အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၃) အခန်း လေး

ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့အတွက် လိုလိုလားလားနှင့် ဝမ်းမြောက်စွာ မိမိတို့ကိုယ်ကို အသုံးခံရမည့်အစား မိမိတို့၏တာဝန်ကို တွန့်ဆုတ်စွာဖြင့် ထမ်းဆောင်သောသူအချို့ရှိသည်။ ၎င်းတို့သည် ကောင်းချီးများရရန်အတွက် အလုပ်လုပ်ပေးခြင်းကိုသာ တွေးပြီး သမ္မာတရားဆီသို့ ဦးတည်၍ ကြိုးပမ်းလိုခြင်းမရှိ။ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သောအခါ ၎င်းတို့သည် မကြာခဏ ဝတ်ကျေတမ်းကျေဆန်စွာ လုပ်ဆောင်ကြပြီး စေ့စပ်ခြင်းမရှိဘဲ ရှင်းလင်းပစ်ခြင်းမခံရရန်အတွက် ရလဒ်အချို့ရရှိခြင်းဖြင့်သာ ကျေနပ်နေကြသည်။ သို့သော် လူတို့က ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ ဘုရားသခင်သည် လူတို့အား နောင်တရရန် အခွင့်အရေးပေးသည်။ သမ္မာတရားကို သင်နားမလည်သောကြောင့်ဖြစ်စေ၊ သင့်တာဝန်ကိုထမ်းဆောင်သောအခါ၌ ဝတ်ကျေတမ်းကျေဆန်စွာ လုပ်ဆောင်သောကြောင့်ဖြစ်စေ ဘုရားသခင်က သင့်ကို ရှုတ်ချမည်မဟုတ်ပေ။ သမ္မာတရားကို သင်လက်ခံနိုင်ခြင်းရှိမရှိနှင့် သင်အမှန်တကယ် နောင်တရပြီး မှန်ကန်သောအသက်တာလမ်းကြောင်းကို လျှောက်နိုင်ခြင်းရှိမရှိကို ကြည့်ရန်အတွက် ဘုရားသခင်က သင့်ကို စဉ်ဆက်မပြတ် စိစစ်လိမ့်မည်။ ဤသည်မှာ သင်ရွေးချယ်ပုံအပေါ် မူတည်သည်။ လူအချို့သည် မိမိတို့တာဝန်များကို စတင်ထမ်းဆောင်သောအခါတွင် မည်သည့်သမ္မာတရားကိုမျှ နားမလည်ခဲ့ကြပေ။ သို့သော် တရားဒေသနာများကို ၎င်းတို့ မကြာခဏနားထောင်ကြပြီး မကြာခဏ စုဝေးကာ မိတ်သဟာယဖွဲ့ကြသောကြောင့် ၎င်းတို့သည် သမ္မာတရားကို တဖြည်းဖြည်းချင်း နားလည်လာသည်။ ၎င်းတို့၏ စိတ်နှလုံးသည် ပိုပို၍ တောက်ပလာသည်။ ပြီးလျှင် ၎င်းတို့သည် အလွန်အမင်းချို့တဲ့ကာ သမ္မာတရား လုံးဝမရှိသည်ကိုလည်းကောင်း၊ မိမိတို့၏တာဝန်များကို ထမ်းဆောင်ရာ၌ စည်းမျဉ်းမရှိဘဲ မိမိတို့၏ ကိုယ်ပိုင်ဆန္ဒအတိုင်း အလုပ်တစ်ခုခုကိုသာ လုပ်ဆောင်ကြသည်ကိုလည်းကောင်း ၎င်းတို့တွေ့မြင်ကြသည်။ ၎င်းတို့၏တာဝန်များကို ဤသို့ထမ်းဆောင်ခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မညီသည်ကို ၎င်းတို့ ခံစားမိပြီး ၎င်းတို့၏ စိတ်နှလုံးက ကြီးစွာနောင်တရကြသည်။ သမ္မာတရားဆီသို့ ဦးတည်၍ ၎င်းတို့ စတင်ကြိုးပမ်းကြပြီး ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာ၌ ပိုပို၍ကောင်းသောရလဒ်များကို ရကြသည်။ ဤသို့ဖြင့် တစ်ဖက်တွင် အသက်ဝင်ရောက်မှုကို ၎င်းတို့ ရကြသည်။ ပြီးလျှင် အခြားတစ်ဖက်တွင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းတွင် တဖြည်းဖြည်းချင်း စံနှုန်းပြည့်မီလာကြသည်။ ဤသည်မှာ မိမိတာဝန်များကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လက်ခံနိုင်သောသူတစ်ဦး ဖြစ်သည်။ သမ္မာတရားအပေါ် ၎င်းတို့၏ နားလည်မှုက တဖြည်းဖြည်း ပို၍ ရှင်းလင်းလာသည်နှင့်အမျှ ၎င်းတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်းတို့ကို ရှင်းလင်းစွာ မြင်နိုင်သည်။ ဘုရားသခင်ကို ၎င်းတို့ ဆုတောင်းနိုင်ပြီး ၎င်းတို့စိတ်နှလုံးတွင် ဘုရားသခင်ကို အမှီပြုနိုင်သည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားလိုစိတ်ရှိသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုစိတ်ရှိပြီး သမ္မာတရားလိုက်စားခြင်းလမ်းကြောင်းကို လျှောက်လိုစိတ်ရှိသည်။ ဤသည်မှာ မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်း လမ်းကြောင်းတွင် တဖြည်းဖြည်းချင်း အသက်တာကြီးထွားခြင်း ဖြစ်သည်။ ဘုရားသခင်နောက် လိုက်သူအားလုံးသည် မိမိတို့တာဝန်များအား ထမ်းဆောင်ခြင်း လမ်းကြောင်းတွင် သမ္မာတရားကို နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်လာကြသည်။ သမ္မာတရားကို မချစ်လျှင် ဤသို့သောပြောင်းလဲမှု ရှိနိုင်သလော။ သေချာပေါက် မရှိနိုင်။ လူအချို့သည် အထူးပင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သည်။ ဘုရားအိမ်တော်သို့ ၎င်းတို့ လာသောအခါ၌ အထူးသဖြင့် ၎င်းတို့တာဝန်ကို ထမ်းဆောင်ပြီးသည့်နောက်တွင် ဤအရာ၏ အတိုင်းအတာက သိသာထင်ရှားလာသည်။ ၎င်းတို့သည် ရင်ဘတ်တွင် လက်ကိုပိုက်လျက် သို့မဟုတ် ခါးထောက်လျက်ဖြင့် အာခံမှု၊ မကျေနပ်မှုကို ပြလေသည်။ ၎င်းတို့သည် အဘယ်ကြောင့် အလွန်မာနထောင်လွှားသနည်း။ ၎င်းတို့စိတ်နှလုံးတွင် ၎င်းတို့က “ဘုရားသခင်ကို ယုံကြည်ပြီး ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ရန်အတွက် လောကီ၊ ကျွန်ုပ်၏ မိသားစုနှင့် ကျွန်ုပ်၏အလုပ်ကို စွန့်ပစ်ခဲ့ပြီး ဖြစ်သည်။ ဤအဖိုးအခက မကြီးသလော။ ကျွန်ုပ်သည် ဘုရားအတွက် များစွာ စွန့်ပစ်ခဲ့ပြီး ဖြစ်သည်။ ဘုရားက ကျွန်ုပ်ကို နစ်နာကြေးတစ်ခုခု မပေးသင့်သလော။ ထို့အပြင် လူ့အဖွဲ့အစည်း၌ရှိသော ကျွန်ုပ်၏ အဆင့်အတန်းနှင့် ဝင်ငွေအရ ဘုရားအိမ်တော်သည် အနည်းဆုံးအနေဖြင့် ကျွန်ုပ်ကို ထိုကဲ့သို့သော ခံစားခွင့်မျိုး ပေးသင့်သည်မဟုတ်လော။ ယခုအခါတွင် ကျွန်ုပ်သည် မိမိတာဝန်ကို ထမ်းဆောင်နေသည်ဖြစ်သဖြင့် ဘုရားက ကျွန်ုပ်ကို အထူးအခွင့်အရေးတစ်ခုခု မပေးနိုင်သလော။ ကျွန်ုပ်သည် ထူးခြားသော ပင်ကိုစွမ်းရည်ရှိသူဖြစ်ပြီး သာမန်လူတို့အထက် များစွာသာပေသည်။ ကျွန်ုပ်သည် ဘုရားအိမ်တော်တွင် အဆင့်အတန်းရှိသင့်သည်။ အခြားလူများက ဦးဆောင်နိုင်လျှင် ကျွန်ုပ်သည်လည်း ဦးဆောင်နိုင်သည်။ ကျွန်ုပ်၏ အဆင့်အတန်းသည် အခြားလူများထက် မနိမ့်ကျသင့်။ ပြီးလျှင် ကျွန်ုပ်သည် အထူးခံစားခွင့်ကို သာမန်လူတို့ထက် ပို၍ မြင့်မားစွာ ခံစားရသင့်သည်။ အရေးကြီးဆုံးမှာ ကျွန်ုပ်သည် နောင်တွင် ကောင်းချီးများရပြီး ကောင်းသော ခရီးပန်းတိုင်တစ်ခု ရှိမည်ဟု ဘုရားက ကျွန်ုပ်ကို အခိုင်အမာပြောနိုင်သလော” ဟု ဆိုသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့ လာခဲ့ခြင်းဖြစ်ပြီး သူ့အတွက် ရိုးသားစစ်မှန်စွာ အသုံးခံဖို့ လာခြင်းမဟုတ်ကြောင်းကို ၎င်းတို့စိတ်နှလုံးရှိ အတွေးများမှ ငါတို့ မြင်နိုင်သည်။ ၎င်းတို့သည် ပေါလုကဲ့သို့ပင် တွေးပြီး ဘုရားသခင်၏ ကောင်းချီးများနှင့် အလဲအလှယ်ပြုရန်အတွက် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ချင်သည်။ သို့သော် ၎င်းတို့၏ ဆင်ခြင်တုံတရားမှာ ပေါလုထက် များစွာပို၍ ဆိုးသည်။ ပေါလုထက် များစွာ နိမ့်ကျသည်။ ဤအရာကို ငါအဘယ်ကြောင့် ပြောရသနည်း။ အဘယ်ကြောင့်ဆိုသော် ပေါလုသည် ဧဝံဂေလိတရားဟောသည့် နှစ်များစွာတွင် အမှန်ပင် များစွာ ဒုက္ခခံခဲ့ပြီး ဧဝံဂေလိတရားဟောခြင်းကြောင့် သူရရှိသည့် အသီးအပွင့်များမှာ သာမန်လူတို့ထက် များစွာ ပို၍ ကောင်းသောကြောင့်ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သူ၏ ခြေလှမ်းများသည် ဥရောပနိုင်ငံအများစုသို့ ခရီးသွားခဲ့သည်။ သူသည် ဥရောပတစ်လျှောက်တွင် အသင်းတော်များစွာကို တည်ဆောက်ခဲ့သည်။ ဤအပိုင်းတွင် သာမန်အန္တိခရစ်များသည် ပေါလု၏ ဆင်ခြင်တုံတရားဖြင့်ဖြစ်စေ၊ သူမည်မျှ အလုပ်လုပ်ပေးခဲ့သည် ဆိုသည့်အရာဖြင့်ဖြစ်စေ မနှိုင်းယှဉ်နိုင်ပေ။ သို့သော် ငါယခုပင် ပြောခဲ့သည့်သူသည် မိမိ၏တာဝန်ကို ထမ်းဆောင်ပြီးနောက်တွင် အလွန့်အလွန် မာနထောင်လွှားလာသည်။ ဤသည်မှာ ဆင်ခြင်တုံတရား အလွန်အမင်း ကင်းမဲ့ခြင်းမဟုတ်လော။ ၎င်းတို့သည် လုံးလုံးပင် ဆင်ခြင်တုံတရားမရှိဘဲ ဓားပြကဲ့သို့ပင် ကောင်းချီးရဖို့ အခွင့်အရေးကို ဆုပ်ကိုင်မိသည်နှင့် လက်မလွှတ်နိုင်ပေ။ ဤသို့သောလူတို့သည် အဖွဲ့ခေါင်းဆောင် သို့မဟုတ် ကြီးကြပ်ရေးမှူးသာ ဖြစ်ရလျှင်ပင် ဘုရားအိမ်တော်တွင် ထင်ပေါ်ကျော်ကြားရန်အတွက် အခွင့်အလမ်းများကို အစဉ်သဖြင့် တစ်ဇွတ်ထိုး ရှာဖွေနေကြသည်။ အတိုချုပ်အားဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်သို့ လာသောအခါ၌ သာမန်နောက်လိုက် မဖြစ်လိုပေ။ ၎င်းတို့သည် သာမန်ဖန်ဆင်းခံ ဖြစ်သည်ဟုလည်းကောင်း၊ အခြားသော သက်ရှိများကဲ့သို့ သာမန်ဖန်ဆင်းခံသာ ဖြစ်သည်ဟုလည်းကောင်း မည်သူက ဝန်ခံနိုင်ပါစေ ဤအမြင်ကို ၎င်းတို့ မည်သည့်အခါမျှ လက်ခံမည်မဟုတ်။ ၎င်းတို့သည် မိမိတို့အား ဤသို့ မတရားသဖြင့်ပြုသည်ကို မည်သည့်အခါမျှ ခွင့်ပြုမည်မဟုတ်။ ၎င်းတို့သည် အထူးခံစားခွင့်ကို ရရှိသင့်ပြီး ဘုရားသခင်က ၎င်းတို့အား အထူးကျေးဇူးတော်နှင့် ကောင်းချီးများကို ပေးသင့်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်တွင် အဆင့်အတန်း၏ အထူးအကျိုးအမြတ်များကိုလည်း ခံစားလိုသည်။ ၎င်းတို့သည် ဘုရားအိမ်တော်အား ၎င်းတို့၏ ပင်ကိုစွမ်းရည်များအပေါ် သံသယဖြစ်ခွင့်မပေးပေ။ ပြီးလျှင် လူတို့အား ၎င်းတို့အလုပ်အကြောင်းမေးမြန်းခြင်းကို ပို၍ပင် ခွင့်မပြုပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် အရာရာကို စွန့်ပစ်ခဲ့ပြီး ဘုရားအပေါ် အပြည့်အဝသစ္စာရှိသောကြောင့် လူတိုင်းက ၎င်းတို့အပေါ် ယုံကြည်မှုအပြည့်အဝရှိရမည် ဖြစ်သည်။ ဤသည်မှာ ဆင်ခြင်တုံတရားမဲ့သော တောင်းဆိုမှုတစ်ခု မဟုတ်သလော။ ဤသူသည် ဆင်ခြင်တုံတရားတစ်ခုတလေ ရှိသလော။ ဤသို့သောသူမည်မျှ ရှိသနည်း။ ယင်းမှာ အသင်းတော်၏ ရာခိုင်နှုန်းမည်မျှ ဖြစ်နိုင်သနည်း။ ဤသို့သောလူတို့သည် ၎င်းတို့တွင် အချို့သော အရည်အချင်းများနှင့် ပင်ကိုစွမ်းရည်တို့ရှိသည်ဟု အစဉ်ထင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် မည်မျှ အလွန်ထက်မြက်ကြောင်းကို ကြွားဝါပြောဆိုကြသည်။ ဤသို့ဆိုလျှင် ပင်ကိုစွမ်းရည်ဆိုသည့် ဤအရာသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ ၎င်းတို့သည် ကြီးကြီးကျယ်ကျယ်ပြောနိုင်သည်၊ အဓိပ္ပာယ်မရှိသောအရာများစွာကို ပြောနိုင်သည်၊ မည်သူကို ၎င်းတို့ စကားပြောနေသည်ဆိုသည့်အပေါ် မူတည်ပြီး ၎င်းတို့ပြောဆိုသည့်ပုံစံကို ပြောင်းနိုင်သည်၊ ပြီးလျှင် လှည့်ဖြားခြင်း၌ သာမန်လူတို့ထက် ပို၍ ကျွမ်းကျင်မှုရှိသည်ဟု ဆိုလိုသည်။ ဤသည်မှာ ပင်ကိုစွမ်းရည်နှင့် အရည်အချင်းဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြပြီး ၎င်းတို့သည် ဟိတ်ဟန်ထုတ်ကာ ဖြီးဖြန်းရန်အတွက် ဤအရည်အချင်းကို အသုံးပြုလိုသည်။ စစ်မှန်သော ပင်ကိုစွမ်းရည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အထူးကျွမ်းကျင်မှုများ ရှိခြင်းကို ဆိုလိုသည်။ ဘုရားသခင်က လူကို ဖန်ဆင်းခဲ့သောအခါတွင် အမျိုးမျိုးသော လူအမျိုးအစားများကို မတူညီသော အထူးကျွမ်းကျင်မှုများပေးခဲ့သည်။ လူအချို့သည် စာပေပိုင်းတွင် ကျွမ်းကျင်သည်။ လူအချို့သည် ဆေးပညာပိုင်း၌ ကျွမ်းကျင်သည်။ လူအချို့သည် လေ့လာသင်ယူမှု ပညာရပ်များတွင် ကျွမ်းကျင်သည်။ လူအချို့သည် သိပ္ပံသုတေသနတွင် ကျွမ်းကျင်သည် စသည်တို့ ဖြစ်သည်။ လူတို့၏ အထူးကျွမ်းကျင်မှုများကို ဘုရားသခင်က ပေးခြင်းဖြစ်ပြီး ကြွားဝါစရာအကြောင်း မရှိပေ။ မည်သည့် အထူးကျွမ်းကျင်မှုရှိပါစေ သမ္မာတရားကို နားလည်သည်ဟု မဆိုလိုသကဲ့သို့ သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်သည်ဟု သေချာပေါက် မဆိုလိုပေ။ လူတို့တွင် အထူးကျွမ်းကျင်မှုများရှိသည်။ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်လျှင် ၎င်းတို့၏ တာဝန်များကို လုပ်ဆောင်ရန်အတွက် ဤအထူးကျွမ်းကျင်မှုများကို အသုံးပြုသင့်သည်။ ဤအရာကို ဘုရားသခင်က လက်သင့်ခံနိုင်ဖွယ် ဖြစ်သည်။ အထူးကျွမ်းကျင်မှုတစ်ခုခုကို ကြွားဝါပြောဆိုခြင်း၊ သို့မဟုတ် ဘုရားသခင်နှင့် အလဲအလှယ်ပြုလုပ်ရန်အတွက် ယင်းကို အသုံးပြုလိုခြင်းသည် ဆင်ခြင်တုံတရား အလွန်အမင်း ကင်းမဲ့ခြင်းဖြစ်သည်။ ဘုရားသခင်က ဤသို့သောလူတို့ကို မျက်နှာသာမပေးပေ။ လူအချို့သည် ကျွမ်းကျင်မှုတစ်ခုခုကို သိသည်။ ထို့ကြောင့် ဘုရားအိမ်တော်ကို ၎င်းတို့ လာသောအခါ၌ ၎င်းတို့သည် အခြားလူတို့ထက်သာသည်ဟု ခံစားရသည်။ အထူးခံစားခွင့်ကို ၎င်းတို့ ခံစားရလိုသည်။ ပြီးလျှင် ၎င်းတို့သည် ဘဝအတွက် အာမခံချက်ရှိသည့် အလုပ်တစ်ခုရှိသည်ဟု ခံစားရသည်။ ဤကျွမ်းကျင်မှုကို အရင်းအနှီးတစ်မျိုးအဖြစ် ၎င်းတို့ မှတ်ယူသည်။ အလွန် မာနထောင်လွှားလှပါတကား။ ဤသို့ဆိုလျှင် ဤဆုကျေးဇူးများနှင့် အထူးကျွမ်းကျင်မှုများကို မည်သို့ ရှုမြင်သင့်သနည်း။ ဤအရာများသည် ဘုရားအိမ်တော်၌ အသုံးဝင်လျှင် ယင်းတို့သည် သင့်တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်အတွက် တန်ဆာပလာများသာ ဖြစ်သည်။ သမ္မာတရားနှင့် လုံးဝ မသက်ဆိုင်ပေ။ သင့်၌ ဆုကျေးဇူးများ၊ ပင်ကိုစွမ်းရည်များ မည်မျှရှိပါစေ ယင်းတို့သည် လူသား အထူးကျွမ်းကျင်မှုများသာဖြစ်ပြီး သမ္မာတရားနှင့် လုံးဝ မသက်ဆိုင်ပေ။ သင်၏ ဆုကျေးဇူးများနှင့် အထူးကျွမ်းကျင်မှုများက သမ္မာတရားကို သင်နားလည်သည်ဟု မဆိုလိုပေ။ ပြီးလျှင် သမ္မာတရား လက်တွေ့ကျမှုကို သင်ပိုင်ဆိုင်သည်ဟု သေချာပေါက် မဆိုလိုပေ။ သင့်တာဝန်ကို ထမ်းဆောင်ရန်၊ သင့်တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန် သင်၏ ဆုကျေးဇူးများနှင့် အထူးကျွမ်းကျင်မှုများကို အသုံးပြုလျှင် ယင်းတို့သည် သင့်တော်သောနေရာတွင် အသုံးပြုခြင်းခံရသည်။ ပြီးလျှင် ယင်းတို့အား အသုံးပြုခြင်းကို ဘုရားသခင် အသိအမှတ်ပြုသည်။ သို့သော် သင်၏ ဆုကျေးဇူးများနှင့် အထူးကျွမ်းကျင်မှုများကို ကြွားဝါရန်၊ သင့်ကိုယ်သင် သက်သေခံရန်နှင့် အမှီအခိုကင်းသော နယ်မြေတစ်ခုတည်ဆောက်ရန်အတွက် အသုံးပြုလျှင် သင်၏ အပြစ်များက ကြီးမားလိမ့်မည်။ ပြီးလျှင် ဘုရားသခင်ကို အတိုက်အခံလုပ်သဖြင့် သင်သည် ကြီးလေးသောပုန်ကန်ပြစ်မှားသူ ဖြစ်လာလိမ့်မည်။ ဆုကျေးဇူးများကို ဘုရားသခင်က ပေးသည်။ သင့်တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်ထံ သက်သေခံရန် ယင်းတို့ကို အသုံးမပြုနိုင်လျှင် သင်သည် အလွန်အမင်း အသိစိတ်မရှိခြင်းဖြစ်ပြီး ဆင်ခြင်တုံတရား ကင်းမဲ့သည်။ ပြီးလျှင် ဘုရားသခင်အပေါ် အလွန် အကြွေးတင်လိမ့်မည်။ ဤသည်မှာ တရားလွန်ဖြစ်သော ပုန်ကန်မှုဖြစ်သည်။ သို့သော် သင်၏ ဆုကျေးဇူးများနှင့် အထူးကျွမ်းကျင်မှုများကို သင်မည်မျှကောင်းမွန်စွာ အသုံးချပါစေ သင့်တွင် သမ္မာတရားလက်တွေ့ကျမှုရှိသည်ဟု မဆိုလိုပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် စည်းမျဉ်းနှင့်ညီသော နည်းဖြင့် လုပ်ဆောင်ခြင်းဆိုသည်မှာ သင့်တွင် သမ္မာတရား လက်တွေ့ကျမှုရှိသည်ဟု ဆိုလိုသည်။ ဆုကျေးဇူးများနှင့် ပင်ကိုစွမ်းရည်များသည် အစဉ်သဖြင့် ဆုကျေးဇူးများနှင့် ပင်ကိုစွမ်းရည်များဖြစ်သည်။ သမ္မာတရားနှင့် လုံးဝ မသက်ဆိုင်ပေ။ သင့်တွင် ဆုကျေးဇူးနှင့် ပင်ကိုစွမ်းရည် မည်မျှရှိပါစေ၊ သင်၏ ဂုဏ်သတင်း၊ သို့မဟုတ် သင်၏ အဆင့်အတန်းက မည်မျှမြင့်ပါစေ သင့်တွင် သမ္မာတရားလက်တွေ့ကျမှုရှိသည်ဟု မည်သည့်အခါမျှ ဆိုလိုမည်မဟုတ်။ ဆုကျေးဇူးများနှင့် ပင်ကိုစွမ်းရည်များသည် မည်သည့်အခါမျှ သမ္မာတရား ဖြစ်လာမည်မဟုတ်။ ယင်းတို့သည် သမ္မာတရားနှင့် လုံးဝ မသက်ဆိုင်ပေ။ သို့သော် အန္တိခရစ်များက ဤသို့ မတွေးဘဲ ၎င်းတို့ ကြီးစွာ တန်ဖိုးထားသည်မှာ အတိအကျ ဤအရာများပင် ဖြစ်သည်။ ဥပမာ လူအချို့တွင် သရုပ်ဆောင်ပင်ကိုစွမ်းရည်များရှိသည်။ ဘုရားအိမ်တော်တွင် ရိုက်ကူးသော ရုပ်ရှင်တစ်ခု၌ အဓိကဇာတ်ဆောင်နေရာတွင် ပါဝင်သရုပ်ဆောင်ပြီးနောက် ၎င်းတို့သည် မာန်တက်လာကြသည်။ ၎င်းတို့အား မိတ်ကပ်ကူညီလိမ်းပေးသည့် လူသုံးယောက်ပင် ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းဖို့ မလုံလောက်ပေ။ ၎င်းတို့သည် သာမန်လူဖြစ်ခဲ့ဖူးသည်။ သို့သော် ယခုအခါတွင် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ပြီး ၎င်းတို့တာဝန်ကို သရုပ်ဆောင်အဖြစ် ထမ်းဆောင်ပြီးနောက် မာန်တက်လာကြသည်။ ၎င်းတို့သည် ကိုယ့်သေတွင်းကိုယ်တူးနေခြင်း မဟုတ်လော။ ထိုသို့အတိအကျပင် လုပ်ဆောင်နေခြင်းဖြစ်သည်။ ၎င်းတို့သည် အသွင်အပြင်တွင် ထူးခြားခြင်းမရှိဘဲ ၎င်းတို့၏ သရုပ်ဆောင်ကျွမ်းကျင်မှုများက သာမန်ဖြစ်သည်။ ၎င်းတို့သည် အချို့သောနေရာများတွင်သာ သရုပ်ဆောင်ဖို့ သင့်တော်သည်။ ထို့ကြောင့် ၎င်းတို့ကို အခြားနေရာတစ်ခု ပေးသည်။ ဤသည်မှာ ၎င်းတို့ကို ဂုဏ်တင်ချီးကျူးနေခြင်း မဟုတ်လော။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ရန် အခွင့်အရေးပေးခံရသောအခါ မာန်ပင်တက်ကြသည်။ သရုပ်ဆောင်သောအခါ၌ ၎င်းတို့သည် ရေနွေးကြမ်း ယူပေးခြင်း၊ ရေထည့်ပေးခြင်းအားဖြင့် ၎င်းတို့အား