အချက် ၁၃- ၎င်းတို့သည် အသင်းတော်ဘဏ္ဍာရေးအပြင် လူတို့၏စိတ်နှလုံးကိုလည်း ထိန်းချုပ်၏ (အခန်း သုံး)

ခ။ ပူဇော်သက္ကာများကို ဖြုန်းတီးခြင်း၊ တလွဲအသုံးပြုခြင်း၊ ချေးငှားပေးခြင်း၊ လိမ်လည်လှည့်ဖြား၍ အသုံးပြုခြင်းနှင့် ခိုးယူခြင်း

၁။ ပူဇော်သက္ကာများကို ဖြုန်းတီးခြင်း

အဆင့်အတန်းနှင့် အာဏာရှိခြင်းသည် ပူဇော်သက္ကာများကို ၎င်းတို့၏ ပိုင်ဆိုင်ခြင်းနှင့် အသုံးပြုခြင်းအပေါ် ဦးစားပေးရန် အခွင့်အာဏာကို သူတို့အား ပေးခြင်းဖြစ်သည်ဟု အန္တိခရစ်များက ထင်ကြသည်။ သို့ဆိုလျှင် ထိုအာဏာကို သူတို့ရရှိပြီးသည်နှင့် ပူဇော်သက္ကာများကို သူတို့ မည်သို့ ခွဲဝေပြီး သုံးစွဲကြသနည်း။ သူတို့သည် ဤအရာကို အသင်းတော်၏ စည်းမျဉ်းများအတိုင်း သို့မဟုတ် အသင်းတော်အလုပ်၏ လိုအပ်ချက်များကို စိုးမိုးသော စည်းမျဉ်းများအတိုင်း လုပ်ဆောင်ကြသလော။ သူတို့ ဤအရာကို လုပ်ဆောင်နိုင်သလော။ (မဟုတ်ပါ၊ သူတို့ မလုပ်ဆောင်နိုင်ပါ။) သူတို့ မလုပ်နိုင်ခြင်းဟူသည့် အချက်သည် အမှုအရာများစွာနှင့် သက်ဆိုင်သည်။ အန္တိခရစ်များသည် အဆင့်အတန်း ရရှိပြီးသည်နှင့် အသင်းတော်အလုပ်နှင့် သက်ဆိုင်သော အမှုအရာအချို့ကို လုပ်ဆောင်ခြင်းမှ မရှောင်လွှဲနိုင်ကြဘဲ ဤအလုပ်၏ အစိတ်အပိုင်းတစ်ခုသည် အသင်းတော်ပိုင်ပစ္စည်းများကို သုံးစွဲခြင်းနှင့် ခွဲဝေမှုများ ပါဝင်သည်။ ထိုသို့ဖြစ်လျှင် အသင်းတော်ပိုင်ပစ္စည်းများ ခွဲဝေမှုကို သူတို့ ကိုင်တွယ်သည့် စည်းမျဉ်းများမှာ အဘယ်နည်း။ ခြိုးခြံချွေတာခြင်းလော။ အသုံးစရိတ်များကို စေ့စေ့စပ်စပ် စီစဉ်ခြင်း၊ ဖြစ်နိုင်သည့်နေရာတိုင်း၌ ချွေတာခြင်းလော။ အမှုအရာအားလုံး၌ ဘုရားအိမ်တော်ကို ထည့်သွင်းစဉ်းစားခြင်းလော။ မဟုတ်ပေ။ သူတို့သည် စက်ဘီးဖြင့် သွားနိုင်သည့်နေရာသို့ ဘတ်စ်ကားကို ငွေကုန်ခံကာ စီးနေဆဲဖြစ်သည်။ ထို့ပြင် ဘတ်စ်ကားဖြင့် သို့မဟုတ် ကားငှား၍ အမြဲတမ်းသွားလာခြင်းကို အဆင်မပြေဘဲ သက်သောင့်သက်သာမရှိဟု သူတို့မြင်သောအခါ ကားတစ်စီးဝယ်ဖို့ ဘုရားအိမ်တော်၏ငွေကို အသုံးပြုရန် စတင်စဉ်းစားကြသည်။ ကားဝယ်ရာ၌ ဈေးနှုန်းချိုသာပြီး သာမန်စွမ်းဆောင်ရည်ရှိသော ပုံစံအမျိုးအစားများကို သူတို့ နှာခေါင်းရှုံ့ကြပြီး အထူးသဖြင့် စွမ်းဆောင်ရည်မြင့်သော၊ ပြည်ပမှ တိုက်ရိုက်တင်သွင်းသည့် နာမည်ကြီးအမှတ်တံဆိပ်ဖြစ်ပြီး တန်ဖိုး ယွမ်တစ်သန်းကျော်သော ကားကို ရွေးချယ်ကြသည်။ သူတို့က “ဤသည်မှာ အရေးမကြီးပါ၊ မည်သို့ပင်ဖြစ်စေ ယင်းမှာ ဘုရားအိမ်တော်က ပေးချေခြင်းဖြစ်ပြီး ဘုရားအိမ်တော်၏ငွေသည် လူတိုင်း၏ငွေ ဖြစ်သည်။ လူတိုင်း အတူတကွ ကားတစ်စီး ဝယ်ခြင်း၌ အခက်အခဲမရှိပါ။ ဘုရားအိမ်တော်သည် အလွန်ကြီးမားသည်၊ စကြဝဠာကမ္ဘာ တစ်ခုလုံးသည် ဘုရားနှင့်သက်ဆိုင်သည်၊ သို့ဖြစ်၍ ဘုရားအိမ်တော်က ကားတစ်စီးဝယ်လျှင် ယင်းမှာ ထိုမျှအရေးကြီးသလော။ စာတန်၏ လောကတွင် လူတို့မောင်းနှင်သော ကားများအားလုံးသည် ယွမ်သန်းပေါင်းများစွာ တန်ကြေးရှိသည်၊ သို့ဖြစ်၍ ကျွန်ုပ်တို့ အသင်းတော်က ယွမ်တစ်သန်းသာ တန်သောကားတစ်စီး ဝယ်ခြင်းသည် အတော်ပင် ခြိုးခြံခြင်း ဖြစ်သည်။ ထို့အပြင် ဤကားသည် ကျွန်ုပ်တစ်ဦးတည်း သုံးရန်မဟုတ်၊ အသင်းတော်တစ်ခုလုံးက အတူတကွ သုံးစွဲကြမည်ဖြစ်သည်” ဟု တွေးကြသည်။ အန္တိခရစ်များ ပါးစပ်ဟလိုက်သည့်တစ်ပြိုင်နက် မျက်တောင်တစ်ချက် မခတ်ဘဲဖြစ်စေ၊ နှလုံးတစ်ချက် မခုန်ဘဲဖြစ်စေ အပြစ်ရှိစိတ် ရေးရေးမျှမရှိဘဲ ယွမ်တစ်သန်းကျော် ထွက်သွားလေသည်။ ကားဝယ်ပြီးနောက် သူတို့သည် ယင်းကို စတင်၍ အကျိုးခံစားကြသည်။ သူတို့သည် လမ်းလျှောက်သွားသင့်သော နေရာများသို့ နောက်ထပ် ခြေကျင်မသွားကြတော့ပေ၊ စက်ဘီးစီးသွားသင့်သော နေရာများသို့ သူတို့ နောက်ထပ် စက်ဘီးစီးမသွားကြတော့ပေ၊ ကားငှား၍ သွားနိုင်သော နေရာများသို့ သူတို့ နောက်ထပ် ကားငှား၍ မသွားကြတော့ပေ။ ထိုအစား သူတို့သည် မိမိတို့ကိုယ်ပိုင်ကားကို မရမက အသုံးပြုကြသည်။ သူတို့သည် ကြီးမားသောအလုပ်ကို လုပ်နိုင်စွမ်းရှိသည့်အလား အမှန်ပင် ဟန်များနေကြသည်။ အန္တိခရစ်များသည် ငွေကို အလွန်ဖြုန်းတီးစွာ သုံးစွဲကြသည်၊ သူတို့ဝယ်သမျှသည် ပစ္စည်းကောင်း၊ အဆင့်မြင့်ပစ္စည်းနှင့် နောက်ဆုံးပေါ်ပစ္စည်းများ ဖြစ်ရမည်။ ဥပမာအားဖြင့် အချို့သော စက်ပစ္စည်းနှင့် ကိရိယာအမျိုးအစားများ၏ အခြေခံနှင့် အဆင့်မြင့်ပုံစံအမျိုးအစားများကြား ဈေးနှုန်းကွာခြားချက်သည် ယွမ်သောင်းပေါင်းများစွာ ကွာခြားနိုင်သည်။ ဤအခြေအနေများတွင် အန္တိခရစ်များသည် အဆင့်မြင့်ပုံစံ အမျိုးအစားကို ဝယ်လိုကြမည်ဖြစ်ပြီး မိမိတို့ကိုယ်ပိုင်ငွေကို သုံးစွဲနေခြင်းမဟုတ်သရွေ့ ဤသို့ပြုလုပ်ခြင်းသည် သူတို့ကို လုံးဝ အနှောင့်အယှက်ပေးမည် မဟုတ်ပေ။ အကယ်၍ သူတို့ကိုယ်တိုင်ငွေဖြင့် ပေးချေရမည်ဆိုလျှင် အခြေခံ သို့မဟုတ် အညံ့စားပစ္စည်းတစ်ခုကိုပင် သူတို့ ဝယ်နိုင်မည်မဟုတ်ပေ၊ သို့သော် ဘုရားအိမ်တော်က ပေးချေမည်ဟု သင်ပြောသောအခါ သူတို့သည် ဈေးအကြီးဆုံးပစ္စည်းကို လိုချင်ကြလိမ့်မည်။ ဤသူတို့သည် လူ့တိရစ္ဆာန်များ မဟုတ်လော။ သူတို့သည် ဆင်ခြင်တုံတရားမဲ့သည် မဟုတ်လော။ ဤသည်မှာ ပူဇော်သက္ကာများကို ဖြုန်းတီးခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ပူဇော်သက္ကာများကို ဖြုန်းတီးသောသူတို့သည် လူ့သဘာဝ ညံ့ဖျင်းကြသည်၊ သူတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းကြသည်။ အန္တိခရစ်များသည် ပူဇော်သက္ကာများကို အသုံးပြုခွင့်အာဏာ ရရှိပြီးသည်နှင့် ပူဇော်သက္ကာများကို မိမိတို့အတွက် အပိုင်သိမ်းလိုကြပြီး စည်းမျဉ်းများကို လုံးဝဂရုမစိုက်ဘဲ အသုံးပြုကာ ဝယ်ယူမှုတိုင်းအတွက် ဈေးအကြီးဆုံးပစ္စည်းများကို ရရှိရန် အတင်းအကျပ် တောင်းဆိုကြသည်။ မျက်မှန်တစ်လက် ဝယ်သောအခါ အပြာရောင်အလင်းနှင့် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးသော၊ အကြည်လင်ဆုံး မှန်ဘီလူးများပါသည့် ဈေးအကြီးဆုံးအမျိုးအစားကို သူတို့ လိုချင်ကြပြီး ကွန်ပျူတာတစ်လုံး ဝယ်သောအခါ ဈေးအကြီးဆုံးသောနောက်ဆုံးပေါ် ပုံစံအမျိုးအစားကို သူတို့ လိုချင်ကြသည်။ မိမိတို့၏ တာဝန်များတွင် အမျိုးမျိုးသော ကိရိယာများနှင့် စက်ပစ္စည်းများကို အသုံးပြုရန် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုသို့သောအရာများကို ဝယ်ယူခြင်းအကြောင်း ပေါ်လာသည်နှင့် သူတို့သည် ဈေးအကြီးဆုံးသောပစ္စည်းကို လိုချင်ကြသည်။ ဤသည်မှာ ပူဇော်သက္ကာများကို ဖြုန်းတီးခြင်း မဟုတ်လော။ မိမိတို့၏ ကိုယ်ပိုင်ငွေနှင့် ပတ်သက်လာလျှင် သူတို့သည် ခြိုးခြံချွေတာတတ်ကြပြီး ပစ္စည်းသည် လက်တွေ့ကျလျှင် လုံလောက်ပြီဖြစ်သည်၊ သို့သော် ဘုရားအိမ်တော်အတွက် တစ်စုံတစ်ခု ဝယ်ယူခြင်းနှင့် ပတ်သက်လာလျှင် လက်တွေ့ကျမှုနှင့် ငွေစုဆောင်းခြင်းဆိုင်ရာ ကိစ္စရပ်များသည် ထည့်သွင်းစဉ်းစားစရာ မဖြစ်တော့ပေ။ သူတို့စဉ်းစားသမျှမှာ နာမည်ကြီးအမှတ်တံဆိပ် ဖြစ်ရမည်၊ သူတို့၏ အဆင့်အတန်းကို ဖော်ပြရမည်ဖြစ်ပြီး တန်ဖိုးအကြီးဆုံးဖြစ်သည့် မည်သည့်အရာကိုမဆို ဝယ်ယူကြသည်။ ဤသည်မှာ မိမိတို့ကိုယ်တိုင်၏ ပျက်စီးခြင်းကို ရှာဖွေခြင်း မဟုတ်လော။ ပူဇော်သက္ကာများကို ရေလိုသုံးခြင်း၊ ဤသည်မှာ အန္တိခရစ်များ လုပ်ဆောင်သည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။)

