ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၆) အခန်း သုံး

ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းခံရသော လူအမျိုးအစားနှင့်ပတ်သက်လာလျှင် ၎င်းတို့၏ အမျိုးမျိုးသော ဒုစရိုက်အမှုများ၏ သရုပ်သကန်များသာမက ၎င်းတို့၏ နေ့စဉ်အသက်တာများတွင် ၎င်းတို့ ထုတ်ဖော်သော မလိုမုန်းထားသည့် စကားလုံးများနှင့် ပြောဆိုချက်များသည် မြင်သာထင်ရှားလှသည်။ သို့တိုင်အောင် အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤဆိုးယုတ်သောလူများကို ၎င်းတို့ အမှန်တကယ်ဖြစ်သည့်အတိုင်း ပိုင်းခြားသိမြင်နိုင်စွမ်း မရှိပေ၊ သို့မဟုတ် ၎င်းတို့၏ သဘာဝ အနှစ်သာရကို ထွင်းဖောက်မမြင်နိုင်ကြပေ။ ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့က ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများဖြစ်ကြောင်းကို သတိမမူမိကြဟု ထင်ရပြီး သို့ဖြစ်၍ ၎င်းတို့သည် ထိုသူတို့ကို အသင်းတော်မှ ရှင်းလင်းဖယ်ရှားရန် သို့မဟုတ် သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းရန် အစီအစဉ်များ မရှိကြပေ။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် ၎င်းတို့၏ တာဝန်ကို ဆိုးဆိုးရွားရွား ပျက်ကွက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် နတ်ဆိုးသဘာဝရှိသော ဤလူတို့က ဘုရားအိမ်တော်၏ မည်သည့်စည်းမျဉ်းများကိုမျှ မလိုက်နာသည်ကိုလည်းကောင်း၊ ၎င်းတို့ သောင်းကျန်းနေပြီး အသင်းတော်၏အလုပ်နှင့် အသင်းတော်အသက်တာ၏ စည်းစနစ်ကို လက်လွတ်စပယ် နှောင့်ယှက်ကာ ဖျက်ဆီးနေသည်ကိုလည်းကောင်း အတိုင်းသား လက်ပိုက်ကြည့်နေကြသည်၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းဟူသော အကြောင်းပြချက်ဖြင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်စေလျက် ရဲတင်းစွာနှင့် မဆင်မခြင် ပြုမူခြင်း၊ စည်းလွတ်ဘောင်လွတ် ကျင့်ကြံခြင်းတို့ကို ပြုလုပ်သည့်အခါတွင်ပင် ဤလူတို့ကို အလိုလိုက်ကြသေးသည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်စေခြင်းတွင် များစွာသော အရာများ ပါဝင်သည်၊ ဥပမာ၊ ဘုရားအိမ်တော်၏ စက်ပစ္စည်းများနှင့် အမျိုးမျိုးသော ကိရိယာများကို ဖျက်ဆီးခြင်း၊ ၎င်း၏ အမျိုးမျိုးသော ရုံးသုံးပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို ဖျက်ဆီးခြင်း၊ ဘုရားသခင်၏ ပူဇော်သက္ကာများကိုပင် ၎င်းတို့အလိုရှိသလို ဖြုန်းတီးခြင်း စသည်တို့ ဖြစ်သည်။ ပို၍ဆိုးရွားသည်မှာ ၎င်းတို့သည် အမျိုးမျိုးသော မိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများကို လက်လွတ်စပယ် ထုတ်လွှင့်ကြပြီး ဘုရားသခင် ရွေးချယ်ထားသောလူများက မိမိတို့၏ တာဝန်များကို ငြိမ်သက်စွာ မထမ်းဆောင်နိုင်သည်အထိ၊ အားနည်းပြီး အပျက်သဘောဆောင်သောလူများက မိမိတို့၏ တာဝန်များကို စွန့်လွှတ်ပြီး ဘုရားသခင်နောက်လိုက်ရန် ယုံကြည်ခြင်း ပျောက်ဆုံးသည်အထိ နှောင့်ယှက်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ဤဆိုးယုတ်သောလူများသည် ဤမကောင်းမှုအားလုံးကို ပြုလုပ်ကြသည်၊ ၎င်းတို့သည် အသင်းတော်၏အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ကာ ညီအစ်ကိုမောင်နှမများကို အန္တရာယ်ဖြစ်စေသော ဤဒုစရိုက်အမှုအားလုံးကို ကျူးလွန်ကြသည့်တိုင် ခေါင်းဆောင်များနှင့် အမှုဆောင်များကမူ မမြင်ချင်ယောင်ဆောင်၊ မကြားချင်ယောင်ဆောင်ကြသည်၊ ၎င်းတို့ထဲမှ အချို့က “ကျွန်ုပ် မသိခဲ့ပါ၊ မည်သူမျှ ကျွန်ုပ်ကို မပြောခဲ့ပါ” ဟုပင် ပြောဆိုကြသေးသည်။ ထိုတိရစ္ဆာန်များနှင့် နတ်ဆိုးများအုပ်စုသည် အသင်းတော်၌ ဖရိုဖရဲဖြစ်စေလျက် အကြီးအကျယ် ပျက်စီးစေခဲ့ပြီးဖြစ်၏။ သို့တိုင်အောင် ခေါင်းဆောင်များနှင့် အမှုဆောင်များမှာမူ လုံးဝ မသိရှိ၊ သတိမပြုမိဘဲ ရှိနေကြသည်။ ၎င်းတို့သည် လူသိမ်လူဖျင်းများ မဟုတ်လော။ ၎င်းတို့၏ စိတ်နှလုံးသည် အဘယ်မှာနည်း။ ၎င်းတို့သည် အဘယ်အရာကို လုပ်ဆောင်နေကြသနည်း။ ၎င်းတို့သည် အကျိုးမရှိသော စကားစမြည်ပြောဆိုခြင်းတွင် ပါဝင်နေကြရုံသာ မဟုတ်လော။ ၎င်းတို့သည် မိမိတို့၏ လုပ်သင့်လုပ်ထိုက်သော တာဝန်များကို ပေါ့လျော့နေကြခြင်း မဟုတ်လော။ ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များ တာဝန်ထမ်းဆောင်နေသည့် နေ့ရက်တိုင်းသည် အမျိုးမျိုးသော ဆိုးယုတ်သည့်လူများက အသင်းတော်ကို မဆင်မခြင် နှောင့်ယှက်ရန်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တရာယ်ပြုရန်အတွက် နောက်ထပ်တစ်ရက် တိုးလာခြင်းပင် ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များက ၎င်းတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ မဖြည့်ဆည်းသောကြောင့်သာ ထိုတိရစ္ဆာန်များအုပ်စုသည် မည်သည့်တာဝန်မျှ မထမ်းဆောင်ဘဲ၊ မည်သည့်စည်းမျဉ်းမျှ မလိုက်နာဘဲ တစ်နေ့လုံး အရည်မရ အဖတ်မရ အချိန်ဖြုန်းနေကြပြီး ဘုရားအိမ်တော်ကို ကပ်ရပ်မှီခိုကာ ဘုရားအိမ်တော်၏ အမျိုးမျိုးသော ရုပ်ဝတ္ထုဆိုင်ရာ အကျိုးကျေးဇူးများနှင့် သာယာဝပြောမှုကို လွတ်လပ်စွာ ပျော်မွေ့ခံစားနေကြခြင်း ဖြစ်သည်၊ ၎င်းတို့သည် ဘုရားအိမ်တော်၏ စက်ယန္တရားများနှင့် ပစ္စည်းများကို ဖျက်ဆီးလျက် အသင်းတော်၏ အလုပ်ကို တမင်တကာပင် နှောင့်ယှက်ကြသေးသည်။ ၎င်းတို့သည် ဤသို့ ပြုမူကြသည့်တိုင် မည်သူကမျှ ၎င်းတို့ကို စိတ်အနှောင့်အယှက်ပေးခွင့် သို့မဟုတ် ရန်စခွင့်မရှိဘဲ ဘုရားအိမ်တော်၌ အေးဆေးသက်သာသော အသက်တာများကို အသက်ရှင်နေထိုင်ပြီး မိမိတို့နှစ်သက်ရာကို