ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၉) အခန်း တစ်

အချက် ၁၅- အရေးကြီးသော အလုပ်အမှုထမ်းအမျိုးမျိုးကို ကာကွယ်လျက် ၎င်းတို့ကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ အကာအကွယ်ပေးပြီး အရေးကြီးသော အလုပ်များက အစီအစဉ်တကျဖြစ်သောပုံစံဖြင့် ရှေ့ဆက်စေနိုင်သည်ကို သေချာစေဖို့အတွက် ၎င်းတို့ကို လုံခြုံအောင်ထားလော့

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များဟူသည့် အကြောင်းအရာနှင့်ပတ်သက်၍ နောက်ဆုံးအကြိမ် မိတ်သဟာယဖွဲ့ရာတွင် ငါတို့ မည်သည့်နေရာ၌ ရပ်ခဲ့သနည်း။ (ပြီးခဲ့သည့်အခေါက်တွင်၊ ကျွန်ုပ်တို့သည် လူ့သဘာဝအပေါ်အခြေခံ၍ လူအမျိုးမျိုးကို ပိုင်းခြားသိမြင်ခြင်းနှင့်စပ်လျဉ်းသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်လေးချက်မြောက် တာဝန်ထဲမှ နောက်ဆုံး သရုပ်သကန်သုံးခုကို အဓိကထား မိတ်သဟာယဖွဲ့ခဲ့ပါသည်။ ထိုသရုပ်သကန်သုံးခုမှာ ကြောက်တတ်ပြီး သံသယများခြင်း၊ ပြဿနာရှာတတ်ခြင်းနှင့် နောက်ကြောင်းရာဇဝင် ရှုပ်ထွေးခြင်းတို့ ဖြစ်ကြပါသည်။) ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်လေးချက်မြောက် တာဝန်ထဲမှ နောက်ဆုံးအကြောင်းအရာသုံးခုကို မိတ်သဟာယဖွဲ့ပြီးခဲ့ပြီဖြစ်သောကြောင့် ယနေ့တွင် ဆယ့်ငါးချက်မြောက် တာဝန်ကို မိတ်သဟာယဖွဲ့ကြမည်။ ဆယ့်ငါးချက်မြောက် တာဝန်မှာ အဘယ်နည်း။ (“အချက် ၁၅ အရေးကြီးသော အလုပ်အမှုထမ်းအမျိုးမျိုးကို ကာကွယ်လျက် ၎င်းတို့ကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ အကာအကွယ်ပေးပြီး အရေးကြီးသော အလုပ်များက အစီအစဉ်တကျဖြစ်သောပုံစံဖြင့် ရှေ့ဆက်စေနိုင်သည်ကို သေချာစေဖို့အတွက် ၎င်းတို့ကို လုံခြုံအောင်ထားလော့” ဖြစ်ပါသည်။) “အရေးကြီးသော အလုပ်အမှုထမ်းအမျိုးမျိုးကို ကာကွယ်ခြင်း၊ ၎င်းတို့ကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ အကာအကွယ်ပေးပြီး၊ ၎င်းတို့ကို လုံခြုံအောင်ထားလော့”ဖြစ်သည်။ ဤတာဝန်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များထဲမှ အခြားသော ကဏ္ဍတစ်ခုနှင့် သက်ဆိုင်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ကောင်းမွန်စွာ ဆောင်ရွက်ရမည့် တိကျသော အလုပ်တစ်ခုလည်း ဖြစ်သည်။ ဤအလုပ်က မည်သည့်အရာနှင့် သက်ဆိုင်သနည်း။ (ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများကို ဘေးကင်းလုံခြုံအောင် ထားရှိခြင်းနှင့် သက်ဆိုင်ပါသည်။) ယင်းသည် ကိုယ်ရေးကိုယ်တာ လုံခြုံရေးဆိုင်ရာ ပြဿနာများနှင့် သက်ဆိုင်သည်။ ဤအကြောင်းအရာကို အသင်းတော်အလုပ်တွင် မကြာခဏ ကြုံတွေ့ရသည် မဟုတ်လော။ သင်တို့သည် ဤအကြောင်းအရာကို ရင်းနှီးကြသည် မဟုတ်လော။ (ရင်းနှီးပါသည်။) ဤအကြောင်းအရာသည် တရုတ်ညီအစ်ကိုမောင်နှမများအတွက် မရင်းနှီးသောအရာ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် တရုတ်ပြည်၏ လူမှုပတ်ဝန်းကျင်တွင် ယုံကြည်သူများသည် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဖမ်းဆီးခြင်းတို့ကို ခံကြရပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင်လည်းကောင်း၊ အသက်တာ၏ ကဏ္ဍအားလုံးတွင်လည်းကောင်း လုံခြုံရေး အာမခံချက်များ လိုအပ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤအလုပ်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များနှင့်ဆိုင်သည့် နယ်ပယ်အတွင်းတွင် ကျရောက်သည်၊ ယင်းသည် ရွေးချယ်စရာတစ်ခု မဟုတ်ပေ။ နိုင်ငံတစ်ခုတွင် ဘာသာရေး လွတ်လပ်ခွင့် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အရေးကြီးသော တာဝန်အမျိုးမျိုးကို ထမ်းဆောင်သည့် အမှုထမ်းများအတွက် ကောင်းမွန်စွာ နေရာချထားပေးခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဆောင်ရွက်ရမည့် တိကျသော အလုပ်တစ်ခု ဖြစ်သည်။ ဤအလုပ်၏ အဓိကအချက် သို့မဟုတ် တိကျသော သတ်မှတ်ချက်များသည် ကွဲပြားကောင်းကွဲပြားနိုင်သော်လည်း အခြေခံအားဖြင့်မူ ညီအစ်ကိုမောင်နှမများက ၎င်းတို့၏ တာဝန်များကို ဘေးကင်းစွာနှင့် လုံခြုံစိတ်ချစွာ ထမ်းဆောင်နိုင်ခြင်း ရှိမရှိ၊ ပြီးလျှင် ၎င်းတို့ တာဝန်များ၏ အကျိုးရလဒ်များကို သေချာစေနိုင်ခြင်း ရှိမရှိဟူသည်တို့နှင့် အားလုံး သက်ဆိုင်သည်။ သို့ဖြစ်၍ သင်သည် ဒီမိုကရေစီနိုင်ငံတစ်ခုတွင် နေထိုင်သောကြောင့် ဤအလုပ်ကို လျစ်လျူမရှုနှင့် သို့မဟုတ် သင်နှင့် ဆီလျော်ခြင်းမရှိဟု မယူဆနှင့်။ သင်နေထိုင်သည့် နိုင်ငံရှိ အုပ်ချုပ်ရေးစနစ် မည်သို့ပင်ဖြစ်စေ သို့မဟုတ် ထိုနေရာတွင် ယုံကြည်သူများ ညှဉ်းပန်းနှိပ်စက်ခံရခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤအလုပ်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၏ အတိုင်းအတာအတွင်း ကျရောက်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဆောင်ရွက်ရမည့် အလုပ်ဖြစ်သည်။ မည်သူမျှ ကင်းလွတ်ခွင့်မရှိပေ။ ယင်းကို “အပို” အလုပ်အဖြစ် မမှတ်ယူသင့်ပေ။ သို့ဆိုလျှင် ယနေ့တွင် ဤအကြောင်းအရာတွင် ပါဝင်သော ကိစ္စမျိုးစုံကို ငါတို့ မိတ်သဟာယဖွဲ့ကြစို့။

အရေးကြီးသော အလုပ်အမှုထမ်းများ၏ နယ်ပယ်

ပထမဦးစွာ၊ ဆယ့်ငါးချက်မြောက် တာဝန်တွင် ဖော်ပြထားသည့် “အရေးကြီးသော အလုပ်အမှုထမ်းအမျိုးမျိုး” ဟူသည်မှာ မည်သည့်အရာအား ဆိုလိုသည်ကို ကြည့်ကြစို့။ ဤသည်မှာ ကျွန်ုပ်တို့ မိတ်သဟာယဖွဲ့သင့်သည့် အကြောင်းအရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် “အရေးကြီးသော အလုပ်အမှုထမ်းအမျိုးမျိုး”ဟူသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ဤအလုပ်၏ ပစ်မှတ်များနှင့်ဆိုင်သည့် နယ်ပယ်ကို ဦးစွာ သတ်မှတ်ကြစို့။ ဤအကြောင်းကို မည်သူ ပြောနိုင်သနည်း။ (အရေးကြီးသော အလုပ်အမှုထမ်းအမျိုးမျိုးတွင် ဗီဒီယိုအဖွဲ့များ၊ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့များ၊ စာမူကြမ်းကို စိစစ်ပြင်ဆင်သည့်အဖွဲ့များ၊ ဓမ္မတေးအဖွဲ့များတွင်ရှိသည့် ညီအစ်ကိုမောင်နှမများအပြင် အခြားအရေးကြီးသော တာဝန်များကို ထမ်းဆောင်သောသူများ ပါဝင်သည်။ ထို့အပြင်၊ အရေးကြီးသော အလုပ်အမျိုးမျိုးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သော ညီအစ်ကိုမောင်နှမအချို့နှင့် အဖွဲ့တစ်ခုချင်းစီ၏ ကြီးကြပ်ရေးမှူးများလည်း ပါဝင်ပါသည်။) အခြား မည်သူက ဤအရာကို ထပ်ဖြည့်စွက်လိုသေးသနည်း။ (ခေါင်းဆောင်များနှင့် အမှုဆောင်များလည်း ပါဝင်ပါသည်။) ခေါင်းဆောင်များနှင့် အမှုဆောင်များကို အမှန်ပင် ကောင်းစွာ ကာကွယ်ပေးရမည်။ အခြားမည်သူ ရှိသေးသနည်း။ (ဘဏ္ဍာရေးအမှုထမ်းများကဲ့သို့သော အရေးကြီးသည့် အထွေထွေကိစ္စများကို ကိုင်တွယ်သည့် အမှုထမ်းများလည်း ရှိပါသည်။) (ပြီးလျှင် ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်များ ထမ်းဆောင်သောကြောင့် ဝရမ်းပြေး သို့မဟုတ် ရာဇဝတ်မှုမှတ်တမ်းရှိသည့် ညီအစ်ကိုမောင်နှမများသည်လည်း ကာကွယ်ပေးခြင်း လိုအပ်ပါသည်။) ဤသည်မှာ အခြားအမျိုးအစားတစ်ခုဖြစ်ပြီး အထူးအုပ်စုတစ်ခု ဖြစ်သည်။ အမျိုးအစား မည်မျှရှိသည်ကို အကျဉ်းချုပ်ကြည့်ကြစို့။ ပထမအမျိုးအစားတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ ပါဝင်သည်။ ဒုတိယအမျိုးအစားတွင် ဘုရားအိမ်တော်၌ရှိသော အလုပ်အမျိုးမျိုးအတွက် မရှိမဖြစ်လိုအပ်သော အမှုထမ်းများ၊ အထူးသဖြင့် အလုပ်အမျိုးမျိုး၏ အဖွဲ့ခေါင်းဆောင်များနှင့် ကြီးကြပ်ရေးမှူးများ၊ ကောင်းမွန်သော အစွမ်းအစ၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုနှင့် စည်းမျဉ်းများကို သဘောပေါက်နိုင်ပြီး အရေးကြီးသောအလုပ်ကို သီးခြားတာဝန်ယူနိုင်စွမ်းတို့ရှိသော အမှုထမ်းများ ပါဝင်သည်။ စာနှင့်ပတ်သက်သောအလုပ်၊ ဓမ္မတေးအလုပ်၊ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ် စသည်အပြင်၊ ဧဝံဂေလိတရားဟောပြောသောသူများ၊ သက်သေခံသောသူများ သို့မဟုတ် အခြားသူများထဲတွင် ဧဝံဂေလိ ညွှန်ကြားရေးမှူးများအဖြစ် အစေခံသောသူများကဲ့သို့သော အလုပ်အမျိုးမျိုးကို ကိုင်တွယ်သည့် အမှုထမ်းအမျိုးအစားများစွာ ရှိသည်။ ထို့အပြင် ဤတွင် ဘဏ္ဍာရေး၊ ပစ္စည်းထိန်းသိမ်းရေးနှင့် ပြင်ပရေးရာအလုပ်ကို ကိုင်တွယ်သည့် အမှုထမ်းများလည်း ပါဝင်သည်။ ဤပုဂ္ဂိုလ်များသည် အသင်းတော်၏အလုပ်တွင် အထောက်အကူပြုသော အခန်းကဏ္ဍမှ ပါဝင်ပြီး မရှိမဖြစ်လိုအပ်သည်။ ၎င်းတို့အားလုံးသည် အလုပ်အမျိုးမျိုးကို ကိုင်တွယ်သည့် အမှုထမ်းများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ကြသည်။ ဤသည်မှာ ဒုတိယ အဓိကအမျိုးအစား ဖြစ်သည်။ တတိယမြောက် အဓိကအမျိုးအစားတွင် အသင်းတော်၏ အန္တရာယ်ရှိသော အလုပ်ကို ပါဝင်ဆောင်ရွက်သောသူများ ပါဝင်သည်။ အထူးသဖြင့် ဘာသာရေး လွတ်လပ်ခွင့်မရှိသော အာဏာရှင်အစိုးရစနစ်များရှိသည့် နိုင်ငံများတွင် စာအုပ်များကို ပုံနှိပ်ခြင်း၊ စာအုပ်များ သယ်ယူပို့ဆောင်ခြင်း၊ အသင်းတော်၏ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအပြင် အရေးကြီးသော တာဝန်များအား ထမ်းဆောင်သည့် အမှုထမ်းများကို ဧည့်ခံခြင်းနှင့် နေရာများ စီစဉ်ချထားပေးခြင်းကဲ့သို့သော အလွန်အန္တရာယ်များသည့် အလုပ်အချို့ ရှိသည်။ အခြားမည်သူ ပါဝင်သနည်း။ (အပြင်သို့ သတင်းအချက်အလက်များ သယ်ဆောင်ပေးသည့် အထွေထွေကိစ္စဆိုင်ရာ အမှုထမ်းအချို့လည်း ရှိပါသည်။ ၎င်းတို့ ထမ်းဆောင်သော တာဝန်များသည်လည်း အတော်အတန် အန္တရာယ်များပါသည်။) ဤပုဂ္ဂိုလ်များသည်လည်း အန္တရာယ်ရှိသော အလုပ်တွင် ပါဝင်ဆောင်ရွက်သည်ဟု မှတ်ယူနိုင်သည်။ သို့သော် ဤလူတို့သည် ဤအလုပ်ကို မုချ ရံဖန်ရံခါ လုပ်ဆောင်နေခြင်း မဟုတ်ပေ။ ထို့ထက် ၎င်းတို့သည် သတင်းအချက်အလက်ကို ပေးပို့ခြင်း၊ အလုပ်အစီအစဉ်များ ဖြန့်ဝေခြင်း၊ ဘုရားအိမ်တော်၏ ဗီဒီယိုများ၊ ရုပ်ရှင်များ သို့မဟုတ် တရားဒေသနာ အသံဖမ်းခွေများအားလုံးကို ဖြန့်ဝေခြင်း စသည်တို့ကဲ့သို့သော အရေးကြီးပြီး အန္တရာယ်ရှိသည့် ဤတာဝန်များကို တစိုက်မတ်မတ် တာဝန်ယူဆောင်ရွက်ကြသည်။ ဘာသာရေး လွတ်လပ်ခွင့်မရှိသော အာဏာရှင်နိုင်ငံများတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများထဲမှ မည်သူတို့က အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေပြီး အန္တရာယ်ရှိသော အလုပ်အား တာဝန်ယူဆောင်ရွက်နေသည်ကို ရှင်းလင်းစွာ သိရှိရမည်။ တိုတိုပြောရလျှင်၊ ဤပုဂ္ဂိုလ်များသည်လည်း အရေးကြီးသော အလုပ်အမှုထမ်းများနှင့်ဆိုင်သည့် အမျိုးအစားတစ်ခုဖြစ်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ လုံခြုံရေးကို အထူးထည့်သွင်းစဉ်းစားပေးရမည်။ ယင်းကို သတိမမူဘဲနေ၍မရပေ။ ဤသည်မှာ တတိယအမျိုးအစား ဖြစ်သည်။ စတုတ္ထအမျိုးအစားမှာ အသင်းတော်အလုပ်တွင် နောက်ထပ် မရှိမဖြစ်လိုအပ်သည့် အုပ်စုတစ်ခု ဖြစ်သည်။ ဤပုဂ္ဂိုလ်များသည် ဧဝံဂေလိတရားဟောပြောခြင်း၊ တရားဒေသနာများ ပေးခြင်း၊ အသင်းတော်ကို ရေလောင်းပေးခြင်း သို့မဟုတ် သီးခြားအလုပ်တစ်ခုကို စီစဉ်ဖွဲ့စည်းခြင်းအတွက် တာဝန်ယူခြင်းတို့၌ ကျွမ်းကျင်ခြင်းကဲ့သို့သော အထူးစွမ်းရည်များနှင့် ဆုကျေးဇူးများကို ပိုင်ဆိုင်ကြသည်။ ဤပုဂ္ဂိုလ်များသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၊ အလုပ်အမျိုးမျိုးအတွက် ကြီးကြပ်ရေးမှူးများ သို့မဟုတ် အန္တရာယ်ရှိသော အလုပ်တွင် ပါဝင်ဆောင်ရွက်သောသူများ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ထိုသို့သောလူများမရှိပါက ၎င်းတို့ ကိုင်တွယ်သော အရေးကြီးသည့်အလုပ်တွင် လစ်ဟာမှုတစ်ခု ရှိမည်ဖြစ်ပြီး အခြားမည်သူကမျှ ၎င်းတို့၏ကဏ္ဍကို ဖြည့်ပေးနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဤပုဂ္ဂိုလ်များကို ကာကွယ်သင့်ပြီး ၎င်းတို့၏ လုံခြုံရေးကို အာမခံသင့်သည်။ ဤသည်မှာ လူအမျိုးအစားတစ်ခု ဖြစ်သည်။ နောက်ထပ်အမျိုးအစားတစ်ခုမှာ ဘာသာတရားများ ညှဉ်းပန်းနှိပ်စက်ခြင်းခံရသည့် နိုင်ငံများတွင် ဘုရားသခင်ကို ၎င်းတို့၏ယုံကြည်ခြင်းကြောင့် ဝရမ်းပြေး သို့မဟုတ် ရာဇဝတ်မှုမှတ်တမ်းရှိသူများ ဖြစ်သည်။ ဖမ်းဝရမ်း၏ အတိုင်းအတာ သို့မဟုတ် အသင်းတော်အတွင်း ၎င်းတို့ တာဝန်ယူဆောင်ရွက်သည့် တိကျသော အလုပ်က မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းကြောင့် ၎င်းတို့ အလိုရှိခြင်းခံရနေသမျှ ကာလပတ်လုံး ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့ကို ကာကွယ်ရန် နည်းလမ်းများ ရှာဖွေသင့်ပြီး ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန်အတွက် အတော်အတန် လုံခြုံသော နေရာများတွင် နေရာချထားပေးရန် စီစဉ်သင့်သည်။ ဘာသာရေးယုံကြည်မှုကို ညှဉ်းပန်းနှိပ်စက်သည့် နိုင်ငံအားလုံးတွင် တရုတ်ပြည်၏ ညှဉ်းပန်းနှိပ်စက်မှုမှာ အပြင်းထန်ဆုံး ဖြစ်သည်။ တရုတ်ပြည်အနှံ့ရှိ ပြည်နယ်နှင့် ဒေသအမျိုးမျိုးတွင်၊ လူများစွာတို့သည် ဖမ်းဆီးခြင်းခံခဲ့ရသည် သို့မဟုတ် ဝရမ်းပြေးဖြစ်ကာ နေရပ်သို့ မပြန်နိုင်ဘဲ ရှိနေကြသည်။ ကမ္ဘာတစ်ဝှမ်းနှင့် တိုက်ကြီးတိုင်းတွင် တရုတ်ပြည်ကဲ့သို့ ဘာသာရေးယုံကြည်မှုကို ညှဉ်းပန်းနှိပ်စက်သည့် အလားတူနိုင်ငံအချို့ ရှိပြီး ဤနိုင်ငံများတွင်လည်း အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံခဲ့ခြင်းကြောင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ရင်ဆိုင်ရကာ နေရပ်သို့ မပြန်နိုင်ကြသောသူများလည်း ရှိသည်။ ညှဉ်းပန်းနှိပ်စက်ခြင်းခံရပြီး နေရပ်သို့ မပြန်နိုင်သောသူများအတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့ကို အချိန်ပြည့်တာဝန်ထမ်းဆောင်သော အသင်းတော်တွင် အမြန်ဆုံး