အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

ဘုရားသခင်၏ အခွင့်အာဏာ (၁) (အပိုင်း နှစ်၏ အဆက်)

ခြောက်ရက်နေ့မြောက်တွင် ဖန်ဆင်းရှင်သည် စကားပြောပြီး သူ့စိတ်ထဲတွင်ရှိသည့် သက်ရှိသတ္တဝါတစ်မျိုးချင်းစီသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်

မသိမသာနှင့် ဖန်ဆင်းရှင်၏ အရာအားလုံးကိုပြုလုပ်ခြင်းအမှုသည် ၅ ရက် ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး ယင်းနောက်တွင် ချက်ချင်းပင် အရာအားလုံးအပေါ် သူ၏ဖန်ဆင်းခြင်း ခြောက်ရက်မြောက်နေ့ကို ဖန်ဆင်းရှင်က ဆီးကြိုခဲ့သည်။ ယနေ့သည် နောက်ထပ် အသစ်စတင်ခြင်းနှင့် နောက်ထပ် ထူးခြားဆန်းကြယ်သည့် နေ့တစ်နေ့ဖြစ်သည်။ သို့ဆိုလျှင် ဤနေ့သစ်၏ အကြိုတွင် ဖန်ဆင်းရှင်၏ အစီအစဉ်က အဘယ်အရာဖြစ်ခဲ့သနည်း။ မည်သို့ သတ္တဝါအသစ်ကို သူထုတ်လုပ်မည်နည်း၊ ဖန်ဆင်းမည်နည်း။ နားထောင်လော့။ ဤသည်မှာ ဖန်ဆင်းရှင်၏အသံဖြစ်သည်။

“တဖန်ဘုရားသခင်က၊ မြေသည် အသက်ရှင်သောသတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း၊ တွားတတ်သော တိရစ္ဆာန်တို့ကို၎င်း၊ သားရဲမျိုးတို့ကို၎င်း၊ မွေးဖွားစေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။ ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်တွင် တွားတတ်သော တိရစ္ဆာန်မျိုး အပေါင်းတို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။” (ကမ္ဘာဦးကျမ်း ၁:၂၄-၂၅) အဘယ်သက်ရှိသတ္တဝါများ ပါဝင်သနည်း။ ကျမ်းစာက ဤသို့ပြောသည်- သားယဉ်များ၊ တွားတတ်သော တိရစ္ဆာန်များနှင့် သားရဲမျိုးများ။ တစ်နည်းအားဖြင့်ဆိုသော် ဤနေ့တွင် ကမ္ဘာပေါ်၌ သက်ရှိသတ္တဝါမျိုးစုံ ရှိရုံတင်မကဘဲ ၎င်းတို့အားလုံးသည် မိမိတို့အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်းခံခဲ့ရပြီး ထိုနည်းတူစွာပင် ဘုရားသခင်က “ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။”

ယခင် ငါးရက်ကဲ့သို့ တူညီသည့် အသံနေအသံထားနှင့် ခြောက်ရက်မြောက်နေ့တွင် ဖန်ဆင်းရှင်သည် သူဆန္ဒရှိသည့် သက်ရှိသတ္တဝါတို့ကို မွေးဖွားရန် ကမ္ဘာပေါ်တွင် သူတို့၏အမျိုးအစားအလိုက် ပေါ်ထွက်ရန် အမိန့်ပေးခဲ့သည်။ ဖန်ဆင်းရှင်သည် သူ၏သြဇာအာဏာကို အသုံးချသည့်အခါတွင် သူ၏မည်သည့်နှုတ်ကပတ်တော်ကိုမျှ အချည်းနှီး မပြောဆိုပေ။ ထို့ကြောင့် ခြောက်ရက်မြောက်နေ့တွင် သူဖန်ဆင်းရန်ရည်ရွယ်ခဲ့သည့် သက်ရှိသတ္တဝါတိုင်းသည် သတ်မှတ်ထားသည့်အချိန်တွင် ပေါ်ထွက်ခဲ့သည်။ “မြေသည် အသက်ရှင်သောသတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း” ဟူ၍ ဖန်ဆင်းရှင်ပြောခဲ့သကဲ့သို့ ကမ္ဘာမြေကြီးသည် ချက်ချင်းပင် သက်ရှိတို့နှင့်ပြည့်သွားခဲ့ပြီး ကုန်းမြေပေါ်တွင် သက်ရှိသတ္တဝါမျိုးစုံ၏ ထွက်သက်ဝင်သက်သည် ရုတ်တရက် ပေါ်ထွက်လာသည်။ မြက်ပေါသော စိမ်းလန်းသည့် မြေရိုင်းတွင် ပြည့်ဖြိုးသည့်နွားများသည် သူတို့၏အမြီးများကို ဟိုဘက်ဤဘက် လွှဲရင်း တစ်ကောင်ပြီး တစ်ကောင်ပေါ်လာကြကာ အော်ဟစ်နေသည့်သိုးများသည် အုပ်စုဖွဲ့ရင်းနှင့် ဟီနေသည့်မြင်းများက စတင်ကာ ခုန်ပေါက်ပြေးလွှားခဲ့ကြမည်။ ချက်ချင်းပင် တိတ်ဆိတ်နေသည့် ကျယ်ပြောလှသော မြက်ခင်းပြင်သည် သက်ရှိသတ္တဝါများနှင့် ပြည့်ထွက်လာခဲ့သည်။ ဤအမျိုးမျိုးသော သတ္တဝါများ ပေါ်ထွက်လာခြင်းသည် ငြိမ်းချမ်းသည့် မြက်ခင်းပြင်တွင် လှပသည့်မြင်ကွင်းဖြစ်ခဲ့ပြီး အကန့်အသတ်မရှိသည့် ရှင်သန်တက်ကြွမှုကို သယ်ဆောင်လာခဲ့သည်။ ၎င်းတို့သည် မြက်ခင်းပြင်တို့၏ အဖော်များဖြစ်မည်ဖြစ်ပြီး အချင်းချင်း မှီခိုအားထားကြလျက် မြက်ခင်းပြင်တို့၏ အရှင်သခင်များဖြစ်ကြလိမ့်မည်။ အလားတူပင် ၎င်းတို့သည် ၎င်းတို့၏ အမြဲတမ်းကျက်စားရာနေရာ ဖြစ်လာမည့် ဤကုန်းမြေတို့၏ အုပ်ထိန်းသူနှင့် ကြည့်ရှုစောင့်ရှောက်သူတို့ ဖြစ်လာကြလိမ့်မည်ဖြစ်ကာ ထိုကုန်းမြေတို့သည် သူတို့လိုအပ်သည့်အရာအားလုံးကို ထောက်ပံ့သည့်နေရာဖြစ်လာမည်ဖြစ်ပြီး သူတို့ရှင်သန်ရပ်တည်မှုအတွက် ထာဝရ အစားအစာ အရင်းအမြစ်တစ်ခုဖြစ်လာမည်ဖြစ်သည်။

ဤအမျိုးမျိုးသော သတ္တဝါတို့သည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ပေါ်လာခဲ့သည့် ထိုနေ့တွင်ပင် များပြားလှသည့် ပိုးမွှားများလည်း တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူတို့သည် သတ္တဝါအားလုံးထဲတွင် အသေးငယ်ဆုံးများဖြစ်ကြသော်လည်း သူတို့၏ အသက်အင်အားသည် ဖန်ဆင်းရှင်၏ ဆန်းကြယ်သည့် ဖန်ဆင်းမှုပင်ဖြစ်ပြီး သူတို့ရောက်လာခြင်းမှာ နောက်မကျပေ။ အချို့က သူတို့၏သေးငယ်သည့် တောင်ပံများကို ခတ်ပြီး အချို့ကတော့ ဖြည်းဖြည်းချင်း တွားသွားခဲ့ကြသည်။ အချို့က ခုန်ပေါက်နေခဲ့ကြပြီး အချို့က ဒယိမ်းဒယိုင် သွားလာနေခဲ့ကြသည်။ အချို့က ရှေ့ကို လျင်မြန်စွာသွားနေပြီး အခြားသတ္တဝါများက လျင်မြန်စွာ ဆုတ်ခွာနေသည်။ အချို့က ဘေးတိုက်ရွေ့လျားနေကြပြီး အချို့က မြင့်မြင့်ခုန်လိုက် နိမ့်နိမ့်ခုန်လိုက်ပြုနေခဲ့ကြသည်။ အားလုံးသည် မိမိတို့အတွက် အိမ်ကို ရှာဖွေရန်ကြိုးစားနေကြရင်း အလုပ်ရှုပ်နေခဲ့ကြသည်- အချို့က မြက်ခင်းဆီကို ရောက်ရန် လမ်းရှာခဲ့ကြသည်။ အချို့က မြေကြီးထဲတွင် လိုဏ်ခေါင်းများ ဖောက်ခဲ့ကြသည်။ အချို့က သစ်ပင်ပေါ်ကို ပျံတက်ကြပြီး တောထဲတွင် ပုန်းကွယ်နေခဲ့ကြသည်။ အရွယ်အစားသေးငယ်သော်လည်း သူတို့သည် အစာမရှိသည့်ဗိုက်၏ နှိပ်စက်ခြင်းကိုခံရန် ဆန္ဒမရှိပေ။ သူတို့အိမ်များကို ရှာဖွေပြီးသည့်အခါတွင် သူတို့အစာစားရန်အတွက် အစာရှာရန် အလျင်အမြန် ပြုခဲ့ကြသည်။ အချို့က မြက်အညွှန့်လေးများကိုစားရန်အတွက် မြက်ပင်ပေါ်ကို တက်ခဲ့ကြသည်။ အချို့က မြေစာများကို ပါးစပ်နှင့်အပြည့်ယူရင်းနှင့် သူတို့ဗိုက်ပြည့်ရန် ကျေနပ်သာယာမှုအပြည့်နှင့် စားခဲ့ကြသည်။ (သူတို့အတွက်မူ မြေစာပင်လျှင် အရသာရှိသည့်စားစရာဖြစ်သည်။) အချို့က တောထဲတွင် ပုန်းကွယ်နေခဲ့ကြသည်။ သို့ရာတွင် အရောင်တောက်ပသည့် အစိမ်းရောင်ရင့်အရွက်ထဲက သစ်ပင်ရည်သည် အရည်ရွှမ်းသည့် စားစရာကို ပေးစွမ်းသည့်အတွက် သူတို့သည် အနားမယူကြပေ။ သူတို့သည် ပြည့်အင့်သွားသည့်အခါတွင်ပင် ပိုးမွှားများသည် သူတို့၏လှုပ်ရှားမှုကို မရပ်ကြသေးပေ။ သူတို့၏အရွယ်အစားသည် သေးငယ်သော်လည်း ကြီးမားသည့်စွမ်းအင်နှင့် အကန့်အသတ်မရှိသည့် တက်ကြွမှုတို့ရှိကြပြီး ထို့ကြောင့်ပင် သတ္တဝါအားလုံးအထဲ၌ သူတို့သည် အတက်ကြွဆုံး အလုပ်လုပ်နိုင်ဆုံးဖြစ်ကြသည်။ သူတို့သည် မည်သည့်အခါမျှ မပျင်းရိပေ။ အနားယူခြင်းတွင် မွေ့လျော်မနေပေ။ ပြည့်အင့်သွားသည့်အခါတွင် သူတို့၏ရှင်သန်ရပ်တည်မှုအတွက် အလုပ်ရှုပ်ရင်း သူတို့၏မနက်ဖြန်များအတွက် အပြေးအလွှား ပြုလုပ်ကြရင်း သူတို့သည် သူတို့၏အနာဂတ်အတွက် အလုပ်များကို အားသွန်ခွန်စိုက်လုပ်ခဲ့ကြသည်။ သူတို့သည် သူတို့ကိုယ်သူတို့ အားပေး တိုက်တွန်းရန်အတွက် အမျိုးမျိုးသော သံစဉ်များနှင့် ဂီတများကို ညင်သာစွာ ညည်းဆိုခဲ့ကြသည်။ သူတို့သည် နေ့ရက်တိုင်း နှစ်တိုင်းကို ထူးခြားအောင်ပြုလုပ်ရင်း ပျော်ရွှင်မှုများကို မြက်ပင်များ၊ သစ်ပင်များနှင့် မြေကြီး၏ နေရာတိုင်းစီကို ထည့်သွင်းကြလိမ့်မည်။ သူတို့၏ ကိုယ်ပိုင် ဘာသာစကားနှင့် သူတို့၏ ကိုယ်ပိုင်နည်းလမ်းများနှင့် မြေကြီးပေါ်တွင်ရှိသည့် သက်ရှိသတ္တဝါအားလုံးကို သတင်းဖြန့်ခဲ့ကြသည်။ သူတို့၏ ထူးခြားသည့် ကိုယ်ပိုင်ဘဝပုံစံကို အသုံးပြုရင်း သူတို့ချန်ထားသည့်လမ်းကြောင်းများအပေါ်တွင် အရာအားလုံးကို မှတ်သားခဲ့ကြသည်။ သူတို့သည် မြေကြီး၊ မြက်ပင်၊ တောများနှင့်ရင်းနှီး နီးစပ်ပြီး မြေကြီး၊ မြက်ပင်၊ တောများထံ အားမာန်နှင့် ရှင်သန်တက်ကြွမှုတို့ကို ယူဆောင်လာပေးခဲ့ကာ ဖန်ဆင်းရှင်၏ အားပေးခြင်း နှုတ်ဆက်ခြင်းတို့ကို အရာအားလုံးအပေါ် သယ်ဆောင်လာပေးခဲ့သည်။

ဖန်ဆင်းရှင်၏အကြည့်သည် သူဖန်ဆင်းခဲ့သည့် အရာအားလုံးအပေါ်တွင် ဖြတ်သန်းပြီးကြည့်ရှုခဲ့သည်။ ထိုအချိန်တွင် သူ၏စိတ်သည်လည်နေရင်း သူ၏မျက်လုံးသည် တောများနှင့် တောင်များအပေါ်တွင် ရပ်သွားခဲ့သည်။ သူ၏ နှုတ်ကပတ်တော်တို့ကို မိန့်မြွက်လိုက်သည်နှင့် ထူထပ်သော သစ်များထဲနှင့် တောင်များပေါ်တွင် ယခင်က ဖြစ်ပေါ်ခဲ့သည့်ပုံစံများနှင့် မတူသည့် သတ္တဝါအမျိုးအစားတစ်ခု ပေါ်ထွက်ခဲ့သည်။ သူတို့သည် ဘုရားသခင်၏နှုတ်က မိန့်ကြားခဲ့သည့် တိရစ္ဆာန်ရိုင်းများဖြစ်သည်။ တစ်ကောင်ချင်းစီတိုင်းက မတူညီသည့် မျက်နှာနှင့် အချိန်ကြာမြင့်စွာ သူတို့ခေါင်းကို လှုပ်ရင်း အမြီးများကို ခါရမ်းကြလိမ့်မည်။ အချို့က ထူထပ်သည့် အမွှေးများရှိသည်။ အချို့က သံချပ်ကာများ ရှိသည်။ အချို့က အစွယ်များရှိသည်။ တစ်ချို့ အပြုံးများ ဆင်မြန်းထားကြသည်။ အချို့က လည်ပင်းရှည်ကြသည်။ အချို့က အမြီးတိုကြသည်။ အချို့က စူးရှသည့် မျက်လုံးများရှိကြသည်။ အချို့က ရှက်ရွံ့သည့် အကြည့်များရှိသည်။ အချို့က မြက်ပင်စားရန် ကိုယ်ကို ညွတ်ကြသည်။ အချို့က ပါးစပ်တွင် သွေးများနှင့် ပေကျံကြသည်။ အချို့က ခြေနှစ်ချောင်းနှင့် ခုန်ကြသည်။ အချို့က ခွာလေးခုနှင့် လမ်းလျှောက်ကြသည်။ အချို့က သစ်ပင်များ၏ ထိပ်မှ အဝေးကို ကြည့်ရှုကြသည်။ အချို့က တောထဲတွင် လဲလျောင်းရင်း စောင့်နေကြသည်။ အချို့က အနားယူရန် ဂူများကို ရှာဖွေနေကြသည်။ အချို့က ကွင်းပြင်များတွင် ရွှင်လန်းစွာ ပြေးလွှားနေကြသည်။ အချို့က တောထဲတွင် ချောင်းမြောင်း သွားလာနေကြသည်။ အချို့က ဟိန်းဟောက်ကြသည်။ အချို့က အူကြသည်။ အချို့က ဟောင်ကြည်။ အချို့က ငိုယိုကြသည်။ အချို့က အသံစူးကြသည်။ အချို့က အသံအောကြသည်။ အချို့က အသံကုန်ဟစ်ကြပြီး အချို့က ကြည်လင်ကာ သာယာနာပျော်ဖွယ်ဖြစ်ကြသည်။ အချို့က မနှစ်မြို့ဖွယ်ဖြစ်သည်။ အချို့က လှပသည်။ အချို့က ရွံစရာကောင်းသည်။ အချို့က ချစ်စရာကောင်းသည်။ အချို့က ကြောက်စရာကောင်းသည်။ အချို့က ချစ်စရာကောင်းလောက်အောင် နုံအသည်။ တစ်ကောင်ချင်းစီ သူတို့ ပေါ်ထွက်ခဲ့ကြသည်။ သူတို့ သွားလာကြပုံ၊ လွတ်လပ်ကြပုံ၊ အချင်းချင်း အကြောင်းမဲ့သက်သက် စိတ်မဝင်စားကြပုံ၊ အချင်းချင်း ဝေ့ဝဲကြည့်ရင် ဒုက္ခမခံကြပုံတို့ကို ကြည့်လော့။ ဖန်ဆင်းရှင် ချပေးသနားခဲ့သည့် သူတို့၏ ကိုယ်ပိုင် တောရိုင်းဆန်မှု၊ ကြမ်းတမ်းမှုနှင့် သူတို့၏ဘဝများကို ခံယူရင်း တောင်များအပေါ်နှင့် တောများအတွင်း၌ ပေါ်ပေါက်ခဲ့ကြသည်။ အားလုံးကို မထီမဲ့မြင်ပြုပြီး စိတ်ကြီးဝင်သည့် သူများကို တောတောင်များ၏ စစ်မှန်သော အရှင်သခင်များအဖြစ် မည်သူပြုလုပ်ခဲ့သနည်း။ ဖန်ဆင်းရှင်က သူတို့ကို ပေါ်ထွက်စေပြီးသည့် အခိုက်အတန့်မှစ၍ သူတို့သည် တောများကို “သူတို့နေရာအဖြစ် သတ်မှတ်ကြသည်”၊ တောင်များကို “သူတို့နေရာအဖြစ်သတ်မှတ်ကြသည်”၊ အကြောင်းမှာ ဖန်ဆင်းရှင်သည် သူတို့၏စည်းများကို သတ်မှတ်ခဲ့ပြီး သူတို့၏ဖြစ်တည်မှုအတွက် နယ်ပယ်များကို ခွဲခြားဆုံးဖြတ်ခဲ့ပြီးသည့်အတွက်ဖြစ်သည်။ သူတို့သာလျှင် တောတောင်များ၏ အရှင်သခင် အစစ်အမှန်ဖြစ်သောကြောင့် သူတို့သည် အင်မတန် ရိုင်းစိုင်းကြကာ မထီမဲ့မြင် ပြုကြခြင်းဖြစ်သည်။ သူတို့ကို “တောရိုင်းတိရစ္ဆာန်များ” ဟုသာ ခေါ်ကြသည်၊ အဘယ်ကြောင့်ဆိုသော် သတ္တဝါအားလုံးထဲတွင် သူတို့သည် ဧကန်အမှန် ရိုင်းသည့်၊ ကြမ်းတမ်းသည့်၊ ယဉ်ပါးအောင်ပြုလုပ်၍မရသည့် သတ္တဝါများဖြစ်သည်။ သူတို့ကို ယဉ်ပါးအောင်လုပ်၍မရပေ။ ထို့ကြောင့် သူတို့ကို မွေး၍မရပေ။ လူသားတို့နှင့်အတူ နေထိုင်၍မရသကဲ့သို့ လူသား၏ကိုယ်စား အလုပ်လုပ်ပေး၍လည်း မရပေ။ သူတို့ကို မွေး၍မရသောကြောင့် လူသားအတွက် အလုပ်မလုပ်နိုင်ခြင်းကြောင့် သူတို့သည် လူသားနှင့်ဝေးရာတွင်နေရပြီး လူသားတို့ချဉ်းကပ်၍ မရချေ။ အပြန်အလှန်အားဖြင့် သူတို့သည် လူသားနှင့်ဝေးရာတွင်နေပြီး လူသားတို့ချဉ်းကပ်၍ မရသောကြောင့် သူတို့သည် တောတောင်များကို ကာကွယ်စောင့်ရှောက်ခြင်းဟူသည့် ဖန်ဆင်းရှင်က သူတို့အပေါ်ကို ချပေးသနားခဲ့သည့် တာဝန်ကို ဖြည့်ဆည်းနိုင်ခြင်း ဖြစ်သည်။ သူတို့၏ ရိုင်းစိုင်းခြင်းသည် တောင်များကို ကာကွယ်ပေးပြီး တောများကို စောင့်ကြပ်ပေးခဲ့ကာ သူတို့၏ဖြစ်တည်မှုနှင့် ပွားများမှုအတွက် အကောင်းဆုံးသော ကာကွယ်မှုနှင့် အာမခံချက်ဖြစ်ခဲ့သည်။ တစ်ချိန်တည်းတွင် သူတို့၏ ရိုင်းစိုင်းခြင်းသည် အရာအားလုံးအထဲတွင် ညီညွတ်မျှတမှုကို ထိန်းသိမ်းပြီး ခိုင်မာစေသည်။ သူတို့ရောက်ရှိလာခြင်းသည် တောများ၊ တောင်များထံ အထောက်အပံ့နှင့် ခိုင်မာစွာရပ်တည်နိုင်မှုကို ယူလာပေးသည်။ သူတို့ရောက်ရှိလာခြင်းသည် ငြိမ်သက်ပြီး ဘာမျှမရှိသည့် တောများ၊ တောင်များထံ အကန့်အသတ်မရှိသည့် အားမာန်နှင့် ရှင်သန်တက်ကြွမှုကို ထိုးသွင်းပေးသည်။ ဤအချိန်မှစပြီး တောတောင်များသည် သူတို့၏ အမြဲတမ်းစားကျက် ဖြစ်လာခဲ့ပြီး တောတောင်များသည် သူတို့အတွက် ပေါ်ပေါက်တည်ရှိလာခြင်းဖြစ်ပြီး တောရိုင်းတိရစ္ဆာန်များသည် သူတို့၏တာဝန်များကို ထမ်းဆောင်ပြီး တောတောင်များကို စောင့်ရှောက်ကာကွယ်ရန် သူတို့တတ်နိုင်သမျှ လုပ်ဆောင်ကြမည်ဖြစ်သည့်အတွက် သူတို့သည် သူတို့၏အိမ်ကို မည်သည့်အခါမျှ ဆုံးရှုံးမည်မဟုတ်ပေ။ ထို့ကြောင့် တောရိုင်းတိရစ္ဆာန်များသည် သူတို့၏ပိုင်နက်နေရာကို စွဲကိုင်ထားရန် ဘုရားသခင်၏ တိုက်တွန်းချက်ကို တင်းကြပ်စွာ လိုက်နာရင်းနှင့် ဖန်ဆင်းရှင် တည်ထောင်ခဲ့သည့် အရာအားလုံး၏ ညီညွတ်မျှတမှုကို ထိန်းသိမ်းရန်အတွက် သူတို့၏ ကြမ်းတမ်းသည့်သဘာဝကို ဆက်လက်အသုံးပြုပြီး ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးကို ထင်ရှားပြသကြသည်။

ဖန်ဆင်းရှင်၏ သြဇာအာဏာအောက်တွင် အရာအားလုံးသည် စုံလင်ခြင်းသို့ ရောက်ကြသည်

ခြောက်ရက်မြောက်နေ့တွင် ပြုလုပ်ခဲ့သည့် တောရိုင်းတိရစ္ဆာန်များ၊ ပိုးမွှားများ၊ မွေးမြူရေးသတ္တဝါများ အပါအဝင်၊ ဘုရားသခင်ဖန်ဆင်းခဲ့သည့် ပန်းပွင့်များ၊ သစ်ပင်များ၊ ငါးများ၊ ငှက်များကဲ့သို့ လှုပ်ရှားနိုင်သည့်၊ မလှုပ်ရှားနိုင်သည့် သတ္တဝါများ အပါအဝင် ဤအရာများ အားလုံးသည် ဘုရားသခင်နှင့်အတူ ကောင်းမွန်သည်၊ ထို့အပြင် ဘုရားသခင်၏ မျက်မှောက်တော်ရှေ့တွင် ဤအရာများသည် သူ၏အစီအစဉ်နှင့်အညီ အမြင့်ဆုံးစုံလင်မှုကို ရရှိခဲ့ပြီး ဘုရားသခင်ပြီးမြောက်လိုသည့် စံသတ်မှတ်ချက်များကို ရောက်ရှိခဲ့သည်။ ဖန်ဆင်းရှင်သည် တစ်ဆင့်ပြီးတစ်ဆင့် သူရည်မှန်းထားသည့်အလုပ်များကို သူ၏အစီအစဉ်နှင့်အညီ လုပ်ခဲ့သည်။ သူဖန်ဆင်းရန်ရည်မှန်းခဲ့သည့် အရာများသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး တစ်ခုချင်းစီ၏ ပေါ်ထွက်မှုသည် ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ ထင်ဟပ်မှုဖြစ်ကာ သူ၏သြဇာအာဏာ ပုံပေါ်လာခြင်းဖြစ်သည်။ ဤပုံပေါ်လာမှုများကြောင့် သတ္တဝါအားလုံးသည် ဖန်ဆင်းရှင်၏ ကျေးဇူးတော်ကို၊ ဖန်ဆင်းရှင်၏ ပံ့ပိုးမှုကို ကျေးဇူးမတင်ဘဲ မနေနိုင်ကြတော့ပေ။ ဘုရားသခင်၏ ဆန်းကြယ်သည့် လုပ်ဆောင်မှုများသည် ထင်ရှားခဲ့သည့်အတွက် ဤကမ္ဘာသည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးနှင့်အတူ အစိတ်အပိုင်းတစ်ခုချင်းစီ ပြည့်ဖောင်းလာခဲ့ပြီး ကမ္ဘာသည် ပရမ်းပတာဖြစ်ခြင်း၊ အမှောင်ထုဖြစ်ခြင်းမှ ကြည်လင်ခြင်းနှင့် တောက်ပခြင်းဆီသို့၊ သုဿန်တစပြင်ပမာ တိတ်ဆိတ်ငြိမ်သက်နေရာမှ ရှင်သန်လာခြင်းနှင့် အကန့်အသတ်မရှိသည့် ရှင်သန်တက်ကြွမှုဆီသို့ ကူးပြောင်းလာခဲ့သည်။ ဖန်ဆင်းထားသည့် အရာအားလုံးအထဲတွင်၊ အကြီးမှ အသေး၊ အသေးမှ သေးငယ်မှုန်မွှားသည့် သတ္တဝါအထိ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးအားဖြင့် ဖန်ဆင်းခြင်းမခံထားရသည့်အရာ တစ်ခုမျှမရှိဘဲ သတ္တဝါတိုင်း၏ဖြစ်တည်မှုတွင် ထူးခြားသည့်၊ ပင်ကိုလိုအပ်ချက်နှင့် တန်ဖိုးရှိသည်။ သူတို့၏ပုံသဏ္ဌာန်နှင့် တည်ဆောက်ပုံ ကွဲပြားမှုများနှင့်မဆိုင်ဘဲ ဖန်ဆင်းရှင်၏ သြဇာအာဏာအောက်တွင် ဖြစ်တည်ရန်အတွက် ဖန်ဆင်းရှင်အားဖြင့် ပြုလုပ်ခြင်းခံရသည်။ တစ်ခါတစ်ရံတွင် လူများက အလွန်ရုပ်ဆိုးသည့် ပိုးမွှားတစ်ကောင်ကိုတွေ့ပြီး ပြောကြသည် “ဤပိုးမွှားက တော်တော်ဆိုးသည်။ ဤကဲ့သို့သော ကြည့်ရဆိုးသည့် ပိုးမွှားကို ဘုရားဖန်ဆင်းထားခြင်း မဖြစ်နိုင်ပေ။ အလွန်ကြည့်ရဆိုးသည့် အရာတစ်ခုကို သူဖန်ဆင်းသည်ဆိုခြင်းမှာ မဖြစ်နိုင်ပေ။” မည်မျှ မိုက်မဲသည့် အမြင်ပေနည်း။ သူတို့ပြောသင့်သည်မှာ “ဤပိုးမွှားက အလွန်ကြည့်ရဆိုးသော်လည်း ၎င်းကို ဘုရားပြုလုပ်ထားခြင်း ဖြစ်၏။ ဤသို့ဆိုလျှင် သူ့တွင် သူ၏ကိုယ်ပိုင် ထူးခြားသည့်ရည်ရွယ်ချက်ရှိပေမည်။” ဘုရားသခင်၏ အတွေးများတွင် သူသည် သူဖန်ဆင်းခဲ့သည့် သက်ရှိအမျိုးမျိုးတို့ကို အသုံးဝင်မှုနှင့် အသုံးပြုမှုပုံစံအမျိုးမျိုးတို့နှင့် ပေါ်ထွက်လာစေချင်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်ပြုလုပ်ခဲ့သည့် မည်သည့်အရာမျှ ပုံစံတူ ပြုလုပ်ထားခြင်းမရှိပေ။ သူတို့၏အပြင်ပန်းမှ အတွင်းဖွဲ့စည်းပုံအထိ၊ သူတို့၏ ရှင်သန်နေထိုင်မှု အကျင့်ပုံစံမှ သူတို့ပိုင်ဆိုင်သည့် တည်နေရာအထိ၊ တစ်ခုချင်းစီက ကွဲပြားသည်။ နွားများသည် နွားပုံစံရှိကြသည်။ မြည်းများသည် မြည်းပုံစံရှိသည်။ သမင်များက သမင်များ၏ ပုံစံရှိပြီး ဆင်များက ဆင်၏ပုံစံရှိသည်။ မည်သည့်အရာက ကြည့်အကောင်းဆုံးဖြစ်ပြီး မည်သည့်အရာက ကြည့်ရအဆိုးဆုံးဖြစ်သည်ကို သင်ပြောနိုင်သလော။ မည်သည့်အရာက အသုံးဝင်ဆုံးနှင့် မည်သည့်ဖြစ်တည်မှုက မလိုအပ်ဆုံးဆိုသည်ကို သင်ပြောနိုင်သလော။ အချို့လူများက ဆင်၏ပုံသဏ္ဌာန်ကို ကြိုက်ကြသည်။ သို့ရာတွင် ကွင်းပြင်များတွင် အပင်စိုက်ရန်အတွက် မည်သူမျှ ဆင်များကို အသုံးမပြုပေ။ အချို့လူများက ခြင်္သေ့၏ပုံစံ၊ ကျား၏ ပုံသဏ္ဌာန်ကို ကြိုက်ကြသည်။ သူတို့၏ပုံသဏ္ဌာန်က အရာအားလုံးအထဲတွင် အထင်ကြီးချင်စရာအကောင်းဆုံး ဖြစ်သောကြောင့်ဖြစ်၏။ သို့ရာတွင် သူတို့ကို အိမ်မွေးတိရစ္ဆာန်အဖြစ် ထားနိုင်သလော။ အချုပ်ပြောရလျှင် အရာအားလုံးနှင့်ပတ်သက်ပါက လူသားသည် ဖန်ဆင်းရှင်၏ သြဇာအာဏာကို နာခံသင့်သည်၊ တစ်နည်းအားဖြင့် ဖန်ဆင်းရှင်က အရာအားလုံးကိုသတ်မှတ်ခဲ့သည့် အစီအစဉ်ကို နာခံသင့်သည်။ ဖန်ဆင်းရှင်၏ မူလ ရည်ရွယ်ချက်ကို ရှာဖွေလိုခြင်းသဘောနှင့် နာခံခြင်းကသာ ဖန်ဆင်းရှင်၏ သြဇာအာဏာကို စစ်မှန်စွာလက်ခံခြင်းနှင့် စိတ်ချသေချာခြင်းတို့ဖြစ်သည်။ ဘုရားသခင်အမြင်တွင် ကောင်းမွန်သည်၊ ဤသို့ဆိုလျှင် အမှားကို ရှာဖွေရန် လူတွင် အဘယ်အကြောင်းပြချက် ရှိပါမည်နည်း။

ထို့ကြောင့် ဖန်ဆင်းရှင်၏ သြဇာအာဏာအောက်တွင်ရှိသည့် အရာအားလုံးသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအတွက် သံစုံသီချင်းများသီဆိုကြမည်။ နေ့သစ်တွင် သူ၏လုပ်ဆောင်မှုအတွက် အလွန်ကောင်းမွန်သည့် နိဒါန်းသီချင်းများကို စတင်ကြမည်။ ဤအချိန်တွင် ဖန်ဆင်းရှင်သည် သူ၏စီမံခန့်ခွဲမှု အမှုတော်အတွက် စာမျက်နှာအသစ်တစ်ခုကို ဖွင့်လှစ်မည်။ ဘုရားသခင် သတ်မှတ်ပေးထားသည့် နွေဦးရာသီ၏ အညွှန့်အဖူးလေးများ၊ နွေရာသီ၏ ရင့်မှည့်ခြင်း၊ ဆောင်းဦးရာသီ၏ ရိတ်သိမ်းခြင်း၊ ဆောင်းရာသီ၏ သိုလှောင်ခြင်း နိယာမသဘောတရားအရ အရာအားလုံးသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် လိုက်ဖက်ညီလျက်ရှိပြီး သူတို့၏ ကိုယ်ပိုင် နေ့သစ်၊ အသစ်စတင်ခြင်းနှင့် ဘဝသစ်ပုံစံတို့ကို ကြိုဆိုကြမည်။ သူတို့သည် ဘုရားသခင်၏ သြဇာအာဏာ၏ အချုပ်အခြာအာဏာအောက်တွင် နေ့ရက်တိုင်းကို ကြိုဆိုကြရန် အဆုံးမရှိသည့် ဆက်တိုက်ဖြစ်ပေါ်မှုနှင့် မကြာခင်တွင် မျိုးပွားကြမည်။

ဘုရားသခင်၏ ဝိသေသလက္ခဏာကို မည်သည့်ဖန်ဆင်းခံ၊ ဖန်ဆင်းခြင်းမခံရသည့် အရာမျှ အစားမထိုးနိုင်ပေ

အရာအားလုံးကို ဖန်ဆင်းခြင်းကို စတင်သည့်အချိန်မှစပြီး ဘုရားသခင်၏ တန်ခိုးသည် စတင်ဖော်ပြလာသည်။ စတင် ဖွင့်ဟလာသည်။ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းရန် နှုတ်ကပတ်တော်တို့ကို အသုံးပြုခဲ့သည့်အတွက် ကြောင့်ဖြစ်သည်။ သူတို့ကို မည်သို့နည်းလမ်းနှင့် ဖန်ဆင်းခဲ့သည်ဖြစ်စေ၊ အဘယ်ကြောင့်ဖန်ဆင်းခဲ့သည်ဖြစ်စေ၊ အရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် ဖြစ်ပေါ်လာပြီး ခိုင်မာစွာ ရပ်တည်လျက် တည်ရှိလာခဲ့ကြသည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာပင်ဖြစ်သည်။ ကမ္ဘာကြီးတွင် လူသားမျိုးနွယ် မပေါ်ပေါက်လာခင် အချိန်က ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အတွက် အရာအားလုံးကို ဖန်ဆင်းရန် သူ၏တန်ခိုးနှင့် သြဇာအာဏာကို အသုံးပြုခဲ့ပြီး လူသားတို့အတွက် သင့်တော်သည့် သက်ရှိပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ရန် သူ၏ ထူးခြားသည့် နည်းလမ်းကို အသုံးချခဲ့သည်။ သူလုပ်ခဲ့သည်မှာ မကြာခင်တွင် သူ၏ ဇီဝအသက်ကို ရရှိတော့မည့် လူသားမျိုးနွယ်အတွက် ပြင်ဆင်ခြင်းသာဖြစ်သည်။ တစ်နည်းအားဖြင့် လူသားမျိုးနွယ်ကို မဖန်ဆင်းမီ အချိန်က ဘုရားသခင်၏ သြဇာအာဏာသည် လူသားမျိုးနွယ်နှင့် ကွဲပြားသည့် သတ္တဝါတို့တွင်၊ ကောင်းကင်ကဲ့သို့ ကြီးမြတ်သည့်အရာများတွင်၊ အလင်းအိမ်၊ ပင်လယ်၊ ကုန်းမြေတို့တွင်၊ တိရစ္ဆာန်နှင့် ငှက်ကလေးများကဲ့သို့ သေးငယ်သည့်အရာများတွင်၊ ပိုးမွှားလေးများနှင့် အနုစိတ်သတ္တဝါအမျိုးမျိုးတို့တွင်၊ သာမန်မျက်စိနှင့်မမြင်နိုင်သည့် ဗက်တီးရီးယားအမျိုးမျိုးတို့တွင် ထင်ရှားပြသသည်။ တစ်ခုချင်းစီတိုင်းသည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ကိုပေးအပ်ခြင်းခံရပြီး ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်ကြောင့် တစ်ဟုန်ထိုးပွားများလာခဲ့ကြပြီး တစ်ကောင်ချင်းစီသည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်ကြောင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်တွင် ရှင်သန်နေထိုင်ခဲ့ကြသည်။ သူတို့သည် ဖန်ဆင်းရှင်၏ ဇီဝအသက်ကို မရရှိခဲ့သော်လည်း ဖန်ဆင်းရှင်က သူတို့ကို ချပေးသနားခဲ့သည့် ဘဝနှင့် ရှင်သန်တက်ကြွမှုကို သူတို့၏မတူညီသည့်ပုံစံနှင့် တည်ဆောက်ပုံများမှတစ်ဆင့် ထင်ရှားပြသခဲ့ကြသည်။ သူတို့သည် ဖန်ဆင်းရှင်က လူသားတို့ကို ပေးသည့် စကားပြောဆိုနိုင်စွမ်းကို မရရှိသော်လည်း ဖန်ဆင်းရှင်က သူတို့ကို ချပေးသနားခဲ့ပြီး လူသား၏ ဘာသာစကားနှင့် ကွဲပြားသည့် သူတို့ဘဝကို ထုတ်ဖော်ပြသခြင်း နည်းလမ်းတို့ကို ရရှိခဲ့သည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် လှုပ်ရှားမှုမရှိသည့် ရုပ်ဝတ္ထုပစ္စည်းများကို မည်သည့်အခါမျှ ပျောက်ကွယ်မသွားအောင် ရှင်သန်တက်ကြွခြင်းကို ပေးခဲ့ရုံသာမက သူတို့ မည်သည့်အခါမျှ မပျောက်ကွယ်သွားအောင်၊ ဖန်ဆင်းရှင်က ပေးအပ်ခဲ့သည့် ရှင်သန်ရပ်တည်ရေး အချက်များနှင့် နိယာမတရားများ အပေါ်တွင် မျိုးဆက်တစ်ခုပြီးတစ်ခု ဆက်လက်ပေးကမ်းနိုင်အောင် သက်ရှိတိုင်းကို မျိုးပွားခြင်း၊ ပွားများခြင်း အသိစိတ်ကို ပေးအပ်ခဲ့သည်။ ဖန်ဆင်းရှင်က သူ၏သြဇာအာဏာကို အသုံးပြုသည့် ပုံစံတွင် အနုစိတ်၊ အသေးစိတ်ရှုထောင့်များအပေါ်တွင်သာ စွဲကပ်မထားပေ။ မည်သည့်ပုံစံအပေါ်ကိုမျှ ကန့်သတ်ထားခြင်းမရှိပေ။ သူသည် စကြဝဠာလုပ်ဆောင်မှုများအပေါ်တွင် အုပ်ချုပ်အမိန့်ပေးနိုင်ပြီး အရာအားလုံး၏ သေခြင်း၊ ရှင်ခြင်းအပေါ်တွင် အချုပ်အခြာအာဏာကို ကိုင်ဆောင်ထားသည်၊ ထို့အပြင် သူ့ကို အစေခံစေရန် အရာအားလုံးကို ထိန်းသိမ်းနိုင်သည်။ သူသည် တောင်များ၊ မြစ်များနှင့် အင်းအိုင်များ အလုပ်လုပ်ပုံအားလုံးကို စီမံခန့်ခွဲနိုင်ပြီး သူတို့အထဲတွင်ရှိသည့် အရာအားလုံးကို အုပ်ချုပ်နိုင်သည့်အပြင် အရာအားလုံး၏ လိုအပ်ချက်ကိုလည်း ထောက်ပံ့နိုင်သည်။ ဤသည်မှာ လူသားမျိုးနွယ်အပြင် အခြားအရာအားလုံးအတွင်းတွင် ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာကို ထင်ရှားစေခြင်းဖြစ်သည်။ ဤကဲ့သို့သောထင်ရှားခြင်းသည် တစ်သက်တာအချိန်အတွက်တင် မဟုတ်ဘဲ မည်သည့်အခါမျှ ရပ်တန့်မသွားပေ။ သို့မဟုတ် ပြီးဆုံးမသွားပေ။ မည်သည့်အရာ သို့မဟုတ် မည်သူကမျှ ပြောင်းလဲ၍မရ သို့မဟုတ် ထိခိုက်၍မရသကဲ့သို့ မည်သည့်အရာ သို့မဟုတ် မည်သူကမျှ ဖြည့်စွက်၍ သို့မဟုတ် လျှော့ချ၍မရပေ။ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို မည်သည့်အရာမျှ အစားထိုး၍မရခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရှင်၏ သြဇာအာဏာသည် မည်သည့်ဖန်ဆင်းခံကမျှ အစားထိုး၍မရနိုင်ပေ။ ဖန်ဆင်းခံမဟုတ်သည့် မည်သည့်အရာမျှ ရယူနိုင်သည့်အရာ မဟုတ်ပေ။ ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူနှင့် ကောင်းကင်တမန်တို့ကို ဥပမာအနေနှင့် ကြည့်ကြည့်ပါ။ သူတို့သည် ဘုရားသခင်၏ တန်ခိုးကို မပိုင်ဆိုင်ပေ။ ဖန်ဆင်းရှင်၏ သြဇာအာဏာကို ပိုင်ဆိုင်ရန်ဆိုသည်မှာ သာ၍ပင်ဝေးသေးသည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကို သူတို့မပိုင်ဆိုင်ရသည့် အကြောင်းရင်းမှာ သူတို့သည် ဖန်ဆင်းရှင်၏ အနှစ်သာရကို မပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူနှင့် ကောင်းကင်တမန်တို့ကဲ့သို့ ဖန်ဆင်းခံမဟုတ်သည့်သူများသည် ဘုရားသခင်၏ကိုယ်စား အချို့အရာများကို လုပ်နိုင်သော်လည်း ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပေ။ သူတို့သည် လူသားများမပိုင်ဆိုင်သည့် တန်ခိုးအချို့ ပိုင်ဆိုင်သော်လည်း ဘုရားသခင်၏ သြဇာအာဏာကို မပိုင်ဆိုင်ပေ။ အရာအားလုံးကိုဖန်ဆင်းရန်၊ အရာအားလုံးကို အမိန့်ပေးရန်၊ အရာအားလုံးအပေါ်တွင် အချုပ်အခြာအာဏာရှိရန်အတွက် ဘုရားသခင်၏ သြဇာအာဏာကို သူတို့ မပိုင်ဆိုင်ကြပေ။ ထို့ကြောင့် ဘုရားသခင်၏ အတုမရှိခြင်းကို မည်သည့် ဖန်ဆင်းခြင်း မခံရသည့်သူမှ အစားထိုး၍မရနိုင်ပေ။ အလားတူပင် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးသည်လည်း မည်သည့် ဖန်ဆင်းခြင်းမခံရသည့်သူမှ အစားထိုး၍မရနိုင်ပေ။ သမ္မာကျမ်းစာထဲတွင် အရာအားလုံးကို ဖန်ဆင်းခဲ့သည့် ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူအကြောင်းကို ဖတ်ဖူးသလော။ ဘုရားသခင်က သူ၏ သတင်းစကားပို့ဆောင်သူ သို့မဟုတ် ကောင်းကင်တမန်တို့ကို အဘယ်ကြောင့် အရာအားလုံးကို ဖန်ဆင်းရန် မစေလွှတ်ခြင်းဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘုရားသခင်၏ သြဇာအာဏာကို မပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ သြဇာအာဏာကို အသုံးချရန် အစွမ်း သူတို့တွင် မရှိကြပေ။ အခြားသတ္တဝါများ အားလုံးကဲ့သို့ပင်၊ သူတို့သည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်၊ ဖန်ဆင်းရှင်၏ သြဇာအာဏာအောက်တွင်ရှိပြီး အလားတူပင် ဖန်ဆင်းရှင်က သူတို့၏ဘုရားသခင်ဖြစ်သည်။ သူတို့၏ အချုပ်အခြာအာဏာရှင်လည်းဖြစ်သည်။ သူတို့တစ်ယောက်ချင်းစီတိုင်းတွင် သူတို့သည် မြင့်မြတ်သည်ဖြစ်စေ၊ နိမ့်ကျသည်ဖြစ်စေ၊ တန်ခိုးကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ၊ ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျော်လွန်နိုင်သည့်သူ တစ်ယောက်မျှမရှိပေ။ ထို့ကြောင့် သူတို့ထဲတွင် ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို အစားထိုးနိုင်သည့်သူ တစ်ယောက်မျှမရှိပေ။ သူတို့ကို ဘုရားသခင်ဟု မည်သည့်အခါမျှ ခေါ်မည်မဟုတ်၊ ဖန်ဆင်းရှင် မည်သည့်အခါမျှ ဖြစ်လာမည်မဟုတ်ပေ။ ဤသည်မှာ ပြောင်းလဲ၍မရသည့် သမ္မာတရားများနှင့် အမှန်တရားများ ဖြစ်သည်။

အထက်က မိတ်သဟာယပြုလုပ်မှုမှတစ်ဆင့် အတုမရှိသည့် သြဇာအာဏာနှင့် အတုမရှိသည့် တန်ခိုးကိုပိုင်ဆိုင်သည့်၊ အရာအားလုံး၏ ဖန်ဆင်းရှင်နှင့် အုပ်စိုးရှင်သာလျှင် အတုမရှိသည့်ဘုရားသခင်ဟု ခေါ်နိုင်သည်ဟူသည့်အချက်ကို အခိုင်အမာပြောဆိုနိုင်သလော။ ဤနေရာတွင် ဤကဲ့သို့သောမေးခွန်းက အလွန်မြင့်လွန်းသည်ဟု သင်တို့ထင်ကောင်းထင်နိုင်သည်။ အခုအချိန်တွင် ဤသည်ကို နားလည်ရန် သင်တို့မတတ်နိုင်ပေ။ အတွင်းတွင်ရှိသည့် အနှစ်သာရကို မသိရှိနိုင်ပေ။ ထို့ကြောင့် လောလောဆယ်တွင် ဖြေရန်ခက်သည်ဟု သင်တို့ ခံစားရလိမ့်မည်။ ဤသို့ဆိုလျှင် မိတ်သဟာယပြုလုပ်မှုကို ငါဆက်သွားမည်။ နောက်တစ်ခုတွင် ဘုရားသခင်တစ်ဆူတည်းပိုင်ဆိုင်သည့် သြဇာအာဏာနှင့် တန်ခိုး၏ သွင်ပြင်လက္ခဏာများ၏ အမှန်တကယ်လုပ်ဆောင်မှုတို့ကို သင်တို့ကို ရှုမြင်ခွင့်ပြုမည်။ ထို့ကြောင့် ဘုရားသခင်၏ အတုမရှိခြင်းကို အမှန်တကယ်နားလည်ရန်၊ တန်ဖိုးထားရန်နှင့် ဘုရားသခင်၏ အတုမရှိခြင်းသိရန်နှင့် ဘုရားသခင်၏ အတုမရှိသည့် သြဇာအာဏာဆိုသည်မှာ အဘယ်အရာကို ဆိုလိုကြောင်းကိုသိရှိရန် သင်တို့ကို အခွင့်ပေးမည်ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။