အချက် ၁၃- ၎င်းတို့သည် အသင်းတော်ဘဏ္ဍာရေးအပြင် လူတို့၏စိတ်နှလုံးကိုလည်း ထိန်းချုပ်၏ (အခန်း နှစ်)
အောက်ပါအတိုင်း ပြုမူခဲ့သည့် ခေါင်းဆောင်တစ်ဦးရှိ၏။ သူပြုခဲ့သော ဤအမှုကို ပိုင်းခြားသိမြင်ပြီး စိစစ်ရန် ကြိုးစားလော့။ တစ်နေ့တွင် ငါသည် တရုတ်ဆေးဖက်ဝင် ဖြည့်စွက်စာထုပ် တစ်ထုပ်ကို လက်ခံရရှိခဲ့သည်။ ငါက “ဤအရာကို ငါ့အတွက်ဝယ်ပေးရန် ငါမည်သူ့ကိုမျှ မခိုင်းခဲ့ပါ၊ သို့ဖြစ်လျှင် ယင်းကို မည်သည့်နေရာမှ ပေးပို့ခဲ့သနည်း။ မည်သူဝယ်ခဲ့သနည်း။ ငါဘာမှမသိရခြင်းမှာ အဘယ်သို့နည်း” ဟု မိမိဘာသာ တွေးတောမိသည်။ နောက်ပိုင်းတွင် စုံစမ်းမေးမြန်းပြီးသည့်နောက်တွင် အထက်သို့ မမေးမြန်းဘဲ ယင်းကို ဝယ်ယူရန် တာဝန်ခံယူခဲ့သော ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ငါသိရှိခဲ့ရသည်။ ဤပစ္စည်းကို အထက်မှ လိုအပ်သည်ဟု သူပြောခဲ့သည်။ ဤသည်ကိုကြားသောအခါ လက်အောက်ငယ်သား ညီအစ်ကိုမောင်နှမတို့က ဤသို့ပြောဆိုခဲ့ကြသည် “အထက်မှ ဝယ်ယူစေချင်သည်ဖြစ်၍ လွယ်ပါသည်။ ကျွန်ုပ်တို့ အသင်းတော်၏ငွေကို သုံး၍ ဝယ်ယူနိုင်သည်။ အထက်မှ ဝယ်ယူချင်သမျှသည် အဆင်ပြေသည်။ အထူးသဖြင့် ဘုရားသခင်အတွက်ဖြစ်သောကြောင့် ကျွန်ုပ်တို့ ကန့်ကွက်စရာမရှိပါ” ဟူ၍ ဖြစ်သည်။ သုံးစွဲခဲ့သောငွေမှာ မည်သူ့ငွေဖြစ်သနည်း။ (ဘုရားသခင်၏ ပူဇော်သက္ကာများ ဖြစ်ပါသည်။) ဘုရားသခင်၏ ပူဇော်သက္ကာများကို သုံးစွဲရာတွင် သူသည် အဘယ်ကြောင့် ဤမျှ လက်လွတ်စပယ်နိုင်ရသနည်း။ ဤဝယ်ယူမှုမှာ အထက်၏ ခွင့်ပြုချက်ရရှိပြီးဖြစ်သလော။ ငါ၏သဘောတူညီချက်ကို မတောင်းခံဘဲ သူသည် မိမိသဘောဖြင့် လျှို့ဝှက်ဆုံးဖြတ်ကာ ထိုဖြည့်စွက်စာကို ဝယ်ယူခဲ့သည်။ ဝယ်ယူသည့်အခါတွင်လည်း သူသည် “ဤသည်မှာ အထက်အတွက် အသုံးဝင်မည်လော။ ငါဝယ်ယူနေသောအရာမှာ သင့်လျော်ပါသလား။ မည်မျှဝယ်ယူသင့်သနည်း။ ဤငွေကို သုံးစွဲရန် အထက်မှ ငါ့ကို ခွင့်ပြုမည်လော” ဟု ခဏရပ်၍ မစဉ်းစားခဲ့ပေ။ ဤအရာများကို သူမေးမြန်းခဲ့သလော။ (မမေးမြန်းခဲ့ပါ။) မေးမြန်းခြင်းပင်မရှိဘဲ သူသည် ဤပစ္စည်းကို ချက်ချင်း ဝယ်ယူခဲ့သည်။ ဤလက်လွတ်စပယ်နိုင်မှုမှာ မည်သည့်နေရာမှ လာသနည်း။ ဤသည်မှာ မည်သို့သော ကိုယ်ရေးကိုယ်တာ သစ္စာစောင့်သိမှုမျိုး ဖြစ်သနည်း။ သူသည် ဘုရားသခင်၏ ငွေကိုသုံး၍ ဘုရားသခင်အတွက် တစ်စုံတစ်ခု ဝယ်ယူခဲ့သည်၊ ဤသည်ကို မိမိ၏ မဖြစ်မနေလုပ်ရမည့် တာဝန်အဖြစ် မှတ်ယူကာ ထိုအရာကိုဝယ်ယူပြီး ဘုရားသခင်ကို ကျေနပ်စေရန် မည်သည့်အရာကိုမဆို လုပ်ဆောင်ပြီး အခက်အခဲဟူသမျှကို ကျော်လွှားခဲ့သည်။ ဤနေရာတွင် ဘုရားသခင်ကို ကျေနပ်စေခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ “သင်၏ ခွင့်ပြုချက်မပါဘဲ ကိုယ့်သဘောဖြင့်ကိုယ် ဆုံးဖြတ်လုပ်ဆောင်ပြီး ကျွန်ုပ်က သင့်ကို ကြည်နူးဖွယ် အံ့အားသင့်စေနိုင်ပါသည်။ ကြည့်ပါ၊ ကျွန်ုပ်တွင် ဤအရည်အချင်းရှိပါသည်။ ကျွန်ုပ် ဤသို့လုပ်နိုင်မှန်း သင်သိခဲ့ပါသလား။ ဘယ်လိုထင်ပါသနည်း။ ဤသည်မှာ ကောင်းမွန်သော အံ့အားသင့်စရာတစ်ခု မဟုတ်ပါသလား။ သင်မပျော်ရွှင်သလော။ သင်စိတ်သက်သာရာရပါသလား” ဟူ၍ဖြစ်သည်။ သင်သုံးစွဲခဲ့သောငွေမှာ မည်သူ့ငွေဖြစ်သနည်း။ ယင်းမှာ သင်၏ငွေဖြစ်သလော။ သင်သုံးစွဲခဲ့သောအရာမှာ ဘုရားသခင်၏ ငွေဖြစ်ပါက ဘုရားသခင်၏ သဘောတူညီချက်ကို သင်ရရှိခဲ့သလော။ သင်သည် ဘုရားသခင်ထံမှ ခိုးယူခဲ့သောငွေကို သုံးစွဲခဲ့ပြီး ထို့နောက် ဘုရားသခင်ကို ကောင်းမွန်သော အံ့အားသင့်ခြင်းတစ်ခု ပေးလိုသည်ဟု သင်ပြောဆိုခဲ့သည်၊ ဤသည်မှာ မည်သို့သောဆင်ခြင်တွေးခေါ်မှု စနစ်မျိုး ဖြစ်သနည်း။ ပြီးလျှင် မည်သူ့ငွေနှင့် သင် ဤမျှ လက်လွတ်စပယ်နိုင်ခဲ့ရသနည်း။ (ဘုရားအိမ်တော်နှင့် သက်ဆိုင်သောငွေ ဖြစ်ပါသည်။) ဘုရားအိမ်တော်နှင့် သက်ဆိုင်သောငွေဖြင့် လက်လွတ်စပယ်ပြုခြင်းသည် ဘုရားသခင်၏ ပူဇော်သက္ကာများကို လက်လွတ်စပယ်ပြုခြင်းပင်ဖြစ်သည်။ ဤသည်မှာ စက်ဆုပ်ဖွယ် မကောင်းသလော။ (စက်ဆုပ်ဖွယ်ကောင်းပါသည်။) ဤသည်ကိုကြားရ၍ သင်တို့ စက်ဆုပ်ရွံရှာမိနိုင်သည်၊ သို့သော် ပါဝင်ပတ်သက်သူမှာ စက်ဆုပ်ရွံရှာခြင်း လုံးဝ မရှိသည့်အပြင် မိမိကိုယ်ကို အလွန်ကျေနပ်နေခဲ့သည်။ ပစ္စည်းကို ပေးပို့ပြီးသည့်နောက် သူသည် မိမိဘာသာ ဤသို့တွေးတောနေခဲ့သည် “အကြောင်းပြန်ကြားချက် အဘယ်ကြောင့်မရှိရသနည်း။ ကျွန်ုပ်က သင့်အတွက် ဤမျှ ကောင်းမွန်သောအမှုတစ်ခုကို လုပ်ဆောင်ပေးခဲ့သည်၊ သို့ဖြစ်လျှင် အဘယ်ကြောင့် သင်က ကျွန်ုပ်ကို ကျေးဇူးမတင်ရသနည်း။ ပစ္စည်းနှင့်ပတ်သက်၍ သင်မည်သို့ထင်မြင်သနည်း။ ယင်းနှင့်ပတ်သက်၍ သင်ကျေနပ်ပါသလား။ နောင်တွင် ယင်းထဲမှအချို့ကို ကျွန်ုပ် ထပ်မံဝယ်ယူပေးစေချင်ပါသလား။ ကျွန်ုပ်ကို သင်မည်သို့သော အကဲဖြတ်ချက်မျိုး ပေးပါသနည်း။ ယခုမှစ၍ ကိုယ်တော်က ကျွန်ုပ်ကို အရေးကြီးသော ရာထူးတစ်ခုတွင် ထားရှိမည်လော။ ကျွန်ုပ်လုပ်ဆောင်ခဲ့သော အရာနှင့်ပတ်သက်၍ သင်ကျေနပ်ပါသလား။ ကျွန်ုပ်က သင့်ငွေကိုသုံး၍ သင့်အတွက် တစ်စုံတစ်ခု လုပ်ဆောင်ပေးခဲ့သည်၊ ကျွန်ုပ်၏ ကြင်နာမှုနှင့်ပတ်သက်၍ သင် မည်သို့ထင်မြင်ပါသနည်း။ သင်ပျော်ရွှင်ပါသလား။ အို၊ တစ်စုံတစ်ရာတော့ ပြောပါဦးလော့။ အဘယ်ကြောင့် အကြောင်းပြန်ကြားချက် မရှိရသနည်း” ဟူ၍ ဖြစ်၏။ သူ့ကို ငါအကြောင်းပြန်သင့်သလော။ (မပြန်သင့်ပါ။) အဘယ်ကြောင့် မပြန်သင့်သနည်း။ ဤအဖြစ်အပျက်မှာ အတန်ကြာသော အချိန်က ဖြစ်ပွားခဲ့သည်၊ သို့သော် ဤအချိန်တစ်လျှောက်လုံး ငါသည် ယင်းကို စက်ဆုပ်ရွံရှာခြင်းမှ မရပ်တန့်သေးပါ။ သူဝယ်ခဲ့သော ထိုအရာကို ငါကြည့်မိသည့်အခါတိုင်း ငါစက်ဆုပ်ရွံရှာမိသည်။ စက်ဆုပ်ရွံရှာခြင်းမှာ ကျိုးကြောင်းဆီလျော်သလောဟူသည်ကို သင်တို့ ငါ့ကို ပြောလော့။ ဤအဖြစ်အပျက်ကို စိစစ်ခြင်းက အကျိုးရှိမည်လော။ (ဟုတ်ပါသည်၊ အကျိုးရှိပါမည်။) ဤသည်မှာ မည်သို့သောကျင့်ကြံမှုမျိုး ဖြစ်သနည်း။ သစ္စာစောင့်သိမှု၏ ဖော်ပြချက်လော။ သို့မဟုတ် ကြင်နာမှုလော။ သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးလော။ (ဤအရာများထဲမှ တစ်ခုမျှမဟုတ်ပါ။) ဤသည်ကို တစ်စုံတစ်ဦးအား မျက်နှာလုပ်ခြင်းနှင့် လှည့်ဖြားခြင်း ဟုခေါ်သည်၊ ဆိုလိုသည်မှာ “ကျွန်ုပ်ကို သင် ပို၍ မျက်နှာသာပေးသော အလင်းတွင် ရှုမြင်စေရန်အလို့ငှာ ကျွန်ုပ်က သင်၏ အလိုကို ဖြည့်ဆည်းရန်နှင့် ကျွန်ုပ်အပေါ် သင်အကောင်းမြင်စေရန် တစ်စုံတစ်ခုကို ဝယ်ပေးဖို့အတွက် သင်၏ငွေကို ကျွန်ုပ် သုံးသည်။” ဟူ၍ဖြစ်သည်။ ဤခေါင်းဆောင်သည် ငါ၏အလိုဆန္ဒကို ဖြည့်ဆည်းရန်၊ ငါ့ကို မြှောက်ပင့်ပြီး ဖားယားလုပ်ရန် ဆန္ဒရှိခဲ့သည်၊ သို့သော် အဆုံးတွင် သူရှုံးနိမ့်ခဲ့ပြီး ထိုးထွင်းသိမြင်ခြင်း ခံခဲ့ရသည်။ သူမည်သည့်အမှားများကို ကျူးလွန်ခဲ့သနည်း။ ပထမဦးစွာ ဤသည်မှာ ငါ့အတွက်လုပ်ဆောင်ရန် သူ့ကို ငါ တာဝန်ပေးစေခိုင်းခဲ့သော အရာတစ်ခုမဟုတ်ပေ၊ ဤသို့လုပ်ဆောင်ရန် သူ့ကို ငါမှာကြားခဲ့ခြင်းမရှိ။ ဒုတိယအချက်မှာ အကယ်၍ သူသည် သူ၏စိတ်နှလုံး ကြင်နာမှုကြောင့် ဤသို့လုပ်ဆောင်လိုခဲ့ပါက ဆက်လက်မဆောင်ရွက်မီ သူသည် ဦးစွာမေးမြန်းပြီး သဘောတူညီချက် ရယူသင့်သည်။ ပြီးလျှင် ဤသည်ကို သူဆောင်ရွက်နေစဉ် သူသိရှိရန်လိုအပ်သော ဆီလျော်သော ကိစ္စရပ်များကို သူ စုံစမ်းမေးမြန်းခဲ့သင့်သည် မဟုတ်လော။ ဥပမာအားဖြင့် မည်သည့်ပမာဏဝယ်ယူရမည်၊ ငွေမည်မျှတန်ဖိုးရှိသော ပစ္စည်းဝယ်ယူရမည်၊ မည်သည့်အဆင့်အတန်း ရှိသောကုန်ပစ္စည်းများ ဝယ်ယူရမည်၊ ငွေကိုမည်သို့သုံးစွဲရမည်ဟူသည့် ဤအရာများကို သူစုံစမ်းမေးမြန်းခဲ့သင့်သည် မဟုတ်လော။ ဤအရာများကို စုံစမ်းမေးမြန်းခြင်းသည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ခြင်းပင် ဖြစ်ခဲ့လိမ့်မည်။ သို့ဆိုလျှင် ဤစုံစမ်းမေးမြန်းမှုများကို သူပြုရန် ပျက်ကွက်ခြင်း၏သဘာဝမှာ အဘယ်နည်း။ အသေးစားအဆင့်တွင် သူသည် မိမိကိုယ်ကို အလွန်ထက်မြက်သည်ဟု ထင်မှတ်နေခဲ့သည်၊ ပိုကြီးမားသောအဆင့်တွင် ဤသည်ကို တစ်ဇွတ်ထိုး ပြုမူခြင်း၊ ဘုရားသခင်ကို အလေးမထားခြင်း၊ မဆင်မခြင် ပြုမူခြင်းဟုခေါ်သည်။ ငါသည် ထိုပစ္စည်းကိုဝယ်ရန် သူ့ကို ဘယ်သောအခါမျှ မတောင်းဆိုခဲ့ပါ၊ သို့ဖြစ်လျှင် သူသည် အဘယ်အတွက်များ ကောင်းမွန်သော ရည်ရွယ်ချက်များနှင့်ပတ်သက်သော ဤပြသမှုကို ပြုနေခဲ့သနည်း။ သူသည် ပြဿနာရှာနေခဲ့ခြင်း မဟုတ်လော။ ထို့အပြင် သူ၏အကြီးမားဆုံးပြဿနာမှာ အန္တိခရစ်တို့ ပစ္စည်းဥစ္စာအပေါ် ထားရှိသော အမြင်ဖြစ်သည်၊ ၎င်းမှာ ယနေ့ ကျွန်ုပ်တို့ မိတ်သဟာယဖွဲ့ပြီး စိစစ်နေသည့်အရာပင်တည်း။ ထိုအသင်းတော်၏ ခေါင်းဆောင်အနေဖြင့် အသင်းတော်ရှိ ဘုရားသခင် ရွေးချယ်ထားသောလူများက ဘုရားသခင်အတွက် ပေးလှူသော ပူဇော်သက္ကာများကို သူ့အနေဖြင့် ပျော်မွေ့ခံစားရန် အရည်အချင်း ပြည့်မီသည်ဟုလည်းကောင်း၊ ဘုရားသခင်အတွက်ဖြစ်သော ဤပူဇော်သက္ကာများကို အသုံးပြုရန်နှင့် ပိုင်ဆိုင်ရန် သူ့တွင် အာဏာရှိသည်ဟုလည်းကောင်း၊ ယင်းတို့နှင့်ပတ်သက်၍ သူ့တွင် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်ဟုလည်းကောင်း သူယုံကြည်ခဲ့သည်။ ထိုအသင်းတော်တွင် သူသည် ဘုရင်၏ အာဏာကို ကိုင်စွဲကာ လုပ်အုပ်စိုးကာ ဒေသခံအာဏာရှင်တစ်ဦး ဖြစ်လာခဲ့သည်။ သူစဉ်းစားသည်မှာ “ကျွန်ုပ်ဝယ်ယူသော အရာများနှင့်ပတ်သက်၍ သင့်ကို အကြောင်းကြားရန် သို့မဟုတ် မေးမြန်းရန် မလိုအပ်ပါ၊ ကျွန်ုပ်က သင့်အတွက် ကိုင်တွယ်ဖြေရှင်း၍သာ ပေးပါမည်။ သင်သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ဤသို့သောနည်းလမ်းဖြင့် လုပ်ဆောင်ခြင်းသည် ကောင်းမည်ဟု ကျွန်ုပ်ခံစားရသရွေ့၊ ပြီးလျှင် ဤသို့သောနည်းလမ်းဖြင့် လုပ်ဆောင်လိုသရွေ့ ထိုသို့ပင် ကျွန်ုပ်လုပ်ဆောင်မည်ဖြစ်သည်” ဟူ၍ဖြစ်သည်။ သူသည် မည်သို့သောအရာမျိုးဖြစ်သနည်း။ သူသည် အန္တိခရစ်တစ်ဦး မဟုတ်လော။ အန္တိခရစ်တို့သည် ထိုမျှလောက် အရှက်မဲ့ကြ၏။ ဤသူသည် အဆင့်အတန်းရရှိပြီး ခေါင်းဆောင်တစ်ဦး ဖြစ်လာသည့်အခါ သူသည် ဘုရင်တစ်ပါးဖြစ်လိုခဲ့သည်၊ အသင်းတော်၏ ပစ္စည်းဥစ္စာကို သိမ်းပိုက်လိုခဲ့သည်။ အသင်းတော်၏ ပစ္စည်းဥစ္စာနှင့်ပတ်သက်၍ သူတစ်ဦးတည်းသာ စီမံထိန်းချုပ်သည်ဟု ရှိသည်ဟုလည်းကောင်း၊ ၎င်းကို ပိုင်ဆိုင်ရန်နှင့် အသုံးပြုရန် သူ့တွင် အာဏာရှိသည်ဟုလည်းကောင်း သူထင်မှတ်ခဲ့သည်။ ငါ့အတွက်ပစ္စည်းများ ဝယ်ယူခြင်းနှင့် မည်သည့်ပစ္စည်းများ ဝယ်ယူရမည်ကိုပင် သူဆုံးဖြတ်ပိုင်ခွင့် ရှိသည်ဟု သူထင်မှတ်ခဲ့သည်။ သို့သော် ငါ့အတွက် ပစ္စည်းများဝယ်ပေးရန် သင့်ကို ငါလိုအပ်သလော။ ငါမည်သည့်အရာကိုမဆို အသုံးပြုသည်ဖြစ်စေ မည်သို့ပင် အသုံးပြုသည်ဖြစ်စေ သင်ပါဝင်ပတ်သက်ရန် ငါလိုအပ်သလော။ ဤသည်မှာ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း မဟုတ်သလော။ ဤသည်မှာ အရှက်မရှိခြင်း မဟုတ်သလော။ သင်မည်သူဖြစ်သည်ကို သင်မေ့နေပြီလော။ ဤသည်မှာ ရာထူးအဆင့်အတန်း ရရှိပြီးနောက် ဘုရားသခင်နှင့် တန်းတူရည်တူ ဖြစ်လိုခဲ့သော ကောင်းကင်တမန်မင်းကဲ့သို့ပင် မဟုတ်သလော။ ဤအရာ ပြုလုပ်ခဲ့သူသည် အမှားမည်မျှ ကျူးလွန်ခဲ့သနည်း။ ပထမအမှားမှာ သူသည် အသင်းတော်၏ပစ္စည်းဥစ္စာကို သူ၏ကိုယ်ပိုင်ပစ္စည်း ဖြစ်သည့်အလား ခွဲဝေခဲ့ခြင်းဖြစ်သည်၊ ဒုတိယအမှားမှာ သူသည် ငါ့အတွက်ပစ္စည်းများ ဝယ်ယူခြင်းနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များကို မိမိသဘောအတိုင်း ချမှတ်ခဲ့ခြင်း ဖြစ်သည်၊ တတိယအမှားမှာ ဤဆုံးဖြတ်ချက်ကို မိမိဘာသာ ချမှတ်ပြီးသည့်နောက် သူသည် ဤအကြောင်းကို အထက်သို့ အကြောင်းမကြားခဲ့ချေ၊ ၎င်းတို့ထံမှ တောင်းခံခြင်း သို့မဟုတ် ၎င်းတို့ထံ သတင်းပို့ခြင်း မပြုလုပ်ခဲ့ပေ။ ဤအမှားများထဲမှ တစ်ခုချင်းစီသည် ယင်းကိုယ်၌ကပင် အတော်အတန် ဆိုးရွားခဲ့လေသည်။ ဤအန္တိခရစ်သည် ထိုနေရာတွင် အတော်ပင် ချောမွေ့သော လုပ်ငန်းကို ဦးစီးနေပုံရသည်။ သူအမိန့်ပေးလိုက်သည်နှင့် သူ၏ လက်ပါးစေများက သူ၏အမိန့်များကို ကျိုးနွံနာခံသော ဟန်ပန်ဖြင့် ဆောင်ရွက်ကြလိမ့်မည်။ ၎င်းတို့သည် “ကျွန်ုပ်တို့က ဤပစ္စည်းကိုဝယ်ရန် ဤမျှများပြားသောငွေကို သုံးစွဲနေသည်၊ ဘုရားသခင်က ဤသို့အမိန့်ပေးခဲ့သလော။ ငွေကို ဤသို့သော နည်းလမ်းဖြင့် အသုံးပြုနိုင်သလော။ သင့်လျော်ပါမည်လော။ မည်သူက အမှန်တကယ် ဤသို့အမိန့်ပေးခဲ့သနည်း” ဟူ၍ မေးမြန်းရန်ပင် မရပ်တန့်ခဲ့ကြပေ။ ထိုလက်ပါးစေများသည် ဤအရာများကိုပင် မမေးမြန်းခဲ့ကြပေ။ ၎င်းတို့ တစ်စုံတစ်ရာ တာဝန်ယူခဲ့ကြသလော။ ၎င်းတို့၌ သစ္စာစောင့်သိမှု တစ်စုံတစ်ရာ ရှိခဲ့သလော။ မရှိပေ၊ ၎င်းတို့၌ သစ္စာစောင့်သိမှုမရှိခဲ့ပေ၊ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းသင့်သည်။ ဤသည်မှာ တစ်စုံတစ်ယောက်က ပူဇော်သက္ကာများကို မိမိတို့၏ ကိုယ်ပိုင်ဆန္ဒအတိုင်းနှင့် မည်သည့်စည်းမျဉ်းမျှမရှိဘဲ အသုံးပြုခဲ့သည့် အတိတ်မှ ဥပမာတစ်ခုဖြစ်သည်။ ငါ၏ခွင့်ပြုချက်မရရှိဘဲ ဘုရားသခင်အတွက် ပစ္စည်းများဝယ်ယူရန် ဘုရားသခင်၏ ပူဇော်သက္ကာများကို သုံးခြင်း၊ ဤအရာကို ပြုလုပ်ခြင်းသည် ကြီးလေးသောအမှားတစ်ခုကို ကျူးလွန်ခြင်းပင်ဖြစ်သည်။
ဤတွင် နောက်ထပ်ဥပမာတစ်ခုရှိသည်၊ ဤလူတို့ ပြုလုပ်ခဲ့သည့်အရာကို သင်တို့နားထောင်ပြီး ယင်းကို သင်တို့ စိတ်ပျက်ဖွယ်ကောင်းသည်ဟု မြင်ခြင်း ရှိမရှိ ကြည့်စေလိုသည်။ အသင်းတော်စုဝေးပွဲများအတွင်း ငါထိုင်နေသော ကုလားထိုင်သည် အလွန်နူးညံ့ပျော့ပျောင်းပြီး ယင်းပေါ်၌ ငါထိုင်လိုက်သောအခါ အတော်ပင် နိမ့်ကျသွားသည်။ စားပွဲသည်လည်း အလွန်မြင့်မားသောကြောင့် ငါ့အနေဖြင့် ငါ၏ ခါးကို မတ်မတ်ထားရပြီး ဤသို့ အချိန်ကြာမြင့်စွာ ထိုင်နေခြင်းက ငါ့ကို ပင်ပန်းစေခဲ့သည်။ သို့ဖြစ်၍ အနည်းငယ်ပိုမြင့်ပြီး ထိုင်သည့်နေရာတွင် အနည်းငယ်ပိုမာသော ကုလားထိုင်တစ်လုံးဝယ်ရန် သူတို့ကို ငါတောင်းဆိုခဲ့သည်။ ဤသည်မှာ လွယ်ကူလောက်သည့် လုပ်ဆောင်မှုတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အမှန်တကယ်ပင် အလွန်ရိုးရှင်းသော ကိစ္စရပ်တစ်ခုဖြစ်သည်။ ပထမဦးစွာ သူတို့သည် ထိုအချိန်က ငါထိုင်နေသော ကုလားထိုင်၏ အမြင့်ကို တိုင်းတာရန်လိုအပ်ပြီး ထို့နောက် နှစ်လက်မ သို့မဟုတ် ထို့ထက်အနည်းငယ် ပိုမြင့်သောတစ်ခုကို ရှာဖွေရန် လိုအပ်ကာ ထို့နောက်တွင် ထိုင်သည့်နေရာသည် မည်မျှပျော့သည်ကို သူတို့စစ်ဆေးရန် လိုအပ်ပြီး အနည်းငယ် ပိုမာသော ထိုင်ခုံတစ်ခုကို ရှာဖွေရန်လိုအပ်သည်။ အစဦးဆုံးအနေဖြင့် သူတို့သည် ဆိုင်ထဲတွင် လျှောက်ပတ်ကြည့်ရှုနိုင်ပြီး သင့်လျော်သောအရာတစ်ခုခုကို သူတို့မတွေ့ရှိပါက အွန်လိုင်းတွင် ထပ်မံရှာဖွေနိုင်သည်။ ဤသည်မှာ အလွယ်တကူ ဆောင်ရွက်၍ ရနိုင်သည့်အရာတစ်ခု မဟုတ်လော။ ယင်းက အခက်အခဲတစ်စုံတစ်ရာ ရှိသလော။ တစ်စုံတစ်ခုဝယ်ရန် ငွေသုံးစွဲခြင်းကို စိန်ခေါ်မှုတစ်ခုဟု မခေါ်ဆိုနိုင်သည့်အပြင် ထို့ထက်ပို၍ လူအချို့သည် သူတို့၏စိတ်ကူးများကို စုပေါင်းလိုက်ပါက ယင်းမှာ စီမံခန့်ခွဲရန် လွယ်ကူသော တာဝန်တစ်ခု ဖြစ်သင့်သည်။ သို့ဖြစ်၍ အတန်ကြာပြီးနောက် ငါသည် ထိုအသင်းတော်ရှိ အခြားစုဝေးပွဲတစ်ခုသို့ သွားရောက်ခဲ့ပြီး ကုလားထိုင်အသစ်တစ်လုံး သွားဝယ်ပြီးခြင်း ရှိမရှိကို သူတို့ကို ငါမေးခဲ့သည်။ သူတို့က “ကျွန်ုပ်တို့ ကြည့်ရှုခဲ့ပါသည်၊ သို့သော် အမှန်တကယ် သင့်လျော်သော အရာတစ်ခုကိုမျှ ကျွန်ုပ်တို့မတွေ့ရှိခဲ့ပါ၊ ပြီးလျှင် သင်အလိုရှိသော ကုလားထိုင်အမျိုးအစားကိုလည်း ကျွန်ုပ်တို့မသိခဲ့ပါ” ဟု ပြောခဲ့သည်။ ဤသည်ကိုကြားရ၍ ငါ အံ့အားသင့်သွားခဲ့သည်။ ငါဤသို့တွေးထင်မိသည်၊ “ငါနားလည်သလောက်ဆိုလျှင် ဤနေရာတွင် အရည်အသွေးအမျိုးမျိုးဖြင့် အရာအမျိုးမျိုးကို ရောင်းချသော ဆိုင်အမျိုးအစား များစွာရှိသည်၊ သို့ဖြစ်၍ ကုလားထိုင်တစ်လုံးဝယ်ရန်မှာ ထိုမျှမခက်ခဲလောက်ပေ။ ငါလည်း အလွန်အကျွံ မျှော်လင့်နေခြင်းမဟုတ်ပေ” ဟူ၍ ဖြစ်သည်။ သို့သော် ဝယ်ယူမှုကို တာဝန်ယူသောသူက “ဝယ်ရန်မလွယ်ကူပါ၊ သင်အလိုရှိသော သတ်မှတ်ချက်များဖြင့် ရောင်းချရန် တစ်လုံးတလေမျှ မရှိပါ။ သင်သည် ဤနေရာ၌ ရှိပြီးသားတစ်ခုကို မှေးသုံးလိုက်၍ ရကောင်းရနိုင်သည်” ဟု ပြောခဲ့သည်။ ငါက “ကောင်းပြီ၊ အကယ်၍ မင်းတို့တစ်လုံး မဝယ်ခဲ့လျှင်လည်း ကိစ္စမရှိပါ၊ ယင်းက ငွေအနည်းငယ် ချွေတာရာရောက်သည်၊ သို့ဖြစ်၍ ယခုလောလောဆယ် ငါဤတစ်ခုကိုသာ ငါမှေးသုံးလိုက်မည်” ငါ့ဘာသာ တွေးလိုက်သည်။ အတန်ကြာပြီးနောက် ငါသည် အခြားနေရာတစ်ခုသို့ သွားရောက်ခဲ့ရာ ထိုနေရာ၌ ထိုင်ရန် သက်သောင့်သက်သာရှိသော အတော်အတန် ကောင်းမွန်သည့် ကုလားထိုင်အများအပြားရှိပြီး ယင်းတို့မှာ ခေတ်ဟောင်းပုံစံဖြစ်ကာ အရည်အသွေးကောင်းကြောင်း တစ်ချက်ကြည့်ရုံဖြင့် သင်ပြောနိုင်သည်။ သို့ဖြစ်၍ ငါသည် ဓာတ်ပုံတစ်ပုံရိုက်ပြီး သူတို့အား ကုလားထိုင်ဝယ်ရာတွင် ဤအရာကို လမ်းညွှန်အဖြစ် အသုံးပြုခိုင်းခဲ့ကာ ယင်း၏အရောင်နှင့်ပတ်သက်၍ မည်သည့်ဦးစားပေးမှုကိုမျှ မသတ်မှတ်ခဲ့သည့်အပြင် ဆိုင်များတွင် တစ်လုံးတလေမျှ မရှိပါက အွန်လိုင်းတွင် ကြည့်ရှုသင့်ကြောင်း သူတို့ကို ငါပြောခဲ့သည်။ ရုံးသုံးပစ္စည်းများ ရောင်းချသော နေရာများတွင် သွားရောက်ရှာဖွေသင့်ကြောင်းကိုပင် ငါ အသေးစိတ်ပြောခဲ့သည်။ ထို့နောက်တွင် သူတို့သည် အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်၊ “ကျွန်ုပ်တို့ အွန်လိုင်းတွင် သွားရှာဖွေခဲ့ပါသည်၊ သို့သော် တစ်လုံးတလေမျှ မရှိခဲ့ပါ။ ထုတ်လုပ်သူများအားလုံးက ဤသည်မှာ ခေတ်နောက်ကျသော ပုံစံဖြစ်ပြီး ယနေ့ခေတ်တွင် ကုလားထိုင်များကို ထိုပုံစံဖြင့် မည်သူမျှ မထုတ်လုပ်တော့ကြောင်း ပြောခဲ့ကြသည်၊ သို့ဖြစ်၍ ကျွန်ုပ်တို့တစ်လုံးမျှ မဝယ်နိုင်ခဲ့ပါ” ဟူ၍ဖြစ်သည်။ ဤသည်ကိုကြားရ၍ ငါနောက်တစ်ကြိမ် အံ့အားသင့်သွားခဲ့ပြီး ငါ ဤသို့တွေးထင်မိသည်၊ “ဤလူတို့သည် အမှုအရာများကို ကိုင်တွယ်ရာ၌ အမှန်ပင် အလွန်ညံ့ဖျင်းကြပြီး သူတို့ကို အမှန်ပင် အားကိုး၍ မရနိုင်ပေ။ သူတို့ကို ဤသေးငယ်သော တာဝန်လေးတစ်ခုသာ ပေးအပ်ခဲ့သော်လည်း နှစ်ကြိမ်တိုင်တိုင် ငါအလိုရှိသောအရာကို သူတို့မဝယ်နိုင်ခဲ့ကြောင်း ပြောခဲ့ကြပြီး ငါ့ကို ငြင်းဆိုခဲ့ကြသည်” ငါသည် သူတို့ကို ဆက်လက် ရှာဖွေရန်နှင့် အခြားဝက်ဘ်ဆိုက်များတွင် တစ်လုံးတလေမျှ ရရှိနိုင်ခြင်းရှိမရှိ ကြည့်ရှုရန် တောင်းဆိုခဲ့သည်။ ဤအတောအတွင်း စောင့်ဆိုင်းနေစဉ်၊ အသင်းတော်၏ သိုလှောင်ခန်းတစ်ခုထဲ၌ ကုလားထိုင်တစ်လုံးကို ငါတွေ့ရှိခဲ့သည်။ ပန်းရောင်ပန်းပွင့်ပုံစံဖြင့် ဖုံးအုပ်ထားသော ဖော့ကူရှင်တပ်ဆင်ထားသည့် ထိုကုလားထိုင်မှာ အပြည့်အစုံ ပြီးစီးခြင်းမရှိသေးပေ။ ယင်း၌ လုံးဝမတ်သော ကျောမှီ၊ လုံးဝတည့်သော လက်တန်းများ၊ လုံးဝဖြောင့်တန်းသော ခြေထောက်များနှင့် လုံးဝမတ်နေသော ထိုင်ခုံတစ်ခု ရှိခဲ့သည်။ ကုလားထိုင်၏ အစိတ်အပိုင်းတိုင်းသည် ဖြောင့်တန်းနေခဲ့သည်၊ ယင်း၌ ထောင့်မှန်များနှင့် လေးထောင့်စွန်းများသာ ရှိခဲ့သည်။ ငါက “ဒီကုလားထိုင်ကို တစ်ယောက်ယောက်က ကိုယ်တိုင် လုပ်ထားတာလား” ဟု ပြောခဲ့သည်။ လူတစ်ဦးက အလျင်အမြန် ရှေ့သို့တိုးလာပြီး “သင် ကုလားထိုင်တစ်လုံး လိုအပ်နေသည် မဟုတ်လော။ ကျွန်ုပ်တို့ ဤတစ်လုံးကို သင့်အတွက် ပြုလုပ်ပေးခဲ့ပြီး ယင်းအကြောင်းကို သင့်အားပြောပြရန်နှင့် စမ်းထိုင်ကြည့်ရန် သင့်အားတောင်းဆိုဖို့ အခုလေးတင် အသင့်ပြင်နေခဲ့ကြသည်” ဟု ပြန်ဖြေခဲ့သည်။ သူတို့သည် အလွန်အမင်း