အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၁) အခန်း ခြောက်

ယခုအခါ သင်တို့စိတ်တွင် အသင်းတော်၌ မည်သည့်အလုပ်များသည် အရေးအကြီးဆုံးဖြစ်ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် တိုးချဲ့ခြင်း ပါဝင်သနည်း။ (ဧဝံဂေလိတရားဟောခြင်းဖြစ်သည်။) ဧဝံဂေလိအလုပ်သည် အဓိကအလုပ်တစ်ခု ဖြစ်၏။ ဘုရားသခင်၏ အမှုတော်သည် ဘုရားသခင်၏ အမြင်အရ အလုပ်ဖြစ်သော်လည်း လူတို့အတွက်မှာမူ ၎င်းတို့၏ တာဝန်ဖြစ်သည်။ ဧဝံဂေလိအလုပ်အပြင် ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်၊ ဘာသာပြန်အလုပ်၊ ဓမ္မတေးသီချင်းအလုပ်နှင့် အမျိုးမျိုးသော စာနှင့်ပတ်သက်သော အလုပ်များလည်း ရှိသည်။ ယခုခေတ်တွင် မိမိတို့တာဝန်ကို အချိန်ပြည့် လုပ်ဆောင်သည့် လူအများစုသည် ဤအလုပ်များနှင့် ဆက်စပ်သည့် လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ကြသည်။ ငါ့ကို ပြောလော့၊ ဤအလုပ်များထဲမှ မည်သည့်အလုပ်ကို ဘေးချိတ်၍ရနိုင်သနည်း။ လူအချို့က “တေးဂီတဟူသည်မှာ ဂီတသင်္ကေတ အနည်းငယ်နှင့်ဆိုင်သော ကိစ္စတစ်ခုသာဖြစ်သဖြင့် အရေးကြီးသည်ဟု ငါ မထင်။ ထိုတေးသွားများအားလုံး မရှိဘဲလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလားတူ ဖြန့်ချိကာ ဖြန့်ဝေ၍ ရနိုင်ဆဲဖြစ်ပြီး လူတို့ကို ယခင်အတိုင်းပင် ဘုရားသခင်ရှေ့သို့ ခေါ်ဆောင်၍ ရနိုင်ဆဲဖြစ်သည်”ဟု ပြောကြသည်။ ထိုသို့ ပြောခြင်းသည် မှန်ကန်သလော။ (မမှန်ပါ၊ မှားပါသည်။) အဘယ်ကြောင့် မှားသနည်း။ အမျိုးမျိုးသော ဗီဒီယို ထုတ်လုပ်ရေး အမျိုးအစားများသည် တေးဂီတမရှိဘဲနှင့် တစ်စက်တလေမျှ ကောင်းပါမည်လော။ (ကောင်းမည်မဟုတ်ပါ။) အသင်းတော်အတွင်းတွင် ဓမ္မတေးသီချင်းများ သီဆိုခြင်း လိုအပ်သည်သာမက ရုပ်ရှင်များ၊ တေးဂီတ ဗီဒီယိုများ၊ တေးသံစုံကျူးအဖွဲ့များနှင့် ပြဇာတ်များအပြင် ဘုရားနှုတ်ကပတ်တော် ရွတ်ဆိုသည့် ဗီဒီယိုများစသည်တို့ အားလုံးသည်လည်း တေးဂီတ လိုအပ်သည်။ အပြင်ပန်းအရ တေးဂီတသည် ဧကန်အမှန် ဂီတသင်္ကေတများနှင့်သာ ဆိုင်သော်လည်း ဤတေးဂီတကို လူတို့ ကြားရသည်နှင့်တစ်ပြိုင်နက် ဘုရားနှုတ်ကပတ်တော်များကို ဖြန့်ချိရာတွင် သာ၍ ထိရောက်ပြီး ဧဝံဂေလိ ဖြန့်ဝေခြင်းကို ရှေ့သို့တွန်းပို့သည့် အခန်းကဏ္ဍတစ်ခုကို ဆောင်ရွက်နိုင်သည်။ ထို့ကြောင့် ယင်းသည် မရှိမဖြစ် ဖြစ်ပေသည်။ သင်သည် ဤနေရာတွင် သာမန်ကာလျှံကာ စကားပြောနေပြီး နောက်ခံ တေးဂီတရှိလျှင် ထိရောက်မှု ကွာခြားလိမ့်မည်၊ ဟုတ်သည် မဟုတ်လော။ ထို့ကြောင့် ဤတာဝန်သည် အလွန်အရေးကြီး၏။ လူအချို့က “သို့ဆိုလျှင် ကျွန်ုပ်တို့၏ ဗီဒီယိုအလုပ်သည် အရေးကြီးသလော”ဟု ပြောကြသည်။ သင်တို့ ငါ့ကို ပြောလော့၊ ဗီဒီယို အလုပ်သည် အရေးကြီးသလော။ (အရေးကြီးပါသည်။) ဥပမာအနေဖြင့် အထူးပြုလုပ်ချက် နည်းပညာကို အသုံးပြုလျက် ထုတ်လုပ်ထားသည့် ပုံရိပ်အများအပြားကို မည်သည့် အကြမ်းထည် ဗီဒီယို ရုပ်ရှင်နှင့်မျှ အစားထိုး၍မရနိုင်သကဲ့သို့ ယင်းတို့ကို ရုပ်ရှင်ရိုက်၍ ရမည်မဟုတ်ပေ။ ဤသည်မှာ ခေတ်သစ် အနုပညာဖြစ်သည်။ “ဘုရားအိမ်တော်က ခေတ်သစ် အနုပညာအကြောင်းကိုပင် ပြောဆိုသည်။ ဤသည်မှာ ခေတ်ကာလများကို အမီလိုက်ခြင်းကိစ္စတစ်ခု မဟုတ်လော”ဟု ပြောသည့်သူများ ရှိသည်။ အဘယ်သို့ဖြစ်ပြီး ဤသည်မှာ ခေတ်ကာလများကို အမီလိုက်ခြင်း ဖြစ်သနည်း။ ဤအရာကို အစေခံမှုပေးရန် စာတန်ကို ကောင်းကောင်း အသုံးချခြင်းဟု ခေါ်သည်။ အစေခံမှုပေးရန် ညီအစ်ကို မောင်နှမများကို ကောင်းကောင်း အသုံးချခြင်း မဟုတ်သည်မှာ ပြောစရာမလိုပေ။ ယင်းအားဖြင့် ငါဆိုလိုသည်မှာ သင့်အနေဖြင့် နည်းပညာနှင့် အနုပညာကျွမ်းကျင်မှု တစ်ခုခုကို သင်ယူနိုင်ပြီး ဤအတတ်ပညာဆိုင်ရာ အသိကို ဧဝံဂေလိ ဖြန့်ဝေခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များကို ဖြန့်ချိခြင်း အလုပ်တွင် အသုံးပြုနိုင်လျှင် သင် သင်ယူပြီးသည့်အရာက အသုံးဝင်သည်ဟူ၍ ဖြစ်သည်။ ထိုအရာကို သင် သင်ယူနိုင်လျှင် ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်ပြီး ဆက်စပ်သည့် တာဝန်ကို သင် လုပ်ဆောင်နိုင်ကာ ကောင်းချီးခံစားရလိမ့်မည်။ ဤသည်မှာ သင့်အတွက် ကောင်းချီးမင်္ဂလာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင် သင်ယူသည့်အရာသည် အရေးကြီးသည့်အရာ မဟုတ်၊ အရေးကြီးသည့်အရာမှာ ထိုအရာကို သင်၏ တာဝန်အတွက် သင် အသုံးပြုခြင်း ရှိမရှိ ဖြစ်သည်။ “ကျွန်ုပ်တို့သည် စာနှင့်ပတ်သက်သည့် အလုပ်ကို လုပ်ကြသော်လည်း မည်သူကမျှ ကျွန်ုပ်တို့ကို သိခွင့် တစ်ခါမျှ မရဖူးကြပါ။ မည်သူကမျှ ကျွန်ုပ်တို့အကြောင်းကို စကားထဲပင် ထည့်မပြောကြသကဲ့သို့ လူများစွာက ကျွန်ုပ်တို့ မြင်ခွင့်ပင်မရကြပါ။ ကျွန်ုပ်တို့သည် မရှိလျှင်လည်း ရသည့်လူများ ဖြစ်လာကြသည်”ဟု ပြောသည့် အခြားသူများရှိသည်။ ဤသည်မှာ ကိစ္စရပ်ကို ရှင်းလင်းစွာ ကြည့်ခြင်း မဟုတ်။ လူတို့က သင့်ကို မမြင်နိုင်သော်လည်း ဘုရားသခင်က မြင်နိုင်သည်။ ဘုရားသခင်က သင့်ကို စိစစ်နေသည်။ ဘုရားသခင်က သင့်ကို လမ်းပြနေသည်။ ဘုရားသခင်က သင့်ကို ကောင်းချီးပေးနေသည်။ ထိုအရာကို သင် အဘယ်ကြောင့် မခံစားနိုင်သနည်း။ လူတို့က သင်တို့ကို မြင်ခြင်း မမြင်ခြင်း၊ သင်တို့ကို စကားထဲထည့်ပြောခြင်း မပြောခြင်းသည် အရေးကြီးသလော။ မည်သည့် သမ္မာတရားကို သင်တို့အား မပံ့ပိုးဘဲ ရှိလေပြီနည်း။ မည်သည့် တရားဒေသနာများနှင့် မိတ်သဟာယများတွင် သင်တို့ကို ချန်လှပ်ထားခဲ့သနည်း။ အမှန်ပြောရလျှင် စာသားနှင့်ပတ်သက်သော အလုပ်၏ နည်းပညာပါဝင်မှု ပမာဏသည် သိပ်မမြင့်မားသကဲ့သို့ အတတ်ပညာဆိုင်ရာ ကဏ္ဍများကို ထိုမျှ အားကောင်းစေရန် မလိုအပ်ပေ။ သို့ရာတွင် တစ်ခုသောအရာက မရှိမဖြစ်ပင် ဖြစ်သည်။ သမ္မာတရားကို သင် နားလည်ရမည်ဖြစ်သည်။ သမ္မာတရားကို သင် နားမလည်လျှင် မည်သည့်အရာကိုမျှ သင် ရေးသားနိုင်လိမ့်မည် မဟုတ်ပေ။ သင့်ထံတွင် စာရေးသားခြင်းနှင့်ဆိုင်သည့် အသိပညာ ရှိသည်။ ဘာသာစကားကို သင် စံပြုထားနိုင်သည်၊ ဘာသာစကားကို စီမံဖွဲ့စည်းနိုင်ပြီး ဖွဲ့စည်းတည်ဆောက်ပုံတစ်ခုနှင့် စိတ်ကူးများကို စာအရေးအသားဖြင့် သင် စီစဉ်တင်ပြနိုင်သည်။ သို့ရာတွင် ဖွဲ့စည်းတည်ဆောက်ပုံ ကိုယ်၌က ဆောင်းပါးမဟုတ်ပေ။ အကြောင်းအရာဖြင့် ဖြည့်စွက်ရန် လိုအပ်သည်။ ပါဝင်သောအကြောင်းအရာနှင့်ပတ်သက်၍ မည်သည့်အရာ အတိအကျကို ရေးသားသင့်ပြီး ဘုရားသခင်အား သက်သေခံသည့် ရလဒ်ကို စွမ်းဆောင်ရရှိစေဖို့ ယင်းကို မည်သို့အတိအကျ ရေးသားသင့်သည်ဟူသည့်အရာမှာ သင်တို့ ဝင်ရောက်သင့်သည့်အရာ ဖြစ်သည်။ သင်တို့သည် ဘုရားနှုတ်ကပတ်တော်များကို သက်သေခံခြင်းနှင့် ဘုရားအမှုတော်၏ ဤအဆင့်ကို ဖြန့်ချိခြင်းတို့ ဖြစ်သည့် ဤအခြေခံအုတ်မြစ်အပေါ်သာ ရပ်တန့်နေလျှင် သင်တို့၏ ဝိညာဉ်ရင့်ကျက်မှု မည်သည့်အခါတွင်မျှ ကြီးထွားလိမ့်မည် မဟုတ်။ ဘုရားသခင်၏ အမှုသစ်ကို သက်သေခံခြင်း၊ လူတို့၏ အယူအဆများကို ဆန့်ကျင်ခြင်းနှင့် ရူပါရုံများ၏ သမ္မာတရားအချို့အကြောင်းကို မိတ်သဟာယပြုခြင်းတို့အပြင် လူတို့အနေဖြင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို သတိပြုမိရန်အလို့ငှာနှင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များက မည်သည့်အရာများဖြစ်ကြောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာများဖြစ်ကြောင်းတို့ကို ၎င်းတို့ နားလည်ရန်အလို့ငှာလည်းကောင်း၊ ထို့အပြင် သမ္မာတရားက အတိအကျ မည်သည့်အရာဖြစ်ကြောင်း၊ လူတို့ လျှောက်သင့်သည့် လမ်းကြောင်းက မည်သည့်အရာဖြစ်ကြောင်း၊ ယခု လူတို့ လျှောက်နေသည့် မှားယွင်းသော လမ်းကြောင်းများတွင် အမှားများက မည်သည့်နေရာတွင် တည်ရှိကြောင်း၊ ဘုရားသခင်က လူသားများအား မည်သည့်လူစားမျိုးဖြစ်ဖို့ တောင်းဆိုကြောင်းနှင့် လူတို့ လျှောက်ရန် ဘုရားသခင် တောင်းဆိုသည့် လမ်းကြောင်းက မည်သည့်လမ်းကြောင်း ဖြစ်ကြောင်းဆိုသည့် အရေးအပါဆုံးသော ကိစ္စများကို သတိပြုမိကြရန်အလို့ငှာလည်းကောင်း အသက်ဝင်ရောက်မှုနှင့်ပတ်သက်သည့် သမ္မာတရားအချို့ကိုလည်း သင်တို့ မိတ်သဟာယပြုနိုင်ပြီး လူတို့၏ စိတ်နှလုံးအတွင်းမှ အခြေအနေမျိုးစုံကို ဖော်ပြရန် အချို့သော ဖြစ်ရပ်မှန်များ၊ ဇာတ်လမ်းပုံပြင်များနှင့် အချို့သော