အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၁၀) အခန်း နှစ်

အပြင်ပန်းသဏ္ဌာန်အားလုံးတွင် အန္တိခရစ်၏ စကားတို့သည် အထူးသဖြင့် ကြင်နာသည့်၊ ယဉ်ကျေးမှုရှိသည့်၊ ဂုဏ်ရှိသည့်ပုံပေါ်သည်။ မည်သူက စည်းမျဉ်းများကို ချိုးဖောက်သည်ဖြစ်စေ၊ အသင်းတော်အလုပ်ကို အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေသည်ဖြစ်စေ အန္တိခရစ်တို့သည် ဤလူများကို ဖော်ထုတ်ခြင်း သို့မဟုတ် ဝေဖန်သုံးသပ်ခြင်း မရှိပေ။ ၎င်းတို့က ကိစ္စအားလုံးတွင် သဘောထားကြီးသည်ဟု လူတို့အား ထင်မြင်စေလျက် မျက်ကွယ်ပြုကြသည်။ လူတို့က မည်သည့် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြသည်ဖြစ်စေ၊ ပြီးလျှင် ထိုသူတို့က မည်သည့် ဒုစရိုက်အမှုအား ပြုသည်ဖြစ်စေ အန္တိခရစ်တို့သည် နားလည်မှုရှိပြီး သည်းခံကြသည်။ ၎င်းတို့သည် စိတ်မဆိုးသွားပေ၊ သို့မဟုတ် ဒေါသအမျက်မထွက်ပေ။ ထိုသူတို့ အမှားတစ်စုံတစ်ခု လုပ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ထိခိုက်သည့်အခါ စိတ်တိုကြလိမ့်မည်မဟုတ်သကဲ့သို့ လူတို့ကို အပြစ်တင်ကြလိမ့်မည် မဟုတ်ပေ။ မည်သူက မကောင်းမှု ကျူးလွန်ပြီး အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ပါစေ၊ ဤအရာသည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့်အလား ၎င်းတို့က အလေးမထားပေ၊ ပြီးလျှင် ယင်းကြောင့် လူများကို ၎င်းတို့ မည်သည့်အခါမျှ စိတ်ဆိုးအောင် လုပ်မည် မဟုတ်ပေ။ အန္တိခရစ်တို့သည် မည်သည့်အရာကို စိတ်အဝင်စားဆုံး ဖြစ်သနည်း။ လူမည်မျှက ၎င်းတို့ကို အထင်ကြီးလေးစားသည်ကိုလည်းကောင်း၊ ၎င်းတို့ ဆင်းရဲဒုက္ခ ခံသည့်အခါတွင် လူမည်မျှ မြင်တွေ့ပြီး ယင်းအတွက် ၎င်းတို့ကို ချီးမွမ်းသည်ကိုလည်းကောင်း ၎င်းတို့ စိတ်ဝင်စားကြသည်။ ဆင်းရဲဒုက္ခခံခြင်းသည် မည်သည့်အခါမျှ အချည်းနှီးမဖြစ်ရဟု အန္တိခရစ်တို့က ယုံကြည်ကြသည်။ မည်သည့် ဆင်းရဲဒုက္ခကို ၎င်းတို့ခံရပါစေ၊ မည်သည့်အဖိုးအခကို ၎င်းတို့ ပေးရပါစေ၊ ၎င်းတို့ မည်သည့်ကောင်းမှုကို လုပ်ပါစေ၊ အခြားသူများအပေါ် ၎င်းတို့ မည်မျှ ဂရုစိုက်ပြီး၊ အလေးထားကာ၊ ချစ်ခင်ပါစေ ဤအရာအားလုံးကို အခြားသူများရှေ့တွင် လုပ်ဆောင်ရမည်ဖြစ်ပြီး ဤသို့ဖြင့် ပို၍များသော လူများက ယင်းကို တွေ့မြင်နိုင်မည် ဖြစ်သည်။ ပြီးလျှင် ထိုသို့ လုပ်ဆောင်ခြင်း၌ ၎င်းတို့၏ ရည်မှန်းချက်က အဘယ်နည်း။ လူများကို စည်းရုံးသိမ်းသွင်းရန်၊ ပို၍များသော လူများက ၎င်းတို့၏ လုပ်ရပ်များအား၊ ၎င်းတို့၏ ကျင့်ကြံပြုမူမှုနှင့် ၎င်းတို့၏စိတ်နှလုံးထဲမှ ၎င်းတို့၏ အကျင့်စရိုက်တို့အား အသိအမှတ်ပြုလာအောင် လုပ်ရန်၊ ၎င်းတို့ကို ချီးမွမ်းရန်တို့ ဖြစ်သည်။ ပို၍များသော လူများက အကူအညီတောင်းရန် ၎င်းတို့ထံသို့ လာစေဖို့အလို့ငှာ မိမိတို့၏ အပြင်ပန်း အပြုအမူမှတစ်ဆင့် မိမိတို့ကိုယ်ကို “လူကောင်း တစ်ယောက်” အနေဖြင့် ပုံရိပ်တစ်ခု တည်ထောင်ဖို့ ကြိုးစားသည့် အန္တိခရစ်များလည်း ရှိသည်။ သာဓကအနေဖြင့် တစ်စုံတစ်ဦးသည် အားနည်းလာပြီး လူအများစုက ချစ်ခြင်းမေတ္တာမရှိကြောင်း၊ ၎င်းတို့သည် အလွန် တစ်ကိုယ်ကောင်းဆန်ကြောင်းနှင့် အခြားသူများကို မကူညီချင်ကြသကဲ့သို့ ကြင်နာတတ်ခြင်း မရှိကြောင်း ယုံကြည်ပြီးနောက် အမှန်တွင် အန္တိခရစ်တစ်ဦး ဖြစ်သည့် ထို “လူကောင်း”ကို သတိရကြလေသည်။ သို့မဟုတ် တစ်စုံတစ်ဦးက မိမိ၏ အလုပ်တွင် အခက်အခဲတစ်ခု ကြုံရပြီး ထိုအခက်အခဲအား မည်သို့ဖြေရှင်းရမည်ကို မသိပေ။ ကူညီနိုင်မည့် တစ်ယောက်မျှ ၎င်းတို့ မစဉ်းစားမိနိုင်သကဲ့သို့ ၎င်းတို့ စဉ်းစားမိသည့် ပထမဆုံးသောလူမှာ အမှန်တကယ်တွင် အန္တိခရစ်တစ်ဦးဖြစ်သည့် ဤ “လူကောင်း”ဖြစ်သည်။ တစ်စုံတစ်ဦးသည် မိမိ၏ တာဝန်ကို မထမ်းဆောင်ချင်တော့ပေ၊ သူသည် လောကီကို လိုက်စားချင်သည်၊ တန်ခိုးအာဏာနှင့် ကြွယ်ဝမှုများကို လိုက်စားပြီး မိမိကိုယ်ပိုင်ဘဝကို အသက်ရှင်ချင်သည်။ ပြီးလျှင် သူသည် အလွန် အပျက်သဘောဆောင်လာပြီး အားနည်းသော်လည်း ဘုရားသခင်ထံ ဆုတောင်းခြင်းမရှိ သို့မဟုတ် မည်သူနှင့်မျှ မိတ်သဟာယပြုခြင်း မရှိသည့်အပြင် ဤအခြေအနေတွင် ၎င်းတို့က အမှန်တကယ်၌ အန္တိခရစ်တစ်ဦးဖြစ်သည့် ထို “လူကောင်း”ကို သတိရကြလေသည်။ ကိစ္စများက ဤသို့ဆက်ဖြစ်သည်နှင့်အမျှ ဤလူများသည် ပြဿနာများကို ကြုံရသည့်အခါ ဘုရားသခင်ထံ ဆုမတောင်းကြတော့ပေ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို မဖတ်ကြတော့ပေ၊ ထိုအစား ၎င်းတို့ကို ကူညီဖို့ အမှန်တွင် အန္တိခရစ်တစ်ဦးဖြစ်သည့် ဤ “လူကောင်း”အပေါ် မှီခိုချင်ကြလေသည်။ ၎င်းတို့သည် ဤလူ့အကြိုက်လိုက်သူအား မိမိတို့၏ အခက်အခဲများကို ဖြေရှင်းခိုင်းလျက် ဤလူ့အကြိုက်လိုက်သူကိုသာ ၎င်းတို့၏ စိတ်နှလုံးများကို ဖွင့်ဟကာ မိမိတို့ စိတ်နှလုံးများတွင်ရှိသည့်အရာကို ပြောဆိုကြသည်။ ၎င်းတို့က ဤအန္တိခရစ်ကို အသိအမှတ်ပြုကာ သူ့နောက်လိုက်ကြလေသည်။ ထိုသို့ဖြင့် အန္တိခရစ်၏ ရည်မှန်းချက်သည် ဖြစ်မြောက်အောင်မြင်သည် မဟုတ်လော။ အန္တိခရစ်သည် မိမိ၏ ရည်မှန်းချက် ဖြစ်မြောက်အောင်မြင်သည့်အခါ အသင်းတော်တွင်ရှိသည့် ၎င်း၏ အဆင့်အတန်းသည် သာမန်လူတို့၏ အဆင့်အတန်းထက် သာ၍မြင့်မားလာသည် မဟုတ်လော။ ၎င်းတို့ နံပါတ်တစ် ဖြစ်နိုင်ပြီး အသင်းတော်တွင် ဆရာကြီး ဖြစ်လာနိုင်သည့်အခါ ၎င်းတို့ အမှန်တကယ် စိတ်ကျေနပ်ကြသလော။ မကျေနပ်ကြပေ။ မည်သည့် ရည်မှန်းချက်ကို ၎င်းတို့ ဖြစ်မြောက်အောင်မြင်ချင်ကြသနည်း။ ၎င်းတို့သည် ပိုများသည့် လူတို့ကို မိမိတို့အား အသိအမှတ် ပြုစေချင်ကြသည်၊ ၎င်းတို့ကို ကြည်ညိုလေးစားစေချင်ကြပြီး ကိုးကွယ်စေချင်ကြသည်၊ လူတို့၏ စိတ်နှလုံးများတွင် နေရာတစ်ခုကို စွဲကိုင်ချင်ကြပြီး အထူးသဖြင့် ဘုရားသခင်ကို လူတို့၏ ယုံကြည်ခြင်းတွင် အခက်အခဲများကို ကြုံရပြီး အကူအညီ တောင်းရမည့် နေရာမရှိသည့်အခါ ထိုသူတို့အား ၎င်းတို့ကို အထင်ကြီးစေချင်ကြကာ ၎င်းတို့အပေါ် မှီခိုစေချင်ကြပြီး ၎င်းတို့နောက် လိုက်စေချင်ကြလေသည်။ ဤသည်မှာ အန္တိခရစ်က နံပါတ်တစ်ဖြစ်ချင်ပြီး အသင်းတော်တွင် အရေးပါသောလူ ဖြစ်လိုခြင်းထက် များစွာ သာ၍ ဆိုးရွားပေသည်။ ထိုအရာနှင့်ပတ်သက်၍ မည်သည့်အရာ အလွန်ဆိုးရွားသနည်း။ (၎င်းတို့သည် လူတို့၏ စိတ်နှလုံးများတွင် နေရာတစ်ခု စွဲကိုင်ရန် ဘုရားသခင်နှင့် ဖက်ပြိုင်ကြသည်။ ဘုရားသခင်ကို ၎င်းတို့က တိုက်ရိုက် အစားထိုးချင်ကြသည်။) (ထိုသို့သော လူများသည် ပိုင်းခြားသိမြင်ဖို့ ခက်ခဲပါသည်။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန် အပေါ်ယံ အပြုအမူကောင်းကို အသုံးပြုကြသည်။ ယင်းကြောင့် အခြားသူတို့သည် မိမိတို့တွင် ပြဿနာများရှိသည့်အခါ ဘုရားနှုတ်ကပတ်တော်များတွင် ရှိသည့် သမ္မာတရားကို မရှာတော့ပေ သို့မဟုတ် သမ္မာတရားအပေါ် မိတ်သဟာယမပြုတော့ပေ၊ ထိုအစား ဤလူများအား ဤအန္တိခရစ်များအပေါ် မှီခိုအားထားစေပြီး ကြည်ညိုလေးစားစေကြသည်၊ ထိုလူတို့အား အန္တိခရစ်များက ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းစေကြပြီး ၎င်းတို့၏ စကားများကို သမ္မာတရားအဖြစ် သဘောထားစေကြကာ ဘုရားသခင်နှင့် ပိုပိုပြီး ဝေးကွာသည်ထက် ဝေးကွာသွားကြသည့် အကျိုးဆက်ဖြစ်ပေါ်စေသည်။ ဤသည်မှာ သာ၍ မသိမသာဒုက္ခပေးပြီး မလိုမုန်းထားသော နည်းလမ်းတစ်ခု ဖြစ်သည်။) မှန်ပေ၏၊ အန္တိခရစ်များက လူတို့၏ စိတ်နှလုံးများတွင် နေရာတစ်ခု စွဲကိုင်ထားကာ အမြစ်တွယ်ထားပြီးဖြစ်သည့်အပြင် ဘုရားသခင်၏ နေရာကို ယူလိုကြသည်ဟူသည့် အရေးကြီးသောအချက်ကို သင်တို့အားလုံး နားလည်ကြပြီးဖြစ်ကာ ထုတ်ဖော်ပြောကြပြီးဖြစ်သည်။ တစ်စုံတစ်ဦးက “ဘုရားသခင်ကို ကျွန်ုပ် သွားရှာလျှင် သူ့ကို မတွေ့နိုင်ပါ။ သူ့ကို ကျွန်ုပ် မမြင်နိုင်ပါ။ ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် ရှာလျှင် စာအုပ်က အလွန်ထူသည်၊ စကားလုံးများက အလွန်များပြီး အဖြေများကို ရှာတွေ့ဖို့ခက်သည်။ သို့သော် ဤလူထံ ကျွန်ုပ် သွားလျှင် အဖြေများကို ချက်ချင်း ရသည်။ အဆင်ပြေသည့်အပြင် အကျိုးလည်းရှိသည်”ဟု ဆိုသည်။ သင် မြင်သလော၊ ၎င်းတို့၏ လုပ်ရပ်များက လူတို့အား မိမိတို့၏ စိတ်နှလုံးများတွင် ၎င်းတို့ကို ကိုးကွယ်စေနှင့်ကြပြီးဖြစ်သည်သာမက ၎င်းတို့အတွက် နေရာတစ်ခုလည်း ချန်ထားစေသည်။ ၎င်းတို့က ဘုရားသခင်၏ နေရာကို ယူချင်ကြသည်။ ဤသည်မှာ ဤအမှုအရာများကို လုပ်ဆောင်ရာတွင် အန္တိခရစ်များ၏ ရည်မှန်းချက် ဖြစ်သည်။ ဤအရာများကို လုပ်ဆောင်ခြင်းအားဖြင့် အန္တိခရစ်သည် ကနဦး အောင်မြင်မှုကို စွမ်းဆောင်ရရှိနှင့်ပြီးဖြစ်သည်မှာ သိသာပေသည်။ ဤပိုင်းခြားသိမြင်နိုင်စွမ်းမရှိသည့် လူတို့၏ စိတ်နှလုံးများတွင် ဤအန္တိခရစ်အတွက် နေရာတစ်ခု ရှိနှင့်ပြီးဖြစ်ကာ အချို့သော လူများက ၎င်းတို့ကို ကိုးကွယ်ပြီး ကြည်ညိုနှင့်ကြပြီးဖြစ်လေသည်။ ဤသည်မှာ အန္တိခရစ်က ဖြစ်မြောက်အောင်မြင်လိုသည့် ရည်မှန်းချက် ဖြစ်သည်။ တစ်စုံတစ်ဦးတွင် ပြဿနာတစ်ခုရှိပြီး အန္တိခရစ်ကို ရှာမည့်အစား ဘုရားသခင်ထံ ဆုတောင်းလျှင် ၎င်းတို့က သဘောမကျကြဘဲ “သင်တို့သည် အဘယ်ကြောင့် ဘုရားထံ အမြဲ သွားကြသနည်း။ ဘုရားကို အဘယ်ကြောင့် အမြဲ သတိရကြသနည်း။ အဘယ်ကြောင့် ငါ့ကို မမြင်ကြသနည်း၊ ငါ့ကို သတိမရကြသနည်း။ ငါသည် အလွန် နှိမ့်ချပြီး စိတ်ရှည်သည်၊ အမှုအရာများကို စွန့်လွှတ်ပြီး မိမိကိုယ်ကို အလွန် အသုံးခံနိုင်ကာ မရှိဆင်းရဲသားများကို ပေးကမ်းစွန့်ကြဲသည်။ ထို့ကြောင့် သင်သည် ငါ့ထံ အဘယ်ကြောင့် မလာသနည်း။ ငါသည် သင့်ကို အလွန် ကူညီသည်။ သင့်တွင် အဘယ်ကြောင့် အသိစိတ်တစ်ခုတလေမျှ မရှိသနည်း”ဟု စဉ်းစားလေသည်။ ၎င်းတို့သည် စိတ်မချမ်းမသာဖြစ်ပြီး စိတ်တိုကြကာ ဒေါသထွက်ကြလေသည်။ ထိုလူနှင့် ဘုရားသခင်ကို ဒေါသထွက်ကြသည်။ ၎င်းတို့၏ အဆုံးစွန်သော ရည်မှန်းချက် ဖြစ်မြောက်အောင်မြင်ရန်အလို့ငှာ ဆက်လက် ဟန်ဆောင်ကြသည်၊ အကူအညီလေးများကို ဆက်လက် ပေးကမ်းကြပြီး စိတ်ရှည်မြဲ စိတ်ရှည်ကာ သည်းခံမြဲ သည်းခံကြသည်။ ၎င်းတို့သည် နှိမ့်ချကြသည့်ပုံပေါ်ကြသည်၊ ၎င်းတို့က ကြင်နာစွာ စကားပြောကြသည်၊ အခြားသူများကို လုံးဝ ထိခိုက်နာကျင်စေခြင်း မရှိကြသကဲ့သို့ လူတို့က မိမိတို့ကိုယ်ကို သိရှိရန် ကြိုးစားကြသည့်အခါ နှစ်သိမ့်မှုကို မကြာခဏ ပေးကြလေသည်။ တစ်စုံတစ်ဦးက “ကျွန်ုပ် ပုန်ကန်ပါသည်။ ကျွန်ုပ်သည် နတ်ဆိုးနှင့် စာတန်ဖြစ်သည်”ဟု ပြောသည်။ ၎င်းတို့က “သင်သည် နတ်ဆိုး သို့မဟုတ် စာတန် မဟုတ်ပါ။ ဤသည်မှာ သေးငယ်သည့် ပြဿနာတစ်ခုသာ ဖြစ်သည်။ သင့်ကိုယ်သင် အလွန် မနှိမ့်ချလိုက်နှင့်၊ ပြီးလျှင် သင့်ကိုယ်သင် အထင်မသေးနှင့်။ ဘုရားသခင်က ကျွန်ုပ်တို့ကို ချီးမြှောက်ပြီး ဖြစ်သည်။ ကျွန်ုပ်တို့သည် သာမန်လူများ မဟုတ်သကဲ့သို့ သင့်ကိုယ်သင် မသေးသိမ်စေရပေ။ သင်သည် ကျွန်ုပ်ထက် များစွာ ပိုကောင်းသည်။ ကျွန်ုပ်သည် သင့်ထက် ပိုမို ဖောက်ပြန်ပျက်စီးသည်။ သင်သည် နတ်ဆိုးတစ်ကောင်ဖြစ်လျှင် ကျွန်ုပ်သည် ဆိုးယုတ်သော နတ်ဆိုးတစ်ကောင် ဖြစ်သည်။ သင်သည် ဆိုးယုတ်သည့် နတ်ဆိုးတစ်ကောင်ဖြစ်လျှင် ကျွန်ုပ်သည် ငရဲသို့ ဆင်းသွားရမည်ဖြစ်ပြီး ပျက်စီးခြင်းသို့ရောက်မည်ဖြစ်သည်”ဟု ပြန်ပြောကြသည်။ ဤသည်မှာ လူတို့ကို ၎င်းတို့ ကူညီကြပုံ ဖြစ်သည်။ တစ်စုံတစ်ဦးက ဘုရားအိမ်တော်၏ အကျိုးစီးပွားများ သို့မဟုတ် အသင်းတော်၏ အလုပ်ကို ဆုံးရှုံးမှုတစ်ခု ဖြစ်စေခြင်းအား ဝန်ခံလျှင် အန္တိခရစ်များက ၎င်းတို့ကို “သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ် အသင်းတော်၏ အလုပ်အား ဆုံးရှုံးမှုတစ်ခုဖြစ်စေခြင်းနှင့် အနည်းငယ် လမ်းလွဲခြင်းက အရေးကြီးသည့် ကိစ္စ မဟုတ်ပါ။ ကျွန်ုပ်သည် ယခင်က သင့်ထက် များစွာ ပိုမိုကြီးမားသည့် ဆုံးရှုံးမှုများကို ဖြစ်စေပြီးဖြစ်ကာ များစွာ ပိုမို မရိုးဖြောင့်သည့်လမ်းကြောင်းများကို ကျွန်ုပ် သွားပြီးဖြစ်သည်။ အနာဂတ်တွင် အမှုအရာများအား သင်၏ လုပ်ဆောင်ပုံကိုသာ ပြောင်းလဲလော့၊ ထိုအရာသည် ပြဿနာတစ်ခု မဟုတ်ပါ။ ထိုအရာကို သင်၏ စိတ်နှလုံးက မခံနိုင်ကြောင်း ခံစားရလျှင် ကျွန်ုပ်၌ ငွေအချို့ရှိပြီး သင့်အတွက် ထိုဆုံးရှုံးမှုများကို ထေမိအောင် ပြုလုပ်ပေးမည်။ ထို့ကြောင့် ဝမ်းမနည်းပါနှင့်။ အနာဂတ်တွင် သင်၌ ပြဿနာတစ်ခုတလေ ရှိလျှင် ကျွန်ုပ်ထံသို့သာ လာလော့၊ ပြီးလျှင် သင့်ကို ကူညီဖို့ ကျွန်ုပ် တတ်နိုင်သမျှ လုပ်ဆောင်မည်ဖြစ်ပြီး ကျွန်ုပ်လုပ်နိုင်သည့်အရာ မည်သည့်အရာကိုမဆို ချက်ချင်း လုပ်ပေးမည်”ဟု ပြောကြလေသည်။ ၎င်းတို့တွင် “ကိုယ်ရေးကိုယ်တာ သစ္စာစောင့်သိမှု”နှင့်ဆိုင်သည့် ဤအသိစိတ် ရှိကြသော်လည်း အမှန်တကယ် အဘယ်အရာအတွက် ဤအရာကို ၎င်းတို့ လုပ်ဆောင်နေကြသနည်း။ ၎င်းတို့က သင့်ကို အမှန်တကယ် ကူညီနေကြသလော။ ၎င်းတို့က သင့်ကို ဒုက္ခပေးနေကြခြင်း ဖြစ်သည်၊ သင့်ကို မြောင်းတစ်ခုထဲသို့ ဦးတည်ခေါ်ဆောင်နေကြခြင်း ဖြစ်သည်။ သင်သည် စာတန်၏ စုံစမ်းသွေးဆောင်မှုထဲသို့ ကျဆင်းပြီးဖြစ်သည်။ ၎င်းတို့သည် သင့်အတွက် ကျင်းတစ်ခုကို တူးပြီး သင်က တည့်တည့် ခုန်ဆင်းနေသည်။ သင်သည် ထောင်ချောက်ထဲကျရောက်ပြီး ထိုနေရာတွင် အဆင်ပြေသည်ဟု တွေးနေဆဲဖြစ်ကာ သိပင်မသိလိုက်ဘဲ ဤအန္တိခရစ်၏ ဖျက်ဆီးခြင်းခံရသည်။ ဆင်ခြင်ဉာဏ် မဲ့လိုက်လေခြင်းပါတကား။ ဤသည်မှာ အန္တိခရစ်များက လူတို့ကို ဆက်ဆံပုံ၊ အထင်အမြင်မှားစေပြီး ဒုက္ခပေးပုံ ဖြစ်သည်။ အန္တိခရစ်က “ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သင် အနည်းငယ်မျှသာ စဉ်းစားပေးပြီး အနာဂတ်တွင် အနည်းငယ် ဂရုစိုက်ပေးလျှင် အဆင်ပြေသည်။ ဤကိစ္စကို ပြင်၍ရသည်၊ မည်သူကမျှ ရည်ရွယ်ချက်ရှိရှိဖြင့် ထိုအရာကို လုပ်မည် မဟုတ်ပါ။ ကျွန်ုပ်တို့ထဲမှ မည်သူသည် စုံလင်သောလူတစ်ဦး ဖြစ်နိုင်သနည်း။ ကျွန်ုပ်တို့ထဲမှ မည်သူမျှ မစုံလင်ပါ။ ကျွန်ုပ်တို့အားလုံး ဖောက်ပြန်ပျက်စီးကြသည်။ ကျွန်ုပ်သည် သင့်ထက် များစွာ သာ၍ ဆိုးရွားခဲ့ဖူးသည်။ အနာဂတ်တွင် အချင်းချင်း တိုက်တွန်းခွန်အားပေးကြစို့။ ထို့အပြင် ဘုရားအိမ်တော်က ဆုံးရှုံးမှုအချို့ ခံစားရလျှင်ပင် ဘုရားက ထိုအရာများကို အောက်မေ့မည် မဟုတ်ပါ။ ဘုရားသည် လူသားအပေါ် အလွန် ခွင့်လွှတ်တတ်ပြီး သည်းခံတတ်သည်။ ကျွန်ုပ်တို့က အချင်းချင်းအပေါ် သည်းခံခြင်းပြနိုင်လျှင် ဘုရားက သာ၍ပင် သည်းခံနိုင်စွမ်းရှိရမည် မဟုတ်လော။ ကျွန်ုပ်တို့၏ ပြစ်မှားမှုများကို အောက်မေ့မည် မဟုတ်ဟု ဘုရားက ပြောလျှင် ကျွန်ုပ်တို့၌ ပြစ်မှားမှုတစ်ခုမျှ မရှိတော့”ဟု ပြောလေသည်။ လူတစ်ဦးက မည်မျှကြီးမားသည့် အမှားတစ်ခုကို လုပ်ဆောင်ကောင်း လုပ်ဆောင်မိနိုင်သည်ဖြစ်စေ အန္တိခရစ်က ၎င်းတို့၏ နှလုံးသား မည်မျှကြီးမားသည်၊ ၎င်းတို့ မည်မျှ စေတနာရှိသည်၊ ကြီးမြတ်ပြီး သည်းခံတတ်သည်ဟူသည်တို့ကို ပြလျက် ထိုအမှားအား ရယ်စရာတစ်ခုဖြင့် ဖော့ပြောလိုက်ပြီး မသိကျိုးကျွန်ပြုလိုက်ကြလေသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဤအရာက လူတို့အား ဘုရားသခင်သည် သူ၏ မိန့်မြွတ်ချက်များတွင် လူတို့ကို အမြဲ ဖော်ထုတ်နေသည်၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ပတ်သက်၍ အမြဲ ရေးကြီးခွင့်ကျယ်လုပ်နေပြီး လူတို့ကို အမြဲ အပြစ်မရှိ အပြစ်ရှာနေသည်ဟု လွဲမှားစွာ ယုံကြည်စေသည်။ လူတစ်ဦးက ပြစ်မှားမိလျှင် သို့မဟုတ် ပုန်ကန်မိလျှင် ဘုရားက ထိုသူကို ပြုပြင်ကာ တရားစီရင်ပြီး ပြစ်တင်ဆုံးမ၍ သူသည် လူတို့ကို ညှာတာထောက်ထားခြင်း မရှိသည့်အလား ထင်ရသည်။ သို့သော် အန္တိခရစ်သည် အခြေအနေအားလုံးတွင် လူတို့ကို သည်းခံကာ ခွင့်လွှတ်ပေးနိုင်သည်။ ၎င်းတို့သည် အလွန် ကြီးမြတ်ပြီး လေးစားခြင်းခံရကြသည်။ ဤသည်မှာ ပကတိအခြေအ‌နေ မဟုတ်သလော။ “ဘာသာတရားမရှိသူများ၌ ‘ဥစ္စာပစ္စည်းများစွာ ရှိသည့် အိမ်ထောင်စုကြီးတစ်ခုတွင် အနည်းငယ် ဖြုန်းတီးမှုက ဘာမျှမဟုတ်ပါ’ဟူသည့် ဤဆိုရိုးစကား ရှိသည်။ ဘုရားအိမ်တော်က အလွန်ကြီးမားပြီး ဘုရားက အလျှံပယ် ကောင်းချီးများ ပေးသည်။ အနည်းငယ် ဖြုန်းတီးမိခြင်းက အရေးကြီးကိစ္စ မဟုတ်ပါ။ ဘုရားသည် ကျွန်ုပ်တို့အပေါ် အလွန်များစွာ ပေးသနားသည်။ ကျွန်ုပ်တို့သည် များစွာ ဖြုန်းတီးမိပြီး ဖြစ်သည် မဟုတ်လော။ ဘုရားက ကျွန်ုပ်တို့အပေါ် မည်သည့်အရာကို လုပ်ဆောင်လေပြီနည်း။ ဘုရားက ထိုအရာအားလုံးကို သည်းခံပြီးဖြစ်သည် မဟုတ်လော။ လူသည် အားနည်းပြီး ဖောက်ပြန်ပျက်စီးသည်ကို ဘုရားက အချိန်ကြာမြင့်စွာက မြင်ခဲ့သည်။ ထို့ကြောင့် ထိုအရာကို သူ မြင်ပြီးဖြစ်လျှင် အဘယ်ကြောင့် ငါတို့ကို အပြစ်ဒဏ်မပေးသနည်း။ ဤအရာက ဘုရားသည် စိတ်ရှည်ပြီး သနားကရုဏာနှင့်ပြည့်စုံသည်ကို သက်သေပြသည်”ဟု ပြောသည့် အန္တိခရစ်အချို့လည်း ရှိကြလေသည်။ ဤသို့ ပြောခြင်းသည် မည်သည့်အရာမျိုး ဖြစ်သနည်း။ ၎င်းတို့သည် လူတို့ကို အထင်အမြင်လွဲစေကာ စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျဆင်းစေဖို့၊ ထိုသူတို့၏ ရူပါရုံကို အဖျက်အမှောင့်လုပ်ကာ ထိုသူတို့ကို ဆုံးဖြတ်ချက်လွဲမှားစေဖို့နှင့် ဘုရားသခင်ကို အထင်အမြင်လွဲမှားစေဖို့အတွက်၊ ထိုသူတို့အနေဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံလိုသည့် လိုအင်ဆန္ဒ သို့မဟုတ် ဆန္ဒတစ်စက်မျှပင် မရှိကြဖို့ရန်အလို့ငှာ မှန်ကန်ပြီး လူတို့၏ အယူအဆများနှင့် ကိုက်ညီပုံရသည့် စကားလုံးများကို အသုံးပြုကြလေသည်။ အန္တိခရစ်များ၏ သွေးထိုးခြင်း၊ အထင်အမြင်မှားစေခြင်းနှင့် တလွဲညွှန်ကြားခံရခြင်းတို့ဖြင့် လူတို့သည် မိမိတို့တွင်ရှိသည့် အနည်းငယ်သော အသိစိတ်ကို ဆုံးရှုံးကြပြီး အားလုံးက အန္တိခရစ်များကို စတင်လိုက်နာကာ ကျိုးနွံနာခံကြလေသည်။

အန္တိခရစ်များသည် အခြားလူများ အနီးဝန်းကျင်တွင် ရှိသည့်အခါ ဟန်ဆောင်ရာ၌ အထူးသဖြင့် ကျွမ်းကျင်ကြသည်။ ဖာရိရှဲများကဲ့သို့ပင် ၎င်းတို့သည် အပြင်ပန်းအားဖြင့် လူတို့အပေါ် အလွန် သည်းခံပြီး စိတ်ရှည်၊ နှိမ့်ချကာ စိတ်ထားကောင်းသည့် ပုံပေါ်ကြသည်။ ၎င်းတို့သည် လူတိုင်းကို အလွန် သက်ညှာပြီး သည်းခံသည်ဟု ထင်ရသည်။ ပြဿနာများကို ကိုင်တွယ်သည့်အခါ ၎င်းတို့၏ အဆင့်အတန်းမှနေ၍ လူတို့အပေါ် မည်မျှ အလွန့်အလွန် သည်းခံသည်ကို အမြဲ ပြကြပြီး သွင်ပြင်လက္ခဏာတိုင်းတွင် ၎င်းတို့က အခြားသူတို့ကို ချစ်တီးခေါင်းသန်းရှာမလုပ်ဘဲ ၎င်းတို့ မည်မျှကြီးမြတ်ကာ ကြင်နာတတ်သည်ကို လူတို့အား ပြသလျက် စိတ်ထားမြင့်မြတ်ပြီး သဘောထားကြီးသည့်ပုံပေါ်ကြသည်။ လက်တွေ့တွင် အန္တိခရစ်များသည် ဤအနှစ်သာရများကို အမှန်တကယ် ပိုင်ဆိုင်ကြသလော။ ၎င်းတို့သည် အခြားသူများကို ကြင်နာမှုဖြင့် ဆက်ဆံကြသည်၊ လူတို့ကို သည်းခံကြပြီး အခြေအနေအားလုံးတွင် လူတို့ကို ကူညီနိုင်ကြသော်လည်း ဤအရာများကို လုပ်ဆောင်ခြင်းအတွက် ၎င်းတို့၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့အနေဖြင့် လူတို့ကို စည်းရုံးသိမ်းသွင်းကာ လူတို့၏ ထောက်ခံမှုကို ဝယ်ယူရန် မကြိုးစားလျှင် ဤအရာများကို လုပ်ဆောင်နေကြဦးမည်လော။ ဤသည်မှာ နောက်ကွယ်တွင် အန္တိခရစ်များ၏ ပကတိအခြေအနေ ဖြစ်သလော။ ၎င်းတို့သည် အခြားလူတို့အနီးဝန်းကျင်တွင် ရှိသည့်အခါ ဖြစ်ပုံရသည့်အတိုင်း အမှန်တကယ် ဖြစ်ကြသလော။ အခြားလူတို့အပေါ် နှိမ့်ချ၊ စိတ်ရှည်ပြီး သည်းခံကာ အခြားသူတို့ကို ချစ်ခြင်းမေတ္တာဖြင့် ကူညီကြသလော။ ထိုသို့သော အနှစ်သာရနှင့် ထိုသို့သော စိတ်သဘောထားတစ်ခုကို ၎င်းတို့ ပိုင်ဆိုင်ကြသလော။ ဤသည်မှာ ၎င်းတို့၏ စရိုက်လက္ခဏာ ဖြစ်သည့်အရာလော။ လုံးဝ မဟုတ်ပေ။ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် ဟန်ဆောင်မှုဖြစ်ပြီး သာ၍ပင်များသော လူတို့က မိမိတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့အပေါ် အကောင်းမြင်လာကြစေရန်အတွက်လည်းကောင်း၊ လူတို့အနေဖြင့် မိမိတို့တွင် ပြဿနာရှိသည့်အခါ ၎င်းတို့ကို ပထမဆုံး သတိရပြီး ၎င်းတို့၏ အကူအညီကို ရှာကြရန်အလို့ငှာ လူတို့ကို အထင်အမြင်မှားစေပြီး လူတို့၏ ထောက်ခံမှုကို ဝယ်ယူရန်အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤရည်မှန်းချက် ဖြစ်မြောက်အောင်မြင်ရန်အလို့ငှာ အန္တိခရစ်များသည် အခြားသူတို့အနီးဝန်းကျင်တွင် ကြွားဝါရန်၊ မှန်ကန်သည့်အရာများကို ပြောဆို၊ လုပ်ဆောင်ရန် တမင် ကြံစည်ကြလေသည်။ ၎င်းတို့ စကားမပြောမီတွင် ၎င်းတို့စိတ်များထဲ၌ မိမိတို့၏ စကားများကို အကြိမ်မည်မျှ စစ်ထုတ်ကာ ပြုပြင်လိမ့်မည်ဟူသည်ကို မည်သူသိမည်နည်း။ ၎င်းတို့သည် မိမိတို့၏ ထားသိုပုံ၊ အသုံးအနှုန်းများ၊ အသံအနိမ့်အမြင့်၊ အသံတို့အပြင် လူတို့ကို ၎င်းတို့ပေးသည့် အသွင်အပြင်နှင့် ၎င်းတို့ စကားပြောသည့် လေသံတို့ကိုပင်လျှင် တွေးဆရင်း တမင် လျှို့ဝှက်ကြံစည်ကာ ဦးနှောက်ခြောက်ခံ စဉ်းစားကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့က မည်သူ့ကို စကားပြောနေသည်၊ ထိုလူက အသက်ကြီးသလော၊ အသက်ငယ်သလော၊ ထိုလူ၏ အဆင့်အတန်းက ၎င်းတို့ကိုယ်ပိုင် အဆင့်အတန်းထက် မြင့်သလော၊ နိမ့်သလော၊ ထိုလူက ၎င်းတို့ကို လေးစားအထင်ကြီးခြင်း ရှိမရှိ၊ ထိုလူက ၎င်းတို့ကို တိတ်တခိုး မကျေမချမ်းဖြစ်ခြင်း ရှိမရှိ၊ ထိုလူ၏ ပင်ကိုစရိုက်က ၎င်းတို့ကိုယ်ပိုင် ပင်ကိုစရိုက်နှင့် သဟဇာတဖြစ်မဖြစ်၊ ထိုလူက မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဆိုသည်နှင့် အသင်းတော်တွင်လည်းကောင်း၊ ညီအစ်ကို မောင်နှမများ၏ စိတ်နှလုံးများတွင်လည်းကောင်း ထိုသူ၏ ရာထူးက မည်သည့်ပုံစံရှိသည် ဟူသည်တို့ကို ၎င်းတို့က တွေးဆကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို သေချာစွာ လေ့လာကာ အာရုံစူးစိုက်စွာဖြင့် တွေးဆကြလိမ့်မည်ဖြစ်ပြီး ယင်းတို့ကို တွေးဆပြီးသည်နှင့် တစ်ပြိုင်နက် လူမျိုးစုံကို ဆက်ဆံရမည့် နည်းလမ်းများ အကြံရလာကြလေသည်။ မတူညီကွဲပြားသော လူအမျိုးအစားများကို အန္တိခရစ်များက မည်သည့်နည်းလမ်းများဖြင့် ဆက်ဆံသည်ဖြစ်စေ ၎င်းတို့၏ ရည်မှန်းချက်မှာ လူတို့အား ၎င်းတို့ကို အထင်ကြီးလေးစားစေဖို့၊ လူတို့အား ၎င်းတို့ကို တန်းတူအဖြစ် မမြင်စေတော့ဘဲ ထို့ထက် ၎င်းတို့ကို ကြည်ညိုစေဖို့၊ ၎င်းတို့ စကားပြောသည့်အခါ ပို၍ပင်များသည့် လူတို့အား ၎င်းတို့ကို လေးစားကာ ကြည်ညိုစေဖို့၊ အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့်အခါ ၎င်းတို့ကို ထောက်ခံချက်ပေးစေပြီး ၎င်းတို့နောက်လိုက်စေဖို့၊ ပြီးလျှင် အမှားတစ်ခုကို ၎င်းတို့ ပြုလုပ်မိသည့်အခါ ၎င်းတို့ကို လွတ်ငြိမ်းခွင့်ပေးပြီး ကာကွယ်ပေးစေဖို့နှင့် ၎င်းတို့ဘက်တွင် ပို၍ပင်များသည့် လူတို့ကို တိုက်ခိုက်စေကာ ၎င်းတို့ ထုတ်ဖော်ပြခံရပြီး ငြင်းပယ်ခံရသည့်အခါ ၎င်းတို့ကိုယ်စား ခါးသီးစွာ စောဒကတက်စေဖို့နှင့် ဘုရားသခင်ကို ငြင်းခုံကာ ဆန့်ကျင်ရန် ရပ်တည်စေဖို့ရန် ဖြစ်သည်။ ၎င်းတို့အနေဖြင့် အာဏာမရှိတော့သည့်အခါ ကူညီမည့်လူ၊ အားပေးမှုပြပြီး ၎င်းတို့အတွက် ရပ်တည်ပေးမည့်လူ များပြားစွာ ရှိအောင် လုပ်ဆောင်နိုင်စွမ်း ရှိလေသည်။ ယင်းက အန္တိခရစ်များအနေဖြင့် အသင်းတော်တွင် တမင်သက်သက် လျှို့ဝှက်ကြံစည်၍ ပျိုးထောင်ထားသည့် အဆင့်အတန်းနှင့် အာဏာတို့သည် လူတို့၏ စိတ်နှလုံးများတွင် နက်ရှိုင်းစွာ အမြစ်တွယ်သွားပြီးဖြစ်ကြောင်းနှင့် ၎င်းတို့၏ “ဒုက္ခခံ၍ အားထုတ်မှု”သည် အချည်းနှီး မဖြစ်ကြောင်းတို့ကို ပြသပေသည်။

အန္တိခရစ်တို့သည် လူတို့ကြားတွင်ရှိသည့် မိမိတို့၏ အဆင့်အတန်း၊ ဂုဏ်သိက္ခာ၊ ဂုဏ်သတင်းနှင့် ဩဇာအာဏာတို့ကို စီမံကာ ကိုင်တွယ်ရန် အစွမ်းကုန် ကြိုးပမ်းကြသည်။ ၎င်းတို့သည် အချောင်ခိုခြင်း၊ စိတ်ပျော့ညံ့ခြင်း ရှိကြလိမ့်မည် မဟုတ်သကဲ့သို့ ပို၍ပင် အမှုမဲ့အမှတ်မဲ့ ဖြစ်ကြလိမ့်မည် မဟုတ်ပေ။ လူတိုင်း၏ မျက်လုံးများတွင်ရှိသည့် ဖော်ပြချက်၊ ထိုသူတို့၏ ပင်ကိုစရိုက်များ၊ ထိုသူတို့၏ နေ့စဉ် လုပ်ရိုးလုပ်စဉ်များ၊ ထိုသူတို့၏ လိုက်စားမှုများ၊ အပြုသဘောနှင့် အပျက်သဘောဆောင်သည့်အရာများအပေါ် ထိုသူတို့၏ သဘောထားများကို ၎င်းတို့ စောင့်ကြည့်လေ့လာကြပြီး အခြားလူတိုင်း၏ ယုံကြည်ခြင်း၊ ဘုရားသခင်ကို ယုံကြည်မှုတွင် ရှိသည့် သစ္စာစောင့်သိမှုအပြင် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံခြင်းနှင့် မိမိတို့၏တာဝန်များကို ထမ်းဆောင်ခြင်း စသည်တို့အပေါ် ထိုသူတို့၏ သဘောထားများကို ၎င်းတို့ စောင့်ကြည့်လေ့လာကြလေသည်။ ၎င်းတို့သည် ဤအရာများအပေါ် အလွန်အားထုတ်ကြသည်။ ထို့ကြောင့် ၎င်းတို့တွင်ရှိသည့် ဤသဘောထားအရ ၎င်းတို့သည် သမ္မာတရားကို လိုက်စားပြီး ၎င်းတို့အား ပိုင်းခြားသိမြင်နိုင်သောသူတို့ကို ရှောင်ရှားပြီး သတိထားကြကာ ထိုသို့သော လူများအနီးတွင်ရှိသည့်အခါ သတိရှိစွာ စကားပြောပြီး ပြုမူဆောင်ရွက်ကြလေသည်။ အတော်အတန် အားနည်းသော ပင်ကိုစရိုက်များရှိသည့် လူများ၊ မကြာခဏ အပျက်သဘောဆောင်ပြီး သမ္မာတရားကို နားမလည်သည့်လူများနှင့် စဉ်းစားဉာဏ်မရှိသကဲ့သို့ သမ္မာတရားအပေါ် သဘောပေါက်နားလည်မှု အားနည်းသည့် အချို့သောလူတို့ အနီးတွင်ရှိသည့်အခါ မိမိတို့ကိုယ်ကို ပြသဖို့ တတ်နိုင်သမျှ မကြာခဏ လုပ်ဆောင်ကြသည်။ ဆပ်ကပ်ပြကွက်တစ်ခုကဲ့သို့ သရုပ်ဆောင်မှုတစ်ခုကို စဉ်ဆက်မပြတ် တင်ဆက်ကာ သရုပ်ဆောင်မှုကို တင်ဆက်ဖို့ အခွင့်အရေးတိုင်းကို မရမကရယူနေကြလေသည်။ ဥပမာအနေဖြင့် စုဝေးပွဲများတွင် ရှိသည့်အခါ လူအများစုက ၎င်းတို့ကို အသိအမှတ်ပြုကြသည်၊ လူနည်းစုက ၎င်းတို့ကို စက်ဆုပ်ရွံရှာစိတ် ဖြစ်ကြပြီး ပို၍ပင်များသော လူတို့သည် ၎င်းတို့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိကြပေ။ ထို့ကြောင့် ၎င်းတို့သည် စတင်သရုပ်ဆောင်ကြပြီး မိတ်သဟာယပြုဖို့ အခွင့်အရေးများကို ရှာကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အတွေ့အကြုံများ၊ ၎င်းတို့၏ အတိတ်မှ “ဂုဏ်ကျက်သရေရှိသော သမိုင်းကြောင်း”၊ ဘုရားအိမ်တော်၌ ၎င်းတို့ စွမ်းဆောင်ရရှိပြီးဖြစ်သည့် ကောင်းမှုများနှင့် အထက်က ၎င်းတို့ကို အသိအမှတ်ပြုကာ ကိုယ်တိုင်ကိုယ်ကျ ပြုပြင်ပုံတို့ကိုပင် မိတ်သဟာယပြုကြသည်။ ဤကဲ့သို့သော အခွင့်အရေးတစ်ခုကိုပင် ၎င်းတို့က လက်လွတ်မခံနိုင်ကြပေ။ ၎င်းတို့ မည်သူနှင့်ရှိသည်ဖြစ်စေ၊ မည်သည့်အချိန်အခါတွင် ရှိသည်ဖြစ်စေ အန္တိခရစ်များက တစ်ခုတည်းသော အမှုအရာကိုသာ လုပ်ဆောင်ကြသည်။ ၎င်းတို့ သရုပ်ဆောင်ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ဟိတ်ဟန်ဖြင့် ပြောဆိုပြုမူတတ်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ အနှစ်သာရဖြစ်၏။ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြ၊ ကောက်ကျစ်ဆိုးယုတ်ပြီး အရှက်မဲ့ကြသည်။ ၎င်းတို့၏ သရုပ်ဆောင်မှုများတွင် ၎င်းတို့သည် မည်မျှအထိ လုပ်ဆောင်ကြသနည်း။ အချို့ကို သင်တို့ဘာသာ မျက်မြင်ကြုံတွေ့ပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။ ၎င်းတို့ထဲမှ အချို့သည် သရုပ်ဆောင်နေကြခြင်း၊ ကြွားဝါနေခြင်း၊ လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းကာ အခြားသူတို့အား မိမိတို့အပေါ် အထင်ကြီးစေရန် အခွင့်အရေး အမိအရ အသုံးချခြင်းတို့ကို ရှင်းလင်းစွာ မြင်ရနိုင်သည်။ အချို့သော လူတို့က ၎င်းတို့ကို အထင်သေးကြသည်၊ အချို့က လျစ်လျူရှုကြပြီး လှောင်ပင်လှောင်ပြောင်ကြသော်လည်း ၎င်းတို့က ဂရုမစိုက်ကြပေ။ မည်သည့်အရာကို ၎င်းတို့ ဂရုစိုက်ကြသနည်း။ ၎င်းတို့ ဂရုစိုက်သည့်အရာမှာ လူတို့က အလွန်အမင်းအထင်ကြီးသွားစေမည့် ၎င်းတို့၏ သရုပ်ဆောင်မှု၊ အမှုအရာများအား ၎င်းတို့ ပြောဝံ့ကြပုံ၊ ၎င်းတို့တွင် ရဲရင့်ခြင်း၊ ခေါင်းဆောင်မှုဟန်၊ ခေါင်းဆောင်မှုပါရမီ၊ လူတိုင်းရှေ့တွင် ပရိသတ်ကို ရင်ဆိုင်ရာ၌ လန့်ဖျပ်ခြင်းမဖြစ်သည့် သတ္တိနှင့် ထို့ထက်ပို၍ပင် အရာရာကို ကြောက်စိတ်ဝင်ခြင်းမရှိဘဲ ကိုင်တွယ်နိုင်စွမ်းရှိခြင်းတို့ကို လူတို့အား မြင်တွေ့အောင် လုပ်ခြင်းတို့ ဖြစ်သည်။ ၎င်းတို့အနေဖြင့် လူတို့အား ဤအရာများကို နားလည်စေကာ မြင်စေပြီးသည့်အခါ စိတ်ကျေနပ်ကြပြီး ထို့ကြောင့် ထိုသို့လုပ်ဆောင်ဖို့ အခွင့်အရေးရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ တတ်နိုင်သမျှ သရုပ်ဆောင်ကြခြင်း ဖြစ်ပြီး ၎င်းတို့သည် အထိန်းအကွပ်မရှိဘဲ၊ သိက္ခာစောင့်စည်းမှု တစ်ခုမျှမရှိဘဲ၊ မည်သည့် အရှက်မျှမရှိဘဲ သရုပ်ဆောင်ကြလေသည်။ ဤသည်မှာ အန္တိခရစ်တို့ လုပ်ဆောင်သည့်အရာ ဖြစ်သည်။ ငါသည် စုဝေးပွဲများတွင် အဓိကအကြောင်းအရာကို အမြဲ မိတ်သဟာယပြုပါက ငါ စကားပြောသည်ကို နားထောင်နေစဉ် အချို့က ငိုက်မျဉ်းကြသည်။ သို့မဟုတ်လျှင် အဓိကအကြောင်းအရာကို ငါ မိတ်သဟာယ ပြုနေချိန်တွင် လူတို့၏ စိတ်များသည် အခြားသောအရာများကို စဉ်းစားနေဆဲဖြစ်ပြီး ငါ ပြောနေသည့်အရာကို အာရုံစိုက်ရန် ၎င်းတို့အတွက် မလွယ်ကူပေ။ ဤကဲ့သို့သော အခြေအနေများတွင် ငါသည် အနည်းငယ် စကားစမြည်ပြောသည်၊ ပုံပြင်တစ်ပုဒ်ကို ပြောပြသည် သို့မဟုတ် ရယ်စရာတစ်ခု ပြောပြသည်။ ဤအရာများနှင့် ပုံပြင်များသည် ပုံမှန်အားဖြင့် လူတို့က မိမိတို့ အသက်တာများတွင် ထုတ်ဖော်ပြသည့် အချို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၊ အခြေအနေများနှင့် ပတ်သက်ပေသည်။ လူတို့အနေဖြင့် အနည်းငယ် ပိုမို နားလည်နိုင်ရန်အလို့ငှာ ၎င်းတို့ကို အနည်းငယ် နိုးထစေဖို့အတွက် ပုံပြင်များကို ငါ အသုံးပြုခြင်း ဖြစ်သည် သို့မဟုတ် ဟာသတစ်ခုကို ပြောပြရခြင်းဖြစ်သည်။ အန္တိခရစ်များက ဤအရာကို မြင်သည့်အခါ “သင်သည် စုဝေးပွဲများ၌ သင်၏ တရားဒေသနာများတွင် ရယ်စရာများ ထည့်ပြောသည်။ ငါသည်လည်း ပြောနိုင်သည်။ ငါသည်လည်း သင့်လောက် တော်ပါသည်။ ငါသည် ညံ့ဖျင်းသည့် ဟာသလေးတစ်ခုကိုသာ သာမန်ကာလျှံကာမျှ ပြောပြီး လူတိုင်းကို ဝါးခနဲ ရယ်အောင်လုပ်မည်ဖြစ်ကာ လူတိုင်း ထိုဟာသကို နှစ်သက်ကြမည် ဖြစ်သည်။ ယင်းမှာ ကောင်းလိုက်လေခြင်းပါတကား။ ငါသည် ပုံပြင်တစ်ပုဒ်ကို သာမန်ကာလျှံကာသာ ပြောလိုက်မည်ဖြစ်ပြီး ထို့နောက်တွင် မည်သူကမျှ စုဝေးပွဲများကို တက်ချင်တော့မည် မဟုတ်ပါ။ ငါ၏ ပုံပြင်များကိုသာ သူတို့ နားထောင်ချင်ကြမည်ဖြစ်သည်”ဟု တွေးကြလေသည်။ ၎င်းတို့သည် ဤအရာနှင့်ပတ်သက်၍ ငါ့ကို ယှဉ်ပြိုင်ကြသည်။ ဤအရာနှင့်ပတ်သက်၍ ငါ့ကို ၎င်းတို့ ယှဉ်ပြိုင်ရာတွင် အဓိပ္ပာယ်တစ်ခုတလေ ရှိသလော။ ပုံပြင်များကို ငါ အဘယ်ကြောင့် ပြောသနည်း။ ငါ အဘယ်ကြောင့် စကားစမြည်ပြောခြင်းကို လုပ်ဆောင်သနည်း။ လူတို့သည် ငါ၏ စကားစမြည်ပြောဆိုခြင်းနှင့် ပုံပြင်များမှ အချို့သော အရာများကို နားလည်နိုင်ပြီး ဤအရာက ၎င်းတို့အား သမ္မာတရားကို သက်သောင့်သက်သာရှိသော နည်းလမ်းတစ်ခုဖြင့် နားလည်ရန် ကူညီပေးသည်။ ဤသည်မှာ ငါ၏ ရည်မှန်းချက်ဖြစ်၏။ သို့ရာတွင် အန္တိခရစ်များသည် ဤအရာကို အမိအရ အသုံးချပြီး “စုဝေးပွဲများတွင် အလွန် အရေးပါပြီး အရေးကြီးသည့် ထိုအချိန်အတောအတွင်း၌ သင်သည် စကားစမြည် ပြောဆိုခြင်းကို လုပ်ဆောင်သည်၊ ထို့ကြောင့် ကျွန်ုပ်လည်း လုပ်ဆောင်မည်”ဟု ဆိုလျက် ထိုအရာကို အခွင့်အရေးယူဖို့ ကြိုးစားကြလေသည်။ စကားစမြည် ပြောဆိုခြင်းသည် အမြဲ တူညီသလော။ ဤအမှိုက်သရိုက်များ ဖြစ်သည့် အန္တိခရစ်များသည် သမ္မာတရားကိုပင် နားမလည်ကြ။ ထို့ကြောင့် ၎င်းတို့၏ စကားစမြည်ပြောဆိုခြင်းမှ မည်သည့်အရာ ဖြစ်လာနိုင်သနည်း။ ၎င်းတို့၏ ပုံပြင်များ သို့မဟုတ် ဟာသများမှ မည်သည့်အရာ ဖြစ်လာနိုင်သနည်း။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့် ဤသားရဲတိရစ္ဆာန်များသည် သမ္မာတရားကို မိတ်သဟာယပြုခြင်း၊ ပုံပြင်များ ပြောပြခြင်းတို့နှင့်ဆိုင်သည့် လေးနက်သော ကိစ္စများကို အလွန်ပင် အပေါ်ယံဆန်စွာနှင့် သာမန်ကာလျှံကာ သဘောထားကြသည်။ ဤအရာကို မည်သည့် လူစားမျိုးတို့က လုပ်ဆောင်ကြသနည်း။ အန္တိခရစ်များ၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့် လူများနှင့် သမ္မာတရားကို မလိုက်စားသည့် လူတို့က ဤကဲ့သို့သော အရာများ လုပ်ဆောင်ရခြင်းကို နှစ်သက်ကြပေသည်။

ညီအစ်ကို မောင်နှမများ၏ မျက်လုံးများ၊ လူအများစု၏ မျက်လုံးများသည် အန္တိခရစ်များ ဆောင်ရွက်သည့် ဟန်ဆောင်သော လုပ်ရပ်များတွင် မည်သည့် အပြစ်အနာအဆာကိုမျှ လေ့လာဆန်းစစ်ပြီး ဖော်ထုတ်နိုင်ခြင်း မရှိလုနီးပါးပင် ဖြစ်လေသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် အန္တိခရစ်များက မိမိတို့၏ အပြစ်အနာအဆာများကို ဖုံးဖိကာ ဖုံးကွယ်ထားပြီး သင့်ကို မြင်ခွင့်ပေးမည်မဟုတ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ကောက်ကျစ်ဆိုးယုတ်သည့် ဘက်ခြမ်း၊ မိမိတို့၏ ကိုယ်ကျင့်တရားပျက်သော ဘက်ခြမ်းနှင့် မကောင်းသည့် ဘက်ခြမ်းကို မမြင်ကွယ်ရာတွင် ထိန်းသိမ်းထားကြသည်။ “မမြင်ကွယ်ရာ”ဟူသည်မှာ မည်သည့်နေရာ ဖြစ်သနည်း။ သင် မမြင်နိုင်သည့်နေရာများ၊ ဆိုလိုသည်မှာ ၎င်းတို့၏ အိမ်၊ လူမှုအဖွဲ့အစည်း၊ ၎င်းတို့၏ အလုပ်၊ ၎င်းတို့၏ ဆွေမျိုးများနှင့် မိတ်ဆွေများရှေ့တွင် ဖြစ်သည်။ ဤသည်တို့မှာ သင် မမြင်နိုင်သည့် သို့မဟုတ် ထိတွေ့ဆက်ဆံခြင်းမရှိသည့် နယ်ပယ်များဖြစ်သည်။ သင် မြင်နိုင်ပြီး ထိတွေ့နိုင်သည့် ၎င်းတို့၏ စကားများနှင့် အပြုအမူတို့သည် ဟန်ဆောင်မှုဖြစ်သည့် ၎င်းတို့၏ ဘက်ခြမ်း၊ အပေါ်ယံမွမ်းမံမှုကို ကြုံရသည့် ၎င်းတို့၏ ဘက်ခြမ်း လုံးလုံး ဖြစ်ပေသည်။ သင် မမြင်နိုင်သည့် ၎င်းတို့၏ ဘက်ခြမ်းမှာ ၎င်းတို့၏ စစ်မှန်သော အနှစ်သာရ၊ ၎င်းတို့၏ စစ်မှန်သော သဘောသဘာဝ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့၏ စစ်မှန်သော သဘောသဘာဝဟူသည်မှာ အဘယ်နည်း။ ၎င်းတို့၏ ဘာသာတရားမရှိသော မိသားစု အနီးဝန်းကျင်တွင် ရှိသည့်အခါ ၎င်းတို့သည် မကောင်းသည့် စကားမျိုးစုံဖြစ်သည့် စောဒကတက်ခြင်းများ၊ မကျေမချမ်းဖြစ်သော စကားများနှင့် အခြားသူတို့အပေါ် ရန်လိုသော စကားများ၊ ညီအစ်ကို မောင်နှမများကို ဝေဖန်ကာ ရှုတ်ချသည့် စကားများ၊ ဘုရားအိမ်တော်က မဖြောင့်မတ်ခြင်းအကြောင်း စောဒကတက်သည့် စကားများကို ပြောဆိုကြသည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ မချန်ထားဘဲ အနည်းငယ်မျှပင် ချုပ်တည်းခြင်းမရှိဘဲ ဤအရာများအားလုံးကို ပြောဆိုကြသည်။ ၎င်းတို့၏ ဆွေမျိုးများနှင့် မိတ်ဆွေများ အနီးဝန်းကျင်တွင်ရှိသည့်အခါ ၎င်းတို့သည် လောကီအကြောင်းကို ဆွေးနွေးကြပြီး အခြားမိသားစုများ အကြောင်းကို အတင်းပြောကြသည်။ ဘာသာတရားမရှိသူများ၏ လောကီဆန်သော လှုပ်ရှားမှုများအားလုံးတွင် ပါဝင်ကြပြီး မင်္ဂလာဆောင်များနှင့် အသုဘအခမ်းအနားများတွင်ပင် တက်ကြွစွာ ပါဝင်ကြသည်။ ၎င်းတို့သည် ဘာသာတရားမရှိသူများနှင့်အတူ အတင်းပြောကြသည်၊ အခြားသူတို့ကို ဝေဖန်ကာ ကျိန်ဆဲကြသည်၊ လူတို့အကြောင်း အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်ပြီး ၎င်းတို့နောက်ကွယ်တွင် အသရေဖျက်ကြသည်။ ဤအရာများအားလုံးကို ၎င်းတို့ ပြောဆိုကြလေသည်။ ဘာသာတရား မရှိသူများထဲတွင် ရှိသည့်အခါ အခြားလူတို့နှင့် ဆက်ဆံနေစဉ်တွင် ၎င်းတို့သည် လူတို့ကို ကလိမ်ကျကြသည်၊ အုပ်စုများဖွဲ့ကြသည်၊ လူတို့ကို တိုက်ခိုက်ကြပြီး လုပ်ငန်းခွင်တွင် လူတို့ကို အမှုဆင်နိုင်ကြသည်၊ အခြားသူတို့နှင့်ပတ်သက်၍ မဟုတ်တမ်းတရားများ ပြောပြီး ပိုမိုမြင့်မားသည့် ရာထူးတစ်ခုရရှိဖို့ အခြားသူတို့ကို ချနင်းကြလေသည်။ ဤအရာများအားလုံးကိုလည်း ၎င်းတို့ လုပ်ဆောင်နိုင်ကြသည်။ ၎င်းတို့၏ မိသားစုများ သို့မဟုတ် ဘာသာတရားမရှိသူများနှင့်အတူရှိသည့်အခါ ၎င်းတို့သည် သည်းခံခြင်း၊ စိတ်ရှည်ခြင်း သို့မဟုတ် နှိမ့်ချခြင်း ရှိရမည့်အစား မိမိတို့၏ စစ်မှန်သည့် စရိုက်များကို လုံးဝ ထုတ်ဖော်ပြကြသည်။ ဘုရားအိမ်တော်တွင်မူ ၎င်းတို့သည် သိုးရေခြုံထားသည့် ဝံပုလွေများဖြစ်ပြီး ဘာသာတရားမရှိသူများ၊ ဘုရားသခင်ကို မယုံကြည်သည့်လူများ ကြားတွင်ရှိသည့်အခါ ၎င်းတို့၏ ဝံပုလွေမျက်နှာကို အားလုံးမြင်ဖို့အတွက် ထုတ်ဖော်ပြကြလေသည်။ ၎င်းတို့သည် ၎င်းတို့၏ အကျိုးအမြတ်များ၊ စကားတစ်ခွန်းအတွက်၊ ပြောဆိုချက်တစ်ခုအတွက် ဘာသာတရားမရှိသူများအပေါ် တိုက်ခိုက်ကြပြီး ၎င်းတို့၏ မျက်နှာများနီရဲသွားသည်အထိတိုင် အသေးငယ်ဆုံးသော အကျိုးစီးပွားအတွက် ဘာသာတရားမရှိသူများနှင့် မပြီးနိုင်မဆုံးနိုင်အောင် ငြင်းခုံကြလိမ့်မည်။ ၎င်းတို့အနေဖြင့် ဘုရားအိမ်တော်တွင် မည်သည့် အကျိုးအမြတ်မျှ မရရှိလျှင် သို့မဟုတ် ပြုပြင်ခြင်းခံရလျှင် ၎င်းတို့ အိမ်သို့သွားပြီး ရုတ်ရုတ်သဲသဲ ဖြစ်စေကြသည်၊ ပြဿနာ ဖန်တီးကြပြီး ၎င်းတို့အပေါ် ၎င်းတို့၏ မိသားစုအား ကြောက်ရွံ့စေသည့် နည်းလမ်းတစ်ခုဖြင့် ပြုမူကြလေသည်။ ဘာသာတရားမရှိသူများကြားတွင် ၎င်းတို့သည် ခရစ်ယာန် လူမှုရေးကျင့်ဝတ် မရှိသကဲ့သို့ ခရစ်ယာန်များ ပြုသင့်သကဲ့သို့ သက်သေခံခြင်း မရှိကြချေ။ ၎င်းတို့သည် လူသားပင်မဟုတ်၊ ဝံပုလွေစစ်စစ် ဖြစ်ကြသည်။ ဘုရားအိမ်တော်တွင်လည်းကောင်း၊ ညီအစ်ကို မောင်နှမများရှေ့တွင်လည်းကောင်း၊ ၎င်းတို့သည် ကတိများပြုကြသည်၊ ကျမ်းသစ္စာများ ကျိန်ဆိုကြသည်၊ မိမိတို့၏ စိတ်ပိုင်းဖြတ်ချက်များကို ဖော်ပြကြပြီး ၎င်းတို့အနေဖြင့် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် လိုလားပုံပေါက်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်းရှိသည်ဟု ထင်ရလေသည်။ သို့သော် ဘာသာတရားမရှိသူများကြားသို့ ၎င်းတို့ လာကြသည့်အခါ ၎င်းတို့၏ လိုက်စားမှုများနှင့် ယုံကြည်မှုများက ဘာသာတရားမရှိသူများ၏ ယုံကြည်မှုများနှင့် အတူတူပင် ဖြစ်သည်။ အချို့သည် ဘာသာတရားမရှိသူများ လုပ်ဆောင်သကဲ့သို့ပင် ထင်ရှားကျော်ကြားသူများ နောက်သို့ပင် လိုက်ကြပြီး ထင်ရှားကျော်ကြားသူများ နေ့တိုင်းဝတ်သည့်အရာ၊ ခန္ဓာကိုယ်အပေါ်ပိုင်းကို ဖော်ခြင်း၊ ဆံပင်ကို ဖိုသီဖတ်သီ ဖြစ်စေခြင်းနှင့် မိတ်ကပ် ထူထူလိမ်းခြင်းတို့ကို အတုခိုးကြလေသည်။ ၎င်းတို့သည် လူနှင့်လည်းမတူ၊ သရဲတစ္ဆေနှင့်လည်း မတူကြပေ။ ၎င်းတို့သည် ဘဝက ရသအလွန်ပြည့်ဝသည်ဟု ခံစားရင်း နေ့တိုင်း ခေတ်ဆန်သော အဝတ်အစားများဝတ်ကာ ခေတ်ကို အမီလိုက်ကြပြီး ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးတွင် ဘာသာတရားမရှိသူများ အသက်ရှင်ကြသည့်ပုံစံအပေါ် စက်ဆုပ်ရွံရှာသည့်ခံစားချက် လုံးဝ မရှိကြပေ။ အန္တိခရစ်များသည် အမှုအရာများစွာကို လုပ်ဆောင်ကြပြီး အသင်းတော်တွင် မိမိတို့ကိုယ်တိုင်အတွက် နေရာတစ်ခု သေချာစေရန်နှင့် လူတို့၏ စိတ်နှလုံးများတွင် ဂုဏ်သိက္ခာနှင့် အဆင့်အတန်း ရှိရန်အတွက် အစွမ်းကုန် အားထုတ်ကြသည်။ ဤအားထုတ်မှုကို ၎င်းတို့၏ ရည်မှန်းချက်များ ဖြစ်မြောက်အောင်မြင်ရန်နှင့် အခြားသူတို့အား ၎င်းတို့ကို အထင်ကြီးကာ ကိုးကွယ်စေရန်အတွက် လုံးဝ ပြုလုပ်ခြင်း ဖြစ်သည်။ ဤအပြုအမူများ၊ လုပ်နည်းကိုင်နည်းများနှင့် အပြင်ပန်း ထုတ်ဖော်ပြချက်များက မမြင်ကွယ်ရာတွင် ၎င်းတို့ အသက်ရှင်ပုံနှင့် သိသာထင်ရှားသော နှိုင်းယှဉ်ချက်တစ်ခု ဖြစ်စေပြီး လူတို့နောက်ကွယ်ရှိ ၎င်းတို့၏ လုပ်ရပ်များနှင့် အပြုအမူတို့သည် ခရစ်ယာန်များ လုပ်ဆောင်သင့်သည့်အရာများ လုံးဝ မဟုတ်ပေ။ ထိုသို့သော သိသာထင်ရှားသည့် နှိုင်းယှဉ်ချက်တစ်ခုဖြင့် ၎င်းတို့ လုပ်ဆောင်သမျှတိုင်းနှင့် ညီအစ်ကို မောင်နှမများ အနီးဝန်းကျင်တွင် ထုတ်ဖော်ပြသမျှတိုင်းက ဟန်ဆောင်မှုချည်းသာဖြစ်ကြောင်း၊ ထိုအရာသည် စစ်မှန်ခြင်းမရှိသကဲ့သို့ သဘာဝကျသည့် ထုတ်ဖော်ပြချက်တစ်ခု မဟုတ်ကြောင်း ငါတို့ ဆုံးဖြတ်နိုင်သည်။ အန္တိခရစ်များသည် မိမိတို့၏ ရည်မှန်းချက်များကို ဖြစ်မြောက်အောင်မြင်ရန်အတွက်သာ ဟန်ဆောင်မှုကို လုပ်ဆောင်ကြသည်။ သို့မဟုတ်လျှင် ၎င်းတို့သည် ဤအရာများကို လုပ်ဆောင်ရန် လုံးဝ လိုက်လျောပေးကြမည် မဟုတ်ပေ။ ၎င်းတို့ လုပ်ဆောင်သည့်အရာနှင့် မမြင်ကွယ်ရာတွင် ၎င်းတို့၏ စိတ်သဘောထားများ၏ ထုတ်ဖော်ပြချက်များအပြင် ၎င်းတို့၏ ကိုယ်ပိုင်လိုက်စားမှုများအားဖြင့် အကဲဖြတ်သည့်အခါ ၎င်းတို့သည် ဆင်းရဲဒုက္ခကို ခါးစည်းခံခြင်းနှင့် အဖိုးအခပေးခြင်း သို့မဟုတ် ခရစ်ယာန်လမ်းကြောင်း လိုက်လျှောက်ခြင်းတို့ကို နှစ်သက်ရန် မဆိုထားနှင့်၊ သမ္မာတရားကို မချစ်ကြ၊ အပြုသဘောဆောင်သည့် အရာများကို မချစ်ကြ၊ ယဉ်ကျေးဖွယ်ရာအပြုအမူနှင့် တည်ကြည်ခြင်းတို့ကို မခုံမင်ကြပေ။ ထို့ကြောင့် ၎င်းတို့ ပြသသည့် ဤအပြုအမူကောင်းများသည် ၎င်းတို့၏ စိတ်နှလုံးများမှ ပေါက်ဖွားခြင်းမဟုတ်၊ ဆန္ဒအလျောက်မဟုတ်၊ စစ်မှန်ခြင်း မရှိဘဲ ထို့ထက် ၎င်းတို့၏ ကိုယ်ပိုင် အလိုဆန္ဒကို ဆန့်ကျင်လေသည်။ အခြားသူတို့ မြင်ရန် လုပ်ဆောင်ထားခြင်းဖြစ်ပြီး မျက်နှာသာရရှိရန်နှင့် လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရန် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ လူအချို့က “လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်းမှ မည်သည့် အကျိုးကျေးဇူးကို ၎င်းတို့ ခံစားကြသနည်း”ဟု ပြောကြသည်။ ဤသည်မှာ အန္တိခရစ်များက သာမန်လူများနှင့် ကွဲပြားသွားသည့်နေရာ ဖြစ်သည်။ ဤအကျိုးကျေးဇူးက ၎င်းတို့အတွက် အင်မတန် အရေးကြီးပေသည်။ သို့ဆိုလျှင် ဤအကျိုးကျေးဇူးသည် မည်သည့်အရာ ဖြစ်သနည်း။ လူတို့ကြားတွင် ၎င်းတို့ ရပ်သည့်အခါ ၎င်းတို့ကို မသိသည့်သူ မရှိ၊ ၎င်းတို့ကို အားပေးထောက်ခံခြင်း မရှိသူ မရှိ၊ ၎င်းတို့ကို မချီးမွမ်းသူ မရှိ၊ ၎င်းတို့ကို မကိုးကွယ်သူ မရှိခြင်းတို့ ဖြစ်သည်။ လူတို့သည် ၎င်းတို့တွင် ပြဿနာတစ်ခုရှိသည့်အခါ ဘုရားသခင်ကို ရှာဖွေကာ ဆုတောင်းမည့်အစား အန္တိခရစ်ကို ရှာကြသည်။ ပြီးလျှင် လူတိုင်းက အန္တိခရစ်ကို ကိုးကွယ်ပြီး ဝန်းရံသည့်အခါတွင် ထိုအန္တိခရစ်က မည်သို့ ခံစားရသနည်း။ ၎င်းတို့သည် ဘုရားနှင့်တူသောသူတစ်ဦး