ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅) အခန်း ငါး
အယောင်ဆောင်ခေါင်းဆောင်အများစုသည် အစွမ်းအစ ညံ့ဖျင်းကြသည်။ ၎င်းတို့သည် စကားပြောကောင်းပုံရသော်လည်း သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း လုံးဝမရှိကြသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြသည့်အထိပင် ဖြစ်သည်။ ၎င်းတို့သည် မမြင်မကန်းဖြစ်ပြီး ဉာဏ်မျက်စိကန်းကြသည်၊ မည်သည့်အရေးကိစ္စကိုမျှ ထိုးထွင်းမမြင်နိုင်သကဲ့သို့ သမ္မာတရားကိုလည်း လုံးဝနားမလည်ကြပေ၊ ဤသည်ကိုယ်၌က အသက်ပင်ဆုံးရှုံးစေနိုင်သော ပြဿနာတစ်ခု ဖြစ်သည်။ ၎င်းတို့တွင် ပို၍ပင် ပြင်းထန်သော နောက်ထပ်ပြဿနာတစ်ခု ရှိသေးသည်၊ ယင်းမှာ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒအနည်းငယ်ကို နားလည်ပြီး ကျွမ်းကျင်သည့်အခါနှင့် ကြွေးကြော်သံအနည်းငယ်ကို ဟစ်ကြွေးနိုင်သည့်အခါတွင် ၎င်းတို့၌ သမ္မာတရား လက်တွေ့ကျမှု ရှိသည်ဟု ထင်မှတ်ကြခြင်း ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့ မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သူ့ကို အသုံးပြုရန် ရွေးချယ်သည်ဖြစ်စေ သမ္မာတရား စည်းမျဉ်းများကို မရှာဖွေကြသကဲ့သို့ အခြားသူများနှင့်လည်း မိတ်သဟာယမဖွဲ့ကြသည့်အပြင် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့် စည်းမျဉ်းများကို လိုက်နာရန်မှာ သာ၍ပင် ဝေးသေးသည်။ ၎င်းတို့သည် အလွန်ယုံကြည်မှုရှိကြပြီး မိမိတို့၏ စိတ်ကူးများသည် မှန်ကန်သည်ဟု အစဉ်အမြဲ ယုံကြည်ကာ မိမိတို့အလိုရှိသမျှကို လုပ်ဆောင်ကြသည်။ ရလဒ်အနေဖြင့် အခက်အခဲအချို့ သို့မဟုတ် ထူးခြားသောအခြေအနေတစ်ခု ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြသည်။ ထို့အပြင် ၎င်းတို့သည် ဘုရားအိမ်တော်၌ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး ထိုနေရာတွင် ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံရာ၌ လုံလောက်သော အတွေ့အကြုံရှိသောကြောင့် အသင်းတော်အလုပ်ကို မည်သို့လည်ပတ်ပြီး တိုးတက်အောင် လုပ်ဆောင်ရမည်ကို သိသည်ဟု မကြာခဏ မှားယွင်းစွာ ယုံကြည်ကြသည်။ ၎င်းတို့သည် ဤအရာများကို နားလည်ပြီးဖြစ်ပုံရသော်လည်း အမှန်တကယ်တွင် မည်သည့်အလုပ်ကိုမျှ မည်သို့လုပ်ဆောင်ရမည်ကို လုံးဝမသိကြပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများ၊ ၎င်းတို့၏ အတွေ့အကြုံနှင့် လုပ်ရိုးလုပ်စဉ်များနှင့် ၎င်းတို့၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာလျက် အသင်းတော်အလုပ်ကို မိမိတို့နှစ်သက်သလို လုပ်ဆောင်ကြသည်။ ဤသည်က အသင်းတော်အလုပ်၏ အမျိုးမျိုးသော ကိစ္စများကို ကမောက်ကမဖြစ်ပြီး ဖရိုဖရဲဖြစ်စေကာ စစ်မှန်သော အကျိုးရလဒ်များ မဖြစ်ပေါ်စေရန် တားဆီးသည်။ အကယ်၍ အဖွဲ့တစ်ဖွဲ့တွင် သမ္မာတရားကို နားလည်ပြီး စစ်မှန်သောအလုပ် အနည်းငယ်ကို လုပ်ဆောင်နိုင်သည့် လူတစ်ယောက်နှစ်ယောက် ရှိပါက ၎င်းတို့သည် ထိုအဖွဲ့၏အလုပ်တွင် ပုံမှန်အခြေအနေကို ထိန်းသိမ်းထားနိုင်သည်။ သို့သော်ငြားလည်း ဤသည်မှာ ၎င်းတို့၏ အယောင်ဆောင်ခေါင်းဆောင်နှင့် လုံးဝပင် မသက်ဆိုင်ပေ။ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည့် အကြောင်းရင်းမှာ အဖွဲ့ထဲတွင် စစ်မှန်သောအလုပ် အနည်းငယ်ကို လုပ်ဆောင်နိုင်ပြီး အလုပ်ကို လမ်းကြောင်းမှန်ပေါ်တွင် ထိန်းသိမ်းထားနိုင်သည့် လူကောင်းအနည်းငယ် ရှိသောကြောင့် ဖြစ်သည်၊ ယင်းမှာ ၎င်းတို့၏ အယောင်ဆောင်ခေါင်းဆောင်က စစ်မှန်သောအလုပ်ကို လုပ်ဆောင်ခဲ့သည်ဟု မဆိုလိုပေ။ တာဝန်ယူထားသည့် ဤသို့သော လူကောင်းအနည်းငယ် မရှိဘဲ မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်နိုင်ပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏အလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိရုံသာမက အသုံးဝင်မှုလည်း လုံးဝမရှိပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် အသင်းတော်အလုပ်ကို အဘယ်ကြောင့် ကမောက်ကမဖြစ်အောင် လုပ်တတ်သနည်း။ ပထမအကြောင်းရင်းမှာ အယောင်ဆောင်ခေါင်းဆောင်များသည် သမ္မာတရားကို နားမလည်ကြ၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအကြောင်း မိတ်သဟာယမဖွဲ့နိုင်ကြသကဲ့သို့ ပြဿနာများကို မည်သို့ဖြေရှင်းရမည်ကိုလည်း မရှာဖွေကြသောကြောင့် ပြဿနာများ စုပုံလာပြီး အသင်းတော်အလုပ်ကို ရပ်တန့်သွားစေသည်။ ဒုတိယအချက်မှာ အယောင်ဆောင်ခေါင်းဆောင်များသည် မျက်စိကန်းကြပြီး ပင်ကိုစွမ်းရည်ရှိသူများကို ပိုင်းခြားသိမြင်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် အဖွဲ့ကြီးကြပ်ရေးမှူး အမှုထမ်းများကို သင့်တော်အောင် နေရာမချထားနိုင်ကြသောကြောင့် အချို့သောအလုပ်များတွင် တာဝန်ယူရန် သင့်တော်သူတစ်ဦးတစ်ယောက်မျှ မရှိဘဲ ရပ်တန့်သွားစေသည်။ တတိယအချက်မှာ အယောင်ဆောင်ခေါင်းဆောင်များသည် အရာရှိများကဲ့သို့ အလွန်အမင်း ပြုမူကြသည်။ ၎င်းတို့သည် အလုပ်ကို ကြီးကြပ်ခြင်း သို့မဟုတ် ညွှန်ကြားခြင်း မပြုကြသကဲ့သို့ အလုပ်တွင် အားနည်းသော အပိုင်းတစ်ခု ရှိသည့်နေရာ၌ အလုပ်၏ အသေးစိတ်အချက်များတွင် တက်ကြွစွာ ပါဝင်ခြင်း သို့မဟုတ် လမ်းပြမှုပေးခြင်း မပြုကြပေ။ ဥပမာအားဖြင့်၊ အလုပ်ကိစ္စတစ်ခုတွင် အလုပ်လုပ်ဆောင်နေသည့် လူအနည်းငယ်သည် အခြေခံအုတ်မြစ်သိပ်မရှိသည့် ယုံကြည်သူအသစ်များ ဖြစ်ကြသည်၊ ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြ၊ အလုပ်နယ်ပယ်နှင့် များစွာ အကျွမ်းတဝင်မရှိကြသကဲ့သို့ အလုပ်၏ စည်းမျဉ်းများကိုလည်း အတော်အတန် နားမလည်ကြသေးဟု ဆိုပါစို့။ မျက်စိကန်းနေသည့် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးသည် ဤပြဿနာများကို မမြင်နိုင်ပေ။ တစ်စုံတစ်ဦးက အလုပ်ကို လုပ်ဆောင်နေသရွေ့ အဆင်ပြေသည်ဟု ၎င်းတို့က ယုံကြည်ကြသည်၊ အလုပ်ကို ကောင်းစွာလုပ်သည်ဖြစ်စေ၊ ဆိုးရွားစွာလုပ်သည်ဖြစ်စေ အရေးမကြီးပေ။ အသင်းတော်အလုပ်တွင် အားနည်းသော အပိုင်းတစ်ခု ရှိသည့်နေရာတိုင်း၌ ၎င်းတို့သည် နောက်ဆက်တွဲ လိုက်လံဆောင်ရွက်သင့်ကြောင်း၊ စစ်ဆေးခြင်းများ ပြုလုပ်သင့်ကြောင်းနှင့် ညွှန်ကြားမှုပေးသင့်ကြောင်း၊ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်သင့်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေသူများကို ၎င်းတို့ သမ္မာတရားကို နားလည်ပြီး စည်းမျဉ်းများအတိုင်း လုပ်ဆောင်နိုင်ကာ လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်သည်အထိ ထောက်ပံ့ပေးသင့်ကြောင်းကို ၎င်းတို့ မသိကြပေ။ ဤအချိန်ရောက်မှသာ ၎င်းတို့သည် များစွာ စိုးရိမ်ပူပန်ရန် မလိုအပ်တော့ပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤနည်းလမ်းဖြင့် အလုပ်မလုပ်ကြပေ။ အလုပ်လုပ်ရန် တစ်စုံတစ်ဦး ရှိနေသည်ကို ၎င်းတို့ မြင်သည့်အခါ ယင်းကို နောက်ထပ် အရေးမစိုက်ကြတော့ပေ။ အလုပ် မည်သို့ပင် ဖြစ်နေပါစေ ၎င်းတို့သည် မည်သို့မျှ စုံစမ်းမေးမြန်းခြင်း မပြုကြပေ။ အလုပ်တွင် အားနည်းသော အပိုင်းတစ်ခု ရှိသည့်နေရာ၌ သို့မဟုတ် အစွမ်းအစနိမ့်သော ကြီးကြပ်ရေးမှူးတစ်ဦး ရှိသည့်နေရာ၌ ၎င်းတို့သည် အလုပ်နှင့်ပတ်သက်၍ ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်မှု မပေးကြသကဲ့သို့ အလုပ်တွင်လည်း မိမိတို့ကိုယ်တိုင် မပါဝင်ကြပေ။ ပြီးလျှင် ကြီးကြပ်ရေးမှူးတစ်ဦးက အလုပ်ကို ထမ်းဆောင်နိုင်သည့်အခါတွင်မူ အယောင်ဆောင်ခေါင်းဆောင်များသည် ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးခြင်း သို့မဟုတ် ညွှန်ကြားမှုပေးခြင်းကို သာ၍ပင် မလုပ်ဆောင်ကြပေ၊ ၎င်းတို့သည် အေးအေးဆေးဆေး နေကြပြီး တစ်စုံတစ်ဦးက ပြဿနာတစ်ခုကို တိုင်ကြားလျှင်ပင် ယင်းနှင့်ပတ်သက်၍ မမေးမြန်းကြပေ၊ မလိုအပ်ဟု ၎င်းတို့ ထင်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤတိကျသောအလုပ် တစ်ခုတလေကိုမျှ မလုပ်ဆောင်ကြပေ။ အချုပ်အားဖြင့်ဆိုသော် အယောင်ဆောင်ခေါင်းဆောင်များသည် စစ်မှန်သောအလုပ် တစ်စက်တစ်မျှင်မျှ မလုပ်ဆောင်သည့် ယိုယွင်းပျက်စီးနေသောသူများ ဖြစ်ကြသည်။ မည်သည့်အလုပ်အတွက်မဆို တစ်စုံတစ်ဦးက တာဝန်ယူထားပြီး အလုပ်ကို တာဝန်ယူရန် လူအင်အားအပြည့်အစုံ ရှိနေသရွေ့ အမှုအရာများ ပြီးဆုံးသွားပြီဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့က ရံဖန်ရံခါ စုဝေးပွဲတစ်ခု ကျင်းပပြီး ပြဿနာတစ်ခု ပေါ်ပေါက်လာပါက စုံစမ်းမေးမြန်းလိုက်ရုံဖြင့် ပြီးပြီဟု ထင်ကြသည်။ ဤနည်းလမ်းဖြင့် အလုပ်လုပ်ဆောင်နေစဉ်တွင် အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့ကိုယ်ကို ကောင်းမွန်စွာ လုပ်ဆောင်နေသည်ဟု ယုံကြည်နေဆဲဖြစ်ပြီး မိမိတို့ကိုယ်ကို အတော်အတန် ကျေနပ်နေကြသည်။ ၎င်းတို့က “မည်သည့်အလုပ်ကိစ္စတွင်မဆို ပြဿနာများမရှိပါ။ အမှုထမ်းများအားလုံးကို အပြည့်အစုံ စီစဉ်ပြီးသားဖြစ်ပြီး ကြီးကြပ်ရေးမှူးများကလည်း နေရာတကျ ရှိနေသည်။ ကျွန်ုပ်သည် ဤအလုပ်တွင် အလွန်တရာတော်သည်၊ အလွန်တရာအရည်အချင်းရှိသည်” ဟု တွေးထင်ကြသည်။ ဤသည်မှာ အရှက်မရှိခြင်း မဟုတ်လော။ ၎င်းတို့သည် လုပ်ဆောင်ရန် မည်သည့်တာဝန်များကိုမျှ မမြင်နိုင်ဘဲ မည်သည့်ပြဿနာများကိုမျှ မတွေ့ရှိနိုင်သည့်အထိ အလွန်ပင် မျက်စိကန်းပြီး ဉာဏ်မျက်စိကန်းနေကြသည်။ အချို့နေရာများတွင် အလုပ်သည် ရပ်တန့်သွားသည့်တိုင် ၎င်းတို့မှာမူ ကျေနပ်လျက် “ညီအစ်ကိုမောင်နှမများအားလုံးက ငယ်ရွယ်သည်၊ အားလုံးက မျိုးဆက်သစ်များဖြစ်သည်။ သူတို့သည် သူတို့၏ တာဝန်များကို မီးကုန်ယမ်းကုန် ကိုင်တွယ်သည်၊ သူတို့ အလုပ်ကို ကောင်းကောင်းလုပ်နိုင်မှာ သေချာသည်” ဟု တွေးထင်နေကြသည်။ အမှန်တကယ်တွင် ဤလူငယ်များသည် မည်သည့်အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကိုမျှ နားမလည်သည့် အတွေ့အကြုံမရှိသေးသူများ ဖြစ်ကြသည်။ ၎င်းတို့သည် လုပ်ရင်းသင်ရင်းဖြင့် သင်ယူရမည်ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အလုပ်ကိုမျှ မည်သို့လုပ်ဆောင်ရမည်ကို မသိကြသေးဟု ဆိုလျှင် သင့်လျော်သည်၊ အချို့မှာ အနည်းငယ် နားလည်ကောင်း နားလည်နိုင်သော်လည်း ၎င်းတို့သည် ကျွမ်းကျင်သူများ မဟုတ်ကြသကဲ့သို့ စည်းမျဉ်းများကိုလည်း နားမလည်ကြပေ၊ ပြီးလျှင် ၎င်းတို့ တာဝန်တစ်ခုကို လုပ်ဆောင်ပြီးသည့်အခါ ထပ်ခါတလဲလဲ ပြင်ဆင်ရန် သို့မဟုတ် မကြာခဏ ပြန်လုပ်ရန်ပင် လိုအပ်သည်။ လေ့ကျင့်ခြင်းမခံရသေးသည့်အပြင် ပြုပြင်ခြင်းကို မတွေ့ကြုံသေးသည့် လူငယ်အချို့လည်း ရှိသေးသည်။ ၎င်းတို့သည် အလွန်အမင်း အောက်တန်းကျပြီး ပျင်းရိကြကာ သက်သောင့်သက်သာရှိမှုကို တပ်မက်ကြသည်၊ ၎င်းတို့သည် သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံကြသကဲ့သို့ အနည်းငယ် ဒုက္ခခံရသည့်အခါ မရပ်မနား ညည်းညူကြသည်။ ၎င်းတို့အများစုသည် သက်သောင့်သက်သာရှိမှုကို တပ်မက်သည့် ဝတ်ကျေတမ်းကျေလုပ်သော ယိုယွင်းပျက်စီးနေသောသူများ ဖြစ်ကြသည်။ ဤသို့သော လူငယ်များနှင့်ပတ်သက်၍ သင်သည် ၎င်းတို့နှင့် သမ္မာတရားအကြောင်း မကြာခဏ မိတ်သဟာယဖွဲ့ရမည်မှာ မလွဲဧကန်ဖြစ်ပြီး ၎င်းတို့ကို ပြုပြင်ရန်မှာ သာ၍ပင် လိုအပ်သေးသည်။ ဤလူငယ်များကို တာဝန်ယူပြီး စောင့်ကြည့်ပေးမည့်သူတစ်ဦး ရှိရမည်ဖြစ်သည်။ ၎င်းတို့၏အလုပ်အတွက် ကိုယ်တိုင်ကိုယ်ကျ တာဝန်ယူရန်နှင့် ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်မှုနှင့် ညွှန်ကြားမှုပေးရန် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ရှိရမည်ဖြစ်သည်။ ထိုအခါမှသာ ၎င်းတို့၏အလုပ်သည် အသီးအပွင့်အနည်းငယ် သီးပွင့်ပေမည်။ အကယ်၍ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် အလုပ်နေရာမှ ထွက်ခွာသွားပြီး အလုပ်ကို ဂရုမစိုက်ဘဲ မေးမြန်းခြင်းမရှိပါက ဤလူများသည် တစ်ပိုင်းတစ်စစီ ဖရိုဖရဲဖြစ်သွားမည်ဖြစ်ပြီး ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုသည် လုံးဝ အသီးအပွင့် ဖြစ်ထွန်းမည် မဟုတ်ပေ။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရာကို ထိုးထွင်းမမြင်ကြပေ။ ၎င်းတို့သည် လူတိုင်းကို ညီအစ်ကိုမောင်နှမများအဖြစ်၊ နာခံပြီး ကျိုးနွံနာခံသောလူများအဖြစ် မြင်ကြသောကြောင့် ၎င်းတို့အပေါ် အလွန်ယုံကြည်မှုရှိကြပြီး ၎င်းတို့ကို အလုပ်များ တာဝန်ပေးကာ နောက်ထပ် အရေးမစိုက်ကြတော့ပေ၊ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ မျက်စိကန်းခြင်းနှင့် ဉာဏ်မျက်စိကန်းခြင်း၏ အကောင်းဆုံးသော သက်သေပင် ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် သမ္မာတရားကို လုံးဝနားမလည်ကြ၊ အရေးကိစ္စများကို ရှင်းလင်းစွာ မမြင်နိုင်ကြသကဲ့သို့ မည်သည့်ပြဿနာများကိုမျှ ဖော်ထုတ်နိုင်စွမ်း မရှိကြသည့်တိုင် မိမိတို့ကိုယ်ကို ကောင်းကောင်းလုပ်ဆောင်နေသည်ဟု ထင်မှတ်ကြသည်။ ၎င်းတို့သည် တစ်နေ့လုံး မည်သည့်အရာကို တွေးတောနေကြသနည်း။ ၎င်းတို့သည် အရာရှိတစ်ဦးကဲ့သို့ မည်သို့ပြုမူရမည်နှင့် အဆင့်အတန်း၏ အကျိုးအမြတ်များကို မည်သို့ခံစားရမည်ကို တွေးတောနေကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အသိတရားကင်းမဲ့သောသူများကဲ့သို့ပင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အနည်းငယ်မျှပင် အလေးမထားကြပေ။ ၎င်းတို့သည် စစ်မှန်သောအလုပ်ကို မလုပ်ဆောင်ကြသည့်တိုင် ဘုရားအိမ်တော်က ၎င်းတို့ကို ချီးကျူးပြီး မြှင့်တင်ပေးရန် စောင့်ဆိုင်းနေကြသည်။ အမှန်တကယ်ပင် ၎င်းတို့သည် အရှက်တရားကို မသိကြပေ။
အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏ အလုပ်များကို လုပ်ဆောင်ရာတွင် လုံးဝ အသုံးမကျကြသည့်အပြင် ၎င်းတို့၌ ချီးကျူးစရာ တစ်ခုမျှ မရှိပေ။ ၎င်းတို့သည် တိကျသောအသေးစိတ်အလုပ်နှင့် သက်ဆိုင်သည့် စည်းမျဉ်းများကိုမဆိုထားနှင့်။ အလုံးစုံခြုံငုံကြည့်ရှုခြင်းနှင့်ပတ်သက်သည့် စည်းမျဉ်းများကိုပင် သဘောပေါက်နားလည်ရန် မတတ်နိုင်ကြပေ။ ဥပမာအားဖြင့်၊ အချို့လူများတွင် ခိုင်မာသော အတတ်ပညာပိုင်းဆိုင်ရာ အရည်အချင်းများ ရှိသော်လည်း အလွန်ညံ့ဖျင်းသော လူ့သဘာဝ ရှိကြသည်၊ သို့သော် အခြားသူများမှာမူ ၎င်းတို့၏ လူ့သဘာဝပိုင်းတွင် ပြဿနာမရှိသော်လည်း အစွမ်းအစ ညံ့ဖျင်းပြီး အတတ်ပညာပိုင်းဆိုင်ရာ အရည်အချင်းလည်း ညံ့ဖျင်းကြသည်။ ဤလူတို့ကို ကျိုးကြောင်းဆီလျော်သော နည်းလမ်းဖြင့် မည်သို့ အသုံးပြုသင့်သည်၊ နေရာချထားသင့်သည်ဟူသည့် ကိစ္စနှင့်ပတ်သက်လာလျှင် အယောင်ဆောင်ခေါင်းဆောင်များသည် ဤသို့ ပို၍ တိကျပြီး အသေးစိတ်ကျသော အမှုအရာများကို သာ၍ပင် မသိကြပေ။ ထို့ကြောင့် ပျိုးထောင်၍ရနိုင်သည့် အတော်အတန် ကောင်းမွန်သော အစွမ်းအစရှိသူ တစ်ဦးတစ်ယောက်ကို တွေ့ရှိပြီးပြီလောဟု အယောင်ဆောင်ခေါင်းဆောင်များကို