အချက် ၁၄- ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်ကို မိမိတို့၏ကိုယ်ပိုင် ပိုင်နက်အဖြစ် သဘောထားကြ၏ (အခန်း လေး)
၃။ အန္တိခရစ်များသည် လူတို့၏စိတ်နှလုံးကို စုံစမ်းစစ်ဆေးပြီး ထိန်းချုပ်ကြ၏
အာဏာကို လက်ဝါးကြီးအုပ်ခြင်းနှင့် အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်းအပြင် အန္တိခရစ်တို့က ဘုရားအိမ်တော်ကို မိမိတို့၏ ကိုယ်ပိုင်ပိုင်နက်ကဲ့သို့ သဘောထားပြုမူကြောင်း အခြားမည်သည့်လုပ်ရပ်များက အတည်ပြုနိုင်သနည်း။ အာဏာကို လက်ဝါးကြီးအုပ်ခြင်းနှင့်ပတ်သက်၍ ငါတို့သည် အဓိကအားဖြင့် လူ့ကိစ္စရပ်များ၏ ကဏ္ဍများကို မိတ်သဟာယဖွဲ့ခဲ့ကြပြီး အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်းမှာမူ အဓိကအားဖြင့် ဖြစ်ရပ်များ ဖြစ်ပေါ်တိုးတက်မှုကို ထိန်းချုပ်ခြင်း ဖြစ်သည်။ အန္တိခရစ်တို့၏ အာဏာကို လက်ဝါးကြီးအုပ်ခြင်းသည် အပြင်ပန်း လုပ်ရပ်တစ်ခုဖြစ်ပြီး အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်းသည်လည်း လူတို့မြင်နိုင်သော အပြင်ပန်းအရာတစ်ခုပင် ဖြစ်သည်။ ဤကဏ္ဍများသည် ထိန်းချုပ်ရန် လွယ်ကူသည်။ သို့ရာတွင် မည်သူမဆို ထိန်းချုပ်ရန် အလွန်ပင် ခက်ခဲသောအရာတစ်ခု ရှိသည်။ ထိုအရာတစ်ခုမှာ အဘယ်နည်း။ (လူတို့၏စိတ်နှလုံးနှင့် လူတို့၏အတွေးအခေါ်များကို ထိန်းချုပ်ခြင်း ဖြစ်ပါသည်။) ငါ့ကို ပြောလော့၊ ယင်းက မှန်သလော။ (ဟုတ်ပါသည်။) သမ္မာကျမ်းစာက “စိတ်နှလုံးသည် ခပ်သိမ်းသော အရာထက် စဉ်းလဲတတ်၏။” (ယေရမိ အနာဂတ္တိကျမ်း ၁၇:၉) ဟု ဆိုသည်၊ ဆိုလိုသည်မှာ လူ့စိတ်နှလုံးသည် ထိန်းချုပ်ရန် အခက်ခဲဆုံးအရာ ဖြစ်သည်။ အန္တိခရစ်တို့သည် အခက်ခဲဆုံးအရာကို ထိန်းချုပ်ရန် ကြိုးပမ်းမည်လော။ သူတို့က “လူ့စိတ်နှလုံးသည် အစဉ်းလဲဆုံးနှင့် ထိန်းချုပ်ရန် အခက်ခဲဆုံးဖြစ်သောကြောင့် ငါ ယင်းကို ထိန်းချုပ်မည်မဟုတ်။ သူတို့ ကြိုက်သလို တွေးကြပါစေ။ ငါ့၌ အာဏာရှိနေသရွေ့၊ လူတို့အပေါ် ငါ ထိန်းချုပ်မှု ရှိနေသရွေ့ လုံလောက်ပြီ။ ငါသည် သူတို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူကိုသာ ထိန်းချုပ်မည်၊ ပြီးလျှင် သူတို့၏ အတွေးအခေါ်များကို ဘုရားသခင် စီမံခန့်ခွဲရန် ချန်ထားရမည်။ ငါ့၌ ထိုစွမ်းရည်မရှိ၊ ထို့ကြောင့် ငါ ထိုအရာများနှင့်ပတ်သက်၍ စိတ်အနှောင့်အယှက် အဖြစ်ခံမည် မဟုတ်” ဟု ပြောနိုင်ကောင်း ပြောနိုင်မည်လော။ အန္တိခရစ်တို့သည် ဤသို့ အလျှော့ပေးမည်လော။ (သူတို့ အလျှော့ပေးမည် မဟုတ်ပါ။) အန္တိခရစ်တို့၏ အနှစ်သာရကို အကဲဖြတ်ကြည့်လျှင် သူတို့၏ ရည်မှန်းချက်မှာ လူတစ်ဦး၏ တစ်ကိုယ်လုံးတစ်စိတ်လုံးကို ထိန်းချုပ်ရန် ဖြစ်သည်။ သူတို့အတွက် ထိန်းချုပ်ရန် အခက်ခဲဆုံးအရာမှာ လူ့စိတ်နှလုံးဖြစ်သော်လည်း ယင်းသည် သူတို့ ထိန်းချုပ်ရန် လိုအင်ဆန္ဒအရှိဆုံးသော အရာလည်း ဖြစ်သည်။ သူတို့သည် လူတို့ကို သူတို့၏ အာဏာအောက်တွင် အမိဖမ်းကြပြီး အရာအားလုံးအပေါ် အလုံးစုံ ထိန်းချုပ်မှု ရယူကြသည်။ ဖြစ်ရပ်များ မည်သည့်ဘက်သို့ ဦးတည်ဖြစ်ပေါ်မည်၊ လူမည်မျှ ပါဝင်ပတ်သက်မည်၊ မည်သည့်ကိစ္စရပ်များကို အကျုံးဝင်စေမည်၊ ဤဖြစ်ရပ်များ ဖြစ်ပေါ်တိုးတက်မှု၏ တစ်လျှောက်လုံးနှင့် အကျိုးဆက်များက မည်သည့်အရာဖြစ်မည်ကို သူတို့ ထိန်းချုပ်ကြကာ အားလုံးသည် သူတို့ စတင်လှုပ်ရှားစေသည့်အရာနှင့် သူတို့၏ စိတ်နှလုံး လိုအင်ဆန္ဒအတိုင်း ဖြစ်ပေါ်တိုးတက်လာသည်။ သို့ရာတွင် အကြောင်းအရာတစ်ခု ရှိသည်၊ အတိအကျပြောရသော် လူတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် မည်သည့်အရာကို တွေးတောနေကြသနည်း။ သူတို့သည် အန္တိခရစ်တို့နှင့်ပတ်သက်၍ မည်သည့်အရာကို တွေးတောနေကြသနည်း။ သူတို့အပေါ် ကောင်းသော ထင်မြင်ချက် ရှိသလော၊ မရှိသလော။ သူတို့ကို ကြိုက်နှစ်သက်သလော၊ မကြိုက်နှစ်သက်သလော။ သူတို့၏ စိတ်နှလုံးထဲတွင် သူတို့သည် အန္တိခရစ်များဖြစ်သည်ဟု ယုံကြည်ကြသလော။ သူတို့၏ လုပ်ရပ်များကို ပိုင်းခြားသိမြင်ခြင်း သို့မဟုတ် မကျေမချမ်းဖြစ်ခြင်း ရှိသလော။ လူတို့က အပြင်ပန်းအားဖြင့် သူတို့ကို လေးစားမှုပြပြီး မြှောက်ပင့်ပြောဆိုသောအခါ သူတို့၏ စိတ်နှလုံးထဲ၌ အမှန်တကယ် မည်သည့်အရာကို တွေးတောနေကြသနည်း။ သူတို့၏ စိတ်နှလုံးထဲရှိအရာသည် သူတို့၏ အပြင်ပန်းအသွင်အပြင်နှင့် အမှန်တကယ်ပင် ကိုက်ညီမှုရှိသလော။ သူတို့သည် အန္တိခရစ်တို့ကို အမှန်တကယ် နာခံမှုရှိသလော။ ဤသည်မှာ အန္တိခရစ်တို့ကို အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်စေသော ကိစ္စတစ်ရပ် ဖြစ်သည်။ သူတို့ ပို၍ စိတ်အနှောင့်အယှက်ဖြစ်လေ၊ အဖြေများကို ပို၍ ရှာဖွေလေ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့က ဘုရားအိမ်တော်ကို မိမိတို့၏ ကိုယ်ပိုင်ပိုင်နက်ကဲ့သို့ သဘောထားပြုမူခြင်း၏ တတိယမြောက် သရုပ်သကန်ဖြစ်သည့် လူတို့၏စိတ်နှလုံးကို စုံစမ်းစစ်ဆေးပြီး ထိန်းချုပ်ခြင်းပင် ဖြစ်သည်။
