အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၆) အခန်း သုံး
၃) ကပ်ဘေးများကို ပရောဖက်ပြုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုခြင်း
ယခုလေးတင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာမည်၊ မဖြစ်လာမည်ကို အန္တိခရစ်တို့ စပ်စုခြင်းနှင့်ပတ်သက်၍ ငါတို့သည် အချက်နှစ်ချက်ကို မိတ်သဟာယ ဖွဲ့ခဲ့ကြသည်၊ တစ်ချက်မှာ ဘုရားသခင်၏ ကတိတော်များနှင့် ကောင်းချီးများဆိုင်ရာ နှုတ်ကပတ်တော်များ ပါဝင်ပြီး နောက်တစ်ချက်မှာ လူတို့ကို ဘုရားသခင်၏ ကျိန်ဆဲခြင်းများနှင့် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ နှုတ်ကပတ်တော်များ ဖြစ်သည်။ ဆက်လက်ပြီး တတိယအချက်ဖြစ်သည့် ကပ်ဘေးများကို ပရောဖက်ပြုသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြည့်ကြမည်။ ဤနှုတ်ကပတ်တော်အမျိုးအစားများအပေါ် အန္တိခရစ်တို့၏ သဘောထားသည် ယခင်အချက်နှစ်ချက်ကဲ့သို့ပင် အတူတူပင်ဖြစ်သည်၊ ၎င်းတို့သည် သိချင်စိတ်ပြင်းပြကြသည်၊ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလိုကြသည်၊ နားလည်လိုကြသည့်အပြင် ဤနှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာမည့်နေ့ကိုလည်း တွေ့မြင်လိုကြကာ အဖြစ်မှန်များ ပေါ်ပေါက်လာခြင်းကို မျက်မြင်တွေ့လိုကြသည်။ ဤနှုတ်ကပတ်တော် အမျိုးအစားများကို သဘောထားပြုမူရာတွင် အန္တိခရစ်တို့သည် တန်ပြန်ဆောင်ရွက်ချက်များကို စဉ်းစားဆင်ခြင်လျက် အမျိုးမျိုးသော သံသယများကို ထားရှိကာ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင်လည်း အကြံအစည်ထုတ်ကြသည်။ ၎င်းတို့သည် သက်ဆိုင်ရာ တန်ပြန်ဆောင်ရွက်ချက်များကို ချမှတ်ရန် ဤနှုတ်ကပတ်တော်အမျိုးအစားများ အမှန်တကယ် ဖြစ်လာမည်၊ မဖြစ်လာမည်ကို စောင့်ကြည့်လေ့လာပြီး စမ်းသပ်ကြသည်။ အန္တိခရစ်တို့သည် ကပ်ဘေးများကို ပရောဖက်ပြုသည့် ဤနှုတ်ကပတ်တော်များကို ဖတ်သည့်အခါ ၎င်းတို့၏ စိတ်နှလုံးများသည် ကပ်ဘေးများ ပြည့်စုံမည့်နေ့အတွက် မျှော်လင့်ချက်ဖြင့် ပြည့်နှက်နေပြီး အမျိုးမျိုးသော စိတ်ကူးစိတ်သန်းများဖြင့် ပြည့်နေကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာမည်ဟု မျှော်လင့်ကြသည့်အပြင် ကပ်ဘေးများ ပေါ်ထွန်းခြင်းက ၎င်းတို့၏ ဆန္ဒများနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးကာ ၎င်းတို့ကို မျက်စိပွင့်နားပွင့် ဖြစ်စေမည်ဟုလည်း မျှော်လင့်ကြသည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ အကြောင်းမှာ ဘုရားသခင် ပရောဖက်ပြုခဲ့သော ကပ်ဘေးများသည် ဘုရားသခင်၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်ခြင်း၊ ဘုရားသခင် ဘုန်းတော်ထင်ရှားသည့်နေ့၊ သန့်ရှင်းသူများ ချီဆောင်ခြင်းခံရခြင်း၊ လူသားမျိုးနွယ်သည် ကောင်းမြတ်သော ပန်းတိုင်တစ်ခုသို့ ဝင်ရောက်ခြင်း စသည်တို့အားလုံးနှင့် သက်ဆိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်တို့သည် ကပ်ဘေးများကို ပရောဖက်ပြုသည့် ဘုရားနှုတ်ကပတ်တော်များ၏ ဤအပိုင်းနှင့်ပတ်သက်၍ မျှော်လင့်ချက်နှင့် သိချင်စိတ်ပြင်းပြမှုတို့ဖြင့် သာ၍ပင် ပြည့်နှက်နေကြသည်။ ပထမအချက်နှစ်ချက်နှင့် နှိုင်းယှဉ်ပါက အန္တိခရစ်တို့သည် ဤနှုတ်ကပတ်တော် အမျိုးအစားများကို သာ၍ပင် စိတ်ဝင်စားကြသည်။ အန္တိခရစ်တို့၏ စိတ်နှလုံးထဲတွင် ငလျင်၊ ကပ်ရောဂါ၊ ပိုးမွှားကပ်၊ ရေဘေး၊ မြေပြိုခြင်း သို့မဟုတ် အခြားသော သဘာဝဘေးအန္တရာယ်များကဲ့သို့သော ဘေးအန္တရာယ်တစ်ခုကို တစ်စုံတစ်ဦးက ဖြစ်ပွားစေနိုင်ပါက ထိုပုဂ္ဂိုလ်သည် အလွန်တန်ခိုးကြီးသော ပုဂ္ဂိုလ်ဖြစ်ပြီး ကြီးမားသော စွမ်းရည်ကို ပိုင်ဆိုင်ကာ ၎င်းတို့၏ လိုက်လျှောက်ခြင်း၊ ကိုးကွယ်ခြင်းနှင့် ယုံကြည်ကိုးစားခြင်းတို့နှင့် ထိုက်တန်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ထို့ကြောင့် အလားတူပင် အန္တိခရစ်တို့သည် ဘုရားသခင်၏ ကပ်ဘေးများဆိုင်ရာ ပရောဖက်ပြုချက်များကဲ့သို့သော ထိုနှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာမည်၊ မဖြစ်လာမည်ကို ဘုရားသခင်သည် အမှန်တကယ် ဘုရားသခင် ဟုတ်မဟုတ် တိုင်းတာရန် စံနှုန်းတစ်ခုအဖြစ်လည်း သတ်မှတ်ကြသည်။ ၎င်းတို့က ဤအမြင်ရှုထောင့်သည် မှန်ကန်သည်၊ ခိုင်လုံပြီး လိမ္မာပါးနပ်သော လုပ်ရပ်တစ်ခုဖြစ်သည်ဟု ယုံကြည်လျက် ဤသို့ယုတ္တိတန်သောတွေးခေါ်မှု၊ စိတ်ကူးနှင့် အမြင်ရှုထောင့်ကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် ခရေစေ့တွင်းကျ ဆုပ်ကိုင်ထားကြသည်။ သို့ဖြစ်၍ ၎င်းတို့ ဘုရားသခင်နောက် စတင်လိုက်သည့်နေ့မှစ၍ ကပ်ဘေးများကို ပရောဖက်ပြုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ တွေ့မြင်သည့်အချိန်မှစ၍ အန္တိခရစ်တို့သည် ၎င်းတို့၏ စိတ်ထဲတွင် ဤအရာကို စွဲလမ်းနေခဲ့ကြသည်။ နောက်ဆုံးသောကာလ ရောက်လာသည့်အခါ၊ ဘုရားသခင်၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်သည့်အခါ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မည်သို့ပြစ်တင်ဆုံးမမည်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို အပြစ်ဒဏ်ပေးရန်နှင့် ဖျက်ဆီးရန် မည်သည့်ကပ်ဘေးအမျိုးအစားများကို ကျရောက်စေမည်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကပ်ဘေးများအတွင်းသို့ ကျရောက်စေရန် မည်သည့်နည်းလမ်းကို အသုံးပြုမည်၊ ဘုရားသခင် နောက်လိုက်ပြီး ကိုယ်တော်၏ အသိအမှတ်ပြုခြင်းကို ရရှိသူများသာလျှင် ထိုသို့သော ကပ်ဘေးများကို မည်သို့ ရှောင်ရှားပြီး လွတ်မြောက်နိုင်မည်၊ ထိုသို့သော ကပ်ဘေးများ၏ ညှဉ်းပန်းမှုများကို ခံစားရမည် မဟုတ်ဟူ၍ ဘုရားနှုတ်ကပတ်တော်များတွင် ပြောထားသည့်အရာကို ၎င်းတို့ အလေးထားကြသည်။ အန္တိခရစ်တို့သည် ကပ်ဘေးများကို ပရောဖက်ပြုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလွန်အရေးကြီးသည်ဟု သတ်မှတ်ကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် ယင်းတို့ကို ဆန်းစစ်ကာ ၎င်းတို့၏ စိတ်ထဲတွင် အလွတ်ကျက်မှတ်ကြသည်။ ၎င်းတို့သည် ကပ်ဘေးများနှင့် သက်ဆိုင်သော စကားလုံးတိုင်းကို အမှတ်ရကြသည့်အပြင် ကပ်ဘေးများအကြောင်း ဘုရားသခင်၏ ပရောဖက်ပြုချက်များသည် မည်သည့်အချိန်တွင် မည်သို့ အမှန်တကယ် ဖြစ်လာမည်ကိုလည်း စဉ်းစားကြသည်။ ဤပရောဖက်ပြုချက်များ အမှန်တကယ် ဖြစ်လာပါက ၎င်းတို့ မည်သည့်အရာဖြစ်မည်၊ အမှန်တကယ် မဖြစ်လာပါက မည်သည့်အရာလုပ်ဆောင်မည်ကို ၎င်းတို့ စဉ်းစားကြသည်။ ဤပရောဖက်ပြုချက်များကို တွေ့မြင်ပြီးနောက်ပိုင်းတွင် အန္တိခရစ်တို့သည် ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ကြိုးပမ်းရန် တစ်စုံတစ်ရာ၊ ဦးတည်ချက်တစ်ခုနှင့် ပန်းတိုင်တစ်ခုကို ရှာတွေ့ခဲ့ကြပုံရသည်။ ကပ်ဘေးများ ကျရောက်လာခြင်းကို စောင့်ဆိုင်းနေစဉ်တွင် ၎င်းတို့သည် နည်းလမ်းအမျိုးမျိုးဖြင့် မိမိတို့ကိုယ်ကိုလည်း ပြင်ဆင်ကြသည်။ ကြီးမားသော ကပ်ဘေးများ ကျရောက်လာသည့်အခါ ဘုရားသခင်၏ ကွယ်ကာမှုကို ရရှိရန်အလို့ငှာ ၎င်းတို့သည် ဧဝံဂေလိတရားဟောကြပြီး ၎င်းတို့၏ အလုပ်များနှင့် မိသားစုများကို စွန့်လွှတ်ကြသည်။ တစ်ချိန်တည်းမှာပင် ကပ်ဘေးများ ကျရောက်သည့်အခါ အသက်ရှင်ရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မကြာမီ အမှန်တကယ် ဖြစ်လာရန်၊ ဘုရားသခင် ဖြစ်မြောက်အောင်မြင်ရန် ရည်ရွယ်သမျှ အမြန်ဆုံး ပြီးမြောက်ရန်၊ ဘုရားသခင်သည် မကြာမီ ဘုန်းအသရေကို ရရှိပြီး အနားယူရန်၊ ၎င်းတို့သည် ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးများကို မကြာမီ ခံစားနိုင်ရန် မျှော်လင့်လျက် ဘုရားသခင်ထံသို့ နှိမ့်ချစွာ မကြာခဏ ဆုတောင်းကြသည်။ အန္တိခရစ်တို့၏ ဤအမြင်ရှုထောင့်များအားလုံးမှ ကြည့်လျှင်၊ ၎င်းတို့ မကြာခဏ မြွက်ဆိုလေ့ရှိသော စကားများနှင့် ဆုတောင်းချက်များမှ ကြည့်လျှင် အန္တိခရစ်တို့သည် ဘုရားသခင်၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်ခြင်းနှင့် ဘုရားသခင် စောစီးစွာ အနားယူခြင်းကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်ဟု ထင်ရသည်။ သို့ရာတွင် လူတို့ မသိလိုက်ဘဲ ဤမျှော်လင့်ချက်များ၏ နောက်ကွယ်တွင် အန္တိခရစ်တို့၏ အန္တရာယ်ပေးမည့် ရည်ရွယ်ချက်များ တည်ရှိနေသည်။ ၎င်းတို့သည် ထိုသို့သော ဆုတောင်းချက်များနှင့် အယောင်ဆောင်မှုများမှတစ်ဆင့် ကပ်ဘေးများကို ရှောင်ရှားနိုင်ပြီး ဘုရားသခင်ကို ၎င်းတို့၏ ခိုလှုံရာအဖြစ် ပြုလုပ်နိုင်ရန် မျှော်လင့်ကြသည်။ ၎င်းတို့သည် ဤအရာအားလုံးအတွက် ပြင်ဆင်နေစဉ်တွင် ကပ်ဘေးများ အမြန်ဆုံး ကျရောက်လာရန်နှင့် ကပ်ဘေးများကို ပရောဖက်ပြုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မကြာမီ အမှန်တကယ် ဖြစ်လာရန်လည်း မျှော်လင့်ကြသည်။ ၎င်းတို့ ခံနိုင်ရည်ရှိသည့် အတိုင်းအတာအတွင်း လူတိုင်းမြင်သာစေရန် ကောင်းမွန်စွာ ဆောင်ရွက်ပြဖို့ရာ ဦးနှောက်ခြောက်အောင် စဉ်းစားလျက် ယခင်ကအတိုင်းပင် အဖိုးအခပေးခြင်း၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံခြင်း၊ ဒုက္ခခံခြင်းနှင့် ကြံ့ကြံ့ခံခြင်းတို့ကို ဆက်လက် လုပ်ဆောင်ကြသည်။ ဧဝံဂေလိတရားဟောရန် မည်မျှကြီးမားသော အဖိုးအခကို ၎င်းတို့ ပေးဆပ်ခဲ့ကြောင်း၊ မည်မျှများသော ခွဲခြားဆက်ဆံမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုကို ၎င်းတို့ ကြံ့ကြံ့ခံခဲ့ရကြောင်းနှင့် ဤနေ့ကို စောင့်ဆိုင်းရာတွင် မည်မျှကြီးမားသော အဖိုးအခကို ၎င်းတို့ ပေးဆပ်ခဲ့ကြောင်းကို လူတိုင်း အသိအမှတ်ပြုစေလိုကြသည်။ ၎င်းတို့ ခံခဲ့ရသော ဒုက္ခဆင်းရဲနှင့် ၎င်းတို့ ပေးဆပ်ခဲ့သော အဖိုးအခကို မြင်၍ ကပ်ဘေးကျရောက်သည့်အခါ ဘုရားသခင်သည် ၎င်းတို့ကို မည်သည့်ကပ်ဘေးမှမဆို ကင်းလွတ်ခွင့်ပေးမည်ဟု ၎င်းတို့ မျှော်လင့်ကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့ ပေးဆပ်ခဲ့သော အဖိုးအခကြောင့် ကပ်ဘေးများပြီးနောက်တွင် ကောင်းသော ပန်းတိုင်တစ်ခုရှိပြီး