အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၅) အခန်း တစ်
၃။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မထီမဲ့မြင်ပြုခြင်း
ယနေ့တွင် ငါတို့သည် ယခင်တစ်ကြိမ်က မိတ်သဟာယကို ဆက်ကြမည်။ ယင်းက အန္တိခရစ်တို့၏ သရုပ်သကန်များထဲမှ ဆယ်ခုမြောက်အချက်ဖြစ်သည့် ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည်ဟူသည့်အကြောင်း ဖြစ်သည်။ ဤအချက်ကို အပိုင်းသုံးပိုင်း ပိုင်းခြားထားသည်။ ပထမနှစ်ပိုင်းကို မိတ်သဟာယပြုပြီးဖြစ်ပြီး ယနေ့တွင် တတိယပိုင်းဖြစ်သည့် အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မထီမဲ့မြင်ပြုကြသည် ဟူသည်ကို ငါတို့ မိတ်သဟာယပြုကြမည်။ ယခင်က ဤကဏ္ဍနှင့်ပတ်သက်၍ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မထီမဲ့မြင်ပြုခြင်း၊ မယုံကြည်ခြင်း၊ ယင်းတို့အပေါ် သိချင်စိတ်ပြင်းပြမှုဖြင့် ပြည့်နေခြင်း၊ ယုံကြည်လက်ခံခြင်း၏ အစိတ်အပိုင်း တစ်ခုတလေမျှ ကင်းမဲ့ပြီး သံသယ၊ စမ်းသပ်ခြင်းနှင့် ထင်ကြေးပေးခြင်းတို့သာ ပါဝင်ခြင်းတို့ကဲ့သို့သော အချို့သော သရုပ်သကန်များနှင့် ဆိုရိုးများကို မိတ်သဟာယပြုခဲ့ပြီးဖြစ်သည်။ အတိုချုပ်အားဖြင့် အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် မမှတ်ယူကြသကဲ့သို့ ယင်းတို့ကို လက်တွေ့မလုပ်ဆောင်ကြပေ။ အမှုအရာများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများကို မရှာဖွေကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သံသယ၊ အတိုက်အခံလုပ်ခြင်းနှင့် ငြင်းပယ်ခြင်းတို့ကို မကြာခဏ ထားရှိကြသည်။ ဤအရာအားလုံးသည် အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မထီမဲ့မြင်ပြုခြင်း၏ သရုပ်သကန်များဖြစ်သည်ဟု ဆိုနိုင်သည်။ ယနေ့တွင် ငါတို့သည် ဘုရားနှုတ်ကပတ်တော်များအပေါ် အန္တိခရစ်တို့ မည်သို့အတိအကျ မထီမဲ့မြင်ပြုကြသည်ကို စိတ်ဖြာလေ့လာ ဆွေးနွေးရန်အတွက် ဘုရားနှုတ်ကပတ်တော်များအပေါ် အန္တိခရစ်တို့၏ ပို၍နက်ရှိုင်းပြီး တိကျသည့် သဘောထားများနှင့် လုပ်ရပ်များအကြောင်းကို ထပ်မံ မိတ်သဟာယ ပြုကြမည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ မထီမဲ့မြင်ပြုသည်နှင့်ပတ်သက်၍ ငါတို့သည် တစ်ချက်ချင်း ဆက်လက်၍ မိတ်သဟာယပြုကြမည်။ ဤနည်းလမ်းသည် ပို၍ ရှင်းလင်းမည် မဟုတ်လော။ (ရှင်းလင်းပါမည်။) အကယ်၍ ငါသည် ယခု ယေဘုယျနည်းလမ်းဖြင့် မိတ်သဟာယပြုမည်ဆိုလျှင် သင်တို့၌ အတိုင်းအတာတစ်ခုအထိ သဘောပေါက်နားလည်နိုင်စွမ်း၊ လုံလောက်သော အစွမ်းအစနှင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုတို့ရှိပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အလင်းကို မကြာခဏ ရရှိပါက ငါ ယခင်က မိတ်သဟာယပြုခဲ့သည့်အရာသည်ပင် သင်တို့အတွက် အမှန်တကယ် လုံလောက်ပေလိမ့်မည်။ သို့သော်လည်း လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်ရန် အစွမ်းအစ မပိုင်ဆိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်ရမည့် သမ္မာတရားအဖြစ် သဘောထားပြုမူနိုင်သည့် အဆင့်သို့ မရောက်ရှိကြပေ။ ထို့ကြောင့် ငါတို့သည် တစ်ချက်ချင်း မိတ်သဟာယပြုရန် လိုအပ်သည်။ ဤအကြောင်းအရာကို အပိုင်းငယ်အများအပြားအဖြစ် အတိအကျ ပိုင်းခြားထားသည်။
က။ အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်ကူးပေါက်သကဲ့သို့ ကလီကမာလုပ် ကြပြီး အနက်ဖွင့်ဆိုကြ၏
ပထမအချက်မှာ အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်ကူးပေါက်သကဲ့သို့ ကလီကမာလုပ်ကြပြီး အနက်ဖွင့်ဆိုကြခြင်း ဖြစ်သည်။ ယခင်က ငါတို့သည် ဤကဏ္ဍနှင့်ပတ်သက်၍ တိကျသော ဥပမာအချို့ဖြင့် မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သော်လည်း ပစ်မှတ်ထား၍ အသေးစိတ် စိတ်ဖြာလေ့လာဆွေးနွေးခြင်း မဟုတ်ဘဲ စကားစပ်မိ၍ ပြောဆိုခြင်းမျှသာ ဖြစ်သည်။ အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်ကူးပေါက်သကဲ့သို့ ကလီကမာလုပ်ခြင်းနှင့် အနက်ဖွင့်ဆိုခြင်းတို့၏ သရုပ်သကန်များမှာ အဘယ်နည်း။ ဤအချက်နှင့်စပ်လျဉ်း၍ အန္တိခရစ်တို့သည် မည်သို့ ပြုမူကြသနည်း။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ထိုသို့သော အပြုအမူကို ပြသနိုင်ပြီး ထိုသို့သော လုပ်ရပ်များကို ကျင့်သုံးနိုင်သည် ဟူသောအချက်က ၎င်းတို့၏ သဘာဝရှုထောင့်မှ ကြည့်လျှင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်း၊ သန့်ရှင်းမြင့်မြတ်ပြီး ပုန်ကန်ပြစ်မှား၍မရနိုင်သော အရာဖြစ်ကြောင်းကို မယုံကြည်သည်ကို ညွှန်ပြသည်။ ဘုရားသခင်သည် သမ္မာတရားနှုတ်ကပတ်တော် မည်သည့်ကဏ္ဍကို ဖော်ပြသည်ဖြစ်စေ၊ လူတို့အတွက် ရိုးရှင်းပုံပေါ်သည်ဖြစ်စေ နက်နဲပုံပေါ်သည်ဖြစ်စေ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ ဖြစ်သည်၊ သမ္မာတရားသာဖြစ်သည်၊ ပြီးလျှင် လူတစ်ဦး၏ အသက်ဝင်ရောက်မှု၊ စိတ်သဘောထား ပြောင်းလဲခြင်း၊ ကယ်တင်ခြင်းတို့နှင့် ခွဲခြား၍မရအောင် ဆက်စပ်နေသည်။ သို့သော် အန္တိခရစ်တို့သည် ဤသို့ မမြင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ဤအရာကို သတိမမူမိကြသကဲ့သို့ ထိုသို့သော သတိပြုမိခြင်း သို့မဟုတ် နားလည်ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ဟု မယုံကြည်ကြသကဲ့သို့ လူတစ်ဦး၏ အသက်ဝင်ရောက်မှုအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်မျှ အရေးကြီးကြောင်းကိုလည်း အသိအမှတ်မပြုကြပေ။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အပေါ်ယံအားဖြင့် လူ၏စကားများသာဖြစ်ပြီး အတော်ပင် သာမန်ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်နောက် လိုက်သောသူအားလုံး၊ ဘုရားအိမ်တော်နှင့် အသင်းတော်တို့က ယင်းတို့ကို “ဘုရားသခင်၏ နှုတ်ကပတ်တော်များ” ဟု အမည်တပ်ထားသောကြောင့်သာ ၎င်းတို့သည် အလွန်အရေးကြီးသည့်ပုံ ပေါ်ခြင်းဖြစ်သည်။ သို့သော် လက်တွေ့တွင် အပေါ်ယံအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့ မကြာခဏ ပြောလေ့ရှိသော သာမန်စကားစုများကဲ့သို့ ထင်ရသည်။ စာသားအရှိအတိုင်းဆိုလျှင် ဤနှုတ်ကပတ်တော်များတွင် လူ့ဘာသာစကား၏ အစိတ်အပိုင်းများ ပါဝင်သည်၊ ယင်းတို့တွင် အချို့သော အရပ်သုံးစကားများ၊ စကားထာများ၊ ဆိုရိုးစကားများနှင့် နှစ်ပိုင်းရှိသော စကားပုံများအပါအဝင် လူ့ဘာသာစကား၏ ဆင်ခြင်တွေးခေါ်မှုစနစ်၊ အတွေးနှင့် စကားလုံးအသုံးအနှုန်းများ ပါဝင်သည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတစ်ဦး စိတ်ကူးကောင်း စိတ်ကူးနိုင်သကဲ့သို့ ကြီးကျယ်ခမ်းနားသော၊ နားလည်ရခက်သော သို့မဟုတ် နက်နဲသော အရာတစ်ခုအဖြစ်၊ ကောင်းကင်ဘုံမှ အထင်ကရ ကျမ်းစာများကဲ့သို့ မမြင်ကြပေ။ ၎င်းတို့အတွက်မူ ယင်းတို့သည် သာမန်နှင့် ရိုးရိုးရှင်းရှင်းသာ ဖြစ်သည်။ ထို့ကြောင့် များစွာ စေ့စေ့စပ်စပ် ကြည့်ရှုလေ့လာပြီးနောက် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ နောက်ဆုံးသော အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုသို့ ရရှိကြသည်။ ဤနှုတ်ကပတ်တော်များသည် သာမန်စကားများသာဖြစ်ပြီး အတော်ပင် လက်တွေ့ကျကာ ယုံကြည်သူများ ဖတ်ရှုသင့်သည့်အရာ၊ လူတစ်ဦး၏ အပြုအမူနှင့် ယုံကြည်ခြင်းအတွက် အထောက်အကူပြုနိုင်သော နှုတ်ကပတ်တော်များ ဖြစ်သည်ဟူ၍တည်း။ များစွာ ဖတ်ရှုပြီးနောက် ဤသည်မှာ ၎င်းတို့ ရရှိသည့် ကောက်ချက်ဖြစ်သည်။ အချို့သော အန္တိခရစ်များနှင့် မာနကြီးသူများပင်လျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယူ၍ တစ်ထိုင်တည်းမှာပင် အခန်းများစွာ၊ စာမျက်နှာများစွာကို ဖတ်ကြသည်။ အချို့ဆိုလျှင် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ကို တစ်လအတွင်း အစမှအဆုံး ဖတ်ပြီး ၎င်းတို့၏ စိတ်နှင့် အတွေးများထဲတွင် အချို့သော နက်ရှိုင်းသည့် စွဲမှတ်မှုများကို ကျန်ရစ်ခဲ့သည်။ ၎င်းတို့သည် အချို့သော ဝိညာဉ်ရေးရာ ဝေါဟာရများ၊ ဘုရားသခင်၏ မိန့်မြွက်ချက်၏ လေသံနှင့် စကားပြောဆိုဟန်၊ အဆင့်အမျိုးမျိုးရှိ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ပါဝင်သည့် အကြောင်းအရာကိုပင် ယေဘုယျအားဖြင့် နားလည်မှု ရရှိကြသည်။ ဖတ်ပြီးနောက် ၎င်းတို့က “ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အကောင်းကြီး မဟုတ်သကဲ့သို့ အဆိုးကြီးလည်း မဟုတ်ပါ။ ကျွန်ုပ်သည် ယင်းတို့အားလုံးကို တစ်ထိုင်တည်း ဖတ်လိုက်ပြီး ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ ယေဘုယျအကြောင်းအရာကိုလည်း နားလည်ပြီဖြစ်သည်။ သို့ဖြစ်၍ ဘုရားနှုတ်ကပတ်တော်များသည် ထိုမျှ နက်နဲခြင်း မရှိပါ။ ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဆင့်အထိ မြှင့်တင်ခြင်း၊ လူတို့၏ အသက်ဝင်ရောက်မှုအတွက် မရှိမဖြစ်သော အရာတစ်ခုအဖြစ် မြှင့်တင်ခြင်းသည် အနည်းငယ် လွန်သွားပုံရသည်” ဟု ပြောကြသည်။ သို့ဖြစ်၍ ဤနှုတ်ကပတ်တော်များကို ၎င်းတို့ မည်သို့ပင် ရှုမြင်သည်ဖြစ်စေ၊ မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ နောက်ဆုံးသော အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ယင်းတို့သည် လူတို့ စိတ်ကူးသကဲ့သို့ နက်နဲခြင်း သို့မဟုတ် နားလည်ရခက်ခြင်း မရှိဟူ၍ ဖြစ်သည်။ ပညာတတ်ပြီး မျက်စိရှိသော မည်သူမဆိုသည် ဤနှုတ်ကပတ်တော်များကို နားလည်နိုင်သည်။ အပြန်ပြန်အလှန်လှန် ဖတ်ရှုပြီးနောက် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ဉာဏ်အလင်းပွင့်ခြင်း၊ ထောက်ပံ့ခြင်းနှင့် အကူအညီတို့ကို ရရှိလျက် လူတို့ နားလည်သင့်သည့် အသက်ဝင်ရောက်မှုနှင့်ပတ်သက်သော အမျိုးမျိုးသော သမ္မာတရားများကို အသိအမှတ်ပြုရန် သို့မဟုတ် နားလည်ရန် ပျက်ကွက်သည်သာမက ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားနှင့် ကောင်းကင်ဘုံမှ ကျမ်းစာများနှင့် များစွာ ကွာခြားသည်ဟုလည်း ခံစားရသည်။ ထိုသို့သော ကောက်ချက်ကို ချပြီးနောက် အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သာ၍ပင် မထီမဲ့မြင်ပြုကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဤမျှသာဖြစ်ကြောင်း၊ ဘုရားသခင်သည် ဤမျှသာဖြစ်ကြောင်းနှင့် သမ္မာတရားသည် ဤမျှသာဖြစ်ကြောင်း ယုံကြည်ကြသည်။ ထိုသို့သော သဘောထားနှင့် နားလည်မှုဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်အပေါ် အန္တိခရစ်တို့၏ အတွင်းပိုင်းစိတ်သဘောက ၎င်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို ပို၍ မထီမဲ့မြင်ပြုစေသည်။ ၎င်းတို့သည် မိမိတို့၏ အသိပညာနှင့် ဉာဏ်ရည်ကို အသုံးပြု၍ မိမိတို့၏ မှတ်ဉာဏ်များနှင့် ပါးနပ်မှုအပေါ် မှီခိုလျက် ဤနှုတ်ကပတ်တော်များ၏ ပါဝင်သည့်အကြောင်းအရာနှင့် အမည်ခံ စည်းမျဉ်းများအပြင် ယင်းတို့တွင် အသုံးပြုထားသော လေသံ၊ ဟန်ပန်နှင့် စကားလုံးအသုံးအနှုန်းအချို့ကို လျင်မြန်စွာ သဘောပေါက်ကြသည်၊ ထိုလေသံ၊ ဟန်ပန်နှင့် စကားလုံးအသုံးအနှုန်းတွင် သာမန်နှင့် ဓလေ့သုံးစကားများ ပါဝင်သည်။ ထို့နောက်တွင် ၎င်းတို့သည် အရာရာကို ရယူပြီးဖြစ်ကာ အားလုံးကို ပိုင်ဆိုင်ပြီဟု ခံစားရသည်။ ထိုသို့သော နားလည်မှုနှင့် သဘောထားက ၎င်းတို့ကို မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သာ၍ပင် မဆင်မခြင် မထီမဲ့မြင်ပြုစေပြီး မေးခွန်းထုတ်စေကာ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ပို၍ သံသယရှိစေသည်။
အန္တိခရစ်တို့၏ သဘာဝရှုထောင့်မှ ကြည့်လျှင် ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြကြောင်း၊ အပြုသဘောဆောင်သော အရာများကို မထီမဲ့မြင်ပြုကြကြောင်း၊ ဘုရားသခင်၏ နှိမ့်ချခြင်းနှင့် ပုန်းကွယ်နေခြင်းကို မထီမဲ့မြင်ပြုကြကြောင်းနှင့် ဘုရားသခင်၏ သစ္စာစောင့်သိခြင်း၊ စစ်မှန်ခြင်းနှင့် ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းတို့ကို မထီမဲ့မြင်ပြုကြကြောင်းကို တွေ့မြင်နိုင်သည်။ ဤစက်ဆုပ်ရွံရှာခြင်းများ ဆက်တိုက် ဖြစ်ခြင်းက အန္တိခရစ်တို့ကို ဘုရားသခင် မထီမဲ့မြင်ပြုပြီး ပြစ်တင်ရှုတ်ချသည့် ရွံရှာဖွယ်ကောင်းသော လုပ်ရပ်အချို့ကို အမှုမဲ့အမှတ်မဲ့ဖြင့်လည်းကောင်း၊ အလိုအလျောက်အားဖြင့်လည်းကောင်း လုပ်ဆောင်စေသည်။ ဤလုပ်ရပ်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်ကူးပေါက်သကဲ့သို့ ကလီကမာလုပ်ခြင်းနှင့် အနက်ဖွင့်ဆိုခြင်းတို့ ပါဝင်သည်။ ကလီကမာလုပ်ခြင်းသည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားရှိသည်ဟု မယုံကြည်ကြ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူတို့ကို အသက်ပေးနိုင်သည်ဟု မယုံကြည်ကြ၊ ပြီးလျှင် ဤနှုတ်ကပတ်တော်များသည် လူသားတို့ ရှင်သန်ရေးအတွက် မှီခိုအားထားရသည့် အခြေခံအုတ်မြစ်နှင့် လူသားတို့ တိုးတက်မှုအတွက် ဦးတည်ချက်နှင့် လမ်းကြောင်းဖြစ်သည်ကို သာ၍ပင် မယုံကြည်ကြပေ။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်က ဤနည်းလမ်းများဖြင့် အဘယ်ကြောင့် စကားပြောသည်ကို နားမလည်ကြသကဲ့သို့ ဘုရားသခင်က အဘယ်ကြောင့် ထိုသို့သော နှုတ်ကပတ်တော်များကို တိကျသော နောက်ခံအကြောင်းအရာတစ်ခုတွင် ပြောဆိုသည်ကိုလည်း မသိကြပေ၊ ပြီးလျှင် ဘုရားသခင်က ဤတိကျသော အကြောင်းအရာများကို အဘယ်ကြောင့် ပြောဆိုသည်ကို ၎င်းတို့ သာ၍ပင် လုံးဝနားမလည်ကြပေ။ ဤအကြောင်းအရာများ မည်သို့ ဖြစ်ပေါ်လာပုံ၊ ဘုရားသခင် မည်သို့ တွေးခေါ်ပုံ၊ ဤနှုတ်ကပတ်တော်များကို ပြောဆိုနေစဉ် ဘုရားသခင်က လူတို့၌ မည်သည့်အရာကို စောင့်ကြည့်လေ့လာရန်၊ ပြီးမြောက်အောင်မြင်စေရန်နှင့် အကျိုးသက်ရောက်စေရန် ရည်ရွယ်သည်နှင့်ပတ်သက်၍လည်းကောင်း၊ ဤနှုတ်ကပတ်တော်များအတွင်း၌ ဘုရားသခင် ပြီးမြောက်အောင်မြင်ရန် ရည်ရွယ်သမျှ၊ သူ၏ ရည်ရွယ်ချက်များနှင့် သမ္မာတရားတို့နှင့်ပတ်သက်၍လည်းကောင်း အန္တိခရစ်တို့သည် လုံးဝနားမလည်ဘဲ လုံးဝအသိဉာဏ် မရှိကြပေ၊ ဤအကြောင်းအရာနှင့် ပတ်သက်လာလျှင် ၎င်းတို့သည် သာမန်လူများသာ ဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်သည် ဤစကားစုကို ထိုနည်းလမ်းဖြင့် မပြောဆိုသင့်ကြောင်း၊ ထိုဝါကျသည် ဤဝါကျနောက်တွင် လိုက်သင့်ကြောင်း၊ ဤဝါကျကို ဤသို့ စီသင့်ကြောင်း၊ ထိုအပိုဒ်သည် ဤလေသံ သို့မဟုတ် ထိုလေယူလေသိမ်း ရှိသင့်ကြောင်း၊ ဤစကားလုံးရွေးချယ်မှုသည် မမှန်ကန်ကြောင်းနှင့် ထိုအသုံးအနှုန်းသည် စဉ်းစားချင့်ချိန်မှုမရှိဘဲ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အပ်စပ်ခြင်း မရှိကြောင်းတို့ကို မကြာခဏ ခံစားရကြပြီး ထိုသို့ဖြင့် ၎င်းတို့၏ အမြင်များကို ဖြစ်ပေါ်ကြသည်။ ၎င်းတို့၏ အမြင်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လောကရှိ မည်သည့် ထင်ရှားကျော်ကြားသော သို့မဟုတ် ကြီးမြတ်သော ပုဂ္ဂိုလ်၏ လက်ရာများလောက် မကောင်းပေ။ ဘုရားသခင်၏ ပြောဆိုချက်သည် အတော်အတန် တိကျသေချာမှုမရှိဟုလည်းကောင်း၊ စကားကြောရှည်သည်ဟုလည်းကောင်း၊ အချို့သော နှုတ်ကပတ်တော်များသည် အသေအချာ စိစစ်ပါက လူ့သဒ္ဒါနှင့် ဝေါဟာရ စည်းမျဉ်းများနှင့်အညီ အတိအကျ ပြောဆိုထားခြင်း မရှိဟု ခံစားရသည်။ “ဤနှုတ်ကပတ်တော်များထဲတွင် သမ္မာတရားက မည်သည့်နေရာတွင် ရှိနိုင်မည်နည်း။ ဤအရာများသည် ဘုရားနှုတ်ကပတ်တော်များ မည်သို့လျှင် ဖြစ်နိုင်မည်နည်း။ ၎င်းတို့သည် သမ္မာတရား မည်သို့လျှင် ဖြစ်နိုင်မည်နည်း” ဟူ၍ ဖြစ်သည်။ အန္တိခရစ်တို့သည် တစ်ချိန်တည်းမှာပင် သံသယဝင်ပြီး ပြစ်တင်ရှုတ်ချလျက် မိမိတို့၏ စိတ်နှလုံးထဲ၌ တွက်ချက်ပြီး ဆင်ခြင်သုံးသပ်ကြသည်။ ထိုသို့သော သဘောထား၊ ထိုသို့သော အတွေးအခေါ်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ထိုသို့သော ရှုမြင်ပုံဖြင့် အန္တိခရစ်တို့သည် ၎င်းတို့၏ နတ်ဆိုးဆန်သော လက်သည်းများကို အသင့်ပြင်ကြသည်။
လွန်ခဲ့သော နှစ်အနည်းငယ်က ဓမ္မတေးအဖွဲ့တွင် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်ကို ငါ အမှတ်ရသည်။ ၎င်းတို့သည် အသင်းတော်တွင် သီဆိုရန်အတွက် ဘုရားသခင်၏ ပဓာနကျသော နှုတ်ကပတ်တော် တစ်ပိုဒ်အတွက် တေးဂီတကို ရေးစပ်လိုခဲ့ကြသည်။ ရေးစပ်နေစဉ်အတွင်း ၎င်းတို့သည် ဘုရားသခင်၏ ပြောဆိုချက် ရှည်လျားမှုနှင့် စကားလုံးအရေအတွက်သည် တေးသွားနှင့် မကိုက်ညီကြောင်း တွေ့ရှိခဲ့ကြသည်၊ သီချင်းစာသား တစ်ကြောင်းချင်းစီတွင် စကားလုံးများလွန်းနေခဲ့သည်။ ထို့အပြင် သီချင်းတစ်ပုဒ်လုံး၏ တေးသွားကို ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ်တွင် အသုံးချပါက နှုတ်ကပတ်တော်များသည် များလွန်းပြီး ရှည်လွန်းပုံပေါက်စေသည်။ သို့ဆိုလျှင် ၎င်းတို့၏ ဖြေရှင်းနည်းမှာ အဘယ်နည်း။ ၎င်းတို့ နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ သိသာထင်ရှားသော အဓိပ္ပာယ်ကို မပြောင်းလဲဘဲ ယင်းတို့၏ စကားစုဖွဲ့ပုံနှင့် စကားလုံးအသုံးအနှုန်းအချို့ကို ကလီကမာလုပ်ခဲ့ကြသည်၊ ဥပမာအားဖြင့် လေးလုံးစပ် ဓလေ့သုံးစကားတစ်ခုကို နှစ်လုံးစပ် စကားလုံးတစ်ခုအဖြစ် ပြောင်းလဲခြင်း၊ သို့မဟုတ် ရှည်လျားပြီး မလိုအပ်ဘဲ အဓိပ္ပာယ်မရှိဟု ထင်ရသော ဝါကျများကို ဖျက်ပစ်ခြင်းတို့ ဖြစ်သည်။ ဤစည်းမျဉ်းကို လိုက်နာလျက် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ပြုပြင်တည်းဖြတ်ထားသော ပုံစံကို တေးဂီတဖြင့် သီကုံးပြီး သီဆိုရန်အတွက် အသင်းတော်တွင် ဖြန့်ဝေခဲ့သည်။ လူအများစုသည် နားဝေတိမ်တောင်ဖြစ်လျက် ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဓမ္မတေးတစ်ပုဒ်ဟု ထင်ခဲ့ကြသော်လည်း ထိုသို့သော အပိုဒ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ လုံးဝမဟုတ်သည်ကို မည်သူ သိရှိခဲ့သနည်း။ ယင်းမှာ အန္တိခရစ်တို့က စိတ်ကူးပေါက်သကဲ့သို့ ပြုပြင်ပြီး အကျဉ်းချုံးထားကာ လက်ဆော့ပြီး ကလီကမာလုပ်ထားသော အပိုဒ်တစ်ပိုဒ် ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ဤဓမ္မတေးကို အစီအစဉ်တစ်ခုအတွက် ပြင်ဆင်နေသည့်အခါ ဤဓမ္မတေးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ မည်သည့်အခန်းမှ ရွေးချယ်ထားသည်ကို ငါ မေးခဲ့သည်။ ၎င်းတို့က တိကျသော အခန်းတစ်ခန်း၏ ပထမအပိုဒ်ဖြစ်ကြောင်း ငါ့ကို ပြောခဲ့သည်။ ငါသည် ထိုအပိုဒ်ကို ရှာဖွေပြီး ဓမ္မတေးစာအုပ်ထဲရှိ တစ်ပိုဒ်နှင့် နှိုင်းယှဉ်ကြည့်ရာ ငါ့ကို အတော်ပင် တုန်လှုပ်စေခဲ့သည်။ ဓမ္မတေးစာအုပ်ထဲရှိ အပိုဒ်သည် အမည်ခံအားဖြင့် ထိုအခန်းမှ ရွေးချယ်ထားသော အပိုင်းတစ်ပိုင်း ဖြစ်သော်လည်း ယင်းကို မမှတ်မိနိုင်လောက်အောင်ပင် ပြောင်းလဲထားသည်။ ပြောဆိုချက်၏ လေသံမှာ ပျောက်ဆုံးနေပြီး အရေးကြီးသော နှုတ်ကပတ်တော်များစွာကို ချန်လှပ်ထားကာ ပြောဆိုချက်၏ ပါဝင်သည့်အကြောင်းအရာမှာ ဖရိုဖရဲဖြစ်နေပြီး နှုတ်ကပတ်တော်များ၏ အစီအစဉ်ပင်လျှင် ပြောင်းပြန်ဖြစ်နေခဲ့သည်။ အကယ်၍ ဤအပိုဒ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိကျသော အခန်းတစ်ခန်းမှ ကောက်နုတ်ထားကြောင်း ငါ့ကို မည်သူမျှ မပြောခဲ့ပါက မည်သူမဆိုသည် ယင်းမှာ မည်သည့်အခန်းမှ ဖြစ်သည်ကို ခွဲခြားသိရှိနိုင်မည်ဟု ငါ မထင်ပေ၊ ယင်းသည် မူရင်းနှင့် လုံးဝ မကိုက်ညီတော့ပေ။ အပေါ်ယံအားဖြင့် ဤလူများသည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေကြခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတိုင်း သီဆိုပြီး စိတ်ထဲတွင် စွဲမှတ်စေရန် တေးဂီတဖြင့် သီကုံးခြင်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့ကို အစဉ်မပြတ် ဦးဆောင်လမ်းပြနိုင်ပြီး လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ရန် ကူညီပေးနိုင်မည် ဖြစ်သည်။ ဤသည်မှာ ကောင်းမြတ်လှသော လုပ်ရပ်ပါတကား။ သို့သော်လည်း အန္တိခရစ်တို့၏ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝကင်းမဲ့ခြင်းကြောင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သာမန်လူများ စကားစမြည်ပြောဆိုသည့် စကားများဖြစ်သည့်အလား သဘောထားပြုမူကာ စိတ်ကူးပေါက်သကဲ့သို့ ဖျက်ပစ်ပြီး ကလီကမာလုပ်ခဲ့ကြသည်။ မေးခွန်းတစ်ခွန်းမျှ မမေးသကဲ့သို့ မည်သူတစ်ဦးတစ်ယောက်၏ ခွင့်ပြုချက် သို့မဟုတ် သဘောတူညီချက်မရှိဘဲ သို့မဟုတ် မည်သူတစ်ဦးတစ်ယောက်ကမျှ အခွင့်အာဏာ ပေးအပ်ခြင်း လုံးဝမရှိဘဲ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးဝ ပြောင်းလဲခဲ့ကြသည့်တိုင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တေးဂီတဖြင့် သီကုံးခဲ့ကြောင်း ၎င်းတို့က လူတို့ကို ယုံကြည်စေခဲ့သည်။ ဤသည်မှာ မည်သို့သော အပြုအမူနှင့် နည်းလမ်းမျိုး ဖြစ်သနည်း။ ထိုသို့သော အပြုအမူနှင့် ထိုသို့သော နည်းလမ်းမျိုးကို လုပ်ဆောင်သော လူတို့သည် မည်သည့် စိတ်သဘောထား ရှိကြသနည်း။ ထိုသို့သော နည်းလမ်းကို အသုံးပြုသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထိုသို့သော သဘောထားဖြင့် သဘောထားပြုမူသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောထားပြုမူရာတွင် ၎င်းတို့၏ စိတ်နှလုံးထဲ၌ အမှန်တကယ် ကြောက်ရွံ့မှု တစ်စက်တလေ ရှိကြသလော။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးထားကြသလော။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် သဘောထားကြသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ ရိုသေမှုမရှိသော၊ သာမန်ကာလျှံကာနိုင်သော သဘောထားမှ အကဲဖြတ်ရသော် ၎င်းတို့သည် ယင်းတို့ကို တန်ဖိုးမထားသည်သာမက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကစားစရာများအဖြစ် သဘောထားပြုမူကာ မိမိတို့အလိုရှိသလို သာမန်ကာလျှံကာ ပြောင်းလဲကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားသည် ဘုရားသခင်ကိုယ်တော်တိုင်အပေါ် ၎င်းတို့၏ သဘောထားကို ညွှန်ပြနေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ အတိအကျ တစ်ပုံစံတည်းဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဘုရားသခင် ကိုယ်တော်တိုင်ကို ကိုယ်စားပြုသည်၊ ယင်းတို့သည် ဘုရားသခင်၏ ဖော်ပြချက်၊ သူ၏ စိတ်သဘောထား၏ ဖော်ပြချက်နှင့် သူ၏ အနှစ်သာရ၏ ထုတ်ဖော်ခြင်းတို့ ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အလွန်တရာ ရိုသေမှုမရှိဘဲ သာမန်ကာလျှံကာနိုင်ပါက ၎င်းတို့သည် ဘုရားသခင် ကိုယ်တော်တိုင်ကို မည်သို့ ဆက်ဆံသည်မှာ သိသာထင်ရှားပေသည်။ ဤအရာက ပြဿနာကို အထင်အရှားပြနေသည်။
လူတို့သည် အပေါ်ယံအားဖြင့် ဘုရားသခင်နောက် လိုက်ကြပြီး ကိုယ်တော့်အတွက် စွန့်လွှတ်ကြ၊ အသုံးခံကြကာ ဆင်းရဲဒုက္ခကို ခံကြသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားမှာ အလွန်တရာပင် ရိုသေမှုမရှိဘဲ သာမန်ကာလျှံကာနိုင်လှသည်။ အန္တိခရစ်တို့က နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ကို လှပစွာ မွမ်းမံတန်ဆာဆင်ခြင်း၊ အဝတ်ဖြင့် ထုပ်ခြင်းနှင့် အလုံခြုံဆုံးနေရာတွင် သိမ်းဆည်းခြင်းတို့ကိုပင် ပြုလုပ်ကောင်းပြုလုပ်ကြမည်။ သို့သော် ဤသည်က မည်သည့်အရာကို သက်သေပြနိုင်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးထားကြောင်း၊ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများရှိကြောင်းကို ပြသနိုင်သလော။ ဤအပေါ်ယံလုပ်ရပ်များက ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ ရိုသေမှုမရှိသော သဘောထားကို ဖုံးကွယ်နိုင်သလော။ မဖုံးကွယ်နိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်သည့်အခါတိုင်း ယင်းတို့ထဲမှ ဝေါဟာရများ၊ အသုံးအနှုန်းများနှင့် လေသံအချို့ကို ကလီကမာလုပ်ရန် အမြဲတစေ စဉ်းစားကြသည်။ ပြီးလျှင် အချို့သော အန္တိခရစ်တို့သည် မည်သည့်အတိုင်းအတာအထိ ရဲတင်းကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် မိမိတို့၏ အယူအဆများနှင့် မကိုက်ညီသော တစ်စုံတစ်ရာကို တွေ့ရှိသည့်အခါ၊ သို့မဟုတ် စကားလုံးအသုံးအနှုန်းသည် မသင့်လျော်ဟု သို့မဟုတ် သဒ္ဒါနည်းအရ မမှန်ကန်ဟု ထင်သည့်အခါ၊ သို့မဟုတ် ပုဒ်ဖြတ်ပုဒ်ရပ်တစ်ခု မှားယွင်းသည်ဟုပင် ယုံကြည်သည့်အခါ ၎င်းတို့သည် ထိုကိစ္စကို ကျယ်လောင်စွာ ကြေညာပြီး ချဲ့ကားပြောဆိုကြမည်ဖြစ်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲရှိ နေရာလွဲချော်နေသော ပုဒ်ဖြတ်ပုဒ်ရပ်တစ်ခု၊ မသင့်လျော်သော စကားလုံးရွေးချယ်မှုတစ်ခု၊ သို့မဟုတ် ကျိုးကြောင်းမဆီလျော်ဟု ထင်ရသော စကားတစ်ခွန်းအကြောင်းကို တစ်ကမ္ဘာလုံးက သိစေရန် ဆန္ဒရှိကြသည်။ ၎င်းတို့သည် ဤအရာကို လှောင်ပြောင်သော၊ မထီမဲ့မြင်ပြုသော လေသံဖြင့် ဖြန့်ဝေကြသည်။ ထိုအခိုက်အတန့်များတွင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ အမှားများ၏ သက်သေအဖြစ် ၎င်းတို့ ယူဆသောအရာ၊ နိုင်ကွက်ယူရန် အချက်တစ်ခု၊ အပြစ်အနာအဆာတစ်ခုကို နောက်ဆုံးတွင် တွေ့ရှိသွားပုံရပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင်လည်း အမှားများရှိကြောင်းနှင့် ဘုရားသခင်သည် စုံလင်ခြင်းမရှိကြောင်းကို မိမိတို့၏ စိတ်နှလုံးထဲ၌ နောက်ဆုံးတွင် မိမိတို့ကိုယ်ကို တစ်ဖန် စိတ်ချလက်ချ ရှိအောင်လုပ်ကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား မဟုတ်လော။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် အပြစ်အနာအဆာများနှင့် အမှားများကို ရှာဖွေရန် ရည်ရွယ်ကြသည်၊ ဤသည်မှာ ရန်လိုမှု၏ သဘောထားဖြစ်ပြီး ကျိုးနွံနာခံခြင်းနှင့် လက်ခံခြင်း၏ သဘောထားမဟုတ်ပေ။ အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်ကူးပေါက်သကဲ့သို့ ကလီကမာလုပ်ကြပြီး အနက်ဖွင့်ဆိုကြခြင်းအကြောင်းကို ပြောရလျှင် ယခုလေးတင် ပြောသွားခဲ့သော ဓမ္မတေးအဖွဲ့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကလီကမာလုပ်ခြင်းဟု မှတ်ယူနိုင်သလော။ (မှတ်ယူနိုင်ပါသည်။) ငါ့ကို ပြောလော့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဤမျှ စိတ်ကူးပေါက်သကဲ့သို့ ကလီကမာလုပ်မည့်သူသည် မည်သို့သော လူစားမျိုးဖြစ်သနည်း။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း တစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ ပထမဦးစွာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ် သဘောထားကြသလော။ (မထားပါ။) သို့ဆိုလျှင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အရာအဖြစ် သဘောထားကြသနည်း။ ၎င်းတို့သည် ယင်းတို့ကို လူ၏စကားများအဖြစ် သဘောထားကြသည်။ လူတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများတွင် စကားလုံးများသည် ဆက်စပ်မှုမရှိလျှင် သို့မဟုတ် မစုံလင်လျှင် ကလီကမာလုပ်ခြင်းသည် လက်ခံနိုင်ဖွယ် ဖြစ်ကောင်းဖြစ်မည်၊ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ ထိုသို့ပင်ပြုဝံ့ခြင်းမှာ ဤအရာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိဘဲ မိမိတို့သဘောအတိုင်း မဆင်မခြင် ပြုမူခြင်း မဟုတ်လော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်ကူးပေါက်သကဲ့သို့ မှတ်ချက်ပေးဝံ့ပြီး ကလီကမာလုပ်ဝံ့ခြင်း၊ မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများနှင့်ဖြစ်စေ၊ ရှုမြင်ပုံနှင့်ဖြစ်စေ မကိုက်ညီသည့်အခါတိုင်း ယင်းတို့ကို ပြောင်းလဲခြင်း၊ ဤအရာ၏ သဘောသဘာဝသည် ဆိုးရွားသလော။ (ဆိုးရွားပါသည်။)
ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကလီကမာလုပ်ခြင်းတွင် အခြားမည်သူတို့ ပါဝင်သေးသနည်း။ ဧဝံဂေလိ တရားဟောပြောခြင်း လုပ်ငန်းစဉ်အတွင်း အချို့သော ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ထိတွေ့ကြပြီး ဘုရားသခင်၏ လေသံ၊ ဟန်ပန်၊ ကိုယ်တော်ပြောဆိုသည့် ရှုထောင့်၊ အသုံးပြုထားသော စကားလုံးအသုံးအနှုန်းနှင့် နာမ်စားများအပါအဝင် အခြားသော ကဏ္ဍများစွာတို့အပေါ် အမျိုးမျိုးသော အယူအဆများ ရှိကြသည်။ လူအမျိုးမျိုးတွင် အယူအဆအမျိုးမျိုး ရှိကြသည်၊ ဂိုဏ်းဂဏအမျိုးမျိုးမှ သူတို့တွင် အရသာနှင့် လိုအပ်ချက်အမျိုးမျိုး ရှိကြသည်။ ဧဝံဂေလိအဖွဲ့မှ အဖွဲ့ဝင်အချို့က “ဤနည်းဖြင့် ဧဝံဂေလိတရားဟောရသည်မှာ ခက်ခဲလှပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့သည် ကြမ်းတမ်းလွန်းပြီး အချို့မှာမူ ဘုရားသခင်က လူတို့ကို ကျိန်ဆဲနေသကဲ့သို့ ထင်ရပါသည်။ ထိုနှုတ်ကပတ်တော်များသည် နူးညံ့သိမ်မွေ့ခြင်း လုံးဝမရှိဘဲ၊ မေတ္တာတရား ကင်းမဲ့ကာ သာမန်နေ့စဉ်သုံး စကားများသာ ဖြစ်နေပါသည်။ အချို့သည် လူမျိုးစုအချို့ကို အတိအကျ ပစ်မှတ်ထားသကဲ့သို့ အချို့ကမူ နက်နဲသောအရာများကို ဖော်ထုတ်ထားပါသည်။ ဤအရာများကို လူတို့က လက်ခံနိုင်ဖွယ်ဖြစ်သည်ဟု မမြင်ကြပါ။ ဤနှုတ်ကပတ်တော်များသည် ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူများအဖို့ ဘုရားသခင်၏ အမှုတော်သစ်ကို လက်ခံရာ၌ ခလုတ်တံသင်း ဖြစ်လာခဲ့ပါသည်။ ကျွန်ုပ်တို့ မည်သည့်အရာကို လုပ်ဆောင်သင့်ပါသနည်း” ဟု ပြောကြသည်။ တစ်စုံတစ်ယောက်က “ကျွန်ုပ်၌ ဖြေရှင်းနည်းတစ်ခု ရှိပါသည်။ ဧဝံဂေလိ လက်ခံရန် အလားအလာ ရှိသူများသည် ဤနှုတ်ကပတ်တော်များကြောင့် ဘုရားသခင်၏ အမှုတော်သစ်ကို လက်မခံနိုင်ကြသည့်အတွက် ယင်းတို့ကို အဘယ့်ကြောင့် ဖျက်မပစ်သနည်း။ လူတို့ လက်မခံလိုသော စကားလုံးများနှင့် အကြောင်းအရာအားလုံးကို ဝါကျတစ်ကြောင်းပင် ဖြစ်စေကာမူ မှတ်သားထား၍ ပုံနှိပ်သည့်အခါ ဖယ်ရှားပစ်ပါ။ ဤသို့ဆိုလျှင် ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူများက ယင်းကို ဖတ်ရှုသည့်အခါ သူတို့၏မာနကို ထိခိုက်စေသော သို့မဟုတ် စိတ်ခံစားချက်ကို နာကျင်စေသော စကားလုံးများ ရှိတော့မည်မဟုတ်သကဲ့သို့ သူတို့၏ အယူအဆများကို ဆန့်ကျင်သော အရာတစ်ခုမျှလည်း ရှိတော့မည်မဟုတ်ပါ။ ဘုရားနှုတ်ကပတ်တော် အားလုံးသည် သင့်လျော်သွားမည်ဖြစ်ပြီး လက်ခံဖတ်ရှုသူများတွင်လည်း မည်သည့်အယူအဆမျှ ရှိတော့မည်မဟုတ်ပေ။ ထို့ပြင် သူတို့သည် ဘုရားသခင်၏ အမှုတော်သစ်ကို ချောမွေ့စွာ လက်ခံနိုင်ကြလိမ့်မည်” ဟု ပြောသည်။ ဧဝံဂေလိအဖွဲ့တွင် အချို့သည် ဤသို့ အမှန်တကယ် လုပ်ဆောင်ခဲ့ကြပြီး အထက်ကို မေးမြန်းခြင်း သို့မဟုတ် သဘောတူညီချက် တောင်းခံခြင်းပင်မရှိဘဲ ဤအကျဉ်းချုံးပြီး ကလီကမာလုပ်ထားသော ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပါဝင်သည့် စာအုပ်ငယ်များကို ပုံနှိပ်ပြီး ကျယ်ပြန့်စွာ ဖြန့်ဝေခဲ့ကြသည်။ မိမိတို့၏ အလုပ်တွင် အဆင်ပြေစေရန်အလို့ငှာ၊ လူများပိုမိုရရှိရန်အလို့ငှာ၊ မိမိတို့၏ အလုပ်လုပ်နိုင်စွမ်းကို ပြသရန်အလို့ငှာနှင့် မိမိတို့၏ တာဝန်တွင် သစ္စာစောင့်သိပုံပေါ်ရန်အလို့ငှာ ၎င်းတို့သည် ဤနည်းလမ်းကို အကြံထုတ်ခဲ့ကြပြီး ယင်းကို စာအုပ်အဖြစ် ပုံနှိပ်ခြင်းဖြင့် လက်တွေ့အဖြစ်သို့ပင် ပြောင်းလဲခဲ့ကြသည်။ သို့သော် ဤစာအုပ်သည် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နှင့် လုံးဝကွဲပြားသော စာအုပ်ဖြစ်သည်။ ဤနည်းလမ်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကလီကမာလုပ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကလီကမာလုပ်ခြင်းသည် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း သိရှိကြသလော။ (သိရှိပါသည်။) လူအများစုတွင် ဤသို့သော သတိပြုမိခြင်း ရှိကြသလော။ ယနေ့ ဤမျှလောက် မိတ်သဟာယပြုပြီးနောက် သင်တို့သည် ဟုတ်ပါသည်ဟု အလွယ်တကူ ပြောနိုင်ကြသည်။ သို့သော် အကယ်၍ သင်တို့သည် လွန်ခဲ့သော သုံးနှစ် သို့မဟုတ် ငါးနှစ်က ဧဝံဂေလိ တရားဟောပြောနေခဲ့မည်ဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ စကားလုံးတစ်လုံး သို့မဟုတ် ဝါကျတစ်ကြောင်းမျှ ကလီကမာမလုပ်သင့်ကြောင်းကို သင်တို့ သတိမူမိခဲ့မည်လော။ သင်တို့တွင် ထိုသို့သော ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိခဲ့မည်လော။ (ရှိခဲ့မည်မဟုတ်ပါ။) သို့ဆိုလျှင် သင်တို့သည် မည်သို့သော နောက်ခံအကြောင်းအရာအတွင်း၌ ဤသို့သော သတိပြုမိခြင်း ကင်းမဲ့ခဲ့မည်နည်း။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝကင်းမဲ့သည့် အခြေအနေတွင် ရှိခဲ့သောကြောင့်များ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့သဘောအတိုင်း ပြောင်းလဲဝံ့ခဲ့ကြခြင်း ဖြစ်မည်လော။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝကင်းမဲ့ပါက ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်ကူးပေါက်သကဲ့သို့ ကလီကမာလုပ်ဝံ့မည်ဖြစ်ပြီး မူရင်းအဓိပ္ပာယ်၊ ဘုရားသခင်၏ ပြောဆိုဟန်နှင့် တိကျသော စာပိုဒ်တစ်ပိုဒ်၏ ရည်ရွယ်ထားသော အကျိုးသက်ရောက်မှုကို ပြောင်းလဲကာ ဤအပိုဒ်က ရှင်းလင်းဖော်ပြသည့် ရည်ရွယ်ချက်များ၊ အဓိကအချက်နှင့် အလေးပေးချက်တို့ကို ဖျက်ပစ်လိမ့်မည်၊ ဤအရာအားလုံးသည် ကလီကမာလုပ်ခြင်းပင် ဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က မမျှော်လင့်သော တွေ့ဆုံမှုတစ်ခုအတွင်း ဧဝံဂေလိအဖွဲ့မှ တစ်စုံတစ်ယောက်က မေးခွန်းတစ်ခုကို မေးခဲ့သည်။ “တိုင်းရင်းသား လူမျိုးစုတစ်စုအား ဘုရားအမှုတော်အသစ်အတွက် သက်သေခံသည့်အခါတွင် ဘုရားက ၎င်းတို့ကို ဖော်ထုတ်သည့်အပိုင်းများကို ၎င်းတို့က လက်ခံလိုစိတ်မရှိဘဲ နားမထောင်လိုကြပါ၊ ပြီးလျှင် ဤအပိုင်းများနှင့်ပတ်သက်၍ ၎င်းတို့တွင် အယူအဆများ ရှိကြသည်။ သို့ဖြစ်၍ ဤနှုတ်ကပတ်တော်များသည် ၎င်းတို့ ဘုရားအမှုတော်သစ်ကို လက်ခံရန် အတားအဆီးတစ်ခု ဖြစ်လာသည်။ ကျွန်ုပ်တို့သည် ထိုနှုတ်ကပတ်တော်များကို ကလီကမာလုပ်ဖို့ စဉ်းစားနေကြသည်။ ပြောင်းလဲပြီးသွားလျှင် ၎င်းတို့ လက်ခံနိုင်သွားမည်ဖြစ်ပြီး ဘုရားအမှုတော်အသစ် သို့မဟုတ် ဘုရား၏ ဤတစ်ကြိမ် လူ့ဇာတိခံယူခြင်းနှင့်ပတ်သက်၍ အယူအဆများ ရှိတော့မည် မဟုတ်ပါ” ဟူ၍ ဖြစ်လေသည်။ ဤမေးခွန်းနှင့်ပတ်သက်၍ သင်တို့ မည်သို့ထင်သနည်း။ အကယ်၍ ဤသို့တွေ့ဆုံပြီး ဧဝံဂေလိအလုပ်ကို ဆွေးနွေးခွင့်သာ မရှိခဲ့ပါက ၎င်းတို့သည် ဤနှုတ်ကပတ်တော်များကို မိမိတို့သဘောအတိုင်း ကလီကမာလုပ်ခဲ့ကြပေမည်။ ၎င်းတို့၏ စိတ်ကူးများအတိုင်းဆိုလျှင် ထိုတိုင်းရင်းသားလူမျိုးစုမှ သုံးဦး၊ ငါးဦး၊ ဆယ်ဦး သို့မဟုတ် ထို့ထက်ပင် ပိုသောသူတို့သည် ဘုရားသခင်၏ အမှုတော်သစ်ကို လက်ခံလာနိုင်ကောင်း လက်ခံလာနိုင်မည် ဖြစ်သည်။ သို့သော် ထိုအကြောင်းကို