အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၅) အခန်း နှစ်
ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကလီကမာလုပ်ခြင်း၊ အနက်ဖွင့်ခြင်းနှင့်သက်ဆိုင်သော ဤသရုပ်သကန်နှင့်ပတ်သက်၍ သင်တို့၌ ဥပမာတစ်ခုခု ရှိသလော။ (သံစုံကျူးအယ်လ်ဘမ်၏ ဗီဒီယိုအမှတ် ၂၀ ကို ထုတ်လုပ်စဉ်တွင် ဘုရားသခင်က ကျမ်းချက်များကို ဖန်သားပြင်ပေါ်တွင် တစ်ခုပြီးတစ်ခု ဖော်ပြရန် ညွှန်ကြားခဲ့သည်။ ထိုအချိန်က အချို့သော ညီအစ်ကိုမောင်နှမများက ကျမ်းချက်များ ရှည်လွန်းသည်ဟု ယူဆပြီး စကားစုအချို့ကို ဖျက်ပစ်ခဲ့ကြသည်။ နောက်ပိုင်းတွင် ဘုရားသခင်သည် ဤပြဿနာကို တွေ့ရှိခဲ့ပြီး အတော်အတန် တင်းမာစွာ စိစစ်ခဲ့ကာ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြစ်မှားစော်ကားခြင်း ဖြစ်သည်ဟု ဆိုခဲ့သည်။) သမ္မာကျမ်းစာ၌ မှတ်တမ်းတင်ထားသော ဘုရားသခင်၏ မူရင်းစကားများနှင့်ပတ်သက်လျှင် ထိုအရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်ပြီး လူတို့က ပြောင်းလဲခြင်း မပြုရပေ၊ ပြီးလျှင် အချို့သော ပရောဖက်များ၏ ပရောဖက်ပြုချက်များနှင့်ပတ်သက်၍လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်၊ ဤအရာများသည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်သည်၊ ယင်းတို့သည် ဘုရားသခင်၏ မှုတ်သွင်းတော်မူခြင်းဖြစ်ပြီး ပြောင်းလဲခြင်း မပြုသင့်ပေ။ ငါ၏အမြင်တွင် ဤနှုတ်ကပတ်တော်များသည် မူရင်းဘာသာစကားဖြင့် မဟုတ်ဘဲ ဘာသာပြန်ချက်များ ဖြစ်ကြသော်လည်း နှစ်ပေါင်းများစွာ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သဖြင့် ဘာသာပြန်ချက်၏ အဓိပ္ပာယ်သည် များသောအားဖြင့် တိကျမှန်ကန်ခဲ့သည်။ ဤအရာကို သင် အသိအမှတ်ပြုသင့်သည်။ ထို့ကြောင့် ဤနှုတ်ကပတ်တော်များကို ပုံမှန်မိတ်သဟာယ၌ အသုံးပြုလျှင် အပြည့်အစုံ ပြန်ပြောရန် မလိုအပ်ပေ၊ အဓိကအချက်ကိုသာ ပြောပြ၍ရသည်။ သို့သော်လည်း တကယ့်အဖြစ်မှန်များကို ပြုပြင်မွမ်းမံခြင်း မပြုသင့်ပေ။ ကိုးကားလျှင် မူရင်းဝါကျ အပြည့်အစုံကို ကောက်နုတ်ရမည်။ ဤစည်းမျဉ်းသည် မည်သို့ရှိသနည်း။ (ကောင်းပါသည်။) အဘယ်ကြောင့် ဤနည်းအတိုင်း လုပ်ဆောင်ရသနည်း။ အချို့လူများက “ထိုအရာအားလုံးသည် အတိတ်မှာ ကျန်ခဲ့ပြီ၊ ကျွန်ုပ်တို့ ထိုမျှ အလေးအနက်ထားဖို့ လိုအပ်သလော” ဟု ဆိုကြသည်။ မလိုအပ်ပေ၊ ဤသည်မှာ သဘောထားတစ်ခု၊ စိတ်ဓာတ်တစ်ခုနှင့် သက်ဆိုင်သည်။ အတိတ်၌ဖြစ်စေ၊ ပစ္စုပ္ပန်၌ဖြစ်စေ၊ အနာဂတ်၌ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များသာဖြစ်ပြီး လူ့စကားနှင့် တန်းတူထားခြင်း မပြုသင့်ပေ။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလွန် စေ့စပ်သေချာသော သဘောထားဖြင့် သဘောထားပြုမူသင့်သည်။ သမ္မာကျမ်းစာကို မူရင်းကျမ်းမှ ဘာသာစကားအမျိုးမျိုးသို့ ဘာသာပြန်ပြီးနောက် အချို့သော အဓိပ္ပာယ်များသည် မူရင်းနှင့် တိတိကျကျ ကိုက်ညီမှုမရှိနိုင်ပေ၊ သို့မဟုတ် ဘာသာပြန်ချက်နှင့် မူရင်းတို့တွင် တူညီသောဝါကျကြား၌ ကွဲလွဲမှုများ ရှိကောင်းရှိနိုင်သည်။ ဘာသာပြန်သူများက “မှတ်ချက်။ တစ်စုံတစ်ခု” ဟု ထည့်ကောင်းထည့်နိုင်သည်၊ သို့မဟုတ် ကွင်းစကွင်းပိတ် အတွင်း၌ “သို့မဟုတ်...ဟု ဘာသာပြန်သည်” ဟု ထည့်ကောင်းထည့်နိုင်သည်။ သမ္မာကျမ်းစာ၏ မူရင်းကျမ်းများကို ဘာသာပြန်ခဲ့သောသူများသည် ဘုရားသခင်ကို ယုံကြည်သူများအားလုံး ဖြစ်ကြသည်ဟု သင်တို့ ထင်သလော။ (ဟုတ်ချင်မှဟုတ်ပါမည်။) ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်သောသူများ သေချာပေါက် မဟုတ်ခဲ့ကြပေ၊ သို့ဆိုလျှင် ၎င်းတို့သည် ဤတာဝန်ကို အဘယ်ကြောင့် ဤမျှ တိကျစွာ ကိုင်တွယ်နိုင်ခဲ့သနည်း။ ဘာသာတရားမရှိသူများက ဤသည်ကို ပညာရှင်ဆန်ခြင်းဟု ခေါ်သော်လည်း ဘုရားသခင်ကို ယုံကြည်သူများကမူ ယင်းကို ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိခြင်းဟု ခေါ်သင့်သည်။ သင်သည် ဤမျှလောက်သော ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးပင် မရှိလျှင် သင်သည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး ဖြစ်နေသေးသလော။
သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်၌ ရိုသေကိုင်းရှိုင်းသော သဘောထားတစ်ခု ရှိရမည်ဖြစ်ပြီး သင်သည် စုဝေး၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့သည့်အခါတွင် ယင်းတို့ကို သင်ဖတ်ရှုပြီးနောက် သင်၏ ကိုယ်ပိုင်အသိပညာနှင့် ဤအတွေ့အကြုံများမှ သင်သင်ယူခဲ့သည့်အရာတို့ကို ပြောဆိုသည့်အခါ သင်၏ ကိုယ်ပိုင်အတွေ့အကြုံများကို ပေါင်းစပ်ထည့်သွင်းနိုင်သည်။ သို့ရာတွင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ ကိုယ်ပိုင်ဖန်တီးမှုများအဖြစ် သဘောထားပြုမူခြင်း မပြုရသည့်အပြင် သင်အလိုရှိသလို ယင်းတို့ကို အနက်မဖွင့်ရပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ရှင်းပြဖို့ သင့်ကို မလိုအပ်သကဲ့သို့၊ သင်သည် ယင်းတို့ကို ရှင်းလင်းစွာ၊ သို့မဟုတ် ထိုက်သင့်သည့် အားလျော်စွာ ရှင်းမပြနိုင်ပေ။ သင်တို့၌ အသေးစား ဉာဏ်ပွင့်ခြင်းနှင့် အလင်းပေးခြင်း အချို့ဖြစ်စေ၊ အတွေ့အကြုံအချို့ ရှိရုံမျှဖြစ်စေ လုံလောက်သော်လည်း သမ္မာတရားကို ရှင်းပြရန် ကြိုးစားခြင်း သို့မဟုတ် လူတို့အား ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်စေဖို့ သင်တို့၏ ရှင်းပြချက်ကို အသုံးပြုရန် ကြိုးစားခြင်းသည် မဖြစ်နိုင်သောအရာ ဖြစ်သည်။ ဤသည်မှာ အမှုအရာများကို မှားယွင်းသော လုပ်ဆောင်နည်း ဖြစ်သည်။ ဥပမာအားဖြင့် အချို့သောသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ဘုရားသခင်က ရိုးသားသောသူများကို ချစ်သည်ဟု ဖတ်ရ၏။ ဘုရားသခင်သည် တစ်ချိန်က လူသားကို “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက်လွန်သောစကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။” (ရှင်မဿဲခရစ်ဝင် ၅:၃၇) ဟု ပြောခဲ့သည်။ ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည်လည်း လူများကို ရိုးသားဖို့ တောင်းဆိုထားသည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တောင်းဆိုမှုများအပေါ် ထားရှိရန် သင့်တော်သည့် သဘောထားသည် မည်သည့်အရာဖြစ်သင့်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ရှာဖွေလော့။ ဘုရားသခင်က ပြောခဲ့သည်၊ “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။” သို့ဆိုလျှင် ဘုရားသခင်၏ အမြင်တွင် ရိုးသားသူများသည် မည်သို့ အတိအကျ ပြုမူသနည်း။ ရိုးသားသောလူများသည် မည်သို့စကားပြောသနည်း၊ ၎င်းတို့သည် မည်သို့ပြုမူကြသနည်း၊ ၎င်းတို့၏တာဝန်ကို ၎င်းတို့ မည်သို့ ကိုင်တွယ်ကြသနည်း၊ ပြီးလျှင် ၎င်းတို့သည် အခြားသူများနှင့် မည်သို့ သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်သနည်း။ လူများသည် ဤစည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းများအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှာဖွေသင့်ပြီး ကိုယ်တော်တောင်းဆိုသည့် ရိုးသားသည့်လူများ ဖြစ်လာသင့်သည်။ ဤသည်မှာ မှန်ကန်သည့် သဘောထားဖြစ်သည်၊ သမ္မာတရားကို ရှာဖွေသူများ ပိုင်ဆိုင်သင့်သည့် သဘောထားဖြစ်သည်။ သို့ဖြစ်လျှင် သမ္မာတရားကို မရှာဖွေ၊ မချစ်မြတ်နိုးဘဲ ဘုရားသခင်နှင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို ကြောက်ရွံ့သောစိတ်နှလုံး မရှိသူတို့သည် မည်သို့ ပြုမူကြသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီးနောက် ၎င်းတို့က “ဘုရားသည် လူတို့အား ရိုးသားရန် တောင်းဆို၏။ ယင်းသည် ယခင်က သခင်ယေရှု ပြောခဲ့သည့်အရာပင် ဖြစ်သည်။ ယနေ့တွင် ဘုရားသည် လူတို့အား ရိုးသားရန် နောက်တစ်ကြိမ် ပြောပြန်သည်။ ငါသဘောပေါက်ပြီ၊ ရိုးသားသောသူများ ဆိုသည်မှာ မာယာကင်းသောသူများပင် မဟုတ်လား။ ဟန်ဆောင်မှုကင်းသောသူများသည် အမြဲအောင်မြင်သည်၊ လူကောင်းတို့သည် ငြိမ်းချမ်းသောဘဝကို ရရှိကြသည်၊ ဟန်ဆောင်မှု ကင်းသောသူများကို လိမ်ညာလှည့်ဖြားခြင်းသည် အပြစ်ဖြစ်သည်ဟု လူတို့ပြောဆိုကြသည့်အတိုင်းပင် မဟုတ်လား။ ကြည့်ပါ၊ ဘုရားသခင်သည် မာယာကင်းသူများ ခံစားရသည့် မတရားမှုများကို တရားသဖြင့်ဖြစ်အောင် ပြုနေသည်” ဟု တွေးကြလေသည်။ ဤစကားများသည် သမ္မာတရားဖြစ်သလော။ ဤသည်တို့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ၎င်းတို့လေ့လာတွေ့ရှိသွားသည့် သမ္မာတရား အခြေခံမူများလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤစကားများသည် အဘယ်နည်း။ ယင်းတို့ကို မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများဟု ခေါ်နိုင်သလော။ (ခေါ်နိုင်ပါသည်။) ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသူများနှင့် သမ္မာတရားကို မချစ်သည့်သူများသည် လူသားမျိုးနွယ်အလယ်တွင် နားဝင်ချိုပြီး မှန်ကန်သည်ဟု ယုံကြည်ထားသည့်အရာကို ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် အမြဲဆက်နွှယ်ကြသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တန်ဖိုးကို အဆင့်လျှော့နေခြင်း မဟုတ်လော။ ဤသည်မှာ သမ္မာတရားကို လူသားတို့အကြား၌ ဆောင်ပုဒ်တစ်ရပ်အဖြစ်လည်းကောင်း၊ မည်သို့ကျင့်ကြံပြုမူရမည်ဟူသော အကြောင်းပြချက်တစ်ခုအဖြစ်လည်းကောင်း သရုပ်ဖော်ခြင်းပင် မဟုတ်လော။ ဘုရားသခင်သည် လူတို့အား ရိုးသားရန် တောင်းဆိုသော်လည်း ဤလူတို့သည် ရိုးသားသောသူတို့ မည်သို့ပြုမူသည်ကိုလည်းကောင်း၊ မည်သို့ ရိုးသားရမည်ကိုလည်းကောင်း၊ ရိုးသားခြင်း၏ ကျင့်ဝတ်သီလများကား အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း လျစ်လျူရှုကြပြီး ဘုရားသခင်က လူတို့အား ဟန်ဆောင်မှုကင်းရန် တောင်းဆိုသည်ဟုလည်းကောင်း၊ ဟန်ဆောင်မှုကင်းသူများ၊ အသုံးမကျသူများနှင့် စဉ်းစားဉာဏ်မရှိသူများ အားလုံးသည် ရိုးသားသောသူများ ဖြစ်ကြသည်ဟုလည်းကောင်း မရှက်မကြောက် ပြောဆိုကြသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တလွဲအနက်ဖွင့်ခြင်းဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တလွဲအနက်ဖွင့်ကြသည့်တိုင် မိမိတို့ကိုယ်ကို အလွန်ပါးနပ်သည်ဟု ထင်မှတ်နေကြသေး၏၊ တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဤသို့သာဖြစ်သည်ဟု ထင်မှတ်ကြသည်။ “သမ္မာတရားသည် ထိုမျှ နက်နဲခြင်းမရှိ၊ ဟန်ဆောင်မှုကင်းသောသူတစ်ဦး ဖြစ်ခြင်းမျှသာ မဟုတ်လော။ ဟန်ဆောင်မှု ကင်းသောသူတစ်ဦး ဖြစ်ရန်မှာ အလွန်ပင် လွယ်ကူရိုးရှင်းလှသည်။ သူတစ်ပါးပစ္စည်းကို မခိုးနှင့်၊ လူများကို မဆဲဆိုနှင့် သို့မဟုတ် အခြားသူများကို မရိုက်နှက်နှင့်။ ‘ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့် နေရာတိုင်းတွင် သက်ညှာပါ။’ အရာခပ်သိမ်း၌ သူတစ်ပါးအပေါ် အလျှော့ပေးလော့၊ မိမိကိုယ်ကို ချုပ်တည်းပြီး သူတစ်ပါးကို သည်းခံလော့၊ လူကောင်းတစ်ယောက်ဖြစ်လော့၊ ပြီးလျှင် လူကောင်းတို့သည် ငြိမ်းချမ်းသောဘဝကို ရရှိကြသည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့က များစွာ ပြောကြသော်လည်း ယင်းတို့ထဲမှ တစ်ခုတလေကမျှ သမ္မာတရားနှင့် မကိုက်ညီပေ၊ ယင်းတို့မှာ မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများသာ ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အတန်ငယ် ဆက်စပ်နေဟန်၊ ထိုနှုတ်ကပတ်တော်များနှင့် အနည်းငယ် ပတ်သက်နေပုံပေါက်သော်လည်း လူတစ်ဦးသည် ထိုကိစ္စကို စဉ်းစားဆင်ခြင်၍ ပိုင်းခြားသိမြင်အောင် လုပ်လိုက်သည့်အခါ ယင်းသည် အထင်အမြင်မှားစေသည့် ပြောဆိုချက်များသာ၊ လူတို့၏ အတွေးအမြင်များကို နှောင့်ယှက်သည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများသာ ဖြစ်ကြောင်းကို သဘောပေါက်လာ၏။ ဥပမာအားဖြင့် ဘုရားသခင်က သူ၏အနှစ်သာရတွင် ချစ်ခြင်းမေတ္တာရှိကြောင်း၊ လူကို သူချစ်ကြောင်း ပြောဆိုသည်။ လူအပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သူပြောဆိုသည့်အရာမှတစ်ဆင့်၊ လူကို သူဆက်ဆံပုံမှတစ်ဆင့်၊ လူကို ကယ်တင်ရန် သူ၏ အပင်ပန်းခံရသော ရည်ရွယ်ချက်မှတစ်ဆင့်၊ ပြီးလျှင် လူအပေါ် သူအမှုပြုပုံ၏ မရေမတွက်နိုင်သော သွင်ပြင်လက္ခဏာများမှတစ်ဆင့် လူတို့ကို ပြသသည်၊ ပြီးလျှင် လူကို သူ၏ကယ်တင်ခြင်းအား ပြသသည့်နည်းတူ လူတို့က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သိရှိလာစေရန် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် လူကို သူကယ်တင်သည့် နည်းလမ်းတို့ကိုလည်း ထင်ရှားစေသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သော ထိုလူများက မည်သို့ထင်သနည်း။ “ဘုရားသည် လူကိုချစ်သော ဘုရားတစ်ပါးဖြစ်သည်၊ ဘုရားသခင်သည် လူအယောက်တိုင်းကို ကယ်တင်ခံရစေလိုပြီး မည်သူ့ကိုမျှ ထာဝရပြစ်ဒဏ်ကို မခံစားစေလိုပေ။ အိမ်ပြန်လာသော ပျောက်သောသားသည် ရွှေထက်ပင် အဖိုးတန်သည်ဟု ဘုရားသခင် ပြောခဲ့သည်” ဟူ၍ ဖြစ်သည်။ ဘုရားသခင်က ဤသို့ ပြောခဲ့သလော။ ဤသည်တို့မှာ ဘုရားသခင်၏ မူရင်းနှုတ်ကပတ်တော်များလော။ (မဟုတ်ပါ။) ၎င်းတို့ အခြားမည်သည့်အရာကို ပြောသေးသနည်း။ “အသက်တစ်ချောင်း ကယ်တင်ခြင်းသည် ခုနစ်ဆင့်ရှိသော စေတီတစ်ဆူ တည်ခြင်းထက် သာလွန်သည်” နှင့် “ဗုဒ္ဓမြတ်စွာသည် မေတ္တာရှင်ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အမှုအရာများကို ပြောင်းပြန်လှန်နေကြသည် မဟုတ်လော။ ၎င်းတို့သည် ဝိညာဉ်ရေးရာ ပြည့်ဝသယောင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်သယောင်၊ သမ္မာတရားကို ချစ်သယောင် ဟန်ဆောင်နေခြင်းသာဖြစ်သည်မှာ သိသာ၏။ ၎င်းတို့သည် သိသာထင်ရှားစွာပင် ပြင်ပလူများ၊ သာမန်လူပုဂ္ဂိုလ်များနှင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိသော စဉ်းစားဉာဏ်မဲ့သူများ ဖြစ်ကြသည်။ ငါသည် ထိုသို့သောလူများစွာကို တွေ့ခဲ့ဖူးသည်။ ၎င်းတို့သည် စကားပြောရာတွင် ရဲတင်းသော်လည်း ဦးနှောက်မရှိဘဲ မဆင်မခြင် ပြုတတ်သောသူများ ဖြစ်ကြသည်၊ ၎င်းတို့၏ စိတ်ထဲတွင်ရှိသော အတွေးအခေါ်များနှင့် ဖြစ်ပေါ်လာမှုများသည် မိစ္ဆာဒိဋ္ဌိအယူများ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများနှင့် အတုအယောင်များသာ ဖြစ်သည်။ အခြားသူများကို အထင်အမြင်မှားစေရန် အစွမ်းကုန် စွမ်းဆောင်နိုင်ကြပြီး အခြားသူများကို အထင်အမြင်မှားစေရန်၊ မိမိတို့ပြောသည့်အရာအား အတင်းအကျပ် နာခံခိုင်းပြီး လက်တွေ့လုပ်ဆောင်ခိုင်းရန် ဤမိစ္ဆာဒိဋ္ဌိအယူများ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများနှင့် ခိုင်လုံသော ဓမ္မပညာဆိုင်ရာ အကြောင်းပြချက်များဟု ထင်ရသော အရာအချို့ကို မကြာခဏ အသုံးပြုနိုင်သူများဖြစ်သည့် ဤလူများသည် အန္တိခရစ်များ ဖြစ်လေသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် အလွန်ဝိညာဉ်ရေးရာဆန်ပုံရသည်၊ အခြားသူများရှေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အပိုဒ်များကို မကြာခဏ ကိုးကားကြပြီး ယင်းတို့ကို မဆင်မခြင် အနက်ဖွင့်ပြီးသည်နှင့်တစ်ပြိုင်နက် မိစ္ဆာဒိဋ္ဌိအယူအဆအချို့နှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာအချို့ကို ထုတ်ပြောကြတော့သည်။ ထိုသို့သောလူများကို အသင်းတော်တိုင်းတွင် တွေ့ရှိနိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုးကားခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းဟူသော အလံတော်အောက်တွင် လူများကို ကူညီပြီး ဦးဆောင်ကြသော်လည်း အမှန်တကယ်တွင် ၎င်းတို့က လူတို့၌ သွတ်သွင်းနေသည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူထံမှ တောင်းဆိုသည့်အရာလည်းမဟုတ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ပါရှိသော သမ္မာတရား စည်းမျဉ်းများလည်းမဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ စီမံပြုပြင်ခြင်း၊ အနက်ဖွင့်ခြင်းနှင့် စိတ်ကူးခြင်းတို့မှတစ်ဆင့် ၎င်းတို့ အကြံထုတ်လိုက်သည့် မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများသာဖြစ်ရာ လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ လမ်းလွဲစေပြီး ၎င်းတို့ကို နာခံစေကာ လူတို့အား အနှောင့်အယှက်များနှင့် အထင်အမြင်မှားစေခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ဥပမာအားဖြင့် ဤသို့ပြောသောသူများ ရှိသည်။ “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ အလုပ်ကို လုပ်ဆောင်ရာတွင် ဘုရားသည် လူသားမျိုးနွယ်အားလုံး၏ စွန့်ပယ်ခြင်းနှင့် အတိုက်အခံလုပ်ခြင်းကို တွေ့ကြုံခဲ့ရသည်၊ ဘုရားသည် ဘုရားဖြစ်ပြီး သူ၏စိတ်နှလုံးသည် အတိုင်းအဆမရှိပေ။ လူတို့ပြောသကဲ့သို့ ‘ဝန်ကြီးချုပ်တစ်ဦး၏ နှလုံးသားသည် လှေတစ်စင်း ရွက်လွှင့်ရလောက်အောင် ကြီးမားသည်’ နှင့် ‘လူကြီးလူကောင်းတစ်ဦးအဖို့ ကလဲ့စားချေရန်မှာ မည်သည့်အခါမျှ နောက်ကျလွန်းခြင်း မရှိပါ’ ဟူ၍ ဖြစ်သည်။ ဘုရားသခင်သည် သဘောထား ကြီးမြတ်လိုက်လေခြင်း” ဟူ၍ ဖြစ်လေသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် လူတို့အား ဘုရားသခင်အတွက်လည်းကောင်း၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းအတွက်လည်းကောင်း သက်သေခံနေပုံရသော်လည်း ၎င်းတို့ အမှန်တကယ် ထုတ်လွှင့်နေသော သတင်းစကားမှာ အဘယ်နည်း။ ယင်းသည် သမ္မာတရားလော။ ယင်းသည် ဘုရားသခင်၏ အနှစ်သာရ အမှန်တကယ် ဟုတ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် မည်သူ့အတွက် သက်သေခံနေသနည်း။ ၎င်းတို့သည် ဝန်ကြီးချုပ်အတွက် သက်သေခံနေခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ဝန်ကြီးချုပ်တစ်ဦးနှင့်လည်းကောင်း၊ လူကြီးလူကောင်းတစ်ဦးနှင့်လည်းကောင်း နှိုင်းယှဉ်နေကြခြင်း ဖြစ်သည်။ ဤသည်မှာ ပြစ်မှားစော်ကားခြင်း မဟုတ်လော။ ထိုသို့သောစကားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် တွေ့နိုင်သလော။ (မတွေ့နိုင်ပါ။) သို့ဆိုလျှင် ဤစကားများသည် အဘယ်မှ လာခဲ့သနည်း။ စာတန်ထံမှ လာခဲ့ခြင်းဖြစ်သည်။ အန္တိခရစ်တို့သည် ဘုရားသခင်အတွက် သက်သေမခံသည်သာမက အဖြစ်မှန်များကိုလည်း လိမ်ညာပြီး ဘုရားသခင်ကို ပြစ်မှားစော်ကားကြကာ အခြေခံအုတ်မြစ်မရှိသူများ၊ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း ကင်းမဲ့သူများနှင့် သမ္မာတရားကို နားလည်နိုင်စွမ်းမရှိသူများကို မကြာခဏ အထင်အမြင်မှားစေကြသည်။ ဤလူများသည် ဝိညာဉ်ရင့်ကျက်မှု သေးငယ်သည်၊ အခြေခံအုတ်မြစ်မရှိ၊ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိကြသဖြင့် ဤမိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းသော အယူအဆများ၏ အထင်အမြင်မှားစေခြင်းကို ခံကြရသည်။ အန္တိခရစ်တို့သည် မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများကို ဝိညာဉ်ရေးရာ ဆိုရိုးများအဖြစ် သဘောထားကြပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအကြောင်း ၎င်းတို့ပြောသည့် အရာတစ်ခုမှာ “ဘုရားသခင်သည် လူအယောက်တိုင်းကို ကယ်တင်ခံရစေလိုပြီး မည်သူ့ကိုမျှ ထာဝရပြစ်ဒဏ်ကို မခံစားစေလိုပေ” ဟူ၍ ဖြစ်သည်။ ဘုရားသခင်က လူထံမှ တောင်းဆိုသည့်အရာအကြောင်း ပြောဆိုသည့်အခါ ၎င်းတို့ပြောသည့် နောက်အရာတစ်ခုမှာ “လူကောင်းတို့သည် ငြိမ်းချမ်းသောဘဝများ ရှိကြသည်” ဟူ၍ ဖြစ်သည်။ ပြီးလျှင် ဘုရားသခင်က လူတို့၏ ပြစ်မှားခြင်းများကို အမှတ်မရဘဲ နောင်တရရန် အခွင့်အရေးတစ်ခု ချန်ထားပေးခြင်းအကြောင်းကိုမူ ၎င်းတို့က “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ။” ဟု ပြောကြသည်။ ထိုသို့သောစကားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် တွေ့နိုင်သလော။ (မတွေ့နိုင်ပါ။) ဤစကားများကို ကြားသည်နှင့် ငါ အဘယ်ကြောင့် ဤမျှ စိတ်ဆိုးရသနည်း။ အဘယ်ကြောင့် ၎င်းတို့ကြောင့် ငါ အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်ရသနည်း။ အဘယ်ကြောင့် ငါ အလွန်ဒေါသထွက်နေရသနည်း။ ဤလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နှစ်ပေါင်းမည်မျှ ဖတ်ရှုနေခဲ့ကြပြီနည်း။ ၎င်းတို့သည် ထုံထိုင်းနေကြသလော၊ သို့မဟုတ် ရူးသွပ်သွားကြပြီလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ထိုသို့သောအရာများကို မည်သည့်နေရာ၌ ဖော်ပြထားသနည်း။ ဘုရားသခင်သည် လူတို့ကို ဟန်ဆောင်မှုကင်းရန် မည်သည့်အချိန်က တောင်းဆိုခဲ့သနည်း။ ဘုရားသခင်သည် လူတို့ကို “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ။” ဟူသော ဆိုရိုးစကားကို လိုက်နာရန် မည်သည့်အချိန်က တောင်းဆိုခဲ့သနည်း။ ဤသည်မှာ ဘုရားသခင် လုပ်ဆောင်သည့်အရာလော။ ၎င်းတို့ ထောက်ခံသည့် ဤမိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများတွင် မည်သည့်နေရာ၌ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များ၊ သူ၏ ရည်ရွယ်ချက်များ၊ သမ္မာတရား စည်းမျဉ်းများနှင့် ဆက်စပ်မှု တစ်ခုခုကို ပြုလုပ်နိုင်သနည်း။ ၎င်းတို့သည် လုံးဝ မသက်ဆိုင်ပေ။ ဥပမာအားဖြင့် ဘုရားသခင်သည် လူတို့အား ရည်သန်မျှော်မှန်းချက်၊ စိတ်ပိုင်းဖြတ်ချက်နှင့် လိုက်စားမှုများ ရှိစေသော်လည်း အန္တိခရစ်တို့ ပြောသည့်အရာမှာ “ဘုရားသခင်က ကျွန်ုပ်တို့ကို လိုက်စားမှုများရှိရန် အားပေးသည်။ ဤအရာကို ကောင်းစွာဖော်ပြသော ဆိုရိုးစကားတစ်ခုရှိသည်၊ ‘ဗိုလ်ချုပ်မဖြစ်ချင်သော စစ်သားသည် စစ်သားကောင်းတစ်ဦး မဟုတ်ပေ။’” ဟူ၍ ဖြစ်သည်။ ဤဆိုရိုးစကားသည် လူမှုရေးဆိုင်ရာ ခေတ်ရေစီးကြောင်းတစ်မျိုး၊ လူမှုရေးဆိုင်ရာ အမြင်တစ်မျိုးဖြစ်သည်။ ယင်းကို ဘုရားအိမ်တော်တွင် အသုံးပြုရန် သင့်လျော်သလော။ ယင်းသည် အသုံးဝင်ပါသလော။ (မဝင်ပါ။) ဤပြောဆိုချက်သည် ဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်နှင့် ကိုက်ညီသနည်း။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သလော။ (မသက်ဆိုင်ပါ။) သို့ဆိုလျှင် အန္တိခရစ်တို့သည် ယင်းကို အဘယ်ကြောင့် ပြောသနည်း။ ဤသို့ပြောရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ ၎င်းတို့သည် အလွန်ဝိညာဉ်ရေးရာဆန်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ နားလည်မှုနှင့် ဉာဏ်အလင်းရခြင်း ရှိကြောင်း၊ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ရှိကြောင်းနှင့် ၎င်းတို့သည် မသိနားမလည်သော