက် လူတစ်ဦး၌ ရှိသင့်သော သရုပ်သကန် ဖြစ်သလော။ (မဟုတ်ပါ။) ငါ၏ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ဤလူတို့ကို မည်သည့်အမျိုးအစားထဲတွင် ခွဲခြားသင့်သည်ကို သင်တို့ မြင်နိုင်သလော။ (အလုပ်လုပ်ပေးသူများ ဖြစ်ပါသည်။) မှန်ပေသည်။ ဤလူများသည် အလုပ်လုပ်ပေးသူများဖြစ်ကြပြီး ဤသည်မှာ အလုပ်လုပ်ပေးသူများ ဘုရားသခင်ကို ယုံကြည်သည့်ပုံစံ ဖြစ်သည်။
ငါတို့သည် အန္တိခရစ်တို့၏ သဘာဝ အနှစ်သာရနှင့် အမျိုးမျိုးသော သရုပ်သကန်များအပြင် အန္တိခရစ်တို့၏ စိတ်သဘောထားရှိသော်လည်း အမှန်တကယ်တွင် အန္တိခရစ်များမဟုတ်သောသူတို့၏ အမျိုးမျိုးသော သရုပ်သကန်များနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းဖြင့် စတင်ခဲ့ကြသည်။ ယခုအခါ ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များနှင့် သက်ဆိုင်သော အမျိုးမျိုးသော လူစားတို့၏ သရုပ်သကန်များနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့နေကြသည်။ မိတ်သဟာယဖွဲ့ခဲ့သော အကြောင်းအရာများသည် အန္တိခရစ်များနှင့် အယောင်ဆောင် ခေါင်းဆောင်များအကြောင်း ဖြစ်ခဲ့သော်လည်း အချက်တစ်ချက်ချင်းစီက ထိတွေ့ဆက်စပ်နေသော တိကျသည့် ပြဿနာများနှင့် သရုပ်သကန်များသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပြင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ စိုးမိုးမှုအောက်တွင် ဖြစ်ပေါ်လာသော အမျိုးမျိုးသော အခြေအနေများနှင့် သရုပ်သကန်များနှင့်လည်း သက်ဆိုင်သည်။ အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်တို့သည် လူနည်းစုသာ ဖြစ်ကြသော်လည်း အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်တို့၏ စိတ်သဘောထားများအပြင် ၎င်းတို့၏ အမျိုးမျိုးသော အခြေအနေများနှင့် သရုပ်သကန်များသည် လူတစ်ဦးစီတိုင်းတွင် မတူညီသော အတိုင်းအတာများအထိ တည်ရှိနေသည်။ ယခုအခါ ဤပြဿနာများကို ဤမျှ အသေးစိတ်ကျကျ မိတ်သဟာယဖွဲ့ပြီးဖြစ်သဖြင့် သမ္မာတရားကို လိုက်စားသောသူတို့သည် ဆက်လက်၍ သမ္မာတရားကို လိုက်စားရာ၌လည်းကောင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာ၌လည်းကောင်း၊ သမ္မာတရား စည်းမျဉ်းများကို နားလည်ရာ၌လည်းကောင်း၊ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရာ၌လည်းကောင်း လမ်းခရီးနှင့် ဦးတည်ချက် ပို၍ ရှိလာမည်ဖြစ်ပြီး ပို၍ ရှင်းလင်းသော ပန်းတိုင်များ ရှိလာမည်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် ကောင်းသောအရာဖြစ်ပြီး ဝမ်းမြောက်စရာ အကြောင်းရင်းတစ်ခု ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်ကို မိမိတို့၏ ယုံကြည်ခြင်း၌ မှတ်တိုင်အသစ်တစ်ခုကို စတင်စိုက်ထူနေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများ၊ ဘာသာရေးဆိုင်ရာ ထုံးတမ်းစဉ်လာများ သို့မဟုတ် စကားလုံးများနှင့် အယူဝါဒများ၊ ဆောင်ပုဒ်များအောက်တွင် ဆက်လက် အသက်မရှင်ကြတော့ပေ။ ထိုအစား ၎င်းတို့တွင် လက်တွေ့လုပ်ဆောင်ရန်အတွက် ပို၍ ခိုင်မာသော လမ်းညွှန်ချက်များနှင့် ပန်းတိုင်များ ရှိလာပြီး လိုက်နာရန် ပို၍ တိကျသော စည်းမျဉ်းများလည်း ရှိလာသည်မှာ ပြောစရာမလိုပေ။ အချို့သော အခြေအနေများအောက်တွင် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်နှင့် ပါဝင်ပတ်သက်သော သမ္မာတရား စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်၊ သို့မဟုတ် လူတို့တွင် မည်သို့သော အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးမှုများ ရှိသည်၊ ၎င်းတို့ကို မည်သို့ ဆက်ဆံသင့်သည်၊ ၎င်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို မည်သို့ ရှာဖွေရမည် စသည်ဖြင့် အန္တိခရစ်များနှင့် အယောင်ဆောင်ခေါင်းဆောင်များဟူသည့် မိတ်သဟာယဖွဲ့ခဲ့သော အဓိက အကြောင်းအရာနှစ်ခုသည် ဤအကြောင်းအရာများနှင့် အများအားဖြင့် သက်ဆိုင်နေသည်။ သမ္မာတရားကို လိုက်စားသောသူတို့အတွက်မူ သမ္မာတရားကို ပို၍ တိတိကျကျ မိတ်သဟာယဖွဲ့လေ ၎င်းတို့တွင် လက်တွေ့လုပ်ဆောင်ရန် လမ်းခရီး ပို၍ရှိလေ ဖြစ်သည်။ သမ္မာတရားကို ပို၍ တိတိကျကျ မိတ်သဟာယဖွဲ့လေ လူတို့၏ စိတ်နှလုံးများသည် ပို၍ တောက်ပကာ ကြည်လင်ပြတ်သားလာလေ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပို၍ သိရှိနားလည်နိုင်လေ၊ ၎င်းတို့ ဆက်လက်၍ မည်သည့်အရာထဲသို့ ဝင်ရောက်သင့်သည်နှင့် ဆက်လက်၍ မည်သည့်ပြဿနာများကို ဖြေရှင်းရန် လိုအပ်သည်ကို ပို၍ သတိပြုမိလေ ဖြစ်သည်။ ယခုလေးတင် အလုပ်လုပ်ပေးသူများအဖြစ် ဖော်ပြခဲ့သော လူအမျိုးအစားနှင့်ပတ်သက်၍မူ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ဖြစ်ပေါ်လာသော အမျိုးမျိုးသော အခြေအနေများနှင့် ဖြေရှင်းရန် လိုအပ်သော ဖောက်ပြန်ပျက်စီးခြင်းဆိုင်ရာ အမျိုးမျိုးသော ပြဿနာများအကြောင်းကို ငါတို့ ကျယ်ကျယ်ပြန့်ပြန့် မိတ်သဟာယဖွဲ့ပြီးနောက်တွင် ၎င်းတို့သည် မလှုပ်မယှက် ရှိနေဆဲဖြစ်ကြသည်။ မလှုပ်မယှက် ရှိနေခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ ၎င်းတို့သည် သမ္မာတရားကို လိုက်စားခြင်းနှင့် ဘုရားသခင် မိန့်ကြားခဲ့သော ကယ်တင်ခြင်းလမ်းခရီးတို့နှင့်ပတ်သက်၍ ရှင်းလင်းခြင်းမရှိသေးဘဲ နားလည်သဘောပေါက်နိုင်ခြင်းလည်း မရှိသေးဟု ဆိုလိုသည်။ ပို၍ ဆိုးရွားသည်မှာ များစွာသော အနှစ်သာရပိုင်းဆိုင်ရာ သရုပ်သကန်များနှင့် ပြဿနာများကို မိတ်သဟာယဖွဲ့ပြီးနောက်တွင် ၎င်းတို့က “ကျွန်ုပ်သည် လူ့သဘာဝကောင်းရှိသည်၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည်၊ ဘုရားသခင်ကို ကျွန်ုပ်၏ ယုံကြည်ခြင်း၌ အမှုအရာများကို စွန့်လွှတ်လိုစိတ်ရှိသည်၊ ပြီးလျှင် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရန် အဖိုးအခပေးလိုစိတ်နှင့် ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံလိုစိတ်လည်း ရှိသည်၊ ဤသည်မှာ လုံလောက်ပါသည်” ဟု ထင်နေဆဲ ဖြစ်ကြသည်။ အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို မဆန်းစစ်ကြသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်လည်း မိမိတို့ကိုယ်ကို မနှိုင်းယှဉ်ကြဘဲ ထိုအစား ၎င်းတို့၏ ကိုယ်ပိုင် လူသားဆိုင်ရာ ကောင်းမြတ်မှုကိုဖြစ်စေ၊ ၎င်းတို့တွင်ရှိသော အသိတရားနှင့် ဆင်ခြင်တုံတရား အနည်းငယ်ကိုသာဖြစ်စေ အခြေခံ၍ ပြဿနာများကို ဖြေရှင်းရန် ကြိုးစားကြသည်။ အချို့လူများသည် ထပ်ခါတလဲလဲ သည်းခံလျက် ချုပ်တည်းခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို အားကိုးကြပြီး အခြားသူများမှာမူ အဓိကကျသော ပြဿနာများကို သာမည ပြဿနာများကဲ့သို့ ဖြစ်စေကာ ထို့နောက် သာမည ပြဿနာများကို ပြဿနာမရှိသကဲ့သို့ ဖြစ်စေလျက် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များကို