အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၂) အခန်း လေး

အန္တိခရစ်များသည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ မည်သို့ကျိုးနွံနာခံစေပုံကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း

၃။ မိမိတို့၏အလုပ်၌ အခြားလူတို့အား ဝင်ရောက်စွက်ဖက်ခွင့်၊ စုံစမ်းမေးမြန်းခွင့်၊ သို့မဟုတ် မိမိတို့ကို ကြီးကြပ်ခွင့် ပေးရန် အန္တိခရစ်တို့၏ ငြင်းဆန်မှုကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း

ငါတို့၏ ပြီးခဲ့သော မိတ်သဟာယ၏ အကြောင်းအရာမှ ရှေ့ဆက်ရလျှင် အန္တိခရစ်များက ပေါ်လွင်စေသည့် နည်းအမျိုးမျိုးထဲမှ အချက်ရှစ်ဖြစ်သည့် ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် ဟူ၍ ဖြစ်သည်။ ဤအချက်ကို အခန်းငယ်လေးခုအဖြစ် ငါတို့ ခွဲခြားခဲ့သည်။ ငါတို့၏ ပြီးခဲ့သော စုဝေးပွဲတွင် အခန်းငယ်နှစ်ခုကို ငါတို့ဆွေးနွေးခဲ့သည်။ ပထမတစ်ခုမှာ ၎င်းတို့သည် မည်သူနှင့်မျှ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းမရှိခြင်းဖြစ်သည်။ ဒုတိယတစ်ခုမှာ ၎င်းတို့၌ လူတို့ကို ထိန်းချုပ်ပြီး သိမ်းပိုက်ရန် လိုအင်ဆန္ဒနှင့် ရည်မှန်းချက်တို့ ရှိနေခြင်းဖြစ်သည်။ တတိယတစ်ခုမှာ အဘယ်နည်း။ ၎င်းတို့တာဝန်ယူလုပ်ဆောင်သော မည်သည့်အလုပ်မဆိုတွင် အခြားလူတို့အား ဝင်ရောက်စွက်ဖက်ခွင့်၊ စုံစမ်းမေးမြန်းခွင့်၊ သို့မဟုတ် မိမိတို့ကို ကြီးကြပ်ခွင့် ပေးရန် ၎င်းတို့၏ ငြင်းဆန်မှု ဖြစ်သည်။ ၎င်းတို့တာဝန်ယူလုပ်ဆောင်သော မည်သည့်အလုပ်မဆို၌ မည်သည့်အရာ ပါဝင်ကောင်းပါဝင်နိုင်သနည်း။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်က တာဝန်ခံရနိုင်သည့် မည်သည့်အလုပ်အစီအစဉ်မဆို ပါဝင်ပြီး အဖွဲ့ကြီးကြပ်ရေးမှူး၊ သို့မဟုတ် အဖွဲ့ခေါင်းဆောင်တစ်ဦးက တာဝန်ခံရနိုင်သည့် အလုပ်လည်း ပါဝင်သည်။ ယင်းသည် နယ်ပယ်တစ်ခုခုတွင် အတတ်ပညာပိုင်းဆိုင်ရာအလုပ်၊ သို့မဟုတ် လူတစ်ဦးတည်း၏ အလုပ်လည်း ဖြစ်နိုင်သည်။ အလုပ်တစ်ခုတလေကို တာဝန်ယူလုပ်ဆောင်သော ဤသူသည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင် ဖြစ်နိုင်သည်၊ သို့မဟုတ် သာမန်ညီအစ်ကိုမောင်နှမတစ်ယောက် ဖြစ်နိုင်သည်။ ၎င်းတို့သည် အခြားလူတို့အား ဝင်ရောက်စွက်ဖက်ခွင့်၊ စုံစမ်းမေးမြန်းခွင့်၊ သို့မဟုတ် မိမိတို့ကို ကြီးကြပ်ခွင့် ပေးရန် ငြင်းဆန်လျှင် ၎င်းတို့ရောက်ရှိနေသည်မှာ မည်သည့်အခြေအနေဖြစ်သနည်း။ မည်သည့်အပြုအမူက ဤငြင်းဆန်မှုနှင့် ဆက်နွှယ်နေသနည်း။ ဤသည်မှာ အန္တိခရစ်များ၏ ရှစ်ခုမြောက် သရုပ်သကန်ထဲသို့ ကျရောက်သည့် အခြားအပြုအမူတစ်ခုဖြစ်သည်။ ၎င်းတို့အနှစ်သာရ၏ အခြားထုတ်ဖော်မှုတစ်ခုဖြစ်သည်။ တာဝန်တစ်မျိုးစီတွင် အတတ်ပညာပိုင်းဖြစ်သော အလုပ်တစ်ခုခုရှိပြီး အသက်ဝင်ရောက်မှု တိုက်ရိုက်ပါဝင်ပတ်သက်သော အလုပ်တစ်ခုခုရှိသည်။ အတတ်ပညာပိုင်းအလုပ်တွင် နည်းပညာ၊ အသိပညာ၊ သင်ယူမှု၊ ဝန်ထမ်းစီမံခန့်ခွဲမှုတို့ကဲ့သို့သော ကဏ္ဍအားလုံးပါဝင်သည်။ ဤသည်တို့အားလုံးမှာ ယင်းတွင် ပါဝင်သည်။ လူအချို့သည် အလုပ်တစ်ခုကို တာဝန်ယူပြီး ယင်းကို မိမိတို့ဘာသာ စတင်အလုပ်လုပ်သည်။ အခြားလူများနှင့် မဆွေးနွေးပေ။ ပြီးလျှင် ၎င်းတို့၌ အခက်အခဲများရှိသောအခါ အခြားလူများ၏ အကြံဉာဏ်ကို မရှာလိုပေ။ ၎င်းတို့သည် တစ်ဦးတည်းသော စီရင်သူဖြစ်လိုပြီး အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိလိုသည်။ အခြားလူများက ၎င်းတို့ကို အနည်းငယ်ကူညီဖို့ မျှော်လင့်လျက် သူတို့၏ အယူအဆများနှင့် အကြံဉာဏ်ကို ပေးနိုင်သော်လည်း ၎င်းတို့က လက်ခံသလော။ (လက်မခံပါ။) ၎င်းတို့ လက်မခံနိုင်ပေ။ ယင်းသည် မည်သည့်စိတ်သဘောထားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် အခြားလူတို့အား ဝင်ရောက်စွက်ဖက်ခွင့်၊ စုံစမ်းမေးမြန်းခွင့်၊ သို့မဟုတ် မိမိတို့၏ တာဝန်ထမ်းဆောင်မှုကို ကြီးကြပ်ခွင့်ပေးရန် ၎င်းတို့ ငြင်းဆန်သည်မှာ မည်သည့်စိတ်သဘောထားက ၎င်းတို့ကို အုပ်စိုးနေခြင်းဖြစ်သနည်း။ ၎င်းတို့က “ဤအလုပ်အကိုင်အကြောင်းကို ငါသိပြီး သဘောတရားကိုလည်း သိသည်။ အသင်းတော်က ငါ့အား ဤအလုပ်ကို တာဝန်ပေးခဲ့သည်။ ထို့ကြောင့် ငါ့ဘာသာ လုပ်ဆောင်မည်” ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် အလုပ်နှင့်ပတ်သက်သည့် မည်သည့်အချက်အလက်ကိုမဆို၊ သို့မဟုတ် အလုပ်တိုးတက်မှုကို အခြားလူများအား ထုတ်ဖော်ပြောဖို့ ငြင်းဆန်ခြင်းအား မှန်ကန်ကြောင်း ရှင်းချက်ထုတ်ရန်အတွက် ဤအလုပ်အကိုင်ကို ၎င်းတို့နားလည်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် အတွင်းလူဖြစ်သည်ဟုလည်းကောင်း မကြာခဏ အခိုင်အမာဆိုကြသည်။ ၎င်းတို့သည် အလုပ်တွင် ဖြစ်ပေါ်လာသော နမော်နမဲ့ဖြစ်ခြင်းများ၊ အမှားများ၊ သို့မဟုတ် မတော်တဆမှုများနှင့်ပတ်သက်၍ပင် အခြားလူများကို အသိမပေးလိုပေ။ တစ်စုံတစ်ယောက်က ဤသို့သောအရာတစ်ခုကို သိပြီး စုံစမ်းမေးမြန်းလိုသည်နှင့်၊ ပါဝင်ပတ်သက်လိုသည်နှင့်၊ သို့မဟုတ် ပို၍သိအောင် လုပ်ဆောင်လိုသည်နှင့် ၎င်းတို့က အဖြေပေးရန် ငြင်းဆန်ပြီး “ငါ့အလုပ်၏ နယ်ပယ်အတွင်းရှိသော အရာများသည် ငါ၏ ပိုင်နက်ဖြစ်သည်။ သင့်တွင် စုံစမ်းမေးမြန်းမှုများ ပြုလုပ်ပိုင်ခွင့်မရှိ။ အသင်းတော်က သင့်အား ဤအလုပ်ကို တာဝန်မပေးခဲ့ပါ။ ငါ့ကို တာဝန်ပေးခဲ့ခြင်းဖြစ်ပြီး ငါသည် ယင်းကို လျှို့ဝှက်ထားရမည်” ဟု ဆိုသည်။ ဤသည်မှာ ကျိုးကြောင်းဆီလျော်သော ရှင်းချက်ထုတ်ခြင်း ဖြစ်သလော။ “လျှို့ဝှက်ထားခြင်း”သည် ၎င်းတို့အနေဖြင့် မှန်သလော။ (မမှန်ပါ။) အဘယ်ကြောင့် မမှန်သနည်း။ အလုပ်တွင် ဖြစ်ပေါ်သော အလုပ်၏အခြေအနေ၊ နမော်နမဲ့ဖြစ်ခြင်းများ၊ ပြဿနာများအကြောင်းကိုလည်းကောင်း၊ ယင်း၏ အစီအစဉ်နှင့် ဦးတည်ချက်တို့ကိုလည်းကောင်း အခြားလူများနှင့် မိတ်သဟာယဖွဲ့ခြင်းသည် သတင်းအချက်အလက် ပေါက်ကြားခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ပေါ်ထွက်လာခဲ့လျှင် အသင်းတော်၏ ဘေးကင်းလုံခြုံမှုကို ထိခိုက်စေမည့်၊ အခြားလူများကို ပြောရန် မသင့်လျော်မည့် အချို့သော သီးသန့်အချက်အလက်များမှ လွဲ၍ ယင်းသည် သတင်းအချက်အလက် ပေါက်ကြားခြင်း မဟုတ်ပေ။ ထိုသို့သော အခြေအနေများတွင် ယင်းတို့ကို မပြောခြင်းသည် ကိစ္စမရှိပေ။ သို့သော် ၎င်းတို့သည် ကျိုးကြောင်းပြချက်အဖြစ် ၎င်းတို့၏ လျှို့ဝှက်ကိစ္စကို အသုံးပြုနေလျှင်၊ ၎င်းတို့အလုပ်နယ်ပယ်အတွင်းကျရောက်သော မည်သည့်အရာကိုမဆို အခြားလူများအား သိကို သိခွင့်မပေးလျှင်၊ သာမန်ညီအစ်ကိုမောင်နှမများထံမှရော၊ ခေါင်းဆောင်များနှင့် အမှုဆောင်များထံမှပါ မေးမြန်းစုံစမ်းခြင်းများ၊ မေးခွန်းထုတ်ခြင်း၊ သို့မဟုတ် သတင်းအချက်အလက် တောင်းခံခြင်းများကို အတိုက်အခံပြုပြီး ငြင်းဆန်လျှင် ထိုနေရာ၌ မည်သည့်ပြဿနာရှိသနည်း။ ဥပမာ ၎င်းတို့သည် တစ်စုံတစ်ခုကို နည်းလမ်းတစ်ခုဖြင့် လုပ်ဆောင်လိုခြင်း ရှိကောင်းရှိနိုင်သည်။ တစ်စုံတစ်ယောက်က ၎င်းတို့အား “သင်သည် ဤသို့လုပ်ဆောင်လျှင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများတွင် ဆုံးရှုံးမှုဖြစ်ပေါ်လိမ့်မည်ဖြစ်ပြီး သင်သည် လမ်းကြောင်းလွဲလိမ့်မည်။ ဤအစား ဤသို့ ငါတို့လုပ်ဆောင်လျှင် အဘယ်သို့နည်း” ဟု ပြောသည်။ ၎င်းတို့က “သင်ပြောသကဲ့သို့ ငါလုပ်ဆောင်လျှင် ငါ၏ နည်းလမ်းက မကောင်းဟု အခြားလူများကို ပြမည်မဟုတ်လော။ ပြီးလျှင် ဤအလုပ်နှင့်ပတ်သက်သော နာမည်ကောင်းကို သင်ရမည်မဟုတ်လော။ အလုပ်ဖြစ်မည်မဟုတ်။ သင်၏နည်းလမ်းအတိုင်း လိုက်၍ လုပ်ဆောင်ရန် သဘောတူခြင်းထက် လမ်းကြောင်းသာ လွဲလိုက်ချင်သည်။ ငါ၏ နည်းလမ်းကို ဖက်တွယ်ထားရမည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားတွင် ဆုံးရှုံးမှု ဖြစ်ပေါ်မည်လောဆိုသည်ကို ငါဂရုမစိုက်။ အရေးကြီးသည်မှာ ငါ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းဖြစ်သည်။ အရေးကြီးသည်မှာ ငါ၏ သိက္ခာဖြစ်သည်” ဟူ၍ မိမိတို့ဘာသာ တွေးသည်။ ၎င်းတို့လုပ်ဆောင်သည့်အရာက မှားလျှင်ပင် သူတို့သည် မိမိတို့၏အမှားကို ထပ်ဆင့်၍သာ ပြုကြမည်ဖြစ်ပြီး မည်သူ့ကိုမျှ ဝင်ရောက်စွက်ဖက်ခွင့်ပြုမည်မဟုတ်။ ယင်းသည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားမဟုတ်သလော။ (ဟုတ်ပါသည်။) အခြားလူများကို ဝင်ရောက်စွက်ဖက်ခွင့်မပြုခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။ မိမိ၏ ကိုယ်ပိုင်လုပ်ငန်းကို ပါဝင်ဆောင်ရွက်ခြင်း ဖြစ်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများမှာ ၎င်းတို့အတွက် အရေးကြီးသည့်အရာ မဟုတ်သကဲ့သို့ ဘုရားအိမ်တော်၏ အလုပ်သည် ၎င်းတို့၏ အာရုံစိုက်ရာမဟုတ်ပေ။ ထိုစည်းမျဉ်းအတိုင်း ၎င်းတို့အလုပ်မလုပ်ပေ။ ထိုအစား ၎င်းတို့သည် ၎င်းတို့၏ တစ်ကိုယ်ရေအကျိုးစီးပွားများ၊ ၎င်းတို့၏ အဆင့်အတန်းနှင့် သိက္ခာတို့အပေါ် အာရုံစိုက်၍ အလုပ်လုပ်သည်။ ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားများသည် ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် ကိုယ်ပိုင်အကျိုးစီးပွားများအတွက် အစေခံရမည်။ ဤအတွက်ကြောင့် အခြားလူများအား ၎င်းတို့၏အလုပ်ကို ဝင်ရောက်စွက်ဖက်ခွင့်၊ သို့မဟုတ် စုံစမ်းမေးမြန်းခွင့်မပြုခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်က ၎င်းတို့အလုပ်ကို ဝင်ရောက်စွက်ဖက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အဆင့်အတန်းနှင့် အကျိုးစီးပွားများသည် ခြိမ်းခြောက်ခြင်းခံရမည်ဟုလည်းကောင်း၊ ၎င်းတို့၏ အားနည်းချက်များ၊ ချို့ယွင်းချက်များအပြင် ၎င်းတို့အလုပ်ရှိ ပြဿနာများ၊ လမ်းလွဲခြင်းများသည် ဖော်ထုတ်ခြင်းခံရဖွယ် ရှိသည်ဟုလည်းကောင်း ၎င်းတို့ ယုံကြည်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အခြားလူတို့အား ၎င်းတို့၏အလုပ်ကို ဝင်ရောက်စွက်ဖက်ခြင်းအား ငြင်းဆန်ဖို့ စိတ်ပိုင်းဖြတ်ထားသည်။ ၎င်းတို့သည် ပြီးလျှင် အခြားမည်သူမဆို၏ ပူးပေါင်းလုပ်ဆောင်ခြင်း၊ သို့မဟုတ် ကြီးကြပ်ခြင်းကို လက်မခံပေ။

အန္တိခရစ်တစ်ဦးက မည်သည့်အလုပ်ကို ပါဝင်လုပ်ဆောင်သည်ဖြစ်စေ အထက်က ယင်းအကြောင်းကိုပိုသိပြီး စုံစမ်းမေးမြန်းမှုများပြုမည်ကို သူကြောက်သည်။ အထက်က အလုပ်၏ အခြေအနေကို၊ သို့မဟုတ် ဝန်ထမ်းစီမံခန့်ခွဲမှုကို စုံစမ်းမေးမြန်းမှုများပြုလျှင် ၎င်းတို့သည် အသေးအဖွဲကိစ္စအနည်းငယ်အား၊ အထက်ကသိခြင်းအားဖြင့် မည်သည့်အကျိုးဆက်မျှ ရှိမည်မဟုတ်သည့်အတွက် ထိုသူတို့သိလျှင် ကိစ္စမရှိဟု ၎င်းတို့ယုံကြည်သော အနည်းငယ်သောအရာများအား ဝတ်ကျေတမ်းကျေ ရှင်းပြခြင်းသာ ပြုလိမ့်မည်။ အထက်က ကျန်သည့်အရာများအား ဖိ၍စုံစမ်းမေးမြန်းလျှင် အထက်သည် ၎င်းတို့၏တာဝန်ကို၊ ၎င်းတို့၏ “အတွင်းရေးကိစ္စများကို” စွက်ဖက်နေသည်ဟု ယုံကြည်လိမ့်မည်။ ၎င်းတို့သည် အထက်အား မည်သည့်အရာကိုမျှ ထပ်၍ ပြောမည်မဟုတ်ဘဲ တုံးအယောင် ဟန်ဆောင်ပြီး လှည့်ဖြားကာ ဖုံးကွယ်လိမ့်မည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ ကြီးကြပ်မှုကို ငြင်းဆန်နေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) တစ်စုံတစ်ယောက်က ၎င်းတို့၏ ပြဿနာတစ်ခုကို သိရှိသွားပြီး ၎င်းတို့အား ဖော်ထုတ်ကာ အထက်ကို တင်ပြမည်ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်မည်နည်း။ ၎င်းတို့သည် ယင်းကို ပိတ်ဆို့လိမ့်မည်။ ကြားဝင်နှောင့်ယှက်လိမ့်မည်။ ခြိမ်းခြောက်မှုများပင် ပြုလုပ်လိမ့်မည်။ “သင်သည် ဤအရာကို ပြောပြီး ဤအတွက်ကြောင့် ငါတို့သည် အထက်၏ ပြုပြင်ခြင်းကို ခံရလျှင် သင်၌ အပြစ်ရှိသည်။ တစ်စုံတစ်ယောက်က ပြုပြင်ခြင်းခံရမည်ဆိုလျှင် သင်ဖြစ်လိမ့်မည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အမှီအခိုကင်းသော နယ်မြေတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားနေသည်မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အထက်အား စုံစမ်းမေးမြန်းခြင်းများပင် ပြုခွင့်မပေးပေ။ ပြီးလျှင် ၎င်းတို့၏ အလုပ်နယ်ပယ်အတွင်းကျရောက်သော အရာများအကြောင်းကို မည်သူကမျှ သိပိုင်ခွင့်မရှိ၊ သို့မဟုတ် ထိုအရာများအကြောင်းကို ၎င်းတို့အား မေးပိုင်ခွင့်မရှိပေ။ အကြံပြုချက်များကို ပို၍ပင် ပေးခွင့်မရှိချေ။ ၎င်းတို့သည် အလုပ်အစီအစဉ်တစ်ခုကို လက်ဝယ်၌ ရရှိခဲ့လျှင် ထိုအလုပ်၏ နယ်ပယ်အတွင်း ကျရောက်သော ကိစ္စများနှင့်ပတ်သက်ပြီး ၎င်းတို့သာ အဆုံးအဖြတ်ပေးနိုင်သည်။ ၎င်းတို့သာ ဆုံးဖြတ်နိုင်၏။ ၎င်းတို့သာ ၎င်းတို့ကျေနပ်သလို လုပ်ဆောင်ပြောဆိုနိုင်သည်။ ပြီးလျှင် ၎င်းတို့ မည်သို့ပြုမူလုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့၌ ယင်းအတွက် ကျိုးကြောင်းပြချက်ရှိသည်။ တစ်စုံတစ်ယောက်က စုံစမ်းမေးမြန်းမှုများ ပြုလုပ်သည်နှင့် ၎င်းတို့သည် မည်သည့်ဆောင်ရွက်ပုံနည်းလမ်းကို အသုံးချသနည်း။ ဝတ်ကျေတမ်းကျေဖြစ်မှုနှင့် ဖုံးကွယ်မှုများဖြစ်သည်။ အခြားမည်သည့်အရာ ရှိသနည်း။ (လှည့်ဖြားမှုဖြစ်သည်။) မှန်သည်။ လှည့်ဖြားမှုဖြစ်သည်။ ၎င်းတို့သည် သင့်အား အယောင်ဆောင်ထားသော အသွင်အပြင်ပင် ပြသလိမ့်မည်။ ဥပမာ အသင်းတော်တစ်ခုခုတွင် ခေါင်းဆောင်၊ သို့မဟုတ် ဧဝံဂေလိသင်းထောက်တစ်ဦးသည် တစ်လကြာသည့်အချိန်အတွင်း ၎င်းတို့တာဝန်ယူရသည့် အသင်းတော်၌ သိသာထင်ရှားစွာပင် လူသုံးယောက်သာ ရရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အခြားသော အသင်းတော်များထက် အလွန်ပင်ပို၍ နည်းသည်။ ယင်းကို အထက်အား ရှင်းလင်းပြဖို့ မဖြစ်နိုင်ဟု ၎င်းတို့ ခံစားရသည်။ ဤသို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်သနည်း။ ၎င်းတို့၏ အလုပ်ကို တင်ပြသောအခါ၌ ထိုသုံးယောက်၏နောက်တွင် သုညတစ်လုံးကို ပေါင်းထည့်ကာ လူသုံးဆယ်ကို ရရှိခဲ့သည်ဟု ၎င်းတို့ ပြောကြ၏။ အခြားသောသူတစ်ယောက်က ဤအရာကို သိပြီး ၎င်းတို့အား “ယင်းသည် လှည့်ဖြားမှုမဟုတ်လော” ဟု မေးသည်။ ၎င်းတို့က “လှည့်ဖြားမှု ဖြစ်သလော။ အဘယ်ကြောင့်နည်း။ ဤအတွက် ဖာထေးပေးရန် နောက်လ၌ လူသုံးဆယ်ကို ငါတို့ရသည်နှင့် အဆင်ပြေလိမ့်မည်မဟုတ်လော” ဟု ဆိုသည်။ ဤအတွက် ၎င်းတို့၌ ကျိုးကြောင်းပြချက်ရှိသည်။ အခြားသူတစ်ယောက်ယောက်က ဤကိစ္စကို အလေးအနက်ထားပြီး အဖြစ်မှန်တို့ကို အထက်သို့ တင်ပြလိုလျှင် ထိုသူသည် ၎င်းတို့အတွက် ပြဿနာဖြစ်အောင် လုပ်နေသည်ဟုလည်းကောင်း၊ ထိုသူသည် ၎င်းတို့ကို ရန်ရှာနေခြင်း ဖြစ်သည်ဟုလည်းကောင်း ယုံကြည်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ထိုသူကို ဖိနှိပ်ပြီး ကိုင်တွယ်လိမ့်မည်။ ထိုသူအတွက် ပြဿနာဖြစ်အောင် ပြုလုပ်လိမ့်မည်။ ဤတွင် ၎င်းတို့သည် လူတို့ကို ညှဉ်းပန်းနေခြင်းဖြစ်သည် မဟုတ်လော။ မကောင်းမှု လုပ်ဆောင်နေခြင်း မဟုတ်လော။ ၎င်းတို့သည် ၎င်းတို့အလုပ်တွင် သမ္မာတရားစည်းမျဉ်းများကို မည်သည့်အခါမျှမရှာပေ။ ဤသို့ဆိုလျှင် အလုပ်လုပ်ခြင်း၌ ၎င်းတို့၏ ပန်းတိုင်သည် အဘယ်နည်း။ ၎င်းတို့၏ အဆင့်အတန်းနှင့် စားဝတ်နေရေးအတွက် စိတ်ချရအောင် ပြုလုပ်နေခြင်း ဖြစ်သည်။ မည်သည့်မကောင်းသောအရာများကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့လုပ်ဆောင်သည့်အရာအတွက် ရည်ရွယ်ချက်နှင့် အကြောင်းရင်းကို လူတို့အား မပြောပေ။ ၎င်းတို့သည် ယင်းတို့ကို လုံးလုံး လျှို့ဝှက်ထားရမည် ဖြစ်သည်။ ထိုအရာများသည် ၎င်းတို့အတွက် သက်ဆိုင်သူသာ ကြည့်ခွင့်ရှိသော အချက်အလက်များ ဖြစ်သည်။ ဤသို့သောလူတို့အတွက် အထိမခံဆုံးသော အကြောင်းအရာမှာ အဘယ်နည်း။ ဤသည်မှာ သင်က ၎င်းတို့အား “လတ်တလောတွင် မည်သည့်အရာကို လုပ်ဆောင်နေသနည်း။ သင်၏ တာဝန်ထမ်းဆောင်မှုသည် ရလဒ်တစ်ခုခု ဖြစ်ထွန်းပြီးဖြစ်သလော။ သင့်အလုပ်ရှိသော နယ်ပယ်၌ အနှောင့်အယှက်၊ သို့မဟုတ် အဖျက်အမှောင့်တစ်ခုခုရှိခဲ့သလော။ ယင်းတို့ကို သင်မည်သို့ ကိုင်တွယ်ခဲ့သနည်း။ သင်သည် သင်၏အလုပ်နှင့်ပတ်သက်၍ ရှိသင့်သောနေရာတွင် ရှိနေသလော။ သင့်တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်နေသလော။ သင်ပြုလုပ်ခဲ့သော အလုပ်ဆုံးဖြတ်ချက်များသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများတွင် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပြီးဖြစ်သလော။ စံနှုန်းမပြည့်မီသော ခေါင်းဆောင်များကို ဖြုတ်ချပြီးပြီလော။ သမ္မာတရားကို အတော်အတန်လိုက်စားနေသော အစွမ်းအစကောင်းသူတို့ကို ရာထူးတိုးပေးပြီး ပျိုးထောင်ပြီးပြီလော။ သင့်အား အာခံသောသူတို့ကို ဖိနှိပ်ပြီးပြီလော။ သင့်ထံတွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ပတ်သက်၍ မည်သည့်သိကျွမ်းမှုရှိသနည်း။ သင်သည် မည်သည့်လူအမျိုးအစားဖြစ်သနည်း” ဟု မေးသောအချိန်တွင် ဖြစ်သည်။ ဤသည်တို့မှာ ၎င်းတို့အတွက် အထိမခံဆုံးသော အကြောင်းအရာများဖြစ်သည်။ ဤမေးခွန်းများအား အမေးခံရခြင်းသည် ၎င်းတို့အကြောက်ရွံ့ဆုံးအရာ ဖြစ်သည်။ ထို့ကြောင့် သင်က ၎င်းတို့အား မေးသည်ကို စောင့်နေမည့်အစား ယင်းတို့ကို ဖုံးကွယ်ရန် အခြားအကြောင်းအရာတစ်ခုကို ၎င်းတို့ အလျင်စလို ရှာလိမ့်မည်။ ၎င်းတို့သည် နည်းမျိုးစုံဖြင့် သင့်ကို လမ်းလွဲအောင်ပြုလုပ်လိုပြီး ဤအခြေအနေက လက်ရှိ၌ အမှန်တကယ်တွင် မည်သည့်အရာဖြစ်သည်ကို သင်မသိစေရန် တားဆီးလိုသည်။ ၎င်းတို့သည် အစဉ်သဖြင့် သင့်အား အမှောင်ထဲတွင် ထားရှိသည်။ ၎င်းတို့သည် ၎င်းတို့၏အလုပ်တွင် အမှန်တကယ်၌ မည်မျှခရီးရောက်ပြီးသည်ဆိုသည်ကို သင်မသိစေရန် အစဉ်တားဆီးလိုသည်။ ထိုနေရာတွင် ပွင့်လင်းမြင်သာမှု အနည်းငယ်မျှပင် မရှိ။ ဤသို့သောလူတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းရှိသလော။ ဘုရားသခင်အပေါ် ကြောက်ရွံ့မှုရှိသလော။ မရှိပေ။ ၎င်းတို့သည် မည်သည့်အခါမျှ အလုပ်ကို အလျင်ဦးအောင် မတင်ပြသကဲ့သို့ ၎င်းတို့အလုပ်ရှိ မတော်တဆမှုများကိုလည်း အလျင်ဦးအောင် မတင်ပြပေ။ ၎င်းတို့သည် မိမိတို့အလုပ်တွင် ကြုံရသည့် အခက်အခဲများနှင့် စိတ်မရှင်းမှုတို့နှင့်ပတ်သက်၍ မည်သည့်အခါမျှ မေးမြန်းခြင်းဖြစ်စေ၊ ရှာဖွေခြင်းဖြစ်စေ၊ ဖွင့်ပြောခြင်းဖြစ်စေ မရှိကြချေ။ သို့သော် အခြားလူတို့ကို လိမ်လည်လျက်၊ လှည့်ဖြားလျက်ဖြင့် ထိုအရာများကို ဖုံးကွယ်သည်အထိ လုပ်ဆောင်သည်။ ၎င်းတို့၏အလုပ်တွင် ပွင့်လင်းမြင်သာမှု လုံးဝမရှိ။ အထက်က ၎င်းတို့အား အဖြစ်မှန်တင်ပြချက်နှင့် ရှင်းလင်းမှုပေးရန် ဖိအားပေးသောအခါမှသာ ၎င်းတို့က အင်တင်တင်ဖြင့် အနည်းငယ်ပြောလိမ့်မည်။ ၎င်းတို့သည် ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းပါဝင်သည့် မည်သည့်ကိစ္စကိုမဆို ပြောခြင်းထက် သေသာသေလိုက်မည် ဖြစ်သည်။ ယင်းတို့နှင့်ပတ်သက်၍ စကားတစ်ခွန်းမပြောမီတွင် သေလိမ့်မည်ဖြစ်သည်။ ဤအစား ၎င်းတို့သည် နားမလည်ဟန်ဆောင်သည်။ ယင်းသည် အန္တိခရစ်၏ စိတ်သဘောထားတစ်ခု မဟုတ်သလော။ ဤသည်မှာ မည်သည့်လူအမျိုးအစား ဖြစ်သနည်း။ ဤပြဿနာမျိုးသည် အလွယ်တကူ ပြေလည်သလော။ အထက်က ၎င်းတို့၏ အလုပ်တွင် ၎င်းတို့အား လမ်းညွှန်ချက်ပေးခဲ့လျှင် ယင်းအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဝတ်ကျေတမ်းကျေဆန်ခြင်း ဖြစ်သည်။ ၎င်းတို့သည် သဘောတူသည့်ပုံစံရှိပြီး မှတ်စုစာအုပ်၊ သို့မဟုတ် ကွန်ပျူတာကိုပင်ထုတ်ယူကာ အားမာန်အပြည့်ဖြင့် ရေးမှတ်လိမ့်မည်။ သို့သော် ရေးမှတ်ပြီးသည်နှင့် လမ်းပြမှုကို ၎င်းတို့နားလည်ပြီး အလုပ်လုပ်မည်လော။ (မဟုတ်ပါ။) ၎င်းတို့သည် သင်မြင်ရန် ဂိုက်ပေးနေခြင်းဖြစ်သည်။ သင့်အား အထင်အမြင်မှားစေရန် ဟန်ပြနေခြင်း ဖြစ်သည်။ ၎င်းတို့သည် အမှန်တကယ်တွင် မည်သည့်အရာကို တွေးနေသနည်း။ “ဤအလုပ်ကိုလုပ်ရန် ငါ့အားပေးခဲ့ခြင်း ဖြစ်သည့်အတွက် ငါပြောသည့်အတိုင်း ဖြစ်ရမည်။ ငါလုပ်ချင်သည့်အရာကို မည်သူကမျှ ဝင်မစွက်ဖက်နိုင်။ ‘ဒေသန္တရအမှုဆောင်များသည် ဗဟိုအမှုဆောင်များထက် ပို၍ အခွင့်အာဏာ ရှိကြသည်။’ ထို့ကြောင့် ငါ့တွင် ဤလုပ်ပိုင်ခွင့်ရှိသည်။ ဤသို့မဟုတ်လျှင် ငါ့ကို မကိုင်တွယ်ခိုင်းနှင့်။ ငါ့အား