အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၅) အခန်း သုံး
ခ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မိမိတို့၏အယူအဆများနှင့် မကိုက်ညီသည့်အခါ အန္တိခရစ်များက ထိုနှုတ်ကပတ်တော်များကို ငြင်းဆိုကြ၏
ဒုတိယ သရုပ်သကန်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မိမိတို့၏အယူအဆများနှင့် မကိုက်ညီသည့်အခါ အန္တိခရစ်များက ထိုနှုတ်ကပတ်တော်များကို ငြင်းဆိုကြခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်တွင် အစမှ ယခုအချိန်အထိ ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့ပြီးဖြစ်သည်။ ဤနှုတ်ကပတ်တော်များ၏ အတိုင်းအတာသည် ကျယ်ပြန့်ပြီး ၎င်းတို့၏ အကြောင်းအရာသည်လည်း ကြွယ်ဝသည်၊ လူတို့၏ ရည်ရွယ်ချက်များနှင့် ရှုထောင့်အမြင်များနှင့် သက်ဆိုင်သော ကဏ္ဍများအပြင် ဘုရားသခင်ကို အစေခံခြင်းလည်း ပါဝင်သည်။ အမှန်ပင် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သက်ဆိုင်သည့်အရာ ပို၍ပင် များစွာရှိပြီး သာ၍ပင် ကြီးမားသော အစိတ်အပိုင်းမှာ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် သက်ဆိုင်သည်။ ဤနှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်သည် အမျိုးမျိုးသော ပြောဆိုခြင်းနည်းလမ်းများကို အသုံးပြုခဲ့သည်။ ဤအမျိုးမျိုးသော ပြောဆိုခြင်း နည်းလမ်းများအတွင်း၌ အချို့သော စကားပြောဆိုသည့် လေသံတို့သည် ကနဦးတွင် လူသားများနှင့် အတော်အတန် နီးစပ်ပြီး ထို့နောက်တွင် လူသားမျိုးနွယ်ကို တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်း၊ လူသားမျိုးနွယ်ကို သိမ်းပိုက်ခြင်းတို့ ပါဝင်လာကာ ထို့နောက်တွင် လူတို့ကို သမ္မာတရား၏ ကဏ္ဍအမျိုးမျိုးကို တဖြည်းဖြည်း ပြောပြလေသည်။ ဤနှုတ်ကပတ်တော်များ၏ အကြောင်းအရာသည် ကဏ္ဍပေါင်းစုံပါဝင်သော်လည်း မည်မျှပင် များပြားလှသည်ဖြစ်စေ ယင်းတို့အားလုံးသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် လိုအပ်သည့် အရာများသာ ဖြစ်သည်။ အထူးခြားဆုံးသော အကြောင်းအရာ အနည်းငယ်သော အစိတ်အပိုင်းမှလွဲ၍ ဤနှုတ်ကပတ်တော်အများစုကို လူသားတို့အားလုံး လက်ခံနိုင်သော လေသံ၊ စကားလုံး အသုံးအနှုန်း၊ ဘာသာစကား၏ ကျိုးကြောင်းဆက်စပ်မှုတို့ကို အသုံးပြုလျက် လူသားတို့၏ ဘာသာစကား ပုံစံများအတိုင်း ပြောဆိုထားခြင်းဖြစ်သည်။ အတိုချုပ်ဆိုရလျှင် ဤဘာသာစကားနှင့် ပြောဆိုခြင်း ပုံစံများ၏ ဟန်ပန်များနှင့် နည်းလမ်းများသည် သာမန်ချည်းသာဖြစ်ပြီး အလွန်နားလည်ရလွယ်ကူသည်။ လူတစ်ဦးတွင် ပုံမှန် အတွေးအခေါ်များ၊ ပုံမှန်ဉာဏ်နှင့် ဆင်ခြင်တုံတရား ရှိသရွေ့ ထိုသူသည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို နားလည်နိုင်သည်။ ဤအရာ၏ သွယ်ဝိုက်သော ဆိုလိုရင်းမှာ လူတစ်ဦး၏ အတွေးအခေါ်များက ပုံမှန်ဖြစ်သရွေ့ ဤနှုတ်ကပတ်တော်များကို ဖတ်ပြီးနောက်တွင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းစဉ်ကို ရှာတွေ့နိုင်သည်၊ မိမိကိုယ်ကို သိနိုင်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်သည်၊ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကိုလည်း ရှာတွေ့နိုင်သည်။ လူတစ်ဦးတွင် စိတ်နှလုံးရှိပြီး ပုံမှန်အတွေးအခေါ်များကို ပိုင်ဆိုင်သရွေ့ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များသည် လူတို့ကို ကူညီနိုင်ပြီး ဘဝထဲရှိ အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ရန် ၎င်းတို့ကို လမ်းညွှန်ပေးနိုင်သည့်အပြင် လူတို့ကို မိမိတို့၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို နားလည်စေနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲရှိ အကြောင်းအရာအများစုသည် ဤကဲ့သို့ဖြစ်သော်လည်း ဘုရား၏သဘောသဘာဝ ရှုထောင့်မှ၊ ဝိညာဉ်တော် ရှုထောင့်မှ ပြောဆိုထားသော အစိတ်အပိုင်းတစ်ခု ရှိသည်။ ဤအစိတ်အပိုင်း၏ အကြောင်းအရာသည် အလွန်ထူးခြားသည်။ လူသားမျိုးနွယ်အားလုံး၏ အမြင်တွင် သူ၏ နှုတ်ကပတ်တော်များ၏ ဤအပိုင်းသည် အလွန်နက်နဲပြီး နားလည်ရခက်သည်။ ယင်းသည် နက်နဲသောအရာတစ်ခု ဖြစ်ပုံရပြီး ပရောဖက်ပြုချက်တစ်ခုကဲ့သို့လည်း ဖြစ်ပုံရသည်။ စကား၏ ဝါကျတိုင်း၊ အပိုဒ်တိုင်းနှင့် အခန်းတိုင်းတွင် လူတို့အနေဖြင့် ဘုရားသခင်၏ ဆိုလိုရင်း အဓိပ္ပာယ်ကို ပိုင်းခြားသိမြင်ရန် အလွန်ခက်ခဲသည်၊ လူတို့ရှာဖွေနေကြသော သမ္မာတရား စည်းမျဉ်းများအပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ နောက်ခံအကြောင်းအရာနှင့် လူအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များကို ရှာတွေ့ရန် ခက်ခဲသည်။ သို့ဆိုလျှင် ဤသည်တို့မှာ သူ၏ နှုတ်ကပတ်တော်များ၏ မည်သည့်အပိုင်းဖြစ်သနည်း။ ယင်းတို့မှာ “စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့် ယင်း၏ နောက်ဆက်တွဲများ ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဤအပိုင်းသည် လူတို့ နားလည်ရန် အလွန်ခက်ခဲသည်။ လူတို့နားလည်ရန် ခက်ခဲသော ဤအပိုင်းကို ဘုရားသခင် အဘယ်ကြောင့် ပြောဆိုသည်ဟူသော ကိစ္စကို ဦးစွာ ဘေးဖယ်ထားကြပြီး ထိုအစား ငါတို့ မိတ်သဟာယပြုမည့် “ဘုရားသခင်၏ နှုတ်ကပတ်တော်များက မိမိတို့၏အယူအဆများနှင့် မကိုက်ညီသည့်အခါ အန္တိခရစ်များက ထိုနှုတ်ကပတ်တော်များကို ငြင်းဆိုကြ၏” ဟူသည့် အကြောင်းအရာ၏ မည်သည့်အပိုင်းက ငါထုတ်ပြောခဲ့သည့် အပိုင်းနှင့် သက်ဆိုင်သည်ကို ပြောကြစို့။ ဘုရားသခင်ပြောဆိုသည့် သာမန်ဖြစ်ပြီး နားလည်လွယ်ကာ နက်နဲသည့်အရာကို ရိုးရှင်းစွာဖော်ပြထားသည့် နှုတ်ကပတ်တော်အများစုနှင့် ပတ်သက်၍လည်းကောင်း၊ လူအပေါ် ဘုရားသခင်၏ သတိပေးချက်များနှင့် သတိပြုစေချက်များ၊ လူကို တိုက်တွန်းနှိုးဆော်ချက်နှင့် နှစ်သိမ့်ခြင်း နှုတ်ကပတ်တော်များ၊ လူကို ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်း နှုတ်ကပတ်တော်များ၊ လူကို ထောက်ပံ့ခြင်းနှင့် လမ်းညွှန်ခြင်း နှုတ်ကပတ်တော်များနှင့် ပတ်သက်၍လည်းကောင်း သမ္မာတရားကို လုံးဝမလိုက်စားသူများ၊ “ဘုရားသခင်” ဟူသော စကားလုံးကို ဘုရားကဲ့သို့ ကိုးကွယ်ပြီး မရေရာသော ဘုရားတစ်ပါးကို ယုံကြည်လိုသူများအတွက်မူ ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကဲ့သို့ မထင်ရဟု ၎င်းတို့က တွေးထင်ကြသည်။ ၎င်းတို့က ထိုနှုတ်ကပတ်တော်များကို အလွန်သာမန်ဖြစ်လွန်းသည်၊ အလွန်ရှင်းလင်းလွန်းသည်၊ အရပ်သုံးစကားများသာဖြစ်သည်ဟု မြင်ကြသည်။ အခန်းတစ်ခုချင်းစီသည် ရှည်လွန်းသည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ဤနှုတ်ကပတ်တော်များကို ၎င်းတို့ မဖတ်ချင်ကြပေ။ ထိုနှုတ်ကပတ်တော်များတွင် နက်နဲမှုနှင့် နက်နဲသောအရာ ကင်းမဲ့ပြီး ထို့ကြောင့် ဖတ်ရှုရန် မထိုက်တန်ဟု ၎င်းတို့က တွေးထင်ကြသည်။ သို့ဖြစ်၍ ဤနှုတ်ကပတ်တော်များသည် ၎င်းတို့၏ အမြင်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မဟုတ်ကြပေ။ ဤအရာကို ၎င်းတို့ဆိုခြင်းမှာ ဤနှုတ်ကပတ်တော်များ၏ အကြောင်းအရာ၊ ပြောဆိုဟန်နှင့် ပုံစံတို့သည် ၎င်းတို့၏ အကြိုက်နှင့် မကိုက်ညီသောကြောင့် ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့၏ အကြိုက်မှာ အဘယ်နည်း။ ၎င်းတို့သည် နက်နဲသော စာများ၊ လူတို့ မည်သို့ပင် ဖတ်ရှုစေကာမူ နားမလည်နိုင်ဘဲ ရှိနေသော၊ ကောင်းကင်မှ အဓိပ္ပာယ်မဖော်နိုင်သော ကျမ်းကြီးတစ်အုပ်ကဲ့သို့ နက်နဲသော စကားလုံးများကို ဖတ်ရှုလိုကြသည်။ ဤအရာကို ၎င်းတို့ ဖတ်ရှုလိုကြသည်။ အန္တိခရစ်တို့သည် လူသားတို့၏ နှစ်သက်မှုများနှင့် ကိုက်ညီသော နည်းလမ်း၊ လေသံနှင့် ဟန်ပန်တို့ဖြင့် ပြောဆိုထားသည့် ဘုရားသခင်က ထောက်ပံ့သော နှုတ်ကပတ်တော် အမျိုးအစားကို မထီမဲ့မြင်ပြုကြသည်။ ၎င်းတို့သည် ဤနှုတ်ကပတ်တော်များအပေါ် အယူအဆများ၊ အထင်အမြင်သေးခြင်းနှင့် လှောင်ပြောင်ခြင်းတို့ဖြင့် ပြည့်နေကြသည်။ ထို့ကြောင့် ဤလူများသည် လူကို အသက်ပေးနိုင်သော ဤသာမန်ဖြစ်သည့်၊ နားလည်ရလွယ်ကူသော နှုတ်ကပတ်တော်များကို မဖတ်၊ မကြည့်၊ နားမထောင်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် ဤနှုတ်ကပတ်တော်များကို ရန်လိုကြသည်၊ ပစ်ပစ်ခါခါငြင်းကြပြီး လက်ခံရန် ငြင်းပယ်ကြသည်။ ၎င်းတို့သည် ဤနှုတ်ကပတ်တော်များကို အဘယ်ကြောင့် ငြင်းပယ်နိုင်၊ ပစ်ပစ်ခါခါငြင်းနိုင်ပြီး ရန်လိုနိုင်သနည်း။ အကြောင်းရင်းတစ်ခုမှာ သေချာသည်။ ဤနှုတ်ကပတ်တော်များသည် ဇာတိပကတိ၌ရှိသော ဘုရားသခင်၏ ရှုထောင့်မှ ပြောဆိုထားခြင်းဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသောကြောင့် ဤနှုတ်ကပတ်တော်များကို လူ့စကားများအဖြစ် ၎င်းတို့က မှတ်ယူကြသည်။ လူ့စကားများ၏ သဘောတရားမှာ အဘယ်နည်း။ အန္တိခရစ်များ၏ အမြင်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ၊ ကောင်းကင်ဆိုင်ရာ ကျမ်းစာများသာ ၎င်းတို့ ဖတ်ရှုရန် ထိုက်တန်သည်။ နက်နဲသိမ်မွေ့သော၊ ဉာဏ်မမီနိုင်သော၊ နက်နဲသောအရာပါသော နှုတ်ကပတ်တော်များသာ ၎င်းတို့ ဖတ်ရှုရန် ထိုက်တန်သည်။ ဤသာမန်ဖြစ်ပြီး နားလည်ရလွယ်ကူသော လူ့စာများသည် ၎င်းတို့ ဖတ်ရှုရန် မထိုက်တန်ပေ၊ ၎င်းတို့၏ “ထိုးထွင်းသိမြင်လှသော” မျက်စိကို မဖမ်းစားနိုင်ပေ၊ ပြီးလျှင် ၎င်းတို့သည် ထိုကျမ်းစာများကို ဥပေက္ခာပြုကြသည်။ ၎င်းတို့သည် ဤနှုတ်ကပတ်တော်များထဲရှိ သမ္မာတရားကို လက်ခံရန်မဆိုထားနှင့်၊ လုံးဝပင် မဖတ်ကြပေ။
ပတ်ဝန်းကျင်တွင် ကြည့်ရှုပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်သူ၊ တစ်စုံတစ်ဦးက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့သည့်အခါ ထထွက်သွားသူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း သို့မဟုတ် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းကို ကြားရသည့်အခါ သမ်းဝေသူ၊ အကြောဆန့်သူ၊ ဒူးနန့်နေသူ၊ စိတ်မရှည်ဖြစ်လာသူနှင့် ထွက်သွားရန် သို့မဟုတ် အခြားအကြောင်းအရာတစ်ခုသို့ ပြောင်းကာ ကြားဖြတ်နှောင့်ယှက်ရန် ဆင်ခြေများကို ရှာသူကို မြင်လော့။ ထိုသို့သောလူများသည် အန္တရာယ်ရှိသည်။ သင်သည် ဓမ္မပညာ၊ မည်သည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများ သို့မဟုတ် မည်သည့် လူ့ရှုထောင့်အမြင်များကိုမဆို ပြောနိုင်ပြီး ၎င်းတို့သည် ထိုင်၍ နားထောင်ကြလိမ့်မည်။ သို့သော် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်း တရားဟောခြင်း၊ ဆုတောင်းရင်းဖြင့် ဖတ်ရှုခြင်း သို့မဟုတ် မိတ်သဟာယဖွဲ့ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ချီးမြှောက်ခြင်းတို့ စတင်သည်နှင့်တစ်ပြိုင်နက် ပုံမှန်မဟုတ်သော အမူအရာ၊ နတ်ဆိုးရုပ်တစ်ခုကို ထုတ်ဖော်လျက် ၎င်းတို့သည် ချက်ချင်း ပြောင်းလဲသွားကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်သည်ကို ကြားသည့်အခါ ၎င်းတို့သည် ဂနာမငြိမ်ဖြစ်ပြီး စိတ်အနှောင့်အယှက်ဖြစ်လာကြကာ တစ်စုံတစ်ဦးက သမ္မာတရားကို မိတ်သဟာယဖွဲ့သည်ကို ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ရန်လိုလာကြပြီး ထထွက်သွားကြသည်။ ဤအရာ၏ သဘောသဘာဝကား အဘယ်နည်း။ ဤသည်မှာ မည်သည့်စိတ်သဘောထားနည်း။ ဤသည်မှာ အန္တိခရစ်ဖြစ်သည်။ အချို့က “သင်က ၎င်းတို့ကို အန္တိခရစ်များဟု မည်သို့ အမည်တပ်နိုင်သနည်း။ ဖြစ်နိုင်သည်မှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ စိတ်ဝင်စားမှု မရှိသေးသော သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ချိုမြိန်မှုကို မမြည်းစမ်းဖူးသေးသော ယုံကြည်သူအသစ်များ ဖြစ်နိုင်သည်။ ယုံကြည်သူအသစ်များသည် ဝိညာဉ်ရင့်ကျက်မှု သေးငယ်သည်ဟု သင်ခွင့်မပြုနိုင်သလော” ဟု ပြောကောင်းပြောနိုင်သည်။ ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှုသေးငယ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်မဝင်စားသော ယုံကြည်သူအသစ်များဖြစ်ပါက သင်က အခြားအရာများအကြောင်း ပြောသည့်အခါ အဘယ်ကြောင့် ၎င်းတို့ ပစ်ပစ်ခါခါမငြင်းကြသနည်း။ သင်သည် ကြီးမားသော ထိုကပ်ဘေးများ၊ လူသားမျိုးနွယ်၏ အနာဂတ်၊ နက်နဲသောအရာများ သို့မဟုတ် ဗျာဒိတ်ကျမ်းကို ဆွေးနွေးပါက ၎င်းတို့ ငြိမ်ငြိမ်ထိုင်နိုင်ခြင်း ရှိမရှိကို ကြည့်လော့။ ထိုအခါ ၎င်းတို့သည် ကွဲပြားစွာ ပြုမူကြသည်။ အန္တိခရစ်များ၏ သဘာဝအနှစ်သာရ ရှုထောင့်မှကြည့်လျှင် ၎င်းတို့သည် သမ္မာတရားကို ရန်လိုကြသည်။ သမ္မာတရားကို ရန်လိုခြင်း၏ ဤသဘာဝအနှစ်သာရသည် ယင်းဘာသာ မည်သို့ ထုတ်ဖော်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားရသည့်အခါ ၎င်းတို့သည် ပစ်ပစ်ခါခါငြင်းသည်ဟု ခံစားရပြီး ငိုက်မျဉ်းလာကာ မထီမဲ့မြင်ပြုခြင်း၊ စိတ်မရှည်ခြင်းနှင့် နားမထောင်လိုခြင်းတို့၏ အမူအရာအမျိုးမျိုးကို ထုတ်ဖော်ခြင်းပင် ဖြစ်သည်။ ၎င်းတို့၏ မကောင်းဆိုးဝါး၏ ပြုမူပြောဆိုပုံသည် ဤသို့ ထုတ်ဖော်ခြင်းခံရသည်။ အပြင်ပန်းတွင် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေကြပြီး ဘုရားသခင်၏ နောက်လိုက်များအဖြစ် မိမိတို့ကိုယ်ကို အသိအမှတ်ပြုကြပုံရသည်။ သို့ဆိုလျှင် သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့သည့်အခါ အဘယ်ကြောင့် ၎င်းတို့သည် ဂနာမငြိမ်ဖြစ်လာကြသနည်း။ အဘယ်ကြောင့် ၎င်းတို့ ငြိမ်ငြိမ်မထိုင်နိုင်ကြသနည်း။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဓားတစ်လက် ဆောင်ထားသကဲ့သို့ပင်ဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ၎င်းတို့ကို စူးနစ်စေခဲ့သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ၎င်းတို့ကို ပြစ်တင်ရှုတ်ချခဲ့သလော။ မဟုတ်ပေ။ ဤနှုတ်ကပတ်တော်များ၏ အများစုသည် လူတို့ကို အာဟာရဖြည့်တင်းပေးရန်ဖြစ်ပြီး ယင်းတို့ကို ကြားရသည့်အခါ လူတို့သည် နိုးထနိုင်ကြသည်၊ အသက်ရှင်ရန် နည်းလမ်းတစ်ခုကို ရှာတွေ့နိုင်ကြသည်၊ လူသားပုံသဏ္ဌာန်ဖြင့် အသက်ရှင်ရန် ပြန်လည်နိုးကြားလာနိုင်သည်။ သို့ဖြစ်၍ အချို့လူများသည် ဤနှုတ်ကပတ်တော်များကို ကြားရသည့်အခါ အဘယ်ကြောင့် ပုံမှန်မဟုတ်စွာ တုံ့ပြန်ကြသနည်း။ ဤသည်မှာ နတ်ဆိုးက ၎င်း၏ စစ်မှန်သော အမူအရာကို ထုတ်ဖော်နေခြင်း ဖြစ်သည်။ သင်သည် ဓမ္မပညာ၊ မိစ္ဆာဒိဋ္ဌိအယူဝါဒများ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများ သို့မဟုတ် ဗျာဒိတ်ကျမ်းအကြောင်း ပြောသည့်အခါ ၎င်းတို့ ပစ်ပစ်ခါခါမငြင်းကြပေ။ သင်သည် ဟန်ဆောင်မှုကင်းသော လူတစ်ဦးဖြစ်ခြင်းအကြောင်း၊ လူ့အကြိုက်လိုက်သူဖြစ်ခြင်းအကြောင်း ပြောလျှင်ပင် သို့မဟုတ် သူရဲကောင်းပုံပြင်များကို ပြောလျှင်ပင် ၎င်းတို့ ပစ်ပစ်ခါခါမငြင်းကြပေ။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည်ကို ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ပစ်ပစ်ခါခါငြင်းသည်ဟု ခံစားရကာ ထပြီး ထွက်သွားလိုကြသည်။ သင်က ၎င်းတို့ကို ကောင်းစွာနားထောင်ရန် တိုက်တွန်းနှိုးဆော်ပါက ၎င်းတို့သည် ရန်လိုလာပြီး ဒေါသတကြီး ကြည့်လေသည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဘယ်ကြောင့် မခံယူနိုင်ကြသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားသည့်အခါ ၎င်းတို့ ငြိမ်ငြိမ်မထိုင်နိုင်ကြပေ။ ဤနေရာတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ ဤသည်က ၎င်းတို့အတွင်းရှိ ဝိညာဉ်သည် ပုံမှန်မဟုတ်ကြောင်း၊ ယင်းသည် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ပြီး ဘုရားသခင်ကို ရန်ပြုသော ဝိညာဉ်ဖြစ်ကြောင်း သက်သေပြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားသည်နှင့်တစ်ပြိုင်နက် အတွင်း၌ ဒေါသထွက်လာကြပြီး ၎င်းတို့အတွင်းရှိ နတ်ဆိုးက လှုံ့ဆော်ကာ ၎င်းတို့ကို ငြိမ်ငြိမ်မထိုင်နိုင်အောင် ပြုလုပ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ အနှစ်သာရ ဖြစ်သည်။ သို့ဖြစ်၍ အပြင်ပန်းမှကြည့်လျှင် အန္တိခရစ်တို့သည် မိမိတို့၏ အယူအဆများနှင့် မကိုက်ညီသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မထီမဲ့မြင်ပြုကြသည်။ သို့သော် ဤ “မိမိတို့၏ အယူအဆများနှင့် မကိုက်ညီခြင်း” က အမှန်တကယ် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းက ဤနှုတ်ကပတ်တော်များကို ၎င်းတို့ ပြစ်တင်ရှုတ်ချကြောင်း၊ ယင်းတို့ကို ဘုရားသခင်ထံမှ လာသည်ဟု အသိအမှတ်မပြုကြောင်းနှင့် ယင်းတို့အား လူတို့ကို ကယ်တင်သော သမ္မာတရား သို့မဟုတ် အသက်လမ်းခရီးအဖြစ် အသိအမှတ်မပြုကြောင်း ရှင်းလင်းစွာ ညွှန်ပြသည်။ မိမိတို့၏ အယူအဆများနှင့် မကိုက်ညီခြင်းသည် ဆင်ခြေတစ်ခု၊ အပေါ်ယံဖြစ်စဉ်တစ်ခုမျှသာ ဖြစ်သည်။ မိမိတို့၏ အယူအဆများနှင့် မကိုက်ညီခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ လူတိုင်းသည် ဘုရားသခင်ပြောဆိုခဲ့သော ဤနှုတ်ကပတ်တော်များအားလုံးအပေါ် အယူအဆများ မရှိကြသလော။ လူတိုင်းက ယင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ်၊ သမ္မာတရားအဖြစ် လက်ခံနိုင်သလော။ လက်မခံနိုင်ပေ၊ လူတိုင်းတွင် အနည်းနှင့်အများ၊ အတိုင်းအတာတစ်ခုအထိ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပဋိပက္ခဖြစ်သော သို့မဟုတ် ဆန့်ကျင်သော အတွေးအခေါ်အချို့၊ အယူအဆအချို့ သို့မဟုတ် ရှုထောင့်အမြင်အချို့ ရှိကြသည်။ သို့သော် လူအများစုတွင် ပုံမှန်ဆင်ခြင်တုံတရားရှိပြီး ဤဆင်ခြင်တုံတရားက ၎င်းတို့သည် မိမိတို့၏ အယူအဆများနှင့် မကိုက်ညီသော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ ပေါ်ပေါက်လာသော သဘောထားကို အောင်မြင်ကျော်လွှားရန် ၎င်းတို့ကို ကူညီနိုင်သည်။ ၎င်းတို့၏ ဆင်ခြင်တုံတရားက ၎င်းတို့ကို “ယင်းက ကျွန်ုပ်၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင် ဤသည်တို့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ ဖြစ်နေဆဲဖြစ်သည်။ ယင်းတို့က ကျွန်ုပ်၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ကျွန်ုပ်သည် နားထောင်ရန် အင်တင်တင်ဖြစ်နေကာ ယင်းသည် မမှန်ကန်ဟု ကျွန်ုပ် ခံစားရပြီး ယင်းက ကျွန်ုပ်၏ အတွေးအခေါ်များနှင့် ပဋိပက္ခဖြစ်သည်ဟု ကျွန်ုပ် ခံစားရလျှင်ပင် ဤနှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်နေဆဲဖြစ်သည်။ ကျွန်ုပ်သည် ယင်းတို့ကို ဖြည်းဖြည်းချင်း လက်ခံမည်ဖြစ်ပြီး တစ်နေ့တွင် ဤအရာအားလုံးကို ကျွန်ုပ် သတိပြုမိသည့်အခါတွင် ကျွန်ုပ်၏ အယူအဆများကို ကျွန်ုပ် လက်လွှတ်မည် ဖြစ်သည်” ဟု ပြောသည်။ ၎င်းတို့၏ ဆင်ခြင်တုံတရားက ၎င်းတို့ကို မိမိတို့၏ ကိုယ်ပိုင်အယူအဆများကို ဦးစွာ ဘေးဖယ်ထားရန် ပြောသည်၊ ၎င်းတို့၏ အယူအဆများသည် သမ္မာတရားမဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အစားမထိုးနိုင်ပေ။ ၎င်းတို့၏ ဆင်ခြင်တုံတရားက ၎င်းတို့ကို မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် ရှုထောင့်အမြင်များဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတိုက်အခံလုပ်မည့်အစား ကျိုးနွံနာခံခြင်းနှင့် ရိုးသားခြင်း သဘောထားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံရန် ပြောသည်။ ဤသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားသည့်အခါ မိမိတို့၏ အယူအဆများနှင့် ကိုက်ညီသောစကားများကို လက်ခံနိုင်ပြီး ငြိမ်သက်စွာထိုင်၍ နားထောင်နိုင်သည်။ မိမိတို့၏ အယူအဆများနှင့် မကိုက်ညီသော နှုတ်ကပတ်တော်များအတွက်မူ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အယူအဆများကို ဘေးဖယ်ထားပြီး ဘုရားသခင်နှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းလျက် ဖြေရှင်းနည်းများကိုလည်း ရှာဖွေနေကြသည်။ ဤသည်မှာ ဆင်ခြင်တုံတရားရှိသော လူအများစု၏ ပုံမှန်အပြုအမူ ဖြစ်သည်။ သို့သော် အန္တိခရစ်များ ပြောဆိုသော “မိမိတို့၏ အယူအဆများနှင့် မကိုက်ညီခြင်း” သည် သာမန်လူများနှင့် မတူပေ။ အန္တိခရစ်များအတွက်မူ ဆိုးရွားသော ပြဿနာများရှိသည်၊ ယင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ နှုတ်ကပတ်တော်များ၊ အနှစ်သာရနှင့် စိတ်သဘောထားတို့နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သော၊ စာတန်ဆန်သော စိတ်သဘောထား အနှစ်သာရနှင့်ဆိုင်သော အရာတစ်ခုဖြစ်သည်။ ၎င်းတို့အတွက်မူ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြစ်တင်ရှုတ်ချခြင်း၊ ပြစ်မှားစော်ကားခြင်းနှင့် လှောင်ပြောင်ခြင်း ဖြစ်သည်။ ဘုရားသခင်ပြောဆိုသော ဤသာမန်ဖြစ်ပြီး နားလည်ရလွယ်ကူသော လူ့ဘာသာစကားသည် သမ္မာတရားမဟုတ်ဘဲ လူတို့ကို ကယ်တင်ခြင်း၏ အကျိုးသက်ရောက်မှုကို မရရှိနိုင်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤသည်မှာ အန္တိခရစ်များက “မိမိတို့၏ အယူအဆများနှင့် မကိုက်ညီခြင်း” ဖြင့် ဆိုလိုသည့် တိကျသော အဓိပ္ပာယ်ဖြစ်သည်။ သို့ဆိုလျှင် ယင်း၏ အနှစ်သာရကား အဘယ်နည်း။ လက်တွေ့တွင် ယင်းသည် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချခြင်း၊ ငြင်းပယ်ခြင်းနှင့် ပြစ်မှားစော်ကားခြင်း ဖြစ်လေသည်။
အန္တိခရစ်တို့သည် ဘုရားသခင်က လူ့သဘာဝ ရှုထောင့်မှ၊ အပြင်လူ၏ ရှုထောင့်မှ ရပ်တည်လျက် လူတို့အား စကားပြောရန် လူ့ဘာသာစကား ပုံစံများ၊ ဖွဲ့စည်းပုံနှင့် စကားလုံးအသုံးအနှုန်းတို့ကို အသုံးပြုသည့်အခါ ဤနှုတ်ကပတ်တော်များသည် လုံလောက်အောင် မနက်နဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ် သတ်မှတ်ခံရရန် အရည်အချင်းမပြည့်မီဟု ယုံကြည်ကြသောကြောင့် ၎င်းတို့သည် ထိုနှုတ်ကပတ်တော်များကို လက်ခံမည့်အစား သေခြင်းကိုပင် ခံလိုကြသည်။ အချို့လူများက “သင်က ၎င်းတို့ လက်မခံဟု ပြောသည်၊ သို့သော် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း စားသောက်ကြသည်၊ တစ်ခါတစ်ရံ ၎င်းတို့သည် ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းများ ပြုကြသည်၊ တစ်ခါတစ်ရံ ကျွန်ုပ်တို့နှင့် မိတ်သဟာယဖွဲ့သည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုပင် ကိုးကားကြသည်။ ယင်းကို သင် မည်သို့ ရှင်းပြမည်နည်း” ဟု ပြောကြသည်။ ယင်းမှာ ကွဲပြားသော ကိစ္စရပ်တစ်ခုဖြစ်သည်၊ ယင်းမှာ အပေါ်ယံမျှသာ ဖြစ်သော်လည်း အနှစ်သာရအားဖြင့် အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဤသို့ သတ်မှတ်ကြသည်။ “လူ့ဇာတိခံယူထားသော လူသား ပြောဆိုသည့် နှုတ်ကပတ်တော်များသည် သမ္မာတရားနှင့် မညီမျှ၊ ဘုရားနှုတ်ကပတ်တော်များ ဖြစ်ဖို့ရန်မှာ သာ၍ပင် ဝေးလေသည်၊ ထို့ကြောင့် ကျွန်ုပ်သည် ယင်းတို့ကို လက်ခံရန်၊ စားသောက်ရန် သို့မဟုတ် ကျိုးနွံနာခံရန် မလိုအပ်ပါ” ဟူ၍ဖြစ်သည်။ သို့သော် ဘုရားသခင် လူ့ဇာတိခံယူသော ဇာတိပကတိက ဝိညာဉ်တော်၏ ရှုထောင့်မှ၊ ဘုရား၏သဘောသဘာဝ ရှုထောင့်မှ ဖော်ပြသည့် အပိုင်းဖြစ်သည့် “စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့် ပတ်သက်၍မူ ဤသည်မှာ အန္တိခရစ်တို့ မြင်နိုင်သော်လည်း လက်လှမ်းမမီနိုင်သော အရာတစ်ခုဖြစ်သည်။ ယင်းမှာ ၎င်းတို့ အလွန်ပင် စိတ်ထက်သန်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဤစိတ်အားထက်သန်မှုက မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းက အန္တိခရစ်တို့သည် ဤနှုတ်ကပတ်တော်များကို အလွန်တရာ တပ်မက်စွာဖြင့် ကြည့်ရှုကာ “သင်၏ ဤမိန့်မြွက်ချက်အပိုင်းကြောင့် အတိအကျပင် ကျွန်ုပ်တို့အမြင်တွင် အရေးမပါသော၊ မထင်ရှားသော၊ မည်သည့်အရာမျှ မဟုတ်သော ပုဂ္ဂိုလ်ဖြစ်သည့် သင်သည် ဘုရားဖြစ်လာခဲ့ခြင်း ဖြစ်သည်။ အလွန်တရာမမျှတပါတကား၊ တရားမျှတမှု မရှိပါတကား” ဟု တွေးထင်ခြင်းကို ရည်ညွှန်းသည်။ သို့သော် ၎င်းတို့ “ဂုဏ်ပြုထိုက်သည်” ဟု မြင်သော ကဏ္ဍတစ်ခု ရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ဤအပိုင်းကို ဖော်ပြခြင်းကြောင့်သာ ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ကြည်ညိုပြီး ရိုသေလေးမြတ်လိုသော ၎င်းတို့၏ လိုအင်ဆန္ဒနှင့် ရည်မှန်းချက်တို့ ပြည့်ဝသွားခြင်း ဖြစ်သည်။ ယင်းက ၎င်းတို့အတွက် သိမြင်မှုအသစ်တစ်ခုကို ဖွင့်ပေးပြီး ၎င်းတို့က “အံ့ဩဖွယ်ပါတကား၊ ဘုရားသည် အမှန်ပင် ဘုရားဖြစ်ပါသည်တကား။ ဤဘုရားသည် တတိယကောင်းကင်မှဖြစ်သော တစ်ပါးတည်းသောသူ၊ အကြီးမြတ်ဆုံးသောသူ ဖြစ်သည်။ သူသည် အမှန်ပင် ဘုရားဖြစ်ထိုက်ပါတကား၊ ထိုသို့သော နှုတ်ကပတ်တော်များကို ပြောဆိုခြင်းသည် သာမညကိစ္စတစ်ခု မဟုတ်ပေ။ လူသားများက ဝါကျတစ်ကြောင်းမျှ နားမလည်နိုင်ပါ၊ ဤနှုတ်ကပတ်တော်များသည် နက်နဲလွန်းလှသည်၊ ပရောဖက်များ၏ ပရောဖက်ပြုချက်များထက်ပင် သာ၍ အလွန်နက်နဲလှသည်တကား” ဟု ပြောကြသည်။ အန္တိခရစ်တို့က ဤနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါတိုင်း ၎င်းတို့၏ စိတ်နှလုံးများသည် ကောင်းကင်ဘုံရှိ ဘုရားသခင်အတွက် ကြည်ညိုခြင်းဖြင့် ပြည့်လျက် မနာလိုခြင်းနှင့် ငြူစူခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါတိုင်း ၎င်းတို့သည် ဘုရားသခင်ကို အချစ်ဆုံးသောသူများဖြစ်သည်ဟု ခံစားရသည်၊ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါတိုင်း ၎င်းတို့သည် ဘုရားသခင်နှင့် အရင်းနှီးဆုံးဖြစ်သည်ဟု ခံစားရသည်။ ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်အပေါ် ၎င်းတို့၏ သိလိုစိတ်ကို အကြီးမားဆုံးသော အတိုင်းအတာအထိ ဖြည့်ဆည်းပေးသည်။ ဘုရားသခင်၏ မိန့်မြွက်ချက်၏ ဤအပိုင်း၌ ဘုရားသခင်၏ ရည်ရွယ်ချက်များကား မည်သည့်အရာဖြစ်သည်၊ ဘုရားသခင်ပြောဆိုသော ဝါကျတစ်ကြောင်းစီ၏ နောက်ခံအကြောင်းအရာကား မည်သည့်အရာဖြစ်သည်၊ နောက်ဆုံး ရည်ရွယ်ထားသော အကျိုးသက်ရောက်မှုကား မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် စာကြောင်းများကြားတွင် ဖော်ပြထားသော အဓိပ္ပာယ်ကား မည်သည့်အရာဖြစ်သည်တို့ကို ၎င်းတို့ လုံးဝ နားမလည်နိုင်သော်လည်း သူ၏ နှုတ်ကပတ်တော်များ၏ ဤအပိုင်းကို ကြီးစွာသော မျှော်လင့်ချက်ဖြင့် ၎င်းတို့ စောင့်မျှော်နေဆဲဖြစ်သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဤအပိုင်းသည် နားလည်ရန် ခက်ခဲသောကြောင့်ဖြစ်သည်၊ ယင်း၌ လူ့ဇာတိခံ ဘုရားသခင်တွင် မြင်တွေ့ရသော လူ့သဘာဝ၏ အငွေ့အသက် မရှိပေ၊ ယင်းကို လူ့သဘာဝ ရှုထောင့်မှ သို့မဟုတ် အပြင်လူ၏ ရှုထောင့်မှ ပြောဆိုထားခြင်း မဟုတ်ပေ။ ဤအပိုင်း၌ ၎င်းတို့သည် ဘုရားသခင်၏ ကြီးမြတ်မှု၊ သူ၏ ဉာဏ်မမီနိုင်မှုတို့ကို မြင်တွေ့ရပြီး သူ့ကို ၎င်းတို့ မြင်နိုင်သော်လည်း