အလွန် ကောင်းစွာ ဖော်ပြထားသည့် အသေးစိတ်အချက်များကို အသုံးပြုနိုင်သည်။ သင်တို့သည် ဤအရာဆီသို့ တစ်ဆင့်ချင်း တိုးတက်နိုင်လျှင် သင်တို့ လုပ်ဆောင်သည့်တာဝန်သည် အလွန့်အလွန် တန်ဖိုးရှိလိမ့်မည်။ သို့သော် ဤသည်မှာ ခက်ခဲသောအပိုင်းဖြစ်သည်၊ ဤသည်မှာ အခက်ခဲဆုံးသောအရာဖြစ်၏။ လူတို့၏ အသက်ဝင်ရောက်ခြင်းသည် တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း ဖြစ်ပျက်သည် မဟုတ်။ ကိစ္စရပ်များစွာနှင့်ပတ်သက်၍ လူတို့အား ဤကိစ္စရပ်များအကြောင်း ပထမဆုံး ပြောကြားသည့်အချိန်မှနေ၍ ယင်းတို့နှင့်ပတ်သက်ပြီး လူတို့ အသိဝင်သည့်အချိန်အထိ တစ်နှစ် သို့မဟုတ် နှစ်နှစ် ကြာတတ်သည်။ မရေရာသော အသိရှိခြင်းမှသည် ရှင်းလင်းသည့် အသိရှိခြင်းအဖြစ်သို့ နှစ်နှစ်မှ သုံးနှစ်၊ သို့မဟုတ် သုံးနှစ်မှ ငါးနှစ်ထိပင် ကြာတတ်သည်။ မိမိ၏ အသိစိတ် ရှင်းလင်းလာခြင်းမှသည် ဤကိစ္စရပ်၏ သဘောသဘာဝကို သဘောပေါက်ခြင်းအဖြစ်သို့ နှစ်နှစ် သို့မဟုတ် သုံးနှစ် ကြာပြီး ထို့နောက်တွင် ဤပြဿနာ၏ ဆိုးရွားမှုကို သိရှိရန် နောက်ထပ် နှစ်နှစ် သို့မဟုတ် သုံးနှစ်ကြာသည်။ ထုံထိုင်းပြီး ညံ့ဖျင်းသော အစွမ်းအစ ရှိသည့်လူများသည် ဤအဆင့်ကိုသာ ရောက်ရှိနိုင်သည်။ သာ၍ကောင်းသည့် အစွမ်းအစရှိပြီး ဝိညာဉ်ရေးရာ ထက်မြက်သောသူတို့သည် သမ္မာတရားက မည်သည့်အရာ ဖြစ်သည်ဟူသည်ကို တက်ကြွစွာ ရှာဖွေရန် သိရှိကြသည်။ ယင်းသည် နောက်ထပ် နှစ်နှစ် သို့မဟုတ် သုံးနှစ်ကြာပေဦးမည်။ ထိုအရာကို ၎င်းတို့ မသိမီတွင် ၎င်းတို့၏ ဘဝတစ်ခုလုံး ကုန်လွန်သွားပြီဖြစ်သည်။ အသက်ဝင်ရောက်မှုသည် ဤမျှပင် နှေးကွေးလှပါတကား။ သမ္မာတရားအပေါ် လူတို့၏ သိနားလည်မှုနှင့် အမှတ်ရခြင်းတို့သည် သမ္မာတရားကို လူတို့ တွေ့ကြုံပြီး သဘောပေါက်နားလည်သည့် အမြန်နှုန်းကို ကျော်လွန်သည်။ ဤအရာအားဖြင့် ငါ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ အသက်ဖြစ်သောကြောင့် တွေ့ကြုံခြင်းနှင့် သဘောပေါက်နားလည်ခြင်းတို့သည် အမြဲ နှေးကွေးပြီး သိနားလည်ခြင်းနှင့် အမှတ်ရခြင်းတို့မှာမူ ဦးနှောက်သာလိုအပ်သည်ကို ငါ ဆိုလိုခြင်း ဖြစ်သည်။ ကောင်းသည့် မှတ်ဉာဏ်၊ အားကောင်းသည့် နားလည်နိုင်စွမ်း၊ အစွမ်းအစတစ်ခုခုနှင့် ပညာရေး အခြေခံသင်ကြားမှုတစ်ခုခု ရှိသည့် လူများသည် ဤအရာများကို မြန်ဆန်စွာ စွမ်းဆောင်ရရှိနိုင်ကြသည်။ သို့သော် သိနားလည်ပြီးနောက် အကြင်သူသည် အသိပညာရှိသလော။ မရှိပေ။ သိနားလည်ပြီးနောက်တွင် အကြင်သူသည် ဤကိစ္စရပ်က မည်သည့်အရာဖြစ်သည်ကို သိခြင်းတွင်သာ ရပ်တန့်သွားပြီး နောက်ထပ် ဘာမျှမပိုဘဲ ယင်းသည် ပြုမူဆောင်ရွက်သည့်အခါ အလုပ်မဖြစ်သေးပေ။ အဘယ်ကြောင့် အလုပ်မဖြစ်မည်နည်း။ မကြာခဏဆိုသလို သင် နားလည်သည့် အယူဝါဒသည် သင့်အပေါ် ကျရောက်သည့် ကိစ္စရပ်များနှင့် မသက်ဆိုင် သို့မဟုတ် မဆက်စပ်နိုင်ပေ။ အကျိုးဆက်အနေဖြင့် အကြိမ်များစွာ ကျရှုံးပြီးနောက်၊ ဆုံးရှုံးမှုအတော်များများ ခံစားရပြီးနောက်၊ မလိုအပ်ဘဲ အချိန်ကုန်လူပန်းဖြစ်စေသည့် လုပ်ဆောင်မှုများ အတော်အတန် ပြုခဲ့ပြီး တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းများစွာကို ရရှိပြီးနောက်တွင်သာ နောက်ဆုံးတွင် သမ္မာတရားကို သင် နားလည်သွားကာ သင့်အပေါ် ကျရောက်သည့် အမှုအရာမျိုးစုံတွင် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံနိုင်ခြင်း ဖြစ်သည်။ ထိုအချိန်တွင် များလှစွာသော နှစ်ကာလတို့သည် မြန်ဆန်စွာ ကုန်လွန်သွားသည်မှာ သင်၏ မျက်နှာပြင်တစ်ခုလုံးသည် ပါးရေနားရေများ တွန့်သွားနိုင်ပေသည်။ ဤသည်မှာ အလွန်နှေးကွေးသည် မဟုတ်လော။ လူတို့၏အသက်တာများသည် အလွန်နှေးကွေးစွာ တိုးတက်သည်။ အဘယ်ကြောင့်ဆိုသော် လူများနားလည်သည့် သမ္မာတရားတွင် လူများ၏သဘာဝအနှစ်သာရ၊ လူများ၏ ဖြစ်တည်မှုနှင့် လူများက အသက်ရှင်နေထိုင်သည့် အရာများ ပါဝင်သည်။ ထို့ပြင် ဤတွင် လူတစ်ဦး၏ အသက်စိတ်သဘောထား ပြောင်းလဲခြင်းအပြင် လူတစ်ဦး၏ အသက်တာ ပြောင်းလဲခြင်းပါ ပါဝင်ပတ်သက်လေသည်။ သင်၏အသက်တာသည် အခြားအသက်တာသို့ ပြောင်းလဲဖို့ မည်သို့များ လွယ်ကူနိုင်သနည်း။ တစ်ဖက်တွင် ၎င်းသည် ဘုရားသခင်၏ အမှုကို လိုအပ်သည်။ ထို့ပြင် တစ်ချိန်တည်းတွင် ၎င်းသည် လူများ တက်ကြွစွာ ပူးပေါင်းပါဝင်ဖို့ကိုလည်း လိုအပ်သည်။ ယင်းတို့အပြင် ပြင်ပပတ်ဝန်းကျင်၏ စမ်းသပ်မှုများသာမက သင်၏ပုဂ္ဂိုလ်ရေးအရ လိုက်စားခြင်း ရှိသည်။ ထို့ပြင် သင့်တွင် လုံလောက်သောအစွမ်းအစနှင့် သိနားလည်နိုင်ခြင်းတို့ ရှိကြရမည်။ ပြီးလျှင် ထိုအခါတွင် ဘုရားသခင်က သင့်ကို နောက်ထပ် ဉာဏ်အလင်းပေးခြင်းနှင့် လမ်းညွှန်ချက်တို့ကို ပေးလိမ့်မည်။ ထို့အပြင် ဘုရားသခင်သည် အချို့သော ပြစ်တင်ဆုံးမခြင်းများ၊ တရားစီရင်ခြင်းများနှင့် ပြုပြင်ခြင်းများတို့ကို သင့်အား ပြုလိမ့်မည်။ ပြီးလျှင် သင်၏ညီအစ်ကိုမောင်နှမများသည် သင့်ကို ဝေဖန်လိမ့်မည်။ သို့ဖြစ်စေကာမူ သင်သည် ဆက်၍လိုက်စားရမည်။ ဤနည်းအားဖြင့် စာတန်နှင့်ဆိုင်သော ထိုအရာများကို ဖယ်ရှားရှင်းလင်းပစ်နိုင်မည်။ ထိုအခါမှသာ သမ္မာတရားနှင့်ဆိုင်သော အပြုသဘောဆောင်သည့် အရာများသည် တဖြည်းဖြည်းချင်း ဝင်ရောက်လာနိုင်မည်။ လူအချို့က “လူတို့သည် သမ္မာတရားကို နားလည်သည့်အခါ သူတို့၏ အသက်တာများ ပြောင်းလဲကြသည်”ဟု ပြောသည်။ ဤအရာကို ပြောခြင်းသည် မှန်သလော၊ မှားသလော။ (မှားပါသည်။) အဘယ်သို့ မှားသနည်း။ သမ္မာတရားကို သိနားလည်ခြင်းသည် သမ္မာတရား ရှိခြင်းနှင့် မညီမျှသကဲ့သို့ ထိုသမ္မာတရားကို သင်နားလည်သည်နှင့်တစ်ပြိုင်နက် ယင်းသည် သင်၏ အသက်ဖြစ်မသွားပေ။ သမ္မာတရားကို သင် ကြားသိရသည်နှင့်တစ်ပြိုင်နက် ထိုသမ္မာတရားကို သဘောပေါက်နားလည်ပြီး သင် ကြားသိရသည့်အရာကို နားလည်သည်နှင့်တစ်ပြိုင်နက် ထိုသမ္မာတရားသည် သင်၏ စိတ်နှလုံးတွင် မည်မျှကြာရှည်စွာ တည်ရှိနိုင်သနည်း။ တစ်လကြာပြီးနောက် ထိုအချိန်က အရေးအကြီးဆုံးဖြစ်သည်ဟု သင် တွေးထင်ခဲ့သည့် ထိုစကားများသည် လုံးဝ ပျောက်ကွယ်သွားပြီးဖြစ်ကာ ယင်းတို့ကို သင် တစ်ဖန်ကြားရသည့်အခါ ယခင်က မကြားဖူးသည့်အလား သင် ခံစားရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ရာတွင် သင်သည် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကို အမှန်တကယ် ပိုင်ဆိုင်ပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက်နှင့်ပတ်သက်သော ဤရှုထောင့် သင့်ထံတွင် ရှိပါက ယင်းတို့ကို သင်သည် ထပ်ခါတလဲလဲ နားထောင်ရန် မလိုအပ်ပေ။ သမ္မာတရား လက်တွေ့ကျမှုနှင့်ပတ်သက်သော ဤရှုထောင့် သင် မပိုင်ဆိုင်လျှင် သင်သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်သည်အထိ ပို၍ နားထောင်သင့်သည်။ သင်နားမထောင်လျှင်ဘာသာတရားမရှိသူများကဲ့သို့ပင် သင် ဖြစ်လာသည်ထိတိုင် သင် နားလည်သည့်အရာသည် တဖြည်းဖြည်းချင်း တစ်စတစ်စ လျော့ပါးကာ ပျောက်ကွယ်သွားလိမ့်မည်။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကို စဉ်ဆက်မပြတ် နားထောင်ကာ ဖတ်ရှုရမည်။ ယင်းတို့ကို အလွန်နည်းပါးစွာ ဖတ်ရှုခြင်း၊ နားထောင်ခြင်းသည် အလုပ်ဖြစ်လိမ့်မည် မဟုတ်။ ဤအရာနှင့်သက်ဆိုင်၍ သင်တို့အားလုံးတွင် နက်ရှိုင်းသော သဘောပေါက်နားလည်မှုတစ်ခု ရှိကြပြီ၊ မှန်သလော။ (မှန်ပါသည်။) တစ်ခါတစ်ရံ နှစ်ရက် သို့မဟုတ် သုံးရက်ကြာ ဓမ္မတေးသီချင်းများကို မသီဆိုဘဲနေပြီးနောက်၊ သို့မဟုတ် ဘုရားသခင်ထံ ဆုမတောင်းဘဲနေပြီးနောက် သင်၏ စိတ်နှလုံးတွင် သင် အနှစ်မဲ့ခြင်း ခံစားရပြီး ဘုရားသခင်နှင့် အဆက်အသွယ်ပြတ်သွားသည်။ ထို့ကြောင့် သင်သည် စိတ်ပြေလက်ပျောက်ဖြစ်စေရန် မည်သည့်နေရာတွင် လမ်းသွားလျှောက်ရမည်ဆိုသည်ကို သင် တွေးသည်။ အကျိုးဆက်အနေဖြင့် သင် သာ၍ စိတ်ပြေလက်ပျောက်ဖြစ်လေ၊ သာ၍ စည်းကမ်းမဲ့လာလေဖြစ်ပြီး သမ္မာတရားနှင့်ပတ်သက်၍ ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာယပြုရန် အသင်းတော်သို့ သင် သွားသည့်အခါ ထိုအရာကို နေသားမကျသကဲ့သို့ ခံစားရပြီး အသင်းတော်အလုပ်အကြောင်းကို ပြောဆိုသည်နှင့် သင် အတော်အတန် အနေခက်သွားလေသည်။ နှစ်ရက် သို့မဟုတ် သုံးရက်အတွင်းတွင် သင် ပြောင်းလဲသွားပြီးဖြစ်ကာ မတူကွဲပြားသောလူတစ်ဦးကဲ့သို့ ဖြစ်လာသဖြင့် သင့်ကိုယ်သင်ပင် မမှတ်မိတော့အောင်ကို ခံစားရလေသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ တရားဒေသနာများစွာကို သင်နားထောင်ခဲ့ပြီးသောကြောင့် သမ္မာတရားသည် သင့်အသက်ဖြစ်လာပြီးဖြစ်ကာ သင်သည် သမ္မာတရားကို ရရှိပြီးဖြစ်သည်ဟု မထင်လေနှင့်။ သင်သည် ဝေးနေဆဲဖြစ်သည်။ သက်သေခံချက်ဆောင်းပါးတစ်ပုဒ်ကို သင်ရေးသားခဲ့ပြီးရုံမျှဖြင့် သို့မဟုတ် ထိုအတွေ့အကြုံမျိုး ရှိရုံမျှဖြင့် သင်သည် ကယ်တင်ခြင်း ခံရပြီးဖြစ်သည်ဟု မထင်နှင့်။ သင်သည် ယခုအထိ ထိုမျှ ခရီးမရောက်သေးပေ။ ထိုအရာမှာ သင်၏ကြာရှည်သော အသက်တာအတွေ့အကြုံထဲရှိ သေးငယ်သော အပိုင်းအစလေးတစ်ခုမျှသာ ဖြစ်သည်။ ဤအပိုင်းအစသည် တစ်ဒင်္ဂမျှသာကြာသော စိတ်နေစိတ်ထားတစ်ခု၊ တစ်ဒင်္ဂမျှသာကြာသော ခံစားချက်တစ်ခု၊ တစ်ဒင်္ဂမျှသာကြာသော အလိုဆန္ဒ သို့မဟုတ် ရည်မှန်းချက်တစ်ခုမျှသာ ဖြစ်နိုင်ပြီး ထို့ထက် မပိုပေ။ တစ်နေ့တွင် သင်သည် အားနည်းလာပြီး သင် တစ်ချိန်က ပေးခဲ့ဖူးသည့် သက်သေခံချက်များ၊ တစ်ချိန်က သင်ဆိုခဲ့ဖူးသည့် ကျမ်းကျိန်ချက်များနှင့် တစ်ချိန်က သင်သဘောပေါက်ခဲ့ဖူးသည့် နားလည်ခြင်းများကို ပြန်ကြည့်ပြီး နားထောင်ဖြစ်သောအခါ ယင်းတို့သည် သင့်အတွက် စိမ်းနေလိမ့်မည်။ ပြီးလျှင် “ထိုသည်မှာ ကျွန်ုပ်လော။ ကျွန်ုပ်တွင် ထိုကဲ့သို့သောကြီးမားသည့် ဝိညာဉ်ရင့်ကျက်မှု ရှိခဲ့သလော။ ကျွန်ုပ် ဘာကြောင့် မသိရသနည်း။ ယင်းမှာ ကျွန်ုပ်ဖြစ်သည်ဟု သေချာ၏လော” ဟု သင်ပြောလိမ့်မည်။ ဤနေရာတွင် သင်၏အသက်တာသည် မပြောင်းလဲသေးကြောင်းကို သင်သဘောပေါက်လာလိမ့်မည်။ သင်၏အသက်တာ မပြောင်းလဲသေးသည်က မည်သည်ကို ညွှန်ပြသနည်း။ ၎င်းက သင်၏စိတ်သဘောထားသည် မပြောင်းလဲသေးကြောင်းကို ပြသည်။ ထိုအရာကို သင်ရှာဖွေတွေ့ရှိသောအခါ သင်မည်ကဲ့သို့ ခံစားရလိမ့်မည်နည်း။ သက်သေခံချက်များပေးခဲ့ဖူးပြီး သင်သည် ကြီးမားသော ဝိညာဉ်ရင့်ကျက်မှု ရှိပြီးသားဖြစ်သည်ဟု တွေးထင်ခဲ့သော်လည်း ယခုသင်ဖြစ်နေသကဲ့သို့ အပျက်သဘောဆောင်လာနိုင်သေးသည်လော။ လူတစ်ဦး၏ စိတ်သဘောထားကို ပြောင်းလဲခြင်းသည် ခက်ခဲလွန်းသည်ဟု သင်ထင်မည် မဟုတ်လော။ သမ္မာတရားသည် လူများတွင် ညတွင်းချင်း ဖြစ်ပေါ်လာနိုင်သည့်အရာ တစ်စုံတစ်ခု မဟုတ်ပေ။ အကယ်၍ လူများသည် သမ္မာတရားကို သူတို့၏အသက်အဖြစ် အမှန်တကယ် ရပါက သူတို့သည် ကောင်းချီးခံစားရလိမ့်မည်။ ပြီးလျှင် သူတို့၏အသက်တာများသည် မတူကွဲပြားလာလိမ့်မည်။ သူတို့သည် ယခုသူတို့ဖြစ်နေသကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မကြာခဏ ထုတ်ဖော်ကြမည် မဟုတ်တော့ဘဲ၊ ဘုရားသခင်ထံ လုံးဝ ကျိုးနွံနာခံနိုင်လာလိမ့်မည်ဖြစ်ပြီး သူတို့၏တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်နိုင်ကြလိမ့်မည်။ ပြီးလျှင် သူတို့သည် အပြည့်အဝ ပြောင်းလဲသွားကြလိမ့်မည်။

လူသားမျိုးနွယ်သည် အလွန် ဖောက်ပြန်ပျက်စီးသောကြောင့် သမ္မာတရားကို လက်ခံခြင်းသည် လွယ်ကူသည့် ကိစ္စမဟုတ်ပေ။ ပြီးလျှင် သမ္မာတရားသည် အလွန် တန်ဖိုးရှိသောကြောင့် လူတို့အထဲသို့ သမ္မာတရားကို အမှုပြုရန်မှာ ဘုရားသခင်အတွက် သာ၍ပင် လွယ်ကူမှုနည်းပါးသည်။ သမ္မာတရား၏ တန်ဖိုးနှင့် အဓိပ္ပာယ်အပြင် သမ္မာတရား၏ အထူးထူးအပြားပြားသော သွင်ပြင်လက္ခဏာများအားလုံးသည် လူသားများအတွက် အလွန် တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိလေသည်။ သို့သော် လူသားများသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အလွန် နက်နဲစွာ ခံရပြီးဖြစ်ကာ ၎င်းတို့အတွင်းတွင် စာတန်နှင့်သက်ဆိုင်သည့် အရာအလွန်များသောကြောင့် သမ္မာတရားက ၎င်းတို့၏ အသက်ဖြစ်လာရန်အလို့ငှာ ထိုသမ္မာတရားကို လူတို့ထဲသို့ အမှုပြုရန်မှာ ထိုမျှ မလွယ်ကူပေ။ သို့ဆိုလျှင် ဤသည်မှာ သမ္မာတရားကို လူတို့အထဲသို့ အမှုပြု၍မရနိုင်ဟု ဆိုလိုသလော။ မဟုတ်ပေ။ ထိုသမ္မာတရားကို ၎င်းတို့ထဲသို့ အမှုပြု၍ရနိုင်သော်လည်း လူတို့သည် မှန်ကန်သော သဘောထားနှင့် အမြင်တစ်ခု ရှိရမည်ဖြစ်ကာ မှန်ကန်သည့် လမ်းကြောင်းကို လျှောက်ရမည်ဖြစ်သည်။ လုပ်ဆောင်ရန် ခက်ခဲခြင်းသည် လုပ်ဆောင်၍မရနိုင်ဟု မဆိုလိုပေ။ ဘုရားသခင်က စုံလင်အောင်ပြုခြင်းအမှုကို မလုပ်ခဲ့သကဲ့သို့ ဤသမ္မာတရားများကို သူ မဖော်ပြ သို့မဟုတ် ဤစကားများကို သူ မပြောခဲ့သော်လည်း လူအချို့သည် စုံလင်အောင်ပြုခြင်းခံရပြီး အချို့မှာလည်း အလားတူ ဘုရားသခင်ကို သိရှိလာခဲ့ကြသည့်အချိန်ဖြစ်သည့် ဘုရားသခင်၏ ရှေ့အမှုတော်၏ အဆင့်နှစ်ဆင့်ကဲ့သို့ပင်ဖြစ်သည်။ ထိုအရာကို ဤအမှန်တရားမှ ကြည့်သည့်အခါ သမ္မာတရားကို လူတို့ထဲသို့ အမှုပြုခြင်းသည် စွမ်းဆောင်ရရှိနိုင်သောအရာဖြစ်ပြီး မဖြစ်နိုင်သောအရာ မဟုတ်ပေ။ ထိုအရာသည် လူတို့က သမ္မာတရားကို လိုက်စားခြင်း ရှိမရှိဟူသည့်အပေါ် မူတည်သည်။ ထို့ကြောင့် အကြင်သူသည် မည်သို့ လိုက်စားသင့်သနည်း။ အရိုးရှင်းဆုံးသော နည်းလမ်းမှာ နေ့စဉ် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုရန်၊ ဘုရားသခင်၏ ပဓာနကျသော နှုတ်ကပတ်တော်များကို အလွတ်ကျက်ရန်၊ နေ့စဉ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ချင့်ချိန်စဉ်းစားပြီး ဆုတောင်းရင်းဖြင့် ဖတ်ရှုကာ ထိုနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အကြိမ်ကြိမ် မိတ်သဟာယပြုရန် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များက သင့်ကို သွန်သင်ရန် ရည်ရွယ်ထားသည့် ဤအမြင်များနှင့် ဆိုရိုးများအပြင် အမျိုးမျိုးသော လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအပေါ် ထားရှိရမည့် သဘောထားများကို သင် နားလည်ရန်အလို့ငှာ ယင်းတို့ကို ဆုတောင်းရင်းဖြင့် ဖတ်ရှုပြီးဖြစ်ကာ ယင်းတို့က သင်၏ စိတ်နှလုံးထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက် သင် မသိလိုက်မီမှာပင် သင့်အပေါ် အမျိုးမျိုးသော ကိစ္စရပ်များ ကျရောက်သည့်အခါတိုင်းတွင် အပြုသဘောဆောင်သော အတွေးများနှင့် အမြင်များကိုလည်းကောင်း၊ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကိုလည်းကောင်း သင် အသက်ရှင်နေထိုင်လိမ့်မည် ဖြစ်သည်။ သင်တို့သည် ဤအဆင့်ထိ မရောက်ကြသေးပေ။ ယောဘလုပ်ဆောင်ခဲ့သည့်အရာကို သင် ဖတ်ရှုခဲ့သလော။ ယောဘသည် သူ၏ သားသမီးများက ပျော်မြူးနေကြချိန်တွင် မည်သည့်အရာကို လုပ်ဆောင်နေခဲ့သနည်း။ သူသည် သူ၏ သားသမီးများအတွက် ဆုတောင်းကာ ယဇ်ပူဇော်ရန် ဘုရားသခင် ရှေ့မှောက်သို့လာခဲ့သည်။ ဘုရားသခင်ထံမှ သူ လုံးဝ လမ်းမလွဲခဲ့ပေ။ ဆိုလိုသည်မှာ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံမှ လမ်းလွဲသွားစေနိုင်မည့် မည်သည့်အရာနှင့်မဆို လွတ်လွတ်ကင်းကင်းနေလော့။ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံမှ လမ်းလွဲသွားစေနိုင်မည့် မည်သည့်အရာကိုမျှ မပြောနှင့်။ သင့်ကို ဘုရားသခင်ထံမှ လမ်းလွဲသွားစေနိုင်မည့်အရာများကိုဖြစ်စေ၊ သူနှင့်ပတ်သက်၍ အယူအဆများ သို့မဟုတ် သံသယများ ဖြစ်စေနိုင်မည့်အရာများကိုဖြစ်စေ ကြည့်ခြင်းအား ရှောင်ကြဥ်လော့။ သင့်ကို အပျက်သဘောဆောင်စေနိုင်မည့်လူများ၊ သင့်ကို အကျင့်ပျက်စေပြီး စိတ်အလိုလိုက်လွန်းစေနိုင်မည့် လူများ သို့မဟုတ် သင့်ကို ဘုရားသခင်အား မယုံသင်္ကာဖြစ်စေနိုင်မည့်၊ အတိုက်အခံလုပ်စေနိုင်မည့် သို့မဟုတ် ဘုရားသခင်ထံမှ လမ်းလွဲသွားစေနိုင်မည့်လူများနှင့် အဆက်အသွယ် မလုပ်နှင့်။ ထိုအစား ထိုသို့သောလူများနှင့် ခပ်ကင်းကင်းနေလော့။ သင့်အနေဖြင့် တည်ဆောက်ပေးခြင်း၊ အကူအညီနှင့် ပံ့ပိုးမှုတို့ ရနိုင်သည့် မည်သူမဆိုနှင့် နီးနီးကပ်ကပ်နေလော့။ ပြီးလျှင် သင့်အား သမ္မာတရားကို ပစ်ပယ်စေနိုင်မည့်၊ မနှစ်မသက်ဖြစ်စေနိုင်မည့် သို့မဟုတ် စက်ဆုပ်စေနိုင်မည့် အရာများကို မလုပ်ဆောင်နှင့်။ သင်ကိုယ်တိုင်၏ စိတ်တွင် ဤအရာများနှင့် ပတ်သက်၍ စိတ်ကူးအချို့ ရှိရမည်။ “ငါ မည်မျှကြာကြာ အသက်ရှင်ရသည် သို့မဟုတ် ငါ၏ ဘဝ မည်သို့ဖြစ်လာသည်ဟု ငါ ဂရုမစိုက်ပါ။ အရာရာကို သဘာဝအတိုင်းနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများအတိုင်း ငါ ဖြစ်ခွင့်ပေးလိုက်မည်”ဟု တွေးလျက် ဘဝကို ဖြစ်သလို မနေနှင့်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်များကို