အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

ဘုရားသခင်၏ အခွင့်အာဏာ (၁) (အပိုင်း နှစ်)

စတုတ္ထနေ့တွင် ဘုရားသခင်သည် သူ၏သြဇာအာဏာကို နောက်တစ်ကြိမ် အသုံးပြုသည့်အခါတွင် လူသားတို့၏ ရာသီများ၊ နေ့များ၊ နှစ်များ ပေါ်ပေါက်လာသည်

ဖန်ဆင်းရှင်သည် သူ၏အစီအစဉ်တို့ကို ပြီးပြည့်စုံစေရန် သူ၏နှုတ်ကပတ်တော်တို့ကို အသုံးပြုခဲ့သည်။ ဤသို့ဖြင့် သူ့အစီအစဉ်၏ ပထမသုံးရက်ကို ဖြတ်သန်းခဲ့သည်။ ဤသုံးရက်အတွင်းတွင် ဘုရားသခင်သည် အလုပ်ရှုပ်သည့်ပုံ၊ မောပန်းသည့်ပုံမရှိဘဲ သူ့အစီအစဉ်၏ အံ့သြဖွယ်ပထမသုံးရက်ကို ဖြတ်သန်းခဲ့ပြီး ကမ္ဘာ၏ အခြေခံကျသော ပြောင်းလဲခြင်းဖြစ်သည့် ကြီးမားသည့် ဆောင်ရွက်မှုကြီးကို ပြီးမြောက်ခဲ့သည်။ အသစ်စက်စက် ကမ္ဘာသည် သူ့ရှေ့တွင် ပေါ်ထွက်လာခဲ့ပြီး သူ၏အတွေးထဲတွင် ပိတ်ဖုံးထားသည့် လှပသည့် ရုပ်ပုံကားချပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်းတွင် အစိတ်အပိုင်းတစ်ခုချင်းစီ ပေါ်ထွက်လာခဲ့သည်။ အရာဝတ္ထုအသစ်များ ပေါ်ထွက်လာသည့်ပုံစံမှာ မွေးကင်းစကလေးတစ်ဦး မွေးဖွားလာသကဲ့သို့ဖြစ်ပြီး ဖန်ဆင်းရှင်သည် တစ်ချိန်က သူ့အတွေးထဲတွင်သာရှိခဲ့ပြီး ယခု သက်ဝင်လှုပ်ရှားလာသည့် ပုံစံအပေါ်တွင် ကျေနပ်အားရလေသည်။ ဤအချိန်တွင် သူ့နှလုံးသားသည် ကျေနပ်မှု အနည်းငယ်ကို ရခဲ့သည်။ သို့ရာတွင် သူ၏အစီအစဉ်သည် အစပြုစသာရှိခဲ့သေးသည်။ မျက်စိတမှိတ်အတွင်းတွင် နေ့သစ်တစ်ခု ရောက်ရှိလာခဲ့သည်— ဖန်ဆင်းရှင်၏ အစီအစဉ်တွင် နောက်စာမျက်နှာက အဘယ်အရာဖြစ်သနည်း။ သူအဘယ်အရာကို ပြောခဲ့သနည်း။ သူ၏သြဇာအာဏာကို မည်သို့ အသုံးပြုခဲ့သနည်း။ တစ်ချိန်တည်းတွင်ပင် မည်သည့်အရာဝတ္ထုအသစ်များက ဤကမ္ဘာသစ်ဆီသို့ ရောက်ရှိလာခဲ့သနည်း။ ဖန်ဆင်းရှင်၏ လမ်းညွှန်မှုနောက်တွင် အရာအားလုံးအပေါ် ဘုရားသခင်၏ဖန်ဆင်းခြင်း လေးရက်မြောက်နေ့အပေါ်ကို အာရုံစူးစိုက်လာပါပြီ။ နောက်ထပ် အသစ်စတင်သည့် နေ့တစ်နေ့ဖြစ်သည်။ ဖန်ဆင်းရှင်အတွက်မူ နောက်ထပ် အံ့သြဖွယ်နေ့တစ်နေ့ဖြစ်ပြီး ယနေ့ လူသားမျိုးနွယ်အတွက် အလွန်အရေးကြီးသည့် နောက်ထပ်နေ့တစ်နေ့ပင်ဖြစ်သည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ အဖိုးမဖြတ်နိုင်သည့် နေ့တစ်နေ့ပင် အမှန်ဖြစ်သည်။ ယင်းနေ့သည် မည်ကဲ့သို့ အံ့သြစရာကောင်းသနည်း။ မည်ကဲ့သို့ အလွန် အရေးကြီးသနည်း။ မည်ကဲ့သို့ တန်ဖိုးဖြတ်၍မရသနည်း။ ဖန်ဆင်းရှင် မိန့်ကြားသည့် နှုတ်ကပတ်တော်တို့ကို ဦးစွာကြားနာကြစို့။