ကြင်နာနေကြသောကြောင့် ငါ “ကောင်းပြီ၊ ငါစမ်းထိုင်ကြည့်မည်” ဟု တွေးမိသည်။ ငါသည် ကုလားထိုင်ပေါ်သို့ အပီအပြင် ထိုင်ချလိုက်ရာ ကူရှင်ထဲရှိဖော့မှာ အလွန်မာကျောသောကြောင့် ကျောက်တုံးပေါ်၌ ထိုင်နေရသကဲ့သို့ အလွန်ပင် သက်သောင့်သက်သာ မရှိမှုကို ခံစားခဲ့ရသည်။ ငါ့ဘေးတွင်ရပ်နေသောသူက “အဆင်ပြေပါသည်၊ ယင်းကို အနည်းငယ် ပိုပျော့အောင် ပြုလုပ်၍ရပါသည်။ ယင်းမှာ မပြီးသေးပါ။ ကျွန်ုပ်တို့ ယင်းကို ပိုကောင်းအောင် ပြုလုပ်ပေးမည်ဖြစ်ပြီး ထို့နောက် သင် နောက်တစ်ကြိမ် စမ်းထိုင်ကြည့်နိုင်ပါသည်” ဟု ပြောခဲ့သည်။ နောက်တစ်ခါတောင် စမ်းထိုင်ရဦးမည်။ ထိုကုလားထိုင်ထက်စာလျှင် သစ်သားခွေးခြေပုလေးပေါ်၌ ထိုင်ခြင်းကပင် သာ၍ကောင်းလိမ့်မည်၊ အနည်းဆုံးအနေဖြင့် ငါကျောက်တုံးပေါ်၌ ထိုင်နေရသကဲ့သို့ ခံစားရမည်မဟုတ်ပေ။ ငါက “မဟုတ်ဘူး၊ ဤသည်မှာ အဆင်မပြေပါ။ သင်တို့ရှာနိုင်လျှင် ဆက်ရှာကြည့်လော့။ တစ်ခုမျှ မတွေ့လျှင်လည်း ဤအတိုင်းသာ ထားလိုက်လော့” ဟု ပြောခဲ့သည်။ သို့ဖြစ်၍ သူတို့ကို ငါဆက်လက်ရှာဖွေခိုင်းခဲ့သည်။ ကုလားထိုင် ပြုလုပ်ခဲ့သောလူတို့သည် နားလည်ခြင်း မရှိခဲ့ကြဟန်တူသည်။ သူတို့ ဤသို့တွေးထင်ကောင်း တွေးထင်ခဲ့ကြခြင်း ဖြစ်ပေမည်၊ “ကျွန်ုပ်တို့သည် သင့်အပေါ် အလွန်ကြင်နာမှု ပြသခဲ့ပြီး ပစ္စည်း၊ ပုံစံနှင့် အရွယ်အစားကို ရွေးချယ်ကာ သင့်အတွက် ကုလားထိုင်တစ်လုံးကို အထူးပြုလုပ်ပေးခဲ့သည်။ အဘယ်ကြောင့် သင်သည် ဤကြင်နာသောလုပ်ရပ်ကို တန်ဖိုးမထားရသနည်း။ ထို့အပြင် သင်က ကျောက်တုံးပေါ်၌ ထိုင်နေရသကဲ့သို့ ခံစားရသည်၊ မာကျောသည်ဟု ဆိုသေးသည်။ အဘယ်ကြောင့် သင်သည် ဤမျှ ဇီဇာကြောင်ရသနည်း။ ကျွန်ုပ်တို့ သင့်အတွက် မည်သည့်အရာကိုမဆို ပြုလုပ်ပေးသည်ဖြစ်စေ သင်သည် ယင်းကို အသုံးပြုသင့်သည်၊ ဇာတ်လမ်းပြီးပြီ။ သို့သော် သင်ကမူ ယင်းအစား ကုလားထိုင်တစ်လုံး ဝယ်လိုနေသေးသည်။ သင်အလိုရှိသော ပုံစံမျိုးကို မည်သည့်နေရာ၌မျှ ရှာမတွေ့နိုင်ကြောင်း သင့်ကို ကျွန်ုပ်တို့ အကြိမ်ပေါင်းများစွာ ပြောခဲ့ပြီးဖြစ်သော်လည်း သင်ကမူ ထိုအရာများထဲမှ တစ်လုံးကိုဝယ်ရန် အတင်းအကျပ် တောင်းဆိုနေဆဲဖြစ်သည်။ ယင်းက ငွေကုန်မည်မဟုတ်လော။ ပိုက်ဆံနည်းနည်းပါးပါး ချွေတာခြင်းသည် ကောင်းသည်မဟုတ်လော။ ကုလားထိုင်တစ်လုံး လုပ်ခြင်းက ပိုပြီး ချွေတာရာရောက်သည်၊ ကုန်ကြမ်းများက သိပ်ဈေးမကြီးပါ။ ဝယ်ယူမည့်အစား ကိုယ်တိုင်လုပ်နိုင်သမျှ အရာအားလုံးကို ကိုယ်တိုင်လုပ်သင့်သည်။ သင်သည် အဘယ်သို့ဖြစ်၍ ချွေတာရကောင်းမှန်း မသိရသနည်း” ဟူ၍ ဖြစ်လေသည်။ သင်တို့ ငါ့ကိုပြောကြလော့၊ ငါသည် ထိုကုလားထိုင်ကို အသုံးပြုခြင်းက ပိုကောင်းမည်လော၊ သို့မဟုတ် မဟုတ်လော။ (ကိုယ်တော် မသုံးခြင်းက ပိုကောင်းပါလိမ့်မည်။) သူတို့ပြုလုပ်ခဲ့သော ကုလားထိုင်ကို ငါအသုံးပြုမည် မဟုတ်ကြောင်း သူတို့မြင်သောအခါ ယင်းကို ဘေးတစ်ဖက်သို့ ပစ်ထားလိုက်ကြပြီး သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှလည်း ယင်းကို အသုံးမပြုခဲ့ကြပေ။ ငါ့ကိုပြောကြလော့၊ အကယ်၍ ငါယင်းကို အသုံးမပြုခဲ့ပါက လူတို့၏စိတ်ခံစားချက်များကို ငါထိခိုက်စေမည်လော။ (မဟုတ်ပါ၊ ကိုယ်တော် ထိခိုက်စေမည်မဟုတ်ပါ။) ငါ၏နှစ်များတစ်လျှောက်လုံး ဤမျှမာကျောသော ကူရှင်တပ်ကုလားထိုင်၌ ငါတစ်ခါမျှ မထိုင်ခဲ့ဖူးပေ၊ ယင်းမှာ အတော်ပင် ထူးခြားသော အတွေ့အကြုံတစ်ခု ဖြစ်ခဲ့သည်။ ဤလူတို့ ငါ့အပေါ်ပြသခဲ့သော ကြီးမားသည့် “ကြင်နာမှု” မှာ ဤသို့ပင်တည်း။ အတန်ကြာပြီးနောက် မည်သို့သော မမျှော်လင့်ထားသည့် အခြေအနေများ ပေါင်းစပ်မှုကြောင့်မှန်း မည်သူမျှမသိဘဲ ကုလားထိုင်တစ်လုံးကို ငါ့အတွက် အမှန်တကယ် ဝယ်ယူခဲ့ကြသည်၊ သို့ဖြစ်၍ ထိုလူတို့သည် နောက်ဆုံးတွင် ငါ့အပေါ် “ကြင်နာမှု” အချို့ကို ပြသခဲ့ကြသည်ပင်။ ယင်းမှာ သူတို့ကို ငါ့အတွက် တစ်စုံတစ်ခုဝယ်ပေးရန် ငါပထမဆုံးအကြိမ် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး သူတို့သည် ငါ့ထံမှ တိုက်ရိုက်ကြားသိခဲ့ကာ ထိုတာဝန်ကို သူတို့ကိုင်တွယ်ခဲ့ပုံမှာ အလွန်စက်ဆုပ်ဖွယ်ကောင်းခဲ့သည်။ ငါ့အတွက် ကုလားထိုင်တစ်လုံး ဝယ်ယူခြင်းမှာ အလွန်အမင်း ခက်ခဲပြီး ကြိုးပမ်းအားထုတ်ခဲ့ရသည်၊ အရာရာတိုင်းသည် သူတို့၏ အတည်ပြုချက်ကို လိုအပ်သကဲ့သို့ သူတို့နှင့် ဆွေးနွေးတိုင်ပင်ခဲ့ရသည့်အပြင် သူတို့၏ စိတ်နေစိတ်ထားကိုလည်း ငါသတိပြုခဲ့ရသည်။ အကယ်၍ သူတို့စိတ်ကောင်းဝင်နေပါက သူတို့ငါ့အတွက် ဝယ်ပေးကောင်း ဝယ်ပေးမည်ဖြစ်ပြီး သို့မဟုတ်ပါက သူတို့ဝယ်ပေးမည် မဟုတ်သည့်အပြင် ထိုအခါ ငါတစ်လုံးမျှ အသုံးမပြုရဘဲ နေရပေမည်။ “သင် သက်သောင့်သက်သာရှိသော ကုလားထိုင်ကို အသုံးပြုလိုသည်၊ သို့သော် ကျွန်ုပ်တို့မူကား ထိုသို့အသုံးမပြုရသေး၊ သို့ဖြစ်၍ အိပ်မက်သာမက်နေလော့။ လက်သမားပြုလုပ်ခဲ့သော ဤတစ်လုံးကိုသာ အသုံးပြုလော့။ ကျွန်ုပ်တို့ သက်သောင့်သက်သာရှိသော ကုလားထိုင်များကို အသုံးပြုရသောအခါ သင်လည်း တစ်လုံးအသုံးပြုနိုင်မည်” ဟူ၍ ဖြစ်လေသည်။ ဤလူတို့သည် အတိအကျ ဤသို့သောအရာမျိုးများ မဟုတ်လော။ သူတို့သည် မည်သို့သောလူစားမျိုးများ ဖြစ်ကြသနည်း။ သူတို့သည် နိမ့်ကျသော အကျင့်စရိုက်ရှိသောလူများ မဟုတ်ကြလော။ ငါသည် ပူဇော်သက္ကာအချို့ကိုသုံးစွဲ၍ တစ်စုံတစ်ခုဝယ်ပေးရန် သူတို့ကို တောင်းဆိုနေခြင်းမျှသာဖြစ်သည်၊ သူတို့လိုအပ်သမျှမှာ သူတို့၏လက်များနှင့် မျက်စိများကို အနည်းငယ် လှုပ်ရှားရန်သာ ဖြစ်သော်လည်း ထိုတာဝန်ကို သူတို့ကိုကိုင်တွယ်ခိုင်းရန်မှာ ဤမျှခက်ခဲပြီး ဤမျှစိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်ခဲ့သည်။ အကယ်၍ သူတို့ကို သူတို့၏ကိုယ်ပိုင်ငွေကို သုံးစွဲရန် တောင်းဆိုခဲ့ပါက အဘယ်သို့ဖြစ်မည်နည်း။ အစပိုင်းတွင် မည်သူ့ငွေကို သုံးစွဲမည်ကို ငါမပြောခဲ့ပေ၊ သူတို့က ငါသည် သူတို့ကို သူတို့၏ကိုယ်ပိုင်ငွေကို သုံးစွဲစေလိုသည်ဟု ထင်မှတ်ခဲ့ပြီး အကျိုးဆက်အားဖြင့် ဝယ်ယူရန် ငြင်းပယ်လောက်အောင် ထိုမျှ ထိတ်လန့်သွားခဲ့ခြင်း ဖြစ်နိုင်သလော။ ယင်းမှာ အကြောင်းရင်းတစ်ခု ဖြစ်နိုင်သလော။ သင့်ကို တစ်စုံတစ်ခု ဝယ်ခိုင်းသောအခါ သင့်ကိုယ်ပိုင်ငွေကို သုံးစွဲအောင် ငါအဘယ်သို့ လုပ်နိုင်မည်နည်း။ အကယ်၍ အသင်းတော်၌ ရန်ပုံငွေရှိပါက သွား၍ဝယ်ယူလော့၊ မရှိပါက မဝယ်နှင့်။ ငါသည် သင့်အား သင့်ကိုယ်ပိုင်ငွေကို သုံးစွဲအောင်လုပ်မည်ဟူသည်မှာ ဖြစ်နိုင်ချေ မရှိပေ။ သို့ဆိုလျှင် ဤသေးငယ်သော တာဝန်လေးတစ်ခုကို သူတို့အား ဆောင်ရွက်ခိုင်းရန် အဘယ်ကြောင့် ဤမျှအားထုတ်မှုများစွာ လိုအပ်ခဲ့ရသနည်း။ ဤလူတို့၌ လူ့သဘာဝမရှိပေ။ သူတို့ တစ်စုံတစ်ခုကို ပြီးမြောက်အောင် ကြိုးစားလုပ်ဆောင်နေခြင်း မရှိသည့်အခါနှင့် ငါသူတို့နှင့် အပြန်အလှန် ဆက်ဆံနေခြင်း မရှိသည့်အခါ သူတို့သည် ကြင်နာပြီး ဆင်ခြင်တုံတရား ရှိပုံပေါ်သော်လည်း သူတို့ တာဝန်တစ်ခုကို စတင်ဆောင်ရွက်ပြီးသည့်နောက် ဤကြင်နာမှုနှင့် ဆင်ခြင်တုံတရားမှာ ပျောက်ဆုံးသွားသည်။ ဤလူတို့သည် နားဝေတိမ်တောင်ဖြစ်ကြသည်။ သူတို့နှင့် ငါအဘယ်သို့ ပေါင်းသင်းဆက်ဆံနိုင်မည်နည်း။
ဤတွင် ပူဇော်သက္ကာများ၏ အကြောင်းအရာနှင့် သက်ဆိုင်သော နောက်ထပ်ဥပမာတစ်ခု ရှိသေးသည်။ သေးငယ်သောမီးဖိုချောင်တစ်ခုရှိသည့် နေရာတစ်ခုရှိပြီး ထိုနေရာ၌ ချက်ပြုတ်ရေးအသုံးအဆောင်များနှင့် စားပွဲတင် အသုံးအဆောင်များအားလုံးမှာ အများသုံးဖြစ်ကာ တစ်ခါတစ်ရံ ဆောင်းရာသီတွင် ထိုနေရာရှိလူတို့သည် တုပ်ကွေးမိခြင်းကို ရှောင်လွှဲ၍မရနိုင်ပေ။ ချက်ပြုတ်ရေး အသုံးအဆောင်များနှင့် အများသုံးစားပွဲတင် အသုံးအဆောင်များအားလုံးကို ပိုးသတ်ရန်အတွက် ပိုးသတ်ဗီရိုတစ်ခု သို့မဟုတ် အိုဇုန်းပိုးသတ်စက်တစ်ခု ဝယ်ယူရန် သူတို့ကို ငါပြောခဲ့သည်။ ဤသည်မှာ ဘေးကင်းပြီး တစ်ကိုယ်ရေသန့်ရှင်းမှု ရှိပေလိမ့်မည်။ ဤသည်မှာ တောင်းဆိုမှုကြီးတစ်ခု ဟုတ်သလော။ (မဟုတ်ပါ၊ မဟုတ်ခဲ့ပါ။) ငါသည် ဤတာဝန်ကို တစ်စုံတစ်ယောက်ထံ အပ်နှင်းခဲ့ပြီး အချိန်တိုအတွင်း အိုဇုန်းပိုးသတ်စက်တစ်လုံး ဝယ်ယူပြီးဖြစ်ကြောင်း ငါကြားသိခဲ့ရသည်။ ငါ၏စိုးရိမ်ပူပန်မှုများ ပြေပျောက်သွားခဲ့ပြီး ထို့နောက် ဤကိစ္စရပ်ကို ငါနောက်ထပ် မစုံစမ်းမေးမြန်းခဲ့တော့ပေ။ သို့သော် တစ်စုံတစ်ခု မှားယွင်းသွားခဲ့ကြောင်း ထွက်ပေါ်လာခဲ့သည်။ ဤသူဝယ်ယူခဲ့သောစက်မှာ နောက်ဆုံးတွင် ဖြစ်ချင်တော့ အိုဇုန်းပိုးသတ်စက် မဟုတ်ဘဲ လေမှုတ်အခြောက်ခံစက်တစ်လုံး ဖြစ်နေခဲ့သည်။ ယင်းမှာ မရိုးသားသော ဝယ်ယူမှုတစ်ခု ဖြစ်သည့်အပြင် အရည်အသွေးမှာ အလွန်ညံ့ဖျင်းကာ ပိုးသတ်သည့်အာနိသင် လုံးဝမရှိခဲ့ပေ။ ဤတာဝန်ကို ကိုင်တွယ်ခဲ့သောသူသည် ဤသည်ကို သိခဲ့သလော။ (သူသိခဲ့လောက်ပါသည်။) သို့သော် ဤလူယုတ်မာက မသိခဲ့သည်မှာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ ငါဤတာဝန်ကို အပ်နှင်းခဲ့သောသူသည် မိမိကိုယ်တိုင် သွားရောက်ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ သူ့အတွက် ဆောင်ရွက်ပေးရန် ကြားခံလူတစ်ဦးကို ရှာဖွေခဲ့သည်၊ သို့ဖြစ်၍ မည်သည့်ပစ္စည်းကို အတိအကျဝယ်ယူခဲ့သည်ကိုဖြစ်စေ၊ ယင်းမှာ အရည်အသွေးကောင်းသည်၊ မကောင်းသည်ကိုဖြစ်စေ သူဘယ်သောအခါမျှ မသိခဲ့ပေ။ ဤကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းခဲ့ပုံနှင့်ပတ်သက်၍ သင် မည်သည့်အရာ ထင်မြင်ပါသနည်း။ ယင်းကို အသိစိတ်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သလော၊ သို့မဟုတ် မဖြစ်သလော။ ဤသူ၌ အများယုံကြည်စိတ်ချမှု တစ်စုံတစ်ရာ ရှိခဲ့သလော။ သူသည် အားကိုးခံရထိုက်သလော။ (မဟုတ်ပါ၊ သူအားကိုးခံရထိုက်ခြင်း