ညီအစ်ကိုတစ်ဦးသည် အထက်လူကြီး ညီအစ်ကိုနှင့်အတူ သွားတိုက်တံများဝယ်ရန် အပြင်ထွက်ခဲ့သည်။ သူသည် အထက်လူကြီး ညီအစ်ကိုအတွက် တစ်ဒေါ်လာကျော် တန်ဖိုးရှိသော သွားတိုက်တံတစ်ချောင်းကို ဝယ်ခဲ့သော်လည်း သူ့အတွက်မူကား ဒေါ်လာ ၁၅ ထက်ပို၍ တန်ဖိုးရှိသော ပြည်ပမှတင်သွင်းသည့် သွားတိုက်တံတစ်ချောင်းကို ယူခဲ့သည်။ ယခု အထက်လူကြီး ညီအစ်ကိုနှင့် ဤသာမန်ညီအစ်ကိုကြားတွင် သူတို့၏ အဆင့်အတန်းအရ ခြားနားမှုအချို့၊ ကွာဟမှုအချို့ ရှိသည်ဟု သင်တို့ ဆိုမည်မဟုတ်လော။ (ဟုတ်ပါသည်။) ယုတ္တိဗေဒအရဆိုလျှင် အဆင့်အတန်း၊ ရပ်တည်ချက်၊ သို့မဟုတ် ဘုရားသခင် ခွဲဝေပေးသည့်နည်းလမ်း ကဲ့သို့သော အရာများကို ဖယ်ထားပြီး အထက်လူကြီး ညီအစ်ကိုသည် ဤနှစ်များတစ်လျှောက်လုံး အလုပ်ကြိုးစားလုပ်ဆောင်ခဲ့သည်ဟူသည့်အချက်ကိုသာ ဆွေးနွေးကြပါစို့။ သူသည် သာလွန်ကောင်းမွန်သော အရည်အသွေးရှိသည့်အရာတစ်ခုကို အသုံးပြုသင့်သည် မဟုတ်လော။ သို့သော် သူသည် ဤအရာနှင့်ပတ်သက်၍ အထူးတလည် စိစစ်ရွေးချယ်တတ်သူ မဟုတ်ခဲ့ပေ။ သူလိုက်နာကျင့်သုံးနေသည့် စည်းမျဉ်းများမှာ အဘယ်နည်း။ ဖြစ်နိုင်သည့်နေရာတိုင်း၌ ချွေတာရန် ဖြစ်သည်။ ဤပစ္စည်းအမျိုးအစားသည် မည်သည့် ခေတ်မီဆန်းပြားသည့်အရာမျှ မဟုတ်ပေ။ သို့ဖြစ်၍ ထိုမျှဈေးကြီးသောတစ်ခုကို အသုံးပြုရန် မတန်ပေ။ ပြီးလျှင် ယင်းအပေါ် ထိုမျှပိုက်ဆံများစွာ သုံးစွဲရန် မလိုအပ်ပေ။ အသုံးပြု၍ရသော တစ်ခုဆိုလျှင် လုံလောက်ပြီ။ ယခု ဤလူနှစ်ဦး၏ ပင်ကိုလက္ခဏာ၊ ရပ်တည်မှုနှင့် အဆင့်အတန်းတို့နှင့် ပတ်သက်လာသောအခါ သူတို့ကြားတွင် ကွာဟမှုတစ်ခုရှိသည်။ ပြီးလျှင် ကောင်းမွန်သောအမျိုးအစားကို အသုံးပြုသင့်သောသူအတွက် အလွန်သာမန်အရည်အသွေးရှိသော ပစ္စည်းတစ်ခုကို ဝယ်ခဲ့ပြီး သာမန်အမျိုးအစားကို အသုံးပြုသင့်သောသူအတွက် အကောင်းဆုံးအရည်အသွေးရှိသော ပစ္စည်းတစ်ခုကို ဝယ်ခဲ့သည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ဤလူနှစ်ဦးအနက် မည်သူ၌ ပြဿနာရှိခဲ့သနည်း။ ကောင်းသောပစ္စည်းကို အသုံးပြုသောသူ၌ ပြဿနာရှိခဲ့ခြင်း ဖြစ်သည်။ သူသည် မည်သူမည်ဝါဖြစ်ကြောင်း မသိခဲ့သကဲ့သို့ အရှက်တရားလည်း မရှိခဲ့ပေ။ ပြီးလျှင် ဘုရားအိမ်တော်က ပေးချေနေသရွေ့ အကောင်းဆုံးနှင့် ဈေးအကြီးဆုံး ပစ္စည်းကို ဝယ်မည်သာဖြစ်သည်။ ဤသူ၌ ဆင်ခြင်တုံတရား တစ်စက်တလေမျှ ရှိခဲ့သလော။ အထက်လူကြီး ညီအစ်ကိုနှင့် အတူ ဈေးဝယ်ထွက်စဉ် သူ၏ရှေ့မှောက်၌ ဤရွေးချယ်မှုများကို ပြုလုပ်လျက် သူ ဤသို့ပြုခဲ့လျှင် တစ်ယောက်တည်း ဈေးဝယ်ထွက်ပါက သူ မည်သို့ပြုလုပ်ခဲ့မည်နည်း။ သူသည် မည်မျှ ဖြုန်းတီးခဲ့မည်နည်း။ သူသည် ဤထက်မက များစွာသာ၍ပြုခဲ့ပေလိမ့်မည်။ ပြီးလျှင် ကွာခြားချက်မှာလည်း ဒေါ်လာဆယ်ဂဏန်းမျှသာ ဖြစ်လိမ့်မည်မဟုတ်ပေ။ မည်သည့်ဈေးနှုန်းရှိသော ပစ္စည်းကိုမဆို သူ ဝယ်ရဲပြီး မည်သည့်ငွေပမာဏကိုမဆို သူ သုံးရဲပေလိမ့်မည်။ သူသည် ပူဇော်သက္ကာများနှင့် ဘုရားအိမ်တော်၏ငွေကို ဤနည်းအတိုင်း သုံးစွဲခဲ့သည်။ သူသည် မိမိကိုယ်တိုင်၏ ပျက်စီးခြင်းကို ရှာဖွေနေခြင်း မဟုတ်လော။ “ငါသည် ဘုရားအိမ်တော်အတွက် ထိုမျှကြီးမားသော အလုပ်ကို လုပ်ဆောင်ခဲ့ပြီး အလွန်များပြားသော စွန့်စားမှုများကို လုပ်ဆောင်ကာ အလွန်များပြားသော အခက်အခဲများကို ကြံ့ကြံ့ခံခဲ့ပြီး အကြိမ်ပေါင်းများစွာ ထောင်ချခြင်းကို ခံခဲ့ရသည်။ ငါသည် အမှန်အားဖြင့် အထူးအခွင့်အရေးကို ခံစားသင့်သည်” ဟု ထင်သောသူများ ရှိသည်။ သင်၏ ဤ “အမှန်အားဖြင့်” ဟူသည်မှာ သမ္မာတရား ဟုတ်ပါသလော။ ဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်ထဲ၌ ထောင်ကျခြင်းကို ခံခဲ့ရသော၊ သို့မဟုတ် အခက်အခဲများကို ကြံ့ကြံ့ခံခဲ့သော၊ သို့မဟုတ် သူ့အတွက် နှစ်ပေါင်းများစွာ ခရီးလှည့်လည်ခဲ့သော မည်သူမဆို အထူးအခွင့်အရေးကို အမှန်အားဖြင့် ခံစားသင့်သည်၊ ပူဇော်သက္ကာများကို အသုံးပြုခြင်းနှင့် သိမ်းပိုက်ခြင်း၌ ပထမဦးစားပေးမှုကို အမှန်အားဖြင့် ခံစားသင့်ပြီး ယင်းတို့ကို မိမိသဘောအတိုင်း ဖြုန်းတီးသင့်ကာ ဤသည်မှာ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တစ်ခုဖြစ်သည်ဟူသော ပြဋ္ဌာန်းချက်ကို သူ ပြုခဲ့သနည်း။ ဘုရားသခင်သည် ဤအကျိုးသက်ရောက်မှုရှိသော စကားတစ်ခွန်းကိုမျှ မြွက်ဆိုခဲ့ဖူးပါသလော။ (မဟုတ်ပါ၊ သူ မြွက်ဆိုခဲ့ခြင်း မရှိပါ။) သို့ဆိုလျှင် ဤသို့သောလူစားမျိုးသည် ခေါင်းဆောင်များ၊ အမှုဆောင်များ၊ ဘုရားအိမ်တော်၌ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သောလူအားလုံးတို့နှင့်အတူ ပူဇော်သက္ကာများကို မည်သို့ အသုံးပြုရန် မျှော်လင့်ထားကြောင်းနှင့် ပတ်သက်၍ ဘုရားသခင် အဘယ်အရာ မိန့်တော်မူခဲ့သနည်း။ ၎င်းတို့သည် ပုံမှန်အသုံးစရိတ်များနှင့် ပုံမှန်ကုန်ကျစရိတ်များအတွက် ယင်းတို့ကို အသုံးပြုရန်ဖြစ်သည်၊ ပူဇော်သက္ကာများကို အသုံးပြုရန် သို့မဟုတ် ပိုင်ဆိုင်ရန်အတွက် မည်သူမျှ အထူးအခွင့်အာဏာ မရှိပေ။ ဘုရားသခင်သည် သူ၏ ပူဇော်သက္ကာများကို မည်သည့်တစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ပစ္စည်းအဖြစ်မျှ ပြုလုပ်မည်မဟုတ်ပေ။ တစ်ချိန်တည်းမှာပင် ပူဇော်သက္ကာများကို အသုံးပြုခြင်းနှင့် ခွဲဝေခြင်းအပေါ် လူတို့ ငွေဖြုန်းတီးသင့်သည်ဟု ဘုရားသခင် ပြဋ္ဌာန်းခဲ့ခြင်း မရှိပေ။ မည်သို့သော လူစားမျိုးက ငွေကို ဖြုန်းတီးသနည်း။ ငွေကို ဖြုန်းတီးသောသူ၌ မည်သို့သော စိတ်သဘောထားမျိုး ရှိသနည်း။ ဤသည်မှာ တိရစ္ဆာန်များ၊ အာဏာရှင်များ၊ လူမိုက်များ၊ လူဆိုးလူသွမ်းများနှင့် အရှက်တရားကင်းမဲ့သော စက်ဆုပ်ဖွယ်လူဆိုးများ ပြုလုပ်တတ်သည့်အရာဖြစ်ပြီး အန္တိခရစ်များ ပြုလုပ်တတ်သည့်အရာ ဖြစ်သည်။ လူ့သဘာဝအနည်းငယ်ရှိပြီး အရှက်တရားအချို့ကို သိသော မည်သူမဆို ဤအဆင့်အထိ နိမ့်ကျမည်မဟုတ်ပေ။ အသင်းတော်ခေါင်းဆောင် ဖြစ်လာပြီးနောက် ဤအရာက သူတို့ကို ပူဇော်သက္ကာများနှင့် အသင်းတော်၏ ပိုင်ဆိုင်မှုကို အသုံးပြုရန် အခွင့်အာဏာ ပေးသည်ဟု ယုံကြည်သော လူအချို့ ရှိသည်။ ၎င်းတို့သည် မည်သည့်အရာကိုမဆို၊ အရာရာတိုင်းကို ဝယ်လိုစိတ်ရှိပြီး ဝယ်ရဲသည့်အပြင် မည်သည့်အရာကိုမဆို၊ အရာရာတိုင်းကို တောင်းခံလိုကြသည်။ ၎င်းတို့ဝယ်သမျှ၊ ၎င်းတို့ခံစားသမျှသည် ၎င်းတို့ ကောင်းစွာ ထိုက်တန်သည်ဟု ခံစားကြရသည်၊ ထို့ထက်ပို၍ ဈေးနှုန်းကို စုံစမ်းမေးမြန်းရန် သူတို့ မည်သည့်အခါမျှ စိတ်မညစ်ခံကြပေ။ ပြီးလျှင် တစ်စုံတစ်ယောက်က သူတို့အတွက် ဈေးပေါပြီး သာမန်ပစ္စည်းတစ်ခုကို ဝယ်ပေးပါက သူတို့ စိတ်ဆိုးပြီး ထိုသူအပေါ် အငြိုးအတေးပင် ထားရှိကြလိမ့်မည်။ ဤသူတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။