သို့မဟုတ် သာမန်ထက်ထူးခြားသောလူတစ်ဦးဖြစ်သည်ဟု ခံစားကြပြီး တိမ်များပေါ်တွင် လွင့်မျောနေသည့်အလား ခံစားကြသည်၊ အရူးအမူးဝမ်းသာကြလေသည်။ ယင်းမှာ သာမန်လူတစ်ဦး အသက်ရှင်နေထိုင်ပုံနှင့် ကွာခြားပေသည်။ ၎င်းတို့အနေဖြင့် လူတို့ကြားတွင် ရှိသောအခါ လူတိုင်းက ၎င်းတို့အပေါ် တစ်ပုံတစ်ပင် ချီးမွမ်းပြီး လေးစားကြကာ လအနီးတွင် စုပြုံဝန်းရံနေသည့် ကြယ်များကဲ့သို့ ၎င်းတို့ကို ချီးမွမ်းထောမနာပြုကြသည်။ ဤသည်မှာ ကောင်းလိုက်သည့် ခံစားချက်တစ်ခုပါတကား၊ ပြီးလျှင် ၎င်းတို့၏ စိတ်နှလုံးတွင် သာယာကြည်နူးခြင်း၊ နှစ်သိမ့်ခြင်းနှင့် ပျော်ရွှင်ခြင်း မည်မျှရှိလိုက်သနည်း။ ဤသည်မှာ အန္တိခရစ်များ အလိုရှိသည့်အရာ အတိအကျဖြစ်ပေသည်။ သို့သော် လူ့အဖွဲ့တစ်ခုတွင် မည်သူကမျှ အန္တိခရစ်ကို တစ်စက်မျှ အာရုံမစိုက်လျှင်၊ အလွန်နည်းပါးသော လူတို့က ၎င်းတို့၏ နာမည်ကိုသိလျှင်၊ ၎င်းတို့၏ အားသာချက်ကို မည်သူမျှမသိလျှင် လူအများစု၏ စိတ်များတွင် ၎င်းတို့ကို သာမန်လူတစ်ဦး၊ ထူးခြားသည့် မည်သည့်စရိုက်လက္ခဏာမျှ မရှိသောသူတစ်ဦး၊ မည်သည့်အားသာချက်မျှ မရှိ၊ ၎င်းတို့နှင့်ပတ်သက်၍ သာမန်ထက်ထူးခြားသောအရာတစ်ခုမျှ မရှိ၊ အခြားလူတို့က အထင်ကြီးရမည့်၊ သို့မဟုတ် လေးစားရိုသေရမည့်အရာတစ်ခုမျှ သို့မဟုတ် တစ်ဦးတလေအတွက် လေးစားစွာ ပြောရမည့်အရာတစ်ခုမျှ မရှိသည့် လူတစ်ဦးအဖြစ် သဘောထားခြင်း ခံရလျှင်၊ ဤအရာက အန္တိခရစ်ကို ကသိကအောက်ဖြစ်စေပြီး ၎င်းတို့၏ စိတ်နှလုံးတွင် စိတ်မကောင်းဖြစ်ကြလေသည်။ ၎င်းတို့သည် နတ်ဘုရားကဲ့သို့ မခံစားရ သို့မဟုတ် တိမ်များပေါ် လွင့်မျောနေသကဲ့သို့ မခံစားရပေ။ ၎င်းတို့အတွက် ဤကဲ့သို့ အသက်ရှင်ခြင်းသည် အလွန်ငြီးငွေ့ဖွယ် ဖြစ်သည်၊ အလွန် ကသိကအောက်ဖြစ်စရာ ဖြစ်သည်၊ အလွန် မွန်းကျပ်စရာဖြစ်သည်၊ အလွန် ဆန္ဒမပြည့်ဝစရာဖြစ်ပြီး မတန်ပေ။ ၎င်းတို့အနေဖြင့် မိမိတို့၏ ဘဝတစ်လျှောက်လုံးတွင် တာဝန်တစ်ခုခုကို ထမ်းဆောင်ကာ စံနှုန်းပြည့်မီသည့် ဖန်ဆင်းခံတစ်ဦး ဖြစ်လာလျက် သာမန်လူတစ်ဦးသာ ဖြစ်ရမည်ဆိုလျှင် ထိုသို့သောဘဝတစ်ခုတွင် ပျော်ရွှင်မှု ရှိသလော့။ ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အဘယ်သို့ဖြစ်ပြီး ပျော်ရွှင်မှု အလွန်နည်းပါးနိုင်ရသနည်းဟု စဉ်းစားကြသည်။ ၎င်းတို့အတွက် ဤသည်မှာ အလွန်နိမ့်ကျသည့် စံနှုန်းတစ်ခုဖြစ်ပြီး မြှင့်တင်ရန် လိုအပ်ပေသည်။ သို့သော် ထိုအရာကို မည်သို့ မြှင့်တင်ရမည်နည်း။ လူတို့အနေဖြင့် ၎င်းတို့ကို အထင်ကြီးကာ အလွန်လေးစားကြည်ညိုကြရန်အလို့ငှာနှင့် ထည်ဝါမှုမရှိသည့် ဘဝတစ်ခုကို ၎င်းတို့ အသက်ရှင်နိုင်ကြရန်အလို့ငှာ ၎င်းတို့၏ ထင်ပေါ်ကျော်ကြားမှုကို ၎င်းတို့ တိုးပွားစေရမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ ဆုတောင်းကြသည့်အခါ ကိုယ့်အိမ်တွင်ကိုယ် ဆုတောင်းရမည့်အစား အသင်းတော်သို့ သွားဆုတောင်းကြသည်၊ ညီအစ်ကို မောင်နှမများနှင့်အတူ စုဝေးချိန်တွင် ဆုတောင်းကြသည်၊ ကျယ်လောင်စွာ ဆုတောင်းကြသည်၊ သဒ္ဒါနည်းကျ၊ ယုတ္တိရှိရှိ၊ အစီအစဉ်တကျရှိသော နည်းလမ်းတစ်ခုဖြင့် ဆုတောင်းကြပြီး လေးလေးနက်နက် ဆုတောင်းကြသည်။ ထိုသို့ဖြင့် ရှိသည့်လူတိုင်းက ကြားနိုင်ကြသည်၊ ရှိသည့်လူတိုင်းက ၎င်းတို့၏ စကားပြောကောင်းခြင်းနှင့် ရှင်းလင်းသည့် တွေးခေါ်မှုကို ကြားနိုင်ကြပြီး ၎င်းတို့တွင် ကိုယ့်လိုက်စားမှုနှင့်ကိုယ် ရှိသည်ကို သိနိုင်ကြလေသည်။ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုသည့်အခါတွင်လည်း အိမ်တွင် တစ်ဦးတည်း မဖတ်ကြပေ။ ပထမဆုံးအနေဖြင့် ၎င်းတို့က အိမ်တွင် ပြင်ဆင်ကြပြီးနောက် ၎င်းတို့ ဖတ်ရှုသည့် ဘုရားနှုတ်ကပတ်တော်များအားလုံးက အရေးကြီးကြောင်း၊ အလွန်အရေးပါသည်ချည်းသာဖြစ်ကြောင်းကို အခြားလူတို့ မြင်ရန်အလို့ငှာ အခြားသူတို့ ကြားဖို့အတွက် ဖတ်ရှုကြလေသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ကြသည်ဖြစ်စေ၊ မမြင်ကွယ်ရာတွင် ၎င်းတို့၏ ကြိုတင်ပြင်ဆင်မှုကို အမြဲ လုပ်ဆောင်ကြပြီး ၎င်းတို့ ပြင်ဆင်ထားသည့်အခါတွင်သာ အခြားသူတို့က ၎င်းတို့ကို လေးစားဖွယ် ဖြစ်သည်ဟု တွေးထင်ပြီး အသိအမှတ်ပြုကြသည့်အခါတွင်သာ အခြားသူတို့ရှေ့သို့ ၎င်းတို့ လာကြလေသည်။ အခြားသူများရှေ့တွင် ယူမလာမီ အိမ်တွင် မှန်ရှေ့၌ ကြိုတင်လေ့ကျင့်ကာ ပြင်ဆင်ကြသည့်သူအချို့ပင် ရှိသည်။ ထိုအရာကို အခြားလူတို့ရှေ့ ၎င်းတို့ ယူလာကြသည့်အခါတွင် မူလဇာစ်မြစ်အဖြစ်ဆုံးအခြေအနေတွင် မရှိတော့ဘဲ အကြိမ်များစွာ ဖန်တီးပြုပြင်ခြင်းကို ကြုံရနှင့်ပြီးဖြစ်သည်။ အန္တိခရစ်များ၏ အတွေးအခေါ်များ၊ အမြင်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ စဉ်းလဲသော အကြံများနှင့် လက်သီးပုန်းထိုးသော နည်းလမ်းများဖြင့် ပြုပြင်ဖန်တီးခံရနှင့်ပြီး ဖြစ်သည်။ အသင်းတော်နှင့် လူတို့ကြားတွင် အဆင့်အတန်းနှင့် ထင်ပေါ်ကျော်ကြားမှုတို့ ရှိခြင်းတည်းဟူသော ၎င်းတို့၏ ရည်မှန်းချက်ကို ဖြစ်မြောက်အောင်မြင်ရန်အလို့ငှာ၊ အန္တိခရစ်များသည် ဤအရာများကို လုပ်ဆောင်ရန် မည်သည့်အဖိုးအခမဆို ပေးဆပ်ရာတွင် နောက်တွန့်ကြလိမ့်မည် မဟုတ်။ ထို့ကြောင့် ဤအရာအားလုံးကို အဘယ်အရာဟု ခေါ်ဆိုသနည်း။ ယင်းတို့သည် စစ်မှန်သည့် ထုတ်ဖော်ပြချက်များ ဖြစ်သလော။ ယင်းတို့သည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို လိုက်စားသည့် တစ်စုံတစ်ဦးက လုပ်ဆောင်သင့်သော လက်တွေ့လုပ်ဆောင်မှုများ ဖြစ်သလော။ (မဟုတ်ပါ။) ယင်းတို့အားလုံးသည် ဟန်ဆောင်မှုမှ ပေါက်ဖွားလာခြင်း ဖြစ်သည်။ အန္တိခရစ်များသည် တစ်ဦးတစ်ယောက်ကို အလွန် စက်ဆုပ်စေသော ဟန်ဆောင်မှုများစွာကို လုပ်ဆောင်တတ်ကြလေသည်။

လူအချို့သည် ပထမဆုံးအနေဖြင့် အကြမ်း မပြင်ဆင်ရသေးလျှင် စုဝေးပွဲများ၌ မိတ်သဟာယပြုပေးကြမည် မဟုတ်ပေ။ ၎င်းတို့သည် မမြင်ကွယ်ရာတွင် အကြမ်းတစ်ခုကို ပထမဆုံး ပြင်ဆင်ရမည်၊ ထိုအရာကို အကြိမ်များစွာ ပြုပြင်ရမည်၊ ဖန်တီးပြင်ဆင်ရမည်၊ ပြုပြင်မွမ်းမံရမည်ဖြစ်ပြီး အဆင်သင့်ဖြစ်သည့်အခါတွင်သာ ညီအစ်ကို မောင်နှမများရှေ့တွင် မိတ်သဟာယပြုကြလိမ့်မည် ဖြစ်သည်။ တစ်စုံတစ်ဦးက ၎င်းတို့ထံ “ကျွန်ုပ်တို့အားလုံးသည် ဤနေရာတွင် ညီအစ်ကို မောင်နှမများချည်းသာ ဖြစ်သည်။ စုဝေးပွဲများတွင် ရိုးသားစွာနှင့် မှန်ကန်စွာသာ စကားပြောပါလော့။ စိတ်ထဲတွင် ပေါ်လာသည့် မည်သည့်အရာမဆိုကိုသာ ပြောလော့။ ယင်းမှာ အကောင်းဆုံးနည်းလမ်း ဖြစ်သည်”ဟု ပြောသည်။ ၎င်းတို့က “ကျွန်ုပ် မပြောနိုင်ပါ။ ကျွန်ုပ် ထိုသို့ပြောလျှင် ညီအစ်ကို မောင်နှမများက ကျွန်ုပ်ကို အထင်သေးကြလိမ့်မည်”ဟု ပြန်ပြောကြသည်။ သင်မြင်သလော၊ ၎င်းတိုသည် မရည်ရွယ်ဘဲ မှန်ကန်သည့် တစ်စုံတစ်ရာကို ပြောမိကြသည်။ ကဏ္ဍတိုင်းတွင် ၎င်းတို့သည် မိမိတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်စောင့်ရှောက်ဖို့အတွက် အမှုအရာများကို