ယခုလောလောဆယ် ဘေးဖယ်ထားဦးစို့၊ ဧဝံဂေလိ တရားဟောသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူ့အယူအဆများနှင့် ကိုက်ညီစေရန် အမြဲတစေ ပြောင်းလဲလိုကြသည်။ ၎င်းတို့သည် ဘုရားသခင်က ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ဖော်ထုတ်ပြီး တရားစီရင်သည့်၊ ကိုယ်တော်က ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အနှစ်သာရကို ဖော်ထုတ်သည့် နှုတ်ကပတ်တော်များကို အမြဲတစေ ဖျက်ပစ်လိုကြသည်။ ထိုသို့သော အပြုအမူ၏ သဘောသဘာဝမှာ အဘယ်နည်း။ ဤသို့သော လုပ်ရပ်မျိုးသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးကို ထင်ဟပ်စေသလော။ (မထင်ဟပ်စေပါ။) ငါ၏အမြင်တွင် တိုင်းရင်းသားလူမျိုးစု သို့မဟုတ် ဂိုဏ်းဂဏတစ်ခုမှ လူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အယူအဆများ ရှိကြသည်မဟုတ်၊ အခြေခံအားဖြင့် ဧဝံဂေလိ တရားဟောနေသော လူတို့ကိုယ်တိုင်က အယူအဆများ ရှိနေခြင်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့အတွက် လက်ခံနိုင်ဖွယ်မရှိပါ၊ ၎င်းတို့သည် ယင်းတို့ကို အတွင်းစိတ်ထဲမှ အတိုက်အခံလုပ်ပြီး အလွန်အမင်း မနှစ်မြို့ကြ၊ ၎င်းတို့သည် ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို နားမထောင်လိုကြဘဲ မနှစ်သက်ကြပေ။ ၎င်းတို့သည် အကယ်၍ ဤအရာများသည် ဘုရားနှုတ်ကပတ်တော်များ အမှန်တကယ်ဖြစ်ပါက ယင်းတို့သည် ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝသင့်ပြီး ပါးရိုက်သကဲ့သို့ လူတို့ကို အလွန် ပွင့်ပွင့်လင်းလင်းနှင့် တဲ့တိုး မဖော်ထုတ်သင့်ဟု ယုံကြည်ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ဧဝံဂေလိတရားဟောမည်ဆိုလျှင် ဤနှုတ်ကပတ်တော်များကို ဖယ်ရှားနိုင်မည်လောဟု ပြင်းထန်စွာ တောင်းဆိုကြသည်။ ဧဝံဂေလိတရားဟောရန်နှင့် လူတို့ကို ရရှိရန်၊ ဘုရားသခင်သည် တစ်ကြိမ်တစ်ခါမျှ အလျှော့ပေးကာ ပို၍ လိမ္မာပါးနပ်စွာနှင့် နှစ်လိုဖွယ်ဖြစ်အောင် ပြောဆိုနိုင်မည်လော။ ဘုရားသခင်၏ အမှုတော်အသစ်ကို လူများပိုမိုလက်ခံစေရန်၊ ဘုရားသခင်၏ ရှေ့မှောက်သို့ ပို၍များပြားသော လူများကို ဆောင်ကြဉ်းရန် ဘုရားသခင်သည် သူ၏ ဗျူဟာနှင့် ပြောဆိုဟန်ကို ပြောင်းလဲကာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို သဘောတူလိုက်လျောပြီး အလျှော့ပေးသည့်အပြင် ဦးညွှတ်တောင်းပန်ကာ ခွင့်လွှတ်ပေးဖို့ အသနားခံနိုင်မည်လော။ သို့ဖြစ်၍ ဤပြဿနာသည် မည်သည့်ဂိုဏ်းဂဏမှ လူများ၏ ပြဿနာမဟုတ်ဘဲ အခြေခံအားဖြင့် ဧဝံဂေလိအမှုဆောင်များ၏ ပြဿနာသာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ စကားလုံးတစ်လုံးမျှဖြစ်စေ၊ ဝါကျတစ်ကြောင်းမျှဖြစ်စေ ကလီကမာမလုပ်ဘဲနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူအားလုံးကို အယူအဆများ ဖြစ်ပေါ်စေနိုင်သည့်တိုင် ဘုရားသခင်၏ ရှေ့မှောက်သို့ တဖြည်းဖြည်း လာရောက်ပြီး သူ၏ အမှုတော်သစ်ကို လက်ခံကြသောသူများစွာ ရှိနေဆဲဖြစ်သည်။ ၎င်းတို့၏ အယူအဆများသည် ၎င်းတို့ကို ဘုရားသခင်၏ အမှုတော်သစ်ကို လက်ခံခြင်းမှ တားဆီးခဲ့သလော။ လုံးဝမတားဆီးခဲ့ပေ။ အကယ်၍ ဘုရားသခင်ပြောဆိုသော ဤနှုတ်ကပတ်တော်များသည် လူသားတို့ လိုအပ်သောအရာမဟုတ်ဘဲ လူသားတို့၏ အမှန်တကယ်အခြေအနေကို ထင်ဟပ်ခြင်းမရှိပါက လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံခြင်းသည် နားလည်နိုင်ဖွယ်ဖြစ်မည်ဖြစ်ပြီး ဘုရားသခင်သည် သူ၏ ပြောဆိုဟန်နှင့် ပြောဆိုချက်၏ အကြောင်းအရာကို ပြောင်းလဲရန် စဉ်းစားကောင်း စဉ်းစားပေမည်။ သို့သော်လည်း ဘုရားသခင် ပြောဆိုသော စကားလုံးနှင့် ဝါကျတိုင်းသည် လူသားတို့၏ အမှန်တကယ်အခြေအနေကို ထင်ဟပ်ပြီး လူသားတို့၏ အသက်ဝင်ရောက်မှုနှင့် ကယ်တင်ခြင်းတို့နှင့် ဆက်စပ်နေသည်။ အကယ်၍ လူတို့သည် အယူအဆများရှိပြီး ယင်းတို့ကို လက်မခံနိုင်ပါက ယင်းက လူသားများသည် ကောက်ကျစ်ဆိုးယုတ်ကြောင်း၊ ညစ်ညမ်းကြောင်းနှင့် အလွန်ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးနေကြောင်း၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာရန် မထိုက်တန်ကြောင်းကို သက်သေပြသည်။ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှားယွင်းကြောင်းကိုဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရား မဟုတ်ကြောင်းကိုဖြစ်စေ သက်သေမပြပေ။
ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်အပေါ် အယူအဆများရှိခြင်းကို မည်သို့ လုပ်ဆောင်သင့်သနည်း။ ဧဝံဂေလိတရားကို ဟောပြောသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ရေလောင်းခြင်းခံရပြီး နှစ်ပေါင်းများစွာ ယင်းတို့ကို နားထောင်ခဲ့ပြီးဖြစ်သည်။ သင်တို့ မည်မျှ သမ္မာတရားကို နားလည်သည်ကို မဆိုထားနှင့်၊ သဘောတရားအရ ပြောရလျှင် ဘုရားအမှုတော်၏ ရူပါရုံများ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ ရည်ရွယ်ချက်၊ ဘုရားသခင်၏ လူကို ကယ်တင်ခြင်းအမှုဟူသည့် သမ္မာတရား၏ ဤကဏ္ဍအားလုံးကို သင်တို့ နားလည်ကာ အမှတ်ရပြီး သဘောပေါက်ခဲ့ပြီး မဟုတ်လော။ အကယ်၍ သင်တို့တွင် ဤအရာအားလုံးနှင့် ပြည့်စုံခဲ့ပါက သင်သည် လူတို့ အယူအဆများရှိခြင်းကို ကြောက်နေဦးမည်လော။ အကယ်၍ သင်သည် ကြောက်ပါက သင်သည် ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူများထံ တက်ကြွစွာ ရှင်းလင်းပြသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များအတွက် သူတို့ထံ သက်သေခံလော့၊ သမ္မာတရားကို အသေအချာ ရှင်းပြလော့။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နှစ်ပေါင်းများစွာ နားထောင်ပြီးနောက် သင်သည် ယင်းတို့ကို ရှင်းပြရန် သို့မဟုတ် ရှင်းလင်းအောင်လုပ်ရန် မတတ်နိုင်သေးပါက သင်သည် လုံးဝ အမှိုက်တစ်စ ဖြစ်သည်။ သင်သည် ဤတာဝန်ကို ထမ်းဆောင်နေပြီး နေ့စဉ်နေ့တိုင်း သင်သည် ဤခေါင်းစဉ်များ၊ ဤအကြောင်းအရာများ၊ ဤအမှုအရာများနှင့် ထိတွေ့နေသည်၊ သင်သည် ဧဝံဂေလိတရားဟောရန်နှင့် လူတို့ကို ရရှိရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကလီကမာလုပ်ခြင်းကဲ့သို့သော ထိုမျှစက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းကို အသုံးပြုရန် အဘယ်ကြောင့် စဉ်းစားနေဦးမည်နည်း။ အပေါ်ယံအားဖြင့် ဤသည်မှာ မှားယွင်းသော လုပ်ရပ်တစ်ခု၊ စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းတစ်ခု၊ အရည်အချင်းမပြည့်မီမှု၏ ပြသမှုတစ်ခုသာဟု ထင်ရနိုင်သော်လည်း အနှစ်သာရအားဖြင့် ယင်းသည် အန္တိခရစ်တစ်ဦး၏ အနှစ်သာရ၏ သံသယဖြစ်ဖွယ်မရှိသော သရုပ်သကန်တစ်ခုဖြစ်သည်၊ အနည်းငယ်မျှ မလျော့ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တန်ဖိုးထားသောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ချစ်မြတ်နိုးသောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြောက်ရွံ့ရိုသေသောသူများ၊ ဘုရားသခင်မိန့်ဆိုသည့် နှုတ်ကပတ်တော်တိုင်းနှင့် စာကြောင်းတိုင်းအပြင် ဘုရားသခင်ပြောဆိုသည့်ပုံစံကို လေးစားသောသူများ၊ ဘုရားသခင်ပြောဆိုသည့် ရှုထောင့်နှင့် အပိုဒ်တစ်ပိုဒ်စီတွင် သူပြောဆိုသည့်အရာကို လေးစားသောသူများမှာ ဘုရားသခင်၏ လူများဖြစ်ကြသည်။ ဘုရားသခင်၏ ရန်သူများသာ သူ၏နှုတ်ကပတ်တော်များကို မကြာခဏ လှောင်ပြောင်ကာ အထင်သေးကြသည်။ မထီမဲ့မြင်ပြုကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ်၊ ဖန်ဆင်းရှင်မှ ဖော်ပြသော နှုတ်ကပတ်တော်များအဖြစ် မမှတ်ယူပေ။ ထိုကဲ့သို့ပင် ၎င်းတို့၏စိတ်နှလုံးများ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖျက်လိုဖျက်ဆီးလုပ်ပြီး စိတ်ထင်သလို အဓိပ္ပာယ်ကောက်ရန် မကြာခဏ ဆန္ဒရှိကြသည်။ ၎င်းတို့သည် အဆုံးတွင် ပိုမိုများပြားသောလူတို့၏ ချီးမွမ်းမှုကို ရယူရန် အားစိုက်ထုတ်သည့်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖောက်ပြန်ပျက်စီးသော လူသား၏ အကြိုက်များ၊ ဖောက်ပြန်ပျက်စီးသော လူသား၏ ရှုထောင့်အမြင်များ၊ ဖောက်ပြန်ပျက်စီးသော လူ့တွေးခေါ်ပုံများနှင့် အတွေးအခေါ်တို့ဖြင့် ကိုက်ညီစေဖို့ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ပြောင်းလဲရန် ၎င်းတို့၏ နည်းလမ်းများ၊ တွေးခေါ်ပုံနှင့် စဉ်းစားပုံနည်းလမ်းတို့ကို အသုံးပြုရန် ကြိုးစားကြသည်။ ဘုရားနှုတ်ကပတ်တော်၏ မည်သည့်အပိုင်းဖြစ်စေ၊ မည်သို့ဆက်သွယ်ပြောဆိုထားသည်ဖြစ်စေ၊ မည်သည့်ရှုထောင့်မှ ပြောဆိုထားသည်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ပင် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင်ရှိသော သမ္မာတရားကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် နားလည်နိုင်ရန်အလို့ငှာ၊ ဘုရားနှုတ်ကပတ်တော်ကို ၎င်းတို့ ပို၍ အဆင်သင့်နားလည်နိုင်ရန်၊ ပို၍တန်ဖိုးထားနိုင်ရန်၊ ပို၍လွယ်ကူစွာရယူနိုင်ရန် ဘုရားသခင်သည် သူ၏ ရည်ရွယ်ချက်များကို ရှင်းပြပြီး လူသားမျိုးနွယ် ဝင်ရောက်သင့်သည့်အရာကို ပြောပြရန်အတွက် လူတို့အတွက် သဘောပေါက်နားလည်ဖို့ သာ၍များစွာ လွယ်ကူသော လူသားဘာသာစကားများ၊ လူသားနည်းလမ်းများအပြင် လမ်းကြောင်းများ၊ ပြောပုံဆိုပုံနှင့် စကားပြောဆိုသည့် ယုတ္တိတို့ကို အသုံးပြုလေ့ရှိသည်။ သို့တိုင်အောင် ဘုရားသခင်အား ပြစ်တင်ရှုတ်ချရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်ကို ငြင်းပယ်ရန် အန္တိခရစ်များ အသုံးချသည့် အရာတို့မှာ ဤမထင်ရှားသည့် နည်းလမ်းများ၊ ဤမထင်ရှားသည့် လေသံအပြင် အမျိုးစုံသော မထင်ရှားသောစကားများ အတိအကျပင်ဖြစ်သည်။ ဤသည်မှာ အမှန်ပင် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ရန် အသိပညာနှင့် ထင်ရှားကျော်ကြားသော လူတို့၏ လက်ရာများ၊ ထင်ရှားကျော်ကြားသော လူတို့၏ ပြောဆိုချက်များ၊ စကားလုံးအသုံးအနှုန်းနှင့် အမူအရာတို့ကိုပင် မကြာခဏ အသုံးပြုကြသည်။ ၎င်းတို့ ပို၍နှိုင်းယှဉ်လေလေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အလွန်ပေါ့တန်သည်၊ အလွန်ပွင့်လင်းရိုးရှင်းသည်၊ အလွန် သာမန်စကားပြောဆန်သည်ဟု ပို၍ခံစားရလေလေ ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကလီကမာလုပ်ရန်၊ ယင်းတို့ကို “မှန်ကန်အောင်ပြုပြင်”ရန်၊ ထို့အပြင် ဘုရားသခင်ပြောဆိုသည့် လေသံ၊ ဟန်ပန်နှင့် ရှုထောင့်ကို “မှန်ကန်အောင်ပြုပြင်”ရန် တိုး၍ လိုလားလာကြသည်။ ဘုရားသခင် မည်သို့ပင် ပြောဆိုပါစေ၊ သူ၏ နှုတ်ကပတ်တော်များက လူသားတို့ထံ အကျိုးကျေးဇူး မည်မျှပင် ဆောင်ကြဉ်းပေးပါစေ အန္တိခရစ်တို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် မည်သည့်အခါမျှ မမှတ်ယူကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရား၊ လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများ၊ သို့မဟုတ် အသက်ဝင်ရောက်မှုအတွက် လမ်းကြောင်းကို မရှာဖွေကြပေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိစစ်ခြင်း၏ ရှုမြင်ပုံဖြင့်၊ လေ့လာခြင်း၏ သဘောထားဖြင့်၊ စေ့စေ့စပ်စပ် စိစစ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း၏ သဘောထားဖြင့် အစဉ်တစိုက် ချဉ်းကပ်ကြသည်။ စိစစ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းအားလုံးပြီးနောက်တွင် ၎င်းတို့သည် ပြောင်းလဲရန်နှင့် ပြင်ဆင်ရန် လိုအပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာ ရှိနေသေးသည်ဟု ခံစားရဆဲဖြစ်သည်။ သို့ဖြစ်၍ အန္တိခရစ်တို့အတွက်၊ ၎င်းတို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပထမဆုံး ထိတွေ့ခဲ့သည့်နေ့မှစ၍ ယနေ့အထိ ၁၀ နှစ်၊ အနှစ် ၂၀၊ သို့မဟုတ် အနှစ် ၃၀ ယုံကြည်ပြီးနောက် အတွင်းစိတ်ထဲတွင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် အသက်၊ သမ္မာတရား၊ လူတို့ပြောဆိုကြသော နိုင်ငံတော်သို့ တံခါး သို့မဟုတ် ကောင်းကင်ဘုံသို့ လမ်းကြောင်းတို့ ပါဝင်သည်ဟု မယုံကြည်ကြသေးပေ။ ၎င်းတို့သည် ယင်းကို မမြင်နိုင်၊ မတွေ့ရှိနိုင်ကြပေ။ သို့ဆိုလျှင် ၎င်းတို့ မည်သည့်အရာကို ခံစားရသနည်း။ ၎င်းတို့ ပို၍ယုံကြည်လေလေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ အရပ်သုံးစကားဆန်သည်ဟု အဘယ်ကြောင့် ၎င်းတို့ မြင်လေလေ ဖြစ်ရသည်ကို ၎င်းတို့ အံ့အားသင့်ကြသည်။ ၎င်းတို့သည် ပို၍ယုံကြည်လေလေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် စိတ်ဝင်စားမှု အဘယ်ကြောင့် ပိုနည်းလာလေလေဖြစ်သည်ကို အံ့ဩကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် သမ္မာတရား ဟုတ်မဟုတ်ကို သံသယဝင်လာကြသည်။ ဤသည်မှာ မည်သို့သော နိမိတ်လက္ခဏာမျိုး ဖြစ်သနည်း။ ကောင်းသော နိမိတ်လက္ခဏာလော သို့မဟုတ် ဆိုးသော နိမိတ်လက္ခဏာလော။ (ဆိုးသော နိမိတ်လက္ခဏာ ဖြစ်ပါသည်။) ၎င်းတို့သည် ဘုရားသခင်ကို ဤအဆင့်အထိ ယုံကြည်ခဲ့ကြသည်မှာ အတော်ပင် အံ့ဖွယ်တစ်ခု ဖြစ်ပေသည်တကား။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ မျက်ခြည်ပြတ်ကာ ၎င်းတို့၏ ယုံကြည်ခြင်းသည် တစ်ဖက်ပိတ်လမ်းတွင် ရောက်ရှိသွားလေသည်။ ဤသည်မှာ ၎င်းတို့၏ ယုံကြည်ခြင်း၏ အဆုံးသတ် မဟုတ်လော။