မရှိခဲ့ပါ။) ဤသူသည် မည်သို့သောလူစားမျိုး ဖြစ်ခဲ့သနည်း။ သူသည် တည်ကြည်သော သို့မဟုတ် လူ့သဘာဝရှိသော တစ်စုံတစ်ယောက် ဟုတ်သလော။ (မဟုတ်ပါ။) ဤသည်မှာ နားဝေတိမ်တောင်ဖြစ်သော လူတစ်ဦး၊ လူယုတ်မာစစ်စစ်တစ်ဦး ဖြစ်ခဲ့သည်။ ပြီးလျှင် ဤသည်မှာ အဖြစ်အပျက်၏ အဆုံးမဟုတ်သေးပေ။ ဤအရာပြီးနောက် မကြာမီတွင် ဤတာဝန်ကို တာဝန်ယူသောသူသည် ဤသို့တွေးတောဆင်ခြင်လာသည်၊ “အရာဝတ္ထုများကို ပိုးသတ်ရန် အိုဇုန်းပိုးသတ်စက်ကို အသုံးပြုခြင်းသည် ကောင်းမွန်လှသည်။ ကျွန်ုပ်တို့၏ စားသောက်ခန်းမများကို အသုံးပြုနေသောလူများစွာ ရှိသောကြောင့် ထိုနေရာများအတွက်လည်း အိုဇုန်းပိုးသတ်စက်များ ဝယ်ယူသင့်သည်ထင်သည်။ သင်တစ်လုံးဝယ်ခဲ့သည်၊ သို့ဖြစ်၍ ကျွန်ုပ်တို့လည်း အချို့ဝယ်ယူမည်။ သင်၏ သေးငယ်သော မီးဖိုချောင်အတွက် သင်သေးငယ်သောတစ်ခုကို ဝယ်ယူခဲ့သည်၊ သို့ဖြစ်၍ ကျွန်ုပ်တို့၏ ကြီးမားသော စားသောက်ခန်းမများအတွက် ကျွန်ုပ်တို့ကြီးမားသော စက်များကို ဝယ်ယူမည်” ဟူ၍ ဖြစ်သည်။ သူဤစိတ်ကူးကို စဉ်းစားလိုက်သည်နှင့်တစ်ပြိုင်နက် အခြားလူယုတ်မာ အနည်းငယ်နှင့်အတူ ယင်းကိုဆွေးနွေးခဲ့ပြီး ထို့နောက် ဆုံးဖြတ်ချက်ချခဲ့ကြသည်။ ထိုအိုဇုန်းပိုးသတ်စက်များ ဝယ်ယူပြီးသည့်နောက် လူတိုင်း မိမိတို့၏ကိုယ်ပိုင်စားပွဲတင် အသုံးအဆောင်များကို အသုံးပြုကြပြီး မည်သည့်အသုံးအဆောင်ကိုမျှ မျှဝေသုံးစွဲခြင်းမရှိသောကြောင့် ယင်းတို့ကိုပိုးသတ်ရန် မလိုအပ်ကြောင်းနှင့် ပိုးသတ်ခြင်းသည် မလိုအပ်ဘဲ ပိုလျှံနေမည်ဖြစ်ကြောင်း ညီအစ်ကိုမောင်နှမများက ပြောခဲ့ကြသည်ဟု ထွက်ပေါ်လာခဲ့သည်။ အဆုံးတွင် ထိုစက်များကို အသုံးမပြုဘဲ ပစ်ထားခဲ့ကြပြီး ယခုအချိန်အထိ အချို့မှာ ထုပ်ပိုးမှုမပျက်ဘဲ သိုလှောင်ခန်းထဲ၌ ရှိနေဆဲဖြစ်သည်။ ဤကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းခဲ့ပုံနှင့်ပတ်သက်၍ သင်တို့အဘယ်သို့ ထင်မြင်သနည်း။ ယင်းကို ဆင်ခြင်တုံတရား ရှိသောပုံစံဖြင့် လုပ်ဆောင်ခဲ့သလော။ ဤသည်မှာ အချိန်များစွာရှိပြီး လုပ်စရာဘာမျှမရှိသော တစ်စုံတစ်ယောက်က ငွေသုံးစွဲရန် ကြုံရာကျပန်းနည်းလမ်းများ ရှာဖွေနေသည့်ကိစ္စရပ်တစ်ခု မဟုတ်လော။ ဤဝယ်ယူမှုများ ပြုလုပ်ရန် အမိန့်မှာ အထက်မှလာသည်ဟု ထင်မှတ်သော လူအချို့က “ညည်းညူခြင်းမပြုနှင့်။ ကျွန်ုပ်တို့ ဤသည်ကို ဘုရားသခင်ထံမှ ခံယူရမည်။ ဘုရားသခင်သည် လူတို့ကို အလွန်ချစ်တော်မူသောကြောင့် ကျွန်ုပ်တို့ အသုံးမပြုသည့် အရာများကိုပင် သူဝယ်ပေးတော်မူသည်။ သူသည် ကျွန်ုပ်တို့အပေါ် ငွေအမြောက်အမြား သုံးစွဲလိုစိတ် ရှိတော်မူသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ် အလွန်ကောင်းမြတ်တော်မူပါသည်တကား” ဟုပင် ပြောခဲ့ကြသည်။ သို့သော် ယခုအခါ ဤဝယ်ယူမှုများမှာ လူယုတ်မာတစ်သိုက်၏ လျှို့ဝှက်လုပ်ဆောင်ချက်များ၏ ရလဒ်ဖြစ်ကြောင်း သူတို့သိရှိကြလေပြီ။ သူတို့သည် ပူဇော်သက္ကာများကို ဤသို့ ဖြုန်းတီးခဲ့ကြသည်။ မည်သူမျှ တာဝန်မယူ၊ မည်သူမျှ အမှုအရာများကို မစစ်ဆေး၊ ဤဝယ်ယူမှုများ သင့်လျော်ခြင်း ရှိမရှိကို မည်သူမျှ မစစ်ဆေးသည့်အပြင် ဝယ်ယူမှုများ ပြုလုပ်ပြီးသည့်နောက်တွင်လည်း သတင်းမပို့ခဲ့ကြပေ။ ဤသူသည် မည်သည့်အခြေခံအကြောင်းပြချက်ဖြင့် ဤအရာများကို ဝယ်ယူခဲ့သနည်း။ သေးငယ်သော မီးဖိုချောင်အတွက် ပိုးသတ်ဗီရိုတစ်လုံး ဝယ်ယူရန် သူ့ကို ငါတောင်းဆိုခဲ့ခြင်းကြောင့် ဖြစ်သည်။ စားသောက်ခန်းမ အားလုံးအတွက် ဝယ်ယူရန် သူ့ကို ငါတောင်းဆိုခဲ့သလော။ ထိုသို့သောတာဝန်မျိုးကို သူ့အား ငါဘယ်သောအခါမျှ တာဝန်ပေးစေခိုင်းခဲ့ခြင်း မရှိချေ။ သို့ဆိုလျှင် စားသောက်ခန်းမအားလုံးအတွက် ဝယ်ယူရာ၌ သူ၏ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဤသည်မှာ သူက ပူဇော်သက္ကာများကို သူ၏ကိုယ်ပိုင်ပစ္စည်းအဖြစ် မှတ်ယူပြီး သူခွဲဝေချထားလိုသည့်အတိုင်း ခွဲဝေချထားနေခြင်း မဟုတ်လော။ ယင်းတို့ကို ခွဲဝေချထားရန် သူ၌ အခွင့်အာဏာ ရှိခဲ့သလော။ (မရှိခဲ့ပါ။) ဤစက်များကို မဝယ်ယူမီ သူက ငါ့ကို “ကျွန်ုပ်တို့ သေးငယ်သောမီးဖိုချောင်အတွက် တစ်လုံးဝယ်ယူခဲ့သောကြောင့် ကြီးမားသော စားသောက်ခန်းမများအတွက်လည်း အချို့ကို ဝယ်ယူသင့်သလော” ဟု ဘယ်သောအခါမျှ မမေးမြန်းခဲ့ပေ။ ဝယ်ယူမှုပြုလုပ်ပြီးသည့်နောက်တွင်လည်း သူအိုဇုန်းပိုးသတ်စက် မည်မျှဝယ်ယူခဲ့သည်၊ အားလုံးပေါင်း မည်မျှကုန်ကျခဲ့သည်ကို သူသတင်းမပို့ခဲ့သည့်အပြင် ညီအစ်ကိုမောင်နှမများက ယင်းတို့အတွက် အသုံးမဝင်ဟု မြင်သည့်အချက်ကိုလည်း သူသတင်းမပို့ခဲ့ပေ။ ဤသည်မှာ ဤကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းခဲ့သည့် စက်ဆုပ်ဖွယ်ကောင်းသောပုံစံ ဖြစ်သည်။ ဤသို့သော နားဝေတိမ်တောင် ဖြစ်သောသူတစ်ဦးသည် သူပြုပြင်ခံရသောအခါ၌ပင် ဆန့်ကျင်ဖီဆန်နေခဲ့သေးသည်။ ဤသို့သောလူစားမျိုးကို မည်သို့ဆက်ဆံသင့်သနည်း။ (သူ့ကို အသင်းတော်မှ နှင်ထုတ်သင့်ပါသည်။) ဤအဖြစ်အပျက်၏ သဘောသဘာဝကို ကြည့်ခြင်းအားဖြင့် သူ့ကို အသင်းတော်မှ နှင်ထုတ်ခြင်းသည် လွန်ကဲမည်မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ပူဇော်သက္ကာများနှင့် သက်ဆိုင်သောကိစ္စရပ်တစ်ခုဖြစ်ပြီး ပူဇော်သက္ကာများနှင့် သက်ဆိုင်ရာ၌ ယင်းက စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ခဲ့သောကြောင့် ဖြစ်သည်။ ဤသည်မှာ မဆင်မခြင် ပြုမူခြင်းပင်တည်း။ ထိုငွေသည် သူ၏ငွေဖြစ်သည်ဟု သူထင်မှတ်ခဲ့သလော။ ယင်းကို အသုံးပြုရန်နှင့် ဖြုန်းတီးပစ်ရန် သူ၌ အခွင့်အာဏာ ရှိခဲ့သလော။ ငါ့အတွက် လူတို့ကို ငါအပ်နှင်း၍ ဝယ်ယူစေခဲ့သော ဝယ်ယူမှုနှင့်ပတ်သက်၍ သူတို့သည် အခက်အခဲအမျိုးမျိုးကို ဖန်တီးခဲ့ကြပြီး ထိုတာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်ရန်မှာ သူတို့အတွက် အလွန်ကြီးမားသော ရုန်းကန်မှုတစ်ခု ဖြစ်ခဲ့သည့်အပြင် ဤအပေါ်၌ အရာရာတိုင်းကို သူတို့နှင့် ငါဆွေးနွေးတိုင်ပင်ခဲ့ရသည်။ လူတို့ကို ငါမအပ်နှင်းခဲ့သော၊ မဝယ်ယူခိုင်းခဲ့သောအရာများနှင့် ပတ်သက်၍မူ သူတို့သည် မျက်တောင်တစ်ချက်မခတ်ဘဲ ထိုအရာများကို ဝယ်ယူခဲ့ကြပြီး ယင်းတို့ အသုံးဝင်သောပစ္စည်းများ ဖြစ်မည်၊ မဖြစ်မည်ကို အများစုနှင့် စီမံကိန်းရေးဆွဲခြင်း သို့မဟုတ် တိုင်ပင်ခြင်း ဘယ်သောအခါမျှ မပြုလုပ်ဘဲ သူတို့သဘောအတိုင်း ငွေကို ဖြုန်းတီးခဲ့ကြသည်။ တစ်ချိန်က စားစရာအလုံအလောက် မရှိမည်ကို စိုးရိမ်၍ ခြောက်လမှတစ်နှစ်စာအထိ အစားအသောက်ဝယ်ယူရန် အချို့သောလူတို့အား တောင်းဆိုခဲ့သည့် အထူးအခြေအနေအချို့ ရှိခဲ့သည်။ ကိစ္စရပ်ကို သူတို့အား ဤသို့ တိုတိုတုတ်တုတ်နှင့် ရိုးရိုးရှင်းရှင်း ရှင်းပြခဲ့ပြီး တစ်ပတ်အတွင်း သူတို့သည် အော်ဂဲနစ်ထုတ်ကုန်များနှင့် အော်ဂဲနစ်အဖြစ် အသိအမှတ်ပြုခံရလုနီးပါးဖြစ်သော ထုတ်ကုန်နှစ်မျိုးလုံးကို ဝယ်ယူပြီးသည့်နောက် သုံးရက်အတွင်း သူတို့၏ဝယ်ယူမှုများ ပြီးစီးကြောင်း ပြန်လည်သတင်းပို့ခဲ့ကြသည်။ သူတို့ မည်သို့လုပ်ဆောင်ခဲ့ကြသနည်း။ သူတို့ အလွန်ကောင်းမွန်စွာ မလုပ်ဆောင်ခဲ့ကြဘူးလော။ ငါ့အနေဖြင့် အခြားမည်သည့်အရာမျှ ပြောရန်မလိုအပ်ဘဲ ကိစ္စရပ်မှာ ကိုင်တွယ်ဖြေရှင်းပြီး ဖြစ်ခဲ့သည်။ သူတို့သည် ဤတာဝန်ကို မိမိတို့ဘာသာ ရွှင်လန်းတက်ကြွစွာဖြင့် ကိုင်တွယ်ဖြေရှင်းခဲ့ကြပြီး အထူးကျွမ်းကျင်သော၊ လျင်မြန်သော၊ ထက်မြက်သောနှင့် စဉ်းစားချင့်ချိန်တတ်သောသူများဖြစ် ပုံပေါက်ခဲ့ကြသည်။ သူတို့သည် မိမိတို့လိုအပ်သော အစားအသောက်ကိုသာမက နေ့စဉ်သုံးပစ္စည်းများကိုပါ ဝယ်ယူခဲ့ကြသည်။ ထိုနေ့စဉ်သုံးပစ္စည်းများတွင် သူတို့လိုအပ်သမျှ အရာအားလုံး ပါဝင်ခဲ့သည်၊ သင်တို့ စိတ်ကူးနိုင်သမျှ အရာအားလုံး၊ သကြားလုံးများ၊ ဖရဲစေ့များနှင့် အခြားသရေစာများကဲ့သို့သော အရာများကိုပင် သူတို့ဝယ်ယူနိုင်ခဲ့ကြသည်။ ဤလူတို့သည် အမှန်ပင် မည်သို့အသက်ရှင်ရမည်ကို သိကြသည်၊ သူတို့သည် ငွေမည်သို့သုံးစွဲရမည်ကို သိကြသည့်အပြင် ငွေကိုလည်း သုံးရဲကြသည်ဟု ငါ့ဘာသာငါ တွေးထင်မိခဲ့သည်။ သူတို့သည် တောရိုင်းတိရစ္ဆာန်များထက်ပင် ပို၍အားကောင်းသော အလွန်ခိုင်မာသည့် ရှင်သန်မှုစွမ်းရည်များဖြင့် အရည်အချင်း ရှိကြပြီး ငါမျှော်လင့်ထားသည်ထက်ပင် ပို၍လျင်မြန်စွာ လှုပ်ရှားခဲ့ကြသည်။ ရှင်သန်ရန်အတွက် သူတို့သည် မဖြစ်နိုင်ဟု ထင်ရသော အလုပ်များကို လုပ်ဆောင်နိုင်ခဲ့ကြသည်၊ သူတို့မလုပ်ဆောင်နိုင်သည့်အရာ ဘာမျှမရှိခဲ့ပေ။ ဤအဖြစ်အပျက်မှ ဤလူတို့သည် လုံးဝဦးနှောက်မရှိသူများ သို့မဟုတ် တာဝန်များကို လုံးဝမပြီးမြောက်နိုင်သူများ မဟုတ်ကြောင်း၊ သို့သော် ယင်းမှာ အဓိကအားဖြင့် သူတို့မည်သူ့အတွက် တာဝန်များကို ကိုင်တွယ်ဖြေရှင်းနေသည်အပေါ်၌ မူတည်ကြောင်း ငါတွေ့မြင်ခဲ့သည်။ အကယ်၍ သူတို့သည် မိမိတို့အတွက် တာဝန်များကို ကိုင်တွယ်ဖြေရှင်းနေပါက သူတို့သည် အထူးတလည် တက်ကြွသော၊ လိမ္မာပါးနပ်သော၊ သူတို့၏လုပ်ဆောင်ချက်များ၌ လျင်မြန်ကာ ထိရောက်သောသူများ ဖြစ်ပုံပေါ်သည်၊ သူတို့ကို တိုက်တွန်းရန် မလိုအပ်သည့်အပြင် သူတို့အတွက် ငါစိုးရိမ်ပူပန်ရန်လည်း မလိုအပ်ခဲ့ပေ။ သို့သော် သူတို့ ဘုရားအိမ်တော်၌ တာဝန်တစ်ခုကို ထမ်းဆောင်နေသည့်အခါ မည်သည့်တာဝန်ကိုမဆို ကိုင်တွယ်ရန် ခက်ခဲကြောင်း သူတို့တွေ့ရှိခဲ့ကြသည်၊ သူတို့သည် စည်းမျဉ်းများကို ဘယ်သောအခါမျှ ရှာမတွေ့နိုင်ခဲ့သည့်အပြင် အမြဲတမ်း အမှားလုပ်ခဲ့ကြသည်။ ဖြစ်ချင်တော့ ဤအရာအတွက် အကြောင်းရင်းတစ်ခု ရှိခဲ့ကြောင်းနှင့် သူတို့ မိမိတို့အတွက် အမှုအရာများ လုပ်ဆောင်ခြင်းနှင့် ဘုရားအိမ်တော်အတွက် အမှုအရာများ လုပ်ဆောင်ခြင်းအကြား ကြီးမားသော ကွာခြားချက်တစ်ခု ရှိခဲ့ကြောင်း