လူတို့၏စိတ်နှလုံးကို စုံစမ်းစစ်ဆေးပြီး ထိန်းချုပ်ခြင်းသည် လွယ်ကူသလော။ စုံစမ်းစစ်ဆေးခြင်းနှင့် ထိန်းချုပ်ခြင်းသည် တစ်စုံတစ်ခုကို လုပ်ဆောင်သည့်အခါ လုပ်ရပ် သို့မဟုတ် အပြုအမူ၏ မတူညီသော အတိုင်းအတာနှစ်ခုကို ကိုယ်စားပြုသည်။ အန္တိခရစ်တစ်ဦးသည် အာဏာကိုင်စွဲပြီး ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်တိုးတက်မှု၏ တစ်လျှောက်လုံးနှင့် ၎င်း၏အကျိုးဆက်ကို ထိန်းချုပ်သည့်အခါ၊ သူသည် ဤအရာများကို ထိန်းချုပ်သည့်အခါ သူ့လက်အောက်ရှိ သို့မဟုတ် သူ၏သြဇာသက်ရောက်မှု နယ်ပယ်အတွင်းရှိ လူများက မိမိတို့၏ စိတ်နှလုံးထဲ၌ အမှန်တကယ် မည်သည့်အရာကို တွေးတောနေကြသည်ကိုလည်းကောင်း၊ သူတို့က သူ့ကို ဘုရားသခင်ကဲ့သို့ သို့မဟုတ် စုံလင်သောသူတစ်ဦးကဲ့သို့ သဘောထားခြင်း ရှိမရှိ၊ သူ့အပေါ် အမုန်းတရား၊ ထင်မြင်ချက်များ၊ သို့မဟုတ် အယူအဆများ ထားရှိခြင်း ရှိမရှိ၊ သူ့ကို ပိုင်းခြားသိမြင်ခြင်း ရှိမရှိ ဟူ၍ လူများက ၎င်းတို့၏ စိတ်နှလုံးထဲတွင် အမှန်တကယ် မည်သည့်အရာကို တွေးတောနေသည်ကိုလည်းကောင်း ဤအရာများသည် တိုင်းတာရန် အတော်ပင် ခက်ခဲသည်။ သို့ဆိုလျှင် သူ ဘာလုပ်သနည်း။ သူသည် သူ့လက်အောက်ရှိသူများကို စောင့်ကြည့်လေ့လာပြီး ပိုင်းခြားသိမြင်မှု ကင်းမဲ့၍ အမြတ်ထုတ်ရန် လွယ်ကူသော မည်သူ့ကိုမဆို အကျိုးကျေးဇူးများ ပေးသည် သို့မဟုတ် နှစ်လိုဖွယ်ကောင်းသော စကားအနည်းငယ် ပြောဆိုသည်။ ဤလူများသည် ရာဘာဘောလုံးများကဲ့သို့ပင် ဖြစ်သည်။ သင် သူတို့ကို ရိုက်လိုက်တိုင်း သူတို့ ပို၍မြင့်တက်လာပြီး အားအင်ပိုမို စုစည်းမိလာသည်။ သူသည် ထိုသို့သော လူပုဂ္ဂိုလ်များကို အသုံးခံများအဖြစ် အသုံးပြုသည်။ သူ သူတို့ကို အသုံးပြု၍ မည်သည့်အရာလုပ်သနည်း။ သူသည် ဤအသုံးခံများကို သူ့အတွက် လူတို့၏စိတ်နှလုံးကို စုံစမ်းစစ်ဆေးစေသည်။ သူက အသုံးခံတစ်ဦးကို “ယခုရက်ပိုင်းတွင် ကျွန်ုပ်တို့၏ အသင်းတော်ရှိ ညီအစ်မလီနှင့် သူ၏သမီးတို့သည် အလှူငွေပေးသည်မှာ နည်းနေခဲ့သည်။ သူတို့သည် အတော်အတန် များပြားစွာ လှူနေကျဖြစ်သော်လည်း ယခုအခါတွင် သူတို့ သိပ်မလာကြတော့ပါ။ သူတို့ ယခုတလော မည်သည့်အရာများ လုပ်ဆောင်နေခဲ့ကြသနည်း။ သူတို့သည် အပြင်လူများနှင့် အဆက်အသွယ်တစ်ခုတလေ ရှိခဲ့ကြသလော။ နေအိမ်တွင် တစ်ခုခုဖြစ်ပျက်နေခြင်း ရှိသလော။ သွားကြည့်ပြီး အကူအညီအချို့ကို ပေးရန် ကမ်းလှမ်းလော့” ဟု ပြောကောင်းပြောနိုင်သည်။ ထိုသူသည် ညီအစ်မလီ၏အိမ်သို့ သွားရောက်ပြီး လှည့်ပတ်ကြည့်ရှုကာ ဤသို့တွေးသည် “ဤနေရာတွင် သူစိမ်းများလည်း မရှိပါ။ ထိုညီအစ်မနှစ်ဦးသည် အေးချမ်းသည့်ဘဝကို အသက်ရှင်နေထိုင်ကြပုံပေါက်သည်။ ၎င်းတို့အနေဖြင့် အခက်အခဲ တစ်ခုခုနှင့် ကြုံတွေ့ထားရပုံလည်း မရှိပါ။ ၎င်းတို့သည် အဘယ်ကြောင့် ကျွန်ုပ်တို့၏ စုဝေးပွဲများကို မတက်သနည်း။ ကျွန်ုပ် ထပ်၍ မေးမြန်းကြည့်ဦးမှ” ဟူ၍ ဖြစ်လေသည်။ ဤသူက “သင်တို့ နေအိမ်တွင် ယခုတလော အလင်းအသစ် တစ်ခုခု ရရှိခဲ့သလော။ ယခုရက်ပိုင်းတွင် ကျွန်ုပ် အားနည်းနေသဖြင့် ကျွန်ုပ်ကို ခဏမျှ မိတ်သဟာယပြုပေးပါ” ဟု တောင်းဆိုသည်။ ထိုသူသည် သမ္မာတရားကို ရှာဖွေရန်နှင့် အကူအညီတောင်းရန် လာရောက်သည်ကို မြင်သောအခါ ညီအစ်မတို့သည် သူနှင့် မိတ်သဟာယဖွဲ့ပြီး ဤသို့ပြောသည် “ယခုတလော ကျွန်ုပ်တို့သည် အလင်းအသစ်တစ်ခု ရရှိထားသည်၊ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သူများသည် အခြားလူများနောက်ကို မလိုက်သင့်ပါ၊ သို့မဟုတ် အခြားသူများအပေါ် အစဉ်သဖြင့် မမှီခိုသင့်ပါဟူ၍ ဖြစ်သည်။ အခက်အခဲများဖြင့် ရင်ဆိုင်ရသောအခါတွင် ကျွန်ုပ်တို့သည် ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံ လာရောက်သင့်သည်။ ဤသည်မှာ အမြင့်မားဆုံးသော ဉာဏ်ပညာဖြစ်၏။ လူများကို ယုံကြည်အားထား၍ မရနိုင်ပါ၊ ဘုရားသခင်ကိုသာ ကိုးစား၍ရနိုင်ပါသည်။ သူသည် လူတို့အပေါ် သမ္မာတရား၊ အသက်နှင့် ၎င်းတို့ လျှောက်သင့်သော လမ်းကြောင်းတို့ကို ပေးအပ်နိုင်သည်။ လူတို့က ဤအရာကို မလုပ်ဆောင်နိုင်ကြ။ ကျွန်ုပ်သည် အခြားသူများအပေါ် အစဉ်သဖြင့် မှီခိုလေ့ရှိခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ညီအစ်မတစ်ဦးနှင့် မိတ်သဟာယပြုခြင်းမှတစ်ဆင့်...” ဟူ၍ ဖြစ်လေသည်။ “ညီအစ်မတစ်ဦးနှင့် မိတ်သဟာယပြုခြင်းမှတစ်ဆင့်လော။ ထိုညီအစ်မသည် အဘယ်မှာနည်း။ သူသည် အပြင်လူတစ်ဦးဖြစ်သလော” ဟု ထိုသူက ပြန်ပြောသည်။ ထိုညီအစ်မက “သူသည် အပြင်လူ အတိအကျ မဟုတ်ပါ။ သူသည် အဝေးတွင် သူ၏တာဝန်ကို နှစ်အတန်ကြာ ထမ်းဆောင်ပြီးသည့်နောက်တွင် ပြန်လာသည့် ကျွန်ုပ်တို့ အသင်းတော်မှ ညီအစ်မတစ်ဦးပင် ဖြစ်သည်” ဟုပြော၏။ ထိုသူက “ယင်းမှာ အပြင်လူတစ်ဦးကို ဆက်သွယ်နေခြင်း