အလုပ်ထုတ်လိုက်ပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့တွေးသည့်အရာ ဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်ပုံဖြစ်သည်။ ယင်းသည် မည်သည့် စိတ်သဘောထားနည်း။ အန္တိခရစ်၏ စိတ်သဘောထားမဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဒုက္ခရောက်မည့် သဘောဖြစ်သည်။ သင်သည် ဝင်ရောက်စွက်ဖက်ခွင့်၊ သို့မဟုတ် စုံစမ်းမေးမြန်းခွင့် မရှိသကဲ့သို့ စုံစမ်းစစ်ဆေးပြီး မေးခွန်းများမေးခွင့်လည်းမရှိပေ။ ၎င်းတို့သည် ယင်းတို့နှင့်ပတ်သက်လျှင် အလွန်ပင် ထိခိုက်လွယ်သည်။ ၎င်းတို့က “ဤသည်မှာ အထက်က ငါ၏ ပြဿနာများကို စစ်ဆေးပြီး ငါ့အလုပ်ကို စစ်ဆေးဖို့ ကြိုးစားနေခြင်းလော။ မည်သူက သတင်းပေးလိုက်သနည်း” ဟူ၍ တွေးသည်။ ထိတ်ထိတ်ပျာပျာ ဖြစ်လျက် ၎င်းတို့အား ဖော်ခဲ့သူမှာ မည်သူဖြစ်သည်ကို အဖြေရှာရန်အတွက် အလျှော့မပေးသော အားစိုက်ထုတ်မှု ပြုကြသည်။ အဆုံးတွင် ၎င်းတို့သံသယရှိသည်မှာ လူနှစ်ဦးတည်းသာ ကျန်တော့သည်။ ပြီးလျှင် ၎င်းတို့သည် ထိုသူတို့အား နှင်လွှတ်လိုက်သည်။ ဤသည်မှာ မည်သည့်ပြဿနာဖြစ်သနည်း။ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားဖြစ်သည်။

အန္တိခရစ်စိတ်သဘောထား၏ အဓိကဝိသေသလက္ခဏာမှာ အဘယ်နည်း။ အဆင့်အတန်းကို ကိုင်စွဲခြင်းနှင့် အခြားလူတို့ကို ထိန်းချုပ်ခြင်းဖြစ်သည်။ ၎င်းတို့သည် အခြားလူတို့ကို ထိန်းချုပ်ရန်အတွက် အဆင့်အတန်းကို ရယူသည်။ ၎င်းတို့၌ အဆင့်အတန်းရှိသရွေ့ ၎င်းတို့သည် လူတို့ကို ၎င်းတို့၏ ထိန်းချုပ်မှုအောက်၌ တရားဝင်ထားရှိလိမ့်မည်။ ၎င်းတို့သည် ဤသို့ တရားဝင်လုပ်ဆောင်မည်ဟု ငါအဘယ်ကြောင့်ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏အလုပ်ကို ၎င်းတို့အား ဘုရားအိမ်တော်က ချပေးခဲ့သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ယင်းကို လုပ်ဆောင်ရန်အတွက် ညီအစ်ကိုမောင်နှမများက ရွေးချယ်ခြင်းခံခဲ့ရသည်။ ဤသို့ဖြင့် ၎င်းတို့သည် ယင်းကို လုပ်ဆောင်ရာ၌ တရားဝင်ဖြစ်သည်ဟု ခံစားရမည်မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ဤအရာသည် အရင်းအနှီးပြုစရာတစ်ခုအဖြစ် ၎င်းတို့အတွက် အသုံးကျလာသည်ဟု ၎င်းတို့၏ စိတ်တွင် တွေးတောလေသည်။ “ငါ့ကို သင်တို့ရွေးချယ်ခဲ့ခြင်း မဟုတ်လော။ ငါ့ကို ရွေးချယ်ခဲ့လျှင် ငါ့ကို ယုံကြည်ရမည်။ ‘လူတစ်ဦးကို အသုံးပြုပါက၊ သံသယမရှိနှင့်၊ သံသယရှိပါက မသုံးနှင့်’ ဟူသည့် ဘာသာတရားမရှိသူများ၏ ဆိုရိုးစကားတစ်ခုရှိသည်” ဟူ၍ဖြစ်သည်။ ဤတွင် ၎င်းတို့သည် စာတန်ဆန်သော နီတိတစ်ခုကိုပင် အသုံးချလေသည်။ ဤဆိုရိုးစကားသည် သမ္မာတရားဖြစ်သလော။ (မဟုတ်ပါ။) ယင်းသည် စာတန်ဆန်သော မိစ္ဆာဒိဋ္ဌိအယူနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာတစ်ခုဖြစ်သည်။ သင်သည် ၎င်းတို့အလုပ်ကို စုံစမ်းမေးမြန်းလျှင် ၎င်းတို့က “‘လူတစ်ဦးကို အသုံးပြုပါက၊ သံသယမရှိနှင့်၊ သံသယရှိပါက မသုံးနှင့်။’ သင်သည် ငါ့ကို အသုံးပြုလျှင် ငါ့ကို သံသယရှိ၍မရ။ ငါသည် မည်သည့်လူအမျိုးအစားဖြစ်သည်ကို သင်မသိလျှင်၊ ငါ့ကို မရိပ်စားမိနိုင်လျှင် ငါ့ကို အသုံးမပြုနှင့်။ သို့သော် သင်က ငါ့ကို အသုံးပြုနေသည်။ ဤသို့ဖြစ်သည်ကို ထောက်သော် ငါသည် ဤနေရာ၌ ခိုင်မာစွာ ရပ်တည်ရမည်။ ငါပြောသည့်အရာအတိုင်း ဖြစ်ရမည်” ဟူသကဲ့သို့သော သဘောတရားကို ထုတ်ပြောလိမ့်မည်။ အလုပ်ကိစ္စအားလုံးတွင် ၎င်းတို့ပြောသည့်အရာအတိုင်း ဖြစ်ရမည်။ ၎င်းတို့ကို ခွင့်မပြုခြင်းသည်၊ သို့မဟုတ် ၎င်းတို့အတွက် တွဲဖက်ရှာခြင်းသည်၊ သို့မဟုတ် အခြားလူများအား ၎င်းတို့ကို ကြီးကြပ်စေပြီး လမ်းပြစေခြင်းသည် အလုပ်ဖြစ်မည်မဟုတ်။ တစ်စုံတစ်ယောက်က ၎င်းတို့အလုပ်ကို စစ်ဆေးရန် လာလျှင် ၎င်းတို့က လက်မခံဟုသာ ပြောသည်။ ၎င်းတို့က မှားယွင်းသည့် မည်သည့်အရာကိုမျှမလုပ်ခဲ့သဖြင့် စစ်ဆေးဖို့ မလိုအပ်ဟု ခံစားရသည်။ လုပ်ပိုင်ခွင့်ဖြင့် ၎င်းတို့သည် အခြားလူတို့ကိုလည်းကောင်း၊ အလုပ်နေရာကိုလည်းကောင်း၊ အသင်းတော်အလုပ်ကိုလည်းကောင်း ထိန်းချုပ်ရန် ၎င်းတို့၏ အဆင့်အတန်းနှင့် အာဏာကို အလွဲသုံးစားပြုကြ၏။ ၎င်းတို့သည် အမှီအခိုကင်းသော နယ်မြေတစ်ခုကို တည်ဆောက်နေခြင်းမဟုတ်လော။ အန္တိခရစ်တစ်ဦးမဟုတ်လော။ ဘုရားအိမ်တော်သည် ၎င်းတို့အား ဤအလုပ်ကို လုပ်စေပြီး ဤတာဝန်ကို ထမ်းဆောင်စေနိုင်သော်လည်း အာဏာရှင်တစ်ဦးအဖြစ် အာဏာကိုင်စွဲစေမည် မဟုတ်ပေ။ ဤသို့သောသူတစ်ဦးသည် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် ဘုရားအိမ်တော်၏ အစီအစဉ်များကို နားလည်မှုမလွဲခဲ့သလော။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ရမည့်အစား အဘယ်ကြောင့် အဆင့်အတန်းနှင့် အာဏာကို အစဉ်ဆုပ်ကိုင်နေသနည်း။ (၎င်းတို့သည် အန္တိခရစ်စိတ်သဘောထား၏ အုပ်စိုးခြင်းကို ခံရသောကြောင့် ဖြစ်ပါသည်။) မှန်သည်။ ယင်းသည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားဖြစ်သည်။ အသင်းတော်က ၎င်းတို့အတွက် အလုပ်စီစဉ်ပေးသောအခါ အဘယ်ကြောင့် နားလည်မှုလွဲသနည်း။ ၎င်းတို့သည် ပင်ကိုအားဖြင့် လူတို့ကို ထိန်းချုပ်လိုသောကြောင့် ဖြစ်သည်။ ယင်းသည် ၎င်းတို့၏ သဘာဝအနှစ်သာရဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ ပကတိအခြေအနေဖြစ်သည်။ ၎င်းတို့အတွက် အလုပ်စီစဉ်ပေးပြီး ၎င်းတို့က ယခုအခါတွင် ၎င်းတို့၌ အာဏာနှင့် အဆင့်အတန်းရှိသဖြင့် ၎င်းတို့၏ ပိုင်နက်ကို ချုပ်ကိုင်နိုင်သည်ဟု ခံစားရလိမ့်မည်။ ၎င်းတို့၏ ပိုင်နက်သို့ သင်သွားလျှင် ၎င်းတို့ပြောသည့်အရာကို သင်လုပ်ဆောင်ရသည်။ ဥပမာ တစ်ခါက ဘုရားအိမ်တော်သည် ခေါင်းဆောင်တစ်ဦးအား အန္တိခရစ်တစ်ဦး၏အလုပ်ကို သွားရောက်စစ်ဆေးရန် စီစဉ်ခဲ့သည်။ ထိုခေါင်းဆောင်နှင့် အန္တိခရစ်တို့နှစ်ဦးလုံးသည် အသင်းတော်ခေါင်းဆောင်များဖြစ်သည်။ အဆင့်တူသည်။ အန္တိခရစ်က “သင်သည် အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်သကဲ့သို့ ကျွန်ုပ်သည်လည်း အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ကျွန်ုပ်တို့သည် အဆင့်တူညီသည်။ သင်သည် ကျွန်ုပ်ကို ဝင်ရောက်မစွက်ဖက်နှင့်။ ကျွန်ုပ်လည်း သင့်ကို ဝင်ရောက်စွက်ဖက်မည်မဟုတ်။ ကျွန်ုပ်နှင့် မိတ်သဟာယမဖွဲ့နှင့်။ သင်သည် ဤသို့လုပ်ဆောင်ပိုင်ခွင့်မရှိ။ ကျွန်ုပ်တို့၏အသင်းတော်၌ မည်သို့အခြေအနေရှိသည်ကို သင်မေးလိုသည်။ အထက်က သင့်အား ညွှန်ကြားခဲ့သလော။ ကျွန်ုပ်အား အထောက်အထားပြပါ” ဟု ဆိုသည်။ ခေါင်းဆောင်က “အထက်က ကျွန်ုပ်ကို သတင်းစကားတစ်ခုသာ ပါးခိုင်းလိုက်သည်။ သင်မယုံလျှင် သွား၍မေးပါ” ဟု ဆိုသည်။ အန္တိခရစ်က “သို့ဆိုလျှင် သင်တို့သည် အဘယ်အခွင့်အာဏာဖြင့် ကျွန်ုပ်နှင့် မိတ်သဟာယဖွဲ့ပြီး ကျွန်ုပ်ကို စွပ်စွဲပြစ်တင်ကြသနည်း။ ကျွန်ုပ်၏အလုပ်တွင် ကျရောက်သောအရာများအကြောင်းကို စုံစမ်းမေးမြန်းဖို့ သင်တို့တွင် အဘယ်အခွင့်အရေး ရှိသနည်း။ သင့်တွင် ဤသို့လုပ်ဆောင်ရန် အဆင့်အတန်းမရှိ” ဟု ဆိုသည်။ ဤစကားများသည် သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ဤသည်မှာ မည်သည့်လုပ်နည်းလုပ်ဟန်ဖြစ်သနည်း။ အန္တိခရစ်တစ်ဦးသာ လုပ်ဆောင်မည့် လုပ်နည်းလုပ်ဟန်ဖြစ်သည်။ ဘာသာတရားမရှိသူများကြားတွင် ဆိုရိုးစကားတစ်ခု ရှိသည်။ “ခွန်အားကြီးသူက မှန်၏” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မည်သူ့အဆင့်က ပိုမြင့်သည်၊ မည်သူ့ အင်အားစုက ပိုကြီးသည်၊ မည်သူက ပို၍ အရည်အချင်း ရှိသည်ဆိုသည်ကို ကြည့်ရန် ယှဉ်ပြိုင်ကြသည်။ ပို၍များသောလူတို့ကို မည်သူက ကြီးကြပ်သည်ကို ကြည့်ရန် ယှဉ်ပြိုင်ကြသည်။ ဘုရားအိမ်တော်တွင် အန္တိခရစ်များက ဤကဲ့သို့သောအရာများကို ကြည့်ရန် အခြားလူများနှင့် ယှဉ်ပြိုင်ကြသည်။ ၎င်းတို့သည် နေရာမှား၍ ရောက်လာသည်မဟုတ်လော။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပိုင်ဆိုင်သော်လည်း အန္တိခရစ် မဟုတ်သော သူတစ်ဦးသည် သူနှင့်တူသောအဆင့်ရှိသည့် အသင်းတော်ခေါင်းဆောင်တစ်ဦးကို ကြုံရသောအခါ ပုံမှန်အားဖြင့် ဤသို့တွေးမည်လော။ တစ်စုံတစ်ခုကို သူ ထုတ်ဖော်လိမ့်မည်။ သို့သော် သူသည် ထိုအသင်းတော်ခေါင်းဆောင်ဖြင့် ပုံမှန် မိတ်သဟာယပြုနိုင်လိမ့်မည်။ “သင်သည် ကျွန်ုပ်အလုပ်နှင့်ပတ်သက်ပြီး စုံစမ်းမေးမြန်းမှုများပြုနိုင်သည့် အနေအထားတွင် ရှိသလော” ဟု လုံးဝ ပြောမည်မဟုတ်။ သူသည် ဤသို့ပြောမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သူသည် ပုံမှန်ဆင်ခြင်တုံတရား ရှိသောကြောင့် ဖြစ်သည်။ ပြီးလျှင် သူ၌ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးရှိသည်။ ပုံမှန်ဆင်ခြင်တုံတရား ရှိသူတစ်ဦးသည် မည်သို့ ပြုမူမည်နည်း။ သူသည် “ကျွန်ုပ်တို့အား အသင်းတော်ကို ဦးဆောင်ခိုင်းခြင်းသည် ဘုရားသခင်က ကျွန်ုပ်တို့ကို ချီးမြှောက်နေခြင်း ဖြစ်သည်။ ယင်းသည် သူ၏ တာဝန်ပေးစေခိုင်းချက်ဖြစ်သည်။ ကျွန်ုပ်တို့၏ တာဝန်ဖြစ်သည်။ ဘုရားသခင်က ဤအရာကို လုပ်ဆောင်ရန် ကျွန်ုပ်တို့အား တာဝန်ပေးစေခိုင်းခဲ့ခြင်း မရှိလျှင် ကျွန်ုပ်တို့သည် မည်သည့်အရာမျှဖြစ်မည်မဟုတ်။ ဤသည်မှာ အရာရှိရာထူး အမျိုးအစားတစ်ခုခုမဟုတ်။ အသင်းတော်အလုပ်အကြောင်းကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမများ၌ အခြေအနေ မည်သို့ရှိသည်ကိုလည်းကောင်း၊ ကျွန်ုပ်၏ အလုပ်အတွေ့အကြုံကိုလည်းကောင်း သင်နှင့် ကျွန်ုပ် မိတ်သဟာယဖွဲ့နိုင်ပါသည်” ဟူ၍ တွေးလိမ့်မည်။ အန္တိခရစ်တစ်ဦးသည် ဤအရာများကို အခြားလူများနှင့် မိတ်သဟာယဖွဲ့မည်လော။ ဖွဲ့မည်မဟုတ်။ ၎င်းတို့သည် ယင်းတို့ကို လုံးဝ ထုတ်ဖော်မည်မဟုတ်။ သို့ဖြစ်၍ အန္တိခရစ်များ၏ အင်္ဂါရပ်တစ်ခုမှာ သာမန်လူတို့ထက် ကျော်လွန်သည့် အဆင့်အတန်းနှင့် အာဏာကို လိုချင်သည့် လိုအင်ဆန္ဒ ဖြစ်ခြင်းဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် သာမန်လူတို့ထက်ပို၍ ကောက်ကျစ်ပြီး မသိမသာအန္တရာယ်ရှိခြင်းဖြစ်သည်။ ၎င်းတို့၏ ကောက်ကျစ်မှုနှင့် မသိမသာအန္တရာယ်ရှိမှုက မည်သည့်နေရာ၌ ပေါ်လွင်သနည်း။ (၎င်းတို့သည် သင့်အား မည်သည့်အရာကိုမျှမပြောပါ။ ၎င်းတို့သည် သင့်အား မည်သည့်အရာကိုမျှ တိုက်ရိုက်မပြောပါ။) အမှုကိစ္စတိုင်းက လျှို့ဝှက်ချက်တစ်ခုဖြစ်သည်၊ အခြားလူများကို ၎င်းတို့ မပြောသင့်သည့်အရာတစ်ခု ဖြစ်သည်ဟု ၎င်းတို့ ခံစားရခြင်းဖြစ်သည်။ အမှုကိစ္စတိုင်းတွင် ၎င်းတို့သည် အခြားလူများကို သတိထားရှောင်ကြဉ်သည်။ အရာရာတိုင်းကို သိုသိပ်ထားပြီး ကာကွယ်ကာ ဖုံးကွယ်ထားသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် အခြားလူများနှင့် ဆက်ဆံရာ၌ ပုံမှန်ဖြစ်သော အပြန်အလှန်ဆက်ဆံမှုနှင့် ‌ဆွေးနွေးပြောဆိုမှု ရှိနိုင်သလော။ စိတ်နှလုံးမှနေ၍ တစ်စုံတစ်ခုကို ၎င်းတို့ ပြောနိုင်သလော။ မပြောနိုင်ပေ။ ၎င်းတို့သည် ဖုံးကွယ်နေသော အခြေအနေအား သင်ခန့်မှန်းခြင်းမရှိစေရန်အတွက် အပေါ်ယံဆန်သည့် ရိုးအီနေသောစကားများနှင့် ချိုသာသောစကားအနည်းငယ်ကိုသာ ပြောသည်။ သင်သည် ၎င်းတို့နှင့် အချိန်အတန်ကြာ ထိတွေ့ဆက်ဆံပြီးနောက်တွင် “အသွင်အပြင်အရ ဤလူသည် ဆိုးယုတ်သည်ဟု မထင်ရ။ သို့သော် သူ၏ စိတ်နှလုံးသည် အခြားလူတို့နှင့် အလွန်ဝေးကွာသည်ဟု ငါ အဘယ်ကြောင့် အစဉ်ခံစားရသနည်း။ သူနှင့် ထိတွေ့ဆက်ဆံရသည်မှာ အစဉ်သဖြင့် အဘယ်ကြောင့် အလွန် ကသိကအောက်ဖြစ်သနည်း။ သူသည် နားမလည်နိုင်ဟူသည့် ခံစားချက်ကို ငါအစဉ်ခံစားရသည်” ဟူ၍ ခံစားမိလိမ့်မည်။ သင့်တွင် ထိုခံစားချက်ရှိသလော။ (ရှိပါသည်။) ယင်းသည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားဖြစ်သည်။ ၎င်းတို့သည် လူတိုင်းကို သတိထားရှောင်ကြဉ်သည်။ အဘယ်ကြောင့် ၎င်းတို့ သတိထားရှောင်ကြဉ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မြင်သည်မှာ မည်သူမဆိုက ၎င်းတို့၏ အဆင့်အတန်းကို ခြိမ်းခြောက်ဖွယ်ရှိသည်။ ၎င်းတို့သည် ဂရုမစိုက်လျှင်၊ သတိမရှိလျှင် ၎င်းတို့တွင် အမှန်တကယ်၌ မည်သည့်အရာ ဖြစ်နေသည်ကို၊ ၎င်းတို့၏ သရုပ်မှန်ကို အခြားလူများအား သိကောင်း သိစေနိုင်ပြီး ဤသို့ဆိုလျှင် ၎င်းတို့၏ အဆင့်အတန်းက မတည်တံ့နိုင်ဖြစ်လိမ့်မည်။ ထို့ကြောင့် ၎င်းတို့အလုပ်နှင့် တာဝန်၏ အခြေအနေကို စစ်ဆေးမေးမြန်းသော၊ သို့မဟုတ် ၎င်းတို့၏ တစ်ကိုယ်ရေအခြေအနေကို မေးမြန်းသောသူတစ်ယောက်ကို ၎င်းတို့ ရင်ဆိုင်ရသောအခါ ၎င်းတို့တတ်နိုင်သမျှကို ဖုံးကွယ်ပြီး ဖုံးအုပ်နိုင်သမျှကို ဖုံးအုပ်ထားမည် ဖြစ်၏။ သူတို့ မဖုံးအုပ်နိုင်သောအရာကိုမူ ဖော့ပြောရန် နည်းလမ်းတစ်ခုရှာလိမ့်မည်၊ သို့မဟုတ် ၎င်းတို့သည် သင့်ထံမှ ပုန်းကွယ်နေလိမ့်မည်။ အန္တိခရစ်အချို့တွင် တစ်မျိုးတစ်မည်ဖြစ်နေသော စိတ်သဘောထားတစ်ခုရှိသည်။ အခြားလူများကြားတွင် ၎င်းတို့နေထိုင်သော်လည်း မည်သူနှင့်မဆို ပုံမှန်ဆက်ဆံရေးရှိနေခြင်းကို သင်မြင်ရမည်မဟုတ်။ ၎င်းတို့သည် အခြားလူများနှင့် ပုံမှန်ဆက်ဆံပြောဆိုမှုမရှိ။ ၎င်းတို့သည် နေ့စဉ် မိမိတို့ဘာသာနေပြီး အစာစားချိန်၌ ပေါ်လာကာ ထို့နောက်တွင် နောက်တစ်ဖန် ပျောက်ကွယ်သွားပြန်သည်။ ၎င်းတို့သည် အစဉ်သဖြင့် ကိုယ်ယောင်ဖျောက်နေကြသည်။ ၎င်းတို့သည် အခြားလူများနှင့် အဘယ်ကြောင့် အပြန်အလှန်မဆက်ဆံသနည်း။ ၎င်းတို့သည် ၎င်းတို့မိသားစုကို မည်သည့်အရာမဆို ပြောလိမ့်မည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ညီအစ်ကိုမောင်နှမများကို