အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၁) အခန်း လေး

အန္တိခရစ်တစ်ဦး၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့်ဆိုင်သော အဓိက သရုပ်သကန်မှာ အဘယ်နည်း။ ၎င်းတို့သည် မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက သမ္မာတရားနှင့် ကိုက်ညီသည်ကို ရှင်းလင်းစွာ သိကြသော်လည်း၊ တစ်စုံတစ်ရာ လုပ်ဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့သည် စည်းမျဉ်းများကို ချိုးဖောက်ပြီး သမ္မာတရားကို ဆန့်ကျင်သည့်အရာကိုသာလည်းကောင်း၊ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် အဆင့်အတန်းကို ဖြည့်ဆည်းသည့်အရာကိုသာလည်းကောင်း အစဉ်ရွေးချယ်ကြလိမ့်မည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားနှင့်ဆိုင်သည့် အဓိက သရုပ်သကန် ဖြစ်သည်။ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများ မည်မျှပင် နားလည်သည်ဖြစ်စေ၊ တရားဒေသနာများတွင် ၎င်းတို့အသုံးပြုသော ဘာသာစကားက မည်မျှပင် သာယာနာပျော်ဖွယ်ကောင်းသည်ဖြစ်စေ၊ သို့မဟုတ် အခြားသူများအတွက် ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မည်မျှပင် ရှိပုံရသည်ဖြစ်စေ၊ အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့်အခါ၊ စည်းမျဉ်းတစ်ခုနှင့် နည်းလမ်းတစ်ခုတည်းကိုသာ ရွေးချယ်ကြသည်။ ထိုအရာမှာ ရာနှုန်းပြည့် သမ္မာတရားကို ဆန့်ကျင်ရန်၊ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် အဆုံးတိုင်အောင် သမ္မာတရားကို အတိုက်အခံလုပ်ရန် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ ပြုမူဆောင်ရွက်ရန် ရွေးချယ်သည့် စည်းမျဉ်းနှင့် နည်းလမ်း ဖြစ်သည်။ ဤအရာအပြင်၊ ၎င်းတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့စိတ်ကူးသည့် ဘုရားနှင့် သမ္မာတရားသည် အတိအကျအားဖြင့် အဘယ်အရာဖြစ်သနည်း။ သမ္မာတရားအပေါ် ၎င်းတို့၏သဘောထားမှာ သမ္မာတရားနှင့်ပတ်သက်၍ ပြောဆိုကာ ဟောပြောနိုင်လိုခြင်းမျှသာဖြစ်ပြီး လက်တွေ့လုပ်ဆောင်လိုခြင်း မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အထင်ကြီးလေးစားခြင်းကို ခံလိုပြီး၊ ထို့နောက် အသင်းတော်ခေါင်းဆောင်နေရာကို သိမ်းပိုက်ကာ ဘုရားသခင်၏ ရွေးချယ်ထားသောလူများအပေါ် သြဇာအာဏာသက်ရောက်စေရန် ရည်ရွယ်ချက်ကို အထမြောက်စေရန်အတွက် ယင်းကို အသုံးချလိုလျက် ထိုသမ္မာတရားအကြောင်းကို ပြောဆိုရုံမျှသာ ပြောဆိုကြသည်။ ၎င်းတို့သည် မိမိတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် အယူဝါဒများကို ဟောပြောခြင်းအား အသုံးပြုကြသည်။ ဤသည်မှာ ၎င်းတို့က သမ္မာတရားကို မထီမဲ့မြင်ပြုခြင်း၊ သမ္မာတရားနှင့်ကစားခြင်း၊ သမ္မာတရားကို နင်းချေခြင်းတို့ဖြစ်သည် မဟုတ်လော။ သမ္မာတရားကို ဤသို့ ဆက်ဆံခြင်းဖြင့် ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားကြသည် မဟုတ်လော။ ၎င်းတို့သည် သမ္မာတရားကို အသုံးချရုံမျှသာ အသုံးချကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင်၊ သမ္မာတရားသည် ကြွေးကြော်သံတစ်ခု၊ အဆင့်မြင့်သောစကားအချို့၊ လူတို့ကို အထင်အမြင်မှားစေရန်နှင့် စည်းရုံးသိမ်းသွင်းရန် အသုံးပြုနိုင်သည့် အဆင့်မြင့်သောစကားများ၊ အံ့သြဖွယ်သော အမှုအရာများကို လူတို့၏ တောင့်တမှုအား ပြေပျောက်စေနိုင်သည့်အရာ ဖြစ်သည်။ ဤလောက၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သူ သို့မဟုတ် သမ္မာတရားအတိုင်း အသက်ရှင်နေထိုင်နိုင်သူ တစ်ဦးတစ်ယောက်မျှမရှိ၊ ဤသည်မှာ အလုပ်မဖြစ်၊ မဖြစ်နိုင်သည့်အရာဖြစ်ပြီး လူတိုင်းအသိအမှတ်ပြုပြီး အလုပ်ဖြစ်နိုင်သည့်အရာသာလျှင် သမ္မာတရားဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ၎င်းတို့သည် သမ္မာတရားအကြောင်းကို ပြောဆိုကြသော်လည်း၊ ၎င်းတို့၏စိတ်နှလုံးထဲ၌မူ သမ္မာတရားဖြစ်ကြောင်းကို အသိအမှတ်မပြုကြပေ။ ဤကိစ္စကို ငါတို့ မည်သို့စစ်ဆေးနိုင်သနည်း။ (သူတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြပါ။) ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့လုပ်ဆောင်ခြင်း မရှိကြပေ။ ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခုဖြစ်သည်။ နောက်ထပ် အရေးကြီးသော သွင်ပြင်လက္ခဏာမှာ အဘယ်နည်း။ ၎င်းတို့သည် လက်တွေ့ဘဝတွင် အမှုအရာများကို ကြုံရသည့်အခါ၊ ၎င်းတို့နားလည်ထားသော အယူဝါဒသည် မည်သည့်အခါမျှ အလုပ်မဖြစ်နိုင်ပေ။ ၎င်းတို့အနေဖြင့်အမှန်တကယ် ဝိညာဉ်ရေးရာ သိနားလည်မှုရှိသည့်အလား ထင်ရသည်၊ အယူဝါဒတစ်ခုပြီးတစ်ခု ဟောပြောကြသော်လည်း၊ ပြဿနာများနှင့် ကြုံရသည့်အခါ ၎င်းတို့၏နည်းလမ်းများသည် လွဲချော်နေသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်သော်လည်း၊ ၎င်းတို့လုပ်ဆောင်သည့်အရာသည် အနည်းဆုံးအနေဖြင့် လူ့အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် ကိုက်ညီရမည်၊ လူ့စံနှုန်းများ၊ ကြိုက်နှစ်သက်မှုများနှင့် ကိုက်ညီရမည်ဖြစ်ပြီး အနည်းဆုံးအနေဖြင့် အခြားသူများ၏ စိစစ်ခြင်းကို ခံနိုင်ရမည်ဖြစ်သည်။ ဤနည်းဖြင့် ၎င်းတို့၏ရာထူးနေရာက တည်ငြိမ်မြဲတည်ငြိမ်နေလိမ့်မည်ဖြစ်သည်။ သို့သော် လက်တွေ့ဘဝတွင်မူ၊ ၎င်းတို့လုပ်ဆောင်သည့် အမှုအရာများသည် မယုံနိုင်လောက်အောင် လွဲချော်နေပြီး၊ သမ္မာတရားကို ၎င်းတို့ နားမလည်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။ ၎င်းတို့သည် အဘယ်ကြောင့် သမ္မာတရားကို နားမလည်ကြသနည်း။ ၎င်းတို့၏စိတ်နှလုံးထဲ၌၊ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြ၊ သမ္မာတရားကို အသိအမှတ်မပြုကြ၊ စာတန်ဆန်သော အတွေးအခေါ်များအတိုင်း အမှုအရာများကို လုပ်ဆောင်ခြင်း၌ ပျော်မွေ့ကြသည်၊ ၎င်းတို့သည် လူ့နည်းလမ်းများ အသုံးပြုလျက် ကိစ္စရပ်များကို အမြဲကိုင်တွယ်လိုကြပြီး၊ ဤကိစ္စရပ်များကို ကိုင်တွယ်ခြင်းဖြင့် အခြားသူများကို လက်ခံယုံကြည်စေနိုင်ကာ ဂုဏ်သိက္ခာရရှိနိုင်မည်ဆိုလျှင်၊ ယင်းမှာ ၎င်းတို့အတွက် လုံလောက်ပေသည်။ အကယ်၍ အန္တိခရစ်တစ်ဦးသည် နေရာတစ်ခုကို သွားချိန်တွင် တစ်စုံတစ်ဦးက အနှစ်မဲ့ သဘောတရားအား ဟောပြောနေသည်ကို ကြားလျှင်၊ ၎င်းတို့အလွန်စိတ်လှုပ်ရှားသွားကြသော်လည်း၊ တစ်စုံတစ်ဦးက သမ္မာတရား လက်တွေ့ကျမှုကို ဟောပြောပြီး လူတို့၏ အမျိုးမျိုးသော အခြေအနေများကဲ့သို့ အသေးစိတ်အချက်အလက်များအထိ ပြောဆိုနေလျှင်မူ၊ ထိုဟောပြောသူသည် မိမိတို့အား ဝေဖန်နေသည်၊ မိမိတို့၏စိတ်နှလုံးကို ထိုးနှက်နေသည်ဟု အစဉ်ခံစားရသဖြင့်၊ ၎င်းတို့သည် ထိုအရာကို စက်ဆုပ်ရွံရှာပြီး နားမထောင်လိုကြတော့ပေ။ အကယ်၍ ၎င်းတို့အနေဖြင့် မကြာသေးမီက ၎င်းတို့၏အခြေအနေ မည်သို့ရှိသည်၊ တိုးတက်မှုတစ်စုံတစ်ရာ ရှိမရှိဆိုသည်နှင့် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ခဲ့ရခြင်း ရှိမရှိ ဟူသည်တို့ကို မိတ်သဟာယဖွဲ့ရန် တောင်းဆိုခြင်းခံရလျှင်၊ ၎င်းတို့၌ ပြောစရာ မည်သည့်အရာမျှမရှိပေ။ သင်သည် ဤသမ္မာတရား၏ အသွင်အပြင်နှင့်ပတ်သက်၍ ဆက်လက်မိတ်သဟာယဖွဲ့ပါက၊ ၎င်းတို့သည် အိပ်ပျော်သွားကြသည်။ ၎င်းတို့သည် ထိုအကြောင်းကို နားထောင်ခြင်း၌ မပျော်မွေ့ကြပေ။ သင်သည် ၎င်းတို့နှင့် စကားစမြည်ပြောဆိုမှုများ ပြုလုပ်သည့်အခါ ၎င်းတို့သည် ရှေ့သို့တိုးလာကြသော်လည်း၊ တစ်စုံတစ်ဦးက သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့နေသည်ကို ကြားသည့်အခိုက်တွင်မူ၊ ထောင့်တစ်နေရာသို့ သွားပုန်းပြီး ငိုက်မျဉ်းကြသည်။ ၎င်းတို့၌ သမ္မာတရားကို ချစ်မြတ်နိုးမှု လုံးဝမရှိပေ။ ၎င်းတို့သည် မည်သည့်အတိုင်းအတာအထိ သမ္မာတရားကို ချစ်မြတ်နိုးမှု မရှိကြသနည်း။ လျှော့ပြောရလျှင်၊ ၎င်းတို့သည် ထိုသမ္မာတရားကို စိတ်မဝင်စားကြဘဲ၊ အလုပ်လုပ်ပေးသူများ ဖြစ်နေရုံနှင့် ၎င်းတို့အတွက် လုံလောက်ပေသည်။ ပြင်းပြင်းထန်ထန် ပြောရလျှင်၊ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြ၊ သမ္မာတရားကို အထူးသဖြင့် ပစ်ပစ်ခါခါငြင်းကြပြီး၊ လက်မခံနိုင်ကြပေ။ ဤလူစားမျိုးသည် ခေါင်းဆောင်ဖြစ်ပါက၊ အန္တိခရစ်တစ်ဦး