ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၇) အခန်း သုံး

ဈ။ အချိန်မရွေး ထွက်ခွာနိုင်စွမ်းရှိခြင်း

နဝမမြောက် သရုပ်သကန်မှာ “အချိန်မရွေး ထွက်ခွာနိုင်စွမ်းရှိခြင်း” ဖြစ်သည်။ ဘုရားအိမ်တော်မှ အချိန်မရွေး ထွက်ခွာနိုင်စွမ်းရှိသော ဤလူစားမျိုးသည် အထူးအခြေအနေတစ်ရပ်ကို ကြုံတွေ့သည့်အခါ သို့မဟုတ် သာမန်လူတစ်ဦး ခံနိုင်ရည်ရှိသည်ထက် ကျော်လွန်သော၊ ၎င်းတို့၏ အတိုင်းအတာကို ကျော်လွန်သော ကြီးမားသည့် ဘေးအန္တရာယ်တစ်ခုကို ကြုံတွေ့သည့်အခါမှသာ ထွက်ခွာသည့်သူတစ်ဦးမဟုတ်ဘဲ အချိန်မရွေး ထွက်ခွာနိုင်စွမ်းရှိသူ ဖြစ်သည်။ သေးငယ်သော အမှုအရာတစ်ခုကပင် ၎င်းတို့ကို ထွက်ခွာစေနိုင်သည်၊ သေးငယ်သော အမှုအရာတစ်ခုကပင် ၎င်းတို့ကို မိမိတို့၏ တာဝန်ကို မထမ်းဆောင်ချင်တော့ရန်၊ ဘုရားသခင်ကို မယုံကြည်ချင်တော့ရန်နှင့် ဘုရားအိမ်တော်မှ ထွက်ခွာသွားချင်ရန် ဖြစ်စေနိုင်သည်။ ဤလူစားမျိုးသည် ကြီးမားသော ပြဿနာတစ်ခုလည်း ဖြစ်သည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ယုဒကဲ့သို့သော လူများထက် အနည်းငယ် ပိုကောင်းပုံရနိုင်သော်လည်း ၎င်းတို့သည် အချိန်မရွေး၊ နေရာမရွေး ဘုရားအိမ်တော်မှ ထွက်ခွာနိုင်စွမ်းရှိကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်နိုင်စွမ်း ရှိမရှိမှာ မသေချာပေ။ သင်တို့သည် ဤလူစားမျိုးကို ယုံကြည်စိတ်ချရသည်ဟု ထင်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့သည် ကျင့်ကြံပြုမူရာ၌ စည်းမျဉ်းများ ရှိသလော။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ အခြေခံအုတ်မြစ် ရှိသလော။ (မရှိပါ။) ၎င်းတို့သည် အမှန်တကယ် ယုံကြည်ခြင်း၏ လက္ခဏာတစ်စုံတစ်ရာ ပြသသလော။ (မပြပါ။) သို့ဆိုလျှင် ၎င်းတို့သည် မည်သို့သော လူစားမျိုး ဖြစ်သနည်း။ (မယုံကြည်သူတစ်ဦး ဖြစ်ပါသည်။) ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည်မှာ ဟာသလုပ်နေသကဲ့သို့ ဖြစ်သည်။ ၎င်းတို့သည် လုပ်သင့်လုပ်ထိုက်သော အလုပ်တာဝန်များကို မလုပ်ဆောင်ဘဲ ပဲငံပြာရည်အချို့ ဝယ်ရန် အပြင်ထွက်သည့် သူတစ်ဦးနှင့် တူသည်၊ ထိုသူသည် လမ်းပေါ်၌ သက်ဝင်လှုပ်ရှားသော မြင်ကွင်းကို ဖန်တီးနေသည့် လမ်းဘေးကျွမ်းဘားသမားများ သို့မဟုတ် ဖျော်ဖြေသူများကို မြင်တွေ့ပြီး စိတ်လှုပ်ရှားမှုတွင် နစ်မျောသွားကာ ပဲငံပြာရည်ဝယ်ရန် မေ့လျော့သွားပြီး နောက်ဆုံးတွင် အရေးကြီးသောကိစ္စများကို နှောင့်နှေးကြန့်ကြာစေသည်။ ဤသို့သော လူစားမျိုးသည် မည်သည့်အရာကိုမျှ ကြာရှည်စွာ စွဲစွဲမြဲမြဲ မလုပ်ဆောင်ပေ၊ ၎င်းတို့သည် စိတ်နှစ်ခွဖြစ်ပြီး မတည်ငြိမ်ကြပေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည်လည်း ၎င်းတို့၏ စိတ်ဝင်စားမှုအပေါ် အခြေခံသည်၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရသည်မှာ အတော်ပင် ပျော်စရာကောင်းသည်ဟု ခံစားရသော်လည်း တစ်ချိန်ချိန်တွင် စိတ်ဝင်စားမှုမရှိတော့သည့်အခါ မည်သည့်တွန့်ဆုတ်မှုမျှမရှိဘဲ ချက်ချင်း ထွက်ခွာသွားလိမ့်မည်။ ထွက်ခွာသွားသူအချို့သည် ချက်ချင်း စီးပွားရေးလုပ်ငန်း လုပ်ကြသည်၊ အချို့သည် အစိုးရဝန်ထမ်းလမ်းကြောင်းကို လိုက်စားကြသည်၊ အချို့သည် ချစ်ရေးချစ်ရာ ဆက်ဆံရေးများတွင် ပါဝင်ပြီး အိမ်ထောင်ပြုရန် ပြင်ဆင်ကြသည်၊ ချက်ချင်း ချမ်းသာလိုသူအချို့မှာမူ လောင်းကစားရုံသို့ တန်းသွားကြသည်။ လူတစ်ဦးကို သုံးရက်ကြာ မတွေ့ပြီးနောက်တွင် အမြင်သစ်ဖြင့် ကြည့်သင့်သည်ဟု လူတို့က ဆိုကြသည်။ အချိန်မရွေး ဘုရားအိမ်တော်မှ ထွက်ခွာနိုင်စွမ်းရှိသောသူတစ်ဦးအတွက်မူ သင်သည် ၎င်းတို့ကို တစ်ရက်မျှသာ မတွေ့လိုက်ရလျှင်ပင် နောက်တစ်ကြိမ် ပြန်တွေ့သည့်အခါ ၎င်းတို့သည် လုံးဝကွဲပြားခြားနားသော လူတစ်ဦးကဲ့သို့ ဖြစ်နေသည်။ ယမန်နေ့က ၎င်းတို့သည် သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ထားဆဲဖြစ်ပြီး အမူအရာကောင်းမွန်ပြီး ကြည့်ပျော်ရှုပျော်ဖြစ်နေသေးသည်။ ၎င်းတို့သည် မိမိတို့၏ လူငယ်ဘဝကို ဘုရားသခင်အတွက် ဆက်ကပ်ရန်၊ ဘုရားသခင်အတွက် မိမိတို့၏ အသွေးကို ပေးဆပ်ရန်၊ ဘုရားသခင်အတွက် အသေခံရန်၊ သေသည့်တိုင် သစ္စာစောင့်သိရန်နှင့် နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် ဆန္ဒရှိကြောင်း ပြောဆိုလျက် မျက်ရည်များ တသွင်သွင်စီးကျကာ ဘုရားသခင်ထံ ဆုပင်တောင်းခဲ့သေးသည်။ ၎င်းတို့သည် ထိုသို့သော မြင့်မြတ်သည့် ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသော်လည်း မကြာမီပင် လောင်းကစားရုံသို့ သွားခဲ့ကြသည်။ ယမန်နေ့က ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရသည်ကို ပျော်ရွှင်နေခဲ့ပြီး စုဝေးပွဲအတွင်းတွင် ဝင်းထိန်နေသော မျက်နှာနှင့် စိတ်အားထက်သန်မှု ပြင်းပြစွာဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့သည်မှာ စိတ်လှုပ်ရှားလွန်း၍ မျက်ရည်ကျသည်အထိ တို့ထိခံစားခဲ့ရသည်။ သို့ဖြစ်လျှင် ယနေ့ လောင်းကစားရုံသို့ အဘယ်သို့လျှင် ပြေးသွားခဲ့သနည်း။ ၎င်းတို့သည် အိမ်ပြန်ရန် ဆန္ဒမရှိဘဲ ညဉ့်နက်သည်အထိ လောင်းကစား လုပ်ခဲ့ကြပြီး အလွန်ပျော်ရွှင်ကာ စိတ်အားထက်သန်မှု ပြင်းပြနေခဲ့ကြသည်။ ယမန်နေ့က ၎င်းတို့သည် စုဝေးပွဲများကို တက်ရောက်နေဆဲဖြစ်သော်လည်း ယနေ့တွင်မူ လောင်းကစားရုံသို့ ပြေးသွားခဲ့ကြသည်၊ သို့ဆိုလျှင် မည်သည့်သရုပ်သကန်က ၎င်းတို့၏ ပင်ကိုစရိုက်အမှန် ဖြစ်သနည်း။ (နောက်ပိုင်းတစ်ခုက ၎င်းတို့၏ ပင်ကိုစရိုက်အမှန် ဖြစ်ပါသည်။) လူတစ်ဦးသည် သမ္မာတရားကို နားမလည်ပါက ဤလူသည် မည်သို့သောသူဖြစ်သည်ကို အမှန်တကယ်ပင် ထိုးထွင်းသိမြင်နိုင်မည် မဟုတ်ပေ။ အစနှင့်အဆုံး သရုပ်သကန်နှစ်မျိုးလုံးကို အမှန်တကယ်တွင် လူတစ်ဦးတည်းကသာ ပြသခြင်းဖြစ်သည်၊ သို့ဆိုလျှင် အဘယ်သို့လျှင် ယင်းတို့ကို မတူညီသော လူနှစ်ဦးက ပြသနေသည်ဟု ထင်ရသနည်း။ ဤသို့သောလူတစ်ဦးကို လူအများစုက ထိုးထွင်းသိမြင်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် ၎င်းတို့သည် မကြာခဏ စုဝေးပွဲများ တက်ရောက်ကြောင်း၊ မကောင်းမှုကို မပြုကြောင်းနှင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အတော်အတန်ပင် ဆင်းရဲဒုက္ခခံနိုင်ပြီး အဖိုးအခပေးနိုင်ကြောင်း သင် မြင်တွေ့ရသည်။ ကွန်ပျူတာရှေ့တွင် ထိုင်သည့်အခါ ၎င်းတို့သည် အာရုံစူးစိုက်ပြီး လုံ့လဝီရိယရှိကာ အလုပ်ကို ကြိုးစားလုပ်ဆောင်ပြီး စိတ်ရောကိုယ်ပါ ထည့်သွင်းလုပ်ဆောင်ကြသည်။ ဘုရားသခင်ကို ယုံကြည်သောသူတစ်ဦးအနေဖြင့် ၎င်းတို့သည် မာကျောက် မကစားသင့်ဟု သင် ထင်လိမ့်မည် မဟုတ်လော။ သို့သော် ၎င်းတို့ကို တစ်ရက်မျှ မတွေ့လိုက်ရပြီးနောက်တွင် ၎င်းတို့သည် လောင်းကစားလုပ်ရန် မာကျောက်ကစားသည့်နေရာ သို့မဟုတ် လောင်းကစားရုံသို့ ပြေးသွားခဲ့ကြသည်။ ပြီးလျှင် ၎င်းတို့သည် ပထမတန်းစား မာကျောက်ကစားသမားတစ်ဦး ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သောသူတစ်ဦးနှင့် လုံးဝမတူပေ။ ၎င်းတို့သည် သင့်ကို လုံးဝပင် အကြံအိုက်အောင် ပြုလုပ်ခဲ့သည်၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သောသူတစ်ဦးလော သို့မဟုတ် မာကျောက်ကစားသော ဘာသာတရားမရှိသူတစ်ဦးလော။ ၎င်းတို့သည် အဘယ်သို့လျှင် ဤမျှ လျင်မြန်စွာ အခန်းကဏ္ဍ ပြောင်းလဲနိုင်သနည်း။ သို့ဆိုလျှင် ၎င်းတို့ ဘုရားသခင်ကို ယုံကြည်သည့်အခါ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင် ရှိသလော။ (မရှိပါ။) ၎င်းတို့သည် ပျော်ရွှင်ရန်နှင့် အချိန်ဖြုန်းရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ ယင်းက ၎င်းတို့၏ ဘဝအတွက် ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးနိုင်ခြင်း ရှိမရှိကိုလည်းကောင်း သိမြင်ရန်အတွက်သာ ဖြစ်သည်။ ၎င်းတို့ မပျော်ရွှင်ပါက အချိန်မရွေး ထွက်ခွာနိုင်စွမ်းရှိကြသည်။ ၎င်းတို့သည် တစ်သက်လုံး ယုံကြည်ရန် မည်သည့်အခါမျှ အစီအစဉ်မရှိခဲ့သကဲ့သို့ တစ်သက်လုံး တာဝန်ထမ်းဆောင်ပြီး ဘုရားသခင်နောက် လိုက်ရန်လည်း မည်သည့်အခါမျှ အစီအစဉ်မရှိခဲ့သည်မှာ သေချာသည်။ သို့ဆိုလျှင် ၎င်းတို့ အဘယ်အရာကို အစီအစဉ်ရှိခဲ့သနည်း။ ၎င်းတို့၏ စိတ်ထဲတွင် ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်မည်ဆိုလျှင် အနည်းဆုံးအနေဖြင့် ယင်းသည် ၎င်းတို့၏ ပျော်ရွှင်နိုင်စွမ်းကို မတားဆီးရ၊ မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်ခြင်း မပါဝင်ရ၊ ပျော်ရွှင်သောဘဝကို အသက်ရှင်နိုင်ရန် အာမခံချက်ပေးနိုင်ဆဲ ဖြစ်ရမည်။ ၎င်းတို့သည် နေ့စဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး သမ္မာတရားအကြောင်းကို မိတ်သဟာယဖွဲ့ရမည်ဆိုလျှင် စိတ်ဝင်စားမည်မဟုတ် သို့မဟုတ် ပျော်ရွှင်မည်မဟုတ်ပေ။ ယင်းကို ငြီးငွေ့လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အသင်းတော်မှ ထွက်ခွာပြီး လောကသို့ ပြန်ပြေးကြလိမ့်မည်။ ၎င်းတို့က “ဘဝသည် မလွယ်ကူပါ၊ ထို့ကြောင့် လူတို့သည် မိမိတို့ကိုယ်ကို ညှဉ်းပန်းနှိပ်စက်ခြင်း မပြုသင့်ပါ။ ကျွန်ုပ်တို့သည် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရမည်ဖြစ်ပြီး မိမိတို့၏ ဇာတိခန္ဓာကို မညှဉ်းပန်းမနှိပ်စက်ရပါ။ ကျွန်ုပ်တို့သည် နေ့စဉ် ပျော်ရွှင်ကြောင်း သေချာစေရမည်၊ ယင်းမှာ လွတ်လပ်စွာ အသက်ရှင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဘုရားကို ယုံကြည်ခြင်းသည် ခေါင်းမာစွာ မပြုလုပ်သင့်ပါ။ ကျွန်ုပ် မည်မျှ အေးအေးဆေးဆေးရှိသည်ကို ကြည့်လော့၊ ပျော်ရွှင်မှုရှိသည့် မည်သည့်နေရာမဆို ကျွန်ုပ်သွားသည့်နေရာ ဖြစ်သည်။ ကျွန်ုပ် မပျော်ရွှင်လျှင် ထွက်ခွာသွားမည်။ အဘယ်ကြောင့် ကျွန်ုပ်ကိုယ်တိုင်အတွက် အဆင်မပြေမှုများကို ဖန်တီးရမည်နည်း။ အချိန်မရွေး ထွက်ခွာနိုင်စွမ်းရှိခြင်းသည် ကျွန်ုပ် ကျင့်ကြံပြုမူခြင်း နည်းလမ်းအတွက် အမြင့်မားဆုံးသော ဝါဒဖြစ်သည်၊ ‘လွတ်လပ်သောစိတ်ဓာတ်ရှိသည့် ယုံကြည်သူ’ တစ်ဦး ဖြစ်ခြင်း၊ ဤကဲ့သို့ အသက်ရှင်နေထိုင်ခြင်းသည် အလွန် သက်သောင့်သက်သာရှိပြီး အပူအပင်ကင်းလှပါတကား” ဟု တွေးထင်ကြသည်။ ဤသို့သော လူစားမျိုးသည် မည်သို့သော သီချင်းမျိုးကို မကြာခဏ သီဆိုကြသနည်း။ “ကျွန်ုပ် အဘယ်မှလာသည်ကို မမေးပါနှင့်၊ ကျွန်ုပ်၏ ဇာတိမြို့သည် အဝေးမှာရှိသည်” ဟူ၍ ဖြစ်သည်။ ထိုသို့မဟုတ်လျှင် အခြားမည်သည့်အရာကို ၎င်းတို့ သီဆိုကြသနည်း။ “အဘယ်ကြောင့် တစ်ကြိမ်တစ်ခါမျှ လွတ်လပ်စွာ မနေထိုင်ဘဲနေမည်နည်း” ဟူ၍ ဖြစ်သည်။ ယင်းကို ငြီးငွေ့ဖွယ်ကောင်းသည် သို့မဟုတ် ပျော်စရာမကောင်းတော့ဟု ခံစားရသည့်အခါ ၎င်းတို့သည် “လောကကြီးတွင် ကြည့်ရှုစရာများစွာ ရှိနေသေးလျက် အဘယ်ကြောင့် နေရာတစ်နေရာတည်းတွင် ကပ်တွယ်နေမည်နည်း” ဟု စဉ်းစားလျက် လျင်မြန်စွာ ထွက်ခွာသွားကြသည်။ ၎င်းတို့ အသုံးပြုသည့် အခြားသော ကျော်ကြားသည့် ဆိုရိုးစကားမှာ အဘယ်နည်း။ “သစ်ပင်တစ်ပင်အတွက် အဘယ်ကြောင့် သစ်တောတစ်အုပ်လုံးကို စွန့်လွှတ်ရမည်နည်း” ဟူ၍ ဖြစ်သည်။ သင်တို့ မည်သို့ထင်သနည်း၊ ဤသို့သော လူစားမျိုးတွင် စစ်မှန်သော ယုံကြည်ခြင်း ရှိသလော။ (မရှိပါ၊ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြပါသည်။) မယုံကြည်သူများနှင့်ပတ်သက်လာလျှင် ၎င်းတို့၏ ပြဿနာများသည် လူ့သဘာဝ၏ ပြဿနာများဖြစ်ကြောင်း ငါတို့ ပြောဆိုနေကြသည်ဖြစ်သည့်အတွက် ထိုသို့သောလူများ၏ လူ့သဘာဝတွင် အတိအကျ မည်သည့်အရာ မှားယွင်းနေသနည်း။ ဤသို့သော လူစားမျိုးသည် လူတို့ မည်သို့ ကျင့်ကြံပြုမူသင့်သည်၊ လူတို့ မည်သည့်လမ်းကို လျှောက်လှမ်းသင့်သည် သို့မဟုတ် လူတို့ အသက်ရှင်နေထိုင်စဉ် မည်သို့သော ဘဝအမြင်နှင့် တန်ဖိုးများကို ထားရှိသင့်သည်ဟူသော မေးခွန်းများကို တစ်ခါမျှ စဉ်းစားခဲ့ဖူးသည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) သို့ဆိုလျှင် ဤလူစားမျိုး၏ လူ့သဘာဝနှင့်ဆိုင်သော ပြဿနာမှာ အဘယ်နည်း။ (ဤလူစားမျိုးသည် ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ပါသည်၊ ၎င်းတို့သည် ထိုသို့သော မေးခွန်းများကို မစဉ်းစားကြပါ။) ယင်းမှာ သေချာသည်။ ထို့အပြင် တိတိကျကျဆိုရလျှင် ဤလူစားမျိုးတွင် စိတ်ဝိညာဉ်မရှိပေ၊ ၎င်းတို့သည် လမ်းလျှောက်နေသော အလောင်းကောင်မျှသာ ဖြစ်သည်။ ၎င်းတို့သည် မည်သို့ ကျင့်ကြံပြုမူရမည် သို့မဟုတ် မည်သည့်လမ်းကို လျှောက်လှမ်းသင့်သည်နှင့်ပတ်သက်၍ မိမိတို့၏ ကိုယ်ပိုင်သတ်မှတ်ချက်များ မရှိသကဲ့သို့ ဤအရာများကိုလည်း မစဉ်းစားကြပေ။ ၎င်းတို့ ဤအရာများကို မစဉ်းစားရသည့်အကြောင်းရင်းမှာ အပြင်ပန်းတွင် လူ၏အသွင်အပြင် ရှိနေသော်လည်း ၎င်းတို့၏ အနှစ်သာရသည် အမှန်တကယ်တွင် လမ်းလျှောက်နေသော အလောင်းကောင်၊ အခွံသက်သက်တစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။ ဤလူစားမျိုးသည် လူ့ဘဝနှင့် ရှင်သန်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်လာလျှင် ဘဝကို ဖြစ်သလို နေထိုင်ဖြတ်သန်းသည့် သဘောထားရှိသည်။ တိတိကျကျဆိုရလျှင် “ဘဝကို ဖြစ်သလို နေထိုင်ဖြတ်သန်းခြင်း” ဆိုသည်မှာ ဖြစ်သလိုနေထိုင်ပြီး သေခြင်းကို စောင့်ဆိုင်းခြင်း၊ မလေ့လာဘဲ အသိဉာဏ်ကင်းမဲ့စွာ နေထိုင်ခြင်း၊ မိမိတို့၏ နေ့ရက်များကို စားခြင်း၊ သောက်ခြင်းနှင့် ပျော်ပါးခြင်းတို့ဖြင့် ကုန်ဆုံးစေခြင်းကို ဆိုလိုသည်။ ၎င်းတို့သည် ပျော်ရွှင်မှုရှိသည့် မည်သည့်နေရာသို့မဆို