အချက် ၁၃- ၎င်းတို့သည် အသင်းတော်ဘဏ္ဍာရေးအပြင် လူတို့၏စိတ်နှလုံးကိုလည်း ထိန်းချုပ်၏ (အခန်း တစ်)
၁။ အန္တိခရစ်များသည် လူတို့၏စိတ်နှလုံးများကို ထိန်းချုပ်၏
ယနေ့တွင် အန္တိခရစ်တို့၏ အမျိုးမျိုးသော သရုပ်သကန်များ၏ ဆယ့်သုံးခုမြောက်အချက်ဖြစ်သည့် ၎င်းတို့သည် လူတို့၏ စိတ်နှလုံးကို ထိန်းချုပ်သည့်အပြင် အသင်းတော်၏ ဘဏ္ဍာရေးကိုလည်း ထိန်းချုပ်သည်ဟူသည့်အချက်ကို ငါတို့ မိတ်သဟာယပြုကြစို့။ အန္တိခရစ်တို့၏ များစွာကွဲပြားသည့် သရုပ်သကန်များမှ အကဲဖြတ်ရလျှင် ဤအချက်များထဲမှ တစ်ခုစီတိုင်းသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်၊ ရက်စက်ကြမ်းကြုတ်သည့်၊ ကောက်ကျစ်ဆိုးယုတ်သည့် ၎င်းတို့၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကို ဆက်စပ်နေသည်။ ဆယ့်သုံးခုမြောက်အချက်သည်လည်း ခြွင်းချက် မဟုတ်ပေ။ “၎င်းတို့သည် လူတို့၏ စိတ်နှလုံးကို ထိန်းချုပ်သည့်အပြင် အသင်းတော်၏ ဘဏ္ဍာရေးကိုလည်း ထိန်းချုပ်သည်” ဟူသည့် ဤသရုပ်သကန်အပေါ် အခြေခံ၍ အန္တိခရစ်တို့သည် ရည်မှန်းချက်ကြီးသည်သာမက လောဘလည်းကြီးကြောင်း သင်တွေ့မြင်နိုင်သည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးအတွင်း၌ လိုအပ်ချက်များစွာကို သိုဝှက်ထားကြသည်။ ဤလိုအပ်ချက်များသည် တရားနည်းလမ်းကျသလော။ (မကျပါ။) လူတို့၏ စိတ်နှလုံးကို ထိန်းချုပ်ခြင်းသည် အပြုသဘောဆောင်သည့်အရာတစ်ခု ဖြစ်သလော။ သိသာထင်ရှားစွာပင် ယင်းသည် အပြုသဘောဆောင်သော အရာတစ်ခု မဟုတ်သည်ကို “ထိန်းချုပ်သည်” ဟူသော စကားလုံးမှ မြင်နိုင်၏။ မည်သည့်ရှုထောင့်၌ ယင်းသည် အပြုသဘောမဆောင်သနည်း။ ထိန်းချုပ်ခြင်းကို ကျင့်သုံးသည်မှာ အဘယ်ကြောင့် မှားသနည်း။ သင်တို့သည် လူတို့၏ စိတ်နှလုံးကို ထိန်းချုပ်လိုသလော။ (အလိုမရှိပါ။) သင်တို့ ထိုသို့လုပ်ဆောင်လိုခြင်း မရှိသော်ငြားလည်း ထိုနည်းအတိုင်း မလုပ်ဆောင်ဘဲ မနေနိုင်သည့် အချိန်များ ရှိလိမ့်မည်။ ဤသည်ကို “စိတ်သဘောထား” ဟု ခေါ်သည်။ ဤသည်ကို “အနှစ်သာရ” ဟု ခေါ်သည်။ အန္တိခရစ်တို့က လူတို့၏ စိတ်နှလုံးကို ထိန်းချုပ်ခြင်းသည် တရားနည်းလမ်းကျသော လိုအပ်ချက်တစ်ခု မဟုတ်သကဲ့သို့ မျှတပြီး ကျိုးကြောင်းဆီလျော်ခြင်းလည်း မဟုတ်ပေ။ ယင်းမှာ အပျက်သဘောဆောင်သည့် အရာတစ်ခု ဖြစ်သည်။ “လူတို့၏ စိတ်နှလုံးကို ထိန်းချုပ်သည်” ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လူတို့၏ စိတ်နှလုံးကို ထိန်းချုပ်ခြင်းသည် စိတ်ကူးသက်သက် မဟုတ်ပေ။ ထိုအစား ယင်းမှာ သတ်သတ်မှတ်မှတ်ဖြစ်သော နည်းလမ်းများ၊ ကျင့်ကြံမှုနှင့် ဘာသာစကားတို့အပြင် သတ်သတ်မှတ်မှတ်ဖြစ်သော အတွေးအခေါ်များ၊ အမြင်ရှုထောင့်များ၊ ရည်ရွယ်ချက်များနှင့် စေ့ဆော်မှုများဖြင့် အတော်အတန် ခိုင်မာတိကျပြီး သတ်သတ်မှတ်မှတ်ဖြစ်သည့် အရာတစ်ခု ဖြစ်သည်။ ဤသို့ဖြစ်သဖြင့် အန္တိခရစ်တို့က လူတို့၏ စိတ်နှလုံးကို ထိန်းချုပ်ခြင်း၏ ခိုင်မာတိကျသော သရုပ်သကန်များမှာ အဘယ်နည်း။ ပြီးလျှင် ဤထိန်းချုပ်မှုကို အတိအကျ မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသနည်း။ (အခြားသူတို့၏ အသိအမှတ်ပြုခြင်းနှင့် အထင်ကြီးလေးစားမှုကို ရယူရန်နှင့် အခြားသူများကို အထင်အမြင် မှားစေခြင်းဟူသည့် ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်စေရန်အလို့ငှာ အပြင်ပန်း ဆင်းရဲဒုက္ခခံခြင်းနှင့် အဖိုးအခပေးခြင်းကဲ့သို့သော ပြသမှုများကို အသုံးပြုခြင်းအားဖြင့် ဖြစ်ပါသည်။) အန္တိခရစ်တို့သည် လူတို့၏ မျက်နှာသာပေးမှုကို ရရှိရန် သတ်သတ်မှတ်မှတ်ဖြစ်သော ကျင့်ကြံမှုနှင့် သရုပ်သကန် အမျိုးအစားများကို အသုံးပြုကြပြီး ထိုသို့ဖြင့် လူတို့၏ စိတ်နှလုံးထဲ၌ နေရာတစ်ခုကို ရယူကာ လူတို့ကို ၎င်းတို့အား အထင်ကြီးလေးစားစေသည်။ အန္တိခရစ်တို့က အခြားသူတို့၏ အထင်ကြီးလေးစားမှုကို ရရှိသည့်အခါ ဤရလဒ်သည် သဘာဝအားဖြင့် လူများကို အထင်အမြင်မှားစေခြင်းဟူသည့် ရလဒ်တစ်ခု ဖြစ်သည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးထဲတွင် အခြားသူများကို အထင်အမြင်မှားစေရန် ဤနည်းလမ်းများကို အသုံးပြုခြင်းသည် အန္တိခရစ်တို့၏ ခံစားချက်အရဖြစ်သော ဆန္ဒ အမှန်တကယ် မဟုတ်ပေ။ ၎င်းတို့ လိုချင်သည့်အရာမှာ အထင်ကြီးလေးစားခံရရန် ဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ ရည်မှန်းချက် ဖြစ်သည်။ အခြားအရာ တစ်ခုခု ရှိသေးသလော။ (အန္တိခရစ်တို့သည် လူများကို အထင်အမြင်မှားစေရန်နှင့် မိမိတို့ဘက်ပါအောင် ဆွဲဆောင်သိမ်းသွင်းရန် အသေးအဖွဲ ကူညီမှုများကို အသုံးပြုကြပြီး အခြားသူတို့ကို ၎င်းတို့အား အထင်ကြီးလေးစားကာ အားကျစေရန်နှင့် ၎င်းတို့၏ အမိန့်များကို နာခံစေရန်၊ လူများကို မိမိတို့ဘက်ပါအောင် စည်းရုံးခြင်းနှင့် ၎င်းတို့အပေါ် ထိန်းချုပ်မှု ရယူခြင်းဟူသည့် ၎င်းတို့၏ ပန်းတိုင်သို့ ရောက်ရှိစေရန်အလို့ငှာ မိမိတို့၏ ကိုယ်ပိုင် လုပ်နိုင်စွမ်းများနှင့် ဆုကျေးဇူးများကို ကြွားဝါကြပါသည်။) ဤသည်မှာ ရှုထောင့်တစ်ခု ဖြစ်သည်။ (အန္တိခရစ်တို့သည် ဝိညာဉ်ရေးရာပြည့်ဝဟန် ဟန်ဆောင်ကြပါသည်။ ၎င်းတို့သည် ပြုပြင်ခြင်းခံရသည့်အခါ ယင်းကို နားလည်ရန် ပျက်ကွက်ကြသည့်တိုင် နားလည်ပြီးဖြစ်ဟန်နှင့် နာခံနိုင်ဟန် ဟန်ဆောင်ကြသည်။ ထိုသို့ဖြင့် အခြားသူတို့က ၎င်းတို့သည် သမ္မာတရားကို စိတ်အားထက်သန်စွာ လိုက်စားနေကြကြောင်းနှင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု အတော်အတန် များပြားကြောင်း ခံစားရလိမ့်မည်။ အခြားလူများကို ၎င်းတို့အား အထင်ကြီးလေးစားပြီး အားကျစေခြင်းဟူသည့် ရလဒ်ကို ဖြစ်မြောက်အောင်မြင်စေရန်အလို့ငှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို သမ္မာတရားကို လိုက်စားပြီး နားလည်သော လူများအဖြစ် ဟန်ဆောင်ကြပါသည်။) ဤသည်မှာ နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ အန္တိခရစ်တို့သည် မိမိတို့ မည်မျှ ဝိညာဉ်ရေးရာပြည့်ဝကြောင်းနှင့် သမ္မာတရားကို လိုက်စားပြီး ကျိုးနွံနာခံနိုင်ကြောင်း အခြားသူများကို အစဉ်အမြဲ မြင်စေလိုကြသည်။ အမှန်တကယ်တွင် ၎င်းတို့သည် အနည်းငယ်မျှသော နားလည်သဘောပေါက်မှုကိုမျှ မပိုင်ဆိုင်ကြသော်လည်း အခြားသူတို့ကို ၎င်းတို့အား လေးစားပြီး အထင်ကြီးစေရန်အလို့ငှာ ဝိညာဉ်ရေးရာပြည့်ဝသော လူတစ်ဦး၏ အပေါ်ယံရုပ်သွင်ကို ဟန်ဆောင်နေဆဲ ဖြစ်သည်။ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးကို ထိန်းချုပ်ရန် ထိုသို့သော နည်းလမ်းများကို အသုံးပြုကြသည်။ နောက်ထပ်ရှိသေးသလော။ (အန္တိခရစ်တို့သည် မိမိတို့ကိုယ်ကို ကြွားဝါရန်နှင့် ဂုဏ်တင်ရန် စကားလုံးများနှင့် အယူဝါဒများအကြောင်း ပြောဆိုကြသည်။ ထိုသို့ဖြင့် အခြားသူတို့က ၎င်းတို့သည် သမ္မာတရားကို နားလည်ပြီး ဝိညာဉ်ရင့်ကျက်မှုကို ပိုင်ဆိုင်သည်ဟု ထင်မှတ်ကာ ၎င်းတို့အား လေးစားပြီး ကိုးကွယ်၍ နာခံကြပါသည်။ ဤနည်းလမ်းများအားဖြင့် ၎င်းတို့သည် လူများကို ထိန်းချုပ်လာကြပါသည်။) ဤသည်မှာ ခိုင်မာတိကျသော သရုပ်သကန်တစ်ခု ဖြစ်သော်လည်း “၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများအကြောင်း ပြောဆိုကြသည်” ဟု ဆိုခြင်းမှာ လုံးလုံးလျားလျား သင့်လျော်ခြင်း မရှိပေ။ အန္တိခရစ်တို့သည် ၎င်းတို့က စကားလုံးများနှင့် အယူဝါဒများအကြောင်း ပြောဆိုနေကြကြောင်း သတိမပြုမိကြပေ။ ၎င်းတို့ ပြောဆိုသည့်အရာများသည် လက်တွေ့ကျမှုဖြစ်ကြောင်း၊ မြင့်မားသော သဘောတရားများနှင့် တရားဒေသနာများဖြစ်ကြောင်း ၎င်းတို့ ယုံကြည်ကြပြီး ဤအရာများကို လူများကို အထင်အမြင်မှားစေရန် ၎င်းတို့ အသုံးပြုကြသည်။ ၎င်းတို့ပြောဆိုနေသည်မှာ စကားလုံးများနှင့် အယူဝါဒများဖြစ်ကြောင်း အန္တိခရစ်တို့ သိရှိခဲ့လျှင် ၎င်းတို့သည် ယင်းတို့အကြောင်း ပြောဆိုခြင်းကို ရပ်တန့်လိုက်မည်ဖြစ်သည်။ အခြားအရာ တစ်ခုခု ရှိသေးသလော။ (အန္တိခရစ်တို့သည် စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ဆန့်ကျင်ကြပြီး ၎င်းတို့၌ရှိသော အာဏာနှင့် ဟုတ်မှန်သယောင်ရှိသော်လည်း စင်စစ်မှားယွင်းနေသော ဝိညာဉ်ရေးရာ သဘောတရားများကို အသုံးပြု၍ လူတိုင်း၏ ယုံကြည်ကိုးစားမှုကို လိမ်လည်လှည့်ဖြားကာ ရယူကြပြီး ထိုသို့ဖြင့် လူတို့အပေါ် ထိန်းချုပ်မှု ရယူခြင်းဟူသည့် ၎င်းတို့၏ ပန်းတိုင်သို့ ရောက်ရှိကြပါသည်။) (အန္တိခရစ်တို့သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အထက်နှင့် ဆက်သွယ်မှုကို ဖြတ်တောက်ကြပါသည်။ ၎င်းတို့သည် အလုပ် အစီအစဉ်များကို မဆောင်ရွက်ကြဘဲ မိမိတို့၏ စီရင်ပိုင်ခွင့်အတွင်း၌ အကြွင်းမဲ့အာဏာကို ဆုပ်ကိုင်ထားကြကာ မိမိတို့၏ ကိုယ်ပိုင်နယ်မြေများကို တည်ထောင်ရန်နှင့် လူများကို ထိန်းချုပ်ရန် ကြိုးစားကြပါသည်။) ဤသည်မှာလည်း ခိုင်မာတိကျသော သရုပ်သကန်တစ်ခု ဖြစ်သည်။ ပို၍ သင့်လျော်စွာ ပြောရလျှင် ၎င်းတို့သည် အထက်ကို လှည့်ဖြားသည်၊ မိမိတို့၏ လက်အောက်ငယ်သားများထံမှ အမှုအရာများကို ဖုံးကွယ်သည်၊ ပြီးလျှင် လူတို့၏ မျက်နှာသာပေးမှုကို ရယူရန် ကြိုးစားကြသည်၊ အခြားသူတို့ကို စစ်မှန်သော အခြေအနေကို မြင်ခွင့်မပေးဘဲ ၎င်းတို့၏ ယုံကြည်မှုကို လိမ်လည်လှည့်ဖြားကာ ရယူကြသည်။ ထိုသို့ဖြင့် လူတို့၏ စိတ်နှလုံးကို ထိန်းချုပ်ခြင်းဟူသည့် ၎င်းတို့၏ ပန်းတိုင်သို့ ရောက်ရှိကြလေ၏။ အထက်ကို လှည့်စားပြီး မိမိတို့၏ အောက်မှလူများထံမှ အမှုအရာများကို ကွယ်ဝှက်ထားခြင်း၌ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အထက်နှင့် ညီအစ်ကိုမောင်နှမများအား ၎င်းတို့နှင့်ပတ်သက်သည့် အမှန်တရားကို သိမြင်ခြင်းမှ ဟန့်တားရန်ဖြစ်သည်။ ဤသို့ဖြင့် အထက်နှင့် ညီအစ်ကိုမောင်နှမများသည် ၎င်းတို့အပေါ် ယုံကြည်ကိုးစားကာ အဆုံးတွင် ညီအစ်ကိုမောင်နှမများသည် ၎င်းတို့ကိုသာ ကိုးကွယ်ရန် လာရောက်ကြပြီး ထို့နောက်တွင် လူများ၏ စိတ်နှလုံးကို ထိန်းချုပ်ရန်ဖြစ်သည့် ၎င်းတို့၏ ပန်းတိုင်ကို ဆိုက်ရောက်မည်ဖြစ်သည်။ ရှိသေးသလော။ (အန္တိခရစ်တို့သည် မှန်သယောင်ထင်ရသော စည်းမျဉ်းစည်းကမ်းများကို လူတို့လိုက်နာစောင့်ထိန်းရန် ချမှတ်ပေးပြီး သမ္မာတရားကို အစားထိုးရန် ယင်းတို့ကို အသုံးပြုလေသည်။ ဤသို့ဖြင့် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တူညီသည်ဟု ယုံကြည်လာလေသည်။ ဤနည်းလမ်းများအားဖြင့် အန္တိခရစ်တို့သည် လူတို့၏ စိတ်နှလုံးကို ချုပ်ကိုင်ကာ လူတို့ကို ၎င်းတို့၏ ရှေ့မှောက်သို့ ဦးဆောင်လမ်းပြနိုင်ပေသည်။) လူတို့က သူတို့ကို နားထောင်စေရန်အလို့ငှာ မိမိတို့ကိုယ်ကို ဝိညာဉ်ရေးရာပြည့်ဝသူများအဖြစ်၊ သမ္မာတရားကို နားလည်သူများအဖြစ် ပုံမှားရိုက်လျက် သမ္မာတရား စည်းမျဉ်းများကို အစားထိုးရန်အတွက် အန္တိခရစ်တို့က စည်းကမ်းများနှင့် စည်းမျဉ်းစည်းကမ်းများ တစ်ပုံတစ်ခေါင်းကို ချမှတ်ခြင်းအဖြစ် ဤအရာကို သရုပ်ဖော်သင့်သည်။ ဤနည်းဖြင့် သူတို့သည် လူတို့၏စိတ်နှလုံးကို ထိန်းချုပ်ခြင်းဟူသည့် သူတို့၏ပန်းတိုင်သို့ ဆိုက်ရောက်သွားကြလေသည်။ သူတို့ ချမှတ်ထားသော စည်းကမ်းများက အသင်းတော်အသက်တာအတွက်နှင့် လူများအနေဖြင့် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းခြင်းအတွက် အကျိုးပြုပါက ယင်းတို့သည် သမ္မာတရား စည်းမျဉ်းများကို မဆန့်ကျင်သည့်အပြင် ဘုရားသခင့်အိမ်တော်၏ အကျိုးစီးပွားများကိုလည်း မထိခိုက်မနစ်နာစေပါက ယင်းနှင့်ပတ်သက်၍ အမှားမရှိပေ။ အသင်းတော်အတွင်းရှိ အမျိုးမျိုးသော လူအမျိုးအစားများကို ဆက်ဆံရာ၌ သမ္မာတရားကို မိတ်သဟာယပြုခြင်းအပြင် လူတို့ကို ထိန်းထားဖို့ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်အချို့ကို ချမှတ်ထားရန် လိုအပ်သည်။ ဤစီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များက သမ္မာတရား စည်းမျဥ်းများကို မဆန့်ကျင်ဘဲ ထိုအစား လူတို့အတွက် အကျိုးဖြစ်ထွန်းစေပါက ယင်းတို့သည် အပြုသဘောဆောင်သော အရာများဖြစ်၏။ ပြီးလျှင် ဤသည်မှာ လူတို့၏ စိတ်နှလုံးကို ထိန်းချုပ်ခြင်း မဟုတ်ပေ။ ဤစည်းကမ်းများကို သမ္မာတရား စည်းမျဉ်းများအဖြစ် ပုံမှားရိုက်လျှင် ဤသည်မှာ ပြဿနာဖြစ်နေပေပြီ။ ထိုသို့ဆိုလျှင် အန္တိခရစ်များသည် လူတို့အတွက် အကျိုးဖြစ်ထွန်းစေပြီး သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသည့် စည်းကမ်းများကို ဖန်တီးနိုင်ကြသလော။ (မဖန်တီးနိုင်ပါ။) ဤသည်ကို မည်သို့ ပြောဆိုသင့်ကြောင်း အကျဉ်းချုပ်ကြည့်ကြစို့။ (အန္တိခရစ်တို့သည် သမ္မာတရား စည်းမျဉ်းများနှင့် မကိုက်ညီသော စည်းကမ်းအချို့ကို ဖန်တီးကြပြီး လူတို့ကို ၎င်းတို့အား နာခံစေရန်နှင့် လူတို့၏ စိတ်နှလုံးကို ထိန်းချုပ်ခြင်းဟူသည့် ၎င်းတို့၏ ပန်းတိုင်ကို ရရှိစေရန် ဝိညာဉ်ရေးရာပြည့်ဝနှင့် သမ္မာတရားကို နားလည်ဟန် ဟန်ဆောင်ကြပါသည်။) ယင်းမှာ အတော်အတန် သင့်လျော်မှုရှိသည်။ နောက်ထပ်ရှိသေးသလော။ (အန္တိခရစ်တို့သည် မိမိတို့၏ လိမ္မာပါးနပ်မှုနှင့် ထိုးထွင်းသိမြင်မှုကို ပြသရန်နှင့် လူတို့ကို ၎င်းတို့အား လေးစားစေရန် အလွန်ပင် ကြားကောင်းသော စိတ်ကူးများကို တတွတ်တွတ် ပြောဆိုခြင်းကို နှစ်သက်ကြပါသည်။ ဥပမာအားဖြင့် လူတိုင်းသည် ကိစ္စရပ်တစ်ခုကို ဆွေးနွေးပြီးဖြစ်ကာ ယင်းနှင့်ပတ်သက်၍ မည်သို့လုပ်ဆောင်ရမည်ကို ဆုံးဖြတ်ပြီးသည့်နောက်တွင် အန္တိခရစ်တို့သည် အခြားသူတိုင်း၏ အကြံပြုချက်များကို ချေပရန် သဘောတရားတစ်စုံကို ထုတ်ပြောမည်ဖြစ်ပြီး လူတိုင်းကို ၎င်းတို့အား နားထောင်စေမည်ဖြစ်သည်။ အမှန်တကယ်တွင် ၎င်းတို့၏ အမြင်သည် အနည်းငယ်မျှပင် ပို၍ လိမ္မာပါးနပ်ခြင်း မရှိပေ။ ထို့နောက် အချိန်ကြာလာသည်နှင့်အမျှ ကိစ္စရပ်သည် မည်သည့်အရာပင် ဖြစ်ပါစေ မည်သူမျှ သမ္မာတရားကို မိတ်သဟာယဖွဲ့ဝံ့ခြင်း သို့မဟုတ် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေဝံ့ခြင်း ရှိကြမည်မဟုတ်ဘဲ အန္တိခရစ်တို့ကို နောက်ဆုံး စီရင်ဆုံးဖြတ်ချက် ချမှတ်ခွင့်ပေးရမည်ဟု ခံစားရမည်ဖြစ်ကာ အဆုံးတွင် အန္တိခရစ်တို့သည် လူတို့ကို ထိန်းချုပ်ခြင်းဟူသည့် ၎င်းတို့၏ ပန်းတိုင်သို့ ရောက်ရှိကြမည်ဖြစ်ပါသည်။) အန္တိခရစ်တို့သည် အခြားသူတို့၏ အကြံပြုချက်များကို ချေပလျက်၊ မိမိတို့ကိုယ်ကို ကြွားဝါလျက်၊ အခြားသူတို့ကို ၎င်းတို့ အလွန် လိမ္မာပါးနပ်ကြောင်း ယုံကြည်စေလျက် အလွန် ကြားကောင်းသော စိတ်ကူးများကို အချိန်တိုင်း တတွတ်တွတ် ပြောဆိုကြပြီး ထိုသို့ဖြင့် အခြားလူများကို အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းဟူသည့် ၎င်းတို့၏ ပန်းတိုင်သို့ ရောက်ရှိကြပါသည်။ အန္တိခရစ်တို့က လူများကို ထိန်းချုပ်ခြင်းနှင့် အထင်အမြင်မှားစေခြင်းတို့၏ သရုပ်သကန်များအကြောင်းကို ငါတို့ ယခင်က များစွာ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ အန္တိခရစ်တို့ ဤသည်ကို လုပ်ဆောင်သည့်အခါ များစွာကွဲပြားသော ပရိယာယ်များ၊ သရုပ်သကန်များနှင့် နည်းလမ်းများ ပါဝင်ပါသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် လုပ်ရပ်များကို အသုံးပြုကြသည်၊ တစ်ခါတစ်ရံ ၎င်းတို့သည် စကားကို အသုံးပြုကြပြီး အခြားအချိန်များတွင်မူ ၎င်းတို့သည် လူများကို အထင်အမြင်မှားစေရန် ရှုထောင့်အမျိုးအစားတစ်ခုကို အသုံးပြုကြသည်။ အတိုချုပ်အားဖြင့် အန္တိခရစ်တို့ လုပ်ဆောင်သည့် ဤအရာများအားလုံး၏ နောက်ကွယ်တွင် ဖုံးကွယ်နေသော ပန်းတိုင်များ ရှိ၏။ ဤလုပ်ရပ်များထဲမှ တစ်ခုမျှသည် စင်ကြယ်ပြီး ပွင့်လင်းခြင်း မရှိသကဲ့သို့ တစ်ခုမျှသည် သမ္မာတရားနှင့် ကိုက်ညီခြင်း မရှိပေ။ ၎င်းတို့ လုပ်ဆောင်သမျှသည် လူများကို အထင်အမြင်မှားစေရန်နှင့် လူတို့ကို ၎င်းတို့အား အထင်ကြီးလေးစားပြီး ကိုးကွယ်စေရန်အလို့ငှာ ဖြစ်သည်။ အန္တိခရစ်တို့ အပြင်ပန်း ပြောဆိုပြီး လုပ်ဆောင်သမျှသည် အပေါ်ယံရုပ်သွင်များသာ ဖြစ်သည်။ ယင်းတို့အားလုံးသည် ကောင်းသော အမူအကျင့်ဖြစ်ပြီး လူတို့က ကောင်းသည်ဟု သတ်မှတ်သည့်အရာများ ဖြစ်သည်။ သို့သော် အမှန်တကယ်တွင် ဤအရာများ၏ အနှစ်သာရကို စုံစမ်းစစ်ဆေးခဲ့လျှင် အန္တိခရစ်တို့၏ လုပ်နည်းကိုင်နည်းများ နောက်ကွယ်ရှိ စေ့ဆော်မှုများနှင့် ရည်မှန်းချက်များသည် ပြောမထွက်နိုင်အောင် ဆိုးရွားကာ သမ္မာတရားနှင့် ဆန့်ကျင်ဘက်ဖြစ်သည်၊ ဘုရားသခင် စက်ဆုပ်ရွံရှာသောအရာများ ဖြစ်သည်ဟူသည်တို့မှာ ခြွင်းချက်မရှိပေ။
လူတို့၏ စိတ်နှလုံးကို ထိန်းချုပ်ခြင်းဖြစ်သည့် ၎င်းတို့၏ လုပ်နည်းကိုင်နည်းမှ အကဲဖြတ်ရလျှင် အန္တိခရစ်တို့၏ လူ့သဘာဝသည် စက်ဆုပ်ဖွယ်ကောင်းပြီး တစ်ကိုယ်ကောင်းဆန်ကာ ၎င်းတို့၏ စိတ်သဘောထားသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်၊ ကောက်ကျစ်ဆိုးယုတ်သည့်၊ ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထား ဖြစ်သည်။ အန္တိခရစ်တို့သည် မိမိတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် အရှက်ကင်းမဲ့စွာဖြင့် စက်ဆုပ်ဖွယ်ကောင်းပြီး လက်သီးပုန်းထိုးသော လှည့်ကွက် အမျိုးမျိုးကို အသုံးပြုကြသည်။ ဤသည်မှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝ၏ လက္ခဏာတစ်ရပ် ဖြစ်သည်။ ထို့အပြင် လူတို့သည် လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ တစ်စက်မျှ ဂရုမစိုက်ဘဲ၊ ၎င်းတို့ကို အသိပေးခြင်း သို့မဟုတ် ၎င်းတို့၏ သဘောတူညီချက်ကို ရယူခြင်း မရှိဘဲ ၎င်းတို့သည် လူတို့ကို အစဉ် ထိန်းချုပ်လိုကြသည်၊ ကြိုးကိုင်ညွှန်ကြားကာ လွှမ်းမိုးလိုကြသည်။ လူတို့က မိမိတို့၏ စိတ်နှလုံးထဲ၌ တွေးတောပြီး တောင့်တသည့် အရာအားလုံးကို ၎င်းတို့၏ ကြိုးကိုင်ညွှန်ကြားမှုများအောက် ရောက်စေလိုကြသည်၊ လူတို့အား ၎င်းတို့ကို မိမိတို့၏ စိတ်နှလုံးထဲတွင် နေရာတစ်ခု ထားရှိစေလိုကြသည်၊ ၎င်းတို့ကို ကိုးကွယ်စေလိုကြသည်၊ အမှုအရာအားလုံးတွင် ၎င်းတို့ကို အထင်ကြီးစေလိုကြသည်။ ၎င်းတို့သည် လူတို့ကို မိမိတို့၏ စကားများနှင့် အမြင်ရှုထောင့်များဖြင့် ဘောင်ခတ်ပြီး လွှမ်းမိုးလိုကြသည့်အပြင် မိမိတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒများအပေါ် အခြေခံ၍ ၎င်းတို့ကို ကြိုးကိုင်ညွှန်ကြားကာ ထိန်းချုပ်လိုကြသည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ယင်းမှာ ရက်စက်ကြမ်းကြုတ်ခြင်း မဟုတ်လော။ ယင်းမှာ သင်၏လည်ပင်းကို ပါးစပ်ထဲတွင် ခဲထားသော ကျားတစ်ကောင်ကဲ့သို့ပင် ဖြစ်သည်။ သင်သည် အသက်ရှူရန်နှင့် ရုန်းကန်လှုပ်ရှားရန် မည်မျှပင် ကြိုးစားရုန်းကန်စေကာမူ သင်အလိုရှိသည့်အတိုင်း မလုပ်ဆောင်နိုင်ဘဲ ထိုအစား သင်သည် ၎င်း၏ ကြောက်မက်ဖွယ် ပါးစပ်၏ ခိုင်မြဲသော၊ သေလောက်စေသော ချုပ်ကိုင်မှုအောက်တွင် ရှိနေသည်။ သင်သည် မည်မျှပင် ရုန်းကန်လွတ်မြောက်ရန် ကြိုးစားစေကာမူ မလွတ်မြောက်နိုင်ပေ ပြီးလျှင် ကျားအား ၎င်း၏ မေးရိုးကို ဖြေလျော့ပေးရန် သင်အသနားခံသော်လည်း ယင်းမှာ မဖြစ်နိုင်ပေ၊ ဆွေးနွေးညှိနှိုင်း၍ အကျိုးမရှိပေ။ အန္တိခရစ်တို့တွင် ထိုသို့သော စိတ်သဘောထားမျိုး ရှိလေသည်။ သင်သည် ၎င်းတို့နှင့် ဆွေးနွေးပြီး “လူတို့ကို ထိန်းချုပ်ရန် နည်းလမ်းများ ကြံဆခြင်းကို ကျေးဇူးပြု၍ ရပ်တန့်၍ မရနိုင်ပါသလော။ ကောင်းမွန်စွာ ပြုမူနေထိုင်ပြီး နောက်လိုက်တစ်ဦး ဖြစ်၍မရနိုင်ပါသလော။ ကောင်းမွန်စွာ ပြုမူနေထိုင်ပြီး မိမိ၏တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ကာ ကိုယ့်နေရာနှင့်ကိုယ် နေ၍ မရနိုင်ပါသလော” ဟု ပြောဆိုသည် ဆိုပါစို့။ ၎င်းတို့သည် ဤသည်ကို သဘောတူနိုင်မည်လော။ ကောင်းသော ကျင့်ကြံပြုမူခြင်းကို သုံး၍ဖြစ်စေ၊ သင်နားလည်သည့် သမ္မာတရားကို သုံး၍ဖြစ်စေ ၎င်းတို့၏ လမ်းစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ခြင်းမှ ၎င်းတို့ကို သင်တားဆီးနိုင်မည်လော။ ၎င်းတို့၏ ရှုမြင်ပုံကို ပြောင်းလဲနိုင်မည့်သူ တစ်ဦးတစ်ယောက် ရှိသလော။ အန္တိခရစ်တို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားမှ အကဲဖြတ်ရလျှင် မည်သူမျှ ၎င်းတို့၏ အတွေးအခေါ်များနှင့် ရှုထောင့်များကို ပြောင်းလဲနိုင်မည် မဟုတ်သကဲ့သို့ လူတို့၏ စိတ်နှလုံးကို ထိန်းချုပ်ရန် ၎င်းတို့၏ လိုအင်ဆန္ဒကို မည်သူမျှ ပြောင်းလဲနိုင်မည် မဟုတ်ပေ။ မည်သူမျှ ၎င်းတို့ကို မပြောင်းလဲနိုင်ပေ၊ ပြီးလျှင် ၎င်းတို့နှင့် ညှိနှိုင်းဆွေးနွေး၍ မရနိုင်ပေ။ ဤသည်ကို “ရက်စက်ကြမ်းကြုတ်ခြင်း” ဟု ခေါ်သည်။ လူတို့ကို ထိန်းချုပ်ရန် အန္တိခရစ်တို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒသည် ၎င်းတို့၏ အနှစ်သာရ၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ကောင်းသော ကျင့်ကြံပြုမူခြင်းကို အသုံးပြု၍ ၎င်းတို့ကို ပြုပြင်ပြောင်းလဲလျှင် ယင်းမှာ အလုပ်ဖြစ်မည်လော။ ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ခံယူခြင်းနှင့်ဆိုင်သော သင်၏ လက်တွေ့ကျသည့် အတွေ့အကြုံကို အသုံးပြု၍ ၎င်းတို့ကို ကူညီပြီး ထောက်ပံ့လျှင် ၎င်းတို့သည် ပြောင်းလဲနိုင်မည်လော။ ၎င်းတို့ လုပ်ဆောင်နေသည့်အရာကို ၎င်းတို့ ရပ်တန့်မည်လော။ (၎င်းတို့ ရပ်တန့်မည် မဟုတ်ပါ။) သင်တို့သည် ဤသို့သော လူအမျိုးအစားကို ယခင်က တွေ့ဖူးသလော။ (တွေ့ဖူးပါသည်။ ဤသို့သော လူအမျိုးအစားနှင့်ပတ်သက်လျှင် ၎င်းတို့ မည်သည့်နေရာ၌ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည်ဖြစ်စေ၊ ၎င်းတို့သည် အကြိမ်အနည်းငယ် ရှုံးနိမ့်ပြီး မှောက်မှားနိုင်သော်လည်း သို့မဟုတ် နာမကျန်းခြင်း၏ ဆုံးမပဲ့ပြင်မှုကိုပင် ကြုံတွေ့ရနိုင်သော်လည်း ရာထူးအဆင့်အတန်းကို လိုက်စားရန် ၎င်းတို့၏ လိုအင်ဆန္ဒသည် ပြောင်းလဲ၍မရနိုင်ပေ။ ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ရာထူးအဆင့်အတန်းနှင့် အာဏာကို ရရှိရန် ဆန္ဒရှိပါသည်။) နေရာ သို့မဟုတ် အုပ်စုတစ်ခု ပြောင်းလဲခြင်းက ၎င်းတို့ကို ပြောင်းလဲစေမည် မဟုတ်လျှင် ၎င်းတို့ အသက်ကြီးလာသည်အထိ စောင့်ဆိုင်းခြင်းနှင့်ပတ်သက်၍ကော အဘယ်သို့နည်း။ ထိုအခါတွင် ၎င်းတို့ အနည်းငယ် ပြောင်းလဲမည်လော။ ၎င်းတို့သည် မိမိတို့၏ အာဏာနှင့် သြဇာအာဏာကို လိုက်စားခြင်းကို အနည်းငယ် စွန့်လွှတ်မည်လော၊ ယင်းသည် အနည်းငယ် အားနည်းသွားမည်လော။ (မဟုတ်ပါ။ ဤသည်မှာ အသက်အရွယ်နှင့် မည်သို့မျှ မသက်ဆိုင်ပါ၊ ၎င်းတို့၏ ဤစိတ်သဘောထားသည် ပြောင်းလဲ၍မရနိုင်ပါ။) ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခုသည် အန္တိခရစ်တို့ကို အုပ်စိုးပြီး ထိန်းချုပ်သောကြောင့် ၎င်းတို့သည် မပြောင်းလဲနိုင်ပေ။ အန္တိခရစ်တို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားသည် လူအချို့ မြည်းစမ်းခဲ့ရပြီး ကိုယ်တိုင်တွေ့မြင်ခဲ့ရပြီးဖြစ်သည့် အရာတစ်ခု ဖြစ်ပုံရသည်။ အန္တိခရစ်တို့က လူတို့၏ စိတ်နှလုံးများကို ထိန်းချုပ်ခြင်းသည် လက်တွေ့အရှိတရားတစ်ခု ဖြစ်ပြီး ယင်းကို ဖြစ်ရပ်မှန်ဆိုင်ရာ သက်သေအထောက်အထားက ထောက်ခံသည်။ ယင်းမှာ အတော်အတန် ပြင်းထန်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ ဤကဲ့သို့သော လူများသည် လူတို့၏ စိတ်နှလုံးများကို ထိန်းချုပ်ခြင်း ကိစ္စရပ်ကို မေ့လျော့နိုင်ခြင်း သို့မဟုတ် ဘေးဖယ်ထားနိုင်ခြင်း မရှိကြပေ။ ယင်းမှာ အန္တိခရစ်တို့၏ သဘာဝအနှစ်သာရ ဖြစ်သည်။ ခံစားချက်အရဖြစ်သော ရှုထောင့်မှကြည့်လျှင် ၎င်းတို့သည် ယင်းကို ဘေးဖယ်ထားနိုင်ခြင်း မရှိကြပေ။ အရှိအတိုင်းဖြစ်သော ရှုထောင့်မှကြည့်လျှင် မည်သူမျှ ၎င်းတို့ကို ပြောင်းလဲစေနိုင်ခြင်း မရှိပေ။ ၎င်းတို့သည် အန္တိခရစ်စစ်စစ်များ ဖြစ်ကြသည်။ နှင်ထုတ်ခြင်းခံရပြီးသည့်နောက်တွင် ညီအစ်ကိုမောင်နှမများနှင့် အတူ မရှိကြတော့သည့်အခါ အခြားသူများ၏ စိတ်နှလုံးကို ထိန်းချုပ်လိုသည့် ဆန္ဒ ပျောက်ဆုံးသွားသော အန္တိခရစ် တစ်ဦးတစ်ယောက် ရှိမရှိကို ငါ့ကို ပြောလော့။ အန္တိခရစ်တို့သည် ၎င်းတို့၏ ပတ်ဝန်းကျင် သို့မဟုတ် ပထဝီဝင်ဆိုင်ရာ တည်နေရာတို့တွင် အပြောင်းအလဲများကို အခြေခံ၍ ပြောင်းလဲမည်လော။ (၎င်းတို့ ပြောင်းလဲမည် မဟုတ်ပါ။) ၎င်းတို့သည် အချိန်နှင့် နေရာ အပြောင်းအလဲများနှင့်အတူ ပြောင်းလဲမည် မဟုတ်ပေ။ ဤသည်ကို ၎င်းတို့၏ သဘာဝအနှစ်သာရအားဖြင့် အဆုံးအဖြတ်ပေး၏။ လူတို့၏ စိတ်နှလုံးများကို ထိန်းချုပ်ရာတွင် အန္တိခရစ်တို့သည် လူတို့အလယ်၌ အာဏာကို စွဲကိုင်ရန် အမှန်တကယ် ကြိုးစားနေကြခြင်း ဖြစ်သည်။ စီမံထိန်းချုပ်ရန်၊ ဆုံးဖြတ်ချက်များ ချမှတ်ရန်၊ လူတို့ကို ထိန်းချုပ်ပြီး လူတို့၏ စိတ်နှလုံးများကို ကြိုးကိုင်ညွှန်ကြားရန် အာဏာဖြစ်လေသည်။ ဤအာဏာသည် ၎င်းတို့ ရရှိရန် ဆန္ဒရှိသည့်အရာ ဖြစ်သည်။ လူတို့၏ စိတ်နှလုံးများကို ထိန်းချုပ်ရန် အန္တိခရစ်တို့သည် လူတို့ကို ၎င်းတို့အား လေးစားစေရန်၊ လူတို့ကို လှည့်စားပြီး အထင်အမြင်မှားစေရန်၊ လူတို့ကို မှားယွင်းသော အသွင်အပြင်များ ပြရန် နည်းလမ်းများနှင့် နည်းစနစ်များ အမျိုးမျိုးကို အသုံးပြုမည်ဖြစ်ကာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် စရိုက်လက္ခဏာကို ဖုံးကွယ်ရန်နှင့် လူတို့က သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်၊ အန္တိခရစ်တို့နှင့်ဆိုင်သော ၎င်းတို့၏ အနှစ်သာရကို ပိုင်းခြားသိမြင်ခြင်းမှ သို့မဟုတ် ထိုးဖောက်မြင်ခြင်းမှ တားဆီးရန် အချို့သော နည်းလမ်းများနှင့် နည်းစနစ်များကိုပင် အသုံးပြုမည် ဖြစ်သည်။ ပြင်ပတွင် ၎င်းတို့သည် ဝိညာဉ်ရေးရာပြည့်ဝပြီး စုံလင်သော၊ ချို့ယွင်းချက်များ သို့မဟုတ် အပြစ်အနာအဆာများ ကင်းမဲ့သော သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တစ်စွန်းတစ်စမျှ မရှိသော လူများအဖြစ် မိမိတို့ကိုယ်ကို အယောင်ဆောင်ကြပြီး ဤနည်းအားဖြင့် ၎င်းတို့သည် အခြားသူတို့ကို လေးစားစေခြင်း၊ အထင်ကြီးစေခြင်း၊ အားကျစေခြင်း၊ ကိုးကွယ်စေခြင်း၊ ၎င်းတို့အပေါ် မှီပင် မှီခိုစေခြင်းဟူသည့် ၎င်းတို့၏ ပန်းတိုင်များသို့ ရောက်ရှိကြသည်။ ဤပန်းတိုင်များသို့ ရောက်ရှိခြင်းသည် အနှစ်သာရအားဖြင့် လူတို့၏ စိတ်နှလုံးကို ၎င်းတို့ ထိန်းချုပ်ခြင်း၏ အကျိုးဆက်တစ်ခု ဖြစ်သည်။ အန္တိခရစ်တို့၏ စိတ်သဘောထားများနှင့် သရုပ်သကန်များ အားလုံးအကြောင်း ငါတို့၏ မိတ်သဟာယအတွင်း၌ အန္တိခရစ်တို့က လူတို့၏ စိတ်နှလုံးကို ထိန်းချုပ်ခြင်းနှင့် အာဏာနှင့် အကျိုးအမြတ်အတွက် တလည်လည် ကြိုးစားခြင်းသည် ဆွေးနွေးမှု အများစုကို နေရာယူထားခဲ့ပြီး ဖြစ်သည်။ ငါတို့သည် ဤအကြောင်းအရာကို များစွာ မိတ်သဟာယပြုခဲ့ပြီး ဖြစ်သောကြောင့် ယနေ့အတွက် ဤမျှသာ ပြောကြစို့။
၂။ အန္တိခရစ်များသည် အသင်းတော်ဘဏ္ဍာရေးကို ထိန်းချုပ်၏
ယနေ့ ငါတို့ မိတ်သဟာယပြုမည့် အဓိကအချက်မှာ အန္တိခရစ်တို့သည် လူတို့၏စိတ်နှလုံးကို ထိန်းချုပ်ရန် ကြိုးစားခြင်းနှင့် အာဏာအတွက် သူတို့၏ရည်မှန်းချက်၊ လိုအင်ဆန္ဒတို့အပြင် အခြားသေစေနိုင်သော သရုပ်သကန်တစ်ခု ရှိသေးသည်ဟူသော အချက်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ သူတို့သည် အသင်းတော်၏ ဘဏ္ဍာရေးအတွက်လည်း ကြီးမားသောလိုအင်ဆန္ဒကို ပြသကြသည်၊ ဤလိုအင်ဆန္ဒကို လောဘဟုလည်း ခေါ်ဆိုနိုင်သည်။ အဆင့်အတန်းကို ၎င်းတို့၏ နှစ်သက်ခုံမင်ခြင်းအပြင် အန္တိခရစ်တို့သည် ဘဏ္ဍာရေးကိုလည်း အထူးနှစ်သက်ခုံမင်ကြသည်။ ဘဏ္ဍာရေး၌ သူတို့ခံစားရသော စိတ်ဝင်စားမှုနှင့် ပျော်ရွှင်မှုမှာ များပြားပြီး အတိုင်းအဆမရှိပေ။ ဤသည်ကို အန္တိခရစ်တို့က အသင်းတော်၏ဘဏ္ဍာရေးကို ထိန်းချုပ်ခြင်းဖြစ်သည်ဟု ငါတို့ အဓိပ္ပာယ်ဖွင့်ဆိုသည်။ အန္တိခရစ်တို့က အသင်းတော်၏ဘဏ္ဍာရေးကို ထိန်းချုပ်ရန် ကြိုးစားခြင်းနှင့် လူတို့၏စိတ်နှလုံးကို ထိန်းချုပ်ရန် ကြိုးစားခြင်းတို့မှာ တူညီသည်။ နှစ်ခုလုံးသည် တန်းတူရည်တူ တရားနည်းလမ်းမကျသကဲ့သို့ ဆင်ခြင်တုံတရား မရှိသော ကြိုးပမ်းမှုများဖြစ်သည်။ သိသာထင်ရှားစွာပင် ဤအရာက ဂုဏ်သိက္ခာမဲ့သောအရာတစ်ခု ဖြစ်သည်။ လူတို့၏စိတ်နှလုံးကို ထိန်းချုပ်လိုသည့် ရည်မှန်းချက်နှင့် လိုအင်ဆန္ဒ ရှိခြင်းသည်ပင်လျှင် အလွန် ရွံရှာဖွယ်ကောင်းပြီးသားဖြစ်သည်၊ အလွန်ပင် ဂုဏ်သိက္ခာမဲ့ပြီးဖြစ်သည်၊ သို့တိုင် အန္တိခရစ်တို့က အသင်းတော်၏ ဘဏ္ဍာရေးကိုလည်း ထိန်းချုပ်လိုကြသေးသည်။ ယင်းမှာ သူတို့ထံတွင် ဖြစ်ပျက်သည့် ပို၍ပင် စက်ဆုပ်ဖွယ်ကောင်းသော အရာတစ်ခုဖြစ်သည်။ သို့ဆိုလျှင် အန္တိခရစ်တို့က အသင်းတော်၏ ဘဏ္ဍာရေးကို ထိန်းချုပ်ရန် ကြိုးစားသောအခါ ဤအရာ၏ ခိုင်မာတိကျသော သရုပ်သကန်များကား အဘယ်နည်း။ ဤသည်မှာ သူတို့က လူတို့၏စိတ်နှလုံးကို ထိန်းချုပ်ရန် ကြိုးစားသည့်အချိန်ထက် ပို၍ လွယ်ကူစွာ ပိုင်းခြားသိမြင်နိုင်မည်လော။ အန္တိခရစ်တို့က လူတို့၏ စိတ်နှလုံးကို ထိန်းချုပ်ရန် ကြိုးစားသည့်အခါ၊ သူတို့အသုံးပြုသည့် အချို့သော လုပ်နည်းကိုင်နည်းများနှင့် စိတ်သဘောထားများကို လူတို့က ပိုင်းခြားသိမြင်နိုင်သည်။ သို့သော် သူတို့သည် အလွန်လျှို့ဝှက်ပြီး စဉ်းလဲပါက သူတို့၏နောက်ကွယ်၌ အန္တိခရစ်တို့က အပေါ်ယံ ထုတ်မပြဘဲ မိမိတို့၏ ကိုယ်ပိုင်အတွေးများထဲ၌သာ စဉ်းစားသည့် အချို့သော ပြောဆိုချက်များ၊ နည်းစနစ်များ၊ သို့မဟုတ် စာတန်ဆန်သော လှည့်ဖြားမှုများ ရှိနေပါက ဤအရာများကို လွယ်ကူစွာ ပိုင်းခြားသိမြင်နိုင်မည် မဟုတ်ပေ။ သို့ရာတွင် အသင်းတော်၏ ဘဏ္ဍာရေးကို ထိန်းချုပ်ရန် ကြိုးစားခြင်း၌ အချို့သော ခိုင်မာတိကျသည့် သရုပ်သကန်များနှင့် လုပ်နည်းကိုင်နည်းများ ရှိသင့်သည်။ သင်တို့သည် ဤချဉ်းကပ်နည်းများကို ပိုင်းခြားသိမြင်ရန် လွယ်ကူသည်ဟု မြင်သလော။ သင်တို့သည် ဤအရာများကို သင်တို့၏မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ပြီး သင်တို့၏နားဖြင့် ကိုယ်တိုင်ကြားသိရသောအခါ ဤသည်တို့မှာ အန္တိခရစ်တို့၏ လုပ်ရပ်များဖြစ်ကြောင်း သင်တို့ပိုင်းခြားသိမြင်နိုင်သလော။ (သိသာသောပြုမူမှုများ ဖြစ်လျှင် ပိုင်းခြားသိမြင်နိုင်ပါသည်။ ဥပမာအားဖြင့် အန္တိခရစ်တို့သည် လှူဖွယ်ပစ္စည်းများနှင့် အလားတူအရာများကို မည်သူက ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသည်ကို စုံစမ်းမေးမြန်းကြလိမ့်မည်။) ဤအရာကို လွယ်ကူစွာ ပိုင်းခြားသိမြင်နိုင်မည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘဏ္ဍာရေးသည် အထိမခံသော ကိစ္စရပ်တစ်ခုဖြစ်ပြီး လူအများစုသည် ဘဏ္ဍာရေးကို ရယူရန် ကြံစည်မှုများဖြင့် ငမ်းငမ်းတက်နေသည့်သူများ မဟုတ်ပါက ယင်းနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းကြမည် မဟုတ်ပေ၊ သူတို့သည် ထိုသို့သောသူ ဖြစ်ပါက ဤသို့သော သတင်းအချက်အလက်အမျိုးအစားကို စိတ်ဝင်စားပြီး စုံစမ်းမေးမြန်းကြလိမ့်မည်။ သို့ဖြစ်၍ အန္တိခရစ်တို့က အသင်းတော်၏ဘဏ္ဍာရေးကို ထိန်းချုပ်ရန် ကြိုးစားခြင်း၌ မည်သို့သော ခိုင်မာတိကျသည့် သရုပ်သကန်များ ရှိသည်ကို ငါတို့မိတ်သဟာယပြုကြစို့။
အန္တိခရစ်တို့က အသင်းတော်၏ဘဏ္ဍာရေးကို ထိန်းချုပ်သည့် အကြောင်းအရာနှင့်ပတ်သက်လာသည့်အခါ လူအများစုသည် ယခင်က သူတို့မြင်တွေ့ခဲ့ဖူးသည့် အသင်းတော်၏ ပစ္စည်းဥစ္စာကို လိမ်လည်ခြင်း သို့မဟုတ် အလွဲသုံးစားလုပ်ခြင်း၏ ဥပမာများနှင့် သူတို့၏စိတ်ထဲတွင် ဆက်စပ်မိကြမည် မဟုတ်လော။ သို့မဟုတ် အချို့သောလူများသည် ငယ်ရွယ်ခြင်းကြောင့်ဖြစ်စေ ဘုရားသခင်ကို အချိန်တိုအတွင်းသာ ယုံကြည်ခဲ့ခြင်းကြောင့်ဖြစ်စေ ဤအရာများကို သိပ်ပြီးအရေးမလုပ်သကဲ့သို့ လုံးဝ မစဉ်းစားကြသူများလည်း ရှိကောင်းရှိနိုင်သည်။ သို့ဖြစ်၍ ဤအကြောင်းကို ငါတို့ အသေးစိတ် မိတ်သဟာယပြုကြစို့၊ ဤသို့ဖြင့် သင်တို့သည် အသင်းတော်၏ ဘဏ္ဍာရေးနှင့်ပတ်သက်သည့် အချို့သောပြဿနာများ၊ စည်းမျဉ်းများနှင့် ရှောင်ကြဉ်ရမည့်အရာများကို နားလည်လာနိုင်မည်ဖြစ်သည်။ “ကျွန်ုပ်သည် အသင်းတော်၏ ဘဏ္ဍာရေးကိစ္စများကို ဘယ်သောအခါမျှ စိတ်မဝင်စားခဲ့သလို စုံစမ်းမေးမြန်းခြင်းလည်း မပြုခဲ့ပါ။ ကျွန်ုပ်၌ ထိုသို့သော လောဘမျိုးမရှိပါ။ ဤသည်မှာ ကျွန်ုပ်နှင့် ဘာမျှမဆိုင်ပါ၊ ပြီးလျှင် ဤသည်မှာ အသင်းတော်၌ အတော်ပင် အထိမခံသော အကြောင်းအရာတစ်ခုဖြစ်သည်၊ ထို့ကြောင့် ကျွန်ုပ်သည် ထိုအကြောင်းသိသည်ဖြစ်စေ မသိသည်ဖြစ်စေ အဆင်ပြေပါသည်” ဟု ပြောကြသည့်သူအချို့ ရှိလေသည်။ ဤအမြင်ရှုထောင့်သည် မှန်ကန်သလော။ (မဟုတ်ပါ၊ မှန်ကန်ခြင်းမရှိပါ။) အဘယ်သို့နည်း။ သင်တို့ မည်သို့ပင် ထင်မြင်နေစေကာမူ ယနေ့ ငါတို့ မိတ်သဟာယပြုနေသည့် အကြောင်းအရာသည် အန္တိခရစ်တို့၏ စိတ်သဘောထား ပါဝင်ပြီး အန္တိခရစ်တို့၏ စိတ်သဘောထားကို ခွဲခြမ်းစိတ်ဖြာပြီး စိစစ်သည့် ရှုထောင့်မှကြည့်လျှင် သင်တို့တစ်ဦးချင်းစီတိုင်းအတွက် ဤအရာအားလုံးကို နားလည်ပြီး ရှင်းလင်းစွာ နားလည်ခြင်းသည် အကျိုးရှိလိမ့်မည်။ ငါတို့သည် အန္တိခရစ်တို့၏ စိတ်သဘောထားကို စိစစ်ရန် ဤကိစ္စရပ်ကို အသုံးပြုမည်ဖြစ်သောကြောင့် အန္တိခရစ်တို့က အသင်းတော်၏ ပစ္စည်းဥစ္စာကို မည်သို့ဆက်ဆံသည်၊ သူတို့၏စိတ်ထဲ၌ အသင်းတော်၏ ပစ္စည်းဥစ္စာသည် အတိအကျ မည်သည့်အဓိပ္ပာယ်ရှိပြီး မည်သူနှင့်သက်ဆိုင်သည်၊ ထို့အပြင် အန္တိခရစ်တို့သည် ဤပစ္စည်းဥစ္စာကို မည်သို့သဘောထားပြီး သူတို့၏ကိုယ်ပိုင်အတွေးများထဲ၌ မည်သို့ခွဲဝေသည်ဟူသည်တို့ကို ဦးစွာမိတ်သဟာယပြုကြစို့။ ပထမဦးစွာ အန္တိခရစ်တို့သည် အသင်းတော်၏ ညီအစ်ကိုမောင်နှမများက ပူဇော်ဆက်ကပ်သည့် ငွေကြေးနှင့် အမျိုးမျိုးသောပစ္စည်းများကို မည်သို့အဓိပ္ပာယ် သတ်မှတ်ကြသနည်း။ သူတို့၏ အကျင့်စရိုက်မှ အကဲဖြတ်ရသော် အန္တိခရစ်တို့သည် လောဘကြီးကြပြီး သူတို့၏ လောဘသည် အလွန်ကြီးမားသည်၊ ထို့ကြောင့် သူတို့သည် ဤပစ္စည်းဥစ္စာကို လျစ်လျူရှုမည်မဟုတ်ပေ။ ထို့ထက်သူတို့သည် ယင်းကို အလွန်စိတ်ဝင်စားကြမည်ဖြစ်ပြီး အသင်းတော်ပစ္စည်းဥစ္စာ မည်မျှရှိသည်၊ မည်သူက ယင်းကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသည်၊ မည်သည့်နေရာ၌ သိမ်းဆည်းထားသည်ဟူသည်နှင့် လူမည်မျှက ထိုအကြောင်းသိသည်ဟူသည်တို့ကို ဆန်းစစ်ပြီး သိရှိရန် အသေအချာ အာရုံစိုက်ကြလိမ့်မည်။ အသင်းတော် ဘဏ္ဍာရေးအကြောင်း အခြေခံအချက်အလက်များနှင့် ပတ်သက်လာလျှင် ဦးစွာ အန္တိခရစ်တို့သည် ဤအရာကို အဆုံးစွန် စိတ်ဝင်စားမှု ပြသမည်ဖြစ်ပြီး ၎င်းတို့၏ အထူးအာရုံစိုက်မှုကို ပေးကာ စုံစမ်းမေးမြန်းခြင်း၊ လိုက်လံမေးမြန်းခြင်းများ ပြုလုပ်၍ ဤသတင်းအချက်အလက်ကို ရရှိရန် သူတို့ အစွမ်းကုန် ကြိုးစားကြလိမ့်မည်။ သူတို့၌ လောဘမရှိခဲ့လျှင်၊ သူတို့၌မသမာသောကြံစည်မှုများ မထားရှိခဲ့လျှင် သူတို့သည် ဤအရာများကို စိတ်ဝင်စားကြမည်လော။ (လုံးဝ စိတ်ဝင်စားမည်မဟုတ်ပါ။) အန္တိခရစ်တို့သည် ပုံမှန်လူ့သဘာဝ ရှိသောလူများနှင့် မတူညီကြပေ၊ အဘယ်ကြောင့်ဆိုသော် သူတို့၏ စိတ်ဝင်စားမှု၌ ဖုံးကွယ်ထားသော ရည်ရွယ်ချက်တစ်ခု ရှိသောကြောင့်ဖြစ်သည်။ သူတို့၏ စိတ်၀င်စားမှုမှာ ဤပစ္စည်းဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအကြောင်း မဟုတ်ဘဲ ထိုအစား ယင်းကို ပိုင်ဆိုင်လိုကြသည်၊ သို့မဟုတ် သူတို့ အလိုရှိသလို အသုံးပြုနိုင်ရန် အလိုရှိကြသည်။ ထို့ကြောင့် အန္တိခရစ်တို့က အသင်းတော် ဘဏ္ဍာရေးကို ထိန်းချုပ်ခြင်း၏ ပထမဆုံးသရုပ်သကန်မှာ အသင်းတော်ပစ္စည်းဥစ္စာကို သူတို့ပိုင်ဆိုင်ခြင်းနှင့် အသုံးပြုခြင်းတို့အား ဦးစားပေးခြင်းပင်ဖြစ်သည်။