ပြုလုပ်ရန် မျှော်လင့်နေကြဆဲ ဖြစ်သည်။ ဤသည်မှာ အလွန်ဆိုးရွားသော ပြဿနာတစ်ခုဖြစ်သည့်တိုင် ခေါင်းဆောင်များနှင့် အမှုဆောင်များကမူ ယင်းကို ဘေးဖယ်ထားကြပြီး အခြားသူများက တိုင်ကြားသည့်အခါတွင်ပင် မဖြေရှင်းကြပေ၊ ၎င်းတို့သည် တကယ့်အလုပ်မလုပ်သော အမှိုက်သရိုက်များ မဟုတ်လော။ ဤသည်မှာ တာဝန်ကို ဆိုးဆိုးရွားရွား ပျက်ကွက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အချို့က “ကျွန်ုပ်သည် အခြားအလုပ်နှင့် အလုပ်ရှုပ်နေသောကြောင့် ပြဿနာကို မဖြေရှင်းခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်ုပ် လုံးဝ အချိန်မပေးနိုင်ခဲ့ပါ” ဟု ပြောဆိုကြသည်။ ဤစကားများသည် ခိုင်လုံသလော။ ဤမျှ ပြင်းထန်သော ပြဿနာတစ်ခုကို သင် မဖြေရှင်းလျှင် သင်သည် အဘယ်အရာနှင့်များ အလုပ်ရှုပ်နေသနည်း။ သင် အလုပ်ရှုပ်နေသော ကိစ္စရပ်များတွင် တန်ဖိုးတစ်ခုတလေရှိသလော။ သင်သည် မိမိ၏အလုပ်ကို ဦးစားပေးအလိုက် စီစဉ်လုပ်ဆောင်နိုင်စွမ်း ရှိသလော။ သင် မည်မျှပင် အလုပ်ရှုပ်နေပါစေ ပြဿနာဖြေရှင်းခြင်းကို ဦးစားပေးသင့်သည် မဟုတ်လော။ အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူစားများကို အချိန်မီ နားလည်ပြီး ကိုင်တွယ်ဖြေရှင်းခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သည်။ သင်သည် တကယ့်ပြဿနာများကို ဘေးဖယ်ထားပြီး အခြားကိစ္စများနှင့် အလုပ်ရှုပ်နေပါက တကယ့်အလုပ်ကို လုပ်ဆောင်နေသလော။ သင်သည် ပြဿနာတစ်ခုကို တွေ့ရှိလျှင် သို့မဟုတ် တစ်စုံတစ်ဦးက သင့်ထံ ပြဿနာတစ်ခုကို တိုင်ကြားလျှင် သင်သည် လက်ရှိလုပ်ဆောင်နေသော အလုပ်ကို ဘေးဖယ်ထားပြီး ပြဿနာ၏ ဇာစ်မြစ်သည် အဘယ်အရာဖြစ်သည်ကို ကြည့်ရှုရန် ချက်ချင်းပင် ထိုနေရာသို့ သွားသင့်သည်။ ယင်းမှာ အသင်းတော်၏အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်နေသော ဆိုးယုတ်သူတစ်ဦးဖြစ်ပါက သင်သည် ဤဆိုးယုတ်သူကို ဦးစွာ ဖယ်ရှားသင့်သည်။ ထို့နောက်တွင် အခြားပြဿနာများကို ဖြေရှင်းရန် လွယ်ကူသွားလိမ့်မည်။ သင်သည် ပြဿနာတစ်ခုကို တွေ့ရှိပြီး ယင်းကို မဖြေရှင်းဘဲ အလွန်အလုပ်ရှုပ်နေသည်ဟု အကြောင်းပြပါက သင်သည် အမှန်တကယ်တွင် အကျိုးမရှိဘဲ အလုပ်ရှုပ်နေခြင်းသာ မဟုတ်လော။ သင်သည် အဘယ်အရာနှင့်များ အလွန် အလုပ်ရှုပ်နေသနည်း။ ယင်းမှာ တကယ့်အလုပ် ဟုတ်သလော။ သင်သည် ယင်းကို ရှင်းလင်းစွာ ရှင်းပြနိုင်သလော။ သင်၏ အကြောင်းပြချက်များနှင့် ဆင်ခြေများသည် ခိုင်လုံသလော။ သင်သည် အဘယ်ကြောင့် ပြဿနာဖြေရှင်းခြင်းကို အရေးမကြီးဟု သဘောထားသနည်း။ သင်သည် အဘယ်ကြောင့် ပြဿနာများကို အချိန်နှင့်တစ်ပြေးညီ မဖြေရှင်းသနည်း။ သင်သည် အဘယ်ကြောင့် ဆင်ခြေများရှာပြီး သင် အလွန်အလုပ်ရှုပ်နေ၍ ယင်းတို့ကို ဂရုမစိုက်နိုင်ဟု ပြောဆိုကာ ကိစ္စများမှ ခေါင်းရှောင်ရန် ကြိုးစားသနည်း။ ဤသည်မှာ တာဝန်မဲ့ခြင်း မဟုတ်လော။ အသင်းတော်၌ ခေါင်းဆောင်တစ်ဦးအနေဖြင့် ပြဿနာ ဖြေရှင်းခြင်းကို ဦးစားမပေးခြင်း၊ အမျိုးမျိုးသော မဖြစ်စလောက် ကိစ္စများနှင့် အလုပ်ရှုပ်နေခြင်း၊ အရေးကြီးသော ပြဿနာများ တည်ရှိသည်ကို အသိအမှတ်မပြုနိုင်ခြင်း၊ အလုပ်တွင် အရေးကြီးမှုနှင့် အလျင်လိုခြင်းကို မခွဲခြားနိုင်ခြင်းနှင့် အရေးပါသောအချက်များကို သဘောမပေါက်နိုင်ခြင်းတို့သည် ထူးကဲစွာ ညံ့ဖျင်းသော အစွမ်းအစ၏ သရုပ်သကန်များဖြစ်ပြီး ထိုသို့သောလူသည် နားဝေတိမ်တောင် ဖြစ်သောသူတစ်ဦး ဖြစ်သည်။ သင်သည် ခေါင်းဆောင်တစ်ဦးအဖြစ် နှစ်မည်မျှပင်ကြာအောင် ရှိနေပါစေ သင်သည် အသင်းတော်၏အလုပ်ကို ကောင်းစွာ မထမ်းဆောင်နိုင်ပေ။ သင်သည် တာဝန်ကို ဝန်ခံပြီး ရာထူးမှ နုတ်ထွက်သင့်သည်။ ခေါင်းဆောင်တစ်ဦးသည် အလွန်အမင်း ညံ့ဖျင်းသော အစွမ်းအစရှိပါက မည်သည့်လေ့ကျင့်မှုမျှ အသုံးမဝင်ပေ၊ ၎င်းသည် မည်သည့်အလုပ်ကိုမျှ ပြီးမြောက်အောင် လုပ်ဆောင်နိုင်စွမ်း ရှိမည်မဟုတ်သည်မှာ သေချာသည်၊ ၎င်းသည် ဖြုတ်ချခံရပြီး ၎င်း၏ တာဝန်ခန့်အပ်မှုကို ပြုပြင်ခြင်းခံရမည့် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်သည့်အခါ အကျိုးဆက်များမှာ အဘယ်နည်း။ ဓမ္မဓိဋ္ဌာန်ကျကျ ပြောရလျှင် အယောင်ဆောင်ခေါင်းဆောင်များ လုပ်ဆောင်သမျှ အရာအားလုံးသည် အသင်းတော်အတွက် ဘက်ပေါင်းစုံမှ ဆုံးရှုံးမှုများကို ဖြစ်စေသည်။ တစ်ဖက်တွင် အသင်းတော်၏ မရှိမဖြစ်လိုအပ်သော အလုပ်ကို ကောင်းစွာ မလုပ်ဆောင်နိုင်သဖြင့် အသင်းတော်အလုပ်၏ အမျိုးမျိုးသော ကဏ္ဍများ၏ ထိရောက်မှုကို တိုက်ရိုက် အဟန့်အတားဖြစ်စေသည်။ တစ်ချိန်တည်းမှာပင် ယင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကိုလည်း ထိခိုက်စေပြီး သက်ရောက်မှု ရှိစေသည်။ အရေးအကြီးဆုံးမှာ ယင်းသည် နိုင်ငံတော် ဧဝံဂေလိတရား ဖြန့်ဝေခြင်းကို သက်ရောက်မှု ရှိစေသည်။ ဤအကျိုးဆက်များအားလုံးသည် တကယ့်အလုပ် မလုပ်သော အယောင်ဆောင်ခေါင်းဆောင်များနှင့် တိုက်ရိုက် သက်ဆိုင်သည်။ ပို၍ ရှင်းလင်းစွာ ပြောရလျှင် ဤအရာအားလုံးသည် တကယ့်အလုပ်တွင် မပါဝင်သော အယောင်ဆောင် ခေါင်းဆောင်များကြောင့် ဖြစ်ရခြင်း ဖြစ်သည်။ အခြားသော ခေါင်းဆောင်များနှင့် အမှုဆောင်များက တကယ့်အလုပ်အချို့ကို တက်ကြွစွာ ပါဝင်လုပ်ဆောင်နိုင်ပြီး ပြဿနာဖြေရှင်းခြင်းကို အရှိန်မြှင့်ကာ အချိန်တိုအတွင်း ပြီးမြောက်စေလျှင် အယောင်ဆောင် ခေါင်းဆောင်များက ဘုရားအိမ်တော်အပေါ် သက်ရောက်စေသော အမျိုးမျိုးသော ဆုံးရှုံးမှုများသည် အနည်းငယ် သက်သာသွားမည် မဟုတ်လော။ အနည်းဆုံးအနေဖြင့် ယင်းတို့ကို လျှော့ချနိုင်သည်။ ဘုရားအိမ်တော်သည် ပြဿနာများ ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ကိုင်တွယ်ဖြေရှင်းရန် သင့်ကို မတောင်းဆိုလျှင်ပင် အနည်းဆုံးအနေဖြင့် ပြဿနာများ တိုင်ကြားခံရသည်နှင့်တစ်ပြိုင်နက် သင်သည် ၎င်းတို့ကို ချက်ချင်း စတင်ဖြေရှင်းသင့်သည်၊ ညီအစ်ကိုမောင်နှမများထံမှ အခြေအနေကို စုံစမ်းမေးမြန်းပြီး ပြဿနာများကို မည်သို့ဖြေရှင်းရမည်ကို အခြားသော ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဆွေးနွေး မိတ်သဟာယဖွဲ့သင့်သည်။ ပြဿနာသည် ပြင်းထန်ပြီး သင် မည်သို့ဖြေရှင်းရမည်ကို မသိပါက ယင်းကို အထက်သို့ အချိန်မီ တင်ပြပြီး ဖြေရှင်းနည်းများကို ရှာဖွေသင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံး ပြီးမြောက်အောင်မြင်သင့်သည့်အရာ ဖြစ်သည်။ သို့သော် လက်ရှိပြဿနာမှာ ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပြဿနာများကို မဖြေရှင်းနိုင်လျှင်ပင် အထက်သို့ မတင်ပြခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အရည်အချင်းမရှိမှု၊ အလွန်အမင်း ညံ့ဖျင်းသော အစွမ်းအစနှင့် တကယ့်အလုပ်လုပ်နိုင်စွမ်းမရှိခြင်းတို့ကို ဖော်ပြမိမည်ကို ကြောက်ရွံ့သောကြောင့် အထက်သို့ တိုင်ကြားရန် အလွန်ကြောက်ရွံ့ကြသည်၊ ၎င်းတို့သည် ဖြုတ်ချခံရမည်ကို စိုးရိမ်ကြသည်။ သို့တိုင်အောင် ၎င်းတို့သည် အလုပ်လုပ်ရန် ကိုယ်တိုင် ဦးဆောင်ဦးရွက် မပြုကြ၊ ၎င်းတို့သည် ထိုင်းမှိုင်း၍ ခံစားမှုမရှိဘဲ လှုပ်ရှားမှုတွင် နှေးကွေးကြသည်။ ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းမရှိဘဲ ၎င်းတို့သည် ကြုံရာကျပန်း နေထိုင်ကြရာ မဖြေရှင်းရသေးသော ပြဿနာများစွာ စုပုံလာစေပြီး သို့ဖြစ်၍ ဆိုးယုတ်သောလူများကို အခွင့်အရေးများ ပေးသကဲ့သို့ ဖြစ်စေသည်။ ဤအချိန်တွင် အယောင်ဆောင်ခေါင်းဆောင်များသည် အသုံးမကျသူများ ဖြစ်ကြောင်း မြင်တွေ့ရသဖြင့် ထိုဆိုးယုတ်သောလူများနှင့် ရည်မှန်းချက်ကြီးသောသူတို့သည် အခွင့်အရေးကို အရယူပြီး ဒုစရိုက်အမှုများကို လက်လွတ်စပယ် ကျူးလွန်ကြကာ အသင်းတော်ကို ဖရိုဖရဲဖြစ်စေပြီး ကမောက်ကမ ဖြစ်စေလျက် အလုပ်ကဏ္ဍအားလုံးကို ရပ်တန့်သွားစေသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အဓိကတာဝန်ကို ခံယူသင့်သော်လည်း အခြားသော ခေါင်းဆောင်များနှင့် အမှုဆောင်များသည်လည်း ၎င်းတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ မဖြည့်ဆည်းခဲ့ကြပေ။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ကို ဆိုးရွားစွာ ပျက်ကွက်ခြင်း မဟုတ်လော။ အမှန်တကယ်တွင် အသင်းတော်၌ ဖြစ်ပေါ်သော ပြဿနာအများစုသည် ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများကြောင့် ဖြစ်ပေါ်သော နှောင့်ယှက်မှုများနှင့် တိုက်ရိုက်သက်ဆိုင်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပြဿနာများ၏ ဇာစ်မြစ်ကို အချိန်မီ မဖော်ထုတ်နိုင်ပါက၊ ပြဿနာများကို ဖြစ်ပေါ်စေသော အဓိက လက်သည်များကို မရှာဖွေနိုင်သည့်အပြင် အကြောင်းရင်းများကို အခြားနေရာများတွင် အမြဲရှာဖွေနေပါက ၎င်းတို့သည် ပြဿနာများကို အခြေခံကျကျ ဖြေရှင်းနိုင်မည်မဟုတ်ဘဲ ပြဿနာများသည် အနာဂတ်တွင် ဆက်လက်၍ ပေါ်ပေါက်လာမည် ဖြစ်သည်။ ပြဿနာရှာသူများ သို့မဟုတ် နောက်ကွယ်မှ ပြဿနာဖန်တီးသူများကို ဖမ်းမိပြီး တိုက်ရိုက် တာဝန်ခံခိုင်းပါက ဤသို့ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနည်းသည် အထိရောက်ဆုံး ဖြစ်သည်။ အနည်းဆုံးအနေဖြင့် ယင်းသည် ထိုမယုံကြည်သူများနှင့် ဆိုးယုတ်သောလူများက ဆက်လက်၍ သောင်းကျန်းခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်း၊ နှောင့်ယှက်ခြင်းတို့ကို ဆက်လက်မပြုဝံ့ဖို့အတွက် သေချာစေသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ပြီးမြောက်အောင်မြင်သင့်သည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။) အသင်းတော်၏ ပြဿနာများသည် အရေအတွက် တိုးပွားလာပြီး အချိန်နှင့်တစ်ပြေးညီ မဖြေရှင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်မဲ့မှုကြောင့်ဖြစ်သည်၊ သို့မဟုတ် အယောင်ဆောင်ခေါင်းဆောင်များက သမ္မာတရား လက်တွေ့ကျမှု ကင်းမဲ့ပြီး တကယ့်အလုပ်ကို မလုပ်ဆောင်နိုင်သောကြောင့် ဖြစ်သည်ဟု အတိအကျ ပြောဆိုနိုင်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်၌ ဖြစ်ပေါ်သော အမျိုးမျိုးသော ပြဿနာများကို မဖြေရှင်းနိုင်ပါက ၎င်းတို့သည် ၎င်းတို့၏ ရာထူး၏ မူလတာဝန်ကိုလည်း သေချာပေါက် မထမ်းဆောင်နိုင်ပေ။ ဤနေရာတွင် ရှင်းလင်းစွာ နားလည်ရမည့် အခြေအနေများနှင့် အကြောင်းရင်းများစွာ ရှိသည်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အတွေ့အကြုံ မရှိသေးသူများ ဖြစ်ပါက ၎င်းတို့ကို စိတ်ရှည်စွာ ကူညီသင့်သည်၊ ပြဿနာများကို ဖြေရှင်းရန် ဦးဆောင်သင့်ပြီး ပြဿနာများကို ဖြေရှင်းသည့်ဖြစ်စဉ်တွင် အချို့အရာများကို သင်ယူကာ သမ္မာတရား စည်းမျဉ်းများကို သဘောပေါက်စေသင့်သည်။ ဤနည်းအားဖြင့် ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းရန် တဖြည်းဖြည်း သင်ယူလာလိမ့်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မှန်ကန်သောသူများ မဟုတ်ဘဲ သမ္မာတရားကို လုံးလုံးလျားလျား လက်ခံရန် ငြင်းပယ်ပြီး ထိုအစား ပြဿနာများကို ဖြေရှင်းရန် ဘာသာတရား မရှိသူများ၏ ရှုထောင့်အမြင်များနှင့် နည်းလမ်းများကို အသုံးပြုပါက ဤသည်မှာ သမ္မာတရား စည်းမျဉ်းများနှင့် မကိုက်ညီပေ။ ထိုသို့သောလူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ရန် မသင့်တော်ဘဲ အချိန်နှင့်တစ်ပြေးညီ ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရသင့်သည်၊ ထို့နောက် သင့်တော်သော ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရွေးချယ်ရန် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပသင့်သည်။ ဤချဉ်းကပ်နည်းတစ်ခုတည်းကသာ ပြဿနာကို အပြည့်အဝ ဖြေရှင်းနိုင်သည်။ အသင်းတော် ခေါင်းဆောင်တစ်ဦးဖြစ်ရခြင်းသည် လွယ်ကူသော အလုပ်မဟုတ်ဘဲ အချို့ပြဿနာများကို မကိုင်တွယ်နိုင်ခြင်းမှာ ရှောင်လွှဲ၍မရပေ။ သို့သော် လူတစ်ဦးသည် ဆင်ခြင်တုံတရားရှိပါက မိမိမဖြေရှင်းနိုင်သော ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ ထိုပြဿနာများကို ကွယ်ဝှက်ခြင်းဖြစ်စေ၊ ဖုံးဖိခြင်းနှင့် လျစ်လျူရှုခြင်းတို့ကိုဖြစ်စေ မပြုသင့်ပေ။ ထိုအစား လူတစ်ဦးသည် ပြဿနာများ၏ ခုနစ်ဆယ်မှ ရှစ်ဆယ်ရာခိုင်နှုန်းကို ဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်မည့်၊ အနည်းဆုံးအနေဖြင့် ကြီးမားသော ပြဿနာများ ယာယီအားဖြင့် ဖြစ်ပေါ်လာခြင်းကို တားဆီးနိုင်မည့် ဖြေရှင်းနည်းတစ်ခုကို စုပေါင်းရှာဖွေရန် သမ္မာတရားကို နားလည်သော လူအချို့နှင့် တိုင်ပင်သင့်သည်။ ဤသည်မှာ ဖြစ်နိုင်သော နည်းလမ်းတစ်ခု ဖြစ်သည်။ ပြဿနာများကို အမှန်တကယ် မဖြေရှင်းနိုင်ပါက လူတစ်ဦးသည် အထက်ထံမှ ဖြေရှင်းနည်းများကို ရှာဖွေသင့်သည်၊ ဤသည်မှာ ပညာရှိသော ရွေးချယ်မှုတစ်ခု ဖြစ်သည်။ သင်သည် သိက္ခာကျမည်ကို ကြောက်ရွံ့သောကြောင့် သို့မဟုတ် သင်၏ အရည်အချင်းမရှိမှုအတွက် အထက်က သင့်ကို ပြုပြင်မည်ကို ကြောက်ရွံ့သောကြောင့် ပြဿနာများကို ဖုံးဖိပြီး မတိုင်ကြားပါက ဤသည်မှာ လုံးဝ ဘာသိဘာသာနေခြင်း ဖြစ်သည်။ သင်သည် မည်သည့်အရာလုပ်ရမှန်းမသိဘဲ ထိုင်းမှိုင်း၍ ခံစားချက်မဲ့သော လူမိုက်တစ်ဦးကဲ့သို့ ပြုမူပါက ဤသည်မှာ ကိစ္စများကို နှောင့်နှေးစေလိမ့်မည်။ ထိုသို့သော အခြေအနေများသည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့အတွက် အခွင့်အရေးများကို လွယ်ကူစွာ ပေးအပ်ပြီး ၎င်းတို့ ပြုမူဆောင်ရွက်ရန် ဖရိုဖရဲအခြေအနေကို အခွင့်ကောင်း ယူခွင့်ပေးသကဲ့သို့ ဖြစ်စေသည်။ ၎င်းတို့သည် ပြုမူဆောင်ရွက်ရန် ဖရိုဖရဲအခြေအနေကို အခွင့်ကောင်း ယူသည်ဟု အဘယ်ကြောင့် ဆိုရသနည်း။ အကြောင်းမှာ ၎င်းတို့သည် ဤအခွင့်အရေးကို အတိအကျ စောင့်ဆိုင်းနေသောကြောင့် ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သည့်ပြဿနာကိုမျှ မကိုင်တွယ်နိုင်သည့်အခါ၊ ဘုရားသခင် ရွေးချယ်ထားသောလူများသည် စိုးရိမ်ပူပန်ပြီး မသက်မသာခံစားနေရကာ ၎င်းတို့အပေါ် ယုံကြည်မှု ပျောက်ဆုံးနေပြီဖြစ်သည့်အခါ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့သည် ဤကွာဟချက်ကို အမြတ်ထုတ်ရန် ကြိုးစားနေကြသည်။ ၎င်းတို့သည် အသင်းတော်သည် ခေါင်းဆောင်မှု သို့မဟုတ် စီမံခန့်ခွဲမှုမရှိသော အခြေအနေတွင် ရှိသည်ဟု ထင်ကြသည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများက ၎င်းတို့ကို လေးစားအောင်၊ ထောက်ခံအောင်၊ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် နှိုင်းယှဉ်လျှင် ၎င်းတို့တွင် ပိုကောင်းသော အစွမ်းအစရှိကြောင်း၊ ပြဿနာများကို ဖြေရှင်းရန်နှင့် ထွက်ပေါက်ကို ဦးဆောင်ရန် ပို၍စွမ်းဆောင်နိုင်ကြောင်း၊ ဖရိုဖရဲအခြေအနေကြားတွင် အခြေအနေကို ပို၍ကောင်းစွာ ပြန်လည်ထိန်းသိမ်းနိုင်ကြောင်း ယုံကြည်အောင် လုပ်ဆောင်ရန် မိမိတို့၏ စွမ်းရည်များကို ကြွားလုံးထုတ်ဖို့ ဤအခွင့်အရေးကို အသုံးပြုလိုကြသည်။ ဤသည်မှာ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့ အပြုလုပ်လိုဆုံးသော အရာ မဟုတ်လော။ ဤအချိန်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အစွမ်းမရှိသည့်အခါ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့က ထရပ်ပြီး ပြဿနာများကို ဖြေရှင်းကာ ထွက်ပေါက်သို့ပင် ဦးဆောင်သည့်အခါ ဘုရားသခင် ရွေးချယ်ထားသောလူများသည် မည်သူ့ကို ယုံကြည်မည်နည်း။ သဘာဝအားဖြင့် ၎င်းတို့သည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့၏ အင်အားစုများကို ယုံကြည်ကြလိမ့်မည်။ ဤသည်မှာ အဘယ်အရာကို ပြသသနည်း။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသုံးမကျသူများဖြစ်ပြီး မည်သည့်အရာကိုမျှ မပြီးမြောက်စေဘဲ အရေးကြီးသော အခိုက်အတန့်များတွင် ရှုံးနိမ့်ကြောင်းကို ပြသသည်။ ထိုသို့သောလူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ထိုက်သေးသလော။ အန္တိခရစ်တို့သည် သမ္မာတရား လက်တွေ့ကျမှု ကင်းမဲ့ပြီး တကယ့်အလုပ်ကို မလုပ်ဆောင်နိုင်သော်လည်း ၎င်းတို့အားလုံးသည် အတိုင်းအတာအမျိုးမျိုးဖြင့် ဆုကျေးဇူးအချို့ကို ပိုင်ဆိုင်ကြပြီး ပြင်ပကိစ္စရပ်များတွင် အတော်အတန် ပို၍ လိမ္မာပါးနပ်ကြသည်၊ ဤသည်မှာ ၎င်းတို့၏ အားသာချက်နှင့် အတိအကျ ညီမျှပြီး ၎င်းတို့က လူများကို အထင်အမြင်မှားစေနိုင်သည့် နည်းလမ်းလည်း ဖြစ်သည်။ သို့သော် ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်လာပါက ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ၎င်းတို့ အမှန်တကယ် အသုံးပြုနိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်၊ သမ္မာတရားကို နားလည်ရန်နှင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် အမှန်တကယ် ဦးဆောင်နိုင်မည်လော။ လုံးဝ မဖြစ်နိုင်ပေ။ ၎င်းတို့တွင် ဆုကျေးဇူးအချို့ရှိပြီး စကားပြောကောင်းသော်လည်း ၎င်းတို့တွင် သမ္မာတရား လက်တွေ့ကျမှု တစ်ခုမျှ လုံးဝ မရှိချေ။ ၎င်းတို့သည် အသင်းတော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ရန် သင့်တော်သလော။ လုံးဝ မသင့်တော်ပါ။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများ ထွင်းဖောက်မြင်သင့်သည့်အရာ ဖြစ်သည်၊ ၎င်းတို့သည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့၏ အထင်အမြင်မှားစေခြင်း သို့မဟုတ် လှည့်စားခြင်းကို မည်သည့်အခါမျှ မခံရပေ။ မယုံကြည်သူများ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့သည် သမ္မာတရားကို လုံးဝ မလိုက်စားကြဘဲ သမ္မာတရား လက်တွေ့ကျမှု တစ်စက်မျှပင် မရှိကြပေ။ သို့ဖြစ်၍ ငါ့ကို ပြောလော့၊ ၎င်းတို့သည် “ယခုအခါတွင် အသင်းတော်၌ ကြီးကြပ်သည့်သူတစ်ဦးမျှ မရှိသော်ငြားလည်း ကျွန်ုပ်တို့သည် မိမိတို့ဘာသာ ဦးစီးဦးဆောင်ပြုရမည်။ ဘုရားအိမ်တော်၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်၍မရပါ၊ ဘုရားအိမ်တော်မှ တောင်းဆိုသော စည်းမျဉ်းများကို ပြောင်းလဲ၍မရပါ။ ကျွန်ုပ်တို့ လုပ်သင့်လုပ်ထိုက်သောအရာကို ကျွန်ုပ်တို့ လုပ်ဆောင်သင့်သည်။ လူတိုင်းသည် မိမိတို့ ထမ်းဆောင်သင့်သည့် တာဝန်များကို စောင့်ထိန်းသင့်သည်၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ပြီး စည်းစနစ်ကျမှုကို အဖျက်အမှောင့်မလုပ်သင့်ပါ” ဟူသကဲ့သို့သော အသိတရားနှင့် ဆင်ခြင်တုံတရားရှိသည့် အရာတစ်ခုကို ပြောနိုင်မည်လော။ ၎င်းတို့သည် ဤကဲ့သို့သော အရာတစ်ခုကို ပြောနိုင်မည်လော။ (မပြောနိုင်ပါ။) လုံးဝ မပြောနိုင်ပေ။ ဤမယုံကြည်သူများနှင့် ဆိုးယုတ်သောလူများသည် အဘယ်သို့သော လုပ်ဆောင်ချက်များကို ပြုလုပ်ကြမည်နည်း။ ကြီးကြပ်ကွပ်ကဲမှုမရှိဘဲ ၎င်းတို့သည် မိမိတို့၏ တာဝန်များကိုပင် မထမ်းဆောင်ကြဘဲ စားခြင်း၊ သောက်ခြင်း၊ ကစားခြင်းနှင့် ပျော်ပါးခြင်းတို့တွင် စိတ်အလိုလိုက်ကာ အကျိုးမရှိသော စကားစမြည်ပြောဆိုခြင်း၊ နောက်ပြောင်ခြင်းနှင့် ပရောပရည်လုပ်ခြင်းတို့တွင်ပင် ပါဝင်ကြသည်။ အချို့သည် ဘာသာတရားမရှိသူလောက၏ ဗီဒီယိုများကို တစ်ညလုံး ကြည့်ရှုကြပြီးနောက် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရင်း ညဉ့်နက်သည်ဟူသော ဆင်ခြေကို အသုံးပြုကာ ခိုကပ်ပြီး အလွန်အကျွံ အိပ်စက်ကြသည်။ ဤသည်တို့မှာ ဆိုးယုတ်သောလူများ၊ နတ်ဆိုးများနှင့်ဆိုင်သောသူများ၏ လုပ်ဆောင်ချက်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဤမကောင်းမှုများကို ကျူးလွန်သည့်အခါ ၎င်းတို့သည် အပြစ်ရှိစိတ် တစ်စက်တလေ ခံစားရသလော။ ၎င်းတို့သည် ရုတ်တရက် အသိတရားဝင်လာပြီး လူသားဆိုင်ရာ တာဝန်အချို့ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်နှင့် ဘုရားအိမ်တော်၊ အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများအတွက် အကျိုးရှိသောအရာတစ်ခုကို လုပ်ဆောင်ရန် ကိုယ်တိုင် ဦးဆောင်ဦးရွက်ပြုမည်လော။ လုံးဝ လုပ်ဆောင်မည် မဟုတ်ပေ။ တစ်စုံတစ်ဦးက ကြည့်ရှုနေသည့်အခါ ၎င်းတို့သည် ဝမ်းစာအတွက်သာ မိမိတို့ကို အကောင်းမြင်စေသော အလုပ်အချို့ကို စိတ်မပါ့တပါနှင့် လုပ်ဆောင်ကြသည်။ ဤသည်မှာ ၎င်းတို့ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာ ဖြစ်သည်၊ ဤအရာမှလွဲ၍ ဤလူများတွင် ချီးကျူးစရာ လက္ခဏာ တစ်ခုမျှ မရှိပေ။ သို့ဖြစ်၍ ဤလူများ ဘုရားအိမ်တော်၌ ဆက်လက်နေထိုင်ခြင်းတွင် အဓိပ္ပာယ်တစ်ခုခု ရှိသေးသလော။ လုံးဝ အဓိပ္ပာယ်မရှိပေ။ ထိုသို့သောလူများသည် မလိုလားအပ်သော သူများဖြစ်ပြီး ၎င်းတို့ကို ဖယ်ရှားရမည်။

လူတစ်ဦးသည် သမ္မာတရားကို နှစ်သက်ခြင်း ရှိမရှိကို သင်မည်သို့ တိုင်းတာသနည်း။ သင်တို့ နားလည်စေရန် ငါ ဥပမာတစ်ခု ပေးမည်။ အချို့လူများသည် လုပ်ငန်းတစ်ခုတွင် ပါဝင်ကြပြီး ၎င်းတို့ ပို၍သင်ယူလေ၊ ၎င်းတို့၏ လေ့လာမှုကို ပို၍တိုးတက်စေလေ၊ ၎င်းတို့ ပို၍နားလည်လေ၊ ထို့နောက် ၎င်းတို့သည် ယင်းတွင် ပါဝင်ဆောင်ရွက်ရန် ပို၍ဆန္ဒရှိလာပြီး ထိုလုပ်ငန်းကို စွန့်ခွာရန် ဆန္ဒနည်းပါးလာလေ ဖြစ်သည်။ ဤသည်မှာ မည်သို့သော သရုပ်သကန်မျိုး ဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့သည် ဤလုပ်ငန်းကို အမှန်တကယ် နှစ်သက်သည်ဟု ဆိုလိုသလော။ (ဆိုလိုပါသည်။) ၎င်းတို့ မည်မျှပင် ဒုက္ခဆင်းရဲ ခံရပါစေ၊ မည်သည့်အဖိုးအခပင် ဖြစ်ပါစေ၊ ၎င်းတို့ မည်မျှပင် ကြိုးစားအားထုတ်ပါစေ၊ ၎င်းတို့သည် ထိုလုပ်ငန်းတွင် နောင်တမရှိဘဲ၊ မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ဆက်လက် လုပ်ဆောင်ကြသည်။ ဤသည်မှာ စစ်မှန်သော ချစ်ခင်တွယ်တာမှု၊ နက်ရှိုင်းသော၊ စိတ်ရင်းမှန်ဖြင့် နှစ်သက်ခြင်း ဖြစ်သည်။ အလုပ်တစ်ခုခုကို နှစ်သက်သည်ဟု အခိုင်အမာဆိုသော်လည်း အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ယူသည့် ဖြစ်စဉ်အတွင်း ဒုက္ခဆင်းရဲခံရန် သို့မဟုတ် အဖိုးအခပေးရန် ဆန္ဒမရှိသော၊ အလုပ်တွင် ပြဿနာများစွာ ပေါ်ပေါက်လာသည့်အခါ ဒုက္ခကို ကြောက်ရွံ့၍ ဖြေရှင်းနည်းများကို မရှာဖွေသော၊ ဤလုပ်ငန်းတွင် ပါဝင်ခြင်းသည် အနှောင့်အယှက် သို့မဟုတ် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်သည်ဟုပင် မကြာခဏ ခံစားရသော လူတစ်ဦးရှိသည် ဆိုပါစို့။ သို့သော် လုပ်ငန်းပြောင်းရန်မှာ မလွယ်ကူဘဲ ဤလုပ်ငန်းက ဆောင်ကြဉ်းပေးနိုင်သော ရုပ်ဝတ္ထုဆိုင်ရာ အကျိုးကျေးဇူးများကို ထည့်သွင်းစဉ်းစားလျက် ဤလူသည် ယင်းတွင် စိတ်မပါ့တပါနှင့် ပါဝင်သော်လည်း ဤလုပ်ငန်းတွင် မည်သည့်အခါမျှ ထူးချွန်သူတစ်ဦး