ထွက်ပေါ်လာခဲ့သည်။ ယခုလောလောဆယ် ဤလူတို့ မည်သို့သောစိတ်သဘောထား သို့မဟုတ် အနှစ်သာရကို ပိုင်ဆိုင်ခဲ့သည်ကို မပြောကြစို့နှင့်။ ဤလူတို့ အမှုအရာများကို ကိုင်တွယ်ခြင်းအပေါ် ထားရှိသော လုံးဝကွဲပြားသည့် သဘောထားနှစ်မျိုးက သူတို့၌ အမှန်ပင် နိမ့်ကျသောအကျင့်စရိုက်ရှိကြောင်း ထုတ်ဖော်ပြသခဲ့သည်။ သူတို့၏အကျင့်စရိုက်မှာ မည်မျှပင် နိမ့်ကျခဲ့သနည်း။ သင်တို့အတွက် ဤသည်ကို ငါအဓိပ္ပာယ်ဖွင့်ဆိုပေးမည်၊ ဤလူတို့သည် လူသားများမဟုတ်ကြ၊ သူတို့သည် တိရစ္ဆာန်တစ်သိုက်မျှသာ ဖြစ်ကြသည်။ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်သည် သူတို့နှင့် ကိုက်ညီသလော။ (ဟုတ်ပါသည်၊ ကိုက်ညီပါသည်။) ဤစကားများသည် နားခါးဖွယ်ဖြစ်နိုင်ပြီး ယင်းတို့ကိုကြားရ၍ စိတ်မချမ်းမသာ ဖြစ်နိုင်သော်လည်း ဤသည်မှာ ဤလူတို့ တာဝန်များကို ကိုင်တွယ်ဖြေရှင်းခဲ့သည့် ပုံစံအတိအကျဖြစ်ပြီး ဤသည်မှာ သူတို့ဖြစ်သည့်အရာမျိုး ဖြစ်သည်။ ငါပြောသည့်အရာသည် အချက်အလက်များအပေါ် အခြေခံပြီး အခြေအမြစ်မရှိသော အသရေဖျက်မှုမဟုတ်ပေ။ ဘုရားအိမ်တော်သည် အချို့သောလူတို့ကို အသုံးပြုနေသည့်အခါ သူတို့ငယ်ရွယ်သည့်၊ အစွမ်းအစ အနည်းငယ်ညံ့ဖျင်းသည့်၊ အခြေခံအုတ်မြစ်နှင့် ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့သည့်အချက်ကို ရှုမြင်၍ သူတို့ကို အဆက်မပြတ် ကူညီမည်ဖြစ်ပြီး သူတို့နှင့်အတူ သမ္မာတရားနှင့် စည်းမျဉ်းများအပေါ် မိတ်သဟာယဖွဲ့မည်ဖြစ်သည်။ သို့သော် အဆုံးတွင် ညံ့ဖျင်းသောအကျင့်စရိုက်သည် ညံ့ဖျင်းသော အကျင့်စရိုက်သာဖြစ်သည်၊ လူ့တိရစ္ဆာန်သည် လူ့တိရစ္ဆာန်သာဖြစ်ပြီး ဤလူတို့သည် ဘယ်သောအခါမျှ ပြောင်းလဲကြမည်မဟုတ်ပေ။ သူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည် မဟုတ်ရုံသာမက မျက်နှာသာပေးပါက ပို၍ကမ်းတက်တတ်လျက် ပို၍ဆိုးရွားသော အခြေအနေသို့ ရောက်ရှိသွားကြမည်ဖြစ်ပြီး ပုံမှန်လူ့သဘာဝ၏အစိတ်အပိုင်းတစ်ခုဖြစ်သော အရှက်တရား စိုးစဉ်းမျှပင် ပိုင်ဆိုင်ကြမည်မဟုတ်ပေ။ သူတို့ ဘုရားအိမ်တော်အတွက် တစ်စုံတစ်ခုဝယ်ယူသည့်အခါ သို့မဟုတ် တာဝန်တစ်ခုကို ဆောင်ရွက်သည့်အခါ ဤအရာများသည် ဈေးပေါပြီး လက်တွေ့ကျသကဲ့သို့ ငွေချွေတာရာလည်းရောက်သည့် နည်းလမ်းနှင့်ပတ်သက်၍ ဘယ်သောအခါမျှ အကြံဉာဏ် မတောင်းခံကြပေ။ သူတို့ ဤသို့ ဘယ်သောအခါမျှ မလုပ်ဆောင်ကြပေ။ သူတို့သည် ငွေကို မစဉ်းမစားသုံးစွဲကြသည်၊ ပစ္စည်းများကို ပေါ့ပေါ့ဆဆ ဝယ်ယူကြပြီး အသုံးမဝင်သော ထုတ်ကုန်အချို့ကိုသာ ဝယ်ယူကြသည်။ သို့သော် ငါ့အတွက် ကိုယ်ရေးကိုယ်တာ တာဝန်တစ်ခုကို ပြီးမြောက်အောင်ဆောင်ရွက်ရန် သို့မဟုတ် တစ်စုံတစ်ခုဝယ်ယူရန် အချိန်ကျရောက်သောအခါ သူတို့သည် ယင်းကို အလေးအနက်ထား စတင်ဆောင်ရွက်ကြပြီး ကုန်ကျစရိတ်များ လျှော့ချရန်နှင့် ပို၍ပြီးမြောက်အောင် ဆောင်ရွက်နိုင်စဉ် ပို၍သက်သက်သာသာ သုံးစွဲရန် မည်သို့လုပ်ဆောင်ရမည်ကို စဉ်းစားကြသည်။ ဤသို့သောနည်းလမ်းများဖြင့် အမှုအရာများ လုပ်ဆောင်ခြင်းသည် စည်းမျဉ်းများကို စွဲကိုင်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သူတို့ထင်မှတ်ကြသည်။ ဤလူတို့၌ ဆင်ခြင်တုံတရား တစ်စက်တလေမျှ ရှိသလော။ ဤငွေသည် မည်သူ့ငွေဖြစ်သည်၊ မည်သူ့အပေါ်၌ ယင်းကို သုံးစွဲသင့်သည်ဟူသော ဤအရာများသည် သူတို့အတွက် ရှင်းလင်းခြင်းပင်မရှိပေ။ ဤသည်မှာ လူယုတ်မာတစ်ဦးကဲ့သို့ အမှုအရာများကို ကိုင်တွယ်ဖြေရှင်းနေခြင်း မဟုတ်လော။ သင်တို့ပတ်ဝန်းကျင်၌ ဤသို့သောလူများ ရှိသလော။ အသင်းတော်အတွက် တန်ဖိုးရှိသော သို့မဟုတ် ဈေးကြီးသောပစ္စည်းများ ဝယ်ယူသည့်အခါ ဘဏ္ဍာရေးဝန်ထမ်းများ သို့မဟုတ် သူတို့အတူတကွ အလုပ်လုပ်သော ညီအစ်ကိုမောင်နှမများနှင့် ဆွေးနွေးတိုင်ပင်ခြင်း မပြုဘဲ ပူဇော်သက္ကာများကို မိမိတို့သဘောအတိုင်း ဖြုန်းတီးပစ်သူများ၊ မိမိတို့၏ ကိုယ်ပိုင်ငွေကို သုံးစွဲနေသည့်အခါ ငွေချွေတာပြီး မိမိတို့၏ အသုံးစရိတ်များကို ရသုံးငွေစာရင်း ထားရမည်ကို သိသော်လည်း ဘုရားသခင်၏ ပူဇော်သက္ကာများကို သုံးစွဲနေသည့်အခါ ငွေကို ထင်ရာမြင်ရာ ဖြုန်းတီးပစ်သူများ ဤသို့သောလူစားမျိုးတို့သည် အလွန်အမင်း စက်ဆုပ်ဖွယ်ကောင်းလှပေသည်။ သူတို့သည် အလွန်ရွံရှာဖွယ်ကောင်းလှပေသည်။ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သောအရာများသည် ငါထိုအရာများအကြောင်း စဉ်းစားမိသည့်အခါတိုင်း ငါ့ကို စက်ဆုပ်ရွံရှာစေသည်။ ထိုလူ့တိရစ္ဆာန်များသည် အစောင့်ခွေးများထက်ပင် နိမ့်ကျသေးသည်။ သူတို့ ဘုရားအိမ်တော်၌ နေထိုင်ရန် ထိုက်တန်သလော။
တစ်ချိန်က နေရာအမျိုးမျိုးရှိ ညီအစ်ကိုမောင်နှမများ ဘုရားသခင်ထံ ပူဇော်ဆက်ကပ်သည့် တန်ဖိုးကြီးပစ္စည်းများ၊ သာမန်အဝတ်အစားများ၊ စားသုံးနိုင်သော ကျန်းမာရေးဖြည့်စွက်စာများ စသည်တို့အပါအဝင် ပစ္စည်းများအားလုံးကို သူ၏ “ဘေးကင်းသောထိန်းသိမ်းမှု” အောက်သို့ ယူဆောင်တတ်သော ခေါင်းဆောင်တစ်ဦး ရှိခဲ့သည်။ နာမည်ကြီး အမှတ်တံဆိပ်အိတ်များသည် သူ၏ကျောပေါ်သို့ ရောက်ရှိသွားသည်၊ သားရေဖိနပ်များသည် သူ၏ခြေထောက်အောက်သို့ ရောက်ရှိသွားသည်၊ လက်စွပ်များသည် သူ၏လက်ချောင်းများပေါ်သို့ ရောက်ရှိသွားသည်၊ လည်ဆွဲများကို သူ၏လည်ပင်း၌ ဆွဲထားသည် စသည်ဖြင့် သူအသုံးပြုနိုင်သမျှ အရာအားလုံးကို မည်သူတစ်ဦးတစ်ယောက်၏ သဘောတူညီချက်ကိုမျှ မရယူဘဲ သူ၏ပိုင်ဆိုင်မှုအဖြစ် ယူဆောင်ပြီး အသုံးပြုလေ့ရှိသည်။ တစ်နေ့တွင် အထက်မှညီအစ်ကိုက နေရာအမျိုးမျိုးရှိ ညီအစ်ကိုမောင်နှမများ ဘုရားသခင်ထံ ပူဇော်ဆက်ကပ်သည့် ပစ္စည်းများအားလုံး အဘယ်ကြောင့် လွှဲပြောင်းပေးအပ်ခြင်း မရှိသေးကြောင်းကို သူ့အား မေးခဲ့သည်။ သူက “ညီအစ်ကိုမောင်နှမများက ဤအရာများသည် အသင်းတော်သို့ ပေးအပ်ခြင်းဖြစ်သည်ဟု ပြောခဲ့ကြသည်၊ သူတို့က ဘုရားထံ ပူဇော်ဆက်ကပ်ခြင်းဖြစ်သည်ဟု မပြောခဲ့ကြပါ” ဟု ပြန်ဖြေခဲ့သည်။ သူသည် ဤအရာများကို အသင်းတော်သို့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟူသောအချက်ကိုပင် အထူးအလေးပေးပြောကြားခဲ့ပြီး သူ၏ ထုတ်မပြောသည့် သွယ်ဝိုက်ညွှန်းဆိုချက်မှာ သူကိုယ်တိုင်သည် အသင်းတော်၏ အာဏာကုန်လွှဲအပ်ခြင်းခံရသော ကိုယ်စားလှယ်ဖြစ်သောကြောင့် ဤအရာများကို ဘုရားသခင်၏လက်ဝယ်သို့ ရောက်ရှိရန် မျှော်လင့်ချက် ထားရှိခြင်းကို ဘုရားသခင်က ရပ်တန့်လိုက်လျှင်ပင် ကောင်းမည်၊ ဤအရာများသည် ဘုရားသခင်အတွက် မဟုတ်ဘဲ အသင်းတော် အသုံးပြုရန်အတွက်သာ ဖြစ်သည် ဟူ၍ဖြစ်သည်။ ဤသည်ကို ပို၍တိကျသောစကားလုံးများဖြင့် ပြောရမည်ဆိုလျှင် သူဆိုလိုသည်မှာ “ဤအရာများသည် ငါအသုံးပြုရန်အတွက်ဖြစ်သည်၊ ဘုရားအသုံးပြုရန် ပူဇော်ဆက်ကပ်ခဲ့ခြင်း မဟုတ်ပေ။ သင်အဘယ်အရာကို တောင်းဆိုနေသနည်း။ သင်ဤသို့မေးရန် အရည်အချင်းပြည့်မီသလော” ဟူ၍ဖြစ်သည်။ ဤသည်ကိုကြားရ၍ သင်တို့ဒေါသထွက်သလော။ (ထွက်ပါသည်။) ဤသည်ကိုကြားရလျှင် မည်သူမဆို ဒေါသထွက်ပေလိမ့်မည်။ ငါ့ကိုပြောကြလော့၊ ညီအစ်ကိုမောင်နှမများ အသင်းတော်သို့ ပေးအပ်သည့်အရာများသည် အသင်းတော် ခေါင်းဆောင်များထံ ပူဇော်ဆက်ကပ်ခြင်းဖြစ်သည်ဟု ယုံကြည်သောသူ တစ်စုံတစ်ယောက် ရှိသလော။ အသင်းတော်သို့ အရာဝတ္ထုများ ပူဇော်ဆက်ကပ်ရာ၌ အသင်းတော်ခေါင်းဆောင် မည်သူမည်ဝါထံ ပူဇော်ဆက်ကပ်ခြင်းဖြစ်သည်ဟု ဆိုသော တစ်စုံတစ်ယောက် ရှိသလော။ တစ်စုံတစ်ယောက်၌ ဤရည်ရွယ်ချက် ရှိသလော။ (မရှိပါ။) သူတို့ပူဇော်ဆက်ကပ်သည့်အခါ “ဤအရာကို မည်သူမည်ဝါထံသို့ ပေးပို့ပါ” ဟု သူတို့ရေးသားထားမှသာလျှင် ဤအရာဝတ္ထုသည် ဤခေါင်းဆောင်၏ ကိုယ်ပိုင်ပိုင်ဆိုင်မှုအဖြစ်သို့ ရောက်ရှိသွားသည်။ သို့မဟုတ်ပါက ပူဇော်ဆက်ကပ်သည့်အရာအားလုံး၊ ယင်းတို့ငွေကြေးဖြစ်စေ၊ ပစ္စည်းများဖြစ်စေ၊ ညီအစ်ကိုမောင်နှမများက ဘုရားသခင်ထံ ပေးအပ်ခြင်းဖြစ်သည်။ ဘုရားသခင်ထံ ပူဇော်ဆက်ကပ်သည့်အရာများကို စုပေါင်း၍ ပူဇော်သက္ကာများဟု ခေါ်သည်။ ယင်းတို့ကို ပူဇော်သက္ကာများအဖြစ် သတ်မှတ်ပြီးသည်နှင့်တစ်ပြိုင်နက် ယင်းတို့သည် ဘုရားသခင် အသုံးပြုရန်အတွက် ဖြစ်သည်။ ယင်းတို့ ဘုရားသခင် အသုံးပြုရန်အတွက် ဖြစ်သောအခါ ဘုရားသခင်သည် ယင်းတို့ကို မည်သို့အသုံးပြုတော်မူသနည်း။ ဘုရားသခင်သည် ဤအရာများကို မည်သို့ခွဲဝေချထားတော်မူသနည်း။ (ကိုယ်တော်သည် ယင်းတို့ကို အသင်းတော်က ယင်း၏အလုပ်၌အသုံးပြုရန် ပေးအပ်တော်မူသည်။) မှန်ပေသည်။ အသင်းတော်အလုပ်၌ ယင်းတို့အသုံးပြုရန်အတွက် စည်းမျဉ်းများနှင့် တိကျသော အသေးစိတ်အချက်များ ရှိသည်၊ အသင်းတော်၌ အချိန်ပြည့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သောသူတို့အတွက် စားဝတ်နေရေးစရိတ်များနှင့် အသင်းတော်အလုပ်၏ အသုံးစရိတ် အမျိုးမျိုးတို့ ပါဝင်သည်။ ဘုရားသခင်လူ့ဇာတိခံယူသည့်ကာလအတွင်း ဤအသုံးပြုမှုတွင် ဤအချက်နှစ်ချက်ပါဝင်သည်၊ ခရစ်တော်၏ နေ့စဉ်အသုံးစရိတ်များနှင့် အသင်းတော်အလုပ်၏ ကုန်ကျစရိတ် အားလုံးတို့ ဖြစ်သည်။ ယခု ဤအချက်နှစ်ချက်အတွင်း၌ ပူဇော်သက္ကာများကို ကိုယ်ပိုင်လစာများ၊ ဆုလာဘ်များ၊ အသုံးစရိတ်များနှင့် ပေးချေမှုများအဖြစ် ပြောင်းလဲနိုင်သည်ဟု ဆိုသောအရာ တစ်ခုခုရှိသလော။ (မရှိပါ။) ပူဇော်သက္ကာများသည် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ မသက်ဆိုင်ပေ။ ပူဇော်သက္ကာများ၏ အသုံးပြုမှုနှင့် ခွဲဝေချထားမှုကို ဘုရားအိမ်တော်က စီစဉ်ရမည်ဖြစ်ပြီး ယင်းတို့ကို အဓိကအားဖြင့် အသင်းတော်အလုပ်၌ အသုံးပြုသည်၊ မည်သူမဆို အသင်းတော်ခေါင်းဆောင်ဖြစ်ပါက ပူဇော်သက္ကာများကို ပိုင်ဆိုင်ရန် သို့မဟုတ် အသုံးပြုရန် အခွင့်အာဏာရှိရမည်ဟု ဤနေရာ၌ မပါဝင်ပေ။ သို့ဆိုလျှင် ယင်းတို့ကို အတိအကျ မည်သို့အသုံးပြုရမည်နည်း။ ဤပူဇော်သက္ကာများကို အသင်းတော်ပိုင်ဆိုင်မှုအသုံးပြုခြင်းကို စိုးမိုးသော စည်းမျဉ်းများနှင့်အညီ ခွဲဝေချထားရမည်။ ဤရှုထောင့်မှကြည့်လျှင် အန္တိခရစ်တို့သည် ပူဇော်သက္ကာများကို သူတို့၏ပိုင်ဆိုင်ခြင်းနှင့် အသုံးပြုခြင်းကို အစဉ်ဦးစားပေးလိုခြင်းသည် ရှက်ဖွယ်ရာမဟုတ်လော။ အန္တိခရစ်တို့သည် ညီအစ်ကိုမောင်နှမများ ပူဇော်ဆက်ကပ်သည့် ငွေကြေးနှင့် ပစ္စည်းများသည် ခေါင်းဆောင်နေရာ၌ရှိသော မည်သူမဆိုနှင့် သက်ဆိုင်သည်ဟု အစဉ်ထင်မှတ်ကြသည်။ ဤသည်မှာ အရှက်ကင်းမဲ့သော တွေးခေါ်ပုံတစ်ရပ် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ အလွန်အမင်း အရှက်ကင်းမဲ့လှပါတကား။ အန္တိခရစ်တို့သည် သူတို့၏စိတ်သဘောထား၌ ကောက်ကျစ်ဆိုးယုတ်ပြီး ရက်စက်ကြမ်းကြုတ်ရုံသာမက သူတို့၏ အကျင့်စရိုက်သည်လည်း အရှက်တရားကင်းမဲ့စွာဖြင့် ယုတ်ညံ့ပြီး နိမ့်ကျလှပေသည်။