မည်သည့်အရာမျှ ပြောစရာမရှိသနည်း။ ဘာသာတရားမရှိသူများတွင် ဆိုရိုးစကားတစ်ခုရှိသည်။ “စကားပြောပါများလျှင် စကားထဲမှ အမှားပြသည်”ဟူ၍ ဖြစ်သည်။ ဤသို့သောလူတို့သည် ဤသက်ဝင်ယုံကြည်မှုကို စိတ်နှစ်မြှုပ်ထားကြသည်။ ၎င်းတို့သည် ပေါ့ဆစွာ စကားမပြောမိအောင်နေသည်။ ၎င်းတို့ပြောသည့်အရာတစ်ခုက ၎င်းတို့၏ လှည့်ကွက်ကို ပေါ်သွားစေနိုင်ကာ ၎င်းတို့၏ အားနည်းချက်တစ်ခုကို ဖော်ထုတ်စေနိုင်ဖို့ များသောကြောင့် ဖြစ်သည်။ မည်သည့်စကားက အခြားလူများကို ၎င်းတို့အား အထင်သေးစေနိုင်ကာ ၎င်းတို့တွင် အမှန်တကယ်၌ မည်သည့်အရာဖြစ်ပျက်နေသည်ကို အခြားလူများအား သိစေနိုင်သည်ကို မသိရပေ။ ထို့ကြောင့် ၎င်းတို့သည် အခြားလူများကို ရှောင်ရန် တတ်နိုင်သမျှ လုပ်ဆောင်သည်။ ၎င်းတို့၏ ဤရှောင်ကြဉ်ခြင်းသည် မရည်ရွယ်ဘဲ ဖြစ်ပွားခြင်းလော သို့မဟုတ် အတွင်း၌ ယင်းကို ချုပ်ကိုင်သောအရာတစ်ခုရှိသလော။ ထိုနေရာတွင် ယင်းကို ချုပ်ကိုင်နေသောအရာတစ်ခု ရှိသည်။ ထိုအရာသည် တရားမျှတပြီး ဂုဏ်ပြုထိုက်သလော၊ သို့မဟုတ် ကလိမ်ကကျစ်ဖြစ်သလော။ (ကလိမ်ကကျစ် ဖြစ်ပါသည်။) ကလိမ်ကကျစ်ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့ ပြုမူသည့် တစ်ခုတည်းသောနည်းလမ်းမဟုတ်ပေ။ ၎င်းတို့သည် အလွန်ရှင်းလင်းစွာ ပြောဆိုနိုင်ပြီး စကားပြောနိုင်သော်လည်း အချိန်အများစုတွင် အခြားလူများနှင့် ပုံမှန် ဆက်သွယ်ပြောဆိုခြင်း၊ သို့မဟုတ် အပြန်အလှန်ဆက်ဆံခြင်းမရှိ။ သို့ရာတွင် တစ်ခါတစ်ရံ၌ ၎င်းတို့သည် အလွန် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုနိုင်ပြီး စကားပြောနိုင်သော်လည်း မည်သည့်အရာများကို ၎င်းတို့ပြောဆိုသနည်း။ ၎င်းတို့၏ အကြောင်းအရာမှာ အဘယ်နည်း။ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများကို ဟောလျက် မိမိတို့ကိုယ်ကို ကိုယ်ရည်သွေးကြသည်။ ၎င်းတို့သည် တကယ့်အလုပ်ကို လုပ်နိုင်ပြီး တကယ့်ပြဿနာများကို ဖြေရှင်းနိုင်သည်ဟု ဆိုသော်လည်း အမှန်တွင် ၎င်းတို့၌ တကယ့်ကျွမ်းကျင်မှုတစ်ခုမျှမရှိပေ။ ၎င်းတို့၌ မည်သည့်အားနည်းချက်များ ရှိသည်၊ ၎င်းတို့၌ မာနထောင်လွှားသော စိတ်သဘောထား ရှိမရှိတို့ကို မေးလျှင် ၎င်းတို့က “ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထဲတွင် မည်သူက မာနမထောင်လွှားသနည်း” ဟု ဆိုလိမ့်မည်။ ထိုတွင် ကြည့်လော့။ ၎င်းတို့၏ မာနထောင်လွှားမှုသည်ပင် အခြေပြုချက်ရှိသည်။ ၎င်းတို့၏ မာနထောင်လွှားမှုက အလွန်ပင် သင့်လျော်သည့်အလား ယင်းအတွင်းတွင် လူတိုင်းပါဝင်သည်။ သမ္မာတရားကို ၎င်းတို့ မည်သည့်အခါမျှ ရှာဖွေမည်မဟုတ်သကဲ့သို့ အလုပ်တွင် ပြဿနာ၊ သို့မဟုတ် အခက်အခဲတစ်ခုတလေရှိသည်ကို ၎င်းတို့ သိမြင်ပုံမရပေ။ သင်သည် ၎င်းတို့ကို မေးခြင်းအားဖြင့် တကယ့်အခြေအနေကို သိလာမည်မဟုတ်။ ၎င်းတို့သည် လုပ်စရာမရှိသောအခါ၌ တိတ်ဆိတ်စွာ ထိုင်နေလိမ့်မည်ဖြစ်ပြီး ၎င်းတို့စကားပြောသောအခါတိုင်းတွင် ၎င်းတို့၏ အရည်အချင်းများအကြောင်းကို ပြောနေလိမ့်မည်။ ၎င်းတို့သည် မည်သည့်အခါမျှ ဖွင့်ပြောခြင်းမရှိ။ ၎င်းတို့အတွင်း၌ မည်သည့်ပုန်ကန်မှုရှိသည်ကိုဖြစ်စေ၊ မည်သည့်အလွန်အကြူးဖြစ်သော လိုအင်ဆန္ဒများ ရှိသည်ကိုဖြစ်စေ၊ ဘုရားသခင်နှင့် မည်သို့ အပေးအယူလုပ်ဖို့ ကြိုးစားသည်ကိုဖြစ်စေ၊ မည်သူ့အား ၎င်းတို့ လိမ်ညာခဲ့သည်ကိုဖြစ်စေ၊ အလုပ်လုပ်ရာ၌ ၎င်းတို့၏ ရည်မှန်းချက်များက မည်သည့်အရာဖြစ်သည်ကိုဖြစ်စေ လုံးဝ မပြောပေ။ ဤကိစ္စများကို ၎င်းတို့ မည်သည့်အခါမျှ ထုတ်မပြောဘဲ အခြားလူများက ထုတ်ပြောသောအခါ၌ ၎င်းတို့က စိတ်မဝင်စားပေ။ ၎င်းတို့အလုပ်နယ်ပယ်အတွင်းရှိသောအရာများနှင့် သက်ဆိုင်သော မေးခွန်းများတွင်ပင် ၎င်းတို့သည် သာမန်ကာလျှံကာပုံစံနှင့် အနည်းငယ်သာ ပြောဆိုလိမ့်မည်။ အချုပ်အားဖြင့်ဆိုလျှင် မည်သည့်အချိန်အတိုင်းအတာမဆိုအထိ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံလာသူ မည်သူမဆိုက အမှုထမ်းနှင့်ပတ်သက်သည်ဖြစ်စေ၊ လုပ်ငန်းပိုင်းဆိုင်ရာနှင့် ပတ်သက်သည်ဖြစ်စေ၊ အလုပ်တိုးတက်မှုနှင့်ပတ်သက်သည်ဖြစ်စေ ၎င်းတို့တာဝန်နယ်ပယ်အတွင်းရှိ မည်သည့်အရာမဆိုအကြောင်းကို ပိုမိုသိရှိအောင် လုပ်လိုလျှင် အလွန်ပင် အခက်အခဲဖြစ်လိမ့်မည်။ သင်သည် မည်သည့်ရှုထောင့်မှ ချဉ်းကပ်သည်ဖြစ်စေ၊ သင်သည် သင့်မေးခွန်းကို သွယ်ဝိုက်၍ စကားရိပ်သန်းကာမေးရန် ကြိုးစားသည်ဖြစ်စေ၊ တိုက်ရိုက်မေးသည်ဖြစ်စေ၊ ၎င်းတို့နှင့် ရင်းနှီးသည့်သူတစ်ဦးကို မေးသည်ဖြစ်စေ ရလဒ်များကို လွယ်ကူစွာ ရရှိမည်မဟုတ်ပေ။ အလွန်ပင် အချိန်ကုန်ခက်ခဲပင်ပန်းသည်။ ယင်းသည် မသိမသာဖြင့် ဒုက္ခပေးသည်မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့ထံမှ အမှုအရာများကို အရှိအတိုင်း အချက်အလက်တစ်ခုခု ရယူခြင်းသည် အဘယ်ကြောင့်အလွန် အချိန်ကုန်ခက်ခဲပင်ပန်းသနည်း။ ၎င်းတို့သည် အကြောင်းအရာများကို အဘယ်ကြောင့် အလွန်တင်းကျပ်စွာ သိုသိပ်ထားသနည်း။ ၎င်းတို့၏ ပန်းတိုင်မှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ အဆင့်အတန်းနှင့် စားဝတ်နေရေးတွင် လုံခြုံစိတ်ချလိုသည်။ ၎င်းတို့က “ဤအဆင့်အတန်းကို ရရန်၊ ယနေ့ ငါရောက်ရှိနေသည့်နေရာသို့ ရောက်ရန် လွယ်ကူသောအရာမဟုတ်။ ခဏတာ ပေါ့ဆသောအချိန်၌ အမှားတစ်ခုကို လုပ်ခြင်းအားဖြင့် မိမိကိုယ်ကို အရူးလုပ်မိခဲ့လျှင် ငါ့အတွက် ဒုက္ခရောက်မည့်သဘောမဟုတ်လော။ ပြီးလျှင် ဘုရားအိမ်တော်က ငါလုပ်ဆောင်ခဲ့သော မကောင်းသောအရာများကို သိခဲ့လျှင် ၎င်းတို့သည် ငါ့အား ကိုင်တွယ်မည် ဟုတ်မဟုတ်ကို မည်သူသိမည်နည်း” ဟူ၍ ယုံကြည်သည်။ ပွင့်လင်းခြင်း၊ ရိုးသားသူဖြစ်ခြင်း၊ တာဝန်တစ်ခုကို သစ္စာစောင့်သိစွာ ထမ်းဆောင်ခြင်းတို့ကို သင်မည်မျှပြောသည်ဖြစ်စေ ၎င်းတို့ နားဝင်လိမ့်မည်လော။ နားဝင်လိမ့်မည်မဟုတ်။ ၎င်းတို့အတွက် အယူတစ်ခုသာရှိသည်။ နှုတ်မစောင့်က ပျက်စီးရ ဟူ၍ ဖြစ်သည်။ သင်က အခြားလူများကို အရာရာ ပြောပြလျှင် သင်သည် အရည်အချင်းမရှိသော၊ အသုံးမကျသောလူဖြစ်သည်။ ယင်းသည် ၎င်းတို့၏ အယူဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ စိတ်သဘောထားဖြစ်သည်။