၂။ ပူဇော်သက္ကာများကို တလွဲအသုံးပြုခြင်း

အသင်းတော်၏ ဘဏ္ဍာရေးကို ထိန်းချုပ်ရန် ကြိုးစားသည့် အန္တိခရစ်များ၏ နောက်ထပ် သရုပ်သကန်တစ်ခုမှာ တလွဲအသုံးပြုခြင်း ဖြစ်သည်။ “တလွဲအသုံးပြုခြင်း” ဟူသော ဝေါဟာရကို နားလည်ရန် လွယ်ကူသင့်သည်။ တလွဲအသုံးပြုခြင်းဆိုသည်မှာ အသင်းတော်၏ပိုင်ဆိုင်မှုကို ယူ၍ ညီအစ်ကိုမောင်နှမများထံ ပေးခြင်း သို့မဟုတ် အသင်းတော်အလုပ်အတွက် ခွဲဝေပေးခြင်းဟူသော သင့်လျော်သည့်အသုံးပြုမှုမျိုးကို ဆိုလိုသလော။ (မဟုတ်ပါ၊ မဆိုလိုပါ။) သို့ဆိုလျှင် “တလွဲအသုံးပြုခြင်း” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ (ယင်းမှာ သင့်လျော်သောပုံစံဖြင့် သုံးစွဲခြင်းမဟုတ်ဘဲ မိမိသဘောအတိုင်း သို့မဟုတ် ခိုးကြောင်ခိုးဝှက် ပုံစံဖြင့် အသုံးပြုခြင်းကို ဆိုလိုပါသည်။) “ခိုးကြောင်ခိုးဝှက် ပုံစံဖြင့် အသုံးပြုခြင်း” ဟု ဆိုခြင်းသည် မှန်ကန်သော်လည်း အထူးတလည် တိကျခြင်း မရှိပေ။ အကယ်၍ လူတစ်ဦးသည် အချိန်ပြည့် တာဝန်ထမ်းဆောင်နေသူတို့၏ စားဝတ်နေရေးစရိတ်အတွက် အသင်းတော်၏ ပိုင်ဆိုင်မှုကို ခိုးကြောင်ခိုးဝှက် ပုံစံဖြင့် အသုံးပြုပါက ဤအရာ၌ မည်သည့်အမှားမျှ မရှိသည့်အပြင် ယင်းမှာ တလွဲအသုံးပြုခြင်းလည်း မဟုတ်ပေ။ တလွဲအသုံးပြုခြင်းကို ပြစ်တင်ရှုတ်ချပြီး ယင်းမှာ စည်းမျဉ်းများနှင့် မကိုက်ညီပေ။ ဥပမာအားဖြင့် အချို့သော အသင်းတော်ခေါင်းဆောင်များသည် အသင်းတော်၏ ငွေကို ထိန်းချုပ်ထားပြီး သူတို့၏ သားသမီးများက ကောလိပ်တက်ရန် ရန်ပုံငွေ လိုအပ်သောအခါ၊ အိမ်တွင်လည်း ထိုမျှပိုက်ဆံများများစားစား မရှိသောအခါ ဘုရားသခင်ထံတော်သို့ လာ၍ ဤသို့ ဆုတောင်းကြသည်၊ “အို ဘုရားသခင်၊ ကျွန်ုပ်၏အပြစ်ကို ဦးစွာဝန်ခံပြီး ကိုယ်တော့်ထံမှ ခွင့်လွှတ်မှုကို တောင်းခံပါရစေ။ အကယ်၍ ကိုယ်တော် အပြစ်ပေးရမည်ဆိုလျှင် ကျွန်ုပ်၏သားသမီးကို မဟုတ်ဘဲ ကျွန်ုပ်ကိုသာ အပြစ်ပေးတော်မူပါ။ ဤအရာသည် မမှန်ကန်ကြောင်း ကျွန်ုပ်သိပါသည်၊ သို့သော် ယခု ကျွန်ုပ်သည် အခက်အခဲကြုံတွေ့နေရသဖြင့် ဤသို့ပြုလုပ်ရပါမည်။ သင်၏ ကျေးဇူးတော်သည် အစဉ်သဖြင့် ကြွယ်ဝပြည့်စုံပါသည်၊ သို့ဖြစ်၍ ဤတစ်ကြိမ်တွင် ကျွန်ုပ်ကို သင် ခွင့်လွှတ်ပြီး ကောင်းချီးပေးတော်မူမည်ဟု ကျွန်ုပ် မျှော်လင့်မိပါသည်။ ကျွန်ုပ်၏ သားသမီး ကောလိပ်တက်ရန်အတွက် ယွမ် နှစ်သောင်း သို့မဟုတ် သုံးသောင်းခန့် လိုနေပြီး နေရာအနှံ့မှ စုဆောင်းချေးငှားပြီးသည့်တိုင် လုံလောက်ခြင်း မရှိသေးပါ။ ကျွန်ုပ်၏ သားသမီး ကျောင်းလခပေးရန်အတွက် သင့်ငွေကို ကျွန်ုပ် အသုံးပြု၍ ရနိုင်ပါမည်လော” ဟူ၍ ဖြစ်သည်။ ထို့နောက် သူတို့ ဆုတောင်းပြီးသောအခါ အလွန်ငြိမ်သက်မှုကို ခံစားရပြီး ဘုရားသခင်က ဤအရာကို သဘောတူညီပြီးဖြစ်သည်ဟု ထင်မှတ်ကာ ထိုငွေကို သူတို့၏ ကိုယ်ပိုင်အသုံးပြုမှုအတွက် ယူငင်ကြသည်။ ဤသည်မှာ တလွဲအသုံးပြုခြင်း ဖြစ်သည် မဟုတ်လော။ ငွေကို အသုံးပြုသင့်သည့်အရာအတွက် အသုံးမပြုဘဲ အခြားနေရာတွင် အသုံးပြုခြင်း၊ ဘုရားအိမ်တော်၌ ပူဇော်သက္ကာများ အသုံးပြုခြင်းကို စိုးမိုးသော စည်းမျဉ်းများကို ချိုးဖောက်ခြင်းကို “တလွဲအသုံးပြုခြင်း” ဟု ခေါ်သည်။ မိသားစုဝင်တစ်ဦး ဖျားနာပြီး ငွေလိုအပ်သောအခါ သို့မဟုတ် စီးပွားရေးလုပ်ငန်း ကိစ္စရပ်တစ်ခုတွင် ရန်ပုံငွေ ပြတ်တောက်သွားသောအခါ သူတို့သည် ပူဇော်သက္ကာများနှင့် ပတ်သက်၍ အကြံအစည်များ စတင်ဖန်တီးကြပြီး သူတို့၏ စိတ်နှလုံးထဲ၌ ဤသို့ ဆုတောင်းကြသည်၊ “အို ဘုရားသခင်၊ ကျွန်ုပ်ကို ခွင့်လွှတ်တော်မူပါ၊ ကျွန်ုပ် တမင်တကာ ပြုလုပ်ခဲ့ခြင်း မဟုတ်ပါ၊ ကျွန်ုပ်၏ မိသားစုသည် အမှန်တကယ် အခက်အခဲအချို့ ကြုံတွေ့နေရပါသည်။ သင်၏ ချစ်ခြင်းမေတ္တာသည် သမုဒ္ဒရာကဲ့သို့ ကျယ်ပြောပြီး ကောင်းကင်ဘုံကဲ့သို့ အဆုံးမရှိပါ၊ သင်သည် လူတို့၏ ပြစ်မှားခြင်းများကို အောက်မေ့တော်မူသည် မဟုတ်ပါ။ ဤငွေကို ကျွန်ုပ် အသုံးပြုပြီးသည့်နောက် မိသားစုစီးပွားရေးမှ ငွေကြေးရရှိသောအခါ သင့်ထံ နှစ်ဆပြန်လည် ပေးဆပ်ပါမည်၊ သို့ဖြစ်၍ ကျွန်ုပ်ကို ဤငွေကို အသုံးပြုခွင့် ပေးတော်မူပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ သူတို့ ဘုရားသခင်ထံ ပူဇော်သက္ကာများကို အသုံးပြုသည့် ပုံစံဖြစ်သည်။ ထိုခေါင်းဆောင်များသည် သူတို့လက်ထဲတွင် ငွေရှိနေသမျှ ဤငွေများသည် ဘုရားသခင်ထံ ဆက်ကပ်ထားသော ပူဇော်သက္ကာများဖြစ်သည်ဟူသည့်အချက်ကို အနည်းငယ်မျှ ထည့်သွင်းစဉ်းစားရန်မဆိုထားနှင့်၊ စည်းမျဉ်းများနှင့်အညီ ကျင့်သုံးခြင်းမည့်အစား၊ အခြားသူများ၏ သဘောတူညီချက်ကို ရယူရမည့်အစား ငွေလိုအပ်နေသူသည် ဆွေမျိုးတစ်ဦးဖြစ်စေ၊ မိတ်ဆွေတစ်ဦးဖြစ်စေ ထိုသူတို့ကို ပေးမည်ဖြစ်သည့်အပြင် မိမိတို့သဘောအလျောက် ဆုံးဖြတ်ကာ အသင်းတော်မှ ငွေကိုထုတ်ပြီး အခြားသော ရည်ရွယ်ချက်များအတွက် အသုံးပြုကြလေသည်။ ဤသည်မှာ တလွဲအသုံးပြုခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ တလွဲအသုံးပြုခြင်း ဖြစ်သည်။ ယခုတွင် အချို့သောလူတို့သည် ပူဇော်သက္ကာများကို ခိုးကြောင်ခိုးဝှက် တလွဲအသုံးပြုပြီးနောက် ငွေကို အပြည့်အဝ ပြန်ပေးကြသည်။ ဤသည်မှာ သူတို့သည် ပူဇော်သက္ကာများကို တလွဲအသုံးပြုခြင်းအပြစ်အတွက် နောက်ထပ် အပြစ်မရှိတော့ဟု ဆိုလိုပါသလော။ သူတို့ကို ခွင့်လွှတ်ခံရနိုင်သည်ဟု ဆိုလိုပါသလော။ သို့မဟုတ် တလွဲအသုံးပြုချိန်တွင် သူတို့၌ အကြောင်းရင်းများ၊ သီးခြားအခြေအနေတစ်ရပ် သို့မဟုတ် အခက်အခဲများ ရှိခဲ့ပြီး ငွေကို တလွဲအသုံးပြုရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့လျှင် ဤတလွဲအသုံးပြုခြင်းကို ခွင့်လွှတ်ပြီး ပြစ်တင်ရှုတ်ချခြင်း မခံရနိုင်သလော။ (မဟုတ်ပါ၊ မခံရနိုင်ပါ။) ထိုသို့ဖြစ်လျှင် ပူဇော်သက္ကာများကို တလွဲအသုံးပြုခြင်း အပြစ်သည် အလွန်ကြီးလေးသော အပြစ်တစ်ခုပင်တည်း။ ယင်းသည် ယုဒပြုခဲ့သောအရာနှင့် တစ်စုံတစ်ရာ ကွာခြားပါသလော။ ပူဇော်သက္ကာများကို တလွဲအသုံးပြုသောသူတို့သည် ယုဒနှင့် အမျိုးအစားတူကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) သူတို့၏ သားသမီးများ တက္ကသိုလ်တက်သောအခါ၊ သူတို့၏ မိသားစုဝင်တစ်ဦး စီးပွားရေးလုပ်သောအခါ၊ သို့မဟုတ် သက်ကြီးရွယ်အိုတစ်ဦး ဆေးကုသမှု လိုအပ်သောအခါ၊ သို့မဟုတ် လယ်ယာစိုက်ပျိုးရန် ဓာတ်မြေသြဇာ မရှိသောအခါ၊ ဤအခြေအနေအားလုံး၌ သူတို့သည် အသင်းတော်၏ ငွေကို သုံးစွဲလိုကြသည်။ အချို့သည် ညီအစ်ကိုမောင်နှမများ ပြုလုပ်သော ပူဇော်သက္ကာများအတွက် ပြေစာများကိုပင် ဖျက်ဆီးပြီးနောက် ထိုငွေကို မိမိတို့၏ ကိုယ်ပိုင်အိတ်ထဲသို့ ထည့်ကာ မျက်နှာတစ်ချက်မပျက်၊ နှလုံးတစ်ချက်မတုန်ဘဲ မိမိတို့သဘောအတိုင်း သုံးစွဲကြသည်။ အချို့သည် စုဝေးပွဲများ၌ ညီအစ်ကိုမောင်နှမများထံမှ ငွေလှူဒါန်းမှုများကိုပင် လက်ခံပြီးနောက် စုဝေးပွဲပြီးသည်နှင့်တစ်ပြိုင်နက် ထိုငွေဖြင့် ပစ္စည်းများ သွားဝယ်ကြသည်။ ထို့နောက် ဤလူတို့ ပူဇော်သက္ကာများကို တလွဲအသုံးပြုနေသည်ကို မိမိတို့မျက်စိဖြင့် တွေ့မြင်ခဲ့ပြီးဖြစ်သော ညီအစ်ကိုမောင်နှမအချို့ ရှိနေသေးပြီး သူတို့သည် ထိုငွေကို ဆက်လက်ထိန်းသိမ်းထားခွင့် ပြုကြကာ မည်သူမျှ တာဝန်မယူသည့်အပြင် မည်သူမျှ ထိုအရာကို ရပ်တန့်ရန် ထွက်ပေါ်လာခြင်း မရှိပေ။ သူတို့အားလုံးသည် ဤခေါင်းဆောင်များကို စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို ကြောက်ရွံ့ကြသဖြင့် သူတို့ သုံးစွဲနေစဉ် ကြည့်နေကြရုံသာ ဖြစ်သည်။ သို့ဆိုလျှင် သင်သည် ဤငွေကို ဘုရားသခင်ထံ လှူဒါန်းခဲ့သလော၊ မလှူဒါန်းခဲ့သလော။ အကယ်၍ သင်သည် အခြားလူတို့ထံ ပရဟိတလုပ်ငန်း ပြုလုပ်နေပါက သင်သည် ဤငွေကို ဘုရားသခင်ထံ လှူဒါန်းနေခြင်း မဟုတ်ကြောင်း ရှင်းလင်းစွာ ပြောကြားသင့်ပြီး ထိုအခါ ဘုရားသခင်သည် ယင်းကို အောက်မေ့တော်မူမည် မဟုတ်ပေ။ ထို့နောက် ဤငွေသည် မည်သူပိုင်ဆိုင်သည်၊ မည်သူသုံးစွဲသည်၊ မည်သို့သုံးစွဲသည်ဟူသော ဤအရာများသည် ဘုရားအိမ်တော်နှင့် လုံးဝ သက်ဆိုင်တော့မည် မဟုတ်ပေ။ အခြားတစ်ဖက်တွင် အကယ်၍ သင်၏ ဤငွေသည် ဘုရားသခင်ထံ အမှန်တကယ် လှူဒါန်းပြီးဖြစ်သော်လည်း အသင်းတော်က ယင်းကို အသုံးပြုရန် အခွင့်အရေးမရသေးမီ လူတစ်ဦးက ထိုသို့ သုံးစွဲလိုက်သည်၊ ထိုသို့ ဖြုန်းတီးလိုက်ပြီး သင်သည် အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်းမရှိဘဲ ယင်းကို ရပ်တန့်ခြင်း သို့မဟုတ် တိုင်ကြားခြင်း မပြုပါက ထိုသို့ဖြစ်လျှင် သင်၌ ပြဿနာရှိနေပြီ၊ သင်သည် သူတို့၏ အပြစ်၌ ပါဝင်ပတ်သက်နေပြီ ဖြစ်ပြီး သူတို့ ပြစ်တင်ရှုတ်ချခြင်း ခံရသောအခါ သင်လည်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။