ဤအကြောင်းအရာများနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းနှင့် ဤကိစ္စရပ်များအကြောင်း ပြောဆိုခြင်းအားဖြင့် လူတို့နားလည်သင့်ပြီး လက်တွေ့လုပ်ဆောင်သင့်သော သမ္မာတရားများသည် ရှင်းလင်းလာမည်ဖြစ်သည်။ သို့ရာတွင် အကယ်၍ ငါတို့သည် ဤအရာများအပေါ် မိတ်သဟာယမဖွဲ့ပါက အချို့သော သမ္မာတရားများအပေါ် လူတို့၏နားလည်မှုသည် စာသားအတိုင်း အဓိပ္ပာယ်ကောက်မှုနှင့် အယူဝါဒပိုင်းဆိုင်ရာအဆင့်၌ အစဉ်သဖြင့် ရပ်တန့်သွားမည်ဖြစ်ပြီး အတော်ပင် ပေါ့တန်မြဲ ပေါ့တန်နေမည်ဖြစ်သည်။ အကယ်၍ ငါတို့သည် သမ္မာတရားအပေါ် ငါတို့၏မိတ်သဟာယဖွဲ့ခြင်းတွင် လက်တွေ့ကိစ္စရပ်အချို့ကို ပေါင်းစပ်ထည့်သွင်းပါက လူတို့အနေဖြင့် အမှုအရာများကို ရိပ်စားမိရန် များစွာ ပို၍လွယ်ကူမည်ဖြစ်ပြီး သမ္မာတရားအပေါ် သူတို့၏နားလည်မှုသည် ပို၍တိကျပြီး လက်တွေ့ကျလာမည်ဖြစ်သည်။ ထို့ကြောင့် ဤအရာများအပေါ် မိတ်သဟာယဖွဲ့ခြင်းသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အသရေဖျက်ရန် သို့မဟုတ် သူတို့အတွက် အခက်အခဲဖြစ်စေရန် လုံးဝရည်ရွယ်ခြင်း မဟုတ်ပေ။ ဤသည်တို့မှာ အမှန်တကယ် ဖြစ်ပျက်ခဲ့ပြီးဖြစ်သော အမှုအရာများဖြစ်သည့်အပြင် ထို့ထက်ပို၍ ယင်းတို့သည် ငါတို့မိတ်သဟာယဖွဲ့နေသော အကြောင်းအရာနှင့် ဆက်စပ်နေသည်။ သို့ဖြစ်၍ အချို့သောလူတို့သည် အသက်ရှင်နေသော သင်ကြားရေး အထောက်အကူပစ္စည်းများ ဖြစ်လာခဲ့ကြပြီး ငါတို့မိတ်သဟာယဖွဲ့ကာ စိတ်ဖြာလေ့လာဆွေးနွေးနေသော စံပြုလောက်သည့် ဥပမာများထဲရှိ ပုဂ္ဂိုလ်များနှင့် ဇာတ်ကောင်များ ဖြစ်လာခဲ့ကြသည်။ ဤသည်မှာ အလွန်ပုံမှန်ပင်ဖြစ်သည်။ သမ္မာတရားသည် အဓိပ္ပာယ်ဖွင့်ဆိုချက်အရ လူ့အသက်တာ လမ်းစဉ်အတွင်း ထုတ်ဖော်ပြသည့် စကားလုံးများ၊ အတွေးအခေါ်များ၊ ရှုထောင့်အမြင်များ၊ လုပ်ဆောင်ချက်များ၊ စိတ်သဘောထားများနှင့် ဆက်စပ်နေသည်။ အကယ်၍ ငါတို့သည် သမ္မာတရား၏စာသားအတိုင်း အဓိပ္ပာယ်ကိုသာ မိတ်သဟာယဖွဲ့ပြီး ရှင်းလင်းတင်ပြကာ ယင်းကို လက်တွေ့ဘဝမှ ခွဲထုတ်ထားမည်ဆိုလျှင် လူတို့သည် သမ္မာတရားကို စစ်မှန်သောနားလည်မှု မည်သည့်အခါ၌ ရရှိနိုင်မည်နည်း။ ထိုသို့သောနည်းလမ်းများဖြင့် အမှုအရာများ လုပ်ဆောင်ခြင်းသည် လူတို့သမ္မာတရားကို နားလည်ရန် များစွာ ပို၍ခက်ခဲစေမည်ဖြစ်ပြီး လူတို့သည် သမ္မာတရားလက်တွေ့ကျမှုသို့ ဝင်ရောက်ရန် အခက်ကြုံရပေမည်။ မိတ်သဟာယဖွဲ့ရန်နှင့် စိစစ်ရန် စံပြုလောက်သည့်ဥပမာအနည်းငယ်ကို တင်ပြခြင်းသည် လူတို့အနေဖြင့် သမ္မာတရားကိုလည်းကောင်း၊ သူတို့လက်တွေ့လုပ်ဆောင်သင့်သော စည်းမျဉ်းများကိုလည်းကောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ သူတို့လိုက်လျှောက်သင့်သော လမ်းခရီးကိုလည်းကောင်း နားလည်ရန် ပို၍ အထောက်အကူ ပြုပေလိမ့်မည်။ ဤအကြောင်းကြောင့် မည်သို့ပင်ဖြစ်စေ ဤနည်းလမ်းသည် လူတို့အတွက် သင့်လျော်ပြီး အကျိုးပြုသည်။ အကယ်၍ ဤကိစ္စရပ်များသည် သမ္မာတရားနှင့်ဖြစ်စေ၊ ငါတို့စိတ်ဖြာလေ့လာဆွေးနွေးနေသော အန္တိခရစ်တို့၏ စိတ်သဘောထားနှင့်ဖြစ်စေ မသက်ဆိုင်ပါက ယင်းတို့နှင့်ပတ်သက်၍ ငါပြောဆိုလိုစိတ်ရှိမည် မဟုတ်ပေ။ သို့သော် ဤအမှုအရာများကို ပြုလုပ်ခဲ့သောလူတို့၏ စိတ်သဘောထားများနှင့် အနှစ်သာရများသည် ငါတို့မိတ်သဟာယဖွဲ့နေသော အကြောင်းအရာနှင့် သက်ဆိုင်သောကြောင့် လိုအပ်သည့်အခါ၌ ယင်းတို့အပေါ် ငါတို့မိတ်သဟာယဖွဲ့ရမည်ဖြစ်သည်။ ဤအရာအပေါ် မိတ်သဟာယဖွဲ့ခြင်း၏ ရည်ရွယ်ချက်မှာ လူတို့ကို ဖိနှိပ်ရန် သို့မဟုတ် သူတို့ကို အခက်ကြုံစေရန် မဟုတ်သကဲ့သို့ သူတို့ကို လူအများရှေ့၌ အရှက်ခွဲရန်လည်းမဟုတ်ပေ၊ ထိုအစား ယင်းမှာ လူသားတို့၏ စိတ်သဘောထားနှင့် အနှစ်သာရကို စိတ်ဖြာလေ့လာဆွေးနွေးရန်ဖြစ်ပြီး ပို၍အရေးကြီးသည်မှာ လူသားတို့အတွင်းရှိ အန္တိခရစ်တို့၏ စိတ်သဘောထားကို စိတ်ဖြာလေ့လာဆွေးနွေးရန် ဖြစ်သည်။ အကယ်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းသည် ဤအကြောင်းအရာများနှင့် ပတ်သက်သည့်အခါတိုင်း သင်တို့စိတ်ထဲသို့ ရောက်ရှိလာသမျှမှာ မည်သူမည်ဝါက ဤအရာထိုအရာကို ပြုလုပ်ခဲ့သည်ဟူ၍သာဖြစ်ပြီး ဤသည်မှာ သမ္မာတရားနှင့်လည်းကောင်း၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်လည်းကောင်း မည်သို့ဆက်စပ်နေသည်ကို သင်တို့စဉ်းစားရန် ပျက်ကွက်ပါက ဤသည်မှာ သင်တို့သမ္မာတရားကို နားလည်ပြီးဖြစ်ကြောင်း သက်သေပြသလော။ (မပြပါ။) အကယ်၍ သင်တို့သည် ကိစ္စရပ်တစ်ခု သို့မဟုတ် သီးခြားလူတစ်ဦးကိုသာ အမှတ်ရပြီး ထိုသူအပေါ် သင်တို့၌ ဘက်လိုက်မှုများ၊ ထင်မြင်ယူဆချက်များနှင့် အာဃာတများ ပေါ်ပေါက်လာပါက သင်သည် သမ္မာတရားကို နားလည်မှုတစ်ခုသို့ ရောက်ရှိပြီးဖြစ်သည်ဟု ဆိုနိုင်သလော။ ဤသည်မှာ သမ္မာတရားကို နားလည်ခြင်းမဟုတ်ပေ။ သို့ဆိုလျှင် မည်သည့်အခြေအနေများအောက်၌ သင်သည် သမ္မာတရားကို နားလည်မှုတစ်ခုသို့ ရောက်ရှိပြီးဖြစ်သည်ဟု မှတ်ယူနိုင်မည်နည်း။ အန္တိခရစ်တို့၏ အနှစ်သာရနှင့်ဆိုင်သော အမျိုးမျိုးသောသရုပ်သကန်များကို ငါတို့ မိတ်သဟာယဖွဲ့ပြီး စိတ်ဖြာလေ့လာဆွေးနွေးသည့်အခါတိုင်းနီးပါး ငါသည် စံပြုလောက်သည့် ဥပမာများအဖြစ် အသုံးပြုရန် ပုံဥပမာအများအပြားကို တင်ပြပြီး ဤပုံဥပမာများထဲတွင် မည်သည့်နေရာ၌ အမှားများ ရှိသည်ကိုလည်းကောင်း၊ လူတို့လိုက်လျှောက်သင့်သော လမ်းခရီးအကြောင်းကိုလည်းကောင်း သင်တို့နှင့်အတူ ငါမိတ်သဟာယဖွဲ့သည်။ အကယ်၍ ဤသို့သော မိတ်သဟာယဖွဲ့ခြင်းအပြီး၌ သင်တို့နားမလည်သေးပါက ဤသည်မှာ သင်တို့၏နားလည်နိုင်စွမ်း၌ ပြဿနာတစ်ခုရှိကြောင်း၊ သင်တို့၏ အစွမ်းအစမှာ အလွန်ညံ့ဖျင်းပြီး သင်တို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ကြောင်း ဆိုလိုသည်။ သို့ဆိုလျှင် မည်သည့်အခြေအနေများအောက်၌ သင်သည် သဘောပေါက်နားလည်နိုင်စွမ်းရှိသည်၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ပိုင်ဆိုင်သည်၊ ပြီးလျှင် ငါတို့မိတ်သဟာယဖွဲ့ခဲ့သော ဥပမာများအတွင်းရှိ သမ္မာတရားကို နားလည်ပြီးဖြစ်သည်ဟု မှတ်ယူနိုင်မည်နည်း။ ပထမဦးစွာ သင်သည် ငါတို့မိတ်သဟာယဖွဲ့နေသော ဥပမာများနှင့် မိမိကိုယ်ကိုနှိုင်းယှဉ်နိုင်ပြီး မိမိကိုယ်ကိုသိရှိလာနိုင်ရမည်၊ သင်၌လည်း ဤသို့သော စိတ်သဘောထားမျိုး ရှိမရှိ၊ အကယ်၍ သင်၌ အဆင့်အတန်းနှင့် ဩဇာအာဏာရှိပါက ထိုသို့သောအမှုအရာများကို သင်လုပ်ဆောင်နိုင်စွမ်း ရှိမရှိနှင့် သင်၌လည်း ထိုသို့သောအတွေးအခေါ်များနှင့် ထင်မြင်ယူဆချက်များ ပိုင်ဆိုင်ခြင်း ရှိမရှိ သို့မဟုတ် ဤသို့သော စိတ်သဘောထားမျိုးကို ထုတ်ဖော်ပြခြင်း ရှိမရှိ ကြည့်ရှုနိုင်ရမည် ဖြစ်သည်။ ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခုဖြစ်သည်။ ထို့အပြင် ငါတို့မိတ်သဟာယဖွဲ့နေသော ဥပမာများအကြား၌ သင်သည် အပြုသဘောဆောင်သောနည်းလမ်းဖြင့် သင်နားလည်သင့်ပြီး လိုက်နာစောင့်ထိန်းသင့်သော သမ္မာတရားစည်းမျဉ်းများကို ရှာဖွေရမည်။ ဤသည်မှာ သင်လက်တွေ့လုပ်ဆောင်သင့်သော လမ်းခရီးကို ရှာဖွေခြင်းနှင့် ဤအခြေအနေများ၌ သင်မည်သည့်နေရာ၌ ရပ်တည်သင့်သည်၊ မှန်ကန်ပြီး ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် ကိုက်ညီသောနည်းလမ်းဖြင့် မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို သိရှိခြင်းကို ဆိုလိုသည်။ ထို့ထက်ပို၍ စိတ်ဖြာလေ့လာဆွေးနွေးခြင်းမှတစ်ဆင့် သင်၏စိတ်သဘောထားသည် အန္တိခရစ်တို့၏စိတ်သဘောထားနှင့် တူညီသည်ကို အသိအမှတ်ပြုမိကာ ထိုဆက်စပ်မှုကို ပြုလုပ်ပြီး ယင်းကို မည်သို့ဖြေရှင်းရမည်ကို သိရှိနိုင်ရမည်။ ဤနည်းအားဖြင့် သင်သည် သမ္မာတရားကို နားလည်မှုတစ်ခုသို့ ရောက်ရှိမည်ဖြစ်ပြီး သင်သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ပိုင်ဆိုင်သောသူတစ်ဦး၊ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းရှိသော သူတစ်ဦး ဖြစ်လာမည်ဖြစ်သည်။ အကယ်၍ သင်ပုံဥပမာတစ်ပုဒ်ကို နားထောင်ပြီးသည့်နောက် အဖြစ်အပျက်အလုံးစုံ၊ အကြောင်းရင်းများနှင့် အကျိုးဆက်များအားလုံးကို သင်အမှတ်ရပြီး ယင်းတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြနိုင်သော်လည်း လူတို့လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်သင့်သော သမ္မာတရား စည်းမျဉ်းများကို သင်နားမလည်ပါက၊ အခြေအနေတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ လူများနှင့် အမှုအရာများကို ထိုးထွင်းသိမြင်နိုင်ရန်နှင့် မိမိကိုယ်ကိုသိရှိနိုင်ရန် ဤသမ္မာတရားများကို မည်သို့အသုံးချရမည်ကို သင်မသိပါက ဤသည်မှာ သင်သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ကြောင်း ဆိုလိုသည်။ သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့သောသူတစ်ဦးသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သောသူတစ်ဦး ဖြစ်သည်။
