အချက် ၁၁- ၎င်းတို့သည် အမှားတစ်စုံတစ်ခုကို ကျူးလွန်သည့်အခါ ပြုပြင်ခံရခြင်းကို လက်ခံပြီး နောင်တရသည့် သဘောထားတစ်ခု ရှိရမည့်အစား အယူအဆများကို ဖြန့်ဝေကာ ဘုရားသခင်ကို လူသိရှင်ကြား ဝေဖန်အကဲဖြတ်ကြလေသည် (အခန်း လေး)
အန္တိခရစ်များ၏ အလုပ်၏ ကဏ္ဍတစ်ခုတလေကို တာဝန်ယူသည့်အခါ ၎င်းတို့သည် ဝတ်ကျေတမ်းကျေဖြစ်ကြပြီး ဆိုးယုတ်သောလူများနှင့် ဘုရားအိမ်တော်၏ အလုပ်ကို အနှောင့်အယှက်ပေးသောသူတို့ကို မသိကျိုးကျွံပြုကြသည် သို့မဟုတ် ထိုသူတို့အတွက်ပင် ဖုံးဖိကောင်းဖုံးဖိပေးနိုင်သည်၊ အလိုလိုက်ကာ ကာကွယ်ပေးနိုင်ကြသည်။ ဖြုတ်ချခံရပြီးနောက်တွင် အန္တိခရစ်တစ်ဦးသည် မတူကွဲပြားသည့် တာဝန်တစ်ခုကို လုပ်ဆောင်သည့်အခါ ပြောင်းလဲလိမ့်မည်လော။ (ပြောင်းလဲလိမ့်မည် မဟုတ်ပါ။) ယင်းမှာ အဘယ်ကြောင့်နည်း။ (၎င်းတို့၏ သဘာဝ အနှစ်သာရနှင့်ပတ်သက်သည့် ပြဿနာတစ်ခုကြောင့်ဖြစ်သည်။) ထိုသို့သော ကြီးလေးသည့် အမှားတစ်ခုကို ကျူးလွန်ပြီးနောက်တွင် ၎င်းတို့သည် နောင်တမရကြသေးသကဲ့သို့ မိမိတို့၏ စိတ်နှလုံးတွင် အယူအဆများနှင့် မကျေမချမ်းမှုများကို ထားရှိကြဆဲဖြစ်သည်။ ထို့ကြောင့် ၎င်းတို့လုပ်ဆောင်သည့် မည်သည့်တာဝန်တွင်မဆို အနည်းငယ် ရိုးသားစစ်မှန်ဖို့ရန် ၎င်းတို့အတွက် ဖြစ်နိုင်သလော။ ၎င်းတို့တွင် အယူအဆများ သို့မဟုတ် မကျေမချမ်းမှုများ တစ်ခုတလေ မရှိမီတွင်ပင် မိမိတို့၏ တာဝန်၌ မကောင်းသည့် လုပ်ဆောင်ချက်များကို မဆင်မခြင် ကျူးလွန်ကြသည်။ ထို့ကြောင့် ဤအရာများကို ၎င်းတို့ စိတ်ထဲထားရှိနေချိန်တွင် ၎င်းတို့တာဝန်၌ ရိုးသားစစ်မှန်ရန် ၎င်းတို့အတွက် ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ရိုးသားစစ်မှန်မှုမရှိဘဲနှင့် ၎င်းတို့သည် ဝတ်ကျေတမ်းကျေ ဖြစ်ကြလိမ့်မည်လော။ မကောင်းသည့် လုပ်ဆောင်ချက်များကို ၎င်းတို့ မဆင်မခြင် ကျူးလွန်ကြလိမ့်မည်လော။ (ကျူးလွန်ကြပါလိမ့်မည်။) သင်တို့ထဲမှ အချို့သည် လက်ခံယုံကြည်ခြင်း ရှိကောင်းရှိနိုင်ကြမည် မဟုတ်ပေ။ ထို့ကြောင့် သင်တို့ကိုယ်တိုင် ကောင်းစွာ ကြည့်ရှုလော့။ ပြီးလျှင် သင် လက်ခံယုံကြည်သည့်နေ့ရက် ရောက်ရှိလာလိမ့်မည်ဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် မည်သည့်အခါတွင်မျှ မပြောင်းလဲနိုင်သကဲ့သို့ ၎င်းတို့ မည်သည့်နေရာတွင် အထားခံရသည်ဖြစ်စေ အမြဲ ကောင်းမြတ်ကြလိမ့်မည် မဟုတ်ပေ။ သမ္မာတရား လိုက်စားသည့် တစ်စုံတစ်ဦးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ထုတ်ဖော်ပြခြင်းအတွက် ပြုပြင်ခံရပြီးနောက်တွင် အချို့သော ပြောင်းလဲမှုများကို ကြုံရသည်။ ၎င်းတို့၏ အခြေအနေက ကောင်းသည်ထက် ကောင်းလာသည်၊ ၎င်းတို့၏ သဘောထားက ပိုပိုပြီး တက်ကြွလာသည်၊ ၎င်းတို့၏ ရှုထောင့်အမြင်များက ပိုပိုပြီး အပြုသဘောဆောင်လာသည်၊ ၎င်းတို့ လိုက်စားမှု၏ ရည်မှန်းချက်များနှင့် ဦးတည်ချက်တို့သည် ပိုပိုပြီး မှန်ကန်လာသည်၊ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံး တိုး၍ ဖြစ်ပေါ်ပြီး ၎င်းတို့၏ လူ့သဘာဝက ပိုပိုပြီး လေးစားမှုနှင့် ထိုက်တန်သည့်ပုံပေါ်လေသည်။ ဆန့်ကျင်ဘက်အနေဖြင့် အန္တိခရစ်တစ်ဦးက ပြုပြင်ခြင်းခံရလေ၊ ၎င်းတို့၏ စိတ်ထဲမှ မကျေမချမ်းမှုက ပိုမိုကြီးထွားလေဖြစ်ကာ ၎င်းတို့သည် ပို၍သတိထားရှောင်လာလေဖြစ်သည်၊ ၎င်းတို့ မတရားခံရသည်ဟု ၎င်းတို့၏ စိတ်နှလုံးတွင် ခံစားရလေဖြစ်ပြီး ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ အယူအဆများ၊ အမုန်းတရားနှင့် စောဒကတက်ခြင်းများက သာ၍ ကြီးထွားလေဖြစ်သည်။ ၎င်းတို့ ပြုပြင်မခံရသေးသည့်အချိန်တွင် ၎င်းတို့၏ ဇာတိပကတိသည် အဖိုးအခ အနည်းငယ် ပေးနိုင်ကြသော်လည်း ၎င်းတို့ များစွာ ပြုပြင်ခံရသည့်အခါ ၎င်းတို့တွင် ရိုးသားစစ်မှန်မှု အနည်းငယ်မျှပင် မရှိကြပေ။ ၎င်းတို့သည် အမှန်တကယ်ပင် သေချာပေါက်ဖြစ်လမ်း မရှိသောကိစ္စတစ်ခု ဖြစ်သည်။ ဤအရာကို သင်ကိုယ်တိုင် စောင့်ကြည့်လေ့လာလော့။ ဤကဲ့သို့သောသူ မည်သူမဆိုသည် အခြားသူတို့ကို အားပေးဖို့အတွက် တရားဒေသနာများကို အမြဲ ဟောပြောကြသော်လည်း ၎င်းတို့ကိုယ်တိုင်က လုံးဝ လက်တွေ့လုပ်ဆောင်ခြင်းမရှိ သို့မဟုတ် မည်သည့် ဝင်ရောက်မှုမျှ မရှိကြပေ။ ဤသည်မှာ ထူးခြားသော လက္ခဏာတစ်ခု ဖြစ်သည်။ နောက်ထပ် ထူးခြားသော လက္ခဏာတစ်ခုမှာ မည်သည့်အလုပ်ကို ၎င်းတို့ လုပ်ဆောင်နေကြသည်ဖြစ်စေ ၎င်းတို့တွင် အဆင့်အတန်း ရှိသည်နှင့်တစ်ပြိုင်နက် ရှေ့ထွက်လာပြီး စိတ်ထက်သန်မှုအချို့ကို ပြနိုင်သော်လည်း မိမိတို့အလုပ်တွင် အမြဲ ဝတ်ကျေတမ်းကျေဖြစ်ကာ မကောင်းသော လုပ်ဆောင်ချက်များကို မဆင်မခြင် ကျူးလွန်ကြလေသည်။ အဆင့်အတန်းကို ၎င်းတို့ ဆုံးရှုံးသည့်အခါ ရန်စောင်လာကြသည်။ ၎င်းတို့သည် မိမိတို့၏ အခြေအနေကို မျှော်လင့်ချက်မဲ့သော အခြေအနေအဖြစ် သဘောထားလိုက်ကြပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝ ကင်းမဲ့လျက် မထီလေးစားနှင့် မဆင်မခြင်ပြုသော နည်းလမ်းဖြင့်ပင် ပြုမူဆောင်ရွက်ကာ ဥပဒေမဲ့ ရိုင်းစိုင်းကြမ်းကြုတ်သောသူတစ်ဦးကဲ့သို့ ပြုမူကြလေသည်။ လူသားမျိုးနွယ်အားလုံးထဲတွင် ဤလူစားမျိုးသည် စံပြ အန္တိခရစ်တစ်ဦး ဖြစ်သည်။ ၎င်းတို့သည် အခြားလူတို့၏ အခြေအနေများကို နားလည်ရလွယ်ကူပြီး ၎င်းတို့တွင်လည်း မိမိတို့ကိုယ်ကိုနှင့်သက်ဆိုင်၍ ဤသိနားလည်မှုမျိုးရှိသည်ဟု ခံစားစေသည့် နည်းလမ်းတစ်ခုဖြင့် အလွန် ရှင်းလင်းစွာနှင့် အကျိုးသင့်အကြောင်းသင့် စိစစ်နိုင်ကြသည်။ သို့သော် အမှားတစ်မျိုးမျိုးကို ၎င်းတို့ ပြုမိသည့်အခါ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ၎င်းတို့ ထုတ်ဖော်ပြပြီးဖြစ်ကာ သင်က ၎င်းတို့ကို ဖော်ထုတ်ပြီး စိစစ်ဖို့ ကြိုးစားသည့်အခါ ၎င်းတို့တွင် မည်သည့် သဘောထားမျိုးရှိသည်ကို ကြည့်လော့။ ၎င်းတို့အနေဖြင့် ထိုအရာကို လုံးဝ လက်ခံရန် မလိုမလားဖြစ်နေကြလိမ့်မည်ဖြစ်ပြီး ထိုအရာကို ဝန်ခံခြင်းမရှိဘဲ ချေပရန်နှင့် မိမိတို့ကိုယ်ကို ခုခံကာကွယ်ရန် နည်းလမ်းအားလုံးကို စဉ်းစားကြလိမ့်မည်ဖြစ်သည်။ မည်သူကမျှ ၎င်းတို့ကို ထိပါးနိုင်ကြလိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့ကို ဒေါသထွက်စေသည့် မည်သူမဆို သို့မဟုတ် ၎င်းတို့၏ ပြဿနာကို ဖော်ထုတ်သည့် မည်သူမဆိုသည် မိမိတို့ ဒုက္ခရောက်သည်ကို တွေ့ရှိကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ ရန်သူအဖြစ် ဆက်ဆံခံရလိမ့်မည် ဖြစ်သည်။
အန္တိခရစ်တစ်ဦးက အဆင့်အတန်းတစ်ခု ရှိသည့်အခါ ထိုအဆင့်အတန်းကို ကာကွယ်ရန် အခက်အခဲ အနည်းငယ်ကို ၎င်းတို့ ခါးစည်းခံနိုင်ကြပြီး အဖိုးအခအနည်းငယ် ပေးနိုင်ကြသည်။ ၎င်းတို့သည် နေအောက်တွင်ရှိသည့် လူတိုင်းကို ကရုဏာထားသည့်၊ လူတိုင်းကို ကယ်တင်ချင်သည့် ကြင်နာသော မျက်နှာတစ်ခု၊ သူတော်ကောင်း ယောင်ဆောင်သည့် မျက်နှာတစ်ခုကိုလည်း ဟန်ဆောင်ထားရှိနိုင်သည်။ သို့သော် ၎င်းတို့၏ အဆင့်အတန်းကို ၎င်းတို့ ဆုံးရှုံးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ စေတနာအားလုံး ပျောက်ကွယ်သွားသည်။ သို့တိုင် ၎င်းတို့သည် အတိတ်တွင် မွေ့လျော်ခံစားခဲ့ရသည့် အားပေးမှု၊ လေးစားမှုနှင့် အထူးအာရုံစိုက်ခြင်းတို့ကို ဖက်တွယ်ချင်ကြဆဲဖြစ်ပြီး မွေ့လျော်ခံစားချင်ကြဆဲဖြစ်သည်။ ၎င်းတို့သည် အဆုံးစွန်ထိ တကယ်ကို အရှက်မဲ့ကြပေသည်။ အန္တိခရစ်တစ်ဦးက မည်သည့်အဖွဲ့တွင်ရှိသည်ဖြစ်စေ ၎င်းသည် မည်သူကိုမျှ အကူအညီ သို့မဟုတ် တည်ဆောက်ပေးမှု အနည်းငယ်မျှ မပေးကြပေ။ သို့တိုင် ၎င်းတို့က လူတိုင်း၏ အားပေးမှုနှင့် လေးစားမှုတို့ကို မွေ့လျော်ခံစားချင်နေကြဆဲဖြစ်သည်။ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသည်ကို အခြားမည်သူက အသိအမှတ်ပြုသည်ဖြစ်စေ အန္တိခရစ်တစ်ဦးသည် မိမိတွင်လည်း ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိကြောင်းကို ထုတ်ပြောဆိုလိမ့်မည် မဟုတ်ပေ သို့မဟုတ် အတိတ်တွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုး ၎င်းတို့ ထုတ်ဖော်ပြခဲ့သည့်အကြောင်းကို ပြောဆိုကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို လုံးဝ မစိစစ်ကြသကဲ့သို့ အကျပ်အတည်း ဖြစ်သည့်အခြေအနေတွင် ရောက်ရှိသည့်အခါ ၎င်းတို့က “ဟုတ်ပါသည်၊ ကျွန်ုပ် မကောင်းဆိုးဝါးတစ်ဦး ဖြစ်သည်၊ ကျွန်ုပ် စာတန်တစ်ဦး ဖြစ်ပါသည်”ဟူသကဲ့သို့သော တစ်စုံတစ်ရာကိုသာ ပြောဆိုကြလိမ့်မည်ဖြစ်ပြီး ထိုမျှသာဖြစ်သည်။ ၎င်းတို့သည် အဆင့်မြင့်ပုံရသည့်၊ အနှစ်မဲ့သော ဤစကားမျိုး အနည်းငယ်ကိုသာ ပြောကြသည်။ သင်သည် ၎င်းတို့ကို “မကောင်းဆိုးဝါးတစ်ဦးနှင့် စာတန်တစ်ဦး ဖြစ်ခြင်းနှင့်ဆိုင်သည့် မည်သည့် တိကျသော သရုပ်သကန်များနှင့် ထုတ်ဖော်ပြချက်များကို သင် ပိုင်ဆိုင်သနည်း။ သင် ပြုမူဆောင်ရွက်သည့်အခါ မည်သည့် ရည်ရွယ်ချက်နှင့် ကြံရွယ်ချက်မျိုးများကို သင့်တွင် ရှိသနည်း”ဟု မေးလျှင် ၎င်းတို့က မည်သည့်အရာကိုမျှ လုံးဝ ပြောကြမည်မဟုတ်ပေ။ ၎င်းတို့သည် စာတန်တစ်ဦး မဟုတ်သလော။ အဆင်းနီသော နဂါးကြီးသည် အာဏာရလာကတည်းက မရေမတွက်နိုင်သည့် မကောင်းမှုများကို ကျူးလွန်ပြီးဖြစ်ကာ သူ၏ အုပ်စိုးမှုတစ်လျှောက်လုံးတွင် ၎င်းသည် မိမိ၏ အပြစ်များကို စဉ်ဆက်မပြတ် ဝန်ခံကာ အမှန်ပြင်နေစဉ်တစ်လျှောက်လုံးတွင် မိမိလူတို့ကို မိမိ၏ စော်ကားမှုအား စဉ်ဆက်မပြတ် အရှိန်မြှင့်နေခဲ့သည်။ ၎င်းက မိမိ၏ အပြစ်များကို အသိအမှတ်ပြုနေသည်ကို သင် မြင်သည့်အခါ ၎င်းအနေဖြင့် နောင်တရပြီး ပိုကောင်းမွန်သည့်နည်းလမ်းဖြင့် စတင်ပြုမူလိမ့်မည်၊ ၎င်းတွင် ဝန်ခံသည့် သဘောထားတစ်ခုရှိပြီး ထိုသို့သော အမှားများကို သေချာပေါက် တစ်ဖန် ကျူးလွန်လိမ့်မည်မဟုတ်ဟု သင် တွေးကောင်းတွေးနိုင်သည်။ သို့သော် ဆက်လက်၍ ဖြစ်ပျက်သည့်အရာများနှင့် အမှုအရာများဖြစ်ပေါ်ပုံတို့မှ အကဲဖြတ်သည့်အခါ အဆင်းနီသော နဂါးကြီးက မိမိ၏ အပြစ်များကို ဝန်ခံခြင်းသည် မိမိ၏ ပုံရိပ်နှင့် အဆင့်အတန်းကို ကာကွယ်ခြင်း၊ မိမိလူတို့ကို နှိပ်စက်ညှဉ်းပန်းသည့် အာဏာကို ဆက်လက် စွဲကိုင်ကာ သာ၍ ဆိုးရွားသည့်အရာများကို လုပ်ဆောင်ရန် လမ်းခင်းနေခြင်းအတွက်မျှသာ ဖြစ်ပေသည်။ အန္တိခရစ်များက အတူတူပင်ဖြစ်သည်။ ၎င်းတို့သည် နတ်ဆိုးများ၊ စာတန်နှင့် အဆင်းနီသော နဂါးကြီးကဲ့သို့ အလားတူ သဘာဝ အနှစ်သာရကို ပိုင်ဆိုင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဟန်ဆောင်ရာတွင် တော်ကြပြီး အကျင့်ပါနေသော လူလိမ်လူညာများ ဖြစ်ကြသည်။ ၎င်းတို့သည် အရှက်တရားကို မသိကြ၊ သမ္မာတရားနှင့် အပြုသဘောဆောင်သည့် အရာများကို အလွန်အမင်း မနှစ်မြို့ကြသကဲ့သို့ သမ္မာတရားကို နည်းနည်းမျှ လက်မခံကြပေ။ ထို့အပြင် ၎င်းတို့သည် ကြားကောင်းသည့်အရာများကိုသာ ပြောဆိုကြပြီး မကောင်းသည့်အရာမျိုးစုံကိုသာ လုပ်ဆောင်ကြသည်။ ညီအစ်ကို မောင်နှမများအနီးဝန်းကျင်တွင် အန္တိခရစ်များသည် မှန်ကန်သည့်အရာများကို မကြာခဏ ပြောဆိုကြပြီး အပေါ်ယံတွင် မှန်ကန်ပုံရသည့် အရာများကို လုပ်ဆောင်ကြသော်လည်း ဘုရားနှုတ်ကပတ်တော်များ၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ တစ်သဝေမတိမ်း လက်တွေ့လုပ်ဆောင်ရန်၊ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ရန် စေခိုင်းခံရသည့်အခါ ထိုအရာမျိုးကို ၎င်းတို့ ဘာမျှလုပ်ဆောင်ကြလိမ့်မည်မဟုတ်ဘဲ ထိုအစား အရိပ်အယောင်မရှိဘဲ ပျောက်ကွယ်သွားကြလိမ့်မည်။ ကြီးကြပ်မှု သို့မဟုတ် တိုက်တွန်းမှုမရှိဘဲ ၎င်းတို့ကို သင် လွှတ်ထားလျှင် ၎င်းတို့သည် မကောင်းသည့် လုပ်ဆောင်ချက်များကို မဆင်မခြင် ကျူးလွန်ကြလိမ့်မည်ဖြစ်ပြီး မိမိတို့၏ကိုယ်ပိုင် သီးခြားဖြစ်သော နိုင်ငံကို ထူထောင်ကြလိမ့်မည်။ အာဏာစွဲကိုင်ခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ ရည်မှန်းချက်ကို ရရှိရန်အတွက် ၎င်းတို့သည် မည်သည့် အခက်အခဲကိုမဆို ခါးစည်းခံကာ မည်သည့်အဖိုးအခကိုမဆို ပေးလိမ့်မည်ဖြစ်သည်။ အန္တိခရစ်များတွင် အခြားသော သဘာဝ အနှစ်သာရမျိုးရှိသည်ကို ငါတို့ မြင်နိုင်ပေသည်။ ယင်းမှာ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းခြင်း ဖြစ်သည်။ မိမိတို့ကိုယ်တိုင်အတွက် တစ်စုံတစ်ရာကို လုပ်ဆောင်နေချိန်တွင် အဖိုးအခ အနည်းငယ် ပေးခြင်းအပြင် အပြန်အလှန်အနေဖြင့် မည်သည့်အရာမျှ မရရှိဘဲ ညီအစ်ကို မောင်နှမများအတွက်၊ ဘုရားအိမ်တော်အတွက် တစ်စုံတစ်ရာကို လုပ်ဆောင်ရန် သို့မဟုတ် ပြောဆိုရန် စေခိုင်းခံရလျှင် ၎င်းတို့သည် အလွန်ကြင်နာတတ်သောစိတ်ထား ရှိကြလိမ့်မည်လော။ ထိုဝန်ထုပ်ကို ၎င်းတို့ တာဝန်ယူကြလိမ့်မည်လော။ (တာဝန်ယူကြလိမ့်မည် မဟုတ်ပေ။) သို့ဆိုလျှင် အထက်က ၎င်းတို့ကို အကောင်အထည်ဖော်ရန် စေခိုင်းသည့် အရာများနှင့် ပတ်သက်လာသည့်အခါ၊ ထိုအလုပ်ကို စစ်ဆေးဖို့ အချိန်ရောက်လာသည့်အခါ ၎င်းတို့သည် ထိုအလုပ်တစ်ခုတလေကိုမျှ အကောင်အထည်ဖော်ပြီး ဖြစ်လိမ့်မည် မဟုတ်ပေ။ ယင်းမှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ထိုသို့ လုပ်ဆောင်ခြင်းသည် မိမိတို့ကိုယ်ကို ပင်ပန်းစေပြီး ဆင်းရဲဒုက္ခခံစားစေဖို့ လိုအပ်မည်ဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့အနေဖြင့် အဖိုးအခ ပေးရမည်ဖြစ်ပြီး ထိုအရာမှ အကျိုးကျေးဇူးများစွာ ရရှိနိုင်ဖွယ်အလားအလာ ရှိမည်မဟုတ်ပေ။ သို့ဖြစ်၍ ၎င်းတို့သည် ယင်းကို လုပ်ဆောင်မည်ကို မဟုတ်ချေ။ လူအများစုက ယင်းမှ အကျိုးအမြတ်ရမည်ဆိုလျှင်၊ လူအများစုက ထိုအရာမှ အကျိုးကျေးဇူး ရရှိမည်ဆိုလျှင် အန္တိခရစ်တစ်ဦးသည် ထိုအတွက် အဖိုးအခတစ်ခု ပေးရန် လိုလားနေမည်လော။ လိုလားမည် မဟုတ်ပေ။ ထိုအရာသည် လူအများစုက ၎င်းတို့ကို လေးစားပြီး အောက်မေ့သတိရမည့် အရာတစ်ခုဖြစ်မည်ဆိုလျှင်၊ ၎င်းတို့ကို ကိုးကွယ်ကာ ချီးမွမ်းကြမည့်အရာတစ်ခု ဖြစ်မည်ဆိုလျှင်၊ ၎င်းတို့ လုပ်ဆောင်ခဲ့သည့် ဤကောင်းသောအရာအတွက် ၎င်းတို့အနေဖြင့် မျိုးဆက်နှင့်ချီ အောက်မေ့သတိရခံရမည်ဆိုလျှင် ၎င်းတို့ မည်သို့ ပြုမူကြမည်နည်း။ ၎င်းတို့သည် ချက်ချင်း စတင်လှုပ်ရှားကြမည်ဖြစ်ပြီး အခြားမည်သူမဆိုထက် သာ၍ ဝမ်းသာအားရ လုပ်ဆောင်ကြမည်ဖြစ်သည်။ ဤသည်မှာ အရှက်မဲ့သည် မဟုတ်လော။ စာတန်၊ နတ်ဆိုးသည် အမှန်တကယ်ပင် အရှက်မဲ့ပေသည်။ ၎င်းသည် မရေမတွက်နိုင်သည့် မကောင်းမှုများကို ကျူးလွန်ပြီးဖြစ်သည့်တိုင် လူတိုင်းအား ၎င်းကို အလွန်အမင်း ကျေးဇူးတင်ရှိစေချင်ဆဲ၊ လူတို့အား နီးကပ်စွာ ၎င်းနောက်လိုက်စေချင်ပြီး ၎င်းကို လွန်လွန်ကဲကဲ မြှောက်စားစေချင်ဆဲဖြစ်သည်။ ၎င်းက လူတို့ကို အလွန်နှိပ်စက်ညှဉ်းပန်းသည့်တိုင် ၎င်းတို့၏ချီးမွမ်းခြင်းကို ခံချင်ဆဲဖြစ်သည်။ အန္တိခရစ်များက အတူတူပင် ဖြစ်သည်။ အန္တိခရစ်တစ်ဦးက တရားဒေသနာမည်မျှ ကြားပြီးသည်ဖြစ်စေ၊ အယူဝါဒများ မည်မျှ ၎င်းတို့ နားလည်သည်ဖြစ်စေ ၎င်းတို့အား ဝတ်ကျေတမ်းကျေဖြစ်ခြင်းမရှိဘဲ အလုပ်တစ်ခုခု သို့မဟုတ် တာဝန်တစ်ခုကို ထမ်းဆောင်ရန် သင် စေခိုင်းလျှင် ထိုအရာကို ၎င်းတို့ မလုပ်နိုင်ကြပေ။ ၎င်းတို့အား မိမိတို့ကိုယ်ပိုင် သီးခြားဖြစ်သော နိုင်ငံကို ထူထောင်ခြင်း သို့မဟုတ် မကောင်းသည့် လုပ်ဆောင်ချက်များကို မဆင်မခြင် ကျူးလွန်ခြင်းအား ရှောင်ကြဉ်ရန် သင် စေခိုင်းလျှင် ထိုအရာကို ၎င်းတို့ မလုပ်ဆောင်နိုင်ကြပေ။ အဆင့်အတန်း၏ အကျိုးကျေးဇူးများကို မွေ့လျော်ခြင်း၊ ကိုယ်စိတ်ချမ်းသာမှုကို အရသာတွေ့ခြင်း၊ အဆင့်အတန်းနှင့် အထူးအခွင့်အရေးများကို အကြိုက်တွေ့ခြင်းအား ရှောင်ကြဉ်ရန် ၎င်းတို့ကို သင် တောင်းဆိုလျှင် ထိုအရာကို ၎င်းတို့ မလုပ်နိုင်ကြပေ။ အခြားသူတို့ကို မညှဉ်းဆဲရန်၊ သို့မဟုတ် မလိမ်ညာရန် ၎င်းတို့ကို သင် တောင်းဆိုလျှင် ၎င်းတို့ မလုပ်နိုင်ကြပေ။ လှူဖွယ်ပစ္စည်းများကို မဖြုန်းတီးရန်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန် ၎င်းတို့ကို သင် တောင်းဆိုလျှင် ထိုအရာကို ၎င်းတို့ မလုပ်နိုင်ကြပေ။ မိမိတို့ကိုယ်ကို သက်သေမခံရန် ၎င်းတို့ကို သင် တောင်းဆိုလျှင် ယင်းကို ၎င်းတို့ လုံးဝ လုပ်ဆောင်နိုင်ကြလိမ့်မည် မဟုတ်။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မရရှိဘဲ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အတွက် အဖိုးအခအနည်းငယ် ပေးရန် သို့မဟုတ် မထင်ပေါ်ဘဲ အလုပ်အနည်းငယ်ကို လုပ်ဆောင်ရန် ၎င်းတို့အား သင် စေခိုင်းလျှင် ထိုအရာကို ၎င်းတို့ လုပ်ဆောင်နိုင်ကြလိမ့်မည် မဟုတ်ပေ။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နိုင်ကြသနည်း။ ၎င်းတို့သည် မကောင်းသည့် လုပ်ဆောင်ချက်များကို မဆင်မခြင် ကျူးလွန်နိုင်ကြသည်၊ မိမိတို့ကိုယ်ပိုင် သီးခြားဖြစ်သော နိုင်ငံကို ထူထောင်နိုင်ကြသည်၊ မိမိတို့ကိုယ်ကို သက်သေခံနိုင်ကြသည်၊ လှူဖွယ်ပစ္စည်းများကို ဖြုန်းတီးနိုင်ကြသည်၊ အသင်းတော်တွင် ခိုကပ်နေနိုင်ကြသည်၊ အခြားသူတို့ကို ညှဉ်းဆဲနိုင်ကြသည်၊ ဆောင်ပုဒ်များကို ဟစ်ကြွေးနိုင်ကြသည်၊ အယူဝါဒများကို ရေရွတ်နိုင်ကြသည်၊ လူတို့ကို အထင်အမြင်မှားစေရန် အယူလွဲများနှင့် မှားယွင်းပြီး အဓိပ္ပာယ် မရှိသောအရာများကို ဖြန့်နိုင်ကြကာ စသည်တို့ကို လုပ်ဆောင်နိုင်ကြလေသည်။ ၎င်းတို့အတွက် ဤအရာများကို လုပ်ဆောင်ရန်မှာ အားထုတ်ရန်မလိုပေ။ သင်တို့ အနီးဝန်းကျင်တွင် ထိုကဲ့သို့သောသူ တစ်ဦးတလေ ရှိသလော။ အာဏာကို ၎င်းတို့ စွဲကိုင်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့တွင် အာဏာ အနည်းငယ်မျှ ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားအိမ်တော်၏ ဘဏ္ဍာရေးကို ထိန်းချုပ်ချင်ကြလေသည်။ မည်သည့်အရာကို ၎င်းတို့ ဝယ်ယူသည်ဖြစ်စေ အရည်အသွေးမြင့်သည့်၊ စျေးကြီးပြီး နာမည်ရတံဆိပ်ရှိသည့် ကုန်ပစ္စည်းများကို ရရှိလိုကြပြီး ဤအရာကို အခြားမည်သူနှင့်မျှ ၎င်းတို့ မဆွေးနွေးကြ သို့မဟုတ် အခြားတစ်ဦးတလေက ပြောရန်ရှိသည့်အရာကို ၎င်းတို့က နားမထောင်ကြပေ။ ၎င်းတို့ကို အာဏာ အနည်းငယ် ပေးလိုက်သည်နှင့် ထိုအာဏာကို အကြိုက်တွေ့ကြသည်။ ၎င်းတို့ကို အာဏာအနည်းငယ် ပေးလိုက်သည်နှင့် ၎င်းတို့သည် အုပ်စုများ ဖွဲ့ချင်ကြပြီး အမှုအရာများကို မိမိတို့ သဘောအတိုင်း လုပ်ဆောင်ချင်ကြကာ အထက်ကို သို့မဟုတ် အခြားတစ်ဦးတလေကို နားထောင်ရန် ငြင်းဆန်ကြလေသည်။ ၎င်းတို့ကို အာဏာအနည်းငယ် ပေးလိုက်သည်နှင့် ၎င်းတို့ ဘုရားဖြစ်လာသကဲ့သို့ ခံစားပြီး အခြားသူတို့က ၎င်းတို့ကို အားပေးထောက်ပံ့ရန် မိမိတို့ကိုယ်ကို သက်သေခံချင်ကြကာ အုပ်စုဖွဲ့ချင်ကြသည်၊ မိမိတို့ကိုယ်ပိုင် ဂိုဏ်းကို ဖွဲ့ချင်ကြလေသည်။ ၎င်းတို့ကို အာဏာအနည်းငယ် ပေးလိုက်သည့်အခါ ညီအစ်ကို မောင်နှမများကို မိမိတို့လက်ခုပ်အတွင်းတွင် တင်းကျပ်စွာ ထိန်းချုပ်ထားချင်ကြသည်။ တစ်စုံတစ်ဦးကို ၎င်းတို့ထံမှ ဝေးရာသို့ ပြောင်းရွှေ့တာဝန်ပေးရန် ဘုရားအိမ်တော်၏ အလုပ်က လိုအပ်သည့်အခါ အတော်ပင် ခက်ခဲလိမ့်မည် ဖြစ်သည်။ ၎င်းတို့က ထိုအရာကို အတည်ပြုပေးရမှဖြစ်မည်ဖြစ်ပြီး တစ်စုံတစ်ဦးက ၎င်းတို့နှင့်အတူ ထိုအရာကို ဆွေးနွေးရန် လိုအပ်သကဲ့သို့ ထိုလူထံမှ ၎င်းတို့ မကြိုက်သည့် သဘောထားကို လက်ခံကြမည် မဟုတ်ပေ။ ၎င်းတို့တွင် အာဏာနှင့် ဩဇာလွှမ်းမိုးမှု ရှိကြောင်းကို တစ်လောကလုံးအား ၎င်းတို့ သိစေချင်ကြပြီး လူတိုင်းက ၎င်းတို့ကို လေးစားကာ ရိုသေရမည်ဖြစ်သည်။ ဤသည်မှာ အများအားဖြင့် အသိအမှတ်ပြုထားသည့် အချက်တစ်ခု ဖြစ်သည်။ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိကြောင်းကို အန္တိခရစ်တစ်ဦးက လုံးဝ အသိအမှတ်ပြုလိမ့်မည် မဟုတ်ပေ။ ဤအရာကို သင်ကိုယ်တိုင် လေ့လာစောင့်ကြည့်လော့။ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိကြောင်းကို ဝန်မခံသည့်သူများက တစ်စုံတစ်ရာ အမှားလုပ်ကာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြပြီးနောက်တွင် နောင်တရနိုင်ခြင်း ရှိမရှိဆိုသည်နှင့်၊ မည်သည့်ဦးတည်ချက်ကို ၎င်းတို့ ဖြစ်ပေါ်ပြီး အဆုံးတွင် မည်သည့်လမ်းကြောင်းကို လျှောက်ကြသည်၊ မိမိတို့ တာဝန်ကို ထမ်းဆောင်နေစဉ်တွင်လည်းကောင်း၊ အခြားသူတို့နှင့် ဆက်ဆံနေစဉ်တွင်လည်းကောင်း ၎င်းတို့ မည်သို့ ပြုမူကြသည်၊ အဆင့်အတန်းနှင့်စပ်လျဉ်း၍ ၎င်းတို့ မည်သို့ ပြုမူဆောင်ရွက်ကြပြီး အမှုအရာများကို လုပ်ဆောင်ခြင်းအတွက် ၎င်းတို့၏ နည်းလမ်းနှင့် နည်းစနစ်များက မည်သည့်အရာများဖြစ်သည်ဟူသည်တို့ကို ကြည့်လော့။ ဤအရာကို သင်တို့ ပိုင်းခြားသိမြင်နိုင်ကြလိမ့်မည်လော။ ဤအရာများနှင့်ပတ်သက်၍ ကောက်ချက်များ သင်တို့ ချလာနိုင်လျှင် သင်တို့တွင် ချင့်ချိန်နိုင်စွမ်းတစ်ခုခု ရှိပေသည်။
ဂ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ပြီး အရာခပ်သိမ်းကို နှိုင်းဆချင့်ချိန်သည့် စံသတ်မှတ်ချက်ဖြစ်ကြောင်း ဝန်ခံရန် ငြင်းဆိုခြင်း
အန္တိခရစ်များက ပြုပြင်ခံရခြင်းကို ငြင်းပယ်ခြင်းနှင့် အမှားတစ်ခုတလေ ကျူးလွန်မိသည့်အခါ နောင်တရသည့် သဘောထားတစ်ခု ကင်းမဲ့ခြင်းအတွက် တတိယမြောက် အကြောင်းရင်းတစ်ခု ရှိသည်။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ပြီး အရာခပ်သိမ်းကို နှိုင်းဆချင့်ချိန်သည့် စံသတ်မှတ်ချက်ဖြစ်ကြောင်း ဝန်ခံရန် ၎င်းတို့ ငြင်းဆိုခြင်း ဖြစ်သည်။ ယခင် အကြောင်းရင်းနှစ်ခုနှင့်ပတ်သက်၍ အတော်ပင် အသေးစိတ်ကျသည့် မိတ်သဟာယကို ငါ ပြုပေးခဲ့သည်။ ဤတစ်ခုသည် ၎င်း၏ တိုက်ရိုက်အဓိပ္ပာယ်အရ ပထမနှစ်ခုနှင့် အနည်းငယ် ကွဲပြားသော်လည်း