ဖြစ်လာမည်မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့သည် ဤလုပ်ငန်းကို အမှန်တကယ် နှစ်သက်သလော။ (မနှစ်သက်ပါ။) ၎င်းတို့ မနှစ်သက်သည်မှာ သိသာထင်ရှားပေသည်။ နောက်ထပ် လူအမျိုးအစားတစ်မျိုး ရှိသေးသည်၊ ယင်းမှာ အချို့သောလုပ်ငန်းကို နှစ်သက်ကြောင်း နှုတ်ဖြင့် ဖော်ပြပြီး ယင်းတွင် ပါဝင်ဆောင်ရွက်သော်လည်း အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများကို ကောင်းစွာသင်ယူရန် ဒုက္ခဆင်းရဲခံခြင်း သို့မဟုတ် အဖိုးအခပေးခြင်းကို မည်သည့်အခါမျှ မပြုလုပ်သောသူ ဖြစ်သည်။ ၎င်းတို့သည် သင်ယူသည့် ဖြစ်စဉ်အတွင်း ထိုလုပ်ငန်းအတွက် စက်ဆုပ်ခြင်း သို့မဟုတ် ရွံမုန်းခြင်းကိုပင် ဖြစ်ပေါ်လာနိုင်ပြီး သင်ယူရန် တိုး၍ ဆန္ဒမရှိ ဖြစ်လာနိုင်သည်။ ၎င်းတို့၏ စက်ဆုပ်ခြင်းသည် အတိုင်းအတာတစ်ခုသို့ ရောက်ရှိသည့်အခါ ၎င်းတို့သည် လုပ်ငန်းပြောင်းလဲကြပြီး နောက်ပိုင်းတွင် ၎င်းတို့ ထိုလုပ်ငန်းတွင် ပါဝင်ခဲ့သည့်အချိန်က မည်သည့်ဖြစ်စဉ်၊ ဇာတ်လမ်းများ သို့မဟုတ် အခြားမည်သည့်အရာကိုမျှ ဖော်ပြရန် ဆန္ဒမရှိကြတော့ပေ။ ထိုသို့သောလူများသည် ထိုလုပ်ငန်းကို အမှန်တကယ် နှစ်သက်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် ယင်းကို မနှစ်သက်ကြပေ။ ၎င်းတို့သည် ထိုလုပ်ငန်းကို အလွယ်တကူ စွန့်လွှတ်နိုင်စွမ်းရှိပြီး ယင်းကို ရွံမုန်းနိုင်စွမ်းရှိကာ အလုပ်အကိုင်များပင် ပြောင်းနိုင်စွမ်းရှိကြသည်၊ ယင်းက ၎င်းတို့သည် ထိုလုပ်ငန်းကို အမှန်တကယ် မနှစ်သက်ကြောင်း သက်သေပြ၏။ ၎င်းတို့ ထိုလုပ်ငန်းကို စွန့်လွှတ်နိုင်သည့် အကြောင်းရင်းမှာ အချိန်၊ စွမ်းအင်နှင့် အဖိုးအခများစွာ ရင်းနှီးမြှုပ်နှံပြီးနောက် ထိုလုပ်ငန်းသည် ၎င်းတို့အား ၎င်းတို့ဆန္ဒရှိခဲ့သော ချမ်းသာသောဘဝကို အသက်ရှင်နေထိုင်ရန်ကိုဖြစ်စေ၊ ကောင်းမွန်သော ရုပ်ဝတ္ထုဆိုင်ရာ အကျိုးခံစားခွင့်များကို ခံစားရန်ကိုဖြစ်စေ အခွင့်မပေးခဲ့သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် စိတ်နှလုံးထဲတွင် ထိုလုပ်ငန်းကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ ကျိန်ဆဲကြသည်၊ အခြားသူများကို ယင်းအကြောင်း စကားထဲထည့်ပြောခြင်းကိုပင် တားမြစ်ကြသည်၊ မိမိတို့ကိုယ်တိုင်လည်း နောက်ထပ် စကားထဲထည့်မပြောကြတော့ချေ၊ ပြီးလျှင် ယခင်က ဤလုပ်ငန်းတွင် ပါဝင်ခဲ့သည့်အတွက်လည်းကောင်း၊ ယင်းကို ဘဝတွင် မိမိတို့၏ ရည်သန်မျှော်မှန်းချက်နှင့် လိုက်စားရန် အမြင့်ဆုံးသော ပန်းတိုင်အဖြစ် မှတ်ယူခဲ့သည့်အတွက်ပင်လည်းကောင်း ရှက်ရွံ့သည်ဟု ခံစားကြရသည်။ ထိုလုပ်ငန်းကို ၎င်းတို့ အလွန်အမင်း မနှစ်မြို့နိုင်သည့် အတိုင်းအတာကို ကြည့်လျှင် ထိုလုပ်ငန်းအတွက် ၎င်းတို့၏ ကနဦးပြသခဲ့သော နှစ်သက်မှုသည် စစ်မှန်ခဲ့သလော။ (မစစ်မှန်ပါ။) ထိုလုပ်ငန်းကို အမှန်တကယ် နှစ်သက်သော လူအမျိုးအစား တစ်မျိုးတည်းသာ ရှိသည်၊ ထိုလုပ်ငန်းသည် ၎င်းတို့အား ကောင်းမွန်သော ရုပ်ဝတ္ထုဆိုင်ရာ အသက်တာ သို့မဟုတ် များပြားသော အကျိုးကျေးဇူးများ ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ၊ ဤလုပ်ငန်းတွင် ၎င်းတို့ မည်မျှပင် အခက်အခဲများ ကြုံတွေ့ရပါစေ သို့မဟုတ် မည်မျှပင် ဆင်းရဲဒုက္ခ ခံရပါစေ၊ ၎င်းတို့သည် ယင်းတွင် မဆုတ်မနစ်ဘဲ အဆုံးတိုင်အောင် ဇွဲဖြင့် လုပ်ဆောင်နိုင်သည်။ ဤသည်မှာ စစ်မှန်သော နှစ်သက်တွယ်တာခြင်း ဖြစ်သည်။ လူတစ်ဦးသည် သမ္မာတရားကို နှစ်သက်ခြင်း ရှိမရှိနှင့်လည်း အလားတူပင် သက်ဆိုင်သည်။ သင်သည် အပြုသဘောဆောင်သောအရာများကို အမှန်တကယ် နှစ်သက်ပြီး အပြုသဘောဆောင်သောအရာများကို နှစ်သက်ခြင်းမှ သမ္မာတရားကို နှစ်သက်ခြင်းသို့ တိုးတက်လာပါက သင်သည် မည်သို့သော အခြေအနေများကို ကြုံတွေ့ရပါစေ သင်၏ ဘဝပန်းတိုင်ကို မပြောင်းလဲဘဲ သမ္မာတရားကို ရှာဖွေခြင်းနှင့် လိုက်စားခြင်းတွင် ဇွဲဖြင့် လုပ်ဆောင်လိမ့်မည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းအား ပေါ့ပေါ့တန်တန် စွန့်လွှတ်နိုင်ပြီး ကယ်တင်ခြင်း၏ လမ်းခရီးကို စွန့်ပယ်နိုင်ပါက ဤသည်မှာ သမ္မာတရားကို အမှန်တကယ် ချစ်ခြင်း မဟုတ်ပေ။ သမ္မာတရားကို မလိုက်စားသော်လည်း စွန့်လွှတ်ခြင်းလည်း မရှိသောသူတို့အတွက်မူ ၎င်းတို့၏ ဇွဲလုံ့လအတွက် အကြောင်းရင်း တစ်ခုတည်းသာ ရှိသည်၊ ၎င်းတို့သည် ကောင်းသော အဆုံးသတ်နှင့် ပန်းတိုင်၊ ကောင်းသော အနာဂတ်အတွက် မျှော်လင့်ချက် အနည်းငယ်မျှ ရှိနေသမျှ ကံစမ်းရကျိုးနပ်သည်ဟု ထင်ကြပြီး အဆုံးတိုင်အောင် ဇွဲဖြင့် လုပ်ဆောင်သင့်သည်ဟု ထင်ကြသည်။ ဤဇွဲလုံ့လသည် လိုအပ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်၊ ဘေးအန္တရာယ်များ ကြီးထွားလာပြီး သွားစရာနေရာ အခြားမရှိသဖြင့် ၎င်းတို့သည်လည်း မထူးတော့သည့်အတူတူ ဤနေရာတွင် ဆက်လက်နေထိုင်ပြီး ကံစမ်းကြည့်လျှင် ပိုကောင်းမည်ဟု ယုံကြည်ကြသည်။ ထိုသို့သောလူများ၏ စိတ်နှလုံးထဲတွင် သမ္မာတရားကို ချစ်ခြင်း တစ်စက်မျှပင် ရှိသလော။ (မရှိပါ။) ၎င်းတို့တွင် မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို ပထမဆုံး စတင်ယုံကြည်သည့်အခါ ဤလူများသည် လောကကို မုန်းတီးခြင်း၊ စာတန်ကို မုန်းတီးခြင်း၊ အပျက်သဘောဆောင်သောအရာများကို မုန်းတီးခြင်း၊ အပြုသဘောဆောင်သောအရာများကို နှစ်သက်ခြင်းနှင့် အလင်းကို တောင့်တခြင်းတို့အကြောင်းကိုလည်း ပြောဆိုကြသည်။ သို့သော် ၎င်းတို့သည် ဘုရားအိမ်တော်ထဲသို့၊ အသင်းတော်ထဲသို့ ဝင်ရောက်လာသည့်အခါ ၎င်းတို့၏ အပြုအမူမှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့က