အချက် ၁၅- ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြ၊ ထို့ပြင် ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်ကြ၏ (အပိုင်း ၁) အခန်း သုံး
ခ။ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ ကိုင်စွဲခြင်းကို အသိအမှတ်ပြုရန် ငြင်းဆိုခြင်း
နောက်ဆက်တွဲအနေဖြင့် “၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြ၊ ထို့ပြင် ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်ကြ၏” ဟူသည့် ဒုတိယမြောက် သရုပ်သကန်ဖြစ်သော အန္တိခရစ်များက ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်းကို အသိအမှတ်ပြုရန် ငြင်းဆိုခြင်း အကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့ကြစို့။ အန္တိခရစ်တို့အတွက်မူ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်သော ဖန်ဆင်းရှင်သည် တကယ်ပင် မတည်ရှိပေ၊ ကိုယ်တော်သည် ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်သည်။ သို့ဆိုလျှင် ဖန်ဆင်းရှင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားသည်ဟူသော အချက်ကို အန္တိခရစ်တို့ အသိအမှတ်ပြုနိုင်ကြမည်လော။ သူတို့သည် ဤအချက်ကို အသိအမှတ်မပြုကြသည်မှာ ပြောစရာမလိုအောင်ပင် ထင်ရှားပေသည်။ သူတို့သည် ယင်းကို အသိအမှတ် မပြုကြသည့်အပြင် ဤသည်မှာလည်း အဖြစ်မှန်များကို အခြေခံသည်။ အန္တိခရစ်တို့၏ ဘုရားသခင်အပေါ် ယုံကြည်လက်ခံခြင်း၊ အသိပညာနှင့် သဘောပေါက်နားလည်မှုသည် လူ့အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအပေါ်တွင်လည်းကောင်း၊ ကိုးကွယ်သည့်အရာများအပေါ် အချို့သော လူ့အမြင်များနှင့် နားလည်မှုများအပေါ်လည်းကောင်း၊ ထို့အတူ ထိုကိုးကွယ်သည့်အရာများက လူတို့ကို အထင်အမြင်မှားစေရန် အသုံးပြုသည့် မိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများအပေါ်တွင်လည်းကောင်း အခြေခံသည်။ အန္တိခရစ်တို့၏ စိတ်နှလုံးထဲရှိ အယူအဆများ၊ စိတ်ကူးစိတ်သန်းများ၊ မိစ္ဆာဒိဋ္ဌိအယူဝါဒများ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများနှင့် အခြားအရာများသည် ဘုရားသခင် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသော အချက်နှင့် ကိုက်ညီသလော သို့မဟုတ် ဆန့်ကျင်နေသလော။ ယင်းတို့သည် ဤအချက်နှင့် ဆန့်ကျင်နေကြသည်မှာ ပြောစရာမလိုပေ။ လူတို့ လှူဖွယ်ပစ္စည်းများ ပူဇော်ဆက်ကပ်ကြသော ကိုးကွယ်သည့်အရာများသည် လူသားမျိုးနွယ်အကြား ခိုင်မာသောခြေကုပ်တစ်ခု ရရှိရန်အလို့ငှာ၊ လူ့အယူအဆများ၊ စိတ်ကူးစိတ်သန်းများ၊ နှစ်သက်မှုများနှင့် ကိုက်ညီသော မိစ္ဆာဒိဋ္ဌိအယူဝါဒအချို့နှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာအချို့ကို တင်ပြခြင်းဖြင့် သူတို့ကို အထင်အမြင်မှားစေသည်၊ “ဗုဒ္ဓသည် မေတ္တာကရုဏာကြီးမားသည်၊” “ကောင်းကင်ဘုံသည် သက်ရှိအရာများကို ချစ်ခင်မြတ်နိုးသည်၊” “အသက်တစ်ချောင်းကို ကယ်တင်ခြင်းသည် ခုနစ်ဆင့်ရှိသော စေတီတစ်ဆူ တည်ခြင်းထက် သာလွန်သည်၊” နှင့် “ကံပါလျှင် ဖြစ်ရမည်၊ ကံမပါလျှင် အတင်းအကျပ် မပြုလုပ်သင့်ပေ” တို့ကဲ့သို့ အရာများဖြစ်၏။ အခြား အဘယ်အရာ ရှိသေးသနည်း။ (သင့်အထက် သုံးပေအကွာတွင် ဘုရားတစ်ဆူ ရှိသည်။) သင့်အထက် သုံးပေအကွာသည် အဘယ်မှာနည်း။ ယင်းမှာ စာတန်နေထိုင်ရာ လေထဲတွင်ဖြစ်သည်။ ဤ “ဘုရား” မှာ အဘယ်အရာနည်း။ (ယင်းမှာ စာတန်ဖြစ်သည်။) ဗုဒ္ဓဘာသာဝင်များ မကြာခဏ အသုံးပြုလေ့ရှိသော ဆိုရိုးစကားမှာ အဘယ်နည်း။ (ကောင်းမှုပြုလျှင် ကောင်းကျိုးခံစားရမည်၊ မကောင်းမှုပြုလျှင် မကောင်းကျိုးခံစားရမည်၊ ဤအမှုအရာများသည် အကျိုးပေးလိမ့်မည်၊ အချိန်ကား မကျသေးခြင်းသာ ဖြစ်သည်။) လူတို့သည် လောက၌ မကြာခဏ ပြောဆိုလေ့ရှိသော ဤအတော်အတန် အပြုသဘောဆောင်သည့် ဆိုရိုးစကားများနှင့် အတွေးအခေါ်ဆိုင်ရာ သီအိုရီများကို သမ္မာတရားအဖြစ် မှတ်ယူကြသော်လည်း အမှန်တကယ်တွင် ဤစကားများသည် သမ္မာတရား ဟုတ်သလော။ ယင်းတို့နှင့် သမ္မာတရားအကြား တစ်စုံတစ်ရာ ဆက်စပ်မှု ရှိသလော။ (မရှိပါ။) “ကောင်းမှုပြုလျှင် ကောင်းကျိုးခံစားရမည်၊ မကောင်းမှုပြုလျှင် မကောင်းကျိုးခံစားရမည်၊ ဤအမှုအရာများသည် အကျိုးပေးလိမ့်မည်၊ အချိန်ကား မကျသေးခြင်းသာ ဖြစ်သည်” ကဲ့သို့ပင် “ကောင်းမှုပြုလျှင် ကောင်းကျိုးခံစားရမည်” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ “ကောင်းမှု” သည် အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ တရားမျှတမှု၊ သမ္မာတရား၊ သို့မဟုတ် လူ၏ စေတနာအနည်းငယ်မျှလော။ (ယင်းမှာ လူ၏စေတနာ ဖြစ်သည်။) လူ၏ စေတနာအနည်းငယ်မျှသည် အမှန်တကယ် ကောင်းကျိုးဖြင့် အကျိုးပေးခြင်း ခံရသလော။ မလွဲမသွေ ဖြစ်ခြင်းမျိုး မဟုတ်ပေ။ “တံတားဆောက်ပြီး လမ်းများကို ပြုပြင်သည့်သူများသည် အဆုံးသတ်၌ ကန်းသွားကြသည်” ဟူ၍ဖြစ်သည်။ တံတားဆောက်ခြင်းနှင့် လမ်းများပြုပြင်ခြင်းသည် စေတနာထားသော လုပ်ရပ်များ ဖြစ်သည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ယင်းတို့သည် ကြောင်းကျိုးမမြင်ဖြစ်ခြင်းသို့ ဦးတည်စေသနည်း။ ဤလုပ်ရပ်များအတွက် ဆုလာဘ် ရှိသလော။ (မရှိပါ။) “မကောင်းမှုအတွက် မကောင်းကျိုး”၊ လူသတ်ခြင်းနှင့် မီးရှို့ခြင်းသည် မကောင်းမှုဖြစ်သည်၊ သို့ဆိုလျှင် ယင်းတို့သည် မကောင်းကျိုးဖြင့် အကျိုးပေးခြင်း ခံရသလော။ (မခံရပါ။) အဘယ်ကြောင့် မခံရသနည်း။ “လူသတ်သမားများနှင့် မီးရှို့သူတို့၏ သားသမီးများကမူ တိုးပွားကြလေသည်”ဟူသည့် ဤစကားများသည် “မကောင်းမှုအတွက် မကောင်းကျိုး” ဟူသည်ကို ချေပသည်။ “ဤအမှုအရာများသည် အကျိုးပေးလိမ့်မည်၊ အချိန်ကား မကျသေးခြင်းသာ ဖြစ်သည်”ဟုဆိုရာတွင် “အချိန်ကား မကျသေးခြင်းသာ ဖြစ်သည်” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ အချိန်ကျလာခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ လူတို့ သမ္မာတရားကို နားမလည်သောအခါ သူတို့သည် ဤစကားများနှင့် ဆိုရိုးစကားများကို အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရားများအဖြစ် မှတ်ယူကြသည်။ စိတ်နှလုံး ဟာလာဟင်းလင်း ဖြစ်သောသူများနှင့် ဝိညာဉ်ရေးရာ အထောက်အပံ့ မရှိသောသူတို့သည် “အဆင်ပြေပါသည်၊ ဘဝ၌ မျှော်လင့်ချက် ရှိသည်၊ ဤလောက၌ မျှတမှုနှင့် ဖြောင့်မတ်ခြင်း ရှိနေသေးသည်၊ တရားမျှတမှုကို ထိန်းသိမ်းမည့်သူတစ်ဦး ရှိနေသေးသည်။ မျှတသော အဆုံးသတ်တစ်ခု ရရှိရန် ဖြစ်နိုင်သေးသည်၊ ဤအရာအားလုံးအပေါ် အဆုံးအဖြတ် ပေးသည့် ဖော်ပြချက်တစ်ခု နောက်ဆုံးတွင် ချမှတ်ခြင်း ခံရလိမ့်မည်” ဟူ၍ မိမိတို့ကိုယ်ကို နှစ်သိမ့်ရန် ဤမှန်ကန်သည်ဟု ဆိုသော စကားများကို သူတို့၏ ဝိညာဉ်ရေးရာ အထောက်အပံ့အဖြစ်၊ ဝိညာဉ်ရေးရာ နှစ်သိမ့်မှုတစ်မျိုးအဖြစ် ယူမှတ်ကြလေသည်။ ထိုဆိုရိုးများသည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ ကိုင်စွဲခြင်းအပေါ် စစ်မှန်သော နားလည်မှုများ ဟုတ်သလော။ ယင်းတို့သည် ဘုရားသခင် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကိုင်စွဲသည်ဟူသော အချက်ကို လူတို့ အသိအမှတ်ပြုခြင်း၏ စစ်မှန်သော သရုပ်သကန်များ ဟုတ်သလော။ (မဟုတ်ပါ။) လူတို့ ဆိုကြသော ဆိုရိုးများ သို့မဟုတ် စကားပုံများသည် ဘုရားသခင် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသော အချက်နှင့် ဆက်စပ်သလော။ (မဆက်စပ်ပါ။) အဘယ်ကြောင့် မဆက်စပ်သနည်း။ (ဤစကားများသည် သမ္မာတရား မဟုတ်ပါ။) သင်၏ အဖြေသည် ဤအရာကို သဘောတရားအဆင့်တွင် သက်သေပြသော်လည်း အရင်းခံအကြောင်းမှာ အဘယ်နည်း။ အရင်းခံအကြောင်းသည် ဤအယူဝါဒကဲ့သို့ ရိုးရှင်းခြင်း လုံးဝမရှိ၊ ယင်းကို ဤစကားတစ်ခွန်းဖြင့် ရှင်းပြရန် ဖြစ်နိုင်ချေ လုံးဝမရှိချေ။ ဘုရားသခင် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်း ကိစ္စသည် ထိုမျှ မရိုးရှင်းသဖြင့် ယင်းကို မည်သို့ နားလည်သင့်သနည်း။ ငါတို့ ယခင်က မိတ်သဟာယ ဖွဲ့ခဲ့သည့်အတိုင်း အန္တိခရစ်တို့သည် ဘုရားသခင် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ကို အသိအမှတ်မပြုကြပေ။ အန္တိခရစ်တို့ မည်သည့်အရာကိုပင် ကြည့်နေသည်ဖြစ်စေ၊ သူတို့သည် ယင်းကို အမြဲတမ်း ပွဲကြည့်ပရိတ်သတ်တစ်ဦး၏ ရှုထောင့်မှလည်းကောင်း၊ ငွေနှင့် တန်ခိုးအာဏာကို အသက်ကဲ့သို့ မှတ်ယူသော ရုပ်ဝါဒီတစ်ဦး၏ ရှုထောင့်မှလည်းကောင်း အစဉ်သဖြင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ဆန်းစစ်ကြသည်။ အကယ်၍ လူတစ်ဦးသည် မည်သည့်အရာကိုမဆို ထိုသို့သော ရှုထောင့်နှင့် ရပ်တည်ချက်မှ ကြည့်မည်ဆိုလျှင် ပြဿနာ၏ အနှစ်သာရသည် ပြောင်းလဲသွားမည် မဟုတ်လော။ ယင်းသည် ကွဲပြားသွားမည် မဟုတ်လော။ အကယ်၍ တစ်စုံတစ်ဦးသည် အရာခပ်သိမ်း၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိယာမများနှင့် စည်းမျဉ်းများကို ရုပ်ဝါဒီတစ်ဦး၏ ရှုထောင့်မှ ကြည့်မည်ဆိုလျှင် နောက်ဆုံးရလဒ်မှာ အဘယ်အရာ ဖြစ်မည်နည်း။ ရုပ်ဝါဒီတစ်ဦး၏ လောကအမြင်သည် လောကီရေးရာ ဆက်ဆံမှုများအတွက် လူ့အတွေးအခေါ်များ၊ နည်းဗျူဟာများ၊ နည်းလမ်းများနှင့် ချဉ်းကပ်နည်းများကို ဖြစ်ပေါ်စေမည် မဟုတ်လော။ ယင်းက ကစားပွဲစည်းမျဉ်းများကို ဖြစ်ပေါ်စေမည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ရလဒ်ဖြစ်ပြီး ပြဿနာ၏ အနှစ်သာရမှာ ဤနေရာ၌ ရှိသည်။
ရုပ်ဝါဒီတစ်ဦးသည် တန်ခိုးအာဏာကို မည်သို့ ရှုမြင်သနည်း။ အကယ်၍ လူတစ်ဦးသည် တန်ခိုးအာဏာ ရရှိလိုပါက ပထမဦးစွာ ၎င်းတွင် နည်းဗျူဟာများ ရှိရန် လိုအပ်သည်၊ ဒုတိယအနေဖြင့် ၎င်းသည် လူအမျိုးမျိုးကို ကြိုးကိုင်နိုင်စွမ်း ရှိရန် လိုအပ်သည်၊ တတိယအနေဖြင့် ၎င်းသည် ရက်စက်ရန် လိုအပ်ပြီး စတုတ္ထအနေဖြင့် ပြောင်းလဲတတ်ရမည်ဟု သူတို့ ယုံကြည်ကြသည်။ ဤသည်မှာ ရုပ်ဝါဒီတစ်ဦး၏ ရှုထောင့်အမြင် မဟုတ်လော။ ဤအရာ၌ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံခြင်း အရိပ်အယောင် တစ်စက်မျှ ရှိသလော။ (မရှိပါ။) ရုပ်ဝါဒီတို့သည် တန်ခိုးအာဏာနှင့်ပတ်သက်၍ ဤအမြင်များကို မည်သို့ ရရှိခဲ့ကြသနည်း။ ဤအမြင်များသည် အန္တိခရစ်တို့၏ အနှစ်သာရမှ ဖြစ်ပေါ်ခဲ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အန္တိခရစ်တို့၏ မည်သည့်အနှစ်သာရနည်း။ အကယ်၍ အန္တိခရစ်တို့၌ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရ မရှိခဲ့ပါက သူတို့သည် “လူတို့ကို ကြိုးကိုင်ညွှန်ကြားနိုင်စွမ်းရှိခြင်း” ဟူသော စကားလုံးများကို အကြံထုတ်ကြမည်လော ဟူသည်ကို ငါ့ကို ပြောလော့။ သူတို့သည် “နည်းဗျူဟာများ ရှိရန် လိုအပ်သည်” ဟူ၍ တွေးကြမည်လော။ သူတို့သည် “ပြောင်းလဲတတ်ရမည်” ဟု ဆိုကြမည်လော။ အကယ်၍ သူတို့၌ ရက်စက်ကြမ်းကြုတ်သော အနှစ်သာရ မရှိခဲ့ပါက သူတို့သည် “ရက်စက်ရန် လိုအပ်သည်” ဟု ဆိုကြမည်လော။ (ဆိုမည်မဟုတ်ပါ။) ဤသည်မှာ အန္တိခရစ်တို့၏ အနှစ်သာရက ဆုံးဖြတ်ခြင်း ဖြစ်သည်။ သူတို့၏ အနှစ်သာရမှ ဖြစ်ပေါ်သောအမျိုးမျိုးသော အတွေးအခေါ်များသည် သူတို့၏ စိတ်ထဲ၌သာ တည်ရှိသော စိတ်ကူးများမျှသာလော၊ သို့မဟုတ် လောကီရေးရာ ဆက်ဆံမှုများနှင့် နေ့စဉ်ဘဝ၌ သူတို့၏ ကျင့်ကြံပြုမူခြင်းအတွက် သူတို့၏ စည်းမျဉ်းများသည် အတူတူပင်လော။ (လောကီရေးရာ ဆက်ဆံမှုများအတွက် သူတို့၏ စည်းမျဉ်းများသည် အတူတူပင် ဖြစ်သည်။) သူတို့သည် မိမိတို့၏ နေ့စဉ်ဘဝများနှင့် လူအုပ်စုများအကြား၌ အစဉ်မပြတ် အနှစ်ချုပ်များ ပြုလုပ်နေကြသည်၊ သို့ဖြစ်၍ သူတို့၏ နည်းဗျူဟာများသည် ပို၍ပို၍ ရင့်ကျက်ပြီး သမ္ဘာရင့်လာကြကာ အဆုံးတွင် အလွန်ဆိုးယုတ်လာကြသည်။ အလွန်ဆိုးယုတ်ခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ အတော်အတန် ရက်စက်ခြင်း၊ အတော်အတန် အကြင်နာမဲ့ခြင်းနှင့် အတော်အတန် အန္တရာယ်ပြုတတ်ခြင်းတို့ကို ဆိုလိုသည်။ သူတို့၏ ရက်စက်မှု၊ အကြင်နာမဲ့မှုနှင့် အန္တရာယ်ပြုတတ်မှုတို့၏ သရုပ်သကန်များသည် သူတို့ကို ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံစေနိုင်မည်လော။ လုံးဝ မနာခံစေနိုင်ပေ။ သို့ဖြစ်၍ သူတို့သည် ငယ်ရွယ်သည်ဖြစ်စေ၊ အသက်ကြီးသည်ဖြစ်စေ အန္တိခရစ်တို့သည် အရာရာတိုင်းကို မိမိတို့၏ ကိုယ်ပိုင် အတွေးအခေါ်များ၊ နိယာမများ၊ ကစားပွဲစည်းမျဉ်းများ၊ နည်းဗျူဟာများနှင့် အတွေ့အကြုံများကို အခြေခံ၍ ပြုလုပ်ကြသည်။ ဤအရာအားလုံးသည် ဘုရားသခင် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသော အချက်နှင့် ကိုက်ညီသလော သို့မဟုတ် ဆန့်ကျင်နေသလော။ (ဆန့်ကျင်နေပါသည်။) အန္တိခရစ်တို့သည် သူတို့၏ အနှစ်ချုပ်များမှတစ်ဆင့် သူတို့ ဖန်တီးခဲ့သော ဤဥပဒေအားလုံးကို အကောင်အထည်ဖော်သည့်အခါ သူတို့၏ စည်းမျဉ်းနှင့် ရည်မှန်းချက်မှာ အဘယ်နည်း။ သူတို့၏ ကြံရွယ်ချက်မှာ အဘယ်နည်း။ သူတို့က “အကယ်၍ သင်သည် သင်အလိုရှိသည့်အရာကို ရရှိလိုပါက လိုအပ်သည့်အရာမှန်သမျှ လုပ်ဆောင်ရန်၊ အစွမ်းကုန် ကြိုးစားရန်၊ အတော်အတန် ရက်စက်ရန်၊ အတော်အတန် အကြင်နာမဲ့ရန်နှင့် အတော်အတန် အန္တရာယ်ပြုတတ်ရန် သင်ယူရမည်၊ ‘သေးသိမ်သည့် စိတ်ဓာတ်ကြောင့် လူကြီးလူကောင်းတစ်ဦး မဖြစ်သကဲ့သို့ ယောက်ျားအစစ်အမှန်ဟူသည် ရက်စက်ရမည်။’ ဟူသော ဆိုရိုးစကားအတိုင်းပင် ဖြစ်သည်” ဟု ဆိုကြသည်။ ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းက ဤသို့ ဆိုလိုသည်၊ “ဘုရား၏ အချုပ်အခြာအာဏာဆိုသည်မှာ အဘယ်နည်း။ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများကို စောင့်ဆိုင်းခြင်းဆိုသည်မှာ အဘယ်နည်း။ ထိုသို့သောအရာများ မရှိပေ။ မည်သည့်အရာရှိ သို့မဟုတ် ဧကရာဇ်မင်းသည် ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သော နည်းလမ်းများဖြင့် သူတို့ ရောက်ရှိရာနေရာသို့ မရောက်ရှိခဲ့ဘဲ ရှိသနည်း။ ဤရာထူးများသည် တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့မှတစ်ဆင့် ရရှိခြင်း မဟုတ်လော” ဟူ၍ ဖြစ်သည်။ သူတို့၏ ဤရှုထောင့်အမြင်ကို ကြည့်ခြင်းအားဖြင့် အန္တိခရစ်တို့သည် ဘုရားသခင် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသော အချက်ကို အသိအမှတ်ပြုကြသလော။ (မပြုကြပါ။) ဘာသာတရားမရှိသော လောက၌ အန္တိခရစ်တို့သည် ဤရှင်သန်မှုနိယာမအပေါ် ထိုသို့သော ရှုထောင့်အမြင် ရှိကြသည်။ သို့ဆိုလျှင် သူတို့ အသင်းတော်၌ ရှိနေစဉ် သူတို့ ပြုမူဆောင်ရွက်သည့်အခါ အလားတူ နည်းဗျူဟာများကို အသုံးပြုကြမည်လော။ သူတို့သည် အလားတူ ဘဝစည်းမျဉ်းများကို လိုက်နာကြမည်လော။ ဤသည်မှာ အနည်းငယ်မျှပင် ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ အန္တိခရစ်တို့ အသင်းတော်သို့ ရောက်ရှိလာသည့်အခါ၌ပင် သူတို့သည် မိမိတို့ကိုယ်ကို ဘယ်သောအခါမျှ ညှာတာထောက်ထားခြင်း သို့မဟုတ် ပြုပြင်ပြောင်းလဲခြင်း ပြုလုပ်ကြမည်မဟုတ်ပေ၊ သူတို့သည် ဤသည်ကို လုံးဝ ပြုလုပ်ကြမည်မဟုတ်ပေ။ သူတို့က ဤသို့ ဆိုကြသည်၊ “အကယ်၍ သင်သည် အခြားသူများထက် ထူးချွန်လိုပါက နည်းဗျူဟာများ ပိုင်ဆိုင်ရန် သင်ယူရမည်။ လူတိုင်း ရှိနေသည့်အခါ၊ အထူးသဖြင့် အဆင့်အတန်းရှိသောလူများ ရှိနေသည့်အခါ သင်သည် မိမိကိုယ်ကို ထုတ်ဖော်ပြသရန် အစွမ်းကုန် ကြိုးစားရမည်ဖြစ်ပြီး ကြီးကြပ်သူများ၊ ခေါင်းဆောင်များနှင့် အထက်လူကြီးများ ဤသည်ကို မြင်တွေ့စေရမည်။ ထိုအခါ သင်သည် ရာထူးတိုးမြှင့်ခြင်းနှင့် အရေးကြီးသော ရာထူးများ၌ ခန့်အပ်ခြင်း ခံရရန် အခွင့်အလမ်း ရရှိမည်ဖြစ်ပြီး အခြားသူများထက် ထူးချွန်ရန် အခွင့်အလမ်း ရရှိမည်။ ထို့အပြင် သင်သည် လူရှေ့မှာတစ်မျိုး၊ ကွယ်ရာမှာတစ်မျိုး ကျင့်ကြံတတ်ရန် သင်ယူရမည်၊ သင်သည် လှည့်ဖြားမှု၌ ပါဝင်ပတ်သက်ရန် သင်ယူရမည်။ လူတို့၏ ရှေ့မှောက်၌ ကောင်းသောအရာများကို ပြုလုပ်ပြီး ဆိုးရွားသော၊ မကောင်းသော၊ မှောင်မိုက်သော အမှုများနှင့် လူတို့ မနှစ်သက်သည့်အရာများကို လျှို့ဝှက်စွာ ပြုလုပ်ရမည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ သင့်ကို ထွင်းဖောက်မြင်ခွင့် မည်သည့်အခါမျှ မပေးနှင့်။ သင်သည် လူတို့အား သင်၏ အကောင်းဆုံးသောဘက်ကို ပြသရမည်ဖြစ်ပြီး သင်သည် မိမိကိုယ်ကို ကောင်းစွာ ဟန်ဆောင်ရမည်။ သင် အမှန်တကယ် မည်မျှပင် ဆိုးရွားနေစေကာမူ၊ သင်သည် ယင်းကို ကောင်းစွာ ဖုံးကွယ်ထားရမည်။ လူတို့၏ ထောက်ခံမှုကို မဆုံးရှုံးစေနှင့်။ သူတို့၏ ထောက်ခံမှုကို သင် ဆုံးရှုံးသည်နှင့်တစ်ပြိုင်နက် နောက်ကျသွားပြီ၊ ထိုအခါ သင့်၌ အခွင့်အလမ်း မရှိတော့ပေ” ဟူ၍ ဖြစ်လေသည်။ အန္တိခရစ်တို့သည် အသင်းတော်၌လည်း ထိုသို့သော နည်းဗျူဟာများနှင့် ရှင်သန်မှုနိယာမများအတိုင်း နေထိုင်ကြသည်။
အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ ကိုင်စွဲခြင်းကို တွေ့ကြုံခံစားပြီး သိရှိလာခဲ့ကြသော ညီအစ်ကိုမောင်နှမအားလုံး၏ သက်သေခံချက်များကို အန္တိခရစ်တို့သည် မည်သို့ ရှုမြင်ကြသနည်း။ အန္တိခရစ်တို့က ဤသို့ ဆိုကြသည်၊ “လူတို့၌ ဦးနှောက်၊ အတွေးအခေါ်များနှင့် ပညာရေး ရှိကြပြီး တည်းဖြတ်ခြင်းနှင့် ရေးသားပြုစုခြင်းတို့မှတစ်ဆင့် သူတို့သည် ဤအတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ဖန်တီးခဲ့ကြသည်။ အမှန်တကယ်တွင် ဤအတွေ့အကြုံဆိုင်ရာ သက်သေခံချက်များအားလုံးသည် လူတို့ စိတ်ကူးထားခြင်းသာ ဖြစ်သည်၊ ယင်းတို့အားလုံးသည် အတုအယောင်များသာ ဖြစ်ပြီး ယင်းတို့အားလုံးသည် မဖြစ်နိုင်ပေ။ အကယ်၍ ကျွန်ုပ်သာ လုပ်ကြံဖန်တီးမည်ဆိုလျှင် ကျွန်ုပ်သည်လည်း အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ဖန်တီးနိုင်ပေသည်။ ကျွန်ုပ်သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါး ၁၀ ပုဒ် သို့မဟုတ် အပုဒ် ၂၀ ကို ထုတ်လုပ်နိုင်ပေသည်။ ကျွန်ုပ် ထိုသို့ပြုလုပ်ရန် စိတ်မပါခြင်းသာ ဖြစ်သည်။ သင်တို့၏ သေးငယ်သော အကြံအစည်များကို ကျွန်ုပ် ထွင်းဖောက်မမြင်နိုင်ဟု သင်တို့ ထင်သလော။ သင်တို့သည် မိမိတို့ကိုယ်ကို ထုတ်ဖော်ပြသရန် ဤသို့ပြုလုပ်နေခြင်းသာ မဟုတ်လော။ သင်တို့သည် ယင်းကို ဘုရားကို သက်သေခံခြင်း၊ ဘုရား၏ နာမတော်ကို သက်သေခံခြင်း၊ ဘုရား၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်း သက်သေခံခြင်းဟူ၍ စကားအလှသုံးကြပြီး သင်တို့သည် ဘုရားအတွက် သက်သေခံနေသည်ဟု ဆိုကြသော်လည်း အမှန်တကယ်တွင် သင်တို့သည် မိမိတို့ကိုယ်ကို သက်သေခံရန်နှင့် အခြားသူများထက် ထူးချွန်ရန်အလို့ငှာသာ ယင်းကို ပြုလုပ်နေခြင်းသာ ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဘုရားသခင် လူတို့အပေါ် ပြုလုပ်ခဲ့သော အလုပ်နှင့်ပတ်သက်သည့် သက်သေခံချက်အားလုံး၏ မှန်ကန်မှုကို သူတို့ အသိအမှတ်မပြုကြပေ။ ပြင်ပလောကရှိ အမျိုးမျိုးသော ပတ်ဝန်းကျင်များနှင့် အခြေအနေများ၊ နိုင်ငံတစ်နိုင်ငံချင်းစီ၏ အခြေအနေများနှင့် ပတ်သက်လာလျှင် အန္တိခရစ်တို့သည် ဘုရားသခင် မည်သို့ အလုပ်လုပ်နေသည်ကို ထွင်းဖောက်မမြင်နိုင်ကြသည့်အပြင် ဘုရားသခင် ပြင်ပလောက၏ ပတ်ဝန်းကျင်များကို ထိန်းသိမ်းခြင်း၊ ပြောင်းလဲခြင်း၊ သို့မဟုတ် စီစဉ်ဖွဲ့စည်းခြင်းတို့နှင့် ပတ်သက်လာလျှင် ကိုယ်တော် ဤအရာအားလုံးကို ပြုလုပ်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်အရာဖြစ်သည်ကို သူတို့ ထွင်းဖောက်မမြင်နိုင်ကြပေ။ သူတို့က “‘ဘုရားသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲ၏’ ဆိုသည်မှာ အနှစ်မဲ့ပြီး ကြီးကျယ်သော စကားတစ်ခွန်းမျှသာ ဖြစ်သည်။ အမှန်တကယ်တွင် သင်တို့ မည်သည့်နိုင်ငံသို့ပင် သွားရောက်သည်ဖြစ်စေ ထိုနိုင်ငံ၏ အစိုးရကို သင်တို့ နာခံရမည် မဟုတ်လော။ သင်တို့သည် ထိုနိုင်ငံ၏ အစိုးရနှင့် ဥပဒေများ၏ ဘောင်ခတ်မှုများကို လက်အောက်ခံနေရသည် မဟုတ်လော။ ဤသည်မှာ ဘုရား အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲ၏ ဟူသော စကားသည် အချည်းနှီးဖြစ်သွားသည်ဟု ဆိုလိုခြင်း မဟုတ်လော။ သူ၏ အချုပ်အခြာအာဏာကို သူ မည်သို့ပင် ကျင့်သုံးသည်ဖြစ်စေ ယင်းက မည်သည့်နိုင်ငံ၏ အစိုးရနှင့် ဥပဒေများကိုမဆို ကျော်လွန်နိုင်မည်လော” ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ပြင်ပလောကရှိ ပတ်ဝန်းကျင်နှင့် အခြေအနေသည် အသင်းတော်နှင့် အသင်းတော်၏ အလုပ်အတွက် မသင့်လျော်သည်နှင့်တစ်ပြိုင်နက် အန္တိခရစ်တို့သည် လျှို့ဝှက်စွာ ပျော်ရွှင်ပြီး ထိုအကြောင်းကို ရယ်မောကြကာ၊ သူတို့၏ မကောင်းဆိုးဝါးမျက်နှာများကို ထုတ်ဖော်ပြကြသည်။ အသင်းတော်၏ အလုပ်သည် ချောမွေ့စွာ လည်ပတ်နေပြီး ဘုရားသခင်က ယင်းကို ကောင်းချီးပေးကာ ဦးဆောင်နေချိန်၊ အရာရာတိုင်း လမ်းကြောင်းမှန်ပေါ်၌ ရှိနေချိန်၊ ပြင်ပလောက၏ ပတ်ဝန်းကျင်မှ နှောင့်ယှက်မှု မရှိချိန်၊ ညီအစ်ကိုမောင်နှမများ၏ အခြေအနေများ ပို၍ပို၍ ကောင်းမွန်လာချိန်တွင် အန္တိခရစ်တို့၏ စိတ်နှလုံးများသည် ဂနာမငြိမ်ဖြစ်ပြီး စိတ်မရှည်ကြတော့ပေ၊ သူတို့သည် အလွန်အမင်း မနာလိုဝန်တိုဖြစ်ကြပြီး ကသိကအောက်ဖြစ်ကာ မုန်းတီးကြလေသည်။ အဘယ်ကြောင့် သူတို့ မုန်းတီးကြသနည်း။ သူတို့သည် ဘုရားသခင် ဤအရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲနိုင်သည်ကို မယုံကြည်ကြပေ။ အသင်းတော်သည် ဘုရားသခင်၏ အိမ်တော်ဖြစ်သည်၊ ယင်းမှာ ဘုရားသခင် သူ၏ စီမံခန့်ခွဲမှုအလုပ်ကို ပြုလုပ်သည့်နေရာ၊ ဘုရားသခင် လူသားမျိုးနွယ်ကို ကယ်တင်သည့်နေရာ၊ ဘုရားသခင်၏ အလိုတော် အတားအဆီးမရှိ သွားရောက်သည့်နေရာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ လူတို့၌ အကောင်အထည်ပေါ်ပြီး အတည်ပြုခြင်း ခံရနိုင်သည့်နေရာ ဖြစ်သည်။ အသင်းတော် ကောင်းမွန်စွာ လည်ပတ်နေသည့်အခါ၊ ယင်းက ဘုရားသခင်၏ သြဇာအာဏာ၏ အစစ်အမှန်ဖြစ်ခြင်းကို ပြသသည့်အပြင် ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်းဟူသည့် အချက်သည် တည်ရှိပြီး မှန်ကန်ကြောင်းကိုလည်း အတည်ပြုသည်။ ဤအချက် တည်ရှိပြီး အတည်ပြုခြင်း ခံရသည်နှင့်တစ်ပြိုင်နက် ယင်းမှာ အန္တိခရစ်တို့အနေဖြင့် မျက်နှာကို အရိုက်ခံရခြင်း ဖြစ်သည်။ မျက်နှာကို အရိုက်ခံရပြီးနောက် အန္တိခရစ်တို့သည် သူတို့၏ စိတ်နှလုံးထဲ၌ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့် နှစ်သိမ့်မှုကို ခံစားကြရသလော၊ သို့မဟုတ် သူတို့သည် အာခံမှုနှင့် ဒေါသထွက်မှုကို ခံစားကြရသလော။ (သူတို့သည် အာခံမှုနှင့် ဒေါသထွက်မှုကို ခံစားကြရပါသည်။) သူတို့၏ စိတ်နှလုံးထဲ၌ သူတို့ အဘယ်အရာကို တွေးတောနေကြသနည်း။ သူတို့သည် ဘုရားသခင်ကို မုန်းတီးပြီး ဘုရားသခင်ကို ငြင်းပယ်ကြသည်။ ဤလူများ နှိပ်ကွပ်ခံရခြင်း၊ ဖိနှိပ်ခံရခြင်းနှင့် ဖယ်ကြဉ်ခံရခြင်းအပြင် လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းတစ်ခုမျှ မရှိခြင်းတို့ကြောင့် အပေါ်ယံတွင် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများ၏ အခြေအနေသည် သိပ်ကောင်းမွန်ခြင်းမရှိပုံပေါက်လျှင် အန္တိခရစ်တို့သည် မိမိတို့၏ စိတ်နှလုံးတွင် အတော်ပျော်ရွှင်ပြီး ကျေနပ်သော်လည်း ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်အသက်တာ အလုံးစုံတို့ ရှင်သန်ပြီး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေသည့်အခါတွင် အန္တိခရစ်တို့ မပျော်ကြချေ။ အဘယ်ကြောင့် သူတို့ မပျော်ရွှင်ကြသနည်း။ အကြောင်းမှာ ဤသည်မှာ သူတို့၏ အယူအဆများနှင့် အလွန် ကွဲလွဲနေပြီး ယင်းမှာ သူတို့ မမျှော်လင့်ထားသည့်အရာ ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပြည့်စုံပြီး အကောင်အထည်ပေါ်ခဲ့ရာ သူတို့၏ အမြင်များကို မှောက်လှန်ပစ်လိုက်သဖြင့် သူတို့ ဝမ်းနည်းကြသည်။ အန္တိခရစ်တို့ ပြသသည့် အတွေးအခေါ်များနှင့် အမြင်များအပြင် သူတို့၏ မကျေနပ်မှုဆိုင်ရာ စိတ်ခံစားမှုများအရဆိုလျှင် သူတို့သည် အဆင်းနီသော နဂါးကြီးနှင့် တူညီသော ရှုထောင့်အမြင်ကို စွဲကိုင်ထားကြသည် မဟုတ်လော။ သူတို့၏ သဘာဝအနှစ်သာရသည် အဆင်းနီသော နဂါးကြီး၏ သဘာဝအနှစ်သာရနှင့် တူညီသည် မဟုတ်လော။ ယင်းမှာ လုံးဝ တူညီပေသည်။