ဖြစ်သည်။ သာမန်နောက်လိုက်ဖြစ်ပါက၊ ၎င်းတို့သည် အန္တိခရစ်များ၏လမ်းကြောင်းကို လျှောက်လှမ်းနေဆဲဖြစ်ပြီး၊ အန္တိခရစ်များ၏ အရိုက်အရာကို ဆက်ခံသူများ ဖြစ်ကြသည်။ အပြင်ပန်းအားဖြင့်၊ ၎င်းတို့သည် ကောင်းမွန်သောအလားအလာအချို့နှင့်အတူ ဉာဏ်ရည်ဉာဏ်စွမ်းရှိပြီး ဆုကျေးဇူးရှိပုံရသော်လည်း ၎င်းတို့၏ သဘာဝ အနှစ်သာရမှာ အန္တိခရစ်တစ်ဦး၏ သဘာဝ အနှစ်သာရ ဖြစ်သည်။ ဤပုံစံပင်ဖြစ်သည်။ ဤအကဲဖြတ်ချက်များသည် အဘယ်အရာအပေါ် အခြေခံသနည်း။ ယင်းတို့အားလုံးသည် သမ္မာတရားအပေါ် ဤလူတို့၏ သဘောထားနှင့် အပြုသဘောဆောင်သော အရာများအပေါ်ထားသော ၎င်းတို့၏သဘောထားတို့အပေါ် အခြေခံသည်။ ဤသည်မှာ လူတို့၏ သမ္မာတရားအပေါ်ချဉ်းကပ်ပုံနှင့် သက်ဆိုင်သော သွင်ပြင်လက္ခဏာဖြစ်သည်။ အခြားသော သွင်ပြင်လက္ခဏာမှာ အချိန်များစွာတွင်၊ လူတို့သည် သမ္မာတရားကို တိုက်ရိုက် ရင်ဆိုင်ခြင်းမရှိကြ။ အချို့အမှုအရာများသည် သမ္မာတရားနှင့် ပတ်သက်ခြင်းမရှိ၊ လူတို့သည် သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာ ပါဝင်ပတ်သက်သည်ကို စဉ်းစား၍မရနိုင်ကြပေ။ သို့ဆိုလျှင် လူတို့တိုက်ရိုက်ရင်ဆိုင်ရသူမှာ မည်သူနည်း။ ၎င်းတို့ တိုက်ရိုက်ရင်ဆိုင်ရသူမှာ ဘုရားသခင် ဖြစ်သည်။ ပြီးလျှင် ဤလူတို့သည် ဘုရားသခင်ကို မည်သို့ဆက်ဆံကြသနည်း။ ၎င်းတို့သည် မိမိတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားများကို မည်သည့်သရုပ်သကန်များတွင် ပြသကြသနည်း။ ၎င်းတို့သည် စစ်မှန်သော ဆုတောင်းခြင်းကိုလည်းကောင်း၊ ဘုရားသခင်နှင့် စစ်မှန်သော မိတ်သဟာယဖွဲ့ခြင်းကိုလည်းကောင်း လုပ်ဆောင်ကြသလော။ ၎င်းတို့တွင် ရိုးသားသော သဘောထား ရှိသလော။ စစ်မှန်သော ယုံကြည်ခြင်း ရှိသလော။ (မရှိပါ။) ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် အမှီပြုပြီး ဘုရားသခင်ထံ မိမိတို့ကိုယ်ကို အမှန်တကယ် အပ်နှံကြသလော။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့ကြသလော။ (မကြောက်ရွံ့ပါ။) ဤအရာအားလုံးသည် လက်တွေ့ကျသော ကိစ္စရပ်များဖြစ်ပြီး အနှစ်မဲ့ အလာပသလ္လာပစကားများ သို့မဟုတ် ဖန်တစ်ရာတေနေသည့်စကားများ လုံးဝမဟုတ်ပေ။ ဤစကားများက လက်တွေ့ကျသည်ကို သင် နားမလည်ပါက၊ သင်၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိပေ။ ဤသို့သောလူများ၏ သရုပ်သကန်များနှင့်ပတ်သက်၍ သင်တို့အား ငါ ဥပမာတစ်ခု ပေးမည်။ အချို့လူများသည် စုဝေးပွဲများ၌ လက်သီးဆုပ်ကာ “ကျွန်ုပ်သည် အသက်ရှင်သရွေ့ အိမ်ထောင်ပြုမည်မဟုတ်ပါ။ ကျွန်ုပ် အလုပ်ထွက်မည်ဖြစ်ပြီး အရာအားလုံးကို စွန့်လွှတ်ကာ အဆုံးတိုင်အောင် ဘုရားသခင်နောက် လိုက်မည်” ဟုဆိုလျက် သစ္စာကျိန်ဆိုကြသည်။ ၎င်းတို့အနေဖြင့် ကြွေးကြော်ခြင်းပြီးဆုံးကာ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံတော့မည့်အချိန်တွင်၊ ၎င်းတို့က “ငါသည် ဘုရားသခင်ထံမှ ပိုများသည့် ကောင်းချီးမင်္ဂလာများကို မည်သို့ရရှိနိုင်မည်နည်း။ ဘုရားသခင်မြင်ရန် တစ်စုံတစ်ရာကို ငါ လုပ်ဆောင်ရမည်” ဟု စဉ်းစားကြသည်။ သို့သော်၊ ဘုရားသခင်က ၎င်းတို့ကဲ့သို့သော လူများကို မချစ်ကြောင်း ပြောသည်ကို ၎င်းတို့ကြားရသည့်အခါ၊ ၎င်းတို့က “ယခုတွင် ငါ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ဘုရားသခင် ငါ့ကိုမမြင်ရန်အလို့ငှာ ဘုရားသခင်နှင့် ငါ ခပ်ကင်းကင်းနေမည်”ဟု စဉ်းစားကြသည်။ ဤသည်မှာ မည်သို့သော အခြေအနေမျိုးဖြစ်သနည်း။ (သတိထားခြင်းဖြစ်သည်။) ၎င်းတို့သည် ဘုရားသခင်ကို သတိထားရန်အလို့ငှာ ဘုရားသခင်ကို ရှောင်ကြဉ်ကြသည်။ ၎င်းတို့၏ သတိထားခြင်းတွင် မည်သည့်စိတ်သဘောထား တည်ရှိသနည်း။ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။ ၎င်းတို့သည် အမှုအရာများကို လုပ်ဆောင်သည့်အခါ ဘုရားသခင်ကို အမြဲ သတိဖြင့်ဆက်ဆံကြသည်။ ဘုရားသခင်က ၎င်းတို့အား ရိပ်စားမိမည်ကို ကြောက်ရွံ့ကြပြီး၊ ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို လက်မခံကြပေ။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်သလော။ ဤသည်မှာ ၎င်းတို့က ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း မဟုတ်လော။ ဤသည်မှာ အလွန်အပျက်သဘောဆောင်သော အခြေအနေဖြစ်သည်။ ပုံမှန်မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအား လက်ခံနိုင်ကြသေးသော်လည်း၊ ဘုရားသခင်က လူတို့အား တရားစီရင်ပြီး ဖော်ထုတ်သည့် နှုတ်ကပတ်တော်များကို ကြားသည့်အခိုက်တွင်၊ ၎င်းတို့ ထွက်ပြေးကြသည်၊ သို့မဟုတ်လျှင် ဟန်ဆောင်မှုတစ်ခုကို အလျင်အမြန်ပြုလုပ်ပြီး မိမိတို့ကိုယ်ကို ဖုံးကွယ်ရန် အပေးအယူလုပ်သည့် နည်းလမ်းတစ်ခုကို ရှာဖွေကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဖုံးကွယ်ရန် ကြိုးစားလုပ်ဆောင်ကြပြီး၊ ရှောင်တိမ်းရန်နှင့် သတိထားရန် ဖြစ်နိုင်သမျှအရာအားလုံးကို လုပ်ဆောင်ကြစဉ်၊ တစ်ချိန်တည်းမှာပင် မိမိတို့၏စိတ်နှလုံးထဲ၌ ဘုရားသခင်နှင့် အဆက်မပြတ် တိုက်ခိုက်နေကြသည်။ ၎င်းတို့လုပ်ဆောင်သော အမှုအရာများ၌ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မရှာဖွေကြသကဲ့သို့၊ သမ္မာတရားကိုလည်း မရှာဖွေကြပေ။ ထိုအစား၊ ၎င်းတို့အနေဖြင့် ဟန်ဆောင်မှုနှင့် မမှန်ကန်မှုတို့မှတစ်ဆင့် လူတိုင်း၏ အသိအမှတ်ပြုခြင်းကို ရရှိရန် ကြိုးစားကြလျက်၊ မည်သည့် မကျေနပ်ချက်များမျှမရှိဘဲ သမ္မာတရားကို လက်ခံနိုင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ကြောင်း ပို၍ပင်ပြသလိုကြသည်။ ဘုရားသခင် မိန့်တော်မူသည့်အရာ၊ ထိုသို့သောလူများထံမှ သူတောင်းဆိုသည့်အရာနှင့် ထိုသို့သောလူများကို သူမည်သို့ အကဲဖြတ်ပြီး သတ်မှတ်သည်ဟူသည်တို့နှင့်ပတ်သက်၍မူ၊ ၎င်းတို့သည် ထိုသို့သောအမှုအရာများကို ဂရုမစိုက်ကြသကဲ့သို့ သိလည်းမသိလိုကြပေ။ ၎င်းတို့၏စိတ်နှလုံးထဲ၌ ဘုရားသခင်သည် အတိအကျအားဖြင့် မည်သူဖြစ်သည်ကို အမှန်တကယ် ရှင်းလင်းစွာမသိကြဘဲ၊ ထိုအစား ရှိသမျှမှာစိတ်ကူးစိတ်သန်းနှင့် ဝေဖန်မှုသာဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့၏အယူအဆများနှင့် ဆန့်ကျင်ဘက်ဖြစ်သော တစ်စုံတစ်ရာကို လုပ်ဆောင်သည့်အခါ၊ ၎င်းတို့သည် ထိုအရာကို မိမိတို့၏စိတ်နှလုံးထဲ၌ ရှုတ်ချကြသည်။ ဘုရားသခင်ကို ၎င်းတို့ယုံကြည်သည်ဟု ဆိုကြသော်လည်း၊ ၎င်းတို့၏စိတ်နှလုံးများသည် သံသယများနှင့် ပြည့်နှက်နေသည်။ ဤသည်မှာ လူတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား ဖြစ်သည်။

အန္တိခရစ်အချို့သည် ဘုရားသခင်ကို မကြာခဏ စမ်းသပ်ရန် ကြိုးစားကြသည်။ ၎င်းတို့သည် ရှေ့သို့တစ်လှမ်းတိုးသည်၊ အခြေအနေကိုအကဲခတ်သည်၊ ထို့နောက် နောက်ထပ်တစ်လှမ်းတိုးသည်။ ရိုးရိုးရှင်းရှင်းပြောရလျှင် ၎င်းတို့၌ “စောင့်ကြည့်နေမည့်” သဘောထားရှိသည်ဟု ဆိုနိုင်သည်။ “စောင့်ကြည့်နေခြင်း”ဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ငါသည် သင်တို့အား ဥပမာတစ်ခု ပေးမည်။ ဥပမာအားဖြင့်၊ တစ်စုံတစ်ယောက်သည် မိမိအလုပ်မှထွက်ပြီးနောက် ဘုရားသခင်ရှေ့၌၊ “အို ဘုရား၊ ကျွန်ုပ်မှာ အလုပ်မရှိတော့ပါ။ အနာဂတ်တွင် ကိုယ်တော် ကျွန်ုပ်ကို ထောက်ပံ့ဖို့ကို ကိုယ်တော့်ကို ကျွန်ုပ် ကိုးစားနေပါမည်။ အရာအားလုံးကို ကိုယ်တော်၏လက်တော်ထဲသို့ ကျွန်ုပ်အပ်နှံပါသည်။ ကျွန်ုပ်၏ဘဝကို ကိုယ်တော့်ထံ ရည်စူးဆက်ကပ်ပါသည်” ဟုဆိုလျက် ဆုတောင်းသည်။ ဆုတောင်းပြီးသည့်အခါ၊ ဘုရားသခင်က ၎င်းတို့အား တစ်ခုတလေနှင့် ကောင်းချီးမင်္ဂလာများ ပေးမပေး၊ ၎င်းတို့အား သဘာဝလွန် ထုတ်ဖော်ပြချက် သို့မဟုတ် ပိုကြီးမြတ်သော ကျေးဇူးတော်တစ်ခုခု ပေးမပေး၊ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် လောက၌ မိမိတို့အလုပ်လုပ်စဉ်ကထက် ပို၍ရရှိပြီး ပိုကောင်းသော သာယာဝပြောမှုကို ခံစားရခြင်းရှိမရှိဟူသည်တို့ကို စောင့်ကြည့်ကြသည်။ ဤသည်မှာ ၎င်းတို့က ဘုရားသခင်ကို စမ်းသပ်ခြင်း ဖြစ်သည်။ ဤဆုတောင်းခြင်းနှင့် ဤဆက်ကပ်ခြင်းကား အဘယ်နည်း။ (အပေးအယူတစ်ခုဖြစ်ပါသည်။) ဤအပေးအယူအတွင်း၌ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ရှိသည် မဟုတ်လော။ (ရှိပါသည်။) ၎င်းတို့၏လုပ်နည်းကိုင်နည်းမှာ ဘုရားသခင်ထံမှ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများကို တောင်းလျှောက်လျက်၊ တန်ဖိုးပို၍ကြီးမားသော ကူညီပံ့ပိုးမှုတစ်စုံတစ်ရာကို ဆွဲဆောင်နိုင်ရန်အလို့ငှာ မဖြစ်စလောက်သော မက်လုံးတစ်ခုပေးခြင်းဖြင့် အစပျိုးခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ရည်မှန်းချက်ဖြစ်သည်။ တစ်စုံတစ်ယောက်က၊ “တရုတ်ပြည်တွင် အခြေအနေက အလွန်ဆိုးရွားလှသည်။ အဆင်းနီသော နဂါးကြီးက လူများကို ဖမ်းဆီးနေသည့် အခြေအနေမှာ ပိုဆိုးသည်ထက်ဆိုးလာနေသည်။ လူနှစ်ယောက် အတူတကွ စုဝေးရန်ပင် အန္တရာယ်ရှိသည်၊ မိသားစုလေးယောက် အတူတကွ စုဝေးရန်ပင် အန္တရာယ်ရှိသည်။ တရုတ်ပြည်တွင် ဤအခြေအနေ၌ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အလွန်အန္တရာယ်များလှသည်။ အကယ်၍ တစ်စုံတစ်ခု အမှန်တကယ် လွဲချော်သွားခဲ့လျှင်၊ ကျွန်ုပ်တို့ ကယ်တင်ခြင်းခံရဦးမည်လော။ ကျွန်ုပ်တို့ အချည်းနှီး ယုံကြည်ကြရမည် မဟုတ်လော” ဟူ၍ပြောသည်။ ၎င်းတို့က၊ “ငါ နိုင်ငံကို စွန့်ခွာရန် နည်းလမ်းတစ်ခု စဉ်းစားရမည်။ အရင်က အခြေအနေကောင်းခဲ့ချိန်တွင်၊ ငါသည် သက်သောင့်သက်သာရှိမှုနှင့် ကိုယ်စိတ်ချမ်းသာမှုကို တပ်မက်ခဲ့ပြီး တရုတ်ပြည်မှ ထွက်ခွာရန် မလိုလားခဲ့ပါ။ ငါ့မိသားစုနှင့်အတူ စုစည်းနေထိုင်ရသည်မှာ အလွန်ကောင်းပြီး၊ ငါသည် ဘုရားသခင်ကိုလည်း ယုံကြည်နိုင်ကာ ကောင်းချီးမင်္ဂလာများလည်း လက်ခံရရှိနိုင်ခဲ့သည်၊ ထိုအရာသည် နှစ်ဦးနှစ်ဖက်အကျိုးရှိသော အခြေအနေဖြစ်ခဲ့သည်။ ယခုတွင်မူ အခြေအနေများ ဆိုးရွားလာသည်၊ ဘေးအန္တရာယ်များ ကျရောက်လာပြီဖြစ်ပြီး၊ ငါ အမြန်လုပ်ပြီး တရုတ်ပြည်မှ ထွက်ခွာရမည်။ နိုင်ငံမှထွက်ခွာပြီးသည်နှင့် ငါ၏တာဝန်ကို ငါထမ်းဆောင်နိုင်သေးသည်၊ ငါ၏တာဝန်ကို ထမ်းဆောင်ခြင်းဖြင့် ကောင်းချီးမင်္ဂလာများ ရရှိရန် အခွင့်အလမ်းရှိလိမ့်မည်” ဟူ၍ စဉ်းစားမိသွားကြသည်။ အဆုံးတွင်၊ ၎င်းတို့သည် နိုင်ငံမှ ထွက်ပြေးကြသည်။ ဤသည်ကား အဘယ်နည်း။ ဤသည်မှာ အချောင်သမားဝါဒ ဖြစ်သည်။ လူတိုင်းသည် တွက်ချက်တတ်ကြပြီး၊ လူတိုင်း၌ အပေးအယူဆန်သော စိတ်နေစိတ်ထား ရှိကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ သင်တို့ထဲတွင် ဤသို့သောလူများ ရှိသလော။ ၎င်းတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့က၊ “အကယ်၍ ငါသည် လောက၌ အနိုင်ကျင့်ခံရလျှင်၊ ငါ့မိဘများနှင့် မိသားစုက ငါ့ကို ကာကွယ်ပေးနိုင်သည်။ အကယ်၍ ငါသည် ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် အဖမ်းခံရလျှင်၊ ဘုရားသခင်က ငါ့ကို ဘေးကင်းအောင် စောင့်ရှောက်မည်လော။ သေချာစွာ သိရန် ခက်ခဲပုံရသည်။ သို့ဆိုလျှင်၊ အကယ်၍ ငါ သေချာစွာ မသိနိုင်ပါက၊ ငါ ဘာလုပ်သင့်သနည်း။ ငါ့မိဘများသည် ငါ့ကို သေချာပေါက် ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။ တစ်စုံတစ်ယောက်သည် ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် အဖမ်းခံရသည့်အခါ၊ သာမန်လူများက ထိုသူတို့ကို မကယ်တင်နိုင်ကြပေ၊ အကယ်၍ ငါသည် အဆင်းနီသော နဂါးကြီး၏ လက်ထဲတွင် ကြမ်းကြုတ်သော ညှဉ်းပန်းနှိပ်စက်မှုများနှင့် ပြင်းပြသောဝေဒနာများကို မခံနိုင်ဘဲ ယုဒဖြစ်သွားပါက၊ ငါ၏အသက်လေး ပျက်စီးသွားမည်မဟုတ်လော။ ငါသည် နိုင်ငံမှထွက်ခွာပြီး ပြည်ပတွင် ဘုရားသခင်ကို သွားယုံကြည်ခြင်းသည် အကောင်းဆုံးဖြစ်ပေမည်” ဟူ၍ ဆိုကြသည်။ ဤသို့ တွေးသူ တစ်စုံတစ်ယောက် ရှိသလော။ ရှိရပေမည်၊ မှန်ပါသလော။ သို့ဖြစ်၍၊ “သင်သည် ကျွန်ုပ်တို့ကို သားပုပ်လေလွင့်ပြောသည်။ ကျွန်ုပ်တို့ ထိုသို့မတွေးခဲ့ပါ”ဟု ပြောသူ တစ်ဦးတလေ ရှိသလော။ ဤသို့သောလူများသည် အနည်းစုမဟုတ်သည်မှာသေချာပြီး၊ အချိန်တန်သည့်အခါ သင်သည် မြင်တွေ့နားလည်ရလိမ့်မည်။

အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့်ဆိုင်သည့် အဓိက လက္ခဏာရပ်များမှာ အဘယ်နည်း။ ပထမအချက်မှာ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများကို အသိအမှတ်မပြု၊ သမ္မာတရားကဲ့သို့သောအရာ ရှိသည်ကို အသိအမှတ်မပြုသကဲ့သို့ ၎င်းတို့၏ မှားယွင်းသော မိစ္ဆာအယူဝါဒများနှင့် ကောက်ကျစ်ဆိုးယုတ်သော အပျက်သဘောဆောင်သည့်အရာများမှာ သမ္မာတရားဖြစ်သည်ဟု ထင်မြင်ကြခြင်းဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့်ဆိုင်သည့် သရုပ်သကန်တစ်ခု ဖြစ်သည်။ ဥပမာအားဖြင့်၊ အချို့လူများက “မိမိကိုယ်တိုင်၏ ပျော်ရွှင်မှုက မိမိလက်ထဲတွင်ရှိသည်”ဟူသည်နှင့် “အာဏာရှိမှသာ အရာအားလုံးကို ပိုင်ဆိုင်နိုင်သည်”ဟူသည်တို့ကိုဆိုကြသည်။ ဤသည်မှာ အန္တိခရစ်တို့၏ ဆင်ခြင်တွေးခေါ်မှုစနစ် ဖြစ်သည်။ အာဏာနှင့်အတူ မိမိတို့အား ဖော်လံဖားပြီး မြှောက်ပင့်ပြောဆိုသူများ၊ လက်ဆောင်များပေးပြီး တွယ်ကပ်ဖားယားလုပ်သူများအပြင် အဆင့်အတန်း၏ အကျိုးအမြတ်မျိုးစုံနှင့် သာယာပျော်ရွှင်မှုမျိုးစုံတို့ ပါလာသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် မည်သူတစ်ဦးတစ်ယောက်၏ ဩဇာပေးခြင်း သို့မဟုတ် ဦးဆောင်ခြင်းကိုမျှ ခံစရာမလိုတော့ကြောင်းနှင့် အခြားသူများကို ၎င်းတို့ ဦးဆောင်နိုင်ကြောင်း ယုံကြည်ကြသည်။ ဤသည်မှာ ၎င်းတို့၏ ထိပ်တန်းဦးစားပေးအရာ ဖြစ်သည်။ ဤကဲ့သို့ ၎င်းတို့ တွက်ချက်သည့်အပေါ် သင်တို့ မည်သို့ထင်မြင်သနည်း။ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ (ကောက်ကျစ်ဆိုးယုတ်ပါသည်။) အန္တိခရစ်တို့သည် သမ္မာတရားအစား ၎င်းတို့၏ စာတန်ဆန်သော ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် မှားယွင်းသော မိစ္ဆာအယူဝါဒများကို အသုံးပြုကြသည်။ ဤသည်မှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့်ဆိုင်သည့် သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ပထမဦးစွာ၊ ၎င်းတို့သည် သမ္မာတရားကို အသိအမှတ်မပြု၊ အပြုသဘောဆောင်သောအရာများ ရှိသည်ကို အသိအမှတ်မပြု၊ အပြုသဘောဆောင်သောအရာများ၏ မှန်ကန်မှုကိုလည်း အသိအမှတ်မပြုကြပေ။ ထို့အပြင်၊ အချို့လူများသည် ဤလောက၌ အပြုသဘောဆောင်သောအရာများနှင့် အပျက်သဘောဆောင်သောအရာများ ရှိကြောင်းကို အသိအမှတ်ပြုကြသော်လည်း၊ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများနှင့် သမ္မာတရားတည်ရှိမှုကို မည်သို့ချဉ်းကပ်ကြသနည်း။ ၎င်းတို့သည် ထိုအရာကို ချစ်မြတ်နိုးခြင်းမရှိသေးပေ၊ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် ၎င်းတို့ရွေးချယ်သောဘဝနှင့် လျှောက်လှမ်းသောလမ်းကြောင်းတို့သည် အပျက်သဘောဆောင်နေဆဲဖြစ်ပြီး သမ္မာတရားနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကိုသာ ကာကွယ်စောင့်ရှောက်ကြသည်။ အပြုသဘောဆောင်သော အရာဖြစ်စေ၊ အပျက်သဘောဆောင်သော အရာဖြစ်စေ၊ ထိုအရာက မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်သမျှ ကာလပတ်လုံး၊ ယင်းက အဆင်ပြေသည်၊ အထွတ်အထိပ်ဖြစ်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား မဟုတ်လော။ နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခု ရှိသည်၊ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရကို ပိုင်ဆိုင်သည့် ဤသို့သောလူများသည် ဘုရားသခင်၏ နှိမ့်ချမှုနှင့် ကွယ်ဝှက်မှု၊ ဘုရားသခင်၏ သစ္စာစောင့်သိခြင်းနှင့် ကောင်းမြတ်ခြင်းတို့ကို ပင်ကိုအားဖြင့် မထီမဲ့မြင်ပြုတတ်ကြသည်။ ၎င်းတို့သည် ဤအပြုသဘောဆောင်သောအရာများကို ပင်ကိုအားဖြင့် မထီမဲ့မြင်ပြုတတ်ကြသည်။ ဥပမာအားဖြင့်၊ ငါ့ကိုကြည့်လော့၊ ငါသည် အလွန်သာမန်ဖြစ်သည် မဟုတ်လော။ ငါသည် သာမန်ဖြစ်သည်၊ အဘယ်ကြောင့် သင် မပြောရဲသနည်း။ ငါသာမန်ဖြစ်ကြောင်း ငါ ကိုယ်တိုင် အသိအမှတ်ပြုသည်။ ငါသည် မိမိကိုယ်ကို သာမန်ထက်ထူးခြားသောသူ သို့မဟုတ် ကြီးမြတ်သောသူဟု မည်သည့်အခါမျှ မတွေးထင်ခဲ့ဖူးပေ။ ငါသည် သာမန်လူတစ်ဦးသာ ဖြစ်သည်။ ငါသည် ဤအချက်ကို အစဉ်အမြဲ အသိအမှတ်ပြုခဲ့ပြီး၊ ဤအချက်ကို ရင်ဆိုင်ဝံ့သည်။ ငါသည် ထိပ်တန်းလူတစ်ဦး သို့မဟုတ် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးဦး မဖြစ်လိုပေ။ ယင်းမှာ မည်မျှပင်ပန်းလိုက်မည်နည်း။ လူအချို့သည် ငါဖြစ်သော ဤသာမန်လူကို အထင်သေးကြပြီး ငါနှင့်ပတ်သက်သည့် အယူအဆများ အစဉ်ထားရှိကြသည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူများက ငါ့ရှေ့မှောက်သို့ ရောက်လာသည့်အခါ၊ အပြင်ပန်းအားဖြင့် မည်သည့်အရာနှင့် ငါ တူသည်ဖြစ်စေ၊ ၎င်းတို့သည် ရိုသေကိုင်းရှိုင်းမှုတစ်ခုခုဖြင့် လာကြဆဲဖြစ်သည်။ ထို့နောက် ငါ့အား အလွန်ယဉ်ကျေးစွာ စကားပြောဆိုကြသော်လည်း၊ ၎င်းတို့၏စိတ်နှလုံးထဲ၌ ငါ့အပေါ် မထီမဲ့မြင်ပြုသော သဘောထားကို ထားရှိကြသည့်လူအချို့ရှိပြီး ၎င်းတို့၏လေသံနှင့် ကိုယ်အမူအရာတို့မှတစ်ဆင့် ဤအရာကို ငါ ခွဲခြားနိုင်သည်။ တစ်ခါတစ်ရံ ၎င်းတို့သည် အလွန်ရိုသေပုံရသော်လည်း၊ ၎င်းတို့ထံ ငါပြောဆိုသမျှကို ၎င်းတို့က “မဟုတ်ပါ” ဟုအစဉ်တုံ့ပြန်ကြပြီး ငါပြောသည့်အရာကို အစဉ်ငြင်းပယ်ကြသည်။ ဥပမာအားဖြင့်၊ ယနေ့ရာသီဥတု အလွန်ပူသည်ဟု ငါပြောလျှင်၊ ၎င်းတို့က “မဟုတ်ပါ၊ မနေ့က အရမ်းပူသည်” ဟု ပြောကြသည်။ ၎င်းတို့က ငါပြောသည့်အရာကို ငြင်းပယ်သည်၊ မှန်သလော။ သင်သည် ၎င်းတို့ကို မည်သည့်အရာပြောသည်ဖြစ်စေ၊ ၎င်းတို့က အမြဲငြင်းပယ်ကြသည်။ ပတ်ဝန်းကျင်တွင် ဤသို့သောလူများ မရှိပါသလော။ (ရှိပါသည်။) ငါက “ယနေ့ အစားအစာက ငန်သည်။ ဆားများသွားသည်လော သို့မဟုတ် ပဲငံပြာရည် များသွားသည်လော” ဟု ပြောလျှင်၊ ၎င်းတို့က “နှစ်ခုလုံးမဟုတ်ပါ၊ သကြားများသွားခြင်းဖြစ်သည်” ဟု ပြောကြသည်။ မည်သည့်အရာကို ငါ ပြောသည်ဖြစ်စေ၊ ၎င်းတို့က ငြင်းပယ်ကြသောကြောင့် ငါသည် အခြားမည်သည့်အရာမျှ မပြောတော့ပေ။ ငါတို့သည် သဘောထားချင်း တိုက်ဆိုင်ခြင်း မရှိကြသကဲ့သို့၊ မတူညီသည့် အသုံးအနှုန်းများကို ပြောဆိုနေကြသည်။ ထို့နောက် ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း ငါ ပြောဆိုနေသည်ကို ကြားသည့်အခါ၊ “သင်က ဤအကြောင်းကို ပြောရာတွင် ကျွမ်းကျင်သည်။ ထို့ကြောင့် ကျွန်ုပ် နားထောင်မည်” ဟု ဆိုသော သူအချို့ရှိသည်။ အကယ်၍ ငါက ပြင်ပအရာတစ်ခုခုအကြောင်း အနည်းငယ်ပြောလျှင်၊ ၎င်းတို့က ငါသည် ပြင်ပအရာများအကြောင်း မည်သည့်အရာမျှ မသိသည့်အလား နားမထောင်လိုကြတော့ပေ။ ၎င်းတို့က ငါ့ကို အာရုံမစိုက်ခြင်းသည် ကိစ္စမရှိပေ၊ ငါသည် တိတ်တိတ်ဆိတ်ဆိတ်နေချင်သည်။ ငါ့ကို မည်သူမျှ အာရုံစိုက်ရန် မလိုအပ်ပေ၊ ငါလုပ်သင့်သည့်အရာကိုသာ ငါလုပ်ဆောင်သည်။ ငါ၌ ငါ၏တာဝန်များရှိပြီး၊ ငါ၌ ငါ၏ဘဝနေထိုင်မှုပုံစံ ရှိသည်။ ငါ့အားပြောလော့၊ လူတို့၏ ဤသဘောထားများသည် အဘယ်အရာကို ဖော်ပြသနည်း။ ငါ့အနေဖြင့်ကြီးမြတ်သောသူ သို့မဟုတ် တတ်စွမ်းနိုင်သော လူတစ်ဦးနှင့် မတူသည်ကိုလည်းကောင်း၊ ငါသည် သာမန်လူတစ်ဦးကဲ့သို့ ပြောဆိုပြုမူသည်ကိုလည်းကောင်း ၎င်းမြင်ကြသောကြောင့်၊ ၎င်းတို့က “သင်သည် အဘယ်သို့ဖြစ်ပြီး ဘုရားနှင့် မတူရသနည်း။ ငါ့ကိုကြည့်ပါလော့။ အကယ်၍ ငါက ဘုရားဖြစ်ခဲ့လျှင်၊ ငါသည်သူနှင့် အတူဆုံး ဖြစ်မည်ဖြစ်သည်” ဟု စဉ်းစားကြသည်။ ဤသည်မှာ ဘုရားသခင်နှင့်တူခြင်း၊ မတူခြင်းကိစ္စမဟုတ်ပေ။ ငါ ဘုရားသခင်နှင့်တူဖို့ရန် တောင်းဆိုနေသူမှာ သင်ဖြစ်သည်။ ငါသည် သူနှင့်တူသည်ဟု မည်သည့်အခါမျှ မပြောခဲ့ဖူးသကဲ့သို့၊ သူနှင့်တူရန်လည်း မည်သည့်အခါမျှ အလိုမရှိခဲ့ပေ။ ငါလုပ်သင့်သည့်အရာကိုသာ ငါလုပ်ဆောင်သည်။ အကယ်၍ ငါတစ်နေရာရာသို့သွားပြီး လူအချို့က ငါ့ကိုမမှတ်မိလျှင်၊ ယင်းမှာ ငါ့ကို ဒုက္ခသက်သာစေသောကြောင့် အလွန်ကောင်းပေသည်။ သင်တို့ သိသလော၊ သခင်ယေရှုသည် ထိုအချိန်က ယုဒပြည်၌ များစွာသောစကားများပြောဆိုကာ အမှုပြုခဲ့ပြီး သူ့နောက်လိုက်သော တပည့်တော်များ၌ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိစေကာမူ၊ သူ့အပေါ် ၎င်းတို့၏သဘောထားမှာ လူတစ်ဦးက ဘုရားသခင်အပေါ်ထားသော သဘောထားဖြစ်ခဲ့သည်။ ပုံမှန်ဆက်ဆံရေးတစ်ခု ရှိခဲ့သည်။ သို့သော် သခင်ယေရှုအား “သူသည် လက်သမား၏သား မဟုတ်လော”ဟု ဆိုခဲ့ကြသည့် သူအချို့ရှိခဲ့ပြီး၊ သူ့နောက် အချိန်ကြာမြင့်စွာ လိုက်ခဲ့သူအချို့ပင်လျှင် ဤသဘောထားကို အစဉ်တစိုက် ထားရှိခဲ့ကြသည်။ ဤသည်မှာ လူ့ဇာတိခံယူထားသော ဘုရားသခင်က သာမန်၊ ပုံမှန်လူသားတစ်ဦးအဖြစ် ဖြစ်လာရာ၌ မကြာခဏ ရင်ဆိုင်ရသော အရာတစ်ခုဖြစ်ပြီး၊ သာမန်အဖြစ်အပျက်တစ်ခုလည်း ဖြစ်သည်။ အချို့လူများသည် ငါနှင့် ပထမဆုံးတွေ့ဆုံသည့်အခါ အလွန်စိတ်အားထက်သန်ကြပြီး၊ ငါထွက်ခွာသွားသည့်အခါ ၎င်းတို့သည် ပျပ်ဝပ်ကာ ငိုကြွေးကြသည်။ သို့သော် လက်တွေ့ပေါင်းသင်းဆက်ဆံသည့်အတောအတွင်းတွင် ဤအရာက အလုပ်မဖြစ်တော့ဘဲ အချိန်များစွာ၌ ငါသည်းခံရသည်။ အဘယ်ကြောင့် ငါသည်းခံရသနည်း။ အဘယ်ကြောင့်ဆိုသော် လူအချို့သည် မိုက်မဲကြသောကြောင့်ဖြစ်သည်၊ အချို့မှာ သင်ပေး၍မရနိုင်သောကြောင့်၊ လူအချို့မှာ အစေခံသူများအဖြစ် လိုအပ်ပြီး၊ အချို့မှာ ကျိုးကြောင်းဆင်ခြင်မှု လုံးဝမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် တစ်ခါတစ်ရံ ငါသည်းခံရပြီး၊ တစ်ခါတစ်ရံ ငါနှင့် ရင်းနှီးခွင့်ကို ငါ မပေးနိုင်သည့် လူအချို့ရှိသည်။ ဤလူများသည် အလွန်စက်ဆုပ်ဖွယ်ကောင်းပြီး ၎င်းတို့၌ ဆန့်ကျင်လိုသော စိတ်သဘောထား ရှိသည်။ မည်သို့ ဆန့်ကျင်လိုကြသနည်း။ ဥပမာအားဖြင့်၊ ငါသည် အလွန်ချစ်စရာကောင်းသော ခွေးငယ်တစ်ကောင်ကိုမြင်ပြီး “သူ့ကို ဟွားမောင်လို့ခေါ်ကြစို့” ဟု ပြောလိုက်သည်။ ဤအမည်အပေါ် လူအများစုက မည်သို့သဘောထားကြသနည်း။ ထိုအရာသည် အမည်တစ်ခုမျှသာဖြစ်ပြီး၊ ငါက ထိုအမည်ကို ပထမဆုံး စိတ်ကူးရသည်ကို မြင်သောကြောင့် ထိုခွေးကို ထိုအမည်ဖြင့် ခေါ်ဝေါ်ကြရမည်ဖြစ်သည်။ ထိုအရာမှာ အလွန်သာမန်ကိစ္စတစ်ခု ဖြစ်သည်။ ဆန့်ကျင်လိုသော စိတ်သဘောထားရှိသည့် လူအချို့ကမူ ထိုအမည်ကို ခေါ်မည်မဟုတ်ဘဲ၊ ၎င်းတို့က “ဟွားမောင်ဆိုသည်မှာ မည်သည့်အမည်မျိုးဖြစ်သနည်း။ ခွေးကို ဟွားမောင်လို့ခေါ်ခြင်းကို ယခင်က တစ်ခါမျှမကြားဖူးပါ။ ထိုအမည်ဖြင့် မခေါ်ကြစို့နှင့်၊ သူ့ကို အင်္ဂလိပ်နာမည်ပေးသင့်သည်”ဟု ဆိုကြသည်။ ငါက “ငါသည် အင်္ဂလိပ်အမည်များကို စိတ်ကူးရာတွင် သိပ်မတော်ပါ။ ထို့ကြောင့် ထိုခွေးကို သင်တို့ ခေါ်ချင်သည့်အတိုင်း ခေါ်ကြလော့၊ သင်တို့၏ဆုံးဖြတ်ချက်ကို ငါ လိုက်လျောမည်”ဟု ပြောလိုက်သည်။ အဘယ်ကြောင့် ငါသည် ၎င်းတို့၏ဆုံးဖြတ်ချက်ကို လိုက်လျောသနည်း။ ဤသည်မှာ သေးငယ်သောကိစ္စဖြစ်သည်။ ထို့ကြောင့် အဘယ်ကြောင့် ငြင်းခုံနေရမည်နည်း။ လူအချို့မှာမူ အလျှော့မပေးဘဲ ထိုသို့သောအရာများအတွက် ငြင်းခုံရမည်သာ ဖြစ်သည်။ ငါအလျှော့ပေးလိုက်ခြင်းကြောင့်သက်သက်ဖြင့် ငါမှားကြောင်း ငါယုံကြည်သည်ဟု မဆိုလိုပေ။ ထိုအရာသည် ငါကျင့်ကြံပြုမူပြီး လုပ်ဆောင်သည့် စည်းမျဉ်းသာဖြစ်သည်။ ငါသည် သင်နှင့်မငြင်းခုံသောကြောင့်သက်သက်ဖြင့် ငါသည် သင့်ကိုကြောက်သည်ဟု မဆိုလိုပေ။ ငါမငြင်းခုံသော်လည်း သင်သည် မယုံကြည်သူတစ်ဦးဖြစ်ကြောင်း ငါ့စိတ်နှလုံးထဲ၌ ငါသိသည်၊ ငါသည် သင်ကဲ့သို့သော လူစားမျိုးနှင့် ပေါင်းသင်းဆက်ဆံရမည့်အစား ခွေးတစ်ကောင်နှင့်သာ ပေါင်းသင်းဆက်ဆံလိုက်မည်။ ငါ အသက်ရှင်နေထိုင်သည့် အသိုင်းအဝိုင်း နယ်ပယ်အတွင်းရှိ မဖြစ်မနေ ပေါင်းသင်းဆက်ဆံရမည့် လူအနည်းငယ်မှလွဲ၍၊ ငါပေါင်းသင်းဆက်ဆံမည့်သူများမှာ ညီအစ်ကိုမောင်နှမများ၊ ဘုရားအိမ်တော်မှလူများ ဖြစ်ကြသည်။ ဤသည်မှာ ငါ၏စည်းမျဉ်း ဖြစ်သည်။ ငါသည် ဘာသာတရားမရှိသူ တစ်ဦးတစ်ယောက်နှင့်မျှပင် ပေါင်းသင်းဆက်ဆံခြင်းမပြု။ ငါသည် ဤသို့ပြုလုပ်ရန် မလိုအပ်ပေ။ သို့သော်၊ ဘုရားအိမ်တော်၌ ဘုရားအိမ်တော်နှင့် ချစ်ကြည်ရင်းနှီးသော မယုံကြည်သူများရှိပါက၊ ၎င်းတို့သည် အသင်းတော်၏မိတ်ဆွေများ ဖြစ်နိုင်သည်။ ၎င်းတို့သည် အသင်းတော်ကို ကူညီသည်ဖြစ်စေ၊ အသင်းတော်အတွက် အားထုတ်မှုအချို့ပြုလုပ်၍ ကိစ္စအချို့ကို ကိုင်တွယ်ဖြေရှင်းပေးသည်ဖြစ်စေ၊ အသင်းတော်သည် ၎င်းတို့ကို လက်ခံနိုင်သော်လည်း၊ ငါသည် ညီအစ်ကိုမောင်နှမများကဲ့သို့ ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံမည်မဟုတ်ပေ။ ငါသည် ငါ၏အလုပ်နှင့် အလွန်အလုပ်များပြီး ထိုသို့သောကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် အချိန်မရှိပေ။ ဘုရားသခင်ကို နှစ်အချို့ကြာ ယုံကြည်ခဲ့ပြီးသော အချို့လူများသည် ဘုရားသခင်၏အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်နှင့် လူတို့ကို ဘုရားသခင်၏ကယ်တင်ခြင်းတို့နှင့်ပတ်သက်၍ အယူအဆအချို့ ရှိသင့်သည့်တိုင်၊ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝမရှိကြပေ။ ၎င်းတို့သည် ဘာသာတရားမရှိသူများနှင့် အတူတူပင်ဖြစ်ပြီး လုံးဝပြောင်းလဲခြင်းမရှိကြပေ။ ငါ့အားပြောလော့၊ ဤလူများသည် အဘယ်အရာများ ဖြစ်ကြသနည်း။ ၎င်းတို့သည် မွေးရာပါ နတ်ဆိုးများ၊ ဘုရားသခင်၏ ရန်သူများ ဖြစ်ကြသည်။ နတ်ဆိုးများနှင့် စာတန်များဖြစ်ကြသော ထိုသူတို့နှင့် ပေါင်းသင်းဆက်ဆံမှု နက်ရှိုင်းလာသည့်အခါ၊ အားလုံးသည် ဘေးဒုက္ခနှင့် ဘေးအန္တရာယ်များသာ ဖြစ်လာသည်။