ဖြစ်ဆဲပင် မဟုတ်လော။ သင်သည် မဆင်မခြင်ဖြင့် အပြင်လူများနှင့် ပေါင်းသင်းဆက်ဆံသည်။ ထိုကိစ္စကို အသင်းတော်သို့ သင် အစီရင်ခံဖို့ လိုအပ်သည်” ဟု ပြန်ပြောလေသည်။ ဤသတင်းအချက်အလက်ကို စုဆောင်းပြီးသည့်အခါ ထိုသူသည် အရေးကြီးသော သတင်းအချက်အလက်နှစ်ခုကို ဖော်ထုတ်တွေ့ရှိသည်။ ပထမအချက်မှာ ညီအစ်မနှစ်ဦးသည် ခေါင်းဆောင်နှင့် နီးကပ်စွာ မနေလိုဘဲ သူ့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်းအချို့ ပြသခဲ့ကြသည်၊ ဒုတိယအချက်မှာ သူတို့သည် အပြင်လူတစ်ဦးနှင့် အဆက်အသွယ်ရှိခဲ့ပြီး ထိုအပြင်လူက သူတို့ကို တစ်စုံတစ်ခု ပြောခဲ့သည်၊ အသေးစိတ်အချက်အလက်များမှာ မရှင်းလင်း၊ ထိုညီအစ်မတို့က ထိုအကြောင်းကို တစ်စုံတစ်ရာ ပြောမည်မဟုတ်၊ သူတို့သည် ယင်းကို တမင်တကာ ဖုံးကွယ်ထားသည်၊ ဆိုလိုသည်မှာ ခေါင်းဆောင်အပေါ် သူတို့၏ သစ္စာစောင့်သိမှု ယိမ်းယိုင်နေပြီး သူ့ကို သတိထားရှောင်နေကြပြီ ဖြစ်သည်။ ဤသူ ပြန်လာပြီး အန္တိခရစ်ထံ သူ၏အစီရင်ခံစာကို တင်ပြသည့်အခါ အန္တိခရစ်သည် ယင်းကို ကြားပြီးနောက် ပျော်ရွှင်မည်လော။ သူက “ကောင်းပေသည်၊ ကျွန်ုပ်၏ လက်အောက်ငယ်သားများသည် နောက်ဆုံးတွင် ကျွန်ုပ်အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း အနည်းငယ် ပြကြလေပြီ” ဟု တွေးမည်လော။ (တွေးမည်မဟုတ်ပါ။) သူ မည်သို့ တွေးမည်နည်း။ “ဤသည်မှာ မကောင်းပါ။ ထိုညီအစ်မနှစ်ဦးသည် နာခံလေ့ရှိခဲ့ဖူးသည်၊ ၎င်းတို့သည် အသင်းတော်တွင် စစ်မှန်သော ယုံကြည်သူများဖြစ်ပြီး များစွာ လှူဒါန်းခဲ့ကြသည်။ ယခု မည်သူမည်ဝါမှန်း မသိရသော ဤလူက ၎င်းတို့နှင့် စတင်၍ ပေါင်းသင်းဆက်ဆံစဉ်ကတည်းက ထိုနှစ်ယောက်သည် အနည်းငယ် မနာခံဖြစ်လာသည်။ ၎င်းတို့သည် နောင်တွင် လှူဖွယ်ပစ္စည်းများ ဆက်လှူဦးမည်လော။ ဤသည်မှာ ဒုက္ခပေးပြီး အန္တရာယ်များပေသည်” ဟူ၍ ဖြစ်သည်။ အန္တိခရစ်သည် စိတ်မသက်မသာ ခံစားရသည်။ အဘယ်ကြောင့် သူ စိတ်မသက်မသာ ဖြစ်ရသနည်း။ (လူတို့က သူ့ကို ပိုင်းခြားသိမြင်ပြီး သူ့စကားကို နားမထောင်တော့သောကြောင့် ဖြစ်ပါသည်။) အတိအကျပင် လူတို့၏စိတ်နှလုံးသည် သူ၏ ကြိုးကိုင်ညွှန်ကြားမှုနှင့် ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘဲ သူတို့ စိတ်ပြောင်းလဲမှု ဖြစ်ပေါ်နေသောကြောင့် သူ စိတ်မသက်မသာ ခံစားရခြင်း ဖြစ်သည်။ ယခင်က ဤနှစ်ဦးသည် ဟန်ဆောင်မှုကင်းပြီး ရိုးရှင်းကြသည်၊ သူတို့သည် အတော်အတန် နာခံမှုရှိပြီး သူ့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း အနည်းငယ်သာ ပြသခဲ့ကြကာ သူပြောသမျှကို တစ်ခွန်းမကျန် လက်ခံခဲ့ကြသည်။ ယခုမူ သူတို့ စိတ်ပြောင်းလဲမှု ဖြစ်ပေါ်လာပြီး ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာကာ ခပ်ခွာခွာ နေကြသည်၊ ဖြစ်နိုင်သည်မှာ သူ့ကို ငြင်းပယ်ကောင်း ငြင်းပယ်မည်၊ ပြီးလျှင် သူ့ကို တိုင်ကြားရန်ပင် ရည်ရွယ်ကောင်း ရည်ရွယ်နိုင်သည်။ ယင်းက ဒုက္ခရောက်စေမည်။ ဤသည်မှာ အန္တိခရစ်တို့က လူတို့၏စိတ်နှလုံးကို စုံစမ်းစစ်ဆေးပြီး ထိန်းချုပ်ပုံ၏ တိကျသော သရုပ်သကန်တစ်ခု မဟုတ်လော။
အန္တိခရစ်သည် တစ်စုံတစ်ခု ပုံမှန်မဟုတ်သည်ကို သတိပြုမိသည့်အခါ အခြေအနေကို သိရှိရန်နှင့် ၎င်း၏ အရင်းခံအကြောင်းရင်းများကို နားလည်ရန် သူ၏ ဘက်တော်သားများ သို့မဟုတ် လက်ကိုင်တုတ်များကို လျင်မြန်စွာ စေလွှတ်သည်။ အပြောင်းအလဲ တစ်စုံတစ်ရာ မရှိလျှင်၊ လူတို့သည် ယခင်အတိုင်းပင် ရှိနေပြီး စိတ်ပြောင်းလဲမှု မရှိခဲ့လျှင် သူ စိတ်သက်သာရာရသွားကာ စိတ်မသက်မသာဖြစ်ခြင်း သို့မဟုတ် တင်းမာခြင်း မရှိတော့ပေ။ သို့ရာတွင် တစ်စုံတစ်ခု ပုံမှန်မဟုတ်သည်ကို၊ သူ့အတွက် အမည်မသိအရာတစ်ခု၊ သူ၏ ကြိုးကိုင်ညွှန်ကြားမှုအောက်တွင် မရှိသော၊ သူ စိတ်ကူးထားသည့်အတိုင်း မဟုတ်သော အရာတစ်ခုကို သူတွေ့ရှိလျှင် ထိုအခါ ယင်းမှာ ပြဿနာရှိပြီ။ သူ စိုးရိမ်ကာ ပူပန်လာပြီး သူ အဆောတလျင် တစ်စုံတစ်ခုကို ဆောင်ရွက်လိမ့်မည်။ သူ၏ လုပ်ရပ်များ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သူသည် လူတို့ သူနှင့် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ရန်၊ စိတ်ပြောင်းလဲမှုများ မရှိစေရန် လိုလားသည်။ လူတို့သည် မိမိတို့၏ အတွေးအခေါ်များကို သူ့အား သိစေရမည်ဖြစ်ပြီး သစ္စာစောင့်သိမှု၊ စိတ်ပိုင်းဖြတ်မှုနှင့် ရိုးသားမှုကို ဖော်ပြလျက် သူ့ထံ အဆက်မပြတ် အစီရင်ခံရမည်။ သူသည် လူတို့၏စိတ်နှလုံးထဲမှ ပြောင်းလဲနေသော အတွေးအခေါ်များနှင့် အယူအဆများ၊ သူတို့၏ အတွေးအခေါ်များ၏ ဦးတည်ရာနှင့် စည်းမျဉ်းများကို အဆက်မပြတ် ထိန်းချုပ်ရမည်။ သဘောထားကွဲလွဲမှုကို သိုဝှက်ထားသော မည်သူ့ကိုမဆို သူထောက်လှမ်း သိရှိသည်နှင့်တစ်ပြိုင်နက် သူတို့ကို ပြောင်းလဲရန် သူကြိုးပမ်းရမည်။ ပြောင်းလဲ၍မရနိုင်လျှင်နှင့် မိတ်ဆွေတစ်ဦး