အန္တိခရစ်သည် မည်သည့်အလုပ်ကို လုပ်နေသည်ဖြစ်စေ အခြားလူတို့အား ဝင်ရောက်စွက်ဖက်ခွင့်၊ စုံစမ်းမေးမြန်းခွင့်ပေးရန် ၎င်းတို့ ငြင်းဆန်ပြီး ဘုရားအိမ်တော်အား ၎င်းတို့ကို ကြီးကြပ်ခွင့်ပေးရန် ပို၍ပင် ငြင်းဆန်သည်။ ဤသို့လုပ်ဆောင်ရာ၌ ၎င်းတို့၏ ပန်းတိုင်မှာ အဘယ်နည်း။ ၎င်းတို့သည် အဓိကအားဖြင့် ဘုရားသခင်ရွေးချယ်ထားသောလူများကို ထိန်းချုပ်လိုသည်။ ၎င်းတို့၏ အဆင့်အတန်းနှင့် အာဏာကို ကာကွယ်ထားလိုသည်။ ဤသည်မှာ ၎င်းတို့သည် ၎င်းတို့၏ အသက်မွေးမှုကို ကာကွယ်ထားခြင်းကို ဆိုလိုသည်။ ယင်းသည် ၎င်းတို့၏ အဓိက ပန်းတိုင်ဖြစ်သည်။ သင်တို့သည် ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်လျှင်၊ ဘုရားအိမ်တော်က သင်တို့၏အလုပ်နှင့်ပတ်သက်၍ မေးမြန်းစုံစမ်းပြီး ကြီးကြပ်သည်ကို သင်တို့ ကြောက်သလော။ ဘုရားအိမ်တော်သည် သင်တို့၏အလုပ်၌ အားနည်းချက်များနှင့် လမ်းလွဲခြင်းများကို ရှာဖွေတွေ့ရှိပြီး သင်တို့အား ပြုပြင်မည်ကို သင်တို့ ကြောက်သလော။ အထက်က သင်တို့၏ စစ်မှန်သော အစွမ်းအစနှင့် ဝိညာဉ်ရင့်ကျက်မှုတို့ကို သိကျွမ်းသွားပြီးသည့်နောက် ၎င်းတို့သည် သင်တို့ကို ကွဲပြားသည့် အမြင်ဖြင့် မြင်ကာ သင်တို့ကို ရာထူးတိုးခြင်းအတွက် မစဉ်းစားမည်ကို ကြောက်သလော။ သင့်တွင် ဤကြောက်ရွံ့မှုများရှိလျှင် သင်၏ စိတ်အရင်းခံ အကြောင်းများသည် အသင်းတော်အလုပ်အတွက် မဟုတ်သည်ကို သက်သေပြသည်။ သင်သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အလုပ်လုပ်နေခြင်းဖြစ်သည်။ ဤသည်မှာ သင့်တွင် အန္တိခရစ်၏ စိတ်သဘောထားရှိသည်ကို သက်သေပြသည်။ သင်သည် အန္တိခရစ်၏ စိတ်သဘောထားရှိလျှင် အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်နိုင်ခြေ ရှိသည်။ အန္တိခရစ်များက ဖြစ်ပေါ်စေသည့် မကောင်းမှုအားလုံးကို ကျူးလွန်တတ်သည်။ သင်၏ စိတ်နှလုံးတွင် သင်၏အလုပ်ကို ကြီးကြပ်နေသော ဘုရားအိမ်တော်ကို ကြောက်ရွံ့ခြင်းမရှိလျှင်၊ အထက်မှ မေးခွန်းများ၊ စုံစမ်းမှုများအပေါ် စစ်မှန်သော အဖြေများကို ပံ့ပိုးပေးနိုင်လျှင်၊ မည်သည့်အရာကိုမျှ မဖုံးကွယ်ထားဘဲ သင်သိသမျှပြောနိုင်လျှင်၊ သင်ပြောသည့်အရာက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သင်ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးခြင်းက မည်သို့ဖြစ်စေ၊ သင်က အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားကို ထုတ်ဖော်ပြသည်ဆိုလျှင်ပင် သင်က အန္တိခရစ်တစ်ယောက်အဖြစ် လုံးဝ စရိုက်လက္ခဏာ သရုပ်ဖော်ခြင်း ခံရမည် မဟုတ်ပေ။ အဓိကအချက်သည် သင်က သင်ကိုယ်တိုင်၏ အန္တိခရစ်စိတ်သဘောထားကို သိနိုင်ခြင်းရှိမရှိ၊ ဤပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်ခြင်း ရှိမရှိပင်ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်ခံနိုင်သူဖြစ်လျှင် သင်၏ အန္တိခရစ်စိတ်သဘောထားကို ပြင်နိုင်သည်။ သင်က အန္တိခရစ်၏ စိတ်သဘောထားရှိသည်ကို ကောင်းစွာသိသည့်တိုင် ယင်းကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေလျှင်၊ ဖြစ်ပေါ်လာသော ပြဿနာများကို ဖုံးကွယ်ဖို့ပင်ဖြစ်စေ၊ လိမ်ညာဖို့ပင်ဖြစ်စေ၊ တာဝန်ကို ခေါင်းရှောင်ဖို့ပင်ဖြစ်စေ ကြိုးစားလျှင်၊ ပြီးလျှင် ပြုပြင်ခြင်းကို ခံရသောအခါ သမ္မာတရားကို လက်မခံလျှင် ဤသည်မှာ ကြီးလေးသော ပြဿနာတစ်ခုဖြစ်သည်။ သင်က အန္တိခရစ်နှင့် မခြားနားပေ။ သင်က အန္တိခရစ် စိတ်သဘောထားရှိသည်ကို သိလျက် အဘယ်ကြောင့် ယင်းကို ရင်မဆိုင်ရဲသနည်း။ သင်သည် ယင်းကို အဘယ်ကြောင့် ပွင့်လင်းစွာ ချဉ်းကပ်၍ “အထက်က ကျွန်ုပ်၏ အလုပ်အကြောင်း မေးမြန်းပါက၊ ကျွန်ုပ်သိသမျှကို ပြောမည်။ ပြီးလျှင် ကျွန်ုပ်ပြုခဲ့သည့် ဆိုးသောအရာများထင်ရှားလာကာ၊ ၎င်းတို့သိသွားသည်နှင့် တစ်ပြိုင်နက် အထက်က ကျွန်ုပ်ကို မသုံးတော့ဘဲ ကျွန်ုပ်၏ ဂုဏ်အဆင့်အတန်း ဆုံးရှုံးရပါက ကျွန်ုပ်ပြောစရာရှိသည့်အရာကို ကျွန်ုပ် ရှင်းရှင်းလင်းလင်း ပြောဦးမည်”ဟု မပြောနိုင်ရသနည်း။ သင်၏အလုပ်ကို ဘုရားအိမ်တော်က ကြီးကြပ်ပြီး မေးခွန်းထုတ်မည်ကို ကြောက်ခြင်းက သင်သည် သမ္မာတရားထက် သင်၏ ဂုဏ်အဆင့်အတန်းကို သင်ပို၍ တန်ဖိုးထားကြောင်း သက်သေပြလေသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား မဟုတ်သလော။ အရာအားလုံးထက် ဂုဏ်အဆင့်အတန်းကို ချစ်မြတ်နိုးခြင်းသည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားဖြစ်သည်။ သင်သည် ဂုဏ်အဆင့်အတန်းကို အဘယ်ကြောင့် အလွန် တန်ဖိုးထားရသနည်း။ ဂုဏ်အဆင့်အတန်းမှ မည်သည့်အကျိုးအမြတ်များ ရနိုင်သနည်း။ ဂုဏ်အဆင့်အတန်းက သင့်အား ဘေးဒုက္ခ၊ အခက်အခဲများ၊ အရှက်ရခြင်းနှင့် နာကျင်မှုတို့ကို ဆောင်ကြဉ်းပေးလျှင် သင်သည် ယင်းကို တန်ဖိုးထားဦးမည်လော။ (မထားပါ။) ဂုဏ်အဆင့်အတန်းရှိခြင်းမှရသော အကျိုးအမြတ်များစွာရှိသည်။ အခြားလူများထံမှ မနာလိုမှု၊ လေးစားမှု၊ အထင်ကြီးမှုနှင့် မြှောက်ပင့်ခြင်းတို့အပြင် ၎င်းတို့၏ လေးစားအားကျခြင်းနှင့် ကြည်ညိုခြင်းတို့ကဲ့သို့သော အရာများဖြစ်သည်။ သင်၏ ဂုဏ်အဆင့်အတန်းက ယူဆောင်ပေးသော သာလွန်ခြင်း၊ အခွင့်ထူးခံစားခွင့်တို့နှင့် သက်ဆိုင်သော အသိစိတ်လည်း ရှိသည်။ ယင်းတို့က ဂုဏ်သိက္ခာနှင့် မိမိကိုယ်ကို တန်ဖိုးထားစိတ်တို့ကို ပေးသည်။ ထို့အပြင် ဂုဏ်အဆင့်အတန်း၏ အကျိုးအမြတ်များနှင့် အထူးအကျိုးခံစားခွင့်တို့ကဲ့သို့ အခြားသူများ မခံစားရသည့်အရာများကိုလည်း သင်ခံစားနိုင်သည်။ ဤအရာများအားလုံးသည် သင် တွေးပင်မတွေးဝံ့သည့် အရာများဖြစ်ပြီး သင်၏အိပ်မက်များထဲ၌ တောင့်တနေခဲ့သည့် အရာများဖြစ်သည်။ ဤအရာများကို သင် တန်ဖိုးထားသလော။ ဂုဏ်အဆင့်အတန်းသည် အနှစ်မဲ့ရုံသာရှိပြီး တကယ့်အဓိပ္ပာယ် မရှိလျှင်၊ ယင်းကို ကာကွယ်ခြင်းက မည်သည့်ရည်ရွယ်ချက်မျှ မရှိလျှင် ယင်းကို တန်ဖိုးထားသည်မှာ မိုက်မဲသည် မဟုတ်လော။ ဇာတိပကတိ၏ အကျိုးစီးပွားများနှင့် ပျော်မွေ့မှုများတို့ကဲ့သို့သော အရာများကို သင်လက်လွှတ်နိုင်လျှင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့သည် သင့်ကို ချည်နှောင်ထားတော့မည် မဟုတ်ပေ။ ထို့ကြောင့် ဂုဏ်အဆင့်အတန်းကို တန်ဖိုးထားခြင်းနှင့် လိုက်စားခြင်းတို့နှင့် ဆက်နွှယ်သော ပြဿနာများကို ဖြေရှင်းရန်အတွက် မည်သည့်အရာကို ဦးစွာဖြေရှင်းရမည်နည်း။ ဦးစွာ မကောင်းမှုကို ပြုလုပ်ခြင်းနှင့် လှည့်စားခြင်းတွင် ပါဝင်လုပ်ဆောင်ခြင်း၊ ကွယ်ဝှက်ခြင်းနှင့် ဖုံးဖိခြင်းတို့အပြင်၊ ဂုဏ်အဆင့်အတန်း၏ အကျိုးအမြတ်များကို ပျော်မွေ့ခံစားဖို့အလို့ငှာ၊ ဘုရားအိမ်တော်၏ ကြီးကြပ်ခြင်း၊ စုံစမ်းမေးမြန်းခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းတို့ကို ငြင်းဆိုခြင်းတို့နှင့်ပတ်သက်သည့် ပြဿနာ၏ သဘာဝကို ရိပ်စားမိလော့။ ဤသည်မှာ ဘုရားသခင်ကို ဗြောင်ကျကျ ခုခံခြင်းနှင့် ဆန့်ကျင်ခြင်း မဟုတ်လော။ ဂုဏ်အဆင့်အတန်း၏ အကျိုးအမြတ်များကို တပ်မက်ခြင်း၏ သဘာဝနှင့် အကျိုးဆက်တို့ကို သင် ရိပ်စားမိနိုင်ပါက ဂုဏ်အဆင့်အတန်းကို လိုက်စားခြင်းနှင့်ပတ်သက်သည့် ပြဿနာသည် ပြေလည်သွားလိမ့်မည်။ ဂုဏ်အဆင့်အတန်း၏ အကျိုးအမြတ်များကို တပ်မက်ခြင်း၏ အနှစ်သာရကို သင်မရိပ်စားမိနိုင်လျှင် ဤပြဿနာသည် မည်သည့်အခါမျှ ပြေလည်သွားလိမ့်မည် မဟုတ်ချေ။