စီစဉ်ပေးပြီးဖြစ်ကာ ရွေးချယ်ရန် လွတ်လပ်ပိုင်ခွင့် ပေးထားပြီးဖြစ်သော်လည်း သင် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသကဲ့သို့ လောကီအရာများကို နှစ်သက်သောသူများ၊ ဇာတိပကတိကို အမြဲ အလိုလိုက်သောသူများ၊ မိမိတို့တာဝန်များကို သစ္စာစောင့်သိခြင်းမရှိသူများ၊ တာဝန်မဲ့သောသူများနှင့် ထိတွေ့ဆက်ဆံရန် သင်ကိုယ်တိုင်က စဉ်ဆက်မပြတ် စတင်၍ လှုပ်ရှားဆောင်ရွက်လျှင်၊ ထိုလူများနှင့် သင် စဉ်ဆက်မပြတ် ရောနှောလျှင်၊ နောက်ဆုံးရလဒ်နှင့် အဆုံးသတ်မှာ အဘယ်နည်း။ ထိုလူများသည် မည်သည့်အရာမျှ လုပ်ဆောင်ရန်မရှိသည့်အခါ စားခြင်း၊ သောက်ခြင်းနှင့် ပျော်ပါးခြင်းအကြောင်းကို ပြောဆိုကြပြီး မကြာခဏ ပုံပြင်များနှင့် အတင်းအဖျင်းများကို ပြောကြသည်။ ထိုသို့သော စုံစမ်းသွေးဆောင်မှုများကို သင် ကြုံတွေ့ရပြီး ယင်းတို့နှင့် ဝေးဝေးမနေဘဲ ဤအရာများကို စွဲပင်စွဲလမ်းလာကာ ထိုသို့သော လူများနှင့် တမင်တကာ ရောနှောနေထိုင်လျှင် စုံစမ်းသွေးဆောင်ခြင်းက သင့်ကို ဝန်းရံထားသည့်အတွက် သင် အန္တရာယ်ရှိပေသည်။ ဉာဏ်အမြော်အမြင်ရှိသောလူတို့က ထိုသို့သော စုံစမ်းသွေးဆောင်ခြင်းကို မြင်သည့်အခါ ဝေးဝေးနေကြသည်။ ၎င်းတို့က “ငါ့တွင် ဝိညာဉ်ရင့်ကျက်မှု မရှိပါ။ ငါ နားထောင်မည် မဟုတ်သကဲ့သို့ သူတို့ကို အာရုံလည်း မစိုက်ချင်ပါ။ ဤလူများသည် သမ္မာတရားကို မလိုက်စားကြ၊ သမ္မာတရားကို မချစ်ကြပါ။ ငါ ဝေးဝေးနေပြီး ငါ့ဘာသာ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုရန် ဆိတ်ငြိမ်သည့် နေရာတစ်ခုကို ရှာမည်၊ ငါ့ စိတ်နှလုံးကို ငြိမ်အောင်လုပ်ပြီး အတန်ကြာ ချင့်ချိန်စဉ်းစားကာ ဘုရားသခင်ရှေ့မှောက်သို့ လာမည်”ဟု ၎င်းတို့ စိတ်နှလုံးတွင် သိနားလည်ကြလေသည်။ ဤစည်းမျဉ်းများနှင့် ရည်မှန်းချက်များအားလုံးမှာ ပထမအနေဖြင့် ဘုရားနှုတ်ကပတ်တော်များမှ လမ်းမလွဲနှင့်ဟူ၍ ဖြစ်ပြီး ဒုတိယမှာ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ထံမှ လမ်းမလွဲနှင့်ဟူ၍ ဖြစ်သည်။ ဤနည်းဖြင့် သင်သည် သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို နားလည်သည့် အခြေခံအုတ်မြစ်ပေါ်တွင် ဘုရားသခင်ရှေ့၌ စဉ်ဆက်မပြတ် အသက်ရှင်နိုင်ပေသည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် သင့်ကို စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျဆင်းခြင်းမှ ကွယ်ကာလိမ့်မည်။ နောက်တစ်နည်းအားဖြင့် ဘုရားသခင်သည် သင့်အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သင် လုပ်ဆောင်သင့်သည့်အရာကို နားလည်နိုင်ရန် ထောက်ကူပေးကာ သမ္မာတရား မျိုးစုံနှင့်ပတ်သက်၍ သင့်အား အလင်းပေးပြီး ဉာဏ်အလင်းရနိုင်ရန် ထောက်ကူပေးလျက် သင့်ကို အထူးကျေးဇူးပြုလိမ့်မည်။ သင်၏ တာဝန်နှင့် ပတ်သက်လာသည့်အခါ ဘုရားသခင်က သင့်အား အမှားများ မပြုလုပ်ရန် ကြိုးစားဖို့၊ အမှုအရာများကို အမြဲ ပြုပြင်ဖို့နှင့် စည်းမျဉ်းများကို သိရှိဖို့ ဦးဆောင်လမ်းပြလိမ့်မည်။ ဤနည်းဖြင့် သင်သည် ကွယ်ကာခြင်း ခံရလိမ့်မည် မဟုတ်လော။ ဤသည်မှာ အကြီးမားဆုံးနှင့် နောက်ဆုံးသော ရည်မှန်းချက်ပန်းတိုင် မဟုတ်သည်မှာ အမှန်ဖြစ်၏။ သို့ဆိုလျှင် နောက်ဆုံးသော ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ သင့်အနေဖြင့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ သင်ခန်းစာများကို သင်ယူနိုင်ခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်ခြင်း၊ ဘုရားသခင်၏ အမှုတော်ကို သိရှိကာ ဘုရားသခင် တောင်းဆိုသည့် စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ခြင်းတို့ ဖြစ်သည်။ ဤနည်းဖြင့် သင်၏ အသက်တာနှင့် ဝိညာဉ်ရင့်ကျက်မှုတို့သည် တန့်နေမည့်အစား ဆက်လက် တိုးတက်နိုင်ပေသည်။ အရေးကိစ္စများနှင့်ပတ်သက်၍ သင် အမြဲ အလုပ်များနေပြီး သင်၏ တာဝန်များကို ထမ်းဆောင်ခြင်းနှင့် အသက်ဝင်ရောက်မှု အခက်အခဲများကို ဖြေရှင်းခြင်းတွင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအပေါ် အာရုံမစိုက်လျှင် သင်၏ အသက်တာတွင် တိုးတက်မှု ဖြစ်စေလိမ့်မည်မဟုတ်။ အသက်ဝင်ရောက်မှုကို မိမိ၏တာဝန် ထမ်းဆောင်ခြင်းအားဖြင့် စွမ်းဆောင်ရရှိလေသည်။ အကြင်သူသည် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းမှ သွေဖည်ပြီး ဘုရားနှုတ်ကပတ်တော်များမှ သွေဖည်လျှင် အသက်တာ၌ တိုးတက်မှု ရှိလိမ့်မည် မဟုတ်ပေ။ လူအချို့သည် အခြားသူများက အကြောင်းမဲ့သက်သက် စကားစမြည် ပြောနေကြသည်ကို မြင်ကြသောကြောင့် ၎င်းတို့ပါ ပါဝင်ပတ်သက်ကြပြီး ကိုယ်နှင့်မဆိုင်သည်ကို ဝင်စွက်ကြကာ ၎င်းတို့အနေဖြင့် စဉ်ဆက်မပြတ် လျှာရှည်ပြီး အတင်းအဖျင်းကို အမြဲ နှစ်သက်လျှင် ထိုသို့သော လူများကို ဘုရားသခင် မနှစ်သက်ပေ။ မည်သည့် လူစားမျိုးကို ဘုရားသခင် နှစ်သက်သနည်း။ မိမိတို့ စိတ်နှလုံးများကို တည်ငြိမ်စေနိုင်သောသူများ ဖြစ်သည်။ မည်သည့်အရာကို လုပ်ဆောင်ရန် မိမိတို့ကိုယ်ကို စိတ်ငြိမ်စေကြခြင်း ဖြစ်သနည်း။ မည်သည့်အရာကိုမျှ မစဉ်းစားသည့် ရုပ်သေးရုပ်တစ်ရုပ် ဖြစ်ရန်လော။ မဟုတ်ပေ၊ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်စွာ ဆုတောင်းရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရန်၊ သင့်ကို ကွယ်ကာဖို့ ဘုရားသခင်ကို တောင်းလျှောက်ရန်နှင့် သင့်ကို ဉာဏ်အလင်းပေးဖို့ ဘုရားသခင်ကို တောင်းလျှောက်ရန်ဖြစ်သည်။ ထို့အပြင် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာအပေါ် သိနားလည်မှုနှင့် ရှင်းလင်းပြတ်သားမှု ရရှိရန်အလို့ငှာ သို့မဟုတ် ပြဿနာများ ဝန်းရံခြင်းခံရသည့် သင့်အလုပ်၏ မည်သည့် ကဏ္ဍကိုမဆို ဖြေရှင်းဖို့ ရှာဖွေရန်အလို့ငှာ၊ ပြီးလျှင် ဘုရားသခင်၏ လမ်းပြမှုကို ရရှိရန်အလို့ငှာ သင် နားမလည်သည့် သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခုခုနှင့်ပတ်သက်၍ ဉာဏ်အလင်းပေးခြင်းခံရပြီး အလင်းပြခြင်းခံရဖို့ ရှာဖွေရန်လည်း ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်သည့်အခါ တာဝန်ယူဆောင်ရွက်ရန် လိုအပ်သည့် အလုပ်တာဝန်များ အလွန်များပြီး လုပ်ဆောင်ပြီးစီးရန် လိုအပ်သည့်အရာများ ရှိသည်။ ထိုအရာသည် သင့်အနေဖြင့် မည်သည့်အရာမျှ လုပ်စရာမရှိသောအချိန်အခိုက်အတန့်တစ်ခု ရှိသည့်အခါတိုင်း ဘုရားသခင်ထံ လာသတင်းပို့ခြင်းနှင့် “ဘုရားသခင်၊ ကျွန်ုပ် ဤနေရာတွင် ရှိပါသည်။ ကျွန်ုပ်၏ စိတ်နှလုံးတွင် ကိုယ်တော်ကို ကျွန်ုပ် ထားရှိပါသည်။ ကျွန်ုပ်နှင့်အတူ ရှိပြီး စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျွန်ုပ်ကို ပြိုလဲခွင့်မပေးပါနှင့်”ဟု ပြောခြင်း မဟုတ်ပေ။ သင်သည် ဤကဲ့သို့ ဟန်ဆောင်လုပ်ပြပြီး ဘုရားသခင်နှင့်ပတ်သက်၍ ပေါ့ပေါ့တန်တန်နေလျှင် သင်သည် စစ်မှန်သော ယုံကြည်သူ မဟုတ်သကဲ့သို့ ဘုရားသခင်က ထိုသို့သော လူများအပေါ် သမ္မာတရားကို ပေးသနားလိမ့်မည် မဟုတ်ပေ။ လူတို့အနေဖြင့် ၎င်းတို့အပေါ် ဘုရားသခင်က သမ္မာတရား ပေးသနားရန်အလို့ငှာ ဦးစွာပထမ မည်သည့်အရာကို ပိုင်ဆိုင်ရမည်နည်း။ ၎င်းတို့အနေဖြင့် ဖြောင့်မတ်ခြင်းတရားကို ဆာငတ်ခင်မွတ်သည့် စိတ်နှလုံး၊ ရိုးသားစစ်မှန်သည့် စိတ်နှလုံးတစ်ခု ရှိရမည်။ သင်၏ စိတ်နှလုံး စစ်မှန်ရိုးသားလျှင် ထိုအရာက မည်သည့်အရာကို ကိုယ်စားပြုသနည်း။ သမ္မာတရားကို သင် အမှန်တကယ်ချစ်ကြောင်း ကိုယ်စားပြုသည်။ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ အမြဲ ပေါ့ပေါ့တန်တန်နေပြီး လုံးဝ ရိုးသားစစ်မှန်ခြင်း မရှိသည့်အပြင် အရာရာနှင့်ပတ်သက်၍ အစဉ်သဖြင့် ဆုံးဖြတ်ချက်ချလိုကာ အစဉ်သဖြင့် ဘုရားသခင်၏ ရှေ့မှောက်သို့ သတင်းသွားပို့ပြီး နှုတ်ဆက်ပြီးနောက်တွင် အမှုအရာများကို မိမိဘာသာ အဆုံးအဖြတ်ပေးသည့်အပြင် သင့်ဘာသာ လုပ်ဆောင်လိုလျှင် ဘုရားသခင်က သူ၏ အမှုတော်ကို သင့်ထံ တာဝန်ပေးစေခိုင်းပြီးဖြစ်သော်လည်း သင်လုပ်ဆောင်သည့်အရာသည် နောက်ဆုံးတွင် ဘုရားသခင်နှင့်ဖြစ်စေ၊ သမ္မာတရားနှင့်ဖြစ်စေ လုံးဝ မပတ်သက်ပေ။ ဤအရာကို မည်သို့ခေါ်သနည်း။ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် သင့်ကိုယ်ပိုင်လုပ်ငန်းကို ဆောင်ရွက်ခြင်းဟု ခေါ်သည်။ ဤနည်းဖြင့် ဘုရားသခင်သည် သင့်ကို ဉာဏ်အလင်းပေးနိုင်သလော။ မပေးနိုင်ပေ။ သမ္မာတရားကို လိုက်စားပြီး သမ္မာတရားကို နားလည်ရန် နည်းလမ်းကို သင်တို့အားလုံး သဘောပေါက်ပြီလော။ သင်တို့သည် မကြာခဏ ဘုရားသခင်ရှေ့သို့ လာရမည်၊ သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်ထံ ဆုတောင်းရန် သင်တို့၏ စိတ်နှလုံးကို ငြိမ်သက်စေရမည်ဖြစ်ပြီး သင့်ကိုယ်သင် ငြိမ်သက်စေရန် သင်ယူရမည်။ သင့်ကိုယ်သင် ငြိမ်သက်စေခြင်းသည် ဟာတာတာ ဖြစ်သော စိတ်တစ်ခု ရှိခြင်းကို မဆိုလိုဘဲ သင်၏ စိတ်နှလုံးတွင် တောင်းလျှောက်ချက်များ၊ အတွေးများနှင့် ဝန်ထုပ်များရှိခြင်း၊ ရိုးသားစစ်မှန်ပြီး တမ်းတသော စိတ်နှလုံးတစ်ခုဖြင့် ဘုရားသခင် ရှေ့မှောက်သို့ လာခြင်း၊ သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များအတွက် တမ်းတမှုတစ်ခုရှိခြင်းနှင့် သင် ထမ်းဆောင်သည့် တာဝန်အတွက်လည်းကောင်း၊ သင် လုပ်ဆောင်သည့် အလုပ်အတွက်လည်းကောင်း၊ ဝန်ထုပ်တစ်ခု ထမ်းခြင်းကို ဆိုလိုသည်။ ဤသည်မှာ ဘုရားသခင်ရှေ့မှောက်သို့ လာပြီး သင့်ကိုယ်သင် ငြိမ်သက်စေသည့်အခါ သင် ရှိသင့်သည့်အရာ ဖြစ်သည်။