၃။ ပူဇော်သက္ကာများကို ချေးငှားပေးခြင်း

ပူဇော်သက္ကာများကို မိမိသဘောအတိုင်း အသုံးပြုခြင်း၊ ပူဇော်သက္ကာများကို မသင့်လျော်စွာ စားသုံးခြင်းနှင့် သုံးစွဲခြင်းတို့ ပါဝင်သည့် အရာအားလုံးသည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် မလွဲမသွေ သက်ဆိုင်ပြီး ယင်းတို့ကို ချိုးဖောက်သည့် သဘောသဘာဝ ရှိသည်။ အသင်းတော်ပိုင်ဆိုင်မှုကို စီမံခန့်ခွဲရာ၌ “အသင်းတော်၏ ပိုင်ဆိုင်မှုသည် ထားသည့်အတိုင်းပင် ရှိနေသည်။ ယခုအခါ ဘဏ်များတွင် ငွေချေးစာချုပ်များနှင့် ရန်ပုံငွေများကဲ့သို့သော ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အမျိုးမျိုး ရှိနေပြီး အားလုံးက အတိုးနှုန်းကောင်းများ ပေးကြသည်။ အကယ်၍ ကျွန်ုပ်တို့သည် အသင်းတော်မှ ငွေကိုယူ၍ ရင်းနှီးမြှုပ်နှံပြီး အတိုးအနည်းငယ် ရရှိပါက ဤအရာသည် ဘုရားအိမ်တော်အတွက် အကျိုးကျေးဇူး ဖြစ်စေမည် မဟုတ်လော” ဟု ဆိုကောင်းဆိုနိုင်သော သူအချို့ ရှိသည်။ ထို့နောက် သူတို့သည် ယင်းကို ဆွေးနွေးခြင်းမရှိဘဲ၊ အသင်းတော်ရှိ မည်သူတစ်ဦးတစ်ယောက်၏ သဘောတူညီချက်ကိုမျှ မရယူဘဲ ထိုငွေကို မိမိတို့ဘာသာ ချေးငှားပေးလိုက်ကြသည်။ ထိုသို့ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ကောင်းမွန်စွာ ပြောရမည်ဆိုလျှင် ဤသည်မှာ ဘုရားအိမ်တော်အတွက် အတိုးအချို့ ရရှိခြင်း၊ ဘုရားအိမ်တော်အတွက် စဉ်းစားပေးခြင်း ဖြစ်သည်၊ သို့သော် အမှန်တကယ်တွင် ဤလူတို့သည် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်ကို ထားရှိကြသည်။ သူတို့သည် မည်သူမျှမသိဘဲ ငွေကို ချေးငှားပေးလိုပြီး နောက်ဆုံးတွင် အတိုးကို မိမိတို့အတွက် ထားရှိကာ ငွေရင်းပမာဏကို ဘုရားအိမ်တော်သို့ ပြန်ပေးလိုကြသည်။ ဤသည်မှာ သစ္စာမဲ့သော ရည်ရွယ်ချက်ထားရှိခြင်း မဟုတ်ပေဘူးလော။ ဤသည်ကို ပူဇော်သက္ကာများကို ချေးငှားပေးခြင်းဟု ခေါ်သည်။ ပူဇော်သက္ကာများကို ချေးငှားပေးခြင်းကို ယင်းတို့၏ သင့်လျော်သော အသုံးပြုမှုအဖြစ် မှတ်ယူနိုင်ပါသလော။ (မဟုတ်ပါ၊ မမှတ်ယူနိုင်ပါ။) “ဘုရားသခင်သည် လူသားမျိုးနွယ်ကို ချစ်တော်မူသည်၊ ဘုရားအိမ်တော်သည် နွေးထွေးမှုရှိသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ ညီအစ်ကိုမောင်နှမများ ငွေကြေးအခက်အခဲရှိသောအခါ ဘုရားသခင်၏ ပူဇော်သက္ကာများကို သူတို့အား ကျွန်ုပ်တို့ မချေးငှားပေးနိုင်သလော” ဟု ဆိုသော အခြားသူများလည်း ရှိသည်။ ထို့နောက် အချို့သောလူတို့သည် မိမိတို့ဘာသာ ဆုံးဖြတ်ချက်ချကြပြီး အချို့သော အန္တိခရစ်များသည် ညီအစ်ကိုမောင်နှမများကိုပင် ဤသို့ တိုက်တွန်းနှိုးဆော်ကာ လှုံ့ဆော်ကြသည်၊ “ဘုရားသခင်သည် လူသားမျိုးနွယ်ကို ချစ်တော်မူသည်၊ ဘုရားသခင်သည် အသက်ကို ပေးတော်မူသည်၊ လူကို အရာရာတိုင်း ပေးတော်မူသည်၊ သို့ဖြစ်၍ ငွေအနည်းငယ် ချေးငှားပေးခြင်းသည် အရေးမကြီးသည့်ကိစ္စလေးတစ်ခုသာ ဖြစ်သည်၊ ဟုတ်သည်မဟုတ်လော။ ကျွန်ုပ်တို့၏ ညီအစ်ကိုမောင်နှမများကို အရေးပေါ် လိုအပ်ချိန်များတွင် ကူညီရန်၊ သူတို့၏ ဘဝအခက်အခဲများကို ကူညီကျော်လွှားရန် ငွေချေးငှားပေးခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက် မဟုတ်လော။ အကယ်၍ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ချစ်တော်မူပါက လူတို့သည် အချင်းချင်း မည်သို့ မချစ်ဘဲ နေနိုင်မည်နည်း။ ချေးငှားပေးလိုက်ပါ” ဟူ၍ ဖြစ်သည်။ ဤသည်ကို ကြားသောအခါ အသိဉာဏ်မဲ့သော လူအများစုကြီးက “ဟုတ်ပါသည်၊ သင် ဆိုသည့်အတိုင်း ဖြစ်ပါစေ။ မည်သို့ပင်ဖြစ်စေ ဤငွေသည် လူတိုင်းပိုင်ဆိုင်သည်၊ သို့ဖြစ်၍ ဤအရာကို ကျွန်ုပ်တို့အားလုံး တစ်စုံတစ်ယောက်ကို ကူညီနေသည်ဟု မှတ်ယူကြပါစို့” ဟု ဆိုကြသည်။ ဤသို့ဖြင့် လူတစ်ဦးက ကြီးကျယ်ခမ်းနားသော စိတ်ကူးများကို ထုတ်ဖော်ပြောဆိုပြီး ဖော်လံဖားအုပ်စုက ထိုသူ့ကို မျက်နှာလုပ်ကြကာ နောက်ဆုံးတွင် ထိုငွေသည် ထွက်သွားလေတော့သည်။ သို့ဆိုလျှင် “ဤငွေသည် ဘုရားသခင်ထံ ဆက်ကပ်ပြီးဖြစ်သည်” ဟု သင် ဆိုခြင်းသည် အတည်ဖြစ်ပါသလော။ အကယ်၍ အတည်ဖြစ်ပါက ထိုငွေသည် ဘုရားသခင်နှင့် သက်ဆိုင်ပြီးဖြစ်ကာ ယခုအခါ သန့်ရှင်းစေပြီး ဖြစ်သောကြောင့် ဘုရားသခင် ချမှတ်ထားသော စည်းမျဉ်းများနှင့်အညီ ယင်းကို အသုံးပြုခြင်းသည်သာ သင့်လျော်မည် ဖြစ်သည်။ အကယ်၍ အတည်မဖြစ်ပါက၊ သင် လှူဒါန်းသောငွေသည် အတည်မဖြစ်ပါက သင်၏ ဤလှူဒါန်းခြင်းသည် မည်သို့သော လုပ်ရပ်မျိုး ဖြစ်သနည်း။ ယင်းမှာ ကစားပွဲတစ်ခုမျှသာလော။ သင်သည် ဘုရားသခင်ကို ပြက်ရယ်ပြုပြီး လှည့်ဖြားနေခြင်းလော။ သင် လှူဒါန်းလိုသော အရာများကို ယဇ်ပလ္လင်ပေါ်၌ တင်ထားပြီးနောက် ထိုအရာများကို ထိုနေရာ၌ ထားရှိပြီးဖြစ်သော်လည်း ဘုရားသခင်က ယင်းတို့ကို အသုံးမပြုသောကြောင့်၊ အမှန်စင်စစ် သူသည် ယင်းတို့ကို အသုံးပြုရန် မလိုဟု ထင်ရသောကြောင့် သင်သည် ထိုအရာများကို နှမြောလာသည်။ သို့ဖြစ်၍ သင်သည် ယင်းတို့ကို အသုံးပြုရန် လိုအပ်သောအခါ မိမိအတွက် ယူငင်ပြီး အသုံးပြုလိုက်သည်။ သို့မဟုတ် သင်သည် အလွန်များပြားစွာ လှူဒါန်းခဲ့ပြီး နောက်ပိုင်းတွင် နောင်တရကာ အချို့ကို ပြန်ယူလိုက်သည်။ သို့မဟုတ် သင်သည် လှူဒါန်းစဉ်က ရှင်းလင်းစွာ မစဉ်းစားမိဘဲ ယခုအခါ ယင်းအတွက် အသုံးဝင်မှုကို တွေ့ရှိသောကြောင့် သင်သည် ယင်းကို ပြန်ယူလိုက်သည်။ ဤအပြုအမူ၏ သဘောသဘာဝမှာ အဘယ်နည်း။ ဤငွေနှင့် ဤအရာများမှာ လူတစ်ဦးက ယင်းတို့ကို ဘုရားသခင်ထံ လှူဒါန်းပြီးသည်နှင့်တစ်ပြိုင်နက် ယဇ်ပလ္လင်ပေါ်၌ တင်လှူခြင်းနှင့် တူညီပြီး ယဇ်ပလ္လင်ပေါ်၌ တင်လှူထားသော အရာများမှာ အဘယ်နည်း။ ယင်းတို့သည် ပူဇော်သက္ကာများ ဖြစ်ကြသည်။ ယင်းမှာ ကျောက်တုံးတစ်တုံး၊ သဲတစ်ပွင့်၊ ပေါင်မုန့်တစ်လုံး သို့မဟုတ် ရေတစ်ခွက်မျှသာ ဖြစ်နေလျှင်ပင် သင်သည် ယင်းကို ယဇ်ပလ္လင်ပေါ်၌ တင်ထားပြီးဖြစ်သရွေ့ ဤအရာဝတ္ထုသည် လူနှင့်မသက်ဆိုင်ဘဲ ဘုရားသခင်နှင့်သာ သက်ဆိုင်ပြီး မည်သည့်လူသားမျှ ယင်းကို နောက်ထပ် မထိတွေ့ရတော့ပေ။ သင်သည် မိမိအတွက် ယင်းကို လိုချင်တပ်မက်သည်ဖြစ်စေ၊ ယင်းအတွက် သင့်လျော်သောအသုံးပြုမှုတစ်ခု ရှိသည်ဟု သင် ထင်သည်ဖြစ်စေ မည်သည့်လူသားမျှ ယင်းကို အသုံးပြုပိုင်ခွင့် မရှိတော့ပေ။ “ဘုရားသခင်သည် လူသားမျိုးနွယ်ကို ချစ်တော်မူသည် မဟုတ်လော။ သူသည် လူသားမျိုးနွယ်ကို ဝေမျှခွင့်ပြုလျှင် အဘယ်ဖြစ်သနည်း။ ယခု သင်သည် ရေမဆာသကဲ့သို့ ရေလည်းမလိုအပ်ပါ၊ သို့သော် ကျွန်ုပ် ရေဆာနေသည်၊ သို့ဖြစ်၍ ကျွန်ုပ် အဘယ်ကြောင့် မသောက်သုံးနိုင်ရမည်နည်း” ဟု ဆိုသော သူအချို့ ရှိသည်။ သို့သော် ထိုအခါ ဘုရားသခင် သဘောတူသည်၊ မတူသည်ကို သင် ကြည့်ရပေမည်။ အကယ်၍ ဘုရားသခင် သဘောတူပါက ဤသည်မှာ သူက သင့်အား အခွင့်အာဏာ ပေးအပ်ပြီးဖြစ်ကြောင်းနှင့် သင်၌ ယင်းကို အသုံးပြုပိုင်ခွင့် ရှိကြောင်း သက်သေပြသည်။ သို့သော် အကယ်၍ ဘုရားသခင် သဘောမတူပါက သင်၌ ယင်းကို အသုံးပြုပိုင်ခွင့် မရှိပေ။ သင့်၌ အခွင့်အာဏာမရှိသည့် အခြေအနေတွင်၊ ဘုရားသခင်က သင့်အား အခွင့်အာဏာ မပေးအပ်ထားသည့် အခြေအနေတွင် ဘုရားသခင်နှင့် သက်ဆိုင်သော အရာတစ်ခုခုကို အသုံးပြုခြင်းသည် ဘုရားသခင် အလွန်ရွံရှာစက်ဆုပ်ဆုံးဖြစ်သော ကြီးမားသည့် တားမြစ်ချက်တစ်ခုကို ချိုးဖောက်ခြင်း ဖြစ်ပေလိမ့်မည်။ ဘုရားသခင်သည် လူသား၏ ပြစ်မှားခြင်းများကို သည်းခံတော်မမူဟု လူတို့ အမြဲတမ်း ပြောဆိုနေကြသော်လည်း ဘုရားသခင်၏ စိတ်သဘောထားသည် အမှန်တကယ် မည်သို့ရှိသည်ကို၊ သို့မဟုတ် သူတို့ပြုလုပ်သော အရာများအနက် မည်သည့်အရာက သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားရန် အလားအလာအရှိဆုံးဖြစ်သည်ကို သူတို့ မည်သည့်အခါမျှ နားလည်ခြင်း မရှိခဲ့ကြပေ။ ဘုရားသခင်၏ ပူဇော်သက္ကာများ ကိစ္စတွင် လူများစွာတို့သည် ယင်းတို့ကို မိမိတို့သဘောအတိုင်း အသုံးပြုရန် သို့မဟုတ် ခွဲဝေရန်၊ မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒအရ အသုံးပြုရန်၊ ပိုင်ဆိုင်ရန် သို့မဟုတ် ဖြုန်းတီးပစ်ရန်ပင် အစဉ်သဖြင့် စိတ်ထဲ၌ ထားရှိကြသည်။ သို့သော် သင်တို့ကို ငါပြောမည်၊ သင်တို့ ကိစ္စချောပြီ။ သင်တို့ သေထိုက်သည်တကား။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်သည်။ ဘုရားသခင်သည် မည်သူ့ကိုမျှ သူ၏ ပိုင်ဆိုင်မှုများကို ထိတွေ့ခွင့် မပြုပေ၊ ထိုသို့သော သူ၏ ဂုဏ်သိက္ခာ ဖြစ်သည်။ လူတို့အား ဘုရားသခင်က ယင်းတို့ကို အသုံးပြုရန် အခွင့်အာဏာ ပေးအပ်သည့် အခြေအနေတစ်ခုတည်းသာ ရှိပြီး ယင်းမှာ အသင်းတော် စည်းမျဉ်းများနှင့် ယင်းတို့၏ အသုံးပြုမှုကို စိုးမိုးသော စည်းမျဉ်းများအရ ၎င်းတို့၏ သင့်လျော်သော အသုံးပြုမှု ဖြစ်သည်။ ဤကန့်သတ်ချက်များအတွင်း၌ ရှိနေခြင်းသည် ဘုရားသခင် လက်ခံနိုင်ဖွယ်ဖြစ်သော်လည်း ဤကန့်သတ်ချက်များ အပြင်ဘက်သို့ ကျော်လွန်သွားခြင်းသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်းနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ခြင်း ဖြစ်ပေလိမ့်မည်။ ယင်းမှာ ထိုမျှ တင်းကျပ်ပြီး ညှိနှိုင်းစရာနေရာ မကျန်ရစ်သည့်အပြင် အခြားရွေးချယ်စရာ နည်းလမ်းလည်း မရှိပေ။ ထို့ကြောင့် ပူဇော်သက္ကာများကို ဖြုန်းတီးခြင်း၊ တလွဲအသုံးပြုခြင်း သို့မဟုတ် ချေးငှားပေးခြင်းကဲ့သို့သော အမှုအရာများကို ပြုလုပ်သောသူတို့သည် ဘုရားသခင်၏ အမြင်တွင် အန္တိခရစ်များအဖြစ် သတ်မှတ်ခြင်း ခံရသည်။ အဘယ်ကြောင့် သူတို့ကို အန္တိခရစ်များအဖြစ် သတ်မှတ်ခြင်းကဲ့သို့ ထိုမျှ ပြင်းထန်စွာ ဆက်ဆံရသနည်း။ အကယ်၍ ဘုရားသခင်ကို ယုံကြည်သောသူတစ်ဦးသည် ဘုရားသခင်နှင့် သက်ဆိုင်ပြီး သန့်ရှင်းစေပြီးဖြစ်သော အရာဝတ္ထုများကို ထိတွေ့ရန်၊ အသုံးပြုရန် သို့မဟုတ် မိမိသဘောအတိုင်း ဖြုန်းတီးပစ်ရန်အထိပင် ရဲတင်းဝံ့လျှင် သူသည် မည်သို့သော လူစားမျိုး ဖြစ်သနည်း။ ထိုသို့သော ပုဂ္ဂိုလ်သည် ဘုရားသခင်၏ ရန်သူဖြစ်သည်။ ဘုရားသခင်၏ ရန်သူများသာလျှင် သူ၏ ပိုင်ဆိုင်မှုများအပေါ် ထိုသို့သော သဘောထားမျိုး ထားရှိကြမည် ဖြစ်သည်၊ သာမန် ဖောက်ပြန်ပျက်စီးသော မည်သည့်လူကမျှ ဤသို့ ပြုလုပ်မည်မဟုတ်၊ တိရစ္ဆာန်တစ်ကောင်ပင် ဤသို့ ပြုလုပ်မည်မဟုတ်၊ ဘုရားသခင်၏ ရန်သူများ၊ စာတန်နှင့် အဆင်းနီသော နဂါးကြီးတို့သာ ထိုသို့သော အမှုအရာမျိုးကို ပြုလုပ်ကြလိမ့်မည်။ ဤသည်မှာ လွန်လွန်ကဲကဲ ပြောဆိုခြင်းလော။ မဟုတ်ပါ၊ ဤသည်မှာ အချက်အလက်ဖြစ်ပြီး လုံးဝ တိကျမှန်ကန်သည်။ စာတန်၏အမျိုးအစားသည် ဘုရားသခင်နှင့် သက်ဆိုင်သော အရာများကို မည်သို့ ထိတွေ့နိုင်မည်နည်း။ ထိုသို့သော ဘုရားသခင်၏ ဂုဏ်သိက္ခာပင်တည်း။

