အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၃) အခန်း သုံး
အန္တိခရစ်များက ၎င်းတို့သည် အဆင့်အတန်းကို အမြဲ မွေ့လျော်ခံစားကာ အဆုံးအဖြတ်ပေးပိုင်ခွင့် အစဉ် ရှိခြင်းတည်းဟူသော ၎င်းတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိရန် ၎င်းတို့သည် ဘုရားအိမ်တော်တွင် လူသိများကျော်ကြားသော လူများဖြစ်သည်၊ ဘုရားသခင်က အရေးပါသော ရာထူးများတွင် ထားရှိခြင်းကို ခံရသည့်လူများဖြစ်ပြီး ဘုရားသခင်က အထင်ကြီးမြတ်နိုးကာ ယုံကြည်ကိုးစားသောလူများ ဖြစ်သည်ဟူသော အခိုင်အမာ ပြောဆိုချက်များကို မကြာခဏ အသုံးပြုလျက် လူတို့ကို အထင်အမြင်မှားစေသည်၊ စည်းရုံးသိမ်းသွင်းပြီး ထိန်းချုပ်လေသည်။ အန္တိခရစ်များက မည်သည့်အရာကို အကြောက်ရွံ့ဆုံး ဖြစ်သနည်း။ ၎င်းတို့၏ အဆင့်အတန်းကို ဆုံးရှုံးရခြင်းနှင့် မကောင်းသော ဂုဏ်သတင်းရှိမည်ကို အကြောက်ဆုံး ဖြစ်သည်။ ၎င်းတို့က သမ္မာတရားကို မလိုက်စားကြောင်း၊ အလွန်ညံ့ဖျင်းသော အစွမ်းအစရှိကြောင်းနှင့် ၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိ သို့မဟုတ် တကယ့် အလုပ် တစ်ခုတလေကိုမျှ လုပ်ဆောင်ခြင်းမရှိကြောင်း၊ ပြီးလျှင် ၎င်းတို့သည် တကယ့် အလုပ်တစ်ခုတလေကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိကြောင်း ညီအစ်ကို မောင်နှမတို့က တွေးထင်ကြမည်ကို ၎င်းတို့ ကြောက်ရွံ့ကြလေသည်။ ဤသည်တို့မှာ အန္တိခရစ်များက ကြားရဖို့ အကြောက်လန့်ဆုံးသော အရာများ ဖြစ်သည်။ အန္တိခရစ်များက ထိုသို့သော ပြောဆိုချက်များနှင့် ကောက်ချက်များကို ကြားသည့်အခါ ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး ဒေါသ ထောင်းခနဲထွက်ခြင်းပင် ဖြစ်ကြသည်။ တစ်ခါတစ်ရံ “ကျွန်ုပ်တွင် ညံ့ဖျင်းသော အစွမ်းအစ ရှိသည်။ ထို့ကြောင့် သင်တို့ အသုံးပြုနိုင်သည့် မည်သူ့ကိုမဆို သွားအသုံးပြုလိုက်ကြပါ။ မည်သို့ဆိုစေ ဤအလုပ်ကိုလည်း ကျွန်ုပ် မလုပ်နိုင်ပါ။ ဘုရားသည် ဖြောင့်မတ်သည် မဟုတ်လော။ ကျွန်ုပ်သည် ဤနှစ်ကာလများတစ်လျှောက်လုံး ဘုရားကို ယုံကြည်ပြီး ဖြစ်သည်၊ ဘုရားအတွက် ကျွန်ုပ်၏မိသားစုနှင့် အသက်မွေးအလုပ်ကို စွန့်ခဲ့ပြီး ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများဖြစ်သည့် သင်တို့အားလုံးအတွက် များစွာ ပေးဆပ်ခဲ့သည်။ ကျွန်ုပ်နှင့်ပတ်သက်၍ မျှတသည့် စကားတစ်ခွန်းတလေမျှပင် သင်တို့ အဘယ်ကြောင့် မပြောနိုင်ရသနည်း”ဟု ပြောလျက် ဒေါသူပုန်ထကြသည်အထိပင် ဖြစ်လေသည်။ ၎င်းတို့သည် မိမိတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို အာရုံစိုက်မှု တစ်ခုတလေမျှ မပေးနိုင်တော့သကဲ့သို့ မိမိတို့ကိုယ်ကို ဖုံးဖိရန် သို့မဟုတ် ဟန်ဆောင်ရန် မကြိုးစားနိုင်တော့ပေ။ ၎င်းတို့၏ အကျည်းတန်မှုက လုံးဝ ပေါ်လွင်သွားသည်။ ၎င်းတို့၏ ဒေါသကို ဖွင့်ထုတ်ပြီးနောက်တွင် ၎င်းတို့၏ မျက်ရည်များကို သုတ်ကာ “အို မဟုတ်သေးပါ။ ငါ့ကိုယ်ငါ အရှက်ရစေပြီ။ ငါ ပြန်အဖတ်ဆယ်မှ ဖြစ်မည်”ဟု တွေးကြသည်။ ထို့နောက် ၎င်းတို့ ဆက်လက် ဟန်ဆောင်ကြသည်။ ကောင်းမွန်သော ဆောင်ပုဒ်များနှင့် အယူဝါဒများကို ဆက်လေ့လာသင်ယူကြပြီး ဆက်လက် နားထောင်၊ ဖတ်ရှု၊ ဟောပြောကာ လူတို့ကို အထင်အမြင်မှားစေကြလေသည်။ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို အဖတ်ဆယ်ရမည်ဟု ၎င်းတို့က ခံစားကြပြီး တစ်နေ့တွင် ရွေးကောက်ပွဲအချိန်ကျလာသည့်အခါ ညီအစ်ကို မောင်နှမများက ၎င်းတို့ကို စဉ်းစားကြဦးမည်၊ ၎င်းတို့ လုပ်ဆောင်ပြီးဖြစ်သည့် ကောင်းသည့်အရာများကို မှတ်မိကြဦးမည်၊ ၎င်းတို့ ပေးခဲ့သည့် အဖိုးအခများနှင့် ပြောခဲ့သည့်အရာများကို သတိရကြဦးမည်ဟု ၎င်းတို့က မျှော်လင့်ကြသည်။ ဤသည်မှာ လုံးဝ အရှက်မဲ့သောအရာ ဖြစ်သည် မဟုတ်လော။ ၎င်းတို့၏ ထိုသဘာဝဟောင်းသည် လုံးဝ ပြောင်းလဲခြင်း မရှိသေး၊ ဟုတ်သလော။ အန္တိခရစ်များသည် အဘယ်ကြောင့် တစ်ကြိမ်တစ်ခါမျှ မပြောင်းလဲကြသနည်း။ ဤအရာကို ၎င်းတို့၏ သဘာဝ အနှစ်သာရက ဆုံးဖြတ်ခြင်း ဖြစ်သည်၊ ၎င်းတို့ မပြောင်းလဲနိုင်ပေ။ ဤသည်မှာ ၎င်းတို့၏ ပကတိအတိုင်းသာ ဖြစ်သည်။ ၎င်းတို့၏ ရည်မှန်းချက်နှင့် အလိုဆန္ဒတို့က လုံးလုံးလျားလျား ပျက်သုဉ်းသွားသည့်အခါ ၎င်းတို့ ဒေါသူပုန်ထကြပြီးနောက် သာ၍ အလွန်ကောင်းစွာ ပြုမူလာကြသည်။ လူတစ်ဦး အဘယ်သို့ ရှိသနည်းဟု ငါ လတ်တလောတွင် မေးမြန်းခဲ့ပြီး အချို့သော ညီအစ်ကို မောင်နှမများက သူ အလွန်လိမ္မာနေခဲ့သည်ဟု ဆိုကြသည်။ “လိမ္မာသည်”ဟူသည့်အရာက မည်သည့်အရာကို ဆိုလိုသနည်း။ သူသည် ယခုရက်ပိုင်းတွင် သာ၍ အလွန်ကောင်းစွာ လိမ္မာနေခဲ့ပြီး ယခင်ထက် အလွန်ကောင်းစွာ ပြုမူဆောင်ရွက်နေခဲ့သည်ဟု ဆိုလိုပေသည်။ သူသည် ပြဿနာ မရှာတော့ပေ၊ လူတို့ကို တိုက်ခိုက်ခြင်း သို့မဟုတ် အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း မပြုတော့သကဲ့သို့ လူတို့အား သာ၍ မည်သို့ နူးညံ့စွာ၊ ခပ်လျှိုလျှိုနှင့် ညင်ညင်သာသာ မည်သို့ စကားပြောရမည်ကို သင်ယူနေခဲ့ပြီးဖြစ်သည်။ ပြီးလျှင် သူသည် အခြားလူတို့ကို ကူညီရန် မှန်ကန်သည့် စကားများကို အသုံးပြုနေခဲ့ပြီး သူ၏ နေ့စဉ်ဘဝတွင် သူသည် အခြားလူတို့အတွက် အထူးပူပန်မှုနှင့် ဂရုစိုက်မှု ပြနေခဲ့သည်ဟု ဆိုလိုပေသည်။ ယင်းမှာ သူသည် အလျှင်း လူသစ်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဖြစ်သည့်အလား ဖြစ်သည်။ သို့သော် သူ အမှန်တကယ် ပြောင်းလဲသွားခဲ့ပြီလော။ မဟုတ်ပေ။ သို့ဆိုလျှင် ထိုအလေ့အကျင့်များမှာ အဘယ်နည်း။ (အပြင်ပန်း အပြုအမူကောင်းများ ဖြစ်သည်။)