မဖြစ်လာနိုင်လျှင် ထိုအစား ရန်သူတစ်ဦး ဖြစ်လာလိမ့်မည်။ သူ၏ရန်သူ ဖြစ်လာခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ သူတို့သည် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ခံရလိမ့်မည်။ ဤသည်မှာ လုပ်နည်းကိုင်နည်းတစ်မျိုး ဖြစ်သည်။ နောက်တစ်မျိုးလည်း ရှိသေးသည်။ အန္တိခရစ်သည် သူ့အနီးအနား ရှိသူများနှင့်ပတ်သက်၍ အစဉ်သဖြင့် စိုးရိမ်ကြောင့်ကြတတ်ပြီး သူတို့ကို မည်သည့်အခါမျှ အပြည့်အဝ တိုင်းတာနိုင်ခြင်းမရှိဘဲ လူတို့က သူ့ကို ပိုင်းခြားသိမြင်ပြီး တိုင်ကြားမည်ကို ကြောက်ရွံ့ကာ သူ၏ စိတ်နှလုံးထဲ၌ ဤသို့ပြောနေသည်၊ “ငါ အလှူငွေများကို ခိုးယူလိုက်ပြီး ကိုယ့်စိတ်တိုင်းကျ အမှုအရာများကို လုပ်ဆောင်ခဲ့သည်ကို သင်တို့ မြင်လိုက်သလော။ သင်မြင်ခဲ့လျှင် သင် ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသလော။ သင် ငါ့ကို တိုင်နိုင်သလော” ဟူ၍ ဖြစ်သည်။ အချို့ အန္တိခရစ်များသည် နောက်ကွယ်တွင် ကာမဂုဏ်ပင် လိုက်စားကြပြီး သူတို့ ဤသို့တွေးကြသည် “ဤအကြောင်းများကို မည်သူက သိသနည်း။ ယင်းကို သိသည့်သူများက မည်သည့်အရာများ တွေးနေကြသနည်း။ မည်သို့ပင် ဖြစ်စေ ငါသည် မှားယွင်းသော ထင်မြင်မှုတစ်ခုကို ဖန်တီးကာ ဤလူများကို စမ်းသပ်၍ ၎င်းတို့၏ အတွင်းအကျဆုံး အတွေးများကို အစ်ထုတ်ပြီး ၎င်းတို့ အမှန်တကယ်တွင် မည်သည့်အရာကို တွေးနေသည်ကို ကြည့်လျှင်ကောင်းမည်လော” ဟူ၍ ဖြစ်လေသည်။ အန္တိခရစ်တို့သည် ထိုသို့သော အမှုအရာများကို လုပ်ဆောင်မည်လော။ အန္တိခရစ်တို့ကဲ့သို့ ကောက်ကျစ်ဆိုးယုတ်သော လူများအတွက်မူ ထိုသို့သော အမှုအရာများကို လုပ်ဆောင်ခြင်းသည် ပင်ကိုစရိုက်သဖွယ် ဖြစ်နေသော အကျင့်ဖြစ်သည်၊ သူတို့သည် ထိုအရာ၌ ပင်ကိုပါရမီရှိသူများ ဖြစ်ကြသည်၊ သူတို့သည် ယင်းကို လက်ဖျားခါရလောက်အောင် လုပ်ဆောင်ကြသည်။ အန္တိခရစ်သည် လူများကို စုဝေးစေပြီး “ယနေ့ ကျွန်ုပ် လူတိုင်းကို ဤနေရာသို့ ခေါ်ခြင်းမှာ အခြားရည်ရွယ်ချက်ကြောင့် မဟုတ်ဘဲ၊ ယခုတလော အသင်းတော်၌ ကျွန်ုပ်လုပ်ဆောင်ခဲ့သော အလုပ်တွင် ကျွန်ုပ်၏ အားနည်းချက်များကို ဆန်းစစ်ရန်နှင့် ကျွန်ုပ် ထုတ်ဖော်ပြခဲ့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများနှင့်ပတ်သက်၍ ကျွန်ုပ်၏ သိမြင်မှုကို ပြောပြရန်သာ ဖြစ်ပါသည်။ ပွင့်ပွင့်လင်းလင်း ပြောပါ၊ ချုပ်တည်းမထားနှင့်။ ကျွန်ုပ်က သင်တို့ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ပါ။ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းဖြင့် တေ့တေ့ဆိုင်ဆိုင် မိတ်သဟာယဖွဲ့ကြပါစို့။ ကျွန်ုပ် တစ်စုံတစ်ခု လုပ်ခဲ့လျှင် ပြောင်းလဲပါမည်။ မလုပ်ခဲ့လျှင်လည်း ယင်းကို မလုပ်ဆောင်ရန် သတိပေးချက်အဖြစ် မှတ်ယူပါမည်။ ဘုရားအိမ်တော်တွင် အရာအားလုံးသည် ပွင့်လင်းသည်၊ ဖုံးကွယ်ထားခြင်းမရှိ၊ အရှိအတိုင်း ထုတ်ဖော်ထားသည်။ ကျွန်ုပ်တို့သည် အရာအားလုံးကို ဘုရားသခင်ရှေ့မှောက်၌ လုပ်ဆောင်ကြသည်၊ ပြီးလျှင် မည်သူကမျှ အခြားမည်သူ့ကိုမဆို သတိထားရှောင်ရန် မလိုအပ်ပါ။ ညီအစ်ကိုမောင်နှမတို့ စိတ်ချလက်ချ နေကြပါ။ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ခြင်းဖြင့် စတင်ပါမည်။ ယခုတလောတွင် ကျွန်ုပ်၏ ပျင်းရိခြင်းနှင့် ဇာတိပကတိဆိုင်ရာ သက်သာခြင်းကို တပ်မက်ခြင်းတို့ကြောင့် ကျွန်ုပ်၏အလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်ခဲ့ပါ။ ဧဝံဂေလိအလုပ်သည် ယခုရက်ပိုင်း အဆင်ပြေကောင်းမွန်ခြင်း မရှိခဲ့ဘဲ အသင်းတော်အသက်တာကိုလည်း ကျွန်ုပ် များစွာ အာရုံမစိုက်နိုင်ခဲ့ပါ။ ကျွန်ုပ်သည် ဧဝံဂေလိအလုပ်နှင့် အလုပ်များနေပြီး အခြားကိစ္စရပ်များအတွက် အချိန်မပေးနိုင်ခဲ့ပါ။ ကျွန်ုပ်၌ တာဝန်ရှိပါသည်မှာ အမှန်ပင်ဖြစ်သည်။ ကျွန်ုပ်၏ စိတ်ကူးစိတ်သန်းများကို အားကိုးလျက်၊ အသင်းတော်အသက်တာသည် ညီအစ်ကိုမောင်နှမတို့၏ မိမိတို့ကိုယ်ကို စည်းကမ်းဖြင့် ထိန်းသိမ်းခြင်းအားဖြင့် ဖြစ်လိမ့်မည်ဟုလည်းကောင်း၊ ကျွန်ုပ် သိပ်ပြီး စိုးရိမ်ပူပန်ရန် မလိုအပ်ဟုလည်းကောင်း ကျွန်ုပ် ယူဆခဲ့သည်။ သင်တို့အားလုံးသည် အရွယ်ရောက်ပြီးသူများ ဖြစ်ကြပြီး ဘုရားနှုတ်ကပတ်တော်များမှာလည်း အလွန်ရှင်းလင်းလှသောကြောင့် ကျွန်ုပ်သည် ဧဝံဂေလိအလုပ်ကို စိတ်ရောကိုယ်ပါ ဆက်ကပ်ခဲ့သည်။ သို့သော် ဧဝံဂေလိအလုပ်ကိုလည်း ကျွန်ုပ် ကောင်းမွန်စွာ မလုပ်ဆောင်ခဲ့ပါ။ ညီအစ်ကိုမောင်နှမတို့ရှေ့မှောက်၌ ကျွန်ုပ်၏အမှားများကို ဝန်ခံဖို့၊ သင်တို့၏ ခွင့်လွှတ်မှုကို တောင်းခံဖို့၊ ဘုရားသခင်၏ ခွင့်လွှတ်မှုကို တောင်းခံဖို့ လိုအပ်ပါသည်။ ဤနေရာတွင် သင်တို့အားလုံးကို ကျွန်ုပ် ဦးညွှတ်ပါရစေ” ဟု ပြော၏။ လူတိုင်း ဤသည်ကိုမြင်၍ မိမိတို့ဘာသာ ဤသို့တွေးကြသည်၊ “သူ ပြောင်းလဲသွားပြီ၊ သူသည် ယခင်ကကဲ့သို့ ပါးနပ်ပုံမပေါ်တော့။ ယနေ့တွင် သူသည် အဘယ်ကြောင့် အလွန် ရိုးသားစစ်မှန်နေသနည်း။ တစ်ခုခု လွဲနေပြီဖြစ်သည်။ ကျွန်ုပ်သည် အလျင်စလို ကောက်ချက်များမချသင့်။ သူနောက်ထပ် မည်သည့်အရာ ပြောသည်ကို ငါကြည့်မည်” ဟူ၍ဖြစ်သည်။ အန္တိခရစ်သည် သူက နတ်ဆိုးတစ်ကောင်၊ စာတန်တစ်ကောင်ဖြစ်ကြောင်း အသိအမှတ်ပြုကြောင်း၊ တကယ့်အလုပ် တစ်ခုမျှ မလုပ်ဆောင်ခဲ့ကြောင်း ဝန်ခံကြောင်း၊ အထက်၏ မည်သည့်စီရင်ချက်ကိုမဆို လက်ခံရန်နှင့် ညီအစ်ကိုမောင်နှမတို့၏ မည်သည့်ဝေဖန်မှုကိုဖြစ်စေ၊ မည်သည့်ပြစ်တင်ဆုံးမမှုကိုဖြစ်စေ လက်ခံရန် ဆန္ဒရှိကြောင်း ဆက်ပြောသည်။ သူက ထပ်လောင်း၍ ဤသို့ပြောသည်၊ “သူတို့ ကျွန်ုပ်ကို ဖြုတ်ချပြီး ခေါင်းဆောင် မလုပ်စေတော့လျှင်ပင် ကျွန်ုပ်သည် အငယ်ဆုံးသောသူတစ်ဦး ဖြစ်လိုပါသည်။ ကျွန်ုပ်တို့အသင်းတော်မှ ညီအစ်မလီနှင့် သူ့သမီးကို ကျွန်ုပ်၏အလုပ်ကို လွှဲပြောင်းယူရန် ကျွန်ုပ် အကြံပြုပါသည်” ဟု ဖြစ်သည်။ သူသည် သူ၏ဆက်ခံသူကို ရွေးချယ်ပြီးဖြစ်သည်။ သူ၏သဘောထားသည် အတော်အတန် ရိုးသားမှုရှိသည် မဟုတ်လော။ သံသယဖြစ်စရာပင် လိုသေးသလော။ ဤသို့ပြောနေစဉ် သူ စတင်၍ပင် ငိုကြွေးသည်။ ထို့နောက် သူသည် သူ၏ဇနီးကို ခေါ်လာပြီး ဤသို့ပြောသည်၊ “ဤအချိန်အတွင်းတွင် သင်သည်လည်း တကယ့်အလုပ်တစ်ခုမျှ မလုပ်ရသေးပါ။ အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းတို့ကိုသာ ဖြစ်စေပြီး ညီအစ်ကိုမောင်နှမများကို မစဉ်းမစားဖြင့်ပင် ပြုပြင်နေသည်။ သင်သည်လည်း ဖြုတ်ချခြင်းခံရသင့်သည်” ဟု ဖြစ်သည်။ အန္တိခရစ်သည် မိမိကိုယ်ကို ဦးစွာ လက်ညှိုးထိုးပြီးနောက် သူ၏မိသားစုကို လက်ညှိုးထိုးကာ လူတို့က သူ ရိုးသားသည်ဟု ခံစားလာအောင် လုပ်ဆောင်သည်။ လူတိုင်း ဤသည်ကိုကြားသောအခါ တစ်စုံတစ်ယောက်က “အမှန်တော့၊ ကျွန်ုပ်တို့ သင်တို့ကို အချိန်အတော်ကြာကတည်းက ပိုင်းခြားသိမြင်နေခဲ့ကြသည်။ သင်တို့ ကိစ္စရပ်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့နှင့် မတိုင်ပင်ဘဲ သင်တို့အနည်းငယ်သည် အမှုအရာများကို အတူတကွ သီးသန့် ဆွေးနွေးပြီး ဆုံးဖြတ်ချက်များချသည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ်စည်းမျဉ်းများနှင့် မကိုက်ညီပါ။ ထို့အပြင် ကျွန်ုပ်တို့ မသိရဘဲ သင်တို့ထဲတွင် မည်သူကခေါင်းဆောင် ဖြစ်မည်ဆိုသည်ကို အပြီးသတ်ဆုံးဖြတ်ချက်ချကြသည်။ ကျွန်ုပ်တို့တွင် သိခွင့်ပင် မရှိကြ။ သင်တို့ ရွေးချယ်သည့်သူသည် တကယ့်အလုပ်ကို လုပ်ဆောင်ရန် ပျက်ကွက်သည်သာမက အဖျက်အမှောင့် လုပ်ခြင်းများကိုပါ ဖြစ်စေသည်၊ သို့သော်လည်း သင်တို့က ၎င်းတို့ကို မဖြုတ်ချပါ” ဟု ပြောလေသည်။ ညီအစ်ကိုမောင်နှမတို့သည် မိမိတို့၏ ထင်မြင်ယူဆချက်များကို တစ်ယောက်ပြီးတစ်ယောက် ပြောဆိုကြသည်။ အန္တိခရစ် ဤသည်ကိုကြားသောအခါ သူက “ဤသည်မှာ မကောင်းပါ။ သို့သော် ၎င်းတို့က ၎င်းတို့၏ စစ်မှန်သော အတွေးများအားလုံးကို တစ်ပြိုင်တည်း ပွင့်အန်သည်မှာ ကောင်းပါသည်။ ဤအရာက ငါ၏ နောင်အလုပ်တွင် အကျိုးပြုလိမ့်မည်။ ၎င်းတို့က ထုတ်ပြောမည့်အစား ငါ့နောက်ကျောကို ဓါးနှင့်ထိုးကာ ငါမသိဘဲ အထက်ကို တိုက်ရိုက်စာရေးတိုင်ကြားပါက ငါသည် ပွဲသိမ်းမည် မဟုတ်လော။ ကံကောင်းထောက်မ၍ ဤနည်းလမ်းကို ငါ အသုံးပြုခဲ့သည်၊ ငါသည် ထက်မြက်ပြီး လျင်မြန်သော အလိုအလျောက် တုံ့ပြန်မှုရှိသည့်အပြင် သူတို့၏ ထင်မြင်ချက်များကို အချိန်မီ သိလိုက်နိုင်သည်” ဟု တွေးလေသည်။ ထို့နောက် သူက ဟန်ဆောင်၍ “ညီအစ်ကိုမောင်နှမတို့၏ ယုံကြည်ကိုးစားမှုအတွက် ကျေးဇူးတင်ပါသည်၊ ယနေ့ ကျွန်ုပ်၏အမှားများကို စိတ်ရင်းအတိုင်း ဝေဖန်ပြစ်တင်သည့်အတွက် ကျေးဇူးတင်ပါသည်။ အနာဂတ်တွင် ကျွန်ုပ် သေချာပေါက် ပြုပြင်ပြောင်းလဲပါမည်။ မပြုပြင်ပြောင်းလဲခဲ့လျှင် ကျွန်ုပ်၏ဦးခေါင်းပေါ်သို့ အပြစ်ဒဏ်ပေးခြင်းနှင့် ကျိန်ခြင်းများ သက်ရောက်ပါစေ” ဟု ကြွေးကြော်သည်။ အန္တိခရစ်၏ လူတို့၏စိတ်နှလုံးကို စုံစမ်းစစ်ဆေးပြီး ထိန်းချုပ်ခြင်းသည် တံခါးများမှ ချောင်းနားထောင်ခြင်းနှင့် ချောင်းကြည့်ခြင်းတို့သာ မဟုတ်ချေ။ ဆိုးရွားသော အခြေအနေများတွင် သူ၌ လျှို့ဝှက်လက်နက်တစ်ခု ရှိသည်။ မည်သို့သော လျှို့ဝှက်လက်နက်မျိုးနည်း။ သူသည် ဒီမိုကရေစီနှင့် လွတ်လပ်မှုကို ကျင့်သုံးသည်၊ လူတို့အား လုံလောက်သော လွတ်လပ်စွာပြောဆိုခွင့် ပေးသည်၊ သူတို့၏ ထင်မြင်ယူဆချက်များနှင့် အတွင်းစိတ်ခံစားချက်များကို လွတ်လပ်စွာ ဖော်ပြခွင့်ပြုသည်၊ လူတို့၏ အတွင်းစိတ်ခံစားချက်များသည် တိုင်တန်းချက်များပင် ဖြစ်စေကာမူ ယင်းတို့ကို ထုတ်ဖော်ပြောဆိုရန် အားပေးသည်။ ထို့နောက် သူနှင့် သဘောထားကွဲလွဲသူများ သို့မဟုတ် သူ့အပေါ် ထင်မြင်ချက်များ ရှိသူများ၏ အားနည်းချက်များကို လက်မလွှတ်တမ်း အသုံးချပြီး သူတို့ကို တစ်မုဟုတ်ချင်း ရှင်းလင်းဖယ်ရှားပစ်သည်။ အန္တိခရစ်၏ လုပ်နည်းကိုင်နည်းသည် မည်သို့ထင်ရသနည်း။ ယင်းမှာ အလွန်ပင် ကောက်ကျစ်ဆိုးယုတ်သည်။ ယင်းသည် အဆင်းနီသော နဂါးကြီးနှင့် အနည်းငယ် တူသည်မဟုတ်လော။ သူတို့သည် အနှစ်သာရအားဖြင့် အတူတူပင်ဖြစ်ပြီး တူညီသော သဘာဝအနှစ်သာရကို ရှိကြသည်။ ယင်းမှာ အဆင်းနီသော နဂါးကြီးသည် လုပ်ဆောင်သည့်ပုံစံ မဟုတ်လော။ အန္တိခရစ် မည်သို့ လုပ်ဆောင်သည်ကို မြင်ရခြင်းသည် အဆင်းနီသော နဂါးကြီး၏ ရုပ်ဆိုးအကျည်းတန်သော မျက်နှာကို မြင်ရခြင်းနှင့် တူသည်။