သာမန်လူများ မဟုတ်ကြောင်း လူတို့ကို လေးနက်စွာ ခံစားစေရန်ဖြစ်သည်။ သို့သော် ယင်းက ၎င်းတို့ မျှော်လင့်ထားသော ရည်ရွယ်ချက်ကို ပြီးမြောက်စေသလော။ ဤစကားများကို ကြားရသည့်အခါ သင်တို့၏ စိတ်နှလုံးထဲတွင် သဘောတူညီမှုကို ခံစားရသလော သို့မဟုတ် ရွံရှာမှုကို ခံစားရသလော။ (ရွံရှာမှုကို ခံစားရပါသည်။) မည်သည့်နည်းလမ်းဖြင့် ယင်းက သင်တို့ကို ရွံရှာစေသနည်း။ (အန္တိခရစ်တို့သည် စာတန်၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဆက်စပ်ကာ ယင်းတို့ကို မှားယွင်းစွာ အဓိပ္ပာယ်ကောက်ကြပါသည်။ ၎င်းတို့ပြောသော စကားအားလုံးသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ပါသည်။) အန္တိခရစ်တို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ကြောင်း ထင်ဟပ်သော စကားများကိုသာ ပြောဆိုကြပြီး ၎င်းတို့ကို ကြားရသည်နှင့် လူတို့အား စက်ဆုပ်ရွံရှာပြီး အလွန်အမင်း မနှစ်မြို့ခြင်းကို ခံစားရစေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှင်းလင်းစွာ နားမလည်၊ ယင်းတို့ကို သဘောမပေါက်နိုင်ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်ရန် အစွမ်းအစနှင့် စွမ်းရည် ကင်းမဲ့နေသည့်တိုင် ယင်းတို့ကို နားလည်သယောင် ဟန်ဆောင်ပြီး အခြားသူများအား ရှက်ကြောက်စိတ်မရှိဘဲ အနက်ဖွင့်ပြကာ လူတို့ကို စက်ဆုပ်စေသော၊ မည်သည့် တည်ဆောက်မှုကိုမျှ မပေးသော၊ ထိုအစား လူတို့၏ အတွေးများကို ကမောက်ကမဖြစ်စေသော မဆီမဆိုင် အဆင့်မမီသော စကားများကို ပြောဆိုကြသည်။ ဤသည်မှာ အမှန်တကယ် စက်ဆုပ်ဖွယ်ကောင်းလှပါသည်တကား။ သင်တို့သည် ထိုသို့သောလူများနှင့် ကြုံတွေ့ရသည့်အခါ မည်သို့လုပ်ဆောင်သင့်သနည်း။ (ကျွန်ုပ်တို့သည် ၎င်းတို့ပြောနေသည့်အရာ၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အပိုင်းများကို စိတ်ဖြာလေ့လာဆွေးနွေးရမည် ဖြစ်ပါသည်။) သင်သည် ဤအရာကို မည်သို့ လုပ်ဆောင်သင့်သနည်း။ အမှန်တကယ်တွင် ယင်းမှာ အတော်လေး လွယ်ကူပါသည်။ သင်က ၎င်းတို့အား “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် သင်၏နားလည်သဘောပေါက်မှုသည် ကျွန်ုပ်အတွက် များများစားစားရှိပုံမရပါ” ဟု ပြောလော့။ ၎င်းတို့က “ကျွန်ုပ် ထိုသို့မထင်ပါ၊ ကောင်းသည်ဟု ကျွန်ုပ်ခံစားရသည်” ဟု တုံ့ပြန်သည်။ သင်က “သင်က မည်သို့ပင်ဖြစ်စေ ကောင်းသည်ဟု ထင်သည်၊ သို့ဆိုလျှင် သင်၏ ကျိုးကြောင်းဆင်ခြင်မှုအရ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူ့မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများနှင့် ညီမျှသည်ဟု ဆိုလိုသလော။ သင်သည် ဤမိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများကို သဘောတူပါက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဘယ်ကြောင့်ပင် ဖတ်ရှုနေသေးသနည်း။ သင်သည် ယင်းတို့ကို ဖတ်ရှုရန် မလိုအပ်ပါ။ သင်၏ဤပြဿနာသည် ယခုအခါ ဆိုးရွားနေပြီဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်၏ လောကီရေးရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်ပညာအဖြစ်၊ အမှုအရာများကို ကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်က ကိုင်တွယ်သည့် နည်းလမ်းများနှင့် အမြင်များအဖြစ် သဘောထားနေသည်။ သင်၏အမြင်တွင် ဘုရားသခင်ပြောသော ရိုးသားသောလူများသည် ဟန်ဆောင်မှုကင်းသောလူများ၊ အကြီးအကျယ် စဉ်းစားဉာဏ်မဲ့သူများ၊ လူနုံများနှင့် အတူတူပင် ဖြစ်သည်။ သင်သည် ဘုရားသခင်ပြောသော စကားလုံးတိုင်းကို လူ့အသုံးအနှုန်းများသုံး၍ အနက်ဖွင့်ပြီး ယင်းတို့ကို ကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်က အကျဉ်းချုပ်ထားသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများ၊ ဆိုရိုးစကားများနှင့် ညီမျှစေသည်။ သို့ဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူ့စကားများ၊ လူ့ဘာသာစကားနှင့် လူ့မိစ္ဆာဒိဋ္ဌိအယူများ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများဖြစ်သည်ဟု သင် ဆိုလိုနေခြင်းလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဤနည်းဖြင့် နားလည်ရာတွင်၊ သင်သည် ယင်းတို့ကို သဘောပေါက်နားလည်နေခြင်း မဟုတ်၊ သင်သည် ယင်းတို့ကို ပြစ်မှားစော်ကားနေပြီး ဘုရားသခင်ကို ပြစ်မှားစော်ကားနေခြင်း ဖြစ်သည်” ဟု ပြောလော့။ သင်တို့အားလုံး ဤစကားများကို ရှင်းလင်းစွာ ပြောဆိုနိုင်မည်လော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အန္တိခရစ်တို့ပြောသည့်အရာကို ဆိုလိုပါက ဘုရားသခင်သည် အဘယ်ကြောင့် ထိုစကားများကို တိုက်ရိုက်မပြောဘဲ နေမည်နည်း။ ဘုရားသခင်က လူတို့ကို ရိုးသားရန် ပြောသည့်အခါ သူသည် အဘယ်ကြောင့် ၎င်းတို့အား ဟန်ဆောင်မှုကင်းရန်နှင့် လူကောင်းများဖြစ်ရန် ပြောပြီး ထိုမျှနှင့် ရပ်မထားသနည်း။ ယင်းသည် စကားလုံးအသုံးအနှုန်း ကွာခြားမှုမျှသာလော။ (မဟုတ်ပါ။) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ပြီး ယင်းတို့အတွင်း၌ လူတို့ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခု တည်ရှိသည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ပြုမူပြီး အသက်ရှင်ပါက ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူများ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသောသူများ ဖြစ်လာနိုင်သည်။ တစ်ချိန်တည်းတွင် လူသားများပြောသည့်အရာအတိုင်း ပြုမူပြီး