အချို့သော အန္တိခရစ်များသည် ထုတ်ဖော်ခံရပြီး ၎င်းတို့၏ ဒုစရိုက်အမှုများအားလုံး ပေါ်လာသည့်နောက်တွင် ညီအစ်ကို မောင်နှမများကို ၎င်းတို့ မြင်သည့်အခါ ၎င်းတို့က “လတ်တလောတွင် ဘုရား၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် အလင်းပြခြင်းကို ကျွန်ုပ် ရပြီးဖြစ်သကဲ့သို့ ခံစားရပြီး ကျွန်ုပ်သည် အလွန်ကောင်းမွန်သည့် အခြေအနေတွင် ရှိသည်။ ကျွန်ုပ်၏ ယခင်လုပ်ရပ်များအပေါ် နက်ရှိုင်းသော အမုန်းတရား ကျွန်ုပ် ခံစားရပြီး ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများကို ကျွန်ုပ် ခံစားစေခဲ့သည့် ဆုံးရှုံးမှုများအား ကျွန်ုပ် လုံးဝ မေ့နိုင်လိမ့်မည် မဟုတ်၊ သို့မဟုတ် လက်လွှတ်နိုင်လိမ့်မည် မဟုတ်ပါ။ ကျွန်ုပ် အလွန် ဝမ်းနည်းမိပါသည်”ဟု ပြောကြသည်။ ဤအရာကို ၎င်းတို့ ပြောသည့်အခါတွင် ၎င်းတို့သည် မျက်ရည်ဖြိုင်ဖြိုင်ကျကြပြီး “ကျွန်ုပ် အားနည်းနေခြင်းကို မစိုးရိမ်ပါနှင့်။ တစ်စုံတစ်ခုကို ကျွန်ုပ် တလွဲလုပ်နေသည်ကို သင်တို့ မြင်လျှင် ကျွန်ုပ်ကို ပြုပြင်ကြပါ။ ကျွန်ုပ် လက်ခံနိုင်ပါသည်။ ဘုရားထံမှလာသောအရာအဖြစ် ကျွန်ုပ် ခံယူနိုင်သည်။ သင်တို့အပေါ် ကျွန်ုပ် အာဃာတ ထားမည် မဟုတ်ပါ”ဟု ပြောလျက် ညီအစ်ကို မောင်နှမများအား ၎င်းတို့ကို ပြုပြင်ဖို့ အလျင်ဦးအောင် တောင်းဆိုကြလေသည်။ ၎င်းတို့သည် ညီအစ်ကို မောင်နှမများ၏ ပြုပြင်ခြင်းကို ခေါင်းမာစွာ ငြင်းဆန်ခြင်း၊ အတိုက်အခံလုပ်ခြင်းနှင့် အာခံခြင်းမှနေ၍ ၎င်းတို့အတွက် ရှင်းချက်ထုတ်ခြင်းနှင့် ငြင်းခုံခြင်းအပြင် မကျေမချမ်းမှု အပြည့်ရှိခြင်းမှသည် ပြုပြင်ခံရဖို့ တက်ကြွစွာ ရှာဖွေခြင်းအဖြစ်သို့ ရောက်သွားကြပြီးဖြစ်သည်။ ဤသည်မှာ အတော် မြန်ဆန်သော သဘောထားပြောင်းလဲမှုဖြစ်သည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့က နောင်တရသည်ဟု ဆိုလိုသလော။ ဤသဘောထားအရ ၎င်းတို့အနေဖြင့် အလှည့်အပြောင်းတစ်ခု ပြုလုပ်ပြီးဖြစ်ပုံရသည်။ ထို့ကြောင့် ၎င်းတို့ကို သင် ပြုပြင်သင့်သည်။ ဤသို့လုပ်ဆောင်ခြင်းသည် အတိတ်မှ ၎င်းတို့ ကျူးလွန်ပြီးသည့် အမှားများကို ၎င်းတို့အား သဘောပေါက်ရန်နှင့် မိမိတို့ကိုယ်ကို သိရှိလာရန် ထောက်ကူပေးသည်။ ထိုအချိန်တွင် ၎င်းတို့ကို သင်က ရိုးသားစစ်မှန်မှုအချို့ ပြခြင်းဖြင့် ကူညီသင့်ပြီး ပြောပြသင့်သည်မှာ “သင်သည် လတ်တလောတွင် အတော်လိမ္မာနေပြီးဖြစ်သည်ဟု ကျွန်ုပ် မြင်နိုင်သည်။ ကျွန်ုပ်သည် သင့်ကို ရိုးသားပွင့်လင်းစွာ စကားပြောမည်ဖြစ်သည်။ ကျွန်ုပ်ပြောသည့်အရာတစ်ခုသည် မမှန်ကန်သကဲ့သို့ သင် လက်မခံနိုင်လျှင် အလေးဂရုမပြုနှင့်။ ကျွန်ုပ် ပြောသည့်အရာ မှန်ကန်သည်ဟု သင် ယုံကြည်လျှင် ထိုအရာကို ဘုရားသခင်ထံမှ ခံယူပါ။ ကျွန်ုပ်၏ ရည်ရွယ်ချက်မှာ သင့်ကို ကူညီရန်ဖြစ်သည်၊ သင်လဲကျနေစဉ် သင့်ကို အခွင့်ကောင်းယူရန် သို့မဟုတ် တိုက်ခိုက်ရန် မဟုတ်ပါ။ ကျွန်ုပ်တို့ အချင်းချင်း စိတ်ထဲရှိသမျှကို ဖွင့်ဟကာ မိတ်သဟာယပြုကြစို့။ ခေါင်းဆောင်အဖြစ် သင် အစေခံခဲ့ချိန်တုန်းက သင်သည် ဟိုဟိုသည်သည် ဟန်ပါပါလျှောက်ပြီး သင်၏ အမှားများကို ဝန်ခံရန် ငြင်းဆန်ခဲ့သည်။ အပြင်ပန်းအားဖြင့် အချို့ကို သင် ဝန်ခံလျှင်ပင် အပြစ်ကို စိတ်ထဲတွင် သင် အမှန်တကယ် လက်ခံခြင်းမရှိခဲ့ပေ။ ထို့နောက်တွင် ပြဿနာတစ်မျိုးကို သင် အမှတ်မထင် ကြုံလာရသည့်အခါ ယခင်က လုပ်ဆောင်ခဲ့သည့်အတိုင်း သင် ပြုမူနေဆဲဖြစ်သည်။ ဥပမာအားဖြင့် ပြီးခဲ့သည့် အဖြစ်အပျက်ကို ပြောကြစို့။ သင်သည် တာဝန်မဲ့ခဲ့သောကြောင့် တစ်စုံတစ်ရာ မှားယွင်းသွားခဲ့ပြီး ဘုရားအိမ်တော်၏ ပိုင်ဆိုင်မှုပစ္စည်းများအပေါ် ကြီးမားသည့် ဆုံးရှုံးမှုတစ်ခု ဖြစ်စေခဲ့သည်။ သင်၏ တာဝန်မဲ့မှုကြောင့် ညီအစ်ကို မောင်နှမများစွာလည်း ဖမ်းဆီးခြင်းခံရပြီး ထောင်ကျသွားခဲ့ကာ ဤအတွက် အဖိုးအခတစ်ခု ပေးခဲ့ရလေသည်။ ထိုအတွက် သင် တာဝန်ယူသင့်သည်ဟု မထင်သလော။ သင်သည် ထိုဖြစ်ရပ်အတွက် တိုက်ရိုက် တာဝန်ရှိသော လူဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာသင့်သည်။ သင်၏ အပြစ်များကို ဝန်ချကာ နောင်တရသင့်သည်။ အမှန်တွင် သင်၏ အမှားကို သင် ဝန်ခံလျှင် အလွန်ဆုံးအနေဖြင့် ဘုရားသခင်က ထိုအရာကို ပြစ်မှားမှုတစ်ခုအဖြစ် မြင်လိမ့်မည်ဖြစ်ပြီး ထိုအရာက အနာဂတ်တွင် သင်၏ သမ္မာတရား လိုက်စားမှုကို ထိခိုက်လိမ့်မည် မဟုတ်ပေ။ ညီအစ်ကို မောင်နှမများကလည်း သင့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံနိုင်ကြလိမ့်မည် ဖြစ်ပြီး ဘုရားအိမ်တော်သားတစ်ဦးအဖြစ် မြင်နိုင်ကြလိမ့်မည်။ ၎င်းတို့သည် သင့်ကို ဝိုင်းပယ်ကြလိမ့်မည် မဟုတ်၊ သို့မဟုတ် တိုက်ခိုက်ကြလိမ့်မည် မဟုတ်ပေ။ လူတစ်ဦးနှင့် ပတ်သက်သည့် အရာရာတိုင်းသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်မှာ မှန်ကန်သော်လည်း သမ္မာတရားကို သင် လုံးဝ မလိုက်စားလျှင် သင်သည် ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် စွန့်ပစ်ခြင်းခံရမည်မှာ သေချာသည်။ ထိုအခြေအနေတွင် သင်သည် ပျက်စီးရာပျက်စီးကြောင်းအတွက် ပစ်မှတ်တစ်ခု ဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီး ကျိုးနွံနာခံလျှင်၊ ရိုးသားစစ်မှန်စွာ နောင်တရနိုင်လျှင် ဘုရားသခင်က သင်၏ အတိတ်မှ ပြစ်မှားမှုများကို အောက်မေ့သတိရလိမ့်မည် မဟုတ်သကဲ့သို့ သင်သည် ဘုရားသခင်ရှေ့မှောက်တွင် သမ္မာတရားကို လိုက်စားသော လူတစ်ဦး ဖြစ်နေဦးမည်ပင်။ ကျွန်ုပ်တို့သည် သူ၏ ခွင့်လွှတ်ခြင်း သို့မဟုတ် အပြစ်လွှတ်ခြင်းကို မတောင်းလျှောက်ကြသော်လည်း အနည်းဆုံးအနေဖြင့် လူသားများ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရမည် ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတိုင်း၏ တာဝန်နှင့် ဝတ္တရားဖြစ်ပြီး ကျွန်ုပ်တို့အားလုံး လျှောက်လှမ်းသင့်သည့် လမ်းကြောင်းဖြစ်သည်” ဟူ၍ဖြစ်သည်။ ဤသည်တို့မှာ စစ်မှန်သော စကားများဖြစ်သည်၊ မဟုတ်လော။ ယင်းတို့တွင် လှောင်ပြောင်မှု သို့မဟုတ် လှည့်ကွက် တစ်ခုတလေ ရှိသလော။ ယင်းတို့တွင် ထေ့လုံး သို့မဟုတ် သရော်ခြင်း တစ်ခုတလေ ရှိသလော။ (မရှိပါ။) ဤသည်တို့မှာ စိတ်ရင်းအတိုင်းလာသော စကားများသာဖြစ်သည်၊ တည်ငြိမ်စွာ ပြောဆိုထားပြီး လူတို့ကို ကူညီခြင်းနှင့် တည်ဆောက်ပေးခြင်း စည်းမျဉ်းနှင့်အညီ ပြောဆိုထားပေသည်။ ဤစကားလုံးများသည် မှန်ကန်၏။ ယင်းတို့အတွင်းတွင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းအပြင် ရှာဖွေရမည့် သမ္မာတရား ရှိသည်။ သို့သော် အန္တိခရစ်များသည် ဤစကားများကို လက်ခံနိုင်ကြသလော။ ယင်းတို့ကို သမ္မာတရားအဖြစ် ၎င်းတို့ နားလည်သဘောပေါက်ကာ လက်တွေ့လုပ်ဆောင်နိုင်ကြသလော။ (မလုပ်ဆောင်နိုင်ကြပေ။) ဤစကားများကို ၎င်းတို့က မည်သို့ တုံ့ပြန်ကြလိမ့်မည်နည်း။ “ယခုတွင်ပင် သင်တို့အားလုံးသည် ကျွန်ုပ်၏ အမှားကို လက်လွှတ်မခံဘဲ အမိအရ ဆက်လက်၍သာ အသုံးချနေကြသည်၊ မဟုတ်လော။ ဘုရားပင်လျှင် လူတို့၏ ပြစ်မှားမှုများကို မအောက်မေ့ပါ၊ ထို့ကြောင့် သင်တို့သည် အဘယ်ကြောင့် ကျွန်ုပ်၏ အမှားကို အမြဲ စစ်ဆေးနေကြသနည်း။ သင်သည် ကျွန်ုပ်နှင့် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဆိုချင်ကြောင်းနှင့် ကျွန်ုပ်ကို ကူညီချင်ကြောင်း ပြောသည်။ ဤသည်မှာ မည်သည့် အကူအညီမျိုး ဖြစ်သနည်း။ ဤသည်မှာ သိသိသာသာပင် အတိတ်ကို တနုံ့နုံ့ တွေးကာ ကျွန်ုပ်ကို တာဝန်ယူခိုင်းရန် ကြိုးပမ်းမှုတစ်ခု ဖြစ်သည်။ သင်သည် ကျွန်ုပ်ကို တာဝန်ယူခိုင်းဖို့ ကြိုးစားနေခြင်းသာဖြစ်သည်၊ ဟုတ်ပါသလော။ ထိုဖြစ်ရပ်အတွက် ကျွန်ုပ်တစ်ဦးတည်းသာ တာဝန်ရှိသလော။ အရာရာသည် ဘုရားလက်ထဲတွင်ရှိသည်၊ ယင်းမှာ သူသည် တာဝန်ရှိသောသူဖြစ်သည်ဟု ဆိုလိုသည်။ ထိုဖြစ်ရပ်ဖြစ်ပျက်ခဲ့ချိန်တွင် ထိုအရာနှင့်ပတ်သက်၍ ဘုရားက အဘယ်ကြောင့် ကျွန်ုပ်တို့အား သဲလွန်စတစ်ခုတလေ မပေးခဲ့သနည်း။ ဤအရာကို ဘုရားက စီစဉ်ဖွဲ့စည်းထားခြင်း မဟုတ်လော။ ကောင်းပြီ သို့ဆိုလျှင် သင်သည် ကျွန်ုပ်ကို အပြစ်တင်၍ရသလော”ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ စိတ်များကို ၎င်းတို့ ပြောနေခြင်း ဖြစ်သည် မဟုတ်လော။ ၎င်းတို့၏ ပြဿနာမှာ မည်သည့်နေရာတွင် တည်ရှိသနည်း။ အပေါ်ယံတွင် ၎င်းတို့သည် ပြောင်းလဲမှုတစ်ခု ပြုလုပ်ပြီးဖြစ်ကာ သာ၍ နှိမ့်ချလာသည်ဟု ထင်ရသည်။ ၎င်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်သတင်းကို မလိုက်စားတော့သည့်အလား၊ ပြီးလျှင် ၎င်းတို့က တစ်စုံတစ်ဦးနှင့် စိတ်တည်ငြိမ်စွာ ထိုင်စကားပြောကာ ရင်းနှီးပွင့်လင်းစွာ ပြောဆိုနိုင်သည့်အလား ယခင်ထက် သာ၍ များစွာ လိမ္မာနေပုံပေါ်ကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်သို့ဖြစ်ပြီး ဤကဲ့သို့သော အရာတစ်စုံတစ်ခုကို ပြောနိုင်စွမ်း ရှိကြသေးသနည်း။ ဤအရာတွင် မည်သည့် ပြဿနာကို မြင်နိုင်သနည်း။ (၎င်းတို့ ပြုမူပုံသည် ၎င်းတို့ တစ်ကျော့ပြန် လာနိုင်ရန်အလို့ငှာ မြင်သာစေသည့် ထင်ယောင်ထင်မှားဖြစ်စေခြင်းတစ်ခုသာ ဖြစ်သည်။) အခြား မည်သည့်အရာ ရှိသေးသနည်း။ (၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် လုံးဝ မသိကြဘဲ ထိုအရာများသည် စစ်မှန်သည့် နောင်တကို ပြသမှုများ မဟုတ်ပါ။ ယင်းတို့သည် သူတော်ကောင်းယောင်ဆောင်သော လက်တွေ့လုပ်ဆောင်မှု တစ်မျိုးသာ ဖြစ်သည်။ အခြားလူတို့က ၎င်းတို့၏ ပြဿနာများနှင့် ပတ်သက်၍ မိတ်သဟာယပြုသည့်အခါ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်စွမ်း မရှိကြသေးပါ။ ၎င်းတို့၏ သဘာဝ အနှစ်သာရက သမ္မာတရားအပေါ် ရန်လိုသည်မှာ သိသာထင်ရှားပါသည်။) ဤအရာတွင် အချက်နှစ်ချက်က အလွန် ထင်ရှားသည်။ ပထမဦးစွာ အန္တိခရစ်များက မိမိ၏ အဆင့်အတန်းကို ဆုံးရှုံးရသည့်အခါ ၎င်းတို့၏ ဖြစ်တည်မှု အခြေအနေများထဲမှတစ်ခုမှာ “အသက်ရှင်သရွေ့ မျှော်လင့်ချက်ရှိသည်”ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် တစ်ကျော့ပြန်လာဖို့ အမြဲ အသင့်ဖြစ်ကြသည်။ ဒုတိယအချက်မှာ ယခင်က ၎င်းတို့ လျှောက်ခဲ့ကြသည့် မှားယွင်းသော လမ်းကြောင်းနှင့်လည်းကောင်း ၎င်းတို့ ကျူးလွန်ခဲ့ကြသည့် ပြစ်မှားမှုများနှင့်လည်းကောင်း စပ်လျဉ်း၍ အန္တိခရစ်များသည် မည်သည့်အခါတွင်မျှ မိမိတို့ကိုယ်ကို စစ်မှန်စွာ ဆင်ခြင်သုံးသပ်ကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့၏ အမှားများကို ဝန်ခံကြလိမ့်မည် မဟုတ်၊ သို့မဟုတ် သမ္မာတရားကို လက်ခံကြလိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့၏ မကောင်းမှုပြုခြင်းနှင့်ဆိုင်သော အမှန်တရားများမှ ၎င်းတို့၏ အနှစ်သာရကို သာ၍ပင် နားလည်လာကြလိမ့်မည် မဟုတ်၊ သို့မဟုတ် သမ္မာတရားအတိုင်း မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ပေါင်းရုံးသုံးသပ်ခြင်း သာ၍ပင် မရှိပေ။ ၎င်းတို့သည် အထုတ်ခံရပြီး ၎င်းတို့၏ အဆင့်အတန်း ဆုံးရှုံးသွားသည့်အခါ “မည်သည့်အရာကို ငါ အတိအကျ မှားခဲ့သနည်း။ မည်သို့ ငါ နောင်တရသင့်သနည်း။ ဤအရာမျိုး တစ်ဖန် ဖြစ်ပျက်လျှင် ငါသည် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်အညီ ဖြစ်နိုင်ရန်အလို့ငှာ မည်သို့ ပြုမူသင့်သနည်း”ဟု မတွေးကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြောင်းလဲသည့် ဤသဘောထား မရှိကြချေ။ ၎င်းတို့ ပြုပြင်ခံရလျှင်ပင်၊ အထုတ်ခံရလျှင်ပင်၊ ၎င်းတို့သည် နောက်ပြန်လှည့်ဦးမည် မဟုတ်သကဲ့သို့ သမ္မာတရားကို လိုက်စားဦးမည် မဟုတ်သည့်အပြင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ရှာခြင်းဖြစ်စေ၊ ၎င်းတို့၏ လိုက်စားမှု ဦးတည်ချက်ကို ပြောင်းလဲခြင်းဖြစ်စေ ပြုဦးမည်မဟုတ်ပေ။ ၎င်းတို့က ဘုရားအိမ်တော်ထံ မည်မျှ ကြီးမားသည့် ဆုံးရှုံးမှု ဖြစ်စေသည်ဖြစ်စေ၊ ပြီးလျှင် မည်မျှကြီးမားသည့် ကျရှုံးမှုကို ၎င်းတို့ ရရှိသည်ဖြစ်စေ၊ ၎င်းတို့၏ အပြစ်များကို မည်သည့်အခါတွင်မျှ ဝန်ချကြလိမ့်မည် မဟုတ်။ ၎င်းတို့၏ ကျရှုံးမှုများက နောက်ပိုင်းအချိန်ကာလတွင် ၎င်းတို့ကို သမ္မာတရား လိုက်စားကာ ရှာဖွေဖို့ ဖြစ်စေလိမ့်မည် မဟုတ်။ ထိုအစား အရာရာကို အဖတ်ဆယ်ပြီး ၎င်းတို့ ဆုံးရှုံးပြီးဖြစ်သည့် အဆင့်အတန်းအား ပြန်ရယူရန် မည်သည့်အရာ ၎င်းတို့ လုပ်ဆောင်နိုင်သည်ကို အပိုင်ကြံနေကြလိမ့်မည် ဖြစ်သည်။ ဤသည်တို့မှာ အချက်နှစ်ချက်ဖြစ်သည်။ ပထမအချက်မှာ ၎င်းတို့၏ အဆင့်အတန်း ဆုံးရှုံးပြီးနောက် ၎င်းတို့ ရောက်ရှိကြသည့် ဖြစ်တည်မှု အခြေအနေတစ်မျိုးဖြစ်သည်။ ယင်းမှာ တစ်ကျော့ပြန်လာဖို့ စဉ်ဆက်မပြတ် အသင့်ဖြစ်နေခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ ၎င်းတို့ လျှောက်ခဲ့ကြသည့် မှားယွင်းသော လမ်းကြောင်းကို ဝန်ခံရန် သို့မဟုတ် နားလည်ရန် ၎င်းတို့၏ ငြင်းဆန်မှု ဖြစ်သည်။ ဤဒုတိယအချက်အတွင်းတွင် မိမိတို့ လျှောက်ခဲ့ကြသည့် မှားယွင်းသော လမ်းကြောင်းကို နားမလည်ခြင်းသည် ယင်း၏ အပိုင်းတစ်ပိုင်းဖြစ်၏။ ထို့အပြင် ၎င်းတို့သည် လုံးဝ စစ်မှန်စွာ နောင်တရကြလိမ့်မည် မဟုတ်သကဲ့သို့ သမ္မာတရားကို လက်ခံကြလိမ့်မည် မဟုတ်။ ပြီးလျှင် ၎င်းတို့သည် ဘုရားအိမ်တော်ကို ၎င်းတို့ လုပ်ဆောင်ခဲ့သည့် ထိခိုက်နစ်နာမှုအတွက် ထေမိစေဖို့ နောင်တနှလုံးသားများဖြင့် သေချာပေါက် လုပ်ဆောင်ကြမည် မဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရား မလိုက်စားသောလူများကို သမ္မာတရား လိုက်စားပြီး လက်တွေ့လုပ်ဆောင်သော လူများအဖြစ်သို့ မည်သို့ အသွင်ပြောင်းရမည်အကြောင်း၊ မည်သို့ ပြောင်းလဲစေရမည်အကြောင်းကို လုံးဝ စဉ်းစားကြလိမ့်မည် မဟုတ်ပေ။ ဤအချက်နှစ်ခုက အန္တိခရစ်များသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ ပင်ကိုအားဖြင့် ကောက်ကျစ်ဆိုးယုတ်သည်ကို သိသာထင်ရှားစေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဟန်ဆောင်ရာတွင်လည်းကောင်း၊ ပုတ်သင်ညိုများကဲ့သို့ မိမိတို့၏ ပတ်ဝန်းကျင်နှင့် အလိုက်သင့်နေခြင်းတွင်လည်းကောင်း အထူးတော်ကြသည်။ ၎င်းတို့တွင် ပြောင်းလဲလွယ်သော အနှစ်သာရရှိပြီး ၎င်းတို့ စိတ်နှလုံးများ၏ အတွင်းနက်နက်နေရာများတွင် အဆင့်အတန်းနှင့် ၎င်းတို့၏ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများကို ၎င်းတို့ လိုက်စားခြင်းက မည်သည့်အခါတွင်မျှ လျှော့ပေါ့သွားခြင်း မရှိသကဲ့သို့ လုံးဝ ပြောင်းလဲလိမ့်မည်လည်း မဟုတ်ပေ။ ထိုလူများကို မည်သူကမျှ မပြောင်းလဲစေနိုင်ပေ။ ဤသရုပ်သကန်များကို ကြည့်သည့်အခါ ဤလူစားမျိုး၏ သဘာဝ အနှစ်သာရမှာ အဘယ်နည်း။ အန္တိခရစ်တစ်ဦးသည် ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မတစ်ဦး ဖြစ်သလော။ အန္တိခရစ်တစ်ဦးသည် စစ်မှန်သော လူတစ်ဦး ဖြစ်သလော။ (မဟုတ်ပါ။) ဤလူများကို ညီအစ်ကို မောင်နှမများအဖြစ် သင် သဘောထားလျှင် ယင်းမှာ သင်သည် ဆိုးရွားစွာ နုံအသည်ဟု ဆိုလိုသည် မဟုတ်လော။ ဤသရုပ်သကန်များသည် အန္တိခရစ်တစ်ဦး၏ အနှစ်သာရ ထုတ်ဖော်ချက်များ ဖြစ်သည်။ အန္တိခရစ်များတွင် အဆင့်အတန်းမရှိသည့်အခါ ဤသည်မှာ ၎င်းတို့ ရောက်ရှိနေကြသည့် ဖြစ်တည်မှု အခြေအနေမျိုး ဖြစ်သည်။ ၎င်းတို့ စိတ်နှလုံးများတွင် ရှိသည့် အပိုင်ကြံခြင်းများ၊ ၎င်းတို့ ထုတ်ဖော်သည့်အရာနှင့် အပြင်ပန်းအားဖြင့် ၎င်းတို့ ပြုမူပုံ၊ ပြီးလျှင် ၎င်းတို့၏ စိတ်နှလုံးအတွင်းနက်နက်နေရာများတွင် သမ္မာတရားအပေါ်လည်းကောင်း၊ ၎င်းတို့၏ ပြစ်မှားမှုများအပေါ်တွင်လည်းကောင်း ၎င်းတို့ ထားရှိကြသည့် သဘောထားမျိုးမှာ ဤကဲ့သို့ ဖြစ်ကြပြီး ၎င်းတို့၏ အမြင်ရှုထောင့်သည် ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ သင်သည် သမ္မာတရားနှင့်ပတ်သက်၍ မည်မျှ မိတ်သဟာယပြုသည်ဖြစ်စေ၊ သို့မဟုတ် မှန်ကန်သည့်၊ အပြုသဘောဆောင်သည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းနှင့်ပတ်သက်၍ သင် မည်မျှ ပြောဆိုသည်ဖြစ်စေ ထိုအရာကို ၎င်းတို့က စိတ်ထဲတွင် လုံးဝ အမှန်တကယ် လက်ခံကြလိမ့်မည် မဟုတ်ပေ။ ထိုအစား ထိုအရာကို အတိုက်အခံလုပ်ကြလိမ့်မည်။ ၎င်းတို့က “ကောင်းပြီ၊ ကျွန်ုပ်တွင် အဆင့်အတန်း မရှိတော့ပါ၊ ထို့ကြောင့် ကျွန်ုပ် ပြောသည့်အရာ အရေးမပါပါ။ မည်သူကမျှ ကျွန်ုပ်ကို မထောက်ခံတော့ပါ။ သင်တို့သည် ကျွန်ုပ်ကို လှောင်ပြောင်ဖို့နှင့် ပညာပေးဖို့သာ အလိုရှိကြသည်။ သင်သည် ကျွန်ုပ်ကို ပညာပေးရလောက်အောင် အရည်အချင်းပြည့်မီသလော။ သင့်ကိုယ်သင် မည်သူဟုများ ထင်နေသနည်း။ ကျွန်ုပ် ခေါင်းဆောင်ဖြစ်လာခဲ့ချိန်တွင် သင်သည် လမ်းပင် မလျှောက်တတ်သေးပါ။ သင် ပြောဆိုသည့် အရာအနည်းငယ်သည် ငါ့ထံမှ သင်ယူခဲ့ခြင်း မဟုတ်လော။ ပြီးလျှင် သင်က ကျွန်ုပ်ကို ပညာပေးရန် ကြိုးစားနေသည်။ သင်သည် တကယ်ကို ကိုယ့်နေရာကိုယ် မသိပါတကား”ဟုပင် ယုံကြည်လိမ့်မည်။ ၎င်းတို့ကို ပြုပြင်ရန်၊ စကားပြောရန်၊ ၎င်းတို့နှင့် စကားစမြည်ပြောဆိုရန် သို့မဟုတ် ၎င်းတို့နှင့် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဆိုရန် လူများသည် ဝါရင့်မှုတစ်ခုခု လိုအပ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ဤလူများသည် မည်သည့်အရာမျိုးဖြစ်သနည်း။ အန္တိခရစ်များသာ ထိုသို့သောအရာများကို ပြောနိုင်စွမ်း ရှိကြသည်။ ပုံမှန်လူများနှင့် ရှက်စိတ်တစ်ခုခုရှိပြီး ဆင်ခြင်တုံတရား အနည်းငယ်ရှိသော လူတို့သည် ဤအရာများကို လုံးဝ ပြောကြလိမ့်မည် မဟုတ်ပေ။ တစ်စုံတစ်ဦးသည် သင့်ကို တရားဒေသနာတစ်ခု ဟောပြောနေလျှင် သင်နှင့် ရင်းနှီးပွင့်လင်းစွာ တည်တည်ငြိမ်ငြိမ် စကားစမြည် ပြောနေပြီး သင့်တွင်ရှိသည့် ပြဿနာများကို ထောက်ပြကာ အကြံပြုချက်အချို့ သင့်ကို ပေးနေလျှင် ဤအရာကို သင်တို့ လက်ခံနိုင်မည်လော။ သို့မဟုတ် အန္တိခရစ်တစ်ဦးကဲ့သို့ တူညီသည့် စိတ်နေစိတ်ထားမျိုး သင်တို့ ရှိကြမည်လော။ ဥပမာအနေဖြင့် သင်သည် ဆယ်နှစ်ကြာ ယုံကြည်သူဖြစ်ပြီးဖြစ်သော်လည်း ခေါင်းဆောင်တစ်ဦးအဖြစ် မည်သည့်အခါတွင်မျှ အစေမခံဖူးခဲ့ဟု ဆိုပါစို့။ အခြားလူတစ်ဦးသည် နှစ်နှစ်ကြာသာ ယုံကြည်ခဲ့သော်လည်း သင့်ထက် ရာထူးပိုကြီးပြီး သင်သည် ဤအရာနှင့်ပတ်သက်၍ စိတ်ပျက်မိလေသည်။ သင်သည် နောက်ဆုံးတွင် ခရိုင် ခေါင်းဆောင်တစ်ဦး မဖြစ်လာမီ ဘုရားသခင်ကို အနှစ် ၂၀ကြာ ယုံကြည်ခဲ့သည်ဟု ဆိုပါစို့။ အခြားတစ်စုံတစ်ဦးသည် ငါးနှစ်မျှသာ ယုံကြည်ပြီးနောက် ဒေသန္တရ ခေါင်းဆောင်တစ်ဦးဖြစ်လာပြီး သင့်ကို စတင် ဦးဆောင်ကာ သင်သည် ဤအရာကို လက်ခံဖို့ ခက်ခဲသည်ဟု မြင်သည်ဟု ဆိုပါစို့။ ၎င်းတို့က သင့်ကို ပြုပြင်လျှင် သင်သည် အနေရခက်ပြီး သင့်ကို ၎င်းတို့ ပြုပြင်ခြင်းက မှန်ကန်လျှင်ပင် ထိုအရာကို သင် လက်မခံလိုသေးပေ။ သင်တို့သည် ဤသဘောထားမျိုး သို့မဟုတ် သရုပ်သကန်မျိုး ပိုင်ဆိုင်ဖူးကြသလော။ (ပိုင်ဆိုင်ဖူးကြပါသည်။) ဤသည်မှာ အန္တိခရစ်၏ စိတ်သဘောထားတစ်ခု ဖြစ်သည်။ အန္တိခရစ်များသည်သာ အန္တိခရစ်၏ စိတ်သဘောထားရှိသည်ဟု သင် ထင်သလော။ အန္တိခရစ်၏ စိတ်သဘောထား ရှိသူမည်သူမဆိုသည် အန္တရာယ်ရှိပေသည်။ ၎င်းတို့သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းပေါ် အစပြုကောင်းပြုနိုင်ပြီး ဤစိတ်သဘောထားက ၎င်းတို့ကို ဖျက်ဆီးကောင်း ဖျက်ဆီးနိုင်သည်။ ယင်းမှာ အမှုအရာများ၏ ပကတိအတိုင်း ဖြစ်သည်။ အန္တိခရစ်တစ်ဦး၏ အနှစ်သာရကို ငါတို့ မိတ်သဟာယပြုပြီး စိစစ်သည့်အခါ ဤအရာတွင် အန္တိခရစ်၏ စိတ်သဘောထားရှိသော လူများလည်း ပါဝင်ပေသည်။ ဤအရာတွင် ပါဝင်သည့်လူများသည် လူနည်းစုဖြစ်သည်ဟု သင်တို့ ပြောမည်လော၊ သို့မဟုတ် လူများစုဖြစ်သည်ဟု သင်တို့ ပြောမည်လော။ သို့တည်းမဟုတ် ဤအရာတွင် လူတိုင်း ပါဝင်သလော။ (လူတိုင်းပါဝင်ပါသည်။) ယင်းမှာ မှန်ကန်ပေသည်။ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားသည် စာတန်ဆန်သော စိတ်သဘောထားဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော လူသားများ အားလုံးက စာတန်ဆန်သော စိတ်သဘောထားကို ပိုင်ဆိုင်ကြသောကြောင့် ဖြစ်သည်။ ယခုတွင် ပြုပြင်ခံရခြင်းကို အန္တိခရစ်များက သဘောထားပြုမူပုံနှင့်ဆိုင်သည့် ဤအကြောင်းအရာကို ငါတို့ အနည်းငယ် မိတ်သဟာယပြုကြပြီးဖြစ်သည်။ သာ၍ အသေးစိတ်ပြောရလျှင် လက်တွေ့ကျသော ဥပမာအချို့ကို ပေး၍ရသည်။ ယင်းကို သင်တို့၏ စုဝေးပွဲများအတောအတွင်းတွင် မိတ်သဟာယပြုဖို့ သင်တို့အတွက် ငါ ချန်ထားမည်။ သင်တို့ မိတ်သဟာယပြုနေစဉ်တွင် အခြားလူများ မည်သို့ဖြစ်သည်ဆိုသည့်အကြောင်းကို အမြဲ မပြောကြနှင့်။ အခြားသူတို့၏ သရုပ်သကန်များနှင့်ပတ်သက်၍ မိတ်သဟာယပြုခြင်းကို ရှောင်လွှဲမရသည်မှာ အမှန်ဖြစ်သော်လည်း သင်တို့၏ ကိုယ်ပိုင် သရုပ်သကန်များ အကြောင်းကို သင်တို့ အဓိက မိတ်သဟာယပြုသင့်ကြပေသည်။ သင်တို့သည် သင်တို့ထဲ၌ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားနှင့် ဆက်စပ်သည့် သရုပ်သကန်အချို့ သို့မဟုတ် ထုတ်ဖော်ခြင်းအချို့ကို ရှာတွေ့နိုင်လျှင် ထိုအရာသည် သင်တို့၏ မိမိကိုယ်ကို သိသည့်အသိအတွက် အထောက်အကူဖြစ်ကာ အကျိုးရှိလိမ့်မည် ဖြစ်ပြီး ထိုစိတ်သဘောထားကို သင်တို့ ဖယ်ရှားဖို့ အားထုတ်ရာတွင် ထိုအရာက သင်တို့ကို ကူညီလိမ့်မည် ဖြစ်သည်။
အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား သရုပ်သကန် အမျိုးမျိုးနှင့်ဆိုင်သည့် အကြောင်းအရာကို ယခင်က ငါတို့ မိတ်သဟာယပြုပြီးဖြစ်သည်။ သင်တို့သည် ထိုအရာများနှင့် သင်တို့ကိုယ်သင်တို့ နှိုင်းယှဉ်ချိန်ဆကြည့်နိုင်ကြပြီလော။ သိနားလည်မှုတစ်ခုခုကို သင်တို့ ရရှိနိုင်ကြပြီလော။ စစ်မှန်သော ပြဿနာအချို့ကို သင်တို့ ဖြေရှင်းနိုင်သလော။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် မည်သည့် သွင်ပြင်လက္ခဏာကို သင် ပြောင်းလဲသည်ဖြစ်စေ ထိုအရာအားလုံးကို သမ္မာတရားအား သိနားလည်ခြင်း၊ သင့်ကိုယ်သင် သမ္မာတရားနှင့် နှိုင်းယှဉ်ချိန်ဆကြည့်ခြင်းနှင့် ထို့နောက်တွင် သင့်ကိုယ်သင် သိနားလည်လာခြင်းတို့၏ အခြေခံအုတ်မြစ်တစ်ခုပေါ်တွင် စွမ်းဆောင်ရရှိပေသည်။ ထို့ကြောင့် သင့်ကိုယ်သင် သိရှိခြင်းနှင့် စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု စွမ်းဆောင်ရရှိခြင်းတို့နှင့် ပတ်သက်လာသည့်အခါ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ အမျိုးမျိုးသော သရုပ်သကန်များကို ပိုင်းခြားသိမြင်ကာ စိစစ်နိုင်ခြင်းသည် သင် နင်းလျှောက်ရမည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ ဤအချက်ကို သင်တို့ နားလည်လာပြီးဖြစ်သလော။ သင်တို့ထဲမှ အချို့က နားလည်မည်မဟုတ်သကဲ့သို့ “ကိုယ်တော်သည် ဤအရေးမပါသည့် အကြောင်းအရာများနှင့် ကိစ္စများအပေါ် အမြဲ မိတ်သဟာယပြုနေသည်။ အချို့သော နက်နဲသည့် သမ္မာတရားများကို ကိုယ်တော် လုံးဝ ပြောဆိုခြင်းမရှိ၊ သို့မဟုတ် နက်နဲသိမ်မွေ့သည့် နက်နဲမှုတစ်ခုတလေကို ကိုယ်တော် ထုတ်ဖော်ခြင်း မရှိပါ။ ဤသည်မှာ အလွန် ပျင်းရိဖွယ်နှင့် ငြီးငွေ့ဖွယ်ဖြစ်သည်။ ကိုယ်တော် မိတ်သဟာယပြုနေသည့် ဤအရာများသည် ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်ုပ်တို့ ဝင်ရောက်ခြင်း၊ ကြီးမားသည့် ကောင်းချီးမင်္ဂလာများ ရရှိခြင်းနှင့် အနာဂတ်တွင် စုံလင်အောင်ပြုခြင်းခံရခြင်းတို့နှင့် မည်သည့် ပတ်သက်မှု ရှိသနည်း”ဟု တွေးကောင်းတွေးကြပေမည်။ ဤလူများသည် မည်သည့်အခါတွင်မျှ နားမလည်ကြပေ။ ၎င်းတို့သည် ဤအရာများကို နားထောင်ရင်း အိပ်ငိုက်လာကြသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့် လူတို့သည် ထိုအရာကို နားမလည်ကြပေ။ သမ္မာတရားတစ်ခုစီနှင့် သက်ဆိုင်သော အမျိုးမျိုးသော လူသား အခြေအနေများကိုဖြစ်စေ၊ အမျိုးမျိုးသော သမ္မာတရားများကြား ဆက်နွှယ်မှုကိုဖြစ်စေ ၎င်းတို့ နားမလည်ကြပေ။ ဤအရာများကို ၎င်းတို့ နားမလည်ကြ။ ၎င်းတို့ကို သာ၍ အသေးစိတ် ရှင်းပြချက်တစ်ခု သင်ပေးလေ၊ ၎င်းတို့ သာ၍ မရှင်းမလင်း ဖြစ်လေဖြစ်ပြီး ခံယူမှုနည်းလေ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ အမြဲ အိပ်ငိုက်သွားကြသည်။ စုဝေးပွဲတစ်ခု ပထမဆုံး စတင်သည့်အချိန်တွင် ၎င်းတို့သည် သီချင်းဆိုကာ ကခုန်နေပြီး စည်းမျဉ်းစည်းကမ်းများနှင့် အခမ်းအနားများက မည်မျှ ပျင်းစရာကောင်းသည်ဖြစ်စေ၊ ထပ်နေသည်ဖြစ်စေ ၎င်းတို့ အိပ်ငိုက်လာခြင်းမျိုး မရှိကြပေ။ သို့သော် သမ္မာတရားနှင့် လူတို့၏ မတူကွဲပြားသော အခြေအနေများနှင့် ပတ်သက်၍ သင် မိတ်သဟာယပြုသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ စတင် ငိုက်မျဉ်းလာကြသည်။ ထိုသို့ အမြဲ အိပ်ငိုက်လာကြသည့် လူတို့နှင့်ပတ်သက်၍ မည်သည့်အရာ ဖြစ်နေသနည်း။ ၎င်းတို့ ထုတ်ဖော်ခံရခြင်း မရှိကြသေးသလော။ ဤသည်မှာ သမ္မာတရားကို မချစ်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်၊ မဟုတ်လော။ အသက်ဝင်ရောက်မှုနှင့်ပတ်သက်သည့် အမျိုးမျိုးသော သမ္မာတရားများ၏ အသေးစိတ်အချက်များနှင့် ပတ်သက်လာသည့်အခါ သမ္မာတရားကို စစ်မှန်စွာ လိုက်စားပြီး အစွမ်းအစတစ်ခုခု ပိုင်ဆိုင်ကြသောလူတို့သည် ယင်းတို့ကို ပိုကြားလေ၊ ပိုနားလည်လေဖြစ်ပြီး သမ္မာတရားကို မချစ်သကဲ့သို့ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့်သူတို့မှာမူ ယင်းတို့အကြောင်းကိုကြားလေ မရှင်းမလင်းဖြစ်လေသာ ဖြစ်သည်။ ၎င်းတို့က ပိုနားထောင်လေ၊ ယင်းတို့ကို ပျင်းစရာကောင်းသည်ဟု ၎င်းတို့ မြင်လေဖြစ်ပြီး ၎င်းတို့ မည်မျှ နားထောင်သည်ဖြစ်စေ ထိုနည်းတူသာ ခံစားကြရဆဲဖြစ်သည်။ ယင်းတို့တွင်ရှိသည့် လမ်းကြောင်းတစ်ခုကို ၎င်းတို့ မကြားသိနိုင်ကြပေ။ အသက်ဝင်ရောက်မှုနှင့် ပတ်သက်သည့် ကိစ္စရပ်များသည် ထိုမျှ ခက်ခဲရှုပ်ထွေးခြင်း မရှိသောကြောင့် ထိုအရာများနှင့်ပတ်သက်၍ ထိုမျှများစွာ မိတ်သဟာယပြုရန် မလိုအပ်ဟု ခံစားကြသည်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့် လူများနှင့် တူသည့်အရာ ဖြစ်သည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းတွင် အလွန်များပြားသည့် သမ္မာတရားများ ပါဝင်သည်။ ၎င်းတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် ကြိုးစားသည့် လမ်းကြောင်းတွင် လူတို့သည် သမ္မာတရား တစ်ခုစီအပေါ် အချိန်ကုန်ပြီး အားထုတ်ခြင်း၊ သမ္မာတရားတစ်ခုနှင့်ဆိုင်သည့် သိနားလည်မှု၊ သဘောပေါက်နားလည်ခြင်းနှင့် အသိပညာတို့ကို ရရှိခြင်းမရှိသကဲ့သို့ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှာမတွေ့လျှင် ၎င်းတို့သည် မည်သည့် သမ္မာတရားကိုမျှ လုံးဝ ဝင်ရောက်နိုင်ကြလိမ့်မည် မဟုတ်ပေ။ လူတို့က ဘုရားသခင်ကို သိလာနိုင်သည့် လမ်းကြောင်းမှာ အဘယ်နည်း။ အမျိုးမျိုးသော သမ္မာတရားများကို နားလည်ခြင်းနှင့် ဝင်ရောက်ခြင်းအားဖြင့် ဖြစ်သည်။ ဤသည်မှာ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ထို့အပြင် သမ္မာတရားတစ်ခုစီသည် အဆိုတစ်မျိုးမျိုး သို့မဟုတ် အသိပညာတစ်မျိုး သို့မဟုတ် အတွေးအခေါ်တစ်မျိုး မဟုတ်ပေ။ ထိုအရာသည် လူတို့၏ ဘဝများနှင့်လည်းကောင်း၊ ၎င်းတို့၏ တည်ရှိခြင်း အဆင့်အတန်း၊ ၎င်းတို့ ရောက်နေသည့် အခြေအနေများနှင့် နေ့စဉ် ၎င်းတို့ စဉ်းစားသည့် အရာများနှင့်လည်းကောင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရများ၏ စိုးမိုးမှုအောက်တွင် ၎င်းတို့ ဖြစ်ပေါ်စေသည့် အမျိုးမျိုးသော အတွေးအခေါ်များ၊ စိတ်ကူးများ၊ ရည်ရွယ်ချက်များ၊ သဘောထားများနှင့်လည်းကောင်း ပတ်သက်ပေသည်။ ထို့ကြောင့် ဤသည်တို့မှာ ငါတို့ ပြောနေသည့် အကြောင်းအရာများ ဖြစ်သည်။ ဤအကြောင်းအရာများကို သင် နားလည်ပြီးသည့်အခါ၊ ယင်းတို့ကို သင်ကိုယ်တိုင်နှင့် ဆက်စပ်ကြည့်ပြီးသည့်အခါ၊ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို ရှာတွေ့ပြီး သင်၏ မတူကွဲပြားသော စိတ်သဘောထားများက ဖြစ်ပေါ်စေသည့် အမျိုးမျိုးသော အခြေအနေများနှင့် အမြင်ရှုထောင့်များကို သိရှိလာပြီးသည့်အခါ ယင်းတို့နှင့် ဆက်စပ်သည့် သမ္မာတရားများကို သင် အမှန်တကယ် နားလည်ပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့ ထိုအခါတွင်မှ သမ္မာတရား စည်းမျဉ်းများအတိုင်း မှန်ကန်တိကျစွာ သင် လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်သည်။ စကားလုံးများကို အရှိအတိုင်းသာ သင် နားလည်လျှင် အန္တိခရစ်များ၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် စက်ဆုပ်ဖွယ် ဖြစ်ခြင်းတို့ကို ဘုရားသခင်၏ ဖော်ထုတ်ခြင်းအား သင် မြင်သည့်အခါ သင်က “အန္တိခရစ်များသည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သော်လည်း ငါကိုယ်တိုင်သည် အတော်လေး ကိုယ်ကျိုးမငဲ့ပါ။ ငါ့ထံတွင် ပေးစရာ မေတ္တာတရားများစွာ ရှိသည်။ ငါသည် သဘောထားကြီးသည်၊ ပညာတတ် မိသားစုတွင် ငါ မွေးဖွားခဲ့သည်၊ အဆင့်မြင့် ပညာရေးကို လက်ခံရရှိခဲ့ပြီး ကျော်ကြားသော ပုဂ္ဂိုလ်များနှင့် ဂန္တဝင်လက်ရာများ၏ လွှမ်းမိုးပုံသွင်းခြင်းခံခဲ့ရသည်။ ငါသည် တစ်ကိုယ်ကောင်းဆန်သော လူတစ်ဦး မဟုတ်ပါ”ဟု တွေးလေသည်။ ဤအရာများကို ပြောခြင်းသည် သမ္မာတရားကို လက်ခံခြင်း ဖြစ်သလော။ သင့်ကိုယ်သင် သိရှိခြင်း ဖြစ်သလော။ ဤသီးခြား သမ္မာတရားကိုဖြစ်စေ၊ ဤသီးခြားသမ္မာတရားက ခြုံငုံမိသည့် အမျိုးမျိုးသော အခြေအနေများကိုဖြစ်စေ သင် နားမလည်သည်မှာ အတော်လေး သိသာထင်ရှားပေသည်။ သမ္မာတရား တစ်ခုခုက ခြုံငုံမိသည့် ဘုရားသခင် ပြောဆိုပြီး ဖော်ထုတ်သည့် အမျိုးမျိုးသော အခြေအနေများကို သင် နားလည်ပြီး သင့်ကိုယ်သင် ထိုအရာများနှင့် နှိုင်းယှဉ်ချိန်ဆနိုင်ကာ တိကျသော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို ရှာတွေ့နိုင်လျှင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းပေါ် အစပြုပြီး ဖြစ်လိမ့်မည်ဖြစ်ကာ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ပြီး ဖြစ်လိမ့်မည်။ ဤအရာကို သင် မလုပ်ဆောင်ရသေးလျှင် သင်သည် အယူဝါဒတစ်ခုကိုသာ နားလည်ရုံမျှ နားလည်ခြင်း ဖြစ်သည်။ သမ္မာတရားကို သင် နားမလည်သေးပေ။ ထိုအရာသည် ပြုပြင်ခံရခြင်းကို အန္တိခရစ်တို့ သဘောထားပြုမူပုံနှင့်ပတ်သက်၍ ယခုတင် ငါတို့ ပြောဆိုခဲ့သည့် အကြောင်းအရာကဲ့သို့ပင် ဖြစ်သည်။ ငါတို့ မိတ်သဟာယဆက်ပြုခဲ့သည့် အမျိုးမျိုးသော အခြေအနေများ၊ သရုပ်သကန်များနှင့် ထုတ်ဖော်မှုများသည် အန္တိခရစ်တစ်ဦး၏ သဘာဝ အနှစ်သာရနှင့်လည်းကောင်း၊ စိတ်သဘောထားနှင့်လည်းကောင်း ပတ်သက်ကြသည်ချည်းသာ ဖြစ်သည်။ ဤအရာများထဲမှ မည်မျှကို သင်တို့ နားလည်သနည်း။ ယင်းတို့ထဲမှ မည်မျှနှင့် သင့်ကိုယ်သင်ဖြင့် နှိုင်းယှဉ်ချိန်ဆ ကြည့်ပြီးပြီနည်း။ သင်တို့ သဘောပေါက်ပြီးဖြစ်သည့် ဤအကြောင်းအရာအတွင်းတွင် ပါရှိသည့် ပြောဆိုချက်များ၊ အသေးစိတ်အချက်များနှင့် အခြေအနေများသည် အခြားသူများနှင့် ဆက်စပ်သလော၊ သို့မဟုတ် သင်နှင့် ဆက်စပ်သလော။ ဤအခြေအနေများသည် သင်ကိုယ်တိုင်နှင့် ဆက်စပ်မှု တစ်ခုတလေ ရှိသလော။ ယင်းတို့ကို သင်ကိုယ်တိုင်နှင့် သင် အမှန်တကယ် ဆက်စပ်ကြည့်ပြီးပြီလော သို့မဟုတ် ယင်းတို့ကို သင် အင်တင်တင်ဖြင့်သာ အသိအမှတ်ပြုကာ သဘောတူခဲ့ခြင်း ဖြစ်သလော။ ဤအရာသည် သင်၏ သဘောပေါက်နားလည်မှုနှင့် သမ္မာတရားအပေါ် သင်၏ သဘောထားတို့အပေါ် မူတည်ပေသည်။ ဤအခြေအနေများကို သင်ကိုယ်တိုင်နှင့် ဆက်စပ်ကြည့်ခြင်းသည် သမ္မာတရားအား သင် လက်တွေ့လုပ်ဆောင်နိုင်ခြင်းအတွက် မရှိမဖြစ်ထားရှိရမည့် လိုအပ်ချက်ဖြစ်သည်။ ယင်းမှာ သင်သည် ထိုအရာကို စတင်လက်တွေ့လုပ်ဆောင်နှင့်ပြီးဖြစ်သည်ဟု မဆိုလိုပေ။ သို့သော် သင်သည် ဤအခြေအနေများနှင့် သင့်ကိုယ်သင် ဆက်စပ်ကြည့်နိုင်ခြင်းမရှိလျှင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် မည်သည့် ပတ်သက်မှုမျှရှိလိမ့်မည် မဟုတ်။ ထိုသို့ဖြစ်သဖြင့် တရားဒေသနာများကို သင် နားထောင်သည့်အခါ မည်သည့်အရာကို သင် ကြားလိမ့်မည်နည်း။ သင် ဟန်ဆောင်နေရုံသာရှိလိမ့်မည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အလား ထင်ရလိမ့်မည် ဖြစ်သော်လည်း သူ၏နှုတ်ကပတ်တော်အတိုင်း အမှန်တကယ် လက်တွေ့လုပ်ဆောင်လိမ့်မည် မဟုတ်သကဲ့သို့ သူ့နှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ သင် ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။ သင်သည် လူပြိန်းတစ်ဦး၊ ဝန်ဆောင်မှု ပေးသူတစ်ဦး၊ အဖြည့်ခံတစ်ဦးသာ ဖြစ်လိမ့်မည်။ ဤအခြေအနေများနှင့် သင့်ကိုယ်သင် မည်သို့ နှိုင်းယှဉ်ကြည့်သင့်သည်ဆိုသည်နှင့်လည်းကောင်း၊ ငါ ပြောပြီးသည့်အရာများနှင့် ဆက်စပ်သည့် အမျိုးမျိုးသော အခြေအနေများကို သင် မည်သို့ စိစစ်သင့်သည်ဆိုသည်တို့နှင့်လည်းကောင်း ပတ်သက်လာသည့်အခါ ဤသည်မှာ သင်တို့၏ ကိုယ်ပိုင် သိမြင်နားလည်မှုအပေါ် မူတည်ပေသည်။ ငါ လုပ်ဆောင်နိုင်သမျှမှာ ဤစကားများကို သင်တို့အား ပြောခြင်းနှင့် သင်တို့ကို ဤစကားများနှင့် ထောက်ပံ့ပေးခြင်း ဖြစ်သည်။ ကျန်သည့်အရာအတွက်မူ သင်တို့ဘာသာ အားထုတ်မှု ထားရှိဖို့ လိုအပ်လိမ့်မည်။ ဤစကားများကို သင်တို့ လက်ခံနိုင်ခြင်း ရှိမရှိဟူသည်မှာ သင်တို့၏ သဘောထားပေါ် မူတည်သည်။ လူအချို့သည် ၎င်းတို့၏ စိတ်နှလုံးများတွင် မာကျောကြသည်။ ၎င်းတို့သည် အမြဲ ဟန်ဆောင်နေကြပြီး မိမိတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ကာကွယ်ရန် ကြိုးစားနေကြသည်။ ၎င်းတို့တွင် ပြဿနာများရှိသည်မှာ သိသာထင်ရှားသော်လည်း ဤပြဿနာများကို ၎င်းတို့ မမြင်နိုင်ကြသကဲ့သို့ ဝန်မခံကြသည့်အပြင် အခြားသူများကို ဖော်ထုတ်ပြီး စိစစ်ခြင်းအား ၎င်းတို့၏ တာဝန်အဖြစ်ပင် သဘောထားကြသည်။ ရလဒ်အနေဖြင့် ထိုအခြားသောလူတို့သည် ဤအရာမှ အကျိုးကျေးဇူး ရသွားကြစဉ်တွင် ၎င်းတို့ကိုယ်တိုင်ကမူ မည်သည့်အရာမျှ မရရှိကြပေ။ ဤလူစုသည် မိုက်မဲသူများဖြစ်ကြသည် မဟုတ်လော။ ဤသည်မှာ မိုက်မဲသော အပြုအမူဖြစ်သည်။ တရားဒေသနာများကို နားထောင်ခြင်း၏ အကြောင်းရင်းမှာ အခြားလူများကို မည်သို့ပိုင်းခြားသိမြင်ရမည်ကို သင်ယူရန် မဟုတ်သကဲ့သို့ အခြားလူတို့ကိုယ်စား နားထောင်ပေးရန်လည်း မဟုတ်ပေ။ ပြောသည့်အရာကို သင်ကိုယ်တိုင် ကြားပြီး ရရှိနိုင်ရန်အလို့ငှာ ဖြစ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် တရားဒေသနာများကို နားထောင်ပြီး ထိုအရာအားလုံးမှ သမ္မာတရားကို သင်သည် နားလည်လာသည်၊ အသက်ကို ရရှိပြီး စိတ်သဘောထား ပြောင်းလဲမှုတစ်ခု စွမ်းဆောင်ရရှိလေသည်။ ဤသည်မှာ အခြားသူများနှင့် ပတ်သက်မှု တစ်ခုတလေ ရှိသလော။ ဤစကားများသည် သင်နှင့် ပတ်သက်ပေသည်။ ဤသဘောထားမျိုးကို သင်ခံယူလျှင် ဤစကားများက သင့်ကို ပြောင်းလဲကောင်းပြောင်းလဲနိုင်မည် သင်၏ လက်တွေ့အရှိတရား ဖြစ်လာမည်ဖြစ်ပြီး သင့်အား စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို စွမ်းဆောင်ရရှိနိုင်စေမည် ဖြစ်သည်။
ဤပထမဆုံးအကြောင်းအရာတွင် ပြုပြင်ခံရခြင်းအား အန္တိခရစ်များက သဘောထားပြုမူပုံနှင့်ဆိုင်သည့် အမျိုးမျိုးသော သရုပ်သကန်များအကြောင်းကို ငါတို့ ပြောခဲ့ကြသည်။ တစ်နည်းအားဖြင့် ဤအကြောင်းအရာအပေါ် မိတ်သဟာယပြုခြင်းက ဤကိစ္စရပ်နှင့်ပတ်သက်လာသည့်အခါ သင်တို့အားလုံးအား အန္တိခရစ်များတွင်ရှိသည့် သဘောထားမျိုးနှင့် ၎င်းတို့ သဘာဝ အနှစ်သာရ၏ ထုတ်ဖော်ခြင်းများကို နားလည်ရန် ကူညီလိမ့်မည်။ နောက်တစ်နည်းအားဖြင့် ထိုအရာက သင်တို့ကို အပြုသဘောဆောင်သော လမ်းပြမှုနှင့် သတိပေးချက်အချို့ကို ပေးသည်။ သင်တို့သည် ကျန်ရှိသည့် ပြဿနာများကို ဆက်မိတ်သဟာယပြုကာ ဖြေရှင်းနိုင်သည်။ ယင်းတို့သည် သင်တို့ကိုယ်ပိုင် အရေးကိစ္စများဖြစ်၏။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။