နေရာချထားပေးရန် စီစဉ်သင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နိုင်ရန်အလို့ငှာ ဒေသဆိုင်ရာ အခြေအနေများအရ အတော်အတန် လုံခြုံမှုရှိသော ပတ်ဝန်းကျင်များတွင် ၎င်းတို့ကို နေရာချထားပေးသင့်သည်။ ဤသည်မှာ ကောင်းမွန်စွာ လုပ်ဆောင်ရမည့် ဦးစားပေးအလုပ်တစ်ခု ဖြစ်သည်။ ဖမ်းဆီးခြင်းခံခဲ့ရသော သို့မဟုတ် ဝရမ်းပြေးဖြစ်သွားသော ဤလူပုဂ္ဂိုလ်များသည် အကာအကွယ်လိုအပ်သည့် အမှုထမ်းများနှင့်ဆိုင်သည့် ပဉ္စမမြောက်အမျိုးအစားတွင် ဖွဲ့စည်းပါဝင်သည်။ အရေးကြီးသော အလုပ်အမျိုးမျိုးကို ကိုင်တွယ်သည့် အမှုထမ်းများထဲတွင် အထူးအမျိုးအစားတစ်ခု ရှိသေးသည်။ ဤပုဂ္ဂိုလ်များသည် လတ်တလောတွင် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များ မဖြစ်ကောင်း မဖြစ်နိုင်သည့်အပြင် အန္တရာယ်ရှိသော အလုပ်တွင် ပါဝင်ဆောင်ရွက်နေခြင်းလည်း ရှိကောင်းမရှိနိုင်သော်လည်း ယခင်က တာဝန်များစွာကို ထမ်းဆောင်ခဲ့ပြီး ၎င်းတို့၏ အလုပ်သည် ကျယ်ပြန့်သော နယ်ပယ်ကို ခြုံငုံခဲ့သည်။ ၎င်းတို့သည် ဧည့်ခံသည့်မိသားစုများစွာကို သိရှိပြီး အရေးကြီးသော တာဝန်များကို ထမ်းဆောင်သည့် အမှုထမ်းအချို့အကြောင်းကိုလည်း သိရှိကြသည်။ ထို့ကြောင့် ထိုသို့သော ပုဂ္ဂိုလ်များ ဖမ်းဆီးခြင်းခံရမည်ဆိုပါက အသင်းတော်၏အလုပ်အတွက် ဘေးအန္တရာယ်ကိုလည်း ဆောင်ကြဉ်းလာမည်ဖြစ်သည်။ ဤလူပုဂ္ဂိုလ်များကို “သိထားသူများ”ဟု ရည်ညွှန်းသင့်ပြီး ၎င်းတို့ကို အရေးကြီးသော အလုပ်အမှုထမ်းအမျိုးမျိုးတွင်လည်း ထည့်သွင်းသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများအားလုံး၏ လုံခြုံရေးကို ကာကွယ်ခြင်းနှင့် အသင်းတော်၏အလုပ် ပုံမှန်အတိုင်း ရှေ့ဆက်ဆောင်ရွက်နိုင်ရန် သေချာစေခြင်းအတွက် ၎င်းတို့၏ လုံခြုံရေးကို အာမခံသင့်သည်။ အထူးသဖြင့် ဤအမျိုးအစားတွင်ရှိသည့် အချို့သော ပုဂ္ဂိုလ်များသည် အတော်လေး သတိမမူဘဲရှိကြသည်။ ၎င်းတို့သည် သတိထားရမည်ကို မသိကြသည့်အပြင် ဉာဏ်ပညာလည်း များစွာမရှိကြပေ။ ၎င်းတို့သည် အပြင်တွင် အမှုအရာများကို မဆင်မခြင် လုပ်ဆောင်လျက် အစဉ်သဖြင့် စိတ်အားထက်သန်မှုဖြင့် ပြုမူတတ်ကြသည်။ မည်သည့်အခါမျှ ဖမ်းဆီးခြင်း သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း မခံခဲ့ရဖူးသဖြင့်၊ ၎င်းတို့သည် ပါဝင်သော အန္တရာယ်ကို သတိမမူမိကြသည့်အပြင် တစ်စုံတစ်ခု မှားယွင်းသွားပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကိုလည်း သတိမမူမိကြဘဲ ထိုအကျိုးဆက်များ၏ ပြင်းထန်မှုက မည်သို့ရှိမည်ကို သာ၍ပင် နားမလည်ကြပေ။ ၎င်းတို့က မကောင်းသည့် မည်သည့်အရာကိုမျှ လုပ်ဆောင်ခြင်းမရှိဘဲ ဘုရားသခင်ကို ယုံကြည်နေခြင်းသာဖြစ်ကြောင်း ၎င်းတို့ ယုံကြည်သောကြောင့် မည်သည့်အရာကိုမျှ မကြောက်ကြပေ။ အကျိုးဆက်အနေဖြင့် ဒေသအတွင်း အတန်ကြာ အလုပ်လုပ်ပြီးနောက် ၎င်းတို့သည် အတော်လေး လူသိများကောင်းများလာနိုင်ပြီး အစိုးရ၏ စောင့်ကြည့်မှုအောက်သို့ ရောက်ရှိလာနိုင်သည်။ ယင်းက အန္တရာယ်တစ်ခုကို ဖြစ်ပေါ်စေသည် မဟုတ်လော။ ၎င်းတို့ ဖမ်းဆီးခြင်းခံရသည်နှင့်တစ်ပြိုင်နက် ညှဉ်းဆဲခြင်းဖြင့် စစ်ဆေးမေးမြန်းခြင်းကို မခံနိုင်ပါက ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်ရောင်းစားသည့် ယုဒများ ဖြစ်သွားနိုင်ပေသည်။ ဤသည်မှာ အသင်းတော်ကို ကြီးမားသော ဆုံးရှုံးမှုများ ဆောင်ကြဉ်းပေးမည်ဖြစ်ပြီး အခြားညီအစ်ကိုမောင်နှမများကိုလည်း ဖမ်းဆီးခံရပြီး ထောင်ချခြင်းခံရမည့် ဘေးဖြစ်စေလျက် အမှုပတ်စေကာ ယင်းက အသင်းတော်၏ အလုပ်အမျိုးမျိုးကို ကြီးမားစွာ ထိခိုက်စေမည်ဖြစ်သည်။ ထို့ကြောင့် အသင်းတော်သည် ထိုသို့သော ပုဂ္ဂိုလ်များကို ကာကွယ်ပေးခြင်းအား ဦးစားပေးသင့်သည်။ ၎င်းတို့ကို ဝှက်ထားရန် ဒေသအတွင်း လုံခြုံသောနေရာ ရှာမတွေ့နိုင်ပါက ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန်အတွက် အခြားနေရာရှိ အတော်အတန် လုံခြုံသောနေရာတစ်ခုသို့ ၎င်းတို့ကို ပြောင်းရွှေ့စေသင့်သည်။ ဤသည်မှာ နောက်ထပ် လူအမျိုးအစားတစ်ခု ဖြစ်သည်။ ၎င်းတို့ အခြေအနေ၏ အထူးကြန်အင်လက္ခဏာကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့အတွက် နေရာချထားမှုများ စီစဉ်ရန် လိုအပ်သောကြောင့် အရေးကြီးသော အလုပ်အမှုထမ်းအမျိုးမျိုးတွင်လည်း ၎င်းတို့ ပါဝင်သည်။ စုစုပေါင်း လူအမျိုးအစား မည်မျှရှိသနည်း။ (အမျိုးအစားခြောက်ခု ရှိပါသည်။ ပထမအမျိုးအစားမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်သည်။ ဒုတိယအမျိုးအစားတွင် ဘုရားအိမ်တော်၏ အလုပ်အမျိုးမျိုးကို ကိုင်တွယ်သည့် မရှိမဖြစ်လိုအပ်သော အမှုထမ်းများ၊ ကြီးကြပ်ရေးမှူးများ၊ အဖွဲ့ခေါင်းဆောင်များနှင့် ဧဝံဂေလိ ညွှန်ကြားရေးမှူးများအပြင်၊ အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်သောသူများ ပါဝင်သည်။ တတိယအမျိုးအစားမှာ အန္တရာယ်ရှိသော အသင်းတော်အလုပ်တွင် ပါဝင်ဆောင်ရွက်သည့် အမှုထမ်းများ ဖြစ်သည်။ စတုတ္ထအမျိုးအစားမှာ အထူးကျွမ်းကျင်မှုများနှင့် ဆုကျေးဇူးများရှိသောသူများ ဖြစ်သည်။ ပဉ္စမအမျိုးအစားတွင် ရာဇဝတ်မှုမှတ်တမ်းရှိသူများ၊ လိုက်လံဖမ်းဆီးခြင်းခံနေရသူများနှင့် ဝရမ်းပြေးများ ပါဝင်သည်။ ပြီးလျှင် ဆဋ္ဌမအမျိုးအစားမှာ သိထားသောသူများ ဖြစ်ပါသည်။) ငါတို့သည် အလုပ်အမျိုးမျိုးတွင် ပါဝင်သော အရေးကြီးသည့် အမှုထမ်းအားလုံးကို အခြေခံအားဖြင့် ခြုံငုံပြောဆိုပြီးဖြစ်သော်လည်း ထပ်ဖြည့်စွက်ရမည့် အမျိုးအစားတစ်ခု ရှိသည်။ အကယ်၍ အသင်းတော်ရှိ ညီအစ်ကိုမောင်နှမတစ်ဦးတလေက မိမိ၏ တာဝန်ကို ထမ်းဆောင်ရန် အပြင်သို့ ထွက်သွားခြင်း၊ ဖမ်းဆီးခံရခြင်း သို့မဟုတ် အခြားမျှော်လင့်မထားသော အခြေအနေတစ်ခုခုကို ရင်ဆိုင်ရခြင်းတို့ကြောင့် မိမိ၏ အရွယ်မရောက်သေးသော ကလေးများကို မစောင့်ရှောက်နိုင်ပါက ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤကလေးများကို ၎င်းတို့ အသက်ရှင်နေထိုင်ရမည့် နည်းလမ်းတစ်ခုရှိစေရန်အတွက် သင့်တော်သော အိမ်ထောင်စုတစ်ခုတွင် နေရာချထားပေးရန် စီစဉ်သင့်သည်။ ဤသည်မှာလည်း အထူးလုပ်ငန်းဆောင်တာတစ်ခု ဖြစ်သည်။ ဤအလုပ်သည် အသင်းတော်၏အလုပ်နှင့် မသက်ဆိုင်သည့်အပြင်၊ အထူးအခြေအနေတစ်ရပ်မှသာ ပေါ်ပေါက်ခြင်းဖြစ်သော်လည်း ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအရွယ်မရောက်သေးသော ကလေးများအတွက် သင့်တော်သော နေရာချထားမှုများကို စီစဉ်ပေးခြင်းအတွက် တာဝန်ယူရမည်။ ၎င်းတို့တွင် သင့်တော်သော ဆွေမျိုးများမရှိပါက သို့မဟုတ် ၎င်းတို့၏ ဆွေမျိုးများသည် ဘာသာတရားမရှိသူများဖြစ်ပြီး ၎င်းတို့ကို လက်ခံရန် မလိုလားပါက အသင်းတော်က ၎င်းတို့ကို လက်ခံသင့်သည်။ အသင်းတော်သည် ၎င်းတို့အတွက် သင့်တော်သော ဧည့်ခံနေအိမ်တစ်ခုကို စီစဉ်ပေးသင့်သည်သာမက၊ ၎င်းတို့ကို စောင့်ရှောက်ရန် တာဝန်ယူမည့် ညီအစ်ကိုမောင်နှမများကိုလည်း တာဝန်ပေးသင့်သည်။ ၎င်းတို့အတွက် သင့်တော်သော နေရာချထားမှုတစ်ခုကို စီစဉ်ပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပါက အမှန်ပင် အကောင်းဆုံးဖြစ်ပြီး ၎င်းတို့ လူလားမြောက်သောအရွယ်သို့ ရောက်သည့်အခါ အသင်းတော်တွင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်ပါက လူလားမြောက်သော အရွယ်သို့ရောက်ပြီး လူ့အဖွဲ့အစည်းထဲသို့ ဝင်ရောက်သည့်အခါ အသင်းတော်နှင့် ဆက်စပ်မှုရှိတော့မည်မဟုတ်သည့်အပြင် ငါတို့၏ တာဝန်လည်း ပြီးဆုံးသွားမည် ဖြစ်သည်။ ထိုအချိန်နောက်ပိုင်း ၎င်းတို့၏ ကိစ္စရပ်များနှင့်ပတ်သက်၍ ငါတို့ ဂရုစိုက်ရန် လိုအပ်လိမ့်မည် မဟုတ်။ ဤသည်မှာ သင့်တော်သလော။ (သင့်တော်ပါသည်။) ဤအလုပ်သည် အသင်းတော်၏ အလုပ်အမျိုးမျိုးနှင့် မသက်ဆိုင်သော်လည်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များနှင့်ဆိုင်သည့် နယ်ပယ်အတွင်းတွင် ပါဝင်သင့်နေဆဲ ဖြစ်သည်။ အသင်းတော်တွင် နေရာချထားမှုများ လိုအပ်သော တာဝန်ထမ်းဆောင်နေသူတို့၏ ကလေးများရှိပါက ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အခြေအနေကို သတိမမူမိခြင်း မဖြစ်ခဲ့လျှင် ယင်းကို လျစ်လျူရှု၍မရပေ။ ထိုအကြောင်းကို ၎င်းတို့ သိရှိပါက စုံစမ်းမေးမြန်းသင့်သည်။ ကိုင်တွယ်သင့်ပြီး ၎င်းတို့အတွက် သင့်တော်သော နေရာချထားမှုများကို စီစဉ်ပေးရန် ဤတာဝန်ကို ယူသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေသည့် ညီအစ်ကိုမောင်နှမများ၊ အထူးသဖြင့် အရေးကြီးသော အလုပ်ကို တာဝန်ယူနေသောသူများအနေဖြင့် ဤကိစ္စနှင့်ပတ်သက်လာသည့်အခါ ပူပန်မှုများ ကင်းဝေးကြောင်း သေချာစေသင့်သည်။ ဤအလုပ်ကို ကောင်းမွန်စွာ ဆောင်ရွက်ခြင်းသည် ခက်ခဲသည် မဟုတ်ပေ၊ ခက်ခဲသလော။ (မခက်ခဲပါ။) အရေးကြီးသော အလုပ်အမှုထမ်းများနှင့်ဆိုင်သည့် အမျိုးအစား အနည်းဆုံး ခြောက်ခု ရှိသည်။ သတ္တမမြောက်အမျိုးအစားမှာ ဖြည့်စွက်ချက်ဖြစ်သည်။ ယင်းသည် အလွန်ထူးခြားသော အခြေအနေတစ်မျိုးကို ကိုယ်စားပြုသည်။ ပထမအမျိုးအစားခြောက်ခုတွင် ဖော်ပြထားသော အမှုထမ်းအမျိုးမျိုးသည် သင်းအုပ်နယ်မြေ သို့မဟုတ် နိုင်ငံတိုင်းတွင် အားလုံး ရှိချင်မှရှိမည်။ သို့သော် မည်သည့် နိုင်ငံတွင်ဖြစ်စေ ခေါင်းဆောင်များနှင့် အမှုဆောင်များအပြင်၊ အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသောသူများအား ကာကွယ်ပေးခြင်းသည် အရေးပါသော အလုပ်တစ်ခု ဖြစ်သည်။ ဤသည်မှာ အသင်းတော်ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံး အာရုံစိုက်ရမည့် အလုပ်တစ်ခုဖြစ်ပြီး ၎င်းတို့ ကောင်းမွန်စွာ ဖြည့်ဆည်းရမည့် တာဝန်တစ်ခု ဖြစ်သည်။

အရေးကြီးသော အလုပ်အမှုထမ်းများကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ အကာအကွယ်ပေးခြင်း

၁။ ဧည့်ခံမိသားစုများအတွက် လုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်များ

ယခုတွင် ငါတို့သည် အရေးကြီးသော အလုပ်အမှုထမ်းများက မည်သူတို့ဖြစ်သည်ကို ရှင်းလင်းစေပြီးဖြစ်သောကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကို ကြည့်ကြစို့။ တိကျစွာပြောရလျှင် “အရေးကြီးသော အလုပ်အမှုထမ်းအမျိုးမျိုးကို ကာကွယ်ခြင်း၊ ၎င်းတို့ကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ အကာအကွယ်ပေးပြီး၊ ၎င်းတို့ကို လုံခြုံအောင်ထားလော့” ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့ကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ ထိရောက်စွာ အကာအကွယ်ပေးရန်အတွက်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းပြီးဖြစ်သည့်အနေဖြင့် မှတ်ယူခြင်းခံရရန်အတွက် မည်သည့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကို လုပ်ဆောင်ရန် လိုအပ်သနည်း။ သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကို ဆောင်ရွက်ခြင်းနှင့်ပတ်သက်လာသည့်အခါ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဝေခွဲမရဖြစ်ကြသည်၊ မိမိတို့၏ ခေါင်းများ ကုတ်ကာ စိတ်ပူပန်လျက် မည်သို့ပြုမူရမည်ကို မသေမချာဖြစ်ကြသည်။ ဤအရေးကြီးသော အလုပ်အမှုထမ်းများအတွက် နေရာချထားမှုများကို စီစဉ်ပေးရာတွင် အရေးကြီးသော စည်းမျဉ်းတစ်ခု ရှိသည်။ ၎င်းတို့၏ လုံခြုံရေးကို သေချာစေရန်အတွက် ၎င်းတို့ကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ အကာအကွယ်ပေးရမည်။ အရေးကြီးသော အလုပ်အမှုထမ်းများကို ညီအစ်ကိုမောင်နှမများ၏ နေအိမ်များ၌ဖြစ်စေ၊ ငှားရမ်းထားသည့် အိမ်များ၌ဖြစ်စေ မည်သည့်နေရာတွင်မဆို နေရာချထားပါစေ အဓိကအချက်မှာ ၎င်းတို့၏ လုံခြုံရေးကို အာမခံရမည် ဖြစ်သည်။ ၎င်းတို့၏ လုံခြုံရေးကို အာမခံခြင်းသည် ၎င်းတို့ကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ အကာအကွယ်ပေးခြင်းကို ဆိုလိုသည်။ သို့ဆိုလျှင် ၎င်းတို့ကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ အကာအကွယ်ပေးရန် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ယင်းကအရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသောသူများအတွက် သင့်တော်သော နေရာများတွင် နေရာချထားမှုများ စီစဉ်ပေးခြင်း လိုအပ်သည်။ ဤအရာကို ရှုထောင့်အမြင်နှစ်ခုမှ ကြည့်ကြစို့။ တစ်ခုမှာ ဧည့်ခံသည့်မိသားစု၏ အတွင်း ပတ်ဝန်းကျင်ဖြစ်ပြီး နောက်တစ်ခုမှာ ပြင်ပပတ်ဝန်းကျင် ဖြစ်သည်။ အတွင်း ပတ်ဝန်းကျင်နှင့်ပတ်သက်၍ ပထမဦးစွာ ဧည့်ခံသူသည် စစ်မှန်သော ယုံကြည်သူဖြစ်ရမည်၊ ဧည့်ခံလိုစိတ်ရှိရမည်၊ အကြောင်းအရာများကို လျှို့ဝှက်ထားနိုင်ရမည်၊ သတိဖြင့် ပြုမူရမည်ဖြစ်ပြီး အပြင်လောကနှင့် အမြော်အမြင်ရှိစွာ ဆက်ဆံရမည်ဖြစ်သည်။ အထူးအခြေအနေ တစ်ခုတလေ ပေါ်ပေါက်လာပါက မည်သို့တုံ့ပြန်ရမည်ကို ၎င်းတို့ သိသင့်သည်။ ၎င်းတို့အနေဖြင့် ယင်းကို မလှုပ်မယှက်ဖြစ်နေခြင်းထက် တက်ကြွစွာ ကိုင်တွယ်ဖြေရှင်းနိုင်သင့်သည်။ ထို့အပြင် ၎င်းတို့သည် ဒေသအတွင်းတွင် သင့်တင့်လျောက်ပတ်သော နာမည်ဂုဏ်သတင်း သို့မဟုတ် ဂုဏ်သိက္ခာနှင့် အဆက်အသွယ်အချို့ ရှိသင့်သည်။ ၎င်းတို့တွင် ဩဇာလွှမ်းမိုးမှုမရှိလျှင်ပင် အနည်းဆုံးအားဖြင့် ၎င်းတို့သည် မိမိတို့၏နေရာတွင် ကောင်းစွာနေထိုင်ပြီး သိက္ခာရှိသောဘဝဖြင့် အသက်ရှင်ကြသူများဖြစ်သင့်ကာ ဒုက္ခပြဿနာကို ဘယ်သောအခါမျှ မဖိတ်ခေါ်သင့် သို့မဟုတ် ကလိမ်ကကျစ်ပုဂ္ဂိုလ်များကို မိမိတို့အိမ်သို့ မဆွဲဆောင်သင့်ပေ။ ၎င်းတို့တွင် မာဂျောင်ကစားရန် သို့မဟုတ် အရက်သောက်ရန် စုဝေးသည့် မိတ်ဆွေများ မရှိသင့်ပေ။ ထို့အပြင် အပြင်လောကနှင့်ဖြစ်စေ၊ ၎င်းတို့၏ အိမ်နီးချင်းများနှင့်ဖြစ်စေ ၎င်းတို့၏ ဆက်ဆံရေးက အတော်အတန် ပုံမှန်ဖြစ်သင့်သည်။ ၎င်းတို့သည် အကြွေးနှင့်ပတ်သက်၍ အငြင်းပွားမှုများ တစ်ခုတလေတွင် မပါဝင်သင့်သည့်အပြင် ၎င်းတို့၏ အိမ်နီးချင်းများနှင့်လည်း ပဋိပက္ခ မဖြစ်သင့်ပေ။ တစ်နည်းအားဖြင့် ၎င်းတို့၏ အိမ်ပတ်ဝန်းကျင်သည် အတော်အတန် ဆိတ်ငြိမ်သင့်သည်၊ ဧည့်ခံသူတွင် မရှုပ်ထွေးသော ဆက်ဆံရေးများ ရှိသင့်ပြီး ၎င်းတို့၏အိမ်သို့ အနှောင့်အယှက်များဖြစ်စေရန် လာရောက်သည့် ပြင်ပလူ အလွန်နည်းပါးသင့်သည်၊ စသည်တို့ဖြစ်ကာ အဘက်ဘက်မှ သင့်တော်ကောင်းမွန်သင့်ပေသည်။ ထို့အပြင် ဧည့်ခံသူ၏ ကလေးများ သို့မဟုတ် ဆွေမျိုးများသည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းအား ထောက်ခံသင့်သည် သို့မဟုတ် အနည်းဆုံးအားဖြင့် ၎င်းတို့ ညီအစ်ကိုမောင်နှမများကို ဧည့်ခံခြင်းအား မဆန့်ကျင်သင့်သည့်အပြင် ဤအကြောင်းအရာများကို မဆင်မခြင် လျှောက်ပြောခြင်းလည်း သေချာပေါက် မပြုလုပ်သင့်ပေ။ အချို့က “ဤစံသတ်မှတ်ချက်များအားလုံးနှင့် ကိုက်ညီသော ဧည့်ခံသည့်မိသားစုကို ရှာဖွေရန် မလွယ်ကူပါ” ဟု ပြောကောင်းပြောနိုင်သည်။ ဤသည်မှာ အတော်အတန် သင့်တော်သော နေရာတစ်ခုကို ရှာဖွေခြင်းအား ရည်ညွှန်းရန် ရည်ရွယ်သည်။ လုံးဝဥဿုံပြည့်စုံခြင်းကို မလိုအပ်ပေ။ အနည်းဆုံးအားဖြင့် နေထိုင်သည့် ပတ်ဝန်းကျင်သည် သင့်တင့်လျောက်ပတ်သင့်သည်၊ ဆိတ်ငြိမ်ပြီး ပြင်ပ ဝင်ရောက်စွက်ဖက်ခြင်းမှ ကင်းလွတ်သင့်သည်။ ယင်းက အရေးကြီးသော အလုပ်အမှုထမ်းများကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ အကာအကွယ်ပေးခြင်းဟူသော သတ်မှတ်ချက်ကို ဖြည့်ဆည်းပေးသည်။ အချို့သော ဧည့်ခံမိသားစုများတွင် မိသားစုဝင်တိုင်းက ယုံကြည်သူမဟုတ်သော်လည်း ဧည့်ခံသည့်သူသည် အိမ်ထောင်စုအတွင်း၌ ဩဇာရှိပြီး ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည်။ ၎င်းတို့၏ ဘာသာတရားမရှိသော ကလေးများ သို့မဟုတ် ဆွေမျိုးများသည် ဘုရားသခင်ကို ၎င်းတို့ယုံကြည်ခြင်းအား သို့မဟုတ် ညီအစ်ကိုမောင်နှမများကို ၎င်းတို့ ဧည့်ခံခြင်းအား ဝင်ရောက်စွက်ဖက်ရန် မဝံ့ရဲကြပေ။ အတွင်းစိတ်၌ သဘောမတူလျှင်ပင် ဤအချက်အလက်ကို မိသားစုပြင်ပရှိလူများထံ မျှဝေရန် မဝံ့ရဲကြပေ။ အကယ်၍ တစ်စုံတစ်ခု အမှန်တကယ် ဖြစ်ပွားပါက ၎င်းတို့က အကာအကွယ်ပေးဖို့ပင် ကူညီနိုင်သည်။ ဤနည်းအားဖြင့် ဤဧည့်ခံသည့်နေအိမ်တွင် တည်းခိုသော ညီအစ်ကိုမောင်နှမများသည်လည်း အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ မထိခိုက်ဘဲ နေနိုင်ကြသည်။ အချို့သော အခြေအနေများတွင် ဧည့်ခံသူသည် ၎င်းတို့၏ ကလေးများက ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းကို ဖော်ထုတ်မည်ကိုလည်းကောင်း၊ ၎င်းတို့၏ အိမ်နီးချင်းများက ၎င်းတို့၏ ယုံကြည်ခြင်းအကြောင်း သိရှိပြီး သတင်းပို့မည်ကိုလည်းကောင်း၊ အထူးသဖြင့် အခြေအနေဆိုးသွားပြီး ဖမ်းဆီးခံရမည်ကိုလည်းကောင်း ကြောက်ရွံ့နေတတ်လျက် တွန့်ဆုတ်တတ်သည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို စတင်ဧည့်ခံသည်နှင့်တစ်ပြိုင်နက် နေ့ဘက်တွင် မစားနိုင်၊ ညဘက်တွင် မအိပ်နိုင်ဘဲ တစ်နေ့လုံး စိုးရိမ်ထိတ်လန့်လျက် သူခိုးကဲ့သို့ နေ့တိုင်း ရင်တမမဖြစ်နေတတ်သည်။ အစိုးရက အိမ်ထောင်စုစာရင်း စစ်ဆေးရန် သို့မဟုတ် အစိုးရအမှုထမ်းများက အကြောင်းပြချက်အမျိုးမျိုးဖြင့် ၎င်းတို့အိမ်သို့ တစ်စုံတစ်ခု လာလုပ်ရန် စီစဉ်နေသည်ဟူသကဲ့သို့သော တစ်စုံတစ်ခု ဖြစ်ပျက်နေကြောင်း ကြားသိရသည့်အခါတိုင်း ၎င်းတို့သည် အလွန်အမင်း ကြောက်ရွံ့လာပြီး မိမိတို့ကိုယ်တိုင် မငြိစွန်းမိဖို့အလို့ငှာ ညီအစ်ကိုမောင်နှမများကို စဉ်ဆက်မပြတ် ချက်ချင်း ထွက်ခွာသွားစေလိုကြသည်။ ညီအစ်ကိုမောင်နှမများက ဤအရာကို မြင်တွေ့သည့်အခါ ထိုသို့သောနေရာသည် ဧည့်ခံခြင်းအတွက် မသင့်တော်သည်နှင့်အမျှ ချက်ချင်း ပြောင်းရွှေ့သင့်သည်။ ယင်းကို ရက်အနည်းငယ်အတွက် ယာယီရပ်နားရာနေရာအဖြစ်သာ အသုံးပြုကောင်းပြုနိုင်ပေသည်။ အကယ်၍ ဧည့်ခံမိသားစု၏ ကလေးများ၊ ဆွေမျိုးများ သို့မဟုတ် မိတ်ဆွေများသည် ဧည့်ခံသူက ယုံကြည်သူများကို လက်ခံနေကြောင်း သိရှိသည့်အခါ အနှောင့်အယှက်ပေးရန် လာနိုင်သည့် သို့မဟုတ် ညီအစ်ကိုမောင်နှမများကို ရဲလက်သို့ပင် အပ်နိုင်သည့် ဆိုးယုတ်သောလူများဖြစ်ပါက ဤသည်မှာ အလွန်အန္တရာယ်များလွန်းလှပေသည်။ ထိုသို့သော ဧည့်ခံမိသားစုနှင့်အတူ နေထိုင်ခြင်းက မသင့်တော်ပေ။ အချို့သော မိဘများသည် မိမိတို့၏ ကလေးများရှေ့တွင် ကျွန်များကဲ့သို့ ပြုမူကြသည်။ ၎င်းတို့က “အဆင်ပြေပါသည်၊ ကျွန်ုပ်၏ ကလေးများက ကျွန်ုပ်စကားကို နားထောင်ပါသည်”ဟု ပြောကောင်းပြောနိုင်သော်လည်း လက်တွေ့တွင်မူ ၎င်းတို့၏ ကလေးများ၏ နာခံမှုက အခြေအနေအပေါ် မူတည်သည်။ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားနှင့် သက်ဆိုင်လာသည့်အခါ ကလေးများက ၎င်းတို့စကားကို နားထောင်ကြမည်မဟုတ်ပေ။ ထိုသို့သောသူသည် ညီအစ်ကိုမောင်နှမများကို သူဧည့်ခံနေခြင်းဖြစ်ကြောင်း သူ၏ ကလေးများကို သိခွင့်ပေးရန် မဝံ့ရဲပေ။ ၎င်းတို့၏ ကလေးများ သို့မဟုတ် ဆွေမျိုးများက သိရှိသွားပါက ညီအစ်ကိုမောင်နှမများကို သေချာပေါက် မောင်းထုတ်ကြမည်ဖြစ်ပြီး ဧည့်ခံသူက ၎င်းတို့ကို တားဆီးနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အိမ်ထောင်စုတွင် အဆုံးအဖြတ်မပေးနိုင်ကြပေ။ ထိုသို့သောသူသည် ဧည့်ခံရန် မသင့်တော်ပေ။ ၎င်းတို့တွင် ဧည့်ခံလိုစိတ် ရှိနိုင်သော်လည်း ဧည့်ခံရန် သတ္တိကင်းမဲ့သည်။ ကြောက်တတ်သောသူတစ်ဦးသည် အမှန်တကယ် ဧည့်ခံရန် ဝံ့ရဲနိုင်မည်လော။ သင်သည် ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးကို အာမမခံနိုင်ပါက ဤတာဝန်အတွက် သင် မသင့်တော်ပေ။ သင်သည် ယင်းအတွက် မိမိသဘောအလျောက် မလုပ်ဆောင်သင့်ပေ၊ ပြီးလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များကိုလည်း အနှစ်မဲ့သော ကတိများမပေးသင့်သည့်အပြင် ဤတာဝန်ကိုလည်း သင် လက်မခံသင့်ပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ညီအစ်ကိုမောင်နှမများကို ဧည့်ခံရန်အတွက် ထိုသို့သောအိမ်ထောင်စုတစ်ခုတွင် နေရာချထားပေးပါက ယင်းမှာ သင့်တော်သည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) ဤသည်မှာ အလွန့်အလွန် မသင့်တော်ပေ။ ညီအစ်ကိုမောင်နှမများကို အန္တရာယ်တွင်းထဲသို့ မပို့ကြနှင့်။ ညီအစ်ကိုမောင်နှမများသည် အခြားနေရာတွင် နေထိုင်လျက် အတော်အတန် ဘေးကင်းလုံခြုံနေနိုင်သည်။ သင်က ၎င်းတို့ကို ဤလူ၏အိမ်တွင် နေရာချထားပေးပါက ထိုနေရာတွင်ရှိသည့် ကလေးများ သို့မဟုတ် ဆွေမျိုးများက ဘာသာတရားမရှိသောသူများဖြစ်ပြီး ယုံကြည်သူများ တည်းခိုနေသည်ကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို သတင်းပို့ပြီး ရဲလက်သို့ အပ်နိုင်ကာ ထိုသို့ဖြင့် ၎င်းတို့၏ အသက်ကို အန္တရာယ်ဖြစ်စေနိုင်သည်။ ထိုဧည့်ခံသူအပေါ် အမင်္ဂလာဖြစ်မည် မဟုတ်လော။ အကယ်၍ ဧည့်ခံသူသည် ထိုသို့သောအခြေအနေများတွင် ညီအစ်ကိုမောင်နှမများကို ကာကွယ်ရန် မိမိ၏အသက်ကို စွန့်စားလိုစိတ်ရှိပြီး ၎င်းတို့၏ လုံခြုံရေးကို ထိရောက်စွာ အာမခံနိုင်ပါက၊ ပြီးလျှင် ၎င်းတို့သည် ပုံမှန်အားဖြင့် အတော်အတန် အမြော်အမြင်ရှိကြောင်း ပြသပါက ဤဧည့်ခံသည့်မိသားစုသည် သင့်တော်သော ရွေးချယ်မှုတစ်ခု ဖြစ်နေနိုင်သေးသည်။ သို့သော် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို ကာကွယ်ရန် မိမိတို့၏အသက်ကို မစွန့်စားနိုင်သည့်အပြင်၊ ၎င်းတို့၏ မိသားစုရှိ ဘာသာတရားမရှိသောသူများက ညီအစ်ကိုမောင်နှမများကို သတင်းပို့ပြီး ရဲလက်သို့ အပ်မည်ဟု ခြိမ်းခြောက်သည့်အခါ ညီအစ်ကိုမောင်နှမများကို မကာကွယ်ဘဲ မယုံကြည်သူများက ၎င်းတို့ကို ရဲလက်သို့ အပ်သည်ကို ခွင့်ပြုလျက် ၎င်းတို့တွင် ဖြေရှင်းချက်မရှိသည့်အပြင် လိပ်ခေါင်းကျုံ့သကဲ့သို့ နောက်တွန့်သွားနိုင်ပါက၊ ဤအိမ်ထောင်စုသည် ဧည့်ခံရန် မသင့်တော်ပေ။ အကယ်၍ ညီအစ်ကိုမောင်နှမများသည် ထိုနေရာတွင် ရက်အနည်းငယ် ယာယီတည်းခိုပြီး သင့်တော်သောနေရာတစ်ခု တွေ့သည်နှင့်တစ်ပြိုင်နက် ချက်ချင်း ပြောင်းရွှေ့ပါက ယင်းမှာ သည်းခံနိုင်ဖွယ်ရှိရုံမျှရှိပေသည်။ ထိုသို့သောအိမ်တွင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ရေရှည်တည်းခိုခြင်းသည် မသင့်တော်ပေ။ ဧည့်ခံသူသည် အနည်းဆုံးအနေဖြင့် ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးကို ကာကွယ်နိုင်ရမည်၊ ဤသည်မှာ ဧည့်ခံသူတစ်ဦးအတွက် သတ်မှတ်ချက်တစ်ခု ဖြစ်သည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေသောသူများအနေဖြင့် အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းကို ရှောင်ရှားရန်အတွက် တစ်ချက်အနေဖြင့် ၎င်းတို့၏ နေထိုင်သည့် ပတ်ဝန်းကျင်သည် သင့်တော်ရမည်၊ ထို့အပြင် ဧည့်ခံသူ၏ ကိုယ်ပိုင်အရည်အသွေးများသည်လည်း ကဏ္ဍအားလုံးတွင် သင့်တော်ရမည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အရေးကြီးသော အလုပ်အမှုထမ်းများကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ အကာအကွယ်ပေးနိုင်ရမည် ဖြစ်သည်။ ဤအရာကို ၎င်းတို့ စွမ်းဆောင်ရရှိနိုင်မှသာလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အရေးကြီးသော အလုပ်အမှုထမ်းများကို ၎င်းတို့၏အိမ်တွင် နေရာချထားပေးနိုင်သည်။ အကယ်၍ ဧည့်ခံသူသည် ယုံကြည်ခြင်းအနည်းငယ်သာရှိပြီး အရည်အချင်းမပြည့်မီသည့်အပြင် သတ္တိမရှိပါက၊ မိမိ၏ ကိုယ်ပိုင်အိမ်ထောင်တွင် အဆုံးအဖြတ်မပေးနိုင်သည့်အပြင်၊ သူ၏ မယုံကြည်သူ ကလေး သို့မဟုတ် ဆွေမျိုးတစ်ဦးဦးက ဝင်ရောက်ပြီး သူ့အပေါ် ထိန်းချုပ်နိုင်ပါက ဤသည်မှာ အတော်လေး ဒုက္ခများတတ်သည်။ ထိုသို့သောနေရာသည် ဧည့်ခံရန် ဧကန်မုချ မသင့်တော်ပေ။ အိမ်သည် ကြီးပြီး အခန်းများစွာရှိကာ သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်နှင့် အခြားကောင်းမွန်သော အခြေအနေများ ရှိလျှင်ပင် ယင်းသည် ဧည့်ခံရန် မသင့်တော်သေးပေ။ သင့်တော်သော နေထိုင်မှု ပတ်ဝန်းကျင်တစ်ခုတည်းနှင့် မလုံလောက်ပေ။ ဧည့်ခံသူသည်လည်း သင့်တော်ရမည်။ ဤနေရာတွင် အဓိကအချက်မှာ ဧည့်ခံသူသည် ပထမဦးစွာ ၎င်းတို့ ဧည့်ခံထားသည့် တာဝန်ထမ်းဆောင်နေသော အမှုထမ်းများကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ အကာအကွယ်ပေးနိုင်ကြောင်း သေချာစေနိုင်ရမည် ဖြစ်သည်။ ထို့နောက်မှသာ နေထိုင်မှု ပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားသင့်သည်။ နေရာပိုသေးငယ်ခြင်းဖြစ်စေ၊ အင်တာနက် အကန့်အသတ်ရှိခြင်းဖြစ်စေ၊ ပိုရိုးရှင်းသော အစားအသောက်ဖြစ်စေ သို့မဟုတ် ရေအသုံးပြုရန် ပိုမိုအဆင်မပြေခြင်းဖြစ်စေ၊ အနည်းငယ် သာ၍မကောင်းသော ပတ်ဝန်းကျင်သည်လည်း လက်ခံနိုင်ဖွယ်ရှိနေသေးသည်။ ဧည့်ခံသူသည် သင့်တော်နေသမျှ ကာလပတ်လုံး၊ အန္တရာယ်ပေါ်ပေါက်လာသည့်အခါ တုံ့ပြန်နိုင်စွမ်းရှိနေသမျှ ကာလပတ်လုံး၊ ရှုပ်ထွေးသော အခြေအနေအမျိုးမျိုးကို စီမံခန့်ခွဲနိုင်ပြီး၊ အထူးသဖြင့် ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးကို ကာကွယ်ရန် ပေါ်ပေါက်လာနိုင်သည့် အထူးအခြေအနေတစ်ခုတလေကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်နေသမျှ ကာလပတ်လုံး ၎င်းတို့သည် ဧည့်ခံသူတစ်ဦးအဖြစ် စံနှုန်းပြည့်မီပေသည်။ ဧည့်ခံမိသားစု၏ နေထိုင်မှု ပတ်ဝန်းကျင်အတွက် ငါတို့၏ သတ်မှတ်ချက်များသည် မမြင့်မားပေ။ အရေးအကြီးဆုံးသောအရာမှာ ယင်းက လုံခြုံရေးကို သေချာစေနိုင်ခြင်း ဖြစ်သည်။ ဤအချက်နှင့်ပတ်သက်၍ အသေးစိတ် ပြောရန် မလိုအပ်ပေ။

၂။ နေထိုင်ရာနေရာ၏ ပတ်ဝန်းကျင်အတွက် သတ်မှတ်ချက်များ

ဧည့်ခံသည့်မိသားစု၏ နေအိမ်ဝန်းကျင် ပြင်ပ အခြေအနေ လုံခြုံမှုရှိမရှိဆိုသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ပထမဆုံး ထည့်သွင်းစဉ်းစားရမည့်အရာ ဖြစ်သည်။ ဧည့်ခံသည့်မိသားစု၏ အခြေအနေများ မည်သို့ပင်ဖြစ်စေ၊ နေအိမ်သည် ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မတစ်ဦး၏ အိမ်ဖြစ်သည်ဖြစ်စေ၊ ငှားရမ်းထားသောအိမ်ဖြစ်သည်ဖြစ်စေ၊ နေအိမ်၏ ပြင်ပပတ်ဝန်းကျင်က လုံခြုံမှုရှိမရှိဟူသည်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ ဤသည်မှာ အရေးကြီးဆုံးအချက် ဖြစ်သည်။ ပထမဦးစွာ ဤဧည့်ခံသည့်မိသားစု၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် လူသိမများဘဲ ပြည်သူ့လုံခြုံရေးဗျူရို၌ ၎င်းတို့၏ ယုံကြည်ခြင်းနှင့်ပတ်သက်၍ မည်သည့်မှတ်တမ်းမျှ မရှိမှသာ သင့်တော်သည်။ အကယ်၍ ယခင်က ထိုနေရာတွင် ညီအစ်ကိုမောင်နှမများ စုဝေးသည့်အခါ အိမ်နီးချင်းများက ဤအကြောင်းကို အစိုးရထံ သတင်းပို့လေ့ရှိပြီး ဤမိသားစုတွင် မကြာခဏ သူစိမ်းများနှင့် စုဝေးပွဲများရှိသည်ကို အစိုးရက သိရှိပြီးဖြစ်ပါက ဤနေရာသည် ဧည့်ခံခြင်းအတွက် သင့်တော်ခြင်းမရှိပေ။ အိမ်ငှားမည်ဆိုလျှင်လည်း ထိုသို့သောမိသားစု၏အိမ်ကို ငှားရမ်းရန် မသင့်တော်ပေ။ ဤသည်မှာ ရှုထောင့်တစ်ရပ် ဖြစ်သည်။ ထို့အပြင် အချို့နေရာများတွင် လုယက်မှု၊ လူသတ်မှုနှင့် အခြားအမှုအခင်းအမျိုးမျိုး မကြာခဏ ဖြစ်ပွားလျက် အများပြည်သူလုံခြုံရေးက ညံ့ဖျင်းသည်။ နေထိုင်သူများသည်လည်း နောက်ကြောင်းရာဇဝင် ရှုပ်ထွေးသော ပုဂ္ဂိုလ်များဖြစ်ကြပြီး ရဲများသည် အိမ်ထောင်စုစာရင်းများနှင့် မှတ်ပုံတင်ကတ်များကို စစ်ဆေးရန်၊ ပြစ်မှုဆိုင်ရာ သံသယရှိသူများကို စုံစမ်းစစ်ဆေးရန်နှင့် အခြားအရာများအတွက် ထိုနေရာသို့ မကြာခဏ သွားရောက်လေ့ရှိသည်။ ငါ့ကို ပြောလော့၊ သင်သည် ထိုသို့သောနေရာ၌ နေထိုင်ခဲ့ပါက မကြာခဏ နှောင့်ယှက်ခြင်းကို ခံရမည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သောနေရာများသည်လည်း