က။ အသင်းတော်ပစ္စည်းဥစ္စာကို မိမိတို့၏ ပိုင်ဆိုင်ခြင်းနှင့် အသုံးပြုခြင်းကို ဦးစားပေးမှု
အန္တိခရစ်တို့သည် အဆင့်အတန်းရရှိသည်နှင့်တစ်ပြိုင်နက် သူတို့၏စိတ်နှလုံးအတွင်းတွင် မှားယွင်းပြီး အရှက်ကင်းမဲ့သော စိတ်ကူးတစ်ခု ပေါ်ပေါက်လာသည်၊ ခေါင်းဆောင်တစ်ဦး ဖြစ်လာခြင်းသည် သူတို့ကို အသင်းတော် ဘဏ္ဍာရေးနှင့်ပတ်သက်၍ သိရှိပိုင်ခွင့်သာမက ယင်းတို့ကို ထိန်းချုပ်ရန် အကြွင်းမဲ့အာဏာကိုပါ ရရှိစေသင့်သည်ဟူ၍ဖြစ်သည်။ အသင်းတော်ဘဏ္ဍာရေးအပေါ် ထိန်းချုပ်မှုရှိခြင်း၌ သူတို့၏ရည်မှန်းချက်ကား အဘယ်နည်း။ အသင်းတော်ပစ္စည်းဥစ္စာကို သူတို့ပိုင်ဆိုင်ခြင်းနှင့် အသုံးပြုခြင်းကို ဦးစားပေးရန် အာဏာရဖို့ဖြစ်သည်။ အသင်းတော်ပစ္စည်းဥစ္စာကို သူတို့ပိုင်ဆိုင်ခြင်းနှင့် အသုံးပြုခြင်းကို ဦးစားပေးခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ထိုအရာက သူတို့သည် အသင်းတော်တစ်ခုကို တာဝန်ခံနေသမျှကာလပတ်လုံး သူတို့၏ ကြီးကြပ်မှုအောက်ရှိ ညီအစ်ကိုမောင်နှမများက ပူဇော်ဆက်ကပ်သည့် ငွေကြေးနှင့် ပစ္စည်းများအားလုံးသည် သူတို့၏စီမံခန့်ခွဲမှု၊ အသုံးပြုမှုနှင့် ပိုင်ဆိုင်မှုအောက်သို့ ရောက်ရှိလာသည်ဟု ဆိုလိုပေသည်။ ဤစိတ်ကူးသည် မှန်ကန်သလော သို့မဟုတ် မှားယွင်းသလော။ သိသာထင်ရှားစွာပင် ဤသည်မှာ မမှန်ကန်ပေ။ သို့သော် အန္တိခရစ်တို့သည် ထိုသို့ပင် စဉ်းစားကြသည်။ ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီးနောက် သူတို့ပထမဆုံး ပြုလုပ်သည့်အရာမှာ ဘဏ္ဍာရေးနှင့်ပတ်သက်၍ ကြိုးပမ်းအားထုတ်ပြီး အကြံအစည်များ ဖန်တီးခြင်းဖြစ်သည်။ ပထမဦးစွာ သူတို့သည် ဘဏ္ဍာရေးကို မည်သူကစီမံခန့်ခွဲနေသည်၊ လူမည်မျှက စီမံခန့်ခွဲနေသည်၊ စာရင်းများတွင် ငွေမည်မျှ ရှိသည်ဟူသည်နှင့် ဤဘဏ္ဍာရေးကို စီမံခန့်ခွဲနေသူများသည် သူတို့၏အရည်အချင်းရှိသော ညာလက်ရုံးများ သို့မဟုတ် ယုံကြည်စိတ်ချရသော ကိုယ်စားလှယ်များ ဟုတ်မဟုတ်ဟူသည်တို့ကို ရှာဖွေစုံစမ်းကြသည်။ သို့မဟုတ်ပါက သူတို့သည် အကြောင်းပြချက်တစ်ခုခုဖြင့် ထိုသူတို့ကို အလျင်အမြန် ဖြုတ်ချပြီးနောက် သူတို့၏ကိုယ်ပိုင် ကိုယ်စားလှယ်များဖြင့် အစားထိုးကြသည်။ ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို တာဝန်ယူသည့်လူများကို လဲလှယ်လိုက်ရုံမျှဖြင့် သူတို့ရပ်တန့်ကြသလော။ မရပ်တန့်ကြ၊ ထိုမျှမရိုးရှင်းပေ။ သူတို့၏ ရည်မှန်းချက်များသည် ဤထက်များစွာ ကျော်လွန်သည်၊ သူတို့သည် အသင်းတော်၏ ပစ္စည်းဥစ္စာနှင့် ပတ်သက်သည့် ကိန်းဂဏန်းများကို လုံးဝ ရှင်းလင်းစွာ နားလည်ရမည်ဖြစ်သည်။ လူများကို လှူဖွယ်ပစ္စည်းများ ပေးလှူရန် တောင်းဆိုခြင်းအပြင် အန္တိခရစ်တို့သည် ဤပစ္စည်းဥစ္စာကို မည်သို့ကိုင်တွယ်ကြသနည်း။ သူတို့ အဝတ်အစားတစ်ခုခုဝယ်ရန် လိုအပ်သည့်အခါ အသင်းတော်မှ ငွေကိုယူကြသည်၊ ပြီးလျှင် ဆရာဝန်ထံ သွားသည့်အခါ၌လည်း ထပ်မံယူကြသည်၊ သူတို့ အဝတ်အစား မရှိပါက ညီအစ်ကိုမောင်နှမများက လှူဒါန်းသည့်အထဲမှ ပိုကောင်းသောအဝတ်အချို့ကို ရွေးချယ်ကြသည်။ သူတို့ရွေးချယ်ပြီးသည့်နောက်၌ပင် မပြီးသေးပေ၊ သူတို့သည် အဝတ်အထည်တိုင်းကို ဝတ်ဆင်ကြည့်ရမည်ဖြစ်ပြီး အကောင်းဆုံးများကို မိမိတို့အတွက် သိမ်းထားကာ သူတို့ မလိုချင်တော့သည့် အညံ့ဆုံးများကိုသာ အသင်းတော်အတွက် ချန်ထားခဲ့သည်။ တိုတိုပြောရလျှင်၊ သူတို့သည် မိမိတို့၏ စားသောက်စရိတ်နှင့် ကုန်ကျစရိတ်များ၊ ယွမ်၂ပြား ကျသင့်သည့် ခရီးစရိတ်အထိပင် အသင်းတော်၏ငွေကို အသုံးပြုကြမည်ဖြစ်ပြီး သူတို့ထဲမှအချို့သည် အသင်းတော်၏ ငွေကိုအသုံးပြု၍ ဇိမ်ခံပစ္စည်းများ၊ ကျန်းမာရေးဖြည့်စွက်စာများ၊ အလှကုန်များနှင့် သူတို့၏ ကိုယ်ပိုင်သုံးပစ္စည်းအမျိုးမျိုးကိုပင် ဝယ်ယူကြလိမ့်မည်။ အန္တိခရစ်တို့သည် ခေါင်းဆောင်နေရာများသို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် အလုပ်တစ်စက်မျှ မလုပ်မီတွင်ပင် အသင်းတော်၏ ပစ္စည်းဥစ္စာကို မွေ့လျော်ခံစားခြင်းနှင့် ပတ်သက်လာသည့်အခါ အလွန်တက်ကြွပြီး ဤသည်ကို ဦးစားပေး လုပ်ဆောင်ကြသည်။ အန္တိခရစ်တို့သည် ဤပစ္စည်းဥစ္စာကို မွေ့လျော်ခံစားပြီးနောက် သူတို့၏ အလုံးစုံအသွင်အပြင်၊ စိတ်ဓာတ်နှင့် အခြေအနေအပြင် ဘဝအရည်အသွေးတို့သည် ယခင်ကနှင့် လုံးဝကွဲပြားသွားပြီး အလုံးစုံပြောင်းလဲသွားသည်။ အခွင့်အရေးရတိုင်း သူတို့သည် ဆံပင်ပုံစံသွင်းခြင်း၊ ခန္ဓာကိုယ်ကို အနှိပ်ခံခြင်းများပြုလုပ်မည်၊ မိမိကိုယ်ကို ပိုးမွေးသလိုမွေးထားမည်၊ သူတို့၏ကျန်းမာရေးကို ဂရုစိုက်သည့်အရာများ ပြုလုပ်မည်ဖြစ်ပြီး အားဖြည့်ဟင်းရည်များ ချက်သောက်မည်ဖြစ်ကာ သူတို့အသုံးပြုသည့် အမျိုးမျိုးသော လျှပ်စစ်ပစ္စည်းများကိုပင်လျှင် အဆင့်မြှင့်တင်လိမ့်မည်။ ခေါင်းဆောင်များ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် အန္တိခရစ်တို့သည် အသင်းတော်ရှိ ချမ်းသာသောလူများနှင့် လှူဖွယ်ပစ္စည်းများ ပေးနိုင်စွမ်းရှိသူများကို မှတ်သားထားကြသည်။ ထို့နောက် ဤချမ်းသာသော လူများသည် ငွေအမြောက်အမြား ဆုံးရှုံးကြရမည်ဖြစ်ပြီး မကြာခဏ လှူဖွယ်ပစ္စည်းများ ပေးသူများသည် အသင်းတော်၏ တန်ဖိုးထားရသော အဖွဲ့ဝင်များဖြစ်လာကာ အန္တိခရစ်တို့၏ မျက်စိထဲတွင် ပင့်ထားရသော အချစ်တော်များ ဖြစ်လာကြသည်။ အန္တိခရစ်တို့ အသင်းတော်သို့ ဝင်ရောက်သည့်အခါ မြေခွေးတစ်ကောင် စပျစ်ခြံထဲသို့ ဝင်ရောက်သည့်အခါနှင့် အတူတူပင်ဖြစ်သည်၊ ထို့ကြောင့် စပျစ်ခြံသည် ဘေးဒုက္ခ ကျရောက်တော့မည်။ မြေခွေးသည် ကောင်းသော စပျစ်သီးများကို စားသုံးရုံသာမက နေရာတစ်ခုလုံးကိုလည်း ရမ်းကားဖျက်ဆီးပစ်လိမ့်မည်။
အန္တိခရစ်တို့၏စိတ်ထဲတွင် ညီအစ်ကိုမောင်နှမများက ပူဇော်ဆက်ကပ်သည့် ငွေကြေးနှင့် ပစ္စည်းများအားလုံးကို စုပေါင်း၍ “ပူဇော်သက္ကာများ” ဟု သိကြသည့်အရာအားလုံးသည် အသင်းတော်၏ “ဘုံပိုင်” ပစ္စည်းဥစ္စာများဖြစ်သည်။ ဤပြည်သူပိုင် ပစ္စည်းဥစ္စာသည် လူတိုင်းအတူတကွ အသုံးပြုရန် ဖြစ်သည်ဟု မဆိုလိုပေ၊ ထိုအစား ယင်းမှာလူတိုင်းထံမှလာသော အများနှင့်ဆိုင်သော လှူဖွယ်ပစ္စည်းဖြစ်ကြောင်းကို ရည်ညွှန်းသော်လည်း ယင်း၏အသုံးပြုခွင့်မှာမူ လက်တွေ့အခြေအနေတွင် ခေါင်းဆောင်များထံသို့ ရောက်ရှိသွားသည်။ အန္တိခရစ်တို့၏ အမြင်ရှုထောင့်မှကြည့်လျှင် သူတို့သည် အသင်းတော်၏ ပစ္စည်းဥစ္စာကို ပိုင်ဆိုင်ရန်နှင့် အသုံးပြုရန်ကို ဦးစားပေးခြင်းသည် ရှောင်လွှဲ၍မရသောတာဝန်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သူတို့သည်ခေါင်းဆောင်များ ဖြစ်ကြသည်၊ သူတို့သည် ဦးဆောင်သူများဖြစ်ကြပြီး အသင်းတော်ရှိအရာအားလုံး၊ အထူးသဖြင့် ကောင်းသောအရာများ အားလုံးသည် သူတို့နှင့် သက်ဆိုင်ရမည်ဖြစ်ပြီး သူတို့၏အာဏာအောက်သို့ ရောက်ရှိရမည်ဖြစ်သည်။ အန္တိခရစ်တို့က “ညီအစ်ကိုမောင်နှမများ ပူဇော်ဆက်ကပ်သည့် ငွေကြေးနှင့် ပစ္စည်းများသည် ဘုရားသခင်အား ပေးအပ်ခြင်းဖြစ်သည်ဟု ဆိုခြင်းမှာ အပေါ်ယံ အသုံးအနှုန်းမျှသာ ဖြစ်သည်။ ဤအရာများထဲမှ မည်မျှကို ဘုရားသခင် အသုံးပြုနိုင်မည်နည်း။ ဘုရားသခင်သည် ကောင်းကင်ဘုံမှ ဆင်းသက်လာပြီး ဤလှူဖွယ်ပစ္စည်းများကို လူတို့နှင့်အတူ မျှဝေသုံးစွဲနိုင်မည်လော။ သို့ဖြစ်လျှင် ဤလှူဖွယ်ပစ္စည်းများကို မည်သို့သုံးစွဲမည်၊ မည်သို့ခွဲဝေမည်၊ မည်သို့အသုံးပြုမည်ကို လူတို့က ဆုံးဖြတ်သင့်သည်မဟုတ်လော” ဟုယုံကြည်ကြသည်။ ယင်းမှာ အန္တိခရစ်တို့က အသင်းတော် ပစ္စည်းဥစ္စာနှင့်ပတ်သက်၍ သိုဝှက်ထားသည့် အရှက်ကင်းမဲ့သော စိတ်ကူးပင်ဖြစ်သည်။ ပို၍ပင် အရှက်ကင်းမဲ့သောအရာကား အဘယ်နည်း။ သူတို့က “ကောင်းကင်ဘုံရှိ ဘုရားသည် မြေကြီးပေါ်၌ လူတို့ ပူဇော်ဆက်ကပ်သည့် ငွေကြေးနှင့် ပစ္စည်းများကို မခံစားသုံးစွဲနိုင်ပါ၊ သို့ဖြစ်လျှင် ဤအရာများကို မည်သို့ခွဲဝေပြီး အသုံးပြုရမည်နည်း။ အသင်းတော်၏ ခေါင်းဆောင်များက ယင်းတို့ကို စားသုံးခြင်း၊ အသုံးပြုခြင်းနှင့် ပျော်မွေ့ခံစားခြင်းတို့၌ ကူညီသင့်သည် မဟုတ်လော။ ယင်းမှာ ကောင်းကင်ဘုံရှိ ဘုရားသခင်က ယင်းတို့ကို အသုံးပြုခြင်းနှင့် ညီမျှပေလိမ့်မည်” ဟုပြောကြသည်။ သို့ဖြစ်၍ အန္တိခရစ်တို့သည် ဖြစ်ရိုးဖြစ်စဉ်အတိုင်း ညီအစ်ကိုမောင်နှမများ၏ လှူဖွယ်ပစ္စည်းများကို သူတို့၏ ကိုယ်ပိုင်ပစ္စည်းအဖြစ် ပြုလုပ်ကြသည်။ မည်သူက မည်သည့်အရာကို မည်သည့်အချိန်၌ ပူဇော်သည်ကို သူတို့ လုံးဝ ရှင်းလင်းစွာ သိရှိကြသည်။ ဤအရာများကို သူတို့ထံ သတင်းပို့ရမည်ဖြစ်ပြီး သူတို့ သိရှိရမည်ဖြစ်သည်။ အခြားကိစ္စရပ်များကို သူတို့အရေးမလုပ်ကြပေ။ သူတို့၏ ကိုယ်ပိုင်အာဏာကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားခြင်းအပြင် သူတို့အတွက် အလွန်အရေးကြီးသောအရာတစ်ခု ရှိသေးသည်။ ယင်းမှာ အသင်းတော်၏ ဘဏ္ဍာရေးကို ထိန်းချုပ်ခြင်းပင်ဖြစ်သည်။ ယင်းကြောင့် ခေါင်းဆောင်တစ်ဦး ဖြစ်ရခြင်းက သူတို့အတွက် တန်ဖိုးရှိခြင်းဖြစ်၏။ အန္တိခရစ်တို့က အသင်းတော်ပစ္စည်းဥစ္စာကို ရှုမြင်ပြီး ကိုင်တွယ်ပုံ၌ သမ္မာတရားနှင့် သို့မဟုတ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ကိုက်ညီသည့် သွင်ပြင်လက္ခဏာ တစ်ခုတလေ ရှိသလော။ (မဟုတ်ပါ၊ မရှိပါ။) အစအဦးမှသည် မျက်မှောက်ခေတ်အထိ ညီအစ်ကိုမောင်နှမများက ကိုယ်တော်အား ပေးအပ်သည့် လှူဖွယ်ပစ္စည်းများကို မည်သည့်ပုဂ္ဂိုလ်က ပိုင်ဆိုင်သင့်သည် သို့မဟုတ် အသုံးပြုသင့်သည်ဟု ဘုရားသခင် မိန့်ကြားခဲ့ဖူးသလော။ အသင်းတော်ခေါင်းဆောင်များနှင့် အမှုဆောင်များ၊ တမန်တော်များနှင့် ပရောဖက်များသည် အသင်းတော်ပစ္စည်းဥစ္စာကို ပိုင်ဆိုင်ရန်နှင့် အသုံးပြုရန် ဦးစားပေးဖို့ ဩဇာအာဏာ ရှိသင့်သည်ဟု ဘုရားသခင် ပြောခဲ့ဖူးသလော။ မည်သူမဆိုခေါင်းဆောင် ဖြစ်လာလျှင် အသင်းတော်ပစ္စည်းဥစ္စာကို အသုံးပြုခြင်းနှင့် ပိုင်ဆိုင်ခြင်းသည် ထိုသူထံသို့ ကျရောက်သည်ဟု ဘုရားသခင် မိန့်ကြားခဲ့သလော။ (မဟုတ်ပါ၊ ကိုယ်တော် မိန့်ကြားခဲ့ခြင်းမရှိပါ။) သို့ဖြစ်လျှင် အန္တိခရစ်တို့၌ ဤသို့သောအထင်မှားမှု အဘယ်ကြောင့်ရှိသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အသင်းတော်၏ ပစ္စည်းဥစ္စာနှင့်ပတ်သက်၍ ဤသို့သော အကျိုးသက်ရောက်စေသည့် တိကျပြတ်သားသော ပြဋ္ဌာန်းချက်များ မပါရှိသည့်အတွက် အဘယ်ကြောင့် အန္တိခရစ်တို့သည် ယင်းအပေါ် ဤသို့သော အမြင်ရှိကြသနည်း။ (သူတို့၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ကင်းမဲ့ပါသည်။) ဤမျှရိုးရှင်းသလော။ ဤအခြေအနေ၌ သူတို့၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ ကင်းမဲ့သည်ဟု ဆိုခြင်းမှာ အနှစ်မဲ့သော စကားများသာ ဖြစ်သည်။ ဤစကားများသည် အန္တိခရစ်တို့၏ စိတ်သဘောထားကို ထည့်သွင်းဆွေးနွေးရန် ပျက်ကွက်လေသည်။ အန္တိခရစ်တို့သည် ခေါင်းဆောင်နေရာများ၌ မရှိသည့်အခါ အသင်းတော်၏ ပစ္စည်းဥစ္စာကို လောဘတက်ကြသလော။ (လောဘတက်ကြပါသည်။) သို့ဖြစ်လျှင် သူတို့ခေါင်းဆောင်များ ဖြစ်လာပြီးနောက် သူတို့၏ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ပျောက်ဆုံးသွားသည်ဟု သင်တို့ပြောနိုင်မည်လော။ ဧကန်မုချပင် သူတို့ခေါင်းဆောင်များ မဖြစ်မီက သူတို့၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိခဲ့ကြသည်ဟု ဆိုနိုင်မည်လော။ ဤသို့ပြောနိုင်မည်လော။ (မပြောနိုင်ပါ။) ထို့ကြောင့် ဤရှင်းလင်းချက်သည် ခိုင်လုံခြင်းမရှိပေ။ အန္တိခရစ်တို့သည် အသင်းတော်၏ ပစ္စည်းဥစ္စာကို လောဘတက်ကြသည်။ အဘယ်ကြောင့် ဤသို့ဖြစ်သနည်း။ (သူတို့၌ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား ရှိသောကြောင့် ဖြစ်ပါသည်။) (သူတို့သည် သဘာဝအားဖြင့် လောဘကြီးကြသည်။) (သူတို့သည် သဘာဝအားဖြင့် အကျိုးအမြတ်ကိုသာ အဓိကထား ရှာဖွေကြသည်။) အန္တိခရစ်တို့၏ စိတ်သဘောထား အနှစ်သာရသည် အကျိုးအမြတ်ကိုသာ အဓိကထား ရှာဖွေခြင်းဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ သူတို့၏ကိုယ်ကျင့်စရိုက်၏ သရုပ်သကန်တစ်ခုမျှသာ ဖြစ်သည်။ သို့ဖြစ်လျှင် အန္တိခရစ်တို့၏ အတွင်းစိတ် သဘောထားကား အဘယ်အရာဖြစ်သည်ကို စိစစ်ကြည့်ကြစို့။ (ယင်းမှာ ကောက်ကျစ်ဆိုးယုတ်ပြီး ရက်စက်ကြမ်းကြုတ်သည်။) ပထမဦးစွာ ယင်းမှာ ရက်စက်ကြမ်းကြုတ်သည်၊ ထို့နောက် ကောက်ကျစ်ဆိုးယုတ်သည်။ ရက်စက်ကြမ်းကြုတ်သည်ဟူသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ အခြားလူများ သဘောတူသည်ဖြစ်စေ၊ ထိုသူတို့ မည်သို့ပင် ထင်မြင်သည်ဖြစ်စေ သူတို့နှင့်မသက်ဆိုင်သင့်သော သို့မဟုတ် သူတို့မပိုင်ဆိုင်သင့်သောအရာများကို အတင်းအဓမ္မ သိမ်းပိုက်ရန် စီစဉ်ခြင်းပင်ဖြစ်သည်။ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားဖြစ်သည်။ ဤနတ်ဆိုးများနှင့် စာတန်များဖြစ်ကြသော အန္တိခရစ်တို့၏ ပင်ကိုသဘာဝအနှစ်သာရမှာ အရာခပ်သိမ်းအတွက် ဘုရားသခင်နှင့် ပြိုင်ဆိုင်ခြင်းပင်ဖြစ်သည်။ အသင်းတော်အတွင်း၌ ဘုရားသခင် ရွေးချယ်ထားသော လူများနှင့်ပတ်သက်၍ ဘုရားသခင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းအပြင် အန္တိခရစ်တို့သည် လူတို့က ကိုယ်တော်အား ပေးလှူသည့် လှူဖွယ်ပစ္စည်းများကိုလည်း လုယူရန်ကြိုးစားကြသည်။ အပေါ်ယံအားဖြင့် အန္တိခရစ်တို့သည် ငမ်းငမ်းတက် ဖြစ်နေကြသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ သူတို့၌ အန္တိခရစ်တို့၏ စိတ်သဘောထားနှင့် အနှစ်သာရ ရှိသောကြောင့်ဖြစ်သည်။ လူတို့က ဘုရားသခင်အား ပူဇော်ဆက်ကပ်သည့် ငွေကြေးနှင့်ပစ္စည်းများကို သူတို့သိမ်းပိုက်ပြီး ဝါးမျိုလိုခြင်းဖြစ်သည့် ဤအရာသည် အနှစ်သာရအားဖြင့် ရက်စက်ကြမ်းကြုတ်ခြင်းပင် ဖြစ်သည်။ ဥပမာအားဖြင့် သင်သည် စတိုင်ကျပြီး အရည်အသွေးကောင်းသော ငှက်မွေးအပေါ်အင်္ကျီ အသစ်တစ်ထည် ဝယ်လိုက်သည်ဆိုပါစို့၊ ထို့နောက် တစ်စုံတစ်ယောက်က ယင်းကိုမြင်ပြီး “သင်၏ ဤ ငှက်မွေးအပေါ်အင်္ကျီသည် ငါ့အင်္ကျီထက် ပိုကောင်းပါတကား။ ငါဝတ်ဆင်နေသည့် စုတ်ပြတ်နေသောအင်္ကျီမှာ အပေါက်များပင်ရှိနေပြီး ခေတ်လည်းမမီတော့ပြီ။ သင်၏အင်္ကျီမှာ အဘယ်ကြောင့် ဤမျှကောင်းနေရသနည်း” ဟုပြောပြီး သူစကားဆုံးသည်နှင့် သင်၏ ငှက်မွေးအပေါ်အင်္ကျီကို သင့်ထံမှ အတင်းဆွဲချွတ်ကာ သူ၏ပျက်စီးနေသော အင်္ကျီကို သင့်အားပေးသည်။ သင် သူနှင့်လဲလှယ်ရန် ငြင်းဆန်၍မရနိုင်ပေ။ သူသည် သင့်ကိုဒုက္ခပေးမည်၊ ရိုက်နှက်မည်၊ သူ သင့်ကို သတ်ပင်သတ်နိုင်သည်၊ သင်သူ့ကိုခုခံဝံ့မည်လော။ သင်သူ့ကို ခုခံဝံ့မည်မဟုတ်ဘဲ သူသည် သင်၏ပစ္စည်းများကို သင်၏ဆန္ဒမပါဘဲ ယူသွားလိမ့်မည်။ သို့ဖြစ်လျှင် ဤပုဂ္ဂိုလ်၏ စိတ်သဘောထားကား အဘယ်နည်း။ ယင်းမှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားဖြစ်သည်။ ဤအရာနှင့် အသင်းတော်ပစ္စည်းဥစ္စာကို သိမ်းပိုက်ခြင်း၊ အသုံးပြုခြင်း၌ အန္တိခရစ်တို့၏ စိတ်သဘောထားတို့အကြား ခြားနားချက် တစ်စုံတစ်ရာရှိသလော။ (မရှိပါ။) အန္တိခရစ်တို့၏ ပစ္စည်းဥစ္စာအပေါ် အမြင်ရှုထောင့်အရ သူတို့ခေါင်းဆောင်များနှင့် “အရာရှိများ” ဖြစ်လာသည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် အသင်းတော်၏ ပစ္စည်းဥစ္စာသည် သူတို့လက်ဝယ်သို့ ရောက်ရှိသွားပြီးနောက် အသင်းတော်၏ ပစ္စည်းဥစ္စာသည် သူတို့နှင့်သက်ဆိုင်သွားသည်။ မည်သူက လှူဖွယ်ပစ္စည်း ပေးလှူသည်ဖြစ်စေ၊ ၎င်းတို့ မည်သည့်အရာကို လှူဖွယ်ပစ္စည်းအဖြစ် ပေးအပ်သည်ဖြစ်စေ အန္တိခရစ်တို့သည် ယင်းကို မိမိတို့အတွက် သိမ်းပိုက်ကြလိမ့်မည်။ တစ်စုံတစ်ခုကို သိမ်းပိုက်သည်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ အသင်းတော် စည်းမျဉ်းများနှင့်အညီ သင့်လျော်စွာ အသုံးပြုပြီး ခွဲဝေသင့်သည့် အသင်းတော်၏ ပစ္စည်းဥစ္စာသည် အန္တိခရစ်တို့၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီးနောက် သူတို့တစ်ဦးတည်းသာလျှင် ယင်းကိုအသုံးပြုရန် သီးသန့်အာဏာရှိသွားသည်ကို ဆိုလိုသည်။ ဤပစ္စည်းဥစ္စာကို အသင်းတော်၏ အလုပ်အတွက် သို့မဟုတ် အသင်းတော်ရှိ အမှုဆောင်များအတွက် လိုအပ်သည့်အခါ၌ပင် အန္တိခရစ်တို့သည် ယင်းကိုအသုံးပြုခွင့်မပြုပေ။ သူတို့တစ်ဦးတည်းသာလျှင် အသုံးပြုခွင့်ရှိသည်။ အသင်းတော်၏ ပစ္စည်းဥစ္စာကို မည်သို့အသုံးပြုပြီး ခွဲဝေသည်နှင့်ပတ်သက်၍ အန္တိခရစ်တို့သာလျှင် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်၊ သူတို့က သင့်ကို အသုံးပြုခွင့်ပေးလိုပါက သင်အသုံးပြုနိုင်ပြီး မဟုတ်ပါက သင်အသုံးပြုနိုင်မည်မဟုတ်ပေ။ အသင်းတော်၏ လှူဖွယ်ပစ္စည်းရန်ပုံငွေများ မများပြားဘဲ အန္တိခရစ်တို့ သိမ်းပိုက်ပြီးနောက် သူတို့၏ကိုယ်ပိုင် အသုံးစရိတ်များအတွက် လုံးဝကုန်ဆုံးသွားပါက အသင်းတော်အလုပ်အတွက် ငွေမကျန်တော့သည်ကို သူတို့ဂရုမစိုက်ပေ။ သူတို့သည် အသင်းတော်၏ အလုပ်ကိုဖြစ်စေ၊ အသင်းတော်၏ ပုံမှန်အသုံးစရိတ်များကိုဖြစ်စေ ထည့်သွင်းစဉ်းစားခြင်း မရှိပေ။ သူတို့လိုချင်သမျှမှာ ဤရန်ပုံငွေများကိုယူပြီး မိမိတို့ကိုယ်တိုင်သုံးစွဲရန်၊ ယင်းတို့ကို မိမိတို့၏ ကိုယ်ပိုင်ဝင်ငွေအဖြစ် သဘောထားပြုမူရန်ဖြစ်သည်။ ဤသို့ပြုမူလုပ်ဆောင်ပုံမှာ ရှက်ဖွယ်မဟုတ်လော။ (ဟုတ်ကဲ့၊ ရှက်ဖွယ်ဖြစ်ပါသည်။) အတော်အတန် ကုံလုံကြွယ်ဝသော ဒေသများရှိ အချို့သောအသင်းတော်များ၌ အန္တိခရစ်တို့က “ဤနေရာသည် အတော်ပင် ကောင်းမွန်သည်။ အသုံးစရိတ်များနှင့်ပတ်သက်ပါက ကျွန်ုပ်သုံးဖြုန်းနိုင်ပြီး ကျွန်ုပ်အလိုရှိသလို ပြုလုပ်နိုင်သည်၊ အသင်းတော် စည်းမျဉ်းစည်းကမ်းများနှင့် စည်းမျဉ်းများကို လိုက်နာရန် မလိုအပ်ပေ။ ငွေကို ကျွန်ုပ် အလိုရှိသလိုသုံးစွဲနိုင်ပါသည်။ ကျွန်ုပ် အသင်းတော် ခေါင်းဆောင် ဖြစ်လာပြီးကတည်းက တွက်ချက်နေရန် မလိုအပ်ဘဲ ပိုက်ဆံသုံးရသော ဘဝတစ်ခုကို နောက်ဆုံးတွင် ပျော်မွေ့ခံစားနိုင်ပြီဖြစ်သည်။ ကျွန်ုပ်က တစ်စုံတစ်ခုအတွက် ငွေကြေးသုံးစွဲလိုလျှင် အမိန့်ပေးလိုက်ရုံသာ ဖြစ်သည်၊ ယင်းအတွက် ကျွန်ုပ် စိုးရိမ်ရန် မလိုအပ်သကဲ့သို့ မည်သူနှင့်မျှ ယင်းအကြောင်းဆွေးနွေးရန် ဧကန်မုချ မလိုအပ်ပါ” ဟု စဉ်းစားကြသည်။ အသင်းတော်၏ ပစ္စည်းဥစ္စာများကို သုံးခြင်းနှင့်ပတ်သက်လာပါက အန္တိခရစ်တို့သည် မိမိတို့ဘာသာ အာဏာစွဲကိုင်ထားကာ မဆင်မခြင် ပြုမူဆောင်ရွက်ပြီး ငွေကို ရေလို သုံးကြသည်။ အသင်းတော်၏ စည်းမျဉ်းများနှင့်အညီဖြစ်စေ၊ အလုပ်အစီအစဉ်များနှင့်အညီဖြစ်စေ အလုပ်တစ်စုံတစ်ရာကို မလုပ်ဆောင်ခြင်းအပြင် အန္တိခရစ်တို့သည် အသင်းတော် ပစ္စည်းဥစ္စာကို စည်းမျဉ်းတစ်ခုမျှမရှိဘဲ ထိုနည်းအတိုင်းပင် သဘောထားပြုမူသည်။ ၎င်းတို့သည် စည်းမျဉ်းများကို နားမလည်၍များ ဖြစ်နိုင်သလော။ မဟုတ်ပေ။ ၎င်းတို့သည် အသင်းတော်၏ ပစ္စည်းဥစ္စာကို ခွဲဝေခြင်းနှင့် သုံးစွဲခြင်းကို အုပ်စိုးထားသော စည်းမျဉ်းများကို လုံးလုံး ကောင်းမွန်စွာ သိကြသော်လည်း သူတို့ကိုယ်တိုင်၏ လောဘနှင့် လိုအင်ဆန္ဒများကို ၎င်းတို့ မထိန်းချုပ်နိုင်ကြချေ။ သူတို့သာမန်လူများဖြစ်ပြီး မည်သည့်အဆင့်အတန်းမျှ မရှိသည့်အခါ သူတို့သည် နှိမ့်ချပြီး ရိုးရှင်းသော နေ့စဉ်ဘဝများဖြင့် နေထိုင်ကြသော်လည်း ခေါင်းဆောင်များ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် သူတို့သည် မိမိတို့ကိုယ်ကို အရေးပါသူများဟု ထင်မြင်ကြသည်။ သူတို့သည် ဝတ်စားပုံနှင့် စားသောက်ပုံကို ဇီဇာကြောင်လာကြသည်။ သူတို့သည် သာမန်အစားအစာများကို မစားသုံးတော့ဘဲ မိမိတို့ကိုယ်ကို အဝတ်အစား ဆင်မြန်းရာတွင် အရည်အသွေးကောင်းပြီး နာမည်ကြီးသောတံဆိပ်များကို ရှာဖွေတတ်လာကြသည်။ အရာအားလုံးသည် ဈေးအကြီးဆုံးဖြစ်ရမည်၊ ထိုအခါမှသာ သူတို့၏ဂုဏ်ပုဒ်၊ အဆင့်အတန်းတို့နှင့် လိုက်ဖက်သည်ဟု သူတို့ခံစားရသည်။ အန္တိခရစ်တို့ ခေါင်းဆောင်များ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ညီအစ်ကိုမောင်နှမများအားလုံးက သူတို့ကို အကြွေးတင်နေသကဲ့သို့ဖြစ်ပြီး သူတို့အား လက်ဆောင်များ ဆက်သရမည်ဖြစ်သည်။ ကောင်းသောအရာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက သူတို့ကို ဦးစားပေးရမည်ဖြစ်ပြီး ညီအစ်ကိုမောင်နှမများအနေဖြင့် မိမိတို့၏ငွေကို သူတို့အတွက် သုံးစွဲရန် မျှော်လင့်ခြင်းခံရသည်။ ခေါင်းဆောင်ဖြစ်လာခြင်းဆိုသည်မှာ သူတို့သည် အသင်းတော်၏ ပစ္စည်းဥစ္စာကို ပိုင်ဆိုင်ရန်နှင့် အသုံးပြုရန် ဦးစားပေးဖို့ အာဏာရှိသင့်သည်ဟု အန္တိခရစ်တို့ ယုံကြည်ကြသည်။ သူတို့သည် ဤသို့စဉ်းစားရုံသာမက ဤသို့ပြုမူလုပ်ဆောင်ကြသည်။ ထို့အပြင် သူတို့သည် အခြားလူများက ရွံရှာမုန်းတီးသည်အထိ အလွန်အကျွံပြုလုပ်ကြသည်။ ဤရှုထောင့်မှကြည့်လျှင် အန္တိခရစ်တို့၏ အကျင့်စရိုက် မည်သို့ရှိသနည်း။ ခေါင်းဆောင်များဖြစ်လာပြီးနောက် အလုပ်တစ်စက်မျှ မလုပ်ဘဲ သူတို့သည် လှူဖွယ်ပစ္စည်းများကို သိမ်းပိုက်လိုပြီး ယင်းတို့ကို အသုံးပြုခြင်းအား ဦးစားပေးလိုကြသည်။ ဤသို့သောအရာများကို မည်သည့်လူစားမျိုးက လုပ်ဆောင်နိုင်စွမ်းရှိသနည်း။ ဓားပြ၊ အာဏာရှင်၊ သို့မဟုတ် ဒေသခံအနိုင်ကျင့်သူတစ်ဦးသာလျှင် ဤအရာများကို ပြုလုပ်လိမ့်မည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။