ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၉) အခန်း တစ်
ခေါင်းဆောင်များနှင့် အမှုဆောင်များ စံနှုန်းပြည့်မီခြင်းရှိမရှိ အကဲဖြတ်ရန် စံသတ်မှတ်ချက်နှစ်ခု
ငါတို့သည် ယခုအခါတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များထဲမှ စုစုပေါင်း ရှစ်ချက်ကို မိတ်သဟာယဖွဲ့ပြီးဖြစ်ကာ ဤတာဝန်ရှစ်ချက်နှင့်ပတ်သက်၍ အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးခဲ့ပြီး ဖြစ်သည်။ ၎င်းတို့ကို ဤသို့ စိတ်ဖြာလေ့လာဆွေးနွေးခြင်းအားဖြင့် ယခု သင်တို့၌ အယောင်ဆောင် ခေါင်းဆောင်များနှင့်ပတ်သက်၍ ပိုင်းခြားသိမြင်နိုင်စွမ်းတစ်ခုခု ရှိပြီလော။ သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်ပါက သင်သည် အယောင်ဆောင်ခေါင်းဆောင်များ၏ ဤလုပ်ဆောင်မှုများတွင် ပါဝင်ခြင်းကို ရှောင်ရှားနိုင်မည်လော။ ငါတို့ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည့် တာဝန်များကို အခြေခံ၍ အလုပ်ကို သတိရှိရှိ လုပ်ဆောင်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်မည်လော။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများအပေါ် မိတ်သဟာယဖွဲ့ခြင်းအားဖြင့် သင်တို့သည် ယခုတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များက မိမိတို့၏ အလုပ်ကို မည်သို့ လုပ်ဆောင်သင့်သည်ကိုလည်းကောင်း၊ ဤအလုပ်ကို လုပ်ဆောင်ရာတွင် မည်သည့်အသေးစိတ်အချက်များ ပါဝင်သည်ကိုလည်းကောင်း၊ ၎င်းတို့သည် အလုပ်ကို မည်သို့ အကောင်အထည်ဖော်သင့်သည်ကိုလည်းကောင်း၊ ထို့ပြင် စံနှုန်းပြည့်မီသော ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ရန် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်ကိုလည်းကောင်း မိမိတို့၏ စိတ်နှလုံးထဲတွင် သိသင့်ပြီဖြစ်သည်။ လူတစ်ဦး၏ အစွမ်းအစသည် လုံလောက်လျှင်၊ သူ၌ အတိုင်းအတာတစ်ခုအထိ အလုပ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်ပြီး ဝန်တာစိတ်လည်း ရှိလျှင် သူသည် အယောင်ဆောင်ခေါင်းဆောင်များ၏ ဤသရုပ်သကန်များအား ထုတ်ဖော်ပြသခြင်းကို ရှောင်ရှားနိုင်သင့်သည်။ သို့ရာတွင် လူတစ်ဦး၌ အစွမ်းအစရှိပြီး အတိုင်းအတာတစ်ခုအထိ အလုပ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်သော်လည်း ဝန်တာစိတ် မရှိပါက သူသည် စံနှုန်းပြည့်မီသော ခေါင်းဆောင်တစ်ဦး ဖြစ်နိုင်စွမ်းနှင့် ခေါင်းဆောင်များ၊ အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်စွမ်း ရှိမည်လော။ (ရှိမည်မဟုတ်ပါ။) သူ့အတွက် ဤအရာကို လုပ်ဆောင်ရန် အနည်းငယ် ခက်ခဲသည်။ ခေါင်းဆောင်တစ်ဦးသည် ဝန်တာစိတ်ရှိပြီး သူ၏ လူ့သဘာဝက မညံ့ဖျင်းသော်လည်း သူသည် မိမိ၏အလုပ်ကို မည်သို့လုပ်ဆောင်ရမည်ကိုပင် မသိဟု ဆိုကြပါစို့။ သူ့အား မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ တိကျသော အလုပ်ကို မည်သို့ အကောင်အထည်ဖော်ပြီး ပါဝင်လုပ်ဆောင်ရမည်ကို မသိသေးသည့်အပြင် စည်းမျဉ်းများ သို့မဟုတ် ဦးတည်ချက်ကို ရှာမတွေ့နိုင်ပေ။ တိကျသော အတတ်ပညာများ သို့မဟုတ် အလုပ်အတွက် လမ်းပြမှုအား မည်သို့ပေးရမည်ကိုလည်း သူမသိပေ။ အရေးကိစ္စများ ဖြစ်ပေါ်လာသည့်အခါ ထိုပြဿနာများ၏ အနှစ်သာရကို ရှာမတွေ့နိုင်သည့်အပြင် မည်သို့ဖြေရှင်းရမည်ကို မသိပေ။ ထို့အတွက်ကြောင့် သူလုပ်ဆောင်သည့် မည်သည့်အလုပ်တွင်မဆို သို့မဟုတ် သူကိုင်တွယ်နေသည့် မည်သည့်ကိစ္စတွင်မဆို သူသည် အစဉ်သဖြင့် မထုံတက်သေးဖြစ်ပြီး နှေးကွေးလေသည်။ ထိုသို့သောလူတစ်ဦးသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်သလော။ (မဖြည့်ဆည်းနိုင်ပါ။) ဤသည်မှာ မည်သို့သော ပြဿနာမျိုး ဖြစ်သနည်း။ ဤလူစားမျိုးသည် အလွန် စိတ်အားထက်သန်ပြီး ဝန်တာစိတ်ရှိကာ သူ၏အလုပ်ကို လုပ်ဆောင်လိုသော်လည်း သူ၏ အစွမ်းအစက ညံ့ဖျင်းလွန်းသည်၊ အလုပ်လုပ်နိုင်စွမ်း မရှိသည့်အပြင် အလုပ်ကို တာဝန်ယူနိုင်ခြင်း သို့မဟုတ် တိကျသော အလုပ်ကို လုပ်ဆောင်နိုင်ခြင်း သို့မဟုတ် တိကျသော အရေးကိစ္စရပ်များကို ဖြေရှင်းနိုင်ခြင်း မရှိပေ။ သူသည် မည်သည့်အလုပ်တွင်မဆို ပါဝင်သည့်အခါ ဟန်ပြလုပ်ဆောင်ခြင်းသာဖြစ်ပြီး အလွန် ဉာဏ်ထိုင်းကာ ထုံထိုင်းပြီး မထုံတက်သေး ဖြစ်သည်။ ဤအရာ၏ ရလဒ်မှာ အရေးကိစ္စများစွာ ပေါ်ပေါက်လာသော်လည်း သူသည် ယင်းတို့ကို စတင်၍ လုပ်ဆောင်နိုင်စွမ်းမရှိ၊ ယင်းတို့က မည်သည့်နေရာမှ အရင်းခံသည်ကို မသိသည့်အပြင် ယင်းတို့နှင့်ပတ်သက်၍ မည်သို့ မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းရမည်ကို သာ၍ပင် မသိဘဲ ထိုအရေးကိစ္စများကို အထက်သို့ တိုင်ကြားပြီး ၎င်းတို့ထံမှ ရှာဖွေနိုင်ခြင်းပင် မရှိပေ။ ထို့ကြောင့် သူသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်စွမ်း မရှိသည့်အပြင် ခေါင်းဆောင်တစ်ဦး ဖြစ်လာရန် ရွေးချယ်ခံရလျှင်ပင် ခေါင်းဆောင်ကောင်းတစ်ဦး မဟုတ်။ သူသည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးသာ ဖြစ်သည်။
ယခု ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ရှစ်ခုနှင့်ပတ်သက်၍ မိတ်သဟာယပြုပြီးပြီဖြစ်သဖြင့် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးအပေါ် အခြေခံကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သင်တို့ စိတ်ကူးရနိုင်ကြပြီလော။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ခေါင်းဆောင်တစ်ဦးက ဖြည့်ဆည်းနေခြင်း ရှိမရှိကိုဖြစ်စေ၊ ၎င်းသည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဟုတ်မဟုတ်ကိုဖြစ်စေ မည်သို့ အကဲဖြတ်သင့်သနည်း။ အခြေခံအကျဆုံး အဆင့်အနေဖြင့် ၎င်းတို့က စစ်မှန်သည့် အလုပ်ကို လုပ်နိုင်စွမ်းရှိမရှိ၊ ၎င်းတို့တွင် ဤအစွမ်းအစ ရှိမရှိဟူသည်တို့ကို ကြည့်ရမည်ဖြစ်သည်။ ထို့နောက် ၎င်းတို့အနေဖြင့် ဤအလုပ်ကို ကောင်းစွာ လုပ်ဆောင်ရန် ဝန်တာထားခြင်း ရှိမရှိဟူသည်ကို ကြည့်သင့်သည်။ ၎င်းတို့ ပြောသည့်အရာများက မည်မျှနားကြားကောင်းပြီး ၎င်းတို့က အယူဝါဒများကို နားလည်သည့်ပုံ မည်မျှပေါက်သည်ကို လျစ်လျူရှုပြီး အပြင်ပန်း ကိစ္စရပ်များကို ကိုင်တွယ်ချိန်တွင် ၎င်းတို့ မည်သို့ ပင်ကိုစွမ်းရည်ရှိပြီး ဆုကျေးဇူးရှိသည်ကို လျစ်လျူရှုလော့။ ဤအရာများက အရေးမကြီးပေ။ အရေးအကြီးဆုံးအရာမှာ ၎င်းတို့သည် အသင်းတော်အလုပ်၏ အခြေခံအကျဆုံးသော အချက်များကို ကောင်းစွာလုပ်ဆောင်နိုင်ခြင်း ရှိမရှိ၊ သမ္မာတရားကို အသုံးပြု၍ ပြဿနာများကို ဖြေရှင်းနိုင်ခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့သည် လူများကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးဆောင်နိုင်ခြင်း ရှိမရှိတို့ဖြစ်သည်။ ဤသည်မှာ အခြေခံအကျဆုံးနှင့် အနှစ်သာရအရှိဆုံး အလုပ်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဤလက်တွေ့ကျသော အလုပ်၏ ဤအချက်များကို လုပ်နိုင်စွမ်း မရှိပါက ၎င်းတို့၏ အစွမ်းအစ မည်မျှကောင်းမွန်သည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ ပင်ကိုစွမ်းရည်ရှိသည်ဖြစ်စေ၊ ဆင်းရဲဒုက္ခကို မည်မျှကြံ့ကြံ့ခံနိုင်ပြီး အဖိုးအခ ပေးဆပ်နိုင်သည်ဖြစ်စေ အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်နေဆဲဖြစ်သည်။ လူအချို့က “၎င်းတို့ ယခုတွင် လက်တွေ့ကျသော အလုပ်တစ်ခုမျှ မလုပ်ကြသည်ကို မေ့ထားလော့။ ၎င်းတို့သည် အစွမ်းအစကောင်းရှိပြီး တတ်စွမ်းနိုင်သည်။ ၎င်းတို့သည် အချိန်ကာလတစ်ခုမျှ လေ့ကျင့်ပြီး လက်တွေ့ကျသော အလုပ်ကို လုပ်နိုင်ဖို့ သေချာသည်။ ထို့အပြင် ၎င်းတို့သည် မကောင်းသောအရာတစ်ခုမျှ မပြုလုပ်ခဲ့သကဲ့သို့ မကောင်းမှုကို မပြုလုပ်ခဲ့ သို့မဟုတ် အနှောင့်အယှက်ဖြစ်စေ၊ အဖျက်အမှောင့်လုပ်ခြင်းဖြစ်စေ မဖြစ်ပေါ်စေခဲ့ပေ။ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်ဖြစ်သည်ဟု ကိုယ်တော်မည်သို့ ဆိုနိုင်သနည်း” ဟူ၍ ပြောကြသည်။ ဤအရာကို ငါတို့ အဘယ်သို့ ရှင်းပြနိုင်သနည်း။ သင် မည်မျှပင်ကိုစွမ်းရည်ရှိသည်၊ သင့်အနေဖြင့် မည်သည့်အစွမ်းအစနှင့် ပညာရေး အဆင့်ကိုပိုင်ဆိုင်သည်၊ ဆောင်ပုဒ်မည်မျှကို သင် ကြွေးကြော်နိုင်သည် သို့မဟုတ် စကားလုံးများနှင့် အယူဝါဒမည်မျှ သင် နားလည်သဘောပေါက်သည်ဟူသည်တို့မှာ အရေးမကြီးပေ။ သင် မည်မျှအလုပ်များသည်ဖြစ်စေ၊ တစ်နေ့တာတွင် သင် မည်မျှပင်ပန်းနွမ်းနယ်သည်ဖြစ်စေ၊ သင် ခရီးမည်မျှဝေးဝေး သွားပြီးသည်ဖြစ်စေ၊ အသင်းတော် မည်မျှ သင် လည်ပတ်သည်ဖြစ်စေ၊ အန္တရာယ်မည်မျှကို သင် စွန့်စားပြီး ဆင်းရဲဒုက္ခ မည်မျှ ခါးစည်းခံသည်ဖြစ်စေ ဤအရာတစ်ခုမျှ အရေးမကြီးပေ။ အရေးကြီးသည့်အရာမှာ အလုပ်အစီအစဉ်များကို အခြေခံ၍ သင်၏ အလုပ်ကို သင် လုပ်ဆောင်နေခြင်း ရှိမရှိ၊ ထိုအစီအစဉ်များကို သင် မှန်ကန်တိကျစွာ အကောင်အထည်ဖော်နေခြင်းရှိမရှိ၊ သင်၏ ခေါင်းဆောင်မှုအတောအတွင်းတွင် သင်သည် သင်တာဝန်ရှိသည့် သတ်သတ်မှတ်မှတ် ဖြစ်သော အလုပ်တိုင်းတွင် ပါဝင်နေခြင်း ရှိမရှိ၊ ပြီးလျှင် စစ်မှန်သော ပြဿနာမည်မျှကို သင် အမှန်တကယ် ဖြေရှင်းပြီးခြင်း ရှိမရှိ၊ သင်၏ ခေါင်းဆောင်မှုနှင့် လမ်းပြမှုတို့ကြောင့် လူမည်မျှက သမ္မာတရား စည်းမျဉ်းများကို နားလည်လာပြီးဖြစ်သည်ဟူသည်နှင့် အသင်းတော်၏ အလုပ်က မည်မျှ ခရီးရောက်ပြီး တိုးတက်သည်ဟူသည်တို့ ဖြစ်သည်။ အရေးကြီးသည်မှာ ဤရလဒ်များကို သင် စွမ်းဆောင်ရရှိပြီးခြင်း ရှိမရှိဖြစ်သည်။ သင် ပါဝင်သည့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ် မည်သည့်အရာဖြစ်စေ အရေးကြီးသည့်အရာမှာ သင်သည် ကြီးကြီးကျယ်ကျယ် ပြုမူပြီး အမိန့်များ ထုတ်ပြန်နေခြင်းထက် အလုပ်ကို တစိုက်မတ်မတ် နောက်ဆက်တွဲလိုက်လုပ်ကာ ညွှန်ကြားနေခြင်း ရှိမရှိဟူ၍ ဖြစ်သည်။ ဤအရာအပြင် နောက်ထပ် အရေးကြီးသည့်အရာမှာ သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် သင်၌ အသက်ဝင်ရောက်မှု ရှိမရှိ၊ ကိစ္စရပ်များကို စည်းမျဉ်းများနှင့်အညီ သင် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း ရှိမရှိ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် သက်သေခံချက်တစ်ခုကို သင် ပိုင်ဆိုင်ခြင်း ရှိမရှိဟူသည်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့ ရင်ဆိုင်ရသည့် လက်တွေ့ကျသော ပြဿနာများကို သင် ကိုင်တွယ်ကာ ဖြေရှင်းနိုင်ခြင်း ရှိမရှိဟူသည်တို့ ဖြစ်သည်။ ဤအရာများနှင့် အခြားအလားတူ အရာများအားလုံးသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက မိမိ တာဝန်များကို ဖြည့်ဆည်းခြင်းရှိမရှိဟူသည်ကို အကဲဖြတ်ခြင်းအတွက် စံသတ်မှတ်ချက်များဖြစ်သည်။ ဤစံသတ်မှတ်ချက်များက လက်တွေ့ကျသည်ဟု သင်တို့ ပြောမည်လော။ ပြီးလျှင် လူတို့အတွက် မျှတသလော။ (မျှတပါသည်။) ယင်းတို့သည် လူတိုင်းအတွက် မျှတပေသည်။ သင်၏ ပညာရေး အဆင့်အတန်းက မည်သည့်အရာဖြစ်စေ၊ သင် ငယ်ရွယ်သည်ဖြစ်စေ၊ အိုမင်းသည်ဖြစ်စေ၊ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ သင် ယုံကြည်ပြီးသည်ဖြစ်စေ၊ သင်၏ ဝါရင့်မှု သို့မဟုတ် ဘုရားနှုတ်ကပတ်တော် မည်မျှကို သင် ဖတ်ရှုပြီးသည်ဖြစ်စေ ဤအရာတစ်ခုမျှ အရေးမကြီးပေ။ အရေးကြီးသည့် အရာမှာ ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရပြီးနောက်တွင် အသင်းတော်အလုပ်ကို သင် မည်သို့ကောင်းစွာ လုပ်ဆောင်သည်၊ သင်၏ အလုပ်တွင် သင်က မည်သို့ထိရောက်ပြီး ခရီးရောက်သည်ဆိုသည်နှင့် အလုပ်၏ အချက်တစ်ခုစီက စနစ်ကျပြီး ထိရောက်သော ပုံစံဖြင့် တိုးတက်ကာ နှောင့်နှေးခြင်း ရှိမရှိဟူသည်တို့ ဖြစ်သည်။ ဤသည်တို့မှာ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက မိမိ၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးခြင်း ရှိမရှိဟူသည်ကို အကဲဖြတ်သည့်အခါ ဆန်းစစ်ရသည့် အဓိကအရာများ ဖြစ်သည်။