၄။ ပူဇော်သက္ကာများကို လိမ်လည်လှည့်ဖြား၍ အသုံးပြုခြင်း

“ကျွန်ုပ်တို့ အသင်းတော်တွင် ထိုင်ခုံတစ်လုံး လိုနေသောကြောင့် ကျွန်ုပ်တို့အတွက် တစ်လုံး ဝယ်ပေးပါ။ ကျွန်ုပ်တို့ အသင်းတော်ရှိ ညီအစ်ကိုမောင်နှမအချို့သည် သူတို့၏ တာဝန်များကို ထမ်းဆောင်ရန်အတွက် အသုံးပြုရန် ကွန်ပျူတာ မရှိကြသောကြောင့် ကျွန်ုပ်တို့အတွက် မက်ခ်ကွန်ပျူတာ တစ်လုံး ဝယ်ပေးပါ။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အလုပ်အတွင်း လူများနှင့် မကြာခဏ ဆက်သွယ်ရပြီး ကျွန်ုပ်တို့၌ ဖုန်းတစ်လုံး မရှိလျှင် အလုပ်မဖြစ်နိုင်သောကြောင့် ကျွန်ုပ်တို့အတွက် အိုင်ဖုန်းတစ်လုံး ဝယ်ပေးပါ။ သို့သော် တစ်လုံးတည်း ရှိရုံမျှဖြင့် မကောင်းပါ၊ ယင်းမှာ အလွန် အဆင်မပြေ ဖြစ်ပါလိမ့်မည်၊ အကြောင်းမှာ တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် လူအမျိုးမျိုးနှင့် ဆက်သွယ်ရသောကြောင့် ဖြစ်သည်။ ပြီးလျှင် လိုင်းတစ်လိုင်းတည်းမှာလည်း စောင့်ကြည့်စစ်ဆေးခြင်း ခံရရန် အလွန် လွယ်ကူပါသည်၊ ထို့ကြောင့် ကျွန်ုပ်တို့ လိုင်းအချို့ ရရှိမှသာ အဆင်ပြေပါလိမ့်မည်” ဟု ဆိုလျက် အကြောင်းပြချက် အမျိုးစုံပေးကာ ဘုရားသခင်၏ မိသားစုထံမှ ငွေကြေးနှင့် ပစ္စည်းများတောင်းဆိုသော အခြားလူအချို့လည်း ရှိသည်။ ဤသို့ဖြင့် ဤလူအချို့သည် သူတို့ထံ၌ လက်ကိုင်ဖုန်း လေးငါးလုံး ရှိကြပြီး တစ်ချိန်တည်းတွင် လက်ပ်တော့ပ် နှစ်လုံး သို့မဟုတ် သုံးလုံးကို သယ်ဆောင်သွားလာကြသည်။ သူတို့၌ အလွန် အထင်ကြီးလောက်ဖွယ် အသွင်အပြင် ရှိသော်လည်း သူတို့၏ အလုပ်လုပ်ဆောင်မှုမှာမူ ညံ့ဖျင်းလှသည်။ သူတို့သည် ဤပစ္စည်းအားလုံးကို မည်သို့ ရရှိခဲ့ကြသနည်း။ သူတို့သည် ယင်းတို့အားလုံးကို လိမ်လည်လှည့်ဖြား၍ ရယူခဲ့ကြခြင်း ဖြစ်သည်။ ယခင်က ငါတို့သည် အန္တိခရစ်စစ်စစ်တစ်ဦးဖြစ်သော စဉ်းစားဉာဏ်မဲ့သည့် အမျိုးသမီးတစ်ဦးအကြောင်း ပြောဆိုခဲ့ဖူးသည်။ ဘုရားသခင်၏ အိမ်တော်က အသင်းတော် အဆောက်အအုံတစ်ခုကို ပြန်လည်ပြုပြင်နေစဉ် သူသည် အသင်းတော်၏ ငွေကို လိမ်လည်လှည့်ဖြား၍ အသုံးပြုရန် လူတစ်ယောက်နှင့် ပူးပေါင်းခဲ့ရာ ဘုရားသခင်၏ အိမ်တော်အတွက် အတော်ပင်များပြားသော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့သည်။ ဤလူသည် ပြန်လည်ပြုပြင်မှုများကို လုပ်ဆောင်သောအခါ သူသည် ဘာသာတရားမရှိသော ကန်ထရိုက်တာတစ်ဦး ပြုလုပ်နိုင်သည့် နည်းလမ်းအတိုင်းပင် ကြားမှ အမြတ်ထုတ်ခဲ့ပြီး သူဝယ်ယူခဲ့သော အရာအားလုံးကို စျေးကြီးသောပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူကာ အပိုငွေ အမြောက်အမြားကို သုံးစွဲခဲ့သည်။ လူအချို့က ပြဿနာတစ်ခု ရှိနေသည်ကို သတိပြုမိသောအခါ ဤအသိဉာဏ်မဲ့သည့် အမျိုးသမီးသည် ဤအရာကို ဖုံးကွယ်ပြီး ဝှက်ထားရန် သူ့ကို ကူညီခဲ့ကာ ဘုရားသခင်၏ အိမ်တော်မှ ငွေများကို သူတို့နှစ်ဦး အတူတကွ လိမ်လည်ခဲ့ကြသည်။ အဆုံးတွင် သူတို့ အမှုပေါ်သွားပြီး သူတို့နှစ်ဦးလုံး နှင်ထုတ်ခြင်း ခံခဲ့ရသည်။ ဤအရာ၌ သူတို့သည် ကိုယ့်သေတွင်းကိုယ်တူးခဲ့ကြပြီး မိမိတို့၏ အသက်များကို ဖျက်ဆီးခဲ့ကြသည်။ ချူသံပါအောင် ညည်းညူခြင်းက သူတို့ကို အကျိုးတစ်စုံတစ်ရာ ပြုခဲ့သလော။ အဆုံးတွင် အမှုအရာများ ဤသို့ ဖြစ်လာခဲ့သည်ဖြစ်၍ အစကတည်းက သူတို့ အဘယ်ကြောင့် ထိုသို့ ပြုမူခဲ့ကြသနည်း။ ထိုအသိဉာဏ်မဲ့သည့် အမျိုးသမီးသည် ပူဇော်သက္ကာများကို လိမ်လည်လှည့်ဖြား၍ အသုံးပြုနေစဉ် အဘယ်ကြောင့် အမှုအရာများကို သေချာစွာ မစဉ်းစားခဲ့သနည်း။ ဘုရားသခင်၏ အိမ်တော်က သူ့ကို နှင်ထုတ်ပြီး ငွေပြန်ပေးခိုင်းခြင်းသည် လွန်ကဲခဲ့သလော။ (မဟုတ်ပါ၊ မလွန်ကဲခဲ့ပါ။) နည်းပင်နည်းသေးသည်။ ဤသို့သော လူစားမျိုးသည် သနားကြင်နာမှုနှင့် မထိုက်တန်ပေ။ သူတို့နှင့်ပတ်သက်၍ သနားကရုဏာ ထား၍မရပေ။ ထို့နောက် ကျွန်ုပ်တို့ ယခင်က ပြောဆိုခဲ့သော အမျိုးသမီးခေါင်းဆောင်တစ်ဦးလည်း ရှိသေးသည်။ သူသည် အသင်းတော်၏ ငွေအမြောက်အမြားကို လျှို့ဝှက်စွာ ယူငင်ပြီး ဘာသာတရားမရှိသူတစ်ဦးထံ ချေးငှားခဲ့သည်။ နောက်ပိုင်းတွင် သူလည်း ကိုင်တွယ်ဖြေရှင်းခြင်း ခံခဲ့ရသည်။ အချို့သူများ မိမိတို့ဘာသာ ဤသို့ တွေးထင်ကောင်း တွေးထင်နိုင်သည်၊ “သူက ငွေအနည်းငယ် ချေးငှားခဲ့ခြင်းသာ မဟုတ်လော။ သူ့ကို ပြန်ဆပ်ခိုင်းပြီး ဤနေရာတွင် ထားလိုက်ကြစို့။ အဘယ်ကြောင့် သူ့ကို ဖယ်ရှားပစ်ရသနည်း။ ယင်းမှာ အတော်အတန် ကောင်းမွန်သော လူတစ်ဦးသည် မျက်စိတစ်မှိတ်တွင် ဘာသာတရားမရှိခြင်း ဖြစ်သွားပြီး စားဝတ်နေရေးအတွက် အပြင်ထွက် အလုပ်ရှာဖို့ လိုအပ်သည့်သဘော ဖြစ်လေသည်။ သူသည် သနားစရာကောင်းပါတကား” ဟူ၍ဖြစ်သည်။ ဤသူသည် သနားစရာ ကောင်းသလော။ အဘယ်ကြောင့် သူသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်ဟု သင် မပြောသနည်း။ အဘယ်ကြောင့် သူပြုလုပ်ခဲ့သော အမှုအရာများကို သင် မကြည့်သနည်း။ သူပြုလုပ်ခဲ့သည့်အရာသည် သင်၏ တစ်သက်တာလုံးအတွက် သင့်ကို စက်ဆုပ်ရွံရှာစေရန် လုံလောက်ပြီး သင်ကမူ သူ့ကို သနားနေပါတကား။ သူ့ကို သနားသောသူများမှာ မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ သူတို့အားလုံးသည် ငတုံးများနှင့် လူတိုင်းအပေါ် မဆင်မခြင် ကြင်နာမှုပြသောသူများ ဖြစ်ကြသည်။