မေးသည့်အခါတိုင်း ၎င်းတို့က မည်သူ့ကိုမျှ မတွေ့သေးကြောင်း ပြောဆိုကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အလွန် မျက်စိကန်းကြသည်၊ ၎င်းတို့သည် မည်သူ့ကိုမဆို မည်သို့ ရှာတွေ့နိုင်မည်နည်း။ အကယ်၍ သင်က ညီအစ်မ မည်သူမည်ဝါသည် မည်သို့ရှိသနည်းဟု ၎င်းတို့ကို မေးလျှင် သူမသည် ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်မှုကို တပ်မက်သည်ဟု ၎င်းတို့က ပြောဆိုကြလိမ့်မည်။ ညီအစ်ကို မည်သူမည်ဝါသည် မည်သို့ရှိသနည်းဟု ၎င်းတို့ကို မေးလျှင် သူသည် မကြာခဏ အပျက်သဘောဆောင်သည်ဟု ၎င်းတို့က ပြောဆိုကြလိမ့်မည်။ အခြားတစ်စုံတစ်ဦးသည် မည်သို့ရှိသနည်းဟု ၎င်းတို့ကို မေးလျှင် ထိုလူသည် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ မယုံကြည်သေးဘဲ အခြေခံအုတ်မြစ် ကင်းမဲ့သည်ဟု ၎င်းတို့က သင့်ကို ပြောဆိုကြလိမ့်မည်။ ၎င်းတို့၏ အမြင်တွင် မည်သူမျှ စံမမီပေ။ ၎င်းတို့သည် အခြားလူတို့၏ အမှားများ၊ ချို့ယွင်းချက်များနှင့် ပြစ်မှားခြင်းများကိုသာ ကြည့်ရှုကြသည်၊ လူတစ်ဦးသည် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိကိုဖြစ်စေ၊ ၎င်းတို့သည် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းအတွက် သင့်တော်သောသူ ဟုတ်မဟုတ်ကိုဖြစ်စေ ကြည့်ရှုနိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် မည်သူက မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းအတွက် အမှန်တကယ် သင့်တော်သည်ကို မခွဲခြားနိုင်ကြသော်လည်း ဘုရားအိမ်တော်၏ လိုအပ်ချက်များနှင့် စည်းမျဉ်းများနှင့် မကိုက်ညီသောသူများကိုမူ အလွန်စိတ်အားထက်သန်စွာနှင့် လျင်မြန်စွာ မြှင့်တင်ပေးကြသည်။ ၎င်းတို့သည် အသင်းတော်ရှိ ချမ်းသာသော အမျိုးသမီးများ၊ ကြွယ်ဝသော အမျိုးသားများနှင့် သူဌေးမိသားစုများ၏ သားသမီးများအားလုံးကိုလည်းကောင်း၊ လောကတွင် အရာရှိများအဖြစ် အမှုထမ်းခဲ့ဖူးသူများကိုလည်းကောင်း၊ စကားပြောကောင်းသူများကိုလည်းကောင်း၊ မည်သို့ လိမ်လည်လှည့်ဖြားရမည်ကို သိသူများကိုလည်းကောင်း မြှင့်တင်ပေးကြသည်၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် လောကတွင် လူသိများပြီး ထင်ရှားကျော်ကြားသည့် မည်သူ့ကိုမဆိုနှင့် အာရုံစိုက်ခံရခြင်းကို နှစ်သက်သည့် မည်သူ့ကိုမဆို မြှင့်တင်ပေးကြသည်။ ဤလူတို့သည်သာ ပင်ကိုစွမ်းရည်ရှိသူများဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြပြီး အမှန်တကယ် သဘောပေါက်နားလည်နိုင်စွမ်းရှိကာ သမ္မာတရားကို လက်ခံနိုင်သည့် လူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရှိကြသကဲ့သို့ မြှင့်တင်မပေးကြပေ။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးအတွက် ဘုရားအိမ်တော်အတွက် အမှန်တကယ် အရည်အချင်းပြည့်မီသော ပင်ကိုစွမ်းရည်ရှိသူတစ်ဦးတည်းကိုပင် ရှာပေးရန်မှာ လကမ္ဘာပေါ်သို့ တက်ရန်ထက်ပင် ပို၍ ခက်ခဲပေလိမ့်မည်။ ဥပမာအားဖြင့်၊ ဘုရားအိမ်တော်သည် လက်ရှိတွင် စာနှင့်ပတ်သက်သောအလုပ်အတွက် ပင်ကိုစွမ်းရည်ရှိသူများကို လိုအပ်သည်ဆိုပါစို့၊ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး တာဝန်ယူထားသည့် အသင်းတော်တစ်ခုတွင် ဤသို့သော လူတစ်ဦး ရှိနေသော်လည်း ထိုအယောင်ဆောင်ခေါင်းဆောင်သည် ဤလူ၏အမည်ကို အဆိုမပြုပေ။ အယောင်ဆောင်ခေါင်းဆောင်ကို ထိုလူကို အဘယ်ကြောင့် မြှင့်တင်ပေးခဲ့သနည်း သို့မဟုတ် မပျိုးထောင်ခဲ့သနည်းဟု မေးသည့်အခါ ၎င်းတို့က “ထိုလူက တက္ကသိုလ်တက်နေစဉ်အတွင်းမှာ မတရားမေထုန်ပြုခြင်းကို နှစ်ကြိမ် ပြုလုပ်ခဲ့သော်လည်း အိမ်ထောင်ကျပြီးသည့်နောက်တွင် ထပ်မလုပ်တော့ပါ။ သူ့ကို မြှင့်တင်ပေးရန်သင့်၊ မသင့် ကျွန်ုပ် မသိခဲ့ပါ” ဟု ပြောဆိုသည်။ ဤသည်မှာ မည်သို့သော စကားမျိုး ဖြစ်သနည်း။ သင်မြှင့်တင်ပေးသည့် ချမ်းသာပြီး တန်ခိုးအာဏာရှိသောလူများသည် မတရားမေထုန်ပြုခြင်းကို မည်သည့်အခါကမျှ မပြုလုပ်ခဲ့ကြောင်း သင်အာမခံနိုင်သလော။ ထိုလူတို့သည် ယင်းကို သာ၍ပင် မပြုလုပ်ကြသလော။ သင်သည် ယင်းကို အဘယ်ကြောင့် မမြင်ရသနည်း။ အယောင်ဆောင်ခေါင်းဆောင်များသည် အလွန်ပင် ဝိညာဉ်ရေးရာ အယောင်ဆောင်ကြသည်၊ ၎င်းတို့သည် စည်းမျဉ်းအချို့ကို သိရှိသယောင် ပြုကြပြီး မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်း ခံသင့်သောသူများကို မြှင့်တင်မပေးခြင်းအတွက် ဆင်ခြေများ ရှာကြသည်။ ၎င်းတို့၏ အမြင်တွင် လူတိုင်းသည် ၎င်းတို့အောက် နိမ့်ကျကြသည်။ အဆုံးတွင် မည်သို့ဖြစ်သနည်း။ အယောင်ဆောင်ခေါင်းဆောင်များက မြှင့်တင်ပေးခဲ့သည့် “အထက်တန်းလွှာ” များနှင့် “ပင်ကိုစွမ်းရည်ရှိသူများ” သည် ခိုင်မာစွာ ရပ်တည်ခဲ့ကြပြီလော။ ငါတို့သည် ဤလူတို့မှာ အသေအချာပင် လူကောင်းများ မဟုတ်ဟု ဆိုလိုနေခြင်း မဟုတ်ပါ။ ငါတို့ အဓိက ဖော်ထုတ်နေသည့်အရာမှာ အယောင်ဆောင်ခေါင်းဆောင်များက လူတို့ကို ဆက်ဆံသည့် စည်းမျဉ်းသည် သမ္မာတရားကို အသုံးပြုမည့်အစား လူ့အယူအဆများကို ၎င်းတို့၏ တိုင်းတာမှုအဖြစ် အသုံးပြုခြင်းဖြစ်ကြောင်းနှင့် လူတို့ကို မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းအတွက် ၎င်းတို့၏ စည်းမျဉ်းသည် ဘုရားအိမ်တော်၏ သတ်မှတ်ထားသော စံနှုန်းများကို ၎င်းတို့၏ တိုင်းတာမှုအဖြစ် အသုံးပြုမည့်အစား ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများ၊ စိတ်ကူးများနှင့် နှစ်သက်မှုများအတိုင်း လိုက်လျှောက်ခြင်းဖြစ်ပြီး လုံးလုံးလျားလျား ဘာသာတရားမရှိသူများ၏ အမြင်ရှုထောင့်ဖြစ်ကြောင်းပင်တည်း။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤသို့ အဘယ်ကြောင့် လုပ်ဆောင်နိုင်ကြသနည်း။ ၎င်းတို့သည် သမ္မာတရားကို သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သောကြောင့် ဘုရားအိမ်တော်၏ လိုအပ်ချက်များနှင့် လုံးဝမကိုက်ညီသောသူများကို မြှင့်တင်ပေးနိုင်ကြပြီး ၎င်းတို့ကို ပျိုးထောင်ရန် အာရုံစိုက်ကာ ဘုရားအိမ်တော်၌ အရေးကြီးသော အလုပ်များကို ထမ်းဆောင်ခွင့်ပြုနိုင်ကြခြင်း ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ လုပ်ဆောင်သည့် အလုပ်ဖြစ်၏။ သင်တို့၏ ပတ်ဝန်းကျင်ရှိ အယောင်ဆောင်ခေါင်းဆောင်များကို ကြည့်လော့၊ ဤသည်မှာ ၎င်းတို့ အလုပ်လုပ်ပုံနှင့် လူတို့ကို ဆက်ဆံပုံပင် မဟုတ်လော။