အားကိုးကြသည်မှာ ပြောစရာမလိုပေ။ ၎င်းတို့ လိုက်စားသော ပန်းတိုင်မှာ “ဘုရားသခင်၏ အမှုတော် နိဂုံးချုပ်သည့်နေ့တွင် ကျွန်ုပ်သည် ရှင်းလင်းပစ်ခြင်းမခံရဘဲ အသင်းတော်၌ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်နေဆဲဖြစ်လျှင် ယင်းမှာ လုံလောက်ပြီဖြစ်သည်။ ကျွန်ုပ်တွင် မိမိကိုယ်ကို စစ်မှန်သော နားလည်မှု ရှိမရှိ၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြေရှင်းပြီးခြင်း ရှိမရှိ၊ ဘုရားသခင်ကို စစ်မှန်သော ကျိုးနွံနာခံမှု ရှိမရှိ၊ ကျွန်ုပ်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူ ဟုတ်မဟုတ်၊ ထိုအရာများမှာ ပြောပလောက်ခြင်းမရှိသော သာမည ပြဿနာများသာ ဖြစ်သည်။ သင်သည် အရာရာတိုင်းကို အရေးလုပ်နေသည်၊ သမ္မာတရားကို ဤမျှ အသေးစိတ်ကျကျ မိတ်သဟာယဖွဲ့နေသည်၊ အသေးငယ်ဆုံးသော ပြဿနာများကိုပင် အဆုံးမရှိ မိတ်သဟာယဖွဲ့ရန် တင်ပြနေသည်၊ ကျွန်ုပ်တို့ကို အစဉ် ပိုင်းခြားသုံးသပ်စေသည်၊ ကျွန်ုပ်သည် သမ္မာတရားနှင့်ပတ်သက်သော ဤမိတ်သဟာယဖွဲ့ခြင်းများကို နားထောင်လိုစိတ် လုံးဝမရှိပါ၊ ကျွန်ုပ် လုံးဝ စိတ်မဝင်စားပါ။ ဘုရားသခင်၏ နေ့ရက် ရောက်ရှိလာသည့်အခါ ကျွန်ုပ်တို့ နိုင်ငံတော်ထဲသို့ တိုက်ရိုက် ဝင်ရောက်နိုင်လျှင် ကောင်းလိုက်မည်ဖြစ်ခြင်းပါတကား” ဟူ၍ ဖြစ်သည်။ လူတိုင်း၏ စိတ်ရှည်မှုတွင် ယင်း၏အတိုင်းအတာနှင့်ယင်း ရှိသည်မှာ မှန်သော်လည်း ထိုသို့သောလူများ၏ စိတ်ရှည်မှုမှာမူ အကန့်အသတ်မရှိပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ၎င်းတို့သည် မိမိတို့တွင် လူ့သဘာဝကောင်းရှိသည်ဟုလည်းကောင်း၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည်ဟုလည်းကောင်း၊ ဘုရားသခင်ကို ယုံကြည်သူများအနေဖြင့် အမှုအရာများကို စွန့်လွှတ်နိုင်စွမ်းရှိသည်ဟုလည်းကောင်း၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် အဖိုးအခပေးလိုစိတ်နှင့် ဒုက္ခဆင်းရဲကို ခံနိုင်ရည်ရှိလိုစိတ် ရှိသည်ဟုလည်းကောင်း ယုံကြည်ကြသောကြောင့် ဖြစ်သည်၊ မည်သည့်အရာနှင့်မဆို ရင်ဆိုင်ရသည့်အခါ ၎င်းတို့တွင် ကိုယ်ပိုင်ဖြေရှင်းနည်းများ ရှိကြပြီး အဆုံးတွင် မိမိတို့၏ တာဝန်များကို စွဲမြဲစွာ ထမ်းဆောင်နိုင်ကာ ခိုင်မာစွာ ရပ်တည်နိုင်ကြဆဲ ဖြစ်သည်။ သို့သော် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာ၌ မည်သို့ပင် ဇွဲရှိပါစေ၊ သို့မဟုတ် မည်သည့်နည်းလမ်းများဖြင့် အဆုံးတိုင် သည်းခံပါစေ၊ ၎င်းတို့၏ စေ့ဆော်မှု မည်သို့ပင်ဖြစ်စေကာမူ အချက်တစ်ချက်မှာ သေချာသည်၊ ၎င်းတို့သည် ဘုရားသခင်ကို စစ်မှန်သော ကျိုးနွံနာခံခြင်း မရှိသကဲ့သို့ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုလည်း မည်သည့်အခါမျှ နားမလည်ကြပေ။ ပို၍ တိတိကျကျဆိုရလျှင် ဤလူတို့သည် ဖောက်ပြန်ပျက်စီးခြင်းရှိသည်ကို ဝန်မခံကြသကဲ့သို့ ဘုရားသခင် ဖော်ထုတ်ခဲ့သော လူတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများမှ ပေါ်ပေါက်လာသော အမျိုးမျိုးသော အခြေအနေများနှင့် ပြဿနာများကိုလည်း အသိအမှတ်မပြုကြပေ။ ၎င်းတို့သည် ရံဖန်ရံခါ ဤအခြေအနေများနှင့်လည်းကောင်း၊ ပြဿနာများနှင့်လည်းကောင်း မိမိတို့ကိုယ်ကို နှိုင်းယှဉ်ချိန်ဆမှု ရှိလျှင်ပင် ယင်းကို အေးစက်သော ချဉ်းကပ်နည်းဖြင့် သဘောထားပြုမူကြကာ “လူတိုင်းသည် တန်းတူ ဖောက်ပြန်ပျက်စီးကြသည်။ အားလုံး၏ သဘာဝ အနှစ်သာရမှာ နတ်ဆိုးများနှင့် စာတန်၏ သဘာဝ အနှစ်သာရ ဖြစ်သည်၊ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ ရန်သူများ ဖြစ်ကြသည်။ ဤသည်မှာ မည်သူမျှ မပြောင်းလဲနိုင်သော အမှန်တရားတစ်ခု ဖြစ်သည်။ သို့သော် လူတစ်ဦးသည် မိမိ၏ တာဝန်ကို ထမ်းဆောင်ရာ၌ ဇွဲရှိနေသရွေ့ ဘုရားသခင်သည် ၎င်းတို့ကို သေချာပေါက် အသိအမှတ်ပြုမည်ဖြစ်ပြီး အဆုံးတိုင် ဇွဲရှိသောသူတို့သည် အောင်မြင်သောသူများ ဖြစ်ကြလိမ့်မည်” ဟု ပြောဆိုကြသည်။ ၎င်းတို့၏ ရှုထောင့်အမြင်များမှ အကဲဖြတ်ကြည့်သော် ၎င်းတို့သည် ဘုရားသခင်ကို မိမိတို့၏ ယုံကြည်ခြင်း၌ အတော်အတန် အားကြိုးမာန်တက် ရှိကြသော်လည်း အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မျှဝေခြင်းနှင့်ပတ်သက်လာသည့်အခါ ၎င်းတို့သည် စကားတစ်ခွန်းမျှ မပြောနိုင်ဘဲ တိတ်ဆိတ်သွားကြသည်။ စုဝေးပွဲများတွင် သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် အချိန်ကျသည့်အခါ ၎င်းတို့သည် ငိုက်မျဉ်းလာပြီး နားမဝင်တော့ပေ။ သင်က ၎င်းတို့ကို “သင်သည် သင်၏ တာဝန်၌ နေ့စဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ တွေ့ကြုံခံစားသနည်း” ဟု မေးလျှင် ၎င်းတို့က “အသင်းတော်က ကျွန်ုပ်ကို လုပ်ဆောင်ရန် စီစဉ်ပေးသည့် မည်သည့်အရာကိုမဆို ကျွန်ုပ် လုပ်ဆောင်ပါသည်။ ဤအရာသည် တွေ့ကြုံခံစားရန် လိုအပ်သလော” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် နားမလည်ကြဟု ထင်ရသည်။ ထို့နောက် သင်က ၎င်းတို့ကို “သင်၌ ထုတ်ဖော်ပြနေသော မည်သည့် ဖောက်ပြန်ပျက်စီးခြင်း ရှိသနည်း။ သင့်ကိုယ်သင် မည်သို့ နားလည်သနည်း” ဟု မေးလျှင် ၎င်းတို့က “ကျွန်ုပ်သည် ဘုရားသခင်ကို ကျိုးနွံနာခံပြီး ဘုရားသခင်ကို ချစ်ရုံသာ ဖြစ်သည်၊ မည်သည့်ပြဿနာများ ရှိနိုင်မည်နည်း” ဟု ပြောဆိုကြသည်။ ၎င်းတို့၏ တွေးခေါ်ပုံမှာ ထိုမျှ ရိုးရှင်းလှသည်။ ဤသည်မှာ ၎င်းတို့၏ အမြင်ဖြစ်သည်၊ “ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဤကဲ့သို့ ဖြစ်သင့်သည်။ အဘယ်ကြောင့် ဤမျှများပြားသော သာမည ပြဿနာများနှင့်ပတ်သက်၍ ပူပန်ရမည်နည်း။ သင်တို့သည် အမှုအရာများကို အလွန် ရှုပ်ထွေးအောင် လုပ်နေကြသည်” ဟူ၍ ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ပြီး အလုပ်များကို လုပ်ဆောင်သည့်အခါ သမ္မာတရား စည်းမျဉ်းများကို မည်သည့်အခါမျှ မရှာဖွေဘဲ ရည်ရွယ်ချက်ကောင်းများ၊ စိတ်အားထက်သန်မှုတို့ဖြင့်သာ ပြုမူကြသည်။ ပို၍ တိတိကျကျဆိုရလျှင် ၎င်းတို့သည် အသိတရားနှင့် ဆင်ခြင်တုံတရားတို့၏ စိုးမိုးမှုအောက်တွင် ပြုမူဆောင်ရွက်ကြလျက် “ငါသည် ကြီးမားသော အတိုင်းအတာအထိ ဒုက္ခဆင်းရဲခံပြီး အဖိုးအခပေးခဲ့ပြီးဖြစ်သည်၊ ငါသည် ကြီးမားသော အတိုင်းအတာအထိ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေခဲ့ပြီးဖြစ်သည်၊ ငါ့ထံမှ ပို၍ မတောင်းဆိုပါနှင့်။ ငါသည် ဤအတိုင်း ကောင်းပါသည်၊ ငါသည် လူကောင်းတစ်ဦးဖြစ်ပြီး ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပါသည်” ဟု တွေးထင်ကြသည်။ ဤလူတို့သည် ထိန်းမနိုင်သိမ်းမရ ပွင့်အံထွက်သည့် အချိန်များလည်း ရှိသည်မှာ ပြောစရာမလိုပေ၊ ထိုအခါတွင် ၎င်းတို့၏ စရိုက်မှန်များ ပေါ်လွင်လာသည်။ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများစွာကို ကရားရေလွှတ် တတွတ်တွတ် ပြောဆိုနိုင်သော်လည်း စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု တစ်စက်မျှ မရှိကြချေ။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့တွင် အသက်မရှိပေ။ အသက်မရှိခြင်းဟူသည်မှာ အတိအကျအားဖြင့် အဘယ်အရာကို ရည်ညွှန်းသနည်း။ (၎င်းတို့တွင် သမ္မာတရားမရှိပါ။) သမ္မာတရားမရှိခြင်းသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ (၎င်းတို့သည် သမ္မာတရားကို မချစ်ကြသကဲ့သို့ လိုက်စားခြင်းလည်း မရှိကြပါ။) ၎င်းတို့သည် သမ္မာတရားကို ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေနှင့်ပင် မသက်ဆိုင်ပေ၊ တိတိကျကျဆိုရလျှင် ၎င်းတို့သည် သမ္မာတရားကို လက်မခံကြပေ။ အချို့က “၎င်းတို့သည် သမ္မာတရားကို လက်မခံဟု ကိုယ်တော် မည်သို့ ပြောနိုင်သနည်း။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဤမျှ ဒုက္ခဆင်းရဲခံပြီး ဤမျှ ကြီးမားသော အဖိုးအခကို ပေးကာ မိုးလင်းမှ မိုးချုပ်အထိ ကြိုးစားအလုပ်လုပ်ကြသည်၊ ၎င်းတို့တွင် သမ္မာတရားမရှိဟု ကိုယ်တော် မည်သို့ ပြောနိုင်သနည်း” ဟု ပြောကောင်းပြောနိုင်သည်။ ဤသို့ပြောဆိုခြင်းသည် ၎င်းတို့ကို မတရားစွပ်စွဲရာရောက်သလော။ သို့သော် သင်သည် ဤလူတို့ကို ကြည့်လျှင် ၎င်းတို့၏ ဆင်းရဲဒုက္ခခံခြင်းနှင့် အဖိုးအခပေးခြင်းတို့၏ နောက်ကွယ်တွင် ၎င်းတို့ လုပ်ဆောင်သမျှသည် သမ္မာတရား စည်းမျဉ်းများ၏ ဘောင်အတွင်း၌ ရှိပါသလော။ ၎င်းတို့ လုပ်ဆောင်သမျှတွင် စည်းမျဉ်းများကို ရှာဖွေကြသလော။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးဖြင့် ဘုရားသခင်ရှေ့မှောက်သို့ လာကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားအိမ်တော်က တောင်းဆိုသော စည်းမျဉ်းများအတိုင်း အမှုအရာများကို လုပ်ဆောင်ကြသလော။ မလုပ်ဆောင်ကြပေ၊ ယင်းတို့အားလုံးသည် လူသား၏ လုပ်ဆောင်ချက်များ၊ လူသား၏ ချုပ်တည်းမှုများသာ ဖြစ်သည်။ သမ္မာတရားကို လက်မခံခြင်းနှင့်ပတ်သက်၍ ၎င်းတို့၏ အဓိက သရုပ်သကန်မှာ အဘယ်နည်း။ ယင်းမှာ တစ်စုံတစ်ခုကို မလုပ်ဆောင်မီ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ တက်ကြွစွာ မရှာဖွေကြသကဲ့သို့ သမ္မာတရား၏ စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကိုလည်း မည်သည့်အခါမျှ အလေးအနက် မစဉ်းစားကြဘဲ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း တစ်သဝေမတိမ်း လက်တွေ့လုပ်ဆောင်ခြင်းလည်း မရှိခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော အတွေးအခေါ်များနှင့် သဘောထားများကို ထားရှိကြသလော။ ဘုရားသခင် ဖော်ထုတ်ခဲ့သော လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ အမျိုးမျိုးသော သရုပ်သကန်များအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် ဤနှုတ်ကပတ်တော်များကို လက်ခံကြသလော။ ဤနှုတ်ကပတ်တော်များသည် အချက်အလက်မှန်များဖြစ်ကြောင်း ဝန်ခံကြသလော။ ဤတိကျသော သရုပ်သကန်များသည် ဖောက်ပြန်ပျက်စီးခြင်း၏ ထုတ်ဖော်မှုများဖြစ်ကြောင်း အသိအမှတ်ပြုကြသလော။ ၎င်းတို့သည် အပြင်ပန်းတွင် သဘောတူညီကြောင်း ခေါင်းညိတ်ခြင်း သို့မဟုတ် ဝန်ခံခြင်း ပြုကောင်းပြုနိုင်သော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင်မူ လက်မခံကြပေ၊ လျစ်လျူရှုကြသည်။ လျစ်လျူရှုခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ တိတိကျကျဆိုရလျှင် ယင်းမှာ လက်မခံခြင်း၊ ရှင်းလင်းသော သဘောထားမရှိခြင်း၊ သိသာသော အတိုက်အခံလုပ်ခြင်း သို့မဟုတ် ဆန့်ကျင်ခြင်းမရှိခြင်းတို့ကို ဆိုလိုသော်လည်း ဘုရားသခင် မိန့်ကြားခဲ့သော ဤနှုတ်ကပတ်တော်များအပေါ် အေးစက်သော သဘောထားပြုမူခြင်း၏ သဘောထားကို ခံယူခြင်း ဖြစ်သည်။ “အေးစက်သော သဘောထားပြုမူခြင်း” ဟု ပြောဆိုခြင်းသည် အနည်းငယ် စိတ်ကူးသက်သက်မျှဖြစ်၏။ တိတိကျကျဆိုရလျှင် ၎င်းတို့က “ကိုယ်တော်က လူများသည် မာနထောင်လွှားပြီး လှည့်ဖြားတတ်သည်ဟု ဆိုသည်၊ သို့သော် မည်သူက လှည့်ဖြားခြင်းမရှိသနည်း။ မည်သူက အနည်းငယ် ပါးနပ်ခြင်းမရှိသနည်း။ မည်သူက မာနထောင်လွှားခြင်း သို့မဟုတ် မောက်မာခြင်း အချို့ကို မပြသသနည်း။ ဤသည်မှာ အဘယ်အရေးကြီးသနည်း။ လူတစ်ဦးသည် ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံနိုင်ပြီး အဖိုးအခကို ပေးနိုင်သရွေ့ ယင်းမှာ လုံလောက်ပြီ” ဟု တွေးထင်ခြင်း ဖြစ်သည်။ ဤသည်မှာ လက်မခံခြင်း၏ သဘောထားနှင့် တိကျသော သရုပ်သကန်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ သမ္မာတရားကို လက်မခံခြင်း ဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်းဆိုင်ရာ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားသည် လျစ်လျူရှုခြင်းနှင့် လက်မခံခြင်းတို့ ဖြစ်သည်။ သို့ဖြစ်၍ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ပေးသော အကဲဖြတ်ချက်များနှင့် သတိပေးချက်များ၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွက် ပေးသော လမ်းညွှန်ချက်များနှင့် အကူအညီများကိုပင် ၎င်းတို့ လက်ခံနိုင်ကြသလော။ (မခံနိုင်ပါ။) သို့ဆိုလျှင် ငါ့ကို ပြောလော့၊ ၎င်းတို့၏ တိကျသော သရုပ်သကန်များမှာ အဘယ်နည်း။ ၎င်းတို့သည် ဤအရာများကို အဘယ်ကြောင့် လက်မခံနိုင်ကြသနည်း။ ဤသို့ပြောဆိုခြင်းအတွက် သင်၏ သက်သေအထောက်အထားမှာ အဘယ်မှာနည်း။ ဥပမာအားဖြင့် သင်က ၎င်းတို့ကို “သင်သည် သင်၏ တာဝန်ကို ဤသို့ ပေါ့ဆသောပုံစံဖြင့် ထမ်းဆောင်၍မရပါ၊ ဤသည်မှာ ဝတ်ကျေတမ်းကျေဖြစ်သည်” ဟု ပြောဆိုသည့်အခါ ၎င်းတို့၏ မည်သည့် သရုပ်သကန်များက ၎င်းတို့ သမ္မာတရားကို လက်မခံကြောင်း သက်သေပြသနည်း။ (၎င်းတို့က “ကျွန်ုပ်သည် ယင်းအပေါ် ကျွန်ုပ်၏ စိတ်ကိုနှစ်ပြီးဖြစ်ပါသည်၊ ကျွန်ုပ်သည် ဒုက္ခဆင်းရဲခံပြီး အဖိုးအခပေးခဲ့ပြီးဖြစ်ပါသည်။ ကျွန်ုပ် ဝတ်ကျေတမ်းကျေဖြစ်နေသည်ဟု သင် မည်သို့ ပြောနိုင်မည်နည်း” ဟု ပြောဆိုကြပါမည်။) ဤသည်မှာ ၎င်းတို့ မိမိတို့ကိုယ်ကို အပြစ်ကင်းလွတ်အောင် ပြောဆိုနေခြင်း ဖြစ်သည်။ ၎င်းတို့သည် တစ်ခါတစ်ရံ ဆင်ခြေများကို ရှာဖွေမည် မဟုတ်လော။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဝန်ခံလျှင်ပင် ၎င်းတို့သည် “ငါ ဝတ်ကျေတမ်းကျေဖြစ်ခဲ့သည်၊ ဖြစ်ခဲ့တော့ရော မည်သည့်အရာဖြစ်သနည်း။ မည်သူက စိတ်မကြည်လင်သော နေ့ရက်များ မရှိသနည်း။ မည်သူက ပုံမှန် စိတ်ခံစားချက်များကို မတွေ့ကြုံခံစားရသနည်း။ သို့သော် ငါ ဝတ်ကျေတမ်းကျေဖြစ်ခဲ့သည်ကို ဝန်မခံနိုင်ပါ၊ ယင်းကို ဖုံးကွယ်ရန် ဆင်ခြေတစ်ခု ရှာရန် လိုအပ်ပါသည်။ ငါ မျက်နှာမပျက်နိုင်ပါ” ဟု ထင်နေဆဲ ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့ကိုယ်ကို နှစ်ပေါက်တစ်ပေါက်ရိုက်၍ ခုခံကာကွယ်ရန် အကြောင်းပြချက်များနှင့် ဆင်ခြေများစွာကို ရှာဖွေကြပြီး ၎င်းတို့ ဝတ်ကျေတမ်းကျေ ဖြစ်ခဲ့သည်ဟူသောအချက်ကို ဝန်မခံကြ၊ ဤကိစ္စနှင့်ပတ်သက်၍ မိမိတို့၏ ကိုယ်ပိုင်ပြဿနာများကို အသိအမှတ်မပြုကြ၊ အခြားလူများထံမှ လမ်းညွှန်ချက်များကိုလည်း လက်မခံကြပေ။ ဤသည်မှာ သမ္မာတရားကို လက်မခံခြင်း၏ တိကျသော သရုပ်သကန်တစ်ခု ဖြစ်သည်။ တကယ့်အခြေအနေများနှင့် ရင်မဆိုင်ရသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို “ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သော လူကောင်းတစ်ဦး” အဖြစ် မှတ်ယူကြသည်။ အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ဤအရာကို အကာအကွယ်တစ်ခုအဖြစ် ဆက်လက် အသုံးမပြုနိုင်တော့သော်လည်း မိမိတို့ကိုယ်ကို အပြစ်ကင်းလွတ်အောင် ပြောဆိုရန်နှင့် ခုခံကာကွယ်ရန်၊ ပြဿနာကို ဖုံးဖိရန်၊ အဆုံးသတ်ရန် လုံလောက်သော အကြောင်းပြချက်များကို ရှာဖွေနေဆဲဖြစ်ပြီး ထို့နောက် “လူ့သဘာဝကောင်းရှိသော၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သော၊ စွန့်လွှတ်နိုင်စွမ်းရှိသော၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဒုက္ခဆင်းရဲခံနိုင်ပြီး အဖိုးအခပေးနိုင်သော လူကောင်းတစ်ဦး” အဖြစ် မိမိတို့ကိုယ်ကို ဆက်လက် ရှုမြင်ကြသည်။ တိတိကျကျပြောရလျှင် ထိုသို့သောလူများ၏ သရုပ်သကန်များ၊ အနှစ်သာရမှာ အလုပ်လုပ်ပေးသူများ၏ သရုပ်သကန်များ၊ အနှစ်သာရပင် ဖြစ်သည်။ ဤအုပ်စုသည် အသင်းတော်၌ သိသာထင်ရှားသော အချိုးအစားတစ်ခုအထိ ရှိနေသည်။ အချိုးအစား မည်သို့ပင်ဖြစ်စေ အဆုံးတွင် ဤပုဂ္ဂိုလ်များသည် အမှန်တကယ် ဒုက္ခဆင်းရဲခံနိုင်ပြီး အဖိုးအခ ပေးနိုင်လျှင်၊ မည်သည့် ကြီးမားသော ပြစ်မှားခြင်းများကိုမျှ မကျူးလွန်ဘဲ၊ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို မချိုးဖောက်ဘဲ သို့မဟုတ် ကိုယ်တော်၏ စိတ်သဘောထားကို မပြစ်မှားဘဲ အဆုံးတိုင် သည်းခံပြီး ဇွဲရှိနိုင်လျှင် ၎င်းတို့သည် သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူများ၊ ကျန်ရစ်နိုင်သော အလုပ်လုပ်ပေးသူများ ဖြစ်ကြသည်။ ဤသည်မှာ အတော်အတန် ကြီးမားသော ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားကြသကဲ့သို့ ဘုရားသခင်၏ အလိုတော်ကိုလည်း မလိုက်လျှောက်နိုင်ကြ၊ ဘုရားသခင်အတွက် သက်သေမခံနိုင်ကြ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်အတွက် သက်သေခံသူများအဖြစ်လည်း မဆောင်ရွက်နိုင်ကြပေ၊ ဤကောင်းချီးမင်္ဂလာကို လက်ခံရရှိခြင်းသည် အတော်ပင် ကောင်းနေပြီ ဖြစ်သည်။ သမ္မာတရားကို မလိုက်စားဘဲ မည်သည့်အရာကို ရရှိရန် မျှော်လင့်နိုင်မည်နည်း။ သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူတစ်ဦး ဖြစ်ရခြင်းသည် မဆိုးတော့ပေ။ အချို့လူများက “ဤပုဂ္ဂိုလ်များသည် ဘုရားသခင်၏ လူများ ဖြစ်လာရန် ဖြစ်နိုင်သလော” ဟု မေးကြသည်။ ဖြစ်နိုင်ပေသည်။ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ဤပုဂ္ဂိုလ်များသည် စွန့်လွှတ်နိုင်ပြီး ဒုက္ခဆင်းရဲခံနိုင်ခြင်းကို အခြေခံ၍ သမ္မာတရားကို လက်ခံနိုင်လျှင်၊ မိမိတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို အသိအမှတ်ပြုပြီး မှန်ကန်စွာ ရင်ဆိုင်နိုင်လျှင်၊ ထို့နောက် ယင်းကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်လျှင်၊ လူသားဆိုင်ရာ ကောင်းမြတ်မှု သို့မဟုတ် လူသားဆိုင်ရာ ချုပ်တည်းမှု၊ သည်းခံမှုနှင့် ဇွဲလုံ့လတို့အပေါ် အခြေခံ၍ မပြုမူဘဲ သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်နိုင်လျှင်၊ သို့မှသာ အဆုံးတွင် ၎င်းတို့၏ စိတ်သဘောထားသည် အပြောင်းအလဲအချို့ကို ကြုံတွေ့နိုင်ပြီး ထိုအခါ ၎င်းတို့တွင် ဘုရားသခင်၏ လူများ ဖြစ်လာရန် အခွင့်အရေးအချို့ ရှိပေသည်။ သို့သော် ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူသည် စိတ်သဘောထား ပြောင်းလဲခြင်းနှင့် မသက်ဆိုင်လျှင်၊ သမ္မာတရားကို လက်ခံခြင်းနှင့် ကယ်တင်ခြင်းခံရခြင်းတို့နှင့် မသက်ဆိုင်လျှင် ၎င်းတို့ ဘုရားသခင်၏ လူများ ဖြစ်လာရန် အခွင့်အရေးမှာ သုညဖြစ်သည်၊ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူများကို ဆက်ဆံခြင်းအတွက် စည်းမျဉ်းမှာ အဘယ်နည်း။ ဤလူတို့ကို ကြည်လင်ပြတ်သားသော စိတ်ရှိလာစေရန် အကြီးမားဆုံးသော ကြိုးပမ်းအားထုတ်မှု ပြုလုပ်ဖို့ ဖြစ်သည်။ ၎င်းတို့ကို ကြည်လင်ပြတ်သားသော စိတ်ရှိလာစေခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့ကို အကောင်အထည်မပေါ်နိုင်သော အိပ်မက်များ မမက်စေရန် တားဆီးဖို့ ဖြစ်သည်။ အချို့က “အကောင်အထည်မပေါ်နိုင်သော အိပ်မက်များ မက်ခြင်းဟူသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း” ဟု မေးကောင်းမေးနိုင်သည်။ ယင်းမှာ လူတို့သည် မိမိတို့ကိုယ်ကို “လူ့သဘာဝကောင်းရှိခြင်း၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း၊ စွန့်လွှတ်နိုင်စွမ်းရှိခြင်းနှင့် အဖိုးအခပေးလိုစိတ်ရှိခြင်း” အဖြစ် မှတ်ယူကြပြီး ထို့နောက် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရရန် မျှော်လင့်သည့်အခါ ဖြစ်သည်၊ ယင်းမှာ မဖြစ်နိုင်ပေ။ “လူ့သဘာဝကောင်းရှိခြင်း၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း၊ စွန့်လွှတ်နိုင်စွမ်းရှိခြင်းနှင့် အဖိုးအခပေးလိုစိတ်ရှိခြင်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိရန် ဦးတည်နိုင်သည်” ဟူသော ရှုထောင့်အမြင်ကို စွဲကိုင်ထားခြင်းသည် မှားယွင်းပြီး မိုက်မဲကြောင်း ၎င်းတို့ကို ရှင်းလင်းစွာ သိမြင်စေရမည်။ ဤအရည်အသွေးများရှိခြင်းက လူတစ်ဦးသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားပြီးဖြစ်ကြောင်း မဆိုလိုသကဲ့သို့ ကောင်းသော အပြုအမူအနည်းငယ်ရှိခြင်းသည်လည်း လူတစ်ဦးသည် သမ္မာတရားကို ရရှိပြီးဖြစ်သည်ဟု မဆိုထားနှင့်၊ လူတစ်ဦး ကယ်တင်ခြင်းခံရနိုင်သည်ဟု မဆိုလိုကြောင်း၊ ၎င်းတို့၏ ရှုထောင့်အမြင်များသည် အဓိပ္ပာယ်မဲ့ပြီး ရယ်ဖွယ်ကောင်းကာ ဘုရားသခင် ဖော်ပြခဲ့သော သမ္မာတရားနှင့် မကိုက်ညီဘဲ လုံးဝ သဟဇာတမဖြစ်ကြောင်း ၎င်းတို့ကို ရှင်းလင်းစွာ သိမြင်စေရမည်။ ဘာသာရေးဆိုင်ရာ အယူအဆများကို ခေါင်းမာစွာ စွဲကိုင်ထားသော ဤလူတို့အတွက်မူ ၎င်းတို့ကို ကူညီသင့်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး သမ္မာတရားကို ၎င်းတို့အား မိတ်သဟာယဖွဲ့ပေးသင့်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံနိုင်သေးလျှင်၊ သင်သည် သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ ၎င်းတို့သည် ဉာဏ်မပွင့်ဘဲ ရှာဖွေရန် ရည်ရွယ်ချက်ကို မပြလျှင် ၎င်းတို့ကို အတင်းအကျပ်ခိုင်းရန် မလိုအပ်တော့ပေ။ ၎င်းတို့သည် အဆုံးတိုင် အလုပ်လုပ်ပေးသူများအဖြစ်သာ ရှိနိုင်ကြမည် ဖြစ်သည်။