ငါတို့ ယခုတင် ပြုလုပ်ခဲ့သည့် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် သင်တို့သည် ယခုအခါတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့် ပတ်သက်၍ အတော်အတန် ရှင်းလင်းသော နားလည်သဘောပေါက်မှုနှင့် သိမြင်မှုသာမက အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အနှစ်သာရနှင့်ပတ်သက်၍ တိကျသော ပြောဆိုချက်တစ်ခုလည်း ရှိနေပြီ ဖြစ်သည်။ တစ်စုံတစ်ဦးသည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဟုတ်မဟုတ်ကို အကဲဖြတ်ရန် အခြေခံအကျဆုံးသော စံသတ်မှတ်ချက်မှာ သူသည် စစ်မှန်သည့် အလုပ်ကို လုပ်ဆောင်နိုင်စွမ်းရှိမရှိ ကြည့်ရန်ဖြစ်ပြီး ထို့နောက် သူသည် စစ်မှန်သည့် အလုပ်ကို အမှန်တကယ်လုပ်မလုပ် ကြည့်ရန်ဖြစ်သည်။ ဤသည်တို့မှာ အဓိက စံသတ်မှတ်ချက်နှစ်ခု ဖြစ်သည်။ တစ်ခုမှာ သူက တတ်နိုင်စွမ်းရှိမရှိဟူသော အချက်ဖြစ်ပြီး နောက်တစ်ခုမှာ သူက လိုလိုလားလား ရှိမရှိဟူသော အချက်ဖြစ်သည်။ ဤအရာများကို သင်တို့ မှတ်မိနိုင်ကြသလော။ လူအချို့က “ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး မဟုတ်သဖြင့် ဤအရာများကို အဘယ့်ကြောင့် မှတ်သားထားရမည်နည်း” ဟု ပြောကြသည်။ ဤစကားသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ ဤသမ္မာတရားများကို နားလည်ခြင်းအားဖြင့် လူတို့သည် တစ်ဖက်တွင် မိမိတို့ကိုယ်ကို သိမြင်လာနိုင်ပြီး အခြားတစ်ဖက်တွင် အခြားလူများကို ပိုင်းခြားသိမြင်လာနိုင်သည်။ ဤသည်တို့မှာ လူတို့ နားလည်ပြီး ပိုင်ဆိုင်သင့်သည့် သမ္မာတရားများဖြစ်ကာ ယင်းတို့ကို နားမလည်လျှင် အဆင်ပြေမည် မဟုတ်ပေ။ ပထမဦးစွာ သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့်အညီ ခေါင်းဆောင်တစ်ဦး ဖြစ်ရန်အတွက် အစွမ်းအစနှင့် လုပ်နိုင်စွမ်းကို ပိုင်ဆိုင်ခြင်းရှိမရှိ တိုင်းတာရမည်။ အကယ်၍ သင်သည် ဤအရာများကို ပိုင်ဆိုင်မထားလျှင် ခေါင်းဆောင်တစ်ဦး ဖြစ်ရန် ဆက်၍ လိုလားမနေနှင့်။ သင်၌ ခေါင်းဆောင်တစ်ဦး ဖြစ်ဖို့ အစွမ်းအစကို မပိုင်ဆိုင်ဘဲ ခေါင်းဆောင်တစ်ဦးဖြစ်ရန် လိုလားနေသေးလျှင် ယင်းမှာ ပြင်းပြသောဆန္ဒသာ ဖြစ်သည်။ ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် သင်သည် စစ်မှန်သည့် အလုပ်ကို လုပ်ဆောင်နိုင်စွမ်း ရှိမည်မဟုတ်ဘဲ အယောင်ဆောင် ခေါင်းဆောင်တစ်ဦး မလွဲမသွေ ဖြစ်လာလိမ့်မည်။ လူအချို့က “ကျွန်ုပ်တွင် ကောင်းသော အစွမ်းအစရှိသည်။ လူတိုင်းကြားတွင် ကျွန်ုပ်သည် ပေါ်လွင်ထင်ရှားသည်။ ကျွန်ုပ်သည် မကြာခဏဆိုသလို စိတ်ကူးကောင်းအချို့နှင့် ပါးနပ်ပြီး ကောင်းမွန်သော အကြံပြုချက်အချို့ကို ရရှိတတ်သည်။ ကျွန်ုပ်တွင် လုပ်ဆောင်သမျှ အရာတိုင်းအတွက် အထာတစ်ခုရှိပြီး အတော်အတန် ကြွယ်ဝသော အသိပညာ၊ ထိုးထွင်းအမြင်များနှင့် အတွေ့အကြုံလည်း ရှိသည်။ ဤအရာအားလုံးက ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်နိုင်သည်ဟု မဆိုလိုသလော” ဟု ပြောကြသည်။ သို့ဆိုလျှင် သင်၌ တာဝန်ယူစိတ်နှင့် ဝန်တာစိတ်ရှိမရှိကို မြင်တွေ့ရန်လည်း သင့်ကိုယ်သင် တိုင်းတာသင့်ပေသည်။ အကယ်၍ သင်သည် အမှုအရာများအပေါ် ထင်မြင်ချက်များသာ ရှိပြီး အမှုအရာများကို လုပ်ဆောင်ရန် ဆန္ဒသာရှိကာ အစဉ်သဖြင့် ကြီးမားသော ရည်မှန်းချက်များ ရှိသော်လည်း ယင်းတို့ကို ဆုံးခန်းတိုင်အောင် မလုပ်နိုင်သည့်အပြင် မည်သို့ ကြိုးစားအားထုတ်ပြီး အဖိုးအခပေးရမည်ကို မသိလျှင်၊ မည်သည့်အဖိုးအခကိုမျှ ပေးဆပ်လိုစိတ် မရှိလျှင်၊ သင်၏ ဦးနှောက်နှင့် စိတ်နှလုံးကို အစဉ်အမြဲ စိုးရိမ်သောကကင်းသည့် အခြေအနေတွင် ရှိစေလိုလျှင်၊ သင်သည် အလုပ်မရှိဘဲ အနှောင်အဖွဲ့ကင်းလိုလျှင်၊ သက်သောင့်သက်သာရှိသော ဘဝတစ်ခုကို ရရှိလိုပြီး စိုးရိမ်ပူပန်ရသည် သို့မဟုတ် အလုပ်ရှုပ်ရသည်ကို မနှစ်သက်ဘဲ ပင်ပန်းနွမ်းနယ်ခြင်းနှင့် ဆင်းရဲဒုက္ခကို ကြောက်ရွံ့လျှင်၊ သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်ရန် မသင့်တော်သည့်အပြင် သင်သည် ခေါင်းဆောင်ပိုင်းအလုပ်ကို ထမ်းဆောင်နိုင်ခြင်း သို့မဟုတ် လုပ်ဆောင်နိုင်ခြင်း ရှိမည်မဟုတ်ပေ။
ခေါင်းဆောင်တစ်ဦး စံနှုန်းပြည့်မီခြင်း ရှိမရှိကို အကဲဖြတ်ရန်အတွက် သူသည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်စွမ်းရှိမရှိနှင့် သူသည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ခြင်း ရှိမရှိဟူသည့် စံသတ်မှတ်ချက်နှစ်ခုကို ငါတို့ ယခုလေးတင် ကောက်ချက်ချခဲ့သည်။ အကယ်၍ လူတို့သည် ဤစံသတ်မှတ်ချက်နှစ်ခုကို နားလည်လျှင် ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး ဖြစ်နိုင်စွမ်းရှိမရှိကိုလည်းကောင်း၊ ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီးနောက်တွင် အသင်းတော်အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်စွမ်းရှိမရှိ၊ မိမိတို့၏ တာဝန်ဝတ္တရားများကို စေ့စေ့စပ်စပ် ဖြည့်ဆည်းနိုင်ခြင်း ရှိမရှိနှင့် ခေါင်းဆောင်တစ်ဦးအဖြစ် စံနှုန်းပြည့်မီခြင်း ရှိမရှိတို့ကိုလည်းကောင်း လုံးလုံးလျားလျား ရှင်းလင်းနေသင့်သည်။ လက်ရှိတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံနေသူတို့အနေဖြင့် သင်တို့သည် လက်တွေ့ကျသော အလုပ်အချို့ကို လုပ်ဆောင်ထားပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းပြီးခြင်း ရှိမရှိကို တိုင်းတာရသည့်ပုံအတွက် လမ်းကြောင်းအချို့နှင့် စည်းမျဉ်းအချို့ ယခု ရှိပြီလော။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဤတာဝန်ရှစ်ခုနှင့် ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းအားဖြင့် သင်တို့သည် အယောင်ဆောင် ခေါင်းဆောင်များက မည်သည့်သရုပ်သကန်များကို ထုတ်ဖော်ပြသကြောင်း အကဲဖြတ်နိုင်လောက်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များက မိမိတို့၏အလုပ်ကို အတိအကျ မည်သို့ လုပ်ဆောင်သင့်ကြောင်းကိုသာမက သင်တို့၏အလုပ်တွင် သင်သည် မည်သည့်နေရာ၌ ချို့တဲ့ခြင်း၊ မလုံလောက်ခြင်း သို့မဟုတ် တိကျမှု အလုံအလောက်မရှိခြင်းတို့ ရှိသည်ကိုလည်းကောင်း၊ ယခုမှစ၍ ထိုအလုပ်ကို မည်သို့ လုပ်ဆောင်သင့်သည်ကိုလည်းကောင်း ကောက်ချက်ချနိုင်လောက်မည် ဖြစ်သည်။ သင်တို့၌ အနည်းဆုံး ဤထိုးထွင်းအမြင်များ ရှိသင့်သည်။ အကယ်၍ သင်တို့၌ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး မည်သို့ဖြစ်ရမည် သို့တည်းမဟုတ် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို မည်သို့ ကောင်းမွန်စွာ ဖြည့်ဆည်းရမည်နှင့်ပတ်သက်၍ သုံးသပ်ချက်များ သို့မဟုတ် ထိုးထွင်းအမြင်များ မရှိလျှင် ယင်းမှာ သင်တို့၏ အစွမ်းအစသည် ထိုလုပ်ငန်းအတွက် မပြည့်မီဟု ဆိုလိုသည်။ ထိုမျှမက အကယ်၍ သင်တို့သည် အယောင်ဆောင် ခေါင်းဆောင်များကို မည်သို့ ပိုင်းခြားသိမြင်ရမည်နှင့် ပတ်သက်၍ လုံးလုံးရှုပ်ထွေးနေလျှင် ဤသည်မှာ သင်တို့၏ အစွမ်းအစသည် ညံ့ဖျင်းကြောင်းကို ပို၍ပင် ပြသသည်။ အထူးအခြေအနေတစ်ခုလည်း ရှိ၏။ ဤမိတ်သဟာယဖွဲ့ခြင်းများကို နားထောင်ခဲ့ပြီးဖြစ်လင့်ကစား သမ္မာတရားရဖို့ ကြိုးပမ်းရန် သို့မဟုတ် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန် စိတ်ပိုင်းဖြတ်ချက်မရှိဘဲ ဤကိစ္စကို တကယ် အလေးအနက်မထား သို့မဟုတ် နှလုံးမသွင်းသည့် အချို့သောသူများ ရှိ၏။ ၎င်းတို့က “မည်သူသည် အယောင်ဆောင် ခေါင်းဆောင်ဖြစ်သည်ကို ကျွန်ုပ် ဂရုမစိုက်ပါ။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့လျှင် အထက်က ကျွန်ုပ်အား ခိုင်းသမျှကို လုပ်လိုက်မည်သာ ဖြစ်သည်။ ကျွန်ုပ်သည် ထိုမျှလောက် ကြိုးစားအားထုတ်ရန် သို့မဟုတ် ထိုမျှလောက် တွေးတောဆင်ခြင်ရန် လိုအပ်မည်မဟုတ်ပါ” ဟု စဉ်းစားကြသည်။ ၎င်းတို့သည် တရားဒေသနာများကို နားထောင်သည့်အခါ ဟန်ပြလုပ်ဆောင်နေပြီး အချိန်ဖြုန်းနေခြင်းသာဖြစ်ကာ တရားဒေသနာက အထူးသဖြင့် မည်သည့်အကြောင်းအရာဖြစ်သည်ကို အကြမ်းဖျင်းအားဖြင့် အနည်းငယ် သိကြသော်လည်း မည်သည့်သမ္မာတရားများနှင့် လူသားအပေါ် ဘုရားသခင်၏ မည်သည့်သတ်မှတ်ချက်များကို မိတ်သဟာယဖွဲ့နေသည်ကို ကောက်ချက်ချရန် အလွန်ပျင်းရိကြပြီး ဤအရာများကို နှလုံးသွင်းလိုစိတ် မရှိကြပေ။ ၎င်းတို့က “ဤကိစ္စရပ်များကို ပိုင်းခြားသိမြင်ရန် အလွန်ရှုပ်ထွေးလွန်းလှသည်။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်သည် မိမိကိုယ်ကိုမိမိ အရာတစ်ခုတည်းကိုသာ တောင်းဆိုပြီး ယင်းမှာ မကောင်းမှုကို မပြုလုပ်ရန်၊ အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို မဖြစ်စေရန်နှင့် လူအုပ်ထဲမှ ထင်ပေါ်ကျော်ကြားမနေရန် ဖြစ်ကာ ယင်းနှင့် လုံလောက်ပြီ။ အလွန် ရိုးရှင်းလှပေသည်။ ဤသည်မှာ အသက်ရှင်ရန် ကောင်းသော နည်းလမ်းဖြစ်သည်။ ကျွန်ုပ်သည် မိမိကိုယ်ကိုယ်မိမိ မြင့်မားသော တောင်းဆိုချက်များ မပြုလုပ်ပါ” ဟု စဉ်းစားကြသည်။ ၎င်းတို့သည် တရားဒေသနာများကို မည်သို့ပင် နားထောင်ပါစေ ဤသည်မှာ ၎င်းတို့၏ တစ်ခုတည်းသော အမြင်ရှုထောင့်ဖြစ်ပြီး ၎င်းတို့ကို မည်သူမျှ မပြောင်းလဲနိုင်ပေ။ သင်သည် သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့ပါစေ၊ မည်သည့်နည်းလမ်းကို အသုံးပြု၍ မိတ်သဟာယဖွဲ့ပါစေ၊ သို့မဟုတ် မည်သည့်အရာကို မိတ်သဟာယဖွဲ့ပါစေ သင်သည် ၎င်းတို့၏ စိတ်နှလုံးကို မထိတွေ့နိုင်ပေ။ ၎င်းတို့သည် ဤနှုတ်ကပတ်တော်များကို နားထောင်သည်ဖြစ်စေ၊ မနားထောင်သည်ဖြစ်စေ အရေးမစိုက်ကြဘဲ ၎င်းတို့အတွက် ယင်းမှာ ခြားနားမှု မရှိလှပေ။ ဤလူစားမျိုးသည် ဘဝကို ဖြစ်သလို ဖြတ်သန်းပြီး မည်သည့်အရာကိုမျှ အလေးအနက်မထားပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ရှစ်ခုအပေါ် မိတ်သဟာယဖွဲ့ခြင်းကို မဆိုထားနှင့်၊ ၎င်းတို့အားလုံးအပေါ် ငါတို့ မိတ်သဟာယဖွဲ့လျှင်ပင် ၎င်းတို့သည် နားလည်ဦးမည် မဟုတ်သည့်အပြင် မည်သည့်စည်းမျဉ်းများ သို့မဟုတ် လမ်းကြောင်းများကိုမျှ ကောက်ချက်ချနိုင်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူတို့သည် အပြုသဘောဆောင်သောအရာများကို မချစ်မြတ်နိုးကြ၊ သမ္မာတရား သို့မဟုတ် အပြုသဘောဆောင်သော အရာတစ်ခုခုနှင့် ပတ်သက်လာလျှင် စိတ်မဝင်စားသည့်အပြင် နည်းနည်းမျှ အားမခဲနိုင်ကြဘဲ၊ ထိုအစား အစားအသောက်နှင့် အပျော်အပါးရှာခြင်းတို့၌ စိတ်ဝင်စားမှု အသင့်အတင့် ရှိကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ရှစ်ခုအပေါ် မိတ်သဟာယဖွဲ့ခြင်းအားဖြင့် တစ်ဖက်တွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ထိုထိုသော တာဝန်ဝတ္တရားများသာမက ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် အလုပ်ကို မည်သို့လုပ်ဆောင်ရမည်နှင့် မိမိ၏ တာဝန်ဝတ္တရားများအား မည်သို့ ဖြည့်ဆည်းရမည်ကို ကောက်ချက်ချခဲ့ပြီးဖြစ်သည်။ အခြားတစ်ဖက်တွင် ငါတို့သည် အယောင်ဆောင် ခေါင်းဆောင်များက ထုတ်ဖော်ပြသသည့် တိကျသည့် ထိုထိုသော သရုပ်သကန်များကိုလည်း ကောက်ချက်ချခဲ့ပြီး ဖြစ်သည်။ ငါတို့သည် အယောင်ဆောင် ခေါင်းဆောင်များကို ပိုင်းခြားသိမြင်ရန်အတွက် အခြေခံစည်းမျဉ်းနှစ်ခု၊ စံသတ်မှတ်ချက်နှစ်ခုကို ယခုလေးတင် သုံးသပ်ခဲ့ကြသည်။ တစ်ခုမှာ တစ်စုံတစ်ဦးသည် စစ်မှန်သည့် အလုပ်ကို လုပ်ဆောင်နိုင်စွမ်းရှိမရှိ ဖြစ်ပြီး အခြားတစ်ခုမှာ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို နားလည်ပြီးသောအခါ စစ်မှန်သည့် အလုပ်ကို အမှန်တကယ် လုပ်မလုပ်ဟူ၍ ဖြစ်သည်။ တစ်စုံတစ်ဦးသည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဟုတ်မဟုတ်ကို အကဲဖြတ်ရန်အတွက် ဤစံသတ်မှတ်ချက်နှစ်ခုကို အသုံးပြုခြင်းသည် ယနေ့အထိ အရိုးရှင်းဆုံးနှင့် အသင့်တော်ဆုံးသော နည်းလမ်းဖြစ်သည်။
အချက် ၉- ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်အမျိုးမျိုးကို ယင်း၏ လိုအပ်ချက်များနှင့်အညီ တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားခြင်း၊ ထုတ်ပြန်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ပြီး လမ်းပြမှု၊ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုတို့ကို ပေးကာ ၎င်းတို့ အကောင်အထည်ဖော်မှု အခြေအနေကို စစ်ဆေးပြီး နောက်ဆက်တွဲ လိုက်လုပ်လော့ (အပိုင်း ၁)
အလုပ်အစီအစဉ်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် တိကျသော အချက်များ
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ နဝမမြောက် တာဝန်ဖြစ်သည့် “ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်အမျိုးမျိုးကို ယင်း၏ လိုအပ်ချက်များနှင့်အညီ တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားခြင်း၊ ထုတ်ပြန်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ပြီး လမ်းပြမှု၊ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုတို့ကို ပေးကာ ၎င်းတို့ အကောင်အထည်ဖော်မှု အခြေအနေကို စစ်ဆေးပြီး နောက်ဆက်တွဲ လိုက်လုပ်လော့” ဟူသည့်အချက်ကို ယနေ့ ငါတို့ မိတ်သဟာယဖွဲ့ကြမည်။ ဤတာဝန်တစ်ခုလုံးအနေဖြင့် သုံးသပ်ကြည့်လျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သည့်အရာကို အကောင်အထည်ဖော်ရန် လိုအပ်သနည်း။ (ဘုရားအိမ်တော်၏ အမျိုးမျိုးသော အလုပ်အစီအစဉ်များ ဖြစ်ပါသည်။) ဤတာဝန်၏ အဓိကအချက်မှာ ဘုရားအိမ်တော်၏ အမျိုးမျိုးသော အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်သည့်ပုံ ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် အရေးကြီးဆုံးသော အလုပ်ဖြစ်သည်။ မည်သည့်အဆင့်ရှိသော ခေါင်းဆောင် သို့မဟုတ် အမှုဆောင်ဖြစ်စေ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် အလုပ်အစီအစဉ်များသာမက အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းဟူသည့် တိကျသော အလုပ်ကိုပါ အစဉ်သဖြင့် ကြုံတွေ့ရမည် ဖြစ်သည်။ အမျိုးမျိုးသော အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းသည် ခေါင်းဆောင်နှင့် အမှုဆောင်တိုင်း၏ အလုပ်နှင့် သက်ဆိုင်ပြီး ဤသည်မှာ အလွန်အရေးကြီးသော၊ အလွန်တိကျသော၊ အလွန်အခြေခံကျသော အလုပ်ဖြစ်သည်။ ဤအချက်ကို သုံးသပ်ကြည့်လျှင် အလုပ်အစီအစဉ်များမှာ မည်သည့်အရာဖြစ်သည်ကို ဦးစွာ တိတိကျကျ မိတ်သဟာယဖွဲ့ရန် လိုအပ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် အလုပ်အစီအစဉ်များဟူသည် အဘယ်နည်း။ အလုပ်အစီအစဉ်များ၏ အတိုင်းအတာနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အဘယ်နည်း။ လူအချို့က “အလုပ်အစီအစဉ်များ၏ အတိုင်းအတာက အသင်းတော်အလုပ်နှင့် သက်ဆိုင်သည့် အချို့သော လုပ်ငန်းဆောင်တာများနှင့် ပါဝင်သည့်အကြောင်းအရာကိုသာ ခြုံငုံသည် မဟုတ်လော။ ထို့ပြင် အလုပ်အစီအစဉ်များဆိုသည်မှာ ဤလုပ်ငန်းဆောင်တာများနှင့် ပါဝင်သည့် အကြောင်းအရာကို စီစဉ်ခြင်းနှင့် ထုတ်ပြန်ခြင်းမျှသာ မဟုတ်လော” ဟု ပြောကြသည်။ ဤရှင်းပြချက်ကို သင်တို့ မည်သို့ထင်သနည်း။ ယင်းသည် စကားလုံးများနှင့် အယူဝါဒများသာ မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ပြင် “စကားလုံးများနှင့် အယူဝါဒများ” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဤရှင်းပြချက်၏ စကားလုံးတစ်လုံးမျှ မှားယွင်းပုံမပေါ်သော်လည်း သင်သည် ယင်းကို ကြားပြီးနောက်တွင် နားမလည်သေးဘဲ ဤအရာကို လုံးဝ ရှင်းမပြရသေးသကဲ့သို့ပင် မည်သည့်အရာမျှ မထူးခြားဟု ဆိုလိုခြင်း ဖြစ်သည်။ လူတို့အနေဖြင့် အလုပ်အစီအစဉ်များဟူသည် အတိအကျ မည်သည့်အရာဖြစ်သည်ကို သိရှိနားလည်ဖို့အတွက် ယင်းနှင့်ပတ်သက်၍ အခြေခံသဘောတရားတစ်ခု ရှိစေရန် ငါတို့သည် ဦးစွာ အလုပ်အစီအစဉ်များကို စာဖြင့်ရေးသားထားသော ဖော်ပြချက်တစ်ခုဖြင့် အဓိပ္ပာယ်ဖွင့်ဆိုကြစို့။ အလုပ်အစီအစဉ်များဟူသည်မှာ လုပ်ငန်းဆောင်တာတစ်ခုအတွက် ဘုရားအိမ်တော်က ပြုလုပ်ထားသည့် တိကျသော အစီအစဉ်များနှင့် သတ်မှတ်ချက်များ ဖြစ်သည်။ ယင်းတို့ကို ခေါင်းဆောင်များနှင့် အမှုဆောင်များက အသိပေးပြောပြပြီး အကောင်အထည်ဖော်ရန် လိုအပ်သည့်အပြင် ယင်းတို့သည် အလုပ်၏ တိကျသော အချက်တစ်ခုအတွက် အသင်းတော်၏ အသင်းသားအားလုံးထံ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များ၊ လုပ်ငန်းဆောင်တာများနှင့် နည်းလမ်းများလည်း ဖြစ်သည်။ ဤသည်မှာ အလုပ်အစီအစဉ်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။ ထို့ပြင် အလုပ်အစီအစဉ်များက မည်သည့်အချက်များကို ခြုံငုံသနည်း။ လူတိုင်းသည် “အချက်များ” ဟူသည့် ဤနာမ်ပုဒ်ကို သိသော်လည်း ဤအချက်များ၏ အတိုင်းအတာအတွင်း၌ ခြုံငုံထားသည့် တိကျသော ပါဝင်သည့်အကြောင်းအရာအချို့ ရှိသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ပါဝင်သော မည်သည့်အကြောင်းအရာများကို သင်တို့သိကြသနည်း။ (ဧဝံဂေလိအလုပ်နှင့် ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်တို့ ရှိသည်။) ယင်းမှာ အချက်နှစ်ခု ဖြစ်သည်။ (အသင်းတော်အသက်တာနှင့် သက်ဆိုင်သည့် အချို့သော