အယောင်ဆောင်ခေါင်းဆောင်များ၌ မကြာခဏ ထုတ်ဖော်ပြလေ့ရှိသော အမြင်ရှုထောင့်တစ်ခု ရှိသည်၊ ၎င်းတို့က အသိပညာရှိသူများ၊ အဆင့်အတန်းရှိသူများနှင့် အပြင်လောကတွင် အရာရှိများအဖြစ် အမှုထမ်းခဲ့ဖူးသူများသည် ပင်ကိုစွမ်းရည်ရှိသူများဖြစ်ကြပြီး ထိုသို့သောလူများကို ဘုရားသခင်ကို စတင်ယုံကြည်ပြီးနောက် ဘုရားအိမ်တော်က ပျိုးထောင်ပြီး အသုံးပြုသင့်သည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် ထိုလူတို့ကို အမှန်တကယ် လေးစားပြီး ကိုးကွယ်ကြသည်၊ ၎င်းတို့ကို မိမိတို့၏ ကိုယ်ပိုင်ဆွေမျိုးများနှင့် မိသားစုဝင်များကဲ့သို့ပင် ဆက်ဆံကြသည်။ ဤလူတို့ကို အခြားသူများထံ မိတ်ဆက်ပေးသည့်အခါ ၎င်းတို့သည် အပြင်လောကတွင် ကုမ္ပဏီတစ်ခု၏ သူဌေးဖြစ်ခဲ့ပုံကိုဖြစ်စေ၊ အစိုးရဌာနတစ်ခု၏ ခေါင်းဆောင်ဖြစ်ခဲ့ပုံကိုဖြစ်စေ၊ သတင်းစာတစ်ခု၏ အယ်ဒီတာဖြစ်ခဲ့ပုံကိုဖြစ်စေ၊ ပြည်သူ့လုံခြုံရေးဌာနရှိ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်ခဲ့ပုံကိုဖြစ်စေ မကြာခဏ ပြောဆိုကြသည်၊ သို့မဟုတ် ၎င်းတို့ မည်မျှ ချမ်းသာကြွယ်ဝကြောင်းကို ပြောဆိုကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ထိုသို့သောလူများကို အထူးပင် အထင်ကြီးကြသည်။ သင်တို့ မည်သို့ပြောမည်နည်း၊ အယောင်ဆောင်ခေါင်းဆောင်များတွင် အစွမ်းအစ ရှိသလော။ ၎င်းတို့သည် ဝိညာဉ်ရေးရာ အယောင်ဆောင်ကြပြီး အမှုအရာများကို ထွင်းဖောက်မမြင်နိုင်ကြသည်မှာ အမှန်ပင် မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များက ဤလူတို့သည် လူ့အဖွဲ့အစည်းတွင် ပင်ကိုစွမ်းရည်ရှိသူများ ဖြစ်ခဲ့သောကြောင့် ၎င်းတို့ ဤနေရာသို့ လာသည့်အခါ ဘုရားအိမ်တော်သည် ၎င်းတို့ကို ပျိုးထောင်ပြီး အရေးကြီးသော အခန်းကဏ္ဍတစ်ခုကို ပေးသင့်သည်ဟု တွေးထင်ကြသည်။ ဤအမြင်သည် မှန်ကန်သလော။ ယင်းသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသလော။ အကယ်၍ ဤလူတို့သည် သမ္မာတရားကို လုံးဝ မချစ်မြတ်နိုးဘဲ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့နေပါက ၎င်းတို့ကို ဘုရားအိမ်တော်က ပျိုးထောင်ပြီး အရေးကြီးသော အခန်းကဏ္ဍတစ်ခုကို ပေးနိုင်မည်လော။ ၎င်းတို့သည် ပျိုးထောင်ခြင်းခံရရန် အရည်အချင်းမပြည့်မီပေ။ ၎င်းတို့သည် ဘာသာတရားမရှိသူများကြားတွင် ပင်ကိုစွမ်းရည်ရှိသူများ ဖြစ်ခဲ့သည်ဟူသောအချက်က ၎င်းတို့သည် ဘုရားအိမ်တော်၌ ပင်ကိုစွမ်းရည်ရှိသူများဖြစ်သည်ဟု မဆိုလိုပေ၊ သို့သော် ဤအယောင်ဆောင်ခေါင်းဆောင်များသည် အရာရှိများဖြစ်ရသည်ကို နှစ်သက်ကြပြီး အရာရှိများဖြစ်ခဲ့သည့် အခြားသူများကို အထူးပင် ကိုးကွယ်ကြသည်။ အပြင်လောကတွင် အရာရှိများဖြစ်ခဲ့ဖူးသူများ သို့မဟုတ် အဆင့်အတန်းရှိခဲ့ဖူးသူများကို တွေ့သည့်အခါတိုင်း ၎င်းတို့သည် သခင်များရှေ့မှ ကျွန်များကဲ့သို့ ဦးညွှတ်ကုန်းကွပြီး အလွန်ပင် အောက်ကျို့ဆက်ဆံကြသည်၊ ၎င်းတို့သည် ထိုလူတို့ကို အမေ သို့မဟုတ် အဖေ၊ သို့မဟုတ် အစ်မ သို့မဟုတ် အစ်ကိုဟု ခေါ်လိုစိတ် ပြင်းပြကြပြီး ဤလူတို့ကို အသင်းတော်ရှိ ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များအဖြစ် မြှင့်တင်ပေးရန်လည်း ဆန္ဒရှိကြသည်။ ငါ့ကို ပြောလော့၊ ဤလူတို့သည် သမ္မာတရားကို လိုက်စားသောသူများ ဖြစ်ကြသလော။ ၎င်းတို့ အပြင်လောကတွင် အဆင့်အတန်းအနည်းငယ်ရှိပြီး ကျော်ကြားမှုအချို့ကို နှစ်သက်ခံစားရခြင်းက ၎င်းတို့သည် ဘုရားအိမ်တော်၌ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် အမှုထမ်းရန် သင့်တော်သည်ဟု ဆိုလိုသလော။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို နားမလည်ဘဲ မာနထောင်လွှားပြီး စိတ်ကြီးဝင်တတ်သော စိတ်သဘောထားများဖြင့် ပြည့်နေပါက ၎င်းတို့သည် ဘုရားအိမ်တော်၌ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရန် ထိုက်တန်သလော။ လူတို့ကို ၎င်းတို့၏ ကိုယ်ကျင့်စရိုက်ကို လျစ်လျူရှုပြီး ၎င်းတို့၏ အဆင့်အတန်းနှင့် ကျော်ကြားမှုကိုသာ အာရုံစိုက်ခြင်းဖြင့် မြှင့်တင်ပေးခြင်းသည် စည်းမျဉ်းများနှင့် ကိုက်ညီသလော။ အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားသခင်က မည်သို့သောလူစားမျိုးကို နှစ်သက်သည်ကိုလည်းကောင်း၊ မည်သို့သောလူစားမျိုးကို ကိုယ်တော်က မြှင့်တင်ပေးပြီး အသုံးပြုသည်ကိုလည်းကောင်း သိကြသလော။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များသည် လူတို့ကို စံနှုန်းသုံးခုအတိုင်း မြှင့်တင်ပေးပြီး ပျိုးထောင်ရမည်ဖြစ်ကြောင်း အကြိမ်ကြိမ်အခါခါ အလေးပေးပြောကြားခဲ့သည်၊ ပထမအချက်၊ ၎င်းတို့သည် လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ရမည်၊ ဒုတိယအချက်၊ ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးပြီး သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူတစ်ဦး ဖြစ်ရမည်၊ တတိယအချက်၊ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ အစွမ်းအစရှိရမည်ဖြစ်ပြီး အလုပ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်ရမည်။ ဤစံနှုန်းသုံးခုနှင့် ကိုက်ညီသောသူများသာလျှင် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်း ခံရနိုင်ပြီး ကိုယ်စားလှယ်လောင်းများဖြစ်ရန်နှင့် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များဖြစ်ရန် အရည်အချင်းပြည့်မီသည်။ အစွမ်းအစနှင့် ပင်ကိုစွမ်းရည်ကိုသာ ပိုင်ဆိုင်ရုံမျှဖြင့် လုံးဝမလုံလောက်ပေ။ ကိုယ်ကျင့်စရိုက်သည် ပထမနေရာတွင် ရှိသည်၊ ဒုတိယအနေဖြင့် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိရန်မှာ မရှိမဖြစ်လိုအပ်သည်၊ ဤနှစ်ခုမှာ အရေးကြီးဆုံးသော စံနှုန်းများ ဖြစ်ကြသည်။ အကယ်၍ သမ္မာတရားကို မချစ်မြတ်နိုးသော ဆိုးယုတ်သည့်လူများကို မြှင့်တင်ပေးပါက အကျိုးဆက်များသည် ဆိုးရွားလှပေလိမ့်မည်၊ ထို့ကြောင့် လူ့သဘာဝ ကင်းမဲ့သောသူများကို ရာထူးတိုးမြှင့်ရန် လုံးဝ ခွင့်မပြုပေ။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားအိမ်တော်၏ လိုအပ်ချက်များကို လျစ်လျူရှုကြသည်။ လူတို့ကို ရွေးချယ်ပြီး အသုံးပြုသည့်အခါ ၎င်းတို့သည် ထိုလူသည် လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းရှိမရှိ၊ ၎င်းတို့၏ နောက်ခံနှင့် ရာထူးသည် မည်သို့ဖြစ်သည်၊ ၎င်းတို့သည် အဆင့်မြင့်ပညာရေးကို လက်ခံရရှိခဲ့ခြင်း ရှိမရှိနှင့် လူ့အဖွဲ့အစည်းတွင် ၎င်းတို့၏ ဂုဏ်သတင်းသည် မည်မျှ မြင့်မားသည်ကို အမြဲတမ်း အာရုံစိုက်ကြသည်၊ ဤသည်တို့မှာ လူတို့ကို မြှင့်တင်ပေးပြီး ပျိုးထောင်သည့်အခါ ၎င်းတို့ အာရုံစိုက်သည့် ကဏ္ဍများ ဖြစ်ကြသည်။ ဤသည်မှာ ဘုရားအိမ်တော်က သတ်မှတ်ထားသော စည်းမျဉ်းများနှင့် ကိုက်ညီသလော။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားနှင့် ကိုက်ညီသလော။ လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းရှိသော ထိုလူတို့သည် မည့်သို့သောသူများ ဖြစ်ကြသနည်း။ ၎င်းတို့အားလုံးသည် မည်သည့်နည်းလမ်းဖြင့်မဆို အာဏာနှင့် အဆင့်အတန်းအတွက် တိုက်ခိုက်ကြသော လူများဖြစ်ကြပြီး စာတန်နှင့်ဆိုင်သောသူများ ဖြစ်ကြသည်ဟု ဆိုနိုင်သည်။ အကယ်၍ ၎င်းတို့သည် ဘုရားအိမ်တော်၌ အာဏာကိုင်စွဲပါက ဘုရားအိမ်တော်သည် ဘုရားသခင်၏ အသင်းတော် ဖြစ်နေဦးမည်လော။ စာတန်နှင့်ဆိုင်သောလူများကို ခေါင်းဆောင်များဖြစ်လာစေရန် မြှင့်တင်ပေးရာတွင် အယောင်ဆောင်ခေါင်းဆောင်များ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဤသို့ပြုမူခြင်းသည် လူတို့ကို ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် ကိုက်ညီသလော။ ယင်းသည် အသင်းတော်၏အလုပ်ကို ဗြောင်ကျကျ အနှောင့်အယှက်ပေးပြီး ပျက်စီးစေခြင်းပင် မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များက လူတို့ကို စည်းမျဉ်းမဲ့ မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းသည် အသင်းတော်၏အလုပ်အတွက် အကြီးမားဆုံးသော အဖျက်အမှောင့်လုပ်ခြင်းနှင့် အနှောင့်အယှက်ပေးခြင်းကို ဖြစ်စေသည့်အရာဖြစ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။
အယောင်ဆောင်ခေါင်းဆောင်များသည် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိပြီး သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် တရားဒေသနာမည်မျှကို နားထောင်သည်ဖြစ်စေ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်မည်မျှကို ဖတ်ရှုသည်ဖြစ်စေ ၎င်းတို့သည် စင်ကြယ်စွာ သဘောပေါက်နားလည်ခြင်း သို့မဟုတ် သမ္မာတရားကို နားလည်ခြင်း မရှိကြသေးပေ၊ ၎င်းတို့သည် အယူဝါဒများကို နှစ်ပေါင်းမည်မျှ ဟောပြောခဲ့သည်ဖြစ်စေ မိမိတို့ပြောဆိုနေသည့်အရာကို နားမလည်ကြပေ၊ ယင်းတို့အားလုံးသည် လုံးဝ အနှစ်သာရမရှိသောစကားများသာဖြစ်ပြီး ဘာကိုဆိုလိုမှန်း သိနိုင်စရာမရှိပေ။ ၎င်းတို့သည် အယူဝါဒအနည်းငယ်ကို မှတ်မိပြီး ဟောပြောနိုင်သောကြောင့် မိမိတို့တွင် သမ္မာတရား လက်တွေ့ကျမှု ရှိသည်ဟု တွေးထင်ကြသော်လည်း ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာမျှ သမ္မာတရားနှင့် မသက်ဆိုင်ပေ၊ ဤသူတို့သည် သမားရိုးကျ ဖာရိရှဲများ ဖြစ်ကြသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် လူတို့ကို မကြာခဏ တရားဟောကြပြီး သမ္မာတရားကို နားလည်သကဲ့သို့ ကြားကောင်းအောင် ပြောဆိုကြပုံရသော်လည်း ၎င်းတို့လုပ်ဆောင်သည့်အရာမှာ သမ္မာတရားနှင့် ဆန့်ကျင်ပြီး ကွဲလွဲနေသည်။ ၎င်းတို့သည် မိမိတို့က ဘုရားသခင်ကို အစေခံနေပြီး အသင်းတော်၏အလုပ်ကို လုပ်ဆောင်နေသည်ဟုလည်း အခိုင်အမာဆိုကြသည်၊ သို့သော် အမှန်တကယ်တွင် ၎င်းတို့လုပ်ဆောင်သမျှသည် ဘုရားသခင်ကို လုံးလုံးလျားလျား ရန်လိုခြင်းသာ ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားအိမ်တော်အတွက် အသုံးဝင်သော ပင်ကိုစွမ်းရည်ရှိသူများကို မည်သည့်အခါမျှ မြှင့်တင်မပေးကြဘဲ အမှန်တကယ် သမ္မာတရားကို လိုက်စားသည့် အတော်အတန် ရိုးသားသောလူများကို လျစ်လျူရှုပြီး မျက်ကွယ်ပြုကြသည်။ ထိုအစား ၎င်းတို့သည် ဖော်လံဖားသောသူများ၊ စိတ်မချရဖြစ်ပြီး လှည့်ဖြားတတ်သောသူများနှင့် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများရှိသူများကို အသင်းတော်၌ အလုပ်တာဝန်ယူရန် မြှင့်တင်ပေးပြီး ပျိုးထောင်ကြသည်။ ဤအရာအားလုံး၏ ရလဒ်မှာ ထိုလူတို့သည် အလုပ်၌ အချိန်ကာလတစ်ခုကြာ ရှိနေပြီးသည်နှင့်တစ်ပြိုင်နက် အသင်းတော်အလုပ်၏ ကဏ္ဍအမျိုးမျိုးသည် ရပ်တန့်သွားပြီး တုံ့ဆိုင်းသွားသည့် အခြေအနေသို့ ဝင်ရောက်လုနီးပါးဖြစ်သွားသည်၊ ဤသို့ဖြင့် အသင်းတော်၏အလုပ်သည် ဤအယောင်ဆောင်ခေါင်းဆောင်များ၏ လက်ထဲတွင် ပျက်စီးသွားရသည်။ အယောင်ဆောင်ခေါင်းဆောင်များဖြစ်သော ဤလူစားမျိုးသည် စက်ဆုပ်ဖွယ် မကောင်းသလော။ ၎င်းတို့ကို ဖြုတ်ချသင့်သလော။ ၎င်းတို့ကို မဖြစ်မနေ ဖြုတ်ချရမည်။ နှောင့်နှေးကြန့်ကြာသည့် တစ်ရက်ချင်းစီတိုင်းသည် အသင်းတော်၏အလုပ်ကို တစ်နေ့လုံး ထိခိုက်စေသည်။ အချို့သော အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့က စစ်မှန်သောအလုပ်ကို မလုပ်ဆောင်နိုင်ကြောင်း သိရှိကြသော်လည်း မိမိသဘောအလျောက် ရာထူးမှ နုတ်ထွက်ရန် မလိုလားကြဘဲ အဆင့်အတန်း၏ အကျိုးအမြတ်များကို အစဉ်မပြတ် စွဲလမ်းနေကြပြီး အသင်းတော်၏အလုပ်ကို ထိခိုက်နစ်နာစေသည်အထိပင် ပြုလုပ်ကြမည်ဖြစ်သည်။ ဤလူတို့တွင် ဆင်ခြင်တုံတရား အနည်းငယ်မျှပင် ရှိသေးသလော။ အယောင်ဆောင်ခေါင်းဆောင်များတွင် သဘောပေါက်နားလည်နိုင်စွမ်း မရှိပေ၊ သို့မဟုတ် စစ်မှန်သော ပင်ကိုစွမ်းရည်နှင့် အမှန်တကယ် သိကျွမ်းခြင်း တစ်ခုတလေမျှ မရှိပေ၊ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူများ မဟုတ်ကြသည့်အပြင် အဆင့်အတန်း၏ အကျိုးအမြတ်များကိုလည်း တပ်မက်ကြသည်၊ ၎င်းတို့သည် အရှက်မရှိသောလူများ ဖြစ်ကြသည်၊ ထို့ကြောင့် ၎င်းတို့ကို လုံးဝ မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်း မပြုရပေ။ အကယ်၍ သင်က သင်၏အစွမ်းအစသည် အလွန်ညံ့ဖျင်းသည်ဟုလည်းကောင်း၊ အမှားနှင့်အမှန်ကို ပိုင်းခြားနိုင်စွမ်းမရှိဟုလည်းကောင်း၊ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းမရှိဟုလည်းကောင်း တွေးထင်ပါက၊ သင်မည်သည့်အရာကိုပင် လုပ်ဆောင်ပါစေ သင်၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို စိတ်အလိုလိုက်ခြင်း မပြုလုပ်နှင့်၊ အသင်းတော်၌ အရာရှိတစ်ဦးဖြစ်လာရန်၊ အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်လာရန် ကြိုးပမ်းဖို့ မစဉ်းစားနှင့်၊ ခေါင်းဆောင်တစ်ဦးဖြစ်ရခြင်းသည် ထိုမျှ မလွယ်ကူပေ။ အကယ်၍ သင်သည် ရိုးသားသောသူတစ်ဦးမဟုတ်ဘဲ သမ္မာတရားကို မချစ်မြတ်နိုးပါက သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် သင်သည် အန္တိခရစ် သို့မဟုတ် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်လာလိမ့်မည်။ အန္တိခရစ်များနှင့် အယောင်ဆောင်ခေါင်းဆောင်များ နှစ်မျိုးစလုံးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သောလူများဖြစ်ကြပြီး မကောင်းမှုကို ပြုလုပ်ကာ အသင်းတော်၏အလုပ်ကို အနှောင့်အယှက်ပေးနိုင်စွမ်းရှိသော လူများဖြစ်ကြသည်။ အန္တိခရစ်များသည် နတ်ဆိုးများနှင့် စာတန်များဖြစ်သည်ဟု ဆိုခြင်းမှာ မှန်ကန်သော်လည်း အယောင်ဆောင်ခေါင်းဆောင်များသည်လည်း လူကောင်းများ မဟုတ်ကြပေ၊ အနည်းဆုံးအားဖြင့် ၎င်းတို့သည် မျက်နှာပြောင်တိုက်၍ အရှက်မရှိသော၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သောလူများ ဖြစ်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဖြုတ်ချခံရခြင်း၌ ဂုဏ်ယူစရာ တစ်ခုခု ရှိသလော။ ယင်းမှာ ရှက်ဖွယ်ဖြစ်သည်၊ အစွန်းအထင်းတစ်ခုဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ လုံးဝ ဂုဏ်ယူစရာ တစ်ခုမျှ မရှိပေ။ သင်သည် အသင်းတော်အလုပ်အပေါ်တွင် ဝန်တာစိတ်ရှိပြီး ပါဝင်လုပ်ကိုင်လိုလျှင် ဤသည်မှာ ကောင်းသည်။ သို့သော် သင်သည် သမ္မာတရားကို နားလည်ခြင်း ရှိမရှိလည်းကောင်း၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်ခြင်း ရှိမရှိလည်းကောင်း၊ ဘုရားသခင်၏ အလုပ်ကို အမှန်တကယ် နာခံနိုင်ခြင်း ရှိမရှိလည်းကောင်း၊ အလုပ်အစီအစဉ်များနှင့်အညီ အသင်းတော်အလုပ်ကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခြင်း ရှိမရှိကိုလည်းကောင်း ဆင်ခြင်သုံးသပ်ရမည်။ သင်သည် ဤစံသတ်မှတ်ချက်များနှင့် ကိုက်ညီလျှင် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်ဖြစ်ရန် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။ ဤအရာကို ပြောရာတွင် ငါဆိုလိုသည်မှာ အနည်းဆုံးအနေဖြင့် လူတို့သည် မိမိကိုယ်ကို သတိပြုမိခြင်းကို ပိုင်ဆိုင်ရမည်။ ရှေးဦးစွာ သင်သည် လူတို့ကို ပိုင်းခြားသိမြင်နိုင်သလော၊ သမ္မာတရားကို နားလည်ပြီး စည်းမျဉ်းနှင့်အညီ အမှုအရာများကို လုပ်ဆောင်နိုင်သလောဆိုသည်ကို ကြည့်လော့။ ဤလိုအပ်ချက်များနှင့် သင်ကိုက်ညီလျှင် သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ယောက်ဖြစ်ရန် သင့်တော်သည်။ သင်သည် မိမိကိုယ်ကို အကဲဖြတ်ခြင်းကို မစွမ်းဆောင်နိုင်လျှင် သင်နှင့် ရင်းနှီးသည့် သို့မဟုတ် သင်နှင့် နီးစပ်သည့် သင့်အနီးမှလူများကို မေးမြန်းနိုင်သည်။ သင်သည် ခေါင်းဆောင်ဖြစ်ရန် အစွမ်းအစ မလုံလောက်၊ သင်၏ လက်ရှိအလုပ်ကိုသာ လုပ်ဆောင်ခြင်းက ကောင်းနေပြီဖြစ်သည် ဟု ၎င်းတို့အားလုံးက ဆိုလျှင် သင်သည် သင့်ကိုယ်သင် အလျင်အမြန် သိရှိလာသင့်သည်။ သင်သည် အစွမ်းအစနည်းသည့်အတွက် ခေါင်းဆောင်ဖြစ်လိုစိတ်ရှိလျက်ဖြင့် သင်၏ အချိန်အားလုံးကို မကုန်ဆုံးစေနှင့်။ အသိတရားရှိရှိနှင့် လက်တွေ့ကျသော