“တဖန်ဘုရားသခင်က၊ နေ့နှင့်ညဉ့်ကို ပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင်မျက်နှာကြက်၌ အလင်းအိမ် တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက် အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့ဖြစ်စေ။ မိုဃ်းကောင်းကင် မျက်နှာကြက်၌တည်၍ မြေကြီးလင်းစရာ အလင်းအိမ်ဖြစ်စေဟု အမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏။” (ကမ္ဘာဦးကျမ်း ၁:၁၄-၁၅) ဤသည်မှာ ကမ္ဘာပေါ်တွင် ခြောက်သွေ့သည့်ကုန်းမြေနှင့် အပင်များကို ဖန်ဆင်းပြီးနောက်တွင် ဖန်ဆင်းခံများ ထင်ရှားပြသခဲ့သည့် ဘုရားသခင်၏သြဇာအာဏာကို နောက်တစ်ခါ အသုံးပြုခြင်းဖြစ်သည်။ ဘုရားသခင်အတွက် ဤကဲ့သို့သောအပြုအမူမျိုးက အလားတူပင် လွယ်ကူသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်တွင် ဤကဲ့သို့သော တန်ခိုးရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်ကဲ့သို့ ကောင်းမွန်သည်။ သူ၏နှုတ်ကပတ်တော်သည် ပြီးပြည့်စုံလိမ့်မည်။ ဘုရားသခင်သည် ကောင်းကင်တွင် အလင်းအိမ်ဖြစ်ပေါ်စေရန် အမိန့်ပေးခဲ့ပြီး ဤအလင်းအိမ်သည် ကောင်းကင်နှင့်မြေကြီးတွင် ထွန်းလင်းခဲ့ရုံမက နေ့နှင့်ည၊ ရာသီဥတု၊ နေ့ရက်များ၊ နှစ်များ၏ သင်္ကေတအနေနှင့်လည်း အစေခံခဲ့သည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်တို့ကို မိန့်ကြားလိုက်သည့်အခါတွင် ဘုရားသခင်ပြီးမြောက်လိုသည့် လုပ်ဆောင်ချက်တိုင်းသည် ဘုရားသခင်ချမှတ်ခဲ့သည့်ပုံစံနှင့် ဘုရားသခင်၏ ဆိုလိုချက်အတိုင်း ပြည့်စုံခဲ့သည်။

ကောင်းကင်တွင်ရှိသည့် အလင်းအိမ်သည် အလင်းထုတ်လွှတ်နိုင်သည့် အရာဝတ္ထုဖြစ်သည်။ ၎င်းတို့သည် ကောင်းကင်ကို ထွန်းလင်းစေနိုင်သည်။ မြေကြီးနှင့် ပင်လယ်ကို ထွန်းလင်းစေနိုင်သည်။ ဘုရားသခင်အမိန့်ပေးသည့် စည်းချက်နှင့် ကြိမ်နှုန်းအရ လည်ပတ်ကြပြီး ကုန်းမြေပေါ်၌ မတူညီသည့် အချိန်ကာလများတွင် အလင်းပေးပြီး ဤနည်းလမ်းအားဖြင့် အလင်း၏ လည်ပတ်ခြင်းစက်ဝိုင်းက ကုန်းမြေ၏အရှေ့နှင့်အနောက်တွင် နေ့နှင့် ညကို ဖြစ်ပေါ်စေခဲ့သည်။ ၎င်းတို့သည် နေ့နှင့်ညအတွက် သင်္ကေတအနေနှင့်သာ မဟုတ်ဘဲ ဤမတူညီသည့် စက်ဝန်းများမှတစ်ဆင့် လူသားမျိုးနွယ်၏ ပွဲတော်များ၊ အမျိုးမျိုးသော အထူးနေ့ရက်များကိုလည်း မှတ်သားပေးသည်။ ၎င်းတို့သည် ဘုရားသခင်ပြုလုပ်ခဲ့သည့် လေးရာသီဖြစ်သော— နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီ၊ ဆောင်းရာသီတို့အတွက်— ပြီးပြည့်စုံသည့် ဖြည့်စွက်မှုနှင့် လိုက်ဖက်မှုဖြစ်ပြီး လူသားမျိုးနွယ်တို့၏ လနှင့်သက်ဆိုင်သည့် အချိန်ကာလများ၊ နေ့ရက်များနှင့် နှစ်များအတွက် ပုံမှန်ဖြစ်ပြီး တိကျသည့် အမှတ်အသားအနေနှင့် လိုက်ဖက်ညီစွာ အတူတကွ အစေခံသည်။ လူသားတို့ လယ်ယာစိုက်ပျိုးရေးဖြစ်ပေါ်ပြီးနောက်တွင်သာ ဘုရားသခင်ဖန်ဆင်းခဲ့သည့် အလင်းအိမ်ကြောင့်ဖြစ်ပေါ်ခဲ့သည့် လနှင့်သက်ဆိုင်သည့် အချိန်ကာလများ၊ နေ့ရက်များနှင့် နှစ်များ ခွဲခြားခြင်းကို လူသားတို့ ကြုံတွေ့ပြီး စတင်နားလည်လာခြင်းဖြစ်သော်လည်း၊ အမှန်တကယ်တွင် ယနေ့ လူတို့နားလည်သည့် လနှင့်သက်ဆိုင်သည့် အချိန်ကာလများ၊ နေ့ရက်များနှင့် နှစ်များသည် အရာအားလုံးအပေါ် ဘုရားသခင်၏ဖန်ဆင်းခြင်း လေးရက်မြောက်နေ့တွင်ကတည်းက ကြာမြင့်စွာ ဖြစ်ပေါ်ခဲ့ပြီးဖြစ်သည်။ ထိုကဲ့သို့ပင် လူသားတို့ တွေ့ကြုံရသည့် နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီတို့၏ ပြောင်းလဲခြင်း စက်ဝန်းများသည် အရာအားလုံးအပေါ် ဘုရားသခင်၏ ဖန်ဆင်းခြင်း လေးရက်မြောက်နေ့ကတည်းက ဖြစ်ပေါ်ခဲ့သည်မှာ ကြာလှပေပြီ။ ဘုရားသခင် ဖန်ဆင်းခဲ့သည့် အလင်းအိမ်သည် လူသားများအတွက် နေ့နှင့်ညအကြား ပုံမှန်၊ တိကျစွာနှင့် ရှင်းရှင်းလင်းလင်း ခွဲခြားစေနိုင်ခဲ့ပြီး နေ့ရက်များကို ရေတွက်နိုင်စေခဲ့ကာ လနှင့်သက်ဆိုင်သည့် အချိန်ကာလများ၊ နှစ်များကို ရှင်းလင်းစွာ မှတ်သားနိုင်စေခဲ့သည်။ (လပြည့်နေ့သည် တစ်လပြည့်သည့်နေ့ဖြစ်ပြီး ဤအချက်မှ အလင်းအိမ်၏တောက်ပခြင်းက စက်ဝန်းအသစ်တစ်ခုစပြီဆိုသည်ကို လူသားက သိရှိခဲ့သည်။ လနှင့်ပတ်သက်သည့်ကာလအသစ်စတင်ပြီဟု လူသားကို ပြောလိုက်သည့် လတစ်ဝက်ရှိသည့်နေ့သည် တစ်လ၏တစ်ဝက်ကိုရောက်သည့်နေ့ဖြစ်ပြီး ဤအချက်မှ လနှင့်ပတ်သက်သည့်ကာလတစ်ခုတွင် ဘယ်နှစ်ရက် ဘယ်နှစ်ညရှိသည်၊ ရာသီတစ်ခုတွင် လနှင့်ပတ်သက်သည့်ကာလ ဘယ်နှစ်ခုရှိသည်၊ တစ်နှစ်တွင် ရာသီမည်မျှရှိသည်ဆိုသည်ကို သိရှိနိုင်ပြီး အားလုံးသည် ပုံမှန်ဖြစ်ပေါ်ပြသနေသည်။) ထို့ကြောင့် လူသားသည် အလင်းလှည့်ပတ်ခြင်းအားဖြင့် မှတ်သားထားသည့် လနှင့်သက်ဆိုင်သည့်အချိန်ကာလများ၊ နေ့ရက်များနှင့် နှစ်များကို လွယ်လွယ်ကူကူနှင့် မှတ်သားသိရှိနိုင်ခဲ့သည်။ ဤအချိန်မှစပြီး လူသားမျိုးနွယ်နှင့် အရာအားလုံးသည် အလင်းလှည့်ပတ်ခြင်းအားဖြင့် ဖြစ်ပေါ်သည့် ရာသီဥတုပြောင်းလဲခြင်းများ၊ နေ့နှင့်ည ပုံမှန်ပြောင်းလဲခြင်းများကြားတွင် သတိမမူမိဘဲ အသက်ရှင်ခဲ့ကြသည်။ ဤသည်မှာ လေးရက်မြောက်နေ့တွင် ဖန်ဆင်းရှင်၏ အလင်းအိမ်ကိုဖန်ဆင်းခြင်း၏ အရေးပါမှုဖြစ်သည်။ အလားတူပင် ဖန်ဆင်းရှင်၏ ဤလုပ်ဆောင်ချက်၏ ဦးတည်ချက်နှင့် အရေးပါမှုတို့သည် သူ၏သြဇာအာဏာနှင့် တန်ခိုးတို့နှင့် ခွဲခြား၍မရပေ။ ထို့ကြောင့် ဘုရားသခင် ပြုလုပ်ခဲ့သည့် အလင်းအိမ်နှင့် ဤအလင်းအိမ်က လူသားအပေါ်ကို မကြာမီသယ်ဆောင်လာမည့် တန်ဖိုးသည် ဖန်ဆင်းရှင်၏ သြဇာအာဏာကို အသုံးချခြင်း၏ နောက်ထပ်ပိုင်နိုင်မှုတစ်ခုဖြစ်သည်။