သင်သည် မည်သည့်လူအုပ်စုတွင် ပါဝင်သည်ဖြစ်စေ၊ သင့်ကိုမကြိုက်မည့်သူတစ်ယောက် အမြဲရှိလိမ့်မည်ဖြစ်ပြီး ၎င်းတို့အား ဒေါသထွက်အောင်ဆွပေးခြင်း သို့မဟုတ် စိတ်မကျေနပ်အောင်လုပ်ခြင်းမရှိဘဲပင်၊ ၎င်းတို့သည် သင့်အကြောင်း မကောင်းပြောမည်၊ သင့်ကို ဝေဖန်မည်၊ သင့်ကို အသရေဖျက်ကြလိမ့်မည်ဟူသည်ကို သင်တို့၏နေ့စဉ်ဘဝများမှ သင်တို့အားလုံး တွေ့ကြုံခံစားကောင်းခံစားရနိုင်သည်။ သင်သည် မည်သည့်အရာဖြစ်ခဲ့သည်ကို မသိသော်လည်း၊ ၎င်းတို့က သင့်ကိုမကြိုက်ကြ၊ ၎င်းတို့သည် သင်နှင့်အဆင်မပြေကြဘဲ သင့်ကို အနိုင်ကျင့်လိုကြသည်။ ဤနေရာတွင် အခြေအနေမှာ အဘယ်နည်း။ သင်သည် ၎င်းတို့ကို စိတ်မကျေနပ်စေဖို့ လုပ်မိသည့်အရာကို သင်မသိသော်လည်း၊ အမည်မသိအကြောင်းပြချက်တစ်ခုခုကြောင့် သင်သည် ၎င်းတို့၏အနိုင်ကျင့်ခြင်းကို ခံရသည်။ ဤသို့သော ဆိုးယုတ်သောလူများ ရှိသလော။ (ရှိပါသည်။) ၎င်းတို့သည် သင်၏ရန်ဘက်များဖြစ်ကြပြီး၊ ထိုသို့သာ ရှင်းပြ၍ရနိုင်သည်။ သင်သည် ၎င်းတို့နှင့် မဆက်ဆံခင်ကပင်၊ ၎င်းတို့သည် သင့်ကို ချက်ချင်း မကြိုက်ဖြစ်သွားပြီး သင့်ကို မည်သို့အန္တရာယ်ပေးနိုင်မည်ကို စဉ်းစားကြသည်။ ၎င်းတို့သည် သင်၏ခါးသီးသော ရန်ဘက်များဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ခါးသီးသော ရန်ဘက်တစ်ဦးနှင့် ကောင်းမွန်စွာ အဆင်ပြေနိုင်သလော။ လမ်းကြောင်းတစ်ခုတည်းကို သင်တို့ လျှောက်လှမ်းနိုင်သလော။ သေချာပေါက် မလျှောက်လှမ်းနိုင်ပေ။ သို့ဖြစ်လျှင် သင်သည် ထိုသို့သောလူများနှင့် ထိပ်တိုက်တွေ့ပြီး ငြင်းခုံမည်လော။ (မဟုတ်ပါ၊ ကျွန်ုပ် သူတို့နှင့် ငြင်းခုံမည်မဟုတ်ပါ။) အဘယ်ကြောင့် မငြင်းခုံသနည်း။ အကြောင်းမှာ ၎င်းတို့သည် ကျိုးကြောင်းဆင်ခြင်မှု လုံးဝမရှိသောကြောင့် ဖြစ်သည်။ လူအချို့သည် အပြုသဘောဆောင်သောအရာများ၊ မှန်ကန်သောအရာများ၊ လူသားမျိုးနွယ်ကြားတွင် နှိုင်းယှဉ်လျှင် ကောင်းမွန်သောအရာများ၊ ဆိုလိုသည်မှာ လူတို့အတော်အတန် တောင့်တပြီး နှစ်သက်ကြသည့် အပြုသဘောဆောင်သောအရာများကို ပင်ကိုအားဖြင့် အလွန်အမင်း မနှစ်မြို့ဘဲ ပစ်ပစ်ခါခါငြင်းကြသည်။ ဤသို့သောလူများ ပိုင်ဆိုင်သည့် သိသာသော စိတ်သဘောထားတစ်ခုမှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။ ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်သောလူများ ဖြစ်ကြသည်။ ဥပမာအားဖြင့်၊ အမျိုးသားတစ်ဦးသည် ရည်းစားရှာဖွေပြီး “သူမ ရုပ်ဆိုးသည်ဖြစ်စေ၊ လှပသည်ဖြစ်စေ၊ အကျင့်သီလကောင်းမွန်ပြီး ကောင်းမြတ်ကာ ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်သရွေ့၊ ယင်းမှာ လုံလောက်ပေသည်။ အထူးသဖြင့် လူ့သဘာဝနှင့် ယုံကြည်ခြင်းရှိသော အမျိုးသမီးတစ်ဦးဆိုလျှင်၊ ငါသည် ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ရုပ်ဆိုးသည်ဖြစ်စေ၊ ချောမောသည်ဖြစ်စေ၊ သို့မဟုတ် နာမကျန်းဖြစ်လျှင်ဖြစ်စေ၊ သူမသည် ငါနှင့်အတူ သစ္စာရှိရှိနေလိမ့်မည်” ဟူ၍ဖြစ်သည်။ ရည်မွန်သောသူတို့သည် ပုံမှန်အားဖြင့် ဤအမြင်ကို စွဲကိုင်ထားကြသည်။ မည်သည့်လူစားမျိုးများက ဤအမြင်မျိုးကို မနှစ်သက်ကြသနည်း သို့မဟုတ် အတည်မပြုကြသနည်း။ (ကောက်ကျစ်ဆိုးယုတ်သောလူများဖြစ်သည်။) သို့ဖြစ်လျှင် ငါ့အားပြောလော့၊ ကောက်ကျစ်ဆိုးယုတ်သောလူများသည် မည်သည့်အမြင်ကို စွဲကိုင်ထားကြသနည်း။ ဤစကားများကို ကြားသည့်အခါ ၎င်းတို့သည် မည်သို့တုံ့ပြန်ကြသနည်း။ ၎င်းတို့က “လူအ။ ငါတို့ မည်သည့်ခေတ်တွင် ရှိကြသနည်း။ ပြီးလျှင် သင်သည် ထိုသို့သောသူတစ်ဦးကို ရှာနေသည်လော။ သင့်အနေဖြင့် ချမ်းသာပြီး လှပသည့် မိန်းမတစ်ယောက်ကို ရှာသင့်သည်”ဟုပြောလျက် သင့်ကို လှောင်ကြသည်။ သာမန်အမျိုးသားများသည် ရည်မွန်ပြီး အကျင့်သီလရှိသော အမျိုးသမီးများနှင့် လက်ထပ်ကြပြီး၊ စည်းလုံးပျော်ရွှင်သော မိသားစုနှင့်အတူ သင့်တင့်မျှတသော ဘဝကို အတူတကွ နေထိုင်အသက်ရှင်ကြသည်။ ၎င်းတို့သည် ဘဝ၌ မိမိတို့ကိုယ်ကို သန့်ရှင်းစင်ကြယ်စွာ ကျင့်ကြံပြုမူကြသည်။ ကောက်ကျစ်ဆိုးယုတ်သောလူများသည် ဤသို့တွေးကြသလော။ (မတွေးကြပါ။) ၎င်းတို့က၊ “အခု ဤကမ္ဘာလောကတွင်၊ ယောက်ျားတစ်ယောက်က ရည်းစား ဆယ်ယောက်ခန့်နှင့် ဇနီးမယားများစွာ မရှိခဲ့လျှင် ယောက်ျားဟု ခေါ်၍ရနိုင်သေးသလော။ သူ့တွင်မရှိလျှင်၊ ယင်းမှာ အချည်းနှီးဖြစ်သောဘဝတစ်ခု ဖြစ်သည်” ဟု ပြောကြသည်။ ၎င်းတို့အားလုံးက ဤအမြင်ကိုစွဲကိုင်ထားကြသည်။ သင်က ၎င်းတို့အား “ရည်မွန်သည့်၊ အကျင့်သီလရှိပြီး စိတ်ကောင်းရှိသည့် အမျိုးသမီး၊ အထူးသဖြင့် လူ့သဘာဝနှင့် ယုံကြည်ခြင်းရှိသည့် အမျိုးသမီးတစ်ယောက်ကို ရှာလော့” ဟု ပြောလျှင်၊ ထိုအရာသည် ၎င်းတို့အတွက် လက်ခံနိုင်ဖွယ်ဖြစ်သလော။ (လက်ခံနိုင်ဖွယ် မဟုတ်ပါ။) ၎င်းတို့က သင့်ကို ပြက်ရယ်ပြုကာ၊ “သင် စဉ်းစားဉာဏ်ကင်းမဲ့ပေသည်။ ယခုတွင် လောက၌ မည်သူကမျှ အခြားသူတို့၏ အရေးကိစ္စကို အရေးမစိုက်ကြပါ။ လူတိုင်းက လွတ်လပ်ပေါ့ပါးစွာ နေထိုင်ကြသည်။ အထူးသဖြင့် တရုတ်ပြည်ကို သင် စွန့်ခွာပြီး အနောက်တိုင်းသို့သွားလျှင် သင့်ကို အနီးကပ်နောက်ယောင်ခံလိုက်မည့်သူ မည်သူမျှမရှိဘဲ ပို၍ပင် လွတ်လပ်ပေသည်။ သင်သည် အဘယ်ကြောင့် သင့်ကိုယ်သင် အခက်တွေ့အောင်လုပ်ရသနည်း။ သင် အလွန် မိုက်မဲပေသည်” ဟု ပြောကြသည်။ ဤသည်မှာ ၎င်းတို့ စွဲကိုင်သော အမြင်ဖြစ်သည်။ သို့ဖြစ်လျှင်၊ သင်က ၎င်းတို့အား အပြုသဘောဆောင်သောအရာများ၊ သမ္မာတရား၊ တရားမျှတမှုတို့နှင့်ဆိုင်သော လူသား၏ အံ့သြဖွယ်အကောင်းဆုံး အပြုသဘောဆောင်သည့်အရာများအကြောင်း ပြောသည့်အခါ ၎င်းတို့သည် မည်သို့ခံစားရသနည်း။ သူတို့က စက်ဆုပ်ရွံရှာမှုကို ခံစားရပြီး ၎င်းတို့၏စိတ်နှလုံးထဲ၌ သင့်ကို ကျိန်ဆဲကြသည်။ သင်သည် ဤသို့သောလူစားမျိုးဖြစ်ကြောင်း ၎င်းတို့သိသွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏စိတ်နှလုံးများသည် သင့်အပေါ် သတိထားလာကြပြီး၊ သင့်ကို ရှောင်ကြဉ်ကြလိမ့်မည်။ လူအမျိုးအစားချင်းမတူသူများသည် လမ်းကြောင်းတစ်ခုတည်းကို မလိုက်လျှောက်ကြပေ။ သင်သည် ၎င်းတို့ကဲ့သို့သောလူများအပေါ် စက်ဆုပ်ရွံရှာကြောင်း ၎င်းတို့သိကြပြီး၊ ၎င်းတို့သည်လည်း သင့်ကဲ့သို့သောလူများကို မိမိတို့၏စိတ်နှလုံးထဲ၌ အထင်သေးကြသည်။ ၎င်းတို့က မိမိတို့ကိုယ်ကို မည်မျှအလှဆင်ကြသည်၊ အခြားသူများနှင့် မည်သို့ နောက်ပြောင်ကျီစယ်ကြသည်ကို သင့်အား မပြောလိုကြပေ။ သင်က သူတို့နှင့်အတူ သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး မှန်ကန်သောလမ်းကြောင်းအား လိုက်လျှောက်စေမည်ကို ၎င်းတို့ကြောက်ကြပြီး၊ လုံးဝ ပစ်ပစ်ခါခါငြင်းကြသည်။ တစ်နည်းအားဖြင့်၊ ၎င်းတို့၏အတွင်းကျကျ စိတ်နှလုံးများ၌၊ အပြုသဘောဆောင်သော အရာအားလုံးကို ၎င်းတို့ အထင်သေးကြသည်။ ထို့ကြောင့် သင်တို့သည် ဧဝံဂေလိတရားကို ဟောပြောသည့်အခါ ထိုသို့သောလူများနှင့် ကြုံတွေ့ရပါက၊ သင်သည် သူတို့ထံ ထိုဧဝံဂေလိကို ဟော၍မရပေ။ သင်တို့ဟောပြောပြီး ၎င်းတို့ယုံကြည်လာလျှင်ပင်၊ ၎င်းတို့သည် အန္တိခရစ်များဖြစ်နေကြဆဲဖြစ်ပြီး ကယ်တင်ခြင်းမခံရနိုင်ပေ။ အဘယ်ကြောင့် သင်တို့သည် ဤနေရာတွင်ထိုင်ပြီး ငါ၏တရားဒေသနာကို နားထောင်နိုင်ကြသနည်း။ သင်တို့၌ သမ္မာတရားကို ချစ်မြတ်နိုးသော