အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၃) အခန်း တစ်
၂။ အန္တိခရစ်တို့၏ အကျိုးစီးပွားများ
ခ။ သူတို့၏ တစ်ကိုယ်ရေ ဂုဏ်သတင်းနှင့် အဆင့်အတန်း
ပြီးခဲ့သည့်အခေါက်တွင် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့်ဆိုင်သော အချက်ကိုးကို ငါတို့ မိတ်သဟာယ ပြုခဲ့ကြသည်။ ယင်းနှင့်ပတ်သက်၍ ရိုးရှင်းသော ပြန်လည်ပေါင်းရုံးချက်ကို လုပ်ကြစို့။ ငါတို့၏ စိစစ်မှုအတွက် အန္တိခရစ်များ၏ အကျိုးစီးပွားများကို ကဏ္ဍခွဲမည်မျှအဖြစ်သို့ ငါတို့ ခွဲခဲ့ကြသနည်း။ (ကဏ္ဍခွဲသုံးခုဖြစ်ပါသည်။ ပထမမှာ အန္တိခရစ်များ၏ တစ်ကိုယ်ရေ ဘေးကင်းလုံခြုံမှုဖြစ်သည်၊ ဒုတိယမှာ ၎င်းတို့၏ တစ်ကိုယ်ရေ ဂုဏ်သတင်းနှင့် အဆင့်အတန်းဖြစ်ပြီး တတိယမှာ အကျိုးအမြတ်များ ဖြစ်သည်။) အန္တိခရစ်များနှင့် ဆက်စပ်သည့် အကျိုးစီးပွားများသည် ဤကဏ္ဍခွဲသုံးခု ပါဝင်သည်။ ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းလုံခြုံရေး၊ အဆင့်အတန်းနှင့် ၎င်းတို့၏ တစ်ကိုယ်ရေ အကျိုးအမြတ်များဖြစ်သည်။ မှန်သလော။ (မှန်ပါသည်။) ပထမဆုံး ကဏ္ဍခွဲဖြစ်သည့် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးသည် အတော်အတန် နားလည်ရန် လွယ်ကူသည်။ ထိုအရာသည် ၎င်းတို့ ကြုံရသည့် အန္တရာယ်များသော ပတ်ဝန်းကျင်များနှင့် ဆက်စပ်ပြီး အန္တိခရစ်များ၏ တိုက်ရိုက်အကျိုးစီးပွားများ၊ ၎င်းတို့၏ ဘေးကင်းလုံခြုံရေးတို့ ပါဝင်ပတ်သက်သည်။ ဤကဏ္ဍခွဲနှင့်ပတ်သက်၍ အခြေခံအားဖြင့် ငါတို့ မိတ်သဟာယပြုပြီးဖြစ်သည်။ ဒုတိယကဏ္ဍခွဲမှာ ၎င်းတို့၏ တစ်ကိုယ်ရေ ဂုဏ်သတင်းနှင့် အဆင့်အတန်းဖြစ်သည်။ ပြီးခဲ့သည့်အခေါက်တွင် ဤအရာ၏ သရုပ်သကန်အချို့ကို ငါတို့ မိတ်သဟာယပြုခဲ့ကြသော်လည်း ထိုအရာသည် အမှန်တွင် ယေဘုယျသဘောဖြင့်သာ မိတ်သဟာယပြုခဲ့ခြင်းဖြစ်၏။ သင်တို့အားလုံးအနေဖြင့် ဤကဏ္ဍခွဲအပေါ် အယူအဆဆိုင်ရာ သဘောပေါက်နားလည်နိုင်စွမ်းနှင့် အသိပညာတစ်ခုမျှ ရှိကြသည်ဟု ငါ ယူဆသည်။ သင်တို့ကို ငါ ဥပမာအချို့ မပေးသကဲ့သို့ အသေးစိတ်ကျသည့်၊ ခိုင်လုံသော စိစစ်ချက်တစ်ခုခုကို မပေးလျှင် အန္တိခရစ်များ၏ အနှစ်သာရ၊ သရုပ်သကန်များနှင့်ဆိုင်သည့် ဤကဏ္ဍအပေါ် အယူဝါဒဆိုင်ရာနှင့် စာသားအတိုင်း သိနားလည်မှု အနည်းငယ်သာ သင်တို့ ပိုင်ဆိုင်ကြမည်ဖြစ်ပြီး ဤစစ်မှန်သည့်၊ တိကျသော ထုတ်ဖော်ချက်များနှင့် သရုပ်သကန်များ တစ်ခုမျှ သင်တို့ သဘောပေါက်နိုင်ကြမည် မဟုတ်ပေ။ သင်တို့၏ ရှုထောင့်အမြင်မှနေ၍ ဤအကြောင်းအရာများအပေါ် မိတ်သဟာယပြုခြင်းနှင့် ပတ်သက်လာသည့်အခါ တိကျလေ ကောင်းလေ ဖြစ်သည်၊ ဟုတ်ပါသလော။ (ဟုတ်ပါသည်။) သင်တို့က အရန်သင့်ပြင်ဆင်ထားသော အရာကို ကြားချင်ကြသည်။ အမှုအရာများကို သင်တို့ မစဉ်းစားမဆင်ခြင်လိုကြပေ။ ဤတရားဒေသနာများကို နားထောင်ပြီးနောက်တွင် ပြန်လည်သုံးသပ်ခြင်း တစ်ခုခုကို သင်တို့ လုပ်ကြသလော။ ငါသည် အလွန် အသေးစိတ်ကျကျ မိတ်သဟာယပြုလျှင် ငါသည် အလွန် ခရေစေ့တွင်းကျ လိုက်လွန်းပြီး စကားကြောရှည်လွန်းသည်ဟု သင်တို့ ခံစားကြလိမ့်မည်လော။ သင်တို့က “ကိုယ်တော်သည် ကျွန်ုပ်တို့၏ ဉာဏ်ရည်ဉာဏ်ကဲများကို တကယ် လျှော့တွက်နေခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ထိုမျှ အစွမ်းအစ ညံ့ဖျင်းကြပါသလော။ ကိုယ်တော့်အနေဖြင့် ဥပမာ တစ်ခု သို့မဟုတ် နှစ်ခုမျှ ပေးခြင်းက လုံလောက်သည်။ ပြီးလျှင် အန္တိခရစ်များ၏ အနှစ်သာရကို စိစစ်ခြင်းနှင့် ပတ်သက်လာသည့်အခါ အဆင့်အတန်းနှင့် တန်ခိုးအာဏာကို ၎င်းတို့ ချစ်ခင်ခြင်းနှင့်ပတ်သက်သည့် အရာများကို ကျွန်ုပ်တို့ အတော်လေး မိတ်သဟာယပြုနှင့်ပြီးသား ဖြစ်သည်။ အန္တိခရစ်များ၏ အကျိုးစီးပွားများနှင့် ပတ်သက်သည့် ကျွန်ုပ်တို့၏ မိတ်သဟာယသည်လည်း အဘယ်ကြောင့် ဤအကြောင်းအရာကို ထုတ်ဖော်ဆွေးနွေးသနည်း။ ယင်းမှာ အလွန်အကျွံ ထပ်တလဲလဲ ပြောခြင်းနှင့် ဇီဇာကြောင်ခြင်း ဖြစ်သည် မဟုတ်လော။ ဤအရာနှင့်ပတ်သက်၍ မိတ်သဟာယပြုရန် အမှန်တကယ် လိုအပ်သလော”ဟု ပြောကောင်းပြောကြမည်။ အမှန်တွင် အနည်းငယ် ထပ်တလဲလဲပြောခြင်းသည် မကောင်းသောအရာတစ်ခု မဟုတ်။ ရှုထောင့်အားလုံးမှနေ၍ ငါတို့ မိတ်သဟာယပြုလျှင် အန္တိခရစ်များ၏ အနှစ်သာရနှင့်ဆိုင်သည့် ဤအခန်းကဏ္ဍအပေါ် သာ၍ စေ့စပ်သေချာသော သိနားလည်မှုတစ်ခု သင်တို့ ရှိကြလိမ့်မည်။ ထို့အပြင် သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုသည့်အခါ ထပ်တလဲလဲပြောဆိုခြင်းကို သင်တို့ မရှောင်ရှားသင့်ပေ။ လူတို့က ဝင်ရောက်မှုမရရှိဘဲ နှစ်ချီကြာ မိတ်သဟာယပြုပြီးသည့် သမ္မာတရားအချို့ရှိ၏။ ထပ်တလဲလဲ ပြောခြင်းကို ရှောင်ရှားဖို့ အမြဲ ကြိုးပမ်းကာ အသစ်သော ပုံစံများနှင့် အသုံးအနှုန်းများကို အမြဲ ရှာခြင်းသည် မှန်သလော။ (မှားပါသည်။) သမ္မာတရားကိုယ်၌က လူတို့၏ ဘဝများနှင့် အတွင်းကျကျ ဆက်စပ်သည်။ လူတို့က ၎င်းတို့၏ ဘဝများတွင် ထုတ်ဖော်သည့် အမျိုးမျိုးသော အရာများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအားလုံး၊ ၎င်းတို့၏ သရုပ်သကန်များနှင့် အမှုအရာမျိုးစုံအပေါ် ၎င်းတို့ ထားရှိသည့် ၎င်းတို့၏ ရှုထောင့်များနှင့် သဘောထားများသည် နေ့စဉ် စဉ်ဆက်မပြတ် အကြိမ်ကြိမ် ဖြစ်ပျက်နေသည်။ အမျိုးမျိုးသော ရှုထောင့်များမှ သမ္မာတရားကို မိတ်သဟာယပြုခြင်းနှင့် မတူကွဲပြားသော အကြောင်းအရာနှင့် အနှစ်သာရများကို စိစစ်ခြင်းသည် သမ္မာတရားထဲသို့ လူတို့၏ ဝင်ရောက်မှုအတွက် လုံးဝ အကျိုးရှိပေသည်။ ပြီးခဲ့သည့်အခေါက်တွင် အန္တိခရစ်များ၏ အကျိုးစီးပွားများနှင့်ဆိုင်သော ဒုတိယကဏ္ဍခွဲဖြစ်သည့် ၎င်းတို့၏ တစ်ကိုယ်ရေ ဂုဏ်သတင်းနှင့် အဆင့်အတန်းအပေါ် ရိုးရှင်း၊ ကျယ်ပြန့်သည့်ပုံစံတစ်ခုဖြင့် ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ယနေ့တွင် ဤအရာအပေါ် အသေးစိတ် ငါတို့ မိတ်သဟာယပြုနိုင်ရန်အလို့ငှာ ဥပမာအချို့ကို ငါပေးမည်။ သင်တို့အနေဖြင့် ငါ့မိတ်သဟာယ၏ အခြေခံအုတ်မြစ်အပေါ် အခြေခံ၍ အသစ်သော သိနားလည်မှုကို ရရှိပြီးဖြစ်လျှင်ဖြစ်စေ၊ ဗျာဒိတ်တော် သို့မဟုတ် ဥာဏ်အလင်း တစ်ခုခု ရပြီးဖြစ်လျှင်ဖြစ်စေ၊ သင်တို့ကိုယ်ပိုင် အတွေ့အကြုံ သို့မဟုတ် ဘဝလမ်းကြောင်းတွင် ဆက်စပ်မှုရှိသော ဥပမာအချို့ကို တွေ့မြင်ပြီးဖြစ်လျှင်ဖြစ်စေ မိတ်သဟာယ၌ သင်တို့သည်လည်း ပါဝင်နိုင်သည်မှာ ပြောစရာမလိုချေ။ ဆက်လက်၍ အန္တိခရစ်များ၏ အကျိုးစီးပွားများနှင့် ဆိုင်သည့် ရှုထောင့်အမြင်မှနေ၍ ၎င်းတို့၏ တစ်ကိုယ်ရေ ဂုဏ်သတင်း၊ အဆင့်အတန်းနှင့်ပတ်သက်လာသည့်အခါ အန္တိခရစ်များ ပြသည့်အရာ၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အန္တိခရစ်များက ထုတ်ဖော်ပြီး ထိုသို့သော သဘာဝ အနှစ်သာရများကို အန္တိခရစ်များက မည်သည့် နည်းလမ်းများဖြင့် ထုတ်ဖော်သည်ဟူသည်တို့ကို တိတိကျကျ စိစစ်ကြစို့။
မိမိတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ။ ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်များလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်၊ အခြားမည်သည့်အရာမျှ မဟုတ်ဟု ဆိုလိုပေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့၏ အသက်ဖြစ်သကဲ့သို့ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်လည်း ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က “ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်သတင်းကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ကောင်းသော ဂုဏ်သတင်းရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော” ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်သည်။ ဤအကြောင်းကြောင့် ၎င်းတို့သည် အမှုအရာများကို ဤနည်းဖြင့် စဉ်းစားကြခြင်း ဖြစ်သည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပြင်ပန်းအရာများဖြစ်ရန် မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ဟု ဆိုနိုင်ပေသည်။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် လိုက်စားသည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ ထို့ကြောင့် အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို ၎င်းတို့ လိုက်စားပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့ဘဝ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသောအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော သဘောသဘာဝနှင့် အနှစ်သာရတို့ ဖြစ်သည်။ ၎င်းတို့ကို တောင်များ၏အတွင်းပိုင်း အလွန်ရှေးကျသော တောထဲ၌ သွားထားလျှင်ပင် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားခြင်းကို ဘေးဖယ်ထားမည် မဟုတ်သေးပေ။ ၎င်းတို့ကို မည်သည့်လူအုပ်စုတွင်မဆို ထည့်ထားလျှင် ၎င်းတို့တွေးနိုင်သမျှသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်။ အန္တိခရစ်များသည်လည်း ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားမှုကို ဘုရားသခင်အပေါ် ယုံကြည်မှုနှင့် ညီတူညီမျှဖြစ်သည်ဟု မြင်ပြီး ဤအရာနှစ်ခုကို တန်းတူရည်တူ ထားရှိလေသည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းကို ၎င်းတို့လျှောက်စဉ်တွင် ၎င်းတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကိုလည်း လိုက်စားသည်ဟု ဆိုလိုသည်။ အန္တိခရစ်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၌ သမ္မာတရားကို လိုက်စားခြင်းသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းဖြစ်ကာ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းက သမ္မာတရားကို လိုက်စားခြင်းလည်းဖြစ်ပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ရရှိခြင်းက သမ္မာတရားနှင့် အသက်ကို ရရှိခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ် သို့မဟုတ် အဆင့်အတန်းမရှိ၊ မည်သူကမျှ ၎င်းတို့ကို မမျှော်ကိုး၊ သို့မဟုတ် အထင်မကြီး၊ သို့မဟုတ် မလိုက်နာဟု ၎င်းတို့က ခံစားရလျှင် ၎င်းတို့အလွန် စိတ်ပျက်ကြသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိ၊ ယင်းတွင် တန်ဖိုးမရှိဟု ၎င်းတို့ ယုံကြည်ကြသည်၊ “ဘုရားသခင်၌ ထိုသို့သော ယုံကြည်ခြင်းသည် ကျရှုံးမှုတစ်ခု ဖြစ်သလော။ ငါသည် မျှော်လင့်ချက် မမဲ့သလော” ဟု မိမိတို့ကိုယ်ကို ဆိုကြသည်။ ၎င်းတို့သည် ဤအရာများကို ၎င်းတို့စိတ်နှလုံးထဲတွင် မကြာခဏ တွက်ချက်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့ကိုယ်တိုင်အတွက် နေရာတစ်နေရာကို မည်သို့ ရရှိအောင် ကြိုးစားနိုင်မည်၊ အသင်းတော်တွင် မြင့်မြတ်သည့် ဂုဏ်သတင်းကို မည်သို့ရရှိနိုင်သည်၊ ၎င်းတို့ စကားပြောသည့်အခါ လူတို့က နားထောင်အောင် မည်သို့လုပ်ဆောင်နိုင်သည်နှင့် ၎င်းတို့ပြုမူလုပ်ဆောင်သည့်အခါ မိမိတို့အား ပံ့ပိုးကြအောင် မည်သို့လုပ်ဆောင်နိုင်သည်၊ ၎င်းတို့ မည်သည့်နေရာသို့ရောက်ပါစေ လူများက ၎င်းတို့နောက်လိုက်အောင် မည်သို့လုပ်ဆောင်နိုင်သည်၊ အသင်းတော်တွင် ဩဇာညောင်းမှု မည်သို့ရရှိနိုင်သည်၊ ပြီးလျှင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း မည်သို့ရရှိနိုင်သည် ဟူသည့် ဤအရာများကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် အလွန်ပင် အာရုံစိုက်ကြသည်။ ဤအရာများသည် ထိုသို့သောသူများ လိုက်စားသည့်အရာများဖြစ်သည်။ ၎င်းတို့က ထိုကဲ့သို့သော အရာများအကြောင်း အဘယ့်ကြောင့် အစဉ်တွေးတောနေကြသနည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက် တရားဒေသနာများကို ကြားပြီးသည့်နောက်တွင်၊ ဤအရာအားလုံးကို ၎င်းတို့ အမှန်တကယ် နားမလည်ကြသလော။ ဤအရာအားလုံးကို ၎င်းတို့ အမှန်တကယ် မသိမြင်နိုင်ကြသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့သည် ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ထင်မြင်ယူဆချက်တို့ကို အမှန်တကယ် မပြောင်းလဲနိုင်သလော။ ထိုသို့လုံးဝ မဟုတ်ပေ။ ပြဿနာသည် ၎င်းတို့၌ တည်ရှိလေသည်။ သမ္မာတရားကို ၎င်းတို့ မချစ်သောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ ၎င်းတို့၏စိတ်နှလုံးတွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောကြောင့်ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် သမ္မာတရားကို လုံးလုံး လက်ခံလိုခြင်းမရှိပေ။ ဤအရာကို ၎င်းတို့၏ သဘာဝအနှစ်သာရတို့ဖြင့် ဆုံးဖြတ်ခြင်းဖြစ်သည်။
အန္တိခရစ်များက ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို နားထောင်ပြီးနောက်တွင် ၎င်းတို့၏ စိတ်နှလုံးများ၌ ဦးတည်ချက်တစ်ခု ရှာတွေ့ပုံရကြသည်။ သို့သော် အမှန်တွင် ဤဦးတည်ချက်ဟု ခေါ်သည့်အရာမှာ မည်သည့်အရာ ဖြစ်သနည်း။ ထိုအရာမှာ အဆင့်အတန်းရရှိဖို့ ၎င်းတို့ကို ပို၍ပင် သေချာစေရန် ထောက်ကူပေးသည့် တန်ဆာပလာတစ်မျိုးဖြစ်စေ၊ အကျိုးပြုသော လက်နက်တစ်မျိုးဟုပင် ဆိုနိုင်မည့်အရာကို ၎င်းတို့က ရရှိကြခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဤအခွင့်အရေးကို ပိုမိုနားထောင်ရန်၊ ပိုမို ဖတ်ရှုရန်၊ ပိုမို သင်ယူရန်၊ ပိုမို မိတ်သဟာယပြုရန်နှင့် ပိုမို လက်တွေ့လုပ်ဆောင်ရန်လည်းကောင်း၊ များစွာသော စကားလုံးများနှင့် အယူဝါဒများကို ပြောနိုင်ကာ အောက်မေ့ဖွယ်ဖြစ်ပြီး လူတို့အား ၎င်းတို့ကို လေးစားစေသည့် တရားဒေသနာများဟုခေါ်သည့် အရာတစ်ပြုံကြီးကို ဟောပြောနိုင်သည့်အဆင့်သို့ ဖြည်းဖြည်းချင်း ရောက်ရန်လည်းကောင်း ဤအခွင့်အရေးကို အသုံးပြုကြလေသည်။ လူတို့က စာသားအတိုင်းအဓိပ္ပာယ်ကောက်ချက်အရ ကောင်းမွန်သည်ဟု တွေးထင်သည့် ဤအယူဝါဒများကို ၎င်းတို့ သဘောပေါက်ပြီးသည့်အခါ ထိုအရာမှာ ၎င်းတို့က အသက်ကယ်ကြိုးတစ်ခု ဖမ်းဆုပ်မိပြီးဖြစ်ကာ ဦးတည်ချက်တစ်ခုနှင့် မိုးသောက်အလင်းကို ရှာတွေ့ပြီး ဖြစ်ကြသည့်အလား ဖြစ်ပေသည်။ ထို့ကြောင့် အန္တိခရစ်များသည် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုအတွက် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လိုက်လျှောက်ရန်အတွက် တရားဒေသနာများကို နားမထောင်ကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို မဖတ်ကြပေ။ ပြီးလျှင် သူ၏ ရည်ရွယ်ချက်များကို နားလည်ရန် ဤအရာများကို ၎င်းတို့ မုချ မလုပ်ဆောင်ကြပေ။ ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုလျက် သို့မဟုတ် ဝိညာဉ်ရေးရာပြည့်ဝသည်ဟု ၎င်းတို့ ယုံကြည်သည့် ဤသဘောတရားများကို