သင်တို့သည် အလုပ်လုပ်ပြီး တာဝန်များကို ထမ်းဆောင်ရန် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်သလော။ ကြီးကြပ်မှုကို သင်တို့ လက်ခံသလော။ အခြားလူများက ဝင်ရောက်စွက်ဖက်ခြင်း၊ သို့မဟုတ် စုံစမ်းမေးမြန်းခြင်းများမပြုစေရန် တစ်စုံတစ်ခုကို သင်တို့ လုပ်ခဲ့သလော။ တစ်စုံတစ်ယောက်က စုံစမ်းမေးမြန်းခြင်းများပြုလျှင် သင်က ထိုသူအား အတိုက်အခံပြုပြီး “ငါ၏အလုပ်ကို ကြားဝင်စွက်ဖက်နေရအောင် သင့်ကိုယ်သင် မည်သူများ ထင်နေသနည်း။ ငါသည် အဆင့်အတန်းတွင် သင့်ထက် အဆင့်တစ်ခုပိုမြင့်သည်။ ပြီးလျှင် ငါ၏အလုပ်တွင် ငါပြောသည့်အတိုင်းဖြစ်သည်။ အထက်က စုံစမ်းမေးမြန်းမှုများကို မပြုခဲ့။ ထို့ကြောင့် မည်သည့်အရာက သင့်အား လုပ်ပိုင်ခွင့်ပေးသနည်း” ဟု ဆိုသလော။ ဤသို့သော အရာမျိုး ပြောဖူးသလော။ အန္တိခရစ်များ၏ အဓိက စိတ်သဘောထားမှာ အဘယ်နည်း။ အဆင့်အတန်းကို သိမ်းပိုက်ပြီး အာဏာကို ဆုပ်ကိုင်ခြင်း၊ ဘုရားအိမ်တော်၏ အလုပ်ကို အကျိုးရှိစေသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ခြင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို အလေးထားခြင်းမှ ဖြစ်ပေါ်သော မည်သည့်အရာကိုမျှ မလုပ်ဆောင်ဘဲ ဝတ်ကျေတမ်းကျေဆန်ခြင်းနှင့် လှည့်ဖြားခြင်း၊ ဖြစ်သလိုလုပ်ဆောင်ခြင်းတို့ဖြစ်သည်။ ၎င်းတို့သည် အပြင်ပန်းတွင် ၎င်းတို့၏ လုပ်ငန်းဆောင်တာ၌ အလွန်အားမာန်တက်ကြွစွာ အလုပ်ရှုပ်နေသည့်ပုံစံ ရှိသော်လည်း ၎င်းတို့လုပ်ဆောင်သည့်အရာများကို ကြည့်လော့။ ယင်းတို့သည် ပထမအနေဖြင့် တိုးတက်မှုမရှိ။ ဒုတိယအနေဖြင့် ထိရောက်မှုမရှိ။ တတိယအနေဖြင့် အကျိုးသက်ရောက်မှု သိပ်မရှိ။ ယင်းတို့သည် အလွန်ရှုပ်ပွနေသည်။ ၎င်းတို့ လက်မလွှတ်သည့်အရာ တစ်ခုသာရှိသည်။ ယင်းမှာ အာဏာကို ဆုပ်ကိုင်ပြီး လက်မလွှတ်ရန်အတွက် ၎င်းတို့၏အလုပ်ကပေးသော အခွင့်အရေးကို အသုံးချခြင်းဖြစ်သည်။ ၎င်းတို့သည် အာဏာရှိနေသရွေ့ အဆင်ပြေသည်။ မည်သည့်အလုပ်ကို ၎င်းတို့ လုပ်ဆောင်နေသည်ဖြစ်စေ၊ ယင်းမှာ အတတ်ပညာနှင့်သက်ဆိုင်သည်ဖြစ်စေ၊ ပြင်ပအရေးကိစ္စများနှင့် သက်ဆိုင်သည်ဖြစ်စေ၊ နည်းပညာကျွမ်းကျင်မှု၊ သို့မဟုတ် အခြားသော ကဏ္ဍများနှင့် သက်ဆိုင်သည်ဖြစ်စေ အားလုံးတွင် ပွင့်လင်းမြင်သာမှုမရှိပေ။ ဤပွင့်လင်းမြင်သာမှု ကင်းမဲ့ခြင်းသည် မတော်တဆဖြစ်သလော။ မဟုတ်ပေ။ မရည်ရွယ်ဘဲ ဖြစ်ခြင်းသည် စိတ်သဘောထားနှင့်မဆိုင်ဘဲ အစွမ်းအစကင်းမဲ့ခြင်းနှင့် အလုပ်အားမည်သို့ လုပ်ရမည်ကို မသိခြင်းနှင့်သက်ဆိုင်သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ဤစိတ်သဘောထားသည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားဖြစ်သည်ဟု ငါဆိုသနည်း။ ၎င်းတို့သည် တမင်ရည်ရွယ်၍ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ၎င်းတို့အတွင်း၌ ရည်ရွယ်ချက်တစ်ခုရှိသည်။ ၎င်းတို့သည် သင့်အား ဤအရာများကို မသိစေရန် တမင်တကာ လုပ်ဆောင်ပြီး တမင်တကာ သင့်ထံမှ ဖုံးကွယ်ကာ သင့်အား မတွေ့ရန် ရှောင်သည်။ ၎င်းတို့သည် သင့်အား ၎င်းတို့၏ စကားနှင့် ဆက်သွယ်ပြောဆိုမှုကို နည်းနိုင်သမျှနည်းအောင် ပြုလုပ်သည်။ ၎င်းတို့သည် သင်နှင့် အပြန်အလှန်စကားပြောဆိုမှုကို နည်းနိုင်သမျှနည်းအောင် လုပ်ဆောင်သည်။ ဤအရာများကို ၎င်းတို့၏ ဖော်ထုတ်ပြမှုအား နည်းနိုင်သမျှနည်းအောင် လုပ်ဆောင်သည်။ ဤသို့ဖြင့် သင်က ၎င်းတို့ကို အစဉ်အပြစ်တင်နေမည်မဟုတ်။ ပြီးလျှင် ၎င်းတို့ကို စုံစမ်းမေးမြန်းနေမည်မဟုတ်။ ဤသို့ဖြင့် သင်သည် အမှန်တကယ်တွင် မည်သည့်အရာဖြစ်နေသည်ကို များစွာ သိမည်မဟုတ်။ ဤသို့ဖြင့် ၎င်းတို့၏ သရုပ်မှန်ကို သင်သိမြင်မည်မဟုတ်ပေ။ ဤသည်မှာ တမင်ရည်ရွယ်ခြင်းမဟုတ်သလော။ ယင်းတွင် ရည်ရွယ်ချက်တစ်ခု မရှိသလော။ ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်မှာ အဘယ်နည်း။ ၎င်းတို့သည် သင့်အား လှည့်စားလိုသည်။ ဖြီးဖြန်း၍ လှည့်ဖြားလိုသည်။ ၎င်းတို့သည် သင့်အား အတုအယောင်အသွင်အပြင်ကိုပေးကာ အမှုအရာများ၏ တကယ့် ပကတိအခြေအနေကို သင်မသိအောင် လုပ်ဆောင်သည်။ ဤသို့ဖြင့် ၎င်းတို့သည် ၎င်းတို့၏ အဆင့်အတန်းကို လုံခြုံအောင် ပြုလုပ်ပြီးဖြစ်ကာ ယင်းက ၎င်းတို့ကို ကျေနပ်စေလိမ့်မည်။ ဤသည်မှာ ယင်း၏ သဘာဝမဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ တမင်တကာ လှည့်ဖြားသည့်၊ လိမ်လည်သည့်၊ အမှုအရာများကို ဖုံးကွယ်သည့် အန္တိခရစ်များ၏ စိတ်သဘောထား ဖြစ်သည်။ အားလုံးမှာ သတိရှိသည်။ ငါ့ကို ပြောလော့။ လူတို့အား အလွန်အလုပ်ရှုပ်စေပြီး အခြားလူများနှင့် တွေ့ရန်အချိန် မရှိဖြစ်စေသည့် မည်သည့်အလုပ်အစီအစဉ်ရှိသနည်း။ မရှိပေ။ မှန်သလော။ စားရန်၊ အိပ်ရန် အချိန်မရှိသကဲ့သို့ အခြားလူများနှင့် တွေ့ဆုံရန် အချိန်လုံးဝမရှိသည်အထိ အလွန်အလုပ်ရှုပ်စေသော အလုပ်အစီအစဉ်မရှိပေ။ အမှုအရာများက ထိုမျှ အလုပ်မရှုပ်သေးပေ။ ထိုအရာများအတွက် အချိန်ကို မရရအောင် ဖယ်ထား၍ရနိုင်သည်။ ဤသို့ဆိုလျှင် ဤလူများသည် အဘယ်ကြောင့် အချိန်မရှိသနည်း။ ၎င်းတို့သည် သင်နှင့် မတွေ့လိုပေ။ ၎င်းတို့အလုပ်နှင့်ပတ်သက်ပြီး သင့်အား စုံစမ်းမေးမြန်းမှုများ မပြုလုပ်စေလိုပေ။ ယင်းသည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား မဟုတ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့သည် မည်သည့် လူအမျိုးအစားဖြစ်သနည်း။ မယုံကြည်သူများ မဟုတ်လော။ ဟုတ်သည်။ အန္တိခရစ်တစ်ဦးချင်းစီတိုင်းသည် မယုံကြည်သူဖြစ်သည်။ မဟုတ်လျှင် ဘုရားအိမ်တော်၏ အလုပ်ကို သိမ်းယူမည်မဟုတ်၊ သို့မဟုတ် ဘုရားနောက်သို့လိုက်သူများကို ၎င်းတို့၏ ကိုယ်ပိုင်အာဏာအောက်၌ ထိန်းချုပ်မည်မဟုတ်။ ဤသို့သောအရာမျိုးတို့ကို ၎င်းတို့ လုပ်ဆောင်မည်မဟုတ်ပေ။ မယုံကြည်သူများ၏ ပထမအပြုအမူမှာ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝ မရှိခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သည်ဟူသော အကြောင်းပြချက်ဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများအတွက် လျှို့ဝှက်ကြံစည်သည်။ ၎င်းတို့သည် ရဲတင်းပြီး မဆင်မခြင်ပြုလုပ်ကာ လုံးဝ မကြောက်ပေ။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုသည် စစ်မှန်သော ယုံကြည်မှုမဟုတ်ဘဲ ဆောင်ပုဒ်တစ်ခုသာ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းလုံးဝ မရှိ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။