လုပ်ဆောင်ကြသည်။ ထူးချွန်သည့် ပါရမီများရှိသည့် လူအချို့၊ ပါမောက္ခများ၊ တက္ကသိုလ်ကျောင်းသားများ၊ ပါရဂူဘွဲ့နှင့်ဆိုင်သော ကျောင်းသားများ သို့မဟုတ် လူ့အဖွဲ့အစည်းတွင်ရှိသည့် သိပ္ပံဆိုင်ရာ သုတေသနပြုသူများတို့သည် မိမိတို့ကိုယ်ကို သက်သေပြကာ မိမိတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ကာကွယ်စောင့်ရှောက်ဖို့ရန်အလို့ငှာ လူတို့နှင့်ဆက်ဆံဖို့အတွက် အချို့သော ဟန်ဆောင်သည့် အပြုအမူများနှင့် ပြုပြင်ဖန်တီးထားသည့် အပြုအမူများကို အသုံးပြုကြလေသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် လူတို့နှင့် ဆက်ဆံဖို့ မျက်နှာဖုံး တပ်ကြပြီး ၎င်းတို့ အမှန်တကယ် မည်သည့်အရာနောက်လိုက်နေကြသည်၊ ၎င်းတို့တွင် အားနည်းချက် တစ်ခုတလေ ရှိမရှိ၊ မမြင်ကွယ်ရာတွင် ၎င်းတို့ မည်သည့်အရာကို တိတ်တဆိတ်လုပ်ဆောင်နေကြသည် ဟူသည်တို့ကို လူတို့ လုံးဝ မသိရှိကြပေ။ ပြီးလျှင် ၎င်းတို့၏ သီးသန့်ဘဝနှင့်လည်းကောင်း၊ ၎င်းတို့ ကျင့်ကြံပြုမူပြီး လောကကို ဆက်ဆံပုံနှင့်လည်းကောင်း ပတ်သက်လာသည့်အခါ သံသယ အရိပ်အယောင်တစ်ခု အမြဲရှိသည်၊ မေးခွန်းတစ်ခု အမြဲရှိလေသည်။ ဤလူများသည် ထိုသို့သော နက်နဲသည့် ဟန်ဆောင်မှုကို လုပ်ဆောင်ကြသည် မဟုတ်လော။ သို့ဆိုလျှင် သင်တို့သည် ဤလူများကို မည်သို့ ဆက်ဆံသင့်သနည်း။ ၎င်းတို့သည် သင်တို့နှင့်ပတ်သက်၍ ဟန်ဆောင်ထားသောကြောင့် သင်တို့က ၎င်းတို့နှင့်ပတ်သက်၍ ဟန်ဆောင်သည်မှာ ဖြစ်သင့်သလော။ ဥပမာအနေဖြင့် ၎င်းတို့သည် သင်တို့နှင့် ဆုံသည့်အခါတွင် ယဉ်ကျေးသော အာလာပသလ္လာပစကားများကိုသာ ပြောဆိုကြသည်။ ထို့ကြောင့် သင်တို့သည်လည်း ၎င်းတို့နှင့်ပတ်သက်၍ စဉ်ဆက်မပြတ်သာ ယဉ်ကျေးပေးနေကြသည်။ ဤသည်မှာ လက်ခံနိုင်ဖွယ်ဖြစ်သလော။ (မဖြစ်ပါ။) သို့ဆိုလျှင် ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံရန် သင့်တင့်လျောက်ပတ်သော နည်းလမ်းမှာ အဘယ်နည်း။ (၎င်းတို့က ဤသရုပ်သကန်များ ပြသနေသည်ကို တစ်ဦးတစ်ယောက်က သိရှိသွားသည့်အခါ ၎င်းတို့ကို ပထမဆုံး ဖော်ထုတ်သင့်သည်၊ ဤစိတ်သဘောထားမျိုး၏ သဘာဝ အနှစ်သာရက မည်သည့်အရာ ဖြစ်သည်ဟူသည်ကိုလည်းကောင်း၊ ထိုအရာကို မည်သည့် ကြံရွယ်ချက်က စိုးမိုးထားသည်ဟူသည်ကိုလည်းကောင်း ၎င်းတို့နှင့်အတူ မိတ်သဟာယပြုသင့်ပေသည်။ ထိုသူပြောသည့်အရာကို ၎င်းတို့ လက်မခံလျှင် ထိုသူသည် ၎င်းတို့နှင့် ထပ်မံ၍ မိတ်သဟာယမပြုသင့်ပေ။) သင်သည် ၎င်းတို့ကို ဖော်ထုတ်ရမည်ဖြစ်ပြီး သင် ပြောသည့်အရာကို ၎င်းတို့က လက်မခံလျှင် ၎င်းတို့ကို ရှောင်ရှားလော့။ ၎င်းတို့၏ အထင်အမြင်မှားစေခြင်းခံရပြီး ၎င်းတို့ကို ကိုးကွယ်နိုင်သေးသည့်သူ သင်တို့ထဲတွင် တစ်ဦးတလေ ရှိသလော။ ယခု သင်တို့တွင်ရှိသည့် ဝိညာဉ်ရင့်ကျက်မှုဖြင့် သင်တို့သည် အခြေခံအားဖြင့် ဤသိသာထင်ရှားသော ဖာရိရှဲများကို အနည်းငယ် ထွင်းဖောက်သိမြင်နိုင်သော်လည်း ပိုမိုတတ်စွမ်းနိုင်သည့် တစ်စုံတစ်ဦး၊ ဟန်ဆောင်မှုလုပ်ဆောင်နိုင်သည့် တစ်စုံတစ်ဦး၊ မိမိတို့ကိုယ်ကို အလွန်ဖုံးဖိထားသည့် တစ်စုံတစ်ဦးကို သင် ကြုံရလျှင် ၎င်းတို့ကို သင်တို့ ထိုးထွင်းသိမြင်နိုင်လိမ့်မည်လော။ ၎င်းတို့အနေဖြင့် မှန်ကန်သည့်အရာများကိုသာ အမြဲ ပြောဆို၊ လုပ်ဆောင်လျှင်၊ ၎င်းတို့တွင် အပြစ်အနာအဆာများမရှိသကဲ့သို့ မည်သည့် အမှားမျှ လုံးဝ မပြုလုပ်သည့်ပုံပေါ်လျှင်၊ သင်သည် တစ်ခါတစ်ရံ အချို့သော ကိစ္စရပ်များဖြင့် အပျက်သဘောဆောင်ပြီး အားနည်းလာသော်လည်း ၎င်းတို့က လုံးဝ ထိုသို့မဖြစ်လျှင်၊ ထိုသို့ ၎င်းတို့ဖြစ်လျှင် ၎င်းတို့ဘာသာ ဖြေရှင်းနိုင်ပြီး ထိုအရာမှ အလျင်အမြန် လွတ်မြောက်နိုင်သော်လည်း သင်က မလွတ်မြောက်နိုင်လျှင် သင်သည် ထိုသို့သော လူများကို ကြုံရသည့်အခါ ၎င်းတို့ကို အသိအမှတ်ပြုပြီး ကိုးကွယ်မိလိမ့်မည်ဖြစ်သည့်အပြင် ၎င်းတို့ထံမှ သင်ယူကာ ၎င်းတို့နောက်လိုက်လိမ့်မည် ဖြစ်သည်။ သင်သည် ထိုသို့သော လူများကို ပိုင်းခြားသိမြင်နိုင်ခြင်းမရှိလျှင် ၎င်းတို့၏ အထင်အမြင်မှားစေခြင်းကို သင် ခံရလိမ့်မည်၊ မခံရလိမ့်မည်မှာ ပြောရခက်ပေသည်။

ဟန်ဆောင်မှုနှင့်ဆိုင်သည့် ဤအကြောင်းအရာနှင့်ပတ်သက်၍ သွင်ပြင်လက္ခဏာမည်မျှကို ငါတို့ မိတ်သဟာယပြုပြီးပြီနည်း။ သွင်ပြင်လက္ခဏာတစ်ခုမှာ ၎င်းတို့သည် ဆင်းရဲဒုက္ခကို သည်းခံခြင်းအား ဟန်ဆောင်မှုအဖြစ် အသုံးပြုခြင်း ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့သည် ဆင်းရဲဒုက္ခကို အမှန်တကယ် သည်းခံလိုခြင်း မရှိကြသကဲ့သို့ ထိုအရာအပေါ် အလွန် အတိုက်အခံဖြစ်ကြသော်လည်း မိမိတို့၏ ရည်မှန်းချက်များကို ဖြစ်မြောက်အောင်မြင်ရန်အလို့ငှာ အလွန်အင်တင်တင်ဖြင့် ဆင်းရဲဒုက္ခကို သည်းခံကြသည်၊ အမှုအရာများကို စွန့်လွှတ်ကြပြီး အဖိုးအခပေးကြသည်။ ၎င်းတို့ ဆင်းရဲဒုက္ခခံစားပြီးနောက်တွင် ထိုအရာကို ကြိတ်မှိတ်လက်ခံခြင်း မရှိကြသေးသကဲ့သို့ လူများစွာက သတိမပြုမိသောကြောင့် ဤဆင်းရဲဒုက္ခက မတန်ဟု ခံစားကြသည်။ ထို့ကြောင့် ၎င်းတို့သည် ထိုအကြောင်းကို မသိသည့် လူများစွာအား ပြောပြလျက် နေရာတကာ သွားကြော်ငြာကြသည်။ အဆုံးတွင် လူအချို့က ဖြစ်ခဲ့သည့်အရာကို သိရှိလာကြပြီး ၎င်းတို့အပေါ် လေးနက်သည့် ထင်မြင်ချက်တစ်ခု ရှိကြသည်၊ ၎င်းတို့ကို အထင်ကြီးကာ ကိုးကွယ်ကြပြီး ထိုသို့ဖြင့် ၎င်းတို့သည် မိမိတို့၏ ရည်မှန်းချက်များကို ဖြစ်မြောက်အောင်မြင်ကြလေသည်။ လူတို့အနေဖြင့် ၎င်းတို့ကို လူကောင်းဖြစ်သည်ဟု ယုံကြည်ကာ ၎င်းတို့နှင့် ရင်းနှီးကျွမ်းဝင်စေဖို့အလို့ငှာ ဤပုံရိပ်မျိုး၊ ပင်ကိုလက္ခဏာမျိုးနှင့် ပင်ကိုစရိုက်မျိုးကို အသုံးပြုရင်း လူတို့နှင့် ပေါင်းသင်းဆက်ဆံလိုလျက် မိမိတို့ကိုယ်ကို လူကောင်းများအဖြစ်၊ ကောင်းမွန်စွာပြုမူကာ တာဝန်သိသောသူများအဖြစ် ကြော်ငြာကြသည့်သူအချို့လည်း ရှိလေသည်။ ၎င်းတို့သည် သာ၍ပင် များသောလူတို့ထံမှ လေးစားမှုကို ရရှိရန်အလို့ငှာ၊ လူတို့က ၎င်းတို့ကို အထင်ကြီးပြီး ၎င်းတို့က မိမိတို့၏ ထင်ရှားကျော်ကြားမှုကို တိုးပွားအောင်လုပ်နိုင်ဖို့အလို့ငှာ ဤကဲ့သို့ လူကောင်းတစ်ဦးဖြစ်ခြင်းကို မိမိတို့၏ ရည်မှန်းချက်အဖြစ် သဘောထားကြလေသည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အန္တိခရစ်များ အသုံးပြုသည့် အချို့သော လုပ်နည်းကိုင်နည်းများကို အသုံးပြုလျက် ၎င်းတို့၏ ဟန်ဆောင်ထားသော အပြုအမူ နောက်ကွယ်ရှိ ကွယ်ဝှက်ထားသော ရည်မှန်းချက်များနှင့် ၎င်းတို့ ဟန်ဆောင်မှု၏ အနှစ်သာရ၊ ၎င်းတို့အနေဖြင့် ဟန်ဆောင်မှုကို လုပ်ဆောင်နေသည်ဟု သက်သေပြသည့် မည်သည့်အရာများကို ၎င်းတို့ လုပ်ဆောင်၊ ပြောဆိုပြီး မည်သည့်သရုပ်သကန်များကို ၎င်းတို့ ပြသနေသည်ဟူသည်တို့ကို ယခုတင် ငါတို့ ဖော်ထုတ်ကာ စိစစ်ပြီးဖြစ်သည်။ ဤသွင်ပြင်လက္ခဏာနှင့်ပတ်သက်သည့် မိတ်သဟာယကို ဤနေရာတွင် ငါတို့ အဆုံးသတ်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။