အသက်ရှင်ခြင်းသည် လူတစ်ဦးကို လုံးလုံးလျားလျား နားဝေတိမ်တောင်ဖြစ်သောသူတစ်ဦး၊ အတိအလင်း အသက်ရှင်သော စာတန်တစ်ကောင်အဖြစ်သို့ ပြောင်းလဲစေသည်။ သင်တို့ ဤအချက်ကို အသိအမှတ်ပြုသလော။ သင်တို့သည် ဘုရားသခင်က ရိုးသားသောသူတစ်ဦးဖြစ်ရန် ပြောသည့်အတိုင်း ပြုမူပြီး လက်တွေ့လုပ်ဆောင်ပါက မည်သို့သောရလဒ်မျိုး ဖြစ်မည်နည်း။ ပြီးလျှင် သင်တို့သည် လူသားများက လူကောင်း သို့မဟုတ် ဟန်ဆောင်မှုကင်းသောသူဟု ခေါ်သည့်အတိုင်း ပြုမူပြီး အသက်ရှင်ပါက မည်သို့သောရလဒ်မျိုး ဖြစ်မည်နည်း။ ရလဒ်များမှာ ကွဲပြားမည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ရိုးသားသောသူတစ်ဦးအဖြစ် အသက်ရှင်ခြင်း၏ ရလဒ်မှာ အဘယ်နည်း။ (ပုံမှန်လူ့သဘာဝရှိခြင်း၊ ဘုရားသခင်ကို ဝတ်ပြုနိုင်ခြင်း၊ အရှိကိုအရှိအတိုင်းပြောဆိုခြင်း၊ ဘုရားသခင်နှင့် ပွင့်လင်းပြီး ရိုးသားနိုင်ခြင်းတို့ ဖြစ်ပါသည်။ အကယ်၍ လူတစ်ဦးသည် လူသားများ သတ်မှတ်သည့်အတိုင်း ဟန်ဆောင်မှုကင်းသောသူ သို့မဟုတ် လူကောင်းအဖြစ် ကျင့်ကြံပြုမူပါက ၎င်းတို့သည် တိုး၍စဉ်းလဲလာပြီး မိမိတို့ကိုယ်ကို ဖုံးကွယ်ရာ၌ ကျွမ်းကျင်လာကြသည်၊ ၎င်းတို့သည် နှစ်လိုဖွယ်သော စကားများကိုသာ ပြောဆိုကြသည်၊ ၎င်းတို့သည် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်၏ အတွေးအခေါ်ဖြင့် အသက်ရှင်ကြပြီး အသက်ရှင်သော စာတန်တစ်ကောင် ဖြစ်လာကြပါသည်။) သင်မြင်သလော၊ ကွာခြားချက်တစ်ခု ရှိသည် မဟုတ်လော။ ဘုရားသခင်က ရိုးသားသောသူဟု ခေါ်သည့်အတိုင်း ပြုမူပြီး အသက်ရှင်ခြင်းသည် လူတစ်ဦး၏ စိတ်နှလုံးကို တိုး၍သန့်စင်စေသည်၊ သူ၏စိတ်နှလုံးသည် ဘုရားသခင်ထံ ပွင့်လင်းနိုင်ပြီး သူသည် မိမိ၏စိတ်နှလုံးကို ဖုံးကွယ်ခြင်း၊ လိမ်လည်ခြင်း သို့မဟုတ် အတုအယောင်ပြုခြင်း မရှိဘဲ ဘုရားသခင်ထံ ပေးအပ်နိုင်သည်။ သူ၏စိတ်နှလုံးသည် ဘုရားသခင်ထံမှ မပုန်းကွယ်ဘဲ သူ့ထံသို့ ရိုးရှင်းစွာ ဖွင့်ထားသည်၊ သူ၏အတွင်းထဲ၌ တွေးသည့်အရာသည် အပြင်ပန်းတွင် ထုတ်ဖော်ပြီး အသက်ရှင်နေထိုင်သည့်အရာဖြစ်ကာ အပြင်ပန်းတွင် ထုတ်ဖော်ပြီး အသက်ရှင်နေထိုင်သည့်အရာသည် သူ၏အတွင်းထဲရှိအရာနှင့် ကိုက်ညီသည်။ ဤသည်မှာ ဘုရားသခင် အလိုရှိသောအရာဖြစ်သည်၊ ဤသည်မှာ သမ္မာတရားဖြစ်သည်။ အခြားတစ်ဖက်တွင် လူတို့က ဟန်ဆောင်မှုကင်းသောသူ သို့မဟုတ် လူကောင်းဟု ခေါ်သောသူများအတွက် ကျင့်ကြံပြုမူခြင်း စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများမှာ အဘယ်နည်း။ အမှန်တကယ်တွင် ယင်းသည် ဟန်ဆောင်ခြင်းသက်သက်သာ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့တွေးနေသည့်အရာကို အလွယ်တကူ မပြောကြသကဲ့သို့ အခြားသူများကိုလည်း မြင်ခွင့်မပေးကြပေ။ ၎င်းတို့သည် အခြားသူများ၏ မိမိကိုယ်ကိုလေးစားစိတ် သို့မဟုတ် အကျိုးစီးပွားများကို မဆင်မခြင် မထိခိုက်ကြသော်လည်း အခြားသူများကို မထိခိုက်ခြင်းသည်လည်း မိမိကိုယ်ကို ကာကွယ်ရန်အတွက် ဖြစ်သည်။ ၎င်းတို့သည် အတွင်း၌ သတိထားပြီး အပြင်၌ ဖုံးကွယ်ထားကြကာ အထူးသဖြင့် ဘာသာတရားကိုင်းရှိုင်းသော၊ သည်းခံတတ်သော၊ စိတ်ရှည်သော၊ သနားကရုဏာ ပြည့်ဝတတ်သောပုံစံ ပေါ်စေသည်။ သို့သော် မည်သူမျှ ၎င်းတို့အတွင်း၌ မည်သို့တွေးနေသည်ကို မမြင်နိုင်ပေ၊ ၎င်းတို့ထဲတွင် ဖောက်ပြန်ပျက်စီးခြင်း၊ အတိုက်အခံလုပ်ခြင်းနှင့် ပုန်ကန်ခြင်းတို့ ရှိသော်လည်း အခြားသူများက ယင်းကို မမြင်နိုင်ပေ။ အပြင်ပန်းတွင် ၎င်းတို့သည် အထူးသဖြင့် တည်ဆောက်စရာဖြစ်သော၊ နူးညံ့သော၊ ကြင်နာသောပုံစံ ပေါ်ရန် ဟန်ဆောင်ကြသည်။ ၎င်းတို့သည် မကောင်းမှုမည်မျှ လုပ်ဆောင်ပါစေ၊ အတွင်း၌ မည်မျှပုန်ကန်တတ်ပါစေ၊ မည်မျှကောက်ကျစ်ဆိုးယုတ်ပါစေ မည်သူမျှ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ။ အပြင်ပန်းတွင် ၎င်းတို့သည် အခြားသူများကို ကူညီလိုပြီး လိုအပ်နေသူများကို ပေးကမ်းလိုကြသည်၊ အမြဲတုံ့ပြန်ရန် အသင့်ရှိကြပြီး ကိုယ်ကျိုးမငဲ့သော လေဖန်းတစ်ဦးသဖွယ် ဖြစ်လေသည်။ ၎င်းတို့သည် အချိန်တိုင်း ပြုံးပြပြီး အခြားသူများအား မိမိတို့၏ အကောင်းဆုံးဘက်ကို ပြသကြသည်၊ ပြီးလျှင် တစ်ကိုယ်တည်းကျိတ်ကာ မျက်ရည်မည်မျှ ကျခဲ့ပါစေ အခြားသူများကို တည်ဆောက်ပေးခြင်း ခံစားရစေရန် ၎င်းတို့သည် အခြားသူများရှေ့တွင် အမြဲပြုံးနေကြသည်။ ဤသည်မှာ လူတို့က လူကောင်းဟုခေါ်သော အရာမဟုတ်လော။ ဤလူကောင်းကို ရိုးသားသောသူတစ်ဦးနှင့် နှိုင်းယှဉ်လျှင် မည်သူက အပြုသဘောဆောင်သနည်း။ မည်သူက သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်သနည်း။ (ရိုးသားသောသူ ဖြစ်ပါသည်။) ရိုးသားသောလူများသည် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်ကြသည်၊ ဘုရားသခင်၏ ချစ်ခြင်းကို ခံရပြီး သူတောင်းဆိုသည့်အတိုင်း ဘုရားသခင်၏ စံနှုန်းများနှင့် ကိုက်ညီကြသည်၊ သို့သော် လူကောင်းနှင့် ဟန်ဆောင်မှုကင်းသောလူများမှာမူ ထိုသို့မဟုတ်ပေ၊ ၎င်းတို့သည် ဘုရားသခင်က ပြစ်တင်ရှုတ်ချပြီး ပစ်ပယ်သော လူစားမျိုး အတိအကျဖြစ်သည်။ အန္တိခရစ်တို့သည် ဘုရားသခင် တောင်းဆိုသော ရိုးသားသောလူများကို လူကောင်း သို့မဟုတ် ဟန်ဆောင်မှုကင်းသောလူများအဖြစ် ထင်ရာမြင်ရာ အနက်ဖွင့်သည့်အခါ ဤသည်မှာ ဘုရားသခင် ပြောခဲ့သည့်အရာကို မမြင်နိုင်သော ပြစ်တင်ရှုတ်ချခြင်းတစ်မျိုး မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြစ်မှားစော်ကားနေခြင်း မဟုတ်လော။ ဤသည်မှာ သမ္မာတရားကို ပြစ်မှားစော်ကားနေခြင်း မဟုတ်လော။ ဤသည်မှာ သိသာထင်ရှားသော အချက်ဖြစ်သည်။ အန္တိခရစ်တို့သည် သမ္မာတရားဟူသည် အဘယ်နည်းကို မဆိုထားနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုပင် နားမလည်ကြသည့်တိုင် ၎င်းတို့သည် ဟာကွက်ရှိသော ကျိုးကြောင်းပြချက်များကို အားကိုးပြီး ၎င်းတို့၏ ကိုယ်ပိုင်အနက်ဖွင့်ဆိုချက်များကို ကြောင်းကျိုးမမြင်ဘဲ အသုံးချကာ ၎င်းတို့သည် မည်သည့်အရာကိုမျှ မသိနားမလည်ဘဲ နားလည်သယောင် ဟန်ဆောင်လျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့အလိုအတိုင်း အဆင်အခြင်မဲ့ မှားယွင်းအနက်ဖွင့်ပြီး အခြားသူများကို အထင်အမြင်မှားစေကာ အနှောင့်အယှက်ပေးကြသည်။ သင်တို့သည် ဤကဲ့သို့ ပြုမူမည်လော။ လူတစ်ဦးသည် ရှင်းလင်းစွာ နားမလည်သည့်အခါ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်သယောင် ဟန်ဆောင်ခြင်းနှင့် စာသားအရှိအတိုင်း မိမိ၏ နားလည်ခြင်းကို အခြေခံ၍ မိမိ၏ ကိုယ်ပိုင်ဝေါဟာရ၊ အသုံးအနှုန်းများနှင့် ရှုမြင်ပုံများကို အသုံးပြုကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အနက်ဖွင့်ပြီး ဘောင်ခတ်ခြင်းဟူသည့် ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ဖြစ်သည်။
အနှစ်သာရအားဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် လူသား၏စကားအကြား၊ သမ္မာတရားနှင့် အယူဝါဒအကြားခြားနားချက်မှာ အဘယ်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် လူတို့အား ဆင်ခြင်တုံတရားနှင့် အသိတရားကြီးထွားလာစေသည်။ အခြေခံသဘောတရားဖြင့် ပြုမူဆောင်ရွက်စေပြီး၊ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာသည် အပြုသဘောဆောင်သည့်အရာများ၏ လက်တွေ့ကျမှုကို တိုး၍ပိုင်ဆိုင်လာစေသည်။ တစ်ဖက်တွင် လူ၏စကားများသည် လူတို့၏ အကြိုက်များ၊ အယူအဆများနှင့် လုံးဝကိုက်ညီသည့်ပုံပေါ်သော်လည်း ၎င်းတို့သည် သမ္မာတရားမဟုတ်ဘဲ မထင်မှတ်ထားသော အန္တရာယ်များ၊ သွေးဆောင်ဖြားယောင်းခြင်း၊ မိစ္ဆာဒိဋ္ဌိအယူများ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးများနှင့် ပြည့်နေသည်။ ထို့ကြောင့် လူတို့သည် ဤစကားများနှင့်အညီ ပြုမူဆောင်ရွက်လျှင် ၎င်းတို့အသက်ရှင်နေထိုင်သည့် အရာသည် ဘုရားသခင်ထံနှင့် ဘုရားသခင်၏ စံနှုန်းများထံမှ ပို၍ပင် အစဉ်လမ်းလွဲသွားလိမ့်မည်။ ပို၍ဆိုးရွားသည်မှာ လူတို့အသက်ရှင်သည့်ပုံစံသည် အစဉ်ပို၍ ဆိုးယုတ်လာလိမ့်မည်ဖြစ်ပြီး စာတန်နှင့်ဆင်တူလာလိမ့်မည်။ လူတို့သည် လူသား၏ ဒိဋ္ဌိအယူများနှင့် မှားယွင်းသောအတွေးများဖြင့် လုံးဝ အသက်ရှင်နေထိုင်ကာ ပြုမူသည့်အခါ၊ ဤအာဘော်များကို အလုံးစုံ လက်ခံယုံကြည်သောအခါ ၎င်းတို့သည် စာတန်ကဲ့သို့ နေထိုင်ကြသည်။ စာတန်ကဲ့သို့ နေထိုင်ခြင်းသည် ၎င်းတို့ စာတန်များဖြစ်သည်ဟု မညွှန်ပြသလော။ (ညွှန်ပြပါသည်။) ထို့ကြောင့် ၎င်းတို့သည် “အောင်မြင်စွာဖြင့်” အသက်ရှင်လျက်ရှိသော စာတန်များ ဖြစ်လာပြီဖြစ်သည်။ လူအချို့က၊ “ထိုအရာကို ငါမယုံကြည်။ ငါသည် သူတစ်ပါးတို့က နှစ်သက်သည့် ဟန်ဆောင်မှုကင်းသော လူတစ်ဦးသာ ဖြစ်ချင်သည်။ လူအများစုက ကောင်းမြတ်သည်ဟု မှတ်ယူသည့် သူတစ်ယောက် ဖြစ်ချင်သည်။ ထို့နောက်တွင် ဘုရားသခင်သည် ငါ့အပေါ် ကျေနပ်နှစ်သက်ခြင်းရှိမရှိ ငါကြည့်မည်”ဟု ဆိုကြသည်။ ဘုရားသခင်ပြောသည့်အရာကို သင်မယုံကြည်လျှင် သွား၍ကြည့်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သမ္မာတရားဖြစ်သည်၊ မဖြစ်သည်၊ သို့မဟုတ် လူသား၏အယူအဆများသည် သမ္မာတရားဖြစ်သည်၊ မဖြစ်သည် ဆိုသည်ကို ကြည့်ရှုလော့။ ဤသည်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် လူသား၏စကားတို့အကြား အနှစ်သာရအရ ခြားနားမှုဖြစ်သည်။ ယင်းသည် သမ္မာတရားနှင့် ဒိဋ္ဌိအယူ၊ မှားယွင်းသောအတွေးများကြားရှိ အခြေခံ ခြားနားချက်ဖြစ်သည်။ လူသား၏ မိစ္ဆာဒိဋ္ဌိအယူများ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများသည် လူတို့၏ အကြိုက်များနှင့် မည်သို့ကိုက်ညီပုံရပါစေ၊ ယင်းတို့သည် မည်သည့်အခါမျှ လူတို့၏အသက်ဖြစ်မလာနိုင်ပေ။ ဤတွင် ဘုရားသခင်၏နှုတ်ကပတ်တော်များသည် မည်မျှ ရိုးစင်းသည်ဟုထင်ရပါစေ၊ မည်မျှ ပင်ကိုဘာသာစကားဖြစ်ပါစေ၊ လူတို့၏အယူအဆများနှင့် မည်မျှကွဲလွဲပါစေ ၎င်းတို့၏အနှစ်သာရသည် သမ္မာတရားဖြစ်သည်။ လူတို့လုပ်ဆောင်သည့်၊ အသက်ရှင်နေထိုင်သည့်အရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ စည်းမျဉ်းများနှင့်အညီဖြစ်လျှင် နောက်ဆုံးတစ်နေ့တွင်၊ ၎င်းတို့သည် စံနှုန်းပြည့်မီသော စစ်မှန်သည့် ဖန်ဆင်းခံများဖြစ်လာမည်ဖြစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်စွမ်းရှိလိမ့်မည်ဖြစ်သည်။ ပြောင်းပြန်အားဖြင့် အကယ်၍ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့မလုပ်ဆောင်ဘဲ ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း မပြုမူပါက ၎င်းတို့သည် စံနှုန်းပြည့်မီသော ဖန်ဆင်းခံများ ဖြစ်မလာနိုင်ပေ။ ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် ၎င်းတို့လျှောက်လှမ်းသော လမ်းကြောင်းသည် ဘုရားသခင်၏ ပစ်ပယ်ခြင်းကိုသာ ခံရမည်ဖြစ်သည်၊ ဤသည်မှာ အမှန်တရားဖြစ်သည်။ ဤမိတ်သဟာယမှတစ်ဆင့် သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ နားလည်မှုအသစ် သို့မဟုတ် ရှုထောင့်အသစ်တစ်ခု ရရှိပါသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဤအရာ၌ မှားယွင်းမှုမရှိပေ။ အန္တိခရစ်များသာ၊ ပင်ကိုအားဖြင့် အပြုသဘောဆောင်သောအရာများကို အလွန်အမင်းမနှစ်မြို့ဖြစ်ပြီး