ကောင်းချီးခံစားရမည့်သူများထဲမှ တစ်ဦး ဖြစ်လာရန် အတော်အတန် ကံကောင်းကြဖို့ကို ၎င်းတို့ မျှော်လင့်ကြသည်။ စိတ်ထဲ၌ အန္တိခရစ်တို့သည် ဤအရာအားလုံးကို တိတ်တဆိတ်နှင့် မသိမသာ တွက်ချက်ကြသည်။ နောက်ဆုံးတွင် တစ်နေ့၌ သေးငယ်သော အဖြစ်အပျက်တစ်ခုကြောင့် အန္တိခရစ်တို့သည် အဆင်မပြေမှုနှင့် ကြုံတွေ့ရပြီး ၎င်းတို့၏ လုပ်ရပ်များနှင့် အပြုအမူများသည် ပြစ်တင်ရှုတ်ချခြင်းခံရပုံရသည်။ ဤသည်မှာ ၎င်းတို့၏ မျှော်လင့်ချက်များနှင့် စိတ်ကူးယဉ်အိပ်မက်များ ပြိုကွဲသွားပြီး ၎င်းတို့၏ လိုအင်ဆန္ဒများ မပြည့်စုံနိုင်တော့မည်ကို ဆိုလိုသည်။ ဤအခိုက်အတန့်တွင် အန္တိခရစ်တို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ပေါ်ပေါက်လာသည့် ပထမဆုံးသော အတွေးမှာ အဘယ်နည်း။ “ငါ ဤမျှ ပေးဆပ်ခဲ့ပြီးဖြစ်သည်၊ ငါ ဤမျှပင် ဒုက္ခခံခဲ့ပြီးဖြစ်သည်၊ ငါသည် ရက်ပေါင်းများစွာ ကြံ့ကြံ့ခံခဲ့ပြီးဖြစ်သည်၊ ငါသည် နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သည်၊ သို့သော်ငြားလည်း ကပ်ဘေးများကို ပရောဖက်ပြုသည့် ဘုရားနှုတ်ကပတ်တော် တစ်ခွန်းမျှ အမှန်တကယ် ဖြစ်လာသည်ကို ငါမတွေ့ဖူးသေးပေ။ ဘုရားသည် အမှန်တကယ်ပင် ကပ်ဘေးများကို ကျရောက်စေမည်လော။ ငါတို့ ဆုတောင်းခဲ့ပြီး စောင့်မျှော်ခဲ့သည့်အရာကို ဘုရားက အမှန်တကယ် ဖြည့်ဆည်းပေးမည်လော။ ဘုရားသည် မည်သည့်နေရာ အတိအကျတွင် ရှိနေသနည်း။ သူက ငါတို့အား အမှန်ပင် ကယ်တင်မည်လော၊ သို့မဟုတ် မကယ်တင်ဘူးလော။ ဘုရားသခင် ပြောခဲ့သည့် ကပ်ဘေးများသည် တကယ်ပင် တည်ရှိသလော။ မတည်ရှိလျှင် ငါတို့အားလုံးသည် ဤနေရာမှ ထွက်သွားသင့်သည်။ ဤဘုရားကို ယုံကြည်၍မရပါ၊ ဘုရားဟူသည်မှာ မရှိပါ” ဟူ၍ ဖြစ်လေသည်။ ဤသည်မှာ အန္တိခရစ်တို့၏ အတိုင်းအတာပင် ဖြစ်သည်။ သေးငယ်သော အဆင်မပြေမှုတစ်ခု၊ ဖြစ်နိုင်သည်မှာ အခြားသူတစ်ဦးထံမှ မရည်ရွယ်သော ပြစ်တင်ရှုတ်ချခြင်းနှင့် ဖော်ထုတ်ခြင်းစကားတစ်ခွန်းက ၎င်းတို့၏ အရှိုက်ကို ထိသွားပြီးနောက် ၎င်းတို့သည် ဒေါသပေါက်ကွဲကာ နောက်ထပ် မထိန်းနိုင်တော့ပေ၊ သို့မဟုတ် နောက်ထပ် ဟန်မဆောင်နိုင်တော့ပေ။ ၎င်းတို့ ပထမဆုံးလုပ်သည့်အရာမှာ ဒေါသတကြီး ပေါက်ကွဲပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ညှိုးထိုးကာ ဤသို့ပြောခြင်းပင်ဖြစ်သည်။ “အကယ်၍ ကိုယ်တော်၏ နှုတ်ကပတ်တော်များ အမှန်တကယ် မဖြစ်လာခဲ့ပါက၊ ကိုယ်တော် မိန့်မြွက်ခဲ့သော ကပ်ဘေးများ ကျရောက်မလာခဲ့ပါက ကျွန်ုပ်သည် ကိုယ်တော့်ကို နောက်ထပ် ယုံကြည်တော့မည် မဟုတ်ပါ။ မူလက ကပ်ဘေးများကို ကြိုတင်ဟောကိန်းထုတ်သော ဤနှုတ်ကပတ်တော်များကြောင့်သာလျှင် ကျွန်ုပ်သည် ဧဝံဂေလိတရားဟောခြင်း၊ အဖိုးအခပေးဆပ်ခြင်းနှင့် ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ခြင်းတို့အား ပြုခဲ့ခြင်း ဖြစ်ပါသည်။ ဤနှုတ်ကပတ်တော်များသာ မရှိခဲ့လျှင် ကျွန်ုပ်သည် ကိုယ်တော့်ကို လုံးဝ ယုံကြည်မည် မဟုတ်ပါ။ ဤနှုတ်ကပတ်တော်များကြောင့်၊ ကျရောက်လုနီးပါးဖြစ်သော ကပ်ဘေးများကြောင့်၊ ကျွန်ုပ်သည် ကိုယ်တော့်ကို ဘုရားသခင်ဖြစ်သည်ဟု ယုံကြည်ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် ယခုမူကား များစွာသော ဆင်းရဲဒုက္ခကို ခံစားခဲ့ပြီးနောက်တွင် ကိုယ်တော် မိန့်မြွက်ခဲ့သော ကပ်ဘေးများသည် ကျရောက်လာခြင်း မရှိသေးပါ။ ဘာသာတရားမရှိသူများထဲတွင် ဒုစရိုက်အမှုများကို ပြုကြသူ အများအပြား ရှိပါ၏၊ သို့တိုင်အောင် ၎င်းတို့အနက် တစ်ဦးတစ်ယောက်မျှ အပြစ်ဒဏ်ပေးခြင်း မခံခဲ့ရပါ၊ တစ်ဦးတစ်ယောက်မျှ ကပ်ဘေးများသို့ ကျရောက်ခြင်း မရှိခဲ့ပါ။ ၎င်းတို့သည် အပြစ်တရား၌ အသက်ရှင်ဆဲဖြစ်ကာ မိမိတို့၏ဘဝများကို ပျော်ရွှင်စွာ ဖြတ်သန်းနေကြချိန်တွင် ကျွန်ုပ်မှာမူ ကိုယ်တော်၏ ကပ်ဘေးများဆိုင်ရာ ကြိုတင်ဟောကိန်းထုတ်သည့် နှုတ်ကပတ်တော်များ ပြည့်စုံလာမည့်နေ့ရက်ကိုသာ စောင့်မျှော်လျက် နှစ်ပေါင်းများစွာ အလျှော့ပေးမှုများ ပြုလုပ်နေခဲ့ရပါသည်။ သို့သော် ကိုယ်တော်သည် အဘယ်အရာကို ပြုခဲ့ပါသနည်း၊ ဘုရား။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ စိတ်အားထက်သန်စွာ မျှော်လင့်စောင့်စားခြင်းကို ထောက်ထား၍ ကျွန်ုပ်တို့ မြင်တွေ့စေနိုင်ရန်၊ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ခိုင်မာစေရန်၊ ကျွန်ုပ်တို့၏ သစ္စာစောင့်သိမှုကို ခိုင်ခံ့စေရန်အလို့ငှာ နိမိတ်လက္ခဏာများ သို့မဟုတ် အံ့ဖွယ်အမှုများ တစ်စုံတစ်ရာကိုမျှ မပြခဲ့ပါ၊ ကပ်ဘေးတစ်ခုတလေကိုမျှ ကျရောက်စေခြင်း မရှိခဲ့ပါ။ အဘယ်ကြောင့် ကိုယ်တော်သည် ထိုသို့သောအရာများကို မပြုဘဲ နေသနည်း။ ကိုယ်တော်သည် ဘုရား မဟုတ်လော။ ဤဆိုးယုတ်သောလောက၊ ဤဆိုးယုတ်သော လူသားမျိုးနွယ်ကို အပြစ်ဒဏ်ပေးရန်အလို့ငှာ ကပ်ဘေးများကို ကျရောက်စေခြင်းသည် ထိုမျှလောက် ခက်ခဲသလော။ ကျွန်ုပ်တို့သည် ဤအမှုအရာများ ပြည့်စုံလာခြင်းအားဖြင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ခိုင်မာစေရန်သာ လိုလားပါ၏၊ သို့သော် ကိုယ်တော်သည် မည်သို့မျှ ဆောင်ရွက်ခြင်းမရှိပါ။ အကယ်၍ ကိုယ်တော်သည် ဆောင်ရွက်ခြင်း မပြုပါက ကျွန်ုပ်တို့သည် ဘုရားကို နောက်ထပ် ယုံကြည်နိုင်တော့မည် မဟုတ်ပါ၊ ကျွန်ုပ်တို့သည် မည်သည့်အရာကိုမျှ ရရှိနိုင်တော့မည် မဟုတ်ပါ၊ ထို့ပြင် ဘုရားကို ယုံကြည်ခြင်း၌လည်း အဓိပ္ပာယ်ရှိတော့မည် မဟုတ်ပါ။ နောက်ထပ် ယုံကြည်ရန် လိုအပ်တော့မည် မဟုတ်ပါ၊ ကျွန်ုပ်တို့၏ တာဝန်များကို ထမ်းဆောင်ရန် လိုအပ်တော့မည် မဟုတ်ပါ၊ ဧဝံဂေလိတရားကို ဟောပြောရန် လိုအပ်တော့မည် မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ သေးငယ်သော အဆင်မပြေမှုတစ်ခုနှင့် ကြုံတွေ့ရသည့်အခါ၊ ဘဝတွင် အနည်းငယ် ဒုက္ခဆင်းရဲ သို့မဟုတ် မကျေနပ်မှုနှင့် ရင်ဆိုင်ရသည့်အခါ အန္တိခရစ်တို့၏ စရိုက်မှန်နှင့် အတွင်းအကျဆုံးသော အတွေးအခေါ်များသည် အချိန်မရွေး၊ နေရာမရွေး ပေါ်လွင်ထင်ရှားသွားနိုင်သည်၊ ယင်းမှာ အတော်အတန် ကြောက်မက်ဖွယ်ကောင်းသည်။ ကပ်ဘေးများ မည်သည့်အချိန်တွင် ကျရောက်မည်၊ ဘုရားသခင်၏ ကပ်ဘေးများကို ပရောဖက်ပြုသည့် နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာမည်၊ မဖြစ်လာမည်၊ ယင်းတို့ အမှန်တကယ်ဖြစ်လာမည့် ပုံစံနှင့် အချိန်ဟူသည့် ဤအရာများအားလုံးကို ဘုရားသခင်က အဆုံးအဖြတ်ပေးသည်။ ဘုရားသခင်သည် လူတို့ကို ဤအရာများအကြောင်း ပြောပြသည့်အခါ ယင်းမှာ ၎င်းတို့ကို လေးစားမှုပေးခြင်း၊ ၎င်းတို့ကို လူသားများအဖြစ် သဘောထားခြင်း ဖြစ်သည်၊ ဤနှုတ်ကပတ်တော်များကို လူတို့က ဘုရားသခင်ကို နိုင်ကွက်ယူရန်နှင့် တရားစီရင်ရန် နည်းလမ်းတစ်ခုအဖြစ် အသုံးချရန် မဟုတ်ပေ။ အန္တိခရစ်တို့က ဘုရားသခင်သည် ဤနှုတ်ကပတ်တော်များကို ပြောခဲ့ပြီးဖြစ်သောကြောင့် သူသည် လူတို့၏ သက်တမ်းအတွင်း ယင်းတို့ အမှန်တကယ် ဖြစ်လာသည်ကို ထိုလူတို့အား တွေ့မြင်ခွင့်ပြုသင့်သည်ဟု မှားယွင်းစွာ ယုံကြည်ကြသည်၊ သို့မဟုတ်ပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အနှစ်မဲ့သွားလိမ့်မည်။ မိမိ၏နှုတ်ကပတ်တော်များ အနှစ်မဲ့သွားနိုင်သော ဘုရားသည် ဘုရားအဖြစ် သတ်မှတ်ခြင်း မခံထိုက်ပေ၊ ဘုရားဖြစ်ရန် မထိုက်တန်ပေ၊ ပြီးလျှင် ၎င်းတို့၏ ဘုရားဖြစ်ရန် မထိုက်တန်ပေ၊ ဤသည်မှာ အန္တိခရစ်တို့၏ ဆင်ခြင်တွေးခေါ်မှုစနစ် ဖြစ်သည်။
အစမှအဆုံးတိုင် အန္တိခရစ်တို့သည် ကပ်ဘေးများကို ပရောဖက်ပြုသည့် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို အမြတ်ထုတ်လိုရုံသာ ဖြစ်သည်။ ဤနှုတ်ကပတ်တော်များက ၎င်းတို့ကို လှုံ့ဆော်ခဲ့ပြီး ကပ်ဘေးများကို ရှောင်ရှားခြင်းဟူသည့် ကောင်းချီးနှင့် လဲလှယ်ရန် ကောင်းမွန်သော လူ့အပြုအမူများနှင့် ၎င်းတို့၏ ပေးဆပ်အနစ်နာခံခြင်းများအားလုံးနှင့် ဇာတိပကတိ၏ ဒုက္ခဆင်းရဲများကို အသုံးပြုရန် ၎င်းတို့ကို အကြံရစေခဲ့သည်။ တစ်လျှောက်လုံးတွင် ၎င်းတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ကပ်ဘေးများကို ရှောင်ရှားရန်နှင့် ကောင်းချီးများကို ရရှိရန် ဖြစ်သည်။ ၎င်းတို့သည် ဤနှုတ်ကပတ်တော်များကို ဖော်ပြသည့်သူကို ဘုရားသခင်အဖြစ် မည်သည့်အခါကမျှ အမှန်တကယ် သတ်မှတ်ခြင်း မရှိခဲ့ပေ။ အစမှအဆုံးတိုင် အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုရန် နည်းလမ်းတစ်ခုအဖြစ် ဘုရားသခင်ကို အဆက်မပြတ် စမ်းသပ်ပြီး အကဲဖြတ်လျက် ဘုရားသခင်၏ ဆန့်ကျင်ဘက်တွင် အမြဲရပ်တည်ခဲ့ကြသည်။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာပြီး ၎င်းတို့၏ အမြင်ကို ချဲ့ထွင်ပေးကာ ၎င်းတို့၏ အကြိုက်၊ အမြင်ရှုထောင့်များနှင့် လိုအပ်ချက်များနှင့်အညီ အမှန်တကယ် ဖြစ်လာလျှင် ၎င်းတို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သတ်မှတ်ကြသည်။ သို့သော် အကယ်၍ ယင်းက ၎င်းတို့၏ ဆန္ဒများ၊ အမြင်ရှုထောင့်များနှင့် လိုအပ်ချက်များကို ဆန့်ကျင်သွားလျှင်မူကား ဤနှုတ်ကပတ်တော်များကို ပြောဆိုခဲ့သည့်သူသည် ၎င်းတို့အတွက် ဘုရားသခင်အဖြစ် သတ်မှတ်ခြင်း မခံရတော့ပေ။ ဤသည်မှာ အန္တိခရစ်တို့ ဆုပ်ကိုင်ထားသော အမြင်ရှုထောင့် ဖြစ်သည်။ စိတ်ထဲ၌ ၎င်းတို့က ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သည်ကို မည်သည့်အခါကမျှ အသိအမှတ်မပြုခဲ့သကဲ့သို့ ဘုရားသခင်သည် အရာခပ်သိမ်းကို အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသည့် အချက်ကိုလည်း အသိအမှတ်မပြုခဲ့ကြသည်မှာ သိသာထင်ရှားပေသည်။ ရုန်းကန်မှုများ ဆက်တိုက် ကြုံတွေ့ပြီးနောက်၊ စိတ်ရှည်စွာ ကြံ့ကြံ့ခံပြီးနောက်၊ အတွေးအခေါ်ဆိုင်ရာ တိုက်ပွဲတစ်ခုကို ဖြတ်သန်းပြီးနောက် အန္တိခရစ်တို့သည် သင်ခန်းစာတစ်ခု ရခဲ့သည်။ “လူတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကို ပေါ့ပေါ့တန်တန် ဘောင်မခတ်ရသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များ ပြည့်စုံခြင်းကို သူ၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို တိုင်းတာရန် စံနှုန်းတစ်ခုအဖြစ် ပေါ့ပေါ့တန်တန်နှင့် လေးနက်မှုမရှိဘဲ အသုံးပြု၍ မရနိုင်ပေ။ ငါတို့သည် အတော်အတန် ကြံ့ခိုင်ဖွံ့ဖြိုးအောင် လုပ်ပေးခြင်း မခံရသေးဘဲ ငါတို့၏ စိတ်သဘောထားကို ကျယ်ပြန့်စေရန် ဆက်လက်ကြံ့ကြံ့ခံဖို့ လိုအပ်နေသေးသည်။ ‘ဝန်ကြီးနှလုံးသား ကြီးလှသည်မှာ သင်္ဘောတစ်စီး ရွက်လွှင့်၍ရသည်’၊ ‘အသက်ရှင်သရွေ့ မျှော်လင့်ချက်ရှိသည်’ ဟူသော ဆိုရိုးစကားများ ရှိသည့်အတိုင်းပင်။ ဤနှုတ်ကပတ်တော်များ အမှန်တကယ် မဖြစ်လာလျှင် ဘာဖြစ်သနည်း။ ကိစ္စမရှိပါ။ ငါသည် ဤမျှနှစ်များ တစ်လျှောက်လုံး အောင့်အည်းပြီး ဖြတ်သန်းလာခဲ့ပြီးပြီ၊ အနည်းငယ်မျှ ပို၍ ကြံ့ကြံ့ခံလိုက်လျှင် ဘုရားနှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာပြီး ငါ တစ်စုံတစ်ခု ရရှိကောင်းရရှိနိုင်သည်။ ငါ နောက်တစ်ကြိမ်လောက် သည်းခံကြည့်လိုက်ဦးမည်၊ နောက်တစ်ကြိမ် ထပ်စွန့်စားကြည့်မည်။ ငါ ဒေါသမထွက်နိုင်ပေ၊ သို့မဟုတ်ပါက ငါ၏ ယခင် ကြိုးပမ်းအားထုတ်မှုအားလုံး အလဟဿ ဖြစ်သွားလိမ့်မည်၊ ငါ ကြံ့ကြံ့ခံခဲ့ရသော ဒုက္ခအားလုံး အချည်းနှီး ဖြစ်သွားလိမ့်မည်။ ထိုသို့ဆိုလျှင် အလွန်နစ်နာစရာ ကောင်းလိုက်မည်တကား။ အကယ်၍ ငါသည် ယခု ငါ၏ အတွေးများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြီး ဘုရားကို ငြင်းပယ်ရန်၊ မေးခွန်းထုတ်ရန်နှင့် စွပ်စွဲရန် ထရပ်လိုက်လျှင် ယင်းမှာ လိမ္မာပါးနပ်သော လုပ်ရပ်တစ်ခု ဖြစ်မည်မဟုတ်ပေ။ ငါသည် အဖိုးအခကို ဆက်လက်ပေးဆပ်ရမည်၊ ဒုက္ခဆင်းရဲကို ခံရမည်၊ ဆက်လက် ကြံ့ကြံ့ခံရမည်။ ‘အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် ကယ်တင်ခံရလိမ့်မည်’ ဟူသော စကားရပ်ကို မမေ့ရပေ။ ဤစကားသည် အချိန်တိုင်းတွင် မှန်ကန်ပြီး အထွတ်အထိပ် သမ္မာတရားအဖြစ် တည်ရှိနေသည်။ ငါသည် ဤစကားကို စွဲကိုင်ထားရမည်ဖြစ်ပြီး ငါ၏ စိတ်နှလုံးထဲတွင် အဆက်မပြတ် စွဲမှတ်ထားရမည်” ဟူ၍ ဖြစ်လေသည်။ အပျက်သဘောဆောင်ခြင်းနှင့် တိတ်ဆိတ်ခြင်း ကာလတစ်ခုပြီးနောက် အန္တိခရစ်တို့သည် နောက်ဆုံးတွင် တစ်ဖန် “ပြန်လည်ရပ်တည်” လာကြသည်။
ဘုရားသခင်၏ အိမ်တော်၌ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့် လုပ်ငန်းစဉ်တွင် အန္တိခရစ်တို့သည် အခန်းကဏ္ဍအမျိုးမျိုးတွင် အစေခံရင်း အလုပ်အမျိုးမျိုးကို လုပ်ဆောင်ကြသည်။ အပြင်ပန်းတွင် ပြောင်းလဲမှုမရှိဟု ထင်ရသော်လည်း ၎င်းတို့ ဘုရားသခင်ကို ယုံကြည်သည့်အချိန် ကြာလေ၊ ကိုယ်တော်နောက်သို့ လိုက်သည့်အချိန် ကြာလေ၊ အန္တိခရစ်တို့သည် ကပ်ဘေးများကို ပရောဖက်ပြုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် စိတ်ထဲ၌ ပို၍ ချစ်တီးခေါင်းသန်းရှာလေ ဖြစ်သည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ ၎င်းတို့ ဘုရားသခင်ကို ယုံကြည်သည့်အချိန် ကြာလေ ယင်းက ၎င်းတို့ ပို၍ ပေးဆပ်အနစ်နာခံခဲ့ကြောင်း၊ ပို၍ စွန့်လွှတ်ခဲ့ကြောင်းနှင့် လောကီကမ္ဘာသို့ ပြန်ရန်လမ်း ပို၍ နည်းပါးသွားကြောင်းကို ဆိုလိုသည်။ ထို့ကြောင့် ကပ်ဘေးများကို ပရောဖက်ပြုသည့် ဤနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အန္တိခရစ်တို့က “ဤအရာအားလုံး မှန်ကန်ပါစေဟု ငါမျှော်လင့်သည်။ ဤအရာအားလုံး အမှန်တကယ် ဖြစ်လာရမည်” ဟု တိုး၍တိုး၍ အမှုမဲ့အမှတ်မဲ့ တွေးထင်ကြသည်။ ၎င်းတို့သည် ဤ “ဖြစ်လာရမည်” နှင့် ဤခိုင်မာသော ယုံကြည်လက်ခံမှုကို ဘုရားသခင်အပေါ် ၎င်းတို့၏ စစ်မှန်သော ယုံကြည်ခြင်းအဖြစ် သတ်မှတ်ကြသည်။ ဤစစ်မှန်သော ယုံကြည်ခြင်းဟုခေါ်သည့်အရာက ၎င်းတို့ကို ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန်၊ ဒုက္ခခံရန်နှင့် အဖိုးအခပေးဆပ်ရန်၊ ကြံ့ကြံ့ခံရန်၊ ထို့နောက် ပို၍ ကြံ့ကြံ့ခံရန် တွန်းအားပေးသည်မှာ ဘာသာတရားမရှိသူများ ပြောသည့်အတိုင်းပင် “အနိုင်ရလိုလျှင် အရာအားလုံးကို ပုံအောရမည်” ဟူ၍ ဖြစ်လေသည်။ ထိုသို့သော ယုံကြည်မှုကို ဖက်တွယ်ထားစဉ်တွင် အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာမည့်နေ့ကို စပ်စုနေကြသည်။ နောက်ဆုံးတွင် ထိုနေ့သည် ရောက်ရှိလာသည်။ ဤလောကတွင် ဘေးအန္တရာယ်များနှင့် ကပ်ဘေးများ အဆက်မပြတ် ဖြစ်ပွားနေသည်၊ နေရာအနှံ့အပြားတွင်၊ မတူညီသော နိုင်ငံများနှင့် မတူညီသော လူမျိုးစုများကြားတွင် ဖြစ်ပွားနေသည်။ ဤဘေးအန္တရာယ်များသည် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အသက်များစွာကို သေစေခဲ့သည်၊ လူများစွာ၏ နေထိုင်မှုပတ်ဝန်းကျင်ကို ပြောင်းလဲစေခဲ့သည်၊ ဂေဟစနစ်ပတ်ဝန်းကျင်ကို ပြောင်းလဲစေခဲ့သည်၊ လူ့အဖွဲ့အစည်းရှိ မတူညီသော ဖွဲ့စည်းပုံများနှင့် နေထိုင်မှုပုံစံများစွာကို ပြောင်းလဲစေခဲ့သည် စသည်တို့ ဖြစ်သည်။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ အန္တိခရစ်တို့၏ အမြင်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အတိုင်းအတာတစ်ခုအထိ အမှန်တကယ် ဖြစ်လာနေဆဲဖြစ်ပြီး ယင်းမှာ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ကျေနပ်စရာအကောင်းဆုံးအရာ ဖြစ်သည်။ ဤမျှနှစ်များတစ်လျှောက်လုံး ၎င်းတို့အနေဖြင့် အချည်းနှီး ကြံ့ကြံ့ခံခဲ့ခြင်း သို့မဟုတ် စောင့်ဆိုင်းခဲ့ခြင်း မဟုတ်ဟု ၎င်းတို့ ခံစားရသည်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာသည့်အခါတွင် ထိုနေ့နှင့် အဆင့်ကို နောက်ဆုံးတွင် မျက်မြင်တွေ့ခဲ့ရသည်။ သို့သော် ၎င်းတို့သည် စိတ်ဓာတ်မကျရ၊ သို့မဟုတ် လက်မလျှော့ရဟု ခံစားရသည်၊ ၎င်းတို့သည် ဆက်လက်သည်းခံရန်နှင့် စောင့်ဆိုင်းရန် လိုအပ်သည်။ မည်မျှပင် သည်းခံသည်ဖြစ်စေ၊ မည်မျှပင် စောင့်ဆိုင်းသည်ဖြစ်စေ အန္တိခရစ်တို့ကို စိတ်ထဲ၌ အစိုးရိမ်ဆုံးဖြစ်စေသည့်အရာမှာ အဘယ်နည်း။ ယင်းမှာ “အစာခေါင်းပါးခြင်း၊ ကပ်ရောဂါ၊ ငလျင်များဆိုင်ရာ ပရောဖက်ပြုချက်များ အမှန်တကယ် ဖြစ်လာခဲ့ပြီ၊ သို့သော် ကြီးမားသော ကပ်ဘေးများဆိုင်ရာ ပရောဖက်ပြုချက်များသည် မည်သည့်အချိန်တွင် အမှန်တကယ် ဖြစ်လာမည်နည်း” ဟူ၍ ဖြစ်သည်။ တစ်ဖက်တွင် အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တစ်စိတ်တစ်ပိုင်းသည် ဖြည်းဖြည်းချင်း တဆတဆဖြင့် အမှန်တကယ် ဖြစ်လာနေသည်ဟု ယုံကြည်ကြသော်လည်း အခြားတစ်ဖက်တွင်မူ ၎င်းတို့က “ဤဘေးအန္တရာယ်များသည် သဘာဝဘေးအန္တရာယ်များသာ ဖြစ်သည် မဟုတ်လော။ သမိုင်းတစ်လျှောက် ဘေးအန္တရာယ်များသည် အဆက်မပြတ် ဖြစ်ပွားခဲ့သည်။ ဤဘေးအန္တရာယ်များ ဖြစ်ပွားခြင်းသည် ဘုရား၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်း ဟုတ်ပါသလော။ မဟုတ်လျှင်၊ ယင်းတို့သည် အဘယ်အရာများ ဖြစ်သနည်း။ ငါ ဤသို့ မတွေးသင့်ပေ၊ ဘုရားကို ယုံကြည်သူတစ်ဦးသည် ဘုရား၏ နှုတ်ကပတ်တော်များကို ယုံကြည်သင့်သည်။ သို့သော် ဘုရား၏ နှုတ်ကပတ်တော်များသည် ထိုမျှ လွယ်ကူစွာ ပြည့်စုံပါသလော။ ဘုရားက မည်သို့ လုပ်ဆောင်ခဲ့သနည်း။ ငါ အဘယ်ကြောင့် သူ့ကို မမြင်ခဲ့ရသနည်း။ ငါ အဘယ်ကြောင့် ထိုအကြောင်းကို မသိရသနည်း။ အကယ်၍ ယင်းမှာ ဘုရား၏ လုပ်ဆောင်မှုဖြစ်လျှင် သူ၏ ယုံကြည်သူများသည် ယင်းကို မြင်သင့်သည်၊ ဘုရားသည် ၎င်းတို့အား ရူပါရုံများ ပေးသင့်သည်။ သို့သော် ငါတို့သည် ဘုရား၏ လက်တော်ကို မမြင်ခဲ့ရသကဲ့သို့ ဘုရား၏ အသံတော်ကိုလည်း မကြားခဲ့ရပေ။ သို့ဆိုလျှင် ဤအဖြစ်အပျက်များသည် တိုက်ဆိုင်မှုများသာ ဖြစ်နိုင်သလော။ ငါ ဤသို့ မတွေးသင့်ပေ၊ ထိုသို့သော အတွေးများသည် ငါ့ကို အားနည်းစေနိုင်သည်။ ဤအရာအားလုံးသည် ဘုရားနှုတ်ကပတ်တော်များ ပြည့်စုံခြင်းဖြစ်သည်ဟု ငါ ဆက်လက်ယုံကြည်ရမည်၊ ငါသည် ယင်းကို တိုက်ဆိုင်မှုများအဖြစ် မဟုတ်ဘဲ ဘုရား၏ အချုပ်အခြာအာဏာအဖြစ်၊ ဘုရား၏ နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာခြင်းအဖြစ်သာ မှတ်ယူမည်။ ဤနည်းဖြင့် ငါ၏ စိတ်နှလုံးသည် ပို၍ သက်သာရာရသည်” ဟု သံသယဝင်ကြသည်။ ဤသို့တွေးခြင်းသည် အလွန်လိမ္မာပါးနပ်ပြီး အခြေအနေကို ကောင်းစွာ ဆန်းစစ်ခဲ့သည်ဟု ၎င်းတို့ ခံစားရသည်၊ ဘုရားသခင်ကို သံသယမဝင်နိုင်တော့သည့်အပြင် ၎င်းတို့၏ ကိုယ်ပိုင်ယုံကြည်ခြင်းကိုလည်း တည်ငြိမ်စေနိုင်ကာ ၎င်းတို့၏ စိတ်နှလုံးအတွင်းရှိ လွှမ်းမိုးနေသော မသက်မသာဖြစ်မှုနှင့် လိုအင်ဆန္ဒများကိုလည်း တည်ငြိမ်စေနိုင်သည်။ ယာယီ လိုက်လျောမှုများနှင့် အပေးအယူများ ပြုလုပ်နေစဉ်တွင် အန္တိခရစ်တို့သည် ကြီးမားသော ကပ်ဘေးများ ရောက်ရှိလာခြင်း စောင့်ဆိုင်းနေကြသည်။ “ကြီးမားသော ကပ်ဘေးများသည် မည်သည့်အချိန်တွင် ကျရောက်လာမည်နည်း။ ယင်းတို့ ကျရောက်လာသည့်အခါ သန့်ရှင်းသူများသည် လေထဲသို့ ခေါ်ဆောင်ခြင်းခံရမည် ဖြစ်သော်လည်း ယင်းသည် အတိအကျ မည်သည့်နေရာတွင် ဖြစ်ပွားမည်နည်း။ မည်သို့ ဖြစ်ပွားမည်နည်း။ သူတို့သည် ပျံတက်သွားမည်လော သို့တည်းမဟုတ် ဘုရား၏ လက်တော်ဖြင့် ချီမခြင်းခံရမည်လော။ ကြီးမားသော ကပ်ဘေးများ ကျရောက်သည့်အခါ လူတို့၌ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များ ရှိနေဦးမည်လော။ သူတို့သည် လက်ရှိဝတ်ဆင်ထားသော အဝတ်အစားများကို ဝတ်ဆင်ထားဆဲ ဖြစ်မည်လော။ ဘာသာတရား မရှိသူများအားလုံး သေဆုံးသွားမည်လော။ ယင်းသည် မည်သို့သော အခြေအနေမျိုး ဖြစ်မည်နည်း။ လူသားတို့အဖို့ စိတ်ကူးဖြင့် မှန်းဆ၍မရနိုင်ပါ။ ယခုလောလောဆယ်တွင် ထိုအကြောင်းကို မတွေးတောဘဲ နေခြင်းက ပိုကောင်းပါမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဧကန်မုချ ပြည့်စုံလာမည်ဟုသာ ကျွန်ုပ် ယုံကြည်လိုက်ပါမည်။ သို့သော် ၎င်းတို့သည် အမှန်တကယ် ပြည့်စုံလာနိုင်ပါမည်လော။ ထိုနေ့ရက်သည် မည်သည့်အချိန်တွင် ရောက်ရှိလာမည်နည်း” ဟူ၍ ဖြစ်လေသည်။ ၎င်းတို့သည် ဤမေးခွန်းများကို စိတ်ထဲ၌ မိမိတို့ကိုယ်ကို အဆက်မပြတ် မေးမြန်းနေပြီး သံသယများကို ထပ်ခါတလဲလဲ ထားရှိကြသည်။ ဤကပ်ဘေးများသည် ၎င်းတို့၏ အလားအလာများ၊ ကံကြမ္မာတို့နှင့် အတော်ပင် ဆက်စပ်ပြီး အတွင်းကျကျ ချိတ်ဆက်နေသောကြောင့် အန္တိခရစ်တို့က “ကြီးမားသော ကပ်ဘေးများ မည်သည့်အချိန်တွင် ကျရောက်မည်ဟူသော ပရောဖက်ပြုချက် ပြည့်စုံခြင်းနှင့်ပတ်သက်၍ ငါသည် အမြဲတမ်း သတိဝီရိယရှိရမည်၊ ငါ၏ အခွင့်အရေးကို မလွတ်သွားစေရန်နှင့် ကောင်းချီးများ မရရှိဘဲ မဖြစ်စေရန် ယင်းကို အချိန်တိုင်း စိတ်ထဲတွင် ထားရှိရမည်” ဟု ယုံကြည်ကြသည်။ သို့ဆိုလျှင် ၎င်းတို့၏ အမြင်ရှုထောင့်မှာ အဘယ်နည်း။ “ငါသည် နေရာအနှံ့၌ ဧဝံဂေလိတရားဟောရန် လိုအပ်သည်၊ ငါ၏ တာဝန်များကို လုံ့လဝီရိယရှိစွာ ထမ်းဆောင်ရန်၊ အနှောင့်အယှက်များ သို့မဟုတ် အဖျက်အမှောင့်များ ဖြစ်စေခြင်းကို သို့မဟုတ် အမှားများ လုပ်မိခြင်းကို ရှောင်ရှားရန်၊ မာနထောင်လွှားစွာ မပြုမူဘဲ ခပ်လျှိုလျှိုနေရန် လိုအပ်သည်။ ငါ အမှားမလုပ်သရွေ့၊ အသင်းတော်မှ နှင်ထုတ်မခံရသရွေ့ ယင်းမှာ လုံလောက်သင့်သည်။ ငါသည် ခိုလှုံရာသို့ သေချာပေါက် ရောက်နိုင်လိမ့်မည်၊ ဤသည်မှာ ဘုရား၏ ကတိတော်ဖြစ်သည်။ မည်သူက ထိုအရာကို ယူသွားနိုင်မည်နည်း” ဟူ၍တည်း။ သေးငယ်သော ဘေးအန္တရာယ်များ တဖြည်းဖြည်း ကျရောက်လာသည့်အခါ၊ လူသားမျိုးနွယ်အားလုံး ဘေးအန္တရာယ်များအတွင်းသို့ ကျရောက်သည့်အခါ အန္တိခရစ်တို့သည် စိတ်ထဲ၌ ငြိမ်သက်ခြင်းနှင့် တည်ငြိမ်အေးချမ်းမှု အတိုင်းအတာတစ်ခုအထိ ရှာတွေ့ကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ကြီးမားသော ကပ်ဘေးများ ရောက်ရှိလာခြင်းနှင့် သန့်ရှင်းသူများ ခေါ်ဆောင်ခြင်းခံရမည့်နေ့ကို စောင့်မျှော်နေကြသည်။ မည်သို့ပင်ဖြစ်စေ အန္တိခရစ်တို့သည် ကပ်ဘေးများကို ပရောဖက်ပြုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆက်လက်၍ စပ်စုနေကြသည်။ ထိုသို့သော စပ်စုခြင်းသည် ဘုရားသခင်၏ အမြင်တွင် စာတန်၏ စပ်စုခြင်းကဲ့သို့ပင် ဖြစ်သည်။ ကိုယ်တော်သည် ယင်းကို သံသယ၊ ငြင်းပယ်ခြင်း၊ အသရေဖျက်ခြင်းနှင့် ဘုရားသခင်၏ မှန်ကန်မှုကို ဆန်းစစ်ခြင်းအဖြစ် မြင်သည်။ ယင်းသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို မေးခွန်းထုတ်ခြင်း၊ ဘုရားသခင်၏ သြဇာအာဏာနှင့် အနန္တတန်ခိုးကို သံသယဝင်ခြင်း၊ ဘုရားသခင်၏ သစ္စာရှိမှုကို သံသယဝင်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သောအရာများ ဖြစ်ပွားသည်ကို ခွင့်မပြုသကဲ့သို့ ထိုသို့သောလူများ တည်ရှိသည်ကိုလည်း ခွင့်မပြုပေ၊ ကိုယ်တော်သည် ထိုသို့သောလူများကို သေချာပေါက် ကယ်တင်မည် မဟုတ်ပေ။ အန္တိခရစ်တို့က ၎င်းတို့၏ တန်ပြန်ဆောင်ရွက်ချက်များသည် လျှို့ဝှက်စွာ ကြံစည်ပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် တွက်ချက်ထားကာ အလိမ္မာပါးနပ်ဆုံးနှင့် အလျှို့ဝှက်ဆုံးဖြစ်သည်ဟု တွေးထင်ကြသည်။ ဘုရားသခင်သည် ၎င်းတို့၏ အတွေးအားလုံးကို မြင်ပြီး ယင်းတို့ကို ပြစ်တင်ရှုတ်ချသည်ကို ၎င်းတို့ မသိကြချေ။ ဤသည်မှာ ဘုရားသခင် မိန့်သည့်အရာ ဖြစ်သည်။ “ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃) ဘုရားသခင်သည် ဤလူတို့အား သူ၏ စိတ်နှလုံးထဲတွင် တိတ်တဆိတ် ပြောသည်။ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ။ သင်တို့သည် ငါ၏ လုပ်ဆောင်ချက်များကို စပ်စုသည်၊ ငါ၏ နှုတ်ကပတ်တော်များကို စပ်စုသည်။ ထိုသို့သော လူများသည် မည်သည့်အခါမျှ ကယ်တင်ခြင်းခံရနိုင်မည် မဟုတ်ဟူ၍ ဖြစ်သည်။ အန္တိခရစ်တို့သည် ကပ်ဘေးများကို ပရောဖက်ပြုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာမည်၊ မဖြစ်လာမည်ကို ၎င်းတို့ လိုက်စားရန် ပန်းတိုင်အဖြစ်လည်းကောင်း၊ ဘုရားသခင်၏ မှန်ကန်မှုကို စစ်ဆေးရန် စံနှုန်းတစ်ခုအဖြစ်လည်းကောင်း သဘောထားခြင်းသည် ကြောက်မက်ဖွယ်ကောင်းသော အရာဖြစ်သည်၊ ယင်းမှာ ဒုစရိုက်အမှုတစ်ခုလည်း ဖြစ်သည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အချို့သော ကဏ္ဍများ အမှန်တကယ် ဖြစ်လာမည်၊ မဖြစ်လာမည်၊ မည်သို့ အမှန်တကယ် ဖြစ်လာမည်၊ မည်သည့်အချိန်နှင့် မည်သည့်နေရာတွင် အမှန်တကယ် ဖြစ်လာမည်နှင့်ပတ်သက်၍မူ ဘုရားသခင်၌ ကိုယ့်နည်းနှင့်ကိုယ် ရှိသည်။ ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ကြားရန် လူသားများအား ကြီးမားသော ကံကောင်းခြင်းကို ပေးသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်သာ ဖြစ်သည်။ ဘုရားသခင်သည် ဤနှုတ်ကပတ်တော်များကို ပြောဆိုသည့် ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်က ယင်းတို့ကို ဘုရားသခင်ကို ချည်နှောင်ရန်၊ ဘုရားသခင်၏ မှန်ကန်မှုကို စစ်ဆေးရန်၊ သို့မဟုတ် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို အတည်ပြုရန် အသုံးပြုဖို့ မဟုတ်ပေ။ ဘုရားသခင်သည် ဤနှုတ်ကပတ်တော်များကို ကိုယ်တော်သည် ထိုသို့သောအရာများကို လုပ်ဆောင်တော့မည် ဖြစ်ကြောင်း လူသားမျိုးနွယ်ကို ပြောပြရန်အတွက်သာ ပြောဆိုခြင်းဖြစ်သည်၊ သို့သော် ဘုရားသခင်သည် မည်သူ့ကိုမျှ “ငါသည် ဤအရာကို ဤနည်းလမ်းဖြင့် ဤလူတို့အား ဤအချိန်တွင် ဤပုံစံဖြင့် လုပ်ဆောင်မည်” ဟု မည်သည့်အခါကမျှ မပြောခဲ့ပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မပြောပြခဲ့သော