သွားကြပြီး ၎င်းတို့ကို ပျော်ရွှင်စေသော၊ ဝမ်းမြောက်စေသော၊ ဇာတိပကတိ၌ သက်သောင့်သက်သာဖြစ်စေသော မည်သည့်အရာကိုမဆို လုပ်ဆောင်ကြလိမ့်မည်။ သို့သော် ၎င်းတို့၏ ဇာတိပကတိကို ဒုက္ခခံစားရစေသော သို့မဟုတ် အတွင်းစိတ် နာကျင်မှုကို ဆောင်ကြဉ်းပေးသော မည်သည့်အရာကိုမဆို ရှောင်ကြဉ်ပြီး အဝေးတွင် နေကြလိမ့်မည်၊ ၎င်းတို့သည် မိမိတို့၏ ဇာတိပကတိကို ဆင်းရဲဒုက္ခခံစားစေလိုခြင်း မရှိကြပေ။ သို့သော် အချို့လူများသည် ဆင်းရဲဒုက္ခခံစားခြင်းမှတစ်ဆင့် ဘဝကို တွေ့ကြုံခံစားကြသည်။ သို့မဟုတ် အမျိုးမျိုးသော အမှုအရာများကို ဖြတ်သန်းပြီး တွေ့ကြုံခံစားခြင်းအားဖြင့် ၎င်းတို့၏ ဘဝများသည် အနှစ်မဲ့မနေစေရန်နှင့် ထိုအရာမှ တစ်စုံတစ်ခု ရရှိနိုင်ရန် ပြုလုပ်ကြသည်။ အဆုံးတွင် ၎င်းတို့သည် လူတစ်ဦး မည်သည့်လမ်းကို လျှောက်လှမ်းသင့်သည်၊ မည်သို့သောလူစားမျိုး ဖြစ်သင့်သည်ဟူသော ကောက်ချက် ချလိုက်လေသည်။ ဘဝအတွေ့အကြုံများမှတစ်ဆင့် ၎င်းတို့သည် များစွာ ရရှိကြသည်။ တစ်ချက်အနေနှင့် ၎င်းတို့သည် အချို့သောလူများကို ရိပ်စားမိနိုင်ကြသည်၊ ထို့အပြင် လူတစ်ဦးသည် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ဆက်ဆံရန် မည်သည့်စည်းမျဉ်းများနှင့် နည်းလမ်းများကို အသုံးပြုသင့်သည်၊ လူတစ်ဦးသည် မိမိ၏ တစ်သက်တာလုံးကို မည်သို့ အသက်ရှင်နေထိုင်သင့်သည်ကို ကောက်ချက်ချနိုင်ကြသည်။ ၎င်းတို့ နောက်ဆုံး ကောက်ချက်ချသည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီသည်ဖြစ်စေ၊ ဆန့်ကျင်သည်ဖြစ်စေ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ထိုအရာကို စဉ်းစားခဲ့ကြသည်။ အခြားတစ်ဖက်တွင်မူ အချိန်မရွေး ဘုရားအိမ်တော်မှ ထွက်ခွာနိုင်စွမ်းရှိသောသူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ သမ္မာတရားကို လိုက်စားရန် သို့မဟုတ် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် စိတ်ဝင်စားမှုမရှိကြပေ။ ၎င်းတို့သည် မိမိတို့၏ ကာမဂုဏ်ဆိုင်ရာ လိုအင်ဆန္ဒများနှင့် နှစ်သက်မှုများကို ဖြည့်ဆည်းရန် အခွင့်အရေးများကို အမြဲ ရှာဖွေနေကြပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုကို လုံ့လဝီရိယရှိစွာ လေ့လာရန်၊ မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သို့မဟုတ် အဓိပ္ပာယ်ရှိသော ဘဝကို အသက်ရှင်နေထိုင်ရန် မည်သည့်အခါမျှ မလိုလားကြပေ။ ၎င်းတို့သည် ဘာသာတရား မရှိသူများကဲ့သို့ နေ့စဉ် ပျော်ရွှင်ချင်ကြသည်။ သို့ဖြစ်၍ ၎င်းတို့ သွားသည့် မည်သည့်နေရာတွင်မဆို မိမိတို့၏ စိတ်ဝင်စားမှုများနှင့် စူးစမ်းလိုစိတ်ကို ဖြည့်ဆည်းရန်အတွက်သာ ပျော်ရွှင်မှုနှင့် အပန်းဖြေမှုကို ရှာဖွေကြသည်။ ၎င်းတို့သည် တာဝန်တစ်ခုတည်းကို ဆက်လက်လုပ်ဆောင်ရမည်ဆိုလျှင် စိတ်ဝင်စားမှု မရှိတော့ဘဲ ဆက်လက်လုပ်ဆောင်ရန် စိတ်အားထက်သန်မှု မရှိတော့ပေ။ ဤသို့သော လူစားမျိုးနှင့်ဆိုလျှင် ဘဝအပေါ် ၎င်းတို့၏ သဘောထားမှာ ဖြစ်သလိုနေထိုင်ရန်သာ ဖြစ်သည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် အခြားသူများကို စိတ်ထဲထည့်မနေဘဲ အလွန်လွတ်လပ်ပြီး အေးအေးဆေးဆေး နေထိုင်ကြပုံရသည်။ ၎င်းတို့သည် နေ့စဉ် ပျော်ရွှင်ပြီး အပူအပင်ကင်းမဲ့ပုံရကာ သွားလေရာရာ၌ အခြေအနေများနှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်ကြသည်။ အချို့ဆိုလျှင် လောကီဓလေ့ထုံးတမ်းများ သို့မဟုတ် လူမှုဆက်ဆံရေး ဓလေ့ထုံးစံများ၏ သက်ရောက်မှုနှင့် ချည်နှောင်မှုတို့မှ ကင်းလွတ်ပုံရပြီး သာမန်ထက် ထူးကဲကာ လူအများထက် သာလွန်သည်ဟူသော အပြင်ပန်းအထင်အမြင်ကို ပေးသည်။ သို့သော် အမှန်တကယ်တွင် ၎င်းတို့၏ အနှစ်သာရမှာ လမ်းလျှောက်နေသော အလောင်းကောင်၊ စိတ်ဝိညာဉ်မရှိသော အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း အချိန်မရွေး အသင်းတော်မှ ထွက်ခွာနိုင်စွမ်းရှိသောသူတို့သည် မိမိတို့လုပ်ဆောင်သည့် မည်သည့်အရာကိုမျှ ကြာရှည်စွာ စွဲစွဲမြဲမြဲ မလုပ်ဆောင်ကြပေ၊ ၎င်းတို့သည် ကောက်ရိုးမီးလို ခဏသာဖြစ်သည်။ သို့သော် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများသည် ကွဲပြားသည်။ ၎င်းတို့ မည်သည့်တာဝန်ကို ထမ်းဆောင်နေသည်ဖြစ်စေ ယင်းကို အလေးအနက် လေ့လာပြီး ကောင်းစွာ လုပ်ဆောင်ရန် ကြိုးစားကြသည်။ ၎င်းတို့သည် တစ်စုံတစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပြီး တန်ဖိုးအချို့ကို ဖန်တီးနိုင်သည်။ တစ်ချက်အနေနှင့် ၎င်းတို့သည် မိမိတို့ပတ်ဝန်းကျင်ရှိသူများ၏ အသိအမှတ်ပြုမှုကို ရရှိနိုင်ကြပြီး တစ်ချိန်တည်းတွင် မိမိတို့သည် တစ်စုံတစ်ခုကို လုပ်ဆောင်နိုင်စွမ်းရှိပြီး အသုံးဝင်သောလူများဖြစ်ကာ အသုံးမကျသူများ မဟုတ်ကြောင်း မြင်တွေ့ရသဖြင့် အတွင်းစိတ်၌ ယုံကြည်မှုရှိသည်ဟု ခံစားနိုင်သည်။ ဤသည်မှာ ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူတစ်ဦး စွမ်းဆောင်နိုင်သည့် အနိမ့်ဆုံးအဆင့် ဖြစ်သည်။ သို့သော် ဘဝကို ဖြစ်သလို နေထိုင်ဖြတ်သန်းသောသူတို့မူကား ဤအရာများကို မည်သည့်အခါမျှ မစဉ်းစားကြပေ။ ၎င်းတို့ သွားသည့် မည်သည့်နေရာတွင်မဆို စားခြင်း၊ သောက်ခြင်းနှင့် ပျော်ပါးခြင်းသာ ရှိသည်။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် အလွန်လွတ်လပ်ပြီး အေးချမ်းစွာ နေထိုင်ကြပုံရသော်လည်း အမှန်တကယ်တွင် ထိုသို့သောလူများ၌ စဉ်းစားတွေးခေါ်ဉာဏ် မရှိကြပေ။ ၎င်းတို့လုပ်ဆောင်သည့် အရာအားလုံးတွင် မည်သည့်အခါမျှ အလေးအနက်မရှိပေ၊ ၎င်းတို့သည် အစဉ်သဖြင့် ဖြစ်ကတတ်ဆန်းနိုင်ပြီး ခဏတာ စိတ်အားထက်သန်မှုဖြင့်သာ လှုံ့ဆော်ခံရကာ မည်သည့်အရာကိုမျှ ဖြစ်မြောက်အောင် မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ တစ်သက်တာလုံးကို ဖြစ်သလို နေထိုင်ဖြတ်သန်းလိုကြပြီး သွားလေရာရာ၌ ဤသဘောထားကိုပင် ဆောင်ကြဉ်းသွားကြသည်၊ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းပင်လျှင် ဤအရာမှ ခြွင်းချက်မရှိပေ။ အချို့သော အချိန်ကာလတစ်ခုအတွင်းတွင် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ အတော်အတန် အလေးအနက်ထားပုံရပြီး ဆင်းရဲဒုက္ခခံနိုင်ကာ အဖိုးအခပေးနိုင်သည်ကို သင် မြင်တွေ့ရနိုင်သော်လည်း မည်သူက ၎င်းတို့၏ ပြဿနာများကို ထောက်ပြသည်ဖြစ်စေ၊ မည်သို့လုပ်ဆောင်ရမည်ကို ပြောပြသည်ဖြစ်စေ ၎င်းတို့သည် မည်သည့်အခါမျှ အလေးအနက်မထားဘဲ သမ္မာတရားကို လုံးဝ လက်မခံကြပေ။ ၎င်းတို့သည် မိမိတို့အလိုရှိသလိုသာ အမှုအရာများကို လုပ်ဆောင်ကြသည်၊ ၎င်းတို့ ပျော်ရွှင်နေသမျှကာလပတ်လုံး ၎င်းတို့အတွက် အဆင်ပြေသည်။ ပြီးလျှင် ၎င်းတို့ မပျော်ရွှင်တော့ပါက မည်သူ၏ အကြံဉာဏ်ကိုမျှ နားမထောင်ဘဲ ပျော်ပါးရန် ထွက်သွားကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် “မည်သို့ပင်ဖြစ်စေ ဘုရားကို ရေရှည်ယုံကြည်ရန် ကျွန်ုပ် အစီအစဉ်မရှိပါ” ဟု စဉ်းစားကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို ပြုပြင်ပါက ၎င်းတို့သည် ချက်ချင်း ထွက်ခွာနိုင်စွမ်းရှိကြသည်။ ဤသည်မှာ အချိန်မရွေး အသင်းတော်မှ ထွက်ခွာနိုင်စွမ်းရှိသော လူများ၏ သရုပ်သကန်များထဲမှ တစ်ခုဖြစ်သည်။

အချိန်မရွေး အသင်းတော်မှ ထွက်ခွာနိုင်စွမ်း ရှိသောသူတို့တွင် အခြားသရုပ်သကန်တစ်မျိုး ရှိသေးသည်။ အချို့လူများမှာ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှပင် ယုံကြည်ခဲ့သည်ဖြစ်စေကာမူ၊ ၎င်းတို့တွင် အခြေခံအုတ်မြစ်ရှိပုံပေါက်သည်ဖြစ်စေ မပေါက်သည်ဖြစ်စေ၊ ယခင်က မည်သို့သောတာဝန်ကိုပင် ထမ်းဆောင်ခဲ့သည်ဖြစ်စေကာမူ၊ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများနှင့် သက်ဆိုင်သော အထူးအခြေအနေတစ်ရပ်ကို ကြုံတွေ့သည်နှင့်တစ်ပြိုင်နက် ရုတ်တရက် ပျောက်ကွယ်သွားနိုင်သည်။ အချိန်မရွေး အခြားလူများက ၎င်းတို့နှင့် အဆက်အသွယ်ပြတ်တောက်သွားနိုင်ပြီး ၎င်းတို့ မည်သို့ဖြစ်နေသည်ကို တစ်စက်မျှမသိရဘဲ အသင်းတော်၌ ၎င်းတို့ကို မမြင်တွေ့ရတော့ပေ။ အချို့လူများသည် ၎င်းတို့ကို သွေးဆောင်ဖြားယောင်းရန် ကြိုးစားနေသည့် လိင်မတူသူတစ်ဦးနှင့် ကြုံတွေ့သည့်အခါ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းကို ရပ်တန့်ပြီး ချိန်းတွေ့ရန် ထွက်သွားကာ လုံးဝ အဆက်အသွယ် လုပ်မရတော့ပေ။ အခြားသူများလည်း ရှိသေးသည်၊ ၎င်းတို့၏ သားသမီးများသည် အိမ်ထောင်ပြုရမည့် အရွယ်သို့ ရောက်ရှိလာပြီး ၎င်းတို့သည် မိမိတို့၏ သားသမီးများ၏ မင်္ဂလာဆောင်ကို စီစဉ်ပေးရသဖြင့် အလုပ်များလာကာ မိမိတို့၏ တာဝန်ကို မထမ်းဆောင်တော့ဘဲ စုဝေးပွဲများတွင်လည်း မပါဝင်တော့ပေ။ မည်သူက ၎င်းတို့ကို ရှာဖွေသည်ဖြစ်စေ အိမ်ထဲသို့ပင် ဝင်ခွင့်မရပေ။ အချို့လူများသည် မိမိတို့၏ မိဘများ သို့မဟုတ် အိမ်ထောင်ဖက် နေမကောင်းဖြစ်ပြီး ဆေးရုံတက်ရသည့်အခါ သို့မဟုတ် ကြီးမားသော အမှုအရာတစ်ခု ဖြစ်ပျက်သည့်အခါ သို့မဟုတ် အိမ်၌ မျှော်လင့်မထားသော ဘေးဒုက္ခတစ်ခု ဖြစ်ပွားသည့်အခါ ၎င်းတို့သည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်သူများဖြစ်လျှင် “မကြာသေးမီက အိမ်၌ ဖြေရှင်းရန် ကိစ္စအချို့ရှိနေသောကြောင့် စည်းဝေးများ မတက်ရောက်နိုင်ပါ။ ကျွန်ုပ်သည် ခွင့်တိုင်ကြားရန် လိုအပ်ပါသည်၊ သင်တို့အနေဖြင့် သင့်တော်သူတစ်ဦးကို ရှာတွေ့နိုင်ပါက၊ ကျွန်ုပ်၏ တာဝန်ကို မနှောင့်နှေးစေဘဲ ထိုသူအား ယာယီ လွှဲပြောင်းပေးပါ” ဟု ဆိုလျက် ရှင်းလင်းချက်တစ်ခု ပေးလိမ့်မည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် အသိပေးချက်နှင့် ရှင်းလင်းချက်အချို့ကို ပေးလိမ့်မည်။ သို့သော် အချိန်မရွေး အသင်းတော်မှ ထွက်ခွာနိုင်စွမ်းရှိသောသူတို့သည် စကားတစ်ခွန်းမျှ မပြောဘဲ အသင်းတော်နှင့် အဆက်အသွယ် ဖြတ်တောက်ကြပြီး ညီအစ်ကိုမောင်နှမများ မည်သို့ပင် ကြိုးစားစေကာမူ ၎င်းတို့နှင့် အဆက်အသွယ်မရနိုင်ပေ။ ၎င်းတို့တွင် ဆက်သွယ်ရန် နည်းလမ်းမရှိ၍ မဟုတ်ပါ၊ မည်သည့်နည်းလမ်းဖြင့်မဆို ၎င်းတို့ကို ဆက်သွယ်နိုင်သည်၊ သို့သော် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို ဆက်သွယ်ရန် သို့မဟုတ် တုံ့ပြန်ရန် ဆန္ဒမရှိခြင်းသာ ဖြစ်သည်။ ၎င်းတို့က “သင့်ကို အဘယ်ကြောင့် ကျွန်ုပ် ဆက်သွယ်သင့်သနည်း။ ကျွန်ုပ်သည် မိမိ၏တာဝန်ကို မိမိ၏သဘောဆန္ဒအလျောက် ထမ်းဆောင်ခြင်းဖြစ်ပြီး ယင်းအတွက် အခကြေးငွေတစ်စုံတစ်ရာ ရယူခြင်းမရှိပါ။ ကျွန်ုပ်ထွက်ခွာလိုလျှင် ထွက်ခွာမည်သာဖြစ်သည်။ အိမ်၌ ကိစ္စတစ်စုံတစ်ရာ ရှိနေပါက ထိုအရာသည် ကျွန်ုပ်၏ ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်သည်။ သင့်ကို အကြောင်းကြားရန် ကျွန်ုပ်၌ တာဝန်မရှိသကဲ့သို့ သင်၌လည်း သိပိုင်ခွင့်မရှိပါ” ဟု ပြောဆိုကြသည်။ အချို့လူများသည် တစ်လ သို့မဟုတ် နှစ်လကြာ ထွက်သွားပြီးနောက် မည်သည့်အရှက်တရားမျှ မခံစားရဘဲ၊ မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့ ပြန်လာသတင်းပို့ကြသည်။ အခြားသူများမှာမူ နှစ်နှစ် သို့မဟုတ် သုံးနှစ်ကြာ ထွက်သွားပြီး လုံးဝ အဆက်အသွယ် လုပ်မရတော့ပေ။ အသင်းတော်ရှိ လူများသည် အခြေအနေကို မသိဘဲ ဤလူသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သောကြောင့် အသင်းတော်မှ ထွက်ခွာသွားရန် မဖြစ်နိုင်ဟု ထင်ကြသည်။ ၎င်းတို့သည် မျှော်လင့်မထားသော အရာတစ်ခုခု ဖြစ်ပွားခဲ့ရမည်ဟု ယူဆပြီး တရုတ်ကွန်မြူနစ်ပါတီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရလေသလောဟု စိုးရိမ်ကြသည်။ အမှန်တကယ်တွင်မူ ထိုလူသည် ဘုရားသခင်ကို မယုံကြည်လိုတော့ခြင်း သက်သက်သာ ဖြစ်ပြီး ညီအစ်ကိုမောင်နှမများကို အကြောင်းမကြားဘဲ ထွက်ခွာသွားခြင်းသာ ဖြစ်သည်။ အချို့လူများသည် ဆယ်ရက်ခန့် ထွက်သွားပြီးနောက် ပြန်လာကြသည်၊ ဤသည်မှာ ၎င်းတို့ ယုံကြည်ခြင်းကို ရပ်လိုက်ပြီဟု မဆိုလိုပေ။ အချို့လူများသည် ထွက်သွားပြီးနောက် နှစ်နှစ် သို့မဟုတ် သုံးနှစ်ကြာ ပျောက်ကွယ်သွားကြသည်၊ ၎င်းတို့သည် ယုံကြည်ခြင်းကို ရပ်လိုက်ပြီဟု သင်တို့ ပြောမည်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အမှန်တကယ်ပင် ယုံကြည်ခြင်းကို ရပ်လိုက်ပြီဖြစ်ပြီး ၎င်းတို့ကို စာရင်းမှ ပယ်ဖျက်သင့်သည်။ ဤသည်မှာ သာမန်ထွက်ခွာခြင်းတစ်ခု မဟုတ်ပေ၊ ၎င်းတို့သည် ယုံကြည်ခြင်းကို ရပ်လိုက်ခြင်း ဖြစ်သည်။ လူ့ရှုထောင့်မှကြည့်လျှင် ဤသည်ကို ယုံကြည်ခြင်း မရှိတော့ဟု ခေါ်သည်။ ဘုရားသခင်သည် ဤအရာကို မည်သို့ ရှုမြင်သနည်း။ ဘုရားသခင်၏ အမြင်တွင် ဤသည်ကို ဘုရားသခင်ကို ငြင်းပယ်ခြင်း၊ ဘုရားသခင်နောက် မလိုက်ခြင်းဟု ခေါ်ပြီး ယင်းမှာ ဘုရားသခင်ကို ပယ်ချခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့၏ ရှုထောင့်မှကြည့်လျှင် ၎င်းတို့က “ကျွန်ုပ် ဘုရားကို မပယ်ချပါ၊ ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ဘုရားကို ယုံကြည်နေဆဲပါ” ဟု တွေးထင်ကြသည်။ မြင်ပြီမဟုတ်လော။ ၎င်းတို့သည် ထိုအရာကို ပေါ့ပေါ့တန်တန် သဘောထားလိုက်ကြသည်။ အခြားသူများလည်း ရှိသေးသည်၊ ၎င်းတို့သည် စိတ်မကြည်ရုံဖြင့်ဖြစ်စေ၊ စိတ်ညစ်နေရုံဖြင့်ဖြစ်စေ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရသည်မှာ အလွန်ခက်ခဲပြီး မောပန်းသည်ဟု ထင်၍ဖြစ်စေ၊ အနည်းငယ် ပြုပြင်ခံရသည့်အတွက်ဖြစ်စေ စုဝေးပွဲများ တက်ရောက်ခြင်းကို ရပ်တန့်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းကို ရပ်တန့်ကြသည်။ ၎င်းတို့သည် မိမိတို့လက်ရှိ အလုပ်နှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ ရှင်းပြခြင်းပင်မရှိဘဲ “ကျွန်ုပ်ကို မည်သူမျှ မဆက်သွယ်နှင့်၊ ကျွန်ုပ် မပျော်ပါ၊ ပြီးလျှင် ကျွန်ုပ် မယုံကြည်လိုတော့ပါ” ဟု ဆိုလျက် ထွက်ခွာသွားကြသည်။ ၎င်းတို့ စိတ်ညစ်သောအခါတွင် ယင်းမှာ တစ်နှစ် သို့မဟုတ် ထိုမျှမက ကြာနိုင်သည်။ ၎င်းတို့၏ ဒေါသသည် မယုံနိုင်စရာပင်။ ၎င်းတို့သည် တစ်နှစ် သို့မဟုတ် ထိုမျှမက စိတ်မပြေဘဲ နေနိုင်သည်။ အချို့လူများသည် အသင်းတော်၌ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ်ကို တာဝန်ယူကြသော်လည်း အလုပ်ကို ကောင်းစွာလုပ်ဆောင်ရန် ပျက်ကွက်ရုံသာမက အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းများနှင့် အနှောင့်အယှက်များ ဖြစ်စေလျက် ဒုစရိုက်မှုများကိုလည်း မဆင်မခြင် ကျူးလွန်ကြသည်။ နောက်ပိုင်းတွင် ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို မရွေးကောက်တော့ဘဲ မိတ်သဟာယဖွဲ့ခြင်းတွင်လည်း ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး ဖော်ထုတ်ကြသည်။ သို့ဖြစ်၍ ၎င်းတို့က “ဤသည်မှာ ကျွန်ုပ်ကို ဝေဖန်ပြစ်တင်ရန် စုဝေးနေခြင်းလော။ ကျွန်ုပ်သည် အလုပ်ကို ကောင်းစွာ မလုပ်ဆောင်နိုင်ခဲ့ရုံမျှသာ ဖြစ်ပါသည်၊ ဤသည်မှာ ထိုမျှလောက်ပင် ကြီးကျယ်ရန် လိုအပ်ပါသလော။ သူတို့သည် အဘယ်ကြောင့် ဤကဲ့သို့ မိတ်သဟာယဖွဲ့ကာ ကျွန်ုပ်ကို ဖော်ထုတ်နေကြသနည်း။ ကျွန်ုပ်၏ တစ်သက်တာတွင် ဤကဲ့သို့သော ခံပြင်းမှုကို မည်သည့်အခါမျှ မခံစားခဲ့ရဖူးပါ။ ဘုရားသခင်ကို မယုံကြည်မီက ကျွန်ုပ်သည် အခြားသူများကိုသာ အစဉ်အမြဲ ဆူပူကြိမ်းမောင်းခဲ့သူဖြစ်ပြီး မည်သူမျှ ကျွန်ုပ်ကို ဆူပူကြိမ်းမောင်းခြင်း မပြုခဲ့ဖူးပါ။ ဤကဲ့သို့သော ဒုက္ခမျိုးကို ကျွန်ုပ်သည် မည်သည့်အချိန်က ခံစားခဲ့ရဖူးပါသနည်း။ သင်တို့အားလုံးသည် ကျွန်ုပ်တစ်ဦးတည်းကိုသာ ဝိုင်းဝန်းဖိနှိပ်ကာ အရှက်ရစေပါသည်။ ကျွန်ုပ်သည် ဆက်လက်၍ မယုံကြည်တော့ပြီ” ဟု ဆိုလေသည်။ ထိုသို့ပင် ၎င်းတို့သည် ယုံကြည်ခြင်းကို ရပ်လိုက်ကြသည်။ ဤသို့ပြောဆိုသူများသည် လူငယ်များသာ မဟုတ်ပေ၊ အချို့မှာ ဘုရားသခင်ကို ရှစ်နှစ် သို့မဟုတ် ဆယ်နှစ်ကြာ ယုံကြည်ခဲ့ပြီး အသက်လေးဆယ် သို့မဟုတ် ငါးဆယ်အရွယ်ရှိသူများ ဖြစ်ကြသည့်တိုင် မပျော်ရွှင်သည့်အခါ ထိုသို့သောစကားများကို ပြောဆိုနိုင်ကြသည်။ ထိုသို့သောလူများ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာတစ်ခု ရှိသလော။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းကို ဘဝ၏ အရေးကြီးဆုံးအရာအဖြစ် မှတ်ယူကြသလော။ ပြုပြင်ခံရသည့်အခါ သို့မဟုတ် ဘေးဒုက္ခများ သို့မဟုတ် ဆုတ်ယုတ်မှုများကို ကြုံတွေ့ရသည့်အခါ အနည်းငယ် အပျက်သဘောဆောင်ပြီး အားနည်းသည်ဟု ခံစားရခြင်းမှာ ပုံမှန်ဖြစ်သော်လည်း ဤအရာများသည် လူတစ်ဦးကို ဘုရားသခင်အား မယုံကြည်သည်အထိ မဖြစ်စေသင့်ပေ။ ထိုသို့သောလူများသည် ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်သူများ မဟုတ်ကြပေ။ ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်သူများသည် ဖမ်းဆီးခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရသည့်အခါ၌ပင် မိမိတို့၏ ယုံကြည်ခြင်း၌ ဆက်လက်ရပ်တည်နိုင်ကြသည်၊ ဤသူတို့သာလျှင် သက်သေခံချက်ရှိသော လူများ ဖြစ်ကြသည်။ အချို့လူများသည် သဘာဝဘေးအန္တရာယ်အနည်းငယ် ကြုံတွေ့ရသည့်အခါ ညီအစ်ကိုမောင်နှမများက ထိုအကြောင်းကို မသိသည်ဖြစ်စေ၊ အနည်းငယ် နောက်ကျမှ သိရှိပြီး ၎င်းတို့ကို အချိန်မီ မကူညီနိုင်သည်ဖြစ်စေ “ကျွန်ုပ်သည် အခက်အခဲများနှင့် ကြုံတွေ့နေရသော်လည်း မည်သူမျှ ကျွန်ုပ်ကို အာရုံမစိုက်ကြပါ။ ထို့ကြောင့် သူတို့သည် ကျွန်ုပ်ကို အထင်အမြင်သေးကြသည်တကား။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အချည်းနှီးသာ ဖြစ်သည်။ ကျွန်ုပ်သည် ဆက်လက်၍ မယုံကြည်တော့ပြီ” ဟု စတင်တွေးထင်ကြသည်။ ထိုသို့သော သေးငယ်သည့် အမှုအရာတစ်ခုကြောင့်ပင် ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်ခြင်းကို ရပ်တန့်နိုင်ကြသည်။ ဤသည်မှာ အချိန်မရွေး အသင်းတော်မှ ထွက်ခွာနိုင်စွမ်းရှိသော လူများ၏ သရုပ်သကန်များထဲမှ တစ်ခုဖြစ်သည်။