စိတ်နေသဘောထားဖြင့် သင်တတ်နိုင်သမျှသာ လုပ်ဆောင်လျက် သင့်တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်လော့။ ဤသို့ဖြင့် သင်သည် စိတ်ငြိမ်သက်ခြင်းရှိနိုင်သည်။ ဤသည်မှာလည်း ကောင်းသည်။ သင်သည် ခေါင်းဆောင်ဖြစ်နိုင်စွမ်းရှိလျှင်၊ ဤသို့သော အစွမ်းအစနှင့် ပင်ကိုစွမ်းရည်ကို အမှန်တကယ်ပိုင်ဆိုင်လျှင်၊ အလုပ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်လျှင်၊ ဝန်တာစိတ်ရှိလျှင် သင်သည် ဘုရားအိမ်တော်တွင် လိုအပ်နေသော ပင်ကိုစွမ်းရည်ရှိသည့်လူအမျိုးအစား အတိအကျပင် ဖြစ်ပြီး မြှင့်တင်ပေးပြီး ပျိုးထောင်ခံရရန် သေချာသည်။ သို့သော် အရာရာတွင် ဘုရားသခင်၏ အချိန်ရှိသည်။ ဤမြှင့်တင်ပေးခြင်းခံရလိုသည့် ဆန္ဒသည် လွန်ကျူးသောရည်မှန်းချက်မဟုတ်ပေ။ သို့သော် သင့်တွင် ခေါင်းဆောင်တစ်ဦးဖြစ်ရန် အစွမ်းအစရှိရမည်ဖြစ်ပြီး စံသတ်မှတ်ချက်များနှင့် ကိုက်ညီရမည်။ သင်သည် အစွမ်းအစညံ့ဖျင်းသည့်တိုင်အောင် ခေါင်းဆောင်ဖြစ်လိုလျက်သို့မဟုတ် အရေးကြီးသောတာဝန်တစ်ခုခုကို ယူလိုလျက် သို့မဟုတ် အဘက်ဘက်မှ အလုပ်အားလုံးအတွက် တာဝန်ယူလိုလျက် သို့မဟုတ် အသိအမှတ်ပြုခြင်းခံစေသည့်အရာတစ်ခုကို လုပ်ဆောင်လိုလျက် သင်၏ အချိန်အားလုံးကို ကုန်ဆုံးဆဲဖြစ်လျှင် ဤသည်မှာ လွန်ကျူးသောရည်မှန်းချက်ဖြစ်သည်။ လွန်ကျူးသော ရည်မှန်းချက်သည် ဘေးဥပဒ်ကို ဆောင်ကြဉ်းပေးနိုင်သည်၊ ထို့ကြောင့် သင်သည် ယင်းကို သတိထားသင့်သည်။ လူအားလုံးသည် တိုးတက်လိုစိတ်ရှိကြပြီး သမ္မာတရားဆီသို့ ကြိုးပမ်းလိုစိတ်ရှိကြရာ ယင်းမှာ ပြဿနာမဟုတ်ပေ။ အချို့လူများတွင် အစွမ်းအစရှိသည်၊ ခေါင်းဆောင်များဖြစ်ရန် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည်၊ သမ္မာတရားဆီသို့ ကြိုးပမ်းနိုင်စွမ်းရှိသည်၊ ဤသည်မှာ ကောင်းသောအရာတစ်ခု ဖြစ်သည်။ အခြားသူများမှာမူ အစွမ်းအစကို မပိုင်ဆိုင်ကြပေ၊ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်တာဝန်ကို စွဲကိုင်ထားသင့်ပြီး မိမိတို့ရှေ့မှောက်၌ရှိသော တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ကာ ယင်းကို စည်းမျဉ်းနှင့်အညီ၊ ဘုရားအိမ်တော်၏ လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်သင့်သည်၊ ၎င်းတို့အတွက်မူ ယင်းမှာ ပိုကောင်းသည်၊ ပိုလုံခြုံသည်၊ ပို၍ လက်တွေ့ကျသည်။
ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသူများ သို့မဟုတ် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းခံရသူများသည် “ညီအစ်ကိုမောင်နှမများက လူများစွာထဲမှ ကျွန်ုပ်ကို ရွေးချယ်ခဲ့သည်၊ ဘုရားအိမ်တော်က ကျွန်ုပ်ကို မြှင့်တင်ပေးခဲ့သည်၊ ထို့ကြောင့် ကျွန်ုပ်၌ အမှန်ပင် ပင်ကိုစွမ်းရည်အချို့ရှိပြီး သာမန်လူများထက် သာသည်၊ ရွှေစစ်သည် နောက်ဆုံး၌ အရောင်တောက်ပစမြဲပင်” ဟူ၍ ခံစားခြင်းဖြင့် လိုရာဆွဲတွေးခြင်း မပြုလုပ်သင့်ပေ။ ဤသို့တွေးထင်ခြင်းသည် ကောင်းသလော။ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထုတ်ဖော်ခြင်းတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းခံရခြင်းသည် ကောင်းသောအရာတစ်ခုနှင့် ကောင်းသောအခွင့်အရေးတစ်ခု ဖြစ်သော်လည်း သင်သည် ဤလမ်းခရီးကို ကောင်းစွာ လျှောက်လှမ်းနိုင်ခြင်း ရှိမရှိသည် သင်သည် ဤအခွင့်အရေးကို မည်သို့ချဉ်းကပ်သည်နှင့် ယင်းကို တန်ဖိုးထားနိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်သည်။ ဘုရားသခင်သည် သင့်ကို ဤအခွင့်အရေး ပေးခဲ့ပြီးဖြစ်သော်လည်း ယင်းက သင်သည် အခြားမည်သူ့ထက်မဆို အမှန်တကယ် သာသည်ဟု မဆိုလိုပေ၊ သင်၏အစွမ်းအစသည် အခြားသူများထက် အနည်းငယ် ပိုကောင်းခြင်း သို့မဟုတ် သင့်တွင် ဆုကျေးဇူးအချို့ရှိခြင်း ဖြစ်နိုင်သော်လည်း သင်၏အသက် ဝင်ရောက်မှုသည် မည်သို့ရှိသည်နှင့် သင့်တွင် သမ္မာတရား လက်တွေ့ကျမှု ရှိမရှိကိုမူ ပြောရန်ခက်သည်၊ အကြောင်းမှာ လူတိုင်း၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် တူညီကြပြီး သင်သည်လည်း ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်တစ်ဦး ဖြစ်သောကြောင့် ဖြစ်သည်။ အကယ်၍ သင်သည် ဤအရာကို သိရှိနားလည်နိုင်ပါက ဘုရားအိမ်တော်က သင့်ကို မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းကို မှန်ကန်စွာ ချဉ်းကပ်နိုင်လိမ့်မည်။ သင်သည် သင့်ကိုယ်သင် ပင်ကိုစွမ်းရည်ရှိသူတစ်ဦးအဖြစ် မမှတ်ယူသင့်သကဲ့သို့ သင့်တွင် သမ္မာတရား လက်တွေ့ကျမှု ရှိသည်ဟုလည်း မတွေးထင်သင့်ပေ။ သင်၌ အစွမ်းအစအနည်းငယ်ရှိပြီး သမ္မာတရားဆီသို့လည်း ကြိုးပမ်းနိုင်သောကြောင့် သင့်ကိုယ်သင် လေ့ကျင့်ရန် အခွင့်ပေးခြင်းခံရခြင်းသာ ဖြစ်သည်။ ဤသည်မှာ စမ်းသပ်ကာလတစ်ခုဖြစ်ပြီး သင်သည် အမှန်တကယ် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဟုတ်မဟုတ် သို့မဟုတ် သင်သည် ပျိုးထောင်ခြင်းခံရရန် ထိုက်တန်ခြင်း ရှိမရှိကိုမူ မသေချာသေးပေ။ ဤကာလအတွင်း စမ်းသပ်ခန့်ထားခြင်းခံရပြီးနောက် သင်သည် ခိုင်မာစွာ ရပ်တည်နိုင်ခြင်း ရှိမရှိကို ပြောရန်ခက်သည်။ သင်သည် ဆက်လက်ပျိုးထောင်ခြင်းခံရရန် ထားရှိခြင်းခံရနိုင်သည် သို့မဟုတ် သင်သည် ဖယ်ရှားရှင်းလင်းခြင်းခံရနိုင်သည်၊ ယင်းအားလုံးသည် သင်မည်မျှ ကြိုးစားအားထုတ်သည်အပေါ်တွင် မူတည်သည်။ လူတို့ကို ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် မြှင့်တင်ပေးခြင်းဆိုသည်မှာ ဤသို့ပင်ဖြစ်ရာ သင်သည် ယင်းကို နားလည်သင့်သည်။ သင်ကိုယ်တိုင်က သင့်ကိုယ်သင် ပင်ကိုစွမ်းရည်ရှိသူတစ်ဦးဟု တွေးထင်နေခြင်းသည် အဓိပ္ပာယ်မရှိပေ။ အကယ်၍ ဘုရားအိမ်တော်က သင့်ကို မြှင့်တင်ပေးပါက၊ သင့်ကို မပျိုးထောင်ပါက သင်သည် ဘာမျှမဟုတ်ပေ။ အကယ်၍ သင်သည် သမ္မာတရားကို မလိုက်စားဘဲ ဘုရားအိမ်တော်၏ အသုံးပြုခြင်းကို ခံရန် မလိုလားပါက သင်သည် မည်သည့်အရာကိုမျှ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ပေ။ အကယ်၍ သင်က “ဘုရားအိမ်တော်က ကျွန်ုပ်ကို အသုံးမပြုပါ၊ လူ့အဖွဲ့အစည်းထဲကို ကျွန်ုပ် သွားမည်” ဟု ပြောဆိုပါက၊ ကောင်းပြီ၊ လူ့အဖွဲ့အစည်းထဲသို့ သွားပြီး စမ်းကြည့်လော့၊ မည်သူက သင့်ကို မြှင့်တင်ပေးသည်ကို ကြည့်လော့၊ သင်မည်သည့်အရာကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်ကို ကြည့်လော့။ ဤသို့ပြောဆိုခြင်းဖြင့် ငါဆိုလိုသည့်အရာမှာ သင်တို့သည် ဘုရားအိမ်တော်က သင်တို့ကို မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းအပေါ် မှန်ကန်သော နားလည်မှုနှင့် ချဉ်းကပ်မှု ရှိရမည်ဖြစ်ကြောင်း သင်တို့ကို ပြောပြရန် ဖြစ်သည်။ ညံ့ဖျင်းသော သို့မဟုတ် သာမန်အစွမ်းအစရှိပြီး ဘုရားအိမ်တော်၌ မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းအတွက် သတ်မှတ်ထားသော စံနှုန်းနှင့် မကိုက်ညီသောသူများသည် မိမိတို့၏တာဝန်ကို လိုက်လျောညီထွေစွာနှင့် တည်ကြည်စွာ ဖြည့်ဆည်းရန်သာ လိုအပ်သည်။ သင်သည် သင်၏တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ ထမ်းဆောင်သရွေ့ ဘုရားသခင်သည် သင့်ကို မျှတမှုမရှိဘဲ ဆက်ဆံမည်မဟုတ်ပေ။ ထို့ကြောင့် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်း ကိစ္စရပ်များကို မတိုက်ခိုက်ကြနှင့်၊ သို့သော် ယင်းတို့ကို ငြင်းပယ်ခြင်းလည်း မပြုကြနှင့်၊ အရာအားလုံးကို ၎င်း၏သဘာဝအတိုင်း ဖြစ်စေလော့၊ တစ်ဖက်တွင် သင်သည် ဘုရားအိမ်တော်၏ အစီအစဉ်များကို နာခံရမည်ဖြစ်ပြီး အခြားတစ်ဖက်တွင် သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံး ရှိရမည်၊ ဤသည်မှာ မှန်ကန်သော နည်းလမ်းဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းသည် ရိုးရှင်းသလော။ (ရိုးရှင်းပါသည်။) အစွမ်းအစ ညံ့ဖျင်းသောလူတစ်ဦး ခေါင်းဆောင်ဖြစ်ခြင်း၌ အကျိုးကျေးဇူးတစ်ခုခု ရှိသလော။ အဆုံးတွင် ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရသည့်အခါ ဤအပေါ် ၎င်းတို့ မည်သို့ခံစားရမည်နည်း။ ယင်းသည် သင်တို့ လိုချင်ခဲ့သည့်အရာ ဖြစ်မည်လော။ (မဟုတ်ပါ။) သင်သည် “အယောင်ဆောင်ခေါင်းဆောင်” ဟူသော ဂုဏ်ပုဒ်ကို သင့်ဦးခေါင်းထက်၌ သယ်ဆောင်သွားရလိမ့်မည်ဖြစ်ပြီး သင်သွားလေရာရာ၌ လူတို့က “ဤလူသည် တစ်ချိန်က အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်” ဟု ပြောဆိုကြလိမ့်မည်။ ယင်းသည် ကောင်းသောအရာလော သို့မဟုတ် ဆိုးသောအရာလော။ ယင်းသည် ကောင်းသောအရာမဟုတ်သည့်အပြင် ဂုဏ်ယူစရာတစ်ခုလည်း မဟုတ်ပေ။ လူတို့သည် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းအပေါ်တွင် မှန်ကန်သော နားလည်မှုနှင့် သဘောထားရှိရမည်။ ဤကိစ္စများတွင် ၎င်းတို့သည် သမ္မာတရားကို ရှာဖွေရမည်။ ၎င်းတို့၏ ကိုယ်ပိုင်အလိုဆန္ဒနောက်သို့ မလိုက်ရပေ၊ သို့မဟုတ် ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများ မရှိရပေ။ သင်သည် အစွမ်းအစကောင်းသည်ဟု ခံစားရသော်လည်း ဘုရားအိမ်တော်က သင့်အား မည်သည့်အခါမျှ မြှင့်တင်မပေးသကဲ့သို့ သင့်အား ပျိုးထောင်ပေးရန် မည်သည့်အစီအစဉ်မျှ မရှိလျှင် အားမလိုအားမရမဖြစ်နှင့်၊ သို့မဟုတ် စတင်၍ စောဒကမတက်နှင့်။ သမ္မာတရားကို လိုက်စားခြင်းနှင့် ရှေ့သို့ ဦးတည်ကြိုးပမ်းခြင်းကိုသာ အာရုံစိုက်လော့။ သင်သည် ဝိညာဉ်ရင့်ကျက်မှုအချို့ရှိပြီး လက်တွေ့ကျသောအလုပ်ကို လုပ်နိုင်လျှင် ဘုရားသခင် ရွေးချယ်ထားသောလူများသည် သင့်အား ခေါင်းဆောင်ဖြစ်ရန် အလိုအလျောက် ရွေးချယ်လိမ့်မည်။ သင်သည် အစွမ်းအစနည်းသည်၊ မြှင့်တင်ပေးခြင်းခံရရန်၊ သို့မဟုတ် ပျိုးထောင်ပေးခြင်းခံရရန် အခွင့်အလမ်းလုံးဝ မရှိ၊ သင်၏ ရည်မှန်းချက်များ အောင်မြင်ရန် မဖြစ်နိုင်ဟု သင်ခံစားရလျှင် ဤသည်မှာ ကောင်းသည့်အရာတစ်ခုဖြစ်သည် မဟုတ်လော။ ဤအရာသည် သင့်ကို ကာကွယ်ပေးလိမ့်မည်။ သင်သည် အစွမ်းအစနည်းသည့်အတွက် သင့်အား မိမိတို့၏ခေါင်းဆောင်ဖြစ်စေရန် ရွေးချယ်သော မျက်ကန်းသော နားဝေတိမ်တောင်ဖြစ်သည့်လူတစ်စုအား ကြုံတွေ့လျှင် သင်သည် ဆူးခရောင်းလမ်းကို လျှောက်လှမ်းနေရမည်မဟုတ်လော။ သင်သည် မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိဘဲ သင်၏ မျက်လုံးနှင့် စိတ်သည် မြင်နိုင်စွမ်းမရှိပေ။ သင်လုပ်သမျှသည် အဖျက်အမှောင့်လုပ်ခြင်းဖြစ်သည်။ သင်၏ လှုပ်ရှားမှုတိုင်းသည် မကောင်းမှုပြုခြင်းဖြစ်သည်။ သင်၏ လက်ရှိတာဝန်ကို ကောင်းစွာလုပ်ခြင်းက ပို၍ ကောင်းလိမ့်မည်။ အနည်းဆုံးအနေဖြင့် သင့်ကိုယ်သင် အရှက်ရစေမည်မဟုတ်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်ဖြစ်ခြင်း၊ ကွယ်ရာတွင် ဝေဖန်ရန်ပစ်မှတ်ဖြစ်ခြင်းထက် သာ၍ ကောင်းသည်။ လူတစ်ယောက်အနေဖြင့် သင်သည် သင့်ကိုယ်သင် နှိုင်းဆချင့်ချိန်ခြင်းရှိရမည်။ မိမိကိုယ်ကို သတိပြုမိခြင်း အနည်းငယ် ရှိရမည်။ ဤသို့ဆိုလျှင် လမ်းမှားကို လိုက်ခြင်း၊ ကြီးလေးသောအမှားများကို လုပ်ဆောင်ခြင်းကို ရှောင်ကြဉ်နိုင်လိမ့်မည်။
သင်တို့သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်လိုသလော သို့မဟုတ် သာမန်နောက်လိုက်တစ်ဦး ဖြစ်လိုသလော။ (သာမန်နောက်လိုက်တစ်ဦး ဖြစ်လိုပါသည်။) အကယ်၍ ညီအစ်ကိုမောင်နှမများက သင့်ကို ရွေးကောက်တင်မြှောက်ပါက စမ်းကြည့်လော့၊ ဖြစ်နိုင်သည်မှာ သင့်အပေါ် ၎င်းတို့၏အမြင်သည် သင့်ကိုယ်သင် ခံစားရသည်ထက် ပို၍ တိကျနိုင်သည်။ အကယ်၍ ညီအစ်ကိုမောင်နှမများက သင်လုပ်နိုင်သည်ဟု တွေးထင်ပါက သင်သည် အစွမ်းကုန် ကြိုးစားသင့်သည်။ အကယ်၍ သင်သည် အမှန်တကယ် အကောင်းဆုံးကြိုးစားသော်လည်း သင်၏အလုပ်၌ ဆက်လက်ရှုံးနိမ့်နေပြီး သင်၏စိတ်နှလုံးသည် စိုးရိမ်ပူပန်မှုဖြင့် မီးကဲ့သို့ ပူလောင်နေသည်မှာ ထမင်းမစားနိုင် အိပ်မပျော်ဖြစ်သည်အထိဖြစ်ကာ ယင်းကို မည်သို့ ကောင်းမွန်စွာလုပ်ဆောင်ရမည်ကို လုံးဝမသိပါက ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ်မှ ရပ်တန့်လိုက်လော့၊ ယင်းသည် သင့်အတွက် အလွန်ပင်ပန်းခက်ခဲလွန်းသည်။ အကယ်၍ သင်ဆက်လက်လုပ်ဆောင်ပါက သင်သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်ဖွယ်ရှိသည်၊ ထို့ကြောင့် သင်သည် နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ ရာထူးမှ နုတ်ထွက်စာတစ်စောင်ကို ရေးပြီး “ကျွန်ုပ်သည် အစွမ်းအစ ညံ့ဖျင်းပြီး စစ်မှန်သောအလုပ်ကို မလုပ်ဆောင်နိုင်သောကြောင့် အကယ်၍ ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦးအဖြစ် ဆက်လက်လုပ်ဆောင်ပါက မကြာမီပင် ကျွန်ုပ်သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးအဖြစ်သို့ မုချရောက်ရှိသွားမည်ဖြစ်သည်၊ ထို့ကြောင့် ကျွန်ုပ်သည် ရာထူးမှ နုတ်ထွက်ခွင့်ပြုပါရန် တောင်းဆိုပြီး ရာထူးကို လိုလိုလားလားဖြင့် စွန့်လွှတ်ပါသည်။” ဟု ကြေညာသင့်သည်။ ဤသည်မှာ အမြော်အမြင်အရှိဆုံးသော လုပ်ဆောင်မှုဖြစ်ပြီး လုပ်ဆောင်ရန် အသင့်တော်ဆုံးသောအရာ ဖြစ်သည်။ ယင်းသည် ဆင်ခြင်တုံတရားရှိပြီး ရာထူးကို သိမ်းပိုက်ထားကာ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်နေခြင်းထက် ပိုကောင်းသည်။ အကယ်၍ သင်သည် သင်၏အစွမ်းအစ ညံ့ဖျင်းပြီး ခေါင်းဆောင်တစ်ဦးဖြစ်ရန် မတတ်နိုင်ကြောင်း ကောင်းကောင်းသိသော်လည်း အဆင့်အတန်းကို စွန့်လွှတ်ရန် မခံရပ်နိုင်ဘဲ “ဤအရာကို အဘယ်ကြောင့် ငါမလုပ်ဆောင်နိုင်သနည်း။ ငါ့ကို မည်သူ တစ်ခုခု ကူညီပေးနိုင်မည်နည်း။ အခြားလူတစ်ယောက်က ငါ့အတွက် အစီအစဉ်များ၊ နည်းဗျူဟာများအားလုံးကို ဖန်တီးပေးပြီး ငါက ခေါင်းဆောင်အဖြစ် ငါ၏ အဆင့်အတန်းကို ထိန်းသိမ်းရလျှင် မည်မျှကောင်းလိမ့်မည်နည်း။ ယခုအချိန်တွင် ငါ၏နေရာကို ယူရန် သင့်တော်သူ မည်သူမျှမရှိ။ ထို့ကြောင့် ငါသည် ဤအလုပ်တွင်ရှိနေသည့် တစ်ရက်ချင်းစီတိုင်းတွင် ဆက်လက်၍ ခေါင်းဆောင်အဖြစ်ရှိပြီး မွေ့လျော်၍သာ နေနိုင်သည်။ ဤအလုပ်ကို ငါမလုပ်နိုင်လျှင်ပင် ငါသည် ခေါင်းဆောင်ဖြစ်နေဆဲဖြစ်ပြီး ခေါင်းဆောင်ဖြစ်ခြင်းသည် သာမန်ညီအစ်ကိုမောင်နှမတစ်ဦးဖြစ်ခြင်းထက် ပိုကောင်းသည်။ ဘုရားအိမ်တော်က ငါ့ကို မထုတ်ဘဲ ညီအစ်ကိုမောင်နှမများ၏ ဖယ်ရှားခြင်းကိုလည်း ငါမခံရလျှင် ငါနုတ်ထွက်မည်မဟုတ်” ဟု သင့်ကိုယ်သင် ပြောဆိုလျှင် ဤသည်မှာ သင့်တော်သလော။ (မသင့်တော်ပါ။) အဘယ်ကြောင့် မသင့်တော်သနည်း။ (ယင်းမှာ ဆင်ခြင်တုံတရား မရှိပါ၊ အကယ်၍ ကျွန်ုပ်သည် စစ်မှန်သောအလုပ်ကို မလုပ်ဆောင်နိုင်သည့်တိုင် မနုတ်ထွက်ပါက ဤသည်မှာ အသင်းတော်၏အလုပ်ကို နှောင့်နှေးကြန့်ကြာစေရုံသာ ဖြစ်ပါသည်။) ဤသို့လုပ်ဆောင်ခြင်းသည် အသင်းတော်အလုပ်ကို နှောင့်နှေးစေသည်။ သူတစ်ပါးတို့ကို ထိခိုက်နစ်နာစေပြီး သင့်ကိုယ်သင် ထိခိုက်စေသည်။ ခေါင်းဆောင်တစ်ယောက်ဖြစ်ခြင်းဆိုသည်မှာ မည်သည့်အဓိပ္ပာယ်ရသည်ကို သင်သိသလော။ သင်သည် များစွာသောလူတို့၏ အသက်ဝင်ရောက်မှုနှင့် တိုက်ရိုက်ဆက်နွှယ်မှုရှိသည်၊ သင်၏ ခေါင်းဆောင်မှုသည် ၎င်းတို့ရှေ့တွင်ရှိသော လမ်းကြောင်းကို ၎င်းတို့လျှောက်လှမ်းပုံနှင့် တိုက်ရိုက်ဆက်နွှယ်မှုရှိသည်ဟု အဓိပ္ပာယ်ရသည်။ သင်က ကောင်းစွာ ဦးဆောင်ပြီး ၎င်းတို့ကို မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခေါ်ဆောင်လျှင် ၎င်းတို့သည် မှန်ကန်သောလမ်းကြောင်းပေါ်တွင် ခြေချနိုင်လိမ့်မည်။ သင်သည် ညံ့ဖျင်းစွာ ဦးဆောင်လျှင်၊ ၎င်းတို့ကို မြောင်းထဲသို့ ခေါ်ဆောင်လျှင် ၎င်းတို့သည် သင်ကဲ့သို့ ဖာရိရှဲဖြစ်လာလိမ့်မည်။ ထိုသို့ဆိုလျှင် သင့်အပြစ်သည် ကြီးမား၏။ ဤကြီးမားသောအပြစ်ကို သင်ကျူးလွန်ပြီးနောက်တွင် ယင်းက အဆုံးသတ်ဖြစ်လိမ့်မည်လော။ ယင်းကို ဘုရားသခင်က မှတ်သားထားလိမ့်မည်။ သင်၏ အစွမ်းအစသည် ညံ့ဖျင်းကြောင်း၊ သင်သည် အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး လက်တွေ့ကျသောအလုပ်ကို လုပ်နိုင်စွမ်းမရှိကြောင်းကို ကောင်းစွာသိသည့်တိုင် သင်သည် သင့်အမှားများကို ဝန်ခံပြီး နုတ်ထွက်ခြင်းမရှိဘဲ သင်၏ ရာထူးကို အရှက်မဲ့စွာ ဖက်တွယ်ထားပြီး အခြားမည်သူ့ကိုမျှ မပေးပေ။ ဤသည်မှာ အပြစ်တစ်ခုဖြစ်ပြီး ဘုရားသခင်က ယင်းကို မှတ်သားထားမည်ဖြစ်သည်။ ဘုရားသခင်က မှတ်သားထားခြင်းသည် နောင်ကာလတွင် သင့်အတွက် ကောင်းလိမ့်မည်လော၊ ဆိုးလိမ့်မည်လော။ သင်ဒုက္ခရောက်လိမ့်မည်။ ငါသင့်ကို အမှန်အတိုင်း ပြောပြမည်။ ဘုရားသခင်သည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီတိုင်းအတွက် ထိုကဲ့သို့သောအရာများကို မှတ်သားထားပြီး အချက်အလက်တိုင်းကို ရှင်းလင်းစွာ ရေးချထားသည်။ သင်၏ ကယ်တင်ခြင်းသို့သွားရာ လမ်းကြောင်းတွင် အလွန်ပြင်းထန်သည့်အရာတစ်ခုခု ဖြစ်ပျက်ခဲ့လျှင် သင့်အပေါ် သက်ရောက်မှုသည် ကြီးမားလိမ့်မည်။ မည်သည့်အရာကို သင်လုပ်ဆောင်သည်ဖြစ်စေ ဤလမ်းကြောင်းကို မလျှောက်နှင့်၊ ဤပုဂ္ဂိုလ်မျိုး မဖြစ်စေနှင့်။
ပင်ကိုစွမ်းရည်ရှိသော လူအမျိုးမျိုးကို မြှင့်တင်ပေးကာ ပြုစုပျိုးထောင်ပေးခြင်းနှင့် စပ်လျဉ်း၍ အယောင်ဆောင် ခေါင်းဆောင်များ၏ အချို့သော အလေ့အထများနှင့် သရုပ်သကန်များအပေါ် ငါတို့ အချုပ်အားဖြင့် မိတ်သဟာယပြုပြီးဖြစ်သည်။ တိုတိုပြောရလျှင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးဖြစ်သည့် လူစားမျိုးသည် လက်တွေ့ကျသောအလုပ်ကို မလုပ်သကဲ့သို့ လက်တွေ့ကျသောအလုပ်ကို လုပ်နိုင်စွမ်းမရှိပေ။ ၎င်းတို့၏ အစွမ်းအစသည် ညံ့ဖျင်းသည်၊ ၎င်းတို့သည် မျက်စိကန်းပြီး ဉာဏ်မျက်စိကန်းကြသည်၊ ၎င်းတို့သည် ပြဿနာများကို ရှာတွေ့နိုင်စွမ်း မရှိကြသကဲ့သို့ လူအမျိုးမျိုးကို ရိပ်စားမိနိုင်ခြင်း မရှိကြချေ။ ထို့ကြောင့် ၎င်းတို့သည် ပင်ကိုစွမ်းရည်ရှိသော လူအမျိုးမျိုးကို မြှင့်တင်ပေးခြင်းနှင့် ပြုစုပျိုးထောင်ပေးခြင်းတည်းဟူသော အရေးကြီးသည့် အလုပ်ကို တာဝန်ယူနိုင်ခြင်း မရှိကြချေ။ ထိုသို့ဖြင့် ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို ကောင်းစွာ လုပ်ရန် မဖြစ်နိုင်သကဲ့သို့ ဘုရားသခင် ရွေးချယ်ထားသော လူတို့အတွက် ၎င်းတို့၏ အသက်ဝင်ရောက်မှုတွင် အခက်အခဲများစွာ ဖြစ်စေလိမ့်မည် ဖြစ်သည်။ ဤအချက်များကို စဉ်းစားသည့်အခါ အယောင်ဆောင် ခေါင်းဆောင်များသည် အသင်းတော်ခေါင်းဆောင်များဖြစ်ရန် မသင့်တော်သည်မှာ သိသာထင်ရှားသည်။ အသင်းတော်၏ သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကို မလုပ်သကဲ့သို့ သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်နှင့်ဆိုင်သည့် ကြီးကြပ်ရေးမှူးများနှင့်လည်း အဆက်အသွယ်မလုပ်သည့် အခြားသော အယောင်ဆောင် ခေါင်းဆောင်များ ရှိသည်။ ထို့ကြောင့် ၎င်းတို့သည် မည်သည့်ပါရမီရှိသော ပုဂ္ဂိုလ်များက မည်သည့်အလုပ်ကို လုပ်နိုင်စွမ်း ရှိသည်ကိုဖြစ်စေ၊ မည်သူတို့က မည်သည့်အလုပ်နှင့် သင့်တော်သည်ကိုဖြစ်စေ၊ ၎င်းတို့၏ အလုပ်လုပ်ခြင်းသည် စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိသည် မရှိသည်ကိုဖြစ်စေ မသိကြချေ။ ထိုသို့ဖြင့် ၎င်းတို့သည် ပင်ကိုစွမ်းရည်ရှိသော လူတို့ကို မြှင့်တင်ပေးခြင်းနှင့် ပြုစုပျိုးထောင်ပေးနိုင်ခြင်း မရှိပေ။ သို့ဆိုလျှင် ထိုသို့သော လူများသည် အသင်းတော်အလုပ်ကို မည်သို့ ကောင်းစွာ လုပ်ဆောင်နိုင်ကြမည်နည်း။ အယောင်ဆောင် ခေါင်းဆောင်များက လက်တွေ့ကျသောအလုပ်ကို မလုပ်နိုင်သည့် အဓိက အကြောင်းရင်းမှာ ၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းခြင်း ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ ထိုးထွင်းသိမြင်ခြင်း မရှိကြသကဲ့သို့ လက်တွေ့ကျသောအလုပ်က မည်သည့်အရာဖြစ်သည်ကို မသိကြချေ။ ဤအရာက အသင်းတော်အလုပ်တွင် မကြာခဏ တန့်သွားသည့် သို့မဟုတ် တုံ့ဆိုင်းသည့် အခြေအနေများ ဖြစ်စေသည်။ ဤသည်တို့မှာ လက်တွေ့ကျသောအလုပ်ကို လုပ်ဆောင်ရန် အယောင်ဆောင် ခေါင်းဆောင်များ၏ ပျက်ကွက်ခြင်းနှင့် တိုက်ရိုက် ဆက်စပ်သည်။ ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများကို ဖယ်ရှားရမည်ဖြစ်ပြီး အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များကို ဖြုတ်ချရမည်ဖြစ်ကြောင်း ဘုရားအိမ်တော်က လွန်ခဲ့သည့် နှစ်ကာလအချို့ကြာ အကြိမ်ကြိမ် အလေးပေးဖော်ပြပြီးဖြစ်သည်။ အမျိုးမျိုးသော ဆိုးယုတ်သည့် လူများနှင့် မယုံကြည်သူများကို အဘယ်ကြောင့် ဖယ်ရှားရမည်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို နှစ်ချီယုံကြည်ပြီးနောက်တွင် ဤလူများသည် သမ္မာတရားကို လုံးဝ လက်မခံကြသေးသည့်အပြင် ကယ်တင်မခံရနိုင်သည့် အခြေအနေထိ ရောက်ရှိပြီးဖြစ်သောကြောင့် ဖြစ်သည်။ ပြီးလျှင် အားလုံးသော အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များကို အဘယ်ကြောင့် ဖြုတ်ချရမည်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လက်တွေ့ကျသောအလုပ်ကို မလုပ်ကြသကဲ့သို့ သမ္မာတရား လိုက်စားသော သူတို့ကို မည်သည့်အခါတွင်မျှ မြှင့်တင်ပေးခြင်း သို့မဟုတ် ပြုစုပျိုးထောင်ပေးခြင်း မရှိသောကြောင့် ဖြစ်သည်။ ထိုအစား ၎င်းတို့သည် ရည်ရွယ်ချက်မဲ့သည့် အားထုတ်မှုများတွင်သာ ပါဝင်လုပ်ဆောင်ကြသည်။ ဤအရာက ရှိရင်းစွဲပြဿနာများ မပြေလည်ဘဲ စွဲကျန်နေစေလျက် အသင်းတော်၏ အလုပ်ကို ပရမ်းပတာအခြေအနေထဲသို့ ရောက်ရှိသွားစေပြီး တုံ့ဆိုင်းသွားစေသည့်အပြင် ဘုရားသခင် ရွေးချယ်ထားသောလူတို့၏ အသက်ဝင်ရောက်မှုကိုလည်း နှေးကွေးသွားစေသည်။ ဤအယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များအားလုံး ဖြုတ်ချခံရမည်ဆိုလျှင်၊ အသင်းတော်ကို အနှောင့်အယှက်ပေးသည့် ဤဆိုးယုတ်သောလူများနှင့် မယုံကြည်သူများအားလုံး ရှင်းလင်းပစ်ခြင်းခံရမည်ဆိုလျှင် အသင်းတော်အလုပ်သည် အလိုအလျောက် ချောမွေ့စွာ တိုးတက်လာမည်ဖြစ်သည်။ အသင်းတော် အသက်တာသည် အလိုအလျောက် ပိုမိုကောင်းမွန်လာမည်ဖြစ်ကာ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို ပုံမှန်အတိုင်း စားသောက်နိုင်မည်ဖြစ်ပြီး ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နိုင်မည်ဖြစ်သည့်အပြင် ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းကြောင်းမှန်ပေါ် ဝင်ရောက်နိုင်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် မြင်လိုသည့်အရာ ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။