သင်တို့ ဤအဖြစ်မှန်ကို သတိပြုမိကြသလော။ လူတိုင်း ဘုရားသခင်ကို စတင်ယုံကြည်သည့်နေ့၊ သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်နေ့၊ မိမိတို့၏ မိသားစုများ၊ အသက်မွေးဝမ်းကျောင်းများ၊ ပညာရေးများနှင့် လောကရှိ အလားအလာများကို စွန့်လွှတ်သည့်နေ့မှစ၍ လူတိုင်းသည် တူညီသော စမှတ်တွင် ရှိခဲ့ကြသည်။ သို့သော် ပြိုင်ပွဲအတွင်း၌ အချို့လူများသည် မသိမသာဖြင့် နောက်ကျကျန်ခဲ့ပြီး မိမိတို့၏ တာဝန်ကို ဆက်လက်ထမ်းဆောင်လိုခြင်း မရှိတော့ပေ။ ၎င်းတို့ အဘယ်သို့ ရောက်သွားကြသနည်း။ အချို့သည် ဘီအုပ်စုများသို့ အဆင့်လျှော့ချခံရသည်၊ အခြားသူများသည် သာမန်အသင်းတော်များသို့ ရောက်သွားကြပြီး အချို့မှာမူ အချိန်ပိုင်း တာဝန်ထမ်းဆောင်သော အသင်းတော်များတွင် မနည်းပင် ကြိုးစားရပ်တည်ကြရသည်။ ဘုရားအိမ်တော်၌ တာဝန်ထမ်းဆောင်ရန် ဆန္ဒမရှိဘဲ ရှင်းလင်းပစ်ခြင်း၏ ပစ်မှတ်များဖြစ်လာကာ တာဝန်ထမ်းဆောင်ရန် အရည်အချင်း မပြည့်မီတော့သူများဖြစ်သည့် ၎င်းတို့သည် အဘယ်ကြောင့် ယနေ့ ဤအခြေအနေသို့ ဆိုက်ရောက်ခဲ့ကြသနည်း။ အကယ်၍ သင်သည် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားကို လူ့မျက်စိဖြင့် သိမြင်ရန် ကြိုးစားပါက သင် မမြင်နိုင်ပေ၊ အကြောင်းမှာ သင်သည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ မည်သည့်အရာရှိသည်ကို မသိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ၊ ကိုယ်တော်ကို အတိုက်အခံလုပ်သည်ဖြစ်စေ၊ ကျိုးနွံနာခံသည်ဖြစ်စေ သင် ခွဲခြားသိမြင်နိုင်ခြင်း မရှိချေ။ သို့ဆိုလျှင် သင်သည် လူတစ်ဦး၏ စိတ်သဘောထား အနှစ်သာရကို မည်သို့ အဆုံးအဖြတ်ပေးသနည်း။ လွယ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားကိုသာ ကြည့်လော့။ ဤလူအုပ်စုတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားနှင့်ပတ်သက်၍ တူညီသော လက္ခဏာတစ်ရပ်ရှိသည်။ အခြေအနေ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့သည် ထောက်ပံ့ခြင်းအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မလိုအပ်ကြပေ။ မည်သို့သော အခက်အခဲများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် စည်းမျဉ်းများကို မရှာဖွေကြ သို့မဟုတ် သမ္မာတရားကို မရှာဖွေကြပေ။ ဤလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကြသည်မှာ ရှားပြီး တစ်စုံတစ်ယောက်က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖတ်ရှုသည့်အခါ သို့မဟုတ် ယင်းတို့အပေါ် မိမိတို့၏ နားလည်မှုကို မိတ်သဟာယပြုသည့်အခါ ၎င်းတို့သည် လက်မခံချင်စိတ်ကိုပင် ခံစားရကြသည်။ ၎င်းတို့သည် လက်မခံချင်စိတ်ကို မည်သို့ ပြသကြသနည်း။ ၎င်းတို့က စိတ်ထဲ၌ “သင်ပြောနေသည့်အရာအားလုံးကို ငါ သိပြီးသားဖြစ်သည်။ သင်ပြောစရာ မလိုပါ။ ဘုရား၏ ဤနှုတ်ကပတ်တော်များကို ယခင်က ငါဖတ်ဖူးသည်။ ငါသည် အားလုံးကို နားလည်သည်” ဟု တွေးကြသည်။ အကယ်၍ ၎င်းတို့သည် အရာအားလုံးကို နားလည်ပါက အဘယ်ကြောင့် ရှင်းလင်းပစ်ခြင်းခံခဲ့ရသနည်း။ အဘယ်ကြောင့် ဘီအုပ်စုများသို့ အဆင့်လျှော့ချခံခဲ့ရသနည်း။ မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ အကြောင်းရင်းမှာ ဤလူများသည် အခြေခံအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံခြင်းဖြစ်သည်၊ ၎င်းတို့သည် ယင်းတို့ကို မထီမဲ့မြင်ပြုပြီး ရန်လိုကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မထီမဲ့မြင်ပြုပြီး ရန်လိုသော တစ်စုံတစ်ဦးသည် ယင်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်မည်လော။ သင်က ၎င်းတို့ကို “အကယ်၍ သင် အခြေအနေတစ်ခုခုကို ကြုံတွေ့ခဲ့ပါက သင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသင့်သည်” ဟု ပြောသည့်အခါ ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့၏ တိကျသော တုံ့ပြန်မှုများမှာ အဘယ်နည်း။ (၎င်းတို့က လက်တွေ့ကျသော ပြဿနာများသည် လက်တွေ့ကျသော ဖြေရှင်းနည်းများ လိုအပ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရန် မလိုအပ်ဟု ပြောပေမည်။) ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းသည် မရေရာသော လုပ်နည်းကိုင်နည်းဖြစ်ပြီး လက်တွေ့ကျသော ပြဿနာများသည် လက်တွေ့ကျသော ဖြေရှင်းနည်းများ လိုအပ်သည်ဟု တွေးထင်ကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ လေသံဖြစ်သည်။ ၎င်းတို့ မည်သည့်အရာကို ဆိုလိုသနည်း။ “လူသားများ၌ ကိုယ့်နည်းလမ်းနှင့်ကိုယ် ရှိကြသည်။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းက အဘယ်အကျိုးရှိသနည်း။ ဘုရားနှုတ်ကပတ်တော်များသည် အရာအားလုံးကို ဖြေရှင်းနိုင်သည်ဟု သင်ထင်သလော” ဟူ၍ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် အခက်အခဲတစ်ခုခု ကြုံတွေ့ပါက ယင်းသည် အခက်အခဲတစ်ခုမျှသာဖြစ်ပြီး ထိုသူ၏ အတွင်းပိုင်းအခြေအနေ သို့မဟုတ် စိတ်သဘောထား၏ ထင်ဟပ်မှု လုံးဝမဟုတ်ဟု ၎င်းတို့က ယူဆကြသည်။ ၎င်းတို့သည် ဤအရာကို မမြင်ကြသကဲ့သို့ ယင်းကို အဖြစ်မှန်အဖြစ် အသိအမှတ်လည်း မပြုကြပေ။ ၎င်းတို့က “လူ့အခက်အခဲများသည် ဝက်အူတစ်လုံးမရှိသော စက်တစ်လုံးနှင့်တူသည်၊ ဝက်အူကို ထည့်လိုက်ရုံနှင့် ပြင်ပြီးသားဖြစ်သွားသည်။ ဘုရားနှုတ်ကပတ်တော်များကို အဘယ်ကြောင့် ရှာဖွေရမည်နည်း။ ယင်းတို့အားလုံးမှာ ဝိညာဉ်ရေးရာ ပြည့်ဝယောင် ဟန်ဆောင်ခြင်းသာ ဖြစ်သည်။ ငါသည် ယင်းကို မည်သည့်အခါမျှ လုပ်ဆောင်မည်မဟုတ်။ ယင်းသည် မိုက်မဲသည်။ ဘုရားနှုတ်ကပတ်တော်သည် အရာအားလုံးကို ဖြေရှင်းနိုင်သည်ဟု သင်ထင်သလော။ ယင်းမှာ ထိုသို့ လုံးဝ မဟုတ်ပါ” ဟု ယုံကြည်ကြသည်။ ဤသည်မှာ သမ္မာတရားကို လက်မခံသောသူတစ်ဦး ဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ထို့အပြင် အချို့လူများ ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ၊ သင်က ၎င်းတို့ကို ကူညီရန် မိတ်သဟာယပြုပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အပိုဒ်တစ်ပိုဒ်ကို ဖတ်ပြသည့်အခါ ၎င်းတို့သည် နားထောင်ပြီးနောက် ဤသို့ တုံ့ပြန်ကြသည်။ “ထိုအပိုဒ်ကို ငါ အလွတ်ရပြီးသားဖြစ်သည်၊ ယင်းကို ငါအကြိမ်ပေါင်းများစွာ ရွတ်ဖူးသည်။ သင်သည် ငါ့ကို အဘယ်ကြောင့် ပြောနေသနည်း။ ငါသည် သင့်ထက် ယင်းကို ပို၍ နားလည်သည်၊ ယင်းမှာ အကျိုးမရှိပါ၊ ယင်းက ငါ့ပြဿနာကို ဖြေရှင်းပေးမည်မဟုတ်” ဟူ၍ ဖြစ်လေသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ (၎င်းတို့သည် သမ္မာတရားကို လက်မခံကြပါ။) ၎င်းတို့သည် သမ္မာတရားကို လက်မခံကြဘဲ မိမိတို့၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးမှုကို အသိအမှတ်ပြုရန် ငြင်းပယ်ကြသည်၊ ဤသည်မှာ ပြဿနာရှိသောအရာဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးမှုကို ဝန်မခံကြသောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းသည် ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်းမျှသာဖြစ်ပြီး အကျိုးမရှိဟု တွေးထင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ပြဿနာများကို ဖြေရှင်းရန် ချက်ချင်း အာနိသင်ပြသောဆေး၊ အံ့ဖွယ်ကုထုံးတစ်ခုကို ရှာဖွေလိုကြပြီး ဤပြဿနာ၏ အနှစ်သာရမှာ သမ္မာတရားကို လက်မခံဘဲ ငြင်းပယ်ခြင်း ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။