အချိန်မရွေး အသင်းတော်မှ ထွက်ခွာနိုင်စွမ်း ရှိသောသူတို့အတွက် အခြားအခြေအနေတစ်ရပ်လည်း ရှိသေးသည်။ တရုတ်ကွန်မြူနစ်ပါတီသည် ၎င်းတို့ကို မိမိတို့ဘက်သို့ ဆွဲဆောင်သိမ်းသွင်းရန်အလို့ငှာ ၎င်းတို့အား အလုပ်ကောင်းတစ်ခု ကမ်းလှမ်းလျက် “သင်သည် ဘုရားကို ယုံကြည်ခြင်းဖြင့် ဝင်ငွေ တစ်စက်မျှမရှိပါ။ သင့်မှာ မည်သို့သော အလားအလာများ ရှိနိုင်မည်နည်း။ ကျွန်ုပ်တို့သည် သင့်အတွက် လစာမြင့်မားပြီး ကောင်းမွန်သော အကျိုးခံစားခွင့်များနှင့် အလုပ်သမားအာမခံပါရှိသော နိုင်ငံခြားကုမ္ပဏီတစ်ခုတွင် ရာထူးတစ်ခု ရှာထားပေးသည်။ ဘုရားကို ယုံကြည်ခြင်း၌ သင့်အတွက် အနာဂတ်မရှိပါ၊ အလုပ်လုပ်ပြီး ငွေရှာကာ ဘဝကောင်းတစ်ခုဖြင့် နေထိုင်ခြင်းက ပိုကောင်းသည်” ဟု ပြောဆိုသည်။ နောက်ဆုံးတွင် ၎င်းတို့သည် အသင်းတော်မှ ထွက်ခွာပြီး အလုပ်သွားလုပ်ကြသည်။ တစ်စုံတစ်ဦးက “မနေ့က ဤလူသည် အသင်းတော်၌ သူ၏တာဝန်ကို ထမ်းဆောင်နေဆဲဖြစ်သည်။ ယနေ့တွင် သူ၏ ပစ္စည်းများကို သိမ်းဆည်းပြီး အဘယ်ကြောင့် ထွက်ခွာသွားခဲ့သနည်း” ဟု ပြောဆိုသည်။ ၎င်းတို့သည် အလုပ်လုပ်ပြီး ငွေရှာရန် သွားကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်တော့ပေ။ ၎င်းတို့သည် စကားတစ်ခွန်းမျှ မပြောဘဲ ထွက်ခွာသွားကြပြီး ထိုအချိန်မှစ၍ ညီအစ်ကိုမောင်နှမများနှင့် လမ်းခွဲသွားကာ မတူညီသော လမ်းကြောင်းပေါ်မှ လူများ ဖြစ်လာကြသည်။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားလိုကြသည်၊ ကြီးပွားတိုးတက်ပြီး ထင်ပေါ်ကျော်ကြားရန် လိုလားကြပြီး ဘုရားသခင်ကို မယုံကြည်တော့ပေ။ ဧဝံဂေလိတရားဟောနေစဉ် မိမိတို့နှစ်သက်သောသူတစ်ဦးနှင့် တွေ့ဆုံပြီး ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်ကာ အတူတကွ နေထိုင်ရန် ထွက်ခွာသွားသော လူများလည်း ရှိသေးသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းကို ရပ်တန့်ရုံသာမက ဘုရားသခင်ကို ယုံကြည်ခြင်းကိုပင် ရပ်တန့်လိုက်ကြသည်။ အိမ်ရှိ ၎င်းတို့၏ မိဘများမှာမူ ၎င်းတို့သည် ဘုရားအိမ်တော်၌ မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေသည်ဟု တွေးထင်လျက် မသိရှိကြသေးပေ။ အမှန်တကယ်တွင် ၎င်းတို့သည် လွန်ခဲ့သော အချိန်ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့ကြသည်၊ မည်သူသိမည်နည်း၊ ၎င်းတို့တွင် ယခုအချိန်၌ ကလေးများပင် ရှိနေလောက်ပြီ ဖြစ်သည်။ မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် အလွန် အရေးကြီးသော်လည်း ၎င်းတို့သည် ဧဝံဂေလိတရားကို ဟောပြောခြင်းကဲ့သို့သော အလွန်အရေးကြီးသည့်အလုပ်ကိုပင် စွန့်လွှတ်နိုင်ကြသည်။ ၎င်းတို့ နှစ်သက်သောသူတစ်ဦး သို့မဟုတ် ၎င်းတို့ကို နှစ်သက်သောသူတစ်ဦးနှင့် တွေ့ဆုံသည့်အခါ ထိုသူထံမှ ရိုးရှင်းသော သွေးဆောင်ဖြားယောင်းသည့် စကားအနည်းငယ်သည် ၎င်းတို့ကို ဆွဲဆောင်သွားရန် လုံလောက်သည်။ ၎င်းတို့သည် အလွန် ပေါ့ပြက်၍ သာမန်ကာလျှံကာဖြစ်ကာ အချိန်မရွေး၊ နေရာမရွေး ဘုရားသခင်ကို စွန့်ခွာပြီး ဘုရားသခင်ကို သစ္စာဖောက်နိုင်စွမ်းရှိကြသည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ခဲ့သည်ဖြစ်စေ၊ တရားဒေသနာမည်မျှ နားထောင်ခဲ့သည်ဖြစ်စေ သမ္မာတရားကို အနည်းငယ်မျှ နားမလည်ကြသေးပေ။ ၎င်းတို့အတွက် ဘုရားသခင်ကို ယုံကြည်ခြင်းသည် အရေးမကြီးသည့်အပြင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းသည်လည်း အရေးမပါပေ၊ ကောင်းချီးမင်္ဂလာများကို ရရှိခြင်းငှာ ၎င်းတို့သည် ဤအရာများကို လုပ်ဆောင်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိဟု ခံစားကြရသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတစ်ခု သို့မဟုတ် မိသားစုပြဿနာတစ်ခု ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ထိုအတိုင်းပင် ထွက်ခွာသွားနိုင်စွမ်း ရှိကြသည်။ သဘာဝဘေးအန္တရာယ်အနည်းငယ် ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် ထိုအတိုင်းပင် ယုံကြည်ခြင်းကို ရပ်တန့်နိုင်ကြသည်။ မည်သည့်အရာမဆို ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းကို အနှောင့်အယှက် ပေးနိုင်သည်၊ မည်သည့်ကိစ္စမဆို ၎င်းတို့ကို အပျက်သဘောဆောင်စေပြီး မိမိတို့၏ တာဝန်ကို စွန့်လွှတ်စေနိုင်သည်။ ၎င်းတို့သည် မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ ဤမေးခွန်းသည် အမှန်တကယ်ပင် နက်နက်နဲနဲ ဆင်ခြင်သုံးသပ်ထိုက်ပါတကား။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။