အသင်းတော် အလုပ်အားလုံးက ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိ ဖြန့်ဝေခြင်းအလုပ်နှင့် တိုက်ရိုက်ဆက်စပ်သည်ကို ငါ ယခုတင် မိတ်သဟာယပြုခဲ့သည်။ အထူးသဖြင့် ဧဝံဂေလိတရားဟောသည့် အလုပ်၊ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတို့နှင့်ဆက်စပ်သည့် အလုပ်အားလုံးသည် ဧဝံဂေလိ ဖြန့်ဝေသည့်အလုပ်နှင့် အရေးကြီးပြီး ခွဲမရသော ဆက်နွှယ်မှုတစ်ခု ရှိပေသည်။ ထို့ကြောင့် ဧဝံဂေလိ ဖြန့်ဝေသည့်အလုပ်နှင့် သက်ဆိုင်သည့် မည်သည့်အရာမဆိုသည် ဘုရားသခင်၏ အကျိုးစီးပွားနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများ သက်ဆိုင်သည်။ လူတို့သည် ဧဝံဂေလိ ဖြန့်ဝေသည့်အလုပ်ကို မှန်ကန်စွာ နားလည်နိုင်လျှင် ၎င်းတို့ ထမ်းဆောင်သည့် တာဝန်များနှင့် အခြားသူများ ထမ်းဆောင်သည့် တာဝန်များကို မှန်ကန်စွာ ချဉ်းကပ်သင့်ကြပေသည်။ ၎င်းတို့ကို ချဉ်းကပ်ရန် မှန်ကန်သော နည်းလမ်းမှာ အဘယ်နည်း။ အစွမ်းကုန် အားထုတ်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ထမ်းဆောင်လော့။ အနည်းဆုံးအနေဖြင့် ထိခိုက်နစ်နာမှု သို့မဟုတ် အဖျက်အမှောင့်ကို တမင်တကာ ဖြစ်စေသည့် အပြုအမူများနှင့် အလေ့အထများတွင် ပါဝင်လုပ်ဆောင်ခြင်းမရှိနှင့်၊ ပြီးလျှင် မှားယွင်းသည်ဟု သင် သိသည့် အရာများကို တမင် လုပ်ဆောင်ခြင်း မပြုနှင့်။ တစ်စုံတစ်ခုသည် အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ကာ အဖျက်အမှောင့် လုပ်သည်ကို လူတစ်ဦးက သိသော်လည်း ယင်းကို မလျှော့တမ်း ဆက်လုပ်နေပြီး မည်သူကမျှ သူ့ကို ထိုအရာအား မလုပ်ရန် ဖျောင်းဖျနိုင်ခြင်း မရှိလျှင် ၎င်းသည် မကောင်းမှု လုပ်ဆောင်နေခြင်း ဖြစ်သည်၊ သေခြင်းကို ဖိတ်ခေါ်နေခြင်းဖြစ်ပြီး နတ်ဆိုးတစ်ဦးအဖြစ် ၎င်း၏ စရိုက်အမှန်ကို ပြနေခြင်း ဖြစ်သည်။ ညီအစ်ကို မောင်နှမများအား ထိုသူကို အရှိအတိုင်း အမြန် သိမြင်စေပြီးနောက် ဆိုးယုတ်သောလူကို အသင်းတော်မှ ရှင်းလင်းပစ်လော့။ မကောင်းမှုပြုသူသည် အခိုက်အတန့် မိုက်မဲခြင်းဖြစ်ပြီး မကောင်းမှုကို တမင်လုပ်ဆောင်နေခြင်းမရှိလျှင် ထိုသို့သော ကိစ္စရပ်တစ်ခုကို မည်သို့ သဘောထားပြုမူသင့်သနည်း။ ထိုလူကို လေ့ကျင့်သင်ကြားပေးကာ ကူညီသင့်သလော။ ၎င်းတို့အနေဖြင့် လေ့ကျင့်သင်ကြားပြီးနောက် နားမထောင်သေးလျှင်ရော အဘယ်သို့နည်း။ ညီအစ်ကို မောင်နှမများက ၎င်းတို့ကို အတူပူးပေါင်း၍ ဝေဖန်ကြသည်။ ထိုလူသည် မိမိအလုပ်တွင် အရည်အချင်း ပြည့်မီသည့်တိုင် ထိုအလုပ်ကို လုပ်ဆောင်ရန် အကောင်းဆုံး မကြိုးစားသော်လည်း လက်ရှိအချိန်တွင် ၎င်းကို အစားထိုးရန် မည်သူမျှမရှိသကဲ့သို့ လူတိုင်းက ထိုလူအား ထိုအလုပ်ကို လုပ်ဆောင်စေချင်ကြဆဲ ဖြစ်လျှင်ရော အဘယ်သို့နည်း။ ထိုလူကို “ဘုရားသခင်က သင့်ကို ချီးမြှောက်ကာ ဤတာဝန်ကို လုပ်ဆောင်ရန် စေခိုင်းခဲ့သည်။ အကောင်းဆုံး လုပ်ဆောင်ရန် သင် မကြိုးစားဘဲ အဖျက်အမှောင့်တစ်ခုကို ဆက်ဖြစ်စေပြီး သင်၏ အလုပ်ကို တစ်ဖန် စွန့်ပစ်လျှင် သင်သည် သိသိသာသာပင် အသိစိတ် မရှိသကဲ့သို့ သင်၏ တာဝန်ကို ထမ်းဆောင်ရန် မသင့်တော်ပါ”ဟု လူတိုင်းက ဝိုင်း၍ ပြုပြင်ကာ သတိပေးကြသည်။ ဤနည်းလမ်းသည် ကောင်းသလော၊ သို့မဟုတ် မကောင်းသလော။ တစ်စုံတစ်ဦးက ၎င်းကို အစားထိုးနိုင်လျှင် ထိုလူကို လွှတ်ပေးလော့။ ယင်းကို သင်တို့ လုပ်ဆောင်ဝံ့ကြသလော။ လူအများစုက လုပ်ဆောင်ဝံ့မည် မဟုတ်။ အသင်းတော်အလုပ်ကို ခုခံကာကွယ်ခြင်းနှင့် ပတ်သက်လာသည့်အခါ များစွာသော လူတို့သည် တရားမျှတမှုကို ရပ်တည်ကာ ထိန်းသိမ်းဝံ့ခြင်း မရှိကြချေ။ ဤသည်မှာ သမ္မာတရားကို လိုက်နာစောင့်ထိန်းဝံ့မှု မရှိသည့် ကိစ္စတစ်ခု မဟုတ်လော။ လူအချို့သည် အသင်းတော် အလုပ်က နှောင့်ယှက်ခြင်း ခံနေရသည်ကို သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်း ခံနေရသည်ကို မြင်သည့်အခါ ၎င်းတို့နှင့် မည်သည့်ပတ်သက်မှုမျှ မရှိသည့်အလား ခေါင်းရှောင်နေပြီး ဂရုမစိုက်ကြသကဲ့သို့ ၎င်းတို့၏ သဘောထားမှာ ထိုအရာကို လျစ်လျူရှုလိုက်ခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့အနေဖြင့် ဤသို့ မဖြစ်သင့်ဟု ပြောခြင်းဖြင့် ၎င်းတို့ကို ဝေဖန်လျှင် သို့မဟုတ် ၎င်းတို့ကို မထီမဲ့မြင်ပြုလျှင် သို့မဟုတ် အထင်သေးလျှင် ၎င်းတို့ ဒေါသထွက်လာကြပြီး “သင့်ကိုယ်သင် အဘယ်သူဖြစ်သည်ဟုများ မှတ်ယူနေသနည်း။ ငါ့ကို ဝေဖန်ရအောင် သင်သည် အဘယ်သူနည်း။ ငါ့ကို အထင်သေးရအောင် သင် အဘယ်သူနည်း။ ဤကိစ္စရပ်ကို ငါတို့ အပြတ်ပြောရမည်”ဟု မိမိတို့ဘာသာ တွေးကြလေသည်။ ဤကိစ္စရပ်ကို ၎င်းတို့ နှလုံးသွင်းပြီး အလေးအနက် သဘောထားကာ တစ်စုံတစ်ခုကို မပြောဘဲ မနေနိုင်ကြသကဲ့သို့ မိမိတို့ ရပ်တည်ချက်ကို မကြေညာဘဲ မနေနိုင်ကြချေ။ အသင်းတော်အလုပ်က ဟန့်တားနှောင့်ယှက်ခြင်း ခံရသည့်အခါ၊ အဖျက်အမှောင့်လုပ်ခြင်းနှင့် ထိခိုက်နစ်နာစေခြင်း ခံရသည့်အခါ ၎င်းတို့သည် တစ်စုံတစ်ခုကို ခံစားရမည့်အစား လျစ်လျူရှုထားကြလေသည်။ ဤသည်တို့မှာ မည်သည့်လူစားမျိုးများ ဖြစ်ကြသနည်း။ (တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသော လူများဖြစ်သည်။) ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် စက်ဆုပ်ဖွယ်ကောင်းခြင်းမျှသာ ဖြစ်သလော။ ပြဿနာက အလွန် ဆိုးရွားသည်မှာ စာကြောင်းတစ်ကြောင်းမျှဖြင့် ပေါင်းရုံးဖော်ပြ၍ မရနိုင်ပေ။ ထိုသို့သော လူများတွင် လူ့သဘာဝ မရှိသကဲ့သို့ လူကောင်းများ လုံးဝ မဟုတ်ကြောင်းသာ ပြော၍ရသည်။ အမှန်တွင် ဤသည်မှာ အန္တိခရစ်များ လုပ်ဆောင်သည့်အရာဖြစ်ပြီး အယောင်ဆောင် ခေါင်းဆောင်များက ခြွင်းချက်မဟုတ်သည်မှာ အမှန်ပင်ဖြစ်၏။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများက မည်သည့်အရာ ဖြစ်သည်ကို အန္တိခရစ်များက မသိကြချေ။ အသင်းတော်အလုပ်က ဟန့်တားနှောင့်ယှက်ခြင်းခံရသည့်အခါ ထိုအရာကို ၎င်းတို့ မမြင်နိုင်ကြပေ။ လူအချို့သည် အသင်းတော်အလုပ်ကို နှောင့်ယှက်ခြင်းဖြင့် လုံးဝ ကမောက်ကမအခြေအနေတစ်ခု ဖြစ်စေကြသော်လည်း ဤသည်ကို အန္တိခရစ်တို့က မြင်သည့်အခါ အလေးအနက် သဘောမထားကြပေ။ ထိုအရာကို ၎င်းတို့က အရေးမပါသကဲ့သို့ လုပ်လိုက်ပြီး မခံမရပ်နိုင်ဖြစ်သည့် အရိပ်အယောင်မျှပင် မရှိဘဲ၊ ထိုသူတို့ကို အကျဉ်းချုပ် တိုက်တွန်းအားပေးကာ နောက်ထပ်မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ ရိုးရှင်းသော မှတ်ချက်အနည်းငယ်ဖြင့် ကျူးလွန်သူကို ခပ်ပေါ့ပေါ့ ဆူကြလေသည်။ ထိုသို့သော လူတို့သည် တရားမျှတစိတ်တစ်ခု ရှိကြသလော။ ဤသည်တို့မှာ မည်သည့် လူစားမျိုးများ ဖြစ်သနည်း။ ထိုသို့သောလူတို့သည် ကျွေးသည့်လက်ကို ပြန်ကိုက်ကြသည်၊ ၎င်းတို့သည် သစ္စာဖောက်များဖြစ်သည်။ ၎င်းတို့သည် အမျိုးပျက်များ ဖြစ်ကြပေသည်။