၅။ ပူဇော်သက္ကာများကို ခိုးယူခြင်း

အသင်းတော်၏ ဘဏ္ဍာရေးကို ထိန်းချုပ်သည့် အန္တိခရစ်များ၏ နောက်ဆုံး သရုပ်သကန်တစ်ခု ရှိသေးပြီး ယင်းမှာ ပူဇော်သက္ကာများကို ခိုးယူခြင်း ဖြစ်သည်။ စဉ်းစားဉာဏ်မဲ့သော လူအချို့သည် ပူဇော်သက္ကာများ ပူဇော်ဆက်ကပ်သောအခါ “ညာလက်ပြုသောအမှုကို ဘယ်လက်မျှ မသိစေနှင့်” ဟူသော စည်းမျဉ်းကို စွဲကိုင်ကြပြီး ထို့နောက် သူတို့ ပူဇော်ဆက်ကပ်နေသော အလှူငွေများကို သူတို့ ယုံကြည်စိတ်ချနိုင်ခြင်း ရှိမရှိပင် မသေချာသော လူတစ်ဦး၏ လက်ထဲသို့ ထည့်လိုက်ကြသည်။ သူတို့က “ကျွန်ုပ် ဤတစ်ကြိမ် ပူဇော်ဆက်ကပ်သော ပူဇော်သက္ကာသည် တော်တော်လေး များပြားသော ပမာဏဖြစ်သည်၊ ထို့ကြောင့် အခြားမည်သူ့ကိုမျှ ဤအကြောင်းကို မသိစေနှင့်၊ စာရင်းစာအုပ်ထဲတွင်လည်း ယင်းကို မထည့်နှင့်။ ကျွန်ုပ်သည် ဤအရာကို အခြားလူများရှေ့မှောက်၌ မဟုတ်ဘဲ ဘုရားသခင်ရှေ့မှောက်၌ ပြုလုပ်နေခြင်း ဖြစ်သည်။ ဘုရားသခင် ဤအကြောင်းကို သိနေသရွေ့ အဆင်ပြေပါသည်။ အကယ်၍ ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများကို သိစေမည်ဆိုလျှင် သူတို့သည် ကျွန်ုပ်ကို ကိုးကွယ်ကြဖွယ် ရှိသည်။ ထို့ကြောင့် သူတို့ ကျွန်ုပ်ကို အထင်ကြီးခြင်းမှ ရှောင်ရှားရန်အလို့ငှာ ကျွန်ုပ်သည် ဤအရာကို လျှို့ဝှက်စွာ ပြုလုပ်နေခြင်း ဖြစ်သည်” ဟု ဆိုကြသည်။ ဤသို့ ပြုလုပ်ပြီးနောက် သူတို့သည် မိမိတို့ကိုယ်ကို အလွန် ကျေနပ်နေကြပြီး “ငါသည် ငါ၏ ပူဇော်သက္ကာကို စည်းမျဉ်းကျသောနည်းလမ်း၊ ခပ်လျှိုလျှိုနှင့် အေးဆေးတည်ငြိမ်သော နည်းလမ်းဖြင့် ပူဇော်ဆက်ကပ်ခဲ့သည်၊ ယင်းကို မှတ်တမ်းမတင်ဘဲ ထားရှိခဲ့ပြီး ညီအစ်ကိုမောင်နှမများထဲမှ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အသိမပေးဘဲ ပူဇော်ဆက်ကပ်ခဲ့သည်” ဟု တွေးထင်ကြသည်။ သို့သော် ဤစဉ်းစားဉာဏ်မဲ့သော ပြုလုပ်ပုံနည်းလမ်းသည် လောဘကြီးသောလူများ အမြတ်ထုတ်ရန်အတွက် အခွင့်အလမ်းတစ်ခုကို ဖန်တီးပေးခဲ့သည်။ ပူဇော်သက္ကာကို ပူဇော်ဆက်ကပ်ပြီးသည်နှင့်တစ်ပြိုင်နက် သူတို့ ပေးအပ်ခဲ့သော အန္တိခရစ်သည် ယင်းကို ဘဏ်ထဲ၌ သွား၍ အပ်နှံလိုက်ပြီး မိမိ၏ ကိုယ်ပိုင်အဖြစ် ယူငင်လိုက်သည်။ ပြီးလျှင် သူတို့သည် ပူဇော်သက္ကာကို ပူဇော်ဆက်ကပ်သောသူကိုပင် ဤသို့ ပြောကြလိမ့်မည်၊ “နောက်တစ်ကြိမ် သင် လှူဖွယ်ပစ္စည်း ပူဇော်ဆက်ကပ်သောအခါ သင်သည် ယင်းကို ထိုနည်းအတိုင်းပင် ပူဇော်ဆက်ကပ်ရမည်။ ဤနည်းအတိုင်း ပူဇော်ဆက်ကပ်ခြင်းသည် မှန်ကန်ပြီး စည်းမျဉ်းများနှင့် ကိုက်ညီသည်၊ ပူဇော်သက္ကာများ ပူဇော်ဆက်ကပ်စဉ် ခပ်လျှိုလျှို နေရမည်။ ဘုရားအိမ်တော်က လူတို့ကို ပူဇော်သက္ကာများ ပူဇော်ဆက်ကပ်ရန် မတောင်းဆိုဖို့ ပြောဆိုခဲ့ပြီးဖြစ်သည်။ ဤသည်မှာ လူတို့ကို ခပ်လျှိုလျှိုနေရန်၊ သူတို့၏ ပူဇော်သက္ကာများကို ပူဇော်ဆက်ကပ်ပြီးသည့်တိုင် ယင်းအကြောင်းကို မပြောဆိုရန်၊ သို့မဟုတ် ပေးအပ်ခဲ့သော ပမာဏကိုလည်း မထုတ်ဖော်ရန်၊ မည်သူ့ကို ပေးအပ်ခဲ့သည်ကို သာ၍ပင် မပြောဆိုရန် တောင်းဆိုနေခြင်း ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤပူဇော်သက္ကာကို ပူဇော်ဆက်ကပ်ခဲ့သောသူသည် လူတို့ကို ထွင်းဖောက်မြင်နိုင်သလော။ အဘယ်ကြောင့် သူတို့ ထိုသို့ မိုက်မဲသော လှုပ်ရှားမှုမျိုးကို ပြုလုပ်ကြမည်နည်း။ လူ့စိတ်နှလုံး မည်မျှ ကောက်ကျစ်ဆိုးယုတ်ပြီး အန္တရာယ်ပြုတတ်သည်ကို လုံးဝ မသိမြင်ဘဲ သူတို့သည် ဤလူအပေါ် ထိုမျှ ယုံကြည်မှုအားလုံးကို ထားရှိခဲ့ကြပြီး အဆုံးတွင် သူတို့၏ ငွေများ အခိုးခံခဲ့ရသည်။ ဤသည်မှာ တစ်စုံတစ်ယောက်က အန္တိခရစ်တစ်ဦးကို အခွင့်အလမ်း ပေးအပ်ခဲ့ပြီး သူတို့ကို ငွေခိုးယူခွင့် ပြုခဲ့သည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။ သို့သော် အခွင့်အလမ်း မပေးအပ်ဘဲ အန္တိခရစ်တစ်ဦး ငွေခိုးယူနိုင်ဆဲဖြစ်သော ကိစ္စရပ်တစ်ခု ရှိသလော။ လူတစ်ဦးသည် စာရင်းများ ထိန်းသိမ်းနေစဉ် မှားယွင်းသော ပမာဏကို တမင်တကာ မှတ်တမ်းတင်ပြီး သို့မဟုတ် ပိုနည်းသော ပမာဏကို မှတ်တမ်းတင်ပြီး လူများ အာရုံမစိုက်နေချိန်တွင် ငွေကို တစ်ကြိမ်လျှင် အနည်းငယ်စီ ခိုးကြောင်ခိုးဝှက် ထုတ်ယူသည့် ကိစ္စရပ်များ ရှိသလော။ ဤသို့သော လူစားမျိုး တော်တော်များများ ရှိကြသည်။ ထိုသို့သော လူများသည် ဥစ္စာဓနကို အလိုကြီးကြသည်၊ သူတို့၏ အကျင့်စရိုက်သည် နိမ့်ကျပြီး မလိုမုန်းထားတတ်ကြကာ အခွင့်အရေး ရရှိသရွေ့ မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။ “အခွင့်အလမ်းသည် ပြင်ဆင်ထားသူများကို မျက်နှာသာပေးသည်” ဟူသော ဆိုရိုးစကားတစ်ခု ရှိသည်။ လောဘမရှိသော လူများသည် ဤအရာများကို အာရုံမစိုက်ကြသော်လည်း လောဘကြီးသော လူများမှာမူ အမြဲတမ်း အာရုံစိုက်ကြသည်။ သူတို့၏ စိတ်များသည် ငွေနှင့်ပတ်သက်လာလျှင် အကြံအစည်များ ဖန်တီးရန်နှင့် အမြတ်ထုတ်ဖို့ အခွင့်အလမ်းများကို ရှာဖွေရန်၊ သူတို့ မည်သို့ အခွင့်ကောင်းယူနိုင်ပြီး ငွေကို ခိုးကြောင်ခိုးဝှက် သုံးစွဲနိုင်သည်ကို တွက်ချက်ရန် အစဉ်မပြတ် တွေးတောနေကြသည်။

ဤသို့သော လူနုံလူအ အမျိုးသမီးတစ်ဦး ရှိခဲ့သည်။ တစ်ကြိမ်တွင် ငါ သူနှင့် စကားပြောနေသည့်အချိန်တွင် အသင်းတော်က စာအုပ်အချို့ကို ပုံနှိပ်လိုသည့်အကြောင်းအရာကို ငါ ထုတ်ဖော်ပြောကြားခဲ့ပြီး ပုံနှိပ်ခြင်းနှင့်ပတ်သက်၍ သူ တစ်စုံတစ်ရာ သိရှိခြင်း ရှိမရှိကို မေးမြန်းခဲ့သည်။ သူသည် သဘောတရားများ တစ်ပုံတစ်ပင်ဖြင့် တုံ့ပြန်ခဲ့ပြီး ထို့နောက် ချက်ချင်းပင် ဤသို့ ဆက်လက်ပြောဆိုခဲ့သည်၊ “ပုံမှန်အားဖြင့် ပုံနှိပ်စက်များသည် စာအုပ်များ ပုံနှိပ်သည့်အခါ ကော်မရှင်ခ ပေးကြသည်။ အကယ်၍ ကျွန်ုပ်တို့သည် ဘာသာတရားမရှိသူတစ်ဦးကို ဤအလုပ်ကို လုပ်ဆောင်စေမည်ဆိုလျှင် မသမာသော လုပ်ရပ်အမြောက်အမြား အသေအချာ ရှိနေမည်ဖြစ်ပြီး သူတို့သည် မိမိတို့ကိုယ်တိုင်အတွက် တိတ်တိတ်ပုန်း အမြတ်အစွန်း အမြောက်အမြားကို အသေအချာ ရရှိကြလိမ့်မည်” ဟူ၍ ဖြစ်သည်။ သူ စကားပြောနေစဉ် သူသည် ဝမ်းမြောက်မှုဖြင့် ပြုံးရွှင်လာခဲ့သည်။ သူ၏ မျက်လုံးများ တောက်ပလာသည်၊ သူ၏ မျက်ခုံးများ နဖူးပေါ်၌ အလွန်ပင် ပင့်တက်လာသည်၊ သူ၏ ပါးပြင်များ နီမြန်းလာခဲ့ပြီး သူ ပျော်ရွှင်ကာ စိတ်လှုပ်ရှားလာခဲ့သည်။ ငါ့စိတ်ထဲ၌ ဤသို့ တွေးထင်မိသည်၊ “အကယ်၍ သင်သည် ဤပုံနှိပ်ခြင်းအလုပ်ကို ကိုင်တွယ်နိုင်ပါက ယင်းကို တာဝန်ယူလော့၊ ပြီးလျှင် သင် ဤအကြောင်း မည်မျှပင် သိရှိသည်ဖြစ်စေ၊ ထိုမျှလောက်သာ ငါ့ကို ပြောလော့။ သင် အဘယ်ကြောင့် ထိုမျှ စိတ်လှုပ်ရှားနေရသနည်း” ဟူ၍ ဖြစ်သည်။ သို့သော် ငါ ဤအရာကို ငါ့စိတ်ထဲ၌ စတင်၍ ပြန်လည်စဉ်းစားမိသည်နှင့်တစ်ပြိုင်နက် ငါ အဖြေရှာတွေ့ခဲ့သည်၊ ဤနေရာ၌ အမြတ်အစွန်း ရရှိနိုင်စရာ ရှိနေသည်။ ပုံနှိပ်ခြင်းကို မည်သို့ လုပ်ဆောင်ရမည်၊ မည်သည့်စာအုပ်များကို ပုံနှိပ်ရမည်၊ အရည်အသွေး မည်သို့ ဖြစ်မည်၊ သို့မဟုတ် ပုံနှိပ်တိုက်ကို မည်သို့ ရှာဖွေရမည်တို့ကို သူ လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိခဲ့ပေ၊ သူ ဂရုစိုက်ခဲ့သည့်အရာအားလုံးမှာ အမြတ်ဝေစု ရယူရန်သာ ဖြစ်သည်။ မည်သည့်အရာမျှ လုပ်ဆောင်ပြီးခြင်း မရှိသေးဘဲ သူသည် ရာခိုင်နှုန်းခွဲတမ်း ရယူခြင်းအကြောင်းကို ပြောဆိုနေခဲ့ပြီးဖြစ်သည်။ ငါ တွေးထင်မိသည်မှာ “ဆင်းရဲမွဲတေမှုက သင့်ကို စိတ်ဖောက်ပြန်သွားစေခဲ့ပြီ ဖြစ်ရမည်။ ဘုရားသခင်၏ အိမ်တော်အတွက် စာအုပ်များ ပုံနှိပ်ရာ၌ ရာခိုင်နှုန်းခွဲတမ်း ရရှိရန် သင် မည်သို့ မျှော်လင့်နိုင်မည်နည်း။ စာအုပ်များ ဖြန့်ဝေသောအခါ ဘုရားသခင်၏ အိမ်တော်သည် တစ်ပြားတစ်ချပ်မျှ အမြတ်မယူပေ၊ အရာအားလုံးကို အခမဲ့ ပေးအပ်ပြီး သင်ကမူ အမြတ်ဝေစု ရယူလိုသည်လော” ဟူ၍ ဖြစ်သည်။ ဤအမျိုးသမီးသည် ကိုယ့်သေတွင်းကိုယ်တူးနေခြင်း မဟုတ်လော။ ဘုရားသခင်၏ အိမ်တော်က သူ့ကို ဤအလုပ်ကို တာဝန်ယူခွင့်ပြုရန် သဘောတူညီခြင်း မရှိသေးမီ ငါက စုံစမ်းမေးမြန်းရုံမျှ ပြုလုပ်နေစဉ်တွင်ပင် သူသည် အမြတ်ဝေစု ရယူခြင်းအကြောင်းကို ပြောဆိုနေခဲ့ပြီးဖြစ်သည်။ အကယ်၍ ဤအလုပ်ကို သူ၏လက်ထဲသို့ အမှန်တကယ် အပ်နှံခဲ့မည်ဆိုလျှင် သူသည် ရာခိုင်နှုန်းခွဲတမ်း ရယူရုံမျှဖြင့် ရပ်တန့်မည်မဟုတ်ဘဲ သူသည် ငွေအားလုံးကို ယူဆောင်ထွက်ပြေးသွားနိုင်ဖွယ် အလွန် ရှိသည်၊ သင် သူ့ကို မည်မျှပင် ပေးအပ်သည်ဖြစ်စေ ထိုမျှလောက် သူ သင့်ကို လိမ်လည်လှည့်ဖြားမည်ဖြစ်ပြီး ထိုမျှလောက် သူ ခိုးယူလိမ့်မည်။ ငါ လွန်လွန်ကဲကဲ ပြောဆိုနေသလော။ ဤစဉ်းစားဉာဏ်မဲ့သော အမျိုးသမီးသည် အမှန်ပင် အတော်ဆိုးသည့် လူစားမျိုးပင် မဟုတ်လော။ အကယ်၍ သင် ငါ့ကို မေးလျှင် သူသည် သူ ရယူနိုင်သော မည်သည့်ငွေကိုမဆို ရယူဝံ့သော ဓားပြတစ်ဦးနှင့် လူဆိုးလူသွမ်းတစ်ဦး ဖြစ်ခဲ့သည်။ ဘုရားသခင် ဤအရာကို သဘောတူညီခြင်း ရှိမရှိ မေးမြန်းခြင်းကို လောလောဆယ် ဘေးဖယ်ထားပြီး ညီအစ်ကိုမောင်နှမများကိုသာ သူ ဤအရာကို အသိစိတ်ဖြင့် ကိုင်တွယ်ခြင်း ရှိမရှိ၊ သူ ကိုင်တွယ်သည့်ပုံစံကို သူတို့ လက်ခံနိုင်ခြင်း ရှိမရှိ နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ သူ့ကို ခွင့်လွှတ်နိုင်ခြင်း ရှိမရှိ မေးမြန်းကြည့်ကြစို့။