အနှစ်သာရအားဖြင့် ယင်းတို့သည် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို အသိအမှတ်ပြုရန် အန္တိခရစ်များ ငြင်းပယ်ခြင်း ဟူသည့် ဤတစ်ခုနှင့် ဆက်စပ်ပေသည်။ ထို့ကြောင့် ငါတို့၏ မိတ်သဟာယကို ငါတို့ တိုတိုနှင့် အကျဉ်းချုပ် ပြု၍ရသည်။ အန္တိခရစ်တစ်ဦးက ပြုပြင်ခံရပြီး သမ္မာတရားနှင့်ပတ်သက်၍ သင်က ၎င်းနှင့် မိတ်သဟာယပြုသည့်အခါ၊ အမှုအရာများ လုပ်ဆောင်ခြင်းအတွက် သမ္မာတရား စည်းမျဉ်းများနှင့် စည်းမျဉ်းများအကြောင်းကို ပြောဆိုသည့်အခါ ၎င်းသည် ဤအရာကို ကြားပြီးနောက် လက်ခံနိုင်လိမ့်မည်လော။ (လက်ခံနိုင်လိမ့်မည် မဟုတ်ပါ။) အန္တိခရစ်တစ်ဦးက သမ္မာတရားကို မည်သည့်အချိန်တွင် ကြားသည်ဖြစ်စေ ထိုသမ္မာတရားအပေါ် တူညီသည့် သဘောထားဖြစ်သည့် ရှုတ်ချခြင်းနှင့် အတိုက်အခံလုပ်ခြင်း သဘောထား အမြဲ ရှိလိမ့်မည်ဖြစ်သည်။ သမ္မာတရား စည်းမျဉ်းများမှာ အဘယ်နည်း။ ယင်းတို့သည် တစ်စုံတစ်ရာအား မည်သို့ လုပ်ဆောင်ရမည်ကို အကဲဖြတ်ခြင်းအတွက် စံနှုန်းဖြစ်သည်။ ထိုအရာကို ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားနှင့် လုံးဝ အညီ လုပ်ဆောင်ထားသရွေ့ လူတစ်ဦး လုပ်ဆောင်သည့်အရာသည် စည်းမျဉ်းနှင့်အညီ ဖြစ်လိမ့်မည်။ ဤသည်မှာ အမှုအရာများကို စည်းမျဉ်းများအတိုင်း လုပ်ဆောင်ခြင်း ဖြစ်သည်။ သင်၏ မိတ်သဟာယသည် သမ္မာတရား စည်းမျဉ်းများနှင့်ကိုက်ညီလျှင် အန္တိခရစ်တစ်ဦးက လုံးဝ လက်ခံလိမ့်မည်မဟုတ်။ သင်၏ မိတ်သဟာယက အပြုသဘောဆောင်လေ၊ လက်တွေ့ကျလေ၊ တရားမျှတလေ၊ မှန်ကန်ပြီး အမှန်တရားအပေါ် အခြေခံလေ၊ အန္တိခရစ်တစ်ဦးအတွက် လက်မခံနိုင်ဖွယ် ဖြစ်လေဖြစ်လိမ့်မည်။ ၎င်းသည် သမ္မာတရား သို့မဟုတ် အမှန်တရားများကို လက်ခံရန် ငြင်းဆန်ရင်း လွဲချော်သော အကြောင်းပြချက်များဖြင့် တုံ့ပြန်လိမ့်မည်။ ထိုကိစ္စရပ်တွင် မိမိ၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းဖို့အတွက် မည်သို့ ပြုမူဆောင်ရွက်ရမည်ဟူသည်နှင့် ပတ်သက်၍ ၎င်းကို သင် ပြောဆိုလျှင် ၎င်းအနေဖြင့် ဆင်းရဲဒုက္ခခံပြီး အဖိုးအခ ပေးပြီးဖြစ်ပုံအကြောင်းကို သင့်အား ပြောပြကြလိမ့်မည်။ သင်သည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ မည်သို့ ပြုမူဆောင်ရွက်ရမည် ဟူသည်နှင့်ပတ်သက်၍ ၎င်းကို ပြောဆိုလျှင် ၎င်းအနေဖြင့် လမ်းမည်မျှ ခရီးနှင်ပြီးဖြစ်ကြောင်း၊ ဆင်းရဲဒုက္ခ မည်မျှခံစားပြီဖြစ်ကြောင်းနှင့် မည်မျှပြောဆိုမှုကို လုပ်ဆောင်ပြီးဖြစ်ကြောင်း သင့်အား ပြောပြလိမ့်မည်။ ရိုးသားသောလူတစ်ဦး မည်သို့ဖြစ်ရမည်၊ ရိုးသားပြီး စစ်မှန်သော စိတ်နှလုံးဖြင့် မည်သို့ ပြုမူကာ တာဝန်တစ်ခု ထမ်းဆောင်ရမည်ကို ၎င်းအား သင် ပြောဆိုလျှင် ၎င်းတို့ စိတ်ဝင်စားလိမ့်မည် မဟုတ်သကဲ့သို့ သင့်ကို လျစ်လျူရှုလိမ့်မည်။ ၎င်းတို့ ပြုမူဆောင်ရွက်သည့်အခါ နည်းစနစ်များ၊ အကြံများနှင့် လှည့်ကွက်များကိုသာ အာရုံစိုက်လိမ့်မည်။ ခြုံကြည့်သော် အန္တိခရစ်တစ်ဦးတွင် မိမိ၏ လုပ်ရပ်များအတွက် ကိုယ်ပိုင် တစ်မူထူးခြားသော စည်းမျဉ်းအစုံရှိပြီး ထိုစည်းမျဉ်းများက အခြားသူတို့၏ အမြင် သို့မဟုတ် ဘုရားသခင်၏ အမြင်တွင် မည်မျှ မှားယွင်း၊ နိမ့်ကျ၊ ရယ်ဖွယ်ကောင်းပြီး အဓိပ္ပာယ်မဲ့သည်ဖြစ်စေ၊ ဤနည်းလမ်းများနှင့် စည်းမျဉ်းများအား ကိုင်စွဲခြင်းကို ၎င်းတို့ လုံးဝ ငြီးငွေ့ကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရား စည်းမျဉ်းများအဖြစ် လက်ခံကြလိမ့်မည် မဟုတ်သကဲ့သို့ မိမိတို့ကိုယ်ပိုင် စည်းမျဉ်းများကိုလည်း စွန့်လွှတ်ကြလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့ကို သင် မည်သို့ ပြုပြင်သည်ဖြစ်စေ၊ ဖော်ထုတ်သည်ဖြစ်စေ၊ ဖြုတ်ချသည်ဖြစ်စေ၊ အမှုအရာများကို တိုင်းတာခြင်းအတွက် ၎င်းတို့၏ စံသတ်မှတ်ချက်များ၊ ရှုထောင့်အမြင်များနှင့် သဘောထားတို့ကို လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ဤစံသတ်မှတ်ချက်များထဲမှ အချို့သည် လူသား သိပ္ပံပညာနှင့်ဆိုင်သည်၊ အချို့မှာ အသိပညာနှင့်ဆိုင်သည်၊ အချို့မှာ ရိုးရာယဉ်ကျေးမှုနှင့်ဆိုင်ပြီး အချို့မှာ ဤလောက၏ ဆိုးယုတ်သော ရေပန်းစားမှုများနှင့် သက်ဆိုင်သည်။ သို့သော် ဤအရာများ မည်မျှ မှားယွင်းကောင်းမှားယွင်းနိုင်သည်ဖြစ်စေ အန္တိခရစ်တစ်ဦးက