အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၃) အခန်း ရှစ်

ငါ့ကို ပြောလော့၊ မည်သည့်လူစားမျိုးသည် အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့်ဆိုင်သည့် လက္ခဏာများနှင့် အမှတ်အသားများကို ပြသသနည်း။ (ဆုကျေးဇူးများရှိသောလူများ ဖြစ်ပါသည်။) အခြားမည်သူ ရှိသေးသနည်း။ (ကြွားဝါရန် နှစ်သက်သောသူများ ဖြစ်ပါသည်။) ကြွားဝါရန် နှစ်သက်သောသူများ၊ ယင်းမှာ လုံလောက်အောင် ကောက်ကျစ်ဆိုးယုတ်မှု မရှိပေ။ ၎င်းတို့သည် ကြွားဝါရန် နှစ်သက်ကောင်းနှစ်သက်နိုင်သော်လည်း အခြားသူများကို ထိန်းချုပ်ရန် လိုအင်ဆန္ဒမရှိကြ၊ ထိုမျှအထိ ၎င်းတို့ မလုပ်ဆောင်ကြသေးပေ။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ယင်းကို အသေးစိတ် စဉ်းစားလော့။ ဤယုတ်ညံ့သူသည် အန္တိခရစ်တစ်ဦးဖြစ်ကြောင်း ၎င်းတို့အတွင်းရှိ အမျိုးမျိုးသော အပြုအမူများနှင့် ညွှန်ပြချက်များမှ စောလျင်စွာ သင့်အား ရှာဖွေတွေ့ရှိခွင့်ပြုသော လက္ခဏာများနှင့် အမှတ်အသားများကို မည်သည့်လူများက ပြသသနည်း။ (အဆင့်အတန်းကို ချစ်မြတ်နိုးသော မာနထောင်လွှားသည့်လူများ ဖြစ်ပါသည်။) မာနထောင်လွှားခြင်းနှင့် အဆင့်အတန်းကို ချစ်မြတ်နိုးခြင်းသည် အနည်းငယ် ဆက်စပ်မှုရှိသော်လည်း ဤသည်မှာ လုံလောက်သည့် အတိုင်းအတာအထိ မဟုတ်ပေ။ တစ်စုံတစ်ခုအကြောင်း ငါ ပြောဆိုမည်၊ သင်တို့ နားထောင်ပြီး ဤအချက်သည် အရေးပါခြင်း ရှိမရှိ ကြည့်ရှုလော့။ လူအချို့သည် သမ္မာတရားနှင့်လည်းကောင်း အပြုသဘောဆောင်သော အရာများနှင့်လည်းကောင်း ကွဲပြားသော သဘောထားအမြင်များကို စဉ်ဆက်မပြတ် ထုတ်ဖော်ပြောဆိုကြသည်။ အပြင်ပန်းမှကြည့်လျှင် ၎င်းတို့သည် လူအများ၏ အာရုံစိုက်မှုကို ရရှိရန်နှင့် အခြားသူများထက် ထင်ရှားပေါ်လွင်ရန် အမြဲ အလိုရှိပုံရသော်လည်း ဤသည်မှာ မလွဲမသွေ ထိုသို့ဖြစ်သည်မဟုတ်ပေ။ ၎င်းတို့၏ သဘောထားအမြင်များက ထိုသို့သော အပြင်ပန်းအပြုအမူကို ဖြစ်ပေါ်စေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အမှန်တွင် ၎င်းတို့သည် ထိုသို့သော သဘောထားအမြင်များကို အမှန်တကယ် စွဲကိုင်ထားပါက ဆိုးရွားသော ပြဿနာတစ်ခု ရှိပေလိမ့်မည်။ ဥပမာအားဖြင့်၊ လူတိုင်းက၊ “ကျွန်ုပ်တို့သည် ဤကိစ္စရပ်ကို ဘုရားသခင်ထံမှ လက်ခံရမည်။ အကယ်၍ ကျွန်ုပ်တို့ နားမလည်ပါက ဦးစွာ ကျိုးနွံနာခံသင့်သည်”ဟု ဆိုလျက် အတူတကွ မိတ်သဟာယပြုနေပြီး လူတိုင်းက ဤသည်ကို သဘောတူညီသောအခါ ဤသဘောထားအမြင်သည် မှန်ကန်သလော။ (မှန်ကန်ပါသည်။) ဤလက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းသည် လမ်းကြောင်းလွဲနေသလော။ (လမ်းကြောင်းမလွဲပါ။) သို့ဆိုလျှင် အန္တိခရစ်တစ်ဦး၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားနှင့်ဆိုင်သည့် လက္ခဏာများနှင့် အမှတ်အသားများ ၎င်းတို့တွင်ရှိကြောင်းကို ပြသသည့် မည်သည့် စကားပုံစံမျိုးများကို လူတို့က ပြောဆိုကြသနည်း။ “ကျိုးနွံနာခံခြင်းက တစ်ချက်ဖြစ်သည်၊ သို့သော် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို သင်တို့ နားလည်ရမည် မဟုတ်လော။ အရာရာတိုင်းကို အလေးအနက်ထားပါ၊ မှန်သလော။ သင်တို့သည် နားဝေတိမ်တောင်ဖြင့် ကျိုးနွံနာခံ၍မရပါ၊ ဘုရားက ကျွန်ုပ်တို့ကို သာမန်ကာလျှံကာ ကျိုးနွံနာခံရန် မတောင်းဆိုပါ”ဟူ၍ ဖြစ်သည်။ ဤသည်မှာ အပြောအဆိုတစ်မျိုး မဟုတ်လော။ (ဟုတ်ပါသည်။) လူအချို့က “အကယ်၍ ကျွန်ုပ်တို့ နားမလည်သောအရာ တစ်စုံတစ်ခု ရှိပါက နားလည်သော တစ်စုံတစ်ဦးနှင့် မိတ်သဟာယဖွဲ့ခြင်းကို ရှာဖွေလျက် စိတ်ရှည်စွာ ကျွန်ုပ်တို့ စောင့်ဆိုင်းနိုင်သည်။ ယခု ကျွန်ုပ်တို့ထဲမှ မည်သူမျှ နားမလည်ကြသကဲ့သို့ မိတ်သဟာယဖွဲ့ရန် နားလည်သော မည်သူ့ကိုမျှ ကျွန်ုပ်တို့ ရှာမတွေ့နိုင်ပါ။ သို့ဖြစ်၍ ဦးစွာ ကျိုးနွံနာခံကြပါစို့” ဟု ဆိုကြသည်။ အန္တိခရစ်များ၏ သဘောထားအမြင်မှာ အဘယ်နည်း။ “အသင် ပျော့ညံ့သူတစ်သိုက်တို့၊ အရာရာတိုင်းကို ကျိုးနွံနာခံပြီး အရာရာတိုင်း၌ ဘုရားစကားကို နားထောင်နေကြသည်။ ငါ့စကားကို နားထောင်ကြပါ။ အဘယ်ကြောင့် မည်သူကမျှ ငါ့ကို မဖော်ပြခဲ့သနည်း။ သင်တို့ကို နက်နဲသော ထင်မြင်ယူဆချက်တစ်ခု ငါ တင်ပြပါရစေ” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အဆင့်မြင့်သော အမြင်များကို မျှဝေလိုကြသည်။ ၎င်းတို့သည် သမ္မာတရားကို လူတို့ လက်တွေ့လုပ်ဆောင်ခြင်းအား ဆန့်ကျင်ကြသည်၊ သမ္မာတရားစည်းမျဉ်းများကို လူတို့ လိုက်နာစောင့်ထိန်းခြင်းအား ဆန့်ကျင်ကြသည်။ ၎င်းတို့သည် အမြဲ မာနထောင်လွှားချင်ကြသည်၊ ရန်စလိုကြသည်၊ ဆိုးယုတ်သော လှည့်ကွက်များကို အသုံးပြုလိုကြသည်၊ အဆင့်မြင့်သော အမြင်များကို မျှဝေလိုကြပြီး လူတို့အား ၎င်းတို့ကို ကွဲပြားစွာ ရှုမြင်စေလိုကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားနှင့်ဆိုင်သည့် လက္ခဏာတစ်ခု မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ အမှတ်အသား မဟုတ်လော။ လူတိုင်းအတွက် ကျိုးနွံနာခံခြင်းသည် အဘယ်ကြောင့် မှားယွင်းသနည်း။ ၎င်းတို့က မိုက်မဲစွာ ကျိုးနွံနာခံလျှင်ပင် ဤသည်မှာ မှားယွင်းသလော။ ဘုရားသခင်က ပြစ်တင်ရှုတ်ချမည်လော။ (ပြစ်တင်ရှုတ်ချမည် မဟုတ်ပါ။) ဘုရားသခင်က ပြစ်တင်ရှုတ်ချမည် မဟုတ်ပေ။ ၎င်းတို့အနေဖြင့် ရုတ်တရက် ဝင်ရောက်စွက်ဖက်ပြီး နှောင့်ယှက်ရန် အဘယ်လုပ်ပိုင်ခွင့် ရှိသနည်း။ လူတို့က ဘုရားသခင်အား ကျိုးနွံနာခံကြသည်ကို