နောက်ထပ်ဥပမာတစ်ခု သင့်ကို ငါပေးမည်။ ခေါင်းဆောင်တစ်ဦးအဖြစ် ခုလေးတင် ရွေးကောက်တင်မြှောက်ခံထားရသော ဤလူတစ်ဦးရှိခဲ့သည်။ သူသည် အလုပ်၏ကဏ္ဍအမျိုးမျိုး၏ အမှန်တကယ်ဖြစ်သော အခြေအနေကို တကယ် နားလည်ပြီး သဘောပေါက်ခြင်းမရှိမီ၊ တစ်နည်းအားဖြင့်ဆိုသော် သူသည် အလုပ်၏ကဏ္ဍအမျိုးမျိုး၏ တစ်ခုချင်းစီထဲတွင် ကောင်းမွန်စွာ စိတ်နှစ်ထားခြင်း မရှိမီ သူက “ကျွန်ုပ်တို့အသင်းတော်၌ ဘုရားထံ ပူဇော်ဆက်ကပ်သော ပူဇော်သက္ကာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ကြီးကြပ်သောလူများမှာ မည်သူတို့ဖြစ်သနည်း။ သူတို့၏အမည်စာရင်းဖြင့် ကျွန်ုပ်ထံ သတင်းပို့ပါ။ ထို့အပြင် အကောင့်နံပါတ်များနှင့် စကားဝှက်များအားလုံးကို ကျွန်ုပ်အားပေးပါ။ ငွေမည်မျှရှိသည်ကို ကျွန်ုပ်သဘောပေါက်လိုသည်” ဟု ကိုယ်ပိုင်စုံစမ်းမေးမြန်းမှုများ စတင် ပြုလုပ်လာခဲ့သည်။ သူသည် မည်သည့်အလုပ်ကိုမျှ စိတ်ဝင်စားခြင်းမရှိခဲ့ပေ။ သူစိတ်အဝင်စားဆုံးဖြစ်ပြီး အာရုံအစိုက်ဆုံးဖြစ်သော တစ်ခုတည်းသောအရာမှာ ပူဇော်သက္ကာများကို ထိန်းသိမ်းစောင့်ရှောက်နေသော လူတို့၏အမည်များအပြင် အကောင့်နံပါတ်များနှင့် စကားဝှက်များ ဖြစ်ခဲ့သည်။ တစ်စုံတစ်ခု မှားယွင်းတော့မည်မဟုတ်လော။ သူသည် ပူဇော်သက္ကာများကို ရယူချုပ်ကိုင်လိုခဲ့သည် မဟုတ်လော။ သင်တို့ ဤသို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရသည့်အခါ မည်သည့်အရာကို ပြုလုပ်သင့်သနည်း။ သူခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သောကြောင့် အသင်းတော်၏ပိုင်ဆိုင်မှုကို သူ့ထံလွှဲပြောင်းပေးအပ်သင့်ပြီး ယင်းအကြောင်းကို သူသိပိုင်ခွင့်နှင့် ယင်းကိုထိန်းချုပ်ရန်အာဏာ သူ၌ရှိသင့်သည်ဟု ဆိုလိုသလော။ (မဟုတ်ပါ၊ ဤအချက်အလက်ကို သူ့အားမပေးသင့်ပါ။) အဘယ်ကြောင့် မပေးသင့်သနည်း။ အကယ်၍ သင်သူ့ကို မပေးခဲ့ပါက သင်သည် အမိန့်မနာခံမှုအတွက် အပြစ်ရှိမည် မဟုတ်လော။ (သူ ဤသရုပ်သကန်များကို ပြသခဲ့ခြင်းအချက်မှာ သူ့၌တစ်စုံတစ်ခု မှားယွင်းနေကြောင်း သက်သေဖြစ်ပြီး သို့ဖြစ်၍ ဘုရားသခင်ထံသို့ ပူဇော်ဆက်ကပ်သော ပူဇော်သက္ကာများကို ကာကွယ်ရန် ဤအချက်အလက်ကို ကျွန်ုပ်တို့ သူ့အားမပေးနိုင်ပါ။) မှန်ပေသည်၊ သူသည် တစ်စုံတစ်ခု မှားယွင်းနေသောကြောင့် သင်သူ့ကို မပေးနိုင်ပေ။ သင်တို့၏ပြန်ကြားချက်က ငါ၏ ယခင်မိတ်သဟာယဖွဲ့ချက်သည် အချည်းနှီး မဖြစ်ခဲ့ကြောင်းနှင့် သင်တို့နားလည်ခဲ့ကြောင်း သက်သေပြသည်။ အဘယ်ကြောင့် သင်ဤအချက်အလက်ကို သူ့အားမပေးနိုင်သနည်း။ ခေါင်းဆောင်တစ်ဦး၏ တာဝန်ဝတ္တရားများနှင့် တာဝန်မှာ ပူဇော်သက္ကာများအပေါ် သူတို့၏အာရုံစိုက်မှုကို စူးစိုက်ထားခြင်း သို့မဟုတ် ပူဇော်သက္ကာများနှင့်သက်ဆိုင်သော မည်သည့်အချက်အလက်ကိုမဆို ရယူရန်ကြိုးစားခြင်းတို့၌ မပါဝင်ပေ။ ဤသည်တို့မှာ ခေါင်းဆောင်တစ်ဦး၏တာဝန် သို့မဟုတ် ဝတ္တရားများ မဟုတ်ပေ။ နေရာတိုင်းရှိ အသင်းတော်များ၌ ပူဇော်သက္ကာများကို စီမံခန့်ခွဲရန်နှင့် ဘေးကင်းစွာထိန်းသိမ်းရန် သတ်မှတ်ထားသောလူများ ရှိကြသည်။ ထို့အပြင် အသင်းတော်၌ ပူဇော်သက္ကာများအသုံးပြုခြင်းကို စီမံအုပ်ချုပ်ရန် တင်းကျပ်သောစည်းမျဉ်းများနှင့် စည်းကမ်းချက်များ ရှိသည်။ မည်သူမျှ ပူဇော်သက္ကာများ အသုံးပြုခြင်းကို ဦးစားပေးပိုင်ခွင့် အာဏာမရှိသည့်အပြင် ပူဇော်သက္ကာများပိုင်ဆိုင်ခြင်းကို ဦးစားပေးပိုင်ခွင့်အာဏာ သာ၍ပင်မရှိပေ။ ဤသည်မှာ ခြွင်းချက်မရှိ လူတိုင်းနှင့် သက်ဆိုင်သည်။ ဤသည်မှာ အဖြစ်မှန် မဟုတ်လော။ ဤသည်မှာ မှန်ကန်သည်မဟုတ်လော။ (မှန်ကန်ပါသည်။) အန္တိခရစ်တို့ ပူဇော်သက္ကာများကို သူတို့၏ပိုင်ဆိုင်ခြင်းနှင့် အသုံးပြုခြင်းကို ဦးစားပေးလိုသည့်အခါ ယင်းကိုယ်၌က မှားယွင်းသည်။ သူတို့သည် ခေါင်းဆောင်များအနေဖြင့် ပူဇော်သက္ကာများအသုံးပြုခြင်းကို လွတ်လပ်စွာ ပျော်မွေ့ခံစားနိုင်သင့်သည်ဟု ထင်မှတ်ကြသည်၊ ဤသည်မှာ သမ္မာတရား ဟုတ်သလော။ ဤငွေသည် ဘုရားသခင်နှင့် သက်ဆိုင်သည်၊ အဘယ်ကြောင့် သူတို့ယင်းကို အလွဲသုံးစားပြုကြသနည်း။ သူတို့သည် ယင်းကို သူတို့၏ သဘောရှိအတိုင်း အသုံးပြုခြင်းတွင် အဘယ်ကြောင့် ပျော်မွေ့ခံစားကြသနည်း။ သူတို့ဤသို့ပြုလုပ်ရန် အရည်အချင်း ပြည့်မီသလော။ ဘုရားသခင်က သူတို့ကို ဤသို့သောနည်းလမ်းဖြင့် ပူဇော်သက္ကာများ အသုံးပြုရန် သဘောတူသလော။ ဘုရားသခင် ရွေးချယ်ထားသောလူတို့က ယင်းကို အသိအမှတ်ပြုမည်လော။ အန္တိခရစ်တို့ ပူဇော်သက္ကာများကို သိမ်းပိုက်ပြီး ဖြုန်းတီးပစ်ခြင်းမှာ သူတို့၏ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားက အဆုံးအဖြတ်ပေးသည်၊ ယင်းမှာ သူတို့၏လောဘမှ ပေါ်ပေါက်လာသော အရာများကို ရှုမြင်ပုံတစ်ရပ်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်က သတ်မှတ်ပြဋ္ဌာန်းထားသည့်အရာတစ်ခု မဟုတ်ပေ။ ဤအန္တိခရစ်သည် ပူဇော်သက္ကာများအားလုံးအပြင် ယင်းတို့ကို ဘေးကင်းစွာထိန်းသိမ်းရန် ကြီးကြပ်သော လူများနှင့်ပတ်သက်သည့် အချက်အလက်အားလုံး၊ အကောင့်နံပါတ်များနှင့် စကားဝှက်များအားလုံးကိုပါ ထိန်းချုပ်နိုင်ရန် အစဉ်သဖြင့် အလိုရှိခဲ့သည်။ ဤသည်မှာ ကြီးလေးသောပြဿနာတစ်ခု ဖြစ်သည် မဟုတ်လော။ သူသည် ဘုရားသခင်၏ ပူဇော်သက္ကာများနှင့်ပတ်သက်သည့် ကွယ်ဝှက်နေသော အချက်အလက်များကို သိရှိလိုပြီး ယင်းတို့ကို ကောင်းမွန်စွာ လုံလုံခြုံခြုံ ထိန်းသိမ်းစောင့်ရှောက်ကာ ထို့နောက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ လွတ်လပ်စွာနှင့် မဆင်မခြင် သုံးစွဲခွင့်မပြုဘဲ ဆင်ခြင်တုံတရားရှိပြီး ခြေရာလက်ရာမပျက် ထိန်းသိမ်းထားသည့်နည်းလမ်းဖြင့် ယင်းတို့ကို နေရာချထားပေးလိုစိတ် ရှိခဲ့သလော။ သူ၌ ဤသို့ပြုလုပ်ရန် စိတ်တစ်စုံတစ်ရာ ရှိခဲ့သလော။ သူ၏လုပ်ဆောင်ချက်များမှနေ၍ ကောင်းသောရည်ရွယ်ချက်များ၏ အရိပ်အယောင်တစ်ခုခုကို သတိပြုမိနိုင်သလော။ (သတိမပြုမိနိုင်ပါ။) သို့ဆိုလျှင် အကယ်၍ လူတစ်ဦးသည် ပူဇော်သက္ကာများကို အမှန်တကယ် မတပ်မက်ပါက ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံရလျှင် သူတို့အဘယ်သို့ ပြုလုပ်ကြမည်နည်း။ (သူတို့သည် ရှေးဦးစွာ အသင်းတော်ရှိအလုပ်၏ ကဏ္ဍအသီးသီး၏ ထိရောက်မှုအပြင် ပူဇော်သက္ကာများကို မည်သို့ဘေးကင်းစွာ ထိန်းသိမ်းထားကြောင်းနှင့် ယင်းတို့ကို ထိန်းသိမ်းထားသည့်နေရာ ဘေးကင်းခြင်းရှိမရှိကိုပါ ရှာဖွေစုံစမ်းကြလိမ့်မည်။ သို့ရာတွင် သူတို့သည် အကောင့်နံပါတ်များ၊ စကားဝှက်များ သို့မဟုတ် ထိန်းသိမ်းထားသည့်ပမာဏများကို စုံစမ်းမေးမြန်းကြမည် မဟုတ်ပေ။) မှန်သည်၊ သို့သော် နောက်ထပ်အရာတစ်ခု ရှိသေးသည်။ ပူဇော်သက္ကာများကို အမှန်တကယ် မတပ်မက်သောလူတစ်ဦး ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် သူတို့သည် ပူဇော်သက္ကာများကို ထိန်းသိမ်းထားသည့်နေရာ ဘေးကင်းခြင်းရှိမရှိအပြင် ယင်းတို့ကို ဘေးကင်းစွာထိန်းသိမ်းရန် ကြီးကြပ်သောလူများ သင့်လျော်ပြီး ယုံကြည်စိတ်ချရခြင်း ရှိမရှိ၊ သူတို့ ပူဇော်သက္ကာများကို အလွဲသုံးစားပြုလုပ်မည်၊ မပြုလုပ်မည်နှင့် သူတို့ပူဇော်သက္ကာများကို စည်းမျဉ်းများနှင့်အညီ ဘေးကင်းစွာ ထိန်းသိမ်းခြင်းရှိမရှိကိုပါ စစ်ဆေးကြလိမ့်မည်။ သူတို့သည် ဤအရာများကို ရှေးဦးစွာ ထည့်သွင်းစဉ်းစားကြလိမ့်မည်။ ပူဇော်သက္ကာများ၏အရေအတွက်နှင့် စကားဝှက်များကဲ့သို့သော အထိခိုက်မခံသော အချက်အလက်များနှင့် ပတ်သက်၍မူ လောဘမရှိသောလူများ၊ သင့်တင့်လျောက်ပတ်ပြီး ဂုဏ်သရေရှိသောလူများသည် ဤအရာကို ရှောင်ရှားကြလိမ့်မည်။ သို့သော် လောဘကြီးသောလူတစ်ဦးမှာမူ ယင်းကို ရှောင်ရှားမည်မဟုတ်ဘဲ သူတို့က “ကျွန်ုပ်က ခေါင်းဆောင်တစ်ဦးဖြစ်သည်။ အလုပ်၏ ကဏ္ဍတိုင်းကို ကျွန်ုပ် လွှဲပြောင်းယူသင့်သည် မဟုတ်လော။ အခြားအရာအားလုံးကို ကျွန်ုပ်ထံ လွှဲပြောင်းပေးပြီးပြီဖြစ်သောကြောင့် ပူဇော်သက္ကာများကိုမူ လွှဲပြောင်း မပေးရသနည်း” ဟူသော အယောင်ဆောင်မှုကို အသုံးပြုကြလိမ့်မည်။ သူတို့၌ရှိသော အာဏာကိုအသုံးပြု၍ သူတို့သည် ဤအကြောင်းပြချက်ဖြင့် အသင်းတော်၏ဘဏ္ဍာရေးကို ထိန်းချုပ်မှုရယူလိုကြလိမ့်မည်။ ယင်းမှာ ပြဿနာတစ်ခုဖြစ်သည်။ သူတို့သည် သူတို့၏အလုပ်ကို လုပ်ဆောင်ခြင်း သို့မဟုတ် သူတို့၏တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း ပြုလုပ်ကြမည်မဟုတ်သကဲ့သို့ အသင်းတော်၏ဘဏ္ဍာရေးကိုလည်း ပုံမှန်လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းများနှင့်အညီ စီမံခန့်ခွဲနေကြမည် မဟုတ်ပေ။ ထိုအစား သူတို့၌ ယင်းတို့အတွက် ကိုယ်ပိုင်အစီအစဉ်များ ရှိကြလိမ့်မည်။ ပုံမှန်လူသားတစ်ဦးကဲ့သို့ တွေးခေါ်နိုင်စွမ်းရှိသော မည်သူမဆို ဤသည်ကို သိမြင်နိုင်သည်။ ဤခေါင်းဆောင် ဤသို့စတင်ပြုလုပ်သည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ယောက်က သတင်းပို့ခဲ့ပြီး သူ့ကို တားဆီးခဲ့သည်။ ထို့နောက် ထိုသူက ဤသို့ပြုလုပ်ခြင်း မှန်ကန်ခြင်းရှိမရှိ မေးမြန်းလျက် ငါ့ထံသို့ သတင်းပို့ခဲ့ရာ ငါက မှန်ကန်ကြောင်း ပြောခဲ့သည်။ ဤသည်ကို ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်ခြင်းဟု ခေါ်သည်၊ ထိုအချက်အလက်ကို ထိုသို့သောလူတစ်ဦးအား ပေး၍မရပေ။ အလုပ်တစ်စက်မျှမလုပ်ရသေးဘဲ ဘုရားအိမ်တော်၏ငွေကို အလျင်ဦးဆုံး ထိန်းချုပ်လိုခြင်းဟူသည့် ဤသည်မှာ အဆင်းနီသောနဂါးကြီးနှင့် အနည်းငယ်တူသည်မဟုတ်လော။ အဆင်းနီသောနဂါးကြီး ညီအစ်ကိုမောင်နှမများကို