နေထိုင်ရန် မသင့်တော်ပေ။ ရဲများက အနီးအနားတွင် ခိုးမှု သို့မဟုတ် လူသတ်မှု ဖြစ်ပွားခဲ့သည်ဟုဆိုကာ စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုလျက်၊ ပြစ်မှုကျူးလွန်သူကို တွေ့မြင်ပါက ချက်ချင်းသတင်းပို့ရန် လူတို့အား ပြောဆိုလျက် ရက်အနည်းငယ်ကြာတိုင်း တံခါးလာခေါက်တတ်ကြသည်။ ရဲများသည် အမှုအခင်းများကို စုံစမ်းစစ်ဆေးနေသည်ဟု အခိုင်အမာဆိုကာ ဆင်ခြေမျိုးစုံကို အကြောင်းပြချက်အဖြစ် အသုံးပြုလျက် တံခါးများကို အစဉ်လာခေါက်ကြသော်လည်း လက်တွေ့တွင်မူ ၎င်းတို့သည် အပြင်လူများနှင့် သူစိမ်းများကို စစ်ဆေးနေခြင်းဖြစ်သည်၊ ပို၍ တိကျစွာဆိုရလျှင် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သောလူများအား ရှာဖွေနေခြင်း ဖြစ်သည်။ သင်သည် ထိုသို့သော ဧည့်ခံအိမ်၌ နေထိုင်ပါက ဘေးကင်းလုံခြုံသည့် ခံစားချက်တစ်ခုတလေ ခံစားရမည်လော။ (ခံစားရမည် မဟုတ်ပါ။) သင်သည် တစ်နေ့လုံး ရင်တမမဖြင့် နေရလိမ့်မည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ဤပြင်ပရာဇဝတ်မှုများသည် ဧည့်ခံသည့်မိသားစုနှင့် မည်သည့် ပတ်သက်မှုမျှ မရှိသော်လည်း သင်သည် စိတ်အေးလက်အေးဖြစ်မည် မဟုတ်ပေ။ ထိုသို့သော ပတ်ဝန်းကျင်၌ နေထိုင်ခြင်းသည် သင်၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှုက ခြိမ်းခြောက်ခံနေရသည်ဟု မကြာခဏ ခံစားရစေသည်။ တစ်နေ့နေ့တွင် ရဲများသည် ညီအစ်ကိုမောင်နှမများကို မြင်တွေ့သည့်အခါ ဤသူစိမ်းများကို စတင်မေးမြန်းပြီး ၎င်းတို့အား ဖမ်းဆီးသွားနိုင်သည်ကို မည်သူသိနိုင်မည်နည်း။ ဤသည်မှာ ကြောက်လန့်စရာကောင်းသည့် အခြေအနေဖြစ်သည်ဟု သင် ဆိုမည်မဟုတ်လော။ (ဟုတ်ပါသည်။) ထို့အပြင် တရုတ်လူမျိုးအများစုသည် လုံခြုံရေးအသိ ကင်းမဲ့ကြသည်။ တစ်စုံတစ်ဦး တံခါးခေါက်သည်ကို ကြားသည်နှင့်တစ်ပြိုင်နက် တံခါးဖွင့်ပေးကြပြီး ၎င်းတို့သည် ပုံမှန်အားဖြင့်လည်း မိမိတို့၏ တံခါးများကို သော့ခတ်လေ့မရှိကြပေ။ ယင်းက အမှုအခင်းများကို အလွယ်တကူ ဖြစ်ပေါ်စေသည်။ လွတ်လပ်မှုနှင့် ဒီမိုကရေစီရှိသော အနောက်နိုင်ငံများတွင် ကိုယ်ပိုင်နေအိမ်များကို ကိုယ်ပိုင်နယ်မြေများအဖြစ် သတ်မှတ်သည်။ အကယ်၍ အပြင်လူတစ်ဦးသည် ခွင့်ပြုချက်မရှိဘဲ ကိုယ်ပိုင်နယ်မြေတစ်ခုသို့ ဝင်ရောက်ပါက တရားမဝင်ဟု သတ်မှတ်ပြီး ထိုနေရာတွင် နေထိုင်သောလူများက ရဲကို ခေါ်မည်ဖြစ်သည်။ ထို့နောက် ကျူးကျော်ဝင်ရောက်သူသည် ဥပဒေအရ တာဝန်ခံရသည်။ သို့ဖြစ်၍ သူစိမ်းတစ်ဦးက တံခါးခေါက်ပါက သင်သည် တံခါးဖွင့်ပေးရန်မလိုပေ။ သင် ငြင်းဆိုနိုင်သည်။ တစ်စုံတစ်ဦးသည် သင်နှင့် တွေ့ဆုံရန် ချိန်းထားလျှင်ပင် သင်သည် အဆင်သင့်မဖြစ်သေးပါက သို့မဟုတ် စိတ်ပြောင်းသွားပါက သင်သည် တံခါးဖွင့်ပေးရန်မလိုသေးပေ။ သင်သည် ၎င်းတို့နှင့် ရက်ပြန်ချိန်းနိုင်သည်။ အနောက်နိုင်ငံများရှိ လူတို့တွင် ဤအခွင့်အရေးရှိသည်။ ၎င်းတို့တွင် ဤဥပဒေရေးရာ အသိရှိသည်။ သို့သော် တရုတ်လူမျိုးများတွင် ဤဥပဒေရေးရာ အသိ ကင်းမဲ့သည်။ ၎င်းတို့သည် တံခါးခေါက်သံကြားသည့်အခါတိုင်း အမြန်ဖွင့်ပေးကြသည်။ ဤသည်မှာ နိုးကြားမှုမရှိခြင်း၊ မိမိကိုယ်ကို ကာကွယ်သည့် အသိကင်းမဲ့ခြင်းနှင့် သက်ဆိုင်ရာဥပဒေများကို မရင်းနှီးခြင်းတို့အား ပြသနေသည်။ တရုတ်ပြည်သည် ဥပဒေအထက်၌ တစ်ပါတီအုပ်ချုပ်ရေးကို ထားရှိသည့် အာဏာရှင်နိုင်ငံတစ်နိုင်ငံ ဖြစ်သောကြောင့် ၎င်း၏ ဥပဒေစနစ်သည် အပေါ်ယံ ဟန်ပြတစ်ခုသာ ဖြစ်သည်။ အဆင်းနီသော နဂါးကြီးသည် တရုတ်ပြည်၌ ဥပဒေစိုးမိုးရေးကို လုံးဝ အလေးမထားဘဲ ပြုမူလျက်၊ မဆင်မခြင် မတော်မတရားမှုများကို ကျူးလွန်လျက်ရှိပြီး ပြည်သူများက လူ့အခွင့်အရေး ဘာဆိုဘာမျှ မရှိပေ။ တရုတ်လူမျိုးများသည် လူ့အခွင့်အရေးကို အာရုံမစိုက်ကြသည့်အပြင်၊ စည်းကမ်းဆိုင်ရာ စည်းမျဉ်းများကို လိုက်နာခြင်းနှင့် ဥပဒေကို လိုက်နာခြင်းဆိုင်ရာ အသိစိတ်တစ်ခုလည်း မဖြစ်ပေါ်ကြပေ။ အထူးသဖြင့် ၎င်းတို့တွင် မိမိကိုယ်ကို ကာကွယ်သည့် အသိ ကင်းမဲ့ပြီး လူအများစုသည် မိမိတို့ကိုယ်ကို ကာကွယ်ရန် ဥပဒေအား မည်သို့အသုံးပြုရမည်ကို မသိကြပေ။ ရလဒ်အနေဖြင့် ဘေးကင်းလုံခြုံရေးအတွက် အာမခံချက်မရှိပေ။ အတိုချုပ်အားဖြင့် ပြည်သူ့လုံခြုံရေး ညံ့ဖျင်းသော၊ ရှုပ်ထွေးသော နောက်ခံများနှင့် ပင်ကိုလက္ခဏာများရှိသည့် နေထိုင်သူများရှိသော၊ မကြာခဏ စစ်ဆေးခြင်းများရှိသော သို့မဟုတ် ရာဇဝတ်မှုအမျိုးမျိုး မကြာခဏ ဖြစ်ပွားသော မည်သည့်နေရာတွင်မဆို လူတို့သည် ပြင်ပလောက၏ နှောင့်ယှက်မှုကြောင့် အလွယ်တကူ ထိခိုက်ခံရနိုင်သည်။ ထိုသို့သောနေရာသည် နေထိုင်ရန်အတွက် မသင့်တော်ပေ။ ဤသည်မှာ အရေးကြီးသော အလုပ်အမှုထမ်းများအတွက် နေရာထိုင်ခင်းများ စီစဉ်ပေးသည့်အခါ ထည့်သွင်းစဉ်းစားရမည့် ပြည်သူ့လုံခြုံရေးဆိုင်ရာ အချက်တစ်ချက် ဖြစ်သည်။

တာဝန်ထမ်းဆောင်နေသူများအတွက် နေထိုင်ရာပတ်ဝန်းကျင်ကို သေချာစွာရွေးချယ်ရမည်ဖြစ်ပြီး စည်ကားသော မြို့ပြဒေသများနှင့် အန္တရာယ်ရှိသော နေရာများကို ရှောင်ရှားခြင်းသည် အကောင်းဆုံးဖြစ်သည်။ စည်ကားသော မြို့ပြဒေသများဟူ၍ ငါတို့က အဘယ်နေရာများကို ရည်ညွှန်းသနည်း။ ၎င်းတို့တွင် မီးရထားလမ်းများ၊ အဝေးပြေးလမ်းမကြီးများ၊ လမ်းဆုံများနှင့် ဈေးများအနီးရှိ နေရာများကဲ့သို့သော နေရာများ ပါဝင်သည်။ အထူးသဖြင့် နေ့စဉ် မီးရထားအစင်းရေ မရေမတွက်နိုင်အောင် ဖြတ်သန်းသွားလာနေသည့် အဓိကမီးရထားလမ်းများတစ်လျှောက်တွင် အနီးအနားရှိ အိမ်များ၏ ကြမ်းပြင်များသည် ဖြတ်သန်းသွားသော မီးရထားတစ်စင်းစီတိုင်းနှင့်အတူ တုန်ခါနေသည်။ ထိုသို့သော ပတ်ဝန်းကျင်၌ တာဝန်ထမ်းဆောင်နေစဉ် ငြိမ်သက်အေးချမ်းမှု ရှာတွေ့ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ထို့အပြင် နှစ်ပေါင်းများစွာ အိမ်၏အဝေးတွင် တာဝန်ထမ်းဆောင်ခဲ့သော အချို့လူများသည် အစဉ်မပြတ် စိုးရိမ်ပူပန်မှုဖြင့် နေထိုင်ကြရပြီး ၎င်းတို့၏ နှလုံးသိပ်မကောင်းသဖြင့် ထိုသို့သောနေရာများတွင် နေထိုင်ရန်မှာ ၎င်းတို့အတွက် သာ၍ပင် မသင့်တော်ပေ။ အကယ်၍ အသံဖမ်းအလုပ် သို့မဟုတ် စာနှင့်ပတ်သက်သော အလုပ်ကဲ့သို့သော အချို့အလုပ်များသည် တိတ်ဆိတ်သော ပတ်ဝန်းကျင်တစ်ခု လိုအပ်ပါက အနည်းဆုံး ဆူညံသံ နှောင့်ယှက်မှု မရှိရသည့်အပြင် လုံခြုံရေးကိုလည်း အာမခံချက်ရှိရမည်ဖြစ်သည်။ ဤသည်မှာ အကောင်းဆုံးဖြစ်ပေမည်။ လုံးဝလုံခြုံသောနေရာမရှိပါက အတော်အတန် လုံခြုံသောနေရာကို ရှာဖွေရမည်။ ဤအခြေအနေတွင် ဆူညံသံအနည်းငယ်ရှိခြင်းက လက်ခံ၍ရနိုင်ပြီး ငါတို့သည် သတ်မှတ်ချက်များကို အလွန်မြင့်မားစွာ မထားသင့်ပေ။ နေထိုင်ရာပတ်ဝန်းကျင်သည် လုံခြုံနေသမျှကာလပတ်လုံး လုံလောက်ပေလိမ့်မည်။ ထို့အပြင် အိမ်သည် မီးပွိုင့်များ သို့မဟုတ် လမ်းဆုံတစ်ခုအနီးကဲ့သို့သော အဓိက ယာဉ်ကြောသွားလာရာနေရာတွင် တည်ရှိပါက