ဤကမ္ဘာသစ်တွင် လူသားမျိုးနွယ်ပေါ်ထွက်လာရန် ကျန်ရှိသေးသည့်နေရာတွင် ဖန်ဆင်းရှင်သည် မကြာခင်တွင် သူဖန်ဆင်းမည့် သက်ရှိအသစ်အတွက် ညနေနှင့်မနက်၊ မိုးမျက်နှာကြက်၊ ကုန်းမြေနှင့်ပင်လယ်၊ မြက်ပင်၊ ဆေးပင်နှင့် အမျိုးမျိုးသော သစ်ပင်များ၊ အလင်းအိမ်၊ ရာသီဥတု၊ နေ့ရက်များ၊ နှစ်များကို ပြင်ဆင်ပြီးချေပြီ။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးတို့သည် သူဖန်ဆင်းခဲ့သည့် အရာဝတ္ထုအသစ်တစ်ခုစီတိုင်းတွင် ဖော်ပြနေသည်။ ထို့ပြင် သူ၏နှုတ်ကပတ်တော်များနှင့် ပြီးမြောက်မှုများသည် အနည်းငယ်မျှပင် ရပ်တန့်ခြင်းမရှိ၊ အနည်းငယ်မျှပင် မကိုက်ညီမှုမရှိဘဲ တစ်ပြိုင်နက်ဖြစ်ပေါ်ခဲ့သည်။ ဤအရာဝတ္ထုအသစ်များအားလုံး ပေါ်ပေါက်လာခြင်းသည် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးတို့၏ သက်သေဖြစ်သည်။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်ကဲ့သို့ ကောင်းမွန်သည်။ သူ၏နှုတ်ကပတ်တော်သည် ပြီးမြောက်လိမ့်မည်ဖြစ်ကာ ပြီးမြောက်မှုသည်လည်း ထာဝရတည်သည်။ ဤအချက်က မည်သည့်အခါမျှ မပြောင်းလဲပေ။ အတိတ်တွင် ထိုကဲ့သို့သာ ဖြစ်ခဲ့ပြီး ယနေ့တွင်လည်း ထိုကဲ့သို့သာဖြစ်ကာ ထာဝရကာလတိုင် ထိုကဲ့သို့သာ ဖြစ်လိမ့်မည်။ ဤကျမ်းစာ၏ နှုတ်ကပတ်တော်များကို တစ်ကြိမ်ထပ်ကြည့်လိုက်ပါက ဤနှုတ်ကပတ်တော်များသည် သင်တို့အတွက် လတ်ဆတ်သည်ဟု ထင်ရသလော။ အကြောင်းအရာအသစ်များကို တွေ့မြင်ခဲ့ပြီးပြီလော၊ ထို့ပြင် ရှာဖွေတွေ့ရှိမှုအသစ်များ ပြုခဲ့သလော။ ဤသည်မှာ ဖန်ဆင်းရှင်၏လုပ်ဆောင်ချက်များသည် သင်တို့၏နှလုံးသားကို ဝင်ရောက်မွှေနှောက်ခဲ့သည့်အတွက်ကြောင့်ဖြစ်ပြီး သူ၏သြဇာအာဏာနှင့် တန်ခိုးအပေါ် သင်တို့၏သိမြင်မှု ဦးတည်ချက်ကို လမ်းညွှန်ပေးခဲ့ပြီး သင်တို့ကို ဖန်ဆင်းရှင်အပေါ် နားလည်နိုင်စေခဲ့သည်။ ထို့ပြင် သူ၏လုပ်ဆောင်မှုများနှင့် သြဇာအာဏာတို့သည် ဤနှုတ်ကပတ်တော်တို့အပေါ်တွင် အသက်ကို အပ်နှင်းပေးခဲ့သည်။ ထို့ကြောင့် ဤနှုတ်ကပတ်တော်တို့တွင် လူသားသည် ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ စစ်မှန်ထင်ရှားသည့် ဖော်ပြချက်ကို တွေ့မြင်ခဲ့ပြီး ဖန်ဆင်းရှင်၏ ထူးမြတ်ခြင်းကို ဧကန်အမှန် မျက်မြင်တွေ့ခဲ့ကာ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးတို့၏ ထူးခြားဆန်းကြယ်မှုကို ရှုမြင်ခဲ့ရသည်။

ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးတို့သည် အံ့သြဖွယ်ရာဖြစ်ရပ်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်စေသည်၊ သူသည် လူသား၏ အာရုံစိုက်မှုကို ဆွဲဆောင်ပြီး လူသားသည် ဘုရားသခင်က မိမိသြဇာအာဏာကို အသုံးချမှုမှ ပေါ်ပေါက်လာသည့် အံ့သြဖွယ် လုပ်ဆောင်ချက်များကို မှင်တက်ပြီး ငေးစိုက်မကြည့်ဘဲ မနေနိုင်ပေ။ သူ၏ ထူးခြားဆန်းပြားသည့် တန်ခိုးသည် ကျေနပ်ပျော်ရွှင်မှုများ တစ်ခုပြီးတစ်ခုဖြစ်စေပြီး လူသားသည် ဖမ်းစားခံရလျက် အလွန်ပျော်ရွှင်ကာ လေးစားကြည်ညိုမှုနှင့် ပင့်သက်ရှိုက်မောလျက် အံ့သြမှင်တက်ပြီး ကောင်းချီးသြဘာပေး၏။ ထို့အပြင် လူသားသည် သိသိသာသာ စိတ်လှုပ်ရှားလျက် သူ့အထဲတွင် လေးစားမှု၊ ရိုသေလေးမြတ်မှုနှင့် တွယ်တာမှုတို့ ထွက်ပေါ်လာသည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် လုပ်ဆောင်မှုတို့သည် လူသား၏ ဝိညာဉ်အပေါ်တွင် ကြီးမားသည့် သက်ရောက်မှုရှိပြီး လူသား၏ ဝိညာဉ်ကို သန့်ရှင်းစေသည့်အပြင် လူသား၏ ဝိညာဉ်ကို ကျေနပ်စေသည်။ သူ၏အတွေးတစ်ခုစီတိုင်း၊ သူ၏မိန့်မြွက်ချက်တစ်ခုစီတိုင်း၊ သူ၏သြဇာအာဏာကို ထုတ်ဖော်မှုတစ်ခုစီတိုင်းသည် အရာအားလုံးကြားတွင် အပြောင်မြောက်ဆုံးလက်ရာဖြစ်ပြီး ဖန်ဆင်းခံဖြစ်သည့် လူသားများ၏ လေးနက်သည့် နားလည်သိမြင်မှုနှင့် အထိုက်တန်ဆုံးဖြစ်သည့် ကြီးမြတ်သည့် ဆောင်ရွက်မှုတစ်ခုဖြစ်သည်။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်မှ ပေါ်ပေါက်လာသည့် ဖန်ဆင်းခံတိုင်းကို ရေတွက်သည့်အခါတွင် ငါတို့၏ဝိညာဉ်များသည် ဘုရားသခင် တန်ခိုး၏ အံ့သြဖွယ်ရာထံ ဆွဲဆောင်ခံရသည်။ အရာအားလုံးကို ဘုရားသခင်၏ဖန်ဆင်းခြင်း ငါးရက်မြောက်နေ့ဖြစ်သည့် နောက်တစ်နေ့တွင် ငါတို့သည် ဖန်ဆင်းရှင်၏ခြေရာများနောက်ကို လိုက်နေကြတော့သည်။

ဖန်ဆင်းရှင်၏ လုပ်ဆောင်မှုများကို ထပ်ကြည့်ရင်း သမ္မာကျမ်းစာ၏ ကျမ်းပိုဒ်များကို တစ်ပိုဒ်ချင်း ဆက်ဖတ်ကြစို့။

ငါးရက်မြောက်နေ့တွင် မတူညီကွဲပြားသည့် သက်ရှိပုံစံများသည် ဖန်ဆင်းရှင်၏သြဇာအာဏာကို အမျိုးမျိုးသော နည်းလမ်းများနှင့် ပြသကြသည်

ကျမ်းစာက ဤသို့ပြောသည်။ “တဖန်ဘုရားသခင်က အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဖွားစေ။ ငှက်တို့လည်း မြေပေါ် မိုဃ်းကောင်းကင်မျက်နှာကြက်ပြင်ဝယ်ပျံစေဟု အမိန့်တော်ရှိ၏။ ထိုသို့လျှင်ရေသည် တိရစ္ဆာန်အမျိုးအလိုက် များပြားစွာ မွေးဖွား၍၊ ငါးကြီးအစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ ပျံတတ်သော ငှက်မျိုးအပေါင်းတို့ကို၎င်း ဘုရားသခင်ဖန်ဆင်း၍၊ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။” (ကမ္ဘာဦးကျမ်း ၁:၂၀-၂၁) ကျမ်းစာက ရှင်းလင်းစွာ ပြောထားသည်၊ ဤနေ့ရက်တွင် ဘုရားသခင်သည် ရေထဲ၌ သတ္တဝါများ၊ လေပေါ်တွင် ငှက်များကို ဖန်ဆင်းခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် သူသည် ငါးနှင့် ငှက်အမျိုးမျိုးကို ဖန်ဆင်းပြီး ၎င်းတို့ကို အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခဲ့သည်။ ဤနည်းလမ်းနှင့် ကမ္ဘာ၊ မိုးကောင်းကင်နှင့် ရေတို့သည် ဘုရားသခင်၏ဖန်ဆင်းခြင်းတို့နှင့် ပြည့်စုံနေခဲ့သည်။

ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို မိန့်ကြားလိုက်သည့်အခါတွင် သက်ရှိသတ္တဝါအသစ်များသည် မတူညီသည့်ပုံစံတစ်ခုစီနှင့် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်တို့အကြားတွင် ချက်ချင်း ရှင်သန်လာခဲ့သည်။ သူတို့သည် ကမ္ဘာပေါ်တွင် နေရာရရန်အတွက် တိုးဝှေ့ရင်း၊ ပျော်ရွှင်လျက် ခုန်ပေါက်မြူးထူးရင်း ဝင်လာခဲ့ကြသည်။ ပုံသဏ္ဌာန်နှင့် အရွယ်အစားမျိုးစုံရှိသည့် ငါးများသည် ရေထဲတွင် ကူးခတ်ကြသည်။ အခွံမာကောင်မျိုးစုံတို့သည် သဲထဲမှ တိုးထွက်လာကြသည်။ အကြေးခွံများပါသည့်၊ အခွံမာများပါသည့်၊ ကျောရိုးမဲ့သည့်သတ္တဝါတွေသည် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ရှည်သည်ဖြစ်စေ၊ တိုသည်ဖြစ်စေ မတူညီသည့် ပုံစံများနှင့် လျင်မြန်စွာ ကြီးထွားလာကြသည်။ ထိုနည်းတူပင် ပင်လယ်ရေညှိအမျိုးမျိုးတို့သည် မတူညီသည့် ရေနေသတ္တဝါတို့၏ လှုပ်ရှားမှုအပေါ်တွင် ယိမ်းနွဲ့ရင်း၊ ညင်သာစွာ လှုပ်ရှားရင်း၊ တည်ငြိမ်နေသည့်ရေကို လှုံ့ဆော်ရင်းနှင့် တက်ကြွစွာ စတင်ကြီးထွားလာကြလိမ့်မည်။ မြန်မြန်လုပ်၊ သင့်သူငယ်ချင်းများကို ခေါ်ခဲ့၊ မည်သည့်အခါမျှ သင်အထီးကျန်ဖြစ်မည် မဟုတ်တော့ဟု ၎င်းတို့ကို ပြောလိုက်သည့်အလားပင် ဖြစ်သည်။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် သက်ရှိသတ္တဝါ အမျိုးမျိုးတို့သည် ရေတွင် ပေါ်လာသည့်အချိန်မှစ၍ သက်ရှိအသစ်တစ်ကောင်ချင်းစီတိုင်းသည် အချိန်ကြာမြင့်စွာ တည်ငြိမ်နေသည့်ရေများကို သက်ဝင်လှုပ်ရှားလာစေခဲ့ပြီး ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးခဲ့သည်။ ထိုအချိန်မှစပြီး သူတို့သည် အချင်းချင်း ခိုဝင်တိုးဝှေ့ခဲ့ကြသည်။ မိတ်ဆွေဖွဲ့ခဲ့ကြသည်။ သူတို့ကြားတွင် ကင်းကွာမှု မထားကြတော့ပေ။ ရေသည် သူ၏ရင်ခွင်ထဲတွင် ခိုလှုံသည့် သက်ရှိတိုင်းကို ပြုစုရင်း ရေထဲတွင်ရှိသည့် သတ္တဝါများအတွက် ဖြစ်တည်ပြီး ရေ၏ ပြုစုဂရုစိုက်မှုကြောင့် ရေအတွက် သက်ရှိတိုင်းက ဖြစ်တည်ခဲ့သည်။ တစ်ကောင်ချင်းစီတိုင်းက အခြားတစ်ကောင်အပေါ်တွင် အသက်ကိုဖြစ်တည်စေသည်။ တစ်ချိန်တည်းတွင် အသီးသီးက အလားတူပင် ဖန်ဆင်းရှင်၏ ဖန်ဆင်းခြင်း၏ ဆန်းကြယ်မှုနှင့် ကြီးမြတ်မှုကို၊ ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ မသာလွန်နိုင်သည့် တန်ခိုးကို သက်သေခံခဲ့သည်။