ပြုစုရန် လူတို့ကို အမိန့်ပေးခိုင်းစေသည်မှာ မြင်ရသူ ညီအစ်ကိုမောင်နှမအားလုံးကို စိတ်တိုစေသည်။ ငါက “၎င်းတို့ကို ဖယ်ရှားလော့” ဟု ဆိုခဲ့သည်။ ထို့ကြောင့် အသင်းတော်က ၎င်းတို့ကို ဖယ်ရှားခဲ့သည်။ ဤလူတို့ကို ရှင်းလင်းမပစ်သင့်သလော။ ၎င်းတို့ မရှိဘဲ အသင်းတော်က ရုပ်ရှင်များကို မဖန်တီးနိုင်ဟု ၎င်းတို့က ထင်သောကြောင့် မာန်တက်ရဲကြသည်။ ဤအကျိုးဆက်ကို ၎င်းတို့ မျှော်လင့်မထားခဲ့ပေ။ ဤအရာကို ၎င်းတို့၏ သဘာဝက တွန်းအားပေးသည်။ ဤသို့သောလူတို့သည် အသိပညာ၊ ပင်ကိုစွမ်းရည်၊ သင်ယူလေ့လာခြင်းနှင့် အတွေ့အကြုံတို့ကို မြတ်နိုးသည်။ ၎င်းတို့သည် ဤအရာများကို လွန်စွာ အလေးထားသည်။ သို့သော် တန်ဖိုးအရှိဆုံးသောအရာ ဖြစ်သည့် သမ္မာတရားကို ၎င်းတို့ လျစ်လျူရှုထားလေသည်။ ဘုရားအိမ်တော်တွင် သမ္မာတရားစိုးမိုးသည်ကို ၎င်းတို့ သဘောမပေါက်ပေ။ သမ္မာတရားကို ၎င်းတို့ မလိုက်စားလျှင် ၎င်းတို့၏ အသိပညာက မည်မျှမြင့်ပါစေ၊ မည်မျှစကားပြောကောင်းပါစေ ၎င်းတို့ ရပ်တည်နိုင်မည်မဟုတ်။ အနှေးနှင့် အမြန်ဆိုသလို ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံရလိမ့်မည်။ လူတို့အနေဖြင့် ဤအယူဝါဒအနည်းငယ်ကို နားလည်ဖို့ လွယ်ကူသလော။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း ဤအရာကိုပင် မရိပ်စားမိနိုင်သူတို့သည် တန်ဖိုးလုံးဝ မရှိသည့် နားဝေတိမ်တောင်ဖြစ်သောလူများသာ ဖြစ်သည်။ ၎င်းတို့သည် အနည်းငယ် အသိတရားရှိလျှင် အလွန်မာနထောင်လွှားလိမ့်မည်မဟုတ်။ ဤသို့သောသူတို့သည် မိမိတို့၏ ဇာတိရုပ်ကို ပြနေသည့် နတ်ဆိုးများ၊ စာတန်များဖြစ်သည်။ ယခုတွင် ဤအရာကို သင်တို့လည်း ရှင်းလင်းစွာ နားလည်နိုင်ရန်အတွက် ငါ တိုက်ရိုက်ထောက်ပြခဲ့သည်။ ဤသို့ဖြင့် သင်တို့သည် ဤအမှုကိစ္စကို အနည်းငယ် ခွဲခြားသိမြင်နိုင်ပြီး ရိပ်စားမိနိုင်သည်။ ငါသည် ယင်းကို ရှင်းလင်းစွာ ထောက်မပြခဲ့လျှင် သင်တို့သည် ဤသို့ ခွဲခြားသိမြင်နိုင်မည်လော။ ၎င်းတို့ကို ရှင်းလင်းပစ်နိုင်မည်လော။ လူတို့သည် ပြဿနာကို မမြင်နိုင်သောကြောင့် ငါသည် တဲ့တိုးပြောရသည်။ တဲ့တိုးမပြောလျှင် ပြဿနာကို မဖြေရှင်းနိုင်။ သင်တို့နားလည်သည့် အယူဝါဒအနည်းငယ်ကိုသာ အမှီပြုခြင်းဖြင့် မည်သည့်ပြဿနာကိုမျှ မဖြေရှင်းနိုင်ပေ။

အန္တိခရစ်များသည် အစဉ်သဖြင့် မိမိတို့ကိုယ်ကို အထူးပင်ကိုစွမ်းရည်များရှိသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့သည် လေးနက်စွာ သင်ယူတတ်မြောက်ခဲ့ပြီး အသိပညာများစွာကို ပိုင်ဆိုင်သည့် ကောလိပ်ဘွဲ့ရများဖြစ်သည်ဟု ထင်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ အသိပညာနှင့် ၎င်းတို့သင်ယူသော ဝိညာဉ်ရေးရာ သဘောတရားများကို လွန်စွာ အမြတ်တနိုးထားပြီး တန်ဖိုးထားသည်။ ဤအရာများကို သမ္မာတရားအဖြစ်ပင် သဘောထားသည်။ ၎င်းတို့ယုံကြည်သည့် ဤအသိပညာနှင့် အတွေ့အကြုံကို မှန်ကန်သည်ဟု မကြာခဏမှတ်ယူပြီး ၎င်းတို့အနီးရှိလူများကို ညွှန်ကြားရန်၊ အထင်အမြင်မှားစေရန်၊ သို့မဟုတ် ပုံစံသွင်းရန် ယင်းတို့ကို အသုံးပြုသည်။ အထူးသဖြင့် ၎င်းတို့၏ “ရွှေထီးဆောင်းခဲ့သော” အတိတ်ကာလများကို မကြာခဏပြောဆိုသည်။ အခြားလူများကို ဖြားယောင်းပြီး စည်းရုံးရန်အတွက် ယင်းတို့ကို အသုံးပြုပြီး အခြားလူများအား ၎င်းတို့ကို အထင်ကြီးကာ ကိုးကွယ်ရန် လုပ်ဆောင်သည်။ ၎င်းတို့၏ ဤ “ရွှေထီးဆောင်းခဲ့သော” အတိတ်ကာလများက မည်သည့်အရာများဖြစ်သနည်း။ ၎င်းတို့ထဲမှ အချို့က “ကျွန်ုပ်သည် တစ်ခါက တက္ကသိုလ်တစ်ခုတွင် ကထိကတစ်ယောက်ဖြစ်ခဲ့သည်။ ကျွန်ုပ်၏ ကျောင်းသားများ အားလုံးသည် မဟာဘွဲ့ရ သို့မဟုတ် ပါရဂူဘွဲ့ရ ကျောင်းသားများဖြစ်ကြသည်။ ကျွန်ုပ် စာသင်သည့်အချိန်တိုင်းတွင် လွတ်နေသည့်ခုံတစ်ခုံမျှမရှိခဲ့။ ကျောင်းသား တစ်ဦးချင်းစီတိုင်းက လုံးဝ တိတ်ဆိတ်စွာထိုင်ပြီး ၎င်းတို့၏ မျက်လုံးတွင် ကြည်ညိုမှု၊ လေးစားမှုဖြင့် ကျွန်ုပ်ကို ကြည့်နေကြသည်။ ကျွန်ုပ်သည် စိတ်လှုပ်ရှားခြင်းပင်မရှိ။ ယင်းတို့အားလုံးမှာ မည်မျှကြီးကျယ်ပြီး အထင်ကြီးလောက်ဖွယ် ဖြစ်ခဲ့သနည်း။ ကျွန်ုပ်သည် ဤသို့သော ပင်ကိုစွမ်းရည်၊ ဤသို့သော သတ္တိဖြင့် မွေးဖွားလာခဲ့သည်” ဟု ဆိုလိမ့်မည်။ အခြားလူများက “ကျွန်ုပ်သည် ၁၄ နှစ်အရွယ်က ကားမောင်းသင်ခဲ့သည်။ ယခုတွင် ကျွန်ုပ် ကားမောင်းလာခဲ့သည်မှာ နှစ် ၄၀ ကျော်ကြာပြီးဖြစ်ကာ ကျွန်ုပ်၏ ကားမောင်းကျွမ်းကျင်မှုသည် ထိပ်တန်းဖြစ်သည်” ဟု ဆိုလိမ့်မည်။ ဤအရာအားဖြင့် ၎င်းတို့သည် မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့ဆိုလိုသည်မှာ “သင်တို့ ကားမောင်းလာခဲ့သည်မှာ ရက်အနည်းငယ်သာ ရှိသေးသည်။ ဘာသိသနည်း။ ကျွန်ုပ်ကဲ့သို့ အတွေ့အကြုံရှိပြီးသော ကားမောင်းသမားတစ်ဦးက တစ်သက်လုံး ကားမောင်းလာခဲ့သည်။ ကျွန်ုပ်တွင် အတွေ့အကြုံမျိုးစုံရှိသည်။ နောင်တွင် သင်နားမလည်သည့်အရာတစ်ခုရှိလျှင် ကျွန်ုပ်ကို မေးသင့်သည်။ ကျွန်ုပ်ပြောသည့်အရာကို သင်နားထောင်ရမည်” ဟူ၍ ဖြစ်သည်။ အန္တိခရစ်များက ကျွမ်းကျင်မှုတစ်မျိုးမျိုးရှိသောအခါတွင် မိမိတို့ကိုယ်ကို ထူးခြားပြောင်မြောက်သည်ဟု ထင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပဟေဠိဆန်အောင် ပြုလုပ်ကြသည်။ ပြီးလျှင် မိမိတို့ကိုယ်ကို ကြွားဝါပြီး သက်သေခံကြကာ အခြားလူများအား ၎င်းတို့ကို အထင်ကြီးပြီး ကိုးကွယ်အောင် ပြုလုပ်ကြသည်။ ဤသို့သောလူအမျိုးအစားများက အားသာချက်အနည်းငယ်၊ သို့မဟုတ် ဆုကျေးဇူးတစ်ခုရှိသောအခါ ၎င်းတို့သည် အခြားလူများထက်သာသည်ဟု ထင်ပြီး အခြားလူတို့ကို ဦးဆောင်ရန် ဆန္ဒပြင်းပြကြသည်။ အခြားလူများက အဖြေရှာရန်အတွက် အန္တိခရစ်များဆီသို့ လာကြသောအခါ အန္တိခရစ်များက အထက်စီးမှနေ၍ ၎င်းတို့ကို ဩဝါဒခြွေသည်။ ထို့နောက်တွင် ထိုလူများက နားမလည်သေးလျှင် ၎င်းတို့က ထိုသူတို့သည် အစွမ်းအစနည်းခြင်းဖြစ်သည်ဟုသာ မှတ်ယူလိုက်သည်။ အမှန်တကယ်တွင်မူ ရှင်းလင်းသော ရှင်းပြချက် မပေးသည်မှာ အန္တိခရစ်များကိုယ်တိုင်ဖြစ်သည်။ ဥပမာ တစ်စုံတစ်ယောက်က ချို့ယွင်းနေသည့် စက်တစ်ခုကို မပြုပြင်နိုင်သည်ကို အန္တိခရစ်က မြင်ပြီး “ဤအရာအား မည်သို့လုပ်ရမည်ကို အဘယ်သို့ မသိနိုင်ရသေးသနည်း။ မည်သို့လုပ်ရမည်ကို သင့်အား ကျွန်ုပ်ပြောပြီးမဟုတ်လော။ အလွန်ရှင်းလင်းစွာ ရှင်းပြပြီးဖြစ်သည်။ သို့တိုင်အောင် သင်က နားမလည်သေးပေ။ သင်သည် အမှန်ပင် အစွမ်းအစနည်းသည်။ ဤအရာအား မည်သို့လုပ်ဆောင်ရမည်ကို သင့်အား ငါသင်ကြားပေးသည့် အချိန်တိုင်းတွင် သင်သည် သင်ယူတတ်မြောက်ရန် အရေးနိမ့်လေသည်” ဟု ဆိုလိမ့်မည်။ သို့တိုင်အောင် ထိုလူက ၎င်းတို့အား စက်ကို ပြုပြင်ရန်တောင်းဆိုသောအခါ ၎င်းတို့သည် စက်ကို အလွန်ကြာရှည်စွာကြည့်ပြီး မည်သို့ပြင်ရမည်ကိုလည်း သိမည်မဟုတ်။ ပြီးလျှင် မည်သို့ပြင်ရမည်ကို ၎င်းတို့မသိသည့်အချက်ကိုပင် ထိုသူအား ဖုံးကွယ်ထားလိမ့်မည်။ ထိုလူကို ထွက်သွားခိုင်းပြီးနောက်တွင် အန္တိခရစ်သည် လျှို့ဝှက်စွာဖြင့် သုတေသနပြုလုပ်ပြီး စက်အား မည်သို့ပြင်ရမည်ကို အဖြေရှာရန် ကြိုးစားလိမ့်မည်။ သို့သော် ပြင်နိုင်ဦးမည်မဟုတ်ပေ။ နောက်ဆုံးတွင် စက်ကို တစ်စစီဖြုတ်ပြီး လုံးဝ ရှုပ်ပွအောင်ပြုလုပ်ကာ ပြန်၍ တပ်နိုင်မည်မဟုတ်ပေ။ ထို့နောက် အခြားလူများက မြင်မည်စိုးပြီး အပိုင်းအစများကို ဖွက်ထားလိမ့်မည်။ အချို့သောအရာများအား မည်သို့လုပ်ဆောင်ရမည်ကို မသိခြင်းသည် ရှက်ဖွယ်ဖြစ်သလော။ အရာရာတိုင်းအား လုပ်ဆောင်နိုင်သူ တစ်ဦးတလေရှိသလော။ အချို့သောအရာများအား မည်သို့ပြုလုပ်ရမည်ကို မသိခြင်းတွင် ရှက်စရာလုံးဝ မရှိ။ သင်သည် သာမန်လူတစ်ဦးသာ ဖြစ်သည်ကို မမေ့နှင့်။ မည်သူကမျှ သင့်ကို အထင်မကြီးပေ၊ သို့မဟုတ် မကိုးကွယ်ပေ။ သာမန်လူတစ်ဦးဟူသည် သာမန်လူတစ်ဦးသာလျှင် ဖြစ်ပေသည်။ တစ်စုံတစ်ခုအား မည်သို့ပြုလုပ်ရမည်ကို မသိလျှင် သင် မလုပ်တတ်ကြောင်းကိုသာ ပြောလော့။ အဘယ်ကြောင့် သင် ဟန်ဆောင်ဖို့ ကြိုးစားမည်နည်း။ သင်က အစဉ်သဖြင့် ဟန်ဆောင်နေလျှင် လူတို့က သင့်ကို ရွံရှာလိမ့်မည်။ အနှေးနှင့်အမြန်ဆိုသလို သင့်ကိုယ်သင် ထုတ်ဖော်မိလိမ့်မည်။ ထိုအချိန်၌ သင်၏ ဂုဏ်နှင့် သင်၏တည်ကြည်မှုကို