အသုံးပြုလျက် သို့မဟုတ် အဆင့်မြင့်သော တရားဒေသနာများကို ဟောပြောခြင်းအားဖြင့် လူတို့ကို စည်းရုံးသိမ်းသွင်းနိုင်ရန်နှင့် ပိုများသောလူတို့အား ၎င်းတို့ကို ကိုးကွယ်စေပြီး နောက်လိုက်စေရန် သွေးဆောင်ဖြားယောင်းနိုင်ဖို့အလို့ငှာ ဤအရာများကို ၎င်းတို့ လုပ်ဆောင်ကြခြင်း ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် သူ၏ လမ်းခရီးတို့သည် ဤလူတို့က အခြားသူများကြားတွင် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာရရှိဖို့ အသုံးပြုသည့် လမ်းကြောင်းတစ်မျိုး၊ လှေကားတစ်မျိုးနှင့် တန်ဆာပလာတစ်မျိုး သွယ်ဝိုက်၍ ဖြစ်လာသည်။ ထို့ကြောင့် ထိုအရာကို မည်သည့်ပုံစံဖြင့် သင် ကြည့်သည်ဖြစ်စေ၊ အန္တိခရစ်များအတွင်းတွင် စစ်မှန်သည့် ယုံကြည်ခြင်းတစ်ခုတလေ သို့မဟုတ် စစ်မှန်သည့် ကျိုးနွံနာခံမှုတစ်ခုတလေ သင် ရှာတွေ့နိုင်မည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် တရားဒေသနာများကို နားထောင်ခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းတွင် ၎င်းတို့ မည်မျှ အားထုတ်သည်ဖြစ်စေ၊ သူ၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ ယုံကြည်မှုက မည်မျှ “ဘုရားတရားကိုင်းရှိုင်း”ပုံရသည်ဖြစ်စေ ငြင်းပယ်၍မရနိုင်သည့် အရာတစ်ခုရှိသည်။ ယင်းမှာ ဤအရာများကို အန္တိခရစ်များက လုပ်ဆောင်စဉ်တွင် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် အစီအစဉ်မှာ ဘုရားအလိုတော်ကို လိုက်လျှောက်ရန် မဟုတ်သကဲ့သို့ ၎င်းတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန် သေချာပေါက် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်၊ သူ၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ရိုးရိုးသားသား၊ တာဝန်သိသိဖြင့် လက်ခံလျက် နောက်လိုက်များထဲမှ အငယ်ဆုံးသောသူဖြစ်ရန် သို့မဟုတ် ဖန်ဆင်းခံများဖြစ်ရန် ဆန္ဒမရှိကြချေ။ ထိုအစား ၎င်းတို့သည် ၎င်းတို့၏ တစ်ဦးချင်း ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန်၊ အခြားသူတို့၏ စိတ်နှလုံးများတွင် နေရာတစ်ခုနှင့် ဘုရားသခင်ရှေ့တွင် အပြုသဘောဆောင်သော အကဲဖြတ်ချက်တစ်ခု ရရှိရန်သာ ဤအရာများကို အသုံးပြုချင်ကြသည်။ ဤသည်မှာ ၎င်းတို့ အလိုရှိသမျှ ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များက ဘုရားနှုတ်ကပတ်တော်များကို မည်သို့ ဟောပြောသည်ဖြစ်စေ ၎င်းတို့ ဟောသည့် တရားဒေသနာများက မည်မျှ မှန်ကန်သည်ဖြစ်စေ၊ အဆင့်မြင့်သည်ဖြစ်စေ၊ ဝိညာဉ်ရေးရာ ပြည့်ဝပြီး လူတို့၏ အကြိုက်နှင့် ကိုက်သည်ဖြစ်စေ ၎င်းတို့သည် လက်တွေ့လုပ်ဆောင်မှုနှင့် ဝင်ရောက်မှု သုညရှိလိမ့်မည် ဖြစ်သည်။ တစ်ချိန်တည်းတွင် ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်း လိုက်စားမှုသည် ပိုပိုပြီး အသီးအပွင့် ဖြစ်ထွန်းလိမ့်မည်။ အဘယ်ကြောင့် ဤအရာကို ငါ ပြောသနည်း။ ထိုအရာကို ငါ ပြောရခြင်းမှာ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော လူတို့သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ကြီးမားသည့် အားထုတ်မှုမှတစ်ဆင့် မည်သည့်အရာကို ၎င်းတို့ စွမ်းဆောင်ရရှိနိုင်သည်ဖြစ်စေ ၎င်းတို့ လိုက်စားသည့် ဦးတည်ချက်နှင့် ရည်မှန်းချက်များ၊ ၎င်းတို့ ပြုမူဆောင်ရွက်သည့်အခါတိုင်းတွင် ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက် နေရာများ၌ ၎င်းတို့ ထားရှိသည့် ကြံရွယ်ချက်နှင့် အခြေခံအကြောင်းအရင်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများနှင့် နီးကပ်စွာ ယှက်နွှယ်သည့် အဆင့်အတန်းနှင့်လည်းကောင်း၊ ဂုဏ်သတင်းနှင့်လည်းကောင်း မကင်းကွာနိုင်သောကြောင့် ဖြစ်သည်။
သင် စိုက်သည့်အတိုင်း ရိတ်ရလိမ့်မည်ဟူသော ဆိုရိုးစကားရှိသည်။ အန္တိခရစ်များက မည်သည့် အစွမ်းအစကောင်းနှင့် ဆုကျေးဇူးများ ပိုင်ဆိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် ဘုရားတရားကိုင်းရှိုင်းပြီး ဝိညာဉ်ရေးပြည့်ဝသော သရုပ်သကန်များကို ၎င်းတို့ ပြသသည်ဖြစ်စေ၊ ၎င်းတို့က တန်ခိုးအာဏာ စွဲကိုင်ပြီး ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့ကို ထိန်းချုပ်ရန် ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့ကို ထားရှိကြသည့်အတွက်လည်းကောင်း၊ သမ္မာတရားကို ၎င်းတို့ မလိုက်စားကြဘဲ ဂုဏ်သတင်းနှင့် အဆင့်အတန်းကိုသာ လိုက်စားကြသည့်အတွက်လည်းကောင်း ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်ကြသလော။ ၎င်းတို့၏ လုပ်ရပ်များတွင် ဘုရားသခင် တောင်းဆိုသည့် စံနှုန်းများကို ပြည့်မီနိုင်ကြသလော။ (မပြည့်မီနိုင်ကြပါ။) သို့ဆိုလျှင် ၎င်းတို့၏ လုပ်ရပ်များနှင့် အပြုအမူက အမှန်တကယ် မည်သည့်အကျိုးဆက်များဆီသို့ ဆိုက်ရောက်စေလိမ့်မည်နည်း။ (၎င်းတို့အတွက် ၎င်းတို့ကိုယ်ပိုင် အမှီအခိုကင်းသော နယ်မြေထူထောင်ခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်းတို့ကို မုချဖြစ်စေမည် ဖြစ်သည်။) မှန်ပေသည်။ အန္တိခရစ်များက မည်သည့်အရာကို လုပ်ဆောင်ကြသည်ဖြစ်စေ ဤသည်မှာ နောက်ဆုံးရလဒ်ဖြစ်သည်။ ထို့ကြောင့် ဤအကျိုးဆက်ကို မည်သည့်အရာက ဖြစ်စေသနည်း။ အဓိကအားဖြင့် သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်စွမ်းမရှိခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့ ပြုပြင်ခံရလျှင်ဖြစ်စေ၊ တရားစီရင်ခံရလျှင်ဖြစ်စေ၊ ပြစ်တင်ဆုံးမခံရလျှင်ဖြစ်စေ အန္တိခရစ်များက ထိုအရာကို ၎င်းတို့ စိတ်နှလုံးများတွင် လက်ခံကြလိမ့်မည် မဟုတ်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နေသည်ဖြစ်စေ အန္တိခရစ်များတွင် ၎င်းတို့၏ ကိုယ်ပိုင် ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များ အမြဲ ရှိကြသည်။ ၎င်းတို့၏ ကိုယ်ပိုင် အစီအစဉ်အတိုင်း ၎င်းတို့ အမြဲ ပြုမူဆောင်ရွက်ကြပြီး ဘုရားအိမ်တော်၏ အစီအစဉ်များနှင့် အလုပ်အပေါ် ၎င်းတို့၏ သဘောထားမှာ “သင့်ထံတွင် အစီအစဉ်ပေါင်း တစ်ထောင်ရှိကောင်းရှိနိုင်သော်လည်း ကျွန်ုပ်တွင် စည်းမျဉ်းတစ်ခု ရှိသည်”ဟူ၍ ဖြစ်သည်။ ဤအရာကို အန္တိခရစ်များ၏ သဘာဝက သတ်မှတ်ထားခြင်းသာ ဖြစ်သည်။ အန္တိခရစ်များသည် သမ္မာတရား စည်းမျဉ်းများအတိုင်း မိမိတို့၏ စိတ်နေစိတ်ထားကို ပြောင်းလဲပြီး ပြုမူဆောင်ရွက်နိုင်ကြသလော။ အထက်မှ ထိုသို့လုပ်ဆောင်ရန် ၎င်းတို့ကို တိုက်ရိုက် တောင်းဆိုခြင်းမဟုတ်လျှင် ယင်းမှာ လုံးဝ မဖြစ်နိုင်ပေ။ တောင်းဆိုသော အခြေအနေမျိုးတွင် လိုအပ်မှုကြောင့် ထိုအရာကို အင်တင်တင်ဖြင့် အနည်းငယ် လုပ်ဆောင်နိုင်ကြလိမ့်မည်။ မည်သည့်အရာကိုမျှ လုံးဝ မလုပ်ဆောင်လျှင် ၎င်းတို့ ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရကြမည်ဖြစ်သည်။ ဤအခြေအနေများအောက်တွင်သာ စစ်မှန်သော အလုပ်အနည်းငယ်ကို ၎င်းတို့ လုပ်ဆောင်နိုင်ကြခြင်း ဖြစ်သည်။ ဤသည်မှာ တာဝန်များကို ထမ်းဆောင်ခြင်းအပေါ် အန္တိခရစ်များ၏ သဘောထား ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် ၎င်းတို့ ရှိကြသည့် သဘောထားလည်း ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက ၎င်းတို့အတွက် အကျိုးရှိသည့်အခါ လူတိုင်းက ထိုအတွက် ၎င်းတို့ကို အသိအမှတ်ပြုပြီး လေးစားကြမည့်အခါတွင် ၎င်းတို့သည် သေချာပေါက် မဖြစ်မနေလုပ်ကာ အခြားသူတို့အတွက် လက်ခံနိုင်ဖွယ်သာဖြစ်ပုံရသည့် မည်ကာမတ္တ အားထုတ်မှုအချို့ကို ပြုလုပ်ကြဖို့ သေချာသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက ၎င်းတို့အတွက် အကျိုးမရှိလျှင်၊ မည်သူကမျှ ထိုအရာကို မမြင်သကဲ့သို့ အထက်ခေါင်းဆောင်များက မမြင်လျှင် ထိုသို့သော အချိန်များ၌ ၎င်းတို့သည် သေချာပေါက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည် မဟုတ်ပေ။ သမ္မာတရားကို ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်းက ဆက်စပ်အကြောင်းအရာနှင့်အခြေအနေပေါ် မူတည်ပြီး ဤအရာကို အခြားသူများ မြင်နိုင်မည့် နည်းလမ်းတစ်ခုဖြင့် မည်သို့ လုပ်ဆောင်နိုင်သည်ဆိုသည်နှင့် အကျိုးကျေးဇူးများ မည်မျှ ကြီးမားလိမ့်မည်ဆိုသည်တို့ကို ၎င်းတို့က စဉ်းစားကြသည်။ ၎င်းတို့သည် ဤအရာများအပေါ် ပါးနပ်စွာ သဘောပေါက်ကြပြီး မတူကွဲပြားသော အခြေအနေများကို မီးစဉ်ကြည့် ကတတ်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို တစ်ချိန်လုံး စဉ်းစားပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များအတွက် အလေးထားခြင်း တစ်ခုမျှ လုံးလုံးကို မပြကြချေ။ ပြီးလျှင် ဤအရာတွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် စည်းမျဉ်းများကို ထိန်းသိမ်းခြင်း စံမမီကြပေ။ အန္တိခရစ်များသည် ၎င်းတို့၏ ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ တစ်ကိုယ်ရေ အကျိုးစီးပွားများကိုသာ အာရုံစိုက်ကြပြီး မည်သည့် အကျိုးအမြတ်ကိုမျှ ၎င်းတို့ မရရှိခြင်း သို့မဟုတ် မိမိတို့ကိုယ်ကို မကြွားဝါရခြင်းက ၎င်းတို့အတွက် လက်မခံနိုင်စရာ ဖြစ်သည့်အပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ၎င်းတို့အတွက် ဒုက္ခများစရာ ဖြစ်လေသည်။ ၎င်းတို့၏ အားထုတ်မှုများက အသိအမှတ်ပြုခြင်းမခံရလျှင်၊ အခြားသူများရှေ့တွင် အလုပ်လုပ်နေလျှင်ပင် ၎င်းတို့၏ အလုပ်ကို မြင်တွေ့ကြခြင်းမရှိလျှင် မည်သည့် သမ္မာတရားကိုမျှ ၎င်းတို့ လက်တွေ့လုပ်ဆောင်ကြမည် မဟုတ်။ အလုပ်ကို ဘုရားအိမ်တော်မှ တိုက်ရိုက်စီစဉ်ထားပြီး ၎င်းတို့က ယင်းကို လုပ်ဆောင်ဖို့မှလွဲ၍ အခြားရွေးချယ်စရာမရှိလျှင် ဤသည်မှာ ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် အကျိုးရှိမရှိကို ထည့်သွင်းစဉ်းစားကြဆဲဖြစ်သည်။ ၎င်းတို့၏ အဆင့်အတန်းအတွက် ကောင်းပြီး ၎င်းတို့၏ ဂုဏ်သတင်းကို တိုးတက်စေနိုင်လျှင် ၎င်းတို့သည် ဤအလုပ်ကို အစွမ်းရှိသမျှ လုပ်ဆောင်ကြပြီး ကောင်းစွာ လုပ်ဆောင်ကြသည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်သည်ဟု ၎င်းတို့က ခံစားကြရသည်။ ယင်းက ၎င်းတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း၊ အကျိုးမရှိလျှင်၊ ဆိုးဝါးစွာလုပ်ဆောင်ခြင်းက ၎င်းတို့ကို နာမည်ပျက်စေနိုင်မည်ဆိုလျှင် ထိုအရာမှ လွတ်မြောက်ရန်အတွက် နည်းလမ်း၊ ဆင်ခြေတစ်ခုခုကို စဉ်းစားကြသည်။ အန္တိခရစ်တို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ စည်းမျဉ်းတစ်ခုတည်းကိုသာ အစဉ် ကိုင်စွဲထားသည်။ ၎င်းတို့သည် ဂုဏ်သတင်း၊ အဆင့်အတန်း သို့မဟုတ် ၎င်းတို့၏ အကျိုးစီးပွားတို့အရ အကျိုးအမြတ်ရှိရမည်ဖြစ်ပြီး မည်သည့်ဆုံးရှုံးမှုကိုမှ မခံစေရပေ။ အန္တိခရစ်များ အနှစ်သက်ဆုံးသော အလုပ်အမျိုးအစားမှာ ဆင်းရဲဒုက္ခမခံရသည့်၊ အဖိုးအခမပေးဆပ်ရသည့်အခါနှင့် ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အကျိုးအမြတ်ရှိသည့်အခါတွင် ဖြစ်သည်။ အနှစ်ချုပ်လျှင် အန္တိခရစ်များသည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အရင်ဦးဆုံး ထည့်စဉ်းစားပြီး အရာအားလုံးကို သေချာစဉ်းစားတွေးတောပြီးမှသာ ဆောင်ရွက်ကြသည်။ ၎င်းတို့သည် ညှိနှိုင်းခြင်းမရှိဘဲ သမ္မာတရားကို မှန်ကန်စွာ၊ ရိုးသားစစ်မှန်စွာ၊ အပြည့်အဝ ကျိုးနွံနာခံခြင်း မရှိဘဲ စိစိစစ်စစ်ရှိစွာနှင့် အခြေအနေပေါ်မူတည်၍ ဆောင်ရွက်ကြသည်။ ဤသည်မှာ မည်သည့်အခြေအနေဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းကို အကာအကွယ်ပေးရမည်ဖြစ်ပြီး၊ မည်သည့်ဆုံးရှုံးမှုကိုမျှ မခံရစေခြင်းဖြစ်သည်။ ဤအခြေအနေနှင့် ကိုက်ညီပြီးမှသာ ၎င်းတို့သည် မည်သည့်အရာလုပ်ဆောင်ရမည်ကို ဆုံးဖြတ်ပြီး ရွေးချယ်သည်။ ဆိုလိုသည်မှာ အန္တိခရစ်တို့သည် သမ္မာတရားစည်းမျဉ်းများ၊ ဘုရားသခင်၏ စေခိုင်းချက်များနှင့် ဘုရားအိမ်တော်၏ အလုပ်၊ သို့မဟုတ် ၎င်းတို့ရင်ဆိုင်ရသည့်အရာများကို မည်သို့ကိုင်တွယ်ရမည်ဆိုသည်ကို အလေးအနက် စဉ်းစားကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့အထမြောက်အောင် လုပ်ဆောင်ရမည်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်ခြင်းမှ မည်သို့ထိန်းသိမ်းကာကွယ်ရမည်၊ ဘုရားသခင်ကို မည်သို့ ကျေနပ်စေရမည်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမတို့အား မည်သို့ အကျိုးဖြစ်စေရမည်တို့ကို မစဉ်းစားပေ။ ဤအရာတို့သည် ၎င်းတို့ ထည့်စဉ်းစားသည့် အရာများမဟုတ်ပေ။ အန္တိခရစ်များသည် မည်သည့်အရာကို ထည့်စဉ်းစားသနည်း။ ၎င်းတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ ထိခိုက်ခြင်းရှိမရှိနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာ နိမ့်ကျခြင်းရှိမရှိတို့ဖြစ်သည်။ သမ္မာတရားစည်းမျဉ်းများအတိုင်း တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းသည် အသင်းတော်အလုပ်နှင့် ညီအစ်ကိုမောင်နှမများအတွက် အကျိုးရှိစေသော်လည်း ၎င်းတို့၏ ဂုဏ်သတင်းကို ထိခိုက်စေပြီး လူများစွာတို့အား ၎င်းတို့၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုကို နားလည်သဘောပေါက်မိစေပြီး ၎င်းတို့တွင် မည်သည့်သဘာဝ အနှစ်သာရမျိုး ရှိသည်ကိုသိစေလျှင် ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများအရ သေချာပေါက် လုပ်ဆောင်မည်မဟုတ်ပေ။ စစ်မှန်သော အလုပ်တစ်ခုခုကို လုပ်ဆောင်ခြင်းသည် ၎င်းတို့ကို လူများက ပို၍ အထင်ကြီးစေလျှင် လေးစားစေလျှင်၊ အားကျစေလျှင်၊ ၎င်းတို့အား ပို၍ပင် ကြီးမားသော ဂုဏ်ကို ရရှိစေလျှင်၊ သို့မဟုတ် ၎င်းတို့၏ စကားများအား သြဇာအာဏာကို သယ်ဆောင်စေပြီး ပိုများသော လူတို့အား ၎င်းတို့ကို နာခံကြစေလျှင် ထိုနည်းအတိုင်းလုပ်ဆောင်ရန် ရွေးချယ်ကြလိမ့်မည်။ ဤသို့မဟုတ်လျှင် ၎င်းတို့သည် ဘုရားအိမ်တော်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားခြင်းကြောင့် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို လျစ်လျူရှုရန် ရွေးချယ်ခြင်းကို မည်သည့်အခါမျှ ပြုလုပ်လိမ့်မည်မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝ အနှစ်သာရဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သည်မဟုတ်လော။ မည်သည့် အခြေအနေမျိုးတွင်မဆို အန္တိခရစ်များသည် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းကို အရေးကြီးဆုံးအရာအဖြစ် မြင်ကြသည်။ မည်သူကမျှ ၎င်းတို့နှင့် မယှဉ်နိုင်ပေ။ မည်သည့်နည်းစနစ်ကို