အလုပ်လုပ်ပေးသူများဖြစ်ကြောင်း တွေ့ရှိသည့်အခါ၊ ၎င်းတို့၏ လုပ်ဆောင်ချက်များ၊ အပြုအမူများနှင့် သဘာဝသည် ဘုရားသခင်ကို မနှစ်သက်စေကြောင်း သိရှိလာသည့်အခါ ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် မည်သို့သော အပြုအမူမျိုးကို ပြသကြသနည်း။ ၎င်းတို့သည် ဘုရားအိမ်တော်၌ မျက်နှာသာပေးခြင်း မခံရတော့ကြောင်း၊ ၎င်းတို့သည် ဖယ်ရှားရှင်းလင်းခြင်း ခံရမည့်သူများဖြစ်ကြောင်းကို အာရုံခံမိသည့်အခါ၊ ခံစားရသည့်အခါ သို့မဟုတ် ထင်မြင်သည့်အခါ အချို့သည် ထွက်ခွာရန် ရွေးချယ်ကြသည်ဟု ဆိုနိုင်သည်။ အခြားသူများမှာမူ အသင်းတော်၌ စိတ်မပါ့တပါနှင့် ဆက်နေကြသော်လည်း အခြေအနေကို လက်လွှတ်အရှုံးပေးလိုက်ကြကာ နောက်ဆုံးတွင် မဖြစ်မနေ ထွက်ခွာကြရသည်။ ထိုသို့သောလူများသည် သမ္မာတရားကို လုံးဝ မချစ်ကြပေ၊ ကောင်းချီးများအတွက် ၎င်းတို့၏ ဆန္ဒ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသည့်အခါ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ပြီး ကိုယ်တော်ထံမှ ထွက်ခွာသွားနိုင်သည်။ ဤအမျိုးမျိုးသော သရုပ်သကန်များသည် မတူညီသောလူများ၏ သမ္မာတရားအပေါ် သဘောထားများကို ပြသသည်။

၄။ ဤလူသုံးမျိုး၏ မတူညီသော အဆုံးသတ်များ

ငါတို့သည် လူသုံးမျိုးဖြစ်သည့် အလုပ်လုပ်ပေးသူများ၊ အငှားအလုပ်သမားများနှင့် ဘုရားသခင်၏ လူများတို့၏ လက္ခဏာများအကြောင်းကို ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ၎င်းတို့၏ လက္ခဏာများမှကြည့်လျှင် ၎င်းတို့၏ နောက်ဆုံးအဆုံးသတ်များသည် ဓမ္မဓိဋ္ဌာန်ကျသော ပတ်ဝန်းကျင်များ သို့မဟုတ် အခြေအနေများအားဖြင့် အဆုံးအဖြတ်ပေးခြင်းမဟုတ်ဘဲ ၎င်းတို့၏ ကိုယ်ပိုင်လိုက်စားမှုများနှင့် ၎င်းတို့၏ သဘာဝ အနှစ်သာရအားဖြင့် အဆုံးအဖြတ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပေသည်။ ဓမ္မဓိဋ္ဌာန်ကျကျ ပြောရလျှင် လူတို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးသူမှာ ဘုရားသခင်ဖြစ်သော်လည်း ဘုရားသခင်သည် ဤအဆုံးအဖြတ်များကို လူတို့သည် သမ္မာတရားကို နှစ်သက်ခြင်း ရှိမရှိနှင့် သမ္မာတရားကို လက်ခံနိုင်စွမ်း ရှိမရှိအပေါ် အခြေခံ၍ ချမှတ်သည်မှာ ပြောစရာမလိုချေ။ အလုပ်လုပ်ပေးသူများသည်လည်း သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို နှစ်သက်ကြောင်း အခိုင်အမာပြောဆိုကြသော်လည်း အဆုံးတွင် ဘုရားသခင်၏အလုပ် နိဂုံးချုပ်သည့်အခါ ဘုရားသခင်နှင့်ပတ်သက်သော ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ လွန်ကဲသော တောင်းဆိုချက်များနှင့် ဘုရားသခင်ကို ၎င်းတို့၏ သစ္စာဖောက်ခြင်းတို့သည် မပြောင်းလဲဘဲ ရှိနေဆဲဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏အလုပ် ကာလအတွင်း၊ ဘုရားသခင်နောက်လိုက်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့် ဖြစ်စဉ်တွင် ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သည့်အခါမျှ ဖြေရှင်းခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းခြင်း၏ အရင်းခံအကြောင်းရင်းမှာ ၎င်းတို့သည် အခြေခံအားဖြင့် သမ္မာတရားကို လက်မခံခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကျိုးနွံနာခံရန် ဆန္ဒရှိသော်လည်း ၎င်းတို့ အမှန်တကယ် ဖော်ပြသည့်အရာမှာ သမ္မာတရား စည်းမျဉ်းများ သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၏ နည်းလမ်းကို မည်သည့်အခါမျှ မရှာဖွေဘဲ စွန့်လွှတ်နိုင်စွမ်းနှင့် အဖိုးအခပေးလိုစိတ်တစ်ခုသာ ဖြစ်သည်။ နောက်ဆုံးရလဒ်မှာ ကြိုးစားအားထုတ်မှုများစွာ ပြုလုပ်ခဲ့သော်လည်း ၎င်းတို့တွင် ဘုရားသခင်နှင့်ပတ်သက်၍ သိကျွမ်းခြင်း စိုးစဉ်းမျှ မရှိခြင်း ဖြစ်သည်။ ၎င်းတို့သည် အခြားလူများနှင့် စာတန်၏ရှေ့မှောက်တွင် ဘုရားသခင်ကို သစ္စာဖောက်ရန်နှင့် ကိုယ်တော်နှင့်ပတ်သက်သော ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများ၊ ကိုယ်တော်အပေါ် ၎င်းတို့၏ ကျိုးကြောင်းမဆီလျော်သော တောင်းဆိုချက်များကို ထုတ်ဖော်ပြောဆိုရန် စွမ်းဆောင်နိုင်ဆဲ ဖြစ်သည်။ ဘုရားသခင်၏အလုပ် နိဂုံးချုပ်သည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို “လူ့သဘာဝကောင်းရှိခြင်း၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း၊ စွန့်လွှတ်နိုင်ပြီး ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံနိုင်ခြင်း၊ သေချာပေါက် ကယ်တင်ခြင်းခံနိုင်ခြင်း” အဖြစ် မှတ်ယူနေဆဲဖြစ်ပြီး ဤအတွက် ၎င်းတို့သည် စိတ်အေးချမ်းသာစွာ ခံစားကြရသည်။ အမှန်တကယ်တွင် ၎င်းတို့သည် သမ္မာတရားကို လုံးဝ မလိုက်စားဘဲ အလုပ်လုပ်ပေးသူတစ်ဦး၏ လမ်းခရီးကို အစဉ်သဖြင့် လိုက်လျှောက်ခဲ့ကြသည်၊ သို့ဖြစ်၍ ၎င်းတို့သည် အလုပ်လုပ်ပေးသူတစ်ဦး၏ ပင်ကိုလက္ခဏာကို အစဉ်သဖြင့် ထိန်းသိမ်းထားကြသည်။ အခြားလူအမျိုးအစားဖြစ်သည့် အငှားအလုပ်သမားများနှင့်ပတ်သက်၍မူ ငါတို့ ဆွေးနွေးမည်မဟုတ်။ နောက်ထပ် အမျိုးအစားတစ်ခုမှာ ငါတို့ ယခုလေးတင် ဖော်ပြခဲ့သော ဘုရားသခင်၏ လူများ ဖြစ်ကြသည်။ ဘုရားသခင်နောက်လိုက်သည့်တစ်လျှောက်တွင် ၎င်းတို့သည် အလုပ်လုပ်ပေးသူများကဲ့သို့ပင် ကိုယ်တော်အတွက် မိမိတို့ကိုယ်ကို အသုံးခံကြသည်၊ ၎င်းတို့၏ အချိန်နှင့် စွမ်းအင်၊ ၎င်းတို့၏ လူငယ်ဘဝကိုပင် ဆက်ကပ်ကြပြီး ဒုက္ခဆင်းရဲများစွာကို ကြံ့ကြံ့ခံကာ အဖိုးအခများစွာကို ပေးဆပ်ကြသည်။ ဤသည်မှာ အလုပ်လုပ်ပေးသူများနှင့် တူညီသည်။ သို့ဆိုလျှင် မတူညီသည့်အရာမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်၏အလုပ် နိဂုံးချုပ်သည့်အခါ ဘုရားသခင်အပေါ် ၎င်းတို့၏ များပြားသော အယူအဆများ၊ စိတ်ကူးများနှင့် လွန်ကဲသော တောင်းဆိုချက်များသည် ဖြေရှင်းပြီးသား ဖြစ်လိမ့်မည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်းမှ ဘုရားသခင်ကို သိသာထင်ရှားစွာ အတိုက်အခံလုပ်သော ဖောက်ပြန်ပျက်စီးခြင်း၏ သရုပ်သကန်များ၊ အခြေအနေများနှင့် ထုတ်ဖော်မှုများသည် ဖယ်ရှားပြီးသား ဖြစ်လိမ့်မည်။ ကျန်ရှိနေသေးသော အရာများသည်လည်း ၎င်းတို့ အတွေ့အကြုံမှတစ်ဆင့် သမ္မာတရားကို တဖြည်းဖြည်း နားလည်လာသည့်အခါ သမ္မာတရားအားဖြင့် ဖြေရှင်းခြင်းခံရလိမ့်မည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လုံးလုံးလျားလျား ဖယ်ရှားပြီးခြင်း မရှိသေးသော်လည်း ၎င်းတို့၏ အသက်စိတ်သဘောထားသည် အပြောင်းအလဲအချို့ကို ကြုံတွေ့ခဲ့ပြီး ဖြစ်ပေမည်။ အချိန်အများစုတွင် ၎င်းတို့သည် မိမိတို့နားလည်သော သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်မှုများသည် သိသိသာသာ လျော့နည်းသွားလိမ့်မည်။ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင်မျှ ယင်းတို့ကို ထုတ်ဖော်မည်မဟုတ်ဟု ဆိုလိုခြင်းမဟုတ်သော်လည်း ဤလူများသည် အခြေခံလိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပြီး ဖြစ်လိမ့်မည်၊ ၎င်းတို့သည် ရိုးသားရန် ဘုရားသခင်၏ တောင်းဆိုချက်ကို ဖြည့်ဆည်းပြီး ဖြစ်လိမ့်မည်၊ ၎င်းတို့သည် အခြေခံအားဖြင့် ရိုးသားသောလူများ ဖြစ်ကြလိမ့်မည်။ ထို့အပြင် ဤလူများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်သည့်အခါ သို့မဟုတ် ပြစ်မှားခြင်းများကို ကျူးလွန်သည့်အခါ သို့မဟုတ် ဘုရားသခင်အပေါ် အယူအဆများနှင့် ပုန်ကန်မှုများကို ထားရှိသည့်အခါ မည်သည့်ပတ်ဝန်းကျင်တွင် ပြုလုပ်သည်ဖြစ်စေ ၎င်းတို့တွင် နောင်တရသော သဘောထားတစ်ခု ရှိလိမ့်မည်။ ပြီးလျှင် အရေးအကြီးဆုံးသော နောက်တစ်ချက်ရှိသေးသည်၊ နောက်ဆုံးသော ကာလ၏ တရားစီရင်ခြင်းအလုပ်တွင် ဘုရားသခင် မည်သို့သော တိကျသည့် လုပ်ဆောင်ချက်များကို ပြုလုပ်သည်ဖြစ်စေ၊ ကိုယ်တော် မည်သို့ ပြုမူဆောင်ရွက်သည်ဖြစ်စေ၊ အနာဂတ်တွင် ကိုယ်တော် မည်သည့်အရာကို ပြုလုပ်ရန် ရည်ရွယ်သည်ဖြစ်စေ၊ လူသားမျိုးနွယ်၏ ကံကြမ္မာကို ကိုယ်တော် မည်သို့ စီစဉ်မည်ဖြစ်စေ၊ ကိုယ်တော် စီစဉ်သော ပတ်ဝန်းကျင်တွင် ၎င်းတို့ကိုယ်တိုင် မည်သို့ အသက်ရှင်နေထိုင်ရမည်ဖြစ်စေ ၎င်းတို့အားလုံးသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ ရွေးချယ်မှုများကင်းမဲ့ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ အစီအစဉ်များနှင့် ကြံစည်မှုများ ကင်းမဲ့လျက် ကျိုးနွံနာခံသော စိတ်နှလုံးနှင့် ကျိုးနွံနာခံခြင်း၏ သဘောထားတစ်ခုကို ပိုင်ဆိုင်ကြလိမ့်မည်။ ဤအမျိုးမျိုးသော အပြုသဘောဆောင်သည့် သရုပ်သကန်များကြောင့် ၎င်းတို့သည် ဘုရားသခင် တောင်းဆိုသော၊ ကိုယ်တော်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်းတည်း ဟူသော ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်သည့် လူစားမျိုး ဖြစ်နှင့်ပြီး ဖြစ်ပေမည်။ ၎င်းတို့သည် ဘုရားသခင် မိန့်တော်မူသည့်အတိုင်း “ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ကာ စုံလင်သောပုဂ္ဂိုလ်တစ်ဦး ဖြစ်ခြင်း” ဟူသော စစ်မှန်သော စံနှုန်းနှင့် ဝေးကွာနေဆဲ ဖြစ်သော်လည်း ဘုရားသခင်၏ စမ်းသပ်မှုများ ၎င်းတို့အပေါ် ကျရောက်လာသည့်အခါ ၎င်းတို့သည် ရှာဖွေပြီး ကျိုးနွံနာခံနိုင်လိမ့်မည်၊ ဤသည်မှာ လုံလောက်ပေသည်။ ၎င်းတို့တွင် မကျေမနပ်ပြောဆိုခြင်းများ ရှိမည်မဟုတ်၊ ၎င်းတို့သည် စောင့်ဆိုင်းပြီး ကျိုးနွံနာခံရုံသာ ပြုကြလိမ့်မည်။ သင်တို့၏ လက်ရှိအခြေအနေများသည် ထိုသို့သောရလဒ်နှင့် အတော် ကွာဝေးနေနိုင်သေးပြီး အချို့အတွက်မူ အလွန်ကွာဝေးပြီး လက်လှမ်းမမီနိုင်ဟု ထင်ရနိုင်သော်လည်း သင်သည် သမ္မာတရားကို လက်ခံနိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ ဖြစ်တည်မှုအတွက် စည်းမျဉ်းနှင့် အခြေခံအုတ်မြစ်အဖြစ် သဘောထားနိုင်ပါက တစ်နေ့တွင် သင် သို့မဟုတ် သင်တို့အားလုံးသည် ကိုယ်တော် ချစ်တော်မူသော ဘုရားသခင်၏ စစ်မှန်သောလူများ ဖြစ်လာခြင်းနှင့် မဝေးတော့ဟု ယုံကြည်လော့၊ ထိုနေ့သည် မြင်နိုင်သော အကွာအဝေးတွင် ရှိသည်ဟု ယုံကြည်လော့။ ယင်းသည် လက်ရှိတွင် ပရောဖက်ပြုထားသည်ဖြစ်စေ၊ မြင်နိုင်သော အကွာအဝေးတွင် ရှိသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ နောက်ဆုံးရလဒ်သည် စိတ်ကူးယဉ်မှုတစ်ခု မဟုတ်ဘဲ မကြာမီ အကောင်အထည်ဖော်ပြီး ပြည့်စုံလာမည့် အမှန်တရားတစ်ခု ဖြစ်သည်။ ဤအမှန်တရားသည် မည်သူ့အပေါ်တွင် အတိအကျ ဖြည့်ဆည်းခြင်းခံရမည်၊ မည်သည့်လူများအပေါ်တွင် ဖြည့်ဆည်းခြင်းခံရမည် ဆိုသည်မှာ သင်တို့သည် သမ္မာတရားကို အမှန်တကယ် မည်သို့ လိုက်စားသည့်အပေါ်တွင် မူတည်သည်။ တစ်နည်းအားဖြင့်ဆိုသော် သင်သည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်နိုင်သည့် အတိုင်းအတာအထိ အမှန်တကယ် နှစ်သက်ခြင်း ရှိမရှိ၊ သို့မဟုတ် သင်သည် သမ္မာတရားကို အနည်းငယ်မျှသာ နှစ်သက်သော်လည်း ယင်းကို အပြည့်အဝ လက်ခံပြီး လက်တွေ့မလုပ်ဆောင်နိုင်ခြင်း ရှိမရှိကို နောက်ဆုံးရလဒ်က သင့်အား အဖြေပေးလိမ့်မည်။ ကောင်းပြီ၊ ဤခေါင်းစဉ်နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် နိဂုံးချုပ်မည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။