အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၃) အခန်း ငါး

အသင်းတော်တွင် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးဖြစ်သည့်တိုင် သမ္မာတရားကို လုံးဝ မလိုက်စားသကဲ့သို့ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို အမြဲ လိုက်စားသည့်သူများ ရှိကြသလော။ ထိုသို့သော လူတို့၏ သရုပ်သကန်များမှာ အဘယ်နည်း။ မိမိကိုယ်ကို အစဉ်သဖြင့် ကိုယ်ရည်သွေးသည့်လူများ၊ တစ်ဘာသာဖြစ်သော အတွေးအခေါ်များ အကြံထုတ်တတ်ပြီး အဆင့်မြင့်ပုံရသည့် စိတ်ကူးများ လေပန်းတတ်သည့်လူများသည် ထိုသို့သော လူများဖြစ်သည်ဟု သင်တို့ ဆိုမည်လော။ ၎င်းတို့သည် မည်သည့်အရာမျိုးကို မကြာခဏ လုပ်ဆောင်ကြသနည်း။ (တစ်စုံတစ်ဦးက မိမိ၏ သဘောထားကို ဖော်ပြပြီး အခြားလူအားလုံးအတွက် ထိုသဘောထားက မှန်ကန်ပုံရသော်လည်း ဤလူသည် သူမည်မျှထက်မြက်သည်ကို ပြသရန် လူတို့က ပို၍ပင် မှန်ကန်သည်ဟု ခံစားပြီး ပထမလူ၏ အမြင်ရှုထောင့်ကို ငြင်းပယ်မည့် မတူကွဲပြားသော ရှုထောင့်တစ်ခုကို ထုတ်ပြောလာသည်။ ထိုသို့ဖြင့် သူ မည်မျှထက်မြက်သည်ကို ပြသလေသည်။) ဤအရာကို ကြွားဝါခြင်းဟု ခေါ်သည်။ ၎င်းတို့သည် အခြားလူတို့၏ အမြင်များကို ငြင်းပယ်ပြီးနောက် ၎င်းတို့ကိုယ်ပိုင် တမူထူးခြားသည့် ရှုထောင့်အမြင်၊ ၎င်းတို့ကပင်လျှင် လက်တွေ့ကျသည်ဟုဖြစ်စေ၊ ခိုင်လုံသည်ဟုဖြစ်စေ မခံစားရသည့် ရှုထောင့်အမြင်တစ်ခု၊ ဆောင်ပုဒ်မျှသာ ဖြစ်သောအရာတစ်ခုကို ထုတ်ပြောလာကြလေသည်။ သို့တိုင် ၎င်းတို့ မည်မျှထက်မြက်သည်ကို လူတို့အား ပြမှဖြစ်မည်ဖြစ်ပြီး လူတိုင်းအား ၎င်းတို့ စကားကို နားထောင်အောင် လုပ်မှဖြစ်မည်ဖြစ်သည်။ ၎င်းတို့ အမြဲတစေ ကွဲပြားမှဖြစ်မည်ဖြစ်သည်။ တစ်ဘာသာဖြစ်သော အတွေးအခေါ်များကို ၎င်းတို့ အမြဲ အကြံထုတ်မှဖြစ်မည်ဖြစ်သည်။ ၎င်းတို့သည် အဆင့်မြင့်ပုံရသော စိတ်ကူးများကို အမြဲ လေရှည်နေကြပြီး အခြားလူတို့ ပြောသည့်အရာသည် မည်မျှ ဖြစ်နိုင်ချေရှိကာ လက်တွေ့ကျပုံ ရသည်ဖြစ်စေ ထိုအရာကို ဆန့်ကျင်သည့် ဆန္ဒမဲပေးကာ အခြားလူတို့၏ အမြင်ရှုထောင့်များကို စွန့်ပယ်ရန် အမျိုးမျိုးသော အကြောင်းပြချက်များနှင့် ဆင်ခြေများ ရှာမှဖြစ်မည်ဖြစ်သည်။ ဤသည်တို့မှာ တစ်ဘာသာဖြစ်သော အတွေးအခေါ်များနှင့် အဆင့်မြင့်ပုံရသော စိတ်ကူးများကို အကြံထုတ်ရန် ကြိုးစားကြသည့် လူတို့၏ အတွေ့ရအများဆုံးသော အပြုအမူများဖြစ်သည်။ တစ်စုံတစ်ဦး၏ လုပ်ရပ်များက မည်မျှ မှန်ကန်ပုံရသည်ဖြစ်စေ၊ သင့်တင့်လျောက်ပတ်ပုံရသည်ဖြစ်စေ ယင်းတို့ကို ၎င်းတို့က ပယ်ချကာ လျစ်လျူရှုကြလိမ့်မည် ဖြစ်သည်။ ဤလူက သင့်တင့်လျောက်ပတ်စွာ ပြုမူသည်ကို ၎င်းတို့ အသေအချာ သိသော်လည်း ထိုသူ၏ လုပ်ရပ်များက သင့်လျော်ခြင်း မရှိကြောင်းနှင့် ၎င်းတို့လုပ်လျှင် ပို၍ ကောင်းစွာ လုပ်ဆောင်နိုင်မည့်အလား ထင်ရစေပြီး ထိုသူထက် ၎င်းတို့ လုံးဝ မညံ့ကြောင်း ပြောနေကြဆဲဖြစ်သည်။ ဤကဲ့သို့သော လူတို့က ၎င်းတို့လောက် မည်သူမျှ မတော်ကြောင်း၊ ကဏ္ဍအားလုံးတွင် ၎င်းတို့သည် အခြားလူတို့ထက် တော်ကြောင်း တွေးထင်ကြသည်။ အခြားလူများ ပြောဆိုသမျှတိုင်းက ၎င်းတို့အတွက် မှန်ကန်ခြင်းမရှိပေ။ အခြားလူတို့သည် အသုံးမကျကြသကဲ့သို့ ၎င်းတို့ကိုယ်တိုင်က ကဏ္ဍအားလုံးတွင် တော်ကြသည်။ ၎င်းတို့က တစ်စုံတစ်ရာကို အမှားလုပ်မိကာ ပြုပြင်ခြင်းခံရလျှင်ပင် ကျိုးနွံနာခံရန် မလိုမလား ဖြစ်ကြလိမ့်မည်။ သမ္မာတရားကို လုံးဝ လက်ခံကြလိမ့်မည် မဟုတ်သကဲ့သို့ ဆင်ခြေတစ်ပုံကြီးလည်း အကြံထုတ်လာကောင်း ထုတ်လာနိုင်သည်။ ယင်းက ၎င်းတို့အနေဖြင့် အမှားမပြုမိကြောင်းနှင့် ပြုပြင်မခံခဲ့ရသင့်ကြောင်း အခြားသူတို့ကို တွေးထင်စေသည်။ တစ်ဘာသာဖြစ်သော အတွေးအခေါ်များကို အကြံထုတ်ကာ အဆင့်မြင့်ပုံရသော စိတ်ကူးများ လေပန်းချင်ကြသည့် လူများသည် ဤနည်းဖြင့် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ကြလေသည်။ စင်စစ်အားဖြင့် ဤလူများထဲမှ အများစုသည် စစ်မှန်သည့် ပါရမီ ကင်းမဲ့ကြပြီး မည်သည့်အရာကိုမျှ ကောင်းစွာ မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့ လုပ်ဆောင်သည့်အရာတိုင်းသည် လုံးဝ ကမောက်ကမဖြစ်လာသည်။ သို့သော် ၎င်းတို့တွင် မိမိကိုယ်ကို နားလည်သဘောပေါက်မှု မရှိကြသကဲ့သို့ ၎င်းတို့က အခြားလူများထက် ပိုတော်သည်ဟု တွေးထင်ကြပြီး အခြားလူများ လုပ်ဆောင်နေသည့် အရာတိုင်းကို ဝင်ရောက်စွက်ဖက်ကာ ပါဝင်ပတ်သက်ဝံ့ကြသည့်အပြင် အခြားလူတို့အား ၎င်းတို့ကို အမြဲ လေးစားကာ စကားနားထောင်စေလိုလျက် အဆင့်မြင့်ပုံရသော စိတ်ကူးများကို လေပန်းမြဲပန်းနေကြလေသည်။ အခြေအနေက မည်သည့်အရာဖြစ်စေ၊ မည်သည့်အဖွဲ့တွင် ၎င်းတို့ ရှိကြသည်ဖြစ်စေ ၎င်းတို့သည် အခြားသူတို့အား ၎င်းတို့ကို အစေခံကာ ၎င်းတို့စကားကိုသာ နားထောင်စေလိုကြသည်။ အခြားမည်သူကိုမျှ ၎င်းတို့ အစေမခံလို၊ သို့မဟုတ် စကားနားမထောင်လိုကြပေ။ ဤသည်တို့မှာ အန္တိခရစ်များ ဖြစ်သည် မဟုတ်လော။ ဤသည်မှာ အန္တိခရစ်များ မည်မျှမာနထောင်လွှားကာ မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ကြခြင်း ဖြစ်လေသည်။ ဤသည်မှာ ၎င်းတို့ မည်မျှဆင်ခြင်တုံတရားမဲ့ကြခြင်း ဖြစ်လေသည်။ ၎င်းတို့သည် ဟုတ်မှန်သယောင် ရှိသော်လည်း စင်စစ်မှားနေသော အယူဝါဒများအကြောင်းကိုသာ ပြောဆိုကြပြီး