အရာများတွင် ရှင်းလင်းသော အချက်ပြမှုတစ်ခု ရှိသည်။ လူသားမျိုးနွယ်သည် သိရန်မလိုအပ်သကဲ့သို့ သိရန် အရည်အချင်းလည်းမရှိပေ။ ထို့ကြောင့် အကယ်၍ လူသားများသည် ဤကိစ္စရပ်များကို အမြဲတမ်း စပ်စုရန် ကြိုးစားလျှင်၊ အမြဲတမ်း နှိုက်နှိုက်ချွတ်ချွတ် တူးဆွလျှင်၊ ဤကိစ္စရပ်များဖြင့် ဘုရားသခင်ကို နိုင်ကွက်ယူရန်၊ ကိုယ်တော်ကို တရားစီရင်ရန်နှင့် ပြစ်တင်ရှုတ်ချရန် အသုံးပြုလိုလျှင် ဤဖြစ်စဉ်များ ဖြစ်ပွားသည့်အခါ လူသားမျိုးနွယ်သည် ဘုရားသခင်၏ ဆန့်ကျင်ဘက်တွင် အမှုမဲ့အမှတ်မဲ့ ရပ်တည်နေလိမ့်မည်။ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ဘက်တွင် ရပ်တည်သည့်အခါ ဘုရားသခင်သည် သင့်ကို လူသားတစ်ဦးအဖြစ် မမှတ်ယူတော့ပေ။ သို့ဆိုလျှင် သင်သည် အဘယ်အရာဖြစ်သနည်း။ ဘုရားသခင်၏ အမြင်တွင် သင်သည် စာတန်တစ်ကောင်၊ ရန်သူတစ်ဦး၊ နတ်ဆိုးတစ်ကောင် ဖြစ်သည်။ ဤသည်မှာ လူ၏ ပုန်ကန်ပြစ်မှားခြင်းကို သည်းမခံသော ဘုရားသခင်၏ စိတ်သဘောထား၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အကယ်၍ လူတို့သည် ဤအရာကို နားမလည်ဘဲ ဘုရားသခင် ပရောဖက်ပြုခဲ့သော နှုတ်ကပတ်တော်များအပေါ် မကြာခဏ အရေးလုပ်ကာ ဘုရားသခင်ကို နိုင်ကွက်ယူရန် ကြိုးစားလျှင် ငါ သင်တို့ကို ပြောမည်၊ ဤသည်မှာ ကိုယ့်သေတွင်း ကိုယ်တူးခြင်းပင် ဖြစ်သည်။ အချိန်တိုင်းတွင် လူသားများသည် ၎င်းတို့ မည်သူဖြစ်သည်ကိုလည်းကောင်း၊ မည်သည့်ပုံစံဖြင့်၊ မည်သို့သော ဆင်ခြင်တုံတရားဖြင့်၊ ဘုရားသခင်နှင့်ပတ်သက်သော အရာခပ်သိမ်းကို မည်သည့်ရှုထောင့်မှ ဘုရားသခင်ကို သဘောထားသင့်သည်ကိုလည်းကောင်း သိသင့်သည်။ လူတို့သည် ဖန်ဆင်းခံများအဖြစ် ၎င်းတို့၏ ပင်ကိုလက္ခဏာနှင့် အနေအထားကို ဆုံးရှုံးသွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အနှစ်သာရသည် ပြောင်းလဲသွားသည်။ သင်သည် တိရစ္ဆာန်တစ်ကောင် ဖြစ်လာလျှင် သင်သည် အရေးမပါသောအရာတစ်ခု ဖြစ်သောကြောင့် ဘုရားသခင်သည် သင့်ကို လျစ်လျူရှုပေမည်။ သို့သော် သင်သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင် ဖြစ်လာလျှင်မူကား သင်သည် အန္တရာယ်ကျရောက်လိမ့်မည်။ နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင် ဖြစ်လာခြင်းသည် ဘုရားသခင်၏ ရန်သူတစ်ဦး ဖြစ်လာခြင်းကို ဆိုလိုပြီး ထိုအခါ ကယ်တင်ခြင်း၏ မျှော်လင့်ချက်သည် သင့်အတွက် လုံးဝ ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ဤနေရာတွင် လူတိုင်းကို ငါ ပြောလိုသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို မစပ်စုနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစပ်စုနှင့်၊ ဘုရားသခင်၏ အလုပ်ကို မစပ်စုနှင့်၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် မည်သည့်အရာကိုမျှ မစပ်စုနှင့်။ သင်သည် လူသားတစ်ဦး၊ ဖန်ဆင်းခံတစ်ဦးဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်၏ မှန်ကန်မှုကို မဆန်းစစ်နှင့်။ ဘုရားသခင်ကို သင်၏ ဆန်းစစ်ခြင်းနှင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း ခံရသည့်အရာအဖြစ် မမှတ်ယူနှင့်၊ သို့မဟုတ် သင်၏ စပ်စုခြင်း ခံရသည့်အရာအဖြစ်လည်း မမှတ်ယူနှင့်။ သင်သည် ဖန်ဆင်းခံတစ်ဦး၊ လူသားတစ်ဦးဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်သည် သင်၏ ဘုရားသခင် ဖြစ်သည်။ ဘုရားသခင် ပြောဆိုသမျှသည် သင် လက်ခံသင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင် သင့်ကို ပြောပြသမျှကို သင် လက်ခံသင့်သည်။ ဘုရားသခင် သင့်ကို မပြောပြသည့်အရာများ၊ နက်နဲသောအရာများနှင့် ပရောဖက်ပြုချက်များ ပါဝင်သော ကိစ္စရပ်များ၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်ပတ်သက်သော ကိစ္စရပ်များနှင့်ပတ်သက်၍မူ၊ တစ်ချက်မှာ သေချာသည်။ သင်သည် ဤအရာများကို သိရန်မလိုအပ်ပေ။ ဤအရာများကို သိခြင်းသည် သင်၏ အသက်ဝင်ရောက်မှုကို အကျိုးပြုမည် မဟုတ်ပေ။ သင် နားလည်နိုင်သမျှကို လက်ခံလော့။ ဤအရာများကို သင်၏ စိတ်သဘောထား ပြောင်းလဲခြင်းကို လိုက်စားခြင်းနှင့် ကယ်တင်ခြင်းကို လိုက်စားခြင်းတို့တွင် အတားအဆီးများ ဖြစ်မလာစေနှင့်။ ဤသည်မှာ မှန်ကန်သော နည်းလမ်းဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်၏ ဆန့်ကျင်ဘက်တွင် ရပ်တည်ပြီး ဘုရားသခင်နှင့်စပ်ဆိုင်သော အရာများကို ဆက်လက် စပ်စုလျှင်၊ ပြီးလျှင် ၎င်းတို့သည် ပြောင်းလဲရန် ခေါင်းမာစွာ ငြင်းဆန်ပြီး ဘုရားသခင်ကို ဤပုံစံနှင့် ဤသို့သော သဘောထားဖြင့် ဆက်ဆံလျှင်၊ ကယ်တင်ခြင်းခံရရန် ၎င်းတို့၏ မျှော်လင့်ချက်သည် အလွန် နည်းပါးသွားသည်။ အန္တိခရစ်တို့သည် ကပ်ဘေးများကို ပရောဖက်ပြုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုသည်။ ဤအချက်နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်မည်။ ပြီးလျှင် ယခု နောက်တစ်ချက်ကို ဆက်လက်၍ မိတ်သဟာယပြုကြစို့။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။