မုန်းတီးသောသူများသာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မထီမဲ့မြင်ပြုခြင်းဖြင့် သဘောထားပြုမူကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် မမှတ်ယူကြဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ဟူသောအချက်ကို ငြင်းပယ်ကြသည်။ မည်သည့်အချိန်တွင်မျှ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏အသက်အဖြစ် လက်ခံကြမည်မဟုတ်ပေ၊ ၎င်းတို့သည် ကယ်တင်၍ မရနိုင်သော လူတစ်စုဖြစ်သည်။ ထိုသို့သော မိတ်သဟာယဖွဲ့ပြီးနောက် အချို့က ဤသရုပ်သကန်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကလီကမာလုပ်ခြင်းနှင့် မဆင်မခြင် အနက်ဖွင့်ခြင်း သဘောသက်ရောက်ကြောင်း နားလည်ကြသည်၊ ယင်းတို့သည် အန္တိခရစ်များ၏ သရုပ်သကန်များ ဖြစ်သည်။ ဤအရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စုစည်းသောသူများ ပါဝင်သည်ဟု သင်တို့ပြောမည်လော။ (ဟုတ်ပါသည်။) ပါဝင်ပါသလော။ ကလီကမာလုပ်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ (ယင်းမှာ မဆင်မခြင် တစ်စုံတစ်ခုကို ဖျက်ခြင်း သို့မဟုတ် ထည့်ခြင်းဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ မူရင်းအဓိပ္ပာယ်ကို ပြောင်းလဲခြင်း ဖြစ်သည်။ ဤသည်မှာ ကလီကမာလုပ်ခြင်း ဖြစ်သည်။ အကယ်၍ သူ၏နှုတ်ကပတ်တော်များကို စည်းမျဉ်းများအတိုင်း စုစည်းပါက ယင်းသည် ကလီကမာလုပ်ခြင်း မဟုတ်ပါ။) မှန်သည်၊ သင်နားလည်ရန် လိုအပ်သည့်အရာမှာ ထိုအရာပင်ဖြစ်သည်။ ဤနားလည်မှုဖြင့် သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စုစည်းသည့်အခါ စိုးရိမ်စရာ တစ်စုံတစ်ရာ ရှိမည်မဟုတ်ချေ၊ ဟုတ်ပါသလော။ သင်တို့သည် ယခု စည်းမျဉ်းများကို ကောင်းစွာ သဘောပေါက်နိုင်ပြီလော။ သင့်အား စုစည်းရန် တောင်းဆိုသည့်အခါ ယင်းသည် ကလီကမာလုပ်ရန် ဖိတ်ခေါ်ခြင်းမဟုတ်ပေ။ ဘာသာပြန်အလုပ်ကို လုပ်ဆောင်သောသူများလည်း ရှိသည်။ ဤလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိုက်ရိုက်ဘာသာပြန်ဆိုရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ မူရင်းအဓိပ္ပာယ်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်နှုတ်ကပတ်တော်များကို အခြားဘာသာစကားတစ်ခုသို့ ဘာသာပြန်ဆိုရန် တောင်းဆိုခြင်းခံရသည်၊ ဘာသာပြန်ဆိုနေစဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အနက်ဖွင့်ရန် မဟုတ်ပေ။ သင်သည် အနက်ဖွင့်ရန် အရည်အချင်းမရှိ၊ ပြီးလျှင် သင်သည် ဤအရာကို အာရုံစိုက်ပြီး သတိထားရမည်။ စည်းမျဉ်းများကို ကောင်းစွာသဘောပေါက်ခြင်း၊ မည်သည်က ကလီကမာလုပ်ခြင်းဖြစ်ပြီး မည်သည်က မဟုတ်သည်ကို နားလည်ခြင်းဟူသည့် ဤစည်းမျဉ်းများကို ကောင်းစွာသဘောပေါက်လော့၊ ပြီးလျှင် ထိုသို့သောအမှားများကို ပြုလုပ်ရန် ခက်ခဲလိမ့်မည်။ အကယ်၍ သင်သည် ဤစည်းမျဉ်းများကို နားမလည်ဘဲ စုစည်းနေစဉ် အဓိပ္ပာယ်ကို အမြဲထည့်လိုပါက သို့မဟုတ် ပြုပြင်မွမ်းမံလိုပါက ဘုရားသခင်က ဤသို့ပြောပုံသည် သိပ်မကောင်းသလို သို့မဟုတ် ထိုသို့ပြောပုံသည် မှားနေသလို အမြဲခံစားရပြီး တစ်မျိုးတစ်မည် ပြောသင့်သည်ဟု တွေးနေပါက ထိုသို့သော အတွေးများသည် သင့်အား ကလီကမာလုပ်ခြင်းဟူသည့် အမှားကို ကျူးလွန်ရန် အလားအလာရှိစေလိမ့်မည်။ “ဘုရားသခင်၏ ဤဝါကျက မည်သည့်အရာကို ဆိုလိုသည်ကို ကျွန်ုပ်သိသည်၊ ထို့ကြောင့် ကျွန်ုပ်သည် ထိုအဓိပ္ပာယ်ကိုအခြေခံ၍ ဘာသာပြန်မည်။ ဘာသာပြန်ပြီးသည်နှင့် စာဖတ်သူသည် ယင်းကိုနားလည်ပြီး ပြီးသွားမည် မဟုတ်လော။ ရှာဖွေရန် သို့မဟုတ် ဆုတောင်းရင်းဖြင့် ဖတ်ရှုရန် လိုအပ်တော့မည်မဟုတ်၊ ၎င်းတို့သည် ဉာဏ်အလင်းရခြင်းနှင့် အလင်းကို တိုက်ရိုက်ရရှိလိမ့်မည်” ဟု ပြောသော ဘာသာပြန်သူများအတွက်မူ ဤသည်မှာ အမှားတစ်ခု မဟုတ်လော။ ဤသည်မှာ စည်းမျဉ်းများကို ချိုးဖောက်ခြင်းဖြစ်သည်၊ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဆင်မခြင် အနက်ဖွင့်ခြင်းဖြစ်သည်။ အချုပ်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်သည် လူ့စကားများကဲ့သို့၊ ဝတ္ထုတစ်ပုဒ်၊ ကျော်ကြားသူတစ်ဦး၏ စာပေများ သို့မဟုတ် ပညာရပ်ဆိုင်ရာ ဟောပြောချက်နှင့် သက်ဆိုင်သည့် တစ်စုံတစ်ခုကဲ့သို့ မည်သည့်အခါမျှ မဆက်ဆံနှင့်။ ယင်းတို့ကို ကလီကမာလုပ်ခြင်း သို့မဟုတ် မဆင်မခြင် အနက်ဖွင့်ခြင်းအပြင် လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပြီး ဆုတောင်းရင်းဖြင့် ဖတ်ရှုသည့်အခါ ရှာဖွေခြင်း၊ လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်း သဘောထားဖြင့် ချဉ်းကပ်သင့်သည်။ သို့မှသာလျှင် လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် သမ္မာတရားကို မြင်နိုင်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် လက်တွေ့လုပ်ဆောင်ရန် လမ်းခရီးကို ရှာတွေ့နိုင်ပြီး၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရာတွင်လည်းကောင်း၊ ဘဝတွင်လည်းကောင်း ကြုံတွေ့ရသော အမျိုးမျိုးသော အခက်အခဲများကို ဖြေရှင်းနိုင်သည်။ ဤရလဒ်ကို ရရှိခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်၏သဘောထား မှန်ကန်ကြောင်း သက်သေပြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မထီမဲ့မြင်ပြုသော အန္တိခရစ်များ၏ ပထမဆုံးသရုပ်သကန်ဖြစ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဆင်မခြင် ကလီကမာလုပ်ခြင်းနှင့် အနက်ဖွင့်ခြင်း နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယသည် ဤနေရာတွင် အဆုံးသတ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။