ထို့နောက် စကားထဲထည့်ပြောရန်ပင် စက်ဆုပ်ရွံရှာဖွယ် ကောင်းသော လူအချို့ ရှိသေးသည်။ သူတို့သည် ဘုရားသခင်၏ အိမ်တော်အတွက် အလုပ်တစ်ခုကို တာဝန်ယူသောအခါ သူတို့သည် ဈေးနှုန်းမြှင့်တင်ရန် ဘာသာတရားမရှိသူများနှင့် ပူးပေါင်းကြပြီး ဘုရားသခင်၏ အိမ်တော်ကို မတန်တဆ ပမာဏကို ပေးချေစေကာ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည်။ အကယ်၍ သင်က ယင်းကို လက်မခံကြောင်းဖြစ်စေ၊ သူတို့၏ အဆိုပြုချက်ကို သဘောတူမည် မဟုတ်ကြောင်းဖြစ်စေ ပြောဆိုပါက သူတို့သည် အလွန် စိတ်ဆိုးကြလိမ့်မည်ဖြစ်ပြီး သင့်ကို ဖျောင်းဖျရန် သို့မဟုတ် သင့်ကို တားဆီးရန် ဤအရာ၊ ထိုအရာနှင့် အခြားအရာများကို ကြိုးစားကာ အသင်းတော်မှ ငွေကို ရယူကြလိမ့်မည်။ ငွေကို ဘာသာတရား မရှိသူများထံ ပေးအပ်ပြီးသည့်အခါ သူတို့ အကျိုးအမြတ် ရရှိပြီး သူတို့၏ ဂုဏ်သတင်းလည်း တိုးတက်လာသည့်အချိန်တွင် သူတို့သည် ထီပေါက်ခဲ့သကဲ့သို့ ပျော်ရွှင်ကြသည်။ ဤသည်မှာ ကျွေးသောလက်ကို ပြန်ကိုက်ခြင်း၊ ပူဇော်သက္ကာများကို ဖြုန်းတီးခြင်းနှင့် ဘုရားသခင်၏ အိမ်တော်အတွက် အနည်းငယ်မျှသော အကျိုးကျေးဇူးကိုမျှ ရရှိရန် မည်သည့်အခါမျှ မကြိုးစားခြင်း ဖြစ်သည်။ စာအုပ်များ ပုံနှိပ်ခြင်းကို တာဝန်ယူခဲ့သော ထိုစဉ်းစားဉာဏ်မဲ့သော အမျိုးသမီးများကို အဘယ်ကြောင့် ဖြုတ်ချခဲ့သနည်း။ အကြောင်းမှာ သူတို့သည် ဘုရားသခင်၏ အိမ်တော်ကို ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ပြီး မဆင်မခြင် ပြုမူခဲ့သောကြောင့် ဖြစ်သည်။ သူတို့သည် ဘာသာတရားမရှိသူများနှင့် ညှိနှိုင်းသောအခါ ဈေးနှုန်းကို တတ်နိုင်သမျှ အပြင်းအထန် ဖိနှိပ်ခဲ့ကြသည်မှာ ဈေးနှုန်းက ထုတ်လုပ်မှု ကုန်ကျစရိတ်ထက်ပင် နိမ့်ကျသွားသည့်အထိ၊ စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး ဘာသာတရားမရှိသူများက သူတို့နှင့် စီးပွားရေး မလုပ်လိုတော့သည့်အထိ ဖြစ်ခဲ့သည်။ အဆုံးတွင် ဘာသာတရားမရှိသူများက အင်တင်တင်ဖြင့် သဘောတူခဲ့ကြသော်လည်း အရည်အသွေးမှာမူ အလွန်အမင်း ကျဆင်းသွားခဲ့သည်။ ငါ့ကို ပြောလော့၊ အရှုံးခံ၍ လိုလိုလားလား စီးပွားရေးလုပ်မည့်သူ လူတစ်ဦးတစ်ယောက်မျှ ရှိသလော။ ဤလောကရှိ လူတို့သည် အသက်ရှင်ရပ်တည်ရန် လိုအပ်ပြီး စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရာ၌ သူတို့သည် ထုတ်လုပ်မှု ကုန်ကျစရိတ်အပြင် သူတို့၏ စားဝတ်နေရေးစရိတ်များနှင့် လုပ်အားခများကို ပေးချေရန် လုံလောက်သောငွေကို ရှာဖွေကြရမည်ဖြစ်သည်။ ဤအမျိုးသမီးများသည် ဤဘာသာတရား မရှိသူများကို ငွေတစ်စုံတစ်ရာမျှ အမြတ်မရရှိစေခဲ့ဘဲ ဈေးနှုန်းကို ဆင်ခြင်တုံတရားမရှိသော နည်းလမ်းဖြင့် ညှိနှိုင်းခဲ့ကြပြီး တတ်နိုင်သမျှ အပြင်းအထန် ဖိနှိပ်ခဲ့ကြကာ တစ်ချိန်လုံး သူတို့သည် ဘုရားသခင်၏ အိမ်တော်အတွက် ငွေသက်သာအောင် လုပ်ဆောင်နေသည်ဟု တွေးထင်နေခဲ့ကြသည်၊ ပြီးလျှင် အဆုံးတွင် မည်သို့ ဖြစ်ခဲ့သနည်း။ အခြားတစ်ဖက်ကမူ အလုပ်၏ အရည်အသွေးနှင့် ချုပ်လုပ်မှုအပေါ် လျှော့ပေါ့လုပ်ဆောင်ခဲ့ကြသည်။ အကယ်၍ သူတို့သည် ဤနေရာ၌ လိုငွေကို မဖြည့်ဆည်းခဲ့ပါက၊ သူတို့ အရှုံးခံရမည် မဟုတ်လော။ အကယ်၍ သူတို့ အရှုံးခံခဲ့ရမည်ဆိုလျှင် သူတို့ အလုပ်ကို လုပ်ဆောင်ခဲ့ကြမည်လော။ ထိုအမျိုးသမီးများကို အသာစီးရသွားသည်ကို သူတို့ ခံနိုင်စွမ်း ရှိကြမည်လော။ ယင်းမှာ မဖြစ်နိုင်ပေ။ အကယ်၍ သူတို့သည် ထိုအမျိုးသမီးများကို အသာစီးရစေရန် ခွင့်ပြုခဲ့လျှင် သူတို့သည် စီးပွားရေးလုပ်ငန်း လုပ်ဆောင်နေခြင်း မဟုတ်ဘဲ ပရဟိတလုပ်ငန်း လုပ်ဆောင်နေခြင်း ဖြစ်ပေလိမ့်မည်။ ထိုစဉ်းစားဉာဏ်မဲ့သော အမျိုးသမီးများသည် ဤအရာကို ထွင်းဖောက်မြင်နိုင်ခြင်း မရှိခဲ့ကြဘဲ သူတို့သည် ဘုရားသခင်၏ အိမ်တော်အတွက် တာဝန်ကို ဤနည်းအတိုင်း ကိုင်တွယ်ခဲ့ကြပြီး အရာအားလုံးကို လုံးဝ ရှုပ်ထွေးသွားစေခဲ့သည်။ အဆုံးတွင် သူတို့သည် ဆင်ခြေများဖြင့် ပြည့်နေဆဲဖြစ်ပြီး ဤသို့ ဆိုကြသည်၊ “ကျွန်မ ဘုရားသခင်၏ အိမ်တော်အတွက် စဉ်းစားနေခဲ့ခြင်းဖြစ်သည်။ ကျွန်မ ဘုရားသခင်ရဲ့ အိမ်တော်အတွက် ငွေအကုန်အကျ သက်သာစေရန် လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။ တစ်ပြားသက်သာလျှင် တစ်ပြားချွေတာပြီးဖြစ်ကာ နှစ်ပြားသက်သာလျှင် တစ်ပြားအမြတ်ရခြင်းဖြစ်သည်” ဟူ၍ ဖြစ်သည်။ သူတို့သည် အဓိပ္ပာယ်မဲ့သော စကားများကို လေပန်းနေခဲ့ကြသည်။ လုပ်ငန်းဆိုင်ရာ စည်းမျဉ်းများဟု ဆိုလိုသည့်အရာကို သူတို့ သိရှိခဲ့ကြသလော။ လက်ခံကျင့်သုံးနေသော ကျင့်ထုံးများနှင့် ဆင်ခြင်တုံတရားရှိခြင်းအားဖြင့် ဆိုလိုသည့်အရာကို သူတို့ သိရှိခဲ့ကြသလော။ သို့ဖြစ်၍ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ စာအုပ်အချို့မှာ အရည်အသွေး အလွန် ညံ့ဖျင်းခဲ့ပြီး အကြိမ်အနည်းငယ် လှန်လှောပြီးနောက် စာမျက်နှာများ စတင်၍ ပြုတ်ထွက်လာကာ စာအုပ်တစ်အုပ်လုံး တစ်စစီဖြစ်ကုန်ပြီး ဖတ်ရှုရန် မဖြစ်နိုင်တော့သဖြင့် အရာအားလုံးကို ပြန်လည်ပုံနှိပ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ ဤသည်မှာ ငွေချွေတာခြင်းလော၊ သို့မဟုတ် ပို၍ ကုန်ကျခြင်းလော။ (ပို၍ ကုန်ကျခြင်း ဖြစ်ပါသည်။) ဤသည်မှာ ထိုစဉ်းစားဉာဏ်မဲ့သော အမျိုးသမီးများ ဖြစ်ပေါ်စေခဲ့သော အရှုံးကြီးရှုံးခြင်း ဖြစ်ခဲ့သည်။

အန္တိခရစ်များ ပူဇော်သက္ကာများကို ကိုင်တွယ်ပုံ နည်းလမ်းသည် စည်းမျဉ်းနှင့် လူ့သဘာဝ လုံးဝကင်းမဲ့နေပြီး သူတို့၏ ကောက်ကျစ်ဆိုးယုတ်ပြီး ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား၏ ခိုင်လုံသော သက်သေသာဓက ဖြစ်သည်ဟူသော အချက်ပင်ဖြစ်သည်။ သူတို့ ပူဇော်သက္ကာများနှင့် ဘုရားသခင်နှင့် သက်ဆိုင်သမျှအရာအားလုံးကို ကိုင်တွယ်ပုံနည်းလမ်းမှ အကဲဖြတ်ရလျှင် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားသည် ဘုရားသခင်ကို အမှန်တကယ် ဆန့်ကျင်သည်။ သူတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော ပူဇော်သက္ကာများကို အဆုံးစွန် မထီမဲ့မြင်ပြုခြင်းဖြင့် မှတ်ယူကြပြီး သူတို့အလိုရှိသလို ကပြက်ကချော် လုပ်ကာ သဘောထားပြုမူကြလျက် လေးစားမှု တစ်စက်တစ်မျှ မပြဘဲ စည်းတစ်စက်မျှ မထားရှိကြချေ။ အကယ်၍ သူတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော အရာများကို သဘောထားပြုမူရာ၌ ဤသို့ဖြစ်နေပါက သူတို့သည် ဘုရားသခင်ကိုယ်တော်တိုင်ကို မည်သို့ ဆက်ဆံကြမည်နည်း။ သို့မဟုတ် ကိုယ်တော် မိန့်ကြားခဲ့သော နှုတ်ကပတ်တော်များကိုကော မည်သို့ ဆက်ဆံကြသနည်း။ အဖြေမှာ သိသာထင်ရှားပါသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ သဘာဝအနှစ်သာရ၊ ကောက်ကျစ်ဆိုးယုတ်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ လွှမ်းမိုးနေသော အန္တိခရစ်တစ်ဦး၏ အနှစ်သာရ ဖြစ်သည်၊ ဤသည်မှာ အန္တိခရစ်တစ်ဦးသဖွယ် ဖြစ်သည်။ ဤအရာကို မှတ်သားထားလော့၊ ပူဇော်သက္ကာများကို ဖြုန်းတီးခြင်း၊ တလွဲအသုံးပြုခြင်း၊ ချေးငှားပေးခြင်း၊ လိမ်လည်လှည့်ဖြား၍ အသုံးပြုခြင်း၊ သို့မဟုတ် ခိုးယူခြင်းတို့ကို လုပ်ဆောင်နိုင်စွမ်းရှိသော တစ်စုံတစ်ယောက်နှင့် ပတ်သက်လာလျှင်၊ အခြား သရုပ်သကန်များကို စောင့်ကြည့်လေ့လာရန် မလိုအပ်ပေ။ ဤအမျိုးအစားများထဲမှ တစ်ခုခု ရှိနေသရွေ့ ဤသူကို အန္တိခရစ်တစ်ဦးအဖြစ် သတ်မှတ်ရန် လုံလောက်ပေလိမ့်မည်။ သူတို့သည် ဤသို့သော လူစားမျိုး ဟုတ်မဟုတ်၊ အနာဂတ်တွင် သူတို့ ဤသို့သော အမှုအရာမျိုးများကို လုပ်ဆောင်နိုင်စွမ်း ရှိနိုင်မည် ဟုတ်မဟုတ်ကို တွေ့မြင်ဖို့ သူတို့ကို ဆန်းစစ်ရန် မဆိုထားနှင့်၊ သင့်အနေဖြင့် သူတို့ကို စုံစမ်းမေးမြန်းရန် သို့မဟုတ် စုံစမ်းစစ်ဆေးရန် မလိုအပ်ချေ။ သူတို့သည် ဤအမျိုးအစားများထဲမှ တစ်ခုခုနှင့်ပင် ကိုက်ညီနေသရွေ့ ဤအရာက သူတို့ကို အန္တိခရစ်တစ်ဦး၊ ဘုရားသခင်၏ ရန်သူတစ်ဦး ဖြစ်စေရန် သေချာပေါက် ဖြစ်စေသည်။ သင်တို့အားလုံး ကြည့်ရှုကြလော့၊ သင်တို့ ရွေးကောက်တင်မြှောက်ပြီးဖြစ်သော ခေါင်းဆောင်တစ်ဦး ဖြစ်စေ၊ သင်တို့ ရွေးကောက်တင်မြှောက်ရန် ဆုံးဖြတ်ထားသော ခေါင်းဆောင်တစ်ဦး ဖြစ်စေ၊ သို့မဟုတ် သင်တို့ အလွန်ကောင်းသည်ဟု မှတ်ယူထားသော လူများထဲမှ တစ်ဦး ဖြစ်စေ၊ ဤသို့သော အပြုအမူမျိုး၊ သို့မဟုတ် ဤသို့သော အလားအလာမျိုးကို ပြသသူ မည်သူမဆိုသည် အန္တိခရစ်တစ်ဦး ဖြစ်ခြင်းမှ မလွတ်မြောက်နိုင်ပေ။