မြင်သောအခါ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဒေါသထွက်ကြသလော။ လူတို့က ဘုရားသခင်အား ကျိုးနွံနာခံကြသည်ကို ၎င်းတို့ မျက်မြင်တွေ့ရှိသောအခါ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ၎င်းတို့က မည်သည့်အကျိုးကျေးဇူးမျှ မရရှိခြင်း၊ လူတို့က ၎င်းတို့ကို မနာခံခြင်း၊ ၎င်းတို့စကားကို နားမထောင်ခြင်း၊ ၎င်းတို့၏ အကြံဉာဏ်ကို မရှာဖွေခြင်းတို့ကြောင့် မကျေမချမ်းဖြစ်ကာ စိတ်ကျေနပ်ခြင်းမရှိကြဘဲ ၎င်းတို့ စိတ်မချမ်းမြေ့ဖြစ်လာကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ “သင်တို့သည် မည်သူ့ကို ကျိုးနွံနာခံကြသနည်း။ သမ္မာတရားကို ကျိုးနွံနာခံကြသလော။ သမ္မာတရားကို ကျိုးနွံနာခံခြင်းသည် ကောင်းပါသည်၊ သို့သော် ထိုအရာကို ကျွန်ုပ်တို့လေ့လာရန် လိုအပ်သည်။ သို့ဆိုလျှင် သမ္မာတရားကား အဘယ်နည်း။ သင်တို့သည် မှန်ကန်သောနည်းလမ်းဖြင့် ကျိုးနွံနာခံကြပါသလော။ အနည်းဆုံးအနေဖြင့် အကြောင်းစုံကို သင်တို့ နားလည်သင့်သည် မဟုတ်လော”ဟု စဉ်းစားလျက် အတိုက်အခံလုပ်ကြသည်။ ဤသည်မှာ ၎င်းတို့၏ အပြောအဆို မဟုတ်လော။ ၎င်းတို့သည် အဘယ်အရာကို လုပ်ဆောင်ရန် ကြိုးစားနေကြသနည်း။ ၎င်းတို့သည် အမှုအရာများကို လှုံ့ဆော်ရန်၊ လူတို့ကို အထင်အမြင်မှားစေရန် အလိုရှိကြသည်။ အချို့သော ထုံထိုင်းသည့်၊ ဉာဏ်ထိုင်းပြီး မိုက်မဲသည့်လူများသည် ဤသည်ကို ကြားသောအခါ အထင်အမြင်မှားစေခြင်း ခံလာရစဉ်တွင်၊ ပိုင်းခြားသိမြင်မှုရှိသူများကမူ “သင်တို့ မည်သည့်အရာကို လုပ်ဆောင်နေကြသနည်း။ ကျွန်ုပ် ဘုရားသခင်အား ကျိုးနွံနာခံသည်ကို သင်တို့ မနာလိုဖြစ်ပြီး ငြူစူနေကြသလော။ ဘုရားသခင်ကို ကျွန်ုပ် ကျိုးနွံနာခံသောအခါ သင်တို့ စိတ်မချမ်းမြေ့ဖြစ်ပြီး သင်တို့ကို ကျွန်ုပ် နာခံသောအခါတွင်မူ ကျေနပ်နေကြသလော။ လူတိုင်းက သင်တို့ကို နာခံပြီး သင်တို့စကားကို နားထောင်ကာ သင်တို့ပြောသမျှကို လုပ်ဆောင်လျှင်သာ မှန်ကန်ပါသလော။ သင်တို့ပြောသည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီပါသလော”ဟု ဆိုလျက် ၎င်းတို့ကို ချေပကြသည်။ ဤသည်ကို မြင်သောအခါ ၎င်းတို့က “လူအချို့က ပိုင်းခြားသိမြင်မှု ရှိသည်၊ ယခုတွင်တော့ ကျွန်ုပ် စောင့်ဆိုင်းမည်”ဟု တွေးကြသည်။ တိုတိုပြောရလျှင်၊ လူတိုင်းက သမ္မာတရားစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်နေသောအခါ ၎င်းတို့က ဝင်စွက်ဖက်ဖို့ မစောင့်နိုင်အောင်ဖြစ်ကြသည်။ လူတိုင်းက ဘုရားသခင်ကို ပို၍ နာခံလေ၊ ဘုရားအိမ်တော်၏ စီစဉ်မှုများကို ပို၍ ကျိုးနွံနာခံလေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ပို၍ လက်တွေ့လုပ်ဆောင်လေ၊ အလုပ်စီစဉ်ညွှန်ကြားချက်များနှင့် စည်းမျဉ်းများအတိုင်း ကိစ္စရပ်များကို ပို၍ ကိုင်တွယ်လေ ၎င်းတို့သည် ပို၍ စိတ်မသက်မသာဖြစ်ကာ စိတ်မချမ်းမသာဖြစ်ပြီး စိတ်ပူလေ ဖြစ်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရနှင့်ဆိုင်သည့် လက္ခဏာတစ်ခု ဖြစ်သည်။ လူတိုင်းက ဘုရားနှုတ်ကပတ်တော်များကို နားထောင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ကိစ္စရပ်များကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်သရွေ့ ၎င်းတို့သည် စိတ်မသက်မသာဖြစ်ပြီး ဂနာမငြိမ်ဖြစ်ကြသည်။ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍ မည်သူကမျှ ဘုရားနှုတ်ကပတ်တော်များကို မဖတ်ရှုလျှင် သို့မဟုတ် ထိုနှုတ်ကပတ်တော်များကို လူတို့ ဖတ်ရှုပြီး ယင်းတို့အကြောင်း မိတ်သဟာယမဖွဲ့လျှင်၊ လူတို့သည် အန္တိခရစ်များကိုသာ နားထောင်လျှင် ထိုအန္တိခရစ်များက ဝမ်းမြောက်ကြသည်။ ဤသည်မှာ မည်သည့်ပြဿနာကို သရုပ်ဖော်နေသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်းကို မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြပေ။ လူတိုင်းက ဘုရားနှုတ်ကပတ်တော်များအကြောင်းကို တည်ငြိမ်စွာ မိတ်သဟာယဖွဲ့နေသရွေ့၊ မည်သူကမျှ ၎င်းတို့အား အာရုံမစိုက်ကြောင်း၊ ၎င်းတို့စကားကို နားမထောင်ကြောင်း၊ ထိုသူတို့၏ ကိုးကွယ်မှုကို ၎င်းတို့ မရရှိနိုင်ကြောင်း၊ ၎င်းတို့၏ အဆင့်အတန်းက ခြိမ်းခြောက်ခံရပြီး အန္တရာယ်ရှိနေကြောင်းတို့ကို အန္တိခရစ်များက မြင်သောအခါ၊ ယင်းမှာ ၎င်းတို့က သင်တို့ကို အထင်အမြင်မှားစေရန်နှင့် အဖျက်အမှောင့်လုပ်ရန် မိစ္ဆာဒိဋ္ဌိအယူဝါဒ သို့မဟုတ် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူဝါဒတစ်ခုကို အဆိုပြုလျက်၊ သင်တို့ ယခုတင် ဆွေးနွေးခဲ့သည့်အရာက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ မသေချာအောင် ပြုလုပ်ရင်း၊ ဝင်ရောက်နှောင့်ယှက်ကြလေသည်။ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် နောက်ဆုံးတွင် တစ်စုံတစ်ခုကို လူတိုင်းက နားလည်သွားသည့်အခါတွင်ပင် ၎င်းတို့သည် အခြေအနေကို ကမောက်ကမဖြစ်စေဖို့ နတ်ဆိုးဆန်သော စကားအနည်းငယ်ကို ပြောဆိုကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား မဟုတ်လော။ ဤကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားသည် မည်သည့်သရုပ်သကန်နှင့် ညီမျှသနည်း။ (သမ္မာတရားအပေါ် ရန်လိုခြင်းနှင့် ညီမျှပါသည်။) အတိအကျပင်ဖြစ်သည်။ လူတိုင်းက သမ္မာတရားကို ပို၍ နားလည်လေ ၎င်းတို့က ပို၍ စိတ်ဆိုးလေ ဖြစ်သည်။ ဤသည်မှာ သမ္မာတရားအပေါ် ရန်လိုခြင်း မဟုတ်လော။ ဤသည်မှာ ကိုက်ညီမှုရှိသည် မဟုတ်လော။ (ကိုက်ညီမှုရှိပါသည်။) သင်တို့သည် ဤသို့သောလူများနှင့် ကြုံတွေ့ရပြီး ဖြစ်သလော။ လူတိုင်း တစ်စုံတစ်ခုအကြောင်း မိတ်သဟာယဖွဲ့နေစဉ် ၎င်းတို့သည် အချိန်ကြာမြင့်စွာ နှုတ်ဆိတ်မြဲနှုတ်ဆိတ်နေကြသည်။ နောက်ဆုံးတွင် မိတ်သဟာယ၌ ရှင်းလင်းပြတ်သားမှုအချို့ ရှိလာသောအခါ ၎င်းတို့သည် ထွက်ပေါ်လာကြပြီး ထိုသို့ထွက်ပေါ်လာပြီးနောက် ဤလူတို့အတွက် အမှုအရာများကို ခက်ခဲစေရန် စိန်ခေါ်သည့် မေးခွန်းတစ်ခုကို တင်ပြကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ “သင်တို့ကို ကျွန်ုပ် ပြပါရစေ၊ ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာကို သင်တို့အား မြင်တွေ့ခွင့်ပေးမည်။ သင်တို့က သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ကြသည်၊ သင်တို့သည် ကျွန်ုပ်စကားကို နားမထောင်၊ ကျွန်ုပ်ကို လျစ်လျူရှုကြသည်၊ သင်တို့သည် ကျွန်ုပ်ကို ဂရုမစိုက်ကြသကဲ့သို့ ကျွန်ုပ်ကို အာရုံမစိုက်ကြသောကြောင့် သင်တို့ ဆက်လက်မိတ်သဟာယဖွဲ့ရန်နှင့် သင်တို့အားလုံးကို ရောထွေးသွားစေရန် ခက်ခဲသော မေးခွန်းတစ်ခုကို ကျွန်ုပ် မေးမည်”ဟု ပြောဆိုရန် ဖြစ်သည်။ ဤသည်မှာ နတ်ဆိုးတစ်ကောင် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ နတ်ဆိုးတစ်ကောင်၊ စစ်မှန်သော အန္တိခရစ်တစ်ဦး ဖြစ်သည်။

လူအချို့သည် တစ်စုံတစ်ဦးက အပျက်သဘောဆောင်သည် သို့မဟုတ် အားနည်းသည်ကို ကြားသည့်အခါတိုင်း အထူးသဖြင့် ဝမ်းသာကြသည်။ အထူးသဖြင့် တစ်စုံတစ်ဦးက အသင်းတော်အသက်တာအား အဖျက်အမှောင့်လုပ်နေသည်ကို မြင်သောအခါ၊ တစ်စုံတစ်ဦးက အသင်းတော်အလုပ်ကို ကမောက်ကမဖြစ်စေဖို့ မကောင်းမှုများ လုပ်ဆောင်နေသည်ကို မြင်သောအခါ သို့မဟုတ် တစ်စုံတစ်ဦးက ကြောင်းကျိုးမမြင်ဘဲ ပြဿနာလှုံ့ဆော်နေသည်ကို မျက်မြင်တွေ့ရှိသောအခါ ၎င်းတို့သည် အထူးသဖြင့် ဝမ်းသာကြပြီး မီးရှူးမီးပန်းများ ဖောက်ကာ ဂုဏ်ပြုရန် အလွန်သာ စိတ်အားထက်သန်ကြသည်။ ထိုသို့သောလူများနှင့်ပတ်သက်၍ အဘယ်ပြဿနာရှိနေသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် အခြားသူများ၏ ကံအကြောင်းမလှမှုတွင် အလွန် ဝမ်းမြောက်ကြသနည်း။ ဤအရေးကြီးသောအချိန်၌ အဘယ်ကြောင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်ပေးလျက် ဘုရားသခင်၏ ဘက်၌ မရပ်တည်နိုင်ကြသနည်း။ ထိုသို့သောလူများသည် မယုံကြည်သူများ မဟုတ်လော။ ၎င်းတို့သည် စာတန်၏ အစေခံများ မဟုတ်လော။ သင်တို့အားလုံးသည် ထိုသို့သော အပြုအမူများကို သင်တို့ ပြသခြင်း ရှိမရှိ ဆင်ခြင်သုံးသပ်သင့်ပြီး သင်တို့အနီးဝန်းကျင်၌ ဤသို့သောလူများ ရှိမရှိကိုလည်း စစ်ဆေးကာ ထိုသို့သော ပုဂ္ဂိုလ်များကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို ကြည့်ရှုသင့်သည်၊ အထူးသဖြင့် ဆိုးယုတ်သောလူများက ဒုစရိုက်အမှုများ လုပ်ဆောင်နေသည်ကို သင်တို့ မြင်သောအခါ သင်တို့၏ သဘောထားမှာ အဘယ်နည်း။ သင်တို့သည် အဖြစ်အပျက်ကို မွေ့လျော်ခံစားနေသော ဘေးမှရပ်ကြည့်သူတစ်ဦးမျှသာဖြစ်သလော သို့မဟုတ် သင်တို့သည်လည်း ဤလမ်းခရီးအတိုင်း လျှောက်လှမ်းနိုင်ကြမည်လော။ သင်တို့သည် ထိုသို့သောလူတစ်ဦးလော။ လူအချို့သည် ဤနည်းလမ်းဖြင့် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ကြမည် မဟုတ်ပေ။ ၎င်းတို့သည် လူတို့၌ ကောင်းမြတ်မှုကို မြင်တွေ့ရန် မနှစ်သက်ကြ၊ လူတိုင်း ၎င်းတို့ထက် ပိုဆိုးသောအခါ ၎င်းတို့ ပို၍နှစ်သက်ကြသည်။ ထိုအခါတွင် ၎င်းတို့ ဝမ်းမြောက်မှုကို ခံစားကြရသည်။ ဥပမာအားဖြင့် ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံသော တစ်စုံတစ်ယောက် ပြုပြင်ခြင်းခံရသည်ကို မြင်သောအခါ သို့မဟုတ် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သော တစ်စုံတစ်ဦးက ပြစ်မှားသောအခါ ၎င်းတို့က တိတ်တဆိတ် ဝမ်းမြောက်ပြီး “အင်း၊ သင့်နေ့ရက်လည်း ရောက်လာပေပြီ။ သင်က ဘုရားအတွက် သင့်ကိုယ်သင် အသုံးခံသည်၊ ယင်းသည် သင့်အတွက် မည်သို့အလုပ်ဖြစ်နေသနည်း။ သင် မတရားခံခဲ့ရသည် မဟုတ်လော။ ဆုံးရှုံးမှုကို သင် ခံစားခဲ့ရပြီ မဟုတ်လော။ သင့်ကိုယ်သင် အသုံးခံခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ သင်သည် အမှန်အတိုင်း အမြဲပြောသည်။ ယခုတွင် သင် ပြုပြင်ခံနေရသည် မဟုတ်လော။ သင်နှင့် ထိုက်တန်ပေသည်”ဟု ဆိုကြသည်။ အဘယ်ကြောင့် ၎င်းတို့ အလွန် ဝမ်းမြောက်ကြသနည်း။ ၎င်းတို့သည် အခြားသူများ၏ ကံအကြောင်းမလှသောဖြစ်ရပ်၌ ဝမ်းမြောက်မှုကို ရှာဖွေနေခြင်း မဟုတ်လော။ ထိုသို့သောလူများသည် စိတ်ထားမမှန်ကြသည် မဟုတ်လော။ တစ်စုံတစ်ယောက်က ဘုရားအိမ်တော်၏ အလုပ်၌ အဖျက်အမှောင့်များ ဖြစ်စေသည်ကို မြင်သောအခါ ၎င်းတို့ ပျော်ရွှင်ကြသည်။ ဘုရားအိမ်တော်၏ အလုပ်က ဆုံးရှုံးမှုကို ခံစားရသည်ကို မြင်သောအခါ ၎င်းတို့ ပျော်ရွှင်ကြသည်။ အဘယ်အရာက ၎င်းတို့ကို ပျော်ရွှင်စေသနည်း။ ၎င်းတို့က “နောက်ဆုံးတွင် ကျွန်ုပ်ကဲ့သို့ သမ္မာတရားကို မချစ်မြတ်နိုးသော၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဆုံးရှုံးမှုဖြစ်စေခဲ့ပြီး မိမိကိုယ်ကို အပြစ်တင်စိတ် လုံးဝမခံစားရသော တစ်စုံတစ်ယောက် ရှိနေပြီ”ဟု တွေးကြသည်။ ယင်းမှာ ၎င်းတို့ကို ပျော်ရွှင်စေသည့်အရာ ဖြစ်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ အလွန့်အလွန် ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ သင်တို့အလယ်၌ ဤသို့သောလူများ ရှိသလော။ အများအားဖြင့် သီချင်းတစ်ပုဒ်ကို မညည်းတတ်သော လူအချို့ရှိသော်လည်း ၎င်းတို့သည် တစ်စုံတစ်ယောက် အမှားလုပ်သည်ကို မြင်သည်နှင့်တစ်ပြိုင်နက် ရုတ်တရက် သီချင်းစဆိုပြီး ၎င်းတို့၏ ခန္ဓာကိုယ်များကို ယိမ်းနွဲ့ကာ အလွန် ကျေနပ်ပုံရလျက် “ယနေ့တွင်နောက်ဆုံး၌ သတင်းကောင်းအချို့ ကျွန်ုပ် ရရှိခဲ့သည်။ ကျွန်ုပ် အလွန် ပျော်ရွှင်သည်၊ ကျွန်ုပ် ထမင်းနှစ်ပန်းကန် ပိုစားမည်”ဟု စဉ်းစားကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးမှုများ ခံစားခဲ့ရသောကြောင့် မျက်ရည်တစ်စက်မျှ ကျမည်မဟုတ်သကဲ့သို့ တစ်စက္ကန့်မျှ ဝမ်းနည်းမည်မဟုတ်ပေ။ မိမိကိုယ်ကို အပြစ်တင်စိတ်၊ ဝမ်းနည်းခြင်း သို့မဟုတ် နာကျင်ခြင်းကို ၎င်းတို့ မခံစားရကြပေ။ ထိုအစား ၎င်းတို့သည် တစ်စုံတစ်ယောက်၏ အမှားက ဘုရားအိမ်တော်၏ အကျိုးစီးပွားများအား ဆုံးရှုံးမှုများဆီသို့ ဦးတည်စေခဲ့ပြီး ဘုရားသခင်၏ နာမတော်ကို အရှက်ရစေခဲ့သောကြောင့် ဝမ်းသာပျော်ရွှင်ပြီး ကျေနပ်မှုကို ခံစားကြရသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း မဟုတ်လော။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို ပိုင်ဆိုင်ခြင်းနှင့်ဆိုင်သည့် လက္ခဏာတစ်ခု မဟုတ်လော။ ဤသည်မှာလည်း လက္ခဏာတစ်ခု ဖြစ်ပေသည်။

ဧဝံဂေလိအဖွဲ့များတွင် အချို့မှာ စကားပြောကောင်းသူများဖြစ်သည်ဟု ဆိုကြသည်။ ၎င်းတို့သည် နှစ်ပေါင်းများစွာ တရားဒေသနာများကို နားထောင်ခဲ့ကြပြီး အယူဝါဒတစ်စုံကို အကျဉ်းချုပ်ခဲ့ကြသည်။ ၎င်းတို့ သွားသည့်နေရာတိုင်း၌ ကြွားဝါသောစကားများနှင့် ပြည့်နေကြသည်။ တရားဟောသောအခါ ပြောလိုက်တိုင်း စာတစ်ပုဒ်လို ဖြစ်သွားသည်။ ယင်းက ၎င်းတို့၏ ကိုယ်ပိုင်ဆုကျေးဇူးများနှင့် အဟောအပြောကောင်းခြင်းကို အပြည့်အဝ ထင်ရှားစေသည်။ လူအချို့သည် ထိုသို့သော ပုဂ္ဂိုလ်များကို အတော်လေး အရည်အချင်းရှိသည်ဟု မြင်ပြီး ၎င်းတို့နောက်သို့ လိုက်ရန် ဆုံးဖြတ်ကြသည်။ အဆုံး၌ ထိုသူတို့က အဘယ်အရာကို ပြောဆိုကြသနည်း။ “ကျွန်ုပ်တို့သည် ထိုသူ၏ မိတ်သဟာယဖွဲ့ခြင်းကို နားထောင်သောကြောင့် အထက်မှလာသော တရားဒေသနာများကို နားထောင်ရန် မလိုအပ်ပါ။ ကျွန်ုပ်တို့သည် ဘုရား၏ နှုတ်ကပတ်တော်များကိုလည်း နားထောင်ရန် မလိုအပ်ပါ။ ထိုသူ၏ မိတ်သဟာယဖွဲ့ခြင်းက ထိုအရာများကို အစားထိုးသည်” ဟူ၍ ဖြစ်သည်။ ဤလူတို့သည် အန္တရာယ်၌ ရှိနေကြသည် မဟုတ်လော။ (ရှိနေကြပါသည်။) ဤလူတို့သည် ကြီးမားသော အန္တရာယ်၌ ရှိနေကြသည်။ ၎င်းတို့က အန္တိခရစ်များ၏ လုပ်ရပ်များနှင့် အပြုအမူများအပြင် ၎င်းတို့၏ မိုက်ရိုင်းမှု၊ ရက်စက်ကြမ်းကြုတ်မှုနှင့် ကောက်ကျစ်ဆိုးယုတ်မှုတို့ကို ချစ်မြတ်နိုးကြသည်။ ၎င်းတို့သည် အန္တိခရစ်များ ချစ်မြတ်နိုးသည့်အရာကို ချစ်မြတ်နိုးပြီး အန္တိခရစ်များ အလွန်အမင်း မနှစ်မြို့သည့်အရာကို အလွန်အမင်း မနှစ်မြို့ကြပေ။ အန္တိခရစ်များ ဟောပြောသော အသိပညာ၊ သင်ယူလေ့လာမှု၊ အယူဝါဒများနှင့် အမျိုးမျိုးသော ဓမ္မပညာဆိုင်ရာ သီအိုရီများ၊ မိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူဝါဒများကို ချစ်မြတ်နိုးကြသည်။ ၎င်းတို့က ဤအရာများကို ကိုးကွယ်ကြသည်။ မည်သည့်အတိုင်းအတာအထိ ကိုးကွယ်ကြသနည်း။ ညဘက်၌ အိပ်မက်မက်ရင်းပင် ဤစကားများကို ယောင်ပြောကြသည်။ ဤသည်မှာ ဆိုးရွားသလော။ ၎င်းတို့၏ ကိုးကွယ်မှုက ဤအဆင့်သို့ ရောက်ရှိသောအခါ ဤလူတို့သည် ဘုရားသခင်နောက်သို့ လိုက်နိုင်ကြသေးသလော။ အချို့က “ယင်းမှာ မှားပါသည်။ သူတို့သည် အသင်းတော်၌ ရှိနေဆဲဖြစ်သည်၊ ဘုရားသခင်ကို ယုံကြည်နေဆဲဖြစ်သည်”ဟု ဆိုကောင်းဆိုနိုင်သည်။ ၎င်းတို့၌ အခွင့်အရေး မရှိကြသေးခြင်းဖြစ်သည်။ ၎င်းတို့ ကိုးကွယ်လိုသော ပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုကို ၎င်းတို့ ရှာဖွေတွေ့ရှိသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ကို ၎င်းတို့ အချိန်မရွေး စွန့်ခွာနိုင်ပေသည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရကို ပိုင်ဆိုင်ခြင်းနှင့်ဆိုင်သည့်လက္ခဏာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့သည် ထိုသို့သောလူများကို မြင်သောအခါ ပိုင်းခြားသိမြင်နိုင်ကြသလော။ (ပိုင်းခြားသိမြင်နိုင်ပါသည်။) အတိတ်တွင် ထိုသို့သော ကိစ္စရပ်များ၏ ဆိုးရွားသောသဘာဝကို သင်တို့ မသိရှိခဲ့ကြပေ။ ယခု သင်တို့သည် ထိုသို့သောလူများနှင့် တစ်ဖန် ကြုံတွေ့သောအခါ သင်တို့၏ စိတ်ထဲ၌ ၎င်းတို့နှင့်ပတ်သက်၍ မေးခွန်းများ ရှိနေဦးမည်လော။ ၎င်းတို့ကို သင်တို့ လျစ်လျူရှုကြမည်လော။ (လျစ်လျူရှုမည် မဟုတ်ပါ။) သို့ဆိုလျှင် သင်တို့သည် ထိုသို့သောလူများနှင့်စပ်လျဉ်း၍ ပိုင်းခြားသိမြင်မှုအချို့ ရရှိခဲ့ပြီးဖြစ်သလော။ (ရရှိခဲ့ပြီးဖြစ်ပါသည်။) ဤသည်တို့မှာ ၎င်းတို့ ထုတ်ဖော်ပြသသော လက္ခဏာများနှင့် သတင်းအချက်အလက်အချို့ ဖြစ်သည်။ ဆိုလိုသည်မှာ ဤလူတို့သည် အခွင့်အရေး သို့မဟုတ် အဆင့်အတန်းတစ်ခု ရှိသည်နှင့်တစ်ပြိုင်နက် သို့မဟုတ် တစ်စုံတစ်ယောက်က ၎င်းတို့ကို အထင်အမြင်မှားစေသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ကို အချိန်မရွေး၊ နေရာမရွေး သစ္စာဖောက်နိုင်သည်။ လူတို့သည် ၎င်းတို့၏ ထုတ်ဖော်ပြသချက်များနှင့် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရကို မြင်တွေ့နိုင်သလော။ လူတို့ မြင်တွေ့နိုင်သော သဲလွန်စအချို့ ရှိသလော။ (ရှိပါသည်။) ရှိသင့်ပေသည်။ ဤအရာများကို ငါ မဖော်ပြခဲ့ပါက သင်တို့က “မည်သူသည် ဤအမှတ်အသားများကို ပြသသနည်း။ မည်သူသည် ဤလက္ခဏာများကို ထုတ်ဖော်ပြသနည်း။ မည်သူမျှ မရှိပါ၊ ကျွန်ုပ် မည်သူ့ကိုမျှ မမြင်သေးပါ”ဟု တွေးထင်ကောင်း တွေးထင်ပေမည်။ ဤလက္ခဏာများနှင့်ပတ်သက်၍ ငါ၏ ဆွေးနွေးမှုမှတစ်ဆင့် ထိုသို့သောလူများ တည်ရှိကြောင်းကို သင်တို့ သိရှိရပြီးဖြစ်သည် မဟုတ်လော။ ၎င်းတို့ထဲမှ အချို့မှာ နောက်လိုက်များဖြစ်ပြီး အချို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရကို ပိုင်ဆိုင်ခြင်းနှင့်ဆိုင်သည့် တတိယမြောက် လက္ခဏာ ဖြစ်သည်။

အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရကို ပိုင်ဆိုင်သောလူများသည် ၎င်းတို့အားလုံးတွင် ရှိသည့် နောက်ထပ် ထူးခြားသော လက္ခဏာတစ်ခု ရှိသည်။ ဤလူတို့သည် သမ္မာတရားကို ချစ်မြတ်နိုးပြီး မှန်သောလမ်းခရီးကို တောင့်တဟန်ဆောင်ကာ တရားဒေသနာများကို တက်ရောက်ရန်၊ သမ္မာတရားနှင့်သက်ဆိုင်သော အမျိုးမျိုးသော အသိပညာနှင့် အကြောင်းအရာများကို သင်ယူရန်၊ ဓမ္မပညာဆိုင်ရာ သီအိုရီများနှင့် အသိပညာကို ပြင်ဆင်ရန် လာကြသည်။ ထို့နောက် ၎င်းတို့သည် ဤသီအိုရီများနှင့် အသိပညာကို အသုံးပြု၍ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် စကားစစ်ထိုးပွဲများတွင် ပါဝင်ကြပြီး၊ အချို့သော ပုဂ္ဂိုလ်များကို ပြစ်တင်ရှုတ်ချရန်၊ အခြားသူများကို အထင်အမြင်မှားစေရန်နှင့် အယုံသွင်းရန်၊ အချို့သောလူတို့အား ထောက်ပံ့ခြင်း၊ အကူအညီပေးခြင်းနှင့် ရေလောင်းပေးခြင်းဟုခေါ်သော အရာများကိုပင် လုပ်ဆောင်ရန် ထိုအရာများကို အသုံးပြုကြသည်။ သို့ရာတွင် ၎င်းတို့က သမ္မာတရားကို ချစ်မြတ်နိုးသူများ မဟုတ်ကြောင်း အချက်တစ်ချက်က ရှင်းလင်းသွားစေသည်။ ထိုအချက်မှာ အဘယ်နည်း။ ဤလူတို့သည် မည်သို့ပင် မိမိတို့ကိုယ်ကို ပြင်ဆင်ပြီး ဟောပြောသည်ဖြစ်စေ ၎င်းတို့သည် မိမိတို့ကိုယ်ကို လက်နက်တပ်ဆင်လျက် အမှုအရာများကို ဆွေးနွေးကာ ပြောဆိုရုံမျှ ပြောဆိုကြသော်လည်း သမ္မာတရားစည်းမျဉ်းများအတိုင်း ကိစ္စရပ်များကို မည်သည့်အခါမျှ မကိုင်တွယ်ကြပေ။ “မည်သည့်အခါမျှ” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ၎င်းတို့သည် မှန်သောစကားတစ်ခွန်းကိုမျှ မပြောဆိုနိုင်ခြင်း၊ တစ်ခါမျှ ရိုးသားမှုမရှိခဲ့ခြင်းနှင့် အဆင့်အတန်း၏ အကျိုးအမြတ်များကို စွန့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဖိုးအခအား မည်သည့်အခါမျှ မပေးခဲ့ခြင်းတို့ကို ဆိုလိုသည်။ မည်သည့်အချိန်အခါသမယတွင်ဖြစ်စေ ၎င်းတို့ ပြောဆိုပြုမူသည့်အခါ မိမိတို့၏ ကိုယ်ပိုင်ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့အတွက် အစဉ်အမြဲ အမြင့်ဆုံး ကြိုးပမ်းအားထုတ်မှုကို ပြုလုပ်ကြသည်။ အပြင်ပန်း၌ ၎င်းတို့သည် အဖိုးအခကို ပေးဆပ်ပြီး သမ္မာတရားကို ချစ်မြတ်နိုးပုံရသော်လည်း ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရက မပြောင်းလဲဘဲ ရှိနေသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ တစ်နည်းအားဖြင့် ဤလူတို့သည် မိမိတို့၏ လုပ်ရပ်များ၌ သမ္မာတရားစည်းမျဉ်းများကို မည်သည့်အခါမျှ မရှာဖွေကြပေ။ နောက်တစ်နည်းအားဖြင့် ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို သိလျှင်ပင်၊ လက်တွေ့မလုပ်ဆောင်ကြပေ။ ဤသည်မှာ ၎င်းတို့က အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရကို ပိုင်ဆိုင်ကြသည့် လက္ခဏာတစ်ခု ဖြစ်သည်။ ၎င်းတို့၌ အဆင့်အတန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဧဝံဂေလိတရားကို ဟောပြောခြင်းတာဝန်အား ၎င်းတို့ထမ်းဆောင်သည်ဖြစ်စေ သို့မဟုတ် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်သည်ဖြစ်စေ ၎င်းတို့၏ ထူးခြားသောလက္ခဏာရပ်မှာ အဘယ်နည်း။ ၎င်းတို့သည် မှန်ကန်သော အယူဝါဒများကိုသာ ရှင်းလင်းစွာ ပြောဆိုနိုင်သော်လည်း မှန်ကန်သောအရာများကို မည်သည့်အခါမျှ မလုပ်ဆောင်ကြပေ။ ယင်းမှာ ၎င်းတို့၏ ထူးခြားသောလက္ခဏာရပ် ဖြစ်သည်။ ၎င်းတို့သည် အယူဝါဒများကို မည်သူမဆိုထက် ပို၍ ရှင်းလင်းစွာ ပြောဆိုသော်လည်း အမှုအရာများကို မည်သူမဆိုထက်ပို၍ ဆိုးရွားစွာ လုပ်ဆောင်ကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း မဟုတ်လော။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရကို ပိုင်ဆိုင်ခြင်းနှင့်ဆိုင်သည့် စတုတ္ထမြောက် လက္ခဏာ ဖြစ်သည်။ သင်တို့ အနီးဝန်းကျင်၌ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရရှိသော လူများစွာ ရှိမရှိဟူသည်ကို သင်တို့ကိုယ်တိုင် စစ်ဆေးပြီး အကဲဖြတ်ကြလော့။ ဤအရာများကို ငါ စာရင်းပြုစုပြီးနောက်တွင်၊ သင်တို့အနီးဝန်းကျင်၌ ထိုသို့သောလူများ အတော်များများ ရှိမရှိကို သင်တို့ ဆန်းစစ်ကောင်း ဆန်းစစ်နိုင်သည်။ ၎င်းတို့သည် ရာခိုင်နှုန်းမည်မျှ ပါဝင်သနည်း။ ခေါင်းဆောင်များ ပိုများသလော သို့မဟုတ် သာမန်ယုံကြည်သူများ ပိုများသလော။ သင်တို့ထဲမှ အချို့ကခေါင်းဆောင်များသာ အန္တိခရစ်များ ဖြစ်လာမည့် အခွင့်အရေးရှိသည်ဟု ယခင်က တွေးထင်ခဲ့ကြသည် မဟုတ်လော။ (ယခင်က ထိုသို့ တွေးခဲ့ပါသည်။) သို့ဆိုလျှင် ဤသဘောထားအမြင်သည် ယခု ပြောင်းလဲသွားပြီလော။ အန္တိခရစ်များသည် ၎င်းတို့၌ အဆင့်အတန်းရှိသောကြောင့် အန္တိခရစ်များ ဖြစ်လာကြခြင်းမဟုတ်ပေ။ ၎င်းတို့၌ အဆင့်အတန်းမရှိသည့်အခါ၌ပင် ၎င်းတို့သည် ဤယုတ်ညံ့သူ ဖြစ်ခဲ့ကြသည်။ မထင်မှတ်ဘဲ ၎င်းတို့သည် ခေါင်းဆောင်ရာထူးရသွားကြပြီး သင့်လျော်သော အပူချိန်နှင့် မြေဆီလွှာတို့ဖြင့် လျင်မြန်စွာ ကဇော်ဖောက်ကာ ၎င်း၏ စစ်မှန်သော သဘောသဘာဝကို ထုတ်ဖော်ပြသသည့် မှိုတစ်မျိုးကဲ့သို့ အန္တိခရစ်များအဖြစ် ၎င်းတို့၏ စစ်မှန်သော အင်္ဂါရပ်များက လျင်မြန်စွာ ဖော်ထုတ်ခံရခြင်းသာ ဖြစ်သည်။ အကယ်၍ သင့်လျော်သော ပတ်ဝန်းကျင်တစ်ခု မရှိပါက ၎င်းတို့၏ သဘာဝအနှစ်သာရ ဖော်ထုတ်ခြင်းခံရဖို့ အနည်းငယ် ပို၍ကြာမြင့်ကောင်း ကြာမြင့်ပေမည်။ သို့သော် ဤပို၍နှေးကွေးသော ထုတ်ဖော်ပြသခြင်းက ၎င်းတို့၌ ထိုသဘာဝ ကင်းမဲ့သည်ဟု မဆိုလိုပေ။ ထိုသို့သော သဘာဝဖြင့် လူတို့သည် မလွဲမသွေ ပြုမူကြလိမ့်မည်ဖြစ်ပြီး အမှုအရာများကို ထုတ်ဖော်ပြသကြလိမ့်မည်ဖြစ်ကာ ဤထုတ်ဖော်ပြထားသော အပြုအမူများသည် အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရနှင့်ဆိုင်သည့် လက္ခဏာများနှင့် အမှတ်အသားများ ဖြစ်ကြသည်။ ဤလက္ခဏာများနှင့် အမှတ်အသားများကို ၎င်းတို့ ပိုင်ဆိုင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို အန္တိခရစ်များအဖြစ် သတ်မှတ်၍ရနိုင်ပေသည်။

ငါ့ကို ပြောလော့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ကိစ္စရပ်များကို သမ္မာတရားစည်းမျဉ်းများအတိုင်း ကိုင်တွယ်ခြင်းသည် အမျိုးမျိုးသော ဆင်ခြေများနှင့် အကြောင်းပြချက်များ လိုအပ်သလော။ (မလိုအပ်ပါ။) လူတစ်ဦး၌ ရိုးသားသော စိတ်နှလုံးရှိသရွေ့ သမ္မာတရားကို သူလက်တွေ့လုပ်ဆောင်နိုင်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောလူတို့သည် အမျိုးမျိုးသော ဆင်ခြေများကို စိတ်ကူးရကြသလော။ ဥပမာအားဖြင့် ၎င်းတို့သည် တစ်စုံတစ်ရာကို မှားယွင်းစွာ လုပ်ဆောင်မိသောအခါ၊ စည်းမျဉ်းများကို ဆန့်ကျင်ပြီး တစ်စုံတစ်ယောက်က ၎င်းတို့ကို ပြုပြင်ပေးသောအခါ ၎င်းတို့ နားထောင်နိုင်ကြသလော။ နားမထောင်ကြပေ။ ၎င်းတို့ နားမထောင်သည့်အချက်သည် ရှိသမျှအရာအားလုံး ဖြစ်သလော။ ၎င်းတို့သည် မည်သို့ ကောက်ကျစ်ဆိုးယုတ်ကြသနည်း။ (၎င်းတို့က သင်တို့အား မိမိတို့ မှန်ကန်သည်ဟု ထင်မြင်စေလျက် သင်တို့ကို အယုံသွင်းရန် ဆင်ခြေတစ်ခုကို ရှာဖွေကြပါသည်။) ၎င်းတို့သည် သင်၏ အယူအဆများနှင့်လည်းကောင်း၊ စိတ်ကူးစိတ်သန်းများနှင့်လည်းကောင်း ကိုက်ညီသော ရှင်းလင်းချက်တစ်ခုကို ရှာဖွေကြလိမ့်မည်။ ထို့နောက်၊ သင့်ကို ယုံကြည်လက်ခံစေဖို့၊ ၎င်းတို့နှင့်အတူ လိုက်ပါစေရန်နှင့် ၎င်းတို့ မှန်ကန်ကြောင်း သင့်ကို စစ်မှန်စွာ ယုံကြည်စေဖို့အတွက် သင် အသိအမှတ်ပြုပြီး လက်ခံနိုင်သော၊ သမ္မာတရားနှင့် ကိုက်ညီသော ဝိညာဉ်ရေးရာ သီအိုရီတစ်စုံကို အသုံးပြုကြလိမ့်မည်။ အားလုံးမှာ လူတို့အား အထင်အမြင်မှားစေရန်နှင့် ထိန်းချုပ်ရန် ၎င်းတို့၏ ပန်းတိုင်ကို အောင်မြင်ရန်အလို့ငှာ ဖြစ်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အမှန်ပင် ကောက်ကျစ်ဆိုးယုတ်ခြင်းဖြစ်၏။ သိသာရှင်းလင်းစွာပင်၊ ၎င်းတို့သည် တစ်စုံတစ်ခုကို မှားယွင်းစွာ လုပ်ဆောင်ပြီးဖြစ်သည်၊ ၎င်းတို့၏ လုပ်ရပ်များ၌ စည်းမျဉ်းများနှင့် သမ္မာတရားကို ဆန့်ကျင်ပြီးဖြစ်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်ကြပြီးဖြစ်သော်လည်း ၎င်းတို့သည် သီအိုရီဆိုင်ရာ အကြောင်းပြချက်တစ်စုံကို စိတ်ကူးရကြသည်။ ဤသည်မှာ အမှန်တကယ် ကောက်ကျစ်ဆိုးယုတ်ပေသည်။ ယင်းမှာ ဝံပုလွေတစ်ကောင်က သိုးတစ်ကောင်ကို စားခြင်းနှင့်တူသည်။ သိုးများကို စားခြင်းသည် မူလက ဝံပုလွေ၏ သဘာဝ၌ ရှိခဲ့ပြီး ဘုရားသခင်သည် သိုးများကို စားရန် ဤတိရစ္ဆာန်အမျိုးအစားကို ဖန်ဆင်းခဲ့သည်။ သိုးများသည် သူ၏ အစာ ဖြစ်သည်။ သို့သော် စားပြီးနောက် ဝံပုလွေသည် အမျိုးမျိုးသော ဆင်ခြေများကို ရှာဖွေနေဆဲ ဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ သင်တို့တွင် အတွေးတစ်ခုတလေ ရှိသလော။ သင်က၊ “ငါ့သိုးကို သင် စားခဲ့ပြီး ယခုတွင် ထိုသိုးကို သင် စားသင့်ကြောင်း၊ ထိုသို့စားခြင်းက ကျိုးကြောင်းဆီလျော်ပြီး သင့်တော်ကြောင်းနှင့် သင့်ကို ကျေးဇူးတောင် တင်သင့်သေးကြောင်း ငါ့ကို သင်က တွေးထင်စေချင်နေသည်” ဟု စဉ်းစားသည်။ သင် ဒေါသထွက်သည် မဟုတ်လော။ (ဒေါသထွက်ပါသည်။) သင် ဒေါသထွက်နေစဉ် မည်သည့် အတွေးများရှိသနည်း။ သင်က၊ “ဤသူသည် အလွန် ကောက်ကျစ်ဆိုးယုတ်ပါတကား။ ထိုအရာကို သင် စားချင်လျှင် စားပါလေ။ ယင်းမှာ သင်ဖြစ်သည့်အရာသာ ဖြစ်သည်။ ငါ့သိုးကို စားခြင်းက တစ်ကြောင်းဖြစ်သော်လည်း၊ အကြောင်းပြချက်များ၊ ဆင်ခြေများ တစ်ပုံတစ်ပင်ကိုပင် စိတ်ကူးရပြီးအပြန်အလှန်အနေဖြင့် သင့်အား ကျေးဇူးတင်ရှိရန် ငါ့ကို တောင်းဆိုနေသည်။ ဤသည်မှာ အမှန်အမှားကို ရှုပ်ထွေးစေခြင်းမဟုတ်လော”ဟု စဉ်းစားလေသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ ဝံပုလွေတစ်ကောင်က သိုးတစ်ကောင်ကို စားလိုသောအခါ အဘယ်ဆင်ခြေများကို သူရှာတွေ့သနည်း။ ဝံပုလွေက “သိုးငယ်၊ ယနေ့ ကျွန်ုပ် သင့်ကို စားရမည်။ အကြောင်းမှာ မနှစ်က သင် ကျွန်ုပ်ကို စော်ကားခဲ့သည့်အတွက် သင့်ကို ကျွန်ုပ် လက်စားချေရန် လိုအပ်သောကြောင့် ဖြစ်သည်”ဟု ဆိုသည်။ သိုးငယ်က မတရားခံရသည်ဟု ခံစားလျက် “ကျွန်ုပ် မနှစ်က မွေးပင်မမွေးသေးပါ”ဟု ဆိုသည်။ ဝံပုလွေသည် သူစကားမှားပြောမိပြီး သိုးငယ်၏ အသက်ကို မှားတွက်မိကြောင်း သဘောပေါက်သောအခါ သူက “ကောင်းပြီ၊ ယင်းကို ကျွန်ုပ်တို့ ထည့်တွက်မည် မဟုတ်ပါ။ သို့သော် သင့်ကို ကျွန်ုပ် စားမြဲစားရဦးမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပြီးခဲ့သည့်တစ်ကြိမ်က ဤမြစ်ရေကို ကျွန်ုပ်သောက်ခဲ့ချိန်တွင် သင်က ရေကို ညစ်ပတ်စေခဲ့သောကြောင့် သင့်ကို ကျွန်ုပ် လက်စားချေရန် လိုအပ်သည်”ဟု ဆိုသည်။ သိုးငယ်က “ကျွန်ုပ်သည် မြစ်၏အောက်ပိုင်း၌ ရှိပြီး သင်က အပေါ်ပိုင်း၌ ရှိသည်။ ကျွန်ုပ်သည် အပေါ်ပိုင်းရှိ ရေကို မည်သို့ ညစ်ပတ်စေနိုင်မည်နည်း။ အကယ်၍ သင်က ကျွန်ုပ်ကို စားလိုလျှင် စားသာစားလိုက်ပါလော့။ အမျိုးမျိုးသော ဆင်ခြေများကို မရှာဖွေပါနှင့်” ဟု ဆိုသည်။ ယင်းမှာ ဝံပုလွေ၏ သဘာဝ ဖြစ်သည်။ ယင်းမှာ ကောက်ကျစ်ဆိုးယုတ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဝံပုလွေ၏ ကောက်ကျစ်ဆိုးယုတ်မှုသည် အဆင်းနီသော နဂါးကြီး၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့် တူညီသလော။ (တူညီပါသည်။) ဤသရုပ်ဖော်ချက်သည် အဆင်းနီသော နဂါးကြီးနှင့် အသင့်တော်ဆုံးဖြစ်သည်။ အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်ကို ယုံကြည်သောလူတို့အား ဖမ်းဆီးလိုသည်။ ဤလူတို့ကို ရာဇဝတ်မှုများဖြင့် ၎င်းက စွဲချက်တင်လိုသည်။ သို့ဖြစ်၍ ၎င်းသည် ဦးစွာ အချို့သော ဟန်ဆောင်မှုများကို ဖန်တီးသည်။ အချို့သော ကောလာဟလများကို လုပ်ကြံဖန်တီးပြီးနောက် ကမ္ဘာလောကတစ်ခုလုံးက ထကြွပြီး သင်တို့ကို ပြစ်တင်ရှုတ်ချစေရန်အလို့ငှာ ထိုအရာများကို ကမ္ဘာလောကသို့ ထုတ်လွှင့်သည်။ ၎င်းသည် ဘုရားသခင်ကို ယုံကြည်သောသူတို့အား “ပြည်သူ့ငြိမ်ဝပ်ပိပြားရေးကို နှောင့်ယှက်ခြင်း”၊ “နိုင်ငံတော်လျှို့ဝှက်ချက်များကို ပေါက်ကြားစေခြင်း”နှင့် “နိုင်ငံတော်အာဏာကို ဖြိုဖျက်ခြင်း” ကဲ့သို့သော စွဲချက်များစွာ ချမှတ်သည်။ ဤရာဇဝတ်ပြစ်မှုအမျိုးမျိုးကို သင်တို့ကျူးလွန်ခဲ့သည်ဟု ၎င်းက ကောလာဟလများကိုလည်း ဖြန့်ဝေပြီး သင်တို့ကို ဤစွဲချက်များ ချမှတ်လေသည်။ ယင်းစွဲချက်များကို ဝန်ခံရန် သင်တို့ ငြင်းပယ်ပါက အဆင်ပြေသလော။ ယင်းမှာ သင်က ထိုစွဲချက်များကို ဝန်ခံခြင်း၊ မခံခြင်းနှင့်ဆိုင်သည့် ကိစ္စလော။ မဟုတ်ပေ။ သင်တို့ကို ဖမ်းဆီးရန် ၎င်းက စိတ်ပိုင်းဖြတ်ပြီးသည်နှင့်တစ်ပြိုင်နက် သိုးတစ်ကောင်ကို စားရန် စိတ်ပိုင်းဖြတ်ထားသော ဝံပုလွေတစ်ကောင်ကဲ့သို့ပင် အမျိုးမျိုးသော ဆင်ခြေများကို ရှာဖွေသည်။ အဆင်းနီသော နဂါးကြီးသည် အမှန်တွင် မကောင်းမှုတစ်ခုခုကို အခြားလူများက ပြုလုပ်ခဲ့ချိန်တွင် ထိုအရာများကို ငါတို့ လုပ်ဆောင်ခဲ့သည်ဟု အခိုင်အမာဆိုလျက် အချို့သော ဟန်ဆောင်မှုများကို ဖန်တီးသည်။ ၎င်းက အသင်းတော်ကို အပြစ် လွှဲချပြီး အမှုဆင်သည်။ ၎င်းကို သင်က အကျိုးသင့်အကြောင်းသင့် ပြော၍ရနိုင်သလော။ (မရနိုင်ပါ။) အဘယ်ကြောင့် အကျိုးသင့်အကြောင်းသင့် ပြော၍မရနိုင်သနည်း။ သင်သည် ၎င်းကို ရှင်းလင်းစွာ အကျိုးသင့်အကြောင်းသင့် ပြော၍ရနိုင်သလော။ သင်သည် ၎င်းကို အကျိုးသင့်အကြောင်းသင့်ပြောပြီး အခြေအနေကို ရှင်းပြခြင်းဖြင့် ၎င်းသည် သင့်ကိုဖမ်းဆီးမည်မဟုတ်ဟု တွေးထင်သလော။ သင်သည် ၎င်းကို အကောင်းမြင်လွန်းပေသည်။ သင် စကားပြော၍ မပြီးမီ ၎င်းသည် သင့်ကို ဆံပင်ဖြင့် ဆွဲကိုင်ပြီး သင်၏ ဦးခေါင်းကို နံရံနှင့် ဆောင့်ကာ ထို့နောက်၊ “ငါ အဘယ်သူဖြစ်သည်ကို သင်သိသလော။ ငါက နတ်ဆိုးတစ်ကောင်ဖြစ်သည်”ဟု သင့်ကို ပြောလိမ့်မည်။ ထို့နောက်တွင် နေ့ချီ၊ ညချီ တလှည့်စီ စစ်ဆေးမေးမြန်းခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့နှင့်အတူ ပြင်းထန်စွာ ရိုက်နှက်လိမ့်မည်ဖြစ်ပြီး ထို့နောက် သင်သည် လိမ္မာလာလိမ့်မည်။ ဤအချိန်၌ သင်သည်၊ “ဤတွင် ကျိုးကြောင်းဆင်ခြင်စရာနေရာ မရှိပါ။ ဤသည်မှာ ထောင်ချောက်တစ်ခုဖြစ်သည်”ဟု သဘောပေါက်လိမ့်မည်။ အဆင်းနီသော နဂါးကြီးသည် သင်နှင့် အကျိုးသင့်အကြောင်းသင့် မပြောပေ။ ၎င်းသည် ထိုဟန်ဆောင်မှုများကို မရည်ရွယ်ဘဲ၊ မတော်တဆ ဖန်တီးသည်ဟု သင် တွေးထင်သလော။ ၎င်း၏ နောက်ကွယ်၌ ပူးပေါင်းကြံစည်မှုတစ်ခု ရှိပြီး ၎င်းက နောက်ထပ်လှုပ်ရှားမှုကို စီစဉ်ထားပြီးဖြစ်သည်။ ဤသည်မှာ ၎င်း၏ လုပ်ရပ်များအတွက် နိဒါန်းတစ်ခုမျှသာ ဖြစ်သည်။ လူအချို့က “သူသည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ဆက်စပ်သည့် ကိစ္စရပ်များကို နားမလည်ပါ။ ထိုအရာကို သူ့အား ငါရှင်းပြလိုက်လျှင် အားလုံး အဆင်ပြေသွားလိမ့်မည်”ဟု တွေးထင်နေဆဲ ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုအရာကို ရှင်းလင်းစွာ သင်ရှင်းပြနိုင်သလော။ ၎င်းက သင် မလုပ်ဆောင်ခဲ့သော တစ်စုံတစ်ရာအတွက် သင့်ကိုအမှုဆင်ခဲ့သည်။ အမှုအရာများကို ရှင်းလင်းစွာ သင် ရှင်းပြနိုင်သေးသလော။ ၎င်းက သင့်ကို အမှုဆင်သောအခါ ယင်းကို သင် မလုပ်ဆောင်ခဲ့ကြောင်း ၎င်းက မသိခဲ့သလော။ ထိုအရာကို မည်သူလုပ်ဆောင်ခဲ့ကြောင်း ၎င်းက မသိဘဲနေသလော။ ၎င်းက အလွန်ကောင်းစွာ သိပေသည်။ သို့ဆိုလျှင် ၎င်းသည် အပြစ်ကို သင့်အပေါ် အဘယ်ကြောင့် ပုံချသနည်း။ ၎င်းက ဖမ်းဆီးနေသောသူမှာ သင် ဖြစ်သည်။ ၎င်းက အပြစ်ကို သင့်အပေါ် ပုံချချိန်တွင် သင် မတရားဆက်ဆံခံရသည်ကို ၎င်းက မသိဟု သင် ထင်သလော။ ၎င်းသည် သင့်ကို မတရားဆက်ဆံလိုပြီး ဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက်လိုခြင်း ဖြစ်သည်။ ယင်းမှာ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။

အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရရှိသူ မည်သူမဆိုသည် ၎င်းတို့၏ အနှစ်သာရ၌ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ မုန်းတီးကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ၎င်းတို့သည် သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံကြသကဲ့သို့ ထိုသမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ရည်ရွယ်ချက်လည်း မရှိကြပေ။ ၎င်းတို့၌ သမ္မာတရား သိနားလည်မှုကင်းမဲ့သည်ဟု သင် တွေးထင်ပြီး ထိုသမ္မာတရားအကြောင်းကို ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ရန် ကြိုးပမ်းပါက ရလဒ်အနေဖြင့် အဘယ်အရာ ဖြစ်ပျက်လိမ့်မည်နည်း။ သင် ရှေ့မတိုးသာအောင် ဖြစ်သွားလိမ့်မည်။ မှားယွင်းသောလူကို သင် ရှာတွေ့ပြီးဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံသော တစ်စုံတစ်ယောက် မဟုတ်သကဲ့သို့ သင်သည် ၎င်းတို့နှင့် မိတ်သဟာယမဖွဲ့သင့်ပေ။ ထိုအစား ၎င်းတို့ကို သင်ခန်းစာတစ်ခု ပေးပြီး “သင်သည် သင်၏ တာဝန်ကို အချိန်မည်မျှကြာ ထမ်းဆောင်ပြီးဖြစ်သနည်း။ သင်၏ တာဝန်ကို အရေးမပါသော ကိစ္စရပ်တစ်ခုအဖြစ် သင် မည်သို့ သဘောထားနိုင်ရသနည်း။ ယင်းမှာ သင်၏ ကိုယ်ပိုင်အလုပ်လော။ သင်သည် မည်သူ့ကို စိန်ခေါ်နေသနည်း။ သင်သည် ငါ့ကို ဆန့်ကျင်နေခြင်းမဟုတ်၊ ဘုရားသခင်နှင့် သမ္မာတရားကို ဆန့်ကျင်နေခြင်း ဖြစ်သည်” ဟု ဆိုလျက် ပြင်းထန်စွာ ပြောဆိုသင့်သည်။ သင်သည် ၎င်းတို့ကို သင်ခန်းစာတစ်ခု ပေးရန် လိုအပ်သည် မဟုတ်လော။ ၎င်းတို့နှင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းသည် အသုံးဝင်သလော။ အသုံးမဝင်ပေ။ အဘယ်ကြောင့် အသုံးမဝင်သနည်း။ ၎င်းတို့သည် ဝံပုလွေများဖြစ်ပြီး လမ်းပျောက်သော သို့မဟုတ် လမ်းလွဲသော သိုးများ မဟုတ်ကြပေ။ ဝံပုလွေတစ်ကောင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ မလုပ်ဆောင်နိုင်ပေ။ ဝံပုလွေတစ်ကောင်၏ သဘာဝမှာ အဘယ်နည်း။ (ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်ပါသည်။) ၎င်းသည် သိုးတစ်ကောင်ကို မြင်သည့်အခိုက်တွင် စတင်သွားရည်ကျပြီး ၎င်း၏ မျက်လုံးများက အရသာရှိသော အစာ၏ ပုံရိပ်များနှင့် ပြည့်နှက်နေကာ သိုးသည် ၎င်း၏ အစာဖြစ်ဖို့ သေချာပေသည်။ ယင်းမှာ ၎င်း၏ သဘာဝဖြစ်သည်၊ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ အကယ်၍ သင်က ၎င်းအား “သိုးများသည် အလွန် သနားစရာကောင်းပြီး နူးညံ့သည်။ ကျေးဇူးပြု၍ သူတို့ကို မစားပါနှင့်။ စားရန်အတွက် အခြား ကြမ်းတမ်းသော တိရစ္ဆာန်တစ်ကောင်ကို ရွေးချယ်ပါ၊ အဆင်ပြေသလော” ဟု ပြောပါက ၎င်းက နားလည်နိုင်သလော။ နားမလည်နိုင်ပေ။ ယင်းမှာ ၎င်း၏ သဘာဝ ဖြစ်သည်။ လူအချို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ အမျိုးမျိုးသော ဆင်ခြေများကို ရှာဖွေကြသည်၊ ယင်းမှာ ၎င်းတို့၏ သဘာဝ ဖြစ်သည်။ ဤသဘာဝကား အဘယ်နည်း။ ယင်းမှာ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ ၎င်းတို့၏ လုပ်ရပ်များသည် မည်မျှ ယုတ်ညံ့သည်ဖြစ်စေ၊ ပုန်ကန်သည်ဖြစ်စေ သို့မဟုတ် စည်းမျဉ်းများကို ဗြောင်ကျကျ ဆန့်ကျင်သည်ဖြစ်စေ ၎င်းတို့သည် မိမိတို့၏ သိက္ခာကို အဖတ်ဆယ်ချင်ကြဆဲဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ ဆန့်ကျင်လျှင်ပင် ယင်းကို ကြီးကျယ်ခမ်းနားပြီး ဂုဏ်သိက္ခာရှိသောပုံစံဖြင့် လုပ်ဆောင်လိုကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း မဟုတ်လော။ သမ္မာတရားကို ချိုးဖောက်ခြင်းသည် အပြုသဘောဆောင်သော အရာလော သို့မဟုတ် အပျက်သဘောဆောင်သော အရာလော။ (အပျက်သဘောဆောင်သော အရာဖြစ်ပါသည်။) အပျက်သဘောဆောင်သောအရာ တစ်စုံတစ်ခုကို ကြီးကျယ်ခမ်းနားပြီး ဂုဏ်သိက္ခာရှိကာ ဂုဏ်ယူဖွယ်ကောင်းသောပုံစံဖြင့် မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ ဤသွင်ပြင်လက္ခဏာနှစ်ခုကို ပေါင်းစပ်ရန် ကြိုးစားခြင်းသည် အနည်းငယ် ကသိကအောက်နိုင်သည် မဟုတ်လော။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရရှိသူတို့၏ အပြုအမူနှင့် သရုပ်သကန် ဖြစ်သည်။ ထိုအရာသည် ရှေ့နောက်မညီဖြစ်ပုံရသော်လည်း ယင်းမှာ ၎င်းတို့ ဆောင်ရွက်သည့် ပုံစံသာဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားနှင့် ၎င်းတို့ ထုတ်ဖော်ပြသသည့်အရာ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားအတွက် မုန်းတီးမှုကို ထားရှိပြီး ယင်းကို မည်သည့်အခါမျှ လက်မခံကြပေ။ ဤသည်တို့မှာ အန္တိခရစ်များဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝအနှစ်သာရ ဖြစ်သည်။ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရတွင် အချက်မည်မျှ ရှိသနည်း။ (လေးချက် ရှိပါသည်။) စုစုပေါင်း လေးချက် ရှိသည်။ ဤလက္ခဏာလေးခုသည် ပိုင်းခြားသိမြင်ရန် သင်တို့အတွက် လုံလောက်သည် မဟုတ်လော။ ကောက်ကျစ်ဆိုးယုတ်ခြင်းတွင် မသိမသာအန္တရာယ်ပေးတတ်ခြင်းနှင့် လှည့်ဖြားခြင်းတို့က ပင်ကိုအားဖြင့် ပါဝင်သည်။ ဤမသိမသာ အန္တရာယ်ပေးတတ်ခြင်းနှင့် လှည့်ဖြားခြင်းတို့သည် အဆုံးစွန်သို့ ရောက်ရှိသောအခါ ယင်းတို့ကို ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားအဖြစ် သတ်မှတ်ပေသည်။ အန္တိခရစ်များသည် ဤ ကောက်ကျစ်ဆိုးယုတ်သည့် စိတ်သဘောထားမျိုးကို သရုပ်ထင်စေကြသည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။