ကမ္ဘာလောကတစ်ခုလုံး၊ အရာခပ်သိမ်းနှင့် ဖန်ဆင်းခံအားလုံး လိုက်နာကြသော နိယာမများနှင့် စည်းမျဉ်းများနှင့်ပတ်သက်၍ အန္တိခရစ်တို့က ဤသို့ တွေးထင်ကြသည်၊ “သဘာဝတရားနှင့် ရာသီဥတုများသည် ရှေးယခင်ကတည်းက ဖြစ်ပေါ်ခဲ့သည်။ အကယ်၍ အချိန်ကြာမြင့်စွာ အေးခဲ့လျှင် ပူလာလိမ့်မည်၊ အကယ်၍ အချိန်ကြာမြင့်စွာ ပူခဲ့လျှင် အေးလာလိမ့်မည်။ သစ်ရွက်များ ကြွေကျရန် အချိန်တန်သည့်အခါ လေတိုက်လျှင် ၎င်းတို့ ကြွေကျလိမ့်မည်။ ဤအရာအားလုံးသည် အလွန် ပုံမှန်မဟုတ်လော။ ဤသည်မှာ ဘုရား၏ အချုပ်အခြာအာဏာ မည်သို့ ဖြစ်နိုင်မည်နည်း။ ဤသည်မှာ ဘုရား သတ်မှတ်ထားသော နိယာမတစ်ခု မည်သို့ ဖြစ်နိုင်မည်နည်း။ ဘုရား၏ နိယာမများက အဘယ်အရာကို ပြုလုပ်နိုင်သနည်း။ လူတို့သည် တိရစ္ဆာန်များစွာကို သတ်ဖြတ်ခဲ့ကြသော်လည်း များစွာသော အကျိုးဆက်မရှိခဲ့ပေ၊ လူသားမျိုးနွယ်သည် ယခင်ကအတိုင်းပင် ဆက်လက်၍ အသက်ရှင်နေဆဲ မဟုတ်လော။ သူတို့က ဘုရားသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟု ဆိုကြသည်၊ သို့ဆိုလျှင် ဘုရားသည် ယင်းတို့အပေါ် မည်သို့ အချုပ်အခြာအာဏာ ကိုင်စွဲထားသည်ကို ငါ အဘယ်သို့ဖြစ်၍များ မမြင်ရသနည်း။ သူတို့က ဘုရားသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟု ဆိုကြသော်လည်း အဘယ်ကြောင့် ဆိုးယုတ်သောလူများ အမြဲတမ်း ကြီးပွားတိုးတက်နေပြီး လူကောင်းများမူကား ဘယ်သောအခါမျှ အသာစီးမရကြသနည်း” ဟူ၍ ဖြစ်လေသည်။ အဆုံးတွင် သူတို့ ဤသို့ ကောက်ချက်ချကြသည်၊ “ဤလောက၌ ကယ်တင်ရှင် မရှိပေ၊ လောကကို ကြိုးကိုင်ညွှန်ကြားနေသည်မှာ လူသားမျိုးနွယ်သာ ဖြစ်သည်။ ဤကမ္ဘာလောကကို အုပ်စိုးနေသည်မှာ ကမ္ဘာ၏ နိုင်ငံများမှ ကြီးမြတ်သော ပုဂ္ဂိုလ်များနှင့် ခေါင်းဆောင်များသာ ဖြစ်ပြီး ဤကမ္ဘာလောက၏ မြင်ကွင်းကို ပြောင်းလဲသူများမှာ ထိုလူများသာ ဖြစ်သည်။ ထိုကြီးမြတ်ပြီး အရည်အချင်း ရှိသောလူများ မရှိပါက ကမ္ဘာလောကသည် ပျက်စီးသွားပေလိမ့်မည်။ ဘုရား အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်းနှင့် ပတ်သက်၍မူကား ငါ ယင်းကို မမြင်နိုင်ပေ။ ဘုရားသည် ယင်းတို့အပေါ် မည်သို့ အချုပ်အခြာအာဏာ ကိုင်စွဲသနည်း။ အဘယ်ကြောင့် ငါ ဤသည်ကို မခံစားရသနည်း။ အဘယ်ကြောင့် ငါ ဤသည်ကို နားမလည်နိုင်ရသနည်း။ အဘယ်ကြောင့် ဘုရား၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်း၌ လူ့အယူအဆများနှင့် ဆန့်ကျင်သော အရာများစွာ ပါဝင်နေရသနည်း။” သူတို့သည် ယင်းကို အသိအမှတ်ပြုခြင်း သို့မဟုတ် လက်ခံခြင်း မပြုနိုင်ကြပေ။ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ ကိုင်စွဲခြင်း၊ ဘုရားသခင် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည့် နည်းလမ်း၊ သူ၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်း၌ ဘုရားသခင် ထုတ်ဖော်ပြသည့် စိတ်သဘောထား၊ ဘုရားသခင်၏ လုပ်ဆောင်မှုစည်းမျဉ်းများ၊ ဘုရားသခင်၏ အနှစ်သာရ အစရှိသည်တို့နှင့် ပတ်သက်လာလျှင် သမ္မာတရားကို လိုက်စားကြသောသူတို့သည် သူတို့၏ သက်တမ်းတစ်လျှောက်လုံး၌ ဤအရာ၏ အစိတ်အပိုင်း အနည်းငယ်မျှကိုသာ သဘောပေါက်နားလည်နိုင်ကြသည်။ သို့တိုင် ဤသည်မှာ သူတို့ကို ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံစေရန်၊ ဖန်ဆင်းရှင် မိန့်ကြားခဲ့သော နှုတ်ကပတ်တော်အားလုံးကို ကျိုးနွံနာခံစေရန်၊ ဖန်ဆင်းရှင်ကို ဘုရားသခင်အဖြစ် အသိအမှတ်ပြုစေရန် လုံလောက်ပေသည်။ အချို့သောလူတို့က ဤအရာ၏ အစိတ်အပိုင်းအနည်းငယ်မျှကို နားလည်နိုင်ကြလျှင်ပင် သူတို့အနေဖြင့် ယင်းကို အပြည့်အဝ နားလည်ရန် မဖြစ်နိုင်ပေ၊ အကြောင်းမှာ ဘုရားသခင်၏ အလုပ်များစွာတို့သည် ကိုယ်တော်၏ အဆင့်အတန်းနှင့် ပင်ကိုလက္ခဏာမှ ဆောင်ရွက်ခြင်း ဖြစ်ပြီး ဤအလုပ်များနှင့် ဖန်ဆင်းခံလူသားများ၏ အတွေးအခေါ်၊ သိမြင်မှုအကြား ကွဲလွဲချက်တစ်ခု အမြဲတမ်း ရှိနေမည်ဖြစ်သောကြောင့် ဖြစ်သည်။ လူတို့ သူတို့၏ သက်တမ်းတစ်လျှောက်လုံး၌ ကြုံတွေ့ရသည့်အရာများမှတစ်ဆင့် နားလည်နိုင်သော အနည်းငယ်မျှသော အရာကိုပင် သမ္မာတရားကို လိုက်စားကြသောသူများ၊ ထိုးထွင်းသိမြင်မှုနှင့် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ရှိကြသောသူများသာ သဘောပေါက်နားလည်နိုင်ကြသည်။ အရည်အချင်း ညံ့ဖျင်းသောသူများ၊ ထိုးထွင်းသိမြင်မှု ကင်းမဲ့ပြီး သမ္မာတရားကို လုံးဝ မချစ်မြတ်နိုးကြသောသူများအတွက်မူ ဤနားလည်မှု၏ အစိတ်အပိုင်းအနည်းငယ်မျှကိုပင် မရရှိနိုင်ပေ။ ဘုရားသခင်၏ အတွေးအခေါ်များသည် လူ၏ အတွေးအခေါ်များထက် မြင့်မားသည်ဟု မကြာခဏ ဆိုကြသည်။ ဤသည်မှာ လူသားများသည် ဖန်ဆင်းရှင်၏ အတွေးအခေါ်များကို အစဉ်သဖြင့် မမီနိုင်ကြသည့်အပြင် သူတို့ နားလည်မှု၏ အစိတ်အပိုင်းအနည်းငယ်မျှကို ရရှိခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်သည်ဟု ဆိုလိုသည်။ သမ္မာတရားကို လိုက်စားကြသောသူများအတွက်မူ ဤသည်ကို ဘုရားသခင်၏ နောက်ဆုံးအဆင့် အလုပ်ကို လက်ခံသောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို ကြားနာပြီးနောက် သမ္မာတရားများစွာကို နားလည်ပြီး တွေ့ကြုံခံစားပြီးနောက်မှသာ ရရှိနိုင်သည်၊ ယင်းအတွက် တစ်သက်တာ ကြိုးပမ်းအားထုတ်မှု လိုအပ်သည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို အခြေခံအားဖြင့် ငြင်းပယ်ကြသော အန္တိခရစ်တို့အတွက်မူ သူတို့၏ အနှစ်သာရအရ သူတို့သည် သမ္မာတရား သို့မဟုတ် အပြုသဘောဆောင်သော အရာများကို မချစ်မြတ်နိုးကြသည့်အပြင် ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အနှစ်သာရတို့နှင့် သက်ဆိုင်သည့် အရာတစ်ခုကိုမျှ သာ၍ပင် မချစ်မြတ်နိုးကြသောကြောင့် သူတို့သည် ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်းဟူသော အချက်ကို အသိအမှတ်ပြုသည့်အဆင့်သို့ ဘယ်သောအခါမျှ ရောက်ရှိကြမည် မဟုတ်ပေ။ ဤအချက်ကို အသိအမှတ်ပြုခြင်းသည် သမ္မာတရားကို နားလည်ခြင်းနှင့် လိုက်စားခြင်းဟူသော အခြေခံအုတ်မြစ်ပေါ်၌ တည်ဆောက်ထားသော်လည်း အန္တိခရစ်တို့သည် သမ္မာတရားကို ငြင်းပယ်ကြသည်၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြဘဲ ဘုရားသခင်ကို မုန်းတီးကြပြီး ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို သာ၍ပင် မုန်းတီးကြသည်။ သို့ဖြစ်၍ သူတို့အတွက် ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်းဟူသော အချက်သည် အစဉ်အမြဲ တည်ရှိမည်မဟုတ်။ “အကယ်မတည်ရှိ” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဤဉာဏ်မရှိသူများသည် ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်းဟူသော အချက်ကို မည်သည့်အခါမျှ မြင်တွေ့ခြင်း သို့မဟုတ် နားလည်ခြင်း ရှိလိမ့်မည်မဟုတ်ဟု ဆိုလိုသည်။ ထို့ကြောင့် သူတို့သည် ယင်းကို သဘောမပေါက်နိုင်ကြပေ။ ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်းဟူသော အချက်၌ အမှုအရာများစွာ ပါဝင်ပြီး ယင်းက သမ္မာတရားများစွာအပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့လည်း ပါဝင်ပေသည်။ ကိုယ်တော် အချုပ်အခြာအာဏာ ကိုင်စွဲသည့် အရာရာအလယ်၌ ဘုရားသခင်သည် အရာခပ်သိမ်းကို မည်သို့ စီစဉ်ညွှန်ကြားတော်မူသနည်း။ နည်းလမ်းများ၊ အချိန်ကာလနှင့် ဤအမှုအတွက် ဘုရားသခင်၏ ထည့်သွင်းစဉ်းစားမှုများအရ ကိုယ်တော်၏ စိတ်သဘောသည် ယင်းကို မည်သို့ အစီအစဉ်ချပြီး နေရာချထားသနည်း။ ဤရှုထောင့်များကို အခြေခံ၍ အကဲဖြတ်ရသော် ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်းသည် ရိုးရှင်းသော အမှုတစ်ခု မဟုတ်ပေ၊ အတော်အတန် ရှုပ်ထွေးသော ဆက်စပ်မှုများ ပါဝင်ပတ်သက်နေသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု လုံးဝမရှိဘဲ သမ္မာတရားကို လက်မခံကြသော အန္တိခရစ်တို့ကဲ့သို့သော စဉ်းစားဉာဏ်မဲ့သူများသည် ဘုရားသခင် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည့် နည်းလမ်းကို မည်သည့်အခါမျှ နားလည်ကြမည်မဟုတ်ပေ။ သူတို့သည် ယင်းကို ဘယ်သောအခါမျှ နားလည်ကြမည်မဟုတ်၊ သို့ဆိုလျှင် သူတို့သည် ယင်းကို အသိအမှတ်ပြုနိုင်ကြမည်လော။ (သူတို့ မပြုနိုင်ကြပါ။) အချို့က “သူတို့ နားမလည်နိုင်သောကြောင့် သူတို့ အသိအမှတ်မပြုကြခြင်း ဖြစ်သည်။ အကယ်၍ သူတို့ နားလည်နိုင်ခဲ့မည်ဆိုလျှင် သူတို့ အသိအမှတ်ပြုကြမည် မဟုတ်လော” ဟု ဆိုကြသည်။ ဤသည်မှာ ကောက်ချက်တစ်ခုမျှသာ ဖြစ်သည်၊ ကောက်ချက်များသည် ယုတ္တိဗေဒနှင့် ကိုက်ညီရုံမျှသာ ဖြစ်ပြီး ယင်းတို့သည် အချက်အလက်များနှင့် မလွဲမသွေ ကိုက်ညီခြင်းမျိုး မရှိပေ။ သို့ဆိုလျှင် အချက်အလက်များ၏ အမှန်တရားမှာ အဘယ်နည်း။ အန္တိခရစ်တို့သည် ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်းဟူသော အချက်ကို မည်သည့်အခါမျှ အသိအမှတ်ပြုကြမည်မဟုတ်ပေ။ ယခုလောလောဆယ် အန္တိခရစ်တို့အကြောင်း မပြောဘဲ၊ ထိုအစား ကောင်းကင်တမန်မင်း၊ စာတန်၊ နတ်ဆိုး၊ အဆင်းနီသော နဂါးကြီးတို့အကြောင်းကို ပြောကြစို့။ ယင်းက ဘုရားသခင် ရွေးချယ်ထားသောလူများကို ညှဉ်းပန်းနှိပ်စက်သည်၊ အသင်းတော်ကို ပျက်စီးစေသည်၊ ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်သည်။ ဘုရားသခင် ယင်းအပေါ် ဘေးအန္တရာယ်များ ကျရောက်စေသည့်အခါ ယင်းကို ထိတ်လန့်တကြား ဖရိုဖရဲဖြစ်စေပြီး ဗျာများသွားပြီး အကြံအိုက်စေသည့်အခါ မဖြေရှင်းနိုင်တော့ဘဲ နောက်ဆုံးတွင် အသနားခံသည့် စကားတစ်ခွန်းကို ဟလာလေသည်။ “ကျွန်ုပ်သည် ကောင်းကင်ဘုံနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ မတိုက်ခိုက်တော့ပါ” ဟူ၍ဖြစ်သည်။ ဤစကားမှ မည်သည့်သတင်းအချက်အလက်ကို ကောက်ယူနိုင်သနည်း။ အဆင်းနီသော နဂါးကြီးသည် ကောင်းကင်ဘုံ တည်ရှိခြင်းနှင့် ဘုရားသခင် တည်ရှိခြင်းကို အသိအမှတ်ပြုသော်လည်း သူ၏ သဘာဝသည် မပြောင်းလဲပေ၊ သူသည် ဘုရားသခင်၏ တည်ရှိမှုကို အသိအမှတ်ပြုသော်ငြားလည်း ဘုရားသခင်ကို ဆန့်ကျင်ပြီး ကန့်ကွက်နေဆဲ ဖြစ်သည်။ ဘုရားသခင်ကို နိုင်အောင်မတိုက်ခိုက်နိုင်သည့်အခါ သူသည် ကောင်းကင်ဘုံနှင့် နောက်ထပ် မတိုက်ခိုက်တော့ဟု ဆိုလျက် အသနားခံသော်လည်း သူသည် အမှန်တကယ် အရှုံးပေးအပ်နှံပြီး အသနားခံနေခြင်းလော။ မဟုတ်ပေ၊ သူ ပြန်လည်ကောင်းမွန်လာသည့်အခါ သူသည် ဆက်လက်၍ တိုက်ခိုက်လိမ့်မည်၊ ဤသည်မှာ သူ၏ သဘာဝဖြစ်ပြီး သူ၏ သဘာဝသည် မပြောင်းလဲပေ။ အန္တိခရစ်တို့၌ ဤတူညီသော သဘာဝ ရှိကြသည်။
အရာခပ်သိမ်းအပေါ် သူ၏ အချုပ်အခြာအာဏာ ကိုင်စွဲခြင်းအတွင်း လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ ကိုင်စွဲခြင်းကို အန္တိခရစ်တို့သည် မည်သို့ ရှုမြင်ကြသနည်း။ ဤသည်မှာ အလွန် အသေးစိတ်ကျသော ကိစ္စရပ်တစ်ခု ပါဝင်သည်။ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ ကိုင်စွဲခြင်းနှင့် ပတ်သက်လာလျှင် “အရာခပ်သိမ်း” ဟူသော အယူအဆသည် ကြီးမားပြီး ကျယ်ပြန့်လွန်းသည်၊ အန္တိခရစ်တို့သည် ယင်းကို လက်မခံနိုင်ကြပေ၊ သူတို့သည် ယင်းကို မမြင်နိုင်ကြဘဲ ယင်းကို ထွင်းဖောက်မမြင်နိုင်ကြပေ။ သို့ဆိုလျှင် ဘုရားသခင် သူတို့၏ ကိုယ်ပိုင်ကံကြမ္မာများအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားပုံကို အန္တိခရစ်တို့ ကျိုးနွံနာခံကြသလော။ သူတို့ ဤသည်ကို သဘောပေါက်နားလည်ကြသလော။ သူတို့ ဤသည်ကို နားလည်ကြသလော။ သူတို့ ဤသည်ကို အသိအမှတ်ပြုနိုင်ကြမည်လော။ အသိအမှတ်ပြုနိုင်ခြင်း သာ၍ပင် နည်းလေသည်။ အန္တိခရစ်တို့သည် သူတို့၏ လက်တွေ့ဘဝများ၌ ကောင်းသောအရာအားလုံးကို မိမိတို့၏ ကိုယ်ပိုင်ကြိုးပမ်းမှုများမှတစ်ဆင့် ရရှိခဲ့သည်ဟု ယုံကြည်ကြသည်။ ဥပမာအနေဖြင့် အကယ်၍ သူတို့ တက္ကသိုလ်တစ်ခုသို့ ဝင်ခွင့်ရရှိပါက သူတို့သည် ဤသည်ကို သူတို့၏ စာပေလေ့လာမှု၌ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်းကြောင့်ဟု မှတ်ယူကြပြီး သူတို့သည် ဂုဏ်သိက္ခာရှိသော တက္ကသိုလ်တစ်ခုသို့ တက်ရောက်ရန် မွေးဖွားလာခဲ့သည်ဟု ယုံကြည်ကြသည်။ အကယ်၍ သူတို့သည် ကောင်းမွန်သော ဘဝဖြင့် နေထိုင်နေပြီး ငွေရှာနိုင်ခဲ့ပါက သူတို့သည် မိမိတို့ကိုယ်ကို ချမ်းသာမည့်သူများအဖြစ် မှတ်ယူကြသည်၊ အကြောင်းမှာ ဗေဒင်ဆရာများက သူတို့၌ သာယာဝပြောသော ဘဝရှိမည်ဖြစ်ပြီး အရာရှိတစ်ဦး ဖြစ်လာလောက်အောင်ရော၊ ငွေကြေးအရ အလွန်အဆင်ပြေအောင်ပါ နှစ်မျိုးလုံး ကံကောင်းလိမ့်မည်ဟု သူတို့ကို ပြောကြားခဲ့သောကြောင့် ဖြစ်သည်။ အမှုအရာများ မှားယွင်းသွားသည့်အခါ၊ သို့မဟုတ် သူတို့ မျှော်လင့်ထားသည့်အတိုင်း မဖြစ်သည့်အခါ၊ သူတို့ ဆင်းရဲဒုက္ခခံစားရသည့်အခါ သူတို့ ဤသို့ စတင်၍ ညည်းညူလာကြသည်၊ “အဘယ်ကြောင့် ငါ့အတွက် အမှုအရာများ ထိုမျှ ဆိုးရွားစွာ ဖြစ်ပျက်နေရသနည်း။ အဘယ်ကြောင့် ငါ၏ ကံကြမ္မာ ထိုမျှ ဆိုးရွားနေရသနည်း။ ငါ၏ ကံကြမ္မာမှာ ဆိုးဝါးလှသည်တကား” ဟူ၍ ဖြစ်သည်။ သူတို့သည် ဤအမှုအရာများကို လူ့ရှုထောင့်အမြင်မှ အဓိပ္ပာယ်ဖွင့်ဆိုပြီး ရှုမြင်ကြသည်။ အကယ်၍ အရာရာတိုင်း ချောမွေ့နေပါက သူတို့သည် အလွန် အောက်ခြေလွတ်လာကြပြီး အချိန်ပြည့် မိမိတို့ကိုယ်ကို ကြွားဝါကြကာ ကြမ်းကြုတ်ပြီး ခြိမ်းခြောက်သော ဟန်ပန်ကို ပြုလုပ်လျက် ရိုင်းစိုင်းစွာ၊ မာနထောင်လွှားစွာ ပြုမူကြသည်၊ သို့သော် အမှုအရာများ သူတို့အလိုအတိုင်း မဖြစ်သည့်အခါ သူတို့သည် ဘုရားသခင်နှင့် အခြားလူများကို အပြစ်တင်ကြပြီး အမှုအရာများကို ပြောင်းပြန်လှန်ကာ အခြေအနေမှ လွတ်မြောက်ရန် နည်းလမ်းရှာဖွေရန် ကြိုးစားကြသည်။ ဘုရားသခင် စီရင်ခန့်ခွဲပြီး ပြုတော်မူသမျှ ကောင်းမြတ်သည်ဟု သူတို့ ဆိုကြသော်လည်း ဆိတ်ကွယ်ရာတွင် သူတို့သည် ဦးနှောက်ခြောက်အောင် စဉ်းစားကြပြီး အမှုအရာများကို ပြောင်းပြန်လှန်ရန်နှင့် အခြေအနေမှ လွတ်မြောက်ရန် သို့မဟုတ် ပြောင်းလဲရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုဖို့ ကြိုးစားလျက် ဤသို့ ဆိုကြသည်၊ “ကျွန်ုပ်၏ ကံကြမ္မာက ဤမျှဆိုးရွားသည်ကိုလည်းကောင်း၊ ကျွန်ုပ်၏ကံ ဤမျှဆိုးဝါးသည်ကိုလည်းကောင်း ကျွန်ုပ် ယုံကြည်ဖို့ ငြင်းဆန်သည်။ လောကကြီး ထိုမျှ မတရားသည်ကိုလည်းကောင်း၊ ကျွန်ုပ်ကဲ့သို့သော အရည်အချင်း ရှိသူတစ်ဦးသည် နောက်ဆုံးတွင် အသိအမှတ်ပြုခြင်း မခံရမည်ကိုလည်းကောင်း၊ ကျွန်ုပ် ထင်ပေါ်ရန်အချိန် မည်သည့်အခါမျှ ရောက်လာမည် မဟုတ်သည်ကိုလည်းကောင်း ကျွန်ုပ် လက်မခံနိုင်ပေ။ အမှန်တကယ်တွင် ကံကြမ္မာဆိုသည်မှာ အခွံ သက်သက်မျှသာ ဖြစ်သည်၊ ယင်းမှာ ဆိုရိုးတစ်ခုမျှသာ ဖြစ်သည်၊ ယင်းသည် လူတစ်ဦး၏ ကိုယ်ပိုင်ကြိုးပမ်းမှုများနှင့် ရုန်းကန်မှုများအပေါ်၌သာ မူတည်သည်။ ‘လူတို့တွင် အကြီးမြတ်ဆုံးသောသူ ဖြစ်လာရန်အတွက် အကြီးမြတ်ဆုံးသော ဆင်းရဲဒုက္ခများကို ခါးစည်းခံနိုင်ရမည်။’ ဟူသော ဆိုရိုးအတိုင်းပင် ဖြစ်သည်။ ဤသည်မှာ အမြင့်မြတ်ဆုံးသော အယူဖြစ်သည်၊ ကျွန်ုပ်သည် ဤသည်ကို မည်သည့်အခါမျှ မမေ့သင့်ပါ။ ကျွန်ုပ်သည် မိမိကိုယ်ကို လှုံ့ဆော်ရန် ယင်းကို အသုံးပြုရမည်” ဟူ၍ ဖြစ်သည်။ ဘုရားသခင် ပြုတော်မူသမျှ ကောင်းမြတ်သည်၊ ဘုရားသခင်သည် အရာရာတိုင်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲပြီး သူတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံသည်ဟု သူတို့ အကြိမ်ကြိမ် ဆိုကြသော်လည်း အဆုံးတွင်မူ သူတို့က “လူတို့တွင် အကြီးမြတ်ဆုံးသောသူ ဖြစ်လာရန်အတွက် အကြီးမြတ်ဆုံးသော ဆင်းရဲဒုက္ခများကို ခါးစည်းခံနိုင်ရမည်။” ဟု ဆိုကြသည်။ အပေါ်ယံတွင် သူတို့သည် ဝိညာဉ်ရေးရာ စကားများကို ပြောဆိုကြသော်လည်း ဆိတ်ကွယ်ရာတွင်မူကား သူတို့ အကောင်အထည်ဖော်သည့်၊ လက်တွေ့လုပ်ဆောင်သည့်၊ လိုက်နာသည့် စည်းမျဉ်းများသည် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်၏ အတွေးအခေါ်များ၊ ၎င်း၏ ယုတ္တိဗေဒနှင့် အတွေးများသာ ဖြစ်သည်။ ဤအရာ၌ ကျိုးနွံနာခံခြင်း တစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) ဤသည်မှာ အန္တိခရစ်တို့ ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကိုင်စွဲခြင်းဟူသော အချက်ကို ရှုမြင်ပုံ၊ နားလည်ပုံနှင့် ကိုင်တွယ်ပုံ ဖြစ်သည်။ ဤသရုပ်သကန်များနှင့် ဥပမာများအရ အန္တိခရစ်တို့သည် ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်းဟူသော အချက်ကို အသိအမှတ်ပြုပြီး ယုံကြည်ကြသလော၊ သို့မဟုတ် သူတို့သည် ယင်းကို သံသယဝင်ပြီး ပြစ်တင်ရှုတ်ချကြသလော။ (သူတို့သည် ယင်းကို သံသယဝင်ပြီး ပြစ်တင်ရှုတ်ချကြပါသည်။) သူတို့ မည်သို့ပင် ဆိုစေကာမူ သူတို့၏ လက်တွေ့ သရုပ်သကန်များအရဆိုလျှင် အန္တိခရစ်တို့သည် ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကိုင်စွဲခြင်းဟူသော အချက်ကို အခြေခံအားဖြင့် မထီမဲ့မြင်ပြုကြပြီး ယင်းကို မယုံကြည်ကြပေ။ အချို့သော အန္တိခရစ်တို့သည် အဓိပ္ပာယ်မဲ့သော စကားများကိုပင် ပြောကြသည်၊ “သင်သည် မည်သည့်အရာအတွက်မျှ မကြိုးစားဘဲ ဘုရား၏ အချုပ်အခြာအာဏာကို ဘာသိဘာသာ စောင့်ဆိုင်းနေ၍ မည်သို့ဖြစ်နိုင်မည်နည်း။ သင်တို့သည် ကိုယ့်အစားအစာကိုယ် ချက်ရန် မလိုအပ်ဘူးလော။ သင်တို့သည် ကောင်းကင်မှ ပိုင်မုန့်များ ကျလာမည်ကို ပါးစပ်ဖွင့်၍ စောင့်ဆိုင်းနေနိုင်မည်လော။ ဘုရား မည်သို့ပင် အချုပ်အခြာအာဏာ ကိုင်စွဲစေကာမူ လူတို့သည် ကြိုးစားအားထုတ်ပြီး လုပ်ဆောင်ရန် လိုအပ်နေဆဲ မဟုတ်လော” ဟူ၍ဖြစ်သည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်းဟူသော အချက်ကို အသိအမှတ်ပြုရန် ငြင်းဆိုသည်သာမက သူတို့သည် ယင်းကို ငြင်းပယ်ပြီး အဓိပ္ပာယ်ကောက်လွဲကြသည်။ ယင်းကို မှားယွင်းစွာ အဓိပ္ပာယ်ကောက်လွဲရာ၌ သူတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သူတို့သည် မိမိတို့ အလိုရှိသော အကျိုးအမြတ်အားလုံးအတွက် စဉ်းလဲစွာ တိုက်ခိုက်ရန်အတွက် အခြေခံအကြောင်းပြချက်နှင့် ဆင်ခြေတစ်ခုကို ရှာဖွေနေကြခြင်း ဖြစ်သည်။ အန္တိခရစ်တို့၏ အမျိုးမျိုးသော သရုပ်သကန်များအရ ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကိုင်စွဲခြင်းဟူသော အချက်အပေါ် သူတို့၏ စစ်မှန်သော ရှုထောင့်အမြင်မှာ အဘယ်နည်း။ မယုံကြည်မှု၊ ငြင်းပယ်မှုနှင့် ပြစ်တင်ရှုတ်ချမှုဟူသည့် သူတို့၏ စစ်မှန်သော ရှုထောင့်အမြင် ဖြစ်သည်။