ဆုံးရှုံးလိမ့်မည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားဖြစ်သည်။ ၎င်းတို့သည် မိမိကိုယ်ကို စွယ်စုံရသူအဖြစ်၊ အရာရာတိုင်းကို လုပ်ဆောင်နိုင်သောသူ၊ အရာရာ၌ စွမ်းဆောင်နိုင်ပြီး အရည်အချင်းရှိသူတစ်ဦးအဖြစ် အစဉ်ထင်မြင်ကြသည်။ ဤသည်မှာ ၎င်းတို့ကို ဒုက္ခရောက်စေမည်မဟုတ်လော။ ၎င်းတို့တွင် ရိုးသားသောသဘောထားရှိလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်မည်နည်း။ ၎င်းတို့က “ကျွန်ုပ်သည် ဤနည်းပညာပိုင်း တတ်ကျွမ်းမှုတွင် မကျွမ်းကျင်ပါ။ အတွေ့အကြုံအနည်းငယ်သာ ရှိသည်။ ကျွန်ုပ်သိသမျှကို အသုံးချပြီးဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ ကြုံရသည့် ဤပြဿနာအသစ်များကို နားမလည်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်လိုလျှင် အတတ်ပညာပိုင်းဆိုင်ရာ အသိတစ်ခုခုကို သင်ယူရမည်။ အတတ်ပညာပိုင်းဆိုင်ရာ အသိကို ကျွမ်းကျင်တတ်မြောက်ခြင်းသည် ကျွန်ုပ်တို့တာဝန်ကို ထိရောက်စွာ လုပ်ဆောင်စေလိမ့်မည်။ ဘုရားသခင်က ကျွန်ုပ်တို့အပေါ် ဤတာဝန်ကို အပ်နှံခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့တွင် ကောင်းစွာလုပ်ဆောင်ရန် တာဝန်ရှိသည်။ ကျွန်ုပ်တို့တာဝန်အပေါ် တာဝန်ယူသည့် သဘောထားကို အခြေခံ၍ ဤအတတ်ပညာပိုင်းဆိုင်ရာ ဗဟုသုတကို သွားရောက် သင်ယူသင့်သည်” ဟု ဆိုလိမ့်မည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ အန္တိခရစ်စိတ်သဘောထားရှိသူတစ်ဦးသည် ဤသို့လုပ်ဆောင်မည်မဟုတ်။ လူတစ်ဦးတွင် ဆင်ခြင်တုံတရားအနည်းငယ်ရှိလျှင် သူက“ကျွန်ုပ်သည် ဤမျှသာ သိသည်။ ကျွန်ုပ်ကို သင်အထင်ကြီးရန် မလိုပါ။ ကျွန်ုပ်သည် မာန်တက်ဖို့မလိုပါ။ ဤသို့ဆိုလျှင် အမှုကိစ္စများက ပို၍ လွယ်ကူမည်မဟုတ်လော။ အစဉ်ဟန်ဆောင်နေခြင်းသည် စိတ်ဆင်းရဲဖွယ်ဖြစ်သည်။ ကျွန်ုပ်တို့ မသိသည့်အရာတစ်ခုရှိလျှင် အတူတကွ သင်ယူနိုင်ပြီး ကျွန်ုပ်တို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်နိုင်သည်။ ကျွန်ုပ်တို့တွင် တာဝန်သိသော သဘောထားရှိရမည်” ဟု ဆိုလိမ့်မည်။ လူတို့သည် ဤအရာကို မြင်ပြီး “ဤသူသည် ကျွန်ုပ်တို့ထက်ပို၍ သာသည်။ သူ့အပေါ်သို့ ပြဿနာတစ်ခု ကျရောက်သောအခါ သူ၏ အကန့်အသတ်ကို ကျော်၍ မစဉ်းမစားဖြင့် အတင်းမလုပ်ဆောင်သကဲ့သို့ အခြားလူများထံသို့လည်း လက်ဆင့်ကမ်းမပေးပေ၊ သို့မဟုတ် တာဝန်ကို မရှောင်ပေ။ ထိုထက် သူ့ဘာသာ တာဝန်ယူလုပ်ဆောင်ပြီး လေးနက်ကာ တာဝန်သိသော သဘောထားဖြင့် ယင်းကို ချဉ်းကပ်သည်။ ဤသည်မှာ မိမိအလုပ်နှင့် တာဝန်အပေါ် လေးနက်ပြီး တာဝန်သိသော လူကောင်းတစ်ဦးဖြစ်သည်။ သူသည် ယုံကြည်ထိုက်သည်။ ဘုရားအိမ်တော်က သူ့ကို ဤအရေးကြီးသော တာဝန်အပ်နှံသည်မှာ မှန်သည်။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးအတွင်းထဲကို အမှန်ပင် စိစစ်သည်” ဟု တွေးလိမ့်မည်။ ၎င်းတို့၏ တာဝန်ကို ဤသို့လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့၏ ကျွမ်းကျင်မှု တိုးတက်ပြီး လူတိုင်း၏ အသိအမှတ်ပြုခြင်းကို ရလိမ့်မည်။ ဤ အသိအမှတ်ပြုခြင်းက မည်သို့ ဖြစ်လာသနည်း။ ရှေးဦးစွာ ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို လေးနက်ပြီး တာဝန်သိသော သဘောထားဖြင့် ချဉ်းကပ်နေခြင်းဖြစ်သည်။ ဒုတိယအနေဖြင့် ၎င်းတို့သည် ရိုးသားသူဖြစ်နိုင်သည်။ ပြီးလျှင် လက်တွေ့ကျပြီး စေ့စေ့စပ်စပ် ကြိုးစားပမ်းစား လုပ်ကိုင်သော သဘောထားရှိသည်။ တတိယအနေဖြင့် ၎င်းတို့တွင် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုနှင့် ဉာဏ်အလင်းဖွင့်ပြမှုရှိဖို့ ဖြစ်နိုင်ခြေရှိသည်။ ဤသို့သောသူတွင် ဘုရားသခင်၏ ကောင်းချီးရှိသည်။ ဤသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူက ရရှိနိုင်သောအရာဖြစ်သည်။ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ချို့ယွင်းချက်များ၊ အားနည်းချက်များရှိသော်လည်း၊ အမှုအရာများစွာအား မည်သို့လုပ်ဆောင်ရမည်ကို မသိသော်လည်း ၎င်းတို့သည် မှန်ကန်သော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းပေါ်တွင် ရှိနေဆဲ ဖြစ်သည်။ ၎င်းတို့သည် ဟန်ဆောင်ခြင်းမရှိ၊ သို့မဟုတ် လှည့်ဖြားခြင်းမရှိ။ ၎င်းတို့၏တာဝန်အပေါ် လေးနက်ပြီး တာဝန်သိသော သဘောထားတစ်ခုရှိသည်။ သမ္မာတရားအပေါ် တောင့်တပြီး ရိုသေကိုင်းရှိုင်းသော သဘောထားတစ်ခုရှိသည်။ အန္တိခရစ်များ၏ စဉ်းစားပုံသည် သမ္မာတရားကို ချစ်ပြီး လိုက်စားသူများနှင့် အစဉ်သဖြင့် ကွာခြားလိမ့်မည်ဖြစ်သောကြောင့် ဤအရာများကို ၎င်းတို့ မည်သည့်အခါမျှ လုပ်ဆောင်နိုင်မည်မဟုတ်။ ၎င်းတို့သည် အဘယ်ကြောင့် မတူညီစွာ တွေးခေါ်သနည်း။ စာတန်၏ သဘာဝက ၎င်းတို့၏ အတွင်းတွင် တည်ရှိနေသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် အာဏာယူရန်ဖြစ်သည့် ၎င်းတို့၏ ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ရန်အတွက် စာတန်၏ စိတ်သဘောထားအတိုင်း အသက်ရှင်ကြပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို အစဉ်သဖြင့် လိုက်စားကာ စဉ်ဆက်မပြတ် အလိုဆန္ဒရှိကြသည်။ ၎င်းတို့သည် အကြံအစည်များနှင့် လှည့်ကွက်များကို လုပ်ဆောင်ရန်အတွက် နည်းအမျိုးမျိုးကို အသုံးပြုရန် အစဉ်ရှာဖွေနေပြီး လူတို့အား ၎င်းတို့ကို ကိုးကွယ်ပြီး ၎င်းတို့နောက်လိုက်ရန် လိုအပ်သည့်မည်သည့်နည်းဖြင့်မဆို လူတို့ကို အထင်အမြင်မှားအောင် လုပ်ဆောင်သည်။ ထို့ကြောင့် လူတို့ကို လှည့်ဖြားရန်အတွက် ၎င်းတို့သည် ဟန်ဆောင်ရန်၊ လိမ်ရန်၊ ညာရန်၊ လှည့်ဖြားရန်၊ ၎င်းတို့သည် အရာရာတိုင်းတွင် မှန်သည်ဟုလည်းကောင်း၊ အရာရာတိုင်းတွင် စွမ်းဆောင်နိုင်သည်ဟုလည်းကောင်း၊ မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်ဟုလည်းကောင်း၊ အခြားလူများထက် ပါးနပ်သည်ဟုလည်းကောင်း၊ အခြားလူများထက် အမြော်အမြင် ရှိသည်ဟုလည်းကောင်း၊ အခြားလူများထက်ပို၍ နားလည်သည်ဟုလည်းကောင်း၊ အရာရာတွင် အခြားလူများထက် သာသည်ဟုလည်းကောင်း၊ ကဏ္ဍတိုင်းတွင် အခြားလူများ၏ အထက်တွင်ရှိသည်ဟုလည်းကောင်း၊ မည်သည့်အုပ်စုတွင်မဆို ၎င်းတို့သည် အကောင်းတကာ့အကောင်းဆုံးပင် ဖြစ်သည်ဟုလည်းကောင်း အခြားလူများ ယုံကြည်စေရန်အတွက် နည်းလမ်းမျိုးစုံကို ရှာကြသည်။ ၎င်းတို့တွင် ဤသို့သော လိုအပ်ချက်ရှိသည်။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထား ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ အရှိအတိုင်း မဟုတ်သည့်အရာတစ်ခုအဖြစ် ဟန်ဆောင်ပြီး ဤအမျိုးမျိုးသော လက်တွေ့လုပ်ဆောင်မှုများနှင့် သရုပ်သကန်တစ်ခုစီကို ဖြစ်ပေါ်စေကြသည်။

တွေးကြည့်လော့။ မိမိတို့၏ အရှိအတိုင်းမဟုတ်သည့် အရာတစ်ခုအဖြစ် ဟန်ဆောင်လိုသည့် လူများသည် မည်သည့်စိတ်သဘောထားကို ပိုင်ဆိုင်သနည်း။ ၎င်းတို့သည် မည်သည့်အရာအဖြစ် ဟန်ဆောင်သနည်း။ ၎င်းတို့သည် နတ်ဆိုးအဖြစ်၊ သို့မဟုတ် အပျက်သဘောဆောင်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဟန်မဆောင်ပေ။ ၎င်းတို့သည် အဆင့်မြင့်သော၊ ကောင်းသော၊ လှပသော၊ ကြင်နာသောအရာတစ်ခုအဖြစ်၊ လူတို့ အထင်ကြီးလေးစားသော အရာတစ်ခုအဖြစ် ဟန်ဆောင်သည်။ ၎င်းတို့သည် လူတို့က ချီးမွမ်းသည့်၊ သို့မဟုတ် အသိအမှတ်ပြုသည့် ဤအရာများအဖြစ် ဟန်ဆောင်သည်။ ၎င်းတို့သည် အရာရာတိုင်းကို သိပြီး နားလည်ဟန်ဆောင်ကြသည်။ သမ္မာတရားကို ပိုင်ဆိုင်ဟန်ဆောင်သည်။ အပြုသဘောဆောင်သော ပုဂ္ဂိုလ်အဖြစ် ဟန်ဆောင်သည်။ ပြီးလျှင် သမ္မာတရား လက်တွေ့ကျမှုအဖြစ် ဟန်ဆောင်သည်။ ဤသည်မှာ ၎င်းတို့သည် ကိုယ့်သေတွင်းကိုယ်တူးနေခြင်း မဟုတ်လော။ ၎င်းတို့တွင် ထိုလက်တွေ့ကျမှု ရှိသလော။ ထိုအနှစ်သာရ ရှိသလော။ မရှိပေ။ ၎င်းတို့သည် အနှစ်သာရ မရှိသောကြောင့် အတိအကျပင် ၎င်းတို့သည် ဟန်ဆောင်နေသည်ဟု ဆိုခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်သောကြောင့် သမ္မာတရား၏ ပြယုဂ် ဖြစ်သည်ဟု တစ်စုံတစ်ယောက်က ဆိုမည်လော။ ဤပြောဆိုချက်သည် ခိုင်လုံသလော။ (မခိုင်လုံပါ။) သမ္မာတရား လက်တွေ့ကျမှုအချို့ကို သင်ပိုင်ဆိုင်လျှင်ပင် သင်သည် သမ္မာတရား၏ ပြယုဂ်လုံးဝ မဟုတ်ပေ။ ထို့ကြောင့် သမ္မာတရား၏ ပြယုဂ်အဖြစ် ဟန်ဆောင်သူ မည်သူမဆိုသည် မာနထောင်လွှားသော ပုဂ္ဂိုလ်ဖြစ်ပြီး အဓိပ္ပာယ်မရှိသော အမျိုးအစားဖြစ်သည်။ သမ္မာတရား လက်တွေ့ကျမှု အနည်းငယ်မျှကိုသာ ပိုင်ဆိုင်သည့်တိုင် သမ္မာတရား၏ ပြယုဂ်အဖြစ် ဟန်ဆောင်ရဲသောသူသည် ကျယ်ပြောသော၊ နယ်နိမိတ်မရှိသော ပင်လယ်ဖြစ်သည်ဟု အခိုင်အမာဆိုနေသည့် ရေတစ်ပေါက်မျှကဲ့သို့ ဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားမှု မြင့်မားခြင်းမဟုတ်လော။ ဤသည်မှာ အရှက်မရှိ မျက်နှာပြောင်ခြင်း မဟုတ်လော။ လူတစ်ဦးအနေဖြင့် သမ္မာတရား၏ ပြယုဂ်အဖြစ် ဟန်ဆောင်ရန်မှာ သူသည် ဤသို့လုပ်ဆောင်ရန် အရင်းအနှီးရှိရမည်။ အန္တိခရစ်များသည် သမ္မာတရား၏ ပြယုဂ်အဖြစ် ဟန်ဆောင်ရန်အတွက် မည်သည့်အရာကို အသုံးပြုသနည်း။ ယင်းမှာ ငါယခုပင်ပြောခဲ့သည့် ထိုအရာများဖြစ်သော အသိပညာ၊ အတွေ့အကြုံနှင့် သင်ခန်းစာများဖြစ်သည်။ ဤသည်မှာ သင်ယူလေ့လာခြင်းဖြင့် လူတို့ ရယူသည့် အထူးကျွမ်းကျင်မှုများ၊ စွမ်းရည်များအပြင် ၎င်းတို့မွေးကတည်းက ပါလာသည့် ဆုကျေးဇူးများလည်း ပါဝင်သည်။ လူအချို့သည် အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်ခြင်းတွင် ဆုကျေးဇူးရှိပြီး အခြားလူများမှာမူ တရားဟောခြင်းတွင် ဆုကျေးဇူးရှိသည်၊ သို့မဟုတ် စကားပြောကောင်းခြင်း ရှိသည်။ အခြားလူများက အချို့သော အထူးအတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ယူခဲ့သည်၊ သို့မဟုတ် ကျွမ်းကျင်တတ်မြောက်ခဲ့သည်။ ဥပမာ အချို့လူများမှာ အက၊ ဂီတ၊ အနုပညာ၊ ဘာသာစကား၊ သို့မဟုတ် စာပေတို့တွင် အထူးပင် ထူးချွန်ကြသည်။ အခြားလူများမှာမူ နိုင်ငံရေးတွင် ကျွမ်းကျင်ကြသည်။ ဤသည်မှာ ၎င်းတို့သည် လူတို့အား ကြိုးကိုင်ညွှန်ကြားရာတွင် အထူးကျွမ်းကျင်သည်၊ သံတမန်ရေးရာတွင် ထူးချွန်သည် စသည်တို့ကို ဆိုလိုသည်။ အတိုချုပ်အားဖြင့် ဤသည်မှာ လူ့အလွှာအမျိုးမျိုးထံမှ အထူးပင်ကိုစွမ်းရည်ရှိသောလူများ ပါဝင်သည်။ အထူးပင်ကိုစွမ်းရည်များ၊ သို့မဟုတ် ဆုကျေးဇူးများရှိသော ဤလူတို့သည် လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းတစ်ခုခု၊ သို့မဟုတ် သတ်သတ်မှတ်မှတ်ဖြစ်သော အသက်မွေးအလုပ်တစ်ခု သေချာပေါက် ရှိချင်မှရှိပေမည်။ လူအချို့သည် မထင်မရှားနေရာများတွင် နေသော်လည်း ၎င်းတို့သည် အတိတ်ကာလမှ ယခုအချိန်ထိဖြစ်သော ကျယ်ပြန့်သည့် ကိစ္စများကို ရှင်းလင်းစွာ၊ ယုတ္တိရှိစွာ၊ အထူးပင် စကားပြောတတ်ဆိုတတ်သည့်ပုံစံဖြင့် ပြောဆိုနိုင်သည်။ ဤအထူး ပင်ကိုစွမ်းရည်များရှိသော လူတို့တွင် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိလျှင် ၎င်းတို့သည် ဘုရားအိမ်တော်သို့လာသောအခါတွင် အမှုအရာများကို အရှိအတိုင်း ကျေနပ်နိုင်မည်မဟုတ်။ အချို့သော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို စိတ်ထဲတွင် ထားရှိလိမ့်မည်။ ပြီးလျှင် ၎င်းတို့သည် တဖြည်းဖြည်းချင်း ထုတ်ဖော်ခြင်းခံရမည်။

အနည်းငယ်သော အတွေ့အကြုံနှင့် အသိပညာကို ရရှိသွားလျှင်သွားချင်း သမ္မာတရား၏ ပြယုဂ်အဖြစ် အန္တိခရစ်တို့ အယောင်ဆောင်သည်ဟူသည့် အချက်နှင့်ပတ်သက်ပြီး ဤသို့သော အသိပညာ၊ အတွေ့အကြုံ၊ သင်ခန်းစာများ၏ နယ်ပယ်ကို ယခုပင် ငါတို့ ဆွေးနွေးခဲ့ပြီး ဖြစ်သည်။ ဤဆွေးနွေးမှု၏ ဗဟိုချက်မှာ မည်သည့်အရာ ဖြစ်သနည်း။ (ဟန်ဆောင်ခြင်း ဖြစ်ပါသည်။) မှန်သည်။ အဓိကအချက်မှာ အန္တိခရစ်များက သမ္မာတရား၏ ပြယုဂ်အဖြစ် ဟန်ဆောင်ခြင်း ဖြစ်သည်။ အသိပညာ၊ အတွေ့အကြုံ၊ သင်ခန်းစာတို့ဖြစ်သည့် ဤအရာများထဲမှ တစ်ခုမျှ သမ္မာတရားမဟုတ်။ ယင်းတို့သည် သမ္မာတရားနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိ။ ဤအရာများသည် သမ္မာတရားကိုပင် ဆန့်ကျင်ပြီး ဘုရားသခင်က ရှုတ်ချသည်။ ဥပမာ အသိပညာကို ကြည့်လော့။ သမိုင်းသည် အသိပညာပုံစံတစ်ခုအဖြစ် အကျုံးဝင်သလော။ (ဝင်ပါသည်။) လူသားသမိုင်းနှင့်ပတ်သက်သည့် အသိပညာနှင့် သမိုင်းစာအုပ်များ၊ အချို့သောနိုင်ငံများ၊ သို့မဟုတ် လူမျိုးစုများ၏ သမိုင်း၊ ခေတ်ပေါ်သမိုင်း၊ ရှေးဟောင်းသမိုင်း၊ သို့မဟုတ် အချို့သော တရားဝင်မဟုတ်သည့် သမိုင်းများပင် မည်သို့ ဖြစ်ပေါ်လာသနည်း။ (လူတို့က ရေးခဲ့ခြင်း ဖြစ်သည်။) ဤသို့ဆိုလျှင် လူတို့ရေးသော အရာများသည် စစ်မှန်သောသမိုင်းနှင့် ကိုက်ညီသလော။ လူတို့၏ အယူအဆများနှင့် အမြင်များသည် ဘုရားလုပ်ဆောင်မှုများ၏ စည်းမျဉ်းများ၊ နည်းလမ်းများ၊ နည်းစနစ်များနှင့် ကွဲလွဲနေသည်မဟုတ်လော။ လူကပြောသော ဤစကားများသည် စစ်မှန်သော သမိုင်းနှင့် ဆက်စပ်နေသလော။ (မဆက်စပ်ပါ။) ဆက်စပ်မှုမရှိ။ ထို့ကြောင့် သမိုင်းစာအုပ်များတွင် ပါဝင်သော မှတ်တမ်းများက မည်မျှတိကျမှန်ကန်သည်ဖြစ်စေ ယင်းတို့သည် အသိပညာသာ ဖြစ်သည်။ ဤသမိုင်းပညာရှင်များက မည်မျှစကားပြောကောင်းပါစေ၊ ဤသမိုင်းများကို မည်မျှယုတ္တိရှိစွာနှင့် ရှင်းလင်းစွာ ဇာတ်ကြောင်းပြောပြသည်ဖြစ်စေ ၎င်းတို့ကို နားထောင်ပြီးသည့်နောက်တွင် သင်သည် မည်သို့ကောက်ချက်ချမည်နည်း။ (ထိုဖြစ်ရပ်များကို ကျွန်ုပ်တို့ သိလိမ့်မည်။) ဟုတ်သည်။ ထိုဖြစ်ရပ်များကို သင်သိလိမ့်မည်။ သို့သော် ၎င်းတို့က ထိုဖြစ်ရပ်များအကြောင်းကို သင့်ကို အသိပေးရန် ရည်ရွယ်ချက်ဖြင့်သာ ဤသမိုင်းများကို ဇာတ်ကြောင်းပြောပြနေခြင်း ဖြစ်သလော။ ၎င်းတို့သည် သင့်ကို အယူဝါဒသွတ်သွင်းလိုသည့် စိတ်ကူးတစ်ခုရှိသည်။ ၎င်းတို့ အယူဝါဒသွတ်သွင်းမှု၏ ဗဟိုချက်မှာ အဘယ်နည်း။ ယင်းသည် ငါတို့ ခွဲခြမ်းစိတ်ဖြာပြီး စိစစ်ဖို့လိုသည့်အရာ ဖြစ်သည်။ ၎င်းတို့သည် လူတို့အား မည်သည့်အရာကို အယူဝါဒသွတ်သွင်းလိုသည်ဆိုသည်ကို သင်တို့နားလည်ကောင်း နားလည်နိုင်ရန်အတွက် ဥပမာတစ်ခုကို ငါပေးမည်။ ရှေးကာလမှ လက်ရှိအချိန်အထိ သမိုင်းကို ပြန်လည်ဆန်းစစ်ပြီးနောက်တွင် လူတို့သည် အဆုံးတွင် ဆိုရိုးစကားတစ်ခုကို ကောက်ချက်ချလာခဲ့ကြသည်။ ၎င်းတို့သည် လူသားသမိုင်းမှနေ၍ အချက်အလက်တစ်ခုကို သတိပြုမိခဲ့သည်။ ယင်းမှာ “နိုင်သူများက ဘုရင်များအဖြစ် ကြိုဆိုဂုဏ်ပြုခြင်းခံရစဉ်တွင် ရှုံးသူများက ဒုစရိုက်သမားများအဖြစ် တံဆိပ်တပ်ခံရသည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ အသိပညာဖြစ်သလော။ (ဟုတ်ပါသည်။) ဤအသိပညာသည် သမိုင်းအချက်အလက်များမှ လာသည်။ ဤဆိုရိုးစကားသည် အရာခပ်သိမ်းအပေါ် ဘုရားသခင်က အချုပ်အခြာအာဏာကိုင်စွဲသည့် နည်းလမ်းများ၊ နည်းစနစ်များနှင့် သက်ဆိုင်ခြင်း တစ်ခုတလေရှိသလော။ (မရှိပါ။) အမှန်တွင် ဆန့်ကျင်ဘက်ဖြစ်သည်။ ယင်းတို့နှင့် ကွဲလွဲပြီး ဆန့်ကျင်သည်။ ထို့ကြောင့် သင်သည် ဤဆိုရိုးစကားဖြင့် အယူဝါဒသွတ်သွင်းခြင်းခံရပြီး ဖြစ်သည်။ ပြီးလျှင် သမ္မာတရားကို သင်နားမလည်လျှင် သို့မဟုတ် သင်က ဘာသာတရားမရှိသူတစ်ဦး ဖြစ်လျှင် ယင်းကိုကြားပြီးနောက် မည်သည့်အရာကို သင်တွေးနိုင်သနည်း။ ဤဆိုရိုးစကားကို သင်မည်သို့ သဘောပေါက်မိမည်နည်း။ ရှေးဦးစွာ ဤသမိုင်းပညာရှင်များ၊ သို့မဟုတ် သမိုင်းစာအုပ်များသည် ဆိုရိုးစကား၏ တိကျမှန်ကန်မှုကို သက်သေပြရန်အတွက် လုံလောက်သော အထောက်အထားနှင့် သမိုင်းဖြစ်ရပ်များကို အသုံးပြုလျက် ဤအမျိုးအစားဖြစ်သော ဖြစ်ရပ်အားလုံးကို စာရင်းပြုစုသည်။ အစတွင် သင်သည် စာအုပ်တစ်အုပ်ထံမှ ဤဆိုရိုးစကားကို သင်ယူမိခြင်းသာ ဖြစ်ကောင်းဖြစ်နိုင်ပြီး ထိုဆိုရိုးစကားကိုယ်၌သာ သိကောင်းသိနိုင်သည်။ ဤဖြစ်ရပ်များကို သင်သတိမပြုမိမချင်း ယင်းကို အဆင့်တစ်ဆင့်သာ သို့မဟုတ် အတိုင်းအတာတစ်ခုအထိသာ နားလည်ကောင်းနားလည်နိုင်သည်။ သို့သော် ဤသမိုင်းဆိုင်ရာ အချက်အလက်များကို ကြားလိုက်သည်နှင့် ဆိုရိုးစကားအပေါ် သင်၏ လက်ခံခြင်းနှင့် အသိအမှတ်ပြုခြင်းက ပို၍လေးနက်လိမ့်မည်။ သင်က “အချို့သောအရာများသည် ဤသို့မဟုတ်” ဟု လုံးဝ ပြောမည်မဟုတ်။ ဤအစား သင်က “ယင်းမှာ ပကတိအခြေအနေဖြစ်သည်။ ရှေးကာလမှ ယခုအချိန်အထိ သမိုင်းကို ကြည့်လျှင် လူသားမျိုးနွယ်သည် ဤနည်းအားဖြင့် ဖွံ့ဖြိုးလာသည်။ နိုင်သူများက ဘုရင်များအဖြစ် ကြိုဆိုဂုဏ်ပြုခြင်းခံရစဉ်တွင် ရှုံးသူများက ဒုစရိုက်သမားများအဖြစ် တံဆိပ်တပ်ခံရသည်”ဟု ဆိုလိမ့်မည်။ သင်သည် ဤအမှုကိစ္စကို ဤသို့ သဘောပေါက်မိသောအခါ သင်၏ ကျင့်ကြံပြုမူမှု၊ အလုပ်အကိုင်၊ သင်၏ နေ့စဉ်အသက်တာအပြင် သင့်အနီးရှိ လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများတို့အပေါ်ကိုပါ မည်သည့်အမြင်များနှင့် သဘောထားများကို သင်ထားရှိမည်နည်း။ ဤသို့သော သိမြင်နားလည်မှုက သင့်သဘောထားကို ပြောင်းလဲမည်လော။ (ပြောင်းလဲပါမည်။) အဓိကအားဖြင့် ပြောင်းလဲလိမ့်မည်။ ဤသို့ဆိုလျှင် ယင်းသည် သင့်သဘောထားကို မည်သို့ပြောင်းလဲမည်နည်း။ သင်၏ အသက်တာ၏ ဦးတည်ချက်နှင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် သင်၏နည်းလမ်းများကို လမ်းညွှန်ပြီး ပြောင်းလဲမည်လော။ သင်သည် ယခင်က “သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်” ဆိုသည်နှင့် “ကောင်းသောသူများ၌ ငြိမ်းချမ်းသည့် ဘဝရှိသည်” ဆိုသည်ကို ယုံကြည်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ယခုတွင် သင်က “‘နိုင်သူများက ဘုရင်များအဖြစ် ကြိုဆိုဂုဏ်ပြုခြင်းခံရစဉ်တွင် ရှုံးသူများက ဒုစရိုက်သမားများအဖြစ် တံဆိပ်တပ်ခံရသည်’ ဟူသည့်အတွက် ကျွန်ုပ်သည် အရာရှိတစ်ဦးဖြစ်လိုလျှင် ဤသူကို အသေအချာ စဉ်းစားသုံးသပ်ရမည်။ သူသည် ကျွန်ုပ်ဘက်တွင် မရှိသောကြောင့် ရာထူးတိုးခြင်းခံရဖို့ ထိုက်တန်လျှင်ပင် သူ့ကို ရာထူးတိုးပေး၍မဖြစ်” ဟု တွေးလိမ့်မည်။ အမှုအရာများကို ဤသို့ စဉ်းစားသည်နှင့်အမျှ သင့်သဘောထားက ပြောင်းလဲလိမ့်မည်။ လျင်မြန်စွာ ပြောင်းလဲလိမ့်မည်။ ဤပြောင်းလဲမှုက မည်သို့ ဖြစ်ပေါ်မည်နည်း။ “နိုင်သူများက ဘုရင်များအဖြစ် ကြိုဆိုဂုဏ်ပြုခြင်းခံရစဉ်တွင် ရှုံးသူများက ဒုစရိုက်သမားများအဖြစ် တံဆိပ်တပ်ခံရသည်”ဟူသည့် အယူအဆနှင့် အမြင်ကို သင်လက်ခံခဲ့သောကြောင့် ဖြစ်လိမ့်မည်။ အချက်အလက်များစွာကို ကြားခြင်းသည် သင့်အတွက် တကယ့်လူသားဘဝရှိ ဤအမြင်၏ မှန်ကန်မှုကို ဆက်၍သာ အတည်ပြုလိမ့်မည်။ သင်၏ အနာဂတ်ဘဝနှင့် အလားအလာများကို လိုက်စားရန် သင်၏ ကိုယ်ပိုင်လုပ်ရပ်များနှင့် ကျင့်ကြံပြုမူမှုအပေါ် ဤအမြင်ကို အသုံးချသင့်သည်ဟု သင်လေးနက်စွာ ယုံကြည်လိမ့်မည်။ ဤသို့ဆိုလျှင် ဤအယူအဆနှင့် အမြင်သည် သင့်ကို ပြောင်းလဲပြီး မဖြစ်သလော။ (ဖြစ်ပါသည်။) ယင်းက သင့်ကို ပြောင်းလဲနေစဉ်တွင် သင့်ကို ဖျက်ဆီးခြင်းကိုလည်း ပြုလုပ်နေလိမ့်မည်။ ဤသည်မှာ ပကတိအခြေအနေဖြစ်၏။ ဤသို့သော အသိပညာသည် သင့်ကို ပြောင်းလဲပြီး ဖျက်ဆီးသည်။ ထို့ကြောင့် ဤအမှုကိစ္စ၏ အရင်းအမြစ်ကို ကြည့်သောအခါတွင် ဤသမိုင်းများကို မည်မျှတိကျမှန်ကန်စွာ ချပြသည်ဖြစ်စေ ယင်းတို့သည် အဆုံးတွင် ဤဆိုရိုးစကားအဖြစ် အနှစ်ချုပ်သွားပြီး သင်က ဤအယူအဆဖြင့် အယူဝါဒသွတ်သွင်းခြင်းခံရသည်။ ဤအသိပညာသည် သမ္မာတရား၏ ပြယုဂ်၊ သို့မဟုတ် စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ် ဖြစ်သလော။ (စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ် ဖြစ်သည်။) မှန်သည်။ ငါသည် ဤအရာကို လုံလောက်အောင် အသေးစိတ်ရှင်းပြပြီးဖြစ်သလော။ (ရှင်းပြပြီး ဖြစ်ပါသည်။) ယခုတွင် ရှင်းလင်းသည်။ ဘုရားသခင်ကို သင် မယုံကြည်လျှင် ဘဝသက်တမ်းနှစ်ခုပြီးနောက်တွင်ပင် ဤအရာကို နားလည်ဦးမည်မဟုတ်။ သင် အသက်ရှင်လေလေ၊ သင်သည် မိုက်မဲသည်ဟု ခံစားရလေလေဖြစ်မည်။ ပြီးလျှင် သင်သည် ထိုမျှ ရက်စက်ခြင်းမရှိဟုလည်းကောင်း၊ ပို၍ ရက်စက်သင့်သည်၊ ပို၍ ကောက်ကျစ်သင့်သည်၊ ပို၍ ဒုက္ခပေးသင့်သည်၊ ပို၍ဆိုးသော၊ ပို၍ဆိုးယုတ်သောသူဖြစ်သင့်သည်ဟုလည်းကောင်း ထင်လိမ့်မည်။ သင်က “သူသည် သတ်နိုင်လျှင် ငါသည် မီးရှို့ရမည်။ သူက လူတစ်ဦးကို သတ်လျှင် ငါက ၁၀ ဦးကို သတ်ရမည်။ သူက သဲလွန်စမချန်ဘဲ သတ်လျှင် ငါက လူတို့ကို သူတို့ကိုယ်တိုင်သတိမထားမိအောင် ဒုက္ခပေးမည်။ သူတို့၏ သားစဉ်မြေးဆက် မျိုးဆက်သုံးဆက်အထိ ငါ့အား ကျေးဇူးတင်အောင်ပင် လုပ်ဆောင်မည်” ဟု သင့်ဘာသာ တွေးလိမ့်မည်။ ဤသည်မှာ စာတန်၏ အတွေးအခေါ်၊ အသိပညာ၊ အတွေ့အကြုံနှင့် သင်ခန်းစာတို့က လူသားမျိုးနွယ်အပေါ် ဖြစ်ပေါ်စေသည့် လွှမ်းမိုးမှု ဖြစ်သည်။ လက်တွေ့တွင် ယင်းသည် ရက်စက်ခြင်းနှင့် ဖျက်ဆီးခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ဤကမ္ဘာလောကတွင် မည်သည့် အသိပညာမျိုးကို ဟောကြားသည်ဖြစ်စေ၊ ဖြန့်ချိသည်ဖြစ်စေ ယင်းသည် သင့်အား အယူအဆ၊ သို့မဟုတ် အမြင်တစ်ခုဖြင့် အယူဝါဒသွတ်သွင်းလိမ့်မည်။ ဤအရာကို သင် ပိုင်းခြားသိမြင်နိုင်ခြင်းမရှိလျှင် အဆိပ်ခတ်ခြင်း ခံရမည်။ အားလုံးကို ခြုံငုံကြည့်လျှင် ယခုတွင် တစ်ခုက သေချာသည်။ ဤအသိပညာသည် သာမန်လူစု၊ သို့မဟုတ် တရားဝင် အရင်းအမြစ်မှလာသည်ဖြစ်စေ၊ လူနည်းစုက ရိုသေလေးမြတ်သည်ဖြစ်စေ၊ လူများစုက ရိုသေလေးမြတ်သည်ဖြစ်စေ ဤမည်သည့်အရာကမျှ သမ္မာတရားနှင့် မသက်ဆိုင်ပေ။ သမ္မာတရားသည် အပြုသဘောဆောင်သောအရာများအားလုံး၏ လက်တွေ့ကျမှုဖြစ်သည်။ ယင်း၏ မှန်ကန်ခြင်းကို အသိအမှတ်ပြုသောလူတို့၏ အရေအတွက်ဖြင့် ဆုံးဖြတ်ခြင်းမရှိ။ အပြုသဘောဆောင်သောအရာများ၏ လက်တွေ့ကျမှုကိုယ်၌က သမ္မာတရား ဖြစ်သည်။ ဤအရာကို မည်သူကမျှ မပြောင်းလဲနိုင်သကဲ့သို့ မည်သူကမျှလည်း မငြင်းဆန်နိုင်ပေ။ သမ္မာတရားသည် အစဉ်သဖြင့် သမ္မာတရား ဖြစ်လိမ့်မည်။

ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည့်အချက်ကို ပြောကြစို့။ ဘုရားသခင်သည် လူသားမျိုးနွယ်အား ဦးဆောင်ခြင်းကို အစပြုကတည်းက သူသည် သမိုင်းကြောင်းတစ်ခုနှင့် စာရင်းတစ်ခုကိုလည်း သိမ်းဆည်းထားခဲ့သည်။ ဘုရားသခင်သည် လူ့သမိုင်းကြောင်းကို မည်သို့ရှုမြင်သနည်း။ ဘုရားသခင်သည် လူတို့အား သမ္မာတရားကိုလည်းကောင်း၊ လူတို့ပြုလုပ်သည့် အကဲဖြတ်ချက်များနှင့် ကောက်ချက်များသည် သမ္မာတရား မဟုတ်သည်ကိုလည်းကောင်း မြင်စေလိုသည်။ သို့သော် လူသားများသည် အဘယ်ကြောင့် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို အခြေခံပြီး သမိုင်းကြောင်းကို မရှုမြင်သနည်း။ လူသားများသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောကြောင့် ဖြစ်သည်။ ပြီးလျှင် သမ္မာတရားကို မုန်းတီးပြီး မည်သည့်သမ္မာတရားအနည်းငယ်ကိုမျှ လုံးဝ လက်မခံသောကြောင့် ဖြစ်သည်။ ဤအတွက်ကြောင့် ၎င်းတို့သည် ဟုတ်မှန်သယောင်ရှိသော်လည်း မှားနေသော၊ ရယ်ဖွယ်ဖြစ်သော၊ အဓိပ္ပာယ်မရှိသော သဘောတရားတစ်စုံကို အကြံထုတ်နိုင်ကြခြင်း ဖြစ်သည်။ ဥပမာ သခင်ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်သည်။ ဤသည်မှာ အပြုသဘောဆောင်သောအရာ ဖြစ်သည်။ သို့တိုင်အောင် စာတန်က ယင်းနှင့်ပတ်သက်၍ မည်သည့်အရာကို ဆိုသနည်း။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်သည့်အချက်ကို စာတန်က အသိအမှတ်မပြုဘဲ သခင်ယေရှုသည် မိမစစ်ဖမစစ်ဖြစ်သည်၊ လူမှ မွေးဖွားခြင်း ဖြစ်သည်ဟုပင် ပြစ်မှားစော်ကားသည်။ စာတန်သည် သခင်ယေရှု မွေးဖွားခြင်းအတွက် လူသားမျိုးနွယ်၏ အညစ်ပတ်ဆုံးသောစကားလုံး၊ လူတို့ အထင်သေးပြီး စက်ဆုပ်သော အသုံးအနှုန်းကို ယူပြီး အသုံးချသည်။ ဤသည်မှာ အဖြစ်မှန်တို့ကို လွဲချော်စေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ခြင်းသည် ဘုရားသခင်၏ အမှုဖြစ်သည်။ မည်သည့်ပုံစံဖြစ်ပါစေ ဘုရားအမှုတော်နှင့်ပတ်သက်ပြီး တစ်ခုက သေချာသည်။ ယင်းသည် သမ္မာတရား ဖြစ်သည်။ မပြောင်းလဲသော သမ္မာတရား ဖြစ်သည်။ သို့ဆိုလျှင် ဤသို့ သိသာသော အဖြစ်မှန်ကို၊ ဘုရားသခင်က ကြိုတင်သတ်မှတ်ပြီး သက်သေခံသည့် အဖြစ်မှန်ကို စာတန်က အဘယ်ကြောင့်လက်မခံသနည်း။ စာတန်က ဤအရာကို လျစ်လျူရှု၍ သခင်ယေရှုကို လူက မွေးဖွားသည့် တရားဝင်မဟုတ်သောကလေး ဖြစ်သည်ဟုပင် အဘယ်ကြောင့် ဖော်ပြသနည်း။ (၎င်းသည် သမ္မာတရားကို မုန်းတီးသည်။ အပြုသဘောဆောင်သောအရာများကို မုန်းတီးသည်။) စာတန်သည် ဘုရားသခင်ကို တမင်သက်သက် သိက္ခာချခြင်း ဖြစ်သည်။ စာတန်သည် ဤအချက်ကို သတိအပြုမိဆုံး ဖြစ်ကာ ဝိညာဉ်ရေးရာနယ်ပယ်တွင် ဤအရာကို ပြည့်စုံစွာ၊ ရှင်းလင်းစွာ မြင်ရသည်။ ဤသို့ဆိုလျှင် ၎င်းသည် အဘယ်ကြောင့် ထိုအရာကို လုပ်သနည်း။ ၎င်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်း၏ ကြံရွယ်ချက်မှာ အဘယ်နည်း။ ဤသို့သော စကားတစ်ခွန်းကို အဘယ်ကြောင့် ဖြန့်ချိသနည်း။ ၎င်းသည် ဘုရားသခင်ကို တမင်သက်သက် သွားပုပ်လေလွင့်ပြောပြီး သိက္ခာချနေခြင်း ဖြစ်သည်။ ဘုရားသခင်ကို