ဖမ်းဆီးသည့်အခါ သူပထမဆုံးပြုလုပ်သည့်အရာမှာ သူတို့ကို ရိုက်နှက်ခြင်းမဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ရိုက်နှက်၍ သတိလစ်သွားပြီးနောက် သူတို့ရှင်းလင်းစွာ မပြောနိုင်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်၊ သူသည် အသင်းတော်၏ငွေကို မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်၊ မည်သူက ဘေးကင်းစွာထိန်းသိမ်းထားသည်၊ မည်မျှရှိသည်တို့ကို ရှေးဦးစွာ မေးမြန်းသည်။ ထို့နောက်မှသာ သူအသင်းတော်၏ခေါင်းဆောင်များ မည်သူဖြစ်သည်ကို မေးမြန်းလိမ့်မည်။ သူ၏ရည်ရွယ်ချက်မှာ ငွေကိုလုယူရန်မျှသာ ဖြစ်သည်။ ဤခေါင်းဆောင်ပြုလုပ်ခဲ့သည့်အရာနှင့် အဆင်းနီသောနဂါးကြီးပြုလုပ်သည့်အရာတို့မှာ သဘောသဘာဝချင်း တူညီသည်။ သူသည် မည်သည့်အလုပ်ကိုမျှ မစုံစမ်းမေးမြန်းခဲ့၊ သို့မဟုတ် မည်သည့်အရာတစ်ခုအတွက်မျှ ဝန်ထုပ်မခံယူခဲ့ဘဲ ဘဏ္ဍာရေးကိုသာ အာရုံစိုက်ခဲ့သည်၊ ဤသည်မှာ ယုတ်မာနေခြင်းမဟုတ်လော။ ဤယုတ်မာသောလူ၏ လုပ်ဆောင်ချက်များမှာ အလွန်သိသာထင်ရှားလှသည်။ သူ၏အဆင့်အတန်း ခိုင်မာခြင်း မရှိသေးမီကပင် သူငွေကိုလုယူလိုခဲ့သည်။ သူအလွန်အမင်း အလျင်လိုနေခဲ့သည် မဟုတ်လော။ အခြားသူများ သူ့ကိုပိုင်းခြားသိမြင်လာခဲ့သည်ကို သူအနည်းငယ်မျှမသိခဲ့ဘဲ မကြာမီ သူဖြုတ်ချခြင်းခံခဲ့ရသည်။ ဤသို့သော သိသာထင်ရှားသည့်ပုံစံဖြင့် ပြုမူသော ဤသို့သောလူစားမျိုးနှင့်ပတ်သက်လာလျှင် သင်တို့ဤသည်ကို အမှတ်ရရမည်၊ သူတို့ကို အလျင်အမြန်ဖြုတ်ချလော့။ ဤသို့သော လူစားမျိုးနှင့်ပတ်သက်၍ သူတို့၏စိတ်သဘောထားများ၊ လူ့သဘာဝ၊ ပညာရေး၊ မိသားစုနောက်ခံ၊ ဘုရားသခင်ကို ယုံကြည်ခဲ့သည့်အချိန်ကာလ၊ သူတို့အခြေခံအုတ်မြစ်ရှိမရှိ၊ သူတို့၏အသက်တာအတွေ့အကြုံများ မည်သည့်ပုံစံရှိသည် ဟူသကဲ့သို့သော အခြားမည်သည့်အရာကိုမျှ ပိုင်းခြားသိမြင်ရန်မလိုအပ်ပေ၊ ဤအရာများထဲမှ တစ်ခုကိုမျှ သင်ပိုင်းခြားသိမြင်ရန် မလိုအပ်ချေ၊ ဤအရာတစ်ခုတည်းကပင် ထိုသို့သောလူတစ်ဦး အန္တိခရစ်တစ်ဦးဖြစ်ကြောင်း ဆုံးဖြတ်ရန် လုံလောက်သည်။ သင်တို့အားလုံး ပူးပေါင်း၍ ဤသူကို ဖြုတ်ချပြီး ဖယ်ရှားသင့်သည်။ သင်တို့သူ့ကို ခေါင်းဆောင်အဖြစ် မလိုအပ်ပေ။ အဘယ်ကြောင့်နည်း။ အကယ်၍ သင်သူ့ကို သင်တို့ကိုဦးဆောင်ခွင့်ပြုပါက အသင်းတော်၌ ငွေမည်မျှပင်ရှိစေကာမူ သူဖြုန်းတီးပစ်မည်ဖြစ်ပြီး အားလုံးကို အလွဲသုံးစားပြုလုပ်မည်ဖြစ်ကာ ထိုအခါ အသင်းတော်၏ အလုပ်မှာ ရပ်တန့်သွားပြီး ဆောင်ရွက်ရန် မဖြစ်နိုင်တော့ပေ။ အကယ်၍ သင်သည် ငွေလုယူရန်စွဲလမ်းနေသော၊ ဥစ္စာဓနအပေါ် သူ၏အာရုံစိုက်မှု အမြဲတမ်း မယိမ်းမယိုင်စွဲမြဲနေသော၊ ငမ်းငမ်းတက်နေသော ဤသို့သောလူစားမျိုးနှင့် ကြုံတွေ့ရပြီး သူ၏စစ်မှန်သော သဘောသဘာဝ၏ အရိပ်အယောင်များ ထွက်ပေါ်လာခြင်း မရှိသေးဘဲ လူတိုင်းက သူတို့၌ ဆုကျေးဇူးအချို့ရှိသည်၊ သူတို့၌ အလုပ်လုပ်နိုင်စွမ်း အချို့ရှိသည်၊ သူတို့လူတိုင်းကို သမ္မာတရားလက်တွေ့ကျမှုသို့ ဝင်ရောက်ရန် ဦးဆောင်နိုင်စွမ်းရှိသည်ဟု ထင်မှတ်လျက် နားဝေတိမ်တောင် ဖြစ်သောပုံစံဖြင့် သူ့ကို ရွေးကောက်တင်မြှောက်ခဲ့ပြီး သူခေါင်းဆောင်ဖြစ်လာသည်နှင့်တစ်ပြိုင်နက် သူသည် ငွေကို ကိုယ့်အိတ်ထဲကိုယ် စတင်ထည့်သွင်းမည်ကို မမျှော်လင့်ခဲ့ပါက သင်သူ့ကို သူ၏ရာထူးမှ အလျင်အမြန် ဖယ်ရှားသင့်သည်။ ဤသည်မှာ လုံးဝမှန်ကန်သော လုပ်ရပ်ဖြစ်သည်။ ထို့နောက် သင်အခြားတစ်စုံတစ်ဦးကို ရွေးကောက်တင်မြှောက်နိုင်သည်။ အသင်းတော်သည် တစ်ရက်မျှ ခေါင်းဆောင်မရှိပါက ပြိုကွဲသွားမည် မဟုတ်ပေ။ ဘုရားသခင် ရွေးချယ်ထားသောလူတို့သည် မည်သည့်သီးခြားခေါင်းဆောင်ကိုမျှ မဟုတ်ဘဲ ဘုရားသခင်ကို ယုံကြည်ကြသည်။ ငါ့ကိုပြောကြလော့၊ ညီအစ်ကိုမောင်နှမများ ဆုံးဖြတ်ချက်ချရာ၌ ခဏတာ မှားယွင်းသည့်အချိန်များ ရှိသလော။ ဤသူခေါင်းဆောင်တစ်ဦးမဖြစ်မီ သူလောဘကြီးကြောင်း ပြောရန်နည်းလမ်း မရှိခဲ့ပေ။ အခြားသူများနှင့် သူ၏ဆက်ဆံရေးများတွင် သူအခွင့်အရေးယူရန် မကြိုးစားခဲ့၊ ပစ္စည်းများဝယ်ယူသည့်အခါ သူ၏ကိုယ်ပိုင်ငွေကို သုံးစွဲခဲ့ပြီး သူ အလှူအတန်းပင် ပြုလုပ်ခဲ့သည်။ သို့ရာတွင် ခေါင်းဆောင်တစ်ဦးဖြစ်လာသည်နှင့် သူပထမဆုံး ပြုလုပ်ခဲ့သည့်အရာမှာ အသင်းတော်ဘဏ္ဍာရေးနှင့်ပတ်သက်သည့် အချက်အလက်များကို အတင်းအကျပ်တောင်းဆိုခြင်း ဖြစ်ခဲ့သည်။ လူအများစုသည် ဤသို့သောကောက်ကျစ်ဆိုးယုတ်သည့် စိတ်ဆန္ဒကို မချုပ်တည်းနိုင်ကြပေ၊ ယင်းမှာ အလွန်မယုံနိုင်စရာပင်တည်း။ သူတစ်ညအတွင်း မည်သို့ပြောင်းလဲသွားနိုင်ခဲ့သနည်း။ သူတစ်ညအတွင်း ပြောင်းလဲသွားခဲ့ခြင်းမဟုတ်ဘဲ သူသည် အစကတည်းက ထိုသို့သော သတ္တဝါအမျိုးအစားသာဖြစ်ပြီး တစ်ခုတည်းသောကွာခြားချက်မှာ ယခင်က သူ့ကိုထုတ်ဖော်ပြမည့် အခြေအနေများ၌ သူရှိမနေခဲ့ဘဲ ယခုမူ ဤအခြေအနေက သူ့ကိုထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။ ဤသူထုတ်ဖော်ပြသခြင်း ခံခဲ့ရပြီးဖြစ်သောကြောင့် အဘယ်ကြောင့် သင်သူ့အပေါ် သနားကြင်နာနေဦးမည်နည်း။ သူ့ကို ဤနေရာမှ ထွက်သွားစေရန် ကန်ထုတ်လော့၊ ဝေးလေကောင်းလေဖြစ်၏။ သင်တို့ ဤသို့ပြုလုပ်ဝံ့သလော။ (ပြုဝံ့ပါသည်။) အသင်းတော်ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အစဉ်သဖြင့် အကြံအစည်များ ဖန်တီးနေသော မည်သူနှင့်မဆိုပတ်သက်လာပါက သူတို့ကို အပြည့်အဝ နားမလည်သေးဘဲ ရွေးကောက်တင်မြှောက်ခြင်း မပြုနှင့်။ သင်သည် မသိနားမလည်သည့် အခိုက်အတန့်တစ်ခုတွင် ထိုသူတို့ကို အပြည့်အဝ နားလည်ခြင်းမရှိသေးဘဲ ရွေးကောက်တင်မြှောက်ခဲ့ပြီး ထို့နောက် သူတို့သည် ဝိသမလောဘသားတစ်ဦးနှင့် ယုဒတစ်ဦးဖြစ်ကြောင်း သင်တွေ့ရှိပါက သူတို့ကို အလျင်အမြန်ကန်ထုတ်ပြီး ရှင်းလင်းပစ်သင့်သည်။ သနားကရုဏာ ထားခြင်းမရှိနှင့်၊ တုံ့ဆိုင်းခြင်းမရှိနှင့်။ “ထိုသူ လောဘကြီးသော်လည်း အခြားအရာအားလုံး၌ သူကောင်းမွန်ပါသည်။ သူသည် လူတို့ကို ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားလည်မှုတစ်ခုဆီသို့ လမ်းညွှန်နိုင်ပြီး သူတို့၏တာဝန်များကို ပုံမှန်အတိုင်းထမ်းဆောင်စေနိုင်သည်” ဟု ဆိုသောသူများ ရှိသည်။ သို့သော် သူတို့ဤသို့ဖြစ်နေခြင်းမှာ တစ်ခဏတာမျှသာ ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့ဤသို့ဆက်ဖြစ်နေမည်မဟုတ်တော့ပေ။ သူတို့၏နတ်ဆိုးမျက်နှာ ထင်ရှားလာရန် ရက်အနည်းငယ်မျှသာ လိုတော့သည်။ ငါတို့အတိတ်က မိတ်သဟာယဖွဲ့ခဲ့သော အန္တိခရစ်တို့၏ သရုပ်သကန်များနှင့် စိတ်သဘောထားများအားလုံးသည် သူတို့၌ တဖြည်းဖြည်း ထုတ်ဖော်ပြခြင်းခံရလိမ့်မည်။ ထိုအချိန်ကျမှ သူတို့ကို ဖြုတ်ချခြင်းသည် နောက်ကျသွားမည်မဟုတ်လော။ အသင်းတော်၏ အလုပ်မှာ ထိခိုက်ပြီးဖြစ်နေပေလိမ့်မည်။ အကယ်၍ သင်ငါပြောခဲ့သည့်အရာကို မယုံကြည်ဘဲ တုံ့ဆိုင်းနေပါက သင်နောင်တရသည့်အခါ ချူသံပါအောင် မညည်းနှင့်။ ရှေးဦးစွာ လူတစ်ဦးပူဇော်သက္ကာများကို မည်သို့ဆက်ဆံပြုမူသည်ကို ကြည့်လော့၊ ဤသည်မှာ လူတစ်ဦး၌အန္တိခရစ်တို့၏အနှစ်သာရ ရှိမရှိကို ထိုးထွင်းသိမြင်ရန် အရှင်းလင်းဆုံး နည်းဗျူဟာဖြစ်သည့်အပြင် တိုက်ရိုက် အဖြစ်ဆုံးနှင့် အပွင့်လင်းဆုံးနည်းဗျူဟာလည်း ဖြစ်သည်။ ငါတို့အတိတ်က မိတ်သဟာယဖွဲ့ခဲ့သော အကြောင်းအရာများနှင့်ပတ်သက်၍ ငါတို့သည် အချို့သောသရုပ်သကန်များ၊ ထုတ်ဖော်ချက်များ၊ ရှုထောင့်အမြင်များ၊ စကားလုံးများနှင့် လုပ်ဆောင်ချက်များမှတစ်ဆင့် အန္တိခရစ်တို့၏ စိတ်သဘောထားများကို ခွဲခြားသတ်မှတ်ခဲ့ရပြီး သူတို့၏ စိတ်သဘောထားများအပေါ် အခြေခံ၍ သူတို့၌အန္တိခရစ်တို့၏အနှစ်သာရ ရှိမရှိကို ကြည့်ရှုခဲ့ရသည်။ ဤကိစ္စရပ်တစ်ခုတည်း၌မူ ဤအရာများကို ပြုလုပ်ရန်မလိုအပ်ပေ၊ ယင်းမှာ တိုက်ရိုက်ဖြစ်ပြီး ပွင့်လင်းသည်၊ ရိုးရှင်းပြီး ပို၍နည်းပါးသော အချိန်အင်အား၊ လူအင်အားကိုသာ လိုအပ်သည်။ လူတစ်ဦး ဤသရုပ်သကန်ကို ပြသနေသရွေ့၊ ပူဇော်သက္ကာများကို သူတို့ ပိုင်ဆိုင်ခြင်းကိုဖြစ်စေ၊ ပူဇော်သက္ကာများကို အတင်းအဓမ္မ သိမ်းပိုက်ခြင်းဖြစ်စေ ဦးစားပေးရန် အစဉ်သဖြင့် ဆန္ဒရှိနေသရွေ့ သူတို့သည် တစ်ရာရာခိုင်နှုန်း အန္တိခရစ်ဖြစ်ကြောင်း သင်သေချာနိုင်သည်။ သူတို့ကို အန္တိခရစ်အဖြစ် သတ်မှတ်နိုင်ပြီး သူတို့ခေါင်းဆောင်အဖြစ် ထမ်းဆောင်၍မရနိုင်ဘဲ ညီအစ်ကိုမောင်နှမများ၏ ဖြုတ်ချခြင်းနှင့် ငြင်းပယ်ခြင်းတို့ကို ခံရမည်ဖြစ်သည်။
ငါတို့သည် အန္တိခရစ်များ ပူဇော်သက္ကာများကို သူတို့၏ပိုင်ဆိုင်ခြင်းနှင့် အသုံးပြုခြင်းကို ဦးစားပေးသည့် သရုပ်သကန်များအပေါ် ခုလေးတင် မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ ထို့အပြင် အသင်းတော်၏ဘဏ္ဍာရေးကို ထိန်းချုပ်ရန် သူတို့၏ကြိုးပမ်းမှု၌ အန္တိခရစ်များ ဖော်ပြသည့် စိတ်သဘောထားများနှင့် အနှစ်သာရများကို ရှင်းလင်းတင်ပြရန်နှင့် စိတ်ဖြာလေ့လာဆွေးနွေးရန် ဤအရာကို အသုံးပြုခဲ့သည်။ ဤသည်မှာ ပထမအချက် ဖြစ်သည်။ ပိုင်ဆိုင်ခြင်းနှင့် အသုံးပြုခြင်းဟူသည့် ဤသည်တို့မှာ အသင်းတော်၏ ပိုင်ဆိုင်မှုနှင့်ပတ်သက်လာလျှင် အန္တိခရစ်တို့၏ အစောဆုံးနှင့် အခြေခံအကျဆုံး ချဉ်းကပ်နည်းများ ဖြစ်ကြသည်။ ဤအချက်၌ အန္တိခရစ်တို့ အသင်းတော်၏ပိုင်ဆိုင်မှုကို မည်သို့ပိုင်ဆိုင်ပြီး အသုံးပြုသည်ကို တိကျသောပုံစံဖြင့် ငါတို့မိတ်သဟာယမဖွဲ့ခဲ့ပေ။ နောက်အချက်ဖြစ်သည့် အန္တိခရစ်များ ပူဇော်သက္ကာများကို ဖြုန်းတီးခြင်း၊ တလွဲအသုံးပြုခြင်း၊ ချေးငှားပေးခြင်း၊ လိမ်လည်လှည့်ဖြား၍ အသုံးပြုခြင်းနှင့် ခိုးယူခြင်း၌ ငါတို့ ပို၍တိကျသော အသေးစိတ်အချက်များကို ဆက်လက်၍ ဆွေးနွေးသွားမည်ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။