အန္တိခရစ်တို့သည် လူတို့ကို ဆွဲဆောင်ဖြားယောင်းရန်နှင့် လူတို့ကို သူတို့အပေါ် ယုံကြည်စိတ်ချပြီး ရင်ဖွင့်စေရန် နှစ်လိုဖွယ်ကောင်းပြီး မှန်ကန်သော စကားများကို အသုံးပြုရာ၌ ကျွမ်းကျင်ကြသည်။ လူတို့၏ အခြေအနေမှန်များကို ထိုလူတို့ထံမှ စုံစမ်းစစ်ဆေးကာ အစ်အောက်မေးပြီးနောက် ရလဒ်မှာ အဘယ်နည်း။ လူတို့က ဤမှန်ကန်သောစကားများကို သူတို့အား ပြောခဲ့သောကြောင့် အန္တိခရစ်တို့ နောင်တရမည်လော။ သူတို့ လက်မြှောက်အရှုံးပေးမည်လော၊ မကောင်းမှုပြုခြင်းကို ရပ်တန့်မည်လော၊ သူတို့၏ အာဏာကို လက်လွှတ်မည်လော၊ အာဏာအတွက် သူတို့၏ လိုအင်ဆန္ဒကို စွန့်လွှတ်မည်လော၊ သူတို့၏ ပိုင်နက်ကို ဖျက်သိမ်းမည်လော။ မည်သည့်အခါမျှ မလုပ်ပါ။ ထိုအစား သူတို့၏ ကြိုးပမ်းအားထုတ်မှုများကို တိုးမြှင့်လုပ်ဆောင်ကြလိမ့်မည်။ လူတို့၏စိတ်နှလုံးကို ထိန်းချုပ်ရန် သူတို့ တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ပြီးနောက် သူတို့နှင့် သဘောထားတိုက်ဆိုင်သူများကို ဆက်လက်ထားရှိပြီး သဘောထားမတိုက်ဆိုင်သူများ အားလုံးကိုမူ ဖယ်ရှားပစ်သည်။ အသင်းတော်ရှိ ညီအစ်ကိုမောင်နှမအချို့သည် ထိုသို့သော အခြေအနေများအောက်တွင် ဖယ်ထုတ်ပစ်ခြင်းကိုဖြစ်စေ၊ နှင်ထုတ်ခြင်းကိုဖြစ်စေ၊ သူတို့၏ ဘုရားနှုတ်ကပတ်တော် စာအုပ်များ သိမ်းဆည်းခြင်းကို ဖြစ်စေ ခံခဲ့ရသည်ကိုမူ ငါတို့ မပယ်ချနိုင်ပေ။ ဤလူပုဂ္ဂိုလ်များသည် မတရားပြုခံခဲ့ရသည်။ မတရားပြုခံရသော ဤညီအစ်ကိုမောင်နှမများ မည်သို့လုပ်ဆောင်သင့်သနည်း။ ဘုရားအိမ်တော်၌ သူတို့ကို ဤသို့ ညှဉ်းပန်းနှိပ်စက်ခဲ့ကာ ယုံကြည်ရန် မဖြစ်နိုင်အောင် ပြုလုပ်ခဲ့သော အန္တိခရစ်တစ်ဦး ပေါ်လာသောကြောင့် သူတို့ ဘုရားသခင်ကို ယုံကြည်ခြင်းကို ရပ်တန့်သင့်သလော။ သူတို့ ထိုသို့ လုပ်ဆောင်နိုင်သလော။ (သူတို့ ထိုသို့ မလုပ်ဆောင်နိုင်ပါ။) အန္တိခရစ်များကိုဖြစ်စေ၊ အမှောင်စွမ်းအားများကိုဖြစ်စေ၊ ကောက်ကျစ်ဆိုးယုတ်သော စွမ်းအားများကိုဖြစ်စေ အလျှော့ပေးခြင်းသည် သို့မဟုတ် ဦးညွှတ်ခြင်းသည် သင့်လျော်သလော။ ယင်းသည် သင်တို့ ရွေးချယ်သင့်သော လမ်းကြောင်းဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သင်တို့ မည်သည့်လမ်းခရီးကို ရွေးချယ်သင့်သနည်း။ (အန္တိခရစ်များကို ဖော်ထုတ်ပြီး တိုင်ကြားရန် ဖြစ်ပါသည်။) တစ်စုံတစ်ဦးသည် အန္တိခရစ်ဖြစ်ကြောင်း သင် တွေ့ရှိသည့်အခါ ငါ သင့်ကို ပြောမည်၊ အကယ်၍ သူတို့၏ သြဇာလွှမ်းမိုးမှုမှာ ကြီးမားပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များစွာတို့က သူတို့စကားကို နားထောင်ကာ သင်၏စကားကို နားမထောင်လျှင်၊ သူတို့ကို သင် ဖော်ထုတ်လိုက်ပါက သင်သည်လည်း မထူးတော့သည့်အတူတူ အကြဉ်ခံရကောင်းခံရနိုင်လျှင် သို့မဟုတ် ဖယ်ထုတ်ပစ်ခြင်း ခံရကောင်း ခံရနိုင်လျှင် သင်၏ နည်းဗျူဟာကို သေချာစဉ်းစားရမည်။ သူတို့ကို တစ်ဦးတည်း မရင်ဆိုင်နှင့်။ အနိုင်ရနိုင်ချေသည် သင့်ဘက်တွင် မရှိချေ။ သမ္မာတရားကို နားလည်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်းရှိသော လူအနည်းငယ်ကို ဦးစွာ ဆက်သွယ်ပြီး သူတို့နှင့် မိတ်သဟာယဖွဲ့ရန် ရှာဖွေလော့။ သင်တို့ သဘောတူညီချက်တစ်ခု ရရှိလျှင် သမ္မာတရားကို လက်ခံနိုင်ပြီး သဘောတူညီမှုတစ်ခု ရယူနိုင်မည့် နောက်ထပ် ခေါင်းဆောင်နှစ်ဦး သို့မဟုတ် အမှုဆောင်နှစ်ဦးထံ ချဉ်းကပ်လော့။ လူအများ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အန္တိခရစ်ကို ပူးတွဲ ဖော်ထုတ်ပြီး ကိုင်တွယ်လော့။ ဤနည်းအားဖြင့် သင်တို့ အောင်မြင်နိုင်ချေ ရှိသည်။ အကယ်၍ အန္တိခရစ်၏ သြဇာလွှမ်းမိုးမှု အလွန်ကြီးမားလျှင် သင်တို့ အထက်သို့ တိုင်ကြားစာတစ်စောင် ရေးသား၍လည်း ပေးပို့နိုင်သည်။ ဤသည်မှာ အကောင်းဆုံး ချဉ်းကပ်နည်း ဖြစ်သည်။ ခေါင်းဆောင်အချို့နှင့် အမှုဆောင်အချို့က သင်တို့ကို ဖိနှိပ်ရန် အမှန်တကယ် ကြိုးစားလျှင် သင်တို့က သူတို့ကို “အကယ်၍ သင်တို့ ကျွန်ုပ်တို့၏ ဖော်ထုတ်မှုနှင့် တိုင်ကြားမှုကို လက်မခံလျှင် ကျွန်ုပ်တို့ ဤကိစ္စကို အထက်သို့ တင်ပြပြီး သူတို့အား သင်တို့ကို ကိုင်တွယ်စေမည်” ဟု ပြောနိုင်သည်။ ဤသည်က သင်တို့၏ အောင်မြင်နိုင်ချေကို တိုးစေသည်၊ အကြောင်းမှာ သူတို့ သင်တို့ကို ဆန့်ကျင်လှုပ်ရှားရန် မဝံ့ရဲတော့သောကြောင့် ဖြစ်သည်။ အန္တိခရစ်များနှင့် ဆက်ဆံရာတွင် သင်တို့သည် ဤယုံကြည်စိတ်ချရသော ချဉ်းကပ်နည်းကို ကျင့်သုံးရမည်။ တစ်ဦးတည်း ဘယ်တော့မှ မလုပ်ဆောင်နှင့်။ အကယ်၍ သင်တို့၌ ခေါင်းဆောင်အချို့နှင့် အမှုဆောင်အချို့၏ ထောက်ခံမှု မရှိလျှင် သင်တို့ အထက်သို့ တိုင်ကြားစာတစ်စောင် ရေးသား၍ ပေးပို့နိုင်သည်မှတစ်ပါး သင်တို့၏ ကြိုးပမ်းအားထုတ်မှုများသည် ကျရှုံးရန် ကံကြမ္မာပါလာသည်။ အန္တိခရစ်တို့သည် အလွန်ပင် မသိမသာဒုက္ခပေးပြီး စဉ်းလဲကြသည်။ အကယ်၍ သင်တို့၌ လုံလောက်သော သက်သေအထောက်အထား မရှိလျှင် သူတို့ကို ဆန့်ကျင်ရန် ရှောင်ကြဉ်လော့။ သူတို့ကို ကျိုးကြောင်းပြပြောဆိုခြင်းဖြစ်စေ၊ သူတို့နှင့် ငြင်းခုံခြင်းဖြစ်စေ အသုံးမဝင်၊ သူတို့ကို ပြောင်းလဲရန် ကြိုးစားဖို့ မေတ္တာပြခြင်းသည် အကျိုးမရှိဘဲ သူတို့နှင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းသည် အလုပ်ဖြစ်မည်မဟုတ်။ သူတို့ကို သင် ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ပေ။ သူတို့ကို သင် မပြောင်းလဲနိုင်သည့် အခြေအနေတွင် သင်၏ အကောင်းဆုံး လုပ်ဆောင်သင့်သည့် နည်းလမ်းမှာ သူတို့နှင့် ရင်းနှီးပွင့်လင်းစွာ ပြောဆိုဆွေးနွေးခြင်း၊ သူတို့နှင့် ကျိုးကြောင်းပြပြောဆိုခြင်းနှင့် သူတို့ နောင်တရသည်အထိ စောင့်ဆိုင်းခြင်းတို့ မဟုတ်ချေ။ ထိုအစား သူတို့ မသိစေဘဲ သူတို့ကို ဖော်ထုတ်ပြီး တိုင်ကြားလော့၊ အထက်က သူတို့ကို ကိုင်တွယ်စေလော့၊ လူအများကို သူတို့အား ပိုမို၍ ဖော်ထုတ်ရန်၊ တိုင်ကြားရန်၊ ငြင်းပယ်ရန် တိုက်တွန်းအားပေးလော့၊ နောက်ဆုံးတွင် သူတို့ကို အသင်းတော်မှ အမြစ်ပါမကျန် ဖယ်ရှားရှင်းလင်းသည်အထိ ဖြစ်စေလော့။ ဤသည်မှာ ကောင်းသော လုပ်နည်းကိုင်နည်း တစ်ခုမဟုတ်လော။ အကယ်၍ သူတို့က သင်တို့၏ အတွင်းစိတ်သဘောထားများကို အစ်အောက်မေးမြန်းရန်၊ သင်တို့ကို စုံစမ်းစစ်ဆေးရန်၊ သင်တို့ သူတို့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း တစ်စုံတစ်ရာ ရှိမရှိ ကြည့်ရန် ရည်ရွယ်လျှင်၊ သူတို့ကို သင် အန္တိခရစ်အဖြစ် ခွဲခြားသိမြင်ပြီးဖြစ်ပါက သင် မည်သို့လုပ်ဆောင်သင့်သနည်း။ (ကျွန်ုပ် သူတို့နှင့် အမှန်အတိုင်း မပြောဆိုသင့်ဘဲ လောလောဆယ် သူတို့စကားအတိုင်း လိုက်ပြောသင့်ပြီး ကျွန်ုပ်၏ ပိုင်းခြားသိမြင်နိုင်စွမ်းကို သူတို့ မသိရှိစေဘဲ ထို့နောက် ကျွန်ုပ် သူတို့ကို တိတ်တဆိတ် ဖော်ထုတ်ပြီး တိုင်ကြားသင့်ပါသည်။) ဤလုပ်နည်းကိုင်နည်းသည် မည်သို့ရှိသနည်း။ (ကောင်းပါသည်။) သင်တို့သည် နတ်ဆိုးများနှင့် စာတန်များ၏ အကြံအစည်များကို ထိုးထွင်းသိမြင်ရမည်ဖြစ်ပြီး သူတို့၏ ထောင်ချောက်များကို မတော်တဆ မလှုံ့ဆော်မိစေရန် သို့မဟုတ် သူတို့၏ ချောက်များထဲသို့ မကျရောက်စေရန် ရှောင်ကြဉ်ရမည်။ စာတန်များနှင့် နတ်ဆိုးများနှင့် ဆက်ဆံသည့်အခါ သင်တို့ ဉာဏ်ပညာကို အသုံးပြုရမည်ဖြစ်ပြီး သူတို့နှင့် အမှန်အတိုင်း ပြောဆိုခြင်းမှ ရှောင်ကြဉ်ရမည်။ အကြောင်းမှာ သင်တို့ အမှန်အတိုင်း ပြောဆိုနိုင်သည့်သူများမှာ ဘုရားသခင်နှင့် စစ်မှန်သော ညီအစ်ကိုမောင်နှမများ ဖြစ်သောကြောင့် ဖြစ်သည်။ သင်တို့သည် စာတန်များ၊ နတ်ဆိုးများ၊ သို့မဟုတ် အန္တိခရစ်များနှင့် ဘယ်တော့မှ အမှန်အတိုင်း မပြောဆိုသင့်ချေ။ ဘုရားသခင်သာလျှင် သင်တို့၏ စိတ်နှလုံးထဲ၌ ရှိသည့်အရာကို နားလည်ရန်နှင့် သင်တို့၏ စိတ်နှလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲကာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် ထိုက်တန်သည်။ မည်သူမျှ၊ အထူးသဖြင့် နတ်ဆိုးများနှင့် စာတန်များသည် သင်တို့၏ စိတ်နှလုံးကို ထိန်းချုပ်ရန် သို့မဟုတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် အရည်အချင်း မပြည့်မီပေ။ ထို့ကြောင့် အကယ်၍ နတ်ဆိုးများနှင့် စာတန်များက သင်တို့ထံမှ အမှန်တရားကို အစ်အောက်မေးမြန်းရန် ကြိုးစားလျှင် သင်၌ “မဟုတ်ဘူး” ဟု ပြောပိုင်ခွင့်၊ ယင်းကို ဖြေကြားရန် ငြင်းပိုင်ခွင့်နှင့် သတင်းအချက်အလက်ကို ထိမ်ချန်ထားပိုင်ခွင့် ရှိသည်။ ဤသည်မှာ သင်၏ အခွင့်အရေး ဖြစ်သည်။ အကယ်၍ သင်က “သင် နတ်ဆိုး၊ သင် ကျွန်ုပ်၏စကားများကို အစ်အောက်မေးမြန်းလိုသည်၊ သို့သော် ကျွန်ုပ် သင်နှင့် အမှန်အတိုင်း မပြောဆို၊ ကျွန်ုပ် သင့်ကို ပြောမည်မဟုတ်။ ကျွန်ုပ် သင့်ကို တိုင်ကြားမည်။ သင် ကျွန်ုပ်ကို မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ အကယ်၍ သင် ကျွန်ုပ်ကို ညှဉ်းပန်းနှိပ်စက်ဝံ့လျှင် ကျွန်ုပ် သင့်ကို တိုင်ကြားမည်၊ အကယ်၍ သင် ကျွန်ုပ်ကို ညှဉ်းပန်းနှိပ်စက်လျှင် ဘုရားသခင်က သင့်ကို ကျိန်ဆဲပြီး အပြစ်ဒဏ်ပေးလိမ့်မည်” ဟု ပြောလျှင် ထိုသို့ အလုပ်ဖြစ်မည်လော။ (ထိုသို့ အလုပ်မဖြစ်ပါ။) သမ္မာကျမ်းစာက ဤသို့ဆိုသည်၊ “ထို့ကြောင့် သင်တို့သည် မြွေကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့။” (ရှင်မဿဲခရစ်ဝင် ၁၀:၁၆)။ ထိုသို့သော အခြေအနေများတွင် သင်တို့ မြွေကဲ့သို့ လိမ္မာရမည်၊ သင်တို့ ဉာဏ်ပညာရှိသင့်သည်။ ငါတို့၏ စိတ်နှလုံးများသည် ဘုရားသခင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန်နှင့် ပိုင်ဆိုင်ရန်သာ သင့်လျော်သည်၊ ကိုယ်တော့်ကိုသာ ပေးအပ်သင့်သည်။ ဘုရားသခင်သာလျှင် ငါတို့၏ စိတ်နှလုံးကို ပိုင်ဆိုင်ရန် ထိုက်တန်သည်၊ စာတန်များနှင့် နတ်ဆိုးများသည် ထိုက်တန်ခြင်းမရှိပေ။ ထို့ကြောင့် အန္တိခရစ်တို့သည် ငါတို့၏ စိတ်နှလုံးထဲ၌ ရှိသည့်အရာ သို့မဟုတ် ငါတို့ တွေးတောနေသည့်အရာကို သိခွင့်ရှိသလော။ သူတို့၌ ထိုအခွင့်အရေး မရှိချေ။ သင်တို့ထံမှ အမှန်တရားကို အစ်အောက်မေးမြန်းရန်နှင့် သင်တို့ကို စုံစမ်းစစ်ဆေးရန် သူတို့ ကြိုးစားခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သူတို့သည် သင်တို့ကို ထိန်းချုပ်ရန် ရည်ရွယ်သည်၊ သင်တို့ ဤအရာကို ရှင်းလင်းစွာ သတိပြုမိရမည်။ သို့ဖြစ်၍ သူတို့နှင့် အမှန်အတိုင်း မပြောဆိုနှင့်။ သင်သည် ၎င်းတို့အား ဖော်ထုတ်ပြီး ငြင်းပယ်ရန်၊ ၎င်းတို့၏ ရာထူးမှ ဖြုတ်ချပြီး ၎င်းတို့အား မည်သည့်အခါမျှ အောင်မြင်ခွင့်မပေးရန် ပို၍များသော ညီအစ်ကိုမောင်နှမတို့ကို စည်းလုံးစေရန် နည်းလမ်းများ ရှာဖွေရမည်။ ဘုရားအိမ်တော်၌ နောက်တစ်ကြိမ် အဖျက်အမှောင့်လုပ်ရန်နှင့် အာဏာအသုံးပြုရန် သူတို့ကို မည်သည့်အခွင့်အရေးမျှ မပေးဘဲ အသင်းတော်မှ သူတို့ကို အမြစ်ပါမကျန် ဖယ်ရှားရှင်းလင်းပစ်လော့။
အန္တိခရစ်တို့က လူတို့၏စိတ်နှလုံးကို စုံစမ်းစစ်ဆေးပြီး ထိန်းချုပ်ခြင်းသည် သိသာထင်ရှားသော လက်တွေ့အရှိတရားတစ်ခု ဖြစ်သည်။ အန္တိခရစ်တို့၏ အနှစ်သာရကို အကဲဖြတ်ကြည့်လျှင် ထိုသို့သော လုပ်ဆောင်ချက်များကို ဆောင်ရွက်ခြင်းသည် သူတို့အတွက် သဘာဝအတိုင်း ဖြစ်ပေါ်လာပြီး အတော်ပင် သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်ကြောင်း သိသာထင်ရှားသည်။ အသင်းတော်အမျိုးမျိုးတွင် အန္တိခရစ်တို့သည် ညီအစ်ကိုမောင်နှမများကြားထဲသို့ စိမ့်ဝင်ထိုးဖောက်ရန်၊ သတင်းအချက်အလက်များကို စုံစမ်းစစ်ဆေးရန်နှင့် အတွင်းသတင်းအချက်အလက်များကို စုဆောင်းရန် သူတို့၏ လူယုံများကို မကြာခဏ စေလွှတ်သည်။ တစ်ခါတစ်ရံ သူတို့ စုဆောင်းရရှိသော သတင်းအချက်အလက်များသည် အိမ်တွင်း အသေးအဖွဲကိစ္စများ သို့မဟုတ် လူအချင်းချင်းကြားမှ သာမန်စကားစမြည် ပြောဆိုခြင်းများနှင့် သက်ဆိုင်ပြီး ယင်းတို့မှာ လုံးဝ အရေးမကြီးချေ။ သို့ရာတွင် အန္တိခရစ်တို့သည် လူတို့၏ အတွေးအခေါ်များနှင့် ထင်မြင်ယူဆချက်များ၏ ပြောင်းလဲမှုများကို အချိန်မီ သိရှိနားလည်နိုင်ရန်အလို့ငှာ ဤကိစ္စရပ်များအပေါ် အမြဲတမ်း တစ်ဆိတ်ကိုတစ်အိတ်ဖြစ်အောင် လုပ်ကြပြီး ယင်းတို့ကို အတွေးအခေါ်များနှင့် ရှုမြင်ပုံအဆင့်အထိပင် မြှင့်တင်ကြသည်။ ဤသည်မှာ သူတို့ အခြေအနေများနှင့် လူတစ်ဦးချင်းစီ၏ အခြေအနေကို လွယ်ကူစွာ ထိန်းချုပ်နိုင်ရန်၊ တစ်ဦးချင်းစီကို အချိန်မီ တုံ့ပြန်နိုင်ရန် ဖြစ်သည်။ အန္တိခရစ်တို့သည် အာဏာနှင့် အဆင့်အတန်းတို့နှင့်ပတ်သက်သည့် သူတို့၏ လုပ်ရပ်များတွင် အထူးပင် တိကျကြသည်။ မည်သည့်အတိုင်းအတာအထိ တိကျသနည်း။ ကိစ္စရပ်များကို မည်သို့ကိုင်တွယ်ပုံနှင့် ပတ်သက်သည့် တစ်ဦးချင်းစီ၏ ရှုမြင်ပုံအပြင်၊ ရုပ်ဝတ္ထုပစ္စည်းများ၊ ငွေကြေး၊ အဆင့်အတန်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ တာဝန်များထမ်းဆောင်ခြင်းနှင့် အလုပ်မှ ထွက်ခြင်းတို့အပေါ်ထားသော သူတို့၏ ရှုမြင်ပုံတို့အားလုံးကို သူတို့က နောကျေအောင် သိလိုကြသည်။ သူတို့ ယင်းကို နောကျေအောင် သိရှိနားလည်ပြီးသည့်နောက်တွင် အန္တိခရစ်တို့သည် လူတို့အတွက် ထောက်ပံ့ရန်၊ လူတို့၏ လွဲမှားသော ရှုမြင်ပုံများကို ပြုပြင်ပြောင်းလဲရန်၊ သို့မဟုတ် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးမပြုကြပေ။ ထိုအစား သူတို့သည် ယင်းကို သူတို့၏ ကိုယ်ပိုင်အဆင့်အတန်း၊ အာဏာနှင့် ပိုင်နက်အတွက် အသုံးချကြသည်။ ဤသည်မှာ အန္တိခရစ်တို့၏ လူတို့၏စိတ်နှလုံးကို စုံစမ်းစစ်ဆေးပြီး ထိန်းချုပ်ခြင်း၏ ရည်ရွယ်ချက် ဖြစ်သည်။ အန္တိခရစ်တို့အတွက်မူ သူတို့လုပ်ဆောင်သမျှ အရာအားလုံးသည် အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိသည်ဟု ထင်ရသော်လည်း အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိသည်ဟု ယူဆရသော ဤအရာအားလုံးသည် ဘုရားသခင်က အတိအကျ ပြစ်တင်ရှုတ်ချသော အရာများသာ ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို အတိအကျ သစ္စာဖောက်ကြပြီး ဘုရားသခင်နှင့် ရန်ဘက်ဖြစ်ကြသည်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။