လူတို့၏ အကျိုးစီးပွားများက မည်သည့်အရာဖြစ်သည်၊ လူတို့အကျိုးစီးပွားများ၏ အနှစ်သာရက မည်သည့်အရာဖြစ်သည်၊ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားများကို လူတို့က အဘယ်ကြောင့် လိုက်စားကြသည်၊ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားများကို လူတို့ လိုက်စားခြင်း၏ သဘာဝက မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် ဘုရားသခင့် အကျိုးစီးပွားများ၏ သဘာဝက မည်သည့်အရာဖြစ်ပြီး ယင်းတို့ကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုထားသည်ဆိုသည်တို့နှင့် ပတ်သက်၍ အထွေထွေ ခြုံငုံသုံးသပ်ချက်တစ်ခုကို ငါ ယခုတင် ပေးခဲ့သည်။ ဘုရားသခင်၏ အကျိုးစီးပွားများသည် တရားအမျှတဆုံးသော လုပ်ငန်းတစ်ခုဖြစ်ပြီး ထိုသို့ သဘောထားသင့်ပေသည်။ သူ၏ အကျိုးစီးပွားများကို ခုခံကာကွယ်ရန်မှာ ဘုရားသခင်အတွက် လုံးဝ တစ်ကိုယ်ကောင်းမဆန်သကဲ့သို့ ယင်းမှာ သူ၏ ဂုဏ်သိက္ခာနှင့် ဘုန်းအသရေတို့ကို ကာကွယ်ရန်အတွက်သာ မဟုတ်ပေ။ ထို့ထက် သူသည် သူ့အမှုတော်၏ တိုးတက်မှုနှင့် ရလဒ်များကို ကာကွယ်လိုပြီး တရားမျှတသော လုပ်ငန်းတစ်ခုကို ကာကွယ်လိုသည်။ ဤသည်မှာ တရားအမျှတဆုံးနှင့် သဘာဝအကျဆုံးသော အပြုအမူနှင့် ဆောင်ရွက်ပုံနည်းလမ်းဖြစ်ပြီး ဘုရားသခင်၏ လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။ ဘုရားသခင်၏ ဤလုပ်ဆောင်ချက်နှင့်ပတ်သက်၍ ဖန်ဆင်းခံလူသားများက စွပ်စွဲမှုများ သို့မဟုတ် ဝေဖန်ချက်များ တစ်ခုတလေ ထားရှိဖို့မဆိုထားနှင့်၊ မည်သည့် အယူအဆမျှ မထားရှိသင့်ပေ။ ဘုရားသခင်၏ အကျိုးစီးပွားများက အခြားအရာအားလုံးအထက်တွင် ရှိသည်ဟု ငါတို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဤအရာကို ပြောခြင်းက တစ်ကိုယ်ကောင်းဆန်သလော။ (တစ်ကိုယ်ကောင်းမဆန်ပါ။) လူတို့သည် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို နားလည်ကြပြီး ဤအခြေခံအကြောင်းရင်းပေါ်တွင် ဤပြောဆိုချက်က ခိုင်လုံပေသည်။ တမင်တကာ ဘက်လိုက်ခြင်းမရှိ၊ သမာသမတ်ကျပြီး သဘာဝကျသည်။ “၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင်ဖောက်ကြသည်။” ဤသည်မှာ အန္တိခရစ်တို့၏ အနှစ်သာရဖြစ်သည်။ အကျိုးစီးပွားများအပေါ် ၎င်းတို့၏ သဘောထားနှင့် ချဉ်းကပ်နည်းတို့သည် ဤသဘာဝရှိကြပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ၎င်းတို့ မည်သည့်အခါမျှ အရေးမထားကြပေ။ “မည်သည့်အခါမျှ”ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ တိတိကျကျပြောရလျှင် ဘုရားသခင်၏ အကျိုးစီးပွားများအကြောင်းကို ၎င်းတို့ လုံးဝ မစဉ်းစားကြသကဲ့သို့ ထိုသို့သော အမြင်သဘောထား တစ်ခုမျှ မရှိကြ၊ မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများကိုသာ ၎င်းတို့ အရေးထားကြခြင်း ဖြစ်သည်။ ယင်းမှာ ဆိုလိုသည့်အရာ ဖြစ်သည်။ အဘယ်မျှပင် ဆိုးရွားလိုက်သနည်း။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သစ္စာဖောက်ခြင်း၊ ယင်းတို့ကို တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုနှင့် အကျိုးစီးပွားများအတွက် အလဲအလှယ် လုပ်ခြင်းဖြစ်သည်။ ၎င်းတို့၏ အကျိုးစီးပွားများက ပဓာနဖြစ်ပြီး ဘုရားသခင်၏ အကျိုးစီးပွားများကို အစားထိုးနိုင်သည်။ ၎င်းတို့၏ အကျိုးစီးပွားများက မည်မျှ ကောက်ကျစ်ဆိုးယုတ်သည်ဖြစ်စေ၊ တရားမဝင်သည်ဖြစ်စေ၊ သို့မဟုတ် အပျက်သဘောဆောင်သည်ဖြစ်စေ ဤအကျိုးစီးပွားများအတွက် ၎င်းတို့ တိုက်ခိုက်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ အကျိုးအမြတ်များကို လက်ဝါးကြီးအုပ်ရန်နှင့် ရအောင် တိုက်ခိုက်ယူရန်အတွက်ဆိုလျှင် ၎င်းတို့သည် မည်သည့်အခြေအနေမျိုးဖြစ်စေ မည်သူ့ကိုမဆို စတေးသည်အထိ လိုလိုလားလား လုပ်ဆောင်ကြမည်ဖြစ်သည်။ ဤသည်မှာ မည်သည့် အပြုအမူမျိုး ဖြစ်သနည်း။ (အန္တိခရစ်များ၏ အပြုအမူဖြစ်သည်။) အန္တိခရစ်များ၏ အပြုအမူဖြစ်သည်။ ဤသည်မှာ စာတန်လုပ်ဆောင်သည့်အရာ ဖြစ်သည်။ စာတန်သည် ဤလူသားမျိုးနွယ်ကို စိုးမိုးသည်၊ နိုင်ငံတစ်နိုင်ငံကို စိုးမိုးသည်၊ လူမျိုးတစ်မျိုးကို စိုးမိုးပြီး ၎င်း၏စိုးမိုးမှု တည်ငြိမ်ခြင်းအတွက် အလဲအလှယ်အနေဖြင့် အသက်အရေအတွက် မည်မျှကိုမဆို စတေးသည်ထိ လိုလိုလားလား လုပ်ဆောင်မည်ဖြစ်သည်။ ၎င်း၏ အကျိုးစီးပွားများမှာ အဘယ်နည်း။ စိုးမိုးခြယ်လှယ်ခြင်းနှင့် ဆိုင်သည့် တန်ခိုးအာဏာနှင့် ရာထူးတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် ၎င်းသည် စိုးမိုးခြယ်လှယ်ခြင်းနှင့်ဆိုင်သည့် ရာထူးတစ်ခုကို မည်သို့ ရရှိကာ ဤစိုးမိုးခြယ်လှယ်မှုကို မည်သို့ တည်ငြိမ်စေသနည်း။ (မည်သည့်နည်းနှင့်မဆိုဖြစ်၏။) မည်သည့်နည်းနှင့်မဆိုဖြစ်၏။ ဆိုလိုသည်မှာ ၎င်း၏ ကျင့်သုံးမှုများနှင့် နည်းလမ်းများက အများတကာအတွက် တရားနည်းလမ်းကျသည်၊ သို့မဟုတ် မကျသည်ကို ၎င်းက အရေးမစိုက်သကဲ့သို့ လူသတ်ပွဲနှင့် ဖိနှိပ်ခြင်းမှသည် ပျော့ပျောင်းသော နည်းစနစ်များနှင့် ပြင်းထန်သော နည်းစနည်းများ၊ အကျပ်ကိုင်ခြင်းနှင့် မက်လုံးပေးခြင်းထိ အရာရာကို ၎င်းက အသုံးပြုပြီး ၎င်း၏ လက်တွင်ရှိသည့် ၎င်း၏ ရာထူးနှင့် တန်ခိုးအာဏာ တည်ငြိမ်မှုအတွက် အလဲအလှယ်အနေဖြင့် မည်သူမဆို၏ အသက် သို့မဟုတ် မည်သည့်အသက်အရေအတွက်ကိုမဆို စတေးသည်ထိတိုင် လိုလိုလားလား လုပ်ဆောင်မည်ဖြစ်သည်။ ဤသည်မှာ စာတန်၏ အပြုအမူဖြစ်၏။ အန္တိခရစ်တို့သည်လည်း ဤနည်းဖြင့် အမှုအရာများကို လုပ်ဆောင်ကြလေသည်။

ယနေ့မိတ်သဟာယတွင်ကြားရသည့် ဤစကားများသည် သင်တို့၏ အကြိုက်နှင့် ကိုက်ညီသလော။ (ယနေ့ နားထောင်ပြီးနောက် အကျိုးများစွာ ကျွန်ုပ် ရခဲ့ပြီး အထူးသဖြင့် အသိပညာနှင့် ပညာတတ်များအပေါ် စိစစ်ခြင်းက ကျွန်ုပ်ကို ကြီးမားစွာ တို့ထိပါသည်။ အတိတ်ကာလတွင် ပညာတတ်များသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည်ဟူသည့် ဤစကားကို ကျွန်ုပ် အတော် လက်မခံခဲ့သော်လည်း ဤကာလအတောအတွင်းတွင် အသိပညာအပေါ် ဘုရားသခင်၏ စိစစ်ခြင်းမှတစ်ဆင့် ကျွန်ုပ်သည် တဖြည်းဖြည်း နှိုင်းယှဉ်မှုများ ပြုလုပ်နိုင်ခဲ့ပြီး ကျွန်ုပ်ကိုယ်တိုင်က ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်ခြင်း မရှိကြောင်းကိုလည်းကောင်း၊ ယင်းတို့ကို ကြားသည့်အခါ ကျွန်ုပ် နားမလည်နိုင်ကြောင်းကိုလည်းကောင်း၊ လူတို့နှင့် ဖြစ်ရပ်များကို ရှုမြင်သည့်အခါ ယင်းတို့ကို အသိပညာ ရှုထောင့်မှ ကျွန်ုပ် ကြည့်ပြီး စိစစ်ကြောင်းကိုလည်းကောင်း အချိန်တော်တော်များများတွင် ကျွန်ုပ် မြင်တွေ့ရသည်။ ယင်းက လွဲချော်သော သဘောပေါက်နားလည်မှုတစ်ခုဆီသို့ ဆိုက်ရောက်စေသည်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်းတစ်ခု ဖြစ်သည်။ ယခုတွင် ပညာတတ်များ၏ အနှစ်သာရကို ကျွန်ုပ် သာ၍ ရှင်းလင်းစွာ မြင်နိုင်ပြီဖြစ်သည်။) ပညာတတ်များအကြောင်း ယနေ့ ပြောဆိုရာတွင် မည်သည့် လူတစ်ဦးတစ်ယောက်ကိုမျှ ငါ ပစ်မှတ်ထားနေခြင်း လုံးဝ မဟုတ်ဘဲ ငါ၏ စကားများနှင့် သင့်ကိုယ်သင် ယှဉ်ကြည့်နိုင်လျှင် ယင်းမှာ ကောင်းမွန်သည့်အရာတစ်ခု ဖြစ်ပြီး သင် ပြောင်းလဲကာ ဝင်ရောက်နိုင်သည်ဟူသည့် မျှော်လင့်ချက်ရှိ၏။ သင်တို့ နားလည်သည့်အရာသည် စကားလုံးများနှင့် အယူဝါဒများထက် သမ္မာတရား ဖြစ်ရန်အလို့ငှာ သင်တို့သည် သမ္မာတရားကို နားမလည်သည့်အဆင့် သို့မဟုတ် သဘောပေါက်နားလည်ခြင်းမရှိသည့် အဆင့်မှသည် ရိုးရှင်းသည့်၊ သီးခြားရှိနေသည့်၊ နက်နဲမှုသိပ်မရှိသည့် သမ္မာတရားအချို့ကို တစ်ခုပြီးတစ်ခု နားလည်နိုင်သည့်အဆင့်ထိ ဖြည်းဖြည်းချင်း ရောက်ရှိရန်အတွက် လုံ့လဝီရိယရှိစွာ လိုက်စားသင့်ကြပေသည်။ ဤနည်းဖြင့် ဖြည်းဖြည်းချင်း၊ သင်သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိလိမ့်မည်။ သင်သည် သမ္မာတရားနှင့် လက်တွေ့ကျမှုအပေါ် အာရုံစိုက်ခြင်းအားဖြင့် အမှုအရာများကို စဉ်းစားဆင်ခြင်လျှင် သမ္မာတရားကို တဖြည်းဖြည်း နားလည်လိမ့်မည်။ သင်သည် ဆင်ခြင်တွေးခေါ်မှုစနစ်ကို သုံးကာ သင်၏ ဉာဏ်ကို အသုံးပြုလျက် အယူဝါဒကို စဉ်ဆက်မပြတ် အာရုံစိုက်ခြင်းဖြင့် အမှုအရာများကို စဉ်ဆက်မပြတ် စိစစ်လျှင် သင် နားလည်သည့်အရာသည် လုံးဝ သမ္မာတရား ဖြစ်လာလိမ့်မည် မဟုတ်သည့် အယူဝါဒ သို့မဟုတ် သဘောတရားမျှသာ ဖြစ်လိမ့်မည်ဖြစ်ပြီး အယူဝါဒ၏ အခြေခံအုတ်မြစ်ထက်ပို၍ နောက်ထပ် သင် လုံးဝ တိုးတက်လိမ့်မည် မဟုတ်ချေ။ ဤသည်မှာ မှန်သည် မဟုတ်လော။ (မှန်ပါသည်။) လူအချို့က “ကျွန်ုပ်ဖတ်ရှုသည့် ဘုရားနှုတ်ကပတ်တော်အချို့ကို အဘယ်ကြောင့် ကျွန်ုပ် နားမလည်နိုင်သနည်း။ သဒ္ဒါကို အသုံးပြုလျက် အကဲဖြတ်ကာ စာတမ်းတို ဖွဲ့စည်းတည်ဆောက်ပုံတို့ကို အခြေခံသည့်အခါ လူတို့အတွက် နားလည်ပြီး လက်ခံရန် ထိုမျှ မလွယ်သည်မှာ အဘယ်သို့ ဖြစ်သနည်း”ဟု လူအချို့က ပြောကြသည်။ ဤပြဿနာကို သင်တို့ မည်သို့ ရှင်းပြသနည်း။ ထိုအရာကို ယခု သင်တို့ နားလည်ကြသလော။ သင်တို့ကို ငါ ရှင်းပြမည်။ လူသားမျိုးနွယ် ဖြစ်တည်လာခဲ့ကတည်းက ဘုရားသခင်သည် လူသားများထံ စကားပြောဆိုနေပြီးဖြစ်ကာ သူ ပြောသည့်အရာ၏ စကားလုံးနှင့် စာပိုဒ်တိုင်းက စာတမ်းတိုများ ဖြစ်သည်ထက် ဘာသာစကားမျှသာ ဖြစ်သည်။ ယနေ့ ဤနေရာတွင် ငါ စကားပြောသည့်အခါ ငါသည် စာတမ်းတိုတစ်ခု ဟောပြောနေခြင်း၊ အစီရင်ခံစာပေးနေခြင်းဖြစ်သလော သို့မဟုတ် စကားစမြည် ပြောနေခြင်းမျှသာ ဖြစ်သလော။ (စကားစမြည်ပြောနေခြင်းဖြစ်သည်။) ငါသည် သမ္မာတရားကို ပြောပြကာ သင်တို့ လိုအပ်သည့် အကြောင်းအရာများကို ပြောလျက် သင်တို့နှင့် စကားစမြည်ပြောနေခြင်း ဖြစ်သည်။ ငါသည် စာတမ်းတိုတစ်ခု ဟောပြောနေခြင်းမဟုတ်ဘဲ စကားပြောနေခြင်း ဖြစ်သည်။ ထို့ကြောင့် သင်တို့အနေဖြင့် စာတမ်းတိုက မည်သည့်အရာဖြစ်ပြီး စကားပြောခြင်းက မည်သည့်အရာ ဖြစ်သည်ကို သင်တို့ နားလည်ရမည်။ နှစ်ခုကြားတွင် ခြားနားချက်များ ရှိသည်။ စာတမ်းတိုများလိုအပ်သည့် အကြောင်းအရာအချို့မှာ လူသားမျိုးနွယ်ထံမှလာသည့် အသိပညာနှင့်ဆိုင်သည့် သွင်ပြင်လက္ခဏာများ ဖြစ်ပြီး ဘုရားသခင်သည် စကားပြောနေချိန်တွင် ဤအသိပညာကို လိုက်နာစောင့်ထိန်းရန် မလိုအပ်ပေ။ သူသည် သူ ပြောရန် ရည်ရွယ်သည့် သမ္မာတရားများကို ရိုးရိုးတန်းတန်းနှင့် ရှင်းရှင်းလင်းလင်း ပြောဆိုရန်သာ လိုအပ်ပြီး လူတို့အနေဖြင့် ၎င်းတို့ ကြားသည့် သမ္မာတရားများကို နားလည်နိုင်သရွေ့ ယင်းမှာ လုံလောက်ကာ ပုဒ်ဖြတ်ပုဒ်ရပ် သင်္ကေတများကိုပင် သုံးရန် မလိုအပ်ပေ။ လူသားမျိုးနွယ်သည် ပုဒ်ဖြတ်ပုဒ်ရပ် သင်္ကေတများနှင့် စာတမ်းတိုများကို ထွင်ခဲ့ကြပြီး စာတမ်းတိုက လိုအပ်သည့် သဒ္ဒါနှင့် ပါဝင်သည့် အကြောင်းအရာများကိုလည်း ထွင်ခဲ့ကြသည်။ ဤအရာများသည် အသိပညာ အတန်းအစားတွင် အားလုံး အကျုံးဝင်ပြီး ဘုရားသခင်သည် ထိုအရာများကို လိုက်နာစောင့်ထိန်းရန် မလိုအပ်ပေ။ ထို့အပြင် ဘာသာစကားက ဘုရားသခင်ထံမှ လာပြီး ဤသည်မှာ အပြုသဘောဆောင်သောအရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ၊ မှန်ကန်ပေသည်။ သင့်အနေဖြင့် သဒ္ဒါဆိုင်ရာ ပြဿနာများကို စစ်ဆေးရန်ဖြစ်စေ၊ သဒ္ဒါဆိုင်ရာ ပြဿနာများကို နှိုင်းယှဉ်ရန်ဖြစ်စေ၊ စိစစ်ရန်ဖြစ်စေ မလိုအပ်ပေ။ ပေးထားသည့် အစိတ်အပိုင်းတစ်ခု၊ ပေးထားသည့် စာပိုဒ်တစ်ခုနှင့် ပေးထားသည့် စာကြောင်းတစ်ကြောင်းတွင် ဘုရားသခင်၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်၊ သမ္မာတရားက မည်သည့်အရာဖြစ်သည်၊ လူတို့အပေါ် ဘုရားသခင် တောင်းဆိုသည့် သမ္မာတရား စည်းမျဉ်းများက မည်သည့်အရာဖြစ်ပြီး လူတို့ကို ဘုရားသခင် ပြောပြသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို နားလည်ရန်သာ သင် လိုအပ်ပြီး ယင်းမှာ လုံလောက်ပေသည်။ ဤသည်မှာ ဖန်ဆင်းခံများဖြစ်သည့် လူတို့ ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရားဖြစ်သည်။ ဘုရားသခင်၏ စကားများနှင့် လုပ်ရပ်များသည် လူတို့ ဖန်တီးခဲ့သည့် လုပ်ရိုးလုပ်စဉ်များနှင့် ဘောင်များ အားလုံးတို့ကို လိုက်နာရန် မလိုအပ်သကဲ့သို့ အသိပညာတွင် ရှိရင်းစွဲဖြစ်သည့် ဤစည်းမျဉ်းစည်းကမ်းများနှင့် ဉာဏ်သုံးရသော အရာများစစ်စစ်သည်လည်း လိုက်နာရန် မလိုအပ်သောအရာများ ဖြစ်သည်။ ဘုရားသခင်သည် အမှုအရာများစွာကို ပြောဆိုပြီးဖြစ်ကာ မည်သည့်အရာကို သူ ပြောသည်ဖြစ်စေ ယင်းမှာ သမ္မာတရား ဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည့် လူများနှင့် အတွေ့အကြုံရှိသည့် လူများက ဘုရားနှုတ်ကပတ်တော်များကို ဖတ်လေ၊ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို ၎င်းတို့ ခံစားရလေ ဖြစ်သည်။ ဤစကားများတွင် ပါရှိသည့် သမ္မာတရားသည် လူတို့ နားလည်ရန်၊ ရှာဖွေရန်နှင့် တွေ့ကြုံရန် လိုအပ်သည့်အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စကားပြောသည်။ သတိရလော့၊ ဘုရားသခင် လုပ်ဆောင်သည့်အရာမှာ စကားပြောခြင်းဖြစ်ပြီး “စကားပြောခြင်း”ကို အာလာပသလ္လာပပြောခြင်း သို့မဟုတ် ကိစ္စများအကြောင်း ပြောဆိုခြင်းအဖြစ် ဗန်းစကား ဝေါဟာရဖြင့် သိရသည်။ ဤတွင် ဘုရားသခင် ပြောလိုသည့်အရာတွင် ပါရှိသည့် အနှစ်သာရမှာ အဘယ်နည်း။ ဘုရားသခင် ရည်ရွယ်ချက်များ၊ သမ္မာတရားနှင့် လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များ ဖြစ်သည်။ ယင်းမှာ ပါဝင်သည့်အကြောင်းအရာ ဖြစ်သည်။ စကားပြောခြင်း၏ သဘာဝမှာ ရင်းနှီးသောနည်းလမ်းတစ်ခုဖြင့် ပွင့်ပွင့်လင်းလင်းနှင့် တဲ့တိုးဖြစ်ကာ ရိုးရိုးတန်းတန်းနှင့် ရှင်းရှင်းလင်းလင်း ပြောရန်၊ တစ်ခါတစ်ရံ အရပ်သုံးနှင့် ဒေသိယစကားအချို့ကို အသုံးပြုခြင်းဖြင့်လည်းကောင်း၊ တစ်ခါတစ်ရံတွင် စာပေစကားအချို့ကို အသုံးပြုခြင်းဖြင့်လည်းကောင်း ပြောရန် ဖြစ်သည်။ စာတမ်းတိုတစ်ခုကို ရေးသားရန်၊ သင်သည် ပထမစာပိုဒ်တွင် အဖွင့်တစ်ခု၊ အလယ်တွင် ကိစ္စရပ်နှင့်ပတ်သက်၍ ချဲ့ထွင်ရေးပြီး အသေးစိတ်ရှင်းပြရန် လိုအပ်ပြီး ထို့နောက်တွင် အထွတ်အထိပ်နှင့် နိဂုံးတစ်ခုသို့ ရောက်ရန် လိုအပ်သည်။ စာတမ်းတိုတစ်ခုအဖြစ် ယူဆခြင်းခံရရန်အလို့ငှာ ဤပုံစံအတိုင်း အတိအကျ ရေးသားရမည်ဖြစ်ပြီး ထို့နောက်တွင်မှ ဆရာက ထိုစာတမ်းတိုကို အကုန်အစင်ဖတ်လိမ့်မည်ဖြစ်ပြီး သာမန်ဖြစ်သည်၊ ကောင်းသည် သို့မဟုတ် ပြောင်မြောက်သည်ဟူ၍ အမှတ်ပေးလိမ့်မည် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို ဤနည်းဖြင့် သင် အမှတ်ပေး၍ရသလော။ သင်က “ဤအပိုင်းက ကောင်းသည်၊ သဒ္ဒါကောင်းမွန်သည်၊ ဘုရားသဘောသဘာဝနှင့်ဆိုင်သော အသုံးအနှုန်းဖြင့် ပြောဆိုထားပြီး စာတမ်းတိုတစ်ခု၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် လုံးဝ ကိုက်ညီသည်။ ထိုအပိုင်းက သိပ်မကောင်းပါ၊ အနည်းငယ် အစီအစဉ်မကျဖြစ်ပြီး ဖွဲ့စည်းတည်ဆောက်ပုံက သိပ်မကောင်းပါ။ စကားလုံးအချို့က သဒ္ဒါနည်းမကျသကဲ့သို့ သင့်တော်သည့် နေရာများတွင် အသုံးပြုထားပုံမရသည့် စကားလုံးအချို့ပင် ရှိသည်”ဟု ပြောသည်ဆိုပါစို့။ ဘုရားနှုတ်ကပတ်တော်များကို ဤပုံဤနည်းဖြင့် ဖတ်ရွတ်ခြင်းသည် အဆင်ပြေသလော။ (အဆင်မပြေပါ။) ဤနည်းဖြင့် ဖတ်ရှုခြင်းသည် လွဲချော်မည်ဖြစ်ပြီး သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည် မဟုတ်ပေ။ သင့်အနေဖြင့် ဘုရားသခင်က သင့်အပေါ် တောင်းဆိုသည့်အရာနှင့် ဤစကားလုံးများတွင် မည်သည့် သမ္မာတရား ပါရှိသည်ကို မြင်ရန်အလို့ငှာ သွယ်ဝိုက်ညွှန်းဆိုထားသော ဆိုလိုရင်းကို သုံးသပ်ဖော်ထုတ်ရန် သင်ယူရမည်ဖြစ်သည်။ ယင်းမှာ ချက်ချာပါးနပ်သော လုပ်ဆောင်ချက်ဖြစ်သည်။ ဤအမှုအရာများအား မည်သို့ ကြည့်ရမည်ကိုပင် သင် မသိသကဲ့သို့ “ဘုရားနှုတ်ကပတ်တော်များက စာတမ်းတိုများပင် မဟုတ်သည်မှာ အဘယ်သို့ ဖြစ်သနည်း။ ဘုရားနှုတ်ကပတ်တော်များက ဟောပြောပို့ချချက်များကဲ့သို့ ဖြစ်သင့်ပြီး ဘုရားသခင်က ပြောင်မြောက်သော စကားအသုံးအနှုန်းဖြင့် စကားပြောသင့်သည်”ဟု တစ်နေ့လုံး ဆက်ပြောနေသည်။ ထိုသို့ ငါ မလုပ်ပေ။ ထိုအရာသည် အလွန်ပင်ပန်းဖွယ် ဖြစ်မည်ဖြစ်ပြီး သင်တို့သည် နားထောင်ရသည်ကို ငြီးငွေ့ကြမည်ဖြစ်ပြီး စကားပြောနေသည့်သူသည်လည်း ငြီးငွေ့မည် ဖြစ်သည်။ ကောင်းကင်ဘုံတွင် ဘုရားသခင် စကားပြောခြင်း၊ ယောဘကို စကားပြောခြင်း၊ ပေတရုကို စကားပြောခြင်း၊ မောရှေနှင့် ယောနတို့ကို စကားပြောခြင်းအကြောင်းအား တွေးကြည့်လော့။ ဘုရားသခင်၏ စကားလုံးများသည် ရိုးရှင်းကာ ရှင်းလင်းသည် မဟုတ်လော။ ယင်းတို့က မည်မျှ သဘာဝလွန်ဖြစ်သည်၊ စိတ်ကူးသက်သက်ဖြစ်သည် သို့မဟုတ် ကြီးမြတ်သည် သို့မဟုတ် စကားအသုံးအနှုန်းက မည်မျှ ခရေစေ့တွင်းကျ ဖြစ်သည် ဟူသည်တို့ကို သင် လုံးဝ မမြင်နိုင်ပေ။ ယောဘကို စာတန်က စုံစမ်းသွေးဆောင်ခဲ့ချိန်တွင် ဘုရားသခင်က စာတန်ကို “ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်။” (ယောဘ ဝတ္ထု ၁:၈) ဆိုသည်နှင့် “သူသည် သင့်လက်ထဲ၌ ရှိ၏၊ သို့ရာတွင် သူ၏ အသက်ကို ချန်ထားလော့။” (ယောဘ ဝတ္ထု ၂:၆) ဆိုသည်တို့အား ပြောခဲ့သည်ကို ကြည့်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ရိုးရှင်းသည့်အပြင် လိုရင်းတိုရှင်းလည်းဖြစ်ပြီး ကိစ္စရပ်ကို အလွန်ပင် အသေအချာ ရှင်းပြထားသည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရ ဖြစ်သည်။ ဘုရားသခင်သည် နားဝေတိမ်တောင်ဖြစ်စေမည့် ဝေ့လည်ကြောင်ပတ်စကားကို တမင်အသုံးမပြုသကဲ့သို့ သူ၏ ကြီးမြတ်မှု၊ သဘာဝလွန်ဖြစ်ခြင်း၊ ဂုဏ်အသရေရှိခြင်း၊ ဩဇာအာဏာနှင့် တန်ခိုးအာဏာတို့သည် အတုအယောင် မဟုတ်ပေ။ ယင်းတို့သည် အတုအယောင်မဟုတ်ဟု အဘယ်ကြောင့် ငါ ဆိုသနည်း။ လူတစ်ဦးကို သူ စကားပြောသည့်အခါ သူသည် ဟန်ဆောင်ခြင်းမရှိ၊ အဆင့်မြင့်သည့် ပုံရိပ်တစ်ခုဖြင့် မိမိကိုယ်ကို ပုံဖျက်ခြင်းမရှိ သို့မဟုတ် လူတို့ နားမလည်နိုင်သည့်အရာများ ပြောခြင်းမရှိပေ။ ထိုသို့ လုပ်ဆောင်သည်မှာ စာတန်ဖြစ်သည်၊ ဘုရားသခင်က မလုပ်ပေ။ ပြီးလျှင် ယင်းကို ပြောနေသည်မှာ ဘုရားသခင်ဖြစ်သည့်အတွက် သင့်ကို သူ နားလည်စေလိမ့်မည် ဖြစ်သည်။ သင်သည် ကလေးတစ်ဦးဖြစ်လျှင် ကလေးသူငယ်များ နားလည်နိုင်သည့် စကားများဖြင့် သင့်ကို သူ စကားပြောလိမ့်မည်။ သင်သည် သက်ကြီးရွယ်အိုတစ်ဦးဖြစ်လျှင် သက်ကြီးရွယ်အိုတို့၏ စကားအသုံးအနှုန်းဖြင့် သင့်ကို သူ စကားပြောလိမ့်မည်။ သင်သည် ယောက်ျားတစ်ဦးဖြစ်လျှင် ယောက်ျားများ အသုံးပြုလေ့ပြုထရှိကြသည့် စကားအသုံးအနှုန်းဖြင့် သင့်ကို သူ စကားပြောလိမ့်မည်။ သင်သည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးဖြစ်လျှင် သူ၏ စကားအသုံးအနှုန်းအတွက် ဖောက်ပြန်ပျက်စီးသော လူသားများ နားလည်နိုင်သည့် နည်းလမ်းတစ်ခုနှင့် ဖွဲ့စည်းတည်ဆောက်ပုံတစ်ခုဖြင့် သင့်ကို သူ စကားပြောလိမ့်မည်။ ဘုရားသခင်သည် နည်းလမ်း အမြောက်အမြားဖြင့် စကားပြောသည်။ တစ်ခါတစ်ရံ သူသည် ဟာသများ ဖန်တီးသည်၊ တစ်ခါတစ်ရံ ရွဲ့သော မှတ်ချက်များ ပြုသည်၊ တစ်ခါတစ်ရံ သူသည် ထေ့ငေါ့တတ်သည်၊ တစ်ခါတစ်ရံ သူ စိစစ်သည်၊ တစ်ခါတစ်ရံ သူ တင်းမာသည်၊ တစ်ခါတစ်ရံ သူ နူးညံ့တတ်သည်၊ တစ်ခါတစ်ရံ သင့်ကို သူ တို့ထိခံစားစေပြီး တစ်ခါတစ်ရံ သင့်ကို ပြုပြင်ပြီးနောက်တွင် နှစ်သိမ့်ပေးသည်။ ဘုရားသခင် လုပ်ဆောင်သည့် ဤအမှုအားလုံးနှင့် သူ ဖော်ပြသည့် ဤသမ္မာတရားများသည် ပုံသေဖြစ်ခြင်းမရှိ၊ အသက်ဝင်လှုပ်ရှားသည်။ ဘုရားသခင်သည် အသက်စမ်းရေတွင်း ဖြစ်ပြီး သမ္မာတရား၏ ရင်းမြစ်မှာ ဘုရားသခင် ဖြစ်သည်။ ဘုရားသခင် ပြောဆိုသည့် မည်သည့်အရာမဆို အဆင်ပြေသည်။ ထိုအရာတွင် သမ္မာတရား ရှိပြီး ထိုအရာကို မည်သည့်နည်းလမ်းဖြင့် သူ ပြောဆိုသည်မှာ အရေးမကြီးပေ။ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ စကားပြောပုံနည်းလမ်းများ၊ သူ့စကားအသုံးအနှုန်း တည်ဆောက်ပုံ စသည်တို့နှင့်ပတ်သက်၍ အယူအဆများ အမြဲရှိသည့်အပြင် ယင်းတို့ကို စဉ်ဆက်မပြတ် စေ့စေ့ကြည့်ရှု စစ်ဆေးပြီး သံသယရှိကာ ဤအရာများနှင့် ပတ်သက်၍ အမြဲ စိတ်ပျက်ပြီး “ငါ ယုံကြည်သည့် ဘုရားက အမှန်တကယ် ဘုရားဟုတ်သည့်ပုံမရပါ၊ သူသည် အဘယ်ကြောင့် ထိုကဲ့သို့ ဖြစ်သနည်း။ ထို့ကြောင့် သူ့ကို ငါလက်မခံချင်ပါ။ သူ့ကို ငါ လက်ခံလျှင် အလွန် အရှက်ရဖွယ်ဖြစ်မည့်အတူတူ ဟိုဒင်းဟိုဟာကို ငါ ယုံကြည်လည်း မထူးတော့ပါ”ဟု စဉ်းစားလျှင် ဤသည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ (မယုံကြည်သူတစ်ဦး ဖြစ်သည်။) ဤသည်မှာ မယုံကြည်သူတစ်ဦး ဖြစ်သည်။ မည်သည့် လူစားမျိုးများသည် အများစု မယုံကြည်သူ ဖြစ်ကြသနည်း။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သောလူများ ဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သောလူများသည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ စူးစူးစိုက်စိုက် စိစစ်ကြသည်။ အကျိုးဆက်အနေဖြင့် ယင်းတို့ကို ၎င်းတို့ လုံးဝ နားလည်သဘောပေါက်နိုင်ခြင်း မရှိကြသေးပေ။ ထို့ကြောင့် ၎င်းတို့က “ဤသည်မှာ မှန်သော လမ်းခရီးဖြစ်သည့်အတွက် ဤသို့ ယုံကြည်ခြင်းအားဖြင့် ကောင်းချီးမင်္ဂလာများ အမှန်တကယ် ရရှိဖို့ ဖြစ်နိုင်သလော။ အလွန်များသော လူတို့က ယုံကြည်ကြသည်။ ငါ မယုံကြည်လျှင် ငရဲသွားရမည်ဖြစ်သည် မဟုတ်လော”ဟု တွေးကြလေသည်။ ၎င်းတို့သည် ကြံစည်တွက်ချက်နေသော အကြံများကိုပင် ထားရှိကြသည်။ ၎င်းတို့က “ဘုရားနှုတ်ကပတ်တော်များတွင် သမ္မာတရားရှိသည်ဟု သူတို့ ပြောကြသည်။ သို့ဆိုလျှင် သမ္မာတရားမှာ မည်သည့်အရာ ဖြစ်သနည်း။ ထိုသမ္မာတရားကို အဘယ်သို့ဖြစ်ပြီး ငါ မမြင်ရသနည်း။ ငါ ဖတ်ရှုကာ နားထောင်ရမည်”ဟု မတွေးကြပေ။ တစ်နေ့တွင် ၎င်းတို့သည် နောက်ဆုံး၌ “၎င်းတို့ ကြားသည့်အရာကို နားလည်သွားကြ”ပြီး “ဤစကားများ ထုတ်ဖော်သည့်အရာမှာ စစ်မှန်သော အခြေအနေဖြစ်သည်၊ ထိုအရာသည် သမ္မာတရား ဖြစ်သည်။ သို့သော် စကားအသုံးအနှုန်းက အလွန် သာမန်ဖြစ်ပြီး မဆန်းတော့ပေ။ အလွန် သာမညဖြစ်ပြီး ပညာတတ်လောကတွင်မူ အထင်အမြင်သေးခြင်းနှင့် ခွဲခြားခြင်းတို့ကို ခံရဖွယ်ရှိသော စကားများ၊ အလွန်သာမန်သော စကားများအဖြစ် သဘောထားခြင်းခံရသော စကားများ၊ အချို့စကားများမှာမူ ပေါ့ပြက်ပြက်နိုင်လှသည့်အပြင် ပညာရပ်ဆိုင်ရာ နယ်ပယ်မှ အဆင့်မြင့် ပညာတတ်များ သုံးစွဲရန်ပင် ဂရုမပြုသည့် စကားလုံးအချို့သည် ဘုရားသခင်၏ နှုတ်တော်မှ မထင်မှတ်ဘဲ ထွက်ပေါ်လာခဲ့သည်တကား။ ဤသည်မှာ အလွန်ပင် မယုံနိုင်ဖွယ်ရာ ဖြစ်သည်။ ဤသို့ မဖြစ်သင့်သည် မဟုတ်လော။” ဤအတောမသတ်သော စေ့စေ့စပ်စပ်ကြည့်ရှု စစ်ဆေးခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ သင်သည် ဘုရားသခင်ထက် တော်ကြောင်း၊ ဘုရားသခင်က သင့်ကို ယုံကြည်ပြီး ချီးမြှောက်သင့်ကြောင်း သင် ခံစားရလိမ့်မည်။ ဤသည်မှာ ခက်ခဲသည် မဟုတ်လော။ ဤသည်တို့မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သော လူများဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားမှာ ဘုရားသခင်ကို အမြဲ ဆန့်ကျင်ကာ သူ့ကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးရန် ဖြစ်သည်။ ဘုရားသခင်ကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးသည်နှင့်အမျှ တစ်ချိန်တည်းတွင် ၎င်းတို့သည် သူ့ကို အတိုက်အခံလုပ်နေကြပြီး သူ့ကို အတိုက်အခံလုပ်နေကြသည်နှင့်အမျှ တစ်ချိန်တည်းတွင် ၎င်းတို့က “သင် ဘုရားမဟုတ်ခြင်းက ပိုကောင်းသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် အလွန် အရေးမပါပေ၊ သင်သည် ဘုရားကဲ့သို့ မဟုတ်ပေ။ သင် ဘုရားဖြစ်ခဲ့လျှင် ကျွန်ုပ် စိတ်အေးလက်အေးဖြစ်မည် မဟုတ်ပါ။ သင် ဘုရားမဟုတ်တော့သည့်အဆင့်ထိ သင့်ကို စိစစ်လျက် သင့်ကို ကျွန်ုပ် မထီမဲ့မြင်ပြုပြီး စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးကာ မည်သူကမျှ သင့်ကို မယုံကြည်လျှင် ကျွန်ုပ် ပျော်ရွှင်လိမ့်မည်ဖြစ်ပြီး ယုံကြည်ရမည့် ကြီးမြတ်သော ဘုရားတစ်ပါးကို ကျွန်ုပ် ရှာလျှင် စိတ်အေးချမ်းရလိမ့်မည် ဖြစ်သည်”ဟု တွေးနေကြသည်။ ထိုသို့သောလူများသည် မယုံကြည်သူများ ဖြစ်သည်။ မယုံကြည်သူအများစုသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ဤသာမန်အဖြစ်ဆုံးသော မိန့်မြွက်ချက်များမှ သမ္မာတရားကို မည်သည့်အခါတွင်မျှ နားလည်လိမ့်မည် မဟုတ်၊ သို့မဟုတ် ရရှိလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားကို ရရှိရန် ပျက်ကွက်ကြသည်သာမက မိမိတို့ကိုယ်တိုင်၏ ကယ်တင်ခြင်းနှင့်ဆိုင်သော အရေးကြီးသည့် ကိစ္စရပ်ကိုလည်း ပျက်စီးစေသည့်အပြင် မိမိတို့ကိုယ်ကိုလည်း ထုတ်ဖော်ကာ ဖယ်ရှားရှင်းလင်းခံရစေရင်း ထိုမိန့်မြွက်ချက်များကို အကြိမ်ကြိမ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရုံမျှသာ ရှိကြလေသည်။ ယနေ့ မိတ်သဟာယကို ဤနေရာတွင် ငါတို့ အဆုံးသတ်ကြစို့။ (ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။) နှုတ်ဆက်ပါသည်။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၇ရက်နေ့

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။