နေ့စဉ် မရေမတွက်နိုင်သော လူသွားလူလာများနှင့် ယာဉ်များ ဖြတ်သန်းသွားလာနေလိမ့်မည်ဖြစ်သည်။ ထိုသို့သောအိမ်သည် များပြားလှသော ဖြတ်သွားဖြတ်လာများ၏ အမြင်တွင် ပေါ်လွင်နေပြီး ဖြတ်သွားသောလူများသည် သာမန်ကာလျှံကာ တစ်ချက်ကြည့်လိုက်ရုံဖြင့် အိမ်အတွင်းရှိလူများကို အလွယ်တကူ မြင်တွေ့နိုင်သည်။ အထူးသဖြင့် ညဘက် မီးများဖွင့်ထားသည့်အခါ အိမ်ထဲက အခြေအနေကို ရှင်းလင်းစွာ မြင်နိုင်သည်။ ထိုသို့သောအိမ်သည် နေထိုင်ရန်အတွက် လက်ခံနိုင်စရာဖြစ်သေးသည်ဟု သင်ဆိုမည်လော။ ဤပတ်ဝန်းကျင်သည် သင့်တော်သလော။ (မသင့်တော်ပါ။) အမှန်ပင် မသင့်တော်ပေ။ ထိုသို့သောနေရာ၌ နေထိုင်သောလူများသည် မကြာခဏ နှောင့်ယှက်ခြင်းကို ခံရပြီး သူစိမ်းများက ၎င်းတို့အား စောင့်ကြည့်နေသည်ကို မကြာခဏ တွေ့မြင်ရသည်။ သူစိမ်းတစ်ဦးနှင့် မျက်လုံးချင်းဆုံမိသည့်အခါ ၎င်းတို့ လန့်ဖျပ်သွားကြပြီး နေ့စဉ် စိတ်မသက်မသာ ခံစားရကာ စဉ်ဆက်မပြတ် စောင့်ကြည့်ခံနေရသည်ဟု ခံစားနေရသည်။ အမှုအရာများကို ညွှန်ကြားပြီး ထိန်းချုပ်နေသည့် တစ်စုံတစ်ဦးက နောက်ကွယ်တွင်ရှိနေသလောဟူသည်ကို မည်သူသိမည်နည်း။ ထိုသို့သော ပတ်ဝန်းကျင်၌ နေထိုင်ခြင်းက စိတ်သက်သာရာရနိုင်မည်ဟု သင် ထင်သလော။ ထို့အပြင် အချို့အိမ်များသည် အရည်အသွေးမကောင်းသည့်အပြင်၊ အသံမလုံသဖြင့် အတွင်း၌ အသံကျယ်ကျယ်ဖြင့် စကားပြောသည့်အခါ သို့မဟုတ် ဓမ္မတေးများ ဖွင့်သည့်အခါ အပြင်မှလူများက အရာအားလုံးကို ကြားနိုင်သည်။ ထို့အပြင် အချို့အိမ်များသည် ရပ်ကွက်၏ အမြင့်ဆုံးနေရာတွင် တည်ရှိနေကြသည်၊ ထိုသို့သောအခြေအနေတွင် ၎င်းတို့သည် မိုးကြိုးပစ်ခြင်းကို ခံရတတ်ရုံသာမက ညီအစ်ကိုမောင်နှမများ အပြင်ထွက်သည့်အခါတိုင်း ပတ်ဝန်းကျင်ရှိ အိမ်နီးချင်းများကလည်း မြင်တွေ့နိုင်သည်။ ၎င်းတို့အတွက် လေဝင်လေထွက်ရရန် သို့မဟုတ် အေးမြစေရန်အတွက် ရံဖန်ရံခါ ပြတင်းပေါက်ဖွင့်ရန်ပင် အဆင်မပြေပေ။ ပြတင်းပေါက်များကို လိုက်ကာများချလျက် တင်းကျပ်စွာ ပိတ်ထားရမည်ဖြစ်ရာ မည်သည့်အလင်းရောင်မျှ ဝင်ရောက်ခြင်းမရှိသည့်အပြင် လှုပ်ရှားသွားလာရန် အပြင်ထွက်ခြင်းမှာ သာ၍ပင် အဆင်မပြေပေ။ အပြင်မှလူများ၏ စောင့်ကြည့်ခြင်းနှင့် သတိပြုမိခြင်းကို ခံရမည်အား အစဉ်မပြတ် စိုးရိမ်ပူပန်နေရသည်။ ညီအစ်ကိုမောင်နှမများသည် တစ်ပြိုင်တည်း ဝင်ထွက်သွားလာခြင်း မရှိကြသော်လည်း တစ်စုံတစ်ဦး ဝင်သည့်အခါ သို့မဟုတ် ထွက်သည့်အခါတိုင်းတွင် အပြင်မှလူများက ရှင်းလင်းစွာ မြင်နိုင်သည်။ အဆုံးတွင် ၎င်းတို့သည် ဤအိမ်၌ သူစိမ်းမည်မျှ နေထိုင်သည်ကို ယေဘုယျအားဖြင့် သိရှိသွားကြလိမ့်မည်။ ဤနေရာတွင် နေထိုင်ပါက လူတို့၏ လုံခြုံရေးကို အာမခံနိုင်သေးသည်ဟု သင်တို့ ဆိုမည်လော။ (မဆိုနိုင်ပါ။) အချို့လူများက “ကျွန်ုပ်တို့သည် အများအားဖြင့် အိမ်တွင်း၌ တာဝန်ထမ်းဆောင်နေကြပြီး အပြင်ထွက်လျှင်ပင် အလှည့်ကျထွက်ကြကာ တစ်ပြိုင်တည်း မထွက်ကြပါ။ ဤနည်းလမ်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ပတ်ဝန်းကျင်ရှိ အိမ်နီးချင်းများသည် မည်သည့်အရာကိုမျှ သိရှိကြမည်မဟုတ်ပါ” ဟု ထင်မှတ်ကြသည်။ သို့သော် သင်သည် အလှည့်ကျထွက်လျှင်ပင် တစ်စုံတစ်ဦးက သင်သည် သူစိမ်းတစ်ဦးဖြစ်ကြောင်း သတိပြုမိပါက ထိုအရာက ဒုက္ခပြဿနာဖြစ်စေလိမ့်ဦးမည်သာ ဖြစ်သည်။ များစွာသော ဘာသာတရားမရှိသူများသည် မိမိတို့ကိုယ်တိုင် ကောင်းမွန်သောဘဝများဖြင့် အသက်မရှင်ကြသော်လည်း အခြားသူများ၏ ကိစ္စရပ်များကို စောင့်ကြည့်လေ့လာခြင်းနှင့် စပ်စုခြင်းတို့၌ အထူးပင် ပျော်မွေ့ကြသည်။ အချို့သည် အတွင်း၌ သင် ဘာလုပ်နေသည်ကို ကြည့်ရှုရန် မှန်ပြောင်းများသုံး၍ပင် သင့်ကို ချောင်းမြောင်းကြည့်ရှုကြပေမည်။ ယုံကြည်သူများ စုဝေးနေသည်ကို ၎င်းတို့ တွေ့ရှိပါက ဆုငွေရရန် အစိုးရထံ အလျင်အမြန် သွားရောက်သတင်းပို့ကြသည်။ ထိုသို့သောလူတစ်ဦးက သင့်ကို မျက်စိကျသွားသည်နှင့်တစ်ပြိုင်နက် ဤသည်မှာ အန္တရာယ်ရှိသော အခြေအနေတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့က သင့်အပေါ် မျက်စိကျသွားသည်နှင့်တစ်ပြိုင်နက် ထိုအရာမှ ကောင်းကျိုးတစ်စုံတစ်ရာ ထွက်ပေါ်နိုင်သလော။ သင်သည် ဧကန်မုချ ဖမ်းဆီးခြင်းခံသွားရလိမ့်မည် ဖြစ်သည်။ မည်သည့်နိုင်ငံ၊ မည်သည့်ဒေသ၌ပင်ဖြစ်စေ သူတစ်ပါးအရေး ဝင်စွက်ဖက်တတ်သူများ လုံးဝမရှားပါးပေ။ ၎င်းတို့သည် သင့်ကို စောင့်ကြည့်ခြင်းအတွက် တစ်ပြားတစ်ချပ်မျှ မရလျှင်ပင် ထိုသို့ပြုလုပ်ရန် လိုလားသည်ထက်ပိုကြသည်။ ၎င်းတို့သည် စောင့်ကြည့်နေရန် အချိန်ပေးဖို့ မိမိတို့၏ ကိုယ်ပိုင်အလုပ်ကိုပင် ရွှေ့ဆိုင်းပြီး ကိုယ့်အိတ်ထဲမှပင် စိုက်ထုတ်ကြပေလိမ့်မည်။ ပြီးလျှင် သင့်ကို သတင်းပို့ခြင်းအတွက် ဆုငွေရှိပါက ထိုသို့ပြုလုပ်ရန် သာ၍ပင် စိတ်အားထက်သန်ကြလိမ့်မည်။ အထူးသဖြင့် တရုတ်ပြည်ကဲ့သို့သော အာဏာရှင်နိုင်ငံတစ်နိုင်ငံတွင် ဘုရားသခင်ကို ယုံကြည်သောသူတို့အား စောင့်ကြည့်နေသောလူများ အလွန်များပြားလှသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသည့်အပြင် ဘုရားသခင်ကို ယုံကြည်သောသူတို့အပေါ် အလွန်အမင်း မနှစ်မြို့ခြင်းအား ခံစားကြရသောကြောင့် ယုံကြည်သူများ အတူတကွ ပေါင်းသင်းဆက်ဆံခြင်း သို့မဟုတ် စုဝေးခြင်းကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် သတင်းပို့ကြသည်။ သတင်းပို့ခြင်းအတွက် ဆုငွေရှိပါက ၎င်းတို့သည် ထိုသို့ပြုလုပ်ရာတွင် မမောနိုင်မပန်းနိုင်ဖြစ်သည့် စိတ်ကျေနပ်မှုကို တွေ့ရှိကြသည်။ ဤသည်မှာ အသင်းတော်အတွက် ဒုက္ခပြဿနာကို အလွယ်တကူ ဆောင်ကြဉ်းပေးသည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ဤနည်းလမ်းဖြင့် နှောင့်ယှက်ခြင်းခံနေရပါက ခေါင်းဆောင်များနှင့် အမှုဆောင်များက နေရာချမှုများကို ကောင်းမွန်စွာ မစီစဉ်ခဲ့သောကြောင့် မဟုတ်လော။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များက အမှုအရာများအား စေ့စေ့စပ်စပ် မစဉ်းစားခဲ့သောကြောင့် အရေးကြီးသော အလုပ်အမှုထမ်းများကို နေရာချထားပေးခြင်းအတွက် တည်နေရာနှင့် ပတ်ဝန်းကျင်သည် မသင့်တော်ပါက ဤသည်တို့မှာ ဖြစ်ပေါ်လာသည့် အကျိုးဆက်များ ဖြစ်ကြသည်။ လူတစ်ဦး နေထိုင်သောနေရာသည် အာရုံစိုက်မှုကို အလွန်ဆွဲဆောင်ပါက အမှုအရာများကို အလွယ်တကူ ပြဿနာတက်သွားစေနိုင်သည်။ တစ်စုံတစ်ခု မှားယွင်းသွားသည့်အခါမှသာ ဤနေရာသည် နေထိုင်ရန် မသင့်တော်ကြောင်း သင် သဘောပေါက်သည့်အချိန်တွင်မူ အလွန်နောက်ကျနှင့်ပြီးဖြစ်သည်။ သို့ဖြစ်၍ တာဝန်ထမ်းဆောင်နေသူများအတွက် သင့်တော်သော နေထိုင်ရာနေရာကို ရွေးချယ်ခြင်းသည်လည်း အဓိကကျသော တာဝန်တစ်ရပ်ဖြစ်ပြီး ညံ့ဖျင်းသော ရွေးချယ်မှုသည် အန္တရာယ်ကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်သည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။