သတ်မှတ်ချက်များနှင့် အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများကို တည်ထောင်ခြင်းတို့လည်း ရှိသည်။) အခြား မည်သည့်အလုပ် ရှိသေးသနည်း။ (အသင်းတော်ကို သန့်စင်ခြင်းအလုပ်သာမက အသင်းတော်၏ စီမံခန့်ခွဲမှုစနစ်များနှင့် သက်ဆိုင်သည့် အချို့သော အလုပ်တို့လည်း ရှိပါသည်။) အလုပ်အစီအစဉ်များ၏ တိကျသော ပါဝင်သည့်အကြောင်းအရာများမှာ အောက်ပါအတိုင်း ဖြစ်သည်။ အချက်တစ်မှာ အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်ဖြစ်သည်။ ဤသည်မှာ အလုပ်၏ အကြီးမားဆုံးသော အချက်ဖြစ်ပြီး စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်ကို ကောင်းစွာ မလုပ်ဆောင်ပါက အသင်းတော်အလုပ်ဟူ၍ လုံးဝ ရှိမည်မဟုတ်ပေ။ အချက်နှစ်မှာ လူပုဂ္ဂိုလ်ရေးရာအလုပ် ဖြစ်၏။ ဤသည်မှာ အလုပ်၏ ကြီးမားသော အချက်တစ်ခု ဖြစ်သည်။ အချက်သုံးမှာ ဧဝံဂေလိအလုပ် ဖြစ်၏။ ဤသည်မှာလည်း အလုပ်၏ ကြီးမားသော အချက်တစ်ခု ဖြစ်သည်။ အချက်လေးမှာ အတတ်ပညာဆိုင်ရာ အလုပ်အမျိုးမျိုး ဖြစ်၏။ ဤအလုပ်၏ အတိုင်းအတာမှာ အတော်အတန် ကြီးမားပြီး ယင်းတွင် ရုပ်ရှင်ထုတ်လုပ်ရေး၊ စာနှင့်ပတ်သက်သောအလုပ်၊ ဘာသာပြန်ဆိုခြင်း၊ တေးဂီတ၊ ဗီဒီယိုထုတ်လုပ်ရေး၊ အနုပညာ စသည်တို့ ပါဝင်သည်။ အချက်ငါးမှာ အသင်းတော်အသက်တာ ဖြစ်၏။ အချက်ခြောက်က ပိုင်ဆိုင်မှု စီမံခန့်ခွဲခြင်းအလုပ်။ အချက်ခုနစ်က သန့်စင်ခြင်းအလုပ်။ အချက်ရှစ်က ပြင်ပရေးရာများ။ အချက်ကိုးက အသင်းတော် လူမှုဖူလုံရေး ဖြစ်၏။ ဥပမာအားဖြင့် ညီအစ်ကိုမောင်နှမများ၏ အိမ်များတွင် ပေါ်ပေါက်လာသည့် အခက်အခဲများကို အသင်းတော်က မည်သို့ ဖြေရှင်းပေးသည်၊ ပြီးလျှင် ယင်းတို့နှင့်ပတ်သက်၍ အသင်းတော်က မည်သည့်အရာများ လုပ်ဆောင်ပေးသည်သာမက ထောင်ကျနေသော ညီအစ်ကိုမောင်နှမများကို သွားရောက်တွေ့ဆုံခြင်းနှင့် ၎င်းတို့၏ မိသားစုများကို မည်သို့ ကြည့်ရှုစောင့်ရှောက်ရမည် စသည်တို့ဖြစ်သည်။ ဤအရာအားလုံးသည် အသင်းတော် လူမှုဖူလုံရေးတွင် အကျုံးဝင်သည်။ အချက်တစ်ဆယ်မှာ အရေးပေါ် အစီအစဉ်များ ဖြစ်သည်။ တစ်ခါတစ်ရံ အသင်းတော်သည် အချို့သော အရေးပေါ် ဆောင်ရွက်ချက်များကို ထုတ်ပြန်မည်ဖြစ်သည်။ ဥပမာအားဖြင့် ကပ်ရောဂါ ဖြစ်ပွားခဲ့သည့်အခါ အသင်းတော်သည် လိုက်လျောညီထွေသော သီးခြားခွဲခြားနေထိုင်စေသည့် စနစ်တစ်ခုကို ကျင့်သုံးခဲ့သည်။ ဤကဲ့သို့သော အစီအစဉ်များအားလုံးသည် အရေးပေါ်အလုပ်တွင် အကျုံးဝင်သည်။ အလုပ်အစီအစဉ်များတွင် အခြေခံအားဖြင့် ဤအချက်ဆယ်ချက် ပါဝင်သည်။ အခြားသေးငယ်သော မည်သည့်အချက် သို့မဟုတ် အထူးအခြေအနေမဆို ဤဆယ်ချက်အတွင်း၌ ပါဝင်သည်။ အခြေခံအားဖြင့် အသင်းတော်အလုပ်တွင် ဤအဓိကဆယ်ချက် ပါဝင်သည်။ ဤသည်တို့မှာ အခြေခံအားဖြင့် ဘုရားအိမ်တော်က ထုတ်ပြန်သည့် အလုပ်အစီအစဉ် အမျိုးမျိုး၏ အတိုင်းအတာဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယခုတွင် ဤအချက်များကို အတည်ပြုထားပြီးဖြစ်၍ သင်တို့အားလုံးသည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို ယခု အနည်းငယ် နားလည်သင့်ပြီဖြစ်ပြီး ဤသည်တို့မှာ ဘုရားအိမ်တော်ရှိ အလုပ်၏ အဓိကအချက်များဖြစ်ကြောင်း သိသင့်ပြီ ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့် ပတ်သက်၍ ဘုရားအိမ်တော်၌ရှိသော သတ်မှတ်ချက်များ၏ အတိုင်းအတာဖြစ်သည်။ ဤအရာ၏ သွယ်ဝိုက်သော ဆိုလိုရင်းမှာ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် သင်၏ အလုပ်အတိုင်းအတာနှင့် သင် ဖြည့်ဆည်းရမည့် တာဝန်ဝတ္တရားများသည် အလုပ်အစီအစဉ်များတွင် ပါဝင်သည့် ဤအချက်များနှင့် သီးခြားခွဲ၍မရပေ။ ဤအချက်များ အားလုံးမှာ လိုအပ်သည်။ အလုပ်၏ ဤအချက်များအပြင် သင် လုပ်ဆောင်လိုသည့် အရာများထဲမှ သင် ကောင်းစွာ လုပ်ဆောင်နိုင်သမျှထဲမှ အနည်းငယ် လုပ်ဆောင်လော့။ သင်၏ တာဝန်ထမ်းဆောင်မှုအတွက် ဘုရားအိမ်တော်၌ အပိုဆောင်း သတ်မှတ်ချက်များ မရှိပေ။ ထို့ကြောင့် သင်သည် မိမိ၏အလုပ်ကို လုပ်ဆောင်နေစဉ်တွင် သင်သည် အလုပ်၏ ဤအချက်များကို မည်သို့ ဆောင်ရွက်ရမည်၊ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များက မည်သည့်အရာကို တောင်းဆိုသည်၊ သင် လုပ်ဆောင်ရမည့် တိကျသော အလုပ်မှာ အဘယ်အရာဖြစ်သည်၊ ယင်းကို မည်သို့ အကောင်အထည်ဖော်ရမည်၊ ယင်းကို ကောင်းစွာ အကောင်အထည်ဖော်နေခြင်း ရှိမရှိ၊ လက်ရှိတိုးတက်မှုမှာ အဘယ်အရာဖြစ်သည်၊ သင်သည် အလုပ်ကို နောက်ဆက်တွဲ လိုက်လုပ်ထားခြင်း ရှိမရှိ၊ ကောင်းစွာ မလုပ်ဆောင်ထားသည့် သို့မဟုတ် လမ်းလွဲခြင်းများနှင့် ချို့ယွင်းချက်များ ရှိနေသည့် အလုပ်၏ အချက်တစ်ခုခု ရှိမရှိနှင့် ထိုအလုပ်ကိစ္စတွင် ပါဝင်နေသည့် လူတိုင်းသည် အလုပ်ကို အမှန်တကယ် လုပ်ဆောင်နေခြင်း ရှိမရှိတို့ကို တွေးဆနေသင့်သည်။ သင်သည် ဤအရာများကို အစဉ်သဖြင့် တွေးတောနေသင့်သည်။ ယခု သင်သည် အလုပ်အစီအစဉ်များတွင် ပါဝင်သည့် အလုပ်၏ တိကျသော ဤအချက်များကို နားလည်ပြီးဖြစ်သဖြင့် ငါ့အနေဖြင့် ဤအချက်များထဲမှ တစ်ခုစီတိုင်းအတွက် ရိုးရှင်းသော ရှင်းလင်းချက်တစ်ခု ပေးရန် လိုအပ်သလော။ သို့မဟုတ် သင်တို့က “ငါတို့သည် အလုပ်၏ ဤအချက်များနှင့် နှစ်ပေါင်းများစွာ ထိတွေ့ခဲ့ပြီးဖြစ်ကာ ယင်းတို့အားလုံးကို နားလည်ပါသည်။ ယင်းတို့ကို ထပ်မံရှင်းပြရန် မလိုအပ်ပါ။ ထိုအစား အရေးကြီးသော အရာတစ်ခုကို မိတ်သဟာယဖွဲ့ပါလေ။ ဤအကြောင်းအရာသည် သိပ်အရေးမကြီးပါ။ ငါတို့ ထိုအကြောင်းကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကိစ္စမရှိသည့်အပြင် ငါတို့ ထိုအကြောင်းကို မကြားလိုပါ” ဟု စဉ်းစားကောင်း စဉ်းစားနေကြသလော။ ဤအကြောင်းအရာကို သည့်ထက်ပို၍ ရှင်းပြရန် လိုအပ်သလော။ (လိုအပ်ပါသည်။) လိုအပ်နေသည့်အတွက် ထိုအကြောင်းကို ရိုးရှင်းသော ဝေါဟာရများဖြင့် ပြောကြစို့။ သင်တို့နှင့် အတော်အတန် မရင်းနှီးသည့်၊ တိကျမှုသိပ်မရှိသည့်၊ အနည်းငယ် သဘောတရားဆန်သည့် အချက်တချို့ကို ငါ ရွေးချယ်ပြီး ယင်းတို့အပေါ် မိတ်သဟာယဖွဲ့မည်။