ပင်လယ်သည် တိတ်ဆိတ်ခြင်းမရှိတော့သည့်အားလျော်စွာ မိုးကောင်းကင်တွင်လည်း သက်ရှိတို့ စတင်ပြည့်နှက်လာခဲ့သည်။ ငှက်အကြီးအသေးတို့သည် တစ်ကောင်ပြီးတစ်ကောင် မြေကြီးမှ ကောင်းကင်ကို ပျံတက်သွားကြသည်။ ပင်လယ်ထဲက သတ္တဝါများကဲ့သို့မဟုတ်ဘဲ သူတို့တွင် ကြော့ရှင်းပြီး တင့်တယ်လှပသည့် သူတို့၏ပုံသဏ္ဌာန်များကို ဖုံးအုပ်ထားသည့် အမွှေး၊ အတောင်များ ရှိကြသည်။ ဖန်ဆင်းရှင်က သူတို့အပေါ် ချပေးသနားခဲ့သည့် ကျွမ်းကျင်မှုများနှင့် သူတို့၏ အထူးလုပ်ဆောင်ချက်များ၊ သူတို့၏ လှပသည့် အမွှေးအတောင်များကို ဂုဏ်ယူဝံ့ကြွားစွာ ပြသကြရင်း သူတို့၏အတောင်ပံများကို ခတ်ခဲ့ကြသည်။ သူတို့သည် မြက်ပြင်များနှင့် တောများ တစ်လျှောက် ကောင်းကင်နှင့်မြေကြီးကြားတွင် ကျွမ်းကျင်စွာနှင့် ခေါက်တုံ့ခေါက်ပြန် သွားလာရင်း လွတ်လပ်စွာ ပျံသန်းခဲ့ကြသည်။ သူတို့သည် လေ၏ အလွန်ချစ်ခင်ရသူများ ဖြစ်ခဲ့ကြသည်။ အရာအားလုံး၏ ချစ်ခင်ရသူတွေ ဖြစ်ခဲ့ကြလိမ့်မည်။ သူတို့သည် မကြာမီတွင် ကောင်းကင်နှင့်မြေကြီးကို ချည်နှောင်ပေးသူများဖြစ်လာကြမည်ဖြစ်ပြီး အရာအားလုံးဆီကို သတင်းစကားများ သယ်ယူပေးကြမည်။ သူတို့သည် သီချင်းသီဆိုခဲ့ကြသည်။ ပျော်ရွှင်စွာနှင့် ထိုးဆင်းခဲ့ကြသည်။ သူတို့သည် တစ်ချိန်က ဘာမျှမရှိခဲ့သည့် ကမ္ဘာဆီကို ရွှင်လန်းမှုများ၊ ရယ်သံများနှင့် တက်ကြွမှုများ သယ်ဆောင်လာခဲ့ကြသည်။ သူတို့သည် သူတို့အပေါ်ကို ချပေးသနားခဲ့သည့် အသက်အတွက် ဖန်ဆင်းရှင်ကို ချီးမွမ်းရန် သူတို့၏နှလုံးသားအတွင်းက စကားလုံးများကို အသုံးပြုပြီး သူတို့၏ ကြည်လင်သာယာသည့် သီချင်းဆိုသံတို့ကို အသုံးပြုခဲ့ကြသည်။ သူတို့သည် ဖန်ဆင်းရှင်၏ ဖန်ဆင်းခြင်း၏ ပြည့်စုံမှု၊ ဆန်းကြယ်မှုတို့ကို ပြသရန်အတွက် ရွှင်လန်းစွာ ကခုန်ခဲ့ကြသည်။ သူတို့သည် သူတို့အပေါ် ဘုရားသခင် ချပေးသနားခဲ့သည့် ထူးမြတ်သည့်ဘဝမှတစ်ဆင့် ဖန်ဆင်းရှင်၏ သြဇာအာဏာကို သက်သေခံရန်အတွက် သူတို့၏ဘဝတစ်ခုလုံးကို အပ်နှံကြလိမ့်မည်။

၎င်းတို့သည် ရေထဲတွင်ရှိသည်ဖြစ်စေ၊ ကောင်းကင်တွင်ရှိသည်ဖြစ်စေ၊ ဖန်ဆင်းရှင်၏ ထိန်းချုပ်မှုအားဖြင့် ဤများပြားလှသည့် သက်ရှိများသည် မတူညီသည့် ဘဝပုံစံတို့နှင့် ဖြစ်တည်ခဲ့ကြသည်။ ဖန်ဆင်းရှင်၏ ထိန်းချုပ်မှုအားဖြင့် ၎င်းတို့သည် မိမိတို့နှင့်သက်ဆိုင်သည့် မျိုးစိတ်များအလိုက် အတူတကွ စုဝေးခဲ့ကြသည်— ဤနိယာမ၊ ဤစည်းမျဉ်းကို မည်သည့်သတ္တဝါမျှ မပြောင်းလဲနိုင်ပေ။ ဖန်ဆင်းရှင်က ၎င်းတို့အတွက် ချမှတ်ထားသည့် ဘောင်များမှ မည်သည့်အခါမျှ ကျော်မသွားဝံ့ကြသကဲ့သို့ ကျော်သွားနိုင်သည့်အစွမ်းလည်း မရှိကြပေ။ ဖန်ဆင်းရှင် ချပေးခဲ့သည့်အတိုင်း ၎င်းတို့ရှင်သန်နေထိုင်ကာ ပွားများခဲ့ကြသည်။ ဖန်ဆင်းရှင်က ၎င်းတို့အတွက် ချမှတ်ထားခဲ့သည့် ဘဝပုံစံနှင့် နိယာမများအတိုင်း တစ်သဝေမတိမ်း လိုက်နာခဲ့ကြသည်။ ဖန်ဆင်းရှင်က သူတို့ကို ပေးအပ်ခဲ့သည့် ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်များနှင့် စည်းမျဉ်းများ၊ နားလည်သိရှိပြီးဖြစ်သည့် အမိန့်များကို သတိပြုလျက် ယနေ့အထိ စောင့်ထိန်းခဲ့ကြသည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် အထူးနည်းလမ်းဖြင့် ဖန်ဆင်းရှင်နှင့် စကားပြောခဲ့ကြပြီး ဖန်ဆင်းရှင်၏ ဆိုလိုရင်းကို သဘောပေါက်ခဲ့ကြသည်။ သူ၏အမိန့်များကို နာခံခဲ့ကြသည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာကို မည်သူမျှ လုံးဝမချိုးဖောက်ခဲ့ကြပေ။ ၎င်းတို့အပေါ်တွင် ဖန်ဆင်းရှင်၏စိုးပိုင်မှုနှင့် အုပ်ချုပ်မှုတို့သည် သူ၏အတွေးထဲတွင် အလုပ်လုပ်ခဲ့ကြသည်။ မည်သည့်စကားလုံးမျှ ထုတ်မပြောခဲ့သော်လည်း ဖန်ဆင်းရှင်၏ ထူးခြားသည့် သြဇာအာဏာသည် လူသားမျိုးနွယ်နှင့် မတူညီသည့် ဘာသာစကားလုပ်ဆောင်မှု မပါဝင်သည့် တိတ်ဆိတ်မှုမျိုးနှင့် အရာအားလုံးကို ထိန်းချုပ်ခဲ့သည်။ ဤအထူးနည်းလမ်းနှင့် သူ၏သြဇာအာဏာကို အသုံးပြုမှုသည် လူသားကို အသိပညာအသစ်ကို ရရှိစေခဲ့ပြီး ဖန်ဆင်းရှင်၏ထူးခြားသည့် သြဇာအာဏာအပေါ်တွင် ဖွင့်ဆိုမှုအသစ်များကို ပြုလုပ်စေခဲ့သည်။ ဤနေ့သစ်တွင် ဖန်ဆင်းရှင်၏ သြဇာအာဏာကို အသုံးချခြင်းသည် ဖန်ဆင်းရှင်၏ အတုမရှိခြင်းကို နောက်တစ်ကြိမ် ပြသခဲ့ခြင်းပင်ဖြစ်ကြောင်း သင်တို့ကို ငါပြောရမည်။