ယနေ့ ငါတို့ မိတ်သဟာယဖွဲ့ခဲ့သော အချက်နှစ်ချက်တွင် ငါတို့သည် အဓိကအားဖြင့် အန္တိခရစ်တို့ ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ခြင်း၏ သရုပ်သကန်ကို စိတ်ဖြာလေ့လာဆွေးနွေးခဲ့သည်။ ဤမိတ်သဟာယဖွဲ့ခြင်းကို နားထောင်ပြီးနောက် သင်တို့ နားလည်သဘောပေါက်မှု တစ်စုံတစ်ရာ ရရှိခဲ့ကြသလော။ မည်သည့်လူများ၌ ဤပြဿနာများ ရှိကြသနည်း။ အန္တိခရစ်တို့၏ စိတ်သဘောထားကို ပိုင်ဆိုင်သော်လည်း အန္တိခရစ်တို့၏ အနှစ်သာရကို မပိုင်ဆိုင်ဘဲ ပြောင်းလဲနိုင်သော လူစားမျိုးမှာ အဘယ်နည်း။ တစ်ပုံစံတည်းသော ပြဿနာများ ရှိကြသော်လည်း အန္တိခရစ်တို့၏ အနှစ်သာရကို ပိုင်ဆိုင်ကြပြီး မပြောင်းလဲနိုင်သော၊ ဘုရားသခင်၏ ထာဝရရန်သူများဖြစ်ကြပြီး ကယ်တင်ခြင်းကို ခံရမည့်သူများမဟုတ်ဘဲ ဖျက်ဆီးခြင်းခံရမည့်သူများ ဖြစ်ကြသော လူများမှာ အဘယ်နည်း။ သင်တို့သည်လည်း ဤသရုပ်သကန်များကို ထုတ်ဖော်ပြသကြသလော။ သင်တို့ ပြောင်းလဲနိုင်သည်ဟု သင်တို့ ခံစားကြသလော။ သင်တို့သည် သမ္မာတရားကို လက်ခံပြီး ဤအတွေးအခေါ်များကို ပြောင်းလဲရန်နှင့် အစားထိုးရန် ယင်းကို အသုံးပြုနိုင်ကြပါမည်လော။ (အသုံးပြုနိုင်ပါမည်။) မည်သည့်လူများ မပြောင်းလဲနိုင်ကြသနည်း။ ဇိမ်ခံဘဝများဖြင့် နေထိုင်ကြသော၊ နန်းတော်များကဲ့သို့ အလှဆင်ထားသော အိမ်ကြီးများ၌ နေထိုင်ကြပြီး ဇိမ်ခံကားအများအပြား ပိုင်ဆိုင်ကြသော ဘာသာတရားမရှိသူများကို မြင်တွေ့ရသည့်အခါ စုံစမ်းသွေးဆောင်ခြင်းခံရပြီး ဤသို့ မြည်တမ်းတတ်သော လူစားမျိုး ရှိသည်၊ “ချမ်းသာရသည်မှာ၊ အရာရှိဖြစ်ရသည်မှာ၊ အရည်အချင်းရှိရသည်မှာ ကောင်းလိုက်လေခြင်း။ သူသည် အဘယ်ကြောင့် အလွန်ပင် အရည်အချင်းရှိရသနည်း။ သူသည် အဘယ်ကြောင့် အလွန်ပင် ကံကောင်းရသနည်း။ သူသည် မည်သို့များ ငွေရှာခဲ့သနည်း” ဟူ၍ ဖြစ်၏။ တစ်စုံတစ်ဦး၌ လူမှုအဆင့်အတန်း ရှိသည်ကို သူတို့ မြင်တွေ့သည့်အခါတိုင်း သူတို့သည် အထူးသဖြင့် ထိုသူတို့ကို မြှောက်ပင့်ပြောဆိုခြင်း၊ မျက်နှာလုပ်ခြင်း၊ ဖော်လံဖားရန် ကြိုးစားခြင်းတို့ ပြုလုပ်ကြပြီး သူတို့အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန်၊ မည်သည့်အတိုင်းအတာအထိမဆို ခယရန် လိုလိုလားလား ရှိကြသည်။ သူတို့သည် လူ့အဖွဲ့အစည်းရှိ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို အထူးသဖြင့် ချစ်မြတ်နိုးကြပြီး မကြာခဏ ယင်းတို့၏ အစိတ်အပိုင်းတစ်ခု ဖြစ်လိုကြကာ ဘုရားသခင်အပေါ် သူတို့၏ ယုံကြည်ခြင်းက ထိုသို့ပြုလုပ်ခြင်းမှ သူတို့ကို တားဆီးသည့်အခါ စိတ်သောကရောက်ကြရသည်။ ထိုထက်ပို၍ပင် သူတို့သည် လောကက သူတို့ကို နောက်ချန်ထားခဲ့သည်ဟု ခံစားကြရကြောင်း၊ သူတို့သည် အထီးကျန်ကြောင်း၊ သူတို့သည် ကူကယ်ရာမဲ့ကြောင်း၊ သူတို့ကို အားဖြည့်ပေးမည့်အရာ တစ်ခုမျှမရှိကြောင်း၊ နှစ်သိမ့်မှု မရှာဖွေနိုင်ကြောင်း ခံစားကြရပြီး သူတို့ မကြာခဏ စိတ်နှလုံးကြေကွဲကြရသည်။ ငွေကြေးနှင့် တန်ခိုးအာဏာရှိသူများ လူ့အဖွဲ့အစည်း၌ သူတို့၏ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရင်း အောင်မြင်မှုကို မွေ့လျော်ခံစားနေကြသည်ကို မြင်တွေ့ရသည့်အခါ အလွန်ပင် လေးစားကြည်ညိုပြီး ဤအရာကို မကြာခဏ ချီးကျူးထောမနာပြုကာ ဤသို့ ဆိုတတ်သော အခြားလူစားမျိုးလည်း ရှိသည်၊ “သူတို့ လူတစ်ဦးကို သတ်ခဲ့သော်လည်း သူတို့တွင် ငွေနှင့် အဆက်အသွယ်များ ရှိသောကြောင့် အဖြစ်အနေဖြင့် သုံးလေးရက်သာ အချုပ်ကျခံလိုက်ရပြီး ပြန်ထွက်လာသည်။ ယင်းမှာ တကယ့် စွမ်းဆောင်ရည်ဖြစ်၏” ဟူ၍ဖြစ်သည်။ သူတို့သည် လူ့အဖွဲ့အစည်းရှိ ထိုသို့သောလူများကို အလွန် လေးစားပြီး အထင်ကြီးကြသည်။ လူ့အဖွဲ့အစည်းရှိ ထိလွယ်ရှလွယ်သော နိုင်ငံရေးအကြောင်းအရာများကို အထူးအာရုံစိုက်ပြီး အလွန်အမင်း အရေးစိုက်သည့်၊ နိုင်ငံရေးနှင့် သက်ဆိုင်သော အချို့သော ကိစ္စရပ်များ၌ ပါဝင်ပတ်သက်ရန်နှင့် မိမိတို့ကိုယ်ကို စိတ်နှစ်ထားရန်ပင် အမှန်တကယ် လိုလားသော နောက်ထပ် လူစားတစ်မျိုးလည်း ရှိသေးသည်။ ဤသို့သော လူစားများနှင့် အခြားအလားတူ လူစားများသည် စိတ်ထဲ၌ ဘုရားသခင်အပေါ် အန္တိခရစ်တို့နှင့် တူညီသော သဘောထား ရှိကြသည်၊ သူတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြပေ၊ သူတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို အသိအမှတ်မပြုကြ သို့မဟုတ် ဘုရားသခင် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားသည်ဟူသော အချက်ကို အသိအမှတ်မပြုကြပေ။ ဤလူများသည် အန္တိခရစ်တို့နှင့် တစ်သိုက်တည်း ဖြစ်ကြသည်။ သူတို့သည် အသင်းတော် သို့မဟုတ် ဘုရားသခင်၏ အိမ်တော်နှင့် မသက်ဆိုင်သည့်အပြင် နောက်ဆုံးတွင် ဖယ်ရှားခြင်း ခံကြရလိမ့်မည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်သောသူများနှင့် သင့်မြတ်အောင် မနေနိုင်ကြသည့်အပြင် သူတို့ လျှောက်လှမ်းသော လမ်းခရီးသည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ဆန့်ကျင်နေသည်။ ဤလူများအားလုံးသည် အန္တရာယ်ရှိကြသည်၊ သူတို့သည် ယခုအချိန်အထိ မည်သည့်မကောင်းမှုမျှ မပြုလုပ်သေးသည့်တိုင်၊ ဘုရားသခင်ကို ပွင့်လင်းစွာ ငြင်းပယ်ခြင်း၊ ဝေဖန်သုံးသပ်ခြင်း သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်း မပြုလုပ်သေးသည့်တိုင် သို့မဟုတ် အသင်းတော်၌ လူတို့ကို ပွင့်လင်းစွာ အထင်အမြင်မှားစေပြီး အဆင့်အတန်းအတွက် ယှဉ်ပြိုင်ခြင်း မပြုလုပ်သေးသည့်တိုင် သူတို့သည် အန္တိခရစ်တို့၏ အနှစ်သာရကို ပိုင်ဆိုင်ကြသည်၊ အကြောင်းမှာ သူတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို အခြေခံအားဖြင့် အသိအမှတ်မပြုကြသည့်အပြင် ဘုရားသခင် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားသည်ဟူသော အချက်ကို သာ၍ပင် အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ သူတို့သည် ကောက်ကျစ်ဆိုးယုတ်သော အင်အားစုများတွင် ပါဝင်ပြီး စာတန်နှင့် တစ်သိုက်တည်း ဖြစ်ကြသည်။ သူတို့သည် ကောက်ကျစ်ဆိုးယုတ်မှုကို ကြည်ညိုလေးစားကြပြီး နတ်ဆိုးများနှင့် စာတန်က ထောက်ခံအားပေးသည့် မည်သည့် မိစ္ဆာဒိဋ္ဌိအယူဝါဒ သို့မဟုတ် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာကိုမဆို၊ ထို့အပြင် လောက၌ ပေါ်ပေါက်လာသော၊ ရေပန်းစားသော၊ သို့မဟုတ် ပျံ့နှံ့နေသော မည်သည့်ဆိုးယုတ်သည့် ခေတ်ရေစီးကြောင်းကိုမဆို ကြည်ညိုလေးစားကြသည်။ သူတို့သည် ဘုရားအိမ်တော် သို့မဟုတ် အသင်းတော်နှင့် မသက်ဆိုင်သည့်အပြင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့်သူများ မဟုတ်ကြပေ။ ဤလူများသည် ဘုရားသခင်၏ စစ်မှန်သော ရန်သူများ ဖြစ်ကြသည်၊ သူတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။