အခြားလူတို့က ၎င်းတို့၏ အမှားများကို ထောက်ပြလျှင် ၎င်းတို့သည် စကားလုံးများနှင့် ဆင်ခြင်တွေးခေါ်မှုစနစ်ကို မလိမ့်တစ်ပတ် လုပ်ရမည်ဖြစ်ကာ ၎င်းတို့ မှန်သည်ဟု လူတို့အား ခံစားရစေရန် အတုအယောင်ဖြစ်သည့်၊ နားကြားကောင်းသည့် နည်းလမ်းတစ်ခုဖြင့် ပြောဆိုမှရမည်ဖြစ်သည်။ အခြားလူတစ်ဦး၏ အယူအဆက မည်မျှမှန်ကန်သည်ဖြစ်စေ ထိုအယူအဆ မှန်ကန်သည့်ပုံမရအောင် လုပ်ဆောင်ရန် အန္တိခရစ်များသည် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆကို လူတိုင်း လက်ခံအောင် လုပ်ရန်အတွက် ကျလောက်သည့် စကားပြောဆိုပုံတစ်ခုကို အသုံးပြုကြလိမ့်မည်ဖြစ်သည်။ အန္တိခရစ်များသည် ဤလူစားမျိုးများ ဖြစ်ကြ၏။ ၎င်းတို့သည် အခြားသူများကို အထူး အထင်အမြင်မှားစေနိုင်စွမ်း ရှိကြသည်။ ၎င်းတို့က ထိုသူတို့ကို မရှင်းမလင်းဖြစ်သွားသည်အထိ၊ စဉ်းစားမရဖြစ်ကာ အမှန်နှင့်အမှားကို မသိတော့သည်ထိပင် အထင်အမြင်မှားစေနိုင်ကြသည်။ အဆုံးတွင် ချင့်ချိန်နိုင်စွမ်းမရှိသော သူအားလုံးသည် ဤအန္တိခရစ်များ၏ လုံးလုံးလျားလျား အထင်အမြင်မှားစေခြင်းနှင့် ပိတ်မိစေခြင်းကို ခံကြရလိမ့်မည် ဖြစ်သည်။ အသင်းတော် အများစုတွင် အခြားသူများကို ဤကဲ့သို့ အထင်အမြင်မှားစေသည့် လူများရှိသည်။ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် သမ္မာတရားကို မိတ်သဟာယပြုနေချိန် သို့မဟုတ် ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ဝေမျှနေချိန်တွင် အန္တိခရစ်များသည် အမြဲ ထရပ်ကာ ၎င်းတို့၏ ကိုယ်ပိုင်အမြင်များကို ဖော်ပြကြသည်။ ၎င်းတို့သည် မိမိတို့၏ အတွေ့အကြုံဆိုင်ရာ အသိပညာတို့ကို ပွင့်လင်းသောနည်းလမ်းတစ်ခုဖြင့် မိတ်သဟာယဖွဲ့ရန် ၎င်းတို့၏ စိတ်ထဲရှိသည့်အတိုင်း မပြောကြပေ။ ထိုအစား ၎င်းတို့ မည်မျှ တော်သည်ကို ပြသရန်နှင့် အခြားသူများ ၎င်းတို့ကို လေးစားအားကျအောင်လုပ်ခြင်းနှင့်ဆိုင်သော ၎င်းတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိရန် အမှုအရာများကို အမြဲထောက်ပြပြီး အခြားလူတို့၏ အတွေ့အကြုံဆိုင်ရာ အသိပညာအကြောင်းကို အပြစ်ရှာကာ မဆင်မခြင်ပြောသော မှတ်ချက်များ ပြုကြလေသည်။ အန္တိခရစ်များသည် စကားလုံးများနှင့် အယူဝါဒများကို ပြောရာတွင် အကျွမ်းကျင်ဆုံး ဖြစ်ကြသည်။ စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ၎င်းတို့ လုံးဝ မဝေမျှနိုင်ကြသကဲ့သို့ မိမိကိုယ်ကို သိသည့်အသိအကြောင်းကို လုံးဝ မပြောကြပေ။ ထိုအစား ၎င်းတို့သည် အခြားလူများတွင် ရှိသည့် ပြဿနာများကို အမြဲ ရှာဖွေကြပြီး ထိုအရာများနှင့်ပတ်သက်၍ ရေးကြီးခွင့်ကျယ် လုပ်ကြသည်။ အန္တိခရစ်များက အခြားလူတို့၏ အယူအဆများကို ပွင့်လင်းသော စိတ်များဖြင့် လက်ခံနေကြသည်ကို သို့မဟုတ် ၎င်းတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ပတ်သက်၍ အလျင်ဦးအောင် မိတ်သဟာယပြုကာ အခြားသူများထံ မိမိတို့ကိုယ်ကို ဖွင့်ချပြနေသည်ကို သင် မည်သည့်အခါမျှ မမြင်ရပေ။ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော မည်သည့် အမြင်များကို ၎င်းတို့ ထားရှိကြသည်ဆိုသည်နှင့် ယင်းတို့ကို ၎င်းတို့ ပြောင်းလဲခဲ့ပုံတို့အား သင် သေချာပေါက် မမြင်ရသကဲ့သို့ ၎င်းတို့ပြုမိခဲ့သည့် အမှားများ သို့မဟုတ် ၎င်းတို့၏ အားနည်းချက်များကို ၎င်းတို့ ဝန်ခံနေသည်ကို သင် လုံးဝ မကြားရပေ။ အန္တိခရစ်များက အခြားသူများနှင့် မည်မျှကြာကြာ ဆက်ဆံရသည်ဖြစ်စေ ၎င်းတို့သည် အခြားလူတို့အား ၎င်းတို့တွင် မည်သည့် ဖောက်ပြန်ပျက်စီးမှုမျှ မရှိကြောင်းကိုလည်းကောင်း၊ ၎င်းတို့က မွေးရာပါ သူတော်စင်များဖြစ်ပြီး ပြီးပြည့်စုံသော လူများ ဖြစ်ကြောင်းကိုလည်းကောင်း၊ အခြားသူတို့က ၎င်းတို့ကို ကိုးကွယ်သင့်ကြောင်းကိုလည်းကောင်း အမြဲ ခံစားရစေရန် ပြုလုပ်ကြလေသည်။ ဆင်ခြင်တုံတရား အမှန်တကယ် ပိုင်ဆိုင်သော လူတို့သည် အခြားသူတို့၏ အထင်ကြီးလေးစားခြင်း၊ သို့မဟုတ် ကိုးကွယ်ခြင်းခံရန် မလိုလားကြပေ။ အခြားလူတို့က ၎င်းတို့ကို အမှန်တကယ် အထင်ကြီးလေးစားပြီး ကိုးကွယ်လျှင် ၎င်းတို့က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည့် ဖောက်ပြန်ပျက်စီးသော လူသားများ ဖြစ်သည်ကိုလည်းကောင်း၊ ၎င်းတို့က သမ္မာတရား လက်တွေ့ကျမှုများ ပိုင်ဆိုင်ခြင်း မရှိသည်ကိုလည်းကောင်း ၎င်းတို့ သိကြသောကြောင့် ဤအရာကို ရှက်ဖွယ်ကောင်းသောအရာအဖြစ် မြင်ကြလေသည်။ ၎င်းတို့၏ ကိုယ်ပိုင် အတိုင်းအတာကို ၎င်းတို့ သိကြသည်။ ထို့ကြောင့် ၎င်းတို့ ထုတ်ဖော်သည့် မည်သည့် ဖောက်ပြန်ပျက်စီးခြင်းကိုမဆို၊ ၎င်းတို့ ဖြစ်ပေါ်သည့် မည်သည့် မှားယွင်းသော အမြင်များကိုမဆို ဤအရာများနှင့်ပတ်သက်၍ ပွင့်လင်းစွာ မိတ်သဟာယပြုနိုင်ကြပြီး ယင်းတို့အကြောင်းကို အခြားသူတို့အား သိခွင့်ပေးနိုင်ကြသည်။ ဤအရာကို လုပ်ဆောင်ခြင်းက ၎င်းတို့အား အလွန် သက်သောင့်သက်သာ ဖြစ်စေသည်၊ လွတ်မြောက်ကာ ပျော်ရွှင်စေသည်။ ဤအရာကို လုပ်ဆောင်ဖို့ ခက်ခဲသည်ဟု ၎င်းတို့ လုံးဝ မခံစားကြရပေ။ အခြားလူတို့က ၎င်းတို့ကို ဝေဖန်လျှင်ပင်၊ ၎င်းတို့အပေါ် အထင်သေးလျှင်ပင်၊ နုံအသည်ဟု ခေါ်လျှင်ပင် သို့မဟုတ် မထီမဲ့မြင်ပြုလျှင်ပင် ၎င်းတို့ အလွန်ဝမ်းမနည်းကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဤသည်မှာ အလွန် ပုံမှန်ဖြစ်သည်ဟု ၎င်းတို့ ခံစားကြပြီး ထိုအရာကို မှန်ကန်စွာ ချဉ်းကပ်နိုင်ကြသည်။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသောကြောင့် ဖောက်ပြန်ပျက်စီးခြင်းကို အလိုအလျောက် ထုတ်ဖော်ပြကြလိမ့်မည်။ သင် အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ဤသည်မှာ အမှန်တရားတစ်ခုဖြစ်၏။ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို သင် သတိပြုမိနိုင်လျှင် ယင်းမှာ ကောင်းသော အရာတစ်ခုဖြစ်ပြီး ထိုအရာကို အခြားသူတို့က ရှင်းလင်းစွာ မြင်နိုင်ကြလျှင် သာ၍ပင် ကောင်းပေသည်။ ထိုသို့ဖြင့် ၎င်းတို့က သင့်ကို ကိုးကွယ်ခြင်း၊ သို့မဟုတ် လေးစားကြည်ညိုခြင်း ပြုကြမည် မဟုတ်ပေ။ သမ္မာတရားကို နားလည်ပြီး ဆင်ခြင်တုံတရား အနည်းငယ် ပိုင်ဆိုင်သောလူတို့သည် ၎င်းတို့၏ စိတ်နှလုံးများကို ဖွင့်ဟနိုင်ပြီး မိမိတို့ကိုယ်ကို သိခြင်းအကြောင်း မိတ်သဟာယပြုနိုင်ကြသည်။ ဤအရာကို ခက်ခဲသည်ဟု ၎င်းတို့ မမြင်ကြချေ။ သို့သော် ဤသည်မှာ အန္တိခရစ်များအတွက်မူ အလွန် ခက်ခဲသည်။ ၎င်းတို့က ဖြူစင်သော နည်းလမ်းဖြင့် ဖွင့်ဟသောသူတို့ကို မိုက်မဲသူများအဖြစ် ရှုမြင်ကြပြီး မိမိကိုယ်ကို သိသောအသိအကြောင်းကို ပြောကာ ရိုးသားစွာ စကားပြောသောသူတို့ကို စဉ်းစားဉာဏ်မရှိသောသူအဖြစ် ရှုမြင်ကြသည်။ ထို့ကြောင့် အန္တိခရစ်များက ထိုလူများကို လုံးဝ အထင်သေးကြသည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို နားလည်နိုင်ပြီး လူတိုင်းက ထိုသူကို အထူးသဖြင့် အသိအမှတ်ပြုလျှင် အန္တိခရစ်များက ထိုသူကို မိမိတို့၏မျက်လုံးများတွင် ရှိသည့် သံမှိုတစ်ခုနှင့် ၎င်းတို့၏ နံဘေးရှိ ဆူးတစ်ချောင်းအဖြစ် မြင်ကြလိမ့်မည်ဖြစ်ကာ ထိုသူကို ဝေဖန်ပြီး ရှုတ်ချကြလိမ့်မည် ဖြစ်သည်။ ထိုလူတွင် ရှိသည့် မှန်ကန်သော အလေ့အကျင့်များနှင့် အပြုသဘောဆောင်သော အရာများကို ၎င်းတို့က မှားယွင်းကြောင်း ငြင်းဆိုကြလိမ့်မည်ဖြစ်ပြီး ယင်းတို့ကို မမှန်ကန်သကဲ့သို့ လွဲချော်သော သိနားလည်မှု ဖြစ်ပုံပေါ်စေလိမ့်မည်။ အသင်းတော် သို့မဟုတ် ညီအစ်ကို မောင်နှမများကို အကျိုးပြုသည့် တစ်စုံတစ်ရာကို မည်သူက လုပ်ဆောင်သည်ဖြစ်စေ ထိုသူကို သေးသိမ်စေရန်၊ လှောင်ပြောင်ကာ သရော်ရန် အန္တိခရစ်များက နည်းလမ်းများ စဉ်းစားကြလိမ့်မည်။ ထိုသူတို့ လုပ်ဆောင်ခဲ့သည့်အရာက မည်မျှ ကောင်းမွန်သည်ဖြစ်စေ၊ ထိုအရာက လူတို့ကို မည်မျှ အကျိုးပြုသည်ဖြစ်စေ အန္တိခရစ်များက ဖော်ပြထိုက်သည်ဟု တွေးကြမည် မဟုတ်သကဲ့သို့ ထိုအရာကို သေးနုပ်သယောင်ဖြစ်စေလိမ့်မည်ဖြစ်ကာ ချိုးနှိမ်လိမ့်မည်။ လုံးဝ သုံးမရသည့်ပုံပေါ်သည်အထိပင် ထိုအရာကို သေးသိမ်အောင် လုပ်လိမ့်မည်ဖြစ်သည်။ အန္တိခရစ်များက ကောင်းသည့်အရာ တစ်စုံတစ်ခုကို အနည်းငယ် လုပ်ဆောင်လျှင်မူ ထိုအရာကို လူတိုင်းမြင်စေဖို့၊ ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့၏ ချီးမွမ်းထိုက်သော ကူညီထောက်မမှုဖြစ်ကြောင်း သိရှိစေရန် တစ်ဆိတ်ကို တစ်အိတ်လုပ်ကာ အကျယ်ချဲ့ရန် အစွမ်းကုန် လုပ်ဆောင်ကြလိမ့်မည်။ ထိုသို့ဖြင့် ညီအစ်ကို မောင်နှမများက ၎င်းတို့ကို အထူးလေးစားမှုဖြင့် ရှုမြင်ကြမည်၊ ၎င်းတို့ကို စိတ်ထဲတွင် စဉ်ဆက်မပြတ် အမှတ်ရကြမည်၊ ၎င်းတို့အပေါ် အလွန် ကျေးဇူးတင်ရှိကာ ၎င်းတို့နှင့်ပတ်သက်သည့် ကောင်းကွက်ကို သတိရကြမည်ဖြစ်သည်။ အန္တိခရစ်များအားလုံးအပြင် အန္တိခရစ်တို့၏ စိတ်သဘောထား ရှိသောသူများအားလုံးသည် ဤနည်းဖြင့် ပြုမူဆောင်ရွက်နိုင်စွမ်း ရှိကြသည်။ ဤအပိုင်းတွင် အန္တိခရစ်များသည် ကြောင်သူတော် ဖာရိရှဲများနှင့် မခြားပေ။ အမှန်တွင် ၎င်းတို့က ထိုသူတို့ထက် ပိုဆိုးသည်။ ဤသည်တို့မှာ အန္တိခရစ်များ၏ မြင်တွေ့နေကျအဖြစ်ဆုံးနှင့် အသိသာဆုံးသော သရုပ်သကန် စစ်စစ်များ ဖြစ်သည်။

အန္တိခရစ်များက အမှုအရာများကို လုပ်ဆောင်ချိန်တွင် မည်သည့် သဘောထား ထားရှိကြသနည်း။ ၎င်းတို့သည် အခြားသူများရှေ့တွင် ကောင်းသောအရာများကို လုပ်ဆောင်လိုကြပြီး မကောင်းသည့်အရာများကို တိတ်တဆိတ် လုပ်ဆောင်လိုကြသည်။ ၎င်းတို့က လူတိုင်းအား ၎င်းတို့ လုပ်ဆောင်သည့် ကောင်းမွန်သော အရာများကို သိစေလိုကြပြီး ၎င်းတို့အကြောင်းကို မည်သူမျှ မသိစေဖို့အလို့ငှာ မကောင်းသည့်အရာနှင့်ဆိုင်သည့် စကားတစ်ခွန်းမျှ မပေါက်ကြားမည့်အထိပင် ထိုမကောင်းသည့်အရာများကို ဖုံးဖိချင်ကြသည်။ ပြီးလျှင် ယင်းတို့ကို ကွယ်ဝှက်ရန် အစွမ်းကုန်လုပ်ဆောင်ဖို့ ၎င်းတို့ တွန်းအားပေးခြင်း ခံရလေသည်။ အန္တိခရစ်များ၏ ဤစိတ်သဘောထားက စက်ဆုပ်စရာဖြစ်သည် မဟုတ်လော။ အန္တိခရစ်များ ဤသို့ ပြုမူခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ရန် ဖြစ်သည်။) မှန်ပေ၏။ အပေါ်ယံတွင် ၎င်းတို့သည် အဆင့်အတန်းအတွက် ယှဉ်ပြိုင်နေခြင်းမရှိ သို့မဟုတ် အဆင့်အတန်းအတွက် မည်သည့်အရာမျှ ပြောဆိုနေခြင်းမရှိဟု ထင်ရသော်လည်း ၎င်းတို့ လုပ်ဆောင်သမျှနှင့် ပြောဆိုသမျှသည် ၎င်းတို့၏ အဆင့်အတန်းကို ကာကွယ်ကာ ထိန်းသိမ်းဖို့အတွက်ဖြစ်ပြီး မြင့်မားသည့် ဂုဏ်သိက္ခာနှင့် နာမည်ကောင်းတစ်ခု ပိုင်ဆိုင်ဖို့အတွက် ဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့က အဖွဲ့တစ်ခုအတွင်းတွင် ထိုသို့လုပ်ဆောင်နေသည်ကို မည်သူကိုမျှ မြင်ခွင့်မပေးဘဲ အဆင့်အတန်းအတွက် ကြိုးပမ်း၍ပင် နေကြလေသည်။ ၎င်းတို့က တစ်စုံတစ်ဦးအတွက် ထောက်ခံချက် ပေးလျှင်ပင်၊ ဆိုလိုသည်မှာ ၎င်းတို့ လုပ်ဆောင်သင့်သည့် အမှုအရာအမျိုးအစား အနည်းငယ်ကို ဆောင်ရွက်လျှင်ပင် မိမိတို့ ထောက်ခံလိုက်သည့်လူအား မိမိတို့အပေါ် အလွန် ကျေးဇူးတင်ရှိစေချင်ကြပြီး ၎င်းတို့၏ ထောက်ခံချက်ကြောင့်သာ ဤတာဝန်ကို ထိုသူ ထမ်းဆောင်ခွင့်ရခဲ့ခြင်းဖြစ်ကြောင်း သိစေချင်ကြသည်။ အန္တိခရစ်များက ဤအခွင့်အရေးမျိုးကို တစ်ကြိမ်တစ်ခါမျှ အလွတ်ခံမည် မဟုတ်ပေ။ ၎င်းတို့က “ငါ သင့်ကို ထောက်ခံသော်လည်း ငါသည် သင်၏ ခေါင်းဆောင် ဖြစ်နေဆဲ ဖြစ်သောကြောင့် သင် ငါ့ကို ကျော်၍မရပါ”ဟု စဉ်းစားကြသည်။ အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် အန္တိခရစ်များ၏ စိတ်ပြင်းပြမှုက အတော်လေး သိသာ၏။ အဆင့်အတန်းအတွက် ယှဉ်ပြိုင်ပြီး ကာကွယ်ရန်၊ ၎င်းတို့သည် မည်သည့်နေရာတွင်မဆို ဖြစ်ပျက်သည့် အရာတစ်ခုတလေကို မဆိုထားနှင့်၊ မည်သူမဆိုထံမှ အကြည့်တစ်ချက် သို့မဟုတ် အမှုမဲ့အမှတ်မဲ့ဖြစ်သော စကားတစ်ခွန်းကိုမျှ လျစ်လျူမရှုကြပေ။ အန္တိခရစ်များက ဤအရာအားလုံးကို ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ သတိပြုမိကြပြီး အခြားလူတို့ ပြောခဲ့ကြသည့် စကားလုံးများက ၎င်းတို့စိတ်ထဲတွင် အဖန်ဖန် ပေါ်လာသည်။ ဤအရာကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အတင်းပြောခြင်းကို ၎င်းတို့ နှစ်သက်ကြသလော။ မနှစ်သက်ကြပေ။ ဤအရာအားလုံးတွင် ၎င်းတို့ ရှာတွေ့ချင်သည်မှာ ၎င်းတို့၏ ကိုယ်ပိုင် အဆင့်အတန်းကို ကာကွယ်ဖို့ နည်းလမ်းတစ်ခုနှင့် အခွင့်အရေးတစ်ခု ဖြစ်သည်။ ခဏတာ ပေါ့ဆမှု သို့မဟုတ် အမှုမဲ့အမှတ်မဲ့ဖြစ်ခြင်း တစ်ခုခုကြောင့် ၎င်းတို့က မိမိတို့၏ အဆင့်အတန်း သို့မဟုတ် နာမည်အား ထိခိုက်နစ်နာမှုများ မဖြစ်လိုပေ။ အဆင့်အတန်းအတွက် အရာရာကို “ထိုးထွင်းသိမြင်မှု”မည်သို့ ရရှိရမည်ကို ၎င်းတို့ သင်ယူကြပြီးဖြစ်သည်။ ရိုင်းပျသည်ဟု ၎င်းတို့အနေဖြင့် ခံစားရသည့်အရာ တစ်ခုတလေကို ညီအစ်ကိုမောင်နှမတစ်ဦးက ပြောသည့်အခါတိုင်း၊ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆနှင့် ဆန့်ကျင်ကွဲလွဲသည့် အယူအဆတစ်ခုတလေကို ညီအစ်ကိုမောင်နှမတစ်ဦးက ဖော်ပြပြောဆိုသည့်အခါတိုင်း ၎င်းတို့သည် အလွတ်မပေးကြပေ။ ထိုအရာကို အသေးစိတ်ကျသည့် ဆန်းစစ်ရှာဖွေမှုနှင့် နက်ရှိုင်းသော စိစစ်မှုတို့ကို ဆောင်ရွက်လျက် အလေးအနက်ထားကြပြီးနောက် ၎င်းတို့၏ အဆင့်အတန်းက လူတိုင်း၏ စိတ်ထဲတွင် ခိုင်ခိုင်မာမာ အခြေကျကာ လုံးဝ မယိမ်းယိုင်သည့် အဆင့်ထိတိုင် ထိုသူတို့ ပြောသည့်အရာကို ကိုင်တွယ်ဖြေရှင်းရန် လိုက်လျောညီထွေသော တုံ့ပြန်ချက်ကို ရှာကြလေသည်။ ၎င်းတို့၏ နာမည် ထိခိုက်သည်နှင့်၊ သို့မဟုတ် ထိုနာမည်ကို ထိခိုက်နစ်နာစေသော စကားအချို့ကို ၎င်းတို့ကြားသည်နှင့် ရင်းမြစ်ကို ချက်ချင်း ရှာတွေ့ကာ မိမိတို့ကိုယ်ကို အဖတ်ဆယ်ရမည့် ဆင်ခြေများနှင့် ရှာကြံအကြောင်းပြချက်များကို ရှာဖို့ ကြိုးစားကြလေသည်။ ထို့ကြောင့် မည်သည့် တာဝန်များကို အန္တိခရစ်များက လုပ်ဆောင်နေကြသည်ဖြစ်စေ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် ၎င်းတို့ ပြုမူဆောင်ရွက်နေကြသည်ဖြစ်စေ၊ မဆောင်ရွက်ဘဲရှိနေကြသည်ဖြစ်စေ ၎င်းတို့ အလုပ်များသည့်အရာတစ်ခုစီတိုင်းနှင့် ၎င်းတို့ ပြောသည့် စကားတစ်လုံးစီတိုင်းသည် ၎င်းတို့၏ အဆင့်အတန်းအတွက်ဖြစ်ပြီး ၎င်းတို့၏ အကျိုးစီးပွားများကို ကာကွယ်လိုသည့် ၎င်းတို့၏ လိုအင်ဆန္ဒနှင့် ကင်းကွာနိုင်ခြင်း မရှိပေ။ အန္တိခရစ်များ၏ စိတ်နှလုံး အတွင်းနက်နက်နေရာများတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ခြင်းနှင့်ဆိုင်သည့် အယူအဆ ဘာဆိုဘာမျှ မရှိကြပေ။ ထို့ကြောင့် အန္တိခရစ်များ၏ အနှစ်သာရကို အောက်ပါအတိုင်း မှန်ကန်တိကျစွာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ရန်သူများဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ဖို့၊ အဖျက်အမှောင့်လုပ်ပြီး ဖျက်ဆီးဖို့ လာကြသည့် နတ်ဆိုးများနှင့် စာတန်များ တစ်သိုက်ဖြစ်ကြသည်။ ၎င်းတို့သည် စာတန်၏ အစေခံများဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်နောက် လိုက်သည့် လူများ မဟုတ်ကြသကဲ့သို့ ဘုရားအိမ်တော်သားများ မဟုတ်ကြသည့်အပြင် ဘုရားသခင်၏ ကယ်တင်ခြင်းခံရမည့်သူများ မဟုတ်ကြပေ။

ယနေ့ ငါတို့ မိတ်သဟာယပြုပြီးဖြစ်သည့် အရာများထဲမှ တစ်ခုတလေကြောင့် သင်တို့ တို့ထိခြင်းခံရပြီလော။ မည်သည့် အပိုင်းက သင်တို့ကို တို့ထိလေပြီနည်း။ (နောက်ဆုံးအပိုင်းဖြစ်သည်။ ဆိုလိုသည်မှာ အန္တိခရစ်များ၏ ယှဉ်ပြိုင်တတ်သော သဘာဝကို ဘုရားသခင် စိစစ်ခဲ့ချိန်ဖြစ်သည်။) အမြဲ ယှဉ်ပြိုင်တတ်ခြင်းသည် ကောင်းသောအရာတစ်ခု မဟုတ်ပေ။ ဤအပြုအမူသည် အန္တိခရစ်များနှင့်လည်းကောင်း၊ ပျက်စီးခြင်းနှင့်လည်းကောင်း ဆက်စပ်နေသည်။ ကောင်းမွန်သည့် လမ်းကြောင်းတစ်ခု မဟုတ်။ ဤသရုပ်သကန်များနှင့် ထုတ်ဖော်ပြမှုများကို လူတို့ ပိုင်ဆိုင်သည့်အခါ မည်သည့်အရာကို လုပ်ဆောင်သင့်ကြသနည်း။ မည်သည့် ရွေးချယ်မှုများကို ၎င်းတို့ ပြုလုပ်သင့်ကြသနည်း။ ဤအရာများကို ၎င်းတို့ အဘယ်သို့ ရှောင်ရှားသင့်သနည်း။ ဤသည်တို့မှာ ယခုအချိန်တွင် လူတို့ အများဆုံး