စိတ်နှလုံးအနည်းငယ် ရှိသောကြောင့်ဖြစ်သည် မဟုတ်လော။ ငါသည် သင်တို့အား စကားပြောနေစဉ် သင်၌ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုရှိနေသမျှကာလပတ်လုံး၊ သင်၏စိတ်နှလုံးထဲ၌ တို့ထိခံရပြီး ခွန်အားရလိမ့်မည်ဖြစ်သည်။ သင်သည် တရားမျှတမှု၊ သမ္မာတရားနှင့် ကယ်တင်ခြင်းတို့ကို လိုက်စားရာတွင် မိမိကိုယ်ကို ဆက်ကပ်ခြင်း၊ ဆင်းရဲဒုက္ခခံခြင်းနှင့် မိမိကိုယ်ကို အသုံးခံခြင်းတို့ကို ပြုလုပ်လိုစိတ် ရှိလိမ့်မည်။ တရားမျှတမှုအတွက်၊ သမ္မာတရားအတွက်နှင့် ဘုရားသခင်အတွက် တစ်စုံတစ်ဦးက မိမိကိုယ်ကို အသုံးခံခြင်းအကြောင်း ပြောဆိုသည်ကို ထိုကောက်ကျစ်ဆိုးယုတ်သောသူတို့က ကြားသည့်အခိုက်တွင်၊ ဤစကားများသည် အနှစ်မဲ့သည်၊ ဆောင်ပုဒ်များသာဖြစ်သည်၊ နားလည်၍မရနိုင်ဟု ၎င်းတို့ ခံစားရပြီး၊ ထိုသို့သောလူများကို ခွဲခြားဆက်ဆံကြသည်။ ထို့ကြောင့် သင်တို့သည် ဤကောက်ကျစ်ဆိုးယုတ်သောလူများနှင့် အမှတ်မထင်ဆုံရသည့်အခါ၊ ၎င်းတို့နှင့် မည်သည့်အရာကိုမျှ မိတ်သဟာယမဖွဲ့ပါနှင့်၊ သင်တို့သည် ထိုသူတို့နှင့် လူစားချင်းမတူသောကြောင့် ခပ်ကင်းကင်းနေလော့။ ငါသည် ထိုသို့သောလူများနှင့် အမှတ်မထင်ဆုံရပြီး ငါ့အပေါ် ဤသို့သောသဘောထား ၎င်းတို့ရှိပြီး ဤသို့သောလေသံဖြင့် စကားပြောဆိုသည်ကို မြင်သည့်အခါ၊ ငါသည် ၎င်းတို့ကို ပြုပြင်ပြီး ဩဝါဒပေးသင့်သလော။ (မပေးသင့်ပါ၊ ယင်းမှာ မလိုအပ်ပါ။) မလိုအပ်ပေ။ ၎င်းတို့ကို သတိပြုရန် မလိုအပ်၊ ၎င်းတို့ကို တုံ့ပြန်ရန် မလိုအပ်ပေ။ သင်သည် ၎င်းတို့အား တုံ့ပြန်ခြင်းဖြင့် ၎င်းတို့ကို ပြောင်းလဲနိုင်သလော။ သင်သည် ၎င်းတို့ကို မပြောင်းလဲစေနိုင်ပေ။ ၎င်းတို့ကို ဘေးသာဖယ်ပြီး ထိုအတိုင်းထားလိုက်လော့။ ဤသို့သောလူများသည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ ကြာရှည်ခံမည်မဟုတ်ပေ။ တစ်အနေဖြင့်၊ ၎င်းတို့သည် သမ္မာတရားကို မချစ်မြတ်နိုးကြ၊ နှစ်အနေဖြင့်၊ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများကို ပစ်ပစ်ခါခါငြင်းကြသည်။ သုံးအနေဖြင့်၊ ၎င်းတို့က ဘုရားသခင်ကို ခွဲခြားဆက်ဆံကြသည်။ ၎င်းတို့သည် ဘုရားသခင်၏စိတ်သဘောထားနှင့် ဘုရားသခင်နှင့်ပတ်သက်သည့် ချစ်ခင်နှစ်လိုဖွယ်အရာအားလုံးကို အနိမ့်ဆုံးအဆင့်၌ ထားရှိပြီး အထင်အမြင်အသေးဆုံးဖြစ်သည်။ ဤအရာများက ၎င်းတို့အနေဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်း လုံးဝ ခံရလိမ့်မည်မဟုတ်သည်ကို ဆုံးဖြတ်ပေးသည်။ ဤသို့သောလူများသည် မည်သည့်နေရာတွင်ပင်ရှိစေကာမူ၊ မာယာကင်းသည်ဖြစ်စေ၊ ကောက်ကျစ်စဉ်းလဲတတ်သည်ဖြစ်စေ၊ ၎င်းတို့၌ ဤသရုပ်သကန်များရှိခြင်းက ၎င်းတို့၏စိတ်သဘောထားများတွင် ကောက်ကျစ်ဆိုးယုတ်မှုတစ်ခုခု သေချာပေါက်ရှိကြောင်းကို ဆုံးဖြတ်ပေးသည်။

အန္တိခရစ်တစ်ဦး ဩဇာလွှမ်းမိုးသည့်နေရာတိုင်းတွင်၊ အသင်းတော်အသက်တာနှင့် ဘုရားသခင်၏ ရွေးချယ်ထားသောလူများက မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းကြောင့် စွမ်းဆောင်ရရှိသည့် အကျိုးတရားများမှာ ကောင်းမွန်လိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားအိမ်တော်၏အလုပ်သည်လည်း အဟန့်အတားဖြစ်လိမ့်မည်။ ထို့ကြောင့် အန္တိခရစ်များကို ရှင်းလင်းဖယ်ရှားပြီး နှင်ထုတ်ခြင်းမပြုပါက၊ အသင်းတော်အလုပ်သည် ကြီးမားသောဆုံးရှုံးမှုများ ခံစားရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ရွေးချယ်ထားသောလူများစွာတို့သည်လည်း ထိခိုက်နစ်နာကြလိမ့်မည်။ ခေါင်းဆောင်အတုအယောင်များသည် အဓိကအားဖြင့် စစ်မှန်သော အလုပ်ကို မလုပ်ဆောင်နိုင်ကြသကဲ့သို့၊ အထွေထွေကိစ္စအချို့ကို ကိုင်တွယ်သည့်အခါတွင်၊ ၎င်းတို့သည် တိုးတက်မှုနှေးကွေးကာ အကျိုးသက်ရောက်မှုမရှိကြပေ။ ထို့အပြင်၊ ၎င်းတို့သည် သမ္မာတရား လိုက်စားသော အစွမ်းအစကောင်းရှိသည့် လူကောင်းများအား မည်သို့ပျိုးထောင်အသုံးပြုရမည်ကို မသိကြပေ။ အန္တိခရစ်များဆိုလျှင် အဘယ်သို့နည်း။ အန္တိခရစ်တစ်ဦး ဩဇာလွှမ်းမိုးသည့်အခါ၊ သူသည် မိမိ၏ ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့အတွက်သာ အမှုအရာများကို လုပ်ဆောင်သည်၊ သူသည် စစ်မှန်သည့် မည်သည့်အလုပ်ကိုမျှ လုံးဝမလုပ်ဆောင်သကဲ့သို့၊ အသင်းတော်အလုပ်ကို တိုက်ရိုက် နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သည်။ အန္တိခရစ်တို့သည် အထူးသဖြင့် ဖျက်ဆီးခြင်း၌ ပါဝင်လုပ်ဆောင်ကြပြီး စာတန်နှင့် လုံးဝ မခြားနားကြပေ။ အကယ်၍ အန္တိခရစ်တစ်ဦးသည် သမ္မာတရားကို ချစ်မြတ်နိုးပြီး လိုက်စားသော လူအချို့ကို မြင်တွေ့ပါက၊ စိတ်မသက်မသာ ခံစားကြရသည်။ ဤစိတ်မသက်မသာဖြစ်မှုသည် အဘယ်မှလာသနည်း။ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားမှ လာသည်၊ ဆိုလိုသည်မှာ၊ ၎င်းတို့၏သဘာဝအတွင်း၌ တရားမျှတမှုကိုမုန်းတီးသော၊ အပြုသဘောဆောင်သောအရာများကို မုန်းတီးသော၊ သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်ကိုဆန့်ကျင်သော ကောက်ကျစ်ဆိုးယုတ်သည့် စိတ်သဘောထားတစ်ခု ရှိနေသည်။ ထို့ကြောင့်၊ တစ်စုံတစ်ယောက်က သမ္မာတရား လိုက်စားနေသည်ကို မြင်သည့်အခါ၊ ၎င်းတို့က “သင်သည် ပညာသိပ်မတတ်သကဲ့သို့ ရုပ်ရည်ကလည်း သိပ်ကြည့်လို့မကောင်းပါ။ သို့သော် သမ္မာတရားကို သင် တကယ် လိုက်စားနေဆဲဖြစ်သည်” ဟု ဆိုကြသည်။ ဤအရာက မည်သည့် သဘောထားကို ပြသသနည်း။ ဤသည်မှာ မထီမဲ့မြင်ပြုခြင်း ဖြစ်သည်။ ဥပမာအနေဖြင့်၊ အချို့ညီအစ်ကိုမောင်နှမများတွင် ဆုကျေးဇူးတစ်ခုခု သို့မဟုတ် အထူးကျွမ်းကျင်မှုတစ်ခုခုရှိပြီး ဆက်စပ်မှုရှိသည့်တာဝန်တစ်ခုကို ထမ်းဆောင်လိုကြသည်။ အမှန်တွင်၊ ၎င်းတို့၏အခြေအနေအမျိုးမျိုးအရ ဤသည်မှာ သင့်လျော်သော်လည်း၊ အန္တိခရစ်တို့သည် ထိုသို့သော ညီအစ်ကိုမောင်နှမများကို မည်သို့ဆက်ဆံကြသနည်း။ ၎င်းတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့က၊ “အကယ်၍ ဤတာဝန်ကို သင် ထမ်းဆောင်ချင်လျှင်၊ ဦးစွာပထမ ကျွန်ုပ်ကို လာပြီးကပ်ဖားရပ်ဖားလုပ်ကာ ကျွန်ုပ်၏ အဖွဲ့ဝင် ဖြစ်ရမည်။ ထို့နောက်တွင်မှ သင့်ကို ကျွန်ုပ် ဤတာဝန်ထမ်းဆောင်ခွင့်ပေးမည်ဖြစ်သည်။ မဟုတ်လျှင်၊ ဆက်သာအိပ်မက်မက်နေပါ” ဟူ၍ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ ပြုမူဆောင်ရွက်ကြပုံ မဟုတ်လော။ ဘုရားသခင်ကို ရိုးသားစွာယုံကြည်သည့်သူများ၊ တရားမျှတစိတ်နှင့် လူ့သဘာဝအချို့ရှိသူများနှင့် သမ္မာတရားကို လိုက်စားရန် အားထုတ်မှုအချို့ပြုလုပ်သူများကို အန္တိခရစ်တို့က အဘယ်ကြောင့် အလွန်စက်ဆုပ်ရွံရှာကြသနည်း။ အဘယ်ကြောင့် ၎င်းတို့သည်ထိုသို့သောလူများနှင့် အစဉ်သဘောထားကွဲလွဲနေကြသနည်း။ သမ္မာတရားကိုလိုက်စားပြီး ကောင်းမွန်စွာပြုမူသူများ၊ မည်သည့်အခါမျှ အပျက်သဘောမဆောင်ဘဲ နှစ်လိုဖွယ်ရှိသော ရည်ရွယ်ချက်များရှိသူများကို မြင်သည့်အခါ၊ ၎င်းတို့ စိတ်မသက်မသာ ခံစားကြရသည်။ အန္တိခရစ်တို့သည် သမာသမတ်ကျစွာ ပြုမူသူများ၊ မိမိတို့၏တာဝန်ကို စည်းမျဉ်းများအတိုင်း ထမ်းဆောင်နိုင်သူများ၊ သမ္မာတရားကိုနားလည်သည်နှင့်တစ်ပြိုင်နက် လက်တွေ့လုပ်ဆောင်နိုင်သူများကို မြင်သည့်အခါ၊ အမှန်တကယ် ဒေါသထွက်ကြသည်၊ ထိုလူများကို ညှဉ်းပန်းနှိပ်စက်ရမည့် နည်းလမ်းရှာရန် ဦးနှောက်ခြောက်အောင်စဉ်းစားကြပြီး၊ ထိုသူတို့အတွက် အခက်အခဲဖြစ်အောင် အမှုအရာများကို ဖန်တီးဖို့ ကြိုးစားကြသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် အန္တိခရစ်တစ်ဦး၏ သဘာဝအနှစ်သာရကို ရိပ်စားမိလျှင်၊ အန္တိခရစ်၏ အန္တရာယ်ပေးတတ်မှုနှင့် ကောက်ကျစ်ဆိုးယုတ်မှုတို့ကို ရိပ်စားမိပြီး ၎င်းကို ဖော်ထုတ်တိုင်ကြားလိုလျှင်၊ အန္တိခရစ်သည် အဘယ်အရာလုပ်ဆောင်လိမ့်မည်နည်း။ အန္တိခရစ်သည် မိမိမျက်စိထဲက ဆူးချွန်နှင့် အသားထဲက ဆူးဖြစ်သော ဤသူကို ဖယ်ရှားရန် တတ်နိုင်သမျှနည်းလမ်းတိုင်းကို စဉ်းစားလိမ့်မည်ဖြစ်ပြီး၊ ညီအစ်ကိုမောင်နှမများအား ဤသူကို ငြင်းပယ်ရန် လှုံ့ဆော်လိမ့်မည်။ သာမန်ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မတစ်ဦးသည် အသင်းတော်၌ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းမရှိပေ။ ၎င်း၌ ဤအန္တိခရစ်အပေါ် ပိုင်းခြားသိမြင်မှုအချို့သာရှိပြီး ဤအန္တိခရစ်အတွက် မည်သည့်ခြိမ်းခြောက်မှုမျှ မဖြစ်စေပေ။ သို့ဖြစ်လျှင် အဘယ်ကြောင့် အန္တိခရစ်သည် ထိုသူကို အစဉ်မနှစ်မသက်ဖြစ်နေပြီး ဤသူအား မိမိမျက်စိထဲက ဆူးချွန်၊ အသားထဲက ဆူးကဲ့သို့ ဆက်ဆံသနည်း။ ဤသူသည် အန္တိခရစ်အတွက် မည်သို့ အတားအဆီးဖြစ်နေသနည်း။ အဘယ်ကြောင့် အန္တိခရစ်သည် ထိုသို့သောလူများကို လက်မခံနိုင်သနည်း။ အကြောင်းမှာ အန္တိခရစ်အတွင်း၌ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ရှိသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် လူတို့ သမ္မာတရားကို လိုက်စားခြင်း သို့မဟုတ် မှန်သောလမ်းကြောင်းကို လိုက်လျှောက်ခြင်းအား သည်းမခံနိုင်ကြပေ။ ၎င်းတို့သည် မှန်ကန်သောလမ်းကြောင်းကို လိုက်လျှောက်လိုသူမည်သူ့ကိုမဆို ဆန့်ကျင်ဘက်ပြုကြပြီး သင့်ကို တမင်အခက်တွေ့အောင်လုပ်ကြကာ သင့်ကို ဖယ်ရှားရမည့် နည်းလမ်းရှာရန် ဦးနှောက်ခြောက်အောင်စဉ်းစားကြလိမ့်မည်၊ သို့မဟုတ် သင် အပျက်သဘောဆောင်ပြီး အားနည်းသွားစေရန် သင့်ကို ဖိနှိပ်ကြလိမ့်မည်၊ သို့မဟုတ် အခြားသူများ သင့်ကို ငြင်းပယ်ကြစေရန် သင့်အပေါ် နိုင်ကွက်ကိုရှာပြီး နေရာအနှံ့ဖြန့်ကြလိမ့်မည်၊ ထို့နောက်တွင် ၎င်းတို့ပျော်ရွှင်ကြသည်။ အကယ်၍ သင်သည် ၎င်းတို့စကားကို နားမထောင်လျှင် သို့မဟုတ်သူတို့ပြောသည့်အရာကို မလိုက်နာဘဲ၊ သမ္မာတရားကို ဆက်လက်လိုက်စားလျှင်၊ မှန်ကန်သောလမ်းကြောင်းကို လိုက်လျှောက်ပြီး၊ လူကောင်းတစ်ဦးဖြစ်နေလျှင်၊ ၎င်းတို့သည် မိမိတို့စိတ်နှလုံးထဲ၌ မသက်မသာခံစားရပြီး၊ သင် တာဝန်ထမ်းဆောင်နေသည်ကို မြင်ရသည့်အခါ စိတ်ပျက်ကာ အနေခက်ကြသည်။ ဤသည်မှာ အဘယ်အရာဖြစ်သနည်း။ သင်သည် ၎င်းတို့ကို စိတ်မကျေနပ်အောင် လုပ်လေပြီလော။ မလုပ်ခဲ့ပေ။ သင်က ၎င်းတို့အပေါ် မည်သည့်အရာမျှ မလုပ်ခဲ့ချိန် သို့မဟုတ် ၎င်းတို့၏အကျိုးစီးပွားကိုလည်း မည်သို့မျှ မထိခိုက်ခဲ့ချိန်တွင်၊ ၎င်းတို့သည် အဘယ်ကြောင့် သင့်ကို ထိုသို့ဆက်ဆံနိုင်ရသနည်း။ ဤအရာက ဤသို့သောအရာမျိုးဖြစ်သည့် အန္တိခရစ်တို့၏သဘာဝမှာ ကောက်ကျစ်ဆိုးယုတ်ကြောင်းနှင့် ၎င်းတို့သည် တရားမျှတမှု၊ အပြုသဘောဆောင်သောအရာများနှင့် သမ္မာတရားတို့ကို ပင်ကိုအားဖြင့် ဆန့်ကျင်ဘက်ပြုကြောင်းကိုသာ ပြသပေသည်။ အကယ်၍ သင်က ၎င်းတို့အား အတိအကျ မည်သည့်အရာဖြစ်နေသည်ကို မေးလျှင်၊ ၎င်းတို့ သိပင်မသိကြပေ။ ၎င်းတို့သည် သင့်ကို တမင်အခက်တွေ့အောင်လုပ်ခြင်းသာ ဖြစ်သည်။ အကယ်၍ သင်က တစ်နည်းတစ်ဖုံလုပ်ဆောင်ရန် ပြောလျှင်၊ ၎င်းတို့က အခြားနည်းဖြင့် လုပ်ဆောင်ရမည်သာဖြစ်သည်။ အကယ်၍ သင်က တစ်စုံတစ်ယောက်သောသူသည် သိပ်မတော်ပါဟု ပြောလျှင်၊ ၎င်းတို့က ထိုသူ အလွန်တော်သည်ဟု ပြောကြသည်။ အကယ်၍ သင်က ဤသည်မှာ ဧဝံဂေလိတရားဟောပြောရန် အလွန်ကောင်းသည့် နည်းလမ်းတစ်ခုဖြစ်သည်ဟု ပြောလျှင်၊ ၎င်းတို့က မကောင်းဟု ပြောကြသည်။ အကယ်၍ သင်က ဘုရားသခင်ကို တစ်နှစ် သို့မဟုတ် နှစ်နှစ်သာ ယုံကြည်သေးသော ညီအစ်မတစ်ဦး အပျက်သဘောဆောင်ပြီး အားနည်းနေသဖြင့် အားပေးသင့်သည်ဟု ပြောလျှင်၊ ၎င်းတို့က “မလိုအပ်ပါ၊ သူက သင့်ထက် ပိုသန်မာသည်” ဟု ပြောကြသည်။ တိုတိုပြောရလျှင်၊ ၎င်းတို့သည် သင်နှင့် အစဉ်သဘောကွဲလွဲပြီး သင့်ကို တမင်ဆန့်ကျင်ဘက်ပြုကြသည်။ သင်နှင့် သဘောကွဲလွဲခြင်းအတွက် ၎င်းတို့၏စည်းမျဉ်းကား အဘယ်နည်း။ သင်မှန်သည်ဟုဆိုသောအရာမှန်သမျှကို ၎င်းတို့က မှားသည်ဟုဆိုပြီး၊ သင်မှားသည်ဟုဆိုသောအရာမှန်သမျှကို ၎င်းတို့က မှန်သည်ဟုဆိုခြင်း ဖြစ်သည်။ ၎င်းတို့၏လုပ်ဆောင်ချက်များတွင် သမ္မာတရားစည်းမျဉ်း တစ်ခုတလေ ရှိသလော။ ဘာဆိုဘာမျှမရှိပေ။ ၎င်းတို့သည် သင့်ကိုယ်သင် အရူးလုပ်စေလိုကြသည်၊ သင့်ကို အရှက်ရစေလိုကြသည်၊ သင့်ကို ပြိုလဲစေလိုကြသည်၊ သင်ခေါင်းမဖော်နိုင်ရန်၊ သမ္မာတရားကို မလိုက်စားတော့ရန်၊ သင်အားနည်းသွားပြီး၊ မယုံကြည်တော့ရန်အလို့ငှာ သင့်ကို ချိုးနှိမ်လိုကြပြီး ထို့နောက်တွင် ၎င်းတို့၏ရည်မှန်းချက် အထမြောက်ကာ ၎င်းတို့စိတ်နှလုံးထဲ၌ ဝမ်းမြောက်ကြသည်။ ဤနေရာတွင် အဘယ်အရာဖြစ်ပျက်နေသနည်း။ ဤသည်မှာ အန္တိခရစ်ဖြစ်ကြသော လူစားမျိုးတို့၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရ ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများက ဘုရားသခင်ကို ချီးမွမ်းပြီး ဘုရားသခင်အတွက် သက်သေခံနေကြကာ မိမိတို့ကို အာရုံစိုက်ခြင်း မရှိကြသည်ကို မြင်လျှင်၊ ၎င်းတို့ ဝမ်းသာကြသလော။ ဝမ်းမသာကြပေ။ ၎င်းတို့မည်သို့ခံစားရသနည်း။ မနာလိုဖြစ်ကြသည်။ သာမန်အားဖြင့်၊ လူတို့သည် တစ်စုံတစ်ယောက်က အခြားတစ်ယောက်အား ချီးမွမ်းသည်ကို ကြားသည့်အခါ၊ ၎င်းတို့၏ပုံမှန်တုံ့ပြန်မှုမှာ “ကျွန်ုပ်လည်း အတော်လေး တော်ပါသည်။ အဘယ်ကြောင့် ကျွန်ုပ်ကိုလည်း မချီးမွမ်းကြသနည်း” ဟူ၍ဖြစ်သည်။ ၎င်းတို့၌ ဤသေးနုတ်သော စိတ်ကူးရှိကြသော်လည်း၊ တစ်စုံတစ်ယောက်က ဘုရားသခင်အတွက် သက်သေခံနေသည်ကို ကြားသည့်အခါ၊ ၎င်းတို့က “သူတို့တွင် ထိုသို့သောအတွေ့အကြုံရှိပြီး ထိုသို့သော သက်သေခံချက်ကို သက်သေခံနိုင်သည်၊ လူတိုင်းက သူတို့ကို အသိအမှတ်ပြုကြသည်။ သူတို့တွင် ဤသိနားလည်မှုရှိကြသည်။ ကျွန်ုပ်တွင် အဘယ်ကြောင့် ဤသိနားလည်မှုမရှိရသနည်း” ဟု တွေးကြသည်။ ၎င်းတို့သည် ဤလူကို မနာလိုဖြစ်ကာ အားကျလေးစားကြသည်။ အန္တိခရစ်တို့၌ ထူးခြားသောလက္ခဏာတစ်ခုခုရှိသည်၊ တစ်စုံတစ်ယောက်က၊ “ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ခြင်းဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်၏ဆုံးမပဲ့ပြင်ခြင်းဖြစ်သည်၊ ဤအရာများသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ ဘုရားသခင်၏အစီအစဉ်များဖြစ်ပြီး၊ ကျိုးနွံနာခံရန် ကျွန်ုပ် လိုလားနေပါသည်” ဟု ပြောလျက် ဘုရားသခင်အတွက် သက်သေခံနေသည်ကိုကြားသည့်အခါ၊ အန္တိခရစ်တို့သည် စိတ်မချမ်းမြေ့ဖြစ်ပြီး၊ “အရာအားလုံးက ဘုရား၏ လုပ်ဆောင်ခြင်းဖြစ်သည်ဟု သင်ကပြောသည်။ ဘုရားက အရာခပ်သိမ်းအား မည်သို့အုပ်စိုးသည်ကို သင်မြင်ဖူးသလော။ ဘုရားက အမှုအရာတစ်ခုတလေအား မည်သို့ စီစဉ်သည်ကို သင်ခံစားဖူးသလော။ ကျွန်ုပ်သည် ထိုအရာနှင့်သက်ဆိုင်၍ မည်သည့်အရာကိုမျှ မသိရသည်မှာ အဘယ်သို့ဖြစ်သနည်း”ဟု တွေးကြလေသည်။ သွင်ပြင်လက္ခဏာတစ်ခုမှာ ၎င်းတို့သည် ယောဘအပေါ် ဘုရားသခင်အသိအမှတ်ပြုခြင်းကို စာတန်ဆက်ဆံခဲ့သည့်ပုံစံတွင် စာတန်နှင့် အတူတူပင် ဖြစ်ကြသည်။ ဘုရားသခင်က လူတစ်ဦးကို ရရှိသည့်အခါ စာတန်၌ရှိသော အလားတူ စိတ်နေစိတ်ထားမျိုး အန္တိခရစ်တို့၌လည်း ရှိကြသည်။ ၎င်းတို့တွင် စာတန်၏ စိတ်သဘောထား ရှိသည်။ နောက်ထပ်သွင်ပြင်လက္ခဏာတစ်ခုမှာ၊ အကယ်၍ တစ်စုံတစ်ယောက်သည် သမ္မာတရားကိုနားလည်ပြီး အန္တိခရစ်များအပေါ် ပိုင်းခြားသိမြင်မှုရှိပြီး အန္တိခရစ်များနောက်မလိုက်ဘဲ ထိုအစား ၎င်းတို့ကို ငြင်းပယ်လျှင်၊ အန္တိခရစ်တို့၌ ထိန်းမနိုင်သိမ်းမရဖြစ်သော စိတ်နေစိတ်ထားတစ်ခုရှိကြပြီး၊ “ဤလူကို ငါ လုံးဝမရနိုင်ပါ၊ ထို့ကြောင့် သူ့ကို ငါ အမြစ်ဖြတ်ချေမှုန်းမည်” ဟု တွေးကြသည်။ ထို့ကြောင့်၊ ယောဘက စမ်းသပ်မှုများနှင့် ကြုံခဲ့ရချိန်တွင်၊ ဘုရားသခင်သည် စာတန်ထံ၊ “သူသည် သင့်လက်ထဲ၌ ရှိ၏၊ သို့ရာတွင် သူ၏ အသက်ကို ချန်ထားလော့”ဟု ပြောခဲ့သည်။ ဘုရားသခင်သာ ဤသို့မပြောခဲ့ပါက၊ စာတန်သည် သနားညှာတာမှု ပြမည်လော။ (ပြမည်မဟုတ်ပါ။) ဤသည်မှာ သေချာသည်။ ၎င်းသည် လုံးဝ သနားညှာတာမှု ပြမည်မဟုတ်ပေ။