လက်လှမ်းမမီနိုင်သော အရာတစ်ခုအဖြစ်လည်း သိမြင်ကြသည်။ ဤသို့ဖြစ်လေလေ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် တည်ရှိကြောင်းနှင့် မြေကြီးပေါ်ရှိ ဘုရားသခင်သည် အလွန်အရေးမပါကြောင်း၊ သူသည် ယုံကြည်ရန် ခက်ခဲကြောင်းနှင့် ယုံကြည်လက်ခံရန် မထိုက်တန်ကြောင်း ၎င်းတို့ ပို၍ ယုံကြည်လေလေ ဖြစ်သည်။ အချို့လူများသည် သူ၏ နှုတ်ကပတ်တော်များ၏ ဤအပိုင်းကြောင့် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ အမှုကို လက်ခံခဲ့ကြသည်ဟု ဆိုခြင်းသည် ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ အချို့သည် အထူးသဖြင့် ဤနှုတ်ကပတ်တော်များအတွက် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ အမှုထံသို့ လာခဲ့ကြပြီး အချို့သည် သူ၏ နှုတ်ကပတ်တော်များ၏ ဤအပိုင်း ပြည့်စုံလာရန်ကို စောင့်ဆိုင်းရန်အတွက်သာ ဤနေရာတွင် ရှိနေကြသည်။ ထို့အပြင် ဤနှုတ်ကပတ်တော်များမှတစ်ဆင့် အချို့သည် ကောင်းကင်ဘုံ၌ ဘုရားသခင် တည်ရှိခြင်းကို အတည်ပြုခဲ့ကြပြီး ထို့ကြောင့် မြေကြီးပေါ်ရှိ ဘုရားသခင်၏ နှိမ့်ချမှုနှင့် အရေးမပါမှုကို သာ၍ပင် မထီမဲ့မြင်ပြုကြလေသည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဤအပိုင်းကို ၎င်းတို့ ပို၍ ဖတ်ရှုလေလေ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သည့် မြေကြီးပေါ်ရှိ ဘုရားသခင်သည် အလွန် အပေါ်ယံဆန်သောစကားကို ပြောဆိုသည်ဟု ၎င်းတို့ ပို၍ ခံစားရလေလေ ဖြစ်သည်။ ၎င်းတို့က “သင်၏ နှုတ်ကပတ်တော်များသည် နားလည်ရန် အလွန်လွယ်ကူသည်။ ကျွန်ုပ်တို့ နားမလည်နိုင်သော အရာတစ်ခုကို သင် အဘယ်ကြောင့် မပြောသနည်း။ နက်နဲသောအရာအချို့အကြောင်း သင် အဘယ်ကြောင့် မပြောသနည်း။ တတိယကောင်းကင်၏ ဘာသာစကားကို အဘယ်ကြောင့် မပြောသနည်း။ ဘုရားသဘောသဘာဝ ဘာသာစကားဖြင့် အဘယ်ကြောင့် မပြောသနည်း။ ကျွန်ုပ်တို့၏ သိမြင်မှုများကို ကျယ်ပြန့်စေပြီး ကျွန်ုပ်တို့၏ စိတ်များကို ချဲ့ထွင်ခွင့်ပြုပါ။ သင်သည် ထိုကဲ့သို့ ပြောဆိုပြီး ပြုမူခဲ့ပါက ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် သာ၍ ကြီးမားမည် မဟုတ်ဘူးလား။ ကျွန်ုပ်တို့သည် သင့်ကို အတိုက်အခံလုပ်ခြင်း ရပ်တန့်မည် မဟုတ်ဘူးလား။ သင်သည် ထိုနည်းဖြင့် ပြောဆိုပြီး ကျွန်ုပ်တို့ကို ဦးဆောင်ခဲ့ပါက သင်၏ အဆင့်အတန်းသည် သာ၍ မြင့်မားမည် မဟုတ်ဘူးလား။ သို့ဆိုလျှင် ကျွန်ုပ်တို့သည် သင့်ကို မည်သို့ မထီမဲ့မြင်ပြုနိုင်မည်နည်း” ဟု ပြောကြသည်။ ဤသည်မှာ အတော်အတန် ဆင်ခြင်တုံတရားမဲ့ခြင်း မဟုတ်လော။ လုံးဝ ဆင်ခြင်တုံတရားမဲ့ပါတကား။ အသိခေါက်ခက် အဝင်နက်သော လူတို့သည် ပုံမှန်လူ့သဘာဝ ရှိသလော၊ ၎င်းတို့တွင် ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှု ရှိသလော။ (မရှိပါ။) သို့ဆိုလျှင် ဤအန္တိခရစ်အမျိုးအစားများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ဤနည်းဖြင့် တုံ့ပြန်သော ဤလူအုပ်စုသည် ပုံမှန်ကျသော ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) တစ်ခါတစ်ရံ ကျွန်ုပ်သည် လူများ စကားစမြည် ပြောနေသည်ကို တွေ့သည့်အခါ ၎င်းတို့နှင့် ဝင်စကားပြောသည်။ သို့သော် ကျွန်ုပ် အံ့ဩမိသည်မှာ ၎င်းတို့သည် ကျွန်ုပ် ကြားဖြတ်မပြောနိုင်သော သို့မဟုတ် စကားဝိုင်းတွင် မပါဝင်နိုင်သော ထိုသို့သော အဆင့်မြင့်သည့် အကြောင်းအရာများကို ဆွေးနွေးကြခြင်း ဖြစ်သည်။ ၎င်းတို့က “သင်သည် ဤအရာအတွက် အရည်အချင်းမမီသည်မှာ ထင်ရှား၏။ သင်သည် တတိယကောင်းကင်၏ ဘာသာစကားကို မပြောနိုင်။ ကျွန်ုပ်တို့သည် သာမန်လူများ နားမလည်နိုင်သည့် တတိယကောင်းကင်၏ ဘာသာစကားကို ပြောဆိုနေခြင်းဖြစ်၏။ သင်သည် ဘုရားဖြစ်လျှင်ပင် အဘယ်အရေးစိုက်စရာ ရှိသနည်း။ သင်သည် နားလည်နိုင်ခြင်းမရှိသေးသောကြောင့် ကျွန်ုပ်တို့သည် သင့်ကို ပါဝင်ခွင့်ပေးရန် မလိုအပ်” ဟု ပြောကြသည်။ ငါ့ကို ပြောလော့၊ ထိုသို့သော အခြေအနေများတွင် ငါ ဘာလုပ်သင့်သနည်း။ လူတို့သည် အသိတရားရှိရန် သင်ယူသင့်သည်။ ၎င်းတို့သည် ထိုသို့သော အဆင့်မြင့်ပြီး တန်ခိုးကြီးသော တတိယကောင်းကင်၏ ဘာသာစကားကို ပြောနေသည်ကို ငါ မြင်ပြီး ငါက ထိုအဆင့်ကို မမီနိုင်လျှင် ငါ့ကိုယ်ငါ အရူးအဖြစ်မခံဘဲ ထွက်သွားသင့်သည်။ အချို့သော အန္တိခရစ်တို့သည် စာတန်ထံမှ၊ ကောင်းကင်တမန်မင်းထံမှ သိသာထင်ရှားစွာ မြစ်ဖျားခံလာသော ဤမိစ္ဆာဒိဋ္ဌိအယူဝါဒများ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများနှင့် အနှစ်မဲ့စွာပင် လက်တွေ့မကျသော စကားများကို ပွင့်ပွင့်လင်းလင်း ဟောပြောကြသည်။ ၎င်းတို့ပြောသော နှုတ်ကပတ်တော်များသည် ခေတ်မီပြီး အဆင့်မြင့်ပုံရကာ သာမန်လူအများစု လက်လှမ်းမမီနိုင်ချေ။ လက်လှမ်းမမီနိုင် ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ကြားလိုက်သည်နှင့်တစ်ပြိုင်နက် နတ်ဆိုးဆန်သော စကားဖြစ်ကြောင်း သိနိုင်ပြီး ထိုသူတို့ကို စွန့်ပယ်သင့်သည်ဟု ဆိုလိုသည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်များက မိမိတို့၏အယူအဆများနှင့် မကိုက်ညီသည့်အခါ အန္တိခရစ်များက ထိုနှုတ်ကပတ်တော်များကို ငြင်းဆိုခြင်း၏ အနှစ်သာရကား အဘယ်နည်း။ သင် ရှင်းလင်းစွာ မြင်ပြီးပြီလော။ ၎င်းတို့သည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို အမှန်တကယ်ပင် မဖတ်ကြပေ။ ကနဦးတွင် သိလိုစိတ်ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အပေါ်ယံ သဘောဖြင့်သာ ကြည့်ရှုကြသည်။ ခေတ္တမျှ ကြည့်ပြီးနောက် ၎င်းတို့က “ဤနှုတ်ကပတ်တော် အများစုသည် ဖတ်ရှုရန် မထိုက်တန်ပါ၊ လက်တွေ့ကျသော၊ တန်ဖိုးရှိသော သို့မဟုတ် အခြေအမြစ်ရှိသောအရာ တစ်ခုမျှမရှိ၊ နက်နဲစွာ စူးစမ်းလေ့လာရန် ထိုက်တန်သောအရာ တစ်ခုမျှမရှိပါ” ဟု တွေးထင်ကြသည်။ ၎င်းတို့ ဆက်လက် ဖတ်ရှုသည်နှင့်အမျှ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဟူသော အပိုင်းကို ၎င်းတို့ ကြုံတွေ့ရသည်။ ဤအပိုင်းသည် လူသားတို့၏ ရှာဖွေဖော်ထုတ်ခြင်းနှင့် စူးစမ်းလေ့လာခြင်းတို့အတွက် ထိုက်တန်လျက် အဆင့်အတန်းနှင့် နက်နဲမှုတို့နှင့်အတူ ဘုရား၏သဘောသဘာဝ ဘာသာစကား၏ အငွေ့အသက်ရှိသည်ဟု ၎င်းတို့ ခံစားရသည်။ ဤသည်မှာ ၎င်းတို့၏ အကြိုက်နှင့် ကိုက်ညီသည်။ ယခု ၎င်းတို့ မည်သည့်အရာကို စောင့်မျှော်နေကြသနည်း။ “ဤအပိုင်းကို မည်သူ ရှင်းပြနိုင်သနည်း။ ဘုရား၏ ရည်ရွယ်ချက်ကား အတိအကျ အဘယ်နည်း။ ဘုရား၏ နှုတ်ကပတ်တော်များ၏ အပိုဒ်တစ်ခုစီက မည်သည့်အရာကို ဆိုလိုသနည်း၊ ပြီးလျှင် ယင်းသည် မည်သို့ ပြည့်စုံလာမည်နည်း” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့ အဖြေအရှာလိုဆုံးသော အရာဖြစ်သော်လည်း ၎င်းတို့ကိုယ်တိုင် နားမလည်နိုင်ကြပေ။ ၎င်းတို့ကို ပြောပြသင့်သည်ဟု သင်တို့ ထင်သလော။ (မလိုအပ်ပါ။) အဘယ်ကြောင့်နည်း။ နတ်ဆိုးများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားရန် ထိုက်တန်သလော။ ၎င်းတို့သည် ဘုရားသခင်၏ နက်နဲသောအရာများကို သိရန် ထိုက်တန်သလော။ (မထိုက်တန်ပါ။) ဘုရားသခင်၏ နက်နဲသောအရာများသည် သူ့ကို ယုံကြည်၊ နောက်လိုက်ပြီး ကျိုးနွံနာခံသူများထံ ထုတ်ဖော်ထားပြီး နတ်ဆိုးများနှင့် စာတန်များထံမှမူ ကွယ်ဝှက်ထားသည်၊ ၎င်းတို့သည် မထိုက်တန်ပေ။ ထို့ကြောင့် တစ်နေ့တွင် ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များ၏ ဤအပိုင်း၏ နက်နဲမှုများနှင့် အနှစ်သာရအပြင် ဤနှုတ်ကပတ်တော်များ၏ ဇာစ်မြစ်များနှင့် နောက်ခံအကြောင်းအရာတို့ကို ထုတ်ဖော်ရန် ဆုံးဖြတ်ပါက ယင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများကို သိစေလျက် ၎င်းတို့ထံ ထုတ်ဖော်လိမ့်မည်ဖြစ်သော်လည်း စာတန်များ သို့မဟုတ် နတ်ဆိုးများထံသို့မူ မည်သည့်အခါမျှ ထုတ်ဖော်မည် မဟုတ်ပေ။ သင်တို့သည် သမ္မာတရားကို လိုက်စားသူများဖြစ်ပြီး အဆုံးတိုင်အောင် ကျန်ရစ်ရန် အတော်အတန် ကံကောင်းပါက သင်တို့သည် သူ၏ နှုတ်ကပတ်တော်များ၏ ဤအပိုင်း၏ အကြောင်းအရာကို နားလည်ရန် အခွင့်အရေး ရရှိကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ နက်နဲသောအရာများစွာ ရှိပြီး သူ၏ အမှုတော်၌လည်း များစွာရှိသည်။ ဥပမာအားဖြင့် ဘုရားသခင်၏ လက်ရှိ လူ့ဇာတိခံယူခြင်းဖြစ်သည်၊ သမ္မာကျမ်းစာနှင့် ယခင် ဟောကိန်းများတွင် ယင်းနှင့်ပတ်သက်၍ အနည်းနှင့် အများဆိုသလို၊ အတိုင်းအတာမျိုးစုံဖြင့် ထိုမျှထင်ရှားခြင်း မရှိသော ပရောဖက်ပြုချက်အချို့ ရှိသော်လည်း ဤပရောဖက်ပြုချက်များအားလုံးသည် အတော်ပင် လျှို့ဝှက်သည်။ ဘုရားသခင်၏ လက်ရှိ လူ့ဇာတိခံယူခြင်းသည် လူသားမျိုးနွယ်တစ်ရပ်လုံးနှင့် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တစ်လျှောက်လုံးတွင် အကြီးမြတ်ဆုံးသော နက်နဲမှုနှင့် အလျှို့ဝှက်ဆုံးသော ကိစ္စရပ်ဖြစ်သည်။ လူသားများ မသိ၊ ကောင်းကင်တမန်များ မသိ၊ ဘုရားသခင်၏ ဖန်ဆင်းခံများအားလုံး မသိပေ၊ အစွမ်းအထက်ဆုံးသော စာတန်ပင်လျှင် ဤကိစ္စရပ်အကြောင်းကို မသိပေ။ အဘယ်ကြောင့် ၎င်းက မသိရသနည်း။ ဘုရားသခင်က ၎င်းကို ပြောပြလိုပါက ၎င်းသိရန် အလွန်လွယ်ကူမည် မဟုတ်လော။ သို့ဆိုလျှင် အဘယ်ကြောင့် ၎င်းက မသိရသနည်း။ အချက်တစ်ချက်မှာ သေချာသည်။ ဘုရားသခင်က ၎င်းကို သိစေလိုခြင်း မရှိပေ။ ဤအဖြစ်အပျက်ကို ညွှန်ပြသော၊ ၎င်း၏ ဖြစ်ပွားမှုကို ညွှန်ပြပြီး ကြိုတင်ဟောကိန်းထုတ်သော နိမိတ်လက္ခဏာများစွာ၊ ပရောဖက်ပြုချက်များစွာနှင့် အချက်အလက်များစွာ ရှိလျှင်ပင် ဘုရားသခင်က ၎င်းကို သိစေလိုခြင်း မရှိသရွေ့ စာတန်သည် မည်သည့်အခါမျှ သိမည်မဟုတ်ပေ။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ ဘုရားသခင်က ၎င်းကို သိစေလိုသည့်အခါတွင် သူ့ကို တိုက်ရိုက် ပြောပြလိမ့်မည်။ ဘုရားသခင်က ၎င်းကို မပြောပြဘဲ ယင်းအကြောင်းကို မပြောဆိုပါက ဤအချက်အလက်များနှင့် ပရောဖက်ပြုချက်ဆိုင်ရာ အရာများ ပေါ်ပေါက်လာလျှင်ပင် ဘုရားသခင်က ၎င်းကို အသိဉာဏ်ကွယ်စေနိုင်ပြီး ၎င်းသည် သိနိုင်မည်မဟုတ်ပေ။ စာတန်၏ လုပ်နိုင်စွမ်းသည် ကြီးမားသလော။ ဤနည်းဖြင့် ကြည့်လျှင် မကြီးမားပေ။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကဲ့သို့သော ထိုသို့သော အရေးပါသည့် လုပ်ရပ်တစ်ခုနှင့် ပတ်သက်လာလျှင် လူ့လောကတွင်ဖြစ်စေ၊ ရုပ်ဝတ္ထုလောကတွင်ဖြစ်စေ သို့မဟုတ် ဝိညာဉ်ရေးရာနယ်ပယ်တွင်ဖြစ်စေ ယင်း၏ နိမိတ်လက္ခဏာအချို့ ရှိမည်မဟုတ်လော။ ဤနိမိတ်လက္ခဏာများအားလုံးကို စုပေါင်း၍ ကြည့်ရှုပါက ဘုရားသခင် လုပ်ဆောင်ရန် ရည်ရွယ်ခဲ့သော ဤလုပ်ရပ်ကို မြင်ရန် လွယ်ကူပေလိမ့်မည်။ သို့ဆိုလျှင် စာတန်သည် ယင်းအကြောင်းကို အဘယ်ကြောင့် မသိရသနည်း။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံ၌ ဘုရားသခင် နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးနောက်တွင် ဘုရားသခင် လုပ်ဆောင်ခဲ့သော ဤလုပ်ရပ်၏ အရေးပါမှုကို အဘယ်ကြောင့် ၎င်းက နားမလည်ရသနည်း။ ၎င်း သဘောပေါက်သည့်အချိန်တွင် ဤလုပ်ရပ်သည် ပြီးမြောက်ပြီးဖြစ်နေပြီ၊ စာတန်သည် ယင်းကို ဝင်ရောက်စွက်ဖက်နိုင်ခြင်းမရှိတော့ဘဲ ဤလုပ်ရပ်၏ ရလဒ်များနှင့် အသီးအပွင့်များသည်လည်း သတ်မှတ်ပြီးနေပြီဖြစ်သည်။ အမှန်တရားကို စာတန် သတိပြုမိသည့်အချိန်၌ အနည်းငယ် နောက်ကျနေပြီ မဟုတ်လော။ ဤသည်က “စာတန်သည် ဘုရားသခင်၏ လက်ထဲတွင် အစဉ်သဖြင့် အရေးနိမ့်သော ရန်သူ ဖြစ်လိမ့်မည်” ဟူသော ဆိုစကားကို မပြည့်စုံစေသလော။ အတိအကျ ထိုအတိုင်းပင် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူ့အယူအဆများ သို့မဟုတ် အကြိုက်များနှင့် မကိုက်ညီသရွေ့ ၎င်းတို့သည် ထိုနှုတ်ကပတ်တော်များကို ငြင်းဆိုနိုင်ပြီး ထို့နောက် ဘုရားသခင်သည် ဘုရား မဟုတ်တော့ဟု အန္တိခရစ်တို့က မှားယွင်းစွာ ယုံကြည်ကြသည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် အရေးပါသော မည်သည့်အရာကိုမျှ မပြီးမြောက်နိုင်သကဲ့သို့ အမှန်တရားတစ်ခုလည်း ဖြစ်မလာနိုင်ဟု ၎င်းတို့က တွေးထင်ကြသည်။ ဤသည်မှာ ကြီးလေးသော အမှားတစ်ခု မဟုတ်လော။ ၎င်းတို့သည် အတွက်မှားသွားပြီး ကိုယ့်ရှူးကိုယ်ပြန်ပတ်ခဲ့ကြသည်။ အဘယ်ကြောင့် ၎င်းတို့သည် ကိုယ့်ရှူးကိုယ်ပြန်ပတ်ခဲ့ကြသနည်း။ ဘုရားသခင်က လူတို့ကို ကယ်တင်ရန် ပြောဆိုပြီး အလုပ်လုပ်သည့်နည်းလမ်းမှာ လူ့အယူအဆများနှင့် မကိုက်ညီသော သို့မဟုတ် ခမ်းနားပုံမရသော ဤမထင်ရှားသည့် နှုတ်ကပတ်တော်များကို အသုံးပြုခြင်းအားဖြင့် အတိအကျ ဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ ပါဝင်သည်မှာ ဤနှိမ့်ချသော နှုတ်ကပတ်တော်များ၏ သွယ်ဝိုက်သော အကြောင်းအရာ၌ အတိအကျပင် ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ကယ်တင်ရန်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ပြီးမြောက်စေရန် လုံလောက်သည်။ တစ်ချိန်တည်းတွင်ပင် ဤသာမန် နှုတ်ကပတ်တော်များကို ပြစ်တင်ရှုတ်ချသူများသည် ဖယ်ရှားရှင်းလင်းခြင်း၊ ပြစ်တင်ရှုတ်ချခြင်း ခံရမည်ဖြစ်ပြီး နောက်ဆုံးတွင် အပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်။ ၎င်းတို့က “သင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်ုပ်လက်ခံမည် မဟုတ်၊ ကျွန်ုပ် တန်ဖိုးမထား။ သင်၏ ဤနှုတ်ကပတ်တော်များသည် ကျွန်ုပ်၏ အယူအဆများနှင့် မကိုက်ညီ၊ ကျွန်ုပ်၏ အယူအဆများ၊ ရှုထောင့်အမြင်များ သို့မဟုတ် တွေးခေါ်ပုံနည်းလမ်းနှင့်လည်း မကိုက်ညီ၊ ထို့ကြောင့် ကျွန်ုပ်သည် ယင်းတို့ကို ငြင်းပယ်နိုင်သည်၊ ကျွန်ုပ်သည် ယင်းတို့ကို အတိုက်အခံလုပ်ပြီး ပြစ်တင်ရှုတ်ချနိုင်သည်၊ သို့ဖြစ်လျှင် သင်သည် မည်သည့်အရာကိုမျှ ပြီးမြောက်အောင်မြင်စေနိုင်မည် မဟုတ်” ဟု မှားယွင်းစွာ တွေးထင်ကြသည်။ ၎င်းတို့ မှားသည်။ အန္တိခရစ်တို့က ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို လက်မခံခြင်းသည် ၎င်းတို့ ကိုယ့်ရှူးကိုယ်ပြန်ပတ်ကြခြင်းသာ ဖြစ်၏၊ ဘုရားသခင်က ၎င်းတို့ကို လက်ခံရန် မည်သည့်အခါကမျှ ရည်ရွယ်ခဲ့ခြင်းမရှိပေ၊ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စာတန်နှင့် နတ်ဆိုးများနှင့်ဆိုင်သောကြောင့် ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို ကယ်တင်ရန် သို့မဟုတ် ပြောင်းလဲရန် မည်သည့်အခါကမျှ စီစဉ်ခဲ့ခြင်းမရှိပေ၊ ယင်းမှာ အမှန်တရားဖြစ်သည်။ သို့ဆိုလျှင် နောက်ဆုံး အမှန်တရားကား အဘယ်နည်း။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငြင်းဆိုခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် ငြင်းပယ်ခြင်းတို့အားဖြင့် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းနှင့် ပစ်ပစ်ခါခါငြင်းပယ်ခြင်းကို ခံကြရသည်။ ဤအရာမှ သင်တို့ မည်သည့်အရာကို နားလည်သင့်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူ့အယူအဆများနှင့် စိတ်ကူးများနှင့် မကိုက်ညီခြင်းသည် သင်က ၎င်းတို့ကို လက်မခံရန် အကြောင်းပြချက်တစ်ခု မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ သင်၏ အယူအဆများနှင့် မကိုက်ညီသော အပိုင်းများရှိခြင်းက ယင်းတို့သည် သမ္မာတရားမဟုတ်ဟု မဆိုလိုပေ၊ ပြီးလျှင် ယင်းမှာ သင်က ယင်းတို့ကို ငြင်းပယ်ရန် အကြောင်းပြချက်တစ်ခု မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ အယူအဆများနှင့် ပို၍ မကိုက်ညီလေလေ၊ သင်သည် သမ္မာတရားကို ရှာဖွေရန် သင်၏ အယူအဆများကို ပို၍ ဘေးဖယ်ထားသင့်လေလေ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ အယူအဆများနှင့် မကိုက်ညီလေ၊ ယင်းတို့က သင့်ထံတွင် မရှိသောအရာ၊ သင် ချို့တဲ့သောအရာ၊ သင် ပြန်လည်ဖြည့်တင်းရန် လိုအပ်သောအရာ၊ အထူးသဖြင့် သင် ပြောင်းလဲပြီး ဝင်ရောက်ရန် ရှာဖွေဖို့ လိုအပ်သောအရာတို့ကို ပို၍ ကိုယ်စားပြုလေလေ ဖြစ်သည်။ ဤသည်မှာ သင်တို့ နားလည်သင့်သောအရာ ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။