စဉ်းစားပြီး တွေးဆသင့်သည့် ပြဿနာများဖြစ်ပြီး လူတို့ နေ့စဉ် ကြုံရသည့် ပြဿနာများလည်း ဖြစ်သည်။ အမှုအရာများ ဖြစ်ပျက်သည့်အခါ ယှဉ်ပြိုင်ခြင်းကို ၎င်းတို့ အဘယ်သို့ ရှောင်ကြဉ်နိုင်သင့်ပြီး ယှဉ်ပြိုင်ပြီးနောက် ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသည့် စိတ်ဆင်းရဲမှုနှင့် စိတ်မသက်မသာဖြစ်ခြင်းတို့ကို ၎င်းတို့ မည်သို့ ဖြေရှင်းသင့်သနည်း။ ဤသည်မှာ လူတိုင်း ရင်ဆိုင်ရမည့် ပြဿနာတစ်ခု ဖြစ်သည်။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည်။ ထို့ကြောင့် ၎င်းတို့အားလုံးသည် ဂုဏ်ဒြပ်၊ အကျိုးအမြတ်နှင့် သိက္ခာအတွက် ယှဉ်ပြိုင်ကြပြီး ယှဉ်ပြိုင်ခြင်းကို ရှောင်ကြဉ်ရန် ၎င်းတို့အတွက် ခက်ခဲသည်။ သို့ဆိုလျှင် လူတစ်ဦးက ယှဉ်ပြိုင်ခြင်းမရှိလျှင် အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရကို ၎င်းတို့ ဖယ်ရှားပြီးဖြစ်သည်ဟု ဆိုလိုသလော။ (မဆိုလိုပါ၊ ယင်းမှာ အပေါ်ယံအဆင့် ဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။ ၎င်းတို့၏ အတွင်းပိုင်း စိတ်သဘောထားကို ဖြေရှင်းခြင်းမရှိလျှင် အန္တိခရစ်များ၏ လမ်းကြောင်းကို ၎င်းတို့ လျှောက်သည့် ပြဿနာမှာ ပြေလည်မသွားနိုင်ပါ။) သို့ဆိုလျှင် အန္တိခရစ်များ၏ လမ်းကြောင်းကို ၎င်းတို့ လျှောက်သည့် ပြဿနာသည် မည်သို့ ပြေလည်နိုင်သနည်း။ (တစ်နည်းအားဖြင့် ဤကိစ္စရပ်ကို ၎င်းတို့ နားလည်ရမည်ဖြစ်ပြီး အဆင့်အတန်းအတွက် ကြိုးပမ်းသည့် အတွေးအခေါ်များကို ၎င်းတို့ ထုတ်ဖော်ပြသည့်အခါ ဆုတောင်းရန် ဘုရားသခင်ရှေ့မှောက်သို့ လာရမည်ဖြစ်သည်။ ထို့အပြင် ညီအစ်ကို မောင်နှမများထံ မိမိတို့ကိုယ်ကို ဖွင့်ချရမည်ဖြစ်ပြီး ထို့နောက်တွင် ဤမမှန်ကန်သည့် အတွေးများကို သတိရှိရှိ ပုန်ကန်ရမည်။ ၎င်းတို့ကို တရားစီရင်ရန်၊ ပြစ်တင်ဆုံးမရန်၊ ပြုပြင်ပြီး ဆုံးမပဲ့ပြင်ရန် ဘုရားသခင်ကိုလည်း ၎င်းတို့ တောင်းလျှောက်ရမည်။ ထို့နောက်တွင် ၎င်းတို့သည် မှန်ကန်သည့် လမ်းကြောင်းပေါ် အစပြုနိုင်ကြလိမ့်မည် ဖြစ်သည်။) ယင်းမှာ အတော် ကောင်းသည့် အဖြေတစ်ခု ဖြစ်သည်။ သို့သော် ဤသည်မှာ စွမ်းဆောင်ရရှိရန် မလွယ်သကဲ့သို့ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို အလွန်တရာ ချစ်သောသူတို့အတွက် သာ၍ပင် ခက်ခဲသည်။ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လက်လွှတ်ခြင်းက မလွယ်ပေ၊ လူတို့သည် သမ္မာတရားကို လိုက်စားခြင်းအားဖြင့်သာ ယင်းကို စွမ်းဆောင်ရရှိနိုင်သည်။ ထိုအရာက လူတို့က သမ္မာတရားကို လိုက်စားခြင်းအပေါ် မူတည်၏။ သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာ လူတစ်ဦးသည် မိမိကိုယ်ကို သိရှိလာနိုင်သည်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ရှာဖွေခြင်း၏ အနှစ်မဲ့မှုကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ လူတစ်ဦးက မိမိကိုယ်ကို အမှန်တကယ် သိရှိလာသည့်အခါတွင်သာ အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို စွန့်ပစ်နိုင်သည်။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရန် မလွယ်ပေ။ သင့်အနေဖြင့် သမ္မာတရား ကင်းမဲ့ကြောင်း၊ ချို့တဲ့မှုများက ဝန်းရံနေကာ ဖောက်ပြန်ပျက်စီးမှု အလွန်များစွာ ထုတ်ဖော်နေကြောင်း သတိပြုမိပြီးဖြစ်သော်လည်း သမ္မာတရား လိုက်စားခြင်းတွင် အားထုတ်ခြင်း မရှိသကဲ့သို့ သင်က မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ကြောင်း လူတို့အား ယုံကြည်စေလျက် သင့်ကိုယ်သင် ဟန်ဆောင်ကာ သူတော်ကောင်း အယောင်ဆောင်ခြင်း ပြုလျှင် ဤအရာက သင့်ကို အန္တရာယ် ရှိစေလိမ့်မည်ဖြစ်ပြီး သင် အတားအဆီးကြုံကာ ပြိုလဲမည့်အချိန်တစ်ချိန် အနှေးနှင့်အမြန်ဆိုသလို ရောက်လာလိမ့်မည်။ သင့်တွင် သမ္မာတရား မရှိသည်ကို သင် ဝန်ခံရမည်ဖြစ်ပြီး လက်တွေ့အရှိတရားကို ရင်ဆိုင်ရလောက်အောင် သတ္တိရှိရမည်။ သင့်တွင် အားနည်းချက်များ ရှိသည်၊ ဖောက်ပြန်ပျက်စီးခြင်းကို သင် ထုတ်ဖော်ပြပြီး ချို့ယွင်းချက်မျိုးစုံ၏ ဝန်းရံခြင်းကို သင်ခံရသည်။ ဤသည်မှာ ပုံမှန်ဖြစ်၏။ အကြောင်းမှာ သင်သည် သာမန်လူတစ်ဦးဖြစ်သောကြောင့်၊ သင်သည် မဟာလူသား သို့မဟုတ် အရာခပ်သိမ်းတတ်စွမ်းသောသူ မဟုတ်သောကြောင့်ဖြစ်ပြီး ယင်းကို သင် အသိအမှတ်ပြုရမည်။ အခြားလူတို့က သင့်ကို အထင်အမြင်သေးသည့်အခါ သို့မဟုတ် သရော်သည့်အခါ ၎င်းတို့ ပြောသည့်အရာက မဖွယ်မရာဖြစ်သောကြောင့် ရွံမုန်းမှုဖြင့် ချက်ချင်း မတုံ့ပြန်နှင့်၊ သို့မဟုတ် သင့်ကိုယ်သင် တတ်စွမ်းနိုင်ပြီး ပြီးပြည့်စုံသည်ဟု ယုံကြည်သောကြောင့် အတိုက်အခံ မလုပ်နှင့်။ ထိုသို့သော စကားများအပေါ် သင်၏ သဘောထား ဤသို့မဖြစ်သင့်ပေ။ သင်၏ သဘောထားက မည်သည့်အရာ ဖြစ်သင့်သနည်း။ သင်က “ငါသည် ကိုယ့်အပြစ်နှင့်ကိုယ် ရှိသည်၊ ငါနှင့်ပတ်သက်သည့် အရာရာတိုင်းသည် ဖောက်ပြန်ပျက်စီးပြီး အပြစ်အနာအဆာရှိကာ ငါသည် သာမန်လူတစ်ဦး သက်သက် ဖြစ်သည်။ ငါ့အပေါ် သူတို့၏ အထင်အမြင်သေးခြင်းနှင့် သရော်ခြင်းတို့ ရှိစေကာမူ ထိုအရာတွင် သမ္မာတရားတစ်ခုတလေ ရှိပါသလော။ ၎င်းတို့ ပြောသည့်အရာ၏ တစ်စိတ်တစ်ပိုင်းက မှန်ကန်လျှင် ထိုအရာကို ဘုရားသခင်ထံမှ ငါ ခံယူရမည်”ဟု သင့်ကိုယ်သင် ပြောသင့်သည်။ သင်သည် ဤသဘောထားရှိလျှင် ယင်းမှာ သင်သည် အဆင့်အတန်းကိုလည်းကောင်း၊ ဂုဏ်သတင်းကိုလည်းကောင်း၊ သင်နှင့်ပတ်သက်၍ အခြားသူများ ပြောသည့်အရာကိုလည်းကောင်း မှန်ကန်စွာ ကိုင်တွယ်နိုင်စွမ်း ရှိသည့် သက်သေဖြစ်သည်။ အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို အလွယ်တကူ ဘေးဖယ်ထား၍ မရပေ။ အတော်အတန် ဆုကျေးဇူးရှိသည့်သူတို့အတွက်၊ အစွမ်းအစ အတိုင်းအတာတစ်ခုခု ရှိသည့်သူတို့အတွက် သို့မဟုတ် အလုပ် အတွေ့အကြုံအချို့ ရှိသောသူတို့အတွက် ဤအရာများကို ဘေးဖယ်ထားခြင်းသည် သာ၍ပင် ခက်ခဲ၏။ ယင်းတို့ကို ဘေးဖယ်ထားပြီး ဖြစ်သည်ဟု တစ်ခါတစ်ရံ ၎င်းတို့ အခိုင်အမာ ပြောကောင်းပြောနိုင်သော်လည်း ၎င်းတို့၏ စိတ်နှလုံးများတွင် ထိုသို့ မလုပ်ဆောင်နိုင်ကြပေ။ အခြေအနေက အခွင့်ပေးပြီး ၎င်းတို့တွင် အခွင့်အရေး ရှိသည်နှင့်တစ်ပြိုင်နက် ယခင်က လုပ်ဆောင်ခဲ့ကြသည့်အတိုင်း ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့အတွက် ၎င်းတို့ ဆက်လက်ကြိုးပမ်းကြလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဖောက်ပြန်ပျက်စီးသော လူသားအားလုံးက ဤအရာများကို နှစ်သက်ကြသောကြောင့် ဖြစ်သည်။ ဆုကျေးဇူးများဖြစ်စေ၊ ပါရမီများဖြစ်စေ မရှိသူတို့သည် အဆင့်အတန်းကို လိုက်စားဖို့ လိုအင်ဆန္ဒ အနည်းငယ် သာ၍ အားနည်းခြင်းသာ ဖြစ်သည်။ အသိပညာ၊ ပါရမီ၊ ကြည့်ကောင်းခြင်းများနှင့် အထူး အားသာချက်တို့ကို ပိုင်ဆိုင်သောသူတို့မှာ ဤရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့ဖြင့် ပြည့်သည့် အတိုင်းအတာထိ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အထူးအားကောင်းသော လိုအင်ဆန္ဒ ရှိကြလေသည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် ဘေးဖယ်ထားရန် အခက်ခဲဆုံးသောအရာ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ရာထူးအဆင့်အတန်း မရှိသောအခါ ၎င်းတို့၏ လိုအင်ဆန္ဒက ဖွံ့ဖြိုးစအဆင့်၌ ရှိနေသည်။ ၎င်းတို့သည် ရာထူးအဆင့်အတန်းကို ရရှိသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်၏အိမ်တော်က ၎င်းတို့အား အရေးကြီးသော လုပ်ငန်းတာဝန်တချို့ကို ပေးထားသောအခါနှင့် အထူးသဖြင့် ၎င်းတို့သည် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီးဖြစ်ကာ အတွေ့အကြုံနှင့် အရင်းအနှီးများစွာ ရှိလျှင်၊ ထိုလိုအင်ဆန္ဒက ဖွံ့ဖြိုးစ မဟုတ်တော့ဘဲ၊ အမြစ်စွဲကာ အပွင့်ပွင့်ပြီးဖြစ်ကာ အသီးသီးတော့မည့်ဆဲဆဲဖြစ်သည်။ လူတစ်ဦးတွင် ကြီးမားသော အမှုအရာများ လုပ်ဆောင်ဖို့၊ ကျော်ကြားဖို့၊ ထင်ရှားကျော်ကြားသူတစ်ဦး ဖြစ်လာဖို့ မပြတ်သော လိုအင်ဆန္ဒနှင့် ရည်မှန်းချက်တို့ ရှိသည့်အခါ၊ ၎င်းသည် ကြီးမားသော မကောင်းမှုကို ကျူးလွန်ပြီး ယင်း၏ အကျိုးဆက်များက အကျိုးသက်ရောက်လာသည်နှင့် တစ်ပြိုင်နက် သူသည် လုံးလုံး ဇာတ်သိမ်းပြီဖြစ်ကာ ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။ ထို့ကြောင့် ဤအရာသည် ကြီးမားသော ဘေးဒုက္ခဆီသို့ မဆိုက်ရောက်မီ အချိန်ရှိသေးစဉ် ထိုသူသည် အခြေအနေကို အမြန် ပြန်ထိန်းရမည်။ တစ်ခုခုကို သင်ပြုလုပ်နေသည့်အခါတိုင်းနှင့် ဆက်စပ်အခြေအနေသည် မည်သို့ပင် ဖြစ်ပါစေ သမ္မာတရားကို သင်ရှာဖွေရမည်၊ ရိုးသားပြီး ဘုရားသခင်ကို နာခံသူတစ်ဦး ဖြစ်ဖို့ လက်တွေ့လုပ်ဆောင်ရမည် ဖြစ်သည်၊ ပြီးလျှင် အဆင့်အတန်းနှင့် ဂုဏ်သတင်းနောက်လိုက်ခြင်းကို ဘေးဖယ်ရမည်။ အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြိုးစားလိုသည့် အစဉ်သဖြင့် ပြင်းပြသောအတွေးနှင့် ဆန္ဒတို့ သင်၌ ရှိသောအခါ မဖြေရှင်းဘဲထားလျှင် ဤအခြေအနေမျိုးသည် မည်သည့်ကောင်းကျိုးမပြုသော အကျိုးဆက်များအား ဖြစ်ပေါ်စေသည်ကို သင်သဘောပေါက်ရမည်။ ထို့ကြောင့် အချိန်ဖြုန်းမနေဘဲ သမ္မာတရားကို ရှာဖွေလော့။ အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြိုးစားလိုသည့် သင်၏ဆန္ဒ ဖွံ့ဖြိုးစအခြေအနေ၌ ရှိစဉ်တွင် ယင်းကိုချိုးနှိမ်လော့။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အစားထိုးလော့။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်သောအခါ အဆင့်အတန်းအတွက် ယှဉ်ပြိုင်လိုသည့် သင်၏ ဆန္ဒနှင့် ရည်မှန်းချက်သည် မှေးမှိန်လာလိမ့်မည်။ ပြီးလျှင် အသင်းတော်အလုပ်ကို သင် နှောင့်ယှက်လိမ့်မည် မဟုတ်ပေ။ ဤနည်းအားဖြင့် သင်၏ လုပ်ရပ်များကို ဘုရားသခင်က အမှတ်ရပြီး လက်ခံလိမ့်မည်။ ဤသို့ဆိုလျှင် ငါသည် အဘယ်အရာကို အလေးပေးပြောရန် ကြိုးစားနေခြင်းဖြစ်သနည်း။ ဤအရာဖြစ်သည်။ သင်၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များသည် ကြီးထွားရင့်သန်လာကာ အကောင်အထည်ပေါ်လာပြီး ကြီးမားသော ဘေးဒုက္ခမဖြစ်စေမီတွင် ထိုအရာများကို ရှင်းပစ်ရမည်။ ကနဦးအဆင့်၌ ရှိနေဆဲတွင် ယင်းတို့ကို သင်မကိုင်တွယ်လျှင် သင်သည် ကြီးမားသော အခွင့်အလမ်းနှင့် လွဲချော်လိမ့်မည်။ ထိုအရာများကြောင့် ကြီးမားသော ဘေးဒုက္ခဖြစ်သွားသည်နှင့် ယင်းတို့ကို ဖြေရှင်းရန် အလွန်နောက်ကျသွားလိမ့်မည်။ သင်သည် ဇာတိပကတိကို ပုန်ကန်ရန် စိတ်ပိုင်းဖြတ်ချက်ပင် မရှိလျှင် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ်သို့ ခြေချရန် သင့်အတွက် အလွန်ခက်ခဲလိမ့်မည်။ သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လိုက်စားရာတွင် အနှောင့်အယှက်နှင့် ကျရှုံးမှုများကို