ပြီးနောက် ကျမ်းစာ၏ ဤအပိုဒ်က နောက်ဆုံးစာကြောင်းကို ကြည့်ကြစို့။ “ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။” ဤသည်မှာ အဘယ်အရာကိုဆိုလိုသည်ဟု သင်တို့ထင်သနည်း။ ဘုရားသခင်၏ စိတ်ခံစားချက်တို့သည် ဤနှုတ်ကပတ်တော်များထဲတွင် ပါဝင်နေသည်။ သူဖန်ဆင်းခဲ့သည့် အရာအားလုံးသည် အကောင်အထည်အဖြစ် ဖြစ်ပေါ်လာပြီး သူ့နှုတ်ကပတ်တော်များကြောင့် ခိုင်မာစွာရပ်တည်လာပြီး တဖြည်းဖြည်း စတင်ပြောင်းလဲလာသည်ကို ဘုရားသခင် စောင့်ကြည့်ခဲ့သည်။ ဤအချိန်တွင် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်နှင့်ပြုလုပ်ခဲ့သည့် အရာဝတ္ထုအမျိုးမျိုးနှင့် သူပြီးမြောက်ခဲ့သည့် လုပ်ဆောင်ချက်အမျိုးမျိုးတို့အပေါ်တွင် ကျေနပ်မှုရှိခဲ့သလော။ အဖြေက “ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏” ပင်ဖြစ်သည်။ ဤနေရာတွင် သင်တို့ အဘယ်အရာကိုတွေ့သနည်း။ “ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏” ဆိုသည်မှာ အဘယ်အရာကို ကိုယ်စားပြုသနည်း။ အဘယ်အရာကို သင်္ကေတပြုသနည်း။ ပြီးမြောက်စေရန် သူရည်မှန်းထားသည့် ပန်းတိုင်ကို ပြီးမြောက်အောင်ပြုလုပ်ရန်နှင့် သူစီစဉ်ပြီး သတ်မှတ်ထားသည့်အရာကို ပြီးမြောက်အောင်ပြုလုပ်ရန် ဘုရားသခင်ထံတွင် တန်ခိုးနှင့် ဉာဏ်ပညာရှိသည်ဟု ဆိုလိုသည်။ ဘုရားသခင်သည် လုပ်ဆောင်မှုတစ်ခုစီတိုင်း ပြီးဆုံးသည့်အခါတွင် နောင်တရခဲ့သလော။ အဖြေက “ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏” ဆိုသည်ပင် ဖြစ်နေသေးသည်။ တစ်နည်းပြောရလျှင် သူသည် နောင်တမရခဲ့ရုံတင်မကဘဲ ကျေနပ်မှုရရှိခဲ့သည်။ နောင်တမရခဲ့ပေဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဘုရားသခင်၏ အစီအစဉ်သည် စုံလင်သည်၊ သူ၏တန်ခိုးနှင့် ဉာဏ်ပညာသည် စုံလင်သည်၊ သူ၏သြဇာအာဏာအားဖြင့်သာ ဤကဲ့သို့သော စုံလင်မှုမျိုးကို ပြီးမြောက်စေနိုင်သည်ဟု ဆိုလိုသည်။ လူသည် လုပ်ငန်းတာဝန်တစ်ခုကို လုပ်ဆောင်သည့်အခါတွင် ဘုရားသခင်ကဲ့သို့ပင် ထိုအရာက ကောင်းသည်ဟု မြင်နိုင်သလော။ လူသားပြုလုပ်သည့် အရာအားလုံးသည် စုံလင်ခြင်းသို့ ရောက်နိုင်သလော။ လူသားသည် အကြောင်းအရာတစ်ခုခုကို တစ်ကြိမ်တည်းနှင့် ထာဝရအတွက် ပြီးမြောက်အောင် ပြုလုပ်နိုင်သလော။ “ပြီးပြည့်စုံသည်ဆိုခြင်းမှာ မရှိပေ။ ပိုကောင်းသည်ဆိုခြင်းသာ ရှိသည်” ဟုလူတို့ပြောသည့်အတိုင်းပင် ဖြစ်သည်။ လူသားလုပ်သည့် မည်သည့်အရာမျှ စုံလင်မှုကို မရောက်ရှိနိုင်ပေ။ သူပြုလုပ်ခဲ့သည့်၊ ရရှိခဲ့သည့် အရာများက ကောင်းမွန်သည်ကို ဘုရားသခင် မြင်ခဲ့သောအခါ ဘုရားသခင်ပြုလုပ်သည့် အရာအားလုံးသည် သူ၏နှုတ်ကပတ်တော်အားဖြင့် ပြင်ဆင်ပြုလုပ်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် “ထိုအမှုအရာကောင်းသည်ကို မြင်တော်မူသောအခါ” သူပြုလုပ်ခဲ့သည့်အရာအားလုံးသည် အမြဲတည်သော သဏ္ဌာန်တစ်ခုကို ခံယူခဲ့ကြသည်။ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခံခဲ့ကြရပြီး ပုံသေနေရာတစ်ခု၊ ရည်ရွယ်ချက်တစ်ခု၊ လုပ်ဆောင်မှုတစ်ခုကို တစ်ကြိမ်တည်းနှင့် ထာဝရကာလပတ်လုံးအတွက် ပေးအပ်ခြင်းခံခဲ့ရသည်။ ထို့အပြင် အရာအားလုံးအကြားတွင် ၎င်းတို့၏တာဝန်နှင့် အရာအားလုံးကို ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွင်းတွင် သူတို့သွားရမည့် ခရီးသည် ဘုရားသခင်အားဖြင့် ချမှတ်ဆုံးဖြတ်ပေးပြီးဖြစ်ပြီး ပြောင်းလဲ၍မရပေ။ ဤသည်မှာ အရာအားလုံးကို ဖန်ဆင်းရှင်ပေးအပ်ထားသည့် ကောင်းကင်ဘုံနှင့်ဆိုင်သော ဥပဒေသဖြစ်သည်။

“ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏” ဟူသော ရိုးရှင်းသည့်၊ လုံလုံလောက်လောက် အသိအမှတ်ပြုခြင်းမခံရသည့်၊ မကြာခဏ လျစ်လျူရှုခြင်းခံရသည့် ဤနှုတ်ကပတ်တော်တို့သည် ဘုရားသခင်က ဖန်ဆင်းခံအားလုံးကို ပေးအပ်ထားသည့် ကောင်းကင်ဘုံနှင့်ဆိုင်သည့် ဥပဒေသနှင့် ကောင်းကင်ဘုံနှင့်ဆိုင်သည့် အမိန့်ချမှတ်မှုဖြစ်သည်။ ယင်းတို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ အခြားသော ပြယုဂ်တစ်ခု၊ ပို၍လက်တွေ့ကျသည့်အရာ၊ ပို၍နက်နဲသိမ်မွေ့သည့်အရာဖြစ်သည်။ သူ၏နှုတ်ကပတ်တော်တို့မှတစ်ဆင့် ဖန်ဆင်းရှင်သည် သူရရှိရန် ရည်မှန်းထားသည့်အရာအားလုံးကိုရရှိပြီး ပြီးမြောက်ရန် သူရည်မှန်းထားသည့် အရာအားလုံးကို ပြီးမြောက်ရုံတင်မကဘဲ သူဖန်ဆင်းခဲ့သည့်အရာအားလုံးကို သူ့လက်ထဲတွင် ထိန်းချုပ်နိုင်ပြီး သူ့သြဇာအာဏာအောက်တွင် သူပြုလုပ်ခဲ့သည့်အရာအားလုံးကို အုပ်စိုးနိုင်ခဲ့သည့်အပြင် အားလုံးက စနစ်ကျပြီး ပုံမှန်ဖြစ်ပေါ်သည်။ အရာအားလုံးသည် သူ့နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်ပြီး သေဆုံးခဲ့ကြသည်။ ထို့အပြင် သူ၏သြဇာအာဏာအားဖြင့် သူချမှတ်ထားသည့် ဥပဒေသအတွင်းတွင် ဖြစ်တည်ခဲ့ပြီး မည်သူမျှ လွတ်ကင်းခြင်းမရှိပေ။ ဤဥပဒေသသည် “ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏” ဟူသည့်အချိန်ခဏချင်းတွင်ပင် စတင်ခဲ့ပြီး ဘုရားသခင်က ရုတ်သိမ်းသည့်နေ့ကိုမရောက်ခင်အထိ ဘုရားသခင်၏စီမံခန့်ခွဲမှု အစီအစဉ်အတွက် ဆက်လက် ဖြစ်တည်ပြီး လည်ပတ်နေမည်ဖြစ်သည်။ ဖန်ဆင်းရှင်၏အတုမရှိသည့် သြဇာအာဏာ ထင်ရှားသည်မှာ အရာအားလုံးကို ဖန်ဆင်းပြီး အရာအားလုံးကို ဖြစ်တည်လာစေရန် အမိန့်ပေးနိုင်သည့် သူ၏အစွမ်းတင်သာမကဘဲ အရာအားလုံးအပေါ်တွင် စိုးပိုင်ပြီး အချုပ်အခြာအာဏာကို ကိုင်ဆောင်ထားနိုင်ကာ အရာအားလုံးအပေါ် အသက်နှင့် ရှင်သန်တက်ကြွမှုကို အပ်နှင်းနိုင်သည့် သူ၏အစွမ်းတွင်ပါ ထင်ရှားသည်။ ထို့အပြင် သူ၏အကြံအစည်ထဲတွင် သူဖန်ဆင်းမည့် အရာအားလုံးသည် သူဖန်ဆင်းထားသည့်ကမ္ဘာတွင် စုံလင်သည့်ပုံသဏ္ဌာန်၊ စုံလင်သည့် ဘဝတည်ဆောက်ပုံ၊ စုံလင်သည့်တာဝန်နှင့် အပြီးအပြတ် ဖြစ်ပေါ်တည်ရှိစေနိုင်သည့် သူ၏အစွမ်းတွင်လည်း ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာသည် ထင်ရှားသည်။ အလားတူပင် ဘုရားသခင်၏ အတွေးများသည် ချုပ်ချယ်ခြင်းများ မခံရဘဲ အချိန်၊ နေရာ သို့မဟုတ် ပထဝီအနေအထားတို့နှင့် ကန့်သတ်ထားခြင်းမရှိသည့် သဘောနှင့်လည်း ထင်ရှားသည်။ သူ၏သြဇာအာဏာကဲ့သို့ပင် ဖန်ဆင်းရှင်၏ အတုမရှိသည့် ဝိသေသလက္ခဏာသည် ထာဝရကာလမှ ထာဝရကာလအထိ မပြောင်းမလဲ တည်ရှိနေမည်ဖြစ်သည်။ သူ၏သြဇာအာဏာသည် သူ၏အတုမရှိသည့် ဝိသေသလက္ခဏာ၏ သင်္ကတေနှင့် ကိုယ်စားပြုသည့်အရာဖြစ်နေမည်ဖြစ်ပြီး သူ၏သြဇာအာဏာသည် သူ၏ ဝိသေသလက္ခဏာနှင့်အတူ ဘေးချင်းယှဉ်လျှက် ထာဝရတည်ရှိနေမည်ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။