လက်မလွှတ်နိုင်ပေ။ ၎င်းတို့သည် လူ့အဖွဲ့အစည်း၌ မည်သည့် ဆိုးယုတ်သော ရေပန်းစားမှုများ၊ မည်သည့် ဆိုရိုးများနှင့် ရှုထောင့်အမြင်များ လူကြိုက်များသည်ဖြစ်စေ လက်ခံကြလိမ့်မည် ဖြစ်သော်လည်း ဘုရားနှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားက အရာခပ်သိမ်းနှင့် အဖြစ်အပျက်ခပ်သိမ်းကို တိုင်းတာခြင်းအတွက်၊ အရာရာကို တိုင်းတာခြင်းအတွက် ၎င်းတို့၏ စံသတ်မှတ်ချက် လုံးဝ မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်နောက်လိုက်ပြီး ဘုရားအိမ်တော်တွင် ကပ်ပါးရပ်ပါး နေကြသော်လည်း သမ္မာတရားကို ငြင်းပယ်ကာ ရှုတ်ချနေကြသည်။ သမ္မာတရားကို ငြင်းပယ်ကာ ရှုတ်ချနေကြသော်လည်း ၎င်းတို့သည် လောကထံမှလာသော အယူလွဲမှုများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မရှိသောအရာမျိုးစုံကို ရိုသေလေးမြတ်ကာ အထင်ကြီးနေကြလေသည်။ ၎င်းတို့ လက်မခံနိုင်သည့် တစ်ခုတည်းသောအရာမှာ ဘုရားနှုတ်ကပတ်တော်များ၊ သမ္မာတရား ဖြစ်သည်။ အန္တိခရစ်များ၏ ဤအနှစ်သာရမှ အကဲဖြတ်သည့်အခါ ၎င်းတို့သည် စုဝေးပွဲများကို တက်နေကြသော်လည်း၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြီး မိမိတို့၏ ယုံကြည်ခြင်း လမ်းကြောင်းတွင် တာဝန်တစ်ခုကို ထမ်းဆောင်ကြသော်လည်း အမှုအရာတစ်ခုက သေချာပေသည်။ ၎င်းတို့၏ စိတ်သဘောထားက လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့ လောကီနှင့်လည်းကောင်း၊ ဆိုးယုတ်သော ရေပန်းစားမှုများနှင့်လည်းကောင်း သက်ဆိုင်သည့် ၎င်းတို့၏ ရှုထောင့်အမြင်များလည်း ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ အန္တိခရစ်တစ်ဦးအား အသက်ဝင်ရောက်မှု သို့မဟုတ် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုအကြောင်းကို ပြောဆိုရန် သင် စေခိုင်းလျှင် ၎င်းတို့၏ စကားက အဘယ်ကြောင့် အလွန် သဘာဝယုတ္တိနှင့် မညီကြောင်း၊ စက်ဆုပ်ဖွယ်ဖြစ်ပြီး အချိုးမကျဖြစ်ကြောင်းတို့ကို သင် တွေးမိလိမ့်မည်။ ယင်းတို့သည် အပြင်လူတစ်ဦး၏ စကားများကဲ့သို့ ထင်ရလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် ဝိညာဉ်ရေးရာ သိနားလည်မှု ကင်းမဲ့သော်လည်း ဝိညာဉ်ရေးရာ ပြည့်ဝပြီး အသက်ပိုင်ဆိုင်သယောင် ဟန်ဆောင်နေသည့် နားဝေတိမ်တောင်ဖြစ်သော လူတစ်ဦးသက်သက် ဖြစ်သည်။ ထိုအရာသည် အဆုံးစွန်ထိ အမှန်တကယ် စက်ဆုပ်ဖွယ် ဖြစ်သည်တကား။ ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် မည်သည့်အခါမျှ လက်မခံဖူးသည့် တစ်စုံတစ်ဦး သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို မိမိတို့၏ အသက်အဖြစ် မည်သည့်အခါမျှ လက်မခံဖူးသည့် တစ်စုံတစ်ဦးသည် အသက်ကို ပိုင်ဆိုင်နိုင်သလော။ ယင်းမှာ ရယ်စရာတစ်ခု ဖြစ်သည် မဟုတ်လော။ သင်တို့ အနီးဝန်းကျင်ကို ကြည့်ကာ “ကျော်ကြားသည့် မည်သူမည်ဝါက ဤအရာကို ပြောခဲ့သည်။ ထိုစာအုပ်က ဤအရာ ပြောခဲ့သည်။ ထိုရုပ်သံဇာတ်လမ်းတွဲက ဤအရာ ပြောခဲ့သည်။ အပြောင်မြောက်ဆုံး ထိုလက်ရာက ဤအရာပြောဆိုသည်” သို့မဟုတ် “ကျွန်ုပ်တို့၏ ရိုးရာယဉ်ကျေးမှုက ဤအရာဖြစ်သည်။ ကျွန်ုပ်တို့၏ ဇာတိမြေတွင် ဤအရာကို ကျွန်ုပ်တို့ ပြောကြသည်။ ကျွန်ုပ်တို့ မိသားစုတွင် ဤစည်းမျဉ်း ရှိကြသည်” စသည်ဖြင့် ပြောမြဲပြောနေသည့်သူ တစ်ဦးတလေရှိမရှိ ဟူသည်ကို စစ်ဆေးလော့။ မည်သူ့တွင် ဤအရာများ ပြောစရာ တစ်ပုံတစ်ပင် အမြဲရှိနေကြောင်း၊ ဘုရားနှုတ်ကပတ်တော်များကို ကြားပြီးနောက်တွင် မည်သူသည် တို့ထိခြင်းမခံရဘဲ ရှိနေကြောင်း၊ ဘုရားနှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သိနားလည်မှုနှင့်ပတ်သက်၍ အမှန်တကယ် မိတ်သဟာယပြုနိုင်သည့်အချိန်တွင် နားဝေတိမ်တောင်ဖြစ်သည့် စကားများ၊ အဓိပ္ပာယ်မဲ့သည့် စကားများနှင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည့် စကားများကိုသာ ပြောဆိုကြောင်းနှင့် ဘုရားနှုတ်ကပတ်တော်များအပေါ် သဘောပေါက်နားလည်နိုင်စွမ်း သို့မဟုတ် သိနားလည်မှု မရှိသော်လည်း မည်သူသည် ထိုနှုတ်ကပတ်တော်အချို့ကို အတင်းအကျပ် တစ်စချင်းဆက်စပ်ရန် ကြိုးစားပြီး ဝိညာဉ်ရေးရာ ပြည့်ဝသယောင်ဟန်ဆောင်ကြောင်းတို့ကို ကြည့်လော့။ ဤသည်မှာ အလွန်အမင်း အော်ဂလီဆန်စရာ ဖြစ်ပါတကား။ ဤလူများသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်ကာ တရားဒေသနာများကို ကြားပြီး စုဝေးပွဲများကို နှစ်ပေါင်းများစွာ တက်ရောက်ပြီးဖြစ်သည့်တိုင် ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိကြောင်းကို မယုံကြည်နိုင်လောက်အောင် မသိကြသေးသကဲ့သို့ ၎င်းတို့တွင် မမှန်ကန်သည့် ရှုထောင့်အမြင်များရှိကြောင်း သို့မဟုတ် ၎င်းတို့၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော ရှုထောင့်အမြင်များက ဘုရားနှုတ်ကပတ်တော်များနှင့် လုံးဝ ဆန့်ကျင်ကာ ရှေ့နောက်မညီ ဖြစ်ကြောင်းကို ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။ ဤအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ထိုအရာမှာ ပြုပြင်ခြင်းကို လက်ခံရန် အန္တိခရစ်များ၏ ငြင်းပယ်ခြင်းနှင့် အမှားတစ်ခုတလေ ကျူးလွန်မိသည့်အခါ နောင်တရသည့် သဘောထားတစ်ခု ကင်းမဲ့ခြင်းတို့နောက်ကွယ်တွင်ရှိသည့် တတိယ အကြောင်းရင်းဖြစ်သည်။ ယင်းမှာ ၎င်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ပြီး အရာခပ်သိမ်းကို နှိုင်းဆချင့်ချိန်သည့် စံသတ်မှတ်ချက်ဖြစ်ကြောင်း ဝန်ခံရန် ငြင်းဆိုသည်ဟူ၍ ဖြစ်၏။ ဤသည်မှာ ပြဿနာ၏ ရင်းမြစ်ဖြစ်သည်။
အန္တိခရစ်များက ပြုပြင်ခံရခြင်းကို လက်ခံရန် ငြင်းဆန်ခြင်းသည် အဘယ်ကြောင့်ဖြစ်သနည်း။ တစ်စုံတစ်ရာနှင့် ၎င်းတို့ ရင်ဆိုင်ရသည့်အခါ ၎င်းတို့ နောင်တရရမည့်အစား အမျိုးမျိုးသော အယူအဆများကို ဖြန့်ကာ ဘုရားသခင်ကိုပင် ဝေဖန်ကြခြင်းသည် အဘယ်ကြောင့်နည်း။ အကြောင်းရင်းများမှာ အလွန် ရှင်းလင်းပေသည်။ ဦးစွာပထမ အန္တိခရစ်များက ၎င်းတို့ ဧကန်အမှန် အမှားလုပ်နိုင်ကြောင်းကို လုံးဝ အသိအမှတ်မပြုကြပေ။ ဒုတိယအနေဖြင့် ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိကြောင်းကို လုံးဝ အသိအမှတ်မပြုကြပေ။ တတိယအနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ပြီး အရာခပ်သိမ်းကို နှိုင်းဆချင့်ချိန်သည့် စံသတ်မှတ်ချက်ဖြစ်ကြောင်း ဝန်ခံရန် ၎င်းတို့ ငြင်းဆိုကြသည်။ ပြုပြင်ခံရခြင်းကို လက်မခံသောသူအားလုံး၊ အမှားများ ပြုမိသည့်အခါ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို သိသာထင်ရှားစွာ ထုတ်ဖော်ပြသည့်သူအားလုံး၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့အပေါ် မကြာခဏ ဒုက္ခပေးသူများအားလုံး၊ အရေအတွက်မသိရသည့် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုကို နှောင့်နှေးစေပြီး ဘုရားအိမ်တော်၏ အလုပ်ကို ဆုံးရှုံးမှုများ ဖြစ်စေသည့်သူအားလုံးအတွက်၊ ဤလူများသည် ပြုပြင်ခံရသည့်အခါ နောင်တ သို့မဟုတ် နောင်တရသည့် သဘောထား မရှိလျှင် အမှုအရာတစ်ခုမှာ သေချာ၏။ ယင်းမှာ ၎င်းတို့သည် အန္တိခရစ်များ၏ ဤသရုပ်သကန်သုံးခုလုံးကို ပိုင်ဆိုင်ကြခြင်းဖြစ်သည်၊ မှန်သလော။ (မှန်ပါသည်။) ခြုံကြည့်လိုက်လျှင် အန္တိခရစ်များက ပြုပြင်ခံရခြင်းအား ငြင်းပယ်ရသည့် အကြောင်းရင်းသုံးခု ရှိပေသည်။ ယင်းတို့ကို တစ်ဖန် အစအဆုံး ဖတ်လော့။ (ဦးစွာပထမ အန္တိခရစ်များက ၎င်းတို့ ဧကန်အမှန် အမှားလုပ်နိုင်ကြောင်းကို လုံးဝ အသိအမှတ်မပြုကြပေ။ ဒုတိယအနေဖြင့် ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိကြောင်းကို လုံးဝ အသိအမှတ်မပြုကြပေ။ တတိယအနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ပြီး အရာခပ်သိမ်းကို နှိုင်းဆချင့်ချိန်သည့် စံသတ်မှတ်ချက်ဖြစ်ကြောင်း ဝန်ခံရန် ၎င်းတို့ ငြင်းဆိုကြသည်။) စုစုပေါင်း သုံးခုရှိသည်။ ပထမ အကြောင်းရင်း နှစ်ခုနှင့်ပတ်သက်၍ ငါတို့ အတော်ပင် အသေးစိတ်ကျကျ ဆွေးနွေးခဲ့ကြသည်။ နောက်ဆုံးတစ်ခုသည် အနည်းငယ် ကွာခြားသော်လည်း အနှစ်သာရအရ ပထမနှစ်ခုသည် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရား ဖြစ်ကြောင်းကို အသိအမှတ်ပြုရန် အန္တိခရစ်များ ငြင်းဆိုခြင်းနှင့် ဆက်စပ်ပေသည်။ ထို့ကြောင့် ထိုအကြောင်းရင်းနှင့်ပတ်သက်၍ နောက်ထပ် အသေးစိတ်ကျကျ ငါတို့ မိတ်သဟာယပြုမည် မဟုတ်။ ကောင်းပေပြီ၊ ယနေ့အတွက် ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်ကြစို့။ နှုတ်ဆက်ပါသည်။ (နှုတ်ဆက်ပါသည်၊ ဘုရားသခင်။)
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။