၁။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်
အချက်တစ်ဖြစ်သည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်ကို မိတ်သဟာယဖွဲ့ခြင်းဖြင့် စတင်ကြစို့။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်သည် အတော်အတန် သဘောတရားဆန်ပြီး လုံလုံလောက်လောက် လက်ဆုပ်လက်ကိုင် မပြနိုင်သည့်အပြင် လူများစွာတို့သည် ယင်းကို နားမလည်ကြပေ။ အထူးသဖြင့် ဘုရားသခင်ကို အချိန်တိုအတွင်းသာ ယုံကြည်ခဲ့ကြသေးသောသူတို့သည် အသင်းတော် ဖွဲ့စည်းပုံနှင့် ယင်း၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်အကြောင်းကို အမှန်တကယ် မသိကြသည့်အပြင် စီမံအုပ်ချုပ်ရေးဟူသည် မည်သည့်အရာဖြစ်သည်ကို မသိကြပေ။ ဤစီမံအုပ်ချုပ်ရေးသည် ဘုရားသခင်က ထုတ်ပြန်သည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် မတူညီပေ။ ဤစီမံအုပ်ချုပ်ရေးဆိုင်ရာအလုပ်၌ အဓိကအားဖြင့် အသင်းတော်များ တည်ထောင်ခြင်းအလုပ်နှင့်ဆိုင်သည့် ဘုရားအိမ်တော်၏ တိကျသော ပြဋ္ဌာန်းချက်များ ပါဝင်သည်။ သို့ဆိုလျှင် ဤတိကျသော ပြဋ္ဌာန်းချက်များ၌ ပါဝင်သည့်အကြောင်းအရာမှာ အဘယ်နည်း။ ယင်းတို့တွင် အသင်းတော်များကို မည်သို့ပိုင်းခြားသည်၊ အသင်းတော်တစ်ခုစီတွင် လူမည်မျှရှိသည်၊ အသင်းတော်များကို မည်သို့ အမည်ပေးသည် စသည်တို့ ပါဝင်သည်။ အသင်းတော်များကို ၎င်းတို့၏ သဘာဝအလျောက် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်အရ အသင်းတော်တစ်ခုအဖြစ် သတ်မှတ်ထားသည့် တစ်ဦးနှင့်တစ်ဦး အတော်အတန် နီးကပ်စွာ နေထိုင်ကြသော လူအယောက် ၃၀ မှ ၅၀ ဖြင့် ပိုင်းခြားရန် အလုပ်အစီအစဉ်များတွင် ပြဋ္ဌာန်းထားပြီး ဖြစ်သည်။ သာဓကအားဖြင့် နယ်မြေ (က) တွင် ရွာ သုံးလေးရွာ ပါဝင်သည်ဟု ဆိုကြပါစို့။ အကယ်၍ ဤရွာများတွင် ယုံကြည်သူ ၅၀ ပါရှိလျှင် ၎င်းတို့ကို အသင်းတော်တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ ၎င်းတို့၌ စုဝေးပွဲများ ကျင်းပရန်အတွက် မိမိတို့၏ ကိုယ်ပိုင်အချိန်များနှင့် နေရာများ ရှိမည်ဖြစ်သည်။ ၎င်းတို့၌ အသင်းတော်ခေါင်းဆောင်များနှင့် သင်းထောက်များအပြင် လုပ်ဆောင်သည့် တိကျသော အသင်းတော်အလုပ်လည်း ရှိမည်ဖြစ်ပြီး ယင်းတို့အားလုံးကို ဤအသင်းတော်က ပူးပေါင်းစီမံခန့်ခွဲကြမည်ဖြစ်သည်။ ဤသည်မှာ အသင်းတော်များ ခွဲဝေပိုင်းခြားခြင်းနှင့် အသင်းတော်များရှိ အသင်းသားဦးရေနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဤအသင်းတော်သည် မည်သည့်ခရိုင်တွင် တည်ရှိသည်ကို မူတည်၍ ခရိုင်တစ်ခုခု၏ တာဝန်အောက်သို့ ကျရောက်မည်ဖြစ်ပြီး ထိုခရိုင်သည် ထိုနေရာရှိ အသင်းတော်အသက်တာ၊ ခေါင်းဆောင်များနှင့် သင်းထောက်များမှာ သင့်တော်ခြင်း ရှိမရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များကို ဖြန့်ဝေခြင်း၊ အမျိုးမျိုးသော အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းနှင့် အထက်၏ သတ်မှတ်ချက်များကို အသိပေးပြောပြခြင်း စသည့် ထိုအသင်းတော်ရှိ အမျိုးမျိုးသော လုပ်ငန်းဆောင်တာအားလုံးအတွက် တာဝန်ရှိမည် ဖြစ်သည်။ ဘုရားအိမ်တော်၌ ခရိုင်တစ်ခုကို ဖွဲ့စည်းသည့် အသင်းတော်အရေအတွက်၊ တိုင်းဒေသတစ်ခုကို ဖွဲ့စည်းသည့် ခရိုင်အရေအတွက်သာမက စီမံအုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်သည့် ခရိုင်များအတွက် တာဝန်ရှိသော တိုင်းဒေသများနှင့် အသင်းတော်များအတွက် တာဝန်ရှိသော ခရိုင်များ အစရှိသည့် အရာများအတွက် တိကျသော အလုပ်အစီအစဉ်များ ရှိလေသည်။ ရိုးရှင်းသော ဝေါဟာရများဖြင့်ဆိုသော် ဤသည်ကို စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်ဟု ခေါ်ပြီး ယင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများဟူသည့် အတိုင်းအတာထဲ၌ အကျုံးဝင်သည်။ သို့ဆိုလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများမှာ အဘယ်နည်း။ ၎င်းတို့သည် အလုပ်အစီအစဉ်များနှင့်အညီ ယင်းတို့၏ သဘာဝအလျောက် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်နှင့် တည်နေရာကို အခြေခံ၍ အသင်းတော်များကို ပိုင်းခြားရမည်။ အကယ်၍ အသင်းတော်တစ်ပါးရှိ လူဦးရေသည် အချိန်နှင့်အမျှ ဆက်လက်တိုးပွားနေပါက ထိုအသင်းတော်ကို လူဦးရေနှင့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်ကို အခြေခံ၍ ထပ်မံပိုင်းခြားသင့်သည်။ ဥပမာအားဖြင့် အသင်းတော်တစ်ပါးသည် လူအယောက် ၅၀ မှ ၈၀ အထိ တိုးပွားလာလျှင် ယင်းကို အသင်းတော်နှစ်ပါးအဖြစ် ပိုင်းခြားသင့်သည်။ အကယ်၍ ဤအသင်းတော်နှစ်ပါးသည် စုစုပေါင်း လူ ၈၀ မှ ၁၅၀ အထိ တိုးပွားလာလျှင် ၎င်းတို့ကို အသင်းတော်သုံးပါးအဖြစ် ပိုင်းခြားသင့်သည်။ အကယ်၍ အသင်းတော်တစ်ပါးသည် လူအယောက် ၇၀၊ ၈၀ သို့မဟုတ် ၁၀၀ အထိ တိုးပွားလာပြီး အသင်းတော်နှစ်ပါးအဖြစ် မပိုင်းခြားရသေးလျှင် ယင်းမှာ ဤအသင်းတော်ရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်ကို နားမလည်ကြောင်း ပြသသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဲ့သို့သော အချိန်များတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအကြောင်းအရာနှင့် သက်ဆိုင်သည့် အလုပ်အစီအစဉ်များကို ဖတ်ရှုသင့်သည်။ အသင်းတော်၏ အလုပ်အစီအစဉ်များဆိုင်ရာ လက်စွဲစာအုပ်တွင် တိကျသော ပြဋ္ဌာန်းချက်များ ပါဝင်သည်။ အကယ်၍ အသင်းတော်တစ်ပါးကို အသင်းတော်သစ်နှစ်ပါးအဖြစ် ပိုင်းခြားပါက အသင်းတော်တစ်ပါးစီသည် အသင်းတော်ခေါင်းဆောင်များ၊ သင်းထောက်များ စသည်တို့ကဲ့သို့သော လိုအပ်သည့် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရွေးကောက်တင်မြှောက်ရမည်။ သို့ဆိုလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းတို့သည် အသင်းတော်ရှိ လူဦးရေနှင့် အသင်းတော် တည်ထောင်ခြင်း၏ အခြေအနေကို သိရှိပြီး သဘောပေါက်ထားသင့်သည်။ ဤသည်မှာ အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်ဖြစ်ပြီး အကြီးမားဆုံးသော အလုပ်ကိစ္စ ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများ ရှိသည့် မည်သည့်နေရာတွင်မဆို အသင်းတော်တစ်ပါး ရှိသင့်ပြီး အသင်းတော်တစ်ပါး တည်ထောင်ပြီးသည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်များကို ဖြန့်ဝေခြင်း၊ အသင်းတော်အသင်းသားများကို စီမံခန့်ခွဲခြင်း၊ ၎င်းတို့အနေဖြင့် အလုပ်အစီအစဉ်များ၌ ပါဝင်သည့်အကြောင်းအရာမှာ အဘယ်အရာဖြစ်သည်ကို သိရှိရန်အတွက် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်း အစရှိသည့် ထိုအသင်းတော်အလုပ်၏ ကဏ္ဍတိုင်းအတွက် တာဝန်ယူရမည်ဖြစ်သည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်၌ အဓိကအားဖြင့် အသင်းတော်များ တည်ထောင်ခြင်းအပြင် အသင်းတော်များ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို ဖွဲ့စည်းခြင်းတို့ ပါဝင်ကာ ဤအရာအားလုံးသည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်အတွင်းရှိ တိကျသော လုပ်ငန်းဆောင်တာများ ဖြစ်ကြသည်။ မည်သူတို့သည် အလုပ်၏ ဤအချက်ကို သာမန်အားဖြင့် ပို၍ ကြုံတွေ့ရသနည်း။ ယုံကြည်သူလူသစ် အသင်းတော်များ၊ ဧဝံဂေလိအဖွဲ့များအပြင် ဧဝံဂေလိတရား ဖြန့်ဝေနေသည့် ဒေသများရှိ တိုင်းဒေသခေါင်းဆောင်များ၊ ခရိုင်ခေါင်းဆောင်များနှင့် အသင်းတော်ခေါင်းဆောင်များ အားလုံးသည် ဤအလုပ်ကို ပို၍ကြုံတွေ့ရသည်။ ထိုမျှမက စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်တွင် အထူးလုပ်ငန်းတစ်ခုလည်း ပါဝင်ပြီး ယင်းမှာ အသင်းတော်များကို အချိန်ပြည့်တာဝန်ထမ်းဆောင်သော အသင်းတော်များ၊ အချိန်ပိုင်းတာဝန်ထမ်းဆောင်သော အသင်းတော်များ၊ သာမန်အသင်းတော်များနှင့် (ခ) အုပ်စုများအဖြစ် ခွဲခြားသတ်မှတ်ရန်ဖြစ်ပြီး ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် နောက်ထပ်အလုပ်တစ်ခု ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်များကို မည်သို့ ခွဲခြားသတ်မှတ်ရမည်ကို သဘောပေါက်ထားသင့်ပြီး အသင်းတော်များကို ခွဲခြားသတ်မှတ်ခြင်း၏ စည်းမျဉ်းမှာ လူတို့ကို ၎င်းတို့ လုပ်ဆောင်သည့် တာဝန်များ မတူညီမှုကို အခြေခံ၍ မတူညီသော အသင်းတော်များအဖြစ် ပိုင်းခြားရန်၊ တာဝန်တစ်ခုကို လုပ်ဆောင်သည့် လူတို့ကို မလုပ်ဆောင်သည့် လူတို့နှင့် သီးသန့်ခွဲခြားရန်နှင့် မိမိတို့၏ တာဝန်အား အချိန်ပြည့် လုပ်ဆောင်သည့် လူတို့ကို မိမိတို့၏ တာဝန်အား အချိန်ပိုင်း လုပ်ဆောင်သည့် လူတို့နှင့် ခွဲခြားရန် ဖြစ်သည်။ ဤသည်မှာ အထူးတလည်ဖြစ်ပြီး တိကျသော စီမံအုပ်ချုပ်ရေးဆိုင်ရာ နောက်ထပ်အလုပ်တစ်ခု ဖြစ်လေသည်။
၂။ လူပုဂ္ဂိုလ်ရေးရာအလုပ်
အချက်နှစ်မှာ လူပုဂ္ဂိုလ်ရေးရာအလုပ် ဖြစ်၏။ ဤအချက်သည် အဆင့်ဆင့်ရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များအား ရွေးကောက်တင်မြှောက်ခြင်း၊ ခန့်အပ်ခြင်း၊ ဖြုတ်ချခြင်းတို့နှင့် သက်ဆိုင်သည်။ အလုပ်အစီအစဉ်များက ရွေးကောက်ပွဲစနစ်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် မည်သို့သောလူစားမျိုးကို ရွေးကောက်တင်မြှောက်ရမည်နှင့် ရွေးကောက်ပွဲများအတွက် နည်းလမ်းများနှင့် တိကျသော သတ်မှတ်ချက်များအတွက် တိကျသော ပြဋ္ဌာန်းချက်များကို စီစဉ်ပေးသည်။ ဥပမာအားဖြင့် ညီအစ်ကိုမောင်နှမများသည် တစ်ဦးနှင့်တစ်ဦး ယခုမှ တွေ့ဆုံဖူးပြီး တစ်ဦးကိုတစ်ဦး ကောင်းစွာ မသိကြသေးဘဲ ရွေးကောက်ပွဲအားဖြင့် သင့်တော်သော ခေါင်းဆောင်များနှင့် အမှုဆောင်များကို မရွေးချယ်နိုင်ပါက မည်သို့ လုပ်ဆောင်သင့်သနည်းဟူသည့် အချို့သော အထူးအခြေအနေများလည်း ရှိသည်။ ထိုသို့သောအခြေအနေတွင် လူတို့ကို မြှင့်တင်ပေးပြီး လျာထားနိုင်ကာ မည်သူသည် ခေါင်းဆောင်တစ်ဦးဖြစ်ရန် အတော်အတန် သင့်တော်သည်ကို စစ်ဆေးပြီးလျှင် ၎င်းတို့အကြောင်း ပိုမိုသိရှိလာရခြင်း၊ မိတ်သဟာယဖွဲ့ခြင်းနှင့် သာမန် ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ခြင်းတို့နောက်တွင် ၎င်းတို့ကို ခန့်အပ်နိုင်သည်။ ထို့အပြင် အထက်က စီမံကိန်းကြီးတစ်ခုကို စီစဉ်သည့်အခါ သို့မဟုတ် လူအများအပြားကို ကြီးကြပ်ရေးမှူးများအဖြစ် ခန့်အပ်သည့်အခါ ဤသည်မှာ အထူးအလုပ်အစီအစဉ်တစ်ခု ဖြစ်သည်။ နောက်ထပ် အထူးအခြေအနေတစ်ခုလည်း ရှိကာ ယင်းမှာ တစ်စုံတစ်ဦးက ခေါင်းဆောင်မည်သူမည်ဝါသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ဘဲ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်လှမ်းနေကြောင်း ဖော်ပြသည့် တိုင်ကြားစာတစ်စောင်ကို အထက်သို့ ရေးသားပြီး အထက်က ဤအရာကို အတည်ပြုပြီးနောက် တိုင်ကြားခံရသည့် ခေါင်းဆောင်ကို ၎င်း၏ရာထူးနေရာမှ ဖြုတ်ချမည့် အလုပ်အစီအစဉ်တစ်ခုကို ထုတ်ပြန်ရသည့် အခါမျိုးဖြစ်သည်။ ဤသည်မှာ လူပုဂ္ဂိုလ်ရေးရာအလုပ်နှင့် ဆက်စပ်သည့် နောက်ထပ် အလုပ်အစီအစဉ်တစ်ခု ဖြစ်သည်။ အတိုချုပ်ဆိုရလျှင် လူပုဂ္ဂိုလ်ရေးရာနှင့် ဆက်စပ်သည့် အလုပ်တွင် အသင်းတော်၌ အဆင့်ဆင့်ရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များအား ရွေးကောက်တင်မြှောက်ခြင်း၊ ခန့်အပ်ခြင်းနှင့် ဖြုတ်ချခြင်းတို့ ပါဝင်လေသည်။ အလုပ်၏ ဤအချက်သည် အတော်အတန် ရိုးရှင်းပြီး နားလည်ရန် လွယ်ကူသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။