သိက္ခာချခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယေရှုသည် တရားမဝင် ကလေးတစ်ယောက်ဖြစ်သည်ဟု လူတို့ ယုံကြည်စေရန်၊ ဤအရာကို ရှက်ဖွယ်ဖြစ်သည်ဟု မြင်ပြီး ဤသို့ဖြင့် ယေရှုကို မယုံကြည်စေရန် ဖြစ်သည်။ စာတန်က “လူတို့သည် သင့်တွင် ယုံကြည်ခြင်းမရှိလျှင် သင်၏အမှုကို ပြီးမြောက်နိုင်မည်မဟုတ်ပေ။ မှန်သလော” ဟု ထင်မြင်သည်။ လက်တွေ့တွင် သမ္မာတရားသည် အစဉ်သဖြင့် သမ္မာတရား ဖြစ်လိမ့်မည်။ ထိုအချိန်တွင် လူသားမျိုးနွယ်အားလုံးက ယင်းကို ငြင်းပယ်ခဲ့လျှင်ပင် နှစ်နှစ်ထောင်ကြာပြီးနောက် သခင်ယေရှုသည် နောက်ဆုံးတွင် တစ်ကမ္ဘာလုံး၌ သူ့ကို ချီးမွမ်းသော နောက်လိုက်များနှင့်လူများ ရှိလေသည်။ လက်ဝါးကပ်တိုင်ကို နေရာတကာတွင် ပေါ်ပေါ်လွင်လွင် ပြသကြသည်။ ပြီးလျှင် စာတန်သည် ကျရှုံးခဲ့ပြီ။ စာတန်၏ စကားက အလုပ်ဖြစ်ခဲ့သလော။ (မဖြစ်ခဲ့ပါ။) ထို့ကြောင့် ယင်းသည် သမ္မာတရား မဟုတ်။ ခိုင်လုံမှုမရှိဘဲ သခင်ယေရှုကို သိက္ခာချခြင်းသည် အသုံးမဝင်ပေ။ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် ဤအရာသည် လူတို့၏ အယူအဆများနှင့် စိတ်ကူးများနှင့် ကိုက်သည်ဖြစ်စေ၊ ရိုးရာယဉ်ကျေးမှု၊ ဆိုရိုးစကားများ၊ သို့မဟုတ် လူသားမျိုးနွယ်၏ ကိုယ်ကျင့်တရား ကျင့်ဝတ်များနှင့် ကွဲလွဲသည်ဖြစ်စေ ဘုရားသခင်က ဂရုမစိုက်ပေ။ ဘုရားသခင်က အဘယ်ကြောင့် ဂရုမစိုက်သနည်း။ ဤအရာသည် မည်သည့်အရာနှင့် သက်ဆိုင်သနည်း။ ဘုရားသခင်သည် အရာရာတိုင်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သည့်အတွက် စာတန်၏ ဤနတ်ဆိုးဆန်သောစကားများသည် ဘုရားအမှုတော်ကို ဖျက်ဆီးနိုင်သလော။ ဤအရာကို သင် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသည် မဟုတ်လော။ (ကျွန်ုပ်တို့ ထိုးထွင်းသိမြင်နိုင်ခြင်း မရှိပါ။) အရာရာတိုင်းက ဘုရားလက်ထဲတွင် မရှိသလောဟူသည်ကို ငါ့ကို ပြောလော့။ (ရှိပါသည်။) စာတန်၏ နတ်ဆိုးဆန်သော စကားက၊ ထိုစကားအနည်းငယ်က ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ဖျက်ဆီးနိုင်သလော။ ယင်းသည် ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) စာတန်သည် အောင်မြင်လိုသည်။ သို့သော် အောင်မြင်အောင် လုပ်ဆောင်နိုင်သလော။ သမ္မာတရားသည် အစဉ် သမ္မာတရားဖြစ်လိမ့်မည်။ ဤသည်မှာ သမ္မာတရား၏ စွမ်းအားဖြစ်သည်။ သမ္မာတရား၏ စွမ်းအားသည် စာတန်အပါအဝင် မည်သူကမျှ မပြောင်းလဲနိုင်သည့်အရာတစ်ခု ဖြစ်သည်။ ယခုတွင်ပင် စာတန်သည် ထိုစကားကို ဆက်လက်၍ ဖြန့်ချိသည်။ အလုပ်ဖြစ်သလော။ မဖြစ်ပါ။ ကျေးဇူးတော်ခေတ်၏ အမှုသည် ပြီးဆုံးပြီဖြစ်သည်။ သခင်ယေရှု၏ ဧဝံဂေလိတရားသည် ကမ္ဘာမြေအဆုံးထိ ပျံ့နှံ့ပြီးဖြစ်ကာ နောက်ဆုံးသောကာလရှိ အသစ်သော တရားစီရင်ခြင်းအမှုသည် ဆောင်ရွက်နေဆဲဖြစ်သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်လေသည်။ စာတန်သည် ရှေးယခင်ကတည်းက ကျရှုံးပြီး အရှက်ရပြီး ဖြစ်သည်။ ထို့ကြောင့် ယခုတွင် စာတန်သည် စိတ်ဆိုး၊ စိတ်ပျက်ခြင်းဖြင့် အကျိုးတစ်စုံတစ်ရာ ရှိသလော။ မရှိပေ။ အကျိုးမဝင်ပေ။ ထို့ကြောင့် အမြင်က မည်သို့ဖြစ်စေ၊ အသိပညာအဆင့်က မည်မျှမြင့်သည်ဖြစ်စေ၊ သို့မဟုတ် ထိုအမြင်ကို အသုံးပြုပြီး ဝါဒဖြန့်ခံရသည့် လူအရေအတွက်က မည်မျှရှိသည်ဖြစ်စေ ဤအရာအားလုံးသည် အသုံးမဝင်ပေ။ ခိုင်လုံမည်မဟုတ်။ ဘုရားသခင်၏အမှုကို ရပ်တန့်၍မရနိုင်ပေ။ စာတန်ပင် မရပ်တန့်နိုင်ပေ။ အရေးမပါသော လူအနည်းငယ်က ဘုရားအမှုတော်ကို ၎င်းတို့ ရပ်တန့်နိုင်သည်ဟု အမှန်ပင် ထင်သလော။ ယင်းသည် ထင်ယောင်ထင်မှား ဖြစ်ခြင်းသာ ဖြစ်သည်။ သင်တို့ထဲမှ များစွာသည် အခြေအမြစ်မရှိသော ဤကောလာဟလများဖြင့် ကြီးပြင်းလာခဲ့ကြပြီး စာတန်၏ အထင်အမြင်မှားစေသော အမြင်များကို လက်ခံခဲ့ကြသည်။ သင်တို့၏ ခေါင်းထဲတွင် စာတန်၏ တွေးခေါ်ပုံ၊ အတွေးအခေါ်များ၊ အသိပညာနှင့် သိပ္ပံကဲ့သို့သောအရာများဖြင့် ပြည့်နေသည်။ ထိုအခါတွင် မည်သည့်အရာ ဖြစ်ပျက်ခဲ့သနည်း။ ဘုရားနှုတ်ကပတ်တော်က သင်တို့ထံသို့ လာသောအခါ သင်တို့သည် ဘုရားသခင်၏ အသံကို ကြားဆဲဖြစ်ပြီး ဘုရားရှေ့မှောက်သို့ ပြန်လာသည်။ စာတန်၏ ကောလာဟလများနှင့် နတ်ဆိုးဆန်သောစကားများသည် အသုံးမဝင်။ ယင်းတို့သည် ဘုရား၏ အမှုတော်ရှေ့ဆက်ခြင်းကို အနည်းငယ်မျှပင် မရပ်တန့်ခဲ့ပေ။ နိုင်ငံအားလုံးရှိ ဘုရားသခင်ရွေးချယ်ထားသောလူတို့သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို စတင်လက်ခံပြီး ဖြစ်သည်။ ၎င်းတို့သည် နေ့စဉ်နေ့တိုင်း ဘုရားနှုတ်ကပတ်တော်ကို စားသောက်ကြသည်။ တရားဒေသနာများကို နားထောင်ပြီး မိတ်သဟာယဖွဲ့ကြသည်။ ဘုရားသခင်အတွက် ၎င်းတို့တာဝန်များကို ထမ်းဆောင်ကြပြီး သူ့အတွက် သက်သေခံကြသည်။ စာတန်က “ငါ၏ အထင်အမြင်မှားစေသော စကားများစွာက အဘယ်ကြောင့် အလုပ်မဖြစ်နေသနည်း။ ငါသည် ဘုရားရွေးချယ်ထားသောလူတို့ကို ဖိနှိပ်ရန်၊ ဖမ်းဆီးရန်၊ နှိပ်စက်ရန် အမှုအရာများစွာကို လုပ်ဆောင်ခဲ့သည်။ ယင်းတို့သည် အဘယ်ကြောင့်လုံးဝ ထိရောက်မှုမရှိသနည်း။ ဤအစား ဘုရားအား ယုံကြည်သူအရေအတွက်က အဘယ်ကြောင့် မြင့်တက်လာသနည်း” ဟု ဆိုလျက် ဤအရာကို တွေးတောလေသည်။ ထို့နောက် စာတန်သည် သူ၏ စိတ်နှလုံး၌ ဘုရားသခင်သည် အမှန်ပင် အနန္တတန်ခိုးရှင် ဖြစ်သည်ကို သိမြင်သည်။ ထို့နောက်တွင် လုံးလုံးလျားလျား အရှက်ရသည်။ ဤသို့ဖြင့် “စာတန်သည် ဘုရားသခင်၏ လက်တွင် အစဉ် နှိမ်နင်းခံရမည်” ဟု ဆိုခြင်းဖြစ်သည်။ ဤသည်မှာ အမှန်တရားတစ်ခုလော။ (ဟုတ်သည်။) အရာရာတိုင်းကို ဖြစ်မြောက်အောင်မြင်နိုင်သည်မှာ အမှန်ပင် ဘုရားနှုတ်ကပတ်တော်များဖြစ်သည်။ စာတန်နှင့် နတ်ဆိုးဘုရင်အားလုံးသည် ဘုရားသခင်ထံ အစေခံမှုပေးနေခြင်း ဖြစ်သည်။ ဘုရားသခင်၏ လက်ထဲတွင် ၎င်းတို့သည် ဝန်ဆောင်မှုပေးသည့်အရာများနှင့် အဖြည့်ခံများဖြစ်သည်။ ဝန်ဆောင်မှုပေးသည့်အရာများနှင့် အဖြည့်ခံများသည် ငါတို့နှင့် တစ်ခုခု သက်ဆိုင်ခြင်းရှိသလော။ (မရှိပါ။) မရှိပေ။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် အာရုံစိုက်ဖို့သာ လိုသည်။ ၎င်းတို့နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိ။ ၎င်းတို့သည် ဘုရင်များဖြစ်စေ၊ ဒုစရိုက်သမားများဖြစ်စေ စာတန်နှင့် သက်ဆိုင်ပြီး ဖျက်ဆီးခြင်းခံရမည်။ ငါတို့သည် ငါတို့၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဘုရားသခင်နောက်သို့ လိုက်ရန်၊ စာတန်ကို ထာဝရ ပုန်ကန်ရန် ဘုရားသခင်နှင့်သာ သွားရန် လိုသည်။ ဤသည်မှာ မှန်ကန်သော လုပ်ဆောင်မှုတစ်ခုဖြစ်သည်။

အသိပညာ၊ အတွေ့အကြုံတို့နှင့်ပတ်သက်၍ ဥပမာတစ်ခုကို ငါပေးခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ယခုတွင် ဤအရာများကို အနည်းငယ်ပို၍ တိကျစွာ နားလည်သင့်သည်။ ဤအရာများအား မိတ်သဟာယဖွဲ့ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ တစ်ဖက်တွင် အန္တိခရစ်များကို ပိုင်းခြားသိမြင်ရန်အတွက် ဤအချက်များနှင့် ဥပမာများကို သင်အသုံးပြုဖို့ ထောက်ကူပေးရန်ဖြစ်သည်။ ပြီးလျှင် သင်ကိုယ်တိုင်၌ အန္တိခရစ်များ၏ ဤစိတ်သဘောထား သွင်ပြင်လက္ခဏာကိုလည်း သိမြင်စေဖို့ ဖြစ်သည်။ အခြားတစ်ဖက်တွင် ဤဆွေးနွေးမှုမျိုးသည် လူအချို့အား မဆင်မခြင် လုပ်ဆောင်ခြင်းကို မချုပ်တည်းစေနိုင်သလော။ (ချုပ်တည်းစေနိုင်ပါသည်။) ယခင်က လူအချို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်မှုတွင် အတွေ့အကြုံနှင့် ရှေးကျသောနည်းလမ်းများကို အမှီပြုတတ်ပြီး အမှုအရာများကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများကို ဖက်တွယ်ထားကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ကြကာ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ကိုင်တွယ်ဖြေရှင်းခြင်းခံရသည်။ ၎င်းတို့သည် ၎င်းတို့၏ ခေတ်မမီတော့သော ကျင့်သုံးမှုများနှင့် အတွေ့အကြုံကို အရာအားလုံးထက်ပို၍ တန်ဖိုးထားပြီး အရေးကြီးဆုံးသောအရာများဖြစ်သည့် ဘုရားသခင်က ပြောခဲ့သောအရာကိုဖြစ်စေ၊ လူတို့အပေါ် တောင်းဆိုခဲ့သောအရာကိုဖြစ်စေ၊ သမ္မာတရားစည်းမျဉ်းများအား မည်သို့လိုက်နာရမည်ဆိုသည်ကိုဖြစ်စေ မည်သည့်အခါမျှ ထည့်တွက်စဉ်းစားခြင်းမရှိ။ ၎င်းတို့သည် ၎င်းတို့၏ ခေတ်မမီတော့သော ကျင့်သုံးမှုများကိုလည်း