လိုအပ်ပါစေ လူများကို စည်းရုံးသိမ်းသွင်းပြီး ၎င်းတို့အား ကိုးကွယ်အောင် လုပ်နိုင်သရွေ့ အန္တိခရစ်တို့က လုပ်ဆောင်မည် ဖြစ်သည်။ ဘုရားသခင်ကို သက်သေခံခြင်းအတွက် အခြားတစ်စုံတစ်ဦးသည် ဘုရားသခင် ရွေးချယ်ထားသောလူတို့၏ လေးစားခြင်းနှင့် အသိအမှတ်ပြုခြင်း ခံရလျှင် အန္တိခရစ်များသည်လည်း လူတို့ကို စည်းရုံးသိမ်းသွင်းရန် ဤနည်းစနစ်ကို အသုံးပြုကြလိမ့်မည် ဖြစ်သည်။ သို့သော် အန္တိခရစ်များသည် သမ္မာတရား သို့မဟုတ် လက်တွေ့ကျသော အတွေ့အကြုံ မပိုင်ဆိုင်ကြသောကြောင့် ၎င်းတို့သည် ဘုရားသခင် မည်မျှ ကြီးမြတ်ကြောင်း၊ လူကို ဘုရားသခင်က မည်မျှ ချစ်ကြောင်း၊ လူကို ကယ်တင်ရန် ဘုရားသခင်က မည်မျှ အဖိုးအခပေးကြောင်းနှင့် ဘုရားသခင်က မိမိကိုယ်ကို မည်မျှ နှိမ့်ချကာ ပုန်းကွယ်ကြောင်းတို့ကို ပြောဆိုလျက် လူသား၏ စိတ်ကူးများပေါ် အခြေခံ၍ ဘုရားသခင်အတွက် သက်သေခံသည့် သဘောတရားတစ်စုံကို ထွင်ရင်း ဦးနှောက်ခြောက်ခံစဉ်းစားကြလေသည်။ ဘုရားသခင်ကို ဤနည်းဖြင့် သက်သေခံပြီးနောက်တွင် ၎င်းတို့ စွမ်းဆောင်ရရှိသည့် ရလဒ်မှာ လူတို့က ၎င်းတို့ကို ပို၍ပင် လေးစားကြခြင်းနှင့် ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့အတွက် နေရာတစ်ခု ပိုရှိကြကာ ဘုရားသခင်အတွက် နေရာမရှိကြခြင်း ဖြစ်သည်။ မိမိကိုယ်ကို သိသည့်အသိအကြောင်းကို ပြောဆိုခြင်းက လူတို့အား ၎င်းတို့ကို သာ၍ ယုံကြည်ကိုးစားနိုင်စေကြောင်း၊ အထင်ကြီးကာ လေးစားနိုင်စေကြောင်းကို ၎င်းတို့ မြင်လျှင် မိမိတို့ကိုယ်ကို သိခြင်းအကြောင်းကို ၎င်းတို့ မကြာခဏ ပြောဆိုကြလိမ့်မည်ဖြစ်ပြီး မိမိတို့ကိုယ်ကို မကြာခဏ စိစစ်ကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့က နတ်ဆိုးဖြစ်သည့်အချက်၊ ၎င်းတို့က လူသား မဟုတ်၊ ၎င်းတို့တွင် ဆင်ခြင်တုံတရားမရှိ၊ သမ္မာတရားကို ၎င်းတို့ မလိုက်စားကြသကဲ့သို့ သမ္မာတရားကို မပိုင်ဆိုင်ကြဟူသည့် အချက်ကို ၎င်းတို့က စိစစ်ကြလိမ့်မည်။ ၎င်းတို့သည် အခြားသူများကို အထင်အမြင်မှားစေရန်၊ ထိုသူတို့၏ ယုံကြည်ကိုးစားမှုကို ရရှိရန်နှင့် ပိုများသည့်လူတို့ကို ၎င်းတို့အား ချီးမွမ်းပြီး ကြည်ညိုလေးစားစေရန် ဟုတ်မှန်သယောင်ရှိသော်လည်း စင်စစ် မှားနေသော၊ အရေးမပါသည့် အကြောင်းအရာများအပေါ် မိတ်သဟာယပြုကြလိမ့်မည်။ ဤသည်မှာ အန္တိခရစ်များ ပြုမူဆောင်ရွက်ပုံ ဖြစ်သည်။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ဝေမျှသည့် နည်းလမ်းတစ်ခုခုက ၎င်းတို့အား အခြားလူတို့၏ အသိအမှတ်ပြုခြင်းနှင့် လေးစားခြင်းတို့ကို ရရှိရန် ထောက်ကူပေးမည်ဆိုလျှင် ထိုနည်းလမ်းကို အသုံးပြုရန် ၎င်းတို့ မတွန့်ဆုတ်ပေ။ ဤနည်းလမ်းအပေါ် ၎င်းတို့ အမှန်တကယ် အာရုံစိုက်ကြလိမ့်မည်၊ အားထုတ်ကြလိမ့်မည်ဖြစ်ပြီး ဤနည်းလမ်းနှင့်ပတ်သက်၍ ဦးနှောက်ခြောက်ခံစဉ်းစားကြလိမ့်မည်။ အချုပ်အားဖြင့် ဤအရာအားလုံးကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်မှန်းချက်နှင့် ကြံရွယ်ချက်တို့သည် အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကိုသာ ဗဟိုပြုပေသည်။ ထိုအရာက ၎င်းတို့၏ အပြင်ပန်း အသုံးအနှုန်းဖြစ်စေ၊ နည်းစနစ်များ၊ အပြုအမူတို့ဖြစ်စေ၊ အတွေးအခေါ်တစ်မျိုး၊ အမြင်တစ်မျိုးဖြစ်စေ၊ လိုက်စားသည့် နည်းလမ်းတစ်မျိုးဖြစ်စေ ဤအရာအားလုံးသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ဗဟိုပြုနေသည်။ ဤသည်မှာ အန္တိခရစ်များ အလုပ်လုပ်သည့် နည်းလမ်း ဖြစ်သည်။
အန္တိခရစ်များအတွက် ၎င်းတို့၏ ဂုဏ်သတင်း၊ သို့မဟုတ် အဆင့်အတန်းကို တိုက်ခိုက်ခံရလျှင်၊ ပြီးလျှင် ယူဆောင်သွားခြင်းခံရလျှင် ယင်းသည် ၎င်းတို့၏ အသက်ကိုယူဖို့ ကြိုးစားခြင်းထက် ပို၍ပင် ဆိုးရွားသော ကိစ္စတစ်ခု ဖြစ်သည်။ ၎င်းတို့သည် တရားဒေသနာများကို မည်မျှနားထောင်သည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များကို မည်မျှဖတ်သည်ဖြစ်စေ၊ သမ္မာတရားကို ၎င်းတို့ မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ခြင်း၊ အန္တိခရစ်လမ်းကြောင်းကို လျှောက်နေခြင်းတို့နှင့်ပတ်သက်၍လည်းကောင်း၊ အန္တိခရစ်များ၏ သဘာဝအနှစ်သာရကို ၎င်းတို့ ပိုင်ဆိုင်ခြင်းနှင့်ပတ်သက်၍လည်းကောင်း ၎င်းတို့သည် ဝမ်းနည်းခြင်း၊ သို့မဟုတ် နောင်တရခြင်းကို ခံစားရမည်မဟုတ်ပေ။ ယင်းအစား ၎င်းတို့သည် အဆင့်အတန်းကို ရရှိပြီး ၎င်းတို့၏ ဂုဏ်သတင်းကို မြင့်တက်စေရန် နည်းလမ်းများကို ရှာဖို့အတွက် အစဉ်သဖြင့် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ အန္တိခရစ်များက လုပ်သမျှသော အရာတိုင်းသည် အခြားလူတို့ရှေ့တွင် ကြွားဝါရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ဘုရားရှေ့တွင် လုပ်ဆောင်ခြင်းမဟုတ်ဟု ဆိုနိုင်သည်။ ဤအရာကို ငါ အဘယ့်ကြောင့်ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဤသို့သော သူတို့သည် အဆင့်အတန်းကို အလွန်ချစ်ပြီး ယင်းအား ၎င်းတို့၏ အသက်ကိုယ်တိုင်အဖြစ်၊ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်အဖြစ် မှတ်ယူကြသောကြောင့်ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် အဆင့်အတန်းကို အလွန်ချစ်သောကြောင့် သမ္မာတရား တည်ရှိမှုကို လုံးဝ မယုံကြည်ကြပေ။ ၎င်းတို့တွင် ဘုရားသခင် တည်ရှိမှုကို ယုံကြည်လက်သင့်ခံခြင်း လုံးဝ မရှိ ဟူ၍ပင် ဆိုနိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ရရှိရန် မည်မျှ တွက်ချက်ပါစေ လူတို့နှင့် ဘုရားကို လှည့်စားရန် အတုအယောင် အသွင်အပြင်များကို အသုံးပြုဖို့ မည်မျှကြိုးစားပါစေ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် စိတ်ပူပင်မှုတစ်ခုခုမဆိုထားနှင့်။ သတိထားမိခြင်း၊ သို့မဟုတ် အပြစ်တင်ခြင်း မရှိပေ။ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ၎င်းတို့၏ အဆက်မပြတ် လိုက်စားမှုတွင် ဘုရားသခင်လုပ်ဆောင်ခဲ့သည့်အရာမှန်သမျှကိုလည်း ၎င်းတို့က ထင်ရာစိုင်း ငြင်းဆန်ကြသည်။ အဘယ်ကြောင့် ငါ ထိုသို့ပြောရသနည်း။ အန္တိခရစ်များ၏ စိတ်နှလုံးအတွင်းထဲတွင် ၎င်းတို့က “ဂုဏ်သတင်းနှင့် အဆင့်အတန်းအားလုံးသည် လူတစ်ဦး၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုအားဖြင့် ရရှိသည်။ လူတို့ကြားတွင် ခိုင်မာသော ခြေကုပ်ကို ရယူပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ရရှိခြင်းဖြင့်သာ ဘုရား၏ ကောင်းချီးများကို ၎င်းတို့ ခံစားနိုင်သည်။ လူတို့က အကြွင်းမဲ့ အာဏာနှင့် အဆင့်အတန်းကို ရရှိသောအခါမှသာ ဘဝက တန်ဖိုးရှိသည်။ ဤသည်သာ လူသားကဲ့သို့ အသက်ရှင်ခြင်း ဖြစ်သည်။ ယှဉ်ကြည့်လျှင် အရာရာတွင် ဘုရား၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို နာခံခြင်း၊ ဖန်ဆင်းခံတစ်ဦးနေရာတွင် လိုလိုလားလား ရပ်တည်ခြင်းနှင့် သာမန်လူတစ်ယောက်ကဲ့သို့ ရှင်သန်ခြင်းတို့ကဲ့သို့သော ဘုရားနှုတ်ကပတ်တော်တွင် ပြောထားသည့် နည်းလမ်းဖြင့် အသက်ရှင်နေထိုင်ခြင်းသည် အသုံးမကျခြင်းဖြစ်လိမ့်မည်။ မည်သူကမျှ ဤသို့သောသူမျိုးကို အထင်ကြီးလေးစားမည်မဟုတ်။ လူတစ်ယောက်၏ အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် ပျော်ရွှင်မှုတို့ကို ၎င်း၏ကိုယ်ပိုင် ရုန်းကန်ကြိုးစားမှုမှတစ်ဆင့် ရယူရမည်။ ၎င်းတို့ကို အပြုသဘောဆောင်ပြီး တက်ကြွသော သဘောထားဖြင့် ကြိုးစားယှဉ်ပြိုင်ပြီး အရယူရမည်။ မည်သူကမျှ ယင်းတို့ကို သင်တို့အား ပေးမည်မဟုတ်။ မလှုပ်မယှက် စောင့်ဆိုင်းနေခြင်းက ကျရှုံးခြင်းသာ ဖြစ်စေနိုင်သည်” ဟု ယုံကြည်ကြသည်။ ဤသည်မှာ အန္တိခရစ်များက တွက်ချက်သည့် ပုံစံဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထားဖြစ်သည်။ အန္တိခရစ်များကို သမ္မာတရားကို လက်ခံဖို့၊ အမှားများကို ဝန်ခံဖို့၊ အမှန်တကယ် နောင်တရခြင်းရှိဖို့ သင် မျှော်လင့်လျှင် ယင်းသည် မဖြစ်နိုင်ပေ။ ၎င်းတို့သည် ဤသို့ လုံးဝ မလုပ်ဆောင်နိုင်ပေ။ အန္တိခရစ်များတွင် စာတန်၏ သဘာဝ အနှစ်သာရရှိပြီး သမ္မာတရားကို မုန်းကြသည်။ ထို့ကြောင့် ၎င်းတို့ မည်သည့်နေရာကို သွားသည်ဖြစ်စေ ကမ္ဘာမြေ၏ဝေးလံခေါင်းပါးသော နေရာများသို့ ၎င်းတို့ သွားလျှင်ပင် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားခြင်းနှင့် ဆိုင်သည့် ၎င်းတို့၏ ရည်မှန်းချက်မှာ လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့ အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များဖြစ်စေ၊ ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းဖြစ်စေ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ လူအချို့က “ဤအရာနှင့်ပတ်သက်၍ မိမိတို့၏ အမြင်များ ပြောင်းလဲနိုင်သည့် အန္တိခရစ် အနည်းငယ် ရှိသည်”ဟု ပြောကြလိမ့်မည်။ ဤစကားသည် မှန်ကန်သလော။ ၎င်းတို့ အမှန်တကယ် ပြောင်းလဲနိုင်လျှင် အန္တိခရစ်ဖြစ်ကြသေးသလော။ အန္တိခရစ်တစ်ဦး၏ သဘာဝ ရှိသောသူများသည် မည်သည့်အခါတွင်မျှ ပြောင်းလဲလိမ့်မည် မဟုတ်။ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ပိုင်ဆိုင်သောသူများသည် သမ္မာတရားကို လိုက်စားလျှင်သာ ပြောင်းလဲကြလိမ့်မည်။ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်သောသူအချို့သည် အသင်းတော်အလုပ်ကို နှောင့်ယှက်သည့် မကောင်းမှုတစ်ခုခုကို လုပ်ဆောင်ကြပြီး ၎င်းတို့ကို အန္တိခရစ်များအဖြစ် စရိုက်လက္ခဏာကို သရုပ်ဖော်သော်လည်း ၎င်းတို့ ထုတ်ပယ်ခံရပြီးသည့်နောက်တွင် စစ်မှန်သော နောင်တကို ရရှိကာ ဘဝကို အသစ်မှတစ်ဖန် စတင်ရန် ဆုံးဖြတ်ကြပြီး ကာလတစ်ခုကြာ ပြန်လည်သုံးသပ်ပြီးနောက်၊ မိမိကိုယ်ကို သိကာ နောင်တရပြီးနောက်တွင် စစ်မှန်သည့် ပြောင်းလဲမှုတစ်ခုခုကို ကြုံကြရသည်။ ဤအခြေအနေတွင် ဤလူများကို အန္တိခရစ်များအဖြစ် စရိုက်လက္ခဏာကို သရုပ်ဖော်၍ မရနိုင်ပေ။ ၎င်းတို့သည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားကိုသာ ပိုင်ဆိုင်ကြခြင်းဖြစ်သည်။ သမ္မာတရားကို လိုက်စားလျှင် ၎င်းတို့ ပြောင်းလဲနိုင်သည်။ သို့သော် အသင်းတော်၏ ရှင်းလင်းခြင်းကိုဖြစ်စေ၊ နှင်ထုတ်ခြင်းကိုဖြစ်စေ ခံရသည့် အန္တိခရစ်များအဖြစ် စရိုက်လက္ခဏာကို သရုပ်ဖော်ခြင်းခံရသူ အများစုသည် အမှန်တကယ် နောင်တရကြလိမ့်မည်မဟုတ် သို့မဟုတ် ပြောင်းလဲကြလိမ့်မည် မဟုတ်ဟု မုချပြော၍ရသည်။ ၎င်းတို့ထဲမှ တစ်ဦးတလေက ပြောင်းလဲလျှင်၊ ရှားပါးသည့် အခြေအနေများဖြစ်သည်။ လူအချို့က “သို့ဆိုလျှင် ထိုရှားပါးသော အခြေအနေများသည် စရိုက်လက္ခဏာကို မှားယွင်းစွာ သရုပ်ဖော်ခံခဲ့ရခြင်း ဖြစ်သလော”ဟု မေးကြလိမ့်မည်။ ဤသည်မှာ မဖြစ်နိုင်ပေ။ အမှန်တွင်တော့ ၎င်းတို့သည် မကောင်းမှုတစ်ခုခုကို တကယ် ကျူးလွန်ခဲ့ကြပြီး ဤအရာကို အရေးမပါဟု ဖျောက်ဖျက် မရနိုင်ပေ။ သို့သော်၊ ၎င်းတို့ အမှန်တကယ် နောင်တရနိုင်လျှင်၊ တာဝန်တစ်ခု ထမ်းဆောင်ရန် လိုလားနေလျှင်၊ ၎င်းတို့၏ နောင်တနှင့်ဆိုင်သည့် စစ်မှန်သော သက်သေခံချက် ပိုင်ဆိုင်ကြလျှင် အသင်းတော်က ၎င်းတို့ကို ဝင်ခွင့်ပြုနိုင်သေး၏။ ဤလူများသည် အန္တိခရစ်များအဖြစ် စရိုက်လက္ခဏာကို သရုပ်ဖော််ခံရပြီးနောက်တွင် အပြစ်ကို ဝန်ခံရန် သို့မဟုတ် နောင်တရရန် လုံးဝ ငြင်းဆန်ပြီး ဖြစ်နိုင်သည့် မည်သည့်နည်းလမ်းဖြင့်မဆို မိမိတို့ကိုယ်ကို မှန်ကြောင်းပြရန် ကြိုးစားမြဲကြိုးစားနေလျှင် ၎င်းတို့ကို အန္တိခရစ်များအဖြစ် စရိုက်လက္ခဏာကို သရုပ်ဖော်ခြင်းက တိကျပြီး လုံးဝ မှန်ကန်ပေသည်။ ၎င်းတို့သည် မိမိတို့၏ အမှားများကို အသိအမှတ်ပြုကာ စစ်မှန်သော နောင်တခံစားရလျှင် အသင်းတော်က အဘယ်သို့ဖြစ်ပြီး ၎င်းတို့ကို အန္တိခရစ်များအဖြစ် စရိုက်လက္ခဏာကို သရုပ်ဖော်နိုင်မည်နည်း။ ယင်းမှာ ဖြစ်နိုင်မည် မဟုတ်။ ၎င်းတို့ မည်သူဖြစ်သည်ဖြစ်စေ၊ မကောင်းမှု မည်မျှ လုပ်ဆောင်ခဲ့ကြသည်ဖြစ်စေ ၎င်းတို့၏ အမှားများက မည်မျှ ဆိုးရွားသည်ဖြစ်စေ လူတစ်ဦးက အန္တိခရစ်တစ်ဦးဖြစ်သည်ဟု သို့မဟုတ် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ပိုင်ဆိုင်သည်ဟု သတ်မှတ်ရခြင်း ရှိမရှိဟူသည်မှာ သမ္မာတရားနှင့် ပြုပြင်ခြင်းကို လက်ခံနိုင်ခြင်း ရှိမရှိဟူသည့်အရာပေါ်တွင်လည်းကောင်း၊ စစ်မှန်သည့် နောင်တကို ၎င်းတို့ ပိုင်ဆိုင်ခြင်းရှိမရှိဟူသည့်အရာပေါ်တွင်လည်းကောင်း မူတည်ပေသည်။ ၎င်းတို့သည် သမ္မာတရားနှင့် ပြုပြင်ခြင်းကို လက်ခံနိုင်လျှင်၊ စစ်မှန်သော နောင်တကို ပိုင်ဆိုင်ကြလျှင်၊ ဘုရားသခင်အတွက် အလုပ်လုပ်ပေးလျက် ၎င်းတို့၏ ဘဝတစ်ခုလုံး ကုန်ဆုံးရန် လိုလားနေကြလျှင် ဤအရာက နောင်တအနည်းငယ်ကို အမှန်တကယ် ညွှန်ပြပေသည်။ ဤကဲ့သို့သော လူကို အန္တိခရစ်တစ်ဦးအဖြစ် စရိုက်လက္ခဏာကို သရုပ်ဖော်၍မရနိုင်ပေ။ အန္တိခရစ်များသဖွယ်ဖြစ်သောသူတို့သည် သမ္မာတရားကို အမှန်တကယ် လက်ခံနိုင်ကြသလော။ လုံးဝ လက်မခံနိုင်ကြပေ။ ၎င်းတို့က ၎င်းတို့၏ ဘဝတစ်ခုလုံးနှင့် အလွန်နီးကပ်စွာ ယှက်နွှယ်နေသော ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လုံးဝ လက်လွှတ်နိုင်မည် မဟုတ်သည်မှာ ၎င်းတို့က သမ္မာတရားကို မချစ်ကြသကဲ့သို့ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောကြောင့် ဖြစ်ပေသည်။ အန္တိခရစ်များသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းရှိမှသာ ၎င်းတို့တွင် ဂုဏ်ရှိပြီး စစ်မှန်သော ဖန်ဆင်းခံများဖြစ်သည်၊ ဂုဏ်အဆင့်အတန်းရှိမှသာ ၎င်းတို့က ဆုချီးမြှင့်ခံရပြီး ဆုသရဖူဆောင်းရမည်၊ ဘုရားသခင် လက်ခံဖို့အတွက် အရည်အချင်းပြည့်မီမည်၊ အရာရာကို ရရှိပြီး စစ်မှန်သောသူ တစ်ယောက်ဖြစ်မည်ဟု ၎င်းတို့စိတ်နှလုံးတွင် ခိုင်မြဲစွာ ယုံကြည်ကြသည်။ အန္တိခရစ်တို့သည် အဆင့်အတန်းအား မည်သည့်အရာအဖြစ် မြင်ကြသနည်း။ ယင်းအား သမ္မာတရားအဖြစ် မြင်ကြသည်။ ယင်းအား လူများလိုက်စားရမည့် အမြင့်ဆုံးပန်းတိုင်အဖြစ် မှတ်ယူကြသည်။ ဤသည်မှာ ပြဿနာတစ်ခုမဟုတ်သလော။ ဤနည်းဖြင့် ဂုဏ်အဆင့်အတန်းကို စွဲလမ်းနိုင်သည့်လူများသည် စစ်မှန်သည့် အန္တိခရစ်များဖြစ်ကြသည်။ ၎င်းတို့သည် ပေါလုကဲ့သို့ လူစားမျိုးများဖြစ်သည်။ ၎င်းတို့က သမ္မာတရားကို လိုက်စားခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ ကြိုးစားခြင်း၊ ရိုးသားမှုကို ရှာဖွေခြင်းတို့အားလုံးသည် လူတစ်ဦးကို တတ်နိုင်သမျှ အမြင့်မားဆုံးသော ဂုဏ်အဆင့်အတန်း ရရှိစေသည့်နည်းလမ်းများ ဖြစ်သည်၊ ယင်းတို့သည် နည်းလမ်းများမျှသာ ဖြစ်သည်၊ ကျင့်ကြံပြုမူခြင်း၏ ပန်းတိုင်နှင့် စံနှုန်းတို့မဟုတ်၊ ပြီးလျှင် ၎င်းတို့ကို ဘုရားသခင်မြင်ရန်အတွက် လုံးလုံး လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤနားလည်မှုသည် အလွန်ပင် အဓိပ္ပာယ်မရှိဖြစ်ပြီး ရယ်စရာပင် ဖြစ်သည်။ သမ္မာတရားကို မုန်းတီးသည့် အဓိပ္ပာယ်မရှိသူတို့သာ ဤသို့သော ရယ်ဖွယ်အယူအဆကို ထားရှိနိုင်သည်။
