၁၁၉ တရုတ်ပြည်ရှိ ဘုရား၏ သိမ်းပိုက်ခြင်းအမှုဆိုင်ရာ အဓိပ္ပာယ်ကျူး
၁ ယေဟောဝါ၏အမှုမှာ ကမ္ဘာကို ဖန်ဆင်းခြင်းဖြစ်ပြီး ယင်းမှာ အစအဦး ဖြစ်သည်၊ အမှု၏ ယခုအဆင့်မှာမူ အမှု၏ အဆုံးဖြစ်ပြီး နိဂုံးဖြစ်သည်။ အစပိုင်းမှာ ဘုရားသခင်၏အမှုကို ဣသရေလ၏ ရွေးချယ်ခံရသည့် သူများကြားတွင် ဆောင်ရွက်ခဲ့ပြီး ထိုအရာမှာ နေရာအားလုံးထဲက အသန့်ရှင်းဆုံးနေရာ၌ ခေတ်သစ်တစ်ခု၏အစ ဖြစ်ခဲ့သည်။ အမှု၏ နောက်ဆုံးအဆင့်ကို နိုင်ငံများအားလုံးထဲမှ မသန့်ရှင်းဆုံးနိုင်ငံတွင် ဆောင်ရွက်ပြီး လောကကို တရားစီရင်လျက် ခေတ်ကြီးကို အဆုံးသတ်ရန် ဖြစ်သည်။ နေရာအားလုံးထဲမှ မသန့်ရှင်းဆုံးနှင့် အမည်းမိုက်ဆုံးဖြစ်သော ဤနေရာမှ လူတို့ကို သိမ်းပိုက်ပြီး၍၊ လူထုတစ်ရပ်လုံးက စစ်မှန်သောဘုရားဖြစ်သည့် ဘုရားသခင်ရှိသည်ကို အသိအမှတ်ပြုပြီး လူတိုင်းသည် အကြွင်းမဲ့ လက်ခံယုံကြည်လာပြီးသောအခါ စကြဝဠာတစ်ခုလုံး၌ သိမ်းပိုက်ခြင်းအလုပ်ကို ဆောင်ရွက်ရန် ဤအချက်ကို အသုံးပြုမည်ဖြစ်သည်။ အမှု၏ ဤအဆင့်မှာ သင်္ကေတသဘောဆောင်သည်- ဤခေတ်၏အမှုကို ဆောင်ရွက်ပြီးသည်နှင့်၊ နှစ်ပေါင်း ၆၀ဝ၀ ကြာခဲ့သည့် စီမံခန့်ခွဲမှုအလုပ်သည် လုံး၀ အဆုံးသတ်လိမ့်မည်။
၂ နေရာများ အားလုံးထဲမှ အမှောင်မိုက်ဆုံးနေရာ၌ ရှိသောသူတို့ကို သိမ်းပိုက်ပြီးသည်နှင့် အခြားနေရာတိုင်းတွင် အလားတူဖြစ်လာမည်မှာ ပြောစရာမလိုတော့ပေ။ သို့ဖြစ်၍ တရုတ်နိုင်ငံရှိ သိမ်းပိုက်ခြင်းအလုပ်ကသာလျှင် အဓိပ္ပာယ်ပြည့်ဝသည့် သင်္ကေတဖြင့်သရုပ်ဖော်မှု ပါရှိသည်။ တရုတ်နိုင်ငံသည် အမှောင်စွမ်းအားများအားလုံးကို ပုံဖော်နေပြီး တရုတ်နိုင်ငံမှ လူတို့သည် ဇာတိပကတိ၊ စာတန်နှင့် အသွေးအသားတို့နှင့် စပ်ဆိုင်သောသူများအားလုံးကို ကိုယ်စားပြုသည်။ တရုတ်ပြည်သူတို့သည် အဆင်းနီသော နဂါးကြီး၏ အများဆုံး ဖျက်ဆီးခြင်းကို ခံရသောသူများ၊ ဘုရားသခင့်အပေါ် အပြင်းထန်ဆုံးသော ဆန့်ကျင်မှု ပြုသူများဖြစ်ပြီး၊ သူတို့၏ လူ့သဘာဝမှာ အနိမ့်ကျဆုံးနှင့် မသန့်စင်ဆုံး ဖြစ်သောကြောင့် သူတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံး၏ နမူနာပုံစံ ဖြစ်သည်။ တရုတ်ပြည်သူတို့ကို သာဓကတစ်ခုအဖြစ် ယူလိုက်ခြင်းသည်၊ သူတို့ကို သိမ်းပိုက်ပြီးသည့် အချိန်တွင် သူတို့သည် စံပြပုံစံနှင့် နမူနာဖြစ်လာပြီး အခြားသူများအတွက် ကိုးကားမှီငြမ်းစရာ ဖြစ်လာမည်ဖြစ်သည်။
၃ သင်တို့သည် ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏ အဖြည့်တစ်ခု ဖြစ်သည်ဟု အဘယ့်ကြောင့် ငါအစဉ်တစိုက် ပြောလာခဲ့သနည်း။ ဖောက်ပြန်ပျက်စီးခြင်း၊ မစင်ကြယ်ခြင်း၊ မဖြောင့်မတ်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းများကို အပြည့်ဝဆုံး ပေါ်လွင်အောင်ပြသပြီး ၎င်းတို့၏ ပုံစံမျိုးစုံထဲတွင် ထုတ်ဖော်ထားသည်မှာ တရုတ်နိုင်ငံ၏ပြည်သူများ အတွင်း၌ဖြစ်သည်။ တစ်ဖက်တွင် သူတို့၏ အစွမ်းအစမှာ နိမ့်ကျနေလျက်၊ အခြားတစ်ဖက်တွင် သူတို့၏ အသက်တာများနှင့် စိတ်ဓာတ်မှာ ခေတ်နောက်ကျန်ရစ်နေပြီး သူတို့၏ အကျင့်များ၊ လူမှုဝန်းကျင်၊ မွေးဖွားရာမိသားစု၊ အားလုံးတို့မှာ နိမ့်ကျနေလျက် ခေတ်နောက်အကျဆုံး ဖြစ်နေသည်။ သူတို့၏ အဆင့်အတန်းသည်လည်း နိမ့်ကျသည်။ ဤနေရာ၌ အမှုသည် သင်္ကေတသဘောဆောင်ပြီး၊ ဤစမ်းသပ်ခြင်းအမှုကို အလုံးစုံ ဆောင်ရွက်ပြီးသည့်နောက်တွင် ဘုရားသခင်၏ နောက်ဆက်တွဲအလုပ်သည် များစွာ ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ အလုပ်၏ ဤအဆင့်ကို အထမြောက်အောင် ဆောင်ရွက်ပြီးသည်နှင့် စကြဝဠာတစ်ခုလုံးရှိ သိမ်းပိုက်ခြင်းအလုပ်သည် လုံး၀ အဆုံးသတ်လိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်