သမ္မာတရားကို လိုက်စားပြီး ချစ်မြတ်နိုးသော ညီအစ်ကိုမောင်နှမများအပေါ်၊ ယုံကြည်ခြင်းအချို့ရှိပြီး မိမိတို့၏တာဝန်ကို သစ္စာစောင့်သိမှုအချို့ဖြင့် ထမ်းဆောင်သောသူများအပေါ် အန္တိခရစ်တို့သည် မည်သို့သောသဘောထား ရှိကြသနည်း။ ဘုရားသခင်အတွက် သက်သေခံရန် အသက်တာဆိုင်ရာအတွေ့အကြုံများအကြောင်း ပြောဆိုပြီး ညီအစ်ကိုမောင်နှမများနှင့်အတူ သမ္မာတရားကို မကြာခဏ မိတ်သဟာယဖွဲ့သော အချို့လူတို့အပေါ် ၎င်းတို့သည် မည်သည့်သဘောထား ရှိကြသနည်း။ (သူတို့က မနာလိုခြင်းနှင့် မုန်းတီးခြင်းကို ခံစားရသည်။) ၎င်းတို့၏သဘောထားသည် အဘယ်အရာပေါ်တွင် မူတည်သနည်း။ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားပေါ်တွင် မူတည်သည်။ ထို့ကြောင့်၊ ၎င်းတို့က တစ်စုံတစ်ယောက်ကို မတွေးတတ်အောင် ဖိနှိပ်နေခြင်း၊ တစ်စုံတစ်ယောက်ကို မုန်းတီးနေခြင်းနှင့် အချို့လူများကို ဆင်းရဲဒုက္ခခံစားစေခြင်းတို့အား သင် မကြာခဏ မြင်တွေ့သည့်အခါ၊ အန္တိခရစ်တစ်ဦး၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကို မည်သူမျှ မပြောင်းလဲစေနိုင်ကြောင်းကိုလည်းကောင်း၊ ထိုစိတ်သဘောထားသည် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး မွေးရာပါဖြစ်ကြောင်းကိုလည်းကောင်း သင်သိရှိရပေသည်။ ဤအချက်မှနေ၍၊ အန္တိခရစ်ဖြစ်ကြသော ဤလူများသည် ကယ်တင်ခြင်းကို မည်သို့မျှ ရရှိနိုင်မည်မဟုတ်ကြောင်း မြင်တွေ့နိုင်ပေသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို ဘုရားသခင်အတွက် သက်သေခံခွင့်မပြုကြပေ၊ သို့ဆိုလျှင် ၎င်းတို့ကိုယ်တိုင် ဘုရားသခင်အတွက် သက်သေခံနိုင်ကြသလော။ (သက်သေမခံနိုင်ကြပါ။) အခြားသူများက ဘုရားသခင်အတွက် သက်သေခံသည့်အခါ ၎င်းတို့သည် အလွန်မုန်းတီးသဖြင့် အံကြိတ်ကြသည်။ သို့ဖြစ်၍ ငါ့အားပြောလော့၊ ၎င်းတို့သည် ဘုရားသခင်အတွက် သက်သေခံနိုင်ကြသလော။ ၎င်းတို့သည် ဘုရားသခင်အတွက် လုံးဝ သက်သေခံနိုင်စွမ်းမရှိကြပေ။ အချို့လူများက “ယင်းမှာ မမှန်ပါ၊ အချို့သော အန္တိခရစ်များသည် ဘုရားသခင်အတွက် အလွန်ကောင်းသော သက်သေခံချက်ပေးကြပြီး ထိုသက်သေခံချက်ကို ညီအစ်ကိုမောင်နှမများက ကြားသည့်အခါ မျက်ရည်ကျကြသည်”ဟု ဆိုကြသည်။ ဤသည်မှာ မည်သည့် သက်သေခံချက်မျိုးဖြစ်သနည်း။ သင်တို့သည် ဤသို့သော “သက်သေခံချက်” မျိုးကို စစ်မှန်သောသက်သေခံချက် ဟုတ်မဟုတ် ဆုံးဖြတ်ရန် နားထောင်ရမည်ဖြစ်သည်။ ကောင်းမွန်သော အလုပ်နှင့် ကောင်းမွန်သော မိသားစုတစ်စုရှိသည့် တစ်စုံတစ်ယောက်ရှိသည်ဆိုပါစို့။ သူသည် ဘုရားသခင်၏ တို့ထိခြင်းခံရသဖြင့်၊ မိမိ၏အလုပ်ကောင်းနှင့် မိသားစုကို စွန့်လွှတ်ပြီး မိမိ၏ကိုယ်စိတ်နှစ်ဖြာကို ဘုရားသခင်အတွက် အသုံးခံသည်။ သူ၏စိတ်နှလုံးထဲ၌ ဝမ်းနည်းပူဆွေးမှုကို ခံစားရသော်လည်း၊ အရာအားလုံးကို မည်သို့ပင်ဖြစ်စေ စွန့်လွှတ်ခဲ့သည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့အား “သင့်အနေဖြင့် အနည်းငယ်လေးမျှပင် အားမနည်းဘူးလော”ဟု ဆိုကြသည်။ ၎င်းက “အနည်းငယ် အားနည်းပါသည်။ သို့သော် ကျွန်ုပ်အတွက်မူ ကျွန်ုပ်မိသားစုနှင့် အလုပ်ကို စွန့်လွှတ်နိုင်ခြင်းသည် ဘုရား လုပ်ဆောင်နေသည့်အရာချည်းသာ ဖြစ်သည် မဟုတ်လော။ ကျွန်ုပ်သည် တစ်နေ့ဝင်ငွေ နှစ်ထောင်သုံးထောင်ရလေ့ရှိခဲ့ပြီး၊ တစ်လကို သောင်းချီဝင်လေ့ရှိခဲ့သည်၊ ကျွန်ုပ်တွင် အဖိုးတန် ပစ္စည်းများစွာ ပိုင်ဆိုင်ခဲ့သည်။ ဘုရားကိုယုံကြည်လာပြီးနောက်၊ ကျွန်ုပ်၏ တာဝန်ထမ်းဆောင်ရန်အလို့ငှာ၊ ကျွန်ုပ်၏ အဖိုးတန်ပစ္စည်းများကို အခြားတစ်စုံတစ်ဦးထံ ကြည့်ရှုစောင့်ရှောက်ဖို့ လွှဲအပ်ခဲ့သည်” ဟု ပြန်ပြောသည်။ အခြားသူများက “သင်၏ အဖိုးတန်ပစ္စည်းများကို အခြားတစ်စုံတစ်ဦးထံ လွှဲအပ်ပြီးသည့်နောက်တွင် သင်လုံးဝ စီမံခန့်ခွဲခြင်းမရှိခဲ့သလော။ ထိုပစ္စည်းများ၏ မည်သည့် အစိတ်အပိုင်းကိုမျှ သင် ယခု မပိုင်တော့သည်လော။ သင်၏ အဖိုးတန်ပစ္စည်းများကို သင် အဘယ်သို့ဖြစ်ပြီး လက်လွှတ်ခဲ့သနည်း” ဟု မေးကြသည်။ ၎င်းတို့က “ဤသည်မှာ ဘုရား၏ လုပ်ဆောင်ခြင်း ဖြစ်သည်” ဟု ပြန်ပြောသည်။ ဤသည်မှာ အလွန်မရေမရာ မဖြစ်လွန်းသလော။ (ဟုတ်ပါသည်။) ယင်းတို့သည် အနှစ်မဲ့သောစကားများသာ ဖြစ်သည်။ ထို့အပြင်၊ ၎င်းတို့၏ဝင်ငွေ မည်မျှ မြင့်မားကြောင်း ၎င်းတို့ ပြောဆိုခြင်းသည် ၎င်းတို့ကကြွားဝါခြင်းမဟုတ်လော။ အဘယ်ကြောင့် ဤအရာကို ၎င်းတို့ ပြောဆိုကြသနည်း။ ၎င်းတို့က မိမိတို့ မည်မျှစွန့်လွှတ်ခဲ့ကြောင်း သက်သေခံနေခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အတွက် သက်သေခံနေခြင်းဖြစ်သလော။ ၎င်းတို့သည် မိမိတို့၏ “ဂုဏ်ကျက်သရေရှိသော” သမိုင်းအနည်းငယ်၊ ၎င်းတို့ပေးဆပ်ခဲ့ရသော အဖိုးအခနှင့် အတိတ်တွင် ၎င်းတို့အသုံးခံခဲ့သည့်အရာ၊ ၎င်းတို့မည်မျှဆက်ကပ်အပ်နှံခဲ့သည်ဟူသည်နှင့် ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၌ မကျေနပ်ချက်များမရှိကြောင်းတို့ကို သက်သေခံနေခြင်းဖြစ်သည်။ ဤအထဲတွင် ဘုရားသခင်အတွက် သက်သေခံသည့်အပိုင်း တစ်ခုတလေ ရှိသလော။ ဤအရာအားလုံး၌ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာ တစ်စုံတစ်ရာကို သင်တွေ့မြင်ပြီးခြင်း မရှိသည်မဟုတ်လော။ ဘုရားသခင်အတွက် ၎င်းတို့ သက်သေခံသည်ဆိုခြင်းမှာ မမှန်ပေ။ ရှင်းရှင်းလင်းလင်းပင် ၎င်းတို့သည် မိမိတို့ကိုယ်ကို သက်သေခံနေခြင်းဖြစ်သော်လည်း၊ ဘုရားသခင်အတွက် သက်သေခံနေသည်ဟု ဆိုကြသည်။ ဤသည်မှာ လှည့်ဖြားခြင်းမဟုတ်လော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သက်သေခံရန်အလို့ငှာ ဘုရားသခင်အတွက် သက်သေခံသယောင်ဟန်ဆောင်ကြသည်။ ဤသည်မှာ သူတော်ကောင်းယောင်ဆောင်ခြင်း မဟုတ်လော။ သို့ဆိုလျှင် အဘယ်ကြောင့် လူအချို့က ကြားသည့်အခါ အလွန်တို့ထိခံရပြီး အဆက်မပြတ် ငိုကြွေးကြသနည်း။ အရူးအမျိုးမျိုး ရှိကြသည်တကား။ တစ်ဦးတစ်ယောက် ဘုရားသခင်အတွက် သက်သေခံခြင်းအကြောင်း ပြောသည့်အခါ၊ အန္တိခရစ်တို့သည် မိမိတို့ပြုပြီးသော အမှုအရာအနည်းငယ်၊ မိမိတို့ဆက်ကပ်ပြီးသော အမှုအရာအနည်းငယ်နှင့် မိမိတို့ကိုယ်ကို အသုံးခံလျက် ၎င်းတို့ ကုန်ဆုံးခဲ့သော အချိန်အနည်းငယ်တို့အကြောင်းကို ပြောဆိုရမည်သာဖြစ်ပြီး၊ အချိန်ကုန်လွန်သည်နှင့်အမျှ၊ လူတို့ အာရုံမစိုက်တော့သဖြင့်၊ ၎င်းတို့သည် အသစ်သောအကြောင်းအရာများကို စိတ်ကူးရကြပြီး ဤသို့ဖြင့် မိမိတို့ကိုယ်ကိုအတွက် သက်သေခံကြလေသည်။ အကယ်၍ တစ်ဦးတလေက ၎င်းတို့ထက် ပိုတော်ပြီး၊ ၎င်းတို့ထက် သာ၍ကောင်းစွာ မိတ်သဟာယဖွဲ့နိုင်ကာ သမ္မာတရားနှင့်ဆိုင်သည့် သိနားလည်မှုအချို့ကို ထုတ်ဖော်လျှင် ၎င်းတို့သည် စိတ်မသက်မသာ ခံစားကြရသည်။ ၎င်းတို့သည် သမ္မာတရားနှင့်ပတ်သက်၍ ၎င်းတို့၏အားထုတ်မှုများက အခြားသူများထက် နိမ့်ကျပြီး ထူးချွန်ရန် စိတ်အားထက်သန်ကြသောကြောင့် စိတ်မသက်မသာ ခံစားရခြင်းဖြစ်သလော။ မဟုတ်ပေ၊ ၎င်းတို့သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မိမိတို့ထက်ပိုတော်ခွင့်မပြုကြပေ၊ ၎င်းတို့သည် အခြားသူများ မိမိတို့ထက်တော်သည်ကို မခံနိုင်ကြသကဲ့သို့ ၎င်းတို့က အခြားသူများထက်တော်သည့်အခါမှသာ ပျော်ရွှင်ကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ အကယ်၍ အခြားတစ်စုံတစ်ယောက်သည် သင့်ထက်တော်ပြီး သမ္မာတရားကို သင့်ထက်ပို၍နားလည်လျှင်၊ သင်သည် ၎င်းတို့ထံမှ သင်ယူသင့်သည်။ ဤသည်မှာ ကောင်းသောအရာတစ်ခု မဟုတ်လော။ ဤသည်မှာ လူတိုင်း ဝမ်းမြောက်သင့်သော အရာတစ်ခုဖြစ်သည်။ ဥပမာအားဖြင့်၊ လူ့သမိုင်းတွင်ရှိသည့် ဘုရားသခင်၏ နောက်လိုက်များထဲတွင် ယောဘဆိုသူ ရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအလုပ်တွင် ဖြစ်ပျက်ခဲ့သော ဂုဏ်ကျက်သရေရှိသည့် အရာတစ်ခုလော၊ သို့မဟုတ် အရှက်ရဖွယ်သောအရာတစ်ခု ဖြစ်သလော။ (ဂုဏ်ကျက်သရေရှိသောအရာတစ်ခု ဖြစ်ခဲ့သည်။) ဂုဏ်ကျက်သရေရှိသောအရာတစ်ခု ဖြစ်ခဲ့သည်။ ဤကိစ္စအပေါ် သင်မည်သည့်သဘောထား ခံယူသင့်သနည်း။ မည်သည့် ရှုထောင့်အမြင် သင်ရှိသင့်သနည်း။ သင်သည် ဘုရားသခင်အတွက် ပျော်ရွှင်ပြီး သူ့ကို ဂုဏ်ပြုသင့်သည်၊ ဘုရားသခင်၏တန်ခိုးကို ချီးမွမ်းသင့်သည်၊ ဘုရားသခင် ဘုန်းအသရေရရှိပြီဖြစ်ကြောင်း ချီးမွမ်းသင့်သည်။ ဤသည်မှာ ကောင်းသောအရာတစ်ခု ဖြစ်သည်။ ထိုသို့သော ကောင်းမွန်သောအရာတစ်ခုဖြစ်ခဲ့သော်လည်း၊ လူအချို့သည် ထိုအရာကို ပစ်ပစ်ခါခါငြင်းပြီး မုန်းတီးကြပေသည်။ ဤသည်မှာ ၎င်းတို့က ကောက်ကျစ်ဆိုးယုတ်ခြင်းဖြစ်သည် မဟုတ်လော။ ပွင့်ပွင့်လင်းလင်းပြောရလျှင်၊ ၎င်းတို့ ကောက်ကျစ်ဆိုးယုတ်ခြင်းဖြစ်ပြီး၊ ဤအရာကို ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားက ဖြစ်ပေါ်စေခြင်းဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။