ယနေ့ ငါ မိတ်သဟာယဖွဲ့ခဲ့သော အရာများမှ သင်တို့ သင်ခန်းစာတစ်စုံတစ်ရာ ရရှိခဲ့ကြသလော။ သမ္မာတရားတစ်ခုကို သင်တို့ နားလည်သဘောပေါက်မှု ရရှိခဲ့ကြသလော။ သင်တို့ ဤအကြောင်းကို ရှင်းလင်းစွာ မပြောနိုင်ကြပေ၊ ထို့ကြောင့် သင်တို့ မည်သို့သော သင်ခန်းစာမျိုးကို သင်ယူသင့်သည်ကို ငါ သင်တို့ကို ပြောမည်။ လူတို့ ဘုရားသခင်ထံ ပူဇော်သော အရာများနှင့်ပတ်သက်၍ သင်သည် မည်သည့်အကြံအစည်မျှ မဖန်တီးရ။ ဤအရာများ မည်သို့ပင် ဖြစ်စေကာမူ ယင်းတို့ တန်ဖိုးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ သင် ယင်းတို့ကို အသုံးပြုရန် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ယင်းတို့ အဖိုးတန်သည်ဖြစ်စေ မတန်သည်ဖြစ်စေ သင်သည် ယင်းတို့နှင့်ပတ်သက်၍ မည်သည့်အကြံအစည်မျှ မဖန်တီးရ။ အကယ်၍ သင့်၌ အရည်အချင်းရှိပါက အပြင်ထွက်၍ ငွေရှာလော့၊ သင်အလိုရှိသလောက် ရှာဖွေလော့၊ မည်သူမျှ ဤအရာကို ဝင်ရောက်စွက်ဖက်မည်မဟုတ်၊ သို့သော် သင်သည် ဘုရားသခင်၏ ပူဇော်သက္ကာများနှင့်ပတ်သက်၍ လုံးဝ မည်သည့်အကြံအစည်မျှ မဖန်တီးရ။ ဤသတိဝီရိယသည် သင်တို့ ရှိသင့်သည့်အရာတစ်ခု ဖြစ်သည်၊ ဤဆင်ခြင်တုံတရားသည် သင်တို့ ရှိသင့်သည့်အရာတစ်ခု ဖြစ်သည်။ အထက်ပါအချက်မှာ သင်ခန်းစာတစ်ခု ဖြစ်သည်။ နောက်ထပ် သင်ခန်းစာတစ်ခုမှာ ပူဇော်သက္ကာများကို ဖြုန်းတီးခြင်း၊ တလွဲအသုံးပြုခြင်း၊ ချေးငှားပေးခြင်း၊ လိမ်လည်လှည့်ဖြား၍ အသုံးပြုခြင်းနှင့် ခိုးယူခြင်းတို့၌ ပါဝင်ပတ်သက်သူ မည်သူကိုမဆို ယုဒ၏ အမျိုးအစားအဖြစ် မှတ်ယူရမည် ဖြစ်သည်။ ဤသို့သော လုပ်ရပ်များနှင့် ကျင့်ကြံပြုမူမှုများကို လုပ်ဆောင်ခဲ့သော လူများသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီးဖြစ်၍ ဘုရားသခင်သည် သူတို့ကို ကယ်တင်တော်မူမည် မဟုတ်ပေ။ သင်သည် ဤကိစ္စနှင့်ပတ်သက်၍ မည်သည့် အချည်းနှီးသော အတွေးဆန္ဒကိုမျှ မထားရှိရ။ ငါ ဤသို့ မိန့်ကြားခဲ့ပြီးဖြစ်၍ ဘုရားသခင်သည် ဤအရာများကို ဖြစ်ပေါ်စေတော်မူလိမ့်မည်။ ဤသည်မှာ ဆုံးဖြတ်ပြီးဖြစ်၍ ညှိနှိုင်းစရာနေရာ မရှိပေ။ လူအချို့က ဤသို့ ဆိုကြလိမ့်မည်၊ “ကျွန်ုပ် တလွဲအသုံးပြုခဲ့စဉ်က အကြောင်းဆက်စပ်မှုတစ်ခု ရှိခဲ့ပါသည်၊ ကျွန်ုပ် ထိုငွေကို ပေါ့ပေါ့ဆဆ သုံးစွဲခဲ့စဉ်က ငယ်ရွယ်ပြီး မသိနားမလည်ခဲ့ပါ၊ သို့သော် ကျွန်ုပ်သည် ဘုရားအိမ်တော်မှ ငွေအများအပြားကို မလိမ်လည်ခဲ့ပါ၊ ကျွန်ုပ်သည် ယွမ် ၂၀ မှ ၃၀၊ သို့မဟုတ် ၃၀ သို့မဟုတ် ၅၀ ခန့်သာ ခိုးယူခဲ့ခြင်း ဖြစ်ပါသည်” ဟူ၍ ဖြစ်သည်။ သို့သော် ယင်းမှာ ပမာဏနှင့် မသက်ဆိုင်ပေ၊ ပြဿနာမှာ သင် ဤသို့ ပြုလုပ်သောအခါ သင်၏ လုပ်ဆောင်ချက်များ၏ ပစ်မှတ်သည် ဘုရားသခင် ဖြစ်နေခြင်းပင်။ သင်သည် ဘုရားသခင်၏ ပစ္စည်းဥစ္စာများကို တို့ထိခဲ့ပြီး ထိုသို့ ပြုလုပ်ခြင်းသည် လက်ခံနိုင်ဖွယ်မရှိပေ။ ဘုရားသခင်၏ ပစ္စည်းဥစ္စာများသည် အများပြည်သူပိုင် ပစ္စည်းမဟုတ်၊ ယင်းတို့သည် လူတိုင်းနှင့် မသက်ဆိုင်၊ ယင်းတို့သည် အသင်းတော်နှင့် မသက်ဆိုင်၊ ယင်းတို့သည် ဘုရားအိမ်တော်နှင့် မသက်ဆိုင်ပေ၊ ယင်းတို့သည် ဘုရားသခင်နှင့်သာ သက်ဆိုင်ပြီး သင်သည် ဤအယူအဆများကို မရောထွေးရ။ ဘုရားသခင် ထိုသို့ မတွေးထင်သကဲ့သို့ ကိုယ်တော်သည် သင့်အား “ငါ၏ ပစ္စည်းဥစ္စာများနှင့် ပူဇော်သက္ကာများသည် အသင်းတော်နှင့် သက်ဆိုင်ပြီး ယင်းတို့ကို အသင်းတော်က ခွဲဝေချထားရမည်” ဟု မိန့်တော်မူခဲ့ခြင်း မရှိသကဲ့သို့ “ငါ့ထံ ပူဇော်ဆက်ကပ်သော ပူဇော်သက္ကာအားလုံးသည် အသင်းတော်နှင့်လည်းကောင်း၊ ဘုရားအိမ်တော်နှင့်လည်းကောင်း သက်ဆိုင်ပြီး ညီအစ်ကိုမောင်နှမများ၏ ကြီးကြပ်မှုအောက်၌ ရှိကာ ယင်းတို့ကို အသုံးပြုလိုသူ မည်သူမဆို သတင်းပို့ရုံမျှဖြင့် လုံလောက်သည်” ဟု သာ၍ပင် မိန့်တော်မူခဲ့ခြင်း မရှိပေ။ ဘုရားသခင် ထိုသို့သော အရာကို မိန့်တော်မူခဲ့ခြင်း မရှိ၊ ကိုယ်တော် ဘယ်တော့မှ ဤသို့ မိန့်တော်မူခဲ့ခြင်း မရှိပေ။ သို့ဆိုလျှင် ဘုရားသခင် အဘယ်အရာ မိန့်တော်မူခဲ့သနည်း။ ဘုရားသခင်ထံ ပူဇော်ဆက်ကပ်သောအရာသည် ဘုရားသခင်နှင့် သက်ဆိုင်သည်၊ ဤအရာကို ယဇ်ပလ္လင်ပေါ်၌ ဆက်သပြီးသည်နှင့်တစ်ပြိုင်နက် ယင်းသည် ဘုရားသခင်နှင့် အပြီးပိုင် သက်ဆိုင်သွားပြီး မည်သည့်လူသားမျှ ယင်းကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုပိုင်ခွင့် သို့မဟုတ် အာဏာ မရှိတော့ပေ။ ပူဇော်သက္ကာများနှင့်ပတ်သက်၍ အကြံအစည်များ ထုတ်ခြင်းနှင့် ယင်းတို့ကို တလွဲအသုံးပြုရန်၊ လိမ်လည်လှည့်ဖြား၍ အသုံးပြုရန်၊ ခိုးယူရန်၊ ချေးငှားပေးရန်နှင့် ဖြုန်းတီးပစ်ရန် ကျင့်သုံးခြင်းဟူသည့် ဤလုပ်ဆောင်ချက်အားလုံးသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်းအဖြစ်၊ အန္တိခရစ်တို့၏ လုပ်ဆောင်ချက်များအဖြစ် ပြစ်တင်ရှုတ်ချခြင်း ခံရပြီး သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားခြင်းအပြစ်နှင့် ညီမျှရာ ဘုရားသခင်သည် သင့်ကို မည်သည့်အခါမျှ ခွင့်လွှတ်တော်မူမည် မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်၏ ဂုဏ်သိက္ခာ ဖြစ်သည်၊ လူတို့ ယင်းကို လျှော့မတွက်ရ။ သင်သည် အခြားလူများထံမှ လုယက်ခြင်း သို့မဟုတ် ခိုးယူခြင်း ပြုလုပ်သောအခါ သင့်ကို ဥပဒေအရ တစ်နှစ်မှ နှစ်နှစ်၊ သို့မဟုတ် သုံးနှစ်မှ ငါးနှစ်အထိ ထောင်ဒဏ်ချမှတ်ခြင်း ခံရနိုင်ပြီး သင် သုံးနှစ်မှ ငါးနှစ်အထိ ထောင်ကျပြီးသည့်အခါ သင်သည် မည်သည့်ပြစ်မှုမှ အပြစ်ရှိတော့မည် မဟုတ်ပေ။ သို့သော် သင်သည် ဘုရားသခင်၏ ပစ္စည်းဥစ္စာများ၊ ဘုရားသခင်၏ ပူဇော်သက္ကာများကို ယူငင်ပြီး အသုံးပြုသောအခါ ဤသည်မှာ ဘုရားသခင်၏ အမြင်၌ ထာဝရတည်မြဲသော အပြစ်၊ ခွင့်လွှတ်ခြင်း မခံရနိုင်သော အပြစ်တစ်ခု ဖြစ်သည်။ ငါသည် ဤစကားများကို သင့်အား မိန့်ကြားခဲ့ပြီးဖြစ်၍ ယင်းတို့ကို ဆန့်ကျင်သူ မည်သူမဆို အကျိုးဆက်များကို ခံယူရလိမ့်မည်။ အချိန်တန်သောအခါ သင်သည် ငါ သင့်ကို မပြောခဲ့ကြောင်း ညည်းညူခြင်း မပြုလျှင် ပိုကောင်းမည်။ ငါသည် ငါ၏ နှုတ်ကပတ်တော်များကို ယနေ့ ဤနေရာ၌ သင့်အား ရှင်းလင်းစွာ မိန့်ကြားခဲ့ပြီးဖြစ်သည်၊ ယင်းတို့ကို ပျဉ်ပြားထဲသို့ သံများ ရိုက်သွင်းသကဲ့သို့ ခိုင်မာစွာ စွဲမြဲစေခဲ့ပြီး ဤသည်မှာ ဖြစ်ပေါ်လာမည့်အရာ ဖြစ်သည်။ သင် ဤသည်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ သင့်သဘောပင်။ မိမိတို့ မကြောက်ရွံ့ဟု ဆိုသောသူများ ရှိကြသည်။ ကောင်းပြီ၊ အကယ်၍ သင် မကြောက်ရွံ့ပါက အမှုအရာများ မည်သို့ ဖြစ်လာမည်ကို စောင့်ကြည့်လော့။ သင် အပြစ်ပေးခံရသည့်အချိန်အထိ မစောင့်နှင့်၊ အကြောင်းမှာ ထိုအချိန်ရောက်လျှင် ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းနှင့် ရင်ဘတ်စည်တီးခြင်းတို့ ပြုလုပ်ရန် အလွန် နောက်ကျသွားပြီ ဖြစ်သောကြောင့်တည်း။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။