ခေါင်းမာစွာ ဖက်တွယ်ထားသည်။ ထို့အပြင် ဤအတွက် အခြေပြုချက်အနေဖြင့် “ငါတို့သည် အစဉ် ဤသို့လုပ်ခဲ့သည်”၊ “ငါတို့၏ ဇာတိမြို့တွင် အစဉ်သဖြင့် ဤသို့လုပ်ခဲ့သည်။ ဤသည်မှာ ငါတို့၏ ဘိုးဘေးများ လုပ်ခဲ့ပုံဖြစ်သည်” ဟူသည့် အဓိပ္ပာယ်မရှိသော တွေးခေါ်ပုံကို အသုံးပြုခဲ့သည်။ ၎င်းတို့သည် အမှုအရာများကို အဘယ်ကြောင့် ဤသို့ အစဉ် အလေးပေးသနည်း။ ဤသည်မှာ အသစ်သောအရာများအား ၎င်းတို့ လက်မခံကြောင်း၊ သမ္မာတရားအား လက်မခံကြောင်းကို သက်သေပြသည်။ ၎င်းတို့သည် ဤခေတ်မမီတော့သော နည်းလမ်းများ၏ မသေသပ်မှု၊ ခေတ်နောက်ပြန်ဆွဲမှု၊ အဓိပ္ပာယ်မရှိမှုတို့ကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိပေ။ အမှုအရာများအား လုပ်ဆောင်ရာတွင် နည်းလမ်းအသစ်များရှိသည်ကို၊ ပို၍ အဆင့်မြင့်သော၊ ပို၍တိကျသော၊ ပို၍ သင့်လျော်သောနည်းလမ်းများရှိသည်ကို ၎င်းတို့ သတိမမူမိပေ။ ၎င်းတို့၏ ရှေးကျသောနည်းလမ်းများကို အစဉ်ဖက်တွယ်ပြီး ၎င်းတို့၏ အတွေ့အကြုံဟောင်းကို အမှီပြုကာ ၎င်းတို့သည် အလွန်ပင် အဆင့်မြင့်သည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု ထင်ကြသည်။ ဤသည်တို့မှာ အဓိပ္ပာယ်မရှိသော အမျိုးအစားများ မဟုတ်လော။ “ငါတို့၏ ဇာတိမြို့တွင် အစဉ် ဤသို့လုပ်ဆောင်ခဲ့သည်”၊ “ယခင်က ငါလုပ်ခဲ့သည့် နည်း”၊ “ငါတို့သည် ဤသို့ အစဉ်လုပ်ဆောင်ခဲ့သည်” ဟူသည့် ဤနည်းလမ်းဟောင်းများသည်၊ ဤခေတ်နောက်ကျခြင်းသည် သမ္မာတရားစည်းမျဉ်းများကို အစားထိုးနိုင်သလော။ ရှေးကျသောနည်းဖြင့် အမှုအရာများအားလုပ်ဆောင်ခြင်းသည် လူတစ်ယောက်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု ဆိုလိုသလော။ ဤလူတို့သည် မည်သည့်အရာကိုမျှ နားမလည်သကဲ့သို့ မည်သည့်အရာကိုမျှ ထိုးထွင်းသိမြင်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် နည်းလမ်းဟောင်းများကို ဖက်တွယ်ပြီး ခေါင်းမာနေသော ရှေးရိုးစွဲကြီးများ မဟုတ်လော။ ဤသို့သောလူများအနေဖြင့် သမ္မာတရားကို လက်ခံရန် ခက်ခဲလွန်းသည်။ ငါ့ကို ပြောလော့။ တစ်စုံတစ်ခုက အသစ်ဖြစ်သည်ဖြစ်စေ၊ အဟောင်းဖြစ်သည်ဖြစ်စေ ယင်းကို သင်မည်သို့ ချဉ်းကပ်သနည်း။ မည်သို့ ကိုင်တွယ်ဖြေရှင်းသနည်း။ ယင်းကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် သင်၏ အခြေပြုချက်မှာ အဘယ်နည်း။ လူတိုင်းတွင် တစ်စုံတစ်ခုနှင့်ပတ်သက်၍ အလွန်နည်းပါးသော အသိပညာသာရှိလျှင် မှန်ပြီး စည်းမျဉ်းများနှင့် ညီသော ပုံစံဖြင့် သင် မည်သို့ ချဉ်းကပ်သနည်း။ ဤနယ်ပယ်နှင့်ဆက်စပ်၍ ကျွမ်းကျင်မှုရှိသည့်သူတစ်ဦးကို သင် အရင်ဆုံးမေးရမည်။ ကောင်းစွာတတ်သိနားလည်သောသူတစ်ဦးကို သင်တွေ့သရွေ့ သင့်တွင် လမ်းကြောင်းတစ်ခုရှိမည်။ ကောင်းစွာတတ်သိနားလည်သောသူတစ်ဦးကို သင်မရှာနိုင်လျှင် အကြံဉာဏ်ရှာဖွေရန်၊ သို့မဟုတ် သတင်းအချက်အလက် ရှာဖွေရန်အတွက် အွန်လိုင်းတက်ပြီး ပြဿနာကို အပြည့်အဝ ဖြေရှင်းနိုင်သည်။ သင် ရှာဖွေစဉ်တွင် ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားကို မျှော်ကိုးဖို့ လိုအပ်ဆဲဖြစ်သည်။ ရှေ့သို့လမ်းကို ဘုရားသခင်အား ဖွင့်ဟစေလော့။ ဤအရာကို ငါတို့ မည်သို့ခေါ်သနည်း။ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများဟု ခေါ်သည်။ သင်တို့ထဲမှ အချို့က “ငါသည် ဤနယ်ပယ်တွင် အတွေ့အကြုံများစွာရှိသည့် ကျွမ်းကျင်ပညာရှင်ဖြစ်သည်။ ဤအရာအား လုပ်ဆောင်ခြင်းအတွက် ဆုများပင် ရရှိခဲ့သည်။ ထို့ကြောင့် ငါ့တွင် ဤအရင်းအနှီးရှိသည်။ ဤအလုပ်ကို ငါ့ထံသို့ အပ်နှံခဲ့သောကြောင့် ငါသည် ကြီးကြပ်သူဖြစ်သည်။ ငါ့တွင် ဆုံးဖြတ်ချက်များချရန် အာဏာရှိပြီး အရာရာတိုင်းက ငါ့အပေါ် မူတည်သည်။ လူတိုင်းက ငါ၏ အမိန့်များကို လိုက်နာပြီး ငါ့ကို နာခံသင့်သည်။ အခြားမည်သူမဆိုက ပြောသည့်အရာမှန်သမျှ အရေးမပါဘဲ ငါနှင့် သဘောမတူသူ မည်သူမဆို ပါးစပ်ပိတ်သင့်သည်” ဟူ၍ မိမိဘာသာ တွေးသည်။ ဤတွေးခေါ်ပုံက မှန်ကန်သလော။ အသေအချာပင် မမှန်ကန်ပေ။ သင့်သဘောထားနှင့် သင်ထုတ်ဖော်နေသည့် စိတ်သဘောထားသည် ဒုက္ခပေးလေသည်။ သင့်စိတ်နှလုံးတွင် ဤတာဝန်ပေးစေခိုင်းချက်ကို လက်ခံခြင်းသည် သင့်အား အာဏာကိုင်စွဲခွင့် ရှိစေသည်ဟု သင်ထင်သည်။ သင်က ဆုံးဖြတ်ချက်ချလိုပြီး မည်သူကမျှ ပြောပိုင်ခွင့်မရှိ။ သင်က အခြားလူတို့၏ ပူးပေါင်းဆောင်ရွက်ခြင်းကို မလိုအပ်သည့်အလား၊ သို့မဟုတ် လူတိုင်းက ၎င်းတို့၏ ထင်မြင်ချက်များကို ဖော်ပြဖို့ သင်မလိုအပ်သည့်အလား ဖြစ်သည်။ အရာရာတိုင်းက သင်ပြောသည့်အတိုင်း ဖြစ်သည်။ အားလုံးက သင့်အပေါ် မူတည်သည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ အလွန်အမင်း မာနထောင်လွှားပြီး ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း မဟုတ်လော။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ဖြစ်သည်။ သင်သည် အခြားလူများထက် အစွမ်းအစအနည်းငယ်ပို၍ သာခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သင်သည် သိမြင်နားလည်မှု အနည်းငယ်ရှိနိုင်သကဲ့သို့ ဤကိစ္စတွင် အတွေ့အကြုံအနည်းငယ် ရှိနိုင်သည်။ သို့ရာတွင် သင် ရှင်းလင်းစွာသိဖို့လိုသည့် အရာတစ်ခုရှိသည်။ သင်ပိုင်ဆိုင်သည့် ဤမည်သည့်အရာကမျှ သမ္မာတရားမဟုတ်။ သင့်ကိုယ်သင် အစွမ်းအစ အနည်းငယ်ပို၍ရှိသည်၊ သိမြင်နားလည်မှုတစ်ခုခု၊ ပင်ကိုစွမ်းရည်တစ်ခုခု ရှိသည်၊ အသိပညာတစ်ခုခုကို ပိုင်ဆိုင်သည်ဟု ယုံကြည်လျှင်၊ ဤအရာများကို သမ္မာတရားအဖြစ် မှတ်ယူလျှင်၊ သင့်ကိုယ်သင် သမ္မာတရားဖြစ်သည်ဟု ယုံကြည်လျှင်၊ လူတိုင်းက သင့်အမိန့်များကို လိုက်နာပြီး သင့်စီစဉ်မှုများကို နာခံရမည်ဟု သင်ထင်မြင်လျှင် ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားမဟုတ်သလော။ သင်သည် အမှုကိစ္စများကို အမှန်ပင် ဤပုံစံဖြင့် လုပ်ဆောင်လျှင် အန္တိခရစ်တစ်ဦးသာ ဖြစ်၏။ သင်၏ ဆုကျေးဇူးများကို သမ္မာတရားအဖြစ် မှတ်ယူနေခြင်းဖြင့် သင်သည် မည်သည့်အရာ လွဲမှားနေသနည်း။ သင်ပိုင်ဆိုင်သည့် အစွမ်းအစ၊ သိမြင်နားလည်မှု၊ ပင်ကိုစွမ်းရည်များနှင့် အသိပညာတို့သည် မမှားပေ။ ဤသို့ဆိုလျှင် ဤတွင် မည်သည့်အရာကို ငါတို့ စိစစ်နေသနည်း။ ငါတို့ စိစစ်နေသည့်အရာမှာ သင်၏ စိတ်သဘောထား၊ ဤအရာများနောက်ကွယ်တွင် သင်သယ်ဆောင်သည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခု၊ မာနထောင်လွှားသော စိတ်သဘောထားတစ်ခု၊ မိမိကိုယ်ကိုမှန်သည်ဟု မှတ်ယူသော စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်၏ ဆုကျေးဇူးများကို သမ္မာတရားအဖြစ် သင်မှတ်ယူသောအခါတွင် ဤဆုကျေးဇူးများကို သင်ပိုင်ဆိုင်သောကြောင့် သင့်တွင် သမ္မာတရားရှိသည်ဟု သင်ယုံကြည်သည်။ ဤသို့သော ဆုကျေးဇူးများဖြင့် သမ္မာတရားကို သင်အစားထိုးသည်။ ဤသို့ဆိုလျှင် ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားမဟုတ်သလော။ အန္တိခရစ်အားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင်အတွေးများ၊ ကိုယ်ပိုင်သင်ယူမှု၊ ဆုကျေးဇူးများနှင့် ပင်ကိုစွမ်းရည်များကို သမ္မာတရားအဖြစ် မှတ်ယူသည်။ ဤဆုကျေးဇူးများကို ပိုင်ဆိုင်ခြင်းအားဖြင့် သမ္မာတရားကို ၎င်းတို့ပိုင်ဆိုင်သည်ဟု ထင်ကြသည်။ ထို့ကြောင့် အခြားလူများအား ၎င်းတို့ကို နာခံရန်၊ ၎င်းတို့အမိန့်များကို လိုက်နာရန်၊ ၎င်းတို့၏ အာဏာကို နာခံရန် တောင်းဆိုသည်။ ဤသည်မှာ အန္တိခရစ်များ မှားသည့်နေရာဖြစ်သည်။ သမ္မာတရားကို သင်အမှန်တကယ် ပိုင်ဆိုင်သလော။ သင့်တွင် ဘုရားသခင်အပေါ် အမှန်တကယ် နားလည်ခြင်း မရှိသကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးလည်းမရှိ။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသောသူ ပို၍ပင်မဟုတ်။ ပြီးလျှင် သင်သည် သမ္မာတရားကို အနည်းငယ်မျှပင် မပိုင်ဆိုင်ပေ။ သို့တိုင်အောင် သင်သည် မာနထောင်လွှားသည်။ စိတ်ကြီးဝင်သည်။ မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ပြီး သမ္မာတရားကို သင်ပိုင်ဆိုင်သည်၊ အခြားလူများက သင့်ကို နာခံသင့်ပြီး သင့်အမိန့်များကို လိုက်နာသင့်သည်ဟု ထင်သည်။ သင်သည် အန္တိခရစ်စစ်စစ်တစ်ဦး ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။