ကြုံရသော်လည်း အသိစိတ်ဝင်မလာလျှင် ဤသည်မှာ အန္တရာယ်ရှိသည်။ သင်သည် ဖယ်ရှားရှင်းလင်းခြင်း ခံရနိုင်ချေရှိသည်။ သမ္မာတရားကို ချစ်သောသူတို့သည် ၎င်းတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းတို့နှင့် ပတ်သက်၍ ကျရှုံးမှုနှင့် အနှောင့်အယှက်တစ်ခု၊ နှစ်ခုကြုံရသောအခါ ဂုဏ်သတင်းနှင့် အဆင့်အတန်းသည် လုံးဝ တန်ဖိုးမရှိသည်ကို ၎င်းတို့ ရှင်းလင်းစွာ မြင်နိုင်ကြသည်။ ၎င်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို လုံးလုံးစွန့်ပစ်နိုင်ပြီး အဆင့်အတန်းကို လုံးဝ မရရှိနိုင်လျှင်ပင် သမ္မာတရားကို ဆက်လက်လိုက်စားပြီး တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ဦးမည်၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ဝေမျှဦးမည်ဟု စိတ်ပိုင်းဖြတ်ထားပြီး ဤသို့ဖြင့် ဘုရားသခင်အတွက် သက်သေခံချက်ပေးခြင်း၏ ရလဒ်ကို ရရှိကြသည်။ ၎င်းတို့သည် သာမန်နောက်လိုက်ဖြစ်လျှင်ပင် အဆုံးအထိ လိုက်လျှောက်နိုင်စွမ်းရှိဆဲဖြစ်သည်။ ၎င်းတို့အလိုရှိသမျှမှာ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိရန်ဖြစ်သည်။ ထိုသူများကသာ သမ္မာတရားကို အမှန်တကယ် ချစ်ပြီး စိတ်ဆုံးဖြတ်ချက်ရှိသောသူများ ဖြစ်ကြသည်။ ဘုရားအိမ်တော်က အန္တိခရစ်များနှင့်ဆိုးယုတ်သောသူ များစွာအား ဖယ်ရှားရှင်းလင်းခဲ့သည်။ သမ္မာတရားကို လိုက်စားသူအချို့သည် အန္တိခရစ်များ၏ ကျရှုံးမှုကို တွေ့မြင်ပြီးနောက် ထိုလူများလျှောက်သည့် လမ်းကြောင်းကို ဆင်ခြင်သုံးသပ်ကြကာ မိမိတို့ကိုယ်ကိုလည်း ဆင်ခြင်သုံးသပ်၍ သိမြင်ကြသည်။ ဤအရာမှ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်သွားကြသည်။ သာမန်နောက်လိုက်များဖြစ်ဖို့ စိတ်ပိုင်းဖြတ်ကြသည်။ သမ္မာတရားအား လိုက်စားခြင်း၊ မိမိတာဝန်ကို ကောင်းစွာလုပ်ခြင်းတို့ကို အာရုံစိုက်ကြသည်။ ၎င်းတို့သည် အစေခံသူများဖြစ်သည်၊ သို့မဟုတ် နိမ့်ကျသော အလဟဿလူများဖြစ်သည်ဟု ဘုရားသခင်က ဆိုလျှင်ပင် ၎င်းတို့က ကိစ္စမရှိပေ။ ၎င်းတို့သည် ဘုရားသခင်၏ အမြင်တွင် နိမ့်ကျသောလူများ၊ သေးနုပ်သော၊ အရေးမပါသောနောက်လိုက်များ၊ အဆုံးတွင် စံနှုန်းပြည့်မီသော ဖန်ဆင်းခံများဟု ဘုရားသခင်က ခေါ်ဆိုခြင်းကို ခံရမည့်သူများဖြစ်ဖို့သာ ကြိုးစားလိမ့်မည်။ ဤသို့သောလူတို့သည် ကောင်းသောသူများဖြစ်ပြီး ဘုရားသခင် လက်ခံသောသူများဖြစ်သည်။

ဘုရားသခင်က သမ္မာတရား လိုက်စားသောလူများကို နှစ်သက်ပြီး လူများ လုပ်ဆောင်သည့်အရာတွင် သူ အစက်ဆုပ်ဆုံးမှာ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်း ဖြစ်သည်။ လူအချို့သည် ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို အမှန်တကယ် ချစ်မြတ်နိုးကြသည်။ ယင်းတို့ကို နက်နက်ရှိုင်းရှိုင်း တွယ်တာလျက် မစွန့်နိုင်ပေ။ ၎င်းတို့သည် ရာထူးအဆင့်အတန်းနှင့် ဂုဏ်သတင်းမရှိဘဲ အသက်ရှင်ရာ၌ ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်မရှိဟုလည်းကောင်း၊ အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် အသက်ရှင်သည့်အခါမှသာ ဤဘဝတွင် မျှော်လင့်ချက် ရှိသည်ဟုလည်းကောင်း၊ အနည်းငယ်မျှသော ကျော်ကြားမှုလေး ရှိလျှင်ပင် ဆက်လက်၍ ယှဉ်ပြိုင်ကြိုးစားဦးမည်ဟုလည်းကောင်း၊ မည်သည့်အခါမျှ အရှုံးမပေးဟုလည်းကောင်း အစဉ် ခံစားကြသည်။ ဤသည်မှာ သင့်တွင် ရှိသော အတွေးအမြင်ဖြစ်လျှင် သင်၏ စိတ်နှလုံးသည် ဤသို့သောအရာများဖြင့် ပြည့်နေလျှင် သင်သည် သမ္မာတရားကိုချစ်ပြီး လိုက်စားခြင်းကို မစွမ်းဆောင်နိုင်ပေ။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းတွင် မှန်ကန်သောဦးတည်ချက်နှင့် ရည်ရွယ်ချက်ကင်းမဲ့သည်။ သင့်ကိုယ်သင် သိမြင်မှုကို လိုက်စားခြင်း၊ ဖောက်ပြန်ပျက်စီးမှုကို စွန့်ပစ်ခြင်းနှင့် လူ၏ ပုံရိပ်ကို အသက်ရှင်နေထိုင်ခြင်းတို့ကို မစွမ်းဆောင်နိုင်ပေ။ သင်၏ တာဝန်ကို ထမ်းဆောင်သောအခါ အရေးကိစ္စများကို လျစ်လျူရှုသည်။ သင်သည် မည်သည့်တာဝန်သိစိတ်မျှမရှိဘဲ မကောင်းမှုကို မကျူးလွန်ခြင်း၊ မနှောင့်ယှက်ခြင်း၊ ဖယ်ထုတ်ပစ်ခြင်း မခံရခြင်းတို့ဖြင့်သာ ကျေနပ်နေသည်။ ဤသို့သောလူတို့သည် တာဝန်ကို စံနှုန်းပြည့်မီသော ပုံစံတစ်ခုဖြင့် ထမ်းဆောင်နိုင်သလော။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရနိုင်သလော။ မဖြစ်နိုင်ပေ။ သင်သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် လုပ်ဆောင်သောအခါ သင်က “ငါလုပ်ဆောင်သည့်အရာသည် ဒုစရိုက်အမှု မဟုတ်ဘဲ အနှောင့်အယှက်မပါဝင်သရွေ့ ငါ၏ ရည်ရွယ်ချက်က မှားလျှင်ပင် မည်သူကမျှ မမြင်နိုင်၊ သို့မဟုတ် ငါ့အား မရှုတ်ချနိုင်ပေ” ဟူ၍ပင် ထင်မြင်ကြသည်။ ဘုရားသခင်က အရာအားလုံးကို စိစစ်သည်ကို သင်မသိပေ။ သင်သည် သမ္မာတရားကို လက်မခံလျှင်၊ သို့မဟုတ် လက်တွေ့မလုပ်ဆောင်လျှင်၊ ဘုရားသခင်၏ ပစ်ပစ်ခါခါငြင်းခြင်းကို ခံရလျှင် သင့်အတွက် အားလုံးပြီးဆုံးသွားပြီဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိသူအားလုံးတို့သည် မိမိတို့ကိုယ်ကို တော်သည်ဟု ထင်မြင်ကြသည်။ အမှန်တကယ်တွင် ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အချိန်တွင် ပုန်ကန်ပြစ်မှားခဲ့သည်ကိုပင် မသိကြပေ။ လူအချို့မှာ ဤအရာတို့ကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ ၎င်းတို့က “ငါသည် ပို၍ အလုပ်လုပ်ရန်၊ တာဝန်ကိုပို၍ ယူရန်အတွက်သာ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားခြင်းဖြစ်သည်။ ဤသည်မှာ အသင်းတော်၏ အလုပ်အပေါ် အဖျက်အမှောင့်လုပ်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မဖြစ်စေသကဲ့သို့ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို သေချာပေါက် မထိခိုက်ပေ။ ဤသည်မှာ အကြီးစား ပြဿနာတစ်ခုမဟုတ်။ ငါသည် အဆင့်အတန်းကို တကယ်ကို ချစ်ပြီး ငါ၏ အဆင့်အတန်းကို ကာကွယ်သည်။ သို့သော် ယင်းသည် မကောင်းသော လုပ်ဆောင်မှုမဟုတ်ပေ။” ဟု ထင်မြင်ကြသည်။ အပေါ်ယံတွင် ဤသို့သောလိုက်စားမှုသည် မကောင်းမှုတစ်ခု ဖြစ်သည့်ပုံစံမရှိပေ။ သို့သော် အဆုံးတွင် မည်သို့ ဖြစ်စေသနည်း။ ဤသို့သောလူတို့သည် သမ္မာတရားကို ရလိမ့်မည်လော။ ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိမည်လော။ လုံးဝ မရရှိပေ။ ထို့ကြောင့် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားခြင်းသည် မှန်ကန်သောလမ်းကြောင်းမဟုတ်ပေ။ ယင်းသည် သမ္မာတရားကို လိုက်စားခြင်း၏ ဆန့်ကျင်ဘက် ဦးတည်ရာသို့ သွားသည်။ အနှစ်ချုပ်လျှင် သင့်လိုက်စားမှု၏ ဦးတည်ချက်၊ သို့မဟုတ် ပန်းတိုင်က မည်သည့်အရာဖြစ်စေ၊ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို လိုက်စားခြင်းအား ပြန်လည်သုံးသပ်ခြင်းမရှိလျှင်၊ ဤအရာကို ဘေးချထားရန် အလွန်ခက်ခဲသည်ဟု မြင်လျှင် ယင်းက သင်၏ အသက်ဝင်ရောက်မှုအပေါ် သက်ရောက်လိမ့်မည်။ သင်၏ စိတ်နှလုံးတွင် အဆင့်အတန်းက နေရာတစ်နေရာရှိနေသရွေ့ ယင်းသည် သင်၏ ဘဝဦးတည်ချက်နှင့် သင့်လိုက်စားမှု၏ ပန်းတိုင်ကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းရှိမည်ဖြစ်ပြီး လွှမ်းမိုးနိုင်စွမ်း ရှိမည်ဖြစ်သည်၊ ဤသို့ဆိုလျှင် သင်သည် သမ္မာတရား လက်တွေ့ကျမှုသို့ ဝင်ရောက်ရန်၊ သင်၏ စိတ်သဘောထားပြောင်းလဲမှုကို ရရှိခြင်းနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ ပြောစရာမလိုတော့ရန် သင့်အတွက် အလွန် ခက်ခဲလိမ့်မည်။ သင်သည် အဆုံးတွင် ဘုရားသခင်၏ လက်ခံမှုကို ရနိုင်ခြင်း ရှိမရှိက သိသာသည်မှာ မှန်သည်။ ထို့အပြင် သင်၏ အဆင့်အတန်းကို လိုက်စားခြင်းအား မည်သည့်အခါမျှ မစွန့်လွှတ်နိုင်လျှင် ဤအရာသည် သင်၏ တာဝန်ကို စံနှုန်းပြည့်မီသည့် နည်းလမ်းတစ်ခုဖြင့် ထမ်းဆောင်နိုင်ရန် သင်၏ အရည်အချင်းအပေါ် သက်ရောက်လိမ့်မည်။ ဤသည်မှာ သင့်အနေဖြင့် စံနှုန်းပြည့်မီသည့် ဖန်ဆင်းခံတစ်ယောက်ဖြစ်လာရန် အလွန်ခက်ခဲစေလိမ့်မည်။ အဘယ်ကြောင့် ငါ ဤသို့ပြောသနည်း။ လူတို့သည် ဂုဏ်အဆင့်အတန်းကို လိုက်စားသောအခါတွင် ဘုရားသခင်က အစက်ဆုပ်ဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆင့်အတန်းကိုလိုက်စားခြင်းသည် စာတန်ဆန်သော စိတ်သဘောထားတစ်ခုဖြစ်သည်။ ယင်းက လမ်းမှားတစ်ခုဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမှ မွေးဖွားလာသည်။ ယင်းသည် ဘုရားသခင်ရှုတ်ချသည့်အရာဖြစ်သည်။ ဘုရားသခင် တရားစီရင်ပြီး သန့်စင်သည့် အရာပင်ဖြစ်သည်။ အဆင့်အတန်းကို လူတို့ လိုက်စားသောအခါတွင် ဘုရားသခင်က အစက်ဆုပ်ဆုံးဖြစ်သည်။ သို့တိုင်အောင် သင်သည် ခေါင်းမာစွာဖြင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်သည်။ ယင်းကို မပျက်မကွက် ချစ်မြတ်နိုးပြီး ကာကွယ်သည်။ သင်ကိုယ်တိုင်အတွက် ရယူဖို့ အစဉ် ကြိုးစားသည်။ ဤအရာအားလုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်သည့် စရိုက်အနည်းငယ် မရှိသလော။ ဘုရားသခင်က ရာထူးအဆင့်အတန်းကို လူတို့အတွက် မစီမံခဲ့ချေ။ ဘုရားသခင်သည် လူတို့အား သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို ပေးအပ်သည်၊ ဤသို့ဖြင့် ရာထူးအဆင့်အတန်းနှင့် သြဇာတိက္ကမရှိပြီး လူထောင်ပေါင်းတို့၏ ကြည်ညိုခံရသောသူတစ်ဦး မဟုတ်ဘဲ နောက်ဆုံးတွင် စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး၊ သေးနုပ်ပြီး အရေးမပါသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာစေသည်။ ထို့အတွက်ကြောင့် ယင်းကို မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းက တစ်ဖက်ပိတ်လမ်းဖြစ်သည်။ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းအတွက် သင်၏အကြောင်းပြချက်က အဘယ်မျှ ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ ဤလမ်းကြောင်းက လမ်းကြောင်းမှားတစ်ခုပင် ဖြစ်နေဆဲဖြစ်ကာ ဘုရားသခင်၏ လက်ခံခြင်းကို မခံရပေ။ သင်သည် အဘယ်မျှ ခက်ခက်ခဲခဲကြိုးစားသည်ဖြစ်စေ၊ သို့မဟုတ် အဖိုးအခကို အဘယ်မျှ ကြီးကြီးမားမားပေးဆပ်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို အလိုရှိပါက ဘုရားသခင်သည် သင့်ကို ပေးမည်မဟုတ်ပေ။ အကယ်၍ ယင်းကို ဘုရားသခင်မပေးပါက ယင်းကိုရရှိရန် ကြိုးစားရာတွင် သင် ကျရှုံးလိမ့်မည်ဖြစ်ပြီး၊ အကယ်၍ သင် ဆက်လက်ကြိုးစားနေပါက ရလဒ်တစ်ခုတည်းသာရှိလိမ့်မည်။ သင်သည် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရမည်ဖြစ်ကာ လမ်းဆုံးတစ်ခုဖြင့် ကြုံရလိမ့်မည်။ ဤအရာကို သင်နားလည်သည်မဟုတ်လော။

၂၀၂၀ ခုနှစ်၊ မတ်လ ၇ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။