အန္တိခရစ်များနှင့်ပတ်သက်လာသည့်အခါ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကို သင် မိတ်သဟာယပြုသည်ဖြစ်စေ ၎င်းတို့၏ သဘောပေါက်ခြင်းနှင့် နားလည်ခြင်း နည်းလမ်းသည် သမ္မာတရားကို လိုက်စားသောလူတို့နှင့် ကွဲပြားလိမ့်မည်။ သမ္မာတရားကို ကြားပြီးနောက်တွင် ထိုသမ္မာတရားကို လိုက်စားသောလူတို့က “သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို ငါ မပိုင်ဆိုင်သကဲ့သို့ ဘုရားသခင် ထုတ်ဖော်ခဲ့သည့် ဤအခြေအနေကို ငါကိုယ်တိုင်နှင့် ဆက်စပ်၍ရသည်။ ထိုအရာကို နားထောင်ပြီးနောက်တွင် ငါသည် အဘယ်ကြောင့် နောင်တဖြင့်ပြည့်ကာ ဘုရားသခင်ကို အလွန်အကြွေးတင်သည်ဟု ခံစားရသနည်း။ ငါသည် သမ္မာတရား လိုက်စားခြင်းကို စံမမီသေးသကဲ့သို့ အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်းနှင့် မည်သို့မျှ မနီးစပ်သေးပါ။ ငါ အလွန်ကြောက်လန့်မိသည်။ ဤအရာသည် ငါ့အတွက် သတိပေးချက်တစ်ခုအဖြစ် ဖြည့်ဆည်းလေပြီ။ လတ်တလောတွင် ငါ အတော်လေး အဆင်ပြေနေခဲ့သည်ဟု ထင်ခဲ့ပြီး ငါသည် စင်စစ်အားဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတစ်ဦး သို့မဟုတ် ဘုရားသခင်ကို စိတ်ကျေနပ်စေသောသူတစ်ဦး မဟုတ်သည်ကို မသိခဲ့ပါ။ ယခုမှစ၍ ငါသည် ဂရုစိုက်ပြီး ချင့်ချိန်ရမည်ဖြစ်ပြီး ဘုရားရှေ့တွင် ဆုတောင်းခြင်းနှင့် လမ်းပြမှု၊ အလင်းပေးမှုတို့အတွက် သူ့ကို တောင်းပန်တိုးလျှိုးခြင်းတို့အား ငါ အာရုံစိုက်ရမည်။ ငါ့ သဘောအတိုင်း ငါ မလုပ်ရပါ။ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာထဲသို့ ငါ နက်ရှိုင်းစွာ ဝင်ရောက်မည်ဖြစ်ပြီး ငါ့အနေဖြင့် တိုးတက်ဖို့ အခွင့်အရေးရှိသေးသည်။ ဘုရားသခင်သည် ငါ့ကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်ခွင့်နှင့် ငါ၏ ရိုးသားစစ်မှန်မှု၊ သစ္စာစောင့်သိမှုတို့ကို ပူဇော်ဆက်ကပ်ခွင့်ပေးနိုင်မည့် ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ပေးလိမ့်မည်ဟု ငါ မျှော်လင့်သည်”ဟု တွေးကြသည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားသောလူများ တွေးပုံဖြစ်သည်။ သို့ဆိုလျှင် အန္တိခရစ်များသည် သမ္မာတရား အမျိုးမျိုးကို မည်သို့ သဘောပေါက်ကြသနည်း။ လူကို အပြစ်တင်သည့် ဘုရားနှုတ်ကပတ်တော်များကို ကြားပြီးနောက်တွင် မည်သည့်အရာကို ၎င်းတို့ စဉ်းစားကြသနည်း။ “ယင်းတွင် ငါသည် သိပ်ကောင်းကောင်း မလုပ်ခဲ့ပါ။ ငါ၏ လုပ်ရပ်များတွင် တလွဲတချော် လုပ်မိခဲ့ပြီး အမှားများက ပေါ်လာခဲ့သည်။ ထိုအကြောင်းကို လူမည်မျှ သိကြသနည်း။ ဘုရားနှုတ်ကပတ်တော်များကို အတော်လေး ရှင်းလင်းစွာ ပြောဆိုထားသည်။ ယင်းမှာ သူသည် ငါ့ကို ရိပ်စားမိပြီဟု ဆိုလိုသလော။ ကောင်းပြီ၊ ဤသည်မှာ သိပ်ကောင်းသည့် ရလဒ်မဟုတ်ပါ။ ဤသည်မှာ ငါ လိုချင်သည့်အရာ မဟုတ်ပါ။ ဘုရားက ငါ့ကို ရိပ်စားမိပြီးဖြစ်လျှင် ထိုအကြောင်းကို အခြားတစ်ဦးတလေက သိကြသလော။ တစ်စုံတစ်ဦးက သိသွားလျှင် ယင်းသည် သာ၍ပင် ဆိုးသွားပေမည်။ ဘုရားကသာသိပြီး အခြားမည်သူကမျှ မသိလျှင် ယင်းမှာ အဆင်ပြေသည်။ လူကို ဖော်ထုတ်သည့် ဤဘုရားနှုတ်ကပတ်တော်များကို လူအချို့ကကြားပြီး ယင်းတို့ကို ငါနှင့် ဆက်စပ်စေကာ ငါ့ကို ချိတ်ဆက်ကြလျှင် ယင်းမှာ ငါ၏ ဂုဏ်သတင်းအတွက် ဆိုးပေမည်။ ဤအရာကို ကုစားရန် နည်းလမ်းတစ်ခုကို ငါ စဉ်းစားရန် လိုအပ်မည်ဖြစ်သည်။ ဤအရာကို ငါ အဘယ်သို့ ကုစားနိုင်မည်နည်း”ဟူ၍ ဖြစ်သည်။ အန္တိခရစ်တို့က ဤနည်းလမ်းဖြင့် တွေးဆကြသည်။ ဥပမာအားဖြင့် လူတို့ မည်သို့ ရိုးသားရမည့်အကြောင်း ဘုရားသခင် မိတ်သဟာယပြုသည်ကို နားထောင်ပြီးနောက်တွင် အန္တိခရစ်တစ်ဦးက ချက်ချင်း စဉ်းစားမည်မှာ “ကျပ်မပြည့်သူများသာ ရိုးသားသောလူများဖြစ်ဖို့ ကြိုးစားကြသည်။ ငါ့လောက် တော်သည့် လူတစ်ဦးသည် အဘယ်သို့ဖြစ်ပြီး ရိုးသားသောလူတစ်ဦး ဖြစ်နိုင်မည်နည်း။ ရိုးသားသော လူများမှာ ငတုံးများနှင့် အရူးအနှမ်းများ ဖြစ်ကြသည်။ ၎င်းတို့သည် ၎င်းတို့ စိတ်ထဲတွေးသည့် မည်သည့်အရာကိုမဆို ပြောကြသည်။ အခြားလူတို့အား အရာရာကို ပြောပြကြပြီး အရာရာကို နားလည်ခွင့်ပေးကြသည်။ ယင်းကို ငါ လုံးဝ လုပ်မည်မဟုတ်ပါ။ ငါတို့ ရိုးသားသော လူများဖြစ်သင့်သည်ဟု ဘုရားသခင်ပြောခြင်းမှာ အခြေအနေအရဖြစ်သည်။ ထို့ကြောင့် ငါသည် ဉာဏ်ရှိသောလူတစ်ဦးသာ ဖြစ်မည်ဖြစ်ပြီး ထိုမျှသာဖြစ်သည်။ ရိုးသားသောသူတစ်ဦး ဖြစ်ရန်အချိန်ကို ကိုယ့်ဘာသာ ဆုံးဖြတ်လိုက်မည်။ အချို့သောအရာများကို ငါ ဖွင့်ပြောမည်ဖြစ်သော်လည်း ငါ့စိတ်နှလုံး အတွင်းကျကျတွင် ငါ ထားရှိသည့် ထိုလျှို့ဝှက်ချက်များနှင့် ကွယ်ဝှက်ထားသော အရာများအားလုံး၊ ငါ ပြောလိုက်လျှင် လူတို့က ငါ့ကို အထင်သေးမည့် အရာများကို ငါ ပြောမည် မဟုတ်ပါ။ ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းတွင် မည်သည့် အကျိုးကျေးဇူးရှိသနည်း။ ထိုအတွက် အကျိုးကျေးဇူးတစ်ခုတလေ ရှိသည်ဟု ငါ မထင်ပါ။ လူအချို့သည် မိမိတို့ကိုယ်ကို အမြဲ စိစစ်နေကြသည်၊ ရိုးသားဖို့နှင့် ရိုးသားစွာ စကားပြောဖို့ အမြဲ ကြိုးစားနေကြကာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ကြသည်။ သို့သော် ၎င်းတို့သည် ဘုရား၏ ကျေးဇူးတော်ကို မရရှိကြသကဲ့သို့ ၎င်းတို့ ပြုပြင်ခံရသင့်သည့်အချိန်တွင် ပြုပြင်ခံရကြဆဲဖြစ်သည်။ ဘုရားက ၎င်းတို့ကို နောက်ထပ် ချီးမြှောက်မှုတစ်ခုမျှ မပေးပါ”ဟူ၍ ဖြစ်သည်။ ၎င်းတို့က “အခြားနည်းလမ်းကို ငါ ရွေးချယ်ရမည်။ ဤသည်မှာ ငါ ရှိသင့်သည့် လမ်းကြောင်းမဟုတ်ပါ။ အခြားသူများအတွက် ဤလမ်းကြောင်းကို ငါ ချန်ထားလိုက်မည်။ ငါကဲ့သို့ တော်သည့် လူတစ်ဦးသည် အဘယ်သို့ဖြစ်ပြီး ထိုသို့ အသက်ရှင်နိုင်မည်နည်း”ဟု မရပ်မနား တွေးဆကြသည်။ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကို အန္တိခရစ်များက ကြားသည်ဖြစ်စေ ၎င်းတို့၏ စိတ်နှလုံးတွင် မည်သည့် အပိုင်ကြံခြင်းများကို ၎င်းတို့ လုပ်ဆောင်ကြသနည်း။ သမ္မာတရားကို ဖြူစင်စွာ ၎င်းတို့ သဘောပေါက်နိုင်ကြသလော။ ၎င်းတို့၏ စိတ်နှလုံးအတွင်းနေရာများတွင် ထိုအရာကို သမ္မာတရားအဖြစ် ၎င်းတို့ လက်ခံနိုင်စွမ်း ရှိကြသလော။ လုံးဝ လက်ခံနိုင်စွမ်းမရှိကြပေ။ ၎င်းတို့သည် စဉ်ဆက်မပြတ် အပိုင်ကြံကာ လျှို့ဝှက်ကြံစည်နေကြပြီး အဆက်မပြတ် စောင့်ကြည့်လေ့လာနေကြသည်။ နောက်ဆုံးတွင် ၎င်းတို့က အဘယ်သို့ တုံ့ပြန်ကြသနည်း။ ၎င်းတို့သည် အခြေအနေနှင့်အညီ ပြောင်းလဲကြသည်။ အခြေအနေများကို မီးစဥ်ကြည့်ကတတ်ကြသည်။ အခြားလူများနှင့် ၎င်းတို့၏ ဆက်ဆံရေးများတွင် ၎င်းတို့သည် ညက်ညောပြီး အထင်ကြီးလောက်စရာ ဖြစ်ကာ လုံးဝ လျှို့ဝှက်မှုဖြင့် ပြုမူဆောင်ရွက်ကြလေသည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ကြသည်ဖြစ်စေ၊ စိတ်ထဲတွင် မည်သည့်အရာကို ၎င်းတို့ တွေးနေကြသည်ဖြစ်စေ၊ အပိုင်ကြံနေကြသည်ဖြစ်စေ အခြားသူတို့အား ၎င်းတို့က သိခွင့်မပေးနိုင်သကဲ့သို့ ဘုရားသခင်ကိုလည်း သိခွင့်မပေးနိုင်ကြပေ။ လူတို့အား ဤအရာများအကြောင်းကို ရှင်းလင်းစွာ ပေးသိဖို့မဆိုထားနှင့်၊ ဘုရားသခင်ထံပင် မဖွင့်ချနိုင်ကြပေ။ ဤအရာများက ၎င်းတို့၏ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ထို့ကြောင့် အန္တိခရစ်များသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း လုံးဝမရှိသည့် လူစားမျိုးများ ဖြစ်ကြသည်။ ၎င်းတို့ကိုယ်တိုင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိသည့်အပြင် သမ္မာတရားကို အမှန်တကယ် လက်တွေ့လုပ်ဆောင်သည့် လူတို့ကိုလည်း မထီမဲ့မြင်ပြုကြပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်စဉ် သွေဖည်မှုအချို့ ပြုမိသောကြောင့် သို့မဟုတ် လမ်းလွဲမှုအချို့ ရှိခဲ့ကြသောကြောင့် သို့မဟုတ် အမှားအချို့ကို ပြုမိကြသောကြောင့် ပြုပြင်ခံရသည့် လူတို့ကို ပို၍ပင် ရယ်သွမ်းသွေးကြကာ ထိုသူတို့ကို ဘေးမှထိုင်လျက် လှောင်ရယ်ကြလေသည်။ ၎င်းတို့သည် လူတို့ကို ဘုရားသခင် ဆက်ဆံသည့် နည်းလမ်းမျိုးမျိုးတွင် သမ္မာတရားနှင့် သူ၏ ချစ်ခြင်းမေတ္တာရှိကြောင်းကို ယုံကြည်ရန် မဆိုထားနှင့်၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကိုပင် ၎င်းတို့က မယုံကြည်ကြပေ။ အန္တိခရစ်များက ဤအရာများကို မယုံကြည်ကြပေ။ ၎င်းတို့၏ အမြင်ရှုထောင့်တွင် ဤအရာများအားလုံးသည် လူတို့ကို လှည့်ဖြားဖို့ ရည်ရွယ်သည့် မုသားများဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ယင်းတို့သည် ဆင်ခြေတစ်မျိုးချည်းသာဖြစ်သည်၊ နားကြားကောင်း ပုံရသည့် ဆိုးရိုးတစ်ပြုံတစ်မသာဖြစ်သည်ဟု တွေးထင်ကြသည်။ မည်သည့်အရာကို ၎င်းတို့က မကြာခဏ လျှို့ဝှက်စွာ အရသာတွေ့ကြသနည်း။ “ကံကောင်းစွာပင် ငါသည် အရာရာကို ပူဇော်ဆက်ကပ်ရလောက်အောင် မနုံအပါ။ ကံကောင်းစွာပင် ငါ့စိတ်ထဲတွင် ထားရှိသည့် ထိုညစ်ညူးသော၊ အကျည်းတန်သော အရာများကို ငါ မပြောခဲ့ပါ။ ကံကောင်းစွာပင် ငါသည် ငါ၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ထိန်းသိမ်းနေဆဲဖြစ်ပြီး ယင်းတို့ကို လိုက်စားရန် အစွမ်းကုန်လုပ်ဆောင်ကာ ယင်းတို့အတွက် အလုပ်များနေဆဲဖြစ်သည်။ ကိုယ့်အကျိုးအတွက် ငါ အလုပ်မများခဲ့လျှင် ငါ့အတွက် အဘယ်သူက တစ်ခုတလေ စဉ်းစားပေးမည်နည်း” ဟူ၍ ဖြစ်သည်။ အန္တိခရစ်များသည် လှည့်ဖြားတတ်ကြရုံမက ကောက်ကျစ်ဆိုးယုတ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ စိတ်သဘောထားအားဖြင့် ရက်စက်ကြမ်းကြုတ်ကြသည်။ ဆိုလိုသည်မှာ အန္တိခရစ်များတွင် ဖောက်ပြန်ပျက်စီးသော လူသားများ၌ ထင်ရှားသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ သွင်ပြင်လက္ခဏာများ အားလုံးသည် အရိုးစွဲနေပြီး နောက်တစ်ဆင့် “တိုးမြှင့်”သွားသည်။ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် ကြည့်လိုလျှင် စိစစ်ပြီး ဆက်ဆံကြည့်ရန် အန္တိခရစ်တစ်ဦးကို ရှာလော့။ ယင်းမှာ ထိုကိစ္စကို သရုပ်ဖော်ခြင်းနှင့်ဆိုင်သည့် အကောင်းဆုံး နည်းလမ်းဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် စာတန်၏ စရိုက်ကို ရိပ်စားမိရန် အကောင်းဆုံး နည်းလမ်း ဖြစ်သည်။ သင်သည် အန္တိခရစ်တစ်ဦးကို အဓိက ဥပမာတစ်ခုအဖြစ် ယူပြီး ၎င်းကို စိစစ်ကာ သိနားလည်လျှင် ဤအရာများကို သာ၍ ရှင်းလင်းစွာ သင် နားလည်နိုင်လိမ့်မည်။
အဆင့်အတန်းနှင့် နာမည်ဂုဏ်သတင်းတို့ကို အန္တိခရစ်တို့၏ လိုက်စားမှုသည် သာမန်လူတို့၏ လိုက်စားမှုကို များစွာကျော်လွန်ပြီး အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် ၎င်းတို့၏ လိုအင်ဆန္ဒသည်လည်း ထိုသို့ပင် ဖြစ်သည်။ သာမန်လူတို့တွင် အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် ထိုမျှ ကြီးမားသော လိုအင်ဆန္ဒမရှိပေ။ အန္တိခရစ်များတွင်ရှိသည့် ထိုလိုအင်ဆန္ဒမှာမူ အလွန့်အလွန် ပြင်းထန်ပြီး သိသာလေသည်။ အန္တိခရစ်တစ်ဦးနှင့် သင် ဆက်ဆံရပြီး ၎င်းတို့နှင့် စကားပြောကာ ၎င်းတို့နှင့် အချိန်ကုန်ဆုံးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ သဘာဝ အနှစ်သာရသည် သင့်မျက်စိရှေ့တွင် ပေါ်လွင်လာလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို သင် ချက်ချင်း ရိပ်စားမိလိမ့်မည်။ ၎င်းတို့၏ လိုအင်ဆန္ဒ ဤမျှလောက်ကြီးမားပေသည်။ ၎င်းတို့နှင့် သင်၏ ဆက်ဆံရေးများက နက်ရှိုင်းသည်ထက် နက်ရှိုင်းလာသည့်အခါ ၎င်းတို့ကို သင် စက်ဆုပ်ပြီး ငြင်းပယ်မိလိမ့်မည်။ နောက်ဆုံးတွင် သင်သည် ၎င်းတို့ကို ငြင်းပယ်လိမ့်မည်သာမက ၎င်းတို့ကို ရှုတ်ချကာ ကျိန်ပင်ကျိန်ဆဲလိမ့်မည်။ အန္တိခရစ်များသည် ကောင်းသောအရာများ မဟုတ်ကြ။ ၎င်းတို့သည် ဘုရားသခင်၏ ရန်သူများဖြစ်သည့်အပြင် သမ္မာတရားကို လိုက်စားသောသူတိုင်း၏ ရန်သူများ ဖြစ်ကြသည်။ အန္တိခရစ်များသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသကဲ့သို့ အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် မကောင်းသည့်အရာမျိုးစုံကို လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။ ၎င်းတို့ လုပ်ဆောင်သည့်အရာတိုင်းတွင် ၎င်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် အပေးအယူများ ပြုလုပ်လျက် အခြေအနေနှင့်အညီ မိမိတို့ကိုယ်ကို ဟန်ဆောင်ကြလိမ့်မည်၊ တုပကာ ရေလိုက်ငါးလိုက် လုပ်ကြလိမ့်မည်။ ဤကဲ့သို့သော လူတို့၏ တကယ့် စိတ်ဝိညာဉ်နှင့် အနှစ်သာရတို့သည် ညစ်ညူးကြ၏။ ၎င်းတို့သည် စက်ဆုပ်စရာဖြစ်ကြသည်။ ၎င်းတို့တွင် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများအတွက် ချစ်ခြင်းမေတ္တာ တစ်စက်မျှ မရှိကြပေ။ တစ်ချိန်တည်းတွင်ပင် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ရရှိပြီး ၎င်းတို့၏ လိုအင်ဆန္ဒနှင့် ရည်မှန်းချက်တို့ကို ဖြည့်ဆည်းနိုင်ရန်အလို့ငှာ လူတို့ကို အထင်အမြင်မှားစေဖို့ အပြုသဘောဆောင်သောအရာများကိုလည်းကောင်း၊ မှန်ကန်သော စကားများနှင့် အယူဝါဒများ ဟောပြောခြင်းကိုလည်းကောင်း အသုံးပြုကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ အပြုအမူနှင့် အနှစ်သာရ ဖြစ်သည်။ သင်သည် စာတန်က မည်သည့်အရာနှင့်တူသည်၊ လောကတွင် စာတန်ကိုယ်တိုင်က မည်သို့ ပြုမူနေထိုင်ပြီး လူတို့နှင့် ဆက်ဆံသည်ဆိုသည်နှင့် စာတန်ထံတွင် မည်သည့် သဘာဝ အနှစ်သာရမျိုးရှိသည်ဆိုသည်တို့ကို မမြင်နိုင်ပေ။ ဘုရားသခင်၏ အမြင်တွင် စာတန်က မည်သည့်အရာမျိုး အတိအကျ ဖြစ်သည်ကို သင် မသိပေ။ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်။ သင် လုပ်ဆောင်ရန် လိုအပ်သမျှမှာ အန္တိခရစ်တစ်ဦးကို စောင့်ကြည့်လေ့လာပြီး စိစစ်ရန်ဖြစ်ကာ စာတန်၏ သဘာဝ အနှစ်သာရ၊ စာတန်၏ အကျည်းတန်သော မျက်နှာ၊ ပြီးလျှင် စာတန်၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့တည်းဟူသော ဤအရာအားလုံးကို သင် မြင်လိမ့်မည်။ ထိုအရာများအားလုံး သင့်အတွက် မြင်သာသွားလိမ့်မည်။ အန္တိခရစ်များသည် အသက်ရှင်နေသော စာတန်များဖြစ်သည်။ အသက်ရှင်နေသော မကောင်းဆိုးဝါးများ ဖြစ်ပေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။